❝ ငွေစက္ကူ ❞
( ပီမိုးနင်း )
ဦးဘိုးတုတ်သည် အရပ်မြင့်မြင့်ထွားထွား အသားဝင်းတောက်သော မိမိသား၏ မျက်နှာကို စိုက်ကာ မျက်မှောင်ကုတ်လျက် ကြည့်ပြီး
“ မင်း အသက် အစိတ် ကျော်ပြီကွယ့် ၊ အခုထက်တိုင် ငါကချည်း ထောက်နေရမလား ။ ငါ ဘဏ်တိုက် မဟုတ်ဘူး ။ မင်း အလုပ် တစ်ခုခုကို တည်တည်ကျကျ လုပ်ရမယ် ။ မင်းလို မမြဲတဲ့ လူမျိုးဟာ စာရေးအလုပ်နဲ့ အကျိုးမရှိဘူး ။ ဘာအလုပ်မှ မတတ်တာကလည်း အခက်ပဲ ။ ဒါထက် အရင် ငွေ လည်း မပေးသေးဘူး ။ အခု ငွေလိုချင်ပြန်ပလား ”
“ ဒါ နောက်ဆုံးပါ ဖေဖေ ၊ ရှေ့လကျရင် လခတိုးမှာပါ ”
ညွန့်အောင်သည် တစ်လ ၇ဝ ရလေ၏ ။ မြင်းပွဲက ညှဉ်းဆဲသဖြင့် ဆင်းရဲလျက် မသုံးလောက်သောကြောင့် စုံထောက်ဘက်မှ အငြိမ်းစားပြီး ငွေတိုးကလေးများ ပေးကာ အေးအေး တစ်ကိုယ်တည်းနေသော ဖခင်ထံ ခဏခဏ ငွေယူရလေသည် ။ ဦးဘိုးတုတ်သည် ပက်လက်ကုလားထိုင်၌ ထိုင်ကာ မိမိ၏ ဆေးပြင်းလိပ်၌ ပိုးထိုးပေါက်များ ရှိသည် ၊ မရှိသည်ကို ကြည့်၍ ရှာသလို လက်ချောင်းများပေါ်၌ လှိမ့်ကာလှိမ့်ကာ ကြည့်၍ နေလေ၏ ။ ဦးဘိုးတုတ်မှာ လုပ်စားခြင်းထက် လာဘ်စားခြင်းကြောင့်ရသော ငွေများကို အရှည်စားဖို့ အသေအချာထားသူ ဖြစ်လေရာ မရေမရာ သားကို လှူပစ်ရမှာ လွန်စွာ နှမြောလှသဖြင့် အလွန်တရာ သဘောမကျသော သားအား နွံနာစေ စိတ်မှာထားလျက် ဆိတ်စာ တစ်ပြားမှ မပေးရက်ဘဲ မျက်နှာကိုလွှဲ၍ နေလေသတည်း ။
“ ဆက်ဆက် မကြာရပါဘူး ဖေဖေ ၊ သန်ဘက်ခါ ကျရင် ရချင်လည်းရမှာပါ ဖေဖေရဲ့ ။ အကုန် အဆင်ပြေ မှာပါ ”
“ အရင်ငွေကို မပေးချင် နေနိုင်တယ် ။ အခု ငွေ အတွက်တော့ ဖေဖေ့ကို လာပြီး အမှုမပွေစမ်းပါနဲ့ သားရယ် ”
ဦးဘိုးတုတ်သည် ကုလားထိုင်မှ ထပြီး လက်နှစ်ဖက်ကို နောက်ပစ်ကာ ခေါင်းငုံ့လျက် ဆေးပြင်းလိပ်ကို ဖွာရင်း လမ်းလျှောက်ကာ ကြမ်းပေါက်နင်းမိမှာ ကြောက်သလို ငုံ့လျက် အပြန်အလှန် သွား၍ နေလေ၏ ။ ညွန့်အောင် မှာ ပွဲထွက်လျှင် တကယ်တဲ့မွတ်မှာ စိုးသဖြင့် မသက်မသာသော မျက်နှာမှာ အရှက်နာကြောင့် တစ်ခါတည်း ပျက်ကာ နက်ပြာ၍ သွားလေသည် ။
“ ဒီတစ်ခါ နောက်ဆုံးပါပဲ ဖေဖေ ၊ ငွေကလေး ငါးဆယ်ပါ ။ အားငယ်စရာတော့ မရှိပါဘူး ။ ဖေဖေ့ဆီက မရရင်လည်း ရချင်တဲ့ဆီကတော့ ရမှာပေါ့တဲ့ ။ ငွေ ငါးဆယ်ဟာလည်း ဘာမှ မဖြစ်လောက်ပါဘူး ”
“ ဖေဖေ့မှာတော့ ငါးပြားလည်း ဖြစ်လောက်တာပဲ ။ သားမှာတော့ မဖြစ်လောက်လို့ ဖေဖေ့ဆီက လာပြီး ညှစ်ရတာပေါ့ ။ ဖြစ်လောက်တာလို့ စိတ်ထင်ရင် အခုလို လာပြီး ပူရလိမ့်မယ်လို့ ဖေဖေ မထင်ဘူး ”
“ တော်ပါ ဖေဖေရယ် ၊ ဖေဖေ့မျက်နှာက ငေါ့ငေါ့ မနေပါနဲ့ ”
ဟု ပြောပြီး ပြောရာ မဟုတ်သော အမူအရာနှင့် ချာခနဲ လှည့်ထွက်သွားလေ၏ ။
ထိုနေ့ည၌ လက်ဖက်ရည်ဆိုင် တစ်ဆိုင်၏ရှေ့ လူသူတစ်ယောက်မျှ မခဲ မစုသော ဖြူဖြူကျောက်စားပွဲ တစ်ခုမှာ ယခု ခက်အားကြီးသဖြင့် ငှက်ဖျားကြီးသင့်၍ နေသည်နှင့် တူသော ညွန့်အောင် နှင့် ဘိုးချိတ် သည် တိုးတိုးတိတ်တိတ် တစ်မျိုးကြိတ်ကာ သူခိုးစိတ် ပေါက်၍ နေကြလေသတည်း ။ စာရေးညွန့်အောင် နှင့် ပေါင်းရသော်လည်း မကောင်းလှသော ဘိုးချိတ် မှာ သူခိုးစိတ် မကျ တေလေဆော့သွမ်း အတော် ဟော့ရမ်းကာ အနုကြမ်း ဓားပြ ဖြစ်လေ၏ ။ လူစထက်မြက် ၊ လက်ကလျင်မြန် ၊ အမြင်ဉာဏ်စွမ်း ကျီးကန်းအလား ကတ်ကြေးနှင့် ညှပ်ပြီး အသွားမှာ ကတ်ကြေးများနှင့် ညှပ်ပြီး ထားစေကာမူ အဘယ်နေရာက လပ်ပြီး သွားမှန်း မသိ ။ ဖမ်းဆီး၍ မိဖို့ရန် လွန်စွာမှ ခက်သော ပုဂ္ဂိုလ်ထူး တစ်ယောက် ဖြစ်လေ၏ ။ ညွန့်အောင် သည်ကား ၎င်းကို လူဆိုးမှန်း သိသော်လည်း ကျောင်းနေဖက် သူငယ်ချင်း ဖြစ်သောကြောင့် တစ်ကြောင်း ၊ တစ်ခါတစ်ခါ ၎င်းထံမှ အထောက်အပံ့ ရသောကြောင့် တစ်ကြောင်း ၊ မကောင်းမှန်း မြင်လျက်နှင့် အဝင်နက်ကာ ခင်မင်လျက် နေရရှာလေသတည်း ။ အကြောင်းမူကား မိမိဘာသာ မိမိ ကောင်းသော်လည်း ညွန့်အောင် အပေါ်၌ အဘယ်အခါမှ အကြောင်းမတန်အောင် မကောင်းကြံသူ မဟုတ်သဖြင့် လူဆိုးသစ္စာနှင့် ကောင်းစွာ ပြည့်စုံသူ ဖြစ်လေ၏ ။
ချိတ် ။ ။ “ ဘယ့်နှယ့်လဲ ( ယူတာပါလား ) ကြီးနဲ့ အားကြီး နေရာကျခဲ့ဟန် မပေါ်ဘူး ထင်တယ် ”
“ ဒါကျနေတာပဲ ၊ ငါတော့ မကြံတတ်ဘူး ”
နှစ်ယောက်သား ဆိတ်စွာ နေကြနေ၏ ။
ချိတ် ။ ။ “ တိုက်က ဒူဒေါ ဆီမှာကော မရနိုင်ဘူးလား ”
အောင် ။ ။ များနေပြီကွယ့် ၊ အရင်းအတွက် ဒီလ အတိုးမပေးနိုင်လို့လား ၊ မအားဘူး ။ မင်းလည်း ဘယ်မှ ကြံလို့ မရဘူးလား ”
“ အခုက ဘူတာရုံက လာတယ် ။ ငါ နည်းနည်းကလေး နောက်ကျသွားတယ် ။ မဟာဧည့်သည်တွေ အပြင်ရောက်ကုန်မှ ငါ ရောက်သွားလို့ပေါ့ ။ နို့မဟုတ်ရင် ငါးဆယ်တစ်ရာတော့ ဘယ်က ရှာဖို့ မခက်ပါဘူး ( ဖလားကြီး ) မှာ ငွေရှိရဲ့လား ”
“ ရှိတယ်ကွယ့် ၊ ငွေချေးနေတာပဲ ။ မရှိဘဲ ဘယ်နေမလဲ ။ သက်သက် မပေးချင်လို့ပါ သူငယ်ချင်းရယ် ”
“ ဘယ်မှာ ထားတတ်သလဲ ”
ညွန့်အောင်သည် ဘိုးချိတ်၏ မျက်နှာကို မော့်ကြည့်လေ၏ ။
“ မကြောက်ပါနဲ့ ၊ ဘာမှမဖြစ်ပါဘူး ။ နိုင်တော့ ပြန်ပေးလိုက်တာပေါ့ ”
ညွန့်အောင်သည် ဘိုးချိတ်၏ မျက်နှာကို စိုက်ကာ ကြည့်နေပြီးမှ
“ ဟင် ... ကောင်းပြီ ၊ ရရင် မင်းက တစ်ရာမှာ အစိတ် ယူလာရင် အင်းစိန်က တောကို သူ သွားလိမ့် မယ် ။ ငါ့အင်္ကျီနဲ့ ငါ့ဦးထုပ်ကို ဆောင်းခဲ့ပြီး ရဲရဲသာ တက် သော့ခလောက်ကိုတော့ မင်း ဖွင့်နိုင်တယ် မဟုတ်လား ။ မျက်နှာချင်းဆိုင် အခန်းမှာ သူ မရှိဘူး ။ အောက်ထပ်က လူများ မြင်ရင် ငါ့ကို အထင်ကြီးလိမ့်မယ် ။ ရဲရဲသာတက် ။ ဒါတွေတော့ ငါသိပါတယ် ။ နေရာကိုသာ ပြောပါ ။ မျက်နှာချင်းဆိုင် အခန်းမှာ မရှိဘူး ။ အောက်ထပ်က လူများ မြင်ရင် ငါ့တို့ပဲ ထင်ကြလိမ့် မယ် ရဲရဲတက် ”
“ ဒါတွေတော့ ငါ ထင်ပါတယ် ။ နေရာကိုသာ ပြောပါ ”
“ ညောင်ရေအိုးစင်က ညောင်ရေအိုးဟာ ဟန်ပြပဲ ။ စက္ကူပန်းတွေ အထဲမှာ ရေမရှိဘူး ။ ငွေတွေ ရှိတယ် ။ စိတ်သာချသွား ”
နောက်တစ်နေ့မနက် ဦးဘိုးတုတ်သည် စက္ကူပန်းများကို ဝယ်လာပြီး ညောင်ရေအိုး၌ ပန်းများကို အလဲမှာ ငွေနှစ်ရာကျော်ဖိုး ငွေစက္ကူများ မရှိတော့သည်ကို တွေ့ရလေရာ ထိတ်ခနဲဖြစ်ပြီး လက်မှ ညောင်ရေအိုး လွတ်၍ ကျလေ၏ ။ ဦးဘိုးတုတ်၏ စုံထောက်ဉာဏ်သည် အိပ်ပျော်၍ နေရာမှ အသစ်နိုး၍ လာလေ၏ ။ မှန်ဗီရိုကို သွား၍ ဖွင့်ပြီး မှန်ဘီလူးတစ်ခုကို ယူလာ၍ ညောင်ရေအိုး ကို သေချာစွာကြည့်ရာ လက်မအရာကို တွေ့သဖြင့် စုံထောက်ရုံးသို့ ပြေးပြီး အရာရှိ တစ်ယောက်နှင့် တိုင်ပင်၍ လူဆိုးစာရင်းကိုရှာရာ ဘိုးချိတ်ကို သေချာစွာ တွေ့လေ၏ ။ ဘိုးချိတ်မှာ မိမိအရာရှိ ဖြစ်စဉ်က မိမိအား အတော် အလုပ်ပေးသူ ဖြစ်လေ၏ ။ ထို့နောက် စုံထောက် အရာရှိအား ဤကိစ္စကို မိမိအား လွှဲထားပြီး အေးဆေးနေရန် ပြောခဲ့၍ ပြန်လာလေ၏ ။
ထိုနေ့မွန်းလွဲအချိန်သည် အတော် ပူပြင်းလေ၏ ။ ကိုဘိုးတုတ်သည် မိမိ၏ တုတ်သွားသော ဗဟိဒ္ဓ သဏ္ဌာန်ကို ရံခါအောက်၌ အအေးခံစေလျက် အသည်းနှလုံးတည်း ဟူသော အဇ္ဈတ္တသဏ္ဌာန်ကို ရေခဲအုံသည့် သော့တံဆိပ်တည်း ဟူသော ပန်ကာနှင့် တိုက်ကျွေးကာ နားကျပ်၍ ဇိမ်ခံသလို အာခေါင်ကို ဘီယာနှင့် ကျပ်ကာ ဇိမ်ခံရင်း သံချေးတက်၍ နေသော စုံထောက်ဉာဏ် အဟောင်းကို ဘီယာနှင့် ဆေးကြော စင်ကြယ်အောင် ပြု၍နေလေသတည်း ။
ထိုအခိုက်တွင် မူးယစ်ချာလည် သတိဉာဏ် သီအောင် သေရည်ဂုဏ်ရောက် ( ဝီစကီ ) ဘုန်းရှိန် တောက်သဖြင့် သုံးကြိမ်လောက် ထပ်၍ ဆင့်ချင်သော လူတစ်စုံသည် ဟိုတယ်ထဲသို့ ဝင်၍ လာကြလေ၏ ။ ၎င်းလူများထဲတွင် ဦးဘိုးတုတ်ကို မရွံ့မရှောင်သော ညွန့်အောင် ကို ဦးဘိုးတုတ် မြင်ရလေ၏ ။ ဦးဘိုးတုတ်ကို ညွန့်အောင် က မရွံ့မရှောင်သည်မှာ အခြားကြောင့်မဟုတ် ( ဝီစကီ ) ဆူမှုကြောင့် မည်သူ့ကိုမှ အသေအချာ မသိအောင် သတိလွတ်ကင်း မမှတ်မိခြင်းကြောင့် ဖြစ်လေသတည်း ။
ဦးဘိုးတုတ်သည် သားကို မြင်ရသောအခါ ပထမ တွေးမိသော အကြောင်းအရာတို့ကို သတိရလျက် စဉ်းစားမိလေသတည်း ။ ငါ့ငွေလည်း ပျောက်တယ် ။ ဟိုတယ်မှာလည်း ဒင်း သောက်တယ် ။ နောက်ကွယ်မှာတော့ သူခိုးငွေနဲ့ တစ်မျိုးထွေးတဲ့ ကြမ်းပိုးတွေနဲ့ တူတာပဲ ။ အင်း ... ဒုက္ခ ဒုက္ခ ၊ ငါ့သား ကတော့ဖြင့် ဧကန်မုချ သူခိုး ဖြစ်တော့တာပါကလား ။ အစိုးရအမှုကို ထမ်းပြီး သက်စွန့်ကြိုးပမ်း ဆင်းရဲသားတွေကို ညှဉ်းဆဲ တအားမွှေပြီး သားမယားစာစေဖို့ အသနားမပွေဘဲ များတာတွေ မျက်ရည်ကျအောင် ။ အက်ဥပဒေဒေသကို အခန်းကျ ကြဉ်ရှောင်လျက် ငွေဝင်အောင် လာဘ်စားပြီး မြင်တွေ့ သွားခဲ့သမျှတွေဟာ ။ သား ယုတ်မာ မွှေကာနှောက်တာကြောင့် ၊ သေအချာ ပျောက်ဆုံး ။ ငါ တုံးလုံး ကျန်ရစ်တော့မှာပါကရို့ ဒင်းကိုယ်တိုင် အိမ်ကို တက်ပြီး ဒင်းလက်နှင့် ခိုးဝှက်တာ မဟုတ်တော့လည်း ငါ ဒင်းလုပ်တဲ့လက်ရာ ဒင်းစနက် မီးစာဟာ မသိစရာလား ထားပဲရှိတာ ။ အမြင်အကြား မှော်ပေါက်တဲ့ သူခိုးစားမို့ ညောင်ရေအိုးကိုမှ အငြိုးထားပြီး ကိုးစားကာ တက်ရသလား ။ စသည်ဖြင့် တွေးတောဆင်ခြင်ကာ ကိုဘိုးတုတ် မှာ များစွာပင် အခက်ကြုံ၍ နေရလေသတည်း ။
အကြောင်းကိုဆိုသော် သူခိုးကို ဖမ်းချေက သူခိုးက မခံဘဲ ညွန့်အောင်ကို ဆွဲ၍ ထည့်ကာ ဒင်းလည်းပဲ ကြံဖက်ဟု တစ်နည်းတစ်ဖန် ကန်တက်ပြီး အပြီး အကုန် ပြန်၍ နှက်ချေက သားအတွက် အရှက်ကွဲ အကျိုးကြီး နည်းရုံမက ညွန့်အောင်ပါ ရှောင်မရအောင် ထောင်ကျကိန်း ထင်ထင်ကို ကျိန်းသေစွာ မြင်ရလေသတည်း ။ သို့ပင် မြင်သော်ငြားလည်း တစ်ထောင်နီးနီး များပြားသော ငွေကို ပြန်၍မှ မရလျှင် အခက်ကြီး မြင်လျက် အသက်ရှူ ကျပ်ကာ အရက်ပူ မရပ်မီ အထပ်ထပ် အလီလီ ဆင်ခြင် လေ၏ ။ ထိုအခိုက်တွင် ညွန့်အောင်နှင့် အဖော်များသည် တပျော်တပါး ရယ်မောကြရုံမက အဖော်တွေက လက်ခုပ်တီး ၊ ညွန့်အောင်က စိန်ကတုံးက ကရင်း ထွက်သွား ကြလေ၏ ။ ဦးဘိုးတုတ် မှာ လက်သီးဆုပ်ကာ ဒေါပွလျက် ကျန်ရှိသော ပုလင်းတစ်ဝက်ကို တစ်ချက်ချင်း မော့ကာ နှံပြီး ဟိုတယ်မှ ထွက်သွားလေ၏ ။ ထိုနေ့ ညနေ ဦးဘိုးတုတ်သည် ညွန့်အောင်ကို အခေါ်လွှတ်လေရာ ညွန့်အောင် ရောက်၍ လာလေ၏ ။ ညွန့်အောင် မျက်နှာမှာ သက်သေထွက်ချက် ခိုင်လုံ၍ နေသော တရားခံလို ဖြစ်ကာ သွေးမရှိဘဲ နေလေ၏ ။
“ မင်း ဘာမှ ငြင်းစရာ မရှိဘူး ။ မင်း လက်ချက်ပဲ ။ မှန်မှန်ပြော ။ ညောင်ရေအိုးထဲ ထားတာကို မင်းမှ တစ်ပါး ဘယ်သူမှ မသိနိုင်ဘူး ။ အခု ဒီအမှုဟာ စုံထောက်လက် ရောက်နေပြီ ။ ဘိုးချိတ်လို့ ညောင်ရေအိုးက ပြောတယ် ။ မင်း မပါရင် သူ့ကို တန်းထောင်ကျဖို့ ရှိတော့တာပဲ ။ အခု မင်း ပါနေလို့ ခက်နေတယ် ။ ရုံးရောက်မိရင် ဖေဖေလည်း မကယ်နိုင်ဘူး ။ သားပါ ထောင်ထဲ လိုက်ရလိမ့်မယ် ။ ဖေဖေလည်း ဒီငွေကို ပြန်မရရင် ရုံးတင်ရတော့မှာပဲ ”
သားသည်ကား မိမိ၏ ဖခင်သည် မိမိကို ထောင်ချမည် မဟုတ်ဟု စိတ်ချသဖြင့် ထိုခြိမ်းခြောက်ချက်ကို ကြားရသောအခါ ပြုံးပြီး
“ ငွေကလေး ငါးဆယ်ကို ပေးရင် ဖေဖေ အခုလို မဖြစ်ဘူး ။ အခုတော့ ပြန်ရဖို့ ခဲယဉ်းနေတာပဲ ။ ကျွန်တော် ပြန်ပေးချင်ပေမယ့် ဟိုအကောင်က ပေးမှာ မဟုတ်ဘူး ။ သူ့ကိုတော့ ဖေဖေ ထောင်မချနိုင် ဘူး ။ ဖမ်းလို့မမိတဲ့ အကောင် ။ တော်တော်ကြာရင် ယိုးဒယား ရောက်ချင် ရောက်သွားမှာ ။ သူ့ကို ဖမ်းရင်လည်း ကျွန်တော့်ကို သူ ကျေတော့မှာ မဟုတ်ဘူး ။ တစ်နေ့တော့ သ,တ်လိမ့်မယ် ”
ဦးဘိုးတုတ်သည် ရယ်မောလေ၏ ။
“ မင်းတို့ ငါ့ စကားကို နားမထောင်ရင် နှစ်ယောက်စလုံး ဒုက္ခဖြစ်မှာပဲ ။ ငွေစက္ကူ နံပါတ်တွေကို ဖေဖေ အကုန်မှတ်ထားတယ် ။ စုံထောက်ရုံးကလည်း အကုန်သိတာပဲ ။ အစစ် မဟုတ်ပေမယ့် အပြစ်မရှိဘူး မထင်နဲ့ ”
ညွန့်အောင်မှာ မျက်လုံးပြူး၍ လာလေ၏ ။
“ ဘာအစစ် မဟုတ်တာလဲ ဖေဖေ ”
“ ဟားဟား ဟားဟား ။ တယ်တော်တဲ့ သူခိုးတွေ ပဲ ။ မင်းလူဟာ တယ်လည်တယ်ဆို ။ ဒီစက္ကူတွေဟာ ငွေစက္ကူအတုတွေ ၊ ဒီငွေစက္ကူများကို လုပ်တဲ့ လူတစ်စု ရန်ကုန်မှာ ရှိနေတယ် ။ သူတို့ကို မိအောင် စုံထောက်နေတယ် ။ ဖေဖေလည်း ဒီကိစ္စမှာ ဝင်ကူပါလို့ ( စီအိုင်ဒီ ) က ပြောလို့ ကူနေရတယ် ။ ဒီစက္ကူတွေဟာ ပုံစံ ဖေဖေ သိလို့ ( စီအိုင်ဒီ ) ဆီက ခဏလေး အငှားထားတယ် ။ အဲဒီစက္ကူတွေ လုပ်တဲ့သူတွေ ဖြစ်ချင်ရင် မင်းတို့ သဘောရှိ သုံးနိုင်တယ် ။ ဘယ်သူကမှ စုံထောက်တို့ မလိုဘူး ။ ဖေဖေတို့ နာမည်ကောင်း ဂုဏ်ထူးရမှာပဲ ။ မင်း ပါနေတာ နည်းနည်း ခွကျနေတယ် ”
ညွန့်အောင် သည် တုန်လှုပ်၍ လာလေ၏ ။ မိမိ၏ အိတ်ထဲရှိသော ငွေစက္ကူ အနည်းငယ်မျှကိုပင် မြွေဟောက် လို ၊ ကင်းခြေများ လို မှတ်ထင်ကာ အသည်းယား၍ လာပြီး စကားမပြောနိုင်ဘဲ သစ်သားရုပ် ဖြစ်နေလေ၏ ။ ထို့နောက်မှ ထိတ်လန့်တကြားနှင့် “ ဒီလိုဖြင့် ဖေဖေ ၊ သူ့ဆီမှာ ရှိသေးတယ် ။ ကျွန်တော် သွားယူပါ့မယ် ။ အတုတွေဖြစ်ရင် သူက သာပြီး ကြောက်သေးတယ် ဖေဖေ ။ သူက လူဆိုးစာရင်း ဝင်နေတာ ။ ကျွန်တော် သွားယူပါမယ် ဖေဖေ ” ဟု ပြောပြီး ပြေးလေ၏ ။ အတန်ကြာလျှင် ညွန့်အောင် ပြန်၍လာလေ၏ ။ ငွေစက္ကူများသည် အနည်းငယ်သာ လျော့၍ အကုန် ပါလာလေ၏ ။ ဘိုးချိတ်သည်ကား ညွန့်အောင်နှင့်တကွ တစ်မျိုးလုံးကို ဆဲဆိုတိုင်းထွာရင်း မဟုတ်၍ စွန့်လိုက်ရသော ငွေစက္ကူများအတွက် လက်ယား၍ လက်ဝါချင်း ပွတ်ကာ ကျန်ရစ်လေ၏ ။ ထိုညဉ့်၌ ဦးဘိုးတုတ်သည် ငွေစက္ကူများကို ထားရန် နေရာသစ် ရှာကြံစီမံ၍ နေလေ၏ ။ ညွန့်အောင်လည်း ထိုနေ့မှ စ၍ ငွေကို မဖြုန်းဘဲ ပြောင်းလဲ၍ သွားလေသတည်း ။ နောက် လပေါင်း အနည်းငယ်ကြာသောအခါ ဦးဘိုးတုတ်သည် ညွန့်အောင် ၏ တောင်းပန်ချက်အရ ညွန့်အောင်၏ ထိုငွေစက္ကူ အစစ်အမှန်များနှင့်ပင် စာပုံနှိပ်စက်ကလေးတစ်ခုကို တည်ထောင်ပေးလေရာ ညွန့်အောင်သည် အခစား အလုပ်များကို ကိုယ်တိုင် လိုက်လံရှာဖွေ လုပ်ကိုင်ကာ စက်ကလေးကို ဘယ်ပုံ စက်ကြီးဖြစ်အောင် လုပ်ရမည့် အရေးကိုသာ တရေးရေး ထင်မြင် အားစိုက်၍ နေလေသတည်း ။
▢ ပီမိုးနင်း
📖ဝတ္ထုပဒေသာ ပေါင်းချုပ် ( ၁ )
No comments:
Post a Comment