Sunday, September 26, 2021

ပီယဝါစာ ကျလိ ကျလိ


 

❝  ပီယဝါစာ ကျလိ ကျလိ ❞

အလို ... ဘာလိုလိုနဲ့ စာကလေးတွေ သားပေါက်ကြတဲ့ ရာသီကိုတောင် ရောက်ပါပေါ့လား ။

သူ့ တိုက်ခန်းလေးထဲမှာ အသိုက်လာဖွဲ့ကြတဲ့ စာကလေးတွေကပဲ သားထိန်း ညံ့ကြတာလား ။  တရုတ်ပြည်ကြီးကို စာတွေက အတုယူပြီး တစ်အိမ်ထောင် စာကလေးတစ်ကောင် စီမံချက် ရှိလေသလား ။  ဘာကြောင့်ရယ် မသိ ။

စာသိုက်ထဲက စာပေါက်စတွေ ဟိုးအမြင့်ကနေ ကြမ်းပြင်ပေါ် ပြုတ်ပြုတ် ကျတတ်တယ် ။ ဘောလုံးပွဲတွေ ကြည့် ၊ ဘောလုံးဂျာနယ်တွေ ဖတ်ကြပြီး ကိုယ့်သားသမီးတွေကို ဘောလုံးအမှတ် နဲ့ ကန်ချနေကြတာတော့ မဟုတ်လောက်ဘူး ။ ဒါမှမဟုတ် အကောင်ပေါက်တွေ အလည်လွန်ပြီး ပြုတ်ကျ ကြတာများလား ။ ဥက ထွက်ခါစ အမွေးအတောင် ကျိုးတိုးကျိုးတဲနဲ့ မျက်လုံးတောင် ကောင်းကောင်း ပွင့်ကြသေးတဲ့ အကောင်တွေ မဟုတ်ဘူး ။

အဲဒီလို အသိုက်ထဲက ပြုတ်ကျတဲ့ စာကလေးတွေကို သူ့အသိုက်ထဲ ပြန်ထည့်ဖို့တော့ မန်းသား မတတ်နိုင်ဘူး ။ ဘာလို့လဲ ဆိုတော့ စာသိုက်က ဘယ်သူမှ လက်လှမ်းမမီနိုင်တဲ့ ဟိုး မျက်နှာကြက်နားက သံတိုင်တွေ အကြားမှာ ရှိနေလို့ပဲ ။

ဒီတော့လည်း အသက်တစ်ချောင်း ကယ်စကောင်းပါတယ်လို့ အောက် မေ့ပြီး ကြမ်းပေါ် ပြုတ်ကျနေတဲ့ စာကလေးကို ရှင်အောင် မွေးမိတယ် ။ ဒီလိုမှ မမွေးရင် ပုရွက်ဆိတ် စားတာ နဲ့ ဒီစာကလေး ခမျာ သေရရှာတော့မယ် ။ တကယ်လို့ ညပိုင်းမှာ ပြုတ်ကျရင်တော့ မန်းသား တစ်ရေးနိုးလို့ ဆီးထအသွားမှာ တွေ့ရင်တွေ့ မတွေ့ရင် ကြွက်စာ မိတော့မှာလေ ။

မန်းသားတို့ တစ်တွေဟာ မိဝေးဖဝေး မိသားစုနဲ့ ဝေးနေကြချိန်ဆိုတော့ ဆက်ရက်လေးတွေ ၊ ချိုးလေးတွေ ၊ ခိုကလေးတွေ ကို အဝေးက လှမ်းကြည့်ပြီး အဖော်ပြုနေရတယ် ဟုတ်လား ။ ဒီတော့လည်း အသိုက်ထဲက ထွက်ကျလို့ ကိုယ့်သားသမီးလို ပြုစုယုယထားတဲ့ စာသားပေါက်လေးတွေကို သံယောဇဉ် တွယ်မိတာပေါ့ ။

ပထမတော့ ထမင်းလုံး တစ်ခြမ်းလောက် ခွံ့ကျွေးတယ် ။ ခဏနေတော့ နောက် တစ်ခြမ်း ။ နှစ်ရက် သုံးရက် နေတော့ ထမင်း တစ်လုံးချင်း ကျွေး ။ ရက်ကလေး အတော်ရတော့ ယင်ကောင်လေးတွေ သားရေပင်နဲ့ ပစ်ဖမ်းပြီး ကျွေး ၊ တစ်ခါတလေလည်း ယပ်တောင်နဲ့ ရိုက် ကျွေး ၊ ဒီလို ကျွေးခဲ့မွေးခဲ့ရတာ ။

လက်ညှိုးပေါ်မှာ စာပေါက်ကလေးကို အရပ်ခိုင်း ၊ နောက်တော့ အနေတော်လောက် တုတ်တဲ့ တုတ်ကလေးတစ်ချောင်းမှာ ဒီအကောင်လေးကို မတ်တတ်အရပ် ခိုင်း ၊ ဒီလိုနဲ့ ခြေထောက်တွေရဲ့ အလုပ်ကို လုပ်တတ်အောင် သူ သင်တယ် ။ နောက်တော့ သူ ရပ်နေတဲ့ တုတ်ကလေးကို အသာလှည့်တော့ စာပေါက်က ခြေမြဲအောင် လေ့ကျင့်ပြီးသား ဖြစ်ရော ။

စာပေါက်ကလေး ခြေမြဲပြီ ဆိုတော့မှ တုတ်ကို ခပ်မြင့်မြင့်ကနေ အောက်ကို တဖြည်းဖြည်း ဆွဲချလိုက်ရင် စာကလေးက သူ့အတောင်ကို ဖြန့်ရမှန်း သိတယ် ။ အရှိန်သတ်ဖို့ သူ ကြိုးစားတာလေ ။ အမွှေးအတောင် နည်းနည်းစုံတော့ လေထဲ မြှောက်ပြီး လက်ခုပ်နဲ့ ပြန်ဖမ်း ၊ တစ်ခါတလေလည်း ပုဆိုးစနဲ့ အောက်က လိုက်ထိုးခံရတယ် ။

မန်းသား တစ်ယောက် တိုက်ခန်းထဲမှာ ဝမ်းနဲ့လည်း မလွယ် ၊ ဒူးလည်း မနာခဲ့တဲ့ သူ့သားနဲ့ အလုပ်ရှုပ် နေတယ် ။ အဲဒီလို အလုပ်ရှုပ်နေမှုကပဲ ပျင်းရိစရာကောင်းတဲ့ နှစ်ကာလတွေကို ပျင်းစရာ မကောင်းအောင် အဖော်ပြုနေကြတယ်ဆိုတာ သူ သတိမထားမိဘူး ။

တစ်တိုက်တည်း အတူနေကြတဲ့ ရှေ့နေ ၊ စလင်းသား ၊ ညောင်လေးပင်သား ၊ သင်္ဘောသား ၊ ကျောင်းဆရာ တို့ကလည်း မန်းသား ရဲ့ စာပေါက်အတွက် ယင်ကောင်တွေ ကူညီပြီး ရိုက်ပေးကြတယ် ။ ဆရာဝန် ကတော့ ယင်ကောင်တွေကို လက်နဲ့ ကိုင်ပြီးရင် လက်ကို စင်စင်ဆေးဖို့ နှိုးဆော်လေ့ ရှိတယ် ။

တစ်ခန်းလုံး ဟိုဟိုဒီဒီ လျှောက်သွားတတ်လို့ တက် မနင်းမိအောင် ဂရုစိုက်ရတဲ့ သူ့စာကလေးကို မန်းသားက “ ကြမ်းပိုး ”  လို့ နာမည်ပေးတယ် ။ စာကလေးကို ကြမ်းပိုး လို့ နာမည်ပေးရမလားဆိုပြီး သူ့ကိုသင်္ဘောသားတို့ ၊ ဆရာဝန်တို့ အပြစ်တင်ကြတယ်လေ ။

ငှက်သတ္တဝါ နဲ့ လူသားပေမဲ့ ငှက်ကလေးတွေကို ချစ်မြတ်နိုးစိတ်ရှိတဲ့ မန်းသား ခမျာ ကြမ်းပိုး ကို သံယောဇဉ် ဖြစ်မိတာ အမှန်ပဲ ။ ကြမ်းပိုးမှ မဟုတ်ဘူး ။ ဟိုးခပ်လှမ်းလှမ်းမှာ မြင်ရတဲ့ ချိုးသိမ်း ၊ ပျံလွှား ၊ ချိုးလည်ပြောက် ၊ သပိတ်လွယ် ၊ ဆက်ရက် ၊ ကျီးကန်း ၊ သာလိကာ လေးတွေလည်း သူ လေ့လာကြည့်နေမိတယ် ။

ကြမ်းပိုး အပျံသင်စမှာ မန်းသား စိတ်ပူရပြန်ရော ။ ကြမ်းပိုး ဟိုအခန်း ဒီအခန်း လည်စပြုလာပြီ ။ ကြမ်းပိုး ရေ လာလာ ဆိုရင် သူ့ကို ခေါ်နေမှန်း သိလာပြီ ။ ခေါ်လို့ သွားရင် ယင်ကောင် ဖြစ်စေ ၊ စားစရာတစ်ခုခု စားရမှန်း သိနေပြီ ။ ကျောင်းဆရာ ဆီကနေ ဆရာဝန် ဆီ ရောက်လို ရောက် ။ စလင်းသား ဆီကနေ ကျောက် မြောင်း ဆီ သွားလို သွား ။ သူ့အတွက် ဘယ်သူကမဆို တံခါးရှိပေမဲ့ တံခါးမရှိသလို ဖြစ်နေတယ် ။ ဒါပေမဲ့ဘယ်သူ့ အခန်းရောက်နေပါစေ သူ့အဖေ မန်းသား က လှမ်းခေါ်လိုက်ရင်တော့ ရောက်ရာ အခန်းကနေ သူ့ဆီ အရောက် ပျံလာတယ်လေ ။ ဒီလိုနဲ့ သံယောဇဉ်ကြိုးတွေ တစ်ရစ်ပြီး တစ်ရစ် တင်းတင်း လာတော့တယ် ။ အခုလို ဟိုအခန်း ဒီအခန်း ကူးသန်းနေတုန်း ကျီးများ ထိုးသွားမှာလား ၊ ချိုးသိမ်းများ ဝင်သုတ်လေမလား ၊ မန်းသားတို့ စိတ်ပူကြတယ် ။

နေပူပူ တစ်နေ့လယ်မှာ ထမင်းလုံး စီသူ စီ ၊ ပုတီး စိပ်သူ စိပ် ၊ ကျောခင်း အညောင်း ဆန့်သူ ဆန့် ၊ တစ်မှေး မှေးသူ မှေး နဲ့အခန်းကိုယ်စီဟာ တိတ်ဆိတ်မှု ကိုယ်စီ နဲ့ ၊ အေးချမ်းငြိမ်သက်နေတယ် ။ သူတို့ တိုက်တန်းလျားလေးဟာ တရားဓမ္မ အားထုတ်နေတဲ့ ကမ္မဋ္ဌာန်းကျောင်းတစ်ကျောင်းနဲ့တောင် တူတယ် ။

အဲဒီလို အေးချမ်းငြိမ်သက်နေတာကို  “  အမယ်လေး ” လို့ လန့်အော်လိုက်တဲ့ အော်သံကြီးက ဖျက်ဆီးပစ်လိုက်တယ် ။ အသံရှင်က ကျောင်းဆရာပဲ ။ တစ်တိုက်လုံး တိတ်ဆိတ်နေကြချိန်မှာ ဆိုတော့ ကျောင်းဆရာရဲ့ အော်သံဟာ လိုအပ်တာထက် ပိုကျယ်သွားသလိုပဲ ။

တစ်ဖက်ကို စောင်းအိပ်နေတဲ့ ကျောင်းဆရာက တစ်ဖက်ကို အစောင်းလိုက် မှာ ကြမ်းပိုး ကို မတော်တဆ ဖိမိသွားတယ် ။ ကြမ်းပိုး ခမျာ အူတွေတောင် ထွက်သွားပြီး သူ့ခန္ဓာကိုယ်လေး ပုံပြောင်းသွားရှာတယ် ။ နေရာတင် ပွဲချင်းပြီးသွားတယ် ။ ကျောင်းဆရာရဲ့ ကိုယ်လုံးကလည်း နည်းတဲ့ ကိုယ်လုံးလား ။ တက္ကသိုလ် မောင်ပြိုင်ပွဲတွေ ဝင်နွှဲလာတဲ့ ကိုယ်လုံး ။

ကျောင်းဆရာက အဖြစ်အပျက်အမှန် ကို ပြောပြပြီး မန်းသား အပါအဝင် အတူနေတွေ အားလုံးကို တောင်းပန်စကား ဆိုတယ် ။ ဒီကိစ္စအတွက် အားလုံး စိတ်မကောင်း ဖြစ်ကြရတယ်လေ ။ မန်းသား အခံစားရဆုံးပေါ့ ။ သားရင်းတစ်ယောက် ဆုံးရှုံးသလို သူ ခံစားရသတဲ့ ။ ညစာတောင် ကောင်းကောင်း မစားနိုင်သလို အိပ်လို့လည်း မပျော်ဘူးတဲ့ ။ တော်ပြီကွာ နောက်ဆိုရင် ဘယ်စာကလေးမှ မမွေးတော့ဘူးလို့လည်း သန္နိဋ္ဌာန် ချလိုက်တယ် ။

°°°°°   °°°°°   °°°°°

စာကလေးတွေ မြက်ခြောက်တွေ ကောက်ရိုးစတွေ နှုတ်သီးနဲ့ ကိုက်ချီပြီး အသိုက်ဆောက်ကြမလို့ ပြင်ဆင်ကြပြန်ပြီ ။ ဟော ပလတ်စတစ် သေးသေးလေးတောင်မှ ချီသွားလိုက်ကြသေး ။ ပတ်ဝန်းကျင်မှာ စွန့်ပစ်ထားတဲ့ ပလတ်စတစ်စတွေလည်း စာသိုက်ငှက်သိုက်တွေထဲ ရောက်ကုန်ပါပေါ့လား ။

စာပေါက်ချိန် ရောက်ရင်တော့ စာသိုက်ထဲကနေ စာပေါက်လေးတွေ ပြုတ်မကျပါစေနဲ့လို့ သူဆုတောင်းမိတယ် ။ မန်းသား ရဲ့ ဆုတောင်း မပြည့်ဘူးလေ ။ ဆုတောင်းတိုင်းသာ ပြည့်မယ်ဆိုရင်လည်း မန်းသား အပါအဝင် သူတို့ အားလုံး ကိုယ့်မိသားစု ရင်ခွင်ထဲ ပြန်ရောက်နေပြီပေါ့ ။

စာပေါက်လေးတွေ ကျမြဲတိုင်း ကျတာပါပဲ ။ တချို့ အသက်ရှင်လျက် ၊ တချို့ မရှင်ကြဘူး ။ မန်းသား သူမမွေးချင်တာနဲ့ သင်္ဘောသား ကို ပေးလိုက်တယ် ။

နောက်တစ်ကောင်လည်း ရှေ့နေ ကို ပေးလိုက်တယ် ။ ဒါပေမဲ့ သူတို့ခမျာ မန်းသား လောက် စာကရိကထ ဘယ်ခံနိုင်မလဲ ။ သောက်ရေ လာဖြည့်သူ ပေးပစ် ၊ ထမင်းလာပို့သူ ပေးပစ်လိုက်ကြတယ် ။

နောက်တစ်ကောင် ထပ်ကျလာတော့ မန်းသား ထန်းရည်းမူး ပြေသွားပြီ ။ ဒီအကောင်ကိုတော့ ဘယ်သူမှ မပေးတော့ဘူး ။ ဒီလိုနဲ့ သူတို့ကြားထဲမှာ “ ရွှေဘကြီး ”  လို့ ခေါ်တဲ့ စာပေါက်တစ်ကောင် ရောက်လာတယ် ။

ကျောင်းဆရာ က သူ့အခန်းထဲ ကျတဲ့အထဲက တစ်ကောင်ကို ပြုစုမွေးမြူသလို ဆင်မလိုက် ကလည်း စာတစ်ကောင် မွေးတယ် ။

ဆင်မလိုက် က သူ့စာကိုထောင်အမှုထမ်း တစ်ယောက်ရဲ့ နာမည် ပေးထားတယ် ။ ( ကာယကံရှင်ကို မရည်ရွယ်ပါဘူး ။ ဆင်မလိုက် ရဲ့ နာမည်ရှင်က အရပ် မြင့်မြင့် ၊ အသား ညိုညို ၊ လက်ဖျံမှာ ဆေးမင်ကြောင် ထိုးထားပြီး မျက်နှာထား ချိုသလောက် စိတ်ရင်း မကောင်းဘူး ။ ထောင်ဝန်ထမ်းချင်းတောင်မှအော့ကြောလန်သူ ဖြစ်ပါတယ် ။ နာမည် လွှဲထားတယ် ။ တိုက်ဆိုင်မှုရှိရင ်ခွင့်လွှတ်ပါ ။ ) ဆင်မလိုက် က သူ့စာကို ခေါ်ရင် ဘယ်သူရေ လာ လာ...ဘယ်ဝါရေ လာ လာ ... လို့ မခေါ်ဘဲ သူ့စာ နာမည်ရဲ့ ရှေ့ ဒါမှမဟုတ် နောက် ကနေ အဆဲလေးထည့်ပြီး ခေါ်လေ့ ရှိပါတယ် ။  “ ဟဲ့ ... ရေ လာလာ ...” နားနဲ့ မနာ ဖဝါးနဲ့ နာကြပါ ။

ဆင်မလိုက် က ဒီလိုသာ နာမ်နှိမ်ပြီး ခေါ်တာ ၊ သူ့စာကို သူ သိပ်ချစ်တယ် ။ မန်းသား ဆီမှာ စာမွေးပုံကို သင်ယူတယ် ။ ဆရာဝန် ဆီမှာ စာတစ်ကောင်အတွက် ဆောင်ရန် ရှောင်ရန် တွေ မေးတယ် ။ ဆရာဝန် က သူ လူတွေ ကုတဲ့ ဆရာဝန် ပါ ။ တိရစ္ဆာန်တွေကို ကုတဲ့ ဆရာဝန် မဟုတ်ပါဘူး ဆိုလည်း မရဘူး ။  “ ဆရာဝန် ကျွန်တော့်စာကလေး ချောင်းဆိုးနေတယ် ”  ဆိုတာမျိုး ။ တကယ်တော့ သူ့စာ ၊ ကြီးထွားစေချင်ဇောနဲ့ အစာတွေ နင်းကန် ခွံ့ ၊ ရေတွေ နင်းကန် တိုက်လို့ ရေသီးတာ ၊ နှာခေါင်းပေါက်ထဲ ရေဝင်တာ ထင်ပါရဲ့ ။

ကျောင်းဆရာ ကတော့ သူ့စာကလေးကို “  မိုက်တူးခဲ ” လို့နာမည် ပေးထားတယ် ။ ပြီးတော့ ကျောင်းဆရာ ဉာဉ်ကလေးက မပျောက်ချင်တော့ မန်းသား ကိုတောင် စာမွေးနည်း ပြန်သင်ပေးနေသေးတယ် ။ အစာတွေ ခဏခဏ မကျွေးနဲ့နော် ၊ မန်းသား ၊ စာ နဲ့ လူ နဲ့ အတူတူပဲ ။ ကျွန်တော်ဆိုရင် မနက် တစ်ခါ ၊ နေ့လယ် တစ်ခါ ၊ ညနေ တစ်ခါ ၊ မိုက်တူးခဲ ကိုကျွေးတာ ၊ လူလိုပေါ့ ။

ရွှေဘကြီး တို့ ၊ “   ... ” တို့ ၊ မိုက်တူးခဲ တို့က ကွယ်လွန်သူ ကြမ်းပိုး လိုပါပဲ ။ သိပ် လည်တယ် ။ အခန်းတကာ လှည့်ပြီး စားသောက်နေကြတာပါပဲ ။ မန်းသား သာ ရွှေဘကြီး ဒုတိယကြမ်းပိုး မဖြစ်ပါစေနဲ့လို့ ဆုတောင်းနေရတာ ။ ဒီကောင်တွေ ခေါ်ရင် လာတယ် ၊ ကျွေးရင် စားတယ် ။ သူတို့ဆီမှာ စာသုံးကောင် မွေးလိုက်တာ ယင်ကောင် အတော် လျော့သွားတယ်လေ ။

ကျောင်းဆရာ က သူ့ မိုက်တူးခဲ ကို ကြမ်းပိုး လို ဖြစ်မှာစိုးလို့ အခန်းတကာ မလည်စေချင်ဘူး ။ ဒါပေမဲ့ မိုက်တူးခဲ က သူ့ အဖေ စကား နားမထောင်ဘူး ။ ယပ်တောင် နဲ့ ယင် ရိုက်သံ ကြားရင် ပြေးလာတာပဲ ။ တစ်ခါတလေ သူ့ပါ ရိုက် မိမှာစိုးလို့ ယင်ရိုက်သူက မိုက်တူးခဲ ကို ရှောင်ရိုက်ရတယ်လေ ။

°°°°°   °°°°°   °°°°°

အတောင်အလက်တွေတဖြည်းဖြည်း စုံလာတဲ့အခါ ငှက်တွေကို အမြဲလိုလို ကြည့်နေတဲ့ မန်းသား က ကျောင်းဆရာ ရဲ့ မိုက်တူးခဲ ဟာ နာမည်ကသာ မိုက်တူးခဲ တကယ်တော့ မယ်တူးခဲ စာမလေး မှန်း သိတယ် ။ ဒါပေမဲ့ အမှန်အတိုင်း ပြောလိုက်ရင်ကျောင်းဆရာ မကြိုက် မှန်း သိလို့ မပြောဘဲ နေလိုက်တယ် ။ ဘဝတူတွေ ဆိုပေမဲ့ မွေးကြတဲ့ စာချင်း အတူတူ သူ့စာကလေး က လိမ္မာတယ် ၊ ငါ့စာကလေး က လူစကား နားလည်တယ်ဆိုတဲ့ မသိမသာ ပြိုင်ဆိုင်မှုလေးတွေ ရှိကြတယ် မဟုတ်လား ။ အထူးသဖြင့် မယ်တူးခဲ ရဲ့ အဖေ က သူ့စာမှ သူ့စာ ဆိုတဲ့ အချိုး မျိုး ခဏခဏ ချိုးတယ် ။

သင်္ဘောသား က တောင် နောက်တစ်ခါ စာကလေး ကောက်ရရင် သူလည်း တစ်ကောင်လောက် မွေးဦးမယ်တ ဖြစ်ကုန်ရော ။

“ စာကလေးက တော်တော် ကျောင်းဆရာက ကဲကဲ ”  ဆိုတဲ့ စကားပုံအသစ် ထွင်ရတော့မှာလား ။ ကျောင်းဆရာ အပြောအဆို အနေအထိုင် မတတ်တာနဲ့ မန်းသား စိတ်အူတွေ ယားလာပြီ ။

“ ခင်ဗျား ၊ ဘယ်သူ့မှ မပြောပါဘူး ဆိုတဲ့ ကတိပေးမှ ကျွန်တော် ပြောမှာ ”

“ ဟာဗျာ မန်းသား ကလည်း ကျွန်တော်က ရှေ့နေ လုပ်ငန်းနဲ့ အသက် မွေးခဲ့သူပါဗျ ”

ရှေ့နေကို ထိပ်တန်းလျှို့ဝှက်ချက် ပြောလိုက်တယ် ။

ရှေ့နေ ကလည်း ဆင်မလိုက် ကို

“ မင်း ဘယ်သူ့မှ မပြောပါဘူး ဆိုတဲ့ ကတိပေးရမှာနော် ။ တကယ်နော် မင်းကို ယုံလိုက် မယ်နော် ”

ဆင်မလိုက် ကလည်း စလင်းသား ၊ စလင်းသား ကလည်း သူ့ဘော်ဒါ သင်္ဘောသား ကို ... ။

ဒီလိုနဲ့ ထိပ်တန်းလျှို့ဝှက်ကြီးဟာ ကျောင်းဆရာ နားကို ပေါက်သွားပါတော့တယ် ။

“ ဘယ်အကောင်လဲကွ ၊ ငါ့ မိုက်တူးခဲ ကို စာထီး မဟုတ်ဘူး ပြောတာ ”

ဒီအသံကြားတော့ အားလုံး ငြိမ်နေကြတယ် ။ ကျောင်းဆရာ နဲ့ဘယ်သူမှ မယှဉ်နိုင်ဘူးလေ ။ မယှဉ်နိုင်တာမှ လက်ရုံးရည်လည်း မယှဉ်နိုင်သလို စကားပြောလည်း မယှဉ်နိုင်ကြဘူး ။

နောက်တစ်ခါ အရင်တစ်ခါလိုပဲ အားလုံးကို ပတ်ပြီး ကြိမ်းပြောပြောပြန်ရော ။ ဒီတစ်ခါလည်း အကျယ်အကျယ် မဖြစ်ချင်ကြတာနဲ့ ငြိမ်နေကြတာပါပဲ ။ စကားလုံးတွေသာ ကွဲတာ ။ အဓိပ္ပါယ် ကတော့ ဒီအဓိပ္ပါယ် ရတဲ့ စကားလုံး ရင့်ရင့်သီးသီးတွေ လာပြန်ရော ။ ဒီတခါကျတော သင်္ဘောသား သည်းမခံနိုင်တော့ဘူး ။ ပြန်အော်ပြန်ပါလေရော ။

“ခင်ဗျား မိုက်တူးခဲ က စာ အမလေးဗျ ။ မယုံရင် လောင်းမလား ”

ဒီလိုနဲ့ မိုက်တူးခဲ က စာအထီး ဆိုတဲ့ အုပ်စု နဲ့ စာအမ ဆိုတဲ့ အုပ်စု နှစ်စု ဖြစ်ကြကုန်ရော ။ ရေချိုးချိန်ကျတော့ သင်္ဘောသား မန်းသား ဆီ အပြေးကလေး ရောက်လာတယ် ။

“ အစ်ကို သေချာတယ်နော် ၊ ကျွန်တော်တော့ မခံချင်လို့ ချဲလင်း ခေါ်လိုက်ပြီ ”

“ ဟာကွာ ညီလေးကလည်း အစ်ကို ငှက်တွေကို ထိုင်ကြည့်နေခဲ့တဲ့ နှစ်တွေ မနည်းတော့ဘူးကွ ”

ဒီလိုနဲ့ ဆေးလိပ် ဆယ်လိပ်ကြေး လောင်းကြေး ထပ်ကြတယ် ။ တချို့ကလည်း လောင်းတာ နောက်ထား ၊ မိုက်တူးခဲ ဟာ အထီးလား အမလား ဘယ်လို သက်သေပြမလဲ တဲ့ ။ အဲဒီမှာ နောက်ဆုံး ဘယ်လိုမှ ရှောင်လွှဲလို့ မရတဲ့အဆုံး မန်းသား က ဝင်ပြီး ခေါင်းခံလိုက်တယ် ။

“ ကျွန်တော် သက်သေပြပါမယ် ”

သူတို့ မျက်စိအောက် မှာတင်ပဲ ရွှေဘကြီး တို့ ၊ “  ...” တို့ ၊ မိုက်တူးခဲ တို့ တစ်သွေးတစ်မွေး ဖြစ်လာကြတော့တယ် ။

တကယ်လည်း မန်းသား က ငှက်ကျွမ်းကျင်သူပဲ ။ သံဆူးကြိုးပေါ်မှာ စာကလေးတွေ အုပ်စုဖွဲ့ပြီး နားနေကြရင် ဘယ်ဟာ မိုက်တူးခဲ ၊ ဘယ် အကောင်က ဆင်မလိုက် ဆဲ ဆဲနေတဲ့ အကောင် ၊ သူ့ ရွှေဘကြီး က သံဆူးကြိုး အောက်ဆုံးတန်း ညာဘက်က ရေရင် တတိယအကောင် ဒီလို ခွဲခြားသိတယ် ။

ကျောင်းဆရာ မကျေနပ်တာ အဲဒါတွေလည်း ပါတယ် ။ မိုက်တူးခဲ ကို သူ မွေးပေမဲ့ အုပ်လိုက် အစာဆင်းကောက်တဲ့ အခါ မပြောနဲ့ ၊ သံဆူးကြိုးပေါ် အုပ်ဖွဲ့ နားနေရင်တောင် သူ့ မိုက်တူးခဲ က ဟိုအကောင်လိုလို ဒီအကောင်လိုလို ဖြစ်နေရှာတာ ။

မန်းသား ပြောတာ မယုံလို့ ဆရာဝန် က မိုက်တူးခဲ ရေ လို့ လှမ်းခေါ်လိုက်တယ် ။ ဟုတ်တယ် ကျောင်းဆရာ ရဲ့ မိုက်တူးခဲ ဆရာဝန့်အခန်းဝ ရောက်လာတယ် ။ လူအများက မန်းသား ရဲ့မှတ်မိပုံကို အံ့ဩကြလေ ၊ ကျောင်းဆရာ စိတ်ထဲ စနိုးစနောင့် ဖြစ်လေပဲ ။ ဒါပေမဲ့ မန်းသား ရယ် ငါ့ကို စာကလေး ဘယ်လို မှတ်ရသလဲ ၊ သင်ပေးစမ်းပါကွာလို့ဘယ်တော့မှ မပြောမှာ သေချာတယ် ။

နောက်ဆုံးတော့ ကျောင်းဆရာ မလုပ်သင့်တာ လုပ်တော့တာပဲ ။ မိုက်တူးခဲ ရဲ့ ခြေထောက် နှစ်ဖက် မှာ အမှတ်အသားဖြစ်အောင် သိုးမွေးချည် အနီရောင်လေး ချည်တော့တယ်လေ ။ တစ်ဖက်လည်း မဟုတ်ဘူး ။ ခြေထောက် နှစ်ဘက်စလုံးကို ချည်တာ ။ ဒီလို မလုပ်ဖို့ အားလုံးက ဝိုင်းပြီး တားကြတာပဲ ။ မရဘူး ။ သူ့ခမျာ တစ်ခုခုနဲ့ ငြိနေရင်အလွယ်တကူ ပျံမရ ပြုမရ ဖြစ်နေပါလိမ့်မယ် ဆိုတာလည်း မရဘူး ။ အဲဒီလို ငြိနေတုန်း ချိုးသိမ်း သုတ်သွားလိမ့်မယ် ပြောလည်း မရဘူး ။ ခြေထောက်တစ်ဖက် တော်ရောပေါ့ ဆိုတော့ ကျောင်းဆရာက သူ မျက်စိမှုန်သတဲ့ ၊ နှစ်ဖက် ချီထားတာတောင် သိပ် သဲကွဲတာ မဟုတ်ဘူးတဲ့ ။ ဒါ ဗြောင်လိမ်တာ ၊ သူ့မျက်စိ ဒီလောက် မဆိုးသေးမှန်း အားလုံး သိကြတယ် ။

မိုက်တူးခဲ လား မယ်တူးခဲ လား အငြင်းခုံတွေက တဖြည်းဖြည် ။ အရှိန် မြင့်လာတယ် ။ ဆင်မလိုက် တို့ ၊ ရှေ့နေ တို့ က အပျော်အပျက်ဝေလေလေ လုပ်ကြတာ ။ ဆရာဝန် တို့ ၊ စလင်းသား တို့ ၊ ကျောက်မြောင်း တို့က အတည်ပေါက် ။ ဆေးလိပ်တန်ကြေး ထက် ၊ ဂုဏ်သိက္ခာ အရ ဒီကိစ္စ အရေးကြီးတယ်လို့ ထင်တယ် ။ ပြီးတော့ ကျောင်းဆရာရဲ့ အိမ်က လာဖို့ရက်က နီးနေပြီ ။ ဆေးလိပ် ကြိုက်သူတွေ အတွက် ဒီ လောင်းကြေးလည်း အထိုက်အလျောက် အရေးကြီးတယ်လေ ။ လောင်းကြေးက ဆေးလိပ် ဆယ်လိပ်ကနေ ဆယ့်ငါးလိပ်အထိ မြင့်လာပြီ ။ နောက်ထပ်လည်း မြင့်လာနိုင်သေးတယ် ။

“ မန်းသား ဟေ့လူ ၊ ခင်ဗျား သက်သေပြမယ် ဆို ၊ ဆေးလိပ် သောက်ချင်လှပြီဗျ ”

ဒီလို အော်တာ အထိ ဘယ်လိုမှ မခံစားကြရသေးဘူး ။ မန်းသား က ပြန်အော်လိုက်တဲ့ စကားကမှ တစ်ဖက်လူတွေ မခံချိ မခံသာ ဖြစ်ကုန်ကြတာ ။

“ ခေတ္တ သည်းခံကြပါ ၊ ပရိသတ်ကြီး ခင်ဗျား ၊ မကြာခင် ပြပါတော့မယ် ။ စပါတော့မယ် ။ ရုံပြည့်ရုံလျှံ ကြွရောက်အားပေးတဲ့အတွက် ကျေးဇူးဥပကာရ အထူးတင်ရှိပါတယ် ။ ဆေးလိပ် ကတော့ ကျောင်းဆရာအိမ်က လာတော့မှ ရမှာပါ ”

ကျောင်းဆရာရဲ့ အရှိုက်ကို တိုက်ရိုက် မှန်တော့တာပဲ ။ မိုက်တူးကြီး ကို လူအများက စောင့်ကြည့်ခံရတာတော့ ကျောင်းဆရာ ပီတိ ဖြစ်တယ် ။ ဒါပေမဲ့ မန်းသား ရဲ့ စကားလုံးတွေကတော့ စပ်ဖျဉ်းဖျဉ်း ဖြစ်စေတယ်လေ ။

ရွှေဘကြီး တို့ တစ်နေ့ထက် တစ်နေ့ ကြီးကောင် ဝင်လာပြီ ။

အတောင်စကြာ ဖြန့်စ ပြုပြီ ။ မျက်စိအောက်တင် မနေကြတော့ဘူး ။ မိုက်တူးခဲ သူ့အတောင် သူ့အမွေးတွေကို နှုတ်သီးနဲ့ ဆိတ်ဆွ သနေပြီ ။

ကြည့်ဖန်များတော့ စလင်းသား တို့ ၊ ရှေ့နေ တို့ ၊ ကျောက် မြောင်းသား တို့လည်း စာအုပ်ထဲ စာတွေကို ခွဲခြားတတ်လာတယ် ။

“ ဗျိုး ဆင်မလိုက် ခင်ဗျား ' ... ' ရှိရဲ့လား ”

“ ရွှေဘကြီး အခုထိ ပြန်မလာသေးဘူး ”

ကိုယ့် သားသမီး အိမ်ပြန်ချိန်တိုင်လို့ ပြန်မရောက်ရင် မိဘတွေက ပူပင်သလိုမျိုး ။

“ မိုက်တူးခဲ ရော ရောက်ပြီလား ”

သူတို့ အကောင်တွေ ပြန်ရောက်ပြီလို့ ပြန်အော်သံ ကြားရရင် မန်းသား ပို စိတ်ပူမိတယ် ။ ဒီလို အချိန်မျိုးမှာ “  ... ” တို့ ၊ “ မိုက်တူးခဲ ” တို့ကို သူတို့အဖေက အမွေးအတောင်တွေ ပွတ်သပ် ပေးနေလိမ့်မယ် ။ ရွှေဘကြီး အိပ်တန်းပြန် နောက်ကျရင် “ တော်ပြီကွာ နောက်တော့ ဘယ်စာမှ မမွေးတော့ဘူး ” လို့ ဆိုတဲ့ စိတ်မျိုး ဝင်မိတာပဲ ။ သဗ္ဗေသတ္တာကမ္မဿကာလို့အောက် မေ့ရတာလည်းခဏခဏ ။ ကမ္မဿကာ က သတ်သတ် စိတ်ပူရတာ က သတ်သတ်ပဲ ။

“ ရွှေဘကြီး ပြန်လာပြီဟေ့ ၊ မင်း ထောင်ပိုင်ကြီး အိမ်ပေါ်က စာမတွေဆီ သွားနေတာ မဟုတ်လား ၊ ငါတို့က လူတန်းစား မခွဲတတ်ပါဘူး ။ နူနူရွဲရွဲ ၊ မင်းတို့ချင်း တကယ်ချစ်ရင် ပေးစားမှာပေါ့  ”  ဆိုတဲ့ အသံတွေမှာ မန်းသား ဘယ်လောက် ဝမ်းမြောက်နေတယ်ဆိုတာ အထင်းသား မြင်နေရတယ် ။

“ ... ” တို့ ၊ “  မိုက်တူးခဲ ”  တို့ တခြား စာကလေးတွေ နဲ့ ဘာသာ ဘာဝ ပီယဝါစာ ကျလိ ကျလိ လုပ်နေတာ ကြည့်ပြီး မြင်ရသူတွေ ပျော်စေတယ် ။ ဒီအကောင်တွေ စာလား အတော် မြောက်နေကြပြီ ။ ချိုးသိမ်း ရန် ၊ ကျီးကန်း ရန် ကြောက်ရတဲ့ အရွယ် လွန်မြောက်ခဲ့ပြီ ။ လောက်လေး ရန် ၊ ဘတ်ခွ ရန်ပဲ ကျန်တော့တယ် ။

အဲဒီနေ့က နေ့လယ် နေ့ခင် းခါတိုင်းလို တစ်မှေး မှေးသူ မှေး ၊ အိမ်က လာမယ့်ရက် လက်ရေချိုးသူ ချိုးနဲ့ပေါ့ ။ ကျောင်းဆရာ အိပ်ပျော်ခါနီး သူ့ ကျောပြင်ကြီး နဲ့ ဖိမိတဲ့ ကြမ်းပိုးလေးကို သတိရမိတယ် ။ အခုထိ အသက်ရှင်လျက် ရှိသေးရင် ကြမ်းပိုး အရွယ်အတော်ရောက်ရောပေါ့လို့ တွေးရင်း မှေးခနဲ ပျော်သွားတယ် ။

ဒီ့ပြင်အခန်းတွေက ဆူဆူညံညံ အသံတွေ ကြားတာနဲ့ ကျောင်းဆရာ ဆတ်ခနဲ လန့်နိုးတယ် ။

“ ဟိုမှာ ဟိုမှာ မိုက်တူးခဲ ”

စလင်းသား အသံလား ၊ ရှေ့နေ ရဲ့ အသံလား ၊ ဒီ့ပြင်လူတွေ ရဲ့ အသံတွေလည်း ကြားလိုက်ရတယ် ။ ဘာလဲ ချိုးသိမ်း ကုပ်သွားတာလား ။ ကျောင်းဆရာ သူ့ မိုက်တူးခဲ ကို မြင်လိုက်တော့ မျက်လုံးတွေ ပြာဝေသွားတာပဲ ။

°°°°°   °°°°°   °°°°°

ကျောင်းဆရာရဲ့ မျက်စိနဲ့ အပ်ချ မတ်ချကို မြင်လိုက်ရတာ ။ ပြီးတော့ မိုက်တူးခဲ မျက်စိပျက် မျက်နှာပျက်နဲ့ ထပျံသွားတာလည်း သင်္ဘောသား တို့ ၊ ဆရာဝန် တို့ ၊ ကျောက် မြောင်း တို့ မြင်လိုက်ရတယ် ။ မိုက်တူးခဲ က အခန်းထဲ ပြေးဝင်ပြီး ကျောင်းဆရာရဲ့ ပခုံးပေါ်  ခါတိုင်းလို မနားရဲဘူး ။ သံတံခါးပေါ်မှာ နားပြီး ရင်တွေ ခုန်နေသေးတယ် ။

သားအဖချင်းပဲ တစ်ယောက် မျက်နှာ တစ်ယောက်ကြည့်တာနဲ့ သိတယ် ။

မင်း မှားခဲ့ပြီ မဟုတ်လား မိုက်တူးခဲ ။

ရွှေဘကြီး လည်း မဟုတ်ဘူး ၊ “  ... ” လည်း မဟုတ်ဘူး ။ ဘယ်က စာလေ စာလွင့် မှန်း မသိဘူး ။ ညိုညိုတုတ်တုတ် အကောင်ကြီး မိုက်တူးခဲ ရဲ့ အတောင်တွေ ညောင်းနေမှန် သိလို့ တက်နင်းပေးပြီး အပူထုတ်သွားတာ ။

ကျောင်းဆရာရဲ ့မိသားစု လာတော့ မန်းသား ဆေးလိပ် ဆယ့်ငါးလိပ် ရတယ် ။ ဒါပေမဲ့ မန်းသား က ဆေးလိပ်မှ မသောက်တာ ၊ အားလုံး ပြန်ဝေလိုက်တယ် ။ သူ့မှာ “  ကဲ ငါပြောတာ မမှန်လား ” ဆိုတဲ့ ဆေးလိပ် ထက် အရသာရှိတဲ့ ပီတိတွေ ရလိုက်ပြီလေ ။

◾ညီပုလေး

📖 ရနံ့သစ် မဂ္ဂဇင်း

koaungnaingoo.blogspot.com

.

No comments:

Post a Comment