Monday, September 27, 2021

အဖေ ဖျက်သော်လည်း


 

❝  အဖေ ဖျက်သော်လည်း ❞ 

အော် .... အီး .... အီး ... အွတ်

နောက်ဆုံး ကြက်တွန်သံ ။

ဦးလေးမြင့် ကား အခန်းတွင်းမှာ အိပ်နေလေပြီ ။

ကိုကြွယ် လည်း ဘုရားစင်အောက်နားတွင် အိပ်ပျော်နေ၏ ။

ကျွန်တော်ကား တိုင်မှာ မှီမြဲ မှီလျက် ငိုင်၍သာ နေသေးသည် ။ လက်ထဲရောက်နေသော အဖေ့စာကို မဖတ်သေး ။ ခေါင်းအုံးမပါ အခင်းမပါနှင့် ဖြစ်သလို အိပ်နေကြသော ရေနံမြေ သပိတ်တပ်သားများ ဆီသို့ ကျွန်တော့်စိတ် ရောက်သွားသည် ။ ရန်ကုန်မြို့သို့ ဦးတည်ချီတက်လာနေသော သာယာဝတီ ၊ ခရမ်း ၊ ပဲခူး ၊ သထုံ စသည်တို့မှ တောင်သူလယ်သမားများအား စိတ်ကူးဖြင့် ကြို၍ကြည့်နေမိသည် ။ အုံကြွလှုပ်ရှား ဆူပူနေကြသော အမြို့မြို့အရွာရွာက ကျောင်းသားများသည် စစ်ပုလိပ် သေနတ်ပြောင်းဝရှေ့မှာ ရင်ကော့၍ ချီတက်နေကြပုံကို မြင်ယောင်နေသည် ။ ဗိုလ်အောင်ကျော် ကွယ်လွန်သဖြင့် ဈေးဆိုင်ကို ပိတ် ၊ အလုပ်ကို ရပ်စဲပြီး ဆွမ်းကျွေးနေကြသော မြို့သူမြို့သားတွေကို သတိရနေလေသည် ။ အတန်ကြာသော် စိတ်မောလာသည် ။ ကိုယ်ကလည်း နွမ်းနယ်လာသည်ဟု ထင်မိသည် ။ ရင်ခေါင်းထဲမှ ထိုးပြီးတက်လာသော အသမ်းကို အုပ်ဆိုင်း၍ မရတော့ချေ ။

သည်တော့မှ လက်ထဲက အဖေ့စာကို ဖောက်၍ ဖတ်လေတော့သည် ။

သား မောင်တင်ထွန်း

တစ်နေ့က သတင်းစာတစ်စောင်ထဲမှာ မင်းနာမည် ကို ဗိုလ်လောင်းစာရင်းထဲမှာ တွေ့လိုက်ရတယ် ။ မင်းသည် ပညာသင်ချိန်မှာ ပညာမသင်ဘဲ သူပုန် ကျောင်းသား လုပ်နေတာဟာ မင်းလည်ပင်း မင်းကြိုးကွင်းတပ်တာ ဖြစ်တယ် ။ တို့ထမင်းအိုးလည်း ရိုက်ခွဲတာ ဖြစ်တယ် ။ ခုဆိုရင် လယ်ဝန်မင်းကရော ၊ မြို့အုပ်မင်းကရော ငါ့ကိုခေါ်ပြီးတော့ မင်းကို ဆူပူမှုထဲမှာ မပါအောင် ဆုံးမရမတဲ့ ၊ ကျောင်းတက်အောင် တိုက်တွန်းရမတဲ့ ၊ နို့မဟုတ်ရင် ငါ့အလုပ်ကို ထိခိုက် မယ်တဲ့ ။ မြို့အုပ်မင်းကတော့ မင်းကျောင်းတက်အောင် မလုပ်နိုင်ရင်လည်း အိမ်ပြန်ခေါ်ပြီး ထိန်းသိမ်းထားရမတဲ့ ။

အေး - ခုလို အချိန်အခါကြီးမှာ မင်းတစ်ယောက်တည်း ကျောင်းတက်နေရင်လည်း သပိတ်တွေက မင်းကို ရန်မူချင် မူနေမယ် ။ ဒီတော့ အကောင်းဆုံးက အိမ်ပြန်လာခဲ့ဖို့ပဲ ။ ခု စာရရချင်း အိမ်ပြန်လာခဲ့ ။ စရိတ် မရှိရင် ၃၉ လမ်း က မစံပယ် တို့ဆီက ယူပြီး ပြန်လာခဲ့ ။ ပြန်မလာခဲ့ရင် မင်းတော့ သိရောပေါ့ ။ မင်းအမေလည်း မျက်ရည်နဲ့ မျက်ခွက် ဖြစ်နေတယ် ။ သောက်ကျိုးနည်း အောင်ကျော် တို့လို အရိုက် မခံရတာ ကံကောင်းသေးတယ် ။ ခု လူကြုံနဲ့အတူ သနပ်ခါးတုံးတွေ ပေးလိုက်တယ် ။ မမြမှီ နှင့်တကွ မင်းကို ခင်မင်သူတွေကို ခွဲပေးဖို့ပဲ ။ မင်း ဦးလေးမြင့် အတွက်လည်း ပိုးရောချည်ပါ လုံချည်တစ်ထည် ပေးလိုက်တယ် ။

အားလုံး ကျန်းမာပါ၏ ။

မင်းနှင့်တကွ အားလုံး ကျန်းမာကြပါစေ ။

အဖေ

ကျွန်တော်သည် စာဖတ်ပြီးသည်၏ အဆုံး၌ ပြုံးပဲ ပြုံးမိသည် ။

ခါတိုင်းဆိုလျှင် အဖေ့စာကြောင့် အတော် ချောက်ချား တုန်လှုပ်သွားမိပေလိမ့်မည် ။ နေမထိ ထိုင်မသာ ဖြစ်သွားပေလိမ့်မည် ။ နိုင်ငံရေးစိတ်ဓာတ် အားထက်သန်နေမှုတွေ ပန်းပွင့်ကလေးကို ရေနွေးနှင့်ပက်သလို ခွေအိကျဆင်းသွားပေလိမ့်မည် ။ နိုင်ငံရေးနှင့် အဖေ့စပ်ကြားတွင် ဗျာများပြီး စိတ်အဆင်းရဲကြီး ဆင်းရဲမိပေလိမ့်မည် ။ နောက်ဆုံး၌ အဖေ့ အဆုံးအမတွင် တည်ကာ အိမ်သို့ ပြန်သွားပေလိမ့်မည် ။

ယခုအချိန်ကား ခါတိုင်းနှင့် မတူ ။ ကျွန်တော့် စိတ်တွင်ကားအရေးတော်ပုံလှိုင်းများနှင့်အတူ တက်ကြွနေ၏ ။ ကျွန်တော်တို့ ရင်ဆိုင်နေရသော ပြဿနာများကား မိုးနှင့် မြေကြီးကမှ မိုးကုပ်စက်ဝိုင်းကြောင့် မပြတ်မသားဖြစ်ကောင်း ဖြစ်ဦးမည် ။ ကျွန်တော်တို့ ပြဿနာကား ပြတ်သားလှ၏ ။ အင်္ဂလိပ် နှင့် ညွန့်ပေါင်းအစိုးရ ဘက် လိုက် မည်လော ၊ အလုပ်သမား လယ်သမား ကျောင်းသားတို့ ၏ အရေးတော်ပုံဘက်သို့ လိုက် မည်လော ။ ကျွန်တော်သည် ယတိပြတ်ဆုံးဖြတ်ပြီးဖြစ်သည် ။ အရေးတော်ပုံတပ်သား ဗိုလ်စာရင်းဝင် အဖြစ်ဖြင့် ကျရောက်သမျှ တာဝန်ကို ဦးလည်မသုန် ဆောင်ရွက်တော့မည် ဖြစ်လေသည် ။ အဖေ့ ဘက်က ကြည့်လျှင် အဖေ့စကားသည် ပျားလိုပင် ချိုလိမ့်မည် ။ ကျွန်တော့်ဘက်က ကြည့်တော့ တမာလို ခါးနေသည် ။ သို့သော် အဖေ ဖြစ်နေ၍ အပြစ်တော့ မဆိုထိုက်ပါ ။ အဖေ့ပေါ်မှာ တူးတူးခါးခါး ဒေါသမထားလိုက်ပါ ။ ဪ အဖေဟာ နားမလည်ရှာဘဲကိုး ။ ဒါကြောင့် ဒီလိုပြောရှာတာဟု ယူဆပြီး ပြုံးလိုက်ပါသည် ။

အရေးတော်ပုံ သွေးကြွခြင်း ၊ နိုင်ငံရေးအယူအဆ စသည်တို့၌ ကျွန်တာ်က ဖခင် ၊ အဖေက သုံးနှစ် သားကလေး ၊ သို့ကလိုပင် ထား၍ ကြည့်လိုက်လေပြီ ။ အဖေ က တောက်တီးတောက်တဲ့ ပြောနေသော သုံးနှစ်သားကလေးကို ပြုံး၍ နားထောင်နေသကဲ့သို့သာ ရှိလေပြီ ။

သို့သော် အလုပ်ဖြုတ်ပစ် မလိုလို ခြိမ်းခြောက်၍ ကျွန်တော့် အား အရေးတော်ပုံမှ စွန့်ခွာစေသော မြို့ပိုင် ၊ လယ်ဝန်နှင့် အစိုးရကိုကား တူးတူးခါးခါး မုန်းလိုက်ပါသည် ။ သူတို့အား မုန်းလိုက်သည်နှင့် တစ်ပြိုင်နက် အဖေ့ ကိုတော့ သနားသွားသေးသည် ။

ကျွန်တော့်စိတ်ဓာတ် ပြင်းထန်မှုကား တစ်နေ့တခြား ပို၍သာ ခိုင်ခံ့လာလေသည် ။ အရေးတော်ပုံ ဒီရေကလည်း တက် မြဲ တက်နေလေသည် ။ အင်္ဂလိပ် နှင့် ညွန့်ပေါင်းအစိုးရ တို့သည် ထို ဒီရေလှိုင်းများအောက်တွင် နစ်မြုပ်သွားတော့မလောက် ကျွန်တော် ထင်မိလေသည် ။

ရေနံမြေသပိတ်တပ်ကြီး နှင့် လယ်သမား တပ်များ ရန်ကုန်သို့ ရောက်ကြလေပြီ ။ ရွှေတိဂုံအလယ် ပစ္စယံ၌ စခန်းချ၍ လှုံ့ဆော်နေကြသည် ။

ရေနံမြေ၌ မူလက သပိတ်တွင် မပါဝင်ခဲ့သော အလုပ်သမားများသည်လည်းကောင်း ၊ သပိတ်ပြန်လှန်ခဲ့သူများသည်လည်းကောင်း ၊ သပိတ်သမားများနေရာ အစားထိုးထားသူများသည် လည်းကောင်း လှုပ်ရှားဆူပူလာကြသည် ။ ရေနံချောင်း ဘီအိုစီကုမ္ပဏီမှ ဓာတ်မီးအလုပ်သမားများ လယ်သမားများနှင့် စာရေးများသည် ထိုင်သပိတ် မှောက်လိုက်ကြသည် ။ တောင်းဆိုချက် အဟောင်းများကို ထပ်တောင်း၍ အသစ်များကိုလည်း တိုးတောင်းကြလေသည် ။

သီလဝါ နှင့် သန်လျင် ရေနံအလုပ်သမားများကတောင်းဆိုချက် ၂၅ ရက်အတွင်း မလိုက်လျောလျှင် သပိတ်မှောက် မည်ဟု ဆုံးဖြတ်ကြလေသည် ။ မလိုက်လျောသဖြင့် ဆုံးဖြတ်ချက်အတိုင်း သပိတ်မှောက်ကြလေသည် ။

အလုံ ဧရာဝတီကုမ္ပဏီ ဖောင်ဒရီ အလုပ်သမား ဗမာ ၃ဝဝ တို့သည် တညီတညွတ်တည်း သပိတ်မှောက်ကာ ရွှေတိဂုံအလယ်ပစ္စယံသို့ ချီတက်လာကြလေသည် ။ ရေကျော် မစိန်ညွန့် ဆေးလိပ်ခုံမှ အလုပ်သမား အမျိုးသမီးများသည် လုပ်ခ နှင့် ခွင့်ရက် တိုးတောင်းပြီး သပိတ်မှောက်လာကြသည် ။

ရန်ကုန်မီးခြစ်စက် များ မှ အမျိုးသမီးအလုပ်သမား ၁ဝဝဝ ခန့်သည် သပိတ်မှောက်ပြီး ရေနံမြေ သပိတ်တပ်ရှိရာသို့ အင်အားပြ ချီတက်လာကြသည် ။ သူတို့သည် “ သခင်မျိုးဟေ့ တို့ဗမာ ၊ မီးတုတ် မီးတုတ် ရှို့ရှို့ ၊ အရေးတော်ပုံ အောင်ပါစေ ”  စသည်ဖြင့် ဟစ်အော်လာကြသည် ။ ထို အမျိုးသမီး သပိတ်မှောက် အလုပ်သမားများနောက် မှ အင်္ဂလိပ်စစ်သားများသည် အာရ်အီးတီ ဘတ်စ်ကားကြီးများကို စီးကာ သေနတ်ဖြင့်ချိန်၍ လိုက်လာကြလေသည် ။

ဒလ ဧရာဝတီသင်္ဘောကျင်း အလုပ်သမားများ က တောင်းဆိုချက် ၁၃ ချက်တောင်းပြီး သပိတ်မှောက်ခဲ့သည် ။ ဒေါပုံ အစိုးရသင်္ဘောကျင်း အလုပ်သမားများကလည်း သပိတ်မှောက်ကြ လေသည် ။ စီတန်းလျှောက်ကာ အင်အားပြပြီးနောက် အလယ်ပစ္စယံမှာ စုဝေးပြန်လေသည် ။

စမ်းချောင်း ကျောက်သွေးအလုပ်သမား ၁၅ဝဝ တို့သည် အလုပ်တစ်ရက် ပိတ်ပြီး ရွှေတိဂုံသို့ ချီတက် အင်အားပြကာ အထွေထွေ အလုပ်သမားသပိတ်ကြီးအား ထောက်ခံလေသည် ။

ရန်ကုန် အာရ်အီးတီ ထရော်လီ နှင့် ဘတ်စ်ကားမောင်းသမားများ ၊ အာလံမြို့ စတီးစက်ရုံမှ မြေပဲ ထမ်းတင် ကူလီများ ၊ ပြည် ၊ နတ်တလင်း ၊ သုံးဆယ် ဆန်စက်ကူလီများနှင့် မှော်ဘီအစိုးရ စိုက်ပျိုးရေးဌာန အလုပ်သမားများသည် ကိုယ့်သီးခြားတောင်းဆိုချက် များကို တင်လျက် လည်းကောင်း ၊ အထွေထွေအလုပ်သမားသပိတ်ကြီး ကို ထောက်ခံသောအားဖြင့် လည်းကောင်း သပိတ်မှောက် လာကြလေသည် ။

အစိုးရ နှင့် ဓနရှင်များ သည် ထိုသပိတ်များကို အချို့နေရာတွင် စီးပွားရေး အလျှော့ပေးခြင်းအားဖြင့် လည်းကောင်း ၊ အလုပ်ခေါင်းဆောင်များအား ဖမ်းခြင်းဆီးခြင်းဖြင့် လည်းကောင်း ၊ အခြား ဖိနှိပ်ချုပ်ချယ်မှုများ ပြုလုပ်၍ လည်းကောင်း ဖျက်ကြလေသည် ။

ရေနံမြေ ဘီအိုစီကုမ္ပဏီ ရှိ လျှပ်စစ် အလုပ်သမားများ နှင့် လက်သမားများ ၏ ထိုင်သပိတ်သည် ရေနံမြေ တစ်ခုလုံးတွင် ဂယက်ရိုက်သွားလေသည် ။ တောင်းဆိုချက် များကို ဇန်နဝါရီလ ၁၅ ရက် ထက် နောက်မကျစေဘဲ ပေးရမည် ။ သို့မဟုတ် သပိတ်မှောက် မည်ဟု ဆုံးဖြတ်လေသည် ။ ရေနံမြေကုမ္ပဏီတို့က လိုက်လျောရလေ၏ ။

အာလံ မှ စတီးအလုပ်သမားများ ၊ မော်လမြိုင် မှ သစ်စက်အလုပ်သမားများ နှင့် သုံးဆယ် စသော မြို့များမှ ဆန်စက်အလုပ်သမားများသည်တောင်းဆိုချက် များရသဖြင့် သပိတ်လှန်လိုက်ကြလေသည် ။ အချို့ဓနရှင်များကား လိမ္မာကြ၏ ။ အလုပ်သမားများကတောင်းဆိုချက်ကို တင်လိုက်သည်နှင့် တစ်ပြိုင်နက် လိုက်လိုက်လျောလျော လုပ်ကာ သပိတ်ကို တားဆီးကြလေသည် ။

အင်းစိန် မီးရထားစက်ရုံ အလုပ်သမားများက သူတို့၏ နစ်နာချက် များကို ထုတ်ဖော်ကြသည် ။ မန္တလေး မှ ရမည်းသင်း အထိ ဘူတာရုံများ၌ အလုပ်လုပ်ကြသော ညရုံပိုင်များသည် နယ်လှည့် လာသော ရထားမင်းကြီးအား ဝိုင်းထားပြီး သူတို့တောင်းဆိုချက် များကို တင်ပြကြလေသည် ။

တစ်ဖက် မှာလည်း အဖမ်းအဆီးများကို လုပ်မြဲလုပ်နေလေသည် ။ သပိတ်မှောက် ခေါင်းဆောင်များကို ဖမ်းသည် ။ သပိတ်ထဲမှာ တက်ကြွစွာပါဝင်သော နောက်လိုက် များကိုလည်း ဖမ်းသည် ။ ဥပမာ ဧရာဝတီမီးသင်္ဘောကုမ္ပဏီ သပိတ်များသည် စီတန်းအင်အားပြကြရာ အလံကိုင်သူ သုံးဦးအား ရန်ကုန် လတ်တလော လုံခြုံရေးဥပဒေ နှင့် ဖမ်းလေသည် ။ ၎င်းပြင် ဗဟိုခေါင်းဆောင်ပိုင်းကိုလည်း ဖမ်းပြန်လေပြီ ။

သခင်နု အား ဇန်နဝါရီလ ၁၁ ရက်နေ့တွင် သူနေထိုင်ရာ အလုံ ဧရာဝတီလမ်း အမှတ် ၂၂ ၌ ဖမ်းဆီးလေသည် ။ သခင်နု အား ဖမ်လျှင် ဖမ်းချင်း နဂါးနီအသင်းသား ၁ဝဝ ကျော် တို့သည် ကန့်ကွက်ဆန္ဒပြကြပြီး ရွှေတိဂုံ သို့ ချီတက်ကာ သပိတ်မှောက်အလုပ်သမားထုကြီးကို တိုင်ကြလေသည် ။ ' လူမွဲတို့ ထွက်ရပ်လမ်း ' ဆိုသော အမည်ဖြင့် သခင်နု ဘာသာပြန်ထုတ်ဝေထားသော ရုရှား တော်လှန်ရေးအကြောင်း စာအုပ်များကို အလုပ်သမားခေါင်းဆောင်များအား ဝေငှလေသည် ။ ၎င်းပြင် တစ်အုပ် ၁ဝ ပဲ ရောင်းချနေရာမှ ၄ ပဲ သို့ လျှော့ပစ်လိုက်ကာ အုပ်ရေများစွာ ဖြန့်ပစ်လိုက်ကြသည် ။ သခင်နု အား ဖမ်းဆီးခြင်းအတွက် အကောင်းဆုံးသော ကန့်ကွ့က်နည်းမှာ ရုရှား တော်လှန်ရေးအကြောင်း အလုပ်သမား ဆင်းရဲသားများ အနှံ့အပြားသိအောင် လုပ်ရန်ဖြစ်သည်ဟု နဂါးနီအသင်းက ယူဆလေသည် ။

ဇန်နဝါရီလ ၁၄ ရက် နေ့တွင် တက်ဘုန်းကြီး သခင်သိန်းဖေ သည် ထောင်တွင် သခင်နု အား သွားတွေ့ရန် သူနေသော ဘားလမ်း အမှတ် ၂၆၇ မှ အထွက်တွင် ပန်းဆိုးတန်းမှ ရာဇဝတ်အုပ် ဦးဝမ်းမောင် က ဖမ်းသွားလေသည် ။ ရန်ကုန်ထောင်ထဲရောက် မှ သခင်နု နှင့် သခင်သိန်းဖေ တို့ တွေ့ရတော့သည်ဟု အစိုးရအပေါ် မလိုတမာ ကျွန်တော်တို့ အချင်းချင်း ပြောမိကြသေးသည် ။

နောက် တစ်နေ့တွင်ကား ကိုလှရွှေ ပင် အဖမ်းခံရလေတော့၏ ။ ကျောင်းသား အာဏာရှင်ဟု အများက သမုတ်ခြင်းခံရသည့် ကိုလှရွှေ မှာ ကျွန်တော်တို့ ကျောင်းသားများ၏ ချစ်ကြည်လေးစားသော ခေါင်းဆောင်ဖြစ်ရုံမက ထိုအရေးတော်ပုံ တစ်ရပ်လုံးတွင် အထင်ရှားဆုံးသော ခေါင်းဆောင်တစ်ဦးလည်း ဖြစ်နေလေသည် ။

တို့ဗမာအစည်းအရုံး ဗဟိုဌာနချုပ် အခြားခေါင်းဆောင်များကို မဖမ်းသေးသော်လည်း အလယ်ပိုင်း ခေါင်းဆောင်များ ၊ အောက်ပိုင်းခေါင်းဆောင်များ ကိုကား တသွတ်သွတ် ဖမ်းနေလေပြီ ။ ဤသို့ ဖမ်းဆီးခြင်း ၊ ပုဒ်မအမျိုးမျိုးသုံး၍ ချုပ်ချယ်ခြင်း ၊ တားဆီးခြင်း ၊ ဖိနှိပ်ခြင်းများကို ပြုလုပ်သော်လည်း ဖိလေကြွလေ ဆိုသလိုသာ ဖြစ်တော့သည် ။ ကျွန်တော့် အဖို့ဆိုလျှင် အဖမ်းခံရမှာ ၊ အစိုးရ အနှိပ်စက်ခံရမှာ မကြောက်ရုံမက ဂုဏ်ထူးရှိသော အလုပ်ဟူ၍ပင် ယူဆမိလေသည် ။ သခင်နု ၊ သခင်သိန်းဖေ ၊ ကိုလှရွှေ တို့နှင့်အတူ အဖမ်း မခံရခြင်းကိုပင် ဝမ်းနည်းသလိုလို ဂုဏ်ငယ်သလိုလို ထင်မိသေးတော့၏ ။

သို့သော် အရေးတော်ပုံ လုပ်ငန်းများအလိုနှင့် ညီညွတ်စွာ ကျင့်ကြံရမည်ဖြစ်ရာ ကျွန်တော်တို့သည် ထောင်ကျတန်းကျ ၊ အရိုက်အနှက် ၊ အပစ်အခတ် ခံရမည့်အတွက် တာဝန်ကို ရှောင်ရမည် မဟုတ်သော်လည်း မခံရဘဲ တာဝန်ပြီးရေးအတွက် ပို၍ ကျင့်ကြံရ၏ ။

“ တစ်ဗိုလ်ကျ တစ်ဗိုလ်တက်  ” ဤလမ်းစဉ်အတိုင်း ကိုလှရွှေ အဖမ်းခံရသောအခါ တက္ကသိုလ် ကျောင်းသားသမဂ္ဂ ငွေထိန်းမှူး ကိုသိန်းအောင် အား ခေါင်းဆောင်တင်ကြသည် ။ ကိုလှရွှေ အား ပြည်သူတို့က အပ်နှင်းထားသည့် ' အာဏာရှင် ' ဟူသောဘွဲ့ကို ကိုသိန်းအောင် နှင့် တကွသော ကျွန်တော်တို့ မကြိုက်ကြ ။ အာဏာရှင်တွေကို မုန်းတတ်အောင် ရင့်မာသော နိုင်ငံရေးအမြင် ရှိနေကြလေပြီ ။ အထူးသဖြင့် အာဏာရှင် ဟစ်တလာကို မလိုလားကြ ။ ထို့ကြောင့် ကိုသိန်းအောင် သည် လက် မှတ်ထိုးတိုင်း နောက်က ခေါင်းဆောင် ဟု ထည့်လေ့ရှိ၏ ။ သို့သော် ပြည်သူအများက ထိုဘွဲ့ကို အသိအမှတ် မပြုကြချေ ။

“ တစ်ဗိုလ်ကျ တစ်ဗိုလ်တက်  ” လမ်းစဉ်အရ ကျွန်တော်သည်လည်း ကျွန်တော့် ဆိုင်ရာအပိုင်းတွင် တက်လာခဲ့လေသည် ။ ဗိုလ်လောင်းစာရင်းဝင် အဖြစ်မှ ဗိုလ်တစ်ဗိုလ် အဖြစ်ဖြင့် တာဝန်ဆောင်ရွက်ရသည်များလည်း ရှိ၏ ။ ၎င်းပြင် သမဂ္ဂအလုပ်အမှုဆောင်အဖွဲ့က ကျွန်တော့်အား နေ့ကျောင်းသားများ၏ ခေါင်းဆောင်အဖြစ်ဖြင့် အသိအမှတ်ပြု ထားလေသည် ။ ကျွန်တော်သည် အလုပ်အမှုဆောင် နှင့် အနီးကပ်ဆုံး လုပ်သားရဲဘော်တစ်ဦး ဖြစ်လာခဲ့ပေ၏ ။ ထောင်နှုတ်ခမ်းသို့ ရောက်ပြီဟု ဆိုရပေမည် ။

အစိုးရ၏ အပြုအမူများကို ရှုတ်ချကန့်ကွက်သောအားဖြင့် ရန်ကုန်မြို့ ဗမာဘတ်စ်ကားများက ပိုင်ရှင်ရော ၊ အလုပ်သမားများပါ သပိတ်မှောက်ကြလေသည် ။ မန္တလေးတွင် ရဟန်းတော် ၃ဝဝဝ အိမ်တော်ရာ မှာ စုဝေးပြီး ဆွမ်းမစားဘဲ ဆန္ဒပြကြလေသည် ။ နတ်တလင်း မှာ ကနေသော ရွှေမန်းတင်မောင် ဇာတ် က တစ်ညပိတ်၍ ဆန္ဒပြသည် ။ ပျဉ်းမနား မှာ မြင်းရထား ၊ ဆိုက်ကား ၊ လန်ချား တို့က သပိတ်မှောက် ဆန္ဒပြကြလေသည် ။

တောင်ငူမြို့ တွင် ကျောင်းသားများက သပိတ်တားနေကြစဉ် ကျောင်းသားဥက္ကဌ မောင်မောင်ကြီး အား ဖမ်းလေရာ လူထုက ရုံးနှင့်ဂါတ်ကို ဝိုင်းပြီး မောင်မောင်ကြီး အား လွှတ်ပေးရန် တောင်းဆိုကြသည် ။ ဝိုင်းသူများထဲတွင် ပါဝင်သော ဘုန်းကြီး ဦးဣန္ဒာစာရ ကိုလည်း ဖမ်းပြန်ရာ ဈေးသူ ဈေးသားများ ဆိုက်ကားသမားများ သံဃာတော်များ ကျောင်းသားများ ပေါင်း ၅ဝဝဝ ကျော်သည် တစ်နေ့လုံး ဂါတ်နှင့်ရုံးများကို ဝိုင်းထားကြပြီး အရေးဆိုနေကြပေရာ ညနေတွင် မောင်မောင်ကြီး နှင့် ဦးဣန္ဒစာရ တို့အား လွှတ်ပစ်လိုက်ရလေ၏ ။

မိတ္ထီလာ တွင်လည်း သပိတ်တားကျောင်းသားငါးဦး ကို ဖမ်းရာ မြို့သူမြို့သားလူထုကြီးက ဌာနကို ဝိုင်းပြီး ဆူကြသဖြင့် ကျောင်းသားများကို လွှတ်ပစ်ရလေသည် ။ မြိတ်မြို့ တွင် ကျောင်းသားများကို ဖမ်းရာ မြို့သူမြို့သား ၄ဝဝဝ ကျော်က အရာရှိများကို ဝိုင်း၍ အကျပ်ကိုင်ကြလေရာ ကျောင်းသားများကို လွှတ်ပစ်ရလေသည် ။ ထူးခြားချက် တစ်ရပ်မှာ မြန်မာပုလိပ်များက လူထုအား အတိုက်အခံ မလုပ်ဘဲ နေကြခြင်းဖြစ်သည် ။

ကသာ ဗန်းမော် တို့တွင်လည်း ဤနည်းနှင်နှင် ဖြစ်ခဲ့လေသည် ။ ရေတာရှည် မှ တောင်သူ လယ်သမား ၁ဝဝဝ ကျော် တို့သည် တောင်ငူ သို့ ချီတက်ကာ အရေးပိုင်ရုံးကို ဝိုင်းလျက် ဖိနှိပ်ချုပ်ချယ်သော မြို့ပိုင် ရွှေ့ပေးရေး ၊ အခွန်တော်ကောက်ခံခြင်း ရွှေ့ဆိုင်းရေးနှင့် ကြိုးဝိုင်းသစ်တောများတွင် ထင်းနှင့် အိမ်သုံးသစ် ခုတ်ခွင့်များ တောင်းကြလေရာ အရေးပိုင် က လိုက်လျောရလေသည် ။ ရခိုင်ပြည်ဘက် မှ တောင်သူလယ်သမား တစ်ထောင်ကျော် ကလည်း သူတို့ တောင်းဆိုချက် များ တင်ပြရန်နှင့် ဗမာပြည် မှ လယ်သမားများ နှင့် တစ်သားတည်း ၊ တစ်သဘောတည်းအဖြစ် ဆန္ဒပြရန် တောင်ကုတ်လမ်း မှ ရန်ကုန် သို့ ချီတက်လာကြရန် စီစဉ်နေကြောင်း သတင်းရလေသည် ။

အတွင်းဝန်များရုံးကြီး တစ်ဝိုက်တွင် ကျောင်းသားများအား ရိုက်နှက် မှု နှင့် ဗိုလ်အော်ကျော် အား သတ်မှုများအတွက် အစိုးရအား တရားစွဲရန် ဝတ်လုံတော်ရများ ဖြစ်သော ဦးအေးမောင် ၊ ဦးကျော်မြင့် နှင့် ဦးဘစိုး တို့က တာဝန်ယူ၍ စီစဉ်နေကြလေသည် ။ အဖက်ဖက်ကိုကြည့်၍ အားရစရာချည်း တွေ့နေရလေသည် ။

ရန်ကုန်မြို့ပေါ်တွင် ကျောင်းသားများ တရားပွဲ ၊ သပိတ်မှောက်အလုပ်သမားများ တရားပွဲ ၊ တို့ဗမာ တရားပွဲများ ညစဉ် အနှံ့အပြား ရှိလေသည် ။

တစ်ညသ၌ ကျွန်တော်သည် တက္ကစီကားတစ်စီးဖြင့် ကျွန်တော်တို့ ကျောင်းသားများ ရှင်းလင်း တရားပွဲများကို လှည့်ပြီးကြည့်သည် ။ ရေကျော် တရားပွဲတွင် လူ ၂ဝဝဝ ခန့် ၊ လမ်းမတော် မှာ ၁ဝဝဝ ၊ ကျောက် မြောင်း မှာ ၁ဝဝဝ နှင့် စမ်းချောင်း မှာ ၂ဝဝဝ ခန့် တက်ရောက်သည်ကို တွေ့ရပေသည် ။ ကျောင်းသားခေါင်းဆောင်များအပြင် ပုဇွန်တောင် မြူနီစပယ်မှ မမြမြ ၊ မြို့မမှ မသန်းညွန့် စသော ကျောင်းသူများသည်လည်းကောင်း ၊ အေဘီအမ်ကျောင်း မှ ဆယ့်နှစ်နှစ်သား ကျောင်းသားကလေး အောင်မြင့် သည် လည်းကောင်း ဟောပြောနေသည်ကို တွေ့ရပေ၏ ။ အောင်မြင့် က ကိုအောင်ကျော့် ခြေရာကို အဘယ့်ကြောင့် နင်းရမည်ဖြစ်ကြောင်း ရှင်းပြ၏ ။ မမြမြ က သူ့ကုပ် မှာ ပုလိပ်နံပါတ်တုတ် နှင့် အရိုက်ခံရခြင်းသည် လွတ်လပ်ရေးလုပ်ရာတွင် ဘွဲ့ထူးရခြင်း ဟု ယူဆကြောင်း ပလ္လင်ခံပြီး နုနယ်သော မိန်းကလေးများအား နံပါတ်တုတ်နှင့် ရိုက်ခြင်း ၊ မြင်းနှင့် တိုက်ခြင်းများ ပြုသော အစိုးရ သည် မိန်းကလေးများကိုပါ နိုင်ငံရေး မလုပ်လုပ်အောင် တွန်းပို့နေကြောင်းများ ရှင်းပြလေသည် ။ မသန်းညွန့် ကမူ လွတ်လပ်ရေးတိုက်ပွဲအကြောင်း ဟောလေ၏ ။

ဤကဲ့သို့သော ကျောင်းသားများအရေးကို တင်ပြသည့် တရားပွဲများသာမက ကျောင်းသားထု အစည်းအဝေးများကိုလည်း မကြာခဏ ကျင်းပကြသည် ။ ဖိနှိပ်ချုပ်ချယ်မှုများကို ရုပ်သိမ်းရန် ၊ ဖမ်းထားသော ခေါင်းဆောင်များကို လွှတ်ရန် ၊ စာမေးပွဲ ရွှေ့ဆိုင်းရန် ၊ အုပ်ချုပ်ရေး ဖျက်ရန် စသော တောင်းဆိုချက် များကို ဆုံးဖြတ်ကြလေသည် ။

တစ်ဖက်ကလည်း ကျောင်းသားများ ကျောင်းပြန်တက်စေရန် နည်းအမျိုးမျိုး သုံး၏ ။ ပဲခူး လို အရပ်၌ ကျောင်းဆရာကြီးများ ၊ မင်းတိုင်ပင်အမတ် နှင့် မြူနီစပယ်လူကြီးများ လက် မှတ်ထိုးပြီး မိဘများက သားသမီးအား ကျောင်းတက်ဖို့ နှိုးဆော်ပေးထိုက်ကြောင်း ကြေညာချက် ထုတ်ဝေကြလေသည် ။ တက္ကသိုလ်အာဏာပိုင်တို့ကမူ ကျောင်းသားများ သည် ကျောင်းတက် မလား ၊ မတက် ဘူးလား ၊ စာမေးပွဲ ဝင်မလား ၊ မဝင်ဘူးလား စသော မေးခွန်းများကို တိကျစွာ အဖြေပေးရမည်ဟု ဆိုကာ စာရင်းလိုက်ကောက်လေသည် ။ သို့သော် ဤနည်းကား မအောင်ခဲ့ချေ ။

များစွာသောနေရာတို့တွင် ကျောင်းဆရာများ ကိုယ်တိုင်က အတိအလင်း ကျောင်းသားများ၏ အရေးကို ထောက်ခံကြ၏ ။ ဇန်နဝါရီလ ၁၄ ရက်နေ့ ရွှေတိဂုံ လူထုအစည်းအဝေးပွဲတွင် မြို့မ ဆရာဟိန်း က “ တပည့်တွေလုပ်တာတွေကို အားပေးပြီး သပိတ်ကို ဆရာတွေက ထောက်ခံသင့်တယ် ၊ ယခုအခါမှာ နွားကလေးနို့ နွားမကြီးစို့ ဆိုသလို တပည့်များထံမှ လမ်းမှန်လုပ်နည်းကို သင်ကြားယူသင့်နေပြီ ” ဟု ပြောဆိုလေသည် ။

ရန်ကုန် မြို့မကျောင်းတွင် ကျောင်းသားမိဘများ အစည်းအဝေးတစ်ခု ကျင်းပပြီး ကျောင်းသူ ကျောင်းသားများ သပိတ်ကို ထောက်ခံကြောင်း အဆိုကို မြို့မဆရာဟိန် ကပင် တင်သွင်းလေသည် ။

ဇန်နဝါရီလ ၂၂  ရက်နေ့ တွင်ကား ထို့ထက်ကျယ်ပြန့်သော ရန်ကုန်မြို့လုံးဆိုင်ရာ ကျောင်းသား မိဘထု အစည်းအဝေး ကို ရွှေတိဂုံအလယ်ပစ္စယံမှာ ကျင်းပလေသည် ။ ဒီးဒုတ်ဦးဘချို က သဘာပတိ အဖြစ်ဖြင့် ဆောင်ရွက်၏ ။ ထိုအစည်းအဝေး သည် ကျောင်းသားများ ၏ အရေးတော်ပုံကို လုံးဝ ထောက်ခံလေသည် ။ ထူးခြားချက် မှာ ထိုအစည်းအဝေးတွင် အိန္ဒိယအမျိုးသား ကုန်သည်များ ၊ အယ်ဒီတာများ ၊ ရှေ့နေ ၊ ဝတ်လုံများ တက်ရောက်ကြပြီး ဗမာ့အရေးတော်ပုံကို ထောက်ခံကြလေရာ က̶̶ု̶̶လ̶̶ာ̶̶း̶ဗမာ သွေးစည်းတရားပွဲကြီး ဖြစ်သည် ။

သို့ကလို အရေးတော်ပုံဒီလှိုင်းက မြင့်သည်ထက် မြင့်တက်လာပြီး လူများတကာ ကျောင်းသားမိဘများက စိတ်ရောကိုယ်ပါ အားပေးနေကြချိန်တွင် ကျွန်တော့် အဖေ၏ သပိတ်ဖျက် ဩဝါဒကို ကျွန်တော်သည် ရှက်ခြင်း ဒေါသထွက်ခြင်း စသည်တို့ဖြင့် မခံယူဘဲ “ ဪ အဖေက နားမလည်ရှာလို့ကိုး ” ဟူသော တွက်ကိန်းဖြင့် ခံယူသည်မှာ အတော်တော်သေးသည်ဟုပင် ဆိုရပါမည် ။

ကျောင်းသား အရေးတော်ပုံဘက် မှ မားမားမတ်မတ် ဆောင်ရွက်ကြသော ကျောင်းဆရာများတွင် မခင်သစ် ၏ ဖခင် ဆရာဖေ လည်း ပါဝင်လေသည် ။ ကျောင်းဆရာများ အနေနှင့်လည်း သီခြားတောင်းဆိုချက် များ ထုတ်၍ ဆူပူလှုပ်ရှားရန် တစ်နည်းအားဖြင့်ဆိုသော် အရေးတော်ပုံကြီးတွင် ကျောင်းဆရာများလည်း ကိုယ်ထိလက်ရောက်ပါလာရန် ဆရာဖေ ခေါင်းဆောင်၍ စည်းရုံးလေသည် ။

ထို့ကြောင့် ဆရာများ၏ ကင်းဘဲလ် အစီရင်ခံစာ ကန့်ကွက်ရေး စသော အစည်းအဝေးများ ဖြစ်လာခဲ့လေသည် ။ မခင်သစ် ကား သူ့ကိုယ်တိုင်ကလည်း စိတ်အားထက်သန် ၊ မိဘများကလည်း အားပေးနေလေရာ အတွင်းဝန်ရုံးကြီးအနီး အရိုက်ခံရပြီးသည့်နောက် ပိုမိုတက်ကြွစွာ ပါဝင်လာသည်ကို တွေ့နေရလေသည် ။

တစ်ညတွင် ကျွန်တော်သည် မြို့မကျောင်း ကျောင်းသားသပိတ်ဌာနချုပ်မှာ အလုပ်လုပ်နေစဉ် တောသားနှင့် တူသော လူကြီးတစ်ယောက် သည် ကျွန်တော့်အား မေး၍ ဝင်လာလေသည် ။ သူသည် ချည်လုံချည်ခပ်ကြမ်းကြမ်းနှင့် သက္ကလပ်အင်္ကျီအနက်ကိုဝတ်၍ အမွေးပွ မျက်နှာသုတ် ပဝါကြီးကို ခေါင်းပေါင်းထားပေရာ တောမှ ရန်ကုန် ခဏလာသော လယ်သမားကြီးဖြစ်ကြောင်း သိနိုင်လေ၏ ။ သူက ကျွန်တော့်အား စာတစ်စောင်ကို ထုတ်ပေးလေသည် ။

ထွန်းကလေး

ကပ်ပြီး အကြောင်းကြားတယ်လို့လည်း မထင်နဲ့နော် ။ မတိုင်ပင်ဘဲ လုပ်သွားတယ် လို့လည်း စိတ်မခုနဲ့နော် ။

အဖေက လူလွှတ်ပြီးခေါ်လို့ မနက်ဖြန်မနက် သင်္ဘောနဲ့ အိမ်ပြန်ရတော့မယ် ။ ခု ထွန်းကလေး ဆီ စာလာပို့သူဟာ မြင့်ကြီး ရဲ့ ဦးလေးတော်သူပဲ ၊ သူနဲ့ ပြန်လိုက်ရမှာ ဖြစ်တယ် ။ ထွန်းကလေး မနက်ဖြန် မနက်ကို သင်္ဘောဆင်း နိုင်ရင်လည်း ဆင်းခဲ့ဖို့ပဲ ။ အလုပ်ရှိနေရင်လည်း မဆင်းခဲ့ပါနဲ့ကွယ် ။ အလုပ်ပို မပေးပါရစေနှင့် ။ ဦးလေး ဆီမှာပဲ စာတစ်ကြောင်း နှစ်ကြောင်းခြစ်ပြီး
မှာချင်တာ ပြောချင်တာတွေ ရေးပေးလိုက်ပါ ။ ဒီ လူကြီးဟာလေ ဦးလေး လည်း တော်တယ် ။ မြင့် ငယ်ငယ်ကလည်း ထိန်းကျောင်းလာသူ ဖြစ်တယ် ။ ခုလည်း မြင့် တို့ မြေတွေကို သူကိုယ်တိုင် ဦးစီးလုပ်နေတာ ။
                     မြင့်ကြီး

ထိုစာကို ဖတ်ပြီးနောက် ဦးလေး ဆိုသော လူကြီး အား ကျွန်တော် က ပြုံး၍ ခြေဆုံးခေါင်းဆုံး ကြည့်လိုက်သည် ။ လူကြီးကလည်း ရိုးသားစွာ ပြုံးပြီး -

“  ကဲ - ဘာ မှာလိုက်ဦးမလဲ ”

“ ကျွန်တော် နက်ဖြန်မနက် မှ သင်္ဘောဆင်းခဲ့ပါ့မယ် ” 

“ ဒါဖြင့် ကျုပ်သွားမယ် ”

“ ဟုတ်ကဲ့ခင်ဗျာ ၊ သပိတ်စခန်းဆိုတော့ ဦးလေးကို ဘာမှ ဧည့်ဝတ် မကျေနိုင်ဘူး ”

“ ကိစ္စ မရှိပါဘူးဗျာ ၊ ကျုပ်က သပိတ်ကို ထောက်ခံပါတယ် ” ဆိုပြီး ထွက်သွားလေသည် ။

ထိုနေ့ညတွင် များစွာ အလုပ်များပြီး ညဉ့်နက်သွားလေသည် ။ ထို့ကြောင့် အိပ်ရာထ နောက်ကျ သွားလေသည် ။ သင်္ဘောဆိပ်သို့ အပြေးအလွှား ဆင်းခဲ့၏ ။ သို့သော် တေ့လွဲကလေးဖြစ်ခဲ့ပြီး သင်္ဘောသည် ဆိပ်ကမ်းမှ ခွာစပြုနေလေပြီ ။

မျက်နှာကလေးကို မြင်ရလျှင် မြင်ရစေတော့ဟု ကမ်းစပ်သို့ အပြေးဆင်းခဲ့သည် ။ တဝုန်းဝုန်း ခတ်နေသော ရဟတ်နှင့် လှိုင်းလုံးကြီးများသည် တဒိတ်ဒိတ်ခုန်နေသော ကျွန်တော့ရင်တွင်းလှိုင်းများနှင့် ပြိုင်နေသလိုရှိသည် ။

တဒင်ဒင်မြည်နေသော ဆလင်၏ အချက်ပေးသံများ ၊ သင်္ဘောက̶̶ု̶̶လ̶̶ာ̶̶း̶ တို့၏ အချင်းချင်း လှမ်းကာ ဟစ်အော် ပြောဆိုနေသံများ ။ ထိုအသံတွေကို ကျော်လွှား၍ “ မမြင့်ဦး မမြင့်ဦး ”  ဟု အော်ခေါ် လို၏ ။ တဝူးဝူး ထွက်လာပြန်သော ဥဩသံကြီးက ပိတ်ပင်တားဆီးပစ်လိုက်၍သာ ဣန္နြေမဲ့စွာ ဟစ်အော်လိုသောဆန္ဒ ကျေပျောက်ခဲ့ရပေ၏ ။

သင်္ဘောပေါ်သို့ မျှော်ကြည့်လိုက်သည် ။ မမြင့်ဦး နှင့်တူသော သဏ္ဌာန်ကိုပင် မတွေ့မြင်ရ ။ အားမလိုအားမရ ဖြစ်လှ၏ ။ ဟိုလှမ်းကြည့် ဒီလှမ်းကြည့် လုပ်နေရင်း သူ့ဦးလေးဆိုသော လူကြီးကို မြင်လိုက်သည် ။ မနေ့ညက လာတဲ့ အတိုင်းပါပဲ ။ အင်္ကျီအနက် နှင့် မျက်နှာသုတ်ပုဝါ ခေါင်းပေါင်း ။ လူကြီးကလည်း ကျွန်တော့်အား မြင်လေပြီ ။ သူက “ နေဦး နေဦး ” ဆိုသော သဘောနှင့် လက်ပြပြီး အတွင်းသို့ ဝင်သွားလေသည် ။ မမြင့်ဦး အား သွားခေါ်တာဖြစ်လိမ့်မည် ။ ထိုအတွင်း သင်္ဘောကြီးသည် ရေစီးကို ကန့်လန့်ဖြတ်လိုက်ပြီး တစ်ဖက်သို့ ခေါင်းလှည့်နေလေပြီ ဖြစ်ရာ မမြင့်ဦး အား မြင်လိုက်ရန်ပင် မျှော်လင့်ချက် ဆုံးစပြုလာလေသည် ။ သို့သော် ကမ်းစပ်မှာ ရပ်လျက် သင်္ဘောဆီသို့ သဲသဲမဲမဲ ကြည့်မြဲကြည့်နေလေသည် ။ ဟိုက လာနေသည်မှာ မမြင့်ဦး မဟုတ်ပါလော ။

မမြင့်ဦး သည် လက်ရန်းကို ကိုင်လျက် ကျွန်တော့်အား ပြုံးပြလိုက်သည် ။ တကယ့်မျက်စိတွင် သူ့ ပါးချိုင့်ကြီးကို မမြင်နိုင်အောင် ကွာလှမ်းနေသော်လည်း သူ့အပြုံးနှင့် အမြဲတွဲနေသည့် ပါးချိုင့်ကို မြင်ယောင်မိလေသည် ။ ကျွန်တော်ကလည်း ပြုံးပြသည် ။ သို့သော် ကျွန်တော်တို့၏ အပြုံးများကား တာမရှည်ပါ ။ ဝေးဝေးသွားလေလေ ရင်လေးသွားလေဖြစ်သည် ။ မမြင့်ဦး နှင့် ကျွန်တော်သည် သမီးရည်းစား ဟုပင် အတိအကျ မဖြစ်ကြသေး ။ သို့သော် သွားအတူလာအတူ တပူးတွဲတွဲ နေကြသော မိတ်ဆွေများ အဖြစ်ဖြင့်ပင်လျှင် ခွဲခွာကြရစဉ် ဤမျှတော့ ဆွေးမည်ပင် ။

တော်တော်ကလေး ဝေးသွားတော့ ကျွန်တော်က လက်ယမ်းပြသည် ။ သူကလည်း လက်ယမ်းပြသည် ။ သည့်ထက်သည် ဝေးတော့ ကျွန်တော်က လက်ကိုင်ပုဝါ ယမ်းပြသည် ။ သူကလည်း လက်ကိုင်ပုဝါ ယမ်းပြသည် ။

သည်လိုနှင့် သင်္ဘောနောက်တွင် စင်ရော်ကလေးတွေ ဝဲသည်တိုင်အောင် ငေးကြည့်ကျန်ရစ်လေသည် ။ ကျွန်တော်သည်သင်္ဘောဆိပ်မှနေပြီး မြို့မ သပိတ်စခန်းသို့ မသွားဘဲ ရွှေတိဂုံကုန်းတော် သို့ သွားခဲ့သည် ။ တစ်လမ်းလုံး မမြင့်ဦး မျက်နှာကိုသာ မြင်ယောင်၍ မမြင့်ဦး နှင့် ခင်မင်ရင်းနှီးစွာ နေခဲ့သည်များကိုသာ စားမြုံ့ပြန်နေမိလေသည် ။ အရေးတော်ပုံနှင့်ပတ်သက်၍ မစဉ်းစားမိသော တစ်ခဏ ဟူ၍လည်း ဆိုနိုင်ပေသည် ။ အရေးတော်ပုံနှင့်ပတ်သက်၍ စဉ်းစားမိလျှင်လည်း မမြင့်ဦး နှင့် ပတ်သက်သမျှကိုသာ စဉ်းစားသည် ။ မမြင့်ဦး ခမျာ သူ့အဖေ ၏ ဩဇာကို မလွန်ဆန်နိုင်ရှာ၍ အိမ်သို့ ပြန်၍ ငြိမ်ငြိမ်နေရလေတော့မည် ။ အရေးတော်ပုံကို မေတ္တာပို့နိုင်သော်လည်း အရေးတော်ပုံနှင့် ခပ်ကင်းကင်း နေရရှာတော့မည် ။ မမြင့်ဦး ကို သနားလိုက်ပါဘိ ။ ကျွန်တော်ကတော့ အဖေဖျက်သော်လည်း အရေးတော်ပုံအတွက် အားမပျက် ။

ရွှေတိဂုံတောင်ဘက် တန်ဆောင်းခြေရင်းသို့ ရောက်သောအခါ အပေါ်သို့ မတက်သေးဘဲ ဟိုဟိုသည်သည် ကြည့်နေမိလေသည် ။

ယနေ့ ကုန်းတော်ပေါ်တွင် နိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးကွန်ဖရင့်ကြီး ကျင်းပလိမ့်မည် ။

ဗြုန်းဆို ကြွေးကြော်သံများအော်ဟစ်လာသော ဘတ်စ်ကားသုံးစီး ကျွန်တော့်ရှေ့သို့ ဆိုက်လာသည် ။ ကြွေးကြော်သံ အော်သူများမှာ အမျိုးသမီးများ ဖြစ်၏ ။

“ ထမင်းထုပ် ဘယ်လိုပို့မယ် ”

“ ရွက်လို့ပို့မယ် ”

“ ထမင်းထုပ် ဘယ်ကပို့တယ် ”

“ စက်ဆန်းက ပို့တယ် ”

စက်ဆန်းအမျိုးသမီးများ ဆင်းလာကြသောအခါ မမျှော်လင့်ဘဲ မခင်သစ် ကို သွားတွေ့လေသည် ။ မခင်သစ် ကား သူ့မူအတိုင်း အေးအေးကလေးပင် ။ သူ့ရင်ဘတ်မှာတော့ ကျွန်တော်ရောင်းခဲ့သည့် ရေနံမြေသပိတ်တပ် ရန်ပုံငွေ ရင်ထိုး ဓာတ်ပုံကလေး ။ အခြား အမျိုးသမီးတွေက အော်ကြဟစ်ကြ ။ မခင်သစ် ကလေးကတော့ ခပ်အေးအေးနှင့် စာရင်းစာရွက် တစ်ရွက်ကို ကြည့်နေသည် ။

“ ရေကျော် ကနေပြီး ဘယ့်နှယ့်လုပ် စက်ဆန်း က ပါလာသလဲ ”

ကျွန်တော်ကမေးတော့ ခပ်အေးအေးပင် သူကဖြေသည် ။

“ သစ်သစ် က စက်ဆန်း တာဝန်ကျတဲ့ ဟာကိုး ”

ကျွန်တော် သည် မခင်သစ် ကို စိတ်ထဲက ကျိတ်ပြီး ချီးကျူးမိသည် ။ မခင်သစ် လို အရေးတော်ပုံထဲမှာ အားတိုက်ခွန်တိုက် ပါဝင်ကြသော အမျိုးသမီးများအား ကြည်ညိုလေးစားမိလေသည် ။

မခင်သစ် နှင့် စက်ဆန်းအမျိုးသမီးများ ကောက်လာခဲ့သော ထမင်းထုပ်များကို အလယ်ပစ္စယံသို့ တင်ယူရန် လူအင်အား အပြည့်အစုံ ရှိပေ၏ ။ သို့သော် ကျွန်တော်ကား ကိုယ့်ဘာသာ လက်ချည်းသက်သက်ဖြင့် တက်မသွားနိုင် ၊ သူတို့ကို ဝိုင်းဝန်းကူညီလိုက်ပေသေး၏ ။ ယင်းသို့ ကူညီချက်ကို မခင်သစ် ကလေးက ပြုံးပြုံးကလေးကြည့်၍ အသိအမှတ် ပြုလိုက်ပေသည် ။

စက်ဆန်းအမျိုးသမီးများကား ဆင်းရဲသား လုပ်စားကိုင်စားထဲကသာ များဟန်တူသည် ။ သပိတ်မှောက် အလုပ်သမား ၊ သပိတ်မှောက် ဘတ်စ်ကားသမားများ ၏ မယားများ နှင့် နှမများ ဖြစ်ဟန်တူသည် ။ တစ်ယောက်သော မိန်းမကြီးကို ကျွန်တော် မြင်ဖူးသည်ထင်၍ သေသေချာချာ ကြည့်မိသည် ။ ဝဝတုတ်တုတ်ကြီးဖြစ်ရာ စဉ့်အိုး နှင့် ပုံသဏ္ဌာန်တူသည် ။ ထမင်းထုပ်တောင်း တစ်ခုကို ရွက်၍ တအိအိ ကုန်းတော်ပေါ်သို့ တက်နေသည်ကို နောက်ကကြည့်လိုက်ရာ “ မင့်အမေ တင်ပါးဆုံကြီး ၊ ခန်းဝကဆီး ” ဆိုတာကိုသာ သတိရမိတော့၏ ။ သူ့အား ကျော်တက်ပြီး ရှေ့ကနေ လှည့်ကြည့်ပြန်၏ ။ လူကောင်ကြီး ကြီးသလောက် မျက်နှာက နုသည် ။ သွားက ခေါရသည့်အထဲ ဟောဟဲ လိုက်အောင် မောနေသဖြင့် သွားများမှာ ထင်းနေအောင် ပေါ်နေလေသည် ။ မျက်နှာကို သေသေချာချာ ကြည့်ရတော့မှ သူ့အား ရုပ်ရှင်ထဲမှာ ဆိုက်ပက်အဖြစ် မြင်ဖူးသည်ကို သတိရလေသည် ။

ကန်တိုမင်း ဘက်သို့ မျက်နှာမူနေသော အလယ်ပစ္စယံကား အစည်းအဝေးကျင်းပရာ နေရာပေတည်း ။

သည်နေရာမှာ ကျောင်းသားထု အစည်းအဝေးလည်း ကျင်းပခဲ့၏ ။ ကျောင်းသားမိဘများ အစည်းအဝေးလည်း လုပ်ခဲ့၏ ။ ရေနံသပိတ်တပ်များ ကို ဆိုက်ရောက်လာသောအခါ ရန်ကုန် တစ်ဝိုက်ရှိ အလုပ်သမားသပိတ်များနှင့် ပူးပေါင်း၍ လုပ်သားထု စည်းဝေးပွဲကြီးလည်း ဖြစ်ခဲ့ပြီ ။ ပဲခူး ၊ သထုံ ၊ သာယာဝတီ စသည်တို့မှ ချီတက်လာသော တောင်သူလယ်သမားထု နှင့် အရပ်ရပ်မှ လွှတ်လိုက်သော တောင်သူလယ်သမား ကိုယ်စားလှယ်များ တက်ရောက်သော ပထမဆုံး ပြည်လုံးကျွတ် ညီလာခံကြီးလည်း ခေါ်ခဲ့ပြီ ။

ထိုနေ့က ကျင်းပလိုက်သော ဗမာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအစည်းအဝေးကြီးမှာ ဖော်ပြခဲ့သော အစည်းအဝေးများ၏ အထွတ်အထိပ်နှင့် တူပေသည် ။

လူတန်းစားပေါင်းစုံ တက်ရောက်ကြ၏ ။ အလုပ်သမား ၊ တောင်သူလယ်သမား ၊ ကျောင်းသားများ အပြင် ရှေ့နေရှေ့ရပ် ၊ စာရေးစာချီ ၊ ကုန်သည်ပွဲစား ၊ ကျောင်းဆရာ ၊ ကျောင်းသားမိဘ စသည်များလည်း တက်ရောက်ကြလေသည် ။ တို့ဗမာ သခင်ခေါင်းဆောင်များနှင့် ကျောင်းသားခေါင်းဆောင် များကို သာမက ညွန့်ပေါင်းအစိုးရပါတီ မှ နုတ်ထွက်ခဲ့ကြသော အမတ်အချို့ကိုလည်း တွေ့ရလေသည် ။

ကျွန်တော်တို့သည် ဤမျှ များပြားစည်ကားလှသော လူထုကို ရှေးက မမြင်ခဲ့ဖူးပေ ။ ထို့ကြောင့် ကျွန်တော်တို့အားလုံး တက်ကြွနေကြပေ၏ ။ “ သခင်မျိုးဟေ့ တို့ဗမာ ၊ သူပုန် သူပုန် ထထ ၊ အုပ်ချုပ်ရေး ဖျက်ဖျက် ၊ အရေးတော်ပုံ အောင်ပါစေ ” စသော ကြွေးကြော်သံများကား ဆူညံနေပေ၏ ။

ကျွန်တော်တို့ ကျောင်းသားကိုယ်စားလှယ်များအား တစ်နေရာ သီးသန့်ပေးထားရာ ကျွန်တော်လည်း ကိုယ်စားလှယ်တစ်ဦးအဖြစ်ဖြင့် တက်ရောက်ရပေသည် ။

အစည်းအဝေးတွင် သဘာပတိအဖြစ်ဖြင့် သခင်မြ ၊အတွင်းရေးမှူး အဖြစ် သခင်လေးမောင် တို့က ဆောင်ရွက်လေသည် ။

ပထမဦးဆုံး အဆိုမှာ ၁၉၃၅ ခု ၊ အုပ်ချုပ်ရေးဥပဒေ ကို လက်မခံကြောင်းဖြစ်သည် ။ ထိုမျှမက ဗမာ ပြည်သူတို့၏ တကယ့်ကိုယ်စားလှယ်များက မပြုလုပ်ရဘဲ ဘိလပ်ပါလီမန် မှ ဗမာပြည်အတွက် ပြုလုပ်ပေးအပ်သော အုပ်ချုပ်ရေးဥပဒေ ဟူသမျှကို ကန့်ကွက်လေသည် ။ အဆိုနှစ်မှာ ညွန့်ပေါင်း အစိုးရကို ဖြုတ်ချရန်နှင့် နောက်ထပ် ဘယ်သူကမျှ ရာထူးဝင်မယူနိုင်အောင် လုပ်ရန် ဖြစ်လေသည် ။ ၎င်းနောက် ဗြိတိသျှကုန်ပစ္စည်းများကို သပိတ်မှောက်ရေး ၊ အလုပ်သမား အထွေထွေသပိတ်ကြီး ကြေညာရေး ၊ အလုပ်သမား နှင့် တောင်သူလယ်သမား တို့၏ တောင်းဆိုချက် များကို ပြည်ဝအောင် ဆောင်ရွက်ရေး စသည်များကို ဆုံးဖြတ်လေသည် ။ ထိုဆုံးဖြတ်ချက် များကို အကောင်အထည်ဖော်နိုင်ရန် တောင်သူလယ်သမားအစည်းအရုံး ၊ အလုပ်သမားသမဂ္ဂ ၊ ကျောင်းသားများသမဂ္ဂ စသည်များကို အလုပ်သမား ၊တောင်သူလယ်သမား နှင့် ကျောင်းသား တို့သည် အပြန်အလှန် အကူအညီပေး၍ စည်းရုံးသွားကြရန် ဆုံးဖြတ်လေသည် ။ အမျီုးသမီးများ ရဟန်းတော်များ အားလည်း စည်းရုံးရန် လက်ရုံးတပ်များလည်း ဖွဲ့ရန်ဖြစ်သည် ။

နောက်အဆိုတစ်ရပ်မှာ နယ်ချဲ့စနစ် သည် စစ်ဖြစ်စေကြောင်း ၊ ဗမာပြည်သူတို့သည် နယ်ချဲ့ စနစ်ကို ဆန့်ကျင်ရေးလုပ်ပြီး စစ်ကို တားဆီးရမည်ဖြစ်ကြောင်း ၊ နယ်ချဲ့စစ်ပွဲဖြစ်လာကာ နယ်ချဲ့စစ်ကို ပြည်တွင်းစစ်သို့ ပြောင်းလုပ်ပစ်ရမည်ဖြစ်ကြောင်း ၊ ကမ္ဘာ့ပစ္စည်းမဲ့အားလုံး ၏ အင်အားဖြင့် ပစ္စည်းမဲ့သူပုန်ကြီးဖြစ်အောင် လုပ်ရမည်ဖြစ်ကြောင်း ညွှန်ကြားလေသည် ။

သေရည်သေရက် နှင့် လောင်းကစား ပိတ်ပင်ရေး ၊ အသက်မွေးဝမ်းကျောင်း သခင်ပညာရေး စသည် များလည်း ပါသေး၏ ။

ထို အစည်းအဝေးကြီးတွင် ဒဂုံဆရာတင် အဖွဲ့ နှင့် စိန်ပါတီ အဖွဲ့ က ပူးပေါင်း၍ အာဇာနည် ဗိုလ်အောင်ကျော် သီချင်းကို သီဆိုကြလေသည် ။

အစည်းအဝေးကြီး ပြီးဆုံးသောအခါ မခင်သစ် ကလေးအား တွေ့မြင်နိုးနှင့် ဟိုဟိုသည်သည် ကြည့်မိတော့သည် ။ မခင်သစ် ကလေးကား အစည်းအဝေးပြီးဆုံးသည်အထိ နားမထောင်ဘဲ ပြန်သွားဟန် ရှိလေသည် ။

ကျွန်တော် နှင့် ကိုအေးငွေ သည် တက္ကသိုလ်သမဂ္ဂသို့ သွားကြရန် ရှိလေသည် ။ ရင်ပြင်ပေါ်သို့ ရှေးဦးစွာ တက်ကြ၏ ။ ညနေစောင်း ဝင်ခါနီးနေမင်း၏ ရောင်ခြည်တွင် စေတီတော်ကြီးသည် ရွှေရောင်တဖိတ်ဖိတ်နှင့် နေလေ၏ ။ နေ့ခင်းက လူပါးနေခဲ့သော ရင်ပြင်တော်ပေါ်တွင် ပန်းစည်း ၊ ဖယောင်းတိုင် စသည်တို့ကို ကိုင်ဆောင်လာသော ကျားမပျိုအိုတို့ သည် အေးဆေးစွာ လှည့်သွားနေကြလေပြီ ။

ကျွန်တော်တို့ရှေ့ ခပ်လှမ်းလှမ်းတွင် အဒေါ်ကြီးတစ်ယောက် နှင့် သူငယ်မကလေး တစ်ယောက် လျှောက်သွားနေသည်ကို ရိပ်ခနဲ မြင်လိုက်လေရာ အဒေါ်ကြီး မှာ မခင်သစ် ၏ အမေ နှင့် တူလှသည်ဟု ကျွန်တော် ထင်မိလေသည် ။ သူငယ်မကလေးကလည်း မခင်သစ် ၏ အရွယ်နှင့် ကိုယ်လုံးကိုယ်ပေါက်ပင် ဖြစ်၏ ။ သို့ရာတွင် ဆင်ယင်ထုံးဖွဲ့ပုံမှာ မခင်သစ် နှင့် လုံးဝ မတူ ။ မခင်သစ် က ဆံထောက်နှင့် ၊ ထိုသူငယ်မက ဖဲပြားကြိုးစည်းထားသော ကျစ်ဆံမြီးနှင့် ။ မခင်သစ် က အင်္ကျီ ခပ်ထူထူ ဝတ်လေ့ရှိသည် ၊ ထိုသူငယ်မက အင်္ကျီပါးလွှာ ပဒုမ္မာနှင့် ။

“ ကိုအေးငွေ ”

“ ဘာလဲ ရဲဘော် ”

“ ဟိုရှေ့မှာ ကျွန်တော့် အသိတွေလား ဟုတ် မဟုတ် လိုက်ကြည့်ချင်တယ် ”

“ လိုက်လေ ၊ ဘယ်လို အသိလဲ ၊ ရိုးရိုးလား ဆန်းဆန်းလား ”

“ ရိုးရိုးပါဗျာ စေတနာ အင်မတန်ကောင်းတဲ့ ကျွန်တော်တို့ အရေးတော်ပုံတပ်သား အသိတွေမို့ပါ ”

“ လိုက်ပါ ရဲဘော် ၊ ရိုးရိုး ဆန်းဆန်း ကိုယ်ကတော့ အားပေးမယ့်ဘက်ကချည်းပဲ ”

အမှန်မှာ ကျွန်တော်တို့သည် ဗဟန်းဘက်တန်ဆောင်းသို့ ရောက်လုပြီဖြစ်၍ ဆင်းကြရတော့မည် ။ ဗဟန်းဘက် ဆင်း၍ ကောလိပ်သို့ ဘတ်စ်ကားစီးကြရမည် ။ သို့သော် မခင်သစ် တို့ သားအမိဟု ထင်ရသော မိန်းမကြီး နှင့် သူငယ်မနောက်သို့ အတော်ကြာ လိုက်နေကြရလေသေးသည် ။ မှီလာသောအခါ မခင်သစ် တို့ သားအမိ မဟုတ်သည်ကို တွေ့ရတော့ ကျွန်တော့်မှာ ရင်ထဲ၌ ဟာခနဲ ဖြစ်သွားပြီး ပါးစပ်ကလည်း ဟီးခနဲပင် သက်ပြင်းချမိပါတော့သည် ။ ကိုအေးငွေ က ပြုံးတုံးတုံး လုပ်ပြီး -

“ မထူးပါဘူး ရဲဘော်တင်ထွန်း ရာ ၊ အသိမဟုတ်လည်း အသိဖွဲ့ကြရင် မကောင်းဘူးလား ၊ သူငယ်မလေးကလည်း ခေတ်ဆန်ဆန် ယဉ်စစနဲ့ အသိဖွဲ့ချင် စရာလေး ၊ အဒေါ်ကြီး ကလည်း ဖော်ရွေပျူငှာဟန် ရှိတယ် ၊ ကဲ ဘယ့်နှယ့်လဲ ”

“ ဟာ မလုပ်ပါနဲ့ဗျာ ၊ ဗဟန်းတန်ဆောင်းဘက် လှည့်ပြန်ကြပါစို့ရဲ့ ”

ပြောပြောဆိုဆို ကျွန်တော်က နောက်ပြန် လှည့်လေသည် ။ ကိုအေးငွေ ကား ပြန်မလှည့်ဘဲ နောက်တီးနောက်တောက် အမူအရာနှင့် အဒေါ်ကြီး သားအမိနောက်သို့ လေးငါးလှမ်း လိုက်နေသေး၏ ။ နောက် မှ ပြန်လှည့်ကာ ကျွန်တော့်နောက်သို့ ပါလာခဲ့လေသည် ။

ဗဟန်း ဘက်သို့ ဆင်းကြရာ ကျွန်တော်တို့ရှေ့တွင် လူကြီးနှစ်ယောက် စကားတပြောပြောနှင့် ဆင်းနေသည်ကို တွေ့ရလေသည် ။ နှစ်ယောက်စလုံးမှာ ပင်နီအင်္ကျီ ၊ ဖျင်ကြမ်းလုံချည်များနှင့်ဖြစ်၍ အကြီးမှာ ဝါးဖတ်ဦးထုပ်ကြီးကို ဆောင်းထားသည် ။ ညနေကစောင်း ၊ ဘုရားစောင်းတန်းတွင်လည်း ဖြစ်ပြန်ရာ ဝါးဖတ်ဦးထုပ်ကြီး ဆောင်းထားခြင်းမှာ သခင် ဖြစ်ကြောင်း ဆိုင်းဘုတ်တင်ခြင်းသာ ဖြစ်သည်ဟု ထင်စရာ ရှိတော့သည် ။ အငယ်ကား ခေါင်းဝတ်တန်ဆာ မပါ ။ ဆံပင်မှာ ကြွက်သိုက်လို ဖွာနေသည် ။

သူတို့သည် စကားပြောရာတွင် အလွန်အကျွံ စိတ်ပါဝင်စားနေကြသဖြင့် ပေလော ၊ နောက်က လူများ ပါလာသော်လည်း ဂရုမစိုက် ပြောချင်ရာပြောမည် ဟူ၍ သဘောထားသဖြင့်ပေလော မသိရ ။ သူတို့ပြောစကားများကို ကျွန်တော် ကြားနေရလေသည် ။ ကျွန်တော်တို့ကလည်း ကျောင်းသား ဟူသော စကား ၊ သခင် ဟူသော စကားများကို သူတို့ထံမှ များများကြားနေရသဖြင့် လုံးစေ့ပတ်စေ့ကြားရအောင် နားစိုက် မိလေတော့သည် ။

ဝါးဖတ်ဦးထုပ် နှင့် လူကြီး က -

“ ငါဖြင့် ဌာနချုပ် အလုပ်အမှုဆောင်မှာ သခင်နု ၊ သခင်အောင်ဆန်း ၊ သခင်လှဖေ တို့လူစု ဝင်စီးတာ နည်းနည်းမှ သဘောမကျဘူး ။ ကောလိပ်ကျောင်းသား သခင်တွေဟာ တကယ်ရေရှည်ကျတော့ တို့ သခင်လက်ဟောင်းတွေလို ဇွဲကောင်းကြမှာ မဟုတ်ဘူး ။ တို့လောက်လည်း အနစ်နာ ခံမှာ မဟုတ်ဖူး ။ ပညာတတ် ကလေးတွေဆိုတော့ လတ်လျားလတ်လျားနဲ့ ပြီးမှာပဲ ”

ဆံပင်စုတ်ဖွား နှင့် သခင် က -

“ ဟုတ်တယ် ၊ အင်္ဂလိပ်ပညာတတ် သခင်တွေဟာ အောက်သက် မကျေဘဲ ဗြုန်းခနဲ ဌာနချုပ် အလုပ်အမှုဆောင် တက်လုပ်ကြတာ မကောင်းဘူး ၊ စနစ် မကျဘူး ။ ဘီအေ သခင်တွေထဲ ကျုပ် အမုန်းဆုံး ကတော့ တက်ဘုန်းကြီး သိန်းဖေ ပဲ ။ ဒီကောင်က ပိုပြီး ဆောင့်ကြွားကြွား နိုင်သေးတယ် ။ သူ့ ကိုယ်သူလည်း သိပ် အထင်ကြီးတယ် ၊ ကျုပ်တို့ သခင်လက်ဟောင်းတွေကိုလည်း သူက အထင် သေးတယ် ။ သူက အစည်းအဝေးတစ်ခုမှာ ကျုပ်တို့ သခင်လက်ဟောင်းတွေကို ကျောင်းသား ကလေးတွေလောက် မှ စည်းကမ်း မရှိဘူး ဘာညာနဲ့ ဝေဖန်တယ်ဆို မဟုတ်လား ”

“ တစ်နေ့တော့ တို့ ရန်ကုန်စီရင်စု တို့ဗမာအစည်းအရုံးအနေ နဲ့ သူ့ကို အရေးယူရမှာပဲ ။ ဒါ့ထက် အင်္ဂလိပ် အထက်တန်းပညာတတ် သခင်တွေချင်း အတူတူ သခင်သန်းထွန်း တစ်ယောက်ကတော့ အတော်သားပဲ ၊ ပေါင်းသင်းဆက်ဆံရေး ကောင်းတယ် ၊ အလုပ်လည်း သိပ်လုပ်တာပဲ ”

“ ဟုတ်တယ် ၊ သခင်သန်းထွန်း က ပေါင်းသင်းဆက်ဆံရေး ကောင်းတယ် ၊ ဟိုလူတွေလို ဘုကောင် မဟုတ်ဘူး ။ ကဲ ရေတာရှည် လမ်းထဲ ဝင်ကြဦးစို့ရဲ့ ၊ သခင်မကြီး မသန်းကြည် က ဒီနေ့ညစာ ဝင်စားဖို့ ဖိတ်ထားတယ် ၊ သခင်ဖိုးထိန် လည်း လိုက်ခဲ့ဗျာ ”

“ ကောင်းတာပေါ့လေ ၊ ခု ဆာချိန်ပဲ သခင်စိန်းမောင် ရဲ့ ”

သခင်လက်ဟောင်းများ ဖြစ်သော သခင်ဖိုးထိန် နှင့် သခင်စိန်မောင် တို့သည် သခင်မကြီး မသန်းကြည် အိမ်သို့ ညစာစားရန် ဘယ်ဘက်ချိုးကြလေသည် ။ ကျွန်တော်တို့ကား ရှေ့သို့ တည့်တည့် လျှောက်ခဲ့ကြလေ၏ ။

“ ဘယ့်နှယ့် ကိုအေးငွေ ကြားလိုက်လား ၊ သခင်ဟောင်းကြီးတွေရဲ့ သဘောထားက မကောင်းလှ ဘူးဗျ ”

“ ကြားတဲ့အတိုင်းပဲ ကိုတင်ထွန်း ၊ သူတို့က ကိုယ်တို့ ကောလိပ်ကျောင်းထွက် သခင်သစ်တွေကို အထင်သေးနေကြတယ် ”

“ အထင်သေးရုံ မကဘူး ၊ မလိုလားကြဘူး ၊ သွေးသစ်သားသစ်လောင်းလို့ အားကောင်းလာတယ်လို့ မယူဆဘဲ ကိုကြီးနု တို့ လူစု ဗဟိုအလုပ်အမှုဆောင် ဝင်တာကိုပဲ မှားတယ် ထင်နေကြတယ် ”

“ သူတို့ပြောတဲ့ စကားတွေက သခင်ဗစိန် တို့ ထုတ်တဲ့ သခင်နေ့စဉ်ထဲက စကားတွေနဲ့ ထပ်တူ ကျနေတယ် ရဲဘော်တင်ထွန်း ရေ ”

“ ကဲလေ သူတို့ ဘာပြောပြော ခုအခါမှာ ညီညွတ်ရေးဟာ အဓိကပဲဗျာ ၊ သူတို့ ပြောတဲ့စကားတွေ ထားလိုက်ကြပါစို့ ”

ကျွန်တော်တို့သည် ကောလိပ်ဘတ်စ်ကားပေါ်သို့ တက်ခဲ့ကြလေသည် ။

တက္ကသိုလ်သမဂ္ဂတိုက် သို့ ရောက်သောအခါ ကိုသိန်းအောင် ၊ ကိုအေးကျော် ၊ ကိုထွန်းရှိန် စသော ကျောင်းသားခေါင်းဆောင်များ ရောက်နေနှင့်ကြပြီကို တွေ့ရလေသည် ။ သူတို့သည် ပရိုက်ဗိတ် တက္ကစီ မောရစ်ကားကလေးတစ်စီး ငှားထားသောကြောင့် ကျွန်တော်တို့အရင် ရောက်နှင့်ကြခြင်းဖြစ်ပေ၏ ။

သမဂ္ဂတိုက်သို့ ရောက်ပြီး အပေါ်ထပ်သို့ တက် မည်ပြုနေကြစဉ် ကိုအေးငွေ က ကျွန်တော့် ပုခုံးကို ကိုင်ဆွဲလိုက်ပြီး -

“ အိုင်ဆေး ရဲဘော်တင်ထွန်း ၊ ကိုယ်တို့ ညစာ မစားကြရသေးဘူး ”

“ ဟုတ်တယ် ၊ ကျွန်တော်တော့ အိမ်ပြန်စားချိန်လည်း မရှိတော့ဘူး ”

“ လာ ဆိုင်မှာ စားကြရအောင် ”

“ ကျွန်တော့်မှာ ကိုယ်ပိုင်ပိုက်ဆံ တစ်ပြားမှ မရှိဘူး ၊ ခင်ဗျားမှာ ရှိသလား ”

“ မရှိဘူး ၊ ရဲဘော်တင်ထွန်း မှာ ရန်ပုံငွေပိုက်ဆံ ရှိတယ် မဟုတ်လား ”

“ အဲ - ဒါတော့ ရှိတယ်လေ ”

ကျွန်တော်ကား ရန်ပုံငွေပိုက်ဆံနှင့် ထမင်းဝယ် စားထိုက် မစားထိုက် နှောင့်နှေး တွေဝေနေသေးသည် ။ ကိုအေးငွေ က ပခုံးကို ဆွဲကိုင်၍ ခေါ်ပြီး -

“ လာပါရဲဘော်ရာ ၊ အဲဒါနဲ့ပဲ စားကြမယ် ၊ အလွဲသုံးစားလုပ်ရာ မရောက်ပါဘူး ။ ခုနေအခါ ကိုယ်တို့ဟာ အများနဲ့ပတ်သက်တဲ့အလုပ်ကို အချိန်ရှိသရွေ့ လုပ်နေကြတာပဲ ၊ အများအလှူငွေ ထဲက ဝယ်စားတာဟာ တရားပါတယ် ”

ကျွန်တော် သဘောတူလေသည် ။ ထမင်းဟင်း ကောင်းကောင်း မှာ၍ စားကြလေသည် ။

နှစ်ယောက်သား စားကြခါစမှာ ဘာမျှ မပြောနိုင်ကြ ။ ထမင်းဆာဆာ စားရတုန်း မြိန်လှသည်နှင့် ကုန်းလွေးနေကြသည် ။ တစ်ဝက်ကျော်စားပြီးတော့ ကိုအေးငွေ က ဆီပေကျံနေသော နှုတ်ခမ်းများကို လက်သုတ်ပါဝါဖြင့် သုတ်ရင်း စကားစလေသည် ။

“ ကျောင်းသားခေါင်းဆောင်တွေထဲ မှာ သဘောကွဲလွဲချက် နည်းနည်း ပေါ်နေတယ် ”

ကျွန်တော် က အောင်မြင်နေသည်ကိုသာ ကြားချင်၍ ဆုံးရှုံးသည်ဟုဆိုလျှင် နားမထောင်ဝံ့သူ ဖြစ်သည် ။ ညီညွတ်နေကြသည်ကိုသာ ကြားချင်၍ ကွဲလွဲသည်ဆိုလျှင် နားမထောင်ဝံ့သူဖြစ်သည် ။ ကိုအေးငွေ က ကွဲလွဲမှုကို ဆက်ပြောမှာကိုပင် စိုးရိမ်သလို ရှိနေသည် ။ ထို့ကြောင့် ဘာမျှမပြောဘဲ ထမင်းကိုသာ စားနေလိုက်သည် ။ ကိုအေးငွေ က ဆက်ပြန်၏ ။

“ ကွဲလွဲတယ် ဆိုတာက သဘောအယူအဆ ကွဲတာလောက်ပါပဲ ။ တချို့က ကျောင်းသားအနေနဲ့ ဒီနေ့ဆုံးဖြတ်တဲ့ အုပ်ချုပ်ရေး တိုက်ဖျက်ရေး လုပ်ငန်းတွေ ၊ ဗြိတိသျှ ကုန်ပစ္စည်း သပိတ်မှောက် လုပ်ငန်းတွေ စတဲ့ နိုင်ငံရေးတိုက်ပွဲတွေမှာ ရှေ့တန်းက မပါထိုက်ဘူးလို့ ယူဆကြတယ် ။ ကျောင်းသားတွေရဲ့ သီးသန့်တောင်းဆိုချက်တွေ ၊ ဖိနှိပ်ချုပ်ချယ်မှု ကန့်ကွက်ရေးတွေမှာ လောက်သာ ကန့်သတ်ပြီး ကျောင်းသားတိုက်ပွဲတွေ ဆက်သွားဖို့ လိုလားကြတယ် ။ နိုင်ငံရေးတိုက်ပွဲတွေ ကိုတော့ သခင်များ ၊ အလုပ်သမားများ နဲ့ တောင်သူလယ်သမား တွေက ခေါင်းဆောင်ပြီး လုပ်သွား စေချင်ကြတယ် ။ အိုင်ဆေး ကြက်သွန်ချဉ် ထပ်တောင်းပါဦး ”

ကိုအေးငွေ သည် ပါးစပ်ထဲသို့ ထမင်းတစ်လုတ် သွတ်သွင်းနေလေသည် ။ ကျွန်တော် က ဘွိုင်ကို ခေါ်ပြီး ကြက်သွန်ချဉ် တောင်းသည် ။

“ တချို့ကတော့ ကျောင်းသားတွေအားလုံး နိုင်ငံရေးတိုက်ပွဲထဲ ခြေစုံပစ်ဝင်ဖို့ လိုလားတယ် ။ ကျောင်းပြန်တက်တာတို့ ၊ သပိတ် ပြန်လှန်တာတို့ ၊ ပညာပြန်သင်တာတို့ မတွေးရတော့ဘူး ၊ သခင် ခေါင်းဆောင်တွေထဲမှာတော့ များသောအားဖြင့် ကျောင်းသားတွေဟာ နောက်ပြန် လှည့်မကြည့်ဘဲ နိုင်ငံရေးတိုက်ပွဲထဲ ခြေစုံပစ်ဝင်ဖို့ လိုလားကြတယ် ၊ အပြင်းထန်ဆုံးကတော့ သခင်နု ပေါ့ ။ တက်ဘုန်းကြီး ကိုသိန်းဖေ ကတော့ ကျောင်းသားခေါင်းဆောင်အများနဲ့ အတူတူပဲ ။ ကျောင်းသားတွေ အနေနဲ့ အုပ်ချုပ်ရေးတိုက်ဖျက်ရေး တိုက်ပွဲ ၊ ဗြိတိသျှကုန် သပိတ်မှောက်ရေးတိုက်ပွဲ စတဲ့ တိုက်ပွဲတွေမှာ ရှေ့တန်းက မပါသင့်ဘူး ထင်နေတယ်တဲ့ ”

ကျွန်တော်ကား အစက သဘောကွဲလွဲမှု ဆိုသဖြင့် မကြားဝံ့သလို ရှိခဲ့သော်လည်း ကိုအေးငွေ ချပြသော သဘောကွဲလွဲမှုများတွင် စိတ်ဝင်စားလာသည် ။

“ ကျောင်းသားတွေဟာ သပိတ်ပြန်လှန်ဖို့တွေ ၊ ပညာပြန်သင်ဖို့တွေ မစဉ်းစားရတော့ဘဲ ခြေစုံပစ်ပြီး နိုင်ငံရေးတိုက်ပွဲထဲ ဝင်ရမယ်ဆိုတာ ဖြစ်နိုင်ပါ့မလား ကိုအေးငွေ ”

ကိုအေးငွေ ကား အသားတုံးကို ဝါးချေမပြီးသေးသဖြင့် ပြီးအောင်ဝါးပြီး နောက် မှ -

“ ဒါကတော့ ဒီအရေးတော်ပုံဟာ ဘယ်ထိသွားကြမယ်ဆိုတာမှာ တည်တယ် ကိုယ့်လူ ။ အဆုံးသတ် လွတ်လပ်ရေးတိုက်ပွဲထိ ရောက်မလား ၊ မရောက်ဘူးလားဆိုတာ အကုန်ခြုံပြီး စဉ်းစားရမှာပဲ ”

“ သခင်အောင်ဆန်း ရဲ့ သဘောကတော့ ဘယ်လိုတဲ့လဲဗျ ”

“ ကျွန်တော်လည်း မဆုံးဖြတ်တတ်သေးဘူးဗျာ ၊ သခင်အောင်ဆန်း ပြောသလို ကျကျနန စဉ်စားပြီး စုံစုံညီညီ ဆွေးနွေးဖို့လိုမယ် ထင်တယ် ”

“ အင်း ဒီပြဿနာတွေကို ကနေ့ည ဥက္ကဌအခန်းထဲမှာ သခင်ခေါင်းဆောင် အချို့ရယ် ၊ ကျောင်းသားခေါင်းဆောင်တွေရယ် ဆွေးနွေးကြလိမ့်မယ် ”

ကိုအေးငွေ ကား နောက်ဆုံး ထမင်းလုတ်ကို သွင်းပြီးသွားလေပြီ ။ ကျွန်တော်က ကိုအေးငွေ တင်ပြသည့် ပြဿနာများကို တွေးတောရင်း ဆိတ်ငြိမ်စွာ စားနေလေသည် ။ အတန်ကြာ၍ ပြီးသောအခါ -

“ အေးလေဗျာ ၊ ဒီကိစ္စတွေမှာ ကျုပ်တို့ကတော့ အထွေအထူး မစဉ်းစားတတ်ပါဘူး ။ တစ်သဘောတည်း တညီတညွတ်တည်း ရှိကြရင် ပြီးတာပါပဲ ”

ကျွန်တော်တို့ ထခဲ့ကြသည် ။ အပေါ်ထပ်မှာ မီးတွေ ထိန်လင်းနေလေပြီ ။ လူတွေလည်း တစ်စုပြီး တစ်စု ရောက်လာ၏ ။ ရှစ်နာရီလောက်တွင် ဥက္ကဌ ခန်း၌ သခင်ခေါင်းဆောင်အချို့ နှင့် ကျောင်းသားခေါင်းဆောင်များ စည်းဝေးကြ၏ ။ ဖော်ပြပါ ပြဿနာများကို အတော်ကြာ ဆွေးနွေးကြ၏ ။ တိုးတိုးပြောလိုက် ကျယ်ကျယ်ပြောလိုက် အေးအေးလေသံ ဒေါပွပွလေသံ အကြိတ်အနယ် ဖြစ်ကြသည် ။ ညဉ့်နက်၍ လူစုသာ ခွဲရသည် ၊ တိကျသော အဖြေကား မပေါ်လာ ။ သို့သော် ဘာပဲဖြစ်ဖြစ် လက်ရှိအခြေအနေအရ တိုက်ပွဲကိုကား ဘယ်နည်းနှင့်မျှ ရပ်၍ မရသေး ။ လုပ်စရာရှိတာကို ဆက်လက် လုပ်ကြရမည်သာ ဖြစ်ပေသည် ။ အရေးတော်ပုံသည် စက်ကုန် မောင်းနေတုန်း ဖြစ်၏ ။ ထို့ကြောင့် ခေါင်းဆောင်ပိုင်းက သဘောကွဲလွဲမှုကလေးများသည် အရေးတော်ပုံလူထု လက်တွေ့လုပ်ငန်းများကြားတွင် ငုံ့လျှိုးနေခဲ့လေသည် ။

◾သိန်းဖေမြင့်

📖 အရှေ့ကနေဝန်းထွက်သည့်ပမာ

koaungnaingoo.blogspot.com

.

No comments:

Post a Comment