❝ အားကိုးရာ ❞
( မောင်နှင်းပန်း )
“ အဲဒါပါပဲ ဆရာ ”
ဟု စကားကို အဆုံးသတ်လိုက်သော တပည့်မလေးကို ကျွန်တော် ငေးကြည့်နေမိသည် ။ သူ့ရင်ထဲတွင် ဘာတွေ ဖြစ်နေခဲ့သနည်း ။ ကြေကွဲနေသည်လား ၊ မွန်းကျပ်နေသည်လား ၊ ပေါ့ပါးပျော်ရွှင်နေသည်လား ကျွန်တော် မခွဲခြားတတ်ပါ ။ သို့သော် လောကကြီး၏ သိမ်မွေ့သော ၊ ကြမ်းတမ်းသော ၊ ရိုင်းပျသော ၊ ရက်စက်သော ၊ ဒဏ်ရာဒဏ်ချက်များကို သတ္တိရှိရှိ ရင်ဆိုင်နေသည့် သူ၏ သတ္တိ ၊ သူ၏ ဇွဲကိုတော့ ကျွန်တော် လေးစားသည် ။
သူသည် ဘဝက ပြဋ္ဌာန်း လိုက်သော ၊ ရင်ဆိုင်တွေ့ကြုံခွင့် ပေးလိုက်သော ၊ လှိုင်းတံပိုးတွေကို သိမ်မွေ့စွာ ပွေ့ဖက်နေသူ တစ်ဦးဟုလည်း ကျွန်တော် လက်ခံထားမိသည် ။ သူသည် ကျွန်တော့် စာသင်ခန်းထဲတွင် လွန်စွာရိုးသားသော ၊ ယဉ်ကျေးသော ၊ ကြိုးစားသော တပည့်မကလေး ဖြစ်ခဲ့ဖူးသည် ။ ထို့နောက် ဆယ်တန်းကို ဂုဏ်ထူးနှစ် ဘာသာဖြင့် အောင်ပြီး ကျွန်တော် သင်နေသော ကျူရှင်တွင် ဂိုက် ပြန်လုပ်နေသူကလေးလည်း ဖြစ်သည် ။
သူ့အမူအရာကို ကြည့်လိုက်လျှင် အမြဲတမ်း တက်ကြွ နေတတ်ပြီး မျက်နှာမှာ ပြုံးရွှင် နေတတ်သည် ။ အဝတ်အစား သစ်လွင်မှု မရှိသော်လည်း သူ့အပြုံးက လတ်ဆတ်နေတတ်သည် ။ သို့သော် ဂရုတစိုက် ကြည့်မှ မြင်တတ်မည် ဖြစ်သော ရီဝေဝေ မျက်လုံးတချို့ကိုတော့ မသိစိတ်၏ တံခါးတစ်ချပ် အဖြစ် ကျွန်တော် နားလည်ထားသည် ။
ထို မျက်လုံးများ၏ အကြောင်းရင်းမှာ “ ဗာရာ မည်ခေါ် ၊ သည်ပြည်တော်မှာ ၊ အကျော်ဇေယျ ၊ ခေါင်မှာစွဲအောင် ၊ မွဲတေလှတဲ့ ၊ ကျွန်မ ကိုယ်ငယ် ” ဟု ဆိုသော ဦးပုည၏ ရေသည်ပြဇာတ် ထဲမှ ရေသည်မိန်းမနှင့် နှိုင်းယှဉ်လျှင် မပိုလျှင်တောင် မလျော့သူဟု ဆိုနိုင်သည် ။
သူ၏ ထူးခြားချက်က သူကိုယ်တိုင် ဆင်းရဲသည့် အကြောင်းကို မခြွင်းမချန် ပြောပြတတ်သူ ။ ကျွန်တော့်ကို မိဘနေရာမှာ ထားကာ အားကိုးတကြီး ရင်ဖွင့်တိုင်ပင်တတ်သူ ။ ထို့ကြောင့် သူ့မိသားစု၏ စားဝတ်နေရေး အခြေအနေကို ကျွန်တော်က အားလုံးနီးပါး သိရှိနားလည်ခွင့် ရထားသူဟု ဆိုနိုင်ပါသည် ။ တစ်ခါတစ်ရံတွင် ကျွန်တော်က သူ ရှိနေသည့် ကျူရှင်ကျောင်းနှင့် ပတ်သက်၍ တစ်ခုခု ခိုင်းစရာ ရှိလျှင် ဖုန်းဆက်၍ ပြောရတတ်သည် ။ အများအားဖြင့် ဖုန်းထဲတွင်လည်း ယဉ်ယဉ်ကျေးကျေး တုံ့ပြန်တတ်ပြီး ကျွန်တော် ခိုင်းသည့် အတိုင်းလည်း တစ်သဝေမတိမ်း တာဝန် ကျေသူလေးလည်း ဖြစ်သည် ။
တစ်ရက်တွင် ကျွန်တော်က သူ့ကို ဖုန်းအကြိမ်ကြိမ် ခေါ်သော်လည်း သူက မကိုင် ။ ဖုန်းနှင့် လူက ဝေးနေသဖြင့် မကိုင်ခြင်းလည်း ဖြစ်နေနိုင်သောကြောင့် အချိန် အနည်းငယ် ခြားပြီး ထပ်ခေါ် ကြည့်သေးသည် ။ မကိုင် ။ တစ်ကြိမ် ၊ နှစ်ကြိမ် ၊ သုံးကြိမ် ။ သူ လုံးဝမကိုင် ။ စိတ်ထဲတွင်တော့ မကောင်းဖြစ်မိသည် ။ သူက ကျွန်တော် ဖုန်းခေါ်သည်ကို မသိ၍ ဆိုလျှင်လည်း ကျွန်တော် ခေါ်ထားကြောင်း သိသည်နှင့် ပြန်ခေါ်သင့်သည် ။ သို့သော် သူ့ ဘက်ကလည်း ပြန်မခေါ်သဖြင့် တွေ့မှ ဆူလိုက်ဦးမည်ဟု စိတ်ထဲမှာ တေးထားလိုက်မိသည် ။
••••• ••••• •••••
တစ်ပတ်တွင် နှစ်ရက် သင်ရသော သူရှိနေသည့် ကျောင်းကို စာသင်ချိန် အတိုင်း ကျွန်တော် ရောက်သွားတော့ အဖြေလွှာတွေ စစ်နေသည့် သူ့ကို တွေ့လိုက်ရသည် ။ ထိုအချိန်တွင် သူက ကျွန်တော် ရှိရာသို့ ပြေးလာပြီး လွယ်အိတ်ကို ကူသယ်ပေးသည် ။ ခါတိုင်းလုပ်နေကျ ဖြစ်သော်လည်း သည် တစ်ခါ အနည်းငယ် ပိုလွန်းနေသည်ဟု ကျွန်တော် ထင်သည် ။ သူ အပြစ် လုပ်ထားမိသောကြောင့် အူယားဖားယား ဖြစ်နေသည်ကိုလည်း သတိထားမိသည် ။
ထိုအချိန်တွင် သူက ကျွန်တော့် လွယ်အိတ်ကို စားပွဲပေါ် တင်လိုက်ရင်း “ ခွင့်လွှတ်ပါ ဆရာ ” ဟု ဆိုလာသည် ။ ကျွန်တော် သူ့ကို ဖျတ်ခနဲ ကြည့်လိုက်တော့ ရီဝေဝေ မျက်လုံးတွေကြောင့် သူ့ကို ဆူမည်ဟု အားတင်းထားသော စိတ်တို့ လွင့်ပြယ်ကုန်သည် ။ ထို့နောက် ကျွန်တော်က ကုလားထိုင်တွင် ဝင်ထိုင်ကာ ...
“ ပြောစမ်းပါဦး ” ဟု စကား စ,ပေးလိုက်သည် ။ သူက ကျွန်တော့်ရှေ့တွင် ရိုကျိုးစွာ ရပ်နေရင်း စားပွဲပေါ်တွင် တင်ထားသည့် သူ့ ဖုန်းကလေးကို လှမ်းယူလိုက်သည် ။
“ သမီးဖုန်းကို တစ်ချက်လောက် ခေါ်ပေးပါ ဆရာ ”
“ ဟဲ့ လူချင်း တွေ့နေမှ တော့ ဖုန်းခေါ်စရာ လိုသေးလို့လား ”
“ ခေါ်ကြည့်ပေးပါ ဆရာ ။ တစ်ခါလောက်ပါ ”
သူ့အပြုံးတွေသည် အရင်လို ပြန်လည် လတ်ဆတ်လာသည် ။ ရီဝေဝေမျက်လုံးကလေးကတော့ ရှိနေတုန်း ။ ထို့ကြောင့် လွယ်အိတ်ထဲတွင် ထည့်ထားမိသော ဖုန်းကို ထုတ်ကာ သူ့နံပါတ်ကို ရှာ၍ ခေါ်လိုက်ရသည် ။ မကြာခင်မှာ သူ့ဖုန်းကလေး အသံမြည်လာသည် ။
သည်တော့မှာ အစင်းရာများ ထူလဗျစ် ဖြစ်နေသော သူ့ဖုန်း အဟောင်းလေးကို ပြပြီး အစိမ်းဝိုင်းကလေးကို တွန်းရွှေ့ပြသည် ။ မရ ။ ဖုန်းက မြည်နေသဖြင့် သူက ဖုန်းကလေးကို တယုတယ ကိုင်ကာ မီးခတ်ကျောက်ပွတ်နေသလို အားကြိုးမာန်တက် ပွတ်နေရှာသည် ။ လက်ခံ စကားပြောရန် အစိမ်းဝိုင်းကလေး ကတော့ မတုန်လှုပ် ။ ကျွန်တော် နားလည်လိုက်ပြီ ။ သူ့လက်ထဲရှိ ဖုန်းကလေးမှာ လေးလက်မခန့် မျှသာ ရှိပြီး မျက်နှာပြင်တွင် အစင်းကြောင်းတွေများ လွန်းလှသောကြောင့် အထဲမှ ဆော့ဝဲလ်တွေ ကိုတောင် မြင်ရပါ့မလား မသိ ။
“ ဒါကြောင့်ပါ ဆရာ ”
ရုတ်တရက် ဖြတ်ဝင်လာသော သူ့စကားကြောင့် ကျွန်တော်က ...
“ ဒါဆိုရင်လည်း နင်ပြန် ခေါ်ပါလား ” ဟု ခပ်တင်းတင်း ဆိုလိုက်သောကြောင့် သူက တစ်ချက် ရယ်လိုက်ပြီး ...
“ ဘေလ် မရှိလို့ပါ ဆရာ ”
စာသင်ခန်းထဲမှာ ကလေးတွေက စာသင်ကြားရန် အဆင်သင့် ဖြစ်နေပုံရသဖြင့် ကျွန်တော်၏ သင်ကြားမှုကို စတင်လိုက်ရသည် ။ စိတ်ထဲတွင်တော့ တော်တော့်ကို မကောင်း ။ သူ့ လက်ထဲမှ ဖုန်းအဟောင်းကလေးကိုသာ အာရုံတွင် မြင်ယောင်နေသည် ။
••••• ••••• •••••
နောက်တစ်နေ့ သူတို့ ကျောင်းကို ရောက်တော့ ထုံးစံအတိုင်း သူက ပြေးလာကြိုသည် ။ ပြီးနောက် ကျွန်တော့် ကို ပြုံးပြုံးကလေးကြည့်ရင်း ...
“ သမီးအကြောင်း ကြားပြီးပြီလား ဆရာ ” ဟု ဆိုလာသည် ။ ကျွန်တော် သူ့ကို အကဲခတ် လိုက်တော့ ထုံးစံအတိုင်း ပြုံးနေတုန်းပင် ။ သမီးတစ်ယောက်လို ဖြစ်နေသော သူ့ကို ကျွန်တော် ကောင်းကောင်း သိလိုက်ပြီ ။ သူ အခက်အခဲ တစ်ခုခု ဖြစ်ခဲ့ပုံပေါ်နေသည် ။ ကျွန်တော်က ...
“ ဘာဖြစ်လာပြန်ပြီလဲ ”
စကားလမ်းဖွင့်ပေးလိုက်တော့ ...
“ မနေ့ကပါ ဆရာ ။ ဒီက အပြန်လေ ” ဆိုကာ ရယ်နေပြန်သည် ။ ကျွန်တော် စိတ်မရှည်တော့ ။
“ မြန်မြန်ပြော ၊ ငါ စာသင်ရဦးမယ် ” ဆိုတော့မှ သူက ...
“ မနေ့က ဖုန်းလေး အလုခံလိုက်ရတယ် ဆရာ ”
“ ဟေ ”
ကျွန်တော့် မျက်ခုံးနှစ်ဖက်ကို ပင့်ကာ သူ့ကို တအံ့တသြ ကြည့်နေမိသည် ။ သူက တစ်ချက် ထပ်ရယ်လိုက်ပြီး ...
“ ဟုတ်တယ် ဆရာ ။ မနေ့က ဒီမှာ စာသင်ပြီး အပြန် ဘေးလွယ်အိတ်ကလေးကို ပွေ့ပြီး ပြန်လာတာ အိမ်နား ရောက်ခါနီးတော့ ရှေ့ခပ်လှမ်းလှမ်းက ဆိုင်ကယ်တစ်စီး မီးထိုးပြီး မောင်းလာတယ် ဆရာ ။ ဒါနဲ့ သမီးလည်း ဘေးကပ်ပေးမယ် အလုပ်မှာ ဆိုင်ကယ်သမားက အိတ်ကို ဖျတ်ခနဲ လုသွားတာပဲ ဆရာ ”
ကျွန်တော် သူ့ကို ငေးကြည့်မိသည် ။ ဘာပြောရမှန်း မသိ ။ သူ့မျက်နှာကိုသာ အကဲခတ် နေမိသည် ။ သူ့ အပြုံးတွေကို ကျွန်တော် ပိုသိလာသလို ရှိပြီ ။ ရီဝေဝေ ငေးရီနေသည့် မျက်လုံးတွေကို ကျွန်တော် ပို၍ သိလာပြီဖြစ်သည် ။
“ အဲဒီလို လုသွားတော့ သမီး ဘာလုပ်မယ် ထင်သလဲ ဆရာ ”
သူ့အသံက နားစည်ထဲ ဝင်လာတော့ ကျွန်တော် သူ့ကို ငေးကြည့်နေတုန်း ရှိသေးသည် ။ သူကသာ ဆက်ပြောနေသည် ။
“ တကယ်ဆို ကိုယ့် အိမ်နားမှာ ဖြစ်တာလေ ဆရာ ။ အနည်းဆုံး မိန်းကလေးပီပီ ပတ်ဝန်းကျင် ကြားအောင် အော်လိုက်သင့်တာပေါ့နော် ။ ဒါပေမဲ့ သမီး ရုတ်တရက် အော်လိုက်ဖို့ကို မေ့နေတာ ဆရာ ”
သူ ဘယ်လို တုံ့ပြန်မည်ကို ကျွန်တော် စိတ်ဝင်စားသည် ။ တစ်နည်းနည်းနှင့်တော့ တုံ့ပြန်မှာပဲဟု ကျွန်တော် သိထားသည် ။ ထို့ကြောင့် သူ့ကို ကြည့်လိုက်တော့ ...
“ သမီး ကိုယ့်ကိုယ်ကိုတောင် သတိမထားမိဘဲ လုသွားတဲ့ ဆိုင်ကယ်သမားရဲ့ နောက်ကျောကို ကြည့်ပြီး အော်ရယ်ပစ်လိုက်တယ် ဆရာ ။ ဟက်ဟက်ပက်ပက်ကို အော်ရယ်ပစ်လိုက်တယ် ”
“ ဘုရား ဘုရား ”
ကျွန်တော် အလွန်တရာ ထိတ်လန့်သွားမိသည် ။ သူကတော့ ရယ်မောနေတုန်း ။ သို့သော် သူ့ ရယ်သံတွေက အသက်မပါ ။ မျက်လုံးတွေက ရီဝေဝေ မဟုတ်တော့ ။ သေနေပြီ ။ စာသင်ခန်းထဲက ကလေးအချို့ကလည်း သူ့ စကားကို နားစွင့်နေကြသည် ။
ဆရာ ဇော်ဂျီ၏ စကားနှင့် ဆိုရလျှင် ကျွန်တော့် ရှေ့တွင် ရှိနေသော ထို “ မိဆင်းရဲ ” ကလေးကို ဘယ်လို နှစ်သိမ့်ရမည် မသိတော့ ။ သူ ဖြစ်ပျက် ခဲ့သည့် အမူအရာတွေ ကသာ အာရုံတွင် အစီအစဉ်တကျ ပေါ်နေသည် ။
“ အဖြစ်ကတော့ အဲဒါပါပဲ ဆရာ ”
••••• ••••• •••••
စာသင်ပြီး အပြန် ဆိုင်ကယ်တွေ ၊ ကားတွေ ၊ လူသွားလူလာတွေ ရှုပ်နေသော လမ်းကို သတိထား လျှောက်ရင်း လမ်းတစ်လျှောက်လုံး တပည့်မကလေးကိုပဲ သတိရနေမိသည် ။ ဆင်းရဲရသည့် အထဲ အသုံးမဝင်သော ဖုန်းကလေးပါ အလုခံလိုက်ရသဖြင့် ဝမ်းနည်းနေရှာသည်ကို ကျွန်တော် ကောင်းကောင်း သိသည် ။ “ ငါ့လောက် ဒုက္ခ ရောက်တဲ့သူ ၊ ငါလို လူမျိုးဆီ ကတောင် လုရက်နိုင်ပါလား ” ဟု ယူကျုံးမရ ဖြစ်ကာ အော်ဟစ်ရယ်မောလိုက်သည်ဟု ကျွန်တော်ထင်သည် ။
ထိုအချိန်တွင် ကျွန်တော် ဖတ်ခဲ့ဖူးသော ဆရာပါရဂူ ဘာသာပြန်ခဲ့သည့် ‘ ဝေတာလ ’ ဝတ္ထုတစ်ပုဒ်က ခေါင်းထဲသို့ လှစ်ခနဲ ရောက်လာသည် ။ တစ်ခါက ဘုရင်တစ်ပါး တောကစားထွက်ရင်း လမ်းပျောက်ပြီး သစ်ပင်ကြီးတစ်ပင် အောက်သို့ ဝင်၍ အရိပ်ခိုမိသည် ။ ထိုအခါ သစ်ပင်ရှိ ဘီလူးက မိမိ၏ ခွင့်ပြုချက် မရဘဲ သစ်ပင်အောက် ဝင်လာသော ဘုရင်အား စားမည်ဟု ဆိုကာ ဆင်းလာလေတော့သည် ။ ထိုအခါ ဘုရင်က အထိတ်တလန့်ဖြင့် ခွင့်လွှတ်ပေးပါရန် တောင်းပန်ခဲ့သည် တဲ့ ။ ဘီလူးမင်း အလိုရှိသည်ကိုလည်း ဖြစ်အောင် ဆောင်ရွက်ပေးပါမည်ဟု ကတိ အကြိမ်ကြိမ် ပေးလွန်းသောကြောင့် ဘီလူးက အခွင့်အရေး တစ်ခု တောင်းဆိုလိုက်သည် တဲ့ ။
ဗြဟ္မဏအမျိုးအနွယ် ဆယ်နှစ်အရွယ် ရှိသည့် ကလေးငယ် တစ်ယောက်က သူ့ဘာသာ ကျေနပ်စွာဖြင့် ဘီလူး၏ အစာ အဖြစ် လာ၍ အစားခံမည့်သူကို စားခွင့်ရမည် ဆိုလျှင် ဘုရင်ကို မသ,တ်ဟု တောင်းဆိုကာ လွှတ်ပေးလိုက်သည် ။
ဘုရင်လည်း မှူးမတ်တွေနှင့် တိုင်ပင်ကာ တိုင်းပြည်တွင် မောင်းကြေးနင်း ခတ်၍ ဘီလူးအစားခံမည် သူငယ်ကို လိုက်၍ ရှာခဲ့ရလေသည် ။ တစ်နေရာ ရောက်သောအခါ အလွန်တရာ ဆင်းရဲလွန်းလှသည့် ဗြဟ္မဏ မိသားစုထဲမှ ကလေးတစ်ဦးက ထိုသတင်းကို ကြားကာ မိဘများအတွက် ရွှေငွေ ရတနာ များစွာ ရမည် ဖြစ်သဖြင့် မိမိက ဘီလူးအစား သွားခံချင်ကြောင်း မိဘတို့ကို ပူဆာလေသည် ။ မိဘတို့က ခွင့်မပြု ။ သို့သော် ကလေးက လူဆိုသည်မှာ တစ်ချိန်ချိန်တွင် သေရမည် ဖြစ်သည် ။ ယခု မသေလျှင်လည်း နောက် သေရလိမ့်မည် ။ ထို့ကြောင့် ဆင်းရဲလွန်းလှသော မိဘတို့၏ ကျေးဇူးကို အသက်ပေး၍ ဆပ်ချင်သည်ဟု ပူဆာလွန်းသောကြောင့် မိဘတွေက ခွင့်ပြုလိုက်ရသည် ။
ထို့ကြောင့် ဘုရင့်အစား သွား၍ ဘီလူးအစား ခံရန် မိဘနှစ်ပါးနှင့်အတူ ဘုရင်က လမ်းပြ၍ ခေါ်သွားခဲ့သည် ။ သစ်ပင်ကြီး အောက်သို့ ရောက်သောအခါ ဘီလူးမင်းက မိမိ၏ အစာ ရောက်လာပြီဟု ဆိုကာ သစ်ပင်ပေါ်မှ ဆင်းလာလေသည် ။
ထို့နောက် သတ္တိကောင်းသော ဗြဟ္မဏ ကလေးငယ်အား ပိုင်းဖြတ်ရန် သန်လျက်ကို မြှောက်လိုက်ချိန်တွင် ကလေးငယ်က ကြောက်လန့်စိတ် မရှိဘဲ ရုတ်တရက် ဟက်ဟက်ပက်ပက် ရယ်မောလိုက်သည် တဲ့ ။
••••• ••••• •••••
‘ ဝေတာလ ’ ဝတ္ထုသည် ‘ တစ္ဆေပြောသော ပုံပြင်များ ’ အမည်ဖြင့် ဆရာ ပါရဂူ ဘာသာပြန်ခဲ့သဖြင့် အလွန် ဖတ်၍ ကောင်းသည် ။ ငယ်စဉ်က ဖတ်ခဲ့ဖူးသောကြောင့် ယခုပင် မေ့လုလု ရှိနေပြီ ။ ဤရပ်ကွက်ကလေးက ပျံကျရပ်ကွက်ကလေး ဖြစ်နေသောကြောင့် လူသွားလူလာ အလွန် ရှုပ်သည် ။ ထို့ကြောင့်လမ်းကို ဂရုစိုက်လျှောက်ရင်း တစ္ဆေက မေးသော မေးခွန်းတစ်ခုကို သတိရလိုက်မိပြန်သည် ။
“ ကလေးငယ်သည် အဘယ်ကြောင့် ဟက်ဟက်ပက်ပက် ရယ်မောနေရပါသနည်း ”
ထိုမေးခွန်းသည် ကျွန်တော့် အတွက်တော့ ဖတ်ပြီးသားမို့ အဖြေ ရှိနေခဲ့ပါသည် ။ ကလေးငယ်သည် သေဘေးနှင့် ကြုံသောအခါ ပထမဦး စွာ အထိတ်တလန့်ဖြင့် မိဘ နှစ်ပါးကို အားကိုးရပါလိမ့်မည် ။ မိဘတွေက မွဲပြာကျအောင် ဆင်းရဲနေကြသဖြင့် ကလေးငယ် အနေနှင့် အားကိုး၍ မရနိုင်ပါ ။
မိဘတွေကိုမှ အားကိုး၍ မရလျှင် နတ်ဒေဝတာတွေကို အားကိုးရပါလိမ့်မည် ။ နတ်ဒေဝတာတွေကလည်း အမှန်တရားအတွက် လမ်းမညွှန်နိုင်သဖြင့် အားကိုး၍ မရနိုင်ပြန်ပါ ။
နောက်ဆုံး နတ်ဒေဝတာတွေ ကိုမှ အားကိုး၍ မရလျှင် ပြည့်ရှင်မင်းကို အားကိုးရပါလိမ့်မည် တဲ့ ။ သို့သော် ယခုတော့ ပြည့်ရှင်မင်း ကိုယ်တိုင် သေရမည့်ဘေးကို ကြောက်လွန်းလှသဖြင့် ကလေးငယ်ကို သူ့အစား အသေခံ ခိုင်းနေသောကြောင့် ပြည့်ရှင်မင်း ကိုလည်း အားကိုး၍ မရနိုင်တော့ပါ ။ ထို့ကြောင့် ဟက်ဟက်ပက်ပက် ရယ်မောလိုက်ရခြင်းဖြစ်သည်ဟု ဖတ်ခဲ့မိဖူးသည် ။
ထို့ကြောင့် ကျွန်တော်၏ တပည့်မလေးသည်လည်း အဘယ်ကြောင့် ဟက်ဟက်ပက်ပက် ရယ်မောလိုက်ရပါသနည်းဟု ပြန်မေးရမလို ဖြစ်နေသည် ။ သူ့တွင် အားကိုးရာ ဟူ၍ မိဘ ၊ နတ်ဒေဝတာ နှင့် ပြည့်ရှင်မင်း မည်သူ့ကို မှ ...
••••• ••••• •••••
ရှေ့ခပ်လှမ်းလှမ်းဆီမှ မီးကြီးထိုးကာ ခပ်မြန်မြန် မောင်းလာသော ဆိုင်ကယ် တစ်စီးကို ထင်ထင်ရှားရှား မြင်လိုက်ရသည် ။ ကျွန်တော်သည် လွယ်အိတ်ကလေးကို တင်းကျပ်စွာ ဖက်ရင်း ထို ဆိုင်ကယ်ကိုသာ မမှိတ်မသုန် ကြည့်နေလိုက်မိသည် ။ ဆိုင်ကယ်ကလည်း လာနေတုန်း ။ အိတ်ကလေးကို ဖက်ထားသည့် ကျွန်တော့် လက်တွေက တဆတ်ဆတ် တုန်နေသည် ။
အိတ်ထဲရှိ ဖုန်းကလေးကတော့ သက်မဲ့ပစ္စည်း ဖြစ်နေသောကြောင့် ဘာမှ သိရှာမည် မဟုတ် ။ ရုတ်တရက် ကျွန်တော့် တပည့်မလေး ဘာကြောင့် ရယ်မောလိုက်သည်ကို ကျွန်တော် ကောင်းကောင်း နားလည်လိုက်ပြီဖြစ်သည် ။
( တစ်ခါက တပည့်မလေး ချိုဝေနိုင် သို့ )
▢ မောင်နှင်းပန်း
📖 ရွှေအမြုတေ ရုပ်စုံမဂ္ဂဇင်း
မတ် ၊ ၂၀၁၈
9:47 AM 20-Feb-26

No comments:
Post a Comment