❝ အို ... ဒီပရက်ရှင် ❞
( ရွှေကူမေနှင်း )
အင်္ဂလိပ်လိုတော့ ‘ ဒီပရက်ရှင် ’ ဟု ခေါ်ကြသည် ။ မြန်မာလိုမူ အထွေထွေအရပ်ရပ် စိတ်ဓာတ်ကျဆင်းသော ရောဂါ ဆိုလား ။
ဖြစ်ချင်တာ မဖြစ်ရသော ဒုက္ခ ။
မဖြစ်ချင်တာ ဖြစ်ရသော ဒုက္ခ ။
သည်ဒုက္ခတွေ ကြားက ပြေးမထွက်နိုင်သော အဖြစ် ။ သည်အဖြစ်ကို မလိုလားဘဲလျက် ဇက်စဉ်း၍ ခံနေရသော ဘဝ ။ အားလုံးကို ခြုံလိုက်သောအခါ ဒီပရက်ရှင် ဝင်နေပြီဟု ကင်ပွန်းတပ်ကြလေသည် ။
သည် ‘ ဒီပရက်ရှင်ကြီး ’ က တစ်ခုပဲ တောင်းဆို၏ ။ ‘ သေခြင်း ’ ကို တောင်းဆိုနေလေသည် ။
စင်စစ် သေခြင်းကို တောင်းဆိုသည် ဆိုခြင်းမှာ ဘဝကို မတွယ်တာတော့ခြင်းပင် ဖြစ်၏ ။ လူ့ အဖြစ်မှာ လူ့ ဘဝ ကို မတွယ်တာတော့ဘူး ဆိုမှဖြင့် လူ့ဘဝ၌ ရပ်တည်နေရသော အချိန်တွေသည် အရသာ မရှိတော့ပြီ ။
စားရတာလည်း အရသာ မရှိ ။
နေရတာလည်း အရသာ မရှိ ။
အိပ်ရတာလည်း အရသာ မရှိ ။
စကားပြောရတာလည်း အရသာ မရှိ ။
လူသည် ပကတိ အေးစက်စက် ။
ကြာသော် အသွေးတို့ ဆုတ်ယုတ်၏ ။ အသားတို့ လျော့ပါး၏ ။ အဆီတို့ ခန်းခြောက်လေသည် ။
ဆယ့်ငါးပေါင် ဆိုသော အသွေးအသားတို့သည် ခန္ဓာကိုယ်ပေါ် မှ ယိုစီး ပျောက်ကွယ်ခဲ့လေပြီ ။
မနှမြောချေ ။ စဉ်းငယ်မျှ မနှမြော ။ တသခြင်းမရှိ ။
“ သေရင် အေးတာပဲ ”
တင်တင် ရောက်လာသည် ။
ပူပြင်းသော နွေရာသီ နေ့ တစ်နေ့ ။ အိမ်အောက်ခြေ မြေပြင်၌ သင်ဖျာခင်း၍ လူးလှိမ့်နေစဉ် တင်တင် ရောက်လာ၏ ။
“ ဟင် ... တင်တင် ”
အာမေဍိတ်ကို မဟတဟ ပြုနိုင်ခဲ့၏ ။
မျက်လုံးများကို ပွတ်၍ မကြည့်ဖြစ် ။ မှုန်ရီ မှေးမှိန်စွာမျှ တင်တင့် ကို ငေးကြည့်မိသည် ။
“ ထိုင်ပါဦး ” ဟု မဖိတ်ခေါ် မိချေ ။
အနားမှာ ထိုင်ချ လိုက်သော တင်တင့် ကို ခပ်ကြောင်ကြောင်ပင် ကြည့်နေလိုက်သည် ။
တင်တင် သည် ကိုယ့်ကို ကြင်နာစွာ ကြည့်နေ၏ ။ သူ့မျက်လုံးများမှာ အရောင် မလက်တော့ သော်လည်း ကရုဏာရိပ်များကိုမူ မြင်ရသည် ။ တင်တင့် နဖူးမှာ အရေးအကြောင်းတို့ ထင်နေသည် ။ သူ့ ပါးရေများ လျော့ရဲကာ မေးရိုးက ငေါချင်သလို ဖြစ်နေသည် ။ တင်တင် ရုပ် ကျခဲ့ပြီ ။
အနှစ် လေးဆယ်ကျော် ...
လေးဆယ်ကျော် ဆိုသော နှစ်ကာလများ အတွင်း လူသား တစ်ဦး၏ ပျိုမြစ်မှုများ ၊ လန်းဆန်းမှုများ ၊ တက်ကြွမှုများသည် လက်ပန်းကျခဲ့ကြချေပြီ ။ ကိုယ်နှင့် ကစားဖော် ကစားဖက် တစ်ဦးကို ကြည့်ရင်း ...
“ ငါလည်း ဤသို့ပါတကား ” ဟု စိတ်ပျက်မိသည် ။ မှန် မကြည့်ဖြစ်သည်မှာ ကြာပြီလေ ၊ ဘာလုပ်မလဲ ။ မပြည့်ဖြိုးတော့သော မျက်နှာ ၊ မပြောင်လက် တော့သော မျက်လုံး ၊ မစိုပြည်တော့သော နှုတ်ခမ်းများကို မမြင်ရလေ ကောင်းလေ မဟုတ်လား ။
“ နင် ပိန်လိုက်တာဟယ် ”
တင်တင် က ဦးနှင့်အောင် ဆိုလေသည် ။
“ ပိန် ဘာဖြစ်လဲ ၊ သေတောင် သေရဦးမှာ ”
ထထိုင်ရင်း သူ့ကို ဘုတော လိုက်၏ ။ ခုမှ ရောက်လာသူ ငယ်သူငယ်ချင်းကို ဘုပြောလိုက်ရသည့် အတွက် ကိုယ့်ကိုယ်ကိုယ် အပြစ်မမြင် ။ ပြောချင်တာ ပြောလိုက်ရသည့် အတွက် ရင်ချောင် သွားသည် ။
“ ဘယ်တုန်းက ရန်ကုန် ရောက်လဲ ”
စကားလွှဲပြီး ပြောတော့ သူ ပြုံးသည် ။
“ တစ်ပတ် ရှိပြီ ”
“ ဒါနဲ့များ ခုမှ ငါ့ဆီ လာရလား ”
“ ဘုရားတွေ လျှောက်ဖူး နေတာ ”
“ ဘယ်တော့ နိဗ္ဗာန် သွားမှာလဲ ”
သူ ရယ်သည် ။ သူ့ကို ပြန်ရယ် မပြဘဲ အနားမှာ ရှိသော မြေဆေးလိပ်ခွက် ထဲမှ မညှိရသေးသော ဆေးပေါ့လိပ်ကို ကောက်ယူ လိုက်သည် ။ အစီခံကို လက်ညှိုးနှင့် ခြစ် ၊ ထိပ်ဘက်မှ မှုတ်၍ အမှုန်ထုတ်ပစ်ပြီးမှ သစ်သားမီးခြစ်ကို ခြစ်သည် ။ တစ်ဆံ မတောက် ၊ နှစ်ဆံ မတောက် ။ တတိယမြောက်မှ မီး တောက်သည် ။ ကိုယ့် မျက်နှာ ဘယ်လို နေမည်လဲ ကိုယ့်ဘာသာ သိ၏ ။
“ နင်ကလည်း ဒေါသ ကြီးတုန်းကိုး ”
တင်တင် က ရယ်ရယ်မောမော ပြောပြန်သည် ။
“ အားလုံးကို ဒေါသဖြစ် နေတယ် ”
ဒါပဲ ပြန်ပြောပြီး ဆေးလိပ် ကို ဖွာ၏ ။
“ အရင် ငါ ဆေးလိပ် သောက်တုန်းက နင် ကန့်ကွက်တယ် ။ အခု ငါ မသောက်တော့ဘူး ၊ နင် သောက်နေတယ် ”
တင်တင် က အင်္ကျီရင်ဘတ်ကို ဆွဲဖွင့်ကာ လေဝင်အောင် လုပ်ရင်း ဆို၏ ။ သူ့ကို ယပ်တောင် ယူပေးဖို့ သတိရသော်လည်း အနား မှာ ယပ်တောင် မရှိသဖြင့် မသိချင်ယောင် ဆောင်နေလိုက်သည် ။
“ ဆေးလိပ်ထဲမှာ အဆိပ်တွေပါပြီး အဆိပ်ငွေ့ ရှူမိပြီး သေသွားရင်လည်း အေးတာပဲ ”
သူ ဘာမှ ပြန်မပြောတော့ ။ ကိုယ့်ကို ငေးကြည့်နေသည် ။
“ လူ့ ဘဝ ဆိုတာ အလကားပဲ ၊ ကြာကြာ နေရလေ ဒုက္ခများလေပဲ ။ ပွဲထဲက ပြောသလို စောစော သေရင် စောစော အိပ်ရတယ်ဆိုတာ တကယ် မှန်တာ ”
“ နင့် သားအတွက် နင် အသက် ရှင်ရဦးမှာပေါ့ ”
သူ စဉ်းစဉ်းစားစား ပြောလာသည် ။
“ ကိစ္စ မရှိပါဘူး ၊ ငါ့ အမေ သေသွားတော့ ငါ ဒီလိုပဲ နေရတာပဲ ”
သူ သက်ပြင်းချသည် ။
“ နင် ဒီလောက် ပျော့ညံ့လိမ့်မယ်လို့ ငါ မထင်ခဲ့ဘူး ၊ ငယ်ငယ်က နင် သိပ်ထက်မြက်တာ ။ ဘယ် ပြိုင်ပွဲမှ နင် မရှုံးဖူးဘူးလေ ”
သူ့ ကို ကြီးကြီးကျယ်ကျယ်တွေ လာမပြောနဲ့ဟု ပြန်ပြောမည် ပြုပြီးမှ မပြောဖြစ် ။
“ ငယ်ငယ်က သိပ်ထက် မြက်တာဆိုပဲ ”
ရယ်ဖို့ပင် ကောင်း သေးသည် ။ စာမေးပွဲ တစ်ခါမှ မကျတာကို ထက်မြက် သတဲ့လား ၊ အလုပ်တွေ တစ်ခုပြီး တစ်ခု ရတာကို ထက်မြက် သတဲ့လား ၊ မိသားစု အရေးအခင်းများကို အတတ်လုပ် ဖြေရှင်း ပေးခဲ့ခြင်းကို ထက် မြက်သတဲ့လား ။ ခု ကိုယ့် မိသားစု အရေးကို မဖြေရှင်းနိုင်သော လူ ။
ဒါ အလကား လူပေါ့ ။
ကိုယ့် မိသားစု ကွက်ကွက်လေးကိုပင် ပြည့်ဝအောင် မစွမ်းဆောင်နိုင်သောလူ လူပိုပေါ့ ။
“ တို့ ငယ်ငယ်က ရေနစ်တော့လေ ”
တင်တင် က ရယ်ရယ်မောမော ပြောသည် ။
“ အဲဒီတုန်းက ငါ လောဘ ကြီးတာပါ ။ နင် ငါ့ရှေ့ ရောက်မှာကို မခံနိုင်ဘူး ။ ရေကူးပြိုင်တိုင်း ငါပဲ နိုင်နေကျဟာကို အဲဒီနေ့က နင် ငါ့ရှေ့နား ရောက်တော့ မရောက်အောင် ခြေထောက်ကို လှမ်းဆွဲလိုက်တာ နှစ်ယောက်စလုံး ရေနစ်ရော ။ နင့် အမေ လာကယ်လို့ ရှင် တာ ၊ ငါ အတော် မကောင်းတာပဲ ”
“ ကလေးကိုးဟယ် ”
တင်တင် ခွင့်လွှတ်ဆဲ ။
“ ရော့ ... နင် စားဖို့ များများတော့ မပါဘူး ”
သူ့ကြွပ်ကြွပ်အိတ်ထဲမှ တရုတ်ဆီးသီးတွေ ထုတ် သည် ။ ငယ်ငယ်တုန်းက ဆိုလျှင် အပင်ပေါ် မှာပဲ ခူးစားနေကျ ၊ တစ်လုံး ယူစားသည် ။ ချိုသော အရသာကို မရချေ ။ အရသာ မရှိပြီ ဆိုတော့ တရုတ်ဆီးသီးလည်း အရသာ မရှိတော့ ။
“ ဘာ စားစား အရသာ မရှိဘူး ”
စိတ်ပျက်စွာ ပြောမိ၏ ။
ဘုရားဖူး လျှောက်လည် နိုင်သော တင်တင့် ကို လည်း အံ့သြသလို မနာလို သလို ဖြစ်သည် ။
ငါ စိတ်ပျက် နေချိန်မှာ သူ က ဘာလို့ စိတ်မပျက်သေးတာလဲ ။ ပြောရမည် ဆို ကိုယ်က အစစ သူ့ ထက် ကျောခဲ့သည်ချည်း ။ ကျောင်းနေစဉ် ကိုယ် က နှစ်သစ်မှာ တစ်တန်း တက်ခဲ့ပြီး သူက နှစ်စဉ် စာမေးပွဲကျခဲ့၏ ။ ကိုယ် ဆယ်တန်း အောင်သော နှစ်မှာမှ သူက ခြောက်တန်း လား ရောက်သည် ။ ခုနစ်တန်း အစိုးရစစ်ကို သူ ဘယ်လိုမှ မအောင်နိုင်ခဲ့ ။
အဖျင်း ၊ အပျော့ အဖြစ် တင်တင့် ကို ကျီစယ်ခဲ့စမြဲ ။
“ နင့် သားကော ”
သူသည် သား တစ်ယောက် ရပြီး အိမ်ထောင်ပျက်ခဲ့သူ ဖြစ်၏ ။
“ အလုပ် ဝင်နေပြီ ၊ အခု ဘုရားဖူးလာတော့ ငွေ တစ်ရာ ပေး လိုက်သေးတယ် ”
“ တယ် ဟုတ်ပါလား ၊ အိမ်ထောင်ကော ထပ်မပြုတော့ဘူးလား ”
“ ဘာလုပ် မလဲဟယ် ၊ ငါ ရှာစားနိုင်သားပဲ ”
သူ့ကို ပြန်မကြည့်ဖြစ် ၊ အိမ်ထောင်ပြုခြင်းနှင့် ရှာ စားနိုင်ခြင်း အကြောင်းကို ဝေဝါးစွာ တွေးနေမိသည် ။ ခုနစ်တန်းနှစ်မှာ သူ ယောက်ျားနောက် လိုက် ပြေးသည် ။ ကလေး တစ်ယောက် ရသည် ။ လင်မယား အဆင်မပြေ ဖြစ်ပြီး ကွဲသည် ။ မိဘများ ဆုံးသည် ။ ဈေးရောင်းစားသည်ဟု အဝေးသတင်းများ အဖြစ် သိထားခဲ့ရ၏ ။ ပညာ မသင်ခဲ့သဖြင့် အားကိုးရာ မဲ့သော ဘဝမှာ သူ အားငယ်နေလိမ့်မည်ဟု ထင်ထားခဲ့သည် ။ ခုတော့ သူက ခပ်အေးအေး ။ ဘုရားတွေများ လည်ဖူးနေလေသည် ။
“ သူငယ်ချင်းရဲ့ လောကကြီးမှာ အရေးအကြီးဆုံးက စားချင်တာ စားနိုင်ဖို့ပဲကွ ”
သူ ပြောတာ ဟုတ်ရဲ့လားဟု ကိုယ့်ဘာသာ ပြန်တွေးကြည့်၏ ။ အတွေး ထဲမှာ အချက်အလက်တွေက ဝေဝါးဆဲ ။
“ နင် တစ်ယောက်တည်း ရောင်းဝယ် စားရတော့ စိတ်ထဲ အားမငယ်ဘူးလား ”
မေးသင့်မှန်း မသိ ၊ မမေးသင့်မှန်း မသိ မေးတော့ မေးလိုက်ပြီ ။
အမှန်စင်စစ် ကိုယ် အားငယ်နေမှု အတွက် သေဖော်သေဖက် ညှိမှန်း ကိုယ့်ဘာသာ သိသည် ။ ငါ အားငယ်နေတယ် ၊ သူဆို ပိုပြီး အားငယ်သင့်တာပေါ့ ။
သူ ခေါင်းခါလေသည် ။
“ ဝမ်းနည်းတာတို့ ၊ အားငယ်တာတို့ကို သတိမရဘူး ။ ပင်ပန်းတယ်တဲ့ ။ အဲ ... လူ ပေါ့လေ ။ လူ ပင်ပန်းတယ် ၊ စိတ်တော့ သိပ် မပင်ပန်းပါဘူး ။ ဘာလို့လဲ ဆိုတော့ ဥပမာ ဟယ် မြို့က ဈေးမှာ ငါးလေးတွေဝယ်တယ် တစ်ဆယ်သား သုံးကျပ် ၊ တစ်ပိဿာလုံး ယူတော့ အစိတ် ။ အဲဒါ တစ်ပိဿာ ဝယ်လိုက် ၊ ဆားလေး နယ်တာ ကျတော့ တစ်ဆယ်သားကို ဆန် တစ်ပြည်နဲ့ လဲတာ ၊ တောမှာ ပိုက်ဆံ မသုံးဘူး ။ ကဲ ... တစ်ဆယ်သား ဆန်တစ်ပြည် ဆိုတော့ အဲဒီ ဆန် မြို့သယ်လာ တစ်ပြည်ကို ခုနစ်ကျပ် ၊ နည်းနည်း ကျေရင် ခြောက်ကျပ် ပြေးမလွတ်ဘူး ။ ကဲ ... ငါးမှာလည်း မြတ် ၊ ဆန်မှာလည်း မြတ် ဘာပူစရာရှိလဲ ”
သူ တွက်ပြသည်ကို ငြိမ်ပြီး နားထောင်နေမိ၏ ။
“ နေ့တိုင်း ဈေးရောင်း ၊ နေ့တိုင်း စားစရာ မပူရဘူး ။ ဒီတော့ စိတ်မပင်ပန်းဘူး ၊ ပြီးရောပေါ့ ”
“ နေပါဦး ၊ သွားရတဲ့ ခရီးက ဆယ်မိုင်လောက် ရှိတာ ဟုတ်လား ”
“ ကားတွေ ရှိနေပြီလေ ၊ ဒါပေမဲ့ ကားခက ငါးကျပ် ၊ အသွားအပြန် တစ်ဆယ် ။ ဒီတော့ ဘယ် တစ်ဆယ်ပေး မလဲ စက်ဘီးနဲ့ သွားတယ် ”
“ ဟင် ... ဆယ်မိုင်ကို နင် စက်ဘီး စီးတယ် ”
“ အေးပေါ့ ၊ အမေတို့ ခေတ်က ခြေလျင် သွားကြတာ ဟုတ်လား ”
“ အဖော် ပါသေးလား ”
“ ငါ တစ်ယောက်တည်းပေါ့ ”
“ ဟယ် ”
သူ့ကို အထူးအဆန်း သဖွယ် ကြည့်မိ၏ ။ နေလောင်ထားသော သူ့ နဖူးပြင်မှာ အရေးအကြောင်းများ တင်း နေသည် ။ နှုက်ခမ်းများကတော့ ခပ်ပြုံးပြုံး ။
“ တောလမ်းကြီး မဟုတ်လား ”
“ အေးပေါ့ ၊ ရွာတွေတော့ ရှိတာပေါ့ ”
“ နင် မကြောက်ဘူးနော် ”
သူ ရယ်လေသည် ။
သူ လက်ဖဝါး နှစ်ဖက်ကို ပွတ်ရင်း..
“ တစ်ခါ တစ်ခါတော့ ကြောက်တာပေါ့ ၊ ဒါပေမဲ့ ဟန် ကိုယ့်ဖို့ ဆိုတဲ့ စကား ရှိတယ် မဟုတ်လား ။ တစ်ခါတလေ ဈေးရောင်းလို့ အပြန် စက်ဘီး ကယ်ရီယာမှာလည်း ဆန်အိတ်နဲ့ ၊ ရှေ့လက်ကိုင် မှာလည်း တိုးလိုးတွဲလွဲနဲ့ပေါ့ ။ ခရေပင်လမ်းဆုံ ဆိုတဲ့ နေရာမှာ လူပြတ်တယ် ။ လုတတ် ယက်တတ်တယ် ။ အဲဒီ နားမှာ စက်ဘီးက ဘီးပေါက်ရော ။ ဒီအခါမှပဲ ငါ့ ရှေ့နားမှာ ယောက်ျား သုံးယောက် ချုံကွယ်က ထွက်လာကြရော ”
သူ ခဏ နားနေတုန်း ကိုယ်က ကြက်သီးဖြာနေ၏ ။
“ ဘာပြော ကောင်းမလဲ ကြောက်တာပေါ့ ၊ ဒါပေမဲ့ ကြောက်တာကို မပြရဲဘူး ။ စက်ဘီးကို မှန်မှန် တွန်းရင်း သီချင်းညည်း သလိုလို လုပ်ပြရတယ် ”
“ ဖြစ်ရလေဟယ် ”
“ သူတို့ကလည်း ငါ့ ကို တကြည့်ကြည့် ၊ သူတို့ ကိုယ်ကို ကြည့် တော့ ဓားလွယ်တွေ ကိုယ်စီနဲ့ ”
“ ဘုရား … ဘုရား ”
“ ငါလည်း ဇောချွေးတွေ လည်း ပြန်ပြီပေါ့ ၊ ထွက်ပြေးလို့လည်း မရ ။ ပြောရမယ် ဆို သုံးယောက် နဲ့ တစ်ယောက် ပြီး သူတို့က ယောက်ျားလည်းဖြစ် ၊ လက်နက်လည်းပါ ”
“ အင်းပေါ့ ”
“ နို့ပေတဲ့ ခုန ပြောသလို ကိုယ်က ဘာမှ မသိသလို သူတို့ကို ဘယ်လိုမှ မသင်္ကာဖြစ်ပုံ မပြဘဲ ပြုံး ပြပြီး အစ်ကိုတို့ ဘာဖြစ်နေကြတာလဲလို့ မေးလိုက်တယ် ”
“ အလိုလေး .. ”
“ အဲဒီတော့ သူတို့က ကျွဲ ပျောက်လို့တဲ့ ”
“ ကောင်းကောင်းမွန်မွန် ပဲလား ”
“ ခပ်တည်တည်ပဲ ၊ ဒါနဲ့ ကိုယ်က အံမယ် ... ဒီလို ဆိုရင် နေဦး ... ဒီနေ့ ဘာနေ့ပါလိမ့် ဆိုတော့ တနင်္ဂနွေနေ့ တဲ့ ”
“ အင်း .... ”
“ အဲ ... တနင်္ဂနွေ နော် ၊ ခု ဘယ်အချိန် ရှိပလဲ ဆိုတော့ နာရီတော့ တစ်ယောက်မှ မပါကြဘူး ။ နေကို ကြည့်ပြီး နေညိုစ ပြုပြီ ဆိုတော့ ဟာ ... အစ်ကိုတို့ရေ ဘာမှ မပူနဲ့ ၊ အစ်ကိုတို့ ကျွဲ မသေဘူး ။ ပြန်တွေ့မယ် ၊ တစ်နေရာမှာ နယ်လွန်ပြီး ချုပ်ခံထားရတာ ဖြစ်မယ် ။ ဟိုဘက် ရွာမှာ သွားမေး ၊ သေချာပေါက် ပြန်တွေ့ စေရမယ်လို့ ပြောလိုက်တယ် ”
“ အင်္ဂဝိဇ္ဇာ ပေါ့လေ ”
“ ခပ်တည်တည်နဲ့ ဖြန်းရတာပေါ့ ။ ဒီလူတွေကလည်း ယုံသွားကြရောကွဲ့ ”
“ တကယ် ကျွဲ ပျောက်တာလား ”
“ ဟုတ်မှာပေါ့ ၊ ဘာပဲဖြစ်ဖြစ် ကျွဲ ရှာရင်း တောထဲမှာ မိန်းမ တွေ့တာ ချမ်းသာပေးချင်မှ ပေးမယ် မဟုတ် လား ။ ငါ့ မှာ ချက်ချင်း ဗေဒင် တတ်ချင်ယောင် ဆောင်လိုက်တော့ လန့်သွားတယ် ထင်ပါရဲ့ ။ စောစောကလို တကြည့်ကြည့် မလုပ်တော့ဘူး ။ ကျေးဇူးပါပဲ ဆိုပြီး တခြား ရွာဘက် ထွက်သွားကြရော ”
ရယ်နေသော သူ့ မျက်နှာကို ငေးကြည့်မိသည် ။
နေလောင်သော ပါးပြင် ၊ လေတိုက်ထားသော ဆံပင် ။
ဆင်းရဲပင်ပန်းစွာ ရုန်းကန် လှုပ်ရှားသော ခြေထောက်များ ။
သူတို့သည် ...
အရိပ်ထဲ လှိမ့်အိပ်ရင်း ဒီပရက်ရှင်ကြီးကို ဖိတ်ခေါ်နေသည့် ကိုယ့် အသွေးအသားများထက် ကြီးကျယ် မြင့်မြတ်ကြပါကလား ။
သူသည် ...
ခုနစ်တန်း အောင်အောင် မဖြေနိုင်ခဲ့သော်လည်း ဘဝတိုက်ပွဲထဲ မှာကား လက်နက်ကောင်းကို စွဲကိုင်နိုင်သူပါတကား ။
ကိုယ်သည် ...
သူ့နှယ် လက်နက် တပ်ဆင်နိုင်ဖို့ အများကြီး ကြိုးစားရဦးမည် ။
ပထမဦးစွာ ...
ကိုယ့်ကိုယ်ကိုယ် ကိုယ်ခံအား လျော့နည်းစေသော ဒီပရက်ရှင်ကြီးကို တိုက်ထုတ်ရဦးမည် ။
အို ... အသင် ဒီပရက်ရှင် ...
ငါ့ ထံမှ ခွာလေတော့ ... ။
သင့်အား ငါ လက်မခံ ။
သွားပေတော့ ။
သွားပေတော့ ... ။
⎕ ရွှေကူမေနှင်း
📖 ရွှေဝတ္ထုစဉ်
၁၉၈၇ ၊ အောက်တိုဘာလ

No comments:
Post a Comment