❝ ခေါင်းနှစ်လုံး ❞
( ပီမိုးနင်း )
ဆရာတင့်သည် မအုံးကို မြင်လျှင်မြင်ချင်း ချင်ခြင်း တစ်မျိုး ပေါ်ပေါက်၍ လာလေ၏ ။ ဆရာတင့်သည် ထိုအခါ၌ ဘုန်းကြီးကျောင်းမှာ ခေတ္တ တည်းခိုနေခိုက် ဖြစ်လေ၏ ။ မအုံးလည်း ကျောင်းသို့ ဥပုသ်စောင့်လာခြင်း ဖြစ်လေ၏ ။
သို့ အချစ်တည်းဟူသော ချင်ခြင်းသည် ဆရာတင့်မှာ အပြင်ပန်းဖြစ်လေရာ ကပ္ပိယဖြစ်သူ ဦးမိုးခအား မအုံး အကြောင်းကို စုံစမ်း၍ ကြည့်ရာ မအုံး မှာ လယ်ဧက ငါးရာကျော် ရှိ၍ လက်ရှိ ငွေသားမှာ တစ်သောင်းအောက် မနည်းကြောင်း သိရသောအခါ ထိုချင်ခြင်းသည် မေးတောင်၍ လာလေ၏ ။ ထိုမေးတောင်ခြင်းမှာ မအုံး အကြောင်း မေးလေလေ တင်းလေလေ ဖြစ်လေသတည်း ။ သို့သော် ခက်ခဲခြင်း တစ်ခုမှာ မအုံးမှာ အမြဲစွဲသော ရင်ဘတ်နာရောဂါ ရှိကြောင်း သိရသဖြင့် ထိုရင်ဘတ်နာရောဂါကို နိုင်သော ဆေးကောင်း ရှိသည်ကို သိရသဖြင့် ၎င်းရင်ဘတ်နာရောဂါကို အောင်သွယ်ပြုကာ မအုံး၏ အိမ်ပေါ်သို့ ရောက်အောင် ကပ္ပိယကြီးနှင့် ဆက်သွယ်၍ ကြံရလျှင် ဟန်ကျဖို့ရှိသည်ကို တွေးမိလေ၏ ။
သို့သော် သာလွန်ဟန်ရဖို့ ရှိသည်မှာ “ မကြားအပ် ရှေ့နေ ၊ မကိုင်အပ် ဆေးဆရာ ” ဟူသော စကားအရ ရင်ဘတ်နာ ပျောက်ခြင်းသာ ပဓာနဖြစ်ရကား ဆေးနှင့်သာ ကု၍ မရ ၊ လူပါ ကပ်ရအောင် လက်ပါ ကူမှ ပျောက်မည်ဟု ပြော၍ ကုရလျှင် နီးရုံမက အပြီးအကုန်ကျရော့ ဟု သဘောရလေ၏ ။
သို့သော် အခက်အခဲ တစ်ခုရှိကြောင်း ကပ္ပိယကြီးက ပြောသဖြင့် ဆရာတင့်က အသာလင့်၍ မေးရာ ကပ္ပိယကြီးက “ ဒီလို ဆရာရဲ့ ။ ဆရာကလည်း မုဆိုးဖို ဆိုပါတော့ ။ သူကလည်း မုဆိုးမမို့ အစိုးရရင် အကျိုးရရုံမက တစ်မျိုးလှမှာပဲ ။ သို့သော် အခက်အခဲ တစ်ခုက ဒီလိုပါ ဆရာရဲ့ ”
“ ဘယ်လိုပါလဲ ဦးမိုးခရဲ့ ။ ဆိုစမ်းပါဦး ”
“ ဆိုစမ်းပါဆို ဆိုရတာပလေ ။ အခက်က တခြား မဟုတ်ပါဘူးဗျာ ။ သွားလေသူ ယောက်ျား ကိုမြနဲ့ မအုံးမှာ ငယ်လင်ငယ်မယား ဖြစ်ကြတာကိုး ။ သည်တော့ မအုံး ခမျာမှာ ဒီတစ်ယောက်ဆို ဒီတစ်ယောက်ပဲ သိဖူးရှာတယ် ထင်ပါရဲ့ ။ ကိုမြကို အင်မတန် စုံမက်ရှာတာနဲ့ ကိုမြကို မမေ့ရအောင်ဆိုပြီး ကိုမြရဲ့ ဦးခေါင်းခွံကို ကိုးကွယ်သလို အိမ်ခေါင်းရင်းမှာ အမြဲထားတဲ့ မိန်းမ ဆရာရဲ့ ။ ဒီတော့ ဒီခေါင်းခွံ ဆွေးတောင်မှ အချစ်က မဆွေး ။ ဒီတစ်သက်မှာဖြင့် ဘယ်ယောက်ျားကိုမျှ စိတ်မကူး ။ ဒီခေါင်းခွံနဲ့ မခွဲဘူး ဆိုပြီး ဒီခေါင်းခွံနဲ့ပဲ ရူးနေတော့တာပဲ ။ ဒီတော့ ကွယ်လွန်သူ ကိုမြ အပေါ်မှာ စိတ် မနာသမျှ သူ့ကို ယောက်ျားတစ်ယောက်ယောက်က ရဖို့ ခက်နေတာပဲ ”
“ အင်း ... ဒါ တစ်ခု ခက်တာပဲ ။ သေသူ တစ်ယောက် အပေါ်မှာ စိတ်နာအောင် အပြစ်ဟောင်း တစ်ခုခု လုပ်ကြံပြီးမှ ရမလို ကျနေတာပေါ့ ဦးမိုးခရဲ့ ”
“ ဒီနေရာကျတာပဲ ဆရာရဲ့ ”
ဆရာတင့်သည် ထက်မြက်သော ဉာဏ်ဖြင့် တစ်မုဟုတ်ချင်း အကြံယူလိုက်ရာ “ မှေးခနဲပျော် ၊ တစ်ရေး နိုးတော့ အကြံပေါ် ၊ ပေါ်သည့်အကြံ မအုံးတန်ဟဲ့ ” ဟု ပြောလေ၏ ။
ကပ္ပိယကြီးအား “ ခေါင်းခွံ တစ်ခုရလျှင် ငွေ ၅ိ ကျပ် ပေးပါမည် ” ဟု ပြောလေ၏ ။
“ ငွေ ၅ ကျပ် ပေးဖို့ မလိုပါဘူး ဆရာရယ် ။ ပေးရင်တော့လည်း ကျေးဇူးပေါ့ ။ ပိတ်ပုဆိုး ၊ ပိတ်အင်္ကျီ ၊ ဝတ်စုံ တစ်ခု ဝါဆိုမီ လိုနေတာကိုး ။ ခေါင်းခွံတော့ ဆရာတော်ကြီး ခေါင်းခွံတစ်ခု ရှိပါတယ် ။ အလိုရှိရင် ခေတ္တတော့ ရနိုင်ပါတယ် ။ ဘုန်းကြီး သိဖို့ မလိုပါဘူး ။ ဘယ်သူမှ မဝင်မရောက်တဲ့ အုတ်တိုက်ကျောင်းကြီး အတွင်းခန်း ကျွန်းသေတ္တာကြီးထဲမှာ ရှိပါတယ် ”
“ ဘယ်ဆရာတော်လဲ ”
“ ယမန်နှစ်က ပျံလွန်တော်မူတဲ့ ဆရာတော်ဦးမှိုက် လေ ။ အဲလေ .. ဆရာ ဘာသိမလဲ ”
“ ဟန်ရလိုက်တာ ဦးမိုးခ ရယ် ။ ပြောနေ ကြာတယ် ။ ရော့ ... ငွေ ၅ ကျပ် ။ ဝတ်စုံသာ ဝယ်ပေတော့ ။ သို့သော်လည်း ဦးမိုးခ ကူညီစေချင်တာကလေး တစ်ခုတော့ ရှိတာပဲ ။ ဖြစ်ပါ့မလား မသိဘူး ”
“ ဆရာ အလိုရှိတာသာ အမိန့်ရှိပါ ။ တတ်နိုင်ရင် ကူညီပါ့မယ် ”
“ မအုံး ရင်ဘတ်နာကို ပျောက်အောင် နှိပ်နိုင်ကြောင်း ၊ ဒီရင်ဘတ်နာကို ကုရမယ် ဆိုရင် ဆရာကိုယ်တိုင် အိမ်မှာ အမြဲစောင့်ကုမှ ဖြစ်ကြောင်း ၊ ရောဂါကို အကုန်ပေါ် အောင် လုပ်ပြီးမှ အမြစ်က လှန်ကုဖို့ရှိကြောင်း ၊ လိုရင်းက သူ့အိမ်ပေါ်ကို ရောက်အောင်ပ ခင်ဗျာ ”
“ မခက်ပါဘူး ။ ကျုပ် နှူးရင် ရပါတယ် ။ ကျုပ် ကိုတော့ ယုံကြည်ပါတယ် ”
“ ပြီးတော့ တစ်ခု ဦးမိုးခ တတ်နိုင်ရင် ကူညီစေချင်တာကလေး ရှိပါသေးတယ် ။ ကူညီဆို ဒီလိုပါ ။ သူ့အိမ်မှာ သူ့လင် ခေါင်းခွံ ထားတဲ့နေရာ အနီးအနားလောက်မှာ တစ္ဆေခြောက်ဖို့ လိုပါတယ် ။ ထရံကို ခေါက် ရုံ ၊ ခဲကလေးစ ၊ တုတ်ကလေးစ ၊ တိုလီမိုလီနဲ့ ပစ်ခတ်ရုံ ပါ ။ ခင်ဗျား တတ်နိုင်ပါ့မလား ”
“ အို ... လွယ်ပါတယ် ။ ကျုပ်တူ ဖိုးတေကို သရေစာဖိုး တစ်ပဲခြောက်ပြား ပေးရင် နေ့ရှိသလောက် ခြောက်ပါစေ့မယ် ”
“ ကိုင်း .. တစ်နေ့ တစ်မတ်နှုန်းနဲ့ ညအခါ သူတို့ အိမ်သားများ မအိပ်မီ လေးငါးချက် အသံမြည်အောင် ခြောက်ပေးနိုင်ပါ့မလား ။ အားလုံး နေရာကျရင် ဦးမိုးခ လည်း ကျုပ် ချမ်းသာသလို ချမ်းသာပါစေ့မယ် ”
ဦးမိုးခနှင့် ဤကဲ့သို့ တိုင်ပင်စီမံရာ မအုံး၏ အိမ်၌ နောက်ညမှ စ၍ တစ္ဆေခြောက်စ ပြုလေ၏ ။ သို့ဖြစ်လေရာ ရင်ဘတ်နာ အတွက်ရော ၊ တစ္ဆေ အတွက်ရော နှစ်ကိစ္စ ပေါင်းစုကာ အကြောင်းပြုသဖြင့် ဆရာတင့် ကောင်းမှုဖြစ်ဖို့ရန် ဦးမိုးခ ဖန်လိုက်လေရာ တစ္ဆေခြောက်၍ သုံးရက်မျှ မကြာမီ ဆရာသည် မအုံး၏ အိမ်ပေါ်သို့ အချိန်မတော် ၊ အရေးတကြီး ဝန်စည်စလယ်နှင့် တက်ရောက်ရလေသတည်း ။
ဆရာတင့်က မအုံးကို တွက်ချက်ကြည့်ရာ ကံဇာတာများ နိမ့်၍ နေကြောင်း ၊ သွားလေသူ၏ လိပ်ပြာမှာ စိတ်လက်မသာမယာနှင့် အိမ်ကို ပြန်၍ လာပြီး မိမိ၏ ဦးခေါင်းခွံကို မိမိကိုယ်တိုင် စောင့်၍ နေရကြောင်း ၊ သို့စောင့်ရာမှ အခန့်သင့်လျှင် မအုံးကို အပိုင်ခေါ်ဆောင်ဖို့ အကြံပြု၍ နေကြောင်း ပြောဟောလေ၏ ။
သို့ ပြောဟောခိုက်တွင် သာလွန် ထင်ရှားသော သက်သေမှာ အပါး၌ ရှိသော ဖိုးတေသည် ရုတ်တရက် ဆန့်ငင်ဆန့်ငင်ဖြစ်ပြီး လဲ၍ သွားလေ၏ ။
ဆရာက မန်းမှုတ်ကာ လက်ဖွဲ့များနှင့် ဖိုးတေ၏ လည်ကို စွပ်၍ မည်သူမည်ဝါဖြစ်သည်ကို မေးလေ၏ ။
“ အမယ်လေး ... ကြောက်ပါပြီ ဆရာရဲ့ ။ ဆရာ ရှိလို့ မတတ်နိုင်ဘဲနေတာပါ ဆရာရဲ့ ။ အခုမှ စွန့်ပြီးလာမိပါတယ် ဆရာရဲ့ ။ ကျွန်တော့် မိန်းမကို တွေ့ချင်လို့ပါ ဆရာရဲ့ ။ ကျွန်တော် ဒီမာလကာပင်မှာ ခဏနေရာမှာ ဆရာ့လူများက အတင်း ဗလက္ကာရ ပြုပြီး ကျွန်တော့်ကို မောင်းနှင်ကြပါတယ် ဆရာရဲ့ ” ဟု ငို၍ လက်အုပ်ချီကာ တောင်းပန်လေ၏ ။
“ အေး .. အေး ... ဆရာ သိပါပြီကွယ့် ။ ဟဲ့ကောင်တွေ ၊ မောက်ကလိတို့ ၊ ခြံပေါက်တို့ ၊ နက်ပြူးတို့ ၊ မင်းတို့ ဘာလုပ် သူ့ကို နှောင့်ယှက်ကြရသလဲ ။ ငါ အမိန့်မပေးဘဲ ဘယ်သူ့ကိုမှ ရန်မရှာနဲ့လို့ ငါ မှာထားတဲ့ စကားကို မှတ်မိကြရဲ့လား ” ဟု တော်ရာသို့ လှမ်းကြိမ်းပြီး ဖိုးတေ၏ ကျောကို လက်နှင့်သပ်ကာ “ အေး .. အေး .. ငါ့လူ သဘောရှိ တက်စေ ၊ ဆင်းစေကွယ့် ။ မအုံးကို လည်း ထိတ်လန့်အောင် မလုပ်နဲ့နော် ”
“ မလုပ်ပါဘူး ဆရာရဲ့ ။ ကျွန်တော်ချစ်တဲ့ မယားပါ ဆရာရဲ့ ။ မလုပ်ပါဘူး ။ အမယ်လေး အုံးရဲ့ ။ မင်း ငါ့ကို မေ့ပလား အုံးရဲ့ ။ အစကတော့ ငိုယိုလိုက်တာ ၊ အခုတော့ မင်း သပိတ်ကလေးမှ ထပ်ပြီး သွတ်ဖော် မရပါလား အုံးရဲ့ ။ မင်း ငါ့ကို ပစ်ထားသလားကွယ့် ” စသည်ဖြင့် ပြောလေရာ မိမိ၏ ယောက်ျား ပူးတယ် ဆိုရင်ပဲ ရင်ထဲမှာ ဆို့၍ နေသော မအုံး မှာ မျက်ရည်တွေကို မဆည်နိုင်အောင် ဖြစ်ပြီး ဖိုးတေ ကို ဖက်လုခမန်း ဖြစ်ကာ လင်ဖြစ်သူ၏ နာမည်ကို တခေါ်လျက် ငိုရှာလေတော့သတည်း ။
ဆရာ ။ ။ “ ကိုင်း ... ကိုင်း ... ၊ မင်း ထွက်ပေတော့ ၊ သပိတ်သွတ်ရမယ် ဟုတ်လား ၊ ဆရာက ဒါမျိုးတွေကို မြင်ရကြားရတာ စိတ်မချမ်းသာဘူးဟေ့ ။ ထွက်ပေတော့ ၊ ထွက်ပေတော့ ” ဟု ဖိုးတေ၏ ကျောကို လက်နှင့် သပ်ကာ ပြောလေ၏ ။ ဖိုးတေလည်း ဝါးခနဲ သမ်းဝေပြီး အကောင်း ပကတိ ဖြစ်၍ သွားလေ၏ ။
ဆရာ ။ ။ “ အင်း .. ကံတူ အကျိုးပေး ဆိုတာလို ဖြစ်နေပါကလား မအုံးရယ် ။ မအုံးလို အပူသည်ပဲ ။ ဟောဒီမှာသာ ကြည့်ပေတော့ ။ ကျုပ် ဆရာကတော်ရဲ့ ခေါင်းခွံပါ ။ ငယ်လင် ငယ်မယား အနှစ်နှစ်ဆယ် ပေါင်းခဲ့ပြီး မျက်စိထဲ အမှိုက်ဝင်သလို တုပ်ကွေးထဲ ပါသွားခဲ့တယ် မအုံးရဲ့ ။ သင်းကလည်း ယခုထက်တိုင် မခွဲနိုင်ဘူး ။ သပိတ်သွတ်တာလည်း များခဲ့ပါပြီ ။ အခုလည်း စောင့်လျက်ပဲ ” ဟု ပြောကာ သားရေအိတ်ထဲမှ ခေါင်းခွံကို ထုတ်၍ ပြလေသည် ။ မအုံးသည် ကြင်နာကြေကွဲသော အမူအရာနှင့် နားထောင်လေ၏ ။
ထို့နောက် ရောဂါအကြောင်းနှင့် သပိတ်သွတ်ဖို့ အကြောင်းများကို ပြောဆိုကြပြီး ညတွင်းချင်းပင် ရင်ဘတ်နာ ပျောက်အောင် စ၍ နှိပ်လေ၏ ။ ထိုညဉ့်၌ ဖိုးတေသည် ဆရာနှင့် အတူ အိပ်လေ၏ ။
သန်းခေါင်ကျော် အချိန်ခန့်တွင် ဆရာသည် မအုံး ယောက်ျား၏ ခေါင်းခွံကို ထ၍ ခိုးလေ၏ ။ ၎င်းနောက် ခေါင်းခွံနှစ်ခုကို ဒိုးလှိမ့်သလို လှိမ့်ရာ ကြမ်းပေါ်တွင် တဂျောင်းဂျောင်း မြည်သဖြင့် အားလုံးနိုး၍ မီးထွန်းပြီး ကြည့်ကြလေရာ ခေါင်းခွံနှစ်လုံး ပူးလျက်နေသည်ကို တွေ့ကြရလေ၏ ။
ထိုအတွင်း ဖိုးတေသည် ဖြုန်းခနဲ ထ၍ ခုန်ပြီး လက်သီးလက်မောင်းတန်းလျက် “ သယ် ... ငါ့ကို မဟားဒယားကြံလို့ ၊ ဒီအိမ်က အကောင် ၊ ဒီအိမ်က အကောင် ။ ငါ မခံဘူး ။ သူကြီးအိမ် သွားမယ် ။ ဟောဟိုကောင်မ ယောက်ျား မိအုံးလင် ၊ ငါ့ကို အတင်း ကျင့်ကြံတယ် ” ဟူ၍ ပြောပြီး မျက်ဖြူဆိုက်ကာ ဝက်ရူးပြန်သလို ဖြစ်၍ နေလေ၏ ။
ဆရာနှင့် မအုံးမှာ တစ်ယောက်မျက်နှာ တစ်ယောက် အံ့သြလျက် ကြည့်၍ နေလေ၏ ။ အဖြစ်အပျက်ကို ချက်ချင်း ရိပ်မိကြလေ၏ ။
ဆရာ ။ ။ “ မညိုလား ”
ဖိုးတေ ။ ။ “ ဘယ်သူ ဖြစ်ရဦးမလဲ ၊ ဟော ... ဟော ... ကျုပ်ကို အတင်း ဆွဲနေပြီ ။ ရှင် ကြည့်နေတော့မလား ”
ဆရာ ။ ။ “ ဆွဲရင်လည်း သဘောတူလိုက်ပါ လဟယ် ။ သူ မေတ္တာ ရှိရင်လည်း ငါ အခွင့်ပေးပါတယ် ။ လူကြားမကောင်း သူကြားမကောင်း မဆူပါနဲ့ ”
တေ ။ ။ “ ရှင် ဘာစကား ပြောတာလဲ ။ ကျုပ်ကတော့ မမေ့နိုင်လို့ သွားရာကို လိုက်နေရတယ် ။ ရှင်က ဒီလို ပြောသလား ။ ဒီလို ပြောရင် ကျုပ် စိတ်နာပါရဲ့ ။ သွားမယ် ။ ဒီကနေ့ စလို့ ရှင့်နောက်ကို ကျုပ် မလိုက်တော့ဘူး ။ လာ .. ရှင့် ဒီလူကကော ၊ ရှင် ... ကျုပ်ကို အတည်ပေါင်းမှာဖြင့်ရင် လာသွားမယ် ။ ရှင်လည်း ဒီအိမ်မှာ မနေနဲ့ ၊ ကျုပ်လည်း မနေဘူး ”
“ ဝါး .. ဝါး .. ” ဟု သမ်းပြီး ဖိုးတေသည် မတ်တတ်မှ ထိုင်၍ ချလိုက်လေ၏ ။ ထို့နောက် ဖိုးတေသည် မိမိ ကိုယ်ကို ဘာဖြစ်သွားမှန်း မသိသော အနေအထားနှင့် တောင်ကြည့်မြောက်ကြည့်နှင့် ယောင်တောင်တောင် ဖြစ်၍ နေလေ၏ ။
နောက်တစ်နေ့ ဆရာက “ ကျုပ် ဒီအိမ် ရောက်တာ ကျုပ်မိန်းမနဲ့ နောက်ဆုံး ကွဲခြင်းပဲ ။ သေတုန်းက မကွဲဘူး ။ မသေခင်ကလိုပဲ ။ ကျုပ်အနားမှာ အမြဲ ရှိပါတယ် ။ အခုမှ သေသေချာချာ ကွဲတော့တာပဲ ။ ကျုပ် စကား ပြောလိုက်တာကို အဟုတ်ထင်ပြီး စိတ်ဆိုးသွားတာပါပဲ ” ဟု မျက်ရည်စကလေးနှင့် ပြောလေ၏ ။
မအုံး ကလည်း “ ကျွန်မ ယောက်ျား ဒီလို သစ္စာဖောက်မယ် မထင်ဘူး ။ အခုများတော့ စိတ်နာပါရဲ့ ။ ဒီခေါင်းခွံကိုလည်း မထားချင်တော့ပါဘူး ” ဟု ပြောလေ၏ ။
“ ကျုပ်လည်း စွန့်ပစ်ဖို့ ရှိတော့တာပဲ ။ ကိုင်း ... မောင်ဖိုးတေ ၊ ဒီခေါင်းခွံကို မင်း ကြည့်ပြီး နေရာချ လိုက်ပါကွယ် ” ဟု ပြောလေ၏ ။ မအုံးကလည်း မိမိ၏ ခေါင်းခွံကို ဤနည်းအတိုင်း ပြော၍ ပေးလေ၏ ။
ဆရာ ။ ။ “ မအုံးလည်း အခုမှ တကယ် လွတ်လပ်တော့တာပဲ ။ ကျုပ်မှာလည်း အခုမှ ရှင်းတော့တာပဲ ။ ဒါထက် ရင်ဘတ်နာ ဘယ့်နှယ်နေသေးသလဲ ”
“ ကျွန်မတော့ ပျောက်ပြီ ထင်ပါရဲ့ ။ ကျွန်မ တစ်သက်လုံး ဒီကျေးဇူးကို ဆပ်လို့ ကုန်တော့မှာ မဟုတ်ပါဘူး ”
ဆရာ ။ ။ “ တစ်သက်လုံး ဆပ်ရင်တော့ ကုန်လောက်ပါတယ် မအုံးရယ်... ” ဟု ပြောပြီး လက်ကို ကိုင်ရာ မအုံးသည် ငြိမ်သက်ရာမှ ပြုံးလျက် ဆရာ၏ ရင်ခွင်တွင်းသို့ ပျော့ဆင်း၍ သွားလေသတည်း ။
▢ ပီမိုးနင်း
📖 ဝတ္ထုပဒေသာ ပေါင်းချုပ် ( ၁ )
No comments:
Post a Comment