❝ တိုးတက်နည်း ❞
( ပီမိုးနင်း )
မောင်မြသည် သူဌေး ဦးကျော်ဦး၏ တိုက်ကို နောက်ဆုံး ရောက်သော စာရေး အလတ်စား ဖြစ်သည် ။ ထိုတိုက်၌ တစ်နှစ်နီးနီး ရှိသော်လည်း စာရေးများနှင့် များစွာ မရောနှော ။ လမ်းမှာ တွေ့သည့်အခါ ခေါင်းညိတ် နှုတ်ဆက်ခြင်းထက် ပိုမို၍ မည်သူနှင့်မျှ အကျွမ်းမဝင် ။ ၎င်း၏ အလုပ်နှင့် ပတ်သက်သော စာရေး တစ်ယောက် နှစ်ယောက် နှင့်သာ ထိထိရောက်ရောက် အရောဝင် လေ၏ ။
ထိုတိုက်သို့ ရောက်ခြင်းမှာလည်း အခြားတိုက် တစ်ခုမှာ ထိုနည်းအတိုင်း အခြားစာရေးများနှင့် များစွာ အပေါင်း မဆံ့ခြင်းကြောင့် စွပ်စွဲခြင်းကို ခံရသည့်အတွက် ထွက်၍ လာရပြီး ဦးကျော်ဦး နှင့် တွေ့ခြင်းဖြစ်ရာ အချို့က အရင် တိုက်မှာ ခိုးသည့် အတွက် အလုပ်ပြုတ်လာသည်ဟု တီးတိုးပြောကြလေ၏ ။
အသွင်အမူအရာ အားဖြင့် အတော်စိတ်ကြီး ဝင်လျက် တွင်ကျယ်လိုသောသူ တစ်ယောက် ဖြစ်ကြောင်း သိသာလေ၏ ။ ၎င်း၏ လက်၌ အမြဲ စာအုပ် ပါရှိသည်ကို ထောက်သော် လူနေခြုံကြား ၊ စိတ်နေဘုံဖျား ဟူသော လူတစ်မျိုး ဖြစ်ကြောင်း အတော်ပင် ထင်ရှားသော လူတစ်မျိုး ဖြစ်လေ၏ ။ ၎င်းအား သူဌေး ကိုယ်တိုင်က အတော် အရေးပေးသဖြင့် အခြား စာရေးများမှာ ပိုမို၍ မကျေမချမ်း ဖြစ်ကြလေ၏ ။
စာအုပ်ကို အမြဲ ကိုင်သည့်အတွက် သူဌေးက သူ့ကို လူဟုတ်ကြီး တစ်ယောက် မှတ်ထင်နေသလား မသိဘူးဟု ပြောကြလေ၏ ။ သူဌေး မှတ်ထင်သည်မှာလည်း မှန်၍နေ၏ ။ အကြောင်းမူကား မန်နေဂျာ လစ်လပ်သော အခါ အခြား စာရေးကြီးတွေကို မခန့်ဘဲ မောင်မြ ကို ခန့်လိုက်လေ၏ ။ ထိုအခါ တစ်တိုက်လုံးမှာ အနာမြုံ သလို မြုံပွ၍ လာလေသတည်း ။
မောင်မြ ကို မန်နေဂျာရာထူး ပေးပြီးသည့် နောက် တစ်နေ့၌ နေ့လယ် လက်ဖက်ရည် သောက်ရန် ဆင်းသောအချိန်တွင် လက်ဖက်ရည်ဆိုင် တစ်ဆိုင်၌ စာရေးများသည် စုဝေး ရောက်ပြီးလျှင် ကိုယ်စိတ်နှစ်ဖြာ များစွာ ပင် မသက်သာသော အမူအရာနှင့် စားပွဲများမှာ လေးယောက်စီ ၊ ငါးယောက်စီ ဝိုင်း၍ ထိုင်ကြလျက် တိုင်းပြည်ပျက်တော့မည့် အရေးအတွက် ဆွေးနွေးကြရမည့် ပုဂ္ဂိုလ်များထက် ပိုမို အရေးကြီးသော အသွင် ဖြစ်၍ နေကြလေ၏ ။
ထိုအခါ ထိုလက်ဖက်ရည်ဆိုင်၌ အခြားသူ များစွာ မရှိ ၊ ၎င်းတို့ တိုက်သားများသာ ရှိကြလေ၏ ။ “ ဘယ့်နှယ် လုပ်ကြမလဲ မောင်တို့ ၊ တိုင်းရေးပြည်ရေးတော့ ရှေ့ကို သာယာဖို့ လမ်းများ မြင်ကြရဲ့လား ” ဟု စာရေးအကြီးစား တစ်ယောက်က အသံခပ်ကျယ်ကျယ်နှင့် ပြောလေရာ အားလုံး ဆိတ်ငြိမ်လျက် လက်ဖက်ရည်ကို သောက်သူက သောက် ၊ ပန်းကန်ပြားထဲသို့ လောင်းသူက လောင်း ၊ ငေးမောတွေးတောသူက တွေးတောလျက် နေကြလေ၏ ။ အတန်ငယ်ကြာမှ တစ်ယောက်က “ ကြမ္မာယွင်းယို ၊ ပျက်စီးလိုက ၊ အဆိုတခြား ၊ အနေမှား ဆိုတဲ့ စကားလို ကျုပ်တို့ သူဌေးမင်းတို့ မှားခြင်းကြီး မှားတော့တာပဲ ။ လူရိုး သူခိုးထင် ၊ သူခိုးကို သူတော်သူမြတ် ထင်ပြီး မတော်တာကို လုပ်တော့တာပဲ ” ဟု တစ်ယောက်က များစွာ ကြောင့်ကြသော အမူအရာနှင့် ပြောလေ၏ ။
“ မတော်တာဆို ဘယ်ပြောစရာ ရှိတော့မလဲလေ ။ မောင်မြ ဆိုတဲ့ အကောင်က မနေ့တစ်နေ့ကမှ လူဖြစ်ပြီး တိုက်ကို ရောက်လာ ၊ သူ့ကိုယ်သူ အထင်ကြီးပြီး သူဌေးကို တောင်ပြော မြောက်ပြော ဟိုစွက်ဒီစွက် လုပ်တတ်သည့် အတွက် သူဌေးက အဟုတ်ကြီး ထင်ပြီး အရင် ပဝေသဏီ က အသုံးပြုလာတဲ့ လူရင်းတွေကို ပေယျာလကန် ပြုလိုက်တာဟာ မှားတာပေါ့ ဆရာရယ် ။ အတွင်းထရံ အပြင်ပြုတာကလား ” ဟု တစ်ယောက်က ပြောလေ၏ ။
“ သူဌေး မတော်တာကို လုပ်လို့ သူ့မှာ တစ်ခုခု ဖြစ်မှာက နောက် တဖြည်းဖြည်း ၊ အလုပ်သား အားလုံး ဒုက္ခဖြစ်ကြမှာက အခုလက်ငင်း လတ်တလော ။ ဒီ အကောင်က သူ့ကိုယ်သူ လူစေ့စပ်တစ်ယောက် ထင်ပြီး တိုက်မှာ ပြောင်းလဲခြင်းတွေ ရီဖောင်စကင်းတွေကို ထုတ်လိမ့်မယ် ဆဲဆဲပဲ ။ သူက အခု ကာလပေါ် အရောင်းအဝယ်စာအုပ် ၊ တိုးတက်ရေးကျမ်းကလေးများကို သူဌေးကို ပြပြီး လူတတ်ကြီး လုပ်ပြီး အလုပ်ပိုတွေ အသစ် ထွင်တော့မှာပဲ ။ ဒီတော့ ဒီပြောင်းလဲခြင်းတွေကို ခံနိုင်မလား ၊ မခံနိုင်ဘူးလား ဆိုတာ အခု စောစောက ဆုံးဖြတ်ကြဖို့ လိုတယ် ။ မီးကို မလောင်မီက တားရတာမျိုး ။ အခု ဘယ်လိုလုပ်ကြမလဲ ” ဟု တစ်ယောက်ပြောလေ၏ ။
တစ်ယောက် ။ ။ “ အခု ဘယ်လိုမှ လုပ်ဖို့ မရှိဘူး ။ ဒီမကောင်းတဲ့အကောင် တစ်ယောက် မန်နေဂျာ လုပ်ရင် လူကောင်းတွေ ဘယ်နည်းနှင့်မျှ ကြာကြာ မခံနိုင်ဘူး ။ ဒီတော့ကာ ဒီအကောင် မန်နေဂျာလုပ်ရင် ကျုပ်တို့ အလုပ်မဆင်းဘူး ဆိုတဲ့ ဆုံးဖြတ်ချက်ကို လုပ်ပြီး သူဌေးထံ နက်ဖြန်ခါ စာတင်တာပေါ့ ”
တိတ်ဆိတ်လျက် အတန်ငယ်ကြာစွာ စဉ်းစား၍ နေကြလေ၏ ။
“ မမှားတဲ့ ရှေ့နေ ၊ မသေတဲ့ ဆေးသမား မရှိဘူးတဲ့ ။ ကျုပ်တို့ သူဌေး ဒီအချက်မှာ မှားရှာတာပဲ ။ မှားရင် ဧကန် ဘေးဒုက္ခနဲ့ အမြန်အနှေး ဘေးတွေ့တော့မယ့် ဆဲဆဲပဲ ။ ဒီတော့ ကျုပ်တို့က သူဌေး ဒုက္ခ မဖြစ်ရအောင် တတ်နိုင်သမျှ ကွယ်ကာစောင့်ရှောက်ဖို့ ဝတ္တရားရှိတယ်လို့ ကျုပ် တော့ သဘောရတာပဲ ။ တစ်ဦးကျေးဇူး တစ်ဦးမှာ ဆိုတဲ့ စကားလည်း ရှိပါတယ် ။ ကျုပ်တို့ လခကို မှန်မှန် မပျက် မကွက်ဘဲ ရပြီး လူချင်းတူတူ သူချင်းမျှမျှ တင့်တောင့်တင့်တယ် နေနိုင်စားနိုင်ကြတာဟာ ဒီလို အလုပ်ကြီး အကိုင်ကြီး လုပ်တဲ့ သမ္ဘာရှင်တွေ မရှိဘူး ဆိုရင် ကျုပ်တို့လို သူတစ်ထူး လခပေးနိုင်မှ လုပ်တတ်တဲ့ လူတွေ ဘယ်ပုံ ပြုကြရမယ် ဆိုတာ စဉ်းစားကြည့်ကြပေတော့ ။ သည့်အတွက် သူဌေးမှာ ပျက်စီးခြင်းဘေးကြီးနဲ့ ရင်ဆိုင် တွေ့နေရတဲ့ အခုလို အခါမျိုးမှာ ကျုပ်တို့ သူဌေးကို စွန့်သွားကြမယ်ဆိုရင် ရန်သူ့လက်ထဲ ပုံအပ်ထားခဲ့တာနဲ့ မတူဘူးလား ခင်ဗျာ ။ တစ်ဆိတ် ဒါကိုလည်း စဉ်းစား ကြည့်ကြပါ ”
“ သူဌေး မှားတာတော့ ပြောစရာ မရှိဘူး ။ ထင်ရှားပြီးသား ဖြစ်နေပြီ ။ သူကိုယ်တိုင်သာ ကံကြမ္မာဖိစီးဖို့ မမြင်ဘဲ နေရရှာတာကိုး ။ သူခိုးဓားပြကို ဘုရားမှတ်ပြီး ကိုးကွယ်မှ ဒါထက် မှားတာ ဘယ်မှာ ရှိတော့မှာတုံး ။ ဒီတော့ ကျုပ်တို့လည်း အရှည်သဖြင့် တည်တည်ကျကျ ဖြစ်ကြရလေအောင် ၊ သူဌေးလည်း မပျက်စီးရလေအောင် တဖြည်းဖြည်း သည်းခံပြီး စောင့်ကြဖို့ သင့်တယ်လို့ အောက်မေ့တာပဲ ”
“ မှန်ပေတယ် ။ မကောင်းဆိုးယုတ်တဲ့ သူများမှာ သူတို့ရဲ့ မကောင်းမှု အကုသိုလ်ဟာ အလစ်မှာ ကုပ်ကို ခဲဖို့ အမြဲ စောင့်နေတာပဲ ။ ဒီငမြ ဆိုတဲ့ အကောင်ဟာ လူယုတ်မာ ဖြစ်ကြောင်း သူ့ ရုပ်က ပြပြီးမို့ ဒါတော့ အထူး ပြောစရာ မလိုတော့ပါဘူး ။ မြန်မြန်ကြီး သူ့ ဘာသာ သူ ဒုက္ခဖြစ်မှာပဲ ။ ဒီလိုလူမျိုးဟာ တော်တော်ကြာ လက်ထိပ်နဲ့ သွားရတာမျိုးပဲ ။ ကျုပ်တို့ ဝတ္တရားက ကျုပ်တို့ရဲ့ ကျေးဇူးရှင် သူဌေးမင်းကို ကျားငစဉ်းလဲ ရဲ့ ခံတွင်း မရောက်အောင် စောင့်ထိန်းဖို့ ဝတ္တရားပဲ ။ သည့်အတွက် သည်းခံပြီး ပိုနေမြဲ ကျားနေမြဲ ဆိုသလို နေရင်း သူယုတ်မာရဲ့ မကောင်းမှုများကိုလည်း တစ်စတစ်စ ဖြည်းဖြည်း ဆိုတာလိုပေါ့ ခင်ဗျာ ၊ သူဌေး သိသာအောင် အရိပ်အမြွက် ပြကြရတာပေါ့ ။ ကြာလှမယ် မထင်ပါဘူး ။ တော်တော်ကြာရင် ဇာတိပေါ်မှာပါပဲ ”
“ ဘီလူးသဘက် မကောင်းဆိုးဝါးဆိုတာ ကြာကြာ ဟန်ဆောင်နိုင်တာမျိုး မဟုတ်ဘူး ။ တော်တော်ကြာ မျက်လုံးက ပြူးထွက်လာ ၊ နှာခေါင်းက ရှည်ကျလာ ၊ လျှာတန်းလန်းထွက်လာ ၊ နားရွက်ကြီးကားလာ ၊ သွား ကြီးကျဲလာ ၊ အတန်ကြာတော့ တလားရုပ် ၊ မသာရုပ် ဖြစ်လာတာပဲ ”
“ အထူးဂရုစိုက်ဖို့ကတော့ ဒီအကောင် ဘာလုပ်တတ်တယ် ဆိုတာ မိအောင် ဖမ်းကြဖို့ ။ သင်း ဘယ်အချိန် အလုပ်တက်သလဲ ၊ ဘယ်အချိန် ဆင်းသလဲ ။ အလုပ်က ဆင်းရင် ဘယ်သွားသလဲ ။ သူ့မယား လက်ကောက် ဘယ်နှစ်ဆင့် တိုးသလဲ ဆိုတဲ့ ပွိုင့်တွေကို စုံထောက် မှတ်သားကြဖို့ ရှိပါတယ် ” ဟု တစ်ယောက်က ပြောလေ၏ ။
“ သတိမမူ ဂူမမြင်ဘဲ သတိမူက မြူကို မြင်သတဲ့ ။ သည်တော့ကာ ကျုပ်တို့ အလုပ်တိုက်မှာ မကောင်းဆိုးဝါး ရန်သူတွေ ဝင်တဲ့အခါ ကျုပ်တို့ အလုပ်တိုက်မှာ ရာဟု သံဒေါင်းဝင်တဲ့အခါ လက်မှာ စနေစီးနေတဲ့အခါ ဖြစ်နေခိုက်မှာ သတိသာ အများကြီး ထားကြပြီး မကောင်းဆိုးဝါးရန်ကို ခုခံကာကွယ်ဖို့ အရေးက အလုပ် မဆင်းဘဲ နေတာထက် ပိုပြီး ကြီးပါပေတယ် ”
“ အခုအနေမှာတော့ သူဌေးကို ဘယ်လို ပြောလို့မှ မရဘူး ။ သူ့စကားတွေ နားဝင်နေတဲ့အခါ ၊ သူ့ကို ပုံပြီး ယုံကြည်တဲ့အခါ ဖြစ်နေတော့ အကောင်း တို့ကြံတာကို အကောင်းမှန်း သိမှာ မဟုတ်ဘူး ။ အကျိုးအပြစ် မမြင် နိုင်ရှာတဲ့ အခြေအနေပေကိုး ။ တဖြည်းဖြည်း ၊ နောက် တစ်စတစ်စ မကောင်းဆိုးဝါးမှာ အငွေ့အသက်များ ပေါ်တဲ့ အခါကျမှ သူတော်ကောင်း နတ်ကောင်း နတ်မြတ်များနဲ့ တူကြတဲ့ ကျုပ်တို့တစ်စုက ဒီ မကောင်း ဆိုးဝါးကို ဒဏ်တစ်ရာ ခတ်ပြီး မြိုင်ရပ် နှင်ရမှာပဲ ”
“ အခုအနေတော့ ကျုပ်တို့ လှုပ်ရင် မြုပ်ဖို့ရှိတာပဲ ။ ကျုပ်တို့ မြုပ်ရင် ကျုပ်တို့သူဌေး ကုပ်ကို ခွစီးပြီး မကောင်း ဆိုးဝါးဟာ ဧကန်ဒိဋ္ဌ သွေးကိုစုပ်တော့မှာပဲ ။ သည့် အတွက် အထက်အထက်က ထက် အလုပ်ကို အထူး ပိုမို ဂရုစိုက်ကြပြီး ရန်သူတော်၏ အမှားများကို မိအောင် ဖမ်းဖို့ရန် ကြိုးစားကြဖို့ အရေးကြီးကြောင်း ကျုပ်က ပြောလိုပါတယ် ခင်ဗျား ” ဟု တစ်ယောက်က ထပြောပြီး ထိုင်လိုက်ရာ အားလုံး လက်ခုပ်လက်ဝါး တီးကြလေ၏ ။
သို့ ဆွေးနွေးပြီးနောက် အလုပ်တိုက်သို့ ပြန်၍ ရောက်သွားကြလေ၏ ။ အလုပ်တိုက်မှာ အခါတိုင်းနှင့် မတူ ၊ များစွာ ဆိတ်ငြိမ်လျက် ကြီးစွာ ပြောင်းလဲခြင်းများ ဖြစ်ရတော့မည့် အငွေ့အသက် လက္ခဏာသည် အလုပ် ခန်း၌ သိသိသာသာ လွှမ်းမိုး၍ နေသည်ဟု မှတ်ထင်ရလေ၏ ။ နေ့လယ်စာ စားကြသော အချိန်ကလေး အတွင်းမှာပင် အခန်းနေရာတွေ ပြောင်းလဲပြင်ဆင်၍ ထားပြီးသည်များကို တွေ့ကြရလေ၏ ။
အခါတိုင်း အလုပ်သမားများ နောက်သို့ လှည့်ကြည့်ရသော နာရီသည် ရှေ့တည့်တည့်ကို ရောက်၍ နေလေ၏ ။ စာရေး အားလုံးတို့သည် မိမိတို့၏ နေရာများ၌ ရပ်သူက ရပ် ၊ ထိုင်သူက ထိုင် ၊ ဆိုင်ရာအလုပ် အတိုင်း နေကြလေ၏ ။
သို့နေကြခိုက်တွင် မောင်မြသည် သူဌေး၏ အခန်းထဲမှ ထွက်လာပြီး လက်တစ်ဖက်၌ စက္ကူလိပ် တစ်ခုကို ကိုင်လျက် ၊ လက်တစ်ဖက်၌ ခဲတံအနီ ၊ အပြာကို ကိုင်လျက် ၊ ရှပ်အင်္ကျီ ဖန်စီကော်လာ ၊ ပြောင်ပြောင်ထောင်ထောင်ဝင်းဝင်းကို ပင့်ကာ အပေါ်အင်္ကျီ မပါ ၊ အလုပ်များသော ပစ္စည်းပိုင်ရှင်အလား လက်တစ်ဖက်ဖြင့် ခါးထောက်ရင်း ခြေတစ်ဖက်ကို ရှေ့သို့ ပစ်လျက် စာရေး အားလုံးအား ခပ်မော့မော့ အမူအရာ ၊ ဝင်းထိန်တောက်ပသော မျက်လုံးမျက်နှာ ရွှင်ပျစွာနှင့် ကြည့်လေ၏ ။
ထိုရွှင်ပျခြင်းမှာ များစွာ တည်ငြိမ်သော ရွှင်ပျခြင်း ဖြစ်လေ၍ ချောင်းတစ်ချက် ဟန့်ပြီး “ တစ်ဆိတ် သေသေချာချာ နားထောင်ကြစေချင်ပါတယ် ။ အလုပ်များကို ခဏ ရပ်ထားကြပါ ။ ဟိုဘက်က ဟေ့ ... မောင်သိန်း ၊ မင်းကလောင်တံကို တစ်ဆိတ် ချထားပြီး နားထောင်စမ်းကွယ့် ” ဟု ပြောလေရာ မောင်သိန်း ခေါ်သူ စာရေးဘက်သို့ အားလုံးသော စာရေးကြီး စာရေးငယ် တို့သည် ထိတ်လန့်သလို ပျာပျာသလဲ လှည့်၍ ကြည့်ကြလေ၏ ။ မောင်သိန်းလည်း မျက်နှာကော ၊ ကလောင်တံကော ချပြီး ငြိမ်သက်စွာ နေလေ၏ ။ စာရေးတစ်ယောက်က အခြား တစ်ယောက်ကို မျက်စပစ်လိုက်ရာ မောင်မြ၏ လျင်မြန်သော မျက်လုံးအရှိန်တွင် ၎င်း၏ မျက်လုံး အရှိန်များ ငြိသလို ဖြစ်ပြီး ရပ်တန့်၍ သွားလေ၏ ။
ထို့နောက် စကားစ၍ ပြောသည်မှာ ...
“ ဒီအလုပ်တိုက်မှာ အများကြီး ပြောင်းလဲစရာတွေ ရှိတယ် ။ သို့သော်လည်း အားလုံးအကုန် မပြောင်းလဲ နိုင်သေးဘူး ။ အလုပ်တိုက်မှာ အလုပ်လုပ်ကြခြင်းမှာ ရည်ရွယ်ချက် နှစ်ခု ရှိရတယ် ။ ပထမရည်ရွယ်ချက်က အပင် ။ ဒုတိယရည်ရွယ်ချက်က မှီခိုနားနေခြင်းဖြစ်တယ် ။ အပင် ဆိုတာ အလုပ်တိုက် ။ နားနေသူတွေက ကျုပ်တို့ အလုပ်သမားများပဲ ။ အပင်ကြီးမှာ အကိုင်း ၊ အခက် စည်ပင်မှ ခိုကိုးရသူများလည်း ရိပ်ငြိမ်သာယာ ကြမှာကိုး ။ သို့သော် အကိုင်း ၊ အခက် သာယာအောင် မြေတောင်မြှောက်ခြင်း ၊ ရေလောင်းခြင်း အလုပ်မှာ အဟုတ်တကယ် လတ်တလော လောင်းအား ရှိကြမှ အလုပ် ပိုပြီး ကောင်းဖို့ ရှိသည့်အတွက် အရောင်းဘက်က စာရေး အားလုံးမှာ နေ့စဉ် ရောင်းရသမျှ အပေါ်မှာ အင်္ဂလိပ်တိုက်များ ထုံးစံအတိုင်း ကော်မရှင် ရကြလိမ့်မယ် ”
“ မြန်မာတိုက်ဆိုင်များမှာ ဒီထုံးစံမှာ ပေါ့လျော့ကြသည့် အတွက် လုပ်ရသူများမှာလည်း မကြီးပွားကြဘူး ။ အင်္ဂလိပ်ကုမ္ပဏီ အလုပ်တိုက်ကြီး တစ်ခုကို မှီပြီး သူဌေးငယ် ၊ သူကြွယ်များ ဖြစ်နိုင်ကြသလို ၊ မြန်မာအလုပ်တိုက်ကြီး တစ်ခု မှီပြီး မြန်မာလူမျိုး သူကြွယ်လူချမ်းသာရယ်လို့ တစ်ယောက်တလေမျှ မကြားခဲ့ရသေးဘူး ”
“ သည့်အတွက် ဒီအလုပ်တိုက် ကြီးပွားသထက် ကြီးပွားလာရင် ယခုလက်ရှိ စာရေးကြီးငယ်များမှာလည်း အားလုံး ကြီးပွားကြရမယ် ဆိုတာ စိတ်ချပြီး အလုပ်ကို စိတ်ပါကိုယ်ရောက် လုပ်စေချင်ပါတယ် ”
“ မြန်မာအလုပ်တိုက်ကြီး တစ်ခုက မည်သူမည်ဝါ တစ်ယောက်ကို နှစ်စေ့လို့ အငြိမ်းစား ပေးထားတယ် ရယ်လို့ မကြားဖူးသေးဘူး ။ ယခု ဒီတိုက်မှာ ရည်ရွယ်ထားချက်များ အထမြောက်ရင် မြောက်လည်းမြောက်ရမှာပေါ့လေ ၊ အငြိမ်းစားရသူ ၊ တစ်သက်စာ လုံလောက်အောင် ဆုလာဘ်ရသူများ စ၍ ပေါ်ပေါက်ရအောင် စီမံဖို့ ရည်ရွယ်ချက် တစ်ခု ထားရှိကြောင်း သူဌေးမင်း ကိုယ်တိုင်က ပြောစေလိုသည့်အတွက် ယခု ပြောပြရခြင်း ဖြစ်ပါတယ် ။ ယခု ဒီတိုက်မှာ နှစ်စဉ် ဘောနပ်စ်ခေါ် ဆုမရကြသေးဘူး ။ ယခု လာမည့်နှစ်မှာ ရကြပါလိမ့်မည် ။ ကြိုးစား၍ အလုပ်ကိုသာ လုပ်စေချင်ပါတယ် ။ လခများလည်း အထက်ထက်က နှစ်စဉ် မတိုးခဲ့ဘူး ။ ယခု လာမယ့်နှစ်က စပြီး အနည်းဆုံး ငါးကျပ်တိုး ရပါလိမ့်မယ် ”
“ ငွေကြေး ကျပ်တည်းသည့် အခါမို့ များစွာ မတတ်နိုင်သော်လည်း အခြားတိုက်များလို အလုပ်သားများ ကိုတော့ မလျှော့ဘူးဆိုတာ စိတ်ချကြပါ ။ သို့သော်လည်း အလုပ်သမားများကို မထိရအောင် အသုံးအစွဲကို ချွေတာနိုင်သလောက် ချွေတာပြီး ၊ မကုန်တန်တာ မကုန် ရအောင် ၊ မပျက်စီးတန်တာ မပျက်စီးရအောင် ဂရု စိုက်ကြလိမ့်မယ်လို့ မျှော်လင့်ပါတယ် ”
“ စာရေးများ လျှော့လိမ့်မယ် ထင်လို့ စိတ်ပူနေကြကြောင်း ကြားသိရတယ် ။ ဒီအတွက် စိတ်မပူကြနဲ့တော့ ။ မလျှော့စေရဘူး ” ဟု ပြောလေရာ အားလုံး လက်ခုပ်လက်ဝါး တီးကြလေ၏ ။
မောင်မြ ပြောပြီးနောက် သူဌေးက အခြားတိုက်မှာ အလုပ်လုပ်နေစဉ် ကုန်သည်အတတ် ၊ အရောင်းအဝယ် အတတ်ဆိုင်ရာ ကျမ်းအမျိုးမျိုးကို ဖတ်ပြီး အလုပ်ကိုသာ ဂရုစိုက်သည့်အတွက် အခြား စာရေးများက မုန်းကြ ကြောင်း ၊ သူဌေးကိုလည်း အမှားများကို ပြသည့် အတွက် သူဌေးကိုယ်တိုင်က မောင်မြ ကို ရှုတ်ချကြောင်း ၊ မောင်မြ အကြောင်းကို မိမိ သိခဲ့သည်မှာ ကြာလှပြီ ဖြစ်ကြောင်း ၊ အခြားတိုက်မှာ နေစဉ်ကပင် မိမိအား အကြံဉာဏ်ဖြင့် ကူညီခဲ့သည့် အတွက် ဤတိုက်မှာ တိုးတက်၍ နေကြောင်း ၊ ချင်းလက်က ကျောက်ကို မိမိ ရရှိသဖြင့် ဤတိုက်မှာ ဆင်မြန်းရကြောင်း ၊ သို့အတွက် မောင်မြ ကို မန်နေဂျာ ခန့်သည်မှာ အားလုံးအကျိုးအတွက် ဖြစ်ကြောင်း ၊ ကြီးပွားချမ်းသာလိုသူများလည်း ၎င်း၏ နည်းလမ်းကို လိုက်ကြရမည့်အကြောင်းနှင့် သူဌေးက ပြောရာ တိုး၍ လက်ခုပ် တီးကြလေ၏ ။
▢ ပီမိုးနင်း
📖 ဝတ္ထုပဒေသာ ပေါင်းချုပ် ( ၁ )
No comments:
Post a Comment