❝ ငါ့ဝမ်း မပူဆာသော်လည်း ❞
( ခန့်ညီဖေ )
တစ်စတစ်စ မြင့်တက်လာနေသော နေမင်းကြီးက သူ၏ အရှိန်အဝါကို အစွမ်းကုန် ထုတ်လွှတ်ပြနေသည့်နှယ် တရှိန်းရှိန်း ပူလောင် လွန်းလှသည် ။ ကတ္တရာလမ်းမကြီးကလည်း အပူရှိန်ကြောင့် ပို၍ နက်မှောင် နေသယောင်ယောင် ။ ပြာလွင်လွင် မိုးကောင်းကင်ကို နောက်ခံထား၍ အညာနွေ၏ မွန်းတည့် လုလု နေက ပူပြင်း လှပေသည် ။ လမ်းမပေါ်ရှိ လူများက ထိုအပူကို သတိမထားနိုင်ဘဲ သွားလာ၍ ကောင်းနေကြတုန်းပင် ။ လူသားတို့၏ ပရိယေသန အပူကို နေမင်းကြီးလည်း အရှုံးပေးသွားသည်လား မသိ ။ တိမ်မည်းအုပ် တစ်စု၏ နောက်ကွယ်သို့ ခေတ္တ ပုန်းခိုသွားသည် ။ ၄င်းအရိပ်ကြောင့် ပတ်ဝန်းကျင် တစ်ခွင်က အနည်းငယ် အုံ့ဆိုင်းဆိုင်း ဖြစ်သွား၏ ။ ထိုအချိန် ဆိုက်ကားဆရာ ကိုသိန်း တစ်ယောက် သူ၏ ဆိုက်ကားကို ခပ်ဖြည်းဖြည်း နင်းလာရင်း ညောင်ပင်အိုကြီး၏ အရိပ် အောက်၌ ပြုလုပ်ထားသော ဆိုက်ကားဂိတ်တွင် ထိုးရပ်လိုက်သည် ။
ကိုသိန်း၏ ဆိုက်ကား ဂိတ်အတွင်း မရောက်မီကပင် စောင့်ကြိုနေကြသော ကိုသိန်း၏ ဘော်ဒါများကလည်း အသံ မျိုးစုံပြုရင်း သူတို့၏ မိတ်ဆွေကြီးနောက် တကောက်ကောက် လိုက်နေကြသည် ။ အမြီးတနှန့်နှန့် ၊ အော်သံ တအီအီဖြင့် ခွေး လေး ၊ ငါးကောင်တို့၏ အသံဆူဆူကြောင့် တိတ်ဆိတ်နေသော ပတ်ဝန်းကျင်လည်း ယခုမှ နိုးထစိုပြည်လာတော့သည် ။ ညောင်ပင်အောက် ကျားဝိုင်းမှ မျက်လုံးများကလည်း ကိုသိန်းနှင့် အပေါင်းအပါများဆီ စုပြုံ ရောက်လာကြ၏ ။
“ မောင်သိန်းရာ မင်းတို့ သားအဖတွေ ခပ်ဝေးဝေး နေကြ စမ်းပါကွ ၊ ငါတို့ အာရုံနောက်တယ် ။ တကတဲကွာ အဖေ ပြန်အလာ မျှော်နေတဲ့ သားသမီးတွေကျနေတာပဲ ၊ ဆူညံပွက်လောရိုက်လို့ ”
“ ကိုကြီးသောင်းရာ ဒီကောင်တွေအကြောင်း သိသားနဲ့ ။ ကျွန်တော် ပြန်လာရင် ပေါင်မုန့်ဘေးသားတွေ စားရတော့မယ် ဆိုတာ သိနေကြတာကိုးဗျ ။ ခင်ဗျားတို့က သူတို့ကို ရှိတယ်လို့မှ သဘောမထားကြဘဲ ၊ သူတို့ကလည်း ဘယ်အရေးလုပ်မှာတုံး ။ ခင်ဗျားကြီး ဘယ်နှပွဲ ရှုံးပြီးပြီတုံး ကိုကြီးသောင်းရ ။ ဒီမယ် ဘေးတော့ ပတ်ရမ်းမနေနဲ့ ၊ လက်ဖက်ရည်တိုက်ဆို တိုက်မယ်ဗျာ ။ ဒီနေ့မနက် ဆိုက်ကားတိုက် ကောင်းတယ်ဗျ ။ လူကတော့ အီစလံ ဝေသွားတာပဲဗျို့ ”
ကိုသိန်းလည်း စကားပြောရင်း လက်ထဲတွင် ကိုင်လာသောစပါးတွဲလေးများကို နီးစပ်ရာ ညောင်ကိုင်းများ၌ ချည်နေလေသည် ။ ခွေးလေးကောင်ကလည်း သူ့ကို မျက်တောင်မခတ် မော့ကြည့်နေရင်း အမြီးများက တနှန့်နှန့် ။ ထိုအထဲမှ ခွေးဖြူမ တစ်ကောင်က ကိုသိန်း၏ နောက်ကျောကို ပတတ်ရပ် တက်လိုက်သည် ။
“ ဟာ ဖြူမကတော့ ကဲပြီ ၊ ငါက ကလေးပေါက်စလေး တွေကြောင့် မျက်နှာသာ ပေးတာကို နင်က အခွင့်ရေး ယူတာပေါ့လေ ။ ကျွေးမှာပါဟ ဣန္ဒြေကို မရဘူး ။ လာခဲ့ ဟိုကောင်တွေပါ ။ နက်ကွက် တစ်ကောင်က ဘယ်များ အလည်လွန် နေတာပါလိမ့် ။ ဒီကောင်တွေကလည်း ကိုကြီးသောင်းတို့ ၊ ကိုဘစိန်တို့ ကျနေ တာပဲ ။ ကလေးအဖေတွေ လုပ်နေပြီး ကလေးတွေကျ ပစ်ထားကြတာ ။ တကယ့် စားပြီးနားမလည်တွေပဲ ”
ကိုသိန်း၏ စကားအဆုံးမှာ ကိုဘစိန်က ပျစ်ပျစ်နှစ်နှစ် လှမ်းဆဲလိုက်သည် ။ ကိုကြီးသောင်းက -
“ မအေပေးကောင် ၊ သူက မိန်းမကြောက်တိုင်း ငါတို့ကို မနာလို ဖြစ်နေတဲ့ကောင် ။ အေး မင်း ငါတို့လို ဆိုက်ကားတိုက် ကြေး အိမ်ကို တစ်ပြားမှ မပေးဘဲနေရဲလား ။ ညနေ တို့နဲ့အတူ အဖြူဟဲရဲလား ။ နောက်ဆုံး ကျားတောင် ကွမ်းယာကြေး မထိုးရဲတဲ့ကောင်က ငတို့ကိုများ ပြောရတယ်ရှိသေးဗျာ ။ ရာဇဝင်ရိုင်းထှာ ”
ကိုကြီးသောင်း စကားအဆုံး ကိုသိန်းက အားရပါးရ ရယ်လိုက်ပြီး -
“ အတိုကြီးတို့ကလည်း ချိတ်ချိုးပါနဲ့ဂျာ ၊ တားက ချစ်လို့ စတာလေးညား ...”
“ ဒါပဲ ပြောချင်ရာ ပြောပြီးရင် ဒီအတိုင်းပဲ ၊ အေပေးကောင် ”
“ ကျွန်တော်က နောင်တော်ကြီးတွေကို နောက်တာပါဗျ ။ အစ်ကိုတို့ သိတဲ့အတိုင်းပဲ ။ အိမ်သူက ရှူနာရှိုက်ကုန်း ရောဂါသည်ဗျာ ။ အကြီးကောင်က ဒီနှစ် ကျောင်းစ,ထားရတော့ ရှိစုမဲ့စုပြောင် ။ ဒီကြားထဲ အငယ်ကောင်က ကြားဖြတ် နေမကောင်းလို့ ဆေးပြေးထိုး ရသေးဗျ ။ အိမ်ငှားကလည်း နှစ်စေ့တော့မှာ ဆိုတော့ အဲသည်အတွက် လုံးပန်းရပြန်ရောဗျာ ။ အစ်ကိုတို့ သိတဲ့ အတိုင်း ဆိုက်ကားတိုက်ရတာကလည်း တစ်နေ့ငွေ ၊ တစ်နေ့ကြေး ၊ ရွှေကို မပါဘူး ။ အဲ့သဟာတွေကြောင့်ပါ နောင်တော်ကြီးတို့ရယ် ။ မိန်းမကို ကြောက်တာတော့ ဟုတ်ပါဘူးဗျာ ၊ မီးယပ်ပိန် မီးယပ်ခြောက် ဘာကြောက်ရမတုံးဗျ ။ ဒါပေမဲ့ ငယ်လင် ငယ်မယား ၊ သည်ကြားထဲ ကျန်းမာရေးက ချူချာဆို တော့ အသနားပိုပိုနဲ့ ချစ်တာ ပါဗျ ”
“ ကဲ တော်ပါတော့ ကိုသိန်းခိုရယ် ၊ ညည်းနေ လိုက်တာဗျာ ။ ဟိုမှာ မြင်လား ၊ ခိုအုပ်တောင် စိတ်ညစ်ပြီး ထပျံပြေးသွားပြီ ”
“ ဟား ... ဟား ကိုကြီးသောင်းက လုပ်ပြီ ။ ကျွန်တော်က ဖြစ်စဉ်လေး ပြောပြတာပါဗျ ။ ကဲပါ ခင်ဗျားတို့နဲ့ ကွမ်းကြေး ကျားမထိုးလည်း ကျွန်တော် ဝယ်ကျွေးပါ့မယ်ဗျာ ၊ ဟေ့ မောင်ဦးရေ ... ကိုကြီးသောင်းတို့ဖို့ ကွမ်း တစ်ထုပ်ကွာ ။ အဲ့ဒါ ငါ ပေးမယ်ဟေ့ ”
ကိုသိန်းက ပြောအပြီး လမ်းတစ်ဖက်မှ မောင်ဦး ကွမ်းယာဆိုင်ကို လှမ်းအော် မှာလိုက်သည် ။ ၄င်းနောက် ပေါင်မုန့်ဘေးသားများကို ခွေးလေးကောင်အား ပစ်ချကျွေးနေလေ၏ ။ ခွေးသားအုပ်အမေ ဖြူမ ကတော့ သူ့ ခြေရင်းကပ်ပြီး အခြားကောင်များထက် ပို၍ စားနေရသည် ။ ပြီးနောက် ကိုသိန်းက သူ့ ဆိုက်ကားပေါ် တက်ထိုင် လိုက်ရင်း ဆိုက်ကားရှေ့ ဝါး ဆစ်ပိတ်ခွက်ထဲမှ ဆေးပေါ့လိပ်တိုနှင့် မီးခြစ်ယူလိုက်ပြီး ဇိမ်နှင့် နှပ်နေတော့၏ ။ ညောင်ပင်အရိပ်က အေးမြမြ ။ တောင်ဘက် မလှမ်းမကမ်း နာမည်ကြီး ထမင်းဆိုင်ကြီးဆီမှ ဟင်းနံ့ သင်းပျံ့ပျံ့ကလည်း တောင်လေနှင့် အတူ လွင့်မျောပါလာနေသည် ။ အတန်ကြာ ထိုင်နေပြီးနောက် ကိုသိန်းလည်း လက်မှ နာရီကို တစ်ချက် ကြည့်ရင်း ဆိုက်ကားပေါ်မှ ဆင်းလိုက်သည် ။ ဆိုက်ကားကို ဂိတ်ရှေ့ တွန်းထုတ်ရင်း ကျားဝိုင်းမှ လူများကို လှမ်းနှုတ်ဆက်လိုက်၏ ။
“ ကဲ နောင်တော်ကြီးတို့ရေ ၊ ဒီနေ့ စောစော ဗိုက်ဆာတယ်ဗျာ ။ ဟိုဘက် ထမင်းဆိုင်က ဟင်းနံ့တွေ ပါဆယ် သယ်ပြီး မိန်းမလက်ရာ ဘဲဥ ကောင်လုံးကြော်ဆွဲဖို့ ထမင်းစားလစ်ပြီဗျို့”
••••• ••••• •••••
ကိုသိန်းတို့ ထမင်းဝိုင်းက ရိုးရိုးရှင်းရှင်းပင် ။ မြေစိုက်တဲလေး၏ နံဘေး မြေကြီးပေါ်တွင် စားပွဲဝိုင်းအပုကို ချထားပြီး လင်မယားနှစ်ယောက် ငုတ်တုတ်ထိုင် စားနေကြသည် ။ ဟင်းကတော့ အထွေအထူး မဟုတ် ။ ဘဲဥ တစ်လုံးကို ကြက်သွန်နီ နှစ်ဥဖြင့် ခေါက်ကြော်ထားသော ဘဲဥကောင်လုံးကြော်နှင့် ငရုတ်သီးစပ်စပ် ငံပြာရည်ဖျော် တစ်ခွက် ။ အိမ်ဘေး ခွေးတောက်ရုံမှ ခွေးတောက်ညွန့် လေးငါးဆယ်ညွန့်ကို ရေနွေးဖြော ။ ပြီးပြီ ။ သည်လောက်ဆို ကိုသိန်းတို့ လင်မယားအတွက် စပါယ်ရှယ် နေ့လယ်စာ ပြည့်စုံပြီ ။ ကိုသိန်းက ထမင်းလုတ်ကို ပါးစပ်အတွင်း ပလုတ်ပလောင်း ထည့်သွင်းရင်း -
“ မယ်တင့်ရေ ... အငယ်ကောင်ရော အိပ်ပျော်နေလား ။ ဒီကောင် ထမင်းရော စားနိုင်ရဲ့လားဟာ ။ နေမကောင်းပြီးခါစ ဆိုတော့ ခံတွင်း ပျက်နေရှာမှာ ၊ နောက်တော့ သေချာ ဂရုစိုက်ပါဟာ ။ ဒီကောင် သဲပုံပေါ် အကြာကြီး ဆော့တော့ အအေးပတ်တာပေါ့ဟ ။ အေးပါ နင်ကလည်း ကျန်းမာရေး သိပ်မကောင်းသေးတာဆိုတော့ အရမ်းကြီးလည်း ဘယ် ကြည့်နေနိုင်မှာလဲ ။ စားစား ၊ နေကောင်းတုန်း အစားများများ ဝင်အောင်စားဟာ ။ နင်တို့ သားအမိတစ်တွေလည်း ငါ အားမရပါဘူး ။ အေးပေါ့လေ ငါလည်း ကြိုးစားတော့ ကြိုးစား အလုပ်လုပ်နေပါတယ် ။ စိတ်ဓာတ်တော့ မကျပါနဲ့ကွာ ။ ရော့ အဲဒီ ဘဲဥ ကြော် နင်ကုန်အောင် စားစမ်း မယ်တင့် ၊ ဒါမှ အာဟာရ ဖြစ်မှာဟ ”
ကိုသိန်းက ဘဲဥကြော်ကို သူ့မိန်းမ ထမင်းပန်းကန်ထဲ ထည့်ပေးလိုက်ပြီး ခွေးတောက်ညွန့် နှစ်ညွန့် ၊ သုံးညွန့်ကို ထမင်းတွင် မြှုပ် ၊ ငံပြာရည်ဆမ်းလိုက်ပြီး ထမင်း ဆက်စားနေလိုက်၏ ။
“ တော်လည်း စားပါ ကိုသိန်းရယ် ၊ ကျုပ်က ၀နေပြီတော့ ။ စောစောက သားငယ်ကို ဆန်ပြုတ် တိုက်ထားတယ် ။ သားက ဆန်ပြုတ် မသောက်ချင်ဘူးတဲ့ ။ ထမင်းစားမယ် ဂျီကျနေတာလေ ၊ မနက်ဖြန်မှ ကျွေးမယ် ချော့ထားရတယ် ။ အဲ့သာ ... မနက်ဖြန်မှ အဝတီးမယ်ဗျာ ၊ အမေ ဟင်းကောင်းကောင်း ချက်ကျွေးရမယ် ဆိုလို့ ခေါင်းညိတ်ထားရတယ် ”
စကားအဆုံး ကိုသိန်း အား မော့ကြည့်လိုက်သော မယ်တင့် မျက်နှာ၏ အဓိပ္ပာယ်ကို သူ ကောင်းကောင်းကြီး နားလည်နေမိသည် ။ ထမင်းကို လက်စသတ်စားပြီး ဘေး မှ လက်ဆေးအင်တုံတွင် လက်နှိုက်ဆေးလိုက်သည် ။ ပြီးနောက် ပုဆိုးဖြန့် ဝတ်လိုက်ရင်း လက်သုတ်ပြီးသား ဖြစ်သွား၏ ။ မယ်တင့်ကို နှုတ် ဆက်ပြီး ဆိုက်ကားဆွဲ ထွက်ခဲ့တော့သည် ။
••••• ••••• •••••
ကိုသိန်း တစ်ယောက် ဆိုက်ကားဂိတ်တွင် ငူငူကြီး ထိုင်နေသည် ။ သည်နေ့မနက် စောစော ဘူတာကြီးတစ်ခေါက် ပို့ပြီး ကတည်းက ဂိတ်မှာ ငုတ်တုတ် ။ ကိုးနာရီထိ ပါစင်ဂျာ မလာ ။ စိတ်ရှုပ်ရှုပ်နှင့် ဆေးလိပ်ပဲ လှိမ့်ဖွာနေသဖြင့် ခေါင်းက သိပ်မကြည်ချင် ။ နောက်ဆုံး ဆိုက်ကား နောက်မှီကို ခေါင်းအုံးပြီး မျက်စိမှိတ် မှိန်းနေမိ၏ ။
သည်နေ့မှ ဂိတ်ကလည်း လူ ရှင်းနေသည် ။ တစ်ယောက်မျှ မရှိ ။ ဆိုက်ကားပါးသည့် အတူတူ ကိုကြီးသောင်းတို့ အဖွဲ့ ငါးမျှား ထွက်သွားကြပုံ ရသည် ။ လမ်းမထက် ဆီသို့ မျှော်လင့်ခြင်း အပြည့်နှင့် ငေးနေမိပြန်၏ ။
မနက်က ခပ်စောစော အိပ်ရာမှ ထခဲ့ရ၍ အနည်းငယ် သမ်းဝေပြီး အိပ်ချင်လာ သလိုလို ။ မျက်စိကို မှိတ်ထားပြီး မှေးခနဲ တစ်ချက် အိပ်ပျော်လုပျော်ခင်တွင် ဆူဆူညံညံအသံနှင့် သူ့ဆိုက်ကား အောက်သို့ တစ်စုံတစ်ခုက တိုးဝင်လိုက်သဖြင့် သူ နိုးသွားပြီး ခေါင်းထောင်ကြည့်မိသည် ။ ကိုသိန်း၏ ဆိုက်ကား အောက်တွင် ခွေးသားအုပ်အမေ ဖြူမက မာန်ဖီပြီး ဟီနေ၏ ။ သူ့ကို နက်ကွက် နှင့် နှာကျားက ထိုးဟောင်နေသည် ။ ဖြူမကလည်း သူ့ အားကိုးနှင့် တဝုန်းဝုန်း ပြန် ဟောင်နေသေး ။ ကိုသိန်း လည်း ထောင်းခနဲ စိတ်ထွက်သွားပြီး နက်ကွက်နှင့် နှာကျားကို ဟန့်ထုတ်လိုက်သည် ။ ဒါကိုပင် သင်းတို့ နှစ်ကောင်က အတော်နှင့် မသွားသေးဘဲ တဟဲဟဲ အော်နေကြပြန်၏ ။ သူက ဆင်းပြီး ရိုက်မည် ရွယ်လိုက်တော့မှ ခပ်ဝေးဝေးသွားနေကြပြီး တအီအီ လုပ်နေကြသေးသည် ။
ကိုသိန်းက ငုံ့ထိုင်လိုက်ပြီး ဆိုက်ကားအောက်မှ ဖြူမကို ကြည့်လိုက်သည် ။ မျက်လုံးရွဲကြီးနှင့် အားကိုးတကြီး မော့ကြည့်နေသော ဖြူမ သည် ချက်ချင်း ခေါင်းပြန်ငုံ့ သွားပြီး သူ့လက်နှစ်ဖက် ကြားက အရာတစ်ခုကို ငုံ့နမ်းနေ၏ ။ အခုမှ သူလည်း ထိုအရာကို မြင်သွားသည် ။ အဆီအပေါ်မှ အခေါက်က ဖုန်မှုန့်များနှင့် ရောထွေးနေပြီး ညစ်ထေးနေ၏ ။ အဆီဖြူဖြူကြီးကတော့ ဖြူဝင်းနေဆဲ ။ နီနီရဲရဲ အသားမြောင်းကလည်း အောက်သို့ တွဲရရွဲ ကျနေသည် ။ ဖြူမ ကိုက်ချီလာသည့် အသားတွဲကြီး တစ်ခု ။ ငါးဆယ်သားလောက်နီးနီး ရှိပေလိမ့်မည် ။
••••• ••••• •••••
အချိန်စောသေးသဖြင့် ထမင်းဆိုင်ကြီးကလည်း ချက်ပြုတ်နေဆဲ ဖြစ်သော ကြောင့် ဟင်းနံ့များ ဝေ့ဝဲမလာ သေး ။ မောင်ဦး၏ ကွမ်းယာ ဆိုင်လေးကမူ လမ်း၏ တစ်ဖက်ခြမ်းတွင် ကွမ်းယာဝယ်သူ တစ်ဦးစ ၊ နှစ်ဦးစနှင့် အသက်ဝင်နေသည် ။ ဆိုက်ကားဂိတ်၏ ကျားဝိုင်းကလည်း ကိုကြီး သောင်းတို့ ပြန်အလာကို မျှော်နေပုံရသည် ။ ယခုအချိန်တွင် ဆိုက်ကားဂိတ်၌ လူတစ်ယောက်မျှ မမြင်တော့ ။ လူသူ ရှင်းနေသော ဆိုက်ကားဂိတ် ညောင်ပင်ကြီး အောက်၌ ခွေးဖြူမတစ်ကောင်နှင့် ခွေးအနက်ကျားတစ်ကောင် ပျော်ရွှင်စွာ ဆော့ကစားနေသည် ။ နှာခေါင်းအကျား တစ်ကောင်က နံဘေးတွင် ထိုင်ငေးနေသည်ကို အသေချာ သတိထား ကြည့်မိလျှင် တွေ့နိုင်လောက်၏ ။ နေမင်းကြီးကလည်း သူ၏ အစွမ်းကို ပြရန် တာစူနေလေသည်လား မသိ ။ စူးရှရှ အလင်းရောင်များကို တရစပ် ထုတ်လွှတ်နေ၏ ။ ကတ္တရာလမ်းမကြီးကို ဖြတ်သန်းတိုက်ခတ်လာ သော လေပူပူများ အောက်၌ ဆိုက်ကားဂိတ်လေးသည်လူသူမဲ့စွာ တိတ်ဆိတ်နေပြန် တော့သည် ။ ။
⎕ ခန့်ညီဖေ
📖ရွှေအမြုတေ ရုပ်စုံမဂ္ဂဇင်း
ဧပြီ ၊ ၂၀၁၇

No comments:
Post a Comment