Sunday, February 1, 2026

ရွှေသမက်

 

❝ ရွှေသမက် ❞
    ( ပီမိုးနင်း )

ခင်မြ နှင့် လှဖေသည် ထိတ်လန့်ကြောက်ရွံ့သော အမူအရာနှင့် သေးငယ်သော အခန်းထောင့်မှာ တစ်ယောက်ကို တစ်ယောက် ဖက်ကာ အပြင်ဘက်မှ ကြားရသော ဆူဆူညံညံ အသံများကို နားထောင်ရင်း ...

“ မြ မလိုက်ဘူး ၊ မြအသေခံမယ် ၊ ကိုလှဖေ လျှော့မပေးနဲ့နော် ၊ သူတို့နဲ့ ဘာမှ မဆိုင်ဘူး ၊ ကျွန်မကိုယ်ကို မြပိုင်တယ် ” ဟု တုန်လှုပ်သော အသံနှင့် ပြောလေ၏ ။

“ အဟုတ်နော် - မြ မလိုက်နဲ့နော် ၊ မြသာ မလိုက်ချင်ရင် ကိုကို မလွှတ်ဘူး ၊ ဘာဖြစ်ဖြစ် မြနဲ့ ကိုကို့ အချစ်ကို ဘယ်လူမှ မခွဲနိုင်ပါဘူး ” ဟု ပြောကာ ခင်မြ ကို လှဖေ သည် ပွေ့ဖက်ကာ အပြင်ဘက်ကို စောင်းငဲ့ကြည့်ရှုရင်း ပြောဆိုသံများကို နားစိုက်၍ ထောင်လေ၏ ။

“ ဒီအိမ်မှာ ရှိပါတယ် ၊ အို - ညည်းဉာဏ်တွေပါ မယ်ပွင့်ရယ် ။ ငါ့တူမကို အုတ်ကြားမြက်ပေါက် ၊ ကလေကဝအကောင်နဲ့ ညည်း အောင်သွယ်ပေးပြီး အခု အိမ်မှာ လက်သင့်ခံပေးတယ် ။ မယ်ပွင့်ရယ် ညည်း ဉာဏ်လောက်များ ဖြစ်ရင် ဒီအရပ် မျက်ခုံးတွေပေါ်မှာ စင်္ကြံလျှောက် မနေဘူး မှတ်လိုက်ပါ ။ ခင်မြ အခုထွက်ခဲ့ ” ဟု အရီးဖြစ်သူ ဒေါ်ပိုက ထဘီကို တိုတိုဝတ်ကာ ခေါ်လေ၏ ။ ၎င်း၏ ညီမ ပွဲကတော် ဒေါ်စို က စကားမပြောဘဲ နိမ့်သော ကြမ်းခင်းအိမ်ကလေးပေါ်ကို ခုန်၍ တက်လာပြီး အခန်းထဲသို့ဝင်လေရာ လှဖေ၏ ရင်ခွင်၌ ခင်မြ ကို မြင်လျှင် မြင်ချင်း ဒေါသအမျက် နဂါးမီးပွက်သလို တချောင်းချောင်း ထွက်လျက် ဆဲဆိုကြိမ်းမောင်းကာ ထဘီကို ဒူးအထက် ပင့်မြှောက်ပြီး ကြက်ခွပ်သလို ဒေါကြီးမောကြီး လောကြီးကြီးနှင့် ခြေနှစ်ဖက်နှင့် စုံခတ်ရာ ကြမ်းပေါ်၌ တစ်တောင်ခန့် မြင့်တက်ပြီး ပက်လက်ထိုင်ကာ ကျပြီး ဝါးကြမ်းခပ်ဆွေးဆွေးမှာ တစ်ပိုင်း ကျွံ၍ ကျအောင် ကျိုးပဲ့၍ သွား၏ ။

လှဖေသည် ဒူးတွေပေါင်တွေ ပေါ်လျက် ခြေနှစ်ချောင်း မိုးမျှော်ကာ ခြေကလန်လက်ကလန် ဖြစ်၍နေသော ဒေါ်စိုကို မြင်သောအခါ ခင်မြ ကို ဖက်ရင်း ရယ်မောလျက် အခန်းထောင့်မှာ ခင်မြ ကို ထားခဲ့ပြီး ဒေါ်စို ကို လာ၍ တအားနောက်မှ နေပြီး ပွေ့ထူရင်း အပေါက်ထဲမှ ဆွဲထုတ်ရန် ကြိုးစားလေ၏ ။

သို့ကြိုးစားရာ ဒေါ်စို က အကူအညီကို မလိုမူ၍ “ ဖယ် ဖယ် မင်း ငါ့ကို မထိနဲ့ ၊ မင်း ငါ့ကို လက်ဖျားနှင့် မထိပါနဲ့ ၊ ကျွတ်ကျွတ် အမယ်လေးတော့ ” ဟု ညည်းလေ၏ ။

ထိုအခိုက် ဂန်း ဂန်း ဂန်း ငန်း ငန်း ငန်း ဟု ထိတ်လန့်တကြား အော်ကာ အိမ်အောက်၌ဝ ပ်၍နေသော ဘူလီ ခေါ် ခွေးသားအုပ်မက ဒေါ်စို ၏ တင်ပဆုံကို ခဲလေ၏ ။

သို့ ခဲကြောင်းကို လှဖေ သိရလေရာ မထိနဲ့ မကိုင်နဲ့ ဟု တားမြစ်ပိတ်ပင် ကန့်ကွက်ခြင်းပြုသော ဒေါ်စို၏ ဖြစ်ပုံ လျစ်လျူရှုကာ မနေနိုင်သဖြင့် လက်မောင်း နှစ်ဖက် အောက်၌ မိမိ၏ သန်မာသော လက်နှစ်ဖက်ကို လျှိုကာ အတင်း အပေါက်မှ ဆွဲ၍ ထုတ်လေ၏ ။

သို့ဆွဲ၍ ထုတ်ခိုက်တွင် “ လွှတ်လွှတ် နင်ငါ့ကို မထိနဲ့ ဖယ်ဖယ် ” ဟု ဒေါ်စိုက အော်ရင်း ကြမ်းပေါက်ကြားမှ ဒေါ်စိုသည် လွတ်မြောက်ခြင်းကို ရရှိလေ၏ ။

ထိုအခိုက် ဒေါ်စို၏ အသံကို ကြားရသဖြင့် လှဖေ ဒေါ်စို ကို သိပ်လုပ်နေပြီဟု မှတ်ထင်ကြလျက် အခန်းထဲကို ပြေးဝင်၍ လာကြလေ၏ ။

သို့လာရာ ဒေါ်စို၏ ကိုယ်၌ လည်းကောင်း လှဖေ၏ ခြေထောက်များ၌ လည်းကောင်း သွေးများကို မြင်ကြ ရသဖြင့်တစ်ကြောင်း ၊ လှဖေ ဒေါ်စို ကို ကိုင်လျက် ရှိသေးသည်ကို မြင်ကြရသဖြင့်လည်းကောင်း ထိတ်လန့်ကာ မကြည့်ဝံ့ကြဘဲ အော်လျက် ပြန်၍ ထွက်ပြီး လာကြပါဦး လာကြပါဦး ၊ ဒေါ်စို ကို ဓားနဲ့ ထိုးလို့ပါ ၊ ဓားနဲ့ ထိုးလို့ပါ စသည်ဖြင့် ထိတ်လန့်တကြား အော်ကြ ဟစ်ကြလေ၏ ။

ထိုအခါ လှဖေက ဒေါသထွက်လျက် ခင်ဗျားတို့ ဘာတွေ မဟုတ်တမ်းတရား အော်တာလဲ ၊ သူများကို အင်မတန် ထောင်ချချင်သလား ။ ခင်ဗျားတို့ မိန်းမကြီးကို လှန်ကြည့်ကြဦး ၊ သူ့ဘာသာသူ ဆယ့်နှစ်ရာသီမကြီး လားလဲ မသိဘူး ၊ ဘယ်မှာလဲ ဓားဟု လုံချည်များကို ဖြည်၍ ခါပြလေ၏ ။ လက်ဝါးများကို ဖြန့်ကာ မျက်လှည့်ပြသူ စကားဖန်ထိုးသလို ပြောဆိုနေလေ၏ ။

ထိုအခိုက်တွင် ဒေါ်စိုသည် ခင်မြ၏ ဆံပင်ကို ဒရွတ်ဆွဲကာ လာခဲ့ တိရစ္ဆာန်မက မြင်းရာဇကာ ၊ အကုန်ပါအောင် ဆဲဆိုလျက် အတင်းထုတ်၍ လာလေရာ ကြမ်းပေါ်၌ သွေးစက်များကို မြင်ရမှ ဒေါ်စိုသည် ခင်မြ ကို လွှတ်ကာ “ အမယ်လေးတော့ လာကြပါဦး သူပါပဲတော့ ကျုပ်ကို ဓားနဲ့ထိုးတာပါတော့ ” ဟု အော်လေ၏ ။

ရှေးဦးပထမ မွှန်နေသောကြောင့် ခွေးကိုက်သည် ကိုလည်း မသိ ၊ အပြင်၌ ဟစ်အော်ပြောဆိုနေကြသည်ကိုလည်း မသိဘဲ ခင်မြ ကို သာ အတင်း ဆွဲလွဲ၍ နေသဖြင့် ယခု အပြင်ကို ရောက်မှ မိမိကိုယ်မှ သွေးထွက်ကြောင်း သိရလေရာ မိမိ ကိုယ်ကို ဓားထိသည် မှတ်ထင်လျက် လွန်စွာထိတ်လန့်ပြီး ခင်မြ ကို လွှတ်လေ၏ ။

ထိုအခါ ပရိသတ်များ ထိတ်လန့်ကြပြီးလျှင် ဒေါ်စို ကို ဝိုင်းအုံ၍ ကြည့်ကြလျက် ဒဏ်ရာကို ရှာကြလေရာ ဒဏ်ရာကို မတွေ့ရဘဲနေလေ၏ ။ လူကြီးတစ်ယောက်က သွေးစိုသော နေရာမှာ အောက်ပိုင်း၌ များသည်ကို တွေ့လတ်သောအခါ “ အလို မစို ၊ ဟဲ့ နေကြစမ်းပါဦး ဒါမဟုတ်သေးပါဘူး ၊ မစို ခြောက်ဆယ်ကျော်မှ ကံပေါ်မလို့ ထင်တယ် ” ဟု ပြောရာ ဒေါ်ပိုသည် တင်ပါးကို ကိုင်းစမ်း၍ ကြည့်လေလျှင် ဒဏ်ရာကို ထိသဖြင့် စပ်သလို ပူသလိုဖြစ်သောကြောင့် “ အမယ်လေး ဒဏ်ရာ တွေ့ပါပြီတော့ တင်ပါးကို ထိုးတာပါ ” ဟု ပြောလေလျှင် ဝိုင်းလာ၍ ကြည့်ရှုကြရာ အပေါက်များကို တွေ့ကြရသဖြင့် အံအားသင့်၍ နေကြလေ၏ ။

ထိုအပေါက်များမှာ ဓားရာနှင့် မတူ သုံးလေးပေါက် ဖြစ်၍ နေသည်ကို တွေ့ ကြရလေ၏ ။ လှဖေက မိမိ တစ်စုံတစ်ရာ မလုပ်ရကြောင်း ပြောလေ၏ ။ ခင်မြ ကလည်း လှဖေ မှာ လက်နက်တစ်စုံတစ်ရာ မပါရှိကြောင်း ၊ မိမိ၏ မိခင်ကို လှဖေ နောက်က နေပြီး ပွေ့ရုံသာ ပွေ့ကြောင်း ၊ ထိုးတာ ကြိတ်တာကို မိမိ မမြင်ရကြောင်းနှင့် ပြောလေ၏ ။

ထိုအတွင်း အိမ်ရှင် မပွင့်က နေရာကို ပြေး၍ ကြည့်ပြီး အောက်၌ ခွေးသားအုပ်ကို မြင်သဖြင့် “ တခြားဟာ မဟုတ်ဘူးတော့ ။ အောက်မှာ ခွေးမ ဘူလီ ခွေးကလေးတွေ မွေးနေတယ် ။ ဒေါ်စို ခုတင်က အခုန်မှာ ဘာဖြစ်တာလဲ ဖင်ကျွံကျလို့လားပဲ ၊ ခွေးမက ဆီးကိုက်လိုက်တာနဲ့ တူတယ် ” ဟု ပြောလေ၏ ။

ထိုအခါ ဒေါ်စိုကို အနီးရှိ အိမ်တစ်အိမ်ပေါ်သို့ ဆွဲတင်ကာ ဝမ်းလျားမှောက်ခိုင်းကြပြီး ဆေးဝါးများ ထည့်ကြ၍ ဒေါ်စို၏ တင်ပါးကို ဆေးဝါး ကုသ မန်းကြ မှုတ်ကြလေ၏ ။ ထိုအခိုက်တွင် အရီးဖြစ်သူ ဒေါ်ပို က ..

“ နင့်ကြောင့် ဖြစ်တာဟဲ့ .. ကမြင်းမရဲ့ ။ နင် ကမြင်း လို့ အမေတစ်ယောက်လုံး ခွေးကိုက်ခံရတာ မြင်ရဲ့လား ။ ဘာမ ညာမ ဒီလောက်ကမြင်းတဲ့ ကောင်မကို အိမ်ကျမှ ပေါင်နှစ်ချောင်း နင်းဖဲ့မယ် ။ လာခဲ့ ။ အမျိုးယုတ်မ ၊ ငါတို့ အမျိုးမှာ ဒါမျိုး မရှိဘူး ။ တိတ်တိတ်ပုန်း ကောက်ရိုးပုံ သွားတတ်တဲ့ အမျိုးယုတ်မ ။ နင့်အရီး မယ်သုံ - မယ်ပုံ တို့လို နင်ကျင့်တဲ့တိရိစ္ဆာန်မ ။ နင့်ကို ဘာနဲ့ ပေးစားမယ် ၊ ညာနဲ့ပေးစားမယ် ”  စသည်ဖြင့် ဆဲဆိုကြိမ်းမောင်းရင်း ဆံပင်ကို ကျားစီးသလို စီး၍ ဆွဲလေရာ မြင်ရသော ပရိသတ်တို့က စုပ်သတ်ကာ လက်ဖျားခါကြလေ၏ ။ အချို့က အမယ်လေး ကြောက်ပါရဲ့တော် ။ ရုပ်ကြီးကိုက သရဲမကြီးလို စသည်ဖြင့် ပြောကြလေ၏ ။

ခင်မြ သည် ရုန်းပြန်ကာ လှဖေ ကို ပြန်၍ ကြည့် ရင်း ပါ၍ သွားလေ၏ ။ လှဖေသည် မရှုမလှ ပါသွားသော ခင်မြ ကို ကြည့်ကာ ကရုဏာနှင့် ရင်ကို လက်တစ်ဖက်နှင့် မ၍ လက်တစ်ဖက်ကို ဆန့်လျက် လိုက်၍ ဆွဲမည်ပြုရာ ကြည့်ရှုသူတို့က လှဖေကို ဆွဲ၍ ထားကြလေ၏ ။

လှဖေမှာ အံကြိတ်ကာ ဒေါသထွက်လျက် တစ်စုံတစ်ရာမှ မတတ်နိုင်ဘဲ အဝေးမှလှမ်း၍သာ ကြည့်၍ နေရလေတော့သတည်း ။

“ ကောင်ကလေးနဲ့ ကောင်မလေး ဖြစ်တာက လူ မသိဘူး ။ သူတို့ ညီအစ်မ ဒေါပွတာနဲ့ ရပ်ကျော်ရွာကျော် ဖြစ်တာပါပဲ ”

“ ရပ်ကျော်ရွာကျော် ဖြစ်ပြီး ကောင်ကလေးက စိတ်နာလို့ ထွက်သွားရင် ကောင်မလေး လင်ကံနှေးဖို့ ဖြစ်တာပေါ့ ”

“ ငွေဂုဏ် ကြေးဂုဏ် ဓနဂုဏ်ကြီးပေလို့ တော်သေးတာပေါ့လေ ”

“ အင်း ... မရှိဆင်းရဲ မိမွဲတာတို့များ ဖြစ်ရင် တံတွေးခွက် ပက်လက်မျောပေါ့ ။ မဖားဥ သမီးကလေး မယ်ရွဲ ဖြစ်တာကြည့်ပါလား ”

“ ဓနဆိုတာ သင်္ခါရပါလေ ။ ယောက်ျားဆိုတာ ရှေ့အလားအလာနဲ့ အခု ဒီ လှဖေ ဆိုတဲ့ လူငယ်ကလေးဟာ တစ်ရပ်သား မျက်နှာတငယ်မို့ အခုလို နေပေမယ့် ၊ လူရည်လူသွေး ကြည့်မှပေါ့ ။ ဒီအရပ်သား အမျိုးအစားထဲက မဟုတ်ဘူး ။ နောက် ဘာဖြစ်လာမယ် ဘယ်လို အဆက်အနွယ် ဆိုတာ ဘယ်သူ ပြောနိုင်မှာတုံး ။ အခု ကာလသမီးရှင်များ ဘယ်လောက်ပဲ ချမ်းသာစေကာမူ ယောက်ျားကလေးများကို ပစ်ပစ်ခါခါ အရမ်းပြောရင် နောင်ခါကျတော့ မှားတတ်တာမျိုးပဲ ” 

“ ဒီသူငယ် ဘယ်ကလဲ ”

“ နည်းနည်းတော့ တေပုံရတာပဲ ။ မိဘပစ္စည်း ခိုးပြီး ကျောင်းပြေးရင်း သောင်တင်နေတယ် ပြောတာပဲ ” 

“ ဒါနဲ့ ဒီသူငယ်မကလည်း ဘုမသိ ၊ ဘမသိ ဆီးကြိုက်တာများ အံ့ဩလို့ပဲ ”

“ သူငယ်ကလေးက ရပ်ကြီးသား ။ ရုပ်ကလေးကလည်း သနားကမား ။ တစ်ရပ်သားဆိုတော့ မျက်နှာငယ်ငယ်မို့ မိန်းကလေးများ သနားတတ်တာပဲ ။ သနား ရာက စပြီး ရာဂ ရောက်တာနဲ့ တူပါရဲ့ ။ မပွင့် ကို ခင်မြ မိဘများ အရင်တော်တော် ယုံကြည်ကြတာပဲ ” 

“ အဲဒီယုံတော့ ခက်တာမျိုးပဲ ” စသည်ဖြင့် မိန်းမကြီး တစ်ယောက်နှင့် ယောက်ျားကြီး တစ်ယောက်က လမ်းနံဘေး၌ ရပ်ကာ ပြောဆို၍ နေလေ၏ ။

ထိုနေ့မှစ၍ ခင်မြ ကို အိမ်၌ အကျဉ်းအကျပ် ထားကြလေရာ မတွေ့ကြရတော့ချေ ။ လှဖေ မှာ ပုသိမ်နယ် ၊ တောမြို့ကလေးသို့ ရောက်ပြီးနောက် တစ်လမျှ မကြာမီ ခင်မြ နှင့် တွေ့ပြီး ချစ်ကြိုက်ခဲ့သည်မှာ ဒေါ်ပွင့်၏ကျေးဇူးကြောင့် ငါးလကျော် ကြာခဲ့လေ၏ ။ ကျောင်းပြေးရင်း ခေတ္တအပေါင်းအသင်းနှင့် ပါ၍ လာပြီး ခင်မြ အတွက် မပြန်နိုင်ဘဲ ပျော်ပိုက်နေခြင်းဖြစ်လေ၏ ။ ယခုမှာ ဒေါ်ပွင့် ၏ အိမ်၌ အကြိမ်ကြိမ် တွေ့ကြသဖြင့် သမီးရည်းစားမကသော အခြေအနေသို့ ရောက်၍ နေပြီးနောက် ရက်များ မကြာမီ ပြေးဖို့ရန် ကြံကြရာတွင် ဤကဲ့သို့ အမိခံကြရခြင်း ဖြစ်လေ၏ ။

ခင်မြ မှာ တစ်ရပ်သားကို အကျိုးအကြောင်း မသိဘဲ ချစ်ကြိုက်ခြင်းမဟုတ် ။ လှဖေ ၏ နေပုံထိုင်ပုံ ၊ ပြောပုံ ဆိုပုံကို ထောက်ချင့်သဖြင့်တစ်ကြောင်း လှဖေ၏ အကြောင်းကို သိသောသူ အနည်းငယ်တို့ ထံမှ ကြားသိရသည်အရ ကျောင်းဆရာကြီး၏ အထင်လွဲခြင်း ခံရပြီး ထိုကျောင်း၌ မနေနိုင်အောင် ရှိနေခဲ့ရာ မိဘများက အတင်းထားသောကြောင့် ထွက်၍ပြေးလာရသည် ဟူသော ပြစ်မှုမှ တစ်ပါး အခြား အပြစ်ဆိုစရာ တစ်စုံတစ်ရာ မရှိကြောင်းကို စိတ်ချလောက်အောင် သိရခြင်းဖြစ်သောကြောင့် တစ်ကြောင်း ၊ မြင်လျှင်မြင်ချင်း ရှေးဖူးစာအပ်နှင်းခြင်းဟု စိတ်ချရလောက်အောင် အဘယ်အခါကမျှ မကြုံဖူးသော အချစ်ကြောင့်တစ်ကြောင်း စွန့်မိခြင်းဖြစ်လေ၏ ။

ခင်မြ သည် ကိုလှဖေ နှင့် မပေါင်းရလျှင် မိမိကိုယ်ကို သ,တ်၍သေမည်ဟု အတန်တန် ပြောလေ၏ ။

မိဘဆွေမျိုးများသည်ကား မိမိတို့ နားချရာမပါသမျှ လွတ်လပ်ခွင့်မပေးဟု အကျဉ်းအကျပ်ထားရင်း လှဖေ အပေါ်၌ ခင်မြ စိတ်ပျက်အောင်အမျိုးမျိုး ကြိုးစား၍ နေကြလေ၏ ။

လှဖေ မှာ ထိုအရပ်ကို စွန့်ခွာ၍ သွားဖို့ရန် သာလွန် ခက်ခဲခြင်းဖြစ်လေ၏ ။ ခင်မြ ကို မတွေ့ ရသမျှ ထိုအရပ်မှ မခွာ ။ ဖြစ်ချင်သလို ဖြစ်စေတော့ဟု ဇွဲသန်စွာ ဒုက္ခခံ၍ နေလေ၏ ။

နေ့စဉ်မပြတ် ခင်မြ၏ အိမ်ရှေ့၌ ကိုယ်ရောင်ကို ပြလေ၏ ။ အိမ်နောက်ဖေးလမ်းများမှ ချောင်းမြောင်းလေ၏ ။ ခင်မြဖခင် ပွဲစားကြီးသည်ကား ထိုကိစ္စ၌ တစ်စုံတစ်ရာဝင်၍ မပြော ။ သတ္တိဗျတ္တိနှင့် ပြည့်စုံသော ဆတ်ဆတ်ကြဲ ပွဲကတော်ကြီး နှင့် ၎င်း၏ အစ်မကိုသာ လွှဲ၍ ထားဟန်ရှိလေ၏ ။

လှဖေ ၏ စိတ်၌ မိမိအတွက် ပူပင်သည်ထက် ခင်မြ အဘယ်ပုံ အကျဉ်းအကျပ်ခံ၍ နေရမည်ကိုသာ တွေးတောကာ သနားလေ၏ ။ အလွန်တရာ ကြောက်မက်ဖွယ်ကောင်းသော ပွဲကတော်ကြီးနှင့် ၎င်း၏အစ်မ သည် ဧကန်ခင်မြကို ရိုက်နှက်ကြတော့မည် ။ လူကြီးမိဘ ဆိုသည်မှာ ဤလိုအရာမျိုး၌ သားသမီးများအပေါ်တွင် အချစ်ကြီးသလောက် ပိုမို၍ ရက်စက်တတ်ကြောင်းကို ဆင်ခြင်ကာ စိတ်လက်မချမ်းမသာ စားဖို့ရန် သတိမရ ၊ အိပ်၍ မှိတ်၍လည်း မပျော် ။ ညအခါများ၌ ခင်မြ၏ အိမ်နောက်ဖေး တောင်ပို့တစ်ခုပေါ်၌ ထိုင်ကာ နောက်ဖေး အပေါက်ကလေးကို ရှုမျှော်၍သာ နေရရှာလေ၏ ။

သို့ပင်နေသော်လည်း အရိပ်အယောင်ကိုမျှ မမြင်ရချေ ။ တစ်ညပြီးတစ်ည ထိုကဲ့သို့ စောင့်လေရာ ညသမား လူဆိုးများကပင် ၎င်းကို မြင်ပြီး သနားလျက် ၎င်းအား မည်သူမျှ အနှောင့်အယှက်မပေး ။ သနားပါတယ်ကွယ် ။ တစ်ရပ်သား အပူသည်ကလေးပါ ။ သူ့ ဘာသာသူ နေပါစေဟု ၎င်းကို တွေ့သည့်အခါ ပြော၍ သွားကြလေ၏ ။ ထိုကဲ့သို့ ပြောသည်ကို လှဖေ ကိုယ်တိုင် ကြားရလေ၏ ။

ထို့နောက် စိတ်လက်လေလွင့်ကာ လှဖေ မှာ အရူး ပမာ ထင်သလို စိတ်လွင့်ပါးတိုင်း တောသား တေလေတို့နှင့် ပေါင်းသင်းကာ ထင်သလို ဖြစ်၍ နေလေတော့သတည်း ။

တစ်နေ့သ၌ ခင်မြအိမ် နောက်ဖေးကို ညနေချမ်း အချိန် ဖြတ်၍သွားရာ အိမ်နောက်ဖေး ငှက်ပျောခြံ၌ ခင်မြ တစ်ယောက်တည်း ဆံပင်ကို ဖားလျားချကာ နှင်းဆီပန်းနီနီကြီးကို နဖူးအလယ်တည့်တည့်မှာ ထိုးစိုက် လျက် ၊ အနောက်ဘက် နေဝန်းကြီးကို ရှုမျှော်၍ နေသည် ကိုတွေ့သဖြင့် ရင်ထဲမှာ ဆို့၍ သွားပြီး ဝင်းထရံ အနားသို့ ကပ်ကာ ခင်ခင် ဟု ရင်ကိုလက်တစ်ဖက် ဖိရင်း ထက်သန်သော အသံနှင့်ခေါ်လေ၏ ။

ခင်မြ သည် မကြားရသလို လုပ်ကာ နေကိုသာ ကြည့်မျှော်နေလေ၏ ။ ၎င်း၏ မျက်နှာမှာ နေရောင်ကြောင့်လား သွေးရောင်ကြောင့်လား မသိရ ။ ဝင်းထိန်၍နေသည်ကို မြင်ရ လေ၏ ။ ခင်မြ စိတ်မှာ မိမိကဲ့သို့ ပူဆွေးလောင်ကျွမ်းခြင်း မရှိ ။ ပျော်ပျော်ရွှင်ရွှင် ဖြစ်၍နေသည့် လက္ခဏာအမူအရာကို မြင်ရလေ၏ ။

“ ခင်ခင် - ဘာဖြစ်လို့လဲ ။ ဒီမှာ ဘာအပြစ်ရှိလို့လဲ ... ”  ဟု ငိုတော့မလို အသံနှင့် မေးလေ၏ ။

ခင်မြ သည် ၎င်းကို စိုက်ကာ စကားမပြောဘဲ တည်သောမျက်နှာထားနှင့် ကြည့်၍ နေပြီးမှ ချာခနဲ နောက်ကို လှည့်ပြီး အိမ်နောက်ဖေး တင်းကုတ်အောက်ကို ဝင်၍ သွားလေ၏ ။

လှဖေ သည် အတန်ငယ်ကြာစွာ စိတ်ပျက်လျက် စောင့်၍ နေလေ၏ ။ သို့ပင် စောင့်သော်လည်း ခင်မြ မပေါ်လာတော့သဖြင့် များစွာ စိတ်ပျက်လေ၏ ။

သို့စိတ်ပျက်ပြီးနောက် ဒေါသထွက်လေ၏ ။ သင်း ... ငါ့အပေါ်မှာ စိတ်ကို ပြတ်သားပဲ ။ လူကြီးများ သွေးဆောင်ရာကို ပါပြီ ။ သင်း .. ငါ့ကို မချစ်တော့ဘူး ။ သင်းကို ငါ ဘယ်အတွက် ခင်တွယ်ရမှာလဲ ။ ငါက ငါ့လို စိတ်သဘောထားတယ် မှတ်လို့ ။ ဒီရွာကိုတောင် မခွာနိုင်ဘဲ အဆင်းရဲခံ၍ နေခဲ့သည် ။ သူကမှ မကြင်ဘဲ အခု ငါဘယ်တွက် ကြင်ရမှာတုံး ။ သူငါ့ကိုမုန်းရင် ငါက ပြန်မုန်းရမှာပေါ့ ။ အချစ်ကို အမုန်းနှင့် နိုင်အောင် ဖျက်မည်ဟု စိတ်ကိုတင်းကာ လျင်မြန်သော ခြေနှင့် ထွက်ခွာ၍ သွားလေတော့သတည်း ။

ထိုနေ့မှစ၍ လှဖေသည် ပျောက်ကွယ်သွားလေတော့သတည်း ။

နောက်သုံးနှစ်ကျော် လေးနှစ်ခန့် ကြာ၍ သွားလေ၏ ။ ခင်မြ သည် လှဖေ ကို အဘယ်အခါမျှ မမေ့ချေ ။ လူကြီးများက လှဖေ အကျင့်စာရိတ္တမကောင်း ၊ ဘိန်းစားသူခိုးတို့နှင့် ပေါင်းသင်းကာ ဘိန်းအိမ်ကိုပင် သွားကြောင်း ပြောသဖြင့် ချစ်လျက်နှင့် စွန့်လိုက်ရခြင်း ဖြစ်လေ၏ ။ လှဖေ ဘိန်းအိမ်ကို သွားသည်ကို ခင်မြ ကိုယ်တိုင် မျက်မြင်လည်း ဖြစ်ခဲ့လေ၏ ။

ထိုဘိန်းအိမ်မှာ ခင်မြအိမ် နှင့် မျက်စောင်းထိုး သုံးလေးအိမ်ခြားမှာ ရှိလေရာ ညဉ့်လသာသာမှာ လှဖေ အဖော်များနှင့်အတူ ထိုအိမ်သို့ သွားသည်ကို မြင်လိုက်လေ၏ ။ သို့ဖြစ်သောကြောင့် အိမ်နောက်ဖေး၌ လှဖေ နှင့် တွေ့သောအခါ စကားမပြောဘဲ နေလိုက်ခြင်းဖြစ်လေ၏ ။

ယခုသည်ကား ထိုအစဦးဆုံး ဖြစ်သော အချစ်ကို မမေ့နိုင်ချေ ။ လှဖေ အကျင့်စာရိတ္တ အဘယ်မျှပင် ပျက်စီးစေကာမူ တကယ့် အချစ်ကို ဖျောက်ဖျက်၍ မရချေ ။ အဖိုး ထိုက်သော ပစ္စည်းရတနာမှာ အဘယ်မျှပင် ညစ်နွမ်းခြင်း ဖြစ်စေကာမူ နှမြောသော စိတ်ကို ဖျောက်ဖျက်မရ၍ မိမိ စုံမက်သော အရာတစ်ခု ပျက်စီး၍သွားခြင်းကြောင့် မမုန်းနိုင်ချေ ။ ထိုညနေ၌ ခင်မြသည် စကားပြောချင်လျက်နှင့် စိတ်ကို အနိုင်နိုင်ချုပ်တည်း၍ ထားလိုက်ရခြင်း ဖြစ်လေ၏ ။

ယခုမှာကား လှဖေ မရှိတော့သဖြင့် ပြန်လှန်တွေးတောသည့်အခါတိုင်း နောင်တရလေ၏ ။ ယခု အဘယ်မှာ ရှိပါလိမ့်မလဲ ။ အဘယ်လို နေပါလိမ့်မလဲ ။ အစဉ်တစိုက် ပျက်စီး၍ သွားလေမလား စသည်ဖြင့် တွေးတောလျက်သာ နေရလေ၏ ။

မီးရထားရုံမှ ရွာကို လာသောလမ်းမှာ လူများ ဖြတ်၍ သွားသည် တိုင်အောင် မျှော်ကြည့်ရာ မတွေ့ရတော့သည့်အခါကျမှ ဟီးချကာ စိတ်ကို လျှော့ရလေ၏ ။ သို့သော်လည်း မျှော်လင့်ခြင်း၏ ဆီမီးကလေးသည်ကား ရင်ခွင်၌ အမြဲလိုလို မှိတ်တုတ်မှိတ်တုတ်နှင့် နေလေ၏ ။ အိမ်နောက်ဖေး ငှက်ပျောခြံ၌ ရှိသော ခုံတန်းလျားကလေးမှာ ထိုင်ကာ အချုပ်အလုပ် ၊ ဇာပန်းထိုးခြင်း အလုပ်များကို လုပ်ရင်း မီးရထားသံကိုသာ သတိထား၍ နေလေ၏ ။ နောက်ဆုံး မီးရထားလွန်၍ လှဖေ မပေါ် လာသောအခါကျမှ အလုပ်ခြင်းကလေးကို ကိုင်ကာ အိမ်ပေါ်ကို ပြန်တက်လေ၏ ။

ခင်မြ ကို စပ်လာသူ ဂုဏ်သရေရှိယောက်ျားတွေ မြောက်မြားစွာလာကြ၏ ။ ခင်မြ မှာ ပထမဦး ရည်းစားရှိကြောင်း ၊ ထိုရည်းစားနှင့် အိမ်တစ်အိမ် အခန်းထဲ စခန်း သွားနေကြသဖြင့် မနည်းကြီး ကွဲအောင် အတင်းခွဲခွာခဲ့ရ ကြောင်းများကို နီးဝေးအရပ်ဟူသမျှက သိကြ၏ ။ သိပင် သိသော်လည်း ဥစ္စာစည်းစိမ် ဂုဏ်အရှိန်ကြောင့် ထိုသတင်းများအတွက် ခင်မြ မှာ ဂုဏ်အသရေ မပျက်ချေ ။ ထိုက်ထိုက်တန်တန် ယောက်ျားများသည် ၎င်းကို မက်လျက်ပင် ရှိကြလေ၏ ။

ခင်မြ သည်ကား မည်သူ့ကိုမျှ မမက်နိုင်တော့ချေ ။ ခင်မြ နှလုံးသားအတွင်း၌ လှဖေ အတွက် နေရာကလေး တစ်ခုသာ ရှိလေ၏ ။ အခြားနေရာလွတ် မရှိချေ ။ ခင်မြ စိတ်နှလုံးသည် အချစ်အရာ၌ တစ်ခန်းတည်းသောအိမ် နှင့်တူ၏ ။ အဆောင်ဆောင် အခန်းခန်းများစွာတို့နှင့် လူပေါင်းများစွာတို့ကို အငှားတင်သောအိမ်မျိုး တိုက်မျိုး မဟုတ်ပေ ။ လှဖေပင် ထွက် ၍သွားသော်လည်း လှဖေ ၏ ပစ္စည်းကျန်ရှိလေ၏ ။ ထိုပစ္စည်းရတနာမှာ လှဖေ၏ အချစ် ဖြစ်လေရာ ထိုထူးမြတ်သောနေရာမှာ အခြား မည်သူမျှ ဝင်ခွင့်မရ ။ ကျူးကျော်ခွင့် မရှိ ။ ထိုနေရာကို ခြေရာ မပျက် ၊ လက်ရာ မပျက် သန့်ရှင်းသော ကျောင်းသင်ခန်းပမာ ထားရလေ၏ ။ ထိုနေရာမှာ သုံးနှစ်ကျော် လေးနှစ်ခန့် ရှိသော်လည်း အခြေမပျက် ပိုင်ရှင်ပြန်၍ လာမည်အတွက် အသင့်ထားရှိသကဲ့သို့သာ ဖြစ်၍နေလေ၏ ။

တစ်နေ့သ၌ ခင်မြတို့ အိမ်သားများ အိမ်ရှေ့ခန်း၌ စကားပြော၍ နေကြစဉ် လူတစ်ယောက် အိမ်ရှေ့သို့ ရောက်၍ လာလေ၏ ။ ၎င်းလူမှာ ထူထဲသော နှုတ်ခမ်းမွေး မရှိလျှင် ငယ်ငယ်ရွယ်ရွယ်မျှပင် ရှိပေမည်ဟု မှတ်ထင်ရလေ၏ ။ မျက်မှန်မှာ နေရောင်ကာ ဘေးပိတ် မျက်မှန်ကြီးဖြစ်၏ ။ ရှမ်းခမောက် ၊ ရှမ်းဘောင်းဘီကို ဝတ်လျက် အရာရှိတစ်ယောက်ယောက် ဖြစ်လေသလားဟု မှတ်ထင်ဖွယ် ရှိလေ၏ ။

သို့သော်လည်း အောက်အရပ်၌ အရာရှိများသည် ယခုအခါ ရှမ်းဘောင်းဘီ ၊ ရှမ်းခမောက်ကို သုံးလေ့မရှိ ။ နှစ်ပေါင်းလေးဆယ်ကျော်ခန့် အခါကသာ ရှမ်းခမောက် ၊ ရှမ်းဘောင်းဘီနှင့် အရာရှိများကို အောက်မြို့၌ တွေ့ကြုံ ရလေ၏ ။ သို့ဖြစ်လေရာ ၎င်းလူသည် အရာရှိ ဖြစ်ချေက အထက်မြို့ ကျေးလက်မှ အောက်အရပ်သို့ ပြောင်း၍ လာစ ဖြစ်လေမလား ။ သို့မဟုတ် အထက်အရပ်က အရာရှိတစ်ယောက်ယောက် အောက်အရပ်ကို ကိစ္စနှင့် ရောက်လာခြင်း ဖြစ်လေမလားဟု တွေးတောကာ စဉ်းစား၍ နေကြလေသည် ။

၎င်းလူသည် အိမ်တံစက်မြိတ်အောက်သို့ ရောက်သောအခါ “ ဒေါ်စို ၊ ဒေါ်ပို တို့ ဒီတစ်ဝိုက်မှာ ရှိတယ်လို့ ကြားရပါတယ် ။ ဘယ်အိမ်ဖြစ်ပါသလဲ ” ဟု မေးလေ၏ ။ ခင်မြ သည် ၎င်းလူကို စိုက်ကာကြည့်၍ နေလေ၏ ။ ထိုလူကလည်း တစ်ချက်တစ်ချက် ခင်မြ ကို လျင်မြန်စွာ ကြည့်လေ၏ ။ ခင်မြ၏ စိတ်၌ တစ်နေ့သ၌ လှဖေ ပေါ်လာလိမ့်မည်ဟု အမြဲမျှော်လင့်နေလေရာ လူတစ်ယောက်ယောက် ပေါ်လာလျှင် ကိုလှဖေ ထင်ပါရဲ့ ဟူ၍သာ ရင်ထဲ၌ ဒိတ်ခနဲ ဖြစ်လေ့ရှိ၏ ။ ထိုလူမှာကား အလုံးအရပ်မှာ လှဖေ နှင့် အတော်တူသဖြင့် ၎င်း၏ ကိုယ်ဟန် အမူအရာကို မြင်ရရုံနှင့် ခင်မြ၏ ရင်ထဲမှာ ဖိုလှိုက်၍သွားလေ၏ ။

၎င်းပြင် ခင်မြမှာ ကာလပေါ်ဝတ္ထုများကို အတော်ပင် ဖတ်ဖူးသူဖြစ်လေရာ အချို့သော အလွမ်း အဆွေး ဝတ္ထုများကို ဖတ်ရာ၌ မိမိကိုယ်ကို ဇာတ်လိုက် မိန်းမပျိုကလေးများ ကဲ့သို့ မှတ်ထင်မိလေရာ ထိုဆန်းကြယ်သော ဝတ္ထုသွားများ၌ ဖြစ်ပျက်တွေ့ ဆုံရသော နည်းမျိုးအတိုင်း လှဖေ နှင့် ပြန်၍များ တွေ့ရလေမည်လားဟု တစ်ခါတစ်ခါ အတွေးနှင့် တရေးရေး ထင်မြင်ကာ လွမ်း၍ နေလေ၏ ။

အိမ်သားများက ဒေါ်ပို ၊ ဒေါ်စိုတို့၏အိမ် ဤအိမ် ပင် ဖြစ်ကြောင်း ပြောလေရာ ဧည့်သည်မှာ အားရဝမ်းသာ ဝင်၍လာပြီး စာတစ်စောင်ကိုပြလေရာ ထိုစာကို ခင်မြ ယူ၍ ဖတ်လေ၏ ။ သို့စာကို ယူသောအခါ လက်ချင်း ထိမိလေရာ နှုတ်ခမ်းမွေးနှင့် ဧည့်သည်၏ မျက်လုံးများမှာ ဝင်းလက်၍သွားသည်ဟု ခင်မြ၏ စိတ်၌ မှတ်ထင် လိုက်လေ၏ ။ ခင်မြ၏ ရင်ထဲမှာလည်း နွေးခနဲ ဖြစ်၍ သွားလေ၏ ။

၎င်းစာမှာ အထက်ရွှေဘိုနယ်ရှိ ခင်မြဖခင်၏ ညီဖြစ်သူ ဦးလွန်း ထံမှ ပေးလိုက်သောစာ ဖြစ်လေရာ ၎င်း စာယူလာသူမှာ မိမိ၏ မိတ်ဆွေ အစိုးရ အမှုထမ်းတစ်ယောက်ဖြစ်ကြောင်း ၊ ဤအောက်အရပ်သို့ ကိစ္စတစ်ခုခု နှင့် လာရောက်သဖြင့် ၎င်းအား တည်းခိုနေထိုင်လိုက ကောင်းမွန်စွာ ဂရုစိုက်ပြုစု၍ အစစအရာရာ ကူညီရိုင်းပင်းခြင်း ပြုဖို့ အကြောင်းဖြစ်လေ၏ ။

ထိုစာကို ဖတ်ကြရသောအခါ ၎င်းကို ဝမ်းသာ အားရနေပါ ။ ထိုင်ပါ ။ ကိုယ့်အိမ်လို သဘောထားပါ စသည်ဖြင့် ဧည့်ဝတ်ကျေအောင် ပြုကြလေ၏ ။ ဒေါ်ပိုက မောင်ရင်က အထက်မှာ ဘယ်လို အရာရှိပါသလဲဟု လေ၏ ။

“ ကျွန်တော် သစ်တောဘက်ကပါ ၊ သစ်တော အကြောင်းနဲ့ပတ်သက်ပြီး အောက်အရပ်မှာ စုံစမ်းဖို့ရှိ သည်အတွက် အောက်မြန်မာပြည် သစ်တောနယ် ရှိသမျှကို လှည့်လည်ကြည့်ရှုဖို့ အမိန့်ရောက်လာကြောင်း ” ပြောလေ၏ ။

စို ။ “ ဒီလိုဖြင့် တောအုပ်များလား ”

“ တောအုပ် မဟုတ်ပါဘူးခင်ဗျာ ။ သစ်တောအရာရှိ အငယ်ထဲကပါ ။ သစ်တောဝန်ထောက်ကလေးပါ ” 

“ နို့ နောက်လိုက်နောက်ပါများ မပါဘူးလား ” ဟု ဒေါ်စို က မေးရာ နောက်လိုက်နောက်ပါများ တော်တော် မိုးချုပ်မှ ရောက်လိမ့်မည်အကြောင်းနှင့် ဧည့်သည်က ပြောလေ၏ ။

“ အားနာစရာ ၊ အဒေါ်တို့ အိမ်က ... ” ဟု ဒေါ်စို က ပြောရာ ဒေါ်ပို က လက်ကုတ်လျက် နားနားကပ်ပြီး ဝန်ထောက်တော့ စကား သတိထားပြောမှပေါ့ ” ဟု ပြောပြီး ဝန်ထောက်ဘက်သို့ လှည့်ကာ “ ဘုရားကျွန်မများ အိမ်မှာတော့ တောဓလေ့မို့ ခမ်းခမ်းနားနား နေရာ မရှိသည့်အတွက် အားနာစရာ ကောင်းတာပါပဲ ” ဟု ပြော လေ၏ ။

“ အို ... ကိစ္စမရှိပါဘူး ။ တစ်ရက်နှစ်ရက်တည်းပါ ။ ကျွန်တော်လည်း အစိုးရအမှုထမ်းပေမယ့် အထက်အညာ အရာရှိမို့ ရိုးရိုးပဲ နေတတ်ပါတယ် ”

“ ဗိုလ်တဲတော့ ရှိပါတယ် ။ နို့ပေမယ့် ဗိုလ်တဲ ဆိုတာ ဥရောပတိုင်းသား အရာရှိတစ်ယောက်ယောက် မတော်တဆ ရောက်လာရင် တစ်ယောက်ကိုတစ်ယောက် အနှောင့်အယှက်ပေးသလို ဖြစ်မှာစိုးလို့ ရွာကို လာရတာ ပဲ ။ တစ်ရက် ၊ နှစ်ရက် အတွက်တော့ မထူးတော့ပါဘူး ” 

ထိုညဉ့်အထက် ရွှေဘိုနယ်ရှိသော ခင်မြတို့၏ ဆွေမျိုးများ အကြောင်းကို ပြော၍ နေကြလေ၏ ။ ၎င်းဝန်ထောက်မင်းမှာ ခင်မြတို့၏ ဆွေမျိုးအားလုံးကို သိရုံမက ၎င်း ကိုယ်တိုင်ပါ ခင်မြ၏ ဦးလေးဘက်မှ ဆွေမျိုးနီးစပ် ဖြစ်၍နေသည်ကို သိရသဖြင့် အားရဝမ်းသာပျော်ရွှင်စွာ စကားပြောကြရာ အတော်ညဉ့်နက်၍ သွားလေ၏ ။

ဝန်ထောက်မင်းသည် အိမ်ပေါ်မှ မကြာမကြာ အဝေးကို လှမ်း၍ ကြည့်ရင်း မိမိ၏ လူများ နောက်ကျကြောင်းကို ပြောလျက် အဘယ်အကြောင်းကြောင့် နောက်ကျသည်ကို တွေးတောကာ စိုးရိမ်ကြောင့်ကြသော အမူအရာကို ပြလေ၏ ။

ထိုအခိုက်တွင် လူပေါင်းလေးငါးခြောက်ယောက် လမ်းမ၌လျှောက်၍ သွားလာကြပြီး အိမ်ရှေ့၌ ရပ်၍နေကြလေရာ ဝန်ထောင်မင်းက “ ဟေ့ - လူတွေ ၊ ဒီကိုလေ ။ အောင်မယ်မင်း ၊ ဘာဖြစ်လို့ ဒီလောက်တောင်နောက်ကျရတာလဲ ” ဟုပြောရာ ၎င်းလူများသည် ဝန်ထောက်မင်း၏ အသံကို ကြားလျှင် အားရဝမ်းသာ ပြေးဝင်၍ လာကြပြီး “ ဟာ - ဟိုဘက်ရွာက သူကြီးက မတူတယူရယ်လို့ စစ်ဆေးမေးမြန်းနေလို့ ကြာနေတာပါပဲ ”

“ ကိုင်း .. ကိုင်း ။ တက်ကြ တက်ကြ ” ဟု ဝန်ထောက်က ခေါ်လေ၏ ။ ဒေါ်ပို ၊ ဒေါ်စိုတို့နှင့် အိမ်သား များကလည်း အားရဝမ်းသာ ခရီးဦးကြိုသောအခါ တစ်ယောက်က “ ကိစ္စမရှိဘူး ကြာကြာမနေပါဘူး ။ အိမ်သားများ ထိုင်ကြထိုင်ကြ ၊ ငြိမ်ငြိမ်နေကြ ” ဟုပြောရင်း ဓားများ ၊ ခြောက်လုံးပြူးများကို ထုတ်ကြလေ၏ ။ ဝန်ထောက်မင်း သည် ခြောက်လုံးပြူးကို ခါးထဲမှ ထုတ်ပြီး အိမ်ခေါင်မိုးကို ပစ်ဖောက်လိုက်လေ၏ ။ အိမ်သားများမှာ လွန်စွာ ကြောက်ရွံ့ကြသဖြင့် ငြိမ်လျက် ခေါင်းငုံ၍ နေကြလေ၏ ။

ဓားပြတစ်ယောက်ကတော့ သော့ကို တောင်းရာ ခင်မြ၏ ဖခင်ဖြစ်သူက “ မောင်တို့ရယ် လူကိုချမ်းသာပေးကြပါ ။ မောင်တို့ သဘောရှိ တွေ့သမျှကိုသာ ရှာဖွေယူကြပါတော့ အိပ်ရာအောက်မှာ ရှိပါတယ် ” ဟု ပြောလေ၏ ။ တစ်ရွာလုံးမှာ တိတ်လျက်နေလေ၏ ။ အိမ်ရှေ့၌ စောင့်သော ဓားပြသုံးယောက်သည်ကား သေနတ်ကို တစ်ချက်ပြီး တစ်ချက် ပစ်ဖောက်ရင်း “ မဆိုင်သူ မလာနဲ့ ဆိုင်ရာကို ထွက်မယ် ။ အသက်ကို နှမြောရင် ဘာသာ နေကြ ၊ မဆူကြနဲ့ ဆူရင် တစ်ရပ်လုံး မီးစာဖြစ်မယ် ” စသည်ဖြင့် ဟစ်အော်ပြောဆို၍ နေလေ၏ ။

ဆယ်မိနစ်မျှ မကြာမီ ပစ္စည်းများကို ယူ၍ပြီးကြလေ၏ ။ ခင်မြ၏ လက်ဝတ်လက်စားများကို ဝန်ထောက် ဆိုသူက ဖြုတ်လေ၏ ။ ငြိမ်ငြိမ်နေဟု နားနားသို့ ကပ်ကာ ၎င်းက ပြောသောအခါ ခင်မြမှာ ထိတ်ခနဲ ဖြစ်၍သွားလေ၏ ။ သို့သော်လည်း တူလို့ ထင်ပါရဲ့ ဟုတ်မယ် မထင်ပါ ဘူး ။ ကိုလှဖေ ဖြစ်ရင် ငါ့ကို ဒီလို လုပ်မယ် မဟုတ်ပေဘူး ။ ကိုလှဖေ ဓားပြလူဆိုးလည်း ဖြစ်မှာ မဟုတ်ဘူးဟု တွေးလေ၏ ။

“ ကိုင်းထ မင်း လိုက်ခဲ့ရမယ် ” ဟု ဓားပြတစ်ယောက်က ခင်မြ ကို ပြောလေ၏ ။

ခင်မြသည် တုန်လှုပ်လျက် “ လိုက်ပါ့မယ် ၊ လိုက်ပါ့မယ် အသက်ကို ချမ်းသာပေးပါ ” ဟု ပြောရင်းထလေ၏ ။ ဝန်ထောက်ဆိုသူက ခင်မြ လက်ကို ကိုင်ဆွဲ၍ အိမ်ပေါ်မှဆင်းမည်ပြုပြီး မဆင်းသေးဘဲရပ်ကာ “ ကိုင်း သွားကြ ၊ သွားကြ ၊ မြန်မြန်လုပ်ကြပါဗျာ့ ခင်ဗျားတို့ တယ်ခွ ကျတာပဲ ” ဟု အဖော်များကို ပြောပြီး တုပ်နှောင်၍ ထားသော အိမ်သားများဘက်သို့လှည့်ကာ “ မဆူကြနဲ့နော် ။ ဆူရင် သင်းကို သ,တ်ရလိမ့်မယ် ” ဟု ပြောလေ၏ ။

“ ဘာ မော်ကြည့်တာလဲ ၊ ခေါင်းငုံ့နေ ” ဟု ပြောပြီး ခြောက်လုံးပြူးကို အထက်သို့ မြှောက်ကာ ပစ်ဖောက် လိုက်လေ၏ ။

ဓားပြအဖော်များလည်း လမ်းမသို့ ရောက်ကြလေ၏ ။ ခင်မြ နှင့် ဝန်ထောက်ဆိုသူမှာ အိမ်တံစက်မြိတ်မှ မထွက်သေးချေ ။ ခင်မြသည် တံစက်မြိတ်၌ လဲကျလေ၏ ။

“ ထလေ .. ဘာဖြစ်တာလဲ ၊ ဒီခြောက်လုံးပြူးကို မြင်ရဲ့လား ” ဟု ပြောကာပြရင်း ခင်မြ၏ လက်ကို ကိုင်ဆွဲ၍ ထူလေ၏ ။

ထိုခဏချင်းတွင် သေနတ်သံတွေ ဆူညံ၍ သွားလေ၏ ။ လမ်း၌ ရှိသော ဓားပြများလည်း တစ်ယောက်ပြီး တစ်ယောက် တုန်းခနဲ တုန်းခနဲ လဲကျကြလေ၏ ။ ဝန်ထောက်မင်း ဆိုသော ဓားပြသည်ကား ခင်မြ ကို အိမ် ပေါ်သို့ ပြန်၍ ဆွဲခေါ်ပြီး အိမ်နောက်ဖေးသို့ ခင်မြ ကို ဆက်လက်ဆွဲ၍သွားလေ၏ ။

ခင်မြ သည် လှဖေ၏ ခြောက်လုံးပြူးကြီးကို ကိုင်ဆုပ်ကာ ဆွဲလုပြီး “ ဓားကြီးနဲ့ ဘယ့်နှယ်လုပ်မလို့လဲ ။ ကိုလှဖေ အဖော်တွေလည်း သေကုန်ပြီ ၊ မိကုန်ပြီ ။ ကိုလှဖေ ဘယ့်နှယ်ပြေးမလဲ ” ဟု နှုတ်ခမ်းမွေးကို ဆွဲဖြုတ်ကာ မေးလေ၏ ။

“ ဘယ်ကိုမှ ပြေးစရာမလိုဘူး ။ ခင်တို့အိမ် ဓားပြများ စီးမယ် သတင်းကြားလို့ ကြံစည်တဲ့ အကောင်တွေကို စုံထောက်ပြီး သူတို့နဲ့ ရောပြီး ပူးသတ်တာ ။ ဟိုပုလိပ်တွေက ကိုကို အစောင့်ခိုင်းထားတဲ့ ပုလိပ်တွေ ” 

“ နို့ ကိုကိုက ဘာလဲ ”

“ ကိုကိုစုံထောက် အင်စပိတ်တော်ပေါ့ ။ ခင့်ကို သတိရလို့ လာရာမှာ သတင်းရလို့ ဒီနယ်က ပုလိပ်များကို ဝင်ကူတာပါ ။ လာလာ ခင့်ဖေဖေနဲ့ မေမေ အဒေါ်တို့ကို သွားပြီး လွှတ်ဦးမှပဲ ” ဟု ပြောပြီး အိမ်ပေါ်ကို နှစ်ယောက်သား ပြန်၍ တက်ကြလေ၏ ။

မကြာမီ ကြိုးများ ဖြည်၍ ပြီးကြသဖြင့် လှဖေ ကို မြင်ကြသောအခါ လွန်စွာ အံ့သြ၍ နေလေ၏ ။

ထိုအခိုက် ပုလိပ်အရာရှိ တစ်ယောက်က “ ကိုင်း ကိုလှဖေ နှစ်ကောင်တော့ ကိစ္စချောပြီ ။ ကျန်တဲ့အကောင်တွေ ဘယ်လိုနေမယ် မပြောတတ်သေးဘူး ၊ ဂါတ်ကို ရောက်အောင် ခံပါ့မလား မသိဘူး ။ လှည်းစီမံမှပဲ ” ဟု ပြောလေ၏ ။

လှဖေက ခင်မြဖခင် အား “ ဦး ... လှည်းသုံးစီး မြန်မြန်ပြင်ပါ ။ ဦးပစ္စည်းတွေ ပြန်ရပါတယ် ။ ဘာမှ စိတ်မပူပါနဲ့ ” ဟု ပြောလေ၏ ။

မကြာမီ ဓားပြများကို ဂါတ်သို့ ပို့ရာ၌ ခင်မြ နှင့် လှဖေ မှာ နောက်ဆုံး လှည်းယာဉ်ကလေးတွင် နှစ်ယောက်တည်း လိုက်ပါ၍ သွားကြလေ၏ ။

ဒေါ်စု ၊ ဒေါ်ပို တို့မှာ အားရဝမ်းသာ “ ဒါမှ ရွှေသမက် ၊ အဖိုးတန်သမက် ” ဟု ရယ်မောကာ ပြောကြလေ ၏ ။ ဒေါ်ပိုက “ ကျုပ်တူမကလေးတော် ။ ဒါနဲ့များ သုံးလေးနှစ် ကွဲနေရတာ ၊ အသည်းနာလိုက်တာများ ။ ကျုပ်အသိသား ဒီသူငယ် မခေဘူးဆိုတာ အစကတည်းက သိတယ် ”

ဖခင် ... “ တယ်သိတယ် ။ မပြောလိုက်ချင်ပါဘူး ။ ဒီကောင်ကလေးအကြောင်း ငါ ကြားကတည်းက အကဲခတ်ရက် မျိုးရိုး မညံ့ကြောင်း ရိပ်မိလို့ ငါနင်တို့ အထဲ စကားတစ်လုံး ဝင်ပြောသလား ။ အသွေးမြင် အသွင်သိတယ် ”

“ မပြောတတ်ပါဘူးအေ ။ သူတို့ အကြောင်းပါပဲ ။ မောင်မင်းကြီးသား သူ ကယ်ပေလို့ ။ မကယ်ရင် ဒီပုလိပ်များလည်း တတ်နိုင်မှာ မဟုတ်ဘူး ။ စွန့်ပါပေတယ် ။ စောစောကဖြင့် ငါ သူ့ကိုတောင် မသင်္ကာ ဖြစ်လိုက်သေး တယ် ... ” ဟု ပြောရင်း နောက်၌ လိုက်လာသော လှည်းကလေးကို သုံးယောက်သား ကြည့်နေခိုက်မှာပင် ခင်မြသည် လှဖေ၏ ရင်ခွင်ထဲသို့ ရောက်၍ သွားသဖြင့် သုံးယောက်သား ခေါင်းငုံ့၍ နေကြလေသတည်း ။

▢ ပီမိုးနင်း
📖ကဝိတံခွန် မဂ္ဂဇင်း
     စက်တင်ဘာ ၊ ၁၉၃၃

No comments:

Post a Comment