Showing posts with label သူရဲဘောကြောင်တဲ့ လူညံ့. Show all posts
Showing posts with label သူရဲဘောကြောင်တဲ့ လူညံ့. Show all posts

Friday, October 7, 2022

နိဂုံး မဟုတ်သော နောက်ဆက်တွဲ


 

❝ နိဂုံး မဟုတ်သော နောက်ဆက်တွဲ ❞

ပြာလဲ့သော မိုးသားကောင်းကင်သည် အိပ်မက် ဆန် နေ၏ ။ နှင်းကြွင်းသော လေပြည်သည် စိုစွတ်အေးမြ နေ လေသည် ။ အရွက်ဟောင်းတွေ ကြွေကျထားသော သစ်ဆိမ့်ပင် အောက်က မြေနီလမ်းကလေး ပေါ် တွင် ကောင်ကလေး တစ်ယောက် နှင့် ကောင်မလေး တစ်ယောက် မျက်နှာချင်း ဆိုင် လျှောက်လာရင်း ဆုံမိကြသည် ။

အသစ် က ပြန် စချင်သော ကောင်ကလေး နှင့် အသစ် က ပြန် စချင်သော ကောင်မလေး  ...

သူတို့ ရဲ့ နေ့ရက် ဟောင်း တွေ သိစိတ် ဟောင်း တွေ ကို အသစ် ပြန် စ ဖို့ အဲသည် မြေနီလမ်းကလေး မှာ ...

အဲသည် သစ်ဆိမ့်ပင်ကြီးအောက် မှာ ( မတော်တဆ လိုလို တမင်တကာ လိုလို ) ဆုံတွေ့ကြသည် ။

ကောင်ကလေး က စပြီး မိတ်ဆက်သည် ။

“ ဒီမှာ ... ဒီမှာ တဆိတ်လောက်ဗျာ ... ခင်ဗျား နဲ့ မိတ်ဆွေ ဖြစ်ချင်လို့ ... နာမည်လေး သိ ပါရစေ ...”

ကောင်မလေး က ပြန် ပြောသည် ။

“ ဪ ... ရပါတယ် ရှင် ... ကျွန်မ နာမည် က ဆိုဖီယာလပြည့်ဝန်း လို့ ခေါ်ပါတယ် ...”

“ ဟုတ်လား ... ကျွန်တော့်နာမည် ကို လည်း မှတ်ထားနော် ၊ ကျွန်တော့် နာမည် က စိုးရှားတဲ့ ...”

“ ဒါဆို ... ကျွန်မတို့ မိတ်ဆွေတွေ ဖြစ် သွားကြပြီပေါ့ နော် ...”

ဆိုဖီယာ ၏ စကား အဆုံး တွင် သူတို့ နှစ်ယောက် စလုံး ပြိုင်တူပင် လှိုက်လှိုက်လှဲလှဲ အော်ဟစ်ရယ်မော လိုက်ကြမိသည် ။

ရယ်သံတွေ သည် ပန်းသီးတစ်လုံး လို နီရဲ လတ်ဆတ် ချိုမြိန် စွာ လွင့်မျော သွား၏ ။

ထို ပန်းသီး သည် မြေပြင် ပေါ်သို့ ကြွေ ကျလိမ့်မည် မဟုတ်ပါ ။

ကိုယ့် ကိုယ် ကိုယ် သိနားလည်သူများ ၏ ရင်ခွင် ပေါ် သို့ သာ ကြွေကျမည် ဖြစ်ပါသည် ။

◾မင်းခိုက်စိုးစန်

#ကိုအောင်နိုင်ဦး

.

သူရဲဘောကြောင်တဲ့ လူညံ့ ( ၂၁ )


 

အခန်း ( ၂၁ )

နေရောင်ခြည် သည် စိမ်းလဲ့ တောက်ပနေ၏ ။ သစ်ရွက် တို့ ၏ လတ်ဆတ်သော ရနံ့ က လေပြည် ထဲ တွင် ဝေ့ဝဲ သင်းပျံ့ နေသည် ။

နေထွက်ရာ အရပ်ကို ဘာကြောင့် ' အရှေ့' ဟု ခေါ် ရပါသနည်း ။ အရှေ့ ဆိုတာ ဘာလဲ ... အနောက် ဆိုတာ ဘာလဲ ... လူတွေ ခေါ်ဝေါ်တဲ့ နာမည် သက်သက် ပဲလား ... ဒါဆိုရင် အမှန်တရား ဆိုတာ ကရော ဘာလဲ ... အမှား ဆိုတာ ကရော ဘာလဲ ... အနိုင် ဆိုတာ ကရော ဘာလဲ ... အရှုံး ဆိုတာ ရော ဘာလဲ ...

လောလောဆယ် မှာတော့ အနိုင် အရှုံး ကို အဆုံးအဖြတ် ပေးမည့် အဖြေ သည် သူမ လက် ထဲ တွင် ကိုင်ထားသည့် လေးညှို့ ပေါ် မှာ ရှိနေသည် ။

     •••••   •••••   •••••   •••••

စိုးရှား က ဆိုဖီယာလပြည့်ဝန်း ၏ လက် ထဲ မှ လေးကိုင်း ကို လှမ်း ယူ လိုက်သည် ။ ထိုနောက် တြိဂံသဏ္ဌာန် အထူစား မြားအိတ် ထဲ မှ အလူမီနီယံ မြား တစ်ချောင်း ကို ဆွဲ ထုတ်လိုက်၏ ။

ပြီးတော့ စိုးရှား က မြားအမြီး ကို ကြိုး မှာ တင်ပြီး ရှိသမျှ အားအင်ကို စုစည်း ကာ ကြိုး ကို ဆွဲ တင်လိုက်သည် ။ အသက် ကို ဝဝ ရှုသွင်း လိုက်၏ ။ ဟိုး ... ဝေးဝေး က အုတ်နံရံ ပေါ် တွင် လူတစ်ရပ် သာသာ အမြင့် ၌ ချိတ်ဆွဲ ထားသော စက်ဝိုင်းပုံ ပစ်ကွင်း ကို မြင် နေရသည် ။

စိုးရှား က စိတ်အာရုံ ကို စုစည်းပြီး ပစ်မှတ် ကို သေသေချာချာ ချိန်ရွယ် လိုက်သည့် နောက် မြား ကို ပစ်လွှတ် လိုက်၏ ။

“ ဒုတ် ...”

မြား က Bull's Eye ဟု ခေါ်သော ပစ်မှတ် ၏ အလယ်ဗဟို တည့်တည့် ရှိ အနက်ရောင် စက်ဝိုင်းကလေး ထဲ တွင် စိုက်ဝင်နေသည် ။

စိုးရှား က နောက်ထပ် မြား နှစ်စင်းကို ထပ်ပြီး ပစ်လွှတ် လိုက်ပြန်သည် ။

“ ဒုတ် ...”

“ ဒုတ် ...”

ရှေ့ဆင့် နောက်ဆင့် ဆိုသလို မြားနှစ်စင်းလုံး က ပစ်မှတ် ၏ အလယ်ဗဟိုတည့်တည့် မျှ ပင် စိုက်ဝင် သွား၏ ။ စိုးရှား က သူ့ ကိုယ် သူ ဂုဏ်ယူ ကျေနပ်သည့် တတ်တခိုး အပြုံး ကို ပြုံးရင်း လက် ထဲ မှ လေးကိုင်း ကို ဆိုဖီယာလပြည့်ဝန်း ဆီ သို့ လှမ်း ပေးလိုက်သည် ။ ပြီး ...

“ ရော့ ... ဆိုဖီယာ မင်း ပစ်ရမယ့် အလှည့် ...”

ဆိုဖီယာ က လေးကိုင်း ကို လှမ်း ယူ လိုက်သော်လည်း သူမ ၏ ဦးခေါင်း ကို တော့ ခပ်သာသာကလေး ခါရမ်း ရင်း ...

“ ကျွန်မ ရှင် နဲ့ မြားပစ် ပြိုင်ချင်တာ ဒီနေရာ မှာ မဟုတ်ဘူး ...”

     •••••   •••••   •••••   •••••

သူမ က စိုးရှား ၏ ရှည်လျားသော အပြုံး ကို ရပ်တန့် ပစ်လိုက်သည် ။ စိုးရှား က နားမလည်နိုင်စွာ ပြန်ကြည့် ရင်း ...

“ ဒါဆို မင်း က ဘယ်နေရာ မှာ ပြိုင် ချင်တာလဲ ...”

“ လာ ... ကျွန်မ နဲ့ လိုက်ခဲ့ ...”

ဆိုဖီယာလပြည့်ဝန်း က ရှေ့မှ ဦးဆောင်ပြီး အပေါ် တက်သည့် လှေကား ဆီ သို့ ခေါ်သွားသည် ။ သူမ ဦးတည် သွားနေသည် က တတိယထပ် အမြင့်ရှိ လေသာဆောင် ဆီ သို့ ...

လေသာဆောင် အစွန်း မှ နေ၍ ခြံထောင့် ရှိ သစ်ပင်ကြီး ဆီ သို့ သွယ်တန်း ထားသော ခနော်နီခနော်နဲ့ ကြိုးတံတားအိုကလေး ကို မြင် ရသည် ။

ကြိုးတံတားလေး ၏ အခင်း ပျဉ်ပြားများ က ဆွေးမြည့် နေပြီ ။ တစ်ချို့နေရာများ တွင် ပဲ့ရွဲ့ ပြုတ်ထွက် နေ၏ ။ ကြိုးတွေ က လည်း ဖွာလန်ကျဲ နေကြသည် ။

ဆိုဖီယာ က ထို ကြိုးတံတားလေး ကို လက်ညှိုး ထိုး ပြရင်း ...

“ ဟောဒီ ကြိုးတံတား ပေါ် ကို လျှောက် သွားပြီး ကြိုးတံတား အလယ် ကနေ ပစ်မှတ် ကို ပစ်ရမယ် ၊ တစ်ယောက် ကို မြားသုံးစင်း စီ ပစ် ရအောင် ဘယ့်နှယ် လဲ ...”

သူမ ၏ စကား ကြောင့် စိုးရှား က ...

“ ဘာ ... မင်း နောက်နေတာလား ...”

“ ဒါ ... နောက်စရာ ပြောင်စရာ ကိစ္စ မှ မဟုတ်ဘဲ ရှင် ... ဘာဖြစ်လို့လဲ ...”

“ ဖြစ်နိုင် မဖြစ်နိုင် မင်း စဉ်းစားကြည့်လေ ကွာ ၊ မင်း ငယ်ငယ်တုန်း က ကစား ခဲ့တဲ့ ကြိုးတံတား က ကလေး တစ်ယောက် ရဲ့အလေးချိန် ကို ခံနိုင်ပေမယ့် လူကြီး တစ်ယောက် လျှောက်မယ့် ဝန် ကို ခံ နိုင်ပါ့မလား ... ပြုတ်ကျ သွား မှာပေါ့ ...”

ပြောပြောဆိုဆို နှင့် စိုးရှား က မတော်တဆ ပြုတ်ကျလျှင် မြေပြင် နှင့် ထိရိုက်မိမည့် အမြင့်ပမာဏ ကို ငုံ့ကြည့် လိုက်သည် ။

ဘုးရား ... ဘုရား ... အမြင့်ကြီး ပါ လား ...

ပြုတ်ကျ လျှင် ဇက်ကျိုး ပြီး သေဖို့ သာ ရှိသည် ။ သူ ပင့်သက် ရှိုက် မိ၏ ။ ပြီးခဲ့သည့် တစ်နေ့ က မှ ရက်လည် ဆွမ်းသွတ် ပြီးသွားခဲ့သော သူ့ ဦးလေး ဦးစောဝင်း ကို ပြန် သတိ ရလာသည် ။

အင်း ... ဦးလေး ကတော့ သူ လုပ်ချင်တာတွေ လုပ်ပြပြီး ကျေကျေနပ်နပ် သေဆုံးသွားခဲ့ပြီ ။ ငါ က ရော ...

ငါ ကတော့ ဘာမှ မဟုတ်တဲ့ အနိုင်အရှုံး တစ်ခု အတွက် သေရမည် ဆိုလျှင် ...

သူ့ အတွေး မဆုံး ခင် မှာ ပဲ ဆိုဖီယာ ၏ စကား က သူ့ ကို ပိုပြီး ချောက်ချား စေ၏ ။

ဆိုဖီယာ က ...

“ ဟုတ်တယ် ... ဒီ ကြိုးတံတား ရဲ့ သက်တမ်း က ဆယ်နှစ်လောက် ရှိပြီ ဆိုတော့ ကြိုးတွေရော ပျဉ်ပြား တွေ ပါ မခိုင်တော့ဘူးပေါ့ ၊ ဒါပေမယ့် အဲဒါတွေ က အဓိက မကျပါဘူး လေ ၊ ကဲ ... ကျွန်မ က ပဲ အရင် စပြီး ပစ်ပြပါ့မယ် ...”

ဆိုဖီယာ က မြားတံ သုံးချောင်း နှင့် လေးကိုင်း ကို ကိုင်ပြီး ကြိုးတံတား ပေါ် စတင် ခြေချ လိုက်လေတော့သည် ။

ပထမဆုံး ခြေလှမ်း မှာ ပင် ကြိုးတံတား က သွက်သွက်ခါ ရမ်းသွား၏ ။ ကြည့် နေသော စိုးရှား က ပင် လန့်ပြီး အော် မိတော့မလို ဖြစ် သွားသည် ။

သူမ ၏ ခြေလှမ်း တိုင်း မှာ ပျဉ်ပြားဆွေးတွေ က ဂျွတ်ခနဲ ဂျွတ်ခနဲ ကျိုးကျေ ပဲ့ထွက် ကာ မြေပြင် ပေါ် သို့ သစ်သား အစအနတွေ လွင့်စင် ပြုတ်ကျ သွားကြ၏ ။ သို့သော် ဆိုဖီယာ ကတော့ တံတား ၏ ယမ်းခါမှု ကို လည်းကောင်း ပြတ်ထွက်ခါနီး ဆဲဆဲ တဖျစ်ဖျစ် မြည်နေသော ကြိုးစ ဖွာလန်ကျဲတွေ ကို လည်းကောင်း ဘာ တစ်ခု မှ ဂရုမစိုက် ။

ခြေ တစ်လှမ်း မှ နောက်တွန့် မသွား ။ သူမ ၏ စိတ် ထဲ မှာ ပကတိ မြေပြင် ပေါ် လမ်းလျှောက် နေသလို ဘာ ကို မှ ဂရု မစိုက်ဘဲ သက်တောင့်သက်သာ စိတ်အေးလက်အေး ရှိလှသည် ။

ကြိုးတံတား အလယ် သို့ ရောက်သောအခါ ဆိုဖီယာ က ပစ်မှတ်စက်ကွင်း ကို မျက်နှာ မူပြီး ရပ် လိုက်သည် ။ သူမ ၏ မျက်ဝန်းတွေ က ပစ်မှတ် မှ လွဲပြီး ဘာကို မှ မကြည့် ။

အခု သူမ ရောက်ရှိနေသော အမြင့် ... အန္တရာယ် များသော ကြိုးတံတား ... မရှုမလှ ပြုတ်ကျ သွားနိုင်သည့် ဖြစ်နိုင်ချေ ... ဘာတစ်ခု ကို မှ အာရုံ မပျံ့လွင့်  ။

ပကတိ တည်ငြိမ်သော စိတ်ဖြင့် လေးညှို့ ကို တင်သည် ။

ထိုနောက် မြားတံတွေ ကို တစ်စင်း ပြီး တစ်စင်း ပစ်လွှတ် လိုက်၏ ။

“ ဒုတ် ...”

“ ဒုတ် ...”

“ ဒုတ် ...”

မြား သုံးစင်း စလုံး က ပစ်မှတ် ၏ ဗဟိုချက် ရှိ အနက်ရောင်စက်ဝိုင်း ထဲ တွင် စိုက်ဝင် သွားကြသည် ။

ဒါကတော့ ဘာမှ မထူးဆန်းပါ ။ စိုးရှား က ပခုံး ကို သာ တွန့်ပြ လိုက်သည် ။

ဆိုဖီယာ က တည်ငြိမ်သော ခြေလှမ်းများ ဖြင့် ကြိုးတံတား အလယ် တည့်တည့် မှ ပြန် လျှောက်လာသည် ။

သူမ က လေသာဆောင် ပေါ် သို့ လှမ်း တက်လိုက် ရင်း ...

“ ဒီ တစ်ခါ ရှင် ပစ်ရမယ့် အလှည့် ...”

ဟု ပြောကာ သူမ လက် ထဲ မှ လေးကိုင်း ကို စိုးရှား ဆီ သို့ လှမ်း ပေးသည် ။

     •••••   •••••   •••••   •••••

စိုးရှား က သံမဏိထိပ်ဖူးတပ် မြားသုံးစင်း ကို မြားအိမ် ထဲ သို့ ထည့်လိုက်၏ ။ မြားအိမ် ထဲ တွင် သံလိုက် ဖြင့် ကပ်ပြီး ထိန်းထားသော ကြောင့် မြားတံတွေ ပြုတ်ကျ ထွက်ကျမည် ကိုတော့ မစိုးရိမ်ရ ။

သူ သတိကြီးစွာ ထားပြီး ကြိုးတံတားကြမ်းပြင် ပေါ် သို့ ပထမဦး ဆုံး ခြေလှမ်း ကို ဖွဖွကလေး နင်း လိုက်၏ ။ တော်သေးသည် ။ ဘာမှ မဖြစ် ။

ကြိုးတံတား ကတော့ သူ့ ခန္ဓာကိုယ် အလေးချိန်ကြောင့် သွက်သွက်ခါ ယမ်းသွားသည် ။ ကြောက်လန့်တကြား ဖြင့် ဟန်ချက် ကို ပြန် ထိန်းရင်း နောက် ခြေ တစ်ဖက် ကို မြန်မြန် ချလိုက်တော့ မှ ပို ဆိုးတော့သည် ။

ခြေ နင်း ထားသော ပျဉ်ချပ် က ဂျွတ်ခနဲ မြည်ကာ ပဲ့ ထွက်သွား၏ ။

ဘုရား ... ဘုရား ...

နဖူးပြင် ထက် မှ ချွေးသီးချွေးစက်တွေ စီး ကျလာသည် ။ အသက်ပင် မရှုရဲ ဘဲ နောက် ခြေတစ်လှမ်း ကို လှမ်း ရပြန်သည် ။ ကြိုးတွေ တဖျစ်ဖျစ် မြည်ကာ ထောက်ခနဲ ထောက်ခနဲ နည်းနည်းချင်း စီ ပြတ်ထွက် လာ နေ သံ ကို ကြား ရ၏ ။

မထူးတော့ပါဘူး ... ဟူ သည့် စိတ် ဖြင့် ဇွတ်တင်းကာ ရှေ့ ကို သာ တိုး နေရသည် ။ ခြေလှမ်း တိုင်း မှာ သစ်သားဆွေးများ ၏ ဂျွတ်ခနဲ ဖြောက်ခနဲ မြည်သံတွေ က သူ့ အကြားအာရုံ ထဲ တွင် မိုးကြိုးပစ်သံတွေ လို ကျယ်လောင် မြည်ဟိန်း နေလေသည် ။

( ၁၈ ) ပေ ခန့်သာ ရှိမည် ဖြစ်သော အကွာအဝေး ကို နာရီဝက်ခန့် ကြာအောင် လျှောက် လိုက်ရသည် ဟု သူ့ စိတ် ထဲ မှာ အောက်မေ့ မိသည် ။

ကြိုးတံတား အလယ် ကို ရောက်တော့ ဖြည်းဖြည်းချင်း ခန္ဓာကိုယ် ကို ထိန်းပြီး ပစ်မှတ်စက်ကွင်း ရှိရာ ဘက် သို့ သတိတကြီး လှည့် ရသည် ။

ရင် ထဲ မှာ တော့ တထိတ်ထိတ် ...

ဘယ်အချိန် မှာ ကြိုးပြတ်ပြီး တစ်ကိုယ်လုံး မြေပြင် ပေါ် ဝုန်းခနဲ ပြုတ်ကျသွားလေမလဲ ..
.
စိုးရှား ' မေ့လိုက် ... မေ့ထားလိုက် ... အဲဒါတွေကို မစဉ်းစားနဲ့ ...' ဟု သူ့ ကိုယ် သူ မနည်း သတိပေး နေရသည် ။

သူ စိတ် တင်းပြီး မြားတံ ကို လေးကြိုး တွင် တင်ကာ အား ဖြင့် ဖိ ဆွဲ လိုက်၏ ။ လေးကြိုး ကို တအား ဆွဲ ရသည့် အတွက် ခြေထောက် ပေါ် သို့ နင်းဖိအား က သိသိသာသာ တိုး သွားသည် ။ ထိုသို့ ဖြစ်သွားသည် နှင့် တစ်ပြိုင်နက် ...

“ ဖြောင်း ...”

ခြေ နင်းထားသော ပျဉ်ပြား က ကျိုးအက် သွား၏ ။

ပစ်မှတ် ကို ချိန်ရွယ် နေသော စိုးရှား ၏ စိတ် က ထိတ်ခနဲ ဖြစ်ပြီး အသည်း ထဲ တွင် အေးခနဲ လှပ်ခနဲ ခံစား လိုက်ရသည် ။

မြားတံ ကို ကမန်းကတန်း ပစ်လွှတ် လိုက် မိသည် ။

“ ဝှီး ...”

အလယ် ပစ်မှတ် ကို စိုက်ဖို့ မပြော နှင့် ... စက်ပစ်ကွင်း ထဲ သို့ပင် မဝင် ။ ဘေး သို့ နှစ်ပေကျော်ကျော် လွဲချော် ထွက်သွားသည် ။

စိုးရှား သွေး အလန့်လန့် ဖြင့် ပင့်သက် ကို ရှိုက် မိလေသည် ။

သူ့ မျက်နှာပြင် ပေါ် တွင် သာမက တစ်ကိုယ်လုံး မှာ လည်း ချွေးတွေ ရွှဲနစ် နေလေပြီ ။

     •••••   •••••   •••••   •••••

သူ ၏ မတည်ငြိမ်သော စိတ်ဖြင့် ဒီ ပြိုင်ပွဲ ကို ဆက်လက် ပြိုင်ဖို့ မဖြစ်နိုင်တော့ မှန်း နားလည် လိုက်၏ ။ အရှုံး ပေး ဖို့ သူ ဆုံးဖြတ် လိုက် ရတော့သည် ။

     •••••   •••••   •••••   •••••

အပြန် ခြေလှမ်းတွေ က လည်း သူ့ ကို တထိတ်ထိတ် ဖြစ်အောင် ခြောက်လှန့် နေသည် ။ ပျဉ်ပြား ပေါ် ခြေချ လိုက်တိုင်း မှာ အသက် မရှုမိ ။

နောက်ဆုံး လေသာဆောင် ပေါ် သို့ ပြန်ပြီး နင်းတက် လိုက်မိ တော့မှ ...

“ ဟူး ...”

ခနဲ ပင်ပန်းကြီး စွာ အောင့်ထားသော အသက် ကို မှုတ်ထုတ် လိုက်မိတော့သည် ။

စိုးရှား က လေးကိုင်း နှင့် မြားတံများ ကို ဆိုဖီယာ ရှေ့သို့ ပစ်ချ လိုက်ရင်း ...

“ ကိုယ် အရှုံးပေးတယ် ဆိုဖီယာ ...”

နေရောင်ခြည် သည် ဝါဖျော့နွမ်းနယ် နေ၏ ။ သစ်ရွက် ခတ်သံ တွေ က တယောသံ လို လို အလွမ်းသီချင်း ကို ဖွဲ့ နေကြသည် ။

သင် ရော ... မိန်းမ တစ်ယောက် ရှေ့မှာ ရှုံးနိမ့်ဖူးပါ သလား ။

ငိုရ မှာ လား ... မငိုရ ဘူး လား ... သိချင်ပါသည် ။

နည်းနည်း လောက် ပြောပြ ကြပါ ။

     •••••   •••••   •••••   •••••

“ နေရာတကာ တိုင်း မှာ အတတ်ပညာ က အရေးမကြီးဘူး လို့ ကျွန်မ ပြောခဲ့သားပဲ ၊ ရှင် က ရှင့် အတတ်ပညာ နဲ့ ရှင့် ဦးနှောက် ကို သိပ် အားကိုးတာ ကိုး ၊ တကယ်တမ်း အရေးကြီးတာ က တခြား သူတွေ အားလုံး ထက် တော်ဖို့ တတ်ဖို့ မဟုတ်ဘူး ၊ ရှင့် ရင်ဘတ် ထဲ က ရှင့် စိတ် ... ရှင့် နှလုံးသား ကို ကိုယ့် ဘာသာ အနိုင် ယူဖို့ပါ ...”

ဆိုဖီယာ ၏ လေသံ က ဝါကြွား လို သော အရိပ်အငွေ့ မသန်း ။ ပကတိ အေးချမ်း စိမ်းလဲ့နေ၏ ။ အကြင်နာ ... ဆိုတာ ဒါများလား ဟု စိုးရှား ယောင်ယမ်းကာ တွေး မိသည် ။

ဆိုဖီယာ က ...

“ ကျွန်မ ရှင့် ကို ဒုတိယ ပုစ္ဆာ အနေနဲ့ မေး ခဲ့တဲ့ ထောမတ်စ်ကျမ်းစာ ထဲ က စာပိုဒ် ကို မှတ်မိသေးလား ... ' သင့် ကိုယ်တွင်း မှာ ရှိသော အရာ ကို မွေးဖွား ဖော်ထုတ်လော့ ... ထို အရာ က သင့် အား ကယ်တင်သမှု ပြုလိမ့်မည် ...' ဆိုတာလေ ...”

“ အဲဒီ အဓိပ္ပါယ် က ကိုယ့် ကိုယ် ကိုယ် နားလည်အောင် လုပ်ဖို့ ကို အဓိက ထားပါ လို့ ပြောချင်တာ ပါပဲ ...”

“ ရှင့် အတွက် အရေးအကြီးဆုံး က ရှင့် ကိုယ် ရှင် နားလည်အောင် လုပ်ပါ ၊ တခြား သူတွေ နဲ့ ပြိုင်ဆိုင်စရာ မလိုဘဲ အနိုင် ရပါလိမ့်မယ် ...”

သူမ ၏ စကား အဆုံး တွင် စိုးရှား ၏ ဘဝ မှာ ပထမဦးဆုံး အကြိမ် အဖြစ် သူ့ ကိုယ် သူ ပြတ်သား သဲကွဲစွာ ပြန် မြင်လာသည် ။

တကယ်တော့ ငါ့ ကိုယ် ငါ တော် အောင် လုပ် နေတာဟာ သူများ ကို သရော်ဖို့ စော်ကား ဖို့ ပါပဲ ...

စိုးရှား ဘဝ မှာ ဘာကို မှ ဖြစ်ဖြစ်မြောက်မြောက် မလုပ်ခဲ့ ...

ဘာ တာဝန် ကို မှ မယူခဲ့ ...

တာဝန် ယူခြင်း သည် အစစ်မှန်ဆုံး ပေးဆပ်ခြင်း ...

အနုပညာ ကို ယုံကြည်သူတွေ က အနုပညာ အတွက် ပေးဆပ်ရဲသည့် သတ္တိ  ရှိ ကြသည် ။

တကယ်တမ်း ...

သတ္တိ ကြောင် သူ မှာ သူ ကိုယ်တိုင် သာ လျှင် ဖြစ် နေလေသည် ။

     •••••   •••••   •••••   •••••

သူ က ဆိုဖီယာ့ မျက်နှာ ကို မရဲတရဲ ကြည့်ရင်း စကား တစ်ခွန်း ပြော လိုက်သည် ။

“ မင်း နဲ့ ကိုယ် အရာရာ အားလုံး ကို တစ် က ပြန် စ လို့ ရ မလား ဟင် ...”

____________________

မင်းခိုက်စိုးစန်

#ကိုအောင်နိုင်ဦး

Thursday, October 6, 2022

သူရဲဘောကြောင်တဲ့ လူညံ့ ( ၂၀ )


 အခန်း ( ၂ဝ )


ရန်ကုန် သို့ ပြန်ရောက်ပြီး နောက် တစ်ရက် မှာပင် ဆိုဖီယာလပြည့်ဝန်း ဆီ သို့ စိုးရှား သွားသည် ။ သူ့ ကို တွေ့တွေ့ချင်း မှာ ပင် ဆိုဖီယာ က ဆီးပြီး မေး၏ ။


“ ပဲခူးရိုးမ ထဲ ကို အမဲလိုက် သွားတယ် ဆို ... ”


“ ဟုတ်တယ် မင်း နဲ့ မြားပစ် ပြိုင်ဖို့ အကြို စမ်းသပ်တဲ့ အနေ နဲ့ ပေါ့ ၊ မင်း လို နံရံ မှာ ချိတ် ထားတဲ့ စက်ဝိုင်း ကို ပစ် ရတာနဲ့ စာ ရင်တော့ သားကောင် လို လှုပ်ရှား နေတဲ့ ပစ်မှတ် ကို ပစ် ရတာက ပိုပြီး ပညာ ပါမယ် ထင်လို့ လေ့ကျင့်ခန်း သွားဆင်းတာ ... ”


သူမ ကို တွေ့တိုင်း ခပ်ကြောကြော ပြောပြီး အရသာ ခံချင်သည့် စိတ် က စိုးရှား မှ အကျင့် ပါ သလို ဖြစ်နေ၏ ။


ဆိုဖီယာ က ...


“ တော ထဲ မှာ ဘာ သားကောင်တွေ ပစ် ခဲ့သလဲ ... ”


“ ဆင်တစ်ကောင် ကို ပစ် သတ်ခဲ့တယ် ၊ တစ်ယောက် ထဲ မို့ မသယ်နိုင်လို့ ဆင်သေကောင် ကို ဒီအတိုင်း ထား ပစ်ခဲ့ရတာ ၊ ဆင် ကလည်း ဟိုင်းဆင်ကြီး မို့ ဖြတ်ယူစရာ အစွယ် လည်း မရှိဘူးလေ ... ”


မဖြစ်နိုင်တာတွေ ကို အတည်ပေါက် လျှောက် ပြောနေသော စိုးရှား ၏ စကား ကြောင့် ဆိုဖီယာ တော်တော် စိတ်ညစ် သွား၏ ။


စိုးရှား က ...


“ ဪ ... ဒါပေမယ့် အမှတ်တရ ဖြစ်အောင်လို့ ဆင်သေကောင် က အမြီးလေး တစ်ချောင်း နှုတ်ပြီး မင်း အတွက် လက်စွပ် လုပ်လာခဲ့တယ် ရော့ ...”


ပြောပြောဆိုဆို ဖြင့် စိုးရှား က ရွှေတိဂုံဘုရား ခြေရင်း မှ နှစ်ရာ့ငါးဆယ် ဖြင့် ဝယ် လာခဲ့သော ဆင်မြီး လက်စွပ်လေး တစ်ကွင်း ကို ထုတ် ကာ ဆိုဖီယာ ၏ ရှေ့ရှိ စားပွဲ ပေါ် သို့ ပစ်ချ ပေးလိုက်လေသည် ။ ဆိုဖီယာလပြည့်ဝန်း ၏ မျက်နှာ က မဲ့သွား၏ ။


သူမ က ...


“ ဟုတ်ပြီလေ ... ရှင့် ဘက် က အဆင်သင့် ဖြစ်ပြီ ဆိုတော့ ကျွန်မ တို့  မြားပစ် ပြိုင်ကြတာပေါ့ ၊ ဘယ်နေ့ လောက် ချိန်းမလဲ ...”


“ မနက်ဖြန် ကျရင်တော့ ကိုယ့် ဦးလေး ရဲ့ ရုပ်ရှင်ပရက်ရှိုး ရှိတယ် ၊ အဲဒီ ရက် နောက်ပိုင်း ကြိုက်တဲ့ နေ့ ကို ချိန်းပါ ...”


“ ကောင်းပြီ ... ဒီနေ့ က နေ စပြီး ရေ ရင် နောက် ဆယ်ရက်တိတိ ပြည့်တဲ့ နေ့ ... ”


ဆိုဖီယာလပြည့်ဝန်း ၏ အသံ က သံမဏိကြိုး တစ်ချောင်း ထောင်းခနဲ ပြတ်ထွက် သွားသည့် အသံ နှင့် တူ နေ၏ ။


     •••••   •••••   •••••   •••••


ပရက်ရှိုး ... ။


မနက်ပိုင်း တွင် စ ပြမည် ဖြစ်သောကြောင့် စာနယ်ဇင်းသမားများ ၊ ရုပ်ရှင်လောကသားများ ၊ ဖိတ်စာ ရထားသော ဧည့်သည်များ တဖွဲဖွဲ ရောက် လာနေကြ၏ ။ ရုပ်ရှင်ကား ထဲ တွင် ပါဝင် သရုပ်ဆောင် ထားကြသော အနုပညာရှင်များ နှင့် အတူ ဒါရိုက်တာ ဦးစောဝင်း က လည်း ပြုံးပြရ နှုတ်ဆက်ရ ဧည့်ခံစကားပြောရ နှင့် ရှုပ်ယှက်ခတ် နေသည် ။


မင်းသမီး မြနဒီ ၏ ဘေး တွင် လည်း လာရောက် မိတ်ဆက်သူ ၊ အင်တာဗျူးသူ ၊ အော်တို ရေးခိုင်းသူ တွေ ပတ်ပတ်လည် ဝိုင်းနေသည် ။ ဦးစောဝင်း ကလည်း ( စိတ် က ဆောင် နေသောကြောင့်လား မပြောတတ် ) ဒီနေ့ အဖို့ အတော်ပင် ထူထူထောင်ထောင် ဖြစ်နေ၏ ။


အိပ်ရာ ထဲ မှာ ရက်ရှည် လများ လဲ နေခဲ့သော လူနာ တစ်ယောက် ဟု ပြော လျှင်ပင် ယုံနိုင်စရာ မရှိ ။ ရွှင်ရွှင်လန်းလန်း တက်တက်ကြွကြွ နှင့် ... ။


ဦးစောဝင်း အတွက် က တော့ သူ တစ်သက်လုံး မက်လာခဲ့သော အိပ်မက် ကို ရွှေ ချခွင့် ရသည့် နံနက်ခင်း ပင် ဖြစ်သည် ။


စိုးရှား က မြနဒီ နှင့် အတူ ပါလာသော ဆိုဖီယာလပြည့်ဝန်း ကို လှမ်း ကြည့်လိုက်သည် ။ ဆိုဖီယာ က လည်း သူ့ ကို လှမ်း ကြည့်နေသည် နှင့် မျက်လုံးချင်း ဆုံမိကြ၏ ။


စိုးရှား က သူမ ၏ အနီးသို့ ကပ်သွားပြီး တီးတိုးလေသံ ဖြင့် ...


“ မင်းသား က နား ... မင်းသမီး က ပွား ... ကောင်းလိုက်တဲ့ ကား ပါ ဗျာ ... သုံးရက် နဲ့ တစ်ကား ... မီးသမား က တုံး ... ရပ်ကွက် က မုန်း ... လုပ်ကြပါဦး ... ဗျာ ... ရိုက်ရက် နဲ့ ရှုံး ... ”


ဟူသော အရိုး ၏ ' ဒါရိုက်တာ ' သီချင်း မှ စာသား တစ်ပိုင်း တစ်စ ကို ရွတ်ဆို ပြ လိုက်၏ ။ ဆိုဖီယာ က ကျိတ်ပြီး ပြုံးစိစိ လုပ် နေသော်လည်း နားစွန်နားဖျား ကြား သွားသည့် မင်းသမီးမြနဒီ က သူ့ ကို မျက်စောင်းထိုး ကြည့် သွားသည် ။


ခဏနေတော့ ရုပ်ရှင် စ ပြတော့မည် ဖြစ်သောကြောင့် လူတွေ အားလုံး ကိုယ့် ခုံနံပါတ် နှင့် ကိုယ် နေရာ ယူ ကြသည် ။ ဦးစောဝင်း နှင့် အခြား မိတ်ဆွေ ဒါရိုက်တာများ ၊ စာနယ်ဇင်း မှ ပုဂ္ဂိုလ်များ ၊ သရုပ်ဆောင်များ က အပေါ်ထပ် ရှိ  D/C  တန်း တွင် ထိုင်ရ၏ ။


မြနဒီ နှင့် ဆိုဖီယာလပြည့်ဝန်း တို့ က ဦးစောဝင်း ထိုင် သော ခုံ ၏ ရှေ့ တစ်ခုံကျော် တွင် ဖြစ်သည် ။ စိုးရှား ကတော့ ဘယ်ခုံ မှာ မှ ဝင် မထိုင်ဘဲ အလယ် ရှိ လူသွားလမ်း တွင် ယောင်ပေယောင်ပေ လုပ် နေ၏ ။ အမှန်အတိုင်း ဝန်ခံ ရပါလျှင် မြန်မာကား ကို သူ စိတ် လည်း မဝင်စားပါ ။ အထင် လည်း မကြီးပါ ။


မကြာခင် မှာ မီးတွေ ပိတ် သွားသည် ။


ရုပ်ရှင် စ ပြသည် နှင့် ပထမဆုံး အခန်း က စိုးရှား ကို ဖမ်းစား လိုက်သည် ။ ရှေးဟောင်းလူမျိုးနွယ် တစ်စု ၏ ခေါင်းဆောင် အဖြစ် နှင့် မြနဒီ က သူတို့ မျိုးနွယ်စု ၏ သစ္စာဖောက် ကို နှစ်ယောက်ချင်း ယှဉ်ပြိုင် သတ်ပုတ်ပြီး သုတ်သင်ရသည့် အခန်း ဖြစ်သည် ။


သစ္စာဖောက် အဖြစ် သရုပ်ဆောင်သူ ၏ မျက်နှာ ပေါ် တွင် ရှက်ရွံ့ခြင်း ၊ ကြောက်လန့်ခြင်း ၊ သူရဲဘော ကြောင်ခြင်း ဆိုသည့် ခံစားချက် များ ကို အထင်းသား မြင်ရ၏ ။ မြနဒီ ၏ မျက်နှာ ၊ မျက်ဝန်း အကြည့် ၊ တင်းတင်းစေ့ ထား သည့် နှုတ်ခမ်းများ ကတော့ အမှန်တရား ဖြင့် တောက်ပနေသည့် သတ္တိ  ... ဆံပင်တွေ ကို ခါရမ်း ဝေ့ဝဲ လိုက်သည် က အစ အားမာန် အပြည့် ... ။


နောက်ဆုံး သစ္စာဖောက် ကို သုတ်သင်ပြီး ဓား ကို လေထဲ တွင် မြှောက်တင် လိုက်သည့် မြနဒီ ကို လူမျိုးစုကြီး တစ်ခုလုံး က ကောင်းချီးဩဘာ ပေးကြသည့် အသံများ က မြေပြင်ထု တစ်ခုလုံး တုန်ဟည်း သွားသည် ။ အသံ အထူးပြုလုပ်ချက် ( Sound Effect ) များ က ကောင်းမွန်လှသည် ။ ထရော်လီ နှင့် ကရိန်း ပေါင်း သုံးပြီး ပတ်လည် ရွေ့လျားသွားသည့် ကင်မရာ လှုပ်ရှားမှု က လည်း ကျန သေသပ်နေ၏ ။


“ ဒီလို ဆိုတော့လည်း ငါ့ ဦးလေး က တကယ့် ကို ကြိုးစား ထားတာပါလား ... ”


စိုးရှား စိတ် ထဲ မှ ရေရွတ် မိသည် ။


ဟုတ်တော့ လည်း ဟုတ်သည် ။ မြန်မာ ဒါရိုက်တာများ ထဲ တွင် အရည်အသွေး ရှိသူတွေ မရှိတာ မဟုတ်ပါ ။ ငွေကြေး အကန့်အသတ် ၊ နည်းပညာ အကန့်အသတ် ၊ စားဝတ်နေရေး အကန့်အသတ် နှင့် စိတ်ကြိုက် အချိန်ပေး ဖန်တီးနိုင်ခွင့် မရသော အကန့်အသတ် ဘောင်တွေ ကြား မှာ ပိတ်မိ နေကြတာ ကြောင့် လည်း မျက်နှာ ငယ် နေရခြင်း ဖြစ်နိုင်ပါသည် ။


စိုးရှား ရင် ထဲ မှာ ပထမဦးဆုံး အကြိမ် အဖြစ် သူ့ ဦးလေး နှင့် ရုပ်ရှင်အသိုင်းအဝိုင်း ကို ...


“ ကျွန်တော် ပြောခဲ့မိတာတွေ အတွက် ဆောရီးပါ ... ”


ဟု တောင်းပန်ချင် စိတ် ပေါ် လာသည် ။


ဦးစောဝင်း ထိုင် နေသည့် နေရာ ဆီ သို့ လှမ်း ကြည့်လိုက်၏ ။ ခပ်မှိန်မှိန် အလင်းရောင် ထဲ တွင် ဖြစ်သော်လည်း ပိတ်ကား ဆီ သို့ ငြိမ်သက်စွာ ငေးစိုက် ကြည့် နေသော ဦးစောဝင်း ကို လှမ်း မြင်ရသည် ။


စိုးရှား က သူ့ ဦးလေး ကို ကြည့်ပြီး ပြုံးရုံသာ ပြုံး နေလိုက်၏ ။


သူ့ ပီတိ နဲ့ သူ နေပါစေတော့လေ ... ။


     •••••   •••••   •••••   •••••


ဇာတ်သိမ်းခန်း ရောက်တော့မည် ။


ဒီ အခန်း က ရုပ်ရှင်ကား တစ်ကားလုံး ၏ အထွတ်အထိပ် လည်း ဖြစ်သလို ဇာတ်ကွက် အလှည့်အပြောင်း လည်း ဖြစ်သည် ။


ပိုပြီး ထူးခြား သွား သည် က ဇာတ်ကား တစ်လျှောက် လုံး လူမျိုးစု ၏သူရဲကောင်း ဖြစ်ခဲ့သော မြနဒီ သည် ဘဝကံကြမ္မာ အပြောင်းအရွှေ့ တွင် လူမျိုး တစ်မျိုးလုံး ၏ သစ္စာဖောက် အဖြစ် စွပ်စွဲ ခံရပြီး သုတ်သင် ခံရဖို့ ခေါင်းဆောင် အသစ် နှင့် ယှဉ်ပြိုင်သတ်ပုတ် ရသည့် အခန်း ... ။


သရုပ်ဆောင် သည့် အမူအရာတွေ က ဇာတ်လမ်း အဖွင့် နှင့် သိသာ ခြားနားစွာ အားပြိုင် နေသည် ။


ဇာတ်လမ်း အစ မှာ မြနဒီ ကို ကောင်းချီးဩဘာ ပေးခဲ့သော လူထုကြီး သည် အခုတော့ သူမ ကို လက်ညှိုး ထိုး ပြီး ...


“ သစ္စာဖောက် ... သစ္စာဖောက် ... ”


ဟု ကြွေးကြော် အော်ဟစ် နေကြသည် ။ မြနဒီ ၏ အမူအရာ မှာ လည်း သူရဲကောင်း တစ်ယောက် ၏ သွင်ပြင် တွေ လွင့်စဉ် ပျောက်ကွယ် ကုန်ပြီ ။


အရင်တုန်း က တင်းတင်းစေ့ ထားသော နှုတ်ခမ်းတွေ က အခုတော့ ဖျော့တော့ တုန်ရီလျက် ... မျက်ဝန်းတွေ မှာ လည်း မျက်ရည်ဥတွေ စီးကျ လျက် ... ကြေကွဲခြင်း ... နာကျင်ခြင်း ... သစ္စာဖောက် အဖြစ် အထင် မလွဲကြဖို့ လူတွေ အားလုံး ကို တောင်းပန်တိုးသျှိုး နေသည့် အကြည့် ...


လက် ထဲ မှ ဓား ကို ကျစ်ကျစ်ပါအောင် ဆုပ် ထားလျက် က ဝမ်းနည်း နာကြည်းသော ရှိုက်သံ က တစ်ချက် တစ်ချက် ထွက်ပေါ် လာသည် ။


ပိတ်ကား ပေါ် မှ မြနဒီ ကို ကြည့်ရင်း စိုးရှား ရင် ထဲ မှာ ဆို့နင့် လာ၏ ။


     •••••   •••••   •••••   •••••


စိုးရှား စိတ် ထဲ မှာ ဖျတ်ခနဲ သိချင် စိတ် ပေါ် လာသဖြင့် ခုံ မှာ ထိုင်နေသော မြနဒီ ကို လှမ်း ကြည့် လိုက်သည် ။ အပြင် လောက က မြနဒီ ကတော့ ဟန်းဖုန်း ဖြင့် ဆက်ကာ တစ်စုံ တစ်ယောက် ကို စကား လှမ်း ပြောရင်း ရယ်မော ပျော်ရွှင် နေလေသည် ။ တခစ်ခစ် ရယ်မောလိုက်သံများ ပင် ကြား နေရသည် ။


စိုးရှား က မျက်နှာ လွှဲပြီး ပိတ်ကား ပေါ် သို့ အကြည့် ပြန် ပို့လိုက်၏ ။


ပိတ်သားပြင် ပေါ် မှာ သရုပ်ဆောင် နေသည့် မြနဒီ က တော့ ကြေကွဲ နေ၏ ။ ငိုရှိုက် နေ၏ ။ ဘဝ ၏ မတည်မြဲသော တန်ဖိုးများ ကို နာကျင်မှု အပြည့်ဖြင့် မေးခွန်း ထုတ်နေ၏ ။


အပြင် လောက က မြနဒီ ဆိုသည့် မိန်းမ တစ်ယောက် ကတော့ သူ့ သရုပ်ဆောင်ကွက် ကို ပင် သူ မကြည့် ... စိတ် မဝင်စား ... ရယ်ကာမောကာ ပျော်ရွှင်ပေါ့ပါး လျက် ...


     •••••   •••••   •••••   •••••


ဒီ မြင်ကွင်း ကို ဦးလေး ရော ဘယ်လို ခံစားနေမှာပါလိမ့် ... ဟု သိချင်စိတ် ဖြင့် ဦးစောဝင်း ရှိရာ ဆီသို့ စိုးရှား လှမ်း ကြည့် လိုက်သည် ။


ဦးစောဝင်း က လည်း သူ့ လို ပင် ပိတ်ကား ပေါ် မှ မြနဒီ ကို တစ်လှည့် အပြင် မှ မြနဒီ ကို တစ်လှည့် ကြည့်ရင်း ဖုန်း ပြောကာ ရယ်ကာ မောကာ ဖြင့် အပြင် သို့ ထ ထွက်သွား သည့် သူ့ ရွှေမင်းသမီး ၏ နောက်ကျောပြင် ကို ငေးမော ကျန်ရစ် ခဲ့သည် ကို တွေ့ လိုက်ရသည် ။


စိုးရှား က သက်ပြင်း တစ်ချက် ကို တိုးတိတ်စွာ ရှိုက် မိလေသည် ။


     •••••   •••••   •••••   •••••


' ပြီးပါပြီ ...'


ဆိုသော စာတန်း က ပိတ်ကားပြင် ပေါ် တွင် ပေါ် လာသည် ။ ရုပ်ရှင်ရုံ တစ်ရုံ လုံး မီးတွေ လင်း လာ၏ ။ ပြန်ဖို့ ပြင်ဆင်နေသော ပရိသတ်တွေ တဝုန်းဝုန်း ထ ရပ်ကြသည် ။


စာနယ်ဇင်းသမားများ ၊ ဒါရိုက်တာများ က လည်း ဦးစောဝင်း ကို ဂုဏ်ပြုနှုတ်ဆက် ဖို့ သူ ထိုင်နေသော ခုံ ဆီ သို့ ဝိုင်းဝန်း သွားကြသည် ။


ဦးစောဝင်း ကတော့ ထိုင်ခုံ တွင် ငြိမ်သက်စွာ ထိုင်နေဆဲ ... မျက်လုံးများ က လည်း ဖြူဖွေးတောက်ပနေသော ပိတ်ကားပြင် ကို စိုက် ကြည့်နေဆဲ ...


ဦးစောဝင်း က ငြိမ်သက် နေသည် ။ ထူးထူးခြားခြား ငြိမ်သက်လွန်း နေသည် ။


အဲသည် မြင်ကွင်း ကို ကြည့်ပြီး တစ်စုံ တစ်ခု မှားယွင်းနေပြီ မှန်း စိုးရှား ၏ အတွင်းစိတ် က သိ လိုက်၏ ။ ခဏအတွင်း မှာ ပင် ဦးစောဝင်း ထိုင် နေသည့် အနား၌ ဝိုင်းရံ နေကြသော သူ များ ရုတ်ရုတ်သဲသဲ ဖြစ်သွားသည် ။ တစ်ယောက် တစ်ပေါက် အလုအယက် ပြောသံတွေ ဆူဆူညံညံ ပေါ်ထွက် လာသည် ။


“ ဟာ ... ဘယ်လို ဖြစ်သွားတာလဲ ၊ ဆေးရုံ ကို အမြန် ပို့လေ ...”


“ ဒုက္ခပါပဲကွာ ... မရတော့ဘူး ထင်တယ် ...”


“ ဆရာဝန် ရော ... ဆရာဝန် တစ်ယောက် လောက် အမြန် ခေါ်ကြလေကွာ ...”


စိုးရှား က ရပ် ကြည့်နေရာမှ ရှေ့ သို့ အားသွန် တိုးဝှေ့ သွားဖို့ ပြင် လိုက်သည် ။ သို့သော် သူ့ ခြေလှမ်းများ က လေးလံ လွန်းနေ၏ ။


သူ့ ဦးခေါင်း တစ်ခုလုံး ကို လှိုင်းတွေ တဝုန်းဝုန်း ရိုက်ခတ် နေသည် ။ အိပ်မက် လို ချာချာ လည်နေ၏ ။ ပြီးတော့ ... အသံမဲ့ ... ။


ခဏ ကြာတော့ သူ့ လက်မောင်း ကို တစ်စုံ တစ်ယောက် က လာ ဆုပ်ကိုင်ပြီး စကား တစ်ခွန်း ပြော သည် ကို ကြား လိုက်ရ၏ ။


“ မင်း ဦးလေး တော့ နှလုံး ရပ်ပြီး ဆုံး သွားပြီ ... စိုးရှား ... ”


     •••••   •••••   •••••   •••••


ငါ့ ဦးလေး က တော့ သူ လုပ်ချင်တာ ကို လုပ်ဖို့ သတ္တိ ရှိ ပြသွားခဲ့ပြီပဲ ... ဟု စိုးရှား ငြိမ်သက်စွာ တွေးနေမိ၏ ။


မင်းခိုက်စိုးစန် 


#ကိုအောင်နိုင်ဦး

Wednesday, October 5, 2022

သူရဲဘောကြောင်တဲ့ လူညံ့ ( ၁၉ )


 

အခန်း ( ၁၉ )

အသည်းအသန် ကြိုးစားဖို့ လိုအပ်လာသည့် အချိန်တိုင်း ' လှိုင်းကြီး လှေအောက် ' ဆိုသော စကား ကို လူတွေ ပြော တတ်ကြသည် ။

တကယ်တော့ ' လှိုင်းကြီး လှေအောက် ' ဖြစ်ဖို့ ဆိုလျှင် လှေ ၏ ပင်ကိုယ် အရွယ်အစား ကြီးမား ဖို့ နှင့် ခံနိုင်ရည် ရှိ ဖို့သာ အဓိက ဖြစ်သည် မဟုတ်လား ။ ( ကြိုးစားတာ မကြိုးစားတာ နှင့် မဆိုင်ပါ )

လှေ ၏ အရွယ်အစား က ခပ်သေးသေး ဆိုလျှင် သင် ဘယ်လောက် ကြိုးစား ကြိုးစား လှိုင်း ကြီးလျှင် လှေ မှောက် မှာ သေချာပါသည် ။ အခု ခေတ် တွင် ကြိုးစားတာ မကြိုးစားတာ က သိပ် အရေး မပါတော့ပါ ။ သင့် မိဘများ ကိုသာ လှေကြီးကြီး ဝယ်ပေးဖို့ ပူဆာပါလေ ။

•••••   •••••   •••••   •••••

စိုးရှား က တော့ လေး နှင့် မြား တစ်စုံ ကို ဝယ် လိုက်ပြီး မြားပစ်နည်းပြ ဆရာ တစ်ဦး ကို ငှားရမ်း ကာ နေ့တိုင်း မြားပစ် လေ့ကျင့် တော့သည် ။

သူ့ ဦးလေး ဦးစောဝင်း ကလည်း ရုပ်ရှင်ကားကြီး တစ်ကား ကို သူ့ စိတ်ကြိုက် ဇာတ်ညွှန်း ရေးပြီး အစွမ်းကုန် ကြိုးစား ရိုက်ကူး နေသဖြင့် နေ့ မအိပ် ည မအိပ် ဖြစ်ကာ အတော် ပင် ပိန်ချုံးကျသွားသည် ။

မင်းသား ရော မင်းသမီး က ပါ ရိုက်ကူးရက် ကို ရက်ပေါင်း ( ၂ဝ ) သာ ပေးသဖြင့် သူ ဖြစ်စေချင်တာတွေ အားလုံး လုပ်ပြခွင့် ရဖို့ သေလုမျောပါး ကြိုးစား ရသည် ။

ရုပ်ရှင်ကား တစ်ကား အောင်အောင်မြင်မြင် ပြီးမြောက်ဖို့ ဆိုသည် မှာ စိတ်ရော လူရော ပင်ပန်းရသည့် ကြား ထဲ အားစိုက် လျှင် အားစိုက် သလောက် အိပ်ချိန် မမှန် စားချိန် မမှန် ဖြစ်ကာ ချုံးချုံးကျ သွားတတ်သည် ။

စိုးရှား က လည်း သူ့ အရှုပ်ထုပ် နှင့် သူ မို့ ဦးလေး ကို မကူညီနိုင် ။ ( အစတုန်းက သူ့ ဦးလေး ဒီလောက် လုပ်လိမ့်မည် ဟု အထင်ကြီး မထားတာကြောင့်လည်း ဖြစ်သည် )

( ၆ ) လ ကျော်ကျော် ကြာသော မြားပစ်လေ့ကျင့်ရေး သင်တန်း ပြီးဆုံးသည့် အချိန် တွင် ဦးစောဝင်း ကတော့ သူ့ ရုပ်ရှင် ဖလင်ကား ဆက်ပြီး ဆင်ဆာ သို့ ပင် တင် လိုက်နိုင်သည့် အခြေအနေ သို့ ရောက် နေပြီဖြစ်၏ ။

ဦးစောဝင်း ကိုယ်တိုင် က တော့ အိပ်ရာ ထဲ တွင် ဘုန်းဘုန်း လဲတော့သည် ။

ဦးစောဝင်း ကို ပြုစုမည့် သူ ဟူ၍ လည်း စိုးရှား တစ်ယောက် တည်း သာ ရှိသည် ။ ဦးစောဝင်း ၏ ရုပ်ရှင်နယ်ပယ် မှ မိတ်ဆွေအပေါင်းအသင်းများ က လည်း ရံဖန်ရံခါ ဖုန်း ဖြင့် သတင်း လှမ်း မေးတတ်သည် က လွဲ ၍ တစ်ယောက် မှ ပေါ်မလာ ။

စိုးရှား က ပင် ခပ်ရိရိ ပြော တတ်သေးသည် ။

“ ဘယ်လိုလဲ ... ဦးလေး ရဲ့ ... တခြား လူ မပြော နဲ့ ဦးလေး ရဲ့ ရွှေမင်းသမီး မြနဒီ က တောင် သတင်းလေး ဘာလေး လာ မေးဖော် မရပါလား ...”

ဦးစောဝင်း က တော့ သူတို့ ရုပ်ရှင်လောကသား တွေ ၏ ဖိအား များသော လူနေမှု ဘဝ အကြောင်း နားလည် ထားသည် ။ ရုပ်ရှင်လောကသား တွေ အဖို့ ပိတ်ရက် မရှိ ။ အနား ယူချိန် မရှိ ။ မိနစ် တိုင်း နာရီ တိုင်း နေ့ရက် တိုင်း သည် ' အလုပ် ' ဖြစ်သည် ။ ဝင်ငွေ ဖြစ်သည် ။ သူတို့ လောက သည် အချိန် ကို ရောင်းစား နေရသည် ။ လှုပ်ရှားမှု ကို ရောင်းစား နေရသည် ။ စန်းပွင့် နေသော အခြေအနေ ကာလ အပိုင်းအခြား တစ်ခု ကို ရောင်းစား နေရသည် ။ ထို့ကြောင့် သူတို့ အတွက် သာမန် လူတွေ လို လူမှုရေး ကို ခရီးသွား ဟန်လွဲ လုပ်၍ မရ ။ အချိန် ရှားပါးသည် ။ ဘောင် ကန့်သတ် ခံထားရသော ဘဝ မှာ ရှင်သန် နေထိုင်ရသည် ။ သူတို့ မှာ လည်း သူတို့ အခက်အခဲ နှင့် သူတို့ ပင် ။ ဒါကို နားလည်သော ဦးစောဝင်း က သူ့ လောကသားတွေ ကို အပြစ် မတင် ။ သက်ပြင်း ကို ချရင်း က သာ ...

“ ဒါတွေက အရေးမကြီးပါဘူးကွာ ၊ ငါ အကောင်းဆုံး ကြိုးစားထား တဲ့ ရုပ်ရှင်ကား ကို သာ ငါ ကျန်းမာရေး အရမ်း မဆိုးသွား ခင် ကြည့်သွား ချင်တာပါပဲ ...”

ဦးလေး က တော့ ယောက်ျားကြီး တန်မယ့် ပတ်ချွဲနပ်ချွဲတွေ ပြော နေပြန်ပြီဟု စိုးရှား က တွေးလိုက်၏ ။

ဦးစောဝင်း ကို နှစ်ရက် တစ်ခါ သုံးရက် တစ်ခါ လောက် သတင်း လာ မေးလေ့ ရှိသော ဇာတ်ညွှန်းရေးဆရာ အောင်ရဲထွန်း ( ထီးချိုင့် ) ကတော့ ထိုသို့ ညီးတွားသံ ကို ကြားရတိုင်း ပျာပျာသလဲ ဖြင့် ...

“ ဟာ ... ဆရာ က လည်း နမိတ် မရှိ နမာ မရှိ ဘာတွေ ပြောနေတာလဲ ၊ ဆရာ့ ကျန်းမာရေး က ဒီလောက်ကြီး ဆိုးတာ မှ မဟုတ်တာ ၊ အေးအေးဆေးဆေး အနားယူလိုက်ရင် ပြန် ကောင်း လာမှာပါ ဆရာရယ် ...”

စိုးရှား က တော့ သူတို့ ဆရာတပည့် နှစ်ယောက် အပြန်အလှန် ပြောဆို ကြသည် ကို နားထောင် ပြီး ပခုံး ကို သာ တွန့် မိသည် ။

သူတို့ လောကသားချင်း ကတော့ ဟုတ် နေတာပဲ ... ဟု တွေးမိ၏ ။ ဒါရိုက်တာ က ပတ်ချွဲနပ်ချွဲ ပြောလိုက် ... ဇာတ်ညွှန်းရေးဆရာ က ချော့လိုက်ဖြင့် အတော် ပင် ဇာတ်ဆန် နေကြသည် ။

စိုးရှား ကတော့ အမြင်ကတ်ကတ် ဖြင့် ...

“ တစ်ခုတော့ စိတ်ချရတယ် ဦးလေး ရဲ့ ... ဦးလေး သေပြီ ဆိုရင် အသုဘ ချ တဲ့ နေ့ မှာ အားလုံး စုပြုံပြီး ရောက်လာ ကြမယ် ၊ အကယ်ဒမီ ရှုံးလောက်အောင် မျက်ရည်လေး စမ်းစမ်း စမ်းစမ်း လုပ် ကြမယ် ၊ ဦးလေး ရဲ့ အသုဘခေါင်း ကို မထမ်းလိုက်ရရင် လူ ဖြစ်ရကျိုး မနပ်တော့မယ့် အတိုင်း အလုအယက် ဝိုင်း ထမ်းကြမယ် ၊ ပြီးရင် ဝမ်းနည်း ကြေကွဲစရာ စကားတွေ ကို ဂျာနယ် စာမျက်နှာ ပေါ် မှာ လှိုင်လှိုင်ကြီး ပြောကြမယ် ... ဒါပါပဲ ...”

“ ဟာ ... ကိုစိုးရှား က လည်း မဦးမချွတ် ဗျာ ... ဘာတွေ လျှောက် ပြောနေတာလဲ ...”

အောင်ရဲထွန်း ( ထီးချိုင့် ) က စိုးရှား ၏ စကားကြောင့် မျက်စိပျက်မျက်နှာ ပျက် ဖြစ်သွားပြီး ပျာပျာသလဲ တားသည် ။ ထိုနောက် သူ့ ကို ဦးစောဝင်း နှင့် ဝေးရာ ဆီသို့ လက် ကုတ်ကာ မသိမသာ ခေါ်သွားပြီး တီးတိုးပြော၏ ။

“ ခင်ဗျား ဦးလေး က နှလုံးရောဂါ ဖြစ် နေတာဗျ ... သူ့ ရုပ်ရှင်ကားကြီး ကို ရိုက်နေတုန်း က လည်း ရိုက်ကွင်း ပေါ် မှာ လဲကျ သွားလို့ ဆေးရုံ ပို့လိုက်ရသေးတယ် ၊ အီးစီဂျီ ရိုက်ကြည့်တော့ နှလုံး က အားနည်း နေတယ် ... တဲ့ ... အဲဒီ ကတည်း က ကား ရိုက်တာ ကို ရပ်ပြီး အနား ယူ ဖို့ ဆရာဝန် က ခိုင်းတာ ကို သူ က နားမထောင်ပဲ ပေကပ်ပြီး ဆက် လုပ်နေတာဗျ ...”

“ ဟုတ်လား ...”

စိုးရှား က မျက်ခုံး ကို ပင့်ကြည့်လိုက်မိသည် ။ အောင်ရဲထွန်း ၏ စကား က လည်း ခပ်သည်းသည်း မို့ သူ ကတော့ သိပ် မယုံ ။

ပြီးတော့ အဲသည် ငနဲ က လူ အထင်ကြီး ခံရအောင် ပေါရဲသည် ။ ရုပ်ရှင်ပညာ ဆိုလျှင်လည်း ဟောလိဝုဒ် မှာ ရိုက် နေသည့် ဒါရိုက်တာ တွေ ဇာတ်ညွှန်းရေးဆရာ တွေ ပင် သူ့ လောက် မတတ် သလိုလို အသား ယူတတ်သည် ။ ဂျာနယ်တွေ က အင်တာဗျူး လျှင် လည်း ' ကိုရီးယားကားတွေ လောက်တော့ သနားတာပေါ့ ' ဟု အရှက် မရှိ မြွေ မကြောက် ကင်း မကြောက် အတည်ပေါက် ပြော တတ်၏ ။

စိုးရှား နှင့် စကား စပ်မိ၍ ရုပ်ရှင် အကြောင်း ပြောမိသည့် အခါများ တွင် လည်း ဂန္တဝင်မြောက် ရုပ်ရှင်ကား မှန်သမျှ သူ မကြည့်ဖူးတာ မရှိသလောက် အာပေါင်အာရင်း သန်သန် ဖြင့် ကြွားလုံး ထုတ်လေ၏ ။

တစ်ခါက စိုးရှား က ...

“ ကိုအောင်ရဲထွန်း ဟို ကား ကို ကြည့်ဖူးလား ... တကယ့် ဂန္တဝင်မြောက် ဇာတ်ကား ပဲ ၊ ပစ်ကနစ်အက်သည် ဟန်းဂစ်ရောခ့် ... ဆိုတဲ့ ကား ဗျာ ... ဒါရိုက်တာ က ပီတာဝိုင်လေဗျာ ...”

“ ဟာ ... ဘယ့်နှယ် မေးလိုက်ပါလိမ့်ဗျာ ... ကျွန်တော် သိပ်ကြိုက်တဲ့ ကား ဗျ ... လေးငါးခေါက် တောင် ပြန် ကြည့် ဖြစ်သေးတယ် ...”

အောင်ရဲထွန်း က အားပါးတရ ပြောရင်း စုပ်တသပ်သပ် ဖြစ်နေ၏ ။ စိုးရှား က ခေါင်း ကို သာ မသိမသာ ခါရမ်းလိုက်သည် ။

တကယ်တော့ အဲသည် ကား ရုံတင်တုန်း က စိုးရှား ရော အောင်ရဲထွန်း ပါ မွေးပင် မမွေးကြသေး ။ ယခု ထရိတ်ဒါး ဟိုတယ် ( Traders Hotel ) နေရာ တွင် အရင် ခေတ် တုန်း က ရှိခဲ့သော ပပဝင်းရုပ်ရှင် ရုံ မှာ လား ... ဂုဏ် ရုံ မှာလား ... မသိ ရုံတင်သွားခြင်း ဖြစ်၏ ။

စိုးရှား က ...

“ မဟောလန်ဒရိုက်ဗ် ( Muholland Drive ) ဆိုတဲ့ ဇာတ်ကား ရော ကြည့်ဖူးလား ၊ ဒေးဗစ်လင့် ... ဆိုတဲ့ ဒါရိုက်တာ ရိုက်တာလေ ...”

“ ဟာ ... တကယ့် ဂန္တဝင်မြောက်ဇာတ်ကား ပဲ ဘယ် အလွတ်ပေးလိမ့်မလဲဗျာ ၊ မင်းသားကြီး မာလွန်ဘရန်ဒို ရဲ့ သရုပ်ဆောင်ကွက်တွေ ဆို မျက်စိ ထဲ က ကို မထွက်ဘူး ၊ ရထား ပေါ် ကနေ မြင်း ပေါ် ကို ဒိုင်ဗင် ထိုး လိုက်တဲ့ အကွက် ကို ထရော်လီ နဲ့ တစ်ကဒ် ထဲ ရိုက် ထားတာများ သေသပ် လိုက်တာ ...”

ငနဲ က David Lynth ဆိုသော ဒါရိုက်တာ အမည် ကို ဂန္တဝင် ဒါရိုက်တာကြီး ဒေးဗစ်လင်း အောက်မေ့ ပြီး ထင်ရာ မြင်ရာ တွေ စွတ် ပြောနေခြင်း ဖြစ်၏ ။

တကယ်တော့ အဲဒီ ကား ထဲ မှာ မာလွန်ဘရန်ဒို လည်း မပါ ။ ရထား ပေါ် မှ ဒိုင်ဗင် လည်း မထိုး ။

ဘာ ဇာတ်လမ်း မှ မယ်မယ်ရရ ဆုပ်ကိုင်၍ မရသော ပို့စ်မော်ဒန် ရုပ်ရှင်ဇာတ်ကား တစ်ကား သာ ဖြစ်သည် ။

တစ်ည ...

ဦးလေး ဘေး တွင် လူနာ စောင့်ရင်း စိုးရှား က ( အလေ့အကျင့်ပြတ်နေသည် မှာ အတော်ကြာနေပြီ ဖြစ်သော ) သူ့ လေးကိုင်း ကို L - Key ဖြင့် မူလီများ ကို ဆေးကြော နေခိုက် အောင်ရဲထွန်း ( ထီးချိုင့် ) က ဗြုန်းဆို အိမ်ရှေ့တံခါး ကို တွန်းဖွင့် ကာ ဝင် လာ၏ ။

စိုးရှား က ...

“ ဪ ... ကိုအောင်ရဲထွန်း ပါလား ၊ ဒါနဲ့ ချယ်လာမင်တဂိတ်ပါး ...”

သူ့ စကား မဆုံးမီ က ပင် အောင်ရဲထွန်း က ...

“ ဟာ ... ' ချယ်လာမင် တဂိတ်ပါး ' ဆိုတဲ့ ဇာတ်ကား လား ကြည့်ဖူးတာ ပေါ့ ဗျာ ... အဲဒီ ကား ထဲ မှာ မင်းသားကြီး ချားလ်စ်ဘရွန်ဆွန် က မင်းသမီးကြီးဂရေ့စ်ကယ်လီ ကို သေနတ် နဲ့ ... ပစ် ... ပစ် ... အဲ ...”

စိုးရှား က ကမန်းကတန်း ထ ကာ လက်ကာ ပြပြီး တားရသည် ။

“ ဟိုးထား ... ဟိုးထား ... ကိုအောင်ရဲထွန်း ' ချယ်လာမင် တဂိတ်ပါး ' ဆိုတာ ရုပ်ရှင်နာမည် မဟုတ်ဘူးဗျ ၊ ' ခြင် လာမယ် တံခါး ပိတ် ' လို့ ပြောတာ ၊ ခင်ဗျား ဝင်လာတဲ့ အိမ်ရှေ့တံခါး ကို မပိတ်ဘဲ ထားခဲ့ရင် ညဘက် ဆိုတော့ ခြင်တွေ ဝင် လာမှာ စိုးလို့ ...”

ငနဲသား က တော်တော် တော့ ရှက် သွားပုံ ရ၏ ။ စိုးရှား ၏ ညစ်ကွက် ထဲ မှာ အငိုက် မိ ပြီး လည်စဉ်း ခံလိုက်ရသည်ကိုး  ။

အောင်ရဲထွန်း က ရှက်ကိုးရှက်ကန်း ဖြင့် ဝင် ထိုင်ရင်း စိုးရှား လက် ထဲ မှ လေးကိုင်း ကို မြင်သော အခါ အလျင်အမြန် စကားလမ်းကြောင်း လွှဲ ဖို့ ကြိုးစားသည် ။

“ ဒီ လေးကိုင်း က ကိုစိုးရှား ကိုင် တာလား ၊ လက်စ သတ်တော့ ကိုစိုးရှား က မြားလည်း ပစ် တတ်တာကိုး ... ဘာ လုပ်ဖို့လဲ အမဲ လိုက်တာလား ဟင် ...”

“ ဒါပေါ့ဗျ ...”

“ အမဲလိုက်တာ က ဘယ်လို လိုက် ရသလဲ ...”

“ ကျွန်တော် က အမဲရောင် ဝတ်ထားတဲ့ ကောင်မလေးတွေ ကို မြင်ရင် လိုက် တာပါပဲဗျာ ...”

စိုးရှား ၏ ပေါက်တတ်ကရ စကား ကြောင့် အောင်ရဲထွန်း ပါးစပ် ပိတ်သွားသည် ။ ဘာပဲဖြစ်ဖြစ် အောင်ရဲထွန်း ကြောင့် စိုးရှား က တော့ စိတ်ကူး တစ်ခု ရ လိုက်ပြီ ဖြစ်သည် ။

•••••   •••••   •••••   •••••

နောက် တစ်နေ့ တွင် စိုးရှား က ခြံဝင်း ထဲ ၌ မြားပစ် လေ့ကျင့်ရင်း ' အမဲလိုက် ထွက်ရရင်ကောင်းမယ် ' ဟု တွေး နေမိသည် ။

ဦးလေး ဖြစ်သူ ဦးစောဝင်း ကလည်း ဘေး က လူ တွဲစရာ မလိုဘဲ သူ့ ဘာသာ သူ သွားနိုင်လာနိုင် လောက်အောင် ထူထူထောင်ထောင် အခြေအနေ ရောက် လာပြီ ဖြစ်သောကြောင့် သိပ်ပြီး စိတ်ပူစရာ အကြောင်း မရှိ ။

ထို ကိစ္စ ကို ဦးစောဝင်း အား ဖွင့်ပြီး တိုင်ပင် ကြည့်တော့ ...

“ ရပါတယ် ငါ့ တူ ... မင်း သွားချင် လည်း သွားပေါ့ ၊ ငါ့အတွက် နောက်ဆံ တင်း မနေပါနဲ့ မင်း လက်စွမ်း ကို မင်း ဘာသာ မင်း စမ်း ကြည့်ရတာပေါ့ ကွာ ...”

ဦးစောဝင်း က ပြောပြီး စိုးရှားအတွက် အမဲ လိုက်ရာတွင် သုံးရန် R - 250 အမျိုးအစား အမေရိကန် လုပ် ဒူးလေး ( crossbow ) တစ်လက် ကို စင်္ကာပူ မှ တစ်ဆင့် မှာ ပေး၏ ။

နောက်ထပ် တစ်လခန့် ကြာမှ ဒူးလေး နှင့် မြားတံ တွေ ရောက် လာသည် ။ ဒူးလေး ၏ Reg : No . က 00C : 60887 စိုးရှား လည်း ဥက္ကံ တွင် နေထိုင်သော သူ့ သူငယ်ချင်း တစ်ယောက် နှင့် ဆက်သွယ်ပြီး အမဲပစ် ထွက်ဖို့ ပြင်ဆင် ရတော့သည် ။

ဦးစောဝင်း က တော့ မှာ လိုက်သည် ။

“ ဟိတ်ကောင် ... သိပ်အကြာကြီးတော့ မနေနဲ့ကွ ... ငါ့ ရုပ်ရှင် က ဆင်ဆာ ကျတော့မှာ ၊ ပြီးရင် ပရက်ရှိုး ( Press show) ပြ ဖို့ ရှိတယ် ၊ အဲဒီ ပရက်ရှိုး အမီတော့ ရောက်အောင် ပြန် ခဲ့ကွာ ...”

•••••   •••••   •••••   •••••

စိုးရှား က ရန်ကုန် မှ နေ၍ ဥက္ကံသို့ ကား ဖြင့် ထွက် ခဲ့၏ ။ ဥက္ကံအနီး ဖလုံ ဆိုသော ရွာ တွင် တစ်ည အိပ် ရပ်နားပြီး ပဲခူးရိုးမ ထဲ ရှိ ဆင်စခန်း သို့ ထော်လာဂျီဖြင့် ( ၁၂ ) မိုင်ခွဲ ခန့် ခရီး ဆက်ရသည် ။ လမ်း ကလည်း တဒုန်းဒုန်း ထော်လာဂျီ ကလည်း တဖုန်းဖုန်း ...

ထော်လာဂျီ ၏ မီးခိုးတိုင် အပေါက်ဝ ကို စီးသူ ဘက် သို့ လှည့် ထားသဖြင့် ထော်လာဂျီ မီးခိုးမှိုင်းများ က စိုးရှား ၏ မျက်နှာ တည့်တည့် ကို တစ်ချိန် လုံး တဟူးဟူး လာတိုးနေသည် ။

တစ်လမ်းလုံး မျက်နှာ ကို မီးခိုး အမှုတ် ခံထားရသောကြောင့် စိုးရှား ၏ မျက်နှာ သည် တဖြည်းဖြည်း မည်း ( မဲ ) သထက် မည်းမည်း ( မဲမဲ ) လိုက်လာ၏ ။

ဒါမှ အမဲ လိုက် တာ အစစ် ပဲ ... ဟု စိုးရှား တွေး နေမိသည် ။

•••••   •••••   •••••   •••••

ဆင်စခန်း မှ မုဆိုး တစ်ယောက် ၊ လမ်းပြ တစ်ယောက် ငှားပြီး ပဲခူးရိုးမ ထဲ သို့ ခြေလျင်အမဲလိုက် ခရီး စ တော့သည် ။ စစ်သုံးကျောပိုးအိတ် ထဲ တွင် ဆန်တစ်ပြည် ၊ စောင်ကြမ်းတစ်ထည် နှင့် မြေခင်းတာလပတ်စ တစ်စ ထည့်လာ၏ ။

ရေဗူး ၊ လက်နှိပ်ဓာတ်မီး နှင့် တောရှင်းဓား တစ်လက် ကို ခါးပတ် မှာချိတ် ပြီး လေး နှင့်မြား ကို အသင့် အနေအထား ဖြင့် ကိုင်တွယ် ရင်း တောဆင်ရိုင်းများ အန္တရာယ် ပေးလှပေသည် ဟု နာမည် ကြီးသော ပဲခူးရိုးမ ထဲ သို့ ဝင်ခဲ့ တော့သည် ။

ညဘက် ရောက်လျှင် ဝါးခုတ်စခန်း တဲများ ၌ ဝင် အိပ်သည် ။ တဲ မရှိလျှင် မီးပုံ ဖိုပြီး မြေကြီး ပေါ် မှာ ပင် အိပ် ရ၏ ။

ဒီလောက် ဒုက္ခခံ လာပြီး မှ ဘာ သားကောင် မှ မရဘဲနှင့် တော့ မပြန် ဟု စိုးရှား ဆုံးဖြတ်လိုက်သည် ။

နောက်ဆုံး မရလျှင် ရွာ ထဲ မှ ဆိတ်ကလေး တစ်ကောင်လောက် ဖြစ်ဖြစ် ဝယ်ပြီး တိုင်ငုတ် မှာ ကြိုးချည်ကာ ဒူးလေး ဖြင့် ပစ်မည် ။

ပြီးလျှင် ဆိတ်သေ ကို နင်းကာ ဓာတ်ပုံ အရိုက် ခံပြီး ... ' ပြည်သူလူထု ကို အန္တရာယ်ပေး နေသော ဆိတ်ကလေး အား မုဆိုးကြီး စိုးရှား မှ ပစ်ခတ်နှိမ်နင်းလိုက်ပုံ ' ဟု စာတမ်း ထိုးကာ အိမ်နံရံ မှာ မှန်ဘောင် သွင်းပြီး ချိတ် ထားမည် ဟု စိတ်ကူး လိုက်၏ ။

ကံ ကောင်းချင်တာလား ... ကံ ဆိုးချင်တာလား ... မသိ ... ။

တစ်ည တွင် တော ထဲ ၌ မီးထိုးပြီး အမဲပစ် ထွက်ဖို့ ဆုံးဖြတ်လိုက်သည် ။ အဖော် ပါလာသော လမ်းပြ က လက်နှိပ်ဓာတ်မီး ဖြင့် မီးကစား ၏ ။ စိုးရှား ကတော့ ထို သူ့ အနား မှာ ကပ် လိုက်ရင်း ဒူးလေး ကို ကိုင်ကာ ကုန်းကုန်းကွကွ ဖြင့် ...

အခြေအနေ က ရုပ်ရှင်တွေ ဗီဒီယို တွေ ထဲ မှာလိုတော့ မဟုတ် ။ အတော်ပင် ကသိကအောက် နိုင်ပြီး ဒုက္ခ များ လှ၏ ။ တစ်နေရာ သို့အရောက် တွင် လမ်းပြ က လက်နှိပ်ဓာတ်မီး ကို မိုးပေါ် သို့ထောင် ၍ ထိုး ထားရာ မှ တဖြည်းဖြည်း အောက် သို့ နှိမ့်ဆွဲချ လာ ရင်း ...

“ ဟော ... ဟိုမှာ ဗျို့ ... တွေ့လား ... ဆတ်ဖားကြီး တစ်ကောင် ...”

လေသံ ဖြင့် တီးတိုး ပြော၏ ။ ထို သူ ညွှန်ပြရာ ဆီ သို့ လှမ်းကြည့် လိုက်တော့ အင်းတိုင်းတော ထဲ မှ မျက်လုံးစိမ်းစိမ်း တစ်စုံ ... အပေါ် ဘက် တွင်ပေါက်ကိုင်းများ ရှုပ်ထွေးနေသောကြောင့် ဦးချို ကို တော့ အသေအချာ မမြင်ရ ... ။

ဆတ်ဖားကြီး ၏ ခန္တာကိုယ် ကတော့ ဝဖိုင့် ကြီးမားလှပြီး ပစ်ကွင်း ထဲ တွင် ရှင်းရှင်းလင်းလင်း ပေါ်လွင်နေ၏ ။

လမ်းပြ က အသာအယာ လက်ကုပ်ပြီး လေသံ တိုးတိုး ဖြင့် ...

“ အဲဒီ ဆတ်ကြီး သာ ရရင် အနည်းဆုံး ပိဿာချိန် ( ၇ဝ ) အထက် ပဲ ၊ ဘာ ငိုင်နေတာလဲ ဆရာလေး ဆော် ထည့်လိုက်တော့လေ ...”

စိုးရှား က လည်း သူ့ လက်ထဲ မှ ဒူးလေးညှို့ ကို တင်ပြီး သံမဏိထိပ်ဖူးတပ်မြား ဖြင့် အသေအချာ ချိန်ရွယ်ကာ ပစ်ခတ် လိုက်တော့သည် ။

“ ဖြောင်း ...” ခနဲ မြည်သံ နှင့် အတူ ( လက်မလုံးခန့် သစ်သားထု ကိုပင် ထုတ်ချင်းပေါက် သွားနိုင်စေလောက်အောင် ပြင်းအား ရှိသည့် ) R - 150 အမျိုးအစား ဒူးလေး ၏ သံမဏိကြိုး ရိုက်ခတ် အားကြောင့် မြားတံသည် ဆတ်ဖားကြီး ၏ ခန္ဓာကိုယ် ထဲ သို့ တဆုံး နစ်ဝင်သွား၏ ။

“ ဘုန်း ...”

ထိချက် က လည်း နှလုံးသား ရှိရာ ရှေ့လက်ပြင် နောက် ကပ်လျက် တည့်တည့် ဖြစ်သောကြောင့် ဆတ်ဖားကြီး မှာ အော်ပင် မအော်လိုက်နိုင်ဘဲ ဘုန်းခနဲ လဲကျ သွားလေသည် ။

လမ်းပြ ဖြစ်သူ က ဝမ်းသာအားရ ပြေးသွားပြီး လက်နှိပ်ဓာတ်မီး ဖြင့် ထိုးကာ အသေအချာ ကြည့်လိုက်ပြီးသည့် နောက်တွင် ကား ...

“ ဟာ ... မှားသွားပြီ ဗျို့ ... ဒါ ဆတ် မဟုတ်ဘူး ဗျ ၊ စခန်း မှာ သစ် ဆွဲတဲ့ ဒွေးလေးသာရင် ရဲ့ ကျွဲမကြီး ပဲ ...”

“ ဟင် ...”

စိုးရှား က လည်း ' ဟင် ... ' ခနဲ တစ်ခွန်း သာ ရေရွတ်ပြီး ငိုင်ကျသွားတော့၏ ။

သည့်နောက် တွင် ကား စိုးရှား ၏ အမဲလိုက်ခရီး သည် ကျွဲဖိုး လေးသိန်းခွဲ အလျော် ပေးရပြီးသည့် နောက် အဆုံးသတ် သွားလေတော့သည် ။

မင်းခိုက်စိုးစန်

#ကိုအောင်နိုင်ဦး

.

Tuesday, October 4, 2022

သူရဲဘောကြောင်တဲ့ လူညံ့ ( ၁၈ )



 အခန်း ( ၁၈ )

ဆိုဖီယာလပြည့်ဝန်း ၏ အိမ် သို့ သူ နောက် တစ်ကြိမ် ထပ်ရောက်ဖြစ်သည် ။ ဆိုဖီယာ့ အမေကြီး နှင့် မဆုံပါစေ နှင့် ဟု သူ တဖွဖွ ဆုတောင်းလာခဲ့သော်လည်း သူ့ ဆုတောင်း မပြည့် ။

အဘွားကြီး က အိမ်ပေါက် ဝ မှာ ပင် ခါးကြီး ထောက်ပြီး ရပ်နေသည် ။ အစိမ်းရောင်နုနု ပါတိတ်ဝမ်းဆက် ဝတ်ဆင်ထားသော အဘွားကြီး ကို ကြည့်ရင်း စိုးရှား မပြုံးမရယ်မိအောင် မနည်း မျိုသိပ် ထားရ၏ ။

စိုးရှား က ပါတိတ်ဝမ်းဆက် ဝတ်သော မိန်းမကြီး တွေ မြင်လျှင် တောက်တဲ့ကြီးတွေ နှင့် တူသည် ဟု စိတ် ထဲ မှာ ( ဘာကြောင့်မှန်း မသိ ) ထင်မိ၏ ။

ထို အဘွားကြီး နှင့် မျက်နှာချင်းဆိုင် ရပ်မိသောအခါ မျိုသိပ်ကြိတ်မှိတ်ထားသည့် ကြားကပင် သူ မနေနိုင် တော့ဘဲ လှစ်ခနဲ တစ်ချက် စပ်ဖြီးဖြီး ဖြစ် သွားမိလေသည် ။

ဒေါ်မြထွေး က ပြုံးဖြဲဖြဲ ဖြစ်နေသော စိုးရှား ကို မျက်မှောင် ကုပ် ကာ ကြည့် လိုက်ရင်း ...

“ နေစမ်းပါဦး ... မောင်ရင် က ဘာကိစ္စ ပြုံး ရတာတုန်း ...”

“ ဟုတ်ကဲ့ ...”

“ မင်း ကို ငါ က မေး နေတာကွယ့် ... ဟုတ်ကဲ့ လို့ မပြောစမ်းပါနဲ့ ...”

“ တင်ပါ့ဘုရား ...”

ဒေါ်မြထွေး မျက်နှာ ရှုံ့မဲ့သွား၏ ။ ထိုနောက် ပျာပျာသလဲ ဖြင့် ...

“ ဟဲ့ ... ဘယ့်နှယ် ပြော လိုက်တာတုန်း ၊ တင်ပါ့ဘုရား ... ဆိုတာ ဘုန်းကြီးတွေ ကို မှ ပြောရတာဟဲ့ ...”

“ ဟင် ... မသိဘူးလေ ဒေါ်ဒေါ် ပဲ ' ဟုတ်ကဲ့ ' လို့ မပြောနဲ့ဆို ...”

“ ဪ ... ခက်တော့နေပါပြီ ... ငါ မေးတဲ့ မေးခွန်း ကို မင်း က ဟုတ်ကဲ့ လို့ ပြန် ဖြေတာ ဘာမှ အဓိပ္ပါယ် မရှိလို့ ပြောတာဟဲ့ ... ကဲ ... ဆိုစမ်းပါဦး ၊ မင်း က ဘာကိစ္စ နဲ့ ငါ့ အိမ်ပေါက်ဝ မှာ ရပ်ပြီး ပြုံးချင် သလိုလို ရယ်ချင် သလိုလို ဟို မရောက် ဒီ မရောက် မျက်နှာပေးမျိုး လာလုပ်ပြ နေရတာလဲ ...”

“ ဪ ... ဒီလိုပါ ... ကျွန်တော် က ဒေါ်ဒေါ့် ကို အရိုအသေ ပေးတဲ့ အနေနဲ့ ပြုံးစိစိ လုပ်ပြတာပါ ...”

“ မင်းနှယ်ကွယ် ... ကြံကြံဖန်ဖန် ... မင်း ပြောသလို ဆို ရုပ်ရှင်ရုံ ထဲ မှာ ဟာသကားကြည့်တဲ့ လူတွေ က ရုပ်ရှင် ပိတ်ကား ကို တစ်ချိန်လုံး အရိုအသေ ပေးနေရသလိုကြီး ဖြစ်နေမှာပေါ့ ...”

ကိုယ့် ထက် ပိုပြီး စကား ကို လက်ပေါက် ကပ်အောင် ပြောတတ်သည့် အဘွားကြီး နှင့် တိုးနေရသောကြောင့် စိုးရှား ခေါင်း ကို သာ ကုတ်နေမိတော့သည် ။

“ အဲ ... အဲဒီလိုလည်း မဟုတ်ပါဘူး ... ဒေါ်ဒေါ်  ... ”

“ အေး ... မဟုတ်ရင် ပြီးတာပဲ ... နောက် ကို ငါ့ ရှေ့ မှာ စပ်ဖြဲဖြဲ လာ မလုပ်နဲ့ ငါ မကြိုက်ဘူး ...”

ထို စကား အဆုံး တွင် စိုးရှား က အဘွားကြီး အကြိုက် ဖြစ်အောင် လေသံ ကို တင်းလိုက်ပြီး ...

“ ဒါဆိုလည်း ပြီးရော ဗျာ ...”

ဟု ပြောကာ မျက်နှာ ကို ချက်ချင်း ပြန် တည်လိုက်၏ ။ ဒါကိုပင် အဘွားကြီး က သေသေချာချာ ထပ်ကြည့်ပြီး ...

“ ဟင်း ... ရုပ် ကို က တလောကလုံး မင်း လုပ်စာ ထိုင် စားနေရတဲ့ ပုံမျိုး ... မာရေကြောရေ နဲ့ ...”

ထို စကား ကြောင့် စိုးရှား က သူ့ မျက်နှာ ကို သိပ်လည်း မတည် သိပ်လည်း မပြုံးသည့် အနေအထား ရောက်အောင် ပြန် လျှော့ချ လိုက်သည် ။ အဘွားကြီး က ...

“ ဟော ... ဒီ မျက်ခွက် ကျတော့ လည်း မချိုမချဉ် နဲ့ ... ငါ့ ကိုများ ဆယ့်ခြောက်နှစ်သမီးလေး အောက်မေ့လို့ မြှူ နေတာလား ...”

စိုးရှား က စိတ် ကို ဒုန်းဒုန်းလျှော့ချ လိုက်ရတော့သည် ။ နောက်ဆုံးတွင် သူ က သက်ပြင်း ကို မှုတ်ထုတ် လိုက်ပြီး ...

“ ဒေါ်ဒေါ် က ... ကျွန်တော့် မျက်နှာ ကို ဘယ်လို ဖြစ်စေချင်တာလဲဟင် ...”

“ ဘယ်လိုမှ ဖြစ်စေချင်လို့ မဟုတ်ဘူး ဟေ့ ... ငါ့ သမီး ဆီ လာ လာ နေတာ ကို အမြင်မတော် လို့ တမင် ပြောနေတာ ၊ အမယ်လေး တည့်တည့် ပြော မှ သိမယ့် အစားထဲ က ပဲ ... ' အ ' ပါပေ့ မောင်ရင်ရယ် ...”

အဘွားကြီး ၏ မဲ့မဲ့ရွဲ့ရွဲ့ ပြော စကား ကြောင့် စိုးရှား က အံ့ဩသည့် အမူအရာ ကို တမင်ပင် ပိုပိုသာသာ လုပ် ပြလိုက်ပြီး ...

“ ဗျာ ... ဘာဖြစ်လို့လဲ ဒေါ်ဒေါ်  ... ဒေါ်ဒေါ့် သမီး ကို ကျွန်တော် က ဘာ လုပ်မိလို့လဲ ...”

“ မင်း ငါ့ သမီး ကို ကြိုက်လို့ လာ ပိုး နေတာ မဟုတ်လား ...”

“ ဟာ ... ကြံကြီးစည်ရာ ဒေါ်ဒေါ်ရယ် ... မဟုတ်တာ ...”

စိုးရှား က ရုပ်ရှင် ထဲ မှ လူကြမ်းအိုက်တင် လို မျိုး မျက်နှာ ကို ရေ စိုထားသည့် သားရေဖိနပ်အစုတ် နေလှန်းခံ ထား ရ သလို ရှုံ့ခေါက်တွန့်လိမ်ပစ်လိုက်ရင်း ...

“ ဒေါ်ဒေါ့် သမီး နဲ့ ချစ်သူ ဖြစ်ချင် တဲ့ ယောက်ျားလေးတွေ အများကြီး ရှိကောင်း ရှိပါလိမ့်မယ် ၊ ဒါပေမယ့် အဲဒီ လူစားမျိုး ထဲ မှာ ကျွန်တော် က တော့ လုံးဝ မပါဘူး ...”

“ ဘယ်လို မင်း တကယ် ပြောတာလား ...”

အဘွားကြီး က တအံ့တဩ ပြန် မေးသည် ။ စိုးရှား က တစ်ချက် ပြုံး လိုက်ရင်း ...

“ ကျွန်တော် လာနေတဲ့ အကြောင်း က ဒေါ်ဒေါ့် သမီး မေးခွန်း ထုတ်တတ်တဲ့ ပဟေဠိတွေ ကို စိတ်ဝင်စား လို့ လာ တာပါ ၊ ရှင်းရှင်း ပြောရရင် ဆိုဖီယာ့ ကို ပဟေဠိ ပုစ္ဆာ တစ်ပုဒ် လောက် တောင် ကျွန်တော် စိတ်မဝင်စားဘူး ...”

ထို စကား ကို ပြော လိုက်စဉ်မှာပင် အိမ် တံခါးဝ မှာ ဘွားခနဲ လာ ရပ်သော ဆိုဖီယာလပြည့်ဝန်း ကို သူ တွေ့ လိုက်ရ၏ ။

သူ့ စကား တော်တော် လွန်သွားမှန်း သူ သိလိုက်သည် ။ သူပြော လိုက်သည့် စကား ကို ဆိုဖီယာ ကြား သွား ပြီ မှန်း လည်း သူ သိလိုက်၏ ။

သို့သော် စကား ကျွံ ပြီး မှ ပြန်နှုတ်၍ မရနိုင်တော့ချေ ။

ထိုစဉ် ...

“ အေး ... စိတ် မဝင်စားဘူး ဆိုလည်း ပြီးတာပဲ ၊ ကဲ ... ကဲ ... အိမ် ထဲ ကို ကြွတော်မူ ...”

အဘွားကြီး က ဆောင့်ဆောင့်အောင့်အောင့် ဖြင့် ပြောပြီး ခြံ ထဲ ဆင်း သွားသည် ။ စိုးရှား က အိမ် ထဲ သို့ မဝင်ခင် တံခါးဝ မှာ ရပ် နေသော ဆိုဖီယာလပြည့်ဝန်း ကို လှမ်းကြည့်လိုက်၏ ။

ထူးထူးခြားခြား တည်ငြိမ်အေးစက်လွန်း နေသော ဆိုဖီယာ့ ကို  တွေ့ လိုက်ရသည် ။

စစ်ပွဲလေး တစ်ပွဲ တိုက်ခိုက်ရတော့မည် ဟု သူ နားလည်လိုက်၏ ။

•••••   •••••   •••••   •••••

ဧည့်ခန်း ထဲ တွင် သူ ထိုင် မိလျှင် ထိုင်မိ ချင်း မှာပင် ဆိုဖီယာ က လေသံ အေးအေး ဖြင့် မေးသည် ။

“ ရှင် ... စောစော က မေမေ့ ကို ပြော နေတာတွေက တကယ်ပဲလား ...”

ဗျာ ... ဘာကို ပြောတာလဲ ... ဘာလဲ ... စသဖြင့် အူသလို ကြောင်သလို အိုက်တင်တွေ လုပ်ပြဖို့ စိတ်ကူး လိုက် သေးသည် ။ သို့သော် ချက်ချင်းပင် ထို စိတ်ကူး ကို စွန့်လွှတ်လိုက်၏ ။

ဆိုဖီယာ သည် တော်ရုံတန်ရုံ လောက် မ က ပါးနပ်သော မိန်းကလေး တစ်ယောက် မဟုတ်ပါ ။

ထို့ကြောင့် စိုးရှား က ...

“ ဆိုဖီယာ ရဲ့ မိန်းမ မာန ကို စော်ကား သလို ဖြစ် သွားရင်တော့ ဆောရီး ပဲ ... ဒါပေမယ့် ကိုယ် က အချစ် ဆိုတာ ကို အယုံအကြည် မရှိဘူး ၊ တကယ်တော့ လူတွေ ဟာ တစ်ယောက် နဲ့ တစ်ယောက် ချစ်ကြတာ မဟုတ်ပါဘူး ၊ တစ်ယောက် ကို တစ်ယောက် ခုတုံး လုပ်ပြီး ကိုယ့် အတ္တ ကို ကိုယ် တည်ဆောက် ကြတာပါ ...”

“ ရှင့် စကားတွေ ကို ရှင် ကိုယ်တိုင် သေချာလို့လား ...”

“ လူတွေ ဟာ ' ချစ်တယ် ' ဆိုတဲ့ စကားလုံး ကို သုံးပြီး တစ်ယောက် ကို တစ်ယောက် ချုပ်ချယ် ဖို့ ကြိုးစားနေကြတာပါ ၊ ' ချစ်သူတွေ ဖြစ်တယ် ' ဆိုတဲ့ အခြေအနေ ကို အကြောင်း ပြပြီး အပြန်အလှန်တောင်းဆိုမှုတွေ နဲ့ အကျပ် ကိုင် ကြတာပါ ၊ ကိုယ့် ကို ဂရုစိုက်ဖို့ တောင်းဆိုမယ် ... ကိုယ့် ကို အချိန် ပေးဖို့ တောင်းဆိုမယ် ... လက်ထပ်ဖို့ တောင်းဆိုမယ် ... ' ချစ်တယ် ' ဆိုတာ လူ တစ်ဦးချင်း စီ ရဲ့ လွတ်လပ်စွာ ရှင်သန်နေထိုင် ဆုံးဖြတ်နိုင်မှု ကို ဝေါဟာရ လှလှ သုံးပြီး ဓားပြ တိုက် လုယူလိုက်တာပဲ ”

ဆိုဖီယာ က သူမ ၏ ဦးခေါင်း မှ ဆံနွယ်တွေ ယိမ်းနွဲ့သွားသည် အထိ လှပစွာ ခါရမ်းလိုက်ရင်း ...

“ တကယ်တော့ ရှင် ဟာ အချစ် ကို အယုံအကြည် မရှိတာ မဟုတ်ပါဘူး ... ကြောက်နေတာပါ ...”

“ ကိုယ် ဘာကို မှ မကြောက်တတ်ဘူး ... ဆိုဖီယာ ”

“ ဘာလို့ မကြောက်ရမှာလဲ ၊ တာဝန် ယူ ရမှာ ကို ရှင် ကြောက်နေတာပါ ”

“ ဟင့်အင်း ... ကိုယ် က ကိုယ့် လွတ်လပ်မှု ကို မြတ်နိုးတာပါ ဆိုဖီယာ ...”

စိုးရှား ၏ စကား ကြောင့် ဆိုဖီယာ က ပြုံး လိုက်ရင်း ...

“ ကဲပါလေ ... ရှင် ကြောက်တတ်သလား မကြောက်တတ်သလား ဝန်ခံရအောင် ကျွန်မ မေးမယ့် ပဟေဠိ သုံးခု ကို ဖြေကြည့်မယ် မဟုတ်လား ...”

“ ကိုယ် ကြိုးစား ကြည့်မယ်လေ ဆိုဖီယာ လုပ်စမ်းပါဦး ပထမ ပုစ္ဆာ က ဘာလဲ ...”

ဆိုဖီယာ က စာရွက်အဖြူလွတ် တစ်ရွက် ကို ယူကာ ဘောပင်ဖြင့် ဇယားကွက် တစ်ကွက် ရေးဆွဲလိုက်၏ ။

သူမ က

“ ဟောဒီ ဇယားကွက် ( ၃၃ ) ကွက် ထဲ ကို ' ကကြီး ' က နေ ' အ ' အထိ ဗျည်း သုံးဆယ့်သုံးလုံး နဲ့ ဖြည့်ရမယ် ကိုစိုးရှား ကြိုက်တဲ့ အကွက် တစ်ကွက် က နေ စပြီး ' ကကြီး ' ကို ရေးဖြည့် လိုက် ၊ ' ကကြီး ' ရောက်နေတဲ့ နေရာ က နေ စစ်တုရင် မှာ မြင်း ခုန် တဲ့ အကွက် အတိုင်း ရွှေ့ပြီး ကျရာ အကွက်တွေ ထဲ က တစ်ခု မှာ ' ခကွေး ' ကို ထည့် ရမယ် ဥပမာ ဒီလိုပေါ့ ...”

“ အဲဒီလို နည်း နဲ့ ဖြည့် လိုက်ရင် ဥပမာ ဟောဒီ အကွက် မှာ ကကြီး ကို စ ဖြည့်ထားတယ် ဆိုပါစို့ ... သူ့ နောက် မှာ ခခွေး ကို ဖြည့် ဖို့ ဖြစ်နိုင်ချေ ရှိတဲ့အကွက် က ( ၇ ) ကွက် ရှိတယ် ၊ ဟောဒီမှာ တွေ့လား ... အဲဒီ ( ၇ ) ကွက် ထဲ က မှ ကြိုက်ရာ တစ်ကွက် မှာ ဖြည့် ' ခကွေး ' ဖြည့် ပြီးရင် ' ဂငယ် ' ကို လည်း အဲဒီ နည်း အတိုင်း ဆက် ဖြည့်ရမှာ ...”

“ ကိုယ် စစ်တုရင် ထိုး တတ်ပါတယ် ဆိုဖီယာ ဒီလောက် ထိ ပုံတွေ ဘာတွေ ဆွဲပြနေဖို့ မလိုပါဘူး ၊ မြင်းကွက် ခုန်တဲ့ အတိုင်း လို့ ပြော လိုက်ရုံ နဲ့ နှစ်ကွက် ရွှေ့ပြီး တစ်ကွက် ချိုး ရမယ် ဆိုတာ နားလည်ပါတယ် ”

“ ဆောရီး ... ဆောရီး ... ကျွန်မက ပိုပြီး ရှင်း အောင်လို့ပါ ၊ အဲဒီ ရွှေ့ကွက် အတိုင်းပဲ ... ဂငယ် ပြီးရင် ' ဂငယ် ' ရဲ့နေရာ က နေ မြင်း ခုန်တဲ့ အကွက် အတိုင်း ထပ် ရွှေ့ပြီး တစ်ကွက် ကွက် မှာ ' ဃကြီး ' ကို နေရာချ ' ဃကြီး ' က နေ တစ်ခါ ထပ်ပြီး မြင်းခုန် ' င ' ကို ဖြည့် အဲဒီနည်းနဲ့ပဲ ' ကကြီး ' ကနေ ' အ ' အထိ အားလုံး ကုန်အောင် အစဉ် လိုက် ဖြည့်သွင်း ရမယ် ”

သူမ က စကား ကို အဆုံးသတ်သည် အထိ ဆက် မပြောသေးဘဲ ခဏမျှ ဆိုင်းငံ့ ထား၏ ။ စိုးရှား က သူမ ၏ မျက်နှာ ကို အကဲခတ် ရင်း စိုက်ကြည့်နေသည် ။

ဆိုဖီယာ က မသိမသာ ခိုးခိုးဝှက်ဝှက် ပြုံး ရင်း ...

“ ရှင် ဖြေရှင်းရမယ့် ဉာဏ်စမ်းပုစ္ဆာ က ရိုးရိုးလေး ပါ ၊ ကြိုက်ရာ အကွက် ကနေ ကကြီး ကို စ ထည့်ပါ ... နောက်ဆုံး မှာ ' အ ' ဆိုတဲ့ ဗျည်း ဟာ အလည် တည့်တည့် က အကွက် ထဲ ကို ရောက်ရမယ် ၊ ကဲ ... ဘယ့်နှယ့်လဲ ... ရှင် တတ် နိုင်ပါ့မလား ...”

•••••   •••••   •••••   •••••

သူမ ၏ စကားသံ က သိသိသာသာ သရော်ဟန် ဆန်နေသည် ။ စိုးရှား က မျက်လုံးများ ဖြင့် သာ ရယ် ပြလိုက်၏ ။

ဆိုဖီယာ က ...

“ ဒီ ဉာဏ်စမ်း ကို ဖြေဖို့ ... ရှင် အချိန် ဘယ်လောက် ယူမှာလဲ ၊ တစ်ရက် လား ... တစ်လ လား ... တစ်နှစ် လား
...”

သည် တစ်ခါ မှာ တော့ စိုးရှား အောင့် မနေနိုင်တော့ဘဲ အသံ ထွက် အောင်ပင် ခပ်ရိုင်းရိုင်း  ရယ်မော လိုက်ပြီး ...

“ ခွင့်လွှတ်ပါ ... ကိုယ် က ဒီလိုပဲ နည်းနည်းတော့ ရိုင်း တတ်တယ် ၊ အဟင်း ... အဟင်း ... ကဲ ... ဒီ ဉာဏ်စမ်း ကို ခဏ ထားပါဦး ၊ ဒုတိယ ပုစ္ဆာလေး လည်း ကြား ပါရစေဦး ဆိုဖီယာ ...”

သူ့ အချိုး ကို ဆိုဖီယာ နည်းနည်းတော့ တင်း သွားမှန်း သိလိုက်၏ ။

သို့သော် ဆိုဖီယာ က လုံးဝ မျက်နှာ အမူအရာ မပျက်ဘဲ ...

“ ရှင် အီဂျစ် စာ ဖတ်တတ်သလား ...”

“ ကျူနီဖောင်း လို့ ခေါ်တဲ့ ရှေးဟောင်းအီဂျစ် အရုပ် စာ ရေးနည်း ကို နည်းနည်းပါးပါးတော့ သင်ဖူးပါတယ် ၊ ပိရမစ်တွေ မှာ တွေ့ ရတတ်တဲ့ အီဂျစ် ဂူသင်္ချိုင်းကျောက်စာ တွေ ကို လည်း ဖတ်ဖူးပါတယ် ...”

စိုးရှား က မယုတ်မလွန်ဘဖြစ်အောင် စကား ကို ထိန်း၍ ဖြေရင်း အီဂျစ်အရုပ်စာ တွင် သုံးသော အက္ခရာများ နှင့် အသံထွက်များ ကို ချ ရေးပြလိုက်၏ ။

ဆိုဖီယာ က သူ ရေးပြသမျှ ကို ကြည့်ကာ ခေါင်း တစ်ချက်ညိတ်ရင်း ...

“ အခု ကျွန်မ မေးမယ့် ဉာဏ်စမ်း က အီဂျစ်ဘာသာ နဲ့ ရေး ထားတဲ့ ရှေးဟောင်းပုရပိုဒ် ထဲက စာ တစ်ပုဒ် ကို ဘာသာပြန် ပြ ဖို့ ပဲ ၊ ဒီ ပုရပိုဒ် က ခရစ်တော် လက်ထက်ကတည်း က ယုဒထောမတ်စ် ( Judas Thomas ) ဆိုတဲ့ သာဝက တစ်ယောက် မှတ်တမ်း တင်ခဲ့တဲ့ ထောမတ်စ်ဖတ်စာ ( Gospel of Thomas ) ပေါ့ ... သမ္မာကျမ်းစာသစ် ထဲ မှာ မထည့်ဘဲ တိမ်မြှုပ် ထိန်ချန်ခံထားရတဲ့ ပုရပုဒ် ပဲ ... ဒီအကြောင်း ရှင် ကြားဖူးသလား ...”

“ ကျွန်တော် က ဘာသာရေး နဲ့ ပတ်သက် တာတွေ ကို သိပ် စိတ်မဝင်စားမိခဲ့ဘူး ဆိုဖီယာ ...”

“ အဲဒီ ကျမ်းစာ ကို အီဂျစ်ပြည် အထက်ပိုင်း မှာ ရှိတဲ့ နာ့ဂျ်ဟမ္မဒီအနားကာ တောင်တန်း ရဲ့ လိုဏ်ဂူပေါင်း ၁၅ဝ လောက် ထဲ က ဂူ တစ်ခု ထဲ မှာ ဝှက်ထားရာ က နေ ပြန်ရှာ တွေ့ ခဲ့တာပဲ ၊ ၁၉၄၅ ခုနှစ် ကျ မှ တွေ့ရတာ ၊ ဒါကို ကမ္ဘာ က သိအောင် တရားဝင် ကြေငြာခဲ့တဲ့ သူ က ပရော်ဖက်ဆာ ဂီးလက်ကွစ်ပဲလ် ( Prof; Gilles Quispel ) တဲ့ ... အခု ကျွန်မ ပြမယ့် ကျမ်းစာ ရဲ့ မူရင်း ဟာ အီဂျစ်ပြည် ကိုင်ရိုမြို့ က ကော့ပတစ်ပြတိုက် ထဲ မှာရှိတယ် ...”

သူမ က စာအုပ်စင် တွင် ရှိသော ဖိုင်တွဲ တစ်ခု ကို သွား ယူလာပြီး စိုးရှား ၏ ရှေ့ တွင် ဖွင့်ပြလိုက်၏ ။ အီဂျစ် အရုပ်စာများ ရေးသားထားသော စာမျက်နှာတစ်ခု ကို ဓာတ်ပုံ ရိုက်ထားသည့် မိတ္တူ ဖြစ်မှန်း တွေ့ လိုက်ရသည် ။

ဆိုဖီယာ က ...

“ ဒီ စာပုဒ် ဟာ ခရစ်တော်ကိုယ်တိုင် ပြောခဲ့တဲ့ နှုတ်ထွက်စကား ကို မှတ်တမ်း တင်ထားတာပဲ ... ရှင် ဘာသာ ပြန် နိုင်ပါ့မလား ...”

စိုးရှား က ထို စာပုဒ် ကို အပြန်ပြန် အလှန်လှန် လေးငါးခေါက် မျှ ဖတ်ကြည့် လိုက်၏ ။ ထိုနောက် သူ က ဘောပင် နှင့် စာရွက်ဖြူ အလွတ် တစ်ရွက် တောင်း လိုက်ပြီး ...

“ ဒီ မေးခွန်း ကို တော့ ... ကိုယ် အခု တစ်ထိုင်တည်း ပဲ ဖြေပေးခဲ့ပါ့မယ် ”

ထိုနောက် သူ က အီဂျစ် အရုပ်စာများ ကို အင်္ဂလိပ်ဘာသာ သို့ ပြန်ဆိုလိုက်သည် ။

“ If you bring forth what is within you , what you bring forth will save you . If you do not bring forth what is within you , what you do not bring forth will destroy you . ”

စိုးရှား က ထို စာပုဒ် ကိုပင် မြန်မာဘာသာ ဖြင့် ...

“ သင့် ကိုယ်တွင်း မှာ ရှိသော အရာ ကို မွေးဖွား ဖော်ထုတ်လော့ ... ထို အရာကား သင့်အား ကယ်တင်သမှု ပြုလိမ့်မည် ၊ သင့် ကိုယ်တွင်း မှာ ရှိသော အရာ ကို မွေးဖွား ဖော်ထုတ်ခြင်း မပြုက ထိုအရာ က သင့် အား ဖျက်ဆီး လိမ့်မည် ...”

ဆိုဖီယာလပြည့်ဝန်း က ဘာသာပြန် စာပိုဒ် ကို ကြည့်ပြီး ပြုံး လိုက်သည် ။ ထိုနောက် ...

“ ဘာသာ ပြန်တာ ကတော့ ဟုတ်ပါပြီ ... အဓိပ္ပါယ် ကို ကော နက်နက်ရှိုင်းရှိုင်း နားလည် ရဲ့လား ...”

“ မင်း ပေးတဲ့ ပုစ္ဆာ ရဲ့ ခေါင်းစဉ်က ' ဘာသာ ပြန် နိုင်မလား ' ဆိုတဲ့ အထိပဲ ပါတယ်လေ ၊ နားလည် သလား ... သဘော ပေါက်ရဲ့လား ... လို့ မေးခဲ့တာမှ မဟုတ်တာ ...”

စိုးရှား ၏ စကား ကြောင့် သူမ က မဲ့ပြုံး တစ်ချက် ပြုံး လိုက်သည် ။ ထိုနောက် ...

“ ထားလိုက်ပါတော့ ... မေးခွန်း ထုတ်တဲ့ ကျွန်မ ဘက် က ချွတ်ယွင်းချက် ပဲ ၊ ဒီ ပဟေဠိ မှာ တော့ ကျွန်မ က ပဲ အရှုံး ပေးလိုက်ပါတယ် ...“

“ ဒီ ပဟေဠိ တစ်ပုဒ် ထဲ ရှုံးတယ်လို့ ထင် လို့လား ...”

“ ရှင် ...”

“ ဒီလိုလေ ... ပုစ္ဆာ က သုံးခု မဟုတ်လား ၊ ပထမ ပုစ္ဆာ နဲ့ ဒုတိယ ပုစ္ဆာ ကို ဖြေနိုင်ပြီ ဆိုတာ နဲ့ ကိုယ် နိုင်သွားပြီလေ ... နောက်ဆုံး ပုစ္ဆာ ကို ဖြေစရာ မလိုတော့ဘဲ ပွဲ က ပြီးသွားမှာပေါ့ ...”

“ ကိုယ် က အဲဒီလိုကြီးလည်း အပြတ်အသတ် မရှုမလှ အနိုင် မယူချင်ပါဘူး ၊ ဒါကြောင့် မင်း စောစောက ပြောခဲ့တဲ့ ကကြီး ခကွေး ပုစ္ဆာ ကို မဖြေတော့ပါဘူး ၊ အလျော့ ပေးလိုက်မယ် ... ရှင်းရဲ့လား ... ဒါဆို ကိုယ်တို့ တစ်ယောက် တစ်မှတ် စီ သရေပဲ ...”

ခပ်ရိရိ ခပ်ကြောကြော ပြောလိုက်သော သူ့ စကား ကြောင့် တင်းမာပြီး အရောင် တောက်ပလာသည့် ဆိုဖီယာ ၏ မျက်ဝန်းများ ကို စိုးရှား က အရသာခံကာ ကြည့် နေလိုက်သည် ။ ပြီးတော့ မှ ...

“ ကဲ ... ဆက်ပါဦး ... မင်း ရဲ့ တတိယ ပုစ္ဆာ ကို ...”

“ တတိယမြောက် ပုစ္ဆာ ကတော့ ကျွန်မ ကို နိုင်အောင် လေးပစ်ပြိုင်ဖို့ပဲ ၊ ဘယ့်နှယ်လဲ ... ရှင် ပြိုင်ရဲ ရဲ့လား ...”

•••••   •••••   •••••   •••••

သေချင်းဆိုးမလေး ... ဟု စိုးရှား စိတ် ထဲမှ တိတ်တဆိတ် ဆဲရေး လိုက်၏ ။ ဒါကတော့ သက်သက် ညစ် တာပဲ ဖြစ်သည် ။

သူမ က ငယ်ငယ် ကတည်း က လေးမြား အပစ်အခတ် ကို ကျွမ်းကျွမ်းကျင်ကျင် လေ့ကျင့်လာခဲ့သူ ... ။

ကိုယ် က တစ်ဘဝလုံး မှာ လေးနှင့် မြား ကို အနီးကပ်ပင် သေသေချာချာ ကြည့် ဖူးသူ မဟုတ် ... ။

ဒီ ကိစ္စ က အခု မှ ထပြီး လေ့ကျင့်ရုံ နှင့် လည်း ပစ်မှတ် ကို မလွဲတမ်း မှန်အောင် ပစ်နိုင်မည် မဟုတ် ။

လေ့ကျင့် လျှင် ကော ဘယ်လောက် ထိ အချိန် ယူရဦးမည်နည်း ။

တစ်လ လား ... နှစ်လ လား ... တစ်နှစ် လား ...

မသေချာ ...

ထို့ကြောင့် စိုးရှား က ...

“ ဒါကတော့ မင်း သက်သက် ညစ်တာပဲ ၊ မင်း က မြားပစ် တဲ့ နေရာ မှာ ကျွမ်းကျင်ပြီးသား ကိုယ် က လုံးဝ မပစ် တတ်တဲ့ သူ ခေါင်း နဲ့ ပန်း နှစ်ဖက် စလုံးမှာ ' အရှုံး ' လို့ ရေး ထားတဲ့ ပိုက်ဆံပြား နဲ့ တော့ ခေါင်းပန်း လှန်တမ်း မကစားချင်ဘူး ဆိုဖီယာ ...”

“ ရှင့် ကို အခု ချက်ချင်း ပြိုင်ရမယ် လို့ တောင်းဆို နေတာ မှ မဟုတ်တာ ၊ ရှင် ကျွမ်းကျင်လာတဲ့ အချိန် အထိ လေ့ကျင့် ခွင့် ရှိတယ် ၊ လေ့ကျင့် ဖို့ အချိန်ကာလ ကို လည်း ရှင် ကြိုက်သလောက် ယူပါ ၊ ကျွန်မ စောင့်နိုင်ပါသေးတယ် ၊ ရှင့် ကိုယ် ရှင် သေချာပေါက် နိုင်မယ်လို့ ယုံကြည်တဲ့ နေ့ မှာ လာပြီး စိန်ခေါ်ပါ ၊ အဲဒီ အခါ ကျ မှ အပြီးသတ် အနိုင်အရှုံး ကို ဆုံးဖြတ် ကြတာပေါ့ ...”

မတရားဘူး ... ဟု ပြောရမှာတော့ ခက်နေ၏ ။ ဒါသည် အချစ်လား ... စစ်ပွဲလား ... ခွဲခြား မရသော ကြောင့် ဖြစ်မည် ထင်သည် ။

အင်း ... အချစ် နှင့် စစ် မှာ သာ မတရားတာ မရှိသည် မဟုတ် ။ ယုံကြည်ချက် နှင့် မာနတရား မှာ လည်း မတရားတာ မရှိ ... ဟု ကမ္ပည်း အသစ် ရေးထိုးချင်ပါသည် ။

အိမ် ပြန်ဖို့ ခြေလှမ်းများ ဖြင့် ထိုင် နေရာ မှ စိုးရှား ထ လိုက်သည် ။

•••••   •••••   •••••   •••••

ခြံဝင်း ထဲ သို့ ရောက်တော့ ဟိုအဝေး ခြံစည်းရိုး အုတ်နံရံ မှာ ထောင် ထားသော ( ဆိုဖီယာ မြားပစ် လေ့ကျင့်သည့် ) စက်ဝိုင်းပုံ ပစ်ကွင်း ကို လှမ်းမြင်ရသည် ။

ကျောခိုင်း နှုတ်ဆက်ခါနီး တွင် ဆိုဖီယာလပြည့်ဝန်း က စကားတစ်ခွန်း ဆို၏ ။

“ ပြိုင်ပွဲ တစ်ခု ကို နိုင်ဖို့ ကိစ္စ မှာ အတတ်ပညာ က အမြဲတမ်း အဓိက ကျတာ မဟုတ်ဘူး ကိုစိုးရှား ...”

မင်းခိုက်စိုးစန်

#ကိုအောင်နိုင်ဦး

( ဆိုဖီယာ မေးသော ဉာဏ်စမ်းပုစ္ဆာ ဇယားကွက် ကို comment တွင် တင်ပေးထားပါသည် )

.

Monday, October 3, 2022

သူရဲဘောကြောင်တဲ့ လူညံ့ ( ၁၇ )


 

အခန်း ( ၁၇ )

နောက် တစ်နေ့ မနက် တွင် ...

ကော်ဖီ သောက်ဖို့ သူ ထမင်းစားခန်း ထဲ သို့ ဝင်လာသောအခါ တစ်စုံတစ်ရာ ကို ငိုင်တွေ စဉ်းစားရင်း ထိုင်နေ သည့် သူ့  ဦးလေး ဦးစောဝင်း ကို တွေ့ လိုက်ရသည် ။

စိုးရှား က ကြက်ဥဟပ်ဖရိုက် နှင့် ပေါင်မုန့် ကို ကော်ဖီ နှင့် ဖြည်းဖြည်းချင်း မျှောချနေစဉ် မှာ ပင် ဦးစောဝင်း က စကား တစ်ခွန်း ကို အဆက်အစပ် မရှိ ပြောချလိုက်၏ ။

“ စိုးရှား ငါ ရုပ်ရှင်ကားကြီး တစ်ကား ရိုက်ဖို့ ဆုံးဖြတ်လိုက်ပြီ ...”

“ ဦးလေး ကို ဘယ် ပရိုဂျူဆာ က ပိုက်ဆံ ထုတ် ပေး မှာ မို့လို့လဲ ...”

သူ့ အမေး ကို ဦးစောဝင်း က ခေါင်းခါ ပြသည် ။ ထိုနောက် ...

“ ငါ့ ပိုက်ဆံ နဲ့ ငါ ထုတ်ရိုက်မှာ ၊ ငါ စီးနေတဲ့ ကား နဲ့ ဟောဒီ အိမ် ကို ပေါင်လို့ ရတဲ့ ပိုက်ဆံ နဲ့ ရိုက်မယ် ”

“ ဗျာ ... အိမ် နဲ့ ကား ကို ပေါင်မယ် ဟုတ်လား ... ဦးလေး ...”

ဒီတစ်ခါတော့ စိုးရှား တော်တော် အံ့ဩသွား၏ ။ ဦးစောဝင်း က ဖျော့တော့လေးလံစွာ ပြုံးလိုက်ရင်း ...

“ ဘာလဲ ... ဒီတစ်ခါလည်း ငါ့ ကို အရူးထပြန်ပြီ ... လို့ မင်း ပြောချင်လို့လား စိုးရှား ...”

“ မပြောပါဘူး ဦးလေး ရာ ... ဦးလေး ရိုက်မယ့် ဇာတ်ကား မှာ မင်းသမီး က မြနဒီ ပဲ လား ... လို့ မေးချင်တာ တစ်ခုပါပဲ ...”

ရိသဲ့သဲ့ မေးသော စိုးရှား ၏ စကား ကြောင့် ဦးစောဝင်း ၏ မျက်နှာ က ရုတ်တရက် လေးလေးနက်နက် တည် သွား၏ ။ ခဏကြာအောင် စဉ်းစားချင့်ချိန်နေပြီး မှ ဦးစောဝင်း က ...

“ ဟုတ်တယ် မြနဒီ ပဲ ၊ ဒါပေမယ့် မင်း ထင်သလိုမျိုးတော့ မဟုတ်ပါဘူး ၊ အရင်တုန်း က မြနဒီ ကို ငါ့ ဇာတ်ကား တွေ မှာ ထည့် ရိုက်ခဲ့တာဟာ ကိုယ်ရေး ကိုယ်တာ ခံစားချက်ကြောင့် ဆိုတာ ငါ ဝန်ခံပါတယ် ၊ ဒါပေမယ့် ဒီ တစ်ခါ မှာ တော့ အဲဒီလို မဟုတ်ဘူး စိုးရှား ...”

“ အင်း ... ယုံတော့ ယုံချင်ပါတယ် ဦးလေး ရာ ... ဒါပေမယ့် ... ကျွန်တော် က ဘာကို မှ ယုံကြည်မှု မရှိတဲ့ လူ ... ဆိုတော့ ... ခက်တယ် ...”

ဦးစောဝင်း က စားပွဲ ပေါ် မှ ထကာ ထမင်းစားခန်း အပြင်ဘက် သို့ ခြေလှမ်း ထွက်သည် ။ တံခါးဝ အရောက် တွင် နောက်ပြန် လှည့် ကာ စကားတစ်ခွန်း လှမ်း ပြော၏ ။

“ အေးပေါ့ကွာ ... ယုံကြည်မှု ဆိုတာ ဘဝ ကို ပေးပြီး ရင်း ရတာမျိုးကွ ... မနေ့ က အသုဘ မှာ မင်း ပြောခဲ့ သလိုမျိုး ပေါ့ ... ဘယ်လို အဖြစ်ဆိုးမျိုး နဲ့ ပဲ ကြုံရ ကြုံရ ... ကိုယ့် ရဲ့ယုံကြည်မှုရဲ့ ခေါ်ရာ နောက် ကို ရေဆုံး မြေဆုံး လိုက်ဖို့ ငါ့ မှာ သတ္တိ အပြည့် ရှိတယ် စိုးရှား ...”

ထို စကား ကြောင့် တုန်လှုပ်ချောက်ချား ရ မလို ဝမ်းသာ အံ့ဩ ရ မလိုလို သူ ခံစားရသည် ။

_______________________

မင်းခိုက်စိုးစန်

#ကိုအောင်နိုင်ဦး

သူရဲဘောကြောင်တဲ့ လူညံ့ ( ၁၆ )


 

အခန်း ( ၁၆ )

မိုးစက် တွေ ကျလာတော့မည် ။

ရေဝေးသုဿန် ရှိ အသုဘ ရှုရာ ခန်းမ ( ၂ ) ထဲ တွင် မျက်ရည်စက်တွေ ... လူတွေ ... ပန်းပွင့်တွေ ပြည့်ကျပ် နေ၏ ။

သျှပ်မှူးအိမ် ကို ချစ်သော ပရိသတ်တွေ ... ချောင်းထဲ မှာ ဗေဒါပင်တွေ အရွက်ချင်း ထပ်ကာ ပြည့်ကျပ် နေပုံမျိုး ... ပခုံးချင်း ထပ် ၊ ရင်ဘတ်ချင်း ကျောချင်း ကပ် ကာ ထပ်နေ ပြည့်နေ ကြသည် ။

မျက်စိတစ်ဆုံး ကျယ်ပြန့် ထူထပ် သိပ်သည်းသော ကြေကွဲခြင်း ပင်လယ် တစ်ခုလို ... ။

မတိုးကြပါနဲ့ ... မတိုးကြပါနဲ့ ... နောက်ဆုတ်ပေးကြပါဗျာ ... ဟု စာနယ်ဇင်းသမား တစ်ဦး က အော်ဟစ်ရင်း ပရိသတ် ကို မေတ္တာရပ်ခံနေသည် ။ ခဏကြာတော့ ထို သူ အသံ ဝင်သွားပုံရ၏ ။ လူတွေ က လည်း ခြေ တစ်ဖက် ရွေ့ စရာ နေရာ ပင် မရှိလောက်အောင် ကျပ်ညပ်ပြည့်သိပ် နေသဖြင့် နောက်ဆုတ် ဖို့လည်း မဖြစ်နိုင်တော့ ။

“ ခဏ နေရင် ရင်ခွဲရုံ ထဲ ကနေ အလောင်း ကို ခန်းမ ထဲ သယ်ထုတ်လာတော့မယ် ၊ ခန်းမ ထဲ အဝင် လမ်း ကို နည်းနည်း ရှင်း ပေးထားကြပါ ” ဟု တစ်စုံ တစ်ယောက် က ပြောနေ၏ ။

ဂီတလောက ထဲ မှ မိတ်ဆွေများ က တစ်ယောက် နှင့် တစ်ယောက် လက်ချင်း ချိတ်ဆက်ကာ စီတန်းပြီး ဟိုဘက် ဒီဘက် နေရာ ယူ လိုက်ကြသည် ။ ကြားထဲ တွင် လူ သုံးလေးဦး လျှောက်သာ ရုံ လမ်းကလေး ဖြစ်လာ၏ ။

ဒါလည်း ကြာကြာ မခံ ။ လက်ချင်း ချိတ် ထားသော အနုပညာရှင်များ ၏ နောက်ကျောများ ဆီသို့ ပရိသတ် က ပြို ကျ လာ၏ ။ လက်တွဲ တွေ ပြုတ်ထွက် ကုန်သည် ။ ဖိနပ်တွေ တစ်ဖက် စီ လွင့်ထွက် ကုန်၏ ။ လူသံတွေ က လှိုင်းသံ လို တဝုန်းဝုန်း ထ နေသည် ။ လူတွေ သည် ပင်လယ် ... ကြေကွဲခြင်း သည် မုန်တိုင်း ... ယိုင်လဲသူတွေ ယိုင်လဲ သွားကြသည် ။ ဖယ်ကြပါဦး ... နောက် ဆုတ် ပေးကြပါ ... စည်းကမ်း ရှိပါ ဗျာ ... ဟု တစ်ချို့ က အော်ဟစ် သတိပေး နေကြသည် ။ အလောင်း သယ် လာရမည့် လမ်း က လည်း ကျပ်ညပ်ပိတ်ဆို့ နေလေပြီ ။

သျှပ်မှူးအိမ် ၏ဇနီး ဖြစ်သူ က တော့ အသံ မထွက်ဘဲ နူးညံ့မာကျောစွာ ငိုကြွေး နေ၏ ။

ဟိုး ... ခပ်ဝေးဝေး မှာ တော့ သူမ ၏ချစ်လှစွာသော ခင်ပွန်း အတွက် နောက်ဆုံး နှုတ်ဆက် သည့် အလွမ်းပန်းခြင်းကလေး ထဲ မှာ နှင်းဆီ
ဖြူဖြူတွေ ... ။

ပြီးတော့ ... ကိုသျှပ် ၏ ( ၈ ) နှစ်အရွယ် သမီးငယ်လေး မိကောင်းညံ ... ။ ကိုသျှပ် သိပ်ချစ် ခဲ့သည့် သူ့ ရင်သွေးကလေး ကို သူ ထားရစ်ခဲ့ပါပြီကော ... ။

နေရစ်လေဦးတော့ ... သမီးငယ် ရေ ...

စိုးရှား အံ ကို မသိမသာ ကျိတ်ရင်း ပင့်သက် ကို နွမ်းနယ်စွာ ရှိုက်သွင်း လိုက်သည် ။

ခဏ နေတော့ ကိုသျှပ် ၏ မိခင် ဖြစ်သူ ကို ဦးစောဝင်း က တွဲကာ ခန်းမ ( ၂ ) ထဲ သို့ ဖေးမ ခေါ်လာ၏ ။

ကိုသျှပ် မိခင် ၏ အသွင်သဏ္ဌာန် သည် မော်လမြိုင် မှာ သူ တွေ့ခဲ့ရစဉ် က ထက် ပိုမိုပါးလျား ပိန်ဖျော့ သွားမှန်း စိုးရှား အကဲခတ် မိသည် ။ အမေ့ ရဲ့ ဒုက္ခအိုးကလေးကတော့ ကွဲကြေ သွားခဲ့ပြီပေါ့ အမေ ရယ် ...

အဲသည် အခိုက်အတန့် တဒင်္ဂလေး မှာ ပင် ' အမေ ' ဆိုသော နာမ ၏ နက်ရှိုင်းမှု သည် စိုးရှား ၏ နှလုံးသား ထဲ သို့ ဆွတ်ပျံ့ တိုးဝှေ့ ဝင် လာလေတော့သည် ။ မန္တလေး မှာ ကျန်ရစ်ခဲ့သော အမေ့ ကို စိုးရှား ဖျတ်ခနဲ မြင်မြင်ယောင်ယောင် ဖြစ် လိုက်မိသည် ။

ဆူညံ နေသော လူသံသူသံတွေ အဝေး သို့ လွင့်စင် သွားသလို ခံစား လိုက်ရ၏ ။

အသုဘ အခမ်းအနားများ တွင် ရတတ်လေ့ ရှိသော အမွှေးနံ့ ငြီးစီစီ တစ်မျိုး သာ လေထု ထဲတွင် ဝေ့ကာ ကျန်ရစ်သည် ။

သူ သတိထား မိလိုက်ချိန် တွင် သူတို့ တိုင်ပင်ကာ အစီအစဉ်ပြောင်း လိုက်ကြပြီ ဖြစ်သည် ။

ကိုသျှပ် ၏ မိခင်ကြီး ကို ရင်ခွဲရုံထဲ အထိ ခေါ်သွားပြီး ကိုသျှပ် ၏ ရုပ်အလောင်း ကို အေးအေးဆေးဆေး ကြည့်ခွင့် ရအောင် စီမံကြခြင်း ဖြစ်ပုံ ရ၏ ။

ဟုတ်တော့ လည်း ဟုတ်သည် ။ ရုပ်အလောင်း ကို ခန်းမ ထဲ အထိ သယ်လာမည် ဆိုလျှင် များပြားလွန်းသော ပရိသတ်များ ကြောင့် ကိုသျှပ် ၏ မိသားစု အဖို့ သူ့ နောက်ဆုံး အချိန် ကို စိတ်အေးလက်အေး ကြည့်ခွင့် ရမည် မဟုတ်
ကြေကွဲခွင့် ရမည် မဟုတ် ။

ခဏအကြာ တွင် ဦးစောဝင်း က ကိုသျှပ် ၏ မိခင်ကြီး ကို ပွေ့ချီ ပြီး အလောင်း ထားသည့် ရင်ခွဲရုံ ရှိရာဆီ သို့ ခေါ်ဆောင် သွားလေသည် ။

ကိုသျှပ် အတွက် သုဿန်မြေမှာ ကြေကွဲခြင်းတွေ ကြိတ်ကြိတ်တိုး နေကြသည် ။ အလောင်းချ စရာ နေရာ မရှိတော့ လောက်အောင် ပြည့်ကျပ် နေသည့် လူပင်လယ်ပြင်ကြီး ကို ကြည့်ရင်း စိုးရှား တစ်စစီ ပြိုပျက်ပြန့်ကျဲ လွင့်စင် သွားသလို ခံစား လိုက်ရလေသည် ။

အဲဒါပါပဲကွယ် ...

အနုပညာရှင် ဆိုတာ သေတော့မှပဲ ကိုယ့် ဘဝ ကို ကိုယ် ပိုင်ဆိုင်ခွင့် ရတာမျိုးပါ ... ။

•••••   •••••   •••••   •••••

ဟော ... လာပြီ သယ်လာပြီ ... ဟူသော စကားသံများ နှင့် အတူ ကျပ်ညပ်သိပ်သည်း နေသည့် လူတွေ လှုပ်လှုပ်ရှားရှား တွန်းထိုး ရွေ့လျား သွားကြသည် ။

ကိုသျှပ် ၏ ရုပ်ကလပ် ကို ထည့်သွင်း ထားသော ကျွန်းတလားသေတ္တာကြီး ကို သယ်ဆောင် လာပြီး ခန်းမ ( ၂ ) ထဲ တွင် ခဏ မျှ သာ ချခွင့် ရလိုက်၏ ။ ကိုသျှပ် ၏ ဇနီး ဖြစ်သူ ကြည့်ဖို့ ခေါင်းတလား အဖုံး ကို မိနစ် အနည်းငယ် ကြာ ဖွင့် ပြ နိုင်သည် ဆိုရုံလေး ပင် ဖြစ်သည် ။

ကျွန်းသားခေါင်းတလား ထဲ တွင် ပကတိ ငြိမ်းချမ်းစွာ အိပ်မောကျနေ သူ က ကိုသျှပ် ...

ဆံပင် ကောက်တိကောက်ကွေး ... မျက်နှာ ထူထူ နှာတံစင်းစင်း နှင့် အလျား ရှည်သော နှုတ်ခမ်း တစ်စုံ ။

သူ့ မျက်နှာဘေး ခေါင်းအုံး ပေါ်တွင် တော့ တရားစာအုပ်လေး ...

လက် ထဲ မှာတော့ ပန်းစည်းတစ်စည်း ...

ကြည့်စမ်း ... ပန်းပွင့် ... တရားဓမ္မ နှင့် သေခြင်းတရား ...

ဒါဟာ ကွယ်လွန်သူ တစ်ယောက် ရဲ့ အတ္ထုပ္ပတ္တိ ပါ ပဲ ...

ကဲ ... ခေါင်းအဖုံး ကို ပိတ် လိုက်ကြပေတော့ ...

ဂွတ်ဘိုင် ... ကိုသျှပ် ...

“ သွားကြစို့ ...”

တစ်စုံတစ်ယောက် ၏နှိုးဆော်သံ ကို မသဲမကွဲ ကြားရသည် ။ ကိုသျှပ် ကို ထည့် ထားသောခေါင်းတလား ကို ခန်းမ အပြင်ဘက် သို့ ထမ်းထုတ် ယူသွားပြီး ကား ပေါ် သို့ တင် လိုက်ကြ၏ ။ ပြီးတော့ ဂူသွင်း မြှပ်နှံမည့် နေရာ ဆီ သို့ ဦးတည် လိုက်ကြသည် ။

ကတ္တရာလမ်းကျဉ်းကျဉ်းလေး ပေါ် မှာ
ကားတွေ ...
လူတွေ ...
လွမ်းသူ့ပန်းခွေတွေ ...
မျက်ရည်စတွေ ...
ကြေကွဲနှမြောတသခြင်းတွေ ...
ဖြည်းဖြည်းနှေးနှေး ရွေ့လျား နေကြသည် ။

အဲဒီ အချိန် မှာ ပဲ ...

မိုး က ဖွဲဖွဲကလေး စတင် ရွာသွန်း လာတော့သည် ။

•••••   •••••   •••••   •••••

ကိုသျှပ် ရေ ...

ကျွန်တော်တို့ ရဲ့ခေတ် တစ်ခု ကို ခင်ဗျား ပေးခဲ့တာတွေ အများကြီးပါ ...

အခုတော့ ...

ခင်ဗျား အတွက် ခေတ်ကြီး တစ်ခေတ်လုံး ဝမ်းနည်း လွန်းလို့ တဆတ်ဆတ် တုန်ယင်နေလေရဲ့ ...

•••••   •••••   •••••   •••••

ဂီတသင်္ကေတ တွေ ကြေးပြားထွင်း ကပ် ထားသည့် အုတ်ဂူကျဉ်းကျဉ်းကလေး ထဲ တွင် သူ့ကို ထားရစ်ခဲ့ကြပြီ ...

သူ ချစ်သော သီချင်းတွေ ၏ ခေါ်ဆောင်ရာ နောက် ကို လိုက်ပါရင်း ဒုက္ခ အဖြစ်ဆိုး နှင့် ကြုံတွေ့ရကာ အသက် ကို ပါ ပေးခဲ့ ...

လူ ဖြစ် လာရတာ ဟာ ဒီလို နိဂုံး ချုပ် ဖို့ အတွက်တဲ့ လား ...

စိုးရှား တွေးရင်း တွေးရင်း ဘာကို မကျေနပ်မှန်း သူ့ ကိုယ် သူ မသိဘဲ ဒေါသတွေ ထွက်လာသည် ။

အုတ်ဂူ ရှေ့ မှ လှည့် ထွက် ဖို့ ခြေလှမ်း ပြင် လိုက်တော့ သူ့ ဦးလေး နှင့် မျက်နှာချင်း ဆိုင်မိကြ၏ ။

ဦးစောဝင်း ၏ ပါးပြင် ပေါ် မှာ မျက်ရည်စက် နှင့် မိုးစက်တွေ စိုရွှဲ နေလေသည် ။ မျက်ဝန်းတွေ က တော့ ကိုသျှပ် ငြိမ်သက်လဲလျောင်း ရာ အုတ်ဂူလေး ကို စိုက်ကြည့်လျက် ...

စိုးရှား ၏ ဒေါသ က ( မရည်ရွယ်ထားပါဘဲနှင့် ) သူ့ဦးလေး ပေါ် သို့ ပုံကျသွားပြီး ...

“ ဒီမှာ ဦလေး သူ့ လို အနုပညာခေါ်ရာ နောက် ကို သေမင်း ရှိမှန်း သိသိချည်း နဲ့ လိုက်ရဲလား ... မညာ နဲ့ ... ဦးလေး မညာ နဲ့ ... အနုပညာ ကို တကယ် ချစ်ရင် မညာရဘူးဗျ ... သိရဲ့လား ...”

သူ ၏ ရိသဲ့သဲ့ စကား သံ က ကျယ်လောင်နေမည် လား မသိ ။ သူ့ ကို တွေတွေကြီး ပြန်စိုက်ကြည့်နေသော ဦးစောဝင်း ၏ မျက်ဝန်းအဓိပ္ပါယ် ကို လည်း မသိ ။

ဒီနေရာ မှာ တင် ...

လူ တစ်ယောက် ၏ ဘဝ အပြောင်းအလဲ ဖြစ် သွားစေပြီ ဆိုသည် ကို လည်း သူ မသိခဲ့ပါချေ ။

ဩဂုတ်လ ၏ မိုးရေစက်တွေကြား မှာ ပင် ...

____________________

မင်းခိုက်စိုးစန်

#‌အောင်နိုင်ဦး

.

Sunday, October 2, 2022

သူရဲဘောကြောင်တဲ့ လူညံ့ ( ၁၅ )


 

အခန်း ( ၁၅ )

၁၃ . ၈ . ၂ဝဝ၄

အဲသည် နေ့ သည် ( ၁၃ ) ရက်နေ့ ကျသည် သာ မက သောကြာနေ့ လည်း ဖြစ်လေသည် ။

•••••   •••••   •••••   •••••

ရတနာပုံဦးစောဝင်း ၏ အင်စတော်လေးရှင်း အနုပညာ ( Installation Art ) ပြပွဲ ကို ၃၂ လမ်း အပေါ် ဘလောက် ရှိ အဇဋာ ပန်းချီပြခန်း တွင် ကျင်းပသည် ။

ကြွရောက်လာသော ပရိသတ် ကတော့ ဦးစောဝင်း ကို သိပ်အမြင် မကတ်သူများ ( လောလောဆယ် အချိန် အထိ အမြင် မကတ်သေး သူ များ ) ၊ ဂျာနယ် အတော်များများ မှ သတင်းထောက်များ ၊ မလွှဲမရှောင်သာ သဖြင့် စိတ် မပါဘဲ လာ ကြသူများ ၊ ထမင်းဆီဆမ်း ဆတ်သားခြောက်မီးဖုတ် ဖြင့် ဧည့်ခံပါမည် ဟု သတင်း ကြားသောကြောင့် စိတ်ပါ လက်ပါ လာ ကြသူများ ၊ Installation Art ( တပ်ဆင်ခြင်းအနုပညာ ) ဆိုသည် ကို ဘာမှန်း မသိသေး သောကြောင့် အထူးအဆန်း တွေ့ရ မြင်ရ မည် ထင်ပြီး လာရောက် စပ်စုကြသူများသာ ဖြစ်၏ ။

ပြခန်း ထဲ သို့ ဝင်ဝင်ချင်း တံခါးပေါက် ဝ တွင် တွေ့ လိုက်ရသည် က တော့ အုန်းလက်ကြီး နှစ်လက် ကို ဟိုဘက် ဒီဘက် ကိုင်းပြီး ဖဲကြိုး ဖြင့်ချည် ထားခြင်း ဖြစ်သည် ။ ထိုလက်ရာ ကို ' ဇနီးမောင်နှံ ' ဟု အမည် ပေးထား၏ ။ လူ တွေ ကတော့ အုန်းလက်ကြီး နှစ်လက် ကို ပေစောင်း ပေစောင်းဖြင့် ကြည့် ကြ၏ ။ ဘာဖြစ်လို့ ဒါကြီး ကို ' ဇနီးမောင်နှံ ' ဟု အမည် ပေး ထားမှန်းလည်း သဘော မပေါက်ကြ ။ ဂျာနယ်အယ်ဒီတာချုပ် ဦးမြတ်ခိုင် ဆိုသူ ကတော့ တစိမ့်စိမ့် ကြည့်ကာ နက်နက်နဲနဲ စဉ်းစားရင်း ခေါင်းတဆတ်ဆတ် ငြိမ့်လိုက်ပြီး ...

“ ဟုတ်ပြီ ... ဟုတ်ပြီ ... ကျုပ်သဘောပေါက်ပြီ ၊ ဒါ ပုဇွန်တောင် မှာ နေတဲ့ ကျုပ်မိတ်ဆွေ ကိုအုန်း နဲ့ မအုန်းရွှေ တို့ လင်မယား ကို သရုပ်ဖော် ထားတာပဲ ၊ ဟုတ်တယ် မဟုတ်လား ကိုစောဝင်း ...”

ဦးမြတ်ခိုင် ၏ အမေး စကားအဆုံး တွင် ရတနာပုံစောဝင်း ၏ မျက်နှာ သည် မိုး မိထားသော သားရေဖိနပ် လို နွမ်းရော်ညှိုးချုံးကျ သွား၏ ။ ဘာမှ ပြန် မဖြေနိုင်ရှာ ။ ဒီနေ့အဖို့ သူ့ ဦးလေး ဦးစောဝင်း တော်တော် ကံ ဆိုးနေသည် ဟု စိုးရှား ပြုံးစိစိ လုပ်ရင်း တွေးနေမိသည် ။

တကယ်တော့ ပွဲ မစခင် ကတည်း က Installation လက်ရာ တစ်ခု က ပျက်စီးသွားလုနီးနီး ဖြစ် ခဲ့ရပြီးပြီ ။

ဦးစောဝင်း ပြသမည့် လက်ရာများ ထဲ တွင် ' ဧရာဝတီ အတွက် ရင်ကွဲနာ ကျသူများ ' ဟူသည့် အမည် ဖြင့် တပ်ဆင်မှု တစ်ခု လည်း ပါသည် ။

ထို လက်ရာ ကား အခြားမဟုတ် ။ သုံးထပ်သားပြား တစ်ချပ် ပေါ် တွင် ငါးရဲ့ခြောက်ပြားများ ကို သံဖြင့် ရိုက်ကာ ချိတ်ဆွဲ ပြသထားခြင်း ဖြစ်သည် ။

မနေ့ ည က ဦးစောဝင်းကိုယ်တိုင် ငါးရဲ့ခြောက် အချပ် ( ၃ဝ ) ကို သံ ဖြင့် အသေအချာ ရိုက် သွားခဲ့သည် ။ ဒီနေ့ ပြပွဲ စ ခါနီး တွင် ကြည့် လိုက်တော့ ငါးရံ့ခြောက် တစ်ကောင် လိုနေ၏ ။ ( ၂၉ ) ခု သာ ရှိတော့သည် ။

အဲသည်မှာ တင် ရတနာပုံစောဝင်း ၏ အနုပညာ မာန ၊ အနုပညာ ဒေါသ တို့ သည် ရွာ မှ ဘုန်းကြီးပျံ လောင်တိုက် သွင်း သလို ဝုန်းခနဲ ဒိုင်းခနဲ ပေါက်ကွဲ လေတော့သည် ။

“ ဒါ ... ဒါ ... ဘယ်ကောင် လုပ်သွားတာလဲ ၊ တောက် ... စော်ကား လိုက်တာကွာ ၊ ဒါ ... ငါ့ အနုပညာ ကို ဖျက်ဆီး တာ ၊ ငါ့ ရဲ့ အင်စတော်လေးရှင်း အနုပညာပြပွဲကြီး အောင်မြင်မှာ ကို မနာလို မရှုစိမ့်တဲ့ ကောင်တွေ က ငါးရံ့ခြောက် တစ်ပြား ကို ခိုး ဖြုတ်ပြီး မီးဖုတ် စားလိုက်တာပဲ ဖြစ် ရမယ် ၊ ထွီ ... ရိုင်း လိုက်ကြတာကွာ ...”

“ ဟုတ်ပါ့မလား ဦးလေး ရယ် ... မနေ့ ည က ကျွန်တော် တို့ ပဲ သေသေချာချာ သော့ ခတ်ပြီး ထွက် လာကြတဲ့ ဥစ္စာ ၊ ဘယ်သူ မှ မဝင်နိုင်ပါဘူး ၊ ကြောင်တွေ ဘာတွေ ဝင်ပြီး စား သွားတာပဲ ဖြစ်မှာပါ ...”

စိုးရှား က ဖျောင်းဖျောင်းဖျဖျ  ပြော သော်လည်း ဦးစောဝင်း က လုံးဝ လက်မခံ ။

“ မဟုတ်ဘူး ... မဟုတ်ဘူး ... ငါ သိတယ် ၊ ဒါ ... ဟိုကောင် တွေ လုပ်တာ ၊ ငါ့ ရဲ့ ဆန်းသစ်တီထွင်တဲ့ အနုပညာ အောင်မြင်မှု ကို မနာလို လို့ တမင် အကျင့်ယုတ်ပြီး Installation လုပ်ထားတဲ့ ငါးခြောက်ဖုတ် ကို အရက် နဲ့ မြည်း ပစ်ကြတယ် ၊ ခွေးမသားတွေ ...”

“ ဟာဗျာ ... ဦးလေး က လည်း ပူညံပူညံ လုပ် မနေပါနဲ့တော့ ၊ ပြပွဲ မစခင် နောက်ထပ် ငါးရံ့ခြောက် တစ်ပြား ပြေး ဝယ်ပြီး ချိတ် ထားလိုက်ပေါ့ ... အဲဒါဆို ပြီးရော မဟုတ်လား ...”

“ မဖြစ်ဘူးကွ ... မဖြစ်ဘူး ... အနုပညာ ဆိုတာ တစ်ခါ ပဲ လုပ်လို့ ရတယ် ... နောက်တစ်ခါ ထပ် လုပ်ရင် မူရင်း အစစ် မဟုတ်တော့ဘူး ၊ ဒါတွေ မင်း နားမလည်ပါဘူး စိုးရှား ရာ ...”

နားမလည်ဘူး ပဲ ပြောပြော ဘာပဲ ပြောပြော လောလောဆယ်မှာ နားညည်း နေသည့် ဒုက္ခ ကိုတော့ စိုးရှား သည်း မခံနိုင်ပါ ။ သည်တော့ သူ့ ဘာသာ သူ ပင် ဈေး သို့ အမြန် ပြေးကာ ငါးရံ့ခြောက် တစ်ချပ် ရှာ ဝယ်လာပြီး လွတ်သွားသည့် နေရာ တွင် သံ ဖြင့် ပြန် ရိုက်ကာ ချိတ်ပေး လိုက်ရ၏ ။ ပြပွဲ စတင်မည့်အချိန် ကို မီရုံ သာ ရှိသည် ။ ဖိတ်စာတွေ အတော်များများ ဝေ ထားသဖြင့် ရောက်လာသည့် ဧည့်သည်များ မှာ တဖွဲဖွဲနှင့် ပြခန်း တစ်ခု လုံး ပြည့် သွား၏ ။

“ ဟာ ... ဒါက ဘာကြီးလဲဟ ...”

အူတူတူ နိုင်ပုံ ရသော ပြပွဲ လာကြည့် သူ တစ်ယောက် က နံရံပေါ်တွင် ချိတ်ဆွဲထားသော ဦးစောဝင်း ၏ လက်ရာ ကို ကြည့်ပြီး လွှတ်ခနဲ တအံ့တဩရေရွတ် လိုက်၏ ။

ထို လက်ရာ မှာ အခြား မဟုတ် ။ စက္ကူစုတ်များ ၊ ဇွန်းခက်ရင်းများ ၊ ဖိနပ်စုတ် တစ်ရံ ၊ နို့ဆီဗူးခွံဟောင်း သုံးလေးလုံး နှင့် ဆေးလိပ် အတိုအစများ ကို ရောမွှေကာ ဟို နား မှာ ကပ် ဒီ နား မှာ ကပ် လုပ် ထားခြင်းသာ ဖြစ်၏ ။

ပြီးတော့ ပန်းချီ ဆွဲ သည့်  Acryllic ဆေးရောင်စုံများ ကို လည်း ဗရပွ ပေကျံ နေအောင် ပက်ထားသည် ။

ဦးစောဝင်း က သူ့ လက်ရာ ကို ငေးမောကာ တအံ့တဩ ဖြစ်နေသော သူ အား ကြည့်ရင်း တစိမ့်စိမ့် အရသာ ခံ ကာ ပီတိ ဖြစ်နေ၏ ။ ထိုနောက် ထိုသူ ၏ ပခုံး ကို ပုတ် လိုက်ပြီး ဦးစောဝင်း က ...

“ ဒီမယ် ကိုယ့်လူ ... ဒါ ဘာကြီးလဲ ဆိုပြီး ရင်သပ်ရှုမော ဖြစ်မနေနဲ့ ... အင်စတော်လေးရှင်း ဆိုတာ ဒါပဲ ... ဒါ ... အနုပညာ ဗျ ... ဟား ... ဟား ... အနုပညာ မမြောက်တဲ့ ပစ္စည်းတွေ ကို ဟို တစ်ခု ဒီ တစ်ခု ပေါင်းစပ်ပြီး အနုပညာ မြောက်အောင် လုပ်တာ အင်စတော်လေးရှင်း ( Installation ) လို့ ခေါ်တယ် ... မှတ်ထား ... ကိုယ့်လူ ...”

ဦးစောဝင်း ၏ ဂုဏ်ယူဝင့်ကြွားသော ပြော စကား ကြောင့် ထိုအူကြောင်ကြောင် လူ မှာ ပါးစပ်အဟောင်းသား ဖြင့် ကြည်ညိုလေးစားစွာ နားထောင် ရင်း ...

“ ဪ ... ဟုတ်ပြီ ... ရှင်းသွားပြီဗျာ ၊ ဟိုတစ်ခု ဒီတစ်ခု ပေါင်းစပ်တာ Installation ဆိုရင် ကျုပ် တို့ အိမ် နား က ကွမ်းယာ ရောင်းတဲ့ ကုလားမာမွတ်ဟာ တကယ့် အင်စတော်လေးရှင်း ... ပညာရှင်ကြီး ပဲ ... တောက် ... သူ့ ကို ကျုပ် မလေးမစား ဆက်ဆံခဲ့မိတာ သိပ်မှားတယ်ဗျာ ၊ ဒီက ပြန်သွား မှ တောင်းပန် ရဦးမယ် ...”

ထို စကား ကြောင့် ဦးစောဝင်းကား သူ့ ခေါင်း ပေါ် မှ ဆံပင်များ ကို သူ့ ဘာသာ သူ ဆွဲဆွဲဆောင့် မိတော့သည် ။

ပြခန်း ၏ အဝင်ပေါက် နှင့် တည့်တည့် ရှိ နံရံ ပေါ် တွင် ကား ပန်းချီကားချပ် လို ကင်းဗတ်ပိတ်စ ကို သစ်သား ဘောင် ကွပ် ထားသော လက်ရာ တစ်ခုရှိသည် ။

ထို ပန်းချီကား ပိတ်စ ပေါ် တွင် ငါးမူးလုံး အရွယ်အစား ခန့် ရှိမည့် ကြိုး တစ်ချောင်း ကို စူပါဂလူးကော် ဖြင့် ကပ် ထား၏ ။ ထို ကြိုး ၏ အလယ်ခေါင် တည့်တည့် ကိုတော့ ဓား ဖြင့် လှီး ထား သလား ၊ လွှ ဖြင့် တိုက် ထား သလား မသိ ၊ ပြတ်လုတည်းတည်း အနေအထား တွင် အစအနများ ဖွာလန်ကျဲ ထားပြီး ကြိုးမျှင်သေးသေးလေး တစ်ချောင်းသာ ချန် ထားသည် ။

ထို ပန်းချီကား ကို ' သံယောဇဉ် ' ဟု အမည် ပေးထား၏ ။ အဲဒီ လက်ရာ ကို မျက်တောင် မခတ် စူးစိုက် ကြည့်ကာ ခံစားနေသည့် ထိပ်ပြောင်ပြောင် လူ တစ်ယောက် က အလွန် နှစ်ခြိုက် သဘောကျဟန် ဖြင့် ...

“ ကျွန်တော် ဒီ ဟာ ကို အရမ်း သဘော ကျ တယ်ဗျာ ၊ ကျွန်တော် ဝယ်ချင်တယ် ... ဘယ်လောက်လဲ ...”

ရတနာပုံဦးစောဝင်း က မာန်တက် နေသည့် အသံ ဖြင့် ခပ်တင်းတင်း ပင် ပြန်ဖြေသည် ။

“ တစ်သိန်း ...”

ခေါ်ဈေး ကြောင့် ထိပ်ပြောင်ပြောင် နှင့် လူကြီး မှာ ကွက်ခနဲ မျက်နှာ ပျက်သွား၏ ။ ထိုနောက် သူ့ သားရေ ပိုက်ဆံအိတ် ကို ယောင်ယမ်းကာ လက် ဖြင့် စမ်း လိုက်ရင်း တောင်းပန်တိုးလျှိုးသော လေသံဖြင့် ...

“ ဒုက္ခပါပဲ ဗျာ ... ကျွန်တော့် မှာပါတဲ့ ပိုက်ဆံ က လည်း ခြောက်သောင်း တောင် ပြည့် ပါ့မလား မသိဘူး ၊ ဈေး လျော့ လို့ ရရင် လျှော့ ပေးပါဗျာ ...”

ထိုစကား ကို ကြား ရသောအခါ ဦးစောဝင်း က နှုတ်ခမ်း တစ်ဖက် ကို မဲ့ရွဲ့ပြီး ခေါင်း ကို သုံးလေးကြိမ် ခါယမ်း ပစ် လိုက်သည် ။ ထိုနောက် ...

“ ဒီမှာ ကိုယ့်လူ ... ဒါ ဟင်းသီးဟင်းရွက် ရောင်းနေတာ မဟုတ်ဘူး ဗျ ... ခင်ဗျား အနုပညာတန်ဖိုး ကို နား မလည်ဘူးလား ၊ ဈေး လာ မဆစ် နဲ့ လုံးဝ မလျှော့နိုင်ဘူး ...”

ဦးစောဝင်း ၏ တင်းမာသောစကားကြောင့် ထိပ်ပြောင်ပြောင် နှင့် လူ မှာ ဝမ်းနည်းပက်လက် ဖြစ်ကာ ငိုင်တွေ သွားသည် ။ ထိုစဉ် သူ့ ဇနီးဖြစ်ဟန် တူသော မိန်းမဝဝကြီးတစ်ယောက် ဗြုန်းခနဲ အနီး သို့ ရောက်လာကာ ထို သူ့ ကျောပြင် ကို “ ဖုန်း ” ခနဲ မြည်အောင် ရိုက်လိုက်ရင်း ...

“ ဒါကို ပိုက်ဆံ ပေး ဝယ်ရအောင် ရှင် ရူးများ ရူးနေသလား ... ကြိုး ကို ဓား နဲ့ လှီးထားတာများ ကျုပ် တောင် လုပ် တတ်သေးတယ် ၊ ရှင် ဒါမျိုး လိုချင်တယ် ဆိုရင် စောစောက ပြော ရောပေါ့ ... လာစမ်းပါ ... အိမ် ကျရင် ကျုပ် လုပ် ပေးမယ် ... လာ သွားရအောင် ...”

ပြောပြောဆိုဆို ဖြင့် ထို မိန်းမကြီး က သူ့ ယောက်ျား ကို တရွတ်တိုက် ဆွဲခေါ်သွားတော့သည် ။ ဦးစောဝင်း က ပျာပျာသလဲ ဖြင့် ...

“ ဟာ ... ဟေ့လူ နေပါဦးဗျ ... ခင်ဗျား လိုချင်တယ် ဆိုရင် ဈေး လျှော့ပေးပါ့မယ် ၊ ငါးသောင်း ... ငါးသောင်း နဲ့ ပဲ ယူဗျာ ...”

အတင်း ဆွဲ ခေါ်သော်လည်း မရတော့ ။ ထိပ်ပြောင်ပြောင် နှင့် လူ က သူ့ မိန်းမ ဆွဲခေါ်ရာ နောက် သို့ ရို့ရို့ ကုပ်ကုပ်ကလေး လိုက်ပါသွားရင်း အသံတိမ်တိမ် ဖြင့် ...

“ နေပါစေတော့ ဗျာ ... ကျုပ် မိန်းမ က သူ လုပ်ပေးမယ်တဲ့ ...”

ဟု ပြန်ဖြေရင်း လှည့် မကြည့်တော့ဘဲ တစ်ချိုးတည်း လစ်သွား လေတော့သည် ။

ဦးစောဝင်း ကတော့ ခေါင်းကုတ်ရင်း သက်ပျင်းရှည်ကြီး ချကာ ကျန်ရစ်ခဲ့တော့၏ ။ ထိုအချိန်တွင် သူ့ GSM ဖုန်း မှ ခေါ်သံ မြည် လာ၏ ။

“ ဟူး ... စိတ်မောရတဲ့ အထဲ ဘယ်သူ ဆက်တဲ့ ဖုန်း ပါလိမ့် ...”

ဟု တွေးရင်း ခါးပတ် တွင် ချိတ်ထားသော အိတ် ထဲ မှ ဖုန်း ကိုထုတ်ပြီး ကြည့် လိုက်သည် ။ ကဗျာဆရာ တေးရေးမြင့်မိုးအောင် ထံ မှ ဖုန်း ဖြစ်နေသည် ။ ဒီတော့မှ ဦးစောဝင်း က ပျာပျာသလဲ ဖုန်း ကို ကိုင်ရင်း ...

“ ဟဲလို ... ကိုမြင့်မိုး လား ... ဆိုပါဦး ... ဘာကိစ္စတုန်း ဗျ ...”

တစ်ဖက်မှ ဘာ လှမ်းပြောလိုက်သည် မသိ ။ ဦးစောဝင်း တစ်ကိုယ်လုံး တောင့်တင်းပြီး ကျောက်ရုပ် လို အသက် ကင်းမဲ့ သွားသည် ။ မျက်လုံးတွေ သေသွား၏ ။ မျက်နှာ က လည်း သွေးဆုတ်ကာ ဖြူဖပ်ဖြူရော် ဖြစ် သွားလေတော့သည် ။ တစ်ဖက်မှ ကိုမြင့်မိုးအောင်  ပြောနေသမျှကို အသက် ရှူ ဖို့ မေ့လျော့စွာ ငြိမ်သက်နားထောင် နေပြီး ခဏကြာမှ ...

“ ဟုတ်ကဲ့ ... ကိုမြင့်မိုး ဟုတ်ကဲ့ ...”

ဟု ပြောကာ ဖုန်း ကို ပြန် ချလိုက်တော့သည် ။

သူ့ ဦးလေး အမူအရာ ကို မလှမ်းမကမ်း မှ အကဲခတ် နေသော စိုးရှား က အနီးသို့ တိုးကပ် သွားပြီး မေးလိုက်၏ ။

“ ဦးလေး ဘာဖြစ်လို့လဲ ...”

ဦးစောဝင်း က မျက်စိပျက် မျက်နှာပျက် ဖြစ်ကာ အသံတွေတုန်ရင်လျက် ...

“ ကိုသျှပ် ... ကိုသျှပ် ... ကျန်းမာရေး အခြေအနေ တော်တော် ဆိုးလာလို့ အခုပဲ ဆေးရုံ တင်လိုက်ရတယ် ... တဲ့ ...”

ထို စကား ကြောင့် စိုးရှား ၏ နှလုံးအိမ် ထဲ တွင် ဝုန်းခနဲမြည်သွား၏ ။

ပြက္ခဒိန် ကို လှမ်း ကြည့်တော့ ( ၁၃ ) ရက် သောကြာနေ့ ... ။

လွန်ခဲ့သည့် နှစ်ပေါင်း ၇ဝဝ ခန့် က ဒီလို နေ့ မျိုးမှာပင် ဝတ်ကျောင်းတော် မြင်းစီးသူရဲကောင်းများ ( Knights Templar ) သည် ဖိလစ်ဘုရင် ၏ အမိန့် ဖြင့် မီးရှို့သတ်ဖြတ်ခံခဲ့ရသည် မဟုတ်ပါလား ။

သောကြာနေ့ ( ၁၃ ) ရက် သည် ကံ ဆိုးစေတတ်သည် ဟု အယူ ရှိ၏ ။

•••••   •••••   •••••   •••••

နောက်တစ်နေ့ နေ့လည် ၁၁ နာရီ ၄ဝ မိနစ် တွင် ...

ကိုသျှပ် ကွယ်လွန်သည် ။

' လင်းလက် တောက်ပဆဲ မှာပဲ ...
ရုတ်တရက် ကွဲကြေသွားပြန်တယ် ...
အို ... ညနေကြယ် '
         ၁၄ . ၈ . ၂ဝဝ၄

နိုင်ငံကျော် အဆိုတော် သျှပ်မှူးအိမ် တစ်ယောက် သူ ချစ်သော သီချင်းသံစဉ်တွေ ကို စွန့်ခွာထားရစ်ခဲ့ပြီ ။

သူ့ ကို ချစ်သော ဂီတပရိသတ်များစွာ ကို စွန့်ခွာ ထားရစ်ခဲ့ပြီ ။ ရာဇဝင်များ ရဲ့ သတို့သမီး ကို သူ ကျောခိုင်းလျက် ဟိုး ... အဝေးဆုံး သို့ ခရီး ထွက်သွားခဲ့လေပြီ ။

ဧရာဝတီ က တငြိမ့်ငြိမ့် စီးဆင်းမြဲ ... ။

သူ ... ဘယ်တော့မှ ပြန်လာတော့မည် မဟုတ်တော့ ... ။

____________________

မင်းခိုက်စိုးစံ

#အောင်နိုင်ဦး

Saturday, October 1, 2022

သူရဲဘောကြောင်တဲ့ လူညံ့ ( ၁၄ )


 

အခန်း ( ၁၄ )

“ ဘယ်လိုလဲ မော်လမြိုင် ကို သွား လည်ရတာ တော်တော် မှ ပျော် ခဲ့ရဲ့လား ...”

ဆိုဖီယာ ၏ အမေး စကားသံ က လေပြေလေညင်း တို့ ၏ ဂီတ နှင့် တူ နေ၏ ။ သူတို့ နှစ်ယောက် ကား အိမ်ဘေး ခြံကွက်လပ် အစွန် တွင် ရှိသော ဒန်းကလေး ဆီ သို့ ခြေလှမ်း ကို ဦးတည် လိုက်ကြသည် ။ စိုးရှား က

“ ကိုယ် ကတော့ ဘယ်လို ခရီးကို ပဲ သွားရ သွားရ ပျော်စရာ ကို ရှာကြံပြီး တွေ့ တတ်ပါတယ် ဆိုဖီယာ ... လမ်း တစ်လျှောက် လုံး အမြီးအမောက် မတည့် တဲ့ လူတွေ ကို ကြည့် ပြီး တစ်ချိန် လုံး ရယ်နေရတာပဲ ...”

“ ဆိုစမ်းပါဦး ဘာတွေ တွေ့ခဲ့လို့လဲ ...”

“ အဝေးပြေး ကားလမ်းမ ဘေး မှာ ကနားဖျင်း တဲ ထိုးပြီး အလှူခံ နေကြတာလေ ၊ အသက် ( ၄ဝ ) လောက် ရှိတဲ့ မိန်းမကြီး တစ်ယောက် က ဖလားကြီး ပိုက် လို့ လမ်းဘေးမှာ ရပ် ပြီးတော့ ကားတွေ ဖြတ်ဖြတ် သွားတိုင်း ဘယ်လို အော် တယ် မှတ်လဲ ...”

“ ဟင် ... သူက ဘယ်လို အော်လို့လဲ ...”

“ ချသွားကြပါ ... ရှင် ... ချသွားကြပါ ... လမ်းပေါ် မှာ တင် ချသွားလဲ ရပါတယ်ရှင် ... တဲ့ ...”

သူ့ စကားကြောင့် ဆိုဖီယာ က အတွေးတစ်မျိုး ပေါက်ကာ ရယ်သည် ။ ပြီးမှ မျက်နှာ ကို ပြန် တည်ပြီး ...

“ သူ က ပိုက်ဆံ ပစ် ချခဲ့ဖို့ ပြောတဲ့ ဥစ္စာ ၊ ရှင် ကို က အတွေး ခေါင် တာပါ ...”

“ ဟုတ်ပါလိမ့်မယ် လေ ...”

“ ပေါက်ကရတွေ တော်စမ်းပါ ... ဒါနဲ့  ရှင့် ပန်းချီကားအကြောင်း ကို ရော မရှင်းပြတော့ဘူးလား ...”

“ ဆိုဖီယာ နားထောင်မယ် ဆိုရင်တော့ ... ကျွန်တော့် ဘက် က ပြော ပြဖို့ အသင့်ပါပဲ ...”

သူတို့ နှစ်ဦးသား ပန်းခြုံတန်းလေး နံဘေး ရှိ ဒန်း ပေါ် တွင် အတူ ထိုင် လိုက်ကြသည် ။

မလှမ်းမကမ်း ရှိ ပိတောက်ပင်ကြီး ၏ ပင်စည် အပေါ်ပိုင်း မကျတကျ တွင် မြား ပစ်သော ပစ်မှတ် စက်ဝိုင်း တစ်ခု ချိတ်ဆွဲထားသည် ကို တွေ့ ရ၏ ။ သည်လို ဆိုလျှင် ဒီ အိမ် တွင် လေးပစ် ဝါသနာ ပါ သူ တစ်ယောက် ယောက် တော့ ရှိ မှာ သေချာသည် ။

အဲသည်လူ က လည်း ဆိုဖီယာက လွဲလို့ တခြား ဘယ်သူမှ မဖြစ်နိုင်မှန်း စိုးရှား တွက်ဆ မိ၏ ။

ပင်လယ်ဓားပြ နှင့် တူသော ကောင်မလေး တစ်ယောက် က လေးညှို့ ကို တင်ကာ မာန်ပါပါ ဖြင့် မြားပစ် နေမည့် ပုံ ကို စိတ်ကူး ထဲ တွင် မြင်ယောင် ကြည့်ရင်း စိုးရှား ရင် ခုန် လာလေသည် ။

ဆိုဖီယာ ကတော့ သူ့ အတွေး ကို ရိပ်မိပုံ မရ ။ သူမ က မျက်မှောင် ကို အနည်းငယ် ကုပ်ရင်း ...

“ ရှင် ခရီးသွား နေတုန်း အဲဒီပန်းချီကား နဲ့ ပတ်သက်တဲ့ စာအုပ်တွေ ကျွန်မ ရှာပြီး ဖတ်ကြည့် ထားသေးတယ် ၊ တစ်ချို့ စာအုပ်တွေ ထဲ မှာ ကျတော့ ယေရှု ရဲ့ဘေး က အမျိုးသမီး ရဲ့ နာမည် က မေရီမက်ဒါလင် တဲ့ ... သူတို့ နှစ်ယောက် ကြား မှာ ဘာ ပတ်သက်မှု ရှိလို့ အဲဒီလို ပြော ကြတာလဲ ”

“ မဟုတ်ပါဘူး ... ကျွန်တော့်အယူအဆ ကို ပြော ရရင်တော့ ဘာ ပတ်သတ်မှု ကို မှ ရည်ညွှန်းတယ် လို့ မထင်ဘူး ... မေရီမက်ဒါလင် ရဲ့ ပုံ လို့ လည်း မယုံကြည်ဘူး ... ဘာသာရေးဆိုင်ရာ စော်ကားမှု တစ်ခုလည်း မဟုတ်ပါဘူး ဆိုဖီယာ ... ဒါဟာ အနုပညာ သင်္ကေတ သဘော သက်သက် ပါ ပဲ ...”

“ ဘာ သင်္ကေတ လဲ ...”

“ ခရစ်တော် မတိုင်ခင် နှစ်ပေါင်း လေးထောင် လောက်တုန်း ကတည်း က ရှိခဲ့တဲ့ စကြဝဠာ ရဲ့ အခြေခံ သဘောတရား ပဲ လေ ၊ လောက ဆိုတာ အဖို အမ ... အလင်း အမှောင် ... အပူ အအေး ဆိုတဲ့ ဆန့်ကျင်ဘက်အစုံ ဒွန်တွဲ နေတယ် ... ဆိုတဲ့ ပင်မ နိယာမ ပေါ့ ...”

သူ့ စကား ကြောင့် ဆိုဖီယာ က တွေတွေကလေး ငေးစိုက် ကြည့်နေ၏ ။ စိုးရှား က ...

“ အဲဒီ ပန်းချီကား ထဲ မှာ ယေရှု ရဲ့ အဝတ်အစား ကို ကြည့်လိုက် ... အင်္ကျီ က အနီရောင် နဲ့ အပေါ် က ဝတ်ရုံ အပြာရောင် ခြုံ ထားတယ် ၊ သူ့ ဘေး က အမျိုးသမီး ကျ တော့ အင်္ကျီ အပြာရောင် ပေါ် မှာ ဝတ်ရုံ အနီ ခြုံ ထားတယ် ၊ အဓိပ္ပါယ် က တော့ ' ယင် - ယန် ' လို့ ခေါ်တဲ့ ဆန့်ကျင်ဘက် ပေါင်းစည်းမှု ပဲ ဆိုဖီယာ ...”

“ ရှင် ပြောပုံ က သေချာ လှချည်လား ...”

စိုးရှား က ပခုံး ကို တွန့် ပြလိုက်ပြီး ...

“ မယုံလည်း မတတ်နိုင်ဘူး ၊ မင်း Iron Cross တီးဝိုင်း က သုံး တဲ့ ကြက်ခြေခတ် Logo ကို တွေ့ဖူးတယ် မဟုတ်လား ၊ ခရစ်ယာန် လက်ဝါးကပ်တိုင် လိုမျိုး အရှည် တစ်ချောင်း အတို တစ်ချောင်း မဟုတ်ဘူးလေ ... ကန့်လန့်ဖြတ် နှစ်ခု စလုံး အရှည် အတို ညီ နေတာ ၊ အဲဒါ ကို Square Cross လို့ ခေါ်တယ် ...”

“ အဓိပ္ပါယ် က ...”

“ ဒေါင်လိုက် မျဉ်းကြောင်း က အဖို ဓာတ် ၊ ရှင်သန်မှု နဲ့ နာမ်တရား ကို ကိုယ်စား ပြုတယ် ၊ ကန့်လန့်ဖြတ် မျဉ်းကြောင်း က အမ ဓာတ် ၊ သေဆုံးခြင်း နဲ့ ရုပ်တရား ကို ကိုယ်စား ပြုထားတာ ၊ အဲဒီ တံဆိပ် က ခရစ်တော် မပေါ်ခင် နှစ်ပေါင်း ၁၅ဝဝ လောက် ကတည်း က သုံးခဲ့တာပေါ့ ...”

ဆိုဖီယာ ၏ မျက်နှာထား က ခပ်တည်တည် ဖြစ်သွားပြီး ...

“ ရှင် က အတွေးအခေါ်တွေအားလုံး ကို ဒီ ဇာစ်မြစ် တစ်ခုတည်း ဆီ ကို ပဲ ဆွဲ ယူ နေတာကိုး ...”

“ မဟုတ်ဘူး ... မင်း ပြောတာ ပြောင်းပြန် ဖြစ်နေပြီ ၊ အားလုံးက အဲဒီ ပင်မ ဇာစ်မြစ် တစ်ခုတည်း က မှ ခေါင်းစဉ် အမျိုးမျိုး ကွဲပြီး ခွဲဖြာ ထွက်လာကြတာပါ ... ဆိုဖီယာ ... ဒီမှာ ကြည့် အဖိုဓာတ် ကို Blade လို့ခေါ်တယ် ။ သူ့ ရဲ့ သင်္ကေတ က အပေါ် ကို ချွန် နေတဲ့ တြိဂံပုံ ...”

စိုးရှား က ပြောပြောဆိုဆို ဖြင့် မြေကြီး ပေါ် တွင် တုတ် တစ်ချောင်း ဖြင့် ရေးခြစ် ကာ တြိဂံတစ်ခု ၏ ပုံ ကို ဆွဲ ပြလိုက်သည် ။

ထိုနောက် သူ က ဆက်ပြီး ....

“ အမဓာတ် ကို တော့ Chalice လို့ ခေါ်တယ် ၊ သူ့ ရဲ့ သင်္ကေတ က တော့ အောက် ကို စိုက်နေတဲ့ တြိဂံ ဇောက်ထိုး ပုံ ပေါ့ ...”

စိုးရှား က ပုံဆွဲ နေရာ မှ သူမ ၏ မျက်နှာ ကို ဖျတ်ခနဲ အကဲခတ်ကြည့် လိုက်ပြီး ...

“ ဒီတော့ ... အဖို နဲ့ အမ ပေါင်းစည်း လိုက်တဲ့အခါ ၊ ရုပ် နဲ့ နာမ် ပေါင်းစည်း လိုက်တဲ့အခါ ဒီ သင်္ကေတ ဖြစ် လာတော့တာပဲ ”

ဆိုဖီယာက မြေပြင် ပေါ် မှ ပုံ ကို စိုက် ကြည့်ရင်း ...

“ ဒါ ... ဂျူးတွေ ရဲ့ ခြောက်မြှောင့်ကြယ် ( David Star ) ပဲ ...”

“ အင်း ... ဒါနဲ့ စကား စပ်မိလို့ ပြော ပြရဦးမယ် ၊ အာရေဗျ က ဆူဖီဂန္ဓာရီ ပညာ မှာ Abjab ဆိုတဲ့ လျှို့ဝှက် သင်္ကေတ ရှိတယ် ၊ သူတို့ က ( ၁ ) ကို အလစ် လို့ ခေါ်တယ် ၊ ( ၂ ) ကို ဂျက် ၊ ( ၃ ) ကို ဂျင် ၊ ( ၄ ) ကို ဒါလ် ... လို့ ခေါ်တယ် ၊ သူတို့ မှာ အပေါ်ထောင် နေ တဲ့ တြိဂံ က ( ၇ ) ၊ အောက် စိုက် နေတဲ့ တြိဂံ က ( ၈ ) ၊ ဒေါင့် အားလုံး က ( ၆ ) ၊ ပေါင်း လိုက်ရင် ၇၈၆ ဖြစ် လာတယ် ၊ ဒါဟာ စကြဝဠာ အတွးအခေါ် ရဲ့ အခြေခံ ဂဏန်း ပဲ ... ဆိုဖီယာ ...”

သူမ က အနည်းငယ် ရယ်သွမ်းသွေးချင်ဟန် အကြည့် ဖြင့် တစ်ချက် အကဲ ခတ် ရင်း ...

“ ရှင် က တော်တော်တော့ လေ့လာထားပုံ ပဲ ၊ ဒါပေမယ့် ရှင့် အသိ က ' စာသိ ' လောက်ပဲ ဖြစ်မယ် ထင်တယ် ၊ ရှင့် ရင် ထဲ က အစစ်အမှန် ထွက် လာတဲ့ ' ငါသိ ' တော့ ရှိပုံ မပေါ်ဘူး ...”

သူမ ၏ စကား ကြောင့် စိုးရှား အောင့်သက်သက် ဖြစ် သွား၏ ။ ဗလာချီ စော်ကား ခံလိုက်ရသည် ဟု လည်း ထင်သည် ။ ထို့ကြောင့် ...

“ ဘာဖြစ်လို့ ပြော တာလဲ ...”

“ ရှင့် မှာ ' ယုံကြည်မှု ' ဆိုတာမှ မရှိပဲ ၊ စိတ် မှာ ' ယုံ ' တယ် ဆိုတဲ့ သဒ္ဓါတရားလေး ရှိ မှ နှလုံးသား က ' ကြည် ' လင်း သွားတာ ၊ သဘော ပေါက်ရဲ့လား ...”

“ ကိုယ် မယုံ တာ က ကျမ်းစာအုပ်တွေ ထဲ က စကားလုံးတွေ ကို ပါ ... ဒီ ကျမ်းစာအုပ် ထဲ မှာကျတော့ ဒီလို လုပ်ရင် ငရဲ ကျမယ် ... တဲ့ ... ဟိုတစ်မျိုး မှာ ကျတော့ ဟိုလို လုပ်ရင် ငရဲ ကျမယ် ... တဲ့ ...”

“ ဒီ တစ်ခု ကို ယုံတဲ့ သူ အဖို့ကျတော့လည်း ဟိုဘက် က အမြင်နဲ့ ကြည့် ရင် ငရဲ ကျ မှာပဲ ၊ ဟိုဘက် က ဟာ ကို ယုံတဲ့ သူ အဖို့ ကျတော့ လည်း ဒီ ဘက် က အမြင် နဲ့ ကြည့် ရင် ငရဲ ကျ မှာပဲ ...”

“ ပြီးတော့ ... ငရဲ က လည်း အမျိုးမျိုး ... တစ်ချို့ က ပြောတော့ မီးလျှံတွေ ပူကျက် နေတယ် ... တဲ့ ... သံအိုးကင်း နဲ့ ကြော် သတဲ့ ... ဒါက အပူ ကို ကြောက် တဲ့ ဒေသ က လူတွေ ရဲ့အစွဲ လေ ...”

“ အအေး ကို ကြောက် တဲ့ ဒေသ က တိဗက်ကျမ်းစာတွေ ထဲ မှာကျတော့ ငရဲ မှာ ထာဝရ အေးခဲ နေသတဲ့ ... ကိုယ် က အပူ ကို ကြောက်တယ် ၊ အအေး တော့ ခံနိုင်သား ... အဲဒါကြောင့် သေခါနီး ရင် တိဗက် ပြောင်း နေရရင် ကောင်း မလားတောင် စဉ်းစား မိသေးတယ် ...”

ဆိုဖီယာ က တခစ်ခစ် ရယ်မောရင်း ...

“ ရှင် က လည်း ကတ်သီးကတ်သတ် ...”

“ ဟုတ်တယ် ... တကယ်ပြောတာ ... ဟို ဘာသာဝင် အတွက် ငရဲ တစ်မျိုး ... ဒီ ဘာသာဝင်အတွက် ငရဲ တစ်မျိုး ... ဆိုပြီး နေရာ အမျိုးမျိုး ခွဲ ထားဖို့ ကျတော့လည်း ... ငရဲပြည် မှာ Immigration ( လူဝင်မှုကြီးကြပ်ရေး ) ထား ရမလို ဖြစ်နေပြီ ၊ တော်ကြာ ဗီဇာ မရလို့ ပြန် ပို့ခံရတာတို့ ... ဘာတို့ နဲ့ ဆိုရင် ရှုပ်ယှက်ခတ် ကုန်လိမ့်မယ် ...”

“ တော်စမ်းပါ ... ပေါက်ကရတွေ ... ဘာလဲ ... ရှင်က ' ကုသိုလ် ' နဲ့  ' အကုသိုလ် ' ဆိုတာ ကို မယုံဘူးလား ...”

စိုးရှား က သူမ ၏ မျက်ဝန်း အတွင်းပိုင်း အထိ နက်နက်ရှိုင်းရှိုင်း ထိုးဖောက် ကြည့်လိုက်သည် ။ ထိုနောက် ...

“ ကိုယ် သတ်မှတ်ထားတဲ့ အကုသိုလ် က ဟိုဟာ မလုပ်ရ ... ဒီဟာ မလုပ်ရတွေ အများကြီး မပါဘူး ... တစ်ခု တည်းပဲ ... အဲဒါက ဘာလဲ ဆိုတော့ ' လူလူချင်း ယုတ်မာတာ ဟာ အကုသိုလ် ဖြစ်တယ် ' ဆိုတာပဲ ...”

“ ကိုယ့်ဘ ဝမှာ တခြား ဘယ်သူ့အပေါ် မှ လည်း မယုတ်မာခဲ့ဖူးဘူး ၊ အဲဒီ အကုသိုလ် ကင်းစင်တာလေး တစ်ချက် တည်း နဲ့ ပဲ ဘယ် ငရဲ ကို မှ မကြောက်ဘဲ ကိုယ် သေရဲတယ် ဆိုဖီယာ ... ခြင် ကိုက် လို့ မှ မရိုက်သတ် ရဲ ၊ အိပ် မပျော် လို့ မှ ဝီစကီ တစ်ခွက် မသောက် ရဲ တဲ့ အကုသိုလ် ရှောင် နည်းမျိုးတော့ မဟုတ်ဘူး ...”

သူ့ စကား ကို နားထောင်ပြီး ဆိုဖီယာ က ဦးခေါင်း ကို ညင်ညင်သာသာ ခါ ရမ်းသည် ။ သူမ ၏ မျက်ဝန်းများ က မီးခိုးရောင် ရီဝေ နေ၏ ။ ဆိုဖီယာ ၏ အကြည့်တွေ က သနားကရုဏာ သက်နေပုံမျိုးနှင့် ခပ်ဆင်ဆင် တူသည် ဟု ခံစားရသည် ။

ဆိုဖီယာ က ...

“ ရှင့် ရဲ့အစွဲ ကို တော့ ကျွန်မ ချွတ် မှ ကျွတ် တော့ မှာပဲ ...”

“ ဘာ ... ဘယ်လို ပြောလိုက်တယ် ...”

စိုးရှား က စိတ်ဆိုးရမည့် အစား သူမ ၏ စကားကြောင့် ရယ်ချင်သွား၏ ။ ဘယ်လိုလဲ ကောင်မလေး ရယ် ... မင်း ကိုယ် မင်း အထင် ကြီး လှချည်လား ... ။

ဘယ်လိုမှ ဖြစ်နိုင်စရာ အကြောင်း မရှိ ...

စိုးရှား က လှောင်ပြုံး ပြုံး လိုက်ရင်း ...

“ ငါ့ အတွေးအခေါ် ကို မင်း က ဘယ်လို လုပ်ပြီးတော့များ ပြောင်း ပစ်နိုင်မှာ မို့လို့လဲ ဆိုဖီယာ ...”

ဆိုဖီယာ က လေးနက်သော လေသံ ဖြင့် ...

“ ကျွန်မ ရှင့် ကို ပုစ္ဆာ သုံးခု မေးမယ် ၊ သုံးခု စလုံး ရှင် မဖြေနိုင်ရင်ပဲ ဖြစ်ဖြစ် ... သုံးပွဲ မှာ ကျွန်မ က နှစ်ပွဲ နိုင်ရင် ပဲ ဖြစ်ဖြစ် ... ရှင့် ရဲ့ အတွေးအခေါ် ကို စွန့်လွှတ် ရမယ် ၊ ဘယ့်နှယ်လဲ ... လောင်းရဲ ပါ့ မလား ...”

“ အိုကေ ... ကိုယ့် ဘက် ကတော့ အဆင်သင့် ပဲ ... တစ်ခု တော့ ကြို ပြောထားမယ် နော် ၊ အဲဒါကတော့ မင်း ကိုယ့် ကို မနိုင်နိုင်ဘူး ဆိုတာပဲ ...”

သူ့ စကား ကြောင့် ဆိုဖီယာ  ပြုံးသည် ။ ထို အပြုံး ကြောင့် သူမ သည် သစ်တော်သီးပင်လေး တစ်ပင် နှင့် တူ သွားလေသည် ။

ဘဝ တစ်ခုလုံး ကို လောင်းကြေး ထပ် ရဲသည် အထိ ညှို့ယူနိုင်သော မိန်းမတစ်ယောက် ကို သူ ဘာကြောင့်များ စိတ်ဝင်စား နေပါလိမ့် ... ။

တကယ်တော့ မိန်းမ ဆိုသည် မှာ ပြင်းထန်လွန်းသော အဆိပ် တစ်မျိုး ပင် ဖြစ်သည် ။

မင်းခိုက်စိုးစံ

#ကိုအောင်နိုင်ဦး

.

Friday, September 30, 2022

သူရဲဘောကြောင်တဲ့ လူညံ့ ( ၁၃ )


 

အခန်း ( ၁၃ )

မော်လမြိုင် မှ ပြန်ရောက်ရောက်ချင်း ရတနာပုံဦးစောဝင်း တစ်ယောက် ပထမဦးဆုံး လုပ်သည့် အလုပ် ကတော့ မြနဒီ ဆီ သို့ အပြေးအလွှား အခစား ဝင်ဖို့ ပြင်ဆင်ရခြင်းပင် ဖြစ်သည် ။ ( သူ့မွေးသမိခင် အရင်း ခေါက်ခေါက် သေခါနီးဆဲဆဲ ဖြစ်တုန်း က ပင်လျှင် အသက် မီလို မီငြား ကမန်းကတန်း သွားဖို့ ဒီလောက် စိတ်အား ထက်သန်ခဲ့ဖူးသည် ဟု မထင် )

ဦးစောဝင်း က ...

“ ဟေ့ကောင် ... စိုးရှား ... မင်း ပါ လိုက်ခဲ့ကွာ ၊ ကိုသျှပ် က အတင်း ခေါ်သွားလို့ပါ ဆိုတာ ကို မြနဒီ က မယုံရင် မင်း ပါ ဝင်ပြီး ရှင်းပြပေးနိုင် မှ ကောင်းမယ်ကွ ၊ သူ က ရိုက်ရက် ပေးထားတာ ကို ငါ က ဂရု မစိုက်ဘဲ ပစ်ထား ပြီး ခရီး ထွက်သွားတဲ့ ပြဿနာ ဟာ ပေါ့သေးသေးတော့ မဟုတ်ဘူး ...”

“ မလိုက်ချင်ပါဘူး ဦးလေး ရာ ... ဦးလေး ဘာသာ ဦးလေး ရအောင် ချော့ပေါ့ ...”

“ ဟာ ... ငါ မျက်ခုံးတွေ လှုပ်တယ်ကွ ...”

“ ဒါဆို လေ ဖြတ်ချင်လို့ ဖြစ်မယ် ထင်တယ် ဦးလေး ရဲ့ ...”

စိုးရှား က တမင်ရိရိ ပြောလိုက်သောကြောင့် ဦးစောဝင်း နဖူးကြော ရှုံ့သွား၏ ။ ပြီးမှ ကလေး ကို မုန့်ကျွေး ဖို့  မြှူသည့် လေသံ ဖြင့် ...

“ လိုက်ခဲ့ပါကွ ... ဟို ရောက်ရင် ဆိုဖီယာ နဲ့ လည်း တွေ့ ရမှာပဲ ဥစ္စာ ၊ ဆိုဖီယာ က သူ့ အန်တီလေး နဲ့ အတူတူ နေတာကွ ငယ်ငယ်လေး ကတည်း က ပဲ ...”

“ ဆိုဖီယာ က မိဘတွေ မရှိတော့ဘူးလား ...”

စိုးရှား က စိတ်ဝင်တစား ပြန်မေးလိုက်သည် ။ ဦးစောဝင်း က ...

“ ဆိုဖီယာ့ အမေ က တော့ ရှိသေးတာပေါ့ကွ ... ဒေါ်မြထွေးတဲ့ ... မြနဒီ ရဲ့အစ်မ အကြီးဆုံး ဆိုပါတော့ ၊ အဲဒီ ဘွားတော်ကြီး ကတော့ အူတူတူပါ ၊ အဲ ... ဆိုဖီယာ ကို ငယ်ငယ် ကတည်း က ထိန်းကျောင်းပြုစုလာခဲ့ရတာ ကတော့ မြနဒီ ပဲ ၊ ဆိုဖီယာ့ အဖေ မျက်နှာလွှဲ သွားပြီးခဲ့ ကတည်း က ဆိုပါတော့ကွာ ...”

“ ဪ ... ဪ ... ဆိုဖီယာ့ အဖေ က မျက်နှာ တည့်တည့် ကို ရှူရှူ နဲ့ အပန်းခံရသေးတာကိုး ...”

“ ငါ့လခွေး ... မျက်နှာ လွှဲသွားတယ် ဆိုတာ သေသွားတယ် လို့ ပြောတာဟ ...”

ဦးစောဝင်း က စိတ်ပေါက်ပေါက် ဖြင့် ဆဲရေးသဖြင့် စိုးရှား က ရယ်မော နေလိုက်၏ ။ ထိုနောက် ဦးစောဝင်း က ပင် ဆက်၍ ...

“ အေး ... ဆိုဖီယာ့ အမေကြီး ဒေါ်မြထွေး နဲ့ တွေ့ရင်တော့ နည်းနည်း သတိထား ... အဘွားကြီး က ဂဂျီဂဂျောင် ကျတတ်တယ် ၊ သူ့ ကို ဂရုစိုက် အလေးပေးပြီး ဆက်ဆံ မှ ကြိုက်တာကွ ၊ အရိုအသေ ကလည်း ခံချင်ပါဘိသနဲ့ ၊ မင်း က လူကြီးသူမ ဆိုရင် ကိုးလိုးကန့်လန့် လုပ် တတ်လွန်း လို့ ကြို မှာ ထားရတာ ၊ ကိုင်း ... မြန်မြန် အဝတ်အစား သွား လဲပေတော့ကွာ ၊ ငါ့ စိတ်ထဲမှာ ကတုန်ကယင် ဖြစ်နေလို့ ကား ကို မင်း ပဲ မောင်းပေးကွာ ... နော်
...”

အတင်း တိုက်တိုက်တွန်းတွန်း ပြော နေသောကြောင့် စိုးရှား က အဝတ်အစား လဲရန် အခန်း ထဲ သို့ ဝင်ခဲ့သည် ။

အဝတ် လဲ နေရင်းကပင် သူ့ ကိုယ် သူ မေးခွန်း ပြန် ထုတ်မိ၏ ။

' ဆိုဖီယာ့ ဆီ ကို ငါ အရမ်းကြီးသွားချင် စိတ် ဖြစ် နေသလား ... ' ဟု ။

ဟင့်အင်း ... မသွားချင်ပါ ... ။ ဒါပေမယ့် သူမ ကို တော့ တွေ့ချင်ပါသည် ။

အဲဒါ ဘာလဲဟင် ... သံယောဇဉ်လား ... တွယ်တာမှုလား ... အလွမ်းလား ... ပုဂ္ဂိုလ်စွဲ တွေ့ချင်နေမှု တစ်ခု ပဲ လား ... ။

ငါ့ ရဲ့ ပင်လယ်ဓားပြလေး ရေ ... မင်း က ငါ့ အရိပ် ကို ကောက် ရခဲ့တာလား ... ငါ က မင်း အရိပ် ကို ကောက် ရခဲ့တာလား ... အမှား ကတော့ ဖြင့် နှစ်ကိုယ်ခွဲပြီ ထင်ပါရဲ့ ...

•••••   •••••   •••••   •••••

မြနဒီ ၏ ခြံဝင်း အတွင်း သို့ ဝင်မိပြီး ကား ကို ဆင်ဝင် ရှေ့ ၌ အရှိန် သတ်လိုက်သည် နှင့် တစ်ပြိုက်နက် ရတနာပုံဦးစောဝင်း ကား ဆယ့်ငါးနှစ်သားလေး တစ်ယောက် ၏ လျင်မြန်ဖျတ်လတ်မှု မျိုး ဖြင့် ကား ပေါ်မှ သုတ်ခနဲ ဆင်းကာ တိုက် ထဲ သို့ အပြေး တစ်ပိုင်း ဝင် သွားတော့သည် ။

စိုးရှား က တော့ သူ့ ဦးလေး ၏ ဆလွန်းကားအစုတ်ကလေး ကို တယုတယ သော့ပိတ် တံခါးမှန်တွေ လှည့်တင် ဖြင့် တစ်ခုချင်း  လုပ် နေရသောကြောင့် ကျန်ရစ်နေခဲ့သည် ။

ပြီးတော့ အိမ် ထဲ သို့ ချက်ချင်း မဝင်သေးဘဲ ကျယ်ဝန်းလှသော ခြံဝင်းကြီး ကို ဟိုဟိုဒီဒီ ကြည့် ဖြစ်သည် ။

ခြံ ထဲ မှာ သစ်ပင်တွေ က မျိုးစုံလှ၏ ။ အရိပ် ကောင်းသော သစ်ပင်ကြီးတွေ သာ မက ယိမ်းနွဲ့ပျိုရွယ်သော ဝါးရုံပင်စုစုကလေးတွေ ကိုပါ တွေ့ ရသည် ။

ခြံထောင့် ရှိ ကုက္ကိုပင်ကြီးကား လူကြီး လက် နှစ်ဖက်စာမျှ ရှိအောင် ကြီးမားလှ၏ ။ အဲဒီ ကုက္ကိုပင်ကြီး ပေါ် ရှိ အကိုင်း ကြား တွင်တော့ တာဇံကာတွန်းရုပ်ရှင်ကား ထဲ က လို လင့်စင် ထိုးထားသည့် သစ်လုံးအိမ်ငယ်ကလေး ။

ဆိုဖီယာ ငယ်စဉ် ကလေး ဘဝတုန်း ကတော့ အဲဒီ လင့်စင်အိမ်ကလေး ပေါ် တက်ပြီး ကစားကောင်း ကစား ခဲ့ပေလိမ့်မည် ဟု စိုးရှား တွေး လိုက်၏ ။
ဒါပေမယ့် သစ်ပင် က မြင့်မားလွန်း အားကြီးသည် ။ ကလေး တစ်ယောက် တက်ဖို့ ဆိုတာ ဘယ်လိုနည်း နှင့်မှ မဖြစ်နိုင် ။ သေသေချာချာ သတိထား ကြည့် လိုက်တော့မှ အိမ် ၏ အပေါ်ထပ် ခေါင်မိုး ပေါ် ရှိ လသာဆောင် မှ နေ၍
သစ်ပင် ဆီ သို့ သွယ်တန်းထားသော ကြိုးတံတားလေး တစ်ခု ကို တွေ့ လိုက်ရလေသည် ။ မြေပြင် မှ ပေ ( ၃ဝ ) ခန့်မြင့်သော အဲသည် ကြိုးတံတားကလေး ကို စိုးရှား မော့ကြည့်လိုက်မိသည် ။

တံတား ကို ခင်းထားသော သစ်သားပျဉ်ချပ်တွေ က အတော်ပင် အိုဆွေးနေကြပုံ ရ၏ ။ အချို့ နေရာများ တွင် ပျဉ်ချပ်တွေ က ပြုတ်ထွက် ကာ ဟောင်းလောင်း ဖြစ်နေသည် ကို မြင် ရသည် ။ အနည်းငယ် လေ တိုက်ခတ်ရုံမျှ ဖြင့် ကြိုးတံတား က သိသိသာသာ လွှဲယမ်းသွားသည် ကိုလည်း မြင်ရ၏ ။

စိုးရှား က အပေါ် ကို မော့ ကြည့်နေရာ မှ မျက်လုံး ကို လွှဲဖယ်ရုပ်သိမ်းကာ အိမ် အဝင်ပေါက် ဆီ သို့ ဗြုန်းခနဲ လှမ်း ဝင်လိုက်ရာ ...

“ အိုး ...”

“ အောင်မလေး သေပါပြီတော့ ...”

မိန်းမကြီး တစ်ယောက် ၏ ပူပူဝဝ ဝမ်းဗိုက်စူကြီး ကို ဝင် တိုက်မိပြီး ရော်ဘာတုံး က တွန်းကန်သလို နောက် သို့ ပြန် လန်ထွက်လာ၏ ။

ထို မိန်းမကြီး က လည်း မျက်နှာ ရှုံ့မဲ့ကာ ဝမ်းဗိုက်စူစူဖောင်းဖောင်းကြီး ကို ပွတ်သပ်ရင်း ...

“ ကျွတ် ... ကျွတ် ... နာလိုက်တာတော် ၊ နင် က မွန်ပြည်နယ်နေ့အခမ်းအနား မှာ ရိုးရာလက်ဝှေ့ သွား ထိုး မယ့် လူ လား ... ဒီမှာ ဘာလုပ်နေတာလဲ ...”

“ ဟောဗျာ ... ကျွန်တော် က အခု ဒေါ်ဒေါ် ရှေ့ မှာ မတ်တတ် ရပ်နေတယ်လေ ၊ လက်စသတ်တော့ ဒေါ်ဒေါ် က ကြောင်တောင်ကန်း ကိုး ... မသိလို့ပါ ဒေါ်ဒေါ် ရယ် ၊ ကျွန်တော် က ဒေါ်ဒေါ်  မြင်တယ် မှတ်လို့ပါ ...”

ဘွားတော်ကြီး က ဆွေ့ဆွေ့ခုန်သွားပြီး ...

“ ငါ မကန်းဘူး ... မြင်တယ်ဟဲ့ ... မြင်တယ် ... နင့် ကို ဘယ်သူလဲ လို့ မေးနေတာ ...”

“ ကျွန်တော် စိုးရှား ... မြန်မာလူမျိုး ... ဗုဒ္ဓဘာသာ မှတ်ပုံတင် နံပါတ် က ...”

“ အလိုတော် ... လျှာရှည်လိုက်တဲ့ မိကျောင်းသား ရယ် ... လိုရင်း ကို ပြောစမ်းပါ ၊ နင့် ကိုယ်ရေးရာဇဝင် ကို ငါ စောင့်ပြီး နား ထောင်မနေနိုင်ဘူး ၊ ငါ့ မှာ ကိစ္စ ရှိသေးတယ် ...”

စိုးရှား က ခေါင်း ကို ကုတ်လိုက်ပြီး ...

“ ကျွန်တော် စစ်ကိုင်းတိုင်း အထက်ပိုင်း ဘက် ရောက်ဖူးတုန်း ကတော့ ပင်လယ်ဘူး မှာဆိုရင် ' အသုဘ ' ရှိ တာကို ' ကိစ္စရှိတယ် ' လို့ ပြောတာ ကြားဖူးတာပဲ ၊ အခု ဒေါ်ဒေါ် က ...”

“ အမယ်လေး ... ဖွဟဲ့ ... လွဲပါစေ ... ဖယ်ပါစေ ... ငါ့ ကိုယ်များ တော် ပြောပုံ က ... ဆိုစမ်းပါဦး ... မင်း က ဒီ အိမ် ကို ဘာ လာလုပ်တာလဲ ...”

“ တိုတို ပြောရရင်တော့ ... ကျွန်တော့် ဦးလေး က မြနဒီ ဆီ ကို လာတာပါ ၊ ကျွန်တော် က ဆိုဖီယာ့ ဆီ လာတာပါ ...”

သူ့ စကား ကြောင့် အဘွားကြီး ၏ နှုတ်ခမ်း ထူလပျစ် မည်းမည်းကြီး က ကုလားအော် ငရုတ်သီးစိမ်း ဆယ်တောင့် လောက် ဖြင့် အပွတ် ခံလိုက်ရသလို အပြင် သို့ လက် သုံးလုံးခန့် စူထော် ကာ ထွက် လာပြီး ...

“ အလိုတော် ... ငါ့ သမီး ဆီ ကို လာတာ ... ငါ့ ကို တော့ ဖြင့် မခန့်လေးစား ပြောလား ပြောရဲ့ ... ငါ့ ဗိုက် ကို လည်း ခေါင်း နဲ့ ဝှေ့ လား ဝှေ့ ရဲ့ ... နင် ဘယ်လို ကောင်တုန်း ... ငါ ဘယ်သူ ဆိုတာ မသိဘူးလားဟဲ့ ...”

အဘွားကြီး ပြောသော စကား ထဲ တွင် ' ငါ့သမီး ' ဆိုသော စကားလုံး ကို ကြား လိုက်ရသဖြင့် စိုးရှား ၏ သိစိတ် ထဲ တွင် လင်းခနဲ ပွင့်လက် သွား၏ ။

အဲဒီ အချိန် မှာ ပင် ဦးစောဝင်း က လည်း သူ့ တူတော့ ပြသနာတစ်ခုခု တက် နေပြီ ဟု ရိပ်မိကာ ဧည့်ခန်း တွင် ထိုင် နေရာ မှ ကမန်းကတန်း ထလာသည် ။ စိုးရှား က ဦးစောဝင်း လာနေသည် ကို မြင် လိုက်သည်နှင့် အတူ သူ့ ဦးလေး ဖြစ်သူ က သတိပေး ထားသော စကား ကို ဖျတ်ခနဲ ပြန် သတိ ရလိုက်၏ ။

ထို့ကြောင့် အဘွားကြီး ကို ကမန်းကတန်း မျက်နှာချို သွေးကာ ...

“ ဟာ ... သိတာပေါ့ ဒေါ်ဒေါ်ရယ် ... ဒေါ်ဒေါ့် ကို မသိဘဲ နေပါ့မလား ... ဟို ... အဲ ... ကျွန်တော် က ဒေါ်ဒေါ့် ကို ရိုသေသမှု ပြုချင်လွန်းတဲ့ စိတ်တွေ လော ကြီး ပြီး စကားတွေ မှား ကုန်တာပါ ၊ ဟို ဥစ္စာ လေ ... ဒေါ်ဒေါ် က ဆိုဖီယာ့ အမေ ဒေါ် ... ဒေါ်မြ ... ဟိုဒင်း ... မဟုတ်လား ...”

ခွကျပြီ ။ အရေးထဲ ကျကာမှ အဘွားကြီး ၏ နာမည် ကို မေ့သွား၏ ။ အဘွားကြီး က မျက်မှောင် ကုပ် ကာ ...

“ ဘယ့်နှယ် ကွယ် ... ငါ့ နာမည်ကို ဒေါ်မြဟိုဒင်း ရယ် လို့ ... ကြံကြံဖန်ဖန် ...”

ထိုစဉ် မှန်တံခါး အကွယ် မှ ဦးစောဝင်း က စိုးရှား တစ်ယောက် ' ဒေါ်မြထွေး ' ဆိုသည့် အမည် ကို မှတ်မိအောင် တံတွေး ထွေး သည့် အမူအယာ လုပ်ပြ၏ ။

စိုးရှား မျက်နှာ က ဝင်းခနဲ လက် သွားပြီး ...

“ ဪ ... ဟုတ်ပြီ ... ဟုတ်ပြီ ... ဒေါ်ဒေါ့် နာမည် က ဒေါ်မြထွီထွမ် ... ဟုတ်ပေါင် ... ဒေါ်မြရွံ ... အဲ ... ဒါလည်း မဟုတ်သေးဘူး ...”

ဦးစောဝင်း က လေ ထဲ တွင် လက်ညှိုး ဖြင့် စာ ရေးကာ စာလုံး ပေါင်း ပြ၏ ။ စိုးရှား က ဖျတ်ခနဲ ခိုး ကြည့်ရင်း ...

“ သိပြီ ... သိပြီ ... ဒေါ်ဒေါ့်နာမည် က ဒေါ်မြထဆင်ထူး ဝဆွဲ ... ဪ ... ဒေါ်မြထွေး ... လေ ...”

“ မင်း နှယ် ကွယ် ... ဒါလေး ပြောမယ့် အရေး ... ရှည်လျားလိုက်တာ ကဲ ... ကြွ ... ကြွ ... အိမ်ထဲ ဝင်တော်မူ
...”

အဘွားကြီး က နှုတ်ခမ်းစူစူဆောင့်ဆောင့် ဖြင့် ပြောရင်း ထွက် သွားတော့မှ စိုးရှား လည်း မှန်တံခါး ကို တွန်းဖွင့် ကာ ဧည့်ခန်း ထဲ သို့ ဝင်လိုက်ရလေတော့သည် ။

မြနဒီ က ဆက်တီ ပေါ် တွင် ထိုင်နေရာ မှ လှမ်း ပြုံးပြရင်း ...

“ ဘယ့်နှယ့်လဲ ... မမထွေး နဲ့ တွေ့ လို့ ချွေး ပြန်သွားပြီလား ... လာ ... လာ ... ထိုင်ဦး ...”

စိုးရှား က ဆက်တီ တွင် ဝင်ထိုင်လိုက်သည် ။ မြနဒီ က အိမ်ဖော်ကောင်မလေး ကို အအေး တစ်ခွက် ယူလာဖို့ ခိုင်း လိုက်၏ ။ တစ်ဆက်တည်း မှာ ပင် ...

“ မိစန်း ... နင့် မမလေး ကို လည်း သွား ပြောလိုက်ဦး ၊ ဒီမှာ ဧည့်သည် ရောက်နေတယ်လို့ ...”

“ ဟုတ်ကဲ့ မမကြီး ...”

ပြောပုံဆိုပုံ အရ ဆိုဖီယာ ကို သွား ခေါ်ခိုင်းလိုက်ခြင်း ဖြစ်မည် ဟု စိုးရှား တွက်မိ၏ ။ သူ ဘာမှ ဝင် မပြော ။ တိတ်တဆိတ် သာ ငြိမ် နေလိုက်သည် ။

လူ ကသာ ငြိမ်ငြိမ် နေသော်လည်း အကြားအာရုံကတော့ ငြိမ် နေ၍ မရ ။ သူ့ဦးလေး ဦးစောဝင်း က မြနဒီ ကို ပလီစိချောက်ချက်တွေ ပြော နေသမျှ အားလုံး နားမချမ်းသာစရာ ကြား နေရ၏ ။ မြနဒီ ကတော့ ပြုံး သလိုလို တည် သလိုလို နှင့် သာ ။ ( စိုးရှား တစ်ယောက် တည်း ၏ အမြင် နှင့် ပြောရမည် ဆို
လျှင် တော့ အဲဒီ အမူအရာ သည် နိုင်ငံကျော် မင်းသမီး တစ်ယောက် ၏ အိုက်တင် ပီသနေလွန်းသည် ဟု ထင်၏ ) ဒါကတော့ မတတ်နိုင် ။ သူတို့ စရိုက် သူတို့ သဘာဝ ဖြစ်သည်ဟု နားလည် ပေးရတော့မည် ။ တစ်သက်လုံး ကင်မရာ ရှေ့ မှာ သရုပ်ဆောင်ရင်း ဘဝ ၏ အချိန်တွေ ကို ကုန်လွန်စေခဲ့သော်လည်း အလိုလို နေရင်း ကပင် ( သာမန် သူလို ငါလို နေ ရမည့် အချိန်တွေ မှာပါ ) သူတို့ကိုယ် သူတို့ သရုပ်ဆောင် နေတာလား တကယ့် လူ လို နေ နေတာလား ကွဲပြားတော့ ပုံ မရချေ ။

ရုပ်ရှင် က ဘဝ နှင့် တူအောင် တုပ ရမည့်အစား ( သူတို့ အတွက် ကတော့ ) ဘဝ ကို ရုပ်ရှင် နှင့် မတူ တူအောင် ကြိုးစား နေကြပုံ ရလေသည် ။

•••••   •••••   •••••   •••••

မြနဒီ က ဦးစောဝင်း ကို မျက်စောင်း တစ်ချက် ဝင့် ကာ ကြည့် လိုက်ရင်း ...

“ ဒါနဲ့ ရတနာပုံကြီး ကို ပြော ရဦးမယ် သိလား ...”

“ ဘာများလဲ ဒီ ...”

“ ဒီ တို့ ရိုက်ကွင်း ကို လိုက်လိုက် လာ တဲ့ ပိန်ပိန်ရှည်ရှည် နဲ့ သစ်ကုန်သည် သူဋ္ဌေး လေ ... ဝင်းမောင်မောင်ကျော် ဆိုတာ ...”

“ ဪ ... သိပြီ ... သိပြီ ... ဟိုတလောက နိုင်ငံခြား က ပြန်လာ လို့ ဆိုပြီး ဒီ့ ကို လက်ဆောင်တွေ အတင်း လာ ပေးတာ ၊ အင်း ... ဆိုစမ်းပါဦး ... အခု အဲဒီ လူ ဘာ ဖြစ်သွားပြီလဲ ... ထောင် ကျသွားပြီလား ... တစ်ကိုယ်လုံး နူ သွားပြီလား ... ဒါမှမဟုတ် ချီးကား ကြိတ် လို့ သေပြီလား ...”

ဦးစောဝင်း ၏ လေသံ က မနာလိုခြင်း ကြီး စွာ ဟိန်းထွက်လာ၏ ။ မြနဒီ က တခစ်ခစ်ရယ်မော ရင်း ...

“ မဟုတ်ဘူး ... ဟိုနေ့က အဲဒီ လူ က ဖုန်း ဆက်ပြီး ဒီ့ ကို ရည်းစားစကား ပြောတယ် ...”

“ ဟင် ...”

“ ရည်းစားစကား ပြောတာမှ သူပြောပုံ က ရိုးရိုး ပြောတာ မဟုတ်ဘူး ရတနာပုံကြီး ရဲ့ ...”

“ ဘာ ... ဒီကောင် က ရည်းစားစကား ကို ပါဠိ လို ပြောသလား ... တောက် ... မိုက်ရိုင်းလိုက်တာကွာ ...”

ဒေါသတကြီး ဖြစ်နေသော ဦးစောဝင်း ကို မြနဒီ က မျက်စောင်း တစ်ချက် ထိုးလိုက်ရင်း ...

“ အို ... မဟုတ်ပါဘူး ... သူ ပြောတာက ဒီလို ။ သူ က အရမ်း ချမ်းသာတယ်ဆိုတော့ ... တဲ့ ... သူ့ နား ကို ကပ်ချင်တဲ့ မော်ဒယ်ဂဲလ် ပေါက်စလေးတွေ ဆိုတာ ဝိုင်းဝိုင်း လည် နေတာပဲ ... တဲ့ ... ဒါပေမယ့် သူ က နဒီ့ ကို မှ တကယ် ချစ်တာပါ ... ဆိုပဲ ... ကဲ ... ပြောပုံ က ဘယ်လောက်မိုက်ရိုင်း စော်ကားသလဲ ... လို့ ...”

“ ဟုတ်တယ် ... ဒီ တစ်ယောက် တည်း ကို တင် စော်ကားတာ မဟုတ်ဘူး ၊ သရုပ်ဆောင် ဝါသနာ ပါ တဲ့ ကလေးမလေးတွေ ရဲ့ သိက္ခာ ကို ပါ အပုပ်ချတာ ၊ အဲဒီ စကား မျိုး သူတို့ မိဘတွေ ကြားရင် ရင်ကျိုးမှာပဲ ...”

မြနဒီ က သက်ပြင်း ချလိုက်ရင်း ...

“ ခက်တော့ ... ခက်တယ် ... ရတနာပုံကြီး ရယ် ... သရုပ်ဆောင် ဘဝ ... နာမည်ကျော် ဘဝ ဆိုတာ တစ်ဖက် မှာ ပရိသတ် က ချစ် သလောက် တစ်ဖက် က ယုတ်မာတဲ့ လူတွေရဲ့ ပါးစပ်ဖျား မှာ ကျတော့ မှိုချိုးမျှစ်ချိုး အပြော ခံရတယ် ၊ ဒီ လည်း ကိုယ့် ကိုယ် ကိုယ် ဂုဏ် ယူ ရမှာလား ... ဝမ်း နည်း ရမှာလား တောင် မပြောတတ်တော့ပါဘူး
...”

သူမ ၏ စကားသံ က တိုးတိုးဖျော့ဖျော့ ... ဦးစောဝင်း က သူမ ၏ စကား ကို နားထောင်ရင်း မျက်နှာ က အိုမင်း သွား၏ ။

သူ့ မျက်နှာကြီး က သေခါနီး ဖားပြုတ်အိုကြီး ဝမ်းလျှော ပြီး ဖုတ်လှိုက်ဖုတ်လှိုက် ဖြစ်နေသလိုလို မျက်ခွံ တစ်ဝက် တွဲ ကျပြီး ပါးစပ်လေး ဟစိဟစိ ဖြင့် ...

ပြီးတော့ မှ ဦးစောဝင်း က ...

“ ဟုတ်တယ် ဒီ ... အနုပညာသမားတွေ ကို ငွေ နဲ့ ပေါက်ပြီး စော်ကား လို့ မရဘူး ဆိုတာ ပရိသတ် ကို တင်ပြရမယ် ...”

“ ဟာ ... ဦးလေး ကလည်း သူ က မိန်းကလေး ဆိုတော့ တင်ပြလို့ ဘယ် ကောင်းမလဲ ၊ ဦးလေးဘာသာ တင်ပြရုံ မကလို့ ခါး အထိ ရောက်အောင်ပဲ လှန် ချင် လှန် ... ကွင်းလုံး ပဲ ချွတ် ချင် ချွတ် ပေါ့ ...”

စိုးရှား ၏ ခပ်တိုးတိုး ကပ်ပြောသော စကားကြောင့် ဦးစောဝင်းက အံကြိတ်ပြီး မျက်လုံးပြူးပြ၏ ။ မြနဒီ ကတော့ ပြတင်းပေါက် အပြင်ဆီ ငေး ကြည့်ရင်း ...

“ မင်းသမီး ဆိုတာ ကတော့ လူမုန်း ခံလို့ မဖြစ်တဲ့ ဘဝ ဆိုတော့ ဘယ်သူ့ ကို မဆို မကောင်းမှန်း သိ လည်း အပြုံး နဲ့ ဖော်ဖော်ရွေရွေ ဆက်ဆံ နေရတာပဲ ၊ အဲဒီလိုမှ မဆက်ဆံပြန်ရင်လည်း မာန ကြီးတယ် အောက်ခြေ လွတ်တယ် လို့ အကဲ့ရဲ့ခံ ရဦးမယ် ၊ အင်း ... တကယ်တော့ နာမည် ကြီးတယ် ဆိုတာ ကိုယ့်ဘဝ လွတ်လပ်မှု ကို အဆုံးရှုံး ခံပြီး လဲ ယူထားရ သလိုပါပဲ လေ ...”

သူမ ရေရွတ်နေပုံ က ဟိုးအဝေးမှာ ရှိသော တစ်စုံတစ်ရာ ဆီ တိုင်တည် ပြောဆိုနေပုံမျိုး နှင့် တူနေ၏ ။

စိုးရှား ကတော့ ခေါင်း ကို သာ မသိမသာ ခါယမ်း နေမိသည် ။ ကိုယ့် ဘဝ ကိုယ် အဆုံးရှုံး ခံရဖို့ ကြိုးစားပမ်းစား နာမည်ကြီးအောင် လုပ် ယူရတာ ဘဝ ရဲ့ အဓိပ္ပါယ် တဲ့ လား ... ။

အားလုံး ကို လှောင်ရယ် ရယ်ချင်လာ၏ ။

အဲသည် အချိန် မှာ ပင် သူ့ ဘေးနား သို့ တစ်စုံတစ်ယောက် လာ ရပ် သည် ကို သတိထား မိသဖြင့် မော့ ကြည့် လိုက်သည် ။

ဆိုဖီယာလပြည့်ဝန်း ...

သူမ က ...

“ လာလေ ကိုစိုးရှား ... အန်တီလေး တို့ ဆွေးနွေး နေတာ အနှောင့်အယှက် ဖြစ် နေပါဦးမယ် ၊ ကျွန်မ တို့ ခြံ ထဲ ဆင်းပြီး စကား ပြောရအောင် ”

အမိန့်ပေးသံ မဟုတ် သော် လည်း သူမ ၏ စကားအဆုံးတွင် သူ အလိုအလျောက် ပင် မတ်တတ် ရပ်ပြီးသား ဖြစ် နေ၏ ။

( ဒါကို ပြန် တွေးမိတော့ သူ့ ကိုယ် သူ ဒေါသ ဖြစ် မိသလို ခံစားရသည် ။ ကိုယ့် စိတ် ကို ကိုယ် မနိုင်ခြင်းသည် ကိုယ့် အတွက် အကြီးမားဆုံး ရန်သူဖြစ်သည် ဆိုခြင်း ကို ရိပ်စားမိ သလိုလို ဖြစ်လာ၏ )

မင်းခိုက်စိုးစန်

#ကိုအောင်နိုင်ဦး

.