Saturday, February 7, 2026

တစ်သက်


 ❝ တစ်သက် ❞ 

( နှင်းဝေငြိမ်း )


သန်းခေါင်ယံ တစ်ရေးနိုး လာတတ်ပြီဖြစ်သော ကျွန်မသည် ခြောက်သွေ့လှသော အာခေါင်ကို ရေတစ်ခွက်ဖြင့် စိုစွတ်စေခဲ့၏ ။ ရေသောက်ပြီး ချက်ချင်း ပြန်လှဲသော်ငြား ချက်ချင်းဖြင့် အိပ်မပျော်သေးချေ ။ ကျွန်မ မျက်လုံး အစုံက အမှောင်ကို အသားကျနေပြီး အမှောင်ထဲမှာ ဖြူနေသော ခြင်ထောင် အမိုးကို စိုက်ကြည့်ရင်း တစ်စုံတစ်ယောက်၏ စကားသံကို ကြားနေမိ၏ ။


“ သန်းခေါင်ကျော် ရုတ်တရက် နိုးလို့ ထကြည့်ရင် မင်းက သိပ်ရုပ်ဆိုးတာပဲလို့ ပြောတယ် တင့်တင့်ရယ် ။ ဟုတ်လားဟင် .. မမချော က ဒီလောက်တောင်လား ဟင် ”


အဲဒီ့ အသံ အဲဒီ့ အသံလေး .. ။ ဘယ်လောက်တောင် နာကျင်ပြီး ဘယ်လောက်တောင် ဝမ်းနည်းနေတဲ့ အသံပိုင်ရှင်လဲ ဆိုတာ သိသာလှသည် ။ ကျွန်မ ဝမ်းနည်းလွန်းသည့် အပြင်အားနာစွာ နားပိတ်ထားလိုက်ပေမဲ့ ထိုအသံပိုင်ရှင်၏ အသံကို ထပ်ကြားရပြန်သည် ။ ရင်ထဲ ဆို့နင့်သံ ။ ရှက်ကြောက်နာကျင်သံ ။ 


“ ဟုတ်မှာပါ ဟုတ်မှာပါ ... ဒါကြောင့် ပစ်သွားတာပေါ့ ”


ကျွန်မ အသည်းကွဲ သွားသလိုပါပဲလား မမချောရယ် ။ ကျွန်မလေ မမချောကို ပစ်သွားတဲ့သူထဲမှာ ကျွန်မ မပါဘူးနော် လို့ ထပ်ပြောမိသည် ။ ကျွန်မ ဘာတွေကိုမှ မအောက်မေ့ပေမဲ့ ယခုအချိန်မှာ မမချောကို အောက်မေ့သည် ။ ကြံရာ မရတိုင်း ကျွန်မ ရှိရာသို့ ရောက်လာတတ်ပြီး ကျွန်မ အားမှန်း မအားမှန်း လုံးဝ မရိပ်စားတတ်ဘဲ ကျွန်မ ဘေးနားက ခုံလေးမှာ ထိုင်ကာ “ သိလား တင့်တင့် ... ”  ၊ “ သိလား တင့်တင့် ” နှင့် သူ့ ခံစားချက်တွေ ကို လျှိုတန်လျှို ၊ ဝှက်တန်ဝှက် ၊ ဖွင့်တန်ဖွင့်ရင်း အုတ်စုံဂုတ်စုံ အကုန် သိစေခဲ့အောင် ယုံကြည်မှု လွန်ကဲသူထဲတွင် မမချော ပါခဲ့လေသည် ။ ကျွန်မသည် မမချော၏ တစ်ဦးတည်းသော ရင်ဖွင့်ဖော်ပင် ။ 


ဆံပင်လေးတွေက ပါးပြီး ကလစ်ကလေးနှင့် စည်း လျှင်ပင် တစ်ဆုပ်စာ မရှိသည့် ဆံပင်တွေကို ကြည့်မိ၍ တစ်ဦးတစ်ယောက်က မမချောရယ် ဆံပင်ကလည်း ပါးလိုက်တာ ၊ ကောက်လိုက်ပါလား ဆိုလျှင် ပြေးကောက် ။ တစ်ယောက်က ဟင် ... မမချော ကလည်း အဖြောင့်လေးနဲ့ မှ လိုက်တာဟု ဆိုလျှင် ပြေး ဖြောင့် ... ဒါနှင့်ပင် ဆံပင်က ဤပုံ ဖြစ်လေသတည်းဟု ကျွန်မကို ပြောရင်း ရယ်ရှာသော သူ့ခမျာ အဆုံးသတ်လျှင် ဤသို့ ဆိုလေ၏ ။


“ သမီး အဖေက ဆံပင် သိပ်ကောင်းတာ ။ သမီးက အဲဒါကြောင့် ဆံပင်သန်တာပေါ့ ကြည့်ပါလား ။ အသားညို ပေမဲ့ ဆံပင် လှတော့ ကြည့်ကောင်းတယ်လေ ။ မမချော သာ စာကလေး အမွေးနုတ် ဆံပင်ငုတ်တုတ်လေး ” 


ပြောရင်း ရယ် ... ၊ ရယ်ရင်း ပြော ကာ သမီးအဖေ ဘက်သို့ မြားဦးလေး ကွေ့ သွားလေတော့သည် ။ သမီး အဖေ ... သမီး အဖေတဲ့လား မမချော ရယ် ။


“ လူက လူတော် တင့်တင့် ရဲ့ ။ သူတို့ မေဂျာမှာ သူ က ထိပ်က ။ ဆရာတွေက သူ့ကို ချစ်ကြတဲ့ အထိ စာတော်တာ ။ ဒါကြောင့် ပညာတော်သင်သွားရတာ ကြည့်ပါလား ။ ဟိုတစ်ခါ ခေါက်ထီး ပေးတယ် မဟုတ်လား တင့်တင့် ရလား ” 


ကျွန်မ အလုပ်စားပွဲနား ထမင်းဘူး ဖွင့် ၊ ထမင်းဘူးမှာ ဟင်းက အပြည့် ။ သူက ချိုင့် လည်း ပါသေး ။ ဟင်း ကလည်း ဖွယ်ဖွယ်ရာရာ ။ သူ့ ဆီက ကျွန်မတို့ နှိုက်စားရုံ ။ သူ လက်ဆ ကြီးတာမို့ ၊ ကိုယ့်အိမ်က ဟင်း မမီလည်း မပူရပါ ။ မမချော ထမင်းချိုင့်က ကျွန်မတို့ အတွက် လုံလောက်သော ဟင်းလျာသာ ။ နိုင်ငံခြားကို ယောက်ျားက ပညာတော်သင်သွားရလောက်အောင် တော်ပေမဲ့ သူ့ မိန်းမ မမချော က ပရိုမိုးရှင်းမှာ ရေးဖြေပါ၍ မဖြေပါဘူး တကဲကဲ လုပ်နေရာ ကျွန်မတို့မှာ သူ့ အစား တအံ့တသြ ဖြစ်ရသည် ။ လုပ်သက် လည်း များပြီး ရလည်း ရနိုင်ခြေ များပါလျက် စာမ ကျက်နိုင်ဘူးဟု ပြောသဖြင့် ရုံး တစ်ဆက်ရှင်လုံးက အိမ်မှာ ဘာလုပ်ရလို့လဲ ၊ ဘာပူစရာ ရှိလဲ ၊ စာကျက်ဖို့ တစ်လုပ်တည်း ရှိတာကို ၊ ဖြေရမယ် နှင့် အတင်း တိုက်တိုက်တွန်းတွန်း ပြုခဲ့ကြ၍သာ ထို စာမေးပွဲကို သူ့ခမျာ မရ ရအောင် ဖြေရလေ၏ ။


ဖြေခါနီး တစ်ရက် နှစ်ရက် အလိုမှာ ကျမှ သူ့အိမ်မှာ စာ လာကျက်ပေးပါဟု ဆိုရာ ကျွန်မတို့က ပျော်ပျော်ကြီး ရောက်သွားခဲ့လေ၏ ။ ထိုအခါကျမှ မမချော သည်လောက် ငြင်းဆန်ရသည့် စာမေးပွဲ မဖြေချင်သည့် အကြောင်းတရားက ဘွားဘွားကြီး ပေါ် လာတော့၏ ။ စားပွဲဝိုင်းမှာ စာ စုဖတ်နေစဉ် မမချော က ဂနာမငြိမ် ။ ဖုန်းလာလျှင် ပြေးကိုင်လိုက် ၊ နောက်ဖေး ဝင်သွားလိုက် ၊ မမချော ရေ ပြေး သောက်လိုက် ၊ အိမ်သာ တက်လိုက်နှင့် .. ကျွန်မတို့ သာ စာတွေ ရသွားသည် ။ မမချော က မရသေး ။ ဘာဖြစ်နေတာလဲ ဟု မေးတော့လည်း ရယ်သံအက်ကွဲကွဲနှင့် ဘာမှ မဟုတ်ဘူး ၊ ဘာမှ မဟုတ်ဘူးနှင့် စာရွက်တွေ လျှောက်လှန် ရင်း ဘယ်ရောက် သွားပြီလဲဟု မေးရှာပါသည် ။ ကျွန်မ က တစ်အိမ်လုံး မမချော သာ ရှိပြီး သမီးက သူ့ကြီးဒေါ်ကြီး ကျောင်း ပို့၍ အိမ်မှာ မရှိဘူးသာ သိထားပေမဲ့ တကယ် တမ်းတော့ ထိုသို့ မဟုတ်ခဲ့ပါ ။


“ တင့်တင့် .. ဒါကို အလွတ်ရတဲ့နည်းသာ ပေးပါဟယ် ၊ မကျက်နိုင်တော့ဘူး ” 


စာတွေကို အူကြောင်ကြောင် ငေးကြည့်နေရင်း မမချော ပြောသည် ။ ဓမ္မဓိဋ္ဌာန်လို ( အော်ဂျက်တစ်တိုက် ) မေးခွန်းကို ဘယ်လို အလွတ် ကျက်မည်နည်းဟု မေးရာ သူ့ ဖြေပုံက လွယ်သည် ။ မေးခွန်းက အခု ၂ဝ ထဲက ဆယ်ခု မေးမှာ ဆိုရင် အေ ဘယ်နှလုံး ၊ ဘီ ဘယ်နှလုံး ၊ စီ ဘယ်နှလုံးလဲဟု ဆို၏ ။ ကျွန်မက စိတ်မြန်၍ မေးခွန်းတစ် အဖြေက အေ ၊ နှစ် အဖြေက  စီ ၊ သုံး အဖြေက အေ ၊ လေး အဖြေက ဘီ စသဖြင့် ပြောပြရာ သူ ခေါင်းတညိတ်ညိတ် နှင့် မှတ်သည် ။ ဒါက ဌာနရဲ့ အလုပ်အကြောင်းကို သဘောတရား နားလည်ရမယ်ဟု ထပ်ပြောပေမဲ့ သူ့ ခေါင်းသာ ညိတ်ပါသည် ။ ရပြီလား မေးရာ မသိပါဘူး တင့်တင့်ရယ် ဟုသာ ဖြေပြီး အာရုံတွေ လွင့်မျောသလို ဖြစ်နေခဲ့၏ ။ မျက်လုံးထဲမှာလည်း ဘာ စာမှ မြင်ဟန် မတူ ။ တဝါးဝါး သမ်းတာ မျက်ရည်ပင် ကျသည် ။ 


တကယ် ရာထူးတိုး ဖြေသည့် ရေးဖြေနေ့မှာ သူ့ ကို မေးရ၏ ။ ဖြေနိုင်လားဟု မေးရာ မမချောက ရိုးရိုးအေးအေး နှင့် ဖြေပါသည် ။ သူ့ ဖြေပုံက ကျွန်မ တစ်သက် ဘယ် စာမေးပွဲမှာမှ ဖြေမည့် အဖြေမျိုး မဟုတ်ပါ ။ နံကြား ထောက်၍ ဖြေခြင်းလည်း မဟုတ် ။ သူ ထင်ရာ သူ ရေးတာလည်း မဟုတ် ။ စာမေးပွဲ မေးခွန်း ကလည်း ကြိုတင်နိမိတ်ပြ မေးထားသည့် ဆယ့်ငါးခုလောက် ထဲ ကပဲ မေးသောကြောင့် သူ ကျွန်မ ပြောတာကို နှစ် ခေါက်လောက် ဖတ်ပြီး အေ အေ ... ဘီ ဘီ ... စီ ... အေ အေ စသဖြင့် ရေးချပစ်လိုက်သတဲ့ ဟု ဖြေသော အခါ ကျွန်မ လန့်သွား၏ ။ 


“ အမယ်လေး မမချောရယ် ... မှားကုန်မှဖြင့် ” 


“ အို .. မမှားပါဘူး ၊ တင့်တင့် ပြသလိုပဲ ဒါပါရင် အေ လိုက်တယ် ၊ ဒါပါရင် ဘီ လိုက်ပေါ့ ။ မှတ်ထားတယ် ၊ အေ လေးလုံး ဘီ သုံးလုံး စီ သုံးလုံး ” 


“ ကဲ ... ကောင်းရော ကောင်းရော ” 


ထိုကဲ့သို့ မမချော ကို ဒါလေး တောင် မကျက်နိုင်ဘူးလား ဟု ပြောကြရာ သူက ပြုံးပြီး အဲဒါကြောင့် မဖြေချင်ဘူး ပြောတာပေါ့ ။ ခေါင်းထဲမှာ ဘာ စာမှ မရှိဘူး ၊ ကျက်လည်း မကျက်နိုင်ဘူး ဟု ညည်းတွားရုံမှ လွဲ၍ ဘာမှ ဆက် မပြောပေ ။ ကံကောင်းထောက်မစွာပင် လုပ်သက် အရ အပြင် ၊ သူက နှုတ်ချိုပြီး ဆရာသမားကို ရိုသေလေးစားတတ်လွန်း၍ ထို ရာထူးတိုးခြင်း တွင် ပါသွားခဲ့လေ၏ ။ မမချော က သူ့ရာထူးတိုးသော နေ့မှာ ကျွန်မကို မုန့် ကျွေးပြီးမှ မျက်ရည် အဝဲသားနှင့် ရင်ဖွင့်တော့၏ ။ 


“ အဲဒီ နေ့က သမီးကို သူ့ အဖေက ဟိုကောင်မလေး အလိုက် ကောင်းအောင် နယ် ခေါ်သွားတာ ။ မမချော က မလိုက်ဘဲ နေခဲ့ရတယ် ။ သူက မမချော ကို မလိုက်စေ ချင်ဘူးလေ ... သိလား တင့်တင့် ”


စိတ်ထဲ ကျင်ခနဲ တောင် ဖြစ်ရပါသည် ။ ဒီအချိန် ကျက်မှတော့ ဘယ်နှခေါက် ကျက်ကျက် ဘယ်လို ရပါမည်နည်း ။ စာရွက်ပေါ်ကို ရေစက်တွေ ကျနေတာဟု မှတ်ခဲ့သည့် အတွက် ထိုနေ့ က မမချော ကိုလည်း “ ဒီစာရွက်တွေက ရေစိုလို့ မရဘူးလေ ” ဟု ကျွန်မ ခပ်မာမာ ပြောမိသေး၏ ။ တကယ်တော့ ထိုနေ့ ည တစ်ညလုံး မိုးလင်း အထိ မမချောတို့ အိပ်ရာထဲမှာ တကျိတ်ကျိတ် ရန်ဖြစ်နေ သည့် နေ့ ။ မမချော က ပရိုမိုးရှင်း တောင် မဖြေပါဘဲ သူ့ နောက် လိုက်ချင်ပေမဲ့ သူကတော့ လိုက်ချင် လိုက် ၊ ဟို တစ်ယောက်လည်း လိုက်မှာနော်ဟု ပြောခဲ့သတဲ့ကွယ် ။ ထိုအခါ မမချော မျက်ရည်တွေက စာရွက်တွေ ပေါ် တပေါက်ပေါက် ကျရင်း သမီး မကြားအောင် ကျိတ်ရှိုက် နေမည်သာ ။ နောက်တစ်နေ့ မနက်မှာ သမီးကို ခဏ ခေါ် သွားမယ်ဟု နွေကျောင်းပိတ် အကြောင်းပြကာ ကားပေါ် ခေါ်တင်သွားသည် ။ မင်း လည်း လိုက်ချင်လိုက်ခဲ့ ၊ မတားဘူးဟု ပြောသွားခဲ့၏ ။ သမီးက လိုက်မယ် ၊ လိုက်မယ် ဖြစ်နေရာ အငေးသားနှင့် သူ ကျန်ခဲ့ရရှာ၏ ။ 


“ သမီး ပါမှတော့ မမချော ပါ လိုက်သွားပါလား ” ဟု ကျွန်မ မပြောနိုင်ခဲ့ပါ ။ ရာထူး နှင့် နယ်ကို အချိန်ကိုက် ရွေးခိုင်းပြီး မမချော ကို ဘေးကျပ်နံကျပ် ပြုစေခဲ့သည့် အပြင် ၊ မမချော သည် သူ့ ရုပ်သေးရုပ်သာ ဖြစ်ခဲ့၍ ကလေးကလည်း မအေ ထက် ဖအေကို ပို ခင်ရာ အိမ်က သုံးဝမ်းကွဲ ညီမက စွေ့ခနဲ ချီရာ နောက်သို့ ပါသွားခဲ့လေ၏ ။ ထို ညီမ က မမချော ကို အရိပ် လည်း နေ ၊ အခက် လည်း ချိုး ၊ အပင် ပါ တူးယူသွားခဲ့သူပင် ။


“ ကိုယ့် အဆင့်နဲ့ သနားလို့ ခေါ်ထားတာ ။ မခေါ် ကောင်းဘူးလို့ သူများတွေ ပြောတာ မယုံခဲ့ဘူး သိလား ။ သမီးကို ထိန်းဖို့ ခေါ်တာလေ ။ ရပ်ဆွေရပ်မျိုးမို့ပါ ။ မမချော ကိုက အ,ပါတယ်ဟယ် ” 


ထို စကားအတွက် မမချော တစ်ယောက် ဘယ်လောက် တာဝန်ယူလိုက်ရသနည်း ဆိုလျှင် တစ်ဘဝလုံး အတွက် ဖြစ်ခဲ့ရလေ၏ ။ တစ်သက်စာပါ ။ စာမေးပွဲ ဖြေစဉ်က စာ မရ၍ အေအေ ဘီဘီ လုပ်သည် ကို ဟာသသဖွယ် ပြောခဲ့စဉ် ကာလက ကျွန်မ၏ မမချော ရင်တွေ ပူထူပြီး အသည်းတွေ ဟက်တက်ကွဲနေချိန်ဖြစ်ပေလိမ့်မည် ။ ဒါတောင်မှ သူ့ခမျာ အေအေ ဘီဘီ လုပ်နိုင်ခဲ့လေ၏ ။ ထိုရက်တွေကို မမချော ဘယ်လိုများ ဖြတ်သန်းခဲ့လေသနည်း ။ ရုံးမှာ ပရိုမိုးရှင်း ဆိုသည့် အသံ ကြားတာနှင့် မမချော ကိုသာ အရင်ဆုံး ပြေးမြင်မိ သလို သူ ဖြေသည့် အဖြေလွှာ ကိုလည်း တန်းခနဲ မြင်မိ၏ ။ အေအေ ဘီဘီ ဟု ဆိုလျှင် ကျွန်မတို့ သူငယ်ချင်းတွေ က မမချော စာမေးပွဲဖြေနည်း ဟုသာ မှတ်ကြတော့သည့် သမိုင်းဝင် မမချော လေ ။ ကျွန်မတို့က သူ့ကို ဘယ်လို အ တီး အ တ နိုင်သည့် မမချော ဟု ဆိုပေမဲ့ သူ့ အလုပ်ကိုတော့ သူက အရေးပေါ် ဖြေရှင်းတတ်လေသည် ။ သူ အလုပ်များ၍ မနိုင်လျှင် သူ သွင်းရမည့် စာရင်းစာအုပ်ထုပ်ကို ပိုက်၍ သူ နိုင်သည့် စားပွဲ တစ်ခု ပေါ် တင်ပေးလိုက် ရင်း “ ရော့ အိမ်က ငါးပိချက်လေး စားကောင်းတယ် ” နှင့်ပင် သူ့ အလုပ်စာရင်းကို ဝိုင်းကူဆွဲပေးခိုင်းတော့သည် ။ ဘယ်သူက ပဲ ဖြစ်ဖြစ် မမချော လုပ်ပုံကို ပြုံးရယ်ရုံမှ တစ်ပါး မလုပ်ဘူးဟု မပြောကြဘဲ ယူလုပ်ပေးကြလေသည် ။ တစ်ရက်များ စာရင်းစစ် လာသော အခါ ကျွန်မတို့က မမချော စာရင်းပိုင်း ကို စစ်နေ၍ လန့် နေကြပါသည် ။ မမချော က သူ့ စာရင်းဖိုင်တွေကို ကိုင် ကြည့်မည့် ဌာနစာရင်းစစ်ကို မည်သို့ ပြောသည် ထင်ပါသနည်း ။


“ ဒါတွေ မပြီးသေးဘူး ညီမ ၊ စာရင်း လုပ်နေတုန်း ။ ဟိုဘက်ဟာတွေ အရင် စစ်လိုက်နော် ၊ မမချော ယူပေးမယ် ” 


ကဲ ကြည့်ပါဦးတော့ ။ စာရင်းစစ် ဆိုတာ သူ ကြိုက်တဲ့ စာရင်း ကောက် စစ်ခွင့် ရှိသည် မဟုတ်လား ။ ထိုအချိန် မှာ စာရင်းစစ် အစ်မတွေကလည်း အချိန် နှင့် ရက် နှင့် စာရင်းစစ်ချိန်ကို လုနေရသူတွေမို့ သူ ပေးလိုက်သည့် သပ်ရပ်သည့် စာရင်းတွေ ကိုသာ လက်ခံ ယူပြီး တခြား ဆက်ရှင်ဘက် လှည့် စစ်ကုန်တော့သည် ။ အကယ်၍များ မမချော စာရင်းကို စစ်ကြည့်လိုက် ၊ မမချော ထုချေလွှာ ဘယ်နှစောင်လောက် ရေးရလေမည် မသိပါ ။ သူ့ သောက နှင့် သူ ထွေးလုံးရစ်ပတ် နေ၍ အလုပ်တွေက မပြီးရှာပေ ။ အရေးကြီး စာရင်းက လွဲလျှင် ကြွေးကျန် ရှိနေသည် ။ ဒီအချိန်မှာများ သူက သွေးအေးအေးလေးနှင့် အာရုံပြောင်းနိုင်တာ အာဂ မမချော ပင် ။ 


အမှတ်ရစရာများ ထဲတွင် ထို စာရင်းစစ်ကို စစ်ရမည့် စာရင်းကို မပြီးသေးဘူး ဟု ပြောပြီး တခြား စာရင်း ပြောင်း ပေးလိုက်သည့် မမချော လုပ်ပုံကို စာရင်းစစ်မှူး တောင် မျက်စိ လည်သွားဟန် တူလေ၏ဟု ထည့်သွင်းပြော ဆိုတတ်ကြတော့သည် ။ တစ်ခါတစ်ခါ မမချော ကို သူ့ ဌာနက ကလေးတွေက အူကြောင်ကြောင်နိုင်လွန်းလို့ ဟု မှတ်ချက်ချပြီး -


“ ဒီ အန်တီချော ကလည်း အမြဲ လွဲနေတာကိုး ။ သူ့ ယောက်ျားက သူ့ စိတ်ပျက်မှာပေါ့ ” 


ထို စကားမျိုးကို အပျိုအရွယ်တွေက ကောက်ချက်ချပေမဲ့ မမချော က သိဟန်ပင် မတူပါ ။ သူ့ မူကို မပြင်ချေ ။ ထို အကြောင်းတွေလောက်က မမချော၏ ရင်ထဲက အပူငွေ့ ကို ကျော်ဖြတ်နိုင်စွမ်း မရှိချေ ။ တကယ်တော့ ထိုကာလတွေမှာ မမချော က သူ့စိတ်ဒဏ်ရာကို အဆင်ပြေ သလို ကုစားနေခြင်းသာ ဖြစ်ပါလိမ့်မည် ။ ဘယ်သူမှ မသိတသိ ကြားကနေ သူ့ နေပုံက သနားစရာကို မကောင်း ။ ကလေး အမေ ဖြစ်ပြီး ကလေးကို အစ်မကြီးက ထိန်းရင်း သူက ကျွန်မတို့ လူငယ်တွေ ရုပ်ရှင် ကြည့်တိုင်း လိုက်ကြည့်တတ်သည် ။ သူ့ကို ထားခဲ့လျှင် သူ မကြိုက် ။ လိုက်ချင်ရှာသည် ။ 


ကျွန်မတို့က ရုံးဆင်း ညနေ ဆိုလျှင် သူငယ်ချင်းတွေ စုပြီး ရုပ်ရှင် ကြည့်တတ်သည် ။ တစ်ရက်မှာ နဝဒေး ရုပ်ရှင်ရုံ ဖွင့်ပွဲကာလ နှင့် တိုးပြီး ဆရာ မောင်စိန်ဝင်း ( ပုတီးကုန်း ) ၏ ဝတ္ထုကို ရုပ်ရှင် ပြန်ရိုက်ထား၍ လူ စုပြီး သွားကြည့်ရာ သူပါ လိုက်လာ၏ ။အပြီးအထိ ကြည့်သလား ဆိုတော့လည်း မဟုတ်ပါ ။ ဘယ်ကား သွား ကြည့်ကြည့် အလယ်လောက် ရောက်လျှင် သူ ငိုက်ပြီ ။ တစ်ယောက်ယောက်က “ မမချော ကြည့်လေ ” ဟု နှိုးလျှင် ဆတ်ခနဲ ခေါင်းထောင် ထပြီး မအိပ်ပါဘူးဟဲ့ က ပြောရင်း “ ဟင် ... သူက ဘာဖြစ်လို့ ရယ်တာလဲ ” ဟု အူလယ်က ဖောက် မေးတတ်သူမျိုးပါ ။ ထို ကားမှာလည်း ကြိုးတံတားပေါ် မှာ ကျော်သူ နှင့် မို့မို့မြင့်အောင် ပြဿနာ ဖြစ်နေသော အခန်း ဖြစ်ပြီး မို့မို့မြင့်အောင် က ကြိုးတံတားကို ဓားနှင့် လိုက်ခုတ်ချနေသည့် အခန်းမှာ မမချော နိုးလာသည် ။ အားလုံးက ဇာတ်လမ်းမှာ သည်းထိတ်ရင်ဖို မျောပါနေတုန်း သူက ဗြုန်းခနဲ ထအော်၏ ။ စိတ်လွတ် သွားပုံရပါသည် ။ 


“ ဟင် .. ဓား ကလည်း ဓားမကြီး ဘယ် ပြတ်မလဲဟဲ့ ။ဒါမျိုးက ဓားရှည် နဲ့ ပိုင်းရတာ အ , ပါ့ဟယ် ”


အလွမ်းအဆွေးတွေနှင့် မျောနေသော ကျွန်မတို့ အားလုံး မမချော စကား အဆုံး အုန်းခနဲ ထ ရယ်ကြတော့သည် ။ ငိုအားထက် ရယ်အားသန် ဖြစ်ခဲ့ရသော ထိုကားကို “ ကျွန်မ ကြည့်မိ အပြစ်ရှိသည် ” ပြောမဆုံးရသည်မှာ လည်း မမချော ကြောင့် ဟု ပြောစရာ လိုမည် မထင်ပါ ။ ထို မမချော က ဤသို့ တလွဲတွေ လုပ်ရင်း ဝန်ထမ်း ဘဝကို ရိုရိုသေသေ ကျားကုတ်ကျားခဲ ဖြတ်သန်းရင်း တစ်ချိန်က သူဌေးသမီးလေးက ရွှေဒင်္ဂါးခါးပတ် နှင့် တက္ကသိုလ် တက်ခဲ့သူ ဖြစ်ခဲ့တာ ကိုရော ၊ ထို ရွှေဒင်္ဂါးတွေ အိမ် က မသိအောင် သူ့ ချစ်သူ ကျောင်းစရိတ် အတွက် တစ်ပြား ပြီး တစ်ပြား ရောင်းစားပေးခဲ့တာတွေ ကိုရော မသိချင်မှ အဆုံး ။ မပြောသလို ပြော သလိုနှင့် သိစေခဲ့၏ ။ ထို ချစ်သူ နောက် ကောက်ကောက်ပါ လိုက်၍ အိမ်က မိသားစု အစ်ကို ၊ အစ်မတွေ ရင်ကွဲပက်လက် ဖြစ်ရတာပင် မကျန် ။ ကျွန်မတို့ ကို ဖြစ်ကြောင်းကုန်စင်စေခဲ့ပေမဲ့ ကျွန်မတို့ ခမျာ ဘာမှလည်း မကူညီနိုင်သော ဘဝနှင့် သူ့ အိမ်ထောင်ရေးကို ကယိမ်းကယိုင် တွန်းတွန်းထိုးထိုး တောနင်းတောင်ကွာ ရင်ဆိုင်နေရချိန် ကျွန်မက ရာထူး တိုးပြီး နယ်ပြောင်း သွားရလေသော အခါ မမချော နှင့် အဆက်အသွယ် ပြတ်သွားလေတော့သည် ။ သူ အားငယ်သည်ဟု ပြောပေမဲ့ အပြုံးမပျက်ခဲ့ ။


•••••   •••••   •••••


အလုပ်ကနေ ရန်ကုန် ပြန်တိုင်း ကျွန်မမှာ တခြား အလုပ်တွေ ကိုယ်ရေးကိုယ်တာတွေ ပလုံစီ နေသောကြောင့် မမချော ဆီ မရောက်ဖြစ်နိုင်ခဲ့ပါ ။ သူငယ်ချင်းတွေဆီက မမချော လေဖြန်းပြီး မထနိုင်လို့ ပင်စင် တင်လိုက်ပြီ ဆိုသော သတင်းကြောင့် မဖြစ်မနေ အိမ်လိုက်သွားခဲ့ရပါသည် ။ ထိုအခါ မမချော မှာ အာရုံကြော အားနည်းသည့် မျိုးရိုးလိုက် ရောဂါ ခံစားနေရသည် ဆိုသည်ကို သိလိုက်ရသောကြောင့် စိတ်မကောင်းရုံမှ တစ်ပါး ဘာမှ မတတ်နိုင်ခဲ့ပြန်ပေ ။


“ သမီးကို ပြောထားတယ် ။ တင့်တင့် ရှိတယ်လို့ ”


စကားတွေတောင် ဗလုံးဗထွေး ဖြစ်သွားသည့် မမချော ကျန်းမာရေးကြောင့် သမီး ဖြစ်သူကို ကျွန်မကို အပ်နေသည် ။ သမီးကလည်း ကျွန်မကို ချစ်သည့် ကလေးပါ ။ ကျွန်မက အရင်လို ထစ်ခနဲ ရှိ မမချော ရှေ့က မရပ်နိုင်ဘဲ ကျွန်မမှာ လည်း ကိုယ့်အပူနှင့် ကိုယ် ။ ကိုယ့် သားသမီးအရေး ၊ ကိုယ့် မိသားစုအရေး ၊ အလုပ်တာဝန်တွေနှင့် ဘယ်မှာ မမချော ဆီကို ရောက်အားပါမည်နည်း ။ စိတ်က ကူညီချင်ပေမဲ့ ခြေလှမ်းတွေက မရောက်နိုင်ခဲ့ပြန်ချေ ။ အားကိုးခံရသူ ကျွန်မ ကိုယ်တိုင် အားကိုးရင်ဖွင့်ဖော် သူငယ်ချင်း ရှာချင်နေသည့် ဘဝမျိုး ဆိုတာ လူနာလုံးလုံး ဖြစ်နေသည့် မမချော ကို မပြောရက်ခဲ့ပါ ။ အ တီး အ တ ရိုးရှင်း သလောက် မအူမလည်နှင့် သူ့ ကြောင့် ရှင်းရသော ပြဿနာပေါင်း သောင်းခြောက်ထောင် နှင့် ချစ်ဖို့ ကောင်းသလောက် အမြင်ကတ်စရာလည်း ကောင်း ၊ သနားစရာလည်း ကောင်းသော မမချော ၏ နောက်ဆုံး နေ့ရက်များမှာ သူ့ အတွေး အသိ ထဲမှာ သမီးလေးပဲ ရှိနေပြီး ဘယ်သူ့ကိုမှ မသိတော့ပြန် ။ သူ သိတာ တစ်ယောက် ရှိနေသေးသည် ။ ထို တစ်ယောက်က ကျွန်မ တဲ့ လေ ။ 


“ ဒါ ဘယ်သူလဲ ... မေမေ ” 


“ တင့်တင့် ... ” 


နောက်ဆုံး အခေါက် ဖြစ်လိမ့်မည်ဟု ကျွန်မ မထင်ပါ ။ ကျွန်မကို ကြည့်ပြီး ပြုံးသည် ။ နာမည်ကို မရ ရအောင် ခေါ်သည် ။ ကျွန်မ ရင်ထဲ ဝမ်းနည်းလွန်း၍ နောက် တစ်ခေါက် မသွားချင်တော့ပေ ။ မအားတာလည်း လုံးဝ မအားသောကြောင့် နောက် တစ်လလောက် အတွင်း ကျွန်မ ဖုန်းပင် မဆက်မိတော့ ။ သမီးလေးကသာ ဆက်ရှာသည် ။ 


နယ်ရုံးမှာ အလုပ်များလွန်းချိန် ရက်မှာ မိုးတွေကလည်း ရွာလွန်းချိန်မှာ ကျွန်မဆီသို့ ဖုန်းဝင်လာပါသည် ။ ဖုန်း ကောက်ကိုင်စဉ်မှာ ဗလုံးဗထွေးနှင့် ငိုသံ ကို ကြားရပါသည် ။ ထို အသံသည် မည်သူ့ အသံ ဖြစ်မည်ကို ကျွန်မ ပြောပြရန် လိုမည် မထင်တော့ပါ ။ မိုးသံလေသံကြား ဖုန်းထဲ မှ “ မေမေ ဆုံးသွားပြီ မမတင့် ” ဆိုသော အသံသည် ကျွန်မကို များစွာ နှိပ်စက်နေတော့၏ ။ ဒီ အချိန်ကြီး ကျွန်မ ဘယ်လို ပြန်မည်နည်း ။ ဘာ လိုင်းကား မှ မရှိတော့သည့် နယ်မြို့လေး ။ ညဘက်ကြီး  မပြန်၍လည်း မရ ။ စိတ်မကောင်းခြင်း ကြီးစွာနှင့် ဘယ်ခြေလှမ်းနှင့် အိပ်ရာ ထဲ ရောက်သွားမှန်း မသိတော့ ။ ကျွန်မ အိပ်ပျော်သလား အိပ်မပျော်သလား ထက် မမချော သမီးလေး၏ စကားသံတွေက ကြားနေမိတော့၏ ။ 


“ မေမေက ဖေဖေ့ကို စာချုပ် နဲ့ ကွဲမပေးဘူး ။ တစ်သက် တဲ့ ။ အိမ်ကိုလည်း သမီး နာမည်နဲ့ ပဲ ထားတယ် ။ သန်းခေါင်စာရင်းမှာတော့ ဖေဖေ့ကို ဖယ် ပစ်လိုက်တယ်လေ ” 


ဘုရားရေ ... ဟု ပင် တ , မိ၏ ။ ကျွန်မ မထင်ထားသည့် မမချော ၏ ပါးနပ် လိမ္မာသော မိခင်ကောင်း လုပ်ရပ်ကို ဘယ်လို အံ့ဩမှန်း မသိတော့ပါ ။ မမချော အိမ်ကို နောက်ဆုံးခေါက် ရောက်ခဲ့စဉ်က သမီးလေးက ကားငှားပေးရင်း ပြောပြသည့် စကားတွေက ပဲ့တင်ရိုက်သလို ကျွန်မ ရင် အစုံကို အခုန် မြန်စေခဲ့၏ ။ 


မျက်ရည်တွေက ခေါင်းအုံးမှာ နစ်ဝင် ကုန်သည် ။ မိန်းမ တစ်ယောက်ထက် အမေ တစ်ယောက်၏ ပေးဆပ်မှု ကို ကျွန်မ ဘယ်သို့ ခံစားရမည် မသိနိုင်အောင် ဆို့နင့် နေစဉ် ဖျတ်ခနဲ ကျွန်မ နာမည်ကို ခေါ်လိုက် သလိုလို ကြားမိ၍ အိပ်ရာထဲမှ ကျုံးထလိုက်စဉ် ရိပ်ခနဲ မဟုတ်သည့် အမြင်အာရုံထဲ၌ သူ ဝတ်နေကျ ရှပ် အင်္ကျီအကွက်ကလေးနှင့် ပြုံးပြီး ရပ်နေသော မမချော ကို ဖျတ်ခနဲ မြင်လိုက်ရလေ၏ ။ တကယ်ပါ တကယ် မြင်တာပါ ။ အိပ်မက် မဟုတ်ဘူး ။ ဘုရားဘုရား ... မမချော မမချော ရယ် ။ ကျွန်မ လန့်ရမှန်း မသိတော့ဘဲ နှုတ်မှ တတွတ်တွတ် ပြောနေမိတော့၏ ။


“ ဘာမှ စိတ်မပူနဲ့နော် မမချော ။ မနက်ကျရင် တင့်တင့် ပြန်လာမယ် ၊ သမီးကို စိတ်ချ စိတ်ချပါ ၊ အမျှ ... အမျှ ... အမျှပါ ... မမချော ရေ ... ” 


စိတ်ကို ချုပ်တည်းထားရင်း အားတင်း၍ ပီပီသသ ပြောရင်းနှင့်ပင် ကျွန်မ မျက်လုံးအိမ်ထဲမှာ မျက်ရည်တွေ စီးကျလာပါတော့၏ ။ ထိုမျက်ရည်တွေက ဝမ်းနည်းရုံ သက်သက် မျှ မဟုတ်ပါ ။ မမချော ၏ သမီး အတွက် တစ်သက်စာ မိခင် မေတ္တာ နှင့် မမချော ၏ နာကျင်ကြေကွဲမှု ချစ်ခြင်းတရား အတွက် အံကြိတ် ရင်းနှီးခဲ့ရမှုများကို သက်သေပြုပေးသော မျက်ရည်များသာ ဖြစ်နိုင်ပါသည် ။ ထိုညက တစ်ညလုံး နီးပါး မျက်ရည်တွေ တား မရနိုင်ခဲ့ပါ ။


တကယ်တော့ မမချော က လူ အ တစ်ယောက် မဟုတ်ခဲ့ပါကြောင်း အားလုံး သိအောင် ကျွန်မ ပြောပြချင်ပါသည် ။ ထိုသူများထဲတွင် မမချော ကို ရက်စက်သူတို့ မပါဝင်စေရပါ ။ ထိုသူတို့ သည် မမချော၏ ဓားရှည်နှင့် အပိုင်းပိုင်း ခုတ်ခံထားရသူများသာ ဖြစ်နေကြောင်း အတော်ကြီး နောက်ကျစွာ သိလိုက်ရချိန်မှာတော့ မမချော ခမျာ အေအေ ဘီဘီ အဖြေလေးများကို နောင် ဘဝသစ်၌ ရွတ်ဆိုဖြေဆိုရန် အကြောင်း ရှိတော့မည် မထင်ပါချေ ။ 


 ▢ နှင်းဝေငြိမ်း

📖 ရွှေအမြုတေ ရုပ်စုံမဂ္ဂဇင်း

     ၂၀၁၆ ၊ အောက်တိုဘာ 

No comments:

Post a Comment