Thursday, October 31, 2024

လေတွေ ကို ငွေ ဖြစ်စေသူ


 

❝ လေတွေ ကို ငွေ ဖြစ်စေသူ ❞

[ ကိုအောင်ကျော်ဦး ( ၄၁ နှစ် ) က ဆိုင်ကယ်ပွဲစား တစ်ယောက် ဖြစ်ပါတယ် ။ ဆိုင်ကယ် အဝယ်အရောင်း လည်း လုပ်တယ် ။ ရှမ်းပြည်နယ် နဲ့ တရုတ်ပြည် နယ်စပ် မူဆယ် - ရွှေလီ ကို သွားပြီး အမျိုးကောင်း အဖိုးချို ဆိုင်ကယ်တွေ ရှာဖွေ ဝယ်ယူ ခဲ့သူ ဖြစ်တယ် ။ မဟာရန်ကုန် က ဆိုင်ကယ်တွေ နယ် နှင် တော့ လည်း ရန်ကုန် ပြေးပြီး ဆိုင်ကယ် ဝယ်လိုက် မန္တလေး ပြန်ပြီး ဆိုင်ကယ် ရောင်းလိုက် လုပ် ခဲ့သူ ဖြစ်ပါတယ် ။

သူ က အာဝဇ္ဇန်း ရွှင် လို့ လူချစ်လူခင် များတယ် ။ စက်ဘီး စီး ပြီး ဆိုင်ကယ်ပွဲစား ဘဝ ထဲ ဝင် ခဲ့တဲ့ ကိုအောင်ကျော်ဦး ဟာ ယခုအခါ ကိုယ်ပိုင် ဆိုင်ကယ် ၊ ကိုယ်ပိုင် အိမ် ၊ တယ်လီဖုန်း နဲ့ တင့်တောင့်တင်တယ် နေနိုင်တဲ့ အခြေအနေ တစ်ခု ရခဲ့ပြီ ဖြစ်တယ် ။

သူ့ ဘဝ တစ်စိတ် တစ်ဒေသ က စိတ်ဝင်စား စရာပါ ။ သူ့ ဘဝ အကြောင်း ကို ကိုအောင်ကျော်ဦး က ပြောပြတယ် ။ ]

•••••   •••••   •••••

အရင်တုန်း က ကျွန်တော် က ဝန်ထမ်း ။ ကိုယ် နဲ့ ပတ်သက်တဲ့ လူတွေ ၊ ဥပမာ နယ် က အသိတွေ မန္တလေးမြို့ လာပြီး ဆိုင်ကယ် ဝယ် ချင်တယ် ၊ ရှာ ပေးပါ ၊ ပြောတဲ့ အခါ ရောင်းချင်တဲ့ သူ ရှိရာကို ကိုယ် က ခေါ် သွားတယ် ။ ကိုယ် က ဆိုင်ကယ် ကို နားမလည် ပေမယ့် သူတို့ ဟာ သူတို့ ကြည့်ရှုကြရင်း အလုပ်ဖြစ် သွားတော့ လုပ်ငန်း သဘော အရ ကိုယ့် ကို ငွေ နည်းနည်းပါးပါး ပေး ကြတယ် ။ ငွေကြေး ရတာ မျိုးလေးတွေ ရှိတော့ ဒီ လုပ်ငန်း ကို စိတ်ဝင်စား လာတယ် ။

၁၉၉၀ ခု ဝန်းကျင် မှာ ဝန်ထမ်း အလုပ် က ထွက်ပြီး ဆိုင်ကယ်ပွဲစား စ လုပ်တယ် ။ အဲဒီ တုန်း က ( အရောင်းအဝယ် လုပ်တဲ့ ) ဆိုင်ကယ်ဝိုင်း ရယ် လို့ ပီပီပြင်ပြင် မရှိသေးဘူး ။ ၁၈ လမ်း မှာ ကျွန်တော့် သူငယ်ချင်း ကိုစိုးနိုင် ရဲ့ ကျော်မေဃ ဆိုတဲ့ ဆံပင်ညှပ်ဆိုင် ရှိတယ် ။ ဆံပင်ညှပ်ဆိုင် ဆိုတော့ လူ က လည်း စုံတယ် ။ သတင်း လည်း စုံတယ် ၊ အိမ်မြေပွဲစား ၊ ဆိုင်ကယ်ပွဲစား ၊ ပွဲစား လည်း စုံတယ် ။ ဆိုင်ကယ် ရောင်းချင်တဲ့ လူ က သူ့ လိပ်စာလေး ရေးပေး ထားတယ် ။ ဝယ်ချင် တဲ့ သူ လာ တဲ့ အခါ ကျွန်တော်တို့ က စက်ဘီးလေး နဲ့ သွားပြီး ဆိုင်ကယ် လိုက် ပြရတာ ။

ဝယ်မယ့်သူ ကိုယ်တိုင် ဆိုင်ကယ် ကို နားလည်တာ လည်း ရှိတယ် ။ ကိုယ်တိုင် နားမလည် လို့ ဝပ်ရှော့ပ်ဆရာ ခေါ်လာပြီး ကြည့်တာမျိုး လည်း ရှိတယ် ။ သူတို့ က ပစ္စည်း ကြည့်ပြီး ဟာ အိတ်ဇော က လွဲတယ် ၊ မီးခွက် က မမှန်ဘူး ဆိုတာမျိုး ပြောတယ် ။ ကိုယ် က ဂဃဏန နားမလည် သေးဘူး ၊ သူတို့ ပြောတာ ပြတာ ကြည့်ပြီး မြင်ဆရာ ပညာ ယူရတာပေါ့ ။

အဲဒီ အချိန်တုန်း က ဆိုင်ကယ် အသစ်စက်စက် ပက်ကင် မှ သုံးသိန်း ခွဲလေးသိန်း ။ လတ်လတ် မှ တစ်သိန်းခုနှစ်သောင်း ရှစ်သောင်း ပဲ ရှိတာ ။ အရောင်းအဝယ် ဖြစ်ရင် ပွဲခ ထုံးစံ က နှစ်ထောင် သုံးထောင် ပေးရတယ် ။ ကိုယ် က စက်ဘီး နဲ့ လာတဲ့ ပွဲစား ၊ လမ်းလျှောက်ပွဲစား သာသာ ဆိုတော့ ပစ္စည်းရှင် က ထုံးစံအတိုင်း မပေးဘဲ တစ်ထောင် ပဲ ယူ ၊ တစ်ထောင့်ငါးရာ ပဲ ယူ ဆိုတာမျိုး သူ ပေး သလောက် သာ ကိုယ် က ယူရတာ ၊ ရတဲ့ ပွဲခ ကို မိတ်ဆွေတွေ နဲ့ ခွဲဝေ ယူ ကြတော့ ငါးရာ ခြောက်ရာ မျိုး ရတယ် ။ ဒီ ငွေ က လည်း အိမ် မှာ မီးဖိုချောင်စရိတ် တော့ ဖောဖောသီသီ သုံးနိုင်တယ် ။

မန္တလေးမြို့လယ် က ရွှေအိမ်စည် လက်ဖက်ရည်ဆိုင် မှာ လည်း ပွဲစားအမျိုးစုံ ထိုင် ကြတယ် ။ ရောင်းချင် သူ တွေ လည်း လာတယ် ။ တဖြည်းဖြည်း လည် လာတယ် ။ ကျွန်တော်တို့ က လည်း ကိုယ် လိုချင်တာ သွားရှာတာ တို့ လိုက် ဝယ်ပေး ရတာတို့ ရှိတယ် ။ ဟိုမှာ မိတ် လည်း အတန်အသင့် ရလာတယ် ။ အဲသည် မှာ ကျွန်တော်တို့ လက်တွဲ ဖို့ကမ်းလှမ်း တဲ့ လူ တစ်ယောက် ရှိတယ် ။ ကိုတိုင်းကျော် တဲ့ ။ ကျွန်တော် တို့ အတူ တွဲပြီး အလုပ်တွေ အများကြီး လုပ်ခဲ့တာ ယခုအထိပါပဲ ။

ရတဲ့ ငွေကလေး စုဆောင်း ထားတယ် ။ လေးငါးသောင်း စု မိတော့ ဆိုင်ကယ် အစုတ်ကလေး တစ်စီး ဝယ်တယ် ။ မြောက်ပြင် က ဝပ်ရှော့ပ်ဆရာ ကိုကျော်ဝင်း လက် ကို အပ်တယ် ။ ကိုကျော်ဝင်း က ပြင်ဖို့ လိုမယ့် စာရင်းလေး လုပ် ပေးတယ် ။ ကျွန်တော် က ပွဲခ ရတာလေးတွေ စုစုပြီး လိုမယ့် ပစ္စည်း ဝယ် ပေးတယ် ။ ပစ္စည်းစုံ တော့ ပြင်တယ် ။ ကိုကျော်ဝင်း က ပြင်ခ မယူဘူး ၊ ဒီလိုနဲ့ ဆိုင်ကယ် စီး လာ နိုင်တယ် ။ စက်ဘီး နဲ့ လုပ်ရကိုင်ရတဲ့ ဘဝ နဲ့ တော့ သိသိသာသာ ခြားနား သွားတယ် ။ လူတွေ ရဲ့ ယုံကြည်မှုလည်း ရလာတယ် ။ လုပ်သက် က လည်း ကြာလာ တော့ အသိအကျွမ်း လည်း များ လာတယ် ။ ရောင်းချင် တဲ့ သူ က သူ့ ပစ္စည်း ကို ယူ သွား ဆိုပြီး အပ်တယ် ။ ရောင်းပြီး မှ ငွေ ပေးရုံပဲ ။ ကျွန်တော် က လည်း ရောင်းသူရော ဝယ်သူ ပါ မနစ်နာ အောင် လုပ်ပေးလေ့ ရှိတယ် ။

ပွဲစား အလုပ် မှာ အဓိက က အကင်းပါး ဖို့ပဲ ။ ဝိုင်း ထဲ ဝင် လာတဲ့ သူတွေ ထဲ က ဘယ်သူ က ရောင်းမယ့်သူ ဘယ်သူ က ဝယ်မယ့် သူ ခွဲခြား သိဖို့လိုတယ် ။ ရောင်းမယ့် ဘီးတွေ ဘယ်သူ့ ထဲ မှာ ရှိတယ် ၊ ဘာအမျိုးအစား ဘယ်ဈေး မှတ် ထား ရတယ် ။ ဝယ်လက် က လာ မေးရင် ချပ်ခနဲ ချိတ် ပေး နိုင်ရတယ် ။

အလုပ် လုပ်ရာ မှာ ကတိသစ္စာ တည် ဖို့ လည်း အရေးကြီးတယ် ။ ကတိသစ္စာ မတည်လို့ ယုံကြည်မှု ပျက်သွားပြီ ဆိုရင် ဒီ လောက မှာ လုပ်စား လို့ မရတော့ဘူး ။

လုပ်သက် နဲ့ အတွေ့အကြုံ နဲ့ အလိမ် မခံရအောင် လည်း ဂရုစိုက်ရတယ် ။ ဒီနေ့ အထိတော့ အလိမ် တော့ မခံရဖူးသေးဘူး ။ ပညာတွေ ကတော့ ယူ လို့ မကုန်ဘူး ။

ဝိုင်း လာပြီး လိမ် သွားတဲ့ သူတွေ က လည်း နည်း မျိုးစုံပဲ ။ စတိုင်ကျကျ ကား နဲ့ လာတယ် ၊ ခါး မှာလည်း ဟမ်းဖုန်း ချိတ် ထားတယ် ။ ရောင်းမယ့်ဘီး ကို ကြည့် ပြီး စမ်း စီးကြည့်မယ်နော် လို့ ခွင့်တောင်းတယ် ။ စီး သွားတယ် ။ ကားသမား ကျန်ခဲ့တော့ ပွဲစား က လည်း စိတ်ချလက်ချ ပေး လိုက်တာပဲ ။ မြုပ်လေပေါ့ ပေါ်မလာ အတော်ကြာ ဇာတ်လမ်း ခင်းလို့ ကားသမား ကို မေးတော့ မှ သူ က လည်း တည်းခိုခန်း က တက္ကဆီ ၊ ငှားလို့ ပါ လာတာ တဲ့ ။ သွား ရော ၊ ရှင်းပေရော့ ပဲ ။

ဟိုတလော က လုပ်တဲ့ ဖော်မြူလာအသစ် က တော့ ငွေစက္ကူတွေ တစ်ထပ်ကြီး ၊ အစည်းလိုက် ၊ မြင်သာအောင် ကျွပ်ကျွပ်အိတ် နဲ့ ထည့် ယူလာတယ် ။ ဝတ္တုဇာတ်လမ်း တွေ ထဲ က လို စက္ကူတွေ ညှပ်ပြီး တစ်ထောင်တန် ၊ ငါးရာတန် တွေ အပေါ် က စီး လာတာ လည်းဖြစ်နိုင်တာပဲ ။

ဆိုင်ကယ် ကို ဈေးစကား ပြောပြီး မှ ငွေ မပြည့်သေးဘူး အိမ် လိုက် ယူပါ ဆိုပြီး ခေါ်တယ် ။ သူ က ရှေ့ က စီး ၊ ပွဲစား က နောက် က စီး ၊ လမ်းမှာ ဆိုင်ကယ်ဦးထုပ် မေးသိုင်းကြိုး ခလုတ်ဖြုတ် လိုက် တော့ ဦးထုပ် က လွင့်ကျ ကျန်ရစ်တယ် ။ နောက် က စီးလာတဲ့ ပွဲစား ကို ညီလေး သွား ကောက် ပေးပါဦး လို့ ခိုင်းတယ် ။ သွား လည်း ကောက်ရော ဆိုင်ကယ် ကို မောင်းယူ ပြေးရော ။

ကျွန်တော် က အလုပ် လုပ်ရာ မှာ လက်သင် ပွဲစားကလေး နဲ့ လည်း ပေါင်းတယ် ။ သူတို့ စပ် လာတဲ့ ဘီး ကို ပွဲခ ပီပီပြင်ပြင် ပေးတယ် ။ သူတို့ နဲ့ပတ်သက်တဲ့ ဘီး ရှိရင် သူများ မစပ်ဘဲ ကိုယ့် ဆီ ပဲ ယူ လာတယ် ။ ကိုယ် က လောဘ သိပ် မကြီး တော့ ကိုယ် နဲ့ အလုပ် လုပ်ချင်တဲ့ သူ ပိုများပြီး အကျိုး ခံစားရပါတယ် ။

◾ကျော်ရင်မြင့်

📖 ဘဝဇာတ်ခုံ

.

သေဆုံးခြင်း၏ အခြားတစ်ဖက်၌


 

❝ သေဆုံးခြင်း၏ အခြားတစ်ဖက်၌ ❞
◾မောင်ရန်နိုင် ( တမာမြေ )

မီးကျွမ်းထားတဲ့ တောအုပ်ကလေး ။ ပတ်ပတ်လည် မှာ တော့ မီးကူး မခံလိုက်ရတဲ့ သစ်ပင်ကြီးတွေ ။ မီးလောင်ပြင် မှာတော့ ပြာမှုန်တွေ ထပြီး မဲနက်လို့ ။ တစ်ခု ထူးခြားတာ က ခပ်လှမ်းလှမ်း မှာ ရှိနေတဲ့ တစ်ခြမ်းသာ မီးလောင် ခံလိုက်ရတဲ့ သစ်ငုတ်ကြီး တစ်ခု ။ သစ်ငုတ်ကြီး ဟာ မီးလောင် ခံလိုက်ရလို့ တစ်ခြမ်းသေ နေပေမဲ့ ရှင်သန် နေဆဲ ။ မီးရှိန် ဟပ် ခံလိုက်ရတဲ့ သစ်ပင်ကြီးတွေ ရဲ့ အကိုင်းအခက်တွေ က အနည်းငယ် နွမ်းရိနေတယ် ။ ဒါပေမဲ့ မီးကူး မခံလိုက်ရတဲ့ တောအုပ်ကလေး ဟာ စိမ်းစိုနေဆဲ ။ သစ်ပင်ကြီးတွေ ဟာ တစ်ပင် နဲ့ တစ်ပင် အမှီသဟဲ ပြုလို့ ။ အကာအကွယ် ယူလို့ ။ ဒါပေမဲ့ တစ်ခြမ်း အလောင် ခံလိုက်ရတဲ့ သစ်ငုတ်ကြီး က တော့ လုံးဝ ထီးတည်း ကြီး ။ သူ့ မှာ အကာအကွယ် မရှိ ။ အမှီးသဟဲ မရှိ ။ ပြောရရင် သူ ဟာ မီးလောင်ဒဏ် ကြောင့် အချိန်မရွေး သေဆုံး သွားနိုင်တဲ့ အနေအထား ။

ပန်းချီမိုးဝေ ဟာ ဘာ စိတ်ကူး နဲ့ ဒီ ပန်းချီကား ကို ဆွဲမိခဲ့ပါသလဲ ။ ဘယ်လိုမှ ကြည်နူး ချမ်းမြေ့စရာ မကောင်းတဲ့ ပန်းချီကား တစ်ချပ် ပဲ ။ သူ့ ဟာ က တောအုပ်က လေးရဲ့ အလှ လည်း မဟုတ်ဘူး ။ မီးလောင်ပြင် သက်သက် ကို ခြယ်မှုန်း ထားတာ လည်း မဟုတ် ။ ဒီ ပန်းချီကား ထဲ မှာ ထင်း နေတာ က တော့ စောစောက သစ်ငုတ်ကြီး ပဲ ။ ဆေးရောင်တွေ ကို သူ့ စိတ်ကြိုက် ခြယ်မှုန်း ပစ်တယ် ။ ဆေးစက်တွေ ဟာ နေရောင် အောက် မှာ သူ့ နေရာ နဲ့ သူ အရောင် တလက်လက် ထလို့ ။ တစ်ခြမ်း က မီးကျွမ်း ပြီး တစ်ခြမ်း က ရှင်သန်နေဆဲ သစ်ငုတ်ကြီး ကို ဆေးခြယ် ထားတာ ကလည်း သိပ် အသက်ဝင် လွန်းတယ် ။ ဒါပေမဲ့ ဒီ ပန်းချီကား ကို သူ အဆုံးသ,တ်လို့ မရသေးဘူး ။ တစ်ခုခု လိုနေတယ်လို့ သူ့ စိတ်ထဲ မှာ ခံစား နေရတယ် ။ ထိုင်နေရာ က နေ သူ့ ခြေထောက် တစ်ဖက် ကို  ဆန့်ပြီး အညောင်းဖြေ လိုက်တယ် ။

“ ဟူး ... ”

စုတ်တံ ကို အသာ ချပြီး ပန်းချီကား ကနေ မျက်ဝန်း ကို ခွာလိုက်တယ် ။ ခါး ကို တစ်ချက် ဆန့်ပြီး အောင့် ထားတဲ့ လေကို ခပ်ပြင်းပြင်း မှုတ်ထုတ် လိုက်တဲ့ ခဏ ... ။ ခပ်ပြင်းပြင်း အနံ့ဆိုး တစ်ခု ဟာ သူ့ နှာခေါင်း ကို ပွတ်တိုက် သွားတယ် ။

“ ဟော .. ဟို အဘိုးကြီး ရောက်လာပြန်ပြီပဲ ”

နှုတ်ခမ်းမွှေး ၊ မှုတ်ဆိတ်မွှေး က ထူလဗျစ် ။ နေလောင် ထားတဲ့ ဆံပင်တွေ နဲ့ အသား နီကျင်ကျင် အဘိုးကြီး က ဖက်ဆေးလိပ်ကြီး ကို အားပါးတရ ရှိုက်ဖွာလျှက် သူ့ ပန်းချီကား ကို စူးစိုက် ကြည့် နေတယ် ။ ဒီ အဘိုးကြီး က သိပ် ထူးဆန်းတဲ့ အဘိုးကြီးပဲ ။ သူ ဒီ ပန်းချီကား ကို စ ဆွဲတဲ့ နေ့ က ဒီ တောအုပ်လေး ဘေး ကို ဒီ အဘိုးကြီး ရောက် လာတယ် ။ ပန်းချီ ဆွဲတာ ကို ခဏကလေး ရပ် ကြည့်ပြီး ဘာ စကား မှ မဆိုဘဲ ပြန်ထွက် သွားတယ် ။ ဒါပေမဲ့ နောက်နေ့ ကျတော့ ဖက်ဆေးလိပ်တွေ ရယ် ၊ ရေသန့် တစ်ဘူး ရယ် ၊ သရက်သီးမှည့်တွေ ရယ် ယူ လာပြီး ထပ် ရောက်လာ ပြန်တယ် ။ တစ်မနက်လုံး သူ ပန်းချီ ဆွဲတာကို ဆေးလိပ်တွေ တစ်လိပ်ပြီး တစ်လိပ် ဖွာပြီး ထိုင် ကြည့်တယ် ။ ဒါပေမဲ့ မိုးဝေ ကို ဘာ စကားမျှ မပြောဘူး ၊ ပန်းချီကား အပေါ် မှတ်ချက် ပြုတာမျိုး လည်း မရှိဘူး ။ မိုးဝေ ရဲ့ ခပ်လှမ်းလှမ်း မှာ ဒီတိုင်း ထိုင်နေတာပဲ ။ မိုးဝေ က လည်း ပန်းချီ ထဲ မှာ ဈာန်ဝင် နေတာရော ၊ သူ နဲ့ ကိုယ် ဟာ မရင်းနှီးတာရော ကြောင့်ပါ မနှုတ်ဆက် ဖြစ်ခဲ့ဘူး ။ နေ့ဝက် လောက် ကျတော့ သရက်သီးတွေ မိုးဝေ ကို ပေးပြီး ပြန် သွားတယ် ။

နောက် .. တတိယမြောက် နေ့ မှာ အဘိုးကြီး ထပ် ရောက် လာပြန်တယ် ။ ပုံမှန်အတိုင်း ဖက်ဆေးလိပ်ကြီး ကို ဖွာပြီး ယခင် နေ့ က အတိုင်း ထိုင် နေပြန်တယ် ။ ဒီနေ့တော့ သရက်သီးတွေ အစား ဝင်းမှည့်နေတဲ့ ငှက်ပျော တစ်ဖီးပါလာတယ် ။ မပြောင်းလဲ တာ က အဘိုးကြီး ရဲ့ ဝတ်စားဆင်ယင်မှုပဲ ။ စိမ်းပုတ်ရောင် ဂျာကင်နွမ်းနွမ်းကြီး ရယ် ၊ အတော်လေး အရောင်လွင့် နေတဲ့ ကာကီဘောင်းဘီရှည် တစ်ထည် ၊ ပြီးတော့ စစ်ဖိနပ်ဟောင်း တစ်ရံ ။ အနားသားတွေ ဖွာနေတဲ့ ဘောင်းဘီကြီး က စစ်ဖိနပ်ဟောင်း ပေါ်မှာ ဖုံးနေတယ် ။ မိုးဝေ က တစ်ချက် လှည့်ပြီး ပြုံးပြတော့ အဘိုးကြီး က ပြန် ပြုံးပြတယ် ။ ပြီးတော့ ....

“ မောင်ရင့် ပန်းချီကား တောင် တော်တော် ရုပ်လုံး ပေါ်လာပြီပဲ ”

အဘိုးကြီး ဆီ က ပထဆုံး ကြားရတဲ့ စကားသံပဲ ။ မိုးဝေ က ခေါင်းညိတ်ပြီး ပြုံးပြ လိုက်တယ် ။ နောက်ထပ် အဘိုးကြီး ဆီ က ဘာ စကားသံ မှ မကြားရတော့ဘူး ။ အချိန်တန် တော့ ပါလာတဲ့ ငှက်ပျောဖီး ကို မိုးဝေ ကို ပေးပြီး ပြန် သွားပြန်တယ် ။ အဘိုးကြီး ဟာ ဒီ အနီးအနား က ပဲ ဖြစ်လိမ့်မယ် ။ မိုးဝေ က တစ်ခုခု မေးချင်ပေမဲ့ အဘိုးကြီး ပုံစံ က စကား ပြောလိုဟန် မရှိတာမို့ မမေးဖြစ်လိုက်ဘူး ။ အဘိုးကြီး ဟာ ပန်းချီ ဝါသနာ ပါတဲ့ လယ်သမား ကိုင်းသမားကြီး ဖြစ်မယ် ထင်တယ် ။ ဒါပေမဲ့ အဘိုးကြီး ရဲ့ မျက်နှာ ပေါ် က အမွေးအမျှင်တွေ ကို ရှင်းပစ်လိုက်မယ် ဆိုရင် တော့ သိပ် ကြည့်ကောင်းတဲ့ ဥပဓိရုပ် ကို တွေ့ရမှာ အသေအချာပဲ ။ အထူးသဖြင့် အဘိုးကြီး ရဲ့ မျက်ဝန်းတွေ ဟာ သိပ် ကို တည်ငြိမ်လွန်းတယ် ။

“ ဘယ်လိုလဲ မောင်ရင် ၊ မင်း ပန်းချီကား က ပြီးသွားပလား ”

ဒီနေ့ စတုတ္ထမြောက်နေ့ ။ ဒီနေ့ ပါ နဲ့ ဆို အဘိုးကြီး သူ့ ဆီ ကို ရောက်လာခဲ့တာ လေးရက်မြောက် ပြီ ။ ဒီနေ့တော့ အဘိုးကြီး ဟာ အင်္ကျီ ခပ်လတ်လတ် တစ်ထည် နဲ့ လုံချည် ကို ဝတ်လာခဲ့တယ် ။ လုံချည် ကို ခါးပတ် ပတ်ထားတော့ ရှေးတုန်းက ကောလိပ်ကျောင်းသားကြီးတွေ ကို သတိရမိသေးရဲ့ ။ သူ အဘိုးကြီး ဘက် ကို လှည့်ပြီး လေးလေးနက်နက် ပြုံး ပြလိုက်တယ် ။

“ ဦးလေး ကျွန်တော့် ပန်းချီကား ကို ဘယ်လို မြင်မိပါသလဲ ”

“ ဟား ... ဟား ... ဟားဟား ။ ကျုပ် က ပန်းချီဆရာ မှ မဟုတ်ဘဲ ဘယ်လို မြင်တတ်ပါ့မလဲ ”

အဘိုးကြီး ရယ်မော လိုက်တာ ဟာ လွတ်လွတ်လပ်လပ် ပေါ့ပေါ့ပါးပါး ။ မဖြေနိုင်တဲ့ မေးခွန်း အတွက် အရှက်ပြေ ရယ်မောတာ မျိုးတော့ မဟုတ်ဘူး ။

“ ဒီလိုပါ ဦးလေး ။ စာရေးဆရာ ပဲ ဖြစ်ဖြစ် ပန်းချီဆရာ ပဲ ဖြစ်ဖြစ် ကျွန်တော် တို့ အနုပညာသမားတွေ ဟာ ပရိတ်သတ်တွေ ဆီ ကို တစ်ခုခု ပေးချင်ကြတာ ကြည့်ပါပဲ ။ ဒီတော့ ကိုယ် တတ်တဲ့ ပညာ နဲ့ ပြောချင်တာတွေ ကို ခြယ်မှုန်း ကြပါတယ် ။ အခုလည်း ကျွန်တော့် ပန်းချီကား ပေါ် မှာ ဦးလေး တစ်ခုခု ခံစားမိမလားလို့ပါ ”

“ အင်း ... ဟုတ်တာပေါ့ ”

ခေါင်း တဆတ်ဆတ် ညိတ် ရင်း အဘိုးကြီး က ထောက်ခံ လာတယ် ။ ပြီးတော့ တစ်စုံတစ်ခု ကို လေးလေးနက်နက် စဉ်းစားနေ တဲ့ ဟန် နဲ့ ပန်းချီကား ကို စိုက်ကြည့် နေပြန်တယ် ။

“ အင်း ... မောင်ရင့် ပန်းချီကား မှာ အခြားသူ တွေ အတွက် တော့ မသိဘူး ။ ကျုပ် အတွက် တော့ ဟောဟို သစ်ငုတ်ကြီး က စိတ်ဝင်စားစရာပဲ ။ အဲဒီ သစ်ငုတ်ကြီး ဟာ အမှီသဟဲ မရှိ ။ ထီးတည်းကြီး ။ ပြီးတော့ သူ ဟာ တစ်ခြမ်း မီးလောင်ထားပေမဲ့ မသေသေဘူး ။ ကျုပ် အဲဒါကို စဉ်းစားနေတာ ”

အဘိုးကြီး ပြောလာ မှ မိုးဝေ ဟာ တစ်စုံတရာ ကို သိလိုက် သလိုမျိုး ခေါင်း ထဲ မှာ လင်းသွားတယ် ။ ဒါပေမဲ့ အဘိုးကြီး ရဲ့ အယူအဆတွေ ကို သူ နားထောင်ချင် သေးတယ် ။

“ ဘယ်လို စဉ်းစားနေမိလို့လဲ ခင်ဗျာ ”

အဘိုးကြီး က နေရောင် ကို တစ်ချက် မော့ကြည့်တယ် ။ ပြီးမှ ...

“ အင်း နေ မွန်းတည့် တော့မယ် ။ ကျုပ် ပြန်မှ ဖြစ်မယ် ။ ဒီလိုလုပ် ဟောဟို မှာ မြင်နေရတဲ့ ခြံ တွေ့လား ။ အဲဒါ ကျုပ် ခြံပဲ ။ မနက်ဖြန် အဲဒီကို မောင်ရင် လာခဲ့နိုင်မလား ။ ကျုပ်တို့ အေးအေးဆေးဆေး စကား ပြောကြတာပေါ့ ”

အဘိုးကြီး က သူ့ကို ပြုံး ပြပြီး ထ ရပ်လိုက်တယ် ။ သူ့ အောက်ပိုင်း ဆီ ကို ကြည့်ပြီး ပြုံးလိုက်တဲ့ အဘိုးကြီး ရဲ့ အပြုံး ဟာ တစ်မျိုးပဲ ။ အဘိုးကြီး ကို ကြည့်ပြီး မိုးဝေ စိတ်ထဲ မှာ ထူးဆန်း နေတာတော့ အမှန်ပဲ ။ ပန်းချီကား နဲ့ ပတ်သက်ပြီး အဘိုးကြီး ဟာ တစ်ခုခု ပြောချင်နေပုံမျိုး ။ ဘာပဲဖြစ်ဖြစ် မနက်ဖြန် မနက် အဘိုးကြီး ရဲ့ ခြံ ကို လိုက်သွားမယ်လို့ ဆုံးဖြတ် လိုက်တယ် ။

•••••   •••••   •••••

ပေနှစ်ရာ ပတ်လည်လောက် ရှိမဲ့ ခြံဝန်း တစ်ခု ။ ခြံ ထဲ မှာ သရက်ပင် ၊ ပိန္နဲပင် ၊ ငှက်ပျောပင် နဲ့ နှင်းဆီရောင်စုံ ကို သူ့ နေရာ နဲ့ သူ စနစ်တကျ ပျိုးထားတယ် ။ တစ်ချို့က ပန်းအိုး နဲ့ ။ တစ်ချို့က ဝါးခြမ်းလေးတွေ နဲ့ ကန့်ပြီး ခြံလေးတွေ လုပ်ပေး ထားတယ် ။ ခြံ ရဲ့ အလယ်လောက် မှာ က မြေစိုက် အုတ်တက် အိမ်သေးသေးကလေး တစ်လုံး ။ ခြံ အဝင်ဝ က နေ အိမ်ကလေး ထိအောင် အုတ်ခဲလေးတွေ စီရပြီး စင်္ကြံလမ်းကလေး ဖောက် ထားတယ် ။ သစ်ပင်ကြီးတွေ ပေါ်မှာ ငှက်ကလေးတွေ က ကူးလူး တေးဆိုလို့ ။ သိပ်ကို ကြည်နူးစရာကောင်းတဲ့ ခြံကလေးပဲ ။

ဟို အဘိုးကြီး ဟာ သည် ခြံကလေး ရဲ့ ခြံစောင့် လျှင် သော် လည်းကောင်း ၊ အလုပ်သမား လျှင် သော် လည်းကောင်း ဖြစ်ရမယ် ။

“ ဟော ... ရောက်လာပါလား ကွ ”

အဘိုးကြီး ဟာ ဒီနေ့ သိပ် ကြည့်ကောင်း နေပါရောလား ။ ရှပ်လက်ရှည် နဲ့ နီညိုရောင် လုံချည် ကို တွဲဖက် ဝတ်ဆင် ထားတယ် ။ အမွေးအမျှင်တွေ ရိတ်သင် ထားတဲ့ မျက်နှာ ဟာ ရှင်းသန့် နေတယ် ။ စောစောက ခြံစောင့် တစ်ယောက် လို့ ထင်မှတ်မိတာ တောင် နောင်တ ရချင်ချင် ။

“ လာကွာ အိမ် ထဲ သွားရအောင် ”

“ ဟုတ်ကဲ့ ဦးလေး ”

အဘိုးကြီး ဟာ စာအုပ် ဝါသနာအိုး ပဲ ဖြစ်ရမယ် ။ သုတ ၊ ရသ ၊ ဓမ္မ စသဖြင့် စာတန်းလေးတွေ ကပ်ထားတဲ့ စာအုပ်စင်ကလေး ဟာ ဧည့်ခန်း ရဲ့ နောက်ကျော နံရံမှာ ကပ်လျက် ။ နောက်ထပ် ကြည်မွေ့စရာ ကောင်းတာက ပြတင်းပေါက် ကနေ လှမ်း မြင်နေရတဲ့ ရောင်စုံ နှင်းဆီပန်းအိုးတွေပဲ ။ ဧည့်ခန်းနေရာ တစ်နေရာ မှာ တော့ မှန်ဘောင်နဲ့  ချိတ်ဆွဲထားတဲ့ ဓာတ်ပုံ တစ်ပုံ ။ မိုးဝေ က အဘိုးကြီး နဲ့ မျက်နှာချင်းဆိုင် မှာ ဝင် ထိုင်လိုက်ရင်း ပါလာတဲ့ ပန်းချီကား ကို စားပွဲထိပ် ဘက်မှာ တင်လိုက်တယ် ။ ပန်းချီကား ဟာ အဘိုးကြီး ရော မိုးဝေ ပါ ကောင်းကောင်း မြင်နိုင်တဲ့ အနေအထား ပါပဲ ။ အဘိုးကြီး က ပန်းချီကား ကို စူးစိုက် ကြည့်နေရင်း က -

“ ကျုပ် မှာ အယူအဆ တစ်ခု ရှိတယ် ။ အဲဒါ ဘာလဲ ဆိုတော့ သဘာဝတရား ကြီး ဟာ လောကကြီး ကို သူ့ နေရာနဲ့ သူ မျှမျှတတ ပေးထားတယ် ဆိုတာပဲ ”

အသင့် ဖျော်ထားတဲ့ လက်ဖက်ရည် ကို တစ်ငုံငုံ လိုက်ပြီး မှ မသောက်ရ သေးတဲ့ ပန်းကန် ကို သောက်ဦး ဆိုသည့် သဘော နဲ့ မိုးဝေ ဘက် တိုးပေးတယ် ။

“ တစ်ခု ထူးခြားတာ က အဲဒီလို ဖန်တီး ပေးထားတဲ့ အရာတွေ ထဲ က တစ်ခုခု ဟာ အကြောင်း တစ်ခုခု ကြောင့် အားနည်း ဆုတ်ယုတ်သွားပြီ ဆိုရင် အခြား အရာ တစ်ခု ဟာ ပိုပြီ အားကောင်း လာတတ်တာပဲ ”

အဘိုးကြီး က စကား ကို လေးလေးနက်နက်ကြီး ဆိုနေတယ် ။ ဒါပေမဲ့ မိုးဝေ အတွက်တော့ သိပ် နားမလည်လှဘူး ။

“ ဟုတ်ကဲ့ ”

မိုးဝေ က လက်ဖက်ရည် ကို တစ်ငုံ ငုံ လိုက်ရင်း အဘိုးကြီး ပြောလာမဲ့ စကား တွေ ကို စူးစိုက် နေ လိုက်တယ် ။

“ မောင်ရင် သိပ် နားမရှင်းဘူး ထင်တယ် ။ ဒီလိုကွာ ဟောဒီ ကမ္ဘာကြီး မှာ သဘာဝ အလျှောက် တည်ရှိ နေတာတွေ ရှိတယ် ။ ရေ ၊ မြေ ၊ လေ ၊ မီး နဲ့ သစ်ပင်တွေ စသဖြင့်ပေါ့ ”

အဘိုးကြီး မျက်ဝန်း ဟာ ပန်းချီကား ထဲ က သစ်ငုတ်ကြီး ဆီ မှာ ။

အေး အဲဒီ အရာတွေ ထဲ က တစ်ခုခု အားနည်း သွားတိုင်း အခြား တစ်ခု ဟာ အားကောင်း လာတတ်တယ် ။ ဥပမာ ... သစ်တော တွေ ပြုန်းတီး အားနည်းလာတာနဲ့ အမျှ အပူချိန်တွေ မြင့်တက် အားကောင်း လာတာမျိုး ”

အဘိုးကြီး စကားတွေ ကို နားလည် သလို ရှိပေမဲ့ ဘာကို ပြောချင်နေမှန်း
တော့ မိုးဝေ သဘော မပေါက်သေး ။

“ ဟုတ်ကဲ့ ဆက်ပါဦး ”

“ နောက် တစ်ချက် က သစ်ပင် တစ်ပင် မှာ အကိုင်း ၊ အခက် ၊ အရွက် ၊ အဖူး ညီညွတ်မျှတအောင် ဖန်တီး ပေးထားတယ် ။ လူတွေ မှာ ဆိုရင်တော့ ခြေ ၊ လက် ၊ ခေါင်း ၊ ခါး ပေါ့ကွာ ”

“ ဟုတ် ”

“ အဲဒီမှာ တူညီတဲ့ အချက် တစ်ချက် ရှိတယ် ။ မောင်ရင် သတိထား မိရဲ့လား ”

မိုးဝေ က ဘာမျှ မဖြေနိုင်ဘဲ အဘိုးကြီး ကို ငေးကြည့် နေမိတယ် ။ အဘိုးကြီး ကလည်း စကား မဆက် သေးဘဲ ဖက်ဆေးလိပ်ကြီး ကို မီးညှိ နေပြန်တယ် ။ ပြီးမှ တစ်ရှိုက် နှစ်ရှိုက် ဖွာပြီး မိုးဝေ ဆီ အကြည့် ရွေ့ လာတယ် ။

“ အေး ... အဲဒါက တော့ တစ်နေရာ မှာ အားနည်း သွားတိုင်း အခြား တစ်နေရာ မှာ အားကောင်း လာတတ်တယ် ဆိုတဲ့ အချက်ပဲ ။ ဥပမာ - မျက်စိ မမြင်သူ ဟာ အကြားအာရုံ မှာ ပိုပြီး အားကောင်း လာတာမျိုးပေါ့ ”

မိုးဝေ ခေါင်း ထဲ မှာ လက်ခနဲ ဖြစ်သွားတယ် ။ ပြီးတော့ ထူးခြားတဲ့ အဘိုးကြီး ရဲ့ အယူအဆတွေ ကို နားထောင်ဖို့ ပိုပြီး စိတ်အား ထက်သန် လာတယ် ။

အဘိုးကြီး က ပန်းချီကား ဆီ ကို အကြည့် ရွေ့လျက် -

“ ဟောဒီ သစ်ငုတ်ကြီး က ပြန် ရှင်သန်နိုင်ဦးမယ် လို့ မောင်ရင် ထင်သလား ”

“ ဗျာ ”

မထင်မှတ်ထားတဲ့ အမေး စကား မို့ ရုတ်တရက် မိုးဝေ မဖြေတတ် ။ ဒါပေမဲ့ အဘိုးကြီး က အမေးစကား ကို သူ့ ဘာသာ ပြန်ဖြေတယ် ။

“ ဟုတ်တယ် ... သူ့ နဂို အတိုင်း တော့ ပြန် မရှင်သန် နိုင်တော့ဘူး ။ ဒါပေမဲ့

သူ ဟာ ဘဝသစ် တစ်ခု မှာ ပြန် ရှင်သန်နိုင်သေးတယ် ”

“ ဘယ်လို ... ဦးလေး ”

“ နားရှုပ် သွား သလား ”

အဘိုးကြီး က မီးသေ သွားတဲ့ ဆေးလိပ်ကြီး ကို မီး ပြန် ညှိ နေပြန်တယ် ။

“ ဒီလိုလေ သူ့ မှာ သဘာဝ က ပေးထားတဲ့ အတိုင်း မရှိတော့ဘူး ။ သူ့ မှာ အားနည်း သွားတဲ့ အရာတွေ အများကြီး ။ ဒီတော့ အထက် မှာ ကျုပ် ပြောခဲ့တဲ့ အတိုင်းဆို ရှင်သန်နေတဲ့ အပိုင်း ဟာ ပိုပြီး အားကောင်း မလာနိုင်ဘူးလား ”

မိုးဝေ က ခေါင်းညိတ် ထောက်ခံ လိုက်တယ် ။

“ အေး ... အဲဒီ အားကောင်း လာတဲ့ အပိုင်း ကို ကောင်းကောင်း အသုံးချ တတ်ရင် ငါ ပြောတဲ့ ဘဝသစ် တစ်ခု မှာ သူ ရှင်သန်နိုင်လိမ့်မယ် ”

စကား ကို ခဏ နားပြီး အကြမ်းရည် တစ်ခွက် ငှဲ့ သောက် ပြန်တယ် ။ လက် ထဲ က ဆေးလိပ်ကြီး ကို ပြာခံ ထဲ မှာ ထည့် ထားလိုက်တယ် ။ အဘိုးကြီး မျက်ဝန်းတွေ ဟာ အရောင်တဖျပ်ဖျပ် လက်လို့ ။ အဘိုးကြီး ဟာ ထိုင်ခုံကျောမှီ ကို မှီချ လိုက်ရင်း သူ့ ရဲ့ အကြည့် ဟာ နံရံ ဆီ က ဓာတ်ပုံ ဆီ ကို ရောက်သွားပြန်တယ် ။ ဓာတ်ပုံ ထဲ မှာ ယူနီဖောင်း နဲ့ သိပ်ကို ခန့်ငြားနေတဲ့ လူငယ် တစ်ယောက် ။ ပုခုံး ထက် မှာ ကြယ်တစ်ပွင့် ။ အဘိုးကြီး နဲ့ မိုးဝေ ကြား မှာ ခဏတာ တိတ်ဆိတ် သွားတယ် ။ ပန်းရနံ့ အချို့က ပြတင်း တံခါးက တစ်ဆင့် လေပြေ နဲ့ အတူ မိုးဝေ တို့ ဆီ ပြေးဝင် လာတယ် ။ အဘိုးကြီး ဟာ အကြည့် ကို မိုးဝေ ဆီ ပြန် ရွေ့လာလျက် ....

“ အဲဒါ ကျုပ် ငယ်ငယ် ကလေ ”

မိုးဝေ ဟာ အံ့ဩစွာ နဲ့ အဘိုးကြီး ကို ကြည့်မိတယ် ။ အဘိုးကြီး က လည်း မိုးဝေ ကို နားလည်စွာ ပြုံးပြတယ် ။

“ ဟုတ်တယ် .. ကျုပ် ဟာ ခြေထောက် တစ်ဖက် ဖြတ်လိုက်ရတဲ့ စစ်ဗိုလ်တစ် ယောက်ပဲ ။ ကြာတော့ ကြာခဲ့ပါပြီ ။ အခုဆို ကျုပ် တောင် ဘဝသစ် တစ်ခု မှာ အခြေကျ နေပြီ မဟုတ်လား ”

မိုးဝေ နား ထဲ မှာ အဘိုးကြီး အမူအယာ နဲ့ ပြောခဲ့သမျှ စကားသံတွေ ဟာ ပြန်ပြီး စီးဝင်လာတယ် ။ ပြီးတော့ အဘိုးကြီး ကို သိပ် ကို လေးစားလာမိတယ် ။

“ ကဲ .... အချိန် မနည်းတော့ဘူး မောင်ရင် ။ နေ့လယ်စာ စားကြရအောင် ”

ခဏတာ တွေဝေ နေမိရာ မှ အဘိုကြီး စကားသံ ကြောင့် အသက် ပြန်ဝင်လာ တယ် ။ အဘိုးကြီး ဟာ ပြောပြောဆိုဆို မတ်တပ် ထ ရပ်လိုက်တယ် ။ ပုံမှန် လူ တစ်ယောက် လို အဘိုးကြီး ခြေထောက်တွေ ဟာ ကျင့်သား ရ နေပြီပဲ ။ ဒါပေမဲ့ သိပ်ကို သေသပ်လွန်းတဲ့ ခြေတု တစ်ဖက် ကို တော့ မိုးဝေ ကောင်းကောင်း သတိထား မိလိုက် ပါပြီ ။ သေ,နတ်ကိုင် တဲ့ လက် ဟာ အခုလို သစ်ပင် စိုက်တဲ့ ဘဝ မှာ ရှင်သန်နိုင်တာပဲလား ။ အချို့ ကိုယ်လက်အင်္ဂါ ချို့တဲ့သူတွေ လမ်းဘေး မှာ တောင်းစား နေကြတာ ကို မြင် ယောင်မိတယ် ။

“ ကျွန်တော် မစားတော့ပါဘူး ဦးလေး ။ ကျွန်တော့် မှာ အခြား ကိစ္စလေး ရှိသေးလို့ ခွင့်ပြုပါဦး ”

ပန်းချီကား ကို အသာ လှမ်း ယူ လိုက်ပြီး ချိုင်းထောက် ကို အားပြုကာ မတ်တပ် ထ ရပ်လိုက်တယ် ။ ပြီးတော့ အဘိုးကြီး ကို နှုတ်ဆက် လိုက်ပြီး အိမ်တံခါးမကြီး ဆီ ကို လှည့် ထွက် လာလိုက်တယ် ။

“ ဪ .. ခဏ ၊ ကျုပ် မောင့်ရင် ကို တစ်ခု ပြောဖို့ ကျန်သွားတယ် ”

ခေါင်း ကို ငဲ့စောင်းပြီး အဘိုးကြီး ဘက် လှည့် လိုက်တယ် ။ အဘိုးကြီး က လည်း မိုးဝေ မျက်ဝန်းတွေ ကို တည်တည်စူးစူး ကြည့်လို့ ။

“ လောက မှာ ဘယ်အရာပဲ ဖြစ်ဖြစ် ကိုယ် က အရှုံးပေး မှ တကယ် ရှုံးတယ် ဆိုတာ မြဲ မြဲမှတ်ထားပါ မောင်ရင် ”

မိုးဝေ ဟာ အဘိုးကြီး စကား ကို နားစိုက်ထောင် ပြီးမှ ကျေနပ်စွာ လှည့်ထွက် လိုက်တယ် ။ သူ့ ခြေလှမ်းတွေ ဟာ ဟိုး ယခင် က ထက် ပိုပြီး ဖျတ်လတ် နေသလိုပါပဲ ။ ခြေ တစ်လှမ်း လှမ်းတိုင်း ဒေါက်ခနဲ မြည်သွားတတ်တဲ့ အသံ ဟာ ဒီနေ့တော့ ချိုမြ နေ သလိုပဲ ။ သူ့ စိတ်ထဲ မှာတော့ ပန်းချီကား ထဲ က တစ်ခြမ်း မီးကျွမ်းထားတဲ့ သစ်ငုတ်ကြီး ရဲ့ ရှင်သန် နေတဲ့ အခြမ်း မှာ အညွန့် တလူလူ တက် နေတဲ့ အတက်ပေါက်လေး ကို အသေသပ်ဆုံး ဆေးခြယ် နေမိတော့တယ် ။

⎕ မောင်ရန်နိုင် ( တမာမြေ )

📖 တစ်ယောက် တစ်ဘဝ ( ၁ )

.

Wednesday, October 30, 2024

ရင်နင့်ပန်း


 

❝ ရင်နင့်ပန်း ❞
━━━━━━━━━━━━━━
မိုးမြင့်မေ ( ရေနံချောင်း )
━━━━━━━━━━━━━━
ကျွန်မ အခန်းပြင်ဘက် ကို ထွက်လာရင်း အိပ်ရာပေါ်မှ လူမမာ အမေ့ ကို တစ်ချက် ကြည့်လိုက်တယ် ။ အမေ က ညာဘက် ကို ဘေးစောင်းရင်း အိပ်ပျော်နေ ဆဲထင် ။ ကျွန်မ အမေ့ အနား ကို ခြေဖွဖွ တိုးကပ်ကာ ကြည့်လိုက်တယ် ။ အို အမေ ငိုနေတာပါလား ။

“ အမေ ”

ကျွန်မ တိုးတိုးလေး ခေါ်တော့ အမေ က ကိုယ် ကို လှုပ်ပြပြီး ၊ မျက်နှာ ကို စောင်ပါးလေး နဲ့ ဆွဲ အုပ်လိုက်တယ် ။

“ ဘာဖြစ်လို့လဲ အမေ ရယ် ၊ သမီး အမေ့ အတွက် ဈေး ကို ဆေးသွား ဝယ်မလို့ ”

ကျွန်မ အသံ ကြားတော့မှ အမေ က တအင့်အင့် နဲ့ အသံထွက် ငိုနေတော့ တယ် ။ ကျွန်မ လည်း မျက်ရည် ဝိုင်းလျှက် အမေ့ လက် ကို ဆုပ်ကိုင်ရင်း ဖြေသိမ့် ပေး ရတယ် ။ ကျွန်မ က အမေ ငိုတာ မြင်ရင် ဘယ်တော့မှ အမေ့ ရှေ့ ကို မျက်ရည် မကျ အောင် အတတ်နိုင်ဆုံး ထိန်းချုပ်တယ် ။ ကျွန်မ ငိုရင် အမေ ပို အားငယ် မှာ အမှန် ။

“ အမေ ဘာစားချင်တဲ့ စိတ် ရှိလဲဟင် ။ အမေ ခံတွင်း ကောင်းမယ် ထင်တာ လေး ပြောပါအုံး ၊ နေ့တိုင်း သမီး က ကောင်းမယ် ထင် တာလေးတွေ ကျွေးပေမယ့် အမေ ခံတွင်းတိုး မှ အရသာ ရှိမှာပေါ့ ၊ ဘာ မှာမလဲ အမေ ၊ အမေ စားချင်တာလေး မှာလိုက်ပါ ”

အမေ က ထုံးစံအတိုင်း ခေါင်းခါ ပြတယ် ။ အမေ့ ကို မေး သာ မေးရတယ် ဘယ်တော့မှ စားချင်တာ ကို မမှာပါ ။ ကျွန်မ ဘာကိုပဲ ချက်ချက် ဟက်ဟက် ပက်ပက် မစား ။ တို့ကာ ဆိပ်ကာ သာ ။ မျိုမကျတဲ့ ပုံ ။ လုံးလုံး မစားတာ မဟုတ်ပေမယ့် မသေရုံ တမယ်ရယ် အရာရာ စိတ်လျှော့ ထားသလို နေတော့တယ် ။ ကျွန်မ ဘာကို မှ လည်း ဆက် မမေး နေတော့ပါ ။

“ အမေ သမီး သွားပြီနော ”

ကျွန်မ လည်း ဈေးခြင်း ကို ဆွဲရင်း တံခါး ကို ပိတ်ကာ တိတ်တဆိတ် ထွက် လာခဲ့တယ် ။ အတွေးတို့ က အမေ့ အတွက် ဆေး နဲ့ အမေ စားချင်မယ့် ဟင်းစားလေး တွေ ဝယ်ဖို့ စဉ်းစားရင်း အတိတ် က ပုံရိပ်မည်း က ခေါင်းထဲ တဝဲလည်လည် ။

၂ ။

“ ဦးလေး ၊ ဦးလေး ရေ ”

ကျွန်မ က အိမ်ရှေ့ သံပန်းတံ ခါးကို လှုပ်ခါလှုပ်ခါ နဲ့ ခေါ်ရင်း အသံ ပိုပိုမြည် အောင် အတင်း လှုပ် ခေါ်နေတော့တယ် ။

“ ဟေ .. ဘယ်သူလဲ ဟ ၊ တံခါး ကို တွန်း ဝင်ခဲ့လိုက်ဟေ့ ဒီမှာ ဦးလေး မအားလို့နော် ”

အိမ် ထဲ က ဦးလေး အသံ ကို ကြားပြီး နောက် ကျွန်မ လည်း ခြံဝ က သံတံခါး ကို တွန်းဖွင့်ပြီး ဝင်လိုက်တယ် ။ အိမ်ရှေ့ ရောက်လာတဲ့ အထိ အိ မ်ထဲ က လူ က ထွက် မလာသေး ။ ကျွန်မ အိမ်ထဲ မဝင်သေးဘဲ အိမ်ပေါက်ဝ က နေပဲ ရပ်စောင့် နေ လိုက်တယ် ။

“ အော် .. ခင်လေး လာလာ ညည်း တစ်ယောက် တည်းလား ”

ဦးလေး က ကျွန်မ နောက် ကို ပါ လှမ်း ကြည့်ရင်း မေးလိုက်တော့ ကျွန်မ လည်း ချက်ချင်းပဲ အလောတကြီး ဖြေ လိုက်တယ် ။

“ ဟုတ်ကဲ့ ဦးလေး ၊  အမေ နေမကောင်းလို့ အဲဒါ ပိုက်ဆံ လာ ချေးတာပါ ”

ဦးလေး က ကျွန်မ ဖြေသံ အပြီး မှာ အိမ် ထဲ ကို ရှေ့ က နေ ဝင်သွားတော့ ကျွန်မ လည်း နောက် က နေ လိုက်လာခဲ့ပြီး ထိုင်ခုံ မှာ ထိုင်ရင်း ဦးလေး စကားပြန် တာ ကို တထိတ်ထိတ် နဲ့ နားထောင် နေလိုက်တယ် ။ ချေး လို့ မှ မရရင်တော့ အမေ့ အတွက် ဆေးဖိုး ခက်တော့မှာပဲ ဆိုတဲ့ အတွေးနဲ့ စိုးရိမ်နေမိတယ် ။

“ အေးပါ ဘယ်လောက် ယူမှာလဲ ”

“ တစ်သောင်း ဆိုရင် ရပါပြီ ဦးလေး ၊ အကြာကြီး မထားပါဘူးနော် ။ ရှေ့ တစ်ပတ် ဆိုရင် ကျွန်မ ဈေး ထဲ မှာ အလုပ် ရပါပြီ ”

“ အောင်မာ အသက်ကလေး ကြည့်တော့ တစ်ဆယ့်ငါး သာသာ ဘာတွေ များ လုပ်ရမှာတုန်းဗျ ၊ ကဲ ပြောပါအုံး ”

“ ဈေး က ဆိုင်ကြီး မှာ တောက်တိုမယ်ရပေါ့ဗျ ၊ ဈေးရောင်း လည်း သင်ရင်း ပေါ့ ၊ ထမင်း လည်း ကျွေးမယ် အဝတ်အစား လည်း ဆင်မယ်တဲ့လေ ”

“ ဟုတ်ပါပြီ ဗျာ ဟုတ်ပါပြီ ၊ ကဲ ခဏ နေဦး ငါ သွား ယူလိုက်မယ် ”

ပြောပြောဆိုဆို အိမ်ခန်းထဲ ဝင်သွားတဲ့ ဝဝတုတ်တုတ် ဦးလေး ကို လိုက်ကြည့်ရင်း အမေ့ ဆေးဖိုး အတွက် အဆင်ပြေပြီ ဆိုပြီး ပျော်လိုက်တာလေ ။

၃  ။

လူသစ် ရောက်လာတယ် ဆိုပြီး ရောက်နှင့် နေတဲ့ အလုပ်သမားတွေ က ကျွန်မ ကို သေချာကြည့်တယ် ။ နောက်ပြီး တစ်ယောက် နဲ့ တစ်ယောက် မျက်နှာရိပ် မျက်နှာကဲ တွေ လုပ်ပြ နေတာ မြင်လိုက်ရပေမယ့် အဓိပ္ပာယ် ကို နားမလည်ခဲ့ဘူး ။ ဆိုင်ရှင် အန်တီကြီး က ကျွန်မတို့ အနား ရောက်လာတယ် ။ ကျွန်မ ကို လည်း သေချာ ကြည့်ရင်း အလုပ်သမား တချို့ ကို လှမ်း ပြောလိုက်တယ် ။

“ ဟေ့ လူဟောင်းတွေ ၊ လူသစ် ကို ရောင်းတာ ဘာညာ သင်လိုက်အုံး ဟို ကောင်မလေး ငွေ တော့ တွက်တတ်တယ်မလား ”

မေးလာတဲ့ ဆိုင်ရှင် မိန်းမကြီး ကို ကြည့်ပြီး မြန်မြန် ခေါင်းညိတ် ပြလိုက် တယ် ။ အလုပ်သမားတွေ က ကိုယ့် နေရာ နဲ့ ကိုယ် နေရာ ယူ လိုက်ကြပြီး ဈေးဝယ်သူ လာရင် ဘယ်လို အပြော နဲ့ ရောင်း ၊ မဝယ် ဝယ်အောင် ဆွဲဆောင် ၊ ဈေးဝယ်သူ စိတ်တိုင်းကျ စေဖို့ ဘယ်လို ပြော ရောင်း ၊ ဘာညာ အကုန်သင်ပြပြ သင်လုပ်လုပ် နဲ့ ထမင်းစား နား ခဏ နေပြီးရင်တော့ ဆိုင် ထဲ အလှည့်ကျ ပြန်ဝင် ။ ဒီလိုနဲ့ တစ်နေ့တာ ကုန်ဆုံးပြီး တစ်ရက် ပြီး တစ်ရက် တစ်လ ပြီး တစ်လ နောက် တစ်နှစ် ဘက် ကို တောင် ရောက်လာခဲ့ တော့တယ် ။

ဒီ ဆိုင်မှာ လုပ်သက်ကလေး ရလာပြီး အရာရာ ကျွမ်းကျင် လာခဲ့တယ် ။ ကျောင်း တက်ချိန် ဆိုတာ လည်း အမေ့ ကျန်းမာရေး ကြောင့် မတက်ခဲ့ရ ။ ငါးတန်း ဖြေပြီး ကျောင်း ထွက်ခဲ့ရတယ် ။ ရွယ်တူ ကျောင်းသူလေးတွေ ကို မြင်ရင် လိုက် ငေးရတာ လည်း အမောပါပဲ  ။

ဒီ တစ်နှစ် အတွင်း ဖွင့်ထွား လာတဲ့ ခန္ဓာကိုယ် ကောက်ကြောင်း ကလည်း မယုံနိုင်စရာ ။ မျက်နှာလေး က ဖူးလုံးလုံးလေး မို့ ချစ်စရာလေး ဆိုပြီး လုပ်ဖော်ကိုင် ဘက်ချင်း မနာလို သလို အမြဲတမ်း စစနောက်နောက် လုပ်ကြလေရဲ့ ။ လုပ်တဲ့ နေရာ မှာ လည်း သေသပ်ပြီး ဘာခိုင်းခိုင်း ဖင်ပေါ့တာ ကြောင့် ခင်လေး နာမည် က ဈေးလာ ဝယ်သူများ ပင် အလွတ် ရကာ မှတ်မိနေတော့တယ် ။

“ ခင်လေး ရေ အိမ်နောက်ဖေး က စတိုခန်း ကို သွားနော် လိုတဲ့ ပါဆယ်ထုပ်တွေ စစ် လိုက်တော့ ဟေ့ ဆိုင်သိမ်းတော့မယ် ”

“ ဟုတ် အစ်မ ”

ဆိုင် မှာ စီနီယာ ကျတဲ့ အစ်မ တစ်ယောက် က ခိုင်းတာ နဲ့ စာအုပ် နဲ့ ဘောလ်ပင် ယူပြီး ထွက်ခဲ့လိုက်တယ် ။ စတိုခန်း က ချောင်ကျ နေတော့ ညနေ ခပ်စောင်းစောင်းမို့ အမှောင်ဘက် နည်းနည်း စွန်းချင်တယ် ။ စတိုခန်း တံခါး ကို ဖွင့်ရင်း ခေါက်ဆွဲထုပ်တွေ ထားတဲ့ ဘက် ကို လာလိုက်တယ် ဆိုရင်ပဲ ရုတ်တရက် ကျွန်မ ရဲ့ နောက် ကနေ သိုင်းချုပ်ပြီး ပါးစပ် ကို အတင်း ပိတ်လိုက်တာကို သိပေမယ့် ကျွန်မ မရုန်းနိုင်ခဲ့ပဲ အသံ က ဝူးဝူးဝါးဝါး ။ ဒါပေမယ့် အင်အားချင်း မ မျှတော့ ကျွန်မ ရုန်းကန် အော်ဟစ် ပေမယ့် အချည်းနှီး သာပါပဲ ။ ကျွန်မ အကြောက်အကန် ရုန်းခဲ့တယ် ။ အုပ်မိုးလာတဲ့ မျက်နှာ ကို မြင်လိုက်တော လူယုတ်မာကြီး ။ ဆိုင်ရှင် အန်တီကြီး ရဲ့ ယောက်ျား ။ မသဲမကွဲ ကြားက မှတ်မှတ်ထင်ထင် မြင်တွေ့ လိုက်ရတဲ့ လူယုတ်မာ ၊ ကျွန်မ ဘာမှ မတတ်နိုင်ခဲ့ပါဘူး ။ သင်း ခြေလို့ ကြေမွခဲ့တဲ့ ပန်းတစ်ပွင့် အတွက် လက် ထဲ ကို ထိုးထည့်သွားတဲ့ အရာ ။ တင်းကျပ်စွာ ဆုပ်ကိုင် ထားရင်း စတိုခန်း ကနေ အပြေး တစ်ပိုင်း နဲ့ အပြီးတိုင် ပြေးထွက် လာခဲ့ တော့တယ် ။

၄ ။

“ ဟိတ် ”

အသံ တစ်ခု ။ နီးနီးကပ်ကပ် ခေါ်လိုက်တဲ့ အသံကြောင့် အတွေး က နေ ရုတ်တရက် လန့်ဖြန့် သွားခဲ့တယ် ။

“ ဈေး ကို လား ” 

“  ဟုတ်ကဲ့ ”

ဈေးခြင်း မြင်လျက် နဲ့ ဈေး ကို လား ဆိုတော့ ဟုတ်ကဲ့ ပဲပေါ့ ။

“ လာလေ လိုက်ပို့မယ် အာရကေ မလိုပါဘူး အသိတွေပဲဟာ ” 

“ အော် ကျေးဇူးပါ ရပါတယ် ရောက်တော့မှာပဲဟာ ”

“ လာပါ ကဲ စကားလေး ပြောချင်လို့ ဟာ ”

အနား ကို လာပြီး အတင့်ရဲစွာ နဲ့ လက် ကို ဆွဲတော့ ကျွန်မ က အနေအထား ကို ကြည့်ရင်း အလိုက်သင့် ဖြေရတာပေါ့ ။

“ ကျွန်မ အလုပ် ကို ညနေပိုင်း ပဲ စကား ပြောပါတယ် အကို မနက်ပိုင်း အမေ့ အတွက် ပြုစုရလို့ပါ ”

“ ဘာလဲ ဟ ရေမလျှံ ဘူး ထင်ပြီး အထာ ကိုင်တာလား ၊ ဒီမယ် အပြည့် သူများ ထက် နှစ်ဆ ပေးလို့ရတယ် သဘောပေါက် ”

စောစောစီးစီး မူး နေပြီး လမ်းမ ပေါ်မှာ မထီမဲ့မြင် လုပ်လာတော့ ကျွန်မ စကားနည်း ရန်စဲ ဖြစ်အောင် ဘာမှ မပြောဘဲ လှည့် ထွက်ခဲ့တယ် ။ ခုတလော အမေ က ကျန်းမာရေး တော်တော် ဆိုးလာတာ အရင် လို နေ့ရောညပါ သွားလို့ မဖြစ်ဘူး ဆိုတာ ကျွန်မ ကိုယ်တိုင် ပြုစုနေရတော့ သိတယ်လေ ။

ဒီလိုပါပဲလေ ။ ခနဲ့တဲ့တဲ့ အသံတွေ ကြား မထိတထိ လုပ်တာတွေကို နေသားကျ နေတဲ့ ကျွန်မ က နှုတ်ဆက် လာသူတွေ ကို လည်း ပြုံးပြရတာပေါ့ ။ ဒါမှ ကျွန်မ ဘဝ က ညည ထွက်ရမှ အလုပ် ဖြစ်မယ်လေ ။ ကျွန်မ ဘဝ ရဲ့ အတိတ် က အကြောင်း တစ်စေ့တစ်စောင်း သိတဲ့ သူတွေ ရှိချင် လည်း ရှိမယ် ။ မသိတဲ့ သူ လည်း ရှိမယ် ။ ဒါပေမယ့် ကျွန်မ ဘဝ ကို နားလည်မှု နဲ့ ကူညီဖေးမမယ့် သူ ရှိသလို ကျွန်မ ရဲ့ အသွေးအသား နဲ့ ခန္ဓာကိုယ်ကောက်ကြောင်း ကို ဋီကာ ဖွဲ့ပြီး ခပ်နွဲ့ နွဲ့ ယောကျာ်း တွေ လည်း ရှိရဲ့ ။

ဘဝ မှာ နှိုင်းယှဉ်ကြည့်မယ် ဆိုရင် ပျက်စီးခြင်း အကြောင်းတရား ထဲ က မှ ငွေ ရှိလို့ အချိန်ဖြုန်း ။ ငွေကို ရေလိုသုံးပြီး ပျက်စီးရာ ပျက်စီးကြောင်း အကြောင်းရှာ သုံးဖြုန်း တတ်တဲ့ ယောက်ျား အများစု က ငွေ ရှိလို့ ပျက်စီးကြတယ် ။ ကျွန်မ က တော့ ငွေ မရှိလို့ ဘဝ ပျက်ခဲ့ရ ပျက်စီးခဲ့ရပေမယ့် ပျက်စီးခြင်းအကြောင်းတရား အရ ကျွန်မ က ငွေ မရှိလို့ မျက်နှာမွဲမို့ ဖျက်ဆီး ခံခဲ့ရတယ် ဆိုရင် ပို မှန်ပါလိမ့်မယ် ။ ငွေ ရှိတိုင်း လူတိုင်း ပျက်စီးကြတယ် လို့ တော့ ကျွန်မ မဆိုလိုပါဘူး ။ ကျွန်မ လေ ဖျက်ဆီးခံ ခဲ့ရ တဲ့ တဒင်္ဂ ပြန် တွေးမိရင် ခုထိ တုန်လှုပ်ခြောက်ချား ဆဲပဲ ။ အရိပ်မည်း လို မိုးနေတဲ့ မျက်နှာ ကို ပြန် မြင်မိတိုင်း ဆတ်ခနဲ တွန့် ပြီး ကြောက်လန့်နေတုန်း ။ တွေးမိလိုက်တိုင်း လည်း ဒေါသ က အလိပ်လိုက် တက်တက် လာပေမယ့် အရာရာ မျက်နှာမွဲ မို့ ခေါင်းငုံ့ ပြန်ခဲ့ရတယ် ။ လက် ထဲ ကို ထိုးထည့် သွားပြီး ပြေးထွက်သွားတဲ့ လူယုတ်မာ ရဲ့ ကျောပြင် ကို ငေးကြည့်ရင်း ငွေ ဆိုတာ ကို သိလိုက်ပေမယ့် ကျွန်မ လွှင့်မပစ်ခဲ့ဘူး ။ အမေ့ အတွက် ဆိုပြီး ကြိတ်မှိတ် ခံစားရင်း မထူးဇာတ် ခင်းခဲ့တာ အခုထက်ထိ ပါပဲလေ ။ ကျွန်မ အရွယ် မတိုင်ခင် ကတည်း က ခြေတော်တင်ပြီး ငွေအင်အား နဲ့ ကစားခဲ့တဲ့ လူ့ ဂုဏ်သရေရှိ မြို့မျက်နှာဖုံး ကျက်သရေတုံး ကို ကျွန်မ သ,တ်ဖို့ အကြိမ်ကြိမ် ကြံစည်ဖူးတယ် ။ စိတ်ကူး နဲ့ လည်း အကြိမ်ကြိမ် ကြိုးစားဘူးတယ် ။ ဒါပမယ့် အချည်းအနှီးပါပဲ ။ တကယ်လို့ ကျွန်မ တစ်ခုခု ဖြစ်သွားရင် အမေ ဒုက္ခ ရောက်ရချည်ရဲ့ ဆိုတဲ့ အတွေးနဲ့ မျိုသိပ် ခဲ့ရတာလည်း အခုထိ ။ ဒါတွေ သိထားတဲ့ အမေ က ငိုတိုင်း ကျွန်မ စိတ် မကောင်းပါ ။ အမေ့ ကို လည်း နားလည်အောင် ပြောပြထားရတယ် ။ မိခင် ဆိုတဲ့ အမေမျိုး က အရာရာ ကို ကိုယ် က သာ သားသမီး အပေါ် အုပ်မိုးပြီး ဘယ်လို ပြဿနာမျိုး ကို မဆို ရင်စည်း ခံချင်ကြတာလေ ။ ဖြစ်ရင်း ဖြစ် အမေ သာ လျှင် အဖြစ်ခံမယ် ။ သားသမီးလေးတွေ ရှေ့ရေး အတွက် ကံငါးပါး ဆိုလည်း လုံမယ် မထင်ပါ ။ ဒါဟာ မိခင် တစ်ယောက် ရဲ့ စိတ်လေ ။ ခုတော့ အမေ က ကျန်းမာရေး ကြောင့် အိပ်ရာ ထက် လဲ ခဲ့တော့ သမီး ဘဝပျက်ခံ ရှာကျွေး နေတာ အမေ မျို မကျတာ မဆန်းပါဘူး ။ မထူးတော့ပါဘူး အမေ ။ ကျွန်မ ဘဝ က သန်းခေါင် ထက် ညဉ့် မနက်တော့ပါဘူး ။ အမေ့ အပေါ် သမီး ပြုစုယုယခွင့် ရတာ ကိုပဲ ဒီ ဘဝ ရောက်ရတာ အမြတ်ပေါ့ ။ ကျွန်မ မရှုံးပါဘူး အမေ ၊ ဒါပေမယ့် အမေ မငိုပါနဲ့ ။ ကျွန်မ ဘဝ က အကြွေပန်း ပေမယ့် မနွမ်း ပါဘူး ။ ကျွန်မ အသက်ရှင် နေ သရွေ့ အမေ့ အတွက် ထာဝစဉ် လန်းဆန်း နေအုံးမှာပါ ။

“ ကျွီ ... ”

ကားဘရိတ်အုပ်သံ ကြောင့် ကျွန်မ လမ်းကူးကာ နီး ဆဲဆဲ အတွေး ရပ်သွား တော့တယ် ။ ရှေ့မှာ ရပ်လိုက်ပြီး ကားမှန် က ရုတ်တရက် လျောကျ လာပြီးခေါ်သံကြောင့် ကျွန် မကြည့် လိုက်တယ် ။

“ ခင်လေး ”

မြင်လိုက်ရတဲ့ မျက်နှာ က ဆက်စုပ်ရွံ့ရှာစရာ ကောင်းလောက်အောင် အခုထိ မှတ်မိ နေဆဲ ။

“ လူယုတ်မာ ”

အံကို တင်းတင်းကြိတ်ပြီး နှုတ်ခမ်း ကို ဖိကိုက် ထားလိုက်တယ် ။ ကျွန်မ မမြင်ချင်ဆုံးသော မျက်နှာ ကို အော့နှလုံး နာ လွန်းလို့လေ ။ အို ကြာရင် ဒေါသတွေ ထိန်းမရ ဖြစ်မှာ စိုးလို့ ကား ကို ရှောင်ပြီး လမ်းကူးဖို့ ခြေလှမ်း ပြင်လိုက်တယ် ။ ဘေး ကို လည်း ကြည့် မနေဘူး ။ လူယုတ်မာ မျက်နှာကို မမြင်ရလေ ကောင်းလေ ဆိုတဲ့ အတွေး ထက် အသံ ကို ကြားလိုက်ရတော့ ဒေါသ က ပို ထွက်လာတော့တယ် ။

“ ခင်လေး ခဏလေး နေပါဦး ”

မတွေ့အောင် လည်း ရှောင်ခဲ့တယ် ၊ မတွေ့တာ လည်း ကြာခဲ့ပြီ ။ အခုမှ ဘယ်က ပေါ်လာတယ် မသိဘူး ရုတ်တရက် ကျွန်မ ဒေါသ က ငယ်ထိပ် အထိ တက်လာ တော့တယ် ။ လူယုတ်မာ က အောက် ကို အဆင်း ကျွန်မ က လမ်း ကို အကူး အရှိန် နဲ့ မောင်း လာတဲ့ ကားလေး ကို ဖျတ်ခနဲ မြင်လိုက်ရပေမဲ့ ကျွန်မ နောက်ကျ သွားခဲ့တယ် ။

“ ဒုန်း ”  

“ အား ... ”

“ ဟာ သွားပြီ ”

အသံတွေ ကြားလိုက်ရပြီး ကျွန်မ လေထဲ ကို အနည်းငယ် မြင့်တက် သွားတဲ့ နောက်မှာ မြောက်ခနဲ ဖြစ်သွားပြီး ခပ်ဝေးဝေး မှာ ခွေခနဲ ပြန်ကျလာတယ် ။ ခေါင်း က မခံရပ်နိုင်အောင် နာကျင်ပြီး သွေးရူးသွေးတန်း နဲ့ လွင့်ထွက်သွားတဲ့ ခြင်း နဲ့ ပိုက်ဆံ အိတ် ကို ယူဖို့ ကြိုးစားရတယ် ။ ပိုက်ဆံအိတ် ဟာ လက်တစ်ကမ်း အကွာ မှာ ။ ဒါပေမယ့် ကျွန်မ မလှုပ်နိုင်တော့ဘူး ။ ခြင်းတောင်း  နဲ့ ပိုက်ဆံအိတ် ကို တစ်ရွေ့ရွေ့ နဲ့ လက် လှမ်း နေမိပေမယ့် မယူနိုင်ခဲ့ဘူး ။ ကျွန်မ မျက်လုံးတွေ ပြာလာတယ် ။

“ အမေ အို အမေ့ အတွက် ငါ .. ငါ အမေ့ အတွက် ”

နှုတ် က တစ်တွတ်တွတ် ဆိုရင်း ခန္ဓာကိုယ် က တစ်ဆတ်ဆတ် တုန်ကာ ငြိမ်ကျ သွားပြီး အမှောင်လောက ထဲ ကျွန်မ တစ်ယောက် ထဲ အမေ့ ဆီ ပြေးသွားလိုက်တော့တယ် ။

▢ မိုးမြင့်မေ (ရေနံချောင်း )

📖 တစ်ယောက် တစ်ဘဝ ( ၁ )

.

Tuesday, October 29, 2024

လောဘကြီးသော မြေပိုင်ရှင်ကြီး


 

❝ လောဘကြီးသော မြေပိုင်ရှင်ကြီး ❞

ဟိုးရှေးရှေးတုန်း က ပေါ့ကွယ် ၊ တောရွာ တစ်ရွာ မှာ အလွန် ကြွယ်ဝပြီး အလွန် လောဘကြီး တဲ့ မြေပိုင်ရှင်ကြီး တစ်ယောက် ရှိ သတဲ့ ။ မြေပိုင်ရှင်ကြီး ဟာ ဥစ္စာပစ္စည်း ပေါသလောက် သနားကြင်နာတတ်တဲ့ စိတ် မရှိတဲ့ အပြင် လယ်သမားများ အပေါ် မှာ ကြမ်းကြုတ်ရက်စက်တဲ့ စိတ် ရှိလို့ လယ်သမားတွေ ဟာ သူ့ ကို အလွန်ပဲ မုန်းတီးကြ သတဲ့ ။ နောက်ပြီး သူ ပိုင်တဲ့ လယ် တွေ ကို ဈေးကြီးကြီး နဲ့ ငှားတဲ့ အပြင် လယ်ခွန် ကို တစ်နှစ် အတွင်း ပြန် မဆပ်နိုင်ရင် ကျွဲ ၊ နွား ၊ ဆိတ် အစရှိတာတွေ ကို သိမ်းယူ သတဲ့ ။ တချို့ လယ်သမားတွေ ကျတော့ သူ့ ရဲ့ အိမ် မှာ အစေခံ အဖြစ် လုပ်ကိုင် နေရရှာတာပေါ့ကွယ် ။

အဲဒီ လူစုတွေ ထဲ မှာ မဂွမ်းဖြူ ဆိုတဲ့ မိန်းမငယ်ကလေး တစ်ယောက် အပါအဝင်ပေါ့ ။ သူမ ရဲ့ အသက် ဟာ ဆယ့်နှစ်နှစ် အရွယ် လောက် ပဲ ရှိပြီး လူအများ အပေါ်မှာ သနားကြင်နာတတ် တဲ့ စိတ် ရှိ သတဲ့ ။ မဂွမ်းဖြူကလေး ဟာ မိတဆိုးကလေး တစ်ယောက် ပေါ့ကွယ် ။ သူမ ရဲ့ဖခင်ကြီး ဟာ ဆင်းရဲပင်ပန်းကြီးစွာ လယ် လုပ်ကိုင်စားသောက် နေရရှာတယ် ။ သည့်အပြင် သူတို့ ဟာ မြေပိုင်ရှင်ကြီး ရဲ့ ကြွေးတွေ ကို အချိန်တန် သော်လည်း ပြန် မဆပ်နိုင်ရှာဘူးကွယ့် ။ တစ်နေ့မှာ မဂွမ်းဖြူကလေး ရဲ့ ဖခင်ကြီး ဟာ ရုတ်တရက် ကွယ်လွန် သွားရှာတယ် ၊ မဂွမ်းဖြူကလေး ခမျာ အားကိုးရာမဲ့ ဖြစ်နေတုန်း မြေပိုင်ရှင်ကြီး ဟာ သူ့ ရဲ့ ကြွေးတွေ တောင်းဖို့ မဂွမ်းဖြူကလေး ဆီ ကို လာ သတဲ့ ။ မဂွမ်းဖြူကလေး လည်း ယခု မပေးနိုင်သေးကြောင်း ၊ ယခု သူ့ မှာ ဒုက္ခအတိ ရောက် နေကြောင်း နဲ့ နောင်အခါ မြေပိုင်ရှင် ရဲ့ ကြွေးတွေ ကို စုဆောင်းပြီး အမြန်ဆုံး ပြန်ဆပ်မယ်လို့ ပြောပေမယ့် မြေပိုင်ရှင်ကြီး က “ အခု နင် ငါ့ အကြွေးတွေ ကို ပြန် မဆပ်နိုင် ရင် ငါ့ အိမ် မှာ ကျွန် လုပ် ရမယ် ” လို့ ပြောပြီး မဂွမ်းဖြူကလေး ကို အတင်းအဓမ္မ ဖမ်းဆီးကာ သူ့ ရဲ့ အိမ် မှာ ထမင်းချက် အလုပ် ကို အရွယ် နဲ့ မလိုက်အောင် လုပ်ကိုင်စေ သတဲ့ ။ သူမ ရဲ့ အဖြစ်ဆိုးတွေ ကို ရွာသူရွာသား တွေ သိတော့ မြေပိုင်ရှင်ကြီး ကို ဒေါသဖြစ်ပြီး မဂွမ်းဖြူကလေး ကို သနားမိကြတယ် ၊ ဒါပေမယ့် သူတို့ တတွေ ဟာ မြေပိုင်ရှင်ရဲ့ ဩဇာ ကို လွန်ဆန်နိုင်တဲ့ သူတွေ မဟုတ်ပါလားကွယ် ။

အဲ ... ဒါနဲ့ မြေပိုင်ရှင်ကြီး ဟာ မဂွမ်းဖြူကလေး ကို အလုပ်တွေ နင်းကန် ခိုင်းပြီး ထမင်း မှန်မှန် မကျွေးလို့ သူမ ခမျာ ဒုက္ခ တစ်မျိုး ထပ် တွေ့ နေရှာတယ် ၊ ဒါပေမယ့် မဂွမ်းဖြူလေး ဟာ သူမ ထမင်း ချက်တဲ့ အခါ မီးမွှေးဖို့ ထားတဲ့ ကောက်ရိုးတွေ ကို တွေ့ တော့ ဒီ ကောက်ရိုးတွေ မှာ ရှိတဲ့ စပါးကလေး တချို့ ကို ရသမျှ စု ထားရင် ငါ့ ရဲ့ ဝမ်းစာ ကို တော့ ဖြည့်ရှာမှာပဲ လို့ တွေးမိပြီး စပါး ကလေးတွေ ကို စုစု ထား သတဲ့ ။ ဘယ်လောက် လိမ်မာပါးနပ်သလဲကွယ် ။

အဲဒါနဲ့ မဂွမ်းဖြူကလေး ဟာ စပါးတွေ ကို စုစု လာ လိုက်တာ တော်တော်ပဲ များလာ သတဲ့ ။ တစ်နေ့သော နေ့ တစ်နေ့ မှာ မြေပိုင်ရှင်ကြီး ရဲ့ အိမ်ရှေ့ မှာ အလွန် နွမ်းပါးဆင်းရဲ တဲ့ အမေအို တစ်ယောက် ဟာ ရောက် လာပြီး မြေပိုင်ရှင် လင်မယား ထံ မှာ ထမင်းကျန် ဟင်းကျန် ရှိရင်ပေး ပါရန် အသနားခံ တောင်းရှာတယ် ၊ ဒါပေမယ့် မြေပိုင်ရှင် လင်မယား ဟာ မပေးတဲ့ပြင် အမေအို ကို ရိုက်နှက် နှင်ထုတ်လိုက် သတဲ့ ။ အမေအို ခမျာ မှာ လည်း ဝမ်းနည်းစွာ ဆက်လက်လျှောက် လာတုန်း အိမ် နောက်ဖေး ဘက် မှ အမှိုက်သွန် ဖို့ ထွက်လာတဲ့ မဂွမ်းဖြူကလေး နဲ့ သွား တိုးမိ တယ် ။

အမေအို လည်း မဂွမ်းဖြူကလေး ကို တွေ့ တော့ “ သမီး ရယ် ၊ အမေ့ ကို သနားရင် ဟင်းကျန် ထမင်းကျန်များ ရှိရင် ပေးပါလားကွယ် ၊ အမေ့ မှာ ထမင်း မစားရတာ သုံးရက် ရှိပါပြီ ” လို့ ပြော တော့ မဂွမ်းဖြူလေး ဟာ အမေအို ကို အလွန်ပဲ သနား သွားမိတယ် ။

“ အမေရယ် ၊ ကျွန်မ က ဒီ အိမ် က အစေခံ တစ်ယောက် ပါ ၊ မြေပိုင်ရှင် လင်မယား ဟာ အလွန် ကပ်စေးနဲ ပြီး လောဘ လည်း အလွန် ကြီးပါတယ် ၊ သူတို့ ခွင့် မပေးဘဲ ထမင်းဟင်းတွေ ကို ယူ ပေးရင် ကျွန်မ အရိုက် ခံရပါလိမ့်မယ် ၊ ဒါပေမယ့် ကျွန်မ စုထားတဲ့ ဆန်တွေ ရှိပါတယ် ” လို့ ဆိုပြီး နို့ဆီ တစ်လုံး စာ အမေအို ကို ယူပေး လိုက် သတဲ့ ။ အမေအို လည်း ဝမ်းသာစွာ နဲ့ သာဓု ခေါ်ရှာ တယ် ၊ နောက်ပြီး မဂွမ်းဖြူကလေး ကို “ မင်း ဟာ သူတပါး အပေါ် မှာ ကြင်နာတတ်တဲ့ စိတ် ရှိလို့ မင်း ကို ဟောဒီ လိုတရ လက်ကိုင်ပဝါ ပေးခဲ့မယ် ၊ ကြည့် သုံးပေတော့ ” လို့ ပြောပြီး ပျောက်ကွယ် သွား သတဲ့ ။

မဂွမ်းဖြူကလေး လည်း ပထမ တော့ အံ့ဩ သွားမိတယ် ။နောင်မှ သတိ ပြန်ရပြီး အမေအို ဟာ ရိုးရိုး လူတော့ မဟုတ်တန်ရာဘူး ။ အမေအိုယောင် ဖန်ဆင်းပြီး လူ့ပြည် ဆင်း လာတဲ့ သိကြားမင်း နဲ့ တူတယ်လို့ တွေးမိတယ် ။ နောက်ပြီး ငါ့ ရဲ့ အဖြစ် ကို မကြည့်ရက် နိုင် လို့ သိကြား မ လာတာပဲ ဆိုပြီး ဝမ်းသာစွာ နဲ့ သူ့ အခန်းတွင်း ကို ဝင်ကာ ကျန်ရှိ နေသေးတဲ့ ဆန် အချို့ ပေါ် မှာ လိုတရ လက်ကိုင်ပဝါ ကို တင်ပြီး .. ဆန်တွေ များလာပါစေ လို့ ဆိုလိုက်တဲ့ အခါမှာ ဆန်တွေ တဖြည်းဖြည်း များ လာတာပေါ့ကွယ် ။ မဂွမ်းဖြူလေး လည်း ဆက်ပြီး လိုတရ လက်ကိုင်ပဝါ နဲ့ မျက်နှာကလေး ကို ဖြည်းညင်းစွာ သုတ်ပြီး နုပျိုလှပတဲ့ မိန်းမပျိုလေး တစ်ယောက် ဖြစ်ပါစေ လို့ ပြောနေတုန်း မြေပိုင်ရှင် လင်မယား ရောက် လာပြီး မဂွမ်းဖြူ လက်ထဲ က လိုတရ လက်ကိုင်ပဝါ ကို လုယူ လိုက်စဉ် မှာ မဂွမ်းဖြူလေးဟာ သူတို့ ရှေ့ မှာပဲ အလွန် လှပ ချစ်စရာ ကောင်းတဲ့ မိန်းမပျိုလေး တစ်ယောက် အသွင် ပြောင်းပြီး နောက်ဖေးပေါက် မှ ထွက်ပြေး သွား သတဲ့ ။

မြေပိုင်ရှင်လင်မယား လည်း မဂွမ်းဖြူကလေး ကို ဂရုမစိုက်နိုင်အားဘဲ သူတို့ မတရား သိမ်းယူထားတဲ့ စပါးပုံ ရှိရာ သွားပြီး စပါးပုံတွေ ပေါ်  လိုတရ လက်ကိုင်ပဝါ ကို တင် လိုက်ပြီး လောဘကြီးစွာ နဲ့ “ ငါ့ ရဲ့ ဆန်စပါးတွေ အများကြီး ဖြစ်လာပါစေ ” လို့ ပြော အပြီး မှာ ဆန်စပါးတွေ ဟာ အိမ် ပြည့်မတတ် များ လာတာပေါ့ ၊ ဒါပေမယ့် မြေပိုင်ရှင်ကြီး ဟာ လောဘ မသေသေးဘဲ သူ့ ရဲ့ မိန်းမ ကို “ ရှင်မ ရေ ၊ တို့ လည်း မဂွမ်းဖြူ လို ငယ်ရွယ် နုပျိုအောင် လုပ်ရင် ရမှာပဲ ” လို့ ပြော တော့ ၊ မြေပိုင်ရှင်ကတော် က “ အို ... ရမှာပေါ့ ” လို့ ပြော အပြီး လိုတရ လက်ကိုင်ပဝါကလေး နဲ့ သူတို့ ရဲ့ ယုတ်ကြမ်းတဲ့ မျက်နှာ ကို သုတ် လိုက်တဲ့ အခါမှာ လိုတရ လက်ကိုင်ပဝါကလေး ဟာ စုတ်ပြဲ သွားတာပေါ့ကွယ် ။

အဲဒီ အချိန်မှာ မြေပိုင်ရှင်ကြီး ဟာ သူ့ မိန်းမ ကို လှမ်း ကြည့်လိုက်တဲ့ အခါမှာ  တော်တော် တုန်လှုပ် သွား သတဲ့ ။ ဘာကြောင့်လဲ ဆိုတော့ သူ့ မိန်းမ မျက်နှာ ပေါ်မှာ အမွေးတွေ ပေါက်နေပြီး မြေခွေးရုပ် ပေါက် နေတာ မြင်ရလို့ပဲ ၊ မြေပိုင်ရှင်ကတော် လည်း ထိုနည်းတူစွာ သူ့ ယောက်ျား ရဲ့ မျက်နှာ ကို မြင်ရတော့ သူ့ လို ပဲ ဖြစ်နေတာ တွေ့ရတော့ “ အဲဒါ ရှင် လောဘကြီး လို့ ဖြစ်ရတာပဲ ” လို့ ရန်တွေ့တာပေါ့ကွယ် ။

ဒါနဲ့ ဆက် ပြောရဦးမယ် ၊ မဂွမ်းဖြူလေး ဟာ ရွာသူရွာသားတွေ နဲ့ မြေပိုင်ရှင်ကြီး ဆီ လာတော့ မြေပိုင်ရှင် လင်မယား ကို မတွေ့ရဘဲ မြေခွေးကြီး နှစ်ကောင် ကို မြင်ရတော့ ဓား ၊ တုတ် ၊ ခဲ စသည် တို့နှင့် ပ,စ်ပေါက်ကြတာပေါ့ကွယ် ။ မြေခွေး နှစ်ကောင် လည်း ကြောက်ရွံ့စွာ တော တွင်း သို့ ဝင်ပြေးသွားရတာပေါ့ ။

မြေပိုင်ရှင်လင်မယား မရှိတော့ သဖြင့် ရွာသူရွာသားတွေ ဟာ တော်တော် ဝမ်းသာနေ ရှာတယ် ။ မဂွမ်းဖြူကလေး လည်း မြေပိုင်ရှင်ကြီး မတရား သိမ်းယူထားတဲ့ စပါး ၊ လယ်မြေ အများ အပြား ရှိသည် တို့ကို ရွာသူရွာသားများ ကို ညီတူညီမျှ ပြန် ဝေ ပေးလိုက်သတဲ့ ။ ရွာသူရွာသားတွေ ဟာ လည်း မဂွမ်းဖြူကလေး ကို အလွန်ပဲ ကျေးဇူး တင်ကြရှာတာပေါ့ ။ နောင်များ မကြာမီ မှာဘဲ မဂွမ်းဖြူ ကလေး ဟာ ထို ရွာတွင်း မှ သက်တူရွယ်တူ လူရွယ် တစ်ယောက် နဲ့ ထိမ်းမြား လိုက်ပြီး အသက်ထက်ဆုံး ဒီ ရွာ မှာ ပဲ ပျော်ရွှင်စွာ နေထိုင်ကြသတဲ့ကွယ် ။

☐ ရွှေသိမ် - မာမာဝင်း

📖 ရှုမဝ မဂ္ဂဇင်း
      ၁၉၆၂ ၊ စက်တင်ဘာ

.

မေ့ဘူးနော် မေ့ဘူး


 

❝ မေ့ဘူးနော် မေ့ဘူး ❞
       ( တလုံးစိန် )

ကျွန်တော် သည် မိမိ နေရပ် မှ ထွက်ခွာ၍ လည်ပတ် နေ လိုသော ဆန္ဒ ရှိသဖြင့် အိမ် မှ စ၍ ထွက်လာခဲ့ရာ ၊ ယခုအခါ ကျည်တောင်ကန်မြို့ သို့ ရောက်ရှိ နေပြီး ဖြစ် သတည်း ။ မိမိ ကိုယ်တိုင် က စာရေးဝါသနာပါသူ တစ်ယောက် ဖြစ်သည့် အတိုင်း စာရေးဆရာ ရှိသော နေရာဌာန ၊ မြို့ရွာ ကိုသာ သွားလို သဖြင့် ပထမဦးဆုံး စာရေးဆရာ ရှိသော ကျည်တောင်ကန်မြို့ သို့ ဝင်ရောက် လည်ပတ်ခြင်း ဖြစ်ပေ၏ ။ မြို့ခံ မိတ်ဆွေ စာရေးဆရာ ကလည်း တစ်အူတုံချင်း အတူဆင်း သော ညီရင်းအကို ကဲ့သို့ ချစ်ခင်စိတ်ယိုဖိတ်လျက် စေတနာ သဒ္ဓါတရား ထက်သန်ပုံကို အလုံးစုံ တွေ့ မြင်ရပေ၏ ။ ၎င်းမြို့မှ တစ်ဖန် ပျဉ်းမနားမြို့ သို့ သွားရန်ဖြစ်ပေ၏ ။ ပျဉ်းမနား စာရေးဆရာ များသဖြင့် အချို့တစ်ဝက် သာ လျှင် ဝင်ရောက် တည်းခိုမည် စိတ်ကူး စဉ်းစား မိပေ၏ ။ ပျဉ်းမနား ရှိ ရွှေရိုး ထံသို့ လည်းကောင်း ၊ ပျဉ်းမနား ဒင်္ဂါး ထံသို့ လည်းကောင်း ၊ ပျဉ်းမနား ဘိုးဝိဇ္ဇာ ထံသို့ လည်းကောင်း ၊ ကဗျာဆရာ စိန်ကလောင် ထံသို့ လည်းကောင်း ၊ နေရှင် နယ် ကဗျာဆရာ ဦးမစ္စတာ သန်းမောင် ထံသို့ လည်းကောင်း ၊ စာရေးဆရာမ များထံ လည်း စကား မပြောရဲ ၊ ပြောရဲနှ င့် နှုတ်ဆက်အံ့ ဟု ရည်ရွယ်ခဲ့သဖြင့် ပျဉ်းမနား ခင်ခင်ညွန့် ၊ ပျဉ်းမနား သောင်းမေ ထံသို့ လည်းကောင်း ၊ ပျဉ်းမနား မမြညွန့် ကိုတော့ အိမ်မေး ဝင်ရတော့မှာပဲလေ ဟု အောက်မေ့ စဉ်းစားကာ ခရီးစဉ် ဒဏ္ဍာရီ ရေးသားထားပါကြောင်း ။

၎င်းမြို့ မှာ ရက်အနည်းငယ် နေပြီးလျှင် ဘူတာ ကျော်တယ် ဆိုချင် ဆိုကြပစေ ၊ မော်လမြိုင် ၊ ထွန်းသိင်္ဂါ ၊ စစ်ကဲကုန်းထိပ်တင် ၊ မာလာထွန်း ၊ စပါယ်အုံး တို့ ထံကိုလည်း ဆက်ဆက် အရောက်သွားမည် ဟု စိတ်ကူး ထားပြီး သော်လည်း မိတ်ဆွေ မော်လမြိုင်သား စာရေးဆရာများ တို့ အသိ လုပ်မှ လုပ်ပါ့မလား ဟူ၍ စဉ်းစားဉာဏ် ထုတ်လျက် ရှိမိပေ၏ ။

မော်လမြိုင် အကြွား ၊ ရန်ကုန် အစား ၊ မန္တလေး စကား ဆိုတဲ့ စကား ကြောင့် သွားရောက် လည်ပတ်ပေမဲ့လို့ ကြွားလား ၊ စိတ်ထား နှင့် ၊ တံခါး ပိတ် ထားလား ဟု စိတ်အားဖြင့် တွေးမိပါကြောင်း ၊ ၎င်း မြို့မှ ဦးမင်း ထံ အရင် ရောက်အောင် သွားပြီး တာတေလူးနေ ထံ က အဆာပြေ ဆတူဖြောက် နှစ် ယောက် ထက် မနည်း လက်ဆွဲပြီး ဆက်သရန် မြန်မြန် နှိုးဆော်ရလျှင် တော် လေမလား လို့ စိတ်ကူးမိပေ၏ ။

ကျွန်တော် ၏ ခရီးထွက်မည့် ခရီးစဉ် ဟိမဝန္တာ တောင်တန်းကြီး အလျားခန့် ရှည်သဖြင့် ရပ်တန့်သည် ဟူ၏ ။

ကျွန်တော်  ရောက်သော နေ့၌ ကျည်တောင်ကန်မြို့ ( မြစိန်သာ ) ဘုရားပွဲ ကျင်းပနေသည် နှင့် ကြုံကြိုက်နေ သဖြင့် မိတ်ဆွေ ကို မခေါ်ဘဲ တစ်ယောက်တည်း စက်ဘီးကြီး နှင့် တိတ်တခိုး ထွက်လာခဲ့ရာ ၊ လူစည်ကားသော ပရိသတ်ကြီး မှာ ပုရွက်ဆိတ်အုံ တုတ်ထိုး အုံးအုံးကြွက်ကြွက် ရှိနေ လေ၏ ။

တစ်ရပ်ရွာသား ဖြစ်သဖြင့် ရန်ခိုက်ဒေါသ ဖြစ်လျှင် ငါ့ ကို အရင် ဆော် ကြမလား ၊ ကြောက်စရာပါကလားနော် ဟု တွေးနေစဉ် ၁ဝ ယောက် ထက် မနည်း မိန်းမယောက်ျား အတွဲကြီး သည် ကျွန်တော် နား သို့ ကပ်လာကြလေ ၏ ။

ကပ်လာကြသော လူများ မှာ ကျွန်တော့် အား ခေါ်တော မျက်လုံးဖြင့် ကြည့်ကာ “ တူပါတယ် ၊ ဟင် ၊ ဩော် ၊ မဟုတ်ဘူး ထင်ပါရဲ့ ” စသည်ဖြင့် ပြောကာ လည်ကြည့် လည်ကြည့်နှင့် ၊ လူထုများသော ပရိသတ် ထဲ သို့ တိုးဝင် သွားကြလေ၏ ။ ကျွန်တော့် အား ကြည့်သူ တို့ကို ကျွန်တော် ပြန်၍ အံ့အားသင့် ကြည့်မိပေ၏ ။ ဘယ့်နှယ် “ သူတို့ ငါ့ သိလို့လား ၊ ငါ့ ရုပ်ရည်က ပြူးကြောင်ကြောင် မို့ အရူးကောင် ” ဆိုသော အနေဖြင့် ကြည့်လေသလား ဟု စဉ်းစားမိ လေ၏ ။

ထိုသို့နေရာ ကျွန်တော် မှာ အသိ ဆို၍ တစ်ယောက်မျှ မရှိသဖြင့် စက်ဘီး ကို အဖော် လုပ်ကာ နောက်ကျော မှီ၍ “ ဒီ ပရိသတ်ကြီး ဓာတ်ပုံရိုက်ပြီး သတင်းစာ ထဲ ထည့် လိုက်ရလျှင် ရွှေတိဂုံကိုယ်တော်ကြီး မီးခစဉ် က လာ ရောက်သော ပရိသတ် နီးပါးပဲ ” ဟု ထင်ကြမှာ ဧကန်ဟု တွေးမိကာ ညဉ့် ဓာတ်ပုံရိုက်ခြင်း ကို အလိုရှိ နေပြန်၏ ။ ထိုသို့ နေရာမှ “ တစ်ယောက်တည်း ပျင်းပါတယ်လေ ၊ ဒီ လူပရိသတ် ကို ကြည့် နေရတာ မျက်စိ ညောင်းလှတယ် ” ဆိုကာ တည်းခိုအိမ် သို့ ပြန်ရန် လှည့်ထွက်လာစဉ် အရွယ်အားဖြင့် ၁၇ နှစ်ခန့် ရှိသော မိန်းမပျိုကလေး မှာ ကျွန်တော့် အနားသို့ ဖြတ်တိုက်လျက် “ တဆိတ် ဒီဘက်များ အမေကြီး တစ် ယောက် မလာဘူးလားရှင် ” ဟု သာယာသော အသံဖြင့် မေးလေ၏ ။

ကျွန်တော် သည် ရုတ်တရက် ကြည့် လိုက်သော် သူ ၏ မျက်နှာကလေး နှင့် ဆုံတွေ့ မိလေ၏ ။ မကြည့်ရဲ လောက်အောင် လှပနေသူမှန်း သိရလေ၏ ။

“ ဪ .... မတွေ့ ပါဘူး ခင်ဗျာ ”

“ ဟင် ... ခက်ပြီ ၊ ဒါဖြင့် မေမေ ကျွန်မ ပျောက်လို့ ရှာနေပြီ ၊ ပရိသတ် ကလည်း ဘယ်သွားလို့ ဘယ်ရှာရမှန်း မသိအောင် များနေတာပါကလားနော် ၊ စိတ်ပျက်ပါဘိတော့ ” ဆို၍ ဦးခေါင်းကလေး ကို ယမ်းကာ ညည်းသံဖြင့် ပြောလေ၏ ။

ကျွန်တော် သည် သနား သဖြင့် “ ဘယ်သွား နေကြလို့ ကွဲနေကြတာလဲ ခင်ဗျာ ၊ ခင်ဗျား မေမေ က ဒီနား စောင့်နေဦး ဆိုလို့လား ”

“ မဟုတ်ဘူးရှင့် ၊ မေမေ နဲ့ ကျွန်မ အတူ လာနေတုန်း ကာလသား ၅၀ လောက် ကြား မှာ ညှပ်တိုး လိုက်တာနဲ့ မျက်ခြည် ပြတ်သွားပါတယ် ”

“ ဟင် ... ဖြစ်ရလေ ၊ ဒါဖြင့် ရအောင်ရှာပါလား ၊ မတွေ့ဘဲ ဘယ်ရှိမလဲ ”

“ ကျွန်မ ပရိသတ် ထဲ မတိုးရဲတော့ဘူး ၊ ဟို လူတွေ က ကျွန်မ ကို တွေ့ ရာ မှာ ဆွဲခေါ်ဖို့ စီစဉ်နေသံ ကြားပါတယ် ” ဆို၍ ပွဲဘက် သို့ ကြောက်ရွံ့သော မျက်လုံးဖြင့် ကြည့် နေလေ၏ ။

“ ဒါဖြင့် ဘယ့်နှယ် လုပ်မလဲ ”

“ ကျွန်မ မကြံတတ်တော့ဘူး ၊ ပွဲထဲ လည်း မဝင်ရဲတော့ဘူးရှင် ” ဆို၍ လက်ချင်းပွတ်ကာ သနားစရာ မျက်နှာကလေး ကို လှန်ကာ ကြည့်၍ ပြောလေ ၏ ။ ထိုသို့ ပြောသော အမူအရာ ကို မြင်ရလျှင် ကျွန်တော့် ရင်ဝ မှာ မမြင်ရသော အလုံးကြီး ဆို့လျက် တဂွတ်ဂွတ် နှင့် တံတွေးကို မျိုချမိလေ၏  ။

နို့ ဘယ့်နှယ် ကျွန်တော် လဲ ။

“ တစ်ဆိတ် ရှာပေးရင် ကျေးဇူး ”

“ ပျောက်နေတဲ့ အမေကြီး ကို ကျွန်တော် မှမမြင်ဖူးပဲ ”

“ အို .. ဒီလိုဆိုရင် ကျွန်မ အမေမှာ ထဘီကြီး ဝတ်လို့ အဝတ်ဖြူ အင်္ကျီ နှင့် ခေါင်းက ဆံပင်ကို နောက်တွဲ ထုံး လို့ ဖိနပ်ပိန်းတန်း လည်း စီးလို့ရှင့် ”

“ နားထောင်နေရာ မှ ထဘီ ဝတ်လို့ ပိတ်ဖြူ နဲ့ ပိန်းတန်းစီး နောက်တွဲ ထုံး ဆိုတော့ သိနိုင်ပါ့မလား ” ဟု ချက်ချင်း တွေးမိလေ၏ ။

“ ဟင် .. နေပါဦး အမေကြီး အရွယ် မဟုတ်လား ”

“ ဟုတ်ပါတယ် ”

“ ဒါဖြင့် ဘယ် ကွဲပြားမလဲ ၊ အမေကြီး တိုင်း ဒီလို အဝတ်အစားချည်းပဲ ”

“ ကျွန်မ အမေ က ထဘီ ဝတ်ပါတယ် ”

ကျွန်တော် သည် အံ့အားသင့် နေမိလေ၏ ။

“ အို ...နေပါဦး ထဘီ ဟာ လူတိုင်း ဝတ်တယ် ”

“ ဪ ... ထဘီ ဆိုတာ တစ်ရာ တစ်ယောက် ဝတ်ခဲပါတယ် ၊ လုံချည် ဝတ် တွေသာ များပါတယ် ”

ကျွန်တော့် မှာ ဪ ... အစသ,တ်တော့ သတိမမူ လို့ ဂူမမြင်ခြင်းပါ ကလား ၊ ထဘီ နှင့် လုံချည် အခြားကြီးပါကလား ဟု တွေးမိပြန်လေ၏ ။

“ ဒါဖြင့် ဟောဒီနား နေရစ်နော် ဆို၍ ” သွားမည် အပြုတွင် “ အိုအို ကိုကို ကျွန်မ ဒီအနား မနေရဲဘူး ၊ ဟိုဘက် ( မြစိန်သာ ) ဘုရားနား က ညောင်ပင်ကြီး ထိ အောင် လိုက်ပို့ပါဦး ၊ ဟို လူတွေ ကျွန်မ နေရာ မသိအောင် မြန်မြန် လာပါ ”

ထိုအခါ မိန်းမပျို ၏ အလိုအတိုင်း လိုက်ပို့ကာ ပွဲခင်း ထဲသို့ ဒေါင်း တောက် အောင် ရှာမိလေ၏ ။ မည်မျှပင် ရှာသော်လည်း ဆင်တူမှ မတွေ့ဘဲ ကာလသား လူညာတွေ ဝါးခနဲ ၊ ဝါးခနဲ ပွဲကျနေသည် ကို တွေ့ ရလေ၏ ။ ပရိသတ်လူထုကြီး မှာ ပွဲ ကို အာရုံငြိ နေ သဖြင့် ငြိမ်သက်ခြင်း ကို ဖြစ်နေလေ၏ ။

ရှာမတွေ့ သဖြင့် ညောင်ပင်ကြီး အောက်သို့ ပြန်လာရာ ငုတ်တုတ်ထိုင် လျက် စောင့်နေသော မိန်းမပျိုကလေး မှာ မရှာရဘဲ ချက်ချင်း တွေ့လေ၏ ။

“ ကိုကို မေမေ့ ကို တွေ့ ခဲ့ရဲ့လား ”

“ မတွေ့ခဲ့ဘူး ၊ ပြန်သွားဟန် တူတယ် ”

“ ပြန်သွားရင်တော့ ကိစ္စ မရှိဘူး ကိုကို ၊ ကျွန်မ ကို စိတ်မချဘဲ လိုက်ရှာနေမှာ စိုးလို့ ”

“ စိတ်တော့ ဘယ်နည်းနဲ့ မှ ချမယ် မဟုတ်ဘူး ထင်တယ် ”

“ ကိစ္စတော့ မရှိဘူး ထင်ပါတယ် ၊ ခင်ရွှေ ၊ ခင်မေ ၊ ခင်တင့် တို့နဲ့ အတူတူ ကြည့်လိမ့်မယ် ထင်ပြီး ”

“ ဒါဖြင့် အဆင်သင့်သားပဲ သူတို့နဲ့ ကြည့်ပါလား ”

“ မဖြစ်ဘူး ၊ ဒီ အကောင်တွေ က ကျွန်မ ကို မစားရတဲ့ အမဲ သဲ နဲ့ ပက် ဆိုတာလို မိုက်တိမိုက်ကန်း အရက် မူးပြီး ... ”

“ ဒါဖြင့် ခင်ဗျား ဘယ် သွားမလဲ ၊ ကျွန်တော် ပြန်တော့မယ် ၊ မိတ်ဆွေ က ပျောက်တယ် ဆိုပြီး ရှာနေမှ ဖြင့် ... ”

“ ကိုကို ဘယ်သွားမှာလဲ ”

“ မြို့ ထဲ ကိုလေ ”

“ အို .. ဒါဖြင့် ကျွန်မ လိုက်ပါရစေ ကိုကို ရယ် ၊ အဆင်သင့်ပါပဲ ” ( ရဲရင့် သော အမူအရာ ၊ အားကိုး လိုသော ဆန္ဒဖြင့် ပြောသည် )

“ ကျွန်တော့် မှာ စက်ဘီး နဲ့ မဖြစ်ဘူး ၊ ခြေကျင် လိုက်လို့ .... ”

“ ကျွန်မ ကို စောင့်ခေါ်ပါ ၊ အောက်ကပဲ လိုက်ပါမယ် ”

ထိုအခါ ကျွန်တော့် မှာ ရဲရင့်သော အမူအရာ နှင့် အားကိုး နေသော မိန်းကလေး အား သုံးမိုင် ဝေးသော မြို့သို့ ခေါ်သွားရမည် ဆိုသော် ဖြစ်နိုင်ပါ့ မလား ၊ မိန်းကလေး က ယုံကြည်ပါ့မလား ၊ အခြား လူများ မြင်လျှင် တင့်တယ် ပါ့မလား ၊ မိတ်ဆွေ သူငယ်ချင်း လည်း မဟုတ် ၊ သိဖူးမြင်ဖူးသည် လည်း မဟုတ် ၊ ရတနာပုံ စန်းတိုက် ဆိုတာ ဤလို တွေ့ မှုမြင်မှုမျိုး ကို ဆိုတာ ထင်ပါရဲ့ ဟု တွေးမိလေ၏ ။

ထိုသို့ စဉ်းစားနေစဉ် “ ကိုကို သွားရင် လည်း သွားရအောင်ပါ ၊ ကိုကို ကျေးဇူး ဘယ်တော့မှ မမေ့ပါဘူး ။ အိမ် ရောက်အောင် ပို့ပေးပါ ”

ထို စကား ကို ကြားလျှင် အင့်ဟင်တယ်လို့ပါကလား ( အကဲစမ်းသော အနေဖြင့် ) “ ခရီး က သုံးမိုင် ဝေးနေတယ် ၊ ခြေကျင် မလိုက်ဘဲ စက်ဘီး နှင့် လိုက်ခဲ့ ပါလား ” စွန့်၍ မေးလိုက်လေ၏ ။

“ ဒီလိုဖြင့် သာပြီး ကျေးဇူး တင်ပါတယ် ၊ ကိုကို ကျွန်မ ကို နင်းနိုင်ပါ့မလား ”

“ ရှေ့ တစ်ယောက် နောက် တစ်ယောက် အမြဲ တင် စီးနေသူပါ ၊ ခင်ဗျား .. မစီးတတ်ဘဲ နေမှာ ... ”

“ အို ဒါအတွက် မစိုးရိမ်ပါနဲ့ ၊ ကျွန်မ မောင်ကလေး နဲ့ ရှေ့ က အမြဲ စီးနေသူပါ ... ” ဆို၍ စက်ဘီး အနီးသို့ ကပ် လာလေ၏ ။

◾အတွေ့အာရုံ

ထိုသို့ စက်ဘီး စီး၍ လာစဉ် ကျွန်တော် ၏ စိတ်မှာ အလို ... ဘုရား ... ဘုရား ၊ ဟင်း .. နွေးခနဲ ... ဟင်း ... ဝါဂွမ်းကလေး လို တွေ့ ထူးပြီး ပန်ထား သော ပန်းနံ့ကလေးမှာ နှာခေါင်း အောက်တွင် ရောက် နေရကား မွှေးကြိုင်၍ နေပေ၏ ။ လိမ်းကျံ ထားသော သနပ်ခါး မှာ လည်း အလွန်တရာ မှ မွှေးကြိုင် လှသဖြင့် လူ့ပြည် မှာ မှ ဟုတ်ကဲ့လား သိကြားမင်း က ပဏ္ဍု တင်းပြီး ဖန်ဆင်း ၍ ပို့လိုက်သော နတ်သမီး လော အလို .. ဟင် ... ဆို၍ လက်ကိုင် နှင့် သူ ၏ လက်ကလေး ကို အုပ်ကိုင် မိလေ၏ ။ “ အလယ် ... အလယ် ... ကိုကို ကျွန်မ လက် ကို ဖိထားလိုက်တာ ” ဆိုသောစကား ကို စက်ဘီးတင်ပါး လွှဲ စီးလိုက်ရင်း မှ ပြော လိုက်လေ၏ ။

ထို မိန်းမပျိုကလေး ၏ ကျော တစ်ခုလုံး မှာ ကျွန်တော် ၏ ရင်ခွင် တွင်း ဝယ် ရှိရကား ရင်ဝ တစ်ခုလုံး မှာ ပူနွေးလျက် အာရုံကြော အားလုံးမှာ ဖိန်းရှိန်း နေလေ၏ ။ တစ်ခါတစ်ခါ ၌ တိမ်းယိမ်း သွားသော် လက် ကို တိမ်းစောင်း သဖြင့် ကိုယ်ချင်း မှာ သာ၍ ထိတွေ့ မိသော အခါ ကျွန်တော် ၏ ရင်ခွင်မှာ ဆား ထိသော တီ ကဲ့သို့ တွန့်လိမ်ပြီး သွားလေ၏ ။

ထိုသို့ ကြောက်ရဲရဲ နှင့် မတွေ့ဖူးသော ရသာ အာရုံ ကို ခံစားနေစဉ် ...

“ ကိုကို မောသလား ၊ ဒါဖြင့် နားပါဦးလား ၊ လကြီး က သာလိုက်တာ ”

ဆိုသော အသံသည် တစ်သက်လုံး မမေ့နိုင်သော အသံချွဲမျိုး ဖြင့် ပြောဆို လိုက် လေ၏ ။

ကျွန်တော် မှာ ကြိုးစား လျက် ဝီဝီ ဝီဝီ မြည်အောင် နင်းလိုသော ဆန္ဒ ရုတ်ခြည်း ပေါ်လွင်နိုးကြား လာလေ၏ ။

“ မောပါဘူးဗျာ ၊ စီးရဲ ရဲ့ မဟုတ်လား နင်း မလို့ ”

“ အို .... ကိစ္စမရှိပါဘူး ၊ တင်လိုက် တင်လိုက် ” ဟု အားပေးလေ၏ ။

ထိုအခါ ကျွန်တော် သည် မတိမ်းစောင်း ရအောင် လက်ကိုင် အတိ ထားလျက် အပြေးဆုံး နင်းမိ လိုက်လေ၏ ။ မောဟိုက် လာလေ၏ ။ မြို့ထဲ သို့ ဝင်မိပြီ ဖြစ်ရကား မနှေးမမြန် စီး နေစဉ် ...

“ ကိုကို ဟောဒါ ကျွန်မတို့ အိမ်ပဲ ” ဆို၍ အရပ် ခိုင်းလေ၏ ။ ထိုသို့ ရပ် လိုက်စဉ် စက်ဘီး မှာ ခဲကြီး ကို တက်မိသဖြင့် ယိုင် သွားလေ၏ ။ ယိုင် သွား စဉ် ကျွန်တော် ၏ ကိုယ် မှာ မိန်းမပျို အား အွတ်ခနဲ မြည်အောင် တိုက်မိလေ၏ ။

“ အို ... ကိစ္စ မရှိဘူး ၊ ကိုကို မလဲရင် ပြီးရော ၊ ကျေးဇူး တင်ပါတယ် ကိုကို ၊ ကျွန်မတို့ အိမ် ကို လာလည်ပါနော် ”

အံ့အားသင့်ကာ ငေး နေမိလေ၏ ။ ထို့နောက် သတိ ရကာ “ နာမည် ဘယ့်နှယ် ခေါ်သလဲ ”

“ ကျွန်မ နာမည် ... မမြကြည် ပါ ... လာလည်ပါနော် ကိုကို ” ... ဆို၍ မေမေ မေမေ ဟု ခေါ်ကာ အိမ်ပေါ် သို့ တက်သွားလေ၏ ။

ကျွန်တော် မှာ နောက်က  ကျန်ရစ်နေလေ၏ ။

ထို့နောက် သတိ ရကာ အိမ်သို့ ပြန်လာရာ အိမ်တွင် မိတ်ဆွေ နှင့် အသင့် တွေ့ရသဖြင့် စကား မပြောနိုင်ဘဲ အိပ်ရာ ထဲ သို့ ဝင်ကာ စဉ်းစားခန်း ကို ထုတ်နေမိပေ၏ ။

နံနက် လင်းလျှင် လင်းချင်း ညဉ့် က အိမ် ကို ရှာရန် မည်သူ့ကို မျှ မပြော ဘဲ ထွက်လာရာ လိပ်မွေး ကျားချို ရှာသူကဲ့သို့ မျက်စိလည် နေလေ၏ ။

နောက် နေ့တိုင်း နေ့တိုင်း အုံ့ပုန်း လုပ်ကာ ရှာငြားလည်း ၎င်း အိမ် ကို မတွေ့ ရချေ ။ ထို့နောက် အရှက် မရှိဘဲ မိတ်ဆွေ စာရေးဆရာ ကို မေးကြည့် သော် မနေ့ က ရုံးစာရေးကြီး နဲ့ မင်္ဂလာ ဆောင်သွားပြီ ၊ ဒီကနေ့ ပဲ ကျွန်တော့် ဆီ နှုတ်ဆက် သွားသေးတယ် ဟု ပြန်ပြောသောအခါ ကျွန်တော် နှင့် မတွေ့ရလေခြင်း မိတ်ဆွေရယ် ဟု ပြောမိလေ၏ ။ အကြောင်း ကို ပြောပြလိုက်လေ၏ ။ အင်း ဖြစ်ရချက် နာသဗျာ ၊ ဒီလိုမှန်း သိရင် ဟိုနေ့ ထဲ က ဖြစ်ချင်သလို ဖြစ် ဆိုပြီး အင်း ... ဟု သက်ပြင်း ကို ရှူမိလေ၏ ။

တွေ့ဖူးတဲ့ မိန်းမပျို မမြကြည် ရေ ... မင်း အကြောင်း ဖြင့် အခုထိ နွေးနွေး နွေးနွေး နှင့် ရင် ထဲ မှာ အေးတုန်းပဲ ရှိသေးတယ် ကွဲ့ ၊ ( မေ့ဘူးနော် မေ့ဘူး ) အယ်ဒီတာကြီးရယ် ငွေ တစ်မတ် မွဲမွဲတေတေ မနှမြောပါဘူး ၊ ဒီ ဝတ္ထု ပါတဲ့ ဂျာနယ်အုပ် ကို သူ့ ဆီ ပို့လိုက်ပါနော် ၊ မမေ့ပါနဲ့ ၊ ကျေးဇူး မမေ့ပါဘူး ။

⎕ တလုံးစိန်

📖 ဗန္ဓုလဂျာနယ် ဝတ္ထုများ

.

ဖြူလွှလွှ တိမ်တိုက် တစ်ခု၏ မီးခိုးရောင် အနားသ,တ်


 

❝ ဖြူလွှလွှ တိမ်တိုက် တစ်ခု၏ မီးခိုးရောင် အနားသ,တ် ❞

အခန်း ( ၁ )

နံရံ ပေါ် တွင် ရှိသော တိုင်ကပ်နာရီ မှ အပ အရာ အားလုံးသည် တိတ်ဆိတ် ငြိမ်သက်နေ၏ ။ လှုပ်ရှားမှု နောက် တစ်ခု ကို စတင်လိုက်သူ က မြမှီ ပင် ဖြစ်သည် ။ မြမှီ ကုတင် ပေါ်မှ ညင်သာစွာ ထလိုက်ပြီး ခြေရင်း ဘက်ရှိ ပြတင်းပေါက် တံခါး ကို ဖွင့် လိုက်သည် ။ လေနုအေး တို့က တံခါးဝ ကို အတင်း တိုးဝှေ့ကာ အခန်းတွင်း သို့ အလုအယက် ဝင်လာကြသည် ။ ထို လေနုအေးများ က မြမှီ မျက်နှာပြင် တစ်ခုလုံးကို လာရောက် ထိတွေ့ကြ၏ ။ နှာဖျားကို ပွတ်သပ်ကြ၏ ။ ဆံစတို့ ကို ကျီစယ်၏ ။ မြမှီ သည် ထိုလေနုအေးများအား ကုန်သွားမည် စိုးသည့် အလား အငမ်းမရ ရှူရှိုက် လိုက်၏ ။ သင်းသင်းလေး မွှေးသော ရနံ့တစ်ခု ကို မြမှီ ရှူမိ၏ ။ ဆောင်တော်ကူးပန်း ရနံ့ဖြစ်သည် ။ မြမှီ တို့ အိမ်ဘေး ဘယ်ဘက် ခြံစည်းရိုး ပေါ်မှာ ဆောင်တော်ကူးပင် ရှိသည် ။ လွန်ခဲ့သော တစ်ပတ်ကျော် က ဆောင်တော်ကူး အဖူးကလေးများ ကို မြမှီ သတိထား မိသည် ။ ယခု ထိုအဖူးကလေးများ ပွင့်သွားခြင်း ဖြစ်မည် ။ ဒီလို ရာသီမျိုးမှာ ဆို မြမှီ တို့ အိမ်ရှေ့ ခြံထောင့်တွင် ရှိသော မြတ်လေးပန်းရုံ လည်း ပွင့်တတ်ကြသည် ။ အရောင်အသွေး မတူ ၊ အရွယ် မတူ ၊ ပုံသဏ္ဌာန် မတူကြသော သစ်ခွမျိုးစုံ ကလည်း အပြိုင်အဆိုင် ပွင့်တတ်ကြသည် ။ ထိုအခါမျိုးတွင် မြမှီ သည် ခြံထဲ အစောကြီးဆင်းကာ သစ်ခွပန်းများ ချိုး တတ်သည် ။ မြတ်လေးပန်းများ ခူး၍ ဘုရားကပ် တတ်သည် ။ ထိုသို့ ပြုမူရသည် ကို မြမှီ  အလွန် နှစ်ခြိုက်သည် ။ ယခုလည်း ခြံ ထဲ ဆင်း၍ ပန်းခူးရန် မြမှီ  တွေး နေသည် ။ ရုတ်တရတ် တိုက်လာသော ဆောင်းလေကြမ်း တစ်ချက် ကြောင့် ကြက်သီးများ ထ သွားသည် အထိ စိမ့်အေးသွားသည် ကို မြမှီ သတိထား လိုက်မိ၏ ။ ခုတင်ဘက် သို့ ကပျာကယာ လှည့် ကြည့်မိသည် ။ စောင်ဗလာ နှင့် တစ်ဖက်စောင်း အနေအထားလေး ခပ်ကွေးကွေး အိပ်ပျော်နေသော သူ့ ကိုမြမှီ သ နား သွားမိသည် ။ ခြေသံကို ဖွဖွနင်းကာ ကုတင်နား သွား၍ သူ့ ပုခုံးစပ် ထိ ရောက်အောင် မြမှီ စောင်ခြုံ ပေး လိုက်သည် ။ နဖူး မှ ဆံစ တစ်ချို့ ကို လက်ဖြင့် အသာအယာ သပ်တင်၍ သူ့ မျက်နှာ ကို ကြင်နာစွာ ကြည့်လိုက်သည် ။ ညအိပ်မီးရောင်အောက် မှာပင် သူ့ မျက်နှာ ၏ ကောက်ကြောင်း ကို မြမှီ  ကောင်းစွာ သိ၏ ။

မကျဉ်းမကျယ်သော နဖူးပြင် အောက်တွင် မျက်ခုံးထူကြီး နှစ်ခုက အထင်း သား ရှိသည် ။ အနည်းငယ် ချိုင့်နေသော မျက်တွင်းများ ကြောင့် နှာတံ မှာ ပို၍ပင် ပေါ်လွင် နေတော့သည် ။ သူ့ အသားအရည် မှာ အညိုဘက် သို့ ရောက် သော်လည်း မွဲခြောက်နေခြင်းမျိုး တော့ မဟုတ်ပေ ။ နားထင် နှင့် ပါးရိုးအကျ တို့က သုံးဆယ့်ငါးနှစ် ဆိုသော အသက်နှင့် မလိုက်ဖက် အောင် သူ့ကို ပို၍ အိုစာ စေပါသည် ။ အမှတ်တစ်မဲ့ ကြည့်လျှင် သူ သည် အဖိုးအိုပေါက်စကလေး နှင့်ပင် တူနေတော့သည် ။ ထို အဖိုးအို ပေါက်စကလေး သည် မြမှီ ၏ ခင်ပွန်း ပင်ဖြစ်သည် ။ သူ့ ပါးအေးအေး ကို နမ်းရင်း သူ့ ကျောပြင် ကို သပ်ပေး နေမိသည် ။ သူ အိပ်နေပုံ က မြမှီ မျက်လုံး ထဲ တွင် ကလေး ငယ် တစ်ယောက် လို အပြစ် ကင်းနေသည် ။ မြမှီ ကုတင်ဘေး မှ ခွာပြီး မီးဖိုခန်း ကို ဝင်လိုက်၏ ။ သူ မနိုးခင် သူ နှင့် သမီး နှစ်ယောက် အတွက် မနက်စာ ပြင်ဆင်ရမည် ။ လှုပ်ရှားမှုတိုင်း ညင်သာဖို့ လိုသည် ။ သို့မဟုတ်ရင် သူ နိုးသွားနိုင်သည် ။ သူ အိပ်ရေး မဝဘဲ နိုးသွားပါ က ငြူစူမည် ။ မြမှီ ကို အလိုမရှိသော မျက်လုံးများနှင့် ကြည့်မည် ။ မြမှီ  လုပ်ပေး သမျှ ကို မနှစ်မြို့ဟန် ပြုမူမည် ။ သူစိမ်း ဆန်သော စကားလုံးများ ဖြင့် တုံ့ပြန်မည် ။ နောက်ဆုံးတွင် အိမ် မှ ဒရိုင်ဘာ ကို ခေါ်၍ သူ သွားလိုရာ ကို သွား၍ သူ ပြန်လာချင်သော အချိန်မှ သာ ပြန်လာပေလိမ့်မည် ။ ထိုအပြုအမူ သည် သူ လုပ် နေကျ အပြုအမူ ဖြစ်သော်လည်း ထိုသို့ ပြုမူတိုင်း မြမှီ ရင်ထဲ တစ်စစ်စစ် နာကျဉ်ရစမြဲ ဖြစ်သည် ။ သို့ရာတွင် မြမှီ နှင့် သူ့ တွင် ချိုမြသော အတိတ်တို့ ရှိခဲ့ဖူးသည် ။ ထို အတိတ်တွင် သူ သည် မြမှီ ကို ချစ်ခဲ့ဖူးသည် ။ နှစ်နှစ်ကာကာပင် ဖြစ်သည် ။ ထိုအကြောင်း ကြောင့်ပင် မြမှီ သည် စိတ်ညစ်စရာ ကြုံတိုင်း ချိုမြသော အတိတ်တို့ကို ပြန်လည် ဆေးကြောသုတ်သင်၍ လတ်ဆတ် စေသည် ။ လတ်ဆတ်လာသော ထို အတိတ် တို့ကို တစ်ရေးရေး တွေး၏ ။ ထိုအခါ မြမှီ သည် သူ့ကို တဖြည်းဖြည်း ပို၍ ချစ်လာစမြဲပင် ဖြစ်တော့သည် ။

အခန်း ( ၂ )

ကျောင်းပြီးစ အင်ဂျင်နီယာ ပေါက်စလေး ဖြစ်သော သူ သည် မြမှီ နှင့် ဌာန ကွဲသော်လည်း တစ်ရုံးတည်း ပင် အလုပ် တူကြသည် ။ ဝန်ထမ်းလိုင်းခန်း တွင် နေသည် လည်း တူသည် ။ သို့သော် သူ သည် မြမှီ လို မိသားစု နှင့် နေသည်တော့ မဟုတ် ။ သူ့ ဆရာ ၏ မိသားစု နှင့် ဖြစ်သည် ။

ဒဂုံတက္ကသိုလ် ၌ပင် မြမှီ သည် မြန်မာစာ ဖြင့် အဝေးသင် တက်ပြီး သူ သည် စီးပွားစီမံ ဘာသာ ဖြင့် အဝေးသင် တက်ခဲ့ကြသည် ။ မျက်မှန်းတန်းမိ နေသော မြမှီ နှင့် သူ သည် ကျောင်းပို့ကျောင်းကြို ဖယ်ရီ စီးရင်း သိကျွမ်း သွားသည် ။ စီးပွားစီမံ ကျောင်းသားလေး သူသည် မြန်မာစာဌာန တွင် အတန်း တက်၍ သော် လည်းကောင်း မြန်မာစာ ကျောင်းသူလေး မြမှီ သည် စီးပွားစီမံ ဘာသာရပ် ၏ စာစဉ်များ ရေးပေး၍ သော် လည်း ကောင်း ခင်မင်မှု ကို ရင့်စေခဲ့သည် ။ မကြာမီ သူ သည် မြမှီ ကို ချစ်ခွင့် ပန်သည် ။ မြမှီ  ကြိုတွေး ထားသည့် အတိုင်း ပင် ဖြစ်သော်လည်း သူ ၏ ချဉ်းကပ်ပုံ မှာ မြမှီ  ထင်သည် ထက်ပင် နုညံ့သိမ်မွေ့လွန်းလှသည် ။ မြမှီ စိတ် အနှောက်အယှက် ဖြစ်စေမည့် အပြု အမူမျိုး ကို တစ်စွန်းတစ်စ မျှ မပြု ။ မျက်နှာချင်းဆိုင် တွေ့ နေပါလျက် ချစ်ကြောင်း ပင် တစ်ခွန်း မျှ မဟ ။ မြမှီ ကိုပင် စေ့စေ့ ကြည့်နေတက်သည် ။ ထိုအခါတွင် သူ ၏ မျက်လုံး များသည် အချစ်ရည် တို့ဖြင့် ရွှန်းရွန်းစို နေတက်၏ ။ သူ ကား စာတစ်တန် ပေတစ်တန် ဖြင့်သာ သူ ၏ ချစ်ကြောင်းကို ဖွင့်တက်သူ ပင် ဖြစ်သည် ။ သူ သည် မြမှီ ကို မည်မျှ ချစ်ကြောင်း မှစ၍ ရေး ပြီးလျှင် သူ့ အချစ်ကို လက်ခံ စေလိုကြောင်း နှင့် ချစ်သူ ဘဝ ကြင်သူဘဝ မိသားစုဘဝများ ပါမကျန် ဘဝ နေဝင်ချိန် ထိတိုင် စီမံကိန်း ရေးဆွဲ ထားပုံကို လျှောက်လွှာစာရွက် လေးရွက်ငါးရွက်မျှ ကုန်သည် အထိ အစီအစဉ်တကျ ရေးသားပြီး မြမှီ ကို ပေးတတ်သည် ။ မကြာခဏ ဖြစ်သည် ။ ထိုသို့သော စာများ ကို မြမှီ  သေချာစွာ ဖတ်သော်လည်း ရင်ထဲ စွဲကျန်ခဲ့ခြင်း မျိုးတော့ မရှိပါ ။ သူ ပေးလာသော ကဗျာများ ကို မူ မြမှီ  အလွန် သဘောကျ၍ သိမ်းဆည်းထားတက်သည် ။

မှီ ရေ...
မှီ က ငှက်ပျိုမလေးတစ်ကောင်ပါ
မှီ ပိုင်တဲ့ ကောင်းကင်မှာ
လွတ်လပ်စွာပျံသန်းပါ
မှီ မောပန်းလာတဲ့အခါ
မှီ ရဲ့နဘေး လေနုအေးထဲမှာ
အောက်ဆီဂျင်အဖြစ် မောင်ရှိနေမှာပါ ။

မှီ နာကျဉ်လာတဲ့အခါ
မှီ ရဲ့နဘေး သံစဉ်အေးနဲ့
ဓမ္မတေးအဖြစ် မောင်ရှိနေမှာပါ ။

မှီ အပျံရပ်ချင်တဲ့အခါ
မှီ ဆင်းသက်ရာ ထိုနေရာမှာ
သစ်တစ်ပင်အဖြစ် မောင်ရှိနေမှာပါ ။

တုံ့ပြန်မှုကို မမျှော်လင့်သော ပေးဆပ်သူတိုင်းသည် သဘာဝတရား၏ အကောင်းဆုံး တုံ့ပြန်မှုကို ရတက်သည် ။

မှီ့ ရဲ့ ထာဝရ နားခိုရာဟာ မောင် ဖြစ်ပါရစေ မှီရယ် ... တဲ့ ။

သူ ပေးတဲ့ ကဗျာ ကို မြမှီ  အကြိမ်ကြိမ် ဖတ်မိသည် ။ ရင်ခုန်သံတို့ အတိုင်း အဆမဲ့ မြန်ဆန် နေသည် ။ တစ်ကိုယ်လုံး ပူနွေးလာပြီး လှိုက်လှိုက်လှဲလှဲပင် ကျေနပ် နေမိသည် ။ ကဗျာလေး ၏ စာကြောင်းတိုင်း တွင် လေးနက်သော ခိုင်မာသော သူ့ ၏ အချစ်တို့ ကို မြမှီ မြင်၏ ။ စာနာ နားလည်၍ အနစ်နာခံ ပေးဆပ်တတ် သော ယောက်ျား တစ်ယောက် ၏ နှလုံးသား အလှတရား ကို လည်း တွေ့၏ ။ သူ ၏ မျှော်လင့်ချက် အငွေ့ အသက်များ ကို လည်း မြမှီ  ခံစားမိ၏ ။ မြမှီ  သူ့ ကို ယုံသည် ။ သူ့ အချစ် ကို လက်ခံနိုင်သည် ။ သစ္စာ ကိုတော့ မမျှော်လင့်ရဲပါ ။ သစ္စာတရား သည် လတ်တလော သိမြင်နိုင်သော အရာ မဟုတ် ။ အချိန်ကာလ တစ်ခု အထိ သူ နဲ့ အတူတွဲ ဘဝ တစ်ခု ထဲမှာ စီးမျောရင်း မှသာ သိလာနိုင်သည့် အရာမျိုး ဖြစ်သည် ။ မဖြစ်သေးသော အရာများကို တွေးပြီး ကြောက်နေသူများ တွင် မြမှီ မပါ ။ ခင်မင်မှု နှနှစ် အကြာ တွင် မြမှီ နှင့် သူ ချစ်သူ ဖြစ်သွားသည် ။ မြမှီ တို့ နှစ်ယောက် ၏ ချစ်သူ ဘဝမှာ ကြည်နူးမှု အတိ ပြီး၏ ။ ပျော်လိုက်သည့် ဖြစ်ခြင်း ။

“ ချစ်သူ ဖြစ်တာ သုံးနှစ် တောင် ရှိပြီပဲ မှီရယ် မောင်တို့ လက်ထပ် ကြရအောင်နော် ”

သူ သည် စကား ကို လေးနက်စွာပြောသည် ။

“ မှီတို့ အသက် က မငယ်လွန်းဘူးလား မောင် ”

ပုစွန်ဆိတ် ခုန်သလို ရင်ခုန်ရမည့် အရွယ် မဟုတ်တော့သည့် အတွက် မြမှီ ဣန္ဒြေ နှင့် စကား ဆိုသည် ။ အပျော်တို့ သွေးကြော အနှံ့ စီးဆင်းနေသည် ကိုတော့ မြမှီ ဘာသာ သိ၏ ။

“ နှစ်ဆယ့်သုံး ၊ နှစ်ဆယ့်လေး ဆိုတာ ငယ်တော့တာ မှ မဟုတ်တာ မှီ ရယ် ။ ဒါမှ မောင့် စီမံကိန်း ထဲ က လို အသက်အစိပ် ပုခက်ချိပ် နိုင်မှာပေါ့ကွ ” လို့ အရွှန်း ဖောက်ပြီး နှစ်လိုဖွယ်ရာ စကားများ ဆိုလေတိုင်း ကြည်နူးမှု နဲ့ ရှက်ပြုံး ပြုံးရသည် က မြမှီ ဖြစ်သည် ။ နုညံ့ပြီး ချစ်တတ်လွန်းတဲ့ သူ ။ စီမံကိန်းတွေ ဆွဲပြီး မျှော်လင့်ချက် ကြီးလွန်းတဲ့ သူ ။ သူ့ ရဲ့ ဆန္ဒများ ကို အဘယ်သို့သော နှလုံးသားမျိုး နှင့် မြမှီ  ငြင်းနိုင်ပါမည်နည်း ။ နှစ်ဘက်မိဘ ခွင့်ပြုချက် ဖြင့် မြမှီ တို့ လက်ထပ်သည် ။ သူ့ လက် ကို တွဲ၍ ဘယ်လို လမ်းမျိုး မဆို မြမှီ  ရဲရဲကြီး လျောက် လိုက်မည် ဟု ဆုံးဖြတ် ထားသည် ။

“ ဟင် .. မောင် မအိပ်သေးဘူးလား ”

“ ဘယ်လိုလုပ် အိပ်ပျော်မှာလဲ မှီရယ် ၊ ဒါ မောင်တို့ မင်္ဂလာဦးည လေ မှီ နဲ့  စကားတွေ အများကြီး ပြောချင်နေတာ ” လို့ ရယ်ကျဲကျဲ ဖြင့် သူ စကား ဆိုသည် ။ 

“ စကား ပြောတာပဲ ဖြစ်ပါတယ် မောင် ၊ မှီ က လက်ဖွဲ့ပစ္စည်းတွေ သိမ်းဦးမှာ
ဆိုတော့ မောင် ပြောစရာ ရှိတာပြောလေ မှီ နားထောင် နေမှာပေါ့ ” 

မြမှီ  တမင်ပင် ပေကပ်ကပ် လုပ်နေလိုက်၏ ။

“ ချောက် ”

“ ဟာ မီးပျက် သွားပြီ ၊ ဟင် .. မောင် မီးခလုတ် ပိတ်လိုက်တာမို့လား ” 

မြမှီ ကြောက်ကြောက် နှင့် ကုတင် ပေါ် ပြေးတက်သည် ။ အသင့် စောင့် နေ သော သူ သည် မြမှီ ကိုယ်လုံးလေး အား သူ့ ရင်ခွင် ထဲသို့ ဝှေ့ရမ်း ဆွဲသွင်းလိုက် တော့သည် ။ မြမှီ သည် မဆွတ်ခင် ညွတ်ချင်သည့် ပန်းပမာ သူ့ အတွက် ဆို အရာ အားလုံး ကြည်ဖြူ မိ၏ ။

တစ်ချက် တစ်ချက် ဝေ့၍ တိုက်လာသောလေ အရှိန်ကြောင့် ပန်းနုရောင် ဇာပါးခြင်ထောင်လေး သည် ညည့်ယံ ထက် တွင် ဘယ်ညာ လူးလွန့် လျက် ရှိ၏ ။ လေထဲ တွင် မိုးနံ့များ ပါလာ၏ ။ မကြာမီ မိုးဖွဲများ ကျလာ၏ ။ ကောင်းကင် သည် လျှပ် တလတ်လတ် မိုးတခြိမ်းခြိမ်း ရှိနေ၏ ။ ထို့နောက် မိုးသည် အဟုန်ပြင်းစွာ သည်း သည်းမည်းမည်း ရွာ လိုက်တော့သည် ။ ယခုလို မိုးနှောင်း ကာလများ တွင် မိုးသည်း ပါက မိုးသားမိုးသမီး ခေါ်သည် ဟု ပြောဆိုတာ မြမှီ ကြားဖူးသည် ။ ရွာပါ မိုးရယ် မြမှီ ပျော်သည်လေ ။

အခန်း ( ၃ )

“ ကြည့်စမ်းပါဦး မှီရယ် သမီးလေး က ဘယ်သူနဲ့ တူလဲ မသိဘူး မျက်လုံးလေး ကို ဝိုင်း နေတာပဲ ”

“ အားလုံးကတော့ မောင် နဲ့ တူတာလို့ ပြောနေတာပဲ ၊ နှာတံ ပေါ်တာ မျက်ခုံး ထူတာ နဲ့ မျက်တောင်ကော့ နေတာလေးတွေ က မောင့် အတိုင်းပဲလေ ” 

“ ဟုတ်ပါ့ မှီ ကောင်းလိုက်တာ သားဦး မိန်းခလေး ဆိုတာ အဖေ နဲ့ တူရင် ကြီးပွားတတ်တယ်တဲ့ ”

“ တော်ပါ မောင်ရယ် မောင့် ပေါ်မှာပဲ မူတည်ပါတယ် မောင် တော်ရင် မောင် ကောင်းရင် မှီ တို့လည်း ကောင်းမှာပဲပေါ့ မှီ က မောင့် ကိုပဲ အားကိုးတာ ”

သူ မှီ့ ကို ရွှန်းရွှန်းစားစား ကြည့်သည် ။ မှီ့ ပုခုံး ကို ဖက်လိုက်ပြီး နှဖူး ကို ဖွဖွ နမ်းသည် ။

“ စိတ်ချပါ မှီ ... မောင် က မှီတို့ အတွက်ပါ ၊ မောင် အလုပ် ကို နှစ်ဆ လုပ် မယ် ၊ မှီ ကိုလည်း ပိုပြီး ဂရုလည်း စိုက်မယ် ၊ ချစ်လည်း ချစ်မယ် .. ဟုတ်ပြီလား ” 

မြမှီ မျက်ရည်များ ဝဲလာသည် အထိ သူ့ ရဲ့ ပကတိ အရိုးခံ စကားများ တွင် ပျော်ဝင် မိသည် ။ ရင်တွေ လည်း ခုန်၏ ။ ကလေး တစ်ယောက် အဖေ အင်ဂျင်နီယာကြီး သည် အလုပ် ကြိုးစားသည် ။ တစ်ဖက်တွင် ပညာ ရှာလိုသည့် အတွက် သင်တန်းများ တက်သည် ။ အိမ်ပြန်ချိန် မှာ နောက်ကျတတ် သော်လည်း မြမှီ ချက်ပြုတ် ပြင်ဆင် ပေးသမျှ ကိုပင် စား၏ ။ အလုပ် ပင်ပန်း သော်လည်း မြမှီ တို့ အပေါ် ဂရုစိုက်မှုကား လျော့ မသွားပေ ။ ထိုကာလများ တွင် သူ သည် ကိုယ်ပိုင် ဆောက်လုပ်ရေး ကုမ္ပဏီ ငယ်လေး တစ်ခု ကို ပိုင်ဆိုင် လာ၏ ။

“ မှီ စားဖို့ ဂျေဒိုးနပ် ဝယ်ခဲ့တယ်နော် ”

သူ ပေးလာသော မုန့်ထုပ် ကို မြမှီ လှမ်း ယူလိုက်သည် ။

“ ကျေးဇူးပါပဲ မောင် ရယ် မှီ လည်း ဒီ ရက်ပိုင်း ဂျေဒိုးနပ် စားချင်နေတာ ၊ ဒါနဲ့ မောင် မှီ့ မှာလေ .. ဟို .. ဟို ကိုယ်ဝန် ရှိနေပြီ ”

“ ဟာ ဒါ ဝမ်းသာစရာပေါ့ မှီ ရယ် မောင်တို့ အိမ်မှာ နောက်ထပ် ဆည်းလည်း လေး တစ်လုံး တိုး တော့မှာပေါ့ ဒီတစ်ခါ မောင့် ကို မှီ နဲ့ တူတဲ့ သားလေး တစ်ယောက် မွေးပေးပါကွာနော် ”

မှီ ပြုံးရင်း ခေါင်ညိတ် ပြ မိသည် ။ ဗိုက် ကို လက်ဖြင့် သပ်ရင်း သားလေး ဖြစ်ပါ စေ ဟု မြမှီ ကြိတ်၍ ဆုတောင်းနေမိ၏ ။ မြမှီ သည် ထိုနေ့မှ စ၍ ဂျေဒိုးနပ် မှန်မှန် စားရ၏ ။

“ မှီ နေလို့ ကောင်းရဲ့လား ”  သူ ကြင်နာစွာ မေးလာသည် ။

“ မောင် မှီ တောင်းပန် ပါတယ်နော် ”

“ မဟုတ်တာဘဲ မှီရယ် ၊ မှီ က ဘာကို တောင်းပန် ရမှာလဲ ၊ သားသမီး ဆိုတာ ကိုယ် လိုချင်တာ ရနိုင်တာမျိုး မှ မဟုတ်တာ ၊ ခု သမီးလေး က ဘုရားပေးလို့ မောင်တို့ ဆီ ရောက်လာတာ ၊ မောင် ကျေနပ်တယ် ချစ်လည်း ချစ်ပါတယ် ”

“ တကယ်လား မောင် ”

သူ က နှစ်သိမ် အပြုံးနှင့် ခေါင်းညိမ့် ပြသည်မို့ သာ မြမှီ  စိတ်သက်သာရာ ရသွားတော့သည် ။ ဆုတောင်းတိုင်း သာ ပြည့်မည် ဆိုပါက မောင့် အတွက် သားလေး တစ်ယောက် ကို မြမှီ  မွေးပေးချင်ပါသည် ။ သို့သော် မှီ ၏ ဒုတိယ ရင်သွေး သည် သမီးလေး ပင် ဖြစ်၏ ။ ထိုကာလ များတွင် ကလေး နှစ်ယောက် အဖေ ဖြစ်လာသော သူ သည် ဘွဲ့လွန် ဒီပလိုမာ ကျောင်းသားလေး လည်း ဖြစ်ခဲ့ပြန်သည် ။

“ မှီ ရေ ဒီ တစ်ခေါက် အလုပ် က ငွေပေါ်ရင် မြို့သစ်မှာ မြေကွက်လေးတွေ ဈေးတော်တယ်လို့ ပြောတယ် ။ လေးကွက် လောက် ဝယ်ထားရင် ကောင်းမလားလို့ ” 

“ လိုအပ်လို့လား မောင် ရယ် မှီတို့ လည်း အိုးပိုင်အိမ်ပိုင်လေး ရှိနေတာပဲ ” 

“ ဒီလိုလေ မှီ .. မြေကွက် ဆိုတာ ဈေးတန်တုန်း ဝယ်ထားရတယ် ။ နောင် လေးငါးနှစ် ဆို ဈေးကောင်း ရနိုင်တယ် ”

မြမှီ သူ ပြောသမျှကို စိတ်ဝင်တစား နားထောင်မိသည် ။

“ နှစ်ကွက် က မောင်တို့ မိဘတွေ အတွက် ရည်ရွယ် ထားတယ်လေ ။ နောက် နှစ်ကွက်က မောင့် သမီးတွေ ရဲ့ ပညာရေး အတွက် မောင် စီမံကိန်း ချပြီး ဝယ်ထား မလို့ပါ .. မှီ ”

မြမှီ ပြောစရာ စကားပင် မရှိတော့ ။

“ နောက်ပြီး မောင် သာ တစ်ခုခု ဖြစ်သွားရင် မှီတို့ သားအမိတွေ ရဲ့ နောင်ရေး စိတ်ချ .... ”

သူ့ ပါးစပ် ကို မြမှီ လက်ဖြင့် အမြန် ပိတ်လိုက်မိသည် ။ မောင် မရှိရင် ဆိုတဲ့ အတွေးမျိုး မြမှီ  မတွေးပါရစေ နဲ့ ဟု ရင်ထဲ မှ ဆုတောင်း မိသည် ။

“ မောင့် စီမံကိန်းအတိုင်း လုပ်ပါ မောင် ၊ မောင့် ကို မှီ ယုံပါတယ် ”

မြမှီ နောက်ထပ် ဘာ စကားမှ မပြောမိတော့ဘဲ နှုတ်ဆိတ် နေမိသည် ။ ထိုကာလများတွင် သူ သည် အများအကျိုး ကို သယ်ပိုး တတ်သော ပရဟိတသမား တစ်ယောက် လည်း ဖြစ်နေ ပြန်သည် ။ မြမှီ တို့ ရပ်ကွက် ထဲ တွင် မြမှီ တို့ သည် စံပြ မိသားစုလေး ဖြစ်၏ ။ အနာအဆာ မဲ့သော ဖေဖေ ၊ ပဲ့ကိုင်ကောင်းသော မေမေ ၊ ချစ်စရာသမီး နှစ်ယောက် နှင့် မြမှီ တို့ မိသားစု ကို မြင်သူတိုင်း က အားကျ ချစ်ခင် ကြသည် ။ သားရေအိတ် အနက် ကို လွယ် ၊ တလှုပ်လှုပ် ဖြင့် လမ်းလျောက် ၍ ပြန်လာ တတ်သော သူ့ အလုပ် ပြန်ချိန်ကို မြမှီ တို့ သားအမိတွေ မျှော်နေကျ ဖြစ်သည် ။ နောက်များတွင် သူ သည် ဆိုက္ကား စီး ၍ ပြန်လာတက်သည် ။ ထို့နောက် အငှားကား စီး ၍ ပြန်လာတက်၏ ။ နောက်ဆုံးတွင် သူ သည် အိမ်စီးကားလေး ကို ကိုယ်တိုင် မောင်း၍ ပြန်လာနိုင်လေတော့၏ ။ မြမှီ တို့ သားအမိ ကို ဂရုစိုက်မှုသည် ကား ပြောင်းလဲမှု မရှိ အရင် အတိုင်းပင် ဖြစ်သည် ။ မြမှီ တို့ ၏ ပျဉ်ထောင်အိမ်ကလေး သည် လည်း သူ့ ၏ စီမံကိန်းများ အရ ခြံပတ်လည် အုတ်တံတိုင်း နှင့် တိုက်ပုတစ်လုံး ဖြစ်သွားခဲ့သည် ။

“ Home Sweet Home ” ဟု အမည် ပေးထား၏ ။ နေချင့်စဖွယ် ဖြစ်သည် ။ မြမှီ ကြိုက်သော သစ်ခွပင်များ စိုက်သည် ။ မြတ်လေး ၊ စံပယ် ၊ ယုဇန ၊ ဇလပ် ၊  ဇီဇဝါ ၊ ဆောင်တော်ကူးပင်များ စိုက်သည် ။ ပြုစုမှု ကောင်းသောကြောင့် အပင်တို့ သည် စိမ်းလန်း စိုပြည်လာ၏ ။ အချစ် ၊ မေတ္တာ ၊ သစ္စာ တို့ဖြင့် တည်ဆောက်အပ်သော မြမှီ တို့ မိသားစု သည် သာယာအေးချမ်းမှု အတိ ပြီး၏ ။ ထို ကာလများ၌ ခေါင်း တွင် ဆံပင်ဖြူများ ပေါက်လာသော သူ သည် မာစတာတန်း သို့ တက်ရောက် နေသော ကျောင်းသား တစ်ယောက် ဖြစ်သည် ။

အခန်း ( ၄ )

“ ဘယ်လို .. မောင် ဖုန်း ပျောက်ခဲ့တယ် ဟုတ်လား ၊ မောင် က ဖုန်းပြန် မဆက် ကြည့်ဘူးလား ”

“ မဆက်ကြည့်ရသေးဘူး မှီ .. မောင် အိမ်နား ရောက်မှ ဖုန်း ပျောက်မှန်း သိတာ ဘယ်နား မှာ ပျောက်မှန်း တောင် မသိတော့ပါဘူးကွာ ”

သူ့ ဖုန်း ကို မြမှီ ဆက် လိုက်၏ ။

“ မောင့် ဖုန်း က စက်ပိတ် ထားတယ်တဲ့ မောင် လည်း အလုပ် တစ်ဖက် ကျောင်း တစ်ဖက် ဆိုတော့ ပင်ပန်းနေမှာပေါ့ အနားလေး ယူပါဦးမောင်ရယ် ” 

မြမှီ စာနာစွာ ပြောလိုက်သည် ။

“ တော်သေးတာပေါ့ မှီ ရယ် ၊ အရေးကြီး ကိစ္စတွေ ကို ကွန်ပျူတာ ထဲ မှာ သိမ်းထားမိလို့ ”

ထိုနေ့ ည က သူ တော်တော် နှင့် အိပ်မပျော်သည် ကို မြမှီ သတိထား မိသည် ။ နောက်ရက်များ တွင် သူ သည် မြမှီ တို့ အပေါ် ဂရုစိုက်မှု လျော့သွားသည် မှာ သိသိ သာသာဖြစ်သည် ။ မြမှီ ဝေခွဲ မရ ဖြစ်မိ၏ ။ သူ ၏ ပျောက်သွားသော ဖုန်း ကို မြမှီ သည် အမှတ်မထင် ခေါ်မိ၏ ။ မိန်းမငယ်လေး တစ်ယောက် က ဖုန်း ကိုင်လိုက် သော်လည်း မြမှီ စကား ပြောချိန်ပင် မရလိုက်ပဲ ဖုန်းချ သွား လေသည် ။ ဖုန်း ထပ် ခေါ် သော်လည်း မကိုင်တော့ပါ ။ မြမှီ မျောက်မီးခဲ ကိုင်မိ သလိုပင် ဖြစ်မိသည် ။ အတွေးတို့ က ဟိုရောက် သည်ရောက် နှင့် သံသယမီး တို့ ကြီး သထက် ကြီး လာ၏ ။ သူ သည် မြမှီ ကို ဖုန်း ခေါ် နေကျ အချိန်တွင် ဖုန်း မခေါ်ပါ ။ မြမှီ  ဆက် သော်လည်း ဖုန်း မကိုင်ပါ ။ မြမှီ ရင် တစ်ခုလုံး ပေါက်ကွဲတော့မည့် မီးတောင် ပမာ ပူလောင် နေ၏ ။သူ ပြန် လာချိန် ကို သာ စောင့်နေမိသည် ။ အချိန် တို့သည် ကုန်ခဲလှပေစွ ဟု ထင်မိသည် ။

“ မှီရေ .. မောင် ပြန်လာပြီ ”  ပုံမှန်ပင် သူ နှုတ်ဆက်၏ ။

“ မောင့် ကို .. မှီ စကား နည်းနည်း ပြောချင်လို့ ”

“ ပြောလေ မှီ ”

“ နေ့ခင်း က မောင် ဘာလို့ မှီ ကို ဖုန်း မဆက်တာလဲ ၊ မှီ ဖုန်း ခေါ်တော့ရော ဘာကြောင့် ဖုန်း မကိုင်လဲ ”

“ ဟုတ်တယ် မှီ မောင် စော်ဘွားကြီးကုန်း မှာ ပစ္စည်း ဝယ်ရင်းနဲ့ ဖုန်းကျန် ခဲ့တာ မောင် လည်း သတိ မရဘူး ။ ဖုန်း က လည်း အသံ ဖျောက်ထားတော့ ဘယ်သူမှ မသိဘူး ဖြစ်နေတာ ။ အခု ရုံး က ကောင်လေး မေး မှ မောင် လည်း သတိရပြီး ပြန်ယူ လာတာ အား ကလည်း ကုန်နေတာ မှီ ရဲ့ ”

“ မောင့် ဆင်ခြေ က အကွက် စေ့လှချည်လား ။ ထားပါတော့လေ ၊ မောင် ပျောက်တယ် ဆိုတဲ့ မောင့် အရင် ဖုန်း ကို ကောင်မလေး တစ်ယောက် ကိုင် နေ တာ ကို ရော မောင် ဘယ်လို ဆင်ခြေပေးဦးမှာလဲ ”

သူ သည် မေးရိုးများ ထောင်လာသည် အထိ မျက်လုံးတို့ ကို စုံမှိတ် ထား၏ ။

“ မင်း ဘာကို ဆိုလိုချင်တာလဲ မှီ .. ငါ့ ကို စွပ်စွဲနေတာလား ငါ ဘာမှ မရှင်းပြ ချင်ဘူး ။ မင်း ထင်ချင် သလို ထင်နိုင်တယ် .. တောက် ”

သူ ၏ တောက်ခေါက်သံ ပြင်းပြင်းသည် Home Sweet Home အိမ်လေး ထဲ တွင် ပဲ့တင်ထပ် သွားလေ၏ ။ ထိုနေ့ ည က မြမှီ နှင့် သူ သည် ကျောချင်းကပ်၍ အိပ်သည် ။ သူ ၏ သက်ပြင်းချသံ နှင့် မြမှီ ၏ ရှိုက်သံတို့ သည် ထိုည ၏ ကြေကွဲဖွယ် သံစဉ် တစ်ခု ဖြစ်ခဲ့၏ ။ နောက်ဆုံးတွင် သူ သည် မြမှီ ကို တောင်းပန် လာသည် ။

စိတ်လိုလက်ရ တောင်းပန်ခြင်း ဖြစ်သည် ကို မြမှီ ရင်ထဲက သိသည် ။ မြမှီ  နှလုံးသား သည် သူ နှင့် ပတ်သက်လျှင် နေရောင် ထိသော နှင်းပွင့်ကလေးများ လိုပင် ထိလွယ်ရှလွယ် ဖြစ်တတ်လေ၏ ။ မြမှီ သူ့ ရင်ခွင် ထဲ ၌ ချုံးပွဲချ ငိုမိ၏ ။ နောက်ရက် များ တွင် သူ သည် အိမ်ပြန် နောက်ကျမြဲ နောက်ကျ၏ ။ မာစကာတန်း ပင် ပျက်ကွက် များ၍ စာမေးပွဲ ဖြေခွင့် မရ ။ မိသားစု ကို လည်း ဂရုမစိုက်တော့ဘဲ အမြဲပင် ရန်လို နေ တော့သည် ။ မြမှီ နှင့် သူ သည် ခဏခဏ ပင် စကား များတော့၏ ။ စကား များတိုင်း မြမှီ ပင် ငိုရသည် ။ Home Sweet Home လေး သည် တစ်စတစ်စ အကျည်းတန်လာ တော့သည် ။

တစ်နေ့တွင် တော့ သူ သည် ညလုံးပေါက် သည် အထိ အိမ်ပြန် မလာပါ ။ မြမှီ ဖုန်း ဆက်တော့လည်း စက်ပိတ် ထားသည် ။ မည်သို့ လုပ်ရမည်နည်း ။ အလုပ် က လူတွေ ပြောတော့ ပြန် သွားသည် ။ ကျောင်း လည်း မလာ ။ သူ ဘယ် သွားသည် ကို မြမှီ  သိချင်သည် ။ မြမှီ တစ်ညလုံး ငိုနေမိတော့သည် ။ အဘယ်သို့သော အရာသည် မြမှီ တို့ ချစ်ခြင်း ကို ဖြိုခွင်း နေပါသနည်း ။ မည်သူ နှောက်ယှက် နေသည် ကိုလည်း မစဉ်းစားတတ်တော့ပါ ။ ထိုည သည် မြမှီ အတွက် ကမ္ဘာပျက် သလိုပင် ဖြစ်သည် ။ မနက်တွင် သူ သည် အမေရိကန်သံရုံး ရှေ့တွင် မှောင်ရိပ်ခိုမှုဖြင့် မနေ့ည က ထိန်သိမ်း ခံထားရသည် ဟု စခန်းမှ အကြောင်းကြား လာသည် ။ မြမှီ ကိုယ့် နား ပင် ကိုယ် မယုံနိုင် ဖြစ်ရသည် ။ သူ့ ကို အာမခံနှင့် သွား ထုတ်လာရသည် ။ သူ့ ကား ကို ပြည်လမ်း ပေါ် တွင် ရပ်ထားသည် ဟု သိရသည် ။ သူ သည် မှီ မေးသမျှ ကို မဖြေနိုင် ။ ဘူး ခံ၍သာ ငြင်း နေသည် ။ အားအင် ယုတ်လျော့ နေသည် ။ ဘာတစ်ခွန်း မျှပင် ဖြေရှင်းချက် မပေးနိုင် လောက်အောင် ကိုယ်များ ခြစ်ခြစ်တောက် ပူနေသည် ။ ထို့ကြောင့် မြမှီ သည် သူ့ ကို ဆေးခန်း ပို့ ရန်သာ အရေးတကြီး ဖြစ် နေတော့သည် ။ နောက် ရက်များတွင် မြမှီ သူ့ ကို မျက်ခြေအပြတ် ပင် မခံတော့ ။ အလုပ် သွား လျှင် ပင် လိုက်သည် ။ သို့ရာတွင် သမီး နှစ်ယောက် နှင့် မို့ ခက်ခဲလှသည် ။ မြမှီ တို့နှင့် မိသားစု သဖွယ် ရင်းနှီးခဲ့သော အငှားကား မောင်းသည့် ဦးလေးမိုး ကို အကူအညီ တောင်း ရတော့သည် ။ ဦးလေးမိုး တို့ သားသမီးများ သည် မလေးရှား တွင် အလုပ် လုပ်နေသူများ ဖြစ်သဖြင့် အဆင်ပြေ လှသည် ။ ဦးလေးမိုး ၏ ဇနီး အန်တီစိန် ကို ပင် မြမှီ အတွက် အကူအညီ ရရန် ခေါ်ထား လိုက်တော့သည် ။ စိတ်ချရသူများ ဖြစ်သဖြင့် အိမ်နေ အိမ်စား ပင် ဖြစ်သည် ။

အခန်း ( ၅ )

“ အဟွတ် ... အဟွတ် ”

အိပ်ခန်းဘက် မှ သူ့ ချောင်းဆိုးသံ ကြောင့် မြမှီ အတွေး ထဲ မှ အတိတ် တစ်ချို့ လွင့်ထွက် ကုန်ကြ၏ ။ ပေါင်မုန့် မီးကင်စက် ကို ပိတ် လိုက်သည် ။ အိပ်ခန်း ထဲ မှ ခုတင် ပေါ်တွင် သူ ထိုင်နေ၏ ။

“ နိုးပြီလား ည က အိပ်ပျော်ရဲ့လား ”

မြမှီ ၏ အမေး ကို သူ ခေါင်းညိတ်၍ အဖြေ ပေး၏ ။

“ မောင် အိမ်သာ ဝင် လိုက်ဦးနော် ၊ ပြီးရင် မျက်နှာသစ် သွားတိုက် ဖို့ လုပ်ရမယ် ”

သွားတိုက်ဆေး သွားတိုက်တံ က အစ မြမှီ ပြင်ဆင် ထားသည် ။ ထမင်းစားခန်း တွင် သူ့ အတွက် မနက်စာ အဆင်သင့် ဖြစ်နေသည် ။

“ မောင် မနက်စာ စားတာ နည်းလှချည်လား ၊ မှီ လုပ်ပေးတာတွေ မကြိုက်လို့လား မောင် ”

“ ကျေးဇူးပြုပြီး မင်း ငါ့ ကို မောင် လို့ မခေါ်ပါနဲ့လား ၊ အဲ့ဒီ မောင် လို့ ခေါ်သံ ကြားရင် ငါ့ စိတ် ထဲ မှာ တစ်မျိုးကြီးပဲ ၊ အဲ့ဒီ ခံစားချက် ကို ငါ မကြိုက်ဘူး ”

သူ ပြောသမျှ ကို အပြုံး တစ်ချက် ဖြင့် မြမှီ ခေါင်းညိတ် ပြလိုက်၏ ။ ဧည့်ခန်း ထဲ တွင် ထိုင် နေသော သူ့ ဘေး တွင် မြမှီ ဝင် ထိုင်လိုက်သည် ။ နားမလည် သလို မျက်နှာထား နှင့် သူ မြမှီ ကို ကြည့်သည် ။

“ သတင်းစာ ဖတ်မလား ၊ မောင် TV ရော ကြည့်မလား ၊ ဒါမှမဟုတ် မောင့် ကွန်ပျူတာ ထဲ က အခွေ ကြည့်မလား ၊ ပြီးတော့ ခြံထဲ လမ်းလျောက်ရင် ကောင်း မလား မောင် ”

တတွတ်တွတ် ပြောနေသော မြမှီ ကို သူ စိတ်ရှုပ် သွားဟန်ရှိသည် ။

“ မင်း ကွာ ငါ့ ရှေ့မှာ ကန့်လန့်ကန့်လန့် နဲ့ ဆရာ သိပ် လုပ်တာပဲ ၊ မင်း ဘယ်လိုမိန်းမမျိုး လဲ ကွ ”

စိတ်ပျက်လက်ပျက် လေသံ ဖြစ်သည် ။

“ မောင့် ကို သိပ်ချစ်တဲ့ မိန်းမ ပေါ့ ” ဟု ပြောရင်း သူ့ လက်မောင်း ကို မြမှီ ဆွဲ လိုက်၏ ။

မြမှီ လက် ကို ဖြုတ်ချရင်း သူ မတ်တပ် ရပ်လိုက်သည် ။

“ ငါ အလုပ် သွားတော့မယ်” 

မြမှီ လည်း လိုက် ၍ ထ လိုက်သည် ။

“ ဦးလေးမိုး ရေ မောင် အလုပ် သွားတော့မယ် ၊ ကားပြင် ထားပါနော် အန်တီစိန် ရေ ဒီနေ့ သမီးတွေ လည်း ကျောင်းပိတ်တော့ မှီ မောင် နဲ့ လိုက်သွားဦးမယ်နော် ကလေးတွေ ကို ဂရုစိုက် ပေးပါဦး ”

“ အိမ် ကို စိတ်ချပါ မှီ ရယ် ၊ မှီ လည်း အရမ်း ပင်ပန်း နေပါပြီ ၊ နားနားနေနေ နေပါကွယ် ၊ အချို့အရာတွေ က ကိုယ် ဘယ်လောက် ကြိုးစားကြိုးစား ပြောင်းလဲ မလာနိုင်တာတွေ ရှိတယ် မှီ ရဲ့ ”

“ မှီ နားလည်ပါတယ် အန်တီစိန် ဒါပေမယ့် မှီ လ က်မလျော့ချင်ဘူး ၊ ကြိုးစား ကြည့်ချင်တယ် အန်တီစိန် ရယ် ”

ပြောပြောဆိုဆို မြမှီ အပေါ် အင်္ကျီပါး ကို ဝတ်ရင်း သူ့ အတွက် အနွေး ထည် ကို ယူပြီး ကားပေါ် တက် လိုက်သည် ။ ကားပေါ် တွင် သူ သည် ရောက်နှင့် နေသည် ။ တစ်နေ့လုံး သူ နှင့် လျှောက်လိုက် နေမိသည် ။ သူ့ ရုံး ရောက်၏ ။ စိန်ဂေဟာ ရောက်၏ ။ ရုပ်ရှင် ကြည့်၏ ။ ကြေးအိုး သောက်၏ ။ ဂျေဒိုးနပ် စား၏ ။ နောက်ဆုံး ညနေစောင်း အချိန်တွင် အင်းယားကန်ဘောင် တွင် သူ နှင့် အတူ လေညှင်းခံ၏ ။ ကန်ရေပြင် ကို တိုက်ခတ် လာသော လေ သည် ရေမှုန်ရေငွေ့လေးများ ပါလာသည့် အလားပင် လတ်ဆတ် အေးမြနေ၏ ။ အနွေးထည်ထူကြီး ဝတ် ထားသော သူ သည် မလှုပ်မယှတ် ကန်ရေပြင် ကို သာ ငေး နေသည် ။ အပါးလေး သာ ဝတ် လာမိသော မြမှီ သာ တစ်စိမ့်စိမ့် အေးနေတော့၏ ။ သူ့ နား ကို မြမှီ  တိုး ကပ်မိသည် ။ မြမှီ ၏ လက်တစ်ဖက် ကို သူ့ လက်မောင်း အောက်သို့ မသိမသာ တိုးဝင်လိုက်၏ ။ သူ မြမှီ ကို လှည့်ကြည့် လိုက်တာကြောင့် မြမှီ တစ်ချက် တွန့် သွားပြီး လက် ကို ကပျာကယာ ပြန် ထုတ်လိုက် မိသည် ။ သူ မြမှီ ကို ခပ်ကြာကြာ စိုက်ကြည့် နေရာမှ သူ့ လက်တစ်ဖက် မြှောက်တက် သွားသည် ။ ထိုနောက် သူ သည် သူ့ အနွေးထည်ကြီး နှင့် အုပ်ကာ မြမှီ ကို သိုင်းဖတ် ထားလိုက်တော့သည် ။ သူ ၏ ဘယ်ဘက် ရင်အုံ တစ်ခြမ်းလုံး သည် မြမှီ ပါး နှင့် ကပ်လျက်သား ရှိ၏ ။ လိုသည် ထက် ပို မြန်နေသော သူ့ ရင်ခုန်သံ ကို အတိုင်းသား ကြားရ၏ ။ မြမှီ သည် သူ့ ရင်ခွင် ထဲသို့ မြုပ်လုမတက် တိုးဝင်မိ၏ ။ သူ သည် မြမှီ ကို အလိုက်သင့် ပြန်၍ ဖတ်ထားသည် ။ မြမှီ  ပျော်သည် ။ နှစ်ရှည်လများ ခွဲခွာနေရသော သားငယ် သည် မိခင် ဖြစ်သူ နှင့် ပြန် တွေ့ရသောအခါ ပျော်ရွှင်သလိုမျိုး ဖြစ်သည် ။ ည ရှစ်နာရီ မှပင် မြမှီ တို့ အိမ်ပြန် ရောက်သည် ။ သမီးတွေ က အိမ်စာ လုပ် နေကြသည် ။ သူ ရော မြမှီ ပါ စကား မဆို မိကြပါ ။ သူ သည် ခြေလက် သန့်စင်ပြီး ကွန်ပျုတာစားပွဲ တွင် ထိုင် လိုက်သည် ။ ကွန်ပျူတာ ပေါ်မှ ဓာတ်ပုံများ ၊ စာများ ၊ အသံဖိုင်များကို စိတ်ဝင် တစား ကြည့်သည် ။ သူ့ မျက်နှာ ပေါ်တွင် အရောင်စုံ ဖြတ်သန်းသွား၏ ။

“ မှီ ”

ဟုတ်သည် ၊ သေချာသည် မှီ ဟု ခေါ်လိုက်သော အသံ မှာ သူ့ အသံ ဖြစ်သည် ။ ပွင့်ဟ နေသော သူ့ နှုတ်ခမ်း တို့ သည် တစ်ဆတ်ဆတ် တုန်ရီ နေ၏ ။ သူ သည် ကွန်ပျူ တာစားပွဲ မှ ဝုန်းခနဲ ထကာ မြမှီ့ ရင်ခွင် ထဲ ပြေးဝင်ပြီး ကလေးငယ် တစ်ယောက် လို ရှိုတ်ကြီးတငင် ငို နေတော့သည် ။ သူ့ ကျောပြင် ကို ပွတ်သပ် နှစ်သိမ့် ပေးနေသော မြမှီ နှလုံးသား တို့သည် အမြစ် မှ ဆွဲနှုတ် ခံထားရသလို သွေးတစ်စက်စက် ကျကာ ဆက်ဆက်ခါ နာကျဉ် နေတော့သည် ။

ဝဲလာသော မျက်ရည်တို့ ကို အပြင် မရောက်အောင် ထိန်းရင် သူ့ မျက်နှာ ကို မော့၍ မျက်လုံးချင်း ဆိုင်ကာ စေ့စေ့ ကြည့်လိုက်၏ ။ သူ့ ပါး ပေါ်မှ မျက်ရည်စများ ကို သုတ်ပေးရင်း သူ မငိုတော့ဖို့ မြမှီ  ခေါင်းခါ ပြလိုက်၏ ။ သူ နားလည်ပါလိမ့်မည် ။ နောက်ဆုံးတွင် တစ်ဘဝလုံးစာ အတွက် သူ့ ကို မြမှီ ပြုံးပြ လိုက်သည် ။ စက္ကန်ပိုင်း မျှသော အချိန် ဖြစ်သည် ။ သို့သော် ထိုမျှ လောက်သော အချိန် သည် မြမှီ နှလုံးသား တို့ ကို ဖျက်စီး ပစ်လိုက်နိုင်သည် ။ မြမှီ ကွန်ပျူတာ ကို ပိတ် လိုက်သည် ။ သူ့ အတွက် အားဆေး ကို တိုက်သည် ။ ခဏ အကြာတွင် မြမှီ လက် ကို ဆုပ်ကိုင်ရင်း သူ အိပ်ပျော် သွားသည် ။ ပင်ပန်းနွမ်းနယ် နေသော သူ့ မျက်နှာ ပေါ်မှ မျက်ရည်စ တို့ကို မြမှီ သုတ်ပေးလိုက်၏ ။ သမီးတွေ အခန်း ကို တစ်ချက် ကြည့်မိသည် ။ သူတို့ အိပ်ပျော် နေပြီ ။ လိမ္မာသိတက်လွန်းသော သမီးတွေ ရထားသည့် အတွက် မြမှီ ဟာ ကံထူးသူ တစ်ယောက် ပါ ။ သမီးတွေ ကို စောင်သေချာ ခြုံပေးရင်း ညအိပ်မီး ပြောင်း ထွန်းပေး လိုက်သည် ။ ခြေသံ ကို ဖွဖွ နင်း၍ မြမှီ  စာကြည့်ခန်း ထဲ ဝင်လိုက်သည် ။ ထို့နောက် တံခါး ကို သေချာစွာ ပိတ်သည် ။ စာအုပ်စင် ၏ အောက်ဆုံး အံဆွဲလေး ကို ဖွင့်လိုက်၏ ။ အံဆွဲ ထဲ မှ စာအုပ် တစ်အုပ် အသံဖမ်းစက် တစ်လုံး နှင့် စတစ် တစ်ခု ကို ယူ လိုက်သည် ။ စတစ် ကို အသံဖမ်းစက် ထဲ ထည့်ပြီး မြမှီ အသံသွင်းခြင်း ကို စတင်လိုက်တော့သည် ။

“ မောင်ရေ ...
      ည က အိပ်ပျော်ရဲ့လား ၊ ခု မှီ ပြောတာတွေကို သေချာ နားထောင်နော် ခုနက မောင့် ကွန်ပျူတာ ထဲ က ပုံတွေကို ကြည့်ပြီးပြီ မှတ်လား ၊ အဲ့ထဲမှာ မောင်ရယ် မှီရယ် မှီတို့ ရဲ့ သမီးလေး နှစ်ယောက်ရဲ့ ပုံတွေလည်း ပါတယ်နော် ။ မနေ့က မောင် နဲ့ မှီ လျောက်လည် ထားတဲ့ ပုံတွေလည်း တွေ့လား မောင် ၊ မောင် က မှီ့ ကို သိပ်ချစ်တာ မှီ လည်း မောင့် ကို ချစ်တယ် ။ မှီတို့ မိသားစုလေး က တစ်ယောက် နဲ့ တစ်ယောက် သိပ်ကို ချစ်ပြီး သိပ်ကို ပျော်စရာ ကောင်းတဲ့ မိသားစုလေးပါ မောင် ။

မောင် က လေ အရမ်း ကို တာဝန်ကျေခဲ့တဲ့ အိမ်ထောင်ဦးစီးကောင်း တစ်ယောက်ပါ ။ ဒါပေမယ့် မောင် လွန်ခဲ့တဲ့ သုံးနှစ် လောက် က မှ မောင့် မှာ Alzheimer လို့ ခေါ်တဲ့ အတိတ်မေ့ရောဂါ ပထမဆင့် ဖြစ်နေတာ ကို သိခဲ့ရတယ် မောင် ။ မှီ တို့ မထင်မှတ်ထားတဲ့ ရောဂါ တစ်ခု က မထင်မှတ်ထားတဲ့ အချိန် မှာ ဖြစ်ခဲ့တယ် ။ မှီ ရော မောင် ပါ အရမ်းကို တုန်လှုပ်ခဲ့ရတယ် ။ မောင် က သတ္တိ သိပ်ရှိတာပဲ မှီ့ လက် ကို ဆွဲပြီး ငိုနေတဲ့ မှီ့ ကို အားပေးခဲ့တယ် ။ မောင်တို့ ရင်ဆိုင်ရမယ် မှီ အားတင်းထားပါ ၊ မောင့် စီမံကိန်း ထဲမှာ မပါတဲ့ ဒီကိစ္စ ကို မှီ အကောင်းဆုံး စွမ်းဆောင်ပေးပါ ၊ မောင့် သမီး နှစ်ယောက် ကို စောင့်ရှောက်ဖို့ လည်း မောင် က တစ်ဖွဖွ မှာထားခဲ့တယ် ။ အဲ့ အချိန်တုန်းက မောင် က နေရင်းထိုင်ရင်း ဒေါသတွေ ထွက် နေ တက်တယ် ။ ဖုန်းတွေ ခဏခဏ ပျောက်လို့ မှီ နဲ့ တောင် ရန်တွေ ဖြစ်ရသေးတယ် ကားမောင်းရင်း တောင် ဘယ်သွားရမှန်း မေ့မေ့ နေလို့ အိမ် မပြန်လာတဲ့ ညတွေ တောင် ရှိတယ် ။ မှီ လေ မောင့် ကို စိတ်ဆိုး လိုက်တာ အရမ်းပဲ သိလား ။ မှီ က မောင့် ရောဂါ အကြောင်း သိမှ မသိသေးတာလေ ။ ခုဆိုရင် မောင့် ရောဂါက အဆိုးဘက် ကို ဦးတည်နေပြီ မောင် ။ မှီတို့ ကို မမှတ်မိတော့ သလို မောင့် ကို မောင် တောင် မသိ တော့ဘူး ။ ဒါကြောင့် မှီ က မောင် ကြည့်ဖို့ မှတ်တမ်းဓာတ်ပုံတွေ ရယ် နားထောင်ဖို့ အသံဖိုင်တွေ မောင့် ကွန်ပျူတာ ထဲမှာ ထည့်ပေး ထားတာပေါ့ ။ ဒါပေမယ့် မောင် ရေ မောင် က စိတ်ဓာတ် ခိုင်မာတဲ့လူ ဆိုတာ မှီ သိပါတယ် ။ မောင် ဘာမှ အားမငယ်ပါနဲ့နော် ။ မောင့် နား မှာ မှီ အမြဲ ရှိနေတယ် ။ မောင် မိသားစု ကို တစ်စက္ကန့် လောက် သတိရ လာရင်တောင် အဲ့အချိန် မောင့် နားမှာ မှီ ရှိနေမှာပါမောင် ။ မောင် အားတင်းထားနော် Fighting ”

အသံဖမ်းစက်လေး ကို ပိတ် လိုက်သည် ။ မနက်ဖြန် မောင် နားထောင်ဖို့ အတွက် မြမှီ အသံဖမ်း ထားခြင်း ဖြစ်သည် ။ တုန်ရင်နေသော အသံ ကို မနည်း ထိန်း ပြော နေရပေမယ့် မတားဆီးနို င်တော့တဲ့ မျက်ရည်တွေ က ပါးပြင် ပေါ် တလှိမ့်လှိမ့် ကျဆင်းလာတော့သည် ။

မြမှီ မျက်နှာ ကို လက်ဝါး အုပ်၍ တရှိုက်ရှိုက်ပင် ငိုလိုက်မိတော့သည် ။

Home Sweet Home ဆိုတဲ့ စီမံကိန်းလေး ထဲမှာ မြမှီ ၏ ငိုရှိုက်သံ တို့သည် အဘယ်သူ ၏ ခွင့်ပြုချက်ဖြင့် ပါဝင်ခွင့် ရခဲ့သည် ကို ကား မသိနိုင်တော့ပါ ။

⎕ မေနန်းမောင်

📖 တစ်ယောက် တစ်ဘဝ ( ၁ )

.

Monday, October 28, 2024

ခေါင်းလောင်းသံ

❝  ခေါင်းလောင်းသံ ❞

“ ခေါင်းလောင်းသံ ” ဟု ကြားလိုက်သည် နှင့် ကလေး ၊ လူကြီးများ ပါ မကျန် ယဉ်ပါး နေသော စကားသံ ဖြစ်သည် ။ ကျွန်တော် ဆိုလိုချင်သော ခေါင်းလောင်းသံ ကား တိုက်ခန်းတွေ မှာ မလွဲမသွေ အသုံးပြု နေရသော ခေါင်းလောင်းသံများ ပင် ဖြစ်သည် ။

ကြိုး နှင့် ဆွဲထားသော ခေါင်းလောင်းသံများ ကား ကန်ထရိုက်တိုက် ပဲ ဖြစ်ဖြစ် ၊ မည်သည့် တိုက်ခန်းများ မဆို မြန်ဆန် လွယ်ကူသော ဆက်သွယ်ရေးစနစ် ပင် ။ မည်သူ တစ်ဦး တစ်ယောက် က ဤ စနစ် ကို တီထွင် လိုက်သည် မသိ သော် လည်း မြန်မာပြည် ၌ ရန်ကုန်မြို့ သာ လျှင် ဤ ခေါင်းလောင်း ဆက်သွယ်ရေးစနစ် ကို အသုံး များ သည် ဟု ထင်သည် ။

အောက်ဆုံးထပ် မှ ကြိုးလေး ဆွဲ လိုက်သည် နှင့် တိုက်ခန်း ပေါ် က ကြည့် ... သတင်းစာ ၊ ဖိတ်စာ ၊ နွားနို့ ၊ စားသောက်ဖွယ်ရာများကို ‘ ကလစ် ’ ချိတ် လျက် လိုရာ သယ်ဆောင်နိုင် သော နည်းစနစ် ။ အောက်သို့ ဆင်းစရာ မလို ။ အရမ်း ဟန်ကျလှသည်  ။

ကိုယ် မသိသော လူ ဆိုလျှင် သော့ ကို အောက်ထပ် သို့ ချပေးစရာ မလို ။ ကြိုတင်မှုခင်း ကာကွယ် ရေးစနစ် ။

“ ကလောင် ”

"ကလောင် ”

ထို ခေါင်းလောင်းသံ ကို ကြားလိုက်သည် နှင့် ဖွားဂူ အိပ်ရာ မှ လူးလဲ ထရသည် ။ နာရီ ကို ကြည့် လိုက် လျှင် အလွန်ဆုံး နံနက် ၆ နာရီ ၁၅ မိနစ် ။

ကျီးကန်း မှ နှုတ်သီး နှင့် ကြိုး ကို နံနက်တိုင်း ဆွဲ နေသည် ကို အရှေ့ဗဟိုလမ်း မှ နံနက် စောစော ထသူတိုင်း ၏ နံနက်ချိန်ခါ ကြားသံသာ ပင်

လူသား တစ်ယောက် နှင့် တိရစ္ဆာန် တစ်ကောင် ၏ နံနက်တိုင်း ဖြစ်နေကျ သံယောဇဉ် ။ ထို သံယောဇဉ် ကို ဘယ် ပေတံ နှင့် တိုင်းမည်နည်း ။

ကျီးကန်း ဆိုတာ အလစ်သုတ် တတ်သည့် သတ္တဝါ ။ ‘ ရွေး ’ ‘ ဟိတ် ’ ဆို သည့် လူသားတွေ ၏ မောင်း ထုတ်သံ ကြား မှ ...

ငှက်ဘဝ ရှင်ရေး အတွက် ဟို နား ၊ ဒီ နား  လစ် ရင် လစ် သလို ဝမ်းစာ ရှာရသည့် ငှက် ။

“ ဒီ သုံးကောင် ဘယ်လို ခွင် ( ဂွင် )တွေ့ နေလဲ မသိဘူး ” 

ကျီးကန်းငမဲတူ ၏ စကား ။ ကျီးကန်းမဲချိတ် မှ ... 

“ သူ့ ဘဝ အသက်ရှည်ရေး အတွက် သူ့ ဘာသာ သူ ရှာဖွေ စားသောက်နေတာ ဖြစ်မှာ ပေါ့ .. မင်း မျက်စိ အောက်မှာ လူတန်းစား ခွဲခြားတဲ့ မြင်ကွင်းတွေ မြင်နေရတယ် မဟုတ်လား ”

ကျီးကန်းငမဲတူ မှ ...

“ ငှက်တန်းစား ခွဲခြားတယ် လို့ ပြောစမ်းပါကွာ ” 

ကျီးကန်းမဲချိတ် မှ ...

“ အေး ... ငှက်တန်းစား ခွဲခြား ခံထားရတဲ့ တို့ ကျီးကန်းတွေ ဟာ အရောင်အသွေး စုံတဲ့ ခိုတွေ နဲ့ ငှက်ချင်း တူပါရဲ့ နဲ့ ဒီ အရှေ့ဗဟိုလမ်း ၊ အနောက်ဗဟိုလမ်း မှာ လူ တွေ က ခိုတွေ အတွက် ထမင်းကြမ်းခဲ ၊ နံနက်ပိုင်း မှာ ‘ ခိုစာ ’ ဆိုပြီး ပြောင်းဆန်တွေ ၊ ပဲတွေ ကျွေး ကြတယ် ... ကုသိုလ်ရတယ် ဆိုလား ... ဘာ ဆိုလား ... အဲဒီ လူတွေ ကို တစ်ခု ပဲ မေးလိုက်ချင်တယ် ... ‘ ခို ’ ဆိုတဲ့ သတ္တဝါ ဟာ လူသား တွေ အတွက် ဘာ အထောက်အကူ ပြုလဲ ... ဘာ အကျိုးပြုလဲ .. ညည်းတာပဲ ရှိတယ် ... နားငြီးတာပဲ ရှိ တယ် ... ကျက်သရေတောင် ယုတ်သေးတယ် ... တို့ ကျီးတွေ က မှ ရွှေကျီးလေး သာယာ တော့ ရွှေကျီး လေး သာရင် ဧည့်လာမယ် လို့ ရွှေ အတပ် ခံရသေးတယ် ... အဲဒီ ငှက် အခွင့်ထူးစံ ခိုတွေ က ရွှေ မပြော နဲ့ .. ဒန် တောင်အတပ် မခံရဘူး ” 

ကျီးကန်းငမဲတူ မှ ငှက် လို ဟက်ဟက်ပက်ပက် ရယ်မောပြီး ...

“ အား အား အား အား .. မဲချိတ် ရေ ... ဒါတွေ မပြောနဲ့ တကယ့် လက်တွေ့မှာ တို့ ကျီးကန်း တွေ ဟာ ဒီ ခိုတွေ လောက် မစည်းရုံးဘူး ကွ ... ညီညွတ်မှု လည်း မရှိဘူး ... အဲ ဒါကြောင့် သူတို့ လောက် လူ တွေ ရဲ့ ခင်မင်မှု ကို မရဘူး ... တို့ ကျီးချင်း သတင်းမပို့ကြ ဘူး ... တစ်ကိုယ်ကောင်း ဆန် တယ် ... အဝေးကြီး မကြည့် နဲ့ အရှေ့ဗဟိုလမ်း က အပေါ်ဆုံးထပ် ကို မနက်တိုင်း ခေါင်းလောင်း ကို နှုတ်သီး နဲ့ သွား သွား ဆွဲပြီး ခွင် ( ဂွင် )  တွေ့ တဲ့ ဖြူဖြူကျီး တို့ မိသားစု သုံးကောင် ကို ပဲ ကြည့် ... အဲဒီ သားအမိ သုံးကောင် ကျိတ်ပြီး စား နေကြတာ တို့ ကျီးကန်း တွေ ကို အသိ ပေးလို့ လား .. အဲဒီ တိုက်ပိုင် ရှင် ‘ ဖွားဂူ ’ ကြီး ကတော့ ဒီ သုံးကောင် ပဲ သံယောဇဉ် ဖြစ်သွားပြီကွ ... ကျန်တဲ့ ကျီးကန်းတွေ ကို ဖုတ်လေတဲ့ ငါးပိ ရှိတယ်လို့ တောင် ထင်မှာ မဟုတ်ဘူး .. အဲဒါကြောင့်မို့ ... မနက်တိုင်း ကြား နေရတဲ့ ခေါင်းလောင်းသံ ဟာ တို့ ကျီးတွေ အတွက် အသံ မချိုပါဘူး ကွာ ... ငှက် တစ်ဆုပ်စာ ဒီ ကျီး သုံးကောင် အတွက် ပဲ ဖြစ်မှာ ပါ ... ဟိုမှာ ဟိုမှာ ... ခိုစာ ထွက် ကျွေးနေ ပြီ ... မတတ်နိုင်ဘူး ... သူတို့ ထဲ မှာ လုယက် စားသောက်ရ မှာ ပဲ ... မဲချိတ် ... လိုက်ချင် လိုက်ခဲ့ ဟေ့ ... အာ အာ အား .. ဖျတ် ဖျတ် ဖျတ် ” 

◾ဗေလုဝ

📖 ဟဒယ မဂ္ဂဇင်း
      မေ ၊ ၂၀၀၇

.

 

အစ သည် တစ် အဆုံး သည် သိက္ခာ


 

❝ အစ သည် တစ် အဆုံး သည် သိက္ခာ ❞
        ( ဇေဦးယျာ )

“ အဓိက က တော့ ခင်များ တစ် , ကို ကျော်နိုင်ဖို့ပဲ ဗျ ။ တစ် ကို ကျော် နိုင် ပြီး ရင် တစ်ဒသမ ကိုး ကိုး ကိုး ပဲ ဖြစ်ဖြစ် ၊ နှစ် ပဲ ဖြစ်ဖြစ် နှစ်ဒသမ ဘယ်လောက် ပဲ ဖြစ်ဖြစ် ခင်ဗျား သွားချင် သလောက် ရောက်အောင် သွားဖို့ မခက်ခဲတော့ဘူး ။ နောက်ဆုံး သုံး , ဖြစ် ချင်ချင် ၊ လေး , ဖြစ်ချင်ချင်ဗျာ ခင်ဗျား ဖြစ်ချင် သလောက် ဆက် လျှောက်လို့ရပြီ ”  မှားယွင်းမှု တစ်ခု ကို အစပျိုး ကြည့် ဖို့ ခက်ခဲ ပေမဲ့ တစ်ကြိမ်တစ်ခါ မှားယွင်း ပြီး သွားလျှင် တော့ နောက်ထပ် အကြိမ် များစွာ မှားယွင်း ဖို့ မခက်ခဲတော့သည့် သဘော ကို မိတ်ဆွေ တစ်ယောက် က ရှင်းပြစဉ် က တော့ သူ သဘောကျ နှစ်ခြိုက်စွာ ရယ်မော ဖူး ခဲ့သည် ။ တရားဝင် မိန်းမ နှစ်ယောက် ယူထားသည့် အပြင် ကြားပေါက်တွေ ပါ ပေါများနေ သူ တစ်ယောက် အကြောင်း ကို မိတ်ဆွေ တစ်ယောက် နှင့် စကား စပ် မိ ကြသည် ။

ဘယ်လို စိတ်နဲ့ များ မိန်းမတွေ အများကြီး ယူ ဖြစ် သွားတာလဲ မသိဘူးနော် ဟု ကျွန်တော် က ညည်းညူ မိ ချိန် မှာ မိတ်ဆွေ ဖြစ်သူ က စ , နောက် သလိုလို နှင့် ပြန် ဖြေသော စကား ဖြစ်သည် ။ အမှားတွေ အကြိမ် များစွာ မကြုံချင် လျှင် တော့ တစ်ကြိမ် တစ်ခါ မျှ မမှားနိုင်အောင် ကြိုးစား တဲ့ ။ သူ ဆုံးမ သော စကား ကို ပြန် တွေးပြီး ကျွန်တော် တောင် သဘော ကျ စိတ် နှင့် ပြုံး ချင်ချင် ဖြစ်ခဲ့ရဖူးသည် ။

   •••••   •••••   •••••

၁ ။

မကူညီနိုင်ပါ ဆိုသော ကိစ္စ တစ်ရပ် ကို အကြိမ် များ စွာ တောင်းဆို လာသည့် အခါ တိုင်း ကျွန်တော် ခေါင်းရှုပ် ရ သည် ။ အခေါက်ပေါင်း များ စွာ ရောက် လာပြီး အကူအညီ တောင်း နေသော ဒီ အမျိုးသမီး ကြောင့် ကျွန်တော့် ခေါင်း တို့ ပူ ရသည် ။ ကျွန်တော့် အတွေး တို့ ဗျာပွေ ရသည် ။ ယခု နောက် တစ်ခေါက် ထပ် လာ ပြန် လေပြီ ။ လာ တိုင်း လည်း သူမ လက် ထဲ မှာ ကိုင်ဆောင် လာ သမျှ လက်ဆောင်ပစ္စည်း  တွေ ကို ကျွန်တော် မယူ ဝံ့ ၊ မထိ ဝံ့ ။ ဒီ တစ်ခေါက် တော့ ချွေးမ ဖြစ်သူ ပါ ပါ လာသည် ။

“ ကူညီပါ ဆရာ ရယ် ၊ ကျွန်မ တို့ လည်း ဆရာ့ ကို တောင်းပန် ရတာ အားနာ လှ ပြီ ။ ကျွန်မ မှာလည်း ဒီ သား လေး တစ်ယောက် ပဲ ရှိ တာ ပါ ဆရာ ရယ် ။ အမှု က လည်း နှစ်ခု ဖြစ် နေလို့ပါ ။ လက်ဝယ် တွေ့ရှိမှု က ရှောင်လို့ မရဘူး ။ ဆေး သုံး တဲ့ အမှုလေး တော့ ပေါ့စေချင် လို့ ပါ ဆရာ ရယ် ။ ဆရာ နဲ့ ကျွန်မတို့ က လွဲပြီး တခြား ဘယ်သူ မှ မသိစေ ရပါဘူး ။ ဆရာ့ အကျိုး လည်း မယုတ်စေရပါဘူး ” 

ကရား ရေ လွှတ် သလို တတွတ်တွတ် နဲ့ တောင်းဆို နေသော အမေ ဖြစ်သူ ဒီ အမျိုးသမီး ကို ကြည့်ပြီး ကျွန်တော် လည်း စိတ် မကောင်း ။ သား ဇော နဲ့ မို့ အသံလေး က တုန် ချင်ချင် ၊ မျက်ရည်လေး က အဝဲသား နှင့် ။ သား ဖြစ် သူ က မူးယစ်ဆေးဝါး လက်ဝယ် တွေ့ရှိမှု ဖြင့် အချုပ် ထဲ မှာ ။ မူးယစ်ဆေး သုံး မသုံး က တော့ ဆီးစစ် ထားသည့်အဖြေ ရ မှ တရားရုံး က ဆုံးဖြတ် ချက် ချ ရမှာ ဖြစ်သည် ။

“ ဆရာ့ ကုတ်နံပါတ် လေး ရေးပေး ရုံ ပါပဲ ဆရာ ရယ် ။ ဆရာ့ ကို ဘာမှ မထိ ခိုက်အောင် လုပ်ပါ့မယ် ။ ကုတ်နံပါတ် ရ ရင် ကျန်တဲ့ အပိုင်း ကို ကျွန်မတို့ ဘာသာ ကြိုးစား မှာ ပါ ”

ကုတ် နံပါတ်လေး တစ်ခု ပါပဲ ဆိုသည့် စကား ကို ကြား တိုင်း ကျွန်တော် ကျောချမ်း မိသည့် အကြိမ်ပေါင်း မနည်းတော့ ။ သူတို့ တောင်းသည့် ကုတ်နံပါတ်လေး ပေး ရုံ ဆိုသည့် စကား မှာ လွယ်လွယ် ကူကူ ဖြစ် နေ သလောက် ကျွန်တော့် အတွက် တော့ ခက်ခဲသည် ။ ပေးပိုင် ခွင့် မရှိ ။ ပေးလို့ မရ ။ ဥပဒေ နှင့် မလွတ်ကင်း ။ ကျင့်ဝတ် နှင့် လည်း ညီမျှမှု မရှိ ။ ဒါတွေကို သူ တို့ ကိုယ်တိုင် သိရှိမည် ဖြစ်သော်လည်း ကျွန်တော့် ကျင့်ဝတ် ကို အလေးထား ဖို့ ထက် သူတို့ အပူ က ရှေ့တန်း ရောက်နေ သည့် အနေအထား မှာ ကျန်တာ တွေ ကို မေ့ပစ် ထား လေသည် လား မတွေးတတ် ။
မူးယစ်ဆေးဝါး သုံးစွဲမှု ရှိ မရှိ ဆေးစစ် ပေး ရသည့် လူနာ တိုင်း ကို ဆီး နမူနာ ရယူ ပြီး ဆီး ထဲ တွင် မူးယစ်ဆေးဝါး တွေ့ရှိ မရှိ စစ်ဆေး ပေးနိုင်ရန် ဓာတုဗေဒဝန်ရုံး သို့ လျှို့ဝှက် ကုတ်နံပါတ် ဖြင့် ပို့ ပေး ရသည် ။ ဒီ ကုတ်နံပါတ် သည် လူနာ ကို စစ်ဆေးပေးသူ တာဝန်ကျ ဆရာဝန် က လျှို့ဝှက် ပေးရတာ ဖြစ်ပြီး ကာယကံရှင် ဆရာဝန် နှင့် တာဝန်ခံ စာရေးကြီး တို့ မှ လွဲ၍ တခြား မည်သူ မျှ မသိစေရ ။ ဓာတုဗေဒဝန်ရုံး က ဆီး အဖြေလွှာ ပြန်ကြား လာသော အခါ မှ လူနာ စာရင်း နှင့် တိုက်ဆိုင် စစ်ဆေးပြီး တရား ရုံး ကို ပို့ပေး ရတာ ဖြစ်သည် ။

သူတို့ သား ဖြစ်သူ ဆီး နမူနာ အတွက် ကျွန်တော် ပေး လိုက်သော လျှို့ဝှက်ကုတ် နံပါတ် ကို လာရောက် တောင်းခံ နေကြခြင်း ဖြစ်သည် ။ ဒီ ကုတ်နံပါတ် ကို ရပြီး လျှင်တော့ ဓာတုဗေဒဝန်ရုံး သို့ ဆက်လက် အကူအညီ တောင်းခံကြ ဦးမည် ဆိုသည် ။ သူတို့ ပြောသော အကူအညီ တောင်းခံသည် ဆိုတာ က အမှား ကို အမှန် ၊ အမှန် ကို အမှား ဖြစ်အောင် မတရားသော နည်းလမ်း ဖြင့် ကြိုးစားကြမည် ဖြစ်သည် ။ တစ်ဖက် လူ က ကူညီမည် ၊ မကူညီမည် ကိုတော့ ကျွန်တော် လည်း မသိပါ ။

ဟိုဘက် က ကိစ္စတွေကို မသိ သော် လည်း ဒီဘက် က ကိစ္စ က ကျွန်တော် နှင့် သက်ဆို င် လာသော အချိန် မှာ ကျွန်တော့် ဆီ ကို အရင်ဆုံး ရောက်လာကြခြင်း ပင် ဖြစ်သည် ။ သူတို့ ပြောသလို မည်သူမျှ မသိစေရပါ ဆိုသော တောင်းဆိုမှု တစ်ခု က ကျွန်တော့် စိတ်ထဲ မှာတော့ တစ်သက်တာ အရိပ် ထင်နေမည့် မကောင်းမှု တစ်ခု လို့ ပင် မြင် မိသည် ။

ကျူးလွန်သူ သည် ကျူးလွန်ခြင်း အတွက် ပြစ်ဒဏ် ခံရမည် မှာ လောက ၏ သစ္စာ တရား တစ်ခု ပင် ။ ဒီ သစ္စာတရား ကို ဖောက်ဖျက် ဖို့ ကြိုးစားသူ တိုင်း သည် လက်ရှိ ခဏ တွင် အပြစ် မှ လွတ်ကင်း နေစေကာ မူ အချိန် တန် လျှင် တော့ သစ္စာတရား ၏ တန်ပြန် ပြစ်ဒဏ် ခတ်မှု တွေ ကို တော့ မလွှဲ မရှောင်သာ ကြုံတွေ့ရမည် ဖြစ်သည် ။ သူတို့ ဘက် က ဘယ်လို ပဲ တောင်းဆို ပါစေ လောက ၏ သစ္စာတရား ကို တော့ ကျွန်တော် မဖောက်ဖျက် ချင်ပါ ။ လောက က ပြန်လည် ချမှတ်မည့် အပြစ်ဒဏ် တို့ ကိုလည်း ကျွန်တော် ကြောက်ရွံ့ ပါသည် ။

လာတိုင်း လည်း မျက်ရည်လည်ရွဲ ဖြစ်နေ တတ်သည့် ဒီ အမျိုးသမီး ကို ကြည့်ပြီး ကျွန်တော် စိတ်မကောင်း အကြိမ်ကြိမ် ဖြစ် ရသည် ။ ချွေးမ ဖြစ်သူ မှာ ကိုယ်ဝန် အရင့်အမာ နှင့် ။ အိမ် မှာ လည်း ကလေး နှစ်ယောက် က ရှိသေး ပြန်သည် ။ မတတ်နိုင် ။ ဝဋ် ကြွေး မကျေသေး လျှင် တော့ ဆပ်ကြရမည် ပင် ဖြစ်သည် ။ ဒီ တစ်ခေါက် လည်း လာလမ်းအတိုင်းသာ ပြန် ပေ ရော့ ။
သူတို့ ကြိုးစားမှု သည် အရာ မထင် ။ ကျွန်တော် ဘယ်လို မှ မကူညီနိုင်ပါ ဆိုသည့်အကြောင်း ဓာတ်ပြားဟောင်း တစ်ပုဒ် သာ ပြန် ဖွင့် ပြ လိုက် ပါသည် ။ ဒီ ကိစ္စ နှင့် ပတ်သက်ပြီး နောက် ထပ် လာ မတွေ့ရန် ကို တော့ အားနာနာ နှင့် ပင် အပို ဆောင်း တောင်းပန် ဖြစ် လိုက်ပါသည် ။

   •••••   •••••   •••••

၂ ။

နေရာ က ခရိုင်မြို့ တစ်ခု ၏ အဝေးပြေး ကားဂိတ် မှာ ။ ကား ဖြင့် တင်ပေး လိုက်သော ပစ္စည်း တစ်ခု ကို ထုတ်ယူ ဖို့ ကား မရောက်သေး ၍ စောင့် နေသည့် အချိန်ခဏ အတွင်း သူတို့ နှစ်ယောက် ကို အမှတ် မထင် မြင် လိုက် မိခြင်း ဖြစ်သည် ။ သူတို့ ဆိုတာက နိုင်ငံခြားသား စုံတွဲ တစ်တွဲ ။ နိုင်ငံခြားသားတွေ အရောက် အပေါက် နည်း သော မြို့ ဖြစ်သည့် အတွက် ကျွန်တော် အပါအဝင် လူ တော်တော်များများ က စိတ်ဝင်တစား ကြည့် နေ ကြသည် ။ မြင်စ က နိုင်ငံ ခြားသား စုံတွဲ တစ်တွဲ ဆိုသော အသိ ဖြင့် ကြည့်မိသည့် အချိန် ခဏ အတော အတွင်း မှာ ထို စုံတွဲ မှ မိန်းကလေး ဖြစ်သူ ၏ လတ်တလော ဒုက္ခ ကို မြင်မိ လိုက် ခြင်းပင် ။

လက် ထဲ မှ ရေသန့်ဘူးခွံ နှင့် အအေးဘူးခွံ ကို တစ်လှည့် ၊ ပတ်ဝန်းကျင် ကို တစ်လှည့် ကြည့် နေရင်း စိတ် ရှုပ်ထွေး နေပုံ ရသော သူမ ကို ကျွန်တော် စိတ်ဝင်တစား ကြည့် နေ မိသည် ။ သူမ ၏
မျက်ဝန်းတွေ က တစ်စုံတစ်ရာ ကို ရှာ နေ သလို မျိုး ။


“ ကြည့်စမ်းကွ ၊ ဟို နိုင်ငံခြားသူ က အမှိုက်ပုံး ရှာ နေတာ နဲ့ တူတယ် ။ ခက်တယ်ကွာ ။
ကားကွင်း ထဲ မှာ အမှိုက်ပုံး နဲ့ တူတာ ဆိုလို့ လည်း ဘာမှ မရှိ ဘူး ။ ငါတို့ မြို့တော့ သိက္ခာ ကျပါပြီကွာ ” 

ဘေးနား က လူ တစ်ယောက် ပြော နေသော စကားသံ က ကျွန်တော့် နား ထဲ ဝင်
လာသည် ။ ဟုတ်ပေလိမ့်မည် ။ လက် ထဲ မှ ဘူးခွံတွေ အတွက် သူမ ရှာ နေသည် မှာ အမှိုက်ပုံး ဖြစ် ဖို့ ကျိန်းသေ နေ သည် ။ ကျွန်တော့် ဘေးပတ် ဝန်းကျင် မှာ ရှိလို ရှိငြား လိုက် လံ ရှာ တော့ လည်း ဘေး က လူ ပြော သလိုပင် အမှိုက်ပုံး နှင့် တူတာ ဆိုလို့ ဘာ မှ မတွေ့ ။ ဒီ မြို့တင် မဟုတ် ၊ ဒီ နိုင်ငံ ပါ သိက္ခာ ကျရပြီ ဆိုသော အတွေး နှင့် အတူ ကျွန်တော့် စိတ် ထဲ မှာ ရှက်ရွံ့စိတ် တစ်ခု က အလိုလို ဝင် လာ ခဲ့သည် ။ သူမ မျက်နှာ ကို ပြန် ကြည့်မိ ပြန်တော့ စိတ်ရှုပ်ထွေးနေဟန် က အထင်းသား ။

လက် ထဲ မှ ဘူးခွံ တွေ ကို မြေပြင် ပေါ် လက်လွတ် စပယ် ချ ပစ်လိုက်ဖို့ လည်း သူမ အတွက် ဝန်လေး နေဟန် တူသည် ။ ဘေး က အဖော်  ယောက်ျားလေး က တစ်ခု ခု ကို ပြောတော့ သူမ ခေါင်း ကို ခါယမ်း ပြီး ရယ် နေတာ ကို မြင် ရသည် ။ သူ့ဘေးက အဖော် က ဘူးခွံတွေ ကို တစ် နေရာ ရာ ကို လွှင့်ပစ် လိုက် ဖို့ အကြံ ပေး နေတာလား ၊ သူမ က မလုပ်နိုင်ပါ ဟု ခေါင်းခါ နေခြင်း ဖြစ်လေ မလား ကျွန်တော် လည်း သေချာ မတွေး တတ် ။ ကျွန်တော် နှင့် ဝါး နှစ်ပြန် ခန့် အကွာ မှာ ရှိနေ သော ကြောင့် သူတို့ ပြောသော ဘာသာ စကား ကို လည်း သေချာ မကြားရ ။

သူမ ဘာ ဆက် လုပ်မလဲ ဆိုတာ ကိုတော့ သိလိုစိတ် ပြင်းပြစွာ ဖြင့် ဆက် ကြည့်နေ မိသည့် အချိန် မှာပင် သူမ အတွက် ကယ်တင်ရှင် က ပေါ်လာခဲ့သည် ။ ပုစုခရု အမှိုက်ခွံ မျိုးစုံ ထည့် ထားသော ပီနံအိတ် တစ်လုံး ကို ကျော ပေါ် မှာ အားပါးတရ ပိုး လာသော အသက် ဆယ်နှစ် ခန့် ကလေးငယ် တစ်ယောက် သူမ ရှေ့ ကို ရောက် လာ ခဲ့ပြီး သူမ လက် ထဲ က ဘူးခွံတွေ ကို တောင်းယူ လိုက်သည် ။ သူမ မျက်နှာ က ကယ်တင်ရှင် တစ်ယောက် ကို မြင်တွေ့ လိုက်ရ သလို ပြုံးပျော် သွားပြီး ကလေးငယ် ကို ချက်ချင်း ပေး လိုက် သည် ။ ထိုအခါ မှ ကျွန်တော် သက်ပြင်း တစ်ချက် ကို ခပ် လေးလေး ချ မိသည် ။ ခရိုင်မြို့ တစ်ခု ၏ အဝေးပြေးကားကွင်း အတွင်း မှာ အမှိုက်ပုံး ဆိုတာ မရှိ လောက် အောင် ညံ့ဖျင်းသော စနစ် ကို အပြစ် တင် ရ မည် လား ။ အမှိုက်ပုံး ထား မပေးသော ကားဂိတ်တွေ ကို အပြစ် တင် ရ မည်လား ။ ဒါမှမဟုတ် မြင်အောင် ကြည့် ဖြစ်သော ကိုယ့် ကိုယ် ကို ပဲ အပြစ် တင်ရမည်လား ။ မည်သူ့ ကို အပြစ် တင် ရမလဲ မသိသော အခြေအနေ တစ်ခု မှာ ဘာကို ရှက်မှန်း မသိ ကျွန်တော့် ရင် ထဲ သိမ်ငယ်စိတ် တစ်ခု ဝင် လာသည် ။ စိတ် ထဲ မှာ မသက်မသာ ခံစားမှု နှင့် အတူ လတ်တလော ဒုက္ခ ကို ဖြေရှင်းသွား သော ကလေးငယ် ကို ကျေးဇူး တင် မိသည် ။

ဒါပေမဲ့ ကျေးဇူး တင် လို့ မှ အားမရသေး ခင် မှာ မထင် မှတ် ထားတာ တစ်ခု က ရုတ်ခြည်း ပေါ်လာသည် ။ မိနစ် ပိုင်း အတွင်း မှာ ပင် အခြေ အနေ ချက်ချင်း ပြောင်းလဲ သွား ပြန်သည် ။ ခပ်လှမ်းလှမ်း ကို ရောက် သွားသော ကလေးငယ် သည် သူ့ အတွက် အသုံး တည့် မည် ထင် သော ရေသန့်ဘူးခွံ ကို အိတ် ထဲ ထည့် လိုက် ပြီး အသုံး တည့်ဟန် မတူသော အအေးဘူးခွံ ကို မြေပြင် ပေါ် ပစ်ချ လိုက်သည့် ခဏ မှာ တော့ ဘုရား တ , မိသည် နှင့် အတူ ဒီ မြင်ကွင်း ကို သူမ မမြင်ပါစေကြောင်း အပြေးအလွှား ဆုတောင်း မိ လိုက်သည် ။

သို့သော် သူမ က တော့ မြင် ဖြစ်အောင် မြင် သွားသည် ။ တစ်စုံတစ်ရာ ကို အထိတ်တလန့် ရေရွတ်လိုက်သည် နှင့် အတူ ကလေးငယ် ပစ်ချ လိုက် သော အအေးဘူးခွံ ကို အပြေးအလွှား ပြန် ကောက်ယူ နေသည် ကို မြင် လိုက်သော အခါ မှာ တော့ စိတ် ထဲ မှာ ရှက်ရွံ့ နေလင့် ကစား ကျွန်တော် သူမ ကို မချီးကျူး ဘဲ မနေ နိုင် ။ မိမိ နိုင်ငံ အတွင်း မှာ တောင် မဟုတ် ၊ သူ တစ်ပါး တိုင်းပြည် မှာ တောင် သူမ ၏ စည်းကမ်း ရှိ မှု ၊ စည်းကမ်း သိ မှု ၊ ကိုယ်ကျင့်တရား တွေ ကို
မဖောက်မပြား လိုက်နာ ကျင့်သုံး တတ်အောင် သင်ကြား ပြသ ပေးသော သူမ နိုင်ငံ မှ ခေါင်းဆောင် တို့ ကို ပါ ကျေးဇူးတင် စိတ် နှင့် ချီးကျူး မိသည် ။ စည်းစနစ်တွေ မကောင်းမွန်သေးသော နိုင်ငံ တစ်ခု မှာ လွယ်လင့်တကူ ချိုးဖောက် ခွင့် ရ နေသည် တောင် မိမိ ကိုယ်ကျင့်တရား ၊ မိမိ စိတ်ဓာတ် အသိဉာဏ် ကို မချိုးဖောက် နိုင်သော သူမ အတွက် ကျွန်တော် ဝမ်းသာ ဂုဏ်ယူမိသည် ။

ကျွန်တော်တို့ နိုင်ငံ မှာ လည်း ဒီလို စည်းစနစ် ကျသော လူမျိုးတွေ များ လျှင် ကောင်းလိုက်မှာ ဆို သော အတွေး က ကျွန်တော့် ခေါင်း ထဲ အလိုလို ဝင် လာ ခဲ့သည် ။ သို့သော် ကျွန်တော် အပါ အဝင် လူ တော်တော်များများ မှာ ကောင်းမွန်စွာ မလည် ပတ် နိုင် ခဲ့သော စနစ် တစ်ခု ၏ ခေါင်းစဉ် အောက် မှာ စည်းကမ်းတွေ ချိုးဖောက် နေခဲ့ကြတာ က အများသား ။ ကြာသော အခါ အလေ့အကျင့် တစ်ခု လို ပင် ဖြစ်လာ နေခဲ့သည် ။ ကျွန်တော် ကိုယ်တိုင် တောင် ဘယ်လောက် များ နေခဲ့ပြီလဲ ဆိုတာ ကို တောင် ပြန်တွေး မကြည့်ရဲ ။ ဒါပေသိ မြင်လိုက် ရသော မြင်ကွင်း တစ်ခု ကြောင့် နောက်ထပ် စည်းကမ်းတွေ ၊ ကိုယ်ကျင့်တရားတွေ ကို တတ်နိုင် သလောက် စောင့် ထိန်းဖို့ ကြိုးစား ထိန်းသိမ်း ရမည် ဆိုသော အသိတရား တစ်ခု ကို တော့ ထိုက်ထိုက်တန်တန် ရ ခဲ့ လိုက်သည် ။

   •••••   •••••   •••••

၃ ။

ယခု တော့ စာအိတ် တစ်လုံး ကြောင့် ကျွန်တော် ခေါင်းကိုက် နေပြီ ။ ဆေးရုံ မှ ဆင်း သွားသော လူနာ တစ်ယောက် က လာ ကန်တော့တာပါ ဆိုသော မုန့်ပုံး တစ်ပုံး ထဲ မှာ စာအိတ် တစ်လုံး ပါ လာ ခဲ့သည် ။ လူနာ တစ်ယောက် က ကန်တော့တာပါ ဆိုပြီး ထည့် ပေး လိုက်သော မုန့်ပုံး နှင့် စာအိတ်သည် လူနာ နှင့် မပတ် သက် ကြောင်း သိလိုက်ရ ချိန် မှာ ကျွန်တော့် ခေါင်းတွေ ရှုပ် ထွေး နောက်ကျိ ခဲ့ရသည် ။

မုန့်ပုံး ထဲ မှာ စာအိတ် အပြင် ကျွန်တော့် ကို ကုတ် နံပါတ် ပေးဖို့ တောင်းပန်ထား သော အကြောင်း နှင့် အတူ ဒီ ကိစ္စ အတွက် နောက်ဆက် တွဲ ပြဿနာ မဖြစ်စေရပါ ဟု ကတိပေး ထားသော စာ တစ်စောင် ပါ ပါ လာခဲ့သည် ။ ထို စာ ထဲ မှာ ပြန်လည် ဆက် သွယ်ဖို့ အတွက် ဖုန်းနံပါတ် တစ်ခု လည်း ပါလာ ခဲ့သည် ။ စာအိတ် ထဲ မှာ တော့ ဘယ်ရွေ့ ဘယ်မျှ မှန်း မသိသော ငွေကြေးပမာဏ တစ်ခု ပါမည် ဆိုတာ တော့ ဖွင့် ကြည့် စရာ မလို လောက် ။ လူ တစ်ယောက် ၏ ကိုယ်ကျင့်တရား ကို နှုတ် နှင့် တောင်းဆို မရသည့် အခါ ငွေကြေး ဖြင့် တောင်းဆို ဖို့ ကြိုးစား ကြ ပြန်သည် ။ ဖာတစ်လုံး ခေါင်းကျား ဇာတ် ထဲ က လို အို အသင်လောက ဟု ပဲ ရေရွတ် ရ လေ တော့ မလား ကျွန်တော် မသိ ။ ခက်လိုက် သော လူ့ လောကပါလား ဟု သံဝေဂ တောင် ရ ချင်ချင် ။

စာအိတ် ကို ကိုင် ကြည့် မိသည့် ခဏ မှာ တော့ ဖွင့် ကြည့် လိုက်လျှင် ကောင်း မလား ဟူသော အတွေး က ဝင် လာခဲ့သည် ။ ဒါပေမဲ့ ထို အတွေး နှင့်အတူ တစ် , ကို ကျော်ဖြတ် ပြီး ရင် နောက်ထပ် ဘယ်လောက် ဖြစ်ဖြစ် ကျော် ဖြတ်လို့ ရပြီ ဟူသော မိတ်ဆွေ စကား ကို နား ထဲ မှာ ပြန်လည် ကြားယောင်လာမိ သလို ရေသန့်ဘူးခွံ တွေ အတွက် စိတ်သောက ရောက် နေသော အမျိုးသမီး တစ်ဦး ၏ မျက်နှာ ကို ပါ ပြန်လည် မြင်ယောင် သည့် ခဏ မှာ တော့ စာအိတ် ကို ဖွင့် မကြည့်ဖို့ ကျွန်တော် ဆုံးဖြတ် လိုက်သည် ။

လူ့ လောက တွင် ဆင်းရဲ မှာ ကို ကျွန်တော် မကြောက် တတ်တော့ပါ ။ လူတမ်း မစေ့ ခဲ့သော နေ့ရက်များ ၊ ခြိုးခြံ ချွေတာခြင်း နှင့်အတူ ရောင့်ရဲ တင်းတိမ်မှု ကို အဖော်ပြု ခဲ့ ရသော နေ့ရက်များ ။ ထို နေ့ရက် များစွာ အတွက် စိတ် ညစ်ညူးမိခဲ့ ဖူး တာ မှန်သော်လည်း ကျွန်တော် စိတ်ဓာတ် မကျခဲ့ ဖူးပါ ။ အတိတ် က ပြုခဲ့ဖူး သော အကုသိုလ် ကြောင့် သာ ဒီ ဘဝ မှာ ဆင်းရဲပင်ပန်း ရခြင်း ဖြစ်ပေလိမ့်မည် ဟု မိမိ စိတ် ကို ပြန်လည် အားပေး မိသည် နှင့် အတူ နောက်ထပ် လည်ပတ်ရ ဦးမည့် သံသရာ အတွက် ဝဋ်ကြွေး တွေ ကို မျိုးစေ့ မချမိစေ ဖို့ ကျွန်တော့် အသိတရား ကို ကြိုးစား ဆောက်တည် နေဆဲ ပင် ။

အလုံးစုံ ပြည့်စုံ နေ သော အနေအထား မဟုတ်သော် လည်း လက်ရှိ ကျွန်တော့် ဘဝ သည် လည်းကောင်း ၊ စိတ် သည် လည်းကောင်း ဆင်းရဲ နေသည် ဟု ကျွန်တော့် စိတ် မှာ စွဲမှတ် မနေသရွေ့ ကျွန်တော် သည် မဆင်းရဲ ဟု ကိုယ့် ကိုယ် ကို ယုံကြည် ခဲ့ သည် ။ ထို ယုံကြည်ချက် နှင့် အတူ မိမိ သိက္ခာတရား ကို တဒင်္ဂ ချမ်းမြေ့မှု နှင့် မလဲ လှယ် မိအောင် ကြိုးစား နေထိုင် ခဲ့သည် ။

အကယ်၍ စာအိတ် ကို ဖွင့် ကြည့် လိုက်ခဲ့ လျှင် အထဲ မှာ ပါ လာသည့် ငွေကြေး ပမာဏ က ကျွန်တော့် ကို တပ်မက်မှု မဖြစ်စေနိုင် ဟု ကျွန်တော် အာမ မခံနိုင်ပါ ။ ပါရမီ ဆိုတာကို ဖြည့်ကျင့် နေ ဆဲ သာမန် ပုထုဇဉ် လူသား ကျွန်တော့် အတွက် ဒီ စာအိတ် သည် ဖြားယောင်းမှု တစ်ခု ပင် ။ တစ်, ကို ကျော်ဖြတ် ဖူး လျှင် တော့ တစ် နောက် မှာ လိုက်လာ နိုင်သော အကြိမ် များစွာ သော ကိုယ့်ကျင့် တရား စည်းကမ်းဖောက် ဖျက်မှုတွေ ကို နောက်ထပ် ကျော်ဖြတ် ဖို့ ကျွန်တော် ဝန် လေး တော့မည် မဟုတ် ။ ကိုယ့် ကိုယ် ကို စိတ် မချနိုင်သော အခြေအနေ တစ်ခု မှာ တစ် , ကို မကျော်မိ စေဖို့ ကျွန်တော့် စိတ် ကို ကြိုးစား ထိန်းသိမ်း ရ ဦးမည် ဆိုသော အသိ နှင့် အတူ စာ ထဲမှာ ပါ လာသော ဖုန်း နံပါတ် တစ်ခု ကို ကျွန်တော် ခေါ်ဆို နေ မိသည် ။

   •••••   •••••   •••••

၄ ။

ပေးထားသော လက်ဆောင်တွေ ကို ပြန် လာ ယူဖို့ အကြောင်း ကို ဖုန်း ဆက်ပြီး သွားသည့် အချိန် မှာ တော့ ကျွန်တော့် စိတ်တွေ က ငြိမ်းငြိမ်းချမ်းချမ်း ပင် ။ နောင်တ တရား သည် ကျွန်တော့် ကိုယ် မှာ မချဉ်းကပ်ခဲ့ ။ နောက်ထပ် ဖြားယောင်းမှုတွေ ကို လက်မခံ ချင်သည့် အဆုံး မှာ တော့ ရပ်တန်း က မရပ် လျှင် သက်ဆိုင်ရာ ကို တိုင်ရပါမည် ဟု ကျွန်တော် ခြိမ်းခြောက် မိသည် ။ ဒီလိုမှ မခြိမ်းခြောက် ခဲ့ လျှင် တော့ နောက်ထပ် ချဉ်းကပ်မှု ၊ ဖြားယောင်းမှ တွေ ကို ကျွန်တော် ရင်ဆိုင် ဖြေရှင်း နေရဦးမည် မဟုတ် ပါ လော ။ မိမိ ကိုယ် ကို ယုံကြည်မှု တရား ကို ကြိုးစား တည်ဆောက် နေချိန် အတွင်း ဖြားယောင်းမှုတွေ ကို တတ် နိုင်သမျှ ရှောင်ရှားတတ် စေဖို့ လည်း ကျွန်တော် ကြိုးစားရ ဦးမည် ။ တစ်ဖက်သား ကို ပူပန်ပွားစေခဲ့ သည့် အတွက် တော့ ကျွန်တော် စိတ် မကောင်းပါ ။

အဖန် တလဲလဲ ဖြစ်ခြင်း ၊ အဖန် တလဲလဲ လည်ပတ်ခြင်း သံသရာ မှာ ပြုခဲ့ဖူး သမျှ ကုသိုလ် ၊ အကုသိုလ် ၏ ကံ တို့ သည် အရိပ်ပမာ လိုက် လာ တတ်ကြောင်း ကို ဗုဒ္ဓဘုရား က သာဓက များစွာ နှင့် ပြဖူး ခဲ့သည် ။ ဗုဒ္ဓဘာသာဝင် တစ်ယောက် ဖြစ်သော ကျွန်တော် သည် သံသရာ ၌ လည်ပတ် ရ မည် ကို မကြောက်ပါ ။ ဒါပေမဲ့ လက်တွေ့ ဘဝ မှာ တော့ သိစိတ်ကြောင့် ဖြစ်စေ ၊ မသိစိတ် တို့ ကြောင့် ဖြစ်စေ ပြုမိခဲ့သော အကုသိုလ် ၏ အကျိုးဆက် ကြောင့် နောက်ထပ် လည်ပတ်ရမည့် သံသရာ တို့ တွင် ပင်ပန်းဆင်းရဲ ရမည် ကိုတော့ ကြောက်ပါသည် ။ အတိတ် ဘဝ တွင် ပြုဖူး သမျှ အကုသိုလ် တို့ ကို မလွဲမသွေ ဆပ်ကြရမည် ဖြစ် ပေသိ လက်တွေ့ ဘဝ တွင် တော့ နောက်ထပ် ဆပ်ဖို့ ရာ အကြွေးတွေ ကို မဆင့်ပွားချင်ပါ ။

ဖြားယောင်းတတ်သော ပတ်ဝန်းကျင် တို့ အလယ် တွင် တစ် , ကို လည်းကောင်း ၊ တစ် ၏ နောက် မှ ဒသမတွေ ကို လည်းကောင်း ၊ နှစ် ကို လည်း ကောင်း ၊ သုံး ကို လည်းကောင်း မရောက်ဖို့ရန်အတွက် မိမိ စိတ်ဓာတ် ၊ မိမိ အသိဉာဏ် ကို မပျောက်မပျက် ပကတိ အတိုင်း တည် ဖို့ ကို တော့ ကျွန်တော် ကြိုးစား စောင့် ရှောက်ရ ဦးမည် ။ ထို့အတူ မှားယွင်းသော ဖြားယောင်းမှု တို့ မှ လည်း အခါခပ်သိမ်း ကင်းလွတ်ဝေး နိုင် ပါစေကြောင်း ဆုတောင်း တစ်ခု ကို လည်း ရင် ထဲ မှာ အကြိမ်ကြိမ် တောင်းဆို နေ မိသည် ။

◾ဇေဦးယျာ

📖 ရွှေအမြုတေ ရုပ်စုံမဂ္ဂဇင်း
      ၂၀၁၅ - ခုနှစ် ၊ ဩဂုတ် လ

.