Thursday, February 12, 2026

ကျွန်တော်တို့ ချစ်တဲ့ မော့ ( စ် ) အကြောင်း


 

❝ ကျွန်တော်တို့ ချစ်တဲ့ မော့ ( စ် ) အကြောင်း ❞
          ( ကျော်ထူး )

“ မင်းက အတူတူနေပြီး အရက်မသောက်ဘူး ဆိုတော့ ဘာလဲ သူတော်ကောင်း လုပ်ပြနေတာလားဟင် ။ ငါက သောက်တော့ လူမိုက်ကြီးပေါ့ ဟုတ်လား ။ အေး ... သူတော်ကောင်းနဲ့ လူမိုက် အတူတူ နေလို့ မရဘူးကွ ။ ဒီတော့ မင်းနေခဲ့ ၊ ငါပဲ ပြောင်းမယ် ” ဟု ဆိုကာ တည်းခိုသော ချောင်းသာက မေကို တည်းခိုခန်းမှ စောင်တစ်ထည်ပေါ် သူ၏ အဝတ်အစားများ ပစ်ထည့်ကာ အထုပ်ကြီး ထုပ်၍ ညတွင်းချင်း ဘယ်ကို ထွက်သွားမှန်း မသိတော့ပါဘူး ။ နေမကောင်း၍ ဘာမှ ပြန်မပြောနိုင်ဘဲ ခုတင်ပေါ် ငုတ်တုတ်လေး ကျန်ခဲ့သူက ကျွန်တော် ။ အဲဒီညမှာပဲ အခြေအနေ ဆိုးလာ၍ ချောင်းသာဆေးရုံသို့ ကိုချိုကြီးရဲ့ အကူအညီနဲ့ တက်ခဲ့ရပါတယ် ။

“ ဒေါက်တာ မရှိဘူး ၊ ပုသိမ်ဘက် ဆင်းသွားတယ် ”

“ တခြား ဒေါက်တာရော မရှိဘူးလား ”

“ ဒီဆေးရုံမှာ ဒီဒေါက်တာ တစ်ယောက်ပဲ ရှိတယ် ” 

“ နပ်စ်မလေး တစ်ယောက်တော့ ရှိတယ် ”

အဲဒါနဲ့ နပ်စ်မလေးက သူ တတ်သလောက် ဆေးထိုး ၊ ဆေးပေးပြီး ခုတင်ပေါ်မှာ အနားယူ လိုက်ပါတယ် ။ ဒါရိုက်တာ မိုက်တီးနဲ့ အဖွဲ့ကတော့ သောင်ပြင်ပေါ်မှာ သဲကြီးမဲကြီး ရိုက်ကူးနေတာ ကျွန်တော့်ရဲ့ ဖြစ်စဉ်ကို မသိကြပါဘူး ။ မိန်းမောနေစဉ်မှာပဲ -

“ မင်း ဒီလို ဖြစ်နေမှန်း ငါ မသိလို့ ပြောမိတာပါကွာ ။ ငါ့ကို ခွင့်လွှတ်ပါ ။ ငါ ပြန်လာပါ့မယ် ” ဟု ပြောပြီး ကျွန်တော့် လက်မောင်းတွေကို လာဆုပ်နယ်နေတဲ့ ဟာသသရုပ်ဆောင် လူရွှင်တော်ကြီး ကိုမော့စ် မျက်ရည်တွေ ဝဲလို့ နေလေရဲ့ ။ အဲဒီတုန်းက ဒါရိုက်တာက မိုက်တီး ၊ မင်းသားက ကျော်ရဲအောင် ၊ မင်းသမီးက မကြီးစိုး နဲ့ အနမ်းတွေဗုံးကြဲ အဲ ... အမုန်းဆွဲ ဆိုတဲ့ ဇာတ်ကား ရိုက်ကူးစဉ်ကာလ ။

“ ကိုမော့စ် ဆုံးသွားပြီတဲ့ ”

“ မဆုံးပါဘူး ၊ SSC မှာ တင်ထားတယ်တဲ့ ”

သန်လျင်ဘက်မှာ ကားရိုက် ပြီးပြီးချင်းပဲ ကျွန်တော်ရယ် ၊ ဦးမိုးကျော်ရယ် ၊ ခင်လှိုင်ရယ် သွား တွေ့လိုက်ပါတယ် ။ ဟိုရောက်တော့ တစ်ကိုယ်လုံးမှာ ပိုက်တွေ သွယ်ထားတဲ့ လူနာ ကိုမော့စ် ၊ ငုတ်တုတ်လေးရယ် ။

“ ရုပ်သေးရုပ် ကြိုးတွေ တပ်ထားသလိုပဲ ” 

“ ဦးဖိုးစိန်ပွဲ ငါ မကရတာ နာတယ်ကွာ ”

“ ဟာ ... ကိုမော့စ်ကလည်း ကျန်းမာရေးကောင်းအောင် ကြိုးစား ၊ ကောင်းတဲ့ အချိန် ဇာတ်ခုံက မပြေးပါဘူး ။ ကရမှာပါ ”

စိတ်ပြေလက်ပျောက် ဖြစ်အောင် လူရွှင်တော်ကြီး ဦးမိုးကျော် က ဦးမော့စ် နဲ့ ပေါင်းပြီး သီချင်းတွေ ဆိုပြလိုက်တယ် ။ တဒင်္ဂတော့ သူ စိတ်ချမ်းသာသွားပုံရပါတယ် ။ တစ်ရက်မှာတော့ -

“ ကျွန်တော့် မော့စ် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ရရှိခြင်းအတွက် အပျော်လေးများ မျှဝေရင်း ဧည့်ခံလိုပါသောကြောင့် ကြွရောက်ချီးမြှင့်အားပေးပါရန် လေးစားစွာ ဖိတ်ကြားအပ်ပါသည် ” ဟူသော ပန်းနုရောင် ဖိတ်စာလေးတစ်စောင် ကျွန်တော့်ထံ ရောက်လာပါသည် ။

“ ကျွန်တော် မိုက်တီးနဲ့ ဇာတ်ကားကြီးတွေ ရိုက်ကူးထားပါသေးတယ် ။ နောက်ထပ် အကယ်ဒမီ ထပ်ရချင် ရနိုင်ပါသေးတယ် ” လို့ ကိုမော့စ် က ပြောပါတယ် ။

“ ကျော်ထူး ကတော့ ရမယ် မထင်ပါဘူး ။ ဘာဖြစ်လို့လဲ ဆိုတော့ ကိုမိုက် ရိုက်ကူးထားတဲ့ ဇာတ်ကားထဲမှာ မျက်နှာဖုံးစွပ်ထားတော့ ဘယ်သူမှန်းတောင် သိမှာ မဟုတ်ပါဘူး ”

သူ့ဧည့်ခံပွဲလေးမှာ ကျွန်တော်ရယ် ၊ ခင်လှိုင်ရယ် ၊ ဒိန်းဒေါင်ရယ် တစ်ယောက် နဲ့ တစ်ယောက် ပေါက်ကရတွေ ပြောရင်း ပွဲလေးက စည်ကားသွားပါတယ် ။

“ ကိုကျော်ထူး ခဏ ထပါဦး ၊ ကိုမော့စ် ဆုံးသွားပြီ ” တဲ့ ။

“ ဟာကွာ ... အိပ်ရေးက မဝရတဲ့ ကြားထဲ စောစောစီးစီး ဘာ ကိုမော့စ် ဆုံးရမှာလဲ ။ အဲဒီ သတင်းက ခဏခဏ ထွက်နေတာ ။ ဘယ်မအေပေးတွေ လျှောက်လွှင့်နေတာလဲမှ မသိတာ ”

“ ဘယ်မအေပေးမှန်းတော့ မသိပါဘူးတော် ။ ခု ဖုန်းဆက်ပြီး ပြောတာက ရှင့်အမေလင် လူရွှင်တော် ကိုတိမ်ညွန့် ”

“ ဟင် ... ဦးတိမ်ညွန့် ”

ဦးတိမ်ညွန့် ဟူသော စကားသံကြောင့် တွန့်ခနဲ ဖြစ်သွားသည် ။ ဦးတိမ်ညွန့် လို လူကြီးကတော့ နောက်ပြောင်ပြောမည် မဟုတ် ။ ကမန်းကတန်း နီးစပ်ရာတွေ ဖုန်းဆက် မေးကြည့်လိုက်တော့ ( ၁၃ . ၂ . ၂၀၁၂ ) ဗုဒ္ဓဟူးနေ့ ၊ နံနက် ( ၄း၂၀ ) နာရီ SSC မှာ ဆုံးသွားတာတဲ့ ။ အခုတော့ ကောလာဟလ မဟုတ်တော့ပါဘူး ။ တကယ်ကြီးကို သူ ချစ်တဲ့ မိသားစု ၊ သူ မြတ်နိုးတဲ့ ပရိသတ် ၊ သူ ခင်တွယ်တဲ့ အနုပညာမောင်နှမတွေကို လက်တွဲဖြုတ်ပြီး တမလွန်ကို လျှောက်သွားပါပြီ ။

အသံသေးသေးစွာစွာ နှုတ်ခမ်းမွေး တကားကားနဲ့ လက်မနဲ့ လက်ညှိုးလေး ကွေးကွေးကောက်ကောက်နဲ့ ပြက်လုံးတွေ ပြက်ရင်း သရုပ်ဆောင်ရင်းနဲ့ အကယ်ဒမီ ဟူသော ရွှေစင်ရုပ်တုလေးကို ရအောင် ယူသွားနိုင်သူက ကိုမော့စ် ရယ်ပါ ။

သူ၏ သားအကြီးကောင် ထိုက်စံ ကို မင်းသား ဖြစ်စေရန် ပခုံးနဲ့ ထမ်းပြီး အရင်းအနှီးတွေ များစွာနဲ့ ပံ့ပိုးပေးခဲ့သူက ဧရာဝတီတိုင်း ဟင်္သာတ ခရိုင် ၊ လေးမျက်နှာမြို့နယ် ၊ ရေသိုးကျေးရွာသား ကိုမော့စ် ရယ်ပါ ။

ပြက်လုံးတွေ စုဆောင်း ၊ လူရွှင်တော်ဝတ်စုံတွေ အမြတ်တနိုးနဲ့ သိမ်း ၊ ရှေးဟောင်းပစ္စည်းတွေ ဝါသနာအရ စုဆောင်း ၊ မရိုက်တတ်သော်လည်း ဝါသနာအရ သိမ်းထားတဲ့ ဂေါ့ဖ်အိတ်လေးတွေကို ပိုင်ရှင်မဲ့စွာ ထားခဲ့သူက ကိုမော့စ် ရယ်ပါ ။

ဒါရိုက်တာ မိုက်တီး ရိုက်ကူးတဲ့ ‘ စိတ်မရှိနဲ့ ချစ်ကြည့်မလို့ ’ ဟူသော ကားကြီးမှာ လွင်မိုးရဲ့ အဖေ အဖြစ် သရုပ်ဆောင်ရင်း ရိုက်ကွင်းပေါ်မှာ ကျော်ထူး နဲ့ ငရုတ်သီးအစပ်တွေ ပြိုင်စားရင်း သွားရည်တွေကျကာ စကားလုံးတွေ မပြောနိုင်တော့ဘဲ အိမ်ပြန်သွားရသူက ကိုမော့စ် ရယ်ပါ ။

ချောင်းသာမှာ ကားရိုက်ရင်း ရှေ့ကျွမ်းနောက်ကျွမ်းတွေ ပစ်ပြရာမှ တည်းခိုခန်းရှေ့ အမှိုက်ပုံးထဲ ကျွံဝင်သွားပြီး ခြေထောက်တွေ စုတ်ပြတ်သွားသူက ကိုမော့စ် ရယ်ပါ ။

နေပြည်တော် အကယ်ဒမီပေးပွဲမှာ လမ်းဘေးက ရေနုတ်မြောင်း ကျင်းထဲ ပြုတ်ကျပြီး ခြေထောက် ထိခိုက်သွားသူက ကိုမော့စ် ရယ်ပါ ။

မြဝတီအငြိမ့်ပြိုင်ပွဲမှာ မန္တလေးက လူရွှင်တော်ကြီးတွေကို အိမ်ခေါ်ပြီး ချက်ပြုတ်ကျွေးမွေး ၊ ‘ မ ’  ဆိုသော အက္ခရာနဲ့ ပြုစုပေးခဲ့သူက ကိုမော့စ်ရယ်ပါ ။ ယခုတော့ ထိုအမှတ်တရလေးတွေကို ချန်ထားခဲ့ပြီး ထွက်သွားခဲ့လေပြီ ။ သည်ဘက်ခေတ်မှာ ရှေးကထက် ပိုချစ်ပြမယ် ဟု ကြိမ်းဝါးခဲ့သော ကိုမော့စ် ။ မရှေးမနှောင်းခင်က ကွယ်လွန်သွားခဲ့သော လူရွှင်တော် ကိုခင်ဖိုး ( ခ ) ကိုသာဓု နောက်သို့ ပိုချစ်ရအောင် လိုက်များ သွားလေပြီလား ။

အစားထိုး မရသော ဟာသလူရွှင်တော်ကြီး ကိုမော့စ် တစ်ယောက် ကောင်းရာသုဂတိ လားပါစေလို့ .. ။

▢  ကျော်ထူး
📖 First Music News Journal
     2013 ( Tuesday )

📖 မိုင်တိုင် ၁၇ အတွေးစာစုများ

No comments:

Post a Comment