❝ အပျိုကြီးများ၏ အလှူ ❞
တစ်ခါတစ်ခါတော့ ကျွန်တော်သည် လူတွေကြား လှုပ်ရှားသွားလာနေရခြင်းတွင် စိတ်မောလူမော
ဖြစ်လာတတ်သည် ။ တရားဟောသံ ၊ လက်ခုပ်သံ ၊ ဆူသံပူသံကြွေးကြော်သံ စသည်များကို
ကြားရသည်မှာ ငြီးစီစီဖြစ်လာတတ်လေသည် ။ ထိုအခါမျိုး၌ လူထုနှင့်ဝေးရာ ဆိတ်ငြိမ်ရာမှာ
ကိုယ့်ဘာသာ အေးအေးကလေး နေလိုက်လိုပေသည် ။ ယင်းသို့ ဆန္ဒရှိသည့်အတိုင်း တစ်နေ့သော
ညနေစောင်းတွင် ဆိတ်ငြိမ်နေသော တက္ကသိုလ်သမဂ္ဂ စာကြည့်ခန်းထဲ၌ တစ်ယောက်တည်း ကိုယ့်ဘာသာ အေးအေးနေခွင့်ရလေရာ အတိုင်းမသိ ပီတိဖြစ်နေလေသည် ။ အတော်ကြာအောင်
စာဖတ်၍ မွေ့လျော်နေလေသည် ။
ထိုအတွင်း သစ်တိုပင်ကြီးခေါင်းဖျားပေါ်မှ ဆင့်ကာဆင့်ကာ ကျူးရင့်လိုက်သော ဥဩသံကို
ကြားလိုက်ရပေရာ ကျွန်တော့် ရင်တွင်းမှာ ဂီတခလုပ်ကို နှိပ်ပေးလိုက်သလို ရှိပေတော့၏ ။
“ ဥဩတွန်သံ သာတော့မှ သောတာပန် မဟာထေရ်တို့တောင် ၊ မဆည်နိုင် မျက်ရည်စို့ရတယ် ၊
လွမ်းဖို့အိုကောင်း လှတပေါင်း ” ။ ထိုကဗျာသံလေးကို ကြားနေ သယောင်ယောင် ၊ တပေါင်းလပဲ
ရောက်လာ သလိုလို ၊ ရွက်ဟောင်းကြွေ၍ ရွက်သစ်ဝေလာလေပြီလား ။ ထင်မြင်ဝိုးဝါးဖြစ်လာကာ
စာအုပ်ကိုလွှတ်ချပြီး စာကြည့်ခန်းတောင်ဘက် ဝရန်တာသို့ ထွက်လာခဲ့မိသည် ။
ပတ်ဝန်းကျင် သစ်ပင်တွေကို မော့်ကြည့်လိုက်သည် ။ ရွက်ဟောင်းတွေ တစ်ရွက်တလေ ဝဲကာဝဲကာ
ကြွေစပြုနေသော်လည်း ရွက်သစ်ဝေဖို့ ဝေးသေးသည် ။ အဓိပတိလမ်းပေါ်က မရန်းပင်များဆီသို့
လှမ်းကြည့်လိုက်သည် ။ ဝါဝင်းနေသော မရန်းသီးမှည့်များကို မမြင်ရသေး ။ ဥဩတွန်သံကား
စောလှသေးသည် ။ ကိုရွှေဥဩ ဘာသဘောနှင့် စောစောကြီး တွန်နေပါသလဲ ။
တက္ကသိုလ်ရိပ်သာလမ်းမကြီးကို အထက် မှအောက် ၊ အောက် မှ အထက် ကြည့်လိုက်သည် ။
အေးဖျော့လာသော နေရောင်ခြည်သည် မျဉ်းထူထူသားသလို ထင်းခနဲနေသော လမ်းကြောင်းကြီး
ပေါ်တွင် ခပ်ရေးရေး မှုန်းခြယ်နေလေသည် ။
“ ဗျို့ဆရာ ”
ကျွန်တော့်အား လှမ်းခေါ်လိုက်သောအသံသည် ထိတ်လန့်စေဖွယ် ဇိမ်ပျက်စေဖွယ် ပေါ်လာ
လေသည် ။ တစ်ယောက်တည်း အေးအေးကလေး ပတ်ဝန်းကျင်၏ သဘာဝအလှကို ဝင်သက်နှင့်အတူ ရှူရှိုက်၍ ဇိမ်တွေ့နေဆဲ ထိုအသံက ဖျက်လိုက်သလို ရှိပေတော့၏ ။
“ ဗျို့ ဆရာ လာပါဦးဗျ ”
အသံမှာ ခပ်ကြောင်ကြောင်နှင့် မြည်သောအသံ ၊ ခပ်အေးအေးနှင့် အမိန့်ပေးသံ ။ ကျွန်တော်
လှည့်ကြည့်လိုက်သည် ။ ကိုသိန်းအောင် ကား ပြုံးလျက်နေ၏ ။ ကိုသိန်းအောင် မှာ အခါတိုင်းထက်
ပိုပိန်နေသည်ဟု ထင်ရသည် ။ သူ့ပုဆိုးမှာ ကျွတ်ကျတော့မလို ဖိုသီဖတ်သီ ဝတ်ထားသည် ။
ကျွန်တော်က စာကြည့်ခန်းထဲ ပြန်ဝင်ရင်း -
“ ဘာလဲ ကိုသိန်းအောင် ”
ကိုသိန်းအောင် က ကျွန်တော့်ပခုံးကို ဆီးကိုင်ပြီး အသံခပ်တိုးတိုးဖြင့် -
“ သိန်းအောင် ခေါင်းဆောင် အမိန့်ပေးစမ်းမယ် ဟိုမှာ ဟိုမှာ ”
ကိုသိန်းအောင် မျက်ရိပ်မျက်စဖြင့် စာကြည့်ခန်း အဝင်ဝဆီသို့ ပြလေသည် ။ အသက် ၄ဝ တစ်ဝိုက်တွင် ရှိမည်ထင်ရသော အဒေါ်ကြီးတစ်ယောက် ရပ်နေလေသည် ။ အသားဖြူဖြူ အရပ်အမောင်း
ကြီးကြီးထွားထွား ခံ့ညားသောရုပ်ဖြစ်သည် ။ ဝတ်ဆင်ထားပုံမှာ ပွဲထိုင်ထွက်လာသလိုပင် ထင်ရ၏ ။ ကြည့်ပါဦး ခေါင်းပေါ်က ဘီးဆံပတ်ဆံထုံး ၊ ထိုခေတ် ထိုအခါမှပင် ဘီးဆံပတ်တွေ ရှားကုန်ပြီဖြစ်၍ သိပ်မမြင်မတွေ့နိုင်ပြီဖြစ်ရာ ထို အဒေါ်ကြီး၏ ဘီးဆံပတ်ကို ဂရုစိုက် မကြည့်ဘဲ မနေနိုင်ချေ ။ စိုက်ထားလိုက်သည့် စိန်ဘီး ၊ ထိုးထားလိုက်သည့် စိန်ဆံထိုး ၊ ဝတ်ထားလိုက်သည့်
ကျောက်နီ ပတ္တမြား လက်ကောက် ၊ စုံချထားသည့် ပဝါ ။
အဒေါ်ကြီးသည် လက်ကိုင်အိတ်ကို လက်နှစ်ဖက်ဖြင့်ပွေ့ကိုင်ကာ စာကြည့်ခန်းတွင်းကို ဝင်မလာရဲသလိုလိုဖြင့် ခန်းဝက ရပ်နေလေသည် ။
ကျွန်တော်၏ မျက်စိများကို ဒန်းလွှဲသလို အဒေါ်ကြီး ထံမှ ကိုသိန်းအောင် ထံသို့ လွှဲပို့လိုက်ပြီး -
“ ကဲ ခေါင်းဆောင် ၊ ဘာလုပ်ရမှာလဲ အမိန့်ထုတ်စမ်းပါဦး ”
“ ဟို အဒေါ်ကြီးက သူတို့ အိမ်ကို ကျောင်းသားခေါင်းဆောင် တစ်ယောက်နှစ်ယောက် လိုက်ပြီး
ထမင်းစားဖို့ လာဖိတ်တယ် ၊ ဟိုကျရင် အလှူငွေလည်း ထည့်ပါ့မယ်တဲ့ ”
“ အဲဒီတော့ကို ”
“ အဲဒီတော့ ရဲဘော်တင်ထွန်း ခုပဲ လိုက်သွားရလိမ့်မယ် ”
“ ကိုသိန်းအောင် တို့ လိုက်ပေါ့ဗျ ”
“ ကိုယ်တို့မှ မအားဘဲ ”
“ ကိုအေးကျော် ကို ထည့်လိုက်ပေါ့ဗျ ၊ သူတို့က ခေါင်းဆောင်တွေကို တကူးတက လာဖိတ်တာ ”
“ ကိုအေးကျော် လည်း မအားဘူး ၊ သည့်ပြင်လည်း အားကြမယ် မဟုတ်ဘူး ”
ထိုအခါ အဒေါ်ကြီးက လှမ်းပြီး ၊ အသံလေးလေး ဝဲဝဲကြီးဖြင့် -
“ လိုက်ခဲ့ပါ မောင်ရယ် ၊ အန်တီတို့ မေမေကလည်း အသက်ကြီးတော့ ဘယ်မှ မထွက်နိုင်ဘူး ။
ကျောင်းသားခေါင်းဆောင်ကလေးတွေကို တွေ့ချင် မြင်ချင်လှချည်ရဲ့လို့ တ တတည်း တ နေလို့
တကူးတက လာခေါ်တာပါ မောင်ရယ် ကားနဲ့ ပြန်ပို့ပါမယ် ”
ကျွန်တော့်မှာ အဒေါ်ကြီးအားလည်း အားနာ ၊ လိုက်လည်း မလိုက်ချင်သဖြင့် ကိုသိန်းအောင် အား
တိုးတိုး ပြောလိုက်သည် ။
“ စောစောစီးစီးလည်း ကြိုဖိတ် မထားဘဲနဲ့ဗျာ ”
“ ကိုယ့်လူ ကြေး ( ဂျီး ) များမနေနဲ့တော့ ၊ အလှူငွေကလည်း ရခဲ့ဦးမယ် သိလား ။ ကဲလိုက်သွား
အမိန့်ပေးတယ် သိန်းအောင် ခေါင်းဆောင်ကွ ”
ကိုသိန်းအောင် က သူ့ဟာသူ ပွဲကျပြီး ရယ်သည် ။ ကျွန်တော်ကား ပြုံးပြီး ခေါင်းညိတ်လိုက်ရသည် ။
အဒေါ်ကြီးသည် မန္တလေး ပိန်းတန်းဖိနပ်ကို စီးထားသည် ။ ကျွန်တော်တို့ သမဂ္ဂတိုက်အခင်းက
ချောသဖြင့် ချော်မလဲအောင် မနည်းကြီး လျှောက်နေရသည် ။ တရွေ့ရွေ့လျှောက်၍ လှေကားတွင်
တအိအိ ဆင်းနေသော အဒေါ်ကြီးကို နောက်ကကြည့်ပြီး လုပ်လဲ့လုပ်လီ ရွှေပိုးတီတွန့်သလို
ဆိုသော စကားကို သတိရနေမိပေ၏ ။
အောက်ရောက်သောအခါ ခံ့ညားသစ်လွင်သော ဗျူကားကြီးကို တွေ့ရသည် ။ ဗိုလ်အိမ်က
ကားမောင်းသမားသဖွယ် အပေါ်အင်္ကျီ ၊ ခေါင်းပေါင်း စသည်တို့ဖြင့် ဆင်ပြင်ထားသော ဒရိုင်ဘာ
သည် ကားတံခါးဖွင့်ပေးလျက် ကြိုနေလေသည် ။ အဒေါ်ကြီးက ကျွန်တော့်အား အရင်တက်ခိုင်းပြီး
သူက နောက် မှ တက်လေသည် ။ ဒရိုင်ဘာ သည် ရိုသေစွာ ကားတံခါးကို ပိတ်ပေးပြီးမှ သူ့ခုံတွင်
တက်၍ မောင်းထွက်လေတော့သည် ။
အစတော့ ကားထဲတွင် ထိုင်ခုံမှ ထွက်လာသော ဖယောင်းနံ့ နှင့် သားရေနံ့များကြောင့် အသက်ရှူ
ကျပ်သလိုလို ဖြစ်နေသည် ။ ဒီလို ကားကောင်းကားခံ့ကြီးများကို စီးနေ မကျသဖြင့် လည်းကောင်း ၊
အဒေါ်ကြီးနှင့်လည်း စိမ်းနေသဖြင့်လည်းကောင်း အနေကျုံ့ စိတ်အိုက်နေလေသည် ။ နောက်တော့
လေတဟူးဟူး ဝင်လာသည် ။ ကားစီး၍လည်း ငြိမ့်လာသည် ။ အဒေါ်ကြီးကလည်း စကားစ ရှာ၍
ပြောလေတော့သည် ။
“ အန်တီ့ညီမကိုများ မင်းတို့ သိမလား မဆိုနိုင်ဘူး ”
“ ဘယ်သူပါလဲ အန်တီ ”
“ ဒေါက်တာတင်တင်လှ ဆိုတာပေါ့ကွဲ့ ”
“ ဪ နာမည်တော့ ကြားဖူးပါတယ်ခင်ဗျာ ၊ အဲဒါ ညီမ အရင်းလား ”
“ ဟုတ်တယ် ညီမ အရင်းပဲ ၊ အန်တီတို့မှာ ညီအစ်မ ငါးယောက် ရှိတယ် ၊ သူက အငယ်ဆုံး ။ တင်တင်
ပြီးတော့ အန်တီ ၊ အန်တီံ့ အထက် မှာတော့ ၃ ယောက် ၊ အားလုံး အစ်မတွေချည်းပဲ ။ နို့ မင်း
နာမည်က ဘယ်လိုခေါ်သလဲ ”
“ ကျွန်တော့် နာမည်က တင်ထွန်း လို့ ခေါ်ပါတယ် ”
သို့ဖြင့် ကိုယ့်အကြောင်း သူ့အကြောင်း မေးမြန်းစုံစမ်းပြီး ရင်းနှီးသွားကြပေတော့သည် ။
ဒေါက်တာတင်တင်လှ ကား အတော်ပင် ထင်ရှားသော ဆရာဝန်မကြီးတစ်ဦး ဖြစ်ပေသည် ။
ဒေါက်တာဒေါ်စောဆ ၊ ဒေါက်တာဒေါ်ရင်မေ ၊ ဒေါ်ခင်ခင်ကြီး ၊ ဒေါ်မြစိန် စသော ခေတ်ပညာတတ်
အမျိုးသမီးများ ထင်ပေါ်လာသည့်နောက်ပိုင်းတွင် အထူးထင်ရှားလာသော အမျိုးသမီး ပညာတတ်
တစ်ဦးအကြောင်းကို ဖော်ပြပါဆိုလျှင် ဒေါက်တာတင်တင်လှ ကိုပင် ဦးစွာ သတိရမိကြပေလိမ့်မည် ။
ဒေါက်တာတင်တင်လှ တို့ ညီအစ်မ ငါးဦးမှာ အားလုံး အပျိုကြီးတွေသာ ဖြစ်၏ ။ သူတို့၏ ဖခင်
စစ်ကဲကြီး ကွယ်လွန်သည်မှာ ကြာလေပြီ ။ မိခင်ကြီးကား ယခုတိုင် ရှိနေသေး၏ ။ သူတို့သည်
ပတ်ကလိန်းလမ်း ( နတ်မောက်ရိပ်သာလမ်း ) မှာ နေကြလေသည် ။
ကားကြီးသည် ခြံကျယ်ကြီးတစ်ခုထဲသို့ ထိုးဝင်လိုက်သည် ။ ခြံဝတွင်ကား ' ဒေါက်တာတင်တင်လှ '
ဆိုသော ဆိုင်းဘုတ်ကလေးတစ်ခု ချိတ်ထားသည် ။ ခြံကြီးထဲတွင် ပင်စောက်ကြီး ခပ်များများ မရှိ ။
ပန်းပင်တွေသာ ပေါသည် ။ ဗုဒ္ဓသရဏပင်တွေ ၊ နှင်းဆီပင်တွေ နှင့် ဒေလီယာပင် များကို အထူးပြု၍
စိုက်ထားဟန် ရှိပေသည် ။ စိမ်းလန်းစိုပြည်သော မြက်ခင်းများမှာ ကော်ဇောစိမ်းများ ခင်းထားသလို
ရှိပေတော့၏ ။
တိုက် မှာ တစ်ထပ်တိုက်ကလေးဖြစ်သည် ။ သို့သော် ပါးပါးလွှာလွှာကလေးမဟုတ် ၊ ထုထည်
ကောင်းကောင်းနှင့် ကျယ်ဝန်းသော တိုက်ဖြစ်သည် ။
ပေါ်တီကို ( ဆင်ဝင် ) အောက် မှာ ကားထိုးရပ်လိုက်လေသည် ။ ကျွန်တော်ကပင် ကားကိုဖွင့်ပြီး
အရင်ဆင်းကာ အဒေါ်ကြီး ဆင်းနိုင်အောင် တံခါးကို ကိုင်ပေးထားလိုက်၏ ။ အဒေါ်ကြီးက
ပြုံးလျက် -
“ နေပါစေကွယ် ၊ ဒရိုင်ဘာ ဖွင့်ပေးမှာပေါ့ ၊ ကဲ ကဲ တက်ပါ ၊ ရှေ့ကတက် ”
အုတ်လှေကားကလေးကို တက်ကြသည် ။
တိုက်ထဲဝင်သော တံခါးမကြီးမှာ သံခေါက်တံခါး ဖြန့်လျက် သော့ခလောက်နှင့် ပိတ်ထားလေရာ
မိန်းကလေးတစ်ယောက်က လာဖွင့်လေသည် ။ မိန်းကလေး မှာ မန္တလေးပိုးလုံချည် တစ်ပတ်ရစ် ၊
ဟန်ဇားပင်နီအင်္ကျီတို့ဖြင့် သပ်ရပ်စွာ ဝတ်ဆင်ထားသည် ။ ဆံပင်ကို တစ်ပတ်လျှိုထုံးထားသည် ။
မျက်နှာမှာ သနပ်ခါးရေကျဲ လိမ်းထား၏ ။ အသက်ရှူ မှားလောက်အောင် ပျာပျာသလဲ တံခါးဖွင့်
ပေးသည့် အမူအရာ ၊ ကျွန်တော်တို့အား ရိုသေကိုင်းရှိုင်းသည့် အမူအရာများကြောင့်သာ အစေခံ
မကလေး ဖြစ်သည်ဟု ယူဆရတော့သည် ။
ဝင်လျှင်ဝင်ချင်း ဧည့်ခန်းကြီးထဲသို့ ဝင်မိသည် ။ ဝင်လျှင်ဝင်ချင်း ရှေ့တည့်တည့်တွင် ခေါင်းပေါင်းဖြူ ဖော့လုံး နှုတ်ခမ်းမွှေးရေးရေး ၊ သိုရင်းအင်္ကျီတို့နှင့် ကိုယ်တစ်ပိုင်းရိုက်ထားသော ဓာတ်ပုံကြီး
တစ်ပုံကို တွေ့မြင်ရလေသည် ။ ထိုလူကြီး၏ နှာခေါင်းမှာ ' ရ ' ကောက် ဇောက်ထိုး တပ်ထားသည်နှင့် တူသည် ။ နားရွက်ကြီးများမှာ အထူးရှည်လျားပြီး နားပေါက်ကြီးများကိုလည်း တွေ့မြင်နိုင်သည် ။ “ အင်း ၊ သူငယ်ငယ်က နားကပ်ဝတ်ဟန် တူရဲ့ ၊ အဲဒီနားကပ်ကြီးဟာ ခုသူ့သမီး အပျိုကြီး
တစ်ယောက်ယောက် ဆီများ ရောက်နေပြီလား မဆိုနိုင်ဘူး ”
ထိုလူကြီး၏ ဓာတ်ပုံအောက်တွင်ကား ဘွဲ့နှင်းသဘင်မှ ဆင်းလာပြီး ရိုက်ထားသော မိန်းမပျို
တစ်ဦး၏ ဓာတ်ပုံကို မြင်ရသည် ။ ဒေါက်ခြာ နှင့် ဝတ်လုံကြားမှ ပွင့်လင်းနေသော မျက်နှာမှာ
ဗမာဆန်သောအလှကို ဆောင်သဖြင့် ထူးခြားနေ၏ ။ နဖူးမှာ ဗျာပါဆံနှင့် ကြည့်ကောင်းမည့်
နဖူးမျိုး ။ ဓာတ်ပုံကို ဆေးရောင်စုံထပ်၍ ခြယ်ထားသည် ။
ကျွန်တော်က ဓာတ်ပုံများကို စိုက်ကြည့်နေစဉ် အဒေါ်ကြီးက နောက် မှနေပြီး -
“ အန်တီတို့ ဖေဖေဘုရားပုံပေါ့ ၊ အောက်က ပုံကတော့ အန်တီ့ညီမ တင်တင်လှ လေ ”
“ ဒေါက်တာတင်တင်လှ က အခု အသက်ဘယ်လောက်ရှိပြီလဲ အန်တီ ”
“ ၃၅ နှစ် ပြည့်ပြီ ၊ ကဲ ကဲ ထိုင်ပါဦး ”
အဒေါ်ကြီးသည် ကျွန်တော့်အား ထိုင်ခိုင်းပြီး ဘယ်ဘက်က အခန်းတစ်ခုထဲ ဝင်သွားသည် ။
ဧည့်ခန်းထဲတွင် ဆိုဖာထိုင်ခုံကြီးများနှင့် ကြိမ်ထိုးကုလားထိုင်များ ရှိလေသည် ။ ဘေးနံရံများတွင်ကား မိန်းမကြီးများ၏ ပုံများ တစ်ဖက် နှစ်ပုံစီ ရှိကြသည် ။ အားလုံး ဘီးဆံပတ် ဆံထုံး ၊
စိန်လည်တုန် ၊ ပဝါချများနှင့် ကျကျနနဆင်ပြင်ပြီး ဓာတ်ပုံရိုက်ထားကြသည် ။ သူတို့ကား
ဒေါက်တာတင်တင်လှ ၏ အစ်မကြီးများ ဖြစ်ဟန် ရှိပေ၏ ။ ပုံတစ်ပုံ လိုနေသည်ထင်သည် ။
ထို့ကြောင့် ဟိုဟိုသည်သည် မျက်စိဖြင့်ရှာ၏ ။ အမေကြီး၏ ပုံကို မတွေ့ရ ။
ခုတွင်က တံခါးလာဖွင့်သော အစေခံမကလေး ထွက်လာပြီး လိမ္မော်ရည်ဖန်ခွက် ချလေသည် ။
ငွေစီးကရက်ဘူးလည်း ယူခဲ့သည် ။
ကျွန်တော်သည် လိမ္မော်ရည်ဖန်ခွက်ကို ကြည့်ပြီး လိမ္မော်သီး ဘယ်နှလုံးစာလောက် ရှိပါလိမ့်မလဲဟု
တွက်နေမိသည် ။
တစ်အိမ်လုံး တိတ်နေပေရာ လိုဏ်ဂူကြီး တစ်ခုထဲ ရောက်နေသလို ထင်မှတ်ရသည် ။ ငွေစီးကရက်
ဘူးတွင် ထုလုပ်ထားသော အရုပ်နှင့် ပန်းခက် များကို ကြည့်သည် ။ နောက်ပြီးတော့ စီးကရက်
တစ်လိပ် ထုတ်ယူပြီး ကြည့်လိုက်ရာ ဂိုးလ်ဖလိတ် ဖြစ်ကြောင်း တွေ့ရသည် ။ ကြည့်ပြီးနောက်
စီးကရက်ကို ပြန်ထည့်နေစဉ် -
“ ဪ သောက်လေ ၊ စီးကရက်သောက်ပါ ”
ဟူသော အဒေါ်ကြီး၏ အသံကြောင့် ထိတ်လန့်တကြား ဖြစ်သွားလေသည် ။ ဘယ်တုန်းက
အဒေါ်ကြီး အခန်းထဲ ပြန်ရောက်လာပါလိမ့် ။
သူတို့အိမ်မှာ အသံမမြည်အောင် တံခါးဖွင့်ပြီး ခြေသံမကြားအောင် လမ်းလျှောက်ကြဟန်ရှိ၏ ။
အဒေါ်ကြီးမှာ ပဝါ ပါမလာတော့ချေ ။
“ ကျွန်တော် စီးကရက် မသောက်တတ်ပါဘူး ခင်ဗျာ ”
“ ဒါဖြင့် ဆေးပေါ့လိပ် သောက် မလား ”
“ ဆေးလိပ်ကို အလျှင်း မသောက်တတ်ပါဘူး ”
“ ကောင်းတယ် ကောင်းတယ် ၊ မသောက်တတ်ရင် အကျင့်မလုပ်တာဘဲ ကောင်းတယ် ”
အဒေါ်ကြီးသည် ကျွန်တော့်အားကြည့်ပြီး စကားပြောနေရာမှ ကျွန်တော့် ကျောဘက်ဆီသို့ မော့ကြည့်ရင်း -
“ မမလေး ၊ ဟောဒါက မောင်တင်ထွန်း တဲ့ ” ဟု ဆိုကာ ဘယ်တုန်းက ကျွန်တော့် နောက်တွင်
ရောက်နေသည်ဟု မသိရသော မမလေး ဆိုသူနှင့် မိတ်ဆက်ပေးနေလေသည် ။ ကျွန်တော်သည်
အထိတ်တလန့် တအံ့တဩဖြင့် နောက်လှည့်ကြည့်ပြီး မတ်တတ်ရပ်လိုက်သည် ။ မမလေး ဆိုသူ
မိန်းမကြီးသည် အရပ်လည်း ရှည်သည် ။ မျက်နှာလည်း ရှည်သည် ။ သူ့အဖေရုပ်နှင့် အတော်
ဆင်၏ ။ ဘီးဆံပတ်ကို ကြော့နေအောင် ထုံးထားသော်လည်း ဆံဖြူပင်များကိုကား ကုန်အောင်
နုတ်နိုင်ဟန် မတူ ။ ဂျပန်ပိုးအင်္ကျီ ဝါလဲ့လဲ့နှင့် ဖဲကြီးလုံချည် ရေညှိရောင်ကို ဝတ်ထားသည် ။
ပန်းနှင့် လက်ကိုင်ပဝါကို ခေါက်ပြီး အင်္ကျီရင်ဖုံးကြားမှာ အလှအပ ထိုးထားသည် ။
စိန်ကြယ်သီးနှင့် စိန်နားကပ်များမှာ တောက်ပလှပေ၏ ။
မမလေး သည် ဆိုဖာတစ်ခုတွင် ဝင်ထိုင်ရင်း -
“ ထိုင်ပါကွယ် ထိုင်ပါ ” ဟုပြောလိုက်ရာ လူမမာအသံ ပါနေသည်ဟု ကျွန်တော် အကဲခတ်လိုက်
မိသည် ။
ကျွန်တော်က ထိုင်မယ်လုပ်တုန်း လက်ဝဲဘက်အခန်းမှ မိန်းမကြီးတစ်ယောက် ၊ လက်ယာဘက်
ခန်းမှ မိန်းမကြီးတစ်ယောက် နှစ်ယောက်စလုံး ပြိုင်တူ တံခါးဖွင့်ပြီး ထွက်လာကြသည် ။ တံခါးများမှာ လုံးလုံး အသံမပြုဘဲ ပွင့်လာကြသည် ။ သူတို့ ဖိနပ်များသည်လည်း ဖျပ်ခနဲ ရှဲခနဲမှ
အသံ မပေးကြ ။ သူတို့ လျှောက်လာကြပုံမှာလည်း ခြေအောက်ကြမ်းပြင် ပြိုကျသွားမှာ စိုးရိမ်ဘိသည့်အလား အသာအယာ တစ်လှမ်းပြီးတစ်လှမ်း လှမ်း၍ လာကြသည် ။ ' ခြေတစ်လှမ်း ရွှေတစ်သန်းတန်သည် ' ' နန်းဆန်သည် ' ဆိုတာတွေဟာ ဒီလိုဟာတွေ ထင်ပါရဲ့ဟု ကျွန်တော်
ဆင်ခြင်မိလေသည် ။
အဒေါ်ကြီးက မိတ်ဆက်ပေးပြန်သည် ။
“ မမကြီး နဲ့ မမလတ် တို့လည်း လာကြပြီ ၊ ဟောဒါက မောင်တင်ထွန်း တဲ့ ”
ဘယ်သူက မမကြီး ၊ ဘယ်သူက မမလတ်ဟု ကျွန်တော် မခွဲခြားနိုင်ခင် လက်ဝဲဘက်မှ ဝင်လာသူ
မိန်းမကြီး က
“ နေကောင်းပါရဲ့လား မောင်တင်ထွန်း ”
“ နေကောင်းပါတယ် ခင်ဗျာ ”
လက်ယာဘက် မှ ဝင်လာသော မိန်းမကြီးကလည်း လုပ်ပြန်သည် ။
“ နေကောင်းပါရဲ့လား မောင်တင်ထွန်း ”
“ နေကောင်းပါတယ် ခင်ဗျာ ”
လက်ဝဲဘက် မှ ထွက်လာသူ မိန်းမကြီး သည် ဘီးဆံပတ် ပုပုသေးသေးကလေး ထုံးထားသည် ။
ဆံပင်ဖြူများကို ဆိုးထားဟန် ရှိသည် ။ ပိုးတွန့်လုံချည် ယောဂီရောင်နှင့် ပဒုမ္မာအင်္ကျီခပ်ထူထူကို
ဝတ်ထားသည် ။ လက်တစ်ဖက် မှာ ပယင်းပုတီးနှင့် အခြားလက်တစ်ဖက် မှာ မြလက်ကောက်
နှစ်ကွင်းဆင့်၍ ဝတ်ထားသည် ။ လက်ယာဘက် မှထွက်လာသော မိန်းမကြီးကား ငွေဖြူရောင်
ဆံပင်များကို ကျစ်ကျစ်ဝိုင်း ဆံထုံးထုံးထားသည် ။ တရုတ်ပိုးဖျင်အင်္ကျီ ၊ ထားဝယ်လုံချည်
ရေညှိရောင်များကို ဝတ်ထားသည် ။ သူ့လက်က စိန်လက်စွပ်ကြီးမှာ တဖျပ်ဖျပ် တောက်နေ၏ ။
သူတို့ အသီးသီး ထိုင်မိကြသောအခါ ကျွန်တော်လည်း ထိုင်လိုက်သည် ။ ထိုနောက် စိတ်ထဲမှာ
သူတို့ လေးယောက်ကို ကြီးစဉ်ငယ်လိုက် စဉ်ကြည့်လိုက်သည် ။ ဆံပင် နှင့် ဆံထုံးများကို မူတည်၍
ဆံပင်ငွေရောင်ကို ကျစ်ကျစ်ဝိုင်းဝိုင်း သျှောင်ထုံးထားသူမှာ အကြီးဆုံးအပျိုကြီး ( ဝါ ) အပျိုကြီး
နံပါတ် ( ၁ ) ၊ ဆံပင်ကို ဆိုး၍ ဘီးဆံပတ်ပုပုသေးသေး ထုံးထားသူကို အပျိုကြီး နံပါတ် ( ၂ ) ၊
ဆံပင်ဖြူကို ကုန်အောင် မနုတ်နိုင်ဘဲ ဘီးဆံပတ်ကြီး အက်ကွဲနေအောင် ထုံးထားသူအား အပျိုကြီး
နံပါတ် ( ၃ ) ၊ ဆံပင်ရောင် ကောင်းသေး၍ ဘီးဆံပတ်ကြီးတွင် စိန်ဘီးစိုက် ၊ စိန်ဆံထိုး ထိုးထားလျက်
ကျွန်တော့်အား လာခေါ်သူ အဒေါ်ကြီးအား အပျိုကြီး နံပါတ် ( ၄ ) စသည်ဖြင့် စဉ်ထားလိုက်ပေသည် ။
အပျိုကြီး နံပါတ် ( ၄ ) က စတင်ပြီး စကားဆက်ပြန်သည် ။
“ ညီမအငယ်ဆုံး တင်တင်လှ ကတော့ အိမ်မှာ မရှိဘူး ၊ အလုပ်ကိစ္စနဲ့ သွားနေရတယ် ။ ထမင်းစား
အချိန်မီ ပြန်နိုင်ရင် ပြန်ခဲ့ပါ့မယ်တဲ့ ၊ မပြန်နိုင်ရင်လည်း ကျောင်းသားခေါင်းဆောင်တွေကို
တင်တင် က ချီးကျူးကြောင်း ပြောလိုက်ပါတဲ့ကွဲ့ ”
အပျိုကြီး နံပါတ် ( ၃ ) က ဝင်၍ -
“ တင်တင် ကလေ မင်းတို့ ”
အပျိုကြီး နံပါတ် ( ၂ ) ကလည်း -
“ တင်တင် ကလေ မင်းတို့ ”
နှစ်ယောက်ပြိုင်တူ စလိုက်မိသဖြင့် နှစ်ယောက်စလုံး ရပ်လိုက်ကြသည် ။ တစ်ယောက်
တစ်ယောက် ကြည့်လိုက်ပြီးနောက် အတန်ကြာမှ နံပါတ် ( ၃ ) က -
“ တင်တင် ကလေ သန်လျင်ဘက်မှာ သပိတ်မှောက်ကျောင်းသားတစ်ယောက်ကို ရာဇဝတ်အုပ်
လုပ်တဲ့လူက ခွေးနဲ့လိုက်တိုက်တယ် ဆိုတာကြားပြီး သိပ်မခံမရပ်နိုင် ဖြစ်နေတာ ”
နံပါတ် ( ၄ ) က ဝင်ပြန်သည် ။
“ အဲဒါ ကျောင်းသားမိဘတွေက ရာဇဝတ်ဝန်ကြီး တရားစွဲထားတယ်ဆို မဟုတ်လား ”
ကျွန်တော်ကား နံပါတ် ( ၄ ) အား ဖြေဆိုရန် ပါးစပ်ဟလိုက်စဉ်တွင်ပင် နံပါတ် ( ၁ ) က မေးခွန်းအသစ်
ထုတ်လိုက်သည် ။
“ အာဏာရှင် မောင်လှရွှေ ကို ရုံးမှာ အမှုစစ်တော့ မောင်တင်ထွန်း သွားနားထောင်သေးသလား ”
“ မရောက်သေးပါဘူး ခင်ဗျာ ၊ မအားတာနဲ့ ”
ယခုထိ စကားမပြောရရှာသေးသော နံပါတ် ( ၂ ) က -
“ မောင်လှရွှေ က တရားသူကြီးလုပ်တဲ့ ဦးဖိုးစ ကိုပဲ သက်သေအဖြစ်နဲ့ တင်မယ်ဆိုတာ သိပ်ချက်ကျတာပဲနော် ”
ကျွန်တော်က သူ့လိုပင်သဘောရကြောင်း ပြောလိုက် မည်ပြင်နေစဉ် နံပါတ် ( ၃ ) က ဝင်လိုက်ပြန်သည် ။
“ ဦးဖိုးစ ဆိုတာ အန်တီတို့ ကောင်းကောင်း သိတာပေါ့ ၊ ဖေဖေဘုရားရှိတုန်းက သူက မြို့အုပ်ဖြစ်စ
ရှိသေးတယ် ”
နံပါတ် ( ၁ ) က အသံခပ်မာမာဖြင့်
“ ဟဲ့ သူက ညွန့်ပေါင်းအစိုးရကို အကပ်ကောင်းတော့ အရေးပိုင် ဖြစ်လာတာပေါ့ ”
နံပါတ် ( ၃ ) က -
“ မောင်လှရွှေ က ရှေ့နေ ”
နံပါတ် ( ၄ ) က -
“ မောင်လှရွှေ က ရှေ့နေ ”
သူတို့နှစ်ယောက် ပြိုင်တူ ပြောမိကြသဖြင့် တစ်ယောက်ကို တစ်ယောက် နေရာပေးရန် ကြိုးစားရင်း
နှစ်ယောက်စလုံး ရပ်သွားကြရာ ကျွန်တော်က တက်သုတ်ဝင်၍ -
“ ဟုတ်ကဲ့ ၊ ကိုလှရွှေ က ရှေ့နေ မငှားပါဘူး ၊ သူကိုယ်တိုင် လျှောက်လဲပါတယ် ၊ သို့ပေမယ့်
နောက်တစ်ခါကျရင် သခင်မြ နဲ့ သခင်ဘဦး တို့ လိုက်ကြပါလိမ့်မယ် ”
နံပါတ် ( ၂ ) က -
“ ဘယ် သခင်ဘဦး လဲ ”
နံပါတ် ( ၁ ) က -
“ ဟို သူရိယ ဦးလှဖေ ရဲ့ သမက်ကလေး ထင်ပါရဲ့ ”
သူတို့သိတာ ကျွန်တော် မသိ ဖြစ်နေ၍ ငေးစိုက်၍သာ နားထောင်နေမိသည် ။
နံပါတ် ( ၄ ) က စကားစ ေဖာ်ပြန်သည် ။
“ တက္ကသိုလ်ကျောင်းဆရာကြီးတွေက ကျောင်းသားမိဘများဆီကို ကျောင်းသားတွေ ကျောင်းပြန်
လွှတ်မလွှတ် ၊ ကျောင်းသားတွေ စာမေးပွဲ ဖြေမဖြေ အကြောင်းပြန်ရမယ်လို့ စာတွေပို့တော့
ကျောင်းသား ၁၆ဝဝ ရှိတဲ့ အနက် ၁၁၅၅ ယောက်က စာမေးပွဲဖြေမယ်လို့ စာပြန်တယ်ဆိုတာ
ဟုတ်သလား ”
“ စာမေးပွဲမဖြေချင်လို့ သပိတ်မှောက်တာမှ မဟုတ်ဘဲ ။ ဒီတော့ ဒီအမေးဒီအဖြေနဲ့ ကျောင်းသား
အရေးတော်ပုံကို ရေချိန်တိုင်းလို့ မဖြစ်နိုင်ပါဘူး ခင်ဗျာ ။ ဟုတ်ချင် ဟုတ်မယ် ၊ မဟုတ်ချင်နေမယ် ၊
သို့ပေမယ့် ”
ကျွန်တော်က သို့ပေမယ့်နှင့် ချီပြီး ကျောင်းသားတို့၏ တက်ကြွစည်းရုံးနေပုံကို ရှင်းလင်းပြရန်
အားယူနေစဉ် နံပါတ် ( ၃ ) က တစ်နေ့က ဗဟန်းမှာ ဒေါက်တာဘမော် မော်တော်ကားကို ပေထုပ်နဲ့ ထုတာ ကံကောင်းလို့ လွတ်သွားတယ်နော် ၊ သူက ဒီ ပြင်ကား စီးပြီး သူ့ကားပေါ်မှာ သားသမီးတွေ တင်လွှတ်တယ်
ဆိုတော့ သားသမီးတွေ ဓားစာခံလုပ်တာနဲ့ တူနေတယ် ”
နံပါတ် ( ၃ ) သည် ထိုသို့လျှင် ဒေါက်တာဘမော် ၏ ကားကို ပေထုပ်ပစ်မှုနှင့် ပတ်သက်၍
စကားပွဲတွင် လွှမ်းမိုးရန် ကြိုးစားနေဆဲ နံပါတ် ( ၂ ) က ဝင်ဖျက်လိုက်လေသည် ။
“ တင်တင်ငယ် ရေ မေမေ့ကိုလည်း သွားခေါ်ဦးလေ ”
တင်တင်ငယ် ဟု အခေါ်ခံရသူမှာ အခြားသူ မဟုတ် ။ ကျွန်တော့်အား လာခေါ်သူ အပျိုကြီး
နံပါတ် ( ၄ ) ပေတည်း ။ ဒေါ်တင်တင်ငယ် သည် ထိုအမိန့်သံကို ကြားသည်နှင့် တစ်ပြိုင်နက်
ငေါက်ခနဲ ထလိုက်သည် ။ အပျိုကြီးနံပါတ် ( ၄ ) သည် တစ်ခါမျှ ဤမျှ သွက်လက်သော အမူအရာ
မပြခဲ့ဖူးသေး ။ ခြေအောက်က ကြမ်းပြင် ပြိုကျမည်ကို မကြောက်တော့သော အမူအရာ ၊
လုပ်လဲ့လုပ်လီ မဟုတ်သော အမူအရာဖြင့် အခန်းတစ်ခုတွင်းသို့ ဝင်သွားလေသည် ။
အားလုံးသောအပျိုကြီးများသည် ညီလာခံပလ္လင် သီဟာသနရှေ့၌ “ ဘုရင်မင်းမြတ် ထွက်တော်မူမည် ၊ အားလုံးတိတ်စေ ” ဟူသော ဆောင်နရီမှူးသံ ကြားလိုက်ရဘိသကဲ့သို့ တိတ်သွားကြလေ၏ ။ သူတို့သည် သူတို့မိခင် ဘုရင်မကြီး အလာကို စောင့်စားနေကြ၏ ။ ယင်းသို့
တိတ်ဆိတ်စွာ စောင့်စားနေစဉ် ကျွန်တော်သည် ဟိုဟိုသည်သည် တွေးဖို့ အခွင့်အရေးရပေ၏ ။
ရောက်ပြီး အပျိုကြီးတွေနှင့် စကားစပြောရကတည်းက တွေးတောခွင့် မရ ။ အပျိုကြီးများသည်
ကျွန်တော့်အား အအား မပေး ၊ ဝိုင်း၍ တမေးတည်း မေးနေခဲ့ကြလေသည် ။
အပျိုကြီး နံပါတ် ( ၁ ) နှင့် ( ၂ ) တို့၏ ပယင်းပုတီးများသည် စိတ်ဖို့လား ၊ အလှဝတ်ထားဖို့သာလား ။
သူတို့၏ စိန်နားကပ်ကြီးများကို ဘယ်အရွယ်ထိ ဝတ်ကြလေဦးမည်နည်း ။ သည် အပျိုကြီးတွေသာ
လေးဆယ်ကျော် မှ ကံပေါ်၍ လင်ရကုန်ကြလျှင် ဘယ်လိုဖြစ်ကုန်ကြမည်လဲ ။
သို့ကလို တွေ့ကရာပေါက်ပန်းဈေး တွေးနေဆဲ အပျိုကြီး နံပါတ် ( ၃ ) က ခပ်ယို့ယို့ အမူအရာ ၊
ခပ်အုပ်အုပ် အသံဖြင့် -
“ ဟော မေမေဘုရား လာနေပြီ ” ဟု ကြေညာလိုက်လေသည် ။
အပျိုကြီးအားလုံး နှင့် ကျွန်တော်တို့၏ မျက်စိများသည် အဘွားကြီးဘက်သို့ ပြိုင်တူရွေ့သွားကြလေသည် ။
အဘွားကြီးကား အသက် ၈ဝ များ ကျော်နေပြီလား မဆိုနိုင် ။ ဆွတ်ဆွတ်ဖြူသော ရောင်ပေစူးကလေး
အောက်တွင် အကွက်လိုက် ဆံပင်ကျွတ်နေသော နေရာများကို မြင်ရသည် ။ မျက်နှာအရေများမှာ
ပပ်ကြားအပ်သလို တွန့်လိပ်နေကြပြီး မျက်တွင်းမှာ အတော်ဟောက်နေသဖြင့် ယင်းမျက်တွင်းများ
အထဲ၌ မျက်စိအကောင်းပကတိမှ ရှိပါသေးသလောဟု သံသယဖြစ်စရာပင် ။ ကိုယ်ခန္ဓာတွင်
အသား ရှိတော့ဟန် မတူ ၊ အရိုးပေါ် အရေတင်နေ၍ အရေပေါ် အကြောကြီးများက တောင်တန်းကြီးတွေလို စီတန်းနေကြသည် ။ အဘွားကြီးသည် သန့်ရှင်းသပ်ရပ်စွာ ဝတ်ဆင်ထား၏ ။ ပိုးဖဲ မဟုတ် ။
လက်ရက်ချည်လုံချည် ၊ ဖျင်အင်္ကျီရင်စေ့ စသည်တို့ဖြစ်သည် ။ သူ့လက်ထဲတွင် တောင်ဝှေး
တစ်ချောင်းကို ကိုင်ထား၏ ။ သို့သော် တောင်ဝှေးကိုင်သော်လည်း ခါးလုံးဝ မကိုင်းသည်ကို
တွေ့ရသည် ။ အားလုံးသော သူ့သမီးများနှင့် မတူပဲ အရပ်ပုသည် ။
အဘွားကြီးနောက် မှာ ရပ်နေသည့် အပျိုကြီး အမှတ် ( ၄ ) က ထိုင်ရာမှ ထကာ ဆီးကြိုနေသော
ကျွန်တော့်အား ရည်ညွှန်းလျက် -
“ ဟောဒါပဲ မောင်တင်ထွန်း ဆိုတာ ၊ ကျောင်းသားခေါင်းဆောင်ပေါ့ မေမေ ဘုရားရဲ့ ”
ကျွန်တော့်မှာ ကျောင်းသားခေါင်းဆောင် ဟု အခေါ်ခံရသဖြင့် ကျောစိမ့်သွား သလိုလို ၊ မျက်နှာ
ထူအမ်းသွား သလိုလို ဖြစ်မိလေသည် ။
“ ကျွန်တော်က ခေါင်းဆောင်များ ကိုယ်စားလာရတဲ့ ခေါင်းဆောင်ငယ်ကလေး ပါခင်ဗျာ ”
အမယ်ကြီးက ကျွန်တော့်ရှေ့ ကုလားထိုင်တစ်ခုဆီသို့ လာရင်း -
“ ခေါင်းဆောင်တွေက ဘာဖြစ်လို့ မလိုက်လာသလဲ ၊ တရားဟောထွက်ရလို့ အလုပ်များနေ
မှတ်တယ် ”
အဘွားကြီး၏ အသံကား ရုပ်နှင့် မလိုက် မာသည် ။ ကြည်လင်ပြတ်သားခြင်းလည်း ရှိသည် ။
“ ထိုင် ထိုင် မင်းက အငယ်လေး ရှိပါသေးကလား ”
ဤလို ပြောလိုက် မှ အဘွားကြီး၏ မျက်စိသည် အကောင်းပကတိ ရှိပါသေးကလားဟု ကျွန်တော့်
စိတ်မှာ သေချာသွားတော့သည် ။ အဘွားကြီးသည် ကုလားထိုင်တွင် ထိုင်သည် ။ တောင်ဝှေးကို
ကိုင်ထားသော်လည်း တောင်ဝှေး မပါဘဲလည်း သွားနိုင် လာနိုင် ထိုင်နိုင် ထနိုင်ပုံ ပေါက်သည် ။
အဘွားကြီး၏ လက်တစ်ဖက်သည် တောင်ဝှေးခါးလယ်ကို ကိုင်ထားပြီး လက်တစ်ဖက်က
ကုလားထိုင် လက်တင်ပေါ် မှာတင်ထားသည် ။
“ ဟဲ့တင်တင်လှ မလာသေးဘူးလား ” ဟု အဘွားကြီးက သူ့သမီးတွေကို မကြည့်ဘဲ သူ့သမီးများ
အား မေးလိုက်ရာ နံပါတ် ( ၄ ) နှင့် ( ၃ ) က ပြိုင်တူဖြေလိုက်ကြသည် ။
“ လာမယ်တော့ ပြောသွားတာပဲ ၊ ခုထိ မလာသေးဘူး ”
“ မလာသေးဘူး ဘာဖြစ်လို့ နောက်ကျနေသလဲ မသိဘူး ”
သူတို့ဖြေသည်နှင့် တစ်ပြိုင်နက် နံပါတ်( ၂ ) က -
“ မှာသွားသားပဲ နောက်ကျရင် နောက်ကျမယ်လို့ ”
နံပါတ် ( ၄ ) က “ အစည်းအဝေးများ ရှိနေပြီလား မသိဘူး ”
သို့ဖြင့် အပျိုကြီး ၄ ယောက်စလုံး တစ်ယောက်တစ်ခွန်း ညီမ အငယ်ဆုံးနှင့် ပတ်သက်ပြီး ထင်မြင်ချက်တွေ ပေးနေကြလေရာ တော်တော်ကလေး ဆူညံလာလေသည် ။ ထိုအခါ အဘွားကြီးက
တောင်ဝှေးနှင့် ကြမ်းပြင်ကိုခေါက်လိုက်ပြီး တိတ်သွားစေလေသည် ။ အသက် ၄၀ ကျော် ၅၀ ကျော်
၆ဝ နီးပါး အပျိုကြီးများသည် သူတို့ အမေရှေ့၌ ၄ - ၅ - ၆ နှစ် အရွယ် ကလေးများလို ပြုမူလိုက်ကြသည် ။ မျက်စိသူငယ်ကလေးများဖြင့် တစ်ယောက်တစ်ယောက်ကြည့်ပြီး ယို့ယို့ကလေး ငြိမ်နေလိုက်ကြသည် ။ ထိုခဏ၌ “ ဪ ဒါကြောင့်လည်း ဒီအဘွားကြီးဟာ သမီး ၅ ယောက်စလုံး ယခုထိ
အပျိုကြီးတွေ ဖြစ်နေအောင် ထိန်းသိမ်းထားနိုင်ပေတာကိုး ” ဟူသော အသိဉာဏ်သည် ကျွန်တော့်
ဦးနှောက်ထဲမှာ ထွန်းလင်း၍ လာလေသည် ။
အဘွားကြီးသည် ဘယ်သူ့ကိုမျှ မကြည့်ဘဲ သူ့ရှေ့တည့်တည့်ကိုသာ ကြောင်ငေးကြည့်ပြီး -
“ ကျောင်းသားတွေ တစ်ခု လုပ်ဖို့ကောင်းတယ် ”
“ ဘာလုပ်ဖို့ ကောင်းပါသလဲ ခင်ဗျာ ”
“ အခုနေအခါမှာ ကျောင်းသားတွေကို တိုင်းပြည်က အာရုံစိုက်ပြီး လေးစားနေတာ မင်းတို့
ကျောင်းသားတွေကသာ လုပ်ရင် တော်တော် ကောင်းမယ် ။ ရှင်အာဒိစ္စဝံသ ဟာ အင်မတန်
ထက် မြက်တဲ့ ဘုန်းကြီး ။ စာဆိုလည်း ကိုယ့်ဘာသာ စာပေသာမက ဘာသာခြားလည်း
တတ်တယ် ၊ ပညာအရည်အချင်း ထက် မြက်သလောက် သတ္တိလည်း ရှိတယ် ၊ ရင်ထဲမှာ ရှိတာကို
ရှိတဲ့အတိုင်း အန်ထုတ်ပြရဲတယ် ၊ အကျင့်သီလဆိုလည်း သုဿန်ထဲမှာ ကျောင်းထိုင်တာကိုပဲ
ကြည့်တော့လေ ။ အဲဒီလို ပုဂ္ဂိုလ်တစ်ပါး သူမြတ်တစ်ယောက်ကို ပကာသနိယကံ လုပ်တာ
တရားသဘောလား ဟင် ”
ကျွန်တော်က ကိုယ်နားမလည်သောအရေးတွင် ဘာမျှမပြောလိုသဖြင့် ဆိတ်ဆိတ်နေလိုက်သော
အခါ နံပါတ် ( ၁ ) က သူ့အမေ အား ထောက်ခံလိုက်လေသည် ။
“ ဘယ်တရားမှာလဲ မေမေ ”
“ အေး မတရားဘူး ၊ ဒီကိစ္စမှာ ကျောင်းသားတွေက ဝင်ပြီး မတရားကြောင်း ကန့်ကွက်ပြောဆိုဖို့
ကောင်းတယ် ။ ကြည့်စမ်းပါဦး ၊ ဘယ်ထိ ရောင့်တက်လာကြသလဲဆိုရင် ဩဝါဒစရိယအဖွဲ့မှာ
ရှင်အာဒိစ္စ ပါနေတယ် ။ ဒါက ဘယ်သူကမှလည်း ထုတ်ပစ်လို့ရတာ မဟုတ်ဖူး ၊ ရှင်အာဒိစ္စ ကလည်း
ထွက် မပေးဘူး ။ အာဂ ကိုယ်တော် ၊ ကြည့်စမ်း ဘယ်လောက် သတိ္တရှိသလဲဆိုတာ ”
အားလုံးသောသမီးများက ခေါင်းညိတ်ကာ ထောက်ခံကြလေသည် ။ ကျွန်တော်ကား ခေါင်းလည်း
မညိတ် ၊ ခေါင်းလည်း မယမ်း ။ သို့သော် အဘွားကြီးသည် ကျွန်တော့်ကို ကြည့်နေသည် မဟုတ်၍
ကျွန်တော်၏ ကြားနေရေးကို သိမည် မဟုတ်ပါ ။
အဘွားကြီးသည် သူ့ဘာသာသူ ဆက်ပြောပြန်၏ ။
“ အဲဒီလို ဩဝါစရိယအဖွဲ့မှာ ဆက်မနေထိုက်ဘူးလို့ တချို့ ဆူပူနေကြတယ် ။ ရှင်အာဒိစ္စ ကို
ထုတ်ပစ်နိုင်ဘို့ တရားစွဲရမယ်လို့ သိမ်းမောင် ကို ပြောနေကြတယ် ”
နံပါတ် ( ၄ ) က ဝင်၍
“ အစိုးရရှေ့နေချုပ်ကြီး ဦးသိမ်းမောင် လား မေမေ ”
“ အေးတစ်ခါတုန်းက ဘုန်းကြီးတွေက ထွေးခံနဲ့ပေါက်တဲ့ ဘုရားလူကြီး သိမ်းမောင် ပေါ့ ”
နံပါတ် ( ၂ ) က -
“ ဪ ဪ ၂၁ - ဦး ပါတီနိုင်ငံရေးက ' ကုသိုလ်တစ်ပဲ ငရဲတစ်ပိဿာ ' လို့ ပြောဆို ထွက်သွားပြီး
အစိုးရရှေ့နေကြီး ဝင်လုပ်သွားတဲ့ ဦးသိမ်းမောင် ပဲပေါ့ ”
သို့ဖြင့် အပျိုကြီး ( ၄ ) ဦး က ဦးသိမ်းမောင ်သည် တောသူကြီးသား ဖြစ်ကြောင်း ၊ ဦးသိမ်းမောင် ၏
ဇနီးအကြောင်း ၊ သူတို့ဖေဖေဘုရားရှိစဉ်က အိမ်ဘယ်နှခေါက် ဘာလုပ်လာဖူးကြောင်း စသည်
များကို ပြောဆိုနေကြပြန်ရာ ဆူဆူညံညံ ဖြစ်လာပြန်လေ၏ ။ အဘွားကြီးသည် တောင်ဝှေးနှင့်
ကြမ်းပြင်ကိုခေါက်ကာ ငြိမ်စေပြန်လေသည် ။
အဘွားကြီးက ကျွန်တော့်အား ညွှန်း၍ ပြောပြန်၏ ။
“ အဲဒီလို အရှင်အာဒိစ္စ အပေါ်မှာ မတရားတာတွေ လုပ်နေတာကို ကျောင်းသားတွေက ဝင်ကန့်ကွက်ရင် မကောင်းဘူးလား ဘယ်သူတဲ့ မင်းနာမည် ”
နံပါတ် ( ၄ ) က ဝင်ထောက်သည် ။
“ မောင်တင်ထွန်း ”
ကျွန်တော့်မှာ မရှောင်သာတော့သဖြင့် ဖြေရလေသည် ။
“ ကျွန်တော်တော့ ဒီကိစ္စမှာ ကိုယ်မနိုင်တဲ့ ပြဿနာဖြစ်နေလို့ မပြောတတ်အောင် ဖြစ်နေပါတယ်
ဘွားဘွားခင်ဗျာ ၊ ဒီတော့ ကျောင်းသားခေါင်းဆောင်တွေရှေ့မှာ ကျွန်တော် တင်ပြပါ့မယ် ”
အဘွားကြီးသည် များစွာ နှစ်ခြိုက်သွားဟန် ရှိသည် ။ ကျွန်တော့်ဘက်သို့ ကြည့်ပြီး -
“ ပြောလိုက်ပါကွယ် ၊ မင်းတို့ ကျောင်းသားခေါင်းဆောင်တွေကို ၊ အဘွားက အင်မတန် အားကိုးပါတယ်လို့ ။ မဟုတ်မခံစိတ် ရှိသူတိုင်း ကျောင်းသားတွေကို အားကိုးနေတာပဲ ( သမီးများဘက်
လှည့်၍ ) ဟဲ့ ဟဲ့ ထမင်းကျွေးကြတော့လေ ”
အပျိုကြီး နံပါတ် ( ၄ ) သည် သွက်လက်စွာထပြီး နောက်ဖေးအဆောင်သို့ ကူးသွားကာ ခဏလေးနေတော့ ပြန်လာလေသည် ။ အဘွားကြီးသည် သူ့ကိုယ်သူ ငုံ့ကြည့်လိုက်သဖြင့် ကျွန်တော်လည်း
လိုက်ကြည့်မိသည် ။ သည်တော့မှ အဘွားကြီး၏ ရင်စေ့အင်္ကျီတွင် အိတ်ထောင်ကလေး တပ်ထားသည်ကို သတိပြုမိ၏ ။ အဘွားကြီးသည် ထိုအိတ်ထောင်ကလေးထဲသို့ နှိုတ်စမ်းပြီး ဂွမ်းထောင့်
တစ်ထောင့်ကို ထုတ်ယူလိုက်သည် ။ ပြီးတော့ သူ့နားနှစ်ဖက်ထဲသို့ထည့်၍ ပိတ်ဆို့လိုက်သည် ။
ဤသည်ကား သမီးများအား ပြောချင်ရာ ပြောကြတော့ဟု ခွင့်ပေးလိုက်သော အချက်ဟုပင်
ထင်စရာရှိသည် ။
သမီးကြီးများသည် ကျွန်တော့်အား မေးခွန်းအမျိုးမျိုးထုတ်ပြီး သူတို့ဘာသာ ဖြေသည့်အခါ
ဖြေသည် ။ ဟိုအကြောင်းမေးရာက သည်အကြောင်း ရောက်သွားပြီး သည်အကြောင်း ပြောနေရာမှ
သည်အကြောင်းထဲက ဟိုလူ သည်လူတွေ အကြောင်း ရောက်သွားလေသည် ။ ဘယ်သူ့သားသမီးကို
သိသလား ၊ သူတို့ သပိတ်မှောက်ကြသလား စသော ကျွန်တော်နှင့် တိုက်ရိုက်ဆိုင်သော မေးခွန်းမှ
နေ၍ မိုးညှင်းတရားပွဲကို ရောက်ဖူးသလား ၊ နေရင်း ဦးကောဝိဒ ရဲ့ ပဉ္စင်းအမကြီးအကြောင်း
သိသလား စသော ကျွန်တော်နှင့် မဆိုင်သည့် မေးခွန်းများအထိ ရောက်လေသည် ။ သူတို့က မေး ၊
ကျွန်တော်က မဖြေ ၊ သူတို့ဘာသာဖြေ ။ ကြာတော့ ကျွန်တော်သည် ခွေးသေကောင်ပုပ်ကို ကျီးကန်းတွေ ဝိုင်းထိုးနေကြပုံကိုသာ ပြေး၍ သတိရမိတော့သည် ။ ကျွန်တော်တည်းဟူသော မတုံ့ပြန်နိုင်သည့် ခွေးသေကောင်ပုပ်ကို သူတို့တစ်တွေက မေးခွန်းနှုတ်သီးများဖြင့် ဝိုင်းထိုးနေကြသည်
မဟုတ်ပါလော ။
အစေခံမကလေးက လာပြီး “ ထမင်းပွဲ အဆင်သင့်ဖြစ်ပါပြီ ” ဆို၍သာ သက်သာရာရတော့၏ ။
ဧည့်ခန်း၏ နောက်ဘက်တွင် ကပ်လျက်ရှိသော အခန်းမှာ ထမင်းစားခန်းဖြစ်တော့၏ ။ သစ်လွင်သော စားပွဲရှည်ကြီးတွင် သစ်လွင်တောက်ပြောင်သော ကုလားထိုင်များက ဝိုင်းရံထားလေသည် ။
ပန်းကန်ပြားများပေါ်တွင် ကျဆင်း အရောင်ဟပ်နေသော မီးရောင်ကား တသွေးတမွေးလှနေသည် ။
ဇွန်းခက်ရင်းများပေါ်ကို ကျဆင်းအရောင်ဟပ်နေသော မီးရောင်ကား မျက်စိစူးစေသည် ။ ဆီပြန်
ဟင်းပေါ် ကျဆင်းအရောင်ဟပ်နေသော မီးရောင်ကား ဆာလောင်ခြင်းကို အားပေးနေသည် ။
ဗိုလ်ဆန်သည့် အခင်းအကျင်းနှင့် ဟင်းများကိုကြည့်ပြီး အဘွားကြီး နှင့် အပျိုကြီး တို့သည်
အရွယ်အိုကြသလောက် အခင်းအကျင်းအစီအမံများ၌ ပျိုသောအမြင် ရှိကြသည်တကားဟု စဉ်းစားမိပေသည် ။
အဘွားကြီးသည် စားပွဲထိပ်မှာ ထိုင်၏ ။ ကျွန်တော်က အခြားထိပ်မှာ ထိုင်ရ၏ ။ အပျိုကြီး
နံပါတ် ( ၁ ) နှင့် ( ၃ ) သည် ကျွန်တော့် ညာဘက်မှာ ထိုင်၍ ၊ နံပါတ် ( ၂ ) နှင့် ( ၄ ) သည် ဘယ်ဘက် မှာ
ထိုင်လေသည် ။ အဘွားကြီးကား ကျွန်တော်တို့ စားသော ထမင်းဟင်းကို မစား ၊ သူ့အတွက်
သီးသန့် ချက်ပြုတ်ထားသော လူအိုစာ ဟင်းထမင်းကို စားသည် ။
ထမင်းစားရင်း အဘွားကြီးသည် စကားတစ်ခွန်းမျှမပြော ။ သူ့ လူအိုစာကိုသာ အေးအေးသက်သာ
စားနေလေသည် ။ အပျိုကြီးများကား အစားအသောက်နှင့် ပတ်သက်သော စကားများကို ပြောနေကြ၏ ။ ကျွန်တော်တို့ သပိတ်မှောက်ကျောင်းသားများနှင့် ရေနံမြေအလုပ်သမားတွေ ဘယ်လို
စားကြသောက်ကြပုံကို မေးမြန်း၏ ။ သူတို့ ဘယ်တုန်းက ဘယ်ဆရာတော် ကို အိမ်မှာ ဆွမ်းဖိတ်
ကျွေးပုံ ၊ ဘယ်သူ့ကို ညစာစားပွဲ ခင်းကျွေးပုံများကို ဟင်းအမျိုးအမည်နှင့်တကွ ပြောပြနေကြ၏ ။
ထိုသို့ ထမင်းစားရင်း သူတို့ပြောဆိုသော စကားများ နားထောင်ရ၍ အကဲခတ်မိသည်မှာ
သူတို့အိမ်တွင် ဒေါက်တာတင်တင်လှ သာ အလုပ်လုပ်၍ ကျန်လူအားလုံးမှာ အလုပ် မရှိ ၊ ကြွယ်ဝပြီး ပစ္စည်းကို ထိုင်စားနေကြသည် ။
အလုပ်အကိုင် လုပ်ဖို့ မလိုသဖြင့် လည်းကောင်း ၊ ပွဲလမ်းသဘင် အပြင်သိပ်မထွက်သော အပျိုကြီး
များဖြစ်သဖြင့် လည်းကောင်း ထင်ရှားသူတွေ ထမင်းဖိတ်ကျွေးခြင်း နှင့် ဘုန်းကြီးဆွမ်းကျွေးခြင်းမှာ သူတို့၏ ဝါသနာ ဖြစ်နေသည် ။ တစ်နည်းအားဖြင့်ဆိုရသော် သူတို့၏ ငြီးငွေ့ဖွယ်
ကောင်းသောဘဝတွင် ဒီ ဝါသနာလုပ်မှ သက်သာရာ ရပေလိမ့်မည် ။ သည်လိုမှလည်း ပြင်ပ
လောကမှ လူများနှင့် စကားပြောရပေလိမ့်မည် ။
ထမင်းစားပြီးလျှင် ပြီးချင်း ဧည့်ခန်း၌ အားလုံးငြိမ်ဆိမ်စွာ ထိုင်နေကြရာက အားလုံးက ဝိုင်းပြီး
အပျိုကြီး နံပါတ် ( ၄ ) ( ဝါ ) ဒေါ်တင်တင်ငယ် ကို ကြည့်၍ မျက်ရိပ်မျက်ခြည် ပြလိုက်ကြသည် ။
ဒေါ်တင်တင်ငယ် သည် အခန်းထဲသို့ ဝင်သွားပြီး ခဏနေလျှင်ပြန်လာ၏ ။ သူ့လက်ထဲမှာ
ငွေစက္ကူများ ပါလာလေသည် ။ ထိုငွေစက္ကူများကို ကျွန်တော့်လက်သို့ အပ်ရင်း ။
“ မေမေဘုရားက ၂ဝိ ၊ အန်တီတို့ ညီအစ် ၅ ယောက်က တစ်ယောက် ၁၅ ကျပ် စီ ၊ ပေါင်း ၉၅ ကျပ် ၊
ကျောင်းသားရန်ပုံငွေကို လှူပါတယ် ”
ကျွန်တော်က ကျေးဇူးတင်ကြောင်း ပြောလိုက်သည် ။ ဒေါ်တင်တင်ငယ် သည် ဒရိုင်ဘာကို
ခေါ်လိုက်သည် ။ အဘွားကြီး သည် သူ့အခန်းထဲသို့ ဝင်သွားလေသည် ။ ကျွန်တော့်အား
နှုတ်တောင် ဆက် မသွား ။ သူ့သွားတွေကို တံပူတံနှင့် တိုက်နေပြီး အိပ်ရန်ကိုသာ စိတ်ကူးနေသောကြောင့် နှုတ်မဆက်ခြင်း ဖြစ်ကောင်းဖြစ်နိုင်ပေသည် ။
အပျိုကြီး နံပါတ် ( ၄ ) မှတစ်ပါး အားလုံးသော အပျိုကြီးများသည် တစ်ယောက်ပြီး တစ်ယောက်
ကျွန်တော့်အား နှုတ်ဆက်ပြီး သူတို့ဆိုင်ရာ အခန်းထဲသို့ အလျှိုလျှို ဆိတ်ငြိမ်စွာ ဝင်သွားလေသည် ။
တစ်အိမ်လုံးသည် ကျွန်တော်လာစက တွေ့ရသလိုပင် ငြိမ်သက်နေပြန်ပေ၏ ။ နောက် မကြာမီ
အိမ်ရှေ့မှာ ကားထိုးဆိုက်လေသည် ။
အပျိုကြီး နံပါတ် ( ၄ ) က -
“ ကဲ သွားပေရော့ ၊ ခုလို လာတာ ကျေးဇူးတင်ပါတယ် ”
ကျွန်တော်လည်း ကျေးဇူးတင်စကား ပြောပြီးနောက် မော်တော်ကားပေါ်သို့ တက်ခဲ့လေသည် ။
◾ သိန်းဖေမြင့်
📖 အရှေ့ကနေဝန်းထွက်သည့်ပမာ
koaungnaingoo.blogspot.com
.
No comments:
Post a Comment