Tuesday, February 10, 2026

သစ္စာပျက် မှတ်တမ်း


 

❝ သစ္စာပျက် မှတ်တမ်း ❞
     ( ဇော်ဇော်အောင် )

ကြာခဲ့ပြီ ။

ကြာခဲ့ပြီ အချစ်ရယ် .... ။

အနှစ်နှစ်ဆယ်သည် လျင်မြန်စွာ ပျံသန်းလာခဲ့၏ ။ အသည်းနှလုံးသည် အပိုင်းအစပေါင်း နှစ်ဆယ်တိတိ ကွဲအက်ပြတ်ကြွေပြီးသောအခါ ပြီးသည့် နောက်တွင်မူကား ရယ်မောသံသည် သွေ့ခြောက် တွန့်လိမ်အက်ကွဲ၍ အဓိပတိလမ်း၏ ဘေး ဖုန်မှုန့်များထဲတွင် လဲလျောင်းနေသည် ။ ထိုနေရာတွင် ကမ္ဘာတည်သရွေ့ ရှိနေလိမ့်မည် ။ နောင် အနှစ်တစ်သန်း ကြာသောအခါ သိပ္ပံပညာရှင်များ ၊ သုတေသီများသည် တူးဖော် အမှတ်မထင် ရရှိကြလိုက်သော ရယ်မောသံကျောက်ဖြစ်ရုပ်ကြွင်းကို စားပွဲပေါ် တင်၍ စာတမ်းဖတ်ကြလိမ့်မည် ။ ထိုအခါ မသေသော အချစ်သည် သူ့ အကြောင်း တစ်စွန်းတစ်စ တစ်ပါဒမျှ မပါဝင်သော သုတေသနစာတမ်းကို နားထောင်၍ ပြုံးနေလိမ့်မည် ။ ထိုအပြုံးသည် မိုက်မဲသော ၊ အရှက်မရှိသော သစ္စာတရားကို တိတ်ဆိတ်စွာ ငေါက်ငမ်းနေပေလိမ့်မည် ။

အနှစ် နှစ်ဆယ်သည် လျင်မြန်စွာ ပျံသန်းလာခဲ့သည်  ။

ထိုစဉ်က ...

ထိုစဉ်က ကံ့ကော်ပွင့်တွေ ဝေနေသည် ။ ဥဩငှက်၏ တေးသံသွင်းရိပ်မြုံသည် အင်းလျားကန်စပ် တစ်ခုတည်းသော စိန်ပန်းပြာအပင်ပေါ် တွင် ရှိခဲ့၏ ။ နှင်းကြွင်းတို့ စိုစွတ်သော မြက်ခင်း သည် အဆောင်တံခါးပိတ်ချိန် သံစကာကွက်များ နောက်မှ မြင်လိုက်ရသော မျက်လုံးကလေးများနှင့် တူ၏ ။

ထိုစဉ်က တက္ကသိုလ်က လေပြည်ညင်းသည် ဒေါနပန်းခင်း တစ်ခုလုံးကို သယ်ဆောင်လာသည် ။ ဒေါနလေပြည်ညင်း နှင့် တူသော ရယ်မောသံကို တစ်ရံမလပ် ကြားနေရ၏ ။

သစ်ပုပ်ပင်ကြီးသည် ထိုစဉ်က မအိုသေး ။

နုပျိုသော ခြေထောက်ဖြူဖြူလေး တစ်စုံသည် ဖိနပ်မပါ ၊ ဗလာပြေး ၍ ညိုရင့်ပြောင်လက်သော မဟော်ဂနီရွက်ခြောက်များကို လိုက်လံနင်း ချေခဲ့သေးသည် ။ လဲပြိုမှု ယိမ်းယိုင်သွားသော အခါ သူ ရယ်သည် ။ ထို ရယ်သံကို အဓိပတိလမ်းက ဖမ်းယူဝှက်ထားလိုက်ပြန်သည် ။ ယခု ဘယ်ဆီ ရောက်နေပြီ မသိပါ ။

ထိုစဉ်က ...

သီရိဆောင်တွင် ကံ့ကော်ပင် တစ်ပင် ရှိခဲ့ဖူး၏ ။ သူ့အပွင့်တွင် ကြည်သာသော ချစ်သူတို့ ၏ ပန်းနုရောင် ရနံ့များ ရှိသည် ။ ပွင့်ချပ်များ တွင် ချစ်သူတို့၏ အပြုံးများ ရှိ၏ ။ ဝတ်ဆံများတွင် သဝန်တိုသော အချစ်စစ် အချစ်မှန်များ ရှိ၏ ။ အရွက်များတွင် ဟန်လုပ်သော စိမ်းကားမှုများ ရှိ၏ ။ အကိုင်းအခက်တို့သည် လောကတံတိုင်းတိုင် ယှက်ဖြာနေ၏ ။ ထို အပင်သည် ထာဝရ ။ ထိုစဉ်က သီရိဆောင်တွင် ကံ့ကော်ပင် တစ်ပင် ရှိခဲ့ဖူး၏ ။ ကံ့ကော်ပန်းများ ဝေနေသည် ။ နှင်းဖြူတွေ မှိုင်းနေ၏ ။ တက္ကသိုလ်များ ကံ့ကော်တွေ ဝေ၍ နှင်းဖြူတွေ မှိုင်းပြီ ဆိုပါလျှင် ဘာကိုမျှ မမြင်ရ ။ လောကသည် ပိတ်ဖုံးလျက် ။ ရှည်လျား ကော့သွယ်သော မျက်တောင်များပေါ်တွင် ထင်နေသည့် နှင်းမှုန်ကလေးများကိုသာ မြင်ရသည် ။

အင်းလျားရေပြင်သည် ပူနွေးသော အငွေ့များကို ထုတ်လျက်ရှိသည် ။ ဖြူဖွေးနဲ့ သွယ်သော လက်ချာင်းကလေးများ ဖြန့်၍ ရေပြင်မှ အနွေးဓာတ်ဖြင့် မီးလှုံခဲ့ဖူးပါသည် ။ အင်းလျားရေပြင်၏ အကြည့်သည် ယခုအခါလောက် စိမ်းစိမ်းကားကား မရှိလှ ။ ပြုံးမြနေသည် ထင်၏ ။ ဘွဲ့နှင်းသဘင် အဆောက်အအုံကြီး၏ နောက်တွင် ကျွန်းဆွယ် တစ်ခုမှ ဖြတ်ထွက် သွားသော ကမ္ဘာပေါ်မှာ အလှဆုံးသော ကျွန်းကလေး တစ်ကျွန်းရှိသည် ။ ဒီဘက် အငူစွန်းမှာ ကိုင်း၍ ပေါက်နေသော သစ်ပင်ကြီး တစ်ပင်လည်း ရှိသည် ။ နောင် အနှစ်နှစ် ကြာသောအခါ သစ်ပင်ကိုင်းကိုင်းကြီး ရှိ မရှိ ငြင်းခုံခဲ့ကြသေး၏ ။ ချစ်သူတို့၏ ငြင်းခုံမှုသည် ကွဲကွာခြင်းနှင့် အထီးကျန်နိမိတ်ကို ယူလာကြောင်း ထိုစဉ်က မသိ ။ ထို သစ်ပင်ကြီး မရှိတော့ပြီ ။

အဖြူရောင်နောက်ခံတွင် အနီ ၊ အပြာနှင့် အနက် ပတ်လည်စင်းများ ပါရှိသော လုံချည် ကို တိုတို မ၍ ကျွန်းကလေး သို့ ကူးလာသောအခါ ဖြူဝင်းသွယ်မွတ်သော ခြေသလုံးကလေးများ အင်းလျားရေပြင်တွင် အရိပ်ထင် ကျန်ရစ်၏ ။ ထိုအရိပ်ကို ကျီစယ်တတ်သော ရေကန်မိုက်က ဖမ်းယူ ဖွက်ထားခဲ့သည် ။ ယခု ဘယ်ဆီတွင် ရောက်လေပြီ မသိ ။ ပျောက်ကွယ်သွားသော သစ်ပင်ကြီး ရှိခဲ့ဖူးရာ နေရာဟောင်းကို မြင်မိတိုင်း လျှော့ထား သည်မှာ ကြာပြီ ဖြစ်သော အားတင်းမှုတို့သာ ဆူဝေလာပါသည် ။

ဗဟိုစာကြည့်တိုက်၏ ဘေးတွင် ကံ့ကော်တောအုပ်ကလေး မရှိသေး ။ မြက်ခင်းကွက်လပ်၏ အလယ် စိန်ပန်းပြာပင်ကြီး တစ်ပင်သာ ကြီးမားစွာ ရှိခဲ့၏ ။ အကိုင်းအခက်များသည် ပုံပြင်ထဲက စုန်းမကြီး၏ ခြေထောက်များနှင့် တူသော ထိုအပင်ကြီးသည် အရုပ်ဆိုးလှ၏ ။ သို့သော် တစ်ပင်လုံး အပြာ နုရောင်သန်းလာသောအခါ ဘယ်သူမှ တူမရသော အလှ ပေါ်လာသည် ။ အပွင့်တွေ ကြွေ၍ပင်အောက်ခြေ မြက်ခင်း တစ်ဝိုက် အပြာနုရောင်တွေ ဖုံးသောအခါ ထိုအလှသည် အထွတ်အထိပ်သို့ ရောက်တော့၏ ။ ဘယ်သော အခါမှ ပြန်လည် ဖတ်တော့မည် မဟုတ်သော ဒိုင်ယာရီဟောင်း တစ်ခုမှ မတ်လ ( ၁၉ ) ရက်နေ့ ဟူသော စာမျက်နှာ နေရာတွင် ယခုတိုင် ရှိနေပေလိမ့်ဦးမည် ။ ထိုတစ်ခုသော ပွင့်ဖတ်၏ အပြာနုရောင်သစ္စာတရား သည် ယခုအခါ မည်းညစ်စွာ ပျက်ယွင်းခဲ့လေပြီ ။

သစ္စာတရား ဆိုသည်မှာ မည်သို့သော တရားမျိုးပါလဲ ။ သမိုင်းစာအုပ်၏ ဝါကြင်ရော်နေသော စာမျက်နှာပေါ်မှ ဒဿနပညာရှင်သည် မိုက်မဲသော အပြုံးစဖြင့် မသိကျိုးကျွန် ပြုနေသည်  ။

တက္ကသိုလ်များ ဓမ္မာရုံ တွင် ဉာဏ်တော် တစ်တောင် သာသာ ကြေးသွန်းဘုရား တစ်ဆူ ရှိသည် ။ သစ္စာမြဲ၍ လက်တွဲ မဖြုတ်လိုသော ချစ်သူတိုင်း ထိုဘုရား ထံတော်ပါးမှာ သစ္စာထားကြသည်ဟု အစဉ်အလာ ဆိုရိုးရှိခဲ့ဖူးသည် ။ လွန်ခဲ့သော အနှစ်နှစ်ဆယ်က ဖူးမြော်မြင်တွေ့ခဲ့ ရသည့် အသရေတော် တည်ငြိမ်ခြင်းသည် မပြောင်းမလဲ သပ္ပာယ်ဆဲပင် ရှိပါလိမ့်မည် ။ တက္ကသိုလ်များ ဓမ္မာရုံသို့ မရောက်သည်မှာ အနှစ်နှစ်ဆယ် ကြာခဲ့ပါပြီ ။

အို ... အရှင် ၊ လောကသုံးပါးသခင် မိုက်မဲလေးလံသော ဘုရားတပည့်တော်အား ခွင့်လွှတ်တော်မူပါ ။

စိမ်းကားစွန့်ပစ်မှု၏ အထိမ်းအမှတ် ရနံ့သည် ခရေပန်းနံ့ ဖြစ်လေမည်လား ။ ထိုပန်းသည် ဤလောက တွင် မနှစ်သက်ဆုံး ၊ အမုန်းဆုံး ပန်း ဖြစ်၏ ။ လွန်ခဲ့သော အနှစ်နှစ်ဆယ်က အမုန်းဆုံးပန်းကို ကြိုက်ခဲ့ရပြန်ပါသည် ။ အင်းဝလမ်းမှ ထွက်သော် အင်းလျားပေါ်သို့ ရောက်၏ ။ အင်းဝ ဝင်းတံခါးနှင့် တည့်တည့်တွင် အဒေါ်ကြီးလု ( စ် ) ၏ ကလေးများကျောင်း ရှိ၏ ။ ကလေးများကျောင်း နှင့် ဘုရားကျောင်း၏ အကြားတွင် ခရေပင်တန်း နှင့် လမ်းကလေးနီနီရှိ၏ ။ ချစ်သူတို့၏ ခရေလမ်းဟု အမည်တွင်ခဲ့သည် ။ ယခု မည်သို့ ခေါ်ကြသည် မသိ ။ ချစ်သူတို့ ခရေလမ်းမှာ ခရေပန်းတွေ ဖွေးနေအောင် ကြွေတတ်ပါသည် ။ ရေတမာ တစ်ရွက်ကို ခူးဆွတ်၍ အရွက်များကို သ,တ်လိုက်သောအခါ အကြောတံ စိမ်းစိမ်းကလေး ကျန်၏ ။ ထို ရေတမာကြောတံတွင် ခရေပန်းများ သီ၍ ခရေသီတံ နှစ်ခုကို သူ့ ခုတင် ခေါင်းရင်းမှာ ထား၍ ဘုရားကို လှူခဲ့သည်ဟု ဆိုပါသည် ။ အဘယ်ကဲ့သို့သော စိမ်းကားစွန့်ပစ်ခြင်း ဆုကို တောင်းယူရမည်နည်း ။

လက်ဖက်ရည်ဆိုင်ကလေး မှာ နှစ်နာရီ ကြာ၏ ။ ဘာ စကား တစ်ခွန်းကိုမျှ မပြော ။ မျက်လွှာချ၍ လက်ဖက်ရည် ပန်းကန်ကိုသာ ငုံ့ကြည့်နေဖူးသည် ။ ပန်းနုရောင်ဖျော့ဖျော့ နှုတ်ခမ်းဆိုးဆေးများ စွန်းထင်းသော လက်ဖက်ရည် ပန်းကန်ပေါင်း တစ်သိန်းခန့်ပင် ရှိပေရော့မည် ။ အေးစက်ချွဲပျစ် ဝါကြင်သော လက်ဖက်ရည်များသည် မျက်လွှာ ချထားသူ၏ ရှက်ယောင်ပြုံးကို သောက်သုံးဝါးမျိုလိုက် ပြန်၏ ။ ပြန့်ကျဲကျ နေသော စီးကရက်ပြာတောင့်ပြာစများသည် နှစ်ဦးသား ကြားတွင် တံတိုင်းတစ်ခုကို တည်ဆောက်စ ပြုနေကြောင်း ထိုစဉ်က မသိခဲ့ ။ စားပွဲအောက်မှာ ခွေးလေးတစ်ကောင်သည် စားကြွင်းစာကျန်များကို ရှာဖွေနေ၏ ။

ချစ်ခြင်းမေတ္တာ၏ အကြီးအကျယ် အမြင့်မားဆုံး ကိစ္စသည် လုံးဝ မချစ်ဘဲနေခြင်း ဖြစ်သည် ဟူ၍များ ပြောဖူးပါသလား ။ ဤ စကြာဝဠာတွင် အနိမ့်အမြင့် ၊ အတိုအရှည် အပူ နှင့် အအေး စသည် စသည်တို့ မရှိကြ ။ ရှိသည် ထင်သော အရာ နှစ်ခု၏ နှိုင်းယှဉ်ခြင်းသာ ရှိကြသည်ဟု မည်သူ ပြောခဲ့ပါသနည်း ။ အချစ် နှင့် အမုန်း သည် အခြေအနေ နှစ်ရပ်၏ နှိင်းယှဉ်ခြင်းသာ ဖြစ်ကောင်း ဖြစ်ပါလိမ့်မည် ။

သို့သော် ချစ်တော့ ချစ်ပါသည် ။ မေ့တော့ မေ့လိုက်ပါ ဟူသော ကားတစ်ခွန်းသည် မည်သည့် ဝိဘာဂအုပ်စုတွင် ပါဝင်ပါသနည်း ။ ချစ်၍ နေရခြင်း ၊ ချစ်၍ နေခွင့်ရှိခြင်းကို မည်သူ့ထံတွင် သွားရောက် တောင်းခံရပါမည်နည်း ။

ရက်စက်သော ၊ စိမ်းကားသော ၊ ကွေ့ဝိုက်သော ၊ ကောက်ကျစ်သော ၊ လှည့်ပတ်သော ၊ အမိုက်မ ၊ မာရီယာ ... ။ အနှစ် နှစ်ဆယ်မျှ သင်၏ ကိုယ်နံ့ နှင့် သင့်ပန်းနုရောင် နှုတ်ဖျားမှ ပဲ့တင့်သံများကို ကျွန်ုပ်၏ နှလုံးသားတွင် သိုဝှက်သိမ်းဆည်း ထားခြင်းဖြင့် သင့်အား ဒဏ်ခတ်ခဲ့သည်ကို ဤ မှတ်တမ်းဖြင့် သိစေလိုပါသည် ။ သင့် နှုတ်ခမ်းပါးလှပ် ၊ ပါးစပ်ပိတ်၍ ပြုံးတတ်သော ခရမ်းရောင် အပြုံး ကွယ်ပျောက်သွားသည့် ခဏဝယ် ကျွန်ုပ်တွင်တွင် ရေးရန် မကျန်တော့ပြီ ။ ခရမ်းရောင်မိန်းမ ၊ မာရီယာ ။ အနှစ် နှစ်ဆယ် ကြာခဲ့ပါပြီ ။ အချစ်မ ၊ အမုန်းမ ၊ အမိုက်မ ၊ မာရီယာ ... ။

⎕ ဇော်ဇော်အောင်
📖ဝတ္ထုတိုပေါင်းချုပ် ( အပိုင်း - ၁ )

No comments:

Post a Comment