Thursday, February 26, 2026

ဇရာကျ ညများ


 

❝ ဇရာကျ ညများ ❞
      ( ခင်ဇော်မိုး )

တိတ်ဆိတ်နေတဲ့ ညထဲ မြည်ဟည်းနေတဲ့ နာရီမောင်းသံက အာဏာအရှိဆုံးပေါ့ ။ ဘယ်နှနာရီ ရှိရော့မလဲ သိချင်စိတ်ကြောင့် အတွေးစကို ခေတ္တ ခေါက်ထားပြီး ကျောက်ရုပ် တစ်ရုပ်လို ငြိမ်သက်စွာနဲ့ နားစွင့် နေမိတယ် ။ အော်ဂင်နာရီမောင်းသံတွေ အဆုံးမှာ တစ်ချက်မျှသော နာရီသံ တစ်ခုသာ လိမ့်ထွက်လာတယ် ။ တစ်ချက်တစ်ချက် ထ,ဟောင်တတ်တဲ့ ခွေးဟောင်သံနဲ့ နာရီထိုးသံတို့သာ ညထဲ လမ်းသလားနေသူများဖြစ်တယ် ။ မျက်လုံးတွေကို ဇွတ်မှိတ်ထားပေမဲ့ ကိုယ့်စိတ်ကပဲ ဆွဲခွာ နေသလို ဂနာမငြိမ်တဲ့ စိတ်ကြောင့် အိပ်စက်လို့ မရဘူး ။ အနည်းငယ် ဟ,နေတဲ့ ပြတင်းတံခါး ကနေ လရောင်တွေ အခန်းအတွင်း ခုန်ဆင်းနေတယ် ။ ဒီလို တိတ်ဆိတ်နေတဲ့ ညတွေထဲ ရှင်သန်ခွင့် ရခြင်းက ငရဲသို့ ရောက်သလို ။ အရင်ကတော့ ဒီလို ညတွေမှာ ဒီလို ခံစားနာကျင်မှုတွေ မရှိခဲ့ပါဘူး ။

ဘေးတစ်ဖက်စီမှာ မြေးမကလေး နှစ်ယောက်က ဝန်းရံလို့ ။ သူတို့လက် သေးသေးကလေးတွေနဲ့ ကျုပ်ကို ပွေ့ဖက်ထားပြီး အိပ်ကြတယ် ။ တစ်ခါတလေ “ အဘွား ပုံပြင်ပြောပြ ” ဆိုပြီး အနားကို အားကျမခံ တိုးဝှေ့ကြတာပေါ့ ။ အဲလို တိုးဝှေ့ခံရတဲ့ ကြားမှာ ဘွားအေ ဖြစ်တဲ့ ကျုပ်က ကျေနပ်နေခဲ့တာ ။ “ အသာ အိပ်ကြပါဟဲ့ ၊ မတိုးကြပါနဲ့ ” လို့ ဟန့်တားပြီး ပြောမိပေမဲ့ အဲ့ဒီ မြေးမလေးတွေရဲ့ အနံ့အသက် ၊ ထိတွေ့မှုကို ရချင် လိုချင်ခဲ့တာပါ ။ အသက်အရွယ် ကြီးလာလို့ ထင်ပါတယ် ။ ဂရုစိုက်မှုကို ကလေး တစ်ယောက်လို စိတ်နဲ့ လိုချင်နေတော့တာပဲ ။

ဘယ်သူကမှ ကျုပ်ကို စကားမပြောတဲ့ အခါဆို တစပြင်ထဲမှာ နေရသလိုပါပဲ ။ မျက်လုံးထဲက မြင်ကွင်းတွေကို ကလေးကစားစရာ စက္ကူဖလင်လိပ်လေးနဲ့ အရုပ်တွေ ထည့်ထားတဲ့ ကင်မရာ ခလုတ်လေး ရွှေ့သလို ဘယ် နေရာရွှေ့ရွှေ့ ချောက်ချားစရာ ကောင်းနေတော့တယ် ။ တစ် ချိန်ကတော့ ဒီအိမ်ကြီးမှာ သားတွေသမီးတွေ အစုံနဲ့ တစ်သိုက်တစ်ဝန်း နေခဲ့ကြ တာပေါ့ ။ တစ်ခါက ရပ်ဝေး အသိ မိတ်ဆွေတစ်ဦး လမ်း ကြုံရင်းနဲ့ အိမ်မှာ ညဉ့်အိပ် ညဉ့်နေ တည်းတယ် ။ ကျုပ် အိမ်မှာ သားတွေသမီးတွေ ၊ မြေးတွေနဲ့ ဆိုတော့ လူတွေ များသကိုး ။ ဒါကို အဲ့ဒီ အသိမိတ်ဆွေက တစ်နေကုန် တစ်နေခန်း မြင်ရရှာတော့ မျက်စိ လည်း နောက်ချင် နောက်မိရှာ မပေါ့ ။ ကျုပ်ကို ပြောရှာတယ် ။

“ မိယဉ်ရေ နင့်အိမ်ကတော့ ဇာတ်ထွက် နေသလားအောက်မေ့ရတယ်ဟေ့ ။ ဝင် တဲ့သူက ဝင်လိုက် ၊ ထွက်သွားတဲ့သူက ထွက်လိုက်နဲ့ အလျှိုလျှို အကန့်ကန့်ပဲ ” တဲ့လေ ။

ပြောလည်း ပြောချင်စရာ ကောင်းအောင်ပင် ။ တစ်ခါတလေဆိုရင် မြေးမတွေ တစ်ပြုံကြီး ဆော့ကြ အော်ကြပြီဆိုရင် လက်ပံပင် ဆက်ရက် ကျသလို ဆူလို့ညံလို့ပေါ့ ။ တစ်ခါတလေ မျက်စိတွေ မူးနောက်နေလို့ အော်ထုတ်မိပေမဲ့ သူတို့လေးတွေ မူကြို သွားတဲ့ သူက သွား ၊ ကျောင်းသွားတဲ့ သူက သွားချိန် ဆိုရင်တော့ လွမ်းရပြန်တယ် ။ သူတို့တွေဟာ သာယာနာပျော်ဖွယ်ကောင်းတဲ့ ဆည်းလည်းသံလေးတွေလိုပဲ အိမ်ကို သာယာစေတယ် ။ ကျုပ် စိတ်ကို ကြည်နူးစေနိုင်တဲ့ ပန်းရှုမျှော်ခင်း တစ်ခုဆိုလည်း ဟုတ်လိမ့်မယ် ။ မြင်တွေ့ရလိုက်တိုင်း ရင်သပ်ရှုမောဖွယ် ကောင်းတဲ့ ပန်းချီကား တစ်ချပ်လိုပဲ ကျုပ်စိတ်တွေကို တိမ်းမူးညွှတ်စေနိုင်တဲ့ သူလေးတွေပေါ့ ။

••••• ••••• •••••

အခုတော့ ဒီအိမ်ကြီးမှာ တိတ်ဆိတ် နေချိန်တွေသာ များတယ် ။ ဥတုကြမ်းကြမ်း ထဲက ပပ်ကြားအက်နေတဲ့ ရေကန်ကြီးထဲမှာ နေထိုင်ရှင် သန်ရသလို ခြောက်သွေ့နေ တော့တာ ။ ပတ်ဝန်းကျင်က ဆိုးသွမ်းနေတော့တာ ။ ကျောင်းက ပြန်လာပြီ ဆိုရင် “ အဘွား ဘာမုန့်ရှိလဲ ၊ ဗိုက် ဆာတယ် ” ဆိုတဲ့ ချွဲချွဲနွဲ့နွဲ့ ပူဆာတတ်တဲ့ မြေးမလေးတွေရဲ့ အသံကို လွမ်းနေမိတာ နေ့တိုင်းပါပဲ ။ အခုတော့ တက္က သိုလ်ကျောင်းသူကြီးတွေ ဖြစ်နေကြပြီမို့ အဝေးမှာ ။ တစ်နှစ်နေလို့ တစ်ခေါက် လောက်သာ ရောက်လာတတ်ကြတယ် ။ ၂ နှစ် ၊ ၃ နှစ် သမီးအရွယ် ကတည်းက ကျုပ်နဲ့ အတူ အိပ်လာတဲ့ မြေးမလေးတွေကို အဘွားဖြစ်သူ ဘယ်လောက်ထိ လွမ်းဆွတ် သတိရနေတတ်တာ ကျုပ် မြေးမလေးတွေ ဘယ်လို နားလည် နိုင်ရှာမလဲ ။

“ သားသမီးအချစ် မြေးအနှစ်တဲ့ ။ ကျုပ်မြေးမလေးတွေကို သိပ်ချစ်မိတာပေါ့ ။ သတိရစိတ်ဟာ ကန့်သတ်လို့ မရဘူး ။ ယောင်ယောင်ယမ်းယမ်းနဲ့ ကျုပ်ရဲ့ဘေးဘက်တွေဆီ တစ်စုံတစ်ခုကို ရှာဖွေသလို လက်နှစ်ဖက်နဲ့ စမ်းနေမိတယ် ။ တွန့်ကြေလိပ်မွနေတဲ့ အိပ်ရာခင်းစောင်ဟာ လက်ထဲ တိုးဝင်လာတယ် ။ ကျုပ် တွေ့လိုတာ နုအိနေတဲ့ လက်ကလေးတွေ ၊ ခြေထောက်ကလေးတွေ ၊ ဆံနွယ်နုနုကလေးတွေကိုပေါ့ ။ အခုလို ပူလောင်အိုက်စပ်နေတဲ့ နွေရာသီ ဆိုရင် ယပ်တောင်တစ်ချောင်းကို ကျုပ်ခေါင်းအုံး ဘေး ၊ ဒါမှမဟုတ် ရင်ဘတ် ပေါ်ကို တင်ပြီး အိပ်တယ် ။ ညဘက် ချွေးစေးတွေ ထွက်နေတတ်တဲ့ မြေးမလေးတွေကို ယပ်ခတ်ပေးဖို့ပေါ့ တစ်ရေး နိုးလာချိန် ဆိုလည်း စိတ်က သူတို့လေးတွေဆီ ရောက်ပြီးသား ဖြစ်နေတာပဲ ။ ယပ်တောင်ဆီ လက်ရောက် သွားပြီး သူတို့ နဖူးလေးတွေမှာ သီးထနေတဲ့ ချွေးတွေကို လက်တစ်ဖက်နဲ့ သုတ်ရင်း ယပ်ခတ်ပေးတယ် ။ တစ်ခါတလေ လက်ပန်းကျပြီး ယပ်တောင်ခတ်ရင်း အိပ်ပျော်သွားတာပေါ့ ။ မိုးတွေ တအားသည်းတဲ့ မိုးရာသီ ဆိုရင် သူတို့ လက်ကလေးတွေနဲ့ ကျုပ် ဝမ်းဗိုက်ကို အမြစ်ကလေးတွေလို သိုင်းဖက် ကုပ်တွယ်ထားကြတယ် ။ တဂျိန်းဂျိန်း မြည်နေတဲ့ မိုးခြိမ်းသံတွေကို သူတို့လေးတွေ ကြောက်တာပေါ့ ။ အိမ်ပြတင်းမှန် ကနေ မြင်ရတဲ့ လျှပ်စစ်စီးကြောင်း တွေကြောင့် သူတို့ ခေါင်းလေးတွေကို ကျုပ်ရင်ခွင်ထဲ အပ် ထားကြတယ် ။ ဆောင်းဆို လည်း ဆောင်းရာသီမို့ သူတို့လေးတွေ စောင်လပ်နေမလား အတွေးနဲ့ ညထဲ တဖျပ်ဖျပ် နိုးနေတော့တာပဲ ။

ဈေးပြန်လာတိုင်း “ အဘွား ဘာပါသလဲ ” မေးကြပြီး ဈေးခြင်း ကြိုကြတယ် ။ ရွာဈေးကလေး ဆိုတော့ တော သရေစာတွေ ပေါတာပေါ့ ။ တစ်ယောက်တစ်ပေါက် ဆိုတော့ အဲ့အချိန်က ဘွားအေ ဖြစ်တဲ့ ကျုပ်မှာ ဈေးတစ်ပတ် ကို သရေစာဖိုး မနည်းကုန် တာပေါ့ ။ ထန်းရည်ချိုမှုန့် ကြိုက်သူအတွက် ထန်းရည် ချိုမှုန့်ကို ဝယ်ရတယ် ။ ကြံချောင်း မှာသူကမှာ ၊ ထန်းလျှော် နဲ့ ကုံးရောင်းတဲ့ တစ်လုတ်သီး မှာသူက မှာ ၊ ကောက်ညှင်းထုပ် မှာသူက မှာ ၊ မုန့်ပျားသလက် မှာသူက မှာနဲ့ မူးနေအောင် ဈေးလှည့်ရတယ် ။ ဒါပေမဲ့ အဲ့သလို တိုလီမုတ်စ သရေစာတွေ ဝယ်ရခြမ်းရတာကိုပဲ ကျုပ်မှာ ပီတိတွေနဲ့ ရယ်လေ ။

သူတို့လေးတွေနဲ့ ဝေးကွာသွားစကဆို ဘွားအေ ဖြစ်တဲ့ ကျုပ်မှာ အရူးတစ်ပိုင်းပဲ ။ ကိုးတန်း ၊ ဆယ်တန်း ရောက်တော့ နယ်မြို့လေးပေါ်ကို ပြောင်းရွှေ့ကျောင်းနေကြတယ် ။ ကျုပ်မှာတော့ လွမ်းလို့ မဆုံးဘူး ။ အနီးနားအုပ်စု ရွာလေးက အထက်တန်း ကျောင်းလေးမှာပဲ နေစေချင် ၊ တက်စေချင်ပေမဲ့ မိဘတွေက ခေတ်အလိုက် ကလေးတွေကို ဟိုမြို့ပို့ ၊ ဒီမြို့ပို့ လုပ်ကြတယ်လေ ။ တစ်ပတ်တစ်ခါ ရွာဈေးလေးက ဈေးနေ့ဆိုရင် ပိုလို့ သတိရမိတယ် ။ သူတို့ ကြိုက်တတ် ၊ မှာတတ်ကြတဲ့ မုန့်သရေစာတွေ ဝယ်ဖို့ ပူဆာကြတဲ့ အသံစာစာလေးတွေ ဘယ်လိုများ မေ့ပျောက်နိုင်ပါ့မလဲ ။ ကျုပ်မြေးမလေးတွေ သာ ငယ်ငယ်က ပူဆာကြတဲ့ ဈေးသရေစာတွေကို စားချင်မယ် ဆိုရင်ပေါ့ ဝယ်ကျွေးချင်စမ်းလှပါတယ် ။ သူတို့လေးတွေ မှာတာ စားရလို့ ပျော်တဲ့ အပျော်နဲ့ အပြုံးက ကျုပ်ကို ဝ,လင်စေတယ်လေ ။

တစ်ခါတလေ မြေးမလေးတွေ ရန်ဖြစ်ကြတာကိုပဲ ရယ်ရမောရတယ် ။ ပြန်မြင် ယောင်မိတိုင်း ကျုပ်နှုတ်ခမ်းတွေ ကော့ညွှတ်သွားလိမ့်မယ် ။ ဘာလို့လဲ ဆိုတော့ “ အဘွားက မီးမီးကို ချစ်တာနော ” လို့ တစ်ယောက်က အမေးနဲ့ အဖြေ တွဲထုတ်ယူရင်း မော်ကြွား ပြောရင် တခြား တစ်ယောက်ကလည်း အရှုံးမပေး “ နင့်ကို မချစ်ဘူး ၊ အဘွားက ငါ့ကို ချစ်တာ ” ဆိုပြီး ခါးကလေးတွေ ထောက် ၊ လက်ညှိုးကလေးတွေနဲ့ ထိုးလိုထိုး ရန်တွေ့ရန်ထောင်ကြတယ် ။ အဲ့သလို ချစ်စရာ ကောင်းလွန်းတဲ့ မြေးကလေးတွေကြား ဘယ်အဘိုးအဘွားက မပျော်ပိုက်ဘဲ ရှိပါ့မလဲ ။ ပြီးတော့ အဲ့သလို မြေးကလေးတွေနဲ့ ဝေးကွာသွားတဲ့အခါ ဘယ် အဘိုးအဘွားက မလွမ်းဘဲ ရှိပါရိုးလား ။

ခုတော့ သူတို့လေးတွေ ပုံရိပ်တွေက ပန်းဝတ်မှုန်အနား လိပ်ပြာကလေးတွေ ဝဲပျံနေ ကြသလို အာရုံတွေထဲ ဝဲပျံနေ တယ် ။

••••• ••••• •••••

လေးလေးပင်ပင် ဆွဲအီ အူနေတဲ့ ခွေးအူသံကလည်း နားကြားပြင်းကတ်စရာပါပဲ ။ ဒီလို အိပ်စက် အနားယူကောင်း မယ့် ညအချိန်တွေထဲ သွေးလေ ချောက်ချားနေတဲ့ ကျုပ်လို အရွယ်အို အဘိုးအဘွားတွေ ရှိကောင်း ရှိပါလိမ့်မယ် ။ အဘိုးအဘွား အရွယ် ဆိုတာ ဟင်းကောင်းဟင်းမွန်နဲ့ ထမင်းဝိုင်းထက် ချိုချိုသာသာစကားကို ကြားချင်မိတော့တဲ့ သူတွေ ။ ငယ်စဉ်ကလို ကုန်ဈေးနှုန်းအတက် အကျနဲ့ စီးပွားရေးစကားတွေ ကြားလိုခြင်း မဟုတ်ဘဲ မြေးမတွေဆီက ခေါ်မယ့် တယ်လီဖုန်းမြည်သံ ကိုသာ ကျုပ်တော့ နားစွင့်နေမိတယ်လေ ။

“ အဘွားနေကောင်းလား ။ ကျန်းမာရေး ဂရုစိုက်နော် ။ အိမ်အလုပ်တွေ မနေတတ် မထိုင်တတ်နဲ့ ဝင်ပြီး မလုပ်နဲ့ဦး ။ အိမ်လည်း အရမ်းလွမ်းတယ် ။ ပြန်လာချင်ပြီ ။ အဘွားကို အမြဲသတိရတယ် ”

အဲ့သလို စကားသံ ချိုချိုတွေ ကြားရချိန်ဆို ပီတိနဲ့ အတူ မျက်ရည်တွေက ရောပြွမ်းနေတော့တာ ။ ဖုန်းလာတဲ့အခါ မြေးမလေးတွေရဲ့ ချိုသာချွဲအီနေတဲ့ စကားသံလေးတွေက စိတ်ကို အင်မတန် ကျေနပ် ပျော်ရွှင်စေတယ် ။ တစ်နေ့တာကို ဖြတ်သန်းဖို့ ကြည်နူးခြင်း လက်မှတ်ကို ရလိုက်သလို ။ အဲဒီ ရက်တွေမှာ စိတ်နဲ့ ကိုယ်ဟာ သက်သောင့်သက်သာ ရှိနေတော့တယ် ။ ပြီးတော့ မြေးမလေးတွေရဲ့ တီတီတာတာ အမှာစကားတွေ ကြားယောင်ရင်း ခဏခဏ ပြုံးနေမိတော့တာ ။ ပျော်ရွှင်ချမ်းမြေ့မှုတွေက ထမင်းပွဲကို ဆီဆမ်း ထားသလို ကျုပ် မျက်နှာပေါ် မှာ ရွှမ်းစိုနေတော့တယ် ။

တစ်ခါတလေ သူတို့လေးတွေ မေးလိုက်တဲ့ “ အဘွား ဘာစားချင်လဲ ၊ စားချင်တာ ရှိရင် အားမနာနဲ့ ပြောနော် ” ဆိုတဲ့ မေးခွန်းကြောင့် ဆွံ့အ သွားတာမျိုးလည်း ရှိတယ် ။ ကျုပ် ဘယ်တုန်းကမှ အဲဒီလို အရာကို မတောင့်တမိပါဘူး ။ ကျုပ် လိုချင်တာ ကျုပ် မြေးမလေးတွေ ဆီက အရင်လို အားကိုးတကြီး ချစ်ခြင်းမေတ္တာတွေ ၊ အလွန်ဆုံး ကျုပ်ကို လွမ်းတဲ့ အကြောင်းတွေ ၊ အဲဒီ အရာတွေပဲ ကြားလို ရလို ချင်မိတာပါ ။ အဲဒီခံစားမှုတွေကို တစ်နေ့တော့ ကျုပ် မြေးမလေးတွေ နားလည်ကြပါလိမ့်မယ် ။

••••• ••••• •••••

လှစ်ဟနေတဲ့ ပြတင်းတံခါး ကနေ မြင်နေရတဲ့ ကြယ်စုကြယ်ဝေးတွေက ကျုပ်တို့ ဘဝတွေလိုပဲ ထင်မိပါရဲ့ ။ တချို့ ကြယ်တွေက သိုက်သိုက်ဝန်းဝန်း ရှိတယ် ။ အရွယ်အစား ကြီးတဲ့ ကြယ်တွေ ၊ သေးငယ်တဲ့ ကြယ်ကလေးတွေ စုပြုံနေကြတာက လူစုံတက်စုံနဲ့ ပျော်စရာ မိသားစု တစ်ခုလို့ပဲ မြင်မိတယ် ။ တချို့ ကြယ်တွေကျတော့ လည်း ထီးထီးမားမား လှပပေမဲ့ ဘယ်လို ကြယ်ကလေးတွေမှ အနား မရှိတဲ့အခါ အထီးကျန်တဲ့ လူတစ်ယောက် လိုပါပဲ ။ ပြီးတော့ သေးငယ် လွန်းတဲ့ ကြယ်မှုန်ကြယ်မွှား ကလေးတွေ တသီးတသန့် လွင့်စဉ်နေကြတာ တွေ့ရ တော့ စွန့်ပစ်ခံရတဲ့ မွေးကင်း ကလေးငယ်တွေ လိုလို ။ ရေခြားမြေခြားမှာ မိသားစုနဲ့ ကင်းကွာကြရသူတွေ လိုလို ။ အားလုံးဟာ ကိုယ့်အချင်းနဲ့ အဆင်းနဲ့ လင်းလက်နေတဲ့ ကြယ်ကလေးတွေပါပဲ ။ ပြီးတော့ ကြီးတယ် ၊ ငယ်တယ် မရှိဘဲ တဖြုတ်ဖြုတ် ကြွေကြရ ၊ သေကြရ ။ လောကကြီးထဲ ကနေ နှင်းတွေ ပြယ်သလို ပြယ်လွင့်ကြရ ၊ သစ်ရွက်တွေ ကြွေသလို ကြွေလွင့်ကြရ ။ ဒါကြောင့် ကျုပ်မြေးမလေးတွေကို ကြယ်ကလေးတွေ မကြွေခင်လို လောကအတွက် လင်းလက်စေချင်တယ် ။ နှင်းတွေ မပြယ်ခင်လို ဆောင်းမနက်ခင်း အတွက် လှပစေချင်တယ် ။ သစ်ရွက်ကလေးတွေ မကြွေလွင့်ခင်လို လူ့ပတ်ဝန်းကျင် အတွက် သဘာဝပတ်ဝန်းကျင်အတွက် စိမ်းစိုအေးမြမှုကို ပေးစွမ်းစေချင်တယ် ။ ဒါဟာ မြေးမလေးတွေ ဆီမှာ ထားတဲ့ ဘွားအေ တစ်ယောက်ရဲ့ မျှော်လင့်ချက်ပါပဲ ။

“ လမင်းကြီးလောက် လင်းရမယ် မဆိုပါဘူး ။ ကြယ်ကလေးတွေလောက်တော့ လင်းစေချင်တယ် ” 

အဲ့ဒီ စကားလုံးဟာ ချောက်ချားစရာ ညတွေထဲ ထိုးအန်လာတဲ့ စာကြွင်းပါပဲ ။ ကျုပ်မြေးမလေးတွေ မသိနိုင် မကြားနိုင်ကြဘူး ။ ဆိုးရွား နာကျင်နေတဲ့ အနာဆိုး တစ်ခုထဲ လောက်ကောင်တွေ တရွစိစိ ရွေ့လျား ကိုက်စားနေကြ သလို အထီးကျန် လွမ်းဆွတ်မှုတွေဟာ ဇရာညတွေ ထဲမှာ ကျုပ်ရဲ့ အိပ်စက်ငြိမ်းချမ်း ခြင်းတွေကို မြိန်ရေရှက်ရေ သုံးဆောင်နေကြတယ် ။ ဇရာနဲ့ အထီးကျန် အင်အား မဲ့နေတဲ့ လူတစ်ယောက်ဟာ အဲဒီအရာတွေကို ဘယ်လိုများ တပ်လှန့်မောင်းထုတ်နိုင်ပါ့မလဲ ။ စိုးရိမ်စိတ်နဲ့ လွမ်းစိတ်ကြောင့် ထင်ပါရဲ့ ။ မှိုနံ့ ထွက်နေတဲ့ ခေါင်းအုံးကလေးမှာ မျက်ရည်တွေ စိုနေပြီ ။ ဒီလို ညမျိုးတွေ ကမ္ဘာမြေမှာ နောက်ထပ် မမွေးဖွားရင် သိပ်ကောင်းမှာပါပဲ ။ ဘာဖြစ်လို့လဲ ဆိုတော့ တစ်နေ့နေ့မှာ ဒီလို ညမျိုးနဲ့ ကျုပ် မြေးမကလေးတွေ ထိပ်တိုက်တွေ့မှာ စိုးလို့ ပေါ့ ။ သူတို့ အိပ်စက်နေတဲ့ ခေါင်းအုံးကလေးမှာ မျက်ရည်ကွက်တွေ စွန်းမှာ ပူပန်နေမိတာ ။ ဒီအကြောင်းတွေ သူတို့ သိရင် “ အဘွားက ပိုလိုက်တာ ” လို့ ရယ်မောရင်း ပြောလေမလား ။ ဒါပေမဲ့ ဒီလို သွေးလေ ချောက်ချားနေတဲ့ ညတွေဟာ ကြယ်တွေလိုပဲ ကြွေလည်း ကြွေနေပါရဲ့ ။ ကုန်လည်း ကုန်ဆုံးခြင်း မဲ့လို့ ။

တဖြည်းဖြည်း ညက တိတ်ဆိတ်သထက် တိတ် ဆိတ်လာတယ် ။ အခန်းတွင်း ယိုစီးနေတဲ့ လရောင်တွေ ခြောက်သွေ့သွားလေပြီ ။ အလင်းစူးစူးနဲ့ ကြယ်ကလေးတွေ ဘယ်ဆီ ပြေးကြပါရော့ မသိ ။ တိမ်မည်းတွေ လရိပ်ထက်ကနေ ဖြတ်ပြေးနေကြပြီ ။ သစ်ကိုင်းခြောက် သဏ္ဌာန်နဲ့ တူတဲ့ လျှပ်စီးတွေက ကောင်းကင်ထက်မှာ ဖျပ်ခနဲ ဖျပ်ခနဲ ။ တိမ်ညိုတွေ ပြိုတော့မယ် ။ မိုးခြိမ်းသံတွေ ညံတော့မယ် ။ ဖားတွေ အော်ကြတော့မယ် ။ ဖားကလေးတွေ ပျော်ကြတော့မယ် ။ အရင်ကတော့ ဒီလို ညမျိုးဆို ကျုပ်ရင်ငွေ့ကြား မြေးမလေးတွေ တိုးဝှေ့ကြတယ် ။ ဒီလို အဖြစ်မျိုးဆို သူတို့ ကြောက်တတ်ကြရဲ့ ။ တွတ်တီးတွတ်တာ ပြောကြ ၊ ဆူကြတဲ့ သူတို့လေးတွေကို မိုးရာသီဆို မိုးခြိမ်းသံတွေနဲ့ ခြောက်လှန့်ခဲ့ ။ နွေဆိုလည်း “ လက်ပံပွင့်ချိန် ခွေးရူးချိန် ”  ဆိုပြီး နေပူပူမှာ မထွက်ကြဖို့ ခြောက်လှန့်ခဲ့ ။ ဆောင်းဆိုရင် လည်း အအေးပတ်ရင် ဆရာဝန် ဆီမှာ ဆေးထိုးရမယ်လို့ ခြောက်လှန့်ခဲ့တယ် ။

အခုတော့ ဇရာနဲ့ အထီးကျန်ခြင်း ကြားမှာ သုံးရာသီလုံး ကြောက်ရွံ့နေရတော့တာက ကျုပ်ပဲပေါ့ ။ ပြီးတော့ တစ်ချိန်က မြေးမကလေးတွေရဲ့ အထိအတွေ့နဲ့ အနံ့အသက်လေးတွေအစား ချောက်ချားစရာတွေကသာ တိုးဝှေ့ နေကြတော့တယ် ။

အရင်က နုပျိုလတ်ဆတ်တဲ့ ညတွေဟာ ခုတော့ ကျုပ်နဲ့ အပြိုင် ဇရာကျနေခဲ့ပြီ ။ မိုးချုန်းသံတွေကြား သာယာနာပျော်ဖွယ်ရှိတဲ့ မြေးမကလေးတွေရဲ့ မျက်နှာကလေး တွေနဲ့ အသံလေးတွေကို မြင်နေမိ ၊ ကြားနေမိခြင်းက အဖျားကြားက ရတဲ့ ဆရာဝန် ဆီက ဆေးဝါးလို ။ ပြီးတော့ ချောက်ချားစရာ ကောင်းတဲ့ ဇရာကျ ညတွေထဲက ကုပ် တွယ်စရာလည်း ဖြစ်တယ် လေ ... ။

⎕ ခင်ဇော်မိုး
📖ရွှေအမြုတေ ရုပ်စုံမဂ္ဂဇင်း    
     ဒီဇင်ဘာ ၊ ၂၀၁၇

No comments:

Post a Comment