Wednesday, February 11, 2026

မကောင်းဥာဏ် နှင့် ဘေးဒဏ်

 

❝ မကောင်းဥာဏ် နှင့် ဘေးဒဏ် ❞
            ( ပီမိုးနင်း )

ဖိုးခက်သည် မောင်ခင်၏ အိမ်နောက်ဖေးအဖီ တံစက်မြိတ်အောက်၌ ရပ်ကာ လက်၌ ကိုင်၍ထားသော ရေနံဆီများနှင့် စွတ်စို၍ နေသော အဝတ်စကို မှောင်ထဲတွင် စိုက်ကာကြည့်လျက် ရှပ်အင်္ကျီအိတ်ထဲမှ မီးခြစ်ကို ထုတ်လေ၏ ။

အိမ်ထဲမှ လူသံသူသံကို မကြားရ ။ ခွေးတစ်ကောင်မှလည်း မရှိ ။ ဖိုးခက်မှာ ကလဲ့စားချေဖို့ရန် အကောင်းဆုံး အခါအခွင့်ကို ရရှိလေ၏ ။ အကြောင်းမူကား မောင်ခင် တို့ လင်မယားမှာ တောင်ရွာသို့ သွားကြရာ အိမ်သို့ ပြန်၍ မရောက်ကြသဖြင့် အေးအေးဆေးဆေး စိတ်ချလက်ချ ပြာဖြစ်အောင် လုပ်ဖို့သာ ရှိလေ၏ ။ နက်ဖြန်ခါ ပြန်လာကြရင် ပြာပုံကို တွေ့ ရမှာပဲ ။ အိမ်ကလေးတစ်ဆောင်နှင့် နှစ်တုံးထွန်လယ်ကို အခစား လုပ်ရလို့ ဟန်ကြီးပန်ကြီး လုပ်တဲ့ လင်မယားတော့ ဒီနှစ် မိုးဦးပေါ်ရင် ထွန်တုံးတောင် မကျန်အောင် လုပ်ပြလိုက်မယ် ။ လယ်နှစ်တုံး ထွန်ကို သူကြီး ကိုမြတ်ဖော့ က ငါ့ကို ငှားမယ်လို့ အသေအချာ ပြောပြီးသား ။ ငါ့မှာ ကြွေးထူကြောင်း သင်း သွားပြီး ပြောလို့သာ ငါ့ကို မငှားဘဲ သူ့ကို ငှားလိုက်တာ ။ ဖိုးခက် တဲ့ ၊ ဖိုးခက်ကို နိုင်ဖို့က နောက် ၊ ဖိုးခက် လက်က အင်မတန် မြန်ပါကလားဆိုတာ ဒီတစ်ခါ သိကြရောပေါ့ ။ နက်ဖြန်ခါ လင်မယားနှစ်ယောက် လှည်းယဉ်ကလေးနဲ့ ခေါင်းပေါင်းစထောင် ပြန်အလာမှာ ပြာပုံကို မြင်ရစေမယ် စသည်ဖြင့် တွေးကာ ၊ လူသူလေးပါး အသွားအလာ အရိပ်အကဲကို ကြည့်လေ၏ ။ မည်သူ တစ်ဦးတစ်ယောက်ကို မျှ မမြင်ရပေ ။ အကယ်၍ မြင်ရလျှင် သူခိုးသူဝှက်သာ ဖြစ်ဖို့ ရှိလေရာ ဖိုးခက်၏ စိတ်၌ အရေးမကြီးပေ ။

ထိုအခါ မြောက်လေသည် သစ်ကိုင်းသစ်ရွက် အိမ်မိုးသက်ငယ်တို့၏ အကြားမှ နာနာဘာဝတွေ စကားများ ကြားသလို ပတ်ဝန်းကျင်၌ အသံကို ဖြစ်စေလေ၏ ။

မကောင်းမှုကို ကြံစည်သူတို့၏ ဘာဝအတိုင်း ထိုအသံများကို ကြားသည့်အခါ ဦးခေါင်းကြီး၍ သွားလေ၏ ။

ထိုညဉ့် မှာ လရောင် မရှိ ။ ကြယ်ရောင်များသာ ရှိလေ၏ ။ ရွာအစွန်း ခြံစည်းရိုးလယ်ပြင်များမှာ မှေးမှေး ရေးရေးမျှ မြင်ရသော်လည်း အတွင်း၌ကား အုန်း ၊ မန်ကျည်း ၊ သရက် ၊ ငှက်ပျော စသည့် အပင်များနှင့် ခြံများ ကြောင့် မည်းမှောင်၍ နေလေရာ ကွင်းထဲ၌ သွားနေကျ ဖြစ်သော သူခိုးများမှ တစ်ပါး အကြိုအကြားကို လူကောင်း တစ်ယောက် သွားနိုင်ဖို့ရန် များစွာ ခက်လေ၏ ။

ဖိုးခက်သည် မီးခြစ်ကို ခြစ်လေ၏ ။ ခြစ်သော်လည်း လေထန်သဖြင့် တောက်လျှင် တောက်ချင်း ပြာလဲ့လဲ့ မီးရောင်ကလေးမှာ လေစား၍သွားသည်ကိုသာ ခံရလေ၏ ။

ထပ်ကာထပ်ကာ ဆက်လက်ကာလည်း မခြစ်ဝံ့ပေ ။ လူ၏ မျက်လုံးသည် လွန်စွာ သေးငယ်လျက် အဘယ်ချောင် ၊ အဘယ်ကြား ၊ အဘယ်အခန်းများထဲမှ နေ၍ မြင်လျက်ရှိနေမည်ကို သိဖို့ရန် ခက်လေ၏ ။ လူတစ်စုံတစ်ယောက်မျှ အနီးအပါးမှာ မရှိဟု ထင်ရသော်လည်း သေးငယ်သောမျက်လုံးသည်ကား တစ်နေရာရာမှာ ရှိနေနိုင်လေ၏ ။ သို့ဖြစ်သောကြောင့် တစ်ကြိမ် မီးခြစ်၍ သေသောအခါ နောက်တစ်ကြိမ် ထပ်၍ မညှိမီ တောင်မြောက်လေးပါးကို ကြည့်လေ၏ ။ နားထောင်လေ၏ ။ ထို့နောက်မှ ထပ်၍ ညှိရပြန်လေ၏ ။

လေသည် တဖြည်းဖြည်း တိုး၍ ပြင်းလေ၏ ။ မီးခြစ်မှာ ခြစ်ရန် သာ၍ခက်ခဲခြင်း ဖြစ်လာလေ၏ ။ ထိုအတွင်း ဖိုးခက်၏ နှာခေါင်း၌ မီးခိုးနံ့လိုလို ညှော်နံ့လိုလို ရသဖြင့် တောင်မြောက်လေးပါးကို ကြည့်လေ၏ ။ သို့ ကြည့်နေခိုက်တွင် မိမိ၏ နေရာဖြစ်သော ရွာ အရှေ့ပိုင်းဘက်မှ ထူးဆန်းသော လေသံနှင့် တူသော အသံတစ်မျိုးကို ကြားရသဖြင့် ရပ်တွေ စဉ်းစား၍နေလေ၏ ။

လေသံပါပဲ ။ ကိစ္စ မရှိပါဘူး ။ မည်သူမျှ ငါ့ကို မမြင်သေးဘူးဟု အောက်မေ့ကာ လေကလေးအငြိမ်တွင် မီးခြစ်ကို ခြစ်ပြန်လေ၏ ။

မီးသည် အတော်ကလေး ကြာစွာ တောက်သဖြင့် ရေနံဆီ ဆွတ်၍ထားသော အဝတ်ကို ထိုမီးနှင့် ညှိတော့မည် အပြုတွင် ထိန်းထိန်းမြည်သော အသံနှစ်ချက်ကို ဆင့်၍ ကြားလိုက်ရပြီးနောက် ဖိုးခက်သည် မတ်တတ်မှ ဘေးတိုက် လဲကျ၍ သွားလေရာ မြောမေ့၍ သွားလေတော့သတည်း ။

တစ်ရွာလုံး ဆူဆူညံ ဖြစ်ကြလေ၏ ။ ပြေးကြ လွှားကြ ၊ အိမ်ကြိုအိမ်ကြား ဖြတ်သန်းကြသော သူခိုး လူဆိုးများသည်လည်း ဆူညံစွာ ပြေးကြသော ရွာ၏ အရှေ့ဖျားကို ပြေးကြလေ၏ ။

ထိုအခိုက် မောင်ခင်တို့ လင်မယားမှာ လှည်းနှင့် ပြန်၍ အလာ ရွာထိပ်ကို ဝင်လျှင်ဝင်ချင်း မီးလောင်၍ နေသော အိမ်ကို တွေ့ မြင်ကြရလေ၏ ။

ဟိုက် ... ဖိုးခက် အိမ်ပါလား ။ တို့မီးလား ၊ ရှို့မီးလား ၊ ထင်းမီးလား ၊ ပစ်မီးလားဟဲ့ စသည်ဖြင့်ပြောကာ မောင်ခင်သည် လှည်းပေါ်မှ ပြေးဆင်း၍ လာလေ၏ ။ ထို အတွင်း ဖိုးခက်၏ မယားဖြစ်သူက ရင်ကို ထုကာ ဆံပင် ဖိုးရိုးဖားရားနှင့် “ ကယ်ကြပါ ၊ လာကြပါ ၊ ကျွန်မသားကလေး မီးထဲပါပါတော့မယ် ။ အခန်းထဲမှာ ကျန်နေပါပြီ ။ ကယ်ကြပါ ။ ကိုဖိုးခက်ရေ ... ကိုဖိုးခက် ၊ ဘယ်ကို သွားနေပါလိမ့်မလဲ ။ ရှင့်သားကလေး မီးထဲပါတော့ မယ် ။ အမယ်လေး ကျွန်မ သားကလေး သေပါပြီတော့ ။ မကယ်နိုင်ကြဘူးလား ... ” စသည်ဖြင့် မယ်ပဋာမြေလူး ၊ ချာချာလည်အောင် ရူး၍နေလေ၏ ။

မောင်ခင်သည် တအောင့်မျှ ၎င်းကို ကြည့်နေပြီး အင်္ကျီကို ချွတ်ကာ မီးသတ်ရန် ရေပုံးများနှင့် လာကြသူများ၏ ရေပုံးတစ်လုံးကို ယူ၍ မိမိ ကိုယ်ကို လောင်းလေ၏ ။ မိမိ၏ လုံချည်ကို ရေဆွတ်လေ၏ ။ ထို့နောက် မီးထဲသို့ အတင်း ပြေးဝင်လေရာ အိမ်အောက်ခန်း တစ်ခု၌ ကလေးကလေး ပက်လက်ကလေး လဲနေသည်ကို မြင်ရလေ၏ ။ အိမ်အပေါ်ဆင့် နံရံများမှ မီးများသည် ခေါင်မိုးကို ကူးတော့မည့်ဆဲဆဲ ရှိနေလေ၏ ။ ကလေး အပေါ် မှာ မီးတွေ ပေါင်းကူးလျက် ကလေး၏ ပတ်ဝန်းကျင်သို့ မီးသီးမီးပွင့် ၊ မီးရွက်မီးအခက်တွေ ကြွေသလို ကြွေကျကြလေ၏ ။ ခေါင်းရင်းနံရံမှာ မီးဖြိုသဖြင့် လဲကျတော့မည်ရှိရာ လဲလျှင် ကလေးကို မီးစောင်ကြီး အုပ်ပြီး ဖြစ်ဖို့ရှိလေ၏ ။

မောင်ခင်သည် တစ်ဟုန်ထိုး ပြေးဝင်၍ ကလေးကို ပွေ့ချီပြီး နောက်သို့ ပြန်ထွက်သည်နှင့် တစ်ပြိုင်တည်း မီးထရံကြီးသည် ကလေးနေရာပေါ်သို့ လဲကျလေ၏ ။ ရွာသားအားလုံးတို့သည် မောင်ခင် ရော ၊ ကလေး ရော ဝိုင်း၍ ပွေ့ချီကြလေ၏ ။

“ သူ့အဖေ ဘယ်မှာလဲ ၊ ဟေ့ ... ဖိုးခက် ၊ ဖိုးခက် ခွေ းမသား ၊ ဘယ်ကို သူခိုးခိုးဖို့ ထွက်နေသလဲ ” စသဖြင့် အော်ကြလေ၏ ။

ဖိုးခက်သည် အိမ်ကို မီးလောင်၍ ဝါးပေါက်သော အသံကို မိမိအား တစ်စုံတစ်ယောက်က ပစ်သော သေနတ်သံ မှတ်ထင်၍ လဲကျပြီး ဦးခေါင်းကို တစ်စုံတစ်ခုနှင့် ဆောင့်မိ၍ မြောမေ့နေခြင်း ဖြစ်လေ၏ ။

သတိရသောအခါ မိမိကို ခေါ်သော အသံများကို ကြားရသဖြင့် ပြေးထွက်၍ လာခဲ့ရာ မီးလောင်၍ နေသော မိမိ၏ အိမ်ရှေ့သို့ ရောက်သောအခါ မောင်ခင် နှင့် ကလေးကို လူတွေ ဝိုင်းအုံ၍နေသည်ကို တွေ့ရလေသတည်း ။

ထိုအခါ မိမိ၏ မကောင်းကြံသော အလုပ်ကို မည်သူမျှ မသိဘဲလျက် အလိုလို ရှက်ကြောက်ခြင်း ဖြစ်ကာ မောင်ခင်၏ ခြေရင်း၌ မိမိကိုယ်ကို ပစ်ချပြီး ထပ်ကာထပ်ကာ ဦးချလေ၏ ။

ထိုညဉ့်၌ ဖိုးခက်တို့ လင်မယား ကလေးနှင့်အတူ မောင်ခင်၏ အိမ်သို့ လိုက်၍ အိပ်ကြလေရာ ဖိုးခက်က မိမိ၏ ဆိုးသွမ်းမှုကို မျက်ရည်များဖြင့် ဝန်ချကာ မောင်ခင်တို့ လင်မယားအား တောင်းပန်ပြန်လေ၏ ။

▢  ပီမိုးနင်း
📖 ဝတ္ထုပဒေသာ ပေါင်းချုပ် ( ၁ )

No comments:

Post a Comment