❝ ထိုည ❞
( ကြည်အေး )
အပျိုမကလေးသည် မော့၍ ကြည့်လိုက်၏ ။ လသည် အင်မတန်ပင် မြင့်၍ နေလေပြီ ။ လသည် ပြာသောကောင်းကင်ဝယ် ရွှေရောင်လိုလို ငွေရောင်လိုလို ဝင်းမှည့် နေသဖြင့် ဖဲပြား ပေါ်တွင် ဟိုလိမ့် သည်လိမ့် လိမ့်ကာ ဟန်ယူနေသော အရည်ရင့်ရင့် ပုလဲလုံးနှင့် ပမာတူ၏ ။ ဆောင်တော်ကူးခိုင် ပမာ အိ၍နေသော တိမ်တောင်တို့သည် လရောင် တစ်ဝက် ၊ အရိပ် တစ်ဝက်ဖြင့် ပြိုတော့မည့်ပမာ လေးပင်စွာ တွဲကျနေပေ၏ ။ စိန်ကြယ်ပွင့်တို့သည်လည်း တဖျပ်ဖျပ် တောက်ကာ မျက်တောင် တခတ်ခတ်နှင့် လက်နေကြလေသည် ။
လေသည် ' ကန်သာ ' ကို ဖြတ်၍ ပြတင်းမှ တိတ်တဆိတ် ခိုးဝင်ကာ မေ့ဆေးသဖွယ် ကြာပန်းရနံ့များဖြင့် မူးမေ့ခွေပျော့သွားအောင် ထုံလိုက်လေ၏ ။ ပြတင်းမှာ တွယ်ကပ်နေ သည့် အိုင်ဗီနွယ်များသည် လရောင်တွင် လှနေကြ၏ ။ ပျော့ညက်သော ခန်းဆီး အဖြူသည် လ ရှိရာသို့ လက်လှမ်းကာ လူးလှိမ့်နေလေ၏ ။
အပျိုမကလေးသည် ည၏ အလှကို အနုစိတ်၍ အမွှမ်းတင်ကာ နူးညွတ်ဖွယ်ရာ စိတ်ကူးအိပ်မက် မက်နေ၏ ။ လွမ်းရ မလိုလို ဆွေးရ မလိုလို ထိုအိပ်မက်သည် ဇာတ်လမ်း အခြေတည်ရာ မရှိသဖြင့် အရှည်ကြီး မျောနေတော့သည် ။ အနက် မထင်သော အိပ်မက်သည် သူ့အား နွမ်းလျခွေပျော့ကာ မဆတ်တငံ့ဖြစ်စေလေ၏ ။ ကိုင်း ဘာလို နေပါလိမ့် ။ ည၏ အလှကို စိတ်ဝင်စားနေသည်မှာ ရူးသွပ်စွာ တစ်ဖက်သတ်ပင် အယူသည်း နေတော့မလောက် ဖြစ်၏ ။ သို့ပေမဲ့ ကျေနပ်နှစ်သိမ့်မှု မရှိဘဲ ဟာနေသည်မှာ ဘာလိုနေပါသလဲ ။
အပျိုမလေးသည် အိပ်ရာ ပေါ်သို့ နွမ်းလျစွာ လှဲချလိုက်သည် ။ ပြတင်းမှ မြင်ရသော လ ၊ တိမ် ၊ ကြယ် တို့နှင့် ပြည့်စုံသည့် ကောင်းကင် တစ်ဝက်တစ်ပျက်ကို ပြတင်းပေါင်သည် ပန်းချီကားချပ် ဖြစ်အောင် လေးထောင့်ပုံကွယ်ပေးလေ၏ ။ သူမသည် ညပန်းချီကားကို ကြည့်ရင်း ပို၍မို၍ နွမ်းခွေလာလေ၏ ။ ထို ပန်းချီကားချပ်သည် ကဗျာယဉ် တစ်ပုဒ်ပမာ သူမအား ညှို့နိုင်စွမ်းသည် ။
ဂီတသံကို ကြားရလေ၏ ။
ဂီတသံသည် အလွန်တရာ အေးဆေးချွဲနွဲ့သော တယော နှင့် အဆို တွဲထားသည့် အသံပင် ဖြစ်၏ ။ အသံသည် သဲ့သဲ့ကလေး ပေါ်လာရာမှ အလွန်ဖြည်းလေးစွာ နီး၍ နီး၍လာ၏ ။ အနီးဆုံးသို့ ရောက်လာလေ၏ ။ ဝေးရာမှ နီးလာသော်လည်း နီးရာမှ ဝေး မသွားချေ ။ အပျိုမလေးသည် အသက်မရှူဘဲ စိတ်ထက်သန်စွာ နားထောင်၏ ။
“ ပန်းပွင့်တွေလည်း
လရောင်ဦးဝယ်
ငှက်ကလေးတွေလည်း
တေးသံကျူးကာ
မြူးလို့ ချစ်သွေးဝင်
ငယ်ချစ်မောင်
မောင့်ရင်တွင်းမှာ
ချစ်တင်းဆိုလို့
ပျော်စေချင် ”
အပျိုမကလေးသည် သူ ကိုယ်တိုင် ဇာတ်လိုက် ဖြစ်လာ၏ ။ အလွန်နွဲ့လျစွာ ထထိုင်၏ ။ ဂီတသံသည် သူမ၏ ပြဿနာကို ရှင်းပေး၏ ။ ဘာ လိုနေသည်ကို ရိပ်မိလာလေ၏ ။ သူမ သည် ပင့်သက်ရှူကာ ပခုံးကို တွန့်လိုက်လေ၏ ။
သူမ၏ စိတ်မျက်စိဝယ် မိန်းမပျိုကလေး၏ အချစ်ကို မျှော်မှန်းခွင့်ပန်နေသော ယောက်ျားပျို၏ သဏ္ဌာန် တယောပိုက် နေဟန်ကို မြင်ရပေ၏ ။ ယောက်ျားပျိုသည် အချစ်သွေးကြောင့် မည်မျှ တုန်လှုပ်ချောက်ချားနေလိမ့်မည်နည်း ၊ သူ၏ မျက်လုံးတို့သည် မည်မျှ ဝင်းပြောင်နေလိမ့်မည်နည်း ။
တယောသံသည် လှိုင်းတွန့်ကလေး ဖော်သွား၏ ။ ပန်းခက်ကလေးတွေကို ဖော်သွား၏ ။ အရောင် အလျဉ်းသင့်စွာ စပ်သွား၏ ။ အကွက်စိပ်ကလေးများ မထိတထိ ဆက်စပ်၏ ။
ဂီတသံသည် ကရုဏာသံ ပါ၏ ။ ချစ်သော်လည်း မုန်းချင်စရာ ၊ အင်မတန်ပဲ ချွဲလွန်းလှသည် ။ ဂီတသံသည် အသက်ပါ၏ ။ အားတက်သည့် အရိပ်အယောင်ကိုလည်း ပြလေ၏ ။ လက်လျှော့ မလိုလိုလည်း ထင်ရသည့် ကြောက်ရွံ့ သလိုလို ၊ စကားနာထိုး သလိုလို အနေအထားနှင့် အချစ်ဝေဒနာကို ပြဆို၏ ။
အဖြေ ထွက်ပြီးပြီ ။
ပန်းနတ်သမီးကလေး၏ အဟန်ဖြင့် ဒူးချ၍ ထိုင်နေရာမှ ဒူးထောက်ကာ ပြတင်းကို မှီလေ၏ ။ အပျိုမကလေးသည် စောင့်စားနေသည့် ချစ်သူသို့ ညွှတ်ခဲ့လေပြီ ။ သူမ သည် အနက် မထင်သည့် အညည်းကလေး တစ်ချက်ကို တိုးတိုးသက်သာ မှုတ်ထုတ်ကာ မဝံ့မရဲ ရှေ့သို့ ယွန်း၍ ပြတင်းမှ ငုံ့ကာ ဂီတသံဖြင့် အချစ် ပန်ကြားနေသူကို ကြည့် လိုက်လေသည် ။
“ ဟာ ”
ယောက်ျားပျိုသည် တယော ပိုက်ကာ စောင့်စားနေဟန်ပင် ။ သို့သော် အောက်တန်းစား တစ်ယောက် ၊ ခေါင်းစုတ်ဖွားနှင့် အဝတ်အစားသည်လည်း အထက်တန်းစား၏ ဂိုက်မျိုး တစ်စက်မျှ မပါချေ ။ လမ်းဘေး ဖုတ်တောထဲမှာ ထိုင်လို့ပါကော ၊ ဘယ့်နှယ် ကြမ်းပိုး ပါလိမ့် ၊ ဂီတသံနှင့် မတန်လိုက်သည့် ဖြစ်ခြင်း ။
အပျိုမကလေးသည် ရင်ကို မ , ကာ အနောက်သို့ ယိုင်သွားလေ၏ ။ ငြူစူသော မျက်နှာ ၊ ကျိန်ဆဲနေသော နှလုံးဖြင့် ပြတင်းတံခါးကို ဂျုံးခနဲ ပိတ်၏ ။ အိုင်ဗီနွယ်ကလေး တစ်နွယ် တံခါးမှာ ညပ်ကာ ကြေမွသွား၏ ။ ခန်းဆီးကလေးသည်လည်း မြောက်တက်သွား၏ ။
အပျိုမကလေးသည် အိပ်ရာပေါ်သို့ ဆောင့်အောင့် လှဲချကာ စောင်ကို ခေါင်းမြီး တင်းတင်း ခြုံ၍ ၊ မျက်စိ အတင်းမှိတ်၍ အိပ်၏ ။
ည သည်လည်း မလှတော့ပြီ ၊ တေးသံ သည်လည်း မနုတော့ပြီ ။
▣ ကြည်အေး
📖 တာရာ မဂ္ဂဇင်း
အတွဲ ၁ ၊ အမှတ် ၄
ဧပြီ ၊ ၁၉၄၇

No comments:
Post a Comment