Monday, February 2, 2026

စွန့်စားသူ

 

❝ စွန့်စားသူ ❞
   ( ပီမိုးနင်း )

မြရွှေသည် ပြတင်းပေါက်မှ မိုးရေ ၊ ဓာတ်မီးရောင် တို့ဖြင့် တောက်ပြောင်လျက်နေသော လမ်းမကြီးကို ကြည့်ကာ အဘယ်ပုံ လွတ်အောင်ပြေးရမလဲဟု စဉ်းစား၍ နေလေ၏ ။

အခြား မိန်းမပျို အဖော်များသည်ကား မျက်နှာ၌ သရိုးသမံတလင်း ခင်းကျံသလို အပေါစား တစ်ပဲတန် မျက်နှာချေတို့ကို အရင်းခံကာ လိမ်းသုတ်လျက် စက်ဆုပ်ဖွယ်ရာ ပိုးစားသည့်မျက်နှာများကို မြှုပ်နှံသင်္ဂြိုဟ်ကြ ပြီးလျှင် ရယ်စရာ မောစရာ စကားကို ပြောသူက ပြော ၊ ဇယ်တောက်သူက  တောက် ၊ လက်ဖက်ရည်သောက်သူက သောက်လျက် ။ အဘယ်ပုံ ဣန္ဒြေသိန်သရေ လုပ်ကာ အမူရုပ်နှင့် ငွေကို ချူထုတ်ရမည်ဟု သူ့ထက်ငါ စိတ်ဆင်လျက် နေကြလေ၏ ။

၎င်းတို့ မျက်နှာချေ အောက်၌ ပိုးစားလောက်ကိုက်ပမာ အသားပကတိ မြင်ရလျှင် ကပ်ချင်ဖို့ မဆိုထားဘိ ၊ ကြည့်ရုံနှင့် ထမင်းစားပျက်လောက်သည်ကို မသိကြ သော ဖောက်သည် ကာစတံမာတို့သည် အပြင်အပ နေပုံ ထိုင်ပုံ ၊ မူယူပုံ ၊ စိတ်လက်မသာမယာ မတတ်သာလို့ နေရသည့် ပုံပန်းများကို မစုံမစမ်း မြင်ရချေက သနားစရာ အသစ်စနိုက်ကလေးတွေမို့ စားရမှာတောင် အားနာစရာ ကလေးတွေပါကလားဟု တွေးထင်မိလောက်ပေ၏ ။

အကျင့်စာရိတ္တနှင့် သွေးသားများ မစင်မကြယ် စက်ဆုပ်ဖွယ်ကောင်းသည်နှင့်မခြား ၎င်းမိန်းမများ တစ်ယောက်နှင့် တစ်ယောက် ဝန်တိုဣသာ ၊ ရွံရှာစက်ဆုပ်ပုံများကို ဖောက်သည်များ သိကြချေက ၎င်းတို့ အပါးသို့ မကပ်နိုင်အောင် စက်ဆုပ်ရွံရှာလောက်ပေ၏ ။ သို့သော်လည်း ၎င်းတို့အချင်းချင်း ခေါ်ပုံပြောပုံကို ထောက်ခြင်းဖြင့် မျက်နှာချေနှင့် မျက်ခုံးမွေး မင်ရေးကြောင့် လှည့်စားခြင်းခံရသော ယောက်ျားများသည် အတော်အတန် စဉ်းစားတတ်လျှင် များစွာပင် စိတ်ပျက်ကြချေမည် ။

ထိုအခါ၌ အချို့ ပြောဆိုနေကြသော စကားများသည်ကား ဟိုကောင်မ မိကွ ကဖြင့် လာသမျှကိုသာ သူသာ အရဆွဲချင်တာပဲ ။ ပတ်ကြားအက်မက သူ့ အကြောင်း မသိမှတ်လို့ ။ အခုမှ ကိန်းဆင်နေလိုက်တာ ။ ကွာလန်နဲ့ သူနဲ့ ပိန်မသာ လိမ်မသာပါပဲ ။

“ ကွာလန် ဆိုတာက ဘာဖြစ်လို့ ခေါ်တဲ့ နာမည် လဲအေ့ ” ဟု တစ်ယောက်က မေးလေ၏ ။

“ အို ... ညည်းက အခုတောင် မသိသေးဘူးလား ။ သူ့ ကိုယ်မှာ အဝတ်တွေ ကွာနေလို့ ကွာလန် ခေါ်တာအေ့ ။ ဒါထက် လက်ပတ်တို့ ညီအစ်မ ဘယ်မှာများ လက်ကားကျနေသလဲ မသိဘူး ”

“ ကျောက်မြောင်းက ဘအောင် ၊ မုတ်ကြီးကို လက်ကိုင်ရနေတာ ညည်း မကြားသေးဘူးလား ။ ဟိုလမ်းထောင့် ကလောဂျင် အောက်မှာ အမြဲတမ်း လက်ဝါး ရိုက်ထားသတဲ့ ။ သူတို့အထဲမှာ ပေါက်စီက ဘိုကတော် ကျလုပ်လို့တဲ့ ။ အရင်တလော ဖျာပုံနယ်က သူဌေးသား တစ်ယောက်ကို ဟတ်မလို အမဲဖမ်းလိုက်တာ ငွေတစ်ထောင်ကျော်လောက်တောင် ရသွားသတဲ့အေ့ ။ အပေါက်တွေ စီနေလို့ ပေါက်စီ ခေါ်ရာက အခုတလော ပေါက်စီကောင်မက ဝလို့ ၊ ဘိုကတော်ဆိုက် ဖြစ်နေတာပဲ ” 

“ ဒီလိုဖြင့် သာဇံထိပ်ပဲ့ ကစော်တွေ လှိုင်တုန်းပေါ့ ” 

“ မပြောပါနဲ့အေ ဒီခွေ းသား အကြောင်းကို ။ ဒီနာမည်ဟာ အဟုတ် ။ ဒေါ်ပြားကြီး ခမျာအေ ပြုလိုက်စုလိုက်ရတာ အတော် ကုန်သွားရှာတယ် ။ သူ့မှာလည်း မာရော ဒေါ်ပြားကြီး ကို ခြေကန်ပြီး ပေါက်စီ နောက် ကောက်ကောက်ပါအောင် လိုက်သွားတာ ”

“ ဒါတော့အေ ၊ ညည်း ဒေါ်ပြားကြီး ကိုက ကဲတာကိုး ။ ဒီအကောင် မကောင်းမှန်း အသိသားနဲ့ အောင်ဖိုးကလေး ကန်ထုတ်ပြီး သူ့မှ တမ်းတမ်းစွဲ လုပ်တာကိုး ” 

မြရွှေသည် ထိုစကားများကို ကြားရလေလေ ၊ စိတ်မသက်မသာ ဖြစ်လေလေ ၊ ပြေးပေါက်ကို ကြံလေလေ ဖြစ်လေ၏ ။

သို့သော်လည်း အဘယ်ကို ပြေးရမည်မသိ ။ အဘယ်ကို အားကိုးရမည် မသိပေ ။ ရန်ကုန်မြို့ ၊ မီးရထားရုံကြီးမှ ထိုအိမ်သို့ ညဉ့်အခါ မြင်းရထားနှင့် ရောက်၍ လာခဲ့ရာ ၊ ရန်ကုန်မြို့ အကြောင်းကို တစ်စုံတစ်ရာ မသိ ။ အထက်ကလည်း မရောက်ဖူး ။ ထိုအိမ်မှ ထွက်၍ ပြေးလျှင် သာ၍ ဆိုးသော နေရာသို့ ရောက်မှာ စိုးရလေ၏ ။ မြရွှေ၏ စိတ်၌ ရန်ကုန်မြို့သည် တောကန္တာရထက် ကြောက်မက်ဖွယ် ကောင်းသော တိုက်ကန္တာရ ၊ လူကန္တာရကြီး ဖြစ်လေ၏ ။ ရန်ကုန်မြို့မှာ မိန်းကလေးများကို ရောင်းစားတတ်သည် ။ လုယက်သ,တ်ဖြတ် လိမ်ကောက်သူတွေ များသည် ဟူသော သတင်းများသာ ကြားခဲ့ရလေ၏ ။ သတင်းစာများ၌လည်း မိန်းကလေးများကို အတင်းအဓမ္မ မတရား ရိုက်နှက်ခိုင်းစေကြသည့် အကြောင်းများကို များစွာ တွေ့ရှိခဲ့ရလေ၏ ။ ရောက်လာခြင်းမှာမူ တော အရပ်၌ ချမ်းသာရာမှ ဆင်းရဲပြီး မိထွေး၏ ရန်ကြောင့် အသိမိတ်ဆွေ တစ်ယောက်နှင့် လိုက်ခဲ့ခြင်းဖြစ်လေ၏ ။ ၎င်းအသိမိတ်ဆွေ မိန်းမကြီးက စိတ်ချရသော အချုပ်အလုပ်တိုက် တစ်ခုမှာ အလုပ်သွင်း၍ ပေးမည်ဟု ပြောသဖြင့် လိုက်ပါ၍လာခဲ့ရာ ထိုအိမ်၌ ခေတ္တအနေနှင့် တည်းခဲ့ရာမှ ယခုအထိ သုံးရက် ကြာခဲ့လေ၏ ။ အဖော် ဖြစ်သူမှာ ရောက်လာသော နေ့မှာပင် မိမိကို ခေတ္တ ဆို၍ ထိုအိမ်၌ ထားခဲ့ပြီး ထွက်၍ သွားလေရာ ပြန်မလာ ။ ငါ့ကို ဤအိမ်၌ ရောင်းပစ်ခဲ့တာပဲဟု ယခုမှ သေချာစွာ တွေးမိ လေ၏ ။ အဘယ်ပုံ ပြေးမလဲ ။ ဘယ်ကို ပြေးမလဲ ။

မြရွှေသည် အမျိုးမျိုး စဉ်းစားလေ၏ ။ နဂိုကပင် စဉ်းစားတတ်သူ ဖြစ်လေရာ စဉ်းစားတတ်သော ဉာဏ်စွမ်းကြောင့် ပိုမို၍ ရဲသဖြင့် ရန်ကုန်မြို့ သို့ စွန့်စားလိုက်လာခြင်း ဖြစ်လေ၏ ။

လမ်း၌ သွားလာ၍ နေသူများ ၊ မျက်နှာချင်းဆိုင် တိုက်တန်းလျားများ၌ နေသူများသည် အခြား မြို့ငယ် ရပ်ငယ်များ၌ တွေ့မြင်ရသူများနှင့် မခြားနားလှပေ ။ ၎င်းတို့၏ သဏ္ဌာန်မှာ မိမိ ကြားဖူးသော ဘီလူးသားရဲတို့၏ သဏ္ဌာန်နှင့် မတူ ။ ကောင်းကောင်းမွန်မွန် လူတွေပါကလားဟု တွေးမိလေ၏ ။

၎င်းပြင် ဤမျှလောက် ခမ်းနားကြီးကျယ်စွာ ဆောက်လုပ်နေထိုင်ကြသော လူသူများသော မြို့ကြီးမှာ မိမိ ကြားရသလို မကောင်းဆိုးဝါးတွေသာ ရှိနေကြလျှင် ယခုလို တင့်တင့်တယ်တယ်မှ နေနိုင်ကြဖို့ မရှိပါကလား ။ ငါ အခုနေ ရောက်ရာကို စွန့်၍ သွားလျှင် လူတွေနဲ့ တွေ့ရမှာပဲ ။ လူတွေဟာ တိရစ္ဆာန်တွေ မဟုတ် ။ ဧကန် ဒိဋ္ဌ ဒုက္ခဆင်းရဲ ရောက်သူ တစ်ယောက်ယောက်ကို တွေ့ရလျှင် ကူညီစောင်မဖော်တော့ ရမှာပဲ ။ ဆူးလေ ၊ ရွှေတိဂုံ တန်ခိုးကြီးဘုရားများလည်း ရှိသတဲ့ ။ ဘယ်နည်းနဲ့ မဆို ရှိခိုးသူတွေတော့ ရှိမှာပဲ ။ ဘုရားရှိခိုးသူ မှန်က ဆယ်ယောက်မှာ လေးငါးခြောက်ယောက်လောက်တော့ လူကောင်း သူကောင်း ဖြစ်ကြမှာပဲ ။ တကယ်ဆိုရင် ငါ ဘာမှ ကြောက်ဖို့ မရှိပါကလား ။ လူတွေ နေတဲ့ မြို့ကြီးကို ရောက်နေပါကလား ။ မတော်တဆ တောကန္တာရ ထဲမှာ လမ်းမှားပြီးတော့ တောတိရစ္ဆာန် သရဲတွေကို ကြောက်ကြောက်ရွံ့ရွံ့ ပြေးရသူတစ်ယောက်ဟာ လူသူနေတဲ့ မြို့ကို ရောက်ရင် အင်မတန် အားရှိမှာပဲ ။ ဒီလို ဖြစ်ပါလျက်နဲ့ ငါ ဘာများ တွေးပြီး အားငယ် နေရတာလဲ ။ ဒီအိမ် မကောင်းရင် ကောင်းတဲ့ အိမ်တစ်အိမ်ကို ပြေးတက်ရင် ပြီးရော မဟုတ်လား ။ အိမ်တွေမှာ လူကောင်းတွေ ရှိမှာပဲ ။

အလို ... ဖြစ်မှ ဖြစ်ရလေတယ် ။ ငါ့ကို ကြိုးနဲ့ ချည်ထားတာလည်း မဟုတ် ၊ ဘယ်သူကပဲ ရောင်းရောင်း ၊ ငါ့ကို ဟင်းရွက်ကန်စွန်းလို ဘယ်သူက ပိုင်ရမှာလဲ ။ ဒီလိုသာ ဖြစ်ရင် ခက်ကုန်ရောပေါ့ ။ ငါ့နှယ် မိုက်လိုက်ပါဘိတော့တယ် ။ စောစောက ငါ ဒါကို မတွေးမိတာ ငါ့ရဲ့ အသိဉာဏ်ကို ဘာများ ဖုံးနေပါလိမ့်မလဲ ။ ရန်ကုန်မြို့မှာ အတင်း မကောင်းတာ အလုပ်ခိုင်းလို့ ခံနေရတယ် ဆိုပဲ ။ ငါလို တောသူမကလေးတွေဟာ ဘာပြုလို့ ဒီလောက် ညံ့ဖျင်းကြရပါလိမ့်မလဲ ။ မင်းမဲ့တိုင်းပြည်လည်း မဟုတ် ။ ပြီးတော့ ပုလိပ် ဆိုတာ မကောင်းသူတွေကို ဖမ်းရတာ ၊ ကောင်းသူကို ကယ်ရတာတဲ့ ။ မနက်က အိမ်ရှေ့ဖြတ်သွားတဲ့ ထီးနီချွန်ချွန်နဲ့ ကု,လားတွေဟာ နံဘေးမှာ တုတ် နဲ့ ။ ဒီအကောင်တွေဟာ ပုလိပ် ဖြစ်မှာပဲ ။ တကယ်ဆိုရင် ဒီလို ပုလိပ်ကို အတင်း ပြေးဖက်ပြီး ကယ်ပါဆိုရင် ငါ့ကို မကယ်ဘဲ နေမှာတဲ့လား ။ ရန်ကုန်မြို့မှာ တစ်လက်က တစ်လက် ရောင်းအစားခံရတယ်ဆိုတဲ့ ကောင်မလေးတွေဟာ ဧကန်ဒိဋ္ဌ သင်းတို့ ကိုယ်တိုင် သဘောတူလို့ ဖြစ်မှာပဲ ။ တကယ်ဆိုရင် မတရားရင် လင်တောင်မှ မယားကို ပိုင်မှာ မဟုတ်ဘူး ။

“ ဟဲ့ .. ဟိုကောင်မ ၊ ညည်း ဘာအကြံ ယူနေတာလဲ ။ ရောက်ခါစမို့ မျက်နှာသာ ပေးပြီးထားတာ သုံးရက် ရှိပြီ ။ ညည်း ပြေးလို့ လွတ်မယ် ထင်သလား ။ ငါ ငွေငါးဆယ် ပေးပြီး ဝယ်လိုက်တာ ။ ဒီလို ကျက်သရေ မရှိ ကျက်သရာ မရှိ လူသေမျက်နှာနဲ့ နေဖို့ ညည်းကို ဝယ်တာ မဟုတ်ဘူး ။ အများနည်းတူ ပျော်ပျော်ပါးပါး ဖြီးလိမ်းပြီး နေပါတော့လား ”

“ အို .. မေမေကလည်း ဒီလို မပြောပါနဲ့ ၊ ရောက်စမို့ပါ ။ ဟဲ့ ... မဟဝါ ၊ လာ .. လာ ... ရေမိုးချိုးပြီး ပျော်ပျော် ပါးပါး နေပါလားအေ့ ” ဟု မိန်းမတစ်ယောက်က ပြောရင်း မြရွှေ၏ လက်ကို လာ၍ ဆွဲလေ၏ ။ မြရွှေလည်း ဒေါသနှင့် ခုခံပြောဆိုမည် ပြုပြီးမှ မဖြစ်သေးကြောင်း ၊ ပရိယာယ် ဉာဏ်မကူလျှင် ရန်သူလက်မှာ ပျက်စီးတတ်ကြောင်း တွေးမိလေ၏ ။

ထိုအခိုက် ကြောက်မက်ဖွယ်ကောင်းသော မိုက်မဲသဏ္ဌာန်ရှိ လူသုံးယောက် အိမ်ပေါ်ကို ရောက်လာပြီး “ ဘာလဲ ၊ ဘာလဲ ပြေးမလို့လား ၊ အို .... ဘာရမလဲ ။ ပြေးရင် ရန်ကုန်မြို့ကို ဖျာလို လိပ်ပြီး ကြမ်းပိုး ရှာသလို ရှာမယ် ။ ထွန်းအောင် တဲ့ ၊ ဒီမှာ မျက်နှာကြည့်ထား ” ဟု ပြောကာ မိမိ၏ နဖူးကို လက်ညှိုးကောက်ကောက်နှင့် ထိုး၍ ပြလေ၏ ။

“ အို .. အစ်ကိုကြီးကလဲ ” ဟု ပြောကာ လက်ဆွဲသော မိန်းမက မြရွှေကို အခန်းထဲသို့ သွင်း၍ သွားလေ၏ ။ မြရွှေမှာ လွတ်ဖို့ရန် ထင်သလောက် မလွယ်ကြောင်း သိရပြန်လေ၏ ။ အကြောင်းမူကား လူမိုက်များသည် ကျွန်းမကြောက် ၊ ကြိုးမကြောက်သော လူမျိုးတွေ ဖြစ်ကြောင်း သိရ၏ ။ အဘယ်မျှလောက်ပင် ဉာဏ် ထုတ်စေကာမူ လွတ်ဖို့ မရှိတော့ပေ ။ မကြာမီ ဧည့်သည်များ ရောက်လျှင် မိမိကို စီမံကြမည်ကို တွေးမိသောအခါ အကြောက်ကြီး ဝင်၍ နေလေ၏ ။ ထိုအတွင်း ပုဆိုးရှည်ကြီးများနှင့် လူကြီးနှစ်ယောက် ဝင်လာ၍ ၎င်းတို့၏ စကားများဖြင့် ဝတ်လုံတော်ရ တစ်ယောက် ၊ တရားသူကြီး တစ်ယောက် ဖြစ်ကြောင်း သိရလေ၏ ။

“ ဟဲ့ ... ဟိုသင်းရယ် ၊ ဘယ်သူ ... ဪ ... နာမည်တောင် မသိရသေးပါဘူး ။ ရောက်တာ သုံးရက် ရှိသေးတယ် ဝတ်လုံတော်ရမင်းရဲ့ ” ဟု ပြောလေရာ အတွင်းမှ ကြားရသော မြရွှေမှာ ရင်ထဲ၌ တထိတ်ထိတ် ဖြစ်၍ သွားလေ၏ ။

မြရွှေသည် ရေချိုးရင်း အကြံထုတ်လေရာ တစ်ဖန် အားရှိ၍ လာလေ၏ ။ ရေချိုးခန်းမှာ ရွှင်ပျသော မျက်နှာနှင့် လက်ကလေးများကို ပိုက်ကာ ကုန်းကုန်းကလေး ပြေးထွက်၍ အခန်း တစ်ခုထဲကို ဝင်ပြီး လှလှပပ ဖြီးလိမ်း၍ ထွက်ခဲ့လေရာ ဝတ်လုံနှင့် တရားသူကြီး မျက်လုံးများမှာ မြရွှေ၏ ရင်ထဲကို စူးဖောက်၍ ဝင်သော လှံများလို ဖြစ်၍ နေလေ၏ ။

ဝတ်လုံ ။  ။ “ ကလေးမကလေးက နာမည် ဘယ့်နှယ် ခေါ်သတုံးကွဲ့ ” ဟု ပြောကာ အပါးသို့ ကပ်လာပြီး ကိုဖိုးစိန်ကြီး ဇာတ်စင်ပေါ်မှာ မင်းသမီးရှေ့၌ ကြာပါပါ ထိုင်ပုံမျိုးနှင့် ဘန်ကောက်ပုဆိုးရှည်ကြီးကို သိမ်း၍ ထိုင်ချလိုက်လေ၏ ။ သို့သော်လည်း အသားများသော မဲတုတ်ပွကြီးမို့ ကိုဖိုးစိန် ဟန် မရ ၊ ဝက်ဝံကြီး ပလူးနလူး လုပ်သလို မှတ်ထင်ရသဖြင့် မြရွှေ မှာ ကြက်သီးတွေ ထပြီး ခေါင်းကြီး၍ သွားသဖြင့် ထိုင်ရာမှ ခုန်၍ ထပြီး နောက်ကို ဆုတ်လိုက်လေ၏ ။

မိန်းမကြီး ။  ။ “ ညည်းက ဘာဖြစ်တာလဲ ။ လူကြီးလူကောင်းများကို ညည်းကပဲ ဟန်ကြီးပန်ကြီး လုပ်ရတယ် ရှိသေးသလား ၊ တောသူမက ၊ ဟေ့ ... ထွန်းအောင် ကြည့်ဆုံးမလိုက်စမ်းပါကွယ် ”

ထွန်းအောင်သည် မားမားမတ်မတ် ခြေနှင့်ခတ်တော့မည့်ဟန် အရှိန်နှင့် လာလေ၏ ။ မြရွှေ၏ လျင်မြန်သော လက်သည် အနီးရှိ စားပွဲပေါ်က မီးအိမ် ရှိရာသို့ ရောက်၍သွားပြီး မီးအိမ်ကို ယူကာ ထွန်းအောင် ဆိုသူ၏ မျက်နှာကို ပေါက်လိုက်ရာ ဖောင်းခနဲ အမြောက်ပစ်သလို မြည်ပြီး ထွန်းအောင် ကိုယ်မှာ မီးတောက်မီးလျှံ ဝင်းဝင်းလောင်ကာ ဗြဟ္မာရုပ်ကြီး ဖြစ်လျက် ချာချာလည်၍ နေလေ၏ ။

မီးများသည် ကြမ်းပေါ်၌ ပျံ့လျက် တောက်လောင်ရာမှ ခန်းဆီးကို စွဲလေ၏ ။ တစ်အိမ်လုံး ဆူညံ၍ သွားလေ၏ ။ ဝတ်လုံနှင့် တရားသူကြီးတို့သည် ကိုယ်ပျောက်သလို ဖြစ်၍ သွားကြလေ၏ ။ ထွန်းအောင်သည် ရေချိုးခန်းဘက်သို့ အပြေးမှာ အတွင်းရှိ ခန်းဆီးနှစ်ခုကို မီးစွဲလေ၏ ။ မြရွှေသည် တွေ့သမျှ ၊ မီသမျှ ပစ္စည်းတွေကို ဆွဲကာ အရမ်းပစ်ခတ်ရင်း မအေတွေ ၊ ဖေတွေ ၊ သေကြ ၊ ပြာကျကြ ၊ ငါ တောသူမ ၊ နင်တို့ကို မီးလောင်တိုက် သွင်းမယ်ဟု ပြောရင်း မီးစွဲသော အဝတ်တွေ ၊ ပစ္စည်းတွေကို ကိုင်ကာ အနှံ့အပြား ပစ်ခတ်လေ၏ ။ ကုလားထိုင်တွေ နှင့် မိန်းမတွေကို ပေါက်လေ၏ ။ အိမ်ရှေ့ခန်း တစ်ခုလုံးမှာ ထိန်ထိန်ဝင်းသောအခါ အိမ်ပေါ်မှ ပြေးဆင်းပြီး စုရုံးလာရောက်သူများ အထဲ၌ “ ကျွန်မကို ကယ်ပါ ၊ ကျွန်မကို မကောင်းတာ အလုပ်ခိုင်းကြပါတယ် ”  စသည် ဖြင့် အော်လေရာ အိမ်ကို ဂရုစိုက်၍ နေကြသူတို့သည် မြရွှေကို ဝိုင်း၍ ဂရုစိုက်ကြလေ၏ ။ ထိုအတွင်း မီးသတ်များ ရောက်၍လာရာ မြရွှေလည်း လူကြီးလူကောင်း မိန်းမ ၊ ယောက်ျားအချို့နှင့် ဂတ်တဲသို့ ရောက်ပြီး မကြာမီ စစ်ဆေးပြီးနောက် ဌာနအုပ်ကတော်က လူကြီးလူကောင်းများအား မြရွှေကို မိမိ စောင့်ရှောက်မည်ဟု အာမခံ၍ ခေါ်ထားလိုက်လေ၏ ။

▢  ပီမိုးနင်း
📖 ဝတ္ထုပဒေသာ ပေါင်းချုပ် ( ၁ )

No comments:

Post a Comment