Wednesday, May 3, 2023

ရွှေပြည်တော်သည် ( ၂၄ )


 

🔳 အထောက်တော်

အသက် နှင့် ထပ်တူချစ်သော ‘ သန့် ’

ဒီအချိန် မှာ ‘ သန့် ’ ဘယ်လို တွေးပြီး တော့ ဘယ်လောက်များ ပူပင် သောက ရောက် နေမယ် ဆိုတာ မောင် စဉ်းစားပြီး “ သန့် ” ကို သနားလှပါတယ် ။ ဒါပေမယ့် အခု စာ ဖတ်ရတဲ့ အချိန် က စ ပြီးတော့ ‘ သန့် ’ စိတ်သက်သာ ရာ ရပေတော့ ။ မောင် နဲ့ တွေ့ဘို့ အချိန် ( အနည်းငယ်ခန့် ) ကို သာ မျှော် ပေရော့ ။

အဖြစ် ကို အတိုချုပ် ရှင်းပြပါမည် ‘ သန့် ’

ဟိုနေ့က ကသာ ဘူတာ မှာ ‘ သန့် ’ က မောင့် ကို မတွေ့ လိုက်ရပေမယ့် မောင် က တော့ ‘ သန့် ’ ကို မြင် လိုက်ရပါတယ် ။ “ ပိတောက်ပန်း တစ်ခက်ကလေးရယ် ”

အဲလို ‘ သန့် ’ ကို မောင် ဆီးကြို နေတုန်း မှာ ဘဲ ကိုထွန်းအောင် ဆိုတဲ့ လူ က မောင့် ကို “ တောခိုသူ ” နဲ့ လူမှား ပြီးတော့ သေနတ် နဲ့ ထောက် ပြီး ခေါ် သွား တာပါဘဲ အချစ်ရယ် ။ အဲဒီ ခဏ အတွင်းကလေး မှာ မောင့် ရင်ဘတ် က ပန်းနီနီ ကလေး ကို ပစ်ချ လိုက် သေးတယ် ။ တွေ့ များ တွေ့ မိမလား - ဟင်

အဲ .. ဒီကိစ္စ  ... အတိုချုံး ရ ရင် ဖြင့် ကိုထွန်းအောင် ဟာ မောင့် ကို ... သူ့ နှမ မမြင့်မြင့် ရဲ့ ရည်းစား တောခို နေတဲ့ ဘလှိုင် ( ဗိုလ်ဖုန်းလှိုင် ) မှတ် ပြီးတော့ ( ဘယ်လိုမှ ငြင်းလို့လဲ မရဘူး) အဲ ... အခု သတင်းစာတွေ ထဲ မှာ ပါတဲ့ အတိုင်း လက်နက်ချပွဲ ၊ မမြင့်မြင့် နဲ့ လက်ထပ်ပွဲတွေ လုပ်တော့ တာပါဘဲ  .... သန့် ရယ် ။ အံ့ဩစရာ ကောင်းတဲ့ လူတွေပါ ။

မမြင့်မြင့် လဲ ဘယ်လိုမှ မတတ်နိုင်ဘူး ၊ သူ့ အစ်ကိုတွေ စကား နားထောင်ရသပေါ့ ၊ သို့သော် မောင် နဲ့ မမြင့်မြင့် ဟာ ဟန်ဆောင် လင်မယား လက်ဖျား နဲ့ တောင် မထိကြဘူး ဆို တာ တော့ ‘ သန့် ’ စိတ်ချ ပေရော့ ။

အခြေအနေ က တော့ တစ်မျိုး တစ်ဖုံ ဖန်တီးပြီး ၊ မကြာမီ အမြင် မှန် ရှင်းလင်း သွား ရမှာ ဧကန်မုချပါဘဲ ၊ အဲသည် တော့ မှ  ... မောင် ‘ သန့် ’ ဆီ ကို လာခဲ့တော့မည် ။

မျှော်ရက်ငယ် ညောင်းတော့မည် ။
သို့သော် .... မကြာမီဘဲ ....
     တစ်မျက်နှာ တစ်ကမ္ဘာ ထင်၍ လာခဲ့သော
         ‘ သန့် ’ အချစ် မောင်

PS.   ယခု ဤ စာ လာပို့ သူ မှာ ဤ အညာမြေ တွင် မောင် ရဲ့ ပထမဦးဆုံး မိတ်ဆွေ ကိုဘလှိုင် မမြင့်မြင့် တို့ ရဲ့ ကျောင်းနေဘက် သူငယ်ချင်း “ ကိုစောထွန်း ” ဖြစ်ပါသည် ။ သူ အကြောင်းစုံ သိသည် ။ “ သန့် ” မရှင်းတာ ရှိ သေး လျှင် သူ့ အား မေးနိုင်ပါသည် ။
                 မောင်

မရည်သန့်ကလေး သည် ဤ စာ ကို အကြိမ်ကြိမ် အထပ်ထပ် ဖတ်လျက် ရှိလေသည် ။

စာဖတ်သူ မှတ်မိပေမည် ။ တစ်ညနေခင်း ၌ မရည်သန့်ကလေး သည် လမ်းလျှောက် ဗေဒင်ဆရာ တစ်ယောက် ကို ခေါ် မေးသည် ။ ယင်း ၌ ထို ဗေဒင်ဆရာ ဟောကိန်း နှင့် ကိုထွန်းအောင် တို့ ဘကြီး ဦးဘိုးရွက် ဟောချက် ဘယ်ဒင်း မှန်မည်နည်း ကျွန်ပ်တို့ စောင့် ကြည့်ရတော့မည် - ဆိုခဲ့ရာ  ၊ ယခု ဆိုလျှင် မရည်သန့်ကလေး အား ဟော လိုက်ပေသော ဗေဒင်ဆရာ သည် မှန်လှချေ တကား ...

ဘာကြောင့် ဤမျှ မှန်သနည်း ... စာဖတ်သူ ရိပ်မိကောင်း ရိပ်မိပြီး ဖြစ်ပေမည် ။ ဤ ဗေဒင်ဆရာ သည် စောထွန်း တည်း ။

ထိုနေ့ ညနေ က သော်တာစိန် က စောထွန်း အား မရည်သန့် ထံ စာ တစ်စောင် သွား ပေးခိုင်းသည်လေ ။ နို့ပြီး သူ လဲ မော်တော် ပေါ် မှာ ဖတ်ကြည့်စေ လေသည် ။

ဒါကို အခွင့်ကောင်း ယူကာ - သူ့ ဝါသနာ အတိုင်း စာ ကို ဖြူးဖြူးဖြောင့်ဖြောင့် မပေးသေးဘဲ ဗေဒင်ဆရာ လုပ်ပြီး မှန်ရာတွေ ဟောပြီး ငွေတစ်ဆယ် ထပ် တောင်း ကာ ဟောစာတမ်း အသေးစိပ် ရေးပေးမယ် ပြောပြီးမှ -

“ ဟယ် - နင့် အတွက် အိမ် က ကတည်း က ရေး ပြီး ယူလာခဲ့ ပါ တယ်ရော့ ... ” ဟု ဆို၍ သော်တာစိန် စာအိတ် ကို ထုတ် ပေး၏ ။

စာအိတ် ပေါ် က “ မရည်သန့် ” ဟု ရေးထားသော လက်ရေး ကို မြင် ကတည်း က မရည်သန့် သူ “ မောင် ” ဆီ က ဆိုတာ သိ သပေါ့ ။

လက်တုံ ရင်တုံ နဲ့ ဖွင့် ဖတ် လိုက်တော့ မှ စိတ် သက်သာ ရာ ရ ပေ တော့သည် ။ စာ ဆုံး သွားသော အခါ စောထွန်း ကျော ကို ဆွဲ ထု ချင် စိတ် ပေါ် လာသည် ။ အရေး ထဲ နောက် နိုင် ရန်ကော - ဘယ်လို လူစား ပါလိမ့် ၊ ဤသည် ကို -

မရည်သန့် ၏ မျက်လုံး အကြည့် ဖြင့် စောထွန်း ရိပ်မိ ၍ ရယ်မော ကာ ...

“ ရော့ .. ပြန် ယူပါ ဟာ နင့် ငွေ ၁၀  ၊ ငါ က ဒီလိုဘဲ မနောက် ရ မနေနိုင်လို့ပါ ဟ - နင်တို့ အမေ အခု ဘယ်သွား နေသလဲ ငါ နဲ့ သိတယ် ဟ- နင်တို့ အမေ အခု ဘယ်သွား နေသလဲ ”

“ အစ်မတို့ အိမ် ဘက် ဟင်းရွက် ခူး သွားတယ် ” ဆိုပြီး ဝင်းပေါက် ဆီ လှည့် ကြည့် လိုက်ယင်း “ ဟော - ဟော အမေ ပြန်လာ ပြီ ” ဟု ပြောကာ ထိုင်ရာ မှ ထ ၍ သော်တာစိန် စာရွက် ကိုင်ကာ ဆွေ့ဆွေ့ ခုန်လျက် “ ဟောဒီမှာ အမေ ရေ .. ဟောဒီမှာ အမေရေ ” ဟင်းရွက်များ ကိုင် လာသော မိခင် သည် သမီး ဝမ်းသာနေပုံ ကြည့် ပြီး “ ဟဲ့ - ဘာများလဲသမီး ” ဟု ဆိုကာ စောထွန်း ကို မြင်လျှင် “ ဟဲ့ - နင် မငြိမ်း သား စောထွန်း မဟုတ်လား ”

“ ရေ မရောပါဘူး ခင်ဗျား မီးတောက် ပါ ခင်ဗျား ”

“ နင့် မျက်နှာ က ပြောင်စပ်စပ် နဲ့ ငယ် က အတိုင်းဘဲ ... ခုနင် ဒီ ဘာ လာလုပ်တာတုန်း ”

“ ကျွန်တော် အခု ဗေဒင်ဆရာ လုပ်စား နေတယ် ခင်ဗျာ ၊ ခင်ဗျာ့ သမီး ကို ကျွန်တော် လင် မကြာမီ ရ , ရမယ် ဟောလိုက်တာ နဲ့ အခု ဆွေ့ဆွေ့ခုန် အောင် ဝမ်းသာနေတာပေါ့ ”

မရည်သန့် လေး သူ့ စကား ကို ဂရု မစိုက်ဘဲ -

“ အမေ ရေ .... ဟောဒီမှာ မောင့် ဆီ က စာ ” ဆိုပြီး စာ ကို သူ့ အမေ အား ပေးရာ စောထွန်း က မျက်နှာထား ခပ်တည်တည် နှင့် ရှုံမဲ့ ကာ ..

“ ဟင်း - ကာလမိန်းကလေးများ ရည်းစား ထားပြီး ၊ မအေ ရည်းစား စာ ပြ ၊ ဘာ ပြနဲ့ သူငယ်ချင်း ကျနေတာဘဲ ” ဟု စောထွန်း က လူကြီး ဟန် နှင့် ပြောရာ မရည်သန့် ကလေး က မျက်စောင်း ထိုး ပြီး -

“ ဟင်း .. လူကြီး ကို က မုန်းစရာ ”

စောထွန်း - “ အော - အော - ဖြစ်သွားပြီ ၊ ငါ့ ကို နင် မုန်းစရာ လား ဟဲ့ ၊ ကဲ - ဒီ စာ ငါ လာပေးလို့ နင် ရတာ မဟုတ်လား ၊ ကာလ မိန်းကလေးများ ကျေးဇူးရှင် မှန်း မသိ ဘာမှန်း မသိ ”

ဤမှ စောထွန်း ၏ ရွှတ်နောက်ခြင်း ကို မရည်သန့် နားလည် လာ ကာ ပြုံးရွှင် စွာ -

“ တောင်းပန်ပါတယ် ရှင် ၊ ကျေဇူးရှင် ဦးလေး ကိုစောထွန်းကြီး ကို အထူး ဘဲ ကျေးဇူး တင်ပါတယ် ရှင် ”

စောထွန်း ကြေနပ်ဟန် ဖြင့် -

“ ဟင်း - ဒီလိုမှပေါ့ - နင် လင် မြန်မြန်ရဘို့ ဆောင်ရွက်ပေးမဲ့ ပုဂ္ဂိုလ် ဟာ အီဖေကို ဘဲ ဆိုတာ မြဲမြဲ မှတ်ထား လိုက်စမ်း ”

မရည်သန့်ကလေး ၏ မျက်နှာ မှာ ရှက်သွေး ဖြာ သွား လေသည် ။

သို့သော် စောထွန်း ၏ စကား သည် မှန်လှပါ၏ ဤ နှစ်ယောက် ကြား ၌ သူ ဆောင်ရွက်ပေးဘို့ အခွင့်အလမ်းများ ရှိ လေရာ ထို ဗေဒင်ဆရာ လုပ်လာခဲ့ တဲ့ နောက် ၊ ၃ - ရက်မြောက် တွင် စောထွန်း သည် သားရေသေတ္တာကြီးကြီး တစ်လုံး နှင့် သားရေ လက်ဆွဲအိတ် တစ်ခု ကို ဆွဲကိုင် ကာ မရည်သန့်လေး တို့ အိမ် သို့ ရောက်လာ ပြန် လေ၏ ။

စာဖတ်သူများ တွက်ချက် မိ ပေမည် ။ ဤနေ့ သည် စောထွန်း တော မှ ပြန် ရောက်ပြီး နောက် တစ်နေ့ ဖြစ်သည် ။ တော မှ ပြန်လာခဲ့ သော အခါ၌ စောထွန်း သည် ကိုထွန်းအောင် နှင့် မြောက်ဆိပ်ပင်ရွာ သို့ ပါသွား လေရာ ယခု သော်တာစိန် ၏ ပစ္စည်းများ ကို သယ်ဆောင် လာခဲ့ခြင်း ဖြစ်ပသည် ။

စောထွန်း သည် လက် ထဲ က ပစ္စည်းများ ကို ချ၍ ထိုင်လိုက်ပြီး “ ကဲ - လူ မရောက်ခင်သူ့ ပစ္စည်းတွေ တော့ ရောက်လာပြီ ၊ မော လိုက်တာဟာ နင်တို့ အတွက် ဆောင်ကျင်းရတာ ဟဲ့ - ကောင်မလေး ငါ့ ယပ်ခတ် ပေးစမ်း ” ဟု အသားယူလေ သဖြင့် မရည်သန့် မှာ မနေ သာ အနီး ရှိ ရွှေဂဲ ၏ ဗလာစာအုပ် ကို ယူ၍ ယပ်ခတ် ပေး ရ၏ ။ အကျိုးတော်ဆောင်ကြီး မို့ သူ့ အား ရင်းနှီးစွာ လည်း ခေါ် ရ၏  ။

“ ဦးလေးထွန်း ဒီ ပစ္စည်းတွေ ဟိုဘက်ကမ်း က ဘာနဲ့ တင် လာတာလဲ ”

“ ဟဲ့ ... ငါ့ လို လူ က ဘာ နဲ့ ညာ နဲ့ တင်နေရအုန်း မလား ၊ လက်ပစ် ကူးပြီး ကျောပေါ် တင် ယူခဲ့တာပေါ့ ဟ ”

“ ဟင် ... ဒီလိုဆို ဦးလေးထွန်း ကျောမှာဆူးတွေ နဲ့  ၊ အမြီးကြီး က လဲ အရှည်ကြီး ရှိ နေရမှာပေါ့ နော် ”

ရွှေဂဲ က ဝင် ထောက် လိုက်ရာ စောထွန်း သဘော ကျ သွား၍

“ ဟား ... ငါ့ လူ မဆိုးဘူးဟေ့ ဒီလိုမှ ပေါ့ကွ ” ဆို၍ ရွှေဂဲ ခေါင်း ပွတ်၏ ။

မရည်သန့် က “ အကောင်း ပြောစမ်းပါ ဦးလေးထွန်း ရဲ့ ... လှေ နဲ့ ဆိုလဲ လှေခ ၊ မော်တော် နဲ့ ဆိုလဲ မော်တော်ခ ပေးရအောင်ပါ ”

စောထွန်း “ အောင်မာ .... အောင်မာ ... သဒ္ဓါတော် မူ နေ လိုက်တာ ပေးစရာ မလိုပါဘူး ခင်ဗျာ ၊ နင့် ရည်းစား နဲ့  ... မဟုတ် ဘဲနဲ့ တော် ခဲ့ရ တဲ့ ယောက်ဖကြီး ကိုယ်တိုင် က သူ မော်တော် နဲ့ လိုက် ပို့ လိုက်တာပါ ”

မရည်သန့် အမေ “ မောင်ထွန်းအောင် လား နို့ ... သူ ကော ဒီ ရွာ ပါ မလာဘူးလား အိမ် ခေါ် ပါအုန်း ”

စောထွန်း “ ကမ်းနား တင် ပြန် သွားတာပေါ့ – ဒီ ရွာ ရောက် အောင် လာ မလားဗျ ၊ ဟိုမှာ ရှက်လှချည်ရဲ့ သူ့ မျက်နှာ သူ ဒါး နဲ့ လှီး ပစ်ချင်တယ် ချည်း လုပ် နေလို့  ၊ မလှီးပါနဲ့ မျက်နှာ သစ်စရာ မရှိ ဖြစ်နေပါ အုန်းမယ် လို့ တောင်းပန် ပစ် ခဲ့ရတယ် ”

မရည်သန့်ကလေး က “ အင်း ကောင်းတယ် ၊ သူများ ကိစ္စ ကို မစူးမစမ်း အရမ်း အရမ်း ဖမ်း လုပ်တာ ကို ”

စောထွန်း “ အဲဒါ - နင် က နာစရာလားဟဲ့ နင် နဲ့ က ဘာ ဆိုင်လို့တုန်း ”

“ ဆိုင်တယ် ဆိုင်တယ် ” ဆို၍ ယပ်ခတ် နေသော စာအုပ် နှင့် သူ့ ကျော ရိုက် မှ စောထွန်း သဘောကျ သွားသည် ။

“ တော်ပါတော့ ဟယ် ၊ နင့် ငါ ခုနှယ် ဗေဒင် ပြန် တွက်ကြည့် ရမယ် ဆိုရင် နင် ရှားမီး က လွန်ပြီးတော့ အိုက်စကရင် ထဲ ရောက် နေပြီ ကောင်းဘို့ဘဲ ရှိတော့သဟယ် ” ဟု ပြောလိုက်ရာ မရည်သန့် မှာ ရှက်သွေးကလေး ဖြာသွား၍ တစ်ချက် နာနာ ချ လိုက်ပြန်သည် ။

“ ကဲ ဒီနေ့ ပြန် ရောက်မယ် ၊ ကြိုဘို့ ဆိုဘို့ဘဲ ပြင်ကြ ဆင်ကြ ”

မရည်သန့် မျက်နှာ ရွှန်းရွှန်းကြည် သွား ကာ -

“ ဟင်း - ဟုတ်လား ဦးလေးထွန်း ”

“ ငါ က နင့် အိမ် လာ ထိုင် နေတော့ ဘာများ အကျိုးကျေးဇူး ရှိ မှာမို့တုန်း  ၊ ဒီ သေတ္တာတွေ ငါ အခု ဒီ ယူလာခဲ့တာဘဲ ကြည့် ပေါ့ ”

“ ဟင် - ဦးလေးထွန်း ဘယ်နေရာ မှာ ကြိုရမလဲ ”

“ ဒီ နေရာ မှာ ငါ ဆရာ ငါ သိ၏ ”

“ နိုပြီး ဘာနဲ့ ကော သွား ကြိုရမှာလဲ ဟင် ”

“ နွားလှည်း မှ တပါး အခြား မရှိ ”

ရွှေဂဲ အား

“ ဟင် - ဒါဖြင့် မောင်လေး လှည်း ပြင်ဟာ လှည်းကြီး လား လှည်းလေး လား ဦလေးထွန်း ”

“ လှည်းကြီး မှ ဖြစ်မယ် ”

“ ဟိုက ဘယ်နှစ်ယောက် လာမှာလဲ ”

“ သားအမိ နှစ်ယောက် ”

“ ဟင် ... မောင့် မေမေ လဲ ပါ လာမယ် ”

“ သင့် ယခမောက် မည်လိမ့် မည် တည်း ”

မရည်သန့် မှာ အားမရနိုင်ဘဲ -

“ ဦးလေးထွန်းကြီး က လဲ စကား အကောင်း ပြောစမ်းပါ စာပေသံတွေ နဲ့ လုပ် မနေစမ်းပါနဲ့ ”

“  ငါ ပြော နေတာ နင် နားလည်တယ် မှုတ်လား ဟိုက သားအမိ နှစ်ယောက် လာမယ် ။ တို့ ဒီ က ဘယ်သူ ဘယ်သူ လိုက် ကြိုမှာလဲ ”

“ ကျွန်မ ရယ် - မောင်လေး ရွှေဂဲ ရယ် - မေမေ ရော လိုက်အုန်းမလား မသိဘူး ”

“ အဲဒီတော့ ငါ နဲ့ ပါ ဆို တော့ လှည်းကြီး မှ ဖြစ်တော့မပေါ့ ၊ ငါးယောက် , ခြောက်ယောက် ကို လှည်းယဉ်လေးနဲ့ ဘယ် ဆန့် မလဲ ”

ဤတွင် မရည်သန့် က ရွှေဂဲ အား -

“ ကဲ- မောင်လေး လှည်း ပြင်ချေတော့ ”

ရွှေဂဲ က ဝမ်းမြောက်စွာ ထ သွားသည်ကို စောထွန်း က -

“ ဟေ့ ... ချာတိတ် ခဏနေအုန်း ”

ခလေးက အကောင်း မှတ် ၍ ရပ်နေသည် ကို - “ မင်း - အခု လာမဲ့ ယောက်ဖလောင်း ရဲ့ အောက် အရပ်မှာ ‘ နှမလင်နေ မောင်ဖင်ကြိမ်း ’ ဆိုတဲ့ စကား ရှိသတဲ့  ၊ အဲသည်တော့ လှည်း ကို ကောက်ရိုး ထူထူခင်းနော်- ငါ ပါ အဆစ် ဝင်က ကြိမ်း နေရဦးမဲ့ ကိစ္စ ”

“ ဟာ - ခညားကြီးကလဲ ” ဆိုပြီး ရွှေဂဲ ဆက် သွား၏ ။

မရည်သန့် က အနီး ရှိ သူ့ မိခင် အား -

“ အမေ ရော - လိုက်မယ်လား ”

စောထွန်း က “ လိုက်ခဲ့ပေါ့ဗျာ ဟိုဘက်က လဲ အမေ ပါ လာ မှာ အဲဒါ မှ ” ဆိုပြီး မရည်သန့် အား ကြည့် ၍ “ ချောမေကညာ တောသေလာမှာ ၊ နှစ်ဖြာမိဘ ၊ ပေးစားကြ၍ ၊ ချွေးများကျ၏ ဆိုတဲ့ ကဗျာ ဖြစ်သွားအောင် ပေါ့ ”

     •••••   •••••   •••••

“ ကျွန်တော် ဆက်လက် မရေးတာ က တော့ ဇာတ်လိုက် နှစ်ယောက် တွေ့ခန်း မှာ ပြည်တွင်းရေး ကိစ္စ ပါနေလို့ပါဘဲ ဗျ ”

ယင်း၌ ဤ လူစု ထဲ တွင် ဟိုတုန်းက ဖ - ဆ - ပ - လ အမတ် တစ်ယောက် ပါ လေရာ “ ဟေ့ - ဖိုးဆွေ ဘာမှ စိတ်ကူး မလွဲနဲ့ အစိုးရ ဘက် သာ ပို့ပေး ၊ စာပေဗိမာန်ဆု ရပြီး ကျောင်းသုံးစာအုပ် ဖြစ်အောင် ကိုယ် တွန်း ပေးမယ် ရေးသာ ရေးတော့ ”

ထိုခေတ် ထိုအခါ အလျောက် သူ့ စကား မဖြစ်နိုင်ဘူး ဟု မပြောနိုင်ပါ ။ ဤ အထိ မဖြစ် တောင် မှ ကျွန်တော့ ဝတ္ထု ခ တစ်ထောင် လောက် နှင့် ရုပ်ရှင်ကုမ္ပဏီ တစ်ခု ခု သို့ ရောင်း ရလျှင် လေးငါး ထောင် တော့ ဖျောင် ရပေမည် ။ ထို့ကြောင့် ကျွန်တော် ဆက် ရေးသည် ။ သို့သော်အခန်း ( ၉ ) အကူး မှာ စာ ၁၀ - မျက်နှာ လောက် နှင့် လန်ကျ သည် ။ ရှေ့ မဆက်နိုင်တော့ပါ ။ ယင်း၌ ကျွန်တော် နားလည် လာသည် ။ “ ငါ့ ကိုယ် တောင် ငါ ငွေ ပေးခိုင်း လို့ မရပါလား နော် ၊ ဆင်းရဲချင် တဲ့ ကောင် ငတ်ပေါ့ကွာ ” ဟု လက် လျှော့ လိုက် ရတော့သည် ။

ဟော - ယခုတော့ အခြေအနေ အချိန်အခါ အလျောက် ရှောရှော ရှူရှူ ထွက် လာ၍ စာဖတ်သူများ လက်ဝယ် သို့ ပင် ရောက်ရှိ နေ ချေပြီ ၊ မိတ်ဆွေ ဤ ဝတ္ထုဆန်း ကို ဖတ်၍ ဝေဘန်သုံးသပ် ကြည့်တော် မူ ။

◾သော်တာဆွေ

📖 ရွှေပြည်တော်သည်

#ကိုအောင်နိုင်ဦး

.

သူ စောင့်တဲ့ ဥပုသ်


 ❝ သူ စောင့်တဲ့ ဥပုသ် ❞


အမေ ပေး ထားသော သူ့ အမည်ရင်း က မလေးခင် ဖြစ်သည် ။ မြို့တော်ဈေး ထဲ က အကြော်စုံဆိုင်လေး ကို ဆိုင်းဘုတ် တင်မည် ဟု အမည် စဉ်းစားတော့ သူ က နည်းနည်းလေး ထပ် ဖြည့် လိုက်သည် ။ များများတော့ မဟုတ် ။ရရစ်ကလေး တစ်ခု တည်း သာ ဖြစ်သည် ။ ' မ ' အက္ခရာ ဘေးတွင် ရရစ်ကလေး ထည့် လိုက်တော့ ' မြလေးခင် ' ဟူသော အမည်လေး က ချစ်စရာ ဟုအထင် ရောက်သည် ။


သူ ၏ တူမလေး နှစ်ယောက် က “ အငြိမ့်အဖွဲ့ နာမည် နဲ့များ တူ နေမလား မသိဘူး ”  ဟု စိုးရိမ် ကြသည် ။ “ အငြိမ့် လာ ငှား ရင်တော့ခေါင်းဆောင် မင်းသမီး က ဒေါ်လေး ပဲ နော် ”  ဟု ရယ်သွမ်းသွေး ကြသည် ။


သို့သော် မြလေးခင် ဟူသော အမည် နှင့် သရက်လက်ဖက် ၊ အကြော်စုံ ကဘယ်ကနေ ဘယ်လို ဓာတ် တည့် သွားသည် လည်း မသိ ၊ တစ်နေ့ တစ်ခြား ဖောက်သည်တွေ များ ကာ ရောင်းအား ကောင်း လာသည် က တော့ အမှန်ပင် ။


နောက်ပြီး အမြတ် ထွက် လာသည် က သူ့ အမည်ရင်း မလေးခင်ပျောက်ကာ အားလုံး က မြလေးခင် ဟု ခေါ်လာ ကြခြင်းဖြစ်သည် ။ နောက်ပြီး ထပ်၍ ကောင်း ပြန်တာ က ' မြလေးခင် ' ဟူသော အမည် ၏ ရှေ့တွင်အသက်အရွယ် ကို ကိုယ်စား ပြုသော ' ဒေါ် '   ' မ ' ဆိုတာတွေ ဖြည့် မလာ ကြခြင်း ဖြစ်သည် ။ထို့ကြောင့် လူကြီး ၊ လူငယ် ၊ ကလေး အားလုံး က သူ့ ကို' မြလေးခင် ' ဟု ခေါ်ကြသည် ။ သူတို့ ကိုယ်တိုင် လည်း ဆိုင်နာမည် လား ၊ လူနာမည် လား ကွဲပြားပုံ မရ ။ ဆိုင် နှင့် တွဲ၍ မှတ်ထားကြပုံ ရ လေသည် ။


အခုတော့ တူမလေး နှစ်ယောက် လည်း အသီးသီး ဘွဲ့ ရကာ အသက်သုံးဆယ် နား နီး လာကြပြီဖြစ်သည် ။ သူ က ရော ... အင်း သူ ကလည်းလေးဆယ် မှ တော်တော် စွန်း ကာ ငါးဆယ် ထဲ ချဉ်းနင်း ဝင် နေပြီ ဖြစ်သည် ။


ဆံပင် ဖြူ လာ၍ ဆေးဆိုး နေ ရပြီ ဖြစ်သည် ။ မျက်စိတွေ မှုန်လာ ၍ မျက်မှန်လည်း တပ် နေရပြီ ဖြစ်သည် ။တူမ အပျို နှစ်ယောက် ၊ အဒေါ် အပျိုကြီး တစ်ယောက် သုံးယောက် ပေါင်းလုပ်အား နှင့် သူတို့ ၏ လက်ဖက်ဆိုင်လေး က တော့ ရောင်းအား ကောင်း နေဆဲပင် ။


“ အင်း ... ငါ့ မလဲ လက်ဖက် ၊ လက်ဖက် နဲ့ လက်ဖက်တော ထဲနစ်ပြီးလက်ဖက် ကို ပဲ ဘုရား ထင် ၊ လက်ဖက် ကို ပဲ တရား ထင် နေတာ .... ကြာလှပါ ပေါ့ လား ... ”


သတင်းစာ ထဲ ဖတ် လိုက်လျှင် ကိုယ့် ထက် ငယ်သူတွေ တန်းစီ နေတော့မြလေးခင် အတန်ငယ် တုန်လှုပ်မိ လေသည် ။ သူ ကသာ သေမင်း ကို မေ့ထား သော်လည်း သေမင်း က တော့ သူ့ ကို မေ့ထားလိမ့်မည် မဟုတ်သည် ကိုသတိ ရ သည် ။


“  ဘုရား .... ဘုရား ”


    •••••   •••••   •••••


“ နက်ဖြန်ခါ ဥပုသ် နေ့ ”


သူ က ပြောတော့ တူမ နှစ်ယောက် က  ' ဈေး ပိတ်တယ် ' ဟု ထပ်၍ ဖြည့်စွက် ကြသည် ။ ဟုတ်သည် ။ သူတို့ ၏ ဈေးကြီး က ဥပုသ်နေ့ တိုင်း ပိတ်သည် မှာ လွန်ခဲ့သော နှစ်ပေါင်း နှစ်ဆယ် ခန့် သူ စ၍ ဈေးထွက် ကတည်း ကဖြစ် လေသည် ။ ဟိုး အရင်တုန်း က တော့ ဥပုဉ်နေ့ ဈေးပိတ် လျှင် သုံးယောက်သား ရုပ်ရှင်ရုံ ဆီ သို့ စိတ်တူ ကိုယ်တူ ပြေးလေ့ ရှိကြသည် ။ နောက်တော့ ဗီဒီယိုခွေ ငှား ကြည့်ကြသည် ။ ဗီဒီယို ကျတော့ မကြိုက်သော အခန်း ကို ကျော်ပိတ်လိုက် ၊ ကြိုက်သော အခန်း ကို ပြန် ရစ်လိုက် နှင့် စိတ်ကူး ပေါက်တိုင်းပေါက် သလို လုပ်၍ ရ သောကြောင့် ပို၍ နှစ်သက် ရ ပြန်သည် ။


“ ချစ်စံအိမ် ငှား ထားတယ် ၊ ရှစ်ခွေစာ တဲ့ ၊ တစ်နေကုန် ကြည့်ရမယ် ”


တူမကြီး က ပြောသည် ။ အငယ်မ က တော့  ' ယောင်ဂျေးလေး ကို လွမ်းနေတာ ကြာပြီ ' ဟု ပြောသည် ။ကိုရီးယားကား က ပြပြီး သွားပြီ ဖြစ်သော် လည်းသူတို့ ညီအစ်မ က တစ်ဆက်တည်း အပြတ် တောက် မရှိဘဲ ပြန်၍ ကြည့်ချင်သေးသည် တဲ့ ။ သူတို့ ညီအစ်မ တင် မကပါ သူ လည်းပါသည် ။ ဂျီအင်း ကိုလည်း ချစ်သည် ။ ယောင်ဂျေး ကို လည်း ကြိုက်သည် ။ ဒါပေမဲ့ အကြိုက်ဆုံးတော့ မဟုတ်ပါဘူး ။သူ့ အသည်းစွဲ က ' ရင်ဒါရိုက်တာ '  တစ်ဦးတည်း သာ ။


“ ဒေါ်လေး က နက်ဖြန်ခါ ဥပုသ် စောင့် မှာ ”


“ ဟင် ... တကယ် ”


တူမ နှစ်ယောက် အံ့ဩ သွား ကြသည် ။ အင်းလေ ... အံ့ဩကြပေမှာပေါ့ ။ သူ က ဘုရား မေ့ ၊ တရား မေ့ နေခဲ့တာ ကြာခဲ့ပြီဟာကိုး ။


“ ဟုတ်တယ် နောက် ဆို ရင်လည်း ဥပုသ်နေ့ တိုင်း ဥပုသ် စောင့်မယ် ”


ဥပုသ် စောင့်မယ် ဟု မိမိ ကိုယ်မိမိ ကတိပေး သလို ပြောရင်း ၊ ပထမဆုံး သတိတရ တွေးမိသည် က “ ဒီလိုဆို နက်ဖြန်ခါ ဘာဟင်း ချက်စားရပါ့မလဲ ”ဟူ၍ ဖြစ်သည် ။ ထမင်း နှစ်နပ်ကို တစ်နပ် လျှော့ရမည် ဆိုတော့ စားရမည့်တစ်နပ် က အရာသာ ရှိရှိလေး ဖြစ်ရန် အရေးကြီးသည် မဟုတ်ပါလား ။


“ မနက်စောစော က တော့ ခါတိုင်းလို ပဲ ။ မုန့်ဟင်းခါးလေး ဝယ်စားချင်စား ၊ ပဲထမင်းကြော်လေး စားချင် စား အရေး မကြီးပါဘူး ၊ ထမင်းကြီး ကျရင်တော့ ကြက်သား က လည်း ရိုးနေပြီ ။ ဝက်သား ကို ပုန်းရည်ကြီးနဲ့ ချက် စား ရရင် ကောင်း မလား ၊ ငါးပတ်မွှေရ ရင် ကောင်း မလား ၊ ငါးရံ့နဲ့ဘူးသီး နဲ့ ချက်ပြီး မရမ်းသီးလေး သုတ် ရ ရင်ကောင်း မလား ၊ ဒါမှမဟုတ်လည်း ခရမ်းသီးချိုချိုလေးနှပ် ၊ ချဉ်ပေါင်ဟင်း ပျစ်ပျစ်လေး ချက်ပြီး ငါးရံ့ခြောက်ဖုတ် စားရရင် လည်း မြိန် မှာပဲ ၊ ဟင်း ... တွေးရင်း တောရင်း ထမင်းတောင် ဆာ လာပြီ ”


မြလေးခင် က တံတွေး ကို ပင် မသိမသာ မြိုချ မိ သည် ။


“ ကိုသံပုရာ ကလိုင် ထိုးခါ နီးရင်တော့ သားဈေး ၊ ငါးဈေးလေး တစ်ပတ်ပြေး လိုက် ဦးမယ် ”


ကိုသံပုရာ ဟူသည် မှာ မျက်နှာပေါက် ဆိုး လှသော ဈေးစောင့်ကြီး ဖြစ်သည် ။ သူ့ ခမျာ မျက်နှာပေါက် ဆိုးရုံ သာ မက အပြော လည်း တစ်စက်ကလေး မှ မချိုတော့ သံပုရာ ဟူသော ဘွဲ့ထူး ကို ဈေးသူဈေးသား အားလုံး ကတညီတညွတ် တည်း ချီးမြှင့် ထားကြ လေသည် ။ ဈေး က ခြောက်နာရီ ပိတ်ရ သည် မို့ ငါးနာရီခွဲ လျှင် ကိုသံပုရာ က ကလိုင် ထိုး ရင်း ဈေး ပတ်ပြီ ဖြစ်လေသည် ။


ကိုသံပုရာ ဂလိုင် ထိုး လျှင် မြလေးခင် တို့ လို ကုန်ခြောက် ဆိုင် တွေက ဣန္ဒြေရရ ပစ္စည်း သိမ်းကြ ရ သော်လည်း သားတန်း ငါးတန်း က အမေပုတို့ ဒေါ်ဒေါ်အေး တို့ ဒေါ်တရုတ်မ တို့ ကတော့ ပျာယာခတ် ကုန်ကြသည် ။


နောက်တစ်နေ့ အတွက် သိမ်း ရလျှင် ရေခဲဖိုး ကုန်ရဦးမည် မို့ ဈေးခုံ ပေါ် တွင်ကျန်နေ သမျှ အသားငါး များ ကို လျှော့ပေါ့ ပေးပြီး တွန်းတွန်းထိုးထိုး လေးရောင်းကြရ ရှာသည် ။ မြလေးခင် တို့ ကလည်း ထို အချိန် ကို စောင့် နေကြခြင်း ဖြစ် လေသည် ။


“ ဟော ... မြလေးခင် လာပြီ ။ ကြက်နှစ်ခြမ်းလုံး ယူတော့မယ် မဟုတ်လား ”


ကြက်သားသည် က ဆီး၍ နှုတ်ဆက် သည် ။ အခါတိုင်းက တော့ ကြက်သား ကို ခုတ်ထစ်ပြီး ယူ သွားရုံပင် ။ အိမ် ကျတော့ ရေ နိုင်နိုင် ဆေးပြီး ပြုတ်ကြော် လုပ်ထားလိုက် ရုံပင် ။ လွယ်တော့ လည်း ကြက်သားပြုတ်ကြော် ချည်းနေ့တိုင်း စား နေ ရသည် မှာ ငြီးငွေ့စရာ ပင် ကောင်း နေပြီဖြစ် လေသည် ။


“ ဝက်သား ငါးဆယ်သား လောက်ပဲ ကျန်တော့တယ် ။ လျှော့ ပေးမယ် ”


“ ပုစွန်လေး နည်းနည် ကျန်တာ ၊ အကုန် ယူသွား တစ်ထောင့်နှစ်ရာ ပဲပေး ”


“ ငါးတန်ဗိုက်သား နော် ၊ ဝယ်သူ ရှိရင် ရောင်းမယ် ၊ ဝယ်သူ မရှိရင် အိမ်က ကလေးတွေ ကို အချဉ်ဆီပြန် ချက်ကျွေးမယ် ”


ကြက်တွေ ၊ ဝက်တွေ ၊ ပုစွန်တွေ ကို ကျော်ပြီး မြလေးခင် အာရုံ ကျ သွားသည် က ငါးခူ ဖြစ်သည် ။ ငါးခူ က စားရခဲသည် ။ အညှီ ၊ အညှီ ကို စင်အောင်မန်ကျည်းသီး နှင့် နာနာ တိုက်ဆေး ရသည့် အတွက် လက်ဝင် လှသည် မို့ မဝယ်ဖြစ် ၊ မစားဖြစ် သည် မှာ ကြာလှပေပြီ ။


“ ရွှေလက်ကောက်ကြီးတွေ တစ်ထောင်လောက် ဝတ်လို့ များများ ယူမယ် ထင်ပြီး ရိုက် လိုက်တာ များ သွားတယ် အစ်မရယ် ၊ ယူ သွားတော့ လေးကောင် ထဲ ၊ ဟောဒီ လေးကောင် က ကျန်ခဲ့ ရော .... ”


မြလေးခင် က ဦးခေါင်းတွေ မကြေ့တကြေ နှင့် ခပ်လှုပ်လှုပ် အကြောဆွဲ နေသော ငါးခူများ ကို ငုံ့ ကြည့်ရင်း “ အမူ မှာ ငါးခူက ရှုံး ရဲ့ ” ဟူသော စကား ကို သတိ ရသည် ။ ငါးခူ တို့ သည် ဘယ်အချိန် မှာ ဘယ်လိုများ မူကြပါလိမ့် ဟု ဖျတ်ခနဲစဉ်းစားမိရင်း “ ဟင် ... နင့် ဟာ ကလည်း အရှင်ကြီး တွေ ” ဟုပြောကာ မျက်နှာ ကို မသိမသာလွှဲ ထား လိုက်သည် ။ ဟိုဖက် ဆိုင်က မလတ်တလတ် ပုစွန်ဘောချိတ်လေးများ ကို လှမ်း ကြည့်ပြီး ခြေလှမ်းပြင် သည် ။


ထိုအချိန်တွင် ငါးသည် က သူ့ လက် ထဲ က ဓားမ ကို မြှောက် ကာဓားနှောင့် နှင့် တဂွတ်ဂွတ် ထုချ လိုက်သည် မှာ စက္ကန့်ပိုင်း မျှသာ ။ ထို့နောက်


“ မရှင်ပါဘူး အစ်မ ကလဲ ၊ ဟောဒီမှာ ” ဟု တဆက်တည်း ပြောသည် ။ စင်းစင်း သေသွားပြီ ဖြစ်သော ငါးများ ကို ဇိုးဇိုးဇတ်ဇတ် ကောက်ယူ ကာ ချိန်ခွင် ထဲ ပစ်ထည့် လိုက်သည် ။


“ ငါးဆယ့်ငါးကျပ်သား ၊ ငါးကျပ်သား ဖြုတ် ၊ ငါးဆယ်သားဖိုး ပဲ ပေး ၊နှစ်ထောင့်ခြောက်ရာဈေး နဲ့ ငါးဆယ်သား တစ်ထောင့်သုံးရာ ။တစ်ရာ လျှော့ ။ တစ်ထောင့်နှစ်ရာ ပဲ ပေး ” ဟု ခပ်သွက်သွက် ခပ်ကျယ်ကျယ် ပြောသည် ။ မြလေးခင် က “ ဟဲ့ နေပါဦး ၊ ဘယ်သူ က ယူမယ် ပြောလို့လဲ ၊ တကတည်း ဒီလောက် ဈေးကြီးနဲ့ များ ” ဟု ပြောကာ လှည့် ထွက်မည့် ဟန် ပြင်တော့ နောက်ထပ် နှစ်ရာ ထပ်ပြီး ပြုတ် ကျ သွားသည် ။ “ အင်း.... အမူ မှာ ငါးခူ က ရှုံးလောက် ရဲ့ဆိုတာ ငါး ကို ပြောတာ မဟုတ်ဘူး ။ဝယ်တဲ့ သူ ပြောတာ ထင်ပါရဲ့ ” ဟုစဉ်းစားရင်း မြလေးခင် က ပြုံးမိသည် ။


အလေး လည်း လျှော့ ၊ ဈေး လည်း လျှော့ ဆိုတော့ ဝယ်သူ ဘက် မှ တန်တာ က အတော်ပင် တန် နေပြီ ဖြစ်သည် ။


“ အင်း ... ငါးခူကြော်နှပ်လေး စား ရရင် ကောင်း မလား ၊ စင်းကောလေး လုပ်ရရင် ကောင်း မလား ၊ ဆီပြန် ချက်ပြီး ရဲယိုရွက်လေး အုပ် ရရင်ကောင်း မလား ၊ ငါးခူငါးဆုပ် မန်ကျည်းရေလေး နဲ့ ချက်ရ မလား ”


မြလေးခင် က စိတ်ကူး ထဲ တွင် ငါးခူ လေးကောင် ကို ကြော် ကြည့် လိုက်၊ အသားလွှာ ကြည့် လိုက် ၊ တောက်တောက်စင်း ပစ်လိုက် ၊ ငါးဆုပ်လုံး ကြည့်လိုက် နှင့် ရှုပ်ယှက်ခတ် သွားသည် ။ ဟင်းရွက်တန်း ထဲ တွင် ပုတတ်စာ နှင့် ကင်ပွန်းချဉ်ရွက် တို့ကို တွေ့တော့ မှ စင်းကော လုပ်ရန် အတည် ပြု လိုက်သည် ။ ချဉ်ရည် ချက်မည် ။ အသား ကို စဉ်းကော လုပ်ပြီး ရဲယိုရွက်ကလေးအုပ်မည် ။ အရိုး နှင့် ခေါင်းကိုတော့ ချဉ်ရည် ချက်မည် ။ ကင်ပွန်းချဉ်ရွက် နှင့် ပုတတ်စာ ကို ရောပြီး ချက်လျှင် အရသာ က ထူးကဲ လှသည် ။ ငါး ၏အချို ၊ ကင်ပွန်းချဉ် ၏ အချဉ် နှင့် ပုတတ်စာနံ့ မွှေးမွှေး သည် အချိုး ညီညီနှင့် သမမျှတ နေသည် ဟု သူ ထင်သည် ။


မြေကြီး ပေါ် တွင် ဗန်းကလေး ချကာ ရောင်း နေသော ကောင်မလေးဆီ က ဖရဲသီးနုနုလေး သုံးလုံးနှင့် ခရမ်း ကြွပ်သီး ငါးလုံး ဝယ်သည် ။


အသီး မအောင်သော ဖရဲသီးပေါက်စလေးများ ကို ပြုတ်ပြီး တို့စရာ လုပ်စား ရသည် မှာ ဗူးသီးပု ကလေးများ ထက်ပင် ချိုနေ သေး၍ သူတို့တူဝရီး သုံးယောက် လုံး အကြိုက် တွေ့ နေကြသည် ။


“ အင်း .... အရေးကြီးတာ တစ်ခု ကျန်နေသေးတယ် ရဲယိုရွက် ၊ အင်းရဲယိုရွက် မပါ ရင် မပြည့်စုံဘူး ”


ရဲယိုရွက် က ရှားပါး ပစ္စည်း ဖြစ်သည် ။ ဈေး တွင် ရောင်းသည် ကို တစ်ခါတလေ တွေ့ရ သော်လည်း အမြဲတမ်း တော့ တွေ့ရသည် မဟုတ်ချေ ။ မနုမရင့် အရွက် ပြန့်ပြန့်ကားကားကြီးတွေ ကို သာ ရ လျှင်တော့ သူ ၏ ငါးခူဟင်း အတွက် ပြီးပြည့်စုံပြီ ဖြစ်ပေသည် ။


ညနေ အိမ် ပြန် တော့ မြလေးခင် သည် ခါတိုင်း လို အိမ် အထိ ဆိုက်ကားမစီး ဘဲ လမ်းခုလတ် တွင် ဆင်းသည် ။ အံ့ဩ သလို ကြည့် နေသော တူမအငယ် ၏ လက်ထဲ သို့ ဈေးဝယ် လာသော ကြွပ်ကြွပ်အိတ် ကို ထည့်ကာ ' အိမ် ကျရင် ငါး ကိုင်ထား နှင့် နော် ဒေါ်လေး ဒီနား ခဏ ဝင်စရာ ရှိလို့ ' ဟုပြောသည် ။


လမ်းထိပ် ဂုတ်ခြံ က ဥိးလှမောင်ဝင်း ၏ ခြံ ဖြစ်သည် ။ သူ တမင် စိုက်ထား သည်တော့ ဟုတ်ပုံ မရ ။ ရဲယိုပင် ခွေးတောက်ပင် ၊ ဆူးပုတ်ပင် စသည် တို့ အလေ့ကျ ပေါက် နေသည် ။ သူ က မျက်စိ လည်း မှုန် ၊ နား လည်းလေး ပြီး အပြော က လည်း တော်တော် ဆိုးသည် ။ သူ့ ဆီ ခွေးတောက်ရွက်ကလေး တစ်ခါ တောင်း ဖူး သည် ။ ငါးရွက် ခန့် ခူး ပေးပြီး  ' ကိုယ်တိုင် စိုက် ထားရင် တော့ တောင်းစရာ ဘယ် လိုပ့ါ မလဲဗျာ ' ဟု ပြောသည် ။ မြလေးခင် ကစိတ် ထဲ မှ နေပြီး  ' ကိုယ်တိုင် လည်း မစိုက်ဘူး ။ တောင်း လည်း မတောင်းတော့ ပါဘူး တော် ' ဟု ခပ်စွာစွာ ပြန် ပြောခဲ့သည် ။


“ မတောင်းဘူး ဆိုတာ မယူဘူး လို့ ပြောတာမှ မဟုတ်ဘဲ ။ တစ်ယောက် တည်း နိုင်အောင် စား နိုင်တာ လည်း မဟုတ် ၊ ဒီ အရွက်တွေ ကို ဈေးတင် ရောင်း နေတာ လည်း မဟုတ် ၊ အလကား တိုတိုထွာထွာ လုပ် နေတာ ခြံအပြင် ကနေ လှမ်း ဆွဲပြီးခူးတော့ လည်း သိတာ တောင် မှ မဟုတ် ”


မြလေးခင် က ခြံ အပြင် ဘက်ယိုင် နေသော ရဲယိုရွက် ၊ ခွေးတောက်ရွက်များ ကို လှမ်း ဆွဲပြီး ခူးနေသည် မှာ သုံးလေးခါ ရှိပြီ ဖြစ်သည် ။ ယခုလည်း ရဲယိုရွက် နုနုပြန့်ပြန့်ကြီးတွေ တွေ့ ထားသည် ။ လှမ်း ဆွဲ လိုက်လျှင်မှီသည် ။သူ လည်း ခြံနား အရောက် အဘိုးကြီး လည်း အိမ် ထဲ ပြန် အဝင် မို့တော်တော်လေး အဆင်သင့် သွားသည် ။ ခြံ ဘေး နား မယောင်မလည် ကပ်သွားပြီး အားရှိ ပါးရှိ လှမ်း ဆွဲ လိုက်သည် မှာ ရဲယိုရွက် သာ မက အကိုင်း ပါကျိုးကျ လာသည် ။ ကိုင်း ကျိုးသော အသံ က အတော် ကျယ် လေသည် ။ ဦးလှဝင်းမောင် က နား လေး လို့ သာ တော် တော့သည် ။


“ အဲတော့ ... အသီးကင်းတွေ ပါ ကိုင်း ထဲ ပါ လာတာကိုး ၊ ဘယ်တတ်နိုင်မှာလဲ ဟယ် ၊ ငါ က ကျိုးစေချင်တဲ့ စေတနာ နဲ့ ခိုး တာမှမဟုတ် ... အဲ အဲ.. ခူး တာ မှ မဟုတ်တာ ”


မြလေးခင် က သူ့ ကိုယ် သူ ချက်ချင်း ခွင့်လွှတ် လိုက်သည် ။


ဟုတ်တယ်လေ ။ ကိုယ့် ကို ကိုယ် မှ ခွင့် မလွှတ်ရင် ဘယ်သူ က တကူးတကန့် လာပြီး ခွင့်လွှတ် ပ့ါ မလဲ ။ လိုချင်သော အရွက်နုများ ကို ခပ်သွက်သွက် ခြွေ ယူ လိုက်ပြီး အကိုင်းကြီး ကို မြောင်း ထဲ ပစ်ချ ပြီးလျှင် ဒီ အကြောင်းကို ထပ်မံ သတိရ စရာ မှ မလိုတော့တာပဲ ။


“ ဟော တော့ ၊ ရဲယိုရွက်တွေ သန့် မှ သန့် ကောင်း မှ ကောင်း ၊ ငါးခူလေးနဲ့ တော့ အဆင် ကို ပြေလို့ ၊ ဒေါ်လေး ဘယ်က ရ လာတာလဲ ”


“ လမ်းထိပ် မှာ အဆင်သင့် တွေ့ လို့လေ ၊ ငါးခူ ဝယ် ထားတာ လည်းသတိ ရ တာနဲ့ ”


မြလေးခင် က ခပ်အေးအေး ပြောသည် ။ လမ်းထိပ် မှာ အဆင်သင့် တွေ့သည် ကလည်း အမှန်ပင် ။ ငါးခူလေးတွေ ကို သတိရ သည် ကလည်း အမှန် မို့သူ့ စကား ထဲ တွင် အမှား တစ်ခွန်း မှ မပါ ကြောင်းတွေး ပြီး ကျေနပ်၍ ပင် နေမိသည် ။


“ နက်ဖြန်ခါ ကျရင်တော့ မနက် စောစောစီးစီး ရေမိုး ချိုး သနပ်ခါးလိမ်း ပြီး မှ သီလ ယူ ရမယ် ။ မျက်နှာ ပြောင်ပြောင်ကြီး နဲ့ က လည်း မနေတတ်သီလ ယူ ပြီးမှ လိမ်း နေ ပြန်ရင်လည်း မကောင်း ”


သူ က တော့ သနပ်ခါး လိမ်းရုံ သာ မက မျက်ခုံးမွှေး လည်း ဆွဲဖို့ လိုသည် ။ သူ့ မျက်ခုံး က ပါး လည်း ပါး ၊ ကျဲ လည်း ကျဲ ဆိုတော့ ဆေး လေး မှတင် မထား လျှင် ၊ ကူ မထားလျှင် မျက်ခုံးမွှေး မပါသော မျက်နှာ က ပြောင်ဖြဲဖြဲ ဖြစ်နေ တတ်သည် ဟု ထင်သည် ။


ဪ .... မျက်ခုံးမွှေး သာ မက နှုတ် ခမ်းနီလေး လည်း လိုသည် ။ကလေးတွေ လို အနီရင့်ရင့် အရောင်ရဲရဲမျိုး တွေ မသုံး သော်လည်း ပန်းရောင်ပြေပြေလေး လောက် တော့ ဆိုးထားနေကျ ဖြစ်သည် ။သူ့ နှုတ်ခမ်းရောင် က ခပ်ဖြူဖြူ ခပ်ဖျော့ဖျော့ နှင့် ဒီ နှုတ်ခမ်း ကို အရောင် တင် မထား လျှင် လူမမာ နှင့် တူ နေ တတ်သည်ဟု ထင် မိလေသည် ။


ထို့ကြောင့် နောက် တစ်နေ့ ကျတော့ သနပ်ခါး ခြေဆုံးခေါင်းဆုံး လိမ်းကာ မျက်ခုံးမွှေး ပါးပါးဆွဲ ၊ နှုတ်ခမ်းနီ ပြေပြေ ဆိုး ထားသော မြလေးခင် သည်ယောဂီတဘက်ကလေး ကို ပခုံး ပေါ် တင်ရင်း ကျုံ့ကျုံ့ယုံ့ယုံ့ ထိုင်ကာသီလ ယူ လေသည် ။


သူတို့ တူဝရီး သုံးယောက် လုံး က ဈေးသမားတွေ ဆိုတော့ အိမ်မြဲကြသူများ မဟုတ် ။ အိမ် မှာ ဆွမ်းခံ ကိုယ်တော် လည်း မရှိ ။ ဒီတော့ လည်းဘုရားကျောင်းဆောင် ရှေ့ တွင် ကျုံ့ကျုံ့ ထိုင်ကာ ဘုရားရှင် ကိုယ်တော်တိုင် ၏ ရှေ့မှောက် တွင် သီလ ယူ နေသည် ဟု နှလုံးသွင်း ထား ရသည်မှာပို၍ပင် ကျေနပ်စရာ ကောင်း သေးသည် ။ သို့ပါသော်လည်း ရှစ်ပါးသီလကို အလွတ် မရ၍ စာအုပ် ကြည့် ရွတ်ရသည် ကိုတော့  ' သည်းခံ ခွင့်လွှတ်တော်မူပါ အရှင်မြတ်ဘုရား ' ဟု စိတ် ထဲ မှ တောင်းပန် ရသည် ။


တကယ့်တကယ် က တော့ သူ့ ကို ဒုက္ခ ပေးသည် မှာ ခုနစ်ပါးမြောက်သီလ ဖြစ်သည် ။


“ နစ္စ ၊ ဂီတ ၊ ဝါဒိတ ၊ ဝိသုက ၊ ဒဿန ၊ မာလာဂန္ဓ ၊ ဝိလေပန ၊ဓာရဏ ၊ မဏ္ဍာန ၊ ဝိဘူတနဌာနာ ၊ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ ” ဟူသော အပိုဒ် ဖြစ်သည် ။ ထို သီလ ကို အစီအစဉ် တကျ မရွတ်တတ် ရုံမျှ မက မည်သည့် ပါဠိ စကားသည် မည်သည့် အဓိပ္ပါယ် ကို ရည်ညွှန်းကြောင်းကောင်းစွာ မသိ ။ အကြမ်းအားဖြင့်တော့ သနပ်ခါး မလိမ်း ၊ ပန်း မပန် ၊သီချင်း မဆို ၊ ရုပ်ရှင် မကြည့် ဟု သဘော ပေါက် ထားသည် ။


ရှစ်ပါးသီလ ယူ ပြီးတော့ မြလေးခင် သည် သူ့ ကိုယ် သူ သီလစောင်လုံလုံ ခြုံ ထား သလို လုံခြုံသွားသည် ဟု ခံစားရသည် ။


သီလ ယူ ပြီးတော့ မီးဖိုချောင် ဝင်သည် ။ ရေခဲသေတ္တာ ထဲ တွင် ဆား ၊နနွင်း နယ်ပြီး နှပ် ထားသော ငါး ကို ထုတ်ယူကာ သူ ကိုင်တိုင် ချက်သည် ။သူ့ တူမ နှစ်ယောက် က ကြက်သားပြုတ်ကြော် မှ လွဲ၍ သိပ်ပြီး စိတ်ချရသည် မဟုတ် ။


တူမ နှစ်ယောက် ကတော့ ကင်ပွန်းချဉ်ရွက် ချွေရင်း ရုပ်ရှင် မင်းသားမင်းသမီး တွေ အကြောင်း စုံအောင် ပြောကြသည် ။ မြန်မာပြည် က မင်းသား ၊မင်းသမီး တွေ အကြောင်းလည်း မကျန် ။ အခု လက်ရှိ သူတို့ အသည်းစွဲ နေသည် က ချစ်စံအိမ် ထဲ က မင်းသားလေး ' ယောင်ဂျေး ' ဖြစ်သည် ။ သူ့ အမည်ရင်း က ' ရိန်း ' ဆိုလား ။


“ ဟဲ့ သူ က သီချင်း ဆို လည်း အရမ်း ကောင်းတယ် တဲ့ ။ ငါ အခွေ ငှားထား သေးတယ် ”


“ အရပ် က လည်း အမြင့်ကြီး ပဲ နော် ”


“ ဘော်ဒီ က လည်း တောင့်တယ် ဟ ”


အင်း ' ရိန်း ' ဘယ်လောက် ကောင်းကောင်း ၊ မြလေးခင် က တော့ ' ရင်ဒါရိုက်တာ ပဲ '  ဟု တွေးရင်း မသိမသာ ပြုံး မိသည် ။ ချစ်ရ သူ ကို အလို လိုက်အကြိုက် သိပြီး ကြင်နာ နိုင် လွန်းသော ရင်ဒါရိုက်တာ ကို သူ အခု ထိ မမေ့ ။


“ ရင်ဒါရိုက်တာ က တော့ အကောင်းဆုံးပါပဲ ဟယ် ”


“ ယောင်ဂျေး လည်း ကောင်းပါတယ် ”


“ အေး ... ကောင်းပါတယ် ၊ ဒါပေမဲ့ ရင် က ပို ကောင်းတာ ကို ပြောတာပါ ”


“ ဒါကတော့ ဒေါ်လေး ရယ် ၊ ' ရင် ' က အသက် ပို ကြီးတာ ကိုး ၊ ယောင်ဂျေးလေး က မနူးမနပ်ကလေး ”


ထိုနေ့ က ထမင်း မြိန် လှသည် ။ ငါးအချိုရည် ဝင်ကာ နူးညံ့ပျော့အိ နေသော ရဲယိုရွက် က မခါးဘဲ အချိုဘက် လု နေသည် ။ ချဉ်ပြေပြေလေး နှင့်မွှေး နေသော ကင်ပွန်းရွက် ချဉ်ရည်ဟင်းလေး က သောက်၍ ပင် မဝ ။ ဖရဲသီးနုလေးတွေ က လည်း ချို ၊ ခရမ်းကြွပ်သီး က လည်း ကြွပ် ဆိုတော့ ခါတိုင်းထက် နှစ်ဆ လောက် ပိုပြီးစား ဝင် နေသည် ။


“ ဒေါ်လေး က ဥပုသ်သည် ဆိုတော့ ပေါင်မုန့်မီးကင် ထောပတ်သုတ်လေး တော့ စားဦး မှ ပေ့ါ ၊ ကော်ဖီ လေး လည်း သောက်ဦး မှ ဖြစ်မှာပေ့ါ ”


ဗိုက်အင့် နေပြီ ဖြစ်သော်လည်း တူမတွေ က ပေါင်မုန့်ကင် နေကြပြန်သည် မို့ စားရ ပြန်သည် ။ “ တော်ကြာ ညနေ ကျ မှ ဆာ နေရင် ခက်မယ် ” ဟုစိုးရိမ်စိတ် နှင့် ကော်ဖီ နှင့်ပေါင်မုန့် တို့ ကို သာ မက သီးမွှေး ငှက်ပျောသီး တစ်လုံး ကို ပါ အတင်း ဖိနှိပ်ပြီး ဗိုက်ထဲ သို့ သိပ်ထည့် လိုက်သည် ။ ဆယ့်နှစ်နာရီ ဒေါင်ဒေါင်ထိုးတော့ ဝမ်းဗိုက် တစ်ခုလုံးပြည့်တင်း ဖောင်းကား ပြီး မျက်တောင် တွေ စင်း နေပြီ ဖြစ်လေသည် ။


ဒီတော့ .... ။


အင်း ... ဒီတော့လည်း ဘာ လုပ်စရာ ရှိလို့လဲ ။ ဆယ့်နှစ်နာရီ လည်းထိုး သွား ပြီပဲဟာ ။ အိပ် ရုံပဲ ရှိတော့ တာပေ့ါ ။ဖျာချောလေး ခင်း ၊ ခေါင်းအုံးလေး ချပြီး အသာ လှဲ ချ လိုက်ရသည် မှာ အရသာ ရှိ လှသည် ။ လေကြောင်း ကျ နေ သဖြင့် လေကလေး က လည်း တဖြူးဖြူး နှင့် မို့ စင်းနေသော မျက်တောင် သည် ချက်ချင်း လိုလိုပင် မှိတ်ကျ သွားသည် ။


အိပ် ၍ ကောင်း လိုက်သည် မှာ နှစ်နှစ်ခြိုက်ခြိုက် ပင် ။ ညဘက် အိပ်ရ သလို အိပ်မက်တွေ ပင် မက် နေ သေးသည် ။ အိပ်မက် ထဲ တွင်  ' ဆည်းဆာရင်ခုန်သံ ' ကိုရီးယားကား ကို ပြန် ကြည့် နေရသည် ။ တစ်ခုပဲပြောင်း သွားသည် ။ ဆန်းမီ နေရာ တွင် တော့ မြလေးခင်ဖြစ် နေသည် ။ ရင်ဒါရိုက်တာနေရာ က တော့ ဪ .... ရင်ဒါရိုက်တာ နေရာ က တော့ ဘယ် ပြောင်းပါ့မလဲ ၊ ရင်ဒါရိုက်တာ ပဲ ပေါ့ကွယ် ။


နည်းနည်း နိုး လာလိုက် ၊ မျက်တောင် ပြန် စင်းလိုက် ၊ အိပ်မက် ဆက်မက်လိုက် ၊ ပြန် နိုး လာလိုက် ၊ ပြန် အိပ် လိုက်နှင့် မြလေးခင် အသေအချာ နိုးလာ တော့ ညနေ သုံးနာရီ ကျော်ပြီ ဖြစ်သည် ။ တင်းကား နေသော ဗိုက် ကအတန်ငယ် လျော့သွား သော်လည်း ဆာတော့ မဆာသေးချေ ။


“ ဥပုသ်သည် ဆိုတာ တရား စာအုပ်လေး ဖတ်ရမှာပေ့ါလေ ”


မြလေးခင် က ဆရာတော် ဦးဇောတိက ၏ ' အရှုပ် ထဲ မှာ ရှင်းအောင်နေ ' ဟူသော စာအုပ် ကို ဖတ်သည် ။ ထို့နောက် မဟာစည် ဆရာတော်ဘုရားကြီး ၏ ' အရိယာဝါသတရားတော် ' ကို ဖတ်သည် ။ စာ ထဲ တွင် စိတ်နှစ်ထား ရန် ကြိုးစား သော်လည်း တီဗွီဖန်သားပြင် ထက် တွင် ဂျီအင်း က ' ဝက်ဝံလေးကောင် '  သီချင်း ဆို နေသည် ။ သူ့ အရွယ် သူ့ အရပ် သူ့ ရုပ်ရည်လေးနှင့် သီဆို နေပုံ မှာ ချစ်စရာ ကောင်းနေသည်မို့ တရားစကား တွေ ထဲမှ ရုန်းထွက် ကာ ဂျီအင်း တို့ ယောင်ဂျေး တို့ နောက်သို့ စီးမျောပြီး ရောပါ သွားလေသည် ။


ဘယ် အထိများ မျောပါ သွားသလဲ ဟု မေး လာလျှင် တော့ ရုပ်ရှင် ပြီးတဲ့အထိ ပါ သွားတာပါရှင် ဟု မရှက်တရှက် မပြုံးတပြုံး နှင့် ဖြေဖြစ် လိမ့်မည် ဟု ထင်ပါသည် ။  ' တမင်တကာ ရုံ မှာ သွား ကြည့်တာမှ မဟုတ်တာ ၊ ကိုယ့် အိမ်ကိုယ် နေရင်း မျက်စိရှေ့ ရောက် နေလို့ အလိုလို မြင် ရတာပဲဟာ '  ဟုလည်းမိမိ ကိုယ် မိမိ ဆင်ခြေ ကန် နေ မိသည် ။


“ ကြည့်ပြီး မှ တော့ မထူးပါဘူး ဟယ် ”


ညနေ ခုနစ်နာရီ ထိုးတော့ မြန်မာ့အသံ က ရော မြဝတီ က ပါ ကိုရီးယားကား တွေ ပြ လာ ပြန်သည် ။တူမ နှစ်ယောက် က ကြည့်တော့ သူ က လည်းမကြည့်ဘဲ မြင်နေ ရ ပြန်သည် ။


ရှစ်နာရီ သတင်း လာ တော့ ရေခဲသေတ္တာ ထဲ ထည့်ပြီး အအေးခံ ထားသော ထန်းလျက် နှင့် မန်ကျည်းဖျော်ရည် ကို သောက် သည် ။ ထို့နောက် ' အရိယာဝါသ '  စာအုပ် ဆက် ဖတ်သည် ။ သို့သော် တူမအကြီး က တူမအငယ်ကို မြို့ထဲ လမ်းမတော် မှ လူသတ်မှု အကြောင်း ပြောပြနေသည် ။ ဒီတော့ လည်း စိတ်ဝင်စားစရာ မို့ အရိယာဝါသ ကို ဘေးချ ထား ရပြန်သည် ။


“ မသိရင် ဘယ်သူ့ ကို မှ တံခါးဖွင့် မပေးနဲ့ ”


“ သိတော့ ရော ယုံရလို့လား ”


“ ဟုတ်တယ်လေ ... ဟို .. ယုဇနပလာဇာ နား က ဆိုင် ထွက်တဲ့ သူ ဆိုရင် သူ့ အသိတွေ က သ,တ်တာ ” 


“ အဲဒါ အကုသိုလ် ကို မကြောက်တာပေ့ါ ”


သူ တစ်ခွန်း ငါ တစ်ခွန်း ပြောရင်း ရင်ထဲ ဟာ လာ ပြန် သောကြောင့် မန်ကျည်းဖျော်ရည် ကို ထပ်ပြီး သောက် ရ ပြန်သည် ။


ကိုးနာရိခွဲ လောက် ရှိတော့ တူမတွေ က တီဗွီ ဖွင့်ကြ ပြန်သည် ။ တရုတ်ကား ကြည့်ရဦးမယ် တဲ့ ။


“ တော်ပါပြီကွယ် ဒေါ်လေး တော့ ဘုရားရှစ်ခိုး တော့မယ် ”


သူ က ယောဂီ တဘက်ကလေး ပခုံး တင်ကာ ကျုံ့ကျုံ့လေး ထိုင်ပြီး ဘုရားရှစ်ခိုး သည် ။ စိတ်တွေ က ဟို ရောက်လိုက် ဒီ ရောက်လိုက် နှင့် ပျံ့လွင့် နေတော့ သံဗုဒ္ဓေ ကိုပင် အမြီးအမောက် မတည့်ချင် ။ နှစ်ခါ ပြန်ပြီး ဆိုရ လေသည် ။


“ ဒါပေမဲ့ ဘာဘဲ ဖြစ်ဖြစ် ၊ ဒီနေ့ တစ်ရက် တော့ ငါ ဥပုသ် ရ သွားပြီ ”


မြလေးခင် က ကျေနပ်ပီတိ စိတ် နှင့် သူ၏ ကုသိုလ်ကောင်းမှု အစုစု တို့ကို ၃၁ ဘုံသား တို့ အား အမျှဝေသည် ။


“ ယနေ့ ဆောက်တည် ခဲ့ ရသော ဥပုသ်သီလ ကုသိုလ် ” ဟု လည်း ရည်စူးကာ သီးခြား အမျှ ပေး ဝေသည် ။


“ အမျှ .... အမျှ .... အမျှ ... ယူတော် မူကြပါ ”


သူ က လေးနက်သော အသံ နှင့် အမျှ ဝေသည် ။ သူ ၏ တူမ နှစ်ယောက်က ရုပ်ရှင် ကြည့် ရင်း ရယ်နေ ကြသည် ။ ကြားပုံ မရ ။


“ သူတော်ကောင်း သူမြတ်လောင်းတွေ တော့ သာဓု ခေါ်မှာအမှန် ပါပဲ ”


သာဓု ခေါ်သံများ ကြား လိုက်ရလေမလား ဟု မြလေးခင် မသိမသာ နားစွင့် ထားမိသည် ။ ဘာသံမျှ မကြားရ ၊ ခဏ နေတော့ ဘုရား ကျောင်းဆောင်ထောင့် ကြား ထဲ တွင် ကပ် နေသော အိမ်မြှောင်လေး တစ်ကောင် က ' ကျွတ်... ကျွတ် .. ကျွတ် ' ဟု စုတ်သပ် .... အဲ စုတ်ထိုး လိုက် လေသည် ။


◾မစန္ဒာ


📖 ဝါးခယ်မ အထက - ၁ ရာပြည့်မဂ္ဂဇင်း 


#ကိုအောင်နိုင်ဦး


.

Tuesday, May 2, 2023

ရွှေပြည်တော်သည် ( ၂၃ )


 

🔳 မင်္ဂလာ မီးပုံပွဲ

“ အရင်းရှင်စနစ် - ပုလင်းဖင် ဖြစ် – ဟောဒီလိုညှစ် ”

ဗိုလ်ဖုန်းလှိုင် တို့ အထက်ပါ အတိုင်း စကား ကောင်း နေကြစဉ် ၊ စောထွန်း သည် ပုလင်းခွံ ကို ဇောက်ထိုး ကိုင်၍ လက် နှစ်ဘက်နှင့် လိမ်ညှစ် ကာ နှုတ် မှ လည်း ဖေါ်ပြပါ အတိုင်း ရေရွတ် လာ သဖြင့် သူ့ ဘက် အားလုံး လှည့် ကြည့် လိုက်ကြလျက် ဗိုလ်ဖုန်းလှိုင် က -

“ ဟ ... ကုန်လာပြန်ပလား ဟ ... ”

“ ဟာ - မင့် ဟာ က တစ်ဝက် တောင် မပြည့်တာဘဲကွ ၊ ငါ ခု မှ အစာငြိမ် လောက် ရှိတော့ ထပ် သောက်မှ ဖြစ်တော့မယ် ... ပေးအုန်း ကွာ ”

“ တော်ရောပေါ့ စောထွန်း ရာ ”

မြင့်မြင့် - “ ရှင် တော့ - အရက် နဲ့ သေမှာဘဲ ”

စောထွန်း - “ အောင်မယ်လေး - အရက် နဲ့သေရမယ် ဆို သေစမ်းပါစေ ၊ တိုက် သာ တိုက်ကြစမ်းပါ မမ ၊ လူ တစ်ယောက် ကို သေအောင် အရက် တိုက် နိုင်တယ် ဆိုတဲ့ ဂုဏ်ထူးဆောင် လက်မှတ် တောင် ရေး ပေး ပစ်ခဲ့အုန်းမယ် ”

ကိုထွန်းအောင် - “ မင်း တော့ ငါ အိမ် မှာ တုန်း က ပြောခဲ့တဲ့ အတိုင်း ယစ်ထုပ် ဖြစ်တော့ မှာဘဲ ”

စောထွန်း - “ ကျွန်တော် ယစ်ထုပ် ဖြစ်ရင် သေရည်အိုး ရွက် လိုက် ဖို့ စိန္နမာနအလောင်း အကိုကြီး က ရှာပေးမယ် လား ”

ကိုထွန်းအောင် -  “ မင်း အိမ် က မိန်းမ ရှိနေသားဘဲကွ ”

စောထွန်း “ ဟာ ... အိမ်က ကြက်မ တော့ ဘာလုပ်မလဲ နောက် တစ်ယောက်များ ရအုန်း မလား လို့ ”

ဒေါ်အေးလှိုင် - “ သူ့ အဖေ တုန်း မလဲ ဒီလိုဘဲ ဟဲ့ - သောက်သောက် ပျော်ပျော်နဲ့ ဘဲ သေသွားတာဘဲ ”

မြင့်မြင့် – “ သေတော့ အရက် သောက် လွန်း လို့ အသည်း ကျွမ်း ပြီး သေတာ မဟုတ်လား အမေ ”

စောထွန်း က မျက်နှာ ရှုံ့ လိုက်ကာ -

“ ဟား ... ဟား ပူပူနွေးနွေး အမေ တဲ့ ... ဂွီ ၊ ဒီမှာ မြင့်မြင့် ငါ့ အဖေ သေတာ က အရက် သောက်လို့ အသည်းကျွမ်း သေ တာ မဟုတ်ဘူးဟေ့ - သေတာ မှ အထက်တန်း ကျကျ ၊ နို့ပြီး နေရာ ဌာန ကလဲ ဒီလို သာမန် အရပ်ဒေသမျိုး မှာ မဟုတ်ဘူးဟေ့ ”

မြင့်မြင့် “ အောင်မယ် .. ဘယ်နေရာမှာ ဘယ်လိုများ သေလို့တုန်း ”

စောထွန်း ရင်ကော့ ၍ လက်မ ထောင် ကာ ...

“ မြန်မာလူမျိုးတွေ ရဲ့ အောင်မြေ တည်ရာ ငါးမည်ရ ၊ တိုင်းကျော် မော်ကွန်းတင် ရတဲ့ ပြည်ရွှေဘို မြို့တော် အနောက်ဘက် ထန်းတော ထဲ မှာ ထန်းပင် ပေါ် ထန်းရေ တက် သောက်ရင်း လိမ့်ကျ လို့ သေတာဟေ ”

အားလုံး ရယ်မောကြ ကာ ၊ ကိုထွန်းအောင် က -

“ စောထွန်း..မင်တော့ လူပျက် လုပ်ဘို့ ကောင်းသကွ ”

“ ခုန - ဘလှိုင် ပြောတဲ့ ဆိုရှယ်လစ်စံနစ် တည်ဆောက်တော့ သစ်စက်တွေ ပြည်သူပိုင် သိမ်းတဲ့ အခါ မှာ အကိုကြီး က အငြိမ့် ထောင် ပေါ့ ၊ ကျွန်တော် က လူပျက် လုပ်မယ်လေ ”

ဗိုလ်ဖုန်းလှိုင် က ရုတ်တရက် သတိရ ဟန် နှင့် -

“ ဟဲ့ ... အဆင်သင့်ဘဲ ဟေ့ ... ခု ည တို့ တော ထဲ မှာ အငြိမ့် က မယ် ဟေ့ .. တို့ ရဲနီမယ် ထဲ လဲ က , တတ်သူ ရှိတယ်ကွ ၊ စောထွန်း မင်း - တို့ ရဲဘော်တွေ နဲ့ လူပျက် ဝင် လုပ်ကွာ ကျောင်း က ပွဲတွေ တုန်း ကလဲ လုပ်ဖူးသားဘဲ ”

စောထွန်း - “  မင်းတို့ တောထဲ လဲ ဒီလိုဘဲ ကမြင်းကျော ထ နေကြတာဘဲလား ”

“ ဘယ်ဟုတ်မတုန်း တစ်ခုခု အကြောင်း ရှိတဲ့အခါမှပေါ့ ကွ .. ခု ည က ငါ နဲ့ မြင့်မြင့် မင်္ဂလာပွဲလေ ကွာ ၊ အခု အားလုံး စီစဉ်နေကြပြီ မီးပုံပွဲ နဲ့ လူမျိုးစုအက နဲ့ သီချင်းတွေ ဘယ်လို ခြားနားသလဲ ဆိုတာ သိသွားရမယ် ”

စောထွန်း - “ ဒီလိုဆို ငါ့ အရက်ပေး ”

ဗိုလ်ဖုန်းလှိုင် - “ နားအုန်းမှ ပေါ့ သူငယ်ချင် ရာ ”

စောထွန်း - “ ဒီလိုဆို ငါ့ ပြန်ပို့တော့ အရက် မှ ဝအောင် မသောက်ရသောဒေသ သည် မနေအပ် မထိုင်အပ် -ပစ္စန္တရာဇ် အရပ် ဟု ခေါ်အပ်၏ - တဲ့ ... ဘယ်ပညာရှိကြီးလဲ မသိပါဘူး ၊ ရေးပစ် ခဲ့တယ် ”

ဟု ပြောပြီး စောထွန်း သည် ခေါင်းကုတ် စဉ်းစားဟန် ပြုလျက်

“ ဒီ ပညာရှိကြီး နာမည် လွယ်လွယ်ကလေး နဲ့ ငါ မေ့နေပါတယ် ”

ဟု ဟန် နှင့် ပန် နှင့် ဆိုကာ သော်တာစိန် သို့

“ အော ... ဆရာ တော့ သိမှာပေါ့ ”

ဟု ဆိုလေ သဖြင့် စောထွန်း ပညာ စမ်း ပြီ ကို ရိပ်မိ ကာ သော်တာစိန် မနေသာတော့ဘဲ သူ နှင့် ရော နောက်လိုက် ရ တော့သည် ။

“ ဂရိ ပညာရှိ မရူးဘိ လေ ဗျာ ၊ နောက် မမေ့ အောင် မှတ်ထား အုန်း ”

ဟု ပြော လိုက်မှ စောထွန်း သဘောကျ သွားကာ

“ ဒါမှ တို့ ဆရာ ကွ ”

လက် ကို ဆွဲမြှောက် ၍ ဩဘာပြု လိုက်၏ ။ တဖန် စောထွန်း က

“ မြင့်မြင့် - နင် နားလည်ရဲ့လား ”

“ ငါ - ဒီလောက် မတုံးပါဘူး ဟယ် ... နင် ထပ် မှတ်ထားအုန်း အဲဒီ ပညာရှိကြီး နာမည် က “ မရှေပိ ” လို့ လဲ ခေါ်သေးတယ် ”

မြင့်မြင့် သည် စောထွန်း အား ငယ်သူငယ်ချင်း မို့ ရှင် - ကျမ လည်း ပြော၏ ၊ နင် - ငါ လည်း ပြောချင် ပြော၏ ၊ ထိုအခိုက် ရဲဘော် တစ်သိုက်သည် ဝက်သေ တစ်ကောင် ၊ ဂျီသေ တစ်ကောင် ၊ ဒရယ်လေး တစ်ကောင် ကို လေးဘက်တုတ် တံပိုး လျှိုပြီး ရှေ့နောက် ထမ်း လာကြလျက် ယုန်တစ်ထုပ် ကို နားရွက်ကိုင် တွဲလွဲ ဆွဲ လာသော ကချင်ရဲဘော် တစ်ယောက် က ဗိုလ်ဖုန်းလှိုင် အား -

“ ဟေ့ ... ဗိုလ်ကြီး နင်တို့ လင်မယား အားကြီး ကံကောင်း တယ် ဟေ့ - ကြည့်စမ်း တို့ ဒီနေ့ ရ လာ လိုက်တာတွေ ... ”

သူတို့ ဗိုလ်ဖုန်းလှိုင် မင်္ဂလာပွဲ တွက် အမဲလိုက် လာခဲ့ ကြခြင်း ဖြစ်ပေသည် ။

ထိုည ၌ ဗိုလ်ဖုန်းလှိုင် တို့ ၏ မင်္ဂလာမီးပုံပွဲ တွင် ၊ ဝက်ကောင်လုံး ကင် ၊ ဒရယ်သား ၊ ဂျီသား ၊ ယုန်သား ဟင်း တို့ ဖြင့် အလျှံပယ် သောက်ကြ , စားကြ ပျော်ကြပါးကြ ကုန်လေ၏ ။ တောခိုသူ ရဲဘော်တို့ တွင် အချို့သည် အညာကျေးတောသားများ ဖြစ်သည့် အားလျော်စွာ ကြက်တယ် , ချိုးတယ် , ခါတယ် တို့ လည်း တတ်ကြ သဖြင့် သူတို့ ပျော်ပွဲမှာ တောကြက်ကြော် ၊ ချိုးကြော် ခါကြော်တို့ လည်း ပါကြ သဖြင့် စားစရာ တို့ မှာ လွန်စွာ သိုက်မြိုက် ဝေဆာ လှပေ၏ ။

ပြည်ထောင်စု လူမျိုးစုံ အက လည်း ထူးခြားပါ၏ ။

အငြိမ့် မင်းသမီး ရဲနီမ ၏ ဆို သီချင်း မှာ လည်း “ အရင်းရှင်စနစ် ကိုတိုက်ဖျက်ပစ်ကာ ဆိုရှယ်လစ်စနစ်သစ် ဖြင့် မြန်မာပြည်ထောင်စု ကို ပြန်လည်ထူထောင်မှု ပြုပါမည် ”

အဓိပ္ပါယ် ပါ သော သီချင်း များ ဖြစ်၏ ။

ထို ပွဲ ၌ စောထွန်း သည် အရံ အငြိမ့် လူပျက် လုပ်၍ လက်တန်း ဆို လိုက်သော သီချင်း မှာ

“ တူနှစ်ကိုယ် တဲအိုပျက်မှာ နေရ ၊ ဗြူရိုကရက် ကို ဆဲဆိုလျက် သာ နေ မဗျ ။ လစ်တာ နှစ်တာ ပဓါန လို့ ဆိုချင်ပါတယ် ခင်ရယ် - ခုလဲ လစ်ကြပါစို့ ” ဟု ဆိုပြီး မင်းသမီး လက် ကို ဆွဲ ခေါ်ရာ ပရိသတ် က ပွဲကျ သွား၏ ။

ထိုအခါ ရဲဘော် လူပျက် က ...

“ မွန်းစောထွန်း က ဒီကောင်မလေး ကို လိုချင်ဟန် တူပါ ရဲ့ ”

“ ဟာ - ခုရ - ခုယူပေါ့ - ထမီတောင် မလဲ နဲ့ တော့ ”

“ ဒါဖြင့် - တောခိုခဲ့ ပါ လား ”

“ ဟာ ဒါတော့ မဖြစ်နိုင်ဘူးဗျာ ”

“ ဘာကြောင့် ”

“ အမေ က အိမ်ပါ မှ ယူရမယ် ဆို လို့ ၊ နို့ပြီး ခင်ဗျားတို့ ဆီမှာ က အမေရိကန်ရုပ်ရှင် လဲ မကြည့်ရဘူး ။ ဟော်တယ် လဲ မတက်ရဘူး ”

“ ဒါဖြင့် ရဲဘော်ကြီး က မြို့ ပေါ် မှာ ကိုယ့် ကို ကိုယ် ဘာလို လက်ဝဲ ဆရာ လက်ဝဲဆရာ လို့ ကြွေးကြော်နေလဲ ”

“ ခေတ်မီအောင် လို့ပါ ”

“ ဒါဖြင့် မေးစမ်းမယ် ”

“ လီနင် ဆိုတာ ဘယ်သူလဲ ”

“ အမေရိကန် ရုပ်ရှင်မင်းသား ”

“ ဂေါ်ကီ ကော ”

“ ဂေါ်ကီ ဆိုတာ က နှဲ သံ ”

“ ချက်ကော့ ရော ”

“ ကိုယ်ဝန်ဆောင် မိန်းမ ”

“ ပွတ်ရှကင်း”

“ ကုတ်ကင်း ပွတ်တဲ့ လူ”

“ စတာလင် ဆိုတာကော ”

“ အင်္ဂလိပ် ငွေစက္ကူ ပေါင်သျှီလင် ”

“ အင်း - ကြေနပ်လောက် ပါပေတယ် ။ လက်ဝဲဘက် မတော့ တော်တော် ခေါက်မိတဲ့ လူ ”

“ ဟုတ်ကဲ့ - လက်ယာဘက် တော့ မခေါက်မိဘူး ခင်ဗျာ ၊ ယောက္ခမကြီး အခန်း ဖြစ်နေ လို့ ”

ဤတွင် မင်းသမီး က တစ်ကျော့ က လေသည် ။

“ ကျမတို့ရဲ့ အမိမြန်မာပြည် ၊ ဆိုရှယ်လစ်ဘောင် ထူထောင် ပါမည် ။ တူမောင်နှစ်ဖြာညီ ၊ လက်ရေ တစ်ပြင်စီး နဲ့ X တစ်ခရီးထဲ သွားကြပါစို့ ... အတည် x   ”

သံပြိုင် ။ “ ဟေ့ ... လာပြီ ... လာပြီ ... ”

“ ကျမတို့ရဲ့ ... ဋ္ဌါနီ ၊ လက်ဝဲလက်ျာ နှစ်ဖြာ ကွဲတော့ ဘာလဲ ဟေ့ - အရင်းရှင်စနစ် X X ”

“ တခါထဲ ဟေ့ ပုလင်းဖင် ဖြစ် ”

စောထွန်း က မင်းသမီး သီချင်း ဖြတ် ဆို၍ မင်းသမီး လိုက် ရိုက် ၊ စောထွန်း အငြိမ့်စင် ပေါ် က ခုန်ချ ပြေး ခဲ့ကာ အရက် ခပ် ဆာဆာ နှင့် ထပ် သောက်ပြီး အိပ်မောကျ လေရာ နောက် တစ်နေ့ ၉ - နာရီ လောက် မှာ လာ နိုးပြီး သူ့ အား ကိုထွန်းအောင် နှင့် အတူ ပြန် ပို့မည် ။

သော်တာစိန် တို့ သားအမိ ကား ရှိသည် ဟု မထင်ခဲ့ ကြသော ညီအစ်ကို ၊ မမျှော်လင့်ဘဲ ခဲယဉ်း ထူးဆန်းစွာ တွေ့ကြသည် ဖြစ်၍ ညီအစ်ကို ချင်း တိုင်းရေး ပြည်ရေး ဆွေးနွေးရန် တစ်ရက် မျှ နေခဲ့ဦးမည် ။

ကိုထွန်းအောင် နှင့် စောထွန်း နွားလှည်း ပေါ် အရောက် တွင် ပို့မည့် ရဲဘော်များ က နှစ်ယောက်စလုံး မျက်နှာ အဝတ် စီး ပေး ရာ စောထွန်း က -

“ ဟေ့ .. ဘလှိုင် ငါ နောက်ထပ် မင်းတို့ ဆီ ဘယ်တော့မှ မလာပါဘူးကွာ ... လမ်း လဲ မမှတ်မိပါဘူး ကွာ .. စည်း မနေပါနဲ့တော့ ”

ဗိုလ်ဖုန်းလှိုင် - “ မဖြစ်ဘူးကွ တို့ မှာ တာဝန်ဝတ္တရား ရှိတယ်ကွ ၊ မင်းတို့ သာ မဟုတ်ဘူး - ငါ့ အစ်ကို ပြန်လဲ စည်း လွှတ် လိုက်ရမှာဘဲ ”

“ မင်းတို့ တောတွင်းသားတွေ က တယ်လဲ ခက်လိုက်ကြပါလား ကွာ .. ဘယ်ကျမှ ဖြေပေးမှာလဲ ”

“ တို့ ပိုင်နက် ဆုံးတော့ မင်း တို့ ကို ဖြေ လွှတ်လိုက်မှာပါကွာ .. တစ်နာရီ လောက် ကြာမှာပါ ”

“ ငါ့ လခွီးတဲ့ ၊ တစ်နာရီ တောင် မျက်ကန်း ဖြစ်ရမှာပါလား ၊ ဟ - ဟ ငါ့ ဗေဒင် က ဟောထားတာ မျက်စေ့ ခဏ ကွယ်ဘို့ ရှိတယ် တဲ့ ၊ အောင်မယ်လေး မှန် လိုက်တဲ့ ဗေဒင် နှယ် စည်းစည်း ” ဟု မျက်နှာ ထိုး ပေး၏ ။

မစည်း မနေရ တော့ပြီ ဖြစ်၍ ဟာသသမား တို့ ၏ ဉာဏ်ဖြင့် ပျော်ပျော် ရွှင်ရွှင်ဘဲ စည်းမည့် အဝတ် ကို ကိုင် ကြည့်ပြီး -     

“ ဟဲ့- ဟဲ့ နေစမ်းပါအုန်း မင်းတို့ ဟာ က ထမီ အထက်ဆင် တွေ လား”

သူ နှင့် ည က အတူ လူပျက် လုပ်သော ရဲဘော် က -

“ မဟုတ်ဘူး ရဲဘော်ရ တရုတ်မ ဘောင်းဘီ အဟောင်း ရေ မြောင်း ထဲ က ရတာ ကို တို့ ဆုတ်ဖြဲ ထားတာ ”

စောထွန်း -  “ အောင်မယ်လေး - ဒီလိုဆို ကောင်းတယ် ၊ ဒါကြောင့် တရုတ်ပဲငံပြာရည် ကြာညိုနံ့ သင်းတာကိုး .. စည်းစည်း ကာယသိဒ္ဓိ လဲ ပြီး လိမ့်မယ်  ၊ ပီယသိဒ္ဓိ လဲ စွမ်း လိမ့်မယ် ... ဟင် - ဟုတ်ဘူးလား အကိုကြီးရ ”

ဟု ကိုထွန်းအောင် ကို ပြော ရာ ကိုထွန်းအောင် မှာ အရေးတော်ပုံ တွင် အရှုံး ဘက် ရောက်၍ စိတ် ညစ် နေသူ ဖြစ်သဖြင့် ၊

“ တော်ပါတော့ စောထွန်း ရာ .... ငါ့ ကို ဒီကောင် နဲ့ လှည်း တစ်စီး စီ ရင် လဲ ပို့စမ်းပါ ဟေ့ ”

စောထွန်း “ ဟာ .. ဘာလို့လဲ အကိုကြီး ရ - ကျွန်တော်တို့ နှစ် ယောက်လမ်း မှာ စုဠာသမ္ဘဝ ၊ မဟာသမ္ဘဝ လုပ်တန်း ကစား သွား ကြတာပေါ့ ”

ဟု ပြောဆိုစဉ် မှာပင် လှည်း ထွက် သွားကာ သော်တာစိန် တို့ လူသိုက် ရယ်မော ကျန်ခဲ့ ကြလျက် ဗိုလ်ဖုန်းလှိုင် က

“ သွားတော့ သူငယ်ချင်း ရေ ... ”

“ မသွားဘူး ဆိုတော့ မင်း ဘာလုပ်အုန်းမှာလဲ ”

မြင့်မြင့် - “ ဂွတ်ဘိုင် ... ကိုစောထွန်းကြီး ”

စောထွန်း - “ အေးပါ ဟာ - ဆရာတို့ အောက် အရပ် မှာ တော့ နှမ လင်နေ မောင် ဖင်ကြိမ်း သတဲ့ ၊ အခု ဒီမှာ တော့ ငါ ပါ အဆစ် ဝင် မျက်လုံး ကြိမ်း နေ ရတယ် ၊ နင် ကောင်းဘို့ အရေး ဟေ့ ”

ဟု ပြော နေစဉ် ရဲဘော် က လှည်း ကို ခတ်ကြမ်းကြမ်းလေး မောင်း လိုက်ရာ

“ အောင်မယ်လေး ဖင် လဲ ကြိမ်းပါလား ဟဲ့ ... ဆရာ ရေ ... ဆရာတို့ အောက် အရပ် စကား မှန်လှချေကလား မိမြင့်မြင့် ရဲ့”

ပါးစပ် က မပြတ် ပြော သွားလေရာ လှည်း ဝေး ပြီး ချုံ တစ်ခု ကွယ် သွားတော့မှ ဘဲ အသံ ရော လူ ပါ ပျောက်ကွယ် သွားပေ တော့၏ ။

◾သော်တာဆွေ

📖 ရွှေပြည်တော်သည်

#ကိုအောင်နိုင်ဦး

.

လူပါး ဆို


 ❝ လူပါး ဆို ❞


မြသိန်း သည် မိမိ လက်ပတ်နာရီ ကို မြှောက် ကြည့် လိုက်ရာ ၈ နာရီခွဲ နေကြောင်း ကို သိရ သဖြင့် လက်ဖက်ရည်ဖိုး ပေးကာ လက်ဖက်ရည်ဆိုင် အတွင်း မှ ထွက်ခဲ့ လေ၏ ။ နေ့စဉ် လျှောက် နေကျ ဖြစ်သော မြကြည် တို့ လမ်း သို့ ခြေထောက်များ က အလိုက်သိစွာ ယူ သွား လေ ရာ မြကြည် တို့ အိမ်ရှေ့ သို့ ရောက် လေသော် ဝတ္တရား ကို မဖျက်ဆီး လိုသော အားဖြင့် ခါတိုင်းလို အမှတ်တမဲ့ စောင်းငဲ့ ကြည့် လိုက်လေ၏ ။ တဘက် တစ်ခု ကို ပခုံး ပေါ် သို့ တင်ကာ လက် ထဲ တွင် ကြေးဇွန်း နှင့် ဆွမ်းဇလုံ ကို ကိုင်ပြီး ရွှေခြေကျင်းကလေး ပေါ် အောင် အုတ်လှေကား မှ ဆင်း လာ သော မြကြည် ၏ ရူပါရုံ သည် မြသိန်း အား ရစ်ဆိုင်းဆိုင်း နှင့် ခပ်ထိုင်းထိုင်းကြီး ဖြစ်သွား လေ၏ ။ နောက်မှ သပိတ်ဖုံး ဖွင့်သံ ကို ကြား ရ လေ၏ ။ သတိ ရ၍ လှည့် ကြည့် လိုက် ရာ မိမိ နောက်တွင် ဆွမ်းခံ ကြွ လာသော သံဃာတွေ တသီတတန်းကြီး ကို တွေ့ရ သဖြင့် လမ်း ဘေး သို့ ဆင်း၍ ရှောင် ပေး လိုက်လေ၏ ။ မြကြည် သည် တစ်ပါး ပြီး တစ်ပါး ဆွမ်းလောင်း ပြီး သော် “ ကိုမြသိန်း ခဏ ” ဟု ခေါ်ပြီး အိမ် ပေါ် သို့ တက် သွားလေ၏ ။


မြသိန်း မှာ ကြက်သေ သေ၍ ငေးကျန်ခဲ့လေ၏ ။ သလုံးသား ပေါ် အောင် ထဘီ ကို မခို့တရို့ ဆွဲ ပြီး အုတ်လှေကား ကို တစ်ထစ်ပြီး တစ်ထစ် တက် သွားသည့် မြကြည် အား ဆင်းလာတုန်း က ကြည့် သလို ရိုးရိုး ကြည့်တာ မဟုတ်ဘဲ ဝက် ဝယ် တဲ့ တရုတ် ဝက်အသား ကြည့် သလို နိမ့်တုံ ၊ မြင့်တုံ ရှိလှတဲ့ အင်္ကျီ အောက်နားစကလေး တွေပါ သိမ်းကျုံးပြီး ကြည့် နေလေရာ “ လာလေ ခဏကလေး ပါ ” ဟု မိမိ ဘက်သို့ လှည့်ပြီး သွားဖျားကလေးများ ပေါ်အောင် ပြုံး လျက် ပြောတော့ မှ သတိ မရသော လှမ်းခြင်း ဖြင့် အိမ် ပေါ် သို့ တက်သွားလေ၏ ။ မြကြည် က ကု,လားထိုင် ကို ကိုင် မ လျက် ပေး ရာ မြသိန်း က ထိုင်ချ လျက် ငေးနေ လေ၏ ။ အိမ် ထဲ တွင် ဟိုဟိုဒီဒီ ကြည့်ရှုရာ မည်သူ့ ကို မျှ မတွေ့ ရ သဖြင့် အတော်ကြီး အံ့အားသင့် နေ လေ၏ ။ မြကြည် သည် အိမ်အပေါ်ဆုံး ထပ် သို့ တက် သွားပြီး ဗန္ဓုလဂျာနယ် စာအုပ် ကို ကိုင် ကာ ပြုံးရွှင်သော မျက်နှာ နှင့် လှေကား က ဆင်းခဲ့ပြီး မြသိန်း အနီး သို့ တိုး၍ တိုး၍ လျှောက်လာခဲ့ လေ၏ ။ စားပွဲ ပေါ် တွင် ဖြန့်တင် ကာ ဝတ္ထုခန်း ကို လက် နှင့် ထောက်ရင်း


“ ရှင်ကြီး မှန်မှန် ပြောရမယ် ၊ ဒီဝတ္ထု ၊ ဘယ်သူ ရေး တာလဲ ”


ပြုံးလျက် “ သူ့ အထဲ မှာ ပါတာပဲလေ ကြည်ကြည့်မောင် တဲ့ ၊ ဘာဖြစ်လို့လဲ  ”


“ ဒီ ဝတ္ထု ရေးတဲ့ လူ ဟာ ကိုမြသိန်း ပဲ ဖြစ်ရမယ် ရှင် ၊ မညာပါနဲ့ ၊ ရှင် ရေးတယ် မဟုတ်လား ဟုတ်ရမယ် ရှင် ”


“ ကြည်ကြည် က တော့ တစ်ခါတည်း စွဲနေတာပဲ ၊ ကဲ ထားပါကွယ် ၊ ကိုမြသိန်း ရေး တာပဲ ၊ ဘာများ ဆိုလိုချင် သလဲ ”


“ ထားပါကွယ် မလုပ်ပါနဲ့ ၊ ဒီ ဝတ္ထု ထဲ မှာ ပါတဲ့ စကားတွေ က ခင့် ကို ငယ်ငယ်ကလေး စ ၍ ဥယျာဉ် ထဲ ပွင့် တဲ့ ပန်းကလေး ဥယျာဉ်မှူး က ယုယုယယ ပြုပြင်ပြီး နေ့စဉ် ရေလောင်း စိုက်ပျိုး ပေးသလို အမြဲတစေ ဂရုစိုက်လျက် မေတ္တာရေ သွန်းလောင်း ကာ နေရပါတယ် ၊ ဒီ ပန်းပွင့်ကလေး လို အခြား လူစိမ်း သူစိမ်းများ ဆွတ်ယူ ချိုးဖဲ့သွားမှာ ကို လည်းကောင်း ၊ ပျားပိတုံး တို့ ခုန်လွှား တက်ရောက် စုပ်ယူသွား မှာ ကို လည်းကောင်း စိုးရိမ်ဘိ သကဲ့သို့ မောင့် စိတ် မှာ ပူမိပါတယ် ဆိုတဲ့ စကား ရယ် ၊ နို့ပြီးတော့ ကိုကို့ ကို မောင်ကြီး အရင်း လို အားကိုးပါတယ် ၊ ခင်မင်ပါတယ် ၊ မတတ်တာ မလိမ္မာတာ ရှိရင် ဆုံးမပါ ၊ သင်ပါ ၊ ခင် လိုက်နာပါမယ် ဆိုတာတွေရယ် ဒါတွေ ဟာ မြ ကို စောင်း ရေးတာ မဟုတ်လား ”

( မျက်နှာထား နှင့် ပြောသည် )


အမှန်သည် ကား မြသိန်း သည် မြကြည် ၏ မိဘများ နှင့် ပလဲနံပ သင့်သူ ဖြစ်လေရာ မြကြည် ၁၂ နှစ် သမီး လောက် က စတင် ၍ ၎င်းတို့ အိမ် သို့ ဝင်ထွက် သွားလာ စ ပြုသူ ဖြစ်၏ ။ မိမိ က မြကြည် ထက် ၈ နှစ် လောက် ပို၍ ကြီး သဖြင့် ကိုမြသိန်း ၊ ကိုမြသိန်း နဲ့ အနား တကပ်ကပ် ၊ စကားကလေး တစပ်စပ် ၊ ပျားပန်းခပ် သလို ပွတ်သီးပွတ်သပ် နေ ခဲ့သော အနှီ သူငယ်မကလေး ၁၅ နှစ် သမီး အရွယ် ရောက် လာသော အခါ မြသိန်း သည် တစ်နေ့သ၌သော အချိန် က စ၍ မနောကံ ၌ ကြံစည် မိ လေ၏ ။ သို့သော် သူငယ်ချင်းတွေ သိမှ ဖြင့် နှံပြည်စုတ် ငှက်ကလေး အမြောက်ပျက်ကြီး နဲ့ ချိန်တယ် ဟူ၍ အပြော ခံရမည် ကို လည်းကောင်း ၊ ကောင်မကလေး ပွက် မှ ဖြင့် ထောင်ကျမယ့် အရေး ကို တွေးမိခြင်းသည် လည်းကောင်း ၊ သို့အတွက် ၎င်း သည် မြကြည် ကို ပိုးရခြင်း ၌ ဆင် ကြံ ကြံရခြင်း ပင် ဖြစ်ရာ မြကြည် နှင့် တစ်ခါတလေ နှစ်ယောက်ချင်း တွေ့ ရသော အခါ မိမိ ပိုး တာ ကို ကောင်မကလေး ရိပ်မိ သွားမှာ ကို စိုးတာ နဲ့ ခွဲခွာရေး က ဘယ်လို ၊ တွဲရေး က ဘယ့်နှယ့် ၊ ကျောင်းဆရာတွေ လခ လျှော့တာ က ဘယ်သို့ ၊ ပုဂံငကျွဲ နဲ့ မဆွဲမိ အကြောင်း က အနှာလို ၊ ဣသိဒါသီ ထေရီမ ဟာ သူဌေးသမီး ဘဝ တုန်း က သူတောင်းစား က တောင် မပေါင်း နိုင်ဘဲ စွန့်ပြေးရတာ ၊ သူတောင်းစား ထမင်း ဝအောင် မကျွေး လို့ စသည် ဖြင့် ပုံတိုပတ်စတွေ နှင့် ၊ တကယ့် အဓိပတိ ၊ ဘုရားလူကြီး လို ၊ ဣန္ဒြေသမ္ပတ္တိ နှင့် အချိန် ကုန်ခဲ့လေရာ ချစ်တာ ကြိုက်တာ မှာ ဗလာနတ္ထိ ၊ တစိုးတစိ မျှညမရှိ ဖြစ်လေ၏ ။ လူပါးလူလည် တို့ စကား အခွန်းပေါင်း တစ်ထောင် လောက် ပြောခွင့် ရသော လူကြီးများ လစ်ချိန် တွင် အင်း အဲ အား နှင့် အချိန် ကုန် ခဲ့ရခြင်း ကို မကျေနပ်နိုင် သဖြင့် ဝတ္ထု ရေးနည်း ကို ကျွန်တော့် ထံ တွင် လေ့ကျင့် ၍ ဗန္ဓုလဂျာနယ် တွင် ထည့်သွင်း က မိမိ ၏ အာသီသ လိုရင်း ကို ဧကန် မြကြည် သိအံ့ ဟု စိတ်ကူး ဖြင့် ဤ ဝတ္ထု ကို ထည့်သွင်း လိုက်ရခြင်း ဖြစ်၏ ။ မြကြည် ကလည်း တထစ်ချ သိ၍ လူကြီးများ လစ်ချိန် တွင် မြသိန်း အား ခေါ်ပြခြင်း ပင်ဖြစ်၏ ။ မြသိန်း သည် မိမိ လိုရင်း အချက် အထမြောက် သော်လည်း မြကြည် က လက်ပူးလက်ကြပ် မေးသော အခါ လူ မိသော ကျီးကန်း ကဲ့ သို့ ရှက်ကိုးရှက်ကန်း အမ်းတမ်းတမ်းကြီး ဖြစ်နေ လေ၏ ။ 


“ ဝတ္ထု ဆိုတာ ဘယ်သူ့ ကို စောင်းချိတ် ရေးတယ် ဟုတ်မလဲ မြ ရယ် ၊ စာရေးဆရာ တွေ စိတ်ကူး ရတာ ကို စာရွက် ပေါ်မှာ မင် နဲ့ မှတ်ထားကြတာပေါ့ ”


“ မဟုတ်ပါဘူး ကိုမြသိန်း ရယ် ၊ ဒီ ဝတ္ထု က မြ ကို တမင်သက်သက် စောင်း ရေး တာပါပဲ ၊ မြ လည်း တောသူ ပေ မဲ့ စိန်မေရီ မှာ ၇ တန်း အောင်ခဲ့ပါတယ် ၊ မြ ကတော့ အားကြီး စိတ်ဆိုးတာ ပဲ သိရဲ့လား ၊ အမှန် အစ်ကို အရင်း လို ချစ်ခင် သော် လည်း ကိုမြသိန်း က ဒီလို ကြံစည်တယ် ဆိုတော့ ဒီလို စိတ် မှာ ထားတယ် ဆိုတော့ အစင်းသိပြီးသား ဖြစ်တဲ့ မြ တို့ က နောက် ကို ခေါ်ဝံ့ ပြောဝံ့ ဦးမှာ တဲ့ လား ။ အစက ကိုမြသိန်း ကို လူရိုးကြီး ထင် မိတယ် ၊ အခုတော့ ဖွတ် တောင် မဟုတ်ဘူး ၊ မိကျောင်းကြီး ထွက် တာပဲ ”


မြသိန်း သည် မည်ကဲ့သို့ ပြန် ပြောရမည် ကို မသိ ၊ ကြောက်သလိုလို နှင့် ဟိုဟိုဒီဒီ ကြည့်ရင်း ပြုံးမယ့် သာ ပြုံးရ ဂနာမငြိမ် တဲ့ နှလုံး နှင့် နောက်ဆုံး တွင် စိတ်တုံးတုံး ချ လိုက် သည့် လက္ခဏာ ဖြင့် 


“ မြ အပြစ် တင် ရင်လည်း ခံရပါတော့မယ် မြရယ် ၊ ကိုမြသိန်း မှာ ဖြင့် မြ အတွက် ဘယ်လို ဖြစ်နေတယ် ဆိုတာ မြ လည်း အကင်း ပါး ပါတယ် ၊ အသွေး မြင် တာ နဲ့ အသွင် သိ ”


“ အို တော်ပါ သံသရာ လဆန်း က ၊ လက်တမ်းတွေ လျှောက် ရွတ် နေပေမယ် လို့ ကရွတ်ခွေ ကင်းတက် သလို နေမှာပေါ့  ရှင့် ၊ ရှင်ကြီး ကို လူပျိုစကား ပြော ဖို့ ဒီ အိမ် ကို ပင့်တာ မဟုတ်ဘူး သိရဲ့လား ၊ တော်တော်ကြာ ဖေဖေ တို့ လာ တော့မယ် ”


မြသိန်း ရင်ခွင် ၌ ဒိုင်းနမိုက် ဖောက်ခွဲ လိုက် သလို မမျှော်လင့်သော စကား တို့ ကြောင့် တုန်လှုပ် ချောက်ချားလျက် ကျောက်ကမ်းပါးကြီး ပြိုသလို ဗြုန်းခနဲ မြည်သွားလေ၏ ။ ဂေဇက် ကို မျှော်နေသော စာမေးပွဲ ဝင် သူ သည် အောင်စာရင်း ၌ မိမိ အမည် ကို မတွေ့ ရ သော အခါ ဖြစ်တတ်သော တုန်လှုပ်ခြင်း ကဲ့သို့ ရှိ လေ၏ ။ အမူအရာ က ညှာတာ မျက်နှာသာ ပေး သလောက် အပေါက် ဆိုး မှုတ်တဲ့ ကောင်မကလေး ပါ လား ၊ အမြင် နဲ့ အထင် ကွာ လေခြင်း ၊ ငါ က အရိုး ကွဲ လု မတတ် ချစ် ပေမဲ့ သူ့ မေတ္တာ က ဟိန္ဒူကု,လားကြေးအိုး လို ငါ့ အပေါ် မှာ ပြောင် နေပြီ ၊ ထင်တာ ထင် မဝင်ဘူး ကျောင်းအမ ဆိုတာ လို သုံးစား မှာ ပါ ကျ နေပါ ကလား ၊ မြန်မြန် လစ် မှပဲ ၊ သင်းကလေး က အာဇာနည် ရဲရဲတောက်ကလေး ၊ ကြာ ရင် ဘယ့်နှယ် လုပ်မလဲ မသိရ ၊ ဟယ် .... သင်း က အပျိုကလေး တန်မယ့် နဲ့ ငါ့ ကို အိမ် ပေါ် ခေါ်ပြီး ကြိမ်းလား မောင်းလား တောင် လုပ်ဝံ့ သေးတာ ၊ ငါ က ဘာမို့လို့ ရှက်ရမှာလဲ ဟု တစ်ဖန် အားတင်း ပြန် ကာ -


“ သည်းခံပါဦး မြ ရယ် ၊ ကိုကို့ မှာ မြ ၏ မေတ္တာတော် ကရမက်ပန်း ကို လက်လှမ်း ကာ ပန်ဆင်ဖို့ နေ့စဉ် လို ပင် ကြံစည် စိတ်ကူးပြီး တရူး ထဲ ရူး နေရတာဖြင့် ကာလတောင်တာ ရက်ပေါင်း ကြာခဲ့ပါပြီ ၊ သို့သော် လည်း ... ”


“ ဟော ... ရပ်တန်းက မရပ်သေးဘူး ၊ သပိတ်တန်း တက်လာပြန်ပြီလား ၊ ဒါတွေ ရိုး နေပြီ ရှင်ကြီးရဲ့ .. ရှင့် ကို လည်း မုန်းတယ်လို့ မပြောရသေးပါလား ၊ ဘယ့်နှယ် လူစားမျိုး နဲ့ လာပြီး တွေ့ နေရပါလိမ့် နော် ၊ သူတို့ စာရေးဆရာများ ဟာ စာရေး ကောင်းသလောက် ခပ်ရှော်ရှော် ချည်းပဲ ထင်ပါရဲ့ ၊ ဒီက အပျိုကလေး တော့ တိုင်းပြည် ကြော်ငြာ ပြီး နောက်ပိုး တာ ကို ရှက် လို့ ပြော တာ ”


“ ဒီလိုပါ ဒီလိုပါ ၊ ကိုယ့် အပြစ် ကို ကိုယ် သိပါပြီ ၊ အမှန် မှာ တော့ ကိုမြသိန်း ကိုယ်တိုင် က မြ ကို ဖွင့်ပြော ရမှာ အားနာလို့  ၊ မထွက်ရဲ လို့ ပြုမိခြင်း ကို မြ လည်း သိပါတယ်နော် ၊ ဒါကြောင့် ကိုမြသိန်း တောင်းပန်ချင်တာ က မျှော်လင့်စရာ အလျှင်း မရှိဘူး ဆိုရင် လည်း ဒီကပဲ သွားပါ ရစေတော့ ၊ မြ မေတ္တာ ကို မစူးစမ်း ၊ မဆင်ခြင်ဘဲ အရမ်း ချစ်မိတဲ့ အပြစ် ကို ရဲဝံ့စွာ ခံပါတော့မယ် ၊ တစ်ဖက်သတ် ချစ် ရတဲ့ အချစ်ကို ဖြင့် ဇွတ် နှစ်လို့ မတိုး ပါဘူး ၊ သို့သော်လည်း ငါ တစ်ယောက် အတွက် သက်သက် ရူး စေတော့ လို့ နော့တော့တော့ စိတ်ထား နဲ့ အကျီစား သန် နေတာဖြင့် လည်း ခပ်ရှင်းရှင်း တောင်းပန်ပါတယ် မြ ရယ် ၊ ဝေ့လည်ကြောင်ပတ် တစ်ဖက်သူ အတွေး ကျပ် အောင် ဖြင့် ရေ ငတ်တဲ့ နွားလား ဆွဲပုံး နဲ့ မျှား သလို မလုပ်ပါ နဲ့ ၊ အဟုတ် ချစ် လို့ ခက်ရမယ့် သူ ကို အဖြူအမည်း ကွဲပြားအောင် ပြောစေချင်ပါတယ် မြ ရယ် ၊ မချိတဲ့ နှလုံး မို့ ပြုံး တိုင်း လည်း မတင့်တယ်လွန်းလို့ ပါ မြ ရယ် ”


“ လွန်လွန်းသနော် မန်းရွှေစက်တော် ဆိုတာ လို ဒီ လူကြီး မြန်မာစကား လည်း နားလည်မယ် မထင်ပါဘူး ၊ ရှင် လူပါး ဆို ဝတ္ထုရေးဆရာ လုပ် နေပေမဲ့ ( လဖ်အဖဲယား ) ဆိုတဲ့ ချစ်ခန်း ၊ ကြိုက်ခန်း ကို စုံအောင် သိမယ် မဟုတ်ပါဘူး ၊ ခက်သနော် ၊ ၉ နာရီ တောင် ခွဲသွားပြီ ၊ မေမေ တို့ တောင် လာချိန် နီးပြီ ၊ တော်ပါ ရှင် ၊ ရှင့် ပြော ရတာ တယ်ပြီး လက်ဝင်တယ် ” 


ဟု မျက်နှာ ပေး တစ်မျိုး နှင့် ပြုံးပြုံးလေး စောင်းငဲ့ ကြည့်ကာ ထဘီ ကို ဟန် ပြင် ရင်း မီးဖိုခန်း သို့ ဝင်သွား လေ၏ ။


အလင်းရောင် သည် မြသိန်း ၏ ဦးနှောက် တွင်း သို့ ထိုးဝင် လာလေ၏ ။ ကောင်မကလေး သဘော ကို ရိပ်မိ လေ၏ ။ သူ့ မိဘ တွေ လစ်တုန်း ခေါ်တယ် ၊ မဟုတ်ပါဘူးလို့ ဇွတ် ငြင်းတာ လည်း မရ ၊ အတင်း ဟုတ်ရမယ် တဲ့ ၊ မုန်းတယ် လို့ လည်း မပြောရပါကလား တဲ့ ၊ စာရေး ကောင်း သလောက် ခပ်ရှော်ရှော် ထင်ပါရဲ့တဲ့ ( လူပါးဆို ) တဲ့ ၊ ကံ သီ လို့ လိပ် ထိုးမိရက်သား နဲ့ စူဠ နဲ့ အစား ခံရမလို ၊ ( ငါ ဟဲ့ ယောက်ျား ၊ နုခန်း ကို ဆိုက်ခါ မှ မကြိုက်ကြုံ သည်လိုများ သုန်ခဲ့လျှင် ဒုလ္လဘတရားတော် နှင့် ရေကျော်ဝင် နှေးရော့မယ် ... အပန်း နှင့် အဆွေး ၊ စခန်းသိပ် မဝေးရအောင် ၊ ခွေးရူးကိုက် စွန်ရဲ ၊ ဝပ်ကျင်းကို ဆွဲတော့မည် ၊ နန်းပွဲရ ကစိန္ဒံ က ၊ အဓမ္မလက်သံနှင့် ၊ ဓားပြဉာဏ် သစ်လိုက်စမ်း ကိုးမြို့စား ) ဆိုတဲ့ ဦးပုည ရေး ဝိဇယပြဇာတ် က ပတ်တိုက် ကို သဘော ကျဟန် နှင့် တလောထ ပြန် ကာ မီးဖို ထဲ သို့ ဝင် လိုက် သွားလေ၏ ။


“ အို ဘယ့်နှယ် ဝင် လာ ရ သလဲ ၊ ထွက်ပါ တံခါး ပိတ် မလို့ ”


“ မဖုံးကလေး မဖုံး နဲ့ ၊ မဖိ နဲ့တော့ မရဘူး သိရဲ့လား ၊ မင်း ပြောရမယ် ၊ ဟောဒီ ပါးစပ်ကလေး က ချစ်တယ် လို့ ပြော ရမယ် ”


“ ဟင့်အင်း မပြောဘူး ၊ အခုမှ ဘာ လာပြီး ရမ်းမလို့လဲ ၊ လွှတ်ပါဆို အို ... အမေ့ ”


မီးပြောင်းကလေး သည် မီးဖို ပေါ် မှ အောက် သို့ ကျွမ်းထိုး ချ လိုက်လေ၏ ။ ဒန်အိုးဖုံး နှစ်ခု က လည်း ကတ်သီးကတ်သတ် နှင့် ပန်းကန်စင် ပေါ် မှာ ရန်ဖြစ် နေ ကြလေ၏ ။ ထိုအခိုက် နောက်ဖေးတန်း ဆေးလိပ်ခုံ က “ ပြဒါး နှစ်လုံး ၊ အသာကိုင် ၊ ဖားဂမုန်း ဆရာမနိုင် ” ဆိုတဲ့သီချင်း ကို ကောင်မကလေးတွေ တညီတညွတ် တည်း ဆိုကြ လေ၏ ။ အသံ ဝက်သဆီ ဖြူနီကြောင်ကြားကလေး တစ်ခု က “ အို ကျေးဇူးရှင် ၊ အမေကြင် လာ ခေါ် တောင် ကောင်းရဲ့လား မောင်မောင် ” ဆိုတဲ့ ဂျွန်နီယံမတင်အောင် ရဲ့ သီချင်း ကို ကြူ လိုက်ပြီး နောက် မကြာမီ ကောင်မကလေး တွေ ညီတူညာတူ “ ကမ္ဘာမြေ ပထဝီ ၊ တုန်လှုပ်အောင်ပ ၊ ယောက်ျားညီမျှ ၊ တစ်ကောင်ဖွားဇာနည် ” ဆိုတဲ့ ရုပ်ရှင် ထဲ မှာ မြင်း အပြေး စီးသွားစဉ် တီး ကြတဲ့ ခြောက်ပေါက် ဗိန်းဗောင်း တိုက် နေ ကြလေ၏ ။


မြကြည် သည် မြသိန်း ၏ လက်မောင်း ကြား မှ ရုန်းထွက် လာ လေ၏ ။


“ ကိုမြသိန်း ဟောဟိုမှာ တွေ့ လား ၊ မေမေ နဲ့ ဖေဖေ တို့ ဥပုသ်ဇရပ် က ပြန် လာပြီ ”


“ ဟင် ဘယ့်နှယ် လုပ်မလဲ ၊ ဒီ နောက်ဖေးဘက် က ခြံပေါက် ရှိရဲ့လား ”

( ပြေးရန် ဟန် ပြင်သည် )


“ ဟောဟော ပြီးပြီး ပျောက်ပျောက် ပြေးတော့ မလို့ ၊ လာခဲ့ မပြေးရဘူး ”

( ပုဆိုး ကို ဆွဲ ထားသည် )


“ အို လွှတ်ပါ မြ ရဲ့ ၊ မတော်တဆ မြင် သွားမှ ဖြင့် ဟိုမှာ လာ ကုန်ပြီ ”


“ လာလာ သူများ သမီး ကို အိမ်တိုင်ယာရောက် လာပြီး ဒီလို စော်ကားရ သလား ၊ ပြီးတော့ ပြေးဦး မလို့ ”


“ အမယ်လေး ခက်တာပဲ နော် ၊ မြင်တော့မှာပါပဲ ၊ အခု လွှတ်စမ်းပါဦး ၊ နောက်မှ ကြည့်ပြီး ... ”


“ ဘာရမလဲ သာဝ ရယ် ၊ လာခဲ့ လာခဲ့ ၊ အပြင် ထွက်ခဲ့ ၊ ဒါနဲ့များ ဟင် ...”


ဟု သွားဖျားကလေးများ နှင့် နှုတ်ခမ်း ကို ကိုက် ကာ ပြုံးစိစိ မျက်နှာ နှင့် ဘီးဆံပတ် ကို တစ်ပတ်လျှို ထုံးရင်း “ ဟောဟို က ကုလားထိုင် မှာ ထိုင် ၊ ရှင် လူပါး ဆို ဒါနဲ့များ ဒီလို ကြံ ဝံ့တာ အံ့ပါရဲ့ ၊ ဘာ အခုမှ တုန်နေရသေးသလဲ ၊ ငရဲ က လာတဲ့ လူ ပြာပူ မကြောက်ရဘူး ရှင်ကြီး ရဲ့ ၊ ငြိမ်ငြိမ် နေပါ ၊ မျက်လုံး က ပုရစ် ဝင် စားတဲ့ လူလို ပြူးတူးပြဲတဲ နဲ့ ၊ ဘိုဆံတောက် ကို လည်း သပ်လိုက်ဦး ၊ ပွနေတယ် ၊ အင်္ကျီ မှာ ပေါင်ဒါမှုန့်တွေ နဲ့ ပွတ် ပစ်လိုက် ၊ အဲ့ ဟို ဗန္ဓုလဂျာနယ် ကြည့်နေ  ” ဟု အမိန့် ပေး လေရာ မြသိန်း မှာ ရုပ်သေးမင်းသား လို ကြိုးဆွဲ ရာ က ရ ရှာလေ၏ ။


ဦးအေး နှင့် ဒေါ်နှင်း လည်း အိမ် ပေါ် သို့ တက်လာကြ လေရာ မြကြည် က ဆီး၍ “ ဖေဖေ ၊ ကိုမြသိန်း ရောက် နေတာ ကြာလှပြီ ၊ မနက် ကတည်း က ပဲ ၊ ကြည်ကြည် ခေါ် ထားတယ် ၊ ဖေဖေ မလာနိုင်လို့ သူ့ ခမျာ စာ ကြည့်ရင်း တောင် ငိုက် နေတယ် ” ဟု ပြောလိုက် မှ မြသိန်း ၏ ရင်ခွင် ထဲ တွင် ရေခဲတုံးကြီး ရောက်နေ လေ တော့၏ ။


“ ဪ …. မောင်မြသိန်း ဦး မလာနိုင်တာ နဲ့ ကွယ် ၊ ကြည်ကြည် ကို မှာ ထား ရတယ် ၊ မောင်မြသိန်း ဈေး က ပြန် လာရင် အိမ် ခဏ ဝင်ပါဦး လို့ ၊ သမီးရေ လက်ဖက်ရည် မတိုက်ဘူးလား ကွဲ့ ”


“ ဪ … ဖေဖေ ၊ ကြည်ကြည် လည်း လုံးလုံး သတိ မရဘူး ၊ ဆွမ်း ထွက် လောင်း ရတာနဲ့ ကိစ္စ မရှိပါဘူး ဖေဖေ ရယ် ၊ ဒီ ဧည့်သည် က တခြား လူ မှ မဟုတ်ဘဲနဲ့ ” ပြုံးရင်း ပြောလိုက်ရာ မြသိန်း ၏ ရင်ထဲ က ( သမက်ကလေး ပဲ ) စသည် ဖြင့် ဝါကျ ကို ပြည့် အောင် ဆက် လိုက်လေ၏  ။


“ နေပါစေ ဦး ရယ် ၊ ကြည်ကြည် လည်း သူ့ ခမျာ မအားရ ရှာပါဘူး ၊ ကျွန်တော် ဆိုင် က သောက်ခဲ့ပါတယ် ”


“ မောင်မြသိန်း ကို ဦး ပြောချင်တဲ့ ကိစ္စ ကတော့ ဦး ကုသိုလ်ပြုတဲ့ စောင်းတန်းကြီး အတွက် သစ်တွေ ကို ရန်ကုန် မှာ သွား ဝယ်ဖို့ ဦး လည်း မတတ်နိုင် ဘူး ကွဲ့  ၊ မောင်မြသိန်း လည်း ကျောင်း ပိက် ထားတယ် ၊ မြကြည် က ပြောတာ နဲ့ ဒီ ကိစ္စ မှာ ဦး ကို ကူညီစေချင်တာပါပဲ ကွယ် ၊ ဪ ... အသက် က လည်း ကြီး တော့ အရင် က လို ကျန်းကျန်းမာမာ မရှိ ၊ လယ်ယာစပါးတွေ သိမ်း ရတဲ့ ဒုက္ခ က လည်း တစ်ဖက် ၊ တယ် စိတ်ပျက်စရာ ကောင်းတဲ့ အရွယ် ပဲ ကွယ် ”


“ စိတ်ချပါ ဦး ရယ် ၊ ကျွန်တော် တတ်အား သမျှ ကူညီ ဆောင်ရွက်ပါ့မယ် ”


“ သာဓုပါကွယ် သာဓု ပါ ၊ သမီးရေ ထမင်း ပြင် ဟေ့ ၊ ကဲ မောင်မြသိန်း လည်း မပြန်နဲ့ ကွယ် ၊ ဒီမှာ ထမင်း စား တာပေါ့ ”


ကြောင်သူတော် က မူ ဝမ်းတွင်းက နှစ်ကျိပ်ရှစ်ဆူ ဘုရားပွဲ လှည့် နေ လေ၏ ။ 


( အထက်ပါ အဖြစ်အပျက်များ ဖြစ်ပြီး နောက် တစ်နှစ် ခန့် ကြာသော အခါ ကျွန်တော့် ထံ စာ တစ်စောင် ရောက် လာ၍ ဖောက်ပြီး ဖတ် လိုက်ရာ )


မိတ်ဆွေထိပ်တင်


အဘိုးကြီး လည်း မူးတယ့်ရောဂါ နဲ့ လွန်ခဲ့တဲ့ သုံးလ လောက် က ဆုံး ရှာပြီ ၊ ဒါကြောင့်မို့ ဒီ ကိစ္စ ကို နှစ်သစ်ကူး ပြီး မှ စီမံ လျှင် သင့်မည် ထင် ပါသည် ။ မိတ်ဆွေ က ရေးနည်း သားနည်း ပြ ပေးတဲ့ ဝတ္ထုကလေး ကြောင့် ရတဲ့ မိန်းမ မို့ ဒီ ကိစ္စ ကို မိတ်ဆွေ သဘောကျ လာ ၍ ဆောင်ရွက် လှည့်ပါ ၊ အမယ်ကြီးက တော့ အလုံးစုံ ပုံအပ် ပြီးသား ပဲ ၊ ပြီးတော့ မင်္ဂလာ သြဘာရတု ပိုဒ်စုံ ရေးခဲ့ဖို့ လည်း မမေ့နဲ့နော် ၊ မိတ်ဆွေ ဟို အဆက်ကလေး ကော နေရာ မကျသေးဘူး လား ၊ ဖုံးပါ ခင်ဗျားတော့ တော်တော် ဖုံးပါ ၊ မိတ်ဆွေ ကျေနပ်မယ် ဆိုလျှင် ကျေးဇူး ဆပ် ဖို့ ခယ်မ ဝမ်းကွဲကလေး ချောချော တစ်ယောက် ရှိပါသည် ။ လ မဆန်းခင် ရောက်အောင် လာခဲ့ပါနော် ၊ ကြည်ကြည် က လည်း တမျှော် တည်း မျှော် နေသည် ထိပ်တင် ။


                   မြသိန်း


အင်း သူတို့များ တော့ ဝတ္ထု တစ်ပုဒ် ဆို ဆို သလောက် နိပ်တာပဲ ၊ သူတို့ လို ဝတ္ထုမျိုး ရေးတဲ့ လူတွေ ကြောင့် တို့များ လို အမြဲတမ်း ရေး နေတဲ့ လူတွေ ဟာ နာမည် ပျက် ကုန်တော့မယ် ထင်ပါရဲ့ ၊ ဟယ် .. ကိုယ် ကောင်းရင် ခေါင်း မရွေ့ပါဘူး ၊ သူ လို လူများ သော် မှ နေရာ ကျ သေးတာ ၊ တို့များ တစ်နေ့ နေ့ ကောင်းတာတော့ တွေ့ဦး မပေါ့ ၊ တစ်သက်လုံးလုံး အဆိုးကြီးပဲ ဘယ် ဟုတ်မလဲနော် ဆဒ္ဒန်ကြီး ရဲ့ ၊ လူ ထွင်း တဲ့ ခံတွင်း မှ မဟုတ်ဘဲ ၊ နတ် ထွင်း ဟင် ငါ့ ဟာ ဘာဆိုင် လို့ တုံး ။


◾ဆကာကြီးထိပ်တင်


📖 ဗန္ဓုလဂျာနယ် ဝတ္ထုများ


#ကိုအောင်နိုင်ဦး


.

Monday, May 1, 2023

ရွှေပြည်တော်သည် ( ၂၂ )


 🔳 မောင်ကြီး ဘယ်တော့ ပြန်လာမယ်


“ ဟေ့ ... ဘလှိုင်  ... မင်း မြင့်မြင့် ကို တောနက် ထဲ ခေါ်သွားပြီး တောင်းပန်ပုံ တောင်းပန်နည်း လေး တော့ - ငါ့ သင်ပေးလိုက်စမ်း ပါကွာ .. ကြုံတုန်း ကြုံခိုက် ”


အကြောင်း မှာ ဗိုလ်ဖုန်းလှိုင် သည် မြင့်မြင့် အား မြင်း ပေါ် တင် ၍ ခေါ်သွားသည် ။ နံနက်စာ စားချိန် ကျ မှ ပြန် ရောက်လာ ကြသည် ။ အားလုံး ညီအစ်ကို မောင်နှမ သားအမိတွေ ထမင်း စားပြီး လဘက်ရည်ကြမ်းဝိုင်း ထိုင် ကြသော အခါ၌ မြင့်မြင့် က ကိုထွန်းအောင် အား သူ နှင့် ဘလှိုင် ကို လက်ထပ်ခွင့် ပေး ပါ ။ သူ သည် မြို့ မှာ မပျော် တော မှာ ဘဲ ချစ်သူ နှင့် ပါတီ တာဝန် ကို ထမ်းဆောင် ရင်း ပျော်ရွှင်စွာ နေပါရစေတော့ ဟု ခွင့် တောင်း သောကြောင့် စောထွန်း နောက်ကွက် ရ သွားခြင်း ဖြစ်ပါ ၏ ။


ဆက်လက် ၍ 


“ ဘာလဲ .. မင့် ဟာ လက်ဝဲ ချော့နည်းလား ကွ ၊ လုပ်စမ်းပါကွာ ... တစ်ခါတစ်လေ ငါ့ မှာ လဲ အဲလို ချော့စရာ ကောင်မလေး တွေ တွေ့ တတ် လို့ ပါ သူငယ်ချင်း ရာ ”


စောထွန်း မှာ - ဝမ်းတွင်း ပါ ဝါသနာ မနေသာ ၍ သာ နောက် နေ ရသည် ။ စင်စစ် မြင့်မြင့် သည် မျောက်ဆိပ်ပင် အိမ်ကြီး မှာ တုန်း က ဗိုလ်ဖုန်းလှိုင် အား သေနတ် နှစ်လက် ကို အပ်၍ အိမ် ပေါ် က အဆင်း မှာ မြင့်မြင့် လက် ထဲ သားရေသေတ္တာ ကြီး ပါလာ ကတည်း က ကိစ္စများ ပြေလည်ပါ လျှင် မြင့်မြင့် သည် မြို့ သို့ မလာ တော မှာ ဘဲ ကျန်ခဲ့တော့မည် ကို စောထွန်း ရော သော်တာစိန် ပါ ရိပ်စာမိပြီး ဖြစ် ကြ၏ ။ သူငယ်ချင်း ဝါသနာ ကို သည်းညည်းခံ နေပြီးနောက် ... ဗိုလ်ဖုန်းလှိုင် က 


“ ကဲ ... စောထွန်း ... ဟောဟို ငါ့ အိပ်ခန်းဒေါင့် မှာ အရက်ပုလင်း ရှိတယ်ကွ .. မင်း အဲဒါ ယူ သွားပြီးတော့ ဟော့ဟိုး က သစ်ရာပင်ကြီး အောက်မှာ အစာပိတ်ကလေး နှိပ်နေပါလား ကွ ... သူငယ်ချင်း ” 


စောထွန်း နားလည်လေပြီ ။ သူ တို့ အရေး ကြီးသော ကိစ္စများ ဆွေးနွေးကြမည် ။ မိမိ ရှိ နေပါက မဖြစ် ၊ မိမိ ဝါသနာ မှာ လည်း သူများ စကား ကျ မှ ကောက်ပြီး မနောက် လိုက် ရ မနေနိုင် ။ ထိုကြောင့် -ထိုင်ရာမှထပြီး ...


“ ကျေးဇူးပါဘဲ သူငယ်ချင်း ရာ မင်း တို့ မှာ မနက် က ငါ့ ထိုးပေး တဲ့ အရက်မူး ပြေဆေး ရှိသေးရဲ့ မဟုတ်လား .. အဲဒါ ငါ မူး လို့ လဲ သွား ရင် ၊ ပြေဆေး ထပ် ထိုးပေး လိုက်ရင်း ၊ နောင်ထပ် အရက် ပုလင်း ထုတ်ပေး လိုက်ရင်း ၊ အဲ့လို လုပ်ပေး နေမယ် ဆိုရင် ... ငါ လဲ မြင့်မြင့် လို ဘဲ.. တောခို နေခဲ့မယ် သူငယ်ချင်း ” 


ဟု နောက်ဆုံး ပိတ် မှာ မနောက်သာ နောက်သာ နောက် သွား လိုက်သေး၏ ။


“ အော် ... စောထွန်း- စောထွန်း ” 


ဗိုလ်ဖုန်းလှိုင် က ခတ်ညည်းညည်း အသံ ဖြင့် 


“ အဲဒါ - ကျောင်းသား တုန်း ကတည်း က ဝါသနာဘဲ ကိုကို ရဲ့  ... ဘယ်တော့မှ ပျောက် မှာ မဟုတ်ဘူး ” 


“ အင်မတန် ဟာသညဏ် ရွှင်တဲ့ လူ ။ ဒီ လူမျိုး ရှားတယ် ” 


ဟု သော်တာစိန် က မှတ်ချက် ချ၏ ။


“ သူ နဲ့ နေရတာ ပျော်စရာတော့ အားကြီး ကောင်းတယ် ” 


ဟု မြင့်မြင့် က ဆို၏ ။


“ ဟဲ့ - ဒီကောင် က ဘ,မျိုးဘိုးတူ သူ့ အဖေ ရှိတုန်း လဲ အဲလိုဘဲ အင်မတန် အနောက်အစ သန်တယ် ” 


ဟု သူတို့ အမေ ဒေါ်အေးလှိုင် က လည်း ထောက်ခံ ပြောဆို၏ ။


ကိုထွန်းအောင် တစ်ယေက် ကား တုံနိဘာဝေ စဉ်းစား ၍ နေ၏ ။ ယခု ကိစ္စ မှာ မိမိ ဘက် က အရှုံး ပေါ်၍ နေချေပြီ ။ မြင့်မြင့် ကို ဘလှိုင် နှင့် သဘော တူသည် ကား မှန်၏ ။ သို့သော် ဤ တော ထဲ မှာ မဟုတ် မြို့ ပေါ် မှာ တင့်တောင်းတင့်တယ် ၊ ဖွယ်ဖွယ်ရာရာ အိမ် တစ်ဆောင် မီး တစ်ပြောင် နှင့် မောင်နှမတွေ ဥမကွဲ - သိုက်မပျက် နေ လို ၏ ။ ယခု ကား - မိမိ က အမိဘမ်း လိုက် ကာမှ လူ မှား ၍ ကိုယ့် နှမ ကိုယ် တော ထဲ လာ ၍ ဗိုလ်ဖုန်းလှိုင် ထံ အပ်နှံ လိုက်ရ သည် နှင့် တူ နေ ပေတော့၏ ။


တောက် - အဖြစ် ဆိုးလိုက်လေ ကွယ် ...


ကြည့်စမ်း ... မိမိ က သော်တာစိန် ခုတင် နှစ်လုံး တောင်းပြီး သော အခါ “ ငါ့ ညီမ လဲ ဆန္ဒ ရှိရင် ပြောအုန်း .. ” ဆို တော့ “ ကျွန်မ က တော့ ဗိုလ်ဖုန်းလှိုင် ကတော် မြန်မြန် ဖြစ်ချင်တာပါ ဘဲ.. ” တဲ့ ။


အော် .. သူတို့ က ဒီ အထိ အကွက် မြင်နေကြပြီ ကိုး ၊ အော် ... အမိုက်မ - အမိုက်မ ။


ဟို ယခင် အလင်း ပြန် ဝင်တာ လည်း မိခင် သံယောဇဉ် ကြောင့် ယခု မိခင် လဲ ဆုံးပြီ ဖြစ်လေတော့ အကို တွေ ကို တော့ သူ့ ရည်းစား ထက် ပိုပြီး ဘယ်မှာ တွယ်တာတော့ မှာ လဲ ... သူ့ မှာ နိုင်ငံရေး ယုံကြည်မှု လဲ ရှိလေတော့ ... ဘယ်နည်း နှင့် မှ တားလို့ လဲ ရမယ် မဟုတ် ၊ ဒီတော့ ဒင့် ထိုက် နဲ့ ဒင်း ကံ ပေလယျကံ ဝ , ကွက် ၍ ချန်ခဲ့ ရပေတော့မည် ဟု ဆုံးဖြတ်ချက် ချ လိုက် ပြီး နောက် ။


ဝါးကုလားထိုင် တန်းလျား နှစ်လုံး အလယ် ... ၊ လေးဒေါင့် စားပွဲရှည် တစ်လုံး ထားပြီး ၊ ကိုထွန်းအောင် နှင့် ဒေါ်အေးလှိုင် က တစ်ဘက် ၊ မြင့်မြင့် တို့ ၃ ယောက် က တစ်ဘက် ၊ မျက်နှာချင်း ဆိုင် ထိုင် နေကြသည် ကို ကိုထွန်းအောင် သည် ပထမ သော်တာစိန် ၏ မျက်နှာ ၊ ဒုတိယ ဗိုလ်ဖုန်းလှိုင် ကျ တော့ ခတ်ကြာကြာကလေး စိုက် ကြည့် ပြီးသည် ၏ နောက်ဆုံး ၌ ...


“ ကဲ - ပေး ငါ့ ညီမ လက် ၊ ဒေါ်အေးလှိုင် က ခင်ဗျာ့ သား လက် ယူ ဗျာ ”


လက်ထပ်ခြင်း အမှု သည် ခဏ အတွင်း ပြီးစီး သွား လေ၏ ။ မျှော်လင့်သည် ထက် မြန်ဆန်း လွန်း သဖြင့် မြင့်မြင့် မှာ ဝမ်းသာ လွန်းခြင်း နှင့် ယခင် က ခေါင်းမာခဲ့ လှသော အစ်ကို အတွက် ဝမ်း နည်း သယောင်ယောင် တို့ စုပေါင်း ကာ မျက်ရည်များ ပင် လယ် မိလေ၏ ။


ထိုအခိုက် - 


“ ဒီ တစ်ခါတော့ လူ မမှားတန် ကောင်းပါဘူး နော် ” 


ဟူသော မမျှော်လင့် သော စောထွန်း ၏ အသံ ကို ကြား လိုက်ရ ပြန် သဖြင့် အားလုံးပင် သူ့ ဘက် လှည့်ကြည့်လိုက်ကြ ကာ .... 


ဗိုလ်ဖုန်းလှိုင် က ..


“ ဟာ ... ဘယ့်နှယ် ... ဒီကောင် ပြန်လာပြန်လဲ ”


“ မြီး ဘို့ ဆတ်သားခြောက်ကလေး နဲနဲ ယူချင်လို့ ပါ ကွ ” 


“ နဲနဲ - မနေ နဲ့ - ရော .. ရော့ ပန်းကန် ပါ ယူသွားဟေ့ ” 


ဆိုပြီး လက်ဖက်ရည်ကြမ်းဝိုင်း မှ ဆတ်သားခြောက် ပန်းကန် ကို ယူ ပေး လိုက်လေ၏ ။


စောထွန်း သည် ဆတ်သားခြောက် ပန်းကန် ကို ကိုင် ၍ ချက်ခြင်း မသွားသေးဘဲ ခတ်တည်တည် မျက်နှာ နှင့် -


“ မင်း တို့ - ငါ့ ရုံး လာပြီး လက်ထပ်စာချုပ် လက်မှတ် ထိုး စရာ တော့ မလိုတော့ပါဘူး ကွာ ... အရင် စာချုပ် မှာ တုန်း က ဆရာ က ဘလှိုင် နာမည် နဲ့ လက်မှတ် ထိုး ထားတာဘဲ ... ကိစ္စ တစ်ခါထဲ ပြီးနေတာ ပေါ့ ”


“ သွားကွာ .. သွားကွာ ” 


ဟု ဘလှိုင် က ထ ၍ ချတော့မည့် ဟန် ပြုတော့ မှ စောထွန်း ထွက်ပြေး လေ၏ ။


စောထွန်း ပြောမှပင် ဤ စာချုပ် ကို ရုတ်တရက် မြင့်မြင့် သတိ ရ ၍ သူ အသင့် ယူလာခဲ့ သဖြင့် သူ့ အခန်း ထဲ သွားကာ သားရေ သေတ္တာ ထဲ ဖွင့်၍ ယူခဲ့ပြီး ၊ သူ့ ယခု လင်တော်မောင် အစစ် ကို ပြသ လေ၏ ။


ဗိုလ်ဖုန်းလှိုင် သည် ဝမ်းမြောက်စွာ ကြည့် ရင်း ..


“ ဟာ - ကိုကို လက်ရေး က ကျွန်တော့ လက်ရေး နဲ့ တယ် တူ တာဘဲဗျ ” 


ဆိုပြီး ၊ အနီးရှိ စာရွက် စ တစ်ခု ကို ဆွဲ၍ သော်တာစိန် အိတ် တွင် ရှိသော ဖေါင်တိန် ယူပြီး “ ဘလှိုင် ” ဟု ရေး လိုက်ရာ သော်တာစိန် ရေးထားသော လက်မှတ် နှင့် အလွန် ပင် တူပေ၏ ။ သူတို့ အမေ က ကြည့်ပြီး ၊


“ အင်း - ငါ့ သားတွေ က ရုပ် သာ မဟုတ် လက်ရေးတွေ ပါ တူကြ သကိုး ကွဲ့ ”


“ ဒါပေမဲ့လို့ စိတ်ကျတော့ ကွာလှပါကလား ဗျ ၊ တစ်ယောက် က ကလောင် ကိုင်တယ် ၊ တစ်ယောက် က သေနတ် ” 


ဟူ၍ ကိုထွန်းအောင် က မှတ်ချက် ချ ရာ ဗိုလ်ဖုန်းလှိုင် က 


“ ဒါပေမဲ့ ရည်ရွယ်ချက် ချင်း မတော့ အတူတူဘဲ အကိုကြီး ရဲ့ ” 


ဟု ပြောလေရာ  ၊ 


သော်တာစိန် က သူ့ စကား ကို ဖြတ်၍ 


“ ဟေ့ - ညီညီ ရ မင်း တို့ အညာဓလေ့ အတိုင်း မင်း က ယောက်ဖ ခေါ်တော့ ကွ ၊ ငါ လွှဲအပ် ပြီ ၊ ငါ က အစ်ကို ကြီး ဘဲ ခေါ် တော့မယ် ” 


ဟု နောက်တောက်တောက် လုပ် လေရာ ၊ ကိုထွန်းအောင် က ပြုံးတုံးတုံး ပြုပြီး သူ့ ယောက်ဖ အသစ် စက်စက်ကလေး အား -


“ ကဲ .. ဘယ်လို တူတာလဲ ကွာ ပြောစမ်းပါအုံး ” 


“ ကိုကို က တိုင်းပြည် အတွက် စာ ရေး နေတယ် ၊ ကျွန်တော် က တိုင်ပြည် အတွက် ဖဆပလ အစိုးရ ကို တိုက် နေတယ် ” 


ကိုထွန်းအောင် မည်သို့ နား မလည် နိုင်သော အမူအရာ ဖြင့် 


“ မင်း - ဖဆပလ အစိုးရ ကို တိုက်တာ တိုင်းပြည် အတွက် ဆိုတာ ရှင်းစမ်းပါအုံး ကွာ ” 


“ ဖဆပလ အစိုးရ ဟာ လုပ်သားပြည်သူလူထု တစ်သက်လုံး လူမွေး မပြောင်နိုင်မဲ့ အရင်းရှင်ဝါဒ ကို ကျင့်သုံးနေတယ် ”  


“ ဟ ... အရင်းရှင် ဝါဒ ဘာကြောင့် မကောင်းရ မှာတုန်း ” 


“ ယောက်ဖကြီး တို့လို ငွေရှင်ကြေးရှင် တွေ အဖို့ တော့ သိပ် ကောင်းတာပေါ့ ၊ သို့သော်လဲ ဘဲ ဒီလို လူချမ်းသာ တစ်ယောက် ဖြစ်ဘို့ ကို ဘယ်မျှသော လူတွေ က ဆင်းရဲ ခံပြီး ၊ လုပ်အားပေး နေရသလဲ ယောက်ဖကြီး ရဲ့ ။ သစ်စက် လုပ်ငန်း မှာ ဆိုရင် ဆင် ဦးစီးတွေ ၊ သစ်ဖေါင်သမားတွေ ၊ သစ်စက်လုပ်သားတွေ ၊ ဘယ်လောက် များသလဲ သူတို့ တွေ ဘယ်လောက် ဆင်းရဲကြသလဲ ” 


“ ဟ ... သူတို့ ဟာ သူတို့ ဆင်းရဲကြတာ - ငါ ဘာ တတ်နိုင် မလဲ ယောက်ဖလေး ရ ၊ ငါ က သူတို့လုပ်ငန်း နဲ့ တန်ရာတန်ရာ လခစားတွေ ၊ ဖေါင်စားတွေ ၊ နေ့စားတွေ ပေး ထားသားဘဲ ၊ မတရား ခိုင်းထားတာ မှ မဟုတ်ဘဲ ၊ အတင်း ခိုင်းတာလဲ မဟုတ် ၊ သူတို့ ဟာ သူတို့ လုပ်ချင် လို့ “ လုပ်ပါရစေ ” အလုပ် လျှောက်ပြီး လုပ်နေကြတာဘဲ ကွ ”


“ ဒါကတော့ အရင်ရှင်စံနစ် ရဲ့ အောက် မှာ တော့ ဒီအတိုင်း ဘဲ ဖြစ်ရမှာပေါ့ ယောက်ဖကြီး ရ ၊ အလုပ် မှန်သမျှ လုပ်ငန်း မှန် သမျှ က အရင်းရှင်တွေ ရဲ့ လက်ထဲ မှာ ဘဲ ကိုး ဗျ  ၊ ဒီ အလုပ် လေး မှ မရ သူတို့ ငတ် မှာ ကြောင့် “ ယောက်ျား ဖေါင်စီး - မိန်းမ မီးနေ ” ဆိုစကား အရ ၊ ထမင်း ငတ် မသေ ဘို့အတွက် အသက် စွန့် ပြီးတော့ သူတို့ လုပ်ရပါတယ် ခင်ဗျာ ၊ ယောက်ဖကြီး တို့ လုပ်ငန်း မှာ ဆိုရင် ယောက်ဖကြီး ဝင်ငွေ တစ်လ ထောင့် ငါးရာ နှစ်ထောင် မှာ ဘဲ ၊ ကဲ ... အလုပ်သမားတွေ ကျ တော့ ဘယ်မျှ စီ လောက် ရကြသလဲ ခင်ဗျာ ၊ တစ်ရာ ပြည့်အောင် ရတဲ့ လူ က ဘယ် နှစ်ယောက် ရှိလဲ ”


“ ဟ ... သူတို့ ရတာ နဲ့ ငါ့ ဝင်ငွေ နဲ့ နိုင်းယှဉ် လို့ တော့ ဘယ် ဖြစ်မလဲ ... ယောက်ဖလေး ရဲ့ ၊ ငါ့ မှာ က လူ အင်အား ရော ၊ ပစ္စည်း အင်အား ရော ၊ ဆင်တွေ သစ်စက်တွေ မ , တည်  ထားရတာတွေ က ရှိသေးတာကိုးကွ ”


“ အဲဒါဟာ အရင်းရှင်စနစ် ရဲ့ သွေးစုပ်ချယ်လှယ်မှု စက်ယန္တရား ခေါ် တာပေါ့ ယောက်ဖကြီး ရ ”


“ အောင်မယ်လေးကွာ ... ငါ့ ငွေပင်ငွေရင်း နဲ့ ငါ တရား သဖြင့် လုပ်နေတာဘဲ ”


“ အရင်းရှင် အမြင်နဲ့ ကြည့် တော့ တရားတယ် ထင်သပေါ့ ၊ သို့သော် အလုပ်သမား လူများစု ဘက် က ကြည့်တော့ မတရား ဘူးခင်ဗျ ၊ ဘာကြောင့်လဲ ဆိုရင် သူတို့ ဟာ နေ့စဉ် တတ်အား သမျှ သူတို့ လုပ်အားတွေ ပေး နေကြသော်လဲ သူတို့ ရဲ့ စားဝတ် , နေရေး မလုံလောက်ဘူး ၊ မပြည့်စုံဘူး ၊ လူတန်း မစေ့ဘူး  ၊ အဲဒီ ဟာ - ဟာ - ဘာကြောင့်လဲ ဆိုရင် သူတို့ ရဲ့ လုပ်အား နဲ့ ရသင့် ရထိုက် တာ ကို ယောက်ဖကြီး တို့ က အကုန် မပေးဘူး ၊ ခေါင်း ပုံ ဖြတ်ပြီး အမြတ် ထုတ်တယ် ၊ ဒါကြောင့် ယောက်ဖကြီး တို့ မှာ ဒီလောက် ချမ်းသာနေတာပေါ့ ”


“ ဟ ... ငါတို့ က ရင်းနှီး မ,တည် ထားရတာတွေ ကလဲ ရှိသေး တာကိုးကွ ၊ အဲဒီ အကျိုး တရားတော့ ခံစားရမှာပေါ့ ”


“ ဒါကြောင့် ငွေရှင်ကြေးရှင် ဖြစ်တဲ့ လူနည်းစု သာ ချမ်းသာပြီး လူများစု ဖြစ်တဲ့ လုပ်သားပြည်သူတွေ ဆင်းရဲရတဲ့ အတွက် ဒီ အရင်းရှင် စံနစ် မကောင်းဘူးလို့ ပြောတာပေါ့ ယောက်ဖကြီး ရ ၊ အရင်းရှင် စံနစ် လက်အောက် မှာ သိပ် ချမ်းသာတဲ့ လူတစ်ယောက် ရှိရင် ဆင်းရဲတဲ့ လူ များစွာ ရှိရမယ် ။ သိပ် ဆင်းရဲတဲ့ လူများစွာ ရှိရင် အဲဒီ ဆင်းရဲသား ထဲ က လူမိုက် တွေ ဖြစ်ပေါ်လာပြီး ခိုးမှု, တိုက်မှု, လုယက်မှုတွေ ဖြစ်ပေါ်လာ ရတယ် ။ အူမ တောင့် မှ သီလ စောင့်နိုင် တယ် ဆိုတဲ့ စကား ရှိသမို့လား ယောက်ဖကြီး ရ ”


ကိုထွန်းအောင် လို လူစားမျိုး သည် ဤ စကားမျိုး ကို လက်ခံ လိုလှသည် မဟုတ် သော်လည်း သူတို့ ပိုင်နက် တွင် ဖြစ် နေ၍ ဘာမျှ ညင်းချက် ထုတ် မနေတော့ ဘဲ -


“ ကဲ .. ထားပါတော့ကွာ ၊ ယောက်ဖလေး တို့ တည်ထောင် မယ် ကြွေးကြော် နေတဲ့ ဆိုရှယ်လစ် လူ့ဘောင်သစ် ဆိုတာ ကကောကွာ - ဘယ်လို ကောင်း မှာ လဲ ပြောစမ်းပါအုံး ”


“ ဒီမှာ ယောက်ဖကြီး ရ ၊ ဆိုရှယ်လစ်စံနစ် ဆိုတာက မြန်မာလို အဓိပ္ပါယ် ပြန်ရရင် မိသားစု စံနစ် ဘဲ ၊ တစ်ပြည်လုံး ဟာ တစ်အိမ် ထောင် ထဲ နဲ့ တူတယ် ၊ နိုင်ငံ ကို ခေါင်းဆောင် တဲ့ အစိုးရအဖွဲ့ ဟာ ထို အိမ်ထောင် က လူကြီးမိဘ နဲ့ တူတယ် ”


“ လူကြီးမိဘတွေ ဟာ မိမိ အိမ်ထောင် မှာ ရှိတဲ့ သားသမီးတွေ ၊ တူသားနောင်မယ်တွေ ရဲ့ စား,ဝတ်, နေရေး ကို စီမံ ပေးတယ် ၊ ကလေး - ကလေးနဲ့ တော်တဲ့ အဝတ် အနေအစား ၊ လူကြီး - လူကြီး နဲ့တော်တဲ့ အဝတ် အနေအစား ၊ လုပ်ငန်း အား ဖြင့်လဲ သားကြီး - သားကြီး နဲ့ တော်တဲ့ အလုပ် ၊ သမီး - သမီးနဲ့ တော်တဲ့ အလုပ် ၊ ကလေး လဲ ကလေး တတ်နိုင်တဲ့ အလုပ် ၊ စီမံခန့်ခွဲ ပေး ရတယ် ။ ပညာ ကို လဲ အချိန် အရွယ် အလျောက် မိဘ တတ် နိုင် သလောက် သင်ကြား ပေးတယ် ။ ကျောင်းထား ပေးတယ် မဟုတ်လား ”


“ ဆိုရှယ်လစ် အစိုးရ ဟာ လဲ ဒီလိုဘဲ လူတိုင်း ပညာသင်ကြား နိုင်အောင် စီမံဆောင်ရွက် ပေးတယ် ။ နောက်ပြီးတော့ အဲဒီ လူ ရဲ့ ပညာအရည်အချင်း စွမ်းရည် သတ္တိ လိုက် ပြီးတော့ အလုပ်အကိုင် စီမံခန့် ခွဲပေးတယ် ။ နို့ပြီးတော့ အတတ်ပညာ အရည်အချင်း အလျောက် အလုပ်အကိုင် အားဖြင့် အကြမ်းအနု ကွဲပြား သော်လဲ အချိုးခံစားမှု ကျတော့ ရင် သိပ်ပြီးတော့ အဆင့်အတန်း ချင်း မကွာဘူး ။ ဖြစ်နိုင်သလောက် နီးစပ်စေ ရမယ် ၊ နှလုံးရည် အလုပ်သမား - လက်ရုံးရည် အလုပ်သမားရယ် လို့ အလုပ်သမား တွေ တစ်တန်းတစ်စား ထဲ ထား ရတယ် ”


“ အဲသည်ဟာ ကျွန်တော် နားလည်တဲ့ ဆိုရှယ်လစ် သဘော တရား အတိုချုပ်ဘဲ ။ အောင်မြင်ရင် ဖြင့် ဘယ်လောက်များ ပြည်သူလူထု ကိုယ်စိတ်နှစ်ဖြာ ချမ်းသာကြမလဲ ... တိုင်းပြည်မှာ ရာဇဝတ်မှု ဒုစရိုက်တွေ နည်းပါးသွား မလဲ ဆိုတာ ပြော ရရင် မင်း စိတ်ကူးယဉ် လွန်းသကွာ လို့ ယောက်ဖကြီး က ပြောမှာ ဘဲ ၊ သို့သော်လဲ ကျွန်တော် တို့ ဒီ ဖဆပလ အစိုးရ ကို အပြုတ် တိုက်ပြီး ဆိုရှယ်လစ် လူ့ဘောင်သစ် တည်ထောင်တဲ့ အခါ ကျ တော့ ယောက်ဖကြီး ကြည့်ပေါ့ ခင်ဗျာ ” 


ဟု ဗိုလ်ဖုန်းလှိုင် က ရယ် မော ကာ ပြော လိုက်၏ ။


ဤတွင် ကိုထွန်းအောင် က -


“ အေးကွာ - ဒါပေမဲ့ မင်း တို့ ဒီ အစိုးရ တိုက် မချ နိုင်တာ က ခက် နေတယ် ”


“ စောင့်ကြည့်ပါအုံး ယောက်ဖကြီး ရာ ... အပြော နဲ့ အလုပ် ရှေ့နောက် မညီတဲ့ အစိုးရ ကျွန်တော် တို့ တိုက် လို့ မဟုတ်တောင် တစ်နေ့ ပြုတ်ကျ ရ မှာဘဲ ”


“ ဘယ်လို ရှေ့နောက် မညီတာလဲ ယောက်ဖလေး ရဲ့ ”


“ မူလ ကြွေးကြော်တုန်း က ဆိုရှယ်လစ် လေ ၊ နောက်တော့ လူတွေ က ဇိမ်တွေ အာဏာ ယစ်ပြီး အရင်းရှင်စနစ် ဖြစ်နေသလေ ၊ မူ မမှန်တဲ့ အတွက် တစ်နည်း နဲ့ မဟုတ် တစ်နည်း နဲ့ ပြုတ်ကျ ရမှာဘဲ ...”


“ ဒီ အစိုးရ ပြုတ်ကျ တော့ ယောက်ဖလေး တို့ က ဘာ လုပ် မလဲ ”


“ ဒီ အစိုးရ ပြုတ်ကျပြီး နောက် တက်လာတဲ့ အစိုးရ အဖွဲ့က အရင်းရှင်စနစ် ကို အမြစ် က ဖြုတ်ပြီး ၊ ဆိုရှယ်လစ် လူ့ ဘောင်သစ် တည်ဆောက်ဖို့ လက်တွေ့ ဆောင်ရွက်ပြတဲ့ အခါကျတော့ ကျွန်တော် တို့ က ဒီ တော ထဲ မှာ ဘာ နေဘို့ ရှိတော့သလဲ ။ အလင်း ဝင် ပြီးတော့ ကိုယ် တတ်နိုင်တဲ့ ဘက် က အစိုးရ နဲ့ လက်တွဲ ဆောင်ရွက်ဖို့ ရှိတော့ တာပေါ့ နောင်ကြီး ” 


ဟုဆို ပြီး သော်တာစိန် ဘက် လှည့် ၍ -


“ မဟုတ်ဘူးလား ... ကိုကို ”


“ ငါ့ ညီ ကို ဒီလိုဘဲ မျှော်လင့်တာပါ ဘဲ ”


◾သော်တာဆွေ


📖 ရွှေပြည်တော်သည်


#ကိုအောင်နိုင်ဦး


.

မောင့်မျက်နှာ တစ်ရွာထင်


 

❝ မောင့်မျက်နှာ တစ်ရွာထင် ❞

“ ဦး တို့ ငယ်ငယ်တုန်း က လည်း ခု မင်း တို့ အဖြစ် သည်း ခဲ့ကြ သလို တူနှစ်ကိုယ် တဲအိုပျက် မှာ နေရ ရွှေဘုံပေါ် မှာ စံရ ချစ်တာ ကြိုက်တာ ပဓာန ဆိုပြီး စိတ်ကူး ယဉ်ခဲ့ကြတယ် ။ ဒါပေမဲ့ တကယ် လက်တွေ့ ကျ တော့ ချစ်တာ ကြိုက်တာ ပဓာန ဖြစ်ဖို့ အရေး မှာ ရွှေဘုံကြီး မရှိ တောင် တဲအိုပျက်ကလေး တစ်လုံးတော့ လိုသေးတာပဲ မဟုတ်လား ”

အသက် ၅ဝ ကျော်ခန့် အရပ် ထောင်ထောင် မောင်းမောင်း အဝတ်အစား ကောင်းကောင်း နှင့် လူကြီး တစ်ယောက် သည် ရန်ကုန်မြို့စွန် တစ်ခု သော ဆင်းရဲသား ရပ်ကွက်ရှိ တဲအိမ်ကလေး တစ်လုံး ၏ တံစက်မြိတ် အောက် တွင် လက်ကိုင်တုတ် ကို တင်ပါး ဖြင့် မှေး၍ ထောက်ရင်း တဲကလေး တံခါးဝ တွင် ခပ် ကုပ်ကုပ်ကလေး ထိုင် နေသော အသက် ၁၉ နှစ် အရွယ် မိန်းကလေး တစ်ဦး ကို လေးလေး နှင့် မှန်မှန် ပြောပြ နေ၏ ။ ယခင်က သောက်ရှူးကြယ်ညီနောင် လို အရောင် တောက်ခဲ့မည် ဖြစ်သော မိန်းကလေး ၏ မျက်စိ အစုံ သည် ယခုမူ မြူမှောင်ရစ်သိုင်း မျက်ရည်ဥကလေးများ ဝိုင်း လျက်ရှိနေ၏ ။ သူ့ အနီး တွင် ကား အငွေ့စဲစ ပြုနေသော ပဲပြုတ် တစ်ပန်းကန် ကို မြင် ရလေသည် ။

လူကြီး က ဆက်ပြီး ...

“ နို့ပြီး ... ဦးတို့ ငယ်ငယ်တုန်း က ထမင်းရည် ကို အတူ လျက်ရစေတော့ ငွေ မမက်ပါဘူး ၊ တူ နှစ်ကိုယ် တဲအိုပျက်မှာ နွှဲလျက် ပျော်မယ် ဆိုပြီး ကိုယ် ချစ်တာ ကြိုက်တာကလေး ကို ပဲ အင်မတန် အရေးကြီးတဲ့ ကိစ္စ လုပ်ပြီး ပြော ခဲ့ကြတယ် ။ ဒါပေမဲ့ လက်တွေ့ ကျ ပြန်တော့ မွေး ကတည်း က ထမင်းရည် လျက်ပြီး မွေး လာတာ မဟုတ်တော့ ထမင်းရည် နဲ့ မတင်းတိမ် နိုင်ပြန်ဘူး ။ ဦး က ဒီလို ပြောလို့ ငွေ ပဲ မက်ရမယ် , ငွေ နောက် ကို ပဲ လိုက် ရမယ်လို့ ဆိုလိုတာ မဟုတ်ဘူး ။ အချစ်ရေး , အိမ်ထောင်ရေး ဆိုတာ မှာ တစ်ယောက် နဲ့ တစ်ယောက် မေတ္တာ ရှိရုံနဲ့ ကိစ္စ မပြီးနိုင်တာ ကိုပြောတာ ။ ယောက်ျားကလေး တစ်ယောက် နဲ့ မိန်းကလေး တစ်ယောက် ချစ်ကြပြီ ညားကြပြီ ဆိုတာ ဟာ ထမင်း မစားဘဲ ချစ်တာ ညားတာ မဟုတ်ဘူး ။ ဒီတော့ ဦး တူမကြီး က ဦး တူ ကို ချစ်လို့ ကြိုက်လို့ ယူလိုက်ပြီ ဆိုရင်ပဲ စားဖို့ သောက်ဖို့ နေဖို့ ထိုင်ဖို့ က အရေး ကြီးလာ တာ တွေ့ရပြီ မဟုတ်လား ။ ဒါပေမဲ့ ဦး တူ က လည်း မက်ထရစ် မှ မအောင်သေးတဲ့ အကောင် ၊ ဦး တူမ က လည်း ကျောင်း နေတုန်း အရွယ် နှစ်ဖက် မိဘ က လည်း နည်းနည်း မှ သဘော မတူ ဆိုတော့ ...”

လူကြီး သည် စကား ရပ် လိုက်ပြီး တဲအိမ် အတွင်း သို့ လှမ်း ကြည့်လိုက်၏ ။

ဝါးကြမ်း ပေါ် တွင် ခင်း ထားသော သင်ဖြူးဖျာ နှစ်ချပ် မှာ အနား များ  စုတ်ပြတ် လျက် ၊ တဲအိမ်ရှင် ဇနီးမောင်နှံ နှစ်ဦး ၏ ငွေရေးကြေးရေး အခြေအနေ ဖြစ်ရပ် အမှန် ကို လှန်လှော ၍ ပြသ နေသလို ဖြစ် နေလေသည် ။ မိန်းကလေး သည် ဝိုင်း နေသော မျက်ရည် ကို အင်္ကျီ လက် နှင့် သုတ်လိုက် ပြီး ...

“ ကိုကိုခင် က သာ ဘေဘီ ကို အရင် က လို ဂရုတစိုက် လုပ် နေမယ် ဆိုရင် ဘယ်လောက် ဆင်းရဲ ဆင်းရဲ ဘေဘီ ခံနိုင်ရည် ရှိပါတယ် အန်ကယ် ရယ် ... ။ ဒါပေမဲ့ ခုတော့ ဘေဘီ ကို ”

ဟု ပြောရင်း ရှိုက်သံကလေး တစ်ချက် ထွက် လာ သော ကြောင့် ...

“ အင်း ... ယောက်ျား ဆိုတာ ဒါမျိုးတွေ များတာပဲ တူမကြီး ရဲ့ ၊ မရခင် က သာ ဘာဘာညာညာ နဲ့ ပလီပလာ ပြော တတ်ပြီး ရလည်း ရရော ဖုတ်လေတဲ့ ငပိ ရှိတယ်လို့ မှ မအောက်မေ့ တဲ့ လူမျိုးတွေ ပဲ Men are April when they woo, December when they wed. ဆိုတာ ဦးတို့ ကျောင်း တုန်းက ဖတ် ခဲ့ရတယ် ။ ယောက်ျားတွေ ဟာ ပိုးတုန်း ပန်းတုန်း က တော့ ဧပြီလ လို ပူပူနွေးနွေး ၊ ရလည်း ရရော ဒီဇင်ဘာလ လို အေးတိအေးစက် ဖြစ် လာ တတ်ကြတယ် တဲ့ ။ ဒီအထဲ အလုပ်အကိုင် က လည်း အပေါက်အလမ်း မတည့် ၊ အနေအထိုင် က လည်း ဆင်းရဲ ဆိုတော့ မယား နား ကပ်တယ် မရှိတော့ဘူး မဟုတ်လား ။ ဒါနဲ့ ခင်မောင်ရင် အိမ်ပြန် မရောက်တာ ဘယ် နှစ်ရက် ရှိ သွားပလဲ ...”

“ ဒီနေ့ ပါ နဲ့ ဆို ၃ ရက် တောင် ရှိသွားပြီ အန်ကယ် ၊ ပြော သွား တုန်း က တော့ ပဲခူး ကို သူငယ်ချင်းတွေ က ခေါ်လို့ တစ်ရက်တည်း ပါ ဆိုပြီး ပြော သွား တာ ”

“ နို့ ... သူ က ပဲခူး ကို ဘာသွား လုပ်တာတဲ့ လဲ ”

“ သူ့ သူငယ်ချင်း တစ်ယောက် မင်္ဂလာဆောင် တာ တီးဝိုင်း နဲ့ လိုက်ပြီး ကူပါဦး ဆိုလို့တဲ့ အန်ကယ် ”

“ အင်း ... ဒီကောင် က လည်း ဒါတွေကြောင့် ခက် နေတာ ၊ ဂီတ ဆိုရင် လည်း မတောက် တခေါက် ၊ နိုင်ငံရေး ဆိုရင်လည်း ချောက်ချက် နဲ့ ၊ စာ ကျပြန် လည်း ကောင်းကောင်း မသင်ချင် ၊ သူ့ အဖေ အလုပ် မှာ ဝင်ပြီး လုပ်ပြန်တော့လည်း ဟို လူ နဲ့ ရန်ဖြစ် ဒီ လူ နဲ့ ရန်ဖြစ် နဲ့ ခက်ပါတယ် ။ တကယ်လို့ ဂီတ ဘက် ဝါသနာ ပါတယ် ဆိုရင် ကိုယ် ဝါသနာ ပါတဲ့ ဟာကို ဖိဖိစီးစီး ကြိုးကြိုးကုတ်ကုတ် လေ့လာ ပါလား ။ ခုတော့ ဒီလိုလည်း မဟုတ် ၊ မယ်ဒလင်လေး တဒေါင်ဒေါင် ခေါက်တတ်ရင်ပဲ ရည်းစား ထား ဖို့ မိန်းမ ယူ ဖို့ လုပ် တော့တာပဲ ။ ဒါတွေကြောင့် ဦး နဲ့ မျက်နှာကြော မတည့်တာ ။ ဒီ ဂီတာကလေး မတောက် တခေါက် တီးရင်း နဲ့ တူမကြီး နဲ့ ရတာပဲ မဟုတ်လား ၊ တူမကြီး က လည်း သီချင်းကလေး ဘာကလေး ဆိုချင် ဆိုတော့ အင်း ... မတောက် တခေါက် နဲ့ မခေါက် တ‌တောက် နေရာ ကျ သွား ကြတာပေါ့ ... ဟဲ ... ဟဲ ”

လူကြီး က ဘေဘီ ကို တစ်ချက် လှမ်း ကြည့်ရင်း ညည်းသလိုလို ညုသလိုလို နှင့် ပြောင်တောင်တောင် ပြော လိုက်၏ ။ ဘေဘီ က မျက်ရည်စ မခြောက် သေး သော မျက်နှာကလေး ကို ရှက်ပြုံး ပြုံး ရင်း ...

“ ဟုတ်ပါတယ် အန်ကယ် ၊ အဲ့ဒီတုန်း က တော့ ကိုကိုခင် နဲ့ လိုက်ပြီး သီချင်း ဆိုရတာ ကို သိပ် ပျော်မိတယ် ၊ သူ နဲ့ သာ အတူတူ နေရမယ် ဆိုရင်
ဘယ်လောက်များ ကောင်း လိုက်မလဲ ဆိုပြီး စိတ်ကူးယဉ် မိတယ် ၊ ခုတော့ ”

ဟု မပွင့်တပွင့် ပြောနေရာမှ စကား ကို ရပ် ထား လိုက်သောကြောင့် လူကြီး က ဆက် ကာ ...

“ ခုတော့ ... သီချင်း လိုက်ပြီး ဆိုရမယ့် အစား မျက်ရည် နဲ့ ဒူး နဲ့ သုတ်နေရတာပဲ မဟုတ်လား ။ တကယ်တော့ ငါ့ တူမကြီး တို့ အရွယ် ဟာ စိတ်ကူးယဉ် တဲ့ အရွယ်ပဲ ရှိ သေးတော့ စိတ်ကူး ယဉ် သင့် သလောက် ယဉ်ပါ ၊ ဒါပေမဲ့ အိမ်ထောင် ပြု ဖို့ ဆိုတော့ စိတ်ကူးယဉ် တဲ့ အထဲ မှာ ထည့်ဖို့ ကောင်းတဲ့ အရွယ် မဟုတ်ဘူး လို့ ဦး တစ်ထစ်ချ ဆိုချင်တယ် ။ ငါ့ တူမကြီး ကိုယ်တိုင် က လည်း ငါ့ တူမကြီး တို့ လို အသက်အရွယ် မှာ အိမ်ထောင် ပြုဖို့ မသင့်ဘူး လို့ ယူဆ လာပြီ မဟုတ်လား ၊ ဒီတော့ ကာ ...”

ကိုခင်မောင်ရင် ၏ ဦးလေး ဖြစ်သူ ဦးဘလတ် ၏ စကား ကို ခေါင်းငုံ့ ၍ နားထောင် နေရာမှ...

“ ဘေဘီတို့ အသက်အရွယ် မှာ အိမ်ထောင် မပြုသင့်ဘူးလို့ ဘေဘီ တော့ မယူဆပါဘူး အန်ကယ် ၊ စိတ်ကူးယဉ်တယ် ဆိုတာ ကတော့ ဘေဘီ တို့
အရွယ် မှာ တင် မဟုတ်ပါဘူး ၊ လူတိုင်း လည်း သူ့ ဟာ နဲ့ သူ စိတ်ကူး ယဉ်ကြမှာ ချည်းပါပဲ ။ နို့ပြီး ဘေဘီ ကိုကိုခင် နဲ့ ရတော့ အသက် ၁၈ - နှစ် တောင် ရှိနေပြီ မဟုတ်လား အန်ကယ် ၊ ၁၈ - နှစ် ဆိုတာ ...”

ဘေဘီ စကား မဆုံးသေးမီ လူကြီး က တဟဲဟဲ ရယ် လိုက်ပြီး ...

“ ၁၈ - နှစ် ဆိုတာ အိမ်ထောင် ပြုဖို့ မသင့်သေးတဲ့ အရွယ် ပေါ့ တူမကြီး ရဲ့ ။ လောက ရေး ရာ ဘာမှ နားလည် သေးတာ မှ မဟုတ်တာ ...”

“ ဘေဘီ တော့ နားလည် သင့်သလောက် တော့ နားလည်ပြီ လို့ ယူဆတယ် အန်ကယ် ။ ဘာဖြစ်လို့လဲ ဆိုတော့ အသက် ၁၈ - နှစ် ဆိုရင် မဲဆန္ဒ တောင် ပေး နိုင်တယ်လို့ ခွင့်ပြုထားတာ ၊ ဘာပြုလို့ အိမ်ထောင် မပြုနိုင် ရမှာလဲ အန်ကယ် ၊ ဒီတော့ အသက် ၁၈ - နှစ် ဟာ ...”

လူကြီး က လက်ကိုင်တုတ် ကို မှေး၍ ထိုင် နေရာမှ ထ , လိုက် ကာ ...

“ အသက် ၁၈ - နှစ်မှာ မဲဆန္ဒ ပေးနိုင်တယ်လို့ ခွင့်ပြုထား တာ မှန်တယ် ၊ ဒါပေမဲ့ အဲဒါက နိုင်ငံရေး မဟုတ်လား ။ အိမ်ထောင်ရေး က နိုင်ငံရေး ထက် ပိုပြီး ဖြေရှင်းရ ခက်တယ် ။ ဘာဖြစ်လို့လဲ ဆိုတော့ နိုင်ငံရေး က လူထုနည်း နဲ့ ဖြေရှင်းလို့ ရနိုင်တဲ့ ဥစ္စာ ၊ အဲ ... အိမ်ထောင်ရေး ကျတော့ ကာယကံရှင် တစ်ဦး တည်း တစ်ယောက် တည်း ဒိုင်ခံပြီး တွေ့ရတဲ့ ပြဿနာ ။ ဒီတော့ ငါ့ တူမကြီး မယုံရင် နိုင်ငံရေး ပြဿနာ ကို ဖြေရှင်း ပေးနေတဲ့ နိုင်ငံရေး သမားကြီးတွေ , ပါရဂူကြီးတွေ ရဲ့ အိမ်ထောင် ကို သွားကြည့် ၊ သူတို့ ကိုယ်တိုင် မဖြေရှင်း နိုင်တဲ့ အိမ်ထောင်ရေး ကိစ္စတွေ အများကြီး တွေ့ရလိမ့်မယ် ။ ဒီတော့ ဦး သဘော က ငါ့ တူမကြီး ကို ရော ခင်မောင်ရင် ကို ပါ မိဘ အိမ် ကို အသီးသီး ပြန် သွားကြပြီး ပညာ ကို ဆက် သင်စေချင်တယ် ။ လူမှုရေး ကိစ္စတွေ ကို လေ့လာ စေချင်တယ် ။ ၂ - နှစ် , ၃ - နှစ် ကြာလို့ ပညာ လည်း စုံ ၊ အသက် လည်း တော်တော်
ရ လာမှ မိဘတွေ သဘော တူ ချင် တူ , မတူချင် နေ ၊ အဲ့ဒီတော့မှ ကိုယ့် သဘော နဲ့ ကိုယ် ကိုယ် ကြိုက် သလို လုပ်စေချင်တယ် ။ ဦး ပြောတာ ငါ့ တူမကြီး က ဘယ်လို သဘော ရသလဲ ”

ဘေဘီ က ဆိုးဆေးဖြင့် အတန်ကြာ ဝေးနေရပြီ ဖြစ်သော သူ့ လက်သည်းခွံ ထိပ်ဖျားကလေးများ ကို ငေးစိုက် ကြည့်ရှုရင်း ငိုင် နေလေသည် ။ လူကြီး က ဆက်ပြီး ...

“ ငါ့ တူမကြီး အထင် မမှားနဲ့နော် ... ၊ ဦး က ငါ့ တူမကြီး တို့ ချစ်ခြင်း ကို ခွဲ မှ ခွဲ ရစေဆိုပြီး ပြောနေတာ မဟုတ်ဘူး ၊ ဦး အကြောင်း ငါ့ တူမကြီး လည်း အသိသား ပဲ လေ ၊ ခင်မောင်ရင် မိဘတွေ ရော ငါ့ တူမကြီးမိဘတွေ ပါ သဘော မတူတဲ့ ကြားထဲက ဦး မင်း တို့ ဆီ ခဏခဏ ရောက် လာပြီး မင်းတို့ ကို ဘယ်လို အကူအညီ ပေးခဲ့တယ် ဆိုတာ ငါ့ တူမကြီး သိတယ် မဟုတ်လား ...”

ဘေဘီ ၏ မျက်လုံးအိမ် မှ မျက်ရည်ပေါက်များ သည် သူ့ လက်ဖမိုး ပေါ် သို့ တဖြောက်ဖြောက် ကျဆင်း လာလေသည် ။

“ ဒီ အခြေအနေ ရောက်နေ မှတော့ မိဘ အိမ် ပြန် မသွားချင်တော့ပါဘူး အန်ကယ် ရယ် ”

လူကြီး သည် လက်ကိုင်တုတ် ဖြင့် မြေကြီး ပေါ် တွင် ဟိုခြစ် သည်ခြစ် လုပ်ရင်း ...

“ မိဘ အိမ် ပြန် မသွားချင်ဘူး ဆိုရင် ငါ့တူမကြီး ခု တွေ့ နေရတဲ့ ဒုက္ခ ထက် ရှေ့ကို ပိုပြီး ဒုက္ခတွေ ရ ဖို့က ကသီလင်တ ဖြစ်ဖို့သာ ရှိမယ် ။ ဒီ ဒုက္ခတွေ ကို ငါ့ တူမကြီး ခံနိုင်စွမ်း ရှိပါ့မလား ၊ အဲ့ဒါလည်း စဉ်းစားဦး ၊ ခု အချိန်မှာ တစ်ယောက် နဲ့ တစ်ယောက် ကတောက်ကဆတ် ဖြစ်ပြီး စိတ်ဝမ်း မကွဲကြခင် ခွဲ နေလိုက်တာ က မှ နောင် အရှည် သဖြင့် တင့်တောင်းတင့်တယ် ချစ်ချစ်ခင်ခင် နေရဖို့ လမ်း ရှိသေးတယ် ။ တော်တော်ကလေး ကြာ လာလို့ တစ်ယောက် အပေါ် မှာ တစ်ယောက် သည်း မခံနိုင်တဲ့ အခြေ ရောက် လာရင် အကွဲကြီး ကွဲပြီး ရန်သူ လို ဖြစ်လာကြ လိမ့်မယ် ။ အဲ့ဒီ အချိန်လောက် ဆိုရင် ငါ့ တူမကြီး က လည်း သားတွေ , သမီးတွေ နဲ့ ဖြစ်လာမှာမို့ ပိုပြီး မိဘ အိမ် အတက် ရ ခက် နေဦးမယ် ။ ခု ဆိုရင်တော့ တစ်ကိုယ်ရေ တစ်ကာယ ဖြစ် နေသေးလို့ တော်ပါသေးရဲ့ ...”

ဘေဘီ သည် လေးလေး နှင့် မှန်မှန် ပြောနေသော ဦးဘလတ် ၏ စကား ကို တစ်ပုဒ်စီ တစ်ပုဒ်စီ ပြန်၍ စစ် ကြည့်၏ ။ အပုဒ်တိုင်း အပုဒ်တိုင်း မှန်နေသည် ကို တွေ့ ရ၏ ။ ကိုခင်မောင်ရင် က သူ့ အပေါ် တွင် ရ စ ကလို ကြင်ကြင်နာနာ မရှိတော့ပုံ ၊ ဂရုတစိုက် မရှိတော့ပုံ ကို မြင်နေ၏ ။ သို့သော် သူ့ အား တစ်ဦးတည်း သော သမီး ဖြစ်၍ အချစ်ကြီး ချစ်ကြသော မိဘနှစ်ပါး ကို ပုန်ကန်ကာ ကိုခင်မောင်ရင့် နောက်သို့ ကောက်ကောက် ပါ အောင် လိုက်လာမိပြီ ဖြစ် သောကြောင့် တည် မိသည့် ဘုရား ကို လင်းတ ပင် နားနား ဟူသော လူငယ်စိတ် ကလည်း တစ်ဖက် တွင် အလေး တင်း နေပြန်သည် ။ သူ၏ မိဘ နှစ်ပါး က လူချမ်းသာကြီးများ မဟုတ်ကြ စေကာမူ သမီး တစ်ယောက် ကို ဝဝ ကျွေး၍ လှလှ မွေးထား နိုင်သူများ ဖြစ်လျက် ကိုခင်မောင်ရင့် မိဘများ က မူ လူချမ်းသာ ပစ္စည်း , ဥစ္စာရှင်များ ဖြစ် ကြ၏ ။

သူ့ မိဘနှစ်ပါး က သူ့ ကို တစ်ဦး တည်း သမီး ဖြစ်၍ ဖူးဖူးမှုတ်ကာ အသက် ၁၈ နှစ် အရွယ် ကို ပင် ကလေးငယ် တစ်ယောက် လို သဘော ထားခဲ့ ကြ၏ ။ သမီး အလို သို့ လိုက်၍ အကြိုက် ကို ပေးခဲ့ကြသည် သာ ဖြစ်၏ ။ ဤကဲ့သို့ ဖူးဖူးမှုတ် ၍ ရွှေရုပ်လို တမြတ်တနိုး ထား ခဲ့သည့် ကြားထဲမှ သူ က
ပညာ တစ်ပိုင်းတစ်စ ၊ လူချမ်းသာ သားသမီး ဘဝ တွင် လောက အကြောင်း ကို နှာခေါင်းကျည်ပွေ့ မတွေ့ဖူးသေး သော ကိုခင်မောင်ရင် နှင့် ယောက်မ မြင်းစီး ၍ ခရီးပြင်း ထွက်ခဲ့ မိသော အခါ မိဘ နှစ်ပါး မှာ အချစ်ကြီး သလောက် အမျက်ကြီး ကာ စွန့်ပယ် ခဲ့ကြလေသည် ။ ထို့အတူ ကိုခင်မောင်ရင် ၏ မိဘ နှစ်ပါး က လည်း မိမိ တို့ သား ကို အခြား နေရာ တွင် အလို လိုက် နိုင်ခဲ့သော်လည်း အိမ်ထောင်ရေး ကိစ္စ တွင်မူ သူတို့ သဘော ကျသူ နှင့် သာ နေရာ ချထားချင်သူများ ဖြစ်သည့် အတိုင်း ဘေဘီ လို မိန်းကလေးမျိုး ကို သူတို့ သား က ခိုးပြေးသည် ဆိုသော အခါ သား အပေါ် တွင် စိတ် အနာကြီး နာ ခဲ့ကြလေသည် ။

သို့နှင့် ရ စ ၁ - လ , ၂ - လ တွင် အသိ မိတ်ဆွေများ ထံ မှ အကူအညီ ရသော ပိုက်ဆံ ကြေးငွေ ဖြင့် ပျော်ပျော်ပါးပါး နေနိုင်ခဲ့ကြ သလောက် ၃ - လ
မြောက် ၍ ၄ - လ အတွင်း သို့ ရောက်လာသော အခါတွင် ကား နေရေး ထိုင်ရေး ကျပ်တည်း ၊ စီးပွားဥစ္စာ ရှာဖွေရေး က လည်း ယခင်က မိဘ အိမ် တွင် နေထိုင် ခဲ့ ရသော အခြေအနေ နှင့် ကွာချင်တိုင်း ကွာကာ ဘာမျှ အောက်ကျ နောက်ကျ ခံ၍ လုပ်လိုစိတ် မရှိ သောကြောင့် နောက်ဆုံး တွင် တစ်လ - ၃ဝ ပေး ရသော ဤ ဆင်းရဲသား ရပ်ကွက် ၏ တဲငယ် သို့ ရုပ်ဖျက်၍ လာရောက် နေထိုင်ခဲ့ကြရလေသည် ။

“ ဘယ့်နှယ်လဲ တူမကြီး ဦး ပြောတာ ...”

ဘေဘီ သည် နောက်ကြောင်း ကို ပြန်ပြောင်း တွေးမိ နေရာမှ ငုံ့ နေသော ခေါင်း ကို မော့၍ လျော့ နေသော စိတ် ကို ပြန် တင်း ရ ပြန်လေသည် ။

“ အန်ကယ် ပြောသလို ဘယ်နည်းနဲ့ မှ မဖြစ်နိုင်ပါဘူး အန်ကယ် ရယ် ၊ လင်ရယ် မယား ရယ် လို့ ဖြစ်လာကြ ပြီးမှ ကိုကိုခင် က ဘေဘီ အပေါ် သည်းမခံ တောင် ဘေဘီ က ကြိုးစားပြီး သည်းခံ ရ တော့မှာပေါ့ ၊ ကိုကိုခင် ခုလို လုပ် နေတာလည်း ဘေဘီ ကို မချစ်တော့ လို့ မဟုတ်ပါဘူး အန်ကယ် ရယ် ၊ သူ့ မိဘ ဆီ မှာ နေခဲ့တုန်း က နဲ့ ခု နေရတာနဲ့ ဆိုတော့ သူ လည်း စိတ် ညစ်မှာပေါ့ အန်ကယ် ၊ သူ့ ကို စိတ် ချမ်းသာအောင် လုပ်ရမှာက ဘေဘီ့ တာဝန် ပါ ”

“ အင်း ... အင်း ၊ ဘေဘီ က သည်းညည်း ခံနိုင်တယ် ဆိုရင်လည်း ကောင်းပါရဲ့ ။ ကဲ ... ကဲ ဦး လည်း ပြန် လိုက်ဦးမယ် ၊ မနက်ကပဲ လမ်း
လျှောက် ထွက်လာတာ ၊ အိမ် က ကား တော့ လမ်းထိပ် က ကွမ်းယာဆိုင် နား မှာ လာ ကြိုဖို့ မှာ ထားခဲ့တယ် ။ ကဲ ... သွားဦးမယ် ၊ အကူအညီ လိုရင် စာ ရေးလိုက် - ဟုတ်လား ၊ ခင်မောင်ရင် ကို တော့ ဦး ဒီကို ခဏ ခဏ လာတာ မပြောနဲ့နော် ”

လူကြီး သည် လက်ပတ်နာရီ ကို မြှောက် ကြည့်လိုက်ပြီး ဘေဘီ ကို နှုတ်ဆက်ကာ လမ်းထိပ် ဆီ သို့ ထွက်ခွာသွား လေသည် ။ ကားပြာကြီး တစ်စင်း သည် လမ်းထိပ် ကွမ်းယာဆိုင် ရှေ့သို့ ဦးဘလတ် နှင့် မရှေးမနှောင်း ပင် ထိုး ၍ ရပ်လာ၏ ။

ဘေဘီ သည် ဝူးခနဲ ပြန်၍ ထွက်ခွာ သွားသော ကားပြာကြီး ကို ငေးမျှော် ကြည့်ရင်း သက်ပြင်း တစ်ချက် ချ လိုက်၏ ။ ဦးဘလတ် ပြောသွားသော စကားများ သည် တဲအိမ်ကလေး အတွင်း တွင် ဒီလှိုင်းပမာ လှုပ်ရှား ကျန်ရစ် ခဲ့လေသည် ။

    •••••   •••••   •••••

တဲ အိမ်တံခါး ကို တဝုန်းဝုန်း ထုရိုက် လိုက်သော အသံ ကြောင့် ခဏမျှ မှေးခနဲ အိပ်ပျော် သွားသော ဘေဘီ သည် လန့်၍ နိုး လာလေသည် ။ ပထမ တွင် တကြော်ကြော် ဟစ်၍ ခေါ် နေသော ကိုခင်မောင်ရင် ၏ အသံ ကို မကြားမိ ဘဲ အိမ်ရှေ့ တဲတံခါး ကို တဝုန်းဝုန်း ထုရိုက် နေသံ ကို သာ ကြား လိုက် ရ သဖြင့် အထီးထီး ရှိ နေသော မိမိ အဖြစ် ကို တွေး မိပြီး အကြောက်ကြီး ကြောက်၍ သွားမိသည် ။ သို့သော် တဝုန်းဝုန်း မြည်နေသော အသံ ကြား မှ ကိုခင်မောင်ရင် ၏ ခေါ်သံ ကို ကျက် မိ လိုက်သည့် အချိန်တွင် ကြောက်လန့် နေ မိသမျှ ပြေ သွားကာ တဲတံခါး ကို ဖွင့်ရန် အိပ်ရာ မှ လျင်မြန်စွာ ထ , လိုက် လေသည် ။

အိပ်ရာဘေး မှ မီးခြစ် ကို ယူ၍ အနီး ရှိ မီးခွက် ကို ထွန်းငြှိ ပြီး နောက် အိမ်ရှေ့ခန်း သို့ ထွက်လာ ခဲ့၏ ။ တံခါး ကို တဝုန်းဝုန်း ထု နေသော အသံ နှင့် တကြော်ကြော် ခေါ် နေသော ကိုခင်မောင်ရင် ၏ အသံ သည် အိမ်ထဲ မှ မီးရောင် ကို မြင်လိုက်ရ သောကြောင့် ရပ်တန့် သွားသဖြင့် ဘေဘီ သည် ဟင်းခနဲ သက်ပြင်း တစ်ချက် ချ မိပြီး ၃ - ရက် လုံးလုံး အိမ် သို့ ပြန် မရောက် လာသည့် လင် အတွက် စိတ် သက်သာရာ ရရှိ သွား လေသည် ။

မီးခွက် ကို တံခါး နှင့် တစ်တောင် ကျော် လောက် အကွာ တွင် ချကာ တံခါး မင်းတုပ် ကို ဖြုတ် လိုက်၏ ။ အိမ် အတွင်း ဘက် သို့ ပွင့်၍ ထွက် လာသော တံခါး နှင့် အတူ ကိုခင်မောင်ရင် နှင့် အဖော် နှစ်ယောက် တို့ ထံမှ မိဘ အိမ် တွင် နေစဉ် က တစ်ခါမျှ အနံ့ မခံဖူးသော အရက်နံ့ သည် ထောင်းခနဲ တိုးဝင် လာလေသည် ။

“ ကိုကိုခင် ဘေဘီ ကို နှိုး နေတာ တော်တော် ကြာ သွားပြီလား ဟင် ...”

ဘေဘီ သည် ငိုချင်စိတ် ကို ဖိနှိပ် မျိုသိပ်ကာ အသံချိုချို နှင့် လင်ဖုန်းမို ကိုခင်မောင်ရင် အား ဆီးကြို နှုတ်ဆက် လိုက်၏ ။ ကိုခင်မောင်ရင် နှင့် အဖော် နှစ်ယောက် ကား တစ်ယောက် လည်ပင်း ကို တစ်ယောက် ဖက် ကာ တံခါးဝ တွင် ဒရီးဒယိုင် ဖြစ်နေ ကြ လေသည် ။

“ အေး ... ကြာပြီ - ကြာပြီ ၊ ဒီလောက် သောက်အိပ်ကြီးတဲ့ မိန်းမ တွေ့ဖူးပါဘူးဗျာ ”

အဖော် နှစ်ယောက် ကြားတွင် လက် ကားရား , ခြေ ကားရား ဖြစ်နေသော ကိုခင်မောင်ရင် သည် မျက်စိကြီး လှန်ပြီး အာခေါင်သံလေးလေး နှင့် ပြန်၍ အဖြေ ပေးရင်း အိမ် ပေါ်သို့ တက် လာလေသည် ။

“ ဒီနေ့ မနက် ကိုကိုခင့် အန်ကယ် တောင် ရောက် လာ သေးတယ် ...”

ဘေဘီ က သူ့ လင်တော်မောင် အနီးတွင် ကပ် ၍ ထိုင် လိုက်ပြီး ခရီး ရောက်မဆိုက် သူ့ ကို ရန်ထောင်မည့် ဘေးကို ကြိုတင် ကာကွယ်နိုင် စေရန် လေသံ အေးအေးဖြင့် ခပ်ဖြည်းဖြည်း ပြောလိုက်၏ ။

“ အံမယ် လူကြီး က ဘာ လာ ရှုပ်ပြန်တာတဲ့ လဲ... ။ အိုင်ဆေး ... ဒီ လူကြီး က ကျုပ် အန်ကယ် သာ ဖြစ်တယ် ၊ ကျုပ် နဲ့ တော့ နည်းနည်းကလေး မှ မတည့်ဘူး ၊ ဟိုဟာ မလုပ်နဲ့ ဒီဟာ မကိုင်နဲ့ နေရာတကာ ကျုပ် အပေါ် ဗိုလ် ကျ ချင်တယ် ။ ကျုပ် ကလည်း သူ ဗိုလ်ကျတာ ဘာ ခံမလဲ ... ဟဲ ... ဟဲ ...”

ကိုခင်မောင်ရင် က သူ့ ကိုယ်ကြီး ကို ရှေ့ထိုး နောက်ငင် လုပ်ရင်း သူ့ အဖော် နှစ်ယောက် ဘက် သို့ လှည့် ပြော နေရာမှ ...

“ ကဲ ... ကဲ ထမင်းပွဲ ပြင်စမ်း ၊ ကျုပ်တို့ ထမင်း တောင် မစားခဲ့ရသေးဘူး ။ ဗျို့ ကိုသိန်းမောင် ခင်ဗျား လွယ်အိတ် ထဲ လက်ကျန်ကလေး ရှိသေးတယ် မဟုတ်လား ၊ ထုတ်လေဗျာ ... အိမ် က ကြက်မကြီး နှိုးရတာ နဲ့ အရှိန်တောင်  တော်တော် ပြေ သွားပြီ ”

ကိုခင်မောင်ရင် ၏အဖော် ကိုသိန်းမောင် ဆိုသူ က သူ့ လွယ်အိတ် ထဲ မှ လက် ၃ လုံးခန့် ရှိ သေးသော အရက်ပုလင်း ကို ထုတ်၍ ကြမ်းပြင် ပေါ် တွင် ထောင် လိုက်၏ ။ ဘေဘီ သည် အလိုက်သိစွာ ပင် မီးဖိုချောင် မှ ဖန်ခွက် ကို ယူ ပေး လိုက်ရ လေသည် ။

ကိုခင်မောင်ရင် သည် ဘေဘီ လာ ချပေးသော တစ်လုံးတည်း သော ဖန်ခွက် ကို မျက်ထောင့်နီနီကြီး ဖြင့် တစ်ချက် စိုက် ကြည့်လိုက်ပြီး ...

“ တယ် ... ဒီ မိန်းမ ...ငါ ပြောလိုက်ရ ... ၊ လူ သုံးယောက် ရှိတာ ဖန်ခွက် ၃ လုံး ချပေး မှပေါ့ ၊ ဉာဏ် က ဒီလောက်ပဲ နည်းရသလာ ”

“ ဖန်ခွက်တွေ ကွဲကုန်လို့ပါ ကိုကိုခင် ”

ဘေဘီ က ကိုခင်မောင်ရင့် အဖော် နှစ်ယောက် ကို မျက်နှာ ခပ်ပျက်ပျက် နှင့် ကွက်ခနဲ လှမ်း ကြည့်ပြီး အသံ ကို တည်ငြိမ်နိုင် သမျှ တည်ငြိမ်အောင် သတိ ထား၍ ပြန် ပြော လိုက်ရလေသည် ။ ကိုခင်မောင်ရင် က မီးဖိုချောင် သို့ ခြေ လှမ်းရန် ပြင်နေသော ဘေဘီ ဘက် သို့ မျက်နှာ ရှူးသိုးသိုး နှင့် လှမ်း ကြည့် လိုက်ပြီး ...

“ ဟ ... ဖန်ခွက်တွေ ကွဲ ကုန်ရင် ထပ် ဝယ်ဖို့ မတတ်ဘူးလား ၊ အိမ်ရှင်မ လုပ်နေပြီး ဒါလောက်ကလေး မှ ဂရု မစိုက်တော့လည်း တယ်လေ ... မိန်းမ ကို က ... ပျံတံတံ ရှပ်တန့်တန့် နဲ ”

ဘေဘီ သည် မီးဖိုချောင် သို့ ဆက်၍ မသွားဝံ့သေးဘဲ ရောက် နေသည့် နေရာမှ ကိုခင်မောင်ရင် ဘက် သို့ လှည့်၍ ရပ်ကာ ကိုခင်မောင်ရင် ပြော သမျှ နားထောင် နေရ ပြန်သည် ။

“ ဖန်ခွက် က တစ်အိမ်လုံး မှ ဒီ တစ်ခု ပဲ ရှိတာ ... ဧည်သည်တွေ ရှိလို့ ရှင် ဣန္ဒြေ ရအောင် ပြော နေတာ သိလား ”

မိဘ အိမ် တွင် သာ ဆိုလျှင် ဤကဲ့သို့ ဇတ်ဇတ်ကြဲ ရဲရဲတောက် စကားမျိုး ကို ပြန် ပြောမိမည် ဖြစ်သော်လည်း ယခုမူ ပြောချင် သမျှကို ပြန်၍ မျိုသိပ် နေရ လေသည် ။ ကိုခင်မောင်ရင် သည် ယို့ယို့ကလေး ရပ် နေသော ဘေဘီ ကို လက် တရမ်းရမ်း နှင့် ...

“ ဟိတ် ... ဟိတ် ... အဲဒီလို မတ်တတ်ကြီး ရပ်ပြီး ကြည့် မနေနဲ့ ၊ ဒီနား လာပြီး အရက် ငှဲ့ ပေးလှည့် ”

ဟု လှမ်း ခေါ်လိုက် ပြန် သောကြောင့် ဘေဘီ သည် ကိုခင်မောင်ရင့် အနား သို့ သွားကာ အရက် ငှဲ့ ပေး ရပြန်သည် ။ သို့သော် ကိုခင်မောင်ရင် နှင့် ရ ကတည်း က ဤသို့ တစ်ခါ မျှ အရက် ငှဲ့ မပေးဖူး သောကြောင့် ပုလင်း ထဲ မှ အရက် ကို ဖန်ခွက် နှုတ်ခမ်း ရောက်အောင် အပြည့် လောင်း ထည့် လိုက်မိသည် ။ ကိုခင်မောင်ရင် က ရှူးရှူးရှားရှား ဖြစ် သွားပြီး ...'

“ ငါ့ခွေးမှပဲ ... အရက် ငှဲ့ ပေးပါ ဆို ဘုရားရေ ကပ်တာ ကျနေတာပဲ ”

ဟု ကြိမ်းမောင်း လိုက်ပြန် သောကြောင့် ဘေဘီ မှာ ခေါင်းကလေး ပု ဝင် သွားအောင် ကြောက်သွား ရ ရှာလေသည် ။

ကိုခင်မောင်ရင် က ဖန်ခွက် ထဲ မှ အရက် ကို လက် နှစ်လုံး လောက် မော့ သောက်ပြီး အနား ရှိ အဖော် တစ်ယောက် ကို လှမ်း ခေါ်ရင်း ဘေဘီ ဘက် သို့ လှည့်ကာ ...

“ ဟေ့ ... ထမင်းပွဲ ပြင်ပါဆို ဘာ ငုတ်တုတ်ကြီး ထိုင် နေတာလဲ ... သွား ... သွား ...”

ဟု ဟိန်းလိုက် ပြန် သောကြောင့် ဘေဘီ သည် ထိုင် နေရာ မှ ထ ကာ မီးဖိုချောင် သို့ လာခဲ့လေသည် ။ မီးဖိုချောင် သို့ ရောက် မှ ပင် ကိုခင်မောင်ရင် ရှေ့ ၌ ချုပ်တည်း ထားခဲ့ရသော မျက်ရည်များ သည် အသွယ်သွယ် ဖြာဆင်း၍
ကျလာ ကြလေသည် ။ သို့ ကျလာရင်း ' ကိုယ့် မိဘအိမ် ကိုယ် ပြန်သွားတာပဲ ကောင်းတယ် တူမကြီး ရဲ့' ဟူသော ဦးဘလတ် ၏ စကား ကို ကြားယောင် နေ မိသည် ။

ဘေဘီ သည် ယိုစီး ၍ ကျလာသော မျက်ရည်များ ကို လက်တစ်ဖက် ဖြင့် သုတ်ရင်း မီးဖိုပေါ်တွင် ထင်းစ နှင့် ဖိထားသော ဟင်းအိုး ကို ဖွင့်ကြည့် လိုက်၏ ။

အိုး ထဲ တွင်ကား ယနေ့ ညနေ က မိမိ မစားဘဲ ချစ်လင် ကိုခင်မောင်ရင် အတွက် ချန် ထားသော ငါး တစ်ဖဲ့ သာ အေးစက် မာကျော ဟင်းရည် ပေါလော နှင့် ရှိလေသည် ။

    •••••   •••••   •••••

“ တူမကြီး နေ မကောင်းဘူးလား ...”

ခြုံစောင် ခပ်နွမ်းနွမ်း ကို ကိုယ် ပေါ် တွင် လွှမ်းတင်ကာ တံခါးဘောင် ကို မှီ၍ အတွေး လွန်နေသော ဘေဘီ သည် အိမ်ရှေ့ တံစက်မြိတ် အောက် မှ လက်ကိုင်တုတ် ကို မှေး၍ ထိုင် လိုက်သော ဦးဘလတ် ၏ နှုတ်ဆက်သံ ကြောင့် ဆတ်ခနဲ ခေါင်းမော် လာ လေသည် ။

ဦးဘလတ် တစ်ယောက် လုံး မိမိ ရှေ့ တွင် ရောက် နေသည် ကို ပင် သတိ မပြုမိအောင် အတွေး လွန် နေသော မိမိ အဖြစ် ကို မချိပြုံးကလေး ဖြင့် ပြုံး ပြရင်း ဘေဘီ သည် ဦးဘလတ် ၏ အမေး ကို ခေါင်းညိတ် ပြ လိုက်၏ ။

ဦးဘလတ် က ရှေ့သို့ တိုး လာပြီး ...

“ လူ နေမကောင်းတာလား ၊ စိတ် နေမကောင်းတာလား ...”

“ လူရော , စိတ်ရော ဆိုပါတော့ အန်ကယ် ၊ ည ကလည်း တော်တော် နဲ့ မအိပ်ရ ၊ ခု မနက် ကျတော့လည်း ကိုကိုခင် က စောစော သွားစရာ ကိစ္စ ရှိတယ် ဆိုလို့ ထမင်း ကြော် ရအောင် ပဲပြုတ်သည် ထိုင် စောင့် နေရတယ် ”

“ ဒါဖြင့် ဟိုကောင် ပြန် ရောက်လာပြီပေါ့ ...”

“ ဟုတ်ကဲ့ ည ကပဲ ပြန် ရောက်တယ် ...”

“ ကောင်းကောင်းမွန်မွန်မှ ပြန်လာရဲ့လား ။ သူ့ အမေ က စိတ် မချလို့ ဦး ကို သွား ကြည့် ပေးပါဦး ဆိုလို့ လာခဲ့ရတာ ”

ဘေဘီ က မျက်လုံးအိမ် တွင် ဥ လာသော မျက်ရည်စ ကို ခြုံစောင် အဖျားစွန်း ဖြင့် သုတ် လိုက် ကာ ...

“ သုံးရက် လုံးလုံး ဘာမှ အကြောင်း မကြားဘဲ ပျောက် နေပြီး ပြန် လာ တော့လည်း မူးလို့ ရူးလို့ပဲ အန်ကယ် ၊ ဘေဘီ တော့ အန်ကယ် ပြောသလို ကိုယ့် မိဘ အိမ် ပဲ ကိုယ် ပြန် သွားရင် ကောင်း မလား လို့ စဉ်းစား မိတယ် ”

ဦးဘလတ် က ဘေဘီ မျက်နှာ ကို အကဲခတ် သလို တစ်ချက် မျှ စိုက် ကြည့် လိုက်ပြီး ...

“ အဲ့ဒီလို ပြန် သွားရင် အကောင်းဆုံး ပဲ လို့ ဦး ထင်တယ် ။ တကယ်တော့ ငါ့ တူမကြီး တို့ အရွယ် ဟာ ကျောင်း နေဖို့ ကောင်းတဲ့ အရွယ်, ပညာ ရှာဖို့ ကောင်း
တဲ့ အရွယ် ပဲ ။ အသက် ၁၈ နှစ် ၊ ၁၉ နှစ် အရွယ် ဆိုတာ စိတ်မြန်လက်မြန် နဲ့ ချင့်ချိန် စဉ်းစားမှု က လည်း နည်း သေး တာပဲကွယ် ။ မိဘ အိမ် မှာ ကိုယ် သဘော ကျ သလို နေခဲ့ ရတာတွေ မိဘ က အလို လိုက် ခဲ့တာတွေ ကို သာ တွေ့ခဲ့ ကြရပြီး လင်သား လက်ထဲ ရောက်လာတယ် ဆိုရင်ပဲ မိဘ အိမ် က အနေအထိုင်မျိုး , အပြုအမူမျိုး နဲ့ လုံးလုံး မတူတော့ ဘဲ နဲ့ ကိုယ့် ပတ်ဝန်းကျင် မှာ ရှိတာတွေ ဟာ ကိုယ် နဲ့ ဘာမှ မတော်တဲ့ သူစိမ်းတစ်ရံဆံတွေ , ကိုယ့် အပေါ် မှာ မိဘ လို အလို လိုက်မယ့် လူတွေ , သည်းခံမယ့် လူတွေ မဟုတ်တော့ အိမ်ထောင်ရှင်မ တစ်ယောက် ရဲ့ ဘဝ ဟာ အင်မတန် မှ အရေးကြီးတာ ကလားကွယ် ။ ဒီလို အရေးကြီး , တာဝန်ကြီး တဲ့ ကိစ္စကြီး ကို အလျင်စလို မလုပ်သင့်ဘူးလို့ ဦး ထင်တယ် ။ ဦး သဘော ဆို ရင် ...”

ဦးဘလတ် က အိမ်ထောင်ရေး သင်ခန်းစာ ကို စိတ်ပါလက်ပါ နှင့် ပြော ပြ နေစဉ် ပဲပြုတ်သည် အဒေါ်ကြီး တစ်ယောက် သူ့ အနီးသို့ ရှူးသိုးသိုး နှင့် ရောက်လာ သဖြင့် ပြော လက်စ စကား ကို ရပ်ထား လိုက်ရလေသည် ။

“ ညည်း ... ကျုပ် အကြွေး နှစ်ကျပ် ဒီနေ့ ဆပ်မယ် ဆို ”

ပဲပြုတ်သည် အဒေါ်ကြီး သည် ဘေဘီ ထိုင် နေသော တံခါးဝ တွင် ပဲပြုတ်တောင်း ကို ဆောင့်ကြီးအောင့်ကြီး နှင့် ချ လိုက်ပြီး အသံမာမာ နှင့် မေးလိုက်၏ ။ ဘေဘီ က ဦးဘလတ် ၏ ရှေ့တွင် အကြွေး တောင်း ခံလိုက်ရသော ကြောင့် မျက်နှာကလေး ရဲ သွားအောင် ရှက် လည်း ရှက် , ဒေါသ လည်း ထွက်သွား မိလေသည် ။

သို့သော် ပဲပြုတ်သည် အဒေါ်ကြီး ၏ ကြွေးနှစ်ကျပ် ကို လတ်တလော ဆပ် နိုင်အောင် မိမိ လက် ထဲ တွင် ပိုက်ဆံ ဆို ၍ နှစ်ပြား ပင် မရှိသည် က တစ်ကြောင်း ၊ နောက် ထပ်၍ လည်း ကိုခင်မောင်ရင် ထမင်း စား သွား နိုင် စေရန် ပဲပြုတ် ဝယ်ရဦးမည် ဖြစ်၍ တစ်ကြောင်း တို့ကြောင့် ဖြစ်ပေါ် လာသော ရှက်ဒေါသ ကို လည်ချောင်းဝ မှ ပြန်၍ မျိုသိပ် လိုက်ရကာ ...

“ ဒီနေ့ ဆပ်မယ်လို့ ပြော ထားတာ ဆပ် မှာပေါ့ ဒေါ်ဒေါ် ရယ် ။ ကျွန်မ ယောက်ျား အိပ်ရာ က မနိုးသေးလို့ပါ ”

ဟု မျက်နှာကလေး ငယ်ငယ် နှင့် ရန် အေးမှ အေးစေ တော့ ဟု ပြန်၍ ပြော လိုက်ရင်း ည က အရက်တွေ အလွန်အကျွံ သောက် လာသော ကိုခင်မောင်ရင့် အင်္ကျီ အိတ် ထဲ ၌ ပဲခူး တွင် တီးဝိုင်း လိုက် တီး၍ ရ ခဲ့သော ဝေစုကလေး ကျန် မှ ကျန်ပါသေးစ ဟု ရင်ဝ တွင် တဒိတ်ဒိတ် ခုန်ကာ စိုးရိမ် နေ မိ လေသည် ။ ပဲပြုတ်သည် အဒေါ်ကြီး က နှုတ်ခမ်း ကို မဲ့ရွဲ့ပြီး ...

“ တတ် လည်း တတ်နိုင် ပါပေရဲ့တော် ၊ ဒီ ငွေ နှစ်ကျပ် တစ်နေ့ ပေးမယ် , တစ်နေ့ ဆပ်မယ် နဲ့ နောက်ထပ် ညည်း ယူထားတာ နဲ့ ဆိုရင် နှစ်ကျပ်ခွဲ တောင် ရှိ နေပြီ ၊ ညည်း ရောင်း သလိုသာ ဒီ့ ပြင် လူသာ အကြွေး ရောင်း ရရင် ... ခုလည်း ကြည့်လေ ၊ သူ့ ယောက်ျား အိပ်ရာ က မနိုးသေးလို့ တဲ့ ။ ညည်း ယောက်ျား အိပ်ရာ က နိုးတဲ့ အချိန် မှ ကျုပ် က ပဲပြုတ် ရောင်း ထွက်ရတော့ မလိုလို ... ၊ ညည်း ယောက်ျား တစ်ညလုံး ဘယ် အလေလိုက် နေမှန်း မသိတာ ၊ ညည်း
ယောက်ျား နိုးတဲ့ အထိ ကျုပ် မစောင့်နိုင်ပေါင် ...”

ဟု ခုနစ်အိမ် ကြား ရှစ်အိမ် ကြား ပြော နေပြန် သောကြောင့် ဘေဘီ သည် ဦးဘလတ် ထံ သို့ အကူအညီ ရလို ရငြား လှမ်း ၍ ကြည့် လိုက် မိလေသည် ။

ဦးဘလတ် သည် အတွင်း အပြင် အင်္ကျီ အိတ်များ ကို ဟိုနှိုက် , သည်နှိုက် လုပ် နေရာမှ ...

“ အဲဒါမှ ဒုက္ခပဲ တူမကြီး ရေ ၊ ဦး လည်း ဒီနေ့ မှ ပိုက်ဆံ ထည့် မလာမိဘူး ”

ဟု ညည်းညည်းညူညူ ပြော နေစဉ် အိမ်ခန်း အတွင်း ဘက် ဆီ မှ

“ အဒေါ်ကြီး ... ဘာလဲ ... ဘာလဲ ”

ဟူသော အသံ ကို ကြား လိုက်ရသော ကြောင့် ဦးဘလတ် , ဘေဘီ နှင့် ပဲပြုတ်သည် အဒေါ်ကြီး တို့ ပါ ပြိုင်တူ လှမ်း၍
ကြည့်မိကြ လေသည် ။

ကိုခင်မောင်ရင် သည် ပဲပြုတ်သည် အဒေါ်ကြီး ၏ ခုနစ်အိမ် ကြား , ရှစ်အိမ် ကြား ရန်တွေ့သံ ကြောင့် အိပ်ရာ မှ နိုး လာဟန် တူ၏ ။ လူ က အိပ်ခန်း ထဲ မှ ထွက် မလာသေး သော်လည်း အသံ က အိမ်ရှေ့ သို့ ပျံ့ ၍ ရောက် လာလေသည် ။

ပဲပြုတ်သည် အဒေါ်ကြီး သည် အိပ်ခန်း တွင်း မှ ထွက် လာသော ကိုခင်မောင်ရင် ကို မြင် လိုက်လျှင် မြင်လိုက်ချင်း ဒေါင်းတင်၍ ထားသော မျက်နှာ ကို တစ်ပတ် လောက် လျှော့ လိုက်ပြီး ...

“ ဘာမှ မဟုတ်ပါဘူးတော် ... မောင်ရင့် မိန်းမ ဆီ က ကျုပ် အကြွေး နှစ်ကျပ် ရှိတာ ဒီနေ့ ပေးမယ် ဆို လို့ တောင်း နေတာ ...”

“ တောင်း ရင်လည်း အေးအေးသက်သာ တောင်းပါဗျ ၊ ခုတော့ ခင်ဗျား ဟာ က ခုနစ်အိမ် ကြား , ရှစ်အိမ် ကြား ၊ နောက် ဒီလို မလုပ်ပါနဲ့ ၊ ရော့ ... ဟောဒီ ငွေ ငါးကျပ် ယူထား ၊ ကျုပ် မိန်းမ ဆီ က ရစရာ ရှိတဲ့ အကြွေး နှိမ်ပြီး ကျန်တဲ့ ပိုက်ဆံ အတွက် နေ့တိုင်း ပဲပြုတ် ၁၅ ပြားဖိုး စီ မှန်မှန် ပို့ ဟုတ်လား ...”

ကိုခင်မောင်ရင် က ဆွယ်တာလက်ပြတ် ထပ် ၍ ဝတ် ထားသော အောက် ရှပ်အင်္ကျီ အိတ် ထဲ မှ ကြေမွှ ခေါက်တွန့် နေသည့် ငါးကျပ်တန် တစ်ရွက် ကို နှိုတ် ထုတ်ပြီး အဒေါ်ကြီး ၏ ပဲပြုတ် တောင်း ပေါ် သို့ ခပ်တည်တည် ပင် ချပေး လိုက်၏ ။

ဘေဘီ သည် ပဲပြုတ်သည် အဒေါ်ကြီး ၏ တံတွေးခွက် တွင် ပက်လက် မျော ရတော့မလို ဖြစ် နေရာမှ ရုတ်ခြည်း ကယ်တင်ရှင် နှင့် တွေ့ လိုက်ရသည့် အတွက် စောစောက ညှိုးညှိုးငယ်ငယ် ဖြစ်နေသော မျက်နှာကလေး ကို ရေ တွေ့သော ပန်းကလေး ကဲ့ သို့ လန်းလန်းရွှင်အောင် ပြုံး လိုက်ပြီး တံစက်မြိတ် အောက် တွင် ရှိနေပြီ ဖြစ်သော ဦးဘလတ် ဘက် သို့ လှည့် ကြည့် လိုက်၏ ။

သို့သော် ဦးဘလတ် က ထိုနေရာ တွင် မရှိတော့ချေ ။

ဘေဘီ သည် ဦးဘလတ် ကို မတွေ့တော့သည့် အတွက် ဆက်လက်၍ အံ့ဩခြင်း ဖြစ် မနေတော့ဘဲ မီးဖိုချောင် သို့ ပေါ့ပါးစွာ ထ၍ သွား ပြီးလျှင်
ပန်းကန်ပြား တစ်ချပ် ယူပြီး နောက် ပဲပြုတ်သည် အဒေါ်ကြီး အား ပဲပြုတ် ၁၅ ပြားဖိုး ထည့်ရန် ပြောပြီး လက် ပိုက်ကာ တည်တည်ကြီး ရပ် နေသော ကိုခင်မောင်ရင့် ဆီ သို့ မျက်လုံးကလေး ဝင့် ၍ ကြည့်လိုက်၏ ။

ထိုသို့ ကြည့် လိုက်သော အကြည့် ကား မောင့် မျက်နှာ ကို တစ်ရွာ ထင်သည့် အကြည့်မျိုး ပင် ဖြစ်လေသည် ။ 

◾တက္ကသိုလ် နန္ဒမိတ်

📖 မြဝတီမဂ္ဂဇင်း
      အတွဲ-၆ ၊ အမှတ်-၅ ၊
      ၁၉၅၈ - ခုနှစ် ၊ မတ်လ ။

#ကိုအောင်နိုင်ဦး

.