❝ ယုံကြည်အားထားရသူ မမြင့်ဦး ❞
ဈေးဆိုင်များ ၊ ရုပ်ရှင်ရုံများ ပြန်ဖွင့်ကြလေပြီ ။
အာရ်အီးတီလည်း ထရော်လီများ ၊ ဘတ်စ်ကားများကို ရုပ်သိမ်းထားရာမှ ပြန်လွှတ်စပြုလေပြီ ။
သို့သော် ကျွန်တော်တို့သည် အာရ်အီးတီဘတ်စ်ကားများကို မစီးရဲကြသေး ။ လူထု ဒေါသ အရှိန်သည် မကုန်သေးသဖြင့် ဆီး၍ ခဲနှင့်ပေါက်တတ်သေးသည် ။
ကျွန်တော်သည် သန့်သန့်ရှင်းရှင်း သပ်သပ်ရပ်ရပ် ဝတ်ဆင်ထားပါသည် ။ မမြဦး နှင့်အတူ
သွားလာတိုင်း ဒီကိစ္စကို ဂရုစိုက်ရသည် ။ မမြင့်ဦး သည် ကျွန်တော့်အား တောက်ပပြောင်လက်စွာ
ပိုးဖဲတွေကို ဝတ်ဆင်ရမည်ဟု မတောင်းဆို ၊ သို့သော် သန့်သန့်ရှင်းရှင်း နေမှ ကြိုက်သည် ။
ဖျင်ပင်နီ ဝတ်ဦးတော့ ၊ သပ်သပ်ရပ်ရပ်ရှိမှ ကြိုက်သည် ။ မမြင့်ဦး ကိုယ်တိုင်ကလည်း တောက်ပြောင်ကြွားဝါစွာ ဝတ်ဆင်သည် မဟုတ်ပါ ။
ယနေ့ မမြင့်ဦး သည် ဥပုသ်တော်ဆင် မန္တလေးလုံချည် အသစ်စက်စက် ဝတ်ထားသည် ။ အဖြူ
စတုရန်းကွက်ကလေးများကို အနက် မျဉ်းကြောင်းလှလှကလေးများဖြင့် ဖော်ပေးထားသော အဆင်ဖြစ်လေသည် ။ ပိတ်အင်္ကျီသက်သက်သာ ဆိုလျှင် တစ်ကိုယ်လုံး အဖြူလွှမ်းပြီး အကြည့်ရဆိုးသွားပေလိမ့်မည် ။ သို့သော် ပိတ်အင်္ကျီအပေါ်မှာ မီးခိုးရောင်နုနု ရင်ကွဲဆွယ်တာကို လွှမ်းထားပေရာ
အောက်က လုံချည်ဆင်နှင့် အလွန်ပင် အဆင်ပြေနေလေသည် ။ သူ့အသားကလေးကလည်း ညိုစိမ့်စိမ့် ။
ကျွန်တော်သည် သွားရင်းလာရင်း မမြင့်ဦး အား တစိမ့်စိမ့် ကြည့်နေမိရာ မမြင့်ဦး က ပြုံးပြီး -
“ ဘာများ သည်လောက် ကြည့်နေတာလဲ ”
“ အဆင်ပြေလွန်းလို့ ကြည့်နေတာ ”
သူ့ပါးချိုင့်နှင့် ဝိုင်းစက်သောမျက်လုံးတို့သည် ပိုချစ်စရာကောင်းအောင် ပြုံးလာသည် ။
“ ဘယ်လို အဆင်ပြေတာတုံး ဆိုစမ်းပါဦး ”
“ လုံချည်အဆင်ကလေး ကြည့်ပါဦး ၊ အဖြူရောင်ထဲမှာ အနက် မျှင်ကလေးတွေ ယှက်သန်းနေကြတယ် ၊ ပြီးတော့ ပဒုမ္မာ အင်္ကျီအဖြူပေါ်မှာ မီးခိုးရောင်နုနုကလေး လွှမ်းခြုံထားလိုက်တော့ အဖြူဟာ
မျက်စိစူးအောင် မဖြူနိုင်တော့ဘူးပေါ့ ။ ပန်းချီဆရာများ အဖြူ ကို ပကတိ အဖြူအတိုင်း ထားလေ့သိပ် မရှိဘူး ။ စုတ်ကလေးကို ရေဆွတ်ပြီး ဘေးကအရောင်နဲ့ တွဲယူမှုန်းခြယ်ပေးရတယ် ၊ ပြီးတော့ ”
“ အောင်မယ် ပြီးပဲ မပြီးသေးဘူးလား ဟဲ ဟဲ ”
“ မပြီးသေးဘူး ၊ မြင့် ရဲ့ အသားကလည်း ညိုစိမ့်စိမ့်မို့ သိပ် အဆင်ပြေတာပဲ ”
“ ညိုစိမ့်စိမ့်တွေ ဘာတွေ လုပ်မနေပါနဲ့ ကိုထွန်း ရယ် ၊ အသားမည်းရင် မည်းတယ်လို့ ပြောပါ ”
“ မည်း မှ မမည်းဘဲ မည်းတယ်လို့ပြောရမှာလား မြင့်ရဲ့”
တစ်ယောက်ကို တစ်ယောက်ကြည့်၍ ကြည်နူးနေကြလေသည် ။ သူက ကျွန်တော့်အား ' ကိုထွန်း ' ဟု
ခပ်ညုညု ခေါ်ပြန်သည်ကို နားဝင် မချိုဘဲ မနေနိုင်ပါ ။ အတန်ကြာ ဘာမျှမပြောကြဘဲ ငြိမ်နေကြသည် ။ အချစ်သည် ကျွန်တော့်အားသာ ရစ်ပတ်ပွေ့ပိုက်နေသည်မဟုတ် ။ မမြင့်ဦး အားလည်း
ရစ်ပတ်ပွေ့ပိုက်နေသည်ဟု ကျွန်တော် တပ်အပ် သိသည် ။ သို့သော် ကျွန်တော်ကလည်း ' ချစ် '
ဆိုသောစကားကို မတိုင် ၊ သူကလည်း ' ချစ် ' ဆိုသောစကားကို မဖောက် ။ ယနေ့ထိ ကျွန်တော်တို့
နှစ်ယောက်သည် အချစ်သစ္စာ အတိုင်အဖောက် မပြုဘဲ နေခဲ့ကြသည်မှာ အံ့ဩစရာပင် ။
သို့သော် နှစ်ယောက်သား ခုလို တစ်ယောက်ကို တစ်ယောက် ကြည့်ပြီး ပီတိဖြစ်ကာ ဘာစကားမျှ
မပြောဘဲ ကြာရှည်နေ၍ မဖြစ် ။ ချစ်ပါသည်ဟု ဖွင့်မပြောလိုက်သည်ထက် ဆိုးသွားသောအဖြစ်သို့
ရောက်သွားနိုင်သည် ။ ထိုသဘောကို မမြင့်ဦး က ကောင်းစွာ ပိုက်လိုက် မိဟန်ရှိသည် ။
“ ဟိုနေ့က ကျောင်းသားတွေကို ရိုက်လိုက်တာဟာ နံပါတ်တုတ်ကြီးတွေ ကျိုးသွားတယ်ဆို ”
မမြင့်ဦး က သို့ကလို စလိုက်သောအခါ ကျွန်တော်က ဟိုနေ့က အဖြစ်အပျက် များကို မျက် မြင်ကိုယ်တွေ့ အဖြစ်ဖြင့် အသေးစိတ် ပြောပြရလေသည် ။
မမြင့်ဦး ကား ခံရသူတို့အား သနား၍ မဆုံး ။ ရက်စက် မှုကို စုတ်သပ်၍ မပြီး ။ အမှန်စစ်စစ် မမြင့်ဦး
အား ကျွန်တော်တို့ အရေးတော်ပုံဘက်သို့ သနားခြင်းကသာ ပို့ဆောင်လိုက်ခြင်း ဖြစ်ပေသည် ။
ထိုနေ့ အဖြစ်အပျက် များမှနေ၍ ဒဏ်ရာရသူများအား သွားကြည့်ပုံ ရောက်သွားသည် ။ ကျွန်တော်
သည် မမြင့်ဦး အား မခင်သစ် အကြောင်းကို ခရေစေ့တွင်းကျ စတွေ့သည့်နေကစ၍ မနေ့က
ဈာပနမှာ မြင်လိုက်ရသည်အထိ ပြောပြနေလေပြီ ။ မခင်သစ် ၏ ရုပ်ပုံသဏ္ဌာန်ကိုလည်း ရေးခြယ်ပြသည် ။ မခင်သစ် ၏ စရိုက်အမူအရာ အရည်အသွေးများကိုလည်း ပိုင်းခြား တင်ပြသည် ။ အခါများစွာ၌ မမြင့်ဦး သည် အမကြီး က မောင်ကလေး အား မေးမြန်းစုံစမ်းသည့်နှယ် ကျွန်တော့်အား
အကြောင်းကိစ္စများကို မေးမြန်းစုံစမ်းတတ်သည် ။ ကျွန်တော် ကလည်း ဘာကလေးမဆို မမြင့်ဦး
အား တိုင်ကြားပြောပြတတ် လေသည် ။ ယောကျာ်းကလေးအချင်းချင်း သူငယ်ချင်းများနှင့်
ကတောက်ကဆ ဖြစ်သည်များကိုလည်း မမြင့်ဦး အား တိုင်ကြားတတ်၏ ။ ဝင်နီဖေ ခေါ်
ခင်သန်းဝင်း တို့ အကြောင်းကိုလည်း ပြောပြတတ်၏ ။ မမြမှီ အကြောင်းကိုလည်း အစီရင်ခံပြီးဖြစ်၏ ။
မမြင့်ဦး ကား ကျွန်တော့် လျှို့ဝှက်ချက် များ၏ မီးခံသေတ္တာသဖွယ် ဖြစ်နေပေသည် ။
ကျွန်တော်တို့သည် တရုတ်တန်းမှာ စားကြသောက်ကြတော့လည်း စကားတပြောပြော ၊ ရုပ်ရှင်ရုံ
ဝင်ကြတော့လည်း စကားတပြောပြော ။
“ ဟို ... ရေနံမြေသပိတ်တပ်ကြီး ဆိုတာက ဘယ်တော့ ရောက် မှာလဲ ”
“ ခု နတ်တလင်း က ထွက်လာပြီး မကြာခင် ရန်ကုန် ရောက် မှာပဲ ”
“ ဒီရောက်ရင် ဘာလုပ်ကြမှာလဲ ”
ဒီအမေးကို မမြင့်ဦး ထံမှ မကြားချင် ၊ သူ့ဘာသာသူ သိပြီးသား ဖြစ်နေစေချင်သည် ။ သို့သော်
မမြင့်ဦး ကား သူ့စာတွေမှာသာ စူးစိုက်နေခဲ့သည် မဟုတ်ပါလော ။ ကျွန်တော်က ခွင့်လွှတ်သည် ။
ပြီးတော့ မောင်ကြီး က နှမကလေး အား ပြောပြနေသည့်နှယ် တိုင်းရေးပြည်ရာ ကိစ္စအဖြာဖြာ
တောင်သူလယ်သမားအရေး ပြဿနာအဖြာဖြာတို့ကို ရှင်းလင်းပြောပြနေလေသည် ။
မမြင့်ဦး သည် ရေနံသပိတ်တပ်ကြီး ကို “ ဟင် အံ့ဩစရာပဲနော် ၊ သိပ်ဇွဲကောင်းတာပဲ ” ဟု ချီးကျူးသည် ။ ကျွန်တော်က သူတို့၏ နစ်နာချက်များကို စာရင်းအင်းနှင့် ပြောပြသောအခါမှာကား စိတ်ဝင်စားဟန် မရှိ ၊ ကြားဖြတ်၍သာ မေးလိုက်သည် ။
“ သူတို့ ရန်ကုန်လာပြီး ဘာလုပ်ကြမှာလဲ ကိုထွန်း ရဲ့ ”
“ မြင့် ကလည်း မသိဘူးလား ၊ သူတို့တောင်းဆိုချက်တွေ တင်ပြမယ် ၊ ပြီးတော့ တပြည်လုံးရှိတဲ့
စက်ရုံအလုပ်သမားတွေရဲ့ ညီလာခံကြီးကျင်းပမယ် ”
“ သူတို့ တောင်းဆိုချက်တွေကို ဘယ်သူ့ကို တင်ပြမှာလဲဟင် ”
“ ပြည်သူလူထုရှေ့မှာ တင်ပြမှာပေါ့ မြင့် ရဲ့ ”
“ အို ပြည်သူလူထုက ပေးနိုင်တာမှ မဟုတ်ဘဲ ”
ကျွန်တော့်မှာ ဤအချက်ကို လိပ်ပတ်လည်အောင် မရှင်းတတ် ။ လူထုရှေ့ ဘာကြောင့် တင်ပြရမည်လဲ ။ လူထုက ပေးနိုင်သော အာဏာရှင်တွေ မဟုတ် ။
“ အစိုးရဆီကိုလည်း တင်ပြမှာပေါ့ ”
“ တောင်သူလယ်သမားတွေကကော ဘယ်တော့ ရောက်ကြမှာလဲ ”
“ အဲဒီ ရေနံမြေသပိတ်တပ်ကြီး နဲ့ ပြိုင်တူလောက် ဆုံရောက် မှာဘဲ ”
ကျွန်တော်က တောင်သူလယ်သမားများ ဖြစ်အင်ကို ရှင်းပြသောအခါ မမြင့်ဦး သည် စုတ်တသပ်သပ်နှင့် ကရုဏာ သက်နေရှာလေသည် ။ သို့သော် ကျွန်တော်က တောင်သူလယ်သမား တို့၏
လယ်ယာလုပ်ငန်း ၊ ဝင်ငွေထွက်ငွေ ၊ သီးစားခ ၊ စပါးတိုး စသည်များကို စာရင်းအင်းနှင့် ပြောသော
အခါ၌မူကား ကြာရှည်နားမထောင်ဘဲ -
“ သူတို့ ရန်ကုန်ရောက်ရင်အစားအသောက် မခက်ပေဘူးလား ၊ ဘယ်သူက ဧည့်ခံမှာတုံး ”
ကျွန်တော့်မှာ ဧည့်ခံကော်မတီအကြောင်း ၊ ထမင်းထုပ်ကောက်ရသည့် အကြောင်းများကို ပြောပြရပြန်လေသည် ။ ယင်းသို့ ပြောနေစဉ် မမြင့်ဦး က ကျွန်တော့် လက်ကို သူ့လက်ချောင်းကလေးများနှင့်
ခေါက်လိုက်သဖြင့် အပြောရပ်ကာ သူ ဘာပြောမလဲဟု နားစွင့်လိုက်လေသည် ။
“ ဟိုမှာကြည့်စမ်း ဟိုမိန်းမ ဝတ်လာတဲ့ လုံချည် ”
“ မြင့် အဆင်နဲ့ တထေရာတည်းပဲ ”
“ သူဝတ်ပုံ အဆင်ပြေရဲ့လား ”
“ မပြေဘူး ၊ အပေါ်က ဆွယ်တာရောင်က အဆင်သိပ်ရင့်တယ် ၊ ကြက်သွေးကြီး ”
“ အသားကကော ညိုစိမ့်စိမ့်ဘဲလား ”
ထိုအတွင်း ရုပ်ရှင်စရန် မှောင်ချလိုက်သည် ။
“ အသားညိုစိမ့်စိမ့် မဟုတ်ဘူး ၊ အသားမည်းတယ် ၊ အားလုံး အဆင်ပြေတာပဲ ၊ ဒါကြောင့် မြင့် ကိုသာ
အဆင်အပြေဆုံးလို့ ချီးကျူးနေတာပေါ့ ”
“ ကဲ တော်ပါတော့ ထွန်းကလေး ရယ် ရုပ်ရှင် စပါပြီ ”
ရုပ်ရှင်ရုံထဲမှာ ရှိနေစဉ် ရှေ့က ပြနေသော ရုပ်ရှင်ကား နှင့် ဘေးမှ ထိုင်နေသော မမြင့်ဦး တို့မှတစ်ပါး
ဘာမျှ စိတ်မဝင်စား ဘာမျှ သတိမရ ။ အလုပ်သမား ၊တောင်သူလယ်သမား ၊ကျောင်းသား အရေးတော်ပုံများကိုပင် မေ့ပျောက်ပစ်နိုင်ပေသည် ။
သို့သော် ရုပ်ရှင်ပြီး၍ အပြင်သို့ ထွက်လာသည်နှင့် တစ်ပြိုင်နက် အရေးတော်ပုံ နိမိတ်လက္ခဏာများ နှင့် ရင်ဆိုင်ကြုံတွေ့ရတော့၏ ။ ရုံရှေ့တွင် ခြောက်လုံးပြူးကို ကြိုးနက်ရှည်များဖြင့်
လွယ်သိုင်းထားသော ဂေါ်ရာစာသင်များနှင့် နံပါတ်တုတ်ကြီးများကို ဝင့်ကိုင်လျက် ရှိကြသော
က̶̶ု̶̶လ̶̶ာ̶̶း̶ပုလိပ်များသည် စောင့်ရှောက်နေကြသည် ။ သူတို့ကို မြင်လိုက်လျှင် မြင်လိုက်ချင်း မမြင့်ဦး
သည် ကျွန်တော့် လက်တစ်ဖက်ကို ဆွဲထားလိုက်သည် ။ သူ့မျက်နှာတွင် စိုးရိမ်သောကတို့သည်
အထင်းသား ပေါ်နေ၏ ။ ကျွန်တော့်အား ဖမ်းရန် စောင့်နေကြသလောဟု တွေးတော စိုးရိမ်ဟန် တူသည် ။ သို့သော် ဂေါ်ရာစာသင်များ နှင့် က̶̶ု̶̶လ̶̶ာ̶̶း̶ပုလိပ်သားများသည် မည်သူ တစ်ဦး တစ်ယောက် မျှ ရှာဖွေနေပုံ မပေါ် ။ သူတို့ဘာသာ ရပ်နေကြပေရာ -
“ ဘာမှ စိုးရိမ်စရာ မရှိပါဘူး မြင့်ရယ် ၊ လူတွေက ဒေါသူပုန်ထပြီး အာရ်အီးတီ ဓာတ်ရထား နဲ့
မီးတွေကို ဖျက်သလို အင်္ဂလိပ်ရုပ်ရှင်ရုံတွေကို ဖျက် မယ် ၊ အင်္ဂလိပ်နဲ့ အခြားလူမျိုးများကို
ရိုက် မယ် ၊ နှက် မယ် အထင်ရှိပြီး အစောင့်ချထားတာနဲ့ တူပါတယ် လာသွားကြမယ် ”
ဒီတော့မှ မမြင့်ဦး သည် သူဆွဲထားသော ကျွန်တော့် လက်ကို လွှတ်လိုက်လေသည် ။ ပြီးတော့
စာသင်နှင့် ပုလိပ်များအား ခပ်ရှောင်ရှောင်လုပ်ပြီး လျှောက်သွားသည် ။ ကျွန်တော် က သူ့နောက်က
လိုက်လေရသည် ။
၎င်းနောက် ဘေးချင်းယှဉ်၍ လျှောက် မိကြသောအခါ မမြင့်ဦး က -
“ သတင်းစာထဲမှာ တွေ့လိုက်တယ် ၊ အရှေ့ပိုင်း စတော့ကိတ်ထောင့် မှာ ရှိတဲ့ ရွှေမြို့တော် လက်ဖက်ရည်ဆိုင်ကို လူတွေက ည ၉နာရီ သာသာမှာ ခဲတွေ ပုလင်းတွေနှင့် ပေါက်ကြတယ်တဲ့ ၊ ဘာလို့များ
ဒီလို လုပ်ကြပါလိမ့်မလဲနော် ၊ မြင့် တော့ ဒါမျိုးဟာ မျိုးချစ်လုပ်ငန်း အရေးတော်ပုံလုပ်ငန်း လို့
မထင်ဘူး ”
ကျွန်တော့်မှာ ရုတ်တရက် ဖြေရန် မလွယ် ဖြစ်နေလေသည် ။ အတန်ကြာ စဉ်စားပြီးမှ
“ မှန်ကန်တဲ့ မျိုးချစ်လုပ်ငန်း အရေးတော်ပုံလုပ်ငန်းတော့ မဟုတ်ဘူးပေါ့ ၊ သို့ပေမယ့် လူတွေကို
အရမ်းအပြစ်ဆိုလို့တော့ မဖြစ်ဘူး ၊ အားလုံးက ဆိုင်တွေပိတ်ပြီး ဆန္ဒပြကြတယ် ၊ တစ်ဆိုင်က
မပိတ်ဘဲ ကန့်လန့် လုပ်နေမယ်ဆိုရင် ဒေါသူပုန်ထပြီး လွယ်သလို အစွမ်းပြကြတာ ဖြစ်လိမ့်မယ် ၊
လွန်တာကျွံတာ ဖြစ်လိမ့်မယ် ”
“ ဆိုင်တွေပိတ်ပြီး ဆန္ဒပြကြတာဟာ လူတွေရဲ့ စီးပွားရေး အလုပ်အကိုင်တွေကို မထိခိုက်ဘူးလား ”
“ ထိခိုက်တယ် ၊ သို့ပေမယ့် အဲဒီလို အထိခိုက်ခံပြီး ဆန္ဒပြတယ်ဆိုတော့ ဘယ်လောက် ဆန္ဒ
ပြင်းထန်တယ်ဆိုတာ ပိုပြီး သိသာစေတာပေါ့ မြင့် ရဲ့ ”
ဘတ်စ်ကားပေါ်ရောက်ပြီး ထိုင်မိကြသည်အထိ ကိုယ့်အတွေးနှင့် ကိုယ် ငြိမ်နေကြလေသည် ။ ကားထွက်ပြီး တစ်အောင့်လောက်ကြာသောအခါ ကျွန်တော်က စကားစရှာ၍ ပြောလိုက်သည် ။
“ ဗမာရုပ်ရှင်ရုံတွေလည်း ပြန်ဖွင့်ကုန်ကြပြီ ၊ ပြီးတော့ ကြည့်ချင်ပွဲတွေလည်း ပြန်ကကြပြီ ၊
ပုဇွန်တောင် အိုးဘိုရာမ လည်း ဆက်ကမယ်လို့ ဆိုပဲ ”
မမြင့်ဦး က ' ဟုတ်လား ' ဟူသော ပုစ္ဆာကို အာမေဋိတ်သံဖြင့်ပြောပြီး ငြိမ်နေပြန်လေသည် ။ အတန်ကြာအောင် သူငြိမ်နေသလို ငြိမ်နေပြီးမှ စကားရှာ၍ ပြောရပြန်သည် ။
“ ဗိုလ်အောင်ကျော် ဈာပနနေ့က လူတွေကားတွေ ကြိတ်ကြိတ်တိုးနေတော့ ကိုဘသွင် ဆိုတဲ့
လူတစ်ယောက် ကားနှစ်စင်းကြားမှာ ညပ်သွားတယ်ဆိုတာ ကြားလိုက်တယ် မဟုတ်လား ။ အဲဒီ လူဟာလေ ဆေးရုံကြီးမှာ သေသွားရှာပြီတဲ့ သိလား ”
“ အို ဖြစ်မှဖြစ်ရလေနော် ” ဟု မမြင့်ဦး သည် ကရုဏာသက်ပြီးနောက် ငြိမ်မြဲ ငြိမ်နေပြန်လေသည် ။
ထို့ကြောင့် ကျွန်တော်ကလည်း အလိုက်သိစွာပင် အပြောစခန်းရပ်၍ အတွေးနယ်ချဲ့ရ လေတော့သည် ။ ဗိုလ်အောင်ကျော် ဈာပနနေ့က လူစည်ကားပုံသည် မျက်စိထဲမှာ ရုပ်ရှင်ကားလို ပေါ်
နေသည် ။ စည်ကားလိုက်သည့်လူတွေ စုံလိုက်သည့် အသင်းတွေ ၊ ရသေ့များအသင်း ၊ ဂျော်ကီများ
အသင်းတို့ပင် ပါဝင်လေသေးသည် ။ ၎င်းနောက် ကိုအောင်ကျော် မသေလျှင် ရှေ့သူဘာဖြစ်မလဲဟု
တွေးကြည့်မိပြန်သည် ။ ဟိုလိုဖြစ်မည် သည်လိုဖြစ်မည် ဟိုဟာဖြစ်မည် သည်ဟာဖြစ်မည် စသည်ဖြင့် ထွေပြားဝိုးဝါးစွာ တွေးပြီးနောက် ငါရှေ့ ဘာဖြစ်မလဲဟု ကိုယ့်ကိုယ်ကိုယ် မေးပြီး တစ်သီတစ်တန်းကြီး တွေးကြည့်နေပြန်လေသည် ။ ထိုအခိုက် ဘတ်စ်ကားရှေ့ပိုင်း တစ်နေရာတွင်
ချိတ်ဆွဲထားသော ' မအိုသေးတဲ့သူ အပျိုလေးနဲ့တူ ' ယောဂီသွေးဆေး ကြော်ငြာကားချပ်သို့ မျက်စိရောက်သွားလေသည် ။ ကြော်ငြာတွင်ပါသော မင်းသမီး ခင်ခင်ထား ၏ မျက်လုံးမျက်ခုံးနှင့် ဆံထုံးကြီးကို စိုက်ကြည့်နေစဉ် -
“ ထွန်းကလေး ” ဟု မမြင့်ဦး က ခေါ်လိုက်သဖြင့် သူ့ဘက်လှည့် ကြည့်လိုက်ရလေသည် ။
“ ဘာလဲ မြင့် ”
“ အို - တစ်ခု ပြောချင်လို့ ၊ ခုနေ မြင့် အိမ်ပြန်ရင် ကောင်းမလားလို့ ”
ကျွန်တော်က ရုတ်တရက် မဖြေဘဲ တွေနေစဉ် သူကပင် ဆက်လျက် -
“ မြင့် ကျောင်းတော့ မတက်တော့ဘူး ၊ သပိတ်မှောက်နေတယ် ၊ အင်းလျားမှာနေပြီး စာဖတ်နေလို့လည်း မရဘူး ၊ ပြီးတော့ အဘ က စာရေးလိုက်တယ် ၊ အိမ်ပြန်လာခဲ့တဲ့ ၊ သပိတ်မှောက် မှောက်
မမှောက် မှောက် အိမ်ကိုသာ ပြန်လာခဲ့စေချင်သတဲ့ ၊ ဒီအချိန်မျိုးမှာ သမီးကို ရန်ကုန်မှာ စိတ်ချလက်ချ မထားနိုင်ဘူးတဲ့ ထွန်းကလေး လည်း အသိသားနဲ့ မြင့် တို့က အဖေတစ်ခု သမီးတစ်ခု
ဆိုတော့ ”
ကျွန်တော့်မှာ မမြင့်ဦး က အိမ်ပြန်လိုသည် ဆိုလိုက်သောအခါ ရင်ထဲမှာ ဟာတာတာ ဖြစ်သွားသည် ။ နှမြောသလိုလို ဝမ်းနည်းသလိုလို ဖြစ်သွားသည် ။
“ အင်းလျားမှာ မနေချင်ရင် မြို့မကျောင်းသပိတ်စခန်းကို ပြောင်းနေပါလား မြင့်ရဲ့ ”
“ ဟင့်အင်း မနေချင်ဘူး ၊ ရန်ကုန်မှာ နေချင်း နေရရင် အင်းလျားမှာပဲ နေမှာပေါ့ ”
“ ကိုယ်တော့ မြင့် အိမ်ပြန်တာ မကြိုက်ဘူး ”
“ မြင့်မှာ တိုက်ပွဲထဲ ရှေ့တန်းကဝင်ပြီး သခင်မတစ်ယောက် လုပ်နိုင်တဲ့အခြေအနေ မရှိသေးပါဘူး ”
“ ကိုယ်တော့ မြင့် အိမ်ပြန်မှာကို ကန့်ကွက်ချင်တာပဲ ”
“ ကိုလှရွှေ ရဲ့ ကြေညာချက်ထဲမှာ ပါတယ် ၊ သပိတ်မှောက်ကျောင်းသားများ ကိုယ့်ရပ်ကိုယ့်ရွာ ပြန်နေနိုင်ကြတယ်တဲ့ ။ အဲဒီဟာကို ထွန်းကလေး က သဘော မတူဘူးလား ”
မမြင့်ဦး က သူနိုင်ပေါက်ရသဖြင့် ဝင့်ဝါစွာပြုံးကာ ကျွန်တော့်အား ကြည့်လိုက်သည် ။ ကျွန်တော်သည် အရှုံးပေးသဘောဖြင့် လေးတွဲ့စွာ ခေါင်းတစ်ချက် ညိတ်လိုက်ရပေတော့၏ ။
ဤသို့လျှင် ထိုနေ့အဖို့ ကျွန်တော်တို့နှစ်ယောက် ခွဲခွာကြလေသည် ။
ထိုနေ့က မမြင့်ဦး နှင့် ခွဲခွာခါနီး ကျွန်တော်သည် အရှုံးပေးသော သဘောနှင့် လေးတွဲ့စွာ ခေါင်း
တစ်ချက် ညိတ်လိုက်ရာ နောက်နောင်တွင် ဤပုံ အကြိမ်ကြိမ် ထပ်၍ ညိတ်ရဦးမည်ကို လုံးဝ
ကြိုတင် မစဉ်းစားမိပါချေ ။
ထိုနေ့က တွေ့ဆုံရခြင်းသည် မမြင့်ဦး ရပ်ရွာ မပြန်မီ နောက်ဆုံး တွေ့ရသော အကြိမ် ဖြစ်လိမ့်မည်ဟုလည်း မထင်မိပါလေ ။
◾သိန်းဖေမြင့်
📖 အရှေ့ကနေဝန်းထွက်သည့်ပမာ
koaungnaingoo.blogspot.com
.
No comments:
Post a Comment