Thursday, February 12, 2026

ကြုံပလေ

 

❝ ကြုံပလေ ❞
    ( ပီမိုးနင်း )

သန်းနုသည် မိမိ၏ ဆိုင်ကလေးမှာ ထိုင်လျက် လမ်းသွားလမ်းလာတို့ကို လည်းကောင်း ၊ မော်တော်ကား ရထားပိုင်များကို လည်းကောင်း ကြည့်ကာ ကြည်လင်သော ကောင်းကင်တွင် ဆေးမင်ညိုသန်းသလို ဝင်းလျှံ တောက်ပသော မျက်နှာကလေးမှာ မှေးမှိန်၍ သွားလေ၏ ။

ယခု မြင်ရသော ရထားပိုင်မျိုး ၊ မော်တော်ကားမျိုးနှင့် မိမိကိုယ်တိုင် ယုယချစ်ခင်သော မိခင်၏ ပေါင်ပေါ်၌ ထိုင်ကာ သွားလာရသည်များကို ရေးရေး ရိပ်ရိပ်မျှ ထင်မြင်မိလေ၏ ။

အရင်ဘဝကို ပြန်၍ ထင်မြင်ခြင်း မဟုတ်ပေ ။ မိမိ ကိုယ်တိုင်၏ ထူးခြားပုံကို ထောက်သဖြင့်သာ သိသာရလေ၏ ။

ကွယ်လွန်သော မိခင်၏ ရင်ခွင်၌ ထိုကဲ့သို့ မော်တော်ကား ၊ ရထားပိုင်များ စီးနင်းသွားရသည့်အခါ မျက်လုံးကြောင်ကြောင်နှင့် မိမိကိုယ်ကို ကြည့်လျက် မိမိ၏ ပါးကလေးများကို ကိုင်တွယ်ယုယကာ ချစ်ခင်သော အမူအရာနှင့် အများကြီး ဂရုစိုက်သော အင်္ဂလိပ်လူမျိုး တစ်ယောက်၏ ခန့်ညားသော မျက်နှာကိုလည်း မြင်ရလေ၏ ။ ပါပါ ၊ မာမီ ၊ ဒက်ဒီ ၊ ဘေဘီ ဟူသော စကားများကိုလည်း နားထဲ၌ ရောစပ်ကာ ကြားယောင်လေ၏ ။

အခါများစွာနှင့် ၎င်းအင်္ဂလိပ်လူမျိုး၏ ပေါင်ပေါ်၌ မိမိ ရောက်၍ နေသည်ကို လည်းကောင်း ၊ ၎င်းအင်္ဂလိပ် လူမျိုး၏ လက်၌ မြှောက်ကိုင်ကာ ကစားသည်ကို ခံခဲ့ရသည်များကို လည်းကောင်း ၊ မိမိ၏ လှပသော မိခင်ပျို ကလေးနှင့် ၎င်းအင်္ဂလိပ်လူမျိုး ချစ်ခင်စွာ ဖက်လှဲ နမ်းရှုပ်လျက် နေကြပုံများကိုလည်းကောင်း ထင်ရမြင်ရလေ၏ ။

ထိုအခါနှင့် ယခုအခါသည် အဘယ်မျှ ခြားနားပါသနည်း ။ အခါများစွာ မော်တော်ကားနှင့် သားနားသည့် အိမ်ကြီးသို့ ရောက်ကြသည့်အခါ အစေခံတွေ မိမိကို ကားပေါ်မှ လှမ်းယူကာ တစ်လက်မှ တစ်လက် ပြောင်း၍ မြှောက်ချီကြပုံ ၊ ကျယ်ဝန်းသော ပန်းခြံကြီးထဲ၌ လက်တွန်းလှည်းကလေးပေါ်မှ ထိုင်၍ လိုက်ရပုံများကိုလည်း တစ်ပိုင်းတစ်ပြတ် ပြောက်ကျိပြောက်ကျား မြင်ရလေ၏ ။

နောက်ဆုံး၌ မိခင် ဖြစ်သူနှင့် ၎င်း ပါပါ ခေါ်သော အင်္ဂလိပ်သည် မိမိကို တစ်လှည့်စီ ချီ၍ နမ်းကြပုံ ၊ မိခင် ဖြစ်သူမှာ လက်ကိုင်ပဝါနှင့် မျက်ရည်များကို သုတ်လေရာ ၎င်း ပါပါ ခေါ်သည့် အင်္ဂလိပ်က မိခင်ကို ဖက်၍ ချော့မော့ကာ ပြောနေပုံကို ထင်မြင်ပြီးနောက် ရုပ်ရှင် ကားပြတ်သလို ဖြစ်၍ သွားလေ၏ ။

ထိုအဖြစ်အပျက်များသည်ကား ငယ်စဉ်က ထင်မြင်ခဲ့ရသည် အရ အလွန် သာယာစိုပြည်သော တောတောင် အရပ်ဒေသ ဖြစ်လေ၏ ။

ထို့နောက် ဆက်လက် တွေးတောထင်မြင်ရသော အဖြစ်အပျက်များသည်ကား ၎င်းသာယာသော အရပ်မှ အိမ်ကြီးကို စွန့်၍ မန္တလေးမြို့ သို့ ရောက်လာပြီးနောက် မြန်မာလူမျိုးတစ်ယောက် နှင့် အကျွမ်းဝင်ခဲ့ကြသည့် အကြောင်း ၊ ထိုနောက် ရန်ကုန်မြို့၌ မြန်မာလူမျိုးနှင့် ကွဲပြီး ဆင်းရဲသော သားအမိ နှစ်ယောက်မှာ ယခုအထိ အရီးဖြစ်သူ ဒေါ်ရွှေခင် နှင့် နေခဲ့ရာတွင် မိခင်ဖြစ်သူမှာ တစ်ဦးတည်းသော သမီးကလေးကို စွန့်ခွာ၍ ဘဝတစ်ပါး ပြောင်းသွားရသည့် အကြောင်းများ ဖြစ်လေ၏ ။

သန်းနု ငယ်နာမည်မှာ ထရစ်စကီ ဖြစ်ရာ ယခုအခါ ဆင်းရဲသဖြင့် အရီးနှင့်အတူ ဆိုင်ကလေး ဖွင့်၍ နေရသည့်အတွက် ထရစ်စကီ မှာ အခေါ်ရခက်သဖြင့် သန်းနု ဟူသော မြန်မာနာမည်ကို အရီး ဖြစ်သူက ပေးရာ နာမည်ရော ၊ ငယ်စဉ်က တော့တီးတော့အ တတ်ခဲ့သော အင်္ဂလိပ်စကားများပါ ပျောက်ပျက်၍ နေလေတော့သတည်း ။

ရုပ်မှာကား ဖျောက်ဖျက်၍ မရပေ ။ နီသောဆံပင်မှာ ဆေးဆိုးကာ မည်းနက်၍ နေသော်လည်း ပြာသော မျက်လုံး ၊ နီမြန်းသော နှုတ်ခမ်းနှင့် ပန်းဆီနှင့် တူသော ပါးချို့ကလေးများ မှာကား ဆေးခြယ်၍ မရပေ ။ သို့ဖြစ်လေရာ အသားဖြူ  ၊ မျက်လုံးပြာ ၊ နှုတ်ခမ်းနီ ၊ ဆံပင် အနက်မှာ အခြား အင်္ဂလိပ်မများ ၊ မြန်မာမများနှင့် မတူ ။ ထူးထူးခြားခြား လှပသဖြင့် အရီးဖြစ်သူက တူမကလေးကို ရွှေတုံးရွှေခဲ ၊ ရတနာ စိန်ကျောက်ပုလဲပမာ အရိပ် တကြည့်ကြည့်နှင့်သာ နေခဲ့လေ၏ ။

ယခုအခါ သန်းနု မှာ အသက် နှစ်ဆယ်အရွယ် ရှိသော်လည်း အပျိုပေါက်ကလေးပမာ အရီးဖြစ်သူ စိတ်၌ မှတ်ထင်လေ၏ ။ ဆိုင်ကလေးမှာ လက်ဖက် ၊ ချင်းသုပ် ၊ ပဲလှော်ကြော် ၊ ဆေးလိပ် ၊ အခြား မုန့်ပဲသရေစာများကို ရောင်းသော ဆိုင်ကလေးဖြစ်ရာ သန်းနု ကို သနားကြသည့်အတွက် ကာလသား များစွာတို့ ဝင်လာမစဲ တသဲသဲ တဖွဲဖွဲ နေကြသောကြောင့် တူအရီး နှစ်ယောက်မှာ အိမ်လခ ၁၅ ကျပ်ကို မှန်မှန် ပေးနိုင်ရုံမက ရွှေစငွေစကလေးပင် သန်းနုမှာ ဝတ်ဆင်ရလေ၏ ။

သို့သော်လည်း ငယ်စဉ်က နေထိုင်ခဲ့ရပုံ ၊ မိမိကိုယ်တိုင်၏ အသွေးအရောင် ၊ အသွင်ရုပ်ပုံကို မြင်ရတိုင်း ငါ၏ နေရာသည် ဤနေရာမျိုး မဟုတ်ဟု တွေးကာ အခြားသူများ စတိုင်ကျကျ နေထိုင်သွားလာနေကြသည်များကို မြင်ရတိုင်း သက်မကြီး ချမိလေ၏ ။

ပိုးပန်းသော မြန်မာလူမျိုး များစွာတို့အနက် အင်ဂျင်နီယာတစ်ယောက်၏ လက်ထောက်ဖြစ်သော အဆောက်အအုံ အင်ဂျင်နီယာကလေး မောင်ဘရွှေ တစ်ယောက် ကိုကား မိမိနှင့် ထိုက်သင့်လိမ့်မည်ဟု စိတ်ထဲ၌ ကြိတ်ကာ သဘောရရှိလေ၏ ။ အရီး ဖြစ်သူမှာကား ညီမဖြစ်သူ ဘိုကတော်ဖြစ်၍ ကောင်းစားဖူးသည်ကို မမေ့နိုင် ။ ဘို ပြန်သွားပြီးနောက် ဆင်းရဲဒုက္ခ ဖြစ်ပြီး သေရသည့် အကြောင်းကိုကား မေ့လျော့ကာ တူမကလေးကို အင်္ဂလိပ်နှင့် ဂဟေဆော်ဖို့ရန်သာ ကြံ၍ အခြေမျှော်နေလေ၏ ။

သန်းနု သည်ကား မိမိဖခင် အင်္ဂလိပ်လူမျိုး ပြုမူပုံအတွက် အင်္ဂလိပ်လူမျိုး ဟူသမျှ အပေါ်တွင် စိတ်နာလျက် နေလေ၏ ။ သို့စိတ်နာခြင်းမှာလည်း ၎င်း၏ နှလုံးကို ဘရွှေ အား အပ်နှံပြီး ဖြစ်ခြင်းကြောင့်ဟူ၍လည်း ဆိုနိုင်ဖွယ်ရာ ရှိလေ၏ ။ သို့ဖြစ်သောကြောင့် အရီး ဖြစ်သူ စိတ်ကူးမှန်းထားသော အင်္ဂလိပ်ကြီးကို အပင်းအဆိပ် မှတ်ထင်၍ နေလေ၏ ။ သန်းနုသည် ထိုကဲ့သို့ ငေးမောတွေးတော၍ နေသောအခိုက်တွင် သက္ကလတ် ဘောင်းဘီတို ၊ ဒူးကော်လာအလန်နှင့် စွပ်ကျယ်လက်တို အဖြူကို ဝတ်လျက် လျှောက်၍လာသော အင်္ဂလိပ်လူမျိုး တစ်ယောက်သည် ဆိုင်ရှေ့သို့ ရောက်သောအခါ သန်းနု ကို ထုတ်ချင်းခတ် ဖောက်သော မျက်လုံးများနှင့် အမောပြေ ကြည့်ရင်း ခါးထောက်လျက် ရပ်လေ၏ ။

သန်းနုသည်ကား မျက်နှာပျက်လျက် ဦးခေါင်းကို ငုံ့ပြီး တစ်စုံတစ်ရာကို လုပ်ဟန်ဆောင်၍ နေလေ၏ ။ အကြောင်းမူကား ထိုအင်္ဂလိပ်သည် သန်းနု၏ စိတ်၌ အပင်းအဆိပ်ဟု စွဲမှတ်၍ ထားသော အင်္ဂလိပ်ကုန်တိုက် မန်နေဂျာ ဖြစ်လေ၏ ။ တစ်လလျှင် သုံးထောင်ကျော် စားရသည်ဟု သန်းနု ကြားရသော်လည်း တစ်လ ၇၅ ကျပ်မျှ ရသော ဘရွှေ လောက် အဖိုးမတန်ဟု အောက်မေ့လေ၏ ။ အကြောင်းမူကား အင်္ဂလိပ်ကပြား ဖြစ်သော် လည်း မြန်မာထဲမှာ ကြီးရသဖြင့် ကျွန်မတို့ မြန်မာအမျိုးသမီးများဟူသောစကားကို ပြောလေ့ရှိသူ ဖြစ်ရာ အင်္ဂလိပ် စိတ် မရှိ ။ မြန်မာစိတ်သာ သန်းနု မှာ ရှိလေ၏ ။

တခြားအိမ်မှ ကြည့်၍ နေသော အင်ဂျင်နီယာ လက်ထောက် ဘရွှေမှာ လက်ဝှေ့ထိုးချင်စိတ် ပေါက်၍ နေလေ၏ ။ ဘရွှေမှာ လက်ဝှေ့ထိုးကောင်း နာမည်ရ တစ်ယောက် ဖြစ်လေ၏ ။ သို့သော်လည်း လခတစ်ထောင်ကျော်ရသော မန်နေဂျာသည် မိမိအား အလုပ် ပြုတ်အောင် လုပ်နိုင်သူ ဖြစ်သည်မှာ အခြားကြောင့် မဟုတ် ။ မိမိ၏ အထက်လူကြီး ဖြစ်သူမှာ ၎င်းအင်္ဂလိပ် အစိုးရသော ကုမ္ပဏီ၏ အဆောက်အအုံများကို အတော်ပင် များစွာ လုပ်ရလေ၏ ။ သို့ဖြစ်လေရာ ဘရွှေမှာ မချိမဆံ့ဖြစ်လျက်သာ နေရရှာလေ၏ ။

မကြာမီ သန်းနုမှာ အရီး စကားကို ဖီဆန်ခြင်း မပြုနိုင်သည့်အတွက် ဆိုင်မှာ အရီး ကို ထား၍ အိမ်၌ အင်္ဂလိပ်နှင့် နှစ်ယောက်တည်း ဧည့်ခံစကား ပြော၍ နေရလေတော့သတည်း ။

စင်စစ်မှာ ထိုအင်္ဂလိပ်သည် မုန်းစရာအသွင် မဟုတ် ။ အသက်ပင် ကြီးမားသော်လည်း ချောမောခန့်ညား ၊ တင်းမာချောပြေသည့် ကျောက်ဖြူသားနှင့်တူသော လက်မောင်းသား ၊ ပေါင်တံတို့နှင့် ခန့်ညားသော မျက်နှာမှာ သန်းနု၏ နုပျိုသော ရင်အုံကို လှုပ်ရှားစေလျက် နှလုံးသွေးကို ဗလုံးဗထွေး ဖြစ်အောင် ပြုလုပ်သလို ဖြစ်လေ၏ ။

ငါ မယူဘူး ၊ အင်္ဂလိပ်ကို ငါ မယူဘူး ။ ကိုဘရွှေ မှ ငါ၏ အချစ်စစ် ဟု စိတ်ကို တင်းလေ၏ ။ သို့သော်လည်း ဘောင်းဘီအိတ်ထဲမှ သေတ္တာကလေးကို ထုတ်ကာ ကျောက်စီရွှေလက်ပတ်နာရီကလေးကို ပြသောအခါ အလှကို လိုလား၍ နုပျိုသော နှလုံးမှာ စွေ့စွေ့ခုန် ၊ ဆတ်ဆတ်တုန်၍ လာလေ၏ ။

အင်္ဂလိပ်သည် သန်းနု၏ လက်ကို ဆွဲကိုင်၍ ပတ်၍ ပေးလေ၏ ။

သို့ သန်းနုမှာ ကိုင်၍ အပတ်ခံရသောအခါ တစ်ကိုယ်လုံးမှာ တရှိန်းရှိန်းနှင့် မှိန်းလျက်သာ တုံးလုံးပက်လက် လှဲချလိုက်ချင် သကဲ့သို့ ဖြစ်သောကြောင့် ငါ မချစ်ဘူး ၊ ငါ မုန်းတယ် ၊ ငါ့အမေနဲ့ ငါ့ကို ပစ်သွားတဲ့ လူမျိုး ၊ ရွှေပုံပေါ်မှာ စံရပါစေ ၊ ငါ မယူဘူးဟု တင်းကာ ပတ်ပြီးလျှင် ပြီးချင်း လက်ကို ရုန်းလိုက်လေ၏ ။

ဘရွှေသည် ၎င်းတို့ စကားပြော၍ နေသော ပြတင်းပေါက်နှင့် တည့်နေသော နေရာခပ်လှမ်းလှမ်း လမ်းနံဘေး၌ရပ်ကာ နေပူထဲမှာ မောဟိုက်၍ ဖုတ်လှိုက် ဖုတ်လှိုက်နေသော ငါးရံ့ကဲ့သို့ အသည်းအသန် ဖြစ်၍ နေလေရာ လက်ထဲမှာ သေနတ်များ ရှိရင် ပစ်သ,တ်မှာပဲဟု အောက်မေ့မိလေ၏ ။

အင်္ဂလိပ်က “ မထန်းနု ချနုတ်ခိုး မချစ်ဖူးလား ” ဟု မေးလေ၏ ။

သန်းနုက ခေါင်းကို ခါလေ၏ ။

“ မထန်းနု ခေါင်းဂိုးခါးတယ် ။ မထန်းနု မျက်စိက ညိတ်ဒယ် ။ ချနုပ်ခိုး မလိမ်းပါနဲ့ ။ မထန်းနု အဖေလည်း အင်္ဂလိပ်ပဲ ”

“ မဟုတ်ပါဘူး ။ မဂိုလူမျိုးပါ ။ ကျွန်မ ဘာလုပ် လိမ်ပြောရမှာလဲ ”

သန်းနုသည် ဖခင်ကို စိတ်နာသည့်အတွက် မိမိ ကိုယ်ကို မဂိုစပ်လိုလို ပြော၍ ထားလေ၏ ။

“ မဂိုးကု,လား မျက်လုံး ဒီးလိုမလှာဘူး ။ မထန်းနု အင်္ဂလိပ်လား ၊ ဖရန်သစ်လား ၊ ဂျားမန်လား ၊ ယူရောပက အဖေဖြစ်တယ် ၊ ချနုတ်ကို မလိမ်းပါနဲ့ ။ ချနုတ် အင်္ဂလိပ် ၊ မထန်းနုခ အင်္ဂလိပ် ၊ ဒိုးဖြစ်ပါးဒေါကြောင့် ဝန်းထားနု ရက္ခိုထား ဒဘောထရားဂိုး ထောက်ထားဆင်ခြင်ပြီး ဒေါအခါ ချနုတ်ခိုး ချိုက်လိုက်ပါးလော ” ဟု ပြောကာ သန်းနု ကို ပွေ့ယူလိုက်ရာ သန်းနု မှာ ဒေါသဖြစ်လျက် မျက်နှာများ နီ၍ မျက်လုံးများ ချာချာလည်၍ နေလေ၏ ။ အားသန်သော အင်္ဂလိပ်လက်မောင်းများ ထဲမှလည်း ရုန်းထွက်၍ မရ ၊ ရုန်းအားမသန် ၊ အခံရခက်သည်ဟု ဆိုရမှာလည်း ခက်သလိုလို ဖြစ်သောကြောင့် မျက်ရည်များ အဘယ်ကြောင့် ထွက်မှန်းမသိ ထွက်၍ လာလေ၏ ။

အင်္ဂလိပ်သည် မျက်နှာကို သေချာစွာ ကြည့်မိလေ၏ ။ ရှက်ကြောက် လှုပ်ရှားသော မျက်နှာမှာ မိမိ လွန်စွာ အကျွမ်းတဝင် ဖြစ်ဖူးသော အမူအရာ တစ်မျိုး ပေါ်၍ လာသည်ကို သိရသဖြင့် သန်းနုကို လွှတ်ကာ “ မင်း မှန်မှန် ပြော ။ မင်း ... မရွှေဂိုးတိဒလား ” ဟု မေးလေ၏ ။

သန်းနုသည် ၎င်း၏ မျက်နှာကို စိန်းစိန်းကြည့်ပြီး ယီးတီးယားတား ဖြစ်နေပြီးမှ “ ကျွန်မ မရွှေရဲ့ သမီးပါ ” ဟု ပြောလေ၏ ။

အင်္ဂလိပ်သည် သန်းနုကို အံ့အားသင့်သော မျက်လုံးများနှင့် ကြည့်ပြီး မိမိ၏ ဦးခေါင်းဆံပင်များကို လက်နှင့် သပ်ကာ အသက်ကို ပြင်းစွာရှူလျက် မျက်စိမျက်နှာ ပျက်ပြီး မျက်ရည်များ လည်၍ လာလေ၏ ။

တစ်ဖန် သန်းနု၏ ပခုံးနှစ်ဖက်ကို ညင်သာစွာ ကိုင်ယူပြီး မျက်နှာကို ကပ်ကာ မျက်တောင် မခတ်ဘဲ “ ထရစ်စကီး ၊ ထရစ်စကီး ၊ ငါ့သမီးကလေး ” ဟု ပြောကာ ဖက်၍ ငိုရှာလေသတည်း ။

မစ္စတာ ကယ်နယ်ဒီသည် မိမိ၏ မယားနှင့် သမီး ကလေးကို ထားခဲ့ပြီး ခေတ္တ အင်္ဂလန်သို့ ပြန်သွားရာ အင်္ဂလိပ်မနှင့် အကြောင်းပါ၍ ကိုလိုနီနိုင်ငံများ၌ လုပ်ကိုင်နေထိုင်ခဲ့ပြီးနောက် တစ်ဖန် မြန်မာပြည်သို့ အဘယ်ပုံ ရောက်လာရပုံ အကြောင်းများကို အသေအချာ ပြော၍ ပြမှ သားအဖ ဖြစ်ကြောင်း သိရလေသတည်း ။

ထိုအတွင်း ဘရွှေ ရောက်၍ လာရာ သန်းနုက မိမိ နှင့် ချစ်ကြိုက်နေသူ ဖြစ်ကြောင်း ပြောပြရာ ဖခင်က ဝမ်းနည်းအားရ ဖြစ်လျက် နှစ်ယောက်စလုံးကို အခွင့်တောင်းလျက် မိမိ အမှားကို ဝန်ချကာ ဆပ်ဖြေရန် သဘောနှင့် ဘရွှေ ကြီးပွားအောင် ကူညီမစပါမည်ဟု ကတိထားပြီး နှစ်ယောက်စလုံးကို မိမိ၏ အိမ်သို့ ခေါ်၍ သွားလေတော့သတည်း ။

▢  ပီမိုးနင်း
📖ဝတ္ထုပဒေသာ ပေါင်းချုပ် ( ၁ )

No comments:

Post a Comment