Showing posts with label ကိုကိုအောင် ( ရုက္ခ ). Show all posts
Showing posts with label ကိုကိုအောင် ( ရုက္ခ ). Show all posts

Saturday, September 26, 2026

ကော်ဖီလေးက ခါးလိုက်တာ


❝ ကော်ဖီလေးက ခါးလိုက်တာ ❞  
    ( ကိုကိုအောင် - ရုက္ခ )

ရုံးခန်းလေးထဲမှာ တိတ်ဆိတ်လို့ နေတော့သည်။ ဝန်ထမ်းအားလုံး ထိုင်ခုံလေးတွေ ဆီမှာ ငူငူလေးတွေ ထိုင်နေကြလေသည်။ အစည်းဝေးခန်းရယ်လို့ သတ်မှတ်ထားတဲ့ အခန်းလေးထဲမှာ လေအေးစက်ရဲ့ အအေးဓာတ်လေးက ဆော့ကစားနေလေသည်။ နံရံထက်မှာ ချိတ်ဆွဲထားတဲ့ ဦးမြသွင်ရဲ့ ဆီဆေး ပုံတူပန်းချီကားချပ်ကြီးက အခန်းလေးထဲမှာထိုင်နေကြတဲ့ ဝန်ထမ်းတွေကို စိမ့်စိမ့်လေး ငေးကြည့်နေလေတော့သယောင်။ 

“အစည်းအဝေး စတော့မယ်၊ မမ လာနေပြီ” ဟု ဘောလ် ပင်လေးကို လက်က မချတမ်း ကိုင်ထားကာ အမြဲတမ်း အလုပ်ရှုပ်နေပုံ၊ သူ့ကိုယ်သူ အမြဲတမ်း အရေးပါနေသူ တစ်ယောက်ရယ်လို့ ပုံဖမ်းထားလေတဲ့ မမရဲ့ အပါးတော်မြဲ စာရေးမလေးက လာပြောလေသည်။ တိတ်ဆိတ်နေတဲ့ ရုံးခန်းလေးက ပေါင်ပေါ်မှာ တင်ထားတဲ့ မှတ်စုစာအုပ်လေးတွေကို ဖွင့်သူ ဖွင့်၊ ဘောလ်ပင် မင် စမ်းသူစမ်း၊ ကွမ်းစားထားသူများကလည်း နီရဲနေတဲ့ နှုတ်ခမ်းလေးတွေကို တစ်သျှူးစလေးတွေဖြင့် သုတ်သူက သုတ်၊ ပွတ်နေတဲ့ ဖုန်းလေးတွေကို ပိတ်သူ ပိတ်၊ ရုံးအကူကလေးမလေးက ဝန်ထမ်းတွေရဲ့ စားပွဲလေးတွေပေါ်မှာ အအေးနှင့် ကိတ်မုန့် ပန်းကန်လေးတွေ လိုက်ချပေးရင်းဖြင့် လှုပ်လှုပ်ရှားရှား ဖြစ်သွားတော့သည်။ 

အမျိုးအမည် မသိတဲ့ အကောင်းစား ရေမွှေးနံ့လေးက ကျွန်တော် ထိုင်နေရာ ထိုင်ခုံလေး ဘေးမှ ဖြတ်သွားလေသည်။ ပါတိတ်ဝမ်းဆက်ကို ချပ်ချပ်ရပ်ရပ် ဝတ်ထားပြီး ခါးလယ်လောက်ရှိတဲ့ ရွှေရောင်ဆံပင် အလိပ်လေးတွေကို လှုပ်ယိမ်း၊ အစည်းအဝေးခန်းထိပ်က ခုံလေးရှိရာကို သွားနေတဲ့ သည် ရုံးရဲ့ အရှင်သခင် MD မမ၏ ကျောပြင်လေးကို ကျွန်တော် ငေးကြည့်နေမိလေသည်။ မမသည် အသက်လေး သုံးဆယ်စွန်းခါစလေးပဲ ရှိသေးသည်။ မိန်းမချော စာရင်းဝင်လေတဲ့ မျက်နှာနုနုလေးနှင့် အချိုးအစား ပြေပြစ်တဲ့ ခန္ဓာကိုယ်လေးကို ပိုင်ဆိုင်ထားလေသူမို့ ဦးမြသွင် သဘောကျနှစ်သက်သွားခဲ့ပုံရလေသည်။ တိုင်ပင် မထားကြပါလေဘဲ ကျွန်တော်တို့ ဝန်ထမ်းအားလုံး ထိုင်နေရာ ထိုင်ခုံလေးတွေဆီမှ မတ်တတ်ထရပ်လိုက်ကြလေသည်။ ကိုယ့်ရုံးရဲ့ အကြီးအကဲ တစ်ယောက်ကို အရိုအသေ ပေးတဲ့သဘောမျိုးဖြင့် “မမ” ကို ကြိုဆိုလိုက်ကြလေသည်။

“MD ဒေါ်သဇင်မြင့်” ဆိုသည့် အမည်နာမ ရေးထိုးထားသည့် သစ်သားတုံးလေး တင်ထားသည့် စားပွဲလေးမှာ ရပ်ကာ မမသည် မတ်တတ်ရပ်နေကြလေသည့် ကျွန်တော်တို့ဝန်ထမ်းတွေကို လက်ဟန်ကလေးဖြင့် ထိုင်ခိုင်းလေသည်။ ပြီးမှ .. 

“နောက်ဆို ကျွန်မကို မတ်တတ်ရပ်ပြီး မကြိုကြပါနဲ့။ ဘယ်သူ စခဲ့မှန်း မသိတဲ့ အဲဒီ အစဉ်အလာကြီးကို ကျွန်မ သိပ်မကြိုက်ဘူး။ ကျွန်မတို့က လုပ်ဖော်ကိုင်ဖက်တွေပဲ။ ဒါတွေမလိုပါဘူး” ဟု ပြောလေသည်။

ထို အစည်းအဝေးလေးက ကျွန်တော်တို့ ဝန်ထမ်းတွေအတွက် အသက်ရှူပေါက်လေး ရသွားခဲ့သလိုပင်။ အရင်က ကမ္ဘာလောကကြီးမှာ ဘာတွေပဲ ဖြစ်နေဖြစ်နေ တစ်ပတ်မှာ တနင်္ဂနွေ တစ်ရက်သာ ပိတ်ပေးတဲ့ ရုံးက ခုတော့ ပြက္ခဒိန်က အနီရက်၊ အစိုးရ ရုံးပိတ်ရက်တွေအတိုင်း ပိတ်ပေးတော့မတဲ့။ အမေ နေမကောင်းလို့၊ သမီးလေးဖျားနေလို့ ဘာတွေပဲ ဖြစ်ဖြစ် ခွင့်မပေးခဲ့လေတဲ့ ရုံးက ခုတော့ ဝန်ထမ်းတစ်ယောက်ရဲ့ ရပိုင်ခွင့် အကြောင်းတွေကို တလေးတစား ရှင်းပြလို့။ ရုံးတက် လက်မှတ်ထိုး စာအုပ်လေးမှာ မိုးတွေ တစ်အားရွာနေလို့၊ ကားလမ်းတွေ ပိတ်နေလို့ နောက်ကျသွားတာပါလို့ ဘယ်လောက်ပဲ ပြောပြော တစ်မိနစ်လေး နောက်ကျသွားရုံဖြင့် မင်နီ အတားခံရကာ လစာထုတ်သောအခါ ဝန်ထမ်းလစာထဲမှ အားပါးတရ ဖြတ်ခဲ့လေသော ရုံးက ခုတော့ မင်နီတား၊ လစာထဲက ဖြတ်တဲ့ မူကို မကျင့်သုံးတော့ပါတဲ့။ အလုပ်ချိန်ကိုလည်း တစ်နာရီ လျှော့ပေးပြီး အိမ်ကို စောစော ပြန်စေချင်တဲ့ စေတနာကြောင့်ပါတဲ့။ 

အစည်းအဝေး ပြီးလို ထမင်းစားချိန်ရောက်လို့ ရုံးနားက ထမင်ဆိုင်လေးတွေဆီမှာ ထမင်းစုစားဖြစ်ကြတော့ မမ အကြောင်းသည် အရသာရှိလေသည့် ဟင်းပွဲလေးတွေဖြစ်သွားလေတော့သည်။ သွားလေသူ ဦးမြသွင်၏ လက်ရင်းတပည့် အဟောင်းကြီးများကတော့... 

“အလကားပါကွာ သည်မိန်းမ မဲဆွယ်နေတာ။ သူက ဘယ်လောက် အဆင့်ရှိလို့ MD ရာထူးကို ယူရဲရတာလဲ၊ ကြည့်နေ မနိုင်မနင်း ဖြစ်ပြီး လန်ကျ သွားလိမ့်မယ်” ဟု ဆိုကြပြန်သည်။

နောက်ရက်ကျတော့ မမက ကျွန်တော် တာဝန်ယူထားရတဲ့ အလုပ်အကြောင်းတွေကို မေးချင်လို့ဟု ဆိုသဖြင့် အစည်းအဝေးခန်းလေးထဲမှာ ရုံးထိုင်သော မမ၏ ရုံးခန်းထဲသို့ ကျွန်တော် ရောက်သွားခဲ့လေသည်။ စကားပြောတိုင်းမှာ ရယ်သံလေး စွက်ကာ အပြုံးလေးကို မျက်နှာမှာ အမြဲဆောင်ထားလေသည့် မမ မျက်နှာလေးကို ကျွန်တော် ငေးကြည့်မိလေသည်။ မမ အလုပ်စားပွဲလေး၏ နောက်ကျောဘက် နံရံမှာတော့ မနေ့က တွေ့ခဲ့ရလေသော ဦးမြ သွင်၏ ပုံတူဆီဆေး ပန်းချီကားကြီးကို မတွေ့ရတော့ပေ။ ဦးမြသွင် တစ်ယောက် တကယ်ကို နေဝင်ချိန် ရောက်သွားခဲ့ရလေပြီလား။

••••• ••••• •••••

ဆောင်းဝင်စ မနက်ခင်းလေးမှာ ကျင်းပတဲ့ ဦးမြသွင်နှင့် မမတို့၏ မင်္ဂလာလက်ထပ်ပွဲလေးဆီကို ကျွန်တော်တို့ ဝန်ထမ်းတွေ စုပြီး လက်ဖွဲ့ပစ္စည်းလေးတွေ ဝယ်ကာ နာမည်ကြီးဟိုတယ်ကြီး တစ်ခုဆီသို့ သွားခဲ့ကြရဖူးလေသည်။ တစ်စားပွဲတည်း ထိုင်နေတဲ့ ရုံးက ကလေးမလေး ကတော့ ဦးမြသွင်တို့ မိသားစု၏ ပြည့်စုံကြွယ်ဝမှုတွေ၊ နိုင်ငံရပ်ခြား အထိ ပြန့်ကျဲနေတဲ့ ဦးမြသွင်ရဲ့ ပညာတတ်မိသားစုဝင် တွေရဲ့ အကြောင်းတွေကို အားကျ ဂုဏ်ယူစွာဖြင့် ပြောနေသလို လူငယ်လေးတစ်ယောက်ကတော့ သတို့သမီးချောချောလေးကို လက်ထပ်နိုင်ခဲ့တဲ့ ဦးမြသွင်ကို အားကျမိကြောင်း ပြောခဲ့လေသည်။ လက်ထပ်ဖိတ်စာ စာလေးကို ဖတ်ကြည့်မိတော့ မမ၏ မိဘများသည် အစိုးရဝန်ထမ်းများဖြစ်ကြပြီး မမ သည်လည်း သာမန်ဘွဲ့လေး တစ်ခုဖြင့် နယ်မြို့သူလေး တစ်ယောက်ဖြစ်ကြောင်းကို သိရလေသည်။ ဦးမြသွင်ဟု ခေါ်နေဖြစ်ရသော်လည်း သူ၏ အသက်မှာ လေးဆယ် ဝန်းကျင်လောက်မျှသာ ရှိသေးလေသည်။ ထိုအချိန်က ဦးမြသွင်သည် လက်ညိုးညွန်ရာ ရေ ဖြစ်နေသော ကျွန်တော်တို့၏ MD တစ်ယောက်ပင်။

ဦးမြသွင်သည် စီးကရက်ကို လက်ကမချတမ်း သောက် သည်။ ဘလက်ကော်ဖီခါးခါးလေးကို တပ်နေ့တစ်နေ့ ခွက်ရေ အတော်များများ သောက်တတ်သည်။ တစ်ခါတည်း ဓာတ်ဘူးထဲမှာ ထည့်ပြီး အသင့်ဖျော်ထားပေးလို့ မရ။ တစ်ခါသောက် တစ်ခါဖြင့် သူ၏ အပါးတော်မြဲ ကောင်မလေးက ဖျော်ပေးရလေသည်။ အဲကွန်း အမြဲ ဖွင့်ထားပြီး တံခါး အမြဲ ပိတ်ထားလေတဲ့ ဦးမြသွင်ရဲ့ အခန်းလေးထဲကို အပါးတော်မြဲ ကောင်မလေးက လွဲပြီး တခြားဝန်ထမ်းများ သူ မခေါ်ဘဲနှင့် စွတ်ခနဲ စွတ်ခနဲ ဝင်ထွက်ခွင့် မရှိခဲ့ကြ။ တစ်ခါတလေများမှာတော့ အပါးတော်မြဲလေးသည် ဦးမြသွင်၏ ရုံးခန်းလေးထဲမှာ တစ်နေကုန် ရှိနေပေးရသလို ဦးမြသွင် သွားလေရာကို ကားတစ်စီးတည်း အတူ စီးကာ အလုပ်သဘောအရ နယ်ခရီးစဉ်တွေပါ ညဉ့်အိပ်ညဉ့်နေ လိုက်ပါပေးရလေတော့သည်။

သူလည်း ဝန်ထမ်း ကိုယ်လည်း ဝန်ထမ်း ဘဝတူတွေပဲဟု ဆိုပေမယ့် အပါးတော်မြဲလေးကို ကျန်ဝန်ထမ်းများက အလျှော့ပေး လိုက်လျောညီထွေ ဆက်ဆံပေးခဲ့ရလေသည်။ အပါးတော်မြဲလေးနှင့် အဆင်မပြေလို့၊ အပါးတော်မြဲလေး စိတ်တိုင်းမကျလို့ ဦးမြသွင် အလုပ်ထုတ်ပစ်ခဲ့တဲ့ ဝန်ထမ်းတွေ နည်းမှ မနည်းလေတော့တာ။

“မောင် ဘယ်သူ၊ မ ဘယ်သူ မင်းကိုတော့ အလုပ်က ထုတ်လိုက်ပြီ။ တာဝန်က ရပ်စဲလိုက်ပြီ” ဟု ဦးမြသွင်သည် ဘယ်တော့မှ မပြော။ သူ အလုပ်ထုတ်ချင်တဲ့ သူ၊ သူ မလိုလားတဲ့ သူကို သူ့ ရုံးခန်းလေးထဲကို တစ်နေ့ကို အကြိမ်ပေါင်းများစွာ ခေါ်တော့သည်။ ရင်းနှီးနွေးထွေးဟန်ပြုသည်။ ပင်မ အလုပ်နှင့် သွေဖည်ပြီး တခြား ကိစ္စတွေခိုင်းသည်။ ဆူသည် ပူသည် ဟောက်သည်။ ကြာလာတော့ ဘွဲ့ရပညာတတ် လူငယ်တွေပီပီ သိပ်ခေါင်းအစား မခံတော့၊ ဦးမြသွင်ကို စွန့်ခွာသွားကြလေတော့သည်။ 

တစ်နေ့သားမှာတော့ ဦးမြသွင်သည် သူ့ရုံးခန်းလေးဆီသို့ ကျွန်တော့်အား ခေါ်လေတော့သည်။ တိုင်ပင်စရာရှိလို့ဟု အပါးတော်မြဲလေးက ပြောသည်။ ဘာမှန်းတော့ မသိ။ ကျွန်တော့် စိတ်ထဲမယ် တစ်မျိုးလေးတော့ ထူးဆန်းနေလေသည်။ ထိုနေ့က အပါးတော်မြဲလေးရော၊ ဦးမြသွင်ပါ မျက်နှာတွေက သိပ်မကောင်းကြ။ သူ့ ရုံးခန်းလေးထဲ ရောက်တော့ အပါးတော်မြဲလေးက ကော်ဖီလေးတစ်ခွက် ဖျော်ပြီး ကျွန်တော့် ရှေ့က စားပွဲပေါ် တင်ပေးပြီး ဦးမြသွင်ဘေးက ခုံမှာ ခေါင်းလေး ငုံ့ထိုင်နေလေသည်။ ဦးမြသွင်ကတော့ စီးကရက်လေးကို ထုတ်ဖွာရင်း မီးခိုးငွေ့တွေ ကြားကနေ ကျွန်တော့်ကို ကြည့်နေလေသည်။ ဦးမြသွင်ရဲ့ ထူးခြားချက်ကတော့ သူ့မျက်လုံး သေးသေးလေးဖြင့် လူတစ်ယောက်ကို စူးခနဲ စိုက်ခနဲ ခန္ဓာကိုယ်ထဲ အထိ ထိုးဖောက်ပြီး အကြာကြီး စိုက်ကြည့်နေတတ်ခြင်းပင်။ စူးရဲနေသယောင်ဖြင့် အားဖျော့နေတဲ့ သူ့မျက်ဝန်းလေးထဲမှာ တစ်ခုခုကို ပြောဖို့ မပြောဖို့ ဝေခွဲရခက်နေတဲ့ အစအနလေးတွေကို တွေ့လိုက်ရလေသည်။ ငါးမိနစ်လောက် အထိ ကျွန်တော်တို့ အကြားမှာ တိတ်ဆိတ်လို့ နေတော့သည်။ 

“တခြားတော့ မဟုတ်ပါဘူး။ ကိုညီနဲ့ တစ်ရုံးတည်း ရှိနေကြပြီး တစ်ယောက်နဲ့ တစ်ယောက် မတွေ့ဖြစ်ကြလို့ပါ၊ ရုံး မှာ အဆင်မပြေတာ။ လိုအပ်တာ ရှိရင် ကျွန်တော့်ကို ချက်ချင်းသာ ပြောပါ၊ သည်ရုံးမှာ လူကြီးဆိုလို့ ကိုညီနဲ့ ဦးကောင်းတို့ပဲ ရှိကြတာလေ” ဟု ပြောပြီး ဟိုရောက်သည်ရောက် စကားတွေသာ ပြောဖြစ်ခဲ့ကြတော့သည်။ နောက်တစ်နေ့မှာတော့ အပါးတော်မြဲလေး အလုပ်က ထွက်သွားတဲ့ သတင်းက တစ်ရုံးလုံးမှာ ပြောစရာ ခေါင်းစဉ်လေး ဖြစ်ခဲ့ရသလို၊ ထူးဆန်းတာကတော့ ရုံးကို လာလေ့လာထ မရှိလေတဲ့ ဦးမြသွင်ရဲ့ဇနီး “မမ” ရုံးကို ရောက်လာခဲ့ခြင်းပင်။ တံခါးလေး အမြဲ ပိတ်ထားတဲ့ ဦးမြသွင်ရဲ့ ရုံးခန်းလေးထဲမှာတော့ ပစ္စည်းတွေ ပေါက်ခွဲလွှင့်ပစ်သံတွေ၊ မမ နှင့် ဦးမြသွင်တို့ရဲ့ အော်ဟစ်သံတွေကို ကြားခဲ့ရပြီး မနက်အစောကြီးမှာပဲ ဝန်ထမ်းအားလုံးကို ရုံးပေးဆင်းလိုက်လေတော့သည်။

••••• ••••• •••••

ထမင်းဆိုင်လေးထဲမှာ လူတွေ ပြည့်ကျပ်လို့နေတော့သည်။ ကျွန်တော့်ရှေ့မှ လူငယ်လေးက စားလက်စကို လက်စသတ်ပြီး ရေနွေးကြမ်းလေး သောက်နေရင်းကမှ... 

“ခင်ဗျားတို့အားလုံး ကိုယ်ရည်ကိုယ်သွေးတွေကို မြှင့်တင်ကြစမ်းပါ။ ခင်ဗျားတို့ နောင်ရေးအတွက် ဘာမှ ပူစရာမလိုဘူး။ ကျွန်တော် ခင်ဗျားတို့ကို ပင်စင်ပါ ပေးမှာတဲ့ဗျာ။ သူမို့ ပြောထွက်လိုက်တာဗျာ။ ကျွန်တော်တို့ အလုပ်က အစိုးရ အလုပ်လည်း မဟုတ်ဘူး။ ပုဂ္ဂလိက အလုပ်ဗျာ၊ ဒါကို ပင်စင်ပါပေးဦးမယ်လို့ ပါးစပ်ထဲ ရှိတာ လျှောက်ပြောနေတယ်” 

မနက်က အစည်းအဝေးခန်းထဲမှာ ဦမြသွင် ပြောသွားတဲ့ စကားလေးကို မကျေနပ်သံလေးစွက်လို့ ပြောလို့နေတော့သည်။ 

“ဟုတ်တယ်၊ အစမ်းခန့် သုံးလ ပြည့်ရင် လစာ တိုးပေးမယ်လို့ ပြောထားပြီး ခုပဲ နှစ်ပေါက်တော့မယ်။ ဘာတစ်ပြားတစ်ချပ်မှ တိုးမပေးသေးဘူး၊ ဘာလူမှုရေးစိတ်ဓာတ်မှ မရှိတဲ့လူ၊ အခါကြီး ရက်ကြီးတွေလည်း ပိတ်မပေး၊ သာရေးနာရေး ကိစ္စတွေ မသွားမဖြစ် သွားရလို့ ပျက်ပြန်ရင်လည်း ဖြတ်ပြန်ရော၊ နောက်ကျရင်လည်း ဖြတ်ပြန်ရော၊ ဝန်ထမ်းတွေ နောက်ကျလေလေ ပျက်ရက်များလေလေ။ သူ့အတွက်က ရွှေပဲ၊ လစာပေးတဲ့အခါ သူ့ဘက်က ပေးရတာ နည်းသွားတာပေါ့။ အလုပ်အကိုင် ရှားပါးလွန်းလို့ ကြိတ်မှိတ်လုပ်နေရတာ” ဟု ကျွန်တော့် ဘေးမှာ ထမင်းထိုင်စားနေတဲ့ ကလေးမလေးက ပြောလေသည်။ ရုံးထမင်းစားဆင်းချိန်လေးမှာပဲ ထမင်းဆိုင်လေးဆီမှာပဲ ကိုယ့်အစုလေးနဲ့ ကိုယ် ပြောချင်တာလေးတွေကို ပြောဖြစ်ကြ ရတော့သည်။ သည်ကြားထဲမှာပဲ ဟိုစကား သည်ပို့တတ်သူမျိုး အရှေ့မှာ ပြောမိကြလျှင်တော့ ပြဿနာမီးပွားလေးတွေကို ဖြေရှင်းကြရတတ်ပြန်ပါသည်။

••••• ••••• •••••

သွေးကြောစိမ်းလေးတွေ ဖြာနေတဲ့ လက်ဖမိုးလေး၊ လက် သည်းနီ နီညိုရောင်လေး ဆိုးထားတဲ့ လက်ချောင်းကလေးတွေက စည်းချက်တစ်ခုတည်းမှာ နူးနူးညံ့ညံ့လေး ကခုန်နေသလိုမျိုး ဇွန်းကလေးကို ကွေ့ကာဝိုက်ကာဖြင့် အနက်ရောင် ကော်ဖီ ခါးခါးလေး တစ်ခွက်ကို လှပစွာ ဖျော်နေတော့သည်။ အပါးတော်မြဲအသစ်ကလေး။ မနေ့ကမှ ရုံးစတက်သည်။ ရိုးတိုးရှန့်တန့် အမူအရာမျိုး မရှိ။ သည်နေ့မှာ တစ်ရုံးလုံးဟာ သူ့လက်သူ့ခြေ ဖြစ်သွားခဲ့ပေပြီ။ အသွက်ကလေး၊ ပိုက်ကွန်ထဲကို ကိုယ့်သဘောနဲ့ကိုယ် တိုးဝင်ချင်နေတဲ့ ငါးကလေး။ ဦးမြသွင် ဟထားတဲ့ ပိုက်ကွန်လေးထဲကို တိုးဝင်သွားခဲ့ပေပြီ။ ဦးမြသွင်ရဲ့ မြှောက်စားမှု အောက်မှာ အပါးတော်မြဲ အသစ်ကလေးသည် လုပ်ဖော်ကိုင်ဖက်တွေနဲ့ ဆက်ဆံရေးမှာ ရင့်သည်၊ ရိုင်းသည်၊ အကြမ်းထည် ဆန်လွန်းလှသည်။ မှတ်မှတ်ရရအဖြစ် အပါးတော်မြဲ အသစ်ကလေး ရောက်လာပြီး မကြာခင်မှာပဲ ဝန်ထမ်းတချို့အလုပ်မှ ထွက်ခွာသွားခဲ့ကြတော့လေသည်။ ဘဝအတွက် ရင်ဆိုင်ရုန်းကန်နေရတဲ့ လူငယ်လေးတွေ၊ မိသားစုအတွက် ရုန်းကန်နေရတဲ့ လူငယ်လေးတွေ အလုပ်က ထွက်သွားခဲ့ကြတဲ့ အတွက် ကျွန်တော့်ရင်ထဲမှာ မကောင်း။ သိပ်မကြာခင်မှာပဲ အပါးတော်မြဲ အသစ်ကလေးမှာ မဖုံးနိုင် မဖိနိုင် ကိစ္စဖြစ်လာပြီမို့ ဦးမြသွင်မဖြစ်မနေ ယူရတော့မှာ ဖြစ်ကြောင်း သတင်းတွေ ထွက်လာသလို အပါးတော်မြဲအသစ်လေးသည်လည်း ရုံးကို လုံးဝ ခြေဦး မလှည့်တော့။ ကြက်ပျောက်ငှက်ပျောက် ပျောက်သွားခဲ့ပေပြီ။

“ကျွန်တော်လို့ လုပ်ငန်းတွေကနေ ပိုက်ဆံတွေက ဝင်တာတော့ ဝင်နေတယ်။ ဒါပေမဲ့ဗျာ ရလာသမျှ ပိုက်ဆံတွေကို သူ အတိုးတွေ ပေးပေး နေရတာ နည်းတာမှ မဟုတ်တာ။ ဘာတွေ ဘယ်လို ချေးပြီး ဘာအတွက် သုံးနေတာလဲ ဆိုတာတော့ မသိပါဘူးဗျာ” ဟု ဆိုကာ ဗိုက်ရှေ့မှာ လက်ကလေး နှစ်ခုကို ယှက်ပြရင်း “အဲ့ဒီ ကောင်မလေးကတော့ ခိုင်သွားပြီ။ တိုက်ခန်း တစ်ခန်းနဲ့ တက္ကစီတစ်စီး ထောင်ထားပေးတယ်လို့ သိရတာပဲ” ဟု စာရင်းကိုင် လူငယ်လေးဆီမှ ဦးမြသွင်၏ ငွေကြေးနှင့် ပတ်သက်လေသော အကြောင်းအရာလေးကို ကျွန်တော် သိခဲ့ရလေသည်။

တစ်နေ့မှာ ဦးမြသွင် အမြန်လမ်းမှာ ကားအက်ဆီးဒင့် ဖြစ်လို့ ဆိုတဲ့ ဖုန်းလေးက ရုံးကိုဝင်လာခဲ့လေသည်။ အသက်ကို မထိခိုက်ခဲ့ပေမယ့် ညာဘက်ခြေထောက်လေး တစ်ဖက်တော့ ဆုံးရှုံးသွားခဲ့လေသည်။ ကံကို မယုံကြည်ခဲ့လေတဲ့ ဦးမြသွင်၊ ဘာသာတရား အဆုံးအမကို မနာခံတတ်လေတဲ့ ဦးမြသွင်၊ ဆေးရုံခုတင်လေးပေါ်မှာ ပက်လက်ကလေးဖြင့် ဒုက္ခိတ ဦးမြသွင်။ အဲဒီ ဦးမြသွင် အတွက် သူ့ဇနီး “မမ” က ဦးမြသွင် ငွေရောင်ပိတ်ကားပေါ်မှာ ဆက်လက်ရှုစားဖို့ ဇာတ်လမ်းလေး တစ်ပုဒ်ကို ချရေးလိုက်လေတော့သည်။

••••• ••••• •••••

“ခုတင်ပေါ်မှာ ပက်လက်ကလေး ဖြစ်နေတဲ့ လူတစ်ယောက်ကို ရိုက်ထား၊ နှက်ထားလိုက်တာ ကွဲပြဲပြီး သွေးတွေဆို မြင်မကောင်းအောင်ဘဲ” 

“ကားသော့ရော၊ ဖုန်းတွေရော သိမ်းထားလိုက်ပြီလို့ပြောတယ်”

“ဒါ နေအိမ်အကျယ်ချုပ် ချထားတဲ့ သဘောပဲ”

“အခု သည်မိန်းမက ရုံးကိုလည်း သိမ်းပိုက်လိုက်ပြန်ပြီ” 

“ဒါ အာဏာသိမ်းတဲ့ သဘော မဟုတ်ဘူးလား”  

“သူ့ကို ရုံးက ဦးမြသွင် တပည့်တွေ့ ကြည်ဖြူအောင်၊ ဝန်ထမ်းတွေ သူ့ဘက် ပါလာအောင် ဟိုရက်၊ ဒီရက်တွေ ပိတ်ပေး၊ အချိန်တွေ လျှော့ပေး နေတာများလား”  

“အပြောလေးကတော့ ရွှေမန်းပဲ၊ နောက် ဘယ်လိုတွေ ဇာတိပြလာဦးမလဲဆိုတာ စောင့်ကြည့်ဦး”

“ယောက်ျားက ဒုက္ခိတ ဖြစ်သွားလို့ မိန်းမက သူ့ယောက်ျားအလုပ်တွေကို ဝင်ထိန်းပေးပြီး လုပ်ပေးနေတာ ဖြစ်မှာပေါ့” 

“ဦးမြသွင် မိဘတွေက “မမ” ကို တရားစွဲမယ်လို့ ပြောနေကြတယ်” 

“ဦးမြသွင်ကလည်း “မမ” ကို တရားဝင်ကွာရှင်းမယ်လို့ လည်း ပြောနေကြတယ်” 

“တော်သေးတာပေါ့။ သူတို့မှာ ကလေး မရှိလို့” စသဖြင့် အသံများစွာကို ကျွန်တော် ကြားခဲ့ရလေသည်။ 

မှတ်မိသေးသည်။ ထိုနေ့ က “မမ” သည် ဘုန်းကြီး ငါးပါး ပင့်ပြီး ရုံးမှာ နေ့ဆွမ်းဆက်ကပ်သည်။ ကျွန်တော်တို့ ဝန်ထမ်း အားလုံးကို အစည်းအဝေးခန်းထဲသို့ ခေါ်ကာ သူသည် ဒီနေ့က စပြီး ရုံးရဲ့ကိစ္စ အဝဝကို MD တစ်ယောက် အနေဖြင့် စဆောင်ရွက်တော့မှာ ဖြစ်ကြောင်း၊ သူ့ရဲ့ လိုအပ်ချက် အားနည်းချက်တွေ ရှိပါကလည်း အားမနာတမ်း ဝေဖန် ထောက်ပြစေလိုကြောင်း၊ အရာရာကို မိသားစုသဖွယ် နွေးထွေးစွာနဲ့ ဖြတ်သန်းလက်တွဲ သွားချင်ကြောင်း ပြောခဲ့လေသည်။ တစ်ဆက်တည်းမှာပဲ သူ့ဘေးမှာ ရပ်နေတဲ့ အမျိုးသမီး တစ်ယောက်ကို သူမ၏ ညီမအရင်း ဖြစ်ကြောင်း၊ အခု ဒီရုံးရဲ့ မန်နေဂျာ အသစ်လည်း ဖြစ်ကြောင်း မိတ်ဆက်ပေးလေသည်။ သူမ မိတ်ဆက်ပေးမှပဲ မန်နေဂျာ အဟောင်းဖြစ်သူ ဦးမြသွင်၏ ညီဝမ်းကွဲ ဖြစ်သူ ကိုမောင်တာ အား သွားသတိ ထားမိတော့လေသည်။

••••• ••••• •••••

တူညီဝတ်စုံလေးတွေ ဝတ်ဆင်ထားကြတဲ့ ရုံးခန်းလေးထဲမှာ နေရင်းထိုင်ရင်းဖြင့် ဘက်လေး နှစ်ဖက်ဟာ သူ့သဘောနဲ့ သူ ကွဲသွားခဲ့ကြပေပြီ။ ပါးစပ်က ဖွင့်မပြောဖြစ်ကြပေမယ့် “နင်တို့က မမရဲ့လူတွေ” “ငါတို့ကတော့ ဦးမြသွင်ရဲ့ လူတွေပဲဟေ့” ဟု ဆိုကာ မသိစိတ်လေးတွေ တွန်းတိုက်သွားကြတော့လေသည်။ 

မည်သို့ပင်ရှိစေ ကမ္ဘာဦးကတည်းက ရွာခဲ့တဲ့ “သမုဒ္ဒရာ ဝမ်းတစ်ထွာ” ဆိုတဲ့ မိုးစက်လေးတွေကတော့ ခုထိ တဖွဲဖွဲ ရွာကျနေတုန်း။

ကော်ဖီခါးခါး ရနံ့လေးကတော့ လေအဝှေ့မှာ လွင့်ပြယ်သွားခဲ့ရပေပြီ။

 ▢  ကိုကိုအောင် (ရုက္ခ)
📖 မဟေသီ ရုပ်စုံ မဂ္ဂဇင်း 
      ဇန်နဝါရီ ၊ ၂၀၁၈