Wednesday, February 11, 2026

စိန်သံမဏိ နဲ့ မော့ ( စ် )


 

❝ စိန်သံမဏိ နဲ့ မော့ ( စ် ) ❞
            ( ကျော်ထူး )

စာဖတ်ပရိသတ်များ ခင်ဗျား ၊ ကွယ်လွန်သွားသူတွေရဲ့ အကြောင်းအရာတွေကို ကျွန်တော် ရေးရတာ တကယ်တော့ စိတ်မကောင်းပါဘူး ။ သို့ သော်လည်းပဲ သူတို့ တစ်တွေကသာ ကွယ်လွန် ပျောက်ကွယ်သွားတာပါ ။ ကျွန်တော့် ရင်ထဲ ၊ အသည်းထဲမှာတော့ မပျောက်ကွယ်သေးပါဘူး ။ အထူးသဖြင့်ပေါ့လေ ၊ ကျွန်တော်တို့ လူရွှင်တော် အဖွဲ့တွေ ဆုံတွေ့ကြပြီ ဆိုမှဖြင့် သက်ရှိထင်ရှား လူတွေရဲ့ အကြောင်းတွေရော ကွယ်လွန်သွားရှာပြီဖြစ်တဲ့ သူတွေရဲ့ အကြောင်းတွေကိုပါ အားနည်းချက် ၊ လွဲမှားမှု ၊ အမှတ်တရဖြစ်မှုတွေကို စကားဝိုင်းထဲမှာ ထည့်ပြောလေ့ရှိပါတယ် ။ ဥပမာ - လူရွှင်တော်ကြီး ဦးစိန်ရိုး ဟာဖြင့် ဘယ် နယ်မှာ ပွဲကတုန်းက ဖရဲသီးသည်နဲ့ ဘယ်လို ပြဿနာဖြစ်ခဲ့ဖူးတယ် ။ သူက လက်ရှိ သက်ရှိထင်ရှားလေ ။ ဟော ... ဦးရွှေငါးကြီး ကတော့ဖြင့် ဦးနေဝင်းခေတ်မှာ လွှတ်တော်ထဲမှာ ဘယ်ပြက်လုံးကို မှားပြီး ပြက်ခဲ့တယ် ဆိုတာမျိုးတွေပေါ့ ။

အဲဒါတွေကတော့ ကောင်းတာတွေရော ၊ ဆိုးခဲ့တာတွေရောပေါ့ ။ စကားစပ်မိရင်းနဲ့ ပြောကြ ၊ ရယ်ကြပေါ့ ။ အဲဒါတွေ အားလုံးဟာ သူတို့ရဲ့ အမှတ်တရတွေပါပဲ ။ ဆင့်ကဲဆင့်ကဲ ပြောစမှတ် အနေနဲ့ ကျန်နေခဲ့မှာ မလွဲပါဘူး ။ တစ်ခါတစ်ရံမှာ ပရိသတ်ကြီးကို ချမပြသင့်တာတွေလည်း ရှိပါတယ် ။ အဲဒီ ချမပြသင့်တာကို ချပြရေးသားခြင်းဟာ ကွယ်လွန်သူတွေကို သတိတရ ၊ အမှတ်တရ မဟုတ်တော့ပါဘူး ။ အပုပ်ချစော်ကားသလိုမျိုး ဖြစ်ပါတယ် ။ ဒါကြောင့်လည်း ကျွန်တော် တင်ပြမှု အပိုင်းတွေမှာ လွဲချော်သွားမှာ စိုးလို့ အထူးဂရုစိုက်ပြီး ရေးခဲ့ပါတယ် ။ ယခု ရေးမည့် အကြောင်းအရာလေးကတော့ ရှေ့က ကျွန်တော် ရေးခဲ့သလိုပါပဲ ။ ကွယ်လွန်သွားရှာပြီဖြစ်တဲ့ ကျွန်တော့်ဆရာ ဒါရိုက်တာ ဦးစိန်သံမဏိ နဲ့ ညီအစ်ကိုလို ရန်ဖြစ်လိုက် ၊ ပြန်ချစ်လိုက်နဲ့ တစ်ခါတစ်ရံ လက်တွဲခဲ့ဖူးတဲ့ အတွဲ မဟုတ်တဲ့ လူရွှင်တော် စနေသား ( ကျွန်တော်တို့ အသိုင်းအဝိုင်းက ခေါ်ဆိုမှု ) ကိုမော့ ( စ် ) ရဲ့ အကြောင်းလေးပါပဲ ။ အဲဒါကလည်း ရိုက်ကွင်း တစ်ခုပေါ်မှာ ကျွန်တော် နဲ့ ခင်လှိုင် အမှတ်မထင် စကားစပ်မိရင်းနဲ့ ပြန်သတိရလိုက်လို့ ပါ ။ အဲ ... အဖြစ်က သည်လိုခင်ဗျာ ။

“ ငါ့အိမ်ရိပ်ကို စနေသား ငမူး နဲ့ ဟိုလူပြက်ကျော်ထူး ပေးမနင်းနဲ့နော် ။ ဒီကောင်တွေ လူမပြောနဲ့ နာမည်တောင် မကြားချင် ၊ ထွီ ”

ခြံဝဝင်မည့်ဆဲဆဲ ကျွန်တော့် ခြေလှမ်းများ တန့်သွားပါသည် ။ ဘာဖြစ်လို့ ပါလိမ့် ။ ငါလည်း ရှုတင်ကို အချိန်မီ ရောက်ပါတယ် ။ တစ်ခါဖူးမျှ နောက်မကျဖူးပါဘူးပေါ့နော် ။ အဲဒါနဲ့ ဇာတ်ကားရိုက်မည့် ဆရာ စိန်သံမဏိရဲ့ အိမ်ရှေ့ အိမ်ထဲကို မသိမသာ ဘက်ဂီယာ ထိုးပြီး ဝင်လိုက်သည် ။

“ ဗိုလ်စိန် ဘာတွေ ပေါက်ကွဲနေတာလဲကွ ”

ရှုတင်အဝတ်အစားတွေကို ပြင်ဆင်နေတဲ့ လူရွှင်တော် တစ်ယောက်ကို လှမ်းမေးလိုက်သည် ။

“ မသိပါဘူးကွာ ၊ ငါလည်း မင်းနဲ့ ရှေ့ဆင့်နောက်ဆင့်ပဲ ရောက်တာ ”  

ရိုက်တဲ့ ဇာတ်ကား နာမည်က ‘ လေမျိုးရှစ်ဆယ် ’ ။ လူရွှင်တော် တော်တော်များများ ပါဝင်ကြတယ် ။

“ စနေသားရော ရောက်ပြီလား ”  

“ ထုံးစံအတိုင်း ရောက်ပြီး ပြန်ထွက်ပေါ့ ” 

“ ဟ .. စောလှချည်လား ”

“ သူ့အိမ်က အိမ်စောင့်နတ် လက်မခံလို့ နေမှာပေါ့ ”

သိပ်မကြာလိုက်ပါဘူး ။ ဆရာစိန် ရှုတင်အိမ်ကို ကူးလာပြီး ရိုက်ကူးရေး စပါတော့တယ် ။ မျက်နှာကတော့ နဂိုမူလက မည်းနေရတဲ့ ကြားထဲ သုန်မှုန်နေတော့ ပိုဆိုးတာပေါ့ ။

“ ကဲ ... လုပ်ကြဟေ့ ၊ ကိုယ့်သားမယား ကိုယ် ရှာကျွေးတာ တာဝန်တော့ ကျေပါစေ ။ ကိုပိစိ ၊ မနေ့ကမှာ လိုက်တဲ့ ခြင်ထောင်အစုတ်ပါလား ”

“ ပါတော့ပါတယ် ဆရာ ။ ဒါပေမဲ့ သိပ်မစုတ်ဘူး ဖြစ်နေတယ် ”  

“ ဪ ... အိမ်မှာ အစုတ်တွေ မရှိဘူးဆိုတဲ့ သဘောပေါ့လေ ”  

မျက်မှောင်ကြီးကြုတ်ပြီး ခေတ္တခဏ စဉ်းစားနေပုံရတယ် ။

“ တင့်လွင် သွား ၊ သတင်းစာတစ်စောင်နဲ့ ကော်ယူခဲ့ ။ ပြီးရင် သူ့ဇာခြင်ထောင်ကို ဟိုတစ်စနဲ့ သည်တစ်စနဲ့ လိုက်ကပ်လိုက် ။ သိပ်လည်း မများနဲ့ နော် ။ ကဲ ခြင်ထောင်လုပ်နေတုန်း ပူဖောင်းသည် နဲ့ စက်အဖွဲ့ အောက်ဒိုး ထွက်မယ် လာဟေ့ ။ ဟိုကောင် စနေသား ရောက်ပြီလား ”

“ ဟုတ်ကဲ့ ဦးစိန်လေး ”

ထွက်ခါနီး ကျွန်တော့်ကို မျက်ထောင့်နီကြီးနဲ့ တစ်ချက် လှမ်းကြည့်သွားလိုက်သေးတယ် ။ ဧရာ ကတော့ အောင်နိုင်သူ အပြုံးနဲ့ စပ်ဖြဲဖြဲ လုပ်ပြတယ် ။ သည်လိုနဲ့ အိမ်ထဲမှာ ရိုက်လိုက် ၊ အောက်ဒိုး အပြင်ထွက်ရိုက်လိုက်နဲ့ ညနေစောင်းသွားပါလေရော ။ ညနေကျတော့ ဇာတ်ကားအတွက် စရန်ငွေ ထုတ်ဖို့ တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်နေစဉ်မှာပဲ -

“ ကိုပိစိ ၊ ရော့ ... စရန် ” တဲ့ ။

ရှုတင်မန်နေဂျာ မကျ ၊ စက်အဖွဲ့ မကျ ဗိုလ်စိန်၏ တူတော်မောင်က စာအိတ်လေးနဲ့ တစ်ယောက်ချင်းကို စရန်ငွေ လာပေးတာကို တွေ့လိုက်ရပါတယ် ။

“ တင့်လွင် ၊ ငါတို့ အတွက်ရော ”

“ မပါဘူးဗျ ၊ ဦးလေးနဲ့ သွားတွေ့လိုက်လေ ။ အိမ်က နီးနီးလေးဥစ္စာ ။ အန်တီချစ်က ဒါပဲ ပေးခိုင်းတာ ”

ကိုရွှေမော့ ( စ် ) နဲ့ ကျွန်တော် တစ်ယောက်မျက်နှာ တစ်ယောက် လှမ်းကြည့်လိုက်တယ် ။ ကိုရွှေမော့ ( စ် ) က ခေါင်းခါပြတယ် ။

“ ငါတော့ မသွားဘူး ၊ မင်း သွားချင်သွား ”

“ ဟာ .. အဲဒီလိုတော့ မလုပ်နဲ့လေ ၊ နှစ်ယောက်အတူတူ သွားမယ် ”  

“ ဟင့်အင်း ... မသွားဘူး ၊ ဇာတ်ကားပြီးမှပဲ ယူတော့မယ် ။ လိုက်ချင်ရင် လိုက်ခဲ့ ၊ လမ်းထိပ်က ဒေါ်ဝိုင်းစိန်မှာ ရှိမယ် ။ နောက်ကျရင် ဘဲခေါင်းသုပ် မမီဘူး ။ ဒါပဲ ငမော့ ( စ် ) လစ်ပြီ ”

သူ သွားမှတော့ ကျွန်တော် ကျော်ထူး လည်း လစ်ပြီပေါ့ ။ အပြစ် ဟူသမျှ တစ်ယောက်တည်း ခေါင်းမခံနိုင်ပါဘူး ။ အဲဒီလိုနဲ့ ဇာတ်ကားရိုက်လို့ ပြီးမယ့် တစ်ရက် အလိုမှာ -

“ သန့်ဇော် ခဏ ”  

“ ဗျာ ... အစ်ကို ”

“ မင်းအဖေက ငါနဲ့ စနေသားကို ဘာတွေ အစာမကြေ ဖြစ်နေရတာလဲ ”

“ အင်း ... အဖေက ပြောတော့ ဘာတဲ့ ၊ ဟိုလေ ... ကျွန်တော်တို့ ဇာတ်ကား သွားသွားရိုက်နေတဲ့ သစ်လုံးပုံကြီးတွေ ရှိပါရောလား ”  

“ အေးလေ ... အဲဒီသစ်လုံးပုံကြီးတွေနဲ့ ငါနဲ့ ဘာဆိုင်လို့လဲ ”  

“ ကိုကျော်ထူးနဲ့ မဆိုင်ပါဘူး ။ ဆိုင်တာက ဟိုစနေသား ”  

“ ဟင် ... စနေသားက ဘာဖြစ်လို့လဲ ”

“ ဘာဖြစ်ရမှာလဲဗျာ ၊ အဲဒီ သစ်လုံးပုံကြီးတွေကို စနေသားက သူ့ပိုက်ဆံနဲ့ သူ အလုပ်သမားတွေ ငှားပြီး ဘယ်နေရာကို ရွှေ့ခိုင်းလိုက်မှန်း မသိပါဘူး ။ ဇာတ်ကားရိုက်မယ် ဆိုတော့ သစ်လုံးပုံကြီး မရှိတော့ဘူး ။ ပြီးတော့ သူက ပြောသေးတယ်တဲ့ ။ ဒီသစ်လုံးပုံတွေ ရှိနေသရွေ့ ဒါရိုက်တာ စိန်သံမဏိ က ဒီမှာပဲ ဇာတ်ကား လာရိုက်နေဦးမှာတဲ့ဗျာ ။ အဲဒါကို အဘိုးကြီးက ကြားသွားတော့ ပေါက်ကွဲပြီပေါ့ ”

ဪ ... သည်တော့မှ စနေသား သူ့အိမ်ရိပ် မနင်းရ ဆိုတဲ့ စကားကို သဘောပေါက် သွားပါတယ် ။

“ ပြီးတော့ ရှိသေးတယ်ဗျ ။ ‘ အဟုတ် မိုက်တယ် ’ ဇာတ်ကား ရိုက်တုန်းကလည်း သူက ဝက်သားတုတ်ထိုးသည် ၊ မှတ်မိလား ”

“ မှတ်မိတာပေါ့ ၊ ငါက လမ်းဘေးက ခွေးတွေခိုးပြီး သင်္ဘောဆေးတွေသုတ် ၊ တယ်ရီယာစုတ်ဖွားတွေ ဆိုပြီး လိမ်ရောင်းတာလေ ”

“ ဟုတ်တယ် ။ အဲဒီဇာတ်ကားမှာ ဖိုက်တာသုံးဖို့ ဆိုပြီး မရမက ရှာဖွေထားရတဲ့ ဝက်သားတုတ်ထိုးတွေကို စနေသားက လစ်ရင် လစ်သလို အရက်နဲ့ ယူယူ မြည်းပစ်တယ်လေ ။ သူ မြည်းရုံတင် မကဘူး ၊ ဖြတ်သွားဖြတ်လာ လူတွေကိုပါ ခေါ်ကျွေးတော့ တကယ် ရိုက်မယ်လည်း ဆိုရော ဝက်သားတုတ်ထိုးတွေက မရှိတော့ဘူး ။ မေးတော့ ဘေးနားမှာ ခွေအိပ်နေတဲ့ ခွေးကို မေးငေါ့ ပြတယ်လေ ”

စနေသား ကလည်း စနေသားပါပဲ ။ နေကပူ ၊ ရိုက်ကွင်းက လူမစုံနဲ့ ဝက်သားတုတ်ထိုးသည်ကို ဇာတ်ကား မရိုက်ရဘဲ ပိုက်ဆံတွေ ပေးလွှတ်ရပြီး နောက်တစ်ဦး ထပ်ရှာရတော့ ဒါရိုက်တာ စိန်သံမဏိ ပေါက်ကွဲတော့မှာပေါ့ ။

“ ငါ့စီးပွားပျက်အောင် လုပ်တဲ့ကောင် ” တဲ့ ။

“ ဟား ဟား ဒါနဲ့ နေစမ်းပါဦး ၊ စနေသားတော့ ထားလိုက်ပါ ။ ငါက ဘာဖြစ်လို့ မင်းတို့ အိမ်ရိပ် မနင်းရတဲ့ ကြားထဲ ပါသွားရတာလဲ ”

“ ခင်ဗျားရော ဘာထူးလို့လဲ ။ ခင်ဗျားတပည့် ဧရာ ဦးသန်းဖေလေး တို့ ၊ ထွန်းအောင်ဇော် တို့နဲ့ ဇာတ်ကား ရိုက်နေတဲ့ ဥစ္စာကို ဧရာ့ ဦးလေး ဆေးရုံတင်ထားရလို့ ဒီနေ့ မလာနိုင်ဘူး ဆိုပြီး ရောလိမ်တာလေ ။ မှတ်မိလား ၊ ဧရာ့အဖေ ဦးထွန်းရင်ကြီးတောင် ယူထားတဲ့ စရန် လာပြန်ပေးတာလေ ။ တစ်နေ့တည်း ပေါ်သွားတော့ ခင်ဗျားကို ဒေါသဖြစ်တာပေါ့ဗျ ၊ ဖြစ်ချင်တော့ စနေသား နဲ့ ကျော်ထူး တစ်နေ့တည်း ပြဿနာ တစ်ခုတည်း ၊ တစ်ထပ်တည်း ဖြစ်နေတော့ ခင်ဗျားပါ ကြံရာပါဖြစ်သွားရော ”

ဪ ... ဒါကြောင့် မော့ ( စ် ) နဲ့ ကျော်ထူး သူ့အိမ်ရိပ် မနင်းရလို့ ပြောတာကိုး ။ ဒါပေသည့် ရှေ့ဒါရိုက်တာ ၊ ရှေ့လူရွှင်တော်ကြီးများ နည်းတူ ခေတ္တခဏပါပဲ ။ ပြီးတော့လည်း ပြီးသွားတာပါပဲ ။ အဲဒါနဲ့ပဲ အဲဒါပဲပေါ့ဗျာနော် ။ ရှေ့ကထက် မမီတောင် အနည်းငယ်တော့ ချစ်ကြပါတယ် ။

▢  ကျော်ထူး
📖 First Music News Journal
      15 . Octobe r, 2013 ( Tuesday )

No comments:

Post a Comment