❝ လမင်းတရာ နှင့် တွေ့ဆုံခြင်း ❞
( ကြည်အောင် နှင့် တွေ့ဆုံခြင်း )
‘ လမင်းတရာနှင့် တွေ့ဆုံခြင်း ’ လို့ ကျွန်တော် ခေါင်းစဉ် တပ်လိုက်ပေမယ့် စာရေးဆရာ လမင်းတရာ မဟုတ်ပါ ။ ကဗျာချစ်သူများ ရင်မှာ စွဲငြိစေခဲ့တဲ့ ‘ လမင်းတရာ ’ ကဗျာစာအုပ်နဲ့ အမျိုးသား စာပေဆု ရခဲ့တဲ့ မန္တလေးမြို့က ( တစ်နည်း ပြောရရင်တော့ အင်းဝမြို့ဟောင်းက ) ကဗျာဆရာ ( ဦး ) ကြည်အောင် နဲ့ တွေ့ဆုံ ပေးမှာ ဖြစ်ပါတယ် ။
ပေဖူးလွှာ စာတည်းအဖွဲ့က ဖေဖော်ဝါရီလ အတွက် ဆရာကြည်အောင်နဲ့ တွေ့ဆုံပါလို့ ဆိုလာတဲ့ အခါ ဆရာ့ ကဗျာတွေကို အသေးစိတ် ပြန်ဖတ်ရ ၊ မှတ်ရပါတယ် ။ ဒီလို တစ်စုတစ်စည်းတည်းကို အသေးစိတ် ပြန်ဖတ်တဲ့ အခါမှာ ကဗျာရှင်နဲ့ ပတ်သက်တဲ့ ခံယူချက် စိတ်နေသဘောထားကို လေ့လာလို့ ရလာပါတယ် ။
မြန်မာတို့ရဲ့ မြို့ဟောင်း တစ်ခု ဖြစ်တဲ့ ‘ အင်းဝ ’ ဇာတိ ဖြစ်တဲ့ ဆရာကြည်အောင်ရဲ့ ရင်ထဲမှာ နယ်ချဲ့စစ်ဘီလူးကို ခါးခါးတူးတူး မုန်းတဲ့စိတ် အပြည့် ရှိတာကို တွေ့ရပါတယ် ။ ဧရာဝတီမြစ်ကို ဆန်တက်လာတဲ့ အင်္ဂလိပ်စစ် သင်္ဘောကို လုံးဝ တိုက်ခိုက်ခြင်း မပြုရလို့ မန္တလေး ရွှေနန်းတော်က ထုတ်ပြန်လိုက်တဲ့ အမိန့်ကို ဆရာ့ဇာတိ ဖြစ်တဲ့ အင်းဝမြို့နားက သပြေတန်းခံတပ်က နာခံလိုက်တဲ့ အတွက် ဆရာ့ ရင်ထဲမှာ ဒီနေ့ထက်ထိ မကျေနပ်သေးတာက အစ သူ့ကဗျာတွေမှာ တွေ့နေရဆဲပါ ။
ဒီနေ့ ကျွန်တော်တို့ စာပေလောကမှာ ကဗျာဆရာကြီးငယ် တော်တော်များများ ၊ ရှိနေကြတဲ့ အထဲမှာ တချို့က ခံစားချက် အတွက် ရေးကြပြီး တချို့က ယုံကြည်ချက် အတွက် ရေးကြတယ် ။ ဆရာ ကြည်အောင် ကတော့ ယုံကြည်ချက် အတွက် ကဗျာ ရေးနေတဲ့သူ ဖြစ်တယ် ဆိုတာ သူ့ကဗျာတွေကို လေ့လာကြည့်ရင် တွေ့နိုင်ပါတယ် ။
သူ့ကဗျာ အတိုမှာပဲ ဖြစ်ဖြစ် ၊ အရှည်မှာပဲ ဖြစ်ဖြစ် ယုံကြည်ချက် တစ်ကွက်တော့ ပါတာပဲ ဖြစ်ပါတယ် ။ ဒါကြောင့် ကဗျာကို စိတ်ဝင်စားသူများ လေ့လာနိုင်စေဖို့ ဆရာကြည်အောင်နဲ့ ဆွေးနွေးခဲ့တာတွေကို ဖော်ပြပေး လိုက်ပါတယ် ။
••••• ••••• •••••
“ စာပေနယ်ထဲ ရောက်ရှိလာပုံနဲ့ ပထမဆုံး ရေးခဲ့တဲ့ ကဗျာအကြောင်း သိချင်ပါတယ် ”
“ ကလေးဘဝ ပထမစာကြောင်း စာလုံးပေါင်း ဖတ်တတ်စ ... ။
စာလုံးရဲ့ အရိပ် ၊ အဓိပ္ပာယ်တူးဖော် ပျော်လိုက်ပုံ ပြောပြမရ ...
ဆိုသလိုပါပဲဗျာ ။ စာဖတ်တတ်ပြီ ဆိုကတည်းက တွေ့သမျှ စာတွေကို ဖတ်လာတယ် ။ စာပေနဲ့ ကဗျာက ပေးတဲ့ ရသကို ခံစားရတာဟာ ဘယ်က ရတဲ့ ရသနဲ့မှ မတူပါဘူး ။
ကျွန်တော်တို့ ငယ်စဉ်တုန်းက အိမ်မှာကလည်း စာအုပ်နဲ့ တူတာဆိုလို့ ပရိတ်စာအုပ်တောင် မရှိဘူး ။ အမေက စာမတတ်ပါ ။ ဒါပေမဲ့ အတွက်အချက် မှတ်ဉာဏ် အင်မတန် ကောင်းတယ် ။ စကားပြောရမှာလည်း ပုံတိုပတ်စ ၊ အခိုင်းအနှိုင်းနဲ့ သရုပ်ပေါ်အောင် အင်မတန် ပြောတတ်ပါတယ် ။ အမေ့စကားတွေ နားရည်ဝ နေတော့ တော်တော့ စကားပြေကို ဖတ်နေရပေမယ့် ကျွန်တော့် စိတ်နားထဲ မတိုးဘူး ။ ပြီးတော့ အင်းဝက ကျွန်တော့် မွေးရပ်မြေ ။ မဟာရဋ္ဌသာရ ၊ ရှင်တေဇောသာရ ၊ ရှင်သူရဲ ၊ ဝန်ကြီး ပဒေသရာဇာ ၊ အချုပ်တန်းဆရာဖေ ၊ သခင်ဗဟိန်း စတဲ့ စာပေကဗျာနဲ့ နိုင်ငံရေး မဟာပုဂ္ဂိုလ်ကျော်တွေရဲ့ ဇာတိ ချက်ကြွေ ။
ဒီတော့ ပုဂ္ဂိုလ်စွဲ ၊ ဒေသစွဲ သဘောနဲ့ သူတို့ စာတွေကို ဖတ်တယ် ။ လေ့လာတယ် ။ ကဗျာ ဖတ်တော့ ကဗျာ ရေးချင်တယ် ။ စမ်းရေးကြည့်မိတာပေါ့ ။ မကောင်းဘူး ။ ကဗျာ မဖြစ်ဘူး ။ ဆဋ္ဌမတန်း ရောက်တော့ ဆရာ မင်းသုဝဏ်ရဲ့ ‘ သပြေညို ’ ကဗျာ စာအုပ်ကို သင်ရပါတယ် ။ ဆရာကြီး ဦးဘညွန့်ရဲ့ ကဗျာ အသင်အပြ ကောင်းတာကြောင့် ကဗျာကို ပိုလို့ ချစ်တတ်လာတယ် ။ ပိုလို့ ရေးချင်လာတယ် ။ ဒါပေမဲ့ တစ်ဖက်ကလည်း ဆန်းတွေ ဂိုဏ်းသင့်တာတွေနဲ့ ခြောက်လှန့်ခြင်း ခံရတော့ ဆိုးကျိုး ပေးတတ်တာကို ကြောက်ပြီး ကဗျာ ရေးတာကို ဖြတ်ပစ်လိုက်ပါတယ် ။ ဗွေဆော်ဦး ဖတ်ရ ၊ ကျက်ရ ၊ သင်ရတဲ့ ကဗျာစာအုပ်ဟာ ဆရာမင်းသုဝဏ်ရဲ့ ‘ သပြေညို ’ ပါ ။ ‘ ရှေ့တော်ပြေး ’ ဟာ ကျွန်တော်ရဲ့ အသည်းစွဲ ကဗျာပေါ့ ။
ရှေ့တော်ပြေးရဲ့ ၄ ၊ ၃ ၊ ၂ ကာရန်သွားပုံ ၊ အသံလှပုံတွေ ကြိုက်လွန်းလို့ ကျွန်တော် ကဗျာ စ ရေးတယ် ဆိုရင်ပဲ အဲဒီ ဟန်မျိုး ပေါက်နေတတ်ပါတယ် ။
ဥပမာ - ၁၉၆ဝ ပြည့်နှစ် ‘ စိတြ ’ စာအုပ်ထဲမှာ ပါတဲ့ ‘ လမ်းစ မမြင် ’ ကဗျာကို ဖတ်ကြည့်ပါဦး ။ ဆရာ မင်းသုဝဏ် ရဲ့ ဩဇာလွှမ်းပုံကို သိရပါလိမ့်မယ် ။
❝ လမ်းစ မမြင် ❞
မုန်တိုင်းနှင့် မိုး ၊ ရိုက်ဖျက်ချိုး၍
တောင်ကျိုးငှက်များ ၊ လန့်ပျံသွား၏
မြေသားမိုးပြင် ၊ မာန်ဟုန်ဆင်လျက်
တိမ်စင်ညစ်မဲ ၊ လျှပ်စီးရဲ၏
ဖော်ကွဲအားပျက် ၊ တစ်ကောင်ငှက်လျှင်
သွေးစက်စွန်းလူး ၊ တောင်ပံဦးနှင့်
သေကြူးညဉ့်ယံ ၊ မုန်တိုင်းသံဝယ်
ဝဲပျံထိုးဖောက် ၊ အားရည်သောက်စဉ်
ကွေးခေါက်ဦးခေါင်း
နီမောင်းမောင်းလည်း
တောင်စောင်းနှင့်တိုက် ၊ သတိမိုက်၍
လှိုင်းရိုက်ခတ်ရာ ၊ ပင်လယ်ပြာကို
စိတ်မှာအထင် ၊ မြေမိခင်ဟု
အမြင်ယွင်းမှား ၊ ပျံဆင်းသွားစဉ်
လှိုင်းများပါးစပ် ၊ ရေတံလှပ်သည်
ရှစ်ရပ်ကြားအောင် အော်သတည်း ။
၁၉၆၀
စိတြ
ဒီလိုနဲ့ မန္တလေးတက္ကသိုလ် ရောက်လာတော့ မောင်သာနိုး ၊ တင်မိုး ၊ မောင်မိုးသူ ၊ မောင်စွမ်းရည် ၊ ကိုလေး ( အင်းဝဂုဏ်ရည် ) ၊ ဝင်းကြွယ် ၊ အင်းဝညွန့်အေး တို့နဲ့ တွဲမိရာက ကဗျာ စရေးဖြစ်ပါတယ် ။ ပြောလို့သာ ပြောရတယ် ။ တင်မိုးက ကဗျာကို ၁၉၅၂ ခုလောက်က စရေးပါတယ် ။ ကျွန်တော်က ၁၉၅၉ ခုမှ စရေးပါတယ် ။ နှစ်တော်တော် ကွာပါတယ် ။
မဂ္ဂဇင်းထဲမှာ ပထမဆုံး ဖော်ပြခံခဲ့ရတဲ့ ကဗျာက ‘ ဖြစ်အင် ’ ပါ ။ ၁၉၅၉ ရှုမဝမဂ္ဂဇင်းမှာ ပါတယ် ။ ဒီကဗျာလေးကို အခုထိ ရှာမတွေ့သေးတော့ ထွက်သမျှ ကျွန်တော့် ကဗျာစာအုပ်တွေထဲ သူ ပါခွင့် မရရှာဘူး ”
“ ကဗျာဆိုတာ ကဗျာဆရာရဲ့ စိတ်ထွက်ပေါက်လို့ တချို့က ယူဆကြပါတယ် ။ ဆရာ ဘယ်လို ခံယူပါသလဲ ”
“ ကဗျာနဲ့ ပတ်သက်လာရင် ဖွင့်ဆိုချက်တွေဟာ မိုးမဆုံး မြေမဆုံး အများကြီး ရှိပါတယ် ။ ခေတ်တွေ ခြားနားသလို ဖွင့်ဆိုချက်တွေဟာလည်း ခြားနားပါတယ် ။ ကဗျာ ဆိုတာ ကဗျာဆရာရဲ့ စိတ်ထွက်ပေါက်လို့ တချို့က ယူဆတာလည်း သူ့အယူအဆအတိုင်း ထားလိုက်ပါတော့ ။
ကဗျာဆရာတွေရဲ့ လူတန်းစား ရပ်တည်မှု တစ်ယောက်နဲ့ တစ်ယောက် မတူသလို ကဗျာအပေါ် ထားတဲ့ သဘောထား ၊ ကဗျာဖွင့်ဆိုချက်တွေလည်း မတူကြပါဘူး ။
‘ ကဗျာဆရာရဲ့ ကာရန်ဟာ ယုယမှုလည်း ဟုတ် ၊ ကြွေးကြော်သံလည်း ဟုတ် ၊ လှံစွပ်လည်း ဟုတ် ၊ ကျာပွတ်လည်း ဟုတ် ‘ လို့ တော်လှန်ရေး မုန်တိုင်းထဲ ဖြတ်သန်းခဲ့ရတဲ့ ရုရှားကဗျာဆရာကြီး မာယာကော့ဖ်စကီ က အဲဒီလို ရေးခဲ့တယ် ။
‘ နေသောင်း ထောင် ရောင် မညှိုးသလိုပ
ရွှေဒေါင်းတောင် ကလောင်တစ်မျိုးရယ်နဲ့
ပြေကောင်းအောင် ဆောင်မကိုး ...
’ လို့
ကိုလိုနီဆန့်ကျင်ရေး တိုက်ပွဲဝင် ဆရာကြီး သခင်ကိုယ်တော်မှိုင်းက သူ့ကလောင် သူ့ကဗျာဟာ ပြည့်အကျိုးဆောင် ဖြစ်ရမယ်လို့ ကြွေးကြော်ခဲ့ပါတယ် ။ မာယာကော့ဖ်စကီ ရဲ့ ကဗျာပိုဒ်ရော ၊ ဆရာကြီး သခင်ကိုယ်တော်မှိုင်းရဲ့ ကဗျာပိုဒ်ရော ၊ အခြား ကဗျာဆရာတွေရဲ့ ကောင်းမွန်တဲ့ ကဗျာစာအုပ်တွေရောဟာ မေ့ပစ်ရက်စရာ မရှိပါဘူး ။
ဒါတွေကြောင့်လား မပြောတတ်ပါ ။ ၂ဝ ရာစုရဲ့ အကြီးမားဆုံး ကဗျာဆရာ တစ်ယောက် ဖြစ်တဲ့ ဒဗလျူ ၊ အိပ်ချ် ၊ အော်ဒင် ( W.H Auden ) က ကဗျာနဲ့ ပတ်သက်ပြီး ဖွင့်ဆိုချက်တွေ အများကြီးရှိတဲ့ အနက်က -
ကဗျာဆိုတာ ‘ အမှတ်ရစရာ စကားစု ’ ( Memorable Speech ) ဆိုတဲ့ အနက်ဖွင့်ချက်ကို ကြိုက်တယ်လို့ ပြောဖူးပါတယ် ။
ဒီနေရာမှာ ကြုံတုန်းကြုံခိုက်မို့ ပြောရမယ်ဆိုရင် ကဗျာဆရာဟာ ဖန်ဆင်းရှင် ဖြစ်တယ် ။ တီထွင်ဆန်းသစ်သူ ဖြစ်တယ် ။ သင်္ချာဆရာဟာ သင်္ချာဥပဒေသကို ထုတ်လုပ်သူ ဖြစ်သလို ကဗျာဆရာဟာ ကဗျူပဒေသ ( ဂန္ထဝင်ရော ၊ ခေတ်ပေါ်ရော ၊ လွတ်လပ်ကဗျာရော ၊ ကာရန်မဲ့ကဗျာရော ) အားလုံးကို ဖန်တီးတဲ့သူ ဖြစ်တယ် ။ စပ်နည်းတို့ ၊ ဟန်တို့ ၊ ပါဒ အချဲ့အဆန့် ၊ အချုံ့ အကျဉ်း အားလုံးကို ကဗျာဆရာက လုပ်တာ ဖြစ်တယ် ။ ကဝိပညာရှိတွေက လုပ်ပေးတာ ၊ ချပေးတာ မဟုတ်ဘူး ။
ဒါဆို ကျွန်တော်တို့ ကဗျာဆရာတွေ အားလုံး သတိချပ်သင့်ပါတယ် ။ ကဗျာဆရာတွေဟာ ရဲရဲ တီထွင်ဖို့ ၊ ရဲရဲ ဆန်းသစ်ဖို့ လိုပါတယ် ။ ကဗျာဆရာဟာ သေခြင်းရဲ့ ဆန့်ကျင်ဘက် ၊ ရှင်သန်းခြင်းကို မွေးမြူထူထောင်သူ ဖြစ်ပါတယ် ”
“ ဆရာရဲ့ ‘ နဂါးခေါင်း စောင်းတစ်လက်
’ ကဗျာထဲမှာ ရှင်မွေ့နွန်း ၊ မွန်လှ ၊ ဒိုင်းခင်ခင်တို့ကို သိပါတယ် ။ မြနုရီ ကို မသိဘူး ... ဘယ်သူပါလဲ ”
“ ကျွန်တော်ဟာ တစ်နေ့မှာ ပျောက်ကွယ်သွားတဲ့ ပျူလူမျိုးများရဲ့ သီချင်း ခေါင်းစဉ် ၁၂ ပုဒ်ကို ကေ - ဦးခင်ဇော် ရဲ့ ဆောင်းပါး ၊ ဦးရည်စိန် ရဲ့ ဆောင်းပါး ၊ ဆရာမြသန်းတင့် ရဲ့ ဆောင်းပါးတို့ ထဲမှာ တွေ့ရပါတယ် ။ အခု ပျူလူမျိုးတွေ မရှိတော့ပါဘူး ။ ပျူသီချင်း စာသားတွေ မရှိတော့ပါဘူး ။ ခေါင်းစဉ်ပဲ ကျန်ခဲ့တော့တယ် ။
ဒါနဲ့ အဲဒီခေါင်းစဉ် ၁၂ ခု ထဲက ‘ နဂါးခေါင်း စောင်းတစ်လက် ’ ဆိုတဲ့ ခေါင်းစဉ်ကို ယူပြီး ရှင်သန်ပါစေတော့ ၊ ကျန်ကောင်းသမျှ ကျန်ပါစေတော့ ဆိုတဲ့ ရည်ရွယ်ချက်နဲ့ အဲဒီကဗျာကို ရေးပါတယ် ။
ကဗျာထဲမှာ ပျူလူမျိုးတို့ရဲ့ ဝိညာဉ်ဖြူ ၊ ပင်းယခေတ်ရဲ့ ကာချင်းသံ ၊ ရှေးခေတ်စာဆိုလုလင်နဲ့ လမင်းအပျို ၊ အတိတ်ပန်းဟောင်းပွင့် ရဲ့ ရနံ့ ၊ ဥက္ကလာအလှူရှင် ရှင်မွေ့နွန်း ၊ ပုဂံရောက် မောဒေဝီ မွန်လှ ၊ ရတနာပုံမြို့ တော်သူ ဒိုင်းခင်ခင် ... သူတို့အားလုံးကို ကဗျာဖတ်သူတွေ သိကြတယ် ။ မြနုရီ ကို မသိကြလို့ မြနုရီ ဟာ ရာဇဝင် ရုပ်ပုံလွှာထဲက ဘယ်သူလဲလို့ မေးသံတွေ ကြားရပါတယ် ။ ‘ မြနုရီ ’ ဟာ ကျွန်တော့်ရင်ထဲက ခေတ်ပေါ်ရုပ်ပုံလွှာ တစ်ချပ်ပါ ။ အဲဒီ ခေတ်ရဲ့ ရုပ်ပုံလွှာ တစ်ချပ်ကို ရာဇဝင် ရုပ်ပုံလွှာတွေထဲ ပေါင်းထည့်ပေးလိုက်တာသာ ဖြစ်ပါတယ် ။
❝ နဂါးခေါင်း စောင်းတစ်လက် ❞
နဂါးခေါင်းနဲ့
ငါ့စောင်း ...
ရှေးဟောင်းပုံပြင် ၊ ဝိညာဉ်ဖြူဖြူ
ပျူသီချင်းအို
အဆိုပိုင်ပိုင် ၊ တီးခတ်နိုင် ။
နဂါးခေါင်းနဲ့
ငါ့စောင်း ...
ရဲမောင်းနီစွေး ၊ သွေးနဲ့လင်္ကာ
ကာနဲ့တုန်ဟည်း ၊ မြင်းစီးစစ်သား ရုပ်ပုံကား
လှုပ်ရှားသက်ဝင် ၊ ကြေးမုံပြင် ။
နဂါးခေါင်းနဲ့ ငါ့စောင်း ...
နွေညောင်းရင့်အို ၊ လအပျိုနဲ့
စာဆိုလုလင် ၊ ချစ်ပုံပြင်ကို
ထင်မြင်တမ်းတ ၊ ဖန်ဆင်းပြ ။
နဂါးခေါင်းနဲ့ ငါ့စောင်း ...
ပန်းဟောင်းတပွင့် ၊ အသစ်ပွင့်စေ
ပြာရင့်မီးခိုး ၊ ဝိုးတဝါးဝါး
အတိတ်ကားမှာ ဖမ်းစားပြန်မြင်
ရှင်မွေ့နွန်းလား ... မွန်လှလား ...
ဒိုင်းခင်ခင်လား ... မြနုရီလား ... ။
အား ... တစ်ညသား
ပျောက်ကွယ်သွားတဲ့
ပျူလူမျိုးများရဲ့
နဂါးခေါင်းနဲ့ စောင်း ...
လက်မောင်းရုံးကိုင်
ပိုင်ပိုင်တီးခတ် ၊ တဖျပ်ဖျပ်လက်
အိပ်မက်မျိုးမျိုး ၊ စောင်းတန်ခိုးနဲ့
ပန်းမိုးရောင်စုံ ရွာစေတယ် ။
၁၉၈၄ ဇူလိုင် ၂၄
အင်းဝ
( မိခင် မာရသွန် )
“ ကဗျာမှာ အသံဟာ အရေးကြီးတယ်လို့ တချို့က ယူဆပြီး တချို့ကျတော့ အသံဟာ အရေးမကြီးဘူးလို့ ဆိုကြပါတယ် ။ ဆရာ ဘယ်လို ယူဆပါသလဲ ”
“ ကဗျာ မှာ အသံဟာ အရေးကြီးပါတယ် ။ ဒါက ကျွန်တော့် အယူအဆပါ ။ ကဗျာဟာ ဖတ်ဖို့ သက်သက် ၊ ရွတ်ဖို့ မလိုတော့ဘူး ဆိုတာ ကျွန်တော့် အနေနဲ့ကတော့ လက်မခံပါ ။ ဆရာကြီး သခင်ကိုယ်တော်မှိုင်း ပြောသလိုပေါ့ ။
‘ ဪ ... ဇမ္ဗူတစ်ခွင်တွင်ဖြင့်
လူအသွင်အပြင်နှင့်တကွ
မူအဆင်ဆင်တွေနှင့်
အယူအငင်မှာတော့
တူချင်လဲ တူကြ
မတူချင်လဲ နေကြပေါ့နော ...
’
တစ်ခါတစ်ရံ အတွင်းသရုပ် အသင့်အတင့် ကောင်းပြီး အသံနဲ့ဟန် ပုံသဏ္ဍာန် ကောင်းတာနဲ့ပဲ ကဗျာကောင်း တစ်ပုဒ် ဖြစ်လာနိုင်ပါတယ် ။ ဒီနေရာမှာ အတွင်းသရုပ် ( Content ) နဲ့ ပုံသဏ္ဍာန် ( Form ) အတူတူ အရေးပါတယ် ဆိုတာတို့ ၊ နိုင်ငံရေးစံနဲ့ အနုပညာစံ ကောင်းဖို့ လိုတာတို့ ၊ ကဗျာဆရာတိုင်းလောက် နားလည် နေကြပြီမို့ ထည့်မပြောတော့ပါ ။
ကဗျာဆရာဟာ ကဗျာပရိသတ် ရှေ့မှောက် ( စာပေဟောပြောပွဲမျိုးမှာ ) လူကိုယ်တိုင် တက်ရောက်ပြီး မိမိရဲ့ ကဗျာကို ရွတ်ပြနိုင်ရမယ် ။
အဲဒီအခါ ကဗျာရဲ့ ( ပျောက်ကွယ်လုနီးနီး ဖြစ်နေတဲ့ ) အင်္ဂါရပ်ကောင်း တစ်ရပ်ဖြစ်တဲ့ ထူးခြားတဲ့ အသံလှိုင်းတွေ ၊ ရစ်သမ်တွေ ပေါ်လာပြီး ကဗျာဟာ ပိုအားကောင်း လာလိမ့်မယ်လို့ ကျွန်တော် စွဲစွဲမြဲမြဲ ယုံကြည်ပါတယ် ”
“ ဆရာတို့ ခေတ်က မန္တလေးတက္ကသိုလ်မှာ လှုပ်ရှားခဲ့တဲ့ စာပေလှုပ်ရှားမှု အကြောင်းတွေကို သိပါရစေ ”
“ ကျွန်တော်တို့ ခေတ်က မန္တလေးတက္ကသိုလ် စာပေလှုပ်ရှားမှု အကြောင်းလား ။
အဲဒီတုန်းက မန္တလေးတက္ကသိုလ်မှာ ကလောင်ရှင်အသင်း ရှိတယ် ။ နှစ်လည် မဂ္ဂဇင်းကော်မတီ ရှိတယ် ။ မန္တလေးမှာ လူထုသတင်းစာနဲ့ မြန်မာ့လမ်းစဉ် စတဲ့ သတင်းစာတွေ ရှိတယ် ။ မန္တလေးတက္ကသိုလ်က စာပေ ဝါသနာပါတဲ့ ကျောင်းသား ၊ ကျောင်းသူတွေက ကဗျာတွေ ၊ ဆောင်းပါးတွေ ရေးပြီး ကလောင်သွေးကြတယ် ။
ကလောင်ရှင် အသင်းက ဦးစီးပြီး စာပေပြိုင်ပွဲတွေ ၊ စာပေဟောပြောပွဲတွေ လုပ်တယ် ။ ပြီးတော့ ကဗျာစာအုပ်တွေလည်း ထုတ်ဝေတယ် ။
မန္တလေးတက္ကသိုလ် မှာ မောင်သာနိုး ကလည်း ကျောင်းသားဘဝနဲ့ပဲ အထူးသဖြင့် အင်္ဂလိပ်နဲ့ အမေရိကန် ကဗျာတွေ ပို့ချတယ် ။ အဲဒီတုန်းက မောင်သာနိုး ( ကလောင်အမည် မောင်သိင်္ဂါ ) ရဲ့ လေးချိုးတွေဟာ စကား ပြောရစ်သမ် ရဲ့ အလှကို မိမိရရ ဖော်ပြနိုင်စွမ်း ရှိတယ် ။
ဘာပဲပြောပြော မောင်သာနိုး ဟာ အဲဒီတုန်းက မန္တလေးတက္ကသိုလ်ရဲ့ ( ဘယ်သူကမှ မခန့်အပ်တဲ့ ) စာပေ သဘောတရား ဆရာပဲ ”
“ မောင်သာနိုးရဲ့ စာပေအယူအဆဟာ တင်မိုး ၊ ကြည်အောင် ၊ မောင်စွမ်းရည် စတဲ့ မန္တလေးတက္ကသိုလ်ရဲ့ အကျော်အမော် ကဗျာဆရာ သုံးယောက် အပေါ် အတိုင်းအတာ တစ်ခု လွှမ်းမိုးခဲ့ဖူးတယ်လို့ ဆိုရင်ကော ဆရာ ”
“ ဟုတ်ကဲ့ ၊ ၁၉၅၉ မှာ တင်မိုးက ‘ ဖန်မီးအိမ် ’ ကို ထွန်းညှိလိုက်တယ် ။
၁၉၆၃ မှာ ကြည်အောင် က ‘ လမင်းတရာ ’ ကို သာစေခဲ့တယ် ။
၁၉၆၄ မှာ မောင်စွမ်းရည် က ‘ အနီနဲ့အပြာ ’ ကို ခြယ်ရေးလိုက်တယ် ။
၁၉၆၅ မှာ ကိုလေး ( အင်းဝဂုဏ်ရည် ) က ‘ လမ်းသစ် ’ ကို ဖောက်လိုက်တယ် ”
“ ဆရာ အခု ပြောတဲ့ အထဲမှာ အထူးသဖြင့် ‘ ဖန်မီးအိမ် ’ နဲ့ ‘ လမင်းတရာ ’ ကဗျာစာအုပ် နှစ်အုပ်ဟာ မြန်မာပြည် စာပေလောက ကဗျာလောကကို လှုပ်လှုပ်ရှားရှား ဖြစ်သွားစေတယ်လို့ ထင်ပါတယ် ”
“ ဒီမေးခွန်းနဲ့ ပတ်သက်လို့ လမင်းတရာ အမှာစာ လူထုဒေါ်အမာ ရေးတာကို အတိုင်း ဖော်ပြရရင် ‘ ဤ လူငယ်ကလေးများသည် ဇော်ဂျီ ၊ မင်းသုဝဏ်တို့က ပေးသည့် ဖွဲ့ဟန်ကို ကိုင်စွဲလာကြသော်လည်း ဇော်ဂျီ တို့ ၊ မင်းသုဝဏ် တို့ထက် သူတို့က ပို၍ တွေးရဲလာကြသည် ။ သူတို့ အတွေးအခေါ်နှင့် သူတို့ အဘိဓမ္မာသည် သူတို့ ဆရာများထက် တိုးတက်လာကြလေသည် ’ လို့ ရေးခဲ့တယ် ။
လွန်ခဲ့တဲ့ နှစ်ပေါင်း ၂ဝ ကျော်က လူထုဒေါ်အမာ ရဲ့ အဲဒီ အကဲဖြတ်ချက် ဘယ်အထိ မှန်ကန်တယ် ဆိုတာ ကိုယ်တိုင်ပဲ စဉ်းစားကြည့်စေလိုပါတယ် ။ လူထုဒေါ်အမာ ဒီအမှာစာကို ရေးတော့ ( တင်မိုး က ဆုရပြီးပြီ ) ကြည်အောင် နဲ့ မောင်စွမ်းရည် ဆိုတာ သာမန် အညတြပဲ ရှိပါသေးတယ် ။
မန္တလေးတက္ကသိုလ် စာပေလှုပ်ရှားမှု (၁၉၅၉ - ၆၅ ) အကြောင်း ပြောရင် ဒီကဗျာဆရာ သုံးဦးရဲ့ ကဗျာတွေကို အမြဲတမ်း ဖော်ပြပေးပြီး ကဗျာစာအုပ် ထုတ်ဝေရင်လည်း ကဗျာအကဲဖြတ် အမှာစာတွေ ရေးပေးတဲ့ လူထု ဒေါ်အမာရဲ့ လူထုသတင်းစာကြီး မပါလျှင် မပြီးပါ ။
ဆရာကြီး ရွှေဥဒေါင်း နဲ့ လူထုဦးလှ တို့ ဦးဆောင်တဲ့ အထက်ဗမာနိုင်ငံ စာရေးဆရာ အသင်းကြီး မပါရင် မပြီးပါ ။
မန္တလေးတက္ကသိုလ် မြန်မာစာဌာနကြီးက ပါမောက္ခဦးချမ်းမြေ့ ၊ ကထိက ဦးမောင်မောင်တင် ၊ ဆရာကြီး ဦးဆန်းထွန်း ၊ ဦးဘိုသင်း ၊ ဒေါ်မိမိလေး ၊ ပါမောက္ခ ဒေါ်စီစီဝင်း နဲ့ ပါဠိပါမောက္ခ ဒေါ်အုန်း တို့ကလည်း ဒီကဗျာ ဆရာတွေ အတွက် မြန်မာ့ဂန္ထဝင်စာပေ ရေခံမြေခံကောင်းတွေ ဖန်တီးပေးခဲ့ပါတယ် ။
မန္တလေး ၊ အင်းဝ ၊ ရွှေဘို ၊ မြင်းခြံ ၊ မုံရွာ စတဲ့ အညာဒေသတွေနဲ့ ရှမ်းပြည်နယ် ၊ ကချင်ပြည်နယ် ၊ ချင်းပြည်နယ် စတဲ့ အနယ်နယ် အရပ်ရပ်က လာကြတဲ့ မန္တလေးတက္ကသိုလ်ရောက် ကျောင်းသားများနဲ့ ပြည်သူများရဲ့ ဘဝနဲ့ ခံစားမှုကို ကိုယ်စားပြုပြီး တင်မိုး ၊ ကြည်အောင် ၊ မောင်စွမ်းရည် တို့က သူတို့ ကဗျာတွေ ထဲမှာ ထင်ဟပ် ဖွဲ့သီနိုင်ကြပါတယ် ”
“ လမင်းတရာ ကဗျာစာအုပ်နဲ့ ဆရာ အမျိုးသားစာပေဆု ရခဲ့တယ်လို့ သိရပါတယ် ။ လမင်းတရာ ကဗျာစာအုပ် အကြောင်းနဲ့ ရည်ရွယ်ချက်ကို သိပါရစေ ”
“ ဟုတ်ကဲ့ ... လမင်းတရာ ကဗျာစာအုပ်နဲ့ ၁၉၆၃ ခုနှစ်မှာ အမျိုးသားစာပေဆု ရခဲ့ပါတယ် ။ အခုဆို အနှစ် နှစ်ဆယ် ကျော်ပါပြီ ။
လမင်းတရာ ကဗျာစာအုပ်အကြောင်းနဲ့ သူ့ရဲ့ ရည်ရွယ်ချက် မပြောခင် ကျွန်တော့် ကဗျာလုပ်ငန်း အကြောင်း နည်းနည်းပြောပါရစေ ။
ကျွန်တော် ကနေ့ အထိ ကဗျာစာအုပ် လေးအုပ်ပဲ ရေးနိုင်ပါသေးတယ် ။
၁၉၆ဝ - စိတြ ( အိန္ဒိယ စာဆိုကြီး ရာဗင်ဒြာနတ်တဂိုး ရာပြည့် ဂုဏ်ပြု ရည်ညွှန်း )
၁၉၆၃ - လမင်းတရာ ( ဆရာကြီး သခင်ကိုယ်တော်မှိုင်း အသက် ၈၄ နှစ် သက်ရှိထင်ရှားစဉ် ဂုဏ်ပြု ရည်ညွှန်း )
၁၉၆၅ - ဒုဋ္ဌဝတီမှ ဧရာဝတီသို့ ( ဆရာဗန်းမော်တင်အောင် အသက် ၅၂ နှစ် သက်ရှိထင်ရှားရှိစဉ် ဂုဏ်ပြု ရည်ညွှန်း )
၁၉၈၅ - မိခင်မာရသွန် ( အမေ အသက် ၇၆ နှစ် သက်ရှိထင်ရှား ဂုဏ်ပြုရည်ညွှန်း )
ကဗျာစာအုပ် ထုတ်ဝေတိုင်း ၊ ဂုဏ်ပြုအပ်တဲ့ ပုဂ္ဂိုလ်ကို ရည်ညွှန်းပြီး ထုတ်ဝေပါတယ် ။
‘ လမင်းတရာ ’ ဟာ ကျွန်တော့်ရဲ့ ဒုတိယမြောက် ကဗျာစာအုပ်ပါ ။
‘ လမင်းတရာ ’ လို့ နာမည် ပေးမိတာက ‘ နတ်ပန်းခွံမြ ၊ ပေါ်သည့်လက ၊ တရာ့တသောင်း ၊ ရုံးလှာပေါင်းလည်း ၊ တူကြောင်းမရှိ ၊ ချမ်းလှဘိ ... ’ ဆိုတဲ့ စာဆို နဝဒေးရဲ့ အသုံးအနှုန်းကို ကြိုက်လို့ မှီငြမ်းပြု ယူလိုက်တာပါ ။
ကျွန်တော့် ကဗျာစာအုပ် ‘ လမင်းတရာ ’ ထွက်လာပြီးတဲ့နောက် လူတွေဟာ ‘ လမင်းတရာ ’ အသုံးအနှုန်းကို အင်မတန် သဘောတွေ့ကြပါတယ် ။
အခုအခါမှာ ဆိုရင် ... ‘ လမင်းတရာ ’ ဆိုတဲ့ စကားလုံးဟာ ငြိမ်းအေးချမ်းမြခြင်း ၊ လှပတင့်တယ်ခြင်း ၊ အလင်းသယ်ဆောင်ပေးဝေခြင်း စတဲ့ နိမိတ်ပုံကို ကိုယ်စားပြုနေပါပြီ ။
‘ လမင်းတရာ
’ သီချင်း - မြို့မကိုဘိုခင် ၊
‘ လမင်းတရာ
’ ဝတ္ထု - မောင်သိင်္ခ
‘ လမင်းတရာ
’ ရုပ်ရှင် - ကျော်ဟိန်း ပါတယ် ။
( ဒါရိုက်တာ မမှတ်မိ )
‘ လမင်းတရာ
’ အငြိမ့် - မန္တလေးမောင်မြတ်မှိုင်း ။
‘ လမင်းတရာ ’ ကဗျာစာအုပ်ရဲ့ ရည်ရွယ်ချက်ကို သိဖို့ လူထုဒေါ်အမာရဲ့ အမှာစာထဲက စာတစ်ပိုဒ်ကို ကောက်နုတ် ဖော်ပြလိုက်ပါတယ် ။
‘ ထို့ကြောင့် သူ့ကဗျာစုကိုလည်း လမင်းတရာ သာစေကြောင်းအတွက် နယ်ချဲ့ပဒေသရာဇ် ဆန့်ကျင်ရေး ၊ အမျိုးသားလွတ်လပ်ရေးနှင့် ငြိမ်းချမ်းရေးဆီသို့ ဦးတည်ပြီး သူ ခံယူသော အဘိဓမ္မာ ၊ သူ ပွေ့ပိုက်သောယုံ ကြည်ချက်များကို သူ ဖြတ်သန်းခဲ့သည့် ခရီးကြမ်းတို့မှ အတွေ့အကြုံများနှင့် အင်းဝ အညာသား ၏ ဝေါဟာရ ဘဏ်မှ ကာရန်ရှာလျက် ဤကဗျာစုကို မွေးထုတ်ခြင်း ဖြစ်တန်ရာသည်
’
( လူထုဒေါ်အမာ )
လမင်းတရာ ၊ သည်ကမ္ဘာဝယ်
သာလျက်ထိန်ကြည် ၊ ငြိမ်းအံ့ရည်၍
တိုင်းပြည်ကိုကျူး ၊ နယ်ချဲ့ရူးကို
တပ်ဦးဖွင့်ကာ တော်လှန်သည် ။
နယ်ချဲ့ကင်းမှ
လမင်းလည်းသာ ၊ ကမ္ဘာလည်းအေး
တေးလည်းအနှံ့ ၊ ပန်းသင်းပျံ့လိမ့်
နိုင်ငံပြည်သူ ၊ နိုးကြားသည် ။
နယ်ချဲ့ကင်း၍
လမင်းတရာ ၊ သာသောအခါဝယ်
ကမ္ဘာငြိမ်းချမ်းလာလိမ့်တကား ။ ။
“ ဆရာ့ ကဗျာတွေထဲက ထင်ရှားတဲ့ ‘ မြင်စိုင်းစစ်မြေပြင် ’ ကဗျာ ၊ ‘ တံငါရွာက ပန်းလှေ ’ ကဗျာတွေ ဖန်တီး ရေးသားပုံကို သိပါရစေ ”
“ ဒီကဗျာနှစ်ပုဒ်ကို ထင်ရှားတဲ့ ကဗျာ အဖြစ် ကိုဝင်းငြိမ်း က သတ်မှတ်ထားပါတယ် ။
‘ မြင်စိုင်းစစ်မြေပြင် ’ နဲ့ ‘ တံငါရွာက ပန်းလှေ ’ ကဗျာ နှစ်ပုဒ်ဟာ တက္ကသိုလ် တတိယနှစ် နဲ့ စတုတ္ထနှစ်တွေမှာ အခုလက်ရှိ ပြဋ္ဌာန်းထားတဲ့ မြန်မာကဗျာလက်ရွေးစင် စာအုပ်မှာ ပါပါတယ် ။ ဒါကြောင့် လူသိများ နေသလား မပြောတတ်ပါ ။ ဒါပေမဲ့လည်း ကျွန်တော့်ရဲ့ အဖတ်တင် ကျန်ရစ်မယ့် ကဗျာစုထဲမှာ သူတို့ ပါလိမ့်မယ်လို့ နဂိုကတည်းက ယုံကြည်ရင်းစွဲရှိပါတယ် ။
တိုတို ပြောပါ့မယ် ။ ၁၉၆၄ ဧပြီ ၂ အင်းဝမှာ နေစဉ် ‘ မြင်စိုင်းစစ်မြေပြင် ’ ကို ကျွန်တော် ရေးပါတယ် ။
ရည်ရွယ်ချက်က ရှေးခေတ် မြင်စိုင်း ၊ ပင်းယသားတို့ရဲ့ အနိုင်မခံစိတ်ဓာတ် ၊ ကျူးကျော်စစ် ဆန့်ကျင်ရေး စစ်သွေးစစ်မာန် ။ ဒါကို ဖော်ပြချင်တယ် ။
‘ ခွာသံဖြောင်းဖြောင်း ၊ ဖုန်ထောင်းထောင်း
မြင်စိုင်သားတို့ မြင်းစီးကောင်း
’
ဒီလို အားကောင်းတဲ့ သံစဉ်နဲ့ စာလုံးတွေ သုံးပြီး မြင်စိုင်းပြည်သူတွေရဲ့ ဇာတိမာန် ရာဇဝင်ရုပ်ပုံလွှာကို ခြယ်ပြချင်တဲ့ သဘောပါပဲ ။
❝ မြင်စိုင်းစစ်မြေပြင် ❞
မြင်စိုင်းရွေပြည် ၊ ချောင်းပတ်လည်တည့်
ရေကြည်စီးလောင်း ၊ မြေဆီကောင်း
ထွန်ကြစိုက်ကြ ၊ နှံစားပြောင်း ။
ဒုဋ္ဌဝတီ ၊ မြစ်ဇော်ဂျီဝယ်
ဆန် ဆီ ပဲ ပြောင်း ၊ ငါးပိကောင်း
ဖောက်ကားကုန်သည် ပန်းလောင်ချောင်း ။
မြင်စိုင်းရွှေပြည် ၊ အားသစ်စည်သည်
ရေကြည်မြက်နု ၊ လူနေစု
ညီညွတ်ကြသည့် ၊ ရှမ်းမြန်မာထု ။
ကောင်းကင်ထက်ယံ ၊ ထွင်းဖောက်ပျံ
ခွာသံဖြောင်းဖြောင်း
ဖုန်ထောင်းထောင်း
မြင်စိုင်းသားတို့ မြင်းစီးကောင်း ။
မိုးပေါ်ငှက်ပျံ ၊ ပစ်ကမှန်
မြားတံဆိပ်ဖူး ၊ တည့်တည့်စူး
မြင်စိုင်းသားတို့ လေးအတတ်ကျူး ။
သံမဏိရောင် ၊ တပြောင်ပြောင်
ရန်အောင်ထိုးသတ် ၊ သွေးနီစွတ်
မြင်စိုင်းသားနှင့် သံဓားလွတ် ။
ဒူဝေ ဒူဝေ ၊ ဟည်းပြီလေ ...
“ တို့မြေထိပါး ၊ တာတာများ
လေးမြားကိုင်ပြီး ၊ မြင်းတွေစီး
စစ်ကြီးချီလာပြီလေ ... ” ။
“ မြင်စိုင်းသားတို့ ...
လေးမြားကိုငင် ၊ စစ်ကိုပြင်
လယ်ရှင်ကောက်သိမ်း ၊ လုပ်ငန်းငြိမ်း ... ”
စစ်မောင်းစည်သံ တဟိန်းဟိန်း ...
မြင်စိုင်းလွင်ပြင် ၊ စစ်မြှူငင်
စစ်ဆင်မြင်းက ၊ စစ်ရေးပြ
ကာချင်းဆိုကြ ၊ ကခုန်ကြ ။
အလယ်အာရှ ၊ ကန္တာရမှ
မြန်မာ့ရတနာ ၊ လုယက်လှာ
တာတာစစ်ရူး ၊ စစ်ဘီလူး
တပါးသူ့မြေ နယ်ချဲ့ကျူး ။
နယ်ချဲ့သောစစ် ၊ ခုခံစစ်ဖြင့်
မျိုးချစ်စိတ်ထား ၊ မြင်စိုင်းသား
လေး မြား ဓားလှံ ၊ ကိုင်မြဲမြံ
တော်လှန်လေမည့် စစ်အော်သံ ။
နယ်ချဲ့ဘီလူး ၊ သွေးငတ်ရူးကို
စစ်ဦးနှိမ်ချိုး ၊ ဝက်ခေါင်းထိုး
မြှားမိုးဖြိုင်ဖြိုင် ၊ ဓားလွတ်ဆိုင်
မြင်စိုင်းသားတို့ ရဲစွမ်းပြိုင် ။
မြားသံ လေးသံ ၊ မစဲညံ
မိုးယံဖောက်ခွင်း ၊ မြေတလင်း
သွေးချင်းချင်းနီ ၊ ပုပ်နံ့ညှီ
ကောင်သေလင်းတ ထိုးဆွပ်ပြီ ။
နယ်ချဲ့တာတာ ၊ စစ်ညောင်းညာ
ဆုတ်ခွာရှောင်ရှဲ ၊ မြှားသံစဲ
မြင်စိုင်းသားတို့ စစ်အောင်ပွဲ ။
ဒူဝေ ဒူဝေ ၊ ဟည်းပြီလေ ..
ကောက်စိုက်ယာခင်း ဆင်းကြလေ ... ။
ဒူဝေ ဒူဝေ ၊ ဟည်းပြီလေ
တောထွင်ယာခုတ် လုပ်ကြလေ ... ။
ဒူဝေ ဒူဝေ ၊ ဟည်းပြီလေ
မြစ်ချောင်းကုန်စည် ကူးကြလေ ... ။
မိုးမြေထက်ယံ ၊ စည်မောင်းညံ
စစ်သံကင်းဝေး ၊ နယ်ချဲ့ပြေး
မြင်စိုင်းပြည်ကြီး ငြိမ်းချမ်းရေး ။ ။
၁၉၆၄ ၊ ဧပြီ ၂
( ဒုဋ္ဌဝတီ မှ ဧရာဝတီ သို့ )
၁၉၆၇ ၊ စက်တင်ဘာ ၈ ၊ ကသာမြို့နယ် ၊ ကူးကာအုပ်စု ၊ ကျားသေရွာမှာ နေ့စဉ် ‘ တံငါရွာက ပန်းလှေ ’ ကဗျာကို ရေးပါတယ် ။ ‘ မိခင် မာရသွန် ’ ကဗျာစာအုပ် ထဲမှာ ဒီကဗျာ ပါလာပါလိမ့်မယ် ။
ကျားသေရွာ ဆိုတာ ဧရာဝတီမြစ်နဲ့ရော ရွှေလီမြစ်နဲ့ရော နီးပါတယ် ။ မြစ် ၊ ချောင်း ၊ အင်းအိုင် ပေါပြီး မုရင်းစပါး စိုက်တယ် ။ မြေပဲ အကြီးအကျယ် လုပ်တယ် ။ ရေလုပ်ငန်းနဲ့လည်း အသက်မွေးပါတယ် ။ ရွာခြေ ဝန်းကျင်ဟာ သာယာတယ် ။ ဆောင်းဦးပိုင်းမှာ မြူတဆို့ဆို့နဲ့ ရီရီဝေဝေ ၊ ကောင်းကင်မှာ တောငန်းရိုင်းတွေ ပျံလို့ပေါ့ ။
အဲဒီ ရွာထဲမှာ တံငါလှေအို တစ်စင်းထဲ မြေသားထည့်ပြီး ပန်းပင်တွေ စိုက်ထားတာ တွေ့ရတော့ အတွေး ပေါက်ပြီး ချက်ချင်းပဲ ဒီကဗျာကို ရေးမိပါတယ် ။ ဆယ်မိနစ်နဲ့ ရေးပြီးတယ် ဆိုတဲ့ ကဗျာ အနည်းအကျဉ်းထဲမှာ ‘ တံငါရွာက ပန်းလှေ ’ ဟာ တစ်ပုဒ် အပါအဝင်ပါပဲ ။ ဖတ်ကြည့်ပါဦး ။ ကျွန်တော် ခံစား ရသလို ခံစားနိုင်ပါစေလို့ ဆန္ဒ ပြုပါတယ် ”
“ ၁၉၆၅ မှာ ဆရာ ရေးသားထုတ်ဝေခဲ့တဲ့ ‘ ဒုဋ္ဌဝတီ ဧရာဝတီ ’ သို့ စာအုပ်ထဲမှာ ပါတဲ့ ‘ ဘဲရိုင်းသုံးကောင် ’ ကဗျာဟာ တင်မိုး ၊ ကြည်အောင် ၊ မောင်စွမ်းရည် တို့ သုံးဦး အကြောင်းလို့ ပြောနေကြပါတယ် ။ ဟုတ်ပါသလား ”
“ အဲဒီ ကဗျာဟာ မိုးသက်မုန်တိုင်း ကြားထဲက ဘဲရိုင်းသုံးကောင်ရဲ့ ရုန်းကန်ပျံသန်းတဲ့ အကြောင်းပါပဲ ။ မိုးဘွဲ့ ရုပ်ပုံလွှာတစ်ချပ်လို့ ဆိုနိုင်ပါတယ် ။ စုံဂဏန်းတွေမှာ နှစ်ခု တစ်တွဲ ၊ စုံချည်းပဲ တွဲနိုင်တယ် ။ မ ဂဏန်းတွေမှာ နှစ်ခုတစ်တွဲ ၊ တစ်ခုကွဲ နေစမြဲပေါ့ဗျာ ။
တင်မိုး ၊ ကြည်အောင် ၊ မောင်စွမ်းရည် သုံးယောက် ။ ဒီ ‘ ဘဲရိုင်းသုံးကောင် ’ ကဗျာဟာ ကျွန်တော်တို့ သုံးယောက် အကြောင်း မဟုတ်ပေမယ့် တစ်ချိန်ချိန်များ အတွေးအခေါ် မတူကြလို့ နှစ်ယောက် တစ်တွဲနဲ့ တစ်ယောက်ကွဲ ဖြစ်ရရင်တော့ ... ။
ကဲ ‘ ဘဲရိုင်းသုံးကောင် ’ ကဗျာကို ဖတ်ကြည့်ပါဗျာ ။
❝ ဘဲရိုင်းသုံးကောင် ❞
လျှပ်စစ်လက်သည်း ၊ ပြက်ကနဲနှင့်
မိုးမည်းမျက်နှာ ကုတ်ခြစ်၏ ။
ကိုယ်ရောင်ကိုဖျောက် ၊ ခြေထောက်မပါ
ဝှေ့ကာ ရိုင်းစိုင်း ၊ လေမုန်တိုင်းက
သစ်ကိုင်းကျိုးအောင် ကန်ကျောက်၏ ။
မိုးနတ်သမီး ၊ ပန်းပုတီးမှ
မိုးသီးဖြစ်ကာ ၊ ကြွေကျလှာသည်
စိတ်မှာအက်ကွဲ ၊ ငွေပုလဲ ။
ဘဲရိုင်းသုံးကောင်
မိုးမှောင်ပြင်ကျယ် ၊ တိမ်ပင်လယ်ဝယ်
လှေငယ်သုံးစင်း ၊ ရွက်ကြိုးဖွင့် ။
လျှပ်စက်ပြက်ရောင် ၊ မိုးလုံးမှောင်စဉ်
နှစ်ကောင် တစ်တွဲ ၊ တစ်ကောင် ကွဲ၏
သင်းကွဲဘဲရိုင်း ၊ တိမ်လေလှိုင်းထက်
မုန်တိုင်းဆန်လတ် ၊ ပျံခတ်လျက် ... ။
၁၉၆၅ ၊ မတ် ၂၄
( ဒုဋ္ဌဝတီမှ ဧရာဝတီသို့ )
“ နောက်ထပ် ထွက်မယ့် စာအုပ်က ‘ မိခင် မာရသွန် ’ လို့ သိရပါတယ် ။ ဆရာ့ ရည်ရွယ်ချက်ကို သိပါရစေ ”
“ မိခင် မာရသွန် ကဗျာစာအုပ်ဟာ ၁၉၈၅ ခု နှစ်ဦးပိုင်းမှာပဲ ထွက်ပါ့မယ် ။ ဒီကဗျာစာအုပ်ရဲ့ ရည်ရွယ်ချက်လား ။ ဟုတ်ကဲ့ ပြောပါမယ် ။
အမေရိကန် ကဗျာဆရာကြီး ရောဘတ်ဖရော့စ်တ် ( Robert Forst ) နဲ့ ပတ်သက်ပြီး ဒီလို ဝေဖန်ပြောဆိုကြပါ တယ် ။ ‘ တချို့ ကဗျာဆရာတွေက ပြည်သူတွေအကြောင်း ရေးကြတယ် ။ ဒါပေမဲ့ ရောဘတ် ဖရော့စ်တ် အဖို့မှာကတော့ သူ့ကဗျာတွေ ကိုယ်၌က ပြည်သူတွေ ဖြစ်နေပါတော့တယ် ... ’ တဲ့ ။
အခု ကျွန်တော့် ‘ မိခင် မာရသွန် ’ ကဗျာစာအုပ် ထွက်ဖို့ ဝိုင်းဝန်းကြတဲ့ ကိုငြိမ်းချမ်း နဲ့ ကိုငယ် (ကျေက်ဆည် ) တို့က ဒီလို ပြောပါတယ် ။
‘ မိခင် မာရသွန် ’ ကဗျာစာအုပ်ထဲက ပြည်သူတွေဟာ -
ဝါကောက်တယ် ၊ ဗိုင်းငင်တယ်
ပိုက်တန်းတယ် ၊ ဖောင်စီးတယ်
ကြိုးကျစ်တယ် ၊ ကြိမ်သပ်တယ်
မြေရိုင်းထွင်တယ် ၊ ထရံရက်တယ်
ရက်ကန်းခတ်တယ် ၊ သံဖြူလုပ်တယ်
သက်ငယ်ပစ်တယ် ၊ ကောက်စိုက်တယ်
မြန်မာ့လူအဖွဲ့အစည်းထဲက အလုပ်လုပ်ကြတဲ့ ပြည်သူတွေရဲ့ ရုပ်ပုံလွှာကားချပ်များပေါ့လေ ။ သူတို့ဘဝကို ထင်ဟပ် ဖော်ပြချင်တဲ့ စေတနာဟာ ‘ မိခင် မာရသွန် ’ ရဲ့ ရည်ရွယ်ချက်ပါပဲ ။
- မိခင် မာရသွန်ထဲက ကလေးတွေဟာ ‘ အဆုံးမဲ့ကမ္ဘာ ’ ထိ မေတ္တာတေးကို သီဆိုလို့ ပြေးကြတယ် ။
- မိခင် မာရသွန်ထဲက အဘိုး အဘွားတွေဟာ ဓမ္မပေါက်ပြားနဲ့ ဘဝ မြေသားကို ထုခွဲ ဆင်ခြင်တုံတရား မျိုးစေ့သစ်ကို ကြဲချစိုက်ပျိုးတယ် ။
- မိခင် မာရသွန်ထဲက သတ္တဝါတွေ ဖြစ်တဲ့ တောငန်းရိုင်း ၊ တိုက်ကြက်ဖ ၊ ပေခုံ ၊ ရွှေဘိုနယ်က စစ်မြင်း ၊ အသက် သစ်ငှက် နှစ်ကောင် ၊ နွားရိုင်း ၊ တောခွေးအုပ်တို့ ထဲမှာ အနာဂတ်အတွက် အင်အားသစ်တွေ ရှာတွေ့နိုင်တယ် ။ ဘုရားရှင်တွေကို မိခင်က မွေးဖွားပေးလိုက်တယ် ။ ဒီသဘောတွေ ပါမယ် ။
ကိုဝင်းငြိမ်း မေးတဲ့ ‘ မိခင် မာရသွန် ’ ကဗျာစာအုပ်ရဲ့ ရည်ရွယ်ချက် ဆိုတာထဲမှာ အခု ပြောတဲ့ အချက်တွေ အားလုံး အကျုံးဝင်နေပါတယ် ”
“ ဆရာနဲ့ ခေတ်ပြိုင် ရေးခဲ့ကြတဲ့ ကဗျာဆရာတွေ သိပါရစေ ”
“ ကျွန်တော်နဲ့ ခေတ်ပြိုင် ကဗျာဆရာတွေကတော့ ... တင်မိုး ၊ မောင်စွမ်းရည် ၊ မောင်သင်းခိုင် ၊ တက္ကသိုလ်မင်းမော် ၊ မောင်ဆွေတင့် ၊ ကိုလေး ( အင်းဝဂုဏ်ရည် ) ၊ မောင်မြင့်မြတ် ၊ မောင်လင်းယုန် ( ရှမ်းပြည် ) ၊ အင်းဝညွန့်အေး တို့ ဖြစ်ပါတယ် ။ ဒေါင်းနွယ်ဆွေ ၊ နောင် ၊ နေသွေးနီ ၊ မင်းလှညွန့်ကြူး တို့က ကျွန်တော့်ထက် တော်တော် စောပါတယ် ”
“ ကဗျာဆရာတချို့ဟာ နုစဉ်ဘဝမှာ ကဗျာရေးကြပြီး အသက်အရွယ် ရလာတဲ့ အချိန်မှာ ကဗျာကို ကျောခိုင်း သွားကြတာ တွေ့ရပါတယ် ။ ဘာကြောင့်ပါလဲ ”
“ ကဗျာ ဆရာတချို့ဟာ ငယ်စဉ်တုန်းက ကဗျာရေးပြီး အသက်ကြီးတော့ ကဗျာကို စွန့်ပစ်သွားကြတယ် ။ ဘာလို့ ကဗျာကို စွန့်ပစ်သွားကြသလဲ ဆိုတာတော့ ကျွန်တော် မသိဘူး ။ ကျွန်တော်တို့ တိုင်းပြည်မှာ ကဗျာ ရေးတယ်ဆိုတာ စိတ်လှုပ်ရှားတဲ့ လူငယ်လေးတွေရဲ့ အလုပ်လို့ တချို့က ထင်နေကြတုန်းပဲ ။ ‘ ကဗျာဆရာ ’ လို့ ဆိုလိုက်ရင်ပဲ လူငယ်ရုပ်ပုံလွှာကို မြင်ယောင်နေကြတယ် ။
ဘာပဲပြောပြော ကဗျာဆရာ ဆိုရင် နှုတ်ခမ်းမွေးဖြူ တစ်တောင်လောက် ရှိနေပါစေ ။ ကဗျာကို မြတ်မြတ်နိုးနိုးနဲ့ သေတစ်ပန် သက်ဆုံး ရေးမယ် ။
ဆရာကြီး သခင်ကိုယ်တော်မှိုင်းဟာ အသက် ၈ဝ ကျော်အထိ ကဗျာ ရေးခဲ့တယ် ။
ဆရာဇော်ဂျီ ၊ ဆရာမင်းသုဝဏ်ဟာ အသက် ၇ဝ ကျော်ပြီ ။ ကဗျာတွေ ရေးနေကြတုန်းပါပဲ ။
ဆရာဒဂုန်တာရာ ဆိုလည်း အသက် ၆ဝ ကျော်ပြီ ။ ကဗျာတွေ ရေးနေတုန်းပဲ ။
အမေရိကန်ကဗျာဆရာကြီး ရောဘတ်ဖရော့စ်တ် ( Robert Frost ) ဟာ အသက် ၈ဝ ကျော် သေသွားတဲ့တိုင် ကဗျာ တွေ ရေးသွားတယ် ။
၁၉၈၄ ခုနှစ် စာပေနိုဘယ်ဆု ရတဲ့ ချက်ကိုစလိုဗက် ကဗျာဆရာကြီး ‘ ယာရောဆလပ် ဆိုက်ဖဲရ် ’ ဟာ အသက် ၈၃ နှစ်ထိ ကဗျာရေးနေတုန်းပါပဲ ”
“ အနောက်နိုင်ငံတွေမှာ ရုပ်မြင်သံကြား အစီအစဉ်မှ တစ်ဆင့် ကဗျာရွတ်ပြတဲ့ အစီအစဉ်တွေကို အထူး အစီအစဉ်အဖြစ် တင်ဆက်ကြတယ်လို့ ကြားသိရပါတယ် ။ ကျွန်တော်တို့ ဆီမှာတော့ ကဗျာကို ဒီလောက် အားပေးတဲ့ အဆင့် မရောက်သေးပါဘူး ။ ကဗျာကို စိတ်ဝင်စားလာအောင် ၊ အားပေးလာအောင် ဘယ်လို ဆောင်ရွက်သင့်တယ်လို့ ဆရာ ယူဆပါသလဲ ”
“ ကမ္ဘာ့နိုင်ငံကြီး တွေမှာတော့ ကဗျာဆရာကို ရုပ်မြင်သံကြား အစီအစဉ်မှာ တွေ့ဆုံမေးမြန်းပြီး ကိုယ်တိုင် ရွတ်စေတဲ့ ကဗျာရွတ်ပွဲကြီးတွေ TV Poetry recitals ကို မကြာခဏ ဆိုသလို ကျင်းပပေးလေ့ရှိပါတယ် ။ ဆိုဗီယက် ကဗျာဆရာမ ဘယ်လာ အက်ခမာဒူလီနာ ( Bella Akhmadulina ) နဲ့ တွေ့ဆုံမေးမြန်းတဲ့ အင်တာဗျူးမှာ သူမရဲ့ တီဗွီကဗျာရွတ်ပွဲကို နားသောတဆင်တဲ့ လူပရိသတ်ဟာ သန်းကျော်ပါတယ်တဲ့ ။ ကျွန်တော်တို့ တိုင်းပြည်မှာ ကဗျာကို ဒီထက် ပိုပြီး စိတ်ဝင်စားလာအောင် ဘယ်လို လုပ်ရမလဲ ဆိုရင် -
၁ ။ ကဗျာဆရာတွေ နယ်လှည့်ဟောပြောပွဲ ၊ စာဆိုတော်နေ့ စတဲ့ ပွဲတွေမှာ ဂန္ဓဝင်ကဗျာရော ၊ ခေတ်ပေါ် ကဗျာရော ရွတ်ပြဟောပြောကြဖို့ ။
၂ ။ အခု ကိုဝင်းငြိမ်းတို့လို မဂ္ဂဇင်းစာတည်း အဖွဲ့ဝင်တွေက ကဗျာဆရာနဲ့ တွေ့ဆုံခန်း ဖွင့်ပြီး မဂ္ဂဇင်းမှာ တင်ပြပေးဖို့ ။
၃ ။ ရေဒီယို ၊ ရုပ်မြင်သံကြား စတဲ့ နေရာတွေကနေ ကဗျာရွတ်ကြဖို့ ။
၄ ။ စာပေညီလာခံကြီးတွေမှာ ကဗျာရွတ်ပွဲ အစီအစဉ်တစ်ခု ထည့်ပေးဖို့ ။
၅ ။ ကဗျာဆရာတွေကို ကိုယ်တိုင် ရွတ်ဆိုတဲ့ ကဗျာရွတ်ပွဲ တိပ်ခွေတွေ ဖြန့်ချိဖို့ လိုပါတယ် ။
၆ ။ ကဗျာကို ဒီထက် ပိုပြီး စိတ်ဝင်စားလာအောင် ပြည်သူကြားမှာ ကဗျာဟာ ဒီထက် ပိုပြီး စိမ့်ဝင်လာနိုင်အောင် မြန်မာစာ ၊ မြန်မာကဗျာကို အဓိကဘာသာရပ် ဌာန တစ်ခု အဖြစ် ပြဋ္ဌာန်း ပို့ချနိုင်တဲ့ နေရာ ( ဥပမာ - တက္ကသိုလ် ၊ ကောလိပ် လို နေရာမျိုး ) မှာ ကဗျာသင်ကြားတဲ့အခါ တစ်ဆက်တည်း ကျွဲကူးရေပါနည်း သဘောမျိုး ရွတ်ပြီး သင်တာမျိုးတွေ လုပ်သင့်ပါတယ် ”
“ ကဗျာ ရေးချင်တဲ့ စာပေဝါသနာရှင်တွေကို ကဗျာစာပေဆုရ ဆရာအနေနဲ့ ဘယ်လို အကြံပေးချင် ပါသလဲ ”
“ ကျွန်တော် အကြံပေးချင်တာက ...
၁ ။ မြန်မာ့ကဗျာစာပေ ၊ ကမ္ဘာ့ကဗျာစာပေတွေ လေ့လာရေး အားကောင်းဖို့ ။
၂ ။ လက်တွေ့ ချရေးနိုင်ဖို့ ၊ ကိုယ်ပိုင်ဟန် ၊ ကိုယ်ပိုင်တက်ခနိက ဖန်တီးနိုင်ဖို့ ။
၃ ။ စုတုပြုလို့ ဆိုပေမယ့် တချို့က ဒုတိယဖိုးစိန် ဘဝကကို မတက်ဘူး ။
မဟာရဋ္ဌသာရက မဟာရဋ္ဌသာရလို ရေးတယ် ။
ဒဂုန်တာရာက ဒဂုန်တာရာလို ရေးတယ် ။
မောင်သင်းခိုင်က မောင်သင်းခိုင်လို ရေးတယ် ။
ကဗျာဆရာတိုင်း ကိုယ်ပိုင်မှု ၊ ကိုယ်ပိုင်ဟန် ရှိဖို့ အရေးကြီးပါတယ် ။
အရင်းရှင် ကုန်ထုတ်စနစ်မှာ အရာရာ ‘ ရောင်းကုန် ’ ဖြစ်တဲ့အထဲ ‘ ကဗျာ ’ လည်း ပါသွားပါတယ် ။
ကဗျာဆရာရယ် ၊ ပြည့်တန်ဆာရယ် ၊ ဆရာဝန်ရယ် ၊ ရှေ့နေရယ် ၊ သိပ္ပံပညာရှင်ရယ် သူတို့အားလုံး ရောင်းကုန်ထုတ်စနစ် ထဲမှာ လုပ်ခစား သက်သက်တွေ ဖြစ်သွားတယ် ။
ကဗျာရဲ့ ကြီးမားတဲ့ တန်ဖိုးတွေ အဖျက်ဆီး ခံခဲ့ရတယ် ။ ကဗျာကို တန်ဖိုးသစ်လာစေဖို့ ၊ ကဗျာရဲ့ မူလပိုင်ရှင် ဖြစ်တဲ့ ပြည်သူ့လက်ထဲ ကဗျာကို အရောက်ပို့ဖို့ ကျွန်တော်တို့ ကဗျာဆရာတွေ အားလုံးက လုံးပန်းကြိုးစားကြရမယ် ။
ရာဇဝင်ခေတ်ကြီးတွေမှာ ဧရာမ ကဗျာဆရာကြီးတွေ ဖြစ်တဲ့ ‘ ဟိုးမား ၊ ရှိတ်စပီးယား ၊ ဗားတော့ဗရတ် ၊ သခင်ကိုယ်တော်မှိုင်း ’ တို့လို ပုဂ္ဂိုလ်ကြီးတွေ လိုအပ်နေလေ့ ရှိပါတယ် ။ ကျွန်တော်တို့ ကဗျာဆရာတွေဟာ ကိုယ်ပိုင်တာဝန်ကို သစ္စာရှိရှိ ထမ်းဆောင်နိုင်ဖို့ လိုပါတယ် ။
ကဗျာချစ်သူ စာချစ်သူ အားလုံးကို ကျေးဇူးတင်ပါတယ် ”
▢ ဝင်းငြိမ်း
📖 ပေဖူးလွှာ မဂ္ဂဇင်း
အမှတ် - ၄၅
ဖေဖော်ဝါရီလ ၊ ၁၉၈၅ ခုနှစ်

No comments:
Post a Comment