❝ တိုက် ၁၃ ၊ အခန်း ၄ ❞
ကံအားလျော်စွာ …
တကယ့်ကို ကံအားလျော်စွာပါပဲ ။ သည် တိုက်ခန်းထဲက တစ်ခန်းခန်းကို နေထိုင်ခွင့်ရလိမ့်မည်ဟု
ဘယ်တုန်းကမှ မမျှော်မှန်းခဲ့ဖူးကြောင်းကိုသာ ပထမဦးဆုံး ကျွန်မ ဝန်ခံရတော့မည် ။
မောင် ကတော့ သည်တိုက်ခန်းလေးတွေထဲက အခန်းလွတ် ပေါ်လာတိုင်း ဇွဲကောင်းကောင်းနှင့်
လျှောက်သည်ချည်း ဖြစ်၏ ။ များသောအားဖြင့် လစာနှုန်း အတန်အသင့် မြင့်မားသူကိုသာ ( လုပ်ငန်းမှာ
ဘယ်လောက်အရေးကြီးသလဲ ၊ စက်ရုံနဲ့ နီးနီးနားနားနေဖို့ လိုအပ်တဲ့သူလား ဆိုတာကိုလည်း
ထည့်တွက်လေ့ရှိပါသည် ) နေရာချထားလေ့ရှိမှန်း ကျွန်မ သိထားနှင့်တော့ ရိုးရိုးစွဲစွဲ နေချင်သည့် ဆန္ဒသာ
ရှိသော်လည်း ကျွန်မ မမျှော်မှန်းဝံ့ခဲ့ပါ ။
မန္တလေးပုံစံ ဟု ခေါ်သော တစ်လုံး လေးဦးနေ တိုက်ခန်းနီနီကြီးတွေ အလုံး နှစ်ဆယ်လောက်ကို
ကန့်လန့်တစ်လုံး ဒေါင်လိုက်တစ်လုံး စီကာစဉ်ကာ တည်ဆောက်ထားသော သည်တိုက်စုကလေးကို
‘ တိုက်ဝင်း ’ ဟုပဲ ခေါ်တတ်ကြသည် ။
တိုက်ခန်းတွေရဲ့ အဦးထိပ်က သုံးထပ်သား ဆိုင်းဘုတ်ကလေးမှာတော့ ‘ ဝန်ထမ်းရိပ်သာ အမှတ်
( ၁ ) ၊ ဖြတ်သန်းသွားလာခွင့်မပြု ’ လို့ ရေးထားတာ ဖတ်ရဖူးသည် ။
အခုတော့ ထို ဆိုင်းဘုတ်ကလေးလည်း မရှိတော့ပါ ။ ‘ ဝန်ထမ်းရိပ်သာ အမှတ် ( ၁ ) ’ လို့လည်း
ဘယ်သူမှ ရုံးဆန်ဆန် ခေါ်သံ မကြားရပါ ။ ‘ တိုက်ဝင်း ’ ဆိုသည့် လူထု ဘာသာစကားကသာ
တွင်ကျယ်နေတော့သည် ။
ကံအားလျော်စွာ သည်တိုက်ခန်းကလေးကို ကျွန်မတို့ နေခွင့်ရသလို နောက်ထပ် ကျွန်မအတွက်
ကံကောင်းတာ ရှိပါသေးသည် ။ ကျွန်မတို့ နေခွင့်ရသော တိုက်ခန်းလေးက ဘူတာရုံကလေး နှင့်
နီးသောကြောင့် ဖြစ်ပါသည် ။
ကျဲပါးသော မြို့ပတ်ရထား အပြာရင့်ရင့်ကလေးတွေ တိုက်အောက်က တဝေါဝေါဖြတ်သွားလျှင်
ဘာရယ်မဟုတ်ဘဲ ကျွန်မ ပြတင်းပေါက် ဘေးကို ပြေးရပ်မိသည်သာ ။
မောင် ကတော့ ဘူတာရုံနှင့် နီးနီးနေရတာကို သိပ်ကြိုက်လှပုံ မရပါ ။ ဒါပေမဲ့ မောင်က
ပြတင်းက တဆင့် အနောက်ဘက် မိုးကုပ်စက်ဝိုင်းကို တစ်ဆန့်တစ်လျား မြင်နေရတာကိုတော့
တစ်စုံတစ်ရာ မပြောသော်လည်း ကျေနပ်နှစ်သက်ခြင်း ဖြစ်ဟန်ရှိပါသည် ။
ဘူတာရုံနှင့် နီးခြင်း ဝေးခြင်း ၊ အနောက်ဘက် မိုးကုပ်စက်ဝိုင်းကို မြင်ရခြင်း မမြင်ရခြင်းတို့မှာ
ကျွန်မတို့ နှစ်ဦး၏ တစ်ဦးချင်း ခံစားမှုသာ ဖြစ်၍ မောင် နှင့် ကျွန်မ ကြားတွင် သိပ်တော့ ပြဿနာ မရှိလှပါ ။
ဘာပဲဖြစ်ဖြစ် သည်တိုက်ခန်းကလေးကို စတင်ရောက်ရှိသည့်နေ့ကတော့ ကျွန်မတို့ နှစ်ဦးစလုံး
စိတ်ညစ်ညူးသွားခဲ့ရတာ အမှန်ပင်ဖြစ်၏ ။
အဲသည်နေ့က မောင်က ဘုရားစင်မှ ဘုရားကျောင်းဆောင်ကို ပင့်ဆောင်၍ ကျွန်မက
သောက်ရေအိုးသစ်တစ်လုံးကို သယ် မ လာခဲ့ပါသည် ။ အဲသည်နေ့က ရက်ရာဇာဖြစ်၍ နဂါးခေါင်းက
တောင်ဘက်သို့ လှည့်သည်ဟု မောင် က ကျွန်မ ကို ရှင်းပြသောနေ့လည်း ဖြစ်ပါသည် ။
°°°°° °°°°° °°°°°
သည်တိုက်ခန်းကလေးပေါ်ကို ကျွန်မတို့နေထိုင်ခွင့် မရှိခင်တုန်းက သည်တိုက်တွေနှင့်
တော်တော်လေး လှမ်းသော ခြောက်ခန်းတွဲတန်းလျားခန်းတွေမှာ ကျွန်မတို့ နေထိုင်ခဲ့ရပါသည် ။
ဆယ်ပေခန်း ကျဉ်းကျဉ်းကလေး ခြောက်ခန်းကို တစ်ဆက်တည်း ဆောက်ထားလို့ ‘ တန်းလျား ’ လို့လည်း
ခေါ်ကြပါသည် ။
ဘယ်လိုမှကို စရိုက်ချင်း မတူနိုင်သော အိမ်ထောင်စု ခြောက်စု ထဲမှာ ကျွန်မတို့က တစ်စု ဖြစ်သည် ။
ဘေးအစွန်ခန်းတွေကတော့ ပျဉ်ချပ်တွေ စီကာထပ်ကာ ကာရံပေးထားရုံသာမက ဘေးပြတင်းပေါက်တွေပါ
ဖောက်ပေးထားသဖြင့် ဘေးခန်းမှာ နေထိုင်ခွင့်ရသူတွေက အနည်းငယ် အဆင်ပြေသော်လည်း
အလယ်ခန်းတွေကိုမူ ပါးလျသော ဝါးထရံချပ်တွေကို လျော့ရဲရဲ ကာပေးထားပါသည် ။ ကျွန်မကတော့
ရနိုင်သမျှ စက္ကူစတွေကို ကော်သုတ်၍ စိတ်ရှည်လက်ရှည် ကပ်နေတတ်၏ ။
မည်သို့ပင်ဖြစ်စေ တစ်ခန်းက ညှော်နံ့ကို လည်းကောင်း ၊ တစ်ခန်းက ဟားတိုက် ရယ်မောသံကို
လည်းကောင်း ၊ တစ်ခန်းက မွှန်စူးစူး အရက်နံ့ကို လည်းကောင်း ၊ တစ်ခန်းက ဖဲရွက်ပွတ်သံကို
လည်းကောင်း ၊ တစ်ခန်းက ကြေးစည်ရိုက် အမျှဝေသံကို လည်းကောင်း တစ်ခုမဟုတ် တစ်ခု ကျွန်မ
ကြားနေရသည်သာ ဖြစ်၏ ။
တန်းလျားလေးက ခါးစောင်းလောက်သာ မြင့်ပါသည် ။ လှေကားသုံးထစ်သဖွယ် ပြုလုပ်ထားသော
အုတ်ခုံလှေကားလေးပေါ်မှာပဲ ညနေစောင်းလျှင် ကျွန်မ ထိုင်နေမိတတ်သည် ။ ခပ်လှမ်းလှမ်းက
မီးရထား သံလမ်းတွေကို ဖြတ်ကာ ပြန်လာမည့် မောင့် ကို စောင့်ရင်း အချိန်အတော်များများကို ကျွန်မ
သည်အုတ်ခုံလေးပေါ်မှာပဲ ထိုင်ရင်း ဖြုန်းတီးပစ်ခဲ့သည်ချည်း ဖြစ်၏ ။
မောင် ကတော့ သည်တန်းလျားကလေးကို နေချင်စဖွယ် အိမ်ကလေးတစ်ခုအဖြစ်
သဘောထားနိုင်သူ ဖြစ်၏ ။
‘ လူတွေနဲ့ ရောနှော နေထိုင်ရတော့ လူတွေအကြောင်း ပိုသိခွင့်ရတာပေါ့ ’ ဟု လည်းကောင်း ၊
‘ တန်းလျား ဆိုတာ လူ့လောက အငယ်စားလေးကွ ။ စရိုက် သိပ်စုံတယ် ’ ဟုလည်းကောင်း
ပြောတတ်သော်လည်း ကျဉ်းမြောင်းသော သည်အခန်းကလေးတွေထဲမှာ အသက်ရှူ မဝဘဲ
မွန်းကျပ်နေရသော ဝေဒနာကိုသာ ကျွန်မ အမှတ်မိဆုံး ဖြစ်၏ ။
အခန်းကျဉ်းလေး နှစ်ခန်းပါသော သည်တန်းလျားမှာ တစ်ခန်းက အိမ်ရှေ့ ဘုရားခန်း
( ဧည့်ခန်း ) ဖြစ်၍ နောက်တစ်ခန်းက အိပ်ခန်းဖြစ်သည် ။ နောက်ဘက် မှာတော့ ကိုယ့်အစီအစဉ်နှင့် ကိုယ်
ဆွဲဆန့်ကာ အခန်းရှည်ရှည်ကလေး တစ်ဆောင် ထပ်ချဲ့ထားရသည် ။ မီးဖို နှင့် ထမင်းစားခန်း ဖြစ်သည် ။
သည် တန်းလျားခန်းတွေရဲ့ သက်တမ်းက နည်းလှသည် မဟုတ် ။ တစ်ကြိမ်တည်းသာ သုတ်ခွင့်ရထားခဲ့သော ရေနံချေး မည်းမည်းတို့ပင် ဖြူရော်ကြွပ်ရွသော မြေခြောက်ရောင်အဖြစ် ပြောင်းလဲနေခဲ့ပြီ ။
ပြတင်းတံခါးတွေက တစ်ချပ်နှင့်တစ်ချပ် အံမကျသော်လည်း တအားဆွဲပိတ်ပစ်ဖို့ စိတ်ပင် မကူးဝံ့ပါ ။
နီကြင်ကြင် ဝပ်အားနည်း မီးလုံးရောင်ေအာက်မှာ တစ်ခန်းက မီးခိုးတွေက တခြားအခန်းတွေမှာ
ဝေ့ဝေ့ဝဲဝဲ ရှိနေတတ်တာလည်း ရှိသည် ။ ညဉ့်နက်သန်းခေါင်မှ ပြန်ရောက်လာတတ်သော
အိမ်လည်လွန်တစ်ဦးဦးက သူ့အခန်းတံခါးကိုသူ တဝုန်းဝုန်းထုလျှင် ကျန်အခန်းတွေက မိသားစုတွေပါ
ရောယောင်နိုးနေရသည် ။
တချို့ကတော့လည်း ညတစ်နာရီထိုးမှ ကြာနီကန် ဆရာတော် တရားခွေကို ဓမ္မဓါနအဖြစ်
ခပ်ကျယ်ကျယ် ဝေငှနေကြတာလည်း ရှိသည် ။ တစ်ခါတစ်ခါ ကျိတ်၍ ရန်ဖြစ်တတ်သော
လင်မယားတွေဆီက ငိုသံတွေ ရောက်လာတတ်တာကတော့ ကျွန်မအတွက် ရိုးအီနေသော ဂီတ
ဖြစ်လေသည် ။
ဒါပေမဲ့ သည်တန်းလျားခန်းကလေးက လူတွေမှာ ချစ်စရာကောင်းသော ၊ ခင်မင်နှစ်လိုဖွယ်
ကောင်းသော ၊ စွဲလမ်းတပ်မ က် ဖွယ် ကောင်းသော စရိုက်တွေလည်း ရှိကြောင်းကို ကျွန်မ ဝန်ခံရပါမည် ။
ဝိုင်းဝန်း ကူညီတတ်ခြင်း ဖြစ်သည် ။ လူမှုရေးတွေမှာ သိနားလည်လွန်းခြင်း ဖြစ်သည် ။ ဘဝတူချင်း
စာနာတတ်ခြင်း ဖြစ်သည် ။
မိုးတွင်းတွေမှာ မိုးယိုတာက လွဲရင် ၊ ရေအိမ်မှာ အညစ်အကြေးတွေ ပေကျံညစ်ပွနေတတ်တာက
လွဲလျှင် ၊ အများသုံး အုတ်ရေကန်ကရေကို ဝေးလံစွာ သယ်ယူရတာက လွဲလျှင် ၊ မိန်းမချင်း မကြာခဏ
ကျယ်လောင်စွာ ရန်ဖြစ်တာက လွဲလျှင် …
တန်းလျားခန်းကလေးကို ကျွန်မ သံယောဇဉ် ရှိပါသည် ။
မွန်းကျပ်သည် မှန်သော်လည်း သည်တန်းလျားခန်းကလေးကို တကယ်တမ်း စွန့်ခွာကာ
တိုက်စုကလေးထဲက တစ်ခန်းကို ကျွန်မ ရရှိသည်ဟု သတင်းရောက်လာသည့် အချိန်က
လှေကားအုတ်ခုံကလေးမှာပဲ ကျွန်မ မရှက် မကြောက် ငိုဖြစ်ပါသည် ။
°°°°° °°°°° °°°°°
တိုက် ၁၃ ၊ အခန်း ၄ …
မောင့် လက်ထဲက ရုံးမိန့်စာရွက်ကို ကိုင်ရင်းက သည်နံပါတ်တွေကို ကျွန်မ အကြိမ်ကြိမ် အထပ်ထပ်
ရေရွတ်နေမိတော့သည် ။ မောင်ကတော့ ရက်ရာဇာတွေ ၊ ပြဿဒါးတွေ ပါသော ပြက္ခဒိန်ပေါ်မှာပဲ
အာရုံရောက်နေသည် ။
အင်္ဂလိပ်စာကို ရှေးခုနစ်တန်းလောက်တတ်သော ဖေဖေ ကတော့ ပက်လက်ကုလားထိုင်ပေါ်မှာ
ထိုင်ရင်းက …
“ သမီးတို့ ရတဲ့ အခန်းက နံပါတ်တွေကို ဖေဖေတော့ မကြိုက်လှဘူး ။ ဆယ့်သုံးဂဏန်း က
ကံမကောင်းတတ်ဘူး ။ အင်္ဂလိပ်အယူကတော့ ‘ ဆယ့်သုံး ’ ဟာ ခိုက်တယ် လို့ကို ယုံကြည်ကြတယ် ။ ‘ လေး ’
ဆိုတာလည်း မြန်မာလိုတော့ လေးလံခြင်း ၊ စိတ်လေးရခြင်း စတဲ့ ဖိစီးနေတဲ့သဘောတွေ ပါတယ် ။
မကောင်းဘူး … မကောင်းဘူး …”
ကျွန်မကတော့ ဖေဖေ့ကိုပဲ တအံ့တဩ ငေးကြည့်နေမိ၏ ။ တိုက် ၁၃ ၊ အခန်း ၄ ဟာ
မကောင်းဘူးလား ။ တကယ်ပဲ ခိုက်တတ်သလား ။
မောင် ကတော့ ဒါတွေကိုကြားပုံမရပါ ။
“ တော်သေးတယ်ဟေ့ နဂါးခံတွင်းထဲ မဝင်လို့ … နဂါးခေါင်းက တောင် လှည့်တယ် ၊ ‘ နတ် ၊ ပြာ ၊ တွဲ -
တောင် … နတ် ၊ ပြာ ၊ တွဲ - တောင် …’ အိမ်ဆောက်တာ မဟုတ်ပေမယ့် အိမ်ပြောင်းတာလည်း ဒီလတွေ
ကောင်းသားပဲ ”
ဖေဖေက ပက်လက်ကုလားထိုင်မှထကာ စက္ကူဖြူဖြူကလေးပေါ်မှာ Soft Pen ဖြင့် ‘ တိုက် ၁၂ - က ၊
အခန်း ၃ - က ’ လို့ ခပ်ထူထူကလေး ရေးကာ ကျွန်မကို လှမ်းပေးပါသည် ။ ကျွန်မက နားမလည်နိုင်စွာ
ဖေဖေ့ ကို ငေးကြည့်နေမိ၏ ။
“ ဆယ့်သုံး မဟုတ်ဘူး ၊ ဆယ့်နှစ် ‘ က ’ ကြီးကွာ ၊ လေး မဟုတ်ဘူး ၊ သုံး ‘ က ’ ကြီး ကွာ ။
ဘာဖြစ်သေးလဲ … သမီး စပြောင်းတဲ့နေ့ တံခါးဝမှာ အဲဒါလေး ကပ်ထား ။ ကြားလားသမီး …”
ဖေဖေ ကတော့ ရုံးအမိန့်စာထဲက တိုက် ၁၃ ၊ အခန်း ၄ ကို သူ့သဘောနှင့်သူ ပြောင်းပစ်လိုက်သည် ။
ကျွန်မကတော့ တိုက် ၁၃ ၊ အခန်း ၄ လို့ပဲ စွဲမှတ်နေမိသည် ။
အဲသလိုပြောင်းလိုက်လို့ ရလို့လား ။ မောင် ကတော့ ဘာမှ မပြောပါ ၊ နောက်ဖေးဘက်က
သူစိုက်ပျိုးခဲ့သော စားပင်ကလေးတွေကို နှမြောတသစွာ သွားငေးနေဟန်ရှိပါသည် ။
“ ဘာပဲဖြစ်ဖြစ်လေ ၊ ရန်ကုန် လိုနေရာမှာ တိုက်ခန်းကျယ်ကျယ်ကလေး တစ်ခန်းရတာ သမီးတို့
ကံကောင်းတာပဲ ။ ဥပါဒါန်ကလည်း ဥပဒ်ဖြစ်တတ်သတဲ့ ။ အစွဲတော့လည်း မထားနဲ့ပေါ့ကွယ် ”
ကျွန်မ မောင့် နောက်ကို လိုက်သွားတော့ မောင်က ရွှေ့ပြောင်းလို့ ရနိုင်သော သစ်ပင်ကလေးတွေကို
လိုက်ပြသည် ။ ကျွန်မ နှမြောတသအဖြစ်ရဆုံးမှာ အသီးတွေ သဲသဲမဲမဲ သီးတတ်သော မာလကာသီးပင်
နှစ်ပင် ကိုပဲ ဖြစ်သည် ။
ကျွန်မ၏ မျက်နှာရိပ်ကို ဖတ်တတ်သော မောင် က ကျွန်မရဲ့ပခုံးတွေကို အသာအယာ
ဖျစ်ညှစ်ပါသည် ။
“ နှမြောလို့လား … တိုက် ၁၃ ၊ အခန်း ၄ ကျရင် ပြန်စိုက်တာပေါ့ ”
မောင်က သည်နံပါတ်တွေကို ကျွန်မ မုန်းတီးမှန်း သိ၍ နောက်ပြောင်လိုက် မှန်း သိသော်လည်း
ကျွန်မ သိပ်မခံစားရပါ ။ ကျွန်မ အတွက် လက်ရှိအခြေအနေတွင် အလိုအပ်ဆုံးမှာ ပိုမိုကျယ်ပြော
လွတ်လပ်သော နေရာတစ်ခုသာ ဖြစ်ပါသည် ။ ကျပ်တည်းကျဉ်းမြောင်းသော သည်နေရာကလေးကို
တစ်ခါတစ်ခါ သတိရသော်လည်း သည်နေရာက စွန့်ခွာဖို့ ကျွန်မအကြိမ်ကြိမ် မျှော်လင့်ခဲ့ရသည်
မဟုတ်လား ။
‘ ဒီမာလကာပင်လေးကို နှမြောတာတော့ အမှန်ပါပဲ ၊ ဒါပေမဲ့ သူက ကျွန်မတို့ စွန့်ခွာမယ့် နေရာမှာ
ပေါက်နေတော့ ထားရစ်ခဲ့ရမှာပဲ မဟုတ်လား ’ … မောင့်လက်တွေက ကျွန်မပခုံးကို ပိုမိုတင်းကျပ်စွာ
ဖျစ်ညှစ်လိုက် မှန်း ကျွန်မ သိလိုက်ပါသည် ။
°°°°° °°°°° °°°°°
တိုက်ခန်းတွေက ဟောင်းမြင်းလှပြီ ။ အဝေးကကြည့်လျှင် စီကာစဉ်ကာ လှပနေတတ်သော
သည်တိုက်ခန်းတွေက အနီးကကြည့်လျှင် အတော်ပင် အကျည်းတန်နေတာကို ကျွန်မ ပထမဆုံး
သတိထားမိပါသည် ။
အောက်ထပ် နှစ်ခန်းက တစ်ဖက်သို့လှည့်၍ အပေါ်ထပ်နှစ်ခန်းက ဆန့်ကျင်ဘက်သို့
မျက်နှာမူထားသည် ။ အတန်ငယ်မတ်စောက်သော လှေကားထစ်တွေကို တက်ရတိုင်း ( နောင်တွင် ) ကျွန်မ
မောဟိုက်နေတတ်၏ ။
ပထမဆုံးအခက်အခဲမှာ သည်တိုက်ကလေးမှာ နေလက်စ မိသားစုက ရုတ်တရက် ဖယ်မပေးခြင်းပင်
ဖြစ်သည် ။ အခြား မြို့တစ်မြို့သို့ ပြောင်းရွှေ့ရန် အမိန့်တစ်စုံတစ်ရာ ရထားပြီးဖြစ်ပါလျက် ရသလောက်
တွယ်ကပ်နေသည့် သဘောမျိုး ဖြစ်သည် ။ တစ်ပတ်ခန့် စောင့်သော်လည်း ပြောင်းရွှေ့ပေးမည့်
အရိပ်အယောင် မပြ ။ အဆိုးဆုံးမှာ ‘ နေပါဦးလား ။ တော်တော် ပြောင်းလာချင်ပြီလား ၊ တိုက် နဲ့
သိပ် နေချင်တာပဲလား ’ … ဆိုသည့် မအီမသာ စကားတွေပင် ဖြစ်သည် ။
ဒါပေမဲ့ ထူးဆန်းတာက အဲသည့်မိသားစု ပြောင်းရွှေ့သွားသည့်အခါ ဘယ်သူမှ မသိလိုက်ခြင်းပင်
ဖြစ်သည် ။ လမ်းမတန်းက ရုတ်တရက် မမြင်နိုင်သော ပြတင်းတံခါး တချို့ကို ဖြုတ်ယူသွားခဲ့သည် ။
လျှပ်စစ်မီးခေါင်းနှင့် မီးခလုတ်တွေလည်း မရှိတော့ ။ ကြိုးစတန်းလန်းနှင့် သည်အတိုင်း ထားပစ်ခဲ့သည် ။
မောင်က ဘုရားဆင်းတုတော်ကို ပင့်ဆောင်ရင်း ကျွန်မက ရေအိုး အသစ်ကလေးကို ချီ မ လာသည့်နေ့က ပထမဆုံး သတိထားမိတာ ပြတင်းတံခါးတချို့ မရှိတာဖြစ်သည် ။ မောင် ကတော့
ရောက်ရောက်ချင်း အိမ်ရေဆေးဖို့ လိုတယ်ဆိုကာ ရေချိုးခန်းထဲကို ဝင်တော့ ဘုံပိုင်ခေါင်း မရှိ ။
ရေပိုက်အဆက် တော်တော်များများကို ဖြုတ်ယူသွားသည် ။ ရေလာချိန် မဟုတ်သဖြင့် ရေတွေ ကျမနေလို့
တော်တော့သည် ။
“ ရေချိုးခန်းကို တော်တော် လုပ်ယူရမယ် ထင်တယ် ၊ ရေပိုက်ကော ၊ ပိုက်ခေါင်းကော မရှိတာ ။
အဆိုးဆုံးက ဒီမှာ … ကြည့်စမ်း …”
အိမ်သာကြွေခွက် နှင့် ကြမ်းခင်းတွေ ကွဲအက်နေခြင်း ဖြစ်သည် ။ အညစ်အကြေးဆင်းရာ
ကြွေပိုက် နေရာမှာလည်း သံတူရွင်း နှင့် ထိုးခွဲထားသလို ဖြစ်နေသေးသည် ။ ရေအိမ်၏ ခလုတ်တွေမှာ
အဖုံး မရှိ ။
မောင် ကတော့ ဘာမှမဖြစ်သလို ခံစားမှုမဲ့ မျက်နှာဖြင့် ရှိသော်လည်း ကျွန်မ တော်တော်
စိတ်ပျက်သွားမိပါသည် ။
အဆိုးဆုံးမှာ တိုက်ခန်းကို သုတ်ထားသော ဆေးရောင်တွေပဲ ဖြစ်သည် ။ ပြာတောက်တောက်
အရောင်တွေက သစ်လွင်တုန်းက လှပနေမည် မှန်သော်လည်း ယခုအခါ မွဲခြောက်ခြောက်
အရောင်အသွေးဖြင့် ညစ်ထည်းထည်း ဖြစ်နေပြီ ။ ကျွန်မကတော့ ဧည့်ခန်းရော ၊ အိပ်ခန်းတွေကိုပါ
အဖြုရောင် ပြောင်းပစ်လိုက် မည် စိတ်ကူးထားသည် ။
“ တိုက်ခန်း မျက်နှာစာက အနောက်ဘက်လှည့်နေတော့ ဘုရားစင်က တောင်ဘက်လှည့်မှ
ကောင်းမယ် ထင်တယ်နော် …”
ကျွန်မ ကတော့ မောင့် စကားတွေကိုပင် ကြားနိုင်စွမ်း မရှိတော့ပါ ။ ပြတင်းဝမှာ
သွားရပ်နေလိုက်သည် ။ မောင် က ဘုရားစင်ကို အုတ်နံရံမှာ မြှုပ်ဖို့ လက်သမားဆရာ ခေါ်ရမည်ဟု
ပြောရင်းက အောက်ဆင်းသွားပါသည် ။ ကျွန်မကတော့ တိုက်ရှေ့က သရက်ပင်အုပ်အုပ်ကလေးကို
လည်းကောင်း ၊ အုန်းပင် မြင့်မြင့်ကြီးကို လည်းကောင်း ငေးရင်း အဲသည့်နေရာလေးမှာပဲ အကြာကြီး
ရပ်နေမိသည် ။
“ ညီမတို့က ဒီအခန်းကို ရသလား ”
ကျွန်မ ဆတ်ခနဲ တုန်ယင်သွားမှန်း ကိုယ့်ကိုယ်ကိုယ် သိလိုက်ပါသည် ။ အတန်ငယ်
အသက်ကြီးရင့်နေပြီဖြစ်သော အမျိုးသမီးတစ်ဦးက ကျွန်မဘေးမှ ရပ်ရင်း ရုတ်တရက် မေးလိုက်ခြင်းကို
ကျွန်မ လန့်ဖျပ်သွားခြင်း ဖြစ်သည် ။
“ ဪ … ဟုတ်ကဲ့ရှင့် …”
“ ကောင်းတယ် … ကောင်းတယ် … တို့ အိမ်နီးချင်း ဖြစ်သွားပြီပေါ့ ။ ဒီမယ် … အခုရှုပ်မှ နောင်ရှင်း
ပြောထားရဦးမယ် ။ ဟောဒီ သရက်ပင် ငါးပင်မှာ ညီမတို့နဲ့ ဆိုင်တာ နှစ်ပင် ၊ ဟောဟိုးက သုံးပင်က
အဒေါ်တို့ အပင်တွေ ”
“ ဪ …”
ကျွန်မက ကျွန်မပိုင်သည်ဆိုသော သရက်ပင်တွေကို ကြည့်လိုက်တော့ အသီးကင်းလေးတွေ
တချို့ မြင်နေရပြီ ၊ တချို့ ဖူးတုန်းပွင့်တုန်း ၊ ဒါ ကျွန်မတို့ရဲ့အပင်တွေတဲ့ ။ အရင့်အရင် နေထိုင်ခဲ့သူတွေက
အမြော်အမြင် ကြီးမားစွာ စိုက်ပျိုးခဲ့တဲ့ အပင်တွေပဲ ။
“ ဟောဒီ တိုက်လှေကားနဲ့ တည့်တည့် မျဉ်းကြောင်းဆွဲပြီး နယ်ကန့်သတ်ထားတာ ။ ဒီဘက်က
အဒေါ်တို့ ၊ ဒီကွက်လပ်က ညီမတို့ ၊ ဟောဒီဘေးဘက်က အောက်ထပ်နဲ့ ဆိုင်တယ် ”
“ ဪ … ဪ …”
“ လူတွေက ခက်ပါတယ်ကွယ် ။ ညီမတို့မလာခင် နေသွားတဲ့သူတွေက သရက်ဖူးတွေကို
ရိုက်ချသွားတယ် ။ ညီမတို့ကလည်း မလာသေး ၊ အဒေါ်တို့ကလည်း ပြောလို့ မဖြစ်နဲ့ ။
အုန်းသီးနုနုကလေးတွေကို တက်ခုတ်သွားတာလည်း ရှိရဲ့ ။ လူတွေ ပြောပါတယ် … မကောင်းတာ ”
“ ကျွန်မတို့က ဒီအပင်တွေဟာ ကျွန်မတို့နဲ့ မဆိုင်ဘူး ထင်နေတာ ၊ ကိစ္စ မရှိပါဘူး ၊
ဒီအပင်တွေအတွက် ကျွန်မ ဘယ်လိုမှ မခံစားရပါဘူး ”
“ အိုကွယ် … မဟုတ်တာ … ကိုယ်နေတုန်း ကိုယ့်ဥစ္စာပေါ့ ။ ရှေ့လူက သက်သက် ဖျက်ဆီးသွားတာ ၊
မစားရတဲ့အမဲ … လုပ်သွားတာ ”
“ ဟုတ်ပါရဲ့ … အခုလည်း မီးခေါင်းတွေရော ၊ မီးခလုတ်တွေရော တစ်လုံးမှ အကောင်းမရှိဘူး
ဒေါ်ဒေါ် … ပြတင်းတွေလည်း ဖြုတ်ယူသွားတယ် ”
“ အမှန်ကတော့ အခန်းအပ်ရင် သက်ဆိုင်ရာ တာဝန်ရှိတဲ့ လိုင်းမှူးတွေကို ပြန်အပ်ရတာပါပဲ ။
ဒါပေမဲ့ သူတို့က တခြားမြို့တစ်မြို့ကို အပြီးပြောင်းသွားတာဆိုတော့ တဖြည်းဖြည်းဖြုတ်ပြီး ယူသွားတာ ။
စနစ်တကျ အပ်ခဲ့တာ မဟုတ်ဘူး ။ အဒေါ်တို့လည်း တချို့ကိစ္စတွေ မြင်သားပဲ ၊ မပြောသာဘူးလေ ”
မောင် ပြန်လာတော့ မီးလုံးတွေ ပါလာသည် ။ တန်းလျားခန်းက မီးချောင်းတွေ ဖြုတ်ယူလာခဲ့သည် ။
မီးခလုတ်တွေ ၊ မီးခေါင်းတွေ ။
“ မောင် တော့ မီးခလုတ်ကို အရောင်ကွဲသွားအောင် အဖြူကလေးတွေချည်း ဝယ်လာတယ်ဟေ့ ”
တစ်ဖက်ခန်းက အိမ်နီးချင်းနှင့် မောင့်ကို မိတ်ဆက်ပေးသည် ။
“ ကျွန်တော်တို့လည်း တဖြည်းဖြည်း ပြုပြင်ရင်းနဲ့ နေသွားရမှာပဲ ။ ရှေ့လူက ဖျက်ဆီးသွားလိုက်တာ
တော်တော်ဆိုးတယ် အန်တီ …”
“ အင်းလေ … အခုပဲ အဲဒါကို ပြောနေကြတာ ။ ပြီးတော့ ဒီအခန်းကလည်း မကောင်းဘူး ။
အဒေါ်တို့က နေလာတာကြာပြီ မဟုတ်လား … သိတယ် … ဒီအခန်းက ရာဇဝင်နဲ့ … ”
မောင် က ကျွန်မကို လှမ်းကြည့်ရင်းက ပြုံးသည် ။
တစ်ဖက်ခန်းက အိမ်နီးချင်း ဆိုသူကလည်း စကားအစကလေးတစ်စ ထားရစ်ကာ
ပြန်သွားသော်လည်း ကျွန်မစိတ်ထဲမှာ တစ်နေ့လုံး နောက်ကျုနေသည် ။
သည်အခန်းက ရာဇဝင်နဲ့ … သည်အခန်းက ရာဇဝင်နဲ့ …
ဘာ ရာဇဝင်တွေလဲ ၊ ဘာ မကောင်းတာလဲ ။ ထိုနေ့က ပြတင်းဝမှာပဲ ကျွန်မ အကြာကြီး
ရပ်နေဖြစ်သည် ။ တစ်ခါတစ်ရံ တိုက်အောက်က ဖြတ်သန်းသွားသော မြို့ပတ်ရထားတွေကို ငေးရင်း ၊ အဝေး
ဘူတာရုံကလေးကို ရီဝေစွာ လှမ်းကြည့်ရင်း ကျွန်မ ဘယ်လောက်တွေးငေးနေသည် မသိ ၊
မောင် လာခေါ်တော့ အပြင်မှာ အလင်းစတွေ လျော့ပါးသွားပြီ ။
“ ဒီအခန်းကလေးက ရာဇဝင်တွေနဲ့တဲ့ မောင် … ”
မောင် ကတော့ ခြောက်ကပ်ကပ် ရယ်သည် ။ ကျွန်မရဲ့ နဖူးဆံစတွေကို သပ်တင်ရင်း …
“ ကောင်းတာပေါ့ … ရာဇဝင်နဲ့ဆိုတာ ဒီအခန်းရဲ့ ဖြတ်သန်းမှုကို ပြတာပေါ့ ၊ ဒီအခန်းရဲ့
ရင့်ကျက် မှုပေါ့ ”
မောင် ကတော့ အရာရာကို ချေဖျက်နိုင်စွမ်းသည် ။ အေးချမ်းတည်ကြည်သော မောင့်
စိတ်သဘောတွေကို ကျွန်မ အားကျသော်လည်း ကျွန်မ ကိုယ်တိုင် မွေးမြူ၍ မရခဲ့ပါ ။
ကျွန်မ ကတော့ တိုက် ၁၃ ၊ အခန်း ၄ ရဲ့ ရာဇဝင် ဆိုတာတွေကိုပဲ သိချင်နေမိတော့သည် ။ ဤသို့ဖြင့်
ကျွန်မတို့ တိုက်ခန်းကလေးကို တစ်စတစ်စ ဖြည့်ဆည်းတည်ဆောက်ယူခဲ့ရသည် ။ နှစ်ကာလ
ကြာလာသည်နှင့်အမျှ သီးပင်စားပင်တွေ ဝေဝေဆာဆာ ဖြစ်လာခဲ့ရပြန်ပြီ ။
ကျွန်မက ခပ်လှမ်းလှမ်းက ဘူတာရုံကလေးကို လည်းကောင်း ၊ မောင်က တစ်ဆန့်တစ်လျား
ဝေးလံသော ကွင်းပြင်ကျယ်ကျယ်ကိုလည်းကောင်း ၊ မနီးမဝေးက စက်ရုံမီးခိုးခေါင်းတိုင်ကလေးကို
လည်းကောင်း ၊ ရထားလမ်းကို ကန့်လန့်ဖြတ်သွားသော မြေနီလမ်းပေါ်က မြင်းလှည်းခြူသံ
လွင်လွင်ကလေးတွေနှင့် ဂေါက်ဂက်ဂေါက်ဂက်ဖြင့် မြင်းခွာသံဂီတကို လည်းကောင်း ၊ ဆောင်းဝင်စ
ရာသီတွေမှာ အပြိုင်းအရိုင်း ဖူးကြသော သရက်ပွင့်တွေကို လည်းကောင်း ကျွန်မတို့ ခံစားတတ်ကြပြီ ။
°°°°° °°°°° °°°°°
သည်တိုက်ခန်းကလေးမှာ ဖြစ်ခဲ့ဖူးသော ရာဇဝင်တွေကို ကျွန်မ သိခွင့်ရခဲ့သည်မှာ
သိပ်မကြာလှသေးပါ ။
ပထမဆုံး နေထိုင်ခဲ့သည့် ဂီတသမား လင်မယားအကြောင်းက စရလိမ့်မည် ။ စောင်းသံ ၊ စည်းသံ ၊
ဝါးသံ ၊ မဟာဂီတ သီဆိုသံတို့ဖြင့် ဝေစည်ခဲ့ဖူးသော ကာလတစ်ခုတုန်းကတော့ ချမ်းမြေ့ဆွတ်ပျံ့ဖွယ်
ကောင်းနေမည်မှန်သော်လည်း ထို ဂီတသမား ဇနီးမောင်နှံ၏ ဇာတ်သိမ်းမှာ သူတို့ချင်း
တစ်သက်တာထာဝရ လမ်းခွဲကြခြင်း ဖြစ်သတဲ့ ။ ဒုတိယမြောက် ရောက်လာသူကတော့ အရက်ကို လွန်စွာ
ခုံမင် စွဲလမ်းသော လင်ယောက်ျား နှင့် အရက်ကို လွန်စွာမုန်းတီးသည့် မိန်းမတစ်ယောက်တို့၏
ပဋိပက္ခ ဇာတ်လမ်းမျိုးပင် ဖြစ်၏ ။
တတိယအကြိမ် နှစ်ပေါင်းများစွာ လာရောက် နေထိုင်သူတွေကတော့ ကရင်အမျိုးသား
ဇနီးမောင်နှံ ဖြစ်သည်ဟု ဆိုသည် ။ ခရစ်ယာန် ဘာသာဝင်များပီပီ အလွန်အေးငြိမ်းသော သူတို့
ဇနီးမောင်နှံကလည်း သိပ်ကြာကြာ နေခွင့်မရခဲ့ ။ ပြင်းထန်သော မော်တော်ယာဉ်တိုက် မှု တစ်ခုမှာ
ဇနီးဖြစ်သူ ပါသွားခဲ့သည် ။ ဇနီးဖြစ်သူအတွက် ဆုတောင်းစည်းဝေးပင် မလုပ်ဘဲ ရုတ်တရက်
ပြောင်းရွှေ့သွားသူ ကရင်အမျိုးသားမှာ ယနေ့အထိပင် မတွေ့ရတော့ ဟု ဆိုသည် ။
ဤ တိုက်ခန်းပေါ်သို့ လပေါင်းများစွာ လူသူလာရောက် နေထိုင်ခဲ့ခြင်း မရှိဘဲ ချောက်ချားဖွယ်
ခြောက်သွေ့နေခဲ့ဖူးသည် ။ လူသူမရှိသော သည်တိုက်ခန်းထဲက လမ်းလျှောက်သံ ၊ စကားပြောသံ ၊ ရေချိုးသံ ၊
သနပ်ခါး သွေးသံ စသဖြင့် အသံမျိုးစုံကို ရက် တော်တော်ကြာကြာ ကြားနေရသည် ဟု ဆိုသည် ။
သည့်နောက် မှာတော့ တခြိမ်းခြိမ်း ရန်ဖြစ်တတ်သော လင်မယား ၊ စာရိတ္တပျက်ယွင်းဖောက်ပြန်သော လင်မယား ၊ လူသူပတ်ဝန်းကျင်နှင့် အလိုက်တသင့် မရှိသည့် လင်မယား စသဖြင့်
တိုက် ၁၃ ၊ အခန်း ၄ သည် ထာဝရ ညစ်ထည်းနေခဲ့သည် ဟု ပြောရလောက်ေအာင် တိုက်တိုက်ဆိုင်ဆိုင်
ဖြစ်ပျက်ခဲ့ရသော ထိုအဖြစ်အပျက် များကို ကြားစက ကျွန်မ တော်တော်တုန်လှုပ်သွားခဲ့ရသည် ။
နေထိုင်ခဲ့ဖူးသော ဇနီးမောင်နှံတွေရဲ့ အသေးစိတ်အကြောင်းအရာတွေက လွမ်းမောဆွတ်ပျံ့ဖွယ် ၊
ချောက်ချားကြောက်ရွံ့ဖွယ် ၊ ဂုဏ်ယူအားကျဖွယ် ၊ စိတ်ပျက်တုန်လှုပ်ဖွယ် ၊ ရယ်မောရွှင်ပျဖွယ် စသည့်
ရသများနှင့် ပြည့်နှက်နေသဖြင့် မောင် ကပင် ‘ တိုက် ၁၃ ၊ အခန်း ၄ ဆိုတဲ့ ဝတ္ထုရှည်ကြီး တစ်ပုဒ်
ကြိုးစားရေးပါလား ’ ဟု ပြောယူရသည်အထိ ဖြစ်သည် ။ မည်သို့ပင်ဖြစ်စေ တိုက် ၁၃ ၊ အခန်း ၄ မှာ
နေထိုင်ခဲ့သူတွေရဲ့ ဇာတ်သိမ်းကတော့ မကောင်းသည်ချည်း ဖြစ်နေတတ်တာကိုတော့ ကျွန်မ
သတိထားမိပါသည် ။
ဘာပဲဖြစ်ဖြစ် ရုပ်ဝတ္ထုအရရော ၊ ဖြတ်သန်းမှုအရပါ မကောင်းခဲ့သော သည်ဖြစ်ရပ်တွေမှာ တိုက် ၁၃ ၊
အခန်း ၄ ဆိုသည့် ကိန်းဂဏန်းတွေက ဘယ်လောက်ထိ ပါဝင်ထိုးနှက်ခဲ့ပါသလဲ ။ ကျွန်မကတော့ ထို
ကိန်းဂဏန်းတွေကိုသာ ရွံရှာမုန်းတီးနေမိတော့၏ ။
တိုက် ၁၃ ၊ အခန်း ၄ မှာ ကျွန်မတို့ နေသားကျသွားခဲ့ပြီ ။ ဤတိုက်ခန်းကလေး၏
ရာဇဝင်ဟောင်းတွေကို တစ်ခါတစ်ရံ သတိတရ ရှိတတ်သော်လည်း မေ့နေတာက များသည် ။
ဖေဖေကတော့ တစ်ခါတစ်ရံ ရောက်လာတတ်၍ သူ့ Soft Pen ဖြင့် ရေးပေးသော နံပါတ်တွေကို
မေးနေတတ်သေးသည် ။ မောင် အသက် ၆၀ ပြည့်သည် အထိ နေခွင့်ရလျှင်တော့ ကျွန်မတို့ နောက်ထပ်
သည်တိုက်ခန်းကလေးမှာ အနှစ်နှစ်ဆယ် ကျော်ကျော် နေရလိမ့်ဦးမည် ။ မောင့် စိတ်ကြိုက် ပန်းနုရောင်
ဖျော့ဖျော့ကလေး သုတ်ထားသော သည်တိုက်ခန်းကလေးမှာ ကျွန်မတို့ရဲ့ ရာဇဝင်ကကော
ဘယ်လို ရှိလိမ့်မလဲ …
“ တိုက်ခန်း ဆေးသုတ်တာရော ၊ သစ်ပင်ပန်းပင်တွေရော ၊ မီးကြိုး ၊ မီးခလုတ် ၊ ရေဘုံပိုင်ခေါင်း ၊
ပိုက်လုံး ၊ ကြွေခွက် … အို … ဒါတွေအားလုံး တန်ဖိုးတွေက မနည်းဘူးနော် မောင် … နယ်ကို ပြောင်းရင်လည်း
အကုန်ဖြုတ်ယူသွားရေအာင် ”
မောင် ကတော့ သံယောဇဉ်တွေ နှစ်မထားလိုက်ပါနဲ့ကွယ် ။ တို့ရှေ့က လူတွေဟာ
တို့ပြောင်းလာတုန်းက တော်တော်နဲ့ ဆင်းမပေးတာတို့ ၊ ဖျက်လိုဖျက်ဆီး လုပ်ခဲ့တာတို့ ၊ မချေမငံ
ပြောခဲ့ဆိုခဲ့တာတို့ကို နွယ် သတိရနေတုန်းပဲလား ။ မောင်ကတော့ စိတ်ကူးထားတယ်လေ ။ ပင်စင်သွားရင်
နေခွင့်ရမယ့် ခွင့် လေးလတောင် မနေတော့ဘူး လို့ ။ ချက်ချင်း ဖယ်ပေးလိုက် မယ် လို့ ။ ပြီးတော့
ပစ္စည်းတွေလည်း သည်အတိုင်း ထားခဲ့မှာပါပဲ ။ အရေးကြီးတာ ရာဇဝင်တွေနဲ့ တိုက် ၁၃ ၊ အခန်း ၄ ဟာ
ထာဝရ အေးချမ်းငြိမ်သက်နေဖို့ ၊ လှပနေဖို့ပဲ မဟုတ်လား ။ လူဆိုတာ ရွေးချယ်နေကြရတယ် ။ ကိုယ်က
ရွေးချယ်လို့ရတာ ရှိတယ် … ကံကြမ္မာက ရွေးချယ်ပေးတာလည်း ရှိတယ် … တို့ကော ဘာကိုရွေးချယ်မလဲ …”
ကျွန်မ နဖူးပေါ် ကျရောက်လာသော မောင့် နှုတ်ခမ်း နွေးနွေးရဲ့ ရှိန်းမြမြအထိအတွေ့က ကျွန်မ
တစ်ကိုယ်လုံးကို ပိုမိုနွေးထွေးသွားစေခဲ့တာ အမှန်ပါပဲ ။ ပြီးတော့ မောင် က ကျယ်ပြောလွတ်လပ်သော
ကွင်းပြင်ကို ငေးနေလိုက်သေးတယ် ။
◾နေဝင်းမြင့်
📖 ရင်ခုန်ပွင့် မဂ္ဂဇင်း ၊ အမှတ် ၆
၁၉၉၁ ခုနှစ် - ဒီဇင်ဘာလ
koaungnaingoo.blogspot.com
.
No comments:
Post a Comment