❝ ရှိခိုးဦးချ ကန်တော့လိုက်ပါရဲ့ ❞
( စမ်းစမ်းနွဲ့ - သာယာဝတီ )
ရိပ်ခနဲ ရိပ်ခနဲ ပြောင်းလဲကျန်ရစ်သော ရှုခင်းတွေကို ကြည့်ရင်း ငြီးငွေ့လာသည် ။ အတူပါလာသော ခရီးဖော်များကို ခုမှ သတိရ၏ ။ ကားပြတင်းမှ အကြည့်ကို သိမ်းရုပ်ကာ မျက်နှာကို တစ်ဖက်သို့ ငဲ့လိုက်သည် ။ ဆရာ ဖုန်းသက်ဝေသည် ကားကူရှင်နောက်မှီတွင် ခေါင်းတင်ကာ မျက်လွှာများကို မှေးမှိတ်ရင်း တစ်စုံတစ်ခုကို တိုးတိုးဖွဖွ ရွတ်ဆိုလိုက်ပါ၏ ။ နှုတ်ခမ်းအဖွင့်အပိတ်ကို တစ်ဖြုတ်မျှ အကဲခတ်ခြင်းအားဖြင့် ဓာရဏပရိတ် ဖြစ်မည်ဟု စုစုထား သိလိုက်သည် ။ ကြားရသည့် သတင်းတွေ ဟုတ်ပုံပါပဲ ။ အသက်အရွယ်နှင့် အတွေ့အကြုံများအရ ဆရာ ဖုန်းသက်ဝေ ကား များစွာ ပြောင်းလဲလျက် ရှိချေပြီ ။ မာန်မာနတရားတို့ကိုလည်း ကာလအတော်ကြာကြာက ခါချစွန့်ပစ်ထားခဲ့ပုံရသည် ။ သိမ်မွေ့ချမ်းငြိမ်းသော အသွင်အလျာနှင့် အသားတကျ ရှိနေပြီဖြစ်သော ဆရာ့ လှုပ်ရှားမှုဟန်ပန်တွေကို အံ့သြဖွယ် ကောင်းလောက်အောင် မြင်တွေ့နေရသည် ။ ဟိုစဉ်တုန်းက ထူးခြားပြောင်မြောက်သော ဆရာ့ဝတ္ထုရေးဟန်တွေ ၊ ပြတ်သားရဲရင့်သော ဘဝအဘိဓမ္မာတွေကို တစိမ့်စိမ့် သတိရလာ၏ ။ ခြုံ၍ ပြောရလျှင် ပျိုရွယ်စဉ်ကာလက ဆရာ ရေးခဲ့သောဝတ္ထုများမှာ ရုပ်ဝါဒဘက်သို့ တိမ်းညွတ်သည် ။ လျှမ်းလျှမ်းတောက် ကျော်ကြားခဲ့သော ကာလမှာ ဆရာ ဖုန်းသက်ဝေသည် အစွန်းရောက် လောကအမြင်များကိုပင် အတိအလင်း ကြွေးကြော်ခဲ့သူ ဖြစ်လေသည် ။
“ မွေးခြင်းမှတ်တိုင်နဲ့ သေခြင်းမှတ်တိုင်ကြားက ကာလ ကိုပဲ ကျုပ် ယုံတယ် ” ဟု ဆရာ့ဝတ္ထုဇာတ်လိုက်များ ပြောလေ့ပြောထ ရှိခဲ့သော ပရိသတ်ကြိုက် စကားလုံးတစ်လုံးကို ဖျတ်ခနဲ သတိရသည် ။
ခုတော့ ဆရာသည် “ ကံတရား ” ကို သက်ဝင်လျက် ရှိပြီ ဖြစ်ကြောင်း မုချ တွေ့နေရလေသည် ။
ပရိသတ် အသိန်းအသောင်း၏ ဦးနှောက်နှင့် နှလုံးသားကို ဆရာ ကိုင်လှုပ်ခြယ်လှယ်ခဲ့သော လွန်ခဲ့သော ဆယ်စုနှစ်ကျော် ကာလများတုန်းက စုစုထား လည်း ဆရာ့စာများ၏ သြဇာခံ ဆယ်ကျော်သက် စာရူးပေရူးမကလေး ဖြစ်ခဲ့သည် ။ ကျောင်းမုန့်ဖိုးကို စု၍ အစာငတ်ခံကာ ဆရာ့ဝတ္ထုတွေ ထွက်သမျှ မလွတ်တမ်း ဝယ်ဖတ်ခဲ့သူ ၊ ဆရာ့ဝတ္ထု ဇာတ်ကောင်များ ၏ “ စကားပြော ” များကို သဘောကျ နှလုံးတွေ့လွန်းသဖြင့် မင်နီတွေ ရဲနေအောင်သားပြီး အလွတ်ကျက်မှတ်သားလာခဲ့သူ ။
လောကဝတ် ၊ ဓမ္မဝတ် စကားအဖြစ် အထင်အမြင်လျော့ပါး မခံနိုင်၍သာ ဆရာ့ကို ဖွင့်ဟဝန်ခံဖို့ မရည်စူးမိခဲ့ ။ သို့သော် အရှိန်အဟုန်ကြီးမားစွာ လွှမ်းမိုးခဲ့သော ဆရာ့ဝတ္ထု အာနိသင်တွေကို စုစုထား သတိမရဘဲ မနေနိုင် ။
ယနေ့ အတန်အသင့် နာမည်ရနေသော စုစုထားတို့ မဆို ထားဘိ ထိပ်တန်း အရောင်းရ တွင်ကျယ်သော အများကြိုက် ဝတ္ထုရေးဆရာများပင် ဆရာခေတ်ကောင်းခဲ့ပုံ ၊ ဆရာကျော်ကြားခဲ့ပုံ ၊ ဆရာ့သြဇာကြီးမားခဲ့ပုံတွေနှင့် နှိုင်းယှဉ်လျှင် လှေယာဉ်နှင့် ရက်ကန်းလွန်းနှယ် အတိုင်းအဆပမာဏ ကွာခြား လွန်းလှပါသေးသည် ။
ဒါတွေ ပြန်ပြောပြလျှင် ဆရာသည် တောက်ပရွှန်းမြခဲ့သော အတိတ်ကို ပြန်လည်ညွှတ်နူးကာ ပီတိဖြစ်လေမည်လား ။ သူ့စာဖတ်ပရိသတ် မိန်းကလေးတစ်ဦးက ယနေ့ အတန်အသင့် အောင်မြင်သော စာရေးဆရာဖြစ်နေသည့်အတွက် ကျေနပ်အားရနေမည်လား ။
ပြီးတော့ အနည်းဆုံး လမ်းခရီးမှာ စကားဝိုင်း စိုပြည်မှု ရသွားနိုင်သည် ။ ဒီခရီးစဉ်မှာ စုစုထား လည်း ကြောင်စီစီ ယောင်နန ဖြစ်ချင်၏ ။ စာပေဟောပြောပွဲအဖွဲ့တို့ ထုံးစံ ၊ ရင်းနှီးသူချင်း စုစည်းထွက်လာကြသောအဖွဲ့မျိုး မဟုတ်ချေ ။ နယ်က သူနှစ်သက်ရာ ရွေးချယ်၍ ဖိတ်ခေါ်ခြင်းခံရသူများ စုစည်း ခရီးထွက်လာသည့်သဘောသာ ဖြစ်သည် ။
‘ ဧရာအရှေ့’ ဟီးနိုးအမြန်ကား၏ ဟိုးရှေ့ဆုံး ခုံနံပါတ်မှာ သင်းကွဲရောက်နေသော ဆရာ ကိုလင်းပြာ သာလျှင် ခေတ်ပြိုင် ဝတ္ထုရေးသူတစ်ဦးအဖြစ် စုစုထား နှင့် မေးထူးခေါ်ပြောရှိခဲ့ဖူးသည် ။ ဆရာ ဖုန်းသက်ဝေကတော့ သိကြသည့်အတိုင်း စုစုထား ထက် တစ်ခေတ်ကျော်မျှ စောခဲ့သူ ။ ခုမှပင် နီးနီးကပ်ကပ် တွေ့ဖူးမြင်ဖူးရခြင်း ဖြစ်သည် ။
ကားထွက်စက ရှေ့ဆုံးတန်းမှ ဆရာ ကိုလင်းပြာ သည် စုစုထား တို့ ရှိရာ လျှောက်လာပြီး ပဋိသန္ဓာရစကား ပြောသေးသည် ။
“ မစုစုထား ပျင်းနေပြီလား ။ နယူး ကန်ဘိုင်နေးရှင်းပေါ့ ဗျာ ။ ခရီးတစ်လျှောက်လုံး လိုတဲ့ အကူအညီရှိရင် ကျွန်တော့်ကို အားမနာတမ်းပြောပါ ”
ဟုတ်ကဲ့ရှင့် ဟု ပြုံးရွှင်စွာ ခေါင်းညိတ်ပြလိုက်သည် ။ တကယ်တော့ များစွာ အကူအညီလည်း မလိုလှပါ ။ တစ်ယောက်နှင့်တစ်ယောက် ဟောပြောပွဲ စင်မြင့်ပေါ်မှာ သိပ်ပြီး အချိတ်အဆက် မကွာဟဖို့ဘဲ လိုပါတယ် ။ ကိုယ့်တာဝန်ကိုယ် ထမ်းဆောင်ကြရသောကိစ္စသာ ဖြစ်၍ မိမိကိုယ်ကို မိမိတာဝန် ယူဖို့ပဲ ရှိမည်ထင်သည် ။ စာရေးဆရာ ဆိုသည်မှာ စာရေးရာ တွင် ဖြစ်စေ ၊ ဟောပြောရာမှာပင် ဖြစ်စေ မိမိ၏ သမိုင်းကို မိမိ ရေးနေကြခြင်းသာ ဖြစ်လေသည် ။
ခရီးသွားရာမှာလည်း အတူတူပါပဲ ။ ပုဂ္ဂိုလ်ရေး ရင်းနှီးမှု ရှိလျှင် ရှိသည့်အလျောက် စကားပြောဖြစ်မည်ပင် ။
ဒီခရီးမှာ ဆရာ ဖုန်းသက်ဝေ နှင့် စုစုထား က ခုံတန်းတစ်ခုတွင် နေရာရသည် ။ ခုံချင်းကပ် ထိုင်လာသူ ခရီးသွားဖော်ချင်း အနေနှင့် နည်းနည်းပါးပါး စကားပြောသင့်သည်ကို သိ၏ ။ သို့သော် ဘာပြောရမည်လဲ ။
စောစောက တွေးမိသလို ငယ်ငယ်တုန်းက ဆရာ့ဝတ္ထုတွေ မလွတ်တမ်း ဝယ်ဖတ်ခဲ့တာတွေ ၊ ဆရာ့ အဆိုအမိန့်တွေကို မင်နီသားပြီး အလွတ်ကျက်ခဲ့တာတွေလည်း မပြောချင် ။
ပြောချင်သည်က ... ။
••••• ••••• •••••
“ ဒီတစ်ခါ မင်း ဘာပြောမှာလဲ ”
ဟောပြောပွဲ ထွက်ခါနီးတိုင်း မေးနေကျ မေးခွန်းကို ခင်ပွန်းသည်က မေးခဲ့လေသည် ။ ခါတိုင်းဆိုလျှ င်...
“ အို ... ဘယ်ပြောနိုင်မလဲ ကိုရဲ့ ။ ဟိုမှာ ဘယ်လို ပရိသတ်မျိုးနဲ့ ရင်ဆိုင်ရမှန်းမှ မသိတာ ။ ဟိုရောက်မှ အဆင်ပြေသလို ကြည့်ကျက် ပြောရဆိုရမှာပေါ့ ”
မရေရာသော အဖြေကို ပြီးစလွယ် ဖြေခဲ့မြဲ ဖြစ်သည် ။ ဟုတ်သည် ။ စာပေဟောပြောပွဲတို့၏ “ အထာ ” ကို နားမလည်မီကတော့ ပြောဖို့ ဟောဖို့ အကြောင်းအရာကို ပြင်ဆင်ထားလေ့ရှိသည် ။ အကြောင်းအရာ မထပ်ရေး ၊ ဦးတည်ချက် ပီပြင်ရေး စသည်ဖြင့် ခေါင်းခြောက်အောင် အပင်ပန်းခံခဲ့သည် ။ သို့သော် တကယ့်တကယ် ပရိသတ်နှင့် ရင်ဆိုင်ရတော့ ပြောသည့် အကြောင်းအရာနှင့် ပရိသတ် အံဝင်ခွင်ကျ ဖြစ်ချင်မှ ဖြစ်တတ်လေသည် ။ ပေါ့ပေါ့ပါးပါး ရယ်ချင်မောချင်သော ပရိသတ်ကို စာပေအတွေးအခေါ်တွေ ပြောမိလျှင် စင်ပေါ်က ဘယ်လို ပြန်ဆင်းမှန်း မသိတော့အောင် “ ကြောင် ” ရတတ်သည် ။ စာပေခံယူချက် အပြည့်ဖြင့် အလေးအနက် ဖိတ်ကြားတတ်သော ပွဲမျိုးမှာ ပေါ့ရွှတ်ရွှတ် ပြောမိလျှင်လည်း အရိုအသေ လျော့ပါး နိုင်သည် ။
အတွေ့အကြုံ များလာတော့ ပရိသတ်အများလည်း စိတ်ဝင်စားအောင် ၊ စာပေခံယူချက်ကိုလည်း အထိပါးမခံရအောင် သွက်သွက်လက်လက်ရှိမည့် အကြောင်းအရာကလေးတွေ စုဆောင်းထားရသည် ။ အကဲမရသော ပရိသတ်နှင့် ဆုံလျှင် သွက်သွက်လက်လက် ပေါ့ပေါ့ပါးပါးကလေးတွေ ခပ်များများ ကြားညှပ်ပေးရလေသည် ။ သို့ကြောင့် ဟောပြောချက်တွေမှာ အဖန်တလဲလဲ ထပ်ချင်လျှင်လည်း ထပ်စေတော့ ။ မီးစင် ကြည့်က,တတ်သော အကျင့်ဖြင့် စုစုထား အသားကျခဲ့သည်မှာ ကြာပြီ ။
ဒီတစ်ခါတော့ ခင်ပွန်းသည် မေးသည့် မေးခွန်းမှာ ခါတိုင်းနှင့် မတူဟု စုစုထား သိလိုက်သည် ။ ထို့ကြောင့် ခါတိုင်းလို မရေမရာ အဖြေမပေးတော့ဘဲ ခဏ စဉ်းစားနေ လိုက်သည် ။
“ ဘာပဲပြောပြော မင်းပြောရင် ဝတ္ထုတွေရဲ့ သြဇာ အကြောင်းက ပါဦးမှာပဲ မဟုတ်လား ”
ဒီမေးခွန်းကိုတော့ စဉ်းစားနေစရာ မလိုပါ ။ အလွယ်တကူ ခေါင်းညိတ်ရသည် ။
“ အေးလေ ၊ ဆရာ ဦးဖုန်းသက်ဝေ ပါနေတယ် ။ မင်းက စကားများများပြောရင် ‘ လွတ် ’ ချင်တတ်လို့ သတိပေးတာ ။ ဝတ္ထုတွေကို ဥပမာပေးတဲ့ နေရာ ၊ ကောက်ချက်ဆွဲပြတဲ့ နေရာတွေမှာ ပုဂ္ဂလဓိဋ္ဌာန် မပါစေနဲ့ ။ ဓမ္မဓိဋ္ဌာန်ကျကျ ပြောပါကွာ ။ အတူတူ ခရီးသွားကြတဲ့အခါ လူကြီးစိတ် ကသိကအောက်ဖြစ်အောင် ဘာမှ မလုပ်ပါနဲ့ ”
ဒါမျိုးတော့ ဘယ်အခါမှ မဖြစ်စေရပါဘူးဟု စုစုထား က မိမိဘာသာ ခိုင်လုံနေသည် ။
သို့သော် စကားများများ ပြောလျှင် လွတ်ချင်တယ်ဟု ခင်ပွန်းသည်က စိတ်မချမြဲ ရှိလေသည် ။ ရင်းနှီးသော ဆရာကြီးအချို့ကလည်း ဟောပြောပွဲပြောရင် သိပ်ပြီး စိတ်လိုက်မာန်ပါ မဖြစ်စေနဲ့ဟု သတိပေးကြဖူးသည် ။
“ ဟဲ့ မိစုထားရဲ့ ၊ ညည်းကလည်း ဝတ္ထုရေးနေတဲ့လူ ၊ ခေတ်ပြိုင်စာပေလောကကို သိပ်မဝေဖန်နဲ့ဟ ။ စေတနာကို အထင်လွဲကုန်ရင် မကောင်းဘူး ။ ညည်း ပြောချင်တာရှိရင် ငါတို့ပြော ၊ ငါတို့ ပြောပေးမယ် ။ ငါတို့ ပြောရမယ့် စကားတွေကို ညည်း ဝင်မပြောနဲ့ ။ ဝတ္ထုရေးဆရာဆိုတာ လူချစ်အောင် မနေချင်ဘူး ဆိုရင်တောင် အမုန်းမခံချင်ပါနဲ့ဟာ ။ အမုန်းခံလက်စနဲ့ တို့ဝေဖန်သူတွေ ခံစမ်းပါရစေ ”
ဝတ္ထုရေးဆရာဆိုတာ အမုန်းမခံရဘူး ဆိုပါလားဟု အဲဒီတော့မှ စုစုထား နားလည်ရသည် ။ ထို့ထက် ‘ စေတနာကို အထင်လွဲနိုင်တယ် ’ ဆိုသော သတိစကားကို ပိုပြီးသတိထား မိလေသည် ။ ထိုအချိန်ကစပြီး စုစုထားသည် မတော်တရော် တွေ့လျှင် ‘ ထောက် ’ ချင်သော ၊ ထေ့ချင် သရော်ချင်သော သတင်းထောက်စိတ်ကို အတတ်နိုင်ဆုံး ချိုးနှိမ်ခဲ့ပါ၏ ။
သို့သော် ဆရာကြီးတွေ ပြောသလို လူချစ်အောင်တော့ သိပ်ပြီး ကြိုးစားဖို့ မလိုဟု ယူဆမြဲရှိသည် ။ စာရေးဆရာ ဆိုသည်မှာ အခြားသော အနုပညာသည်များနှင့် မတူ ။ ဖျော်ဖြေရုံသက်သက် မဟုတ် ။ စိတ်ဓာတ်အရ ၊ အတွေးအခေါ်အရ ထူးခြားမှု ရှိသင့်သည် ထင်၏ ။ အမှန်တရားကို မြတ်နိုးသည့် ပဋိသန္ဓေစိတ် မုချ ရှိလာရမည် ။ ဒီ့အတွက်နှင့်ပင် လူတိုင်း သည် မိတ်ဆွေ ဖြစ်နိုင်မည် မထင် ။ ရန်သူ ဆိုတာလည်း မလွဲမသွေ ရှိရမည် ။
မုန်းသူ မရှိအောင် ၊ အများ ချစ်အောင် ဥဿာဟ ပြုမည်ဆိုလျှင် အဲဒီအလုပ်မျိုးလောက် ပေါတောတော ကြောင်တောင်တောင် နိုင်တာမျိုး ရှိမည် မဟုတ်ဟု စုစုထား က ခပ်ရွှန်းရွှန်း တွေးနေမိသည် ။
ဘာပဲပြောပြော ရေးရာမှာ ဖြစ်စေ ၊ ပြောရာမှာ ဖြစ်စေ တရားမျှတစွာ ရှုမြင်ဆင်ခြင်နိုင်ဖို့ပဲ လိုမည်ထင်ပါသည် ။
ဒီတော့ ဘယ်နေရာမှာ ဖြစ်စေ ၊ ဘယ်အခါမှာ ဖြစ်စေ စာရေးခြင်း ၊ ဟောပြောခြင်း ၊ ဆွေးနွေးခြင်း ကိစ္စရပ်များ အတွက် စုစုထား ပင်ပန်းလိမ့်မည် မဟုတ် ။
ဟုတ်ကဲ့ပါ ကိုရယ် ဟု ခင်ပွန်းသည် စိတ်ချအောင် နှုတ် ကတိပေးခဲ့သည် ။
သို့သော် ပြောတော့ ပြောရဦးမည် ။
••••• ••••• •••••
ဝတ္ထုများ၏ ကောင်းသော အာနိသင် ၊ ဆိုးသော အာနိသင် ကို ပေါ်တင်ကြီး ခွဲပြောပြ၍ မသင့်ဟု ခံယူပြီးဖြစ်သည် ။
စာဖတ်တတ်စ အရွယ်က စ၍ ဖတ်ခဲ့သော စုန်း ၊ ကဝေ ၊ တစ္ဆေသရဲ ဝတ္ထုများကြောင့် ကြောက်စိတ် လွှမ်းကဲခဲ့ရပုံတွေ စ,ပြောသည် ။ လျှို့ဝှက်နှင့် စုံထောက်ဝတ္ထုတွေကြောင့် အတွေးအခေါ် ထက်သန်ခဲ့ပုံတွေ ၊ အတွေး ‘ ခေါင် ’ ခဲ့ ‘ ကြောင် ’ ခဲ့ပုံတွေ ဆက်ပြောတော့ ပရိသတ်ကို ဆုပ်ဖမ်း၍ ရပြီ ။
ဆယ်ကျော်သက်အရွယ် ရောက်ပြန်တော့ ထုံးစံအတိုင်း ရင်ကလေး မခုန့်တခုန် ရှိလာတဲ့အခါ အဖုံး လှလှ ၊ စကားလုံး လှလှနဲ့ အချစ်ဝတ္ထုကလေးတွေကို ငြိတွယ်မိပြန်ပါတယ် ။ ဝတ္ထုတွေထဲက ဇာတ်လိုက်ကောင်မလေးတွေ နေရာမှာ ကိုယ်ချည်း ရောက်ရောက်နေတော့တယ် ။ ဝတ္ထုဇာတ်လမ်း အကျဉ်းကလေး တစ်ခုတလေ ပြောရင်း ဖတ်သူ ကိုယ်တိုင် ဝတ္ထုထဲ ရောက်သွားတတ်သည့်အကြောင်း ကာလပေါ် လူငယ်စကားလုံးများ သုံးနှုန်း၍ ပြောတော့ ပရိသတ်ကို ကိုင်လှုပ်၍ ရလာလေသည် ။
ဒီ့နောက်တော့ စာဖတ်သူ လူငယ်တွေ အစွဲငြိဆုံး ဝတ္ထု အမျိုးအစား ။ ထိုဝတ္ထုတွေထဲက ဇာတ်ကောင်စရိုက်တွေ ၊ အဆို အမိန့်တွေ၏ ဩဇာကြောင့် လူငယ်များ စိတ်ဓာတ်ပြောင်းလဲမှု ဖြစ်ရပုံ ။
ဒီနေရာမှာ မိမိ၏ ခံစားမှု ၊ မိမိ၏ အတွေ့အကြုံကို မပြော၍ မဖြစ်တော့ပြီ ။ ‘ အရက်သာ သစ္စာရှိသည် ’ ဆိုသည့် စကားလုံး တစ်လုံး၏ ဩဇာကြောင့် ယနေ့ ယစ်ထုတ်ကြီးဘဝဖြင့် ဘဝပျက် နေကြသော ငယ်စဉ်က စာဖတ်ဖော် ဝါသနာတူ သူငယ်ချင်းများအကြောင်း ။
“ တက္ကသိုလ်က ဘီအေဘွဲ့ဆိုတာ အလကား ။ ကျောင်းသင် ပညာဟာ ကြက်တူရွေး စကားသင်သလောက် အဓိပ္ပာယ် ရှိတယ် ။ လမ်းဘေးပလက်ဖောင်းပေါ်မှာ လောကဓံကို ရင်ဆိုင်ရုန်းကန်နိုင်မှ အနှစ်သာရရှိတဲ့ဘဝဖြစ်တယ် ။ ဂေါ်ကီ ဟာ ဘွဲ့မရပါဘူး ။ တက္ကသိုလ်ဘွဲ့ထက် လမ်းဘေးဘဝတက္ကသိုလ်က တုံးပေကတ်သတ် ဒီဂရီကို တန်ဖိုးထားတယ် ”
ဒီစကားလုံးတွေ အလွတ်ကျက်ပြီး စာသင်ခန်းမှ စွန့်ခွာသွားသည့် ကျောင်းနေဖက် သူငယ်ချင်းတွေ အကြောင်း ။
မိန်းမပျက်မကလေး တစ်ယောက်ကို သစ္စာရှင်မလေး ဟု အမွှမ်းတင် ရေးဖွဲ့ထားသော ဝတ္ထုတစ်ပုဒ်ကြောင့် မိမိကိုယ်ကို ကယ်တင်ရှင် လူစွမ်းကောင်း ဟု ယုံမှတ်ကာ မိန်းမပျက်တွေနှင့် လက်ထပ်ပြီး အိမ်ထောင်ရေးလည်း ပြိုကွဲ ၊ ဘဝလည်း ပျက် ကုန်ကြသော စာပေဝါသနာရှင် မိတ်ဆွေများ အကြောင်း ။
နောက်သို့ လုံးဝ လှည့်မကြည့်စတမ်း ပြောဟောလိုက်ပြီး မိန်းကလေးတို့၏ ဂုဏ်အင်္ဂါနှင့် လူသားတို့၏ ဇွဲသတ္တိကို ဖော်ကျူးသော ဝတ္ထုတွေကို ဆက်ပြောပြသည် ။
“ အကျဉ်းအကျပ်ကျတဲ့အခါမှာ တစ်ပွဲတိုး ဖြတ်လမ်းနည်းနဲ့ ထွက်ပေါက်ရှာတတ်တဲ့ နည်းလမ်းကို မညွှန်ပြမိဖို့ ကျွန်မ အမြဲသတိထားပါတယ် ။ စိတ်ရှည်ရှည် ၊ ဇွဲ ၊ ဝီရိယနဲ့ ရုန်းကန် ဖြေရှင်းရင် ဘယ်လို အကျပ်အတည်းမျိုးကပဲ ဖြစ်ဖြစ် လွတ်လမ်းရှိတယ်ဆိုတာ ကျွန်မ ယုံကြည်လို့ပါပဲ ။ အဲဒီ ယုံကြည် စိတ်ကို ဖွံ့ဖြိုးစေခဲ့တဲ့ဝတ္ထုတွေကတော့ ခုန တင်ပြခဲ့တဲ့ ဂျာနယ် ကျော်မမလေးရဲ့ ‘ သူမ ’ တို့ ၊ ‘ စိတ် ’ တို့ ၊ ‘ ရော်ဘင်ဆင် ခရူးဆိုး ’ တို့ ၊ ‘ ကောင့်အော့ဖ် မွန်တီခရစ်စတို ’ တို့ စတဲ့ ဝတ္ထုတွေပါပဲ ။ ကျွန်မ ဖြတ်သန်းခဲ့ရတဲ့ ဘဝခယောင်းလမ်းမှာလည်း အဲသလို ဇွဲမာန်တင်းပြီး ရင်ဆိုင်ခဲ့ရတာမျိုး ရှိခဲ့ပါတယ် ။ ဒါကြောင့် အတွေ့အကြုံနဲ့ အသိအမြင်အရ ကျွန်မ ဝတ္ထုတွေ ရေးတဲ့အခါမှာ စကားလွန် ၊ တရားကျွံ မဖြစ်ဖို့ ဆင်ခြင်ပါတယ် ။ သို့သော်လည်း ရင့်ကျက်မှု ပါးလျားတဲ့ အသက်အရွယ်မှာ တစ်စုံတစ်ရာ အမှားအယွင်း အကျအပေါက် ပါဝင်သွားမယ် ဆိုရင် ခရီး မလွန်ခင် အချိန်မီ အားမနာစတမ်း ဝေဖန်ဆုံးမပါ ၊ ထောက်ပြ ကြပါလို့ မေတ္တာရပ်ခံရင်း ... ”
နိဂုံးစကားကို ပြောပြီးတော့ ရင်ထဲမှာ ပေါ့သွားသလို ခံစားရသည် ။
စင်မြင့်ပေါ်ရှိ မိမိ နေရာသို့ ပြန်လျှောက်လာတော့ ဆရာ ဖုန်းသက်ဝေက လိမ္မော်ရည်ပုလင်းကို ဆီး၍ ကမ်းလေသည် ။
“ ကျေးဇူးတင်ပါတယ် ထားထားစု ”
သူသည် စုစုထား နာမည်ကိုပင် ကောင်းစွာ မကျက်မိ ။ ခေတ်နှင့် အတော်ကြီး အဆက်ပြတ်နေပြီဖြစ်သော ဆရာ့ကို အားနာစွာ ပြန်ကြည့်နေမိသည် ။
“ မင်း ပြောသွားတဲ့ ကိစ္စအားလုံးဟာ ဆရာ့ လက်ချက်ပါ ။ ဝန်ခံပါတယ် ။ ဆရာလည်း ရင်းနှီးတဲ့ အပေါင်းအသင်းတချို့ နဲ့ ဒီကိစ္စတွေ မကြာခဏ ပြောနေမိပါတယ် ။ ထားထားစု ရေ ၊ ဆရာတို့ကတော့ စာမရေးဖြစ်တာလည်း ကြာပြီ ။ ဟောပြောပွဲ ဆိုတာလည်း အင်မတန် လိုက်ခဲပါတယ် ။ စာပေလောကနဲ့ အဆက်အသွယ် ပြတ်သလောက် ဆိုပါတော့ကွယ် ။ ဆရာ မင်းတို့ အရွယ်က မှားခဲ့တဲ့ အမှားကို မင်းတို့ ခုအရွယ်မှာ မြင်တယ်ဆိုတာ ဝမ်းသာစရာပဲ ။ မင်း ပြောသွားတာတွေ ဆရာ လက်ခံပါတယ် ။ ပြီးတော့ မင်းကိုယ်မင်း ဆင်ခြင်တဲ့အကြောင်း ကလေးတွေ ပြောတာ ဆရာ ယုံပါတယ် ။ ဆက်ပြီး ထိန်းသိမ်းသွားနိုင်ပါစေကွယ် ”
ကျေးဇူးတင်ပါတယ် ဆရာ ဟု လှိုက်လှိုက်လှဲလှဲ ပြောရင်း ဘာကြောင့်မှန်းမသိ မျက်ရည်လည်လာသည် ။
ဆရာ၏ ဖြူရော်စပြုသော မျက်ခုံးမွေးများနှင့် ဆန့်ကျင်ဘက် မျက်လုံးတောက်တောက်များ ပြိုးပြက်လာသည်ကို သတိထားမိ၏ ။
“ နောက် ထားထားစု အခွင့်ကြုံတဲ့အခါ စာပေဟောပြောပွဲတွေ ဆရာ့ကို ခေါ်ပါ ။ အဲဒီ အကြောင်းတွေ ပရိသတ်ရှေ့မှာ ဆရာ ဝန်ခံချင်လွန်းလို့ ၊ လူငယ်တွေကို ထပ်မမှားရအောင် သတိပေးချင်လွန်းလို့ပါ ။ ပြီးတော့ ဆရာ ဒီအကြောင်း ဆောင်းပါးတစ်ပုဒ် ရေးဦးမယ် ။ ရေးဖို့ တာဝန် ရှိကိုရှိတယ် ။ သမီး ကျေနပ်မယ် မဟုတ်လားဟင် ”
“ ဟာ .. ဆရာ့ကို မကျေနပ်လို့ မဟုတ်ပါဘူး ဆရာရယ် ” ဟု ပျာပျာသလဲ ဖြေရှင်းရင်း မျက်ရည်တစ်ပေါက်နှစ်ပေါက် ကျလာသည်ကို တားဆီး မရတော့ ။
ဟောပြောပွဲ အစီအစဉ် ပြီး၍ ပရိသတ် ရုတ်ရုတ်သဲသဲ ပြန်စမှာ စင်ပေါ်က မဆင်းရမီပင် ကြမ်းပေါ်ထိုင်ချပြီး ဆရာ့ကို ဦးချကန်တော့မိသည် ။ ဝန်ခံရဲသောသတ္တိနှင့် တာဝန်သိသော ဂုဏ်သိက္ခာတရားတို့ အတွက် ဆရာသည် ရှိခိုးဦးချ ကန်တော့ထိုက်သူ တစ်ဦး ဖြစ်နေပြီ မဟုတ်ပါလား ။
အနားသို့ ရောက်လာသော ဟောပြောပွဲ ကျင်းပရေး ကော်မတီဝင် လူကြီးများက ကြောင်တက်တက် ကြည့်နေကြသည် ။
ဆရာ ကိုလင်းပြာ က ရယ်ရွှန်းဖတ်ရွှန်းဖြင့် ...
“ ဘုန်းကြီးခေါင်း ခေါက်ပြီးလို့ ကန်တော့နေတာဗျို့ ”
“ အို .. မဟုတ်ပါဘူး ” ဟု ရုတ်ခြည်း ငြင်းဆိုလိုက်ပြီး ဆရာ ဖုန်းသက်ဝေကို လေးလေးစားစား ကြည့်ကာ -
“ စုစုထား ဟာ ပြောပြီးသား စကားအတွက် နောင်တမရပါဘူး ။ ဆရာ နားလည်မှာပါနော် ။ တကယ့်ကို ရိုသေလို့ပါ ။ တကယ့်ကို ရှိခိုးဦးချ ကန်တော့နေတာပါ ဆရာ ”
စာရေးကောင်းသလောက် စကားကို ဖွယ်ဖွယ်ရာရာ ပြောတတ်လေ့ရှိဟန် မတူသော ဆရာသည် ကြည်စင်ဝင်းပစွာ ပြုံးလျက် ရှိလေ၏ ။
▢ စမ်းစမ်းနွဲ့ ( သာယာဝတီ )
📖ပေဖူးလွှာ မဂ္ဂဇင်း
အောက်တိုဘာ ၊ ၁၉၈၃
📖ရွှေအမြုတေ ရုပ်စုံမဂ္ဂဇင်း
မေ ၊ ၂၀၁၆

No comments:
Post a Comment