Showing posts with label မောင်လရောင်. Show all posts
Showing posts with label မောင်လရောင်. Show all posts

Tuesday, April 16, 2024

ထိုသင်္ကြန်


 

❝ ထိုသင်္ကြန် ❞

“ ဟေ့ ... ဟေ့ ကလေးတွေ မပက်ကြနဲ့ လေ ၊ ပုံးလိုက် လောင်းရတယ်ကွ ၊ ခွက်စောင်း မခုတ်ကြနဲ့ နော် ၊ နာနာကလေး .. နာနာလေး ”

လမ်းဘေး လက်ဖက်ရည်ဆိုင် တွင် နှစ်နှစ်သားလေး ကို ရင်ခွင် ပိုက် ၍ သူ့ သား အကြီးကောင် ခြောက်နှစ်သား အပါအဝင် ကလေး တစ်သိုက် ရေပက် ကစားနေကြသည် ကို မြှောက်ထိုး ပင့်ကော် လုပ်ပေးသူ မှာ ကိုသောင်းစိန် ဖြစ်၏ ။ ကိုသောင်းစိန် သည် အစိုးရရုံး ဌာန တွင် အလုပ် လုပ်သော အမှုထမ်း တစ်ဦး မဟုတ် ။ ထို့ကြောင့် သင်္ကြန်အကြိုနေ့ တွင် အလုပ် မဆင်းဘဲ နေလို့ ရ၏ ။ အစိုးရရုံး အမှုထမ်းများ အတွက် အကြိုနေ့ သည် ရုံးပိတ်ရက် မဟုတ် ၍ အလုပ် ဆင်းကြရ၏ ။ ဝတ်ကောင်းစားလှ ဖြင့် အလုပ် ဆင်းရန် လမ်း ထွက် လာကြ သော အမျိုးသား ၊ အမျိုးသမီးများ ကို ကလေး တစ်သိုက် က ရေပက် ကြရာ ကိုသောင်းစိန် က လက်ဖက်ရည်ဆိုင် မှ ထိုင် ကြည့် နေပြီး အားပေးအားမြှောက် လုပ် နေခြင်း ဖြစ်လေသည် ။

အလုပ်ခွင် ဆင်းကြသော သူများ က အကြိုနေ့ တွင် ရေပက် ကစားသည် ကို မကြိုက်ကြ ၊ အင်္ကျီ စို ၊ လုံချည် စို ဖြင့် အလုပ်ခွင် ထဲ ရောက် သွားရလျှင် နေရာ ထိုင်ရာ အလုပ် လုပ်ရာ တွင် ကသိကအောက် ဖြစ်သောကြောင့် ပင် ။ ယခင် က သင်္ကြန် အကြိုနေ့ တွင် ကလေးများ သာ လျှင် ရေကစား တတ်ကြ၏ ။ သို့သော် ယခု အခါတွင် လူလတ် ၊ လူကြီးများ က ပါ သင်္ကြန်အကြို နေ့ တွင် ရေကစားကြ လေပြီ ။ အကြောင်း မှာ အလုပ် ဆင်းကြရသော အမျိုးသမီးလေးများ ကို ဦးဦးဖျားဖျား ရေလောင်း ကစား ရသောကြောင့် ဖြစ်လေသည် ။

ထိုနေ့ က ကိုသောင်းစိန် ကိုယ်တိုင် က လည်း ရေကစား ချင်လှသည် မှာ တစ်ပိုင်း သေ နေ၏ ။ သို့သော် သူ့ ရင်ခွင် ထဲ ရှိ သူ့ သား အငယ်ကို ထိန်းထားရသောကြောင့် သာ လျှင် ငြိမ် နေရခြင်း ဖြစ်လေသည် ။ သူ့ ရင်ခွင် ထဲ ရှိ သားငယ် မှာ နေမကောင်း ချင် သလိုလို ဖြစ်နေ ၍ ညှော် ရှောင် နေရ၏  ။ ထို့ကြောင့် အိမ် တွင် အိမ်ရှင်မ က ချက်ပြုတ်ကြော်လှော် နေချိန် တွင် ကိုသောင်းစိန် က ကလေးထိန်း ၊ ညှော်ရှောင် ရင်း လမ်းဘေး လက်ဖက်ရည်ဆိုင် သို့ ရောက် လာပြီး ရေကစား နေကြသော သူ့ သား အကြီးကောင် အပါအဝင် ကလေးများ ကို အားရပါးရ မြှောက်ပေး နေခြင်း ဖြစ်လေသည် ။

ဘုန်းတော်ကြီးကျောင်း သို့ သွား၍ ဥပုသ် စောင့်ကြမည့် အမျိုးသမီးကြီး တစ်ဦး နှင့် အမျိုးသမီး ငယ်ငယ် သုံးဦး တို့ သည် ဆွမ်းချိုင့်များ ကိုယ်စီ ဆွဲ ၍ လာနေကြ၏ ။ သူတို့ ကိုယ် တွင် ရေ မစိုသေး ၊ သူတို့ ဖြတ် လာကြသော လမ်းတွင် ကလေးများ ရေကစား နေကြသော် လည်း ဥပုသ်သည် ဖြစ်ကြောင်း နားချ ပြောပြ ခဲ့ကြ၍ ရေပက်မခံကြရခြင်း ဖြစ်ပေလိမ့်မည် ။ သူတို့ သည် ကိုသောင်းစိန် ထိုင် နေသော လက်ဖက်ရည်ဆိုင် နား ရောက်လာကြ၏ ။ ကိုသောင်းစိန် က ထို ဥပုသ်သည် များ ကို မြင်မြင်ချင်း ...

“ ဟဲ့ ကောင်လေး တွေ ၊ ဟဲ့ ကောင်လေး တွေ ၊ ဥပုသ်သည် ကို ရေ မပက်ကြနဲ့နော် ၊ မပက်ကြနဲ့နော် ” ဟု အော်ပြော၏  ။ သို့သော် သူ့ လက် က မူ ပက် သာ ပက် ဟု အမူအရာ လုပ်ပြ၏ ။ မေးငေါ့ ပြ၏ ။ ကိုသောင်းစိ န်က ဘာ ပြောလျှင် သူတို့ က ဘယ်လို လုပ်ရမည် ကို အချက် သိပြီး ဖြစ်နေကြသော ကလေးတွေ က ဥပုသ်သည်များ ကို ရေပက် ကြတော့၏ ။ အမျိုးသမီးကြီး က ရပ်တန့် လိုက်ပြီး ..

“ ဥပုသ်သည်တွေ ကို ရေ မပက်ရဘူးကွယ့် ” ဟု ပြောရာ ကလေးတွေ က ...

“ သင်္ကြန် ကျလို့ ရေပက်တယ် ၊ စိတ်မဆိုးပါနဲ့ ဒေါ်ကြီး ရယ် ” ဟု ဝိုင်း အော်ကြ၏ ။ ထို အထဲ တွင် ကိုသောင်းစိန် ၏ သား က အကဲဆုံး ဖြစ်လေသည် ။ အမျိုးသမီးကြီးသည် ကလေး တွေ သူတို့ ကို ရေ ဝိုင်း ပက်ကြခြင်းသည် ကိုသောင်းစိန် ၏ မြှောက်ပင့်ပေးမှု ကြောင့် မှန်း သိ သော်လည်း ဥပုသ်ဇရပ် အသွားတွင် စိတ် မကောင်းစရာ မဖြစ်လို သောကြောင့် ဘာမျှ ဆက် မပြောတော့ဘဲ ကိုသောင်းစိန် ဘက် သို့ မျက်စောင်း တစ်ချက် ထိုးကာ ဆက် လျှောက် သွားလေသည် ။ သူ့ ကို မျက်စောင်း ထိုး သွားမှန်း သိ လိုက်သော ကိုသောင်းစိန် က  ...

“ ဥပုသ်သည် ကို နာနာပက်လို့ သိကြားမင်း က မှာလိုက်တယ် ” ဟု အော် ပြောလိုက် ၏ ။ ဥပုသ်သည်များ က တော့ သူ့ ကို လှည့် မကြည့်တော့ပေ ။ ကိုသောင်းစိန် သာ လျှင် တဟားဟား ရယ်မော ကျန်ခဲ့လေသည် ။

“ ကိုသောင်းစိန် ...  ရှင့် မိန်းမက မှာ လိုက်တယ် ။ ထမင်း စားကြမယ်တဲ့ ”

ရေဘုံဘိုင် သို့ ရေ ခပ်ရန် လာသော အမျိုးသမီး တစ်ဦး က ပြောလိုက်သည့် အတွက် ကိုသောင်းစိန် သည် ထိုင် ရာ မှ ထလိုက်၏ ။

“ ဟေ့ကောင် သားကြီး .. ထမင်း စားကြမယ်ဟေ့ ”

ကိုသောင်းစိန် က ရေပက် ကစား နေသော သူ့ သားကြီး ကို လှမ်း ခေါ်လိုက်၏ ။ သူ့
သားကြီး က ...

“ သား မစားသေးဘူး ဖေဖေ ၊ ရေ ကစားဦးမယ် ” ဟု ပြန် ဖြေ၏ ။ ကိုသောင်းစိန် က ...
 
“ အေးအေး ၊ စားချင်တော့ ပြန် လာပေါ့ကွာ ” ဟု ပြော ကာ ထမင်းစား ပြန်သွားလေသည် ။

•••••   •••••   •••••

သင်္ကြန် အကျနေ သို့ ရောက်ပြီ ။

ကိုသောင်းစိန် နှင့် သူ့ သား အကြီးကောင် သည် မိုး လင်းသည် နှင့်တစ်ပြိုင်နက် လမ်း ထိပ် သို့ ရေ ကစားရန် ရောက် လာကြတော့၏ ။ သူ့ သား က ရေပြွတ် ကိုင်ထားပြီ ။ ကိုသောင်းစိန် က မူ လက်ဆွဲပုံးငယ် တစ်လုံး နှင့် ရေခွက်ငယ် တစ်လုံး ကိုင်ဆောင် ထားလေသည် ။ သူတို့ သည် အခြားသော ရေကစားသူများ နှင့် ပူးပေါင်းပြီး လမ်းထိပ် တွင် ရေတိုင်ကီများ ထောင်ကြ ၊ ရေပိုက် နှင့် ဆက်သွယ်ကြပြီး လာ လာ သမျှ ရေပက်ခံကားများ နှင့် လမ်းလျှောက် လာသူများ ကို အားရပါးရ ရေ လောင်းကြလေသည် ။

ညနေ ခြောက်နာရီ ထိုး၍ မှောင်စ ပျိုး လာသော်လည်း ကိုသောင်းစိန် တို့ ရေကစား အဖွဲ့ က မရပ်ကြသေး ။ ပို၍ ထိရောက်အောင် ဆိုကာ ရေခဲတုံးများငယ် ၍ ရေခဲရေ ဖြင့် ပက် ကြသေး၏ ။ ရေခဲရေ ဖြင့် အပက်ခံရသူ တို့ က “ အမလေး ၊ အေးလိုက်တာတော် ” ဟု အော် လေ ကိုသောင်းစိန် တို့ က ကြိုက်လေ ဖြစ်နေ၏ ။

ကိုသောင်းစိန် သည် အမောပြေ ဆေးလိပ် သောက်ရန် အတွက် လက်ဖက်ရည်ဆိုင် သို့ သွား ကာ ဆေးပေါ့လိပ် ဝယ်ပြီး မီးညှိ သောက်နေ၏ ။ ထိုအချိန် တွင် သူ့ ရှေ့ ဖြတ်သွားသော အမျိုးသား တစ်ဦး နှင့် အမျိုးသမီး တစ်ဦး ကို တွေ့ လိုက်ရ၏ ။ အမျိုးသမီး က အနွေးထည်ကလေး ခြုံ ထား လေသည် ။ အမျိုးသား နှင့် အမျိုးသမီး သည် လင်မယား ဖြစ်ဟန်ရှိ ၏ ။ သူတို့ သည် ရေပက် မခံလို ကြ၍ ရေပက်သူ တို့ ၏ နောက်ပိုင်း မှ တိတ်တဆိတ် ဖြတ်သွား ကြကြောင်း ကိုသောင်းစိန် က ရိပ်မိ လိုက်လေသည် ။ ထို့ကြောင့် သူ သည် အားရ ဝမ်းသာ ဖြင့် အမျိုးသမီး ကို ရေ လိုက်လောင်းတော့၏  ။

“ အမလေးရှင့် လန့်လိုက်တာ ” ဟု အမျိုးသမီး က အော်လိုက်၏ ။ အမျိုးသား က မျက်နှာထား တည်တည် ဖြင့် ...

“ ကျုပ် မိန်းမ နေ မကောင်းလို့ ဆေးခန်း သွားမလို့ဗျ ။ နေမကောင်း တဲ့ လူ ကို ရေ နဲ့ လောင်းဖို့ မကောင်းပါဘူး ” ဟု ပြော၏ ။ ကိုသောင်းစိန် က ...

“ ရေပက် မခံချင်ရင် အိမ် ထဲ က မထွက်နဲ့ပေါ့ဗျ ” ဟု ဘု ပြော လိုက်လေသည် ။ အမျိုးသား က ...

“ လမ်း ထွက်လာတဲ့ လူတိုင်း ဟာ ရေစိုချင်တဲ့ လူတွေ ချည်း မဟုတ်ဘူး ဆိုတာ ခင်ဗျား တို့ သိထားဖို့ ကောင်းပါတယ် ။ နေ မကောင်းလို့ ဆေးခန်း ဆေးတိုက် သွားတဲ့ သူ တွေ ၊ ဥပုသ်သည် တွေ နဲ့ တခြား လူမှုရေးအရ မသွား မဖြစ်တဲ့ ကိစ္စကြောင့် သွားလာရတဲ့ လူတွေ အများကြီး ရှိပါသေးတယ် ။ ပြီးတော့ ည မိုးချုပ် ရင်လည်း ရေပက်တာ ရှောင်ဖို့ ကောင်းပါ တယ် ။ ခုတော့ ခင်ဗျား ဟာ က ည မိုးချုပ် နေပြီ ၊ လူနာ ကို လည်း ရေ နဲ့ ပက်သေးတယ် ၊ ဘု လည်း ပြောသေးတယ် ”

“ ဘု ပြောတော့ မင်း က ဘာ လုပ်ချင်လို့လဲ ”

ကိုသောင်းစိန် က ပြောပြောဆိုဆို ဖြင့် ရှေ့ တိုး သွား၏ ။ အမျိုးသား က သူ့ ကို စိုက် ကြည့် နေ၏ ။ ရေပက် ခံထားရသော အမျိုးသမီး က သူ့ ခင်ပွန်း အနား တွင် မတုန်မလှုပ် ရပ် နေလေသည် ။

“ ဟေ့ သောင်းစိန် နောက်ဆုတ် ၊ တော်တော့ ”

တစ်စုံတစ်ယောက် သော သူ က ပြောပြောဆိုဆို ဖြင့် သူ့ အင်္ကျီ ကို လှမ်း ဆွဲ လိုက်သော ကြောင့် ကိုသောင်းစိန် သည် ရပ်တန့် သွားရလေသည် ။ သူ့ ကို ဆွဲသူ အား လှမ်း ကြည့် လိုက် ရာ အရပ်လူကြီး ဦးဘမောင် ဖြစ်နေသည် ကို တွေ့ ရ၏ ။ ဦးဘမောင် က ...

“ ကဲ ... ကဲ ...  မောင်ရင် တို့ လည်း ဆေးခန်း ကို သွားကြတော့ ။ သောင်းစိန် ကလ ည်း အရမ်း လုပ်တာပဲ ။ ရေပက်ခံ ထွက်တဲ့ လူလား ၊ နေမကောင်းတဲ့ လူလား ဆိုတာ ကြည့်ဦးမှ ပေါ့ ။ ဟို သူငယ် ပြော တာ အမှန်တွေ ချည်းပဲ ကွ ”

ဆေးခန်း သွားကြမည့် လင်မယား နှစ်ယောက် သည် သူတို့ သွားလိုရာ သို့ ဆက်သွား ကြ၏ ။ ကိုသောင်းစိန် သည် ဦးဘမောင် ခေါ်ရာ သို့ ဆုတ်ကန် ဆုတ်ကန် ဖြင့် ပါလာခဲ့လေ သည် ။ သူ နှင့် ရေကစားဖော်များ က ပြုံးစိစိ မျက်နှာများ ဖြင့် သူ့ ကို ဝိုင်းကြည့် နေကြ၍ ကိုသောင်းစိန် က ပို၍ ဒေါသ ထွက်လာလေသည် ။ ထို့ကြောင့် ကြိမ်းဝါး လိုက်၏  ။

“ တောက် ... သောင်းစိန် အကြောင်း ပြလိုက်ချင်သကွာ ”

•••••   •••••   •••••

သင်္ကြန်အကြတ်နေ့ ရောက် လေပြီ ။

ကိုသောင်းစိန် သည် မိုးလင်း ကတည်း က ရေကစား သော နေရာ သို့ ရောက်နေ၏ ။ အချမ်းပြေ ဟု ဆိုကာ အရက် တစ်ပိုင်း သောက် ထားသေး၏ ။ သူ့ သားကြီး တော့ ရေကစား သည့် နေရာသို့ ပါ မလာ ၊ အကျနေ့ က တစ်နေ့လုံး ရေကစား သော ကြောင့်လား မသိ ၊ ကိုယ် ပူ ချင် သလိုလို ရှိသောကြောင့် အပြင် မထွက်ရန် မှာထား ခဲ့လေသည် ။

ကိုသောင်းစိန် တို့ ရေကစားအဖွဲ့ သည် တစ်မနက်ခင်း လုံး အားရပါးရ ရေကစား ကြ၏ ။

ကိုသောင်းစိန် တို့ အဖော် တစ်စု က အရက်ကလေး သောက်လိုက် ၊ ရေ ကစားလိုက် ၊ ပြောချင်ရာ တွေ ပြောလိုက် ၊ လှောင်လိုက် ပြောင်လိုက် ဖြင့် အပျော်ကြီး ပျော်နေကြလေ သည် ။

နေ့လယ် ၁၂ နာရီခန့် တွင် ကိုသောင်းစိန် ၏ ဇနီး မကြည်သန်းသ ည် ကိုသောင်းစိန် တို့ ရေကစားရာ သို့ အူယားဖားယား ပြေး လာ၏ ။

“ ဟဲ့ အကြည် ဘာဖြစ်လာတာလဲ ” ဟု ကိုသောင်းစိန် က လှမ်း မေးလိုက်၏ ။ မကြည်သန်း က အမောတကြီး ဖြင့် ..

“ သား - သားကြီး ကိုယ်တွေ ချစ်ချစ်တောက် အောင် ပူ နေတယ် ။ တစ်ချက် တစ်ချက်လည်း မျက်လုံး လည်လည် သွားပြီး တက် နေတယ် ”

မကြည်သန်း စကား မဆုံးခင် ကိုသောင်းစိန် သည် အိမ် သို့ ကဆုန်ချ ပြေး လေသည် ။ သူ နှင့် သိကျွမ်းသူ သုံးလေးဦးသည် လည်း မကြည်သန်း နှင့် အတူ အိမ် သို့ လိုက် လာကြလေသည် ။

ကိုသောင်းစိန် အိမ်ပြန် ရောက်လာ သော်လည်း သူ့ သား ကို သူ ဘာမျှ မပြုစုတတ် ။ ခြေ မကိုင်မိ လက် မကိုင်မိ ဖြစ်နေလေသည် ။ သူ့ သားကြီး သည် သူ့ဖ အေ ပြန်လာသည် ကို ပင် သိပုံ မပေါ် ။ တစ်ချက် တစ်ချက် တက် တက် သွား၏ ။

“ ခေါင်းပေါ် ရေခဲ တင်ပေးရတယ် ”

“ ငယ်ထိပ်ကနေ မှုတ်ချကြလေဟဲ့ ”

“ စောင်တွေ ခွာ ပစ်လေ ၊ ပို ပူ နေတော့မယ် ”

တစ်ယောက် တစ်ခွန်း ဝိုင်း ပြောကြသော်လည်း ဘာမျှ မလုပ်ဖြစ်ကြ ။ ကိုသောင်းစိန်  သည် သူ့ သား ကို ပွေ့ချီ ကာ နှစ်လမ်းကျော် တွင် ရှိသော ဆေးခန်း သို့ ပြေး တော့၏ ။ သူ သောက် ထားသော အရက် တို့ သည် ခေါင်း ထဲ တွင် မရှိတော့ ၊ လွင့်စဉ် ကုန်လေပြီ ။ ကိုသောင်းစိန် သည် ဘာ စကားမျှ မပြောနိုင် ၊ သူ့ ရင် ထဲ တွင် ပြောချင်သော စကား က “ သားကြီး ရယ် ...  ဖြစ်ရလေကွယ် ” ဟူ၍ သာ ရှိ၏ ။

ဆေးခန်း ပိတ်ထားသည် ကို မြင်လိုက် ရ ၍ ကိုသောင်းစိန် သည် မိုက်ခနဲ ဖြစ်သွားပြီး မတ်တတ် က လဲတော့မလို ဖြစ်သွား၏ ။ ဆေးခန်း ဖွင့် သူ က ...

“ ဒီနေ့ ဆရာဝန် မလာဘူး ခင်ဗျ ။ ကျွန်တော် က တော့ ဘာမှ မလုပ်တတ်ဘူး ။ ခင်ဗျား ကလေး စိုးရိမ်ရတယ် ။ ဒီတော့ ကလေးဆေးရုံကြီး ကို သွားတာ အကောင်းဆုံးပဲ ” ဟု ပြောပြလေသည် ။

ကိုသောင်းစိန် သည် ကလေး ကို ချီထား ကာ တွေတွေကြီး ရပ်နေလေသည် ။ သူ ဘာ ဆက် လုပ်ရမှန်း မသိတော့ ၊ ကြောင်တောင်တောင် ဖြစ်နေလေပြီ ။ မကြည်သန်း နှင့် အခြား လူ နှစ်ဦး က အငှားကား ရှာကြ၏ ။ တော်တော် နှင့် မရ ။ နောက်ဆုံး ကုန်စိမ်းတိုက် ရန် သွား ကြသော ဈေးသည် နှစ်ဦး ပါသည့် သုံးဘီးကား တစ်စီး ကို အကျိုးအကြောင်း ပြောကာ အကူအညီ တောင်းရတော့သည် ။ မကြည်သန်း က ကလေး ကို ပွေ့ကာ ကား နောက်ပိုင်း တွင် ဝင်ထိုင် ၊ ကိုသောင်းစိန် က ကား ရှေ့ပိုင်း ကားမောင်းသူ နား က ထိုင်ရ လေသည် ။ ကား မောင်းသူ  က ..

“ ကဲ ကျုပ် က ကား ကို တတ်နိုင်သရွေ့ မြန်မြန် မောင်းမယ် ။ ခင်ဗျား လူနာ ပါလာ လို့ ရေမပက်ကြပါနဲ့ လို့ အော် ပြော ။ ကား နောက်ပိုင်း မှာ က အမျိုးသမီးတွေ ပါတော့ ရေပက် တဲ့ လူတွေက အရမ်း ပက်ကြမှာဗျ ” ဟု ရှင်းပြ၏ ။ ထို့ကြောင့် ကိုသောင်းစိန် က ရေပက်ကြ သော လူများ ကို တွေ့ တိုင်း ..

“ ကလေး လူနာပါတယ် ၊ ရေ မပက်ကြပါနဲ့  ၊ ရေ မပက်ကြပါနဲ့ ” ဟု အသံကုန် အော် ရ လေတော့သည် ။

ကိုသောင်းစိန် တို့ စီး လာသော သုံးဘီးကား သည် ကလေးဆေးရုံကြီး ဆီ သို့ ဦးတည် ကာ တတ်အား သရွေ့ မြန်မြန် မောင်းနှင် လာ၏ ။ တစ်နေရာ သို့ အရောက် တွင် ကား သုံးဘီးကားလေး သည် ရပ်တန့် သွားရ၏ ။ ရှေ့ တွင် ရေပက်သူများ က လာလာသမျှ သော ကားများ ကို ရေတိုင်ကီ လှဲ ၍ ပိတ်ဆို့ကာ ရေပက် နေကြသော ကြောင့် ဖြစ်လေသည် ။ ထို့ကြောင့် သူတို့ ကား အပြင် အခြားသော ကား လေး ၊ ငါးစီး ပါ ရပ်တန့် နေရလေသည် ။ စိတ် လော ကြီး နေသော ကိုသောင်းစိန် က လမ်းဖွင့် ပေးရန် သွား ပြောမည် ကြံကာ ကား ပေါ် မှ ဆင်း လိုက်၏ ။ ထိုအခိုက် လူငယ် လေးဦး သည် ရေပုံး ကိုယ်စီ ဖြင့် ရောက် လာပြီး ရုတ်တရက် သုံးဘီးကားလေး ပေါ် ရှိ လူများ ကို ရေ ဖြင့် ပက်ရတော့၏ ။

“ ဟေ့ကောင်တွေ ကား ထဲ မှာ ကလေးလူနာ ပါတယ်ကွ ၊ ဘာဖြစ်လို့ ရေ ပက်ကြတာ လဲ ” ဟု ကိုသောင်းစိန် ဒေါသတကြီး အော်၏ ။ လူငယ်များ က

“ လူနာ ကို မတွေ့ လို့ ပက်တာပေါ့ဗျ ”

“ မင်းတို့ အတော်မိုက်ရိုင်းတဲ့ ကောင်တွေ ”

“ ခင်ဗျားကြီး က ဘာကောင် လဲ ၊ သင်္ကြန် ကျလို့ ရေ ပက်တာ ”

“ ဒီလောက်တောင် ပက်ချင်ဦးကွာ ”

ကိုသောင်းစိန် သည် ဒေါသတကြီး နှင့် မျက်လုံး ထဲ မီးဝင်းဝင်းတောက် ဖြစ်ကာ ရေပုံး ကိုင် ထားသော လူငယ် တစ်ဦး ကို ပြေး ထိုး လိုက်၏ ။ သူ့ ထင်ကြေး မကိုက် ။ လူငယ် တစ်ဦး က လက် ထဲ ရှိ ရေပုံး ဖြင့် ဖြတ် ရိုက် လိုက်၍ ကိုသောင်းစိန် ပက်လက် လဲကျ သွားရ လေသည် ။

“ ကယ်ကြပါဦးရှင် ” ဆိုသော မကြည်သန်း ၏ အော်ဟစ်သံ ကြောင့် ပတ်ဝန်းကျင် မှ လူများ ရောက်လာ ကြပြီး ကိုသောင်းစိန် ကို ဆွဲ ထူ ကြ၏ ။ လူငယ် လေးဦး ကို လိုက် ဖမ်း သူ က ဖမ်းကြ၏ ။ မကြာမီ ရဲဝါယာလက်ကား တစ်စီး ရောက်လာသည် နှင့် ကြုံ ၍ ကိုသောင်းစိန် ကို ထို ကား ဖြင့် ရန်ကုန်ဆေးရုံကြီး သို့ ပို့ရသည် ။ သုံးဘီးကားလေး က ကလေးဆေးရုံကြီး သို့ ဆက် မောင်းနှင် သွားရလေသည် ။

•••••   •••••   •••••

ထိုနှစ် ထိုသင်္ကြန် တွင် ဖြစ်ပျက်ပြီး သည် က စ၍ နောင် နှစ် သင်္ကြန်များ တွင် ကိုသောင်းစိန် တစ်ယောက် မကစားတော့ပေ ။ ရေ ကစား ကြသော လူငယ်များ ကို လည်း ရေပက်ခံ ထွက်သူ ကို မှ ရေပက်ကြရန် သူ က အကြံပေး ဆုံးမ စကားပြော၏ ။ သူ ကိုယ်တိုင် က မူ လမ်း ထဲ ရှိ လူငယ်များ ကို စုစည်းကာ ခေါင်းလျှော်ရည် ပြုလုပ်၍ ဝေငှခြင်း ၊ သက်ကြီး ရွယ်အိုများ ကို ရေမိုးချိုး သန့်စင်ပေးခြင်း ၊ နံ့သာရည် သွေး၍ ငွေဖလား တွင် ထည့်ကာ သပြေခက် ဖြင့် ပက်ဖျန်းခြင်း စသော အပြုအမူများ ကို သာ ပြုလုပ် လေသည် ။ ကိုသောင်းစိန့် အကြောင်း သိကြသောသူ တချို့ က ...

“ ကိုသောင်းစိန် ရေကစားပါဦးဗျ ” ဟု ပြောဆို စ ကြ လျှင် သူ က ...

“ ကျုပ် တစ်ခါပဲ မိုက်မယ် ၊ နှစ်ခါ တော့ မမိုက်ပါရစေနဲ့ဗျာ ” ဟု ပြန် ပြောလေ သတည်း ။

◾ မောင်လရောင်

📖 ငွေတာရီ မဂ္ဂဇင်း
      ဧပြီ ၊ ၁၉၇၂

#ကိုအောင်နိုင်ဦး

.

Saturday, November 12, 2022

ဘဝ အရသာ


 

❝  ဘဝ အရသာ ❞

အထက်တန်းပြ ဆရာ ဦးဘသန်း သည် သူ့ တပည့် များ ၏ သင်္ချာလေ့ကျင့်ခန်းများ ကို  စစ်ဆေးလျက် ရှိ၏ ။ ဆရာ ကတော် ဒေါ်လှ ကြည် က နောက်နေ့ နံနက်စာ ချက် ရန် ဆန်ထဲမှ စပါးလုံးများ ကို ကောက်ယူ သန့်စင်လျက် ရှိလေ ပြီ ။ အချိန် က ည ၇ နာရီ ခန့် ရှိလေပြီ ။ 

“ ဗျို့ ဆရာ ကြီး ၊ ဆရာဦးဘသန်း ရှိ သလား ဗျို့”

ဟူသော ခေါ်သံ ကြား လိုက် ရ၍ ဦးဘသန်း က အိမ်ရှေ့သို့ လှမ်း ကြည့်လိုက်ရာ လေးအိမ် ကျော် တွင် နေ သော အငြိမ်းစား ရုံးဝန်ထောက် ဦးကျော်စွာ ကို မြင် လိုက်ရ၏ ။

“ ရှိပါတယ် ခင်ဗျာ ၊ အပေါ် ကြွခဲ့ပါ ”

ဟု ဦးဘသန်း က ဖိတ်ခေါ်လိုက်၏ ။

ဦးဘသန်း နှင့် ဦး ကျော်စွာ တို့ မှာ ဘုရား သွား ၊  ကျောင်းတက် ၊ ဥပုသ်စောင့်ဘက် များ ဖြစ် ကြ လေသည် ။ ဦးကျော်စွာ သည် အိမ်ပေါ် တက်လာပြီး ပက်လက်  ကုလားထိုင် တစ်လုံး တွင် ထိုင် လိုက်၏ ။ ဦးကျော်စွာ က ...

“ ဆရာတို့ လည်း အလုပ် ရှိ ကြသေးတယ် ။ ဒီတော့ လာ ရခြင်းအ ကြောင်း ကို  တိုတိုနဲ့ ပဲ ပြော ပါရစေတော့ ။ အလှူအတန်း ထဲ ပါဝင်ဖို့ပါပဲ ”

ဟု ပြောလိုက်၏ ။

ဦးဘသန်း က ...

“ ဘယ်လို အလှူ အတန်းပါလဲ ခင်ဗျာ ”

“ ဪ  ... ဪ ဒီလိုလေ ၊ ဆရာ မသိရသေးဘူးနဲ့ တူတယ် ။  ကျွန်တော် တို့ ဥပုသ် စောင့် ကြတဲ့ ကျောင်း ကို  ဆရာတော် ရဲ့ အလို အရ ဝင်းခြံ ကာ ကြ တယ်လေ ။  ကျောင်း အဝင် ဝ ကို တော့  ကွန်ကရစ် အုတ်တိုင် နှစ်တိုင် ထူ ကြမယ် ။ အဲ ... အုတ်တိုင် တစ်တိုင် အတွက်တော့  ကျွန်တော် တို့ က အလှူ ပါဝင်မယ် လို့ ဆရာတော် ကို  အာမဘန္တေ ခံ ခဲ့တယ် ။  ကျွန်တော်တို့ ဆိုတာ က ကျွန်တော် ရယ်  ၊ ဆရာ ရယ် ၊ ပြီး တော့ ရုံးအုပ်ကြီး ရယ်ပေါ့ ၊ ဆရာ သဘော တူတယ် မဟုတ် လား ”

“ သဘော တူတာတော့ ဟုတ်ပါပြီ ။ အလှူငွေ က ဘယ်လောက် ထည့်ရမလဲ ”

“ သုံးဦး အချိုး ကျပေါ့ ဗျာ ”

“ တစ်ဦး ကို  ဘယ်လောက် ခန့်မှန်းပါသလဲ ခင်ဗျာ ”

“ ကျွန်တော့် အထင် က တော့ တစ်ရာ ထက် ပိုမယ် မထင်ပါဘူး ဆရာ ရဲ့”

ဦးကျော်စွာ ၏ စကား ကြောင့် ဆရာ ကတော် ဒေါ်လှ ကြည် သည် ဦးဘသန်း ကို မော့ ကြည့်လိုက်၏ ။ သူ့ အိမ် ၏ ဘက်ဂျက် အခြေအနေ အရ ပိုငွေ တစ်ရာ မရှိသော ကြောင့် ဖြစ်လေ သည် ။ သည် ကိစ္စ ကို  သင်္ချာဆရာ ဦးဘသန်း က လည်း သိပြီး ဖြစ်လေ သည် ။ ထို့ ကြောင့် ...

“ ဒီလိုရှိတယ် ဦးကျော်စွာ ရဲ့ ၊ ကျောင်း အတွက် ကုသိုလ် ပြု ကြတာ ကို တော့ ကျွန်တော် လည်း ဝမ်းသာ လှ ပါတယ် ။ ဒါပေမဲ့ တစ်ရာ လောက် ဆိုတာ ကို တော့  ကျွန်တော် လည်း မတတ်နိုင်တာ အမှန်ပဲ ဗျ ။ ရှာ ကြံ ချေးငှားပြီး လှူ ရင်တော့ လည်း ဖြစ်တယ်ပေါ့လေ ။ ဒါပေမဲ့ လှူပြီး ခါမှ ကြွေး ကိစ္စ ကို ပူ နေရမယ့် ဟာ မျိုး လည်း  ကျွန်တော် က မလို လားပါဘူး ။ ဒီတော့ ကျွန်တော့် အတွက် ခြေနိုင်လက်နိုင် ဖြစ်တဲ့ ငွေငါးဆယ် ကျပ် ကို စေတနာသုံးတန် ပြဌာန်းပြီး အလှူ ပါ လိုက် ပါရစေ ဗျာ ”

ဆရာဦးဘသန်း ၏ စကား ကြောင့် ဦး ကျော်စွာ သည် ခေါင်းတဆတ်ဆတ် ညိတ်ရင်း က ...

“ ဟဲ ဟဲ ဦးဘသန်း က တော့ သင်္ချာဆရာ လို့ မပြော ရဘူး ။ လှူတာ ကို တောင် မှ အတွက်အချက် နဲ့ ဗျ ”

ဟု ပြော လို က်၏ ။

စေတနာသုံးတန် ပြဌာန်းပြီး ငွေငါးဆယ် လှူမည် ဆိုသော စကား  ကြား ရ မှ ဆရာ ကတော် ဒေါ်လှကြည် သည် ရင် ထဲ က အလုံး ကြီး  ကျ သွားပြီး ပြုံး နိုင်လေ သည် ။ သူ က ပင် ဝင် ပြောလို က် ရသေး၏ ။

“ တွက်ချက် ပြီး မှ လှူတယ် ရယ် လို့ တော့ ဘယ် ဟုတ် ပါ့မလဲ ဦးကျော်စွာ ရယ် ၊ ကျွန်မ တို့ လည်း တတ် နိုင်ရင် တစ်ဦး တည်း က တောင် ဒိုင်ခံ လှူ လို က်ချင်သေးတာပေါ့ ။ ဒါပေမဲ့ ... ”

ဦးကျော်စွာ က တဟဲဟဲ  ရယ်မောရင်း ...

“ တော်ပါတော့ ဆရာ ကတော် ရယ် ။ လင်မယား နှစ် ယောက် လိုက်လည်း လိုက်ပါသတဲ့ ။ ဆရာ ရော ၊ ဆရာကတော် ပါ အတွက်အချက်သမား ချည်း ပဲ ”

ဦးဘသန်း က ...

“ အလှူငွေ ကို  ဘယ်တော့ ပေး ရမလဲ ဦးကျော်စွာ ”

“ ထုံးစံ အတိုင်း လခ ထုတ်တဲ့ နေ့ပေါ့ ဗျာ ၊  ကျွန်တော် လာ ယူပါ့မယ် ၊ ကဲ ရုံးအုပ်ကြီး အိမ် သွား လိုက်ဦးမယ် ”

“ ကောင်းပါပြီဗျာ ”

ရုံးအုပ်ကြီး ဆို သည် မှာ ဦးဘသန်း အိမ် နှင့်  ကျောချင်း ကပ် လော က်တွင် ရှိသော ရုံးအုပ်ဦးမြင့် ကို ဆိုခြင်း ဖြစ် လေ သည် ။ ဦးမြင့် ၊ ဦးဘသန်း နှင့် ဦး ကျော်စွာ တို့ သည် ဆရာတော် ကျောင်း သို့ သွား၍  ကုသိုလ် ယူဘက်များ ဖြစ် လေ သည် ။

    •••••   •••••   •••••   •••••

လခ ထုတ် ရက် ၊ ညနေ ဘက် တွင် ဦးကျော်စွာ ရောက် လာ၍ ဦးဘသန်း က အလှူငွေ ငါးဆယ် ထုတ် ပေးလို က် ၏ ။ ဦးကျော်စွာ က  ကုန်ကျမည့် ငွေ ခန့်မှန်း ခြေ ကို  ပြော သွားသေး သည် ။

“ အားလုံးပေါင်း ငွေ နှစ်ရာ့ငါးဆယ် လောက် တော့  ကုန်လိမ့်မယ် ဗျ ။ ခင်ဗျား က ငါးဆယ် အပြတ် လှူ လေတော့  ကျန်တဲ့ အတွ က် ကို ကျွန်တော် နဲ့ ဦးမြင့် တို့ က တစ်ဝက် စီ အချိုး ကျ စိုက် ဖို့ တိုင်ပင် ကြတယ်လေ ။ လိုအပ်တဲ့ ဘိလပ်မြေ တို့ ၊ အုတ်ခဲ တို့ ၊ သဲ တို့ အတွ က် ကို တော့ ဦးမြင့် က တာဝန် ယူ လေရဲ့ ။ နောက် လပြည့် နေ့ အမီ ပြီး ကောင်းပါရဲ့ ”

ဦးကျော်စွာ ပြော သွားသမျှ ကို  ဆရာဦးဘသန်း နှင့် ဒေါ်လှကြည် တို့ က ပြုံးရွှင်စွာ နားထောင် နေလိုက်လေသည် ။

လဆန်း ၈ ရက် ဥပုသ်နေ့ သည် ကျောင်းပိတ်ရက် နှင့် မတိုက်ဆိုင်သော ကြောင့် ဦးဘသန်း သည် ဥပုသ် မစောင့်ဖြစ်ချေ ။ လပြည့်ဥပုသ် နေ့  ကျ ခါ မှ ပင် ကျောင်းသွား ဥပုသ်စောင့် တော့ မည် ဟု ရည်ရွယ် ထား၏ ။

လဆန်းဆယ်ရက် နေ့ တွင် ရုံးအုပ်ကြီး ဦးမြင့် နှင့် သူ့ ဇနီး ဒေါ်သောင်းမေ တို့ နှစ်ဦးသား သည် ဦးဘသန်း အိမ် သို့ ရောက်လာ ကြ၏ ။ အိမ်ချင်း ကျောချင်း ကပ်လောက် တွင် နေ သော် လည်း မလာစဖူး အလော ထူး ကြသော ကြောင့် အကြောင်း တစ်စုံတစ်ခု တော့ ရှိ မှာပဲ ဟု ဦးဘသန်း က တွေး လို က်မိ၏ ။ ဦးမြင့် တို့ ဇနီးမောင်နှံ နေသားတ ကျ ထိုင် မိ ကြသောအခါ ဦးဘသန်း က ...

“ ဇနီးမောင်နှံ အတူ လာ ကြပုံ ထောက်တော့ အ ကြောင်းထူးများ ရှိပါသလား ဗျာ ”

ဟု မေးစမ်း ကြည့်လို က် ၏ ။ ဦးမြင့် က စကား ပြော မည့် ဟန် ပြင် လိုက်သောအခါ ဒေါ်သောင်းမေ က သူ ပြောမည် ဆိုသော အမူအရာ ဖြင့် ဦးမြင့် ကို  ဟန့် ကြည့် ကြည့်လို က်ပြီး ..

“ အကြောင်း ကတော့ ဒီလို ဆရာ ၊ ဆရာ တို့ ၊  ကျွန်မ တို့ စု လှူ ကြတဲ့ ဆရာတော် ကျောင်း အဝင် ဝ က အုတ်တိုင် ကိစ္စ ပြော မလို့ လာတာ ။ ဒီ အုတ်တိုင် ဖြစ်ဖို့ ကိစ္စ ကို ကိုမြင့် ဟာ ဘယ်လောက် လိုက်ဆောင်ရွ က်ရသလဲ ၊ ဘိလပ်မြေ တို့ ဘာတို့ ဆိုတာ က လို က် ရတာ လွယ်တာ မှတ်လို့ လား ၊ လေးငါးအိတ် ရ ဖို့ အတော် ကို လုပ် ယူရတာ ၊ ဟော ကိုမြင့် ဆောင်ရွက် လို့ လည်း ပြီးရော ဦးကျော်စွာ က နာမည် ထိပ် က ယူချင်သတဲ့လေ ”

ဟု ရှင်းပြ၏ ။

ဆရာဦးဘသန်း က မရှင်းသေး ၍ မေး ရ၏ ။

“ ဘယ်လို နာမည်ထိပ် က လိုချင်တာလဲဗျာ ”

“ ဒီလို ရှင့် အုတ်တိုင် မှာ အလှူရှင်တွေ ရဲ့နာမည် တွေ  ကို ကမ္ပည်း ထိုးမယ်လေ ၊ ဒီတော့ ဦးကျော်စွာ က သူ့ နာမည်  ကို  ထိပ် က ထားမယ် ၊ ပြီးတော့မှ  ကျွန်မ တို့ ၊ ဆရာ တို့ နာမည် တွေ ကို  ရေးမယ် လို့ ပြောပြီး နာမည် ရေးမယ့် လူတွေ  ကို  သူ့ အစီအစဉ် အတိုင်း ပြော လို က်သတဲ့ ။ ဒီနေ့ စာ ရေး မယ့် လူတွေ ပြင်ဆင် နေတုန်း ကိုမြင့် ရောက်သွားပြီး သိခဲ့ရ လို့ တား ခဲ့ပြီး ဆရာ့ ဆီ လာ ပြောတာ ။ ဆရာ က ကော ဘယ်လို သဘော ရသလဲ ရှင့် ”

ဒေါ်သောင်းမေ ပြောသမျှ မှန်ကန် ကြောင်း ဦးမြင့် က ခေါင်းညိတ် ပြီး ထောက်ခံမှု ပြုနေ၏ ။ ဒေါ်လှကြည် က ဦးဘသန်း ၏ သဘောထား ကို  စောင့်မျှော် နေလေ သည် ။

ဦးဘသန်း က ...

“ ကျွန်တော်တို့ အတွက်တော့ ထည့် မစဉ်းစား ကြပါ နဲ့ ၊ ကျွန်တော်တို့ နာမည်တွေ  ကမ္ပည်း မထိုးဖို့ ဆုံးဖြတ် ထား ပါတယ် ။ အလှူ ငွေ စ ထည့် ကတည်း က ဒီလို တောင် ပါမယ် မထင်ခဲ့ပါဘူး ။ အခု မှ ... ”

ဒေါ်သောင်းမေ က ...

“ ဒါ က တော့ ဆရာ ရယ် ၊ ငွေကုန် ကြေး ကျ ခံ အလှူ ပြု ပြီးမှ အလှူဒကာ မည်သူမည်ဝါ ဆို တာ  ကမ္ပည်း တော့ ရေး သင့်တာပေါ့ ”

“ ခင်ဗျားတို့ ရေးချင် တာ ကို ကျွန်တော် က  ကန့်ကွက် နေတာ မဟုတ်ပါဘူး ဗျာ ။ ကျွန်တော့် နာမည် ကို အထက် အောက် ဆိုတဲ့ ပြဿနာ ကြောင့် နာမည် မရေးတာ လည်း မဟုတ်ပါဘူး ။ တတ်နိုင်လို့  ကျွန်တော် တစ်ယောက် တည်း လှူ လည်း ကမ္ပည်း ထိုး မှာ မဟုတ်ပါဘူး ။ ဒီတော့ ဒီ ကိစ္စ မှာ ကျွန်တော့် အတွ က် ထည့် မစဉ်းစားပါနဲ့ ။ ခင်ဗျားတို့ ချင်း သာ ညှိယူ ကြပါ ။ ကျွန်တော် တို့ နာမည်တွေ ကို တော့ ဘယ် နေရာ က မှ  ကမ္ပည်း မတင် ကြပါနဲ့ ”

ဦးဘသန်း သည် ဆိုခဲစေ မြဲစေ ဆိုသော လူ တစ်ဦး ဖြစ် ကြောင်း သိ ကြ သည့် ဦးမြင့် နှင့် ဒေါ်သောင်းမေ တို့ သည် မျက်နှာ မသာမယာ ဖြင့် အိမ်ပေါ် က ဆင်း သွား ကြ၏ ။ သူတို့ သည် ဦးကျော်စွာ တို့ အိမ် သို့ သွား ကြမည် ဖြစ် ကြောင်း ဦးဘသန်း တို့ က အတတ် သိလို က် ကြလေ သည်  ။ ဒေါ်လှ ကြည် က စကား စ ပြော၏ ။

“ ဒီ ကိစ္စ တော်တော် နဲ့ ပြတ်မှာ မဟုတ်ဘူး ရှင့် ၊ ဦးကျော်စွာ ဆို တဲ့ လူ က လည်း သူများ အပေါ် က နေ ရ မှ ကျေနပ်တဲ့ လူစားမျိုး ၊ သူ့ မိန်းမ က လည်း ဒီ အတိုင်းပဲ ။ အလှူ လုပ် တာ တောင် သူ က အော က် ၊ ငါ က အထက်ဆို တာတွေ မြင် ကြသေးတယ် နော် ”

ဦးဘသန်း က သက်ပြင်း တစ်ချက် ချလို က်ပြီး ..

“ အေးပေါ့ ကွယ် ၊ အလှူအတန်း လုပ်တယ် ဆိုတာ က လှူ တဲ့ လူ ရဲ့ စိတ် ထဲ မှာ ကြည်နူး ဝမ်းသာ သွားစေတာ ၊ ခုလို သူ့ နာမည် က အော က် ၊ ကိုယ့် နာမည် က အထက် ဆိုတဲ့ ပြဿနာ ပေါ်ပြီး စိတ် မချမ်းသာ ကြ ရ ရင် ဘယ် ကောင်းတော့ မလဲ ။ အလှူ လုပ်ပြီး စိတ်ညစ်ကြ ရ ၊ စိတ်မချမ်းမြေ့ ကြ ရ ဖြစ် ရတာပေါ့ ။ ဒါ ကြောင့်  ကိုယ် က ငွေငါးဆယ် ကို  စေတနာသုံးတန် ပြဌာန်း ပြီး အပြတ် လှူလို က်တာပေါ့ ”

“ ကျွန်မ က လည်း သဘော တူပါတယ် ရှင် ”

    •••••   •••••   •••••   •••••

နောက်နေ့ နံနက် စောစော တွင် ဦးကျော်စွာ သည် မျက်နှာ မသာမယာ ဖြင့် ဦးဘသန်း တို့ အိမ် ပေါ် ရော က် လာ၏ ။ ဦးဘသန်း တို့ က ကျောင်း အုတ်တိုင် တွင် ကမ္ပည်း ထိုး သည့် ကိစ္စပေပဲ ဟု အတတ် သိ လို က် ကြ၏ ။ ဦး ကျော်စွာ က ...

“ ည က ဦးမြင့် တို့ လင်မယား အိမ် ကို လာ ကြတယ် ဗျ ။ အုတ်တိုင် မှာ ကမ္ပည်း ထိုး ဖို့ ကျွန်တော် စီစဉ် တဲ့ ကိစ္စ ကို သူတို့ က မ ကျေနပ် ကြောင်း လာ ပြော ကြတယ် ။ ပြီးတော့ ဆရာ က လည်း ဆရာ့ နာမည် ကို ကမ္ပည်း ထိုးတဲ့ နေရာ မှာ မထည့်ဖို့ ပြော လိုက်တယ် လို့ ပြောသွား ကြတယ် ”

“ မှန်ပါတယ် ခင်ဗျာ ”

“ ဦးမြင့်တို့ က သူတို့ နာမည် ကို ထိပ် က ထားချင် ကြတယ်ဗျ ”

“ ဟုတ်ကဲ့ ကျွန်တော်တို့ ကို လည်း ဒီလိုပဲ ပြောသွား ကြပါတယ် ” 

“ ဒီလို ဘာ ရမှာလဲ ဗျ ။  ကျုပ် က ပင်စင်စား ပေမဲ့ ရုံးဝန်ထောက် ပဲ ။  ကျုပ်တို့ က ၅၅ နှစ် ပင်စင် ခေတ် နဲ့ ပင်စင် ယူ ခဲ့ရလို့ ၆ဝ ခေတ် သာ မီ လို က်ရင် ခုလည်း ရုံးဝန်ထောက် ပေါ့ ။ သူ က ခုမှ ရုံးအုပ် ရှိ သေးတာ ။ သူ့ နာမည် ကို ကျုပ် အထက် က မထားနိုင်ပေါင်ဗျာ ”

ဦးကျော်စွာ ထံ မှ မမျှော်လင့်သော စကားများ ကို ကြား လိုက်ရ၍ ဦးဘသန်း နှင့် ဒေါ်လှကြည် တို့ သည် တစ် ယောက် မျက်နှာ တစ်ယော က် လှမ်း ကြည့် မိလို က် ကြ ၏ ။  သည် အထိ တင်းမာ နေ ကြ ပါ က သည် ကိစ္စ ပြီး သည့် တိုင် အောင် ဆက်ဆံရေး သည် ယခင် က လို ပြေလည် ကြ တော့ မည် မဟုတ် ကြောင်း ဦးဘသန်း က အကဲခတ် မိလိုက်၏ ။

“ ဒီလိုဆို ဦး ကျော်စွာ က ဘယ်လို စီစဉ်ချင်ပါသလဲ ”

ဟု ဦးဘသန်း က မေးစမ်း ကြည့် လိုက်၏ ။ ဦး ကျော်စွာ  က ..

“ အခု ကျုပ် ကျောင်း ကို သွားမယ် ။ ဆရာတော် နဲ့ တိုင်ပင်ပြီး ကြည့်လုပ်ခဲ့မယ် ”

“ အင်းလေ ကောင်းသလိုပဲပေါ့ ”

ဦးကျော်စွာ သည် မျက်နှာမ ကြည်မသာ ဖြင့် ပင် ထ သွားတော့၏ ။

    •••••   •••••   •••••   •••••

လပြည့်နေ့ ဥပုသ်နေ့ လည်း ဖြစ် ၊ ကျောင်း ပိတ်ရ က် နှင့်လည်း ဆုံ သော ကြောင့် ဆရာဦးဘသန်း နှင့် ဒေါ်လှ ကြည် တို့ သည် ဆွမ်းအုပ် ကို ရွက်၍ ဥပုသ် စောင့်ရန် ဆရာတော် ကျောင်း သို့ နံနက်စောစော က ပင် ရော က် လာ ကြလေ သည် ။ ကျောင်း အဝင် ဝ ရောက် ၍ သူတို့ စုပေါင်း လှူ ထား သော အုတ်တိုင်များ ကို ကြည့် လိုက်ရာ အခြား အုတ်တိုင် တွင် အလှူရှင်များ အမည်များ ကို ကမ္ပည်း ထိုး ထားတာ ကို မတွေ့ရ ။ ဦးဘသန်း ၊ ဦးကျော်စွာ နှင့် ဦးမြင့် တို့ စုပေါင်း လှူ သော အုတ်တိုင် တွင် သာ ကမ္ပည်း ထိုးထား သည် ကို  တွေ့ ကြရ၏ ။ ကမ္ပည်း တွင် ဦးဘသန်း တို့ နာမည် တော့ မပါ ။ ထို့ ကြောင့် ဦးဘသန်း တို့ က  ကျေနပ်သွား ကြ၏ ။ ဦး ကျော်စွာ နှင့် ဦးမြင့် တို့ ၏ နာမည်များ က လည်း အငြင်းပွား ခဲ့ကြ သလို အထက် အောက် မဟုတ်တော့ ။ ဘေးချင်း ယှဉ်၍ ဖြစ် သွား၏ ။ အုတ်တိုင် ၏ အကျယ် အနံ တစ်ပေ သာသာ ရှိ သည် ကို ကြား က မျဉ်းဖြူလိုင်း တား ၍ တစ်ခြမ်း က ဦးကျော်စွာ - ဒေါ်ယဉ်စု ကောင်းမှု ၊ နတ်လူသာဓု ခေါ်စေသော် ၊ ကျန် တစ်ခြမ်း က ဦးမြင့် - ဒေါ်သောင်းမေ ကောင်းမှု ၊ နတ်လူ သာဓု ခေါ်စေသော် ဆိုသော စာလုံးများ ရေးထိုး ထား၍ စာလုံးများ ပြွတ်သိပ် နေပြီး  ကြည့်၍ အဆင် မပြေ ဖြစ်နေလေ သည် ။ ထိုအဖြစ် ကို မြင် ကြ သဖြင့် ဦးဘသန်း နှင့် ဒေါ်လှကြည် တို့ သည် ပြုံးမိ ကြသေး၏ ။

ဆယ်နာရီ ထိုးပြီး ဥပုသ်သည်များ အတော် ကလေး စုံ လေပြီ ။ သို့သော် ဦးကျော်စွာ နှင့် ဦးမြင့် တို့ ကို မမြင်ရသေး ။ ရုံးပိတ်သော နေ့ လည်း ဖြစ် ၊ အလှူအ တွ က် ရေစက် ချ အမျှ ဝေ မည့် နေ့လည်း ဖြစ်၍ အုတ်တိုင် အလှူရှင်များ အားလုံး လာ ကြမည် ဟု ဦးဘသန်း က ထင် ထား၏ ။ ဦးမြင့် အဖို့ လည်း ရက်အား ဖြစ်သော ကြောင့် မလာနိုင်စရာ အကြောင်း မရှိပေ ။

ဆယ့်တစ်နာရီ ထိုး လေပြီ ။

အချိန် မရှိတော့ပြီ ဖြစ်၍ ဆရာတော် က အလှူရေစက် ချရန် ၊ သီလ ပေးရန် စီစဉ်လေ သည် ။ ဦးဘသန်း တို့ က ဦး ကျော်စွာ နှင့် ဦးမြင့် တို့ ကို  မျှော်နေ ကြသေး၏ ။ သို့သော် သူတို့ ကား ပေါ် မလာ ကြ ။ ဥပုသ်သည် များ ကို  သီလ ပေးပြီး ၍ အုတ်တိုင် အလှူရှင်များ အတွ က် ရေစက်ချ အမျှဝေရန် အစီအစဉ် ရောက် လာသောအခါ ဆရာတော် က

“ ကဲ  ကဲ ဒကာတော် မောင်ကျော်စွာ နဲ့ မောင်မြင့် တို့ တော့ ဒီနေ့ ဒီရက် မှာ ရောက် မလာနိုင် ကြပေဘူး ။ ဒီတော့ အဝေး က နေပြီး သာဓုအနုမောဒနာ ခေါ် ကြစေတော့ ။  ကဲ .. ရေစက်ချမယ် ၊ ဒကာမောင်ဘသန်း က ရေစက်ခွက် ကိုင်ပေ တော့ ”

ဟု မိန့်တော် မူလို က်၏ ။

ထို့ ကြောင့် နောက်ဆုံး တွင် ထိုင် နေသော ဦးဘသန်း သည် ရေစက်ခွက် ကိုင် ရန် ရှေ့တက် လာရလေ သည် ။

    •••••   •••••   •••••   •••••

အုတ်တိုင် တွင်  ကမ္ပည်း ထိုး သည့် ကိစ္စ မပေါ်ခင် က ဘုရားသွား ၊  ကျောင်းတက်  ကုသိုလ် ယူ ဘက်များ ဖြစ် ကြသော ဦး ကျော်စွာ နှင့် ဦးမြင့် တို့ မိသားစုများ သည်  ကမ္ပည်း ထိုး ၍ နာမည် အထက်အော က် ကိစ္စ ပေါ် ပြီးသော အခါ ခြားနား သွား ကြလေသည် ။ သေးသေးတင် မခံဘူး ဟူသော ယူဆချက် များ ကြောင့် အပေါင်းအသင်း ပျက်သွား ကြလေသည် ။ ဦးမြင့် နှင့် ဦးကျော်စွာ တို့ မိတ် ပျက်သွား ကြလေ သည် ။ ဦးမြင့် နှင့် ဦးကျော်စွာ တို့ မိတ် ပျက် သွား ကြသော် လည်း ဦးဘသန်း နှင့် ကား နှစ်ဦးစလုံး နှင့် အခင်အမင် မပျက်ပေ ။ ယခင် က အတိုင်း ပင် ပုံမှန် ဆက်ဆံလျ က် ရှိ ကြ လေ သည် ။ တစ်နေ့တွင် ဟိုအကြောင်း စ ကား စပ်မိ ကြ၍ ဒေါ်လှကြည် က ခင်ပွန်း သည် ဦးဘသန်း ကို  မေး၏ ။

“ ကိုကျော်စွာ နဲ့ ကို မြင့် တို့ ဟာ ဒီ ထိ အောင် အာဃာတ  ကြီး ကြတယ်နော် ”

“ ဒါပေါ့ ကွယ် ၊  ကိုယ် လုပ်တဲ့ အလုပ် က  ကုသိုလ် ပြု တဲ့ အလုပ် ၊ ဖြစ်ချင်တာ က  ကိုယ့် နာမည် လူ သိအောင် ကြော်ငြာ ချင်တဲ့ သဘော ဆိုတော့ အားလုံး စိတ် မချမ်းမြေ့ စရာတွေ ကြုံ ကြရတာပေါ့ ၊ ကို ယ် ပြုတဲ့ အလှူဒါန အတွက် ရေစက်ချ အမျှဝေ တာ တောင် သာဓု မခေါ်နိုင် ကြတဲ့ ဘဝ ။ ဒီလို အဖြစ်မျိုးတော့  ကိုယ်တို့ မ ကြုံတွေ့ပါရစေနဲ့ ကွယ် ”

ဟု ဦးဘသန်း က ပြောပြီး သူ့ မိတ်ဆွေများ အတွ က် ဝမ်းနည်း စွာ သက်ပြင်း ချလို က်၏ ။ ထိုအခါ ဒေါ်လှ ကြည် သည် သူတို့ ဇနီးမောင်နှံ စိတ်ချမ်းသာ ရ သော အဖြစ် ကို  တွေး မိ ကာ ဘဝ အရသာ ဆို တာ ဒါပါပဲလား ဟု တွေး လိုက်မိလေ သည် ။

◾ မောင်လရောင်

📖 မြဝတီမဂ္ဂဇင်း
      ၁၉၇၂ ၊ ဖေဖော်ဝါရီ ၊

#ကိုအောင်နိုင်ဦး

.