❝ ကောလာဟလ ❞
( ဖူးသစ်မော် )
ပြဿနာရဲ့အစက တစ်အိမ်လုံးမှာ နှစ်ယောက်တည်း ရှိတဲ့ ကျွန်တော့်ဦးလေးနဲ့ ကျွန်တော် အချေအတင် ဖြစ်ကြရာက စတာပဲ ။
ဦးလေး ဆိုတာက အမေ့ရဲ့ မောင် ၊ ခေတ်ပညာတတ် လူပျိုကြီးပါ ။ အစက ကုမ္ပဏီ တစ်ခုမှာ အလုပ် လုပ်တယ် ။ နောက်တော့ နား ၊ မျက်စိရှုပ်တယ် ဆိုပြီး ကုမ္ပဏီထွက် ၊ လျှပ်စစ်ပစ္စည်းအရောင်းဆိုင် ဖွင့်တယ် ။ ဒါကျ မျက်စိမရှုပ်ဘူးလား မသိ ။ အတော်တော့ ခွကျကျပဲဗျ ။ ဦးလေးမှာက တစ်ကိုယ်တည်း လူပျိုကြီးပီပီ ဘာအပူအပင်မှ မရှိဘူး ။ သူ့ဘဝ တစ်လျှောက်လုံး ချစ်တီးစု စုလာတဲ့ ဓနဥစ္စာရယ် ၊ မိဘတွေ ( ကျွန်တော့်အဘိုးအဘွားပေါ့ ) ထားရစ်ခဲ့တဲ့ ဆိုင်ခန်းကြီး တစ်ခန်းနဲ့ တိုက်ခံအိမ်ကြီး တစ်လုံးရယ် ၊ ကဲ ဘာပူစရာ ရှိလို့လဲ ။ လောကကြီးထဲမှာ သူနဲ့ ကျွန်တော့်အမေ ရယ်လို့ မောင်နှမ နှစ်ယောက်တည်း ရှိခဲ့ကြတာ ။ အမေက အိမ်ထောင်ကျပြီး သျှောင်နောက်ဆံထုံးပါခဲ့ ရတာကြောင့် တစ်နယ်တစ်ကျေးမှာ အခြေချခဲ့ရတာပါ ။
ကျွန်တော် ဆယ်တန်း အောင်တဲ့နှစ်မှာ ဦးလေး ကိုယ်တိုင် ကျွန်တော့်ကို လာခေါ်တာပါ ။ အဲဒီတုန်းကတောင် အမေက သူ့မောင်ကို စကားတစ်ခွန်းပဲ မှာလိုက်တာ ။ “ ငါ့သားလေး နင့်လို လူပျိုကြီး မဖြစ်ရင် ပြီးရော ၊ နင့်လိုသာဆို တို့မျိုးဆက် ပြတ်သွားလိမ့်မယ် ” တဲ့ ။
အခု ကျွန်တော် ကျောင်းပြီးလို့ ကွန်ပျူတာ သင်တန်း ဆက်တက်နေတယ် ။ ကျွန်တော့်မှာ ရည်မှန်းချက်တွေ အများကြီး ။ ကွန်ပျူတာ ပြီးရင် လက်တွေ့ လေ့လာ အားထုတ်စရာတွေ ရှိသေးတယ် ။ သူငယ်ချင်း အပေါင်းအသင်းတွေနဲ့ ဝင်လာလိုက် ၊ ပြန်ထွက်လိုက် တရုန်းရုန်း လုပ်နေတဲ့ ကျွန်တော့်ကို ဦးလေး မျက်စိ ရှုပ်နေခဲ့တာ ကြာပြီဗျ ။ ကျွန်တော့်မှာ မိန်းကလေး သူငယ်ချင်းတွေက ပိုများလိမ့်မယ် ထင်တယ် ။
ကျွန်တော် သိသလောက်တော့ ဦးလေးဟာ မိန်းမဆန့်ကျင်ရေးသမား မဟုတ်ပါဘူး ။ ဒါပေမဲ့ မိန်းမနဲ့ ပတ်သက်ရင် ‘ ဖြူဖြူဝါဝါ ၊ ပြာပြာစိမ်းစိမ်း ၊ ရွှေနံ့သာ ရင်မှာ လိမ်းပြီး ပိန်းရိုက်လို့ လာလာ ၊ ပဒုမ္မာ ကြာဆစ်ကို လှစ်လို့ပဲ ပြပြ ’ ထုပ်ပေါ်ကကျ လှုပ်ဖော် မရသလို နောဇာနာမိ ငါမသိ ဆိုတဲ့ အထဲကပါ ။ ဒါပေမယ့် ဆိုင်သိမ်းပြီး အိမ်ပြန်ရောက်တဲ့အခါ ယမကာ ကြည်ထွေထွေကို ရီဝေဝေလေးတော့ မှီဝဲတတ်သဗျ ။ သူ့ဘဝ မှာ ကွက်လပ်ဖြစ်နေတဲ့ မဒီကလျာ တစ်ပါး နေရာမှာ ယမကာနဲ့ အစားထိုး နေခဲ့တာလား မပြောတတ်ဘူး ။ အဲဒီနေ့က ကျွန်တော် အပေါင်းအသင်းတွေ ဆုံမိပြီး Social Drinking လေး လုပ်လာမိတာ ။ အိမ်ပြန်ရောက်တော့ ညနေ ၄ နာရီခွဲ ရှိပြီ ။ ဦးလေးက ဆိုင်ပိတ်ရက်မို့ အိမ်မှာ တစ်နေကုန် ရှိနေတယ် ။ ကျွန်တော် ခပ်တည်တည် စတိုင်လ် ဖမ်းထားပေမယ့် ဦးလေးက အတော် လှစ်တယ်ဗျို့ ။
“ အောင်ကျော် ၊ ဒီလာဦး ။ မင်းသောက်လာတယ်မို့လား ”
“ ဟုတ်ကဲ့ ဦးလေး ၊ ခပ်ပါးပါးလေးပါ ”
ကျွန်တော် တည့်တည့်ပဲ ဖြေလိုက်လို့ထင်ရဲ့ ။ ဦးလေး တွန့်ခနဲ ဖြစ်သွားတယ် ။
“ ဘာကွ .. ခပ်ပါးပါး ဟုတ်လား ။ ဒီဝေါဟာရတွေတောင် တတ်နေပြီပေါ့ ”
“ မှန်တဲ့အတိုင်း ဖြေတာပဲ ဦးလေးရာ ၊ လိမ်ညာ ဖြီးဖြန်းမှ ကျေနပ်မယ် ဆိုရင်လည်း ”
“ ကဲ ကဲ တော်ပါတော့ကွာ ၊ မင်း သင်တန်းချိန် ပြီးပြီမို့လား ။ အိမ်မှာ ဖင်မြဲမြဲလေး နေစမ်းပါဦးကွာ ”
“ ဟာ အစောကြီး ရှိသေးတာ ။ အပြင်တော့ ခဏထွက်ဦးမှပေါ့ ”
“ ဟင် မင်း အပြင် ထွက်နေတာ တစ်နေကုန်လေ ။ မနက်စာတောင် ပြန်မစားဘူး ။ အောင်ကျော် ၊ မင်းအကြောင်း မသိရင် ခက်မယ် ။ ဟိုကောင်မလေးဆီ သွားပြီး ချစ်အနမ်း ချော့အသိပ် လုပ်ရဦးမှာ မဟုတ်လား ၊ ဟင်း ဟင်း ... ”
“ ဟား ဟား ဦးလေးတို့ ခေတ်က ဦးစိုးပိုင်ကြီး ရဲ့သီချင်းကို သတိရလို့ ဆိုနေတာလား ။ ဦးလေးမှာလည်း ဇာတ်လမ်း ရှိခဲ့မှာပဲနော် ။ ပြောပြစမ်းပါ ဦးလေး ရာ ”
“ ဟေ့ကောင် ငမူးငရော လာလုပ်မနေနဲ့ ၊ မင်း ဟိုဘက်လမ်းထိပ်က အပျိုကြီးဒေါ်ခင်သီရဲ့ တူမလေးနဲ့ မင်းနဲ့ ဖြစ်နေတာ ကြာပြီတဲ့ ။ ညနေတိုင်း ပန်းခြံထောင့်က စိန်ပန်းပင် အောက်မှာ ၊ ဆေးရုံလမ်းက လမင်းစားသောက်ဆိုင်မှာ ၊ ကားကွင်းထဲမှာ ၊ မြို့ထဲမှာ စုံလို့ ၊ ဒီလောက် တွေ့နေကြမှတော့ ဘာဖြစ်ရဦးမှာလဲ ၊ မင်းက ယောက်ျားလေးမို့ ထားတော့ ။ မိန်းကလေးဘက်ကျ ဒီလောက် နာမည် ထွက်နေရင် မကောင်းတော့ဘူး ။ သူတစ်ပါး နစ်နာအောင် မလုပ်နဲ့ ။ ယူမှာဖြင့် တစ်ယောက်ယောက်ကို သတ်သတ်မှတ်မှတ် ယူပြီး ဣန္ဒြေရရ နေသင့်ပြီ ”
ကျွန်တော် ထခုန်မိမတတ်ဘဲ ။ ဦးလေး ကတော့ အပြတ်ချနေပြီ ။ ကျွန်တော်နဲ့ အိအိဖြိုး နဲ့ မကြာမကြာ တွေ့ကြတာ မှန်တယ် ။ သူ စတိုးဆိုင်က အပြန် လမ်းသင့်တဲ့ ပန်းခြံထောင့်က ကျွန်တော် စောင့်ရတာကိုး ။ ဖြူထွေး ဆီက စာဖြစ်ဖြစ် ၊ စကားဖြစ်ဖြစ် အိအိဖြိုးက သယ်ဆောင်ပေးနေကျလေ ။ ဖြူထွေး နဲ့ တွေ့ရဖို့က မလွယ်ဘူးဗျ ။ အလုပ်က ပြန်တိုင်း သူ့အိမ်က တစ်ယောက်ယောက်ကတော့ လာကြိုတာပဲ ။ အိအိဖြိုး ခမျာလည်း သူ့အဒေါ် အပျိုကြီးကို ကြောက်ရရှာတော့ ခိုးကြောင်ခိုးဝှက် ကူညီနေရတာ ။ သူတို့ စတိုးဆိုင် ပိတ်ရက်လောက်သာ အိအိဖြိုး သွားခေါ်ထုတ်ပေးလို့ ခဏတစ်ဖြုတ်ကလေး တွေ့ ရတာဗျာ ။ အခုတောင် ဖြူထွေး နဲ့ အဆက်အသွယ် မရတာ တစ်ပတ်လောက် ရှိပြီ ။ တောက အိအိဖြိုး အစ်မဝမ်းကွဲ တစ်ယောက် ဆေးရုံ လာ တက်တာလေ ။ အိအိဖြိုး အလုပ်မဆင်းနိုင်တော့ အဆက်အသွယ် ပြတ်တာပေါ့ ။ ခုတော့ လူနာလည်း ဆေးရုံက ဆင်းသွားပါပြီ ။ ဆေးရုံ တက်နေစဉ် တစ်လျှောက်လုံး လူနာ အတွက် လိုအပ်သမျှတွေကို အိအိဖြိုး နဲ့အတူ ကျွန်တော် လိုက်ကူညီရတယ် ။ ရွာအပြန် ကားဂိတ် အထိတောင် လိုက်ပို့ခဲ့ပါသေးတယ် ။ ခုမှ ဖြူထွေး ဆီက အဆက်အသွယ် စောင့်နေတုန်း ဘယ်က မဟုတ်သတင်းတွေ ထုတ်လွှင့်နေတယ် မသိဘူးဗျ ။
“ ဦးလေးကို ဘယ်သူက တိတိကျကျ ပြောလိုက်တာလဲ ”
“ လမ်းထိပ် ကွမ်းယာဆိုင်က ချစ်တီး ပြောတာ ”
သေပြီ ။ ကိုချစ်တီးကွမ်းယာဆိုင်က လမ်းဆုံ လမ်းခွမှာ ၊ လူသူလေးပါး စုံပါဘိသနဲ့ ။ ကျွန်တော် ဝုန်းခနဲ ထပြီး ဒရောသောပါး ပြေးဆင်းလာခဲ့တယ် ။ ဒီ သတင်းရဲ့ အရင်းအမြစ်ကို အမြန်ဆုံး ရှာဖွေဖော်ထုတ်နိုင်မှ ဖြစ်မယ် ။ အမှိုက်ကစ ပြာသာဒ်မီးလောင်နိုင်တယ် မဟုတ်လား ။ အခုတောင် ဘယ်လောက် လက်ဆင့်ကမ်း ပြန့်ကားနေပြီလဲ မသိ ။ လှေကားအောက်ဆုံးထစ် ရောက်တော့မှ လယ်ထွန်သွား နွားမေ့ ဖြစ်ပြီး အပေါ်ထပ်ကို ပြန်ပြေးတက်ရပြန်ပါရော ။
“ ဘာဖြစ်တာလဲကွ ”
“ ဆိုင်ကယ်သော့ မေ့နေလို့ ”
“ ဘယ်သွားဦးမှာလဲ ။ ဒေါ်ခင်သီရဲ့ တူမလေး ဆီလား ”
“ အာ မဟုတ်ဘူး ။ အဲဒီ ပြဿနာ သွားရှင်းမလို့ ”
ဆိုင်ရှေ့မှာ ဆိုင်ကယ်ကို ဝေါခနဲရပ်လိုက်တော့ ကိုချစ်တီးက ခေါင်းထောင်ကြည့်တယ် ။ လူသူ ကင်းရှင်းနေလို့ တော်ပါသေးရဲ့ ။
“ ကိုချစ်တီး ကျွန်တော့် ဦးလေးကို ဘာတွေ ရွှီးထည့်လိုက်တာလဲဗျ ”
“ ဟေ ဘာတုံးဟ ”
“ ခုမှ ယောင်ဝါးဝါး လုပ်မနေစမ်းပါနဲ့ ။ ကျွန်တော်နဲ့ အိအိဖြိုးက ဘာညာကွိကွ ၊ မဟုတ်မဟတ်တွေလေ ”
သူက ကွမ်းချိုးစွဲနေတဲ့ သွားမည်းမည်းကြီး တွေဖြဲပြီး တဟဲဟဲ ရယ်လိုက်သေးသဗျ ။
“ ငါလည်း ကြားတာကို ပြောတာပဲ ။ မဟုတ်ဘူးလား ”
“ ခင်ဗျား ဘယ်က ကြားတာလဲ ။ လိုရင်းတိုရှင်းပဲ ဖြေဗျာ ”
“ နီနီကျော် ဆီက ၊ မြေပဲဆားလှော်ထုပ်တွေ လာပို့ရင်း ပြောသွားတာ ”
မြေပဲဆားလှော် နီနီကျော် ။ ဆတ်ဆလူးမ ။
နှစ်လမ်းကျော်ဆီ အပြေးနှင်ခဲ့ရပြန်တယ် ။ အိမ်ရှေ့ ကွပ်ပျစ်ကြီး ပေါ်မှာ မြေပဲဆန်တွေနဲ့ အလုပ်ရှုပ်နေတဲ့ နီနီကျော် ကို တည့်တည့်ကြီး တွေ့လိုက်ရတယ် ။
“ ကိုရွှေအောင်ကျော် ပါလား ။ မိုးတွေ ရွာတော့မှာပဲ ”
“ မိုးရွာရုံတင် မကဘူး ။ မိုးကြိုးပါပစ်မှာ ။ နင့်ကို မေးစရာ ရှိလို့“
“ နင့် ကြည့်ရတာ ၊ စာတစ်ကောင်ကို မျိုမိထားတဲ့ ကြောင်မျက်နှာ အတိုင်းပဲ ၊ ခစ် ခစ် ၊ ကဲ ... ဒီမှာ မေး မှာလား ၊ တစ်နေရာရာမှာလား ”
“ ဟား ဘယ်နေရာများ ခေါ်ပြီး မေးနေရဦးမှာလဲ ။ အရေးထဲကွာ ၊ နင် အမြှုပ်ထွက်အောင် လျှောက် ဖြန့်နေတဲ့ အတင်းအဖျင်းကိစ္စ လာရှင်းတာ ။ အဲဒါ ဘာသဘောလဲ ။ ရှင်းပြစမ်းပါဦး ”
“ အဟင်း ဟင်း ၊ ဟုတ်လို့ကျော် ပုပ်လို့ပေါ်တဲ့ သဘောပေါ့ ။ တစ်ရပ်ကွက်လုံး သိနေတဲ့ ကိစ္စများ အဆန်းလုပ်လို့ ၊ တိတိကျကျကြီးပါနော် ”
ကျွန်တော့် ရင်ထဲ ဟုန်းခနဲ မီးတောက်သွားတယ် ။
“ ဘာတိကျတာလဲ ၊ နင်ကိုယ်တိုင် ဘာတွေ မြင်ရတွေ့ရလို့ တိကျနေတာလဲ ”
“ သေချာတဲ့ သတင်းရပ်ကွက်ကလေ ။ အောင်ကျော်ရယ် ငါကိုယ်တိုင် ဗင်းနစ်မြို့ကြီးကို မရောက်ဖူး မမြင်ဖူးဘူးပေမယ့် ဒီမြို့ကြီး အကြောင်းတော့ မီဒီယာတွေက တစ်ဆင့် သိနိုင်တာပဲ မဟုတ်လား ။ နင်က ဘာနာစရာ ရှိလို့လဲ ”
“ နာတယ်ကွ ၊ နာတယ် ၊ မဟုတ်မမှန် လုပ်ကြံတဲ့ သတင်းမို့ နာတယ် ။ ဒါမျိုး ပါးစပ်အရသာခံပြီး မလွှင့်ပါနဲ့ ။ ဒါနောက်ဆုံး သတိပေးခြင်းပဲ ”
“ ဒါကတော့ လူသတင်း လူချင်းဆောင်လာ တတ်တာကိုး ။ ဘူးတစ်ရာ အပေါက် ပိတ်လို့ ရနိုင်ပေမယ့် လူ့ပါးစပ် တစ်ပေါက်ကို ပိတ်ဖို့ကျ မလွယ်ဘူးလေ ”
“ လေရှည်လိုက်တာ ။ ကဲ ဘယ်သူ့ ပါးစပ်ပေါက်လဲ ၊ ငါပိတ်ပြမယ် ”
“ သိပ်မအော်ပါနဲ့ ၊ ဒေါသကုမ္မာရကြီးရဲ့ ။ ငါ့ ပါးစပ်ပေါက်ကို ပိတ်ဆို ပိတ်ထားပါ့မယ် ။ ဒါပေမဲ့ အေမီတူးရဲ့ ပါးစပ်ပေါက်မျိုး နင် ပိတ်နိုင်ပါ့မလား ။ သူက ခြေတိုအောင်တောင် လျှောက်ပြောနေစရာ မလိုဘူး ။ ဖုန်းခွက်ကလေး ကောက်ကိုင်လိုက်ရုံ ”
နီနီကျော်စကား မဆုံးမီ ဝေါခနဲ လှည့်ထွက်လာခဲ့တယ် ။ အေမီတူး ၊ ဖုန်းစောင့် အေမီတူး ။ ဘယ်လို ဆက်စပ် ကျော်လွှားပြီး ဒီကောင်မ ပါးစပ်ထဲ ဒီအတင်းအဖျင်း ရောက်နေပါလိမ့် ။ အင်းလေ သူ့ဖုန်းကောင်တာကလည်း လူစုံရပ်ကွက် တစ်ခုပဲဟာ ။ သဘာဝ ကျပါတယ် ။ အေမီတူးလို မိန်းကလေး တစ်ယောက် ပါးစပ်ထဲ ရောက်မိတဲ့ အတင်းအဖျင်းမျိုးဟာ အခု ကမ္ဘာမှာ ခေတ်စားနေတဲ့ ကြက်ငှက်တုပ်ကွေး ဗိုင်းရပ်စ်ပိုးထက်တောင် ကူးစက်မြန်လောက်တယ် ။ ကျွန်တော် ရောက်သွားတော့ မမက ဖုန်းရုံ ပိတ်ပြီး ထွက်မယ့်ဆဲဆဲဗျ ။
“ နေစမ်းပါဦး ။ ပြောစရာ ရှိလို့ ”
“ အရေးကြီးရင် တခြားမှာ သွားပြောပါ ။ ကျွန်မ သွားစရာရှိသေးလို့ ”
“ တခြား သွားပြောလို့ ဖြစ်မလားကွ ။ သိပ်အရေးကြီးတယ် ။ နေဦး ”
“ ဟော့တော် ဖုန်းတွေတောင် ဖြုတ်သိမ်းပြီးပြီ ”
“ ငါလာတာ ဖုန်းနဲ့ပြောဖို့ မဟုတ်ဘူး ။ မင်းနဲ့ ပြောဖို့လာတာ ။ ဒီမယ် မြေပဲဆားလှော် နီနီကျော်ကို မင်း ဘာအတင်းတွေ ချလိုက်တာလဲ ။ မင်းက ဘာတွေ ဘယ်လောက် သိလို့ သတင်းဖြန့်ချိရေး လုပ်နေတာလဲ ။ အဲဒါ ရှင်းစမ်းကွာ ”
“ ကိုအောင်ကျော် ၊ ဘာတွေ လာပြောနေတာလဲ ”
“ အောင်မာ ခုတော့ အူတူတူနဲ့ ၊ ဒီမယ် ငါနဲ့ အိအိဖြိုးကို ကြိုးနဲ့ အပိုင်ချည်ပြီး လေဟာနယ်ထဲ အထိ လွှင့်တင်လိုက်တဲ့ ကိစ္စ ၊ ကိုင်း ရှင်းစမ်း ”
ကောင်မက မျက်လုံးထောင့်ကပ်ပြီး တခွီးခွီးတောင်မှ ရယ်လိုက်သေးဗျာ ။
“ ကျွန်မတို့ ဘယ်တော့ စားရမှာလဲ ဟင် ”
“ ဟား သောက်စားက လာသေး ။ ငတ်နေရင် လည်း အိမ်ပြန်စား ။ ဒီမယ် အေမီတူး လိုရင်းတိုရှင်း ပြောစမ်းပါ ။ ငါ့စိတ်ကို တော်တော် ထိန်းထားရတယ် နော် ။ မင်း ဒီသတင်းကို ဘာကိစ္စ အရပ်တကာ လိုက် ဖြန့်နေတာလဲ ။ ကာယကံရှင်တွေ ဘယ်လောက် ထိခိုက်နစ်နာသွားမလဲ ဆိုတာရော စဉ်းစားမိရဲ့လား ၊ အတင်းအဖျင်းလေးမှ မပြောရရင် စားမဝင် အိပ်မပျော် ဖြစ်တတ်တဲ့ ရောဂါများ ရှိနေလို့လား ”
“ ဟင် ကိုအောင်ကျော် ကလည်း ဘယ်လိုကြီး မှန်းကို မသိဘူး ။ ကျွန်မ အစက သိထားတာ ကိုအောင်ကျော်နဲ့ ဖြူထွေး လို့ပဲ ။ ခုမှ အိအိဖြိုး နဲ့မှန်း သိရတာလေ ။ ကိုအောင်ကျော် ကံကောင်းပါတယ် ။ ဖြူထွေးက စိတ်ကြီးတယ် ။ သူနဲ့ ကြာကြာပေါင်းဖို့ မလွယ်ဘူး ။ အတိမ်းအစောင်း ခံတတ်တာ မဟုတ်ဘူး ။ အိအိဖြိုးက ရိုးရိုးယဉ်ယဉ်လေးနဲ့ ချစ်စရာကောင်းတယ် ။ သိလား ၊ စိတ်ရင်းလည်း ဖြူတယ် ။ ဒါပေမဲ့ ဒေါ်လေးသီ ကျ မလွယ်ဘူးနော် ။ ကြည့်သာ ပေါင်းပေတော့ ။ သိပ်ကုတ်ကုတ်စီးစီး နိုင်တာ ။ ဘယ်သူ့မှလည်း ယုံကြည်တတ်တာ မဟုတ်ဘူး ။ ဟိုတစ်လောလေးကပဲ သူ့တူမအရင်းကြီး အိအိဖြိုး ကိုတောင် ... ”
“ ဟား တော်ပါတော့ မိကျောင်းမရယ် ။ ဒီမယ် ငါပြောတာ သေချာနားထောင် ၊ ငါနဲ့ အိအိဖြိုးက ဘာမှ မဖြစ်ဘူး ။ ငါ့ချစ်သူက ဖြူထွေး ၊ အိအိဖြိုး က ကြားခံအောင်သွယ် ၊ အဲဒါ သေချာမှတ်ထား ”
“ ဟင် တကယ် ”
“ ဘာကိစ္စ ငါက ညာနေရမှာလဲ ”
“ ဒါဆို ဟိုပန်းခြံထောင့်က စိန်ပန်းပင် ”
“ အဲဒါ ဖြူထွေး ဆီက အဆက်အသွယ်ကို စောင့်တဲ့ အပေးအယူ လုပ်တဲ့ စုရပ်နေရာ ၊ ဖြူထွေးနဲ့ တွေ့ဖို့မှ မလွယ်တာ ။ ဒါကြောင့် အိအိဖြိုးက ကူညီနေရတာ ”
“ ဟို ဆေးရုံလမ်းက စားသောက်ဆိုင်ရယ် ၊ ကားကွင်းရယ် ”
“ အိအိဖြိုး အစ်မတစ်ယောက် ဆေးရုံ လာတက်တုန်းကပါ ။ သူ့အစ်မ အတွက် အစားအသောက် ၊ အသုံးအဆောင်လေးတွေ ငါ ကူညီပြီး လိုက်ဝယ်ပေးရတာလေ ။ ဆေးရုံက ဆင်းတော့တောင် ကားကွင်း အထိ လိုက်ပို့ပေးခဲ့ရသေးတာပဲ ။ တစ်ခါတလေ သူတို့ ရွာက မှာတဲ့ ပစ္စည်းတွေ ကားဂိတ်သွားပို့တော့လည်း အိအိဖြိုး တစ်ယောက်တည်းမို့ ငါလိုက်ကူညီရတယ် ။ အပြန်အလှန် ကူညီကြတာပဲ ။ အဲဒါ ဘာပြောစရာများ ရှိနေလဲ ”
“ ဟိုနေရာ သည်နေရာ မြို့ထဲတွေပါ တွေ့နေကြတာ ဆိုတော့ ”
“ အကြောင်းအမျိုးမျိုးနဲ့ တွေ့နိုင်ကြတာပဲ ။ ဒေါ်ခင်သီကြီးကို ကြောက်နေရလို့သာ ၊ မဟုတ်ရင် သူ့အိမ်မှာ သွားတွေ့လိုက်ချင်တာပေါ့ ။ ဒီမယ် ယောက်ျားနဲ့ မိန်းမတွေ သွေးမတော် သားမစပ် ထိတွေ့ ဆက်ဆံနေကြတာ ကမ္ဘာမှာ သန်းပေါင်းများစွာ ရှိနေတာပဲကွ ၊ ဒါနဲ့ပဲ ဘာညာကွိကွ ဖြစ်ကြရရောလား ။ ကဲ အခုတောင် မင်းနဲ့ငါ နှစ်ယောက်တည်း တွေ့နေကြတာပဲ ။ ဒါရော ဘာဖြစ်စရာ ရှိသေးလဲ ။ မင်းကရော ဖြစ်ချင်နေသလား ”
အေမီတူး မျက်နှာ ရဲခနဲပဲဗျ ။
“ အယ် ကိုအောင်ကျော် ကတော့ ပြောတော့မယ် ”
ဆိုပြီး မျက်စောင်း တစ်ချက် ဝဲသွားတယ် ။
“ ကဲ အခု အမှန်အတိုင်း သိပြီမဟုတ်လား ။ မဟုတ်မဟတ်တွေကို လေကုန်ခံပြီး ပြောနေမယ့် အစား အခု အမှန်အကန်သတင်းကို လှည်းနေလှေအောင်း မြင်းဇောင်းမကျန်လွှင့်ပေတော့ ။ မြို့ပေါ်တင် အားမရဘူး ဆိုရင် အင်တာနက်အထိ တင်လိုက်ပေတော့ ”
အေမီတူး အတော် လန့်သွားပုံပဲ ။ မတုန်မလှုပ် တွေတွေကြီး ရပ်ပြီးစဉ်းစားနေတယ် ။ ကျွန်တော် စိတ်မရှည်ချင်တော့ဘူး ။
“ ငါ ပြောတာတွေရော ကြားရဲ့လား ”
“ ကျွန်မတော့ ဘယ်လို နားလည်ရမှန်း မသိ တော့ဘူး ။ ကျွန်မကို ဒီသတင်း ပြောသွားတာ ဖြူထွေး ကိုယ်တိုင်ပဲ ။ ဖုန်းလာဆက်ရင်း ပြောသွားတာ ”
ဒီတစ်ခါ လန့်သွားရတာ ကျွန်တော်ပါ ။
“ ဘယ်လို ၊ ဖြူထွေး ကိုယ်တိုင်က ပြောတာ ဟုတ်လား ”
“ ဟုတ်တယ် ၊ သူကိုယ်တိုင် ပြောတာ ။ သူနဲ့ အတူ ကိုအောင်ကျော်တို့ ကွန်ပျူတာသင်တန်းက မသင်းသင်း တောင် ပါသေးတယ် ။ မယုံရင် မေးကြည့် ”
ကမ္ဘာကြီးနဲ့ အတူ ကျွန်တော့် ခေါင်းပါ ချာချာလည်သွားတယ်ဗျာ ။ ကျွန်တော်လည်း နားမလည်နိုင်တော့ဘူး ။ သတင်းရဲ့ အရင်းအမြစ်က ကျွန်တော့်ချစ်သူ ဖြူထွေး ဆီမှာလား ။ သူကိုယ်တိုင်က ဘာ အကြောင်းကြောင့် ယုံယုံကြည်ကြည် လျှောက်ပြောနေပါလိမ့် ။ ဘာတွေ ဖြစ်ကုန်ပြီလဲ ။ ဆိုင်ကယ်လီဗာကို တင်းတင်းဆွဲပြီး ထွက်ခဲ့ပေမယ့် ဖြူထွေးဆီ သွားရှင်းဖို့ မလွယ်ပြန်ဘူး ။ အိအိဖြိုး ကို ခေါ်ထုတ်ခိုင်းရအောင် ကလည်း ဒီအချိန် အိမ်ပြန်ရောက်နေလောက်ပြီ ။ အိမ်သွားခေါ်လို့တော့ မဖြစ်ဘူးဗျ ။ ဒေါ်ခင်သီကြီးက အိမ်ရိပ်တောင် အနင်းခံမှာ မဟုတ်ဘူး ။
ကြံရာမရတဲ့အဆုံး အိမ်ပဲ ပြန်ခဲ့ရတယ် ။ မနက်ဖြန်ကျမှ ဆက်ရှင်းလို့ ရတော့မှာ ။ ရင်ထဲမှာ မီးရှို့ထားတဲ့ သစ်တုံးကြီး ရောက်နေသလိုပဲဗျာ ။ အခံရခက် လိုက်ပုံများ ။ ဦးလေး ကတော့ တီဗီရှေ့မှာ ယမကာ ခွက်ကလေး ကိုင်လို့ ။ ကျွန်တော့်ကို ရီဝေဝေမျက်လုံးတွေနဲ့ လှမ်းကြည့်တယ် ။
“ ရှင်းခဲ့ပြီလားကွ ၊ မင်းပြဿနာ ”
“ ရှင်းလေ ရှုပ်လေပါပဲ ဦးလေးရာ ”
သူက ‘ အဟက် ဟက် ’ ဆိုပြီး လှောင်ရယ် ရယ်လိုက်သေးသဗျ ။
“ မင်းရှင်းရင် ပိုရှုပ်တော့မယ် ဆိုတာ ငါ သိပြီး သားပါ ။ လျှပ်ပျာပျာနဲ့ မစဉ်းစား မဆင်ခြင် လျှောက်လုပ်နေပြီးတော့ ”
အခန်းထဲ ဝင်ပြီး တံခါးပိတ်လိုက်ရတယ် ။ ဦးလေးက Limit ကျော်လာရင် မြဝတီက လာတဲ့ ကိုရီးယား ဇာတ်လမ်းတွဲထက် ပေရှည်တော့မှာ ။ အိပ်ရာထဲ ဝင်ခွေမိပေမယ့် ဒီနေ့ည အိပ်ပျော်ဖို့တော့ မလွယ်ဘူး ။ ကြိုမသိနိုင်တဲ့ လောကသဘာဝကြီးကို လက်သီးနဲ့ ဆွဲထိုးပစ်လို့ ရရင် ဘယ်လောက် ကောင်းလိုက်မလဲဗျာ ။
••••• ••••• •••••
မနက်အစောကြီး ကျွန်တော် ထွက်လာခဲ့တယ် ။ ဦးလေးတောင် အိပ်ရာက မနိုးသေးဘူး ။ အိအိဖြိုး အလုပ်ဆင်းချိန် အထိကို မစောင့်နိုင်တော့ ဘူးဗျာ ။ သူ့အိမ်ကို သွားခေါ်မယ် ။ ဒေါ်ခင်သီကြီး မကလို့ ဂေါ်ဇီလာကြီးနဲ့ ရင်ဆိုင်ရတောင် ကျွန်တော် မမှုတော့ဘူး ။ ကံကောင်းချင်တော့ အိမ်ရှေ့ထွက်ပြီး တံမြက်စည်း လှည်းနေတဲ့ အိအိဖြိုးကို အဆင်သင့် တွေ့လိုက်ရတယ် ။
“ အိဖြိုး အရေးကြီးတယ် ။ ငါနဲ့ ခဏလေး လိုက်ခဲ့ဦး ”
“ မဖြစ်ဘူးထင်တယ် အစ်ကိုရယ် ။ ဒေါ်လေး ဆူလိမ့်မယ် ။ အလုပ်ဆင်းချိန်ကျ ထွက်လာမှာပဲဟာ ”
“ အဲဒီအချိန်အထိ မစောင့်နိုင်တော့ဘူး ။ ငါ တစ်ညလုံးလည်း အိပ်လို့ မရဘူး ။ ဖြူထွေးကို ခဏ လေးခေါ်ထုတ်ပေးရုံပါ ။ နင်လည်း ပါမှ ပြဿနာရှင်း လို့ရမှာ ”
အိအိဖြိုး မျက်နှာလေး အတော်ညှိုးကျသွားတယ် ။ သူတို့ တစ်ခုခု ဖြစ်နေကြတာတော့ သေချာတယ် ။ ကျွန်တော်သာ ဘာမှန်းမသိ ဖြစ်နေတာ ။ ဆိုင်ကယ်ပေါ်က ဆင်းပြီး အိအိဖြိုး လက်ကို ဆတ်ခနဲ ဆွဲလိုက်တယ် ။
“ ပြဿနာက တော်တော်ကြီးနေပြီ ။ နောက် ပြဿနာ နောက်ရှင်းပဲ ။ ကဲ တက် ”
ကျွန်တော့်ဒေါသကို သူ သိပ်ကြောက်တာဗျ ။ ဒါကြောင့် ယောင်နနနဲ့ ပါလာတယ် ။ မျက်နှာကလည်း ငိုမဲ့မဲ့ ဖြစ်နေပြီ ။ မတတ်နိုင်တော့ဘူး ။ ဆိုင်ကယ်ကို ဝေါခနဲ ဆောင့်အထွက်မှာ အိမ်ထဲက ဒေါ်ခင်သီကြီး ပြေးထွက်လာတာ ရိပ်ခနဲ မြင်လိုက်ရသဗျ ။ ပါးစပ်ကလည်း သံကုန်ဟစ်လို့ ။ အိအိဖြိုး ခမျာတော့ ဆိုင်ကယ် နောက်ကနေ ‘ အစ်ကို ဇွတ်လုပ်ပုံနဲ့တော့ ဒုက္ခ ပါပဲ ။ သေပြီ သေပြီ ’ နဲ့ ဆီမန်းမန်းရင်း ပါလာလေရဲ့ ။
ဈေးကြီးပတ်လမ်းကနေ ဖြူထွေးတို့ လမ်းဘက် အချိုးမှာပါပဲ ။ ဖြူထွေး နဲ့ ဘွားခနဲ ရင်ဆိုင်တွေ့တာ ။ သင်းသင်းနဲ့ နှစ်ယောက်သား ဈေးဝယ်ထွက်လာပုံပါ ။ ‘ ဖြူထွေး ’ လို့ ခေါ်လိုက်ပေမယ့် လှည့်တောင် မကြည့်ဘူးဗျာ ။ စကားပြော မပြတ် ဖြတ်လျှောက်သွားတာ ။ ကျွန်တော့် တစ်ကိုယ်လုံး မီးလို ပူနေပြီ ။ ဆိုင်ကယ်ပေါ်က အမြန်ဆင်းပြီး သူ့လက်ကို ပြေးဆွဲမိတယ် ။
“ ဘာလုပ်တာလဲ ၊ ပါးကျိုးသွားချင်လို့လား ”
“ အေး ၊ အခုတော့ ငါ ရင်ကျိုးနေပြီ ။ သိလား ။ ငါနဲ့ အိအိဖြိုးကို မဟုတ်မဟတ်သတင်းတွေ နင်ကိုယ်တိုင် လျှောက်လွှင့်နေတယ်ဆို ။ ငါမနေ့ည ကတည်းက လိုက်ရှင်းနေတာ ။ ဘာတွေ ဖြစ်နေကြတာလဲ ဖြူထွေးရာ ”
“ ဟုတ်တယ် ဖြူထွေးရယ် ၊ နင်က ဘာဖြစ်လို့ ”
ကြားဝင်လာတဲ့ အိအိဖြိုး စကားတောင် မဆုံးလိုက်ဘူး ။ မြန်လိုက်တဲ့ လက်ဗျာ ။ ဖြူထွေး စိတ် ဒီလောက် ခက်မာကြမ်းတမ်းလိမ့်မယ်ဆိုတာ မယုံကြည်နိုင်လောက်အောင်ပါပဲ ။ သူ့လက်ဝါးက အိအိဖြိုး ပါးပြင်ပေါ်ကို ကျည်တစ်တောင့်လို ပြေးဝင်သွားတယ် ။ ညည်းနဲ့ ငါ ဘာစကားမှ ပြောစရာ မရှိဘူး ။ အောင်ကျော် ၊ နင်နဲ့ ငါလည်း ဘာမှ ပတ်သက်စရာ မရှိတော့ဘူး ဆိုတာ နင်သေတဲ့အထိ မှတ်သွား ”
“ ဖြူထွေး ၊ နင် ဘယ်လို လုပ်လိုက်တာလဲ ၊ နင် မကျေနပ်တာရှိရင် ငါနဲ့ ရှင်းပါ ။ ငါ့ကို အသေသ,တ် ပါ ။ အိဖြိုးမှာ ဘာအပြစ်ရှိလို့လဲ ။ ပြောစမ်းပါကွာ ။ ဘာတွေ ဖြစ်နေတယ် ဆိုတာလောက်တော့ ငါ သိပါရစေ ”
“ ဪ ဘာမှကို မသိရှာဘူးပေါ့ ။ ဟုတ်လား ။ အိပ်ချင်ယောင် ဆောင်နေမှတော့ ဘယ်နှိုးလို့ ရတော့မှာလဲ ။ ဒီလောက် မျက်နှာပြောင် တိုက်နိုင်ကြတာမျိုး မတွေ့ဖူးဘူးပေါင် ။ နင်တို့ နှစ်ယောက် ကျိတ်ပုန်းခုတ်နေတာ တစ်မြို့လုံး သိတယ် ။ ဒေါ်လေးခင်သီ ကိုယ်တိုင် ပြောတာ ။ အရှက်မရှိရင် အဲဒီမှာ သွားရှင်း ”
လေပြင်းတွေနဲ့ အတူ ဝုန်းဒိုင်းကြဲထွက်သွားပါရော ။ ဒီဇာတ်ရှုပ်က ဒီနေ့ကော အထုပ်ဖြေလို့ ရပါဦးမလားဗျာ ။ ဆုံးပဲ မဆုံးနိုင်ဘူး ။ အိအိဖြိုး ခမျာတော့ မျက်နှာကို လက်ဝါးနဲ့ အုပ်ပြီး ချုံးပွဲချလို့ ။
“ အိဖြိုးရယ် ငါ တောင်းပန်ပါတယ် ။ ပြဿနာက နင့်အဒေါ်ဆီ ရောက်သွားပြန်ပြီ ။ လာသွားရအောင် ”
“ အိဖြိုး မလိုက်ရဲဘူး ။ ဒေါ်လေးက အသေသ,တ်မှာ ”
“ အစ်ကို တာဝန်ယူတယ် ။ ဘာမှ မကြောက်နဲ့ ။ အခုပြဿနာကို အိဖြိုး အဒေါ်ပဲ ဖန်တီးတာ နေမှာ ။ ကဲ လာပါ လမ်းမကြီးပေါ် ငိုနေတာ လူမြင်မကောင်းဘူး ”
သူ အတော် ကြောက်နေပုံရတယ် ။ အသားတွေတောင် တဆတ်ဆတ် တုန်လို့ ။ ‘ တစ်ပွင့်က တစ်ညှောက် ၊ တစ်ယောက်က တစ်ရာ ’ ဆိုသလို ရှင်းကာမှ ပိုရှုပ်နေတဲ့ကြား ၊ အိအိဖြိုး အဖြစ်က ‘ ပူစမသိမ်း ၊ ဖြေမငြိမ်းသည် သေကိန်းကြုံရပါတော့မည် ’ ဖြစ်နေ ရှာပြီလား မသိဘူး ။
ဆိုင်ကယ်သံ ကြားရင်ပဲ ပြေးထွက်လာတဲ့ ဒေါ်ခင်သီကြီးကို ကြည့်ပြီး ကျွန်တော်တောင် နည်းနည်း ဖျားသွားသဗျ ။ အိမ်ဝင်တံခါးပေါက်မှာ မီးဝင်းဝင်းတောက်နေတဲ့ မျက်လုံးတွေနဲ့ ခါးကြီး ထောက်လို့ ။
“ မိရွှေဖြိုး ၊ ညည်း လုပ်ပေါက်က အဒေါ် တစ်ယောက်လုံးကိုတောင် လူမထင်ဘူးဆိုတဲ့ အချိုးလား ။ ဒီမယ် ညည်း ဒီလောက်တောင် မွှန်နေရင် ညည်းလင် နောက်သာ အပြီးလိုက်သွား ၊ ငါ့အိမ်ရိပ်ကို တစ်သက်လုံးလာ မနင်းလေနဲ့ ။ သွား အခု ထွက်သွား ”
အိအိဖြိုးက သူ့အဒေါ်ဆီ ပြေးသွားပြီး “ ဒေါ်လေး မိဖြိုး ပြောတာကို နားထောင်ပါဦး ” ဆိုတာ ရှိသေး ။ ‘ ဖြန်း ’ ခနဲ အုပ်ထည့်လိုက်တာဗျာ ။ အိအိဖြိုး ပုံ့ခနဲ ခွေကျသွားတယ် ။ ကျွန်တော့် မျက်လုံးတွေလည်း မီးပွင့်သွားသလိုပဲ ။ တစ်ဆိတ် မလွန်လွန်းဘူးလားဗျာ ။ ဒီပြဿနာနဲ့ ဒီလူတွေ ဒီလောက်တောင်မှ တရားလွန် နိုင်ကြသလား ။ ကျွန်တော် အိအိဖြိုး လဲကျနေတဲ့ နေရာကို ပြေးသွားမိတယ် ။ ကျွန်တော် လိုက်ရှင်းနေမိတဲ့ ပြဿနာတွေ ကြားမှာ သူ သိပ်နစ်နာလွန်းနေပြီ ။ ကျွန်တော့် ရင်တွေလည်း နာကျင်ကိုက်ခဲနေပြီဗျာ ။
“ ခင်ဗျား ရက်စက်လှချေလား ။ ပြဿနာ တစ်ခုကို လူကြီးပီပီ မဖြေရှင်းဘူး ။ ခင်ဗျားမှာ ကြီးမားတာ ဆိုလို့ အသက်အရွယ်ပဲ ရှိတယ် ။ တခြားဘာမှ မရှိတော့ဘူး ဆိုတာ နားလည်လား ”
ဒေါ်ခင်သီကြီး ဆွေ့ဆွေ့ခုန် သွားတယ် ။
“ အံမယ် မင်းကပဲ ပြောရတယ် ရှိသေး ။ ငါ့တူမကိုများ ဟင်းရွက်ကန်စွန်း မှတ်နေသလား ။ မင်းတို့ ဖြစ်ချင်တိုင်း ဖြစ်နေတာကို ငါက အောင်သပြေ ညောင်ရေလောင်း ဖျန်းပေးနေရဦးမှာလား ။ ငါ့တူမ ငါရိုက်တာ ဘာဖြစ်လဲ ။ မင်းက ပိုင်တောင် မပိုင်သေးပါဘူး ။ ဘာလဲ ခုကတည်းက မယားထိလို့ မချိအောင် နာနေတာလား ၊ အံ့သြပါ့ ”
“ ဟား .. ခင်ဗျားကြီး လွန်နေပြီ ။ ကဲ နာတယ်ဗျာ ။ အူနုကို ကျွဲခတ်တာထက် နာတယ် ။ ကဲ ဘာဖြစ် သေးလဲ ”
“ ဘာမှ မဖြစ်ဘူးဟေ့ ။ ငါ့မှာ ညီမက မွေးထားတဲ့ တူမလေးတစ်ယောက် အရင်က ရှိခဲ့ဖူးတယ် ။ အခု မရှိတော့ဘူး ။ ဒါပဲ နောင်လည်း လာမပတ်သက်ကြနဲ့ ။ ဘယ်မျက်နှာမှ မမြင်ချင်ဘူးဟေ့ ။ အခု ထွက်သွားကြ ”
ဝင်းတံခါးရော ၊ အိမ်မကြီးတံခါးပါ ဝုန်းဝုန်းဒိုင်းဒိုင်း ပိတ်ပြီး ဒေါ်ခင်သီကြီး ပျောက်သွားတယ် ။ ဒီမိန်းမကြီး တစ်နေရာ ကနေ ချောင်းကြည့် နေလိမ့်မယ် ဆိုတာ လောင်းရဲတယ်ဗျာ ။ ကိုင်း ကျွန်တော် ဘာဆက်လုပ်ရမလဲ ။ ဘာများရော တတ်နိုင်သေးလဲ ။
ပြဿနာက အဖြေ မပေါ်ဘဲ ဂိတ်ဆုံးနေပြီ ။ ပျော့ခွေနေတဲ့ အိအိဖြိုး ခန္ဓာကိုယ်လေးကို အသာ ပွေ့ထူလိုက်ရတယ် ။
“ အိဖြိုး ထ ၊ အစ်ကိုတို့အိမ် သွားရအောင် ”
“ အိဖြိုးကို ထားခဲ့ပါ အစ်ကိုရယ် ။ အစ်ကို ဒုက္ခ ရောက်နေပါ့မယ် ။ အိဖြိုး အမေတို့ ရှိတဲ့ ရွာကိုပဲ ပြန်ပါတော့မယ် ”
ကျွန်တော် ရင်နင့်သွားတယ် ။ သူ့စကားက ကျွန်တော့် Heart ကို တည့်တည့်ကြီး ထိသွားတာပေါ့ ။ အင်မတန် ရိုးသားဖြူစင်ပြီး စိတ်သဘောထား နူးညံ့သိမ်မွေ့လှတဲ့ ဒီလို မိန်းကလေးတစ်ယောက်ကို ဒုက္ခ သုက္ခတွေ ကြားထဲမှာ ဘယ်လိုလုပ်ပြီး ဥပေက္ခာပြု ထားခဲ့ရက်နိုင်မလဲဗျာ ။ တကယ်တော့ ကျွန်တော်ဟာ အနီးဆုံးမှာ ရှိတဲ့ လမင်းကြီးကို ကျော်ပြီး အဝေးဆုံးမှာ ရှိတဲ့ ကြယ်တာရာလေးတွေ ဆီ မျှော်ငေးတမ်းတနေမိတဲ့ ငမိုက်သားတစ်ယောက်ပါ ။
••••• ••••• •••••
အိမ်ပြန်ရောက်တော့ ဦးလေး တောင် မနက်စာ စားပြီးနေပြီ ။ ကျွန်တော့် နောက်က မျက်ရည်စက်လက်နဲ့ ကုပ်ကုပ်ကလေး ပါလာတဲ့ အိအိဖြိုး ကို မြင်တော့ သူ ထခုန်တော့မယ့် အတိုင်းပဲ ။
“ ဦးလေး ဆိုင်မဖွင့်ဘူးလား ”
“ ဒီနေ့ မင်းရဲ့ ပြဿနာရှင်းပွဲကြီး အထိမ်းအမှတ်နဲ့ ဆိုင်ပိတ်ထားတယ် ။ ဆေးရုံနဲ့ ရဲစခန်း တစ်နေရာရာ လိုက်သင့်ရင်လည်း လိုက်ရအောင် အသင့် ပြင်ထားရတာပေါ့ ။ မင်း တစ်ခုခု ဖြစ်ရင် မင်းအမေက ငါ့ကို ဆော်မှာ ။ ဘယ့်နှယ် အားလုံး ရှင်းခဲ့ပြီပေါ့ ”
“ ရှင်းပြီပဲ ထားလိုက်ပါတော့ ။ ဟော ဒါ ဦးလေး ပြောတဲ့ ဒေါ်ခင်သီကြီးရဲ့တူမ အိအိဖြိုး ။ တစ်ခါတည်း အပြီး ခေါ်လာခဲ့တာ ။ လာ အိဖြိုး ထိုင် နားလိုက်ဦး ။ အမောပြေတော့ ရေချိုးပြီး ထမင်းစားကြမယ်နော် ”
“ အင်း တစ်ယောက် ပါလာလို့ တော်သေးတာပေါ့ ။ မင်း ရှင်းတဲ့ ပြဿနာကလည်းကွာ တစ်ရပ်ကွက်လုံးကို ပွက်ပွက်ညံနေတာပဲ ။ တကယ် ဟုတ်နေရဲ့သားနဲ့များ လူအပင်ပန်းခံ ၊ ဆိုင်ကယ်ဆီ ကုန်ခံပြီး လိုက်ရှင်းရတယ်လို့ ။ ကလေးမလေး ဣန္ဒြေပျက်အောင် ”
“ မပြောပါနဲ့တော့ ဦးလေးရာ ၊ ကောလာဟလတွေ အတင်းအဖျင်းတွေ ဆိုတာ တော်တော်တော့ ထူးဆန်းတာ အမှန်ပဲ ”
ဟုတ်တယ်လေ ။ ပြဿနာ အစကနေ ပြန်တွက်ကြည့်ရင် နှစ်ဆယ့်လေးနာရီတောင် မပြည့်သေးဘူးဗျာ ။ ဒီလောက် တိုတောင်းလှတဲ့ အချိန်ပိုင်းကလေး အတွင်းမှာ ဖြူထွေး နဲ့ ကျွန်တော် အဆက်ပြတ်သွားပြီ ။ အကျိုးတော်ဆောင် ကျေးဇူးရှင်မလေးအိအိဖြိုးကို အိမ်ပေါ် ခေါ်တင်ခဲ့ရပြီ ။ ဘာပဲဖြစ်ဖြစ် အိအိဖြိုး ကိုပဲ ကျွန်တော် ဆက်ချစ်နိုင်အောင်ကြိုးစားတာ အကောင်းဆုံးပဲ မဟုတ်ပါလား ။
▢ ဖူးသစ်မော်
📖 ရွှေအမြုတေ
၂၀၁၁ ၊ ဧပြီ

No comments:
Post a Comment