❝ အောက်မေ့တာပေါ့ ❞
( ပီမိုးနင်း )
စိုပြည်စိမ်းလန်းသော မိုးဥတုမိခင်၏ ဝမ်းမှ ဟေမန္တ ရာသီဆောင်းဥတုသည် ဖွားမြောက်သန့်စင် မျက်နှာမြင်စ ဖြစ်လေ၏ ။ အပျိုကညာ၏ နဖူး၌ ခွေကာ ရစ်ကာ မျက်နှာကို တန်ဆာဆင်သည့် ဆံနွယ်များပမာ လှပသော တိုက်အိမ်ကလေး၏ ဆင်ဝင်၌ နွယ်ကာတက်လျက်နေသော စိမ်းလဲ့မြရောင် ဝေးမှောင် အေးမြချစ်ဖွယ်ကောင်းလှသော တိုက်ပန်းနွယ်တို့မှ ထွက်ပေါ်သော သင်းရနံ့တို့သည် အတွင်းသို့ ပြန်ဝင်ကာ ကွပ်ပျစ်တစ်ခုပေါ်၌ တစောင်းခွေ၍ နေသော လှစိန်၏ အပေါ်၌ မင်္ဂလာ ဘိသိက်သွန်းသလို တကြိုင်ကြိုင်ဖျန်းလောင်းကာ နေကြလျက် အချစ်၏ အငုတ်ကို လန်းသစ်အောင် ပြုလုပ်၍ နေကြလေသတည်း ။
ဟို ယခင်တစ်နှစ်က ဤရာသီ ဤလို မွန်းလွဲ အချိန်တွင် ဤကွပ်ပျစ်၌ မည်သူမျှ အိမ်တွင် မရှိခိုက်မှာ ဤပန်းရနံ့တို့ကို ခံယူရင်း မောင်မြ နှင့်အတူ ကြည်ဖြူချစ်ခင် အကျွမ်းတဝင်ဖြစ်ခဲ့လေ၏ ။
တိုက်ပန်းရနံ့တို့သည် လှစိန်၏ စိတ်ထဲ၌ ထိုအခါက ဖြစ်ပျက်ခဲ့သော ဇာတ်လမ်းဝတ္ထုကို လာရောက်ကာ ပြောကြသည်နှင့်တူလေ၏ ။ လှစိန်သည် အကြိမ်ကြိမ် ငြင်းပယ်ကာ ပန်းရနံ့ကလေးတို့ရယ် သည်အကြောင်းကို လာလာပြီး မပြောကြပါနဲ့ ။ မမ ကြားရတာ ရင်ထဲမှာ ဆွေးဆွေးပြီး မအေးလွန်းလို့ပါ ။ တစ်ဆိတ် တခြားကို လှည့်ပြီး နောက်ဖေးငှက်ပျောခြံထဲမှာ တူတူပုန်းတမ်း လိုက်တမ်းပြေးတမ်း ကစားပြီး နေကြစမ်းပါ ။ မမ တရေးကလေး အေးအေး အိပ်စမ်းပါရစေဟု တောင်းပန်ရှာ၏ ။ ပန်းရနံ့တို့သည်ကား “ ဆိုလေကဲလေ မန်းလေ ပြဲလေ ” ဖြစ်ကာ အပါးမှ မခွာဘဲ ကြားချင်သည့် အကြောင်းအရာကိုသာ ထပ်ကာထပ်ကာ ပြောရုံမက မအောက်မေ့ဘူးလား မမ ဘာများ မှာချင်သလဲ ၊ ကျွန်မတို့ သွားပြီး ပြောလိုက်မယ်လေ ကိုမြကို ခေါ်ချင်သလား ခေါ်ချင်ရင် သွားခေါ်ပေးမယ် ။ ရန်ကုန် ဆိုတာ မဝေးပါ ဘူး ။ “ ကျွန်မတို့မှာ တစ်နာရီ မိုင်တစ်ရာပေါက်တဲ့ ကာမစိတ်တန်ခိုး ရှိပါတယ် ” ဟု ပြောကြလေ၏ ။
“ အမယ်လေး ကာမစိတ်တန်ခိုးအကြောင်း လာပြောနေပြန်ပါပြီ ။ ညည်းတို့တော့ မြန်မြန်သွားနိုင်ပေါ့ ။ ကာမစိတ်တန်ခိုး ရှိမှာပေါ့ ။ ညည်းတို့လင် လေပြေနဲ့ အမြဲ သစ္စာနှံနေရတာကိုး မမမှာတော့ကာ ” ... ဟု ပြောကာ ရှိုက်ယူလေ၏ ။
ထိုအခါ ပန်းရနံ့ “ မေရီ ” နတ်သမီးကလေးတို့သည် ဖျော်ဖြေသော အနေနှင့် ယားကျိကျိဖြစ်အောင် ခါးကို ကလိကြ၏ ။ ဘဝင်မချိအောင် ရင်ကို ကလိကြ၏ ။ ရင်တုန်အောင် တင်ပဆုံကို ကလိကြ၏ ။ လောင်ရင်း မောအောင် ပေါင်တွင်းကြောကို ကလိကြ၏ ။ တလွန့်လွန့် တလိမ့်လိမ့်ဖြစ်အောင် အတွန့်တွန့် ထဘီကို ကလိကြလေသတည်း ။ ထိုသို့ အမျိုးမျိုးဖြင့် တိုး၍တိုး၍သာ ကလိကြလေရာ ဟိုယခင် အဲ အခုလို အခါတုန်းက တည်းက သူ့ အလိုရှိရာသို့ အိကာပြောင်းခဲ့ရသော အဖြစ်တွေကို လှစိန်သည် ပြန်လှန်၍ တွေးကာတွေးကာ ရင်ထဲ၌ နွေးတစ်ခါ အေးတစ်ခါ မဖြစ်ဘဲနေနိုင်ပါမည်လား ။ အကြောင်းမူကား လှစိန် တည်းဟူသော ပန်းပင်ပျိုကလေး၏ ပွင့်သစ်စ ပန်းစကားဝါကလေးမှာ ထိုအခါက ပရမ်းပတာဖြစ်အောင် နမ်းခြင်း ဖမ်းခြင်း အရမ်း အတင်းခံခဲ့ရလေသတည်း ။
လှစိန် တစောင်းအိပ်၍ နေသောနရာမှ ရှေ့တည့်တည့်ကို ကြည့်လိုက်လျှင် လေအေးသဖြင့် နေအေးအေးမှာ သစ်လွင်သော အရောင်နှင့် အသက်ရှင်၍နေသော ရွှေမင်ခြယ်သည့် လယ်ပြင်ကျယ်ကြီးကျယ် တစ်ဖက်၌ မီးရထားလမ်း ကြေးနန်းတိုင်များကို မြင်နိုင်လေသည် ။
လှစိန်သည် ယခင်နှစ်က မောင်မြ ရန်ကုန်မှ စာပို့ရထားကြီးနှင့် အလာမှာ လက်ကိုင်ပဝါ ပြသည့် အခြင်းအရာကို ပြန်လှန်တွေးတောရင်း တလွန်လွန်ဘယ်ပြောင်း ညာပြန် နေလေရာ ပြေပြစ်ကြော့ရှင်းသော ပေါင်နှင့် တင်ပါးများပေါ်၌ ပါရှပိုးလုံချည် ကျိုးသည့်ခေါက်သည့် အရာအမှတ်တို့သည် ရာဇမှတ်ကွက်လို ထင်၍နေကြလေ၏ ။ မပြည့်လွန်း မဝလွန်း မပိန်လွန်း မချွန်လွန်း မပါးလွန်း မကပ်လွန်းသော ပုစွန်တုပ်ကွေး ကိုယ်ကလေးမှာ ပန်းချီမော်တို့ ငေးမောတွေးတော ကြံစည်၍နေလောက်အောင် လှပပြေပြစ်ခြင်း ရှိလေ၏ ။ ပျော့ပျောင်း နက်မှောင်သော ဆံပင်မှ ကတ္တီပါကွပ်သော ခေါင်းအုံး ဖြူဖြူကလေး အပေါ်တွင် ကပိုကရို ဖရိုဖရဲ နေလေရာ လှစိန်၏ လှပသော ဦးခေါင်းကို ယိုးဒယားပန်းခက်တို့နှင့် ဝိုင်းရံကာ တန်ဆာဆင်၍ ထားသလို မှတ်ထင်ရလေ၏ ။ လှစိန်မှာ ထိုအခါ၌ လွမ်းဖျားဖျား၍ နေလေသတည်း ။
“ အခုမကြာမီ နာရီဝက်အတွင်း လာတော့မည့် မီးရထားမှာ ကိုမြ ပါလာရင် အင်မတန် ကောင်းမှာပဲနော် ” ဟု စိတ်၌တွေးကာ လက်ပတ်နာရီကလေးကို ကြည့်လေ၏ ။ လက်ပတ်နာရီက ထိုးမည့် လက်တံသည် ရပ်၍ နေသည်ဟု မှတ်ထင်ရသော်လည်း ချစ် ချစ် ချစ် ဟု မြည်ကာ အချစ်ကို အားပေးသဖြင့် ၎င်းနာရီကလေးကို ချစ်ခင်စွာ နမ်း၏ ။ ထိုနာရီကလေးကား မောင်မြ လက်ဆောင်ပေးသော နာရီကလေး ဖြစ်လေသတည်း ။
နမ်းပြီးနောက် ဝမ်းနည်းသောမျက်နှာနှင့် ကြည့်ကာ မပူပါနဲ့ကွယ် မင့်ဆရာကို ချစ်ပါတယ် ။ စိတ်ချပါ ။ မင်းဆရာကသာ သူကိုယ်တိုင် မချစ် ချင်လို့ မင့်ကို ချစ်ဖို့ရန် ကိုယ်စားလှယ် ထားခဲ့တာပေါ့ဟု အရူးပမာ တစ်ကိုယ်တည်း ရောက်တတ်ရာရာ ပြောရှာလေသတည်း ။
နားထဲ၌ တဝီဝီ မြည်၍လာလေ၏ ။ အတန်ကြာ စိုက်ကာ နားထောင်၍ နေလေရာ ပထဝီမြေကြီး ငလျင် လှုပ်ရှားတော့မလို မြေဝမ်းခေါင်းထဲမှ ကြားရသောအသံ ဖြစ်သည်ဟု သိရှိလေ၏ ။ အတန်ငယ်ကြာလျှင် ဝူး ဟု ရှည်ရှည်မြည်သော အသံကို ကြားရလေ၏ ။ တံတားကြီးကို မီးရထားကျော်၍ လာသော အသံဖြစ်သည်ကို သိရလေသတည်း ။
“ ကိုမြ ပါချင် ပါမှာပဲ ” ဟု လှစိန်၏ စိတ်၌တွေးကာ လျောင်းရာမှ ထ၍ လာပြီး ဆံပင်ကို ပတ်ရစ်ရင်း မီးရထား လမ်းဘက်သို့ မျှော်လေ၏ ။ အေးသော ဆောင်းနေ အောက်၌ စပါးပင်တို့သည် ရွှေရေဖြင့် ပြီးသော ပင်လယ်ကြီး လှိုင်းထ၍ နေသလို မှတ်ထင်ရလေ၏ ။ မကြာမီ မီးရထားကြီးသည် တစ်မိုးလုံးမှောင်အောင် အခိုးကိုလွှတ်သော ဆေးတံကြီးကို သောက်ဖွာရင်း ဒုန်းစိုင်း၍ လာသည်ကို မြင်ရလေသတည်း ။
“ ကိုမြပါသလား ။ ကိုမြပါပါစေ ” ဟု အောက်မေ့ကာ လည်ကို ဆန့်ကာ ကြည့်လေ၏ ။ ခဏချင်းအတွင်း ကြီးစွာ အံ့သြခြင်းဖြစ်လေ၏ ။ အကြောင်းမူကား မိမိ တောင့်တသော ဆုတောင်းပြည့်သည်ကို တွေ့ရှိရသည် မှာ မောင်မြ ကိုယ်တိုင် တစ်ခုသော တွဲမှ ပဝါကို လှုပ်၍ ပြနေသည်ကို မြင်ရခြင်းပေတည်း ။
လှစိန်၏ နှလုံးသည် ရင်ဝ၌ ဆွေ့ဆွေ့ခုန်၍ ကလေ၏ ။ မျက်နှာမှာ ဆေးမှုန်းသလို သွေးရောင်ဖုံး၍ လာလေ၏ ။ မကြာမီ မီးရထားသည် ဘူတာရုံဝင်းထဲကို ဝင်၍ သွားသဖြင့် ပျောက်ကွယ်၍ သွားလေ၏ ။ လှစိန်သည် အားရအားကြီးသဖြင့် မိမိ၏ နေရာသို့ ပြန်၍ ပြေးပြီး တုံးလုံးလှဲကာ အိပ်ဟန်ဆောင်၍နေ၏ ။ ဘယ်တော့ခါ ရောက်လာပြီး ငါ့ကို ပွေ့မလဲဟု တွေးရင်း ရင်ထဲမှာ ခုန်၍နေလေ၏ ။
အတန်ငယ် ကြာသောအခါ လျင်မြန်သော ခြေသံကို ကြားရလေ၏ ။ “ လှရေ ။ စိန်ရေ ။ အမယ် အိပ်ပျော်နေသလား ” ဟု ပြောပြီး အပါးမှာ လာ၍ ထိုင်လေ၏ ။ ရင်ထဲမှာ တနွေးနွေး ဖြစ်ပြီး တိုး၍ ခုန်လေ၏ ။ နှလုံးသည် ရင်ဝကို ဖောက်ကာ အပြင်သို့ ထွက်ရန် ကြံ၍နေသည်ဟု မှတ်ထင်ရလေ သတည်း ။
မကြာမီ မိမိ၏ တင်ပါးကို ကိုင်တွယ်စမ်းသပ်လေ၏ ။ အချစ်၏ ကြက်သီးများသည် လှစိန်၏ ကိုယ် တစ်ကိုယ်လုံးမှာ ဂျိုက်သိုးတွေ ပေါက်သလို ပျံ့နှံ့ကာ ယားကျိကျိ ဖြစ်၍ လာလေ၏ ။
“ လှရေ ငါလာတာ မသိဘူးလား ထပါဦးကွဲ့ ” ဟု ပြောပြီး လည်အောက်သို့ လက်မောင်းတစ်ဖက် လျှိုလာပြီး မထူလေရာ လှစိန်သည် ပြုံးလျက်ထလေ၏ ။ မောင်မြသည် တအားပွေ့ယူလေ၏ ။ မကြာမီ နှစ်ယောက်သား ငှက်ပျောခြံထဲသို့ ရောက်သွားကြပြီး မီးရှို့ရန် ပုံ၍ထားသော ငှက်ပျောရွက်ခြောက်တွေ ပေါ်သို့ ရောက်ကြလေရာ ငှက်ပျောရွက်ပုံပေါ်၌ မြွေနှစ်ကောင် နပန်းသတ်၍ ကစားသလို ဖြစ်၍ နေကြလေ၏ ။ သို့ နပန်း သတ်ကြရာ လှစိန်သည် လဲကျလေ၏ ။ မာသောအရာ တစ်ခုသည် ဦးခေါင်းကို ထိသဖြင့် လန့်၍ နိုးလေရာ ကွပ်ပျစ်ပေါ်၌ အုံးလျက်ရှိသော ခေါင်းအုံးသည် သင်ဖြူ ချောသဖြင့် ခေါင်းရင်းသမံတလင်း ပေါ်သို့ ချောကျ၍ သွားသည်ကို တွေ့ ရှိရလေသတည်း ။
မောင်မြကို မူကား မမြင်ရချေ ။ ထိုအခါ အတိုင်းမသိ စိတ်ပျက်အားငယ်ကာ ခေါင်းအုံးကို ပြန်၍ ကောက်ပြီး ပွေ့ဖက်ကာ မျက်နှာကို ခေါင်းအုံးပျော့ပျော့ထဲ၌ မြှုပ်ကာ မျက်ရည်ကို သုတ်ရှာလေသတည်း ။
ထို့နောက် စိတ်မကျေနပ်သဖြင့် မီးရထား အဟုတ် လာသည် မလာသည်ကို သိရအောင် ထ၍ ကြည့်လေ၏ ။ နာရီကိုလည်း ကြည့်လေ၏ ။ မီးရထားရုံ ဘက်မှ လူများ လာသည်ကို မမြင်ရ ။ မီးရထားရုံဘက်သို့ သုတ်သီးသုတ်ပျာ သွားသော သူတို့ကိုသာ မြင်ရလေရာ တိုး၍ စိတ်ပျက်လေ၏ ။
ထိုအခိုက်တွင် အသံကို ကြားရပြန်လေ၏ ။ ဥဩ မှုတ်သံ မြည်၍လာ၏ ။ မီးရထားသံ ထင်ရှား၍ လာ၏ ။ အလံကျိုး၍ကျ၏ ။ မီးခိုးများ မှောင်၍ လာပြန်လေသတည်း ။
တစ်ဖန် ရင်ထဲ၌ တထိတ်ထိတ်ဖြစ်ကာ မျှော်ပြန်လေ၏ ။ မီးရထား ပေါ်၍ လာလေရာ ထက်သန်သော မျက်လုံးများနှင့် ကြည့်လေ၏ ။
ဒါမှတကယ် ဒါမှ ကိုမြ ဟု ပြောကာ ကတော့မလို ခုန်တော့မလို ဖြစ်လေ၏ ။ အကြောင်းမူကား သာလွန် ထင်ရှားသော ပဝါကို မြင်ရလေရာ လှစိန်သည် လယ်ပြင်ထဲသို့ ပြေး၍ သွားလေ၏ ။ နောက်မကြာမီ မောင်မြ ပေါ်၍လာလေရာ စပါးပင်တို့၏ အကြား လယ်ကစင်းရိုးတွင် ရင်ဆိုင်ဖက်မိကြလေသတည်း ။ မကြာမီ နှစ်ယောက်သား လက်တွဲလျက် လေပြေတွင် ပျံဝဲကာ မမောဘဲ အိမ်သို့ ရောက်လာကြလေရာ ဆင်ဝင်ရှေ့ ပန်းခြံ၌ ရှိသော ပန်းအုံကလေးအတွင်း၌ နှစ်ယောက်သား ထွေးလုံးရစ်ပတ် အချစ်နတ်ပူး၍ နေကြလေသတည်း ။
“ လှ မအောက်မေ့ဘူးလား ” ဟု မောင်မြက ရင်ခွင်ထဲသို့ ဆွဲယူမေးလေရာ လှစိန်က မောင်မြ ရင်ခွင်၌ ကြည်နူးစွာ ဦးခေါင်းကို တင်၍ မျက်ဖြူ ကလေး ဆိုက်ကာ မောင်မြ၏ မျက်နှာကို မော်၍ ကြည့်ရင်း မောင်မြ ဝတ်ထားသော ရှပ်အင်္ကျီရွှေကြယ်သီးကလေး တစ်လုံးကို လှပသော လက်ချောင်းကလေးများနှင့် ကိုင်ပွတ်ရင်း “ အောက်မေ့တာပေါ့ ” ဟု ဖြည်းဖြည်းကလေး ပြန်၍ ပြောလေသတည်း ။
▢ ပီမိုးနင်း
📖 ဗန္ဓုလ ဂျာနယ်
စက်တင်ဘာ ၂၆ ၊ ၁၉၂၇
No comments:
Post a Comment