Monday, November 24, 2025

အကြံကောင်းသော ဂျင်မူ

 

❝ အကြံကောင်းသော ဂျင်မူ ❞
              ( ပုံပြင် )

ဟိုးရှေးရှေးတုန်းက ဂျပန်ပြည်မှာ အင်မတန်မှ ချမ်းသာတဲ့ သူဌေးကြီး ကီမူရာ ဆိုတာ ရှိတယ်ကွဲ့ ။ သူဌေးကြီးမှာ စိန်တွေ ၊ ရွှေတွေ ၊ အများကြီးပဲ ရှိသတဲ့ကွယ် ။ ဒါပေမယ့် သူသေသွားရင် သူ့ပစ္စည်းတွေကို အမွေဆက်ခံဖို့ သားသမီး တစ်ယောက်မှ မရှိရှာဘူးကွယ့် ။

သူဌေးကြီးဟာ အသက်ကြီးလာတဲ့အခါမှာ ငါသေရင် ငါ့ပစ္စည်းတွေကို ဘယ်သူ့ကို ပေးခဲ့ရပါ့ ၊ ဘယ်လိုလူကို ပေးခဲ့ရပါ့လို့ စဉ်းစားမိသတဲ့ကွယ် ။ သူဌေးကြီးဟာ စဉ်းစားဉာဏ်ရှိတဲ့ သူကို အင်မတန် လေးစားခင်မင်တတ်သူ တစ်ဦး ဆိုပဲကွယ် ။ ဒီတော့ ပစ္စည်းတွေကို ဉာဏ်ရှိတဲ့ သူသာ ရရစေ့မယ် ။ စဉ်းစားဉာဏ် ရှိတဲ့သူသာ ရရစေ့မယ်လို့ ဆုံးဖြတ်လိုက်တယ်တဲ့ကွယ် ။ နေ့တိုင်းနေ့တိုင်း ပစ္စည်းတွေကို ဉာဏ်ရှိတဲ့ သူသာ ရအောင် ဘယ်လို လုပ်ပေးရပါ့မလဲလို့ စဉ်းစား ပြန်တာပေါ့ကွယ် ။

နှစ်တွေလတွေ အတော် ကြာပေမယ့် စဉ်းစားလို့ကို မရနိုင်ဘူးတဲ့ကွယ် ။ ဒါပေမယ့် တစ်နေ့ကျတော့ သူ အကြံတစ်ခု စဉ်းစားမိသတဲ့ကွယ် ။ အဲဒီ အကြံလည်း ရရော သူဌေးကြီးဟာ သိပ်ဝမ်းသာ သွားသတဲ့ကွယ် ။ သူဌေးကြီးကီမူရာ ဟာ အကြံရတာနဲ့ တစ်ပြိုင်နက် သူ့သူငယ်ချင်း ရှေ့နေကြီး တစ်ယောက်ဆီ သွားပြီး သေတမ်းစာမှာ သူသေရင် ဘယ်လိုလူကို သူ့ပစ္စည်းတွေ အမွေပေးလိုက်ပါဆိုတာ ရေးပြီးပေးခဲ့သတဲ့ကွယ် ။

နောက်မကြာမီမှာပဲ သူဌေးကြီး ကီမူရာ ဟာ ဆုံးသွားပါရောကွယ် ။ သူဌေးကြီးရဲ့ ဆွေမျိုးတွေဟာလည်း သူတို့ကိုများ အမွေ ပေးခဲ့လေမလားဆိုပြီး လာကြသတဲ့ကွယ် ။ ငါတို့ကိုတော့ အမွေတွေ ပေးခဲ့မှာပဲ ။ ငါတို့တော့ သူဌေးကြီး ဖြစ်ရဦးမှာပဲဆိုပြီး ပျော်နေကြသတဲ့ကွယ် ။ သူဌေးကြီးရဲ့ သူငယ်ချင်း ရှေ့နေကြီးဟာ သူဌေးကြီးရဲ့ အလောင်းကို မီးသင်္ဂြိုဟ်ပြီးတဲ့ အခါမှာ သေတမ်းစာမှာ ပါတဲ့အတိုင်း အတောင် နှစ်ဆယ်လောက် ရှိတဲ့ ဝါးလုံးတစ်လုံးကို ယူပြီး ဝါးလုံးရဲ့ ထိပ်မှာ သူဌေးကြီးရဲ့ စိန်တွေရွှေတွေကို အားလုံး တွဲလောင်း ချိတ်ဆွဲလိုက်တယ်တဲ့ ကွယ် ။ စိန်တွေရွှေတွေရဲ့ အရောင်ဟာ တဝင်းဝင်း တလက်လက်နဲ့ပေါ့ကွယ် ။ အို ... သူဌေးကြီး ရဲ့ ဆွေမျိုးတွေ ကလည်း စိန်တွေရွှေတွေကို မြင်တဲ့အခါမှာ လိုချင်ကြလွန်းလို့ ဆွေ့ဆွေ့ကို ခုန်နေတာပဲဆိုပဲ ။ ဒါပေမယ့် ရှေ့နေကြီးက ဘယ်သူ့ကိုမှ မပေးတဲ့ အပြင် ဝါးလုံးရဲ့ ထိပ်ဖျားမှာ စိန် တွေရွှေတွေ ကိုလည်း ချိတ်ဆွဲပြီးရော အဲဒီဝါးလုံးကို သူဌေးကြီးရဲ့ အိမ်ရှေ့ မြေကွက်လပ်မှာ စိုက်ထူလိုက်သတဲ့ကွယ် ။ နောက်ပြီးတော့လည်း ဝါးလုံးမှာ စာရွက် တစ်ရွက်ကို ချိတ်ဆွဲ လိုက်သေးတယ် ။ အဲဒီ စာရွက်မှာကတော့ “ ဒီဝါးလုံး ပေါ်ကို တက်လည်း မတက် ၊ လှေကားလည်း မထောင်ဘဲနဲ့ အလွယ်တကူ လှမ်းယူနိုင်သူကို ချိတ်ဆွဲ ထားသော ပစ္စည်းအားလုံး ပေးမည် ” လို့ ရေးထား သတဲ့ကွယ် ။

မောင်လေးတို့ ၊ ညီမလေးတို့ ၊ “ ချောတိုင် ” တက်တာ မြင်ဖူးကြတယ် မဟုတ်လား ။ ဆီသုတ်ထားတဲ့ ဝါးလုံးရဲ့ ထိပ်ဖျားမှာ ရှိတဲ့ ပစ္စည်းကို တက်ပြီး ယူရတယ်လေ ။ ဒါပေမယ့် အခု စိန်တွေရွှေတွေ ကိုတော့ လှေကား မထောင် ၊ ဝါးလုံးကိုလည်း မတက်ဘဲနဲ့ ရအောင် ယူရမယ်တဲ့ကွယ် ။ မောင်လေးတို့ ၊ ညီမလေးတို့ကော လှေကား မထောင် ၊ ဝါးလုံး မတက်ဘဲ စိန်တွေရွှေတွေ ကို ဘယ်လို ယူမလဲကွယ် ။ စဉ်းစားကြစမ်းပါဦး ။

သူဌေးကြီး ကလည်း သိပ်ချမ်းသာတာ ဆိုတော့ ချိတ်ဆွဲထားတဲ့ စိန်တွေရွှေတွေက လည်း အများကြီးပေါ့ကွယ် ။ စပျစ်သီးခိုင်များလို အတွဲလိုက် အပြုံလိုက်ပေါ့ ။ နေရောင်ခြည်မှာ စိန်တွေရွှေတွေဟာ တဖျတ်ဖျတ်နဲ့ အရောင် တောက်နေတာပဲပေါ့ကွယ် ။ တဖြည်းဖြည်း လူတွေ ရောက်လာလိုက်ကြတာ မြေကွက်လပ်ကြီး တစ်ခုလုံး ပြည့်လျှံ လာတာပေါ့ကွယ် ။ စိန်တွေရွှေတွေလည်း လိုချင်ကြရဲ့ကွယ် ။ လှေကား မထောင် ၊ ဝါးလုံးပေါ် မတက်ဘဲနဲ့လည်း ဘယ်လို ယူရမှန်း မသိကြဘူးကွယ် ။ ဒါကြောင့် အမျိုးမျိုး ပြောကြဆိုကြတာနဲ့ ဆူညံနေကြတာပေါ့ကွယ် ။

ဒါနဲ့ပဲ တဖြည်းဖြည်း နေဝင်ခါ နီးလာတော့ စိန်တွေရွှေတွေ ကို “ မြင်ရုံသာမြင်ရ ၊ မကြင်ရမောင့်ကိုယ် ” ဆိုသလို မြင်သာ မြင်ရပြီး မရလေတော့ စိတ်ပျက်ပြီး တချို့လည်း ပြန်ကုန်ကြသတဲ့ကွယ် ။ သူဌေးကြီး ကိုလည်း အမျိုးမျိုး ကျိန်ဆဲကြတယ် ။ လူတစ်ဝက်လောက် ပြန်သွားတဲ့ အခါမှာ ဟောင်းနွမ်း စုတ်ပြတ်နေတဲ့ အဝတ်အစားကို ဝတ်ဆင်ထားတဲ့ ၁၂ - နှစ် အရွယ်လောက် ရှိတဲ့ လူကလေး တစ်ယောက် ၊ လူအုပ်ကြီးထဲကို တိုးဝင်လာတယ် ၊ အဲဒီ လူကလေးက ကီမူရာ သူဌေးကြီး နေတဲ့ မြို့အစွန်မှာ နေထိုင်တဲ့ အင်မတန်မှ ဆင်းရဲရှာတဲ့ မုန့်လုံးကြော်သည် မုဆိုးမကြီးရဲ့သားလေးဆိုပဲ ။ မြို့ကို မုန့်ကြော်လာ အရောင်းမှာ လူတွေ စုအုံနေတာ တွေ့လို့ ဂျင်မူကလေးဟာ ဝင်ကြည့်တာတဲ့ကွယ် ။

သူ့ခမျာ စာမတတ် ရှာတော့ ဝါးလုံးမှာ ချိတ်ဆွဲ ထားတဲ့ ကပ်ပြားကြီးမှာ ဘာတွေ ရေး ထားမှန်းလည်း မသိရှာဘူးတဲ့ ။ ဒါနဲ့ ဂျင်မူလေးဟာ သူ့ဘေးနားမှာ ရှိတဲ့ လူကြီး တစ်ယောက်ကို “ ဦးကြီးခင်ဗျာ ၊ ဒီလူတွေက ဘာလို့ ဒီမှာ လာစုနေကြတာလဲ ၊ ဒီဝါးလုံးကြီး ပေါ်က စိန်တွေရွှေတွေ က ဘာလုပ်ဖို့ပါလဲ ” လို့ မေးရှာသတဲ့ကွယ် ။ ဒါပေမယ့် ဂျင်မူလေး မေးလိုက်တဲ့ လူကြီးကလေ ကောင်းကောင်း ပြောမပြတဲ့ အပြင် “ မင်းက ဘာလာရှုပ်တာလဲ ၊ သိတော့ကော ဘာလုပ်တတ်မှာမို့လဲ ၊ လူကြီးတွေ တောင်မှ ရအောင် မယူနိုင်တာ ” လို့ စိတ်ဆိုးမာန်ဆိုးနဲ့ အော်ပြောလိုက် သတဲ့ကွယ် ။ ဒါနဲ့ ဂျင်မူလေးခမျာ မျက်နှာလေးငယ်ပြီး ပြန်ထွက်သွားမယ် အလုပ်မှာ လူကြီးတစ်ယောက်က “ လူကလေး ၊ လူကလေး ” လို့ လှမ်းခေါ်လိုက်တယ် ။ သူဌေးကြီးကီမူရာက  ရွှေတွေစိန်တွေကို လှေကား မထောင် ၊ ဝါးလုံးပေါ် မတက်ဘဲ လှမ်းယူနိုင်တဲ့ သူကို ပေးမယ်ဆိုတဲ့ အကြောင်းကို ပြောပြရှာသတဲ့ကွယ် ။

အဲဒီအခါမှာ ဂျင်မူလေး ဟာ လှေကား မထောင် ၊ ဝါးလုံးပေါ် မတက်ဘဲ ဒီစိန်တွေရွှေ တွေကို ဘယ်လို ယူရပါ့ ဆိုတာကို စဉ်းစားနေသတဲ့ ။ နောက် တအောင့်လောက် ကြာတော့ ခြံဝင်းကြီးကို လှမ်းကြည့်လိုက်တယ် ။ တစ်စုံတစ်ရာကို မြင်လိုက်တဲ့ အခါ ဂျင်မူလေးဟာ ဒီစိန်တွေရွှေတွေကို ကျွန်တော် ယူပြမယ်လို့ အော်ပြောလိုက်သတဲ့ကွယ် ။

အဲဒီနောက်မှာ ရွှေတွေစိန်တွေ ဆွဲချိတ်ထားတဲ့ ဝါးလုံးဆီကို အပြေးကလေး သွားရှာ သတဲ့ကွယ် ။ လူအုပ်ကြီး ဆိုတာ လှုပ်လှုပ်ရွရွ ဖြစ်သွားတာပေါ့ ။ တချို့ကလည်း လက်ခုပ်လက်ဝါးတီးပြီး ရယ်ကြသတဲ့ကွယ့် ။ တချို့ကလည်း ဒီသူငယ်ကလေး ယူသွားရင် ငါတို့တော့ မရနိုင်တော့ပါဘူး ဆိုပြီး ဂျင်မူလေးကို မနာလိုကြဘူးတဲ့ကွယ် ။

ဂျင်မူလေးဟာ ဝါးလုံးနားလည်း ရောက်ရော ၊ ဝါးလုံးကြီးကို မပြီး ဆွဲချွတ်လိုက်တယ် ။ ဝါးလုံးကြီးလည်း ကျွတ်ပြီး သူ့လက်ထဲ ပါလာတဲ့အခါ ဝါးလုံးကြီးကို မပြီး သယ်ယူသွားသတဲ့ကွယ် ။ လူအုပ်ကြီးဟာ သူ့နောက်က တစ်ပြုံကြီး လိုက်သွားကြတာပေါ့ ။ ဂျင်မူလေးဟာ မလှမ်းမကမ်းမှာ ရှိတဲ့ ရေတွင်းကြီး နားလည်း ရောက်ရော အဲဒီ ဝါးလုံးကြီးကို ချလိုက်ပါရောကွယ် ။ လူ အုပ်ကြီးဟာ ဂျင်မူလေး ဝါးလုံးကြီးကို ရေတွင်းထဲ ချလိုက်တာတောင် ဘာလုပ်မှန်း မသိလို့ ငေး ကြည့်နေကြတယ်တဲ့ကွယ် ။

ဝါးလုံးကြီးကို ရေတွင်းထဲ ချလိုက်တဲ့ အခါမှာ ဝါးလုံး အရင်းပိုင်းဟာ ရေတွင်းထဲ ရောက်သွားပြီး စိန်တွေရွှေတွေ ချိတ်ဆွဲထားတဲ့ ဝါးလုံး အဖျားပိုင်းဟာ ဂျင်မူလေးရဲ့ ရင်ဘတ်လောက် မှာ ရောက်နေသတဲ့ကွယ် ။ အဲဒီအခါကျတော့မှ ဂျင်မူကလေး ဟာ အလွယ်တကူနဲ့ စိန်တွေရွှေ တွေ အစုလိုက်ကို ဖြုတ်ယူလိုက်သတဲ့ကွယ် ။

အဲဒီကျတော့မှ လူအုပ်ကြီးဟာ ဂျင်မူလေးရဲ့ ဉာဏ်ရှိပုံကို သိကြပြီး ကောင်းချီးဩဘာ ပေးကြသတဲ့ကွယ် ။ ဂျင်မူလေးဟာ စဉ်းစားဉာဏ် ရှိတဲ့အတွက် ရွှေတွေစိန်တွေကို အလွယ်တကူ ယူနိုင်တဲ့ အတွက် သူဌေးကြီးဂျင်မူ ဖြစ်သွားတာပေါ့ကွယ် ။ သူဌေးကြီးဂျင်မူလေးဟာ သူ့ မိခင်မုဆိုးမကြီးနဲ့ အတူ တစ်သက်လုံး ချမ်းချမ်းသာသာ နေသွားရသတဲ့ကွယ် ။ ကဲ ... ပုံကလေး ကတော့ ဒါပါပဲ ။ မောင်လေးတို့ ၊ ညီမလေးတို့လည်း ဂျင်မူလေးလို စဉ်းစားဉာဏ် ရှိကြပါစေ ကွယ် ။

( ဘာသာပြန် )

〇 တင်တင်ရီ
📖ရှုမဝ မဂ္ဂဇင်း
     ၁၉၆၁ ၊ ဒီဇင်ဘာ

No comments:

Post a Comment