Tuesday, September 28, 2021

အပျိုကြီးများ၏ အလှူ


 

 ❝ အပျိုကြီးများ၏  အလှူ ❞

တစ်ခါတစ်ခါတော့ ကျွန်တော်သည် လူတွေကြား လှုပ်ရှားသွားလာနေရခြင်းတွင် စိတ်မောလူမော ဖြစ်လာတတ်သည် ။ တရားဟောသံ ၊ လက်ခုပ်သံ ၊ ဆူသံပူသံကြွေးကြော်သံ စသည်များကို ကြားရသည်မှာ ငြီးစီစီဖြစ်လာတတ်လေသည် ။ ထိုအခါမျိုး၌ လူထုနှင့်ဝေးရာ ဆိတ်ငြိမ်ရာမှာ ကိုယ့်ဘာသာ အေးအေးကလေး နေလိုက်လိုပေသည် ။ ယင်းသို့ ဆန္ဒရှိသည့်အတိုင်း တစ်နေ့သော ညနေစောင်းတွင် ဆိတ်ငြိမ်နေသော တက္ကသိုလ်သမဂ္ဂ စာကြည့်ခန်းထဲ၌ တစ်ယောက်တည်း ကိုယ့်ဘာသာ အေးအေးနေခွင့်ရလေရာ အတိုင်းမသိ ပီတိဖြစ်နေလေသည် ။ အတော်ကြာအောင် စာဖတ်၍ မွေ့လျော်နေလေသည် ။

ထိုအတွင်း သစ်တိုပင်ကြီးခေါင်းဖျားပေါ်မှ ဆင့်ကာဆင့်ကာ ကျူးရင့်လိုက်သော ဥဩသံကို ကြားလိုက်ရပေရာ ကျွန်တော့် ရင်တွင်းမှာ ဂီတခလုပ်ကို နှိပ်ပေးလိုက်သလို ရှိပေတော့၏ ။ “ ဥဩတွန်သံ သာတော့မှ သောတာပန် မဟာထေရ်တို့တောင် ၊ မဆည်နိုင် မျက်ရည်စို့ရတယ် ၊ လွမ်းဖို့အိုကောင်း လှတပေါင်း ”  ။ ထိုကဗျာသံလေးကို ကြားနေ သယောင်ယောင် ၊ တပေါင်းလပဲ ရောက်လာ သလိုလို ၊ ရွက်ဟောင်းကြွေ၍ ရွက်သစ်ဝေလာလေပြီလား ။ ထင်မြင်ဝိုးဝါးဖြစ်လာကာ စာအုပ်ကိုလွှတ်ချပြီး စာကြည့်ခန်းတောင်ဘက် ဝရန်တာသို့ ထွက်လာခဲ့မိသည် ။

ပတ်ဝန်းကျင် သစ်ပင်တွေကို မော့်ကြည့်လိုက်သည် ။ ရွက်ဟောင်းတွေ တစ်ရွက်တလေ ဝဲကာဝဲကာ ကြွေစပြုနေသော်လည်း ရွက်သစ်ဝေဖို့ ဝေးသေးသည် ။ အဓိပတိလမ်းပေါ်က မရန်းပင်များဆီသို့ လှမ်းကြည့်လိုက်သည် ။ ဝါဝင်းနေသော မရန်းသီးမှည့်များကို မမြင်ရသေး ။ ဥဩတွန်သံကား စောလှသေးသည် ။ ကိုရွှေဥဩ ဘာသဘောနှင့် စောစောကြီး တွန်နေပါသလဲ ။

တက္ကသိုလ်ရိပ်သာလမ်းမကြီးကို အထက် မှအောက် ၊ အောက် မှ အထက် ကြည့်လိုက်သည် ။ အေးဖျော့လာသော နေရောင်ခြည်သည် မျဉ်းထူထူသားသလို ထင်းခနဲနေသော လမ်းကြောင်းကြီး ပေါ်တွင် ခပ်ရေးရေး မှုန်းခြယ်နေလေသည် ။

“ ဗျို့ဆရာ ”

ကျွန်တော့်အား လှမ်းခေါ်လိုက်သောအသံသည် ထိတ်လန့်စေဖွယ် ဇိမ်ပျက်စေဖွယ် ပေါ်လာ လေသည် ။ တစ်ယောက်တည်း အေးအေးကလေး ပတ်ဝန်းကျင်၏ သဘာဝအလှကို ဝင်သက်နှင့်အတူ ရှူရှိုက်၍ ဇိမ်တွေ့နေဆဲ ထိုအသံက ဖျက်လိုက်သလို ရှိပေတော့၏ ။

“ ဗျို့ ဆရာ လာပါဦးဗျ ”

အသံမှာ ခပ်ကြောင်ကြောင်နှင့် မြည်သောအသံ ၊ ခပ်အေးအေးနှင့် အမိန့်ပေးသံ ။ ကျွန်တော် လှည့်ကြည့်လိုက်သည် ။ ကိုသိန်းအောင် ကား ပြုံးလျက်နေ၏ ။ ကိုသိန်းအောင် မှာ အခါတိုင်းထက် ပိုပိန်နေသည်ဟု ထင်ရသည် ။ သူ့ပုဆိုးမှာ ကျွတ်ကျတော့မလို ဖိုသီဖတ်သီ ဝတ်ထားသည် ။ ကျွန်တော်က စာကြည့်ခန်းထဲ ပြန်ဝင်ရင်း -

“ ဘာလဲ ကိုသိန်းအောင် ”

ကိုသိန်းအောင် က ကျွန်တော့်ပခုံးကို ဆီးကိုင်ပြီး အသံခပ်တိုးတိုးဖြင့် -

“ သိန်းအောင် ခေါင်းဆောင် အမိန့်ပေးစမ်းမယ် ဟိုမှာ ဟိုမှာ ”

ကိုသိန်းအောင် မျက်ရိပ်မျက်စဖြင့် စာကြည့်ခန်း အဝင်ဝဆီသို့ ပြလေသည် ။ အသက် ၄ဝ တစ်ဝိုက်တွင် ရှိမည်ထင်ရသော အဒေါ်ကြီးတစ်ယောက် ရပ်နေလေသည် ။ အသားဖြူဖြူ အရပ်အမောင်း ကြီးကြီးထွားထွား ခံ့ညားသောရုပ်ဖြစ်သည် ။ ဝတ်ဆင်ထားပုံမှာ ပွဲထိုင်ထွက်လာသလိုပင် ထင်ရ၏ ။ ကြည့်ပါဦး ခေါင်းပေါ်က ဘီးဆံပတ်ဆံထုံး ၊ ထိုခေတ် ထိုအခါမှပင် ဘီးဆံပတ်တွေ ရှားကုန်ပြီဖြစ်၍ သိပ်မမြင်မတွေ့နိုင်ပြီဖြစ်ရာ ထို အဒေါ်ကြီး၏ ဘီးဆံပတ်ကို ဂရုစိုက် မကြည့်ဘဲ မနေနိုင်ချေ ။ စိုက်ထားလိုက်သည့် စိန်ဘီး ၊ ထိုးထားလိုက်သည့် စိန်ဆံထိုး ၊ ဝတ်ထားလိုက်သည့် ကျောက်နီ ပတ္တမြား လက်ကောက် ၊ စုံချထားသည့် ပဝါ ။

အဒေါ်ကြီးသည် လက်ကိုင်အိတ်ကို လက်နှစ်ဖက်ဖြင့်ပွေ့ကိုင်ကာ စာကြည့်ခန်းတွင်းကို ဝင်မလာရဲသလိုလိုဖြင့် ခန်းဝက ရပ်နေလေသည် ။

ကျွန်တော်၏ မျက်စိများကို ဒန်းလွှဲသလို အဒေါ်ကြီး ထံမှ ကိုသိန်းအောင် ထံသို့ လွှဲပို့လိုက်ပြီး -

“ ကဲ ခေါင်းဆောင် ၊ ဘာလုပ်ရမှာလဲ အမိန့်ထုတ်စမ်းပါဦး ”

“ ဟို အဒေါ်ကြီးက သူတို့ အိမ်ကို ကျောင်းသားခေါင်းဆောင် တစ်ယောက်နှစ်ယောက် လိုက်ပြီး ထမင်းစားဖို့ လာဖိတ်တယ် ၊ ဟိုကျရင် အလှူငွေလည်း ထည့်ပါ့မယ်တဲ့ ”

“ အဲဒီတော့ကို ”

“ အဲဒီတော့ ရဲဘော်တင်ထွန်း ခုပဲ လိုက်သွားရလိမ့်မယ် ”

“ ကိုသိန်းအောင် တို့ လိုက်ပေါ့ဗျ ”

“ ကိုယ်တို့မှ မအားဘဲ ”

“ ကိုအေးကျော် ကို ထည့်လိုက်ပေါ့ဗျ ၊ သူတို့က ခေါင်းဆောင်တွေကို တကူးတက လာဖိတ်တာ ”

“ ကိုအေးကျော် လည်း မအားဘူး ၊ သည့်ပြင်လည်း အားကြမယ် မဟုတ်ဘူး ”

ထိုအခါ အဒေါ်ကြီးက လှမ်းပြီး ၊ အသံလေးလေး ဝဲဝဲကြီးဖြင့် -

“ လိုက်ခဲ့ပါ မောင်ရယ် ၊ အန်တီတို့ မေမေကလည်း အသက်ကြီးတော့ ဘယ်မှ မထွက်နိုင်ဘူး ။ ကျောင်းသားခေါင်းဆောင်ကလေးတွေကို တွေ့ချင် မြင်ချင်လှချည်ရဲ့လို့ တ တတည်း တ နေလို့ တကူးတက လာခေါ်တာပါ မောင်ရယ် ကားနဲ့ ပြန်ပို့ပါမယ် ”

ကျွန်တော့်မှာ အဒေါ်ကြီးအားလည်း အားနာ ၊ လိုက်လည်း မလိုက်ချင်သဖြင့် ကိုသိန်းအောင် အား တိုးတိုး ပြောလိုက်သည် ။

“ စောစောစီးစီးလည်း ကြိုဖိတ် မထားဘဲနဲ့ဗျာ ”

“ ကိုယ့်လူ ကြေး ( ဂျီး ) များမနေနဲ့တော့ ၊ အလှူငွေကလည်း ရခဲ့ဦးမယ် သိလား ။ ကဲလိုက်သွား အမိန့်ပေးတယ် သိန်းအောင် ခေါင်းဆောင်ကွ ”

ကိုသိန်းအောင် က သူ့ဟာသူ ပွဲကျပြီး ရယ်သည် ။ ကျွန်တော်ကား ပြုံးပြီး ခေါင်းညိတ်လိုက်ရသည် ။

အဒေါ်ကြီးသည် မန္တလေး ပိန်းတန်းဖိနပ်ကို စီးထားသည် ။ ကျွန်တော်တို့ သမဂ္ဂတိုက်အခင်းက ချောသဖြင့် ချော်မလဲအောင် မနည်းကြီး လျှောက်နေရသည် ။ တရွေ့ရွေ့လျှောက်၍ လှေကားတွင် တအိအိ ဆင်းနေသော အဒေါ်ကြီးကို နောက်ကကြည့်ပြီး လုပ်လဲ့လုပ်လီ ရွှေပိုးတီတွန့်သလို ဆိုသော စကားကို သတိရနေမိပေ၏ ။

အောက်ရောက်သောအခါ ခံ့ညားသစ်လွင်သော ဗျူကားကြီးကို တွေ့ရသည် ။ ဗိုလ်အိမ်က ကားမောင်းသမားသဖွယ် အပေါ်အင်္ကျီ ၊ ခေါင်းပေါင်း စသည်တို့ဖြင့် ဆင်ပြင်ထားသော ဒရိုင်ဘာ သည် ကားတံခါးဖွင့်ပေးလျက် ကြိုနေလေသည် ။ အဒေါ်ကြီးက ကျွန်တော့်အား အရင်တက်ခိုင်းပြီး သူက နောက် မှ တက်လေသည် ။ ဒရိုင်ဘာ သည် ရိုသေစွာ ကားတံခါးကို ပိတ်ပေးပြီးမှ သူ့ခုံတွင် တက်၍ မောင်းထွက်လေတော့သည် ။

အစတော့ ကားထဲတွင် ထိုင်ခုံမှ ထွက်လာသော ဖယောင်းနံ့ နှင့် သားရေနံ့များကြောင့် အသက်ရှူ ကျပ်သလိုလို ဖြစ်နေသည် ။ ဒီလို ကားကောင်းကားခံ့ကြီးများကို စီးနေ မကျသဖြင့် လည်းကောင်း ၊ အဒေါ်ကြီးနှင့်လည်း စိမ်းနေသဖြင့်လည်းကောင်း အနေကျုံ့ စိတ်အိုက်နေလေသည် ။ နောက်တော့ လေတဟူးဟူး ဝင်လာသည် ။ ကားစီး၍လည်း ငြိမ့်လာသည် ။ အဒေါ်ကြီးကလည်း စကားစ ရှာ၍ ပြောလေတော့သည် ။

“ အန်တီ့ညီမကိုများ မင်းတို့ သိမလား မဆိုနိုင်ဘူး ”

“ ဘယ်သူပါလဲ အန်တီ ”

“ ဒေါက်တာတင်တင်လှ ဆိုတာပေါ့ကွဲ့ ”

“ ဪ နာမည်တော့ ကြားဖူးပါတယ်ခင်ဗျာ ၊ အဲဒါ ညီမ အရင်းလား ”

“ ဟုတ်တယ် ညီမ အရင်းပဲ ၊ အန်တီတို့မှာ ညီအစ်မ ငါးယောက် ရှိတယ် ၊ သူက အငယ်ဆုံး ။ တင်တင် ပြီးတော့ အန်တီ ၊ အန်တီံ့ အထက် မှာတော့ ၃ ယောက် ၊ အားလုံး အစ်မတွေချည်းပဲ ။ နို့ မင်း နာမည်က ဘယ်လိုခေါ်သလဲ ”

“ ကျွန်တော့် နာမည်က တင်ထွန်း လို့ ခေါ်ပါတယ် ”

သို့ဖြင့် ကိုယ့်အကြောင်း သူ့အကြောင်း မေးမြန်းစုံစမ်းပြီး ရင်းနှီးသွားကြပေတော့သည် ။

ဒေါက်တာတင်တင်လှ ကား အတော်ပင် ထင်ရှားသော ဆရာဝန်မကြီးတစ်ဦး ဖြစ်ပေသည် ။ ဒေါက်တာဒေါ်စောဆ ၊ ဒေါက်တာဒေါ်ရင်မေ ၊ ဒေါ်ခင်ခင်ကြီး ၊ ဒေါ်မြစိန် စသော ခေတ်ပညာတတ် အမျိုးသမီးများ ထင်ပေါ်လာသည့်နောက်ပိုင်းတွင် အထူးထင်ရှားလာသော အမျိုးသမီး ပညာတတ် တစ်ဦးအကြောင်းကို ဖော်ပြပါဆိုလျှင် ဒေါက်တာတင်တင်လှ ကိုပင် ဦးစွာ သတိရမိကြပေလိမ့်မည် ။

ဒေါက်တာတင်တင်လှ တို့ ညီအစ်မ ငါးဦးမှာ အားလုံး အပျိုကြီးတွေသာ ဖြစ်၏ ။ သူတို့၏ ဖခင် စစ်ကဲကြီး ကွယ်လွန်သည်မှာ ကြာလေပြီ ။ မိခင်ကြီးကား ယခုတိုင် ရှိနေသေး၏ ။ သူတို့သည် ပတ်ကလိန်းလမ်း ( နတ်မောက်ရိပ်သာလမ်း ) မှာ နေကြလေသည် ။

ကားကြီးသည် ခြံကျယ်ကြီးတစ်ခုထဲသို့ ထိုးဝင်လိုက်သည် ။ ခြံဝတွင်ကား ' ဒေါက်တာတင်တင်လှ ' ဆိုသော ဆိုင်းဘုတ်ကလေးတစ်ခု ချိတ်ထားသည် ။ ခြံကြီးထဲတွင် ပင်စောက်ကြီး ခပ်များများ မရှိ ။ ပန်းပင်တွေသာ ပေါသည် ။ ဗုဒ္ဓသရဏပင်တွေ ၊ နှင်းဆီပင်တွေ နှင့် ဒေလီယာပင် များကို အထူးပြု၍ စိုက်ထားဟန် ရှိပေသည် ။ စိမ်းလန်းစိုပြည်သော မြက်ခင်းများမှာ ကော်ဇောစိမ်းများ ခင်းထားသလို ရှိပေတော့၏ ။

တိုက် မှာ တစ်ထပ်တိုက်ကလေးဖြစ်သည် ။ သို့သော် ပါးပါးလွှာလွှာကလေးမဟုတ် ၊ ထုထည် ကောင်းကောင်းနှင့် ကျယ်ဝန်းသော တိုက်ဖြစ်သည် ။

ပေါ်တီကို ( ဆင်ဝင် ) အောက် မှာ ကားထိုးရပ်လိုက်လေသည် ။ ကျွန်တော်ကပင် ကားကိုဖွင့်ပြီး အရင်ဆင်းကာ အဒေါ်ကြီး ဆင်းနိုင်အောင် တံခါးကို ကိုင်ပေးထားလိုက်၏ ။ အဒေါ်ကြီးက ပြုံးလျက် -

“ နေပါစေကွယ် ၊ ဒရိုင်ဘာ ဖွင့်ပေးမှာပေါ့ ၊ ကဲ ကဲ တက်ပါ ၊ ရှေ့ကတက် ”

အုတ်လှေကားကလေးကို တက်ကြသည် ။

တိုက်ထဲဝင်သော တံခါးမကြီးမှာ သံခေါက်တံခါး ဖြန့်လျက် သော့ခလောက်နှင့် ပိတ်ထားလေရာ မိန်းကလေးတစ်ယောက်က လာဖွင့်လေသည် ။ မိန်းကလေး မှာ မန္တလေးပိုးလုံချည် တစ်ပတ်ရစ် ၊ ဟန်ဇားပင်နီအင်္ကျီတို့ဖြင့် သပ်ရပ်စွာ ဝတ်ဆင်ထားသည် ။ ဆံပင်ကို တစ်ပတ်လျှိုထုံးထားသည် ။ မျက်နှာမှာ သနပ်ခါးရေကျဲ လိမ်းထား၏ ။ အသက်ရှူ မှားလောက်အောင် ပျာပျာသလဲ တံခါးဖွင့် ပေးသည့် အမူအရာ ၊ ကျွန်တော်တို့အား ရိုသေကိုင်းရှိုင်းသည့် အမူအရာများကြောင့်သာ အစေခံ မကလေး ဖြစ်သည်ဟု ယူဆရတော့သည် ။

ဝင်လျှင်ဝင်ချင်း ဧည့်ခန်းကြီးထဲသို့ ဝင်မိသည် ။ ဝင်လျှင်ဝင်ချင်း ရှေ့တည့်တည့်တွင် ခေါင်းပေါင်းဖြူ ဖော့လုံး နှုတ်ခမ်းမွှေးရေးရေး ၊ သိုရင်းအင်္ကျီတို့နှင့် ကိုယ်တစ်ပိုင်းရိုက်ထားသော ဓာတ်ပုံကြီး တစ်ပုံကို တွေ့မြင်ရလေသည် ။ ထိုလူကြီး၏ နှာခေါင်းမှာ ' ရ ' ကောက် ဇောက်ထိုး တပ်ထားသည်နှင့် တူသည် ။ နားရွက်ကြီးများမှာ အထူးရှည်လျားပြီး နားပေါက်ကြီးများကိုလည်း တွေ့မြင်နိုင်သည် ။ “ အင်း ၊ သူငယ်ငယ်က နားကပ်ဝတ်ဟန် တူရဲ့ ၊ အဲဒီနားကပ်ကြီးဟာ ခုသူ့သမီး အပျိုကြီး တစ်ယောက်ယောက် ဆီများ ရောက်နေပြီလား မဆိုနိုင်ဘူး ”

ထိုလူကြီး၏ ဓာတ်ပုံအောက်တွင်ကား ဘွဲ့နှင်းသဘင်မှ ဆင်းလာပြီး ရိုက်ထားသော မိန်းမပျို တစ်ဦး၏ ဓာတ်ပုံကို မြင်ရသည် ။ ဒေါက်ခြာ နှင့် ဝတ်လုံကြားမှ ပွင့်လင်းနေသော မျက်နှာမှာ ဗမာဆန်သောအလှကို ဆောင်သဖြင့် ထူးခြားနေ၏ ။ နဖူးမှာ ဗျာပါဆံနှင့် ကြည့်ကောင်းမည့် နဖူးမျိုး ။ ဓာတ်ပုံကို ဆေးရောင်စုံထပ်၍ ခြယ်ထားသည် ။

ကျွန်တော်က ဓာတ်ပုံများကို စိုက်ကြည့်နေစဉ် အဒေါ်ကြီးက နောက် မှနေပြီး -

“ အန်တီတို့ ဖေဖေဘုရားပုံပေါ့ ၊ အောက်က ပုံကတော့ အန်တီ့ညီမ တင်တင်လှ လေ ”

“ ဒေါက်တာတင်တင်လှ က အခု အသက်ဘယ်လောက်ရှိပြီလဲ အန်တီ ”

“ ၃၅ နှစ် ပြည့်ပြီ ၊ ကဲ ကဲ ထိုင်ပါဦး ”

အဒေါ်ကြီးသည် ကျွန်တော့်အား ထိုင်ခိုင်းပြီး ဘယ်ဘက်က အခန်းတစ်ခုထဲ ဝင်သွားသည် ။ ဧည့်ခန်းထဲတွင် ဆိုဖာထိုင်ခုံကြီးများနှင့် ကြိမ်ထိုးကုလားထိုင်များ ရှိလေသည် ။ ဘေးနံရံများတွင်ကား မိန်းမကြီးများ၏ ပုံများ တစ်ဖက် နှစ်ပုံစီ ရှိကြသည် ။ အားလုံး ဘီးဆံပတ် ဆံထုံး ၊ စိန်လည်တုန် ၊ ပဝါချများနှင့် ကျကျနနဆင်ပြင်ပြီး ဓာတ်ပုံရိုက်ထားကြသည် ။ သူတို့ကား ဒေါက်တာတင်တင်လှ ၏ အစ်မကြီးများ ဖြစ်ဟန် ရှိပေ၏ ။ ပုံတစ်ပုံ လိုနေသည်ထင်သည် ။ ထို့ကြောင့် ဟိုဟိုသည်သည် မျက်စိဖြင့်ရှာ၏ ။ အမေကြီး၏ ပုံကို မတွေ့ရ ။

ခုတွင်က တံခါးလာဖွင့်သော အစေခံမကလေး ထွက်လာပြီး လိမ္မော်ရည်ဖန်ခွက် ချလေသည် ။ ငွေစီးကရက်ဘူးလည်း ယူခဲ့သည် ။

ကျွန်တော်သည် လိမ္မော်ရည်ဖန်ခွက်ကို ကြည့်ပြီး လိမ္မော်သီး ဘယ်နှလုံးစာလောက် ရှိပါလိမ့်မလဲဟု တွက်နေမိသည် ။

တစ်အိမ်လုံး တိတ်နေပေရာ လိုဏ်ဂူကြီး တစ်ခုထဲ ရောက်နေသလို ထင်မှတ်ရသည် ။ ငွေစီးကရက် ဘူးတွင် ထုလုပ်ထားသော အရုပ်နှင့် ပန်းခက် များကို ကြည့်သည် ။ နောက်ပြီးတော့ စီးကရက် တစ်လိပ် ထုတ်ယူပြီး ကြည့်လိုက်ရာ ဂိုးလ်ဖလိတ် ဖြစ်ကြောင်း တွေ့ရသည် ။ ကြည့်ပြီးနောက် စီးကရက်ကို ပြန်ထည့်နေစဉ် -

“ ဪ သောက်လေ ၊ စီးကရက်သောက်ပါ ”

ဟူသော အဒေါ်ကြီး၏ အသံကြောင့် ထိတ်လန့်တကြား ဖြစ်သွားလေသည် ။ ဘယ်တုန်းက အဒေါ်ကြီး အခန်းထဲ ပြန်ရောက်လာပါလိမ့် ။

သူတို့အိမ်မှာ အသံမမြည်အောင် တံခါးဖွင့်ပြီး ခြေသံမကြားအောင် လမ်းလျှောက်ကြဟန်ရှိ၏ ။ အဒေါ်ကြီးမှာ ပဝါ ပါမလာတော့ချေ ။

“ ကျွန်တော် စီးကရက် မသောက်တတ်ပါဘူး ခင်ဗျာ ”

“ ဒါဖြင့် ဆေးပေါ့လိပ် သောက် မလား ”

“ ဆေးလိပ်ကို အလျှင်း မသောက်တတ်ပါဘူး ”

“ ကောင်းတယ် ကောင်းတယ် ၊ မသောက်တတ်ရင် အကျင့်မလုပ်တာဘဲ ကောင်းတယ် ”

အဒေါ်ကြီးသည် ကျွန်တော့်အားကြည့်ပြီး စကားပြောနေရာမှ ကျွန်တော့် ကျောဘက်ဆီသို့ မော့ကြည့်ရင်း -

“ မမလေး ၊ ဟောဒါက မောင်တင်ထွန်း တဲ့ ”  ဟု ဆိုကာ ဘယ်တုန်းက ကျွန်တော့် နောက်တွင် ရောက်နေသည်ဟု မသိရသော မမလေး ဆိုသူနှင့် မိတ်ဆက်ပေးနေလေသည် ။ ကျွန်တော်သည် အထိတ်တလန့် တအံ့တဩဖြင့် နောက်လှည့်ကြည့်ပြီး မတ်တတ်ရပ်လိုက်သည် ။ မမလေး ဆိုသူ မိန်းမကြီးသည် အရပ်လည်း ရှည်သည် ။ မျက်နှာလည်း ရှည်သည် ။ သူ့အဖေရုပ်နှင့် အတော် ဆင်၏ ။ ဘီးဆံပတ်ကို ကြော့နေအောင် ထုံးထားသော်လည်း ဆံဖြူပင်များကိုကား ကုန်အောင် နုတ်နိုင်ဟန် မတူ ။ ဂျပန်ပိုးအင်္ကျီ ဝါလဲ့လဲ့နှင့် ဖဲကြီးလုံချည် ရေညှိရောင်ကို ဝတ်ထားသည် ။ ပန်းနှင့် လက်ကိုင်ပဝါကို ခေါက်ပြီး အင်္ကျီရင်ဖုံးကြားမှာ အလှအပ ထိုးထားသည် ။ စိန်ကြယ်သီးနှင့် စိန်နားကပ်များမှာ တောက်ပလှပေ၏ ။

မမလေး သည် ဆိုဖာတစ်ခုတွင် ဝင်ထိုင်ရင်း -

“ ထိုင်ပါကွယ် ထိုင်ပါ ”  ဟုပြောလိုက်ရာ လူမမာအသံ ပါနေသည်ဟု ကျွန်တော် အကဲခတ်လိုက် မိသည် ။

ကျွန်တော်က ထိုင်မယ်လုပ်တုန်း လက်ဝဲဘက်အခန်းမှ မိန်းမကြီးတစ်ယောက် ၊ လက်ယာဘက် ခန်းမှ မိန်းမကြီးတစ်ယောက် နှစ်ယောက်စလုံး ပြိုင်တူ တံခါးဖွင့်ပြီး ထွက်လာကြသည် ။ တံခါးများမှာ လုံးလုံး အသံမပြုဘဲ ပွင့်လာကြသည် ။ သူတို့ ဖိနပ်များသည်လည်း ဖျပ်ခနဲ ရှဲခနဲမှ အသံ မပေးကြ ။ သူတို့ လျှောက်လာကြပုံမှာလည်း ခြေအောက်ကြမ်းပြင် ပြိုကျသွားမှာ စိုးရိမ်ဘိသည့်အလား အသာအယာ တစ်လှမ်းပြီးတစ်လှမ်း လှမ်း၍ လာကြသည် ။ ' ခြေတစ်လှမ်း ရွှေတစ်သန်းတန်သည် ' ' နန်းဆန်သည် ' ဆိုတာတွေဟာ ဒီလိုဟာတွေ ထင်ပါရဲ့ဟု ကျွန်တော် ဆင်ခြင်မိလေသည် ။

အဒေါ်ကြီးက မိတ်ဆက်ပေးပြန်သည် ။

“ မမကြီး နဲ့ မမလတ် တို့လည်း လာကြပြီ ၊ ဟောဒါက မောင်တင်ထွန်း တဲ့ ”

ဘယ်သူက မမကြီး ၊ ဘယ်သူက မမလတ်ဟု ကျွန်တော် မခွဲခြားနိုင်ခင် လက်ဝဲဘက်မှ ဝင်လာသူ မိန်းမကြီး က

“ နေကောင်းပါရဲ့လား မောင်တင်ထွန်း ”

“ နေကောင်းပါတယ် ခင်ဗျာ ”

လက်ယာဘက် မှ ဝင်လာသော မိန်းမကြီးကလည်း လုပ်ပြန်သည် ။

“ နေကောင်းပါရဲ့လား မောင်တင်ထွန်း ”

“ နေကောင်းပါတယ် ခင်ဗျာ ”

လက်ဝဲဘက် မှ ထွက်လာသူ မိန်းမကြီး သည် ဘီးဆံပတ် ပုပုသေးသေးကလေး ထုံးထားသည် ။ ဆံပင်ဖြူများကို ဆိုးထားဟန် ရှိသည် ။ ပိုးတွန့်လုံချည် ယောဂီရောင်နှင့် ပဒုမ္မာအင်္ကျီခပ်ထူထူကို ဝတ်ထားသည် ။ လက်တစ်ဖက် မှာ ပယင်းပုတီးနှင့် အခြားလက်တစ်ဖက် မှာ မြလက်ကောက် နှစ်ကွင်းဆင့်၍ ဝတ်ထားသည် ။ လက်ယာဘက် မှထွက်လာသော မိန်းမကြီးကား ငွေဖြူရောင် ဆံပင်များကို ကျစ်ကျစ်ဝိုင်း ဆံထုံးထုံးထားသည် ။ တရုတ်ပိုးဖျင်အင်္ကျီ ၊ ထားဝယ်လုံချည် ရေညှိရောင်များကို ဝတ်ထားသည် ။ သူ့လက်က စိန်လက်စွပ်ကြီးမှာ တဖျပ်ဖျပ် တောက်နေ၏ ။ သူတို့ အသီးသီး ထိုင်မိကြသောအခါ ကျွန်တော်လည်း ထိုင်လိုက်သည် ။ ထိုနောက် စိတ်ထဲမှာ သူတို့ လေးယောက်ကို ကြီးစဉ်ငယ်လိုက် စဉ်ကြည့်လိုက်သည် ။ ဆံပင် နှင့် ဆံထုံးများကို မူတည်၍ ဆံပင်ငွေရောင်ကို ကျစ်ကျစ်ဝိုင်းဝိုင်း သျှောင်ထုံးထားသူမှာ အကြီးဆုံးအပျိုကြီး ( ဝါ ) အပျိုကြီး နံပါတ် ( ၁ ) ၊ ဆံပင်ကို ဆိုး၍ ဘီးဆံပတ်ပုပုသေးသေး ထုံးထားသူကို အပျိုကြီး နံပါတ် ( ၂ ) ၊ ဆံပင်ဖြူကို ကုန်အောင် မနုတ်နိုင်ဘဲ ဘီးဆံပတ်ကြီး အက်ကွဲနေအောင် ထုံးထားသူအား အပျိုကြီး နံပါတ် ( ၃ ) ၊ ဆံပင်ရောင် ကောင်းသေး၍ ဘီးဆံပတ်ကြီးတွင် စိန်ဘီးစိုက် ၊ စိန်ဆံထိုး ထိုးထားလျက် ကျွန်တော့်အား လာခေါ်သူ အဒေါ်ကြီးအား အပျိုကြီး နံပါတ် ( ၄ ) စသည်ဖြင့် စဉ်ထားလိုက်ပေသည် ။

အပျိုကြီး နံပါတ် ( ၄ ) က စတင်ပြီး စကားဆက်ပြန်သည် ။

“ ညီမအငယ်ဆုံး တင်တင်လှ ကတော့ အိမ်မှာ မရှိဘူး ၊ အလုပ်ကိစ္စနဲ့ သွားနေရတယ် ။ ထမင်းစား အချိန်မီ ပြန်နိုင်ရင် ပြန်ခဲ့ပါ့မယ်တဲ့ ၊ မပြန်နိုင်ရင်လည်း ကျောင်းသားခေါင်းဆောင်တွေကို တင်တင် က ချီးကျူးကြောင်း ပြောလိုက်ပါတဲ့ကွဲ့ ”

အပျိုကြီး နံပါတ် ( ၃ ) က ဝင်၍ -

“ တင်တင် ကလေ မင်းတို့ ”

အပျိုကြီး နံပါတ် ( ၂ ) ကလည်း -

“ တင်တင် ကလေ မင်းတို့ ”

နှစ်ယောက်ပြိုင်တူ စလိုက်မိသဖြင့် နှစ်ယောက်စလုံး ရပ်လိုက်ကြသည် ။ တစ်ယောက် တစ်ယောက် ကြည့်လိုက်ပြီးနောက် အတန်ကြာမှ နံပါတ် ( ၃ ) က -

“ တင်တင် ကလေ သန်လျင်ဘက်မှာ သပိတ်မှောက်ကျောင်းသားတစ်ယောက်ကို ရာဇဝတ်အုပ် လုပ်တဲ့လူက ခွေးနဲ့လိုက်တိုက်တယ် ဆိုတာကြားပြီး သိပ်မခံမရပ်နိုင် ဖြစ်နေတာ ”

နံပါတ် ( ၄ ) က ဝင်ပြန်သည် ။

“ အဲဒါ ကျောင်းသားမိဘတွေက ရာဇဝတ်ဝန်ကြီး တရားစွဲထားတယ်ဆို မဟုတ်လား ”

ကျွန်တော်ကား နံပါတ် ( ၄ ) အား ဖြေဆိုရန် ပါးစပ်ဟလိုက်စဉ်တွင်ပင် နံပါတ် ( ၁ ) က မေးခွန်းအသစ် ထုတ်လိုက်သည် ။

“ အာဏာရှင် မောင်လှရွှေ ကို ရုံးမှာ အမှုစစ်တော့ မောင်တင်ထွန်း သွားနားထောင်သေးသလား ”

“ မရောက်သေးပါဘူး ခင်ဗျာ ၊ မအားတာနဲ့ ”

ယခုထိ စကားမပြောရရှာသေးသော နံပါတ် ( ၂ ) က -

“ မောင်လှရွှေ က တရားသူကြီးလုပ်တဲ့ ဦးဖိုးစ ကိုပဲ သက်သေအဖြစ်နဲ့ တင်မယ်ဆိုတာ သိပ်ချက်ကျတာပဲနော် ”

ကျွန်တော်က သူ့လိုပင်သဘောရကြောင်း ပြောလိုက် မည်ပြင်နေစဉ် နံပါတ် ( ၃ ) က ဝင်လိုက်ပြန်သည် ။

“ ဦးဖိုးစ ဆိုတာ အန်တီတို့ ကောင်းကောင်း သိတာပေါ့ ၊ ဖေဖေဘုရားရှိတုန်းက သူက မြို့အုပ်ဖြစ်စ ရှိသေးတယ် ”

နံပါတ် ( ၁ ) က အသံခပ်မာမာဖြင့်

“ ဟဲ့ သူက ညွန့်ပေါင်းအစိုးရကို အကပ်ကောင်းတော့ အရေးပိုင် ဖြစ်လာတာပေါ့ ”

နံပါတ် ( ၃ ) က -

“ မောင်လှရွှေ က ရှေ့နေ ”

နံပါတ် ( ၄ ) က -

“ မောင်လှရွှေ က ရှေ့နေ ”

သူတို့နှစ်ယောက် ပြိုင်တူ ပြောမိကြသဖြင့် တစ်ယောက်ကို တစ်ယောက် နေရာပေးရန် ကြိုးစားရင်း နှစ်ယောက်စလုံး ရပ်သွားကြရာ ကျွန်တော်က တက်သုတ်ဝင်၍ -

“ ဟုတ်ကဲ့ ၊ ကိုလှရွှေ က ရှေ့နေ မငှားပါဘူး ၊ သူကိုယ်တိုင် လျှောက်လဲပါတယ် ၊ သို့ပေမယ့် နောက်တစ်ခါကျရင် သခင်မြ နဲ့ သခင်ဘဦး တို့ လိုက်ကြပါလိမ့်မယ် ”

နံပါတ် ( ၂ ) က -

“ ဘယ် သခင်ဘဦး လဲ ”

နံပါတ် ( ၁ ) က -

“ ဟို သူရိယ ဦးလှဖေ ရဲ့ သမက်ကလေး ထင်ပါရဲ့ ”

သူတို့သိတာ ကျွန်တော် မသိ ဖြစ်နေ၍ ငေးစိုက်၍သာ နားထောင်နေမိသည် ။

နံပါတ် ( ၄ ) က စကားစ‌ ‌ေဖာ်ပြန်သည် ။

“ တက္ကသိုလ်ကျောင်းဆရာကြီးတွေက ကျောင်းသားမိဘများဆီကို ကျောင်းသားတွေ ကျောင်းပြန် လွှတ်မလွှတ် ၊ ကျောင်းသားတွေ စာမေးပွဲ ဖြေမဖြေ အကြောင်းပြန်ရမယ်လို့ စာတွေပို့တော့ ကျောင်းသား ၁၆ဝဝ ရှိတဲ့ အနက် ၁၁၅၅ ယောက်က စာမေးပွဲဖြေမယ်လို့ စာပြန်တယ်ဆိုတာ ဟုတ်သလား ”

“ စာမေးပွဲမဖြေချင်လို့ သပိတ်မှောက်တာမှ မဟုတ်ဘဲ ။ ဒီတော့ ဒီအမေးဒီအဖြေနဲ့ ကျောင်းသား အရေးတော်ပုံကို ရေချိန်တိုင်းလို့ မဖြစ်နိုင်ပါဘူး ခင်ဗျာ ။ ဟုတ်ချင် ဟုတ်မယ် ၊ မဟုတ်ချင်နေမယ် ၊ သို့ပေမယ့် ”

ကျွန်တော်က သို့ပေမယ့်နှင့် ချီပြီး ကျောင်းသားတို့၏ တက်ကြွစည်းရုံးနေပုံကို ရှင်းလင်းပြရန် အားယူနေစဉ် နံပါတ် ( ၃ ) က တစ်နေ့က ဗဟန်းမှာ ဒေါက်တာဘမော် မော်တော်ကားကို ပေထုပ်နဲ့ ထုတာ ကံကောင်းလို့ လွတ်သွားတယ်နော် ၊ သူက ဒီ ပြင်ကား စီးပြီး သူ့ကားပေါ်မှာ သားသမီးတွေ တင်လွှတ်တယ် ဆိုတော့ သားသမီးတွေ ဓားစာခံလုပ်တာနဲ့ တူနေတယ် ”

နံပါတ် ( ၃ ) သည် ထိုသို့လျှင် ဒေါက်တာဘမော် ၏ ကားကို ပေထုပ်ပစ်မှုနှင့် ပတ်သက်၍ စကားပွဲတွင် လွှမ်းမိုးရန် ကြိုးစားနေဆဲ နံပါတ် ( ၂ ) က ဝင်ဖျက်လိုက်လေသည် ။

“ တင်တင်ငယ် ရေ မေမေ့ကိုလည်း သွားခေါ်ဦးလေ ”

တင်တင်ငယ် ဟု အခေါ်ခံရသူမှာ အခြားသူ မဟုတ် ။ ကျွန်တော့်အား လာခေါ်သူ အပျိုကြီး နံပါတ် ( ၄ ) ပေတည်း ။ ဒေါ်တင်တင်ငယ် သည် ထိုအမိန့်သံကို ကြားသည်နှင့် တစ်ပြိုင်နက် ငေါက်ခနဲ ထလိုက်သည် ။ အပျိုကြီးနံပါတ် ( ၄ ) သည် တစ်ခါမျှ ဤမျှ သွက်လက်သော အမူအရာ မပြခဲ့ဖူးသေး ။ ခြေအောက်က ကြမ်းပြင် ပြိုကျမည်ကို မကြောက်တော့သော အမူအရာ ၊ လုပ်လဲ့လုပ်လီ မဟုတ်သော အမူအရာဖြင့် အခန်းတစ်ခုတွင်းသို့ ဝင်သွားလေသည် ။

အားလုံးသောအပျိုကြီးများသည် ညီလာခံပလ္လင် သီဟာသနရှေ့၌ “ ဘုရင်မင်းမြတ် ထွက်တော်မူမည် ၊ အားလုံးတိတ်စေ ”  ဟူသော ဆောင်နရီမှူးသံ ကြားလိုက်ရဘိသကဲ့သို့ တိတ်သွားကြလေ၏ ။ သူတို့သည် သူတို့မိခင် ဘုရင်မကြီး အလာကို စောင့်စားနေကြ၏ ။ ယင်းသို့ တိတ်ဆိတ်စွာ စောင့်စားနေစဉ် ကျွန်တော်သည် ဟိုဟိုသည်သည် တွေးဖို့ အခွင့်အရေးရပေ၏ ။

ရောက်ပြီး အပျိုကြီးတွေနှင့် စကားစပြောရကတည်းက တွေးတောခွင့် မရ ။ အပျိုကြီးများသည် ကျွန်တော့်အား အအား မပေး ၊ ဝိုင်း၍ တမေးတည်း မေးနေခဲ့ကြလေသည် ။

အပျိုကြီး နံပါတ် ( ၁ ) နှင့် ( ၂ ) တို့၏ ပယင်းပုတီးများသည် စိတ်ဖို့လား ၊ အလှဝတ်ထားဖို့သာလား ။ သူတို့၏ စိန်နားကပ်ကြီးများကို ဘယ်အရွယ်ထိ ဝတ်ကြလေဦးမည်နည်း ။ သည် အပျိုကြီးတွေသာ လေးဆယ်ကျော် မှ ကံပေါ်၍ လင်ရကုန်ကြလျှင် ဘယ်လိုဖြစ်ကုန်ကြမည်လဲ ။

သို့ကလို တွေ့ကရာပေါက်ပန်းဈေး တွေးနေဆဲ အပျိုကြီး နံပါတ် ( ၃ ) က ခပ်ယို့ယို့ အမူအရာ ၊ ခပ်အုပ်အုပ် အသံဖြင့် -

“ ဟော မေမေဘုရား လာနေပြီ ”  ဟု ကြေညာလိုက်လေသည် ။

အပျိုကြီးအားလုံး နှင့် ကျွန်တော်တို့၏ မျက်စိများသည် အဘွားကြီးဘက်သို့ ပြိုင်တူရွေ့သွားကြလေသည် ။

အဘွားကြီးကား အသက် ၈ဝ များ ကျော်နေပြီလား မဆိုနိုင် ။ ဆွတ်ဆွတ်ဖြူသော ရောင်ပေစူးကလေး အောက်တွင် အကွက်လိုက် ဆံပင်ကျွတ်နေသော နေရာများကို မြင်ရသည် ။ မျက်နှာအရေများမှာ ပပ်ကြားအပ်သလို တွန့်လိပ်နေကြပြီး မျက်တွင်းမှာ အတော်ဟောက်နေသဖြင့် ယင်းမျက်တွင်းများ အထဲ၌ မျက်စိအကောင်းပကတိမှ ရှိပါသေးသလောဟု သံသယဖြစ်စရာပင် ။ ကိုယ်ခန္ဓာတွင် အသား ရှိတော့ဟန် မတူ ၊ အရိုးပေါ် အရေတင်နေ၍ အရေပေါ် အကြောကြီးများက တောင်တန်းကြီးတွေလို စီတန်းနေကြသည် ။ အဘွားကြီးသည် သန့်ရှင်းသပ်ရပ်စွာ ဝတ်ဆင်ထား၏ ။ ပိုးဖဲ မဟုတ် ။ လက်ရက်ချည်လုံချည် ၊ ဖျင်အင်္ကျီရင်စေ့ စသည်တို့ဖြစ်သည် ။ သူ့လက်ထဲတွင် တောင်ဝှေး တစ်ချောင်းကို ကိုင်ထား၏ ။ သို့သော် တောင်ဝှေးကိုင်သော်လည်း ခါးလုံးဝ မကိုင်းသည်ကို တွေ့ရသည် ။ အားလုံးသော သူ့သမီးများနှင့် မတူပဲ အရပ်ပုသည် ။

အဘွားကြီးနောက် မှာ ရပ်နေသည့် အပျိုကြီး အမှတ် ( ၄ ) က ထိုင်ရာမှ ထကာ ဆီးကြိုနေသော ကျွန်တော့်အား ရည်ညွှန်းလျက် -

“ ဟောဒါပဲ မောင်တင်ထွန်း ဆိုတာ ၊ ကျောင်းသားခေါင်းဆောင်ပေါ့ မေမေ ဘုရားရဲ့ ”

ကျွန်တော့်မှာ ကျောင်းသားခေါင်းဆောင် ဟု အခေါ်ခံရသဖြင့် ကျောစိမ့်သွား သလိုလို ၊ မျက်နှာ ထူအမ်းသွား သလိုလို ဖြစ်မိလေသည် ။

“ ကျွန်တော်က ခေါင်းဆောင်များ ကိုယ်စားလာရတဲ့ ခေါင်းဆောင်ငယ်ကလေး ပါခင်ဗျာ ”

အမယ်ကြီးက ကျွန်တော့်ရှေ့ ကုလားထိုင်တစ်ခုဆီသို့ လာရင်း -

“ ခေါင်းဆောင်တွေက ဘာဖြစ်လို့ မလိုက်လာသလဲ ၊ တရားဟောထွက်ရလို့ အလုပ်များနေ မှတ်တယ် ”

အဘွားကြီး၏ အသံကား ရုပ်နှင့် မလိုက် မာသည် ။ ကြည်လင်ပြတ်သားခြင်းလည်း ရှိသည် ။

“ ထိုင် ထိုင် မင်းက အငယ်လေး ရှိပါသေးကလား ”

ဤလို ပြောလိုက် မှ အဘွားကြီး၏ မျက်စိသည် အကောင်းပကတိ ရှိပါသေးကလားဟု ကျွန်တော့် စိတ်မှာ သေချာသွားတော့သည် ။ အဘွားကြီးသည် ကုလားထိုင်တွင် ထိုင်သည် ။ တောင်ဝှေးကို ကိုင်ထားသော်လည်း တောင်ဝှေး မပါဘဲလည်း သွားနိုင် လာနိုင် ထိုင်နိုင် ထနိုင်ပုံ ပေါက်သည် ။ အဘွားကြီး၏ လက်တစ်ဖက်သည် တောင်ဝှေးခါးလယ်ကို ကိုင်ထားပြီး လက်တစ်ဖက်က ကုလားထိုင် လက်တင်ပေါ် မှာတင်ထားသည် ။

“ ဟဲ့တင်တင်လှ မလာသေးဘူးလား ”  ဟု အဘွားကြီးက သူ့သမီးတွေကို မကြည့်ဘဲ သူ့သမီးများ အား မေးလိုက်ရာ နံပါတ် ( ၄ ) နှင့် ( ၃ ) က ပြိုင်တူဖြေလိုက်ကြသည် ။

“ လာမယ်တော့ ပြောသွားတာပဲ ၊ ခုထိ မလာသေးဘူး ”

“ မလာသေးဘူး ဘာဖြစ်လို့ နောက်ကျနေသလဲ မသိဘူး ”

သူတို့ဖြေသည်နှင့် တစ်ပြိုင်နက် နံပါတ်( ၂ ) က -

“ မှာသွားသားပဲ နောက်ကျရင် နောက်ကျမယ်လို့ ”

နံပါတ် ( ၄ ) က “ အစည်းအဝေးများ ရှိနေပြီလား မသိဘူး ”

သို့ဖြင့် အပျိုကြီး ၄ ယောက်စလုံး တစ်ယောက်တစ်ခွန်း ညီမ အငယ်ဆုံးနှင့် ပတ်သက်ပြီး ထင်မြင်ချက်တွေ ပေးနေကြလေရာ တော်တော်ကလေး ဆူညံလာလေသည် ။ ထိုအခါ အဘွားကြီးက တောင်ဝှေးနှင့် ကြမ်းပြင်ကိုခေါက်လိုက်ပြီး တိတ်သွားစေလေသည် ။ အသက် ၄၀ ကျော် ၅၀ ကျော် ၆ဝ နီးပါး အပျိုကြီးများသည် သူတို့ အမေရှေ့၌ ၄ - ၅ - ၆ နှစ် အရွယ် ကလေးများလို ပြုမူလိုက်ကြသည် ။ မျက်စိသူငယ်ကလေးများဖြင့် တစ်ယောက်တစ်ယောက်ကြည့်ပြီး ယို့ယို့ကလေး ငြိမ်နေလိုက်ကြသည် ။ ထိုခဏ၌ “ ဪ ဒါကြောင့်လည်း ဒီအဘွားကြီးဟာ သမီး ၅ ယောက်စလုံး ယခုထိ အပျိုကြီးတွေ ဖြစ်နေအောင် ထိန်းသိမ်းထားနိုင်ပေတာကိုး ”  ဟူသော အသိဉာဏ်သည် ကျွန်တော့် ဦးနှောက်ထဲမှာ ထွန်းလင်း၍ လာလေသည် ။

အဘွားကြီးသည် ဘယ်သူ့ကိုမျှ မကြည့်ဘဲ သူ့ရှေ့တည့်တည့်ကိုသာ ကြောင်ငေးကြည့်ပြီး -

“ ကျောင်းသားတွေ တစ်ခု လုပ်ဖို့ကောင်းတယ် ”

“ ဘာလုပ်ဖို့ ကောင်းပါသလဲ ခင်ဗျာ ”

“ အခုနေအခါမှာ ကျောင်းသားတွေကို တိုင်းပြည်က အာရုံစိုက်ပြီး လေးစားနေတာ မင်းတို့ ကျောင်းသားတွေကသာ လုပ်ရင် တော်တော် ကောင်းမယ် ။ ရှင်အာဒိစ္စဝံသ ဟာ အင်မတန် ထက် မြက်တဲ့ ဘုန်းကြီး ။ စာဆိုလည်း ကိုယ့်ဘာသာ စာပေသာမက ဘာသာခြားလည်း တတ်တယ် ၊ ပညာအရည်အချင်း ထက် မြက်သလောက် သတ္တိလည်း ရှိတယ် ၊ ရင်ထဲမှာ ရှိတာကို ရှိတဲ့အတိုင်း အန်ထုတ်ပြရဲတယ် ၊ အကျင့်သီလဆိုလည်း သုဿန်ထဲမှာ ကျောင်းထိုင်တာကိုပဲ ကြည့်တော့လေ ။ အဲဒီလို ပုဂ္ဂိုလ်တစ်ပါး သူမြတ်တစ်ယောက်ကို ပကာသနိယကံ လုပ်တာ တရားသဘောလား ဟင် ”

ကျွန်တော်က ကိုယ်နားမလည်သောအရေးတွင် ဘာမျှမပြောလိုသဖြင့် ဆိတ်ဆိတ်နေလိုက်သော အခါ နံပါတ် ( ၁ ) က သူ့အမေ အား ထောက်ခံလိုက်လေသည် ။

“ ဘယ်တရားမှာလဲ မေမေ ”

“ အေး မတရားဘူး ၊ ဒီကိစ္စမှာ ကျောင်းသားတွေက ဝင်ပြီး မတရားကြောင်း ကန့်ကွက်ပြောဆိုဖို့ ကောင်းတယ် ။ ကြည့်စမ်းပါဦး ၊ ဘယ်ထိ ရောင့်တက်လာကြသလဲဆိုရင် ဩဝါဒစရိယအဖွဲ့မှာ ရှင်အာဒိစ္စ ပါနေတယ် ။ ဒါက ဘယ်သူကမှလည်း ထုတ်ပစ်လို့ရတာ မဟုတ်ဖူး ၊ ရှင်အာဒိစ္စ ကလည်း ထွက် မပေးဘူး ။ အာဂ ကိုယ်တော် ၊ ကြည့်စမ်း ဘယ်လောက် သတိ္တရှိသလဲဆိုတာ ”

အားလုံးသောသမီးများက ခေါင်းညိတ်ကာ ထောက်ခံကြလေသည် ။ ကျွန်တော်ကား ခေါင်းလည်း မညိတ် ၊ ခေါင်းလည်း မယမ်း ။ သို့သော် အဘွားကြီးသည် ကျွန်တော့်ကို ကြည့်နေသည် မဟုတ်၍ ကျွန်တော်၏ ကြားနေရေးကို သိမည် မဟုတ်ပါ ။

အဘွားကြီးသည် သူ့ဘာသာသူ ဆက်ပြောပြန်၏ ။

“ အဲဒီလို ဩဝါစရိယအဖွဲ့မှာ ဆက်မနေထိုက်ဘူးလို့ တချို့ ဆူပူနေကြတယ် ။ ရှင်အာဒိစ္စ ကို ထုတ်ပစ်နိုင်ဘို့ တရားစွဲရမယ်လို့ သိမ်းမောင် ကို ပြောနေကြတယ် ”

နံပါတ် ( ၄ ) က ဝင်၍

“ အစိုးရရှေ့နေချုပ်ကြီး ဦးသိမ်းမောင် လား မေမေ ”

“ အေးတစ်ခါတုန်းက ဘုန်းကြီးတွေက ထွေးခံနဲ့ပေါက်တဲ့ ဘုရားလူကြီး သိမ်းမောင် ပေါ့ ”

နံပါတ် ( ၂ ) က -

“ ဪ ဪ ၂၁ - ဦး ပါတီနိုင်ငံရေးက ' ကုသိုလ်တစ်ပဲ ငရဲတစ်ပိဿာ ' လို့ ပြောဆို ထွက်သွားပြီး အစိုးရရှေ့နေကြီး ဝင်လုပ်သွားတဲ့ ဦးသိမ်းမောင် ပဲပေါ့ ”

သို့ဖြင့် အပျိုကြီး ( ၄ ) ဦး က ဦးသိမ်းမောင ်သည် တောသူကြီးသား ဖြစ်ကြောင်း ၊ ဦးသိမ်းမောင် ၏ ဇနီးအကြောင်း ၊ သူတို့ဖေဖေဘုရားရှိစဉ်က အိမ်ဘယ်နှခေါက် ဘာလုပ်လာဖူးကြောင်း စသည် များကို ပြောဆိုနေကြပြန်ရာ ဆူဆူညံညံ ဖြစ်လာပြန်လေ၏ ။ အဘွားကြီးသည် တောင်ဝှေးနှင့် ကြမ်းပြင်ကိုခေါက်ကာ ငြိမ်စေပြန်လေသည် ။

အဘွားကြီးက ကျွန်တော့်အား ညွှန်း၍ ပြောပြန်၏ ။

“ အဲဒီလို အရှင်အာဒိစ္စ အပေါ်မှာ မတရားတာတွေ လုပ်နေတာကို ကျောင်းသားတွေက ဝင်ကန့်ကွက်ရင် မကောင်းဘူးလား ဘယ်သူတဲ့ မင်းနာမည် ”

နံပါတ် ( ၄ ) က ဝင်ထောက်သည် ။

“ မောင်တင်ထွန်း ”

ကျွန်တော့်မှာ မရှောင်သာတော့သဖြင့် ဖြေရလေသည် ။

“ ကျွန်တော်တော့ ဒီကိစ္စမှာ ကိုယ်မနိုင်တဲ့ ပြဿနာဖြစ်နေလို့ မပြောတတ်အောင် ဖြစ်နေပါတယ် ဘွားဘွားခင်ဗျာ ၊ ဒီတော့ ကျောင်းသားခေါင်းဆောင်တွေရှေ့မှာ ကျွန်တော် တင်ပြပါ့မယ် ”

အဘွားကြီးသည် များစွာ နှစ်ခြိုက်သွားဟန် ရှိသည် ။ ကျွန်တော့်ဘက်သို့ ကြည့်ပြီး -

“ ပြောလိုက်ပါကွယ် ၊ မင်းတို့ ကျောင်းသားခေါင်းဆောင်တွေကို ၊ အဘွားက အင်မတန် အားကိုးပါတယ်လို့ ။ မဟုတ်မခံစိတ် ရှိသူတိုင်း ကျောင်းသားတွေကို အားကိုးနေတာပဲ ( သမီးများဘက် လှည့်၍ ) ဟဲ့ ဟဲ့ ထမင်းကျွေးကြတော့လေ ”

အပျိုကြီး နံပါတ် ( ၄ ) သည် သွက်လက်စွာထပြီး နောက်ဖေးအဆောင်သို့ ကူးသွားကာ ခဏလေးနေတော့ ပြန်လာလေသည် ။ အဘွားကြီးသည် သူ့ကိုယ်သူ ငုံ့ကြည့်လိုက်သဖြင့် ကျွန်တော်လည်း လိုက်ကြည့်မိသည် ။ သည်တော့မှ အဘွားကြီး၏ ရင်စေ့အင်္ကျီတွင် အိတ်ထောင်ကလေး တပ်ထားသည်ကို သတိပြုမိ၏ ။ အဘွားကြီးသည် ထိုအိတ်ထောင်ကလေးထဲသို့ နှိုတ်စမ်းပြီး ဂွမ်းထောင့် တစ်ထောင့်ကို ထုတ်ယူလိုက်သည် ။ ပြီးတော့ သူ့နားနှစ်ဖက်ထဲသို့ထည့်၍ ပိတ်ဆို့လိုက်သည် ။ ဤသည်ကား သမီးများအား ပြောချင်ရာ ပြောကြတော့ဟု ခွင့်ပေးလိုက်သော အချက်ဟုပင် ထင်စရာရှိသည် ။

သမီးကြီးများသည် ကျွန်တော့်အား မေးခွန်းအမျိုးမျိုးထုတ်ပြီး သူတို့ဘာသာ ဖြေသည့်အခါ ဖြေသည် ။ ဟိုအကြောင်းမေးရာက သည်အကြောင်း ရောက်သွားပြီး သည်အကြောင်း ပြောနေရာမှ သည်အကြောင်းထဲက ဟိုလူ သည်လူတွေ အကြောင်း ရောက်သွားလေသည် ။ ဘယ်သူ့သားသမီးကို သိသလား ၊ သူတို့ သပိတ်မှောက်ကြသလား စသော ကျွန်တော်နှင့် တိုက်ရိုက်ဆိုင်သော မေးခွန်းမှ နေ၍ မိုးညှင်းတရားပွဲကို ရောက်ဖူးသလား ၊ နေရင်း ဦးကောဝိဒ ရဲ့ ပဉ္စင်းအမကြီးအကြောင်း သိသလား စသော ကျွန်တော်နှင့် မဆိုင်သည့် မေးခွန်းများအထိ ရောက်လေသည် ။ သူတို့က မေး ၊ ကျွန်တော်က မဖြေ ၊ သူတို့ဘာသာဖြေ ။ ကြာတော့ ကျွန်တော်သည် ခွေးသေကောင်ပုပ်ကို ကျီးကန်းတွေ ဝိုင်းထိုးနေကြပုံကိုသာ ပြေး၍ သတိရမိတော့သည် ။ ကျွန်တော်တည်းဟူသော မတုံ့ပြန်နိုင်သည့် ခွေးသေကောင်ပုပ်ကို သူတို့တစ်တွေက မေးခွန်းနှုတ်သီးများဖြင့် ဝိုင်းထိုးနေကြသည် မဟုတ်ပါလော ။

အစေခံမကလေးက လာပြီး “ ထမင်းပွဲ အဆင်သင့်ဖြစ်ပါပြီ ”  ဆို၍သာ သက်သာရာရတော့၏ ။

ဧည့်ခန်း၏ နောက်ဘက်တွင် ကပ်လျက်ရှိသော အခန်းမှာ ထမင်းစားခန်းဖြစ်တော့၏ ။ သစ်လွင်သော စားပွဲရှည်ကြီးတွင် သစ်လွင်တောက်ပြောင်သော ကုလားထိုင်များက ဝိုင်းရံထားလေသည် ။ ပန်းကန်ပြားများပေါ်တွင် ကျဆင်း အရောင်ဟပ်နေသော မီးရောင်ကား တသွေးတမွေးလှနေသည် ။ ဇွန်းခက်ရင်းများပေါ်ကို ကျဆင်းအရောင်ဟပ်နေသော မီးရောင်ကား မျက်စိစူးစေသည် ။ ဆီပြန် ဟင်းပေါ် ကျဆင်းအရောင်ဟပ်နေသော မီးရောင်ကား ဆာလောင်ခြင်းကို အားပေးနေသည် ။

ဗိုလ်ဆန်သည့် အခင်းအကျင်းနှင့် ဟင်းများကိုကြည့်ပြီး အဘွားကြီး နှင့် အပျိုကြီး တို့သည် အရွယ်အိုကြသလောက် အခင်းအကျင်းအစီအမံများ၌ ပျိုသောအမြင် ရှိကြသည်တကားဟု စဉ်းစားမိပေသည် ။

အဘွားကြီးသည် စားပွဲထိပ်မှာ ထိုင်၏ ။ ကျွန်တော်က အခြားထိပ်မှာ ထိုင်ရ၏ ။ အပျိုကြီး နံပါတ် ( ၁ ) နှင့် ( ၃ ) သည် ကျွန်တော့် ညာဘက်မှာ ထိုင်၍ ၊ နံပါတ် ( ၂ ) နှင့် ( ၄ ) သည် ဘယ်ဘက် မှာ ထိုင်လေသည် ။ အဘွားကြီးကား ကျွန်တော်တို့ စားသော ထမင်းဟင်းကို မစား ၊ သူ့အတွက် သီးသန့် ချက်ပြုတ်ထားသော လူအိုစာ ဟင်းထမင်းကို စားသည် ။

ထမင်းစားရင်း အဘွားကြီးသည် စကားတစ်ခွန်းမျှမပြော ။ သူ့ လူအိုစာကိုသာ အေးအေးသက်သာ စားနေလေသည် ။ အပျိုကြီးများကား အစားအသောက်နှင့် ပတ်သက်သော စကားများကို ပြောနေကြ၏ ။ ကျွန်တော်တို့ သပိတ်မှောက်ကျောင်းသားများနှင့် ရေနံမြေအလုပ်သမားတွေ ဘယ်လို စားကြသောက်ကြပုံကို မေးမြန်း၏ ။ သူတို့ ဘယ်တုန်းက ဘယ်ဆရာတော် ကို အိမ်မှာ ဆွမ်းဖိတ် ကျွေးပုံ ၊ ဘယ်သူ့ကို ညစာစားပွဲ ခင်းကျွေးပုံများကို ဟင်းအမျိုးအမည်နှင့်တကွ ပြောပြနေကြ၏ ။ ထိုသို့ ထမင်းစားရင်း သူတို့ပြောဆိုသော စကားများ နားထောင်ရ၍ အကဲခတ်မိသည်မှာ သူတို့အိမ်တွင် ဒေါက်တာတင်တင်လှ သာ အလုပ်လုပ်၍ ကျန်လူအားလုံးမှာ အလုပ် မရှိ ၊ ကြွယ်ဝပြီး ပစ္စည်းကို ထိုင်စားနေကြသည် ။

အလုပ်အကိုင် လုပ်ဖို့ မလိုသဖြင့် လည်းကောင်း ၊ ပွဲလမ်းသဘင် အပြင်သိပ်မထွက်သော အပျိုကြီး များဖြစ်သဖြင့် လည်းကောင်း ထင်ရှားသူတွေ ထမင်းဖိတ်ကျွေးခြင်း နှင့် ဘုန်းကြီးဆွမ်းကျွေးခြင်းမှာ သူတို့၏ ဝါသနာ ဖြစ်နေသည် ။ တစ်နည်းအားဖြင့်ဆိုရသော် သူတို့၏ ငြီးငွေ့ဖွယ် ကောင်းသောဘဝတွင် ဒီ ဝါသနာလုပ်မှ သက်သာရာ ရပေလိမ့်မည် ။ သည်လိုမှလည်း ပြင်ပ လောကမှ လူများနှင့် စကားပြောရပေလိမ့်မည် ။

ထမင်းစားပြီးလျှင် ပြီးချင်း ဧည့်ခန်း၌ အားလုံးငြိမ်ဆိမ်စွာ ထိုင်နေကြရာက အားလုံးက ဝိုင်းပြီး အပျိုကြီး နံပါတ် ( ၄ ) ( ဝါ ) ဒေါ်တင်တင်ငယ် ကို ကြည့်၍ မျက်ရိပ်မျက်ခြည် ပြလိုက်ကြသည် ။ ဒေါ်တင်တင်ငယ် သည် အခန်းထဲသို့ ဝင်သွားပြီး ခဏနေလျှင်ပြန်လာ၏ ။ သူ့လက်ထဲမှာ ငွေစက္ကူများ ပါလာလေသည် ။ ထိုငွေစက္ကူများကို ကျွန်တော့်လက်သို့ အပ်ရင်း ။

“ မေမေဘုရားက ၂ဝိ ၊ အန်တီတို့ ညီအစ် ၅ ယောက်က တစ်ယောက် ၁၅ ကျပ် စီ ၊ ပေါင်း ၉၅ ကျပ် ၊ ကျောင်းသားရန်ပုံငွေကို လှူပါတယ် ”

ကျွန်တော်က ကျေးဇူးတင်ကြောင်း ပြောလိုက်သည် ။ ဒေါ်တင်တင်ငယ် သည် ဒရိုင်ဘာကို ခေါ်လိုက်သည် ။ အဘွားကြီး သည် သူ့အခန်းထဲသို့ ဝင်သွားလေသည် ။ ကျွန်တော့်အား နှုတ်တောင် ဆက် မသွား ။ သူ့သွားတွေကို တံပူတံနှင့် တိုက်နေပြီး အိပ်ရန်ကိုသာ စိတ်ကူးနေသောကြောင့် နှုတ်မဆက်ခြင်း ဖြစ်ကောင်းဖြစ်နိုင်ပေသည် ။

အပျိုကြီး နံပါတ် ( ၄ ) မှတစ်ပါး အားလုံးသော အပျိုကြီးများသည် တစ်ယောက်ပြီး တစ်ယောက် ကျွန်တော့်အား နှုတ်ဆက်ပြီး သူတို့ဆိုင်ရာ အခန်းထဲသို့ အလျှိုလျှို ဆိတ်ငြိမ်စွာ ဝင်သွားလေသည် ။ တစ်အိမ်လုံးသည် ကျွန်တော်လာစက တွေ့ရသလိုပင် ငြိမ်သက်နေပြန်ပေ၏ ။ နောက် မကြာမီ အိမ်ရှေ့မှာ ကားထိုးဆိုက်လေသည် ။

အပျိုကြီး နံပါတ် ( ၄ ) က -

“ ကဲ သွားပေရော့ ၊ ခုလို လာတာ ကျေးဇူးတင်ပါတယ် ”

ကျွန်တော်လည်း ကျေးဇူးတင်စကား ပြောပြီးနောက် မော်တော်ကားပေါ်သို့ တက်ခဲ့လေသည် ။ 

◾ သိန်းဖေမြင့်

📖 အရှေ့ကနေဝန်းထွက်သည့်ပမာ

koaungnaingoo.blogspot.com

.

Monday, September 27, 2021

အဖေ ဖျက်သော်လည်း


 

❝  အဖေ ဖျက်သော်လည်း ❞ 

အော် .... အီး .... အီး ... အွတ်

နောက်ဆုံး ကြက်တွန်သံ ။

ဦးလေးမြင့် ကား အခန်းတွင်းမှာ အိပ်နေလေပြီ ။

ကိုကြွယ် လည်း ဘုရားစင်အောက်နားတွင် အိပ်ပျော်နေ၏ ။

ကျွန်တော်ကား တိုင်မှာ မှီမြဲ မှီလျက် ငိုင်၍သာ နေသေးသည် ။ လက်ထဲရောက်နေသော အဖေ့စာကို မဖတ်သေး ။ ခေါင်းအုံးမပါ အခင်းမပါနှင့် ဖြစ်သလို အိပ်နေကြသော ရေနံမြေ သပိတ်တပ်သားများ ဆီသို့ ကျွန်တော့်စိတ် ရောက်သွားသည် ။ ရန်ကုန်မြို့သို့ ဦးတည်ချီတက်လာနေသော သာယာဝတီ ၊ ခရမ်း ၊ ပဲခူး ၊ သထုံ စသည်တို့မှ တောင်သူလယ်သမားများအား စိတ်ကူးဖြင့် ကြို၍ကြည့်နေမိသည် ။ အုံကြွလှုပ်ရှား ဆူပူနေကြသော အမြို့မြို့အရွာရွာက ကျောင်းသားများသည် စစ်ပုလိပ် သေနတ်ပြောင်းဝရှေ့မှာ ရင်ကော့၍ ချီတက်နေကြပုံကို မြင်ယောင်နေသည် ။ ဗိုလ်အောင်ကျော် ကွယ်လွန်သဖြင့် ဈေးဆိုင်ကို ပိတ် ၊ အလုပ်ကို ရပ်စဲပြီး ဆွမ်းကျွေးနေကြသော မြို့သူမြို့သားတွေကို သတိရနေလေသည် ။ အတန်ကြာသော် စိတ်မောလာသည် ။ ကိုယ်ကလည်း နွမ်းနယ်လာသည်ဟု ထင်မိသည် ။ ရင်ခေါင်းထဲမှ ထိုးပြီးတက်လာသော အသမ်းကို အုပ်ဆိုင်း၍ မရတော့ချေ ။

သည်တော့မှ လက်ထဲက အဖေ့စာကို ဖောက်၍ ဖတ်လေတော့သည် ။

သား မောင်တင်ထွန်း

တစ်နေ့က သတင်းစာတစ်စောင်ထဲမှာ မင်းနာမည် ကို ဗိုလ်လောင်းစာရင်းထဲမှာ တွေ့လိုက်ရတယ် ။ မင်းသည် ပညာသင်ချိန်မှာ ပညာမသင်ဘဲ သူပုန် ကျောင်းသား လုပ်နေတာဟာ မင်းလည်ပင်း မင်းကြိုးကွင်းတပ်တာ ဖြစ်တယ် ။ တို့ထမင်းအိုးလည်း ရိုက်ခွဲတာ ဖြစ်တယ် ။ ခုဆိုရင် လယ်ဝန်မင်းကရော ၊ မြို့အုပ်မင်းကရော ငါ့ကိုခေါ်ပြီးတော့ မင်းကို ဆူပူမှုထဲမှာ မပါအောင် ဆုံးမရမတဲ့ ၊ ကျောင်းတက်အောင် တိုက်တွန်းရမတဲ့ ၊ နို့မဟုတ်ရင် ငါ့အလုပ်ကို ထိခိုက် မယ်တဲ့ ။ မြို့အုပ်မင်းကတော့ မင်းကျောင်းတက်အောင် မလုပ်နိုင်ရင်လည်း အိမ်ပြန်ခေါ်ပြီး ထိန်းသိမ်းထားရမတဲ့ ။

အေး - ခုလို အချိန်အခါကြီးမှာ မင်းတစ်ယောက်တည်း ကျောင်းတက်နေရင်လည်း သပိတ်တွေက မင်းကို ရန်မူချင် မူနေမယ် ။ ဒီတော့ အကောင်းဆုံးက အိမ်ပြန်လာခဲ့ဖို့ပဲ ။ ခု စာရရချင်း အိမ်ပြန်လာခဲ့ ။ စရိတ် မရှိရင် ၃၉ လမ်း က မစံပယ် တို့ဆီက ယူပြီး ပြန်လာခဲ့ ။ ပြန်မလာခဲ့ရင် မင်းတော့ သိရောပေါ့ ။ မင်းအမေလည်း မျက်ရည်နဲ့ မျက်ခွက် ဖြစ်နေတယ် ။ သောက်ကျိုးနည်း အောင်ကျော် တို့လို အရိုက် မခံရတာ ကံကောင်းသေးတယ် ။ ခု လူကြုံနဲ့အတူ သနပ်ခါးတုံးတွေ ပေးလိုက်တယ် ။ မမြမှီ နှင့်တကွ မင်းကို ခင်မင်သူတွေကို ခွဲပေးဖို့ပဲ ။ မင်း ဦးလေးမြင့် အတွက်လည်း ပိုးရောချည်ပါ လုံချည်တစ်ထည် ပေးလိုက်တယ် ။

အားလုံး ကျန်းမာပါ၏ ။

မင်းနှင့်တကွ အားလုံး ကျန်းမာကြပါစေ ။

အဖေ

ကျွန်တော်သည် စာဖတ်ပြီးသည်၏ အဆုံး၌ ပြုံးပဲ ပြုံးမိသည် ။

ခါတိုင်းဆိုလျှင် အဖေ့စာကြောင့် အတော် ချောက်ချား တုန်လှုပ်သွားမိပေလိမ့်မည် ။ နေမထိ ထိုင်မသာ ဖြစ်သွားပေလိမ့်မည် ။ နိုင်ငံရေးစိတ်ဓာတ် အားထက်သန်နေမှုတွေ ပန်းပွင့်ကလေးကို ရေနွေးနှင့်ပက်သလို ခွေအိကျဆင်းသွားပေလိမ့်မည် ။ နိုင်ငံရေးနှင့် အဖေ့စပ်ကြားတွင် ဗျာများပြီး စိတ်အဆင်းရဲကြီး ဆင်းရဲမိပေလိမ့်မည် ။ နောက်ဆုံး၌ အဖေ့ အဆုံးအမတွင် တည်ကာ အိမ်သို့ ပြန်သွားပေလိမ့်မည် ။

ယခုအချိန်ကား ခါတိုင်းနှင့် မတူ ။ ကျွန်တော့် စိတ်တွင်ကားအရေးတော်ပုံလှိုင်းများနှင့်အတူ တက်ကြွနေ၏ ။ ကျွန်တော်တို့ ရင်ဆိုင်နေရသော ပြဿနာများကား မိုးနှင့် မြေကြီးကမှ မိုးကုပ်စက်ဝိုင်းကြောင့် မပြတ်မသားဖြစ်ကောင်း ဖြစ်ဦးမည် ။ ကျွန်တော်တို့ ပြဿနာကား ပြတ်သားလှ၏ ။ အင်္ဂလိပ် နှင့် ညွန့်ပေါင်းအစိုးရ ဘက် လိုက် မည်လော ၊ အလုပ်သမား လယ်သမား ကျောင်းသားတို့ ၏ အရေးတော်ပုံဘက်သို့ လိုက် မည်လော ။ ကျွန်တော်သည် ယတိပြတ်ဆုံးဖြတ်ပြီးဖြစ်သည် ။ အရေးတော်ပုံတပ်သား ဗိုလ်စာရင်းဝင် အဖြစ်ဖြင့် ကျရောက်သမျှ တာဝန်ကို ဦးလည်မသုန် ဆောင်ရွက်တော့မည် ဖြစ်လေသည် ။ အဖေ့ ဘက်က ကြည့်လျှင် အဖေ့စကားသည် ပျားလိုပင် ချိုလိမ့်မည် ။ ကျွန်တော့်ဘက်က ကြည့်တော့ တမာလို ခါးနေသည် ။ သို့သော် အဖေ ဖြစ်နေ၍ အပြစ်တော့ မဆိုထိုက်ပါ ။ အဖေ့ပေါ်မှာ တူးတူးခါးခါး ဒေါသမထားလိုက်ပါ ။ ဪ အဖေဟာ နားမလည်ရှာဘဲကိုး ။ ဒါကြောင့် ဒီလိုပြောရှာတာဟု ယူဆပြီး ပြုံးလိုက်ပါသည် ။

အရေးတော်ပုံ သွေးကြွခြင်း ၊ နိုင်ငံရေးအယူအဆ စသည်တို့၌ ကျွန်တာ်က ဖခင် ၊ အဖေက သုံးနှစ် သားကလေး ၊ သို့ကလိုပင် ထား၍ ကြည့်လိုက်လေပြီ ။ အဖေ က တောက်တီးတောက်တဲ့ ပြောနေသော သုံးနှစ်သားကလေးကို ပြုံး၍ နားထောင်နေသကဲ့သို့သာ ရှိလေပြီ ။

သို့သော် အလုပ်ဖြုတ်ပစ် မလိုလို ခြိမ်းခြောက်၍ ကျွန်တော့် အား အရေးတော်ပုံမှ စွန့်ခွာစေသော မြို့ပိုင် ၊ လယ်ဝန်နှင့် အစိုးရကိုကား တူးတူးခါးခါး မုန်းလိုက်ပါသည် ။ သူတို့အား မုန်းလိုက်သည်နှင့် တစ်ပြိုင်နက် အဖေ့ ကိုတော့ သနားသွားသေးသည် ။

ကျွန်တော့်စိတ်ဓာတ် ပြင်းထန်မှုကား တစ်နေ့တခြား ပို၍သာ ခိုင်ခံ့လာလေသည် ။ အရေးတော်ပုံ ဒီရေကလည်း တက် မြဲ တက်နေလေသည် ။ အင်္ဂလိပ် နှင့် ညွန့်ပေါင်းအစိုးရ တို့သည် ထို ဒီရေလှိုင်းများအောက်တွင် နစ်မြုပ်သွားတော့မလောက် ကျွန်တော် ထင်မိလေသည် ။

ရေနံမြေသပိတ်တပ်ကြီး နှင့် လယ်သမား တပ်များ ရန်ကုန်သို့ ရောက်ကြလေပြီ ။ ရွှေတိဂုံအလယ် ပစ္စယံ၌ စခန်းချ၍ လှုံ့ဆော်နေကြသည် ။

ရေနံမြေ၌ မူလက သပိတ်တွင် မပါဝင်ခဲ့သော အလုပ်သမားများသည်လည်းကောင်း ၊ သပိတ်ပြန်လှန်ခဲ့သူများသည်လည်းကောင်း ၊ သပိတ်သမားများနေရာ အစားထိုးထားသူများသည် လည်းကောင်း လှုပ်ရှားဆူပူလာကြသည် ။ ရေနံချောင်း ဘီအိုစီကုမ္ပဏီမှ ဓာတ်မီးအလုပ်သမားများ လယ်သမားများနှင့် စာရေးများသည် ထိုင်သပိတ် မှောက်လိုက်ကြသည် ။ တောင်းဆိုချက် အဟောင်းများကို ထပ်တောင်း၍ အသစ်များကိုလည်း တိုးတောင်းကြလေသည် ။

သီလဝါ နှင့် သန်လျင် ရေနံအလုပ်သမားများကတောင်းဆိုချက် ၂၅ ရက်အတွင်း မလိုက်လျောလျှင် သပိတ်မှောက် မည်ဟု ဆုံးဖြတ်ကြလေသည် ။ မလိုက်လျောသဖြင့် ဆုံးဖြတ်ချက်အတိုင်း သပိတ်မှောက်ကြလေသည် ။

အလုံ ဧရာဝတီကုမ္ပဏီ ဖောင်ဒရီ အလုပ်သမား ဗမာ ၃ဝဝ တို့သည် တညီတညွတ်တည်း သပိတ်မှောက်ကာ ရွှေတိဂုံအလယ်ပစ္စယံသို့ ချီတက်လာကြလေသည် ။ ရေကျော် မစိန်ညွန့် ဆေးလိပ်ခုံမှ အလုပ်သမား အမျိုးသမီးများသည် လုပ်ခ နှင့် ခွင့်ရက် တိုးတောင်းပြီး သပိတ်မှောက်လာကြသည် ။

ရန်ကုန်မီးခြစ်စက် များ မှ အမျိုးသမီးအလုပ်သမား ၁ဝဝဝ ခန့်သည် သပိတ်မှောက်ပြီး ရေနံမြေ သပိတ်တပ်ရှိရာသို့ အင်အားပြ ချီတက်လာကြသည် ။ သူတို့သည် “ သခင်မျိုးဟေ့ တို့ဗမာ ၊ မီးတုတ် မီးတုတ် ရှို့ရှို့ ၊ အရေးတော်ပုံ အောင်ပါစေ ”  စသည်ဖြင့် ဟစ်အော်လာကြသည် ။ ထို အမျိုးသမီး သပိတ်မှောက် အလုပ်သမားများနောက် မှ အင်္ဂလိပ်စစ်သားများသည် အာရ်အီးတီ ဘတ်စ်ကားကြီးများကို စီးကာ သေနတ်ဖြင့်ချိန်၍ လိုက်လာကြလေသည် ။

ဒလ ဧရာဝတီသင်္ဘောကျင်း အလုပ်သမားများ က တောင်းဆိုချက် ၁၃ ချက်တောင်းပြီး သပိတ်မှောက်ခဲ့သည် ။ ဒေါပုံ အစိုးရသင်္ဘောကျင်း အလုပ်သမားများကလည်း သပိတ်မှောက်ကြ လေသည် ။ စီတန်းလျှောက်ကာ အင်အားပြပြီးနောက် အလယ်ပစ္စယံမှာ စုဝေးပြန်လေသည် ။

စမ်းချောင်း ကျောက်သွေးအလုပ်သမား ၁၅ဝဝ တို့သည် အလုပ်တစ်ရက် ပိတ်ပြီး ရွှေတိဂုံသို့ ချီတက် အင်အားပြကာ အထွေထွေ အလုပ်သမားသပိတ်ကြီးအား ထောက်ခံလေသည် ။

ရန်ကုန် အာရ်အီးတီ ထရော်လီ နှင့် ဘတ်စ်ကားမောင်းသမားများ ၊ အာလံမြို့ စတီးစက်ရုံမှ မြေပဲ ထမ်းတင် ကူလီများ ၊ ပြည် ၊ နတ်တလင်း ၊ သုံးဆယ် ဆန်စက်ကူလီများနှင့် မှော်ဘီအစိုးရ စိုက်ပျိုးရေးဌာန အလုပ်သမားများသည် ကိုယ့်သီးခြားတောင်းဆိုချက် များကို တင်လျက် လည်းကောင်း ၊ အထွေထွေအလုပ်သမားသပိတ်ကြီး ကို ထောက်ခံသောအားဖြင့် လည်းကောင်း သပိတ်မှောက် လာကြလေသည် ။

အစိုးရ နှင့် ဓနရှင်များ သည် ထိုသပိတ်များကို အချို့နေရာတွင် စီးပွားရေး အလျှော့ပေးခြင်းအားဖြင့် လည်းကောင်း ၊ အလုပ်ခေါင်းဆောင်များအား ဖမ်းခြင်းဆီးခြင်းဖြင့် လည်းကောင်း ၊ အခြား ဖိနှိပ်ချုပ်ချယ်မှုများ ပြုလုပ်၍ လည်းကောင်း ဖျက်ကြလေသည် ။

ရေနံမြေ ဘီအိုစီကုမ္ပဏီ ရှိ လျှပ်စစ် အလုပ်သမားများ နှင့် လက်သမားများ ၏ ထိုင်သပိတ်သည် ရေနံမြေ တစ်ခုလုံးတွင် ဂယက်ရိုက်သွားလေသည် ။ တောင်းဆိုချက် များကို ဇန်နဝါရီလ ၁၅ ရက် ထက် နောက်မကျစေဘဲ ပေးရမည် ။ သို့မဟုတ် သပိတ်မှောက် မည်ဟု ဆုံးဖြတ်လေသည် ။ ရေနံမြေကုမ္ပဏီတို့က လိုက်လျောရလေ၏ ။

အာလံ မှ စတီးအလုပ်သမားများ ၊ မော်လမြိုင် မှ သစ်စက်အလုပ်သမားများ နှင့် သုံးဆယ် စသော မြို့များမှ ဆန်စက်အလုပ်သမားများသည်တောင်းဆိုချက် များရသဖြင့် သပိတ်လှန်လိုက်ကြလေသည် ။ အချို့ဓနရှင်များကား လိမ္မာကြ၏ ။ အလုပ်သမားများကတောင်းဆိုချက်ကို တင်လိုက်သည်နှင့် တစ်ပြိုင်နက် လိုက်လိုက်လျောလျော လုပ်ကာ သပိတ်ကို တားဆီးကြလေသည် ။

အင်းစိန် မီးရထားစက်ရုံ အလုပ်သမားများက သူတို့၏ နစ်နာချက် များကို ထုတ်ဖော်ကြသည် ။ မန္တလေး မှ ရမည်းသင်း အထိ ဘူတာရုံများ၌ အလုပ်လုပ်ကြသော ညရုံပိုင်များသည် နယ်လှည့် လာသော ရထားမင်းကြီးအား ဝိုင်းထားပြီး သူတို့တောင်းဆိုချက် များကို တင်ပြကြလေသည် ။

တစ်ဖက် မှာလည်း အဖမ်းအဆီးများကို လုပ်မြဲလုပ်နေလေသည် ။ သပိတ်မှောက် ခေါင်းဆောင်များကို ဖမ်းသည် ။ သပိတ်ထဲမှာ တက်ကြွစွာပါဝင်သော နောက်လိုက် များကိုလည်း ဖမ်းသည် ။ ဥပမာ ဧရာဝတီမီးသင်္ဘောကုမ္ပဏီ သပိတ်များသည် စီတန်းအင်အားပြကြရာ အလံကိုင်သူ သုံးဦးအား ရန်ကုန် လတ်တလော လုံခြုံရေးဥပဒေ နှင့် ဖမ်းလေသည် ။ ၎င်းပြင် ဗဟိုခေါင်းဆောင်ပိုင်းကိုလည်း ဖမ်းပြန်လေပြီ ။

သခင်နု အား ဇန်နဝါရီလ ၁၁ ရက်နေ့တွင် သူနေထိုင်ရာ အလုံ ဧရာဝတီလမ်း အမှတ် ၂၂ ၌ ဖမ်းဆီးလေသည် ။ သခင်နု အား ဖမ်လျှင် ဖမ်းချင်း နဂါးနီအသင်းသား ၁ဝဝ ကျော် တို့သည် ကန့်ကွက်ဆန္ဒပြကြပြီး ရွှေတိဂုံ သို့ ချီတက်ကာ သပိတ်မှောက်အလုပ်သမားထုကြီးကို တိုင်ကြလေသည် ။ ' လူမွဲတို့ ထွက်ရပ်လမ်း ' ဆိုသော အမည်ဖြင့် သခင်နု ဘာသာပြန်ထုတ်ဝေထားသော ရုရှား တော်လှန်ရေးအကြောင်း စာအုပ်များကို အလုပ်သမားခေါင်းဆောင်များအား ဝေငှလေသည် ။ ၎င်းပြင် တစ်အုပ် ၁ဝ ပဲ ရောင်းချနေရာမှ ၄ ပဲ သို့ လျှော့ပစ်လိုက်ကာ အုပ်ရေများစွာ ဖြန့်ပစ်လိုက်ကြသည် ။ သခင်နု အား ဖမ်းဆီးခြင်းအတွက် အကောင်းဆုံးသော ကန့်ကွ့က်နည်းမှာ ရုရှား တော်လှန်ရေးအကြောင်း အလုပ်သမား ဆင်းရဲသားများ အနှံ့အပြားသိအောင် လုပ်ရန်ဖြစ်သည်ဟု နဂါးနီအသင်းက ယူဆလေသည် ။

ဇန်နဝါရီလ ၁၄ ရက် နေ့တွင် တက်ဘုန်းကြီး သခင်သိန်းဖေ သည် ထောင်တွင် သခင်နု အား သွားတွေ့ရန် သူနေသော ဘားလမ်း အမှတ် ၂၆၇ မှ အထွက်တွင် ပန်းဆိုးတန်းမှ ရာဇဝတ်အုပ် ဦးဝမ်းမောင် က ဖမ်းသွားလေသည် ။ ရန်ကုန်ထောင်ထဲရောက် မှ သခင်နု နှင့် သခင်သိန်းဖေ တို့ တွေ့ရတော့သည်ဟု အစိုးရအပေါ် မလိုတမာ ကျွန်တော်တို့ အချင်းချင်း ပြောမိကြသေးသည် ။

နောက် တစ်နေ့တွင်ကား ကိုလှရွှေ ပင် အဖမ်းခံရလေတော့၏ ။ ကျောင်းသား အာဏာရှင်ဟု အများက သမုတ်ခြင်းခံရသည့် ကိုလှရွှေ မှာ ကျွန်တော်တို့ ကျောင်းသားများ၏ ချစ်ကြည်လေးစားသော ခေါင်းဆောင်ဖြစ်ရုံမက ထိုအရေးတော်ပုံ တစ်ရပ်လုံးတွင် အထင်ရှားဆုံးသော ခေါင်းဆောင်တစ်ဦးလည်း ဖြစ်နေလေသည် ။

တို့ဗမာအစည်းအရုံး ဗဟိုဌာနချုပ် အခြားခေါင်းဆောင်များကို မဖမ်းသေးသော်လည်း အလယ်ပိုင်း ခေါင်းဆောင်များ ၊ အောက်ပိုင်းခေါင်းဆောင်များ ကိုကား တသွတ်သွတ် ဖမ်းနေလေပြီ ။ ဤသို့ ဖမ်းဆီးခြင်း ၊ ပုဒ်မအမျိုးမျိုးသုံး၍ ချုပ်ချယ်ခြင်း ၊ တားဆီးခြင်း ၊ ဖိနှိပ်ခြင်းများကို ပြုလုပ်သော်လည်း ဖိလေကြွလေ ဆိုသလိုသာ ဖြစ်တော့သည် ။ ကျွန်တော့် အဖို့ဆိုလျှင် အဖမ်းခံရမှာ ၊ အစိုးရ အနှိပ်စက်ခံရမှာ မကြောက်ရုံမက ဂုဏ်ထူးရှိသော အလုပ်ဟူ၍ပင် ယူဆမိလေသည် ။ သခင်နု ၊ သခင်သိန်းဖေ ၊ ကိုလှရွှေ တို့နှင့်အတူ အဖမ်း မခံရခြင်းကိုပင် ဝမ်းနည်းသလိုလို ဂုဏ်ငယ်သလိုလို ထင်မိသေးတော့၏ ။

သို့သော် အရေးတော်ပုံ လုပ်ငန်းများအလိုနှင့် ညီညွတ်စွာ ကျင့်ကြံရမည်ဖြစ်ရာ ကျွန်တော်တို့သည် ထောင်ကျတန်းကျ ၊ အရိုက်အနှက် ၊ အပစ်အခတ် ခံရမည့်အတွက် တာဝန်ကို ရှောင်ရမည် မဟုတ်သော်လည်း မခံရဘဲ တာဝန်ပြီးရေးအတွက် ပို၍ ကျင့်ကြံရ၏ ။

“ တစ်ဗိုလ်ကျ တစ်ဗိုလ်တက်  ” ဤလမ်းစဉ်အတိုင်း ကိုလှရွှေ အဖမ်းခံရသောအခါ တက္ကသိုလ် ကျောင်းသားသမဂ္ဂ ငွေထိန်းမှူး ကိုသိန်းအောင် အား ခေါင်းဆောင်တင်ကြသည် ။ ကိုလှရွှေ အား ပြည်သူတို့က အပ်နှင်းထားသည့် ' အာဏာရှင် ' ဟူသောဘွဲ့ကို ကိုသိန်းအောင် နှင့် တကွသော ကျွန်တော်တို့ မကြိုက်ကြ ။ အာဏာရှင်တွေကို မုန်းတတ်အောင် ရင့်မာသော နိုင်ငံရေးအမြင် ရှိနေကြလေပြီ ။ အထူးသဖြင့် အာဏာရှင် ဟစ်တလာကို မလိုလားကြ ။ ထို့ကြောင့် ကိုသိန်းအောင် သည် လက် မှတ်ထိုးတိုင်း နောက်က ခေါင်းဆောင် ဟု ထည့်လေ့ရှိ၏ ။ သို့သော် ပြည်သူအများက ထိုဘွဲ့ကို အသိအမှတ် မပြုကြချေ ။

“ တစ်ဗိုလ်ကျ တစ်ဗိုလ်တက်  ” လမ်းစဉ်အရ ကျွန်တော်သည်လည်း ကျွန်တော့် ဆိုင်ရာအပိုင်းတွင် တက်လာခဲ့လေသည် ။ ဗိုလ်လောင်းစာရင်းဝင် အဖြစ်မှ ဗိုလ်တစ်ဗိုလ် အဖြစ်ဖြင့် တာဝန်ဆောင်ရွက်ရသည်များလည်း ရှိ၏ ။ ၎င်းပြင် သမဂ္ဂအလုပ်အမှုဆောင်အဖွဲ့က ကျွန်တော့်အား နေ့ကျောင်းသားများ၏ ခေါင်းဆောင်အဖြစ်ဖြင့် အသိအမှတ်ပြု ထားလေသည် ။ ကျွန်တော်သည် အလုပ်အမှုဆောင် နှင့် အနီးကပ်ဆုံး လုပ်သားရဲဘော်တစ်ဦး ဖြစ်လာခဲ့ပေ၏ ။ ထောင်နှုတ်ခမ်းသို့ ရောက်ပြီဟု ဆိုရပေမည် ။

အစိုးရ၏ အပြုအမူများကို ရှုတ်ချကန့်ကွက်သောအားဖြင့် ရန်ကုန်မြို့ ဗမာဘတ်စ်ကားများက ပိုင်ရှင်ရော ၊ အလုပ်သမားများပါ သပိတ်မှောက်ကြလေသည် ။ မန္တလေးတွင် ရဟန်းတော် ၃ဝဝဝ အိမ်တော်ရာ မှာ စုဝေးပြီး ဆွမ်းမစားဘဲ ဆန္ဒပြကြလေသည် ။ နတ်တလင်း မှာ ကနေသော ရွှေမန်းတင်မောင် ဇာတ် က တစ်ညပိတ်၍ ဆန္ဒပြသည် ။ ပျဉ်းမနား မှာ မြင်းရထား ၊ ဆိုက်ကား ၊ လန်ချား တို့က သပိတ်မှောက် ဆန္ဒပြကြလေသည် ။

တောင်ငူမြို့ တွင် ကျောင်းသားများက သပိတ်တားနေကြစဉ် ကျောင်းသားဥက္ကဌ မောင်မောင်ကြီး အား ဖမ်းလေရာ လူထုက ရုံးနှင့်ဂါတ်ကို ဝိုင်းပြီး မောင်မောင်ကြီး အား လွှတ်ပေးရန် တောင်းဆိုကြသည် ။ ဝိုင်းသူများထဲတွင် ပါဝင်သော ဘုန်းကြီး ဦးဣန္ဒာစာရ ကိုလည်း ဖမ်းပြန်ရာ ဈေးသူ ဈေးသားများ ဆိုက်ကားသမားများ သံဃာတော်များ ကျောင်းသားများ ပေါင်း ၅ဝဝဝ ကျော်သည် တစ်နေ့လုံး ဂါတ်နှင့်ရုံးများကို ဝိုင်းထားကြပြီး အရေးဆိုနေကြပေရာ ညနေတွင် မောင်မောင်ကြီး နှင့် ဦးဣန္ဒစာရ တို့အား လွှတ်ပစ်လိုက်ရလေ၏ ။

မိတ္ထီလာ တွင်လည်း သပိတ်တားကျောင်းသားငါးဦး ကို ဖမ်းရာ မြို့သူမြို့သားလူထုကြီးက ဌာနကို ဝိုင်းပြီး ဆူကြသဖြင့် ကျောင်းသားများကို လွှတ်ပစ်ရလေသည် ။ မြိတ်မြို့ တွင် ကျောင်းသားများကို ဖမ်းရာ မြို့သူမြို့သား ၄ဝဝဝ ကျော်က အရာရှိများကို ဝိုင်း၍ အကျပ်ကိုင်ကြလေရာ ကျောင်းသားများကို လွှတ်ပစ်ရလေသည် ။ ထူးခြားချက် တစ်ရပ်မှာ မြန်မာပုလိပ်များက လူထုအား အတိုက်အခံ မလုပ်ဘဲ နေကြခြင်းဖြစ်သည် ။

ကသာ ဗန်းမော် တို့တွင်လည်း ဤနည်းနှင်နှင် ဖြစ်ခဲ့လေသည် ။ ရေတာရှည် မှ တောင်သူ လယ်သမား ၁ဝဝဝ ကျော် တို့သည် တောင်ငူ သို့ ချီတက်ကာ အရေးပိုင်ရုံးကို ဝိုင်းလျက် ဖိနှိပ်ချုပ်ချယ်သော မြို့ပိုင် ရွှေ့ပေးရေး ၊ အခွန်တော်ကောက်ခံခြင်း ရွှေ့ဆိုင်းရေးနှင့် ကြိုးဝိုင်းသစ်တောများတွင် ထင်းနှင့် အိမ်သုံးသစ် ခုတ်ခွင့်များ တောင်းကြလေရာ အရေးပိုင် က လိုက်လျောရလေသည် ။ ရခိုင်ပြည်ဘက် မှ တောင်သူလယ်သမား တစ်ထောင်ကျော် ကလည်း သူတို့ တောင်းဆိုချက် များ တင်ပြရန်နှင့် ဗမာပြည် မှ လယ်သမားများ နှင့် တစ်သားတည်း ၊ တစ်သဘောတည်းအဖြစ် ဆန္ဒပြရန် တောင်ကုတ်လမ်း မှ ရန်ကုန် သို့ ချီတက်လာကြရန် စီစဉ်နေကြောင်း သတင်းရလေသည် ။

အတွင်းဝန်များရုံးကြီး တစ်ဝိုက်တွင် ကျောင်းသားများအား ရိုက်နှက် မှု နှင့် ဗိုလ်အော်ကျော် အား သတ်မှုများအတွက် အစိုးရအား တရားစွဲရန် ဝတ်လုံတော်ရများ ဖြစ်သော ဦးအေးမောင် ၊ ဦးကျော်မြင့် နှင့် ဦးဘစိုး တို့က တာဝန်ယူ၍ စီစဉ်နေကြလေသည် ။ အဖက်ဖက်ကိုကြည့်၍ အားရစရာချည်း တွေ့နေရလေသည် ။

ရန်ကုန်မြို့ပေါ်တွင် ကျောင်းသားများ တရားပွဲ ၊ သပိတ်မှောက်အလုပ်သမားများ တရားပွဲ ၊ တို့ဗမာ တရားပွဲများ ညစဉ် အနှံ့အပြား ရှိလေသည် ။

တစ်ညသ၌ ကျွန်တော်သည် တက္ကစီကားတစ်စီးဖြင့် ကျွန်တော်တို့ ကျောင်းသားများ ရှင်းလင်း တရားပွဲများကို လှည့်ပြီးကြည့်သည် ။ ရေကျော် တရားပွဲတွင် လူ ၂ဝဝဝ ခန့် ၊ လမ်းမတော် မှာ ၁ဝဝဝ ၊ ကျောက် မြောင်း မှာ ၁ဝဝဝ နှင့် စမ်းချောင်း မှာ ၂ဝဝဝ ခန့် တက်ရောက်သည်ကို တွေ့ရပေသည် ။ ကျောင်းသားခေါင်းဆောင်များအပြင် ပုဇွန်တောင် မြူနီစပယ်မှ မမြမြ ၊ မြို့မမှ မသန်းညွန့် စသော ကျောင်းသူများသည်လည်းကောင်း ၊ အေဘီအမ်ကျောင်း မှ ဆယ့်နှစ်နှစ်သား ကျောင်းသားကလေး အောင်မြင့် သည် လည်းကောင်း ဟောပြောနေသည်ကို တွေ့ရပေ၏ ။ အောင်မြင့် က ကိုအောင်ကျော့် ခြေရာကို အဘယ့်ကြောင့် နင်းရမည်ဖြစ်ကြောင်း ရှင်းပြ၏ ။ မမြမြ က သူ့ကုပ် မှာ ပုလိပ်နံပါတ်တုတ် နှင့် အရိုက်ခံရခြင်းသည် လွတ်လပ်ရေးလုပ်ရာတွင် ဘွဲ့ထူးရခြင်း ဟု ယူဆကြောင်း ပလ္လင်ခံပြီး နုနယ်သော မိန်းကလေးများအား နံပါတ်တုတ်နှင့် ရိုက်ခြင်း ၊ မြင်းနှင့် တိုက်ခြင်းများ ပြုသော အစိုးရ သည် မိန်းကလေးများကိုပါ နိုင်ငံရေး မလုပ်လုပ်အောင် တွန်းပို့နေကြောင်းများ ရှင်းပြလေသည် ။ မသန်းညွန့် ကမူ လွတ်လပ်ရေးတိုက်ပွဲအကြောင်း ဟောလေ၏ ။

ဤကဲ့သို့သော ကျောင်းသားများအရေးကို တင်ပြသည့် တရားပွဲများသာမက ကျောင်းသားထု အစည်းအဝေးများကိုလည်း မကြာခဏ ကျင်းပကြသည် ။ ဖိနှိပ်ချုပ်ချယ်မှုများကို ရုပ်သိမ်းရန် ၊ ဖမ်းထားသော ခေါင်းဆောင်များကို လွှတ်ရန် ၊ စာမေးပွဲ ရွှေ့ဆိုင်းရန် ၊ အုပ်ချုပ်ရေး ဖျက်ရန် စသော တောင်းဆိုချက် များကို ဆုံးဖြတ်ကြလေသည် ။

တစ်ဖက်ကလည်း ကျောင်းသားများ ကျောင်းပြန်တက်စေရန် နည်းအမျိုးမျိုး သုံး၏ ။ ပဲခူး လို အရပ်၌ ကျောင်းဆရာကြီးများ ၊ မင်းတိုင်ပင်အမတ် နှင့် မြူနီစပယ်လူကြီးများ လက် မှတ်ထိုးပြီး မိဘများက သားသမီးအား ကျောင်းတက်ဖို့ နှိုးဆော်ပေးထိုက်ကြောင်း ကြေညာချက် ထုတ်ဝေကြလေသည် ။ တက္ကသိုလ်အာဏာပိုင်တို့ကမူ ကျောင်းသားများ သည် ကျောင်းတက် မလား ၊ မတက် ဘူးလား ၊ စာမေးပွဲ ဝင်မလား ၊ မဝင်ဘူးလား စသော မေးခွန်းများကို တိကျစွာ အဖြေပေးရမည်ဟု ဆိုကာ စာရင်းလိုက်ကောက်လေသည် ။ သို့သော် ဤနည်းကား မအောင်ခဲ့ချေ ။

များစွာသောနေရာတို့တွင် ကျောင်းဆရာများ ကိုယ်တိုင်က အတိအလင်း ကျောင်းသားများ၏ အရေးကို ထောက်ခံကြ၏ ။ ဇန်နဝါရီလ ၁၄ ရက်နေ့ ရွှေတိဂုံ လူထုအစည်းအဝေးပွဲတွင် မြို့မ ဆရာဟိန်း က “ တပည့်တွေလုပ်တာတွေကို အားပေးပြီး သပိတ်ကို ဆရာတွေက ထောက်ခံသင့်တယ် ၊ ယခုအခါမှာ နွားကလေးနို့ နွားမကြီးစို့ ဆိုသလို တပည့်များထံမှ လမ်းမှန်လုပ်နည်းကို သင်ကြားယူသင့်နေပြီ ” ဟု ပြောဆိုလေသည် ။

ရန်ကုန် မြို့မကျောင်းတွင် ကျောင်းသားမိဘများ အစည်းအဝေးတစ်ခု ကျင်းပပြီး ကျောင်းသူ ကျောင်းသားများ သပိတ်ကို ထောက်ခံကြောင်း အဆိုကို မြို့မဆရာဟိန် ကပင် တင်သွင်းလေသည် ။

ဇန်နဝါရီလ ၂၂  ရက်နေ့ တွင်ကား ထို့ထက်ကျယ်ပြန့်သော ရန်ကုန်မြို့လုံးဆိုင်ရာ ကျောင်းသား မိဘထု အစည်းအဝေး ကို ရွှေတိဂုံအလယ်ပစ္စယံမှာ ကျင်းပလေသည် ။ ဒီးဒုတ်ဦးဘချို က သဘာပတိ အဖြစ်ဖြင့် ဆောင်ရွက်၏ ။ ထိုအစည်းအဝေး သည် ကျောင်းသားများ ၏ အရေးတော်ပုံကို လုံးဝ ထောက်ခံလေသည် ။ ထူးခြားချက် မှာ ထိုအစည်းအဝေးတွင် အိန္ဒိယအမျိုးသား ကုန်သည်များ ၊ အယ်ဒီတာများ ၊ ရှေ့နေ ၊ ဝတ်လုံများ တက်ရောက်ကြပြီး ဗမာ့အရေးတော်ပုံကို ထောက်ခံကြလေရာ က̶̶ု̶̶လ̶̶ာ̶̶း̶ဗမာ သွေးစည်းတရားပွဲကြီး ဖြစ်သည် ။

သို့ကလို အရေးတော်ပုံဒီလှိုင်းက မြင့်သည်ထက် မြင့်တက်လာပြီး လူများတကာ ကျောင်းသားမိဘများက စိတ်ရောကိုယ်ပါ အားပေးနေကြချိန်တွင် ကျွန်တော့် အဖေ၏ သပိတ်ဖျက် ဩဝါဒကို ကျွန်တော်သည် ရှက်ခြင်း ဒေါသထွက်ခြင်း စသည်တို့ဖြင့် မခံယူဘဲ “ ဪ အဖေက နားမလည်ရှာလို့ကိုး ” ဟူသော တွက်ကိန်းဖြင့် ခံယူသည်မှာ အတော်တော်သေးသည်ဟုပင် ဆိုရပါမည် ။

ကျောင်းသား အရေးတော်ပုံဘက် မှ မားမားမတ်မတ် ဆောင်ရွက်ကြသော ကျောင်းဆရာများတွင် မခင်သစ် ၏ ဖခင် ဆရာဖေ လည်း ပါဝင်လေသည် ။ ကျောင်းဆရာများ အနေနှင့်လည်း သီခြားတောင်းဆိုချက် များ ထုတ်၍ ဆူပူလှုပ်ရှားရန် တစ်နည်းအားဖြင့်ဆိုသော် အရေးတော်ပုံကြီးတွင် ကျောင်းဆရာများလည်း ကိုယ်ထိလက်ရောက်ပါလာရန် ဆရာဖေ ခေါင်းဆောင်၍ စည်းရုံးလေသည် ။

ထို့ကြောင့် ဆရာများ၏ ကင်းဘဲလ် အစီရင်ခံစာ ကန့်ကွက်ရေး စသော အစည်းအဝေးများ ဖြစ်လာခဲ့လေသည် ။ မခင်သစ် ကား သူ့ကိုယ်တိုင်ကလည်း စိတ်အားထက်သန် ၊ မိဘများကလည်း အားပေးနေလေရာ အတွင်းဝန်ရုံးကြီးအနီး အရိုက်ခံရပြီးသည့်နောက် ပိုမိုတက်ကြွစွာ ပါဝင်လာသည်ကို တွေ့နေရလေသည် ။

တစ်ညတွင် ကျွန်တော်သည် မြို့မကျောင်း ကျောင်းသားသပိတ်ဌာနချုပ်မှာ အလုပ်လုပ်နေစဉ် တောသားနှင့် တူသော လူကြီးတစ်ယောက် သည် ကျွန်တော့်အား မေး၍ ဝင်လာလေသည် ။ သူသည် ချည်လုံချည်ခပ်ကြမ်းကြမ်းနှင့် သက္ကလပ်အင်္ကျီအနက်ကိုဝတ်၍ အမွေးပွ မျက်နှာသုတ် ပဝါကြီးကို ခေါင်းပေါင်းထားပေရာ တောမှ ရန်ကုန် ခဏလာသော လယ်သမားကြီးဖြစ်ကြောင်း သိနိုင်လေ၏ ။ သူက ကျွန်တော့်အား စာတစ်စောင်ကို ထုတ်ပေးလေသည် ။

ထွန်းကလေး

ကပ်ပြီး အကြောင်းကြားတယ်လို့လည်း မထင်နဲ့နော် ။ မတိုင်ပင်ဘဲ လုပ်သွားတယ် လို့လည်း စိတ်မခုနဲ့နော် ။

အဖေက လူလွှတ်ပြီးခေါ်လို့ မနက်ဖြန်မနက် သင်္ဘောနဲ့ အိမ်ပြန်ရတော့မယ် ။ ခု ထွန်းကလေး ဆီ စာလာပို့သူဟာ မြင့်ကြီး ရဲ့ ဦးလေးတော်သူပဲ ၊ သူနဲ့ ပြန်လိုက်ရမှာ ဖြစ်တယ် ။ ထွန်းကလေး မနက်ဖြန် မနက်ကို သင်္ဘောဆင်း နိုင်ရင်လည်း ဆင်းခဲ့ဖို့ပဲ ။ အလုပ်ရှိနေရင်လည်း မဆင်းခဲ့ပါနဲ့ကွယ် ။ အလုပ်ပို မပေးပါရစေနှင့် ။ ဦးလေး ဆီမှာပဲ စာတစ်ကြောင်း နှစ်ကြောင်းခြစ်ပြီး
မှာချင်တာ ပြောချင်တာတွေ ရေးပေးလိုက်ပါ ။ ဒီ လူကြီးဟာလေ ဦးလေး လည်း တော်တယ် ။ မြင့် ငယ်ငယ်ကလည်း ထိန်းကျောင်းလာသူ ဖြစ်တယ် ။ ခုလည်း မြင့် တို့ မြေတွေကို သူကိုယ်တိုင် ဦးစီးလုပ်နေတာ ။
                     မြင့်ကြီး

ထိုစာကို ဖတ်ပြီးနောက် ဦးလေး ဆိုသော လူကြီး အား ကျွန်တော် က ပြုံး၍ ခြေဆုံးခေါင်းဆုံး ကြည့်လိုက်သည် ။ လူကြီးကလည်း ရိုးသားစွာ ပြုံးပြီး -

“  ကဲ - ဘာ မှာလိုက်ဦးမလဲ ”

“ ကျွန်တော် နက်ဖြန်မနက် မှ သင်္ဘောဆင်းခဲ့ပါ့မယ် ” 

“ ဒါဖြင့် ကျုပ်သွားမယ် ”

“ ဟုတ်ကဲ့ခင်ဗျာ ၊ သပိတ်စခန်းဆိုတော့ ဦးလေးကို ဘာမှ ဧည့်ဝတ် မကျေနိုင်ဘူး ”

“ ကိစ္စ မရှိပါဘူးဗျာ ၊ ကျုပ်က သပိတ်ကို ထောက်ခံပါတယ် ” ဆိုပြီး ထွက်သွားလေသည် ။

ထိုနေ့ညတွင် များစွာ အလုပ်များပြီး ညဉ့်နက်သွားလေသည် ။ ထို့ကြောင့် အိပ်ရာထ နောက်ကျ သွားလေသည် ။ သင်္ဘောဆိပ်သို့ အပြေးအလွှား ဆင်းခဲ့၏ ။ သို့သော် တေ့လွဲကလေးဖြစ်ခဲ့ပြီး သင်္ဘောသည် ဆိပ်ကမ်းမှ ခွာစပြုနေလေပြီ ။

မျက်နှာကလေးကို မြင်ရလျှင် မြင်ရစေတော့ဟု ကမ်းစပ်သို့ အပြေးဆင်းခဲ့သည် ။ တဝုန်းဝုန်း ခတ်နေသော ရဟတ်နှင့် လှိုင်းလုံးကြီးများသည် တဒိတ်ဒိတ်ခုန်နေသော ကျွန်တော့ရင်တွင်းလှိုင်းများနှင့် ပြိုင်နေသလိုရှိသည် ။

တဒင်ဒင်မြည်နေသော ဆလင်၏ အချက်ပေးသံများ ၊ သင်္ဘောက̶̶ု̶̶လ̶̶ာ̶̶း̶ တို့၏ အချင်းချင်း လှမ်းကာ ဟစ်အော် ပြောဆိုနေသံများ ။ ထိုအသံတွေကို ကျော်လွှား၍ “ မမြင့်ဦး မမြင့်ဦး ”  ဟု အော်ခေါ် လို၏ ။ တဝူးဝူး ထွက်လာပြန်သော ဥဩသံကြီးက ပိတ်ပင်တားဆီးပစ်လိုက်၍သာ ဣန္နြေမဲ့စွာ ဟစ်အော်လိုသောဆန္ဒ ကျေပျောက်ခဲ့ရပေ၏ ။

သင်္ဘောပေါ်သို့ မျှော်ကြည့်လိုက်သည် ။ မမြင့်ဦး နှင့်တူသော သဏ္ဌာန်ကိုပင် မတွေ့မြင်ရ ။ အားမလိုအားမရ ဖြစ်လှ၏ ။ ဟိုလှမ်းကြည့် ဒီလှမ်းကြည့် လုပ်နေရင်း သူ့ဦးလေးဆိုသော လူကြီးကို မြင်လိုက်သည် ။ မနေ့ညက လာတဲ့ အတိုင်းပါပဲ ။ အင်္ကျီအနက် နှင့် မျက်နှာသုတ်ပုဝါ ခေါင်းပေါင်း ။ လူကြီးကလည်း ကျွန်တော့်အား မြင်လေပြီ ။ သူက “ နေဦး နေဦး ” ဆိုသော သဘောနှင့် လက်ပြပြီး အတွင်းသို့ ဝင်သွားလေသည် ။ မမြင့်ဦး အား သွားခေါ်တာဖြစ်လိမ့်မည် ။ ထိုအတွင်း သင်္ဘောကြီးသည် ရေစီးကို ကန့်လန့်ဖြတ်လိုက်ပြီး တစ်ဖက်သို့ ခေါင်းလှည့်နေလေပြီ ဖြစ်ရာ မမြင့်ဦး အား မြင်လိုက်ရန်ပင် မျှော်လင့်ချက် ဆုံးစပြုလာလေသည် ။ သို့သော် ကမ်းစပ်မှာ ရပ်လျက် သင်္ဘောဆီသို့ သဲသဲမဲမဲ ကြည့်မြဲကြည့်နေလေသည် ။ ဟိုက လာနေသည်မှာ မမြင့်ဦး မဟုတ်ပါလော ။

မမြင့်ဦး သည် လက်ရန်းကို ကိုင်လျက် ကျွန်တော့်အား ပြုံးပြလိုက်သည် ။ တကယ့်မျက်စိတွင် သူ့ ပါးချိုင့်ကြီးကို မမြင်နိုင်အောင် ကွာလှမ်းနေသော်လည်း သူ့အပြုံးနှင့် အမြဲတွဲနေသည့် ပါးချိုင့်ကို မြင်ယောင်မိလေသည် ။ ကျွန်တော်ကလည်း ပြုံးပြသည် ။ သို့သော် ကျွန်တော်တို့၏ အပြုံးများကား တာမရှည်ပါ ။ ဝေးဝေးသွားလေလေ ရင်လေးသွားလေဖြစ်သည် ။ မမြင့်ဦး နှင့် ကျွန်တော်သည် သမီးရည်းစား ဟုပင် အတိအကျ မဖြစ်ကြသေး ။ သို့သော် သွားအတူလာအတူ တပူးတွဲတွဲ နေကြသော မိတ်ဆွေများ အဖြစ်ဖြင့်ပင်လျှင် ခွဲခွာကြရစဉ် ဤမျှတော့ ဆွေးမည်ပင် ။

တော်တော်ကလေး ဝေးသွားတော့ ကျွန်တော်က လက်ယမ်းပြသည် ။ သူကလည်း လက်ယမ်းပြသည် ။ သည့်ထက်သည် ဝေးတော့ ကျွန်တော်က လက်ကိုင်ပုဝါ ယမ်းပြသည် ။ သူကလည်း လက်ကိုင်ပုဝါ ယမ်းပြသည် ။

သည်လိုနှင့် သင်္ဘောနောက်တွင် စင်ရော်ကလေးတွေ ဝဲသည်တိုင်အောင် ငေးကြည့်ကျန်ရစ်လေသည် ။ ကျွန်တော်သည်သင်္ဘောဆိပ်မှနေပြီး မြို့မ သပိတ်စခန်းသို့ မသွားဘဲ ရွှေတိဂုံကုန်းတော် သို့ သွားခဲ့သည် ။ တစ်လမ်းလုံး မမြင့်ဦး မျက်နှာကိုသာ မြင်ယောင်၍ မမြင့်ဦး နှင့် ခင်မင်ရင်းနှီးစွာ နေခဲ့သည်များကိုသာ စားမြုံ့ပြန်နေမိလေသည် ။ အရေးတော်ပုံနှင့်ပတ်သက်၍ မစဉ်းစားမိသော တစ်ခဏ ဟူ၍လည်း ဆိုနိုင်ပေသည် ။ အရေးတော်ပုံနှင့်ပတ်သက်၍ စဉ်းစားမိလျှင်လည်း မမြင့်ဦး နှင့် ပတ်သက်သမျှကိုသာ စဉ်းစားသည် ။ မမြင့်ဦး ခမျာ သူ့အဖေ ၏ ဩဇာကို မလွန်ဆန်နိုင်ရှာ၍ အိမ်သို့ ပြန်၍ ငြိမ်ငြိမ်နေရလေတော့မည် ။ အရေးတော်ပုံကို မေတ္တာပို့နိုင်သော်လည်း အရေးတော်ပုံနှင့် ခပ်ကင်းကင်း နေရရှာတော့မည် ။ မမြင့်ဦး ကို သနားလိုက်ပါဘိ ။ ကျွန်တော်ကတော့ အဖေဖျက်သော်လည်း အရေးတော်ပုံအတွက် အားမပျက် ။

ရွှေတိဂုံတောင်ဘက် တန်ဆောင်းခြေရင်းသို့ ရောက်သောအခါ အပေါ်သို့ မတက်သေးဘဲ ဟိုဟိုသည်သည် ကြည့်နေမိလေသည် ။

ယနေ့ ကုန်းတော်ပေါ်တွင် နိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးကွန်ဖရင့်ကြီး ကျင်းပလိမ့်မည် ။

ဗြုန်းဆို ကြွေးကြော်သံများအော်ဟစ်လာသော ဘတ်စ်ကားသုံးစီး ကျွန်တော့်ရှေ့သို့ ဆိုက်လာသည် ။ ကြွေးကြော်သံ အော်သူများမှာ အမျိုးသမီးများ ဖြစ်၏ ။

“ ထမင်းထုပ် ဘယ်လိုပို့မယ် ”

“ ရွက်လို့ပို့မယ် ”

“ ထမင်းထုပ် ဘယ်ကပို့တယ် ”

“ စက်ဆန်းက ပို့တယ် ”

စက်ဆန်းအမျိုးသမီးများ ဆင်းလာကြသောအခါ မမျှော်လင့်ဘဲ မခင်သစ် ကို သွားတွေ့လေသည် ။ မခင်သစ် ကား သူ့မူအတိုင်း အေးအေးကလေးပင် ။ သူ့ရင်ဘတ်မှာတော့ ကျွန်တော်ရောင်းခဲ့သည့် ရေနံမြေသပိတ်တပ် ရန်ပုံငွေ ရင်ထိုး ဓာတ်ပုံကလေး ။ အခြား အမျိုးသမီးတွေက အော်ကြဟစ်ကြ ။ မခင်သစ် ကလေးကတော့ ခပ်အေးအေးနှင့် စာရင်းစာရွက် တစ်ရွက်ကို ကြည့်နေသည် ။

“ ရေကျော် ကနေပြီး ဘယ့်နှယ့်လုပ် စက်ဆန်း က ပါလာသလဲ ”

ကျွန်တော်ကမေးတော့ ခပ်အေးအေးပင် သူကဖြေသည် ။

“ သစ်သစ် က စက်ဆန်း တာဝန်ကျတဲ့ ဟာကိုး ”

ကျွန်တော် သည် မခင်သစ် ကို စိတ်ထဲက ကျိတ်ပြီး ချီးကျူးမိသည် ။ မခင်သစ် လို အရေးတော်ပုံထဲမှာ အားတိုက်ခွန်တိုက် ပါဝင်ကြသော အမျိုးသမီးများအား ကြည်ညိုလေးစားမိလေသည် ။

မခင်သစ် နှင့် စက်ဆန်းအမျိုးသမီးများ ကောက်လာခဲ့သော ထမင်းထုပ်များကို အလယ်ပစ္စယံသို့ တင်ယူရန် လူအင်အား အပြည့်အစုံ ရှိပေ၏ ။ သို့သော် ကျွန်တော်ကား ကိုယ့်ဘာသာ လက်ချည်းသက်သက်ဖြင့် တက်မသွားနိုင် ၊ သူတို့ကို ဝိုင်းဝန်းကူညီလိုက်ပေသေး၏ ။ ယင်းသို့ ကူညီချက်ကို မခင်သစ် ကလေးက ပြုံးပြုံးကလေးကြည့်၍ အသိအမှတ် ပြုလိုက်ပေသည် ။

စက်ဆန်းအမျိုးသမီးများကား ဆင်းရဲသား လုပ်စားကိုင်စားထဲကသာ များဟန်တူသည် ။ သပိတ်မှောက် အလုပ်သမား ၊ သပိတ်မှောက် ဘတ်စ်ကားသမားများ ၏ မယားများ နှင့် နှမများ ဖြစ်ဟန်တူသည် ။ တစ်ယောက်သော မိန်းမကြီးကို ကျွန်တော် မြင်ဖူးသည်ထင်၍ သေသေချာချာ ကြည့်မိသည် ။ ဝဝတုတ်တုတ်ကြီးဖြစ်ရာ စဉ့်အိုး နှင့် ပုံသဏ္ဌာန်တူသည် ။ ထမင်းထုပ်တောင်း တစ်ခုကို ရွက်၍ တအိအိ ကုန်းတော်ပေါ်သို့ တက်နေသည်ကို နောက်ကကြည့်လိုက်ရာ “ မင့်အမေ တင်ပါးဆုံကြီး ၊ ခန်းဝကဆီး ” ဆိုတာကိုသာ သတိရမိတော့၏ ။ သူ့အား ကျော်တက်ပြီး ရှေ့ကနေ လှည့်ကြည့်ပြန်၏ ။ လူကောင်ကြီး ကြီးသလောက် မျက်နှာက နုသည် ။ သွားက ခေါရသည့်အထဲ ဟောဟဲ လိုက်အောင် မောနေသဖြင့် သွားများမှာ ထင်းနေအောင် ပေါ်နေလေသည် ။ မျက်နှာကို သေသေချာချာ ကြည့်ရတော့မှ သူ့အား ရုပ်ရှင်ထဲမှာ ဆိုက်ပက်အဖြစ် မြင်ဖူးသည်ကို သတိရလေသည် ။

ကန်တိုမင်း ဘက်သို့ မျက်နှာမူနေသော အလယ်ပစ္စယံကား အစည်းအဝေးကျင်းပရာ နေရာပေတည်း ။

သည်နေရာမှာ ကျောင်းသားထု အစည်းအဝေးလည်း ကျင်းပခဲ့၏ ။ ကျောင်းသားမိဘများ အစည်းအဝေးလည်း လုပ်ခဲ့၏ ။ ရေနံသပိတ်တပ်များ ကို ဆိုက်ရောက်လာသောအခါ ရန်ကုန် တစ်ဝိုက်ရှိ အလုပ်သမားသပိတ်များနှင့် ပူးပေါင်း၍ လုပ်သားထု စည်းဝေးပွဲကြီးလည်း ဖြစ်ခဲ့ပြီ ။ ပဲခူး ၊ သထုံ ၊ သာယာဝတီ စသည်တို့မှ ချီတက်လာသော တောင်သူလယ်သမားထု နှင့် အရပ်ရပ်မှ လွှတ်လိုက်သော တောင်သူလယ်သမား ကိုယ်စားလှယ်များ တက်ရောက်သော ပထမဆုံး ပြည်လုံးကျွတ် ညီလာခံကြီးလည်း ခေါ်ခဲ့ပြီ ။

ထိုနေ့က ကျင်းပလိုက်သော ဗမာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအစည်းအဝေးကြီးမှာ ဖော်ပြခဲ့သော အစည်းအဝေးများ၏ အထွတ်အထိပ်နှင့် တူပေသည် ။

လူတန်းစားပေါင်းစုံ တက်ရောက်ကြ၏ ။ အလုပ်သမား ၊ တောင်သူလယ်သမား ၊ ကျောင်းသားများ အပြင် ရှေ့နေရှေ့ရပ် ၊ စာရေးစာချီ ၊ ကုန်သည်ပွဲစား ၊ ကျောင်းဆရာ ၊ ကျောင်းသားမိဘ စသည်များလည်း တက်ရောက်ကြလေသည် ။ တို့ဗမာ သခင်ခေါင်းဆောင်များနှင့် ကျောင်းသားခေါင်းဆောင် များကို သာမက ညွန့်ပေါင်းအစိုးရပါတီ မှ နုတ်ထွက်ခဲ့ကြသော အမတ်အချို့ကိုလည်း တွေ့ရလေသည် ။

ကျွန်တော်တို့သည် ဤမျှ များပြားစည်ကားလှသော လူထုကို ရှေးက မမြင်ခဲ့ဖူးပေ ။ ထို့ကြောင့် ကျွန်တော်တို့အားလုံး တက်ကြွနေကြပေ၏ ။ “ သခင်မျိုးဟေ့ တို့ဗမာ ၊ သူပုန် သူပုန် ထထ ၊ အုပ်ချုပ်ရေး ဖျက်ဖျက် ၊ အရေးတော်ပုံ အောင်ပါစေ ” စသော ကြွေးကြော်သံများကား ဆူညံနေပေ၏ ။

ကျွန်တော်တို့ ကျောင်းသားကိုယ်စားလှယ်များအား တစ်နေရာ သီးသန့်ပေးထားရာ ကျွန်တော်လည်း ကိုယ်စားလှယ်တစ်ဦးအဖြစ်ဖြင့် တက်ရောက်ရပေသည် ။

အစည်းအဝေးတွင် သဘာပတိအဖြစ်ဖြင့် သခင်မြ ၊အတွင်းရေးမှူး အဖြစ် သခင်လေးမောင် တို့က ဆောင်ရွက်လေသည် ။

ပထမဦးဆုံး အဆိုမှာ ၁၉၃၅ ခု ၊ အုပ်ချုပ်ရေးဥပဒေ ကို လက်မခံကြောင်းဖြစ်သည် ။ ထိုမျှမက ဗမာ ပြည်သူတို့၏ တကယ့်ကိုယ်စားလှယ်များက မပြုလုပ်ရဘဲ ဘိလပ်ပါလီမန် မှ ဗမာပြည်အတွက် ပြုလုပ်ပေးအပ်သော အုပ်ချုပ်ရေးဥပဒေ ဟူသမျှကို ကန့်ကွက်လေသည် ။ အဆိုနှစ်မှာ ညွန့်ပေါင်း အစိုးရကို ဖြုတ်ချရန်နှင့် နောက်ထပ် ဘယ်သူကမျှ ရာထူးဝင်မယူနိုင်အောင် လုပ်ရန် ဖြစ်လေသည် ။ ၎င်းနောက် ဗြိတိသျှကုန်ပစ္စည်းများကို သပိတ်မှောက်ရေး ၊ အလုပ်သမား အထွေထွေသပိတ်ကြီး ကြေညာရေး ၊ အလုပ်သမား နှင့် တောင်သူလယ်သမား တို့၏ တောင်းဆိုချက် များကို ပြည်ဝအောင် ဆောင်ရွက်ရေး စသည်များကို ဆုံးဖြတ်လေသည် ။ ထိုဆုံးဖြတ်ချက် များကို အကောင်အထည်ဖော်နိုင်ရန် တောင်သူလယ်သမားအစည်းအရုံး ၊ အလုပ်သမားသမဂ္ဂ ၊ ကျောင်းသားများသမဂ္ဂ စသည်များကို အလုပ်သမား ၊တောင်သူလယ်သမား နှင့် ကျောင်းသား တို့သည် အပြန်အလှန် အကူအညီပေး၍ စည်းရုံးသွားကြရန် ဆုံးဖြတ်လေသည် ။ အမျီုးသမီးများ ရဟန်းတော်များ အားလည်း စည်းရုံးရန် လက်ရုံးတပ်များလည်း ဖွဲ့ရန်ဖြစ်သည် ။

နောက်အဆိုတစ်ရပ်မှာ နယ်ချဲ့စနစ် သည် စစ်ဖြစ်စေကြောင်း ၊ ဗမာပြည်သူတို့သည် နယ်ချဲ့ စနစ်ကို ဆန့်ကျင်ရေးလုပ်ပြီး စစ်ကို တားဆီးရမည်ဖြစ်ကြောင်း ၊ နယ်ချဲ့စစ်ပွဲဖြစ်လာကာ နယ်ချဲ့စစ်ကို ပြည်တွင်းစစ်သို့ ပြောင်းလုပ်ပစ်ရမည်ဖြစ်ကြောင်း ၊ ကမ္ဘာ့ပစ္စည်းမဲ့အားလုံး ၏ အင်အားဖြင့် ပစ္စည်းမဲ့သူပုန်ကြီးဖြစ်အောင် လုပ်ရမည်ဖြစ်ကြောင်း ညွှန်ကြားလေသည် ။

သေရည်သေရက် နှင့် လောင်းကစား ပိတ်ပင်ရေး ၊ အသက်မွေးဝမ်းကျောင်း သခင်ပညာရေး စသည် များလည်း ပါသေး၏ ။

ထို အစည်းအဝေးကြီးတွင် ဒဂုံဆရာတင် အဖွဲ့ နှင့် စိန်ပါတီ အဖွဲ့ က ပူးပေါင်း၍ အာဇာနည် ဗိုလ်အောင်ကျော် သီချင်းကို သီဆိုကြလေသည် ။

အစည်းအဝေးကြီး ပြီးဆုံးသောအခါ မခင်သစ် ကလေးအား တွေ့မြင်နိုးနှင့် ဟိုဟိုသည်သည် ကြည့်မိတော့သည် ။ မခင်သစ် ကလေးကား အစည်းအဝေးပြီးဆုံးသည်အထိ နားမထောင်ဘဲ ပြန်သွားဟန် ရှိလေသည် ။

ကျွန်တော် နှင့် ကိုအေးငွေ သည် တက္ကသိုလ်သမဂ္ဂသို့ သွားကြရန် ရှိလေသည် ။ ရင်ပြင်ပေါ်သို့ ရှေးဦးစွာ တက်ကြ၏ ။ ညနေစောင်း ဝင်ခါနီးနေမင်း၏ ရောင်ခြည်တွင် စေတီတော်ကြီးသည် ရွှေရောင်တဖိတ်ဖိတ်နှင့် နေလေ၏ ။ နေ့ခင်းက လူပါးနေခဲ့သော ရင်ပြင်တော်ပေါ်တွင် ပန်းစည်း ၊ ဖယောင်းတိုင် စသည်တို့ကို ကိုင်ဆောင်လာသော ကျားမပျိုအိုတို့ သည် အေးဆေးစွာ လှည့်သွားနေကြလေပြီ ။

ကျွန်တော်တို့ရှေ့ ခပ်လှမ်းလှမ်းတွင် အဒေါ်ကြီးတစ်ယောက် နှင့် သူငယ်မကလေး တစ်ယောက် လျှောက်သွားနေသည်ကို ရိပ်ခနဲ မြင်လိုက်လေရာ အဒေါ်ကြီး မှာ မခင်သစ် ၏ အမေ နှင့် တူလှသည်ဟု ကျွန်တော် ထင်မိလေသည် ။ သူငယ်မကလေးကလည်း မခင်သစ် ၏ အရွယ်နှင့် ကိုယ်လုံးကိုယ်ပေါက်ပင် ဖြစ်၏ ။ သို့ရာတွင် ဆင်ယင်ထုံးဖွဲ့ပုံမှာ မခင်သစ် နှင့် လုံးဝ မတူ ။ မခင်သစ် က ဆံထောက်နှင့် ၊ ထိုသူငယ်မက ဖဲပြားကြိုးစည်းထားသော ကျစ်ဆံမြီးနှင့် ။ မခင်သစ် က အင်္ကျီ ခပ်ထူထူ ဝတ်လေ့ရှိသည် ၊ ထိုသူငယ်မက အင်္ကျီပါးလွှာ ပဒုမ္မာနှင့် ။

“ ကိုအေးငွေ ”

“ ဘာလဲ ရဲဘော် ”

“ ဟိုရှေ့မှာ ကျွန်တော့် အသိတွေလား ဟုတ် မဟုတ် လိုက်ကြည့်ချင်တယ် ”

“ လိုက်လေ ၊ ဘယ်လို အသိလဲ ၊ ရိုးရိုးလား ဆန်းဆန်းလား ”

“ ရိုးရိုးပါဗျာ စေတနာ အင်မတန်ကောင်းတဲ့ ကျွန်တော်တို့ အရေးတော်ပုံတပ်သား အသိတွေမို့ပါ ”

“ လိုက်ပါ ရဲဘော် ၊ ရိုးရိုး ဆန်းဆန်း ကိုယ်ကတော့ အားပေးမယ့်ဘက်ကချည်းပဲ ”

အမှန်မှာ ကျွန်တော်တို့သည် ဗဟန်းဘက်တန်ဆောင်းသို့ ရောက်လုပြီဖြစ်၍ ဆင်းကြရတော့မည် ။ ဗဟန်းဘက် ဆင်း၍ ကောလိပ်သို့ ဘတ်စ်ကားစီးကြရမည် ။ သို့သော် မခင်သစ် တို့ သားအမိဟု ထင်ရသော မိန်းမကြီး နှင့် သူငယ်မနောက်သို့ အတော်ကြာ လိုက်နေကြရလေသေးသည် ။ မှီလာသောအခါ မခင်သစ် တို့ သားအမိ မဟုတ်သည်ကို တွေ့ရတော့ ကျွန်တော့်မှာ ရင်ထဲ၌ ဟာခနဲ ဖြစ်သွားပြီး ပါးစပ်ကလည်း ဟီးခနဲပင် သက်ပြင်းချမိပါတော့သည် ။ ကိုအေးငွေ က ပြုံးတုံးတုံး လုပ်ပြီး -

“ မထူးပါဘူး ရဲဘော်တင်ထွန်း ရာ ၊ အသိမဟုတ်လည်း အသိဖွဲ့ကြရင် မကောင်းဘူးလား ၊ သူငယ်မလေးကလည်း ခေတ်ဆန်ဆန် ယဉ်စစနဲ့ အသိဖွဲ့ချင် စရာလေး ၊ အဒေါ်ကြီး ကလည်း ဖော်ရွေပျူငှာဟန် ရှိတယ် ၊ ကဲ ဘယ့်နှယ့်လဲ ”

“ ဟာ မလုပ်ပါနဲ့ဗျာ ၊ ဗဟန်းတန်ဆောင်းဘက် လှည့်ပြန်ကြပါစို့ရဲ့ ”

ပြောပြောဆိုဆို ကျွန်တော်က နောက်ပြန် လှည့်လေသည် ။ ကိုအေးငွေ ကား ပြန်မလှည့်ဘဲ နောက်တီးနောက်တောက် အမူအရာနှင့် အဒေါ်ကြီး သားအမိနောက်သို့ လေးငါးလှမ်း လိုက်နေသေး၏ ။ နောက် မှ ပြန်လှည့်ကာ ကျွန်တော့်နောက်သို့ ပါလာခဲ့လေသည် ။

ဗဟန်း ဘက်သို့ ဆင်းကြရာ ကျွန်တော်တို့ရှေ့တွင် လူကြီးနှစ်ယောက် စကားတပြောပြောနှင့် ဆင်းနေသည်ကို တွေ့ရလေသည် ။ နှစ်ယောက်စလုံးမှာ ပင်နီအင်္ကျီ ၊ ဖျင်ကြမ်းလုံချည်များနှင့်ဖြစ်၍ အကြီးမှာ ဝါးဖတ်ဦးထုပ်ကြီးကို ဆောင်းထားသည် ။ ညနေကစောင်း ၊ ဘုရားစောင်းတန်းတွင်လည်း ဖြစ်ပြန်ရာ ဝါးဖတ်ဦးထုပ်ကြီး ဆောင်းထားခြင်းမှာ သခင် ဖြစ်ကြောင်း ဆိုင်းဘုတ်တင်ခြင်းသာ ဖြစ်သည်ဟု ထင်စရာ ရှိတော့သည် ။ အငယ်ကား ခေါင်းဝတ်တန်ဆာ မပါ ။ ဆံပင်မှာ ကြွက်သိုက်လို ဖွာနေသည် ။

သူတို့သည် စကားပြောရာတွင် အလွန်အကျွံ စိတ်ပါဝင်စားနေကြသဖြင့် ပေလော ၊ နောက်က လူများ ပါလာသော်လည်း ဂရုမစိုက် ပြောချင်ရာပြောမည် ဟူ၍ သဘောထားသဖြင့်ပေလော မသိရ ။ သူတို့ပြောစကားများကို ကျွန်တော် ကြားနေရလေသည် ။ ကျွန်တော်တို့ကလည်း ကျောင်းသား ဟူသော စကား ၊ သခင် ဟူသော စကားများကို သူတို့ထံမှ များများကြားနေရသဖြင့် လုံးစေ့ပတ်စေ့ကြားရအောင် နားစိုက် မိလေတော့သည် ။

ဝါးဖတ်ဦးထုပ် နှင့် လူကြီး က -

“ ငါဖြင့် ဌာနချုပ် အလုပ်အမှုဆောင်မှာ သခင်နု ၊ သခင်အောင်ဆန်း ၊ သခင်လှဖေ တို့လူစု ဝင်စီးတာ နည်းနည်းမှ သဘောမကျဘူး ။ ကောလိပ်ကျောင်းသား သခင်တွေဟာ တကယ်ရေရှည်ကျတော့ တို့ သခင်လက်ဟောင်းတွေလို ဇွဲကောင်းကြမှာ မဟုတ်ဘူး ။ တို့လောက်လည်း အနစ်နာ ခံမှာ မဟုတ်ဖူး ။ ပညာတတ် ကလေးတွေဆိုတော့ လတ်လျားလတ်လျားနဲ့ ပြီးမှာပဲ ”

ဆံပင်စုတ်ဖွား နှင့် သခင် က -

“ ဟုတ်တယ် ၊ အင်္ဂလိပ်ပညာတတ် သခင်တွေဟာ အောက်သက် မကျေဘဲ ဗြုန်းခနဲ ဌာနချုပ် အလုပ်အမှုဆောင် တက်လုပ်ကြတာ မကောင်းဘူး ၊ စနစ် မကျဘူး ။ ဘီအေ သခင်တွေထဲ ကျုပ် အမုန်းဆုံး ကတော့ တက်ဘုန်းကြီး သိန်းဖေ ပဲ ။ ဒီကောင်က ပိုပြီး ဆောင့်ကြွားကြွား နိုင်သေးတယ် ။ သူ့ ကိုယ်သူလည်း သိပ် အထင်ကြီးတယ် ၊ ကျုပ်တို့ သခင်လက်ဟောင်းတွေကိုလည်း သူက အထင် သေးတယ် ။ သူက အစည်းအဝေးတစ်ခုမှာ ကျုပ်တို့ သခင်လက်ဟောင်းတွေကို ကျောင်းသား ကလေးတွေလောက် မှ စည်းကမ်း မရှိဘူး ဘာညာနဲ့ ဝေဖန်တယ်ဆို မဟုတ်လား ”

“ တစ်နေ့တော့ တို့ ရန်ကုန်စီရင်စု တို့ဗမာအစည်းအရုံးအနေ နဲ့ သူ့ကို အရေးယူရမှာပဲ ။ ဒါ့ထက် အင်္ဂလိပ် အထက်တန်းပညာတတ် သခင်တွေချင်း အတူတူ သခင်သန်းထွန်း တစ်ယောက်ကတော့ အတော်သားပဲ ၊ ပေါင်းသင်းဆက်ဆံရေး ကောင်းတယ် ၊ အလုပ်လည်း သိပ်လုပ်တာပဲ ”

“ ဟုတ်တယ် ၊ သခင်သန်းထွန်း က ပေါင်းသင်းဆက်ဆံရေး ကောင်းတယ် ၊ ဟိုလူတွေလို ဘုကောင် မဟုတ်ဘူး ။ ကဲ ရေတာရှည် လမ်းထဲ ဝင်ကြဦးစို့ရဲ့ ၊ သခင်မကြီး မသန်းကြည် က ဒီနေ့ညစာ ဝင်စားဖို့ ဖိတ်ထားတယ် ၊ သခင်ဖိုးထိန် လည်း လိုက်ခဲ့ဗျာ ”

“ ကောင်းတာပေါ့လေ ၊ ခု ဆာချိန်ပဲ သခင်စိန်းမောင် ရဲ့ ”

သခင်လက်ဟောင်းများ ဖြစ်သော သခင်ဖိုးထိန် နှင့် သခင်စိန်မောင် တို့သည် သခင်မကြီး မသန်းကြည် အိမ်သို့ ညစာစားရန် ဘယ်ဘက်ချိုးကြလေသည် ။ ကျွန်တော်တို့ကား ရှေ့သို့ တည့်တည့် လျှောက်ခဲ့ကြလေ၏ ။

“ ဘယ့်နှယ့် ကိုအေးငွေ ကြားလိုက်လား ၊ သခင်ဟောင်းကြီးတွေရဲ့ သဘောထားက မကောင်းလှ ဘူးဗျ ”

“ ကြားတဲ့အတိုင်းပဲ ကိုတင်ထွန်း ၊ သူတို့က ကိုယ်တို့ ကောလိပ်ကျောင်းထွက် သခင်သစ်တွေကို အထင်သေးနေကြတယ် ”

“ အထင်သေးရုံ မကဘူး ၊ မလိုလားကြဘူး ၊ သွေးသစ်သားသစ်လောင်းလို့ အားကောင်းလာတယ်လို့ မယူဆဘဲ ကိုကြီးနု တို့ လူစု ဗဟိုအလုပ်အမှုဆောင် ဝင်တာကိုပဲ မှားတယ် ထင်နေကြတယ် ”

“ သူတို့ပြောတဲ့ စကားတွေက သခင်ဗစိန် တို့ ထုတ်တဲ့ သခင်နေ့စဉ်ထဲက စကားတွေနဲ့ ထပ်တူ ကျနေတယ် ရဲဘော်တင်ထွန်း ရေ ”

“ ကဲလေ သူတို့ ဘာပြောပြော ခုအခါမှာ ညီညွတ်ရေးဟာ အဓိကပဲဗျာ ၊ သူတို့ ပြောတဲ့စကားတွေ ထားလိုက်ကြပါစို့ ”

ကျွန်တော်တို့သည် ကောလိပ်ဘတ်စ်ကားပေါ်သို့ တက်ခဲ့ကြလေသည် ။

တက္ကသိုလ်သမဂ္ဂတိုက် သို့ ရောက်သောအခါ ကိုသိန်းအောင် ၊ ကိုအေးကျော် ၊ ကိုထွန်းရှိန် စသော ကျောင်းသားခေါင်းဆောင်များ ရောက်နေနှင့်ကြပြီကို တွေ့ရလေသည် ။ သူတို့သည် ပရိုက်ဗိတ် တက္ကစီ မောရစ်ကားကလေးတစ်စီး ငှားထားသောကြောင့် ကျွန်တော်တို့အရင် ရောက်နှင့်ကြခြင်းဖြစ်ပေ၏ ။

သမဂ္ဂတိုက်သို့ ရောက်ပြီး အပေါ်ထပ်သို့ တက် မည်ပြုနေကြစဉ် ကိုအေးငွေ က ကျွန်တော့် ပုခုံးကို ကိုင်ဆွဲလိုက်ပြီး -

“ အိုင်ဆေး ရဲဘော်တင်ထွန်း ၊ ကိုယ်တို့ ညစာ မစားကြရသေးဘူး ”

“ ဟုတ်တယ် ၊ ကျွန်တော်တော့ အိမ်ပြန်စားချိန်လည်း မရှိတော့ဘူး ”

“ လာ ဆိုင်မှာ စားကြရအောင် ”

“ ကျွန်တော့်မှာ ကိုယ်ပိုင်ပိုက်ဆံ တစ်ပြားမှ မရှိဘူး ၊ ခင်ဗျားမှာ ရှိသလား ”

“ မရှိဘူး ၊ ရဲဘော်တင်ထွန်း မှာ ရန်ပုံငွေပိုက်ဆံ ရှိတယ် မဟုတ်လား ”

“ အဲ - ဒါတော့ ရှိတယ်လေ ”

ကျွန်တော်ကား ရန်ပုံငွေပိုက်ဆံနှင့် ထမင်းဝယ် စားထိုက် မစားထိုက် နှောင့်နှေး တွေဝေနေသေးသည် ။ ကိုအေးငွေ က ပခုံးကို ဆွဲကိုင်၍ ခေါ်ပြီး -

“ လာပါရဲဘော်ရာ ၊ အဲဒါနဲ့ပဲ စားကြမယ် ၊ အလွဲသုံးစားလုပ်ရာ မရောက်ပါဘူး ။ ခုနေအခါ ကိုယ်တို့ဟာ အများနဲ့ပတ်သက်တဲ့အလုပ်ကို အချိန်ရှိသရွေ့ လုပ်နေကြတာပဲ ၊ အများအလှူငွေ ထဲက ဝယ်စားတာဟာ တရားပါတယ် ”

ကျွန်တော် သဘောတူလေသည် ။ ထမင်းဟင်း ကောင်းကောင်း မှာ၍ စားကြလေသည် ။

နှစ်ယောက်သား စားကြခါစမှာ ဘာမျှ မပြောနိုင်ကြ ။ ထမင်းဆာဆာ စားရတုန်း မြိန်လှသည်နှင့် ကုန်းလွေးနေကြသည် ။ တစ်ဝက်ကျော်စားပြီးတော့ ကိုအေးငွေ က ဆီပေကျံနေသော နှုတ်ခမ်းများကို လက်သုတ်ပါဝါဖြင့် သုတ်ရင်း စကားစလေသည် ။

“ ကျောင်းသားခေါင်းဆောင်တွေထဲ မှာ သဘောကွဲလွဲချက် နည်းနည်း ပေါ်နေတယ် ”

ကျွန်တော် က အောင်မြင်နေသည်ကိုသာ ကြားချင်၍ ဆုံးရှုံးသည်ဟုဆိုလျှင် နားမထောင်ဝံ့သူ ဖြစ်သည် ။ ညီညွတ်နေကြသည်ကိုသာ ကြားချင်၍ ကွဲလွဲသည်ဆိုလျှင် နားမထောင်ဝံ့သူဖြစ်သည် ။ ကိုအေးငွေ က ကွဲလွဲမှုကို ဆက်ပြောမှာကိုပင် စိုးရိမ်သလို ရှိနေသည် ။ ထို့ကြောင့် ဘာမျှမပြောဘဲ ထမင်းကိုသာ စားနေလိုက်သည် ။ ကိုအေးငွေ က ဆက်ပြန်၏ ။

“ ကွဲလွဲတယ် ဆိုတာက သဘောအယူအဆ ကွဲတာလောက်ပါပဲ ။ တချို့က ကျောင်းသားအနေနဲ့ ဒီနေ့ဆုံးဖြတ်တဲ့ အုပ်ချုပ်ရေး တိုက်ဖျက်ရေး လုပ်ငန်းတွေ ၊ ဗြိတိသျှ ကုန်ပစ္စည်း သပိတ်မှောက် လုပ်ငန်းတွေ စတဲ့ နိုင်ငံရေးတိုက်ပွဲတွေမှာ ရှေ့တန်းက မပါထိုက်ဘူးလို့ ယူဆကြတယ် ။ ကျောင်းသားတွေရဲ့ သီးသန့်တောင်းဆိုချက်တွေ ၊ ဖိနှိပ်ချုပ်ချယ်မှု ကန့်ကွက်ရေးတွေမှာ လောက်သာ ကန့်သတ်ပြီး ကျောင်းသားတိုက်ပွဲတွေ ဆက်သွားဖို့ လိုလားကြတယ် ။ နိုင်ငံရေးတိုက်ပွဲတွေ ကိုတော့ သခင်များ ၊ အလုပ်သမားများ နဲ့ တောင်သူလယ်သမား တွေက ခေါင်းဆောင်ပြီး လုပ်သွား စေချင်ကြတယ် ။ အိုင်ဆေး ကြက်သွန်ချဉ် ထပ်တောင်းပါဦး ”

ကိုအေးငွေ သည် ပါးစပ်ထဲသို့ ထမင်းတစ်လုတ် သွတ်သွင်းနေလေသည် ။ ကျွန်တော် က ဘွိုင်ကို ခေါ်ပြီး ကြက်သွန်ချဉ် တောင်းသည် ။

“ တချို့ကတော့ ကျောင်းသားတွေအားလုံး နိုင်ငံရေးတိုက်ပွဲထဲ ခြေစုံပစ်ဝင်ဖို့ လိုလားတယ် ။ ကျောင်းပြန်တက်တာတို့ ၊ သပိတ် ပြန်လှန်တာတို့ ၊ ပညာပြန်သင်တာတို့ မတွေးရတော့ဘူး ၊ သခင် ခေါင်းဆောင်တွေထဲမှာတော့ များသောအားဖြင့် ကျောင်းသားတွေဟာ နောက်ပြန် လှည့်မကြည့်ဘဲ နိုင်ငံရေးတိုက်ပွဲထဲ ခြေစုံပစ်ဝင်ဖို့ လိုလားကြတယ် ၊ အပြင်းထန်ဆုံးကတော့ သခင်နု ပေါ့ ။ တက်ဘုန်းကြီး ကိုသိန်းဖေ ကတော့ ကျောင်းသားခေါင်းဆောင်အများနဲ့ အတူတူပဲ ။ ကျောင်းသားတွေ အနေနဲ့ အုပ်ချုပ်ရေးတိုက်ဖျက်ရေး တိုက်ပွဲ ၊ ဗြိတိသျှကုန် သပိတ်မှောက်ရေးတိုက်ပွဲ စတဲ့ တိုက်ပွဲတွေမှာ ရှေ့တန်းက မပါသင့်ဘူး ထင်နေတယ်တဲ့ ”

ကျွန်တော်ကား အစက သဘောကွဲလွဲမှု ဆိုသဖြင့် မကြားဝံ့သလို ရှိခဲ့သော်လည်း ကိုအေးငွေ ချပြသော သဘောကွဲလွဲမှုများတွင် စိတ်ဝင်စားလာသည် ။

“ ကျောင်းသားတွေဟာ သပိတ်ပြန်လှန်ဖို့တွေ ၊ ပညာပြန်သင်ဖို့တွေ မစဉ်းစားရတော့ဘဲ ခြေစုံပစ်ပြီး နိုင်ငံရေးတိုက်ပွဲထဲ ဝင်ရမယ်ဆိုတာ ဖြစ်နိုင်ပါ့မလား ကိုအေးငွေ ”

ကိုအေးငွေ ကား အသားတုံးကို ဝါးချေမပြီးသေးသဖြင့် ပြီးအောင်ဝါးပြီး နောက် မှ -

“ ဒါကတော့ ဒီအရေးတော်ပုံဟာ ဘယ်ထိသွားကြမယ်ဆိုတာမှာ တည်တယ် ကိုယ့်လူ ။ အဆုံးသတ် လွတ်လပ်ရေးတိုက်ပွဲထိ ရောက်မလား ၊ မရောက်ဘူးလားဆိုတာ အကုန်ခြုံပြီး စဉ်းစားရမှာပဲ ”

“ သခင်အောင်ဆန်း ရဲ့ သဘောကတော့ ဘယ်လိုတဲ့လဲဗျ ”

“ ကျွန်တော်လည်း မဆုံးဖြတ်တတ်သေးဘူးဗျာ ၊ သခင်အောင်ဆန်း ပြောသလို ကျကျနန စဉ်စားပြီး စုံစုံညီညီ ဆွေးနွေးဖို့လိုမယ် ထင်တယ် ”

“ အင်း ဒီပြဿနာတွေကို ကနေ့ည ဥက္ကဌအခန်းထဲမှာ သခင်ခေါင်းဆောင် အချို့ရယ် ၊ ကျောင်းသားခေါင်းဆောင်တွေရယ် ဆွေးနွေးကြလိမ့်မယ် ”

ကိုအေးငွေ ကား နောက်ဆုံး ထမင်းလုတ်ကို သွင်းပြီးသွားလေပြီ ။ ကျွန်တော်က ကိုအေးငွေ တင်ပြသည့် ပြဿနာများကို တွေးတောရင်း ဆိတ်ငြိမ်စွာ စားနေလေသည် ။ အတန်ကြာ၍ ပြီးသောအခါ -

“ အေးလေဗျာ ၊ ဒီကိစ္စတွေမှာ ကျုပ်တို့ကတော့ အထွေအထူး မစဉ်းစားတတ်ပါဘူး ။ တစ်သဘောတည်း တညီတညွတ်တည်း ရှိကြရင် ပြီးတာပါပဲ ”

ကျွန်တော်တို့ ထခဲ့ကြသည် ။ အပေါ်ထပ်မှာ မီးတွေ ထိန်လင်းနေလေပြီ ။ လူတွေလည်း တစ်စုပြီး တစ်စု ရောက်လာ၏ ။ ရှစ်နာရီလောက်တွင် ဥက္ကဌ ခန်း၌ သခင်ခေါင်းဆောင်အချို့ နှင့် ကျောင်းသားခေါင်းဆောင်များ စည်းဝေးကြ၏ ။ ဖော်ပြပါ ပြဿနာများကို အတော်ကြာ ဆွေးနွေးကြ၏ ။ တိုးတိုးပြောလိုက် ကျယ်ကျယ်ပြောလိုက် အေးအေးလေသံ ဒေါပွပွလေသံ အကြိတ်အနယ် ဖြစ်ကြသည် ။ ညဉ့်နက်၍ လူစုသာ ခွဲရသည် ၊ တိကျသော အဖြေကား မပေါ်လာ ။ သို့သော် ဘာပဲဖြစ်ဖြစ် လက်ရှိအခြေအနေအရ တိုက်ပွဲကိုကား ဘယ်နည်းနှင့်မျှ ရပ်၍ မရသေး ။ လုပ်စရာရှိတာကို ဆက်လက် လုပ်ကြရမည်သာ ဖြစ်ပေသည် ။ အရေးတော်ပုံသည် စက်ကုန် မောင်းနေတုန်း ဖြစ်၏ ။ ထို့ကြောင့် ခေါင်းဆောင်ပိုင်းက သဘောကွဲလွဲမှုကလေးများသည် အရေးတော်ပုံလူထု လက်တွေ့လုပ်ငန်းများကြားတွင် ငုံ့လျှိုးနေခဲ့လေသည် ။

◾သိန်းဖေမြင့်

📖 အရှေ့ကနေဝန်းထွက်သည့်ပမာ

koaungnaingoo.blogspot.com

.

Sunday, September 26, 2021

ပီယဝါစာ ကျလိ ကျလိ


 

❝  ပီယဝါစာ ကျလိ ကျလိ ❞

အလို ... ဘာလိုလိုနဲ့ စာကလေးတွေ သားပေါက်ကြတဲ့ ရာသီကိုတောင် ရောက်ပါပေါ့လား ။

သူ့ တိုက်ခန်းလေးထဲမှာ အသိုက်လာဖွဲ့ကြတဲ့ စာကလေးတွေကပဲ သားထိန်း ညံ့ကြတာလား ။  တရုတ်ပြည်ကြီးကို စာတွေက အတုယူပြီး တစ်အိမ်ထောင် စာကလေးတစ်ကောင် စီမံချက် ရှိလေသလား ။  ဘာကြောင့်ရယ် မသိ ။

စာသိုက်ထဲက စာပေါက်စတွေ ဟိုးအမြင့်ကနေ ကြမ်းပြင်ပေါ် ပြုတ်ပြုတ် ကျတတ်တယ် ။ ဘောလုံးပွဲတွေ ကြည့် ၊ ဘောလုံးဂျာနယ်တွေ ဖတ်ကြပြီး ကိုယ့်သားသမီးတွေကို ဘောလုံးအမှတ် နဲ့ ကန်ချနေကြတာတော့ မဟုတ်လောက်ဘူး ။ ဒါမှမဟုတ် အကောင်ပေါက်တွေ အလည်လွန်ပြီး ပြုတ်ကျ ကြတာများလား ။ ဥက ထွက်ခါစ အမွေးအတောင် ကျိုးတိုးကျိုးတဲနဲ့ မျက်လုံးတောင် ကောင်းကောင်း ပွင့်ကြသေးတဲ့ အကောင်တွေ မဟုတ်ဘူး ။

အဲဒီလို အသိုက်ထဲက ပြုတ်ကျတဲ့ စာကလေးတွေကို သူ့အသိုက်ထဲ ပြန်ထည့်ဖို့တော့ မန်းသား မတတ်နိုင်ဘူး ။ ဘာလို့လဲ ဆိုတော့ စာသိုက်က ဘယ်သူမှ လက်လှမ်းမမီနိုင်တဲ့ ဟိုး မျက်နှာကြက်နားက သံတိုင်တွေ အကြားမှာ ရှိနေလို့ပဲ ။

ဒီတော့လည်း အသက်တစ်ချောင်း ကယ်စကောင်းပါတယ်လို့ အောက် မေ့ပြီး ကြမ်းပေါ် ပြုတ်ကျနေတဲ့ စာကလေးကို ရှင်အောင် မွေးမိတယ် ။ ဒီလိုမှ မမွေးရင် ပုရွက်ဆိတ် စားတာ နဲ့ ဒီစာကလေး ခမျာ သေရရှာတော့မယ် ။ တကယ်လို့ ညပိုင်းမှာ ပြုတ်ကျရင်တော့ မန်းသား တစ်ရေးနိုးလို့ ဆီးထအသွားမှာ တွေ့ရင်တွေ့ မတွေ့ရင် ကြွက်စာ မိတော့မှာလေ ။

မန်းသားတို့ တစ်တွေဟာ မိဝေးဖဝေး မိသားစုနဲ့ ဝေးနေကြချိန်ဆိုတော့ ဆက်ရက်လေးတွေ ၊ ချိုးလေးတွေ ၊ ခိုကလေးတွေ ကို အဝေးက လှမ်းကြည့်ပြီး အဖော်ပြုနေရတယ် ဟုတ်လား ။ ဒီတော့လည်း အသိုက်ထဲက ထွက်ကျလို့ ကိုယ့်သားသမီးလို ပြုစုယုယထားတဲ့ စာသားပေါက်လေးတွေကို သံယောဇဉ် တွယ်မိတာပေါ့ ။

ပထမတော့ ထမင်းလုံး တစ်ခြမ်းလောက် ခွံ့ကျွေးတယ် ။ ခဏနေတော့ နောက် တစ်ခြမ်း ။ နှစ်ရက် သုံးရက် နေတော့ ထမင်း တစ်လုံးချင်း ကျွေး ။ ရက်ကလေး အတော်ရတော့ ယင်ကောင်လေးတွေ သားရေပင်နဲ့ ပစ်ဖမ်းပြီး ကျွေး ၊ တစ်ခါတလေလည်း ယပ်တောင်နဲ့ ရိုက် ကျွေး ၊ ဒီလို ကျွေးခဲ့မွေးခဲ့ရတာ ။

လက်ညှိုးပေါ်မှာ စာပေါက်ကလေးကို အရပ်ခိုင်း ၊ နောက်တော့ အနေတော်လောက် တုတ်တဲ့ တုတ်ကလေးတစ်ချောင်းမှာ ဒီအကောင်လေးကို မတ်တတ်အရပ် ခိုင်း ၊ ဒီလိုနဲ့ ခြေထောက်တွေရဲ့ အလုပ်ကို လုပ်တတ်အောင် သူ သင်တယ် ။ နောက်တော့ သူ ရပ်နေတဲ့ တုတ်ကလေးကို အသာလှည့်တော့ စာပေါက်က ခြေမြဲအောင် လေ့ကျင့်ပြီးသား ဖြစ်ရော ။

စာပေါက်ကလေး ခြေမြဲပြီ ဆိုတော့မှ တုတ်ကို ခပ်မြင့်မြင့်ကနေ အောက်ကို တဖြည်းဖြည်း ဆွဲချလိုက်ရင် စာကလေးက သူ့အတောင်ကို ဖြန့်ရမှန်း သိတယ် ။ အရှိန်သတ်ဖို့ သူ ကြိုးစားတာလေ ။ အမွှေးအတောင် နည်းနည်းစုံတော့ လေထဲ မြှောက်ပြီး လက်ခုပ်နဲ့ ပြန်ဖမ်း ၊ တစ်ခါတလေလည်း ပုဆိုးစနဲ့ အောက်က လိုက်ထိုးခံရတယ် ။

မန်းသား တစ်ယောက် တိုက်ခန်းထဲမှာ ဝမ်းနဲ့လည်း မလွယ် ၊ ဒူးလည်း မနာခဲ့တဲ့ သူ့သားနဲ့ အလုပ်ရှုပ် နေတယ် ။ အဲဒီလို အလုပ်ရှုပ်နေမှုကပဲ ပျင်းရိစရာကောင်းတဲ့ နှစ်ကာလတွေကို ပျင်းစရာ မကောင်းအောင် အဖော်ပြုနေကြတယ်ဆိုတာ သူ သတိမထားမိဘူး ။

တစ်တိုက်တည်း အတူနေကြတဲ့ ရှေ့နေ ၊ စလင်းသား ၊ ညောင်လေးပင်သား ၊ သင်္ဘောသား ၊ ကျောင်းဆရာ တို့ကလည်း မန်းသား ရဲ့ စာပေါက်အတွက် ယင်ကောင်တွေ ကူညီပြီး ရိုက်ပေးကြတယ် ။ ဆရာဝန် ကတော့ ယင်ကောင်တွေကို လက်နဲ့ ကိုင်ပြီးရင် လက်ကို စင်စင်ဆေးဖို့ နှိုးဆော်လေ့ ရှိတယ် ။

တစ်ခန်းလုံး ဟိုဟိုဒီဒီ လျှောက်သွားတတ်လို့ တက် မနင်းမိအောင် ဂရုစိုက်ရတဲ့ သူ့စာကလေးကို မန်းသားက “ ကြမ်းပိုး ”  လို့ နာမည်ပေးတယ် ။ စာကလေးကို ကြမ်းပိုး လို့ နာမည်ပေးရမလားဆိုပြီး သူ့ကိုသင်္ဘောသားတို့ ၊ ဆရာဝန်တို့ အပြစ်တင်ကြတယ်လေ ။

ငှက်သတ္တဝါ နဲ့ လူသားပေမဲ့ ငှက်ကလေးတွေကို ချစ်မြတ်နိုးစိတ်ရှိတဲ့ မန်းသား ခမျာ ကြမ်းပိုး ကို သံယောဇဉ် ဖြစ်မိတာ အမှန်ပဲ ။ ကြမ်းပိုးမှ မဟုတ်ဘူး ။ ဟိုးခပ်လှမ်းလှမ်းမှာ မြင်ရတဲ့ ချိုးသိမ်း ၊ ပျံလွှား ၊ ချိုးလည်ပြောက် ၊ သပိတ်လွယ် ၊ ဆက်ရက် ၊ ကျီးကန်း ၊ သာလိကာ လေးတွေလည်း သူ လေ့လာကြည့်နေမိတယ် ။

ကြမ်းပိုး အပျံသင်စမှာ မန်းသား စိတ်ပူရပြန်ရော ။ ကြမ်းပိုး ဟိုအခန်း ဒီအခန်း လည်စပြုလာပြီ ။ ကြမ်းပိုး ရေ လာလာ ဆိုရင် သူ့ကို ခေါ်နေမှန်း သိလာပြီ ။ ခေါ်လို့ သွားရင် ယင်ကောင် ဖြစ်စေ ၊ စားစရာတစ်ခုခု စားရမှန်း သိနေပြီ ။ ကျောင်းဆရာ ဆီကနေ ဆရာဝန် ဆီ ရောက်လို ရောက် ။ စလင်းသား ဆီကနေ ကျောက် မြောင်း ဆီ သွားလို သွား ။ သူ့အတွက် ဘယ်သူကမဆို တံခါးရှိပေမဲ့ တံခါးမရှိသလို ဖြစ်နေတယ် ။ ဒါပေမဲ့ဘယ်သူ့ အခန်းရောက်နေပါစေ သူ့အဖေ မန်းသား က လှမ်းခေါ်လိုက်ရင်တော့ ရောက်ရာ အခန်းကနေ သူ့ဆီ အရောက် ပျံလာတယ်လေ ။ ဒီလိုနဲ့ သံယောဇဉ်ကြိုးတွေ တစ်ရစ်ပြီး တစ်ရစ် တင်းတင်း လာတော့တယ် ။ အခုလို ဟိုအခန်း ဒီအခန်း ကူးသန်းနေတုန်း ကျီးများ ထိုးသွားမှာလား ၊ ချိုးသိမ်းများ ဝင်သုတ်လေမလား ၊ မန်းသားတို့ စိတ်ပူကြတယ် ။

နေပူပူ တစ်နေ့လယ်မှာ ထမင်းလုံး စီသူ စီ ၊ ပုတီး စိပ်သူ စိပ် ၊ ကျောခင်း အညောင်း ဆန့်သူ ဆန့် ၊ တစ်မှေး မှေးသူ မှေး နဲ့အခန်းကိုယ်စီဟာ တိတ်ဆိတ်မှု ကိုယ်စီ နဲ့ ၊ အေးချမ်းငြိမ်သက်နေတယ် ။ သူတို့ တိုက်တန်းလျားလေးဟာ တရားဓမ္မ အားထုတ်နေတဲ့ ကမ္မဋ္ဌာန်းကျောင်းတစ်ကျောင်းနဲ့တောင် တူတယ် ။

အဲဒီလို အေးချမ်းငြိမ်သက်နေတာကို  “  အမယ်လေး ” လို့ လန့်အော်လိုက်တဲ့ အော်သံကြီးက ဖျက်ဆီးပစ်လိုက်တယ် ။ အသံရှင်က ကျောင်းဆရာပဲ ။ တစ်တိုက်လုံး တိတ်ဆိတ်နေကြချိန်မှာ ဆိုတော့ ကျောင်းဆရာရဲ့ အော်သံဟာ လိုအပ်တာထက် ပိုကျယ်သွားသလိုပဲ ။

တစ်ဖက်ကို စောင်းအိပ်နေတဲ့ ကျောင်းဆရာက တစ်ဖက်ကို အစောင်းလိုက် မှာ ကြမ်းပိုး ကို မတော်တဆ ဖိမိသွားတယ် ။ ကြမ်းပိုး ခမျာ အူတွေတောင် ထွက်သွားပြီး သူ့ခန္ဓာကိုယ်လေး ပုံပြောင်းသွားရှာတယ် ။ နေရာတင် ပွဲချင်းပြီးသွားတယ် ။ ကျောင်းဆရာရဲ့ ကိုယ်လုံးကလည်း နည်းတဲ့ ကိုယ်လုံးလား ။ တက္ကသိုလ် မောင်ပြိုင်ပွဲတွေ ဝင်နွှဲလာတဲ့ ကိုယ်လုံး ။

ကျောင်းဆရာက အဖြစ်အပျက်အမှန် ကို ပြောပြပြီး မန်းသား အပါအဝင် အတူနေတွေ အားလုံးကို တောင်းပန်စကား ဆိုတယ် ။ ဒီကိစ္စအတွက် အားလုံး စိတ်မကောင်း ဖြစ်ကြရတယ်လေ ။ မန်းသား အခံစားရဆုံးပေါ့ ။ သားရင်းတစ်ယောက် ဆုံးရှုံးသလို သူ ခံစားရသတဲ့ ။ ညစာတောင် ကောင်းကောင်း မစားနိုင်သလို အိပ်လို့လည်း မပျော်ဘူးတဲ့ ။ တော်ပြီကွာ နောက်ဆိုရင် ဘယ်စာကလေးမှ မမွေးတော့ဘူးလို့လည်း သန္နိဋ္ဌာန် ချလိုက်တယ် ။

°°°°°   °°°°°   °°°°°

စာကလေးတွေ မြက်ခြောက်တွေ ကောက်ရိုးစတွေ နှုတ်သီးနဲ့ ကိုက်ချီပြီး အသိုက်ဆောက်ကြမလို့ ပြင်ဆင်ကြပြန်ပြီ ။ ဟော ပလတ်စတစ် သေးသေးလေးတောင်မှ ချီသွားလိုက်ကြသေး ။ ပတ်ဝန်းကျင်မှာ စွန့်ပစ်ထားတဲ့ ပလတ်စတစ်စတွေလည်း စာသိုက်ငှက်သိုက်တွေထဲ ရောက်ကုန်ပါပေါ့လား ။

စာပေါက်ချိန် ရောက်ရင်တော့ စာသိုက်ထဲကနေ စာပေါက်လေးတွေ ပြုတ်မကျပါစေနဲ့လို့ သူဆုတောင်းမိတယ် ။ မန်းသား ရဲ့ ဆုတောင်း မပြည့်ဘူးလေ ။ ဆုတောင်းတိုင်းသာ ပြည့်မယ်ဆိုရင်လည်း မန်းသား အပါအဝင် သူတို့ အားလုံး ကိုယ့်မိသားစု ရင်ခွင်ထဲ ပြန်ရောက်နေပြီပေါ့ ။

စာပေါက်လေးတွေ ကျမြဲတိုင်း ကျတာပါပဲ ။ တချို့ အသက်ရှင်လျက် ၊ တချို့ မရှင်ကြဘူး ။ မန်းသား သူမမွေးချင်တာနဲ့ သင်္ဘောသား ကို ပေးလိုက်တယ် ။

နောက်တစ်ကောင်လည်း ရှေ့နေ ကို ပေးလိုက်တယ် ။ ဒါပေမဲ့ သူတို့ခမျာ မန်းသား လောက် စာကရိကထ ဘယ်ခံနိုင်မလဲ ။ သောက်ရေ လာဖြည့်သူ ပေးပစ် ၊ ထမင်းလာပို့သူ ပေးပစ်လိုက်ကြတယ် ။

နောက်တစ်ကောင် ထပ်ကျလာတော့ မန်းသား ထန်းရည်းမူး ပြေသွားပြီ ။ ဒီအကောင်ကိုတော့ ဘယ်သူမှ မပေးတော့ဘူး ။ ဒီလိုနဲ့ သူတို့ကြားထဲမှာ “ ရွှေဘကြီး ”  လို့ ခေါ်တဲ့ စာပေါက်တစ်ကောင် ရောက်လာတယ် ။

ကျောင်းဆရာ က သူ့အခန်းထဲ ကျတဲ့အထဲက တစ်ကောင်ကို ပြုစုမွေးမြူသလို ဆင်မလိုက် ကလည်း စာတစ်ကောင် မွေးတယ် ။

ဆင်မလိုက် က သူ့စာကိုထောင်အမှုထမ်း တစ်ယောက်ရဲ့ နာမည် ပေးထားတယ် ။ ( ကာယကံရှင်ကို မရည်ရွယ်ပါဘူး ။ ဆင်မလိုက် ရဲ့ နာမည်ရှင်က အရပ် မြင့်မြင့် ၊ အသား ညိုညို ၊ လက်ဖျံမှာ ဆေးမင်ကြောင် ထိုးထားပြီး မျက်နှာထား ချိုသလောက် စိတ်ရင်း မကောင်းဘူး ။ ထောင်ဝန်ထမ်းချင်းတောင်မှအော့ကြောလန်သူ ဖြစ်ပါတယ် ။ နာမည် လွှဲထားတယ် ။ တိုက်ဆိုင်မှုရှိရင ်ခွင့်လွှတ်ပါ ။ ) ဆင်မလိုက် က သူ့စာကို ခေါ်ရင် ဘယ်သူရေ လာ လာ...ဘယ်ဝါရေ လာ လာ ... လို့ မခေါ်ဘဲ သူ့စာ နာမည်ရဲ့ ရှေ့ ဒါမှမဟုတ် နောက် ကနေ အဆဲလေးထည့်ပြီး ခေါ်လေ့ ရှိပါတယ် ။  “ ဟဲ့ ... ရေ လာလာ ...” နားနဲ့ မနာ ဖဝါးနဲ့ နာကြပါ ။

ဆင်မလိုက် က ဒီလိုသာ နာမ်နှိမ်ပြီး ခေါ်တာ ၊ သူ့စာကို သူ သိပ်ချစ်တယ် ။ မန်းသား ဆီမှာ စာမွေးပုံကို သင်ယူတယ် ။ ဆရာဝန် ဆီမှာ စာတစ်ကောင်အတွက် ဆောင်ရန် ရှောင်ရန် တွေ မေးတယ် ။ ဆရာဝန် က သူ လူတွေ ကုတဲ့ ဆရာဝန် ပါ ။ တိရစ္ဆာန်တွေကို ကုတဲ့ ဆရာဝန် မဟုတ်ပါဘူး ဆိုလည်း မရဘူး ။  “ ဆရာဝန် ကျွန်တော့်စာကလေး ချောင်းဆိုးနေတယ် ”  ဆိုတာမျိုး ။ တကယ်တော့ သူ့စာ ၊ ကြီးထွားစေချင်ဇောနဲ့ အစာတွေ နင်းကန် ခွံ့ ၊ ရေတွေ နင်းကန် တိုက်လို့ ရေသီးတာ ၊ နှာခေါင်းပေါက်ထဲ ရေဝင်တာ ထင်ပါရဲ့ ။

ကျောင်းဆရာ ကတော့ သူ့စာကလေးကို “  မိုက်တူးခဲ ” လို့နာမည် ပေးထားတယ် ။ ပြီးတော့ ကျောင်းဆရာ ဉာဉ်ကလေးက မပျောက်ချင်တော့ မန်းသား ကိုတောင် စာမွေးနည်း ပြန်သင်ပေးနေသေးတယ် ။ အစာတွေ ခဏခဏ မကျွေးနဲ့နော် ၊ မန်းသား ၊ စာ နဲ့ လူ နဲ့ အတူတူပဲ ။ ကျွန်တော်ဆိုရင် မနက် တစ်ခါ ၊ နေ့လယ် တစ်ခါ ၊ ညနေ တစ်ခါ ၊ မိုက်တူးခဲ ကိုကျွေးတာ ၊ လူလိုပေါ့ ။

ရွှေဘကြီး တို့ ၊ “   ... ” တို့ ၊ မိုက်တူးခဲ တို့က ကွယ်လွန်သူ ကြမ်းပိုး လိုပါပဲ ။ သိပ် လည်တယ် ။ အခန်းတကာ လှည့်ပြီး စားသောက်နေကြတာပါပဲ ။ မန်းသား သာ ရွှေဘကြီး ဒုတိယကြမ်းပိုး မဖြစ်ပါစေနဲ့လို့ ဆုတောင်းနေရတာ ။ ဒီကောင်တွေ ခေါ်ရင် လာတယ် ၊ ကျွေးရင် စားတယ် ။ သူတို့ဆီမှာ စာသုံးကောင် မွေးလိုက်တာ ယင်ကောင် အတော် လျော့သွားတယ်လေ ။

ကျောင်းဆရာ က သူ့ မိုက်တူးခဲ ကို ကြမ်းပိုး လို ဖြစ်မှာစိုးလို့ အခန်းတကာ မလည်စေချင်ဘူး ။ ဒါပေမဲ့ မိုက်တူးခဲ က သူ့ အဖေ စကား နားမထောင်ဘူး ။ ယပ်တောင် နဲ့ ယင် ရိုက်သံ ကြားရင် ပြေးလာတာပဲ ။ တစ်ခါတလေ သူ့ပါ ရိုက် မိမှာစိုးလို့ ယင်ရိုက်သူက မိုက်တူးခဲ ကို ရှောင်ရိုက်ရတယ်လေ ။

°°°°°   °°°°°   °°°°°

အတောင်အလက်တွေတဖြည်းဖြည်း စုံလာတဲ့အခါ ငှက်တွေကို အမြဲလိုလို ကြည့်နေတဲ့ မန်းသား က ကျောင်းဆရာ ရဲ့ မိုက်တူးခဲ ဟာ နာမည်ကသာ မိုက်တူးခဲ တကယ်တော့ မယ်တူးခဲ စာမလေး မှန်း သိတယ် ။ ဒါပေမဲ့ အမှန်အတိုင်း ပြောလိုက်ရင်ကျောင်းဆရာ မကြိုက် မှန်း သိလို့ မပြောဘဲ နေလိုက်တယ် ။ ဘဝတူတွေ ဆိုပေမဲ့ မွေးကြတဲ့ စာချင်း အတူတူ သူ့စာကလေး က လိမ္မာတယ် ၊ ငါ့စာကလေး က လူစကား နားလည်တယ်ဆိုတဲ့ မသိမသာ ပြိုင်ဆိုင်မှုလေးတွေ ရှိကြတယ် မဟုတ်လား ။ အထူးသဖြင့် မယ်တူးခဲ ရဲ့ အဖေ က သူ့စာမှ သူ့စာ ဆိုတဲ့ အချိုး မျိုး ခဏခဏ ချိုးတယ် ။

သင်္ဘောသား က တောင် နောက်တစ်ခါ စာကလေး ကောက်ရရင် သူလည်း တစ်ကောင်လောက် မွေးဦးမယ်တ ဖြစ်ကုန်ရော ။

“ စာကလေးက တော်တော် ကျောင်းဆရာက ကဲကဲ ”  ဆိုတဲ့ စကားပုံအသစ် ထွင်ရတော့မှာလား ။ ကျောင်းဆရာ အပြောအဆို အနေအထိုင် မတတ်တာနဲ့ မန်းသား စိတ်အူတွေ ယားလာပြီ ။

“ ခင်ဗျား ၊ ဘယ်သူ့မှ မပြောပါဘူး ဆိုတဲ့ ကတိပေးမှ ကျွန်တော် ပြောမှာ ”

“ ဟာဗျာ မန်းသား ကလည်း ကျွန်တော်က ရှေ့နေ လုပ်ငန်းနဲ့ အသက် မွေးခဲ့သူပါဗျ ”

ရှေ့နေကို ထိပ်တန်းလျှို့ဝှက်ချက် ပြောလိုက်တယ် ။

ရှေ့နေ ကလည်း ဆင်မလိုက် ကို

“ မင်း ဘယ်သူ့မှ မပြောပါဘူး ဆိုတဲ့ ကတိပေးရမှာနော် ။ တကယ်နော် မင်းကို ယုံလိုက် မယ်နော် ”

ဆင်မလိုက် ကလည်း စလင်းသား ၊ စလင်းသား ကလည်း သူ့ဘော်ဒါ သင်္ဘောသား ကို ... ။

ဒီလိုနဲ့ ထိပ်တန်းလျှို့ဝှက်ကြီးဟာ ကျောင်းဆရာ နားကို ပေါက်သွားပါတော့တယ် ။

“ ဘယ်အကောင်လဲကွ ၊ ငါ့ မိုက်တူးခဲ ကို စာထီး မဟုတ်ဘူး ပြောတာ ”

ဒီအသံကြားတော့ အားလုံး ငြိမ်နေကြတယ် ။ ကျောင်းဆရာ နဲ့ဘယ်သူမှ မယှဉ်နိုင်ဘူးလေ ။ မယှဉ်နိုင်တာမှ လက်ရုံးရည်လည်း မယှဉ်နိုင်သလို စကားပြောလည်း မယှဉ်နိုင်ကြဘူး ။

နောက်တစ်ခါ အရင်တစ်ခါလိုပဲ အားလုံးကို ပတ်ပြီး ကြိမ်းပြောပြောပြန်ရော ။ ဒီတစ်ခါလည်း အကျယ်အကျယ် မဖြစ်ချင်ကြတာနဲ့ ငြိမ်နေကြတာပါပဲ ။ စကားလုံးတွေသာ ကွဲတာ ။ အဓိပ္ပါယ် ကတော့ ဒီအဓိပ္ပါယ် ရတဲ့ စကားလုံး ရင့်ရင့်သီးသီးတွေ လာပြန်ရော ။ ဒီတခါကျတော သင်္ဘောသား သည်းမခံနိုင်တော့ဘူး ။ ပြန်အော်ပြန်ပါလေရော ။

“ခင်ဗျား မိုက်တူးခဲ က စာ အမလေးဗျ ။ မယုံရင် လောင်းမလား ”

ဒီလိုနဲ့ မိုက်တူးခဲ က စာအထီး ဆိုတဲ့ အုပ်စု နဲ့ စာအမ ဆိုတဲ့ အုပ်စု နှစ်စု ဖြစ်ကြကုန်ရော ။ ရေချိုးချိန်ကျတော့ သင်္ဘောသား မန်းသား ဆီ အပြေးကလေး ရောက်လာတယ် ။

“ အစ်ကို သေချာတယ်နော် ၊ ကျွန်တော်တော့ မခံချင်လို့ ချဲလင်း ခေါ်လိုက်ပြီ ”

“ ဟာကွာ ညီလေးကလည်း အစ်ကို ငှက်တွေကို ထိုင်ကြည့်နေခဲ့တဲ့ နှစ်တွေ မနည်းတော့ဘူးကွ ”

ဒီလိုနဲ့ ဆေးလိပ် ဆယ်လိပ်ကြေး လောင်းကြေး ထပ်ကြတယ် ။ တချို့ကလည်း လောင်းတာ နောက်ထား ၊ မိုက်တူးခဲ ဟာ အထီးလား အမလား ဘယ်လို သက်သေပြမလဲ တဲ့ ။ အဲဒီမှာ နောက်ဆုံး ဘယ်လိုမှ ရှောင်လွှဲလို့ မရတဲ့အဆုံး မန်းသား က ဝင်ပြီး ခေါင်းခံလိုက်တယ် ။

“ ကျွန်တော် သက်သေပြပါမယ် ”

သူတို့ မျက်စိအောက် မှာတင်ပဲ ရွှေဘကြီး တို့ ၊ “  ...” တို့ ၊ မိုက်တူးခဲ တို့ တစ်သွေးတစ်မွေး ဖြစ်လာကြတော့တယ် ။

တကယ်လည်း မန်းသား က ငှက်ကျွမ်းကျင်သူပဲ ။ သံဆူးကြိုးပေါ်မှာ စာကလေးတွေ အုပ်စုဖွဲ့ပြီး နားနေကြရင် ဘယ်ဟာ မိုက်တူးခဲ ၊ ဘယ် အကောင်က ဆင်မလိုက် ဆဲ ဆဲနေတဲ့ အကောင် ၊ သူ့ ရွှေဘကြီး က သံဆူးကြိုး အောက်ဆုံးတန်း ညာဘက်က ရေရင် တတိယအကောင် ဒီလို ခွဲခြားသိတယ် ။

ကျောင်းဆရာ မကျေနပ်တာ အဲဒါတွေလည်း ပါတယ် ။ မိုက်တူးခဲ ကို သူ မွေးပေမဲ့ အုပ်လိုက် အစာဆင်းကောက်တဲ့ အခါ မပြောနဲ့ ၊ သံဆူးကြိုးပေါ် အုပ်ဖွဲ့ နားနေရင်တောင် သူ့ မိုက်တူးခဲ က ဟိုအကောင်လိုလို ဒီအကောင်လိုလို ဖြစ်နေရှာတာ ။

မန်းသား ပြောတာ မယုံလို့ ဆရာဝန် က မိုက်တူးခဲ ရေ လို့ လှမ်းခေါ်လိုက်တယ် ။ ဟုတ်တယ် ကျောင်းဆရာ ရဲ့ မိုက်တူးခဲ ဆရာဝန့်အခန်းဝ ရောက်လာတယ် ။ လူအများက မန်းသား ရဲ့မှတ်မိပုံကို အံ့ဩကြလေ ၊ ကျောင်းဆရာ စိတ်ထဲ စနိုးစနောင့် ဖြစ်လေပဲ ။ ဒါပေမဲ့ မန်းသား ရယ် ငါ့ကို စာကလေး ဘယ်လို မှတ်ရသလဲ ၊ သင်ပေးစမ်းပါကွာလို့ဘယ်တော့မှ မပြောမှာ သေချာတယ် ။

နောက်ဆုံးတော့ ကျောင်းဆရာ မလုပ်သင့်တာ လုပ်တော့တာပဲ ။ မိုက်တူးခဲ ရဲ့ ခြေထောက် နှစ်ဖက် မှာ အမှတ်အသားဖြစ်အောင် သိုးမွေးချည် အနီရောင်လေး ချည်တော့တယ်လေ ။ တစ်ဖက်လည်း မဟုတ်ဘူး ။ ခြေထောက် နှစ်ဘက်စလုံးကို ချည်တာ ။ ဒီလို မလုပ်ဖို့ အားလုံးက ဝိုင်းပြီး တားကြတာပဲ ။ မရဘူး ။ သူ့ခမျာ တစ်ခုခုနဲ့ ငြိနေရင်အလွယ်တကူ ပျံမရ ပြုမရ ဖြစ်နေပါလိမ့်မယ် ဆိုတာလည်း မရဘူး ။ အဲဒီလို ငြိနေတုန်း ချိုးသိမ်း သုတ်သွားလိမ့်မယ် ပြောလည်း မရဘူး ။ ခြေထောက်တစ်ဖက် တော်ရောပေါ့ ဆိုတော့ ကျောင်းဆရာက သူ မျက်စိမှုန်သတဲ့ ၊ နှစ်ဖက် ချီထားတာတောင် သိပ် သဲကွဲတာ မဟုတ်ဘူးတဲ့ ။ ဒါ ဗြောင်လိမ်တာ ၊ သူ့မျက်စိ ဒီလောက် မဆိုးသေးမှန်း အားလုံး သိကြတယ် ။

မိုက်တူးခဲ လား မယ်တူးခဲ လား အငြင်းခုံတွေက တဖြည်းဖြည် ။ အရှိန် မြင့်လာတယ် ။ ဆင်မလိုက် တို့ ၊ ရှေ့နေ တို့ က အပျော်အပျက်ဝေလေလေ လုပ်ကြတာ ။ ဆရာဝန် တို့ ၊ စလင်းသား တို့ ၊ ကျောက်မြောင်း တို့က အတည်ပေါက် ။ ဆေးလိပ်တန်ကြေး ထက် ၊ ဂုဏ်သိက္ခာ အရ ဒီကိစ္စ အရေးကြီးတယ်လို့ ထင်တယ် ။ ပြီးတော့ ကျောင်းဆရာရဲ့ အိမ်က လာဖို့ရက်က နီးနေပြီ ။ ဆေးလိပ် ကြိုက်သူတွေ အတွက် ဒီ လောင်းကြေးလည်း အထိုက်အလျောက် အရေးကြီးတယ်လေ ။ လောင်းကြေးက ဆေးလိပ် ဆယ်လိပ်ကနေ ဆယ့်ငါးလိပ်အထိ မြင့်လာပြီ ။ နောက်ထပ်လည်း မြင့်လာနိုင်သေးတယ် ။

“ မန်းသား ဟေ့လူ ၊ ခင်ဗျား သက်သေပြမယ် ဆို ၊ ဆေးလိပ် သောက်ချင်လှပြီဗျ ”

ဒီလို အော်တာ အထိ ဘယ်လိုမှ မခံစားကြရသေးဘူး ။ မန်းသား က ပြန်အော်လိုက်တဲ့ စကားကမှ တစ်ဖက်လူတွေ မခံချိ မခံသာ ဖြစ်ကုန်ကြတာ ။

“ ခေတ္တ သည်းခံကြပါ ၊ ပရိသတ်ကြီး ခင်ဗျား ၊ မကြာခင် ပြပါတော့မယ် ။ စပါတော့မယ် ။ ရုံပြည့်ရုံလျှံ ကြွရောက်အားပေးတဲ့အတွက် ကျေးဇူးဥပကာရ အထူးတင်ရှိပါတယ် ။ ဆေးလိပ် ကတော့ ကျောင်းဆရာအိမ်က လာတော့မှ ရမှာပါ ”

ကျောင်းဆရာရဲ့ အရှိုက်ကို တိုက်ရိုက် မှန်တော့တာပဲ ။ မိုက်တူးကြီး ကို လူအများက စောင့်ကြည့်ခံရတာတော့ ကျောင်းဆရာ ပီတိ ဖြစ်တယ် ။ ဒါပေမဲ့ မန်းသား ရဲ့ စကားလုံးတွေကတော့ စပ်ဖျဉ်းဖျဉ်း ဖြစ်စေတယ်လေ ။

ရွှေဘကြီး တို့ တစ်နေ့ထက် တစ်နေ့ ကြီးကောင် ဝင်လာပြီ ။

အတောင်စကြာ ဖြန့်စ ပြုပြီ ။ မျက်စိအောက်တင် မနေကြတော့ဘူး ။ မိုက်တူးခဲ သူ့အတောင် သူ့အမွေးတွေကို နှုတ်သီးနဲ့ ဆိတ်ဆွ သနေပြီ ။

ကြည့်ဖန်များတော့ စလင်းသား တို့ ၊ ရှေ့နေ တို့ ၊ ကျောက် မြောင်းသား တို့လည်း စာအုပ်ထဲ စာတွေကို ခွဲခြားတတ်လာတယ် ။

“ ဗျိုး ဆင်မလိုက် ခင်ဗျား ' ... ' ရှိရဲ့လား ”

“ ရွှေဘကြီး အခုထိ ပြန်မလာသေးဘူး ”

ကိုယ့် သားသမီး အိမ်ပြန်ချိန်တိုင်လို့ ပြန်မရောက်ရင် မိဘတွေက ပူပင်သလိုမျိုး ။

“ မိုက်တူးခဲ ရော ရောက်ပြီလား ”

သူတို့ အကောင်တွေ ပြန်ရောက်ပြီလို့ ပြန်အော်သံ ကြားရရင် မန်းသား ပို စိတ်ပူမိတယ် ။ ဒီလို အချိန်မျိုးမှာ “  ... ” တို့ ၊ “ မိုက်တူးခဲ ” တို့ကို သူတို့အဖေက အမွေးအတောင်တွေ ပွတ်သပ် ပေးနေလိမ့်မယ် ။ ရွှေဘကြီး အိပ်တန်းပြန် နောက်ကျရင် “ တော်ပြီကွာ နောက်တော့ ဘယ်စာမှ မမွေးတော့ဘူး ” လို့ ဆိုတဲ့ စိတ်မျိုး ဝင်မိတာပဲ ။ သဗ္ဗေသတ္တာကမ္မဿကာလို့အောက် မေ့ရတာလည်းခဏခဏ ။ ကမ္မဿကာ က သတ်သတ် စိတ်ပူရတာ က သတ်သတ်ပဲ ။

“ ရွှေဘကြီး ပြန်လာပြီဟေ့ ၊ မင်း ထောင်ပိုင်ကြီး အိမ်ပေါ်က စာမတွေဆီ သွားနေတာ မဟုတ်လား ၊ ငါတို့က လူတန်းစား မခွဲတတ်ပါဘူး ။ နူနူရွဲရွဲ ၊ မင်းတို့ချင်း တကယ်ချစ်ရင် ပေးစားမှာပေါ့  ”  ဆိုတဲ့ အသံတွေမှာ မန်းသား ဘယ်လောက် ဝမ်းမြောက်နေတယ်ဆိုတာ အထင်းသား မြင်နေရတယ် ။

“ ... ” တို့ ၊ “  မိုက်တူးခဲ ”  တို့ တခြား စာကလေးတွေ နဲ့ ဘာသာ ဘာဝ ပီယဝါစာ ကျလိ ကျလိ လုပ်နေတာ ကြည့်ပြီး မြင်ရသူတွေ ပျော်စေတယ် ။ ဒီအကောင်တွေ စာလား အတော် မြောက်နေကြပြီ ။ ချိုးသိမ်း ရန် ၊ ကျီးကန်း ရန် ကြောက်ရတဲ့ အရွယ် လွန်မြောက်ခဲ့ပြီ ။ လောက်လေး ရန် ၊ ဘတ်ခွ ရန်ပဲ ကျန်တော့တယ် ။

အဲဒီနေ့က နေ့လယ် နေ့ခင် းခါတိုင်းလို တစ်မှေး မှေးသူ မှေး ၊ အိမ်က လာမယ့်ရက် လက်ရေချိုးသူ ချိုးနဲ့ပေါ့ ။ ကျောင်းဆရာ အိပ်ပျော်ခါနီး သူ့ ကျောပြင်ကြီး နဲ့ ဖိမိတဲ့ ကြမ်းပိုးလေးကို သတိရမိတယ် ။ အခုထိ အသက်ရှင်လျက် ရှိသေးရင် ကြမ်းပိုး အရွယ်အတော်ရောက်ရောပေါ့လို့ တွေးရင်း မှေးခနဲ ပျော်သွားတယ် ။

ဒီ့ပြင်အခန်းတွေက ဆူဆူညံညံ အသံတွေ ကြားတာနဲ့ ကျောင်းဆရာ ဆတ်ခနဲ လန့်နိုးတယ် ။

“ ဟိုမှာ ဟိုမှာ မိုက်တူးခဲ ”

စလင်းသား အသံလား ၊ ရှေ့နေ ရဲ့ အသံလား ၊ ဒီ့ပြင်လူတွေ ရဲ့ အသံတွေလည်း ကြားလိုက်ရတယ် ။ ဘာလဲ ချိုးသိမ်း ကုပ်သွားတာလား ။ ကျောင်းဆရာ သူ့ မိုက်တူးခဲ ကို မြင်လိုက်တော့ မျက်လုံးတွေ ပြာဝေသွားတာပဲ ။

°°°°°   °°°°°   °°°°°

ကျောင်းဆရာရဲ့ မျက်စိနဲ့ အပ်ချ မတ်ချကို မြင်လိုက်ရတာ ။ ပြီးတော့ မိုက်တူးခဲ မျက်စိပျက် မျက်နှာပျက်နဲ့ ထပျံသွားတာလည်း သင်္ဘောသား တို့ ၊ ဆရာဝန် တို့ ၊ ကျောက် မြောင်း တို့ မြင်လိုက်ရတယ် ။ မိုက်တူးခဲ က အခန်းထဲ ပြေးဝင်ပြီး ကျောင်းဆရာရဲ့ ပခုံးပေါ်  ခါတိုင်းလို မနားရဲဘူး ။ သံတံခါးပေါ်မှာ နားပြီး ရင်တွေ ခုန်နေသေးတယ် ။

သားအဖချင်းပဲ တစ်ယောက် မျက်နှာ တစ်ယောက်ကြည့်တာနဲ့ သိတယ် ။

မင်း မှားခဲ့ပြီ မဟုတ်လား မိုက်တူးခဲ ။

ရွှေဘကြီး လည်း မဟုတ်ဘူး ၊ “  ... ” လည်း မဟုတ်ဘူး ။ ဘယ်က စာလေ စာလွင့် မှန်း မသိဘူး ။ ညိုညိုတုတ်တုတ် အကောင်ကြီး မိုက်တူးခဲ ရဲ့ အတောင်တွေ ညောင်းနေမှန် သိလို့ တက်နင်းပေးပြီး အပူထုတ်သွားတာ ။

ကျောင်းဆရာရဲ ့မိသားစု လာတော့ မန်းသား ဆေးလိပ် ဆယ့်ငါးလိပ် ရတယ် ။ ဒါပေမဲ့ မန်းသား က ဆေးလိပ်မှ မသောက်တာ ၊ အားလုံး ပြန်ဝေလိုက်တယ် ။ သူ့မှာ “  ကဲ ငါပြောတာ မမှန်လား ” ဆိုတဲ့ ဆေးလိပ် ထက် အရသာရှိတဲ့ ပီတိတွေ ရလိုက်ပြီလေ ။

◾ညီပုလေး

📖 ရနံ့သစ် မဂ္ဂဇင်း

koaungnaingoo.blogspot.com

.

Saturday, September 25, 2021

ယုံကြည်အားထားရသူ မမြင့်ဦး


 

❝ ယုံကြည်အားထားရသူ မမြင့်ဦး ❞

ဈေးဆိုင်များ ၊ ရုပ်ရှင်ရုံများ ပြန်ဖွင့်ကြလေပြီ ။

အာရ်အီးတီလည်း ထရော်လီများ ၊ ဘတ်စ်ကားများကို ရုပ်သိမ်းထားရာမှ ပြန်လွှတ်စပြုလေပြီ ။

သို့သော် ကျွန်တော်တို့သည် အာရ်အီးတီဘတ်စ်ကားများကို မစီးရဲကြသေး ။ လူထု ဒေါသ အရှိန်သည် မကုန်သေးသဖြင့် ဆီး၍ ခဲနှင့်ပေါက်တတ်သေးသည် ။

ကျွန်တော်သည် သန့်သန့်ရှင်းရှင်း သပ်သပ်ရပ်ရပ် ဝတ်ဆင်ထားပါသည် ။ မမြဦး နှင့်အတူ သွားလာတိုင်း ဒီကိစ္စကို ဂရုစိုက်ရသည် ။ မမြင့်ဦး သည် ကျွန်တော့်အား တောက်ပပြောင်လက်စွာ ပိုးဖဲတွေကို ဝတ်ဆင်ရမည်ဟု မတောင်းဆို ၊ သို့သော် သန့်သန့်ရှင်းရှင်း နေမှ ကြိုက်သည် ။ ဖျင်ပင်နီ ဝတ်ဦးတော့ ၊ သပ်သပ်ရပ်ရပ်ရှိမှ ကြိုက်သည် ။ မမြင့်ဦး ကိုယ်တိုင်ကလည်း တောက်ပြောင်ကြွားဝါစွာ ဝတ်ဆင်သည် မဟုတ်ပါ ။

ယနေ့ မမြင့်ဦး သည် ဥပုသ်တော်ဆင် မန္တလေးလုံချည် အသစ်စက်စက် ဝတ်ထားသည် ။ အဖြူ စတုရန်းကွက်ကလေးများကို အနက် မျဉ်းကြောင်းလှလှကလေးများဖြင့် ဖော်ပေးထားသော အဆင်ဖြစ်လေသည် ။ ပိတ်အင်္ကျီသက်သက်သာ ဆိုလျှင် တစ်ကိုယ်လုံး အဖြူလွှမ်းပြီး အကြည့်ရဆိုးသွားပေလိမ့်မည် ။ သို့သော် ပိတ်အင်္ကျီအပေါ်မှာ မီးခိုးရောင်နုနု ရင်ကွဲဆွယ်တာကို လွှမ်းထားပေရာ အောက်က လုံချည်ဆင်နှင့် အလွန်ပင် အဆင်ပြေနေလေသည် ။ သူ့အသားကလေးကလည်း ညိုစိမ့်စိမ့် ။

ကျွန်တော်သည် သွားရင်းလာရင်း မမြင့်ဦး အား တစိမ့်စိမ့် ကြည့်နေမိရာ မမြင့်ဦး က ပြုံးပြီး -

“ ဘာများ သည်လောက် ကြည့်နေတာလဲ ”

“ အဆင်ပြေလွန်းလို့ ကြည့်နေတာ ”

သူ့ပါးချိုင့်နှင့် ဝိုင်းစက်သောမျက်လုံးတို့သည် ပိုချစ်စရာကောင်းအောင် ပြုံးလာသည် ။

“ ဘယ်လို အဆင်ပြေတာတုံး ဆိုစမ်းပါဦး ”

“ လုံချည်အဆင်ကလေး ကြည့်ပါဦး ၊ အဖြူရောင်ထဲမှာ အနက် မျှင်ကလေးတွေ ယှက်သန်းနေကြတယ် ၊ ပြီးတော့ ပဒုမ္မာ အင်္ကျီအဖြူပေါ်မှာ မီးခိုးရောင်နုနုကလေး လွှမ်းခြုံထားလိုက်တော့ အဖြူဟာ မျက်စိစူးအောင် မဖြူနိုင်တော့ဘူးပေါ့ ။ ပန်းချီဆရာများ အဖြူ ကို ပကတိ အဖြူအတိုင်း ထားလေ့သိပ် မရှိဘူး ။ စုတ်ကလေးကို ရေဆွတ်ပြီး ဘေးကအရောင်နဲ့ တွဲယူမှုန်းခြယ်ပေးရတယ် ၊ ပြီးတော့ ”

“ အောင်မယ် ပြီးပဲ မပြီးသေးဘူးလား ဟဲ ဟဲ ”

“ မပြီးသေးဘူး ၊ မြင့် ရဲ့ အသားကလည်း ညိုစိမ့်စိမ့်မို့ သိပ် အဆင်ပြေတာပဲ ”

“ ညိုစိမ့်စိမ့်တွေ ဘာတွေ လုပ်မနေပါနဲ့ ကိုထွန်း ရယ် ၊ အသားမည်းရင် မည်းတယ်လို့ ပြောပါ ”

“ မည်း မှ မမည်းဘဲ မည်းတယ်လို့ပြောရမှာလား မြင့်ရဲ့”

တစ်ယောက်ကို တစ်ယောက်ကြည့်၍ ကြည်နူးနေကြလေသည် ။ သူက ကျွန်တော့်အား ' ကိုထွန်း ' ဟု ခပ်ညုညု ခေါ်ပြန်သည်ကို နားဝင် မချိုဘဲ မနေနိုင်ပါ ။ အတန်ကြာ ဘာမျှမပြောကြဘဲ ငြိမ်နေကြသည် ။ အချစ်သည် ကျွန်တော့်အားသာ ရစ်ပတ်ပွေ့ပိုက်နေသည်မဟုတ် ။ မမြင့်ဦး အားလည်း ရစ်ပတ်ပွေ့ပိုက်နေသည်ဟု ကျွန်တော် တပ်အပ် သိသည် ။ သို့သော် ကျွန်တော်ကလည်း ' ချစ် ' ဆိုသောစကားကို မတိုင် ၊ သူကလည်း ' ချစ် ' ဆိုသောစကားကို မဖောက် ။ ယနေ့ထိ ကျွန်တော်တို့ နှစ်ယောက်သည် အချစ်သစ္စာ အတိုင်အဖောက် မပြုဘဲ နေခဲ့ကြသည်မှာ အံ့ဩစရာပင် ။

သို့သော် နှစ်ယောက်သား ခုလို တစ်ယောက်ကို တစ်ယောက် ကြည့်ပြီး ပီတိဖြစ်ကာ ဘာစကားမျှ မပြောဘဲ ကြာရှည်နေ၍ မဖြစ် ။ ချစ်ပါသည်ဟု ဖွင့်မပြောလိုက်သည်ထက် ဆိုးသွားသောအဖြစ်သို့ ရောက်သွားနိုင်သည် ။ ထိုသဘောကို မမြင့်ဦး က ကောင်းစွာ ပိုက်လိုက် မိဟန်ရှိသည် ။

“ ဟိုနေ့က ကျောင်းသားတွေကို ရိုက်လိုက်တာဟာ နံပါတ်တုတ်ကြီးတွေ ကျိုးသွားတယ်ဆို ”

မမြင့်ဦး က သို့ကလို စလိုက်သောအခါ ကျွန်တော်က ဟိုနေ့က အဖြစ်အပျက် များကို မျက် မြင်ကိုယ်တွေ့ အဖြစ်ဖြင့် အသေးစိတ် ပြောပြရလေသည် ။

မမြင့်ဦး ကား ခံရသူတို့အား သနား၍ မဆုံး ။ ရက်စက် မှုကို စုတ်သပ်၍ မပြီး ။ အမှန်စစ်စစ် မမြင့်ဦး အား ကျွန်တော်တို့ အရေးတော်ပုံဘက်သို့ သနားခြင်းကသာ ပို့ဆောင်လိုက်ခြင်း ဖြစ်ပေသည် ။

ထိုနေ့ အဖြစ်အပျက် များမှနေ၍ ဒဏ်ရာရသူများအား သွားကြည့်ပုံ ရောက်သွားသည် ။ ကျွန်တော် သည် မမြင့်ဦး အား မခင်သစ် အကြောင်းကို ခရေစေ့တွင်းကျ စတွေ့သည့်နေကစ၍ မနေ့က ဈာပနမှာ မြင်လိုက်ရသည်အထိ ပြောပြနေလေပြီ ။ မခင်သစ် ၏ ရုပ်ပုံသဏ္ဌာန်ကိုလည်း ရေးခြယ်ပြသည် ။ မခင်သစ် ၏ စရိုက်အမူအရာ အရည်အသွေးများကိုလည်း ပိုင်းခြား တင်ပြသည် ။ အခါများစွာ၌ မမြင့်ဦး သည် အမကြီး က မောင်ကလေး အား မေးမြန်းစုံစမ်းသည့်နှယ် ကျွန်တော့်အား အကြောင်းကိစ္စများကို မေးမြန်းစုံစမ်းတတ်သည် ။ ကျွန်တော် ကလည်း ဘာကလေးမဆို မမြင့်ဦး အား တိုင်ကြားပြောပြတတ် လေသည် ။ ယောကျာ်းကလေးအချင်းချင်း သူငယ်ချင်းများနှင့် ကတောက်ကဆ ဖြစ်သည်များကိုလည်း မမြင့်ဦး အား တိုင်ကြားတတ်၏ ။ ဝင်နီဖေ ခေါ် ခင်သန်းဝင်း တို့ အကြောင်းကိုလည်း ပြောပြတတ်၏ ။ မမြမှီ အကြောင်းကိုလည်း အစီရင်ခံပြီးဖြစ်၏ ။

မမြင့်ဦး ကား ကျွန်တော့် လျှို့ဝှက်ချက် များ၏ မီးခံသေတ္တာသဖွယ် ဖြစ်နေပေသည် ။

ကျွန်တော်တို့သည် တရုတ်တန်းမှာ စားကြသောက်ကြတော့လည်း စကားတပြောပြော ၊ ရုပ်ရှင်ရုံ ဝင်ကြတော့လည်း စကားတပြောပြော ။

“ ဟို ... ရေနံမြေသပိတ်တပ်ကြီး ဆိုတာက ဘယ်တော့ ရောက် မှာလဲ ”

“ ခု နတ်တလင်း က ထွက်လာပြီး မကြာခင် ရန်ကုန် ရောက် မှာပဲ ”

“ ဒီရောက်ရင် ဘာလုပ်ကြမှာလဲ ”

ဒီအမေးကို မမြင့်ဦး ထံမှ မကြားချင် ၊ သူ့ဘာသာသူ သိပြီးသား ဖြစ်နေစေချင်သည် ။ သို့သော် မမြင့်ဦး ကား သူ့စာတွေမှာသာ စူးစိုက်နေခဲ့သည် မဟုတ်ပါလော ။ ကျွန်တော်က ခွင့်လွှတ်သည် ။ ပြီးတော့ မောင်ကြီး က နှမကလေး အား ပြောပြနေသည့်နှယ် တိုင်းရေးပြည်ရာ ကိစ္စအဖြာဖြာ တောင်သူလယ်သမားအရေး ပြဿနာအဖြာဖြာတို့ကို ရှင်းလင်းပြောပြနေလေသည် ။

မမြင့်ဦး သည် ရေနံသပိတ်တပ်ကြီး ကို “ ဟင် အံ့ဩစရာပဲနော် ၊ သိပ်ဇွဲကောင်းတာပဲ ” ဟု ချီးကျူးသည် ။ ကျွန်တော်က သူတို့၏ နစ်နာချက်များကို စာရင်းအင်းနှင့် ပြောပြသောအခါမှာကား စိတ်ဝင်စားဟန် မရှိ ၊ ကြားဖြတ်၍သာ မေးလိုက်သည် ။

“ သူတို့ ရန်ကုန်လာပြီး ဘာလုပ်ကြမှာလဲ ကိုထွန်း ရဲ့ ”

“ မြင့် ကလည်း မသိဘူးလား ၊ သူတို့တောင်းဆိုချက်တွေ တင်ပြမယ် ၊ ပြီးတော့ တပြည်လုံးရှိတဲ့ စက်ရုံအလုပ်သမားတွေရဲ့ ညီလာခံကြီးကျင်းပမယ် ”

“ သူတို့ တောင်းဆိုချက်တွေကို ဘယ်သူ့ကို တင်ပြမှာလဲဟင် ”

“ ပြည်သူလူထုရှေ့မှာ တင်ပြမှာပေါ့ မြင့် ရဲ့ ”

“ အို ပြည်သူလူထုက ပေးနိုင်တာမှ မဟုတ်ဘဲ ”

ကျွန်တော့်မှာ ဤအချက်ကို လိပ်ပတ်လည်အောင် မရှင်းတတ် ။ လူထုရှေ့ ဘာကြောင့် တင်ပြရမည်လဲ ။ လူထုက ပေးနိုင်သော အာဏာရှင်တွေ မဟုတ် ။

“ အစိုးရဆီကိုလည်း တင်ပြမှာပေါ့ ”

“ တောင်သူလယ်သမားတွေကကော ဘယ်တော့ ရောက်ကြမှာလဲ ”

“ အဲဒီ ရေနံမြေသပိတ်တပ်ကြီး နဲ့ ပြိုင်တူလောက် ဆုံရောက် မှာဘဲ ”

ကျွန်တော်က တောင်သူလယ်သမားများ ဖြစ်အင်ကို ရှင်းပြသောအခါ မမြင့်ဦး သည် စုတ်တသပ်သပ်နှင့် ကရုဏာ သက်နေရှာလေသည် ။ သို့သော် ကျွန်တော်က တောင်သူလယ်သမား တို့၏ လယ်ယာလုပ်ငန်း ၊ ဝင်ငွေထွက်ငွေ ၊ သီးစားခ ၊ စပါးတိုး စသည်များကို စာရင်းအင်းနှင့် ပြောသော အခါ၌မူကား ကြာရှည်နားမထောင်ဘဲ -

“ သူတို့ ရန်ကုန်ရောက်ရင်အစားအသောက် မခက်ပေဘူးလား ၊ ဘယ်သူက ဧည့်ခံမှာတုံး ”

ကျွန်တော့်မှာ ဧည့်ခံကော်မတီအကြောင်း ၊ ထမင်းထုပ်ကောက်ရသည့် အကြောင်းများကို ပြောပြရပြန်လေသည် ။ ယင်းသို့ ပြောနေစဉ် မမြင့်ဦး က ကျွန်တော့် လက်ကို သူ့လက်ချောင်းကလေးများနှင့် ခေါက်လိုက်သဖြင့် အပြောရပ်ကာ သူ ဘာပြောမလဲဟု နားစွင့်လိုက်လေသည် ။

“ ဟိုမှာကြည့်စမ်း ဟိုမိန်းမ ဝတ်လာတဲ့ လုံချည် ”

“ မြင့် အဆင်နဲ့ တထေရာတည်းပဲ ”

“ သူဝတ်ပုံ အဆင်ပြေရဲ့လား ”

“ မပြေဘူး ၊ အပေါ်က ဆွယ်တာရောင်က အဆင်သိပ်ရင့်တယ် ၊ ကြက်သွေးကြီး ”

“ အသားကကော ညိုစိမ့်စိမ့်ဘဲလား ”

ထိုအတွင်း ရုပ်ရှင်စရန် မှောင်ချလိုက်သည် ။

“ အသားညိုစိမ့်စိမ့် မဟုတ်ဘူး ၊ အသားမည်းတယ် ၊ အားလုံး အဆင်ပြေတာပဲ ၊ ဒါကြောင့် မြင့် ကိုသာ အဆင်အပြေဆုံးလို့ ချီးကျူးနေတာပေါ့ ”

“ ကဲ တော်ပါတော့ ထွန်းကလေး ရယ် ရုပ်ရှင် စပါပြီ ”

ရုပ်ရှင်ရုံထဲမှာ ရှိနေစဉ် ရှေ့က ပြနေသော ရုပ်ရှင်ကား နှင့် ဘေးမှ ထိုင်နေသော မမြင့်ဦး တို့မှတစ်ပါး ဘာမျှ စိတ်မဝင်စား ဘာမျှ သတိမရ ။ အလုပ်သမား ၊တောင်သူလယ်သမား ၊ကျောင်းသား အရေးတော်ပုံများကိုပင် မေ့ပျောက်ပစ်နိုင်ပေသည် ။

သို့သော် ရုပ်ရှင်ပြီး၍ အပြင်သို့ ထွက်လာသည်နှင့် တစ်ပြိုင်နက် အရေးတော်ပုံ နိမိတ်လက္ခဏာများ နှင့် ရင်ဆိုင်ကြုံတွေ့ရတော့၏ ။ ရုံရှေ့တွင် ခြောက်လုံးပြူးကို ကြိုးနက်ရှည်များဖြင့် လွယ်သိုင်းထားသော ဂေါ်ရာစာသင်များနှင့် နံပါတ်တုတ်ကြီးများကို ဝင့်ကိုင်လျက် ရှိကြသော က̶̶ု̶̶လ̶̶ာ̶̶း̶ပုလိပ်များသည် စောင့်ရှောက်နေကြသည် ။ သူတို့ကို မြင်လိုက်လျှင် မြင်လိုက်ချင်း မမြင့်ဦး သည် ကျွန်တော့် လက်တစ်ဖက်ကို ဆွဲထားလိုက်သည် ။ သူ့မျက်နှာတွင် စိုးရိမ်သောကတို့သည် အထင်းသား ပေါ်နေ၏ ။ ကျွန်တော့်အား ဖမ်းရန် စောင့်နေကြသလောဟု တွေးတော စိုးရိမ်ဟန် တူသည် ။ သို့သော် ဂေါ်ရာစာသင်များ နှင့် က̶̶ု̶̶လ̶̶ာ̶̶း̶ပုလိပ်သားများသည် မည်သူ တစ်ဦး တစ်ယောက် မျှ ရှာဖွေနေပုံ မပေါ် ။ သူတို့ဘာသာ ရပ်နေကြပေရာ -

“ ဘာမှ စိုးရိမ်စရာ မရှိပါဘူး မြင့်ရယ် ၊ လူတွေက ဒေါသူပုန်ထပြီး အာရ်အီးတီ ဓာတ်ရထား နဲ့ မီးတွေကို ဖျက်သလို အင်္ဂလိပ်ရုပ်ရှင်ရုံတွေကို ဖျက် မယ် ၊ အင်္ဂလိပ်နဲ့ အခြားလူမျိုးများကို ရိုက် မယ် ၊ နှက် မယ် အထင်ရှိပြီး အစောင့်ချထားတာနဲ့ တူပါတယ် လာသွားကြမယ် ”

ဒီတော့မှ မမြင့်ဦး သည် သူဆွဲထားသော ကျွန်တော့် လက်ကို လွှတ်လိုက်လေသည် ။ ပြီးတော့ စာသင်နှင့် ပုလိပ်များအား ခပ်ရှောင်ရှောင်လုပ်ပြီး လျှောက်သွားသည် ။ ကျွန်တော် က သူ့နောက်က လိုက်လေရသည် ။

၎င်းနောက် ဘေးချင်းယှဉ်၍ လျှောက် မိကြသောအခါ မမြင့်ဦး က -

“ သတင်းစာထဲမှာ တွေ့လိုက်တယ် ၊ အရှေ့ပိုင်း စတော့ကိတ်ထောင့် မှာ ရှိတဲ့ ရွှေမြို့တော် လက်ဖက်ရည်ဆိုင်ကို လူတွေက ည ၉နာရီ သာသာမှာ ခဲတွေ ပုလင်းတွေနှင့် ပေါက်ကြတယ်တဲ့ ၊ ဘာလို့များ ဒီလို လုပ်ကြပါလိမ့်မလဲနော် ၊ မြင့် တော့ ဒါမျိုးဟာ မျိုးချစ်လုပ်ငန်း အရေးတော်ပုံလုပ်ငန်း လို့ မထင်ဘူး ”

ကျွန်တော့်မှာ ရုတ်တရက် ဖြေရန် မလွယ် ဖြစ်နေလေသည် ။ အတန်ကြာ စဉ်စားပြီးမှ

“ မှန်ကန်တဲ့ မျိုးချစ်လုပ်ငန်း အရေးတော်ပုံလုပ်ငန်းတော့ မဟုတ်ဘူးပေါ့ ၊ သို့ပေမယ့် လူတွေကို အရမ်းအပြစ်ဆိုလို့တော့ မဖြစ်ဘူး ၊ အားလုံးက ဆိုင်တွေပိတ်ပြီး ဆန္ဒပြကြတယ် ၊ တစ်ဆိုင်က မပိတ်ဘဲ ကန့်လန့် လုပ်နေမယ်ဆိုရင် ဒေါသူပုန်ထပြီး လွယ်သလို အစွမ်းပြကြတာ ဖြစ်လိမ့်မယ် ၊ လွန်တာကျွံတာ ဖြစ်လိမ့်မယ် ”

“ ဆိုင်တွေပိတ်ပြီး ဆန္ဒပြကြတာဟာ လူတွေရဲ့ စီးပွားရေး အလုပ်အကိုင်တွေကို မထိခိုက်ဘူးလား ”

“ ထိခိုက်တယ် ၊ သို့ပေမယ့် အဲဒီလို အထိခိုက်ခံပြီး ဆန္ဒပြတယ်ဆိုတော့ ဘယ်လောက် ဆန္ဒ ပြင်းထန်တယ်ဆိုတာ ပိုပြီး သိသာစေတာပေါ့  မြင့် ရဲ့ ”

ဘတ်စ်ကားပေါ်ရောက်ပြီး ထိုင်မိကြသည်အထိ ကိုယ့်အတွေးနှင့် ကိုယ် ငြိမ်နေကြလေသည် ။ ကားထွက်ပြီး တစ်အောင့်လောက်ကြာသောအခါ ကျွန်တော်က စကားစရှာ၍ ပြောလိုက်သည် ။

“ ဗမာရုပ်ရှင်ရုံတွေလည်း ပြန်ဖွင့်ကုန်ကြပြီ ၊ ပြီးတော့ ကြည့်ချင်ပွဲတွေလည်း ပြန်ကကြပြီ ၊ ပုဇွန်တောင် အိုးဘိုရာမ လည်း ဆက်ကမယ်လို့ ဆိုပဲ ”

မမြင့်ဦး က ' ဟုတ်လား ' ဟူသော ပုစ္ဆာကို အာမေဋိတ်သံဖြင့်ပြောပြီး ငြိမ်နေပြန်လေသည် ။ အတန်ကြာအောင် သူငြိမ်နေသလို ငြိမ်နေပြီးမှ စကားရှာ၍ ပြောရပြန်သည် ။

“ ဗိုလ်အောင်ကျော် ဈာပနနေ့က လူတွေကားတွေ ကြိတ်ကြိတ်တိုးနေတော့ ကိုဘသွင် ဆိုတဲ့ လူတစ်ယောက် ကားနှစ်စင်းကြားမှာ ညပ်သွားတယ်ဆိုတာ ကြားလိုက်တယ် မဟုတ်လား ။ အဲဒီ လူဟာလေ ဆေးရုံကြီးမှာ သေသွားရှာပြီတဲ့ သိလား ” “ အို ဖြစ်မှဖြစ်ရလေနော် ”  ဟု မမြင့်ဦး သည် ကရုဏာသက်ပြီးနောက် ငြိမ်မြဲ ငြိမ်နေပြန်လေသည် ။

ထို့ကြောင့် ကျွန်တော်ကလည်း အလိုက်သိစွာပင် အပြောစခန်းရပ်၍ အတွေးနယ်ချဲ့ရ လေတော့သည် ။ ဗိုလ်အောင်ကျော် ဈာပနနေ့က လူစည်ကားပုံသည် မျက်စိထဲမှာ ရုပ်ရှင်ကားလို ပေါ် နေသည် ။ စည်ကားလိုက်သည့်လူတွေ စုံလိုက်သည့် အသင်းတွေ ၊ ရသေ့များအသင်း ၊ ဂျော်ကီများ အသင်းတို့ပင် ပါဝင်လေသေးသည် ။ ၎င်းနောက် ကိုအောင်ကျော် မသေလျှင် ရှေ့သူဘာဖြစ်မလဲဟု တွေးကြည့်မိပြန်သည် ။ ဟိုလိုဖြစ်မည် သည်လိုဖြစ်မည် ဟိုဟာဖြစ်မည် သည်ဟာဖြစ်မည် စသည်ဖြင့် ထွေပြားဝိုးဝါးစွာ တွေးပြီးနောက် ငါရှေ့ ဘာဖြစ်မလဲဟု ကိုယ့်ကိုယ်ကိုယ် မေးပြီး တစ်သီတစ်တန်းကြီး တွေးကြည့်နေပြန်လေသည် ။ ထိုအခိုက် ဘတ်စ်ကားရှေ့ပိုင်း တစ်နေရာတွင် ချိတ်ဆွဲထားသော ' မအိုသေးတဲ့သူ အပျိုလေးနဲ့တူ ' ယောဂီသွေးဆေး ကြော်ငြာကားချပ်သို့ မျက်စိရောက်သွားလေသည် ။ ကြော်ငြာတွင်ပါသော မင်းသမီး ခင်ခင်ထား ၏ မျက်လုံးမျက်ခုံးနှင့် ဆံထုံးကြီးကို စိုက်ကြည့်နေစဉ် -

“ ထွန်းကလေး ”  ဟု မမြင့်ဦး က ခေါ်လိုက်သဖြင့် သူ့ဘက်လှည့် ကြည့်လိုက်ရလေသည် ။

“ ဘာလဲ မြင့် ”

“ အို - တစ်ခု ပြောချင်လို့ ၊ ခုနေ မြင့် အိမ်ပြန်ရင် ကောင်းမလားလို့ ”

ကျွန်တော်က ရုတ်တရက် မဖြေဘဲ တွေနေစဉ် သူကပင် ဆက်လျက် -

“ မြင့် ကျောင်းတော့ မတက်တော့ဘူး ၊ သပိတ်မှောက်နေတယ် ၊ အင်းလျားမှာနေပြီး စာဖတ်နေလို့လည်း မရဘူး ၊ ပြီးတော့ အဘ က စာရေးလိုက်တယ် ၊ အိမ်ပြန်လာခဲ့တဲ့ ၊ သပိတ်မှောက် မှောက် မမှောက် မှောက် အိမ်ကိုသာ ပြန်လာခဲ့စေချင်သတဲ့ ၊ ဒီအချိန်မျိုးမှာ သမီးကို ရန်ကုန်မှာ စိတ်ချလက်ချ မထားနိုင်ဘူးတဲ့ ထွန်းကလေး လည်း အသိသားနဲ့ မြင့် တို့က အဖေတစ်ခု သမီးတစ်ခု ဆိုတော့ ”

ကျွန်တော့်မှာ မမြင့်ဦး က အိမ်ပြန်လိုသည် ဆိုလိုက်သောအခါ ရင်ထဲမှာ ဟာတာတာ ဖြစ်သွားသည် ။ နှမြောသလိုလို ဝမ်းနည်းသလိုလို ဖြစ်သွားသည် ။

“ အင်းလျားမှာ မနေချင်ရင် မြို့မကျောင်းသပိတ်စခန်းကို ပြောင်းနေပါလား မြင့်ရဲ့ ”

“ ဟင့်အင်း မနေချင်ဘူး ၊ ရန်ကုန်မှာ နေချင်း နေရရင် အင်းလျားမှာပဲ နေမှာပေါ့ ”

“ ကိုယ်တော့ မြင့် အိမ်ပြန်တာ မကြိုက်ဘူး ”

“ မြင့်မှာ တိုက်ပွဲထဲ ရှေ့တန်းကဝင်ပြီး သခင်မတစ်ယောက် လုပ်နိုင်တဲ့အခြေအနေ မရှိသေးပါဘူး ”

“ ကိုယ်တော့ မြင့် အိမ်ပြန်မှာကို ကန့်ကွက်ချင်တာပဲ ”

“ ကိုလှရွှေ ရဲ့ ကြေညာချက်ထဲမှာ ပါတယ် ၊ သပိတ်မှောက်ကျောင်းသားများ ကိုယ့်ရပ်ကိုယ့်ရွာ ပြန်နေနိုင်ကြတယ်တဲ့ ။ အဲဒီဟာကို ထွန်းကလေး က သဘော မတူဘူးလား ”

မမြင့်ဦး က သူနိုင်ပေါက်ရသဖြင့် ဝင့်ဝါစွာပြုံးကာ ကျွန်တော့်အား ကြည့်လိုက်သည် ။ ကျွန်တော်သည် အရှုံးပေးသဘောဖြင့် လေးတွဲ့စွာ ခေါင်းတစ်ချက် ညိတ်လိုက်ရပေတော့၏ ။

ဤသို့လျှင် ထိုနေ့အဖို့ ကျွန်တော်တို့နှစ်ယောက် ခွဲခွာကြလေသည် ။

ထိုနေ့က မမြင့်ဦး နှင့် ခွဲခွာခါနီး ကျွန်တော်သည် အရှုံးပေးသော သဘောနှင့် လေးတွဲ့စွာ ခေါင်း တစ်ချက် ညိတ်လိုက်ရာ နောက်နောင်တွင် ဤပုံ အကြိမ်ကြိမ် ထပ်၍ ညိတ်ရဦးမည်ကို လုံးဝ ကြိုတင် မစဉ်းစားမိပါချေ ။

ထိုနေ့က တွေ့ဆုံရခြင်းသည် မမြင့်ဦး ရပ်ရွာ မပြန်မီ နောက်ဆုံး တွေ့ရသော အကြိမ် ဖြစ်လိမ့်မည်ဟုလည်း မထင်မိပါလေ ။

◾သိန်းဖေမြင့်

📖 အရှေ့ကနေဝန်းထွက်သည့်ပမာ

koaungnaingoo.blogspot.com

.

တိုက် ၁၃ ၊ အခန်း ၄


 

❝ တိုက် ၁၃ ၊ အခန်း ၄ ❞

ကံအားလျော်စွာ …

တကယ့်ကို ကံအားလျော်စွာပါပဲ ။ သည် တိုက်ခန်းထဲက တစ်ခန်းခန်းကို နေထိုင်ခွင့်ရလိမ့်မည်ဟု ဘယ်တုန်းကမှ မမျှော်မှန်းခဲ့ဖူးကြောင်းကိုသာ ပထမဦးဆုံး ကျွန်မ ဝန်ခံရတော့မည် ။

မောင် ကတော့ သည်တိုက်ခန်းလေးတွေထဲက အခန်းလွတ် ပေါ်လာတိုင်း ဇွဲကောင်းကောင်းနှင့် လျှောက်သည်ချည်း ဖြစ်၏ ။ များသောအားဖြင့် လစာနှုန်း အတန်အသင့် မြင့်မားသူကိုသာ ( လုပ်ငန်းမှာ ဘယ်လောက်အရေးကြီးသလဲ ၊ စက်ရုံနဲ့ နီးနီးနားနားနေဖို့ လိုအပ်တဲ့သူလား ဆိုတာကိုလည်း ထည့်တွက်လေ့ရှိပါသည် ) နေရာချထားလေ့ရှိမှန်း ကျွန်မ သိထားနှင့်တော့ ရိုးရိုးစွဲစွဲ နေချင်သည့် ဆန္ဒသာ ရှိသော်လည်း ကျွန်မ မမျှော်မှန်းဝံ့ခဲ့ပါ ။

မန္တလေးပုံစံ ဟု ခေါ်သော တစ်လုံး လေးဦးနေ တိုက်ခန်းနီနီကြီးတွေ အလုံး နှစ်ဆယ်လောက်ကို ကန့်လန့်တစ်လုံး ဒေါင်လိုက်တစ်လုံး စီကာစဉ်ကာ တည်ဆောက်ထားသော သည်တိုက်စုကလေးကို ‘ တိုက်ဝင်း ’ ဟုပဲ ခေါ်တတ်ကြသည် ။

တိုက်ခန်းတွေရဲ့ အဦးထိပ်က သုံးထပ်သား ဆိုင်းဘုတ်ကလေးမှာတော့ ‘ ဝန်ထမ်းရိပ်သာ အမှတ် ( ၁ ) ၊ ဖြတ်သန်းသွားလာခွင့်မပြု ’ လို့ ရေးထားတာ ဖတ်ရဖူးသည် ။

အခုတော့ ထို ဆိုင်းဘုတ်ကလေးလည်း မရှိတော့ပါ ။ ‘ ဝန်ထမ်းရိပ်သာ အမှတ် ( ၁ ) ’ လို့လည်း ဘယ်သူမှ ရုံးဆန်ဆန် ခေါ်သံ မကြားရပါ ။ ‘ တိုက်ဝင်း ’ ဆိုသည့် လူထု ဘာသာစကားကသာ တွင်ကျယ်နေတော့သည် ။

ကံအားလျော်စွာ သည်တိုက်ခန်းကလေးကို ကျွန်မတို့ နေခွင့်ရသလို နောက်ထပ် ကျွန်မအတွက် ကံကောင်းတာ ရှိပါသေးသည် ။ ကျွန်မတို့ နေခွင့်ရသော တိုက်ခန်းလေးက ဘူတာရုံကလေး နှင့် နီးသောကြောင့် ဖြစ်ပါသည် ။

ကျဲပါးသော မြို့ပတ်ရထား အပြာရင့်ရင့်ကလေးတွေ တိုက်အောက်က တဝေါဝေါဖြတ်သွားလျှင် ဘာရယ်မဟုတ်ဘဲ ကျွန်မ ပြတင်းပေါက် ဘေးကို ပြေးရပ်မိသည်သာ ။

မောင် ကတော့ ဘူတာရုံနှင့် နီးနီးနေရတာကို သိပ်ကြိုက်လှပုံ မရပါ ။ ဒါပေမဲ့ မောင်က ပြတင်းက တဆင့် အနောက်ဘက် မိုးကုပ်စက်ဝိုင်းကို တစ်ဆန့်တစ်လျား မြင်နေရတာကိုတော့ တစ်စုံတစ်ရာ မပြောသော်လည်း ကျေနပ်နှစ်သက်ခြင်း ဖြစ်ဟန်ရှိပါသည် ။

ဘူတာရုံနှင့် နီးခြင်း ဝေးခြင်း ၊ အနောက်ဘက် မိုးကုပ်စက်ဝိုင်းကို မြင်ရခြင်း မမြင်ရခြင်းတို့မှာ ကျွန်မတို့ နှစ်ဦး၏ တစ်ဦးချင်း ခံစားမှုသာ ဖြစ်၍ မောင် နှင့် ကျွန်မ ကြားတွင် သိပ်တော့ ပြဿနာ မရှိလှပါ ။ ဘာပဲဖြစ်ဖြစ် သည်တိုက်ခန်းကလေးကို စတင်ရောက်ရှိသည့်နေ့ကတော့ ကျွန်မတို့ နှစ်ဦးစလုံး စိတ်ညစ်ညူးသွားခဲ့ရတာ အမှန်ပင်ဖြစ်၏ ။

အဲသည်နေ့က မောင်က ဘုရားစင်မှ ဘုရားကျောင်းဆောင်ကို ပင့်ဆောင်၍ ကျွန်မက သောက်ရေအိုးသစ်တစ်လုံးကို သယ် မ လာခဲ့ပါသည် ။ အဲသည်နေ့က ရက်ရာဇာဖြစ်၍ နဂါးခေါင်းက တောင်ဘက်သို့ လှည့်သည်ဟု မောင် က ကျွန်မ ကို ရှင်းပြသောနေ့လည်း ဖြစ်ပါသည် ။

°°°°°   °°°°°   °°°°°

သည်တိုက်ခန်းကလေးပေါ်ကို ကျွန်မတို့နေထိုင်ခွင့် မရှိခင်တုန်းက သည်တိုက်တွေနှင့် တော်တော်လေး လှမ်းသော ခြောက်ခန်းတွဲတန်းလျားခန်းတွေမှာ ကျွန်မတို့ နေထိုင်ခဲ့ရပါသည် ။ ဆယ်ပေခန်း ကျဉ်းကျဉ်းကလေး ခြောက်ခန်းကို တစ်ဆက်တည်း ဆောက်ထားလို့ ‘ တန်းလျား ’ လို့လည်း ခေါ်ကြပါသည် ။

ဘယ်လိုမှကို စရိုက်ချင်း မတူနိုင်သော အိမ်ထောင်စု ခြောက်စု ထဲမှာ ကျွန်မတို့က တစ်စု ဖြစ်သည် ။ ဘေးအစွန်ခန်းတွေကတော့ ပျဉ်ချပ်တွေ စီကာထပ်ကာ ကာရံပေးထားရုံသာမက ဘေးပြတင်းပေါက်တွေပါ ဖောက်ပေးထားသဖြင့် ဘေးခန်းမှာ နေထိုင်ခွင့်ရသူတွေက အနည်းငယ် အဆင်ပြေသော်လည်း အလယ်ခန်းတွေကိုမူ ပါးလျသော ဝါးထရံချပ်တွေကို လျော့ရဲရဲ ကာပေးထားပါသည် ။ ကျွန်မကတော့ ရနိုင်သမျှ စက္ကူစတွေကို ကော်သုတ်၍ စိတ်ရှည်လက်ရှည် ကပ်နေတတ်၏ ။

မည်သို့ပင်ဖြစ်စေ တစ်ခန်းက ညှော်နံ့ကို လည်းကောင်း ၊ တစ်ခန်းက ဟားတိုက် ရယ်မောသံကို လည်းကောင်း ၊ တစ်ခန်းက မွှန်စူးစူး အရက်နံ့ကို လည်းကောင်း ၊ တစ်ခန်းက ဖဲရွက်ပွတ်သံကို လည်းကောင်း ၊ တစ်ခန်းက ကြေးစည်ရိုက် အမျှဝေသံကို လည်းကောင်း တစ်ခုမဟုတ် တစ်ခု ကျွန်မ ကြားနေရသည်သာ ဖြစ်၏ ။

တန်းလျားလေးက ခါးစောင်းလောက်သာ မြင့်ပါသည် ။ လှေကားသုံးထစ်သဖွယ် ပြုလုပ်ထားသော အုတ်ခုံလှေကားလေးပေါ်မှာပဲ ညနေစောင်းလျှင် ကျွန်မ ထိုင်နေမိတတ်သည် ။ ခပ်လှမ်းလှမ်းက မီးရထား သံလမ်းတွေကို ဖြတ်ကာ ပြန်လာမည့် မောင့် ကို စောင့်ရင်း အချိန်အတော်များများကို ကျွန်မ သည်အုတ်ခုံလေးပေါ်မှာပဲ ထိုင်ရင်း ဖြုန်းတီးပစ်ခဲ့သည်ချည်း ဖြစ်၏ ။

မောင် ကတော့ သည်တန်းလျားကလေးကို နေချင်စဖွယ် အိမ်ကလေးတစ်ခုအဖြစ် သဘောထားနိုင်သူ ဖြစ်၏ ။

‘ လူတွေနဲ့ ရောနှော နေထိုင်ရတော့ လူတွေအကြောင်း ပိုသိခွင့်ရတာပေါ့ ’ ဟု လည်းကောင်း ၊ ‘ တန်းလျား ဆိုတာ လူ့လောက အငယ်စားလေးကွ ။ စရိုက် သိပ်စုံတယ် ’ ဟုလည်းကောင်း ပြောတတ်သော်လည်း ကျဉ်းမြောင်းသော သည်အခန်းကလေးတွေထဲမှာ အသက်ရှူ မဝဘဲ မွန်းကျပ်နေရသော ဝေဒနာကိုသာ ကျွန်မ အမှတ်မိဆုံး ဖြစ်၏ ။

အခန်းကျဉ်းလေး နှစ်ခန်းပါသော သည်တန်းလျားမှာ တစ်ခန်းက အိမ်ရှေ့ ဘုရားခန်း ( ဧည့်ခန်း ) ဖြစ်၍ နောက်တစ်ခန်းက အိပ်ခန်းဖြစ်သည် ။ နောက်ဘက် မှာတော့ ကိုယ့်အစီအစဉ်နှင့် ကိုယ် ဆွဲဆန့်ကာ အခန်းရှည်ရှည်ကလေး တစ်ဆောင် ထပ်ချဲ့ထားရသည် ။ မီးဖို နှင့် ထမင်းစားခန်း ဖြစ်သည် ။

သည် တန်းလျားခန်းတွေရဲ့ သက်တမ်းက နည်းလှသည် မဟုတ် ။ တစ်ကြိမ်တည်းသာ သုတ်ခွင့်ရထားခဲ့သော ရေနံချေး မည်းမည်းတို့ပင် ဖြူရော်ကြွပ်ရွသော မြေခြောက်ရောင်အဖြစ် ပြောင်းလဲနေခဲ့ပြီ ။ ပြတင်းတံခါးတွေက တစ်ချပ်နှင့်တစ်ချပ် အံမကျသော်လည်း တအားဆွဲပိတ်ပစ်ဖို့ စိတ်ပင် မကူးဝံ့ပါ ။

နီကြင်ကြင် ဝပ်အားနည်း မီးလုံးရောင်ေအာက်မှာ တစ်ခန်းက မီးခိုးတွေက တခြားအခန်းတွေမှာ ဝေ့ဝေ့ဝဲဝဲ ရှိနေတတ်တာလည်း ရှိသည် ။ ညဉ့်နက်သန်းခေါင်မှ ပြန်ရောက်လာတတ်သော အိမ်လည်လွန်တစ်ဦးဦးက သူ့အခန်းတံခါးကိုသူ တဝုန်းဝုန်းထုလျှင် ကျန်အခန်းတွေက မိသားစုတွေပါ ရောယောင်နိုးနေရသည် ။

တချို့ကတော့လည်း ညတစ်နာရီထိုးမှ ကြာနီကန် ဆရာတော် တရားခွေကို ဓမ္မဓါနအဖြစ် ခပ်ကျယ်ကျယ် ဝေငှနေကြတာလည်း ရှိသည် ။ တစ်ခါတစ်ခါ ကျိတ်၍ ရန်ဖြစ်တတ်သော လင်မယားတွေဆီက ငိုသံတွေ ရောက်လာတတ်တာကတော့ ကျွန်မအတွက် ရိုးအီနေသော ဂီတ ဖြစ်လေသည် ။

ဒါပေမဲ့ သည်တန်းလျားခန်းကလေးက လူတွေမှာ ချစ်စရာကောင်းသော ၊ ခင်မင်နှစ်လိုဖွယ် ကောင်းသော ၊ စွဲလမ်းတပ်မ က် ဖွယ် ကောင်းသော စရိုက်တွေလည်း ရှိကြောင်းကို ကျွန်မ ဝန်ခံရပါမည် ။ ဝိုင်းဝန်း ကူညီတတ်ခြင်း ဖြစ်သည် ။ လူမှုရေးတွေမှာ သိနားလည်လွန်းခြင်း ဖြစ်သည် ။ ဘဝတူချင်း စာနာတတ်ခြင်း ဖြစ်သည် ။

မိုးတွင်းတွေမှာ မိုးယိုတာက လွဲရင် ၊ ရေအိမ်မှာ အညစ်အကြေးတွေ ပေကျံညစ်ပွနေတတ်တာက လွဲလျှင် ၊ အများသုံး အုတ်ရေကန်ကရေကို ဝေးလံစွာ သယ်ယူရတာက လွဲလျှင် ၊ မိန်းမချင်း မကြာခဏ ကျယ်လောင်စွာ ရန်ဖြစ်တာက လွဲလျှင် …

တန်းလျားခန်းကလေးကို ကျွန်မ သံယောဇဉ် ရှိပါသည် ။

မွန်းကျပ်သည် မှန်သော်လည်း သည်တန်းလျားခန်းကလေးကို တကယ်တမ်း စွန့်ခွာကာ တိုက်စုကလေးထဲက တစ်ခန်းကို ကျွန်မ ရရှိသည်ဟု သတင်းရောက်လာသည့် အချိန်က လှေကားအုတ်ခုံကလေးမှာပဲ ကျွန်မ မရှက် မကြောက် ငိုဖြစ်ပါသည် ။

°°°°°   °°°°°   °°°°°

တိုက် ၁၃ ၊ အခန်း ၄ …

မောင့် လက်ထဲက ရုံးမိန့်စာရွက်ကို ကိုင်ရင်းက သည်နံပါတ်တွေကို ကျွန်မ အကြိမ်ကြိမ် အထပ်ထပ် ရေရွတ်နေမိတော့သည် ။ မောင်ကတော့ ရက်ရာဇာတွေ ၊ ပြဿဒါးတွေ ပါသော ပြက္ခဒိန်ပေါ်မှာပဲ အာရုံရောက်နေသည် ။

အင်္ဂလိပ်စာကို ရှေးခုနစ်တန်းလောက်တတ်သော ဖေဖေ ကတော့ ပက်လက်ကုလားထိုင်ပေါ်မှာ ထိုင်ရင်းက …

“ သမီးတို့ ရတဲ့ အခန်းက နံပါတ်တွေကို ဖေဖေတော့ မကြိုက်လှဘူး ။ ဆယ့်သုံးဂဏန်း က ကံမကောင်းတတ်ဘူး ။ အင်္ဂလိပ်အယူကတော့ ‘ ဆယ့်သုံး ’ ဟာ ခိုက်တယ် လို့ကို ယုံကြည်ကြတယ် ။ ‘ လေး ’ ဆိုတာလည်း မြန်မာလိုတော့ လေးလံခြင်း ၊ စိတ်လေးရခြင်း စတဲ့ ဖိစီးနေတဲ့သဘောတွေ ပါတယ် ။ မကောင်းဘူး … မကောင်းဘူး …”

ကျွန်မကတော့ ဖေဖေ့ကိုပဲ တအံ့တဩ ငေးကြည့်နေမိ၏ ။ တိုက် ၁၃ ၊ အခန်း ၄ ဟာ မကောင်းဘူးလား ။ တကယ်ပဲ ခိုက်တတ်သလား ။

မောင် ကတော့ ဒါတွေကိုကြားပုံမရပါ ။

“ တော်သေးတယ်ဟေ့ နဂါးခံတွင်းထဲ မဝင်လို့ … နဂါးခေါင်းက တောင် လှည့်တယ် ၊ ‘ နတ် ၊ ပြာ ၊ တွဲ - တောင် … နတ် ၊ ပြာ ၊ တွဲ - တောင် …’ အိမ်ဆောက်တာ မဟုတ်ပေမယ့် အိမ်ပြောင်းတာလည်း ဒီလတွေ ကောင်းသားပဲ ”

ဖေဖေက ပက်လက်ကုလားထိုင်မှထကာ စက္ကူဖြူဖြူကလေးပေါ်မှာ Soft Pen ဖြင့် ‘ တိုက် ၁၂ - က ၊ အခန်း ၃ - က ’ လို့ ခပ်ထူထူကလေး ရေးကာ ကျွန်မကို လှမ်းပေးပါသည် ။ ကျွန်မက နားမလည်နိုင်စွာ ဖေဖေ့ ကို ငေးကြည့်နေမိ၏ ။

“ ဆယ့်သုံး မဟုတ်ဘူး ၊ ဆယ့်နှစ် ‘ က ’ ကြီးကွာ ၊ လေး မဟုတ်ဘူး ၊ သုံး ‘ က ’ ကြီး ကွာ ။ ဘာဖြစ်သေးလဲ … သမီး စပြောင်းတဲ့နေ့ တံခါးဝမှာ အဲဒါလေး ကပ်ထား ။ ကြားလားသမီး …”

ဖေဖေ ကတော့ ရုံးအမိန့်စာထဲက တိုက် ၁၃ ၊ အခန်း ၄ ကို သူ့သဘောနှင့်သူ ပြောင်းပစ်လိုက်သည် ။ ကျွန်မကတော့ တိုက် ၁၃ ၊ အခန်း ၄ လို့ပဲ စွဲမှတ်နေမိသည် ။

အဲသလိုပြောင်းလိုက်လို့ ရလို့လား ။ မောင် ကတော့ ဘာမှ မပြောပါ ၊ နောက်ဖေးဘက်က သူစိုက်ပျိုးခဲ့သော စားပင်ကလေးတွေကို နှမြောတသစွာ သွားငေးနေဟန်ရှိပါသည် ။

“ ဘာပဲဖြစ်ဖြစ်လေ ၊ ရန်ကုန် လိုနေရာမှာ တိုက်ခန်းကျယ်ကျယ်ကလေး တစ်ခန်းရတာ သမီးတို့ ကံကောင်းတာပဲ ။ ဥပါဒါန်ကလည်း ဥပဒ်ဖြစ်တတ်သတဲ့ ။ အစွဲတော့လည်း မထားနဲ့ပေါ့ကွယ် ”

ကျွန်မ မောင့် နောက်ကို လိုက်သွားတော့ မောင်က ရွှေ့ပြောင်းလို့ ရနိုင်သော သစ်ပင်ကလေးတွေကို လိုက်ပြသည် ။ ကျွန်မ နှမြောတသအဖြစ်ရဆုံးမှာ အသီးတွေ သဲသဲမဲမဲ သီးတတ်သော မာလကာသီးပင် နှစ်ပင် ကိုပဲ ဖြစ်သည် ။

ကျွန်မ၏ မျက်နှာရိပ်ကို ဖတ်တတ်သော မောင် က ကျွန်မရဲ့ပခုံးတွေကို အသာအယာ ဖျစ်ညှစ်ပါသည် ။

“ နှမြောလို့လား … တိုက် ၁၃ ၊ အခန်း ၄ ကျရင် ပြန်စိုက်တာပေါ့ ”

မောင်က သည်နံပါတ်တွေကို ကျွန်မ မုန်းတီးမှန်း သိ၍ နောက်ပြောင်လိုက် မှန်း သိသော်လည်း ကျွန်မ သိပ်မခံစားရပါ ။ ကျွန်မ အတွက် လက်ရှိအခြေအနေတွင် အလိုအပ်ဆုံးမှာ ပိုမိုကျယ်ပြော လွတ်လပ်သော နေရာတစ်ခုသာ ဖြစ်ပါသည် ။ ကျပ်တည်းကျဉ်းမြောင်းသော သည်နေရာကလေးကို တစ်ခါတစ်ခါ သတိရသော်လည်း သည်နေရာက စွန့်ခွာဖို့ ကျွန်မအကြိမ်ကြိမ် မျှော်လင့်ခဲ့ရသည် မဟုတ်လား ။

‘ ဒီမာလကာပင်လေးကို နှမြောတာတော့ အမှန်ပါပဲ ၊ ဒါပေမဲ့ သူက ကျွန်မတို့ စွန့်ခွာမယ့် နေရာမှာ ပေါက်နေတော့ ထားရစ်ခဲ့ရမှာပဲ မဟုတ်လား ’ … မောင့်လက်တွေက ကျွန်မပခုံးကို ပိုမိုတင်းကျပ်စွာ ဖျစ်ညှစ်လိုက် မှန်း ကျွန်မ သိလိုက်ပါသည် ။

°°°°°   °°°°°   °°°°°

တိုက်ခန်းတွေက ဟောင်းမြင်းလှပြီ ။ အဝေးကကြည့်လျှင် စီကာစဉ်ကာ လှပနေတတ်သော သည်တိုက်ခန်းတွေက အနီးကကြည့်လျှင် အတော်ပင် အကျည်းတန်နေတာကို ကျွန်မ ပထမဆုံး သတိထားမိပါသည် ။

အောက်ထပ် နှစ်ခန်းက တစ်ဖက်သို့လှည့်၍ အပေါ်ထပ်နှစ်ခန်းက ဆန့်ကျင်ဘက်သို့ မျက်နှာမူထားသည် ။ အတန်ငယ်မတ်စောက်သော လှေကားထစ်တွေကို တက်ရတိုင်း ( နောင်တွင် ) ကျွန်မ မောဟိုက်နေတတ်၏ ။

ပထမဆုံးအခက်အခဲမှာ သည်တိုက်ကလေးမှာ နေလက်စ မိသားစုက ရုတ်တရက် ဖယ်မပေးခြင်းပင် ဖြစ်သည် ။ အခြား မြို့တစ်မြို့သို့ ပြောင်းရွှေ့ရန် အမိန့်တစ်စုံတစ်ရာ ရထားပြီးဖြစ်ပါလျက် ရသလောက် တွယ်ကပ်နေသည့် သဘောမျိုး ဖြစ်သည် ။ တစ်ပတ်ခန့် စောင့်သော်လည်း ပြောင်းရွှေ့ပေးမည့် အရိပ်အယောင် မပြ ။ အဆိုးဆုံးမှာ ‘ နေပါဦးလား ။ တော်တော် ပြောင်းလာချင်ပြီလား ၊ တိုက် နဲ့ သိပ် နေချင်တာပဲလား ’ … ဆိုသည့် မအီမသာ စကားတွေပင် ဖြစ်သည် ။

ဒါပေမဲ့ ထူးဆန်းတာက အဲသည့်မိသားစု ပြောင်းရွှေ့သွားသည့်အခါ ဘယ်သူမှ မသိလိုက်ခြင်းပင် ဖြစ်သည် ။ လမ်းမတန်းက ရုတ်တရက် မမြင်နိုင်သော ပြတင်းတံခါး တချို့ကို ဖြုတ်ယူသွားခဲ့သည် ။ လျှပ်စစ်မီးခေါင်းနှင့် မီးခလုတ်တွေလည်း မရှိတော့ ။ ကြိုးစတန်းလန်းနှင့် သည်အတိုင်း ထားပစ်ခဲ့သည် ။

မောင်က ဘုရားဆင်းတုတော်ကို ပင့်ဆောင်ရင်း ကျွန်မက ရေအိုး အသစ်ကလေးကို ချီ မ လာသည့်နေ့က ပထမဆုံး သတိထားမိတာ ပြတင်းတံခါးတချို့ မရှိတာဖြစ်သည် ။ မောင် ကတော့ ရောက်ရောက်ချင်း အိမ်ရေဆေးဖို့ လိုတယ်ဆိုကာ ရေချိုးခန်းထဲကို ဝင်တော့ ဘုံပိုင်ခေါင်း မရှိ ။ ရေပိုက်အဆက် တော်တော်များများကို ဖြုတ်ယူသွားသည် ။ ရေလာချိန် မဟုတ်သဖြင့် ရေတွေ ကျမနေလို့ တော်တော့သည် ။

“ ရေချိုးခန်းကို တော်တော် လုပ်ယူရမယ် ထင်တယ် ၊ ရေပိုက်ကော ၊ ပိုက်ခေါင်းကော မရှိတာ ။ အဆိုးဆုံးက ဒီမှာ … ကြည့်စမ်း …”

အိမ်သာကြွေခွက် နှင့် ကြမ်းခင်းတွေ ကွဲအက်နေခြင်း ဖြစ်သည် ။ အညစ်အကြေးဆင်းရာ ကြွေပိုက် နေရာမှာလည်း သံတူရွင်း နှင့် ထိုးခွဲထားသလို ဖြစ်နေသေးသည် ။ ရေအိမ်၏ ခလုတ်တွေမှာ အဖုံး မရှိ ။

မောင် ကတော့ ဘာမှမဖြစ်သလို ခံစားမှုမဲ့ မျက်နှာဖြင့် ရှိသော်လည်း ကျွန်မ တော်တော် စိတ်ပျက်သွားမိပါသည် ။

အဆိုးဆုံးမှာ တိုက်ခန်းကို သုတ်ထားသော ဆေးရောင်တွေပဲ ဖြစ်သည် ။ ပြာတောက်တောက် အရောင်တွေက သစ်လွင်တုန်းက လှပနေမည် မှန်သော်လည်း ယခုအခါ မွဲခြောက်ခြောက် အရောင်အသွေးဖြင့် ညစ်ထည်းထည်း ဖြစ်နေပြီ ။ ကျွန်မကတော့ ဧည့်ခန်းရော ၊ အိပ်ခန်းတွေကိုပါ အဖြုရောင် ပြောင်းပစ်လိုက် မည် စိတ်ကူးထားသည် ။

“ တိုက်ခန်း မျက်နှာစာက အနောက်ဘက်လှည့်နေတော့ ဘုရားစင်က တောင်ဘက်လှည့်မှ ကောင်းမယ် ထင်တယ်နော် …”

ကျွန်မ ကတော့ မောင့် စကားတွေကိုပင် ကြားနိုင်စွမ်း မရှိတော့ပါ ။ ပြတင်းဝမှာ သွားရပ်နေလိုက်သည် ။ မောင် က ဘုရားစင်ကို အုတ်နံရံမှာ မြှုပ်ဖို့ လက်သမားဆရာ ခေါ်ရမည်ဟု ပြောရင်းက အောက်ဆင်းသွားပါသည် ။ ကျွန်မကတော့ တိုက်ရှေ့က သရက်ပင်အုပ်အုပ်ကလေးကို လည်းကောင်း ၊ အုန်းပင် မြင့်မြင့်ကြီးကို လည်းကောင်း ငေးရင်း အဲသည့်နေရာလေးမှာပဲ အကြာကြီး ရပ်နေမိသည် ။

“ ညီမတို့က ဒီအခန်းကို ရသလား ”

ကျွန်မ ဆတ်ခနဲ တုန်ယင်သွားမှန်း ကိုယ့်ကိုယ်ကိုယ် သိလိုက်ပါသည် ။ အတန်ငယ် အသက်ကြီးရင့်နေပြီဖြစ်သော အမျိုးသမီးတစ်ဦးက ကျွန်မဘေးမှ ရပ်ရင်း ရုတ်တရက် မေးလိုက်ခြင်းကို ကျွန်မ လန့်ဖျပ်သွားခြင်း ဖြစ်သည် ။

“ ဪ … ဟုတ်ကဲ့ရှင့် …”

“ ကောင်းတယ် … ကောင်းတယ် … တို့ အိမ်နီးချင်း ဖြစ်သွားပြီပေါ့ ။ ဒီမယ် … အခုရှုပ်မှ နောင်ရှင်း ပြောထားရဦးမယ် ။ ဟောဒီ သရက်ပင် ငါးပင်မှာ ညီမတို့နဲ့ ဆိုင်တာ နှစ်ပင် ၊ ဟောဟိုးက သုံးပင်က အဒေါ်တို့ အပင်တွေ ”

“ ဪ …”

ကျွန်မက ကျွန်မပိုင်သည်ဆိုသော သရက်ပင်တွေကို ကြည့်လိုက်တော့ အသီးကင်းလေးတွေ တချို့ မြင်နေရပြီ ၊ တချို့ ဖူးတုန်းပွင့်တုန်း ၊ ဒါ ကျွန်မတို့ရဲ့အပင်တွေတဲ့ ။ အရင့်အရင် နေထိုင်ခဲ့သူတွေက အမြော်အမြင် ကြီးမားစွာ စိုက်ပျိုးခဲ့တဲ့ အပင်တွေပဲ ။

“ ဟောဒီ တိုက်လှေကားနဲ့ တည့်တည့် မျဉ်းကြောင်းဆွဲပြီး နယ်ကန့်သတ်ထားတာ ။ ဒီဘက်က အဒေါ်တို့ ၊ ဒီကွက်လပ်က ညီမတို့ ၊ ဟောဒီဘေးဘက်က အောက်ထပ်နဲ့ ဆိုင်တယ် ”

“ ဪ … ဪ …”

“ လူတွေက ခက်ပါတယ်ကွယ် ။ ညီမတို့မလာခင် နေသွားတဲ့သူတွေက သရက်ဖူးတွေကို ရိုက်ချသွားတယ် ။ ညီမတို့ကလည်း မလာသေး ၊ အဒေါ်တို့ကလည်း ပြောလို့ မဖြစ်နဲ့ ။ အုန်းသီးနုနုကလေးတွေကို တက်ခုတ်သွားတာလည်း ရှိရဲ့ ။ လူတွေ ပြောပါတယ် … မကောင်းတာ ”

“ ကျွန်မတို့က ဒီအပင်တွေဟာ ကျွန်မတို့နဲ့ မဆိုင်ဘူး ထင်နေတာ ၊ ကိစ္စ မရှိပါဘူး ၊ ဒီအပင်တွေအတွက် ကျွန်မ ဘယ်လိုမှ မခံစားရပါဘူး ”

“ အိုကွယ် … မဟုတ်တာ … ကိုယ်နေတုန်း ကိုယ့်ဥစ္စာပေါ့ ။ ရှေ့လူက သက်သက် ဖျက်ဆီးသွားတာ ၊ မစားရတဲ့အမဲ … လုပ်သွားတာ ”

“ ဟုတ်ပါရဲ့ … အခုလည်း မီးခေါင်းတွေရော ၊ မီးခလုတ်တွေရော တစ်လုံးမှ အကောင်းမရှိဘူး ဒေါ်ဒေါ် … ပြတင်းတွေလည်း ဖြုတ်ယူသွားတယ် ”

“ အမှန်ကတော့ အခန်းအပ်ရင် သက်ဆိုင်ရာ တာဝန်ရှိတဲ့ လိုင်းမှူးတွေကို ပြန်အပ်ရတာပါပဲ ။ ဒါပေမဲ့ သူတို့က တခြားမြို့တစ်မြို့ကို အပြီးပြောင်းသွားတာဆိုတော့ တဖြည်းဖြည်းဖြုတ်ပြီး ယူသွားတာ ။ စနစ်တကျ အပ်ခဲ့တာ မဟုတ်ဘူး ။ အဒေါ်တို့လည်း တချို့ကိစ္စတွေ မြင်သားပဲ ၊ မပြောသာဘူးလေ ”

မောင် ပြန်လာတော့ မီးလုံးတွေ ပါလာသည် ။ တန်းလျားခန်းက မီးချောင်းတွေ ဖြုတ်ယူလာခဲ့သည် ။ မီးခလုတ်တွေ ၊ မီးခေါင်းတွေ ။

“ မောင် တော့ မီးခလုတ်ကို အရောင်ကွဲသွားအောင် အဖြူကလေးတွေချည်း ဝယ်လာတယ်ဟေ့ ”

တစ်ဖက်ခန်းက အိမ်နီးချင်းနှင့် မောင့်ကို မိတ်ဆက်ပေးသည် ။

“ ကျွန်တော်တို့လည်း တဖြည်းဖြည်း ပြုပြင်ရင်းနဲ့ နေသွားရမှာပဲ ။ ရှေ့လူက ဖျက်ဆီးသွားလိုက်တာ တော်တော်ဆိုးတယ် အန်တီ …”

“ အင်းလေ … အခုပဲ အဲဒါကို ပြောနေကြတာ ။ ပြီးတော့ ဒီအခန်းကလည်း မကောင်းဘူး ။ အဒေါ်တို့က နေလာတာကြာပြီ မဟုတ်လား … သိတယ် … ဒီအခန်းက ရာဇဝင်နဲ့ … ”

မောင် က ကျွန်မကို လှမ်းကြည့်ရင်းက ပြုံးသည် ။

တစ်ဖက်ခန်းက အိမ်နီးချင်း ဆိုသူကလည်း စကားအစကလေးတစ်စ ထားရစ်ကာ ပြန်သွားသော်လည်း ကျွန်မစိတ်ထဲမှာ တစ်နေ့လုံး နောက်ကျုနေသည် ။

သည်အခန်းက ရာဇဝင်နဲ့ … သည်အခန်းက ရာဇဝင်နဲ့ …

ဘာ ရာဇဝင်တွေလဲ ၊ ဘာ မကောင်းတာလဲ ။ ထိုနေ့က ပြတင်းဝမှာပဲ ကျွန်မ အကြာကြီး ရပ်နေဖြစ်သည် ။ တစ်ခါတစ်ရံ တိုက်အောက်က ဖြတ်သန်းသွားသော မြို့ပတ်ရထားတွေကို ငေးရင်း ၊ အဝေး ဘူတာရုံကလေးကို ရီဝေစွာ လှမ်းကြည့်ရင်း ကျွန်မ ဘယ်လောက်တွေးငေးနေသည် မသိ ၊ မောင် လာခေါ်တော့ အပြင်မှာ အလင်းစတွေ လျော့ပါးသွားပြီ ။

“ ဒီအခန်းကလေးက ရာဇဝင်တွေနဲ့တဲ့ မောင် … ”

မောင် ကတော့ ခြောက်ကပ်ကပ် ရယ်သည် ။ ကျွန်မရဲ့ နဖူးဆံစတွေကို သပ်တင်ရင်း …

“ ကောင်းတာပေါ့ … ရာဇဝင်နဲ့ဆိုတာ ဒီအခန်းရဲ့ ဖြတ်သန်းမှုကို ပြတာပေါ့ ၊ ဒီအခန်းရဲ့ ရင့်ကျက် မှုပေါ့ ”

မောင် ကတော့ အရာရာကို ချေဖျက်နိုင်စွမ်းသည် ။ အေးချမ်းတည်ကြည်သော မောင့် စိတ်သဘောတွေကို ကျွန်မ အားကျသော်လည်း ကျွန်မ ကိုယ်တိုင် မွေးမြူ၍ မရခဲ့ပါ ။

ကျွန်မ ကတော့ တိုက် ၁၃ ၊ အခန်း ၄ ရဲ့ ရာဇဝင် ဆိုတာတွေကိုပဲ သိချင်နေမိတော့သည် ။ ဤသို့ဖြင့် ကျွန်မတို့ တိုက်ခန်းကလေးကို တစ်စတစ်စ ဖြည့်ဆည်းတည်ဆောက်ယူခဲ့ရသည် ။ နှစ်ကာလ ကြာလာသည်နှင့်အမျှ သီးပင်စားပင်တွေ ဝေဝေဆာဆာ ဖြစ်လာခဲ့ရပြန်ပြီ ။

ကျွန်မက ခပ်လှမ်းလှမ်းက ဘူတာရုံကလေးကို လည်းကောင်း ၊ မောင်က တစ်ဆန့်တစ်လျား ဝေးလံသော ကွင်းပြင်ကျယ်ကျယ်ကိုလည်းကောင်း ၊ မနီးမဝေးက စက်ရုံမီးခိုးခေါင်းတိုင်ကလေးကို လည်းကောင်း ၊ ရထားလမ်းကို ကန့်လန့်ဖြတ်သွားသော မြေနီလမ်းပေါ်က မြင်းလှည်းခြူသံ လွင်လွင်ကလေးတွေနှင့် ဂေါက်ဂက်ဂေါက်ဂက်ဖြင့် မြင်းခွာသံဂီတကို လည်းကောင်း ၊ ဆောင်းဝင်စ ရာသီတွေမှာ အပြိုင်းအရိုင်း ဖူးကြသော သရက်ပွင့်တွေကို လည်းကောင်း ကျွန်မတို့ ခံစားတတ်ကြပြီ ။

°°°°°   °°°°°   °°°°°

သည်တိုက်ခန်းကလေးမှာ ဖြစ်ခဲ့ဖူးသော ရာဇဝင်တွေကို ကျွန်မ သိခွင့်ရခဲ့သည်မှာ သိပ်မကြာလှသေးပါ ။

ပထမဆုံး နေထိုင်ခဲ့သည့် ဂီတသမား လင်မယားအကြောင်းက စရလိမ့်မည် ။ စောင်းသံ ၊ စည်းသံ ၊ ဝါးသံ ၊ မဟာဂီတ သီဆိုသံတို့ဖြင့် ဝေစည်ခဲ့ဖူးသော ကာလတစ်ခုတုန်းကတော့ ချမ်းမြေ့ဆွတ်ပျံ့ဖွယ် ကောင်းနေမည်မှန်သော်လည်း ထို ဂီတသမား ဇနီးမောင်နှံ၏ ဇာတ်သိမ်းမှာ သူတို့ချင်း တစ်သက်တာထာဝရ လမ်းခွဲကြခြင်း ဖြစ်သတဲ့ ။ ဒုတိယမြောက် ရောက်လာသူကတော့ အရက်ကို လွန်စွာ ခုံမင် စွဲလမ်းသော လင်ယောက်ျား နှင့် အရက်ကို လွန်စွာမုန်းတီးသည့် မိန်းမတစ်ယောက်တို့၏ ပဋိပက္ခ ဇာတ်လမ်းမျိုးပင် ဖြစ်၏ ။

တတိယအကြိမ် နှစ်ပေါင်းများစွာ လာရောက် နေထိုင်သူတွေကတော့ ကရင်အမျိုးသား ဇနီးမောင်နှံ ဖြစ်သည်ဟု ဆိုသည် ။ ခရစ်ယာန် ဘာသာဝင်များပီပီ အလွန်အေးငြိမ်းသော သူတို့ ဇနီးမောင်နှံကလည်း သိပ်ကြာကြာ နေခွင့်မရခဲ့ ။ ပြင်းထန်သော မော်တော်ယာဉ်တိုက် မှု တစ်ခုမှာ ဇနီးဖြစ်သူ ပါသွားခဲ့သည် ။ ဇနီးဖြစ်သူအတွက် ဆုတောင်းစည်းဝေးပင် မလုပ်ဘဲ ရုတ်တရက် ပြောင်းရွှေ့သွားသူ ကရင်အမျိုးသားမှာ ယနေ့အထိပင် မတွေ့ရတော့ ဟု ဆိုသည် ။

ဤ တိုက်ခန်းပေါ်သို့ လပေါင်းများစွာ လူသူလာရောက် နေထိုင်ခဲ့ခြင်း မရှိဘဲ ချောက်ချားဖွယ် ခြောက်သွေ့နေခဲ့ဖူးသည် ။ လူသူမရှိသော သည်တိုက်ခန်းထဲက လမ်းလျှောက်သံ ၊ စကားပြောသံ ၊ ရေချိုးသံ ၊ သနပ်ခါး သွေးသံ စသဖြင့် အသံမျိုးစုံကို ရက် တော်တော်ကြာကြာ ကြားနေရသည် ဟု ဆိုသည် ။

သည့်နောက် မှာတော့ တခြိမ်းခြိမ်း ရန်ဖြစ်တတ်သော လင်မယား ၊ စာရိတ္တပျက်ယွင်းဖောက်ပြန်သော လင်မယား ၊ လူသူပတ်ဝန်းကျင်နှင့် အလိုက်တသင့် မရှိသည့် လင်မယား စသဖြင့် တိုက် ၁၃ ၊ အခန်း ၄ သည် ထာဝရ ညစ်ထည်းနေခဲ့သည် ဟု ပြောရလောက်ေအာင် တိုက်တိုက်ဆိုင်ဆိုင် ဖြစ်ပျက်ခဲ့ရသော ထိုအဖြစ်အပျက် များကို ကြားစက ကျွန်မ တော်တော်တုန်လှုပ်သွားခဲ့ရသည် ။

နေထိုင်ခဲ့ဖူးသော ဇနီးမောင်နှံတွေရဲ့ အသေးစိတ်အကြောင်းအရာတွေက လွမ်းမောဆွတ်ပျံ့ဖွယ် ၊ ချောက်ချားကြောက်ရွံ့ဖွယ် ၊ ဂုဏ်ယူအားကျဖွယ် ၊ စိတ်ပျက်တုန်လှုပ်ဖွယ် ၊ ရယ်မောရွှင်ပျဖွယ် စသည့် ရသများနှင့် ပြည့်နှက်နေသဖြင့် မောင် ကပင် ‘ တိုက် ၁၃ ၊ အခန်း ၄ ဆိုတဲ့ ဝတ္ထုရှည်ကြီး တစ်ပုဒ် ကြိုးစားရေးပါလား ’ ဟု ပြောယူရသည်အထိ ဖြစ်သည် ။ မည်သို့ပင်ဖြစ်စေ တိုက် ၁၃ ၊ အခန်း ၄ မှာ နေထိုင်ခဲ့သူတွေရဲ့ ဇာတ်သိမ်းကတော့ မကောင်းသည်ချည်း ဖြစ်နေတတ်တာကိုတော့ ကျွန်မ သတိထားမိပါသည် ။

ဘာပဲဖြစ်ဖြစ် ရုပ်ဝတ္ထုအရရော ၊ ဖြတ်သန်းမှုအရပါ မကောင်းခဲ့သော သည်ဖြစ်ရပ်တွေမှာ တိုက် ၁၃ ၊ အခန်း ၄ ဆိုသည့် ကိန်းဂဏန်းတွေက ဘယ်လောက်ထိ ပါဝင်ထိုးနှက်ခဲ့ပါသလဲ ။ ကျွန်မကတော့ ထို ကိန်းဂဏန်းတွေကိုသာ ရွံရှာမုန်းတီးနေမိတော့၏ ။

တိုက် ၁၃ ၊ အခန်း ၄ မှာ ကျွန်မတို့ နေသားကျသွားခဲ့ပြီ ။ ဤတိုက်ခန်းကလေး၏ ရာဇဝင်ဟောင်းတွေကို တစ်ခါတစ်ရံ သတိတရ ရှိတတ်သော်လည်း မေ့နေတာက များသည် ။ ဖေဖေကတော့ တစ်ခါတစ်ရံ ရောက်လာတတ်၍ သူ့ Soft Pen ဖြင့် ရေးပေးသော နံပါတ်တွေကို မေးနေတတ်သေးသည် ။ မောင် အသက် ၆၀ ပြည့်သည် အထိ နေခွင့်ရလျှင်တော့ ကျွန်မတို့ နောက်ထပ် သည်တိုက်ခန်းကလေးမှာ အနှစ်နှစ်ဆယ် ကျော်ကျော် နေရလိမ့်ဦးမည် ။ မောင့် စိတ်ကြိုက် ပန်းနုရောင် ဖျော့ဖျော့ကလေး သုတ်ထားသော သည်တိုက်ခန်းကလေးမှာ ကျွန်မတို့ရဲ့ ရာဇဝင်ကကော ဘယ်လို ရှိလိမ့်မလဲ …

“ တိုက်ခန်း ဆေးသုတ်တာရော ၊ သစ်ပင်ပန်းပင်တွေရော ၊ မီးကြိုး ၊ မီးခလုတ် ၊ ရေဘုံပိုင်ခေါင်း ၊ ပိုက်လုံး ၊ ကြွေခွက် … အို … ဒါတွေအားလုံး တန်ဖိုးတွေက မနည်းဘူးနော် မောင် … နယ်ကို ပြောင်းရင်လည်း အကုန်ဖြုတ်ယူသွားရေအာင် ”

မောင် ကတော့ သံယောဇဉ်တွေ နှစ်မထားလိုက်ပါနဲ့ကွယ် ။ တို့ရှေ့က လူတွေဟာ တို့ပြောင်းလာတုန်းက တော်တော်နဲ့ ဆင်းမပေးတာတို့ ၊ ဖျက်လိုဖျက်ဆီး လုပ်ခဲ့တာတို့ ၊ မချေမငံ ပြောခဲ့ဆိုခဲ့တာတို့ကို နွယ် သတိရနေတုန်းပဲလား ။ မောင်ကတော့ စိတ်ကူးထားတယ်လေ ။ ပင်စင်သွားရင် နေခွင့်ရမယ့် ခွင့် လေးလတောင် မနေတော့ဘူး လို့ ။ ချက်ချင်း ဖယ်ပေးလိုက် မယ် လို့ ။ ပြီးတော့ ပစ္စည်းတွေလည်း သည်အတိုင်း ထားခဲ့မှာပါပဲ ။ အရေးကြီးတာ ရာဇဝင်တွေနဲ့ တိုက် ၁၃ ၊ အခန်း ၄ ဟာ ထာဝရ အေးချမ်းငြိမ်သက်နေဖို့ ၊ လှပနေဖို့ပဲ မဟုတ်လား ။ လူဆိုတာ ရွေးချယ်နေကြရတယ် ။ ကိုယ်က ရွေးချယ်လို့ရတာ ရှိတယ် … ကံကြမ္မာက ရွေးချယ်ပေးတာလည်း ရှိတယ် … တို့ကော ဘာကိုရွေးချယ်မလဲ …”

ကျွန်မ နဖူးပေါ် ကျရောက်လာသော မောင့် နှုတ်ခမ်း နွေးနွေးရဲ့ ရှိန်းမြမြအထိအတွေ့က ကျွန်မ တစ်ကိုယ်လုံးကို ပိုမိုနွေးထွေးသွားစေခဲ့တာ အမှန်ပါပဲ ။ ပြီးတော့ မောင် က ကျယ်ပြောလွတ်လပ်သော ကွင်းပြင်ကို ငေးနေလိုက်သေးတယ် ။

◾နေဝင်းမြင့်

📖 ရင်ခုန်ပွင့် မဂ္ဂဇင်း ၊ အမှတ် ၆
      ၁၉၉၁ ခုနှစ် - ဒီဇင်ဘာလ

koaungnaingoo.blogspot.com

.