Wednesday, February 12, 2025

ကတိ တည်သော လုလင်ပျို

❝ ကတိ တည်သော လုလင်ပျို ❞

     ( ပုံပြင် )

     

ရှေးအခါ က ရွာကြီး တစ်ရွာ မှာ နေထိုင်တဲ့ အဘိုးအို တစ်ဦး ထံ မှာ ကြီးမားထွားကျိုင်းပြီး ဖြူဖွေး လှပတဲ့ အမွေးတွေ လည်း ရှိတဲ့ မြင်းဖြူကြီး တစ်ကောင် ရှိ သတဲ့ ။ အဘိုးအို ဟာ သူ့ မြင်းဖြူကြီး ကို အရိပ် တကြည့်ကြည့် နဲ့ ပေါ့ ။ မြင်းကြီး ကို စိတ်မချနိုင်လို့ ခရီး ဝေးဝေးတောင် မသွားဘူး တဲ့ ။ သူ့ မြင်းကြီး ကို မြင်တဲ့ သူတွေ တိုင်း ဟာ ငေးမော ကြည့်နေကြပြီလား ဆိုရင် သိပ်သဘော ကျတာပဲတဲ့ ။


ကုန်သည်တွေ ၊ သူဌေးတွေ လာဝယ်တဲ့ အခါမှာတော့ “ ရွှေဒင်္ဂါး ၃၀၀၀ ရ မှ ရောင်း မယ် ” လို့ ပြန် ပြောလေ့ရှိသတဲ့ ။ မြင်းဖြူကြီး ကို သဘောကျ လိုချင်ပေမယ့် အဘိုးအို တောင်းတဲ့ ဈေး ကို မပေးနိုင်တဲ့ အတွက် ပြန်ကြရတာပေါ့ ။ တကယ်တော့ လည်း မြင်း တစ်ကောင် ကို ရွှေဒင်္ဂါး ၃ဝဝဝ ပေးရမယ် ဆိုတာ များလှတာ ပေါ့ကွယ် ။ အဘိုးအို ကတော့ မရောင်းရပေမယ့် စိတ် မပျက်ဘူးကွယ့် ။ လှပတဲ့ သူ့ မြင်းဖြူကြီး ကို ရွှေဒင်္ဂါး ၃ဝဝဝ မှ မရရင်တော့ မရောင်းဘူး လို့ စိတ် ဆုံးဖြတ်ထားတယ် ။


တစ်နေ့မှာ တော့ လုလင်ပျို တစ်ယောက် ရောက်လာပြီး “ ကျွန်တော် မီးပွဲသဘင် သွား ကြည့်ချင်လို့ အဘိုး မြင်း ကို စီးသွားပါရစေ ၊ မြင်းငှားခ အတွက် ပေးဖို့ ပိုက်ဆံ ကတော့ ကျွန်တော့် မှာ အခု မရှိသေးပါဘူး ၊ ဒါပေမယ့် ပြန်ရောက်တဲ့ အခါမှာ နေပြည်တော် က ရလာသမျှ ပစ္စည်း အားလုံး ကို အဘိုး ကို ပေးပါ့မယ်လို့ ကတိပြုပါတယ် ” လို့ အဘိုးအို ကို ပြောရှာတယ် ။ 


လုလင်ပျို ရဲ့ ထူးဆန်းတဲ့ စကားတွေ ကို ကြားရတဲ့ အခါမှာ အဘိုးအို ဟာ အံ့အားသင့် ပြီး လုလင်ပျို ကို ကြည့်နေမိ သတဲ့ ။


လုလင်ပျို ကတော့ တည်ကြည်တဲ့ အမူအရာ နဲ့ “ ကျွန်တော် မီးပွဲသဘင် ကို သွားချင် လွန်းလို့ပါ အဘိုးရယ် ” လို့ တောင်းတောင်းပန်ပန် ထပ် ပြောပြန်တယ် ။ “ မင်း ၊ ငါ့ မြင်း ကို စီးသွား လို့ ရလာတာ မှန်သမျှ ပြန် ရောက်ရင် ငါ့ ကို ပေးနိုင်ပါ့မလား ” မေးလိုက်တဲ့ အခါ “ ဟုတ်ကဲ့ ၊ ပေးပါ့ မယ် အဘိုး ” လို့ အားရဝမ်းသာ ကတိ ပေးရှာတယ် ။ လုလင်ပျို ဆီ က ကတိ စကား ကို ကြားရတဲ့ အခါမှာ အဘိုးအို ဟာ သူ ချစ်တဲ့ မြင်းဖြူကြီး ကို ပေးလိုက်တော့တယ် ။


လုလင်ပျို လည်း အားရဝမ်းသာ မီးပွဲသဘင် ကြည့်ဖို့ နေပြည်တော် ကို ထွက်ခွာ လာတယ် ။ လုလင်ပျို စီးလာတဲ့ မြင်းဖြူကြီး ကို နန်းတော် ပေါ် ကနေ ဘုရင်ကြီး မြင်လိုက်တဲ့ အခါမှာ လိုချင်လှတဲ့ အတွက် လုလင်ပျို ကို လိုက် ခေါ်စေတယ် ။ လုလင်ပျို ရောက်တဲ့ အခါ မှာတော့ “ သင့် ရဲ့ မြင်းဖြူကြီး ကို ရောင်းပါ ” လို့ ပြောတဲ့အခါ လုလင်ပျို ကလည်း “ ရွှေဒင်္ဂါး ၃ဝဝဝ ရရင် ရောင်းပါ မည် ” လို့ ပြန် လျှောက်လိုက် သတဲ့ ။ အဖိုးနှုန်း များတဲ့ အတွက် ဈေးဆစ် ပေမယ့် မရတဲ့ အဆုံးမှာ တော့ “ မနက်ဖြန် လာခဲ့ပါဦး ” လို့ မှာပြီး လုလင်ပျို ကို ပြန် လွှတ်လိုက်တယ်တဲ့ ။


ဘုရင်ကြီး ဟာ မြင်းဖြူကြီး ကို အဖိုး နည်းနည်း နဲ့ ရအောင် “ ဘယ်လို လုပ်ရမလဲ ” လို့ အကြံ တောင်းတဲ့အခါ မှူးမတ်တွေ က အမျိုးမျိုး အကြံ ပေးပေမယ့်သဘော မကျဘူးတဲ့ ။ နောက်ဆုံးမှာ “ အင်မတန် ချောမောလှပတဲ့ မိန်းကလေးတွေ ရဲ့ ရှေ့မှာ အဖိုးနှုန်း ကို မေးရင် လုလင်ပျို ဟာ အချောအလှလေးတွေ ကို သဘောကျ နေတဲ့ အတွက် လျှော့ပြောပါလိမ့်မယ် ” ဆိုတဲ့ အကြံ ကို လက်ခံ လိုက်တယ်တဲ့ ။ ဒါပေမယ့် ...


“ ရွှေဒင်္ဂါး ၃ဝဝဝ ရမှ ရောင်းနိုင်ပါမည် ” ဆိုတဲ့ လုလင်ပျို ရဲ့ အဖြေကို ကြားရတဲ့ အခါမှာ တော့ ဘုရင်ကြီး ဟာ စိတ်ပျက် သွားတယ် ။ ဈေးဆစ်လို့ မရပြန်တဲ့ အခါမှာတော့ “ မနက်ဖြန် လာ ခဲ့ပါဦး ” လို့မှာ လိုက်ပြန်တယ် ။


ဒုတိယနေ့ မှာတော့ မှူးမတ်တွေ အကြံပေးချက် အတိုင်း နန်းတော်သူ အချောအလှ လေးတွေ ရဲ့ ရှေ့မှာ မေးပြန်တယ် ။ ဒါပေမယ့် လုလင်ပျို က “ ရွှေဒင်္ဂါး ၃၀၀၀ ရမှ ရောင်းနိုင်ပါမည် ” လို့ လျှောက်တင်ပြန်တယ် ။ ဘုရင်ကြီး မှာ ဈေးဆစ် လို့ မရပြန်တော့ “ မနက်ဖြန် လာခဲ့ပါ ဦး ” လို့ မှာလိုက်ပြန်တယ် ။


ဘုရင်ကြီး ဟာ သူ မျှော်မှန်းတဲ့ အတိုင်း မဖြစ်ပြန်တဲ့အခါ မှာ တော့ မှူးမတ်တွေ ကို ကြိမ်းမောင်းတာပေါ့ကွယ် ။ ဒီအခါမှာ မှူးမတ်တွေက “ နိုင်ငံတော် မှာ အချောဆုံး အလှဆုံး ဖြစ် တဲ့ ဘုရင့်သမီးတော်လေး ရဲ့ ရှေ့မှာ ဈေး မေးရင် အမှန်တကယ် ဈေးလျှော့ ပြောပါလိမ့်မယ် ” လို့ ရဲရဲဝံ့ဝံ့ တင်လျှောက် ကြတယ် ။


တတိယနေ့ မှာတော့ အရင်နေ့ တွေ က မြင်တွေ့ ခဲ့ရတဲ့ မိန်းကလေးတွေ ထက် အဆ ပေါင်း များစွာ လှပတဲ့ မင်းသမီးလေး ကို မြင်လိုက်ရတဲ့ အခါမှာ လုလင်ပျို ဟာ ငေးမော ကြည့်ရုံ သာ မက ဘဲ မြင်မြင်ချင်း မေတ္တာ သက်ဝင်တဲ့ အတွက် စူးစိုက်ကြည့်နေမိ သတဲ့ ။ မင်းသမီးကလေး လည်း တည်ကြည်ခန့်ငြားတဲ့ လုလင်ပျို ကို မြင်တဲ့ အခါမှာ မေတ္တာသက်ဝင်မိ သတဲ့ ။


ဘုရင်ကြီး က တော့ “ သမီးတော် ရဲ့ အချောအလှ ကြောင့် သတိတွေ လစ်ဟင်းပြီး လုလင်ပျို ဟာ အဖိုးနှုန်း ကို လျှော့ ပြောမှာပဲ ။ ငါ တော့ ဈေးပေါပေါ နဲ့ မြင်းဖြူကြီး ကို ရတော့မယ် ” လို့ ယုံကြည် နေတာပေါ့ကွယ် ။ ဒါပေမယ့် ဒီ တစ်ခါမှာ လည်း “ ရွှေဒင်္ဂါး ၃ဝဝဝ ရလျှင် ရောင်းပါ မည် ” လို့ လျှောက်တင်ပြန်တယ် ။ လုလင်ပျို ကို ဘယ်လိုမှ ဖြားယောင်းသွေးဆောင်လို့ မရတဲ့ အခါမှာ သူ့ အကြံ ကို လက်လျှော့ လိုက်ရတော့တယ် ။ ဒါပေမယ့် လုလင်ပျို နဲ့ ဘုရင့်သမီးတော်လေး တို့ ဟာ မြင်မြင်ချင်းပဲ ချစ်ကြိုက် သွားကြတယ် ။


လုလင်ပျို ဟာ နေရပ် ကို ပြန်ခါနီးတဲ့ အခါမှာ မင်းသမီးလေး ကို သူ နဲ့ အတူ လိုက်ခဲ့ဖို့ ခေါ်တယ်တဲ့ ။ မင်းသမီးလေး ဟာ လုလင်ပျို အပေါ်မှာ မေတ္တာသက်ဝင် နေတဲ့ အတွက် အဖိုးတန် စိန်ရွှေရတနာထုပ် ကို ယူဆောင်ပြီး လိုက်ခဲ့တယ်တဲ့ ။


လုလင်ပျို နဲ့ မင်းသမီးလေး ဟာ သိပ် ပျော်ရွှင် နေကြတာပေါ့ ။ တစ်ညလုံး တောလမ်း ခရီး ကို ဖြတ်ပြီး ခရီးပြင်း နှင်ခဲ့ကြရပေမယ့် မောရမှန်း ပန်းရမှန်း မသိနိုင်ရှာကြဘဲ ပျော် တပြုံးပြုံး ဖြစ် နေကြတာပေါ့ ။


မနက် လင်းတဲ့ အခါ မှာတော့ စိတ်ချတဲ့ နေရာ လည်း ရောက်ပြီမို့ မြင်းပေါ် က ဆင်းပြီး သစ်ပင် တစ်ပင် မှာ အမောဖြေ ကြတယ် ။ မင်းသမီးလေး ဟာ လုလင်ပျို နားမှာ ထိုင်ပြီး စကား ပြောကြရင်းက “ ဒီ မြင်းဖြူကြီး ကို ရွှေဒင်္ဂါး ၃ဝဝဝ ရမှ ရောင်းနိုင်မယ် ဆိုတာ မောင်ကြီး ဘယ်လောက် ပေးဝယ် ထားရလို့လဲ ” လို့ မေးလိုက်မိရှာ သတဲ့ ။


မင်းသမီးလေး ရဲ့စကားကို ကြားလိုက်ရတဲ့ အခါမှာ လုလင်ပျို ဟာ ချက်ချင်း သူ ပေး ထားခဲ့တဲ့ ကတိ ကို သတိရ သွားတဲ့ အတွက် မျက်နှာ မသာမယာ ဖြစ်သွားတယ် ။ မင်းသမီးလေး က “ ဘာဖြစ်လို့လဲ ” လို့ မေးပေမယ့် စိတ်မကောင်း ဖြစ်မှာ စိုးလို့ အဖြစ်မှန်ကို ပြောမပြဘဲ “ သူ ဟာ ကံ အဆိုးဆုံး လူ တစ်ယောက် ပဲ ” လို့ သာ ပြောရှာ သတဲ့ ။


မင်းသမီး က အခါခါ မေးတော့ မှ အဘိုးအို ထံ မှာ ပေးခဲ့တဲ့ ကတိ ကို ပြောပြတယ် ။ လုလင်ပျို ရဲ့ စကား ကို ကြားရတဲ့ အခါမှာ မင်းသမီးလေး ဟာ ထိတ်လန့် သွားရှာတယ် ။ လုလင်ပျို ကို လည်း “ အဘိုးအို ထံ မှာ နှမလေး ကို မထားခဲ့ပါနဲ့ ၊ ပါလာတဲ့ စိန်ရွှေရတနာတွေ ကို နှမလေး အစား ပေးအပ်ပါ ” လို့ လည်း တောင်းပန် ရှာတယ် ။ လုလင်ပျို က လည်း “ နှမလေး ကို မောင်ကြီး အင်မတန် ချစ်ပါတယ် ၊ အဘိုးအို ကို မပေးအပ်ချင်ပါဘူး ၊ ထားခဲ့တဲ့ ကတိကြောင့်သာ ပေးအပ်ရ မှာ ဖြစ်ပါတယ် ၊ လောကကြီး မှာ ကတိ ပျက်တဲ့ သူ ၊ ကတိ ဖျက်တဲ့ သူ တစ်ယောက် အဖြစ်နဲ့ အသက်ရှင် နေခြင်းဟာ ဘာမှ တန်ဖိုး မရှိပါဘူး ၊ ကတိ တည်ပြီး သေရတာ က မှ ကောင်းပါလိမ့် မယ် ” လို့ စိတ်မကောင်းစွာ နဲ့ ပြောရှာတယ် ။


လုလင်ပျို ဟာ သူ ပေးခဲ့တဲ့ ကတိ မပျက်စေလိုတဲ့ အတွက် ကြောင့် သာ အဘိုးအို ဆီ လာခဲ့ရပေမယ့် မင်းသမီးလေး ကို တော့ မပေးချင်ဘူး ၊ မင်းသမီးလေး ကို လည်း သနားတဲ့ အတွက် အများကြီး စိတ်မကောင်း ဖြစ်ရရှာတယ် ။


အဘိုးအို ဟာ လည်း လုလင်ပျို ကို မြင်တာနဲ့ တစ်ပြိုင်နက် “ ဘာတွေများ ရခဲ့သလဲ ” လို့ ဆီး မေးသတဲ့ ။ လုလင်ပျို ဟာ ညှိုးငယ်တဲ့ မျက်နှာ နဲ့ စိန်ရွှေရတနာတွေ ရယ် ၊ ကျွန်တော် ချစ်တဲ့ မင်းသမီးလေး ရယ် ၊ ရခဲ့ပါတယ် ၊ ကျွန်တော် ပေးခဲ့တဲ့ ကတိ အတိုင်း အဘိုး ကို ပေးပါတယ် ” လို့ တုန်တုန်ရီရီ ပြောရှာတယ် ။


“ မင်း ရဲ့ကတိစကား အရ ဒီ ပစ္စည်းတွေ အဘိုး ရထိုက်တာပေါ့ ” လို့ ပြောရင်း ရတနာ ထုပ် ကို လှမ်းယူ လိုက်တယ် ။ လုလင်ပျို ဟာ မင်းသမီးလေး ကို နောက်ဆုံး အနေ နဲ့ လှမ်း ကြည့် လိုက်ပြီး စိတ်မကောင်းစွာ နဲ့ လှည့်ထွက် သွားရှာတယ် ။ မင်းသမီး ဟာ လည်း အဘိုးအို ထံမှာ သနားစဖွယ် ငိုကြွေးရင်း ကျန်ရစ်ခဲ့ရှာတယ် ။ ဒါပေမယ့် မမျှော်လင့်တဲ့ အဘိုးအို ရဲ့ ခေါ်သံကြောင့် လုလင်ပျို ဟာ ပြန်လှည့် ခဲ့ရတယ် ။ အဘိုးအို ဟာ လုလင်ပျို ကို ခင်မင် လေးစားတဲ့ အမူအရာ နဲ့ ကြည့်ရင်း ..


“ မင်း ဟာ ကတိ တည်တဲ့ လုလင် တစ်ဦး ပေပဲ ၊ကတိ တည်ကြည်တဲ့ အတွက် အဘိုး က ဆုလာဘ် အဖြစ် ဒီ ရတနာ တစ်ဝက် အပြင် မင်းသမီးလေး ကို ပါ ပြန် ပေးပါတယ် ” လို့ ပြောတဲ့ အခါ လုလင်ပျို နဲ့ မင်းသမီးလေး တို့ဟာ သိပ် ဝမ်းသာသွားကြတယ်တဲ့ ။ အဘိုးအို ထံ က စိန်ရွှေ ရတနာ တစ်ဝက် ကို ယူပြီးတဲ့ အခါမှာတော့ အဘိုးအို ကို ကျေးဇူး တင်တဲ့ အကြောင်း ပြောဆို နှုတ်ဆက်ပြီး အဘိုးအို ထံ က ပျော်ပျော်ရွှင်ရွှင် ထွက်ခွာ သွားကြတယ်တဲ့ကွယ် ။ 


မောင် ၊ ညီမလေး တို့ လည်း ကတိ တည်ကြည် တဲ့ လူ့ အဖိုးတန်လေးတွေ ဖြစ်ကြပါစေကွယ် ။


⎕ တင်တင်ရီ 


📖 ရှုမဝ မဂ္ဂဇင်း

      ၁၉၆၃ ၊ စက်တင်ဘာ


 

No comments:

Post a Comment