Monday, February 23, 2026

ဖခင်အမွေ

 

❝ ဖခင်အမွေ ❞
    ( ပီမိုးနင်း )

ဦးဘိုးလှသည် သေငယ်ဇောနှင့် မြောသည် တစ်လှည့် မေ့သည်တစ်ခါ နေရှာလေ၏ ။ သုံးနှစ်တိုင်တိုင် ၎င်းကို ပတ်ရစ်ဖျစ်ညှစ်၍နေသော ကျွန်ုပ်တို့၏ အကြီးဆုံးသော ရန်သူတည်းဟူသော သေမင်း၏ လက်သည် မိမိ ဖျစ်ညှစ်၍ ထားသောသူ၌ အသက်မြော့မြော့ကလေးမျှ ရှိတော့သည်ကို သိရသဖြင့် ယင်ကောင်ကို ဖျစ်ညှစ်သတ်ပုတ်ကာ ကစားသည့် အကလေးသည် မသေမရှင် လှုပ်ရှားသည့်အသွင်ကို မြင်လိုသဖြင့် လွှတ်သည့်ပမာ ဦးဘိုးလှအား အသက်ရှူခွင့်ကို ပေးလေ၏ ။ သို့ဖြစ်သောကြောင့် သုံးနှစ်တိုင်တိုင် သေမင်း၏ ငယ်ကျွန်တော် ဖြစ်ပေသည့် ရောဂါ၏ လက်တွင်း၌ မှိန်မှေးနေသော စိတ်သည် သေတော့မည့်အခါ တိုး၍ လင်းလာသည့် မီးတောက်ပမာ လှစ်ခနဲ ထ၍ တောက်ပြီး ရုတ်တရက် ချက်ချင်း ဓာတ်မီးကို နှိပ်လိုက်သလို ဦးနှောက်တည်း ဟူသော အိမ်ဦးခန်း၌ လင်းခနဲ ဖြစ်၍ သွားပြီးလျှင် မိမိ၏ သား ငါးယောက်အား ပေးရမည့် ကြီးကျယ်သော အမွေအကြောင်းကို သတိရလေသတည်း ။

ဦးဘိုးလှသည် စည်းစိမ်ဥစ္စာကြွယ်ဝသော ကုန်သည်ကြီး တစ်ယောက်ဖြစ်လေ၏ ။ ကုန်သည်တို့ မည်သည်မှာ လောဘတည်း ဟူသော မီးအရှိန်က အကြံဉာဏ်အလုပ်အကိုင် ဟူသမျှ၌ ဝင်းထိန်ခြင်း ဖြစ်စေသဖြင့် အမြင်ကျယ်၍ ဉာဏ်ကြီးသော ပုဂ္ဂိုလ် ဖြစ်လေရာ လောက ၌ရှိသော ပညာ အပေါင်းတို့တွင် အကြီးဆုံးသော ပညာဟု ဆိုအပ်သော လူ၏ စိတ်အကြောင်း ပညာကို ကောင်းစွာတတ်သိ နားလည်သူ ဖြစ်လေသတည်း ။

လောက၌ စက်အကြောင်းကို သိသောသူသည် စက်ဆရာမျှ ဖြစ်၏ ။ လောကဓာတ်အကြောင်းကို သိသောသူသည် လောကဓာတ်ဆရာမျှ ဖြစ်၍ နေထွက်နှင့် နေဝင်ကို မှန်မှန် သိနိုင်ရုံမှတစ်ပါး အကျိုး၏ အကြောင်းကို ကုန်စင်အောင် မသိကြ ။ တောက်တဲ့အော်သံကို သိသော်လည်း တောက်တဲ့ အဘယ်လို အော်မည်ဟူသော အကြောင်းကိုမူကား မသိသူများ ဖြစ်ကြလေသည် ။ ကမ္ဘာပေါ်၌ ပညာအပေါင်းတို့တွင် အထွတ်အထိပ် ဖြစ်သော လူသတ္တဝါတို့၏ စိတ်ကို နားလည်သော ပညာသည်ကား ဘုရားရဟန္တာတို့၏ ပညာအစိတ်အပိုင်း ဖြစ်လေ၏ ။ သို့ဖြစ်သောကြောင့် လူသတ္တဝါတို့၏ စိတ်အကြောင်း မသိလျှင် ကုန်သည် မဖြစ်နိုင်သော ကုန်သည်ကြီး ဦးဘိုးလှသည် မိမိ၏ ရပ်ရွာ၌ ဘုရားငယ်ဖြစ်၍ နေလေသတည်း ။

ကုန်သည် ဖြစ်သော်လည်း လောဘမီး၏ ပူပြင်းခြင်းအရှိန်ကိုသာ အသုံးပြုသူ မဟုတ် ၊ ထိုမီး၏ အလင်းရောင်ကိုလည်း အသုံးပြုသူဖြစ်လေရကား ပုထုဇဉ် လောကီသား လောဘသားများ အထဲတွင် မိမိ ရရှိသော ပစ္စည်းဥစ္စာကို အခြားသူများထက် ပိုမို၍ အသုံးတတ်သူ တစ်ယောက် ဖြစ်လေသတည်း ။

အဆိုပါ အမွေသည်ကား ရွှေငွေဘဏ္ဍာဥစ္စာတို့ကို ဝေငှပြီးသည်နောက် အထွတ်အမြတ်ဖြစ်သော အမွေဖြစ်လေရာ ၎င်းကို နောက်ဆုံး၌ ပေးရန် မူလကပင် ကြံရွယ်၍ ထားလေ၏ ။

အပါးသို့ ဝိုင်းရန်၍ လာကြကုန်သော သား ငါးယောက်အား ဦးဘိုးလှသည် တစ်ယောက်စီ တစ်ယောက်စီ ခေါ်၍ နမ်းရှုံ့ပြီးနောက် “ သားများ ” ဟု အစချီကာ အောက်ပါစကားများကို ပြောလေ၏ ။

“ ငါ့သားများအတွက် ဖေဖေ အမွေများကို ဝေငှ ပေးကမ်းပြီးသော်လည်း အဖိုးအတန်ဆုံးဖြစ်တဲ့ အမွေကိုမူ ဖေဖေ မပေးရသေးဘူး ။ ဒီအမွေဟာ ရွှေလည်း မဟုတ် ၊ ငွေလည်း မဟုတ် ၊ စာအုပ်ငါးအုပ် ဖြစ်တယ် ။ ထိုစာအုပ် ငါးအုပ်ဟာ ဖေဖေ၏ သားငါးယောက် အတွက်ပဲ ။ ၎င်း စာအုပ်ငါးအုပ်အား ကြီးစဉ်ငယ်လိုက် တစ်ဆင့်ပြီး တစ်ဆင့် ငါ့သားများ အတွက် အသင့်ပေါ်လာတဲ့ စာအုပ်များပဲ ။ သားအကြီးဆုံး အတွက် စာအုပ်မှာ အကြီးဆုံး စာအုပ် ဖြစ်သဖြင့် များစွာ အဖိုးထိုက်တန်တဲ့ ပညာတွေ ပါတယ် ။ အငယ်ဆုံးအတွက် စာအုပ်မှာ အငယ်ဆုံး ဖြစ်သဖြင့် အကြီးများက သူ့ပညာကို ကူညီပြီး ဖြည့်ကြရမယ် ။ ၎င်းစာအုပ်များမှာ တစ်ပညာတည်း တစ်သဘောတည်း စာအုပ်များ ဖြစ်ကြတယ် ။ ဖေ့သားများ လည်း ၎င်းစာအုပ်များကို အသီးအသီး မွေးကတည်းက ဖတ်ခဲ့ကြရ၏ ။ ဖတ်ရသော်လည်း ဖတ်ရမှန်း မသိကြဘူး ။ ဤစာအုပ်များမှာ အကောင်းသက်သက်မျှ ပါသည် မဟုတ် ၊ အဆိုးတွေလည်း ပါတယ် ။ အဘယ်ကြောင့်ဆိုလျှင် အကောင်းအဆိုး တွေ့သမျှကို စုပေါင်း၍ ထားရာမှ ပေါ်လာတဲ့ စာအုပ်ကြီးပဲ ၊ သည့်အတွက် ရွေးချယ် စိစစ်သောဉာဏ်ကို အသုံးပြုကြရမည် အရမ်းအသုံးမပြု ကြရဘူး ” ဟုပြောပြီး မောသဖြင့် နား၍ နေလေ၏ ။

သားငါးယောက်သည်ကား အဘယ်သို့သော စာအုပ် နည်း ။ ငါတို့၏ ဖခင်ချမ်းသာ၍ နေခဲ့သည်မှာ ဤစာအုပ်ကြောင့် ထင်ပါရဲ့စသည်ဖြင့် တွေးတောဆင်ခြင် စဉ်းစား၍ နေကြလေသတည်း ။

အမောပြေသောအခါ ဦးဘိုးလှ ဆက်၍ ပြောသည်မှာ “ ဤစာအုပ်ဟာ အခြား မဟုတ်ဘူး ။ ဖေဖေ ကိုယ်တိုင်ပဲ ” ဟု ပြောလေ၏ ။ ထိုအခါ နားမလည်သော သားငါးယောက်သည် အံ့သြတွေဝေ၍ နေကြလေ၏ ။

“ မောင်တို့ အနက် အကြီးဆုံးသားကြီးမှာ အသက်လေးဆယ် ရှိသဖြင့် ဖေဖေတည်း ဟူသော စာအုပ်ကြီး၌ အများဆုံး ဖတ်ရသူ ဖြစ်၍ ထို့အတူ တစ်ဆင့်ထက် တစ်ဆင့် ယုယစွာ ဖတ်ကြရလေရာ အငယ်ဆုံးလူကလေး ဖေ့သားထွေးမှာ အနည်းဆုံး ဖတ်ရသဖြင့် အသိ အလိမ္မာပညာကို များစွာ မရသေးသည့်အတွက် ဖေဖေ စိတ်ပူမည်ကို သက်သာရာ ရစိမ့်သောငှာ အကြီးများက ကူညီကြရမယ် ။ မိုက်သမျှကို သည်းခံရမယ် ။ ဖေဖေတည်း ဟူသော ဤစာအုပ်၌ အဘယ်အချက်တွေ အကောင်း ရှိသည် ၊ အဘယ်အချက်များမှာ အဆိုး ရှိသည်ကို မောင်တို့သိပြီးဖြစ်သည့်အတွက် အထူးပြောစရာ မလိုတော့ပြီ ။ သို့အတွက် ဖေဖေ၏ သဏ္ဌာန်၌ မောင်တို့ တွေ့ရှိရသမျှသော မကောင်းသော ဆိုးသော အရာဟူသမျှကို ချေဖျက်ပြီး အကောင်း ဟူသမျှကို သင်အံလေ့ကျက်ကြရမည် ။ သို့ သင်အံလေ့ကျက်က ငါ့သားများ လောက၌ ဖေဖေ့ ထက်ပင် ကြီးပွားချမ်းသာ ခံစားကြရလိမ့်မည်ကို စိတ်ချကြရမယ် ။ ထိုအမွေ စာအုပ်ကို ဖခင်ထားရစ်သော ရတနာတို့ထက် အဖိုးတန်သည်ဟု မှတ်ကြရမယ် ” ဟု ပြောပြီး နောက်ဆုံးသောစကား နှင့်အတူ အသက်သည် ထွက်လေသတည်း ။

▢ ပီမိုးနင်း
📖ဗန္ဓုလ ဂျာနယ်
     နိုဝင်ဘာ ၂ဝ ၊ ၁၉၂၇

No comments:

Post a Comment