Saturday, February 14, 2026

ငွေတစ်သောင်းကျော်

 

❝ ငွေတစ်သောင်းကျော် ❞
           ( ပီမိုးနင်း )

မောင်သစ်သည် ခန့်ညားသော ယောက်ျားကြီး၏ စားပွဲရှေ့၌ လျှောက်လွှာစက္ကူကိုင်ကာ ရပ်၍နေ၏ ။

ယောက်ျားကြီးသည်ကား ခေါင်းငုံ့လျက် စာတစ်စောင်ကို ရေး၍နေလေ၏ ။ သို့ရေးရာမှ တစ်ချက် မော်ကြည့်ပြီး “ ဪ ... ” ဟုပြောကာ နောက်တစ်ဖန် ခေါင်းငုံ့ကာ စာထဲသို့ ၎င်း၏ စိတ်သည် ငုပ်ဝင်၍ သွားပြန်လေ၏ ။ မောင်သစ်သည်ကား သားနားသော အခန်း၏ အခြေအနေကို ကြည့်လျက်နေလေ၏ ။

မကြာမီ ယောက်ျားကြီးသည် စာကို မင်နှိပ်နှိပ်၍ နံဘေးရှိ ခြင်းထဲသို့ထည့်ပြီး မောင်သစ်၏ မျက်နှာကို ကြည့်လေ၏ ။ မောင်သစ်သည် လျှောက်လွှာကို လှမ်း၍ ပေးလေ၏ ။ ထို့နောက် လက်နှစ်ဖက်ကို နောက်သို့ ပစ်ကာ မတ်မတ်ရပ်လျက် နေလေ၏ ။

သူဌေး ဦးမြတ်သင်းသည် လျှောက်လွှာနှင့် လက်မှတ်များကို ကြည့်ပြီး မိနစ်အနည်းငယ် ကြာသောအခါ စက္ကူများကို စားပွဲပေါ်သို့ ပြန်၍ချပြီး “ အသက် ဘယ်လောက်ရှိတယ် ” ဟု ပြောကာ တစ်ဖန် လျှောက်လွှာကို ကြည့်သလို လုပ်လေ၏ ။

“ အခုလာမယ့် ဇန်နဝါရီလ ၁ဝ ရက်မှာ အသက် နှစ်ဆယ်ထဲ ဝင်ပါတယ် ”

“ အင်း ... စာမေးပွဲက ” ဟု ပြောပြီး တစ်ဖန် လျှောက်လွှာကို ကြည့်သလို လုပ်လေ၏ ။

“ ၁၉၂၈ ခုနှစ်မှာ မော်လမြိုင် အစိုးရအထက်တန်းကျောင်းက ဆယ်တန်း အောင်ခဲ့ပြီး သုံးဆယ်ပြည့်နှစ်မှာ ကော်မာရှယ်ကျောင်း စာရင်းကိုင်အလုပ်နဲ့ စာပေးစာယူ အတတ်ကို အောင်မြင်ခဲ့ပါတယ် ”

“ မောင် တော်တော် အလုပ်ဘက်မှာ စိတ်ပါပုံရှိ တယ်ထင်ပါရဲ့ ။ နောက် ဘယ်တိုက် လုပ်ခဲ့တာက ” ဟု ပြောပြီး လက်မှတ်များကို ကြည့်လေ၏ ။

“ အများကြီး စိတ်ပါပါတယ် ။ အရှည်သဖြင့် ကြီးပွားမယ့် နေရာတစ်ခုခုကို ရရင် ကျွန်တော် အစွမ်းရှိသလောက် ပြဖို့ရန် အမြဲကြံနေပါတယ် ။ မြန်မာ လက်မှုပညာ ကုမ္ပဏီမှာ နိုင်ငံခြား တင်ပို့တဲ့ အလုပ်ကို တစ်နှစ် လုပ်ခဲ့ပါတယ် ။ တစ်တိုက်လုံး ကျွန်တော် ကြည့်ပြီး စီမံရပါတယ် ”

“ မောင် တာဝန်ကြီးကြီးကို ခံဝံ့မှာပေါ့ ”

“ ကျွန်တော် နိုင်တဲ့တာဝန် မှန်ရင် ခံနိုင်ပါတယ် ” 

“ အခု ဒီမှာ ဒုတိယမန်နေဂျာ လိုတယ် ။ သို့သော်လည်း ဒီနေရာက ငွေကြေး အတော်များများ ကိုင်ရတဲ့ နေရာမို့ အာမခံ တစ်ထောင် ထားတယ် ။ လူအာမခံ မဟုတ်ဘူး ။ ငွေအာမခံပဲ ။ သို့သော်လည်း အခုအခါ ငွေကြေး ရှားပါးသည့် အတွက် ငွေအာမခံတင်မယ့် လူတော့ သုံးဦး ရှိတာပဲ ။ အလုပ်ကို ကောင်းကောင်း နိုင်ပုံ မပေါ်ဘူး ။ အလုပ်ကို နိုင်ပုံရသူများတော့လည်း အာမခံ ငွေတစ်ထောင်ကို မတင်နိုင်ကြဘူး ။ မောင်ရင်တော့ ဒါရိုက်တာများ သဘောကျမှာပါပဲ ။ သို့သော်လည်း ငွေ တစ်ထောင် တင်နိုင်မယ်ဆိုရင် သာပြီး နေရာကျဖို့ပဲ ။ မကြာပါဘူး ။ နှစ်လ သုံးလလောက် ကြာလို့ သဘောကျရင် ငွေကို ပြန်ပေးမှာပဲ ။ လီမိတက်မှာ တစ်ဦးတည်းပိုင် မဟုတ်လို့ ဒီစည်းကမ်းကို ထားရတာပဲ ။ ဒီတနင်္ဂနွေ တစ်ပတ်အတွင်းမှာ ကြိုးစားပါဦး ။ ရနိုင်ရင် သာပြီး ကောင်းတာပဲ ။ ဒီအတွင်းမှာ ဦးကလည်း မောင့်အတွက် အာမခံလွတ်ဖို့ ဒါရိုက်တာကို ပြောပါဦးမယ် ”

ဦးမြင့်က “ မောင့်အကြောင်းကို အများကြီး ပြောနေပါတယ် ။ ဟုတ်လား ။ စဉ်းစားပါရစေဦးနော် ။ နောက် တနင်္လာနေ့ကို ဆက်ဆက်လာခဲ့ ။ ငွေရှာလို့ ရသည် ဖြစ်စေ ၊ မရသည် ဖြစ်စေဦး တစ်နည်းနည်းနဲ့ ကြည့်ပြီး စီမံရတာပေါ့ ။ ကောင်းပြီ ” ဟု ပြော၍ ခေါင်းညိတ်လိုက်လေ၏ ။

မောင်သစ်လည်း ကြိုးစားပါမည်ဟု စိတ်ပျက်သော အမူအရာနှင့်ပြောပြီး ပြန်လာခဲ့လေ၏ ။ နောက် တနင်္လာနေ့၌ မောင်သစ်သည် အားငယ်စွာနှင့် ဝင်ရောက်၍ သွားလေ၏ ။

“ ဘယ့်နှယ်လဲ အာမခံငွေ ရမလား ”

“ ဦး ပြောလို့ လာတာပဲ ။ အာမခံငွေတော့ မရဘူး ဦးရဲ့ ။ တစ်နည်းနည်းနဲ့ ဦး ကြံနိုင်ရင်လည်း အလုပ်ကို ရမှာပဲ မျှော်လင့်ပြီး လာခဲ့ပါတယ် ”

သူဌေးသည် စဉ်းစား၍ နေလေ၏ ။ အတန်ကြာ သောအခါ “ ကိုင်း ... စမ်းလုပ်သေးတာပေါ့လေ ။ ဦး တာဝန်ခံရင်တော့ ဖြစ်လိမ့်မလား မသိဘူး ။ သို့သော်လည်း စည်းကမ်းတစ်ခုကို မဖျက်ချင်ဘူး ။ မတော်တဆ တစ်ခုခု ဖြစ်ရင် ဦး တာဝန်ဖြစ်မှာမို့ ပြောတာပါ ။ ဦး ကြည့်ပါရစေဦးလေ ” ဟု ပြောပြီး “ ကိုင်း ... ကြည့်ရအောင် ” ဟု ပြော၍ မောင်သစ်နှင့်အတူ အပြင်သို့ ထွက်ခဲ့လေရာ မန်နေဂျာနှင့် တွေ့လေ၏ ။

မန်နေဂျာနှင့် သူဌေးသည် နေရာခမ်းနားကို ပြင်ဆင်ရန် တိုင်ပင်ကြလေ၏ ။ မောင်သစ်မှာကား အလုပ်ကို တကယ်ရမှ ရပါ့မလား ။ ငါ့ကို စမ်းသပ်ပြီး ဒါရိုက်တာ အစည်းအဝေးက ဖယ်၍များ ချမလား ။ မြဲမြဲမှ လုပ်ရပါ့မလား စသည်ဖြင့် တွေးတောကာ ရင်ထဲ၌ လေးလံ၍ နေလေ၏ ။ မိမိအတွက် စပါယ်ရှယ် တာဝန်ခံပါကလည်း သူဌေးကို များစွာ အားနာဖွယ် ဖြစ်မည်ကို တွေးလေ၏ ။ အဘယ်ပုံ မိမိကို စမ်းသပ်မည်နည်း ။ နေရာမကျလျှင် မိမိမှာ များစွာ ခက်ခဲ၍ နေလေ၏ ။ ဤရက်အနည်းငယ် အတွင်း အလုပ်မရလျှင် မိခင် နှင့်တကွ မောင်နှမသားအမိ တစ်စုလုံးမှာ များစွာ ကျပ်တည်းခက်ခဲဖို့ ရှိလေရာ အိမ်ကလည်း ကြွေးရှင်က သိမ်းဖို့ရန် အတန်တန် ခြိမ်းခြောက်၍ နေလေ၏ ။ ထို့အပြင် မအေတွက် စိတ်မချမ်းသာဖွယ်ရာ များစွာ ရှိနေသည်ကား မိထွေး နှင့် နေရခြင်းဖြစ်၍ တစ်လ နှစ်လအတွင်းမှာမှ “ ကိုကို မခေါ်ရင် ကျွန်မ လူ့ဘဝမှာ နေရတော့မှာ မဟုတ်ဘူး ။ ဒီမိထွေးနဲ့တော့ မဖြစ်တော့ပါဘူး ” ဟု မျက်ရည်ကလေး လည်လည်နှင့် ပြောသော စကားများကို နား၌ ကြားလျက် မျက်လုံးထဲမှ ငိုမဲ့မဲ့ မျက်နှာကလေးမှာ မထွက်ဘဲနေလေ၏ ။

အတန်ကြာသောအခါ တစ်ခုသော အခန်းထဲ၌ မိမိ အတွက် နေရာခမ်းနား ပြင်ဆင်ပြီး၍ “ ကိုင်း .. ဒါ မောင့် နေရာပဲ ။ မောင့်အစွမ်းကို အလုပ်နဲ့သာ ပြပေရော့ ။ အာမခံငွေ မရသော်လည်း ဦး နေရာကျအောင် ကြိုးစားပေးမယ် ။ ရလိမ့်မယ်လို့ မျှော်လင့်တာပဲ ။ မောင့် လက်စွမ်းလက်စကို သိကြရရင် ဦး ပြောအားရှိတာပေါ့ ။ ဒိဋ္ဌ ရမယ်လို့တော့ မမျှော်လင့်နဲ့ဦး ။ ရဖို့လမ်းတော့ ရှိတာပဲ ။ သူတို့ သဘောကျသူရော ၊ အာမခံရော စောင့်ရမယ် ဆိုရင် မရသေးမီ အတောအတွင်းကို ကုမ္ပဏီမှာ ငွေ တစ်ထောင်မက ငါးထောင် တစ်သောင်း အကျိုးယုတ်မှာ ။ ဒါတွေကို ရှေးကျတဲ့ ဒါရိုက်တာတွေ သိတာ မဟုတ်ဘူး ။ သူတို့က ငွေကို အင်မတန်ကြည့်တာ ။ ဘာမဆို စိတ်ချရမှ လုပ်ချင်တယ် ။ အကျိုးစီးပွား ဘယ်လောက် ယုတ်မယ်ဆိုတာ မတွေးကြဘူး ” ဟု ပြောပြီး မောင်သစ်ကို အခန်းထဲသို့ ခေါ်သွား၍ နေရာချထားပြီးလျှင် မိမိ အခန်းသို့ ပြန်၍ သွားလေ၏ ။

မောင်သစ်သည် စားပွဲအံဆွဲများကို ဖွင့်၍ ကြည့်ရှု သုတ်သင်ရှင်းလင်း၏ ။ သို့ ရှင်းလင်းခိုက်တွင် အံဆွဲ တစ်ခု၌ ဖုန်တွေ လွှမ်းအုပ်လျက် စာအိတ်ဟောင်းကြီး တစ်ခုကို တွေ့လေ၏ ။ ထိုစာအိတ်ကြီးကို ယူ၍ ဖုန်များကို ခါပြီး ဖွင့်၍ ကြည့်ရာ မောင်သစ်၏ မျက်လုံးများမှာ ဝင်းဝင်းတောက်၍ လာလေ၏ ။ ထို့နောက် ပြုံးလျက် တွေးတောကာ တစ်ကိုယ်တည်း ဦးခေါင်းကို ညိတ်ပြီး ရှုတ်ချသော အမူအရာနှင့် ဒေါသအမျက် ရောစပ်ကာ စိုက်လျက်ကြည့်နေလေ၏ ။ အကြောင်းမူကား တွေ့ရှိရ သော အရာများမှာ သစ်လွင်သော ငွေစက္ကူများ ဖြစ်၍နေ လေ၏ ။

“ ငါ့ကို စမ်းတာပဲ ။ ငါ့လိုလူကို ဒီနည်းမျိုးနဲ့ စမ်းလို့ ဘာရမလဲ ။ ဒီသူဌေးကို မျက်နှာစေ့စေ့ ကြည့်ပြောပြီးမှ ဖိနပ်က ဖုန်ကို တံခါးဝမှစင်အောင် သုတ်ခါပြီးသွားမယ် ။ ဒီလို အသုံးမကျတဲ့ ဉာဏ်တွေကို သုံးတဲ့ တိုက်မျိုးဟာ ငါလို အဖိုးတန်တဲ့ လူရိုးလူကောင်း အလုပ်လုပ်အပ်တဲ့ နေရာ မဟုတ်ဘူး ” ဟု တွေးပြီး ငွေစက္ကူများကို ရေတွက်၍ ကြည့်ရာ ၊ ဆယ်တန် ၊ ရာတန် ၊ စုစုပေါင်း ငွေ တစ်သောင်း သုံးရာတိတိ ဖြစ်သည်ကို တွေ့ရလေ၏ ။

ထိုငွေများသည် မိမိပိုင်လျှင် ယခု တွေ့ကြုံနေသော အခက်အခဲ ဟူသမျှ ရှင်းလင်းဖို့ရှိသည်ကို တွေးမိလေ၏ ။ တံခါးဘက်သို့ ကြည့်ရာ မည်သူ့ကိုမျှ မမြင်ရချေ ။ ထိုအခါ နေ့လယ်စာ စားရန် ထွက်သောအချိန် ဖြစ်လေ၏ ။ စာအိတ်ကို စာရင်းစာအုပ်အောက်၌ ထားပြီး အပြင်ကို ထွက်၍ ကြည့်လေရာ တိုက်ထဲ၌ မည်သူ့ကိုမျှ မတွေ့ရပေ ။ သို့ဖြစ်လေရာ အခန်းထဲကို ပြန်၍ ဝင်ပြီး စဉ်းစား၍နေလေ၏ ။

“ ငါ့ကို သင်းတို့က ထောင်တာပဲ ။ ငါက တကယ် ယူပြီး လျှို့ဝှက်လိုက်ရင် ဒီငွေတစ်သောင်းကျော်ဆုံးမှာပဲ ။ နောင် ငါယူမှန်းကို သိစေကာမူ သင်းတို့ ငါ့ကို ဘယ့်နှယ်လုပ်မလဲ ။ တရားစွဲရင် ဘယ်သူ သက်သေ ရှိမလဲ ။ မဧလည်း သူ့ မိထွေး လက်က လွတ်ပြီး အေးမှာပဲ ” ဟု တွေးပြီးကာ မိမိ အင်္ကျီအိတ်တွင်းသို့ အပိုင်ထည့် လိုက်ချင်သော စိတ်သည် ပြင်းထန်စွာ ပေါ်၍ လာလေ၏ ။

ဤငွေများသည် မိမိ၏ အိတ်ထဲ၌ ပါ၍ လာပြီး တစ်လမ်းကျော်လျှင် မိမိ ပိုင်ဖို့ရှိ၏ ။ အဘယ်ဆိုင်ကို မဆို ဝင်ပြီး ဝယ်ချင်ရာဝယ် ၊ စားချင်ရာစား ၊ သုံးချင်ရာကို သုံးနိုင်သော ဣစ္ဆသယ တန်ခိုးကြီးလှသော လက်နက်ဖြစ်လေ၏ ။ ထိုအကြောင်းများကို ဆင်ခြင်ကာ စိတ်ကို မနိုင်နိုင်အောင် ရှိနေ၏ ။

ထိုငွေများကို ယူရကောင်းမလား ။ ယူအသွားမှာ လမ်း၌ မိ၍ နေမလား ။ လမ်းမှာ မမိလျှင် ငါပိုင်တာပဲ ။ သင်းတို့ ငါ့ကို တစ်စုံတစ်ရာ တတ်နိုင်မှာ မဟုတ်ဘူး ။ သို့သော်လည်း ဤမျှသော ငွေများနဲ့ ငါ့ကို ထောင်သည်မှာ ငွေကို အဆုံးခံဖို့ ထောင်ခြင်းမဟုတ် ၊ ငါ့ကို ဤနေရာမှ ဝေးစွာ မသွားရသေးမီ တစ်ယောက်ယောက် ငါ့ကို ပုလိပ်နှင့် လိုက်ဖမ်းမှာပဲ ။ ငါ အခုချက်ချင်း ပြန်ပေးမှ တော်မည် ။ သို့သော်လည်း ဤမျှလောက် ငွေနှင့် ထောင်သော သူဌေးသည် အတော်မိုက်သောသူဌေး ဖြစ်မှာပဲ ။ ထောင်မှန်းကို ဘယ်သူမဆို သိမည်ကို သင်း မတွေးတောမိတာ အံ့သြစရာကောင်းတာပဲ ။ ဒီလောက်ညံ့တဲ့ သူဌေးမျိုးတိုက်မှာ အလုပ်လုပ်ခြင်းထက် ဒီငွေများကို ယူပြီး လွတ်အောင်ပြေးခြင်းက ပိုမို အကျိုးရှိမှာပဲဟု တွေး တောကာ နပြားပင် ပမာ စိတ်မှာ ယိမ်းယိုင်၍ နေလေ၏ ။

အတန်ငယ် စဉ်းစားပြီးသောအခါ စာအိတ်ပေါ်တွင် စာများကို ရေးလေ၏ ။ စာတစ်ရွက်မှာလည်း စာကို ရေး၍ ငွေစက္ကူများ အထဲတွင် စာရွက်ကို ညှပ်၍ထည့်ပြီး မိမိ၏ အင်္ကျီ အတွင်းအိတ်ထဲသို့ ထည့်လေ၏ ။ ထိုစာများမှာ မိမိကို ဤလိုနည်းမျိုးနှင့် စမ်း၍ မရဟူသော အကြောင်းကို ဖော်ပြကာ သူဌေးကို အပြစ်တင်ကဲ့ရဲ့သောစာ ဖြစ်လေ၏ ။ စာအိတ်၌ ရေးသော လိပ်မှာ အင်ရှူးယား လုပ်၍ သူဌေးထံသို့ ပို့ရန် လိပ်ဖြစ်လေ၏ ။

ညနေ ၅ နာရီထိုး၍ အလုပ်ဆင်းသောအခါ တစ်စုံတစ်ယောက် လိုက်လေမလား ။ လိုက်လျှင် သူဌေးထံ ပို့ရန် လိပ်နှင့်စာ ပါရှိသဖြင့် သဘောရိုးဖြစ်သဖြင့် တစ်စုံတစ်ရာ ဖြစ်ဖို့မရှိဟု စိတ်ချ၍ သွားခြင်းဖြစ်လေ၏ ။ သို့သော်လည်း မောင်သစ်မှာ များစွာ အံ့သြခြင်း ဖြစ်သည်ကား တစ်စုံတစ်ရာမျှ မိမိကို ဂရုမစိုက်ခြင်းကြောင့် ဖြစ်လေ၏ ။ ထိုအခါ မောင်သစ်သည် လျင်မြန်စွာ လန်ချားတစ်စီးနှင့် အိမ်သို့ ရောက်သွားလေ၏ ။ ထိုညဉ့်၌ အိပ်၍ မပျော်ချေ ။ ထိုငွေတစ်သောင်းကျော်သည် မျက်နှာပေါ်တွင် ဝဲ၍ နေလေ၏ ။ နံနက် အလုပ်သွားသောအခါလည်း မည်သူကမျှ တစ်စုံတစ်ရာ မပြောချေ ။ အလုပ်များ လုပ်ပြီးနောက် ထိုနေ့၌ အိမ်သို့ ပြန်သောအခါ မန်နေဂျာနှင့် ခဏရပ်၍ စကားပြောလေ၏ ။ ငွေတစ်သောင်းနှင့် ပတ်သက်၍ တစ်စုံတစ်ရာ၏ အရိပ်အမြွက်မျှသော အမူအရာကို မတွေ့ရှိရပေ ။ သို့သော်လည်း စိတ်၌ များစွာ မငြိမ်မသက် ဖြစ်လေ၏ ။ မည်သူကမျှ တစ်စုံတစ်ရာ မပြောသော်လည်း စိတ်၌ အလုပ်တိုက်ကို ဝင်သည့် အခါတိုင်း လေးလံခြင်း ဖြစ်လေ၏ ။ ငွေကိုကား ပြန်၍ ပေးရန် မလိုသော အနေသို့ ရောက်၍ နေလေ၏ ။

မည်သူကမျှ ဂရုမစိုက်သော အကြောင်းအရာ အတွက် မိမိ ကိုယ်တိုင်လည်း ဂရုစိုက်ဖို့ မလိုဟု အောက်မေ့ကာ ငွေကို လုံခြုံသောနေရာ၌သာ ထားလေ၏ ။ နောက်ရက်များ မကြာမီ အလုပ်တိုက်သို့ သွားတိုင်း စိတ်လက်လေးလံခြင်းက တစ်ကြောင်း ၊ ငွေတစ်သောင်းကျော်မှာ မိမိအတွက် အားကိုးကြီး တစ်ခု ဖြစ်နေသောကြောင့် တစ်ကြောင်း အလုပ်မှ ထွက်လိုက်လေ၏ ။ နောက်များ မကြာမီ သတင်းစာတစ်စောင်၌ မောင်သစ်ခေါ် အသက်နှစ်ဆယ်ခန့်ရှိ ယောက်ျားပျို တစ်ယောက်သည် ဆိုင်တစ်ဆိုင်၌ ငွေစက္ကူ တစ်ရာတန်ကို ဖျက်၍ ဝယ်ရာ ငွေစက္ကူအတု ဖြစ်နေသဖြင့် ပုလိပ်သို့ တိုင်ရာ ၎င်း၏ ကိုယ်၌ မမှန်ငွေစက္ကူ တစ်သောင်းဖိုးခန့် တွေ့ရှိရကြောင်း ၊ ၎င်းကို ယခုအခါ ဘားလမ်း အချုပ်ထောင်၌ ချုပ်၍ ထားကြောင်းနှင့် ပါရှိသည်ကို အများ တွေ့မြင်ကြရလေသည် ။

နောက် တဖြည်းဖြည်း သိရသည်မှာ ထိုငွေစက္ကူများသည် ငွေစက္ကူလုပ်သောသူများ တိတ်တဆိတ် လျှို့ဝှက်ထားသော ငွေစက္ကူများ ဖြစ်ရာ မတော်တဆ လျှို့ဝှက်သော စားပွဲသည် အိမ်ထောင်ပရိဘောဂဆိုင် တစ်ဆိုင်သို့ ရောက်လာပြီး ထိုဆိုင်မှ တစ်ဆင့် အလုပ်တိုက်သို့ ရောက်ရာ ၊ ကံဆိုးသည့်ခွေး ပြေးရင်းဟပ်မိ သဖြင့် လက်ထိပ်နှင့် အခတ်ခံရကြောင်း သိရလေသည် ။

▢  ပီမိုးနင်း
📖 ဝတ္ထုပဒေသာ ပေါင်းချုပ် ( ၁ )

No comments:

Post a Comment