Sunday, October 27, 2024

စာတည်းကလေး


 

❝ စာတည်းကလေး ❞
        ( မာန်မြင့် )

ဗျာ ။ ကျွန်တော်လား ။ စာတည်းပါ ။ အယ်ဒီတာ လို့ လည်း ခေါ်ကြပါတယ် ။ နာမည် လား ။ ခင်မောင်မြင့် တဲ့ ။ မကြားဖူးပါဘူး ၊ ဟုတ်လား ။ သိပ် မတွေးပါနဲ့ဗျာ ။ အထင် လည်း ကြီးမနေနဲ့ဦး ။ ကျွန်တော် က နံရံကပ် စာစောင်ကလေး တစ်ခု ရဲ့ စာတည်း ပေါ့ ။ ခင်ဗျားတို့ ဘယ် ဖတ်ဖူးကြမလဲ ။ ဟဲ ဟဲ မဖတ်ဖူး လို့ အပြစ် မတင်ပါဘူးဗျာ ။ ကျွန်တော် ထုတ်ဝေတာ က ကျောင်း တစ်ကျောင်း တည်း မှာ ဆိုတော့ ဘယ် သိကြပါ့မလဲ ။

ကျွန်တော့် ကိုယ် ကျွန်တော် လည်း စာတည်း တစ်ယောက် ဖြစ်ရလိမ့်မယ် လို့ အိပ်မက် တောင် မမက်ပါဘူးဗျာ ။ ကျွန်တော် က စာရေးဆရာ ဖြစ်ချင်တဲ့ ကောင်ဗျ ။ ငယ်ငယ်တုန်းကတည်း က ဝတ္ထုတွေ နင်းကန် ဖတ် လာပြီး တစ်နေ့ ကျ ရင် ငါ လည်း ဒီလိုပဲ ရေးနိုင်ရမယ်လို့ အားကျ လာခဲ့တာ ။

စာတည်း ဖြစ်ပုံလား ။ အဲဒါက ဒီလိုဗျ ။ ကျွန်တော် ဆယ်တန်း အောင် တော့ ဂျီတီအိုင် ဝင်ခွင့် ရတယ် ။ အောင်မယ် လွယ်လွယ် ရတာတော့ မထင် နဲ့ ။ ကျောင်းဝင် စာမေးပွဲ ကို လူတော်တော်များများ နဲ့ ကို တိုး ဖြေ လာရတာ ။ အဲ ... ကျောင်း ရောက်တော့ စာပေသင်းလေး ဘာလေးတောင် မရှိဘူးဗျာ ။ ဪ .. ဟုတ်သားပဲ ၊ ဘယ် ဂျီတီအိုင် ဆိုတာ တောင် မပြော ရသေးဘူး ။ မန္တလေး ဂျီတီအိုင် ပေါ့ ဗျ ။ စက်မှုလက်မှု သိပ္ပံ လို့ လည်း ခေါ်တယ်လေ ။ ရောက်ခါစ ဆိုတော့ တော်တော် စိတ်ပျက် သွားတယ် ။ ဘယ်ဗျာ ဒီလောက် အင်စတီကျု လို့ အမည်ခံ နေတဲ့ ကျောင်းကြီး မှာ စာကြည့်သင်းလေး ၊ စာပေအဖွဲ့လေး တောင် မရှိတော့ ဘယ် ဟုတ်ပါ့မလဲ ဗျ ။ ကျွန်တော်တို့ က တော့ အထက်တန်းကျောင်း တုန်း က တောင် နှစ်ပတ် လည်မဂ္ဂဇင်း တို့ လုပ်လာတဲ့ လူ ဆိုတော့ တော်တော် အထင်သေး သွား သဗျ ။ ဒါပေမဲ့ အထင်သေးရုံ နဲ့ ဘယ် ပြီးမလဲ ။ ကိုယ့် လက်ထက် မှာ ကိုယ့် တာဝန် ပဲ မဟုတ်လား ။ အရင်က မရှိရင်လ ည်း ရှိအောင် လုပ်ဖို့ တာဝန် ရှိတာ က ကျွန်တော်တို့ လို စာပေစိတ် ကလေးတွေ နဲ့ အငြိမ် မနေ နိုင်သူတွေ ဘဲ မဟုတ်လား ။

ဒါနဲ့ပဲ ဝါသနာ တူတဲ့ ကျောင်းသားချင်း လိုက် ရှာ အဖော်ညှိ ပြီးတော့ နံရံကပ်စာစောင်ကလေး တစ်ခု ထုတ်ဝေဖို့ စိုင်းပြင်း ရ တော့တာပေါ့  ။

အောင်မယ် အခု ပြောပြနေတော့ သာ လွယ်တာဗျ ။ နံရံကပ် စာစောင်လေး တစ်ခု ဖြစ်ဖို့က လွယ်တာ မဟုတ်ဘူး ။ အခု တကယ် ထုတ်ဝေ နေတဲ့ မဂ္ဂဇင်း တစ်စောင် ထုတ်ဝေခွင့် ရဖို့ က လွယ်ဦးမယ် ။ ဟိုမှာ က ကျောင်းတွင်း ဆိုတော့ သိပ်ပြီး လွတ်လပ်တာ မဟုတ်ဘူး ။ အဲ အဲ စည်းကမ်း ဘောင်တွေ နဲ့ ပေါ့ဗျာ ။ နံရံကပ် စာစောင် ထုတ်ချင်ပါတယ် လို့ တက် ပြောတော့ ဆရာတွေ ဘာတွေ နဲ့ အစည်းအဝေး လုပ်ပြီးမှ အဖွဲ့  ဖွဲ့ခွင့် ပြုတာ ။ ဥက္ကဋ္ဌ တွေ ၊ အတွင်းရေးမှူး တွေ နဲ့ပေါ့ ။ ကျွန်တော် က တွဲဖက် စာတည်း လေ ။ စာပေဝါသနာ ပါတဲ့ နှစ်ကြီး ကျောင်းသား က ပထမ စာတည်း ပေါ့ ။

ဒီလိုနဲ့ ပဲ စာမူတွေ ခေါ် ၊ ရွေးကူး နဲ့ နံရံကပ်စာစောင်ကလေး ဖြစ် လာတာပါပဲ ။ သိပ် မကြာပါဘူး ၊ ကျောင်းသားတွေ အော်ကြတဲ့ အရေးအခင်း မှာ ပထမ စာတည်း ကျောင်းသား အထုတ် ခံရပါရော ။ ဒီတော့ ကျွန်တော် တစ်ယောက် တည်း ပဲ ဒိုင်ခံပြီး တာဝန် ယူရတော့တာပေါ့ ။

•••••   •••••   •••••

စာစောင် တစ်ခု ဆိုတာက ဖတ်ရတော့ သာ မခက်ခဲဘူး ထင် နေကြတာ ။ တကယ် လုပ်ကြည့်တော့ အလုပ် တော်တော် များ သဗျ ။ ထောင် သောင်း ချီပြီး တိုင်းပြည် အနှံ့ ပို့ နေတဲ့ မဂ္ဂဇင်းက  အယ်ဒီတာတွေ တောင် ကျွန်တော့် လောက် အလုပ် ရှုပ်ချင် မှ ရှုပ်မှာ ။

ဒီလို ပြောလိုက်တော့ ရယ်တော့ မရယ်ချင် နဲ့ ဗျာ ။ တကယ် ပြောတာပါ ။ မဂ္ဂဇင်းကြီးတွေမှာ က သူ့ တာဝန် နဲ့ သူ လှုပ်ရှား လုပ်ကိုင် ကြမယ် မဟုတ်လား ။ ကျွန်တော် က တော့ စာမူ ရွေးတာ က စပြီး စာစောင် ကို နံရံ မှာ ကပ်ရတဲ့ အထိ ဒိုင်ခံ လုပ်နေရတာဗျ ။ ကျောင်းစာ က လည်း ရှိသေးတယ် ။ တော်ကြာ ပေးထား တဲ့ ပုစ္ဆာတွေ တွက် မထား ရင် လည်း ဆရာ အလွယ်တကူ မတွေ့ နိုင်တဲ့ ချောင် က ခုံ ကို ရွေးပြီး ထိုင်ရတာပေါ့ ဗျာ ။

စာမူတွေ ရွေးပြီး ပြန် ရင်လည်း လက်ရေးလှလှ နဲ့ ကူး ယူရတယ် ။ ကူး တဲ့ စာရွက် ဖိုး က လည်း ဝါသနာ ပါတဲ့ သူတွေ ဆီ က လျှောက် ကောက် ထားရတဲ့ ငွေလေး ပါပဲ ။ လက်ရေးလှတဲ့ သူငယ်ချင်းတွေ ကို အတင်း ခေါ် ပြီး ကူးခိုင်းရ သဗျ ။ တစ်ခါ တစ်ခါ တော့ လည်း အိတ် ထဲ က ငွေ ထုတ်ပြီး လက်ဖက်ရည်လေး ဝယ်တိုက်ရသေးတယ် ။ ဒါမှလည်း နောင်ကို ကူးပေးချင်မှာကိုး ။

ကူး ပြီးရင်တော့ ပန်းချီ ဆွဲ တတ်တဲ့ ကျောင်းသား ဆီ ကို သွားပြီး အပူ ကပ်ရ ပြန်ရော ။ ပုံလေးတွေ ဆေးရောင်လေးတွေ နဲ့ မှ ပဲ စာစောင် က ဆွဲဆောင်မှု ရှိမှာ ကိုး ။ သူတို့ ကို လည်း ကပ် ပေါင်းထားရသေး သဗျ ။ အဲ ချန်ပြီး ကူးထားတဲ့ နေရာလပ်တွေ မှာ စာသား နဲ့လိုက်မယ့်ပုံတွေ ရေးပြီး ရင်တော့ နံရံကပ်စာစောင်ဟာ ထုတ်ကပ်ဖို့ အသင့် ဖြစ်နေပြီ လို့ ထင်ကြ မှာပေါ့  ။

မဟုတ်သေးဘူး ခင်ဗျ ။ ကပ်လို့ ဘယ်ရဦးမလဲ ။ ရေးပြီးတဲ့ စာရွက်တွေ ကို ဆရာတွေအဖွဲ့ ကို တင်ပြရတယ် ဗျ ။ သူတို့ က ငြိစွန်း နေတဲ့ စာသားတွေ ပါရင် ခွင့် မပြုဘူး ။ အဲဒီအခါ ကျတော့ သူတို့ ဖျက်စေချင်တဲ့ အပုဒ်တွေ ကို စာရွက်ဖြူ နဲ့ အုပ်တန် အုပ် ။ အသစ် ပြန် ကူးတန် ကူး လုပ် ပေးရပြန်ရော ဗျို့ ။ ပြီးတော့မှ ကျောင်းအုပ်ကြီး ဆီ တစ်ခါ ပြရ ပြန်ရော ။ သူ က အတည်ပြု ပြီးမှ နံရံ ကို ကပ်ရတာ ဗျ ။ ကဲ ကျွန်တော် မပြောလား ။ မလွယ်ပါဘူး လို့ ဆိုနေ ။

တစ်ခါတစ်ခါ ကျတော့လည်း ရယ်စရာ တောင် ကောင်းပါသေးတယ် ဗျာ ။ နိုင်ငံရေးစကားလုံးလေး တစ်လုံး ပါ လာရင် မျက်လုံးပြူး ၊ မျက်ဆန်ပြူး နဲ့ အဖျက် ခိုင်းတတ်သေးတယ် ။ တစ်ခါက ဆိုရင် ကာတွန်းပုံ တစ်ပုံ ထဲ က မိန်းမဝဝကြီး ပုံ က ကျောင်းသူဝဝ တစ်ယောက် နဲ့ တူ နေတယ် ၊ မကောင်းဘူး ဆိုပြီး ဖျက်ခိုင်း လို့ အပေါ် က ကာတွန်းပုံ တစ်ပုံ ထပ် အုပ် ပေးရသဗျ ။

မိန်းမ ဝတာပဲ ဗျာ ။ ကျောင်း ထဲ က ကျောင်းသူ တစ်ယောက်တည်း ပဲ တစ်လောက လုံး မှာ ဝနေကြတာ ကျနေတာပဲ ။ ဒါပေမဲ့ဗျာ သူတို့ က ခွင့် ပေးမှ ကပ်ရတာ ဆိုတော့ ဘယ် တတ်နိုင်ပါ့မလဲ ။

တစ်ခါတစ်ခါ တော့ သူတို့ ဖျက်ခိုင်းတာ ဖျက်ပေး ရ ရင်တော့ အပေါ် က စက္ကူဖြူ ကပ်ပြီး ကွက်လပ် ချန် ထားခဲ့ သဗျ ။ ဒါမှလည်း ကျောင်းသားတွေ က အဖြတ် ခံရတယ် ဆိုတာ သိမှာပေါ့ ။ ဒီလိုမှ မလုပ် ရင် လည်း ကျောင်းသား တချို့ က ကျွန်တော့် ကို သတ္တိ နည်းတယ် ထင်ဦးမှာ ။

အင်ဂျင်နီယာ တွေ လည်း လူတွေ ပဲ ဗျာ ။ စာပေစိတ်ကလေး တွေ ရှိတော့ ရှိကြပါတယ် ။ သူတို့ က သင်္ချာတွေ နဲ့ နေ့တိုင်း နပန်းလုံး နေရတော့ စာပေစိတ်ကလေးတွေ က မြုပ် နေဟန် တူပါတယ် ။ နံရံကပ်စာစောင် လေး ပေါ် လာတော့ တော်တော်လေး ကြိုးစားပမ်းစား ဝင်ရေး ကြပါ တယ် ။

ကျောင်းသား တစ်ယောက် က တော့ တော်တော် နောက်တယ် ဗျာ ။ သူ့ ကလောင်နာမည် က မိန်းမ နာမည်ကြီး ဗျ ။ ကျောင်းသား အတော်များများ က ဘယ် ကျောင်းသူ ရေးတာလဲ လို့ ကပ် မေး ကြတာပေါ့ ။ ကျွန်တော် က လည်း ဘယ် ပြောလိမ့်မတုံး ဗျာ ။

ဘယ်သူ မဆို ကိုယ့် စာလေးကို တော့ အရွေးခံ ဖော်ပြစေချင်တာပေါ့ ။ ဒါကို ကျွန်တော် လည်း သိပါတယ် ။ တချို့ ဆိုရင် တတ်နိုင် သမျှ ပြုပြင် ရေး ပေးပြီး ဖော်ပြ လိုက်တာပါပဲ ။ တစ်ခါတလေများ ဆိုရင် မူရင်း စာသား ထက် စာတည်း ပြင် ပေးရတဲ့ မင်နီစာလုံးတွေ က ပိုများနေသေးရဲ့ ။ ဘယ် တတ်နိုင်မလဲ လေ ။ ခဏခဏ ပယ် နေရရင် သူတို့ စိတ်ပျက် သွား မှာပေါ့ ။

တချို့က တော့ သူတို့ စာ မရွေး ရင် လာပြီး အပြစ် တင် ရန်တွေ့ တော့တာပဲ ။ ဘာလို့ ပယ်ရတာလဲ ။ စာစောင် ထဲ မှာ ပါလာတဲ့ ဟာ ကတော့ ဘယ်လောက် ကောင်းလို့လဲ ။ ခင်တဲ့သူတွေ မို့ ထည့်ပေးတာလား ။ နောက် ကို ခင်ဗျားတို့ ဆီ ကို ရေး ကို မရေးတော့ဘူး ။ ခင်ဗျား က ဘယ်လောက် တတ်လို့လဲ နဲ့ ။ ဟာ ... အမျိုးမျိုး အပြော ခံရတာပါပဲ ။

ဒီတော့ မဂ္ဂဇင်း က စာတည်းတွေ ကို ကိုယ်ချင်းစာ မိတယ်ဗျ ။ ကျွန်တော် က လည်း စာလေး ၊ ကဗျာလေး ရေး ရေး ပို့နေကျကိုး ။ လဆန်း လို့ ကိုယ့် ကဗျာ မပါရင် သိပ် မကျေနပ်ဘူးပေါ့ဗျာ ။ ရှေ့တန်း က ပါတဲ့ ကဗျာ က ကောင်းလည်း မကောင်းဘဲ နဲ့ ။ သူတို့ လူ မို့ပါကွာ ၊ နာမည် ရ တဲ့ လူ ရွေးလို့ ၊ ပါလို့ အရင် က တော့ ခံပြင်း မိ ၊ ပြောမိ တာပါပဲ ။ ခုတော့ ကိုယ်တွေ့ ကြုံမှ သိရတော့တာပေါ့ ။

တစ်ယောက်တလေ က တော့ လက်ဖက်ရည် ခေါ် တိုက် ပြီးတော့မှ သူတို့ ရေးတဲ့ ကဗျာလေးတွေ ဖော်ပြပေးပါ လို့ တောင်းပန်ကြသဗျ ။ များသောအားဖြင့် တော့ အချစ်ကဗျာလေးတွေပေါ့ ဗျာ ။ တစ်နည်း ပြောရ မှာ ဖြင့် ရည်းစားစာ တွေပေါ့ ။ ကျွန်တော် က လည်း သိပ်ပြီး ပုံပျက်ပန်း ပျက် မဟုတ်ရင် တော့ သူတို့ လိုအင် ကို ဖြည့်ပေးလိုက်တာပဲ ။ အဲ ... သိပ်ပြီးတော့ သူတို့ အလို ကို လည်း မလိုက်ရဲဘူး ဗျ ။ တော်ကြာ ကျွန်တော့် အနေ နဲ့ တတ်နိုင်တဲ့ ဘက်က ကူ တာ ကို လက်ဖက်ရည် သောက်ချင်လို့ ကူတာ လို့ ထင်ရင် စာတည်း သိက္ခာ ကျ သွားမှာပေါ့ ။ မဟုတ်ဘူးလား ဗျာ ။

ဒီလို ယက်ကန်ယက်ကန် နဲ့ နံရံကပ်စာစောင်လေး ဟာ အသက် တော်တော် ရှည် လာခဲ့တယ် ပဲ ဆိုပါတော့ဗျာ ။ နိုင်ငံကျော် မဂ္ဂဇင်းကြီးတွေ နဲ့ နှိုင်း ရင်တော့ ကျွန်တော့် စာစောင်လေး ဟာ လပြည့်နေ့ ည မှာ တောက်ပ တဲ့ ပိုးစုန်းကြူးလေး ပါ ဗျာ ။

ဗျာ ၊ ကျွန်တော် ပြောပြနေတာတွေ ကို ပျင်း နေပြီလား ။ သည်းခံပြီး ဆုံးအောင် နားထောင်ပါဦးဗျ ။ လူ ဆိုတာ ကိုယ့် အကြောင်း ပြောပြရရင် သိပ်ပြီး မြိန်ရေရှက်ရေ ရှိတာ ။

•••••   •••••   •••••

တစ်နေ့တော့ စာစောင် ထဲ မှာ ပါတဲ့ ဝတ္ထုတို တစ်ပုဒ် ကြောင့် ပြဿနာ ဖြစ်ပါလေရော ။ အဲဒီ ဝတ္ထုဇာတ်လမ်း က ရိုးရိုးလေးပါ ဗျာ ။ ဟာသလေး တစ်ပုဒ် ပါ ။ တောရွာ တစ်ရွာ မှာ နာမည် သိပ် ကြီးတဲ့ လူ တစ်ယောက် ရှိ သတဲ့ ။ သူ့ ကို လူတွေ က သိအောင် လို့ အလုပ် မရှိ အလုပ် ရှာ ပြီး နွား ကို မြက် ကျွေးရေးအသင်း တို့ ၊ ကြောင်ကလေး ရေချိုးပေးရေး အသင်း တို့ ကို ဦးဆောင် ဖွဲ့တယ် ။ သူ ပိုး သမျှ မိန်းမတွေ က လည်း သူများ နဲ့ ပဲ စွံ ကုန်တယ် ။ သိုင်းအသင်း ထောင်ပြီး ရွာရိုးလျှောက် စွာနေတာ ဘတ်ခွ ( လေးခွ ) နှင့် ပစ်တော့ ထိပ် ကွဲသွားတယ် ။ သိပ်ပြီး ထင်ပေါ် လို တဲ့ လူ တစ်ယောက် အကြောင်း ကို ရေး ထား တာပါပဲ ။ အရေးအသားလေး က လည်း ကောင်းတာ နဲ့ စာစောင် မှာ ဖော်ပြ လိုက်တာပေါ့ ။

ဒီတော့မှ ကျောင်းသား တစ်ယောက် က သူ့ ကို စောင်း ရေးပါတယ် ဆိုပြီး ပူညံပူညံ လာလုပ်တယ် ။ ဝတ္ထု ထဲ က ဇာတ်ကောင် နဲ့ သူ နဲ့ က တော်တော် တူ နေတယ်ဗျ ။ အသားမည်းမည်း ဗိုက်ရွှဲရွှဲ ၊ နှုတ်ခမ်းတွဲတွဲ နဖူးပြောင်ပြောင် ပေါ့ ဗျာ ။ သူ က ကျွန်တော့် ဆီ လာပြီး ပထမ တော့ ယဉ်ယဉ်လေး နဲ့ စော်ကားတာ ပေါ့ဗျာ ။ စာပေ အကြောင်း ဘာ သိလို့ လုပ် နေရတာလဲ ၊ ဒီ ဝတ္ထု ဟာ သူ့ ကို စောင်း ရေးတာမှန်း မသိဘူးလား နဲ့ ပေါ့ ။ ကျွန်တော် က လည်း ပြန် ဖြေလိုက်ပါတယ် ။ သိပ် တတ်လို့ လုပ်တာ မဟုတ်ဘူး ၊ လုပ်မယ့်သူ မရှိလို့ လုပ် နေရတာ ။ ဝတ္ထု ဆိုတာ လူတွေ အကြောင်း ရေးထားတာ မို့ ဘယ်သူနဲ့ တော့ တူတာပဲ လို့ ပယ် နေရရင် ဘယ် ကျန်တော့ မလဲ လို့ ။ မဟုတ်ဘူးလား ဗျာ ။

အဲဒီ ဝတ္ထု ဟာ ခင်ဗျား ကို စောင်း ရေးထားတယ် ဆိုရင် ခင်ဗျား ကော ဝတ္ထု ထဲ က အတိုင်း ဖြစ်နေလို့လား လို့ မေး တော့ သူ မဖြေတော့ဘူး ။ ဝတ္ထု ထဲ က လူ နဲ့ သာ တူတယ် ဆိုရင်တော့ တကယ် ပေါကြောင်ကြောင် ဖြစ်သွားမှာ ကိုး ။

အမှန် က တော့ သူ့ ကို စောင်းပြီး ရေးထားပါတယ် လို့ လာ ပြောတဲ့ ကျောင်းသား ကို က ခပ်ပေါပေါ ရယ် ။ ဂျူဒို တွေ ၊ ကရာတေး တွေ လည်း မတောက်တခေါက် တတ်တယ် ထင်ပါရဲ့ ။ ဒီတော့ လည်း ဝတ္ထု ကို ဖတ် လိုက်ရင် ကျောင်းသားတွေ က သူ့ ကို ပဲ မြင်သွားကြမှာပေါ့ ။ ဒါပေမဲ့ စာရေးဆရာ ဆိုတာ လောက ထဲ မှာ အမြင် မတော်တာတွေ ကို တော့ သရော် ရှုတ်ချ မှာ ပဲ မဟုတ်လား ။

ဒီ ဝတ္ထု ကို ရေးတဲ့ သူ ကို ပြောပြရမယ် တဲ့ ။ မပြောရင် ဖြစ်လာမယ့် ကိစ္စတွေ ဟာ ကျွန်တော့် တာဝန် ပဲ လို့ ခြိမ်းခြောက် ကြတယ် ။ ကျွန်တော် က လည်း ဘယ် ပြောပြမလဲဗျ ။ စာတည်းတွေ ရဲ့ ကျင့်ဝတ် ကို ဖောက်ဖျက် လို့ ဘယ် ဖြစ်ပါ့မလဲ ။ ကျွန်တော် က တင်းခံနေတော့ ကျောင်း ကို တိုင်မယ် တဲ့ ။ ဒီတော့ ကျွန်တော် လည်း ဘယ် ရောက်ရောက် ပေါ့ဗျာ လို့ ပဲ ပြော လိုက်ရတယ် ။ ဟုတ်တယ် လေ ကိုယ် က မှန် နေရင် ကြောက်ရမလား ဗျ ။ လူတိုင်း က သူ့ စောင်း ရေးပါတယ် ပြောရင် ဘယ့်နှယ် လုပ်မလဲ ။ ဇာတ်ကောင် ဆိုတာကတော့ တစ်ယောက် နဲ့ မတူ တစ်ယောက် နဲ့ တူ မှာ ပေါ့ ။

အဲဒီ လူ ကို ဘေး က နေ ဝိုင်းပြီး မီးထိုး ပေးနေတဲ့ လူ က စာစောင် ကို ဆောင်းပါးတွေ ပို့ဖူးတယ် ။ သူ့ ဆောင်းပါးတွေ က ကျောင်း ကို ရော ဆရာတွေ ကို ရော တော်တော် ထိပါးတယ်ဗျ ။ တချို့ကတော့ နိုင်ငံရေး ဆောင်းပါးတွေ ပေါ့ ။ အဲဒါတွေများ ဖော်ပြ လိုက်ရ ရင်တော့ ကျောင်း ပဲ ထွက်ရ မလား ။ အသံ မကြားဘဲ ပျောက် သွား မလားဘဲ ။ သူ့ ဆောင်းပါး တွေပယ်တော့ လာပြီး ဟောက်သေး သဗျ ။ ဒီလောက် သတ္တိနည်း ရင် လည်း စာတည်း လုပ်မနေပါနဲ့ တဲ့ ။ သတ္တိ က ရှိသင့်တဲ့ နေရာတော့ ရှိတာ ပေါ့ဗျာ ။ သူ့ ဆောင်းပါးတွေ က တကယ် ကောင်း လို့ ထည့် ရတာက အကြောင်း မဟုတ်ဘူး ။ မကြိုက်လို့ ကို ပယ် လိုက်တာပဲ ။ ကြိုက် ၊ မကြိုက် ကတော့ စာတည်း ရဲ့ သဘောပေါ့ ဗျာ နော ။

ကျွန်တော် လည်း စာတည်း စိတ် ရှိ နေတော့ သူတို့ ဘယ်လိုပဲ ခြိမ်းခြောက် ခြိမ်းခြောက် မကြောက်ပါဘူး ဗျာ ။ ဗိုလ်ချုပ်အောင်ဆန်း တောင် မှ စာတည်း ဘဝ မှာ ပါ လာတဲ့ ဆောင်းပါး တစ်ပုဒ် ကြောင့် ကျောင်း အထုတ် ပဲ ခံတယ် ၊ ရေးတဲ့ သူ ကို မပြောဘူး မဟုတ်လား ။ ကျွန်တော်တို့ ရဲ့ ခေါင်းဆောင်ကြီး ကို နမူနာ ထား ရမှာပေါ့ ။

နောက်နေ့ ကျ တော့ ဆရာကြီး တို့ ဘာ တို့ သွား တိုင်တယ် လို့ ကြား ရတာပဲ ။ ဒါပေမဲ့ သူတို့ ဟာ က ဟုတ်မှ မဟုတ်ဘဲ ဗျ ။ အရေးယူ လို့ ဘယ် ရပါ့မလဲ ။ အပြင်က နေပြီး ဟိန်းဟောက်တော့ နေသေးရဲ့ ။ သူ့ လက်သီး က လူ မရွေးဘူး ဘာညာ နဲ့ ပေါ့ ။ ကျွန်တော် ကလည်း ဘယ်မှုမလဲဗျာ ။ ဒီ တိုင်းပြည် က မင်းမဲ့တိုင်းပြည် မှ မဟုတ်ဘဲ ။ ပြီးတော့ အဲဒီ လူ က ကရာတေး အရှိန် နဲ့ သွေးကြွ ပြီးတော့ အဖွဲ့လေး နဲ့ မှ ဆူရဲတဲ့ လူမျိုးပါ ။

နံရံကပ် စာစောင် လို ဟာလေး မှာ တောင် ခြိမ်းခြောက် ခံရသေးရင် မဂ္ဂဇင်း က စာတည်းတွေ ဘယ်လိုများ နေမလဲ မသိဘူး ။ သူတို့ က တိုင်းသိပြည်သိ အကောင်ကြီးကြီး အမြီးရှည်ရှည်တွေ ကို ထိုးနှက် သရော်တဲ့ စာတွေ ကို တာဝန်ယူ ထည့်ပေး နေရတော့ ပိုပြီး တွေ့ ရမှာပေါ့လေ ။ သူတို့ နဲ့ စာ တော့ ကျွန်တော် က ဘာ ဟုတ်သေးလို့လဲ ။

အဲ ဘာမှမ ဟုတ်ပေမဲ့ အဲဒီ ဝတ္ထု ဂယက် က တော်တော် ရိုက်ခတ် ပြီး တော့ ကျောင်းသူ ကျောင်းသားတွေ ကြား မှာ တော်တော် လှုပ်ရှား သွားတယ်ဗျ ။ ကျွန်တော့် စာတည်း ဘဝ ရဲ့ မှတ်တိုင်လေး တစ်ခု ပေါ့ လေ ။

  •••••   •••••   •••••

ဘယ်လိုလဲ ဗျ ။ နည်းနည်း တော့ စိတ်ဝင်စား လာပြီလား ။ အချစ် အကြောင်းလေး တွေ လည်း ပြောဦးမှ ပေါ့ ၊ ဟုတ်လား ။ ဘယ် ချန်ထားပါ့ မလဲဗျာ ။ အဲဒါ ပြောချင်လို့ ကို လှည့်ပတ် ရေး လာ ရတာ ။ ဘာလဲ ကြား ချင်တယ် မဟုတ်လား ။

ကျွန်တော် ပြောမယ့် ဇာတ်လမ်း က စာတည်းဘဝ နဲ့ ကို သက်ဆိုင် နေတယ် ဗျ ။ စာတည်းဘဝ ပြော ရရင် အဲဒီ အဖြစ်ကလေး ကို လည်း မပြော လို့ ကို မရဘူး ။ ထုံးစံ အတိုင်းပေါ့ဗျာ ။ စာတည်းဘဝ နဲ့ ပတ်သက်တဲ့ မိန်းကလေး ဆိုတော့ စာပေလေး ဘာလေး ဝါသနာ ပါတာပေါ့ ။ သူ နာမည်လား ။ မသိချင်ပါနဲ့ ဗျာ ။ သိ လည်း ဘာမှ ထူးမှာမှ မဟုတ်ဘဲ ။ ဘယ်လို ဆိုတာ သိရင် တော်ရောပေါ့ ။ လူပုဂ္ဂိုလ် ထက် သဘောတရား က ပိုပြီး အရေးပါတယ် မဟုတ်လားလို့ ။

ကျောင်း နံရံကပ် စာစောင် ဆိုတာ ပို့တဲ့ သူ က လည်း ကျောင်းသူ ပေါ့ ဗျာ ။ လှ လည်း တော်တော် လှပါတယ် ။ ကိုယ့် ငါးချဉ် ကိုယ် ချဉ် ရတာ မဟုတ်ပါဘူး ။ တကယ် ပြောတာပါ ။ ကျွန်တော် မျက်စိကျ တာ ကို သာ ကြည့်လေ ။ စာတည်း ဆိုတာ တော်ရုံတန်ရုံ ဆို သဘော ကျတာ မဟုတ် ဘူးဗျ ။ ရွေးချင်တဲ့ အကျင့် က ပါလာတယ် မဟုတ်လား ။ သူ ပို့တဲ့ စာတွေ ကို အကြောင်းပြု ပြီး တော့ စာပေ ဆွေးနွေးရင်း နဲ့ တော်တော် ခင် သွား ကြတာပေါ့ ။ ပြောရင်း ဆိုရင်း နဲ့ ကြာ လာတော့ သူ့ အရည်အသွေးလေးတွေ ကို သဘောကျ လာတယ်ဗျ ။ သူ  ကလည်း ကျွန်တော့် ကို အထင် ကြီး ပုံ ရတယ် ။

အသွင် မတူ အိမ်သူ မဖြစ်လို့ ဆိုထားတယ် မဟုတ်လား ။ စာပေ ဝါသနာ ပါတဲ့ သူချင်း မို့ မျက်စိ ကျမိ တာ မဆန်းလှပါဘူး ။ စိတ်ကူး ထဲ မှာ များ စာအုပ် ကို အတူ ထိုင်ဖတ် ၊ ကဗျာ တစ်ပုဒ် ကို အတူ ကာရန် ရှာပြီး စပ် နဲ့ ပျော်စရာကြီး ပေါ့ ။

တိုတို နဲ့ ပြောရ ရင် တော့ သူ့ ကို ကျွန်တော် က ကဗျာလေး တစ်ပုဒ် နဲ့ စတင် အသိပေး လိုက်တယ်ဗျ ။ တော်တော့် ကို ကြိုးစား ပြီး စပ် လိုက်ရတဲ့ ကဗျာလေး တစ်ပုဒ် ပေါ့ ဗျ ။ ကျွန်တော် က မေတ္တာ ရှိနေတဲ့ အကြောင်းပါပဲ ။

သူ က ဘာမျှ မဖြေပေးဘူး ဗျ ။ ဒါပေမဲ့ အရင် က လို သွားလာ ခင်မင် နေတာပါပဲ ။ မူလည်း မပျက်လှဘူး ။ မိန်းကလေး ဆိုတာ တစ်စောင် နဲ့ တော့ ဘယ်မှာ တုံ့ပြန်ရိုး ထုံးစံ ရှိပါ့မလဲ ။ ဟန် လုပ်ရဦးမှာ ပေါ့ ။ ဒီတော့ နောက်ထပ် နှစ်စောင် ပေး ဖြစ်တာပါပဲ ။ ဘာမျှ ထူးမလာဘူးဗျာ ။ နောက်ဆုံးတော့ သူ့ ကို ကိုယ်တိုင် ပဲ ရှေ့ မျက်နှာ နောက် ထားပြီး မေး ရတော့တာပေါ့ ။ သူ က တော့ အေးအေးဆေးဆေး ပဲ ပြန် ပြီး အဖြေ ပေးပါတယ် ။ သူ့ အနေ နဲ့ ကျွန်တော့် ကို မေတ္တာ ပြန်ပြီး မတုံ့ပြန် နိုင်တဲ့ အတွက် ဘဝ ခရီးဖော် အဖြစ် လက်တွဲ ဖို့ ဆိုတာ မဖြစ်နိုင်ပါဘူး တဲ့ ။

ဒီတော့ အပယ်ခံ လူ တစ်ယောက် ရဲ့ အခွင့်အရေး အနေနဲ့ ကျွန်တော် က လည်း ပြန်ပြီး စောဒက တက်ခွင့် တော့ ရှိတာပေါ့ဗျာ ။ မချစ်နိုင်ဘူး ဆိုတာ ဘာကြောင့်လဲ ဆိုတဲ့ အကြောင်းပြချက်ကလေး ကို သိချင်သေးတာပဲ မဟုတ်လား ။ ကျွန်တော့် ရုပ်ရည် က သိပ် ကို ဆိုးလို့လား ဆိုတော့ လည်း ရှင် ဟာ ယောက်ျား ပီပီသသ နဲ့ ခံ့ချော ပါ ။ ဘယ်မှာ ရုပ်ဆိုးရ မလဲ တဲ့ ။ အကျင့် စာရိတ္တ ကို မကြိုက်လို့လား ဆိုတော့လည်း အရက် မသောက် ၊ ဖဲမရိုက် နဲ့ ရှင့် လို လူ မှ အကျင့်စာရိတ္တ ကောင်းတယ် မခေါ်နိုင် ရင် ဘယ်သူ့ သွားခေါ်ရမလဲ တဲ့ ။ ဒါဖြင့် ကျွန်တော့် ထက် ပညာ သာ တဲ့ သူ ကို မျှော်ကိုးပြီး အထင် သေးလို့လား ဆိုတော့ လည်း ခေတ်ပညာတတ် တစ်ယောက် ကို ဘာမျှ အထင် သေးစရာ မရှိပါဘူး တဲ့ ။ အနေအထိုင် ၊ အပြောအဆို လည်း ဘာမျှ မလိုပါဘူးတဲ့ ။ ကဲ .. စဉ်းစားရ မကျပ်ဘူး လား ။

ဒါတွေ အားလုံး ပြည့်စုံလျက် သား နဲ့ ၊ အပြစ် ပြောစရာ ဘာမျှ မရှိဘဲ နဲ့ ဘာပြုလို့ မချစ်နိုင်ရတာလဲ လို့ ကျွန်တော် က မေးတော့ သူ က အဖြေ မပေးဘဲနဲ့ အမေး တစ်ခု ကို ပဲ ပြန် မေးလိုက်တယ် ။

“ ရှင် ဟာ စာတည်း တစ်ယောက် ဘဝ ကြုံခဲ့ဖူးသား ပဲ ။ စာမူ တစ်ခု ဟာ အရေးအသား လည်း ကောင်းတယ် ။ ဇာတ်လမ်း လည်း မဆိုးဘူး ။ ဦးတည်ချက် လည်း ပီသတယ် ။ အပြစ် ပြောစရာ ဘာမျှ မရှိဘူး ။ ဒါပေမဲ့ ရှင် မရွေးနိုင်ဘူး ဆိုရင် ဘာကြောင့် ဖြစ်မလဲ ” တဲ့ ။

ကျွန်တော် လည်း စဉ်းစားပြီး တော့ မှ အဖြေ ပေးလိုက်ရတာပါပဲ ။ အဖြေ သာ ပေး လိုက်ရတယ် ။ ဒီ အမျိုးသမီး ဘာ သဘော နဲ့ မေးတာလဲ လို့ နား မလည်ဘူး ဗျ ။ ဒါပေမဲ့ စာတည်း ဘဝ မှာ ရခဲ့တဲ့ အတွေ့အကြုံ အရ ပေါ့ လေ ။ ဖြစ်နိုင်တဲ့ အဖြေ ကို တိတိကျကျ ပဲ ပေးလိုက်ရပါတယ် ။

ဒီ စာမူ တစ်ပုဒ် ဟာ အပြစ် ပြောစရာ မရှိပေမဲ့ သူ့ ထက် ကောင်းတဲ့ နာမည်ရ စာရေးဆရာတွေ ရဲ့ စာမူတွေ က ပြည့် နေရင် ခဏ ပဲ ဖြစ်ဖြစ် ပယ် ထား လိုက်ရတာပဲ ။ ဒါမှ မဟုတ်ရင် လည်း စာမူ တစ်ပုဒ် ဟာ ချွတ်ယွင်းချက် ကို သာ ရှာ မတွေ့တယ် ။ ဖတ် ပြီးတော့ ရင် ထဲ မှာ လှုပ်ရှားပြီး ညို့ဆွဲ မဖမ်းစားနိုင် လည်း ပယ်လိုက်ရတာပါပဲ လို့ ။

ကျွန်တော့် အဖြေ လည်း ပြီးရော အမျိုးသမီး က အောင်ပွဲရ အပြုံး နဲ့ ခံ့ခံ့ကြီး ပြုံးလိုက်ပြီးတော့ မှ သူ မချစ်နိုင်ရခြင်း အကြောင်း က လည်း အဲဒီ အတိုင်းပါ ပဲ တဲ့ ။

အစ က တော့ ကျွန်တော် လည်း အူကြောင်ကြောင် ဖြစ်နေခဲ့သေး တယ် ။ နောက်တော့ မှ သဘော ပေါက် ပြီးတော့ ဪ ... ဪ ဆိုပြီး အောင်မြင်စွာ နောက် ဆုတ်ခဲ့ရတာပေါ့ ဗျ ။

ဒီလိုနဲ့ပဲ နောက်ဆုံးနှစ် စာမေးပွဲ အောင် လို့ ဘွဲ့ လည်း ရ ၊ ကျောင်း က ထွက် ခဲ့ရတော့ စာတည်းကလေး ဘဝ က နေ အလိုလို နုတ်ထွက်ပြီး သား ဖြစ် သွားလို့ တစ်ခန်းရပ် ခဲ့ရတော့တာပါပဲ ။ ပြန် တွေး မိရင်တော့ ရယ်ချင် တာ လိုလို ၊ လွမ်းတာ လိုလို နဲ့ တစ်မျိုးကြီး ပါ ပဲ ဗျာ ။

ဇန်နဝါရီ ၊ ၁၉၇၁

◾မာန်မြင့်

📖 မြန်မာပြည် မှာ လုပ်သည် နှင့် အခြား ဝတ္ထုတိုများ
     ဇန်နဝါရီ ၊ ၁၉၇၇

.

Saturday, October 26, 2024

ကလေးပေးတတ်သော နတ်သမီး


 

❝ ကလေးပေးတတ်သော နတ်သမီး ❞
          ( ကြပ်ကလေး )

လေဟုန်စီးကာ ရောက်လာသူ ကား အတောင်ပံကလေး နှင့် အလွန် လှပသော ပန်းဝတ်မှုန်နတ်သမီးကလေး တစ်ပါး ဖြစ်တော့၏ ။ သူ သည် လည်း အရပ် မှာ နှစ်တောင် လောက် သာ ရှိသည် ။ သူ ကား ကလေး ပေးတတ်သော ပန်းဝတ်မှုန်နတ်သမီးလေး ပင် တည်း ။

“ ဟဲ့ .. အရာ ၊ နင် တယ် ဆိုးနေပါလား ။ တော်ရာ သွားစမ်း ”

လူပုကလေး အရာ သည် နတ်သမီးလေး ၏ အဆူအကြိမ်း ကို ခံရသောအခါ စိတ် ထဲ တွင် မကျေနပ် သော်လည်း ကုပ်၍ ပန်းပင်တွေ အကြား သို့ ဝင်ရောက် ပျောက် ကွယ်သွားလေသည် ။

နတ်သမီးကလေး သည် ဒေါ်ပျူငှာ ဘက်သို့ လှည့်လိုက်၏ ။

“ အဒေါ်ကြီး ဘာကိစ္စ နဲ့ ဒီကို ရောက်လာတာလဲ ”

ဒေါ်ပျူငှာ သည် အလွန် ဝမ်းသာ သွားကာ ပြန် ပြောသည် ။

“ ဝမ်းသာလိုက်တာ နတ်သမီးလေး ရယ် ၊ နတ်သမီးလေး ကို တွေ့ချင်လွန်းလို့ ဒီကို လာရတာ အခေါက်ခေါက် ရှိပါပြီ ။ အရာ မရောက်တာနဲ့ ”

“ စောစောက အရာ ရောက်သားပဲ ”

“ အို .. အဲဒီ အရာ ကို ပြောတာ မဟုတ်ပါဘူး ”

“ ဘယ် အရာ ကိုပြောတာလဲ ”

“ ဟို .. ဟာ .. ဘယ်အရာ ကို ပြောမိမှန်းလည်း မသိပါဘူးလေ ။ ကျုပ် လာရတဲ့ အကြောင်း က ဆု လိုချင်လို့ပါ ”

“ အဒေါ်ကြီး က ဘာ ပြိုင်ပွဲ ဝင်ထားလို့လဲ ”

“ အို .. ပြိုင်ပွဲ က ဆု ကို ပြောတာ မဟုတ်ပါဘူး ။ ကျုပ် မှာ ကလေး မရှိဘူး ။ အဲဒါကြောင့် ကလေးဆု ကို လာ တောင်းတာပါ ”

ပန်းဝတ်မှုန်နတ်သမီးကလေး သည် ပြုံးမိတော့၏ ။

“ ဪ .. ဒီလိုလား ”

“ ဟုတ်တယ် .. ဒီလို အော်တာပဲ ၊ ဟယ် ဟုတ်ပေါင် ။ အဲဒီလိုပဲလို့ ပြောတာပေါ့  ”

“ ကဲ .. ဒါဖြင့် ဟောဟို ကန် ထဲ က ကြာပွင့်ကလေး တစ်ခု ကို ခူးလိုက်ပါ ”

ဒေါ်ပျူငှာ သည် နတ်သမီးကလေး စေခိုင်းသည့် အတိုင်းပင် ကြာဖြူပွင့်ကလေး တစ်ပွင့် ကို ခူး၍ နတ်သမီးကလေး အား ပေးလေ၏ ။ နတ်သမီးကလေး သည် ကြာပွင့် ကို လက်ဖြင့် အသာ သပ်၍ ကြာဝတ်ဆံ ကလေး တစ်ခု အား ရွေးကာ ဒေါ်ပျူငှာ အား စားစေပြီး ပြန် လွှတ်လိုက်လေသည် ။

များမကြာမီပင် ပူနာတေးရွာ မှ ဦးဖြူ ဒေါ်ပျူငှာ တို့ တွင် သမီးလေး တစ်ယောက် ဖွားမြင်လာလေတော့၏ ။ ဒေါ်ပျူငှာ သည် ကြာဝတ်ဆံ  ကို စား၍ မွေးဖွား လာခဲ့ရသော သမီးကလေး ဖြစ်သောကြောင့် “ ကြာဝတ်ဆံ ” ဟူ သော အမည် ကို မှည့်ခေါ်သည် ။

ကြာဝတ်ဆံကလေး သည် အရွယ် ရောက်လာသော အခါတွင် လှပဖြူဖွေး ကျက်သရေပဂေးလေး ဖြစ်၍ သူ ၏ လှပချောမောမှု သတင်း မှာ ပျံ့နှံ့ထင်ရှား လာလေတော့သည် ။ ပူနာတေးရွာ ထဲ မှ လူပျိုကလေးများ သည် ကြာဝတ်ဆံကလေး ၏ မေတ္တာ ကို လိုချင်လှသဖြင့် ဦးဖြူ ဒေါ်ပျူငှာ တို့ ၏ အိမ်ရှေ့ တွင် ခြေချင်းလိမ် နေကြသည် ။

သို့သော် ဦးဖြူ သည် မျက်နှာရှစ်ခေါက်ချိုးကြီး နှင့် အိမ်ရှေ့ တွင် မှုန်ဆာတေကြီး ထိုင်နေလေ့ ရှိသဖြင့် မည်သူမျှ အိမ်ရိပ် မနင်းဝံ့ဘဲ ရှိကြ၏ ။ ဦးဖြူ ကား သူ့ သမီးလေး ၏ အဆင်းရူပကာသည် တောရွာ နှင့် မတန် ဟု ပင် သဘောထားလေသည် ။

“ ဟေ့ ငါ့ သမီး လိုချင်ရင် ရွှေလှည်း နဲ့ ခေါ်နိုင်မှရမယ် ”

ဤသို့ပင် ခပ်တင်းတင်း မကြားတကြား ပြောလေ့ ရှိရာ ပူနာတေးရွာ ထဲ မှ လုလင်များ မှာ ဇက်ပု၍ ပြန်ခဲ့ရသည် ချည်း ဖြစ်၏ ။

ကြာဝတ်ဆံ ၏ လှပမှု သတင်း မှာ အလွန်ပင် ကျော် ကြားလာရာ ဤ ရွာကလေး ကို အစိုးရသော မြို့စားကြီး ဦးဗိုက်ဖောင်း ၏ နား သို့ ရောက် လာတော့သည် ။ ဦးဗိုက်ဖောင်း သည် အသက် ကြီးရင့်လှပြီ ဖြစ်၏ ။ ဝမ်းဗိုက်ကြီး ပူဖောင်းကာ အသားမည်းမည်း နှင့် အရုပ် ဆိုးလှသည် ။ ဤကြားထဲ တွင် နှုတ်ခမ်းမွေး ဖုတ်သိုက်ကြီး က ကြောက်မက်ဖွယ် ကောင်းသော ရုပ်အဆင်း ကို အင်အား ထပ်ဖြည့် ပေး၏ ။ သို့သော် သူ ကား သူ ပိုင်သော ရွာများ ထဲ က လှပသော မိန်းကလေး မှန် လျှင် လက်ထပ် ယူထားရာ မိန်းမ တစ်ဒါဇင်ကျော်ရှိသူ ဖြစ်သည် ။ မည်သည့် မိန်းကလေး က မှ သူ့ ကို မေတ္တာ မရှိချေ ။ သို့သော် သူ ကား အဓမ္မလက်ထပ်ခြင်း ဖြစ်၏ ။

သူ့ အနား တွင် တန်ခိုး ကြီးလှသော မှော်ဆရာကြီး ဦးညစ် ရှိနေသဖြင့် မည်သည့် ရွာသားများ မှ သူ့ ကို မလှန် ဝံ့ကြချေ ။ သူ ပြုသမျှ ငြိမ်ခံကြရသည် ချည်းပင် ဖြစ်၏ ။

ဦးဗိုက်ဖောင်း သည် ကြာဝတ်ဆံ ၏ သတင်း ကို ကြား သော် နှုတ်ခမ်းမွေးကြီး ထောင် အောင် ပင် အော်ရယ်မိသည် ။

“ ဟား ဟား ... ဟား ဟား ... ”

မှော်ဆရာကြီး ဦးညစ် က အလန့်တကြား လှည့် ကြည့်၏ ။

“ မြို့စားကြီး ရယ်ပုံ ထောက် ရင် ဧကန္တ အူမြူးတယ် ထင်တယ် ”

“ ဪ .. ဆရာကြီး နှယ် ၊ ဝမ်းနည်းပက်လက် ဖြစ်လို့ အော်ရယ်ပါ့မလားဗျ ၊ ကျုပ် ကြာဝတ်ဆံ ကို ယူမယ် ”

“ ဘာလုပ်ဖို့လဲ ၊ ဆေး ဖော်ချင်လို့လား ။ ဒီမှာ ကြာဝတ်ဆံ ယူဖို့ဟာ ဒီလို အော်ရယ်ဖို့ မလိုပါဘူး ။ ရေကန် ထဲ သွား ခူးရင် ပြည့်လို့ ”

“ ဟာ .. ဆရာကြီး က တလွဲတချော်တွေ တွေးတာကိုး ”

“ ဘယ့်နှယ် တလွဲတချော်တွေ တွေးရမှာလဲ ။ ကြာဝတ်ဆံ လိုချင်ရင် ကန်ထဲ သွား ရမှာပေါ့ ။ တောင်ထိပ် သွား လို့ တောင်ထိပ်မှာ ကြာပေါက်တာမှ မဟုတ်တာ မြို့စားကြီး သတိ ကောင်းတယ်နော် ”

“ ကောင်းပါတယ်ဗျ ။ ဒီမှာ ဆရာကြီး ကြာဝတ်ဆံ ဆိုတာ လူ ဗျ ”

“ ဟယ် .. နှာမှုတ် မှ ဖြစ်တော့မှာပဲ ”

ဦးညစ် သည် ဦးဗိုက်ဖောင်း  စိတ်ဖောက်ပြန်သည် ထင်၍ နှာဆေး ဖြင့် နှာခေါင်းထဲသို့ မှုတ်ရန် ဆေးဘူး ရှာ တော့၏ ။ တစ်ချီ ဆိုလျှင် ဆိုသလောက် ဆွေမေ့ မျိုးမေ့ ဖြစ်ရပါသော နှာ ကို ဦးဗိုက်ဖောင်း သည် ကြောက်၏ ။ ထို့ကြောင့် သူ သည် ပျာယီးပျာယာ ပင် ဦးညစ် ၏ လက်မောင်း ကို ဆုပ်ကိုင်သည် ။

“ ဆရာကြီး ... ဆရာကြီး .. သတိထားပါ ”

“ ဟာ .. အခြေအနေ ပို ဆိုးနေပြီကော ၊ နှာ နဲ့ မရတော့ ဘူး ၊ ဆေးကြိမ်လုံး နဲ့ ရိုက် မှ ဖြစ်တော့မှာပဲ ”

“ မလုပ်ပါနဲ့လေ ကျုပ် ပြောပါရစေဦး ၊ စောစောက ကျုပ် ပြောနေတဲ့ ကြာဝတ်ဆံ ဆိုတာ ပူနာတေးကျေးရွာ က ဦးဖြူ နဲ့ ဒေါ်ပျူငှာ တို့ရဲ့ သမီး ကို ပြောတာ သူ့ နာမည် က ကြာဝတ်ဆံ တဲ့ ”

“ ဘယ်သူ့ နာမည် လည်း ဦးဖြူ ရဲ့ နာမည်လား ”

“ မဟုတ်ဘူး ... ဒေါ်ပျူငှာ ရဲ့ နာမည်ပေါ့ ”

ကြောက်ကြောက်နှင့် ပျာယီးပျာယာ ပြောရသဖြင့် ဦးဗိုက်ဖောင်း သည် စကား မှားသွားရသည် ။ ဤတွင် “ သေချာပါပြီ ” ဟုဆိုကာ ဦးညစ် သည် ခေါင်းရင်း နံရံ က ဆေးကြိမ်လုံး ကို ထ ၍ ဆွဲသည် ။ ဦးဗိုက်ဖောင်း က လက်မီရာ ဆွဲရာ တောင်ရှည်ပုဆိုးကို  ဆွဲမိ၍ ပုဆိုးကြီး ပြေကျ၏ ။

“ တယ် .. နင် ဦးဗိုက်ဖောင်း မဟုတ်ဘူး ”

“ ဟုတ်ပါတယ် ”

“ မဟုတ်ပါဘူး ”

“ ဒါဖြင့် ဘယ်သူလဲ ”

“ ဒါတော့ ငါ လည်း မသိဘူး ၊ ပူးတော့ ပူးနေပြီ ဘာပူး နေမှန်းမသိဘူး ။ ဒါကြောင့်သာ ငါ့ ကို ပုဆိုး ဆွဲ ချွတ် တာပေါ့ ။ ဘာပူးပူး ကြိမ်လုံး နဲ့ ရိုက်ရင် ကွာရမှာပဲ ”

“ ဆရာကြီး ကျုပ် မှာ ဘာမှ မပူးဘူး ”

“ နင် ဘယ့်နှယ် သိသလဲ ”

“ ဟာ .. ပူးနေမှ တော့ ကျုပ် အိုက်စပ်စပ်ကြီး ဖြစ်လာရမှာပေါ့ ”

“ ထက်ထရီ .. စကား မများနဲ့ ။ ကြိမ်လုံး ဆွဲလို့ မရရင် ဒူး နဲ့ တိုက်မှာပဲ ။ မော့ပေးစမ်း နင့် မေးရိုး ”

“ မလုပ်ပါနဲ့ ဆရာကြီး ရယ် ၊ ကြာဝတ်ဆံ ဆိုတာက ဒေါ်ပျူငှာ ရဲ့ သမီးဗျ ၊ သိပ် လှတယ်တဲ့ ။ အဲဒါ ကျုပ် လိုချင်လို့ ”

ဤတွင် မှ ဦးညစ် သည် ပြန်ထိုင်၏ ။ ထို့နောက် ထန်းခေါက်ဖာ ထဲ မှ ဖန်လုံးကြီး တစ်လုံးကို ထုတ်လိုက်ပြီး ဖန်လုံး ထဲ တွင် ကြည့်သည် ။ ကြာဝတ်ဆံ ကလေး ၏ ပုံ သည် ပေါ်လာ၏ ။

“ ဟာ ဟုတ်တယ် ၊ သိပ်လှတဲ့ မိန်းကလေး မြို့စားကြီး အခု ယူ ထားပြီးသားတွေ ထက် သာတယ် ”

“ ဒါဖြင့် ကျုပ် သွားယူမယ် ၊ ရခဲ့ရင် ဆရာကြီး ကို ရွှေ တစ်ပိဿာ ကန်တော့မယ် ”

“ သာဓု သာဓု သာဓု ၊ မောင်မင်းကြီးသား ရရပါစေ့မယ် ။ ကျုပ် က မေတ္တာပို့နေမှာပါ ။ ကျုပ် မေတ္တာ က စူးရှတယ်ဗျ နော် ”

မကြာမီပင် မြို့စားကြီး ဦးဗိုက်ဖောင်း သည် ကြာဝတ်ဆံ ကို တောင်းရမ်းဖို့ အတွက် ပူနာတေးကျေးရွာ သို့ လာတော့မည့် အကြောင်း ရွာ ထဲ တွင် သတင်းပျံ့နှံ့ သွား လေတော့သည် ။ သတင်း ကြားကြားချင်းပင် ဒေါ်ပျူငှာ သည် မေ့မျော သွား၏ ။ သမီး ငယ်ငယ်ရွယ်ရွယ်ကလေး ကို အဘိုးအို အရုပ်ဆိုးကြီး နှင့် အဘယ်မှာ ပေးစားချင် ပါလိမ့်မည်နည်း ။

သတိရသော အခါတွင် ဒေါ်ပျူငှာ သည် တောအုပ် သို့ ပြေးလေ၏ ။ အခန့်သင့်ပင် ပန်းဝတ်မှုန်နတ်သမီးလေး နှင့် တွေ့ရသည် ။

“ အဒေါ်ကြီး ... ဘာဖြစ်လာပြန်ပြီလဲ ”

ဒေါ်ပျူငှာ သည် အကျိုးအကြောင်း ကို ပြောပြသည် ။ သူ့ စကား ဆုံးသောအခါ နတ်သမီးကလေး က ပြုံး၍ ပြော၏ ။

“ စိတ်ချလက်ချ ပြန်ပါ .. အဒေါ်ကြီး ရယ် ။ ပန်းဝတ်မှုန် ဒီက နေပြီး တန်ခိုး နဲ့ လုပ်ပေးပါ့မယ် ။ ဦးဗိုက်ဖောင်း  ဟာ ကြာဝတ်ဆံ ကို မယူစေရပါဘူး ”

“ ကျေးဇူး တင်လိုက်တာ ပန်းဝတ်မှုန်လေး ရယ် ”

ဒေါ်ပျူငှာ သည် ကျေနပ်စွာ အိမ် သို့ ပြန်လာလေ၏ ။

သုံးလေးရက်ခန့် ကြာသောအခါ ပူနာတေးရွာကလေး သို့ ဦးဗိုက်ဖောင်း ရောက်ရှိလေ၏ ။ ရောက် ရောက်ချင်းပင် ကြာရှည် မဆိုင်းဘဲ သူကြီး ကို ခေါ်၍ ကြာဝတ်ဆံ ကို အကြည့် လာတော့သည် ။

“ သမီး ရေ .. မြို့စားကြီး ကို ထွက်ဧည့်ခံပါ ”

ဦးဖြူ သည် ကြောက်ရ သဖြင့် သမီး ကို ခေါ်ထုတ်ရ ၏ ။ ကြာဝတ်ဆံကလေး လည်း မနေသာသဖြင့် အခန်း ထဲ မှ ထွက်ခဲ့ရတော့သည် ။

ဦးဗိုက်ဖောင်း သည် ကြာဝတ်ဆံ ကို ကျွတ်ထွက် မတတ်သော ပုစွန်မျက်စိမျိုး ဖြင့်ကြည့်၏ ။ သူ့ မျက်စိထဲ တွင် ထူးထူးဆန်းဆန်း တွေ့ မြင်ရတော့သည် ။

ကြာဝတ်ဆံ ၏ နှုတ်ခေါင်းကြီး သည် တစ်လံလောက် ရှည်ထွက် လာပြီး အဖျား မှာ ဆင်နှာမောင်း ကဲ့သို့ လိမ်တွန့်လိမ်တွန့် ဖြစ်နေသည် ။ နားရွက်ကြီးများ မှာ ဘေးသို့ အဆမတန် ကား ၍ တဖျပ်ဖျပ် လှုပ်နေသည် ။ မျက်လုံး မှာ ကား ဆီးဖြူသီးလောက်ကလေး ရှိ၏ ။

ဦးဗိုက်ဖောင်း သည် အလန့်တကြား အော်ဟစ်၍ ပြန် ပြေး လေတော့သည် ။

သူ့ အိမ် ပြန်ရောက်သော် မှော်ဆရာကြီး ဦးညစ် က အံ့အားသင့်၍ ဆီး မေး၏ ။

“ ဟင် ... မြို့စားကြီး ကြာဝတ်ဆံ ကို မတွေ့ခဲ့ဘူးလား ”

“ ဟာ ... တွေ့ ခဲ့ပါသော်ကော.. ။ သောက်ရုပ်က ဆိုးပါ ဘိသနဲ့ ”

ဦးညစ် သည် နံရံ က ကြိမ်လုံး ဆီသို့ မျက်စိ တစ်ချက် ရောက်သွား၏ ။ နောက်မှ စိတ် ကို ထိန်းကာ ဦးဗိုက်ဖောင်း ဘက် လှည့်၍ ပြောပြန်သည် ။

“ ဘာ စကား ပြောတာလဲ ၊ ကျုပ် မျက်စိ နဲ့ တပ်အပ် ကို ဖန်လုံး ထဲ မှာ မြင်ထားတာ ၊ တကယ် လှတယ်ဗျ ”

“ ဟာ ... ဆရာကြီး က ဆင်မတွေ ကို ကြိုက်တတ် တယ်ထင်တယ် ။ ဒီတော့ ဆရာကြီး မျက်စိ ထဲ မှာ လှနေ တာပေါ့ ”

ဦးညစ် သည် နံရံ ကို လှမ်းကြည့်ပြန်၏ ။ ထိုအခါ ဦးဗိုက်ဖောင်း သည် ချက်ချင်း မျက်နှာချို သွေးလိုက်၏ ။

“ ဆရာကြီး ထရံကို သိပ် မကြည့်ပါနဲ့ ကျုပ် ဆီးအောင့် သလို ဖြစ်ဖြစ် သွားတယ် ။ ဒီမှာ ကျုပ် မျက်စိ ထဲ မှာတော့ တကယ် ရုပ်ဆိုးတဲ့ သူငယ်မ ဆိုတာ အမှန်ပဲ ”

“ ဘယ်လို ဖြစ်တာပါလိမ့် ”

ဦးညစ် သည် ဖန်လုံးကြီး ကို ထုတ်၍ ကြည့်ပြန်၏ ။

“ ဟာ .. သိပြီ ပန်းဝတ်မှုန်နတ်သမီး ကြောင့် ဖြစ်တာ ကိုး ၊ ကောင်းပြီ .. သူတို့ ရွာ နား က တောအုပ် ကို သွား ၊ ပန်းပွင့်တွေ ကြား မှာ ခရမ်းရောင်ပန်းပွင့်ကြီး တစ်ပွင့် ရှိ တယ် ။ အဲဒါကို ရေနွေး နဲ့ လောင်းရင် ပန်းဝတ်မှုန်နတ်သမီး ထွက်လာရမယ် ။ ဒီတော့ ဟောဒီ ချည်မန်းကွင်း နဲ့ စွပ်လိုက် ၊ ဒင်းဟာ မျက်လုံးလေး က လွဲရင် တစ်ကိုယ်လုံး ကျောက်ရုပ် လို တောင့်တောင့်ကြီး ဖြစ်သွားလိမ့်မယ် ။ အဲဒီ အခိုက်မှာ ကြာဝတ်ဆံ ကို သွား ကြည့်တော့ ။ နဂို အတိုင်း မြင်ရမယ် ”

ဦးဗိုက်ဖောင်း သည် တပည့် အချို့ နှင့် အတူ တောအုပ် သို့ ရောက်လာရ ပြန်လေတော့သည် ။ ဦးညစ် မှာကြား လိုက်သည့် အတိုင်းပင် ခရမ်းရောင် ပန်းပွင့်ကြီး ကို ရှာဖွေ တွေ့ရှိ၍ ရေနွေး ဖြင့် လောင်းရာ ပန်းဝတ်မှုန်နတ်သမီး လေးသည် ထွက်ပေါ်၍ လာရတော့၏ ။ ထိုအခါ ဦးဗိုက်ဖောင်း သည် ချည်မန်းကွင်း နှင့် စွပ်လိုက်ရာ နတ်သမီးကလေး မှာ ကြောက်ရုပ် သဖွယ် တောင့်တင်း၍ မလှုပ်နိုင် မယှက်နိုင် ဖြစ်သွား လေသည် ။

ဤတွင်မှ ဦးဗိုက်ဖောင်း သည် ပူနာတေးရွာ ထဲ သို့ သွားကာ ကြာဝတ်ဆံ ကို သွား ကြည့်ပြန်လေ၏ ။ ဤတစ်ကြိမ်တွင် ကား ကြာဝတ်ဆံ လေး ၏ လှပပုံ ကို ရင်သပ်ရှုမော တွေ့ရှိရတော့သည် ။

“ ကြိုက်သဟ .. ငါ ယူမယ် ”

ဦးဗိုက်ဖောင်း သည် နေ့ချင်းပင် လက်ထပ် ၍ ခေါ် ငင်သွားမည် ဟု ဆိုသည် ။ ဦးဖြူ နှင့် ဒေါ်ပျူငှာ တို့ သာမက ကြာဝတ်ဆံကလေးပါ စိတ်သောက ရောက်ကြရတော့ ၏ ။ တစ်ရွာလုံး က လည်း စိတ်မကောင်း ဖြစ်ကြသည် ။

ထိုအချိန်ဝယ် တောအုပ် ၏ တစ်ဖက်တွင် ရှိသော ပူနာတေးရွာကလေး မှ မောင်ရိုးသား သည် တောအုပ် ထဲ သို့ ဖြတ်လျှောက်လာသည် ။ သူ့ မိခင် ၏ စေခိုင်းချက်အရ အရွယ်ရောက်ပြီ ဖြစ်၍ ပန်းဝတ်မှုန်နတ်သမီးကလေး ကို ကန်တော့ရန် လာခြင်း ဖြစ်သည် ။

သို့သော် ပန်းဝတ်မှုန်နတ်သမီးကလေး ကို တွေ့ရ သောအခါ ကျောက်ရုပ် သဖွယ် ဖြစ်နေသည် ကို တွေ့ရတော့၏ ။

“ ဟင် ... ဘယ်လို ဖြစ်တာပါလိမ့် ”

နတ်သမီးကလေး ကား စကား ပြန် မပြောနိုင်ဘဲ မျက်ရည်များသာ တွေတွေကျလာ၏ ။ မောင်ရိုးသား လည်း စိတ်ညစ်ညစ် နှင့် ညည်း မိသည် ။

“ လာသာ လာရ ... တောက် အရာ မရောက်ပါလား ”

“ ဟာ .. ရောက်လိုက်တာမှ ခွပ်ခနဲ ကိုရောက်တာ ပေါ့ ။ ငါ့ ကို တ,မယ့် သူရှာနေတာ ။ ငါ က တတိုင်း ရောက် တဲ့ အရာ ကွာ ”

မောင်ရိုးသား က ချာခနဲ လှည့်ကြည့်၏ ။ နတ်ပုလေး ကို တွေ့ရသည် ။

“ ဟာ .. ခင်ဗျား က လူစဉ် မမီလှပါလားဗျ ”

“ ဟေ့ .. ငါ က နတ်ပုကွ ၊ နတ်ပုစဉ်ပဲ မီတယ် ။ လူစဉ် ကို ငါ ဂရု မစိုက်ဘူး ”

“ ဒါထက် ပန်းဝတ်မှုန်နတ်သမီး ဘာဖြစ်သလဲ ”

“ ငညစ် စက်ကွင်း ထိတာပေါ့ကွာ ၊ ကဲ မင်း က လူပဲ ၊ သူ့ မှာ စွပ်နေတဲ့ ချည်မန်းကွင်းကြီး ဖြုတ်ပစ်လိုက်ပေါ့ ”

မောင်ရိုးသား သည် နတ်သမီးကလေး တွင် ရစ်ပတ် နေသော အပ်ချည်ကြိုး ကို ဆွဲဖြုတ် ပစ်လိုက်၏ ။ တစ်တောလုံး က ကျေးငှက်များ ၏ တေးသံများ ဆူညံ သွား၏ ။ ခေါင်းငိုက်စိုက် ကျနေသော ပန်းပွင့်များ ပြန် ထောင်လာ ကာ လေ တွင် ဦးလည်တိမ်း ၍ ယိမ်း ကကြတော့သည် ။

ပန်းဝတ်မှုန်နတ်သမီးကလေး လည်း ရွှင်လန်းသွား၏ ။

“ ကျေးဇူးတင်ပါတယ် မောင်ရိုးသား ရေ .. မင်း အမေ သားဆု လာပန်တုန်း က ပန်းဝတ်မှုန်သားဆု ပေးလိုက်ရ ကျိုး နပ်ပြီပေါ့ကွယ် ။ ဒါပေမဲ့ ငါ ဆုပေးထားတဲ့ ကြာဝတ်ဆံကလေး အရေး က ရှိသေးတယ် ”

“ ကြာဝတ်ဆံ  ရှူချင်လို့လား ။ ကျွန်တော် သွား ခူး ပေးမယ်လေ ”

“ မဟုတ်ပါဘူး မောင်ရိုးသား ရယ် ၊ ကြာဝတ်ဆံ ဆို တာ က ပူနာတေးရွာ ထဲက မိန်းကလေး ရဲ့ နာမည်ပါ ။ သူ ဟာ လည်း မင်း လိုပဲ ငါ ဆုပေးထားတဲ့ ကလေးမ ပဲ ။ မင်း သူ့ ကို မြင်ရင် မေတ္တာ ရှိမှာပဲ ။ ခုတော့ သူ့ခမျာ မင်း တို့မြို့စားကြီး ဦးဗိုက်ဖောင်း က အတင်း ယူမယ် ဆိုလို့ ဒုက္ခ ရောက် နေရှာတယ် ။ ဒီတော့ မင်း သွားချည် ။ ဦးဗိုက်ဖောင်း ရဲ့ လက် က ကြာဝတ်ဆံ ကို ကယ်တင်ချည်တော့ ။ ဟဲ့ .. အရာ သူ့ ကို ဓားပေးလိုက် ”

ပန်းဝတ်မှုန်နတ်သမီးလေး က အမိန့် ပေးလိုက်သည် နှင့် တစ်ပြိုင်နက် အရာ သည် မြေကြီး ကို ဖနောင့်ဖြင့် တစ်ချက် ပေါက်၍ လေထဲ သို့ လက် ကို ဟန်ပါပါ ဆွဲယမ်း ယူငင်ပြီး “ ကဲ .. လာလေရော့ ဓား ” ဟု ဆိုလိုက်ရာ သူ့ လက် ထဲ တွင် ကြက်သွန်လှီးသော ဓားပါးကလေး တစ်စင်း ပါလာလေ၏ ။

နတ်သမီးကလေး စိတ်ပျက် သွားရသည် ။

“ ဟယ် ... အရာ က လည်း မောင်ရိုးသား က အလှူ မှာ သွား ကူလုပ် ပေးဖို့မှ မဟုတ်တာ ။ ရန်သူတွေ နဲ့ ရင်ဆိုင် ရရင် ခုတ်ဖို့ဓား ပေးပါကွဲ့”

“ လှမ်း ဆွဲတုန်းကတော့ ဓားရှည်ကြီး ပါပဲ ။ ဘယ့်နှယ် ကြီး ပါလာမှန်း မသိဘူး ၊ ကဲ .. ဒီတစ်ချီ ပြတ်ပြတ်သား သားဆွဲမယ် ။ လာလေရော့ ငှက်ကြီးတောင်ဓား ”

အရာ သည် မြေကြီး ကို ဖနောင့် ဖြင့် ပေါက်၍ ထပ်ဆွဲရာ ငှက်ကြီးတောင်ဓားကြီး ပါလာပြီး သူ သည် လည်း မြေကြီး ပေါ် သို့ ခွေကျ သွားလေ၏ ။ မောင်ရိုးသား သည် ကပျာကယာ ဓား ကို ယူပြီး လွယ်လိုက် မှ ဓား ပိနေ သောအရာ သည် မျက်နှာ ရှုံ့မဲ့၍ ပြန် ထ လာနိုင်၏ ။

“ တော်သေးတာပေါ့ ၊ ယဇ်ပူဇော်တဲ့ ဓားမကြီး သာ ယူရရင် ငါ တော့ တစ်နေရာ ထဲမှာ အသက်ပျောက်မှာပဲ ”

နတ်သမီးလေး သည် သူ့ ကို ဂရုမစိုက်နိုင်ပဲ မောင်ရိုးသား သို့ သာ စကား မြန်မြန် ပြောသည် ။

“ ကဲ.. မြန်မြန် သွားပါ မောင်ရိုးသား ရယ် ။ တော်တော်ကြာ အချိန် နှောင်းသွားပါ့မယ် ”

“ ဒါပေမဲ့ ကျွန်တော် က ဓား မှ မခုတ်တတ်တာ ”

“ ကိစ္စ မရှိပါဘူးကွယ် ... ပိတုန်း ကို လွှတ်လိုက်ပါ့ မယ် ။ ပိတုန်း က မင့် လည်ကုတ် ကို တုတ် ရင် မင်း လူ တစ်ယောက်တော့ ကောင်းကောင်း နိုင်ပါလိမ့်မယ် ။ ပိတုန်း က မင့် ကို လိုရင် လိုသလို တုတ်နေပါလိမ့်မယ် ။ စိတ်သာချပါ ”

နတ်သမီးကလေး က တိုက်တွန်းလှ သဖြင့် မောင်ရိုးသား သည် လည်း ပူနာတေးရွာ သို့ ထွက်ခဲ့ရ၏ ။ မကြာမီ ပင် ပိတုန်း တစ်ကောင် သည် ပန်းပွင့်များ အကြားမှ ထွက်ကာ သူ့ နောက်ဆီ သို့ လိုက်ပါသွားလေတော့သည် ။

မြို့စားကြီး ဦးဗိုက်ဖောင်း သည် မျက်နှာကြီး ရွှင်ပြ ရယ်မော နေသော်လည်း သူ့ ဘေးနားက ကြာဝတ်ဆံ မှာ ခေါင်း ငုံ့၍ တရှုတ်ရှုတ် ငိုနေ၏ ။

“ အောင်မာ ... မင်း ငိုရလှ ဒီ တစ်ရက်ပါပဲ ။ မြို့ ရောက်ရင် ပျော်သွားမှာ ။ ကဲ .. ကဲ .. မင့် မိဘတွေ ကို ကန်တော့ ”

ဦးဗိုက်ဖောင်း ကား ကျေနပ်စွာ ရယ်မောပြော၏ ။ ကြာဝတ်ဆံ သည် ငိုရာက မိဘများ ကို ကန်တော့သည် ။ ဦးဖြူ နှင့် ဒေါ်ပျူငှာ တို့သည် ဝမ်းနည်းပက်လက် ကြေကွဲရာက ဆုပေးကြရ၏ ။ ဝိုင်း ထိုင်နေကြသော ရွာသူကြီး နှင့် လူကြီးသူမများ လည်း မျက်နှာ မကောင်းကြချေ ။ ထိုခဏတွင် မောင်ရိုးသား သည် ခြံဝင်းဝ မှ လှမ်းပြော၏ ။

“ အားလုံး ... ရပ်ကြပါ ... မင်္ဂလာပွဲ မဖြစ်ပါဘူး ”

လူများ သည် အိမ် ထဲ မှ ထွက်လာကြ၏ ။ အံ့အားသင့် နေကြသည် ။ ဦးဗိုက်ဖောင်း သည် ဓားလွယ် နှင့် မောင်ရိုးသား ကို မှုန်တေတေ ကြည့်၏ ။

“ မင်း က ဘယ်က ကောင်လဲ ”

“ ကျွန်တော် က ပါနာတေးရွာ ကပါ ”

“ ဪ .. ဒီ ရွာကပဲပေါ့ ”

“ ဘာဆိုင်လို့လဲ ၊ ဒီ ရွာ က ပူနာတေး ၊ ကျွန်တော် က ပါနာတေးရွာ က မောင်ရိုးသား ပါ ”

“ ပူနာတေး ပါနာတေး ဟာ ၊ တော်တော် ညံ့တဲ့ နာမည်တွေ ပါလား ”

“ နို့ ...  မြို့စားကြီး ရဲ့ မြို့ က ကော ဘာတုံး ”

“ ငါ့ မြို့ က ပိန်နာတေး ၊ ပူနာတေး ၊ ပါနာတေး ... ပိန်နာတေး အို ရှုပ် လိုက်တာကွာ ။ ဒါထက် မင်း က ဘာ လာလုပ်တာလဲ ”

“ မင်္ဂလာပွဲ ဖျက်တယ် ”

ကြာဝတ်ဆံ သည် ပြေးထွက် လာ၏ ။ မောင်ရိုးသား သည် ကြာဝတ်ဆံ ကို မြင်သော် မြင်မြင်ချင်း မေတ္တာ သက်ဝင် သွားသည် ။ ထိုနည်းတူစွာပင် ကြာဝတ်ဆံ က လည်း မောင်ရိုးသား ကို မြင်မြင်ချင်း မေတ္တာ ရှိသွား၏ ။

“ မင်းက ဘာဖြစ်လို့ ဖျက်ရတာလဲ ”

“ ဒီမှာ သတို့သား က ကျွန်တော် ဖြစ်ရမယ် ”

“ အောင်မယ် ကြီးကျယ်လိုက်တာ ငါ့ ကို အန်တုတာ ပေါ့လေ ။ ကဲ .. တပည့်တို့ အကြောင်း ပြလိုက်စမ်း ”

ဦးဗိုက်ဖောင်း ၏ တပည့် သုံးယောက် သည် ဓားကိုယ်စီ နှင့် ထွက် လာကြ၏ ။ မောင်ရိုးသား မှာ ဓား ကို သာ ဆွဲ ထုတ်လိုက်သည် ။ ဘယ်က စ ၍ ခုတ်ရမှန်းမသိ ။ တပည့် တစ်ယောက် လှမ်းခုတ်သော ဓား ကို လက်ကြီး နှစ်ဖက်စုံ ကိုင်၍ ပြန် ပက်ထုတ်ရာ ကျန် တပည့်နှစ် ယောက် မှာ အော်ရယ်ကြလေ၏ ။ ကြာဝတ်ဆံ ကို မေတ္တာ ရှိသွားပြီ ဖြစ်သောကြောင့် မောင်ရိုးသား သည် သေချင်သေပါစေတော့ ဟု သဘောထားကာ မခုတ်တတ် သော်လည်း ကြိုးစား၍ ရဲရင့်စွာ ပင် ခုတ်သည် ။

ထိုခဏတွင် ပိတုန်း တစ်ကောင် သည် ရုတ်တရက် ရောက်လာကာ မောင်ရိုးသား ၏ လည်ကုပ် ကို ဝင် တုတ် ၏ ။ ချက်ချင်းပင် မောင်ရိုးသား သည် ဓားရေး ကျွမ်းကျင် သူ ဖြစ်သွားကာ သွက်သွက်လက်လက် ခုတ်လေရာ ၊ ဦးဗိုက်ဖောင်း ၏ တပည့် မှာ သွေးအိုင်ထဲ  တွင် လဲကျ နေတော့သည် ။

ဒုတိယ တပည့် သည် ဝင်လာ ပြန်လေ၏ ။ မောင်ရိုးသားမှာ မခုတ်တတ်တော့ ပြန်ကာ ဟိုယမ်းသည်ယမ်း နှင့် ဓား ကို ယမ်းသည် ။ ထိုခဏတွင် ပိတုန်း က လည်ကုပ် ကို ဝင် တုတ်ပြန်၍ ချက်ချင်း တချွင်ချွင် ခုတ်ပြန်သည် ။ ဒုတိယ တပည့် သည် မျက်လုံးမျက်ဆံပြူး ကာ ချက်ချင်းကြီး ပြောင်းလဲ သွားသဖြင့် ဘာ လုပ်ရမှန်း မသိဖြစ် သွားရ တော့သည် ။ မကြာပါ ။ သူ သည် လည်း သွေးအိုင် ထဲ တွင် လဲကျရတော့သည် ။

ဦးဗိုက်ဖောင်း ကား မျက်လုံးများ ပြူးလာ၏ ။

တတိယ တပည့် သည် ရှေ့တိုး လာပြန်သည် ။ သို့ သော် သူ သည် ချိန်ချိန်ဆဆတော့ ဖြစ်နေ၏ ။ မောင်ရိုးသား မှာ မခုတ်တတ်ပြန် ဖြစ်ရကာ ဓားရိုး ကို လက်နှစ်ဖက် ဖြင့် ဆုပ်ကိုင်သည် ။

ပိန်နာတေးမြို့ မှ မှော်ဆရာကြီး ဦးညစ် သည် ဖန်လုံး ထဲ တွင် ကြည့် နေရာက မျက်နှာကြီး နီလာသည် ။

“ အောင်မာ ... ဒင်းတို့ က ဒီလိုကိုး ၊ ကောင်းပြီ ဟိုကောင် ကို ဖန်ပေါင်းချောင် စွပ်လိုက်မယ် ”

မောင်ရိုးသား သည် ဓား ကို စုံယမ်းနေ၏ ။ ထိုခဏ တွင် ပိတုန်း သည် သူ့ ထံ ပြေးဝင်လာသည် ။ သို့သော် ဤတစ်ချီတွင် ကား မောင်ရိုးသား နား သို့ ကပ်၍ မရတော့ ချေ ။ ကြား က တစ်စုံတစ် ခုခံနေရ သလို ဖြစ်ကာ လန်လန် ထွက်သွားရ၏ ။

မောင်ရိုးသား ၏ လက် မှာ မသွက်တော့ သဖြင့် တတိယတပည့် သည် ရဲရဲတင်းတင်း ခုတ်တော့ရာ မောင်ရိုးသား ၏ လက်မှ ဓား သည် လွင့်ထွက်သွားလေ တော့သည် ။ ဘေးက ကြည့်နေသူများ “ ဟား ” ခနဲဖြစ်သွား ၏ ။ ကြာဝတ်ဆံ မှာ ရင် ကို လက်ဖြင့် ဖိကာ မျက်ရည်ဝိုင်း လာသည် ။

ထိုအခိုက်တွင် ပိတုန်းသည် ဘာမပြော ညာမပြော နှင့် ဒေါ်ပျူငှာ ၏ လည်ကုပ် ကို ဝင် တုတ်လိုက်၏ ။

“ အောင်မယ် ... လူ လုပ်လို့ ၊ ကြောင် ခုပ်လို့ ”

ဒေါ်ပျူငှာ သည် တင်းမာသော မျက်နှာထား ဖြင့် ကြုံးဝါးကာ ထဘီ ကို ခါးတောင်းကျိုက် လေတော့သည် ။ တဟားဟား ရယ်မော နေသော ဦးဗိုက်ဖောင်း ပင် အရယ် ရပ်၍ မျက်လုံးတွေ ပြူးသွား၏ ။

ဒေါ်ပျူငှာ သည် လဲကျသေဆုံး နေသော တပည့် တစ်ဦး နား မှ ဓား ကို ကောက်ယူကာ သွက်သွက်လက်လက် ခုတ် လေတော့သည် ။ “ ဟောဗျ ဟောဗျ ” နှင့် အလန့်တကြား အော်ရင်း တတိယတပည့် မှာ ဆုတ်ခံ ခံနေရတော့သည် ။ ဒေါ်ပျူငှာ ၏ လက် ကလည်း ကောင်းလိုက်သည့် ဖြစ်ခြင်း ။ တတိယ တပည့်သည် နောက်ဆုံးတွင် ဘာမျှ မတတ်နိုင်တော့ဘဲ ၊ ဒေါ်ပျူငှာ ၏ ဓားချက်တွင် အသက်ထွက်ရ လေတော့သည် ။

ပိတုန်း ကား ပိန်နာတေးမြို့ကြီး ဆီသို့ တန်း ပျံသွား ကာ ဖန်လုံး ထဲ ကို စိတ်ဝင်စားစွာ ကြည့်နေသော ဦးညစ်  ၏ လည်ကုပ် ကို အလစ် ဝင် တုတ်လေ၏ ။ ဦးညစ် မှာ ချက်ချင်းပင် ဖန်လုံးကြီး ကို လက်နှစ်ဖက်ဖြင့် ကောက် ကိုင်၍ မလှမ်းမကမ်း မှ အစေအပါး တစ်ယောက် ကို ပိတ် ပေါက်လိုက်လေရာ ၊ ဖန်လုံး သည် ထို သူ ၏ ဦးခေါင်း ကို ထိမှန်၍ မြေပေါ်သို့ကျကာ ‘ ဖောင်း ’ ခနဲကျယ်လောင်စွာ မြည်သံဖြင့် အစိတ်စိတ် အမြွာမြွာ ကွဲရှသွားသည် ။ ဖန်လုံး ကွဲသွားသည် နှင့် တစ်ပြိုင်နက် ဦးညစ် သည် အရုပ် ကြိုးပြတ် သလို ပုံကျသွားကာ သေဆုံးသွားလေတော့ သည် ။

ဒေါ်ပျူငှာ ကား ဓားကြီး ကို စုံကိုင်ထားရာ က ငေး ကြောင်ကြောင်ကြီး ဖြစ်နေသော ဦးဗိုက်ဖောင်း ကို ရုတ်တရက် ဝင် ခုတ်လေ၏ ။ အမှတ်မဲ့ ဖြစ်သဖြင့် ဦးဗိုက်ဖောင်း လည်း ဘာမျှ မတတ်နိုင်ဘဲ မြေကြီး ပေါ်သို့ လဲကျ ကာ အသက်ပျောက် သွားရတော့သည် ။

ရွာသားများ အားလုံးသည် ဝမ်းမြောက်ဝမ်းသာ ဖြစ်ကုန်ကြသည် ။

ရွာသူကြီး နှင့် တကွ ရွာ ထဲ မှ လူကြီးသူမများ သည် ဦးဖြူ ၏ အနားသို့ ချဉ်းကပ်၍ ကြာဝတ်ဆံ ကို မောင်ရိုးသား နှင့် သဘောတူပါရန် ပြောဆိုကြတော့၏ ။

“ ကျုပ် ကတော့ ကျေနပ်ပါတယ် ။ သူ့ အမေ သဘော ကို လည်း မေးဦးမှပေါ့ ၊ ဟေ့ .. မပျူငှာ ၊ လာပါဦး ၊ ဟ မင့် ထဘီခါးတောင်းကျိုက်ကြီး လည်း ဖြုတ်စမ်းပါဦး ”

ဦးဖြူ က ပြောလိုက်မှ ဒေါ်ပျူငှာ လည်း သတိရကာ ခါးတောင်းကျိုက် ထားသော ထဘီ ကို ဖြေချရတော့ သည် ။ ပြီးတော့ ရှက်ရှက် နှင့် ရယ်ရင်း “ လည်ကုတ် ကို ပိတုန်း တုတ် လိုက်တာ ဘယ့်နှယ် ဖြစ်သွားမှန်း မသိပါ ဘူးတော် ” ဟုပြော၏ ။

ရွာ ထဲ က လူကြီးတွေ က “ ဘယ့်နှယ် ဖြစ်မှန်းတော့ မသိဘူး ။ ဒါပေမဲ့ အဲဒီ ဘယ့်နှယ်ကြီး က တော်တော် အဆင်ပြေ သွားတဲ့ ဘယ့်နှယ်ကြီးပဲဗျို့ ” ဟု ရယ်၍ ပြော ကြလေ၏ ။

ဦးဖြူက လိုရင်း ကို သာ ပြောပြနေသည် ။

“ ဘယ့်နှယ်ကြီး က ခဏ ထားပါ ဦး ၊ ဒီက သူကြီးမင်း နှင့်တကွ လူကြီးတွေ က ပါ ကြာဝတ်ဆံ ကို ဟောဟို က မောင်ရိုးသား နဲ့ သဘောတူဖို့ ပြောနေကြတယ် ”

“ အဲဒါ ဘာဖြစ်တာလဲ ”

“ မင်း သဘော က ဘယ်လိုလဲ ”

“ ကျုပ် က သဘော တူပါတယ် ။ သမီး က ကျေနပ်ရဲ့လား ”

ကြာဝတ်ဆံ က ခေါင်းညိတ် ပြ၏ ။

ထိုအခါ သူကြီး က “ ကဲ ဒါဖြင့် မင်္ဂလာပွဲ ကို ဆက် လုပ်မယ် ။ လူ နာလို နတ် နာလို တဲ့ မင်္ဂလာပွဲ ဖြစ်ရပြီပေါ့ လေ ” ဟုပြောသည် ။

ထို့နောက် သူတို့ သည် မင်္ဂလာပွဲ ကို ဆက်လက် ကျင်းပသည် ။ ဤတစ်ကြိမ် တွင်တော့ သတို့သား ရော သတို့သမီး ပါ ပြုံးရွှင် နေကြရုံ မက ပွဲလာ ပရိသတ်များ သည် လည်း ရယ်ရယ်မောမော တသောသော ရှိကြသည် ။

မောင်ရိုးသား သည် လည်း ပန်းဝတ်မှုန်နတ်သမီးလေး က ပေးထားသောဆု ဖြစ်ရာ လုလင် ထဲ တွင် အတော် ပင် ရုပ်ရည် ချောမောသူ ဖြစ်သဖြင့် ကြာဝတ်ဆံ နှင့် ရှေ့ သွားနောက်လိုက် ညီလှပေသည် ။

ထုံးစံအတိုင်း ယောင်နောက် ဆံထုံး ပါရမည် ဖြစ် သဖြင့် ကြာဝတ်ဆံ သည် မောင်ရိုးသား ၏ နောက်သို့ လိုက်ရန် မိဘများ ကို ကန်တော့၏ ။ မောင်ရိုးသား က လည်း ကန်တော့သည် ။

ဤ တစ်ကြိမ်တွင် ကား မိဘများ သည် ကျေနပ်ရွှင် လန်းစွာ ဆုပေးကြ၏ ။ ထို ခဏတွင် ခြူသံလွင်လွင် ကြား ရလေရာ အားလုံး လှည့် ကြည့်မိကြသည် ။

အိမ်ဝင်းဝတွင် ရွှေရောင်နွားကြီး တစ်ယှဉ်း ဆွဲသော ရွှေလှည်းကလေး သည် လူ မပါဘဲ လာရောက် ရပ်နေ သည် ။ လှည်းဦးပန်း တွင် ပေရွက်ကလေး တစ်ရွက် ချိတ် ထားသည်ကို တွေ့ ရသဖြင့် ဖတ်ရှု ကြည့်ကြရာ “ ပန်းဝတ်မှုန် က ပေးသော လက်ဖွဲ့ ” ဟူသော စာကလေး ကို တွေ့ ကြရလေ၏ ။

“ ကဲ .. ငါ မပြောဘူးလား ။ ငါ့ သမီး ကို ရွှေလှည်း နဲ့ ခေါ်နိုင် မှ သဘော တူမယ် ဆိုတာ ”

ဦးဖြူ က ပါးစပ်ကြီး ဖြဲ၍ အားရပါးရ ပြောလိုက်လေ တော့သည် ။

⎕ ကြပ်ကလေး

📖 ပျော်ရွှင်ဖွယ် ဟာသပုံပြင်များပေါင်းချုပ် ( ဒုတိယတွဲ )

.

ခေါင်းပုတ်တမ်း


 

❝ ခေါင်းပုတ်တမ်း ❞
     ( ကြည်အေး )

“ သည် တစ်ခါ တော့ ကိုယ့် ဖို့ မိန်းကလေး လိုချင်သည် ” လို့ မမြသစ် ကြွေးကြော် နေသည် ။ သားဦး တုန်း က “ ဖေဖေ့ ဖို့ သားကြီး သြရသ မွေးမှ ဖြစ်မည် ” လို့ ဆိုခဲ့၏ ။

ပြီးတော့ သား ပဲ မွေးခဲ့သည် ။ သား ဖြစ်ရမည်ရယ် လို့ အတပ် စွဲကာ အဝတ်အစား ကလေးတွေ က အစ ယောက်ျားလေး ပုံစံ ကို ချုပ်လုပ် ခဲ့လေသည် ။

သိုးမွေးဝတ်စုံ ကို ထိုး ပြန်တော့ သုံးပင်လိမ် ဘေဘီစူးလ် အပြာရောင် မှ ရွေးချယ်ပြီး ဖဲပြားအစား ပန်းပွား တပ်ရသည် ။

ဂွမ်းစောင် ဝယ်ပြန်တော့ နားရွက်ကြီးတွေ ဧရာမ နှင့် ယုန်မိသား တစ်စု ကစားပုံ ပါ သော တစ်ဖက် ဖြူ တစ်ဖက် ပြာ အဆင် ကို ကြိုက်ရ ပြန်သည် ။ လေထိုး ထား သဖြင့် လေးထောင့်ကွက်ဖောင်းကလေးတွေ ထ ကာ တယ်ပြီး အေးစက်စက်ကြီး မနိုင်သော သားရေပြား ကိုလည်း အပြာပင် ဖြစ်စေရသည် ။

နောက်ဆုံး၌ ယောက်ျားကလေး မွေး လာ ကာ ဒုက္ခဝေဒနာတွေ မေ့လျော့ လို့ ပြုံးနိုင် သည့်အခါတွင် ပြင်ဆင် ထားသည့် ပစ္စည်းကလေးများ က လည်း လျော်ကန် နေသည် မို့ သဘောအကျ ကြီး ကျရ ပြန် သေး၏ ။

ကလေး အဖေ ဘဝ သို့ ကူးပြောင်းစ မောင် က ဝမ်းသာအားရ နှင့်

“ မြ က သိပ် တော်တာပဲ ” ဟု ချီးကျူးဆဲ ကို ပင် ဣန္ဒြေ မဆည်နိုင်သည် နှင့် “ ဒါကြောင့် မြ ပြောတယ် မဟုတ်လား ၊ ယောက်ျားလေး မွေးမယ်လို့ ” ဟူ၍ ကြွား ရ ပြန်ပါသေး၏ ။

သို့သော် သူ့ အဖို့ သက်သက် ပြောရလျှင် မိန်းကလေး လိုချင်သည် ။ အင်မတန် လှသော သမီးလေး ( သို့မဟုတ် ) ဉာဏ် ထက်မြက်သော သမီးလေး ကို လိုချင်သည် ။

အင်မတန် လှမယ် ဆိုလျှင် အဖိုးတန် ပိုး ၊ ဖဲ ၊ ဇာ ၊ နိုင်လွန်တွေ နှင့် တယုတယ ဆင်ပြင်နေမည်ဖြစ်သည် ၊ ကြီး တော့ ဝတ်ဖို့ လက်ဝတ်ရတနာတွေ စုဆောင်း ရမည် ဖြစ်၏ ။

နူးညံ့ ပြုံးရွှင် သော အမူအရာလေး တွေ သင်ကြား စေမည် ။ အိမ်ထောင်မှု ကို နိုင်နင်း စေမည် ၊ ပွဲလယ် မှာ ကျော်ကြားသည့် မိန်းမ ပီပီပြင်ပြင်ကလေး ဖြစ်စေ ချင်သည် ။ လိပ်ပြာကလေး သဖွယ် ပန်းကလေး သဖွယ် နုနယ် ချင် လည်း နေပါစေ ။ ထိန်းသိမ်း စောင့်ရှောက်မည့် လင် သည့် ဘုန်းကံ မှာ ခိုဝင် လဲလျောင်းမည့် မိန်းကလေး တည်း ။

သို့သော် ဉာဏ် ထက်မြက်သော သမီး ဆိုလျှင်တော့ မအေတူ သမီး ဖြစ်မည် မို့ ဖအေ့ လက်ထဲ အပ်ရမည် ပင် ။ သည် ထက် တော့ ပို မပြောတတ် ။ မမြသစ် ၌ ပညာရှိ မိန်းကလေး ကို မွေးမြူတတ် အား သိပ် မရှိ ။

မောင် က မူ

“ သားလေး ပဲ မကောင်းဘူးလားကွယ် ” ဟု မေးမြန်း လေ၏ ။

“ ဟင့်အင်း မကောင်းပါဘူး ၊ မြ ဖို့ လည်း တစ်ယောက် လိုချင်သေးတာပေါ့ ၊ မောင် နဲ့ သား နဲ့ အပြင် သွားတော့ မြ တစ်ယောက် တည်း အဖော် မရှိရင် ဘယ်လို နေရမလဲ ၊ သမီးလေး ကျန်ရစ်ဦးမှပေါ့ ” ဟု ကျကျနန ပြော၏ ။

“ မြ သမီး က အိမ် မှာ ကျန်ရစ်ချင်ဦး မှ ကိုး ” ဟု ဆိုလျှင်တော့ မမြသစ် သည် ထိတ်ခနဲ ပူရသည် ။ ဟုတ်တယ် ၊ သေးသွယ် လို့ မေမေ့ ရင်ဝယ် ကပ်တွယ် နေမည့် သမီးမျိုး မဟုတ် လျှင် ဘယ်လို လုပ်ပါ့မည် ။

ပဝါစ ပမာ မေမေ သည် တစ်ဖက် အစွန်းအစ ကို ကိုင် ပေမည့် မြူးသောလေ နှင့် လွင့်ချင် အပြင် သို့ ပျံသန်းချင် လျှင် တားလို့ နိုင်မည်လား ၊ သမီးလေး မလှသော် ဉာဏ်ထက်ရမည် လို့ ကိုယ် ပဲ ဆိုသည် ။ သည်လို သမီး မျိုး ဆိုလျှင် အိမ် မှာ ပွေ့ သိပ် လို့ တံခါးပိတ်မထား သင့် ။

မမြသစ် မျက်နှာ ပျက် လျှင် မောင် က ပြုံးရယ် ကာ ပြော၏ ။

“ မြ လိုချင်တဲ့ သမီးလိမ္မာလေး ပဲ ရမှာပါ ။ မြ အလို ရှိရင် ဖြစ်လေ့ ရှိတယ် ဆို... မြ ဘာသာ လည်း သိတယ် ဆို ...”

“ ဟုတ်တယ် ၊ မြ ဝမ်း ထဲ မှာ မြ နှလုံးသွေး ကို ဝေပေး လို့ အသက် ရ လာတဲ့ မြ ကလေး ပဲ ။ ဘယ်လို ကလေး လဲ လို့ မြ သိတာပေါ့ ” ဟု ရဲဝံ့စွာ ပြော၏ ။ အား ချက်ချင်း ရှိလာ၏ ။ နာမည် ရွေး ဖို့ပင် စဉ်းစား မိ၏ ။

“ မြစတေပင်
လငွေစင်သို့
ယဉ်မှုလေ့ကို
ပြကတေ့သွင် ” စသည် ဖြင့် ရွတ်ဆို မိသည် ။ ဟော မအေ နဲ့ တူမယ့် သမီးရယ် လို့ “ မမြတူ ” လို့ ပေးရင် မကောင်းဘူးလား ။

“ မြမှာ မာနကြီး တစ်ခွဲ ရှိတယ် ” ရယ် လို့ မောင် က ကစား သလို ပြော ရင်တော့ မမြသစ် သည် ပျော့ပျောင်းစွာ ပင်

“ ဒီ တစ်ခု ရှိလို့ ပဲ မြ ဟာ ပျော်နိုင်တယ် ၊ ပြီးတော့ မောင့် အချစ် ကို လည်း ယုံစား နိုင်တယ် ” ဟု ပြောလိုက်လေသည် ။

သမီး ရောက်လာမည့် အချိန် အတွက် ပြင်ဆင်သည် ဆိုလျှင်ပဲ အံ့ဩစရာ ကြုံတွေ့ရသည် ။

သမီးလေး ဖို့ ပန်းနုရောင် ကို ရွေးရာ က စသည် ။ သိုးမွှေးချည်ခင် ကို ဝယ်တော့ အပြာ ကို ပါ လိုချင်ခြင်း ပြင်း လှလေသည် ။ သမီးလေး ဟာ ဘယ့်နှယ် အပြာ ဝတ်ပါ့မယ် လို့ ဆင်ခြင်လည်း မနေနိုင် ။

သားကလေး ဖြစ်လျှင် ဘယ့်နှယ် လုပ်မလဲ ဟု တွေးမိ၏ ။ သည် ကြား ထဲ က သမီး ပဲ လို့ လည်း သေချာ နေ ပြန်သေး၏  ။

သည်လို နှင့် ဝေခွဲ ၍ မရဘဲ ပန်းနုရောင် ရော အပြာ ပါ ဝယ်မိသည် ။ သို့လျှင် သိုးမွေး နှစ်စုံ ထိုး မိသည် ။

စောင်ကလေး ဝယ် ပြန်တော့ ပန်းရောင် တစ်ဖက် အပြာ တစ်ဖက် ဖြစ်ကာ အဆင်
မှာ ပန်းပွင့် နှင့် လိပ်ပြာ ဖြစ် လေသည် ။

သားရေပြား ကို မူ စိတ်ရှုပ်ရှုပ် နှင့် အဖြူ ရအောင် ရှာရသည် ။

“ ဘာ ဖြစ်လဲ မသိပါဘူး ” ဟု စိတ်ရှုပ်သည် ။

ညတိုင် မှာ လည်း အိပ်မက် တွေ ဝေနေသည် ။

အိပ်မက် ထဲ မှာ သားကလေး မွေးပြန်သည် တဲ့ ။ ကိုယ့် ဝမ်းဗိုက် ကို ငုံ့ ကြည့်ပြန်တော့ လေးလံ ဆဲ ပင်ရှိ၏ ။ အိပ်မက် ထဲ မှာ ဆက်၍ စိတ်ရှုပ် နေပြန်လေသည် ။

ထို အိပ်မက် ကို သုံးလေးခါ မျှ ဆက်၍ မက်မိ လျှင် မမြသစ် သည် ကယောင် ချောက်ချား ဖြစ်ခြင်း တစ်ရပ် တိုး သည် ။

“ သားရေ ” ဟု ခေါ်လိုက် လို့ သားဦး က “ ဂျာ ” ခနဲ ထူးစဉ် အပြင် မှာ တကယ် လည်း ရှိသော တစ်စုံတစ်ခု သော အရိပ်အယောင် ကို ကျန်သေး သလို ရှာဖွေ မိလေ၏ ။ ထို အရိပ်အယောင် သည် တဖြည်းဖြည်း နှင့် ရင့်မာ လာသည် ။

အနီးအနား မှာ ဝဲလည် ရစ်ခွေ နေသည် ။ ထို အရိပ်အယောင် သည် မြ ၏ ကလေး စင်စစ်ဖြစ် လည်း သားသား လည်း မဟုတ် ဝမ်း ထဲ က သမီးလေး လည်းမ ဟုတ် ၊ တစ်ခါတစ်ရံ သေနတ်တု စစ်သားရုပ် နှင့် ကစားဟန် ပင် ထင်မြင် မိ လေ၏ ။

မျက်စိ က မြင်သမျှ စက်ဝန်း ၏ အစွန်း နှင့် မငြိ တငြိ နေရာမှာ ခြေထောက်ကလေး ဆင်း ကာ ထိုင်ဟန် ပင် တွေ့၏ ။

မိခင် သာ နားလည်သော ကလေး ၏ ဘာသာစကား နှင့် ကြားအောင် လည်း ပြော သေး၏ ။

“ မင်း ဘယ် က လာ သလဲ သား ၊ ဘယ်တုန်းက လာသလဲ ” ဟု မေးမြန်းရင်း ကြောက်ရွံ့ ခြင်းတော့ လုံးဝ မဖြစ် ။

မောင့် ကို ပြောမိ လျှင် ပူပန်သော အမူအရာ ကို တွေ့သည် ။ ထို့ကြောင့် ရယ်မော လိုက် လျှင် ရယ်မောခြင်း တို့ ကို ကူး သွားကာ

“ နှစ်ယောက် ဖြစ်နေသလား မှ မသိဘဲ ” ဟူသော စကား ကို ကြားလေသည် ။

“ မဟုတ်နိုင်ပါဘူး ၊ မြ မှာ ရော မောင့် မှာ ရော မျိုး လည်း မရှိ နီးနီးစပ်စပ် တောင် မကြုံစဖူး ၊ အနီးစပ်ဆုံး ဆို ငှက်ပျောသီးမြွှာ လိမ္မော်သီးမြွာ စားတာပဲ ရှိတယ် ၊ ဒါပေမဲ့ ခြေလက် အားလုံး ခြောက်ချောင်း လောက် များ ရှိမလား မသိဘူး ၊ ဗိုက် ထဲ မှာ ရှုပ် နေတာပဲ ၊ ဟောဒီ ဘက် မှာ ဒူးခေါင်းကလေးတွေ တံတောင်ဆစ်ကလေးတွေ ချွန်လာ ဖောင်းလာ တုန်း ဘယ်ဘက် မှာ ကန်ကျောက် နေသေးတယ် မောင် ” ဟု မမြသစ်သ ည် ဆက်တိုက် ပြောကာ မော သွားသည် ။

“ ကလေး က သိပ် ထွားမလား မသိဘူး ” ဟု မောင် က ပူပန် လျှင်

“ မသိပါဘူး ” ဟု သူ လည်း ပူပန်သည် ။

သားဦးကလေး တုန်း က လည်း သိပ် ခက်တာပဲ ၊ ဒါတောင် ခြောက်ပေါင်တိတိ ရှိရုံပဲ ၊ အဲဒီတုန်း က ဝေဒနာတွေ ကို မေ့ ထားသည် ။

အကြောင်းမူ ကား ကိုယ် တကယ် လိုချင်သည့် သမီးလေး ကို မကြောက်မလန့် မွေး ချင်သည် ။ စိတ်အေး လက်သန့် ရှိ ချင်သည် ။

သို့သော် နောက်ဆုံး တစ်ကြိမ် ဆရာဝန် နှင့် တွေ့ ခဲ့ စဉ် က မကြည်မလင် လှသော အမူအရာ ကို ပြန်ပြောင်း သတိရလေသည် ။

ပထမ အပ်ထားသည့် ဆရာဝန် က ဗြုန်းခနဲ နယ် ပြောင်း ရသော် မမြသစ် ဆရာဝန် ပြောင်း၍ ပြ ရ ပြန်သည် ။

“ သားဦး လား ”

“ ဒုတိယ ကလေး ပါ ”

“ သားဦး တုန်း က လွယ်သလား ခက်သလား ”

“ ခက်တယ် ၊ ဗိုက် က တောင် ခွဲ ထုတ်ရ မလို ဖြစ်ပါသေးတယ် ”

ဆရာဝန် က စမ်းသပ်ပြီးသော်

“ အရင် ဆရာဝန် က ဘာ ပြောသေးသလဲ ” ဟု အမှတ်မထင် နှင့် မေး၏ ။

“ ဘာမှ မပြောပါဘူး ၊ ဘာဖြစ်လို့လဲ ”

“ ဘာမှ မဖြစ်ပါဘူး ၊ အားလုံး ကောင်းပါတယ် ”

မမြေသစ် သည် စိတ် စနိုးစနောင့် ဖြစ်မိသေး ကာ “ ကလေး အနေအထား မှန်ရဲ့လား ဒေါက်တာ ” ဟု မေးလျှင်

“ မပူပါနဲ့ ကောင်းပါတယ် ” ဟု အလွယ်တကူ ပေးသော အဖြေ ကို ရလေသည် ။ သူ့ အနား မှာ ပျံဝဲသည့် ကလေး အကြောင်း ကို ပြောပြရမည်လား ဟု စဉ်းစား၏ ။ ရယ်စရာကြီး ဖြစ်နေမည် ထင်သည် ။

ပြီးတော့ ဘယ်လို ရှင်းလင်းအောင် ပြောရပါ့မလဲ ၊ သည် ကလေးရိပ် ဟာ မွေးတော့ မည့် သမီးကလေး မှ အပ ဖြစ်သည် ဆိုတာ ကို နားလည်အောင် ပြောလို့ မတတ် ။ ရယ်စရာ ကြီးပဲ ဖြစ်လိမ့်မည် ။

ပြီးတော့ ကိုယ့် ကို အထင် လွဲစရာကွ ဖြစ်ပေါ် လာချင် လာမည် ။ မောင် က တောင်

“ မြ ခေါင်းရှုပ် မခံနဲ့ စိတ်အေးအေး နေ ” လို့ ပြောလျက် နေပြီ ။

သို့ရာတွင် အရိပ်ကလေး သည် ဘေး ၌ အမြဲ ရှိသည် ကို ပို၍ ထင်ရှားစွာ ခံစားရသည် ။

“ မြ ဦးနှောက် ထဲ မှာ ဘာ ရောဂါ မှ မရှိပါဘူး ” ဟု သူ ပြောခဲ့သည် ၊ မောင် က စိုးရိမ်ပူပန်လည်း သူ သည် ပျော်ရွှင်မြဲ ပင် ။

“ ည က မြ ဘောလုံးတွေ ဝယ်တယ် လို့ အိပ်မက် မက်တယ် ” ဟု အရေးတကြီး ပြော လျှင် မောင် သည် ပြုံး ကာ သာ နေသည် ။

ပြီးတော့ လေနတ်မောင်ကလေး က အကုန် ဖောက်ပစ်တယ် ၊ သူ့ ကို ပွေ့လို့ ချီလို့ ရတယ် ။ သူ နဲ့ ကစားလို့ ရတယ် ၊ သူ့ မျက်နှာ တော့ မြင်လို့ မရဘူး ၊ သူ က စကား လည်း ပြောတတ်တယ် ၊ မသဲကွဲ မပီသ ပေ မဲ့ မြ နားလည်တယ် ”

မောင် က

“ မြ ဘာတွေ ပြောနေတာလဲ ” ဟု မေးသည် ။

“ အိပ်မက် ထဲ မှာ တင် မဟုတ်ဘူး ၊ အပြင် မှာ လည်း ရှိတယ် ၊ အခု ကို ရှိတယ် ၊ ဟောဟို နား မှာ ” ဟု မြ က ရေဒီယို ဆီ ကို လက်ညှိုး ထိုး ၍ ပြသော် မောင် က

“ မြ ဟာ ယောက်ျားလေး မွေးမှာပဲ ၊ လိုချင်တာက  မိန်းကလေး ဖြစ်နေ ပြန်တော့ အဲဒီလို ဖြစ်နေတာ"

“ မဟုတ်ဘူး မောင် ” ဟု ခိုင်မြဲစွာ ပြော၏ ။ အဝတ်နက် ကို ခြုံသည့် ဘုန်းကြီး နှင့် တွေ့သော လူ တစ်ယောက် အကြောင်း ကို ရုရှားစာရေးဆရာ ချက်ကော့ ရေး တာ သွား သတိ ရသည် ။

အနည်းငယ် ထိတ်လန့်၏ ။ သို့သော် သူက လက်ဆုပ်လက်ကိုင် ပြစရာ မရှိဘူး ။ မြ က ဟောသည် မှာ ရှိတယ် ။ ဟုတ်သည် ။

မမြသစ် သည် ကြမ်း ပေါ် မှာ ပင် မထိုင်နိုင် ပြီ ။ ဝန်လေးလှ ချေပြီ ၊ သားသား နှင့် လည်း မကစား နိုင်ပြီ ၊ အထိန်း နှင့် သက်သက် လွှဲ ထားရ၏  ။

သူ က တော့ အိပ်ရာ ၌ ချည်း လှဲ နေ ချင်ပြီ ၊ ညနေ ကို လမ်း မလျှောက်ချင်ပြီ ။

အညောင်းပြေ အနှိပ် ခံ လျှင် မိန်းမကြီး က ပြောသည် မှာ

“ အစ်မ ကလေး က နီးလှပါပကော ၊ ကျွန်မ တော့ ရက်ပိုင်း ပဲ လိုတော့တယ် ထင်တယ် ” ဟု ပြောသည်  ။

“ ကဲ ကဲ မှန်းးမ်းပါဦး ၊ ဘယ်နေ့တုံး ၊ မှန်ရင် လုံချည် တစ်ထည် ဝယ်ပေးမယ် ” ဟု ပြောသော်

“ နေဦး အစ်မ ကလေး ရဲ့ ၊ အင်း ဒီလို ဆိုတော့ နောက် သုံးရက် တောင် အလွန်ဆုံး ပဲ ခံမယ် ၊ ဒီနေ့ ဘာနေ့တုံး ၊ စနေ့ ဟုတ်လား ၊ ဒီတော့ တနင်္ဂနွေ ၊ တနင်္လာ ၊ အင်္ဂါနေ့ ပေါ့ ၊ အင်္ဂါနေ့ ပဲ ”

ဆရာဝန် တွက် ထားသော မွေးရက် မှာ လည်း ထို အင်္ဂါနေ့ ပေါ် ကျသည် ။ မမြသစ် သည် ဘာမှ မပြောဘဲ မိန်းမကြီး ကြိုက်မည့် ပါတိတ်လုံချည် ဆင် ကို စဉ်းစား၏ ။ အရောင် ကို စဉ်းစား၏ ။ ထို့နောက် လက်တလော ပျောက်ကွယ် နေသည့် ကလေး အရိပ်ကလေး ကို သတိရ၏ ။

ရုပ်ခန္ဓာ က အနေ မသာ၍ လားမသိ ၊ ရစ်ဝဲပျံသန်း နေကျ ရင်သွေး ပင် ဘေးပတ်လည် မှာ မှေးမှိန် နေသည် ။

ဘယ်မှာ သွားပြီး အိပ်ပျော် နေသလဲကွယ် ကလေး ရယ် ၊ ဒဏ္ဍာရီပုံပြင် စာအုပ် ကြား မှာ လား ၊ တိမ်တိုက်စွန်း က မိုးစွေငှက် ရဲ့ အတောင်ဖျား မှာ လား ၊ ကလေး အခု ဘာ ယောင် ဆောင်ပြီး နေသလဲ ၊ ကလေး လူယောင် ဆောင် နေတယ် မဟုတ်လား ။

  •••••   •••••   •••••

အင်္ဂါနေ့ ကို ကူး လို့ မှ တစ်နာရီ မကြာခင် မမြသစ် သည် သမီးကလေး မွေးသည် ။ အလွယ်တကူ ရှိလှသည် ။

ဆေးရုံဝင်း ထဲ တွင် နေသော ဆရာဝန် ကား နှင့် လာသည် ပင် မမီချေ ။

“ မိန်းကလေး ရှင့် လှလှလေး ၊ ဖြူ လည်း ဖြူမယ် ၊ အခုတော့ ရဲတွတ် နေတာပဲ ” ဟု
ဆရာမ က ပြောသည် ။

မမြသစ် သည် အကျေနပ်ကြီး ကျေနပ်သည် ။

“ လှတယ်လို့ ဘယ့်နှယ် ပြောနိုင်သလဲ ၊ ငယ်ငယ်ကလေး ကို ” ဟု မေး လျှင် ဆရာမ က

“ ပြောနိုင်တာပေါ့ ၊ ငယ်ငယ်လေးတွေ ချည်း ကြည့် နေတာ ၊ လှမလှ ရွေးတတ်ပြီ ပဲ ” ဟု သင့်တင့်လျောက်ပတ်စွာ ဖြေသည် ။

“ ထွားလားဟင် ”

“ မထွားလှဘူး ၊ စကား သိပ် မပြောနဲ့ မောမယ် ”

“ မမောပါဘူး ” ဟု ပြော သော်လည်း သက်ပြင်း ချ လိုက်သည် ။

“ မော လာရင် ပြောနော် ၊ အောင့် မနေနဲ့ နော် ”

ဆရာမ သည် ကလေး ကို တခြား ဆရာမ သို့ ပြောင်း ပေးလိုက်ပြီး မမြသစ် အနား မှာ ပင် နေသည် ။

ဂလူးကို့စ် ဖျော်တို က်သေးသည် ။ ပြီးတော့ မခွာဘဲ ကပ် နေကာ

“ မောသလား ၊ မောသလား ” လို့ မေး သေးသည် ။

“ သိပ် ဂရုစိုက်တဲ့ ဆရာမ ပဲ ၊ သားဦး လည်း မဟုတ်ဘဲ နဲ့ ကံကောင်းလိုက်တာ " ဟု စဉ်းစား၏ ။

ဆရာမ က ကလေး ရေချိုးပေး နေရာ သို့ လှမ်း ၍ စကား ပြောသည် ။ ကရင် လို ပြော တော့ တစ်လုံး မှ နားမလည် ။ ဒေါက်တာ တယ်လီဖုန်း စသည့် စကား တော့ ပါသည် ။ ဟော ပြောရင်း ပင် ဆရာဝန် ရောက် လာသည် ။ ကိစ္စ ပြီး မှ သူ့ ကို ကြည့်ရှုစမ်းသပ် ပြီး သွားလိမ့်မည်ထင်သည် ။

သို့သော် ဆရာဝန် သည် လည်း ဆရာမ ကဲ့သို့ ပင် အနား ၌ ကပ်ကာ ရပ်၏ ။

“ မောသလား ” လို့ မေး သေး၏ ။

နည်းနည်း ဆန်းတယ်လို့ ဆိုရ မလား ။

သမီးလေး ဆိုတော့ သိုးမွှေးဝတ်စုံ ပန်းရောင်လေး ကို မှာ ရမည် ။ အဖြူရောင် ချည်း အင်္ကျီကလေးတွေ ချုပ် ထားတာ ကလေး က လှတယ် ၊ ဖြူတယ် ဆိုဘော့ အတော်ပဲ ၊ ဆေးရုံ ဆင်း မှ ကလေး ခြုံတဲ့ ဇာခြုံစောင် ထိုးရမည် ။

အပွင့် ကြီးကြီး အနား ဇာ တွန့်တွန့် ထိုးမည် ။ နှစ်ချောင်း ထိုး က ပိုပြီး လှတတ်တယ် ။ သို့သော် တစ်ချောင်းထိုး က မြန်တယ် ၊ ဘယ် အပ်နဲ့ ထိုးရပါ့ မလဲ ။

မမြသစ် သည် ပျံဝဲတတ်သော ကလေး အကြောင်း ကို လုံးလုံး မေ့နေ၏ ။ အင်္ကျီစုံ အပြာကလေးကို သတိရလျက် နှင့် သားဦး လည်း မဟုတ် ။ ခု မွေးသည့် သမီး လည်း မဟုတ် ။ သူ့ သညာ ၌ အရင် က ထင်လာသော ကလေး သေနတ်တု ၊ စစ်သားရုပ် တို့ နှင့် ကစားဟန် မြင် ရ သဖြင့် ယောက်ျားကလေး လို့ ယူဆ ရသည့် ရင်သွေး ကို မေ့ပျောက် နေမိသည် ။ လုံးဝ မဆက်စပ် မိသလို နေသည် ။

ဆရာဝန် က ဆေး တစ်လုံး ထိုးသည် ။ နာရီဝက် လောက် ကြာပြီ ထင်သည် ။

ဘာဖြစ်လို့ အိပ်ရာ ကို ပြန် မပို့ကြသေးတယ် မသိ ။ သူ က တော့ အိပ်စင် ပေါ် မှာ မီးလုံးကြီးများ လင်းထိန် နေတာ ရယ် ။ ဆရာဝန် ဆရာမ တို့ ၏ အဖြူရောင် အဝတ်ရယ် မေ့ချင်စရာ ကောင်းသော ဆေးနံ့ ရယ် တိုင်ကပ်နာရီ မှ ရင် ထဲ မှာ လာမြည် နေသလို တချက် ချက်မြည် သံ ၊ မျက်စိ ထဲ မှာ စွဲနေ သလို မည်းနက်သော နာရီလက်တံ တစ်မိနစ် တစ်ခါ ရွှေ့ဟန်ပြတ်သားပုံ ရယ် ဒါတွေကို သတိရ နေသော ဘဝ အသစ် ပြောင်းခဲ့ သလို ဖြစ်သည် ။

တကယ်တော့ အူဝဲခနဲ ငိုသံ ကို မကြားခင် တဒင်္ဂ နှင့် ကြားမိသော တဒင်္ဂ ကြား ၌ တစ်ကမ္ဘာ ကြာသော အချိန်ကာလ သည် လေးလံစွာ ချိတ်ဆွဲ ထားသလို တွဲလဲကြီး နေတာ အမှန်တည်း ။

ဗိုက် ထဲ က နာ လာ ပြန်၏ ။ ဆရာဝန် နှင့် ဆရာမ က ပြိုင်တူ “ နာသလား ” ဟု မေးကြ ဆဲ ခေါင်းသာ ညိတ် နိုင်ပြီး ဘဝ ဟောင်း သို့ ပြန် ရောက် ပြန်သည် ။

ချောက်ချားသော အိပ်မက်ဟောင်းများ အသစ် တစ်ဖန် ဖြစ်ပြန်သည် ။

အံ့ဩ သလိုလို နှင့်

“ ဘာလဲ ၊ အဲဒါ ဘာလဲ ” ဟု မေးဆဲ

“ အားတင်း ထား နော် ၊ မကြောက်နဲ့ ” ဟု ဆရာမ က ပြော လေသည် ။

ကိုယ့် အသံ ပဲ လား ၊ ဘယ်သူ့ အသံ လည်း မသိ ။ ညံသော တစ်ကမ္ဘာ ကြာရှည်သော တွဲလွဲ ဆွဲသော အချိန် ၌ နစ် ပြီး ဘွားခနဲ ဘဝသစ် ကူး လာပြန်သည် ။

“ နောက် တစ်ယောက် ကို ကျွန် မလည်း မသိပါလား ဒေါက်ဘာ ၊ ဘာဖြစ်လို့ မပြော သလဲ ” ဟု မေး၏ ။

“ စကား မပြောနဲ့ နော် ၊ မော ရင်တော့ ပြောနော် ”

သို့သော် မမြသစ် သည် အား ယူ ကာ

“ ဘာဖြစ်လို့ မပြောတာလဲ ဟင် ” ဟု မေးသေး၏  ။

“ ရှင် က ခက်တတ်တယ် ၊ အားလည်း နည်းတယ် ၊ ကြောက်လည်း ကြောက်တတ် တယ် ဆိုလို့ မပြောဘဲ ထားတာ ”

“ မကြောက်ပါဘူး ” ဟု သူ က ဖြေ၏ ။

“ ပြီးတော့ တကယ်တော့ ကျွန်မ သိပါတယ် ၊ ကျွန်မ ကလေး ပဲ ကျွန်မ သိပါတယ် ၊ ယောက်ျား မဟုတ်လား ”

“ ဟုတ်တယ် ယောက်ျားလေး ”

မမြသစ်သည် ကျေနပ်စွာ ပြုံး လေသည် ။ ချက်ချင်းပင် မျက်လုံးများ တော့ ဖွင့်လို့ မရအောင် လေး လှသည် ။ အိပ်ချင်မူးတူး ဖြစ်သည် ။

တစ်ကိုယ်လုံး လည်း ခွေနုံး သွားသည် ။ ဘေး က ဆရာဝန် ဆရာမ တို့ သည် ညှပ် ထားသော လေလွင့်သော သတင်းစာစက္ကူရုပ်များ ဖြစ် ကုန်သည် ။

ပြီးတော့ ဘေး မှာ မောင် လာ ထိုင် သလိုလို ထင်သည် ။

“ မြ သိပါတယ် ၊ ယောက်ျားလေး မို့ စစ်သားရုပ် နဲ့ ကစားတာ ပေါ့ ၊ သိုးမွေးအင်္ကျီ အပြာလည်း ထိုး တာပေါ့ ၊ စောင် နဲ့ သားရေပြား တော့ တစ်ခု စီ ထပ် ဝယ်ရမယ် ဆရာမ ရဲ့ ၊ တကယ် ဆိုတော့ ယောက်ျားလေး က အကြီး ပါ ၊ ကျွန်မ သူ့ ကို အရင် မြင်ဖူးတာပဲ ၊ ဆရာမ မသိပါဘူး ၊ ကျွန်မ သိပါတယ် ၊ မောင် မြ ပြောတာ မဟုတ်လား ”

မမြသစ် သည် အိပ်ပျော် သွားလေ၏ ။ သို့သော် အိပ်မက် ထဲ ၌ လူကလေး မလာတော့ချေ ။

လူကလေး သည် ပုခက်ဖြူဖြူ ထဲ ၌ တဝါးဝါး အော် ကာ ခြေကျောက် လက်ကျောက် လုပ် နေသည် ။

အပေါ် က အုပ် ထားသော ဇာစကလေး သည် တလှုပ်လှုပ် နေလေသည် ။ မမြသစ် နိုးလာလျှင် စွေစောင်း ကြည့်၍ မြင် နိုင်သည် ။

◾ကြည်အေး

📖 ပေဖူးလွှာ မဂ္ဂဇင်း
      အောက်တိုဘာ ၊ ၁၉၅၈

.

Friday, October 25, 2024

ပျက်သော် အစဉ် ပြင်သော် မလှ


 

❝ ပျက်သော် အစဉ် ပြင်သော် မလှ ❞

“ ဟ ဟေ့ကောင် ပြင် မနေနဲ့ တော့ ကောင်း လဲ ခဏပဲ ၊ ပြင်လို့ ပေးရတဲ့ လက်ခ နဲ့ တောင် မကာမိ ဘူး ၊ တော်ကြာ ပြန် ပျက်မှာပဲ ”

“ ငါ တော့ ပြင်သုံး ကြည့်ချင်သေးတယ်ကွာ ”

“ ဒါဖြင့် လဲ မင်း သဘောပဲဗျာ ၊ ငါ တော့ အပျက်တွေ ထိုးထည့် ထားတာ ဗီရို တစ်လုံး ပြည့်တော့မယ် ”

မောင်ချမ်းသာ ဗီစီဒီ ( အောက်စက် ) ပျက်လို့ ဆိုင် ကို တယုတယ ယူသွားတော့ သူငယ်ချင်း ချစ်ပိန် က ပြောတဲ့ စကား ခင်ဗျာ့ ။

သူ က ပြင် မနေနဲ့တဲ့ ၊ အသစ် သာ ဝယ် သုံးလိုက်တော့တဲ့ ။

အင်း သူ က ပြောပေမဲ့ သုံး လေး သောင်း ပေးဝယ် ထားရတာ ဆိုတော့ နှမြောတောတော ၊ ပြင် သုံး ကြည့်ချင်သေးတယ် ။ လူ့ အတ္တ လူ့ သဘော ၊ ဩော် ခက်ပါလားနော် ။

လူ့ သဘော ကား နာရီ ၊ ရေဒီယို ၊ ကက်စက် ၊ အောက်စက် ပျက် သွားပြီ ဆို လွှင့် မပစ်ရက်ဘူး ။ ပြင်သုံးကြည့်လို့ ရဦးမလား ။

“ လူ တွေလဲ အဲသလိုပဲ ဟကောင်ရ ”

“ အမယ် မင်း က စက် က နေ လူတွေဘက်လှည့်လာပြီ ”

“ ဟုတ်တယ်ကွ ငချမ်း ရ ၊ ငါတို့ စီးပွားရေးလောက မှာ နာမည် တစ်လုံး နဲ့ လူ လုပ်နေကြရတာ ”

“ အမယ် အလာကြီးပါလား ”

“ ငါ တကယ် ပြောနေတာ ၊ မင်း ကြည့် ပါလား ၊ မျက်တွေ့ လက်တွေ့ တွေပဲဟာ ”

“ ကြည့်ကွာ ဝက်ပု ကို ”

“ တို့ လောက ထဲ မှာ ဝက်ပု ၊ ဝက်ပု နဲ့ နာမည်လေး ရလာတယ် ၊ အကဲဖြတ်တတ် ၊ လုပ်တတ် ကိုင်တတ် ဆိုတော့ လုပ်သက်နုနုကလေး နဲ့ ထောင်တက်လာတယ်ကွာ ”

“ အဲဒီ လို ထောင် တက်လာ တော့ သူ့ ကို လူတွေ က ယုံ ၊ ယုံတော့ ဝိုင်းမ ၊ ဝိုင်းမ တော့ ဟုတ်လာ ၊ အကြွေးတွေ ချပေး ”

“ ဟောကြည့် အဲသည် ဝက်ပု ပဲ ၊ သူဌေး ဖြစ် မြန်သည် ထက် မြန်အောင် ဆိုပြီး လောဘတွေ တက် လာ ၊ တစ်လုံး နှစ်လုံး သုံးလုံးတွေ ပါ ပါလာ ၊ အဲဒီမှာ ကုန်ကြွေးတွေ မဆပ်နိုင် ”

“ အကွက် ထိုးပေး ၊ တိုက် ထိုးပေး ၊ တယ်လီဖုန်း ထိုးပေး ၊ နောက်ဆုံး မော်တော်ဆိုင်ကယ် ထိုးပေး ”

“ ဒါတောင် မကျေသေးဘူးပဲ ဗျာ ၊ သုံးရာလောက် ဆပ်ဖို့ ကျန် နေသေး ”

“ အခုတော့ နာမည်ပျက် စာရင်း ( black list ) ထဲမှာ ပါနေပြီ ”

“ သူ့ ရှေ့မှာ ဟေးလားဝါးလား ဟန်ဆောင် ပြုံး ပြ နေကြပေမဲ့ နောက်ကွယ်မှာ လက်ခါ ပြကုန်ပြီ ၊ မယုံကြတော့ဘူး ”

“ မယုံတော့ အကြွေး ဆွဲလို့ မရ တော့ဘူး ၊ လုပ်ငန်း လည်ပတ်လို့ မရတော့ဘူး ၊ စက် မပါတဲ့ ကားလို ပဲ ၊ ရွေ့လို့ မရ ”

“ အဲဒါသာ ကြည့်ကွာ ”

“ အင်း ဟုတ် ”

ကျွန်တော် ချစ်ပိန် စကား ကို ထောက်ခံလိုက်၏ ။

လူ့ လောက ၊ အထူးသဖြင့် ကျွန်တော်တို့ စီးပွားရေး လောက ၊ နာမည်ပျက်သွားပြီ ဆို ပြန် ပြင်လို့ မရတော့ဘူးဗျာ ။

ဘာမှ လုပ်စားလို့ မရတော့ဘူးဗျာ ။ အရမ်း ကြောက်ဖို့ကောင်းတာ ။

ဘာ နာမည် မှ မရှိတော့တဲ့ လူ တစ်ယောက် ဖြစ်သွားတေ့တယ် ။

ဘယ်သူ က မှ ဟက်ဟက်ပက်ပက် ဆေးဖော်ကြောဖက် မလုပ်ကြတော့ဘူး ဆိုတော့ စဉ်းစားကြည့် ဘယ်လောက် သိမ်ဖျင်းသွားလိုက်ပါသလဲ ။

အလှူမင်္ဂလာ သာရေးနာရေး ဖိတ်ကြား ခံရတဲ့ လူစာရင်း မှာ သူ မပါတော့ဘူး ။ ပါသည့် တိုင်အောင် လူတော ထဲ ရွံ့တွံ့တွံ့ ၊ ချောင်ကြို ချောင်ကြား မှာ အရုပ်ကလေး တစ်ခု ချထား သလို ကုပ်ကုပ်ကလေး နေရတဲ့ ဘဝ ဗျာ ။

ဝက်ပု ချည်း မှ မဟုတ်ဘူး ။ ဝက်ပု လို လူစားတွေ အများကြီး ။

သူတို့တွေ ဟာ တဖြည်းဖြည်း အရောင် မှိန် သွားပြီး အိမ်တွင်းအောင်း ဘဝ ကို ရောက် ၊ လူကောင် ငုတ်တုတ်ကြီး ရှိနေပါသော်လည်း နာမည် က ပျောက်နေ ။

ချစ်ပိန် ဗီရို ထဲ ထိုးထည့် ထား တဲ့ စက်အပျက်တွေ လိုပဲ ။

ပျက်ပြီ ဆို ချောင်ထိုး ခံလိုက်ရပြီ ။

သတိတရား ရ၍ မိမိ ကိုယ် ကို ပြန် ပြင်သည့် တိုင်အောင် နာမည် ပျက်ဖူးထားပြီ ဆိုတော့ ... ။

မယုံ ။ မပေး ။ မရ ။

ဘာမျှ ဖြစ်မလာ ။

ကောင်းအောင် လုပ်ပြပါသော်လည်း အထင် မကြီး ။

လှအောင် ပြင်ပါသော်လည်း ပြန်လှ မလာ ။

နာမည် နှင့် လုပ်စားကြရသော စီးပွားရေးလောကကြီး ၌ ရပြီးသား နာမည် က လေး မြဲ နေ အောင် ၊ တောက်တောက်ပြောင်ပြောင် ဖြစ် နေအောင် ၊ လူတော တိုး နိုင်အောင် အစဉ် ကြိုးစား ထိန်းထားနိုင်မှသာ ။ နို့မို့လို့ က တော့ ၊ ပျက်ပြီဟေ့ ဆိုလို့ ကတော့ ... ။

( လက်တွေ့ မျက်မြင်ဘဝများ ထဲ မှ )

⎕ မောင်ချမ်းသာ

📖 ကုမုဒြာ ဂျာနယ်
     ၁ အောက်တိုဘာ ၂၀၀၄

.

မြေပြင် ပေါ် က ဓူဝံကြယ်


 

❝ မြေပြင် ပေါ် က ဓူဝံကြယ် ❞

အနောက်ရိုးမ တောင်တန်း မှ မိုးရိပ်များ မည်းမှောင် နေသည် ။ ထို အရပ် မှ မိုးရိပ်မည်းမှောင် နေလျှင် မကြာခင် အချိန် အတွင်း မိုးများ သည်းသည်း မည်းမည်း ရွာတော့မည် ဆိုတာ ကျွန်တော် သိပါသည် ။ ကျွန်တော် အိမ်ခေါင်မိုး ကို မော့ ကြည့် လိုက်သည် ။ ဝါးကပ် အမိုးသည် ဟို တစ်စ သည် တစ်စနှင့် ကျိုးတိုးကျဲတဲ ဖြစ်၍နေ သည် ။ သည် ပုံ အတိုင်း ဆိုလျင် မိုးရေပေါက်များ ကို အိမ် မှာ ရှိသည့် အိုးခွက် ပန်းကန် များ နှင့် လိုက်၍ ခံထားရပေအုန်းတော့မည် ။

“ မိုးရွာတော့မယ်ဟေ့ ”

လမ်းမ ပေါ် က ပေါက်ပြား တစ်လက် ကို ပုခုံး ပေါ်ထမ်း၍ လယ်ထဲ သွားရင်း အော် ပြောသည့် လယ်သမားကြီး ဦးအောင်ခင် ၏ မျက်နှာ မှာ အပြုံးပန်းများ လှိုင်းထ နေသည် ။ သူတို့ အတွက်တော့ ရွှေမိုးငွေမိုး ဖြစ်မည် ။ ကျွန်တော် အတွက် တော့ အိမ်ခေါင်မိုး ကို ဖာထေးရန် အတွက် စိတ်ပူ နေမိသည် ။ လမ်းမ ပေါ် မျှော်ကြည့်လိုက် ပြန်တော့ ကျွန်တော် အဖေ ၏ အရိပ်ယောင် မမြင်မိပေ ။ သည်နေ့ မှ နောက်ကျ နေ သည် ။ အဖေ က သာ ပေါ် မလာသည် ကိုလေလေး က တဖျောက်ဖျောက် နှင့် အသံ ပေး လာချေပြီ ။ ထိုနောက် “ ဟော ... ဟော ” နှင့် လေ အသံ က တစ်စ တစ်စ ပို၍ ဆူညံ လာသည် ။ မိုး မလာခင် လေပြေ လေညင်းလေး မလာဘဲ လေမုန်တိုင်း လာမှာ စိုးကြောက် မိသည် ။ အဘယ်ကြောင့် ဆိုသော် ကျွန်တော်တို့ သားအဖ သုံးယောက် နေသော အခြေနဲ့ နေသည့် အိမ်လေး လေမုန်တိုင်းဒဏ် ကြောင့် ပြိုလဲ မှာ ကျွန်တော် ကြောက် နေမိသည် ။ အိမ်လေး ပြိုကျ လျှင် အသစ် ပြန် ဆောက်ရမည် ။ အသစ် ပြန်
ဆောက် လျှင် ပိုက်ဆံ ကုန်မည် ။ ပိုက်ဆံ ကုန်လျှင် ကျွန်တော်တို့ မောင်နှမ နှစ်ယောက် ကျောင်း မနေရတော့ပေ ။ ကြည့် နေရင်း က လေပွေလှိုင်းကြီး က ရွာလမ်းမ အတိုင်း ဝင် လာသည် ။ ကျွန်တော် မျက်လုံး မှိတ် လိုက်သည် ။

“ ဝုန်း ” ခနဲ အသံကြောင့် မျက်လုံး ဖွင့်၍ လမ်းမ ပေါ် ကြည့်လိုက်သည် ။ လမ်းမပေါ် က သရက်ပင်အိုကြီး လဲကျ သွား၏ ။ ယ ခုချိန် အထိ အဖေ ပြန်မလာသေးပေ ။ အလုပ်ရှာ ထွက်သွားသော အဖေ ဘယ်ဆီများ ရောက်နေပါလိမ့် ဆိုသည့် စိတ် က အိမ်ပြို မှာ ထက် ပို၍ စိုးကြောက် နေ မိသည် ။ ညီမလေး က မနက်ကြီး ကတည်း က အဒေါ့် အိမ် ပါ သွား၍ တော်သေး၏ ။ လေငြိမ် သွားတော့ မိုး စ ရွာလာသည် ။ အိမ်ခေါင်မိုး ပေါ် က မိုးစက်များ ယိုစီးကျ လာပါတော့သည် ။ အိမ် မှာ ရှိသမျှ အိုးခွက် ပန်းကန်များ နှင့် လိုက် ခံလိုက်၏ ။ မိုး က လည်း အရည် ပါ လိုက်တာ ခံထား သမျှ အိုးခွက်ပန်းကန် ထဲ ပြည့်လျံ ကုန်သည် ။

ကျွန်တော် မတတ်နိုင်တော့ပေ ။ သည် အတိုင်း ငုတ်တုတ် ထိုင် ကြည့် နေမိသည် ။ အဖေ က တော့ ပြန် မလာသေးပေ ။

•••••   •••••   •••••

“ သား....လူလေး ”

ကျွန်တော့် နောက် မှ ခေါ်သံ ကြောင့် လှည့်ကြည့်မိသည် ။ တစ်ကိုယ်လုံး မိုးရေ ရွှဲနစ် နေသော အဖေ့ ကိုတွေ့ လိုက်ရသည် ။ အဖေ့ နှုတ်ခမ်း တစ်စုံ က ပြာနှမ်း နေ၏ ။ အသားများ က တဆတ်ဆတ် တုန်ခါနေသည် ။

“ သား ... ညီမလေး ဘယ်သွားလဲ ”

“ ညီမလေး မနက်ကြီး ကတည်း က အဒေါ့် အိမ် လိုက်သွားတယ် အဖေ ”

အဖေ ခေါင်းညိမ့် ပြပြီး အိမ် ထဲ ဝင်သွားသည် ။ မိုးခံ ထားသော အိုးခွက် ပန်းကန်များ ကို ခွကျော် ရင်း နှင့် မီးဖိုချောင် ဘက် ရောက်သွား၏ ။ ကျွန်တော် အဖေ နှင့် စကား ပြောရန် နောက်က လိုက်၍ သွားသည် ။ အဖေ က ရေနွေးဓာတ်ဘူး ကို မြှောက် ကြည့်သည် ။ ပေါ့ပါးစွာ လက် ထဲ ပါလာ၏ ။ အဖေ့ ဆီ မှ သက်ပြင်းချသံ
ငွေ့ငွေ့လေး ကြားရသည် ။

“ အဖေ အလုပ်ရခဲ့လားဟင် ”

အဖေ ကျွန်တော့် ဘက် လှည့်လာသည် ။ ပြီး ခေါင်းညိတ် ပြ၏ ။ ကျွန်တော် အလွန် ပျော် သွားသည် ။ အဖေ သည် ညာဘက် လက် ကို သိုင်း ထားသော ပုဆိုးစို ကို ချွတ် လိုက်သည် ။ အဖေ ၏ တို နေသော ညာဘက်လက်ကလေး က တုန်ခါ နေ၏ ။ တုန်ခါ နေသော လက်တိုလေး က ကျွန်တော် စိတ် ကို လည်း တုန်ခါ စေသည် ။ အိမ်ပြင် ကို ကြည့် လိုက်တော့ မိုးစဲ သွားပြီ ။ ကျွန်တော် ရင် ထဲ လည်း မိုးစဲ ချင်သည် ။

•••••   •••••   •••••

မိုး တိတ်သွားတော့ သားအဖ နှစ်ယောက် မိုးစို နေသော ထင်းချောင်း သေးသေးလေးများ ကို မီးဖို ထဲ ထည့်၍ မီးမွှေးသည် ။ တော်တော် နှင့် မီး မစွဲပေ ။ သေးသေးလေး ကျန်နေသော ဖယောင်းတိုင်အတိုလေး ကို ထောင်လျက် မီးရှို့ ထားမှ မီးစွဲ သွား၏ ။ ညစာ ကို အချိန် လင့် မှ စားကြရသည် ။ ထွန်းစရာ ဖယောင်းတိုင် မရှိ၍ ထမင်း ထဲ အမှိုက် ပါ လာတာ မသိရပေ ။ တစ်ခွက် တည်း သော ဟင်း အတွက် လည်း ရွေးစရာ မလိုပေ ။ ထမင်း ပေါ် ဟင်း ပုံ၍ စား လိုက်ကြသည် ။ ထမင်း စားပြီး သားအဖ နှစ်ယောက် အိပ်ရာ ဝင် ရန် လုပ်ကြသည် ။ ကြမ်းခင်း က မိုးစို နေ၏ ။ ခင်းစရာ  ဖျာ က မရှိ ခြုံစရာ စောင် က ရေစို ။ သည် ည အဖို့ သားအဖ နှစ်ယောက် ငုတ်တုတ် အိပ် ရ ပါတော့သည် ။ အဖေ က အိမ်တိုင်လေး မှီ ရင်း ကဆေးလိပ်ဖွာ နေ၏ ။ ဆေးလိပ် မီး က ရဲခနဲ ရဲခနဲ နှင့် ။ ကျွန်တော် က တော့ ပိတ်ရန် ဖွင့်ရန် မလိုသော ဒိုးယိုပေါက် နေသည့် ပြတင်းပေါက် က အလင်းရောင် မှိတ်တုတ်မှိတ်တုတ် နှင့် ကြယ်များ ကို ကြည့်နေမိသည် ။ သူတို့ သည် ကိုယ့် မှာ ရှိသည့် အလင်းလေး နှင့် ကမ္ဘာမြေ ကို အလှတရားများ ဖန်ဆင်း ပေးနေကြ၏ ။ မိုးတိမ်တောင်များ မရှိတော့ ၍ သူတို့ အလင်းရောင် က ပို၍ ပို၍ လင်းလက် လာသည် ထင်ပါသည် ။ ကျွန်တော် လက်ညှိုးလေး နှင့် တစ်လုံးနှစ်လုံး စသည်ဖြင့် လိုက် ရေ နေမိ၏ ။ ကျွန်တော် ပါးစပ် သာ ညောင်း လာသည် ကောင်းကင် က ကြယ်လေးများ က ကုန်ဆုံး မသွားပေ ။ ပို များ လာသည် ဟု ထင်မိသည် ။ ကျွန်တော် ကြယ်လေး ဘဝ ကို လိုချင်၏ ။

“ အဖေ ... ”

“ ဟေ ... ”

“ သား လေ ဟောဟို က ကြယ်လေး ဖြစ်ချင်တယ် ”

ကောင်းကင် မှာ တောက်ပဆုံး ကြယ်လေး ကို လက်ညှိုး ထိုးပြလိုက်သည် ။

“ သား ပြောတဲ့ ကြယ် က ဘယ်အလုံးလဲ ”

ဟုတ်ပေသားပဲ ။ ကျွန်တော် လက်ညှိုး ထိုးတာ အဖေ မှ မမြင်ရဘဲ ။

“ ဟိုမှာလေ ကြယ်တန်း လေ သူ က ထိပ်ဆုံး က အလင်းဆုံး ပဲ ”

“ ဪ သား က ဓူဝံကြယ် ကို ပြောတာကိုး ”

“ အင်း အဲ့ဒါ ဓူဝံကြယ် လား ”

“ ဟုတ်တယ် ။ လမ်းပြကြယ် လို့ လည်းခေါ်ကြတယ် ၊ တော ထဲ လမ်းမှား ခဲ့ရင် သူ့ ကို ကြည့် သွားရတယ် ၊ သူ က အမြဲ မြောက်အရပ် မှာ နေတယ် ”

ခဏ အကြာ အဖေ့ ဆီမှ ဆေးလိပ်ငွေ့ နံ့ မရတော့ သလို ဆေးလိပ်မီးရောင်
လည်း မမြင်ရတော့ပေ ။

“ ဆေးလိပ်မရှိတော့ဘူး ” ဟု အဖေ မပြောချေ ၊ အဖေ ဆေးလိပ် မသောက် တော့လျှင် ဆေးလိပ် မရှိတော့ကြောင်း ကျွန်တော် သိသည် ။ အဖေ ၏ အဖော် သည် ဆေးလိပ် ဖြစ်၏ ။

“ သား အဲ့လို လူတွေ ကို လမ်းပြတဲ့ ဓူဝံကြယ် ဖြစ်ချင်တယ် ”

“ ခလော ... ခလော ” နှင့် အဖေ့ ဟောက်သံ ကြားလိုက်ရ၏ ။ ကျွန်တော်
နှုတ်ခမ်း တစ်စုံ ကွေးညွတ် သွားအောင် ပြုံး မိသည် ။ ယခုတော့ ကျွန်တော့် ဓူဝံကြယ်ကြီး က ဟောက်သံ ပေး၍ အိပ်ပျော် နေချေပြီ ။ “ ဝီ .. ” ခနဲ ကျွန်တော် နား နား ကို ခြင် တစ်ကောင် လာ မြည်သည် ။ ကျွန်တော် သိသည် သည် ည ခြင်များ ကို သွေး လှူဒါန်းရ ဦးမည် ။

•••••   •••••   •••••

“ ကျလိ ကျလိ ”

စာလေးငှက် အသံကြောင့် ကျွန်တော် နိုး လာသည် ။ အဖေ့ ဘက် လှည့် လိုက်တော့ အဖေ က မရှိတော့ပေ ။ မီးဖို ထဲ ဆင်း ကြည့်လိုက် ပြန်တော့လည်း အဖေ့ ကို မတွေ့ရပေ ။ အဖေ အလုပ် သွားပြီ ထင်ပါသည် ။ အိမ်ရှေ့ ထွက်ခဲ့၏ ။ မနေ့က လမ်းမပေါ် တွင် ကျိုး နေသော သရက်ပင်အိုကြီး နား မှာ ဓားတစ်ချောင်း နှင့် သစ်ကိုင်း များ ခုတ်နေသော အဖေ့ ကို တွေ့ လိုက်ရသည် ။ လက် တစ်ဖက်သာ ရှိသည့် အဖေ သည် အားကြိုးမာန်တက် သစ်ကိုင်း ကို ခုတ် နေတာ တွေ့ တော့ ကျွန်တော် မနေနိုင် ပေ ။ အပြေး သွား ကူညီ လိုက်သည် ။

“ သားရေ ... အဖေ တို့ အတွက် ထင်း မပူရတော့ဘူးကွ ”

ကျွန်တော် မနေ့ က မိုး ကို ကျေးဇူး တင်မိသည် ။ လေတိုက် မိုးရွာ ၍ သာ သစ်ပင် လဲရ၏ ။ ကျန်သည့် အချိန် သစ်ပင် သွားခုတ် ထောင် သုံးနှစ် ကျသွားမည် ။ ယခုတော့ မိုး ကြောင့် လမ်းမ ပေါ် ပိတ်နေသော သစ်ပင်ကြီး ကို ခုတ် ၍ ထင်း အဖြစ် သုံးရ တော့မည် ။ မြို့ ဆိုလျှင် တော့ စည်ပင် က လမ်းရှင်း လုပ် ပေးကြသည် ။ ကျွန်တော် တို့ ရွာ မှာတော့ ကိုယ့် အိမ် ရှေ့ ကိုယ်ဖာသာ ရှင်း ကြရ၏ ။ လမ်း လည်း ရှင်း ထင်း လည်း ရ ။ အဆင်ပြေ လှသည် ။ ကျွန်တော် တို့ သားအဖ လုပ် နေတာ မြင်တော့ တခြား အိမ်များက ယောကျာ်းသားများ လည်း ဓား ကိုင်၍ ထွက်လာကြ၏ ။ ကျွန်တော် တို့ သည်လို နှင့် ထင်းများ များစွာ ရလိုက်သည် ။ အိမ် ထဲ သစ်ကိုင်းများ သွင်း ပြီးတော့ အဖေ က ရေ ချိုးသည် ။ ည က မိုးစို ထားသော စောင်များ ကို နေပူ လှန်ထား၏ ။ ယခုတော့ လည်း နေမင်း က အပူဓာတ်များ လှိုင်လှိုင် ထုတ်လွှတ် နေချေပြီ ။ ကျွန်တော် တစ်ကိုယ်လုံး ချွေးများ နစ် နေသည် ။ ညနေစောင်း တော့ လှန်း ထားသည့် စောင်များ ကို အဖေ ပုဆိုး တစ်ထည် ထဲ ထည့် ၍ နေ၏ ။

“ အဖေ ဘယ်သွားမို့လဲ ”

“ ဈေး ထဲ ညစောင့် သွားမို့လေကွာ ”

ရေနွေး သိပ် ကြိုက်သော အဖေ သည် ရေနွေးဓာတ်ဘူး ကို လက် တစ်ဖက် က ကိုင်ပုဆိုးထုပ် ကို စလွယ်သိုင်း ၍ အိမ် မှ ထွက် သွားသည် ။ အဖေ့ ကျောပြင် မည်းမည်း ကြီး ကို ကြည့် ၍

“ ဪ အဖေ အတွက် အလုပ် က ဈေး မှာ ညစောင့် တဲ့ လားဗျာ ”

ကျွန်တော့် ပါးပြင် ပေါ်က ပူနွေးသော အရည်များ ကို လက် နှင့် ခပ်ကြမ်းကြမ်း သုတ်လိုက်မိသည် ။

•••••   •••••   •••••

နွေ ကျောင်းပိတ်ရက် ကုန် ၍ ကျွန်တော်တို့ ကျောင်းကြီး ဖွင့်တော့မည် ။ ကျောင်းအပ်ခ စာရွက်စာတန်းဖိုး ကို ကျောင်း က ပေးမည် ဟု သိရပါသည် ။ သို့သော် လည်း ကျွန်တော် ၏ နှစ်စုံ သာ ရှိသော အဖြူအစိမ်းအင်္ကျီ နှင့် ပုဆိုး သည် အသားများ ပါးလွှာ နေချေပြီ ။ ကျွန်တော့် နည်းတူ ညီမလေး ၏ အဝတ်များ လည်း ပါးလွှာနေသည် ကို သိပါသည် ။ လွယ်အိတ် က တော့ အပ်ချည် နှင့် ချုပ် ထား၍ သုံး ရပါသေး၏ ။ ဖိနပ် အမြီးတိုလေး ကို ငုံ့ ကြည့်လိုက်ပြန်တော့ သဲကြိုး က ပြတ်လု ပြတ်ခင် ဖြစ်နေပြီ ။ အဖေ့ ကို ဝယ် ပေးရန် ပြောရပေဦးတော့မည် ။ ဟူး ခနဲ လေပူ တစ်ချက် မှုတ်ထုတ်လိုက် မိသည် ။ အဖေ့ ကို လှမ်း ကြည့်လိုက်တော့ ည မှာ မအိပ်ဘဲနေ ခဲ့ရ၍လား မသိပေ ။ ခလောခလော နှင့် အိပ်မောကျ နေသည် ။ ညနေ အဖေ နိုး မှ ပြောတော့မည် ဟု စိတ် ပိုင်းဖြတ် လိုက်၏ ။ အဖေ့ ညာဘက် လက်တိုလေး က လှုပ်နေ တော့သည် ။

အဖေ့ ညာဘက် လက်ကိုလေး သည် ကျွန်တော် လေးနှစ်သား လောက် က ဖြတ်သွား သည် ဟု သိရ၏ ။ အဖေ က နွေရာသီ ဆို နွားစာ စဉ်း လိုက်သည် ။ နွားစာ စဉ်းသည့် နေရာ မှာ အဖေ က ဦးဆောင် လုပ်ရသည် ။ ကောက်ရိုးများ ကို လိပ်၍ လိပ်၍ ဓားစက် ထဲ ထည့်ရ၏ ။ အန္တရာယ် များ သလို ပိုက်ဆံ လည်း ပိုရသည် ။ မည်သူ မှ မလုပ်ချင် ကြပေ ။ အဖေ ကတော့ ဘယ်သူမှ မလုပ်သည့် အလုပ် ကို လုပ်သည် ။ လုပ်ဆို ဒီ အလုပ် သည် အဖေ ငယ်ငယ်လေး ကတည်း က လုပ် တတ်အောင် အဖေ ၏ အဖေ က သင်ပေးထား၏ ။ အဖေသည် သည် အလုပ် မှာ ကျွမ်းကျင်သည် ။ ကျွမ်းကျင်ပါ သော်လည်း ပေါ့ဆမှု ကြောင့် ဆောင်းရာသီ ၏ အကြွင်းအကျန် လတပေါင်း မနက်ခင်း တစ်ခုတွင် ဝတ် ထားသော ဂျင်း လက်ရှည်အင်္ကျီ နှင့် ကောက်ရိုး လုံးထွေးပြီး ဓားစက် ထဲ လက် ပါ ပါသွား၏ ။ အဖေ လက် ဆုံးရှုံး လိုက်ရသည် ။ ထိုအချိန် ကတည်း က လက် တစ်ဖက် မရှိသော အဖေ စိတ်ဓာတ် ကျ၍ အလုပ် မလုပ်တော့ပေ ။ အမေ က ကျွန်တော်တို့ မိသားစု ကို ဈေးတောင်း ခေါင်းပေါ် ရွက်၍ ရှာ ကျွေး ခဲ့ရသည် ။ တစ်နေ့ သော အခါဝယ် လောကဓံ ၏ အထုအနှက် ကြား ထဲ မှာ ဒဏ်မ ခံနိုင်တော့သည့် အမေ သည် ကျွန်တော် တို့ သားအဖ ကို နှုတ်ဆက် ထွက်ခွာသွားပါ၏ ။

လက် တစ်ဖက်သာ ရှိသော အဖေ သည် တစ်ခါ ပြန်၍ အလုပ် လုပ်ရပြန် ပါသည် ။ လက် တစ်ဖက် တည်း ရှိသော ကြောင့် ဘယ်သူ က မှ မလုပ် မပေးချင်ပါ ။ အဖေ သည် နွား ကျောင်းသည့် အလု ပ်လည်း လုပ်၏ ။ ယာခင်း စောင့်ခိုင်းမည့် သူ က လာ ခေါ်လျှင် လိုက်သွား တတ်သည် ။ အား နှင့် မာန် နှင့် အလုပ်တော့ မလုပ်နိုင်ပေ ။ ယခင်တုန်း ကတော့ ကျွန်တော် တို့ မောင်နှမ နှစ်ယောက် က ငယ်သေးတော့ သိပ် အကုန်အကျ မရှိချေ ။ ယခုတော့ တစ်နေ့ တခြား အရွယ် ရောက်လာပြီး ကျောင်းစရိတ် က ကြီးလာသည် ။ စားစရိတ် က ပို များလာ၏ ။ နေ့ခင်း ယာစောင့်ခ နှင့် မလောက်ငှ၍  ညစောင့် အလုပ် ပါ လုပ် လာရသည် ။ အိပ်ပျော် နေသော အဖေ့ ကို ကြည့်ရင်း ကျွန်တော် စိတ် မကောင်း ဖြစ်မိသည် ။ လှုပ် နေသော လက်တိုလေး ကို စောင်လေး အုပ် ပေးလိုက်၏ ။

•••••   •••••   •••••

အိပ်ရာ မှ နိုး လာသည့် အဖေ သည် ရေချိုး နေသည် ။ ညစာ အတွက် ကျွန်တော် ဆန် နှစ်ဘူး ချက်ထား၏ ။ ဟင်း က တော့ ငရုပ်သီး ငပိချက် ရှိသည် ။ အဖေ့ အတွက် ထမင်းပွဲ ပြင်ပေးလိုက်၏ ။ ရေ ချိုးပြီး ထမင်းပွဲ ထိုင် လိုက်သည့် အဖေ ကို ကျွန်တော် စကား စ ပြောလိုက်သည် မှာ

“ ကျောင်ဝတ်စုံ ရယ် ဖိနပ် ရယ် ဝယ်ပေးအုန်း အဖေ ။ သိပ် မကောင်းတော့ဘူး ”

အဖေ အကြာကြီး စဉ်းစား နေသည် ။ ထိုနောက် လေးတွဲစွာ နှင့် ခေါင်းညိတ် ပြ၏ ။ ပြီးနောက် ပုဆိုး စလွယ်သိုင်း ရေနွေးဓာတ်ဘူး ဆွဲ၍ ထွက်သွားသည် ။ ကျွန်တော် အဖေ သည်လို ပင်ပန်း နေသည်ကို မကြည့်ရက်ပေ ။ ကျောင်း ဖွင့်ရန် ဆယ်ငါးရက် လောက် လိုသေးသည် ။ ရွာ ထဲ မှာ ယခုချိန် လယ်ပေါင်းရှင်း အလုပ်ရှိ၏ ။ တစ်မနက်စာ တစ်ထောင့်ငါးရာ ရသည် ဟု ကျွန်တော့် သူငယ်ချင်း ညိုကြီး ပြောဖူး သည် ။ စီးခေါင်း ဒေါ်တင်မြ ဆီ သွား ပြောလျှင် အလုပ် ရပါ၏ ။ ကျွန်တော် သွားပြောမည် ။ စိတ်ကူးနှ င့် ပျော်သွားသည် ။ ကျွန်တော် ပေါင်းနုတ် လိုက်ရသည့် ပိုက်ဆံ နှင့် ညီမလေး အတွက် ကျောင်းဝတ်စုံလေး နှင့် အတူ လွယ်အိတ်လှလှ ပါ ဝယ်ပေးမည် ။ ကျွန်တော် စီးခေါင်း ဒေါ်တင်မြ အိမ် ထွက်ခဲ့ပါတော့သည် ။

•••••   •••••   •••••

မနေ့ က စီးခေါင်းဒေါ်တင်မြ က ကျွန်တော့် ကို အလုပ် ပေးပါသည် ။ မနက် ငါးနာရီ လောက် အိပ်ရာ ထပြီး ည က ကျန်သည့် ထမင်းကြမ်းခဲ ကို ဆီဆမ်း စား၏ ။ လယ် ထဲ သို့ တခြားသူများ နှင့်အတူ ဆင်းကြသည် ။ သည်အချိ န်ဆို အဖေ အိမ်ပြန် ရောက် နေမည် ထင်ပါ၏ ။ ကျွန်တော့် ကို လိုက် ရှာနေမည် ထင်သည် ။ အိမ်းနားနီးချင်း အမေကြီး ဒေါ်ခင် ကို တော့ ပြောခဲ့သည် ။ လယ်ပေါင်းရှင်း အလုပ်သည် ကျွန်တော့် စိတ်ကူး ထဲ မှာ တော့ အလွန် လွယ်သော အလုပ် ဖြစ်၏ ။ တကယ် လက်တွေ့ မှာ တော့ ကျွန်တော့် အရပ် နှင့် စပါးပင် ကွက်တိ ဖြစ်နေသောကြောင့် မျက်လုံး ထဲ စပါးပင် ဝင် မှာ ကြောက်၍ မနည်း ရှောင်နေရသည် ။ အောက် ငုံ့ပြီး ပေါင်းမြက်များ ကို လက် နှင့် ဆွဲရ သည် ။ ထိုအခါ ကျွန်တော်ကို မမြင်ရတော့ပေ ။ နုတ်ပြီး သမျှ ပေါင်းမြက်များ ကို ကန်သင်းပေါ် ဆွဲ တင်ရ၏ ။ လူ တစ်ကိုယ်လုံး ရွံ့များ ပေစုတ် နေရပြီ ။ ထို ကြား ထဲ အပေါ် က နေမင်း က ပူ ။ အောက် က ရေ က ပူ နှင့် ကျွန်တော်ခါး နာ နေသည် ။ ဆယ်နာရီ ထိုးတော့ အလုပ် သိမ်း၍ အိမ် ပြန်ရသည် ။ ကျွန်တော် လက် ထဲ မှာ တစ်ထောင့်ငါးရာ ဆိုသည် ခြင်္သေ့ရုပ် ပါသည့် အနီတစ်ရွက် အစိမ်းတစ်ရွက် နှစ်ရွက် ကို ကျစ်ကျစ်ပါ အောင် လိပ်၍ ယူလာ၏ ။ အိမ် ကျ အဖေ့ ကို ပြမည် ။ ကျွန်တော့် ဓူဝံကြယ်လေး က သည်နေ့ အတောက်ပဆုံး ဖြစ်မည် ။

•••••   •••••   •••••

အိမ်ပေါက် ဝ မှာ အဖေ တုတ် တစ်ချောင်းနှင့် မတ်တပ်ရပ် နေသည် ။ မည်သူ့ ကို စောင့်နေသည် မသိပါ ။ လမ်းမ ထက် မျှော်ကြည့် နေ၏ ။ ကျွန်တော်လာ  တာ မြင်တော့ အဖေ့ မျက်နှာ နီရဲနေသည် ။

“ အဖေ .. ဒီမှာ ” ဟု ပြောရင်း က ပိုက်ဆံလိပ်ကလေး ကို ထောင် ပြလိုက်၏ ။

“ ဒီမှာဦးကွာ ...ကဲကွာ ... ”

အဖေ ကျွန်တော့် ခြေသလုံး ကို လက် ထဲ က တုတ်နှင့် အဆက်မပြတ် ရိုက် နေသည် ။ ကျွန်တော် အဖေ့ ကို နားမလည်နိုင်ပေ ။ ဘာအတွက် ယခု လို ဒေါသတကြီး ရိုက်နေသလဲ သိချင်မိသည် ။

“ အဖေ ... သား ကို ဘာလို့ ရိုက်တာလဲဗျ ”

ရိုက် နေသည့် တုတ် ကို ချ၍ အဖေ ပြော၏ ။

“ မင်း က အဖေ ကို အထင် သေးတာပေါ့လေ လက် တစ်ဖက်တည်း ရှိလို့ အားကိုးမရဘူးပေါ့ လေ ဟုတ်လား ဟေ့ကောင် ပြောစမ်းပါ ။ ပြောပြစမ်းပါဦး ”

အဖေ ပြောရင်း က စိတ် တိုလာပုံ ရသည် ။ တုတ် ဆွဲ ရိုက်ပြန်၏ ။

“ အီးဟီး .... မဟုတ်ရပါဘူး ။ အဖေ ”

“ ဘာ မဟုတ်ရမှာလဲ ကဲကွာ ၊ နောက် သူများ အလုပ် လုပ်ဦးမလား ပြော ”

ကျွန်တော် ခေါင်းရမ်း နေမိသည် ။ ကျွန်တော် ကျော နာတာ ထက် အဖေ စိတ် နာမှာစိုး၏ ။ အဖေ ကျေနပ်သည် အထိ ရိုက်ပါစေ ။ ကျွန်တော် အံကြိတ် ခံမည် ။ ပါးပြင် ပေါ် က ပူနွေးနွေး မျက်ရည် က ကျွန်တော့် အနာ ကို သက်သာ မသွားပေ ။

“ ဟဲ့ .. ဟဲ့ ကလေး ကို ဒီလောက် ရိုက်ရ တော်ပါတော့ ချစ်မောင် ရယ် နင့် ဟာ က ကလေး က မသိလို့ လုပ်တာ ကိုး ။ သူ့ မှာ ပိုက်ဆံရ ချင်လို့ အဖေ ကို ကူညီတာပါဟာ ”

အိမ်းနား က အမေကြီး ဒေါ်ခင် အဖေ့ ကို လာ ဆွဲသည် ။ ထို့နောက် အဖေ အရုပ်ကြိုးပြတ် ထိုင် ချလိုက်၏ ။ အဖေ ညာဘက် လက်တိုလေး သည် တဆတ်ဆတ် တုန်ခါ နေသည် ။ ကျွန်တော် အိမ် ပေါ် တက် အိပ်နေလိုက်သည် ။ အချိန် မည်မျှ အိပ် သွားသည် မသိပေ ။ ကျွန်တော် ကိုယ် ပေါ် က စောင်လေး ကို ဘေးသို့ ဖယ်လိုက်၏ ။ ကျွန်တော် အဖေ့ ကို စိတ်ဆိုးပြီး အိပ် တော့ စောင် မခြုံမိပေ ။ ဒါဆို အဖေ ကျွန်တော့် ကို စောင်ခြုံ ပေးသွားခဲ့တာပဲ ။ အဖေ့ ကို လိုက် ရှာတော့ မတွေ့ရတောပေ ။ ဈေးစောင့် သွားသည့် ထင်ပါသည် ။ ဗိုက် ထဲ က ဂွီခနဲ အသံကြောင့် မီးဖို ထဲ ဆင်း လာခဲ့သည် ။ စားပွဲ ပေါ် မှာ ထမင်းအိုး နှင့် အတူ ဟင်းပန်းကန် ပါ အဆင်သင့် တွေ့ရ၏ ။ ကျွန်တော် အဖေ ပြင်ပေး သွားသော ထမင်းပွဲ ကို မြိန်ရေရှက်ရေ စားလို က်သည် ။ ထမင်း စား ပြီး၍ အိမ်ရှေ့ ကွပ်ပစ်လေး ပေါ် ထိုင်နေမိ၏ ။ ထိုနောက် ပက်လက်လန် အိပ် လိုက်သည် ။ မိုး ပေါ် က ကြယ်လေးများ တစ်လုံး ပြီး တစ်လုံး တစ်စတစ်စ တိုး တိုး လာသည် ။ သည်နေ့ မှ ကျွန်တော် ၏ ဓူဝံကြယ်လေး က တိမ်ဖုံး နေရပြီ ။ ကျွန်တော် မျက်လုံး တစ်စုံ လည်း တိမ်ဖုံး သွား ပါတော့သည် ။

•••••   •••••   •••••

“ ဗျို့ ကိုချစ်မောင် ... ကိုချစ်မောင် ရှိလား ”

အိမ်ရှေ့ လမ်းမ ပေါ် က ခေါ်သံ ကြောင့်ကျွန်တော် အိပ်ရာ မှ နိုး လာသည် ။ ခေါင်းထောင် ကြည့် လိုက်တော့ ရပ်ကွက်လူကြီး လေးငါးယောက် ကို တွေ့ ရ၏ ။

“ ဗျာ ... အဖေ မရှိဘူးဗျ ”

ကျွန်တော့် အသံကြောင့် ထို လူကြီးများအချင်းချင်း တီတိုး ပြောနေကြသည် ။
ကျွန်တော် အိမ်ရှေ့ ထွက် ၍

“ အဖေ လာရင် ဘာ ပြောပေးရမလဲဗျ ”

ရပ်ကွက်လူကြီး က “ ည က ဈေး အဖောက် ခံရတယ် ။ အဲဒါကြောင့် မင်း အဖေ ကို စစ်စရာ ရှိလို့ ဈေးရုံး ကို လာခဲ့ပါလို့ ပြောပေးကွာ ”

“ ဟုတ်ကဲ့ ဟုတ်ကဲ့ ” ဟု ကျွန်တော် ခေါင်းညိတ် လိုက်၏ ။ ရပ်ကွက်လူကြီး များ ပြန်သွား ပေမယ့် ကျွန်တော် မှာ အဖေ့ အတွက် စိတ်ပူ မိသည် ။ အဖေ က ကျွန်တော် အလုပ် ထွက် မလုပ်ရအောင် သူများ ပစ္စည်းများ ခိုးသလား ။ သို့မဟုတ် တခြားသူ ကပဲ လာ ခိုးသလား ။ ဘုရား ... ဘုရား အဖေ မဟုတ်ပါစေနှင့် ။ တကယ်၍ အဖေ ခိုးခဲ့လျှင် ကျွန်တော်တို့ မောင်နှမ နှစ်ယောက် လမ်းဘေး မှာ ခွက် တစ်လုံး နှင့် တောင်းစား ရမည့် ဘဝ ရောက်မှာ သေချာပါသည် ။ အဖေ လည်း ထောင် ကျမည် ။ ယခုချိန်များ အဖေ ပြန်လာရင် အဖေ စိတ်ညစ်ရမည့် အလုပ် မှန်သမျှ မလုပ်တော့ပါ ဟု ကတိ ပေးမည် ။ ကျွန်တော့် အတွက် နှင့် အဖေ ထောင် ကျလျှင် ကျွန်တော် တစ်သက်လုံး ရင်ကျိုးရ မှာ အသေချာပင် ဖြစ်သည် ။ အဖေ ရေ .. ပြန် လာပါတော့ ..

•••••   •••••   •••••

“ ဟဲ့ ကောင်လေး နင့် အဖေပြန်မလာသေးဘူးလား ။ မိုးချုပ်တော့မယ် ”

အိမ်နား က ဒေါ်ခင် လှမ်း မေးသည် ။ လမ်းမ ပေါ် မှာတော့ အဖေ့ အရိပ်ယောင် မမြင်မိပေ ။ တစ်စတစ်စ နှင့် အလင်းရောင် ပျောက်၍ မိုးပေါ် က ကြယ်ကလေးများ ဟိုတစ်လုံး သည် တစ်လုံး မှိတ်တုတ် မှိတ်တုတ် နှင့် ပေါ်လာသည် ။ ထိုအထဲ မှ ကျွန်တော့် ဓူဝံကြယ် က အလင်းဆုံး ၊ အတောက်ပဆုံး ဖြစ်နေ၏ ။ မြေပြင် ပေါ် မှာက တော့ ကျွန်တော် ၏ ဓူဝံကြယ် က အလင်းရောင် ပျောက်နေသည် ။ ကျွန်တော် မျက်ရည် ဝဲ နေ မိသည် ။ အားငယ် မိသည် ။ စိုးထိတ် မိသည် ။ ပူလောင် မိသည် ။ ယခုချိန် ထိ အဖေ ပေါ်မလာပုံ ထောက်လျှင် ရဲစခန်း ထဲ မှာ ညအိပ် ရပြီ ထင်၏ ။ ကျွန်တော် အော် ငိုချင် သည် ။ သို့သော် လည်း အသံ က လည်ချောင်း ထဲ တွင် တစ်ဆို့ နေ၏ ။ ဟော ... လမ်းမ ပေါ် မှာ အရိပ် တစ်ခု ဝေးရာ မှ နီးသထက် နီးလာရေပြီ ။ ကျွန်တော် ထို အရိပ် ဆီ သို့ ပြေး သွားလိုက်သည် ။ သူ ၏ တိုနေသော ညာဘက်လက် ကို ဆွဲ၍ ယီးလေး ခို စီးလိုက် သည် ။ ထို အရိပ် က အားမာန် အပြည့် နှင့် ကျွန်တော့် လက် ကို တောင့်ခံ တွဲခေါ်လာ၏ ။ ကျွန်တော် သိပ် ပျော်နေမိ၍ တဟီးဟီးရီ နေသည် ။ ကျွန်တော့် ရယ်သံ က လှိုင်းထ နေ ချေပြီ ။ ကျွန်တော့် ကို ထို အရိပ် က တိုးတိုးလေး ပြော နေသည် ။

“ ပြဿနာ ကို ဖြေရှင်း နေရတာနဲ့ ကြာ သွားတယ်ကွာ ၊ အခုတော့ အမှုမှန် ပေါ်ပါပြီ ၊ ပစ္စည်း ခိုးတဲ့ သူ ကို လည်း ဖမ်း သွားကြပြီကွ ”

ထိုသို့ ပြော၍ ကျွန်တော့် ပါးပြင် ကို ပူနွေးစေသည် ။ ထို ပူနွေးနွေးလေး သည် အလွန်ချိုမြိန် လှပေသည် ။ ထို အရိပ် သည် ကျွန်တော် ၏ မြေပြင် ပေါ် က ဓူဝံကြယ် ဖြစ်နေပါ တော့သည် ။

◾ မြေပြင် ပေါ် က ဓူဝံကြယ်

မိုးပေါ် မှာ ကြယ်တစ်လုံး
တိမ်ဖုံးပါလို့ မပေါ်သာ
သာတဲ့ အခါ သာပါလိမ့်
နတ်ဒေဝါ သူဖန်ဆင်း
လမ်းပြကြယ်မင်း

◾နဒီသင်း ( ကုန်းဇောင်း )

📖 တစ်ယောက်တစ်ဘဝ ( ၁ )

.

သာခွေယိုင်


 

❝ သာခွေယိုင်  ❞

( ကြောက်တတ်သူတိုင်း သို့ ရည်ညွှန်းပါသည် ။ )

( ၁ )

သို့ဖြစ်သည့် တိုင်အောင် ကျော်ဆက် မှာ သူရဲဘော နည်းချေသေးသည် ။

လူ ဆယ်ယောက် ကို တစ်ယောက်တည်း ခံ ရိုက်နိုင်လောက်အောင် မိုက်သွေး ရှိ၏ ။ သရဲသဘက် အကောင် တစ်ရာ လောက် ကို အေးအေးဆေး ဆေး မုတ်ဆိတ်မွေး ရိတ် ပေးနိုင်၏ ။ သို့ရာတွင် မလှဝင်း ကို ချစ်ပါသည် ဟု ဖွင့်ပြောရမည့် အခါ အသည်းနှလုံး ပြုတ်ကျ သွားနိုင်လောက်အောင် ရင်ခုန် လာပြီး မျက်နှာများ မှာ ပြာခနဲ မိုက်ခနဲ မီးဝင်းဝင်း တောက် လာလေတော့သည် ။

မလှဝင်း တွင် မိခင် မရှိတော့ပါ ။ ဖခင်ကြီး ဦးသာစိန် နှင့် ဖခင်ကြီး ၏ နှမ ဖြစ်သူ ဒေါ်ကျော့ သာ ရှိပါသည်  ။ အဒေါ် အုပ်ထိန်းသော မိန်းကလေး ဖြစ်၏ ။ ဦးသာစိန် မှာ မလှဝင်း ၏ ယောက်ျားကလေး အသိများ အနက် ကျော်ဆက် ကို အခင်မင်ဆုံး ဖြစ်သည် နှင့် အညီ အရေးလည်း အပေး ဆုံး ဖြစ်၏ ။ ထို့ကြောင့် ပင် ဝယ်ပြီးစ ပူပူနွေးနွေး အိမ်ကြီး သို့ ပြောင်းခါ နီး တွင် “ ဟေ့ ... မောင်ကျော်ဆက် ၊ ငါတို့ ဟို အိမ်ကြီး ကျရင် ယောက်ျားကလေး လူငယ် မရှိလို့ မင်း လာနေစမ်းပါ ” ဟု ခေါ်ခြင်း ဖြစ်သတည်း ။ သို့ဖြစ်သည့် တိုင်အောင် လည်း ကျော်ဆက် မှာ သူရဲဘော နည်းချေသေး သည် ။ မလှဝင်း နှင့် တစ်အိမ်တည်း နေရမည့် အခွင့်အရေး ကို လက်မလွှတ် နိုင်၍ ခေါင်းညိတ်ခဲ့ရသည့် တိုင်အောင် မလှဝင်း ကို “ ချစ်လိုက်ရ တာ ခင်ရယ် ” ဟု ပြောရမှာ အဝီစိ ငရဲ က ငရဲမီး ကို လက် တစ်ဆစ် လောက် ရှိသည့် ဆေးလိပ်တို နှင့် ပါးစပ် ၌ တပ်၍ မီးရှို့ရမည် လောက် မျက်နှာ လည်း ပူ၏ ။ ကြောက် လည်း ကြောက်၏ ။ သူ့ အကြောက်ကို မဲမ တင်းသည့် အပြင် အလေးချိန် ပို၍ ဖြည့်စွက် လိုက်သူကား ဒေါ်ကျော့ ပင် ဖြစ်တော့သည် ။

ဒေါ်ကျော့ သည် မုဆိုးမ ဖြစ်၏ ။ ကွယ်လွန် သွားသော သူ့ ယောက်ျား ကို အလွန် ကြောက်ရုံသာမက ချစ် လည်း ချစ်သဖြင့် ထို ယောက်ျား က ပါလာသော သား ချစ်ထူး ကို အလွန် အရေးပေး၏ ။ ချစ်ထူး မှာ ဇီးကုန်း တွင် သူ့ အဖေ ၏ အမျိုးများ နှင့် နေ၏ ။ ဦးသာစိန် က ကျော်ဆက် ကို အိမ်ပြောင်းသောအခါ အတူ လိုက်ပါ နေထိုင်ရန် ခေါ်ငင်စဉ်က ဒေါ်ကျော့ က “ အချစ် ကို ခေါ်ထားလိုက်ရင် ပြီးတာပေါ့ ” ဟု ဦးသာစိန် မကြားတကြား ပြောလိုက် သည် ။ ဦးသာစိန် ကမူ ခပ်အေးအေး နှင့် တ ဇောက်ကန်း ပြုတတ်သူ ပီပီ ဒေါ်ကျော့ ပြောသည် ကို မကြားချင် ယောင် ဆောင် နေလိုက်ရကား လက်ဦး ပြောသော စကား မှာ အတည် ဖြစ်သွားရ လေသည် ။ ခပ်ရှင်းရှင်း ရေး ရလျှင် ဦးသာစိန် သည် သူ့ သမီး နှင့် ကျော်ဆက် ကို သဘောတူ၍ ချစ်ထူး ကို တစ်ခါတလေ လာ လည်သည် ကို ပင် မကြည့်နိုင်ချေ ။ သူ့ နှမ စိတ်မကောင်းမှာ စိုး၍ သာ ဖွင့်မပြောခြင်း ဖြစ်သည် ။ ဒေါ်ကျော့ မှာ လည်း သူ့ တူမ ကို ချစ်ထူး နှင့် သာ စိတ်ညွတ်၍ ကျော်ဆက် ကို နေ့စဉ် နှင့် အမျှ မျက်နှာချင်း မဆိုင်လိုပေ ။ သူ့ အစ်ကိုကြီး ကို ကြောက် ၍ သာ ဖွင့် မပြောခြင်း ဖြစ်သည် ။ မလှဝင်း ကိုယ်တိုင် က မူကား နေ့စဉ်နှင့် အမျှ တွေ့ နေရသော ကျော်ဆက် ကို ရင်း ရင်းနှီးနှီး ဆက်ဆံသလို တစ်ခါတစ်ရံ တွေ့ရသော ချစ်ထူး ကို လည်း ဖော်ဖော်ရွေရွေ ရှိလှ၏ ။

•••••   •••••   •••••

( ၂ )

ရန်ကုန်မြို့တွင် လူပြတ်၍ သစ်ပင်ကြီးများ အုပ်ဆိုင်းလျက် ရှိသော လမ်းမကြီး ပေါ်တွင် ဆောက်လုပ် ထားသော အိမ်ကြီး တစ်ဆောင်သို့ ကျော်ဆက် မှာ ဦးသာစိန် တို့ နှင့် အတူ ရွှေ့ပြောင်း လာခဲ့သည် မှာ တစ်ပတ် ခန့် ရှိပေပြီ ။

ဤ ညနေ တွင် မူ ရုံး မှ စာရေး တစ်ယောက် ရာထူးတိုးမြှင့် ခန့်အပ်ခြင်း ခံရသဖြင့် ရုပ်ရှင် ပြသည် ကို ကြည့်ရှုရသည် ဖြစ်ရကား အိမ် ကို ည ၉ နာရီခွဲခန့်လောက်မှ ရောက်ရှိ လာလေသည် ။ အိမ်ပေါ် ရောက်ရော က် ချင်းပင် မလှဝင်း က ဆီးကြို နှုတ်ဆက်သည် ။

“ ကိုကျော်ဆက် ... မိုးချုပ်လှချည်ကလား ။ လှဝင်း တောင် ထမင်း စား စောင့်နေသေးတယ် ၊ ရှစ်နာရီ လောက်မှ ဆာတာနဲ့ စားလိုက်ရတယ် ”

“ ဟာ .. အားနာစရာကြီး မလှဝင်း ရယ် ၊ ကျွန်တော် မြို့ထဲက စားခဲ့ပြီ ၊ မိတ်ဆွေ တစ်ယောက် ရာထူးတိုး တာနဲ့ ဘိုင်စကုပ် ပြလို့ သွားကြည့်နေ လို့ ”

ဒေါ်ကျော့ သည် အပေါ်ထပ် လှေကား မှ ဆင်းလာကာ ကျော်ဆက် ကို မျက်စောင်း တစ်ချက် ထိုး၍ ခြောက် လိုက်၏ ။

“ ဘယ့်နှယ်တော် ဘယ် သွားမှန်း မသိ ၊ ဘယ် လာမှန်း မသိ ၊ အချိန်မတော် ထမင်း လည်း မကျန်တော့ဘူး ။ ဒီ အိမ် မှာ လူကြီးတွေ နဲ့ မိန်းကလေးတွေ မဟုတ်လား ၊ အားနာဖို့ တစ်ဆိတ် ကောင်းပါတယ် ” 

“ အားနာပါတယ် ခင်ဗျာ ၊ သူငယ်ချင်း တစ်ယောက် က ” 

“ အားနာတာ က လည်း ည ၉ နာရီ ၁၀ နာရီ မှ ပြန်လာရလား ” 

“ ဟဲ့ ... မယ်ကျော့ ၊ တယ် လျှာရှည်ပါလား ၊ နင့် ကို ညနေစာ မှန်မှန် ပြန် စားပါ့မယ်လို့ တံဆိပ်တော် ခေါင်းကပ်ပြီး စာချုပ် ထား သလားဟဲ့ ။ မောင် ကျော်ဆက် ၊ နောက်ကို ညဉ့်နက်အောင် မနေနဲ့ နော် ၊ ခေတ်ကြီး က ပြန်ပေး ပေါသကွ ”

“ ဟုတ်ကဲ့ ဦး ၊ နောက် ကို ကျွန်တော် ဆင်ခြင်ပါ့မယ် ”

ကျော်ဆက် သည် မျက်နှာကြီး ပုပ်သိုး နေသော ဒေါ်ကျော့ ကို ဝါတာ လူး စစ်ပွဲ အပြီးတွင် မြင်းပေါ် မှ စစ်တလင်း ကို လှမ်း ကြည့်လိုက်သော မြို့စားကြီး ဝယ်လင်တန် ၏ အကြည့်မျိုးနှင့် ကြည့်ကာ သူ့ အိပ်ခန်းသို့ တစ်လှမ်းချင်း ဝင် လာခဲ့လေ၏ ။ အောက်ထပ် တစ်ထပ်လုံး တွင် ကျော်ဆက် တစ်ယောက် တည်း အိပ်ကာ ဦးသာစိန် ၊ ဒေါ်ကျော့ နှင့် မလှဝင်း တို့ အပြင် အိမ်ဖော် မိန်းကလေး တစ်ယောက်မှာ အပေါ်ထပ် ၌ အိပ်ကြလေသည် ။

အခန်း ထဲ သို့ ဝင်မိသည် နှင့် တစ်ပြိုင်နက် ကျော်ဆက် မှာ ကြက်သီး များ ဖြန်းခနဲ ထလာခဲ့လေသည် ။ သို့နှင့် စားပွဲ ပေါ်မှ စားပွဲတင်မီး ကို ဖွင့် ရန် အလှမ်း လိုက်တွင် အံ့အားကြီး သင့် သွားလေတော့သည် ။

မှောင် ထဲ ပင် ဖြစ် သော်လည်း ကောင်းကောင်း မြင်ရပါသည် ။

သူ့ စားပွဲစွန်း ဝယ် ခပ်ဖြူဖြူ လူရိပ်သဏ္ဌာန် တစ်ခု သည် တင်ပါးလွှဲ ထိုင်နေလေသည် ။ ကျော်ဆက် မှာ စုံစမ်းရန် အနား သို့ ကပ် သွားသောအခါ ထိုသဏ္ဌာန် မှာ အခိုးအငွေ့ ကဲ့သို့ ဖြစ်ပြီး ဟိုဘက် သည်ဘက် ဖောက်ထွ င်း မြင်ရလုနီးနီး ပါးလွှာသည် ကို တွေ့ရလေသည် ။ ကျော်ဆက် အနား ရောက်လာသော အခါ ထို သဏ္ဌာန် သည် ခေါင်းကလေး ကို ငဲ့စောင်း ကြည့်ပြီး ပြုံးပြ လိုက်လေသည် ။

“ ဟေ့ ... မင်း ဘယ်သူလဲ ”

သဏ္ဌာန် သည် ပို၍ ပြုံးရွှင် လာလေသည် ။ အသက် ၂၄ နှစ် လောက် ပင် ရှိမည်ဟု ခန့်မှန်းရ၏ ။

“ ခင်ဗျား ... ကျွန်တော့် ကို မြင်တယ်နော် ၊ ဝမ်းသာ လိုက်တာဗျာ ” 

“ မင်း ကို ငါ မမြင်ရအောင် ငါ က ကြောင်တောင်ကန်း မှ မဟုတ်ဘဲကွ ”

“ အင်း ... သတ္တိ က လည်း ကောင်း ၊ မြင် က လည်း မြင် ။ နေရာကျ လိုက်လေဗျာ ”

“ သောက်စကားကြော မရှည်နဲ့ ။ မင်း ဘယ်သူလဲ ” 

“ ဒါလောက် မေးမှ ပြောရမှာ ပဲ ၊ ကျွန်တော် သရဲဗျ ”

“ ဘာကွ ”

“ သရဲ ... သရဲ ... ”

ကျော်ဆက် မှာ ငေး၍ သေသေချာချာ ကြည့် မိသည် ။ သူ အရက် မသောက်တတ်ပါ ။ မအိပ်ရ သေး၍ အိပ်မက် လည်း မဖြစ်နိုင် ။ တစ်သက်လုံး က မတွေ့ ခဲ့ဖူးသော သရဲ ကို သူ့ အခန်း ထဲတွင် အေးအေးဆေးဆေး နှင့် တွေ့ ရ၏ ။

“ သရဲ ဆိုရင် ဘာလာ လုပ် နေတာလဲ ။ ငါ့ ကို ခြောက် မလို့ ဆိုရင်တော့ စောစော က ပြန်ရင် ကောင်းလိမ့် မယ် ၊ ငါ မကြောက်တတ်ဘူးကွ ” 

သရဲသည် သဘောကျစွာနှင့် ရှေ့တိုး နောက်လှန် ရယ်နေသည် ။ ထို့ နောက်မှ ဟိုကြည့်သည်ကြည့် လှမ်း ကြည့်ပြီး ...

“ အိမ်သားတွေ အပေါ် တက် အိပ်ကုန်ကြပြီ ၊ ခင်ဗျား နဲ့ ကျုပ် နဲ့ အေး အေးဆေးဆေး စကား ပြောရအောင် ။ ခင်ဗျား ကို ခြောက်ရအောင် လာ တာ မဟုတ်ဘူး ဗျ ၊ ကျုပ် ဒီ အိမ်မှာ နေတယ် ၊ ခင်ဗျား တို့ ရောက် ကတည်း က အိမ်သားတွေ ကို ကျုပ် တစ်ယောက်စီ ကိုယ်ထင်ပြ တယ် ၊ ဘယ် လူမသား လူမသမီး ကမှ မမြင်ဘူး ၊ ခင်ဗျား တစ်ယောက် ပဲ ကျုပ် ကို မြင်တယ် ၊ ကျုပ်ကို မြင်တဲ့ လူ မှ ကျုပ် ပြောတဲ့ စကား ကို ကြားနိုင်တာ ”

ကျော်ဆက် သည် ကု,လားထိုင် တွင် ဝင်ထိုင်ပြီး အလွန် နီးကပ်စွာ ထိုင် နေသော သရဲ ၏ မျက်နှာ ကို မော် ကြည့်လိုက်၏ ။

“ မင်း နာမည် က ဘာလဲကွ ”

“ ခင်ဗျား နာမည် က ကိုကျော်ဆက် မဟုတ်လား ၊ ကျွန်တော် သူများ ခေါ်သံ ကြားတာနဲ့ သိနေတာ ၊ ကျွန်တော့် နာမည် က သာခွေယိုင် တဲ့ ” 

“ ဟေ့ ... မင်း ငါ့ ကို ခြောက်နေတာလား ”

“ မဟုတ်ပါဘူးဆို ၊ ဘာဖြစ်လို့ လဲ ”

“ ကြံကြံဖန်ဖန် သရဲ နာမည် က သာခွေယိုင် တဲ့ ”

“ ဟ ... အဟုတ် ပြောတာဗျ ၊ အထက် က ပေးတဲ့ နာမည်လေဗျာ ” 

“ ဘယ် အထက် က လဲ ၊ မြစ်ကြီးနား က လား ”

“ မဟုတ်ဘူး ဗျ ၊ ကျွန်တော်တို့ ကို အုပ်ချုပ် တဲ့ ကြီးကြီးမာစတာတွေ က ပေးတာ ”

သာခွေယိုင် သည် ခြေ ကို ချိတ်၍ ဒူး နှန့်ပြီး ဆက်လက် ပြောနေပြန်သည် ။

“ ကျွန်တော် က လူ့ဘဝ တုန်းက နေပူ ထဲ လျှောက် ပြီး ပြန် အလာ သာခွေယိုင် စားလိုက်တော့ အပြင်း ဖျားပြီး သေခဲ့လို့ ကျွန်တော့် နာမည် က သာခွေယိုင် တဲ့ ”

ကျော်ဆက် မှာ သဘောကျ စွာ ရယ် လိုက်လေသည် ။

“ ဒါဖြင့်ကွာ ကျောက် ပေါက်ပြီး သေတဲ့ လူ သရဲဖြစ်တော့ ဘာခေါ်လဲ ”

“ ရှိသဗျာ ၊ သူတို့ က စုံလို့ ။ ပဲသီတာ ၊ ထမင်းခြောက် ၊ ငဖြူ ၊ ငသမာ ၊ င သရေ ၊ ငလောင်မီး ၊ ငသလဲ ၊ ငရေကျောက် ... အို ... စုံလို့ ပါဗျာ ။ ကျွန်တော် လည်း မမှတ်မိတော့ဘူး ”

ကျော်ဆက် သည် သာခွေယိုင် ကို သေချာစွာ စိုက်ကြည့်ရင်း ..

“ ဟုတ်မှ လည်း လုပ်ပါ မောင်သရဲ ရယ် ၊ မင်း ငါ့ ကိုများ နှပ်ချနေတာ လားကွ ”

“ ကိုယ် ဖျောက်တိုင်း မပျောက်ရပါစေ နဲ့ ၊ တကယ် ပြောတာပါဗျာ ။ ကိုမချစ်စုတို့ များ မချစ်စု သရက်သီး စားပြီး ဓာတ်လျောလို့ သေတဲ့ သရဲဗျ ”

“ ကိုင်း ... ဒါတွေ ထားပါဦး ၊ မင်း က ဘာလို့ လူတွေ ကို လိုက် လိုက်ပြီး ကိုယ်ထင် ပြရတာလဲကွ ”

သာခွေယိုင် ၏ မျက်နှာမှာ သိသိသာသာ ညှိုးနွမ်း သွားလေ၏ ။ သူ ဝတ်ထားသော အင်္ကျီအဖြူရှည်ကြီး ၏ အောက်အနားပတ်စ ကို လက် နှစ်ဖက်ဖြင့် ပွတ်ချေ နေပြီးမှ ...

“ ကျွန်တော် လူ နဲ့  စကား မပြောရတာ လူ့ ဘဝ က သေလာပြီး ကတည်းကဗျ ။ သရဲ ဆိုတဲ့ ကောင်မျိုး ဟာ အချင်းချင်း တယ် စကား မပြောချင်ဘူး ၊ လူတွေ နဲ့ စကား ပြောချင်လွန်းလို့ လိုက်ပြီး ကိုယ်ထင် ပြတာ တစ်ယောက် မှ မမြင်ဘူး ၊ ကျွန်တော်တို့ အိမ်သားတွေ ဟာ လည်း မမြင်ဘူး ။ ဒါနဲ့ စိတ်ပျက်ပျက် နဲ့ အထက် ကို တောင် နေရာ တစ်ခု ပြောင်းရွှေ့ပေးဖို့ ပြောထားတာ ၊ သူတို့ က မင်း ဟာ လူ့ ဘဝ နဲ့ နီးတယ်တဲ့ မကြာခင် အခွင့် သင့်တော့ လူ ဖြစ်မှာ ဆိုပြီး ပြောင်း မပေးဘူး ၊ နောက်ဆုံး ကျွန်တော် က နားပူလွန်းတော့ မှ ကောင်းပြီ တို့ နေရာ ရှာဦးမယ် ၊ ဒါ ပေမဲ့ လူ ပြန် ဖြစ်ခါ နီးကျတော့ မင်း ကြိုက်တဲ့ နေရာ ကို စွန့်ခဲ့ရမှာ ပါကွာ တဲ့ ။ ကျွန်တော် ကံဆိုး တယ်ဗျာ ... ခင်ဗျား နဲ့ စောစောက သာ တွေ့ရင် နေရာ မပြောင်းပါဘူး ၊ ခုတော့မှ အထက် ကို ပြန်ပြီး မပြောရဲတော့ ဘူး ၊ တော်တော်ကြာ ခု တစ်မျိုး ခု တစ်မျိုး ဆိုပြီး နားရင်းအုပ် ခံရလိမ့်မယ် ”

ကျော်ဆက် သည် သာခွေယိုင် ကို ကရုဏာ သက်စွာ ကြည့်နေရင်း က ခေါင်း ကို တစ်ချက် ညိတ်လိုက်ပြီး ....

“ မင်း ကို ငါ က အိပ်ပျက် ခံပြီး စကား ပြောရတာ မင်း မှာ တော့ အကျိုး ရှိတာပေါ့ ။ ငါ့ မှာ တော့ ဘာထူး သလဲကွ ၊ အိပ်ပျက်တာပဲ အဖတ်တင် တာပဲ ”

သာခွေယိုင် သည် ကျော်ဆက် ၏ ပခုံး ပေါ်သို့ လက်တစ်ဖက် တင်လိုက်ပြီး ပြုံးရွှင်စွာ ပြောလေသည် ။

“ စိတ်ချ .. ကိုကျော်ဆက် ၊ ခင်ဗျား ကျေးဇူးဆပ်ဖို့ အဆင်သင့်ပဲ ၊ ခင်ဗျား ဟာ မလှဝင်း ကို သေလုအောင် ကြိုက်နေတယ် မဟုတ်လား ”

ကျော်ဆက် ၏ မျက်နှာကြီး မှာ ခြေထောက် ကို ထုပ် ၌ ချည်ပြီး တွဲ လောင်းချ ခံရသကဲ့သို့ နီးမြန်း သွားလေ၏ ။

“ ထွတ်တေရီ ... ဘယ်က ဟုတ်ရမှာ လဲ ”

“ ဟဲ .. ဟဲ မရှက်ပါနဲ့ ဗျာ ၊ သရဲ နဲ့ လူ ပဲဟာ ။ ကျုပ် က သူများ လျှောက် ပြော ရအောင် ဟာ လည်း တော်ရုံ လူ ကျုပ် ကို မှ မမြင်တာ ကျုပ် ပြောတာ ကြားပါ့မလားဗျ ၊ ခင်ဗျား ကြိုက်နေပါတယ် ”

ကျော်ဆက် သည် ဦးခေါင်း ကို သွက်သွက်ခါယမ်း လိုက်လေ၏ ။

“ မဟုတ်ပါဘူး ၊ ဆွေမျိုး လို ခင်တာပါကွ ”

“ အောင်မယ် ၊ ဆွေမျိုး လို ခင်တဲ့ လူ လားဗျာ ... တစ်နေ့ ည က အိပ်ရာ ပေါ်မှာ ဟင်းခနဲ သက်ပြင်း ချပြီး ... ဪ ... မလှဝင်း ... မင်း တယ်လှပါ ကလားကွာ လို့ ညည်း တာလေ ”

အတော် လည်သော သာခွေယိုင် ဖြစ်သည် ။ ကျော်ဆက် မှာ ငြင်း၍ မရတော့သည် နှင့် လေသံပျော့သွား လေသည် ။

“ ငါ က ကြိုက်ပါပြီတဲ့ ကွာ ... ကလေးမ ကို မပြောရဲဘူးကွ ”

“ ဒီလို ပြောပါဗျာ ။ ခင်ဗျား က သာ ကြောက်နေတာ ၊ ကောင်မလေး က ခင်ဗျား ကို ကြိုက်နေပါတယ်ဗျ ။ တစ်နေ့ နေ့လယ်က သူ့ အခန်းထဲမှ တစ်ယောက် တည်း ၊ ဓာတ်ပုံစာအုပ်ကြီး ကြည့် နေပြီး ဟို .. ဇီးကုန်း က အကောင်ပုံ ကို ကြည့်ရင်း ခေါင်း ကို ခါတယ်ဗျ ”

ကျော်ဆက် ၏ ရင်တွင်းဝယ် တဒိတ်ဒိတ် နှင့် ဝမ်းမြောက် သလိုလို ဖြစ်လာသော်လည်း  ၊ စိတ်မအေးသော ဟန် နှင့် ...

“ ဒါနဲ့ ဘာဆိုင်သလဲကွ ၊ ငါ့ ကို ကြိုက်တာမှ မဟုတ်ဘဲ ” 

“ ပြောမယ်လေ ... ခင်ဗျား ပုံ ကို မြင်တော့ ၊ အို ... ခင်ဗျား သာ ခေါ်ပြလိုက်ချင်တာပဲ ၊ သူ့ မျက်လုံးကြီးတွေ ဟာလေ အချစ်ရည်တွေ ရွှန်းပြီး အိရွဲ ရွဲကြီး နဲ့ စိုက်ကြည့် နေလိုက်တာ ၊ နောက် ဘာ ညည်းတယ် မှတ်သလဲ ” 

“ ဘာညည်းသလဲ ”

“ ဟင်း .. တဲ့ ”

“ ဟ .. ဒါက ဖိနပ် နဲ့ ချချင်လို့ ဖြစ်မှာ ပေါ့ ”

“ ဘယ်က ဟုတ်ရမှာ လဲ ၊ သူ့ ရင် ထဲ မှာ အချစ်သွေးတွေ ဗလောင်ဆူ လာတော့ ၊ ဒီ လူ ကလည်း နော် ဘယ်တော့မှ ငါ့ ကို ချစ်ရေးဆိုလာမှာ လဲ လို့ မချင့်မရဲ ဖြစ်တဲ့ သဘောဗျ ”

“ တော်ပါတော့ ၊ အချစ်အဘိဓမ္မာ ကိုရွှေသရဲ ရယ် ”

“ ကျွန်တော့် ကို သရဲ ... သရဲ နဲ့ မခေါ်ပါနဲ့ ဗျ ၊ ကျွန်တော့် နာမည် သာခွေယိုင် ပါ ။ နက်ဖြန် စနေနေ့ မဟုတ် လား ၊ ခင်ဗျား ရုံး က ပြန် လာရင် ကောင်မလေး ကို ချစ်တင်း ဆိုပေတော့ ၊ မုချ ခင်ဗျား ကို ပြန်ကြိုက်မှာ ပဲ ။ ကျုပ် က တော့ ကျေးဇူး အတင်း ဆပ်ရမှာ ပဲ ၊ ဒီတော့မှ လူ့ ဘ၀ မြန်မြန် ပြန် ရောက်မှာ သေသေချာချာ မှတ်ထားနော် ၊ နက်ဖြန်ခါ ခင်ဗျား  ချစ်တင်း မဆိုရင် ခင်ဗျား ကို ကျုပ် ချောက်ချရ လိမ့်မယ် ၊ ကျေးဇူးတော့ မရ ရအောင် ဆပ်မှာ ပဲဗျို့ ”

အသံ သည် တိမ်သွား သဖြင့် ကျော်ဆက် မော့ ကြည့် လိုက်ရာ သာခွေယိုင် ၏ အရိပ်သဏ္ဌာန်သည် တဖြည်းဖြည်း မှုန်မွှား သွားပြီး အခိုးအငွေ့ပမာ လွင့်စဉ် ပျောက်ပျက် သွားလေတော့သည် ။

ကျော်ဆက် မှာ လေးလေးနက်နက် တွေးတော နေရာ မှ အိပ်ရာ ထဲ ဝင် ၊ ခြင်ထောင် ချပြီး အိပ်ချ လိုက်လေ တော့၏ ။

•••••   •••••   •••••

( ၃ )

စနေနေ့ ၏ နံနက်ခင်း သည် မွေးခါစကလေး ကဲ့သို့ ရယ်မော နေလေသည် ။

ကျော်ဆက် သည် အိပ်ရာမှ နိုးသောအခါ ညက အဖြစ်အပျက် တို့ သည် အိပ်မက်ပမာ ဖြစ်နေလေ၏ ။

“ ဟေ့ ... သာခွေယိုင် ”

မကျယ်တကျယ် ခေါ်လိုက် သော်လည်း သရဲ နှင့် တူသည် ကို ထား၍ ဆေးလိပ်ငွေ့ ကို သော်မှ မမြင်ရချေ ။

ကျော်ဆက် သည် ခေါင်းကို တစ်ချက် ကုတ်လိုက်ပြီး အိပ်ရာ မှ ထ လိုက် လေသည် ။

“ ကိုကျော်ဆက်  နေ မကောင်းဘူး ထင်တယ် ။ ည က ယောင်သံတွေ ကြားတယ် ”

ထမင်းပွဲ တွင် မလှဝင်း က မေးလေသည် ။ ကျော်ဆက် က ဘာမျှ မပြောနိုင်မီ ဒေါ်ကျော့ က ဝင်ပြော၏ ။

“ အခု ဆေးရုံကြီး က သိပ် အပြုအစု ကောင်းတယ် ဆိုပဲ ”

“ အပြင် ဆေးတိုက်တွေ ဟာ လည်း မှိုလို ပေါက်နေတော့ ဆရာဝန် တွေ အိမ်ပင့်ရ လွယ်လိုက်တာ လွန်ရော ”

ဦးသာစိန် ၏ စကားဆုံး သွားမှ ကျော်ဆက် က ပြုံး၍ “ ကျွန်တော် ဘာ မှ မဖြစ်ပါဘူး ၊ နေကောင်းပါတယ် ” ဟု ပြောလိုက်မှ ထမင်းပွဲ သည် ငြိမ် သွားလေတော့သည် ။

တစ်မနက်လုံး ရုံးအလုပ် တွင် စိတ်မဝင်စား နိုင်တော့ဘဲ ကျော်ဆက်  မှာ ည က အဖြစ် ကို သာ တွေးနေ မိ လေသည် ။ ရုံး ဆင်းသောအခါ အင်္ဂလိပ်မဂ္ဂဇင်း စာအုပ် ဝယ်ခဲ့၍ အိမ်ပြန် လာခဲ့လေ၏ ။ အိပ်ခန်း ထဲ သို့ ရောက် ၍ အဝတ်အစား လဲပြီး မဂ္ဂဇင်း ထိုင် ဖတ်မည် ပြုစဉ် အခန်းဆီး ကို မ ၍ မလှဝင်း ပေါ်ပေါက် လာလေ၏ ။

“ ကိုကျော်ဆက်  စာအုပ် ကိုင် လာတာတွေ့လို့ လိုက်လာတာပဲ ။ ဘာ စာအုပ် လဲ ၊ လှဝင်း ကော မကြည့်ရဘူး လား ... ”

ပြောပြောဆိုဆို မလှဝင်း သည် အခန်း ထဲ ဝင်လာကာ ကျော်ဆက် အနား၌ လာရပ်လေ၏ ။ ကျော်ဆက် မှာ ရေမွှေးဖျန်း ထားသော ပန်းပင်အုပ် ထဲ သို့ လေးဖက်ထောက် ပစ်ကျ သွား သကဲ့သို မွှေးကြိုင်သော ဂန္ဓာရုံ ဝယ် နှစ်မျော သွားပြီးမှ မတ်တတ်ရပ် လိုက်လေသည် ။

“ ကြည့်ရပါတယ် ၊ ရော့လေ ... ယူသွား ”

အိုး က မပူ သော်လည်း ဒန်ပေါက် ချက်၍ လားမသိ ၊ စလောင်း က ပူရှာ ၏ ။ သို့သော် မလှဝင်း က မူ ချက်ချင်း ထွက် မသွားသေးဘဲ စားပွဲ ပေါ် ၌ ပင် စာအုပ် ကို လှန်လှော ကြည့်နေလေသည် ။

ငါးမိနစ် သည် မြားပစ် သကဲ့သို့ မြန်၏ ။

ကျော်ဆက် သည် ဘာမျှ မပြောနိုင်ဘဲ ခပ်ကိုင်းကိုင်းကလေး စာအုပ် ကြည့်နေသော မလှဝင်း ၏ ကိုယ် ခန္ဓာ ကို ကသိုဏ်းရှု နေရာမှ တ စ်စုံတစ်ခု ကြောင့် အာရုံ ပြောင်းသွားလေသည်  ။

ထို တစ်စုံတစ်ခုကား မလှဝင်း ၏ အနီး မှ အခိုးအငွေ့ များ စုရုံး ဖြစ်ပေါ် လာကာ တဖြည်းဖြည်း နှင့် သာခွေယိုင် ပေါ်လာခြင်း ဖြစ်၏ ။

“ ဟေ့လူ .. ပြောလေဗျာ ၊ ပြော .. ပြောပါဗျ ”

“ သူတို့ ဆီက တိုက်ကြီးတွေ က သိပ် မြင့်တယ်နော် ... ကိုကျော်ဆက် ”

“ မရဲဘူးကွ ”

မလှဝင်း ၏ မျက်လုံးကလေးများ မှာ ပြူးကျယ် သွားကြ၏ ။

“ ဘာပြောတယ် ကိုကျော်ဆက် ”

“ ဪ ... ကျွန်တော် သာ ဆေးတက် သုတ်ရရင် မရဲဘူး လို့ တွေးနေမိလို့ ပါ ”

မလှဝင်း သည် စာအုပ်ကို  ဆက် လှန်နေစဉ် သာခွေယိုင် က ပြောပြန်၏ ။

“ ပြောလေဗျာ ၊ မပြောရင် ခင်ဗျား နဲ့ ကျွန်တော် နဲ့ အသိပဲ ” 

“ ဘာမှ သိစရာ မလိုဘူး ၊ ငါ့ အခန်း ထဲ မလာဘဲ နေချင်သပ ဆိုရင် ငါ ဝမ်းမနည်းဘူး ”

မလှဝင်း သည် ဆတ်ခနဲ ခေါင်းထောင် ကြည့်လိုက်၏ ။ မျက်နှာ မှာ လည်း ရဲရဲတောက် နေလေသည် ။ စာအုပ် ကို ဆတ်ခနဲ ပစ်ချလိုက်ကာ ၊ ချာခနဲ လှည့်ထွက်သွားလေ၏ ။ ကျော်ဆက် မှာ လက်ကြီး နှစ်ဖက် ဆန့်တန်း ရင်း မလှဝင်း နောက်သို့ လိုက်ရ မလိုလို ၊ စားပွဲ ပေါ် မှ စာအုပ်ကြီး ကောက်ကိုင်ရ မလိုလို ဖြစ်နေပြီးမှ စိတ် ထဲ ဝယ် ထောင်းခနဲ ဖြစ်သွားကာ သာ ခွေယိုင် ၏ အဝတ်များ ကြားမှ ကွက်ကွက်ကလေး ပေါ်နေသော မျက်ခွက်ကြီး ကို စွတ်ထိုး လိုက်လေသည် ။ သို့သော် မီးခိုး ကို ထိုးရ သကဲ့သို့ လေ ထဲ ဝယ် လက်သီးကြီး မှာ တွယ်ရာ မရှိဘဲ လွင့်ပါးလေရာ ကျော်ဆက် မှာ ကြမ်း ပေါ်သို့ ဝုန်းခနဲ လေးဖက်ထောက် ပစ်ကျ သွားလေ၏ ။

သူ့ သမီး မျက်နှာ မကောင်းဘဲ ထွက်လာစဉ် ကတည်းက ဦးသာစိန် မှာ ' ဘာများ ဖြစ်ကြသလဲ ' သဘော နှင့် ကျော်ဆက် ၏ အခန်းဆီး ကို မပြီး ကြည့်နေရာ ကျော်ဆက်  ဤကဲ့သို့ လေထဲ ၌ လက်သီးဆုပ်ကြီး တန်း ပြီး လေးဖက်ထောက် ကုန်းချလိုက်သည် ကို တွေ့ရသောအခါ အံ့အား လည်း သင့် ၊ ရယ်လည်း ရယ်ချင် ဖြစ် သွားလေ၏ ။

“ ဟဲ့ ဟဲ့ ... မောင်ကျော်ဆက် ၊ ဘာပြုလို့ ကြမ်းပေါ် ကို လေးဖက်ကြီး ကုန်း ထောက်ရတာလဲကွ ”

ကျော်ဆက် မှာ ပျာပျာသလဲ ပြန် ထ လိုက်လေ၏ ။

“ ဪ ... ဦး ၊ ကျွန်တော် ငယ်ငယ်က သဲအိတ် ထိုးတာ သတိရ လို့ ပြန် ထိုးကြည့် တာပါ ၊ မကျင့်တာ ကြာလို့ ကိုယ့် ကိုယ် ကိုယ် မဟန်နိုင်ဘဲ လဲ သွားတာပါ ”

ဦးသာစိန် က အခန်းဆီး ကို ပြန် ချလိုက်မှ ကျော်ဆက် သည် သာခွေ ယိုင်ဘက် လှည့် လိုက်လေ၏ ။ သာခွေယိုင် မှာ သဘောကျ စွာ ရယ်မော နေလေသည် ။

“ ကျွန်တော် မပြောဘူးလား ၊ ကျွန်တော် ကျေးဇူး ဆပ်ချင်လို့ ခင်ဗျား တို့ မညား ညားအောင် လုပ်မယ်လို့ ”

“ မင်း ကြောင့် ငါ့ အချစ်ကလေး စိတ်ဆိုး သွားရပြီ ”

“ ဒါက ခင်ဗျား ရှော်လို့ ဗျ ။ ကျွန်တော့် ကို သူ မြင်တာမှ မဟုတ်ဘဲ ။ ခင်ဗျား ကို ကျုပ် ပြောသားပဲ ၊ ရဲရဲ သာ ပြောပါဆို ”

“ ငါ ကြောက်တယ်ကွ ”

“ ပွဲ မဝင်ခင် အပြင် က ကျင်းပရတယ် ၊ ကောင်မလေး ကို ခင်ဗျား  တောင်းပန်လိုက်ရင် ကျေမှာ ပဲ ၊ တောင်းပန် ပြီးတာနဲ့ တစ်ပြိုင်တည်း ဆက်ပြီး ရည်းစားစကား ပြောပါဗျ ”

ကျော်ဆက် မှာ ခေါင်း အကြီးအကျယ် ရှုပ်သွား လေတော့သည် ။

“ ဘယ်လို တောင်းပန်ရမလဲ ၊ ဘယ်လို ပြောရမလဲ ”

“ ကျုပ် ပြောပါပကောလား ၊ ပွဲ မဝင်ခင် အပြင် က ကျင်းပရတယ်လို့  ။ ကဲ ... ကျုပ် သင်ပေးမယ် ၊ ကျုပ် ကို မလှဝင်း လို သဘောထား ပြီး ခင်ဗျား  က အမူအရာ လုပ် ၊ ကျုပ် သင်ပေးတာ လိုက်ဆို ... ပြီးရောပေါ့ ”

“ ကဲ .. လုပ်စမ်းကွာ ”

ကျော်ဆက် သည် သာခွေယိုင် ခိုင်းသလို ဒူးနှစ်ဖက် ထောက်၍ လက် နှစ်ဖက် ကို ဆန့်တန်းလေ၏ ။

“ ကဲ .. လိုက်ဆို ၊ ဝင်းရယ် ... မောင်လေ နေကောင်းကောင်း  ၊  မကောင်းလို့ ကယောင်ချောက်ချားတွေ ဖြစ်နေတာကို သည်းခံပါ ဝင်းရယ် ” 

ကျော်ဆက် သည် တစ်လုံး မကျန် မှတ်၍ ...

“ ဝင်းရယ် ... မောင်လေ မောင် နေကောင်းကောင်း မကောင်းလို့ ”

“ မောင်ကျော်ဆက် ... ဘာလုပ် နေပြန်တာလဲကွဲ့ ”

ဦးသာစိန် ကြီး ပေါက်လာ ပြန်ရာ ကျော်ဆက် မှာ ကပျာကယာ မတ်တတ် ရပ်လိုက်ရလေ၏ ။

“ ဪ ... ဦး ၊ ဟဲ ...ဟဲ ”

“ ဟား ဟား ”

ဦးသာစိန် က ပါ ရော ရယ်လေ၏ ။

“ ဟဲ ... ဟဲ စာရေး အလုပ် က လခ နည်းလို့ ၊ ရုပ်ရှင် ထဲ ဝင်မယ် ကြံနေတာပါ ”

“ အား ... ဟား ... ဟား ၊ မလုပ်ပါနဲ့ ကွာ ၊ အစိုးရ အလုပ် ပဲ ကောင်းပါ တယ် ၊ လောဘ မကြီးပါနဲ့ ”

ဦးသာစိန် ပြန်ထွက် သွားသောအခါ သာခွေယိုင် က “ ညနေစောင်း မှ စွဲရင်စွဲ ၊ မစွဲရင် ချောက်ချဦးမှာ ပဲ ။ ညနေ ကျရင် ခုန ပြောသလို တောင်း ပန်ပေါ့ ” ဟု ပြော၏ ။

“ တောင်းပန်တာ ဟုတ်ပါပြီ ၊ ရည်းစား စကားကကော ” 

“ ကျွန်တော် လာ သင် ပေးမယ် ”

သာခွေယိုင် ပျောက်သွား၏ ။ ကျော်ဆက် က တောင်းပန် နိုင်ရင် တောင်းပန်ပြီး စွဲအောင်လုပ် ။ မလုပ် လျှင် သာခွေယိုင် က ချောက်ချဦးမည် ကြိမ်း သွားသည် ။ ဒူးများ တုန်လာသည် ။ သရဲ ကို ရည်းစား လောက် ရင်းနှီး၍ ရည်းစား ကို သရဲ လောက် ကြောက်ချေသည် တမုံ့ ။

•••••   •••••   •••••

( ၄ )

ထမင်းပွဲ သို့ ရောက်သော အခါ မလှဝင်း မှာ ကျော်ဆက် ကို ကြည့်လည်း မကြည့် ၊ စကား လည်း မပြောဘဲ ထမင်း ကို သာ ငုံ့ စားနေလေ၏ ။ ကျော်ဆက် မှာ လည်း ထမင်း ကို မစားနိုင်တော့ဘဲ တစ်လုတ် နှစ်လုတ် သာ စားပြီး ဧည့်ခန်း သို့ ထွက်လာ ခဲ့လေသည် ။ ဧည့်ခန်း ထဲ တွင် သတင်းစာ ဖတ်ချင်ယောင် ဆောင်ပြီး မလှဝင်း ကို တောင်းပန်ရန် မလှဝင်း ထွက်အလာ ကို စောင့်နေလေသည် ။

မကြာမီ မလှဝင်း သည် ထမင်း စားပြီး၍ အပေါ်ထပ် သို့ တက်ရန် သုတ်သုတ်သုတ်သုတ် နှင့် ထွက်လာ လေ၏ ။

“ သွားလေ ... မြန်မြန် သွား တောင်းပန် ”

သာခွေယိုင် ၏ အသံ ကြားလိုက်သည် နှင့် တစ်ပြိုင်နက် ကျော်ဆက် မှာ ရုတ်တရက် ဘာကိုမျှ မစဉ်းစားနိုင်တော့ဘဲ ကပျာကယာ ထ သွား၍ မလှဝင်း ရှေ့ ၌ ဒူးထောက် ချလိုက်ရာ မလှဝင်း ၏ လာလမ်းတွင် ထောက် မိလျက်သားကြီး အဖြစ်၌ မလှဝင်း မှာ အရှိန် မသ,တ်နိုင်ရကား ရှေ့သို့ ကုန်းကုန်းကြီး လဲကျလေ၏ ။

“ လာကြပါဦး ၊ မလှဝင်း ကို ခေါင်း နဲ့ ကုန်းတိုက်သတော့ ”

နောက်မှ လိုက်လာသော ဒေါ်ကျော့ ၏ အော်သံကြောင့် ဦးသာစိန် လည်း ပြေးထွက် လာလေ၏ ။ မလှဝင်း မှာ မူကား ဘာမျှ မပြောဘဲ အပေါ် ထပ်သို့ တက် သွားလေ၏ ။

ကျော်ဆက် သည် ဒေါ်ကျော့ ကို ညှိုးငယ်စွာ ကြည့်ရင်း မတ်တတ်ရပ် လိုက်ပြီး ...

“ ကျွန်တော် နေကောင်းကောင်း မကောင်းလို့ ဒေါ်ဒေါ်ရယ် ၊ ဒူးထောက်လျက် လဲကျ သွားတာပါ ”

“ နိပ်ဟ ... ကောင်မလေး တောင်းပန်ပါ ဆိုမှ ကောင်မကြီး ကို သွား တောင်းပန်နေတယ် ”

သာခွေယိုင် ၏ အသံ ကို ဦးသာစိန် က မူ မကြားနိုင်ပါ ။

“ အေးကွာ ... ဆေးလေး ဘာလေး စားဦး ”

ဦးသာစိန် ပြန် လှည့် အထွက် သွားတွင် ဒေါ်ကျော့ သည် ကျော်ဆက် ကို မျက်စောင်းကြီး တစ်ချက် ထိုးပြီး လိုက် ထွက်သွားရန် လှည့်လိုက်၏ ။

“ ကမြင်းမကြီး သဘောပုပ်ဦးဟ ”

သာခွေယိုင် သည် ကြား က မခံမရပ်နိုင် ဖြစ်ကာ ဒေါ်ကျော့ ၏ ဇက်ပိုး ကို ပစ်အုပ်လိုက်ရာ ဒေါ်ကျော့ မှာ ရှေ့သို့ ဟပ်ထိုးကြီး ဖြစ်သွားလေ တော့သည် ။

“ အမယ်လေး တော့ ... ဇက်ပိုး ကို အုပ်တယ် ”

ဦးသာစိန် သည် ချာခနဲ ပြန် လှည့်လိုက်ရာ ကျော်ဆက် မှာ မျက်စိမျက်နှာ ပျက်စွာနှင့် ပင် ... “ ကျွန်တော် ဘာဖြစ်တယ် မသိဘူး ဦးရယ် ၊ မိုက်ခ နဲ မိုက်ခနဲ ဖြစ်ပြီး ဒေါ်ဒေါ့ ဇက်ပေါ် ခေါင်း နဲ့ ထိုးကျတာပဲ ၊ ရိုက်တာ မဟုတ်ပါဘူး ” ဟု ဖြေ ပြောရလေ၏ ။

ဒေါ်ကျော့ ဒေါသ ထွက် သလောက် ဦးသာစိန် မှာ ပျာပျာသလဲ ဖြစ် ကာ “ ဒါဖြင့် ဆေးကုမှ ပေါ့ ၊ လာ ... လာ အိပ်ခန်း ထဲ ကို ၊ ဒီ ညတော့ အိမ်မှာ ရှိတဲ့ သွေးဆေးပဲ သောက် နှင့် ၊ မနက် ကျရင် ဆရာဝန် ခေါ်မယ် ”  ဟု ပြောပြီး ကျော်ဆက် ကို တွဲခေါ်သွားလေ၏ ။

ညဘက် ရောက်သောအခါ အဘိုးကြီး သည် တစ်ညလုံး ကျော်ဆက်  ကို လာစောင့် အိပ်သဖြင့် သာခွေယိုင် မှာ စကား လာပြီး မပြောသာချေ ။ ကျော်ဆက် မှာ လည်း စကား မပြောချင် ။ နောက်ကို ဆက်လက် ချောက်ချ မှာ ကို စိုး၏ ။ မလှဝင်း နှင့် ဝေးသည် ထက် ဝေးပြီ မှန်း ကိုလည်း ရိပ်မိ ပေပြီ ။ သရဲမင်း စောင်မ မှ ထောင်လုံးလုံး ကျနေရချေ၏ ။

အပေါ်ထပ် မှ ဒေါ်ကျော့ မှာ လည်း မလှဝင်း ကို မာန်မဲ ကြိမ်းမောင်း ကာ “ နင်တို့ သားအဖ နဲ့ တော့ ငါ နေလို့ မဖြစ်တော့ဘူး ၊ နက်ဖြန် ကို ငါ ဇီးကုန်း သွားတော့မယ် ” ဟု ဆိုလေသည် ။ မလှဝင်း ခမျာမှာ ကား ဘာကိုမျှ ပြန် မပြောဘဲ လေးနက်စွာ စဉ်းစားနေ၏ ။

သူ က ဤမျှလောက် ကျော်ဆက် ကို အရေး ပေးသော်လည်း “ ငါ့ အခန်း ထဲ မလာဘဲ နေချင်သပ ဆိုရင် ငါ ဝမ်းမနည်းဘူး ” ဟု ရင့်ရင့် သီးသီး ပြောဆိုသည် ကို တွေးမိတိုင်း ရင်ထဲ တွင် ဆို့ဆို့ သွား၏ ။ ထိုမျှ မကသေး ညနေ ကလည်း အတင်း ဝင် ဖက်၏ ။ ( ဒူးထောက်သည် ကို ဖက်သည် ဟု ထင်မှတ်ခြင်း ဖြစ်လေသည် ) အဒေါ် ကို လည်း ဇက်ပိုးအုပ် သေးသည် ။ ကြားလိုက်ရသော အသံ မှာ ခေါင်း နှင့် တိုက်မိသံ မဟုတ် ၊ လက်ဝါး နှင့် ရိုက်သံ ဖြစ်ကြောင်း မလှဝင်း  ရိပ်စားမိပါသည် ။

တွေးရင်း တွေးရင်း ကျော်ဆက် ကို စိတ်နာ လာရာ မျက်ရည်များ စီး ကျလာတော့သည် ။ ဤ မျက်ရည် များ သည် ပင် ကျော်ဆက် ၏ အားကိုး ရာများ ဖြစ်တော့သည် ။ မလှဝင်း တွင် ကျော်ဆက် ကြောင့် ကျစရာ မျက်ရည်ခန်း မှ ကျော်ဆက် မျှော်ချက်ကင်းပြီ ဆိုရမည် ဖြစ်၏ ။

ကျော်ဆက် မှာ လည်း ညဉ့်နက် မှ အိပ်ပျော်ရာ နောက်တစ်နေ့ နံနက် ၉ နာရီခန့်တွင် မှ အိပ်ရာမှ နိုးလာ လေတော့သည်  ။

•••••   •••••   •••••

( ၅ )

အိပ်ရာ မှ နိုးနိုးချင်း ဘေးဘီ လျှောက်ကြည့်ရာ ည က ဦးသာစိန် ထိုင် သော ပက်လက်ကု,လားထိုင် တွင် ဦးသာစိန် အစား သာခွေယိုင် သည် အခန့်သား ထိုင်နေသည် ကို တွေ့ရ၏ ။

“ ဪ ... နိုးပလား ၊ အဘိုးကြီး တော့ မနက် ၆ နာရီ လောက် က သွားတယ် ၊ အခု ဆရာဝန် သွား ခေါ် နေတယ် ။ ဒါထက် ဒီနေ့တော့ ခင်ဗျား  ပွတာပဲ ၊ အဘွားကြီး လစ်ပြီ ”

“ ဘယ်ကို လစ်တာလဲ ”

“ ဇီးကုန်း ကို လို့ ပြောသံ ကြားတာပဲ ။ အခုဆို ကောင်မလေး နဲ့ ဟို မိခွေးမ ပဲ ရှိတယ် ။ အချိန်ရှိခိုက် လုံ့လစိုက်စမ်းပါ ”

“ တော်ပါတော့ သာခွေယိုင် ရာ ၊ ငါ့ ကို ချောက်မချပါနဲ့ တော့ ”

“ ချောက် မချတော့ပါဘူး ၊ ဟောဒီမှာ ကြည့်စမ်း ... ဒါဘာလဲ ”

ကျော်ဆက် သည် သာခွေယိုင် ၏ လက် ထဲ ကို ကြည့်လိုက်ရာ မလှဝင်း ကို သူ တစ်ခါက ပေးထားခဲ့သော သူ့ ဓာတ်ပုံ ဖြစ်ကြောင်း တွေ့ ရလေ၏ ။

“ ငါ့ ဓာတ်ပုံ ဘာလို့ ယူလာသလဲ ”

“ အသာ နေပါ ။ သူ လူ မရှိရင် အကြောင်း ပေါ်မယ် ၊ ခင်ဗျား ကို တကယ် ချစ်ရင် ဓာတ်ပုံ ကြည့်ဦးမှာ ပဲ ၊ သောက်ရေး မစိုက်ရင်တော့ ဓာတ်ပုံ ပျောက်တာ သိမှာ မဟုတ်ဘူး ။ ဓာတ်ပုံ ပျောက်တာ သိရင် ၊ ခင်ဗျား ကို လည်း စိတ်မကုန်ဘူး ဆိုရင် ဓာတ်ပုံ ကို ရမယ်ရှာပြီး စကား လာ ပြောလိမ့်မယ် ။ ရော့ ယူထား ၊ ဟိုမှာ ဆရာဝန် လာပြီ ”

ကျော်ဆက် မှာ ဓာတ်ပုံ လှမ်း ယူလိုက်စဉ် သာခွေယိုင်  ပျောက်သွား၏ ။ ဓာတ်ပုံ ကို ခေါင်းအုံး အောက် ထားပြီး ပြန် အမော့ တွင် ဦးသာစိန် နှင့် ဆရာဝန် တို့ ဝင်လာကြလေ၏ ။

ဆရာဝန် မှာ စမ်းသပ် ကြည့်ပြီး “ ဘာ ရောဂါမှ မရှိဘူး ၊ အားနည်း နေ တာပါပဲ ။ ဂလူးကိုစ့် သောက်ပေး ၊ နွားနို့စစ် လည်း သောက်ပါ ၊ တော်တော် ကြာရင် သောက်ဖို့ ဆေး ပို့ ခိုင်းလိုက်မယ် ” ဟု ပြော၍ မကြာခင် ပြန်သွားလေ၏ ။

ထိုနေ့ကား မလှဝင်း အချစ် ၏ မှတ်ကျောက်တင်ရာ နေ့ ဖြစ်ရကား ကျော်ဆက် မှာ ရင် တထိတ်ထိတ် နှင့် ဖြစ်နေလေတော့သည် ။

နေလုံးကြီး သည် ကောင်းကင် ပေါ်သို့ တွန်းတက် လာရာ မှ မတတ်နိုင် တော့သည့် အလား တဖြည်းဖြည်း လျှောကျ လာလေရာ အနောက်ဘက် သစ်ပင်အုပ်များ ကြားဝယ် ကွဲလွဲကြီး ဖြစ်နေလေ၏ ။ သို့တိုင်အောင် မလှဝင်း ၏ အရိပ်အယောင် ကို ကျော်ဆက် မတွေ့ရရှာပါ ။ မလှဝင်း တွင် သာ မက သာခွေယိုင် ပါ ပျောက်ချက်သား ကောင်း နေလေသည် ။

ထိုခဏ၌ပင် သူ့ အနားဝယ် သာခွေယိုင် ပေါ်လာ၏ ။

“ ခင်ဗျား တော့ ချောက်ပဲ ”

“ ဘာဖြစ်လို့ လဲ ၊ ကောင်မလေး က မုန်းသွားပြီလား ”

“ မသိဘူးလေ ... ကျုပ် တစ်နေ့လုံး မရှိဘူး ၊ အဘွားကြီး နောက် လိုက်ကြည့်တာ ၊ သူ့ လင်ပါသား ပါ လာပြီဗျ ။ သူ အတော် နားသွင်း လာ တာ ။ ဟိုငနဲ ကို အဘိုးကြီး ကို အချော့ ခိုင်းတယ် ၊ အခုလည်း အဘိုးကြီး အတွက် လက်ဆောင်တွေ နဲ့ ကန်တော့ဖို့ ကားကြုံ နဲ့ လိုက် လာပြီဗျ ”

ကျော်ဆက် မှာ မျက်နှာ ပျက်သွား ရှာလေသည် ။

“ ဒါဖြင့် ဒုက္ခပေါ့ ၊ အခုလို ကောင်မလေး နဲ့ ငါ နဲ့ မျက်နှာကြော မတည့် တုန်း ဖြုန်းဆို ဟိုကောင် ရောက် လာရင် ”

“ သိပ်လည်း ပူတော့ မနေပါနဲ့ ဗျာ ၊ ကျွန်တော် တစ်ယောက်လုံး ရှိ သေးတာပဲဟာ ခင်ဗျား  တစ်ခုတော့ ကံကောင်းတယ်ဗျို့ ၊ ဟိုကောင် က ကျုပ် ကို မြင်တယ် ၊ ကျုပ် ကိုယ်ယောင် ပြ ကြည့်တာ ၊ ဟော ... အမေ ... ဟိုမှာ ဖြူဖြူကြီး လို့ ပြောသံ ကြားလို့ ကမန်းကတန်း ကိုယ် ပြန် ဖျောက် လိုက်ရတယ် ၊ ပြောရင်း ဆိုရင်း လာကြပြီ ”

သာခွေယိုင် ပျောက်သွားသည် နှင့် တစ်ပြိုင်နက် အိမ်ရှေ့ တွင် ကား ဆိုက်သံ ကြားရ လေသည် ။ မလှဝင်း တို့ ဦးသာစိန် တို့ သည် ဧည့်ခန်း သို့ ထွက်လာကြလေသည် ။ ကျော်ဆက် မှာ မလှဝင်း  မျက်နှာ မှ မြင်ရပါစေ တော့ ဟူသော စိတ်ကူးဖြင့် ဧည့်ခန်း သို့ ထွက်လာခဲ့လေသည် ။

ဒေါ်ကျော့ သည် ရွှင်ပျစွာ ရှေ့ က ဝင်လာ၏ ။ သူ့ နောက်မှ အထုပ်ကလေး ကိုင်ကာ ချစ်ထူး သည် ခေါင်းကလေး ငုံ့၍ ပါ လာလေသည် ။ မလှဝင်း သည် သူ့ အဒေါ်ကို ပြေး၍ ဖက်၏ ။ ဦးသာစိန် ကား ချစ်ထူး ၏ ရိုသေ ကျိုးနွံသော ဟန် ကို မြင်လိုက်ရသော အခါ အံ့အားသင့် သွားပြီး ကျော်ဆက် ကို တစ်ချက် လှည့် ကြည့်လိုက် ၏ ။ ကျော်ဆက် အဖို့ ကား မျှော်လင့်ချက် တောင်ကြီး ပြိုကျ သွားလေပြီ ။

ချစ်ထူး သည် ဦးသာစိန် ကို ရိုသေစွာ မော့ ကြည့် လိုက်၏ ။ ထိုခဏ၌ ဦးသာစိန် ၏ ရှေ့မှ မီးခိုးများ ပေါ် ထွက်လာကာ တဖြည်းဖြည်း စု သွားပြီး မားမားမတ်မတ် ရပ်နေသော သာခွေယိုင် ကို ကျော်ဆက် တွေ့လိုက်ရစဉ် ချစ်ထူး မှာ ပြူးတူးပြဲတဲ ဖြစ်သွားပြီး သရဲ ... သရဲ .. ဟု လက်ညှိုး ထိုး၍ အော် လိုက်လေ၏ ။

ဦးသာစိန် မှာ လည်း ပြူးတူးပြဲတဲ ဖြစ်သွားကာ သူ့ ကိုယ် သူ ငုံ့ကြည့်စဉ် သာခွေယိုင် မှာ ပျောက်သွား လေသည် ။ ဤတွင် မှ ချစ်ထူး မှာ ဦးသာစိန် ကို အားနာစွာ ကြည့်ရင်း ...

“ စိတ်မဆိုးပါနဲ့ ဘကြီး ရယ် ၊ မျက်စိ ထဲ မှာ ဖြူဖြူကြီး တွေ့လို့ ” 

“ မင်း ထုံးအိတ်တွေ ကြည့် လာပြီ ထင်တယ် ”

“ မဟုတ်ပါဘူး ခင်ဗျာ ၊ ခရီး ရောက်မရောက် ဦးတို့ မေတ္တာကြောင့် ဘေးမသီ ရန်မခဘဲ ရောက်လာလို့ ဦး ကို ကန်တော့ရမယ် ”

ပြောပြောဆိုဆို ချစ်ထူး သည် လက် ထဲ မှ ပစ္စည်း ကို ဦးသာစိန် လက် ထဲ ထည့်ရန် ကပ်အ လာတွင် ရုတ်တရက် သာခွေယိုင် ပေါ်လာကာ ဦးသာစိန် လက် ကို လက်သီး နှင့် ပစ်ထိုး လိုက်လေ၏ ။ ချစ်ထူး ကလည်း သရဲ ” ဟု အော်ကာ ဖက်လုံးလေရာ သာခွေယိုင်  ပျောက်သွားပြီး ဦးသာစိန် ကို ဖက်လုံး မိရကား အဘိုးကြီး နှင့် လူငယ် မှာ ကြမ်းပေါ် တွင် လိမ့် သွားကြလေ၏ ။

“ ဟဲ့ .. ဟဲ့ .. ” ဟု အော်ရင်း ဒေါ်ကျော့ သည် ဗရုတ်ဗရက် အနား သို့ ကပ်လာစဉ် တစ်စုံတစ်ယောက် က ဗိုက် ကို ခြေထောက် နှင့် ကန်လိုက် သကဲ့သို့ ဖြစ်သွားပြီး အင့်ခနဲ ပစ်လဲလေရာ ကျော်ဆက် ရော မလှဝင်း က ပါ ပြေး၍ ပွေ့ဖက်လိုက်၏ ။

“ ကိုကျော်ဆက် ... ဖေဖေ့ ကို ကြည့်ပါဦး ”

မလှဝင်း က တောင်းပန် တော့ မှ ကျော်ဆက် သည် ချစ်ထူး ကို ကုပ် မှ ဆွဲထူလိုက်၏ ။ သို့သော် သူ က ဘာမျှ မလုပ်ရမီ သာခွေယိုင် က ကြားက
ဝင်၍ ချစ်ထူး ကို ဖြန်း .. ဖြန်း နှင့် ပါးချ လိုက်လေသည် ။

ဦးသာစိန် လည်း ပြန် ထ လာကာ ချစ်ထူး ကို ကြည့်ရင်း

“ မင်း က ငါ့ ကို လက်သီး နဲ့ ထိုးတယ်ပေါ့လေ ” ဟု မေး လိုက်လေသည် ။

“ မထိုးရပါလား ခင်ဗျာ ”

“ မင်း နဲ့ ငါ နဲ့ နှစ်ယောက် တည်း ရှိတာ ၊ မင်း က မထိုးရင် ငါ့ မေးစေ့ကြီး က မင်း လက်သီး ဆီ ကို ပြေး လာပြီး တိုက်ရမှာ လားကွ ။ သွား ... ဆင်း ... မင်းမျက်နှာ ငါ မကြည့်ချင်ဘူး ၊ ငါ့ ကို သရဲ လို့ ခေါ်ပြီး နပန်းလည်း ချသေးတယ် ”

ထိုခဏ၌ ဒေါ်ကျော့ သည် ထ ထိုင်လိုက်၏ ။

“ ခွေးလောက် မိုက်တဲ့ အကောင် ၊ ငါ က ကောင်းစေချင်လို့ လုပ်တာ ၊ ငါ့ ကို လည်း ခြေထောက် နဲ့ ဆီးကန်တယ် ။ သွား ... နင် နဲ့ ငါနဲ့ အပြတ်ပဲ ”

ဤသို့ဖြင့် အခြေအနေ မှာ မရှင်းမရှင်း နှင့် ပင် ချစ်ထူး မှာ မြင်ကွင်း မှ ပျောက်ကွယ် သွားလေ၏ ။ ဦးသာစိန် နှင့် ဒေါ်ကျော့ တို့ လည်း ခရီးသွား ပစ္စည်းများ ယူကာ အပေါ်ထပ် တွင် ခွေးမ ၏ အကူအညီ ဖြင့် နေရာချ နေကြလေ၏ ။

ဧည့်ခန်း တွင် ကား ...

“ ကိုကျော်ဆက် ဟာ သဏှရူပ နဲ့ လက်လည်း ဆော့တယ်နော် ” 

“ ဘာဖြစ်လို့ လဲ ”

“ ကိုယ့် အပြစ် ကိုယ် မသိဘူးလား ”

“ အဟုတ်ပါ ၊ မသိလို့ ပါ ”

“ ဓာတ်ပုံလေ ... ”

“ ဪ ... ဒါလား ”

“ ဟေ့ ... ခဏနေဦး ၊ ကျွန်တော် သင်ပေးမယ် လိုက်ဆို ”

ကျော်ဆက် မှာ သာခွေယိုင်  သင်ပေးသလို ဆိုရလေ၏ ။

“ ဒါကတော့ အဝင်း ရယ် ... အဲ ... အဝင်း က မှ မချစ်တော့ဘူး ဆို တော့ ကိုယ့် ပုံ ကိုယ် ပြန် ယူရ ... ပြန် ယူရတာပေါ့ ၊ အဲ .. အဲ ... အဝင်း ဟာ ဒီ ပုံ မြင် ... ဒီ ပုံ မြင်ပြီး .. ပြီး .. ပိုပြီး ဒေါသ ထွက်နေ ထွက်နေ ရင် ... အဲ ... အလှတွေ ပျက်နေမှာ ပေါ့ ”

“ ဟင် ... ကိုကျော်ဆက်  စကား ပြောတာ သဘာဝ လည်း မကျဘူး ” 

“ ဒါ ... သူ သင်တဲ့ အတိုင်းပဲ ”

“ ဘယ်သူ သင်တာလဲ ”

ကျော်ဆက် မှာ ယောင် ထွက်သွားခြင်းသာ ဖြစ်၍ မနည်း ပြန် အုပ်ရ၏ ။

“ သူလေ ... သူပေါ့ ”

ပြောပြောဆိုဆို မလှဝင်း အား လက်ညှိုးထိုး ပြစဉ် သာခွေယိုင် က နောက်မှ တွန်း လိုက်ရာ တစ်ခါတည်း ပွေ့ဖက် ပြီးသား ဖြစ်သွားလေ၏ ။

“ လွှတ်ပါရှင် .. ဖေဖေ တို့ မြင်ကုန်လိမ့်မယ် ”

“ ကဲ ... ကို ကျော်ဆက် ၊ ကျုပ် ကျေးဇူးဆပ် ပြီးပြီ ။ အခုန ကပဲ အမိန့်ကျ
တယ် ၊ ကျွန်တော် နေရာ ရွှေ့ရ တော့မယ် ၊ တာ့တာဗျို့ ... သွားပြီ ”

သာခွေယိုင် မှာ မှုန်၍ ကွယ်သွားပါပြီ ။

“ ဪ .. သာခွေယိုင် ”

“ ဘာလဲ ... ကိုကျော်ဆက် ”

“ ဪ ... ဟိုဟာပါ ၊ မလှဝင်း ရဲ့ အသားကလေး က နူးညံ့လွန်း လို့ ကျွန်တော် တော့ ... သာ ... ခွေ... ယိုင် .. ”

ကျော်ဆက်  စကား မဆုံးမီ မလှဝင်း က ရင်ဘတ် ကို တွန်းလိုက်ရာ ကျော်ဆက် မှာ ပက်လက်ကြီး လန်ကျ သွားလေ၏ ။

သူတို့ ၏ ပထမ သားဦးကလေး ကို “ သာခွေယိုင် ” ဟု မှည့်ထား လျှင် စာရှုသူတို့ က မူ အဓိပ္ပာယ် သိမည် ဟု ထင်ပါ၏ ။

⎕ ကြပ်ကလေး

📖 သွေးသောက် မဂ္ဂဇင်း
      အမှတ် ၁၂၂
      မတ်လ ၊ ၁၉၆၅ ခုနှစ်

.