❝ မိန်းမ - မလိုချင်သူ ❞
( ပီမိုးနင်း )
“ ဪ .... ငါ့သား ငါ့သား ၊ ဘယ်တော့များ အရူး ရပ်မယ် မသိဘူး ။ မိန်းမယူမှ အရူးရပ်တော့မယ် ထင်ပါရဲ့ ။ ယူပါတော့လား သားရယ် ”
ဟု ပြောဆိုကာ ဒေါ်မေ သည် ဘကွန်း၏ လှပသောနဖူးထက်၌ ခွေ၍နေသော ဆံနွယ်တို့ကို ကိုင်၍လှန်ရင်း ပြောလေ၏ ။
“ မမကလည်း အလကား ဒီစကားကိုချည်း လာလာပြီး ပြောနေတယ် ။ အေးအေး နေပါရစေ ။ အခုတော့ မမပိုင်တဲ့သား မမရဲ့ ။ မိန်းမရတော့ မယားပိုင်တဲ့သား ဖြစ်မှာပေါ့ ။ မမ ပြောတာဆိုတာ ဘာသာခံမယ် ။ မယား ပြောတာကို မခံချင်ဘူး ။ အခုတောင် သူငယ်ချင်းတွေနဲ့ အလည်အပတ် သွားတဲ့အခါ ကျွန်တော်က အိမ်ကို ပြန်ချင်ပြီ ဆိုမှဖြင့် အိမ်မှာ မျှော်နေမယ့်သူ ရှိလို့လား ၊ ဘာလား ညာလားနဲ့ ပြောကြတယ် ။ မိန်းမရှိရင် ကျွန်တော် လည်ချင်သလို လည်ရတော့မှာ မဟုတ်ဘူး ။ မမ မမသားကို သနားရင် ဒီစကားကို မပြောပါနဲ့ ”
“ ဘာပြုလို့လဲ သားရယ် ။ မိန်းမ ရှိတော့ တည်တာပေါ့ ။ တစ်နေ့ကျရင် ယူမှာပဲ ။ သည်တော့ စောစောက ယူတာပဲ ကောင်းတယ် မဟုတ်လား ”
“ မလိုချင်ပါဘူး မမရယ် ။ အခုတော့ ကျွန်တော် လည်ချင်သလို လည်နိုင်တယ် ။ လည်ရာက ပြန်လာရင် ဘယ်မယားဆီ သွားသလဲလို့ ပြောပြီး မမက မဆူဘူး ။ မိန်းမ ရရင် အဆူခံရမှာပေါ့ မမရဲ့ ။ အမေနဲ့ မယား ဆူရာပူရာမှာ အပုံခြားနားတာပဲ ”
“ ဪ ... ဘကွန်း ၊ ဘကွန်း ။ ရူးတယ်ဆိုလေ ရူးလေလေပါကလား ။ အရူးမြန်မြန် ပျောက်စေချင်လို့ မေမေက ပြောတာ ။ အခုလို ရူးနေရင် မေမေ မရှိတဲ့အခါကျတော့ ပစ္စည်းတွေကို ဘယ်လိုထိန်းမလဲ ”
“ မမကလည်း တယ်သေချင်နေတာကိုး ။ သေစကားကို ကျွန်တော် နားမကြားချင်ဘူး ။ နားခါးလွန်းလို့ မပြောပါနဲ့ ။ မမ အခုမှ အသက် လေးဆယ် ရှိပါသေးတယ် ။ မမက ဖေဖေ ရှာထားခဲ့တဲ့ ပစ္စည်းတွေကို သားအမိနှစ်ယောက်တည်း အေးအေးဆေးဆေး စားရတာကို မကျေနပ်လို့ ပါးစပ်တစ်ပေါက် အပိုရှာချင်တာနဲ့ ကျွန်တော့်ကို ကလော်ပြီး ထုတ်ဖို့ ကြံနေတာပဲ ။ ကျွန်တော့်ကို မယား အယူခိုင်းပေမယ့် ကျွန်တော်ကတော့ မမကို ယောက်ျား မယူစေချင်ပါဘူး ။ ယောက်ျားများ ယူရင် မမတော့လား သေပေတော့ဆိုတာ စိတ်ချတော့ ။ ကျွန်တော့်မမကို ကျွန်တော်က လွဲလို့ ဘယ်သူမှ မချစ်ရဘူး ”
“ ဪ .. မိုက်ပါဘိတော့ သားရယ် ။ ဘာတွေများ ပြောနေပါလိမ့်မလဲ မသိဘူး ။ မမ ဒီတစ်သက်မှာ ဘယ်တော့မှ ယောက်ျားမယူဘူး ။ စိတ်သာချ ။ သား အတွက်လည်း မမက စိတ်ချချင်လို့ အတည်တကျဖြစ်စေချင်တာပဲ ။ မမ စပ်ထားတဲ့ သူငယ်မကလေးကို သားယူရင် သိပ်ကောင်းမှာပဲ ။ လည်လည်းလည် ၊ ပစ္စည်းလည်းပေါ ။ ချောလည်းချော ၊ ဒီလိုဟာမျိုးကို တွေ့ခဲလို့ ပြော တာသားရဲ့ ။ သားမယူရင် ယူမယ့်လူတွေဟာ အဖိုးတန် ချည်းပဲ ”
“ တော် တော် .. မမ ။ မလိုချင်ဘူး ။ ချောလို့မက ငါးရှဉ့်ပဲ ဖြစ်နေနေ ၊ ကျွန်တော် သွားစရာရှိသေးတယ် ” ဟု ပြောကာ ထိုင်ရာမှ ထပြီး တုတ်ကောက်ကို ကိုင်စွဲကာ ဗိုလ်ဆံတောက်ကို လက်နှင့် ခွဲပြီး ရှေ့ထိုးဖိနပ် ကလေး နှင့် ထွက်သွားလေ၏ ။ မိခင်သည် သနားကာ “ ဩော် ... ဒုက္ခဒုက္ခ ၊ မိန်းမစကားကို ကြားမှဖြင့် ခါးခါးသီးသီး ဖြစ်သွားတာပဲ ။ ဘီအေအောင်တောင် အရူးဇာတ် မသိမ်းသေးဘူး ” ဟု ပြောရင်း သားကို မျက်စိတစ်ဆုံး အရိပ် ကြည့်ပြီး ကျန်ရစ်ရှာသတည်း ။
••••• ••••• •••••
အခန်း ( ၂ )
ထိုနေ့ညနေ ၊ အနောက်က နေရောင်ခြည်ကလေး သာသာမှာ ဘကွန်းသည် လန်ချားနှင့် ဘုရားသို့ သွားပြီး ဘုရားက အပြန် ၊ ကန်တော်မင် ရပ်ကွက်ထဲမှ ရန်ကုန် သို့ ဖြတ်၍လာရာ အိမ်တစ်အိမ်၏ ရှေ့၌ မော်တော်ကား အသစ်ကလေးကို ကြည့်၍ နေသော အသက် ( ၁၈ - ၁၉ ) နှစ်အရွယ်ခန့်ရှိသည့် မိန်းမပျိုကလေးကို မြင်ရလေ၏ ။ ၎င်းမိန်းမပျိုကလေးသည်လည်း တံခါးကို ကိုင်မှီကာ ကားကို ချစ်ခင်သော အမူအရာနှင့် အရိပ်ကြည့်၍ နေလေ၏ ။ ထိုသူငယ်မလေးဝတ်သော ထဘီမှာ အညိုတွင် အဖြူပွင့်ကြီး ရိုက်နှိပ်၍ ထားသော လှပသော ထဘီ ဖြစ်လေ၏ ။ ဆောင်းဥတုအခါ ဖြစ်သောကြောင့် သိုးမွေးစောင်ကို ခြုံ၍ ထားလေ၏ ။ ၎င်း၏ ခါးတင်တို့မှာ ဟိုက်ကော့ ပွင့်ကားလျက် နေလေရာ ၎င်းကို မြင်ရခြင်းသည် လှပလတ်ဆတ်သော ပန်းစည်းကလေးကို မြင်ရ သကဲ့သို့ ဘကွန်း၏ ရင်တွင်း၌ အေး၍ သွားလေ၏ ။ ထိုမိန်းမကလေးသည် ဘကွန်းကို မြင်သောအခါ တအောင့်ကလေး စိုက်ကာ ကြည့်ပြီး ပြုံးသလိုလို မချိုမချဉ် မျက်နှာထားနှင့် ခေါင်းကိုငုံ့ကာ ကား၏ တံခါး ကို ဖွင့်ပြီး ပြန်၍ ပိတ်လိုက်လေ၏ ။
ဘကွန်းသည် အပါးသို့ ရောက်လာ၍ လာသောအခါ သူငယ်မကလေးနှင့် တစ်ဖန် မျက်နှာချင်းဆိုင်မိပြန် လေ၍ ပြုံးသလိုလို အသွင်ကိုပင် ထပ်မံ၍ မြင်ရပြန်၍ စပါးကြီးအညှို့ခံရသလို ဖြစ်ကာ ထိုနေရာမှ ဝေးအောင် မသွားနိုင်သကဲ့သို့ ပြန်ပြီး တစ်ခါတည်း အပါးကို ကပ်လေ၏ ။
“ မင်းဘယ်ကလဲကွယ့် ” ဟု မရဲတရဲစွန့်ကာ မေးလေ၏ ။
သူငယ်မကလေးသည် မော့ကြည့်ပြီး မျက်စောင်း ထိုးကာ ပြုံးသလိုလို ရန်လိုသလိုလို အမူအရာနှင့် အပြုံး နှင့်အမုန်း ရောစပ်ကာ ကြည့်ပြီး “ ရှင်ဘာလုပ်ချင်လို့ မေးသလဲ ။ ကျွန်မ အနားကပေါ့ ” ဟု ပြောလေ၏ ။
“ ဒါဘယ်သူ့ကားလဲ ။ မင်းသိသလား ”
“ ရှင်ရော ဘယ်သူ့ကားလဲလို့ သိသလား ”
“ ငါတော့သိတာပေါ့ ။ မင်းသိသလားလို့မေးတာ ”
“ ကျွန်မ မသိပါဘူးရှင် ။ ရှင်သိရင် ကျွန်မကို ဘာပြုလို့ လာပြီး မေးရတာလဲ ”
“ မင်း သိသလားလို့မေးတာပါ ။ ပြီးတော့လည်း ”
“ ဘာပြီးတော့လဲ ”
“ မင်းကို ငါသိသလိုလို ထင်လို့ပါ ။ မြင်ဖူးသလိုလိုပဲ ။ သည့်အတွက် စွန့်ပြီး မေးတာပါ စိတ်ဆိုးသလား ”
“ ကျွန်မလည်း သိသလိုလိုမို့ ရှင်းမေးတာကို ပြန်ပြီး ပြောတာပါ ”
“ ဘယ်မှာများ သိဖူးမြင်ဖူးကြပါလိမ့်နော် ။မြင်တော့ မြင်ဖူးတာပဲ ”
“ ဒါတော့ ကျွန်မလည်း မမှတ်မိဘူး ။ ဒီကား မလှဘူးလား ”
“ ဒါ ငါ့ကားကွယ့် ” ဟု ညာ၍ ပြောလိုက်လေ ၏ ။ ဘကွန်းသည် စိတ်ကူးပေါက်ရာကို ပြောတတ်ဆိုတတ် ၊ ကြံမိကြံရာ ကြံတတ်သူတစ်ယောက်ဖြစ်လေသည် ။ နောင်ရေးကို မမြော်တတ်သူတစ်ယောက် ဖြစ် လေ၏ ။ သို့အကြောက်အရွံ့ မရှိဘဲ ထင်ရာကို လုပ်ဝံ့ခြင်းသည်လည်း အခြားကြောင့် မဟုတ် ။ မျိုးရိုးက ကောင်းသည့်ပြင် မိခင်မှာ အတော်အတန် ဓနဥစ္စာနှင့် ပြည့်စုံ၍ ချစ်သူခင်သူ အပေါင်းအသင်းလည်း အတော်ပင်များသောကြောင့် ဖြစ်လေ၏ ။
“ ဪ .. ဒါရှင့်ကားလား ။ လှတယ်ရှင် ။ ဘာမျိုးလဲ ”
“ အော်စတင်ခေါ်တယ် ။ အရင် ဆေးရောင်က ဝါကျင်ကျင် ။ အခု အပြာသုတ်ထားတယ် ။ ဆေးသုတ်ခနှစ်ရာကျော်ကျော်ကျတယ် ။ မျိုးကောင်းပဲ ”
“ ဘယ်လောက် ပေးရသလဲရှင် ”
“ များများ မပေးရပါဘူး ။ လေးထောင်ကျော်ကလေးရယ် ။ မင်းဒီ ကားမျိုး စီးဖူးသလား ”
“ ဟင့်အင်း ... ကျွန်မ တစ်ခါမျှ မစီးဖူးဘူး ”
“ မင်းစီးမလား ။ ကန်တော်ကြီးကို တစ်ပတ်မောင်းပြီး မင်းနေတဲ့ အိမ်ကို ပြန်ပြီး ပို့ပေးမယ် ။ မင်း ဒီကားကလေးနဲ့ သိပ်တော်မှာပဲ ”
“ ဘာပြုလို့လဲရှင့် ”
“ ကားကလေးကလည်း လှလှ ၊ မင်းကလေးကလည်း လှလှမို့ ပြောတာပါ ”
“ ဪ .. ဟုတ်လား ။ ကျွန်မကို တယ်မမြှောက်ပါနဲ့ ”
“ မမြှောက်ပါဘူး ။ လာလေ စီးချင်ရင်တက်ပါ လား ” ဟုပြောကာ ဘကွန်းသည် တံခါးကို ဖွင့်လေ၏ ။ မကြာမီ နှစ်ယောက်သား ကားပေါ်ရောက်သွားပြီး ဝဲခနဲ မြည်ကာ လမ်းအကွေ့သို့ ရောက်ပြီး သွားကြလေ၏ ။ ဘကွန်းသည် နောက်ကို ပြန်၍ ကြည့်ရာ မည်သူမျှ ထွက်၍ မကြည့်သည်ကို မြင်လျှင် သက်မကြီးချပြီး နောင်ရေးကို တစ်စုံတစ်ရာမတွေးဘဲ မိမိ၏ အပါး၌ စိတ်ချလက်ချ ထိုင်၍ လိုက်လာသော သူငယ်မကလေးကို ကြည့်ကာ ကြည်နူးလျက် မြူး၍ သွားလေ၏ ။
ဒီကောင်မကလေးတော့ တစ်အိမ်အိမ်က အစေခံမကလေးပဲ ။ ပျက်စီးစမို့ မသိတဲ့ ငါ ခေါ်ရာကို ကောက်ကောက်ပါအောင် လိုက်၍လာတာ ထင်ပါရဲ့ ။ အချောင်ပေါက်စ အေစီလှလှကလေးပဲ ။ ငွေချူဖို့ ကြံရှာပြီး မငြင်းမဆန်ဘဲ အတွင်းဉာဏ်နှင့် သင်းရန်ရှာဖို့ ငါ့နောက်ကို လိုက်ရဲတာထင်ပါရဲ့ စသည်ဖြင့် တွေးတောလေ၏ ။ ထို့နောက် ဆက်ကာလက်ကာ ရုပ်ရည်ကလေးက အလွန်တရာမှ ကျက်သရေရှိပါပေသည် ။ လက်ခြေကလေးတွေက သေးသေးသွယ်သွယ် နူးနူးညံ့ညံ့ ၊ မျက်နှာကလေးကလည်း ကြည်ကြည်လင်လင် သန့်သန့်ပြန့်ပြန့် နန့်တန့်တန့် အစားထဲကလည်း မဟုတ်တန်ရာ ။ ဘယ်လို ဟာမကလေးနဲ့ ငါ တွေ့၍ လာရပါ သတုံး စသည်ဖြင့် ဆင်ခြင်တွေးတောကာ စီးကရက်ကို ဖွာရင်း ရောက်ရာပေါက်ရာကို စတိုင်ကျကျ မောင်းနှင်၍ လာလေသတည်း ။
သူငယ်မကလေးသည်ကား ငြိမ်သက်စွာ အပါး၌ ထိုင်လျက် လိုက်၍လာလေ၏ ။
သို့စဉ်းစားရင်း မိန်းမပျိုကလေးကို ငုံ့ကြည့်ကာ “ မင်း စီးကရက်သောက်မလား ” ဟု မေးလေ၏ ။
“ သောက်ချင်တာပေါ့ရှင် ”
“ သောက်ချင်ရင် ရော့ ” ဟုပြောကာ ငွေစီးကရက်ဘူးကို ထုတ်၍ ပေးပြီး “ မင်း ... မော်တော်ကားသွားခိုက်မှာ မီးခြစ်နှင့် စီးကရက်ညှိလို့ ရမှာ မဟုတ်ဘူး ။ ရော့ ... ဒါနဲ့ ညှိ ” ဟုပြောကာ မိမိ၏ ပါးစပ်က စီးကရက်ကို ယူ၍ ပေးလေ၏ ။
မိန်းမပျိုကလေးသည် စီးကရက်ကိုညှိ၍ သောက်လေ၏ ။
“ ကျွန်မကို ဘယ်ခေါ်သွားမလို့လဲ ”
“ မခေါ်ပါဘူး ။ ကန်တော်ကြီးဘက် ပတ်ပြီး ပြန်ပို့ပါ့မယ် ။ ကန်တော်ကြီးဘက် မရောက်မီ တို့များ အိမ်တွေကို မင်း ငါလိုက်ပြမလို့ပါ ”
“ ဪ ... ရှင့်မှာ အိမ်တွေ အများကြီး ရှိသလား ”
“ တယ်ကြီးမများပါဘူး ။ တိုက်အလုံး ငါးဆယ်လောက် ရှိပါတယ် ” ဟု ကြွားပြီး အဆောက်အဦးကြီးကြီး ၊ ဆိုင်ကြီးတွေ့ သမျှကို ပြကာ “ ဟော ဒါက ငါတို့ တိုက် ။ ငါးသောင်းပေးရတယ် ။ မနှစ်ကပဲ ဝယ်တာ ။ အိမ်လခ လစဉ် ခြောက်ရာကျော်ကျော်ကလေး ရတယ် ”
“ အိမ်လခ မှန်မှန်ရသလား ”
“ တစ်ခါတစ်ခါလည်း တရားစွဲရတယ် ။ အိမ်ငှားသမားတွေက အင်မတန်ဒုက္ခပေးတာကလားကွယ် ။ နို့ပေမယ့်လည်း ဒီလိုပဲ သည်းခံပြီး တောင်းရတာပဲ ။ ဒရဝမ်ကု,လားတွေကလည်း အိမ်ငှားများထံက ငွေကလေး ၁ ကျပ် ၊ ၂ ကျပ်ရရင် အေးနေတာပဲ ။ ဘယ်အိမ်က ဘယ်လောက်ရတယ်ဆိုတာ အခါတိုင်းလည်း ဘယ် မှတ်ထားနိုင်မလဲကွယ့် ”
“ ဟောဒါက ငါတို့ ကုန်လှောင်တဲ့ ဂိုဒေါင်ကြီး ကွယ့် ။ ဒါလည်း ကိုယ်ပိုင်ပါပဲ ။ ဟိုဘက်တစ်ပိုင်းတော့ ဟန်ဂျီ - မန်ဂျီဆိုတဲ့ ကု,လားသူဌေးကလေးတစ်ယောက် ကို ငှားထားတယ် ။ ဟောဟိုဘက်က ငါးထပ်တိုက်ဟာတော့ ဆောက်တုန်းပဲ ။ မပြီးသေးဘူး ။ နောက်သုံးလလောက် ကြာမှ ပြီးမယ် ။ နေချင်တဲ့ လူတွေကဖြင့် လျှောက်လွှာ တင်ကြတာ ။ ပြီးရင် ဘယ်အခန်းဘယ်လူ ရမယ်သာ မသိဘူး ။ အားလုံး နှစ်သိန်းကျော်ကျော် ကျတယ် ။ ဒါတောင် ပုံစံကို သူများအခပေးပြီး ထုတ်ရတာ မဟုတ်ဘူး ။ ကိုယ်တိုင် ပလန်ရေး အက်စမိတ်ထုတ်ပြီး ကန်ထရိုက်ကို လွှဲတာပဲ ။ ရန်ကုန်မြို့မှာ အငှားတိုက်ထဲမှာတော့ သည့်ထက် ခန့်တာ မရှိသေးပါဘူး ။ စက်လှေကား တပ်မယ် ”
“ ဪ ... စက်လှေကားနဲ့လား ။ ရန်ကုန်မြို့ အငှားတိုက်ထဲမှာ စက်လှေကား မရှိကြသေးဘူး ”
“ ဒီတိုက် ပထမစက်လှေကားတပ်တဲ့ တိုက်ပေါ့ ”
မိန်းမပျိုကလေးက အံ့သြသော အမူအရာနှင့် ၎င်းပြသမျှ အဆောက်အဦးတွေကို ကြည့်၍ လာလေ၏ ။ ထို့နောက် မြို့ပြင်သို့ တစ်ဖန်ရောက်ကြပြီးလျှင် ကန်တော်ကြီးကို ပတ်လေ၏ ။
နေမင်းသည် အနောက်ဘက်က နေ၍ လောကဓာတ်ကို ရောင်ခြည်ဖြင့် ဆေးကြောလေ၏ ။ သာယာသော ကန်တော်ကြီး၌ ရွှေတိဂုံစေတီတော်မြတ်ကြီး၏ ပုံတော်သည် ဝင်းဝင်းကြီး ထင်၍ နေလေ၏ ။
သို့သွားရာ ကန်တော်ကြီးကို ပတ်ပြီးလျှင် လမ်းမတော်ဘက်သို့ ကွေ့၍သွားပြီး လက်ဖက်ရည်ဆိုင် တစ်ဆိုင်ရှေ့၌ ရပ်ကာ အခန်းကလေးတစ်ခု၌ ဝင်ကာ လက်ဖက်ရည် သောက်ကြလေ၏ ။
“ မော်တော်ကားနဲ့ လည်ရတာ ပျော်စရာမကောင်းဘူးလား ”
“ ကျွန်မ သိပ်ပျော်တာပဲ ။ တစ်ခါမှ ကျွန်မ ဒီလိုမလည်ဖူးဘူး ”
“ ငါလည်း မော်တော်ကားကို ဝယ်ကတည်းက မင်းလို မိန်းမချောကလေးတစ်ယောက်နဲ့ ခုတစ်ခါ လည်ဖူးတာပဲ ။ စားလေ မရှက်ပါနဲ့ကွယ့် ။ ကြောက်လည်းမကြောက်ပါနဲ့နော် ။ စိတ်သာချ ငါအခုပဲ ပြန်ပြီး ပို့မယ် ” ဟု ပြောပြီး စားပွဲပေါ်၌ တင်ထားသော လက်ကလေးကို မိမိ၏ လက်နှင့်အုပ်ကာ ကိုင်ဆွဲလိုက်လေရာ မိန်းမပျိုကလေးသည် လက်ကို သိမ်းလိုက်ပြီး “ အလို ရှင် ဘယ့်နှယ့်လုပ်တာလဲ ” ဟု ပြောလေ၏ ။
ဘကွန်းက “ ဪ .. .စိတ်မဆိုးပါနဲ့ကွယ် ။ မင်း လက်ကလေးပေါ်မှာ ခြင်ကောင်ကလေး လာပြီး နားလို့ ခြင်ကလေးကို ဖမ်းလိုက်တာပါ ။ မင်း ရုန်းတာနဲ့ လွတ်သွားတယ် ” ဟုပြောရင်း အပြင်ကိုကြည့်လိုက်ရာ ကားအနီး၌ မြန်မာပုလိပ်အရာရှိ တစ်ယောက်ရပ်ကာ ကားကို ကြည့်၍ နေသည်ကို မြင်ရလေလျှင် ထိတ်ခနဲ ဖြစ်ကာ ငါ့ကိုတော့ ဧကန္တ ကားခိုးမှုနဲ့ ဖမ်းမလို့ ပုလိပ် လိုက်လာတာပဲဟု တွေးပြီး မျက်နှာပျက်၍သွားလေ၏ ။
ထို့နောက် ဣန္ဒြေလုပ်ကာ လက်ဖက်ရည်ကို သောက်လေ၏ ။ သောက်၍ ပြီးကြသောအခါ ဆိုင်မှ ထွက်ကြလေ၏ ။ အပြင်သို့ရောက်သောအခါ ဘကွန်း သည် ကားအနီးသို့ ရုတ်တရက် မကပ်ဝံ့သဖြင့် “ ကိုင်း ... ကားစီးရတာ နည်းနည်း မညောင်းဘူးလား ။ ဟိုဘက်နား ခြေကျင်လျှောက်ပြီး ပြန်လာမှ တစ်ခါ စီးပြန်တာပေါ့ ” ဟု ပြောလေရာ မိန်းမပျိုကလေးသည် မငြင်းမဆန်ဘဲ လိုက်၍ လာလေ၏ ။ နောက်သို့ မောင်ဘကွန်း လှည့်၍ ကြည့်လိုက်သောအခါ ပုလိပ်အရာရှိနှင့်တူသောလူသည် ကားနားမှ မခွာသေးဘဲ ကားကို ဆက်လက် ကြည့်ရှုနေသည်ကိုပင် မြင်ရလေ၏ ။
အတန်ကလေး ဝေးစွာလျှောက်ပြီးနောက် တခြားလမ်းဘက်မှ ၎င်းကားရှိရာသို့ လှည့်ပြန်၍ လာလေရာ ပုလိပ်အရာရှိကို ကားအနီး၌ တွေ့၍နေပြန်လေ၏ ။ ထိုအခါ မိန်းမပျိုကလေးနှင့် ဘကွန်းသည် ကားအနီးသို့ ကပ်လာကြပြီး စကားပြော၍ နေကြပြီးနောက် ဘကွန်း က ပုလိပ်အရာရှိအား “ ဒီကနေ့ ညနေ အတော်ကလေး အိုက်တယ် ခင်ဗျာ ။ လေကောင်းကောင်း မတိုက်ဘူး ” ဟု ပြောလေ၏ ။
ပုလိပ်အရာရှိကလည်း “ ဟုတ်တယ် ။ မိုးအုံ့နေတယ် ။ ဆောင်းတွင်းဟာ ဆောင်းတွင်းနဲ့တောင် မတူဘူး ”
“ ဟုတ်ကဲ့ ။ အခု တပို့တွဲလထဲတောင် ရောက်လာပြီ ။ ကျွန်တော်တို့ သွားပါဦးမယ်ခင်ဗျာ ” ဟုပြောပြီး ကား တံခါးကိုဖွင့်၍ ဝင်ပြီး မောင်း၍ ထွက်လာကြလေရာ ပုလိပ်အရာရှိသည် ကားနှင့်ပတ်သက်၍ တစ်စုံတစ်ရာမျှ မပြောဘဲ နေရစ်လေ၏ ။ နောက်သို့ လှည့်ပြန်၍ ကြည့် လိုက်သောအခါ ၎င်းပုလိပ်အရာရှိသည် အခြားသူတစ်ယောက်နှင့်တွဲပြီး လက်ဖက်ရည်ဆိုင်ထဲသို့ ဝင်သွားသည်ကို မြင်လိုက်ရလေ၏ ။ ထိုအခါမှ စိတ်ထဲ၌ ဝင်၍ နေသော အကြောက်လုံးကြီး လျှောကျ၍ သက်သာရာ ရသွားပြီးလျှင် အေးအေးဆေးဆေး မောင်းနှင်၍ သွားလေ၏ ။
သူငယ်မကလေးကို တွေ့သော နေရာလမ်းဘက် မနီးမဝေးသို့ ရောက်သောအခါ “ ကိုင်း ... မင်းကို အိမ် အထိ လိုက်ပို့ရင် တော်မယ် မဟုတ်ဘူး ။ နောက်မှ တွေ့ကြရအောင်နော် ။ မင်း ဒီက ဆင်းပြီး အိမ်ကိုပြန်မှ တော်မယ် ထင်တယ် ” ဟု ပြောလေရာ သူငယ်မကလေးသည် ကားပေါ်မှ ဆင်း၍ နှုတ်ဆက်ပြီး ခပ်ဖြည်းဖြည်း ထွက်သွားလေ၏ ။ ဘကွန်းလည်း ငါ ဒီကားကို သူ့နေရာရောက်အောင် ဘယ်နေရာက ကွေ့ပြီး ပြန်ထားရပါ့မလဲဟု စဉ်းစားရင်း ကားပေါ်သို့ ပြန်အတက်မှာ မွှေးကြိုင်သော လက်ကိုင်ပဝါကလေး တစ်ထည်ကိုတွေ့လေလျှင် ကောက်၍ ကြည့်ရှုလိုက်ရာ မစ်ဆစ်စ် - တင် ဟူသော စာကို လက်ကိုင်ပဝါကလေး၌ တွေ့ ရလေ၏ ။
ထိုအခါ အံ့အားသင့်၍ နေလေ၏ ။ အကြောင်းမူကား ဝတ်လုံဦးတင် မှာ နာမည်ကျော် အစိုးရရှေ့နေကြီး ဖြစ်သည်ကို သိပြီးဖြစ်လေ၏ ။
ထိုအခါ စိတ်ထဲ၌များစွာ မသင်္ကာဖြစ်လေ၏ ။ ဒီကောင်မကလေးဟာ ဝတ်လုံတော်ရ ကတော်ပဲလား ။ ဝတ်လုံတော်ရကတော် ဖြစ်ရင် ဒီကားဟာ သူ့ကားနဲ့ပဲ တူတယ် ။ ဝတ်လုံဦးတင် ဒီကားကလေးမျိုးကို စီးလာတာ ငါ မြင်ဖူးသလိုလိုရှိတယ် စသည်ဖြင့် တွေးမိလေ၏ ။ သို့တွေးမိသည်နှင့်တစ်ပြိုင်နက် မိန်းမပျိုကလေး နောက်သို့ ပြန်၍ ကားနှင့်လိုက်ကာ ဟွန်းကို မှုတ်လေ၏ ။ မိန်းမပျိုကလေးသည် နောက်သို့လှည့်၍ ကြည့်လေ၏ ။ မကြာမီ ကားသည် ၎င်း၏ အနီးသို့ ရောက်သွားလေ၏ ။
ဘကွန်းသည် ကားပေါ်မှ ဆင်းကာ လက်ကိုင်ပဝါကလေးကို ပြကာ ပေးလေ၏ ။ မိန်းမပျိုကလေးသည် လက်ကိုင်ပဝါကို လှမ်းယူကာ ပြုံးလျက် “ ဪ ... ကျွန်မ မေ့ကျန်ခဲ့တယ် ” ဟုပြောပြီး မသွားသေးဘဲရပ်ကာ ဘကွန်းကို ကြည့်၍ နေလေ၏ ။ ၎င်း၏ ကြည့်ပုံမှာ လွန်စွာထူးခြားလေရာ စိတ်ထဲ၌ သာ၍ မသင်္ကာဖြစ်သောကြောင့် တစ်ကြောင်း ၊ မိမိ၏ လိမ်လည်မိသည်ကို ဖွင့်၍ ပြောလိုသောကြောင့် တစ်ကြောင်း အဘယ်ကြောင့် လိမ်လည်မိသည်ကို ဝန်ချလိုသောကြောင့် တစ်ကြောင်း ၎င်းကားကို သူ့နေရာသို့ ပြန်၍ ပို့လိုသဖြင့် သို့ပို့ခြင်း၌ ကူညီစေလိုသောကြောင့် တစ်ကြောင်း ဒါ ဘယ့်သူ့ကားလဲ ဟု သူငယ်မကလေး၏ မျက်နှာကို စိမ်းစိမ်းကြည့်ကာ မေးလေ၏ ။
သူငယ်မကလေးသည် ရယ်လျက် “ ကျွန်မကားပါရှင့် ” ဟုပြောလေ၏ ။
ထိုအခါ ဘကွန်းမှာ မျက်လုံးများ နီလျက် “ နို့ ... ဘာပြုလို့ မင်းက ဒီကားကို ငါ့ကားလို့ ပြောရသလဲ ။ ဘာပြုလို့ မင်းကား ဖြစ်ကြောင်းမပြောတာလဲ ”
“ ကျွန်မ ဘယ်ပြောရလို့လဲ ။ ရှင်က ဒီကားကို ရှင့်ကားလို့ ပြောတော့ ကျွန်မက ကျွန်မကားလို့ ဘယ့်နှယ့်လုပ်ပြီး ပြောရမှာလဲရှင့် ”
“ ဪ ဖြစ်မှဖြစ်ရလေ ၊ စိတ်မဆိုးပါနဲ့ကွယ် ချမ်းသာပေးပါ ၊ မင်းကို မြင်လျှင်မြင်ချင်း လှလွန်းလို့ အသိဖွဲ့ချင်လို့ ဒါနဲ့ အရူးလို ဖြစ်ပြီး ထင်မိထင်ရာကိုပြောပြီး ညာမိတာပါ ၊ အခွင့်ပေးပါ ကားကို ခိုးဖို့ ကြံတာတော့ မဟုတ်ပါဘူး ”
“ ကျွန်မလည်း ရှင့်ကို မြင်လျှင်မြင်ချင်း မောင်လို နှမလို ချစ်တာနဲ့ ဘာမှမပြောဘဲ လိုက်လာခဲ့တာပဲ ” ဟု ခေါင်းငုံ့ကာ ပြောပြီး ကြီးသော မျက်လုံးကြီးများနှင့် ဘကွန်း၏ မျက်နှာကို မော်ကြည့်လေ၏ ။
“ အဲဒါ ဒုက္ခ ဖြစ်တာပဲ ၊ မင်းလက်ကိုင်ပဝါကို ကြည့်တော့ မင်းက အပျိုမဟုတ် ၊ ယောက်ျားနဲ့ ဖြစ်နေတယ် ။ သည်တော့ ငါအမှားကြီး မှားတာပဲ ”
“ ကျွန်မမှာ ယောက်ျားရှိတယ်လို့ ဘယ်သူ ရှင့်ကို ပြောသလဲ ”
“ မင်းလက်ကိုင်ပဝါမှာ မစ်ဆက်စ်တင် လို့ ရေးထားပါလား ”
ထိုအခါ မိန်းမပျိုကလေးသည် ရယ်မောလျက်
“ ဒါက ကျွန်မအမေ လက်ကိုင်ပဝါရှင့် ၊ ကျွန်မ ပဝါချင်း မှားပြီး ကိုင်လာတာပါ ။ ဦးတင်က ကျွန်မ ဖခင်ပါ ”
“ ဪ .... အစိုးရရှေ့နေကြီး ဦးတင် မဟုတ်လား ”
“ ဟုတ်ပါတယ် ”
“ ဩော် ဦးတင်မှာ မင်းလောက်ကြီးတဲ့ သမီးလည်း ရှိသကိုး ” ဟု ပြောပြီး ဘကွန်း၏ မျက်နှာမှာ ဝမ်းနည်းလျက် ငယ်၍ သွားပြီး ဒီလိုဖြင့် မင်းနဲ့ ငါနဲ့ တွေ့ရပုံ အင်မတန်ထူးတာပဲ ။ ရှေးက ဘယ်လို ရေစက်ဆုံခဲ့တယ် မသိဘူး ။ မင်းကို မြင်လျှင်မြင်ချင်း စိတ်ထဲမှာ တစ်ကြိမ် တစ်ခါမှမဖြစ်ဖူးတာမျိုးတွေ ဖြစ်ပြီး စွန့်စားမိခဲ့တာပဲ ။ နို့ပေမယ့် သိပ်ခက်တာတစ်ခုက ရှိနေသေးတယ် ။ ဘယ်လို ကြံရမလဲ မသိဘူး ”
“ ဘယ်လို ခက်တာလဲရှင့် ၊ ရှင်ကလည်း ကျွန်မကို ချစ်တယ် ၊ ကျွန်မကလည်း ရှင့်ကို ချစ်တယ် ၊ မချင်ရင် ကျွန်မ အခုလို လိုက်ခဲ့ပါ့မလား ။ ဘာများ ခက်ရတာတုံး ”
“ ငါ့ကို ... ငါ့အမေက တခြား မိန်းကလေးတစ်ယောက်နဲ့ စပ်ထားတယ် ”
“ ဪ ... ဒီလိုလား ၊ ဘယ်သူနဲ့ပဲ စပ်စပ် ကိုယ် စုံမက်ရာ ယူတာပေါ့ ၊ ဘာဖြစ်သလဲ ၊ ရှင့်လို ပြောရမှာဖြင့် ကျွန်မကိုလည်း ကျွန်မ မိဘများက လူတစ်ယောက်နဲ့ စပ်ထားတာပဲ ”
“ ဪ ... ဟုတ်လား ၊ ဘယ်ကလူလဲ ... ဘယ်သူလဲ ”
ထိုအခါ မိန်းမပျိုကလေးသည် မျက်နှာများ ဝင်းဝင်းတောက်အောင် ပြုံးရယ်လျက် “ ရှင်သိချင်သလား ” ဟု လက်ကိုင်ပဝါစကလေးကို ကိုက်ခါ ပြောလေ၏ ။
“ သိချင်တာပေါ့ကွယ် ”
“ ကျွန်မနဲ့ စပ်ထားတဲ့လူဟာ ဒေါ်မေ့သား ကိုဘကွန်းတဲ့ရှင့် ၊ သိပြီလား ”
ထိုအခါ ဘကွန်းသည် သူငယ်မကလေး၏ မျက်နှာကို အံ့အားသင့်သော မျက်လုံးများနှင့် ကြည့်၍နေပြီး စိတ်အားထက်သန်စွာနှင့် “ အမယ်လေး ဟုတ်လား ၊ တကယ်ပဲလား ၊ ငါနဲ့ စပ်ထားတာ မင်းပဲလား ” ဟု အားရဝမ်းသာ မေးလေ၏ ။
“ ဟုတ်ပါတယ် ။ ရှင်နဲ့ ကျွန်မနဲ့ ကားနားမှာ ရပ်ပြီး စကားပြောနေကြတော့ ရှင့်အမေရယ် ကျွန်မအမေရယ် အိမ်ပေါ်က ချောင်းပြီး ကြည့်နေကြတယ် ။ ကျွန်မနဲ့ ရှင်နဲ့ ကားပေါ်ကို တက်တော့ ရယ်ကျန်ရစ်ခဲ့ကြတယ် ” ဟု ပြောလေ၏ ။
“ ဟင် ... မမက မင်းတို့ အိမ်ကို ဘယ်အချိန်က ရောက်နေပါလိမ့် ။ လာ လာ တစ်ပတ်လောက် လှည့်ကြရအောင် ” ဟု ပြောကာခေါ်လေ၏ ။ မိန်းမပျိုကလေးက ငြင်းဆန်ကာ “ ဟင့်အင်း ... ဟင့်အင်း မေမေ ဆိုနေလိမ့်မယ် ။ နောက်တစ်နေ့မှ .. နောက်တစ်နေ့မှ ”
“ ဘာထူးတော့လဲကွယ် ။ သူတို့လည်း အသိသားပဲ ”
“ ဟင့်အင်း .. ထူးထူး - မထူးထူး - တော်ပြီ - တော်ပြီ ”
“ အမယ်လေး လာပါ ၊ တစ်ပတ်တည်းပါ ။ အင်းလျား တစ်ပတ်တည်းပါ ။ ပြီးရင် ဆက်ဆက် ပြန်ပို့မယ် လာပါ ။ မင်းကို လက်ဖျားနဲ့တောင် မတို့ပါဘူး ” ဟု ပြောပြီး တောင်မြောက်လေးပါး လှည့်ကြည့်ပြီး အနီးအပါး၌ လူသူလေးပါး မရှိသည်ကို မြင်သဖြင့် ရိပ်ညိုမှိုင်းမှုန်သော သစ်ပင်များအောက်၌ မိန်းမပျို၏ ခါးကို ပွေ့ယူကာ ကားထဲသို့ အတင်းသွင်းပြီး စက်ကင်းရောင်း ဒုတိယတစ်ပတ်ကို လေညင်းခံရင်း လှည့်ကြလေရာ ရှစ်နာရီ ဒင်ဒင် အထိုးတွင် အိမ်သို့ ပြန်၍ ရောက်ကြလေလျှင် မိခင်နှစ်ပါးသည် ၎င်းတို့ကို ဆီး၍ ကြိမ်းမောင်းပြီး နောက် တနင်္ဂနွေတစ်ပတ်လောက် ကြာသောအခါ ဂျူဘီလီဟော၌ ကြီးကျယ်စွာ မင်္ဂလာဆောင်ကြရရှာလေသတည်း ။
▢ ပီမိုးနင်း
📖 ကဝိမျက်မှန် မဂ္ဂဇင်း
မတ် ၊ ၁၉၂၈
No comments:
Post a Comment