❝ ဉာဏ်စွမ်းကုန် ❞
( ပီမိုးနင်း )
“ လူဆိုတာ အကြံဉာဏ် ဝီရိယကို ရှိသမျှ အစွမ်းကုန် သုံးတယ်လို့ မရှိကြဘူး ။ ကိုယ့်ရဲ့ ဉာဏ်ဝီရိယ ရှိသမျှအနက် ရာခိုင်နှုန်း ငါးဆယ်တောင် မသုံးကြဘူး ။ အများအားဖြင့် ရာခိုင်နှုန်း အစိတ် ၊ သုံးဆယ် လောက်သာ သုံးကြတာပဲ ။ ရာခိုင်နှုန်း ကိုးဆယ် ၊ တစ်ရာ သုံးရင် ကမ္ဘာ လောကကြီးဟာ ယခုလို မနေဘူး ။ ယခုထက် အဆ ရာထောင် ကြီးကျယ်နေမှာပဲ ” ဟု ပြောရင်း မောင်အော သည် တံတားလက်ရန်းပေါ်၌ ဒူးကို နှန့်ကာ ဆေးပေါ့လိပ်ကို ဖွာလျက်နေလေ၏ ။
လသာသာ ညဉ့်အခါများ၌ ရွာထိပ်ရှိ မြောင်းငယ် တံတားလက်ရန်းသည် မောင်အော လက်ချာပေးနေကျ နေရာဖြစ်ရာ ၎င်း၏ စကားများကို နားမထောင်ဘဲ မနေနိုင်ကြသော်လည်း နားထောင်ပြီးနောက် ၎င်းအား မကဲ့ရဲ့ သူ နည်းပါးလေ၏ ။ အကြောင်းမူကား မောင်အော မှာ ရပ်ရွာဓလေ့အတိုင်း တစ်စုံတစ်ရာကိုမျှ မလုပ် ။ ညီအစ်ကို မောင်နှမ ၊ ဆွေမျိုးဉာတိများက အသင့်အတင့် စားနိုင်သောက်နိုင်သူများ ဖြစ်ရကား ဟိုအိမ် တစ်လှည့် ၊ ဤအိမ် တစ်လှည့် ၊ ထိုအိမ် တစ်ခါ ၊ ဤအိမ် တစ်ခါ စားသောက် နေထိုင်လျက် မိမိအတွက် နေ့ဖို့ညစာ မပူရ ။ မဝတ်ရမှာ ကိုလည်း မကြောင့်ကြရ ။ ၎င်း၏ ခါး၌ ရှိသော ခပ်လတ်လတ် ပိုးသားလုံချည်များ ၊ ရှပ်အင်္ကျီများမှာ ဆွေမျိုးသားချင်းတို့၏ အိမ်များရှိ တန်းများ ၊ ချိတ်များမှ ဖြုတ်ယူ ရရှိသော အဝတ်များ ဖြစ်ကြလေ၏ ။
၎င်းမှာ ဗဟုသုတ များသည်ကား မှန်၏ ။ ထိုသို့ များခြင်းမှာ ခါးကို ကုန်း၍ ဘာကိုမျှ မလုပ်ဘဲ တွေ့ရာ သတင်းစာ ၊ မဂ္ဂဇင်း ၊ အင်္ဂလိပ် ၊ မြန်မာစာအုပ် ဟူသမျှကို နားလည်သည် ဖြစ်စေ ၊ နားမလည်သည် ဖြစ်စေ ဖတ်လေ့ ရှိသူ တစ်ယောက် ဖြစ်လေရာ စာအုပ် မှန်လျှင် ခံတမာ စားတော်ချက်ကျမ်း မကျန် ရသမျှကို ဖတ်သူ ဖြစ်လေ၏ ။ ရပ်ရွာ၌ ကျောင်းသားလူငယ်များ၏ စာအုပ်မှန်လျှင် အတန်းမရွေး ဘာသာမရွေး တွေ့ရာမှာ ဆွဲယူပြီး တစ်ထိုင် တည်းကုန်အောင် စားသလို သောက်သလို ဖတ်လေ့ ရှိ၏ ။ သို့ ဖတ်နေကျ ၊ မှတ်နေကျသောအခါ မှတ်ဉာဏ်မှာ လေ့ကျင့်ခန်း ရသဖြင့် ဂဏန်းသင်္ချာ ၊ အက္ခရာသင်္ချာ ၊ ဂဲသြမေထရီ စာအုပ်များကိုပင် ခဲတံ ၊ ကျောက်တံ မကိုင်ဘဲ ဖတ်ရုံနှင့် စိတ်ဖြင့် တွက်ရင်း ကိုးတန်း ၊ ဆယ်တန်း လောက် တတ်၍ နေလေ၏ ။ အင်္ဂလိပ်ကျောင်း ၊ လောကဓာတ်ကျောင်းများ၌ကား မနေဖူးချေ ။ ရှင်လူထွက်သည် နှင့် တစ်ပြိုင်တည်း ဘုန်းကြီးကျောင်းမှ ထွက်ပြီး ရပ်ရွာမှာ ပျော်ပျော်ပါးပါး အမြဲ ဟောလီးဒေးရ၍ နေသော လူပျိုကြီးတစ်ယောက် ဖြစ်လေ၏ ။
သို့ဖြစ်လေရာ ရပ်သူရွာသား အားလုံးတို့က ဒီအကောင် ပညာဉာဏ်ကလေး ၊ ပြောရေးဆိုရေးကလေးတော့ တော်ပါရဲ့ ။ တော်တာက နည်းနည်း လောဘက များပြီး ဘာမှ ဖြစ်အောင် မလုပ်တာက ခက်တာပဲဟု ပြောကြလေ၏ ။ ဆွေမျိုးများကမူကား ဒီအကောင် လူဖြစ်မယ့် အကောင်မဟုတ် ၊ လတ်လျားလတ်လျားနဲ့ စကားပြောရင်း သေမှာပဲ ။ အလကားအကောင် ။ စာက ထမင်းကျွေးတာ မဟုတ်ဘူး ။ အလုပ်လုပ်မှ ထမင်း ကျွေးတာ ။ သူ့လုပ်စာနဲ့ ဘာများ ဝတ်ရဆင်ရ စားရ သုံးရသလဲ ။ အလကား ဘဝင်မြင့်နေတဲ့ ကြမ်းပိုး အထက်တန်းစားဟု ပြောကြလေ၏ ။ ပြောသည့် အတိုင်းလည်း မှန်၏ ။ အကြောင်းမူကား အသက်နှစ်ဆယ် ခန့်ရှိသော်လည်း မည်သည့် အလုပ်ကိုမျှ မလုပ် ။ စာရေး စာချီလည်း မဟုတ် ။ ကုန်သည်အရောင်းအဝယ်လည်း မလုပ် ။ လူရည်လူချောကလေး အသံကလေး ၊ အပြောကလေးနဲ့ ဆိုရင် ဇာတ်သဘင်ထဲ ဝင်တော့ ကြီးပွားမှာပဲဟု ပြောကြလေ၏ ။ မောင်အော မှာကား မည်သူ့ကိုမျှ ဂရုမစိုက် ။ အခြား ကာလသားများ ကိုလည်း မိမိနှင့် အဖက် မတန် သကဲ့သို့ နေလေရာ ၎င်းကို ကြိုက်ချင်သော မိန်းမပျိုများကပင် လူပေါ်ကြော့ ။ မယားတစ်ယောက် အတွက် လုပ်ကျွေးမယ့် အကောင် မဟုတ်ဘူး ။ အင်္ဂလိပ် ကျောင်းထွက်လည်း မဟုတ်တော့ စာရေးစာချီလည်း ဖြစ်မှာ မဟုတ်ဘူး ။ ကြီးရင် ဆရာ ယောင်ယောင် ၊ သမား ယောင်ယောင် ၊ ယောင်ကိုးဆယ်သမား ဖြစ်မှာပဲဟု လူကြီး မိဘများက ပြောကြသည့်အတွက် မကြိုက်ဝံ့ဘဲ နေကြလေ၏ ။
၎င်း၏ စကားများကို နားထောင်သူ ကာလသားများအနက် တစ်ယောက်က “ နို့ .. ဆရာ ၊ ဆရာကတော့ ရာခိုင်နှုန်း ဘယ်လောက် သုံးသလဲ ” ဟု မေးလေ၏ ။
“ ရာခိုင်နှုန်း ရာကျော်သာသာ သုံးနေရသည့် အတွက် မအားလို့ အလုပ်တောင် မလုပ်ဘူး ။ ကိုင်း ... ဘာပြောချင်သေးသလဲ ” ဟု ပြန်၍ပြောရာ တိတ်၍ နေကြလေ၏ ။
“ တစ်ယောက်က အေးလေ ... မလုပ်ဘဲ ဝတ်ရစားရ တာပဲ ။ သားစာ မယားစာအတွက် ပူစရာမှ မရှိဘဲ ဟုတ်လား ဆရာ ”
“ ပူချိန်တန်တော့ ပူရဦးမှာပေါ့လေ ။ လသာတုန်းဗိုင်းငင် နေရတာပဲ ”
“ ဆရာ ဘယ်လို ဗိုင်းငင်နေတာလဲ ”
“ နောင်ခါတော့ သိရမှာပေါ့လေ ။ အခုနေ ကျွေးတဲ့ မွေးတဲ့ သားချင်းပေါက်ဖော် ဆိုတဲ့ လတွေ ကြယ်တွေ ထိန်ထိန်လင်း နေခိုက်မှာ ဗိုင်းငင် ရတာပဲ ။ ဘယ်လို ဗိုင်းငင်တယ် ဆိုတာ နောင်ခါတော့ သိကြမှာပေါ့ ”
“ အခု ဆရာ့လက်က စာအုပ်က ဘာစာအုပ်လဲ ။ ဒါလည်း ဗိုင်းငင်တာ တစ်ခုပဲလား ”
“ ဒါက အင်္ဂလိပ်စားပွဲထိုး ခံတမာ အတတ် ။ ဟိုကွေ့ကျ ဟိုတက် ၊ ဒီကွေ့ ကျ ဒီတက်ပေါ့ ။ ကိုယ်တိုင်လည်း တစ်ခါတလေ ချက်ပြုတ်စားရတော့ ကောင်းတာပေါ့ ။ အခု ဆွေမျိုးဉာတိက ကျွေးကြပေမဲ့ အလကား မဟုတ်ဘူး ။ ကိုရင်တော့ စားသောက်မကောင်းဘူး ဆိုတော့ ဒီဆရာက စီမံပေးရတာ ။ တစ်နေ့က အမေ အုန်းဆွမ်း သံဃာတော်အစိတ် ကျွေးတော့ အဆန်းတွေ မစားရဘူးလား ။ အဲဒါ ဒီဆရာ လက်ချက်ပေါ့ ။ မြန်မာ လူမျိုး ဥပုသ်စောင့်လည်း ဝက်သားလေး ၊ ဆွမ်းကျွေးလည်း ဆိတ်သားဟင်းလေး ၊ လက်သုပ် ၊ မြူစွမ်ဟင်းချို ၊ ဂျူး လက်သုပ် ၊ ငါးပိချက် ၊ ဒါပဲမဟုတ်လား ။ တစ်နေ့က ဆရာ စီမံလိုက်တာ ကိုရင်တို့ နှုတ်သီး တွေ့ မသွားဘူးလား ။ နောက် အဆန်းကျွေးချင် မွေးချင်သူ ရှိရင် ပြောပါ ။ တစ်ဝမ်းတစ်ခါး အိမ်အိုးခွက်နဲ့ ဆရာ့ မှာတော့ သယ်ယူစရာလည်း မရှိဘူး ။ တစ်ထိုင်တည်း အဝစား ရပြီးတာပဲ ။ ဒါထက် မီးရထား သံတံတား ဆောက်တဲ့ အင်္ဂလိပ် အင်ဂျင်နီယာတစ်သင်း ရောက်လာသတဲ့ ။ ကု,လားခံ တမာတွေနဲ့ အပြည့်အစုံပဲ ။ နည်းသစ်နည်းဆန်းကလေး များရအောင် နက်ဖြန်ခါက စပြီး သွား တပည့်ခံရဦးမှာ ။ အင်္ဂလိပ်လူမျိုးများ အကြီး အကျယ် စားပွဲထိုင်တာ ဘယ်လို ဆိုတာလည်း မှတ်တန် မှတ်ရတာပေါ့ ” ဟု ပြောလေ၏ ။
“ နို့ .. ဆရာကော အစွမ်းကုန် သုံးပြီးပလား ” ဟု မေးလေလျှင် မောင်အောက အစွမ်းကုန် ဆိုတာ ဘယ်ကုန်တယ်လို့ ရှိမလဲလေ ။ သုံးတုန်းပေါ့ ။ အစွမ်းကုန်ခါတော့ နီးပါပြီဟု ပြောပြီး ဆက်လက် ကြီးပွားရေးတရားကို ဟောပြောရင်းသွားကြရာ သားနားသော ခြံကြီးနှင့် အိမ်ကြီးတစ်အိမ်၏အနီးသို့ ရောက်၍ သွားကြလေ၏ ။
“ ဒါ ကျုပ်နေရာပဲ ” ဟု မောင်အော က ပြသောအခါ အဖော်မှာ များစွာ အံ့သြလေ၏ ။
“ ကိုယ့်ဆရာ အဟုတ်သားပဲ ” ဟု ပြောရင်း လိုက်ပါ၍ သွားလေ၏ ။ အိမ်ကြီးအနီးသို့ ရောက်သောအခါ ဘောင်းဘီဝတ် ၊ ဂါဝန်ဝတ် ၊ မြန်မာကလေး ၊ မြန်မာယောက်ျားကလေးတွေ ဒါဇင်ဝက်လောက် အိမ်ကြီးထဲမှ ပြေးထွက်၍ လာကြပြီး မောင်အော ကို ဖက်ကြတွယ်ကြ ၊ တက်သူ ကတက် ၊ လက်ဆွဲသူက ဆွဲကြလေ၏ ။ သို့သွားရင်း အိမ်ကြီးနောက်ဖေး တဲကလေးကို ရောက်သောအခါ “ ဒါ ကျုပ်နေရာပဲ ” ဟု ပြောလေ၏ ။
ထိုအခါ မိတ်ဆွေက “ ဟင် ... ကျုပ်က အိမ်ကြီးရှင်များ ဖြစ်နေသလားလို့ ၊ အခု ဒီမှာ ဘာလုပ်နေတာလဲ ” ဟု မေးလေ၏ ။
“ ဟိုကွေ့ကျ ဟိုတက် ၊ ဒီကွေ့ကျ ဒီတက် ဆိုတာ လိုပေါ့လေ ၊ အခုတော့ ခံတမာစားပွဲထိုး ၊ စားတော်ခံ အလုပ်ပေါ့ ”
“ ဟင်..ဒီလိုဖြင့် မြတ်ထင် ပြောတာ ဆရာ မှတ်မိသေးရဲ့လား ”
“ လူဆိုတာ စိတ်သွားရာ ကိုယ်ပါတတ်တယ်လို့ ပြောတာလေ ၊ မှတ်မိတယ်ဗျာ ၊ မှတ်မိပါတယ် ။ ကျုပ်က အကောင်းစားတတ်တဲ့ ဝါသနာစိတ်က ရှိလေတော့ အကောင်းစားရတဲ့ အလုပ်နဲ့ လာတွေ့တာပေါ့ ။ ဒါပေမဲ့ အစေခံ ကု,လားခြောက်ယောက်ရဲ့အပေါ်မှာ ကျုပ်က လူကြီးပါ ။ ဒါက အခြား မဟုတ်ပါဘူး ။ ကောင်စီ ဥက္ကဋ္ဌကြီး ဦးနု အိမ်ပါ ။ အားလုံး ဘိုနေဘိုသုံး ။ ကလေးတွေကလည်း အင်္ဂလိပ်ဘောင်းဘီဝတ် ၊ ဂါဝန်ဝတ် ကျောင်းသားတွေဟာမို့ အင်္ဂလိပ်အိမ် ကျနေတာပါပဲ ။ ကိုယ့်မြန်မာလူမျိုး အချင်းချင်း ဒီလို ကြီးကြီးကျယ်ကျယ် ဖြစ်တော့ အစေခံ လုပ်ရတာပေမဲ့ ဂုဏ်အရှိကြီးဗျာ ။ ကိုယ့်အမျိုးသား ကြီးပွားဖြစ်မြောက်တဲ့အတွက် ဝမ်းမြောက်ဝမ်းသာ စေတနာ ဖြစ်ပြီး အစေခံ လုပ်ရင်း ဗိုင်းငင် နေတာပဲ ။ ဒါလည်း လသာခြင်း တစ်မျိုးပေါ့ ။ စားကောင်းသောက်ဖွယ် စားသောက်ပြီး ဝဝလင်လင် စိုစိုပြည်ပြည် ၊ သားမယားမှ ပူစရာ မရှိဘဲ ။ တော်တာပေါ့ ဗျာ ၊ မဟုတ်လား ”
“ ဟုတ်ပါရဲ့ ။ နို့ ... ဒါ ဆရာ့ဉာဏ်စွမ်း ကုန်ရော့လား ။ ဆရာဟောတဲ့ တရားနဲ့ ကွာနေလို့ ပြောတာပါ ”
“ အို .. တောကြိုအုံကြားမှာ အင်္ဂလိပ်ကျောင်းမှ မနေရဘဲ ရပ်ထဲရွာထဲ ဟေးလားဝါးလား လူဖြစ်လာရာက တစ်ခါတစ်ခါ ရှန်ပိန်တောင် သောက်ရတဲ့ ဘဝ ရောက်နေမှဖြင့် ခွက်ကျန်ပဲ ဖြစ်စေဦးတော့ ကျုပ်တို့လို လူမှာ ဉာဏ်စွမ်းကုန်မယ်ဆို ကုန်လောက်စရာပဲ ။ လခက လေးဆယ်ဗျာ ။ သူ့ အစာ စားပြီး ကိုယ့်အမျိုးသား ဆရာသခင်ရဲ့ ဝတ်လဲတော်ကျတွေကို ဝတ်လို့မှ မကုန်နိုင်တဲ့ ဘဝမှာ တစ်လ လေးဆယ်ငွေဟာ သုံးမကုန် စားမကုန် ဖြစ်နေတာပေါ့ ။ ကျုပ်က ဒင်နာပါတီ အကြီးအကျယ် ကျွေးတဲ့အခါ အင်္ဂလိပ်ဟင်းတွေမှာ ငံပြာရည် ပထမတန်း ထည့်ခတ်တာနဲ့ အင်္ဂလိပ်တွေ နှုတ်သီးမှာ တွေ့လွန်းလို့ ကျုပ်ကို ဟိုမင်းကြီးက လိုချင် ၊ ဒီအမတ်ကြီးက လိုချင်နဲ့ ဖြစ်နေတာပဲ ။ နို့ပေမဲ့ ကိုယ့်အမျိုးသား အောက်ကျမည်ကိုသာ မခံချင်လို့ လေးဆယ်နဲ့ နေတာပါ ။ ဘဏ္ဍာရေး အမတ်ချုပ်ကတော်က ကျုပ်ကို မျက်စချည်း ပစ်နေတာ များလှပြီ ။ ကျုပ်က မူနေတာပဲ ”
“ အလို ... ဘာအတွက် မျက်စပစ်တာလဲ ”
“ ငံပြာရည် နှုတ်သီးမှာ တွေ့ နေလို့ပေါ့ ။ တစ်နေ့ ညစာစားပြီး ကျုပ်ကိုလည်း ခေါ်ပြီး မင်းတို့ သားစကြူး ထဲမှာ ဘာများထည့်သလဲလို့ မေးတယ် ”
“ ကျုပ်က ဒီဟာ လျှို့ဝှက်တဲ့ပညာ ဖြစ်တယ် ဆိုပြီး မူနေလိုက်တယ် ”
“ အင်း ... ဒါလည်း ကိုယ့်ဟာနဲ့ကိုယ် ကျေနပ် ၊ ပြီးတာပလေ ။ လောကမှာ ကျေနပ်တာ ပဓာနပါပဲ ။ သို့သော်လည်း ဉာဏ်ကုန်ထုတ်ပြီး စားပွဲထိုးလောက်နဲ့ ကျေနပ်ရမယ် ဆိုတော့လဲ ” ဟု မိတ်ဆွေက စကားကို ရပ်လိုက်လေ၏ ။
ထိုအခိုက်တွင် ရှမ်းဘောင်းဘီနှင့် သက္ကလတ် ရှပ်အင်္ကျီကို ဝတ်လျက် သားရေရှေ့ထိုးဖိနပ် ခြေအေးမှာ စိုးသဖြင့် ခြေအိတ်နှင့် စီးနင်းသော အသက်ငါးဆယ်ကျော်ခန့်ရှိ ယောက်ျား ခန့်ခန့်ညားညားကြီးသည် ဆေးပြင်းလိပ်ကို ကိုက်လျက် လက်နှစ်ဖက်ကို နောက်ပစ်ကာ သစ်ပင်ပန်းပင်များကို ကြည့်ရင်း တဲရှေ့သို့ ရောက်၍ လာလေလျှင် မောင်အော သည် စကားပြော နေရာမှ ထ၍ အရိုအသေ ပေးကာ ရပ်လျက်နေလေ၏ ။ မောင်အော က ဒါ ကောင်စီဥက္ကဋ္ဌကြီး ပဲဟု မိမိ၏ မိတ်ဆွေအား လက်ကုတ်၍ ပြောလေ၏ ။
ဥက္ကဋ္ဌကြီးသည် မောင်အော ကို မြင်သောအခါ အံ့အားသင့်သလို ၊ တစ်စုံတစ်ရာကို သတိရ၍ ပြောသလို အမူအရာဖြင့် မောင်အောအား အင်္ဂလိပ်လို ပြောရာ မောင်အောသည် အားရဝမ်းသာ ထက်သန်သော အမူအရာနှင့် ပြန်ပြောပြီး အိမ်ပေါ်သို့ ပြေး၍ တက်လေ၏ ။ မကြာမီ အင်္ဂလိပ်သတင်းစာတစ်စောင်ကို ယူလာ၍ပြီး နှစ် ယောက်သား ကြည့်ကြလေ၏ ။ များစွာ အရောတဝင် ချစ်ခင်လေးစားသော အမူအရာနှင့် စကားပြောပြီး ဥက္ကဋ္ဌကြီးသည် အိမ်ရှေ့ဘက်သို့ လှည့်၍ သွားလေ၏ ။
မောင်အော၏ မိတ်ဆွေက “ ဘယ်လို အကြောင်းလဲ ဆရာ ။ အင်္ဂလိပ်လို အပြောအဆိုတွေ တတ်လို့ပါကလား ။ ဘယ်ကျောင်းမှ မနေရဘဲနှင့် ဘယ်လို တတ်သလဲ ၊ ဘာအကြောင်း ပြောတာလဲ ” ဟု မေးလေ၏ ။
“ ဒုတိယတန်း ရှေ့နေစာမေးပွဲ ဝင်ထားတာ ၊ ဒီကနေ့ ဂေဇက်ထွက်တယ် ”
“ အလို ... ဆရာ ၊ ဒုတိယတန်းရှေ့နေ စာမေးပွဲဝင်သလား
“ ကျုပ် လန်ဒန် မက်ထရစ် ဆိုတဲ့ စာမေးပွဲကို အောင်ပြီးတာ နှစ်နှစ်ကျော်ပြီ ။ ဒီနှစ် ဒုတိယတန်း ဝင်ခွင့် တောင်းရလို့ လိုလိုမယ်မယ် ဝင်လိုက်တာပဲ ။ အရင် ပညာရေးအမတ်ကြီး အိမ်မှာ စားပွဲထိုး လုပ်ခဲ့တုန်းက စပြီး အမတ်ကြီးက ကူညီစောင်မလို့ အရှင်မွေး ၊ နေ့ချင်း ညချင်းကြီး ဆိုတာလို ဖြစ်တာပေါ့လေ ”
“ နို့ ... နေပါဦး ဆရာ ၊ ဒါတွေကို ဘယ်လို တတ်တာလဲ ”
“ ဒါ ... ဉာဏ်ဝီရိယ ရာခိုင်နှုန်း ကိုးဆယ်ကျော်ကလေးလောက် သုံးခဲ့လို့ပေါ့ ။ သည်းခံခြင်း ၊ စိတ်ရှည်ခြင်း ၊ မအောင့်နိုင် မစောင့်နိုင်ခြင်း သတ္တိများမှာလည်း ရာခိုင်နှုန်း ကိုးဆယ် တစ်ရာ ဆိုသလို အစွမ်းကုန် စောင့်နိုင် ၊ အောင့်နိုင်ရင် ရည်ရွယ်ချက် တစ်မျိုး ထားပြီး မှန်မှန်သာ ခံတဲ့ လူမှာ တစ်နေ့တစ်လံ ပုဂံ ဘယ်ပြေးမလဲဆိုတာ လိုပေါ့ဗျာ ။ ရွာမှာ နေစဉ်ကတည်းက တက်လှမ်း လှေကားထစ်တွေကို လုပ်လာခဲ့ရတာ ချင့်ကြည့်ဦးမှပေါ့ ။ လိုချင်မျက်စိနဲ့ သင်ကြားမှတ်သားတဲ့ လူမှာ ကျောင်းသားသူငယ်များ ဆယ်နှစ် သင်ရတာကို ဆယ်လနဲ့လည်း ဖြစ်နိုင်တာပါပဲ ”
“ သင်ပုံ ပြောပါဦးဗျ ။ ဆရာ မရှိ ၊ ဘာ မရှိနဲ့ ဖြစ်နိုင်သလား ”
“ သည်းခံခြင်း ရာခိုင်နှုန်း တစ်ရာဟာ ဆရာပေါ့ ။ စောင့်နိုင် အောင့်နိုင်တာ ဆရာပဲ ။ ရွာမှာ နေစဉ်က ကျောင်းသားကလေးတွေ ဆီက ငှားဖတ်ခဲ့တာတွေဟာ လန်ဒန်မက်ထရစ် မှာ အကူအညီ ရတာပေါ့ ။ နောက် ဘိလပ်ကို မသွားနိုင်သည့်အတွက် ဘိလပ်ကို ကိုယ့်ဆီ ခေါ်ယူရတာပဲ ”
“ အင်း ... ပြောစမ်းပါဦး ၊ ဘယ်လို ခေါ်ယူသလဲ ”
“ မဟာမက် ဆီကို တောင် မလာတော့ ၊ မဟာမက် က တောင် ရှိရာကို သွားရသတဲ့ ။ ကျုပ်တို့မှာတော့ ပြောင်းပြန် ။ ဘိလပ်ကို မသွားနိုင်တော့ ဘိလပ်ကို ခေါ်ယူ ရတာပဲ ။ ခေါ်နည်းက လွယ်တာပဲ ။ အင်္ဂလိပ်စကား ပြောတဲ့ ကလေးတွေ ၊ အစေခံတွေများတဲ့ အိမ်မှာ ခံတမာ ဝင်လုပ်တာဟာ ဘိလပ်ကို ခေါ်ယူတာဗျ ။ စာပေ မတတ်တဲ့ မဒရာဇီကု,လားတွေတောင် တတ်သေးတာ ၊ ပညာ လိုချင်လို့ ဖတ်တဲ့အံတဲ့ လူမှာ ကျကျနန တတ်ရ တာပေါ့ ။ ရည်ရွယ်ချက် တစ်ခု ရှိသူမှာ ဉာဏ်ကို ရာခိုင်နှုန်းတစ်ရာ တင်းတင်းပြည့် သုံးပြီး နည်းလမ်း ရှိသမျှနဲ့ လှေကားထစ်တွေ တစ်ဆင့်ပြီး တစ်ဆင့် ဖန်တီးရမယ် မဟုတ်လား ။ အဲဒီတော့ ရွာမှာ နေကတည်းက အင်္ဂလိပ် အင်ဂျင်နီယာတွေ ဆီက ခံတမာများထံ လက်တွေ့နည်း ခံပြီး ခံတမာအတတ်ကို သင်ခဲ့တာဟာ ဒီယုန် မြင်လို့ ဒီချုံ ထွင်တာပဲ ”
“ အကောင်းလည်း စားရသေး ၊ ပညာလည်း ရသေး ။ ဘိလပ်လည်း ရောက်သေး ။ လခလည်း ရသေး ။ ဒင်နာပါတီတို့ ဘာတို့ ဆိုတဲ့ စည်းစနစ်တွေ ၊ လူရေးလူရာတွေ ၊ အက်တီကစ် ခေါ်တဲ့ စည်းကမ်းတွေတတ်သေး ။ ဒါထက် အကွက်ဆိုက်တာ ဘယ်မှာ ရှိဦးမှာလဲ ကိုယ့်လူရဲ့ ။ လူတွေမှာ အများအားဖြင့် မကြီးပွားကြတာဟာ ပျင်းလို့တော့ မဟုတ်ဘူး ။ ငါးနှစ် ၊ ကိုးနှစ် ၊ ဆယ်နှစ် ကြာမှ ခံစားရမယ့် အကျိုးစီးပွားကို စောင့်နိုင် အောင့်နိုင်တဲ့ အစွမ်းသတ္တိ ရာခိုင်နှုန်း မရှိကြလို့ပဲ ။ ကျုပ်မှာတော့ ရွာမှာ နေကတည်းက တစ်နေ့နေ့၌ ငါးထောင်စား ဖြစ်ဖို့ မှန်းတာ ။ အခု ဒုတိယတန်း အောင်ပြီးရင် ရှေ့နေလိုက် ။ နောက် တဖြည်းဖြည်း ပထမတန်းဖြစ် ။ နိုင်ငံခေါင်းဆောင် လုပ် ။ ပေါ်လစ်တစ် တရားဟော ၊ အားရှိတဲ့ ပါတီ မှာရော ၊ ငါးထောင်စား မဖြစ်ဘူးလို့ ကျုပ်လို အစွမ်းကုန် ဉာဏ်ဝီရိယ ဇွဲသန်သူ အတွက် ဘယ်သူ ပြောနိုင်မလဲ ။ သည့်ပြင် ခံတမာအစေခံ လုပ်သူ တစ်ယောက်မှာ ပညာစွမ်း ပညာစ ရှိကြောင်း ဆရာသခင် လုပ်သူများ သိရင် လူလားမြောက်အောင် မကူညီဘဲ နေနိုင်ဦးမှာလား ကိုယ့်လူရဲ့ ။ အောင့်နိုင် အကျိုးရှိ ဆိုတဲ့ စကားဟာ မှန်အားကြီးလို့ ဘယ်သူမှ ဂရုမစိုက်ဘဲ နေကြသည့် အတွက် မဖြစ်ကြတာ ။ ပြဒါးလုံး ၊ သံလုံးတောင် နှစ်ပေါင်း နှစ်ဆယ် ၊ အစိတ် မီးပူခံကြသေးတာပဲဗျာ ။ ငါးထောင်စားကလေးလောက် ဖြစ်ဖို့ ကျိန်းသေ လမ်းကြီး ဖွေးလို့ နေတာမှာ မရောက်နိုင်ဘူးလို့ ပြောသူလောက် မှားတာ ဘယ်ရှိဦးမှာလဲ ။ ဒါ ဒဏ္ဍာရီ မဟုတ်ဘူး ။ ကျုပ်ကိုယ်တိုင် ယခု လက်တွေ့ ဖြစ်တာ ။ ငါးထောင်စားပင် မဖြစ်စေကာမူ တူတဲ့ အခြေအနေတော့ မသေရင် ရတော့ရမှာပဲ ။ အပေါင်းအသင်း အဆက်အနွယ်ကောင်း ဆိုတာတော့ ဒီလို နေရာထက် လွယ်တာ ဘယ်ရှိဦးမှာလဲ ။ မာန်မာန ထောင်လွှား စရာလည်း မရှိသည့် အတွက် တစ်ကြောင်း ၊ လူကြီးလူကောင်း ဟူသမျှကို ဒင်နာပါတီတိုင်းမှာ စားပွဲထိုးရင်း ရှန်ပိန်လောင်း ပေးရင်း တပည့်လက်သား လက်အောက် သူငယ်ကို ခင်မင်ပြီး ဖြစ်နေသည့် အတွက် တစ်ကြောင်း ၊ ဒီလို အခြေအနေက ဒီလို ဖြစ်မြောက်အောင် သတ္တိစွမ်းရည် ရှိသည့် အတွက် လေးစားဂရုပြုတာက တစ်ကြောင်း ၊ ကျုပ်တို့လို သူငယ်များမှာ တံခါးမရှိ ၊ ဓားမရှိ ၊ အဆီးအတား အပိတ်အပင်မရှိ ၊ လမ်းဟူသမျှ ပွင့်လင်းပြီး ဖြစ်နေမှ ၊ မကြီးပွားစရာ ဘယ်မှာ ရှိတော့မှာလဲ ကိုယ့်လူ ။ ခုတော့ ကြီးပွားတိုးတက်ဖို့ လမ်းမှာ အထောက်အပံ့ဖြစ် လောက်တဲ့ အမျိုးကောင်းသမီး ဇနီးချောချောကလေး တစ်ယောက် ရဖို့ရန်သာ လိုတော့တာပဲ ”
“ အင်း .. ဒါကလည်း ဉာဏ်စွမ်းကုန် ရာခိုင်နှုန်း မီအောင်သာ ကြိုးစားတော့လေ ။ ဆရာ့ အပေါ်မှာ အမှတ်အထင် အားလုံးပင် လွဲခဲ့ကြပေတာပဲ ” ဟု မိတ်ဆွေက လက်ကို အားရဝမ်းသာ ကိုင်ဖျစ်ကာ ပြောရှာလေသတည်း ။
▢ ပီမိုးနင်း
📖 ဝတ္ထုပဒေသာ ပေါင်းချုပ် ( ၁ )
No comments:
Post a Comment