မြင်းရွှေဝါ
( ပုံပြင် )
ဟို ရှေးရှေးတုန်း က ရဋ္ဌပူရ ဆိုတဲ့ ပြည်ကြီး မှာ ကြွယ်ဝချမ်းသာ တဲ့ သူဌေးကြီး တစ်ဦး ရှိခဲ့တယ် ။ ဒီ သူကြွယ်ကြီး မှာ မြင်း ကို အင်မတန် ချစ်ခင်တတ်တဲ့ ဝါသနာ ရှိသတဲ့ ။ အဲဒါကြောင့် အင်မတန် လှပပြီး အပြေး မြန်လှတဲ့ မြင်းတွေ ကို အဖိုးကြီး ပေးပြီး ဝယ်ယူ မွေးမြူထားလေ့ရှိ တယ်တဲ့ ။
သူကြွယ်ကြီး မှာ အဖြူရောင် ၊ အညိုရောင် ၊ အုန်းခွံရောင် အစရှိတဲ့ မြင်းတွေ လည်း ရှိ တယ် ။ အရပ်ပုပု ရော ၊ မြင့်မြင့် ပါ မကျန် အရွယ် အမျိုးမျိုး လည်း ရှိသတဲ့ ။ သူကြွယ်ကြီး ဟာ မိုး လင်းရင် မျက်နှာ အရင် မသစ်နိုင်ဘဲ သူ့ မြင်းတွေ မှ အစုံအစေ့ ရှိရဲ့လား လို့ မြင်းတင်းကုပ် ကို အပြေးအလွှား သွား ကြည့်လေ့ ရှိတယ် ။ မိုးတွင်း အခါ ဆောင်းတွင်း အခါ များ လည်း သူ့ မြင်းတွေ ချမ်းမှာ စိုးလို့ ဆိုပြီး ကတ္တီပါစောင်တွေ တောင် ခြုံပေးလေ့ ရှိသတဲ့ကွယ် ။
တစ်နေ့ မှာ တော့ သူကြွယ်ကြီး ပြတင်းပေါက် မှာ ရပ်နေခိုက် လူရွယ်ကလေး တစ်ဦး အင်မတန် လှတဲ့ ရွှေဝါရောင် မြင်းကြီး စီးသွားတာ မြင် လိုက်တာကိုး ။ သူကြွယ်ကြီး ဟာ သိပ် သဘောကျ နှစ်ခြိုက်တဲ့ အတွက် လိုချင်စိတ်တွေ တဖွားဖွား ပေါ်လာတယ် ။
သူကြွယ်ကြီး မြင်လိုက်ရတဲ့ ရွှေဝါရောင်မြင်းကြီး က တော့ မြို့စွန် မှာ နေတဲ့ ဆင်းရဲသား မောင်နန္ဒ ရဲ့ မြင်းပဲကွယ့် ။ မောင်နန္ဒ ကိုယ်တိုင် စီးလာတာ ကို သူကြွယ်ကြီး မြင် လိုက်ရတာ ပဲ ။ မောင်နန္ဒ ရဲ့ မြင်းကြီး ဟာ အရောင် တဖိတ်ဖိတ် တောက် နေတဲ့ ရွှေဝါရောင် အမွေးတွေ ကြောင့် အင်မတန် ကြည့်လို့ လှသတဲ့ ။ အဖြူ နဲ့ ရွှေရောင်ကွက်ပြီး နှာကျား နေတာ က လည်း သိပ် ကြည့် လို့ ကောင်းဆိုပဲ ။ ဒါတင် မကသေးဘဲ ခပ်မြန်မြန် စီးသွားတဲ့ အခါ မှာ လည်း အပြေးမြန် လွန်းလို့ ပျံနေတယ် တောင် ထင်ရ သတဲ့ ။ အဲဒါကြောင့် မောင်နန္ဒ ရဲ့ မြင်းကြီး ကို “ ရွှေမြင်းပျံ ” လို့ တောင် အချို့က ခေါ်ကြတယ်တဲ့ ။
အဲဒီလို လှပတဲ့ မြင်းကြီး ကို သူကြွယ်ကြီး မြင်ရတဲ့ အခါမှာ မနေနိုင် မထိုင်နိုင် အောင် လိုချင် စိတ်တွေ ပေါ်လာတော့တာပေါ့ကွယ် ။ ဒါကြောင့် “ ဒီ မြင်းကြီး ကို ငါ ရအောင် ယူမယ် ” လို့ ဆုံးဖြတ်လိုက်တယ် ။
သူကြွယ်ကြီး ဟာ ချက်ချင်းပဲ တပည့် တစ်ယောက် ကိုခေါ်ပြီး မောင်နန္ဒ ရဲ့ “ မြင်းရွှေဝါ ” ကို အဝယ် ခိုင်းလိုက်တယ် ။ သူကြွယ်ကြီး စေလွှတ် လိုက်တဲ့ တပည့် ဟာ မောင်နန္ဒ ထံ သွားပြီး ..
“ မြင်းရွှေဝါ ကို ရောင်းပါ ” လို့ ဝယ်တဲ့ အခါ ...
“ ကျွန်တော် ငယ်ငယ်ထဲ က အဖိုး အမွေ ပေးခဲ့တဲ့ မြင်း မို့ “ ရွှေဝါ ” ကို ကျွန်တော် မရောင်းပါဘူး ” လို့ မောင်နန္ဒ က ပြန် ပြော လိုက်တယ် ။
အဲဒီ အခါမှာ သူကြွယ်ကြီး ရဲ့ တပည့် ဟာ လည်း ပြန် သွားပြီး သူကြွယ်ကြီး ကို အကျိုးအကြောင်း ပြောပြရှာတယ် ။
ဒါပေမယ့် သူကြွယ်ကြီး ဟာ အဖြူရောင်နှာကျား နဲ့ ရွှေဝါရောင် မြင်းကြီး ကို မျက်စိ ထဲ မှာ မြင်ယောင် နေပြီး ...
“ ငါ တော့ ဒီ မြင်းကြီး ကို မရရင် မနေနိုင်ဘူး ၊ အသပြာတစ်ရာ လည်း ပေးမယ် ၊ မြင်း တစ်ကောင် လည်း ပေးဦးမယ် လို့ ပြောပါ ” လို့ ဆိုပြီး ဒုတိယအကြိမ် သူ့ တပည့် ကို စေလွှတ်ပြီး “ မြင်းရွှေဝါ ” ကို အဝယ် ခိုင်းပြန်တယ် ။
“ မောင်နန္ဒ ၊ မင်း ကို အသပြာ တစ်ရာ ပေးတဲ့ အပြင် မြင်း တစ်ကောင် လည်း အလိုက် ပေးပါဦးမယ် ၊ မင်း ရဲ့ မြင်း ကို ရောင်းပါ ” လို့ ပြောပြန်တယ် ။
မောင်နန္ဒ လည်း သူ အင်မတန် ချစ်တဲ့ မြင်းကြီး ဖြစ်လေတော့ ...
“ ကျွန်တော် မြင်းကြီး ကို ရောင်းဖို့ စိတ်မကူးပါဘူး ” လို့ ပြန် ပြောလိုက်ပြန်တယ် ။
ဒါပေမယ့် သူကြွယ်ကြီး က တော့ စိတ် မလျှော့သေးဘဲ “ ရွှေဒင်္ဂါး တစ်ထောင် ပေးပါ့ မယ် ” ဆိုပြီး တတိယ အကြိမ် ဝယ်ခိုင်းပြန်တာကို ။
ဒီတော့ မောင်နန္ဒ လည်း ဒီ မြင်းကြီး ကို ညီလေး လို သံယောဇဉ် ဖြစ်နေပါတယ် ၊ ကျွန်တော့် အသံ ၊ ကျွန်တော့် ခြေသံတွေ ကို တောင် သူ ကောင်းကောင်း သိ နေပါတယ် ၊ ဒါကြောင့် ရွှေဒင်္ဂါး တစ်သောင်း ပေးတာတောင် မရောင်းနိုင်ပါဘူး ” လို့ ပြန် ပြောလိုက်ပြန်တယ် ။
ဒီ တစ်ခါ မှာ တော့ သူကြွယ်ကြီး ဟာ အင်မတန် စိတ်ဆိုးသွား သတဲ့ ။ “ ဒီလောက် တောင် မရောင်းချင်လှတဲ့ မြင်းရွှေဝါ တစ်နေ့ ငါ့ လက်ထဲ ရောက်ရမှာပေါ့ကွာ ” လို့ ကြိမ်းဝါးလိုက် သတဲ့ ။
သူကြွယ်ကြီး ဟာ “ မြင်းရွှေဝါ ” ကို လိုချင်တဲ့ ရမ္မက် အားကြီးလွန်းတဲ့ အတွက် “ မြင်း ရွှေဝါ ၊ ဘယ်လိုရအောင် ယူရပါ့မလဲ ” လို့ အကြံထုတ် စိတ်ကူးတော့တာပါပဲကွယ် ။
မောင်နန္ဒ မြင်း ယရွှေဝါ စီးပြီး မြို့ကို လာလိမ့်မယ် ဆိုတာ သိရတဲ့ နေ့ မှာ တော့ သူကြွယ်ကြီး ဟာ နှုတ်ခမ်းမွေး အတု ကို တပ် ၊ ခေါင်းပေါင်းကြီး ကို ပေါင်း ၊ ဟောင်းနွမ်းတဲ့ အဝတ် ကို ဝတ်ပြီး တောစပ် ဘက် ကို ထွက်သွားတော့တာပါပဲကွယ် ။
မောင်နန္ဒ မြို့ ကို အလာ အမှန်တကယ် ဖြတ်သန်း သွားမယ့် တောလမ်းခရီး ကို ရောက် တဲ့ အခါမှာတော့ ဖျားနာ နေတဲ့ ခရီးသည် အသွင် နဲ့ တောလမ်းဘေး မှာ လှဲအိပ် နေလိုက် သတဲ့ ။
မကြာမီမှာ ပဲ မောင်နန္ဒ ဟာ “ မြင်းရွှေဝါ ” ကို စီးပြီး တောလမ်း အတိုင်း လာပါလေရော ကွယ် ။ လမ်းဘေး မှာ လဲ နေတဲ့ ခရီးသည် တစ်ဦး ကို တွေ့တော့တာပေါ့ ။
မောင်နန္ဒ ဟာ ဆင်းရဲနွမ်းပါးတဲ့ ခရီးသည် တစ်ဦး နေမကောင်းလို့ လမ်းဘေး မှာ ခရီး သွား ရင်း လဲနေတယ် ပဲ ထင်မှတ်မိတယ် ။ ဒါကြောင့် အကူအညီ ပေးဦးမှပဲလေ ဆိုပြီး မြင်း ပေါ် က ဆင်း ပြီးတဲ့ နောက် ပါလာတဲ့ ရေ ကို တိုက်ရှာတယ် ။
အဲဒီ နောက်မှာတော့ ခရီးသည် ကို ပွေ့ချီပြီး သူ့ မြင်း ပေါ်ကို တင် လိုက်တယ် ။ ခု ချိန်ထိ သူကြွယ်ကြီး ဟာ စကား တစ်ခွန်း မှ မပြောသေးဘဲ ဖျားနေတဲ့ အသွင် နဲ့ ပဲနေသတဲ့ ။
မောင်နန္ဒ ဟာ ဖျား နေတဲ့ ခရီးသည် ကို သူ့ “ မြင်းရွှေဝါ ” ပေါ် မှာ တင်ပြီး လက် တစ်ဖက် က မြင်း ကို ဆွဲ ၊ တစ်ဖက် က ခရီးသည် ကို ထိန်း ကိုင်ပြီး ခရီး ဆက်ခဲ့ သတဲ့ ။
အတော် ဝေးဝေး သွားမိတဲ့ အခါမှာတော့ ...
“ မောင်ရင် ကူညီတဲ့ အတွက် ကျေးဇူး တင်ပါတယ် ၊ အခု နေသာ သွားပါပြီ ၊ မောင် ရင် ကျူပ် ကို ထိန်းကိုင် ပေးဖို့ မလိုတော့ပါဘူး ” လို့ ခရီးသည် က ပြောတယ် ။
ဒီတော့ မောင်နန္ဒ က လည်း သဘောရိုး နဲ့ ပြောတယ် ထင်မှတ်ပြီး သူ့ လက် ကို ကိုင်ထား ရာ က လွှတ် လိုက်တယ် ။ ဒါပေမယ့် မမျှော်လင့်တဲ့ အဖြစ်အပျက် တစ်ခု ဟာ ချက်ချင်း ဖြစ်ပေါ် လာတယ် ။
ဒါကတော့ ဘာလဲ ဆိုရင် မောင်နန္ဒ လက် လွှတ်လိုက်တာ နဲ့ တစ်ပြိုင်နက် ခရီးသည် ဟာ မောင်နန္ဒ ရဲ့မျက်နှာ ကို လက်သီး နဲ့ တအားကုန် ထိုးလိုက်တာပဲကွယ့် ။ တစ်ချက်တည်း နဲ့ အားမရနိုင်ဘဲ မောင်နန္ဒ မလဲမချင်း ဆင့်ကဲဆင့်ကဲ လက်သီး နဲ့ ထိုးပြီး မောင်နန္ဒ လဲအကျ မှာ မှ မြင်းရွှေဝါ စီးပြီး ထွက်ပြေး သွား သတဲ့ ။
မောင်နန္ဒ ဟာ နာကျင်ရက် နဲ့လဲရာ က လူးလဲ ထပြီး“ ရွှေဝါရွှေဝါ ” လို့ လှမ်း ခေါ်လိုက် တယ် ။ အင်မတန် လိမ္မာတဲ့ မြင်းကြီး ဟာ မောင်နန္ဒ အသံ ကြားတယ် ဆိုရင်ပဲ ချက်ချင်း ပြန် လှည့် လာသတဲ့ကွယ် ။
ဒါပေမယ့် ခရီးသည် ဟာ မြင်းကြီး ကို မောင်နန္ဒ ဆီ ပြန် မသွားရအောင် အတင်းဆွဲ ထားတယ် ။ မြင်းလိမ္မာကြီး ကတော့ မောင်နန္ဒ ဆီ ကို ပဲ အတင်း ပြန်လာရှာတယ် ။ ဒီတော့မှ “ ခရီး သည် ဟာ သူကြွယ်ကြီး ဖြစ်ရမယ် ” ဆိုတာ မောင်နန္ဒ ရိပ်မိတယ် ။
ဒါကြောင့် “ ခင်ဗျား အကြံ က လည်း ယုတ်မာလှပါလား ” လို့ မေးလိုက်တယ် ။ “ ခင်ဗျား ဟာ ကြွယ်ဝ ချမ်းသာတယ် ၊ တန်ခိုးဩဇာ လည်း ရှိတယ် ၊ ကျွန်တော် ကတော့ ဆင်းရဲသား တစ်ဦး ပါ ၊ ဒါကြောင့် ယှဉ်ပြိုင်လို့တော့ မရပေဘူးပေါ့ ။ အခု တစ်ကြိမ် မှာ ကျွန်တော် အင်မတန် ချစ်တဲ့ မြင်းကြီး ကို ပြန်ခေါ် ထားနိုင်ပေမယ့် နောက် တစ်ကြိမ် ဒီ မြင်းရွှေဝါ ကို ရဖို့ ခင်ဗျား ဒီထက် ဆိုးဝါး ယုတ်မာတဲ့ အကြံ ကို ကြံပြီး ရအောင် ယူဦးမှာပဲ ” လို့ စက်ဆုပ်တဲ့ အမူအရာ နဲ့ မောင်နန္ဒ က ပြော လိုက်တယ် ။
သူကြွယ်ကြီး ဟာ သူ့ အကြံ မအောင်လေတော့ အံကြိတ်ပြီး မောင်နန္ဒ ကို စိုက်ကြည့် နေတယ် ။
မောင်နန္ဒ က ဆက်ပြီး “ ဒီတော့ ခင်ဗျား ကတိ တစ်ခု ပေးမယ် ဆိုရင် ဟောဒီ မြင်းရွှေဝါ ကို ပေးလိုက်မယ် ” လို့ မြင်းရွှေဝါ ကို ယုယုယယ ပွတ်သပ်ရင်း ပြောလိုက်တယ် ။
သူကြွယ်ကြီး ဟာ မြင်းရွှေဝါ ရမယ် ဆိုတာလည်း ကြားရော ...
“ ဘာ ကတိ ပေးရမှာလဲ ” လို့ အားရဝမ်းသာ မေး လိုက်တယ် ။
“ မြင်းရွှေဝါ ကို ခင်ဗျား ဘယ်လို ရအောင် ယူခဲ့ရတယ် ဆိုတာ ဘယ်သူ့ မှ မပြောပါဘူး ဆိုတဲ့ ကတိပဲ ” လို့ မောင်နန္ဒ က လေးလေးနက်နက် ပြောလိုက် သတဲ့ ။
သူကြွယ်ကြီး ဟာ စိတ်ဆိုးလွန်း လို့ မျက်နှာ တစ်ခုလုံး နီရဲသွားပြီး “ အောင်မာ ၊ ဘာ ဖြစ်လို့ ဒီလို မြင်းကြီး ဘယ်လို ရလာတယ် ဆိုတာ ငါ က မပြောရမှာလဲ ” လို့ အော်ပြောလိုက် သတဲ့ ။
“ အို ... ဘယ်သူ့ ကို မှ မပြောရဘူး ” လို့ မောင်နန္ဒ ကလည်း ပြန် အော်ပြီး ပြောလိုက်ပြန်တာပေါ့ ။
“ ခင်ဗျား ကို ကျုပ် တွေ့ရတာ တောလမ်းဘေး က ဖျား နေတဲ့ ခရီးသည် အနေနဲ့ တွေ့ခဲ့ ရတာ ၊ ပြီးတော့ ခင်ဗျား ကို ရေ တိုက်ပြီး မြင်း ပေါ် မှာ တင်ပြီး ခေါ်ခဲ့တယ် ။ အဲဒီလို ကူညီခဲ့တဲ့ သူ ကို ခင်ဗျား ထိုးပုတ်ပြီး မြင်း ကို လုယူခဲ့တယ် မဟုတ်လား ၊ အဲဒီ အကြောင်းတွေ ကို သာ လူအများ သိ ကုန်ရင် တောလမ်းဘေး မှာ ဖျားနာ လို့ ဒုက္ခဆင်းရဲ ရောက်နေတဲ့ ခရီးသည်တွေ ကို ကူညီ ရဲ ကြတော့မှာ မဟုတ်ဘူး ၊ ဖျားနာ ပြီး ဒုက္ခ ရောက် နေတဲ့ ခရီးသည်တွေ ကို ခင်ဗျား လိုပဲ လူဆိုး သူဆိုး သူယုတ်မာ လို့ ထင်ကြတော့မှာပေါ့ ။ ဒီတော့ ရိုးရိုးတန်းတန်း အမှန်တကယ် လမ်းခရီး မှာ ဖျားနာ လို့ ဖြစ်စေ ၊ ရေငတ် ၊ အစာပြတ် လို့ ဖြစ်စေ ၊ ဒုက္ခ ရောက်နေတဲ့ ခရီးသည်တွေ ဟာ ကယ်မယ့်သူ မရှိတာကြောင့် သေကုန်ကြရမှာပဲ ” လို့ မောင်နန္ဒ ဟာ သူ ပြောချင် သမျှ ကို အားရပါးရ ပြော ပစ်လိုက်တယ် ။
အဲဒီ အခါမှာ သူကြွယ်ကြီး ရဲ့ မျက်နှာ ဟာ ညှိုးငယ် သွားပြီး တစ်စုံတစ်ခု ကို လေးလေးနက်နက် စဉ်းစားနေမိ သတဲ့ ။
“ ငါ မြင်းရွှေဝါ ကို ယူ သွားရင် မောင်နန္ဒ မှာ ဘာမှ ရှိတော့မှာ မဟုတ်ဘူး ၊ ဒါပေမယ့် မောင်နန္ဒ ဟာ သူ့ အကျိုး အတွက် ကို သူ မစဉ်းစားဘဲ လူအများ အကျိုး အတွက် ကို သာ စဉ်းစား ပြီး ပြောတယ် ။ ဒီ သူငယ် ဟာ တကယ် မြင့်မြတ်တဲ့ စိတ်ထား ရှိတဲ့ လူကောင်းကလေး ပဲ ။ ငါ သာ ယုတ်မာတဲ့ အမှု ကို ပြုခဲ့မိတယ် ” လို့ စဉ်းစားမိတဲ့ အခါ နောင်တ ကြီးစွာ ရပြီး ...
“ မောင်နန္ဒ ၊ မင်း ရဲ့ မြင်းရွှေဝါ ကို မင်း ပဲ ပြန် ယူပါတော့ ၊ မွန်မြတ်တဲ့ စိတ်ထား ရှိတဲ့ မင်း နဲ့ သာ ထိုက်တန်ပါတယ် ၊ ငါ ဟာ ယုတ်မာတဲ့ အမှု ကို ပြုခဲ့မိပါတယ် ၊ ခွင့်လွှတ်ပါ ” လို့ ဝမ်းပန်းတနည်း တောင်းပန်ရှာ သတဲ့ ။
အဲဒီ နောက်ရက်များ မကြာမီ မှာတော့ သူကြွယ်ကြီး ဟာ မောင်နန္ဒ ကို အင်မတန် လှပ လှတဲ့ သမီးလေး မယ်သင်္ဂီ နဲ့ လက်ထပ် ပေးစား လိုက်သတဲ့ကွယ် ။
မောင် ၊ ညီမလေးတို့ ကျန်းမာ ရွှင်လန်းကြပါစေ ။
တင်တင်ရီ
ရှုမဝ မဂ္ဂဇင်း
၁၉၆၃ ၊ မတ်
No comments:
Post a Comment