Sunday, April 30, 2023

တုတ်စကြ


 

❝ တုတ်စကြာ ❞

ရှေးသရော အခါ လယ်သမားကြီး တစ်ယောက် ၌ မောင်ဘ ၊ မောင်မြ ၊ မောင်လှ ဟူသော သား သုံးယောက် ရှိလေ၏ ။ လယ်သမားကြီး သည် သူ မွေး ထားသော နို့စားဆိတ်မ တစ်ကောင် ကို သား သုံးယောက် အား အလှည့်ကျ ကျောင်းခိုင်း ထား၏ ။ တစ်နေ့သ၌ သား အကြီး မောင်ဘ သည် ဆိတ်မ ကို ခေါ်ကာ မြက် ပေါ သော လယ်တော တစ်ခု ဆီ သို့ ထွက် လာခဲ့ပြီး လျှင် တစ်နေ့လုံး လွှတ်ထား လေ၏ ။ ညနေ စောင်း ၍ ပြန်ခါ နီး သော အခါ မောင်ဘ သည် ဆိတ်မ အား ခေါ်ပြီးလျှင် အိမ်သို့ ပြန်မည် ပြင်၏ ။ မပြန်ခင် ၌ မောင်ဘ သည် ဆိတ်မ ၏ ကျော ကို ပွတ်ပြီး လျှင် ဤသို့ မေး လေ၏ ။

“ ဆိတ်မ ... ဆိတ်မ
မြက်ချိုမြ
စားလို့ဝရဲ့လား … ဝရဲ့လား ”

သခင် ၏ စကား ကို နားလည်သော ဆိတ်မ သည် ဤသို့ ပြန် ပြော လေသည် ။

“ သခင် ...  သခင်
ရွှေနားဆင်
မြက်ပင်ချိုမြလွန်ပေါလှ
စားဝပါရဲ့ .. ဝပါရဲ့ ”

ဆိတ်မ က ဤသို့ ပြန် ပြော သဖြင့် မောင်ဘ လည်း ဆိတ်မ ကို အိမ် သို့ ပြန် ကျောင်း လာခဲ့လေ၏ ။ အိမ် တွင် ဖခင် လယ်သမားကြီး အား ဆိတ်မ ကို ပြန် အပ်သောအခါ ဖခင် က “ လူကလေး မောင်ဘ ၊ ဆိတ်မ အစာ ဝခဲ့ပါရဲ့လားကွယ် ” ဟု မေး လေ၏ ။ မောင်ဘ လည်း ဟုတ်မှန်သည့် အတိုင်း ဖြေဆို လိုက်၏ ။ လယ်သမားကြီး သည် ဆိတ်မ ကို ချည်တိုင် မှာ ချည်ရင်း မေးပြန်လေ၏ ။

“ ဆိတ်မ ...  ဆိတ်မ
မြက်ချိုမြ
စားဝရဲ့လား ဝရဲ့လား ”

ထိုအခါ၌ ဆိတ်မ သည် လယ်သမားကြီး ကို ဤသို့ ပြန် ဖြေ၏ ။

“ သခင် ... သခင်
ရွှေနားဆင်
မြက်တစ်ပင်မျှ မစားရ
ထို့ကြောင့် ငါ မဝ ”

ဆိတ်မ က ဤသို့ ဖြေလိုက်သော ကြောင့် လယ်သမားကြီး လည်း စိတ်ဆိုး ကာ မောင်ဘ ကို အိမ် မှ ရိုက်၍ နှင်လိုက်လေ၏ ။ နောက်တစ်နေ့ မနက်၌ သား အလတ် မောင်မြ ကို ဆိတ်ကျောင်း ခိုင်း လေ၏ ။ မောင်မြ သည် ဆိတ်မ ကို ခေါ်ကာ မြက် ပေါသော တောစပ် တစ်နေရာ သို့ သွား၍ တစ်နေ့လုံး လွှတ်ထားလေ၏ ။ ညနေ ပြန်ခါနီး တွင် မောင်မြ က ဆိတ်မ ကို ယခင်က ကဲ့သို့ မေး ၏ ။

“ ဆိတ်မ ... ဆိတ်မ
မြက်ချိုမြ
စားလို့ဝရဲ့လား … ဝရဲ့လား ”

ဆိတ်မ က လည်း တစ်ဖန် ပြန်၍  ...

“ သခင် ... သခင်
ရွှေနားဆင်
မြက်ပင်ချိုမြလွန်ပေါလှ
စားဝပါရဲ့ ... ဝပါရဲ့ ” ဟုဖြေ၏ ။

မောင်မြ သည် အိမ် သို့ ရောက်၍ ဆိတ်မ ကို ဖခင် အား အပ်သော အခါ ဖခင် က “ လူကလေး မောင်မြ ဆိတ်မ အစာ ဝခဲ့ရဲ့လားကွယ် ” ဟု မေး၏ ။

မောင်မြ လည်း ဟုတ်မှန်သည့် အတိုင်း ဖြေ၏ ။ လယ်သမားကြီး သည် ဆိတ်မ ကို ချည်တိုင် တွင် ချည်သော အခါ မေးပြန် လေ၏ ။

“ ဆိတ်မ ...  ဆိတ်မ
မြက်ချိုမြ
စားဝရဲ့လား ဝရဲ့လား ”

ထိုအခါ၌ ဆိတ်မ လည်း ပြန် ဖြေ၏ ။

“ သခင် .. သခင်
ရွှေနားဆင်
မြက်တစ်ပင်မျှ မစားရ
ထို့ကြောင့် ငါ မဝ ”

ဆိတ်မ က ဤသို့ ဖြေသော ကြောင့် လယ်သမား က မောင်မြ အား စိတ်ဆိုး ကာ အိမ် မှ နှင်ထုတ် လိုက် ပြန်သည် ။ နောက်နေ့ မနက် ၌ သားငယ် မောင်လှ ကို ဆိတ်ကျောင်း ခိုင်းလေ၏ ။ မောင်လှ လည်း ဆိတ်မ ကို ကျောင်း ၍ ညနေ ပြန်ခါနီးသော အခါ၌ မနေ့က ကဲ့သို့ပင် မေး လေ၏ ။ ဆိတ်မ က လည်း မနေ့က ဖြေခဲ့ သလိုပင် ဖြေ၏ ။အိမ် သို့ရောက် ၍ ဖခင် အား ဆိတ်မ ကို အပ်သော အခါ ဖခင် က “ လူကလေး မောင်လှ ဆိတ်မ အစာ ဝခဲ့ရဲ့လားကွယ် ” ဟု မေး၏ ။ မောင်လှ က လည်း ဟုတ်မှန်သည့် အတိုင်း ဖြေ၏ ။ လယ်သမားကြီး သည် ဆိတ်မ ကို ချည်တိုင် တွင် ချည်သော အခါ မနေ့ က လိုပင် မေး လေ၏ ။ ဆိတ်မ က လည်း မနေ့ က လိုပင် ပြန် ဖြေလေ၏ ။

“ သခင်.. သခင် ”
ရွှေနားဆင်
မြက်တစ်ပင်မျှ မစားရ
ထို့ကြောင့် ငါ မဝ ”

ဆိတ်မ ပြောသည့်အတိုင်း ယုံကြည် နေသော လယ်သမားကြီး သည် သားအငယ် မောင်လှ အား အိမ် မှ နှင်ထုတ် လိုက် ပြန်လေ၏ ။ နောက်နေ့ မနက်၌ လယ်သမားကြီး သည် ဆိတ်မ ကို သူ ကိုယ်တိုင် ကျောင်း လေသည် ။ မြက် ပေါသော နေရာ၌ တစ်နေ့လုံး လွှတ် ထားပြီး နောက် ညနေ ပြန်ခါနီး ၌ မေးသောအခါ ဆိတ်မ လည်း ယခင် က လိုပင် ...

“ သခင် .. သခင်
ရွှေနားဆင်
မြက်ပင်ချိုမြလွန်ပေါလှ
စားဝပါရဲ့ .. ဝပါရဲ့ ”

လယ်သမားကြီး သည် အိမ် သို့ ရောက်၍ ဆိတ်မ ကို ချည်တိုင်၌ ချည်သော အခါ ယခင် က လိုပင် မေး ပြန်၏ ။ ဆိတ်မ က လည်း လယ်သမားကြီး အား ယခင် က လိုပင် ပြန်ဖြေ၏ ။

“ သခင် ...  သခင်
ရွှေနားဆင်
မြက်တစ်ပင်မျှ မစားရ
ထို့ကြောင့် ငါမဝ ”

ဆိတ်မ က ဤသို့ ဖြေ လိုက်သဖြင့် လယ်သမားကြီး လည်း ဆိတ်မ ညာ ပြောသည် ကို သိရှိ၍ စိတ်ဆိုး လာပြီး နောက် ဆိတ်မ ကို နှင် ထုတ်လိုက်လေ၏ ။

သား သုံးယောက် ကို စိတ်ဆိုးပြီး နှင် ထုတ်လိုက် မိသော လယ်သမားကြီး သည် ဆိတ်မ မရှိသည့် နောက် သားများ ကို လိုက်၍ ရှာ လေ၏ ။ သို့ရာတွင် သား သုံးယောက် ကို ရှာ၍ မတွေ့တော့ဘဲ အိမ်ကလေး တွင် တစ်ယောက် တည်း သာ နေထိုင် ရ လေ၏ ။ သူ သည် သား သုံးယောက် အား ပြန် ခေါ်ရန် မကြာမကြာ စုံစမ်းပါ သော်လည်း ဘယ်မှာမျှ မရပေ ။

သား အကြီး မောင်ဘ သည် ဖခင် အိမ် မှ ထွက်ခွာလာခဲ့ပြီး နောက် လက်သမား ဆရာကြီး တစ်ဦး ထံ တွင် တပည့် ခံ နေ လေ၏ ။ လက်သမား ဆရာကြီး သည် လိမ္မာရေးခြား ရှိသော မောင်ဘ ကို သူ့ ပညာများ တစ်ခု မကျန် သင်ပေး လေ သဖြင့် လက်သမား အတတ် ဖြင့် အသက်မွေး နေထိုင်လျက် ရှိလေသည် ။ တစ်နေ့သ၌ မောင်ဘ သည် သူ့ ဖခင် ထံ ပြန် လို၍ ဆရာကြီး ထံ ခွင့် တောင်းရာ ဆရာကြီး က မောင်ဘ အား စားပွဲငယ် တစ်ခု ကို လက်ဆောင် ပေး လိုက်လေ၏ ။ စားပွဲငယ် ၏ အကြောင်း ကား မိမိ လိုချင်သော အစားအစာ တို့ကို နှုတ် မှ တောင့်တ လိုက်ပါက ထို စားပွဲငယ် ပေါ် တွင် ပြင်လျက်သား ရရှိနိုင်ပေသည် ။

မောင်ဘ သည် ခရီး ထွက် ခဲ့ရာ ညနေစောင်း ၌ တစ်ညတာ မျှ တည်းခိုရန် အိမ် လိုက်၍ ရှာ လေ၏ ။ သူ သည် အိမ် ကို မတွေ့ ၊ ထမင်းဆိုင် တစ်ဆိုင် ကို သာ တွေ့ သဖြင့် စားပွဲကလေး ကို ထမ်း ကာ ဝင်လာ ခဲ့လေ၏ ။ ထမင်းဆိုင်ရှင် လည်း ထမင်း ဝယ်စားမည့် သူ ထင်၍ မောင်ဘ အား “ လာပါ ခင်ဗျာ ... ထိုင်ပါ ။ ဘာများ စားလိုပါသလဲ ” ဟု ဆီး၍ ခေါ် လေ၏ ။မောင်ဘ က ကျွန်တော် ထမင်း စားဖို့ လာတာ မဟုတ်ပါဘူး ခင်ဗျာ ။ တစ်ည လောက် ဒီဆိုင် မှာ တည်းခိုပါရစေ ။ ခွင့်ပြုပါ ” ဟု ပြောဆို သဖြင့် ဆိုင်ရှင် က ခွင့်ပြု၏ ။ မောင်ဘ သည် ထမင်း ဆာလာသော အခါ သူ တကာ ကဲ့သို့ ဆိုင်ရှင် ထံ မမှာဘဲ စားပွဲငယ် ကို သူ့ ရှေ့ တွင် ချပြီး လျှင် စားလိုသော အစာများ ကို နှုတ် မှ တောင်းဆို လိုက် လေ၏ ။ မောင်ဘ ရှေ့ ရှိ စားပွဲငယ် ပေါ်တွင် စားစရာများ ပေါ်လာသောအခါ ဆိုင်ရှင် သည် အံ့ဩစွာ ကြည့်နေ လေ၏ ။ ဆိုင်ရှင် စိတ် ထဲ ၌ လိုတရ သော ထို စားပွဲငယ် ကို ခိုးယူ ရန် ကြံစည် နေ လေ၏ ။ ည အိပ်ရာ ဝင်ကြ သော အခါ ဆိုင်ရှင် သည် မအိပ်သေးဘဲ အခြား စားပွဲငယ် တစ်ခု ကို ရှာ ယူပြီး လျှင် မောင်ဘ ၏ စားပွဲငယ် နှင့် လဲ၍ ထား လိုက်လေ၏ ။

မောင်ဘ လည်း မနက် အိပ်ရာ မှ ထ သော အခါ သူ့ ဘေး ရှိ စားပွဲငယ် ကို ယူကာ ခရီး ဆက် ခဲ့၏ ။ ညနေစောင်း သော် လယ်သမားကြီး သည် သူ့ ထံ ပြန် လာသော သား မောင်ဘ အား ဝမ်းသာအားရ ဆီးကြိုလေ၏ ။ လယ်သမားကြီး က မောင်ဘ ကို ကြည့်ပြီး လျှင် “ ငါ့ သား ဘာ အလုပ်များ လုပ် နေပါသလဲကွယ် ။ အဖေ့ ထံ ပြန်လာတာ ဘာ လက်ဆောင်များ ပါခဲ့သေးသလဲ ” ဟု မေး သဖြင့် မောင်ဘ က သူ့ ဆရာ ပေး လိုက်သော စားပွဲငယ် ကို  ဖခင် အား လက်ဆောင် ပေး၏ ။ “ အဲဒီ စားပွဲလေး အဖေ့ ဖို့ ယူခဲ့ပါတယ် ။ အဖေ စား ချင်တာ ကို သာ တောင်း လိုက်ပါ ။ စားစရာတွေ ပေါ်လာပါလိမ့်မယ် ။ ပြီးတော့ အဖေ ကျွန်တော့် သူငယ်ချင်းတွေ ကို လည်း တစ်ခါ ထဲ ခေါ်ပါ ။ သူတို့ စားချင်တာ ကို လည်း တောင်းပေးပါမည် ” ဟု မောင်ဘ က ပြော သဖြင့် သူငယ်ချင်းများ ကို အိမ် သို့ ဖိတ်ခေါ်လေ၏ ။ သူငယ်ချင်းများ စုံသော အခါ မောင်ဘ သည် ထမင်းဆိုင် မှာ ကဲ့သို့ စားစရာများ ကို နှုတ် မှ တောင်းဆို လိုက်လေ၏ ။ စားပွဲငယ် မှာ သူ့ ဆရာ ပေး လိုက်သည့် စားပွဲ မဟုတ်တော့ သဖြင့် စားစရာများ ပေါ်မလာတော့ပေ ။

မောင်ဘ လည်း ဖခင် နှင့် သူငယ်ချင်းများ ကို ရှက်လှ သဖြင့် အိမ် မှာ မနေတော့ဘဲ တစ်ရွာ သို့ ထွက်သွားလေ သတည်း ။

သား အလတ် မောင်မြ သည် ဖခင် ထံ မှ ထွက်ခွာလာခဲ့ပြီး သော် ရွှေပန်းထိမ်ဆရာ တစ်ဦး ထံ တွင် တပည့် ခံ နေလေ၏ ။ ရွှေပန်းထိမ်ဆရာ သည် ပညာ တော်လှသော မောင်မြ အား ပညာ စုံအောင် သင်ပေး၍ သူ့ ထံ မှာပင် အလုပ် လုပ် စေ၏ ။ တစ်နေ့သ၌ မောင်မြ သည် ဖခင် ထံ သို့ ပြန် လို၍ ဆရာ့ ထံ ခွင့် တောင်းရာ ပန်းထိမ်ဆရာ က မောင်မြ အား မြည်းကလေး တစ်ကောင် လက်ဆောင် ပေး လိုက်၏ ။ မြည်းကလေး ၏ အကြောင်း ကား မိမိ လိုချင်သော ရတနာ ဟူသမျှ ကို တောင်းဆို လိုက် ပါက မြည်းကလေး ၏ ပါးစပ် မှ အန် ၍ ပေး နိုင်လေသည် ။ မောင်မြ သည် ခရီး ထွက် ခဲ့ရာ ညနေစောင်း ၌ မောင်ဘ တည်းခို သော ထမင်းဆိုင် ၌ ပင် ဝင်၍ ထမင်း စား လေ၏ ။ ထမင်းဆိုင်ရှင် လည်း မောင်မြ အနီး သို့ ရောက်လာ ပြီး လျှင် မြည်းကလေး ကို အစာ ကျွေးပါမည်လား ဟု မေး၏ ။ မောင်မြ က မြည်းကလေး ကို မိမိ ကိုယ်တိုင် ပင် ကျွေးပါမည် ဟု ပြော သဖြင့် ဆိုင်ရှင် က စောင့်ကြည့် နေလေ၏ ။ မောင်မြ  ထမင်း စား ပြီးသော အခါ ထမင်းဖိုး ပေးရန် ငွေစ မရှိ သဖြင့် မြည်းကလေး ကို ခေါ်ပြီး လျှင် ..

“ မြည်းကလေး ... မြည်းကလေး
ရွှေစ ၊ ငွေစပေးပါလေး ။
မြည်းကလေးအလိမ္မာ
ပေးပါမြန်မကြာ ” ဟု ဆိုလိုက်လေ၏ ။ ထိုအခါ မြည်း ၏ ပါးစပ် မှ ငွေစရွှေစများ အန်ကျ လာလေ၏ ။ ဆိုင်ရှင် သည် ညအချိန် ၌ မြည်းကလေး ကို ခိုးယူမည် ဟု စိတ်ကူး နေလေ၏ ။ ည အိပ်ရာ ဝင် ကြသော အခါ ဆိုင်ရှင် တစ်ယောက် လည်း မအိပ်သေးပဲ ရွာ ထဲ မှ မြည်း တစ်ကောင် ကို ဆွဲလာ ပြီးလျှင် မောင်မြ ၏ မြည်းလေး နှင့် လဲ ယူ ထားလိုက်၏ ။

မနက် မိုး လင်းသော် မောင်မြ သည် သူ့ အနီး မှ မြည်းကလေး ကို ဆွဲယူ ကာ ခရီး ထွက်ခဲ့လေ၏ ။ ညနေစောင်း ၌ လယ်သမားကြီး သည် မြည်းကလေး ဆွဲ ကာ ပြန် လာသော သား မောင်မြ အား ဝမ်းသာအားရစွာ ဆီးကြို လေ၏ ။ လယ်သမားကြီး က မောင်မြ အား “ လူကလေး မောင်မြ ဘာအလုပ်များ လုပ် နေပါသလဲကွယ် ။ အဖေ့ ဖို့ ကော ဘာ လက်ဆောင်များ ယူလာခဲ့ပါသလဲ ” ဟု မေး လေ၏ ။ မောင်မြ က “ ကျွန်တော် ပန်းထိမ်ဆရာ လုပ်နေပါတယ် အဖေ ။ အခု အဖေ့ ဆီ ပြန် လာတော့ ကျွန်တော့် ဆရာ က မြည်းကလေး တစ်ကောင် လက်ဆောင် ပေးလိုက်ပါတယ် ။ ဒီ မြည်းကလေး လှည်းဆွဲ ဖို့ လည်း မဟုတ်ပါဘူး ။ လူ စီး ဖို့ လည်း မဟုတ်ပါဘူး ။ ကျွန်တော်တို့ ကို သူဌေး ဖြစ်အောင် လုပ်ပေး နိုင် တဲ့ မြည်းကလေး ပါ ။ ဟော ကြည့်ပါ အဖေ ကျွန်တော် ပြပါမယ် ” ဟု ဆိုကာ မောင်မြ က မြည်းကလေး ၏ ကျော ကို ပုတ်ပြီး လျှင် ...

“ မြည်းကလေး ... မြည်းကလေး
ရွှေစငွေစပေးပါလေး
မြည်းကလေးအလိမ္မာ
ပေးပါ မြန်မကြာ ” ဟု တောင်းဆို လိုက် လေ၏ ။ မြည်းကလေး ကား ပန်းထိမ်ဆရာ ပေး လိုက်သည့် မြည်းကလေး မဟုတ်တော့ သဖြင့် ပါးစပ် မှ ရွှေစ ၊ ငွေစများ အန် မကျလာပေ ။ ထို့ကြောင့် မောင်မြ လည်း သူ့ အဖေ ကို ရှက် သဖြင့် အိမ် မှာ မနေဝံ့တော့ ဘဲ ထွက်သွားလေ သတည်း ။

သား အငယ် မောင်လှ သည် ဖခင် ထံ မှ ထွက်လာခဲ့ပြီး ရက်ကန်းသည်ကြီး ထံ တွင် တပည့် ခံ နေရာ ပညာ တော်လှ သဖြင့် ရက်ကန်းသည်ကြီး က မောင်မြ အား သူ့ ထံ မှာ ပင် အလုပ် လုပ်နေ စေ၏ ။ တစ်နေ့သ၌ မောင်လှ သည် ဖခင် ထံ ပြန်လို၍ ရက်ကန်းသည်ကြီး ထံ ခွင့် တောင်းရာ မောင်မြ အား ရက်ကန်းသည်ကြီး က တုတ်စကြာ တစ်ချောင်း ကို လက်ဆောင် ပေး လိုက်လေ၏ ။ တုတ်စကြာ ၏အကြောင်း ကား မိမိ မှာ ရန်သူ နှင့် တွေ့ပါက တုတ်စကြာ က ထို ရန်သူ အား လိုက်၍ ရိုက်နှက်တတ် ပေသည် ။ တုတ်စကြာ ကို ဆောင်သူ က တောင်းပန် တော့ မှ ရပ်နားလေတော့သည် ။

မောင်လှ သည် ရက်ကန်းသည် ထံ မှ တုတ်စကြာ ကိုညယူကာ ပြန်လာခဲ့ရာ လမ်းခရီး တွင် သူ ၏ အစ်ကို နှစ်ယောက် ဝင် နား သွားသော ထမင်းဆိုင် ၌ ပင် ဝင် ၍ နား နေ လေ၏ ။ မောင်လှ သည် တုတ်စကြာ ထည့် ထားသော လွယ်အိတ် ကို ခေါင်းရင်း တွင် ထားကာ အိပ်နေ လေ၏ ။ ညအချိန် ၌ ထမင်းဆိုင်ရှင် သည် အခါတိုင်း ကဲ့သို့ ရောက် လာပြီး လျှင် မောင်လှ ၏ အိတ် ကို နှိုက်မည် ပြုသောအခါ တုတ်စကြာ လည်း အိတ် ထဲ မှ ခုန်ထွက် ပြီးလျှင် ဆိုင်ရှင် ၏ ခေါင်း ကို အကြိမ်ကြိမ် ရိုက်လေတော့၏ ။

ဆိုင်ရှင် သည် နာလွန်းလှ ၍ “ ကယ်ကြပါ ... ကယ်ကြပါ ” ဟု အော် လိုက် သဖြင့် မောင်လှ သည် အိပ် နေရာ မှ လန့် နိုး လာတော့သည် ။ ထိုအခါ မောင်လှ သည် ဆိုင်ရှင် အား သနား လာ သဖြင့် တုတ်စကြာ အား တောင်းပန်တော့ မှ တုတ်စကြာ သည် သူ နေသော လွယ်အိတ် တွင်း သို့ ပြန် ဝင် သွားသည် ။

မောင်လှ သည် ဤ ဆိုင် သို့ မရောက်ခင် လမ်းခရီး ၌ အိမ်နီးချင်း မိတ်ဆွေ တစ်ယောက် နှင့် တွေ့၍ သူ့ အစ်ကို နှစ်ယောက် ၏ စားပွဲ နှင့် မြည်း ကို ဆိုင်ရှင် က မတရား ခိုးယူ ထားလိုက် ကြောင်း ကို သိခဲ့ရ သဖြင့် ဆိုင်ရှင် အား ဆုံးမ ရန် ရောက်လာခြင်း ဖြစ်ရကား ဆိုင်ရှင် အနီး သို့ သွား ပြီးလျှင် “ ကဲ ... ခင်ဗျား ဘာများ ပြောချင်သေးသလဲ ။ ခင်ဗျား ဟာ ကျုပ် အစ်ကို နှစ်ယောက် ရဲ့ စားပွဲ နှင့် မြည်း ကို မတရား ခိုးယူ ထားခဲ့လို့ အခု တုတ်စကြာ က ခင်ဗျား ကို လိုက် ရိုက်နေပြီ ။ ဘယ်မှာလဲ ။ ကျုပ် အစ်ကို ရဲ့စားပွဲ နှင့် မြည်း ကို အခု ထုတ် ပေးပါ ။ ကျုပ် ခရီး ဆက်ရပါဦးမယ် ” ဟု ပြောလိုက်လေ၏ ။ ထိုအခါ ဆိုင်ရှင် သည် သူ ခိုး ထားလိုက်သော စားပွဲ နှင့် မြည်း ကို ထုတ်ပေး သဖြင့် မောင်လှ သည် မြည်းကလေး ၏ ကျော ပေါ် တွင် စားပွဲငယ် ကို တင် ကာ ဖခင် ထံ ပြန်လာခဲ့ လေ၏ ။

လယ်သမားကြီး သည် ပြန် ရောက် လာသော မောင်လှ အား ဆီးကြို ကာ “ ငါ့ သား အငယ် က ကော ဘာ အလုပ်များ လုပ် နေပါသလဲကွယ် ။ အဖေ့ ဖို့ လက်ဆောင်များ ပါခဲ့ပါရဲ့လား ” ဟု မေးလေ၏ ။ မောင်လှ က လည်း ဖခင်ကြီး အား ကျွန်တော် ရက်ကန်းဆရာ ဖြစ်နေပါတယ် အဖေ ။ ကျွန်တော့် ဆရာ က အဖေ့ ဆီ ပြန်မယ် ဆို လို့ ဟောဒီ တုတ် တစ်ချောင်း လက်ဆောင် ပေး လိုက်ပါတယ် ဟု ပြောလေရာ လယ်သမားကြီး သည် တုတ်တိုကလေး အား ကြည့် ကာ ပြုံး နေ လေ၏ ။

ထိုအခါ မောင်လှ က ဆက် ၍ “ တုတ်ကလေး ကို ကြည့်ပြီး အံ့ဩ နေသလား အဖေ ။ ဒီ တုတ် ဟာ သာမည တုတ်ကလေး မဟုတ်ပါဘူး ။ တုတ်စကြာ ပါ ။ သူ့ ကြောင့် အစ်ကိုတို့ ပျောက်ဆုံး ခဲ့ ရတဲ့ စားပွဲကလေး နှင့် မြည်းကလေး ကို ပြန် ရခဲ့ပါတယ် ။ ကဲ ... ဒီနေ့ က စပြီး ကျွန်တော်တို့ ပျော်ပျော် နေကြဖို့ပဲ ရှိပါတော့တယ် ။ အစ်ကိုတို့ ကို ရှာပြီး ခေါ်ပါတော့ အဖေ ” ဟု ဆို သဖြင့် ထွက် သွားသော သား နှစ်ယောက် အား လိုက်ရှာ ခေါ်ပြီးလျှင် သားအဖ လေးဦး သည် ပျော်ပျော်ပါးပါး နေထိုင်ကြလေသတည်း ။

◾နုယဉ်

📖 ရှုမဝ မဂ္ဂဇင်း
      ၁၉၅၆ ၊ဇွန်

#ကိုအောင်နိုင်ဦး

.

ရွှေပြည်တော်သည် ( ၂၁ )


 🔳 ကျွန်တော်တို့ မြန်မာပြည် 


ကျွန်တော်တို့ မြန်မာပြည် သည် အာရှတိုက် အရှေ့တောင်ပိုင်း ဒေသ တွင် နဘေး တိုင်းပြည်ကြီးများ နှင့် စာ လျှင် အလွန်ပင် သေးငယ် သော တိုင်းပြည်ကလေး ဖြစ်သည် ။ လူဦးရေ မှာ လည်း တိုင်းပြည်ကလေး ငယ်သည် နှင့် မမျှအောင် ပင် နည်းလှ ပြန် ပါသည် ။ ယခုအချိန် ပင် အနောက် ဘက် မိတ်ဆွေ နိုင်ငံကြီး က သန်း ၄ဝဝ ၊ အရှေ့ဘက် ပေါက်ဖေါ် နိုင်ငံကြီး က သန်း ၆ဝဝ ကျော် နေသည် ကို ကျွန်တော်တို့ က သန်း ၂၀ မှ ပြူ ခါ စ ။


သို့သော် ဤမျှ ငယ်၍ ဤမျှ လူဦးရေ နည်းခဲ့ သော တိုင်းပြည်ကလေး သည် တစ်ခေတ်တစ်ခါ က မည်မျှ စွာ ခဲ့သည် ကို ကျွန်ုပ်တို့ မြန်မာ ရာဇဝင် ပြန် ကြည့် က သိနိုင်ကြပေသည် ။


အင်္ဂလိပ် သုတေသီ တို့ မှတ်တမ်း တွင် “ မြန်မာလူမျိုး တို့ သည် ရဲရင့်သည် ။ စစ်တိုက် ဝါသနာ ပါသည် ။ စစ်ရေးစစ်ရာ ကျွမ်းကျင်သည် ” ဟု ဆိုကြသည် ။


ယင်းသည်မှာ သူတို့ က မမျှတသော လက်နက် အင်အား ၊ လူ အင်အားဖြင့် မဟာဗန္ဓုလ တပ် တစ်တပ် ကို တစ်ပွဲ တစ်လမ်း အကဲစမ်း ရုံ နှင့် မှတ်တမ်း တင်ခြင်း ဖြစ်သည် ။ မြန်မာရာဇဝင် အဆက်ဆက် လေ့လာ ကြည့်မည် ဆိုလျှင် ဥပမာ - မင်းရဲကျော်စွာ ကို သာဓက တင်ပြ လိုသည် ။ ၁၃ နှစ် သား နှင့် အောင်ပွဲ ဆင် ဗိုလ်မှူးချုပ် ဖြစ်သူ ကမ္ဘာ တွင် ရှိ သလော ။


ကျွန်တော်တို့ မြန်မာလူမျိုး သည် လက်နက် ဆန်းဆန်း ပြားပြား နှင့် လူစု အင်အား နှင့် တိုက်သည် ထက် ‘  စီးချင်းထိုး ’ တွင် အားသန်သည် ။ အနော်ရထာ သည် နောင်တော် စုက္ကတေး စီးချင်း ထိုး၍ ၊ ပုဂံခေတ် ကို တည်ထောင် ခဲ့သည် ။ တလိုင်းဘုရင် ရာဇာဓိရာဇ် နှင့် အင်းဝဘုရင် မင်းခေါင် ၏ စစ်ပွဲ တွင် စီးချင်း ထိုး ၌ မင်းရဲကျော်စွာ သည် တံခွန်စိုက် ( ချန်ပီယံ ) ဖြစ်ခဲ့၏ ။ တလိုင်းဘုရင် ဘက် မှ အဲမွန်တရာ ၊ လကွန်းအိမ် ၊ သမိန်ဘရမ်း တို့ လည်း စွမ်းလှပါ ပေ၏ ။


မင်းရဲကျော်စွာ ကျဆုံးပြီး နောက် တရုတ်စစ်တပ်ကြီး အင်းဝ မြို့အနီး လာရောက် တပ်စွဲလျက် သူတို့ စစ်ဗိုလ်ကြီး နှင့် စီးချင်း ထိုး ၍ အရှုံး အနိုင် ဆုံးဖြတ်မည် ဆိုသောအခါ ထိုစဉ် တွင် အင်းဝ ၌ သုံ့ပန့် ဖြစ် နေသော တလိုင်း သူရဲကောင်း သမိန်ဗရမ်း က အင်းဝ နေပြည်တော် ကို တရုတ် လက် ထဲ မှ ကယ်တင်ခဲ့ ပေသည် ။ 


အင်္ဂလိပ် သုတေသီ တို့ က မြန်မာလူမျိုး သည် “ စစ်တိုက် ဝါသနာ ပါသည် ” ဟု ဆိုသည် ။ ကျွန်ပ်တို့ စစ်တိုက် ဝါသနာ ပါပုံ မယ်တော့ ဘာမျှ အထူးအထွေ ပြော မနေနှင့် မြန်မာရာဇဝင် ပြန် ကြည့် ၊ အား , အားရှိ စစ်ဘဲ တိုက် နေကြသည် မဟုတ် တုံလော ။ ရှမ်း ၊ ရခိုင် ၊ တလိုင်း စသည့် ကိုယ့် တိုင်းရင်းသားချင်း တိုက်ရ လျှင် တိုက်ရ ၊ ကိုယ့် တိုင်းရင်းသားချင်း စည်းလုံးညီညွတ် ၍ တိုက်စရာ မလိုဘူး ဆိုလျှင် ပြည်ပ သို့ ချီလေပြီ ။ အာသံ မဏိပူရ ၊ တရုတ်ပြည် ၊ ယိုးဒယားပြည် များ သို့ သွား၍ စွာ လေသည် ။


သတိ ။ ကျွန်တော်တို့ လူမျိုး စစ်တိုက် ထွက် သည် ကား နယ်ချဲ့ သွေးစုပ်ရန် မဟုတ် ၊ လူစွမ်း ပြရန် သက်သက်သာ ဖြစ်သည် ။ ‘ မြန်မာလူမျိုးများ သည် အမြင် မကျယ်ခဲ့ကြ ’  ဟု ပြောဆို ခဲ့ကြသည် ။ မှန်ပါသည် ။ ကျွန်တော်တို့ လူမျိုးကား ကိုယ့် တိုင်းပြည် နှင့် ကိုယ့် ထွက်ကုန် နှင့် အစစ , အရာရာ ဖူလုံ နေတာကဘဲ ၊ ကိုယ့် ထဲ မပြည့်စုံ ၍ တခြား သွား လုယက် တိုက်ခိုက်စရာ မလိုလေတော့ ကျုပ်တို့ က ကမ္ဘာကြီး လုံး ပါတယ် ဆိုပြီး သက်စွန့် ဆံဖျား ခရီး ရှောက် ထွက် မနေ သဖြင့် ကိုယ့် တိုင်းပြည် အပြင် ဘက် လောက အကြောင်း မသိခဲ့ကြတာ ရှက်စရာ လား ။


အမြင်မကျယ် မဖြစ်၍ ကျယ် ရပြီး ၊ သူများ တိုင်းပြည် ကိုလိုနီ လုပ် သွေးစုပ် သူ က ရှက်စရာလား ။


ကမ္ဘာ့ ပညာရှင်ကြီးများ ဆုံးဖြတ်ကြပါခင်ဗျာ ။ 


မှန်၏ ၊ ချမ်းသာသော မိဘ ၏ သား - ခြေမွေး မီးမလောင် , လက်မွေး မီးမလောင် , ကိုယ့် အိမ်ထောင် ထဲ မှာ ဘဲ ကိုယ် အေးချမ်း စွာ နေ သလို ၊ ကျွန်တော် တို့ မြန်မာလူမျိုးများ ကိုယ့် ပြည် ကိုယ် ပျော် သလို နေခဲ့ကြ စဉ် အင်္ဂလိပ် နယ်ချဲ့ဘီလူး က ဝူးခနဲ ဆိုက် လာသည် မဟုတ်တုံလော ။


မမျှတသော လက်နက် အင်အား - လူအင်အားနှင့်  ။ 


ဒါတောင် ကျွန်တော်တို့ တိုင်းပြည်ကလေး ပိစိကွေး ကို ဒင်း တို့ တစ်ချီ ထဲ နှင့် တိုက်၍ ရ သလား ။ 


အင်္ဂလိပ် - မြန်မာ ပထမစစ် ၁၈၂၄ ခုနှစ် ၊ ဒုတိယစစ် ၁၈၅၂ ခုနှစ် ၊ တတိယစစ် ၁၈၈၅ ခုနှစ် ကျ မှ တစ်ပြည်လုံး ကို သိမ်းလို့ ရသည် မဟုတ်ပါလား ၊ ၂၈ နှစ် ခြား ၊ ၃၃ နှစ် ခြား ။


သို့တိုင် - ကျွန်တော်တို့ လူမျိုးများ သည် တော်တော် နှင့် အလျှော့ မပေးခဲ့ကြ ၊ “ မြန်မာပြည် ကို လုံးဝ သိမ်းပြီးသော် မှ ၁ဝ နှစ် ကျော်ကျော်ကြီး ခဲယဉ်းလှစွာ နှိပ်ကွပ် ယူ ရသည် ” ဟု ခရော့စ်ဝိတ် ဆိုသူ က ‘ မြန်မာနိုင်ငံ ငြိမ်ဝပ်ပိပြားရေး နှိပ်ကွပ်မှု ’ ဆိုသော မှတ်တမ်း တွင် ရေး ထားသည် ။


သို့သော် မြန်မာပြည် ကို လွတ်လပ်ရေး ပေး ရသည် အထိ မြန်မာ လူမျိုး ကို သူတို့ အုပ်ချုပ်ရသည် မှာ ‘ မြင်းကပ် မြင်းနပ် ’  စီး ရသည် နှင့် တူ လေသည် ။


မြင်းကပ် မြင်းနပ် ဆိုသည် မှာ ရိုးရိုး သာမန် မြင်းကပ် နှင့် မတူပေ ၊ ရိုးရိုး မြင်းကပ် မှာ ရိုက်နှက် ၍ အသက် အသေခံသည် အထိ လည်း ကပ် တတ်သည် ။ သို့မဟုတ် ဇွဲ လျှင် လည်း ကျွတ် သွား ၏ ။ မြင်းကပ် မြင်းနပ် ကား - ဘယ်တော့မှ ဇွဲ မကျွတ် ၊ ကပ် သာ လျှင် ကပ် လိုက်၏ ။ မကပ် သာ လျှင် ရိုးရိုး မြင်း ထက် ပင် ခြေ ကောင်း လိုက် သေး၏ ။


မြန်မာလူမျိုး တို့ သည် အင်္ဂလိပ် အုပ်ချုပ်မှု အောက်ဝယ် ယင်းနှယ် တူ၏ ။ ဒါကို တချို့က “ ကောက်ရိုးမီး ” ဟု ဆိုကြသေး ၏ ။ ဆိုကြစေ ၊ ကျွန်တော်တို့ မြန်မာလူမျိုး ကောက်ရိုးမီး ကား ၊ မီးတောက် ငြိမ်း ပြီး ပြာ အောက် မှ မူလ က ထ တောက်သော ရှားမီးခဲ ရဲရဲသည် အမြဲ ရှိနေ၏ ။


ဒါကြောင့် ကျွန်တော်တို့ ကျွန်သဘောက် သက်တမ်း ပြန် ကြည့် -


ဝိုင်အမ်းဘီအေ ၊ ဂျီစီဘီအေ ၊ ဝံသာနု အသင်းတွေ ပေါ်ပေါက် ခဲ့သည် ။ ၁၉၂၈ - ခုနှစ် ကောလိပ်သပိတ်ကြီး မှောက် ခဲ့သည် ။ နိုင်ငံရေး ဆောင်ရွက် ရာတွင် လူများ သာ မက ဦးဥတ္တမ ၊ ဦးဝိစာရ ကိုယ်တော် တို့ လည်း ထင်ရှား ခဲ့သည် ။


၁၉၂၈ - ခုနှစ် တွင် ရွှေဘိုနယ် နှင့် စစ်ကိုင်းခရိုင် တွင် ‘ ဗန္ဓက ’ ရသေ့မင်းလောင်း ပေါ် ခဲ့သည် ။ ၁၉၃၀ - ခုနှစ် တွင် ဆရာစံ ခေါင်းဆာင် သော တောင်သူလယ်သမားများ ပုန်ကန်မှုကြီး ပေါ်ပေါက် ခဲ့သည် ။ ၂- နှစ် ကြာမျှ နှိမ်နင်း ယူ ရသည် ။


ဤ ပုန်ကန်မှုကြီး မီးငြိမ်း ပြီးစ ၁၈၃၂ - ခုနှစ် ဒိုင်အာခီ အုပ်ချုပ်ရေး ရွေးကောက်ပွဲ တွင် မြန်မာပြည် နှင့် အိန္ဒိယ ‘ ခွဲရေး ’ ‘ တွဲရေး ’  ပြဿနာ တက် လာသည် ။


စင်စစ်ကား ၁၉၂၉ - ခုနှစ် က ‘ ဆိုင်မွန်စုံစမ်းရေးအဖွဲ့’ ၏ အစီရင်ခံစာ အရ ၊ မြန်မာပြည် ကို ဗြိတိသျှ အိန္ဒိယ အင်ပိုင်ယာ မှ ခွဲထုတ်ရန် ဆုံးဖြတ်ပြီးသား ဖြစ်၍ မဟာဝန်ရှင်တော် အမိန့် နှင့် ‘ ခွဲထုတ်လိုက်သကွ ' ဆိုလဲ ပြီး နေပါ လျက် ၊ သာယာဝတီ သူပုန်အရေးတော်ပုံ မှ မြန်မာလူမျိုးတွေ စိတ် အာရုံ ပြောင်းစိမ့် သော ငှာ အင်္ဂလိပ်တို့ ၏ နိုင်ငံရေး ပရိယာယ် သုံး လိုက် ခြင်း ဖြစ်ပေသည် ။


ကဲ ... ကြည့် ၊ ခွဲရေး ၊ တွဲရေး ရွေးကောက်ပွဲ အပြီး တွင် တွဲရေး ဘက် မှ အမတ် ၄၂ - ယောက် နှင့် မဲ ပေးသူပေါင်း ၄၁၅ဝဝဝ ရှိ ၍ ခွဲရေး ဘက် မှ အမတ် ၂၉ - ယောက် နှင့် မဲ ပေးသူပေါင်း ၂၅ဝဝဝဝ မျှ သာ ဖြစ်သော်လည်း ဗြိတိသျှကိုလိုနီသမားများ သည် ၎င်းတို့ ၏ စီမံကိန်း အတိုင်း အိန္ဒိယ နှင့် မြန်မာပြည် ကို ခွဲထုတ် လိုက် ကာ မူလ က ဒိုင်အာခီ အုပ်ချုပ်ရေး ကို ရုပ်သိမ်း ၍ ၁၉၃၅ - ခုနှစ် မြန်မာပြည် အုပ်ချုပ်ရေး ခေါ် ၉၁ ဌာန အုပ်ချုပ်ရေး ဖြင့် မြန်မာပြည် ကို ဆက်လက် ကျွန် ပြု ခဲ့လေသည် ။


သို့သော် ယင်း ၁၉၃၂ - ခု မှ ၃၃ - ခု ထိ တစ်နှစ်တာ မျှ ကား မြန်မာများ စိတ်အာရုံ ထဲ တွင် ဤ ခွဲရေး တွဲရေး ကိစ္စကြီး သည် နက်ဖန် သဘက် လွတ်လပ်ရေး ရတော့ မလောက် ၊ ကောက် ရိုးမီးတောက်များ ဟုံးဟုံး ထ ကြ လေ၏ ။ ယခု မိတ်ဆွေ ဖတ်နေသော ဤ ဝတ္ထု မှာ ယင်း ' ခွဲရေး တွဲရေး ’ ကိစ္စ တွင် မြစ် ဖျားခံ ထား သဖြင့် ထို ခွဲရေးတွဲရေး ခေတ် အကြောင်း ကို ဖော်ပြရ ပါမည် ။


တွဲရေး ဘက် တွင် ဒေါက်တာဘမော် ၊ ခွဲရေး ဘက်တွင် ဦးသိမ်းမောင် ခေါင်းဆောင် စေ ၍ အိမ်ကြက်ချင်း အိုးမဲ သုတ် ကာ တိုင်းပြည် လူထု ကို စိတ်ဝမ်း ကွဲ စေသည် ။


တွဲရေးသမား က မြန်မာပြည် လွတ်လပ်ရေး ရ စိမ့်သော ငှာ အိန္ဒိယပြည်ကြီး နှင့် ပူးပေါင်း ထား ရမည် ။ ဒီ တိုင်းပြည် နှစ်ပြည် အား နှင့် စုပေါင်း တောင်း ပါ မှ အင်္ဂလိပ် က လွတ်လပ်ရေး ပေး ဘို့ နည်းလမ်း ရှိသည် ။ ခွဲရေး သည် ထင်း အစည်း ဖြေ သကဲ့သို ရှိဘိသည် စသည်ဖြင့် ...


ခွဲရေးသမား က သဘာဝတရား နှင့် စဉ်းစား ရ မည် ။ နယ်ချဲ့ တွင် လောဘတရား ရှိသည် ။ လွတ်လပ်ရေး ပေး စရာ ရှိလျှင် ငယ်သော တိုင်းပြည်ကလေး တွေ ကို သာ ပေး လိမ့်မည် ။ အိန္ဒိယ ပြည်ကြီး နှင့် တွဲ ထား က ဟို ပြည်ကြီး လက်လွတ် မခံလိုသည် နှင့် မြန်မာပြည်ကလေး ပါ ကျား နှင့် အမြီးချင်း ချည် မိသော မျောက် ကဲ့သို့ ဒုက္ခ ရောက်ရချေမည် စသည် ဖြင့် ...


လူတွေ ၏ စိတ် ထဲ တွင် ခွဲရေးသမား သည် အိန္ဒိယ နှင့် ခွဲပြီး သည်နှင့် တပြိုင်နက် မြန်မာပြည်ကြီး လွတ်လပ်ရေး ရကြတော့ မည့် နှယ် ... ၊ တွဲ ရေးသမား စိတ် ထဲ တွင် လည်း ထိုအချိန် အိန္ဒိယ ကို ဟုမ္မရှူး ခေါ် ကိုယ်ပိုင်အုပ်ချုပ်ခွင့် ပေးတော့မည့် အသံ ဖြစ် နေ၍ အိန္ဒိယ နှင့် အတူ ဟုမ္မရှူး ရပြီး နောက် တဆင့် လွတ်လပ်ရေး ရတော့မည့် နှယ် ။


ဘုမသိ ဘမသိ နှင့် မြန်မာလူမျိုးများ လွတ်လပ်ရေး ကို မည်မျှ ဆန္ဒ ပြင်းကြသနည်း ။


“ အဲဒီ ခွဲရေး တွဲရေး ကိစ္စ တုန်း က လူထု စိတ်ဓာတ် ဟာ ခုခေတ် မင်းတို့ ဖဆပလ ပါလီမာန် ရွေးကောက်ပွဲတွေ နဲ့ အပြတ်အသတ် ပေါ့ ကွာ .. လူတွေ ဟာ နေ့ ရှိ သရွေ့ တွေ့တိုင်း တွေ့တိုင်း ဒီ ခွဲရေး တွဲရေး ကိစ္စဘဲ ဆွေးနွေးကြ ငြင်းခုန်ကြ ရိုက်နှက်ကြ သည် အထိ ဖြစ်တယ် ။ အင်္ဂလိပ် ပရိယာယ် က အနယ်အနယ် အရပ်ရပ် မှာ ခွဲရေး တွဲရေး အသင်းတွေ ခေါင်းဆောင်တွေ ဖွဲ့စည်း စေပြီး တစ်နှစ်လောက် နီးနီး တရားဟောခွင့် စည်းရုံးခွင့် ပေးထား လေ တော့ ၊ လူတွေ ဟာ ခွဲရေးတရားပွဲ သွား နားထောင်လိုက် ၊ တွဲရေး တရားပွဲ သွား နားထောင်လိုက် နဲ့ ကြာတော့ တစ်အိမ် ထဲ နေတဲ့ ညီအစ်ကို မောင်နှမချင်း ၊ သားအမိ သားဖချင်း ၊ လင်မယားချင်း ရန်ဖြစ်ကြသည် အထိ ဖြစ်လာကြ တော့ ”


သော်တာစိန် တို့ အမေ က ပြောပြ နေသည် ။


“ အဲဒီ အချိန်မှာ သား တို့ အဖေ က တွဲရေး ၊ အမေ က ခွဲရေး အမယ် ... ဒီတုန်း တို့ ခွဲရေး ဘက် က နေပြီး တွဲရေးဘက် ကို ဆော် တဲ့ ကဗျာလေး တောင် အမေ မှတ်မိသေး .. ” 


ဆိုပြီး ၊


တွဲအခွဲတွင် မှ မဲပွဲသို့ ဝင်ရောက်ခါ ။

တဖက်ဖုံး မျက်ခုံး ဗေါင်းတော်ချိတ်တယ် 

နိပ်တဲ့ ဆရာ ... ။ 

အခွဲရောက် တောင်မှ 

တွဲပေါက် နှင့် ရှောက် ၍ ညာ 

ဒေါက်တာဘွဲ့ မော်တဦး ။ 

ပေါင်ဒါ အလိမ်း တွင် ဖြင့်

ကြက်သိမ်းတောင် မြင်သူထလောက်တဲ့ 

သံဃာ ကို အောက်ဝင်ကြို့ပါလို့ 

ငါးထောင် ဆို နို့ချို စို့တယ်ကွယ် ၊

တောမြို့အမှူး ... ။


အဘွားကြီး က ရွတ်ပြ ပြီးလျှင် ဆက်လက်၍


“ အဲ ... အဲလိုဘဲ ... မင်း အဖေ က တွဲရေး ၊ အမေ က ခွဲ ရေး

နှစ်ယောက် စလုံး နိုင်ငံရေး စိတ်ဓာတ် က ပြင်းထန် နေ ကြတော့ လင်မယား ကွဲသည် အထိ ဖြစ်ခဲ့ကြပါရော ကွယ် ... အမြွှာ မွေး ထား တဲ့ ဟောဒီ သားကလေးတွေ က ၃ ခါလယ် သား လောက် တောက် တောက် နဲ့ လမ်းရှောက် တတ် ခါစ ၊ မင်း တို့ အဖေ က သားကြီး မောင်မောင်ကြီး ယူ ၊ မေမေ က ဟော့ဒီ သားငယ် မောင်မောင်ငယ် ကို ယူ ပြီး တော့ သူ ကလဲ သူ့ ဇာတိ ဖြစ်တဲ့ အောက်ပြေ အောက်ရွာ ပြန် ပြေးတယ် ။ အမေ က လဲ ကိုယ့် ဆွေမျိုးညာတိ ရှိတဲ့ အညာ ကို လာခဲ့တယ် ။ ဘာ မဟုတ်တဲ့ အင်္ဂလိပ် ပရိယာယ် နိုင်ငံရေး နဲ့ သား မယား ချင်း ကွဲ ရတယ် ဆိုတော့ ရှက်လဲ ရှက်ကြ သကိုကွဲ့ ... မန္တလေး မြို့ မှာ ဆက် မနေရဲကြ တော့ဘူး ... အောင်မယ် ... တို့ လိုဘဲ သည့် ပြင် ကွဲ ကြတဲ့ လင်မယားတွေ လဲ ရှိကြသေးတယ် ကွဲ့  ၊ ဩော် - တွေး လိုက် တိုင်း ရှက်မိပါရဲ့ ”


“ အဲသည်တုန်း က တော့ မင်း တို့ အဖေ က လဲ ... အမေ့ တော် တော် စိတ်နာဟန် တူပါ ရဲ့ ၊ ဒါကြောင့် သား ကို မင့် အမေ မင်း ငယ်ငယ် ကလေး က ဘဲ သေပြီလို့ ပြော ထားတာ အမေ က လဲ ထိုနည်း၎င်း ဘဲ ... ကြည့်လေ ... သား နာမည် ကို လဲ သူ က မောင်မောင်ကြီး က နေပြီး မောင်တင်စိန် လို့ ပြောင်းတယ် ... အမေ ကျ လဲ ထိုနည်း ၎င်း ဘဲ ” 


ဟု ပြောပြီး သော်တာစိန် အား ...


“ ဒါနဲ့ .... သား ... လူလေး ... မောင်တင်စိန် ... မင့် အဖေ ... နောက် အိမ်ထောင် ပြုသေးလား ကွဲ့ ” 


“ ကျွန်တော် အမှတ်ရ မှ တော့ ကျွန်တော့ မှာ အမေစစ် ရော ... မိထွေး ရော တစ်ခါမှ မရှိခဲ့ပါဘူး ” 


“ အင်း ... အင်း ... အမေ လဲ ဘဲ ဒီလိုဘဲ ... ဟောဒီ သားကလေး နဲ့ ကိုယ့် ဟာ ကို လုပ်ကိုင် စားနေခဲ့တာဘဲ ” 


ဤတွင် စောထွန်း ၏ အသံ ပေါ် လာသည် ။ အကြောင်း မှာ ဤ စကားဝိုင်း တွင် သူ တို့ သားအမိ ချည့် မဟုတ် ၊ ကိုထွန်းအောင် တို့ မောင်နှမ နှင့် စောထွန်း ပါ ပါ သောကြောင့် ၊


“ ဟုတ်လား .. အဘွားကြီး မေး ပုံ က အဘိုးကြီး ပြန် ချိန် တယ် နဲ့ တူတယ် ”


အဘွားကြီး က “ ကမြင်မသားနှယ် ...  ” ဟု ဆို၍ အားလုံး ရီမော ကြသည် ။


စောထွန်း က ဆက်လက် ၍ ...


“ အမေ က လဲ ... ဟုတ် - ဟုတ်တယ်ပေါ့ ... အခုမှ အသက် - ၆ဝ ကျော် လောက်ကလေး တွေ ရှိကြသေးတာဘဲ .. ဟော ... ဒါနဲ့ “ အိုအောင်မင်းအောင် ပေါင်းရပါစေ ” ဆိုတဲ့ ဆုတောင်း နဲ့ အော်တိုမစ်တစ် ဒါရိုက် ဟစ် ”


အားလုံးပင် ရီမောကြ ပြန်ကာ ကိုထွန်းအောင် က ... 


“ မင်း က တော့ ဘယ်သူ ဘာဖြစ်ဖြစ် ကြား က ဝင် ပျော် နေတာဘဲ ဟုတ်လား ” 


“ အဲဒါ မကောင်းဘူလား .. အစ်ကိုကြီး ရ ပျော်ပျော်နေ သေ ခဲတယ် ... အသက်ရှည်တယ် မဟုတ်လား ”


ဗိုလ်ဖုန်းလှိုင် က ..


“ အင်း .... မင့် အဘိဓမ္မာ နဲ့ မင်း တော့ ဟုတ်နေတာဘဲ ” 


သော်တာစိန် က ...


“ ပျော်ပျော် နေရုံနဲ့ အသက် မရှည်သေးဘူး .... အရက်တွေ လဲ သိပ် မသောက်အုန်းမှ ဗျ ”


စောထွန်း - “ ဟာ .. ဆရာ ပြော မှ ဆာ လာ ပြန်ပြီ ... ဟေ့ ဘလှိုင် ငါ့ ပေးအုံးကွာ ” 


ဟု ပြောပြီး မှ ဤ အချိန် တွင် မြင့်မြင့် တို့ အချုပ် ထဲ မှ ထွက်ပြီး ၊ တစ်ဆက်တည်း အဘွားကြီး စကားဝိုင်း ဝင် ထိုင်ကြသည် ဖြစ်၍ စောထွန်း တစ်ခု သတိရ ပြန်ကာ ....


“ ဟေ့ ... ဘလှိုင် မင်း .. မင်း အကို တော့ မင်း ရိုက် တာ တောင်းပန် ပြီး ပြီ ၊ မြင့်မြင့် ရိုက် တာ ကို တော့ မတောင်းပန်ရသေးဘူး .. ဒါပေမဲ့ ... မင်းတို့ ချင်း တောင်းပန် ဘို့  ‘ ပို့ စ် ’ က လူရှေ့ သူရှေ့ မှာ မဖြစ် ဘူး ... ဒီတော့ ... ဒီ တောခိုရာ က နေ ပြီးတော့ နှစ်ယောက် ထဲ သွားပြီး ထပ် တောခို ချေ ကြ ”


မြင့်မြင့် က တွန့်ခနဲ နေအောင် သူ့ ကျော လက်သီး နှင့် ထု လိုက် ၍ ဗိုလ်ဖုန်းလှိုင် က မူ -


“ မင်း ပြောမှလား ကွ ၊ လာ ... မြင့် ” 


ဟု ဆိုကာ မြင့်မြင့် လက် ဆွဲခေါ် သွား၍ အရေးပေါ် သုံးရန် အသင့်ပြင် ထား သော မြင်းကြီး ပေါ် တင် ကာ တောနက် ရာ သို့ ထွက်ခွာ သွားကြ လေ၏ ။ 


ဒါကိုပင် စောထွန်း က မတတ်သာ တတ်သာ လှမ်း နောက်လိုက် သေး ၏ ။


“ ဟေ့ - တောင်းပန် တာ ဖြေးဖြေး သက်သာ တောင်းပန် နော် ”


◾သော်တာဆွေ


📖 ရွှေပြည်တော်သည်


#ကိုအောင်နိုင်ဦး


.

ပြုံးတော်မူ


 

❝ ပြုံး တော် မူ❞

သူမ ပြောင်းရွှေ့ လာပြီး သုံးရက်မြောက် သော နေ့ တွင် ကျွန်တော်တို့ အားလုံး သူမ ကို စတင် သတိထား မိခြင်း ဖြစ်၏ ။

သူမ ၏ အဒေါ် သည် ကျွန်တော် တို့ လမ်းထိပ် နား က လက်ဖက်ရည်ဆိုင် ( ကျွန်တော်တို့ ထိုင်နေကျ ဆိုင် ) နှင့် မျက်နှာချင်းဆိုင် တိုက်ခန်း တွင် အခြေချ နေထိုင် နေသူ ဖြစ်၏ ။ ဘာ အလုပ် လုပ်သည် ကို အတိအကျ မသိရသော်လည်း သန့်ပြန့်သော ရုပ်ရည် ၊ ပိရိသော အနေအထိုင် ကြောင့် ရပ်ကွက် ထဲ မှ လေးစားခြင်း ခံရ သူ ဖြစ်သည် ။

သူမ သည် လည်း ထို အိမ် ကို စတင် ပြောင်းရွှေ့ လာပြီး မကြာခင် ( သုံးရက်မြောက် နေ့ တွင် ) သူတို့ အိမ်ရှေ့ လက်ဖက်ရည်ဆိုင် ထိုင် သော ကျွန်တော် တို့ အပါအဝင် ပုရိဿ အတော်များများ သတိ ထား မိ နေပေပြီ ။

သူမ ကို ချောသည် ၊ လှသည် ဟု တော့ ကျွန်တော် မဆိုလို ၊ ( မည်သူ မှ လည်း မသတ်မှတ်ပါ ) ။ အသက် လည်း သိပ် ငယ်လှသည် မဟုတ် အပျိုကြီး ဟု ပင် ဆိုရ ပေမည် ။ သုံးဆယ် အောက်ထစ် တော့ ရှိမည် ။ ထူးခြားတာ က သူမ ၏ ခန္ဓာကိုယ် အချိုးအစား ပင် ။ သူမ ၏ ခန္ဓာကိုယ် အချိုးအစား ကို ဥပမာ ပြရလျှင် မြောက်ဥက္ကလာ မှ စံပြ ဈေး ထိ ပြေးဆွဲ နေသော ခြောက်ဆယ့်တစ် လိုင်း ချက်ဗလက် ကားကြီး နှင့် တူသည် ဟု ညွှန်းဆို ရမည် ။ အများကတော့ ထို ချက်ဗလက်များ ကို ဗိုက်ပူ ဟု ခေါ်ကြပါသည် ။ သူမ သည် လည်း ချက်ဗလက် ဗိုက်ပူ ကား နှင့် တူသည့် အပြင် ထို ကားများ အတိုင်း ဘော်ဒီ ဦးတည် နေရာ က တစ်နေရာ ဘီး ဦးတည် နေရာက တစ်နေရာ နှင့် ခန္ဓာကိုယ် မှာ လွန် စွာ အလိုင်းမင်း လွဲ နေ ပေ သေး၏ ။

ကျွန်တော်တို့ က လည်း သူမ လမ်းလျှောက် လာတာ မြင်လျှင် “ ခြောက်ဆယ့်တစ်ကြီး ထွက်လာပြီဟေ့ လမ်း ဖယ်နေကြ ဘယ် ဦးတည် လို့ ဘယ် သွားမှန်း မသိဘဲ ဝင် တိုက်မိနေကုန်ဦးမယ် ” ဟု အမြဲတစေ နောက်ပြောင် တတ်၏ ။

သူမ သည် ကျွန်တော် ပြောသည့် အတိုင်း ခြောက်ဆယ့်တစ် ဗိုက်ပူခေါင်းတိုကြီး ဖြစ်၏ ။ ကိုင်း .. ဤမျှလောက် မလှပသူ ကို ဘာ ကြောင့် လူတွေ စိတ်ဝင်စားကြလဲ ။

အပြုံး ဖြစ်သည် ။

သူမ ၏ မျက်နှာ ၊ ခန္ဓာကိုယ် ၊ အသွားအလာ ၊ ဘာမှ မလှပ ပေမယ့် သူမ ၏ အပြုံး က တော့ လွန်စွာ နှစ်လိုဖွယ် ရှိသည် ဟု ပင် ဆိုရပေမည် ။ ထို အပြုံး သည် သူမ ၏ ခန္ဓာကိုယ် ပေါ် တွင် ပေါက် ရောက် နေသော ကြောင့် ခြောက်ဆယ့်တစ် ဗိုက်ပူ ခေါင်းတိုကြီး ဂိတ် က ထွက် ကတည်း က လူ ပြည့် ၍ မော်တော်ကား ပြုံး ပြုံး နေသည်နှင့် ပင် တူ သေး တော့၏ ။

မည်သို့ပင် ဖြစ်စေ သူမ သည် အမြဲတစေ ပြုံး နေတတ်ခြင်း ပင် ။ ဘယ်အချိန် ဘယ်အခါ ကြည့်ကြည့် သူမ ၏ ခေါင်းတိုတို ပေါ် တွင် ထို အပြုံး ကို မပျက်မယွင်း တွေ့ ရမြဲ ။

အိပ်ယာ ထ လည်း ပြုံး ၊ ထမင်း စား လည်း ပြုံး ၊ အပြင် ထွက် လည်း ပြုံး ၊ အိမ် ထဲ နေလျှင် လည်း ပြုံး ၊ အမြဲတမ်း ပြုံးပြုံး ပြုံးပြုံး နှင့် သူမ ကို ကြည့်ရသည် မှာ လွန်စွာ စိတ်ချမ်းသာစရာ ကောင်းတော့သေး ၏ ။ ( နောက်မှ သိရသည် မှာ အိပ် နေလျှင်လည်း ပြုံးနေသည် ဟူ၏ ။ )

နောက်ထပ် ထူးခြားချက် တစ်ခု မှာ သူမ သည် မနက်လင်း အိပ်ရာ မှ နိုးပြီး နှင့် အလုပ် မသွားခင် စပ်ကြား ကျွန်တော်တို့ ထိုင်နေကျ လက်ဖက်ရည်ဆိုင် တွင် နေ့စဉ် မပျက်မယွင်း ပြုံးစစ နှင့် လက်ဖက် ရည် လာ သောက်တတ်ခြင်း ပင် ။ လက်ဖက်ရည် သောက် လျှင် လည်း စားစရာ ဘယ်အခါ မှ ပြောင်း စားလေ့ မရှိ ။ အီကြာကွေး တစ်ချောင်း သာ လက်ဖက်ရည် ထဲ နှစ်၍ နေ့စဉ် နှစ်နှစ်ခြိုက်ခြိုက် ငုံကိုက် စား တတ်ခြင်းပင် ။

အီကြာကွေး ကြိုက်တတ်ပုံက တော့ ထူးဆန်းလွန်းသည် ဟု ဆိုရမည် ပင် ။ အဘယ်ကြောင့် ဆိုသော် သူမ တစ်ယောက်တည်း အီကြာကွေး ကို နှစ်နှစ်ခြိုက်ခြိုက် စားတတ်သည် မဟုတ် ။ သူမ ၏ အောက် မှ ညီမငယ်များ ဖြစ်သော ( ကျွန်တော်တို့ အခေါ် ) ခြောက်ဆယ့်တစ် ခေါင်းရှည် ၊ အနီ ၊ အစိမ်း စသော ညီမငယ် သုံးယောက်လုံး သည် ပင် နံနက် လင်းသည် နှင့် လက်ဖက်ရည်ဆိုင် တွင် အီကြာကွေး တစ်ယောက် တစ်ချောင်း နှင့် စစ်ခင်း တတ်ကြသည် ။

     •••••   •••••   •••••

မိတ်ဆွေ ။

ရိုးသားစွာ စဉ်းစားကြည့်ပါ ။

မနက် လင်းသည် နှင့် မျက်နှာကြီး ပြုံးပြီး အီကြာကွေး မြုံ့နေ သော အပျိုကြီး ကို မည်သူက စိတ် မဝင်စားဘဲ နေနိုင်အံ့နည်း ။ လူ ကို စိတ်မဝင်စား တောင် အီကြာကွေး စွတ်နေသော နှုတ်ခမ်းပြုံးကြီး ကို တော့ စိတ်ဝင်စားသည် ။

ကျွန်တော် စိတ်ဝင်စား၏ ။ ကျော်ကို က ကြိုက်၏ ။ မျိုးမြင့်ထွန်းက အသည်းစွဲသည် ။ ထွန်းနိုင် က ရလျှင် ခိုးပြေးရန် ကြံသည် ။ ဘာမဆိုင် ညာမဆိုင် ကလေး နှစ်ယောက် အဖေ ကျွန်တော့် အစ်ကို ပင် သူမ ကို ရလျှင် ယခု လက်ရှိ ပေါင်းသင်း နေသော ဗိုက်ပူ ခေါင်းတို ကို ကွာ၍ ၊ မော်တော်ကားပြုံး ပြုံး နေသော ထို ဗိုက်ပူခေါင်းတို နှင့် ပင် ပေါင်းသင်းလိုက် ချင်ကြောင်း အာရည် တရွှဲရွှဲ နှင့် ပြော၏ ။

ကိုင်း ကျွန်တော်တို့ တစ်အိမ်တည်း မှာ တင် ခြောက်ယောက် မျှ ပြိုင်ပြီး ကြိုက်ကြသည် ဆိုတော့ သူမ ၏ အီကြာကွေး တပ်အပြုံး မည်မျှလောက် စွဲဆောင်မှု ကောင်း သလဲ စဉ်းစား သာ ကြည့် ။

ဘယ်မျှထိ ဆိုရသော် မျိုးမြင့်ထွန်း က အာသာပြေ ကား လိုက် စီးသည် ။ ကျော်ကို က လက်ဖက်ရည်ဆိုင် ချောင် ထိုး၍ ညို့နေသော သူ့ မျက်လုံး ကို ကလယ်ကလယ် လုပ်ရင်း ပြောင် ပိုးသည် ။ ထွန်းနိုင် က တော့ အရက် မူး လာလျှင် သူမ အိမ်ရှေ့ ဂစ်တာ ပိုက်ပြီး ဘာမဆိုင်ညာ မဆိုင် ‘ ငါ့သမီး စာကျက်နေတယ် ’  ဟစ်သေး၏ ။ ကျွန်တော့် အစ်ကို က တော့ သူ့ မိန်းမ လစ်လျှင် သူ့ သမီးအကြီး ကို မြှောက်ပေး၍ “ မမလေး ” ဟု ခေါ်ခိုင်း၏ ။ ထိုမှ တစ်ဆင့် အခြေအနေ ကောင်းလျှင် ‘ မေမေလေး ’   ဟု ပြောင်း၍ ခေါ်ခိုင်းရန် ကြံ ထား၏ ။ ( ကိုင်း .. အထုပ် ဖြေပြီ )

ကျွန်တော် က တော့ သမာဓိပိုး မျှသာ ။ လွန်စွာ သမာဓိ မရှိ သော မျက်လုံးကြီး နှင့် စိမ်းစိမ်းကြီး ကြည့်ကာ စာအုပ် လက်ဆောင် ပေး ဖူး၏ ။ သူမ က ကျွန်တော့် ကို သိဖို့ မပြောနှင့် နာမည်လေး သော် မှ မကြားဖူးပေ ။
‘ အကြည်တော် ဆို တာ ကျွန်တော် ပဲ ’  လို့ ပြောတော့ သူမ က ဆီးထုပ်ထုပ်တာလား ဟု ပြန်မေးပါသည် ။

မည်သို့ပင် ဖြစ်စေကာမူ ထိုကာလ ၌ ကျွန်တော်တို့ ရပ်ကွက် ထဲ ၌ ခြောက်ဆယ့်တစ်ကား ခေတ် အစား ဆုံး ဖြစ်သည် ။ ကျွန်တော် မှ စ၍ ( တကယ် ပြောတာဗျ ) အိမ်ရှိ လူ အားလုံး က လည်း တညီတညာ တည်း ကြိုက် ကြသည် ။ တစ်ရပ်ကွက် လုံး လည်း ကြိုက်သည် ။ သို့သော် ၊ နောက်ဆုံးတော့ လည်း မိန်းမ ရရန် ဘယ်တော့မှ ကံဇာတာ မပါသော ကျွန်တော် တို့ အထီးကျန် အဖွဲ့ ထုံးစံ အတိုင်း အထီးကျန် ခြင်း သာ အဖတ်တင် ပါသည် ။

ဤတွင်

ရှင်းပြရအံ့ ။

အထီးကျန်အဖွဲ့ ဆိုသည် မှာ တစ်ယောက်တည်း လည်း အထီး ကျန် , ကျန်ရစ်သည့် အဖွဲ့ မဟုတ်ဘဲ ၊ အမြဲတစေ ကျွန်တော်တို့ အိမ် ၌ အထီးချည်း ကျန်ရစ် ခဲ့သော ထုံးစံ ရှိ၍ ထို အသုံးအနှုန်း သုံး လိုက်ရ ခြင်းဖြစ်၏ ။ အိမ် ရှိ လူ ဘယ်သူ့ ကြည့်ကြည့် အထီးချည်း ပဲ ။ တိရစ္ဆာန် တွေ ဝယ် မွေးတော့ လည်း အမတွေ အကုန် သေ၏ ။ အထီးချည်း ကျန်ခဲ့သည် ။

ဩော် ပြောရဦးမယ် ။ ရှက် လည်း ရှက်ပါတယ်ဗျာ ။ တလော ကတော့ ဘယ်က ဘယ်လို မျက်စိ လည် ရောက်လာတဲ့ ကြောင်မ မှန်း မသိဘူး ။ အိမ် ခြံစည်းရိုး ထောင့် မှာ ဖအေ အကောင် လာ ဖော် သွားတာ ။ ကလေး နှစ်ယောက် မွေး သွား ပါတယ် ။ ကြောင်မ က တော့ မွေးပြီး ဘယ် ပျောက်သွားတယ် မသိဘူး ။ ငါ့ လက် က လွတ် သီတင်းကျွတ် လုပ် သွားတာ ။ သူ လုပ်တာ အကြောင်းတော့ မဟုတ်ပေါင် ။ ဟို သူ့ ကလေး နှစ်ကောင် က နေစရာ မရှိ ၊ စားစရာ မရှိ နဲ့ ဆိုတော့ အိမ် ထဲ ပဲ ပြေး ဝင် လာ တာ ။ ကိုယ် ကလည်း ဪ .. မိဘမဲ့လေးတွေ ဆိုပြီး အစာတွေ ကျွေးပြီး မွေးမိ သလို ဖြစ်သွားတာပေါ့ ။ ကြောင်လေးတွေ ကြည့်တော့ အထီး တစ်ကောင် အမ တစ်ကောင် ။ ဝမ်းသာလိုက်တာ ပြောမနေပါ နဲ့တော့ ။ ‘ ဒီ တစ်ခါတော့ ငါ့ အိမ် အမ ဝင်ပြီဟဲ့ လို့ ’   

ကြောင်ထီး ကို တောင် နာမည် မပေးပါဘူး ။ ကြောင်မလေး ကျ မှ နာမည် ပေး ထားတယ် ။ ' ဗိုက်ပူမ ' တဲ့ ။ ဗိုက်ကလေး က အစာတွေ နင်းကန် စားပြီး ပူ နေ လို့လေ ။ မကြာပါဘူး သေပါရော လား ။ ဗိုက်ပူ မထင် နဲ့ ဟို အထီးလေး ။ ကိုယ့် မှာ တော့ ပျော် လိုက်တာ ။ ခါတိုင်းဆို ယုန်မွေး ယုန်မ သေ ၊ ပူး မွေး ပူးမ သေ ၊ အမ ချည်း သေပြီး အထီးချည်း ကျန်ခဲ့တာ ကိုး ။ ဒီတစ်ခါတော့  အမကလေး ကျန်တယ် ဆိုတော့ ကြံဖန် ဝမ်းသာ နေတာ ။ အိမ် က ကောင်တွေ ကလည်း ဂရုစိုက်လိုက်တာ ပြော မနေနဲ့ ။ မလုပ်စဖူး အလုပ် ထူးပြီး ကြောင်စာ ပါ ရှာ ဝယ်ပြီး ကျွေး ပစ်တာ ။ ဗိုက်ပူမ ဆိုတာ လုံး တက် လာတယ် ။ ဒါပေမယ့် ဘာ ကြာလို့ လဲ ။ သေတယ် ထင်လို့လား မဟုတ်ဘူး ။ ကျုပ်တို့ လူတွေ ပဲ ကြက်သေ သေ ကုန်တာ ။ အရွယ် ရောက် မှ သတိထား မိ ပြီး အထီးကြီး ဖြစ်နေတာ ။ ကြည့်ဦး အမလေး ဆို ပြီး ဂရုတစိုက် မွေး ထားကာ ဘယ်လောက် အထီးကျန် လည်း လို့ ။ အဲဒီ ကတည်း က အိမ် မှာ ဆို အဲဒီ ကောင် မြင် တာ နဲ့ ကန် ထုတ် ကြတော့ တာ ။

နေဦး

သို့ကလို အထီးကျန်ခြင်း အပေါ် ပါရမီ ရင့်သန်လှ ပါသော ကျွန်တော်တို့ အဖွဲ့ ၏ မထူးဇာတ် ဖြစ်သော ကိုယ် ကြိုက် သူ လင် နောက် လိုက်ခြင်း ဟူသည် သင်ခန်းစာ ဟောင်း ၊ စာမျက်နှာသစ် ထပ်မံ ဖွင့်လှစ် ခြင်းခံရသည် ဟု သာ ဆိုပေမည် ။

ကျွန်တော်တို့ ကြိုက်နှစ်သက်လှပါသော ခြောက်ဆယ့်တစ် ဗိုက်ပူ မှာ ရပ်ကွက် အတွင်း မှ ကွန်ပျူတာ စာစီ မောင်ဝေဟင် မည် သည့် ငတေ နှင့် နှစ်ပါးဂဟေဆက် လက်ထပ်ခြင်း သို့ ရောက်သွား ရ လေသည် ။

မောင်ကြည် ကြိုက် လျှင် လင်နောက် လိုက်ရမည် ဟူသော လူ့ ဘဝ အတွက်အချက် ( ကျွန်တော် က တော့ လူ့ သဘာဝ အတွက်အချက် လို့ ကို မှတ်ထားတယ် ) မှန်ကန်ပြီး သကာလ လူတွေ ထင်လို ထင်ငြား ခြင်ထောင် သုံးရက် အောင်းပြီး ပြန် အထွက် မှာ ပင် အနှီတို့ မင်္ဂလာဆောင် ခြင်း ဟူသော အာဝါဟ ၊ ဝိဝါဟ အမှု သတင်း ကြားရ ပြန် လေပြီ ။

ကြံတုန်း က တော့ ကြံပြီး မရခဲ့သည် ရှိသော် မရသူ တို့ ၏ ထုံးစံ အတိုင်း အသည်းနာနာ အကဲပါပါ ဖြင့် ၊

“ ငတုံးမ ဟိုကောင် ကွန်ပျူတာ ရိုက်တဲ့ ကောင် ကို မှ သွား ယူ တယ် ။ ငါ့ ကို ယူတော့ ဘာဖြစ်မှာတုန်း ။ အခုတော့ သူ့ ဒုက္ခ နဲ့ သူ လက် တို အောင် ရိုက်စား ပေရော့ ။ ဒါနဲ့ပဲ တန်တယ် ”

ဟူသော စိတ် နာစရာ အတွေးများ ကို ပိုးမွေး သလို မွေးပြီး အံကြိတ်၍ ‘ မိုးကြိုးကြီးကြီး ပစ်ပါစေ ’   မကြိမ်းရုံ တမည် ၊ ကိုယ် က ချိန် လိုက် လင် နောက် လိုက် သူများ ၏ ထုံး နှလုံးမူကာ ' ငါတို့ ကတော့ ဟင် ဆို လှည့် ကြည့်တတ်တဲ့ အစား ထဲ က မဟုတ်ဘူး ' ဟူ၍ တစ်ဘက် လှည့် ၍ သာ မူ ထား ရလေတော့၏ ။ ( အေးလေ လှည့်ကြည့်လည်း ကိုယ် က မှ မရ တော့တာ ) ။

ရပ်ကွက် အတွင်း မင်္ဂလာပွဲ ခြိမ့်ခြိမ့်သဲ ကျင်းပစဉ်မှာ ပင် ‘ ဆရာတို့ဖြင့် ကြွရောက် ချီးမြှင့်ပေးပါ ’  ဟူသော ရပ်မိရပ်ဖ စကား ကြောင့် မစားရသည့် အမဲ ကို ဆီ တရွှဲရွှဲ ဖြစ်အောင် ပြင်ဆင်ထားသည် ကို စိတ်နာနာ နှင့် ကြည့်ခွင့် ရရန် သတို့သား ၏ ပြုံးဖြဲဖြဲ မျက်နှာ နှင့် တွဲလျက် ‘ ကျွန်တော် တို့ ဒီ ခုတင်မှာ လေ ’ ဟူ၍ နှစ်ယောက်အိပ် ခုတင်ကြီး ကို ပြ၍သော် လည်းကောင်း ၊ ‘ ကျွန်တော်တို့ အဝတ်အစားတွေ ဒီ ဗီရိုကြီး ထဲ မှာ ထည့်မှာ ’   ဟူ၍ ဗီရိုကြီး ကိုလည်းကောင်း ၊ ‘ ကျွန်တော်တို့ တော့ ဒါပဲ ’  ဟု အဓိပ္ပာယ် သက်ရောက် စေသော အပြင်အဆင်များ ကို အသည်းနာ စရာ ပြင်ဆင် ထားသည့် အပြင် ‘ ကျွန်တော် တို့ လင်ယူ သားမွေး ကိစ္စ အား ရှိအောင် ဦးဦး ဒေါ်ဒေါ် ကိုကို မမ တို့ ကူညီပါ ဦး ’ ဟု အဓိပ္ပာယ် သက်ရောက်စေသော မင်္ဂလာလက်ဖွဲ့ဌာနကြီး တစ်ခု ကို လည်း ကြီးကြီးကျယ်ကျယ် ဖွင့်လှစ် ထားပြန်လေသည် ။ ဤ ကိစ္စများ မှာ ကိုယ် မလုပ်နိုင်သည့် ကိစ္စများ ဖြစ် သော်လည်း လုပ်နိုင်သူများ က လုပ်တော့လည်း မုဒိတာ က မပွားနိုင် ။ သို့ပါ၍လည်း ‘ မင်းတို့ ဘာသာ မင်းတို့ မနေနိုင် မထိုင်နိုင် ထဆတ်ဆော့ တဲ့ ကိစ္စ ဘာလို့ ကူညီရမှာလဲ ’ လုပ်မရသဖြင့် အိမ် တွင် ပို နေသော ရေသန့်ဘူး တစ်လုံး ကို စတိုးဆိုင် တစ်ခု တွင် ပါဆယ် အသေအချာ ထုပ် ၍ ‘ တစ်သက်လုံး သောက် ၊ ကုန်အောင် သောက် ရေသောက်တိုင်း ခွက်နင်ပါ စေ’ ဟု ဆုတောင်းသမှု ပြုပြီး သကာလ ရက်ရက်ရောရော ပင် လှူဒါန်း ပေးအပ် လိုက်လေသည် ။

ဤသို့ဖြင့် ကျွန်တော် တို့ ၏ ချစ်လှစွာသော ခြောက်ဆယ့်တစ် ဗိုက်ပူကလေး သည် ကတုံး နောက် ဆံထုံး ပါ ဆိုသည့် အတိုင်း ( သူ့ ယောက်ျား က ကတုံးကြီး ) သူ့ ယောက်ျား ခေါ်ဆောင်ရာ သာကေတ မည်သော ရပ်ကွက် တစ်ခု ဆီ သို့ လိုက်ပါ ပြောင်းရွှေ့ သွားကြောင်း သတင်း ကောင်း ကြားရလေသည် ။

ရက်တွေ လတွေ ဘယ်လောက် ကြာ သွားသည်တော့ မသိ ။ ကျွန်တော်တို့ တည်း ဆိုသော လူမျိုးများ က လည်း ' ဒါမရ ဟိုဘက် လှည့် မဟဲ့ ' ဟူသော ခံယူချက် ကြီးကြီးမားမား ရှိသူများ ပေ မို့ သူ့ မရတော့ လည်း ရနိုင်ချေ ရှိသူ လှည့် ကြံ ရင်း ကာလယန္တရားကြီး ကို မျက်ကွယ် ပြု မိ နေပြန်လေသည် ။

ဤသို့ဖြင့် မထင်မှတ်သော တစ်နေ့သော အခါ သမယ တွင် ယခင် တစ်ခါ ချစ်လှစွာသော မှိုချိုး မျှစ်ချိုး မေတ္တာတွေ တိုးခဲ့ ရသည့် ကျွန်တော် တို့ ၏ ခြောက်ဆယ့်တစ် ဗိုက်ပူခေါင်းတို ၏ ယောက်ျား မောင်ဝေဟင် ရပ်ကွက် တွင်း ပြန်လည် ရောက်ရှိလာခြင်း ပင် ။

ထိုနေ့က ထုံးစံ အတိုင်း ရပ်ကွက်ကလေး ရှိ လက်ဖက်ရည်ဆိုင် တွင် ကော်ဖီမစ္စပလိန္န ဟု ကျွန်တော်တို့ ခေါ်တွင်သည့် ကော်ဖီမစ့် ပလိန်း တစ်ခွက် ကို ဇိမ်ကျကျ ထိုင် သောက်ရင်း ဒီနေ့တော့ ဘယ် ကောင်မလေး ကို ပိုး ရင် ကောင်းရပါ့ ။ ဘယ် ကောင်မလေး ဆို လွတ် ကုန်အံ့ ဟု စိတ်ကူး ယဉ် နေတုန်း ဗြုန်းဆို အနှီ ငတိ ရောက်လာခြင်း ပင် ။

“ ထိုင်မယ်နော် ဆရာ ”

ယခင် က လည်း သိပ် ခင်မင်သူ မဟုတ် ၍ ကျွန်တော် အံ့အား သင့်သွားရသည် ။ နှစ်ကာလ အတန်ကြာ ကင်းကွာခဲ့သူ မို့ လည်း မနည်း ပြန် စဉ်းစား ယူ ရသည် ။ ကိုယ့် မလဲ တစ်ယောက် မကောင်း တစ်ယောက် ပြောင်း ပိုး ခဲ့တာ နည်း မှ မနည်း ကိုး ။ စဉ်းစား နေ တုန်း မှာ ပင် ငတိ က စားပွဲဝိုင်း ဝင် ထိုင် နေလေပြီ ။

သူ့ ပုံ က ယခင် မြင်ခဲ့ရ သလို မဟုတ် ။ လန်းဆန်း တက်ကြွမှုများ ပျောက်ဆုံး နေပြီး ဆံပင်များ ပင် ဖွာလန်ကြဲ နေပြီ ။

“ နို့ နေဦး .. ကိုယ့် လူ က ဒီ အိမ်ရှေ့ က ကောင်မလေး နဲ့”

“ ကွာလိုက်ပြီ ”

“ အမ် ”

ကျွန်တော် စကား စ လိုက်သည် နှင့် မောင်ဝေဟင် ဆိုသူ မှာ ကြို သိနေသည့် အလား အလျင်အမြန် ဖြတ် ဖြေ လိုက်သည် ။ ပြီးနောက် ကျွန်တော့် ကို စကား မဆက်သေးဘဲ အနောက်ဘက် လှည့်၍

“ လက်ဖက်ရည် ကျဆိမ့် တစ်ခွက် အကျရည် များများ ”

ဆိုကာ လှမ်းမှာလိုက်သေး၏ ။ ကျွန်တော့် မှာ သာ ဒီလောက် သဘောထား ကောင်းကောင်း နှင့် ပြုံးရယ် နေ တတ်သည့် ကောင်မလေး ကို ဘာကြောင့် ကွာ လိုက်သလဲ စဉ်းစား၍ မရ ။ အရင်တစ်ခါ သံယောဇဉ် ရှိခဲ့ဖူးတာ လည်း ပါသပေါ့ ။ ဒါကြောင့် ...

“ နေစမ်းပါဦး ကောင်မလေး က ဒီလောက် သဘော ထား ကောင်း ပြီး အမြဲ ပြုံးပြုံးလေး နေ တတ်တဲ့ မိန်းကလေး ကို ကိုယ့် လူ က ဘာကြောင့် ကွာ လိုက်တာတုန်း ”

ကျွန်တော့် အမေး ကို မောင်ဝေဟင် က ရှုပ်ပွလက်စ သူ့ ခေါင်း ကို သူ့ လက်နှစ်ဖက် နှင့် ခပ်ကြမ်းကြမ်း ထပ် ဖွ ကာ ငို မလို မျက်နှာ ပေး နှင့်

“ အဲဒီ ပြုံး နေ တာကြောင့် ကွာ လိုက်တာပေါ့ဗျ ။ ပြုံး နေတာ ကြောင့် ကွာ လိုက်တာ ”

“ ဟင် ဘယ်လို ”

သူ့ ငိုမဲ့မဲ့ အဖြေ စကား ကြောင့် ကျွန်တော် ဘယ်လို မှ စဉ်းစား မရ ပို ဖြစ်သွားမိ၏ ။ ပြုံး နေလို့ ကွာ လိုက်တာတဲ့ ။ ပြုံး နေတာ ကွာ စရာလား ၊ ကျွန်တော် သူ့ကို ထပ် မေး မလို့ လုပ်တုန်းမှာပင် သူ က ..

“ အစကတော့ ကျွန်တော် လည်း အဲဒီလိုလေး ပြုံး နေတာ ကို အိမ် ကျက်သရေ ရှိတယ် ဆိုပြီး ယူခဲ့မိတာပါ ။ ယူပြီးတဲ့ အခါကျ မှ

“ မင်း ဟင်းချက်တာ မကောင်းဘူးကွ ”

ဆိုလည်း ပြုံး နေတာပဲ ။

“ ဟေ့ ငါ အရက် မူးလာတယ် ”

ဆိုလည်း ပြုံး နေတာပဲ ၊ အသုံး မကျတဲ့ ကောင်မ ဆိုလည်း ပြုံးနေတာပဲ ။

အဲဒီ အပြုံးကြီး နေ့စဉ် ရက်ဆက် မြင် နေ ရတော့ ကျွန်တော့် ကို သရော် သလို မဖြစ်နေဘူးလား ဗျာ ”

“ ဟင် ”

သူ့ စကား ကြောင့် ကျွန်တော် မျက်လုံး ပြူး သွား ရသည် ။ သူ ပြောတော့ လည်း ဟုတ်နေ သလို ။ ကိုယ် ဘာ လုပ်လုပ် ပြုံးပြီး ကြည့် နေ တော့ နေရ ခက်စရာ မဖြစ်ဘူးလား ။

“ ကျွန်တော့် မှာ ဗျာ နင် ဘာတွေ သဘောကျ နေလဲ နေ့တိုင်း မေးတယ် ။ ဘာမှ ပြန် မပြောဘူး ။ ပြုံး နေတာပဲ ။ စဉ်းစား ကြည့်လေ ။ ထမင်း စား လည်း ပြုံး ၊ ရေ သောက် လည်း ပြုံး ၊ ည အိပ်ရာ ဝင် လည်း ကျွန်တော့် ကို ပြုံး ကြည့်နေတာ ခံရ မခက်ဘူးလား ဆရာ ”

သူ့ ငိုသံ စကားကြောင့် ကျွန်တော် ပင် ဘာ ဆက် ပြောလို့ ပြော ရမှန်း မသိတော့ ။ သူ ပြောတော့ မှ လူတိုင်း ကြိုက်တဲ့ အပြုံး က အပြစ် ဖြစ် နေပြီ ကိုး ။ နောက် အတန်ကြာ စဉ်းစားပြီး မှ

“ နို့ မင်း အမျိုးသမီး က ပြုံး ပဲ ပြုံး နေတာလား ရယ်ရော မရယ်ဘူးလား ”

ကျွန်တော် မေး လိုက်မှ ငတိ မှာ ပို ငိုချင် သလို ဟန် မျိုး နှင့်

“ ရယ်တယ် ဆရာ ၊ သုံးခါ ရယ်တာ ကြားဖူးတယ် ”

“ ဘယ်လို သုံးခါ ပဲ ရယ်တာ ကြားဖူးတယ် ဟုတ်လား ”

သူ့ စကား ကြောင့် ကျွန်တော် အံ့အားသင့်ပြီး မျက်လုံး ပင် ပြူး သွားရသည် ။ နောက် သိချင်ဇောဖြင့် ..

“ ဘယ် .. ဘယ်လို .. သုံးခါ အဲ .. ဘယ်တုန်း က ”

ကျွန်တော့် ရဲ့ ကဘောက်တိ ကဘောက်ချာ အမေး ကို ဝေဟင် က ချက်ချင်းပဲ ငိုချတော့ မလို မျက်နှာမျိုး နှင့်

“ မင်္ဂလာဦးည မှာ ခိခနဲ တစ်ခါ ရယ်တယ် ။ နောက် အိမ် က စက်ဘီးလေး လေထိုး မရလို့ လမ်းထိပ်ဆိုင် က ဘားကျွတ်ကလေး ကျွန်တော် ဝယ်ပြီး ကိုင် လာတာ မြင်တော့ ခိခနဲ တစ်ခါ ရယ်တယ် ။ နောက် သားလေး တစ်နှစ်သား အရွယ် ”

“ ဪ .. ကလေးတောင် ရမင့်ကိုး ”

“ ကျွန်တော် က သားလေး ကို ချီပြီး ဖေ့သားလေး အဖေတူ သားလေး ဆို တုန်း က ခိခနဲ တစ်ခါ ရယ်တယ် ။ အဲဒီ သုံးခါ ပဲ ရယ်တာ ကြားဖူးတယ် ”

“ မင်း .. မင်း က လည်း ကွာ သဘောကျ အဲ ပျော် လို့ ရယ်တာ ဖြစ်မှာပေါ့ ”

“ ပျော်လို့ ရယ် ရင်လည်း ပွင့်ပွင့်လင်းလင်း ရယ်ပေါ့ ဗျာ .. ခု သူ ရယ်တာ က ခိုး ရယ် တာကြီး ဟာ .. ခိုး တော့ မရယ် နဲ့ ပေါ့ ဗျာ ။ နောက် ဘာဖြစ်လို့ ရယ်တာလဲ ဆိုတော့ မေး မရဘူး ။ ပြုံး နေတယ် ။ အဲဒါနဲ့ ကျွန်တော် လည်း သံသယ ဖြစ် လာရော ”

“ ဟ .. ဒီ သုံးခါလေး ရယ်မိတာ သံသယ ဖြစ် စရာလား မင်း ဟာ က မဟုတ်တာ ”

“ သံသယ ဖြစ် စရာပေါ့ ဗျ ။ ကျွန်တော် နဲ့ မညားခင် ကတည်း က အီကြာကွေး တစ်မျိုးပဲ စား တာရယ် ၊ နောက် အချိန်ကောင်း သုံးခါ မှာ ရွေး ရယ်တာ ရယ် ကို ဆက်စပ် လိုက်ရင် သံသယ ဖြစ်စရာ ပေါ့ ”

“ မင်း ဟာ က မဟုတ်တာကွာ သံသယ ဖြစ် ရင်လဲ စုံစမ်းကြည့် ပေါ့ ”

“ စုံစမ်းတာပေါ့ ဗျ ”

“ ဟင် စုံစမ်းတယ် ဟုတ်လား ”

သူ့ စကား ကြောင့် ကျွန်တော် ပို စိတ်ဝင်စား သွားသည် ။ ထို့ကြောင့် သိချင်ဇော ဖြင့်

“ စုံစမ်းတော့ ဘာတဲ့လဲ ”

ကျွန်တော့် အမေး ကို ဘယ်သူ မှ မသိစေချင်သည့် ပုံစံမျိုး နှင့် ဘေးဘီ ဝေ့ ကြည့်ကာ လေသံ တိုးတိုး ဖြင့်

“ သူ့ အဒေါ် က တွံတေး ဘက် က ရွာ တစ်ရွာ က ဗျ ။ လိမ်လည်မှု နဲ့ ရန်ကုန် ပြေး လာတာ ”

“  ဟယ် ... ”

ထင်မှတ် မထားသော စကား ကြောင့် ကျွန်တော် အံ့အားသင့် သွား ရသည် ။

ဒါကို ဝေဟင် မှ ပင် ဆက်၍

“ သူ ရော သူ့ ယောက်ျား ပါ လူလိမ်တွေ မျိုးရိုး ရှိတယ် ”

“ ဟာ မင်း ကလည်း ကွာ သူ့ အဒေါ် လိမ် ပေမယ့် သူ က လိမ် ချင် မှ လိမ် မှာ ပေါ့ မင်း သူ့အကြောင်း ရော မစုံစမ်းဘူးလား ”

“ စုံစမ်းတာပေါ့ ဗျာ ၊ ဘယ် နေမလဲ ”

“ ဘာတဲ့လဲ .. သူကရော ဘာတဲ့လဲ ”

“ သူ့ နာမည် ပြောလိုက်တာ နဲ့ ”

“ အင်း ”

ကျွန်တော် က သိချင်စိတ် နဲ့ အလျင်အမြန် ထောက်ခံ လိုက်သည် ။

“ တစ်ရွာ လုံး ပြုံးပြုံး ပဲ ”

“ ဟင် ”

“ ဟုတ်တယ် သူ့ နာမည် ပြော လိုက်တာနဲ့ တစ်ရွာလုံး ဘာမှ ဆက် မေးလို့ မရဘူး အားလုံး ပြုံး နေကြတာ ”

“ ဟာကွာ .. မင်း က လည်း ”

ကျွန်တော် လည်း လိုချင်သော အဖြေ မသိရ ၍ တစ်ကိုယ် လုံး ပင် ပျော့ကျ သွား၏ ။ သိချင်သည့် အကြောင်းများ က ဝေ့လည် ကြောင်ပတ် နှင့် ဘာမှ မသိရဘဲ ကိုး ။ ဒါကြောင့် အဖြေ တစ်ခု ခု ရလို ငြား ဆက် မေးလိုက်၏ ။

“ ဒါနဲ့ နေပါဦး အခု မင်း နဲ့ ကွာရှင်း လိုက်တော့ရော သူ က ဘာမှ မပြောဘူးလား ”

“ ပြုံးပြုံး ပဲ ”

ဪ .. ဒီ အထိ ပြုံး နေပါသေးလား နော် ဟု စိတ် ထဲ တေး မှတ် လိုက်ရသည် ။ ဒါကို မောင်ဝေဟင် က ရင်ဖွင့် ၍ ဝ သွား၍ ထင့် ရှေ့မှ ရေနွေးခွက် ကို ဆတ်ခနဲ သောက်ပြီး

“ ကိုင်း သွားဦးမယ် ဆရာ ရေ ဒီ လက်ဖက်ရည်ဖိုး ဆရာ ပဲ ရှင်း လိုက်တော့ ”

ဟု ဆိုကာ စားပွဲဝိုင်း မှ ထ၍ တစ်လှမ်း နှစ်လှမ်း လှမ်း သွား ပြီးမှ နောက် ပြန် လှည့် ကာ ..

“ ဪ ဆရာ မယုံရင် သာကေတ ကို သွားကြည့် ၊ ဒီ အချိန် ဆို သူတို့ လမ်းထိပ် လက်ဖက်ရည်ဆိုင် မှာ အီကြာကွေး တစ်ချောင်း မြုံ့ ပြီး ပြုံး နေ မှာ သေချာတယ် ”

◾ အကြည်တော်

📖 ပြုံးတော်မူ

#ကိုအောင်နိုင်ဦး

.

Saturday, April 29, 2023

ရွှေပြည်တော်သည် ( ၂၀ )


 🔳 အမေ့သားများ


သော်တာစိန် နှင့် မြင့်မြင့် တို့ တွေ့  စ က စောထွန်း ပင် လျှင် လင်မယား အရာ မြောက် နေကြပြီ အောက်မေ့ ၍ သူ မြင့်မြင့် အား နောက်ပြောင် ခဲ့သည်များ ကို စာဖတ်သူ တို့ မှတ်မိပေ လိမ့်မည် ။ စင်စစ် သော်တာစိန် နှင့် မြင့်မြင့် တို့ သည် မလွှဲမရှောင် သာ ၍ လင်မယား ဟန်ဆောင် နေကြရ သော်လည်း မှည့် တစ်ပေါက် မစွန်းခဲ့ပေ ။


သူတို့ အိပ်ခန်း ထဲ တွင် ခုတင် နှစ်ခု အကြား က အပေါ် က ကြိုးတန်း တွင် ကြေးကွင်းတပ် နှင့် ဆွဲရှုံ့ ၍ ရသော ကန့်လန့်ကာ တခု ထားသေး၏ ။ သူတို့ နှစ်ယောက် စကားစမြည် ပြော လိုလျှင် ဤ ကန့်လန်ကာ ကို ဖွင့်ထားသည် ။ တုံးလုံးပက်လက် လှဲလျောင်း လို သော် ဆွဲ ပိတ် လိုက်သည် ။


သူတို့ နှစ်ယောက် သည် အပြင် မှာ ထက် အခန်း ထဲ နေတာ က များသည် ဟု မြင့်မြင့် ၏ အိမ်ဘော် အဒေါ်ကြီး က ပြော၏ ။ မှန်သည် စင်စစ် သူတို့ နှစ်ယောက် “ ဆရာ နှင့် မြင့်မြင့် ” ဟူ၍ တစ်ဦး ကို တစ်ဦး လေးစားစွာ ခေါ်ကြရာ အပြင်ဘက် မှာ ဟန်ဆောင် လင်မယား အဖြစ် နှင့် “ မောင် ”  “ မြင့် ” ဟု လွန်စွာ သတိထား ခေါ် နေကြရသည် က တစ်ကြောင်း ၊ ၎င်းပြင် သူတို့ သည် ဝါသနာ တူ ကြ၍ စာပေ အကြောင်း နိုင်ငံရေး အကြောင်း တို့ ကို တီးတိုး ဆွေးနွေးကြ သဖြင့် အခန်း ထဲ အနေ များ ကြခြင်း ဖြစ် ပေသည် ။ ဒါကို ဟို ဝါသနာရှင် များ က တစ်မျိုး တွေး၍ တစ်လွဲ ပြော ကြခြင်း ဖြစ်၏ ။


သူတို့ မည်မျှ သတိထား ကြ သနည်း ၊ စဉ်းစားပါ ၊ ဟို ည က သော်တာစိန် အရက် သောက် လွန်မည် ပြုသည် ၌ မြင့်မြင့် က “ အာရတီ - ဝိရတီ ” ဟု ဆို လိုက်ရာ သော်တာစိန် က သူ့ စကား သူ သတိ ရ၍ “ သိုင်းကျူး - လေဒီ ” ဟု ပြန် ပြောလိုက်သည် မဟုတ်ပါလား ။


စောထွန်း ရောက်လာသော ညနေ ၌ ပင် သော်တာစိန် နှင့် မြင့်မြင့် က စောထွန်း အား ပိန်းနဲကွင်းရွာ သို့ စာ တစ်စောင် သွား ပို့ ခိုင်းသည် ။ ထိုအချိန် တွင် စာ အိတ် မှာ မပိတ်ရသေး ၊ ဒီ ကိစ္စ ရှင်းမှ အေးမည် ဟု စောထွန်း အား သော်တာစိန် က “ ဘာ စာလဲ မေး မနေနဲ့ဗျာ - ခင်ဗျား မော်တော် ပေါ် မှာ ဖတ်ကြည့် သွား ” ဟု ပြောလိုက် သဖြင့် စောထွန်း ဖတ် ကြည့်ရာ လွန်စွာ အံ့အားသင့် သွားသည် ။ သူ ဒီဘက် ကမ်း ပြန် ရောက်လာသော အခါ၌ သော်တာစိန် နှင့် မြင့်မြင့် က အားလုံး ရှင်းပြ လိုက်သည် ။


ပိန်းနဲကွင်းရွာ သို့ သော်တာစိန် နှင့် မြင့်မြင့် ကိုယ်တိုင် မသွားသည် ကား ကိုထွန်းအောင် က သူတို့ ကို သိပ် စိတ်မချ သေးသည် ဖြစ်၍ တစ်လ တွင်း ၌ ဝေးလံစွာ မသွားရ ၊ ဟိုဘက်ကမ်း သို့ မကူးရ ဟု တားမြစ် ကတိ တောင်းထားသောကြောင့် ဖြစ်၏ ။ 


ထိုကြောင့် တောတွင်းဋ္ဌာနချုပ် တွင် သော်တာစိန် က လည်းကောင်း ၊ မြင့်မြင့် က လည်းကောင်း ၊ မိမိ တို့ အား မစစ်ဆေးမီ စောထွန်း ကို အရင် မေးရန် ဗိုလ်ဖုန်းလှိုင် အား ပြောကြခြင်း ဖြစ်သည် ။


စာဖတ်သူ မှတ်မိမည် ။ စောထွန်း အရက်မူး နေ၍ ဗိုလ်ဖုန်းလှိုင် တို့ က ချုပ်ပေး ၊ ဆေးမှူး က အမူး ပြေ ဆေး ထိုး ပေး သည် ။ ဟုတ်ပြီ - မကြာမီ၌ စောထွန်း အမူး ပြေ ၍ ဗိုလ်ဖုန်းလှိုင် က မေး လေသည် ။ စောထွန်း က မြင့်မြင့် နှင့် သော်တာစိန် တို့ အကြောင်း ဟုတ် မှန် သမျှ ပြောပြလိုက်သော အခါ၌ ၊ ဗိုလ်ဖုန်းလှိုင် ၏ မျက်နှာ သည် ငပုပ်ခံတွင်း မှ လွတ်ကင်း လာသော ဖိုးလမင်းကြီး ကဲ့ သို့ ဝင်းဝင်းကြည် ၍ သွားလေ သတည်း ။


“ တောက် - စောစောက မသိရ ၊ ငါ - ဒေါသ တကြီး လုပ် လိုက် မိတာ အားနာစရာ ကောင်း လိုက်လေကွာ .... သော်တာစိန် ဟာ အရင်းရှင်စံနစ် ကို တော်တော် တွယ်တယ် ၊ အစိုးရအဖွဲ့ကို ပြောင်တယ် ၊ သရော်တယ် ၊ ငါတို့ သူ့ စာပေ သတိ ထား ဖတ် တယ်ကွ ” 


စောထွန်း “ အေးပေါ့ကွာ .. ပြီးပြီးသားဟာတွေ ဘယ်တတ် နိုင်တော့မှာလဲ - တောင်းပန် လိုက် ပေါ့ ကွ ” 


“ မြင့်မြင့် ရဲ့ သစ္စာ နဲ့သမာဓိ ကို ငါ လေးစားရမယ် ကွာ - ကဲ - ငါ့ အပေါ် မှာ ရှိတဲ့ တာဝန် ကို ကြာကြာ အတင် ခံ မနေနိုင်ဘူး - မြန်မြန် သွား တောင်းပန် မှ ဘဲ ”  


ဟု ဆိုပြီး ထိုင်ရာ မှ အထ လိုက် ၌ အမေကြီး တစ်ယောက် အနီး ရောက်လာ တာ မြင် ရ၍ ဗိုလ်ဖုန်းလှိုင် မှာ ပြာပြာသလဲ -


“ ဟင် - အမေ လိုက် လာခဲ့တယ် ၊ အမေ သတင်းစာတွေ ထဲ မှာ တွေ့ပြီ ထင်တယ် ” 


အမေ - “ အေး - အမေ အင်းရွာ မှာ သတင်းစာ ဖတ်ရ , ဖတ်ရခြင်း ကသာ ပြန်ခဲ့တာဘဲ မနေ့ ညနေ က ကသာ ပြန် ရောက်တယ် ၊ အခုမနက် မလင်းမီ ကတည်း က သား ဆီ လာခဲ့တာဘဲ ”  


လှိုင် - “ အမေ့ စိတ် ထဲ မှာ ကျွန်တော် တကယ်ဘဲ လက်နက် ချပြီ လို့ အောက်မေ့ လိုက်မိသလား အမေ ရယ် ” 


သူ စိုးရိမ်တကြီး မေးသည် ကို အဘွားကြီး က ပြုံးရယ် ကာ ဦးခေါင်း ကို ရမ်း ပြီး -


“ ငါ့ သား စိတ် - ငါ့ သား သတ္တိ - ငါ အသိဆုံးပေါ့ သားရယ် ”  


ဤတွင်မှ ဗိုလ်ဖုန်းလှိုင် သည် သူ့ အမေ ကို ကြေနပ် နှစ်သိမ့်စွာ ဖက်လိုက် ၍ မအေ့ ပခုံး ကို ခေါင်း နှင့် ဝှေ့သည် ။ ပြီးမှ - 


“ ဒါဖြင့် - အမေ ဘယ်လို ထင် လိုက်လဲ - ဟင် ” 


“ အမေ လား - သတင်းစာ ဖတ်လိုက် ကတည်း က တစ်ခု ခု တွေးမိ ပြီ ကွဲ့ ” 


“ ဟင် ... ဘယ်လို တွေးမိသလဲ ” 


“ ပြောမှာပေါ့ကွယ် - ကဲ .. ခု - ဒီသူငယ် ဘယ်မလဲ ” 


“ လာ ... အမေ ” 


ခေါ်သွားရာ စောထွန်း လည်း ပါလာ သဖြင့် ယင်းမှ အဘွား ကြီး က သူ့ အား စေ့စေ့ ကြည့် မိ ၍


“ ဟဲ့ - ဟဲ့ ... ဒါ စောထွန်း မဟုတ်လား ၊ နင် ဘယ့်နှယ် ဒီ ရောက် နေ ” 


“ ကျွန်တော် လဲ တောခို လာ တာ အမေ ”  


“ အောင်မယ် ... နင် က လား ဟ ရာရာစစ ” 


“ ဟင်း - အမေ က လဲ အဟုတ် ပြောတာကို မယုံဘူး ”  


“ ဟဲ့ - ယုံမလား နင့် နဲ့ တန်တဲ့ အလုပ် မှ မဟုတ်တာ ကို ”  


သို့နှင့် အချုပ်ခန်း အနီး သို့ ရောက် ကြ၍ ဗိုလ်ဖုန်းလှိုင် က အချုပ်တံခါး ဖွင့် ပေး လျက် ...


“ ဆရာ - ကျွန်တော် မှား ပါတယ် တောင်းပန်ပါတယ် ”  


သော်တာစိန် မှာ သူ့ မျက်နှာ အနာ မပြေသေး၍ စိတ် မပြေနိုင် သေးဘဲ အံ ကို ကြိတ် လျက် -


“ မင်း တို့ ဟာ က မစူးမစမ်း အရမ်း လုပ်ပြီးတော့  ၊ ငါ့ များ ဘယ်လို ကောင်စား အောက်မေ့ လို့လဲ ” 


ဗိုလ်ဖုန်းလှိုင် စိတ် ထဲ တွင် သူ့ အား မင်း - ငါ မပြောသင့် ဟု ယူဆ ၍ ...


“ ဆရာ - ဆရာ နှင့် ကျွန်တော် ဟာ အသက်ချင်း ကွာ ကြမယ် မထင်ဘူး ” 


သော်တာစိန် သည် အချုပ်ခန်း မှ ထွက် လာ ၍ ဗိုလ်ဖုန်းလှိုင် နှင့် မျက်နှာချင်းဆိုင် ရပ် လိုက်ကာ -


“ ငါ့ စိတ် ထဲ မှာ မင်း ဟာ ငါ့ ထက် ကို ငယ်တယ် ထင်တာဘဲ ” 


“ ဘာကြောင့်လဲ ဆရာ .. ဆရာ က နိုင်ငံကျော် စာရေးဆရာကြီး ၊ ကျွန်တော် က တောခို နေတဲ့ ပါမွှားကလေး မို့ လား ” 


ဤအခါ မှာ သော်တာစိန် မျက်နှာ စိတ်ဆိုးခြင်း ပျယ် နေ လျက် -


“ အဲဒါကြောင့်လဲ ဟုတ်ဘူးကွ ၊ ငါ ... မင်း မျက်နှာ ကြည့်ရင်း ငါ့ ထက် ကို ငယ်တယ် ထင် နေတယ် ... တစ်မျိုးဘဲ ” 


ယင်း၌ အဘွားကြီး သည် သူ့တို့ နှစ်ယောက် အနီး ကပ် လာ ကာ ဗိုလ်ဖုန်းလှိုင် အား -


“ ဟုတ်တယ် ငါ့ သား ... သူ က - မင်း ထက် ၁၅ မိနစ် တိတိ ကြီး တယ် ” 


ဗိုလ်ဖုန်းလှိုင် အံ့အားသင့် သွား ကာ - 


“ ဘယ့်နှယ်ကြောင့် သိသလဲ အမေ ” 


သို့သော် အဘွားကြီး သည် သူ့ ကို ပြန် မဖြေသေးဘဲ ၊ သော်တာစိန် အား -


“ မင်း အဖေ ကိုထွန်းရှိန် ရှိသေးရဲ့လား ကွဲ့ ” 


သူ့ အဖေ နာမည် ကို ဒက်ခနဲ ပြော လိုက် သဖြင့် သော်တာစိန် မှာ တစ်မျိုး ဖြစ် သွား ကာ -


“ ရှိ ... ရှိ ... အ ... အ ...” ဟု အဘွားကြီး မျက်နှာ ကို ကြည့် ၍ (  သွေး က ပြောသည်  ) အမေ ခေါ်ချင်စိတ် ပေါ် လာသည် နှင့် အဘွားကြီး က -


“ အမေ လို့ သာ ခေါ် လိုက်ပါတော့ ငါ့ သား ရဲ့ ငါ - မင်း အမေ ပါဘဲ ” 


သားအမိ နှစ်ယောက် ဇာတ်ခနဲ ဖက် လိုက်ကြကာ ၊ သော်တာစိန် သည် မအေ့ ပခုံး တွင် နဖူး တင် လျက် မျက်ရည် တွေတွေတွေတွေ ကျ နေ ပြီး မှ ခေါင်း ပြန် မော့် ၍ -


“ နို့ အမေ ရယ် ... အဖေ က ကျွန်တော် ငယ်ငယ်ကလေး ထဲ က ပဲ အမေ သေတယ် လို့ ပြောပါလား ” 


အဘွားကြီး သည် ဗိုလ်ဖုန်းလှိုင် ကို ပါ သား နှစ်ယောက်ပြူး ဖက် လိုက်ပြီး ၊


“ ဒီ သား ကို လဲ ... အမေ က မင်း အဖေ - မင်း ငယ်ငယ်ကလေးက ဘဲ သေတယ်လို့ ပြောထားခဲ့တာပဲ ကွဲ့ ” 


အဘွားကြီး အသံ မှာ ငိုသံ ပါ လာသည် ။


သော်တာစိန် သို့ ( ပခုံး ကိုင် လျက် )


“ ဟော - ဒါက သားအကြီး မောင်မောင်ကြီး တဲ့ ”  


ဗိုလ်ဖုန်းလှိုင် သို့ -


“ ဟော - ဒါက သားအငယ် မောင်မောင်ငယ် တဲ့ ” 


အဘွားကြီး သည် အင်္ကျီစ နှင့် မျက်ရည် သုတ် လိုက်ပြီး ၊ 


“ သတင်းစာ ထဲ လက်နက် ချပြီး ၊ လက်ထပ် လိုက်ပြီ ဆိုတဲ့ ဓါတ်ပုံတွေ မြင် လိုက်ရ ကတည်း က ငါ့ - ဒီ က သား တော့ ဘယ် နည်းနဲ့ မှ မဟုတ်နိုင်ဘူး ၊ ဟို ပါ သွားတဲ့ သားကြီး ဒီရောက် လာ ပါချေလား လို့ အမေ အတတ် သိ လိုက်တာဘဲ ၊ မောင်ထွန်းအောင် တို့ နဲ့ မှားကြပဟဲ့ ဆိုတာလဲ ဧကန် စဉ်းစားမိတယ် ၊ အောင်မယ်လေး ... လက်လွန် ခြေလွန် မဖြစ်ကြသေးတာ - တော်သေးတာပေါ့ သားတို့ ရယ် ” 


ယင်း ၌ ဗိုလ်ဖုန်းလှိုင် မျက်လုံးများ မှ လည်း မျက်ရည် ဝေ လာ ကာ -


“ ကျွန်တော် ... ကျွန်တော် .. ကိုကို့ - ကို ရိုက် လိုက်မိတယ် အမေ ရဲ့ ” 


“ ဒါဖြင့် မှားပါပြီ ကိုကိုရယ် လို့ ကန်တော့လိုက် သား ”  


“ မှားပါပြီ ကိုကိုရယ် ”  


ဟု ဗိုလ်ဖုန်းလှိုင် က ထိုင်ပြီး ဝန်ချ သော အခါ၌ ၊ သော်တာစိန် က ဆွဲထူ ကာ ..


“ ကြေနပ်ပါပြီ ညီညီ ရယ် ”  


ဟု ဆိုလျက် ၊ ထို သားအမိ သုံးယောက် တွင် သော်တာစိန် က စတင် ၍ အပြုံးပန်း ဆင်လိုက် လေ၏ ။


◾သော်တာဆွေ


📖 ရွှေပြည်တော်သည်


#ကိုအောင်နိုင်ဦး


.

မစိန်ရီ သရက်


 ❝ မစိန်ရီ သရက် ❞


“ ခုနက ပြော သလိုပေါ့ သရက်ပင် ဟာ သဘောထား သိပ် ကြီးတာ ။ စိတ်ကောင်း လည်း သိပ် ရှိတာ ။ သိပ် လည်း ရိုးသားတယ် ။ ကျွန်တော် က တော့ ဒီ သရက်ပင် ကို ခင် နေမိတာ လူ တစ်ယောက် ကို ထင်မြင်ချက် ပေးသလို ပေး လိုက်တာပဲ ”


လက်ထောက် ဓာတ်ခွဲမှူး ၊ ဓာတ်ခွဲမှူးများ နှင့် ရောဂါဗေဒ ဆရာဝန် များ သည် သရက်ပင်ဝိုင်းဝိုင်းလေး ကို မော့ ကြည့် လိုက်ကြသည် ။ သရက်ပင် ၏ သီးမှည့် ကို မစားဖူးကြ သဖြင့် ဘာ အမျိုးအစား သရက်ပင် မှန်း မသိကြ ။ မန္တလေးပန်းဆွဲ လား ၊ ရင်ကွဲ လား ၊ စိုင် လား ။ ထို သုံးမျိုး ထဲ က တစ်မျိုးမျိုး ဖြစ် နိုင်သည် ။ မချစ်စု ၊ တံစုမြိတ် ၊ ဘင်္ဂလား ၊ ပျားရည်ဆမ်း တို့တော့ မဟုတ်နိုင် ။ မြကျောက် တော့ လုံးဝ မဟုတ်နိုင် ။ ပုံပြင်နိပါတ် ထဲ က ဗန္ဓာရ လည်း မဖြစ်နိုင် ။


ဝတ္ထု တစ်ပုဒ် ၏ အဓိက ဇာတ်ကောင် ဖြစ် လာမည့် ထို သရက်ပင် သည် ရန်ကုန် ဆေးရုံကြီး ဝင်း ထဲ ရှိ အရန် ဆေးဘက်ပညာသည်ကျောင်း နှင့် လူနာအဆောင် ၁၉ - ၂၀ အကြား တွင် တည် ရှိသည် ။ သရက်ပင် သည် သိပ်ပြီး အသက် မကြီးသေး ။ သရက်ပင်အိုကြီး မဖြစ်သေး ။ လူ တစ်ယောက် အနေ ဖြင့် ပြောရ လျှင် အသက် ၄၀ လောက် ရှိမည် ။ လူသား တစ်ယောက် အနေ နှင့် ၄၀ မှာ ဘဝ စ သည် ဆိုရိုးစကား ကို လက်ခံ လျှင် သရက်ပင် သည် ယခု မှ ဘဝ စ သည် ဟု ဆိုရမည် ။ အသီး သီး သည့် အပင် တွေ ကို အမ ၊ အသီး မသီးသည့် အပင်တွေ ကို အဖို လို့ အကြမ်းဖျင်း ယူဆ လျှင် ထို သရက်ပင် သည် အမ ဖြစ်သည် ။  


အရန် ဆေးဘက် ပညာသည်ကျောင်း ၏ ဒုတိယ ထပ် တွင် ရှိသော ရောဂါရှာဖွေ လေ့လာရေးဌာန မှ ကြည့် လျှင် သရက်ပင် ကို အနီးကပ် တွေ့ ရသည် ။ သရက်ပင် ၏ အမြင့် သည် တိုက် တစ်တိုက် ၏ သုံးထပ် မျှ ရှိသည် ။ ဓာတ်ခွဲဘက် ဆိုင်ရာ ပညာရှင်များ သည် အလုပ်အကိုင် ပြီးစီး ချိန်တွင် ခဏ တစ်ဖြုတ် ဖြစ်ဖြစ် သရက်ပင် ကို မော့ ကြည့် မိတတ်၏ ။ သရက်ရွက်တွေ သိပ်သိပ်သည်းသည်း ရှိ လှပြီး ထို သိပ်သည် စိမ်းပျစ်တဲ့ သရက်ရွက် လတ်လတ်လန်းလန်းတွေ ကြား ထဲ မှာ အသီးကလေး တစ်လုံး တလေများ ရှိဦး မလား ရှာဖွေ မိ တတ်သည် ။ သူ့ အနေ နှင့် အသီးကလေးတွေ ဝေ နေ ရမည့် အချိန် မှာ တစ်လုံး မှ မတွေ့ရမှု အတွက် အနည်းအကျဉ်း စိတ် မသက်မသာ ဖြစ် မိ ရုံက လွဲ၍ တာရှည် မခံစားရ ။ မည်သူ့ ကို မျှလည်း ဖွင့် မပြောမိ ။ အမှန်စင်စစ် ဒီ သရက်ပင် ကို အသီးများ နှင့် တွဲလျက် မတွေ့ မမြင် ရသည် မှာ ကိုယ် ခံ နေရပြီ ဖြစ်သည် ။ မိုးရေစက်များ ကြားထဲ ရောက် သည် အထိ သရက်ပင် ပေါ် က သရက်သီးများ သက်ဆိုး မရှည်တတ် ။

ဆောင်းရာသီ ၏ နှင်းပွင့်နှင်းခဲများ နှင့်အတူ ကွယ်ပျောက် သွားတတ်ပြီး တစ်နှစ် ပြည့်လျှင် ဆောင်းရာသီ ၏ နှင်းပွင့်နှင်းစက်များ နှင့် အတူ လာ ရောက် နှုတ်ဆက် တတ် ကြသည် ။  


အပေါ့အပါး သွားသည့် လူတွေ က ဖူးတံဦးများ ကို ရေအိမ် ထဲ မှ စတင် မြင်တွေ့ တတ်သည် ။ 


“ သရက်ဖူးလေး တွေ ဖူး နေပြီ ဟေ့ ”


ပြောသည့် လူ သည် သူ့ စကား ဆုံးသွား ပြီး နောက် မိုးကောင်းကင် သို့ မော့ ကြည့် လိုက်သည် ။ ဒီလို မော့ ကြည့်ခြင်း မှာ သူ သည် အတွေး ဆက် တွင် ငိုင် သွားသော ကြောင့် ဖြစ်သည် ။ 


“ သီး လာတော့ လည်း လူ တွေ ရဲ့ အနိုင် ကျင့် တာ ကို ခံရမြဲပဲ မဟုတ်လား ” လို့ ဆက်လက် တွေးတောမိသော ကြောင့် ဖြစ်သည် ။ လူတွေ က လွန် လွန်းသည် ။ သရက်သီးကင်း တွေ လက်သန်းခေါင်း လောက် ရောက်ပြီ ဆိုသည် နှင့် ခဲ နှင့် ပစ် သူ ပစ် ၊ တံချူ နှင့် ချူ သူ ချူ ၊ အပင် ပေါ် တက် ချိုး သူ ချိုး ဖြင့် နောက် တစ်နေ့ ကျ ဘာ သီးကင်း တစ်လုံးမျှ မရှိတော့ ၊ သဘောထား ပြည့်သော သရက်ပင် မှာ သရက်သီးကင်း ဈေး ကောင်း ချိန် နှင့် အချိန် ကိုက် သီး တတ် သည် ။


ဒီလို ဖြစ်တာကို ဓာတ်ခွဲပညာရှင်တွေ အောက်ပါ အတိုင်း မှတ်ချက် ချကြသည် ။


“ သရက်ပင် ခုလို ခံစား နေရတဲ့ ဝေဒနာတွေ ဟာ လူတွေ ရဲ့ ဆင်းရဲ မွဲတေမှု ၊ စည်းကမ်းမဲ့မှု တွေ ကြောင့်ပဲ ပေါ့ ”


အသီး ကို တောင် စုံလင်အောင် မသီးရ သေး မီ ဇာတ်သိမ်း သွားတတ် သော သီးကင်းကလေးတွေ ကို ကြည့်လျက် ၊ လူတွေ အမျိုးမျိုး မှတ်ချက် ချ တတ်သည့် ကြားထဲ က ထင်ရှားသည့် မှတ်ချက် တစ်ခု ။


“ ဟေ့ ... ဟောဒီ သရက်ပင် ပေါ် က သရက်သီးမှည့် တစ်လုံး ရ ရင် ငွေငါးရာ ပေး မယ် ဟေ့ ”


ဓာတ်ခွဲမှူးများ သည် သရက်ပင် ပေါ် မော့ ကြည့် လိုက်ပြီး မကျေနပ် သလို ၊ စာနာသလို အရိပ်အရောင်များ သူတို့ ၏ မျက်လုံးနှင့် နှုတ်ခမ်း စပ် မှာ ဖြတ် ပြေး သွားသည် ။ ဘာပဲဖြစ်ဖြစ် သူတို့ သည် ထို သရက်ပင် ကို ဒုက္ခ ရောက် နေသော အသိအကျွမ်း မိန်းမသား တစ်ဦး လို သဘောထား စဉ်းစား မိရာတွင် အသား ကျ သလောက် ဖြစ်နေပြီ ။ လင်ယောက်ျား အရက် သမား ၏ နှိပ်စက်ခြင်း ခံရသော မိန်းမသား တစ်ဦး ပမာ စာနာ မိခဲ့ကြသည် ။


သို့သော် အနေအထား သည် လူတွေ ၏ စာနာ ထောက်ထားမှု များ နှင့် ထိုက်တန် လိုက်ဖက်အောင် နေထိုင်ခြင်းမျိုး မရှိ ။ တမြန် နှစ် ထက် မနှစ် က ပို ဆိုး လာသည် ။ ဓာတ်ခွဲမှူးတွေ ရုံး ပြန်ချိန် ညနေ ၄ နာရီ အထိ လက်သန်းခေါင်း လောက် ရှိသည့် သရက်ကင်းလေးများ တိုးလိုး တွဲလောင်း ပြွတ်ခဲ နေ သေးသည် ။ အကြီးဆုံး မှာ လက်မ လောက် ရှိမည့် သရက်သီး များ က အနည်းစု ၊ ဆယ်ဘက် ရာဘက် ။ တချို့ အပွင့်များ သည် ပင် ဘဝ မပြောင်းသေး ။ နောက် တစ်နေ့ နံနက် တွင် သီးကင်းများ ဘာမှ မရှိတော့ ။


“ ဟယ် ... သရက်သီးကင်း တွေ တစ်လုံး မှ မရှိတော့ဘူး ။ ရက်စက် လိုက်တာ ”


အမျိုးသမီး ဓာတ်ခွဲမှူး တစ်ဦး က အထိတ်တလန့် ပြော သောအခါ ကျန် ဓာတ်ခွဲမှူး ယောက်ျား ၊ မိန်းမ အားလုံး မော့ ကြည့်လိုက်ပြီး ခဏ အကြာ တွင် အောက်သို့ ငုံ့ ကြည့် လိုက်ကြသည် ။ သရက်ပင် အောက် တွင် သစ်စိမ်း အကျိုးအပဲ့များ ၊ ရွက်စိမ်း အကြွေများ ၊ ဖူးတံ အပိုင်းအစများ ၊ သရက်ပွင့် အစအနများ ပြန့်ကျဲ နေခြင်း နှင့် သရက်ပင် ပေါ် တွင် သရက် သီး တွေ အခိုး ခံ လိုက်ရခြင်း တို့ မှာ အကျိုး နှင့် အကြောင်းများ ဖြစ်လျက် ၊ သက်သေခံ ပစ္စည်းများ လိုပင် ယူဆ တွေးတော စရာပင် ။ သို့မဟုတ် လက်ပူးလက်ကြပ် ဖြစ်နေပြီပေါ့ လို့လည်း ပြောနိုင်သည် ။  


“ တောက် ... သရက်သီး မှည့် ဖို့ ကို မပြောနဲ့ ၊ အစေ့ရှက် ဖို့ ၊ အရင့် မှန် ဖို့ အထိ တောင် မလွယ်ပါဘူး ။ လူတွေ လည်း စည်းကမ်း မဲ့ လိုက်ကြ တာ ။ ဒီ အနားအပါး က တာဝန် ရှိ ၊ သြဇာ ရှိတဲ့ လူတွေ ကလည်း အစီအမံ ညံ့ဖျင်းလိုက်တာ ”


သွေး အဖြေ လာ တောင်းသည့် လူနာ တစ်ယောက် ၊ တက်ခေါက် လျက် မှတ်ချက် ချဖူးသည် ။ စာရေးခန်း မှ စာရေးကြီး ကတော့ ဒီ ရောဂါရှာဖွေ လေ့လာရေးဌာန တွင် လုပ်သက် အရင့်ဆုံး ဖြစ်သည် ။ သူ က သူ့ အတွေ့ အကြုံတွေ ကို ပြောပြသည် ။


“ လွန်ခဲ့တဲ့ ၁၀ နှစ် တုန်း က ရွက်ပုန်းသီး တစ်လုံး တိတ်တိတ်ပုန်း မှည့်ပြီး ကြွေ ကျဖူးတယ်လို့ ငါ့ တပည့် တစ်ယောက် က ပြောတယ် ”


စာရေးကြီး ကို ကျန်သည့် လူတွေ က သူတို့ နားထင် အထက် ကို လက်ညှိုး ဖြင့် ထောက်လျက် လက်ခါ ပြ နေသည် ။ စိတ် မမှန်သူ ကို လုပ် ပြသော သင်္ကေတ ။  


ဒီ သရက်ပင် အနိုင်ကျင့် ခံရပြီး တစ်ပတ် ၊ ရှစ်ရက် လောက် ကြာ လျှင် ထူးထူးဆန်းဆန်းပင် ရွက်နုများ အထောင်အသောင်း ချီ ကာ ဖူး သစ်ဝေ လာ ပြန်သည် ။ သို့သော် ဒီ တစ်ခါ ပွင့်ဖူး မဟုတ် ။ ရွက်ဖူးများ ၊ ဖက်ရွက်နုများ ၊ ပုရစ်ဖူးများ ။ မကြာမီ ထို ပုရစ်ဖူးလေးများ သည် အစိမ်းရောင်ကျကျ နှင့် ပြွတ်သိပ်ခဲကာ ရှည်မျောမျော မြသွေးသရက်ရွက်များ သည် မိုးယံဝ နှင့် နေမင်းဆီ အလုအယက် တက် နေကြသည့် ပုံသဏ္ဌာန် ။ အရွက်များ သည် တက်ကြွစွာ ပင် အပေါ် ကို ထောင် နေ ကြသည် ။ နောက် တစ်နှစ် အတွက် အားမလျှော့ ဘဲ ထပ်မံ မွေးဖွားရန် ပြင်ဆင် နေသော သရက်ပင် ။ စိတ်ကောင်း ရှိသော သရက်မ ... လို့ ပင် တင်စား ခေါ်ဖို့ ကောင်းသည် ။ သို့မဟုတ် သူတော်စင် သရက်မ ။


တစ်နေ့တော့ ဒီ သရက်ပင် ကို ရုပ်လုံး ပေါ်လာသည် အထိ တစ်ယောက် တစ်မျိုး ဝင် ဝင် ပြောနေချိန် တွင် ဧည့်သည် မိန်းမ တစ်ယောက် လည်း ရှိ နေသည် ။ သူမ ၏ ရှေ့မှောက် ၌ ဖြစ်နေသည် ။ စောစောက ကျွန်တော် တို့ ဌာန မှ ထို မိန်းမ ၏ မိတ်ဆွေ ဒေါ်မိမိခင် ( လက်ထောက်ဓာတ်ခွဲ မှူး ) က မိတ်ဆက် ပေး သဖြင့် သူမ နာမည် ဒေါ်စိန်ရီ ဖြစ်ကြောင်း သိရ သည် ။


ဒေါ်စိန်ရီ သည် သရက်ပင် အတ္ထုပ္ပတ္တိ ကို သရက်ပင် ယပ်လှဲတရား ပမာ သဘောထား သလား မသိ ။ သံဝေဂ မျက်နှာ အသွင်အပြင် အနေ အထား ဖြင့် သရက်ပင် ကို စာစာနာနာ ငေးကြည့် နေရာ မှ မျက်ရည်တစ် ပေါက် သည် သူမ ၏ သွယ်လျလျ ပါးပြင်ပေါ် မှ စီးဆင်း လိမ့်ကျ သွားသည် ကို ကျွန်တော် တွေ့လိုက် ရသည် ။ ကျွန်တော် တွေ့မြင် သိရှိသွား သည် ကို အမျိုးသမီး ရိပ် မိ သွားသောအခါ စိတ် ထဲ ကျဉ်းကျပ်သွားသည့် လက္ခဏာရေးများ ရိုးတိုးရိပ်တိပ် တွေ့ရသည် ။


“ ကိုယ် ပြန်မယ် မိမိခင် ”


ဒေါ်စိန်ရီ သည် ပလတ်စတစ် ခြင်းတောင်း ကို ဆွဲ ယူပြီး ထွက် သွား တော့ ဒေါ်မိမိခင် က ကားဂိတ် သို့ လိုက် ပို့သည် ။ 


“ နေဦး ၊ ငါ လိုက်ပို့မယ် ”


မိနစ်နှစ်ဆယ် ၊ နာရီဝက် မျှ အကြာ တွင် ဒေါ်မိမိခင် ပြန် ရောက် လာသည် ။


“ အဲဒီ အမျိုးသမီး နဲ့ ခင်ဗျား နဲ့ တော်တော် ခင်လား ” 


“ ကျောင်းနေဖက် သူငယ်ချင်း ပဲ ။ ဘာဖြစ်လို့လဲ ”


“ တော်တော့် ကို စိတ် ထိခိုက် လွယ်တာပဲ ။ သရက်ပင် ရဲ့ အတ္ထုပ္ပတ္တိ ကို ကြား တာ နဲ့ မျက်ရည် ကျတယ်လေ ”


“ သူ့ ဘဝ နဲ့ သရက်ပင် ဘဝ တို့ တူလွန်း လို့ ဆိုပြီး သူ စိတ် ထိခိုက် သွားတယ် ။ သူ့ မှာ သမီး နှစ်ယောက် ၊ သား နှစ်ယောက် ရှိတယ် ။ သူ့ ကလေးတွေ ရဲ့ အနာဂတ် ကို သူတို့ လင်မယား အတော့် ကို မျှော်လင့်ထား ခဲ့ကြတာ ။ သူ့ ယောက်ျား က ကား အပို ပစ္စည်းတွေ ရောင်းတယ် ။ တခြား ကြုံ တဲ့ စီးပွားရေး လည်း လုပ် တာပဲ ။ ပွဲစား လို ဟာမျိုးပေါ့ ။ ဒီလိုနဲ့ သူတို့ ချောင်ချောင်လည်လည် ဖြစ် လာတယ် ။ သူတို့ ကလေးတွေ ကို သူတို့ ပညာတတ်တွေ ဖြစ်စေချင်တာ လွန်ရော ။ တစ်နေ့ တစ်နေ့ သူတို့ အတွေး ထဲ မှာ သားသမီးတွေ ကို အရာရှိကြီးတွေ ဖြစ် လာ အောင် ၊ ဆရာဝန်ကြီး တွေ ဖြစ် လာအောင် ၊ တက္ကသိုလ် ပညာတတ်ကြီးတွေ ဖြစ် လာအောင် ဘယ်လို လုပ် ရမလဲ ဆိုတဲ့ အတွေးတွေ က လွှမ်းမိုး နေတာပဲ ။ သိတယ် မဟုတ်လား ။ ကျူရှင် ဆိုလည်း အကောင်းဆုံး ကျူရှင်တွေ ပေးတယ် ။ မုန့်ဖိုး ဆိုလည်း တောင်း သလောက် ပေး တာပဲ ။ ဒီ ကြားထဲ တစ်နေ့ တော့ ဘယ်လို မှ မျှော်မှန်း မထားတဲ့ အဖြစ်ဆိုး နဲ့ ကြုံ ရတယ် ”


“ ဘာလဲ သား တစ်ယောက် ယောက် နံပါတ်ဖိုး ချ တာလား ”


“ မဟုတ်ဘူး ။ အား အထားရဆုံး ၊ အားလုံး က ဆရာဝန် ဖြစ်မယ်လို့ တွက် ထားတဲ့ ၊ ရယ်သံ သဲ့သဲ့ တောင် မကြားရတဲ့ သမီး အကြီးမ ခိုးရာ လိုက် သွားတယ် ။ ဒီတုန်းက အဲဒီ ကလေးမ ဟာ အသက် ၁၆ နှစ် တောင် မပြည့် သေးဘူး ။ မစိန်ရီ ဟာ သူ့ ကလေး ကို နှမြောတာ က တစ်ဖက် ၊ ရပ်ကွက် ထဲ မှာ အရှက် ရတာ တစ်ဖက် နဲ့ အတော့် ကို ယူကျုံး မရ ဖြစ် ခဲ့ရတယ်ပေါ့ ။ သူတို့ လင်မယား နှစ်ယောက် ဟာ သုံးလေး ည မအိပ်ဘဲ ခြံတံခါး ဝ ကိုပဲ စိုက် ကြည့် နေ မိတယ်ပေါ့ ။ ဒီ ခြံတံခါး ဝ ကနေ သူ့ သမီး အကြီးမ ၊ အလိမ္မာဆုံးလေး ဝင် လာ မလား ဆိုတဲ့ ခံစားချက် နဲ့ မျက်ခြည် မပြတ် ကြည့် နေမိ တာ ရူး မတတ်ပါပဲ တဲ့ ။ ပထမဆုံး ည မှာ ည ၁၂ နာရီ ကျော် အထိ ခြံတံခါး ဝ ကို စိုက် ကြည့် ရတာ စိတ္တဇ သိပ် ဆန်တာပဲ တဲ့ ။ ခြံတံခါး ဟာ ကိုယ့် အိမ်ရဲ့ ခြံတံခါး မဟုတ်ဘူး ။ အိမ်ရှေ့ အိမ် ရဲ့ ခြံ တံခါး တဲ့ ။ ဒါပေမဲ့ အဲဒီ ခြံတံခါး ဟာ တစ်ခု တည်း သော အဝင်အထွက် လုပ်ရာ ခြံ တံခါး ။ လရောင်မှိန်မှိန် အောက် က အိမ် ထဲ ကနေ အတော်ကလေး လှမ်းတဲ့ ဒီ တံခါး ကိုပဲ စောင့်ကြည့် နေရတာ သိပ် ဝမ်းနည်းစရာ ကောင်းတာပဲ တဲ့ ။ သိပ် လွမ်းစရာ ကောင်း တာပဲ တဲ့ ။ တစ်ခါတလေ ခွေး တစ်ကောင် တံခါး ကို တိုးလို့ ပွင့်တဲ့အခါ အံ့သြလွန်း လို့ “ ဟာ ” ခနဲ ရင်ဖို သွားတတ်တယ် တဲ့ ။ တစ်ခါတလေ အမှန် တကယ် ဘာမှ မရှိဘဲ နဲ့ တံခါး နား မှာ လူ တစ်ယောက် ယောက် လာ ရပ် နေ သလို ခံစားရပြီး အသံတွေ ကို လည်း မမြည်ဘဲ နဲ့ ကို ကြား နေရ သလို လိုပေါ့  ။ ဒီလိုနဲ့ ည ၁၂ နာရီ ကျော် တော့ ငါ့ သမီး ဘဝ ပျက်ပြီ ဆိုပြီး ချုံးပွဲချ ငိုပြီး ရှိုက် လိုက် မှ ရင် ထဲ ပေါ့ သွားသလို လို ရှိပေမဲ့ ခဏ ပဲ တဲ့ ”


“ ကျွန်တော် ရိပ်မိပြီ ဒေါ်မိမိခင် ။ ဒီ မိန်းမ ရဲ့ ဘဝ ဟာ သရက်ပင် ရဲ့ ဘဝ လိုပဲ ၊ ကိုယ့် သားသမီးတွေ ကို ဝ အောင် တောင် မချစ်လိုက် ရ ဘဲ ဆုံးရှုံး လက်လွှတ် လိုက်ရတာ ချင်း တူ လို့ စောစောက မျက်ရည် ကျ သွားတာ

ဖြစ်မယ် ”


“ အဲဒီ တစ်ယောက် တည်း မဟုတ်ဘူး ။ ကျန်တဲ့ ကလေးတွေ နှစ် ယောက် ဒီလိုပဲ စောစောစီးစီး ဘဝ ပျက် သွားကြလို့ မစိန်ရီ ဟာ နောက်ဆုံး ကျန်တဲ့ သူ့ သားငယ် ကို “ သား .. မမိုက်နဲ့နော် ။ သား ဟာ တစ်သက်လုံး အရှက် ကွဲ ခဲ့တဲ့ မေမေ တို့ ဘဝ ကို ကယ်တင်မယ့် တစ်ဦးတည်း သော လူ ကလေး လို့ မေမေ ထင်တယ် ။ မေမေ တို့ မျိုးရိုး ဟာ ပရမ်းပတာ မဟုတ် ဘူး ဆိုတာ ဒီ ကမ္ဘာ ပေါ် မှာ သား က လွဲလို့ ဘယ်သူမှ သက်သေ မပြနိုင်တော့ဘူး ။ တကယ်လို့ သား ကပါ မမတွေ လုပ်တဲ့ အတိုင်း လုပ် သွားမယ် ဆိုရင် မေမေ ဒီ ရပ်ကွက် ထဲ မှာ မနေရဲတော့ဘူး ။ ဒါကြောင့်မို့ ကိုယ် မွေးတဲ့ သား ဆိုပေမဲ့ မေမေ တောင်းပန်စကား ပြော နေတာပေါ့ ” လို့ သားလေး ကို မစိန်ရီ က ချော့မော့ တောင်းပန် ထား ရတယ် ”  


“ အဲဒီ ကောင်လေး ကကော လိမ္မာတယ် မဟုတ်လား ” 


“ နံပါတ်ဖိုး ချလို့ ထောင် ကျသွားပြီ ” 


“ ဗျာ ..”


ကျွန်တော် သည် ဒေါ်စိန်ရီ မျက်ရည် ကျခြင်း မြင်ကွင်း ကို ယခုမှ ဆက်စပ် ခံစား၍ ပီပြင်လာသည် ။ မိဘ ချင်း စာနာ စွာ ပူဆွေးမိသည် ။


“ သူ့ ကလေးတွေ ကို ချစ်လို့ မဝသေးခင် မှာ ပဲ ကလေးအားလုံး က သူ့ နား မှာ တစ်ယောက် မှ မရှိတော့ဘူး ။ ဒီ သရက်ပင် လိုပေါ့ ”


သရက်ပင်ပေါ် ပြိုင်တူ မော့ ကြည့် လိုက်မိသည် ။ ယခုတလော မှာ ကျွန်တော် သည် ဒေါ်စိန်ရီ ဇာတ်လမ်း ကို စွဲ နေ မိသည် ။ အထူးသဖြင့် သရက်ပင် ကို တွေ့သော အခါများ၌ သတိ မရဘဲ မနေနိုင်ပေ ။ စိတ္တဇဆန် ဆန်ပင် တစ်ခါတစ်ရံ သရက်ပင် ကို ဒေါ်စိန်ရီ လို့ ပင် ထင်နေမိသည် ။ ဒီလိုနှင့် ရုံးပိတ်ပြီး ပြန် တက်ရသော တနင်္လာနေ့ တစ်နေ့ မှာ ဆေးရုံဝင်း ထဲ ကျွန်တော် လျှောက် လှမ်းလာစဉ် အဖြစ်အပျက်တစ်ခု ကို အသေအချာ တွေ့လိုက်ရာတွင် အံ့သြလွန်းသောကြောင့် ခြေလှမ်းများ ပင် ရပ်တန့် သွားသည် ။


သရက်ပင် မရှိတော့ ။ ရင်ထဲ မွန်းကျပ် သွားသည် ။ မှောင်ရိပ် ထိုး ပြီး အမြင် ရှုပ် နေသော ကြောင့် ခုတ် လိုက် သည် ဆို၏ ။ ခုနေအခါ လူနာအဆောင် ၁၉ - ၂ဝ နှင့် အရန် ဆေးဘက် ပညာသင်ကျောင်း ကြား မှ အထင်ကရ သရက်ပင် မရှိ တော့ ။ နောင် နှစ်တွင် စည်းကမ်းမဲ့ခြင်း ၊ ဆင်းရဲခြင်းတို့ ၏ ဒဏ် ကို ခံရ တော့မည် မဟုတ် ။ ကျွန်တော်တို့ သည် ပျင်း လျှင် သရက်ပင် ကို ကြည့် ရသည် ။ သရက်ပင် ပေါ် မှာ ခိုနား နေသည့် ဆက်ရက်ငှက် ၊ သပိတ်လွယ် ငှက်များ နှင့် လိပ်ပြာလေးများ ကို ငေးမော ကြည့်ရှုရသည် ။ နွေဦးရောက်

လျှင် ဥသြငှက်များ နားခို တွန်ကျူး တေး ဆို တတ်သည် ။ ယခုတော့ ဘာမှ မရှိတော့ပြီ ။ ပြောင်စပ်စပ်နှင့် အလင်းရောင်တွေ များနေပြီး ကဗျာမဆန် တော့ သလို ဖြစ် သွားသည် ။ ဒီလိုနှင့် တစ်နေ့ ကျတော့ ကျွန်တော်တို့ အခန်း ထဲ မှ လက်ထောက် ဓာတ်ခွဲခန်းမှူး မိမိခင် သည် ကျွန်တော် အလုပ် လုပ် သည့် ခုံတန်း ဘက် လျှောက် လာသည် ။ သူမ သည် ကျွန်တော့် အနား မှာ ရပ် နေသည် ။ သူ့ မျက်နှာ က ကျွန်တော့် ကို ကိစ္စ တစ်ခုခုအတွက် မှာ စရာ ၊ သတိပေး စရာ ရှိနေသည့် ပုံစံမျိုး ။ ကျွန်တော် သည် သူမ စကား ကြောင့် တုန်လှုပ် သွားမိသည် ။ 


“ တနင်္ဂနွေနေ့ က ဒေါ်စိန်ရီ ဆို တဲ့ အမျိုးသမီး ဆုံး သွားပြီ ”


◾မောင်ညိုပြာ


📖 ရုပ်ရှင်တေးကဗျာ မဂ္ဂဇင်း 

      စက်တင်ဘာ ၊ ၁၉၉၃ 


#ကိုအောင်နိုင်ဦး


.

Friday, April 28, 2023

စောင့်မ‌နေနဲ့


 

❝ စောင့်မ‌နေနဲ့ ❞

“ ဟလို .... ‌မောင်‌မောင် လား‌ ဟေ့ ”

“ ဟုတ်ကဲ့ခင်ဗျာ ၊ ဘယ်သူပါလိမ့် ”

“ ချမ်းသာ ပါ ကွ ”

“ ‌ပြော ... ဦး‌လေး ”

“ ဒီလိုကွာ .... မင်းတို့ ဩဂုတ်လ ၁၃ ရက်‌နေ့ ( အင်္ဂါနေ့ ) က လွှဲတဲ့‌ ငွေ ခုထိ‌ ရောက် မလာလို့ ”

“ ဟင် ... ဘယ်လို ဖြစ်ပါလိမ့် ၊ အရင်က ‌နေ့ချင်း လွှဲ ‌နေ့ချင်း‌ ရောက်ပါတယ် ၊ စောင့်ရ ‌နောက်‌နေ့ ပဲ ”

“ ‌အေး ... တစ်ခု ခု‌တော့  တစ်ခု ခုပဲ ၊ ဒီ‌နေ့ ၁၅ ရက်‌နေ့  ( ကြာသပ‌တေး ) အခု ဆယ့်နှစ်နာရီခွဲ‌ နေပြီ ၊ ဘဏ် က ဖုန်း ခုထိ ဝင်မလာလို့ ”

“ ‌အောင်လံ ရိုးမဘဏ် ကို ဆက် ကြည့် ပြီး ပြီလား ”

“ ဆက် ကြည့် ပြီးပြီ ၊ အင်္ဂါ‌နေ့ က ပဲခူး က လွှဲတဲ့‌ ငွေ ခုထိ‌ ရောက် မလာတဲ့ အ‌ကြောင်း ပြော ပြီးပြီ ၊ မင်း လည်း ပဲခူးဘဏ် ကို‌ မေး ကြည့်ဦး ၊ ဖုန်းချ ထားလိုက်မယ် ”

ကျွန်‌တော် ဖုန်းချ ထားပြီး စာ‌ ရေးရင်း‌ စောင့်‌ နေလိုက်၏ ။ ဆယ်မိနစ် ခန့် ကြာ‌သော် -

“ ကရင်... ကရင်... ကရင် ”

“ ‌မောင်‌မောင် လား ”

“ ဟုတ်ကဲ့ ဦ‌လေး ၊  ပဲခူး အာရှဓနဘဏ် က  ဖက်ဇ် အမှတ် ၃၂၀၄ နဲ့ ၁၃ ရက်‌ နေ့ က လွှဲ လိုက်ပြီ လို့ ဆိုတယ် ”

“ ‌အေး ... ‌ကောင်းပြီ ”

ပဲခူး နဲ့ ဖုန်း ဖြတ် ၊ ‌အောင်လံ ရိုးမဘဏ် သို့ ဆက် ၊ အကျိုးအ‌ကြောင်း ‌ကောင်းစွာ မသိရ ။ နာရီ ကြည့် လိုက်‌တော့ ၃း၁၅ နာရီ ။ စောင့်‌ နေလို့ မဖြစ်ဘူး ၊ သူ့ ဖုန်း ဘယ်‌တော့ လာမှန်း မသိ ။ သူတို့ အလုပ် နဲ့ သူတို့ ရှုပ်‌ နေကြတာ ( ဘဏ်များ အလွန် အလုပ် များ တယ် ။ သွားကြည့် ၊ တွေ့မှာပါ ။ ) ကိုယ်တိုင် လိုက်သွားတာပဲ ကောင်းတယ် ။ စက်ဘီး‌ ပေါ် တက် ၊ ‌ဂျောက်ဂျက် ‌ဂျောက်ဂျက် နင်း ၊ ဘဏ် သို့‌ ရောက် ။

“ ဖက်ဇ် နံပါတ် ၃၂၀၄ နဲ့ ပဲခူး အာရှဓနဘဏ် က ၁၃ ရက်‌ နေ့ က ပို့တယ် လို့‌ ပြော တယ် ”

တယ်လီဖုန်း တစ်လုံး နဲ့ အလုပ် ရှုပ်‌ နေ‌သော စာ‌ရေးမ ကို‌ ပြော ။ ထို စကား ကို မန်‌နေဂျာ က ကြား သွား ၊ သူ့ စားပွဲ မှ ထ လာ ။

“ လာပါဦး ၊ ထိုင်ပါဦး ”

ဘဏ်မန်‌နေဂျာ အမျိုးသမီး ခပ်‌ချော‌ချော က သူ့ စားပွဲ‌ ရှေ့မှာ ထိုင်ခိုင်း အ‌ကြောင်းစုံ ကို‌ မေး ။ ကျွန်‌တော် က ရှင်းပြ ။ နာရီ ကြည့် လိုက်‌တော့ သုံးနာရီခွဲ‌ နေပြီ ။ အချိန် သိပ် မရှိ‌တော့ပါ ။

“ ရန်ကုန် ကို တင်‌ ပေးစမ်း ၊ ရန်ကုန် ကို တင်‌ပေးစမ်း ၊ ခဏ‌လေး‌နော် ဦး‌လေး ”

“ ဒီလို လုပ်ပါလား ၊ ဒီ‌နေ့ အချိန် မရှိ ၊ နက်ဖြန် မှ ကျွန်‌တော် ... ”

“ ဟာ ... မပြန်ပါနဲ့ ဦး‌လေး ၊ ကျွန်မ ကြိုးစား ကြည့်ဦးမယ် ”

“ ရန်ကုန် ရပြီ ”

စာ‌ရေးမ တစ်‌ယောက် က ‌အော် ။ မန်‌နေဂျာ သူ့ စားပွဲ မှ ထ ။ ရန်ကုန် မှ သက်ဆိုင်ရာ တာဝန်ရှိသူ နဲ့ အပြန်အလှန်‌ ပြော ။ အိမ် ပြန်ရန် ဟန် ပြင်‌ နေ‌သော ကျွန်‌တော့် ဆီ လှမ်း လက်ကာ ပြ ။ မပြန်နဲ့ဦး ဆိုတဲ့ သ‌ဘော ။

“ ရမယ် ဦ‌လေး ၊ ခဏ‌ စောင့်ပြီး ထုပ်ယူ သွားပါ ၊ မ‌နေ့ က တစ်‌နေ့လုံး ရန်ကုန် မှာ မုန်တိုင်း ရှိ လို့ အွန်လိုင်း ( on  line ) က အလုပ် လုပ် မရဘူး ၊ အခု သမားရိုးကျ နည်း ဖက်ဇ် နဲ့ ပို့ လိုက်ပြီ ”

“ ရပြီ ဦး‌လေး ”

ဘဏ်မန်‌နေဂျာ က ရန်ကုန် မှ ပို့ လိုက်‌သော ဖက်ဇ် စာရွက် ကို ကိုင်‌မြောက် လို့ လာ ၊ ပြုံးရွှင်‌သော မျက်နှာ နဲ့ ။ ကျွန်‌တော့်‌ ရှေ့သို့‌ ရောက် ဆိုင်ရာ စာ‌ရေးမ လက် ထဲ ဖက်ဇ် ကို အပ် ။ ကျွန်‌တော် က သူတို့ ထိုး ခိုင်းတဲ့  နေရာ လက်မှတ် ထိုး ၊ ရပြီ  ငွေကျပ် ၂၀၀၀၀ဝ ( နှစ်သိန်း ) ။ ၁၄ ရက်‌ နေ့ က ဘဏ် က ဖုန်း ဝင်လာ မလား ၊ တစ်‌နေကုန်‌ စောင့် ၊ ဖုန်း မလာပါ ။ စိတ် မရှည်‌တော့ သဖြင့် ၁၅ ရက်‌နေ့ ၁၂း၃ဝ နာရီ ပဲခူး ကို ဖုန်းဆက် ၊ အောင်လံ ရိုးမဘဏ် ဆက် ။ ခုလို ဆို‌တော့ လည်း မြန် လိုက်တာ ၊ ချက်ချင်းကြီး ဗျာ ။ ဘဏ်မန်‌နေဂျာ မိန်းမ‌ချော‌လေး နဲ့ တကွ ဘဏ် ဝန်ထမ်းများ ကို  နှုတ်ဆက် ၊ ဘဏ် ထဲ မှ ထွက်ခဲ့ ။ ထိုင်‌ စောင့် မ‌နေ‌တော့ဘဲ ကိုယ်တိုင် သွား လိုက်တဲ့ အကျိုး လက်ငင်း ခံစားရ ။ ‌မောင်‌မောင် ဖုန်း နား မှာ ထိုင်‌စောင့်‌ နေလိမ့်မည် ။

“ ‌မောင်‌မောင်‌ ရေ ... ရပြီ‌ ဟေ့ ၊ မ‌နေ့ က မုန်တိုင်း ရှိ‌ နေလို့ အွန်လိုင်း က ဆက် မရလို့တဲ့ ကွာ ”

‌မောင်‌မောင် ထံ ချက်ချင်း ဖုန်း နဲ့ သတင်း ပို့ ။ သူ လည်း ဟင်းခနဲ ပင့်သက်ပြင်း ချ ။ ကျွန်‌တော် လည်း သက်ပြင်းချ ။

“ ‌စောင့်မ‌နေနဲ့ ၊ ‌စောင့်မ‌နေနဲ့ ”

ကျွန်‌တော့်‌ ခေါင်း ထဲ ၁၉၆၃ ခုနှစ် ကတည်း က ရိုက် ထဲ့ ထား ခဲ့သည့် စကားလုံးများ ။

“ ‌စောင့်မ‌နေနဲ့ ”

ကျွန်‌တော် ငေး‌ငေးငိုင်ငိုင် ငူတူတူ ဖြစ်‌ နေလျှင် အပါး က ကျွန်‌တော့် ဖင် သံချွန် နဲ့ ထိုး‌ လေ၏ ။ ( တရုတ်ကြီး ဦး‌ခွေး‌လေး ကို ကျွန်‌တော် က ချစ်စနိုး “ အပါး ” ဟု‌ ခေါ် ပါ၏ ။ )

“ ငါ့ မှာ ‌မွေး ထားတဲ့ သားသမီး ၁ဝ ‌ယောက် ရှိတယ် ၊ ထိုင်‌ စောင့်‌ နေ ဒီ ပါးစပ်‌ပေါက်‌တွေ ဘာ နဲ့ ‌ကျွေး မလဲကွ ၊ ငါ့ မှာ အမြဲ အလုပ် လုပ်‌ နေရတယ် ”

အပါး သည်  ‌ဆေးရွက်ကြီးများ ကို  ဂုန်နီအိတ် နှင့်  လှိမ့် ၍ အလိပ်ကြီး လုပ်‌ နေရင်း မှ ‌အော်‌ ပြော လေ၏ ။  သူ့ အသက် ၈ဝ ကျော် ၉ဝ နား ကပ်‌ နေပြီ ။ သွားကျိုး ၊ ပါးကျိုး နဲ့ လုပ်‌ နေတုန်း ဗျာ ။ ဘာကို မှ ‌စောင့် မ‌နေပါ ။ မ‌သေမချင်း လုပ်မယ့် လူကြီး ။

◾မောင်ချမ်းသာ

📖 မောင်ချမ်းသာ ၏ ချမ်းသာနည်း

#ကိုအောင်နိုင်ဦး

.

ရွှေပြည်တော်သည် ( ၁၉ )


 

🔳 အစ်ကိုတွေ ကြောင့် ခက်၏

အစ်ကိုတွေ ကြောင့် ခက်၏ ။ နိုင်ငံရေး ဝါဒရေး တွေ က သူတို့ ခေါင်းထဲ ရှုပ်ထွေး စေဘိ၏ ။

ကဲ - ဒင်းတို့ အရှိန် ဒင်းတို့ လိမ့်ကြစေဦးတော့ ၊ နောက်တော့ အဖြစ်မှန် ပေါ်လာရပေမည် ။ အချိန် က သာ ဆုံးဖြတ် ပေးပေလိမ့်မည် ။

မြင့်မြင့် သည် ဤ အတိုင်း တွေး ကာ ဆိတ်ငြိမ် ၍ နေရ၏ ။

ထို့နောက် ညီအစ်ကို နှစ်ယောက် သည် သတို့သမီး နှင့် သတို့သားလောင်း တို့ လွတ်လပ်စွာ နေပါစေ ဟူသော သဘော နှင့် အိမ် ပေါ် မှ ဆင်းသွား ကြသည် ။

“ နောက်ထပ် မင်း တို့ တစ်စုံတစ်ရာ လုပ်ကြပြန် ရင်တော့ နှစ်ယောက် စလုံး ကို ချမ်းသာ မပေးဘူး ။ ဒီမှာ - ငါ့ ညီမ တို့ ဟာ အရှက် နဲ့ လူ လုပ်ကြတာ နို့ပြီး အချစ် ကြီး ရင်အမျက် ကြီး တယ် ဆိုတာ လဲ သတိထားပါ ”

သွားခါနီး ၌ ကိုထွန်းအောင် က ပြော သွား သော စကား ဖြစ်၏ ။

သော်တာစိန် နှင့် မြင့်မြင့် သည် စာပွဲ တစ်လုံး တွင် မျက်နှာချင်း ဆိုင် ထိုင်ကြကာ နှစ်ယောက် သား ငိုင် ကုန် ကြသည် ။ ဘယ်သူက ဘာ စ ပြောရမည် မသိသေး ၊ တစ်ဦး နှင့် တစ်ဦး ခေတ္တမျှ ငေးကြည့် နေ ကြပြီး နောက် မှ သော်တာစိန် က

“ ကျွန်တော် က ခင်ဗျာ့ ရည်းစား ကိုဘလှိုင် နဲ့ သိပ် တူသလား ဗျာ ”

“ သိပ် ကို တူတာပါဘဲ ရှင် .. အမြွှာ ညီအစ်ကို လား ထင် ရတယ် ”

“ ကြံကြံဖန်ဖန်ဗျာ ... ကျွန်တော့ မှာ တစ်ကောင်ကြွက် ပါ ၊ ငယ်ငယ်ကလေး ကတည်း က အဖေ နဲ့ ကြီးခဲ့ရတာ ကျွန်တော် လူမှန်း မသိခင်ဘဲ အမေ က သေခဲ့လို့ ကိုယ့် အမေ ကိုယ် ဖြူမှန်း ညိုမှန်း တောင် မသိပါဘူးခင်ဗျာ ”

“ နို့ - ရှင် ဘယ်သူလဲ ဘယ်ကလဲ ဆိုတာကော ကျွန်မ မသိရဘူးလား ”

“ ဟာ - သိရမှာပေါ့ ၊ မပြောဘဲ ထား လို့ ဘယ် ဖြစ်တော့မလဲ ... ကျွန်တော် ရန်ကုန် က ပါ ၊ အလုပ်က စာရေးဆရာ ပါ ၊ လူ နာမည်က တင်စိန် ကလောင်နာမည် က သော်တာစိန် ”

မြင့်မြင့် သည် ရုတ်တရက် ပါးစပ် အဟောင်း သား ဖြစ်သွား ပြီး မှ ရွှန်းပစွာ ပြုံးရီ လိုက် ကာ ..

“ ဟာ .. ဆရာသော်တာစိန် ကျွန်မ ဆရာ့ ဝတ္ထုတွေ သိပ် ကြိုက် တာပေါ့ ၊ အောင်မယ်လေး - ဆရာရယ် ဆရာ နဲ့ ကျွန်မ တွေ့ ရပုံက အဆန်းဘဲ ။ အဲဒါ အစ်ကိုကြီးတို့ ကို ပြော မပြ ဘူးလား ..”

“ ပြောပြတယ် - ပြောလေ ပရိယာယ် လုပ်တယ် ဆိုလေဘဲ ဗျ ။ တယ် ခက်တဲ့ လူတွေ ”

“ ဟုတ်တယ် အစ်ကိုကြီး တို့ က တစ်ခု ခု လုပ်မိရင် တဇွတ်ထိုး သမားတွေ ဘူး ဆို ဖရုံ မသီးတော့ဘူး ။ ဒါနဲ့ ဆရာ အညာ လာ ခဲ့တဲ့ ကိစ္စ က ပြောနိုင်မယ် ဆိုရင်ပေါ့လေ ”

“ ပြောရတော့ မှာ ပေါ့ ဗျာ အချစ် ကိစ္စဘဲ ကျွန်တော့် ရည်းစားကလေး ကို တွေ့ ရ အောင် လာခဲ့တာပါ ”

မြင့်မြင့် သည် ပြုံးရယ် ကာ -

“ ဪ - ဆရာ ည က ပြော တဲ့ ပိန်းနဲကွင်းရွာ က မရည်သန့် လေးလား ၊ သိပ် ချောတာဘဲ ၊ ဆွေမျိုး အသိုက်အဝန်း လဲ ကောင်း ပါတယ် ၊ ရိုး လဲ ရိုးသားကြပါတယ် ၊ စီးပွားရေး လဲ ချောင်လည်ကြပါ တယ် ”

“ ဒါနဲ - ခင်ဗျားတို့ အကြောင်းလဲ ပြော ဖြစ်ရင် ပြောပြပါဦး ”

“ ပြောရမှာပေါ့ ဆရာရယ် ၊ ကျွန်မ နဲ့ ကိုဘလှိုင် ဟာ ပါတီဝင် ဖြစ် ပြီး တောခို ခဲ့ကြတယ် ၊ နောက် ကျွန်မ အမေ က သမီး အတွက် နဲ့ အသဲအသန် ဖြစ်တယ် ။ သမီး ပြန် မလာရင်ဖြင့် သမီး အတွက် သေရပါ လိမ့်မယ် ဆိုတာနဲ့ ပါတီ က လဲ ဆန္ဒ ရှိရင် ခွင့်ပြုတယ် ဆိုတာ နဲ့ ကျွန်မ ပြန်လာခဲ့တယ် ”

“ ဒါနဲ့ ခင်ဗျား အကို များ က ကိုဘလှိုင် နဲ့ အတင်း ပေးစား နေချင်တာ က ဘယ်လိုတုန်း ”

“ ဒါက ဒီလို ဆရာ ရဲ့ – ကျွန်မတို့ နှစ်ယောက် သမီးရီးစား ဖြစ် နေကြတာ ကို သိနေကြလေတော့ တောထဲ အတူတူ လိုက်သွား ကတည်း က ညားပြီး ပြီ လို့ ထင်နေ ကြတယ် ... အမှန်တော့ ကျွန်မ တို့ ပါတီ က ဒီ ကိစ္စမျိုး မှာ အင်မတန် စည်းကမ်း ကြီးတယ် ၊ ကျွန်မ တို့ က လဲ စောင့်စည်းကြတယ် ... ကျွန်မတို့ ချင်း ဘာမျှ မဖြစ်ရ သေးဘူး ၊ သို့သော်လဲ ဘယ်သူ မှ က မယုံကြဘူးပေါ့ ၊ ဆရာရယ် ... ဒီတော့ အစ်ကိုများ က ရှက်ကြတယ် ... ကိုဘလှိုင် အလင်း ဝင် လာ ရင် ဖြင့် ချက်ခြင်း ပေးစားမယ် ... သူတို့ ရွှေယောက်ဖ ဖူးဖူးမှုတ် ထားမယ် နဲ့ - ကိုဘလှိုင် ကို ချောက် တစ်မျိုး ၊ ချော့ တစ်မျိုး နဲ့ အမျိုးမျိုး သွေးဆောင်ကြတယ် ”

“ ဒါပေမယ့် ဟိုလူ က အင်မတန် ယုံကြည်မှု ပြင်းတဲ့ လူ ဘဲ ၊ ဖဆပလ အပြုတ် ချပြီး မှ ကျုပ် ပြန်ခဲ့မယ်ဗျို့ လို့ ကြေငြာတယ် ... အစ်ကိုကြီး တို့ က နိုင်ငံရေး နားလည် လို့ တော့ မဟုတ်ပါဘူး ... စီးပွားရေးသမား ဖဆပလ တွေလေ ... အဲသည်တော့ တစ်ဘက် နဲ့ တစ်ဘက် တောက်တဲ့ နဲ့ ဆိတ်ချေး ဖြစ် နေတာပေါ့ ဆရာရယ် ”

“ တောက်တဲ့ နဲ့ ဆိတ်ချေး ဆိုတာ ဘာ အဓိပ္ပါယ် တုန်း ဗျာ ”

သော်တာစိန် မှာ စာရေးဆရာ ပီပီ အရေး ထဲ စပ်စု လိုက် သေး၏ ။

မြင့်မြင့် က ပြုံး ၍ -

“ ဪ ... ဆရာတို့ အောက်သား စကား နဲ့ ဆိုရင် တဇောင်းစေး နဲ့ မျက်ချေး ပေါ့ ဆရာ ရဲ့ ”

“ ကျေးဇူးပါဘဲ မမြင့်မြင့် - ကဲ ... ဆက်ပြောပါဦး ”

“ ကျွန်မတို့ အစ်ကိုများ ကလဲ အင်မတန် ခေါင်းမာတယ် ဇွဲနဘဲ ကြီးတယ် ၊ အနုနည်း နဲ့ မရရင် အကြမ်းနည်း နဲ့ ကို လုပ်မယ် ... ကိုဘလှိုင် များ လမ်း - မတော်တဆ တွေ့ ရင် အတင်း ဖမ်းခေါ် မယ် ဆိုတဲ့ အကြံ အမြဲတမ်း ရှိ လေတော့ အခု ဆရာ့ တွေ့ လာတာ ပါဘဲ ဆရာ ရယ် ”

သော်တာစိန် က သက်ပြင်း ချ ၍ -

“ အင် ... တယ် ကြောက်ဖို့ ကောင်းတဲ့ လူတွေ ပါ လား ”

“ အစ်ကိုကြီး က ဆိုး မိရင် အားကြီး ဆိုး ကောင်း မိရင် အားကြီး ကောင်း ရှင့် ”

သော်တာစိန် က ခေတ္တ စဉ်းစား ၍

“ ဟုတ်မယ် .... ည က လေ သူ့ စကား နားထောင်ပါမယ် လဲ ဆိုရော ဗျာ .. သူ့ အမူအယာ ဟာ သံချောင်း က ဖယောင်း ပြောင်း သွားပြီး ကျွန်တော့ အပေါ် ကောင်းလိုက် တာဗျာ .. ထမင်း ကျွေး တာ မှာ တောင် တယုတယ ၊ ခင်ဗျားတို့ အညာ က ယောက်ဖ ကို တယ် ချစ်ကြတာဘဲ - ကျွန်တော်တို့ အောက်အရပ် နဲ့ တော့ ဆန့်ကျင်ဘက် ဘဲ ”

“ ဘာကြောင့်လဲ ဆရာ ”

“ ဟာ ... ကျုပ်တို့ ဆီ မှာ က စကား ကို ရှိနေတယ် နှမ လင်နေ မောင် ဖင်ကြိမ်း သတဲ့ ”

“ ဟုတ်တယ် ကျွန်မ ကြားဖူးတယ် ဆရာ ”

“ တချို့ တောရွာလေးတွေ မှာ ဆိုရင် ကိုယ့် နှမ လာ လူပျို လှည့်တဲ့ လူ ကို ဓား နဲ့ တောင် လိုက် ခုတ်တတ် ကြတယ် ”

“ ဒါဟာ ရိုင်းစိုင်းမှု ဘဲ ဆရာ ”

“ မှန်တယ် တချို့ မိဘ က သဘောတူ ပေးစားသည့် တိုင်အောင် မှ လဲ အစ မှာ မောင်ဖွား ကို အသိ မပေးရဲဘူး ၊ သမီး မင်္ဂလာ ဆောင် ခါနီး အခါ မှာ မောင်ဖွား ကို တရပ်တကျေး အကြောင်း တစ်ခု ခု ရှာပြီး ခေတ္တ စေလွှတ် ရတယ် ၊ မောင် က မသိချင် ယောင် ဆောင် သွား ပေါ့လေ ... ”

“ ဒီလောက်တောင်ဘဲလား ဆရာ ”

“ တချို့ တောကျေးလက် တွေ မှာ ခုထက်ထိ ဒီ အတိုင်း ဘဲ ”

ဟု ပြောပြီး မှ သော်တာစိန် က

“ ကဲ - အထက်မြန်မာပြည် - အောက် မြန်မာပြည် ယောက်ဖတွေ အကြောင်း ထက် ကျွန်တော်တို့ အခု လက်ငင်း ရင်ဆိုင် နေရတဲ့ ပြဿနာ ကို ဘယ်လို လုပ်ကြ မလဲ ”

မြင့်မြင့် “ အစ်ကိုကြီး တို့ ကို ဆရာ ဘယ်လို ကတိ ပေးခဲ့ရ သလဲ ”

“ အလင်း ဝင်ပါ့မယ် - လက်ထပ်ပါမယ် လို့ ပြောခဲ့ရတာပေါ့ နို့ မဟုတ်ရင် သ,တ်ကြမယ်လို့ ”

“ အဲသည်လို ဆိုလဲ အဲသည် အတိုင်း လုပ်ဖို့ ရှိတော့တာပေါ့ ဆရာ ရယ် ”

ဤစကား မြင့်မြင့် က အေးစက်စွာ ပြောလိုက် သော် လည်း သော်တာစိန် မှာ ဆတ်ကနဲ တွန့် သွားကာ မျက်လုံး အဝိုင်းသား နှင့်

“ ဗျာ ... ဘယ်ဖြစ်ပါ့မလဲ - ကျွန်တော် က လဲ ခင်ဗျား ချစ်သူ မဟုတ် ကျွန်တော့ မှာ လဲ ချစ်သူ က ရှိပြီးသား သည့်ပြင် နည်းလမ်း မရှိတော့ဘူးလား ဗျာ ”

“ လက်ရှိ အခြေအနေ အရတော့ မရှိဘူး ဆရာ ”

သော်တာစိန် သည် အနည်းငယ် စဉ်းစား ပြန် ကာ

“ နို့ - ကိုဘလှိုင် မှာ မိဘများ မရှိကြဘူးလား ”

“ အဖေ တော့ မရှိဘူး အမေကြီး တော့ ရှိလေ ရဲ့”

“ ဒါဖြင့် ကျွန်တော် တို့ က လူ လွှတ်ပြီး အဲဒီ အမေကြီး ခေါ် ၊ ကျွန်တော် ဟာ သူ့ သား မဟုတ်တဲ့ အကြောင်း ရှင်း ခိုင်းရ မကောင်းဘူးလား ”

မြင့်မြင့် က ဦးခေါင်း ကို သွက်သွက်ကြီး ရမ်း၍ ၊

“ သာ မဖြစ်သေးတယ် ဆရာ ”

“ ဘာကြောင့်လဲ ဗျာ ”

“ အဲဒီ အမယ်ကြီး ဟာ သူ့ သား တောခို တာ ကို အင်မတန် ဂုဏ် ယူတာ ၊ တခါတရံ သူ့ သား ဆီ တော ထဲ တောင် လိုက်သွား ပြီး နေ လိုက်သေး - အမယ်ကြီး သာ ဆိုတယ် အင်မတန် နိုင်ငံရေး စိတ်ဓါတ် ပြင်းတယ် ဆရာ ရေ့-”

သော်တာစိန် မှာ တအံ့တသြ နှင့်

“ ဟုတ်လား ”

“ ဟုတ်တယ် ဆရာ - အဲဒါ အစ်ကိုကြီး တို့ က သိ လေတော့ - အဘွားကြီး ကို ဒီ ခေါ် လာပြီး သူ့ သား မဟုတ်ဘူး ပြောတော့ အစ်ကိုကြီး တို့ က အဘွားကြီး ကို ဘယ် ယုံတော့မှာလဲ သူ့ သား လွတ်အောင် လည်ဆယ်တယ် ထင် ကြ မှာပေါ့ ”

သော်တာစိန် သက်ပြင်း ချ ၍ ၊

“ အင်း - ခက်သေးတာဘဲ ”

မြင့်မြင့် သည် တစ်စုံတစ်ခု ကို ဆုံးဖြတ်ချက် ချ ပြီး ၍ ၊

“ ခက်ပါနဲ့ ဆရာ ရယ် - အခြေအနေအရ ဖြစ်လာပြီဘဲ ၊ ဆရာ နဲ့ ကျွန်မ - ခဏ တစ်ဖြုတ် - လင်မယား လုပ် လိုက်ကြတာပေါ့ ”

သော်တာစိန် မျက်လုံး ပြူး သွား ကာ -

“ ဗျာ ... လင်မယား လုပ်တာ ခဏတစ်ဖြုတ်ရယ်လို့ ဘဲ ... သူများ - ရိုးပြာမြေကျ သာ ကြားဖူးပါတယ် ဗျာ ”

“ နို့ ဆရာ က ရိုးပြာမြေကျ ကော - လုပ်ချင်သလား ”

“ ဟာ .. ဖြစ် မလားဗျ ... ခင်ဗျာ့ မှာ လဲ ချစ်သူ ရှိပြီးသား ကျွန်တော့ မှာ လဲ ရှိ နေပြီ ”

“ ဒါကြောင့် ခဏ တစ်ဖြုတ် လုပ်ပါလို့ ပြောတာ ကို ”

သော်တာစိန် သည် မြင့်မြင့် ကို ထူးဆန်းစွာ ကြည့်၍ ၊

“ ဟာ ... ကြံကြံဖန်ဖန် ဗျာ ”

သူ့ စိတ် ထဲ တွင် အညာသားများ ယောက်ဖ ဆွဲ ကြမ်း သလို အညာသူ လဲ - လင် ယူပုံ ဆန်းသည် ဟု အောက်မေ့ ၏ ။ ဒါကို ရိပ်စား မိ သဖြင့် မြင့်မြင့် သည် ခတ်ဟက်ဟက်ကလေး ရီမော လိုက်ကာ -

“ ဆရာ တော့ - အတွေး လွဲ နေပြီ ။ ကျွန်မ ခဏတစ်ဖြုတ် ဆို တာ က - ဟန်ဆောင် လင်မယား လုပ်ဖို့ ပြောတာ ရှင့် - ”

သော်တာစိန် ရှက်အမ်းအမ်း ဖြစ်ကာ -

“ သိပါဘူးဗျာ .. ခင်ဗျား က ရိုးပြာမြေကျ ကော လုပ်ချင်သလား မေး လို့ ”

“ အဲဒါက - ဆရာ့ ကို သက်သက် နောက်တာပါ ”

“ အရေးထဲများ - နောက် နေရသေး - ခုမှ တွေ့တဲ့ လူချင်း ”

“ ဆရာ က သာ ကျွန်မ ကို ခုမှ တွေ့ ရတာ - ကျွန်မ က ဆရာ့ ကို တွေ့ နေတာ တော့ ကြာ လှပြီ ”

သော်တာစိန် အံ့အားသင့် ပြန်ကာ -

“ ဘယ်တုန်းကလဲ ”

“ ဆရာ့ စာတွေ ဖတ်နေတဲ့ နေ့က စပြီးပေါ့ ”

“ အော ... ဒီလိုကိုး ”

“ ဟုတ်ပါသရှင် - ကဲ ဟန်ဆောင် လင်မယား လုပ်ဖို့ သဘောတူ ပလား ”

“ သည့်ပြင် နည်းလမ်း မရှိလဲ လုပ်ရတာပေါ့ လေ ”

မြင့်မြင့် က မျက်စောင်းကလေး ပစ် ခဲ့ ၍ ၊

“ ဟင်း - သူ က နာအံ့ ထင် နေ သေး ”

“ အို – ဘာများ အကျိုး ရှိမှာ မို့ တုန်းဗျ ၊ မြင်ရုံ မြင်ရ - မကြင်ရ မောင့် ကိုယ် နေရမယ့် ဟာကြီး ၊ ကိုယ် တွေ့ ရမဲ့ သူလေး အတွေ့ နှေး ရုံ ရှိတာ မပေါ့ ”

“ ဒါလောက်တောင်ဘဲလား ဆရာ ရယ် ၊ အခြေအနေ အရ ကြည့် စီစဉ်တာပေါ့ ”

သော်တာစိန် သည်သက်ပြင်း ချ၍ ခေတ္တ စဉ်းစား နေပြီး နောက်

“ ဒီမှာ - မြင့်မြင့် ကျွန်တော်တို့ လက်ထပ် ပြီးတယ် ဆိုရင် အခန်းတွေ ဘာတွေ အပ်ကြ လိမ့်မယ် ”

“ အပ်မှာပေါ့ ဆရာ - ဒီတော့ ဘာဖြစ်လဲ - ကိုယ် သာ မူလ မဟုတ်လား ”

“ မဟုတ်သေးဘူး မမြင့်မြင့် ၊ ဒီမှာ မမြင့်မြင့် မြတ်စွာဘုရား ရဲ့ မင်္ဂလာတရား ၃၈ ပါး ထဲ မှာ အာရတီ - ဝိရတီ ဆိုတာ သိရဲ့ မှုတ်လား ”

မြင့်မြင့် သည် စိတ်ဝင်စားစွာ နားထောင် နေ ကာ -

“ ဆိုပါအုန်း ဆရာ ”

“ အာရတီ ဝေးစွာ ရှောင်ကြဉ် ရခြင်းသည် လည်းကောင်း ၊ ဝိရတီ အထူးသဖြင့် ရှောင်ကြဉ် ရခြင်းသည် လည်းကောင်း လို့ ဆိုတယ် ”

“ ဟုတ်ကဲ့ ဆရာ ”

“ ဒီတော့ ပုထုဇဉ်တွေ ဟာ အာရတီ ဝေးစွာ ဆိုတဲ့ ဝေးဝေး က ရှောင် နေဘို့ မခက်သော်လဲ ၊ ဝိရတီ အထူးသဖြင့် အနီးကပ် မှာ အတွေ့ မှာ ရှောင်နိုင်ဘို့ က ခဲယဉ်းတယ် ၊ လင်မယား အခန်း အပ် တယ် ဆိုရင် တစ်အိပ်ယာ ထဲ တစ်ခုတင် ထဲ အိပ် ရမယ် မဟုတ်လား ”

မြင့်မြင့် သည် ခတ်စာစာကလေး ရီမော ကာ -

“ အောင်မယ်လေး ဆရာရယ် - အိုး က ပူ ရမှာ ကို ”

သော်တာစိန် က လက် တား ၍ ၊

“ မဟုတ်သေးဘူး မမြင့်မြင့် ဒီကိစ္စ မှာ အိုး ရော - စလောင်း ရော - နှစ်ခုစလုံး ပူ ရ လိမ့်မယ် ၊ ကျွန်တော် တို့ မှာ ကာမပိုင်တွေ မရှိကြသေး ပေ မဲ့ မေတ္တာမူပိုင် သစ္စာတူပြိုင် တွေ နဲ့ မဟုတ် လား ”

“ ဟုတ်ပါတယ် ဆရာ - ကျွန်မ မှာ လဲ စိတ်ကူး ထားတာ ရှိပါတယ် ”

“ ဘယ်လိုလဲ ”

မြင့်မြင့် သည် ဤ ကိစ္စ ကို ကား နှုတ် ဖြင့် မပြော ၊ အနီးရှိ စာရေး စက္ကူကဒ် ဆွဲ လိုက်၍ သော်တာစိန် အိတ် မှ ဖောင်တိန် တောင်း ပြီး ပုံဆွဲ ပြ၏ ။

“ ကျွန်မတို့ အိပ်ခန်း ထဲ မှာ ဒီလို နေရမယ် ။ အဲဒါ အစ်ကိုကြီး လာ ရင် ဆရာ ကြည့် သာ ပြောတော့ ၊ သဘောတူ ကြည်ဖြူ ပြီ ဆို ရင် သူ့ ရွှေယောက်ဖ လိုတာ ဝယ်ပေးမှာဘဲ ”

သော်တာစိန် သည် ပြုံးရွှင်စွာ

“ အစစ်ဘဲ - တောက် ... တကယ် ယောက်ဖ တော် လိုက်ရ ကောင်း မှာ ”

မြင့်မြင့် လက်ဝါး ကာ ၍ ၊

“ ဟိုး ဆရာ - ဟိုး ”

ယင်းအခိုက် မြင့်မြင့် သည် အပြင်ဘက် နား စွင့်၍

“ ဟော လှေကား က ခြေသံ ကြားတယ် ၊ အစ်ကိုကြီး လာပြီ ထင်တယ် ဆရာ အခုန ကျွန်မ ပုံဆွဲ ပြတဲ့ အတိုင်း ဖြစ်အောင် ပြော နော် ဆရာ အစ်ကိုကြီး ကို ယောက်ဖကြီး လို့ ရဲရဲ သာ ခေါ် နော် ”

ခဏအကြာ ၌ ကိုထွန်းအောင် အခန်း ဝ ခေါင်းပြူ လာ၍

“ သမီးရည်းစား နှစ်ယောက် စကား ကောင်း နေကြလား ဟေ့ ”

“ ဟုတ်ကဲ့ ယောက်ဖကြီး ”

သော်တာစိန် သည် ဈေးဦးပေါက် စွပ် တင် လိုက်ခြင်း ဖြစ်ပေ၏ ။ အစ်ကိုကြီး မှာ လွန်စွာ ပီတိ ဖြစ် သွား၏ ။ သော်တာစိန် ဆက်လက်၍ ၊

“ ဒီမှာ - ယောက်ဖကြီး ကျွန်တော်တို့ တိုင်ပင် နေကြတယ် ”

“ ဘာများတုန်း ယောက်ဖလေး ”

“ ကျွန်တော်တို့ မင်္ဂလာ ဆောင်ရင် အိပ်ရာ ခုတင် ဝယ်ပေး မယ် မဟုတ်လား ”

အယ်လဲဝမ်းသာ နှင့်

“ ဟာ - အကောင်းဆုံး ကို ဝယ်ပေး မှာ ပေါ့ ယောက်ဖလေး ရ ဒါများ မေး နေရသေးလား ”

မြင့်မြင့် က တစ်ဘက် လှည့် ၍ ပြုံး နေ၏ ။

သော်တာစိန် “ ဒါဖြင့် ကျွန်တော့ ကို ဗိုလ် ဆန်တယ် ပြော ချင် ပြောရော့ - တစ်ယောက်အိပ် ခုတင် နှစ်လုံး ဝယ်ပေးပါ ယောက်ဖကြီး ရာ ”

ကိုထွန်းအောင် လွန်စွာ သဘောကျ သွားလျက် ၊

“ ဟား ... ဟား ... ကွန်မြူနစ် က ဗိုလ်စိတ် ပေါက် လာတာကိုး သိပ် ကြိုက်တယ် ကွာ ၊ ဒီလိုမှ ပေါ့ ယောက်ဖလေး ဆန္ဒ အားလုံး ပြည်ဝရစေ့မယ် ။ ကဲ ... ညီမ ဆန္ဒ ရှိလဲပြောအုန်း ”

မြင့်မြင့် က အတွင်းကြိတ် ပြုံး လျက် ၊

“ ကျွန်မ ကတော့ ဗိုလ်ဖုန်းလှိုင် ကတော် မြန်မြန် ဖြစ်ချင်တာပါဘဲ အကိုကြီး ရယ် ”

မြင့်မြင့် သည် ရီမောလျက် အခြား အဓိပ္ပါယ် နှင့် ပြောလိုက် သည် ကို အကိုကြီး ခမြာ မသိ ရှာ ၊ သော်တာစိန် ကို ဘဲ ဗိုလ်ဖုန်းလှိုင် မှတ်နေ ရ ကား -

“ အို ... အမြန်ဆုံး ဖြစ်အောင် အစ်ကိုကြီး တို့ ဆောင်ရွက် နေ တာပဲ မဟုတ်လား ၊ ၃ ရက် အတွင်း တိုင်းသိ , ပြည်သိ  ဖြစ်ရစေ့ မယ် ငါ့ ညီမ ”

ကိုထွန်းအောင် သည် သူ့ စကား အတိုင်း ၊ လက်နက်ချခြင်း ၊ လက်ထပ်ခြင်း တို့ ကို တက်သုတ်ရိုက် စီစဉ် လိုက်ခြင်း ဖြင့် ယခု သူတို့ တော ထဲ သို့ တက်သုတ်ရိုက် ရောက်လာကြ ခြင်း ဖြစ်ပေ သတည်း ။

◾သော်တာဆွေ

📖 ရွှေပြည်တော်သည်

#ကိုအောင်နိုင်ဦး

.

စကား တစ်လုံး ရဲ့ စေရာ


 

❝ စကား တစ်လုံး ရဲ့ စေရာ ❞

ရထား ပေါ် က ဆင်း လိုက်ပြီ ။ ကြို သူ မရှိသော ဘူတာလေး ထဲ တွင် ဟိုငေး ဒီငေး နှင့် သာ ကြည့် နေ လိုက်သည် ။ မရောက်တာ ကြာ လို့လား မသိပါ ။ အရင်က နဲ့ မတူ အောင် ပြောင်းလဲ ကာ သွား သလို ခံစား နေမိ၏ ။

“ ဟာ ... ဂဒူး ”

မထင်မှတ်ဘဲ နှုတ်ဆက်သံ ကြောင့် ကြည့် လိုက် မိပြီး ကျွန်တော့် ကို ရင်းနှီးစွာ ပြုံးပြ နေပေမယ့် မမှတ်မိဘဲ ကြောင် ပြီးသာ ငေး ကြည့် နေမိသည် ။

“ ဟေ့ကောင် စောဂဒူး ၊ မမှတ်မိဘူးလား ။ ငါ မြတ်တိုး လေ ”

“ ဟာ မြတ်တိုး ၊ ဆောရီး ကွာ ၊ ရုတ်တရက် ဆိုတော့ မမှတ်မိဘူး ”

“ မင်း က ဝ လာ လိုက်တာကွာ ”

“ ငါ က ဝ တာထားဦး ၊ မင်း က ရော ပိန် သွား လိုက်တာ စောဂဒူး ရာ ”

‘‘ဒါနဲ့ မင်း ဒီကို ဘာ လာ လုပ်တာလဲ ”

‘‘အလည် လာ ရင်း ကုန်ကြမ်း ရှာ ရင်းပေါ့ကွာ ”

“ ဘာလဲ စာ ရေးဖို့ ကုန်ကြမ်းလား ”

ကျွန်တော် မြတ်တိုး ခေါင်း ညိတ် ပြ လိုက်ပြီး နှစ်ယောက်သား လက်ဖက်ရည်ဆိုင် သို့ သွား လိုက်ကြသည် ။

သူငယ်ချင်း တွေ မတွေ့ဖြစ်ကြတာ အတော် ကြာ ပြီမို့ စကားတွေ က ပြောလို့ ပင် မကုန်နိုင်ပေ ။

“ မင်း ကို မေးရဦးမယ် ။ မင်း နဲ့ နွေးနွေး က မယူ ဖြစ်ကြဘူး ဆို ။ ငါ တောင် အတော် အံ့ဩ သွားတယ် ။ ပြောစမ်းပါဦး ”

မြတ်တိုး အမေး ကြောင့် ကျွန်တော် သက်ပြင်း တစ်ချက် ချ လိုက်သည် ။

“ ဒီ အကြောင်းတွေ ဘယ်က စ ပြောရမှန်း မသိပါဘူး ကွာ ။ ခြားနားချက် တစ်ခု ကြောင့် လို့ ပြော ရမယ် ထင်တယ် ။ နောက်ပြီး တော့ ငါ့ ဘက် က အပြော တစ်ခု မှား သွားတာ လည်း ရှိတယ် ”

ကျွန်တော် စကား ကို ရပ် လိုက်ပြီး လက်ဖက်ရည် ကို တစ်ငုံ သောက်လိုက်သည် ။

‘‘ ကဲ ဆက် ရှင်းစမ်းပါဦး ၊ ငါတို့ သူငယ်ချင်းတွေ က တော့ မင်း တို့ အကြောင်း ကြား ရ တော့ စိတ် မကောင်းဘူး ။ နောက်ပြီး အံ့သြ နေကြတာ ။ ဒီလောက် တွဲလာခဲ့ ပြီးမှ လက် မထပ် ဖြစ်ကြဘူး ဆိုတော့ ..”

မြတ်တိုး မှာ ကျွန်တော့် ကို ကြည့် ကာ ကျွန်တော် ဆက် ပြောမယ့် စကား ကို နား စွင့်ကာ နေ တော့သည် ။

•••••   •••••   •••••

ကျွန်တော် ပြော လိုက်သည့် စကား ကြောင့် သူငယ်ချင်းတွေ မှာ မယုံ တဲ့ ပုံစံ ဖြင့် ဟားတိုက် ကာ နေကြသည် ။

“ စောဂဒူး ရာ မင်း အတော် ရယ်စရာ ပြောတတ် တာပဲ ။ စာရူး ၊ ပေရူး လို့ မပြောရဘူး ။ ဆေးကျောင်းသူ ကို သွားပြီး စိတ်ကူး ယဉ် ရတယ် လို့ ကွာ ”

“ ဟုတ်တယ် ဂဒူး ရ ၊ မင်း ကြိုက်တာ က ကြိုက်ခွင့် ရှိတယ် ။ သူ က စကား ပြန် ပြော တာ လက်ခံတယ် ။ ဒါပေမဲ့ မင်း ကို အဖြေ ပေး တာတော့ သိပ် မယုံချင်ဘူး ကွာ ”

“ မင်းတို့ က ငါ့ အတော် အထင် သေးတာပဲ ။ မယုံ လည်း မတတ်နိုင်ဘူး ကွာ ”

ကျွန်တော် ဘာမှ ဆက် မပြောတော့ဘဲ လက်ဖက်ရည်ဆိုင် ထဲ တွင် ထိုင်ကာ သူမ ကို စောင့် ကာ နေ လိုက်သည် ။ သူငယ်ချင်းတွေ မယုံချင် လည်း မယုံချင် စရာ ပင် ။ သူမ လို ဆေးကျောင်းသူ တစ်ယောက် ဆီ က ကျွန်တော် ကြား ချင်တဲ့ စကား ကြားရမယ် လို့ ထင် မထားခဲ့ပေ ။ ဆယ်တန်းကျောင်းသား ဘ၀ ထဲ က သူငယ်ချင်း ဆိုတဲ့ စည်း ကို ထိန်း လာ ခဲ့ရင်း က သူမ ဆေးကျောင်း ဒုတိယနှစ် အရောက် မှာ တော့ နှလုံးသား တို့ ရဲ့ဆန္ဒ ကို ဦးနှောက် က မလွန်ဆန် နိုင်တာကြောင့် သူမ ကို ဖွင့် ပြော လိုက်မိသည် ။ တစ်ယောက် နဲ့ တစ်ယောက် အထူး ပြောစရာ မလို ပေမဲ့ သူမ က ကျွန်တော့် ကို ငြင်းပယ် လိုက်မလား လို့ တောင် ထင် မိခဲ့သည် ။ သို့ပေမဲ့ ကျွန်တော် ကြား ချင်သည့် စကား သူမ နောက်ဆုံးနှစ် အရောက် မှာ တော့ ကြားခဲ့ရ၏ ။

ထိုနေ့ က ကျွန်တော့် အတွက် အတိုင်း မသိ ပျော်ခဲ့ မိသည် ။ သူမ ကို ဘယ်လောက် ချစ်တယ် ဆိုတာ နှိုင်းပြ ဖို့ ခက်သလို သူငယ်ချင်း ဆိုတဲ့ အတိုင်းအတာ ကြား က ဖြစ်လာတဲ့ သံယောဇဉ် မို့ တစ်နေ့ ကျ ရင် သူမ နဲ့ အတူ ထာဝရ လက်တွဲ သွားမယ် လို့ ကတိတွေ ပေးရင်း စိတ်ကူး တွေ တောင် ယဉ် ခဲ့သည် ။

ကျုံးရေပြင် ကို ငေး ကြည့်ရင်း တစ်ယောက် နဲ့ တစ်ယောက် ငြိမ်သက် နေရင်း က သူမ ကို ကြည့် ကာ မေး လိုက်သည် ။

“ နွေး ပြောစရာ ရှိတယ်ဆို ပြောလေ ’’

“ တခြားတော့ မဟုတ်ပါဘူ ၊ အစ်ကို ၊ နွေး အထက်ပိုင်း က မြို့ တစ်မြို့ သွားရမယ် အစ်ကို ။ နောက်ပြီး အဲဒီ ဆေးရုံ မှာ တာဝန် ကျ တယ် ”

“ ဟုတ်လား .. ဒါဆို ကြာဦးမှာပေါ့ ”

“ အင်း .. ကြာတော့ ကြာမှာပါ ၊ နွေး က တော့ သုံးနှစ် လောက် နေပြီး ဒီကို ပြန် ပြောင်း လာမှာပါ ’’

သူမ နယ် ပြောင်း ကာ တာဝန် ထမ်း ဆောင်ရမည် ဆိုတာ ကြောင့် ရင် ထဲ မှာ တစ်မျိုး ဖြစ်သွားသည် ။ အစိုးရ ဝန်ထမ်း ဆို တော့လည်း ထားရာ နေ စေရာ ကို သွား ရတဲ့ ဘဝ မို့ သူမ ကို တားဆီးခွင့် မရှိချေ ။ သို့အတွက် ကြောင့် သူမ သဘော ကျမယ့် စကားတွေ ကို ပြော ရင်း နေ ပေး လိုက်သည် ။

“ အစ်ကို့ ပြောရဦးမယ် ”

“ ပြောလေ နွေး ”

“ တခြားတော့ မဟုတ်ပါဘူး ။ အစ်ကို့ စာမူ ပါတဲ့ မဂ္ဂဇင်းတွေ ဆိုရင် နွေး ကို ပို့ ပေးဦးနော် ”

“ စိတ်ချပါ နွေး ရဲ့ ”

“ ဒါနဲ့ အစ်ကို က စာ ရေးရင် .. ဘယ်လို လိုင်း ကို အားသန်လဲ ’’

“ အစ်ကို က တော့ ဘယ်လိုင်းရယ်လို့ မဟုတ်ပါဘူး ၊ တစ်လှည့်စီ ထားပြီး စိတ်ကူး ရ ရင် ရ သလို အစုံ ရေးတယ် ။ ဘာလဲ ၊ နွေး က အစ်ကို့ စာတွေ ဖတ်ပြီး မကြိုက်လို့လား ”

“ မဟုတ်ပါဘူး ၊ နွေး က သီးသန့် တစ်လိုင်း ထဲ ကို ရေး ရင် မကောင်းဘူးလား လို့ မေးချင်တာပါ ။ အစ်ကို ဘာပဲ ရေးရေး နွေး က တော့ အားပေး မှာပဲ ။ နွေး ကို ပို့ ပေး ဖို့သာ မမေ့နဲ့ ”

သူမ နဲ့ ကျွန်တော် သည် အရင် ကတည်း က စာပေ ဝါသနာအိုးတွေ မို့ စာအကြောင်း ၊ ပေအကြောင်း တွေ မကြာခဏ ဆိုသလို ပြောဖြစ်ကြပြီး ကျွန်တော် ရေး သမျှတွေ ကို လည်း သူမ က ဝေဖန် ကာ အကြံပြု ပေး တာကြောင့် ပြုပြင်စရာလေးတွေ ပြုပြင် နိုင်ခဲ့သည် ။

သူမ နဲ့ အရင် က လို မတွေ့ဖြစ်ကြပေမဲ့ မကြာခဏ ဖုန်း ပြောလိုက် နှင့် အတူ အဆက်အသွယ် တော့ မပြတ်ခဲ့ပေ ။

“ မောင်ဂဒူး ၊ ငိုင် လှချည်လား ကွ ၊ ဘာလဲ ဆရာဝန်မလေး နယ် ပြောင်း သွားလို့ လွမ်းနာ ကျ နေ တာလား ’’

ကျွန်တော် ဟိုတွေး ဒီတွေး နှင့် ငေးငိုင်ကာ နေရင်း ကြား လိုက်ရသည့် အသံ ကြောင့် အတွေး ပျက်သွား၏ ။

“ ဆရာ ဒီ အကြောင်းတွေ သိတယ် လား ’’

“ သိတာပေါ့ကွ ၊ ဆရာ့ ကို ပြောတဲ့ သူ ရှိတယ်လေ ”

“ ဟုတ်လား ၊ ဘယ်သူလဲ ”

“ ဘယ်သူ ရှိရမှာလဲ ညီမလေး ပေါ့ ”

ကူးကူး မှာ ကျွန်တော့် ကို ကြည့်ကာ ရယ် နေတော့သည် ။ ကျွန်တော့် မှာ လည်း ရှက်သလို ဖြစ် သွားပြီး ဆရာ့တို့ သားအဖ နှစ်ယောက် နဲ့ အတူ ရယ် လိုက်၏ ။

“ ဒါနဲ့ မင်းတို့ က ဘယ်တော့ လက်ထပ် ကြ မှာလဲ ”

“ အတိအကျ တော့ မပြောတတ်သေးဘူး ဆရာ ။ နောက် သုံးနှစ် လောက် နေ ရင်တော့ လက်ထပ် ကြဖို့ ပြော ထားတာပဲ ’’

“ အဲဒါလည်း ကောင်းပါတယ် ။ မင်း အတွက် ဆရာ အားလုံး တာဝန် ယူ ပေးမယ် ဟုတ်လား ”

“ တကယ် ပြော တာလား ဆရာ ”

“ တကယ်ပေါ့ ကွာ ”

ကျွန်တော် ဘာမှ တောင် အကူအညီ မတောင်းရ သေးပါ ။ ဆရာ ကူညီ ပေးမယ် ဆိုတာကြောင့် အတိုင်းမသိ ပျော်မိသည် ။ ဆရာတို့ မိသားစု နှင့် ကျွန်တော် သည် ဘယ် ဘဝ ရေစက် ကြောင့် လည်း ဆိုတာ မပြောတတ် ပေမယ့် ကျွန်တော့် အပေါ် တော့ မိသားစု လို ကောင်း ရှာပြီး ကျွန်တော့် အတွက် စီမံကိန်းတွေ ရေးဆွဲထားမှု က တော့ မိဘ အရင်းတွေ လားလို့ တောင် သူငယ်ချင်းတွေ က မေး ကြသည် ။ ထို့အတွက် ဆရာ သည် ကျွန်တော့် အတွက် ကျေးဇူး ကြီးမားလှ သလို မိဘတွေ နဲ့ မခြားတော့ပေ ။

“ စောဂဒူး ၊ မင်း အတော်ကံကောင်းတဲ့ ကောင် ပဲ ။ ဒီလို ဆရာ မျိုး က ရွှေ ထက် ရှား တယ် ကွ ၊ ဒါဆို မင်း မိန်းမ ယူတာ နဲ့ စီးပွားရေး လုပ်ဖို့ အစပျိုး ပေးမယ့် သဘောမျိုးပေါ့ ’’

“ ဟုတ်တယ် ’’

သူငယ်ချင်း တွေ မှာ အံ့ဩပြီးရင်း အံ့ဩ နေ ကြသည် ။ ကျွန်တော့် မှာ လည်း ထိုနည်း တူ စွာပင် ဖြစ်နေသည် ။ ထိုသို့ ဆရာ က ပြောထား မှု ကို ဆရာ့ အမျိုးတွေ က တော့ ကျွန်တော့် ကို မကြည်ကြပါ ။ ဆရာ့မိသားစု က တော့ ဆရာ ပြီး ရင် ပြီး တာမို့ ပြော စရာ မလိုပေ ။ သူမ နဲ့ အနေ ဝေးလို့ တစ်ပတ် တစ်ခါ ဆို သလို ဖုန်း ပြော ဖြစ်ကြ ပေမဲ့ ထို အကြောင်းတွေ မပြောပြ ဖြစ်တာထက် သူမ နဲ့ လက်ထပ်မယ့် နေ့ ကျမှ ဖွင့် ပြောဖို့ ဆုံးဖြတ် ထားခဲ့သည် ။ သူမ ပြောင်းသွား တာ ဘာမှ မကြာလိုက် သလို ထင်ရ ပေမယ့် ( ၂ ) နှစ် ပင် ကျော် လာခဲ့၏ ။

ကျွန်တော် က တော့ ဆရာ နှင့် တိုင်ပင် ကာ စီမံကိန်းတွေ ကြိုတင်ကာ ဆွဲ ထား လိုက် သည် ။ ဆရာကတော် က လည်း ကျွန်တော့် ကို ကြည့်ကာ ပြုံးစိစိ နှင့် ...  ။

“ အဲဒါသာ ကြည့်တော့ မောင်ဂဒူး ရေ ၊ မင်း ဆရာ က တော့ မင်း မိန်းမ ယူ မှာ ကို တက်ကြွနေ လိုက်တာ ။ သူ့ ဆရာဝန်ဘွဲ့ တောင် မင်း ကို ပေး ရရင် ပေးဦး မလား မသိဘူး ”

ထိုသို့ လုပ်ဆောင်မှုတွေ ကြောင့် ကျွန်တော် ဆရာတို့ မိသားစု ကို ဘယ်လို ကျေးဇူး တင် ရ မှန်း မသိတော့ပါ ။ ၎င်းအပြင် သူမ ပြန်လာမယ့် နေ့ ကို ရေတွက် ရင်း စိတ်တွေပါ လှုပ်ရှား နေတော့သည် ။ သူမ ဘက် က လည်း သူမ မိဘတွေ ကို ကြိုတင် ပြောထားသည် မို့ သူမ ရောက် လာ တာ နဲ့ သူမ နှင့် တိုင်ပင်ကာ မင်္ဂလာစကား ပြော တောင်းရမ်း ဖို့ ကိစ္စပါ စဉ်းစား ထား လိုက်၏ ။

ဆရာ နဲ့ အတူ ရပ်ကွက် ထဲ က လူကြီးတွေ ခေါ် ကာ မိန်းမ တောင်းရမ်းဖို့ ကိစ္စ အတွက် သူမ တို့ အိမ် သို့ သွား လိုက်သည် ။ ကျွန်တော့် မှာ လည်း စိတ်တွေ လှုပ်ရှား ကာနေပြီး သဘော တူပါ့ မလား ဆိုတာ လည်း စိုးရိမ်ကာ နေ မိ၏ ။ လူကြီးတွေ ပြော တာ ကို သူမ နဲ့ အတူ နားထောင် ရင်း ...

“ ပြော ရမှာတော့ အားနာပါတယ် ဆရာ ၊ ကျွန်တော့် သမီး ကို သိန်း ၅၀ တင် တောင်း နိုင်မှ သဘော တူမယ် ”

“ ဟုတ်တယ် ၊ ကျွန်မ သမီး ကို +++ကုမ္ပဏီ ပိုင်ရှင် ရဲ့သား က ဆိုရင် တိုက် တစ်လုံး ၊ ကား တစ်စီး နဲ့ တောင် တင်တောင်း ဖို့ ကမ်းလှမ်း ထားတာ ”

“ ဟုတ်ပါ့ ၊ နောက်ပြီး +++ ဌာန က လူကြီး ရဲ့ သား က စိန် တစ်ဆင်စာ နဲ့ ကား တစ်စီး တောင် ပြော ထားသေးတာ ။ ဒီမှာ စကား ကျွံ ထားလို့ သာ ”

ဆရာ က တော့ ကျွန်တော့် အတွက် သူမ မိဘတွေ ကို နား ဝင်အောင် အကျိုးသင့် အကြောင်းသင့် ပညာတတ် ပီပီ ဖြစ်သင့် ဖြစ်ထိုက် တာ ကို ပါ ရှင်းပြ နေတော့သည် ။ သူမ မှာ လည်း မိဘတွေ ပြော စကားကြောင့် မျက်နှာ ပျက် နေ၏ ။ ထို စကားတွေ ကြား ရတော့ ကျွန်တော့် မှာ လည်း အောင့်သက်သက် နှင့် ။

ဆရာ က တော့ ငွေ တင် တောင်း ခိုင်းတဲ့ ကိစ္စ က လွဲ၍ တခြားသော ကိစ္စအဝဝ ကို တာဝန် ယူ ဖို့ ပြော ပေမယ့် မရပါ ။ သူမ မိဘတွေ နဲ့ အသိုင်းအဝိုင်းတွေ က တော့ သူမ ရဲ့ ဆရာဝန် ဆိုတဲ့ ဂုဏ် နဲ့ အတူ ပဲ ငွေကြေး ကို သာ အဓိက ထား ပြော နေမှုတွေ က လူ အရောင်းအဝယ် လုပ်တဲ့ သဘော နဲ့ တူ နေတာ ကြောင့် ...

“ ဦးလေး တို့ က သမီး ကို ရောင်းစား နေကြတာလား ”

“ မင်း ဘာ စကား ပြောတာလဲ ’’

“ ဟုတ်တယ်လေ ၊ ခု ပြောနေကြတဲ့ပုံတွေ အဲဒီ သဘော သက်ရောက် နေတယ် ။ ကျွန်တော်တို့ လာတာ လူ အရောင်း အဝယ် လုပ် ဖို့ လာတာ မဟုတ်ဘူးဗျ ။ ဆရာ သိန်း ၅ဝ တင် တောင်း မှ မိန်းမ ရမယ် ဆိုရင် မရချင် နေပါစေတော့ ဗျာ ”

ကျွန်တော် ခံပြင်းမှုတွေ နဲ့ အတူ ပြော လိုက်သည့် စကား ကြောင့် သူမ မိဘတွေ မှာ အထိ မခံ တဲ့ ရွှေပန်းကန် လို ဖြစ်ကာ ကျွန်တော့် ကို မောင်းထုတ် နေ တော့သည် ။ သူမ မှာ မိဘ ကို ထိ တော့ နာရင်း နဲ့ အတူ ...  ။

ဆရာ က တော့ ကျွန်တော့်အတွက် စိတ် မကောင်း ဖြစ် သွားပြီး နှစ်သိမ့် ပေး ခဲ့သည် ။ သူမ ကတော့ ကျွန်တော့် ကို အပြောအဆို ရိုင်း သလို ဖြစ်သွားခြင်း နဲ့ အတူ အတွေ့ ပင် မခံ တော့ ပေ ။ ငွေ ကို ဘုရား လို ကိုးကွယ်တဲ့ မိဘတွေ ရဲ့ဆန္ဒ ကို မလွန်ဆန်ရဲ သလို ကျွန်တော် ပြော လိုက်သည့် စကားတွေ က သူမ အပေါ် အလေးအနက် မထား သလို ဖြစ်သွားမှု ကို နာကြည်း ကာ သွားခဲ့သည် ။ ကျွန်တော် ကတော့ သူမ ကို မမုန်းပါ ။ ပြောဆို ခဲ့ တဲ့ အမှား အတွက် တောင်းပန်ချင် ပေမဲ့လည်း ....

•••••   •••••   •••••

အတိတ် က အကြောင်းတွေ ကို မြတ်တိုး ကို ရင်ဖွင့် ပြ လိုက်တော့ ရင် ထဲ မှာ ပေါ့ပါး ကာ သွား တော့သည် ။

“ မင်း ပြောခဲ့တဲ့ စကား က အတော် ထိတယ်ကွာ ။ နောက်ပြီးတော့ နွေးနွေး အပေါ် အလေးအနက် မထား သလို လည်း ဖြစ်သွားတယ်ကွ ။ ဒါနဲ့ မင်း နွေးနွေး နဲ့ နောက်ထပ် တွေ့ဖြစ် သေးလား ’’

“ မတွေ့ဖြစ်ကြတာ ဒီနေ့ ထိ ပဲ ’’

အချိန်တွေ က သာ တရွေ့ရွေ့ ကုန်ဆုံးလာ ခဲ့ပေမယ့် ကျွန်တော် သူမ ကို အချစ်ဦး မို့ အရူးအမူး ဖြစ်နေဆဲ ပင် ။ အမှား မှန်း မသိတဲ့ အမှား အတွက် လည်း တောင်းပန် ချင်သည် ။ တစ်နေ့ သူမ တစ်ယောက် နားလည် လာ မှာ ပဲ လို့ စောင့်စားရင်း နဲ့ သာ မျှော် နေမိပေမယ့် သူမ နဲ့ ပတ်သက်တဲ့ သတင်း က တော့ မရခဲ့ပေ ။ ကျွန်တော် မြတ်တိုး နဲ့ အတူ လက်ဖက်ရည်ဆိုင် က ထွက် လာ လိုက်ပြီး သူတို့ အိမ် သို့ ပြန်လာ ခဲ့သည် ။ နှစ်ယောက်သား စကား တပြောပြော နှင့် ဟိုးငေး ဒီငေး ရင်း က မထင်မှတ်ဘဲ တွေ့ လိုက်ရသည့် မြင်ကွင်း ကြောင့် ကျွန်တော် အံ့ဩ ကာ သွားတော့သည် ။ ကျွန်တော် ရှာဖွေ ကာ တွေ့ချင် နေတဲ့ နွေးနွေး ဖြစ် နေတာကြောင့် ပင် ။ သူမ ကို ဝမ်းသာအားရ နှင့် လှမ်းကာ ခေါ် လိုက် မိသည် ။ သူမ မှာ လည်း အံ့ဩတဲ့ အမူအရာ တွေ နဲ့ အတူ ပြုံး ပြကာ သူမ ပြော လိုက်သည့် စကား က ရင်ဘတ် ကို တက်နင်း ခံရသည့် ပမာ ။

သူမ ရဲ့ အပြုံး က ဖော်ရွေတဲ့ အပြုံး မဟုတ်ပါ ။ မဲ့ပြုံး မို့ သူမ နှင့် အတူ ပါ လာတဲ့ လူ တစ်ယောက် ကို လက် ဆွဲကာ ...

“ ကိုစောဂဒူး ၊ ဒါ နွေး နဲ့ မကြာခင် လက်ထပ်ကြမယ့် သတို့သား လေ ။ နာမည် က ကိုလင်းထက် တဲ့ ။ ခု နာမည် ကြီး နေတဲ့ +++ ကုမ္ပဏီ ပိုင်ရှင်ပေါ့ ။ နွေး တို့ မင်္ဂလာဆောင် ကြရင် လာခဲ့ဦး နော် ’’

ကျွန်တော် ဟန်ဆောင် အပြုံး နဲ့ သာ ပြုံးပြ လိုက်ရ ပေမယ့် ရင် ထဲ မှာ တော့ ခံရ ခက် တဲ့ ဝေဒနာ တစ်ခု နဲ့ အတူ သူမ ပြော လိုက်သည့် စကားလုံး တွေ ရဲ့ အဓိပ္ပာယ် သက်ရောက်မှု က နာကြည်း မုန်းတီး နေဆဲ ဆိုတာ အဖြေ က ထွက် နေ ခဲ့သည် ။ ထို့အတွက် ဘာမှ မပြောလို တော့ပေ ။ ဖူးစာ မပါ လို့ပဲ လို့ မှတ်ယူရင်း ... အမှား မှန်း မသိတဲ့ ကိုယ့် ရဲ့အမှား ကြောင့် လို့ သာ ။

◾စောအိဏ်းနှင်း ( ရွှေဘို )

📖 ရုပ်ရှင်တေးကဗျာ မဂ္ဂဇင်း
      အောက်တိုဘာ ၊ ၂၀၁၃

#ကိုအောင်နိုင်ဦး

.