Showing posts with label ခင်လှိုင်ကြူ. Show all posts
Showing posts with label ခင်လှိုင်ကြူ. Show all posts

Tuesday, April 23, 2024

တံခါးခေါက်သံ


 ❝ တံခါးခေါက်သံ ❞

    

ကျွန်မ ဘဝ တွင် မှတ်မှတ်ရရ ခံစားမှုများ ပေးသော တံခါးခေါက်သံ နှစ်မျိုး ကို ကြုံခဲ့ရ ဖူးသည် ။ မကြာမီ တံခါးခေါက်သံ တစ်မျိုး ကို ကြားရပေဦးမည် ။ အံ့သြ တုန်လှုပ်စွာ ဖွင့် ပေး မိလေမလား ။ ဖြည်းလေးညင်သာ စွာ ဖွင့် ပေး မိလေမလား ။ ကျွန်မ မတွေးရဲပါ ။ သေချာသည် ကတော့ ဝမ်းမြောက်ဝမ်းသာ ဖွင့်ပေးမိမည် တော့ မဟုတ်ပါ ။ အဘယ်ကြောင့် ဆိုသော် ကျွန်မသည် သာမန် ပုထုဇဉ် လူသား တစ်ယောက် သာ ဖြစ်ပါ၏ ။


••••• ••••• •••••


“ ည ကျ ရင် ညီမ အခန်း တံခါး ကို အစ်ကို လာ ခေါက် မယ် ။ ခဏ နေရင် နောက်ဖေးပေါက် ထွက်ခဲ့နော် ”


သောက်ရေအိုးစင် တွင် အတူ ဆုံစဉ် က တိုးတိုးတိတ်တိတ် ကြိတ် ၍ မှာ လိုက်သော အစ်ကို့ စကား ကြောင့် တစ်ညလုံး ကျွန်မ စိတ်တွေ ဂနာမငြိမ် ဖြစ်ရ သည် ။ တစ်အိမ် ထဲ တွင် အတူ နေပါလျက် ၊ အေးအေးဆေးဆေး စကား ပြောခွင့် ရှိပါလျက် တိတ်ဆိတ်သော ည အချိန် ကို ချိန်းဆို လာသည့် အတွက် အပျိုဖြူ ကျွန်မ ရင် မခုန်ဘဲ ရှိပါ့မလား ။ ကြောက် သလိုလို ၊ စိုးရွံ့ သလိုလို ရင်ဖိုဖို ။ သူ့ ချိန်းဆိုချက် ကို စောဒက တက် ကြည့်ရန် စိတ်ကူး သေးသည် ။ အစ်ကို က ဘာမှ မထူးခြား သလို ဣန္ဒြေ မပျက် ။


ညဦးပိုင်း ကတည်း က ခြေဖျားလက်ဖျား တွေ အေး နေသည် ။ အိမ်သားများ အပါအဝင် သူ နှင့် အတူ ဧည့်ခန်း မှာ ထိုင် နေကျ ဖြစ်သော်လည်း ယနေ့ မထိုင်ရဲ ။ ထူးထူးထွေထွေ အလုပ် မဟုတ်ဘဲ နှင့် အလုပ်တွေ ရှုပ် နေ လိုက်သည် ။ စောစောစီးစီး အိပ်ရာ ထဲဝင်ခဲ့သည့် တိုင်အောင် စိတ်ချလက်ချ ခေါင်းအုံး မှာ ခေါင်း ကို ဖိနှစ် ၍ မအိပ်ရဲ ။ လက် ကို ကွေးခေါက်ခံ ထားပြီး နား နှင့် ခေါင်းအုံး ကို ခွာ ထား လိုက်သည် ။ အစောကြီး ရှိပါသေးသည် ။ အပြင် က စကား ပြောသံများ ကို ကြား နေရသည် ။ အစ်ကို့ အသံကို လည်း တစ်ချက် တစ်ချက် ကြား ရသည် ။ သူ အခု ထိ မအိပ်သေး ။ အိမ်သားများ နှင့် အတူ စကား ပြော နေ သေးသည် ။ သူ ဘယ်တော့ အိပ် မှာလဲ ။ သူ ဘယ် အချိန် တံခါး ခေါက် မှာလဲ ။


တကယ်တော့ ကျွန်မ နှင့် အစ်ကို ချစ်နေကြသည် ကို အိမ်သားများ အားလုံး သိ ကြသည် ။ ဆွေမျိုးမကင်း သူများ ဖြစ်၍ သဘောတူ ခွင့်ပြုခဲ့ပြီး လည်း ဖြစ်သည် ။ အတူ သွားလာခွင့် လည်း ရှိသည် ။ အုပ်ထိန်းသူ လူကြီး မိဘ ခွင့်ပြုချက် ဖြင့် ဘုရားသွား ကျောင်းတက် နှစ်ယောက် တည်း သွားဖူးကြသည် ။ သည်လို ညဉ့်နက် သန်းခေါင် ချိန်းဆို တွေ့စရာ ပင် မလို ။ သို့ပါလျက် အစ်ကို ဘာကြောင့် ချိန်း သလဲ ။


တစ်အိမ်လုံး တိတ်ဆိတ် သွားပြီ ။ ရင်ခုန်စွာ စောင့်စားရင်း လက် ကို ခေါက်၍ ခေါင်း ခု ကာ အချိုးမကျ အိပ်ပျော် သွားသော ကျွန်မ နား ထဲ သို့ တိုးတိတ် ညင်သာသော တံခါး ခေါက်သံ ဝင် လာသည် ။


“ ဒေါက် ... ဒေါက် ”


လက်ချောင်းများ ကို ကွေးချိုးကာ ခေါက် လိုက် သော ညင်သာ ပျော့ပျောင်းသော တံခါး ခေါက်သံ ။ ကျွန်မ က တံခါးပေါက် နားတွင် အသာ ရပ် ကာ တုန်ယင် တိုးခတ်သော အသံ ဖြင့် “ လာပြီ ” ဟု ပြန်လည် အသံ ပြု လိုက်သည် ။ တံခါး ကို တော့ မဖွင့်ရဲ ။ တံခါး မှာ နားကပ် ထားသော ကြောင့် အခန်းဝ မှ ထွက် သွားသည့်လှုပ်ရှားသံ ကို တိုးညှင်း သော် လည်း အကျယ်ကြီး လို ကြားနေ ရသည် ။ သူ ထွက်သွားပြီ ။ ကျွန်မ ကို သူ စောင့်နေတော့ မည် ။ ခုန်သော ရင် ကို ဖိထား လိုက်ရင်း ပင့်သက် ကို ရှူထား မိသည် ။ ခဏကြာ မှ ပင့်သက် ကို ချကာ အခန်း တံခါး ကို အသာ ဖွင့် လိုက်သည် ။ ဘုရားခန်း မှ မီးလုံး သေးသေးလေး ၏ အလင်းရောင် ဖြင့် အပြင်သို့ ထွက် လိုက်ကာ နောက်ဖေးဆောင် ဘက် ကို ကူးလာ ခဲ့သည် ။ နောက်ဖေး တံခါး က ဟဟလေး ပွင့် နေသည် ။ ပွင့်နေ သော တံခါးရွက် ကြား မှ အဖြူရောင် အလင်းတန်း ကလေး တိုးဝင် နေသည် ။ အပြင် က အလင်းရောင် ။ အို .. ည ဆိုပေမယ့် မှောင် မနေပါလား ။


တံခါးရွက် ကို ဆွဲ ဖွင့်ပြီး လူ ကိုယ် ကို အပြင် သို့ ထုတ် လိုက်သည် ။ တံခါးရွက် ကို ပြန် ပိတ်လိုက်ပြီး ကိုယ် ကို လှည့် ထွက်ရန် ဟန် ပြင် လိုက်သော အခါ ”မားမား ရပ် နေသော သူ့ ကို တွေ့လိုက် ရသည် ။ ဒိတ်ခနဲ ခုန် သွား သော ရင် ကို ဖိ ကာ ...


“ အောင်မယ်လေး .. လန့် လိုက်တာ ” 


“ အစ်ကို စောင့်နေတာလေ ၊ လာ ”


သူ က ကျွန်မ လက် ကို လှမ်း ဆွဲ လိုက်သည် ။ ကျွန်မ ရုပ်ပျက်ဆင်းပျက် ပင် ပြန် ရုန်း လိုက်သည် ။ သူ က အံ့အား သင့်သွားပုံ ရသည် ။


“ ဘယ် သွားမလို့လဲ အစ်ကို ။ ဘာကိစ္စ ရှိလို့လဲ ။ ပြောစရာ ရှိရင် ဘယ်အချိန် ပြောပြော ရရဲ့သားနဲ့ ”


“ အစ်ကို နဲ့ ခြံ ထဲ ခဏ လိုက်ခဲ့ပါ ။ ကြည့်စမ်း ... လရောင် က လင်းပြီး ဝင်းပ နေတာပဲ ။ ခဏလေး …. ခဏလေး ”


သူ ဆွဲ ခေါ်ရာ နောက်သို့ တွန့်ဆုတ် တွန့်ဆုတ် နှင့် လိုက်လာခဲ့ရသည် ။ ဟုတ်ပါရဲ့ ။ သူပြော မှ မြင်မိသည် ။


လရောင် က ဝင်းလို့ ။ ကောင်းကင် ကို မော် ကြည့် လိုက် တော့ ဝိုင်းဝိုင်းပြည့်ပြည့် လမင်း ။ ဪ … သည်နေ့ လပြည့်နေ့ ပဲ ။


သူ က အုန်းပင်ရင်း တွင် ဝိုင်းပတ် ထားသော ခုံတန်းကလေး ရှိရာ သို့ ကျွန်မ ကို ခေါ်လာ ခဲ့သည် ။ ခုံတန်းကလေး ပေါ် တွင် အုန်းလက်များ ကြား မှ လရောင်ပြောက်ပြောက်ကျားကျား ကျနေသည် ။ သူ က ပြုံးရွှင်ကြည်နူး သော မျက်နှာ ဖြင့် ထိုင် ချလိုက်ရင်း ကျွန်မ ကို သူ့ ဘေးမှာ ထိုင်ခိုင်း လိုက်သည် ။ ရင် ခုန်လျက် ခပ်ယို့ယို့ ထိုင် နေသော ကျွန်မဘက် လှည့်ကာ မျက်နှာ ကို ရွှန်းရွှန်းစားစား ပြည့် နေတော့ ကျွန်မ အနေ ခက်လာသည် ။


“ ဘာလုပ် မလို့လဲ အစ်ကို ရာ ။ ပြောစရာ ရှိရင် ပြော့ ။ ဒီမှာ ကြာကြာ မနေချင်ဘူး ”


“ ဘာမှ မစိုးရိမ်ပါနဲ့ကွာ ။ အစ်ကို က နှမချင်း စာနာ တတ်တဲ့ ယောက်ျား ပါ ။ ညီမ ရဲ့ သိက္ခာ ကို ဘာမှ မထိပါး စေရပါဘူး ။ လရောင် အောက် မှာ ချစ်သူ ရဲ့ မျက်နှာလေး ကို ကြည့်ချင်တဲ့ စိတ်ကူးယဉ် ဆံန္ဒလေး အစ်ကို့ မှာ ရှိခဲ့ တယ် ။ ဒါကြောင့် လသာ နေတုန်း ညီမ ကို ခေါ် လာတာ ။ ဘယ်လောက် ကြည်နူးစရာ ကောင်းလိုက်သလဲနော် ။ လရောင် ရယ် ၊ ချစ်သူ ရယ် ၊ တိတ်ဆိတ် အေးချမ်း တဲ့ ည ရယ် ”


အစ်ကို့ ကို အံ့သြစွာ ကျွန်မ ကြည့် မိသည် ။ ကျွန်မ ထက် အသက် ငါးနှစ် ကျော် ကြီးပြီး လူကြီးဆန်ဆန် နေ တတ်သော အစ်ကို့ ကို ရိုသေစွာ ချစ်ခဲ့ရ၍ အစ်ကို့ မှာ သည်လို ခံစားမှု နုနုကလေးတွေ ရှိလိမ့်မည် မထင်ခဲ့ ။ သူက ကျွန်မ မေးစေ့ ကို ဆွဲယူ မော့ကာ မျက်နှာ ကို တစိမ့်စိမ့် ကြည့်ရင်း...


“ ဒီ အချိန် ဒီအရွယ် မှာ ပဲ ဒီလို ခံစားမှုမျိုး ရနိုင်တာ ညီမ ရေ ။ တို့ နှစ်ယောက် လက်ထပ် ပြီးကြလို့ ဘဝ အတွက် ရုန်းကန် လှုပ်ရှား နေရတဲ့ အချိန်တွေ ရောက် ရင် အခါကြီး ရက်ကြီး က လွဲလို့ လပြည့်လကွယ် တောင် သတိထား မိမှာ မဟုတ်ဘူး ။ မွန်းသိပ်ကျပ် နေတဲ့ လောကကြီး ထဲ မှာ လရောင် ရဲ့ အရသာ ကို ဘယ်လို ခံစား နိုင်တော့မှာ လဲ ။ ဒါကြောင့် အခု ညီမ ကို ခေါ်လာတာ ” 


အစ်ကို့ ပခုံး ထက် တွင် ခေါင်း တင်ရင်း အုန်းလက် များ အကြား မှ လမင်းကြီး ကို ကြည်နူးစွာ ကြည့် လိုက်မိသည် ။ အုန်းလက်ညို အကြိုအကြား × × × ပြောက် ပြောက်ကျားကျား ရောင်ခြည် ဝင်တယ် × × × မြေပြင် ငွေမင် လူးသည့်နှယ် × × × ဆိုသည့် သီချင်း တစ်ပိုင်း တစ်စလေး ကို သတိရ လိုက်သည် ။ စာဆိုကြီး လည်း ကျွန်မ တို့ လို ခံစား ကြည်နူးခဲ့ဖူးပေမည် ။


လ သာ သည့် ညများ တွင် အစ်ကို က ကျွန်မ အခန်း တံခါး ကို လာ ခေါက်လေ့ ရှိသည် ။ တိုးတိတ်ညင်သာ သော တံခါး ခေါက်သံ ။ ရင်ခုန်ကြည်နူး ရသော တံခါး ခေါက်သံ ။ မမေ့ရက် နိုင်သော တံခါးခေါက်သံ ။


••••• ••••• •••••


ညနေ ကတည်း က အစ်ကို က အထုပ် တပြင်ပြင် လုပ် နေသည် ။ သူတို့ လာ ခေါ်ကြမည် ။ အဆက်မပြတ် ချောင်းဆိုး နေသည့် အတွက် အစ်ကို့ ကို စိတ်မချ ။ လိုက် မသွား စေချင် သော်လည်း အစ်ကို က သူတို့ လာ ခေါ်လျှင် လိုက်ဖို့ အဆင်သင့် ပြင် ထားသည် ။


“ အိပ်လိုက်ပါလား အစ်ကို ရယ် ။ သူတို့ မလာတော့ ဘူးထင်တယ် ”


“ မလာသေးတာ ဖြစ်မှာပါ ”


“ အိပ်ရာ ထဲ က ပဲ စောင့်ပါ ။ ချောင်းတွေ ဆိုးတာ ပင်ပန်း နေပြီ ။ လာတော့ လည်း လိုက်သွား တာပေါ့ ။ အခု ခဏ ဝင် နား လိုက်ပါလား ”


သူ က သဘော တူသည် ။ အိပ်ရာ ထဲ မဝင်မီ လည် ယပင်း တွင် ပရုပ်ဆီ လူး ကာ တဘက် နှင့် ပတ်ပေး လိုက် သည် ။ သူ့ အိပ်ရာ ထဲ ဝင် လှဲ နေစဉ် ကျွန်မ အပြင် မှာ မအိပ်သေးဘဲ စောင့် နေ လိုက်သည် ။ အတန်ကြာ မှ သူတို့ ရောက်လာကြသည် ။ သူ က ကြိုတင် ပြင်ဆင် ထားသော ခရီးဆောင် အိတ်ကလေး ကို ဆွဲကာ အဖော်များ ပါလာ သော ကား နောက်ပိုင်း သို့ တက် သွားသည် ။ ကျွန်မ နှင့် သမီး ကား ထွက်သွားသည် အထိ အစအဆုံး ကြည့်နေ လိုက်သည် ။ ည ၁၁ နာရီ ကျော်ပြီ ။


“ ဖေဖေ ချောင်းတွေ ဆိုး နေတာ လိုက်သွားဖို့ မကောင်းဘူး ”


“ လာ ခေါ် နေတော့လည်း လိုက် မသွားလို့ မှ မဖြစ် တာ သမီးရယ် ။ အအေးပတ် လို့ ချောင်း ဆိုးတာပါ ။ ညနေ က ဆေး သောက် ထားတယ် ။ ကောင်းသွားမှာပါ ”


“ မေမေ က ဆေးတွေ ထည့်ပေး လိုက်သေးလား ” 


“ ဖေဖေ က ထည့် မသွားဘူး ။ အတူတူ ပါသွားတဲ့ ဆရာဝန်ကြီး က ဖေဖေ ချောင်းဆိုးသံ ကြား ရင် နေမှာ မဟုတ်ဘူး ။ သူ့ အိတ်ထဲ မှာ အမြဲ ဆောင်ထားတဲ့ မက်လင်ချဉ် တော့ လှမ်း ပေးဦးမှာပဲ ”


“ ဒီ တစ်ခါ ဖေဖေ ထွက်တာ ကြာမလား မသိဘူး ” 


“ ကြာချင် လည်း ကြာမှာပေါ့ ။ မြန်ချင် လည်း မြန် တတ်တာပဲ ။ အခြေအနေ အရ ပေါ့ကွယ် ။ သမီး အိပ်တော့ နော် ”


သမီး ကို နှစ်သိမ့် လိုက် ရ သော်လည်း ကျွန်မ အိပ် 

မပျော်တော့ ။ တဟွပ်ဟွပ် ချောင်းဆိုး နေသည့် အစ်ကို အသံ ကို ကြား နေရသည် ။ နွေးနွေးထွေးထွေးလေး နေ လိုက် လျှင် ချောင်းဆိုး က သက်သာ သွားမည် ။ ယခု ညဉ့်နက်သန်းခေါင် ကား နှင့် ခရီး သွား ရ၍ လေစိမ်း တိုက် မည် ။ သူ ချောင်းတွေ ပို ဆိုး မလား ။ အဖျား ဝင်လာ မလား ။ ခေါင်းတွေ ကိုက်လာ မလား ။ သူ ခေါင်းကိုက်ပြီ ဆိုလျှင် မနေနိုင် မထိုင်နိုင် အော် နေရသည် ။ ခေါင်း နှင့် ပတ်သက်၍ ငယ်ငယ် က ထိခိုက်မှု တစ်ခု ရှိခဲ့ဖူးသော ကြောင့် သည် ရောဂါ ဖြစ်သလား ဟု သံသယ နှင့် နည်း မျိုးစုံ စမ်းသပ် စစ်ဆေး ခဲ့သည် ။ သူ့ ရောဂါ အတွက် အထောက်အထား မတွေ့ ။ တစ်ခါတစ်ခါ ပေါ် လာတတ် သော သူ့ ရောဂါ ပျောက် နေသည် မှာ အတော် ကြာပြီ ။ ယခု ညကြီးမိုးချုပ် ခရီး ထွက်သွား မှ ပေါ်လာ လျှင် ဒုက္ခ ။


အစ်ကို နှင့် ကျွန်မ အိမ်ထောင်သက် ဆယ့်ရှစ်နှစ် ရှိပြီ ။ အတူ နေရသည့် ကာလ ကို နှစ် နှင့် တွက် လို လျှင် ရက်များ ကို ပေါင်း ကြည့် မှ ရမည် ။ လရောင် အောက် တွင် ကြည်နူးရွှင်ပျ ခဲ့ရသည့် ညကလေးများ ကို ပြန်လည် တမ်းတ မိပါရဲ့ ။ တကယ် ။ လ သာ တာ ကို အရေး လုပ် ကာ မကြည်နူး နိုင်တာ ကြာပြီ ။


ခုမှ သတိရ သည် ။ သည် ည လာ သာ သလား ။ ဘယ် နှစ်ရက် လဲ ။ ဗမာရက် များ တောင် မသိတော့ပါ ကလား ။


“ ဒေါက် ... ဒေါက် .. ဒေါက် ”


မှေးခနဲ အိပ်ပျော် သွားလိုက်သည် မှာ မည်မျှ ကြာ လိုက်သည် မသိ ။ ခပ်ပြင်းပြင်း ခေါက် လိုက်သော တံခါး ခေါက်သံ ကြောင့် ဖျတ်ခနဲ ကျွန်မ လန့် နိုးလာသည် ။


တံခါး ခေါက်သံပါလား ။


ကိုယ့် အိမ် ကို လား ၊ ဘေး အိမ် ကို လား ။ မသဲမကွဲ ဝေဝါး နေစဉ်မှာပင် တံခါး ခေါက်သံ မှ တံခါး ကို တဝုန်းဝုန်း ထုသံ နှင့် အတူ ... ။


“ အန်တီ ... အန်တီ ”


ခေါ်သံ က အမောတကော နိုင်လှသည် ။ အသံ က ပီပြင် လာပြီး ကိုယ့် အိမ် ကို ခေါ် နှိုး နေမှန်း သိလိုက်၍ အိပ်ရာ မှ ကမန်းကတန်း လူးလဲ ထ လိုက်ရသည် ။ တံခါးပေါက် ဆီ သို့ ပြေးထွက် ခဲ့ပြီး တံခါး ဖွင့် ပေးလိုက်သော အခါ တံခါးဝ တွင် ရပ်နေသော သူက လမ်း ထဲ မှ လူငယ်လေး တစ်ယောက် ။ အိမ်ရှေ့ မှာ လူကြီး တချို့ ကို တွေ့ လိုက်ရသည် ။


“ ဘာလဲ ... ဟင် ။ ဘာလဲ ... ဟင် ”


“ လူကြီးတွေ က တွေ့ ချင်တယ် ဆိုလို့ ကျွန်တော် ခေါ်ပေးတာ ။ သူတို့ က ဦး အကြောင်း ပြောပြကြ လိမ့်မယ် ”


ကျွန်မ ဒူး နှစ်ဖက် မှာ တဆတ်ဆတ် တုန်လာ သည် ။ အချိန် က ညကြီး အချိန်မတော် ။ အိမ် က လူ က လည်း ညကြီးမိုးချုပ် မှ ခရီး ထွက်သွားသည် ။


“ ဘာ .. ဘာကိစ္စလဲ .. ဟင် ။ ကျွန်မ ယောက်ျား ဘာ ဖြစ်လို့လဲ ဟင် ။ သူ အခု ဘယ်မှာလဲ ဟင် ”


အမောတကော မေးသည့် ကျွန်မ ၏ မေးခွန်းများ အားလုံး ၏ အဖြေ မှာ တစ်ခုတည်း သာ ဖြစ်ခဲ့သည် ။


မမျှော်လင့်သော ကြမ္မာဆိုး ကြောင့် ကျွန်မ ၏ ချစ်သူ ခင်ပွန်း သည် ကွယ်လွန် ခဲ့သည် ။


သည် သတင်းဆိုး ကို သယ်ဆောင်လာသူများ ထံ မှ ကြား ရသည့် တံခါး ခေါက်သံ ။ တုန်လှုပ်ချောက်ချားဖွယ် သည် တံခါး ခေါက်သံ သည် နှစ်ပေါင်း များစွာ ကျွန်မ အတွက် အိပ်ရာ မှ လန့် နိုးစေခဲ့သည့် ခြောက်လှန့်သံ ဖြစ်ခဲ့သည် ။


••••• ••••• •••••


“ အစ်မကြီး အခြေအနေ က သိပ် စိုးရိမ်စရာ တော့ မဟုတ်ပါဘူး ။ နှလုံးသွေးကြော တစ်ချောင်း ကျဉ်း နေ တယ် ။ မကြာခင် ကောင်းသွား မှာပါ ။ ဆေး စား ဖို့တော့ လိုမယ် ။ အဆီ လျှော့ စားရမယ် ”


ဆရာဝန်ကြီး က မျက်နှာချိုချို နှင့် စိတ် သက်သာရာ ရအောင် နှစ်သိမ့်စကား ပြော လိုက်သည် ။ ဆရာဝန်ကြီး အခန်း မှ ထွက်လာသော အခါ လိုက် ပို့သော သား က ဘာ ပြောလိုက်သလဲ ဆိုသည် ကို ရအောင် မေး နေသည် ။ ကျွန်မ က သား ကို စိတ် မပူစေရန် ဆရာဝန်ကြီး စကား ကို ပြန် ပြောပြလိုက်သည် ။


“ သား လည်း ဒီလိုပဲ ဖြစ်မယ် ထင်ပါတယ် ။ မေမေ တို့ အရွယ် ရောက် လာရင် ဒီလိုပဲ အနည်း နဲ့ အများ ဖြစ်တတ် တာပါပဲ ။ ကြီးကျယ်တဲ့ ရောဂါ မဟုတ်ပါဘူး ” 


“ ဘာပဲဖြစ်ဖြစ် သတိထား ရမယ့် ရောဂါပဲ လေ ။ ဖြစ်တတ်တဲ့ ရောဂါမျိုး ကိုယ် က ဖြစ်လာခဲ့ပြီ ကိုး ” 


“ မေမေ စိတ်ငယ် သွားသလား ”


သား က ကျွန်မ မျက်နှာ ကို စေ့စေ့ ကြည့် ကာ မေး လိုက်သည် ။ ကျွန်မ ခေါင်းခါ ပြ လိုက်သည် ။ တကယ် လည်း ကျွန်မ စိတ် မငယ်ပါ ။ ဖြစ်ချိန်တန် ဖြစ်ပြီး ပျက်ချိန်တန် ပျက်တတ်သည့် သင်္ခါရ သဘောတရား ကို ကျွန်မ လက်ခံရ မှာပေါ့ ။ အရာရာ ကို တရားသဘော နှင့် ရှုမြင်သုံးသပ် ဆင်ခြင် တတ်ရမယ့် အရွယ် ရောက် ပြီပဲ ။ မကြာမီ တံခါးခေါက်သံ တစ်ခု ကို ကြားရ တာ့မည် ။


သည် တစ်ခါ တံခါး ခေါက်သံ ကြား လျှင် တည်ငြိမ်စွာ ရင်ဆိုင် နိုင်ဖို့ အသင့် ပြင် ထားရတော့မည် ။


“ ဒီ အပတ် ဆေး စားပြီးလို့ ပြန် ပြ ပြီးရင်း မေမေ ရိပ်သာ ဝင် မှ ဖြစ်မယ် ။ ရိပ်သာ ဝင်ဦးမယ် ”


◾ခင်လှိုင်ကြူ


📖 မဟေသီ မဂ္ဂဇင်း

     ၂၀၀၄ ၊ သြဂုတ်လ


#ကိုအောင်နိုင်ဦး


.

Monday, March 21, 2022

ပုံတူ ပန်းချီ


 

❝ ပုံတူ ပန်းချီ ❞

ကျွန်မ ပန်းချီ ဆွဲနေသည်မှာ နှစ်ရက် ရှိပြီ ။ ဆွဲလိုက် ဖျက်လိုက်bနှင့် တစ်ရက် သာ ကုန်သွားသည် ။ ဘာ ပုံမှ ထွက်မလာ ။ စက္ကူချပ်ဖြူဖြူ မှာ ညစ်ထေးထေး ဖြစ်သွား၍ အသစ် လဲပစ်လိုက်ရသည် ။

တကယ်တော့ လူပုံ ဆွဲသည့် အလုပ်မှာ အလွန် လွယ်သည် ဟု ကျွန်မ ထင်သည် ။ ပုံတူဓာတ်ပုံ ရှိနေမှဖြင့် ဦးနှောက်နှင့် စဉ်းစားပြီး ပုံဖော်ရသည် မဟုတ်၍ ခက်အံ့ မထင် ။ တကယ်တမ်း ဆွဲတော့မည် ဆိုသော အခါတွင် ဘယ်က ဘယ်လို စ ဆွဲရမှန်း ကျွန်မ မသိ ။ ဓာတ်ပုံပါ ရုပ် နှင့် တစ်ထပ်တည်း ကျ၍ ခွဲ မရအောင် တူဖို့ ဆိုသည်မှာ စနစ်ကျသည့် အတတ်ပညာပိုင်းနှင့် သက်ဆိုင်မည် ထင်သည် ။

ကျွန်မတို့ ဆွေမျိုး ထဲတွင် ရှားရှားပါးပါး ပန်းချီပညာဖြင့် အသက်မွေးဝမ်းကျောင်းသော ပန်းချီဆရာ အစ်ကိုဝမ်းကွဲ တစ်ယောက် ရှိဖူးသည် ။ သူ က ရုပ်ရှင်ပိုစတာကြီးများ ရေးသော ပန်းချီဆရာကြီး ၏ တပည့် ဖြစ်၏ ။ သူတို့ ဆရာ တပည့် ရေးဆွဲသည့် ရုပ်ရှင်မင်းသား ၊ မင်းသမီးရုပ်ပုံများ မှာ ဓာတ်ပုံ ထဲက နှင့် အလွန်တူသည် ။ ကျွန်မ အစ်မတစ်ယောက် က သူ့ဓ ာတ်ပုံလေး ပေးကာ အစ်ကို့ ကို ပုံတူ ဆွဲပေးဖို့ ပူဆာသည် ။ အစ်ကို က ခဲ နှင့် ဆွဲထားသော ပုံတူပန်းချီကားလေး ယူလာပေးရင်း အစ်မ ပေးလိုက်သည့် ဓာတ်ပုံလေး ကို ပြန်ပေးသည် ။ ဓာတ်ပုံပေါ် မှာ အကွက်ကလေးများ ချထားသည် ။ အစ်မ က သူ့ ဓာတ်ပုံ ပျက်သွားသည့်အတွက် ငိုကြီးချက်မ ဖြစ်နေ၍ အစ်ကို့ ခမျာ မနည်း ချော့ယူရသည် ။

ယခု ကျွန်မ က ဓာတ်ပုံ ကို ကြည့်ကာ ပုံတူ ဆွဲဖို့ ပြင်နေသည် ။ ဓာတ်ပုံ ပေါ်တွင် အကွက် ချကာ ဘယ်လို တူအောင် ဆွဲရသည် ကို ကျွန်မ မသိ ။ အစ်ကို့ ဆီမှာလည်း နည်းနာ မခံဖူးခဲ့ ။ ဘာပဲဖြစ်ဖြစ် သည် တစ်ရက် နှစ်ရက်အတွင်းမှာ သူ့ ပုံတူ ကို ပြီးအောင် ဆွဲမှ ဖြစ်မည် ။ ဆွဲလိုက် ဖျက်လိုက်နှင့် တစ်ရက် အလဟဿ အချိန် ကုန်သွားပြီ ။ သည်နေ့တော့ မပြီးမချင်း ဆွဲမည် ဟု စိတ်ပိုင်းဖြတ်ထားလိုက်သည် ။

အနုပညာသမား ဆိုသည်မှာ ဈာန်ဝင်စားမိပြီ ဆိုလျှင် ဘာကိုမှ ဂရုမထားလေ့ ရှိသည် မဟုတ်ပါလား ။

ဦးစွာ ဈာန်ဝင်စားဖို့ လိုသည် ။

ကျွန်မ ပုံတူဆွဲမည့် သူ့ဓာတ်ပုံ ကို စူးစူးစိုက်စိုက် ကြည့်လိုက်သည် ။

ကွယ်လွန်ချိန်က ပုံကြီးချဲ့ကာ ချိတ်ဆွဲထားသော ခင်ပွန်းသည် ၏ ဓာတ်ပုံ ။ နှစ်ပေါင်းများစွာ စေ့စေ့ မကြည့်ရဲခဲ့သော ကျွန်မ သည် သည်နေ့တော့ အသေးစိတ် ကြည့်ရှုမြင်နိုင်ဖို့ စေ့စေ့ ကြည့်ရတော့သည် ။

•••••   •••••   •••••

မျက်နှာ ပုံ ကို စ၍ အကြမ်း ဆွဲလိုက်သည် ။ စက်ဝိုင်းတစ်ခု ။

ပထမဆုံး မေးစေ့ ကို ဆွဲမည် ။ မေးစေ့ က ဝိုင်းသလား ၊ ချွန်သလား ။ လူမျက်နှာတွင် သည် နှစ်မျိုးသာ ရှိတာ များသည် ။ သူ့မေးစေ့ ကတော့ ထူးခြားသည် ။ အဝိုင်းလည်း မဟုတ် ၊ အချွန်လည်း မဟုတ် ။ ဒေါင်ကျကျ ဆင်းလာပြီး အောက်ခြေတွင် ခပ်ပြားပြား ဖြစ်နေသည် ။ တစ်ခါတစ်ရံ သူ က စာအုပ်တစ်အုပ် ကို စိတ်ဝင်တစား ဖတ်နေ၍ ခေါ်မကြား အော်မကြား ဖြစ်နေသည့်အခါတွင် သူ့ မေးစေ့ ကို ဆွဲကာ ကျွန်မ ဘက် သို့ မျက်နှာ ကို ဆွဲ လှည့်တတ်လေ့ရှိသည် ။ သည်အခါတိုင်း လေးထောင့်ကျကျ ခပ်ပြားပြား သူ့ မေးစေ့ ကို ဆွဲကိုင်ရဖူးသည် ။ ပိုထူးခြားသည် က …

“ ကို့မေးစေ့ က အကွဲလေးနဲ့တော့ ၊ ငယ်ငယ် က မှောက်ရက်လဲကျလို့ ကွဲသွားတာ ထင်တယ် ”

ကျွန်မ က သည်လို နောက်ပြောင်ပြီး ကွဲကြောင်းရာလေး ထင် နေသည့် နေရာကို ပွတ်သပ် ကိုင်တွယ်ခဲ့ဖူးသည် ။ ယခု မျက်နှာပုံ စက်ဝိုင်းအောက်ပိုင်းတွင် မျဉ်းကြောင်း ကို တည့်တည့်ဆွဲ ချလိုက်သော အခါ လေးထောင့်ပုံ မေးစေ့ဖြစ်သွားသည် ။ မထင်မရှား ရှိနေသည့် အကွဲကြောင်းလေး ပေါ်လွင်အောင် အလယ်နားကို နည်းနည်း ချိုင့် ဆွဲလိုက်သည် ။ ရပြီ ။

လေးထောင့်ပုံ မေးစေ့ နှင့် တစ်ဆက်တည်း ဒေါင်ကျကျ မျဉ်းဆွဲလိုက်သောအခါ ကားလည်း မကား သွယ်လည်း မသွယ်သော သူ့ မေးရိုးက ပုံပေါ်လာသည် ။ ဟုတ်ပြီ ။ သူ့မျက်နှာ မှာ သိသိသာသာ ထင်ရှားသော အစိတ်အပိုင်းတစ်ခုကို ပုံဖော်နိုင်ခဲ့ပြီ ဖြစ်၍ ကျွန်မ ကိုယ် ကျွန်မ ကျေနပ်သွားမိသည် ။ တစ်ဆင့် တက်ရန်လည်း စိတ်ဓာတ်တက်ကြွလာသည် ။

မေးရိုး အထက်နား မှာ ဆက်ဆွဲရမှာ က နားရွက် ။

ဓာတ်ပုံ က သူ့ နားရွက်နှစ်ဖက် ကို လှမ်း ကြည့်လိုက်သည် ။ နားရွက်များ က ကြီးလည်း မကြီး ၊ ကားလည်း မကား ။ မျက်နှာ နှင့် အလိုက်သင့်ပါပဲ ။ သေသေချာချာ ကြည့်မှ ဓာတ်ပုံ ထဲ တွင် ယာဘက်နားရွက် က အနည်းငယ် ကြီးနေသယောင် ထင် ရသည် ။ ဓာတ်ပုံ အလင်းအမှောင် ကြောင့်လား ။ တကယ်ပဲ သူ့နားရွက် တစ်ဖက် က ကြီးနေတာလား ။ အပြင် မှာတော့ ကျွန်မ သတိထားမိလောက်အောင် သိသာမနေသည်မှာ အမှန်ပင် ။

သူ့ မျက်နှာ ပုံကြမ်းစက်ဝိုင်းတွင် နားရွက်နှစ်ဖက်ကို ဆွဲလိုက်သည် ။ စိတ် က လောဆော်နေ၍ ထင်၏ ။ ယာဘက် သူ့ နားရွက် ကို အနည်းငယ် ကြီးပြီး ဆွဲမိလိုက်သည် ။ ကျွန်မ ပြန်မဖျက်တော့ ။ ဝဲဘက်နားရွက် ၏ အတွင်းမျဉ်းကောက်များ စိပ်စိပ်ဆွဲလိုက်ပြီး ယာဘက် နားရွက် ၏ အတွင်းပိုင်း ကို ခပ်ကျဲကျဲ ဆွဲလိုက်သည် ။ ကြီးနေသည့် နားရွက် က ပြန့်ပြီး  ကျန်တစ်ဖက်က နဂိုအတိုင်း ဖြစ်နေသည် ။ ပြန့်သွားသည့် နားရွက်အနေအထား မှာ တစ်ခုခု ကို နား စွင့်နေသလိုလို ။

သူ နားစွင့်နေမှာပါ ။ သူ တစ်နေရာရာကနေ ကျွန်မ တို့ မိသားစု ရှိနေရာကို နား စွင့်နေမည် ဟု ကျွန်မ ယုံပါသည် ။

ငါးဆယ် ကျော်ရုံ ရှိသေးသော သူ့ အသက်မှာ လူ့ဘဝ သက်တမ်းအရ အသေ စောသေး သည် မဟုတ်ပါလား ။ ဘဝသက်တမ်း တစ်ဝက်လောက် ကျန် နေသေးသူ တစ်ယောက် အနေနှင့် သူ့ မှာ မျှော်မှန်းချက်တွေ ရှိနေပေလိမ့်မည် ။ ငှက်ပျောပင် ကို ခါးလယ် မှ ပိုင်းဖြတ်လိုက်သလို ရုတ်တရက် လူ့ လောက ကို စွန့်ခွာသွားရသူတစ်ယောက် အတွက် သူ့ ဆန္ဒများ ပြည့်ဝမှု ရှိနိုင်စရာ အကြောင်း မရှိ ။ သည်တော့လည်း ခွဲခွာခဲ့ရသည့် ဘဝအပေါ် သူ့ စိတ်အာရုံက ပြတ်ကောင်းမှ ပြတ်မည် ။ သူ့နားများကို ဖွင့်ကာ နားစွင့်နေပေလိမ့်မည် ။

သည်အတိုင်းပဲ ကျွန်မ ဆွဲ ထားလိုက်သည် ။

“ ဪ … မေ့တော့မလို့ ”

သူ့ နားနှစ်ဖက်တွင် ထူးထူးခြားခြား ကျွန်မ သတိထားမိတာ တစ်ခုရှိသည် ။ နား အဖျားတွင် ဝိုင်းဝိုင်းပြားပြား အနားသတ်ထားသည့် အသား ရှိသည် ။ ကျွန်မ က …

“ ကို့ နားဖျား က ဒီနေရာလေးဟာ နားကပ် ပန်ရင် သိပ်အဆင်ပြေမှာ ၊ တချို့ မိန်းကလေးတွေ မှာ နားဖျားက ကပ် နေတာနဲ့ ကော့လန်နေတာပဲ ၊ နားကပ် ပန်ရင် ကြည့် မကောင်းဘူး ၊ ကို့ နားဖျားကတော့ နားကပ် ပန်ဖို့ နေရာ လုပ် ပေးထားသလိုပဲ ”

ကျွန်မ ကို ပေါက်ပေါက်ရှာရှာ ပြောတတ်သည် ဟု သူ က ရယ်မောရင်း မှတ်ချက်ချဖူးသည် ။ ကျွန်မ အတွက် မှတ်မှတ်ရရ ဖြစ်စရာပါပဲ ။ ဒီနားဖျားကလေး ကို မှတ်မိနေသည့် အတိုင်း ပုံပေါ်အောင် ကျွန်မ ထည့် ကြည့်သည် ။ သိပ်တော့ အဆင် မပြေလှ ။ မျဉ်းကြောင်း ကွေးကွေးလေးများ ကို ဆွဲ ကြည့်လိုက်သည် ။ ကြည့်သူ ကတော့ ဘာမှန်း သိမည် မဟုတ် ။ သိသူ ကတော့ မျက်စိထဲမှာ မြင်နေသည် ။

စက်ဝိုင်းပုံ မျက်နှာ ပုံကြမ်းမှသည် မေးစေ့ ၊ မေးရိုး ၊ နားရွက် တို့ ဆွဲလိုက်ပြီး ဖြစ်၍ မျက်နှာပုံ ပေါ် စ ပြုလာသည် ။ ယခု အပေါ်ပိုင်းမှာ ရှိသည့် စက်ဝိုင်းမျဉ်းတစ်ဝိုက်မှာ ဆံပင် ပုံ ကို ဆွဲရတော့သည် ။

“ ကို … နော် ခေါင်းညှပ်သမား ကို မတိုစေနဲ့လို့ စ ညှပ်ကတည်းက ပြောနော် ၊ တို သွားရင် ဆံပင် ပုံ ပျက်မှာ ”

“ ကျောင်းသား ကတည်းက အောင်ကျော် ကေ နဲ့ နေလာတာကွာ ၊ တို သွားတော့လည်း ဘာဖြစ်လဲ ၊ စိတ်မပူနဲ့ ၊ ဆံပင် ဆိုတာ ညှပ်ပြီးရင် ရှည် လာတတ်တဲ့ အမျိုးပဲ ၊ တိုတို ညှပ်တော့ ကြာကြာ ခံတာပေါ့ ၊ ခေါင်းညှပ်ခတောင် သက်သာသေးကွာ ”

ဟုတ်တော့လည်း ဟုတ်သည် ။ တက္ကသိုလ်ကျောင်းသားဘဝ သူ့ပုံစံက ရှူးသိုးသိုး မှုန်တေတေ ။ ဆံပင်တိုတို ပုဆိုးတိုတိုနှင့် ။ တိုက်ပုံ အမြဲ ဝတ်သည် ။ ထိုစဉ်က အသက် နှစ်ဆယ်ဝန်းကျင် သူ့ ကို လူကြီး ဖြစ်ပြီ ဟု ကျွန်မ စိတ်မှာ ထင်မိသည် ။ ကျွန်မ နှင့် လက်ထပ်ပြီး နောက် သူ့ဆံပင်ပုံစံ ကို ပြောင်းစေခဲ့သည် ။ ပြောင်းခါစက ဆံပင်ရှည်သည်ကိုပင် သူ မနေတတ် ။ ကြာတော့မှ နေသား ကျသွားသည် ။ သူ့ နဖူးဆံစတွင် ဗွေ မရှိသော်လည်း ဆံပင် က ခရုပတ် လို ရစ်နေသည့်အတွက် ရှေ့ က ဆံပင် နဖူးပေါ်သို့ အလိုက်သင့်လျှောကျသည့်အခါ ပုံသဏ္ဌာန်တစ်ခု ဖြစ်နေသည် ။ ကျွန်မ က သည်ပုံစံ ကို …

“ဆံပင်ကျပုံက နံပါတ် ( ၇ ) နဲ့ တူတယ်ဟေ့ ၊ လက်ကီးဆဲဗင်းပေါ့ ”

“ နံပါတ် ၇ တိုင်း လပ်ကီးနံပါတ် မဟုတ်ဘူး ၊ နံပါတ် ၁၃ တိုင်းလည်း အန်လပ်ကီးနံပါတ် မဟုတ်ပါဘူးကွာ ၊ ကို့အတွက်တော့ နံပါတ် ၇ က အန်လပ်ကီး ပဲ ၊ ကို့အချစ်ဆုံး မေမေ က ဇူလိုင်လ ထဲ မှာ ဆုံးတာ ”

သူ ပြောဖူးသည် ကို ကျွန်မ သတိ ရလိုက်သည် ။ ဘာပဲဖြစ်ဖြစ် သူ့ ဆံပင်ပုံ ကို ဆွဲသောအခါ နဖူးပေါ် ကို နံပါတ် ၇ နှင့် တူသော ဆံပင်ခွေ တစ်ခု ကို ချ လိုက်သည် ။ ကိုယ့် အမှတ်အသား နှင့် ကိုယ် ပေါ့ ။

ကဲ … မျက်နှာ ၏ ပြင်ပအစိတ်အပိုင်းများအားလုံး ဆွဲပြီးပြီ ။ မျက်နှာပုံ တစ်ခုတော့ ပေါ်လာပြီ ။ ကိုယ် ဆွဲထားသည့် ပုံ ကို အနီးမှ အဝေးမှ အပြန် အလှန် ကြည့်ပြီး ရှေ့ ဆက် ဆွဲရန် အားတက်လာသည် ။

“ ကြီးကြီး ထမင်းစားချိန် ရောက်ပါပြီ ”

အတူနေသော တူမလေး က အခန်းဝ မှ မရဲတရဲ အသံ ပြုလာသည် ။ ကျွန်မ စိတ်ပျက်သွားသည် ။ အာရုံ ပျက်လိုက်တာ ။ နေ့စဉ် စားရတဲ့ ထမင်းကိုပဲ အလုပ်တစ်ခု လုပ်ကာ စား ရဦးမှာလား ။

“ ငါ မဆာဘူး ၊ သွား… သွား စားပွဲပေါ်မှာသာ အုပ်ထားလိုက် ”

“ ကြီးကြီး ကို အချိန်မှန်ထမင်း ကျွေးဖို့ ၊ ရေချိုးပေးဖို့ ကိုကိုကြီး က မှာ သွားတယ်နော် ”

“ အေးပါအေ ၊ ညည်းကိုကိုကြီး ပြန်လာတော့မှ သူ့ စကားအတိုင်း လုပ်တာပေါ့ ၊ အခု ဒါလေးပဲ ဒါလေးပဲ ”

“ ထမင်း မစား ဟင်း မစားနဲ့ ကိုကိုကြီး အလုပ် လုပ်ရင်တော့ ကြီးကြီး က အတင်းကျွေးပြီးတော့ ၊ အခု ကြီးကြီး က ဘာတွေ လုပ်နေမှန်းလည်း မသိဘူး ၊ အခန်းထဲလည်း ဝင်ခွင့်မပြုဘူး ၊ ကိုကိုကြီး လာရင် ပြောပြမှာပဲ ”

ကလေးမ ကို လက်မြှောက်လိုက်ရသည် ။ ထမင်း စားသောက်ခြင်း ကို ဝတ္တရားတစ်ရပ်လို ဆောင်ရွက်ပြီး ဆွဲလက်စ ပုံတူပန်းချီကား ကို ဆက် ဆွဲရပြန်သည် ။

မျက်နှာ ၏ ပြင်ပအစိတ်အပိုင်းများ ပြီးခဲ့ပြီ ။ အရေးကြီးသည့် အစိတ်အပိုင်းများ ရောက်ပြီ ။ မျက်နှာ ၏ အတွင်းပိုင်း မျက်လုံး ၊ မျက်ခုံး ၊ နှာတံနှင့် ပါးစပ်ဆွဲရမည် ။ ဦးစွာ သူ့မျက်ခုံးများ ။ ချူအင်လိုင်း မျက်ခုံး ဟု ကျွန်မ နောက်ပြောင် အမည်ပေးထားသော သူ့ မျက်ခုံး ထူထူများကို စဆွဲလိုက်သည် ။

“ ကိုတို့ ညီအစ်ကိုတွေ ထဲက တစ်ယောက်ယောက် ကို တွေ့တာနဲ့ ဒီ ညီအစ်ကိုတွေ ထဲ က ဆိုတာ မျက်ခုံး မြင်တာနဲ့ သိကြတယ် ”

တရုတ်ဝန်ကြီးချုပ်ဟောင်း ချူအင်လိုင်း လောက် မဟုတ်သော်လည်း သူ့မျက်ခုံးများ အပြားကြီးကြီးနှင့် ခပ်ထူထူ ဖြစ်၏ ။ မျက်ရိုးက အနည်းငယ် မြင့်သည့်အတွက် မျက်ခုံးထူသည်က ပို၍ ပေါ်လွင်နေသည် ။ မျက်ရိုးမြင့်မြင့် မျက်ခုံးထူထူ ကြောင့် သူ့မျက်လုံးများ မှာ အနည်းငယ် အထဲ ရောက်သယောင် ထင်ရသည် ။ ဓာတ်ပုံ ထဲ မှ သူ့မျက်လုံးများ ကို ကျွန်မ ကြည့်လိုက်သည် ။ ဓာတ်ပုံထဲက သူ့မျက်လုံးများ မှာ ထူးခြားမှု မရှိလှ ။ ပြူးပြူးဝိုင်းဝိုင်းလည်း မဟုတ် ။ မှေးမှေး သေးသေးလည်း မဟုတ် ။ သာမန်ပါပဲ ။ သည်သာမန်မျက်လုံးများ ၏ အတွင်းဘက်မှာကား သူ့ စိတ်သဘော ၊ သူ့ မနော ကို မြင်ရမည် ။ မျက်လုံး သည် စိတ် ၏ တံခါးပေါက် ဟု ဆိုကြသည် မဟုတ်ပါလား ။

“ အခုအချိန်မှာ စီးပွားရှာလို့ အရမ်းကောင်းပေါ့ ၊ ကိုတို့စက်လုပ်ငန်းနဲ့ ဆက်စပ်နေတော့ ပိုအဆင်ပြေတာပေါ့ ၊ စပါးတွေ ဝယ်လှောင်ထား ၊ ဈေးတက်တော့မှ ပြန်ရောင်း ၊ တွက်ခြေကိုက်တဲ့ အလုပ်ပဲ ၊ ဒါပေမဲ့ ဒီနည်းနဲ့ ကိုယ့်သားမယား ကို ရှာမကျွေးချင်ဘူး ၊ လယ်သမားပေါ် ကို နင်းဖိပြီး ကြီးပွားရမယ့် စီးပွားရေးမျိုး ကိုယ် မလုပ်ရက်ဘူး”

စပါးဈေး ကောင်းသည့် တစ်ချိန်က လယ်သမားများ ထံမှ ကြိုတင် ဈေးနှိမ် ဝယ်လှောင်ထားပြီး ဈေးကောင်းရသည့်အချိန် ထုတ်ရောင်း ၊ ကိုယ့်လုပ်ငန်းမှာလည်း စက်လုပ်ငန်းဖြစ်၍ အဆင်ပြေပါလျက် သူ မလုပ် ။ သည်နည်းနှင့် ကျွန်မတို့ စီးပွား မဖြစ်လိုက် ။ ကလေးငယ်နှင့် သက်ကြီးရွယ်အိုများထံမှ ဈေးဝယ်လျှင် ဈေးဆစ်တာ သူ မကြိုက် ။ သူ ၏ ကြင်နာတတ်သော မျက်လုံးများကို ပုံပေါ်အောင် ကျွန်မ ဘယ်လိုဆွဲရပါ့ ။ ခက်တော့ ခက်သည် ။ တစ်ခါတစ်ရံ ထိုနူးညံသိမ်မွေ့သော မျက်လုံးအစုံက စူးရှရဲရင့်သော အကြည့် နှင့် ပြတ်သားတင်းမာစွာ ပြောဆိုတတ်ပြန်သည် ။ တစ်ခါက လူတစ်ယောက်ကို စူးစူးရဲရဲ မျက်လုံးများနှင့် ကြည့်ကာ တင်းတင်းပြတ်ပြတ် ပြောသည် ကို ကြုံဖူးသည် ။

“ ဒီအလုပ်မျိုး ကျုပ် ဘယ်တော့မှ မလုပ်ဘူး ၊ လျှာကို မြက်ပေါက်ချင် ပေါက်ပေစေ ၊ ခင်ဗျားမှာ ဒီလို အတွေးအခေါ်မျိုး ရှိရင် စောစောစီးစီး ကျွန်တော် နဲ့ လမ်းခွဲရမယ် ”

နူးညံ့မှုနှင့် ပြတ်သားရဲရင့်မှု ။ ဝိရောဓိဖြစ်နေသော စိတ်သဘောအားလုံးကို ခြုံငုံမိအောင် ပုံဖော်နိုင်ဖို့ မလွယ်ပါလား ။ ဘာပဲဖြစ်ဖြစ် ဆွဲတတ်သလို ဆွဲကြည့်လိုက်သည် ။ အကြင်နာ မျက်လုံးများ ။ ပြီးတော့ စူးရှရဲရင့်ခြင်း အပြည့်ရှိသည့် အကြည့် ။ သည်နေရာမှာ အခက်ဆုံး ။

“ ကြီးမေ … ကော်ဖီသောက်ချိန် ရောက်ပြီ ”

“ တယ် ဒီကလေးမ ၊ ငါ့ကို ဘာမှ လာမကျွေးနဲ့ ၊ ကော်ဖီလည်း မသောက်ဘူး ၊ ထမင်းလည်း မစားဘူး ၊ တံခါးလည်း လာ မခေါက်နဲ့ ”

တူမ ကို အော်ငေါက်ပစ်လိုက်ပြီး တံခါးပိတ်ထားလိုက်သည် ။ သည်နေ့ ည အပြီး ဆွဲရမည် ။ မနက်ဖြန်ဆွဲလျှင် ခရီးထွက်သွားသော သား ရောက်လာတော့မည် ။ အမေ့ ကျန်းမာရေး အတွက် စိုးရိမ်စိတ်ဖြင့် ဟိုဟာ မလုပ်ပါနဲ့ ၊ သည်ဟာ မလုပ်ပါနဲ့ တားမြစ်ချက်တွေ လာတော့မည် ။ သူ မရှိတုန်း လွတ်လွတ်လပ်လပ် ကိုယ် လုပ်ချင်တာလေး လုပ်ရတာ ။ အော်ငေါက်ပစ်လိုက်၍ ကလေးမလေး ငုံ့ပြီး ထွက်သွားသည် ။

ကျွန်မ က ဆွဲလက်စ မျက်လုံးနေရာ အတွက် ဦးနှောက် စားနေပြီ ။ မျက်လုံး ဆိုတော့ ရှည်မျောမျောသဏ္ဌာန်ကလေးတွင် အလယ် က သူငယ်အိမ် အနက်ကလေး ထည့်လိုက်ရုံနှင့် ပြီးပြည့်စုံပါ့မလား ။ သည့်ထက် ပို၍ ကျွန်မ မဆွဲတတ်တော့ ။ ခဲခြစ်ရာလေးများ ဟိုနားဖြည့် သည်နားဖြည့် ဖြည့်ပြီး အဝေး က ခွာကြည့်သည် ။ ကြည့်ရင်း ကြည့်ရင်း သူ့ မျက်လုံးများက အသက်ဝင် လှုပ်ရှားလာသည် ။ ရပြီ ။ ကျွန်မ သိနေသည့် သူ့ မျက်လုံးများ ကို ကျွန်မ ဆွဲ နိုင်ပြီ ။ ညနေအတော် စောင်းမှ ကျွန်မ ဟင်း ချနိုင်သည် ။

အင်း မျက်နှာ ၏ အစိတ်အပိုင်းများ အတော်ပြည့်စုံပြီ ။ နှာခေါင်း နှင့် ပါးစပ် ပဲ ကျန် တော့သည် ။ သူ့ နှာခေါင်း က သေးသေးချွန်ချွန် မဟုတ် ။ လုံးလုံးပေါ်ပေါ်နှင့် ။ အဖျားနားတွင် အနည်းငယ် ကြီးသယောင် ရှိသည် ။ သူ့ အမေ နှာခေါင်းနှင့် ချွတ်စွပ်တူသည် ။ သူ့ အမေ ကို ကျွန်မ မဆုံလိုက်ရသော်လည်း ဓာတ်ပုံတွေ့ဖူးသည် ။ ပါးပါးလျားလျား မျက်နှာတွင် သူ့ နှာခေါင်း အထင်ရှားဆုံး ။ လူ ပုံမှာ နှာခေါင်း ဆွဲရတာ အလွယ်ဆုံး ထင်ပါရဲ့ ။ သိပ်ဦးနှောက် မခြောက်ဘဲ သူ့နှာခေါင်း ကို ဆွဲလိုက်နိုင်သည် ။

သူ့ တစ်မျက်နှာလုံးတွင် နောက်ဆုံး အရေးကြီးသည့် အစိတ်အပိုင်း ရောက်လာပြီ ။ ကျွန်မ က သူ့ ဓာတ်ပုံ ကို ကြည့်လိုက်သည် ။ ဓာတ်ပုံမှာ ပါ့စ်ပို့ ပုံ ကို ပုံကြီး ချဲ့ထားခြင်း ဖြစ်၍ မရယ်မပြုံး ။ နှုတ်ခမ်း နှစ်လွှာ က တင်းတင်း စေ့ နေသည် ။

အပြင်မှာလည်း သူ သည် နှုတ်ခမ်း ကို စေ့ထားလျှင် မျက်နှာထားက တင်းမာသယောင် ထင် ရသည် ။ နှုတ်ခမ်းလွှာ နှစ်ခု ကို ဖွင့်ပြီး ပြုံးလိုက်လျှင်မူ သိမ်မွေ့သော သူ့ အတွင်းမနော ကို လှစ်ခနဲ မြင်နိုင်သည် ။ သူ့နှုတ်ခမ်း ကို တော့ ကျွန်မ အထူးပြု ရေးဆွဲရမည် ။ သည် နှုတ်ခမ်းနှစ်လွှာ မှ ထွက်ပေါ်ခဲ့သည့် သူ့ ချစ်စကားများ ကို ဘယ်လို မေ့ နိုင်ပါ့မလဲ ။ တစ်ယောက်တည်း ကို သာ ချစ်စကား ပြော ခဲ့သည် ။ တစ်ယောက်တည်း ကိုပင် စွဲစွဲမြဲမြဲ သူ ချစ်ခဲ့သည် ။ မယုံစရာ မရှိ ။ သူ နှင့် ကျွန်မ က ငယ်စဉ်ကတည်းက တစ်မြို့တည်း ၊ တစ်ကျောင်းတည်း နေပြီး ရင်းနှီးခင်မင်ခဲ့ကြသူများ ဖြစ်ကြသည် ။ တစ်ယောက် အကြောင်း တစ်ယောက် မသိချင်မှ အဆုံး ။ သည်လောက် အနီးကပ် နီးစပ်နေသူ ကိုပင် ချစ်စကား ပြောဖြစ်ဖို့ နှစ် နှင့် ချီ၍ အချိန် ယူခဲ့သည် ။ ဖူးစာရှိ၍သာ တော် တော့သည် ။ ဖွဟဲ့ဆိုပြီး လွဲများလွဲခဲ့ရလျှင် ပွင့်ဟရန် ခက်သော သူ့နှုတ်ခမ်းများ ကို အပြစ် တင်ဖို့ ရှိတော့သည် ။

ကျွန်မ ကို ကလည်း လူကဲခတ် ညံ့သည် ။ မောင်နှမအရင်းအချာ မဟုတ်ဘဲ အစ်ကို တစ်ယောက် လို အစစအရာရာ အနွံအတာ ခံကာ ဂရုတစိုက် ရှိသည် ကို ရိပ်မိရကောင်းမှန်း မသိ ။ သူ ချစ်နေကြောင်း ကတုန်ကယင်နှင့် ပြောလာသည့် တိုင်အောင် အံ့ဩစရာ ၊ မယုံကြည်နိုင်စရာ ဟု ထင်ခဲ့သေးသည် ။

“ ကိုယ့် ကို စိတ်ဆိုးသွားလားဟင် ၊ ကိုယ် သိတယ် ၊ ဒီစကားမျိုး ကိုယ် မပြောသင့်ဘူး ၊ ကိုယ် စောင့်ထိန်းရမယ့် ဝတ္တရားရှိတယ် ၊ ဒါပေမဲ့ ကိုယ် … ကိုယ် မျိုသိပ်မထားနိုင်တော့ဘူး ”

ချစ်စကား ပြောမိသည်ကိုပင် အပြစ်ကြီး တစ်ခု ကျူးလွန်မိသလို လှုပ်လှုပ်ရှားရှား ဖြစ်နေပုံကို ယနေ့ထိ မှတ်မိနေသေးသည် ။

ဓာတ်ပုံ ထဲ မှ တင်းတင်းစေ့ထားသော သူ့ နှုတ်ခမ်းများအစား ပြုံးယောင်ယောင်နှုတ်ခမ်းများ ဖြစ်အောင် ကျွန်မ ဆွဲ လိုက်သည် ။ မဟုတ်သေးပါဘူး ။ မေးစေ့လေးထောင့်အပေါ်မှာ ပြုံးစစနှုတ်ခမ်းတွေက ဘယ်လိုလိုက်ဖက်မှာလဲ ။ သူ့ အတိုင်းပဲ ကောင်းပါတယ် ။

စိတ်ကူး ပြောင်းလိုက်ကာ ဆွဲပြီးသား နှုတ်ခမ်းပုံ ကို ကျွန်မ ဖျက် ပစ်လိုက်သည် ။ ပြီးမှ ဓာတ်ပုံ ထဲက အတိုင်း တင်းတင်း စေ့ထားသော နှုတ်ခမ်းများ ကို ပြန် ပြင်ဆွဲလိုက်သည် ။ ဟုတ်ပြီ ဆိုခဲစေ .. မြဲစေ ဆိုသည့် စကားနှင့်ညီသည့် နှုတ်ခမ်းများ က သူ နှင့် အလိုက်ဖက်ဆုံးပါပဲ ။ သူ နှင့် ရင်းရင်းနှီးနှီး ပေါင်းသင်းဖူး သူတိုင်း လက်ခံကြမှာပါ ။

•••••   •••••   •••••

နံနက် စောစောကတည်းက သား ပြန်အလာ ကို ကျွန်မ မျှော်စောင့်နေသည် ။ သူ ပြန်ရောက်မည့် အချိန် ကို အတိအကျ မသိရသော်လည်း ယနေ့ ပြန်ရောက်မည် ဖြစ်ကြောင်း အကြောင်းကြားထား၍ တံခါးပေါက် ဆီသို့သာ အာရုံ ရောက်နေသည် ။

မွန်းမတည့်မီ သား ပြန်ရောက်လာသည် ။

“ သား ပြန်လာပါပြီ မေမေ ”

“ မင်းတို့ ခရီးများ ဆက်ကြဦးမလားလို့ ”

“ ဆရာကြီးတွေ က ဆက်ချင်ကြတယ် ၊ သား က အလုပ်တွေ ရှိလို့ ဆက်မလိုက်နိုင်ဘူးဆိုတော့ သူတို့လည်း ပြန်လိုက်လာကြတယ် ”

“ ဟောပြောပွဲ အခြေအနေက ဘယ့်နှယ်လဲ ”

“ ကောင်းတယ် မေမေ ၊ မျှော်မှန်းထားတာထက် အများကြီး အောင်မြင်ပါတယ် ၊ အမှန်ပြောရရင် သားက တစ်ခါမှ ဟောဖူး ပြောဖူးတာ မဟုတ်တော့ စိတ်မရဲဘူး ၊ ဒါကြောင့် ဆရာကြီးတွေ က သား ကို ရှေ့ က ဟောခိုင်းတယ် ၊ ပန်းချီအကြောင်း ဆိုတော့ လူတွေ စိတ်ဝင်စားပါ့မလားလို့ သား က စိတ် ပူတယ်လေ ၊ ဟောတဲ့ အခါကျတော့ ကိုယ့် လေ့လာထားတာတွေနဲ့ ကိုယ့် အတွေ့အကြုံ ခံစားမှုတွေနဲ့ ပေါင်းစပ် ပြောတော့ ပြောရင်းနဲ့ ကိုယ်တိုင် အားပါးတရ ရှိလာတယ် ၊ ပရိသတ် ကလည်း စိတ်ဝင်တစား နားထောင်ကြတာတွေ့လို့ တော်တော် အားတက်လာတာပေါ့ ၊ ဆရာကြီးတွေကတောင် ထုတ်ချီးကျူးကြတယ်ဆိုတော့ အောင်မြင်တယ် ခေါ်ရမှာပေါ့နော် မေမေ ”

သား က သူ့ ဟောပြောပွဲ ခရီးစဉ်အတွက် ကျေနပ်အားရ ဖြစ်နေသည် ။ သူ့စကား ကြားရ၍ အမေ ဖြစ်သူ ကျွန်မ လည်း ဂုဏ်ယူဝမ်းမြောက်မိသည် ။

“ ပစ္စည်းတွေ သွားထားလိုက်ဦးမယ်နော် ၊ သား က လက်တွေ့ ပုံတူ ဆွဲပြချင်လို့ ပုံဆွဲပစ္စည်းတွေ ထည့်သွားတာ ”

သား က သူ့ ပန်းချီခန်း ကို တန်းတန်းမတ်မတ် ဝင်သွားသည် ။ သူ့ နောက်က ကျွန်မ လိုက်သွားလိုက်သည် ။ ထင်ထားသည့်အတိုင်းပင် စားပွဲပေါ်မှ လက်စသတ် ဆွဲပြီးသွားသော ကျွန်မ လက်ရာ ပုံတူပန်းချီကား ကို မြင်သွားသည် ။

“ ဒါ … ဘယ်သူ ဆွဲထားတာလဲ ၊ ဘယ်သူ့ ပုံလဲ ”

“ မေမေ ဆွဲထားတာ ၊ မင်းအဖေ့ ပုံတူလေ ”

ကျွန်မ က ဂုဏ်ယူဝင့်ကြွားစွာ ဖြေလိုက်သည် ။

“ မေမေ ပန်းချီဆွဲတယ် ဟုတ်လား ၊ ဘယ်တုန်းက ဆွဲဖူးလို့လဲ ၊ ဒါ ဖေဖေ့ ပုံ ”

“ ပန်းချီဆရာ ရဲ့ အမေ ပဲကွယ် ၊ ဒီလောက်တော့ ဖြစ်ပါတယ် ”

သား က ကျွန်မ ဆွဲထားသည့် ပန်းချီကားကို လက်နှစ်ဖက် နှင့် ကိုင်ကာ စေ့စေ့ ကြည့်နေသည် ။ သူ လည်း သိမှာပါပဲ ။ သူ့ အဖေ ရဲ့ မျက်နှာ ပုံတူ ပဲလေ ။ သူ့အဖေ ရဲ့ မျက်လုံး ၊ နှာခေါင်း ၊ မေးစေ့ စသည်ဖြင့် အသေးစိတ်များကို သူ သိနေတာပဲ ။

သား က ပန်းချီကားချပ် ကို ပြန် ချထားလိုက်ပြီး ကျွန်မနှင့် မျက်နှာချင်း ဆိုင်လိုက်သည် ။ ကျွန်မ မျက်နှာ ကို အကြာကြီး စိုက်ကြည့်နေရာမှ ရုတ်တရက် ဒူးထောက် ထိုင်ချလိုက်ပြီး ခြေထောက်နှစ်ဖက် ကို တင်းတင်းဖက်ကာ ရှိုက်ကြီးတငင် ငိုချလိုက်သည် ။

“ ဟဲ့ … ဟဲ့ … အို … ဘယ်လိုဖြစ်တာလဲ ”

“ မေမေ သား မလိမ္မာပါဘူး ၊ အသုံးမကျဘူး ၊ ပန်းချီဆရာတစ်ယောက် ဖြစ်ပြီး အဖေ့ပုံတူ ကို ခုထိ မဆွဲပေးခဲ့ဘူး ”

“ သား မှာ အလုပ်တွေ များနေတာကိုး ၊ မေမေ နားလည်ပါတယ် ၊ ဒါကြောင့် မေမေ့ဘာသာ ဆွဲလိုက်တာပေါ့ ၊ မနက်ဖြန်ဆိုရင် မင်း အဖေ ၁၀ နှစ် ပြည့်တဲ့ နှစ်လေ ၊ အမှတ်တရ သူ့ ပုံတူ ပေါ့ ၊ ဘယ့်နှယ်လဲ ၊ မေမေ ဆွဲထားတာ ဖေဖေ နဲ့ တူရဲ့လား ”

“ တူတာပေါ့ မေမေ ရယ် ၊ အင်မတန် တော်ပါတယ်ဆိုတဲ့ ပန်းချီဆရာ တောင် မေမေ့လောက် ဖေဖေ့ ပုံ ကို တူအောင် ဆွဲနိုင်မှာ မဟုတ်ပါဘူး ”

သား ကတော့ အမွှန်းတင်လွန်းပြီ ။ နာမည် အတော်အတန် ရနေပြီ ဖြစ်သော ပန်းချီဆရာတစ်ယောက် ဖြစ်သည့် ကျွန်မသား ၏ ချီးမွမ်းစကား သည် အလကားတော့ မဟုတ်တန်ရာ ။

သူ နောက်တစ်ကြိမ် ပန်းချီဆရာအကြောင်း ဟောပြောလျှင် ပန်းချီပညာမတတ်ဘဲ သူ့ အဖေ ပုံ ကို ပုံတူ ဆွဲနိုင်သော သူ့ အမေအကြောင်း ထည့်သွင်း ဟောပြောပေလိမ့်မည် ။

◾ခင်လှိုင်ကြူ

📖 မဟေသီမဂ္ဂဇင်း
      ၁၉၉၉ ၊ ဒီဇင်ဘာလ
     
www.facebook.com/aung.naingoo.3726613

.