❝ သ,တ်မယ်လို့ ❞
( ပီမိုးနင်း )
မောင်ထွန်းသည် တစ်လံကျော်ခန့် ရှိသော လှံကို ထမ်းကာ မှောင်ရိပ်၌ ရပ်လျက် မိမိ၏ ရှေ့၌ ရှိသော အိမ်ကလေးကို ကြည့်၍ နေလေ၏ ။ ထိုအိမ်ကလေးမှာ သုံးပင်တိုင် တစ်ဖက်ရပ် တဲသာသာ အိမ်ကလေး ဖြစ်လေ၏ ။ အတွင်း၌ မီးမှိန်မှိန်ကို သက်ငယ်များနှင့် ကျူထရံများ အကြားမှ မြင်ရလေ၏ ။ ထိုအခါ ကြက်ဦးတွန် အချိန်ခန့် ရှိလေ၏ ။
ခွေ း သား ရောက်ပြီထင်တယ် ။ ခွေ းလိုသေအောင် တစ်ချက်တည်း ထိုးသ,တ်မယ်ဟု ပြောကာ လက်နှစ်သစ်ခန့်ကျယ်သော ထက်လှသော လှံသွားကို ကိုင်စမ်းလျက် နေလေ၏ ။
မောင်ထွန်း နှင့် ဘိုးမင်း သည် မသင့်မတင့် ဖြစ်နေကြသည်မှာ လေးငါးရက် ကြာခဲ့လေ၏ ။ ထိုနေ့မှာကား ထန်းတော၌ နှစ်ယောက် တွေ့ကြရာ တစ်ယောက်ကို တစ်ယောက် ကျွဲနွားစောင်သလို စောင်ခဲ့ပြီးနောက် ဓားတပြက် တုတ်တပြက် ဖြစ်ခဲ့ကြလေ၏ ။ အခြားသူများက ဆွဲ၍ မတားလျှင် ထန်းတောတွင် လူသ,တ်မှု ဖြစ်ခဲ့ဖို့ ရှိလေ၏ ။ ၎င်းတို့ နှစ်ယောက်မှာ ကြုံရာ အလုပ်ကို လုပ်ကြရသူများ ဖြစ်ကြလေ၏ ။ လယ်ယာလုပ်ချိန် အခါ၌ စာရင်းငှား လုပ်ကြ၏ ။ နွေအခါ၌ လှည်းတိုက် ၊ ထင်းခုတ် ၊ ဝါးချ ၊ သက်ကယ်ရိတ် စသည့် အလုပ်များကို လုပ်ကြသည့်ပြင် အခိုက်အတန့် မသင့်သည့်အခါ စပါးကျီများကို ဖောက်၍ အောက်မှ ဆာလာအိတ်နှင့် စပါးကို တိတ်တဆိတ် ခံယူသော အလုပ်ကို လုပ်ကြလေ၏ ။ ဘိုးမင်းမှာ ရသမျှကို ထန်းရည်ဆိုင် ၊ ကစော်ဆိုင် ၊ ထန်းတောသို့ ပို့၏ ။
ကလေးသုံးယောက်နှင့် မယားဖြစ်သူမှာ အခါများစွာ ညစာ မစားရဘဲ အိပ်ရာဝင်ကြရာ၌ ကလေးများမှာ မစားရ၍ အိပ်မပျော် ၊ မယားမှာ ဘိုးမင်း မရောက်လာသဖြင့် စိတ်ပူခြင်းကြောင့် အိပ်မပျော်ဘဲ နေရလေ၏ ။
မောင်ထွန်းမှာ သားမယား မရှိ ။ အရာရာ၌လည်း ဘိုးမင်း ထက် သာ၏ ။ အလုပ်ကိုလည်း ဘိုးမင်း ထက် ရ၏ ။ ဘိုးမင်း၏ စိတ်၌ မိမိရဖို့ အလုပ်များကို မောင်ထွန်း ကြောင့်သာ မရဘဲ နေရသည် ။ မောင်ထွန်း များစွာ အနှောင့်အယှက် ပြုသည်ဟု သဘောရသဖြင့် မခံနိုင်ဘဲ ရှိနေရာမှ အရက်မူး ကျွဲခိုးပေါ် ဟူသော စကားကဲ့သို့ တစ်နေ့သ၌ ထန်းရည်မူးခိုက်မှာ ဘိုးမင်းသည် စိတ်ထဲ၌ မြုံ၍ ထားသမျှကို အကုန်ဖွင့်၍ ဒေါသနှင့် ပြောမိရာမှ ခိုက်ရန်အစ ပေါ်ခဲ့ခြင်း ဖြစ်လေ၏ ။
ထိုနေ့၌ကား မောင်ထွန်းမှာ အခါတိုင်းနှင့် မတူ ။ စိတ်ကို ပိုင်းလိုက်ပြီး ဖြစ်လေ၏ ။ ငါ့အကြောင်းကို ပြလိုက်မယ် ။ မောင်ထွန်း မခံချင်အောင် လုပ်ရင် အခုလို ဖြစ်တတ်ပါကလားဟု သိအောင်ပြလိုက်မယ်ဟု စိတ်၌ တင်း၍ လာလေ၏ ။ မည်သူမျှ သက်သေ မရှိ ။ နေ့ခင်းမှာ ရန်ဖြစ်ရုံနှင့် ငါသ,တ်တယ်လို့ ဘယ်ပုံစွဲမလဲ ။ မှောင်ထဲမှာ ငါ့ကို ဘယ်သူမှ မမြင် ။ အပြီးတိုင် စီရင်မည် စသည်ဖြင့် တွေးကာ အိမ်ကလေး အနား ကပ်၍ သွားလေ၏ ။
နားကပ်၍ ထောင်လိုက်ရာ ငိုရှိုက်သံလိုလို ကြားရလေ၏ ။ ထိုအသံမှာ မိန်းမအသံ ဖြစ်လေရာ ထရံအကြားမှ မောင်ထွန်း ချောင်း၍ ကြည့်လေရာ ဘိုးမင်း၏ မိန်းမမှာ ဆောင့်ကြောင့်ထိုက်လျက် ဒူးပေါ်တွင် လက်နှစ်ဖက်နှင့် မျက်နှာကို တင်ကာ ငိုရှိုက်နေသည်ကို လည်းကောင်း ၊ ကလေးကလေးနှစ်ယောက်မှာ ဖျာကြမ်းပေါ်တွင် အဝတ် မရှိ ၊ တစောင်းကလေးတွေ လှဲလျက် နေသည်ကို လည်းကောင်း မြင်ရလေ၏ ။ အငယ်ဆုံးကလေးမှာ တင်ပျဉ်ခွေလျက် ထင်းရှူးသေတ္တာကို မှီကာ အစာ မစားရသဖြင့် စိတ်ဆိုး၍နေပုံ ရှိလေ၏ ။ လှဲ၍နေသော ကလေးနှစ်ယောက်မှာ အမဲခြောက်လိုလို အဝတ်စုတ်လိုလို အရာကလေးများကို ကိုင်လျက်နေကြလေ၏ ။ ဘိုးမင်းမှာမူ ဒူးနှစ်ဖက်ကို တန်း၍ တင်လျက် အင်္ကျီမရှိ ၊ မီးရောင်၌ ပြောင်လက်သော ကျောမည်းမည်းသာ ရှိလေ၏ ။ ရေနံ မီးတိုင်မှာကား လေထဲတွင် ရန်ခံကာ မှေးခနဲ ဝင်းခနဲ လှုပ်ရှားစွာ တောက်လျက်နေလေ၏ ။
မောင်ထွန်း၏ မျက်လုံးများသည် ကျယ်၍လာလေ၏ ။ မြင်ရသော သဏ္ဌာန်မှာ လောကငရဲ၏ သဏ္ဌာန် ဖြစ်သည်ကို တွေးမိလေ၏ ။ ဘိုးမင်းသည် တစ်ခါ တစ်ခါ ဦးခေါင်းကို မော်လျက် မိမိ၏ မယားနှင့် ကလေးများ နေပုံကိုကြည့်လေ၏ ။ ထို့နောက် သက်မကြီး ချကာ တဲထောင့် မီးဖိုအနီး အိုးခွက်များ ရှိရာကို သွား၍ လှန်ကြည့်လေ၏ ။ အိုးများ၏ အသံများမှာ အထဲ၌ တစ်စုံတစ်ရာ မျှမရှိသော ဂလိုင်သံ ဖြစ်သည်ကို မောင်ထွန်း သတိထားမိလေ၏ ။
ဘိုးမင်းသည် ထမင်းအိုး ၊ ဟင်းအိုး ၊ အလွတ် ဗလာ ၊ အစာ မရှိသည်များကို လည်းကောင်း မီးဖို၌ အေး၍ နေသော ပြာများကို လည်းကောင်း ၊ မယားဖြစ်သူနှင့် ကလေးများ နေပုံကို လည်းကောင်း ကြည့်ရှုပြီး အံကြိတ်လျက် သက်မကြီး ချလိုက်လေ၏ ။ ထို့နောက် အကြံ တစ်ခုရသည့် အမူအရာနှင့် ထရံ၌ ထိုး၍ထားသော ဓားမြှောင်ကြီးကို နုတ်ယူပြီး မယားဖြစ်သူ၏ ပခုံးကို ပုတ်ကာ “ မယ်သော့ ၊ ခဏစောင့်ဦးနော် ၊ မအိပ်နဲ့ဦး ၊ ငါ သွားပြီ ” ဟု ပြောလေရာ မိန်းမက ၎င်း၏ လက်ကို ဖယ်၍ ချလိုက်လေ၏ ။ ဘိုးမင်းလည်း တဲထဲမှ ထွက်၍ သွားလေ၏ ။
တဲအထွက်တွင် ၎င်း၏ လက်၌ ဓားမြှောင်ကို မယ်သော့ မြင်သဖြင့် ထိတ်လန့်တကြား မျက်လုံးပြူးလျက် ကြည့်ပြီး ထ၍လိုက်လေ၏ ။ ဘိုးမင်းကို မတွေ့ ရပေ ။ မောင်ထွန်းသည် ဘိုးမင်း ဘယ်ဘက်သို့ သွားသည်ကို ကြည့်ပြီး မှောင်ကို ခိုလျက် လိုက်ရာမှာ “ ကိုဘိုးမင်း ၊ ကိုဘိုးမင်း ရှင် ဘယ်ကို သွားမလို့လဲ ၊ ဘာလုပ်မလို့လဲ ၊ မသွားပါနဲ့ ”
“ ကိစ္စမရှိပါဘူး ။ ကျုပ် အရီးလေးဆီ သွားပြီ ” ဟု ပြောလေ၏ ။ ဘိုးမင်းမှာ ပြန်၍ မပေါ်လာ ၊ ပျောက်ကွယ်၍ သွားလေ၏ ။
ဧကန် .. ဒီအကောင် ခိုးဖို့လား ၊ လုဖို့ကြံသလား ၊ တစ်ခုခုပဲဟု တွေးပြီး မောင်ထွန်းသည် တောလမ်းကြားသို့ ရောက်သောအခါ ဘိုးမင်းသည် သစ်ပင်တစ်ပင်၌ ကပ်၍ နေသည်ကို မောင်ထွန်း မြင်ရလေ၏ ။ မောင်ထွန်းသည် လှံကို ထောင်ကိုင်ရင်း လှံရိုးနှင့် သစ်ကိုင်းခက်ကလေးများကို ဖယ်ပစ်ရင်း ဘိုးမင်း နေရာသို့ ခြေသံ မကြားအောင် ကပ်၍သွားလေ၏ ။
ထိုအခိုက် ကော့ကော့ .... ဖလပ်ဖလပ် ဟု မြည်သော ကြက်သံနှင့် မည်းနက်သော သဏ္ဌာန်တစ်ခုမှာ ၎င်း လမ်းကို လျှောက်၍ လာသည်ကို မောင်ထွန်း မြင်ရလေ၏ ။ ဧကန် ကြက်ဝယ်ရာက ပြန်လာတဲ့ ကု,လား အဒူးပဲဟု တွေးမိလေ၏ ။
ကြက်ကု,လားသည် ဘိုးမင်း စောင့်၍နေသော နေရာကို လွန်၍ သွားလေရာ ဘိုးမင်းသည် ဓားမြှောင်ကို ထိုးတော့မည့်ဟန်နှင့် မြှောက်ကိုင်ကာ ကြက်ကု,လား နောက်သို့ လျင်မြန်စွာ လိုက်၍သွားလေ၏ ။ မောင်ထွန်းသည် လျင်မြန်စွာ ပြေး၍ လိုက်ပြီး လှံနှင့် ချိန်ရွယ်ကာ “ ဟေ့ကောင် ၊ မင်း ဘာလုပ်မလို့လဲ ” ဟု ပြောလိုက်လေ၏ ။ ဘိုးမင်းသည် နောက်သို့ လှည့်လိုက်ရာ လှံဖျားသည် မိမိ၏ ရင်ဝ၌ ကပ်၍ နေသည်ကို မြင်ရသဖြင့် ကြက်သေသေ၍ နေလေ၏ ။ ၎င်းပြင် မိမိ၏ ရန်သူဖြစ်သော မောင်ထွန်းကို ချက်ချင်း သိလျက် ထိတ်လန့်ကာ လက်က ဓားမြှောင်ကို လွှတ်၍ ချလိုက်လေ၏ ။ ဤတောလမ်းတွင် သက်သေ မရှိ ။ ဒီအကောင် ငါ့ကို အပြီးစီရင်တော့မှာပဲဟု တွေးတောကြောက်ရွံ့လေ၏ ။ ကြက်ကု,လားမှာ လမ်းဘေး တောထဲသို့ ဝင်၍ ပုန်းနေလေ၏ ။
မောင်ထွန်းသည် ဘိုးမင်း ဓားကို ပြေး၍ ကောက်ပြီး “ မင်း အင်မတန် မိုက်တဲ့ အကောင်ပါလား ။ ဒီကု,လား သ,တ်လို့ မင်း ဘာရမှာလဲ ။ မင်း ကြိုးကျမှာ ၊ တစ်ကျွန်း ရောက်မှာ မကြောက်ဘူးလား ” ဟု ပြောလေ၏ ။
ဘိုးမင်းသည် စိတ်ပျက်ခြင်း ၊ ဝမ်းနည်းခြင်း ၊ ကျေးဇူးတင်ခြင်း စိတ်များ ပေါင်းစပ် လွှမ်းမိုးသဖြင့် လှည်းလမ်းပေါ်၌ ထိုင်၍ ချလိုက်ပြီး မျက်နှာကို ပိတ်ကာ ရှိုက်ငင်လျက် ငိုရှာလေ၏ ။
မောင်ထွန်းက အပါးကို ကပ်ကာ “ မငိုပါနဲ့ ဘိုးမင်း ၊ ငါ နေ့ခင်းက ဖြစ်တာနဲ့ မင်းကို ဟောဒီလှံနဲ့ ထိုးသ,တ်ဖို့ မင်းအိမ်ကို ငါ လာချောင်းတာပဲ ။ မင်း သားမယား ၊ ကလေးတွေနဲ့ မင်း ဖြစ်နေပုံကို မြင်ရတော့ သနားပြီး မင်း တစ်ခုခု လုပ်ရင် သာပြီး ဒုက္ခဖြစ်မှာ စိုးလို့ ငါ လိုက်လာတာပဲ ။ အိမ်ကိုပြန် ၊ မင်းကလေးတွေ ထမင်း မစားရသေးဘူး မဟုတ်လား ။ ငါ့အိမ်ကို လိုက်ခဲ့ ” ဟု ပြောလေ၏ ။
ဘိုးမင်း ။ ။ “ တော်ပါပေတယ်ကွယ် ။ မင်း သဘောထား ကြီးပါပေတယ် ။ ငါတော့ ကလေးတွေ ငတ်နေတာနဲ့ ထင်မိထင်ရာ လုပ်မလို့ ထွက်လာတာပဲ ”
“ လုပ်ရင် မင်း ဒုက္ခပေါ့ ။ လူသ,တ်မှုဆိုတာ တစ်နေ့ ပေါ်တာပဲ ။ ဒီကု,လားမှာကော လက်နက်တစ်ခုခု မပါဘဲ အခုလို အချိန်မတော်မှာ သွားဝံ့မှာတဲ့လား ။ မင်း ရလှ လေးငါးကျပ်ပေါ့ ။ လာ .... လာ ... နောက်ကိုလည်း အကုန် သောက်မပစ်နဲ့ ။ ငါ့လို တစ်ယောက်တည်း ဆိုရင် ကိစ္စမရှိဘူး ။ မင်းမှာ သားမယားနဲ့ သိလား ”
ဘိုးမင်း၏ မယား မယ်သော့သည် ကလေးသုံးယောက်ကို ပွေ့ဖက်လျက် ကလေးများနှင့်အတူ ခေါင်းချင်းဆိုင်ကာ ငို၍နေလေ၏ ။ ထိုအခိုက် “ ဟေ့ ... မယ်သော့ရေ ... လာချဦးကွယ့် ” ဟု မောသံကြီးနဲ့ တောင်းကြီး တစ်လုံးကို ထမ်း၍လာသော လင်ယောက်ျားကို မြင်သောအခါ အံ့သြလျက် ထ၍ ကူညီချလေရာ တင်းတောင်းကြီးထဲမှာ ဆန်တွေ အပြည့်နှင့် ကြက်တစ်ကောင် ၊ ဆီ ၊ ဆား ၊ ကြက်သွန်များကို တွေ့ရလေ၏ ။
မယား ဖြစ်သူက “ ဘယ်က ခိုးလာသလဲ ” ဟု မေးသော ၊ မသင်္ကာသော မျက်နှာထားနဲ့ ဘိုးမင်းကို ကြည့်ရာ ဘိုးမင်းက အကျိုးအကြောင်းကို ပြောပြီး “ ဟောဒီမှာ ငွေငါးမတ်ကွယ့် ။ သူ့မလည်း ဒါပဲ ရှိတယ် ။ ငါက မတောင်းပါဘူး ။ သူက ပေးလိုက်တာပါ ။ နောင်ကိုလည်း သောက်စားဖြုန်းမပစ်ပါနဲ့လို့ တရားချလိုက်ရှာတယ် ။ တော်ပြီကွယ် မယ်သော့ရယ် ၊ မောင်ထွန်း ကြောင့်ပေါ့ကွယ် ။ ငါ မတော်တာ လုပ်မိတော့မလို့ သီသီကလေး လိုတော့တာပဲ ။ ဒီပုံသာ ဆက်လက်ပြီး သောက်စားနေရင် တစ်နေ့နေ့ ဒုက္ခတွေ့ရမှာပဲ ” ဟု မျက်လုံးများ စွတ်စိုလျက် ပြောလေ၏ ။
မယ်သော့ က
“ မောင့်ရန်သူတော်ကြီး မဟုတ်လား ။ သာဓုတော် … သာဓု ၊ ဘုန်းကြီးပါစေ ၊ အသက်ရှည်ပါစေ ကျေးဇူးရှင် သူတော်ကောင်းကြီး ”
“ ဩော် ... ဒါထက် မယ်သော့ရေ ... သူလည်း ထမင်း မစားရသေးဘူးတဲ့ဟေ့ ... တော်တော်ကြာရင် သူ လာမယ် ပြောတယ် ။ သူ့အရီးအိမ်က ဒါတွေ ယူပေးလိုက်တယ် ။ သူ ပြန်ဆပ်ရမှာကွယ့် ” ဟု ပြောလေ၏ ။
မကြာမီ မှေးမှိန်သော အိမ်ကုတ်ကလေးမှာ မီးဖို၌ လင်းထိန်လျက် မွှေးကြိုင်သော ဟင်းနံ့အခိုးများ ပြည့်လှိုင်လျက် ကလေးအငယ်ကလေးမှာ ကခုန်၍ နေလေသတည်း ။
▢ ပီမိုးနင်း
📖ဝတ္ထုပဒေသာ ပေါင်းချုပ် ( ၁ )
No comments:
Post a Comment