Monday, December 5, 2022

ဗြိတိသျှဝင်းတင် ၊ ကမ္ဘာလှည့်အေးထွန်း


 

❝ ဗြိတိသျှဝင်းတင် ၊ ကမ္ဘာလှည့်အေးထွန်း ❞

ပြဿနာ က ကြီးကြီးမားမား မဟုတ် ။ တစ်ယောက် နှင့် တစ် ယောက် စကားနိုင် လု ရာ က သေရာ ပါ နာကြည်းမှုကြီး ဖြစ် သွားကြသည် ။ နောက်ဆုံး တစ်ယောက် သေ တာ တောင် တစ်ယောက် လိုက် မပို့ကြသည် အထိ ဖြစ်သွားကြသည် ။

သူငယ်ချင်း နှစ်ယောက် က တစ်ရွာ တည်း မှာ အတွဲဆုံး နှစ်ယောက် ။ နှစ်ယောက် စလုံး ရွာ ၌ အလယ်အလတ် ငွေကြေး ချမ်းသာကြသည်  ။

နောက်ပိုင်း ကျ မှ သိ ရသည် မှာ မီးလောင်ရာ လေပင့်လုပ် သူကား အဘိုးသား ဆိုသူပင် ။ ရွာ ထဲ မှာ ပြဿနာ အရှာဆုံး ပြပါ ဆိုလျှင် ထို နှစ်ယောက် ပင် ။  

ဗြိတိသျှဝင်းတင် ဆိုသည့် ဘွဲ့ ကား ကျေးရွာ က သော် လည်းကောင်း ၊ နိုင်ငံတော် က သော် လည်း ကောင်း အပ်နှင်းထားသော ဘွဲ့ မဟုတ် ။ ကိုယ့် နိုင်ငံ ကို ကျွန် ပြုခဲ့သည့် အင်္ဂလိပ် ကို နာကြည်းရမှန်း မသိဘဲ ဘုမသိ ဘမသိ နှင့် ခပ်ထွေထွေလေး နှင့် ကိုယ့် ဘာ ကိုယ် အပ်နှင်းထားသော ဘွဲ့ ။

“ ဗြိတိသျှဝင်းတင်ကွ ... ဗြိတိသျှခေတ် ကတည်း က မွေး လာတဲ့ ကောင် ”  ဟု အမြဲ ဂုဏ်ယူဝင့် ကြွားစွာ ပြောဆို တတ်သူ ။ အရက်ဝိုင်း မှာ မို့ ဘယ်သူ ကရော ငြိမ်ကုပ် နေ မှာ လဲ ။ “ အေးထွန်း ”  ဆိုသည့် လူ က လည်း အားကျ မခံ ။

“ မင်း က ဗြိတိသျှဝင်းတင် ဆို ရင် ငါ က ကမ္ဘာလှည့်အေး ထွန်းကွ ” 

ကမ္ဘာလှည့်အေးထွန်း ဆို လို့ အမေရိကန် ၊ ပြင်သစ် ၊ ဂျပန် နိုင်ငံ များ သို့ လှည့်လည်သွား နေသူ ဟု ထင်ကောင်း ထင်ကြ မည် ။ အမှန်ကား ကိုအေးထွန်း ဆို သူ သည် နွားပြေး ၊ နွားနောက်များ ကို စနစ်တကျ မွေးမြူသူ ။ ရွာစဉ် လျှောက် နွားပြိုင်ပွဲများ ဝင်ရောက် ယှဉ်ပြိုင်တိုင်း သူ့ နွားများ ကို မီ မည့် နွား မပေါ်သေး ။ ရွာစဉ် လျှောက် သွား သူ က လည်း  ကမ္ဘာလှည့်အေးထွန်း ဟု ရွာ ၌ ဘွဲ့ တစ်ဘွဲ့ ရ သွား သည်  ။ လှဆောင် က လည်း တစ်ဝိုင်း တည်း မှာ ဘွဲ့ တွေ ရသွားကြပြီ မို့ သူ လည်း ဘွဲ့ တစ်ခု ထ ယူ လိုက် သည်  ။

“ ငါ လည်း အဘိုးသား ကွ ” 

အဘိုးသား ဆို သည် မှာ လယ် ထဲ ၌ တင်မြှောက်လေ့ ရှိ သော အဘိုး ကို သားလောက် တော် နေ လိုက်ခြင်းပင် ။ ထို သုံးယောက် ၏ ပြဿနာ အစ က ဓားကျိုး လို့ လှံခွေ ၊ စံဖေ ၏ လယ် ထဲ ၌ ဖြစ်သော ပြဿနာ ။ သုံးယောက်သား ထွေ နေကြပြီ ။

ဗြိတိသျှဝင်းတင် မှ ...

“ အေးထွန်း ... တစ်လုံး ထပ်ဆွဲကွာ ”

“  ငါ တော့ တော်ပြီကွာ ... ရုပ်တောင် သိပ် မကွဲချင်တော့ဘူး ”

“ မင်းတို့ အရက် သောက် ရင် မျိုး နဲ့ ရိုး နဲ့ ကို သတ္တိ မရှိတာ ” 

“ ဟေ့ကောင် ဝင်းတင် ... သတ္တိ အကြောင်း ပြောရင် ကမ္ဘာလှည့် အေးထွန်း က ရယ်ချင်တယ် ... မျိုး နဲ့ ရိုး နဲ့ သတ္တိ မရှိတာ မင်း တို့ အမျိုး ... မင်း အဖေ ကိုဟန်ထွန်းကြီး ဂျပန်ခေတ် တုန်း က လေ ချွေးတပ်တွေ ဆွဲ တော့ တစ်ကိုယ်လုံး နနွင်းတွေ လိမ်းပြီး မီးနေသည် ယောင် ဆောင် နေတာ .... ဂျပန် က နှုတ်ခမ်းမွေးကြီး နဲ့ မီးနေသည် ဖြစ်ရမလား ဆိုပြီး ပါးတွေ နားတွေ လှိမ့် အရိုက် ခံရတာလေ ... အဲ ဒါ မျိုး နဲ့ သတ္တိ ရှိတာကလား ” 

ဗြိတိသျှဝင်းတင် ဒေါသ အရှိန် ကြောင့် အမူး တောင် ပြေ ချင်ချင် ဖြစ် လာသည်  ။ ခွန်းတုံ့ပြန် ရန် အားယူ လိုက် သည်  ။

“ ဟေ့ကောင် အေးထွန်း ... မင်း လို ပြောကြေး ဆို ရင် မင်း အဖေ သံမဏိဖိုးထွန်း က ရော လူလိမ် လူညာ ... ဂျပန်ခေတ် တုန်း က တောကြီးတန်း မှာ ငှက်ဖျား မိ ပြီး လမ်း ပျောက်နေ တဲ့ ဂျပန် တစ်ယောက် က မင်း အဖေ ကို နောက် က နေ အမှတ်တမဲ့ ရေ ဆာလွန်းလို့ ကျောကုန်း ကို လက် နဲ့ ကုတ် ပြီး ရေ တောင်းတာ ကို မင်း အဖေ က လန့်ပြီး “ အား ” ဆို ပြီးတော့ ကိုင်းခုတ်ဓားမ နဲ့ ယမ်း လိုက်တာ အစ ကတည်း က ငှက်ဖျား မိပြီး မလှုပ်နိုင်တဲ့ ဂျပန် လည်း သေရော ... မင်း အဖေ က သူရဲကောင်း လုပ် ပြီး ရွာ ကို ဂျပန်မသာကြီး “ မ ”  လာ ပြီး သူ ဟာ ဂျပန် တစ်ယောက် ကို ရင်ဆိုင် သ-တ် လိုက်တယ် ဆိုပြီး သံမဏိဘွဲ့ ကို ကိုယ့် ဘာသာ ကိုယ် ပေးပြီး “ သံမဏိ ဖိုးထွန်း ” လို့ အမည် ခံလိုက် တာ ... ည ဘက် ည ဘက် အိမ်ပေါက်စေ့ လိုက် အိပ်ရ တယ်လေ ... “ ဂျပန်တွေ လာ သ -တ်မယ် ” ဆိုပြီး စိတ် ချောက်ချား နေတာလေ .... အဲ ဒါကရော သတ္တိ လား ”

နှစ်ယောက် စလုံး ငြိမ်သွား ကြသည်  ။

“ မင်းတို့ နှစ်ယောက် ငယ်ကျိုးငယ်နာတွေ ဖော် မနေကြပါနဲ့ ကွာ ... ဟုတ်တာ လည်း မဟုတ် ဘူး ... ခု အရက် ပြတ်သွားပြီ ... ထပ် ဝယ်မလား ... ရပ် မလား ... ”

“ ဟေ့ကောင် လှဆောင် ... ထပ်လည်း မဝယ်ဘူး ... ရပ် လည်း မရပ်ဘူး ... ဝင်းတင် .. မင်း နဲ့ ငါ ဒီ တစ်သက် သေခန်းပြတ် ကွ ... မင်း သေ ရင် မင်း မသာ လိုက် မပို့ဘူး.. . ၊ အေး ... ငါ သေရင် လည်း ငါ့ မသာ လိုက် မပို့နဲ့  ”  

တဲပေါ် မှ ကမ္ဘာလှည့်အေးထွန်း ခြေ ဆောင့်ပြီး ဆင်း သွားသည် ။

နှစ်ပေါင်း ၃၀ ကြာမြင့်ခဲ့သည် ။ တစ်ရွာ တည်း စကား မပြောကြတော့ ။ 

ဗြိတိသျှဝင်းတင် ကား အရင် သေသည် ။ အသက် ၇၃ နှစ် ၊ သူတို့ ရွာ ၏ ဓလေ့ကား ခုနစ် ရက် ထားသည် ။ ငွေကြေး ချမ်းသာသူ မို့ ရက်လည် ဝက်သား ကျွေးသည် ။ အမှတ်တရ ဖြစ်စေခဲ့သော ကွယ်လွန်သူ ဗြိတိသျှဦးဝင်းတင် ရက်လည် ကျွေး သော ဝက်သား များ စား ပြီး တစ်ယောက် ပြီး တစ်ယောက် တွံတေး ဆေးရုံ သို့ ဝမ်းလျှော ပြီး ပို့ လိုက် ကြရသည် ။ ဘာကြောင့် ဖြစ်တာလဲ ဟု ထိုစဉ် က အမည် မဖော်ရဲကြ ။

နောက်ဆုံး ကျန်းမာရေး ဌာနမှ ဆင်းပြီး ဆေးဖျန်း စစ်ဆေး ရ သည် အထိ ကြီးကျယ်သွားခဲ့ သည် ။ ပြောစမှတ် လည်း ဖြစ်ခဲ့ရ သည် ။ ကမ္ဘာလှည့်အေးထွန်း မှာ တွံတေး ဆေးရုံ တွင် အသံ ပျော့ပျော့လေး ဖြင့် ...

“ ဝင်းတင် တို့ များ သေတာ တောင် ရိုးရိုး မသေဘူး ... ပြောစမှတ် ဖြစ်အောင် လုပ် သွားသေး တယ် ... ဘာပဲ ပြောပြော ဒီ ကောင် သတ္တိ ရှိ တာတော့ အမှန်ပဲ ” 

ဦးအေးထွန်း ၏ သား ဖြစ် သူ မှ ... 

“ အဖေ ပဲ မကြာခဏ ပြော နေတာလေ ... ဝင်းတင် သေ ရင် ငါ ဘယ်တော့ မှ မသာ မပို့ ဘူး လို့ ပြောနေတာလေ .. လိုက် မပို့ရင် ၊ ရက်လည် မ သွားရင် ဒီလို ဘယ် ဖြစ်မလဲ .. ကိုယ့် အသက် က ငယ် တော့ တာ မဟုတ်ဘူး  ”

“ ဒီလို ဘယ်ဟုတ်မလဲ သား ရယ် ... ငယ်သူငယ်ချင်းတွေ ကွ .... ဒီ သံယောဇဉ် က ဖြတ် ရ ခက် တယ် သား ”   

ဦးအေးထွန်း ပြော လည်း ပြော ၊ မျက်ရည် လည်း ဝဲ လာ သည်  ။ သား ဖြစ်သူ မှ လက်ကိုင်ပဝါ ဖြင့် အသာအယာ မျက်ရည် သုတ် ပေးလိုက်ရတော့သည်  ။

◾ ဗေလုဝ

📖  ဟဒယမဂ္ဂဇင်း
       စက်တင်ဘာ ၊ ၂၀၀၇

#ကိုအောင်နိုင်ဦး

.

Sunday, December 4, 2022

နှစ်စုံတွဲ


 ❝ နှစ်စုံတွဲ ❞


“ မရင်ရွှေ ၊ ရှင် ဖြင့် လမ်းလွဲလိုက် နေပြီ ထင်တယ် ။ ရှင့် လူ ဟာ ဘယ်နည်း နဲ့ မှ ဟန်ကျမယ့်လူစား မဟုတ်ဘူး ရှင့် ၊ ကျွန်မ ကြား ရသလောက် ရှင် သိ ရရင်တော့ ... ”


“ နမ်းမား က မလှမိုး နဲ့ ဆိုတာ လား မနှင်းမေ ”


“ မလှမိုး နဲ့ တွင် … ဘာကမလဲ ၊ အလံဗိုလ် က တစ်ယောက် တောင် ပါ သေးတယ် ။ အခု သူ့ ခမျာများ မျက်ရည် နဲ့ မျက်ခွက် ကျန်ရစ် ရှာတယ် ။ အောက်သားတွေ ဆိုတာ ဒီလိုပဲ ရှင့် ။ လူ ရုပ် ၊ အဝတ်အစား ။ ဟန်ပန် ဂိုက်ကျပြီး အပြောအဆို လိမ္မာ တော့ ကျွန်မတို့ အညာသူတွေ အဟုတ် ယုံကြည်ကြတာပဲ ။ တော်တော်ကြာ အောက် က မယားကြီး ပေါ် လို ပေါ် ။ မတော်တရော် ပစ် ထား လို ထား နှင့် များခဲ့ပြီကော ရှင် ” ဟု နှင်းမေ သည် ရင်ရွှေ နှင့် သူငယ်ချင်း ဖြစ်သည့် အလျောက် သတိပေး စကား ပြောကြား ၍ နေလေ၏ ။


ရင်ရွှေ မှာ ကား မိုးညှင်းမြို့ ၊ နန်းခမ်းရပ် ၊ ပွဲကတော် ဒေါ်တင် ၏ တစ်ဦး တည်း သော သမီး ဖြစ်၍ ၎င်း ၏ ဖခင် မှာ ငယ်စဉ်က ကွယ်လွန် သွားသဖြင့် ကြီးတော် ဒေါ်ရင် နှင့် မိခင် ဒေါ်တင် တို့ အုပ်ထိန်း ကြီးပြင်းလာသော မိန်းကလေး ဖြစ်လေ၏ ။ မိုးညှင်းမြို့ ဘူတာ အရှေ့ ဘက် ဈေးဟောင်း အနီး တွင် ဦးဘိုးထူး ၏ အိမ် ၌ မောင်ညွန့်တင်ခေါ် အသက် ( ၂၀ ) ခန့် တူ တစ်ယောက် ရောက်ရှိ လာရာ ခြောက်လ ခန့် ကြာ လျှင် ရင်ရွှေ အိမ် သို့ အဝင်အထွက်များ၍ သနားဖွယ် ကောင်းသော ရင်ရွှေ ၏ ရုပ်ရည် နှင့် ဥစ္စာပစ္စည်း ကို သိုက်တူး ရန် ချိန်ရွယ်ခြင်း ခံနေရသောကြောင့် အထက်ပါ အတိုင်း သူငယ်ချင်း နှစ်ယောက် အကျိုးအကြောင်း တိုင်ပင်၍ နေကြခြင်း ဖြစ်လေ၏ ။


ဒေါ်တင် မှာ ကား ဒေါ်ဒေါ်ချင်းထွေး ၍ နေအောင် ပြောတတ်ဆိုတတ် သော ညွန့်တင် ၏ အမူအရာ ဦးဘိုးထူး ၏ အလှိုင်းတကြီး ပြောဆို သော စကား တို့ ကြောင့် များစွာစိတ်ဝင်စား ၍ သမီး ကို နားချနေသူ ဖြစ် လေ၏ ။ ရင်ရွှေ ကား အသက် ( ၁၆ ) နှစ် သာသာ ၊ ( ၁၇ ) နှစ် အရွယ် ရိုးရိုးစိုက်စိုက် မိန်းကလေး ဖြစ်သဖြင့် မိခင် ကိုယ်တိုင် အောင်သွယ် ပေး နေသည် ကို စိတ် ဝေ လျက် ရှိလေ၏ ။ သို့ရာတွင် နှစ်သက် သဘောကျသော အရိပ်အမြွက် ကို တစ်ကွက်မျှ ဖော်ပြခဲ့ခြင်း မရှိခဲ့ချေ ။ လူတို့ သဘော ကား မိန်းမပျိုတစ်ဦး အိမ် သို့ ယောက်ျားပျိုတစ်ဦး အိမ် အဝင်အထွက် များလျှင် အလကား ယိုးစွပ် ပြောဆိုကြ စမြဲ အတိုင်း ညွန့်တင် နှင့် ရင်ရွှေ မှာ အတော် ချစ်ခင်နေကြသည့် အနေမျိုး အထိ ပြောဆိုခြင်း ကို ခံ ရလေ၏ ။


“ ဒေါ်တင် ရဲ့ ၊ ကာလပညာတတ် ပေါ ။ အလုပ်အကိုင် မရှိ ။ အစိုးရရာထူး လည်း အသုံးမကျ ၊ ရလည်း မရနိုင် လို့ ဒီ အကောင် ကို အိုင်အေ ဆိုတဲ့ ( ၁၂ ) တန်းက ထုတ်ပြီး ကုန်သည် အလုပ်ကို သင်စေတာပဲ ” ဟူသော ဦးဘိုးထူး ၏ စကား မှာ တစ်ဖက်သား စိတ် ကို များစွာယိုဖိတ် စေလေ၏ ။ စင်စစ်ကား ညွန့်တင် မှာ အင်္ဂလိပ်ပညာ ( ၇ ) တန်း အထိ မျှ သာ သင် ဖူး၍ မိဘ အိမ် တွင် ပေတေလွန်းသော ကြောင့် နှင် ထုတ် လိုက်သဖြင့် မိုးညှင်းမြို့ ဦးလေး တော်သူ ၏ ထံ လာရောက် ကပ်ရပ် နေထိုင်ခြင်း ဖြစ်လေ၏ ။ အင်္ဂလိပ်စာ တတ် နည်းသော အရပ်ဒေသ ၌ “ ဗီဒရင်းချင်းနီးလယ်ဒူးနယ်ဒံ ” ဟူသော စကားများ ကိုပ င် အင်္ဂလိပ်စကား ထင်မှတ်ကောင်း ထင်မှတ် ပေမည် ။ “ မာ့ရပိုးဒိုးတီ ” ဆိုလျှင် သိပ်ပြီး တတ် တာပဲ ဟု ချီးမွမ်းမည် မလွဲ ။ ဒွတ် - ဒက် - ရွှတ် - ရှက် ၊ ရက်ဆား လေပုတ် ထုတ် မျှ တတ်ကျွမ်းသော ညွန့်တင် အတွက် ( ၁၂ ) တန်းမဟုတ် ၊ ( ၂၄ ) တန်း အောင်ခဲ့သည် ဟု ဆိုစေကာမူ ယုံကြည်ကြမည်ကား မလွဲပေ ။ ယစ်မျိုးအင်စပိတ်တော် မီးရထား လက်မှတ်စစ် တို့နှင့်  တရွှတ်ရွှတ် ပြောသည် ကို မြင်ရလျှင် အဟုတ် ထင်မှတ် တတ်ကြသောကြောင့် တည်း ။


“ မရင်ရွှေ … စဉ်းစားပါ ၊ ရှင်လည်း စာပေ အတတ်သားပဲ ။ တစ်သက်လုံး မှောက် မှ ဖြင့် ပြီးရော ”


“ ခက်တယ် မနှင်းမေ ရဲ့ ။ ကျွန်မ စိတ် လည်း ဇဝေဇဝါ ဖြစ် နေတယ် ”


“ ကျွန်မ သဘော ဖြင့် ရှင်စိတ် ဆိုးရင်လည်း ခံ ရတော့မယ် ။ ကိုထွေးမောင် နဲ့ သဘောအတူဆုံးပဲ ။ ဒါဟာ အောင်သွယ် လုပ် တာ မဟုတ်ဘူး ။ ကျွန်မ တို့ ဦးသာဝန်ကျောင်း မှာ နေတုန်း ကတည်း က တစ်ယောက်အကြောင်း တစ်ယောက် သိ လာကြတာ ။ ရိုး လည်း ရိုးတယ် ၊ မိဘ ပစ္စည်း အင်အား လည်း မနည်းဘူး ရှင့် ။ ပစ္စည်း ဆို တာ သင်္ခါရ ထားဦး ။ ရွှံ့ဗွက် ထဲ ဆင်း တောင်သူ လုပ် ကျွေး နိုင်တာ က ကိုထွေးမောင် လို လူမှရှင့် ။ အောက်သားတွေ ဆို တာက ပျားများ လို ပန်းဝတ်ရည် အနံ့ ကုန် လျှင် စွန့်ပစ် ပျံပြေး စမြဲမို့ တလွဲ မဖြစ်စေချင်ဘူး ”


“ ကျွန်မ လည်း စဉ်းစားရက်ပါပဲရှင် ” ဟု ညည်းညည်းညူညူ ပြောဆိုကြပြီး နောက် နှင်းမေသည် ထွက် ၍ သွားလေ၏ ။ ရင်ရွှေ ကား နှင်းမေ ထွက်သွားကတည်း က သက်ပြင်း ချ ၍ အမျိုးမျိုး စဉ်းစားလျက် ဝေခွဲမရအောင် ဖြစ်၍ နေလေ၏ ။ သို့ရာတွင် ညွန့်တင် ကို ကား ရှေးက စကား တစ်ခွန်းစ နှစ်ခွန်းစ ပြန်လှန် ပြောမိသော်လည်း မျက်နှာ အောက်သိုးသိုး ချလျက် အရေး မလုပ်သလို နေလိုက်လေ၏ ။ ညွန့်တင် ကား စိတ် မပျက်ချေ ။ ရှေး က ထက်ပင် ဖော်ရွေလျက် အဝင်အထွက်များ ၍ နေလေ၏ ။


“ ကိုထွေးမောင် ၊ ရှင့် မရင်ရွှေကလေး ကို မချစ်ဘူးလား ” ဟု နှင်းမေ က မေးလိုက်သံ ကို ကြားရသော ထွေးမောင် သည် ငွေစက္ကူ ရာတန် အထပ်လိုက် ကောက် ရသော မျက်နှာ မျိုးဖြင့် “ ငါ ချစ်ပေမယ့် သူ က ချစ်ဦး မှ ကိုး ဟ ” ဟု ပြော လိုက်လေ၏ ။


“ ဟုတ်ကဲ့ ။ သူ က ချစ်ပါတယ်လို့ ရှင့် ကို အလကား စ ပြောပါ့မလား ”


“ ငါ က ပြော တော့လည်း သူ က ဖိနပ် နဲ့ ချ မှာပေါ့ နှင်းမေ ရယ် ၊ ငါ့ လို လူ …. ငါ့ လို ...”


“ ကိုင်း စာ တစ်စောင် ရေး ၊ ကျွန်မ ပေးချည်မယ် ”


“ ဘယ်လို ရေးရမလဲ ”


“ ဪ ခက်ပဲ ခက်ချည်ရဲ့ ။ ရှင် သတ္တမတန်း အောင် အောင် သင်ခဲ့သား နဲ့ မရေးတတ်ဘူးလား ”


“ ကိုင်း ရေးပါ့မယ်ဟာ ” ဟု စာရွက် နှင့် ခဲတံ ကို ယူ၍ ‘ စာအားဖြင့် အစီရင်တော်ခံပါသည် မရင်ရွှေ ။ မနှင်းမေ နှင့် စကား စပ် မိသဖြင့် မရင်ရွှေ အား မေတ္တာ ရှိကြောင်း ပြော ၍ ယခုစာ ကို အရေး ခိုင်းသဖြင့်.….


“ အို ရေး ကတည်း က အနှောင့် မလွတ် အသွား မလွတ် ၊ ဆုတ် ပစ်လိုက်ပါ ”


“ နို့ ဘယ့်နှယ် ရေးရမှာလဲ ” 


“ ကိုင်း လေ ....”


မရင်ရွှေ ကို ကျောင်း အတူ နေကတည်း က ချစ်ပါသည် ။ ကြီးတော့ လည်း မေတ္တာ မပျက်ပါ ။ သို့သော်လည်း မရင်ရွှေ စိတ် ဆိုးမည် စိုး၍ စာလည်း မပေးဝံ့ ။ စကား လည်း မပြောဝံ့ ဘဲ နှင့် ယခု အချိန် ထိ ကြာရှိခဲ့ပါသည် ။ မေတ္တာ စိတ် ကား

အိမ်တွင်းပုန်း လုပ်ရ လွန်း၍ ရင့်သည် ထက် ရင့်ကာ မနေနိုင်သည် ၏ အဆုံး၌ ယခု စာ ကို ရေး ရပါသည် ။ မရင်ရွှေသဘော ကို သိ ပါရစေ ။ စာ ဖွဲ့နွဲ့ မရေးတတ်၍ လိုရင်း သိလျှင် တော်ပြီ ဟု  ... ဤတွင် အဆုံးသတ်ပါမည် ။

                    “ ထွေးမောင် ”


“ အဲ့ဒီလောက် ဆို ရင် တော်ရောပေါ့ ရှင် ။ တော်တော်ကြာ ရှင် က တလွဲ မဖြစ်စေနဲ့နော် ၊ ဒါပဲ ။ အကုန် ကျွန်မ ခေါင်း ပေါ် တာဝန် ကျ နေမှာ သိရဲ့လား ”


“ မဖြစ်ပါဘူး ဟာ ။ ငါ့ မဆဲရင် ကျေးဇူး တင်တာပါပဲ ” ဟု ဆိုပြီး နောက် နှင်းမေ သည် ထွေးမောင် ၏ အိမ် မှ ထွက်၍ သွားလေ၏ ။ ထွေးမောင် ကား မိမိ ကိုယ် မိမိ မယုံကြည် သကဲ့ သို့ ဝမ်း အမြောက်ကြီး မြောက် ၍ နေလေ၏ ။


•••••   •••••   •••••


နောက်တစ်နေ့ ၌ နှင်းမေ သည် ရင်ရွှေ ၏ အိမ် သို့ ပေါ်ပေါက်၍ လာလေ၏ ။ သူငယ်ချင်း နှစ်ယောက် တို့ မှာ တစ်ယောက် လည်ပင်း တစ်ယောက် ဖက်လျက် ရင်ရွှေ ၏ အိပ်ခန်း ကုတင်ကြီး ပေါ် တွင် အတူ ယှဉ်၍ ထိုင် ကြလေ၏ ။


နှင်းမေ က စတင်၍ “ ဒါထက် မရင်ရွှေ ရယ် ၊ ကိုထွေးမောင် တစ်ယောက် ဖြင့် သိပ်သနားစရာ ကောင်း နေတာပဲ ” ဟု စ လိုက်လျှင် ....


“ အို ဖြစ်မှ ဖြစ်ရပလေ ၊ ဘာပြုလို့တုန်း မနှင်းမေ ၊ သိပ်ပြီး ဖျားနေရှာသလား ”


“ ဟုတ်တယ် ၊ ဖျား တာ က မှ ဆေးကု ရဦးမယ် ။ အခုဟာ က ဆေးကု အတော် ခက်တယ် ” ဟု ပြော မှ မရင်ရွှေ သည် နှင်းမေ ပြောလိုသော အဓိပ္ပာယ် ကို ရိပ်စား မိလေ၏ ။


“ သွယ်ဝိုက် ပြောနေစရာ ကျွန်မ အောင်သွယ် မလုပ်တတ်ဘူး မရင်ရွှေ ။ ကိုထွေးမောင် က ရိုးရိုးစိုက်စိုက် စွဲလမ်း ချစ်ခင် နေတာ အမှန်ပဲ ။ ရှင့်အောက်သား နဲ့ စာရင် သူ က တော် သေးတယ် ။ ရော့ ဒီမယ် စာ ” ဟု ပေး လေ၏ ။


မရင်ရွှေ သည် စာ ကို ဖတ်ပြီးလျှင် ငယ်ငယ် က ထွေးမောင်နှင့် ကျောင်း တောင် ဘက် သစ်ပင်ကြီး အောက် ကစားကြပုံ ၊ ကြိုးတံတား ပေါ် လမ်းလျှောက်ကြစဉ် က ရင်ရွှေက ရှေ့ က ရောက် နေ၍ နောက်က ထွေးမောင်ကြီး က တံတား ပေါ် ခုန်၍ လှုပ် သော အခါ ယိမ်းထိုးသွားသဖြင့် ဆဲခဲ့ပုံ ၊ နန့်ရင်းချောင်း ထဲ ၌ ရေ ကစားကြပုံ တို့ ပါ ပေါ်ပေါက်၍ လာလေ၏ ။ ငယ်ငယ် က ပေါင်းသင်းဆက်ဆံခဲ့ကြခြင်းကား တစ်ယောက် စိတ် ကို တစ်ယောက် သိ ၍ တစ်ယောက် ၏ အခြေအနေ ကို လည်း တစ်ယောက် သိကြ၏ ။ ယုတ်စွအဆုံး ကိုယ် ၌ သမင်ယက် စသော အနာဆိုး တို့ ပါ မပါ ကို ပင် တွေ့မြင်ခဲ့နိုင်ကြ၏ ။ ထိုကဲ့သို့ ရှေးဟောင်းနှောင်းဖြစ် ကို တွေးမိသော အခါ မရင်ရွှေ ၏ စိတ် ၌ ထွေးမောင် ကို သနား ၍ လာ လေ၏ ။ တစ်မြို့သား တို့ က မိမိ စိတ် ကို လှည့်စား ထားခြင်းကို ခံ ရပါကလား ဟု စဉ်းစားမိလျှင် ညွန့်တင် အား စိတ် နာ ၍ လာလေ၏ ။ သင်း အလကားလူ ပဲ ဟု လည်း အောက်မေ့လေ၏ ။


“ ဟုတ်တော့ ဟုတ်တယ် နော် မနှင်းမေ ၊ ကိုထွေးမောင် ဟာ အလွန် စိတ်ကောင်း ရှိတဲ့ လူ ။ ရိုးလည်း ရိုး ရှာတယ် ။ ကျောင်း တုန်း က ဆို ကျွန်မ တို့ ရိုက်ဖက် ပေါ့ ။ နို့ပေမယ့် သတ္တိလည်း မနည်းဘူး ရှင့် ။ ကျွန်မ တော့ လေ ဒါတွေ ကို စဉ်းစားမိ ရင် ....”


“ စဉ်းစားနေဖို့ မလိုဘူး မရင်ရွှေ ။ ကိုထွေးမောင် လို လူ ဟာ ... ကိုင်းလေ အကြောင်း သိကြပြီးပဲ စာ တစ်စောင် သာ ပြန် ရေးပါ ”


“ အို ချက်ချင်း ဆိုတော့ အညှာ လွယ် ရာ မကျဘူးလား မနှင်းမေ ရဲ့ ”


"ဟင် ... မူ နေရမယ့် လူ မှ မဟုတ်ဘဲ ။ သူ က လည်း ဒီလိုတွေးတတ် မှာ မဟုတ်ပါဘူး ”


“ ကျွန်မ စာ မရေးပါရစေနဲ့ ။ ရှင် ပဲ .. ကြည့် ပြောပါတော့ ။ တစ်ခုတော့ သတိပြုပါ ။ ဟိုအကောင် ရိပ် မိရင် မြန်မြန် တောင်းရမ်းဖို့ မယ်တော်ကြီး ကပ် ရပ် နေမှဖြင့် ....”


“ စိတ်ချ စိတ်ချ ” ဟု ပြောကာ လူချင်း ခွဲ ကြပြန်လေ၏ ။


နှင်းမေ ထွက် သွားသောအခါ “ သမီးရေ ” ဟု ဒေါ်တင် က ခေါ်လိုက်သော အသံ ကို ကြားရလေ၏ ။ ရင်ရွှေ သည် ဆံပင် ကို ကပိုကရို ပတ်ကာ ထွက် ခဲ့ ရာ အသား လတ်လတ် ဗိုလ်ကေ ကျကျနန ဖြီး ထားသော လူရွယ် တစ်ယောက် နှင့် မျက်နှာချင်း ဆိုင် မိလေလျှင် ရင် ထဲ မှာ ထိတ်ခနဲ ဖြစ် ၍သွားလေ၏ ။


“ ဟောဒီက … မောင်ညွန့်တင် ပါ … သောက် ရအောင် ကာဖီဖျော်လိုက်ပါ သမီးရယ် ” .. ဟု ပြောပြန်သဖြင့် မငြင်းသာ သော ကြောင့် ကာဖီများ ဖျော်ကာ မိခင် ၏ ဘေး တွင် ယွန်းလင်ပန်း နှင့် ထည့်၍ ချ လာလေ၏ ။


“ ကိုင်း မောင်ညွန့်တင် ကာဖီပူပူလေး သောက် လိုက်ပါဦး ”


“ ဒုက္ခရှာလို့ ဒေါ်ဒေါ် ရယ် ။ ကျွန်တော် ဈေး က မုန့်တွေတောင် စား လာသေးတယ် ”


“ ဒါထက် မောင်ညွန့်တင် တို့ စပါး တော်တော် ဝယ်မိပလား ”


“ ဟုတ်ကဲ့ ( ၃၀၀၀ ) လောက်တော့ ဝယ် မိပြီ ။ အောက်က အဒေါ်ကြီး ဆီ ကလည်း စပါး ( ၄ - ၅ ) သောင်း ရအောင် ဝယ် ။ ဆန် ကြိတ်ပြီး ပို့ လိုက်လို့ မနေ့ က ပဲ စာ ရသေးတယ် ”


“ မောင်တို့ က တော့ အောက်မှာလူခံ ရှိလို့ တော်သေးတယ် ။ စရိတ် ပို မကုန်ဘူး ”


“ တော်တော့ တော်ပါရဲ့ ခင်ဗျာ ။ နို့ပေမယ့် ဘူလင်ဂျာပူ ဆို တဲ့ မျက်နှာဖြူအသင်းကြီး က လက်ဝါးစီး အုပ်နေလို့ အတော်ပဲ အတိုက်အခံ လုပ်ရတယ် ” ဟု ဣန္ဒြေရစွာ ကြွားနိုင်သမျှ ကြွား ပြီးလျှင် “ စကားတော့ ကောင်းပါရဲ့ ဒေါ်ဒေါ် ။ စာ ပြန်စရာ ကိစ္စတွေ က များသေးလို့ ခွင့်ပြုပါဦး ” ဟု မတ်တတ် ရပ်လေ၏ ။


“ ကိစ္စရှိလဲ .. ပြန်ပေဦးတော့လေ ။ သိပ် ဝေးတာမှ မဟုတ်ဘဲ ။ ဒေါ်ဒေါ်တို့ အားနာ စရာ မရှိပါဘူး ” ဟု ပြန်လှန် နှုတ်ဆက်စဉ် ညွန့်တင် သည် လက်ကိုင်ပဝါ ကို နှုတ် ၍ မျက်နှာ ကို သုတ်လေ၏ ။ ထိုသို့ လက်ကိုင်ပဝါ နှုတ် ရာ ၌ ညွန့်တင် ၏ အိတ် ထဲ မှ ဖြူဖြူအရာ တစ်ခု သည် ကျ၍ ကျန်ရစ်သည် ကို မျက်စိ လျင်သော ရင်ရွှေ တစ်ယောက် သာ မြင် လိုက်လေ၏ ။ ရင်ရွှေ သည် လက်ဖက်ရည် ကာဖီများကို သိမ်းပြီးနောက် မယောင်မလည် နှင့် ညွန့်တင် ကျရစ်သော အရာ ကို ကောက်ယူ ၍ ၎င်း ၏ အခန်းတွင်း သွား ကာ ကြည့်ရှုရာ ....


ချစ်နှမ .. မနှင်းမေ ၊ မင်း ကို မောင် သည် ကြောရရုံ သဘောနှင့် ချစ်ခင်ခဲ့သည် မဟုတ်ပါ ။ မောင့် စိတ်ရင်း အတိုင်း ချစ်ခင်ခဲ့ရိုး မှန်ပါသည် ။ ယခု မရင်ရွှေ အိမ် သို့ အလည်အပတ် သွား ရာ၌ မောင် သည် မရင်ရွှေ ကို ဘယ်လိုမှ သဘော မထားပါ ။ မင့် သဘော က သာ မယုံသင်္ကာဖြစ်ပြီး မောင့် ကို မနေ့က စာမျိုး ရေးသည် ဟု ထင်ပါသည် ။ နမား တို့ ၊ အလံဗိုလ် တို့ အကြောင်း ကို  မင်း ဘယ်လို လုပ်ကြံ ပြောသော်လည်း … ဒေါ်ဒေါ်တင် တို့က မယုံကြပါ ။ မောင့် စိတ် မှာ မရင်ရွှေကလေး ကို နှမကလေးလို သဘော ထားကြောင်း မရင်ရွှေ သိပါလိမ့်မည် ။ နှမ … မနှင်းမေ က သာ မနေနိုင် မထိုင်နိုင် ဖြစ်ပြီး မရင်ရွှေ က လည်း တစ်မျိုးတစ်မည် ဖြစ်အောင် ကြံဖန်သည့် အတွက် အထူး ဝမ်းနည်းပါသည် ။ ယခုဖြင့် မောင့် စိတ် မှာ မိန်းမတို့ ဓာတ်သဘော ကို မချိန်ဆ တတ်အောင် ဖြစ်ပါသည် ။ သို့ရာတွင် မောင့် စိတ် တွင် မနှင်းမေ အပေါ် ၌ ရှေး က မေတ္တာအတိုင်း မပျက် သော်လည်း ပေါင်းသင်းဆက်ဆံရေးကား အထူး စဉ်းစားရ ကြပ်လျက် ရှိပါသည် ချစ်နှမ ၊


ရင်ရွှေသည် ညွန့်တင် ကျရစ်သော အထက်ပါ စာ ကို ဖတ်ရှုပြီး နောက် မျက်ရည်များ လည်လျက် မနှင်းမေ ...ငယ်ပေါင်းချင်း ကြံရက်ပါပေရဲ့ ။ ရှင့် လူ ကို ကျွန်မ မလုပါဘူး ရှင် ။ ရှင် ဘယ့်နှယ်ကြောင့် ဒီ စိတ် တွေ ထား ရတာလဲ ဟု တွေးတောကာ ဒေါမနဿ စေတသိက်ကလေးများ တဖွားဖွား ထွက်ပေါ်၍ လာ လေ၏ ။ တစ်ဖန် ငယ်စဉ် ကတည်း က ပေါင်းသင်း လာ သော နှင်းမေ မှာ ကွေ့လိမ်ဉာဏ် မရှိကြောင်း တွေးတောမိ သော အခါ များစွာ အစဉ်းစား ရ ကြပ်၍ နေလေ၏ ။ မိန်းမတို့ စိတ်သဘော မည်သည် မှာ မည်မျှပင် နှလုံး ကောင်း စေကာမူ အချစ် နှင့် ပတ်သက် လျှင် ဝန်တိုတတ်စမြဲ ဖြစ် သောကြောင့် ဧကန္တ နှင်းမေ သည် မိမိ နှင့် ညွန့်တင် ချစ်ခင် မည် ကို မနာလို သဖြင့် ထွေးမောင် နှင့် ဆက်သွယ်သည် ဟု စဉ်းစား ပြန်လေ၏ ။ ဟယ် ရှေ့တွင် ပြောင်မေးတာ အရှင်းဆုံးပါပဲ ဟု စာရွက်ကလေး ကို သိမ်း ၍ ထားလိုက်လေ၏ ။


•••••   •••••   •••••


နှင်းမေ နှင့် ရင်ရွှေ တို့ အိမ် မှာ ( ၄ - ၅ ) အိမ် မျှ ခြား သဖြင့် ညနေ ထမင်းချက်ချိန် ၌ နှင်းမေ သည် ရင်ရွှေ ရှိရာ မီးဖိုခန်း သို့ ဝင် ခဲ့လေ၏ ။ ရင်ရွှေ သည် ပါးစပ် ကို အနိုင်နိုင်လှုပ်လျက် လာလေ ဟု ခေါ်ပြီးနောက် အိမ်ပေါ် သို့ တက် သွားပြီး စာကလေး ကို ယူ ခဲ့ကာ “ ကောင်းပါလေ့ မနှင်းမေ ၊ ဒီမယ် ကြည့်ပါဦး ” ငိုမဲ့မဲ့ မျက်ရည် လည် လျက် ပြလေ၏ ။ နှင်းမေ သည် စာ ကို ဆုံးအောင် ဖတ်ပြီးနောက် မျက်ရည်ပေါက်များ ဖြင့် စာရွက် ကို ရွဲစေလျက် “ ဒီမအေ ၊ တယ်လေ … ဆဲရ မကောင်းပါဘူး ။ မရင်ရွှေ ကျွန်မ သဘော ရှင် သိသားပါလား ။ ဒါ သူ လုပ်ကြံ ရေးထားတာ ။ ကျွန်မ နဲ့ ဘာမှ မဖြစ်ဘူး ။ ဒါ ... အမှန် ။ ရှင့် ခြေရည်လက်ရည် သောက် ရစေရဲ့ ။ အဝီစိ ကျ ရစေရဲ့ ။ သေချင်းဆိုး .….”


“ အို မကျိန်ပါ နဲ့ မနှင်းမေ ။ အကြောင်း သိရရင် တော်ရောပေါ့ ”


“ အို… မတော်နိုင်ဘူး ။ ဒီ စာ နဲ့ ပြ ပြီး ဖိနပ် နဲ့ ချရမှ ကျေနပ်မယ် ပေး ပေး ... ” ဟု ဆိုစဉ် ရင်ရွှေ သည် စာရွက် ကို မီး ထဲ သို့ ထည့် လိုက်လေ၏ ။ “ မတော်ဘူး မနှင်းမေ ၊ လူ ကြားရင် ရှက်စရာကြီး  ၊ ကျွန်မ ယုံရင် ပြီး ရောပေါ့ ။ မယုံရင် ဒီ စာ ကို ပြ နေပါ့မလား ”


"ဒီလိုနဲ့ ကျွန်မ မကျေနပ်သေးဘူး ။ ဒါဟာ ထင်ယောင် ထင်မှား ဖြစ်အောင် လုပ်တာ ။ ဒီတော့ ကျွန်မ နဲ့ သမီး ရည်းစား ဖြစ်ရိုး မှန်ရင် သူ့ ကို ကျွန်မ အရှက်တကွဲ မလုပ်ရက်ပေဘူး နော် ၊ ပြီးတော့ ကျွန်မ ချိန်းဆိုရာ သူ လည်း လာ ရမှာပေါ့ ဟုတ်လား ။ ဒီတော့ ကျွန်မ လက်ရေး နဲ့ နက်ဖြန် ည ( ၆ ) နာရီ ကို ကျွန်မ တို့ အိမ် နောက်ဖေး တွေ့ဆုံ စကား ပြောဖို့ ချိန်းလိုက်မယ်  ... သူ ဟာ မူ မမှန်ရင် မလာဝံ့ပေဘူး ။ တကယ်လို့ ငါ ယောက်ျားဟဲ့ ဆို ပြီး လာချင် လာမယ် ။ လာရင် ကျွန်မ ဖိနပ် နဲ့ ချ လွှတ်မယ် ”


“ ရှင့် စာ အရ လာတယ် ဆိုရင် မခက်ပေဘူးလား ။ ဒီတော့ ရှင်က ပဲ ချစ်ကြိုက် နေသလို ဖြစ်မှာပေါ့ ။ ယောက်ျား ဆို တာ ရှက်ရှက် နဲ့ ရမ်းချင် ရမ်း မှာ ... ”


“ ဒါဖြင့်ရင် ( လက်ဝတ် လက်စားတွေ ချွတ်လျက် ) ဟောဒါတွေ ရှင် ယူထား ။ ကျွန်မ လက်ရေး နဲ့ စာ ကို သူ ပြနိုင်ရင် ဒီ လက်ဝတ်လက်စား ရှင် လုပ်ချင် ရာ လုပ် ။ ရှင် မလုပ်ရင် ကျွန်မ နန့်ရင်းချောင်းထဲ သွား ပစ်မယ် ။ အလွန်ယုတ်မာတဲ့ သူ ”


ဟု ငိုယို ပြန်သဖြင့် ရင်ရွှေ ကပင် ဖျောင်းဖျ ချော့မော့ ရလေ၏ ။


“ ကိုင်းပါ မနှင်းမေ ။ ကျွန်မ ယုံတယ်ဆိုရင် ပြီးရောပေါ့ ။ ယူပါ ရှင့် လက်ကောက်တွေ နားကပ်တွေ ”


ထို့နောက် ဒေါ်ရင် ဝင်ရောက် လာသဖြင့် နှင်းမေ ပြန်၍ သွားလေ၏ ။


တစ်လ ခန့် ကြာသောအခါ ရင်ရွှေ သည် ရင်းနှီးသူများ နှင့် အမျိုးမျိုး စုံစမ်း ကြည့်လေရာ နှင်းမေ နှင့် ညွန့်တင် လုံးဝ အဆက်အသွယ် မရှိကြောင်း။ သိရှိရသည့် အပြင် ညွန့်တင် ၏ ဦးလေး က မိခင် ဖြစ်သူအား နူးနပ် ပြောဆိုသဖြင့် အကြပ်ကျလျက် ညွန့်တင် ၏ ရန် နှင့် ဝေးအောင် နှင်းမေ ကိုပင် လူရင်း ပြုလုပ် တိုင်ပင်ရလေ၏ ။ ညွန့်တင် မှာ ကား ရင်ရွှေ အား ရတော့မည် မလွဲ ဟု ပျော်ပွဲ ဆင်ဖို့ရာ အချိန်တွေ ကို သာ မျှော်မှန်း၍ နေလေ၏ ။ မိုးညှင်းမြို့ တစ်မြို့လုံး ၌ လည်း ညွန့်တင် နှင့် ရင်ရွှေ မကြာမီ တောင်းရမ်းလက်ထပ်တော့မည် ဟူသော သတင်းများ ပျံ့နှံ့၍ နေလေ၏ ။


တစ်နေ့သ၌ ကား ညွန့်တင် သည် ဈေး မြောက်ဘက် တရုတ်ခေါက်ဆွဲဆိုင် ၌ ဦးရည်တစ်ပုလင်း နှင့် ခေါက်ဆွဲများ မှာယူ စားသောက်ကာ နေလေ၏ ။ ထိုအတွင်း အရပ်ထောင်ထောင်မောင်းမောင်း လူ တစ်ယောက် ဝင် လာသဖြင့် …


“ ဪ ….. ကိုစိုးရ ပါ လား ။ လာလေ လုပ်ပါဦး ” ဟု ဦးရည် တစ်ခွက် ကို ပေးလေ၏ ။ စိုးရ ဆိုသူ လည်း ဦးရည် တစ်ခွက် ကို သောက်ချရင်း ညွန့်တင် ၏ နား နား သို့ ကပ်၍ တစ်စုံတစ်ရာ ကို ပြော လိုက်ရာ ညွန့်တင် မှာ မျက်လုံး ပြူးလျက် 


“ အဟုတ်လား ကိုစိုးရ ရဲ့ ”.


“ အဟုတ်ပါ ကိုညွန့်တင် ၊ ဒီကနေ့ သန်းခေါင်ကျော် နံနက် ( ၄ ) နာရီ အထွက် ပဲ ။ ထွေးမောင် က စောင့်နေပြီး ရင်ရွှေ နောက်ဘေး က လှည့်လာတော့ ဘီလူးမြို့ ပြေး ကြမှာပဲ ”


“ ကိုင်း … ကျေးဇူးတင်တယ် ကိုစိုးရ ” 


ဟု ခေါက်ဆွဲ ကုန်အောင် မစားနိုင်ဘဲ ညွန့်တင် ပြန်၍ သွားလေ၏ ။


၎င်း ၏ အကြံ မှာ ထွေးမောင် အစား ဟန်ဆောင်လျက် ရင်ရွှေကို ခိုးယူ ပြေးရန် ဖြစ်လေ၏ ။


ပြာသိုလဆန်း ( ၁ဝ ) ရက် လကလေး ကား သန်းခေါင်ကျော်လျှင် မိုးညှင်းမြို့ အနောက်ဘက် ခပ်လှမ်းလှမ်း ရှိ တောင်များ အပေါ် မှ ပျောက်ကွယ် သွားလေ၏ ။ တစ်နာရီကျော်ကျော် ကြာ လျှင် နန်းခမ်းရပ် အိမ်ကြီး တစ်ဆောင် ဘေး ၌ လူတစ်ယောက် သည် တစ်စုံ တစ်ဦး ကို စောင့်စား၍ နေလေ၏ ။ ထိုသူ ကား ညွန့်တင် ပင် ဖြစ်လေ၏ ။ မကြာမီ ထို အိမ်ကြီး နောက်ဖေး မှ တဘက် ခြုံထားသော လူတစ်ယောက် သည် ပေါင်ဒါ နှင့် ရေမွှေးနံ့ တို့ ဖြင့် ကြိုင်စေလျက် ထွက်ပေါ် လာလေ၏ ။ နှင်းခဲ တို့သ ည် ထိုသူ နှစ်ဦး အား ဖုံးကွယ် ထားသည် တစ်ကြောင်း ။ ညွန့်တင် မှာ ထွေးမောင် ဟန်ဆောင် ထားသည် တစ်ကြောင်းများ ကြောင့် လက်ပြခြေပြ ဖြင့် ဈေး ဆီ သို့ တဘက် ခြုံ ထားသူ က ရှေ့ မှ ညွန့်တင် က နောက် မှ လာ ကြလေ၏ ။ ဈေး မှ ဘူတာ သို့ ရောက်သော အခါ မိုးကောင်း သွား ရန် အသင့် ထိုးထားသော လိုကယ်ရထား ကို ကျော်လွန်ပြီး ဘီးလူးမြို့ သွား သော လမ်းအတိုင်း သွား ကြလေ၏ ။ တစ်နာရီ ခန့် သွားမိသော အခါ ( ၅ ) နာရီ ထိုး ၍ ခရီး နှစ်မိုင်ခန့် ရောက်ရှိ ကြလေ၏ ။ ရင်ရွှေ သည် ကား ခြေလှမ်း သွက်သည် ထက် သွက်ကာ နောက်ဆုံး၌ အတင်း ပြေးရာ ညွန့်တင် လည်း အတင်း ပြေး၍ လိုက်လေ၏ ။ ဝါး တစ်ရိုက်ခန့်အကွာ ၌ ရင်ရွှေ မှာ လုံချည် ကိုမ၍ ပြေးရာ ဘောင်းဘီတိုကလေး ကို မြင် ရလေ၏ ။ ထိုအခါမှ ညွန့်တင် မှာ အလိမ် မိပြီ ဟု ဒေါသ ဖြစ်လျက် အတင်း လိုက်သော်လည်း နှင်း ထူသောကြောင့် မျက်ခြေပြတ် ၍ သွားလေ၏ ။


မိုးညှင်းဘူတာ ၌ ဂျမဒါကုလား သံချောင်း ရိုက်ပြီး ( ၁၅ ) မိနစ်ခန့် ကြာသော အခါ ရထားထွက်စ ပြုစဉ် လူ တစ်ယောက် သည် ဒုတိယတွဲ ပေါ် သို့ အပြေး တက် ၍ ဝင် ခဲ့လေ၏ ။ တွဲ ထဲ ၌ ကား နှင်းမေ စိုးရ က တစ်စုံတွဲ ၊ ရင်ရွှေ က တစ်ယောက် တည်း ထိုင် လျက် နေသည်ကို တွေ့ ရလေရာ နှင်းမေ က “ ကိုင်း ... မောတုန်းပဲလား ကိုထွေးမောင် ၊ ကိုယ့် နေရာ ကြည့် ထိုင်လေ ” ဟု ဆိုသဖြင့် ရင်ရွှေ ၏ အနားသို့ ကပ်၍ ထိုင်လေ၏ ။ “ အို ... သိပ် မကပ်ပါနဲ့ ၊ နှင်းတွေ ရွှဲ လို့ ” ဟု ရင်ရွှေ က ထွေးမောင် ကို တွန်း လိုက်သောညအခါ နှင်းမေ နှင့် စိုးရ တို့ က ရယ်ကြလေ၏ ။


“ ထွေးမောင်ကြီး အရပ် နည်းနည်း ပုတာ ဒီနေရာ ဟန်ကျတာပဲ ။ ငါ့ ယုတ္တိယုတ္တာ နဲ့ ည ကပြော လိုက်ရတာ ” ဟု စိုးရ က ပြောရာ “ ရှင့် ... ဉာဏ်ချည်းပဲ  ... မဟုတ်ပါဘူး ။ မနှင်းမေ ရဲ့ ဉာဏ်တွေ အများကြီးပါတာပါ ” ဟု ရင်ရွှေ က ထောက်ခံ လေ၏ ။ ထွေးမောင် မှာ အမော ပြေ လာသဖြင့် “ ခွေးမသား ။ ကျုပ် ဖိအစ်သတ်ခဲ့ဦးမလို့ ။ ဟောဒီ မမီ မှာ စိုးတာနဲ့ ပြေးခဲ့ရတယ် ။ ဒါထက် ကာမိုင်း ကြေးနန်း ရိုက်လိုက်ပလား ။ နမ္မား ကျ ရင် ပုန်းကြဦးနော် ” ဟု ရယ်မောပြောဆိုရင်း ပါ သွားကြလေသတည်း ။


◾မဟာဆွေ


📖 ကြီးပွားရေးမဂ္ဂဇင်း  

      ၁၉၃၄ - ခု ၊ ဖေဖော်ဝါရီလ ။


#ကိုအောင်နိုင်ဦး


.

Saturday, December 3, 2022

ရွှေဘဝင် ပူမဖြောင့်နိုင်လို့


 ❝ ရွှေဘဝင် ပူမဖြောင့်နိုင်လို့ ❞


“ မလတ် ရေ … မလတ် … ”


အလုပ်မှ ပြန်လာသော ဖေဖေ့ ခေါ်သံ ကြားသဖြင့် ကျွန်မ သည် အိမ်ရှေ့ဆီ သို့ ပြေး ထွက် လာမိသည် ။ ဖေဖေ့ ကို တံခါးသော့ ဖွင့်ပေးပြီး ဖေဖေ့ လက်တွင်း ၌ ပါလာသော သတင်းစာ နှင့် ဖိုင်တွဲများ ကို လှမ်း ယူ လိုက်ရ၏ ။


“ မလတ် ကျောင်း သွားပြီ ဖေဖေ … ”


သတင်းစာ ကို ဖြန့် ရင်း အမှတ်မဲ့ ပြော လိုက်သော ကျွန်မ စကား ကြောင့် ဖေဖေ သည် မျက်ကြောများ တွန့် ပစ် လိုက်သည် ။


“ ဟဲ့ … ကလေးမတို့ ကျောင်း မတက်ရဘူး ထင်တယ် ”


“ ရှင် … ဖေဖေ ”


သတင်းစာ လှန်နေသော လက်ကို ပြန် မရုပ်နိုင် အားလောက်အောင် ကျွန်မ တွင် အံ့အား သင့်သွားမိသည် ။ မလတ် သည် တက္ကသိုလ်ဝင်စာမေးပွဲ တွင် နှစ်ခါ ကျပြီး သဖြင့် အလုပ် လုပ် ရင်း ညကျောင်း တက် နေ သော ညကျောင်းသူလေး ဖြစ်သည် ။ သူ့ ကျောင်း ချိန် က ၆ နာရီခွဲ မှ ၉ နာရီခွဲ ဖြစ်သည် ။


“ မီး ပျက်ပြန်ပြီ ထင်တယ် ဖေဖေ ”


ကျွန်မ သည် ဖေဖေ့ ကို အကဲခတ် လျက် မလတ် အပေါ် သံသယ ကင်းစေရန် ခပ်ညည်းညည်း ပြော လိုက်မိ၏ ။


“ ရုံးခန်းတော့ မီး လင်းနေသားပဲ သမီး ရဲ့ ၊ ကျန်တဲ့ အခန်းတွေ မှောင် နေတယ် ”


ဖေဖေ့ စကား ကို ကြား လိုက်ရသော အခါ ကျွန်မ ရင်တွင်း ၌ စိုးရိမ်ပူပန်စိတ် တို့ တရှိန်ရှိန် တက် လာလေသည် ။ စိုးရိမ်စိတ် ဆိုရာ၌ လည်း သံသယစိတ် နှင့် ရောပြွမ်းသော စိုးရိမ်စိတ် တို့ သာလျှင် ဖြစ်၏ ။


“ ကဲ … သမီးရေ ထမင်းခူး ၊ ဖေဖေ ထမင်း စားပြီးတော့ ကျောင်း လိုက် ကြိုလိုက်မယ် ၊ ဖေဖေ က လည်း ဒီနေ့ အတော် နောက်ကျ သွားတယ်ကွယ် ”


ဖေဖေ သည် ပြောပြောဆိုဆို ရေချိုးရန် ပြင်ဆင်နေသည် ။ မိန်းမသား တစ်ဦး ကဲ့ သို့ သမီး အတွက် ထွေလီမာလီ စဉ်းစားသည်လား ၊ မစဉ်းစားသည်လား ။ ဖေဖေ့ အတွင်းစိတ် ကို ကျွန်မ အကဲ မခတ်နိုင်သော် လည်း သမီးလတ် အတွက် ဖေဖေ့ ရင် တွင် သောက တစ်ခု တော့ ငြိတွယ် နေကြောင်း ခန့်မှန်းမိသည် ။


မလတ် သည် အစစအရာရာ တွင် ရိုးသားပွင့်လင်းသူ ဖြစ်သဖြင့် အချစ်ရေး နှင့် ပတ်သက်၍တော့ ရှုပ်ထွေးလေမည် ဟု ကျွန်မ မထင်ပေ ။ စားစား သွားသွား နေနေ အစစ ဟန် အမူအရာတွေ များစွာ မလုပ်ဆောင်တတ်သော မလတ် ၏ ပွင့်လင်း ဖွာ လောင်သော အကျင့် ကို ကျွန်မ သိ ထားသဖြင့် ဤ ကိစ္စမျိုး ၌ ကျွန်မ မစွပ်စွဲချင် ။


သို့ရာတွင် မလတ် တို့ လို ငယ်ရွယ်သူ မိန်းကလေး ယောက်ျားလေး တို့ ၏ စိတ်သည် တိမ်းညွတ် လွယ်သော သဘာဝ ရှိသည်ကို ကျွန်မ ငြင်းဆန်ဖို့ မရဲလှပေ ။ အချစ် နှင့် စပ်လျဉ်းပြီး အဘယ်သူသည် လျှို့ဝှက်ချက် နှင့် ကင်းနိုင်ပါအံ့နည်း ။ အိမ် နှင့် အခြား လုပ်ဆောင်မှု တို့တွင် ရိုးသားသော မလတ် သည် နှလုံးသား ပြဿနာ တွင် အလုံးစုံ ပွင့်လင်း နိုင် ကောင်းပါမည်လား ။ ဤသည် ကို တွေးမိသော အခါ ကျွန်မ စိတ် ၌ ရတက်မအေးနိုင် ရှိ ရပြန်သည် ။


အကယ်၍သာ မလတ် သည် ကျောင်း မတက်ရဘဲ လူငယ်တို့ ဘာဝ ချစ်သူ နှင့် ချိန်းဆို တွေ့ဆုံ နေမည် ဆိုငြားအံ့ ၊ ကျွန်မ သည် ရှေ့သို့ပင် ဆက်၍ မတွေးရဲတော့ပေ ။ ထိုသို့ တွေးမိပြန်သောအခါ ဖေဖေ လိုက်သွားမည် ဆိုသည် ကို ကျွန်မ မလိုလားချင်ပြန်တော့ ။ ကျွန်မ ထင်သလို မရိုးသားသော အမူအကျင့်များ နှင့် မလတ် ကို တွေ့လိုက်ရလျှင်မူ ဖေဖေ ၏ ဒေါသ ကို ကျွန်မ သိပြီး ဖြစ်ပါသည် ။


အတွေးရ ကျပ်လွန်းသော ကျွန်မ မှာ အိပ်ခန်း တံခါးရွက် တို့ကို တွန်း၍ ဖွင့်ကာ အသက်ဝဝ ရှူ လိုက်မိသည် ။ ဆောင်းလေတို့ သည် ကျွန်မ အား ထိတွေ့ ပက်လောင်း သွားသဖြင့် စိမ့်ခနဲ ခံစား လိုက်ရသည် ။ မေမေ သည် ဘုရားခန်း တွင် သောကကင်းငြိမ်းသော အသွင် နှင့် ကြည်လင်သော အသံ ကို ပြု၍ ဘုရား ဝတ်တက်နေသည် ။


“ မဖြစ်နိုင်ဘူး … မဟုတ်နိုင်ဘူး ”


ကျွန်မ စိတ် ထဲ တွင် ချောက်ချား နေသမျှသော သံသယ အတွေး တို့ ကို တွန်းဖယ် ထုတ်နှင် ပစ်နေမိ၏ ။ သို့သော်လည်း ‘ စစ်မရောက်ခင် မြားကုန် ’ ဆိုသလို ကျွန်မ အတွေး တို့သည် လှည့်စား၍ အားမရနိုင်ပေ ။ နောက်ဆုံး ‘ မလတ် တစ်ယောက် ချစ်သူများ တွေ့နေပြီလား ’ ဟူသော ထင်ကြေးမျိုး နှင့် သာ အဆုံးသတ်နေမိသည် ။ ထိုသို့ အဆုံးသတ်ရတိုင်းလည်း မနေ့က မလတ် ၏ အမူအရာ နှင့် စကားလုံး တို့ ကို ပြန်လည် မြင်ယောင်နေပြန်သည် ။


“ မမကြီးရေ … မလတ် တော့ ပျော်လိုက် ၊ ဝမ်းသာ လိုက်တာကွယ် ၊ မလတ် လေ မမကြီး ကို အထူးပြစရာ တစ်ခု ရှိတယ် ၊ အိပ်ခန်းထဲ ကို လိုက်ခဲ့စမ်းပါ မမကြီး ရာ ”


မလတ် သည် ကျွန်မ အား ဆွဲခေါ်လာသဖြင့် မီးဖိုဆောင် တွင် ဒေါ်လေး နှင့် ကူညီ ချက်ပြုတ်နေသော ကျွန်မ မှာ အိပ်ခန်း ဆီ သို့ ပါလာခဲ့ရ၏ ။


“ မမကြီး … ခဏလေး မျက်စိ မှိတ်ထားဦးနော်  … မလတ် က ဖွင့် မမကြီး ရေ … ဆိုမှ ဖွင့်လိုက် သိလား ”


သူ့ စကား အရ ခုတင် ပေါ် တွင် ထိုင်နေသော ကျွန်မ မှာ မျက်စိ ကို အားယူ မှိတ်ထား မိလေသည် ။


“ ဖွင့်တော့ မမကြီး ရေ … ”


မလတ် ၏ အမိန့်သံကြောင့် ကျွန်မ မျက်လုံး ဖွင့်လိုက်ရသည် ။ ထိုအခါ လှပသော ရင်ထိုးကလေး ကို တအံ့တဩ တွေ့ လိုက်ရ၏ ။


“ ဟယ် … လှလိုက်တာ မလတ် ရယ် ၊ ဘယ်က ရလာတာလဲဟင် ”


မလတ် သည် ပြုံးနေရာ မှ ကတ်ပြားလေး တစ်ခု ကို ကျွန်မ လက်ထဲ သို့ ထည့် လိုက်သည် ။ ကတ်ပြားလေး ကို ကြည့် လိုက်သောအခါ


သို့ …

ခင်ခင်လတ် အား ဂုဏ်ပြုလက်ဆောင်

       မှ …

            ဂျော်နီဘသက်


ကျွန်မ သည် ကတ်ပြားလေး ကို ပြန်ပေးရင်း မလတ် အား စူးစိုက် ကြည့်နေမိသည် ။ ကျွန်မ နှုတ်မှ စကား တစ်လုံး မျှ ထွက် မသွားမိပေ ။


“ အဲဒါ မလတ် အစမ်းစာမေးပွဲ မှာ ပထမ ရလို့ ဂျော်နီ က ဂုဏ်ပြုတာလေ ”


မလတ် ၏ ဂုဏ်ယူ ပြောကြား နေသော လေသံ သည် အိပ်ခန်း တွင်း ဝယ် ဟိန်း၍ နေသည် ထင်မိ၏ ။ ညီမ တစ်ယောက် ၏ ပညာရေး သည် ဂုဏ်ပြုလောက်အောင် အထိ မြင့်မားလာပြီ ဆိုသည် ကို အစ်မ တစ်ယောက် အနေနှင့် ဝမ်းသာလှပါ၏ ။ သို့သော် ဂုဏ်ပြုလိုက်သော လက်ဆောင်ရှင် သည် မလတ် ၏ ပညာရေး ကို အားပေးခြင်း သက်သက်မျှ ဟုတ်ပါလေစ ။


“ ကဲ … မလတ် မမကြီး က ဝမ်းသာအယ်လဲ နဲ့ ထပ်ဆင့် ဂုဏ်ပြုပါတယ်ကွယ် ၊ သွား ရေချိုးတော့ ၊ မမကြီး ထမင်း ပြင်တော့မယ် ”


ကျွန်မ ထမင်း ခူးနေစဉ် အတွင်း ရေချိုးခန်းဆီမှ မလတ် ၏ တေးသံ အေးအေး ကို ကြား နေရသည် ။ ညီမ တစ်ယောက် ထိုသို့ မြူးကြွပျော်ရွှင်နေခြင်း ကို မြင်ရပြန်တော့လည်း ကျွန်မ ရင်တွင် ကြည်နူးရပြန်၏ ။ သူကလေး သည် အမိ အဖ နှင့် တကွ အိမ်ထောင်စု အတွက် တစ်ဖက်တစ်လမ်း မှ ကူညီ ဖြည့်စွမ်းပေးနေရသော အလုပ်သမား လခစားလေး ဘဝပင် မဟုတ်ပါလော ။ သူ့ အသက်အရွယ် တွင် ပညာသင်ရင်း တစ်ဖက် က ငွေဝင်အောင် လုပ်ကိုင် နေရခြင်း အတွက် လည်း ညီမငယ် အား ကျွန်မ ကြင်နာနေမိသည် ။


“ မမကြီး ဆီ ကို ဂျော်နီ လာလည်ဦးမယ် ပြောတယ် ”


သွားပွတ်တံ နှင့် သနပ်ခါး ညှိနေရာမှ ကျွန်မ အား လှည့် မကြည့်ဘဲ မလတ် က ပြောနေသည် ။ ကျွန်မ သည် ထမင်း စား ရန် သူ့ အား စောင့်ခေါ်ရင်း သူ့ အင်္ကျီ ကို ကြယ်သီး တပ် ပေးနေ၏ ။


“ အေးပေါ့ … မမကြီး က လည်း တွေ့ချင်ပါတယ်လို့ ပြော လိုက်ပါကွယ် ”


ပြောပင် ပြောရသော်လည်း မြန်မာ မ က ဗိုလ် မကျ နှင့် ခွတတ ထို လူငယ် ကို ကျွန်မ မျက်စိ ရှုပ်မိသည် ။ ဘောင်းဘီ ဝတ် ပြန်လျှင်လည်း ကျပ်တည့်ကျပ်တည်းနှင့် အင်္ကျီရင်ဘတ် ဟောင်းလောင်း ထားကာ ဆံပင်ရှုပ်ရှုပ်ထွေးထွေး မို့မောက်မောက် ကို ကျွန်မ မနှစ်သက်ပေ ။ ပုဆိုး ဝတ် လျှင်လည်း ရုတ်တရက်ပင် ကျွတ်ကျတော့မည်လားဟု ကျွန်မ ပင်လျှင် ဘေးက ကြည့်၍ ရင်တမမ ဖြစ် နေရသည် ။ သူတို့လေးများ ဝတ်ပုံစားပုံ ကို ကျွန်မ တွေ့တိုင်း ဖေဖေ တို့ ဝတ်စားပုံ နှင့် ယှဉ် ကြည့်နေမိ၏ ။


မည်သို့ဆိုစေ ၊ ကျွန်မ အနေနှင့် ညီမ ၏ မိတ်ဆွေ အပေါင်းအသင်း တစ်ယောက် အား အနီးကပ်ဆုံး လေ့လာသင့်သည် ကို တော့ သတိ ပြုမိသည် ။


“ မမကြီး ဦးလေး က မလတ် သွားကြိုတော့မယ်တဲ့ ”


ဝမ်းကွဲတူမလေး လာ ပြောသဖြင့် ကျွန်မ သည် အတွေးမျှင် ပြတ်သွားတော့၏ ။ ကျွန်မ အပြင် သို့ ထွက် လာသောအခါ ဖေဖေ တံခါးဝ သို့ ရောက်နေလေပြီ ။


“ ဖေဖေ သမီး လည်း အပျင်းပြေ လိုက်ဦးမယ် ”


သားသမီး အလို လိုက် တတ်သော ဖေဖေ သည် ကျွန်မ အား ကလေးငယ် တစ်ယောက် လို ရှေ့ မှ သွားစေ၍ အိမ် မှ ထွက် လာခဲ့ကြသည် ။ မလတ် ကို စိတ် မချ၍ ကျွန်မ လိုက်လာမိခြင်း ကို ဖေဖေ အား မရိပ်မိစေချင် ။


မလတ် သည် မိဘ စိတ် မချရသော မိန်းကလေး တစ်ယောက် အဖြစ် ဖေဖေ မြင်မိမည် ကို ကျွန်မ စိုးရိမ်မိသည် ။ သည်ကဲ့သို့များ ဖြစ်ပါမူ ဖခင် တစ်ယောက် အနေနှင့် မည်မျှ စိတ် ညှိုးငယ်မည်နည်း ။ ဖေဖေ မေမေ တို့ သည် သမီး မိန်းကလေးများချည်း မွေး ထားရသော မိဘများပီပီ အလိုလို တွေးတော ပူပန်ကြရသော မိဘများ ဖြစ်နေသည့် အထဲ မှ သမီးများ မိုက် လျှင် မည်သို့ ရှိခြိမ့် မည်နည်း ။


ကျွန်မသည် ကျောင်းသို့ သွားရာ ကားလမ်းတစ်လျှောက် တွင် ကျွန်မ အတွေး တို့ သည် ကပ်ငြိတွယ်မှီး၍ လိုက် နေပြန်သည် ။ “ မလတ် တစ်ယောက် ဂျော်နီ နဲ့ မဟုတ်ပါစေနဲ့ ” ဟူသော ဆုတောင်းခြင်းမျိုး သည် ကျွန်မ နှလုံးသားတွင် ပဲ့တင်ထပ် နေသည် ။ ဂျော်နီ့ အကြောင်း ကို မတွေးဘဲ မနေနိုင်အောင် ရှိနေ၏ ။ ဂျော်နီ့ လို သူငယ်ချင်းမျိုး ကို မလတ် အနေနှင့် ဘဝခရီးဖော် အဖြစ် မရွေးချယ် မိစေရန် ကျွန်မ အတန်တန် ဆုတောင်းရသည် ။


ဂျော်နီ သည် မလတ် နှင့် တစ်ရုံးတည်း လုပ်၍ တစ်ကျောင်း တည်း တစ်တန်း တည်း တက် နေကြောင်း သိရ၍လည်း ပိုမို စိုးရိမ်မိခြင်း ဖြစ်သည် ။ ဂျော်နီ့ ကို မြင်ဖူးစ က ပင် ကျွန်မ သဘော မကျပေ ။ မလတ် က ကျွန်မ နှင့် ဂျော်နီ ကို မိတ်ဆက်ပေးစဉ်က ဂျော်နီ သည် နေရာမှ ထ၍ သူ့ လက် ကို ဆန့်တန်း လာသည် ။ ထိုစဉ်က ကျွန်မ မသိဟန် ပြု၍ ကော်ဖီ ဖျော်ဦးမည် ဟု စကားဖာ ၍ နေရာမှ ထခဲ့မိ၏ ။


ကျွန်မ ကော်ဖီ ဖျော်နေစဉ်ပင် ဂျော်နီ ၏ ကျယ်လောင်သော စကားသံ ကို နားစွင့် ကြည့် မိသည် ။


“ ဟေ့ … ခင်ခင်လတ် ယူတို့ စာအုပ်စင် က လည်းကွာ အလကားပဲ ၊ အင်္ဂလိပ်ဂျာနယ်လေး ဘာလေးများ ထားဖို့တော့ ကိုယ် အကြံ ပေးချင်တယ်ကွာ ၊ ယူကလည်း ခေတ်ပညာ တတ်ပြီး တယ် ညံ့တာကိုး ”


သူ့ စကား ကို ကြား နေရသော ကျွန်မ သည် မြန်မာပြည် တွင် မွေးသော ဗမာ တစ်ယောက် ပီပီ ဗမာဟန် မပြဘဲ ဗမာ ကို အထင်သေးသော တိုင်းပြည် ၏ ကျေးဇူးကန်း သူငယ် တစ်ယောက် နှင့် မလတ် ကို အပေါင်းအသင်း မလုပ်စေချင် ။ သို့သော် ကလျာဏမိတ္တ ဆိုသော စကားအရ မလတ် ကို ခွင့်လွှတ် လိုက်ရသည် ။ ကျွန်မ ကား ဤမျှသာ ခွင့်လွှတ်နိုင်မည် ဖြစ်၏ ။ တကယ်တမ်း ဤလို သူငယ်မျိုး နှင့် ဘဝခရီးဖော် အထိ လက်တွဲ သွားဖို့ က တော့ ဖြင့် ညီမငယ် အား မရှုစိမ့် နိုင်ပါချေ ။


နှင်းပွင့်လွှာပါးပါး ကို ခြံလွှမ်းထားသော သစ်ပင်ပျိုများ အလယ်တွင် မလတ် တို့ ၏ ကျောင်းကြီး မှာ ထည်ဝါခံညားစွာ ရပ်တည် နေသည် ။ ဆောင်းလေ သည် ညင်သာသာ တိုက်ခတ် တိုးဝှေ့နေ သဖြင့် ကျွန်မ ကိုယ် တွင် စိမ့်စိမ့်မြမြ ခံစားနေရ၏ ။ လရောင် သည် နှင်းမှုန်ဒဏ် ကြောင့် မှုန်ဝါးဝါးသာ တောက်ပပေးစွမ်း နိုင်လေသည် ။ ကျောင်းကြီး ကား မှောင် အတိသာ ။


မိသားစုပေါင်း များစွာ တို့ ကို သိမ်းဆည်း ထိန်းအုပ် ပေးနေရသော ဤ ကျောင်းကြီး ၏ အသွင် မှာ အေးတိအေးစက် ငြိမ်သက်စွာ ရပ်တည် နေနိုင်ပါလျက် မလတ် လို ညီမငယ် တစ်ယောက် ကို အုပ်ထိန်း နေရသော ကျွန်မ လို အစ်မ တစ်ယောက် အနေနှင့် ကား ဣန္ဒြေ မဆောင်နိုင် လောက်အောင်ပင် စိတ် လှုပ်ရှား နေမိသည် ။


“ ဘာကိစ္စများ ရှိလို့ပါလဲ ခင်ဗျာ ”


ရုတ်တရက် မေးခွန်းကြောင့် ကျွန်မတို့ သားအဖ မှာ အံ့အား သင့် သွားမိသည် ။ ကျောင်းအဝင် အမှောင်ရိပ်မှ လူရွယ် နှစ်ယောက် သည် ကျွန်မ တို့ အနီးတွင် ရပ်လာ၏ ။


“ ကျောင်း ပိတ်ထားပါသလား ခင်ဗျာ ”


ဖေဖေ့ အမေး ကြောင့် လူရွယ် နှစ်ယောက် မှာ သဘော ပေါက်သွားဟန် တူပေသည် ။


“ ဪ … ကျောင်း လာကြိုတာ ထင်ပါရဲ့ ၊ ကျောင်း မပိတ်ပါဘူး ခင်ဗျာ ၊ ဆရာဖြစ်သင် ကျောင်းဆောင် မှာ ပြောင်း သင်ပါတယ် ၊ ဒီကျောင်းဆောင် က ကိုးတန်း စာမေးပွဲ အတွက် ခုံတွေ နေရာ ချနေလို့ပါ ၊ ဒါကြောင့် ဟိုမှာ ပြောင်း သင်ပါတယ် ၊ ဒီ လမ်းကြားလေး ထဲက ဝင် သွားပါ ခင်ဗျာ ၊ တွေ့ပါလိမ့်မယ် ”


ကျောင်းသား နှင့် တူသော လူရွယ် ၏ အဖြေ ကို ကြားရမှပင် ကျွန်မ မှာ “ ဟင်း ” ချ နိုင်တော့သည် ။ လမ်းကြားလေး အတိုင်း လျှောက် သွားသောအခါ ကျောင်းဆောင် ကို တွေ့ရပါ၏ ။ ကျောင်းဘေး ပတ်လည် တွင် စကားပင်လေးများ နှင့် မှောင်ရိပ်တို့ ပြောက်တိပြောက်ကျား ရှိ နေကြသည် ။ စကားပွင့် မှ သင်းပျံ့သော ရနံ့ တို့ သည် ကျွန်မ ၏ ဦးနှောက်အား ကို ဖြည့်စွမ်းပေးသည် ထင်ရ၏ ။ ကျောင်းဆောင်များ မှ မီးရောင် ကြောင့် လရောင် သည် ပို၍ ပျော့ သွားသလို ထင်မိသည် ။


ကျွန်မ သည် စာသင်ခန်းတိုင်း လိုက်၍ ကြည့်သွားမိသော်လည်း မလတ် ၏ အရိပ်အယောင် ကို မတွေ့ရသေးပေ ။ သို့ဖြစ်၍ ကျွန်မ စိတ်၌ ထင့်ခနဲ ဖြစ် သွားမိပြန်သည် ။ “ အပေါ် က စာသင်ခန်းတွေ မှာ ထင်ပါရဲ့ ” ဟု စိတ် ကို ပြန်တင်းကာ စောဒက တက် ထားလိုက်ရ၏ ။ သို့သော် တစ်စုံ တစ်ယောက် မျှ တက်ရောက်ကြခြင်း မပြုဘဲ ကျွန်မတို့ သာ ထူးချွန်စွာ တက်ရောက် သွားလျှင် ကျောင်းစည်းကမ်းကိုများ ချိုးဖောက်ရာ ကျလေမည်လား ။ ကျွန်မတို့ လာချိန်သည် စာသင်၍ မပြီးသေးသော အချိန် မို့ လည်း အနှောင့်အယှက် မပြုထိုက် ။ အောက်ထပ် တွင် တော့ လူများ တစ်ယောက်စ နှစ်ယောက်စ သွားလာ နေကြသည် ။


ဖေဖေ သည် ထိုင်ခုံ တစ်ခု ပေါ်တွင် ဝင်၍ ထိုင်ကာ အပန်း ဖြေနေသည် ။ ဖေဖေ ထိုင် မှ ပင် ဖေဖေ့ လောက် ပင် ရှိသော လူကြီး တစ်ယောက် ဝင်ရောက် ထိုင် လိုက်သည် ။ ကျွန်မ သည် ဖေဖေ့ ကို ပြော၍ မလှမ်းမကမ်း ရှိ စကားပင် ရှိရာ သို့ စကားပွင့် ကောက်ရန် ထွက် လာမိ၏ ။


“ အို … ဘုရား … ဘုရား ”


ကျွန်မ မျက်လုံးများ ပြာဝေ၍ သွားတော့သည် ။ နှုတ် မှ လည်း မလတ် မဟုတ်ပါစေနှင့် ဟု တဖွဖွ ဆုတောင်း နေမိသည် ။ ဘောင်းဘီရှည်ဝတ် လုလင်ပျို နှင့် အတူ စကားပင် အောက်တွင် ကျစ်ဆံနှစ်ဖက်ချ လုံမပျိုတို့ စကား ပြော နေကြသည် ။ ကျွန်မ သူတို့ နောက်သို့ ရောက် နေခြင်းကို သတိ ပြုမိဟန် မတူပေ ။ ကျစ်ဆံ နှစ်သွယ် သည် လှုပ်ယမ်းနေသည် ကို တွေ့ရသဖြင့် ကျွန်မ ကား အမှတ်မထင် မေမေ့ စကား တစ်ခုကို ပြေး၍ သတိရ လိုက်မိသည် ။


“ မခင်လတ် ရယ် ၊ ဒီ ကျစ်ဆံမြီးကြီး နှစ်ဖက် ကို ချချ မထားစမ်းပါနဲ့ ၊ ကား စီးတဲ့ အခါလည်း သူများ ကို အနှောင့်အယှက် ဖြစ်သေး ၊ ကိုယ့် အင်္ကျီ ဖြူဖြူစင်စင်လေး လည်း ကျောတစ်ဝိုက်လုံး ဆီချေး တက် သေးတယ် ၊ ညည်း ကျစ်ဆံ က လည်း တိုတို မဟုတ်ဘူး ၊ တော်ကြာ အလုပ်သွား ဘယ်သွား နဲ့ မတော်တဆ ကား ပေါ် အတက် အဆင်း တွေ မှာ တစ်စုံတစ်ခု နဲ့ ငြိပြီး အန္တရာယ် ဖြစ်ပါ့မယ် ”


မေမေ့ စကား ကို ကြားယောင်လာစဉ်၌ ကျွန်မ သည် ဘာ လုပ်ရမည် ကို ဝေခွဲ မရနိုင်တော့ပေ ။ ငါ ဘာ လုပ်ရမလဲ ဟု အထပ်ထပ် တွေးလျက် ရင်ခုန် လာမိသည် ။ လုံမပျို ကို ကျွန်မ သေချာစွာ စူးစိုက် ကြည့်လိုက်မိ၏ ။ ကြည့်လေ ကျွန်မ စိတ်တို့ ဂနာမငြိမ်လေ ဖြစ်လာ၏ ။ မျက်စိ ထဲတွင် ‘ မိလတ် မှ မိလတ် ’ ။ ကျွန်မ ကြာကြာ မကြည့်နိုင်တော့ပေ ။ တစ်ကိုယ်လုံး မှာ ဒေါသကြောင့် တဆတ်ဆတ် တုန်လှုပ်လာသည် ။ ကျွန်မ သည် ရုတ်တရက် စကားပင်ရင်း သို့ ပြေးသွားကာ မိလတ် ကို တအား ဆွဲ လှည့် လိုက်ပါတော့သည် ။


“ အမယ်လေး ” ဟူသော အသံရှင် သည် ကျွန်မ နှင့် မျက်နှာချင်း ဆိုင်မိလျက်သား ဖြစ်နေတော့သည် ။


“ ဟင် … ဟင် … ”


ကျွန်မ သည် ပြစ်မှု တစ်ခု ကို ကျူးလွန်မိသူ ဖြစ်၍ လက်နှစ်ဖက် ကို ကာ ပြီးလျှင် နောက်သို့ ခြေလှမ်းများ ဆုတ် နေမိသည် ။


“ မှားလို့ပါနော် … လူ မှားလို့ပါ ခွင့်လွှတ်ပါကွယ် ”


ကျွန်မ သည် ရှေ့ ဘာလုပ်ရမည် မသိတော့သဖြင့် နှုတ် မှ တတွတ်တွတ် တောင်းပန်၍ သာ နေမိ၏ ။ ကျွန်မ ဆောင့် ဆွဲ လိုက်သူ မှာ မလတ် မဟုတ်ဘဲ အခြား မိန်းကလေး တစ်ဦး ဖြစ်နေပေသည် ။


“ ရှင် … ဘယ်လို မိန်းမစားလဲ ရှင့် ၊ သူများ ကို သက်သက် အနှောင့်အယှက် ပေးတာပဲ ၊ ရှင့် မျက်စိ က ဘာမျက်စိလဲ ၊ လာ ကို သွားစို့ ”


မိန်းကလေး သည် ကျွန်မ အား ရင့်သီးစွာ ပြောဆို၍ သူ့ အမျိုးသား ကို ဆွဲခေါ် သွားလေသည် ။ တော်ပါပေသည် ။ ကျွန်မ အား ပါးနား ချ လိုက်မည် ဆိုက ညီမ စိတ်မွှန်၍ မိန်းကလေး မြင်တိုင်း ကိုယ့် ညီမ ရုပ်ကို သာ မြင် နေသော ကျွန်မ အဖို့ အရိုက်ခံရုံ အပြင် မရှိတော့ပေ ။ မယောင်မလည် ပြန် လှည့် ခဲ့ရသော ကျွန်မ သည် ဝမ်းသာ ဝမ်းနည်းကြီး ဖြစ် နေတော့သည် ။


“ သမီးရေ … မလတ်တို့ ကျောင်း ဆင်းပြီ ဟေ့ ”


ဖေဖေ့ အသံ ကြားမှ စိတ် ပြောင်းကာ မလတ် အလာ ကို သွား ဆုံလိုက်ရသည် ။ မလတ် သည် မိန်းကလေး အဖော် တစ်စု နှင့် လှေကား မှ ဆင်း လာနေသည် ။


“ ဟယ် … မမကြီး လိုက် လာတယ် ဟုတ်လား ၊ အင်္ကျီအနွေး လည်း မဝတ်ဘူး ၊ အေး က အေးသနဲ့ ၊ ရော့ မလတ် ဆွယ်တာ ဝတ် ”


မလတ် သည် ကြင်နာယုယစွာ ကျွန်မ ကိုယ် ပေါ် သို့ သူ့ ဆွယ်တာ ကို လွှမ်းခြုံ လိုက်သည် ။ အပူအပင် ကင်းသော ညီမငယ် ၏ မျက်နှာ သည် ပြုံးရွှင်နုပျိုနေသည် ထင်ရ၏ ။


“ ဂျော်နီ ရော ကျောင်း တက်သေးလား ”


“ မသိပါဘူး … ၊ ဒီ ဘုရားဆုပန် မျောက်လောင်း ဟာ ၊ သူ့ တော့ မေး မနေ နဲ့ မမကြီး ရေ ၊ သူတို့ က ကျောင်း ရော ရုံး ရော တာဝန် ကျေတာတွေ မဟုတ်ဘူး ၊ မလတ် တို့ တော့ သူတို့ ကို သတိ အမြဲ ထား မကြည့် နေနိုင်ပါဘူး ”


“ ဟယ် … မလတ် က လည်း ၊ ဘယ့်နှယ် ဘုရားဆုပန် မျောက်လောင်း ရယ် လို့ ”


“ ဟုတ်တယ်လေ မမ ရဲ့ … ၊ ဒီ့ပြင် ယောက်ျားတွေ ကို ဘုရားဆုပန် ယောက်ျား လို့ ပြောကြတယ် ဟုတ်လား ၊ သူ ကတော့ သူ့ ကိုယ် သူ မျောက်လောင်း ဖြစ်အောင် ဆင် ထားလို့ ဘုရားဆုပန် မျောက်လောင်း လို့ ဝိုင်း သရော် ထားကြတာပေါ့ ”


ကျောင်းသူ ညီမငယ် တစ်ဦး က ဝင်၍ ဖြေရှင်း လိုက်သဖြင့် ကျွန်မ ပါ ရောယောင် ပွဲကျမိတော့သည် ။ ထိုသို့ ကြား ရတော့လည်း ညီမရင်း နှင့်တကွ အားလုံး သူ့ အဖော်တစ်စု ကို ကျွန်မ ကျိတ်၍ ချီးကျူး ရပြန်သည် ။ သူတို့လေးတွေ တွင် ကျွန်မ ထင် သကဲ့သို့ ဂျော်နီ လို ခွကျကျ လူငယ်လေး တစ်ယောက် ၏ ‘ ပုံစံပျက် ’ ကလေးမျိုး ကို အထင် မကြီး ကြပါတကား ။


ကျွန်မ သည် မလတ် ၏ ရိုးသားပွင့်လင်းသော မျက်နှာ ကို လရောင်မှေးမှေး တွင် စူးစိုက် ကြည့်လျက် ကျွန်မ အထင် မှားမိခြင်း ကို ကျိတ်၍ တောင်းပန် လိုက်မိ၏ ။


ထိုသို့ ဖြစ်သောအခါ ကျွန်မ ရှစ်တန်း တုန်း က အိမ် ကို အသိ မပေးဘဲ အဖော်တစ်စု နှင့် ကောက်စိုက်ပြိုင်ပွဲ လိုက် ကြည့်၍ မေမေ ဆူသော စကားလုံးများ ကို ပြန်လည် ကြားယောင် မိတော့သည် ။


“ သမီး မိန်းကလေး မွေး ထားရတာဟဲ့ မိခင်ခင်ကြီး ရဲ့ ၊ ညည်း အချိန်မှန် ပြန် မရောက်ဘူး ဆိုရင် ငါ မအေ မှာ ဘယ်လောက် စိတ် ပူရတယ် ဆိုတာ ညည်း သိသလား ၊ အေး ညည်း အခု မသိပေမယ့် အချိန်တန်တဲ့ တစ်နေ့ မှာ ညည်း ကောင်းကောင်း သိလိမ့်မယ် ၊ သိလာပါလိမ့်မယ် ”


မေမေ ပြောခြင်း မှာ ကျွန်မ အိမ်ထောင်ရှင် ဖြစ်၍ သားသမီး ထွန်းကားလာမည့် အချိန် ကို ရည်ရွယ် ကောင်း ရည်ရွယ် ပြောခြင်း ဖြစ်ပေလိမ့်မည် ။ သို့ရာတွင် ကျွန်မ ၌ သားတို့ သမီးတို့ အတွက် မမျှော်လင့်နိုင်သေးမီ ညီမများ အတွက် လက်ငင်း ပူပန် နေရပေပြီ ။


မှန်ပေသည် ။ အစ်မအကြီး ကနေ အမိ အရာ သို့ တိုင် ယနေ့ အချိန်အခါ မှ စ၍ မေမေ့ ဝဋ်သည် ကျွန်မ အား လည် လာလေပြီ ဟု တစ်နည်း အားဖြင့် တွေးရမည်သာလျှင် … ။


◾ ရွှေကျွန်းရီလေး


📖 ရှုမဝမဂ္ဂဇင်း ၊

      ၁၉၆၇ ၊ ဖေဖော်ဝါရီ


#ကိုအောင်နိုင်ဦး


.

Friday, December 2, 2022

နှစ်လောက နှင့် နှစ်ဘဝ


 ❝ နှစ်လောက နှင့် နှစ်ဘဝ ❞


( ၁ )


ခုတလော တွင် မောင်စိန်ဝင်း နှင့် မောင်တင်ဝင်း တို့ ညီအစ်ကို တို့ ကို အမှတ်မထင် တမ်းတမ်းတတ သတိ ရ မိသည် ။


သူတို့ ညီအစ်ကို မှာ အသက်အရွယ် အားဖြင့်၂ဝ ကျော်ကျော် ပတ်ဝန်းကျင် လောက် တွင် သာ ရှိကြဦးမည် ။ အသားဖြူဖြူ ရုပ်ရည်သနားကမား နှင့် သားသားနားနား ရှိကြသည် ။ ထို လူငယ်ကလေး နှစ်ဦး ၏ အကြောင်းကို ကျွန်တော် အဘယ့်ကြောင့် တမ်းတမ်းတတ သတိ ရ လာမိသနည်း ဟု ဆင်ခြင်ကြည့် မိပါသည် ။


မောင်စိန်ဝင်း နှင့် မောင်တင်ဝင်း တို့ မှာ တစ်အူတုံဆင်း ညီရင်း အစ်ကို ဖြစ်ရုံမျှ မက ရုပ်ရည် ချင်း က လည်း တူကြသည် ။ သားနားပုံ က လည်း ဆင် ကြသည် ။ ကျွန်တော် တွေ့ခဲ့ သိခဲ့ ရ သော သူတို့ဘဝ ဖြစ်စဉ်တွေ မှာ လည်း ဆင်တူရိုးမှား ဖြစ် ခဲ့သည် ။


တစ်နေ့ က ပျင်းပျင်း ရှိသည် နှင့် ရန်ကုန် အကျဉ်းထောင်ကြီး အတွင်း ပုဒ်မ ( ၅ ) အကျဉ်းသား ဘဝ ဖြင့် နေထိုင်ခဲ့ရစဉ် ရောက်တတ်ရာရာ ရေး မှတ် ထားသော ကျွန်တော့် ကော်ပီ စာအုပ် ဟောင်းနွမ်းနွမ်း တစ်အုပ် ကို လှန်လှော ဖတ်ရှုမိပါသည် ။ ထိုအခါ၌ ယင်းစာအုပ် ကြား မှ စာခေါက်ကလေး တစ် ခု လျှော ကျလာသည် ။


စာခေါက်ကလေး မှာ ကာလရှည်ကြာ လာသည့် အတွက် ညှိုးလျနွမ်းရော် နေပေပြီ ။ အပြာနုရောင် စာရေးစက္ကူ အငယ်စား ပေါ် တွင် ရှုပ်ရှုပ်ထွေးထွေး ယိုင်ယိုင်နဲ့နဲ့ ရေး ထားသော စာလုံးကလေးများကို သွား တွေ့မိသည် ။


“ လတ်စသပ်တော့ မောင်စိန်ဝင်း  စာ ကိုး ”


ကျွန်တော် သည် မပီကလာ ပီကလာ ဖြင့် ဖွဲ့နွဲ့ ရေးသာထားသည့် မောင်စိန်ဝင်း ၏ စာ ကို အစ မှ အဆုံး တိုင် ဖတ် မိပါသည် ။ စာရွက် အပြာနုရောင်ပေါ် တွင် ရေး ထားသည့် စာလုံးကလေးတွေ မှာ မညီမညာ ယိုင်ယိုင်နဲ့နဲ့ နိုင်လှသလို သူ တတ်သလောက် ၊ သူ နားလည် သလောက် လည်း ရေး ထား သည်ကို တွေ့ရသည် ။


သို့


မွေးမိခင် ကျေးဇူးရှင်ကြိစိကို သားမောင်စိန်ဝင်း စားအားဖြင့် ကတော်လိုက်သည် သားမောင်စိန်ဝင်းမှ စက်မူလက်မူ ကျောင်းရှေနာတွင် လူရက်မူဖြင့် သား မောင်စိန်ဝင်းအား ထောင်ဒန် ၆ လ ကျနေ့ပါ၍ လာနိုင်ပါက လာစေလိုပါသည် မလာနိုင်ပါက အရေးမကြီပါခင်ဗျာ သားမောင်က စာရေအကြောင့်ကျတာ ဒုက္ခပေဗို မဟုတ်ပါဘူး သားမောင်ဟာ ၁၉၄၉ ခုနှစ်က အိမ်က ထွက်လာတာ အခုစို ၁၉၅၅ ခုနှစ် ရောက်လာပြီ အခုစို ၆ နှစ်ရှိသွားပါပြီ သားမောင်ဟာ ၁၃ နှစ်သားက မွေးမိခင်ကြီးတို့စီက ထွက်လာကထဲက သားမောင်ဟာ ဆိုးတေနေတာဆိုရင်ဖြင့် ငါးနှစ်ရှိသွားပါဘီ ဒါပေမဲ့ သားမောင် ထောင်ကျနေပေမဲ့ သားမောင်ကို အင်္ဂလိပ် စာသင်ပေးနေတဲ့ ပညာရှိမိတ်ဆွေတွေနဲ့ အတူ နေရလို့ သားမောင်ဟာ ကောင်းကောင်းနေရပါတယ် ဒါပေမဲ့ သားမောင်တို့ ထောင်ကျနေတဲ့အထဲမှာ ဆိုရင်ဖြင့် ဘော်လုံးအသင်းတွေ ပြေပွဲတွေဆိုတာ ကတော်များကြီးပါပဲ သားမောင်ဟာ ထောင်ကလွပ်ဖို တန်ဆောင်မှန်လပြည်ကျော်လိုက်ဆိုရင် လွပ်ပါဘီ ကျွန်တော် ထောင်ကျတာကို ပဒူမှ မပြောပါနဲ


တော်တေးဘူ တအိပ်သားလုံး ကျမ်းကျမ်းမာမာရှိပါစေခင်ဗျ ကျွန်တော်လဲ ကျကျမာမာ ရှိပါတယ်ခင်ဗျာ


            တတိယသားဆို

                  စိန်ဝင်း


ကျွန်တော် သည် စာ ကို နောက်တစ်ခေါက် ထပ် ၍ ဖတ်မိပြန်ပါသည် ။ စာ တွင် ပုဒ်ဖြတ် မပါ ။ စာလုံးပေါင်း မမှန် ၊ သူ နားလည် သလို ၊ သိ သလို သူ့ ရင် ထဲ မှ ခံစားရချက်များ ကို သူ့ အမေ အား ပေးရန် ရေးထားခြင်း မျှ သာ ဖြစ် သော်လည်း သူ့  စာ ကို ကျွန်တော် နားလည်၏ ။ ကျွန်တော် ပါ သူ့လို ခံစား နေရ၏ ။


ကျွန်တော် သည် ခေါက်ရိုး ကျိုးနေပြီ ဖြစ်သည့် သူ့ စာကလေးကို အသာအယာ မှတ်စုစာအုပ် အတွင်း သို့ ခေါက်ကာ ပြန် သွင်း လိုက်မိပါသည် ။ မောင်စိန်ဝင်း ၏ ရုပ်ပုံလွှာ သည် ကျွန်တော့် မနောအကြည်ဓာတ် တွင် တဖျပ်ဖျပ် လာရောက် ရိုက်ခတ် လျက် ရှိသည် ။


ကျွန်တော့် အတွေး သည် လွန်ခဲ့သည့် ၈ နှစ် ခန့် ဆီ သို့ တဝေ့ဝေ့ ရစ်သီ ဝဲပျံ သွား လေ၏ ။ လက်ထိပ် သံ ၊ ခြေကျဉ်း သံ ၊ ဝါဒါ တို့ ၏ ဖိနပ် သံ ၊ နာရီသံချောင်း ခေါက် သံ ၊ အကျဉ်းထောင် ၏ အသံဘလံ နှင့် ညိုမှောင်မှောင် အုတ်ရိုးများ စသည့် အကျဉ်းကမ္ဘာ ၏ ပတ်ဝန်းကျင် နှင့် အနံ့အသက်များ မှာ ကျွန်တော့် ကို တွေ့ထိလာ ကြလေ၏ ။


( ၂ )


၁၉၅၅ ခုနှစ် ..


ရန်ကုန်ဗဟို အကျဉ်းထောင် အဆောင် အမှတ် ( ၅ ) ၊ အခန်းအမှတ် ( ၅ ) ။


ထို အခန်းငယ် အတွင်း သို့ ရုပ်ရည် သနားကမား နှင့် အသားဖြူဖြူ လူငယ် တစ်ဦး ဝင် လာသည် ။ အသက်အရွယ် အားဖြင့် ၁၅ နှစ် ၊ ၁၈ နှစ် မျှ သာ ရှိဦးမည် ထင်သည် ။ ဖြူလှသော သူ့ အသားအရည် မှာ နေလောင် ထားသည့် အတွက် လား မသိ နီကျင်ကျင် ဖြစ်နေ၏ ။ ဆံပင်တွေ မှာ ရှည်လျား လျက် ညှဉ်းဆိုးဆိုး ဖြစ်နေသည် ။ သူ သည် ကျွန်တော့် ခုတင်နံဘေး ရှိ ကုလားထိုင် တွင် ကျိုးနွံသော ဟန် ဖြင့် ထိုင်ချ လိုက် လေ၏ ။ သူ ကား လုယက်မှု ဖြင့် ထောင်ဒဏ် ၆ လ အပြစ် ပေးခြင်း ခံရသော မောင်စိန်ဝင်း ပေ တည်း ။


သူ့ ကိုယ် သူ နာမည် ဖော်ပြကာ ကျူးလွန်ခဲ့သော အပြစ် နှင့် ချမှတ်လိုက်သည့် ထောင်ဒဏ် တို့ ကို တတွတ်တွတ် ပြောပြသည် ။ ယခု ထောင်ကျ မို့ ဘီကလပ် ရှိ စားသောက်ရိပ်သာ တစ်ခု ခု တွင် အလုပ် လုပ် ရန် တာဝန် ကျ ရာ ကျွန်တော်တို့ ရိပ်သာ တွင် အလုပ် လုပ် လို ကြောင်းဖြင့် လည်း ပြောသည် ။


သို့နှင့်ပင် မောင်စိန်ဝင်း သည် ကျွန်တော် တို့ ရိပ်သာ တွင် တိုလီမိုလီ အလုပ် လုပ်ရန် ရောက် လာခဲ့သည် ။ လူချင်း လည်း ပို လို့ သာ ရင်းနှီးကျွမ်းဝင် လာသည် ။ သူ့အကြောင်း ကို မေး သောအခါ နတ်မောက်လမ်း စက်မှုလက်မှု ကျောင်း ရှေ့နား တွင် လုယက်မှု တစ်ခု ကို ကျူးလွန်ခဲ့သည် ။ ထို့အတွက် အလုပ်ကြမ်း နှင့် ထောင် ၆ လ ကျသည် ဟု သာ ယေဘုယျအား ဖြင့် ပြောပြသည် ။


“ ကျွန်တော့်အကြောင်းတွေ မသိချင်ပါနဲ့ အစ်ကို ရယ် ။ အလကား အကြောင်းတွေပါ ” ဟု သူ က ရှက်စနိုး ပြော တတ်သည် ။ သို့သော် မေးဖန်များ လာသော အခါ၌ သူ့အကြောင်း ကို သူ ပြောပြလေတော့သည် ။ ကျွန်တော့် မျက်စိရှေ့ တွင် ရှိသော မောင်စိန်ဝင်း မှာ အသက်အရွယ် အား ဖြင့် ၁၈ နှစ် ၁၉ နှစ် ဝန်းကျင် တွင် သာ ရှိဦးမည် ဖြစ်သည် ။ မနေ့တစ်နေ့ က မှ လူ ဖြစ်လာသော လူလား မမြောက်သေးသော ကလေးဘဝ သာ ဖြစ်သည် ။ သို့ရာတွင် သူ ပြောပြသော သူ့ အကြောင်းတွေ မှာ ကား ကြီးကျယ်လှသည့် ဝတ္ထု တစ်ပုဒ် ပမာ စိတ်ဝင်စားစရာကောင်း၏ ။ မယုံနိုင်လောက် သော အခက်အခဲများ ကို လည်းကောင်း ၊ ကြမ်းတမ်း ခက်ထန်လှသော ဘဝ ကို လည်းကောင်း ၊ သူ့ အကြောင်းများ တွင် သွား တွေ့ရသည် မှာ နာကျည်းဖွယ်ရာ ၊ ရင်ထုမနာ ဖြစ်ဖွယ်ရာ ကောင်းလှချေသည်တကား ဟု တွေးရင်း ကျွန်တော့် မှာ ပင့်သက် ဖြာ မိပါသည် ။


မောင်စိန်ဝင်း မှာ ဟံသာဝတီခရိုင် ရှိ မြို့ကလေး တစ်မြို့မှ ဖြစ်သည် ။ သူ လူ မှန်း သိတတ်စ အရွယ် တွင် အဖေ သေသွားသည် ။ ထိုကဲ့သို့ အဖေ သေဆုံး သွားပြီးနောက် အမေ က နောက် အိမ်ထောင် ပြုသည် ။ အဖေ သေပြီး နောက် မကြာမီ နောက် အိမ်ထောင် ပြုရကောင်းလား ဟု အမေ့ အပေါ် ငြိုငြင် လေသည် ။ ပထွေး နှင့် လည်း အစိမ်း သက်သက် ဆက်ဆံ ရသည် ဖြစ်ရာ မောင်စိန်ဝင်း မှာ အိမ် တွင် နေရသည် ထက် ဝေးရာ အရပ် တစ်နေရာရာ သို့ ထွက် သွားရသည်က ကောင်း ပေလိမ့်မည် ဟူသော အတွေး ပေါက် ကာ အိမ် မှ ထွက် လာခဲ့လေ၏ ။ ထိုအချိန် တွင် သူ သည် ၁၃ နှစ် သား ရှိနေပေပြီ ။


ပထမဦးစွာ ရန်ကုန် သို့ ရောက် လာပြီးနောက် အလုပ်အကိုင် နှင့် နေစရာ ထိုင်စရာ မရှိ ၊ ခြေဦး တည့်ရာ သွား နေရသောကာလ တွင် သူ သည် ရန်ကုန်မြို့လယ် တဝိုက် ၌ ဖြန့် ၍ ကျက်စားနေသော ဖောက်ထွင်းဂိုဏ်း ခေါင်းဆောင် က သူ့ အား မုန့်ဖိုး ပဲဖိုး ပေးသည် ။ ထို့နောက် ဖောက်ထွင်းပုံ နည်းနာများ အားလုံး ကို လက်တွေ့ သင်ကြား ခိုင်းစေလေရာ မောင်စိန်ဝင်း ကိုယ်တိုင် ဖောက်ထွင်းမှု အသေးအဖွဲကလေး တွေ ကို နှစ်နှစ်ခြိုက်ခြိုက် လုပ်လာ တော့သည် ။ အဘယ့်ကြောင့် ဆိုသော် ထို အတွက် လုပ်ခ အဖြစ် ငွေကလေး ကြေးကလေး ရရှိခြင်းကြောင့် ပင်တည်း ။


သူ သည် ဖောက်ထွင်းမှု မျိုးစုံကို ကျကျနန ကျူးလွန် လေတော့သည် ။ ဆိုင်ကလေးတွေ ကို မဖောက်တော့ ဘဲ ဆိုင်ကြီးကန္နားကြီးများ ၊ တိုက်တာကြီးများ ကို ပါ ဖောက်၏ ။ လုယက်၏ ။ သူ သည် သော့ဟူသမျှ ကို မိန်းမဆံညှပ် တစ်ချောင်း ၊ သို့မဟုတ် သွပ်နန်းကြိုးကလေး တစ်စ ရ ရုံမျှဖြင့် ဖွင့် တတ်နေ၏ ။ သူ့ ဘဝတွင် အခက်အခဲ နှင့် ဘေးအန္တရာယ်တွေ အကြား မှ ရယ်စရာ အဖြစ်များ မကြာခဏ တွေ့ တတ်ပုံ ကို မြိန်ရေယှက်ရေ ပြန် ပြောသည် ။


တစ်ခါက ရန်ကင်း ဘက် ရှိ အခန်း တစ်ခန်း အတွင်းသို့ နေ့ခင်း ၁၁ နာရီ လောက် တွင် ဖောက်ထွင်း ဝင်ရောက်ခဲ့သည် ။ ဤအခန်း တွင် နေသူတို့ မှာ စစ်ဗိုလ် လင်မယား ဖြစ်ပြီး နှစ်ယောက်စလုံး အခန်း ကို သော့ခတ်လျက် ရုပ်ရှင် ကြည့် ထွက်သွားကြသည် ။ သူ အိမ်ခန်း အတွင်း သို့ ရောက်နေပြီး ချိန် ၌ ထို လင်မယား မှာ တစ်စုံ တစ်ခု မေ့ကျန်ခဲ့သည့် အတွက် ပြန်လာ ရာ အိပ်ခန်းတွင်း သို့ မောင်စိန်ဝင်း ရောက်နေချိန်နှင့် တိုက်ဆိုင် နေလေသည် ။ သူတို့ သည် ခြေရာလက်ရာ ပျက်နေသောအိမ် ကို ချက်ချင်း သတိထား မိကာ အနီးအနား သို့ အော်ဟစ်အကူအညီ တောင်းလေတော့သည် ။


“ ကျွန်တော် က လည်း အခန်းထဲ က နေပြီး မင်းတုံး ချထားတယ် အစ်ကိုရဲ့ ။ အဲဒီ အိမ်ရှင် လူ က အခန်း ထဲ မှာ သူ့ ခြောက်လုံးပြူး ကျန် နေခဲ့တာကို သတိ ရပြီး ကျွန်တော့် ကို မဖွင့်ခိုင်းဘူး ။ ပုလိပ်တွေ ရောက် လာတဲ့ အထိ စောင့် နေတယ်လေ ။ ကျွန်တော် က တော့ သူ့ ခြောက်လုံးပြူး ဘယ် မှာ ရှိတယ် ဆိုတာ မသိပါဘူး ။ ရွှေစ ငွေစလေး ရှာဖို့ လည်း သတိ မရတော့ဘူး ။ ကြောက်ပြီး ချောင်ကုတ် ထိုင်နေတာပဲ ။ အဲဒါ စတင်းဂန်းတွေ ဝိုင်ယာလက်ကားတွေ နဲ့ ပုလိပ်တွေ လိုက်လာပြီး ကျွန်တော့် ကို လက်နက် ချ ခိုင်းတယ် ။ ကျွန်တော် လည်း ဇောချွေးတွေကို ပြန် နေတာပဲ ။ စိတ်ညစ် လိုက်တာလည်း သေချင်ရော ။ ဒါနဲ့ ကျွန်တော် ထွက် လာပြီ ဆိုပြီး တံခါးမင်းတုံး ကို ဖြုတ် လိုက်တော့ လားလား .. စတင်းဂန်းတွေ နဲ့ ပုလိပ်တွေ က တံခါး တည့်တည့် မှာ ချိန်ထားလိုက်ကြတာ ကျွန်တော့် မလည်း ပူပြီး ချွေးတွေ ကို ရွှဲနေ တာပဲ ။ သူတို့ က အခန်း ထဲ ခြောက်လုံးပြူး ရှိနေတာ ကျွန်တော် ရ သွားပြီ ။ ဒါကို ရန် ရှာတော့မှာပဲ ထင်ပြီး အတင်း ဝိုင်း ထားတယ်လေ ။ ကျွန်တော် ဖြင့် ပစ်များ ထဲ့ လိုက် မလားလို့ ကြောက် လိုက်တာ တုန် နေတာပဲ ။ ဟား ... ဟား ”


သူ့ ဘဝ တွင် ခက်ခဲကြမ်းတမ်းသော ရက်စက်သော အဖြစ်အပျက်တွေ အကြား မှ ဤကဲ့သို့ ရယ်စရာ မောစရာကလေးများ အား တွေ့ရတတ်ပုံကို ပြောပြလာသည် ။


ထို့နောက် များမကြာမီ မှာ ပင် သူ နှင့် အလွန် ရုပ်ချင်း တူသော လူငယ် တစ်ဦး ရောက် လာပြန်သည် ။ သူ ကား မောင်စိန်ဝင်း ၏ ညီ အရင်း မောင်တင်ဝင်း ပင် တည်း ။


မောင်တင်ဝင်း မှာ အမေ နှင့် ပထွေး တို့ နှင့် အတူ မနေဘဲ ဘကြီး တော်သူ တစ်ဦး နှင့် တာမွေ ဘက် တွင် လာ နေ သည်မှာ ၃ နှစ် ခန့် ရှိပြီ ဟု ဆိုသည် ။ ဘကြီး က ဘတ်စ်ကား ထောင် ထားသဖြင့် .. ဘတ်စ်ကားစပယ်ယာ အလုပ် လုပ်သည် ။ ထိုမှ တစ်ဆင့် ကား မောင်းတတ်ပြီ ဖြစ်ရာ ဒရိုင်ဘာလိုင်စင် ယူပြီး ဘတ်စ်ကား မောင်းစား နေသည် ။ သို့ကလို နေရင်း တစ်နေ့ တွင် ကားပိုင်ရှင် က တိုင်ယာ ဝယ်ရန် အတွက် ငွေ ၄ဝဝ ပေး လိုက်သည် ။ သူ သည် ဤ အသက်အရွယ် အထိ တစ်ခါဘူး မျှ မကိုင်မိဖူးသေး သော ယင်း ငွေ လေးရာ ကို အပိုင် ရလို စိတ် ပေါ် လာသည် ။ ထို့ကြောင့် ကားပိုင်ရှင် ခိုင်း သလို တိုင်ယာ မဝယ်တော့ဘဲ မန္တလေး သို့ အထက်တန်း မှ သွားရန် ခရီးသွား လက်မှတ် တစ်စောင် ကို ဝယ် လိုက်ပြီးနောက် မန္တလေး သို့ လိုက် သွားလေ၏ ။


မန္တလေးဘူတာကြီး သို့ ရောက်သော အခါ အသိ လည်း မရှိ ၊ တစ်ခေါက် မျှ လည်း မရောက်ဖူး သဖြင့် ဘယ် သွား ၍ ဘယ်လာ ရမှန်း မသိဘဲ ဘူတာကြီးအတွင်း၌ သာ ယောင်လည်လည် လုပ်နေပြီး နောက် ရန်ကုန် အစုံရထား တွင် အလားတူ အထက်တန်း လက်မှတ် တစ်စောင် ယူကာ ပြန်၍ စီးနင်း လိုက်ပါလာခဲ့သည် ။ ရန်ကုန် သို့ ပြန် ရောက်သော အခါ ကားပိုင်ရှင် ဘကြီး အိမ် သို့ မပြန်တော့ ဟု စိတ်နှလုံး ဒုန်းဒုန်း ချ လျက် ဖဆပလ ကွက်သစ် ရှိ အသိ တစ်ဦး အိမ် တွင် ခေတ္တ သွားနေသည် ။ ထို အသိ မှာ ဆိုက်ကား နင်းစား သူ ဖြစ်ရာ ရန်ကုန် - မန္တလေး အသွား အပြန် အထက်တန်း မှ မီးရထား လျှောက် စီးလာသည့် အတွက် ကုန်ကျသော စားရိတ်မှ အပ ကျန်ငွေ အားလုံး ကို ထို အသိ အား ဆိုက်ကား အပိုင် ဝယ်နိုင်ရန် ပေး ပစ် လိုက်လေသည် ။


ဘကြီး လုပ် သူ က ဂတ်တိုင် သည့် အတွက် အမှု ဖြစ်ပြီး ထောင် ၃ လ ကျ လာခြင်း ဖြစ်ရာ နှစ်ပေါင်းများစွာ ကွဲကွာ နေကြသော ညီအစ်ကို နှစ်ယောက် သည် တစ်ယောက် ကို တစ်ယောက် အံ့အားသင့်စွာ ကြည့်နေကြလေ၏ ။ သူတို့ ၏ မျက်နှာ တွင် အံ့သြခြင်း ။ ရှက်ခြင်း စသော လှုပ်ရှားသည့် အမူအရာများ ကို မြင်နေရသည် ။ တစ်ချိန် တည်း မှာ ပင် ညီရင်းအစ်ကို ယခုကဲ့သို့ မမျှော်လင့်ဘဲ ဗြုန်းခနဲ တွေ့ ရသည့် အတွက် လည်း ဝမ်းသာနေကြ ဟန် တူသည် ။


ကျွန်တော် သည် စိတ်ကူးသည် ထက် ဆန်းကြယ်လှသော သူတို့ညီအစ်ကို အဖြစ် ကို စေ့စေ့ တွေးလျက် ရင်တွင်း ၌ အမျိုးအမည် မဖော်ပြနိုင်သော ဝေဒနာ ကို ခံစားရလျက် ရှိပါသည် ။ သူတို့ နှစ်ယောက် စလုံး ကို ထောင်တွင်း ရှိ ကျွန်တော်တို့ က တစ်လှည့်စီ စာ သင် ပေးသည် ။ ဗမာစာ ကို နှစ်ယောက် စလုံး ဖြစ်ရုံမျှ ရေးတတ် ဖတ်တတ် သည် မို့ ပိုပို၍ အလေ့အကျင့် ရစေရန် သင်ကြား ပေးသည် ။ အင်္ဂလိပ်စာ ကို လည်း သင် ပေးသည် ။


ကျွန်တော့် မှာ ပုဒ်မ ( ၅ ) အကျဉ်းသား ဖြစ်သည့် အတိုင်း မောင်စိန်ဝင်း နှင့် မောင်တင်ဝင်း တို့ ညီအစ်ကို ထောင်ကျရက် စေ့၍ လွတ်သွားကြသော်လည်း ကျွန်တော် မလွတ်ပါ ။ ဆက်၍ ကျန်ရစ်ခဲ့ရသည် ။ မောင်စိန်ဝင်း သည် လွတ်ပြီး တစ်လခန့် အကြာ တွင် ကျွန်တော့် အား ထောင်ဝင်စာ လာ တွေ့သည် ။ သူ့ လက် ထဲ တွင် ခေါက်ဆွဲကြော် နှစ်ထုပ် တရုတ်မုန့် တစ်ထုပ် နှင့် စီးကရက် ၁ဝ လိပ်ဘူး တစ်ဘူး ။


“ ဟောဒီ ခေါက်ဆွဲ တစ်ထုပ် က ဦးလေးကိုတင်အောင် ဖို့ ” ဟု ဆိုပါသည် ။ ကျွန်တော် နှင့် အတူ ထောင်ကျ နေသော ဗန်းမော်တင်အောင် ကို ဆိုလိုခြင်း ဖြစ်ပါသည် ။


“ မင်းကွာ … အလကား ယူ လာတယ် ”


“ အစ်ကိုတို့ စားရအောင်လို့ပါ ” ဟု သူ က ပြန်ပြောသည် ။


“ မင်း ပျောက်လှချည်လား ။ ကောင်းကောင်း နေနော် ” ဟု ကျွန်တော် က ပြော သော အခါ၌ သူ သည် ပြုံးဖြီးဖြီး လုပ်နေ၏ ။


“ ကျွန်တော် ကောင်းကောင်း နေပါတယ် အစ်ကို ရ ။ မိန်းမ တောင် ရ နေပြီ ”


“ ဟေ...ဟုတ်လား ။ ဆိုစမ်းပါဦး ဘယ်က မိန်းကလေးလဲ ၊ ဘယ်လောက် ကြာပြီလဲ မိန်းမ ရတာ ”


ကျွန်တော့် အမေး ကို ချက်ချင်းမဖြေသေးဘဲ တမံတလင်း ပေါ်သို့ မျက်လွှာ ချထား၏ ။


“ လွတ် သွားသွားချင်းပဲ ။ သူ က ဆေးလိပ်ခုံ မှာ ဆေးလိပ် လိပ်တယ် ။ ကျွန်တော် တစ်ခါ လောက် ခေါ်လာ ဦးမယ်လေ ” ဟု ပြော ကာ ပြန် သွားပါသည် ။ ကျွန်တော့် စိတ်တွင်း က မူ မေးခွန်း များစွာ ကို မေး နေမိ၏ ။ ဘယ်လို ရတာလဲ ။ ဘယ်က မိန်းမ လဲ ။ အခု ဒီကောင် ဘာများ လုပ်ကိုင်စားသောက်နေသလဲ ။


ကျွန်တော့် မှာ မောင်စိန်ဝင်း အတွက် စိတ် အေးရတော့မည် ဟု တွေးနေဆဲ ကျွန်တော့် အား ထောင်ဝင်စာ လာတွေ့သွားပြီး ၁၅ ရက်ခန့် အကြာတွင် မောင်စိန်ဝင်း တစ်ယောက် ဖောက်ထွင်းမှု နှင့် ဆိုက်ဆိုက်မြိုက်မြိုက် ထောင်ထဲ သို့ ပြန် ရောက်လာပါ တော့သည် ။ ထုံးစံအတိုင်း သူ့အား ကျွန်တော် ဆူပူခြင်း မလုပ်တော့ပါ ။ သူ့ ဘဝ ကို ဘယ်ပုံဘယ်နည်း နှင့် အသက် မွေးရမည်နည်း ဟူ သော ပြဿနာ မှာ ကျွန်တော့် ထက် ပို၍ သူ က သိရှိမည် ဖြစ်ပါသည် ။


“ ကျွန်တော် လွတ် သွားပြီး တာမွေ အိုးစု ဘက် က သူငယ်ချင်း တစ်ယောက် နဲ့ သွား နေတယ် ။ ကျွန်တော် က မနက် ၉ နာရီလောက် ဆို ရင် ဖိုင်တွေ ဘာတွေ ပိုက်ပြီး ခပ်တည်တည် နဲ့ ရုံး တက် သလိုလုပ် တာပဲ ။ ပြီးမှ ဖိုင် ကို တစ်နေရာ ထားပြီး လွယ်လွယ် ရတဲ့ ဆိုင်လေး ၊ အိမ်လေး လိုက် ဖောက်ရတာ အစ်ကို ရ ။ အဲဒါ ဒီကောင် မလေး နဲ့ ဘတ်စ်ကား မှတ်တိုင် မှာ သွား သွား တွေ့တယ် ။ သူ က လည်း ကျွန်တော့် ကို တကယ် ရုံး က စာရေးစာချီ လို့ အောက်မေ့တယ် နဲ့ တူပါတယ် ။ မျက်မှန်းတန်း မိ ပြီး ကြိုက်တာ နဲ့ ယူ လိုက်ကြတာဘဲ ။ အဲဒါ ကျွန်တော် က ပုလိပ်ရုံး မှာ စာရေး လုပ်တယ် လို့ ပြော ထားပြီး မနက် ရုံးတက်ချိန် ဆို ဖိုင် ကိုင်ပြီး ထွက်သွားတာ ။ နေ့ခင်းဘက် တွေ မှာ ကိုယ့် အလုပ် ကိုယ် လုပ် ၊ ရတာကလေး ရောင်းချ ထုခွဲပြီး ညနေ ကျ ဖိုင် ကိုင်ပြီး အိမ် ပြန် လာတာပဲ ။ အခု အမှု က တော့ ကုန်ဈေးတန်းနား က ပိတ်ထားတဲ့ ကုလားတိုက် ဆိုင် တစ်ဆိုင်ဝင်ပြီး အထည်လိပ်တွေ ယူ တာ အစ်ကို ရဲ့ မိသွားတယ် ”


“ နို့ မင်း မိန်းမ သိပလား"


“ သိ သွားပြီပေါ့ ။ ကျွန်တော် က ပုလိပ်ရုံး ကို လိုက်ခဲ့ပါလို့ မှာ လိုက်တယ် ။ သူ လိုက်လာတော့ ကျွန်တော် ဝက်ခြံ ထဲ ရောက်နေပြီလေ ။ ဖောက်ထွင်းမှု ဆိုတာလည်း သိ ရော ငို တော့တာပဲ အစ်ကို ရဲ့ ”


ကျွန်တော့် ရင်တွင်း ၌ နင့်ခနဲ ဖြစ် သွားမိသည် ။ ဆန်းပြားလွန်းသော ၊ ဖြစ်သလို စွန့်စားနေသော မောင်စိန်ဝင်း ၏ ဘဝအတွက် သာ ဖြစ်ပါလိမ့်မည် ။


“ အခုတော့ ကျွန်တော် ရုံးစာရေး မဟုတ်ဖူး ဆိုတာ သူ သိ သွားပြီလေ ။ ဘယ့်နှယ့် လုပ်မလဲ ။ သိ လည်း သိပေါ့"


ထို အမှု အတွက် မောင်စိန်ဝင်း အား အလုပ်ကြမ်း နှင့် ထောင်ဒဏ် ၃ လ ကျခံစေရန် အမိန့် ချမှတ် လိုက်ပါသည် ။ သူ သည် ကျွန်တော် တို့ ရိပ်သာ သို့ ပြန်ရောက် ခဲ့ ရပြန်လေပြီ ။


( ၃ )


ကျွန်တော့် ထက် အရင် သူ လွတ် သွားပြန်သည် ။ ကျွန်တော် လည်း ထောင် မှ လွတ် လာပါပြီ ။ သို့သော် မောင်စိန်ဝင်း ကို မတွေ့ရတော့ပါ ။


မောင်တင်ဝင်း က မူ ကျွန်တော် လွတ် လာသည် ကို သတင်းစာ ထဲ တွင် တွေ့ ရသည့် အတွက် ဟု ဆိုကာ အိမ် သို့ လာသည် ။ ယခု သူ ကုမ္ပဏီ တစ်ခု တွင် ကား မောင်း နေသည် ။ လခ ၁၁ဝ ရ သည် ။ နေစရာ အခန်း ရသည် ။ အေးအေးချမ်းချမ်း ရှိသည် ဟု ဆိုပါသည် ။


“ မင်း အစ်ကို တစ်ယောက် ရော ဘယ် ရောက်ပြီး ဘာများ လုပ်ကိုင် စားသောက်နေသလဲ ”


မောင်တင်ဝင်း ၏ မျက်နှာ မှာ ညှိုးကျ သွားလေသည် ။ သူ့အစ်ကို ၏ မိုက်မဲမှု ကို မကျေနပ်သော ကြောင့် လား ။ သူ့ အစ်ကို ကျူးလွန် နေသည့် အမှုများ အား ရှက်သော ကြောင့် လား ဘာအကြောင်း ကြောင့် ဟူ၍ကား မသိ ။ မျက်နှာ မကောင်း ။


“ ထောင် က နောက် တစ်ခေါက်ပြန် လွတ်လာ ကတည်း က မတွေ့တော့ဘူး အစ်ကို ။ သူ လွတ် လာရင် နေ နိုင်အောင် ဆိုပြီး ကျွန်တော် ရ တဲ့ အခန်းကလေး ကို တောင် ရှင်းလင်း ထားတယ် ။ သူ က ကောင်းကောင်း စား ကောင်းကောင်း ဝတ် တာမို့ ဝယ်ချင်တာ ရှိရင် ဝယ် ရဆောင်ဆိုပြီး ပိုက်ဆံလေး ဘာလေး တောင် စု ထားသေးတယ် ”


မောင်တင်ဝင်း ၏ အသံ မှာ ပိုမို ကြေကွဲ ဝမ်းနည်း လာဟန် တူသည် ။ တဖြည်းဖြည်း တိမ်ကျ သွားလေ၏ ။


“ ဒါပေမဲ့ လွတ်လာတယ် သာ ကြားတယ် မတွေ့သေးဘူး ။ သူ ရှိတတ်တဲ့ နေရာတွေ ကျွန်တော် လိုက်ရှာ သေးတယ် ဘယ်မာ မှ ရှာမရဘူး ” ဟု မောင်တင်ဝင်း က ညှိုးညှိုး ငယ်ငယ် နှင့် ကျွန်တော့် အား ပြောပြပါသည် ။


မောင်တင်ဝင်း ပြော သွားသော စကားတွေ က ယခု အထိ ကျွန်တော့် အတွက် သွေးသား တစ်စုံတစ်ရာ မတော်စပ် စေကာ မူ ကြီးမားလှသည့် သံယောဇဉ် ကြိုး ဖြင့် ချည်နှောင်လျက် ရှိ၏ ။ သင်းကလေးတို့ နေရေး စားရေး ဘယ်လို နေကြ ၊ ဘယ်လို ရှိကြသနည်း ဟု သိချင်၏ ။ သင်းကလေးတို့ နှစ်ယောက် ၏ နှစ်ခုသော လောက နှင့် နှစ်ခုသော ဘဝ ကံကြမ္မာ သည် အေးရိပ်သာယာ ကမ်းသောင်ရိပ်ဆီ သို့ တွန်းပို့ နေလေပြီ လော ၊ လောကဓံလှိုင်း ကံမုန်တိုင်း တို့ ၏ အကြား တွင် အလူးအလိမ့် ရုန်းကန် ကူးခတ် နေရဆဲ လော ။ ကျွန်တော် မသိပါ ။


ယခု ၁၉၆၄ ခုနှစ် အထိ ၉ နှစ် နီးပါး ရှိ လာပေပြီ ။ မောင်စိန်ဝင်း တစ်ယောက် ကို မူ ကျွန်တော် မတွေ့ရတော့ပါ ။


◾မောင်နေဝင်း


📖 မြဝတီ မဂ္ဂဇင်း

      ဖေဖော်ဝါရီ ၊ ၁၉၆၄


#ကိုအောင်နိုင်ဦး


.

Thursday, December 1, 2022

မောင်ရန်ပိုင်


 

❝ မောင်ရန်ပိုင် ❞

( မီး ကို နောက် တစ်ကြိမ် ထပ်တိုးတဲ့ ပလူတစ်ကောင်)

သည် တစ်နှစ် က တော့ မိုးဦးလေဦး စောသော နှစ် ပင် ဖြစ်ပေသည် ။ မေလ ဆန်း ရုံကလေး ရှိသေး ၊ မိုး နှင့် လေ က ရန်ကုန်မြို့တော် ကို သူ့ လက် နှင့် တစ်ချက် လှမ်း တို့ လိုက်လေသည် ။

ရွာပါ ၊ ရွာစမ်းပါ ၊ ရွာချင်သလောက် သာ ရွာ ချ လိုက်စမ်းပါ ။ ဘယ်လောက် ပဲ ရွာရွာ သောကပရိဒေဝမီးများ ဖြင့် ပူစပ် ပူလောင် နိုင်လှဆဲ ရန်ကုန် က ဖြင့် မိုး နှင့် လေ ကို ကျောခိုင်း ထား လိုက်ဟန် တူပါသည် ။

လောင်ဆဲ ၊ မြိုက်ဆဲ ။

ထို ညနေ ကား မိုး ခပ်စပ်စပ် ရွာပြီးခါစ တစ်ညနေ ပင် ဖြစ်ပါသည် ။

ကျွန်တော် သည် ကဗျာဆရာ မိုးကျော်အောင် နှင့် အတူ ၃၃ လမ်း ထဲ ကို ဖြတ်သန်း ဝင်ရောက် မိ ခဲ့သည် ။ ထုံးစံအတိုင်း လေထန်ကုန်း ထဲ မှာတော့ လူစုံ တက်စုံ ။ ရွက် က တော့ စုံ သလား ၊ မစုံ သလား ကျွန်တော် မသိ ။

လေထန်ကုန်း လမ်းကြား သည် အပေါ် တွင် ခပ်နိမ့်နိမ့် မိုးထားသည့် အမိုး ကြောင့် မှောင် လည်းမှောင် ၊ မှိုင်း လည်း မှိုင်း ၍ နေသည် ။ ကျွန်တော် လမ်းကြား ထဲ သို့ လှည့် ကြည့်လိုက်မိတော့ ကျွန်တော့် ကို ခပ်စူးစူး စိုက် ၍ ကြည့် နေ သော မျက်လုံး တစ်စုံ နှင့် အပြုံးမောမောတွေ နှင့် အတူ ဖွေးဆွတ် နေ သည့် သွား များ ကို လှမ်း တွေ့ လိုက်ရသည် ။

ကျွန်တော် က ထို အကြည့်များ အပြုံးများ ရှိရာ ကို ရှေ့သို့ တစ်လှမ်း နှစ်လှမ်း တိုး ၍ သွား ဆဲ မှာ ပင် သူ့ ဆီ က အသံ က ကျွန်တော့် ကို လှမ်း ကြို လိုက်ပါသည် ။

“ ဟေ့ - ချိုကြီး ၊ နေကောင်းလား ”

“ ဟာ ... ကိုရန်ပိုင် ”

ကျွန်တော့် စကား သည် “ ဟာ ” တွင် အတန် ကြာအောင် မျောသွား နေရာ က “ ကိုရန်ပိုင် ” တွင် တုံ့ခနဲ ရပ်တန့် ၍ သွားသည် ။

ရှေ့ ကို ဆက်စရာ စကား လည်း မရှိ ။

အား လည်း မရှိတော့ ။

ဆံပင်ဖြူ ၊ ကျိုးတိုးကျဲတဲ ၊
အသားအရေ ညိုရင့်ရင့် ၊
မျက်လုံးဝိုင်းဝိုင်း စက်စက် ၊
ခပ်မောမောအပြုံး နှင့် ဖွေးဖွေးလှုပ် နေ သည့် သွားများ ။ ချည်လုံချည် ချည်အင်္ကျီ သန့်သန့်နွမ်းနွမ်း နှင့် ။

ကိုရန်ပိုင် ကိုရန်ပိုင် ၊ ကျွန်တော်တို့ နှင့် ပတ်သက် ရင်းနှီးဖူးခဲ့လေသော ကိုရန်ပိုင် ။

လူ့ဘောင် ဟာ ရှုပ်ထွေးလှချည်ရဲ့ ဟု ဆို ကာ ရဟန်းဘောင် သို့ အပြီးတိုင် ဝင်ရောက် သွားတော့ မည် ဟု ဆို ပြီး ၃၃ လမ်း ကို ကျောခိုင်း ထားခဲ့လေသော ကိုရန်ပိုင် ။

ခုတော့ဖြင့် လေထန်ကုန်း ရဲ့ စားပွဲဝိုင်း တစ်ခု မှာ ကျကျနနထိုင် ရင်း က လောက ကို လည်စင်း ပေးထားသလို မျက်လုံးများ နှင့် ။

“ အပြီး ထွက် လာတာလား ကိုရန်ပိုင် ”

“ ချိုကြီး က လည်း ကွာ ၊ ထွက်ပြီ ဆိုမှ တော့ အပြီး ပေါ့ ”

ကျွန်တော် သည် ထိုနေ့ ညနေ အတွက် ကိုရန်ပိုင့် ကို ခေါင်းစဉ်တပ်၍ ထားဟန် တူသော လက်ဖက်ရည်ဝိုင်းကလေး မှာ လေးလံစွာ ဝင် ထိုင် လိုက်ရင်း က အတိတ် ကို ဖျတ်ခနဲ ပြန်ရောက် သွားလေသည် ။

•••••   •••••   •••••

တကယ်တော့ ကျွန်တော် သည် ကိုရန်ပိုင့် ကို မဟုတ်ဘဲ ကိုရန်ပိုင် ၏ အစ်ကို ဆရာ ဦးဌေးညွန့် ကို စ၍ သိကျွမ်းခဲ့ရသူ ဖြစ်ပါသည် ။

မှတ်မှတ်ရရ ၁၉၇၆ ခုနှစ် တွင် ကျွန်တော် သည် ဆယ်တန်းကျောင်းသား ဖြစ် ပါသည် ။ ထိုစဉ်က မြောက်ဥက္ကလာပ မေဓာဝီလမ်းဆုံ ၌ Top ဟူသော ကျူရှင် တစ်ခု ရှိရာ ထို ကျူရှင် ၌ ကျွန်တော် က ဘာသာစုံ တက် သည် ။

တစ်နေ့ တွင် ထို ကျောင်း သို့ ဦးဌေးညွန့် ဟူ သည့် ဆရာ တစ်ယောက် ရောက် လာပါသည် ။

ဆရာ က ရှေးဦးစွာ ကျွန်တော်တို့ ကို အင်္ဂလိပ်စာ သင်ကြားပို့ချပါသည် ။ သို့သော် ကျောင်းသားများ က ဆရာ့ ကို သိပ် လက်မခံကြပါ ။ နောက်တော့ ဆရာ က မြန်မာစာ ပြောင်း သင်ပြန်ပါသည် ။ ဤတွင် လည်း ကျောင်းသားများ က ဆရာ့ ကို သဘောကျဟန် မတူကြပြန်ပါ ။

ဤသို့ဖြင့် ဆရာ သည် ရက်ပိုင်းမျှ သာ ကြာ လိုက်ပြီး နောက် ကျူရှင် မှ ဖျတ်ခနဲ ပျောက် သွားပါတော့သည် ။

သို့ဖြင့် ဆရာ ပျောက်သွားပြီးပါမှ ထို ဆရာဦးဌေးညွန့် သည် စာရေးဆရာ မောင်ရန်ပိုင် ၏ အစ်ကို ဖြစ်ကြောင်း သိ လိုက်ရသော အခါ ကျွန်တော့် ရင် ထဲ တွင် နှမြောသလိုကြီး ဖြစ် သွားလေသည် ။

•••••   •••••   •••••

၁၉၇၈ ခုနှစ် တစ်ဝိုက် သည် ကား ကျွန်တော်တို့ တစ်တွေ အင်းလျား ကန်စပ် ကို ရောက်ဘသွားကြသော နှစ်ကာလများ ပင် ဖြစ်ပေသည် ။ ကျွန်တော်တို့ ဒေသကောလိပ် ၂ ( ယခု ရန်ကုန်တက္ကသိုလ် လှိုင်နယ်မြေ ) တွင် ကျောင်း တက် နေကြ ဆဲ ၌ တက္ကသိုလ် ၏ နံရံများ ပေါ် သို့ စာအုပ်ကြော်ငြာကလေးများ ရောက်လာ ပါတော့သည် ။

မှတ်မှတ်ရရ ကိုအောင်ချိမ့် ၏ ဂန္တဝင်မမ ၊

မောင်ရန်ပိုင်၏ ချစ်သူတွေ ရန်မဖြစ်ကြနဲ့  ၊ တက္ကသိုလ်ရွှေရတုသဘင် မှာ ကန်လန့်ကာ ဆွဲတဲ့ ကောင်လေး စသည် စသည် ...

ထို စာအုပ်များ က စာဖတ်ပျော်စ ကျွန်တော်တို့ ကို ညှို့ယူ လိုက်သည် ။ အကုန် ဝယ် အကုန် ဖတ် နှင့် ကိုအောင်ချိမ့် ကို ကြိုက်သွားပြီး ကိုရန်ပိုင် ကို စိတ်ဝင်စား သွားသည် ။

ကျွန်တော်တို့ နှင့် အတူ မြောက်ဥက္ကလာပ တွင် နေသော ကိုရန်ပိုင် ။

ဆရာ ဦးဌေးညွန့် ၏ညီ ကိုရန်ပိုင် ။

ဤသို့ဖြင့် ကျွန်တော် တွေ့ချင်နေသော စာရေးဆရာ မောင်ရန်ပိုင် နှင့် ကျွန်တော် တို့ သည် မြန်မာစာပေလောက ၏ ခြွင်းချက် ထား ရန် မဖြစ်နိုင်သော နယ်မြေ တစ်ခု ဖြစ်သည့် ရွှေကြည်အေး နှင့် ၅၅ လမ်း တစ်ဝိုက် တို့ တွင် တည့်တည့်ကြီး ဝင် တိုးမိကြပါတော့သည် ။

•••••   •••••   •••••

အနော်ရထာလမ်း နှင့် ၃၃ လမ်း ထောင့် မှ ယခု Excellence ရှိသော နေရာ သည် ယခင် က ရွှေကြည်အေး လက်ဖက်ရည်ဆိုင် နေရာ ပင် ဖြစ်ပါသည် ။ တစ်ခါက ထို နေရာ သည် စာရေးဆရာ ကြီးငယ် ပေါင်းစုံတို့ ထိုင်ခဲ့ကြရာ နေရာ ဖြစ်သည် ။

ထို ဆိုင်မှာ ထိုင် ရင်း စာမူ ပေးကြ တောင်းကြ သည် ။ စာမူခ ပေးကြ ယူကြ သည် ။ စာအကြောင်း ကဗျာအကြောင်း ပြောကြ ဆိုကြ သည် ။

သည် ဆိုင် မှာ ဘယ်သူ ရှိရှိ မရှိရှိ ဘယ်သူ ထိုင်ထိုင် မထိုင်ထိုင် အမြဲတမ်း ရှိ နေ တတ် သူ က တော့ ကိုရန်ပိုင် ပဲ ဖြစ်ပါသည် ။

အသား ညိုညိုရင့်ရင့် ၊ ကိုယ်ခန္ဓာ တောင့်တောင့်တင်းတင်း ၊ ဆံပင် အဖြူ တစ်ဝက် အနက် တစ်ခြမ်း ၊ သွားများ က ဖြူဖြူစင်စင် ၊ လွယ်အိတ်တစ်လုံး ကို အမြဲ လွယ် ထားလျက် ။ နေ့ တစ်ဝက် ကျိုး က နေ ညနေ စောင်း သွား သည်အထိ သည် ဆိုင် မှာ ဖင်မြဲမြဲ ထိုင် တတ်သော ၊ ထိုင် နိုင်သော ကိုရန်ပိုင့် ကို ကျွန်တော် အံ့သြ မိသည် ။

နောက်တော့ လည်း ရွှေကြည်အေး မှာ အတူ ထိုင်ကြရင်း ၊ ၅၅ လမ်း မှာ အတူ ရီဝေကြရင်း ၊ မြောက်ဥက္ကလာ နှင့် ရန်ကုန် ထဲ အတူ သွား အတူ ပြန် ကြရင်း ကိုရန်ပိုင့် ဘဝ နှင့် ကျွန်တော် တို့ နည်းနည်းကလေး ပို၍ နီး သွားသော အခါ သူ့ ဘဝ ကို လည်း နည်းနည်းပို၍ နားလည် သလို ဖြစ် သွားခဲ့ပါသည် ။

ကိုရန်ပိုင် က ပုသိမ် ဘက် မှ ဖြစ်ပါသည် ။ ဒါပေမဲ့ ငယ်ငယ်ကတည်း က ပုသိမ် ကို နောက်ကျော ဘက် မှာ ခါချ ထား ခဲ့ပြီး ရန်ကုန် ကို အပြီးအပိုင် တက် လာခဲ့သည် ။ သို့သော် ရန်ကုန် တွင် သူ့အတွက် အိုး မရှိ အိမ် မရှိ ။ အလုပ်အကိုင် အခိုင်အမာ မရှိ ။ အနှောင်အဖွဲ့ မရှိ ။

သူ့ ရင်ဘတ် ကို သူ ထွန်ယက်စားဖို့ ဆုံးဖြတ်ချက် တစ်ခုတည်း နှင့် တက် လာခဲ့ခြင်း ဖြစ်သည် ။ စာရေး ၊ စာဖတ်သော အလုပ် မှ လွဲ၍ ဘယ်အလုပ် မှ သူ့ အလုပ် မဟုတ် ။

ကိုရန်ပိုင် သံ တစ်ချောင်း ကို မှ ရိုက်ဖူးပါစ ၊ အုတ်ခဲ တစ်ချပ် ကို မှ မ ဖူးပါစ ၊ ရေ တစ်ပုံး ကို မှ ဆွဲ ဖူးပါစ ဟု ကျွန်တော် တွေး ကြည့်မိသည် ။ ကျွန်တော် က ဖြင့် သိပ် မထင်လှပါ ။

ကိုရန်ပိုင် အလုပ် ကို မုန်းတီးပုံ နှင့် ပတ်သက်၍ ကိုအောင်ပွင့်က တော့ မကြာခဏ ဆိုသလို ရင် ဖွင့်ဖူးသည် ။

သည်တုန်းက ကိုရန်ပိုင် ရော ကိုအောင်ပွင့် ပါ ရန်ကုန် ကို တက်လာကြခါစ ဝင်္ကပါရိပ်သာ လမ်း ထဲတွင် အတူ နေထိုင်ဖူးခဲ့ကြရာ ယင်း ကို ပင် ကိုအောင်ပွင့် က မကြာခဏ အမှတ်တရ ပြန် ပြောခြင်း ဖြစ်သည် ။

“ ခင်ဗျား ကိုရန်ပိုင် ဆို တဲ့ လူကတော့ ဗျာ မေဒေးနေ့ မွေးပေလို့ ပေါ့ ၊ ပျင်း လိုက်တာ လွန်ရော ။ သောက်ရေအိုး ထဲ များ တစ်ခါ မှ ရေ မထည့်ဘူး ။ ရေ ကုန်နေတယ် မို့လား ၊ ဟော သူ့ ခွက် သူ ကိုင်ပြီး ဘုံပိုင်ခေါင်း မှာ သွား ခံ သောက်တယ် ။ မေဒေးနေ့ မွေး လို့ ”

ကိုအောင်ပွင့် က ပြောပြောဆိုဆို မပွင့်တပွင့် ရယ် တတ်သည် ။

စာရေးသူ တစ်ယောက် စာ ရေးခြင်း ၊ စာ ဖတ်ခြင်း မှ လွဲ၍ မည်သို့သော လူမှုကိစ္စ ကို မျှ မလုပ်ဘူး ဆိုသည် မှာ မှန်သလား ၊ မှားသလား ၊ ဒါကိုတော့ ကျွန်တော် မသိ ။

ကိုရန်ပိုင့် အလုပ် က မနက်မိုး လင်း သည် နှင့် အိမ် က ထွက်မည် ။ သူ မှီခို နေထိုင်ရာ မြောက်ဥက္ကလာ ရှိ ဆရာဦးဌေးညွန့် အိမ် က လည်း သူ့ မိသားစုနှင့် သူ ဖြစ်ရာ ကိုရန်ပိုင့် အတွက် မလွတ်လပ်လှ ဟု ကျွန်တော် ထင်သည် ။

သည်တော့ နေ့ အလင်းရောင် နှင့် အတူ အိပ်တန်း မှ ထ ပျံရသည့် ငှက်တွေ လို ပဲ လင်းလင်း ချင်း ကိုရန်ပိုင် အိမ် က ထွက်ရဟန် တူ ပါသည် ။ ပြီးတော့ မေဓာဝီလမ်းဆုံ က လက်ဖက်ရည်ဆိုင်ကလေး မှာ ၉ နာရီ ၊ ၁ဝ နာရီ အထိ သူ ထိုင်မည် ။

ပြီးလျှင် မြို့ထဲ ကို ထွက်မည် ။ မြို့ထဲ ရောက်ချိန် မှာ ၁၁ နာရီဝန်းကျင် ဖြစ် ရာ တစ်ဆိုင် ဆိုင် ဝင်ပြီး မနက်စာ စား မည် ။

ကျွန်တော် သိ ရသလောက်ကတော့ ကိုရန်ပိုင် အများဆုံး စားလေ့ စားထ ရှိ တတ်သည် မှာ မြဝတီတိုက် ဘေး အပေါ် ထပ် က ဝန်ထမ်းသက်သာ စားသောက်ဆိုင် ။ ငွေ ၂ဝ လောက် နှင့် မနက်စာ ပြီးသော ဆိုင်ကလေး ။

သို့ဖြင့် မနက်စာ ကိစ္စ ပြီးသော အခါ ၃၃ လမ်း ထိပ် က ရွှေကြည်အေး လက်ဖက်ရည်ဆိုင် မှာ ကိုရန်ပိုင် ထိုင် ပါသည် ။

လက်ဖက်ရည် တစ်ခွက် ကို တည်ကြက် အဖြစ် ချ ထားပြီး ရေနွေးကြမ်း သောက် လိုက် ၊ အပေါ့အပါး ထ သွားလိုက် ၊ လာသမျှ စာသမား ပေသမားတွေ နှင့် စကားစမြည် ပြောလိုက် နှင့် ရွှေကြည်အေးလက်ဖက်ရည်ဆိုင် ၏ ဝင်ဝင်ချင်း ကျောက်စားပွဲဝိုင်းကြီး မှာ ညနေ တိုင်သည် အထိ မိန့်မိန့်ကြီး ထိုင် နေမည် ။

တစ်ခါ တစ်ခါ စာအုပ် တစ်အုပ် ကို ထုတ် ဖတ် နေလိုက် ၊ ဗလာစာအုပ်ကလေး တစ်အုပ် ကို ထုတ်ကာ စာ ရေးချင် ရေးနေ လိုက် ၊ ယပ်တောင်ကလေးကို တဖျပ်ဖျပ် ခတ်ချင် ခတ်နေလိုက် နှင့် ကိုရန်ပိုင့် ကို ဆိုင်ရှင်များ က တော့ သိပ် ကြည်ဖြူကြဟန် မတူပါ ။

သို့သော် ရွှေကြည်အေး သည် စီးပွားရေး လုပ် နေသူများ ဖြစ်၍ အတတ်နိုင်ဆုံး တော့ သည်းခံ နေခဲ့ကြ ဟန် တူပါသည် ။ သို့သော် သည်းမခံနိုင်တော့သည့် နေ့ တစ်နေ့ တွင် ကား ပြဿနာ က အထွတ်အထိပ် ကို တက် ခဲ့ပါတော့သည် ။

ထိုနေ့ က ရွှေကြည်အေး စားပွဲဝိုင်းကြီး တွင် လူ တော်တော် စုံပါသည် ။

ကိုရန်ပိုင် ၊ မြမြင့်မိုရ် ၊ ဇောင်းထက် ၊ ယမုံ ၊ မြင့်ဦးဦးမြင့် နှင့် ကျွန်တော် တို့ ဖြစ်သည် ။

ထိုနေ့ က လက်ဖက်ရည်ဖိုး အားလုံး ကို ကျွန်တော် က ပေးချေပြီးသား ဖြစ် ပါသည် ။ သို့သော် ဆိုင်ရှင် သည် ခေတ်အဆက်ဆက် မထ တမ်း ထိုင် ခဲ့သည့် ကိုရန်ပိုင့် ကို ထိုနေ့ တွင်မှ ပြဿနာ လုပ် လာခဲ့ပါသည် ။

ပထမ မြမြင့်မိုရ် က ကွမ်းယာ ထ ဝယ် သည် ။ ဆိုင် က မြမြင့်မိုရ် ထိုင် သော ခုံ ကို သိမ်း သွားသည် ။ ကျွန်တော် က တောင်းသောအခါ လူ လာ လျှင် ပြန်ပေးမည် ဟု ဆိုသည် ။

မြမြင့်မိုရ် ပြန် လာ သော အခါ ဆိုင် က ခုံ လာ ပြန်ချသည် ။ ထို့နောက် စားပွဲထိုး တစ်ယောက် လျှောက် လာပြန်ပါသည် ။ ထို သူ က ကိုရန်ပိုင် ကျော ကို တစ်ချက် ပုတ် ရင်း ထိုင် ဦး မှာလား ဟု မေးသည် ။ ကိုရန်ပိုင် က ထိုင်ဦးမည် ဖြစ်ကြောင်း ပြော သောအခါ ပြန်မည် ဆိုလျှင် လည်း ပြန်ရန် ၊ ဆက် ထိုင်ဦးမည် ဆို က လည်း ဝင် ဝင်ချင်း စားပွဲ မှာ မထိုင် ဘဲ အတွင်း စားပွဲ မှာ ဝင် ထိုင်ရန် ခပ်စီးစီး ပြော လာပါသည် ။

ကိုရန်ပိုင် သည် မြွေဟောက် တစ်ကောင် နှယ် ဆတ်ခနဲ ခေါင်း ထောင် သွားသည် ။ တစ်လှမ်းချင်း နောက် ဆုတ်သွားသည့် စားပွဲထိုး နောက် ကို တရှူးရှူး နှင့် ထိုး လိုက်သွားသည် ။

“ ဟေ့ကောင် ၊ မင်း ဘာစကား ပြော တာလဲ ၊ ငါ ဒီဆိုင် မှာ ထိုင်တာ ဆယ်နှစ် ပြည့် တော့မယ် ၊ ဟေ့ကောင် လာ စမ်းပါဦး ”

သို့ဖြင့် ဆဲကြ ဆွဲကြ တားကြဆီးကြ နှင့် ဝရုန်းသုန်းကား ဖြစ်သွားသော ရွှေကြည်အေး ဆိုင်ကလေး သည် တစ်ဆိုင်လုံး ကို သိမ်းကျုံး၍ ဆဲလိုက်သော ကျွန်တော် ၏ ပေါက်ကွဲမှု တွင်ပင် ပြဿနာ အဆုံးသတ် သွားပါတော့သည် ။

သည်သို့ သည်နှယ် ပြဿနာတစ်စုံ တစ်ရာ တက်သည် အထိ လက်ဖက်ရည်ဆိုင် ထိုင် တတ်သော ကိုရန်ပိုင် သည် ညနေ တိုင် တော့ သင့်ရာ သင့်ရာ အစုအဝေးကလေးတွေ နှင့် ညနေရီရီ ဆိုင်ကလေးများ ရှိရာ သို့ ပါ သွားတတ်ပြန်ပါသည် ။

အထူးသဖြင့် အိုးအိမ်ဦးစီး နောက် က တောအရက်ဆိုင်ကလေးများ ကို ကိုရန်ပိုင် ပါ သွားတတ်သည် ။ တစ်လုံး တစ်ဆယ် လောက် သာ တန်သည် ဆိုသော တောအရက်များ အကြောင်း ကို ကြားဖူးနေသည့် ကျွန်တော် ဘေး မှ ကြည့် ပြီး လန့် နေမိသည် ။

“ ကိုရန်ပိုင် ပြင်းသလားဗျ ”

"ချိုကြီး က လည်း တစ်ခွက် မော့ ချ လိုက်တာနဲ့ ကျားသစ်တစ်ကောင် မျက်နှာ ကို ဖြတ် ရိုက် လိုက်သလိုပဲ ဖျဉ်းခနဲ ”

သည်လို နှင့် ည မှောင်တော့ ဥက္ကလာ ကို ကိုရန်ပိုင် ပြန် သည် ။ တစ်ခါ တစ်ခါ ကျွန်တော် နှင့် လမ်း ကြုံတတ်သည် ။ လမ်း ကြုံ တိုင်း မေဓာဝီလမ်းဆုံ မှာ ခဏ ဆင်း ကာ နည်းနည်းပါးပါး ရီဝေလေ့ ရှိကြရာ ထိုအခါများ ၌ ကိုရန်ပိုင် ညစာ ဖြေရှင်းပုံ ကို ကျွန်တော် ဘေး မှ ငေးကြည့် နေမိသည် ။

မုန့်ဟင်းခါး ကို ကြွပ်ကြွပ်အိတ် နှင့် ဝယ် ၊ ထို အိတ် ထဲ ကို ထမင်းဖြူ နည်းနည်း ဝယ် ထည့် ၊ အသင့် ပါ လာသည့် ဇွန်း နှင့် နယ်ဖတ် စားပြီး အိတ် ကို လွှင့် ပစ် လိုက်သည် ။ ညစာ ပြီးသည် နှင့် သူ ၏ အစ်ကို အိမ်ရှိရာ ရပ်ကွက်ကလေး ထဲ သို့ ဝင် သွား တတ်မြဲ ။

လမ်းကြားမှောင်မှောင်လေး ထဲမှာ တစ်စစ ပျောက်ကွယ်သွားသည့် ကိုရန်ပိုင့် ကျောပြင် ကားကားကြီး ကို ငေးမောကြည့်မိလေတိုင်း ကျွန်တော် သက်ပြင်းရှည်ကြီးတွေ ချမိသည် ။ သည်လောက် ရင်မောဖွယ် ကြား ထဲက ကိုရန်ပိုင် ဘယ်လိုများ စာ ရေးနေပါလိမ့် ။

“ ကိုယ် က အချိန် ကို ခိုး တတ်တယ် ချိုကြီး ရ ။ သွားရင်း လာရင်း ၊ စကား ပြောရင်း ၊ လက်ဖက်ရည်ဆိုင် ထိုင်ရင်း ရသလောက်ကလေး ကို ချချ ရေး ထားတာပဲ ”

စာရေးစားပွဲ မရှိ ၊ ကိုယ်ပိုင်စာကြည့်ခန်း မရှိ ၊ ပူနွေးသည့် ညစာ မရှိ ။ ဤသို့ ဤနှယ် မရှိခြင်းများ ကြား မှ မြန်မာစာရေးဆရာ တစ်ဦး ၏ ဘဝ ကို ကျွန်တော် ငေး လည်း ငေး မော လည်း မော နေမိသည် ။ ကျွန်တော်တို့ ဆီ မှာ က စာပေရေးသားခြင်း ဖြင့် အသက်မွေးဝမ်းကျောင်း ပြုသည် ဆိုခြင်း မှာ ကျိန်စာသင့် နေသည့် အသက်မွေးဝမ်းကျောင်းများ ဖြစ် နေ လေရော့သလား ။

•••••   •••••   •••••

ကိုရန်ပိုင့် ဘဝ ကို ပုံဖော် ကြည့် သော အခါ စာပေ တစ်ခု တည်း ဖြင့်တော့ မလုံလောက် ဟု ကျွန်တော်ထင်သည် ။

ဂီတ ၊ ပြဇာတ် ၊ ရုပ်ရှင် စသည့် အခြားသော အနုပညာလမ်းကြောင်း တွေ ပေါ် မှာ လည်း ပြော၍ ဖြစ်လောက်အောင် တော့ သူ ရှိခဲ့ဖူးသည် ။

မန္တလေးသိန်းဇော် ဇာတ် ထဲ မှာ အလျားလိုက်ကြီး သူ စုန်ဆန်မျောပါ နေခဲ့ဖူးသည် ။ ပြဇာတ် တချို့ ဝင် ရေး သေးသည် ။ နှစ်ပါးခွင် သီချင်း တချို့ ဖွဲ့စပ်ပေးသည် ။

တစ်ခါ က လည်း စာရေးဆရာ ကိုချစ်ဦးညို ကို မင်းသား တင် ကာ “ ကောင်းလှချည့်လား ဒေါင်းမြကြည် ” အမည် ဖြင့် ဗီဒီယို ရိုက်ကူးရန် ပုဂံ ညောင်ဦး ဘက် ကို သူ ထွက်သွားဖူးသည် ။ သို့သော် ထိုကားပြီးဆုံးအောင် သူ မရိုက်ကူးဖြစ်ခဲ့ ။ ဘာ ပြဿနာ တွေ ရှိကြသလဲတော့ ကျွန်တော် မသိ ။

ကိုရန်ပိုင့် တွင် အနုပညာမာနကလေး က တော့ ခိုင်ခိုင်မာမာ ရှိဟန် တူပါသည် ။

တစ်ခါတွင် အဝကျွန်းကိုချစ်မောင် က ရုပ်ရှင်တေးကဗျာ အတွက် စာမူခ ကြို ပေးကာ ကိုရန်ပိုင့် ထံ မှ စာမူ တောင်းသည် ။ ကိုရန်ပိုင် က လည်း ပေးသည် ။

သို့သော် ထို စာမူ ကို အဝကျွန်းကြီးက မရိုက်ဖြစ်ခဲ့ပါ ။ ငွေပေးချေပြီးသား ဖြစ်၍ ရိုက်ရိုက် မရိုက်ရိုက် အရေးမကြီးကြောင်း လည်း အဝကျွန်း က ဆိုလာပါသည် ။

သို့ဖြင့် ကိုရန်ပိုင် က ငွေ ပြန်ပေးပြီး စာမူ ပြန် တောင်းရန် အထိ တင်းတင်းမာမာ ဖြစ်သွားခဲ့ကြပါသည် ။

ကျွန်တော်တို့ အိပ်မက်ဖူးမဂ္ဂဇင်း လုပ်နေစဉ် ကာလများ က လည်း ကိုရန်ပိုင် က အေးချစ် အမည် ဖြင့် အနုပညာဆောင်းပါးများ လစဉ် ရေးရန် ညှိသည် ။ ကျွန်တော်တို့ က လစဉ် မဖော်ပြသော အခါ တစ်ယောက်နှင့် တစ်ယောက် တင်းခဲခဲကြီး ဖြစ်သွားခဲ့ကြဖူးသည် ။

သည်သို့ သည်သို့ သော ကိုရန်ပိုင် သည် မိုးသက်မုန်တိုင်းများ ကြား တွင် တော့ ကျွန်တော် တို့ နှင့် အတူ ရှိ နေခဲ့ပါသည် ။ သူ ၏ တင်းမာသော မျက်နှာကြီး ဖြင့် လူတွေ ထဲ မှာ တိုးဝှေ့ သွား နေလျက် ။ ကဗျာဆရာများ ၊ မြန်မာနိုင်ငံ မှ ကဗျာဆရာများ ။

ထိုထိုသော ကိုရန်ပိုင် သည် လွန်ခဲ့သည့် သုံးနှစ် လောက် က တော့ သူ သာသနာ့ဘောင် သို့ ဝင်ရောက်တော့မည် ဖြစ်ကြောင်း တရားဝင် ပြောကြား လာခဲ့ပါသည် ။ သူ့ ကို ကျွေးမွေး ပြုစုလိုလျှင် ပြုစု ကျွေးမွေးထားဖို့ ၊ လှူထား တန်း ထားလိုလျှင် လှူဖို့တန်းဖို့ လေထန်ကုန်းမှာ တွေ့တိုင်း ပြော လာပါသည် ။

သာဓု ခေါ် သူ က ခေါ်ကြပြီး ၊ တချို့ က လည်း ရဟန်းဘောင် သို့ ဝင်ရောက် စဉ် သုံးစွဲဖို့ နဝကမ္မ လှူဒါန်းကြပါသည် ။

ကိုအောင်ပွင့် က တော့ စာအိတ်ကလေး ထဲ တွင် ငွေ ၂၀၀ ထည့် ကာ “ ဘဝတစ်ပါး ပြောင်းရွှေ့သွားသူကြီး သို့ ” ဟု ကမ္ပည်း တပ် လျက် လှူဒါန်း လိုက် ပါသည် ။ ကျွန်တော် က တော့ တစ်ပြားတစ်ချပ် မျှ မပေးလှူခဲ့ ။

“ သိဒ္ဓတ္ထမင်းသား တော ထွက်တာ လူ သိ မှာ စိုးလို့ တိတ်တိတ်ကလေး ထွက်သွား ခဲ့တယ် ။ သူ့ နှယ်ဗျာ ၊ ဘယ်နေ့ ဘယ်လမ်း အတိုင်း သွားမယ် ၊ ဘယ်နေရာ က စောင့် လှူနိုင်တယ် နဲ့ ။ လိပ်စာ ပေးပြီး ထွက် ပြေးတာ နဲ့ တူ မနေဘူးလား ကိုပွင့် ရယ် ”

ကျွန်တော် က သည်လို ပြောတော့ ကိုအောင်ပွင့် က ခပ်ယဲ့ယဲ့ ရယ်သည် ။ သည်လို နှင့် ကိုရန်ပိုင် တစ်ယောက် တကယ့်ကို ရဟန်း ဝတ် သွားခဲ့ပါသည် ။

တောင်စွန်းမြို့နယ် ဇုတ်သုတ်ကျေးရွာ ကျိုက်ထီးဆောင်း ဆရာတော် ဘုရားကြီး ထံ သီတင်း သုံး နေကြောင်း ၊ ရဟန်းဘွဲ့ မှာ ဦးဝဏ္ဏလင်္ကာရ ဖြစ်ကြောင်း ကြားသိ ရသည် ။ ကျွန်တော် ရန်ကုန် ကို မကြာမကြာ ရောက်သွားခဲ့သည့် အခါများ တွင် လည်း ကိုရန်ပိုင် ရန်ကုန် ကို ကြွ လာ တတ်ကြောင်း သတင်းများကို

ကြားရသည် ။ တစ်ယောက် က တော့ “ တရား ရ တဲ့ ပုံ မပေါ်ဘူးဗျ ” ဟု ကောက်ချက် ချသည် ။

မဂ္ဂဇင်းအယ်ဒီတာ တစ်ယောက် က တော့ ...

“ မဂ္ဂဇင်းတိုက် ကို ဘယ် ဦးပဉ္ဇင်း ကြွလာ ကြွလာ ကျွန်တော် တို့ က နေရာ ဖယ် ပေး တာပါပဲ ။ ဒါပေမဲ့ ဦးပဉ္စင်း ကိုရန်ပိုင် က တော့ တက် လာ ကတည်း က ငါ ခေါင်းရင်း မှာ ထိုင်မယ် ဆိုတဲ့စိတ်မျိုး ရှိနေတယ် ထင်တယ် ”

ဟု သိမ်သိမ်မွေ့မွေ့ သုံးသပ်သည် ။

သည်လို ဆိုလျှင် ဖြင့် ကိုရန်ပိုင် တစ်ယောက် သူ့ အတ္တကြေးခွံကြီး ကို ချွတ် မှ ချွတ် နိုင်ပါလေစ ။ နောက်တော့ ကိုရန်ပိုင် တစ်ယောက် တောင်စွန်း မှာ နှစ်နှစ် ကျော် သုံးနှစ် ကြာ သွားသည် ။ ထို့နောက် ရန်ကုန် ကို ကြွလာပြီး သာကေတ မြို့နယ် ဇိနမာန်အောင်စေတီ အနီး က ပညာမဉ္စူကျောင်း မှာ သီတင်း သုံး လာ ပြန်သည် ။ ထို့ပြင် မဂ္ဂဇင်း အချို့ ၌ ချစ်သား ဟူသော အမည် ဖြင့် သူ ၏ ဝတ္ထုတွေ ကို တွေ့ လာ ရပြန်ပါ၏ ။

ခုတော့ဖြင့် ။

ထိုထိုသော ကိုရန်ပိုင် က လေထန်ကုန်း လက်ဖက်ရည်ဆိုင် မှာ လူဝတ်ကြောင် ဖြင့် ငုတ်တုတ် ။

•••••   •••••   •••••

“ ကဲ ... ချိုကြီး ၊ ကိုယ် ပြန်လိုက်ဦးမယ် ”

အတိတ် ကို တစ်ခဏ ပြန် ရောက်သွားသော ကျွန်တော့် စိတ်များ သည် ကိုရန်ပိုင် ၏ ပြောပြော ထထ စကား ကြောင့် မျက်မှောက် ကို ပြန် ရောက်လာခဲ့ ပါသည် ။ အားလုံး က ထွက်သွားသော သူ့ ကို ငေးရီလျက် ။

“ ကျွန်တော် က ဘာမှ မဖြစ်ပါဘူး ၊ ဒါပေမဲ့ ကျွန်တော့် အမျိုးသမီး က တော့ ငိုဦးမှာပဲ ။ သူ ရန်ကုန် ရောက် ကတည်း က ပစ္စည်းလေးပါး ဒါယကာ လုပ် လာ ခဲ့တာဗျာ ။ တနင်္လာနေ့ သူ အိမ် ကို ကြွလာတိုင်း တစ်ပတ်စာ ဆွမ်းဟင်း ကို အခြောက် ကြော် လှော်ပြီး ပုလင်းမျိုးစုံ နဲ့ ထည့် ၊ ဝတ်မပျက်ခဲ့ဘူး ။ သူ ရဟန်း ဘဝ က ကျွန်တော် က တစ်ဆင့် ပေးတဲ့ စာမူတွေကို ဘယ် တိုက် ကို မှ ပို့ မပေးဘူး ၊ စာပေလောက သတင်း ဘယ်တော့မှ သူ့ ကို မပေးဘူး ။ ဒီလောက် ဝဋ်ဒုက္ခ ကြီး တဲ့ စာပေလောက သူ မို့ ပြန် လာချင်တယ်ဗျာ ”

ကိုချစ်ဦးညို က ဆွေးဆွေးမြည့်မြည့် စကား ကို ဆိုသည် ။ ပန်းချီလှထွဏ်းအောင် ၊ ကိုဟိန်းလတ် စသည် ဖြင့် ကြားရသူ အပေါင်း က “ ဟာခနဲ ဟင်ခနဲ ” ဖြစ် သွားကြသည် ။

"ကိုချစ်ဦးညို ၊ ကျွန်တော် မသိလို့ မေးပါရစေ ၊ ဗုဒ္ဓဘာသာ မှာ ရဟန်း ဝတ်တယ် ဆိုတာ ဝတ်လိုက် ထွက်လိုက် မရဘူး ဆို ။ ပိုင် မှ နိုင် မှ ဝတ် ၊ ဝတ် ပြီး ရင် မထွက် စတမ်း ၊ ထွက် ပြီး ရင် ပြန် မဝတ် စတမ်း ၊ အဲဒါ ဟုတ်လား ”

“ တကယ်တော့ ဟုတ်တယ်ဗျ ”

ကျွန်တော့် အမေး ကို ကိုချစ်ဦးညို က ပြတ်ပြတ်သားသားပင်  ဖြေသည် ။

လေထန်ကုန်း ညနေ သည် မိုးရိပ်တွေ ဖြင့် မှောင်မှိုင်း လာပြန်၏ ။ ကိုရန်ပိုင် တစ်ယောက် ဘယ်စခန်း ကို ဘယ်လမ်းကများ ပြန် သွားပြန်ပါလိမ့် ။

•••••   •••••   •••••

နောက် တစ်နေ့ လေထန်ကုန်း ကို ရောက်ပြန်တော့ လည်း ကိုရန်ပိုင် နှင့် ကျွန်တော် တွေ့ကြ ပြန်ပါသည် ။ ကိုရန်ပိုင် က လောက ကို လိပ်ပြာ မလုံသည့် အပြုံးများ ဖြင့် စားပွဲ မှာ ဝင် ထိုင်သည် ။

“ ကိုရန်ပိုင် ၊ ကျွန်တော့် ကို တစ်ခု လောက် တော့ ဖြေဗျာ ၊ လူထွက် ချင် လောက် အောင် ကိုရန်ပိုင်ကို စေ့ဆော်တဲ့ အချက် ၊ အဲဒါ ကျွန်တော် အတိုချုံးပြီး သိချင်တယ် ”

“ ချိုကြီး ရာ တစ်ခု ခု ထဲ မှာ ကိုယ် အသေ မနေချင်တဲ့ စိတ် ပါ ပဲ ။ နောင်မှ အသေးစိတ် ကိုယ် ပြောပါ့မယ် ”

နိုင်တယ် ခေါ်သလား ၊ ရှုံးတယ် ခေါ်သလား ၊ ခေါင်း မော့ တာလား ၊ ဒူး ထောက် တာ လား မသိ ။ ကျွန်တော် မသိ ။ ဒါတွေကို ဘာမှ ကျွန်တော် မသိ ။ ကိုရန်ပိုင် က တော့ လေထန်ကုန်း သောကပရိဒေဝ စားပွဲ မှာ လူဝတ်ကြောင် ဖြင့် ပြန် ရောက် နေပြန်ပါလေပြီ ။

◾ မောင်သာချို

📖 ပန်းဝေသီမဂ္ဂဇင်း
အောက်တိုဘာလ ၊ ၁၉၉၆ ။

#ကိုအောင်နိုင်ဦး

.

အလှည့်ကျ မနွဲ့စတမ်း


 ❝ အလှည့်ကျ မနွဲ့စတမ်း ❞


“ ဟူး ... ပူလိုက်တာ ”


ပါးစပ် မှ လေပူ တစ်ချက် မှုတ် ထုတ်လိုက်သော်လည်း ခန္ဓာ ကိုယ် အပူ က လျော့ မသွားခဲ့ ။ မိကျောင်း ဖမ်း သည့် နေ့ က စပြီး တိုးကျော် အမေ့ ကို ကျေးဇူးအနန္တ တင် နေမိသည် ။ အမေ တစ်ယောက် ၏ ဒုက္ခ က သေးလှသည် မဟုတ် ။ မျက်နှာ ပေါ် မှ ပြိုက်ပြိုက်ကျ နေသော ချွေးတွေ ကို ချိုနွယ် က သူ့ လက်ချောင်းနုနု လေး နှင့် သပ် ချပေးသည် ။ 


“ နေပါစေဟာ ၊ ငါ့ ကို အဝတ်ကြမ်း တစ်ထည် သာ ပေး ” 


တန်း ပေါ် မှ ပုဆိုးဟောင်း တစ်ထည် ကို ချိုနွယ် ယူ လာ ပေးသည် ။ 


“ ရေ မချိုးလိုက်နဲ့ဦး နော် ကိုကိုး ။ အပူ ဝင် သွားဦးမယ် ” 


ဒီ အပြောလေးတွေ ကြောင့်ပဲ အိမ်ထောင်မှု မနိုင်နင်းသော နွယ့် ကို တိုးကျော် သည်းခံ နေနိုင်ခြင်းပါ ။ ချိုနွယ် က ဝါးယပ်တောင် အစုတ်လေး ဖြင့် တိုးကျော် ကို ယပ်ခပ် ပေးသည် လေ အဝှေ့ မှာ ချိုနွယ့် ကိုယ် မှ သနပ်ခါးနံ့ သင်းသင်းလေး ရသည် ။ မိန်းမ ဖြစ်သူ ကို တိုးကျော် စောင်းငဲ့ ကြည့် လိုက်သည် ။ တောသူ လို့ မထင်ရလောက်အောင် ဖြူဝင်း သည့် အသားအရေ မှာ သနပ်ခါး စင်းကြောင်းလေး တွေ ထင် နေသည်က ကြည့် ကောင်း လွန်းလှသည် ။ သနပ်ခါး ကြား မှာ ပေါ် နေသည့် အသားအရေ က သနပ်ခါး ထက် ပင် ဖြူနုအိမွတ် နေသည် ။ ထို မျက်နှာဝင်းဝင်းလေး ပေါ် မှာ မှ အရင်း တုတ်ပြီး အဖျား သွယ်သွားသော မျက်ခုံး မည်းမည်းလေး က ထင်းထင်းပပ ရှိသည် ။ ရှည်မျောမျော နှင့် မျက်ဝန်းအိမ် ကျယ်သည့် မျက်လုံး တစ်စုံ က မျက်တောင်မွေး တိုတိုစိပ်စိပ်လေးများ ဖြင့် ဘောင် ခတ်ထားသည် ။


“ ချိုနွယ် နင် နှုတ်ခမ်းနီ ဆိုး ထားတာလား ” 


တိုးကျော် စေ့စေ့ကြည့်ပြီး မေး လိုက်၍ ချိုနွယ် မျက်လွှာလေး ချသွားသည် ။


“ ကိုတိုး က လည်း ပြော တော့မယ် ။ ဘယ် မှာ နှုတ်ခမ်းနီ ရှိလို့ ဆိုး ရမှာလဲ ” 


ဟုတ်တာပဲ ၊ အိမ်ထောင်သည် လည်း ဖြစ် ၊ တောသူတောင်သား လည်း ဖြစ်၍ သည်လောက်ထိ အလှအပ ကို ခုံမင်စွဲလမ်း နေရမည့် အခြေအနေ လည်း မဟုတ် ။ သို့သော်လည်း ချိုနွယ့် နှုတ်ခမ်းလေးတွေ နီရဲ ထူအိ နေတာ တော့ အမှန်ပါ ။ သည် ရုပ်ရည်ကြောင့် လည်း အဖေ နှင့် အမေ ကို ဆန့်ကျင်ပြီး တိုးကျော် ဇွတ် တိုး ခဲ့ခြင်းပါ ။


“ မိန်းမ ယူတယ် ဆိုတာ မောင်တစ်ထမ်း မယ်တစ်ရွက် မဟုတ် တဲ့ တိုင် အိမ်ထောင်မှုလေး နိုင်နှင်းရင် တော် သေးတာပေါ့ ။ အခု မင်း ယူမယ့် မိန်းမ က ဆိုင်းလေး နဲ့ တင်ပြီး အလှ ကြည့် ရမယ့် မိန်းမ ။ လှတာ မက် ရင် ညစာ ခက် သတဲ့ ။ မင်း ဒုက္ခတွေ ငါ မြင်သေးတယ် ”


တိုးကျော် မိန်းမ ယူစ က အမေ ပြောခဲ့သည့် စကားပါ ။ တိုးကျော် က လည်း မခေပါ ။ အမေ့ ကို နှုတ်လှန် ထိုး ခဲ့သေးသည် ။


“ ကိုယ် က သေကောင်ပေါင်းလဲ လုပ် ကျွေးရမယ့် ဟာ ။ ရုပ် ချောတော့ အမော ပြေ သေးတယ် ။ လုပ် လည်း ကျွေး ရသေး ၊ ပြန် လာတော့လည်း အမောမပြေ ဆို ဘာ လုပ်မှာလဲ ။ ထမင်း ကတော့ သူ  မချက် လည်း ကိုယ် ချက်ရုံပေါ့ ”


တိုးကျော် ပြော တော့ အဖေ ခေါင်း တညိတ်ညိတ် ပြုံး နေသည် ။


“ ခက်တယ် တိုးကျော် ၊ မင်း မသိဘဲ လျှောက် ပြောနေတယ် ။ မိန်းမ ဆို တာ မီးဖွားရတဲ့ ဒုက္ခ ၊ ကိုယ်ဝန် ဆောင်ရတဲ့ ဒုက္ခ က ပဲ  အတော်ကြီး ပင်ပန်းလှပြီ ။ မင်း မိန်းမ ပျော့တိပျော့နွဲ့ နိုင်ပုံမျိုးနဲ့ မီးကပ်ပေါ် တောင် နေနိုင်မှာ မဟုတ်ဘူး ။ နနွင်းတောင်း ဖို့ ဆိုတာ ဝေးလာ ဝေးရော ”


ထိုစဉ်က အမေ ပြောသည့် မီးကပ် ဆို တာကို တိုးကျော် နား မလည်ခဲ့ ။ အမေ ရှင်း ပြမှ အံ့ဩရသည် ။  


“ ဟိုခေတ် က မိန်းမတွေ ကလေး မွေးတာ လွယ် မှတ်လို့ ။ ရှေး လက်သည်တွေ က မီးဖွားပြီး သွေး ညီညွတ်အောင် ဆိုပြီး တစ်ကိုယ်လုံး အုတ်ပူတွေ နဲ့ ထိုး ၊ ဒါတင် အားမရဘူး ၊ မီးတွေ ပတ်လည် ထည့်ပြီး ကိုယ် က အလယ် ခေါင် မှာ စောင်ကြီး ခြုံပြီး နေရ တာ ။ မီးရှိန် နဲ့ ဆိုတော့ လူ ကို ချွေးဒီးဒီး ကျရော ။ ဒီတော့မှ သူတို့ က သွေးသားစင်တယ် ထင် တာကလား ။ နနွင်း ဆို တာလည်း သောက် လိုက်ရတာ ပြော မနေနဲ့ ။ ခု ခေတ် မှာတော့ ဒါတွေ မရှိတော့ပါဘူး ။ တော်ရုံ အုတ်ပူ တိုက် ရုံလောက်ပဲ ”


အမေ ပြောစဉ် က အံ့ဩရုံ မှ လွဲပြီး သည်လောက်ကြီး အလေး အနက် မရှိခဲ့ ။ ချိုနွယ့် ကို ရ လျှင် ပြီးရော ၊ ကျန်သည့် ဒုက္ခတွေ ကို ရင်ဆိုင်နိုင်မည် ဟု ထင်ခဲ့သည် ။ လက်တွေ့ ဘဝ မှာ အိမ်ထောင် တစ်ခု ကို ဦးဆောင် ရသည့် အခါ မှာတော့ တာဝန် မသေးလှကြောင်း ကို တိုးကျော် သိ လာရသည် ။ ရုန်းကန် လိုက်ရသည် က နဖူး က ချွေး ခြေမ ကျ မဟုတ် ၊ ကိုယ့် ချွေး ကိုယ် ပြန် သောက်ရသည့် အဖြစ် ။ လုပ် လိုက်ရသည့် အလုပ် က လည်း ရာသီ အလိုက် နား ရသည် မရှိ ။ အမေ ပြော သလို ကူဖော်လောင်ဖက် မိန်းမမျိုး ဆိုလျှင် တိုးကျော် သက်သာရာ ရဦးမည် ။ ချိုနွယ် က ပါးစပ် သမား ။ ပါးစပ်ကလေး က ချွဲနွဲ့ ခိုင်း တတ်သလောက် ဆီ မရှိလည်း တိုးကျော် ၊ ဆန် မရှိလည်း တိုးကျော် ပါ ပဲ ။ အလဲအဖယ်လေးတောင် မရသော မိန်းမ ကို တစ်ခါ တလေ တော့ လည်း တိုးကျော် စိတ်ဆိုး ချင်သည် ။ သို့သော်လည်း ကိုယ် တည်သည့် ဘုရား လင်းတ ပဲ နားနား ဆိုသလို အောင့်အည်း သည်းခံ ရသည် ။  


အိမ် အပြန် သနပ်ခါးလေး ဖွေးဖွေး ၊ အပြုံးလေး ချိုချို ဖြင့် ကြို လိုက်သောအခါ တိုးကျော် စိတ် တွေ အရည် ပျော် သွားရသည် ။


“ ကိုတိုးရေ ခမုန်းလေးကွင်း ဘက် မှာ မိကျောင်း တွေ တစ်အား ပဲတဲ့ တော့ ”


“ ဟုတ်လား ”


ရေ တစ်ခွက် ကို အနား မှာ ချပေးပြီး ပြော လာသော ချိုနွယ့် စကား ကို တိုးကျော် ယုံရ ခက်နေသည် ။


“ ဖြစ်နိုင်ပါ့ မလား ၊ ဒီလောက် မိကျောင်းဖမ်းသမားတွေ ပေါ နေ တဲ့ဟာ ။ တမင် မွေး ထားတာလည်း ဖြစ်ချင် ဖြစ်မှာပေါ့ ” 


“ အေးနော် ”


ချိုနွယ် တစ်ယောက် ငြိမ်ပြီး စဉ်းစားနေပုံ ရသည် ။ ခု နောက်ပိုင်း မိကျောင်း ကို တကူးတက မွေး လာကြသည် ။ တိုးကျော် တို့ ငယ်စဉ် က ရွာထိပ် ကိုကုလားကန် မှာ ရေ မမြင် ရလောက်အောင် မိကျောင်း တွေ ပြည့် ကျပ်နေခဲ့သည် ။ နွားကျောင်း ရင်း ၊ ပြေးလွှား ကစား ရင်း ၊ ညောင်သီး ခူးစား ရင်း ရေ ငတ်ပြီ ဆိုလျှင် မိကျောင်းတွေ ကို တိုးကျော် အလွန် စိတ် တိုသည် ။ သူတို့ ကြောင့် အေးအေးလူလူ ရေ သောက်လို့ မရ ။ ဆွဲနုတ် ပြန်တော့လည်း သူတို့ အဆူး ချွန်ချွန်လေးတွေ က လက် ကို ဆူးလှသည် ။ ဝါဆိုလ ရေတွေ ပြည့်လျှံ နေသည့် အခါမျိုး မှာတော့ တစ်ကန်လုံး ဖွေးအောင် မိကျောင်းပွင့်တွေ ဝေဆာနေ တတ်သည် ။ ကန်ကြီး တစ်ကန်လုံး မိကျောင်းပန်း တွေ နှင့် ပြည့်နှက် နေပြီး ပန်းကန်ကြီး လို ဖြစ်နေတတ်သည် ။ ထိုအချိန်က မိကျောင်း ပင် ကို နုတ်၍ ဝက်စာ ကျွေး သည် မှ အပ ထွေထွေထူးထူး အသုံး မဝင်လှ ။ ဝက် ကျွေးသည် ဆိုလျှင်တောင် မိကျောင်းပေါက် နုနုလေးတွေ ကို ဝက်ဆေး အဖြစ် ကျွေး ကြခြင်းပါ ။ အရွယ် ရင့် လာလျှင် မိကျောင်းသီး ချွန်ချွန်များ က စူး လှ၍ ဆိတ် လို ပါးစပ် အငြိမ် မနေသည့် သတ္တဝါမျိုး တောင် မိကျောင်း ကို ရှောင်သည် ။  


ယခု နောက်ပိုင်း မှာ တော့ မိကျောင်း က လူတွေ အတွက် အဖိုးတန် ရတနာသိုက် လို ဖြစ်လာသည် ။ မိကျောင်း တွေ့ပြီ ဆိုမှ ဖြင့် ရသည့် နည်းဖြင့် ပြေး လိုက်ကြသည် ။ သူ့ ထက် ငါ အလုအယက် အပြေးအလွှား ဖြစ်နေကြသည် ။ ဖြစ်တာလည်း မပြောနှင့် ၊ မိကျောင်းစေ့ တစ်ပိဿာ သုံးထောင် ပေး ဝယ်သည် ။ ယခု နောက်ပိုင်း မိကျောင်း ရိတ် သူ များ လာ၍ ဈေးအနည်းငယ် ကျ လာသော်လည်း မိကျောင်းဈေး က မဆိုးလှ ။ မိကျောင်း မှည့် သည့်အချိန် က လည်း နွေရာသီ အလုပ် ပါး ချိန် ဖြစ်၍ ဝင်ငွေ ကောင်းသည့် မိကျောင်း ကို လူတိုင်း ရှာ ရိတ်ကြသည် ။ ဒါကိုပင် ဒေသ စကားဖြင့် မိကျောင်း ဖမ်း သည် ဟု တင်စား ခေါ်ကြသည် ။


မိကျောင်း ရှာ ရသည့် အလုပ် က လည်း တကယ်တော့ ပင်ပန်း လှသည် ။ မိကျောင်း ဆိုသည့် အပင်မျိုး က တစ်နေရာတည်း မှာ တစ်စုတစ်ဝေး ပေါက်သည် မဟုတ် ။ ဟိုနားစုစု ၊ သည်နားစုစု နှင့် ရသမျှကို သိမ်းကျုံး ရိတ်ရခြင်းဖြစ်သည် ။ မိကျောင်း သဘာဝ က အသီး ရင့်မာ လျှင် လေးစိတ် ကွဲ သွားပြီး အတွင်း မှ အစေ့လေးများ က လေ သင့်ရာ ပါပြီး ချောင်းစပ် ၊ ရေစပ်များ မှာ ပေါက် ကြခြင်း ဖြစ်သည် ။ တချို့ ခြံဝင်း အတွင်း မှာလည်း ပေါက်လေ့ရှိသည် ။ တိုးကျော် တို့ ငယ်စဉ်က အစ်မများ နှင့် အိုးပုတ်တမ်း ကစားလျှင် မိကျောင်းသီး များ ကို ငှက်ပျောသီး လုပ်တမ်း ကစားကြသည် ။ မိကျောင်းသီး ချွဲကျိကျိလေးများ ကို ပါးစပ် ဖြင့် ကိုက် ၍ အပျော် စား ပြီး ဖွီခနဲ ထွေး ထုတ်ရသည့်အရသာ ကလည်း တစ်မျိုးလေးပါ ။ ယခုအခြေ အနေ မှာတော့ မိကျောင်း က တိုးကျော် တို့ လက်လုပ်လက်စားများ အတွက် တကယ့် ငှက်ပျောသီး ပါ ။ အခုလို အလုပ် ပါးသည့် ရာသီ မှာ မိကျောင်း ကို ပင် ကျေးဇူး တင်ရဦးတော့မည် ။


“ ဟေ့ လူကြီး ၊ အမယ် ... သင်း က တယ် ဇိမ်ကျနေပါလား ။ ရေပူရေချမ်း ကမ်းလှမ်းမယ့် သူ နဲ့ ဘာ နဲ့ ရာသီဥတု ကောင်း နေတယ် ပေါ့လေ ”


ရွာလယ်ပိုင်းသား ထွန်စက်ပိုင်ရှင် နေကြီး က အိမ်ရှေ့ မှ ပေစောင်းစောင်း ကြည့်ရင်း လှမ်း နှုတ်ဆက်သည် ။


“ အေးကွာ ၊ ရာသီဥတု အခြေအနေ က တော့ မြင်းခေါင်း မကိုင်ရသေးဘူးလို့ ပြောရမှာပဲ ”


“ ဟား ... ဟား ... ဟား ၊ မြင်းခေါင်း ကိုင် ရပြီ ဆိုလည်း စောစောစီးစီး ပြောပါဗျာ ။ အချင်းချင်း အကူအလှည့်လေး လုပ်ရ တာပေါ့ ”


နေကြီး က ပြောပြောဆိုဆို ဝင်လာသည် ။ ရပ်ဓလေ့ ရွာဓလေ့ က သည်လိုပါပဲ ။ တစ်ယောက် နှင့် တစ်ယောက် ပြောမနာ ဆိုမနာ နောက်ကြ ပြောင်ကြသည် ။ မြင်းခေါင်း မကိုင်ရသေး ဆိုသည့် အဓိပ္ပာယ် က ကျန်းမာရေး  ကောင်း၍ ဆန်ပြုတ် မသောက်ရသေး ဟု ဆိုလိုခြင်းပါ ။ မြင်းခေါင်း က စတီးဇွန်း တံဆိပ် ဖြစ်သည် ။


“ ဟေ့ လူ ... ခင်ဗျား ကို ပြော ရဦးမယ် ။ ကျပ် ဟိုတစ်နေ့ က ချေဖလုံ က ပြန်အလာ ၊ ချေးဖလုံ နဲ့ ဇီးပင်စု အကြား ကိုင်းတော အစပ် မှာ မိကျောင်းအုပ် တွေ့တယ်ဗျ ” 


တိုးကျော် က နေကြီး ရှေ့ ရေနွေးခွက် ချ ပေးလိုက်သည် ။ 


“ သေချာလို့လား ကွ ၊ အဲဒီဘက် ကို အေးနိုင် တို့ အဖွဲ့ တွေ သွား တယ်ကွ ”


"ဟာ ... သေချာလို့ ကျွန်တော် မချိုနွယ် ကို တောင် ပြော ထားသေးတယ် ။ ကိုင်းတော ကြား မှာ ပေါက် နေတာဆိုတော့ တော်ရုံ လူ မမြင်နိုင်ဘူးဗျ ။ ကျွန်တော် တောင် အပေါ့ ဆင်း သွားလို့  ၊ တွေ့တာ ”


“ အေး .. ဒါဆို ငါ မနက်ဖြန် သွားမယ်ကွာ ”


တိုးကျော် က အားပါးတရ ပြောသည် ။ သည်လို သေချာလို့ ကတော့ သွားနိုင်ပါ့ ။ မသေချာဘဲ နှင့်တောင် တစ်ကွင်းလုံး ၊ တစ်တောင်လုံး နှံ့အောင် သွားရသေးတာ ။


“ ဟုတ်တယ် ၊ သွားဆို မြန်မြန် သွားတာ အကောင်းဆုံးပဲ ။ တော်ကြာ သူများ ဦးမယ် ”  


မိန်းမ ဆို တော့ လောဘလေး ရှိချင် သည် ။ တိုးကျော် က တစ်နေ့လုံး မိကျောင်း ဖောက် ထား၍ လူ က ဖိန်းတိန်းရှိန်းတိန်း ဖြစ် ချင်နေသည် ။


“ သွားလိုက်ပါ ။ အနည်းဆုံး နှစ်ပိဿာ ၊ သုံးပိဿာ ဆိုတာ အောက်ထစ် ပဲ ” 


“ အေးကွာ ၊ ဒါဆို မဆိုးဘူး ၊ သွားမယ် ” 


တိုးကျော် စိတ်တုံးတုံး ချလိုက်သည် ။ မိကျောင်း က ရိတ်ရ သည်က အပန်းမကြီး ၊ ဖောက် ရသည်က ပင်ပန်းကြီးလှသည် ။ မြေကြီး ထဲ မှာ အပေါက် နှစ်ပေါက် ပါသော မီးဖိုကြီး ကို တူး၍ မြေကြီး ကို ပြောင်ချောအောင် မံ ထားရသည် ။ အနီးပတ်ဝန်းကျင် ကို လည်း အမှိုက်သရိုက်များ ပြောင်ချောအောင် လှည်းကျင်း ရသည် ။ ပြီးလျှင် မီးဖိုတစ်ဝိုက် ကို တိုင် စိုက်၍ စောင် ဖြစ်စေ ၊ ရိုင်ပတ် ဖြစ်စေ လေလုံအောင် ကာ ထားရသည် ။ မဟုတ်လျှင် မိကျောင်းသီး တွေ ပြန့်ကြဲ သွားနိုင်သည် ။ ထို လေလုံ နေသော အကာအတွင်း ဝင် ၍ တစ်ဘက်ပေါက် က မီးထိုး ၊ တစ်ဖက်ပေါက် က မိကျောင်း ပင် တွေ မီး မြိုက်ရသည် ။ မီးမြိုက် နေစဉ် မျက်စိ ကို အဝတ် ဖြင့် ကာ ထားရသည် ။ မိကျောင်းသီးဆန် မျက်စိ တွင်း ဝင် လျှင် မျက်လုံး ထိခိုက် နိုင်သည် ။ မျက်စိ လို အရာမပြော နှင့် အင်္ကျီ ၊ လုံချည် ကပ် လျှင် တောင် တော်ရုံ နှင့် ခွာ မရ ၍ ရေ စိမ်ပြီး မှ လျှော် ရသည် ။ သည်တော့ လည်း မိကျောင်းဖောက်သမား မှန်သမျှ အင်္ကျီ မဝတ်ဘဲ ကိုယ်လုံး ပြောင် အတိုင်းသာ ဖောက် ကြသည် ။ နေပူပူ လေလုံသော အကာ အရံတွင်း မှာ မိကျောင်းဖောက် ရသည့် အဖြစ် က အမေ ပြောသည့် မီးကပ် ပေါ် တက် ရသည့် မီးနေသည် ထက် ဆိုးသည် ။ ချွေးဒီးဒီး ကျအောင် ပူလောင်သည့် ဒဏ် က လူ တစ်ကိုယ်လုံး မီးကင် ထား သလို ဖြစ်နေရသည် ။ မိကျောင်း ဖောက် သည့် နေ့ မှ စပြီး တိုးကျော် အမေ့ ကို ကျေးဇူး အထပ်ထပ် တင်နေမိသည် ။ ကလေး ခုနှစ်ယောက် ၊ ရှစ်ယောက် မွေးပြီး မီးကပ် ပေါ် တက် ရသည့်အဖြစ် က ဘယ်လောက်များ ပင်ပန်း ရှာမလဲ ဟု တိုးကျော် စာနာမိသည် ။ 


“ ကဲ... သွားမယ်ဗျာ ”


နေကြီး က စကားစမြည် ပြောပြီး နှုတ်ဆက် ထွက် သွားသည် ။ တိုးကျော် ချိုနွယ့် ဘက် လှည့် လိုက်သည် ။


“ ကဲ ... မနက်ဖြန် သွားမယ် ၊ ထမင်းချိုင့် ထည့် သွားမယ် ။ ဘာဟင်း ရှိလဲ ”


တိုးကျော် မေးတော့ ချိုနွယ် မျက်လုံးလေး ထောင့် ကပ်ပြီး စဉ်းစားနေသည် ။  


“ ဘာမှလည်း မရှိဘူး ။ ဒီနေ့တောင် ခရမ်းချဉ်သီး နဲ့ ပဲငါးပိလေး ချက် မလားလို့ စဉ်းစားတာ ကိုတိုး တို့ အမေ အိမ် က ခရမ်းချဉ်သီး တောင်း ရမှာ ကြောက် တာ နဲ့ ကန်စွန်းရွက်ချဉ်ရေကြမ်းလေး ချက်ပြီး အာပြဲခြောက်လေး ကြော် ထားတယ် ”  


“ ရပါတယ် ၊ ဘာပဲဖြစ်ဖြစ် ပင်ပန်းရင် စားဝင်တာပဲ ” 


ပြောလို့ သာ ပြောရ ၊ တိုးကျော် က ဟင်းကောင်း ကြိုက်သည် ။ အိမ် မှာ ဆို လျှာရင်း မြက် မှ စား တတ်တာ တိုးကျော် အကျင့် ။ ခုတော့ လည်း ကိုယ့် ဘဝ နှင့် ကိုယ် အသားကျ နေခဲ့သည် ။


“ ကိုယ့် ယောက်ျားကြီး ပင်ပန်းလို့ ဟင်းကောင်းကောင်း ကျွေး ချင်တာ တော့ ။ ဒါပေမယ့် ဘယ်မှ မရှာတတ် ၊ မဖွေတတ် တော့ ရှိတာ ချက်ရတာ ” 


“ အေးပေါ့ဟာ ၊ ငါ အဖေတို့ အိမ် ဘက် ခဏ သွားဦးမယ် ” 


တိုးကျော် စိတ်ကူး ရပြီး အမေတို့ အိမ် ဘက် ထွက် လာခဲ့သည် ။ 


“ ကိုတိုးရေ ဘာလေး ညာလေး ရရင် ယူ ခဲ့နော် ”


ချိုနွယ် က ခြံပေါက်ဝ ရောက်မှ လှမ်း အော်သည် ။ ချိုနွယ် မှာ လည်း မှာ ချင်စရာပါ ။ အမေတို့ အိမ် က လယ်ဧက သုံးဆယ် ကျော် လယ်သမားကြီး အိမ် ဖြစ်၍ အမေ့ အိမ် မှာ ဆန် ၊ ဆီ မှ အစ အသီး  ၊ အနှံ ၊ ငါးပိ ၊ ဆား ၊ ငါး ရှားလှသည် မဟုတ် ။ အမေ ကလည်း အိမ် မှာ ရှိသမျှ တိုးကျော် ကို ပေးပါသည် ။ ထို့အတူ ချိုနွယ် က လည်း အိမ် မှာ ပိုပိုလျှံလျှံလေး ရှိလာသမျှ သူ့ အမေ အိမ် ကို ပို့ ပါသည် ။ တိုးကျော် ယောက္ခမ မပု က မုဆိုးမ ၊ သမီး သုံးယောက် အမေပါ ။ ချိုနွယ် က သမီးဦး ဖြစ်သည် ။ သမီးဦးလေး တင့်တောင့်တင့်တယ် လူ နှင့် အိမ်ထောင် ကျ ၍ မယ်ပု တစ်ယောက် အမျှော်လင့်ကြီး မျှော်လင့် ခဲ့သည် ။ သို့သော်လည်း ချိုနွယ့် ကို သဘော မကျသော တိုးကျော် တို့ ဘက် က ဘာမျှ မပေးခဲ့ ။ အမေ က သား အတွက် စိတ် မကောင်း ဖြစ်မိသော်လည်း အဖေ က ပြတ်သည် ။ 


“ ဒီကောင် ဘယ်လောက် ရုန်း နိုင်မလဲဆိုတာ ငါ ကြည့်လိုက် ဦးမယ် ”


တကယ်ပင် တိုးကျော် အတွက် အဖေ ဖြစ်ဖြစ်မြောက်မြောက် ဘာတစ်ခု မျှ မပေးခဲ့ ။


မယ်ပု က လည်း မချ ။ အမျှော်လင့်ကြီး မျှော်လင့် ထား ပြီး ဘာမှ ဖြစ် မလာသောအခါ အရပ် ထဲ လှည့် ပြောတော့သည် ။


“ ရေရေရာရာ သားသမီးရယ် လို့ အထင် မကြီးပါနဲ့တော် ။ ဘာမှ မဟုတ်ပါဘူး ”


ထို စကား ကို တိုးကျော် အစ်မတွေ က လည်း ပြန် ကြားသည် ။ 


“ ဘာတန်မှ မဟုတ်လို့ ဘာမှ မပေးတာ ။ ဘာမှ နာ မနေနဲ့ ”


သူတို့တွေ ဘာ ပြောပြော ချိုနွယ် နှင့် တိုးကျော် က ပျော် ပါ သည် ။ လင်မယား နှစ်ယောက် ရှိသမျှ နှင့် ရောင့်ရဲ တင်းတိမ်ရင်း နေ ဖြစ်ကြသည် ။ အမေ က သား ကို အချစ် ပို သူ ပီပီ အဖေ့ အိမ် ရောက်တိုင်း ပိန်တာ ၊ ဝတာ ၊ လန်းတာ ၊ နွမ်းတာ တစိမ့်စိမ့် ကြည့်ပြီး ပြောတတ်မြဲ ။ ယခုလို တိုးကျော် မိကျောင်း ရိတ်နေမှန်း သိလျှင်  ၊ အမေ ဘယ်လောက်များ စိတ် မကောင်း ဖြစ်ရှာမည် မသိ ။ အတွေး နှင့် အတူ တိုးကျော် အမေ့မျက်နှာ ကို မြင်ချင်စိတ် ပြင်းပြလာသည် ။ ခြေလှမ်းသွက်သွက် လှမ်းရင်း ရွာလယ်ပိုင်း ရှိ အမေ့ အိမ်ဝိုင်း ထဲ လှမ်း ဝင်ခဲ့သည် ။


“ ဟိုမှာ လာပါပြီ အမေ့သား ၊ ဘယ် နတ် က များ နှိုးဆော်လိုက် တယ် မသိဘူး ”


အစ်မ အပျိုကြီး က အမေ့ ကို လှမ်း အော်၍ အမေ မီးဖိုထဲ က ပြေး ထွက်လာသည် ။ အမေ့ မျက်နှာ က အစွမ်းကုန် ပြုံး နေသည် ။


“ လာ ... ငတိုး ၊ အမေ က ဝက်သားဟင်းချက် လို့ ငါ့ သားလေး လာရင် ကောင်းမှာပဲ လို့ တွေး နေတာ ”


တိုးကျော် ဗိုက်ထဲ လှပ်ခနဲ ဆာသွားရသည် ။ ဟင်းနံ့လေး ကလည်း မွှေးအီနေသည် ။


“ ဝက်သား မှ ပိဿာလုံးတွဲကြီး တော် ။ နင့် အဖေ ဟိုဘက်ရွာ သွား လို့ ဆွဲ လာတာ ”


တိုးကျော် ပါးစပ်ထဲ သွားရည်တွေ ပြည့်လာသည် ။ ယခင် က သည်လို ဟင်းကောင်း ချက်ပြီ ဆိုလျှင် မီးဖိုထဲ မှာ တိုးကျော် လက် တိုးကျော် ခြေကြီးပါပဲ ။ အမေ က လည်း အဖေ့ ထက် တိုးကျော် ကို ဦးစား ပေးသည် ။


“ စားပြီး မှ သွား ၊ နင့် အဖေ ပြန် လာတာနဲ့ စားမယ် ” 


“ အဖေ က ဘယ် သွားလို့လဲ အမေ ”


“ ဘုန်းကြီးကျောင်း သွား တယ်လေ ။ နင် နဲ့ လမ်း မှာ မတွေ့ဘူးလား ”


“ မတွေ့ဘူး အမေ ၊ ဒါဆို အဖေ က ကြာ မှာ ။ သား က အိမ်မှာ အလုပ် ရှိသေးတယ် အမေ ရ ”


အမေ က ချက်ခနဲ ဆို နားခွက် က မီး တောက်သည် ။ 


“ ဒါဆိုလဲ အမေ ခပ် ပေး လိုက်မယ် ။ လင်မယား နှစ်ယောက် စားကြပေါ့ ။ ဘာလေးညာလေး လည်း ထည့် သွားဦး ”


ချိုနွယ် မှာ သည့် ဘာလေးညာလေး ကိုပင် အမေ က အတတ် သိနေသည် ။ တိုးကျော် တစ်ယောက် ဝမ်းသာလုံး ဆို့နေသည် ။ ယခု နေများ အမေ့ လက်ရာ ဝက်သားဟင်း နှင့် စားရလျှင် နံကျွံသွားမလား မပြောတတ် ။ အမေ က ပြောပြောဆိုဆို တောင်းတစ်လုံး ယူပြီး တွေ့ရာတွေ ပစ် ထည့်နေသည် ။ ဟင်း ကိုတော့ လင်မယား နှစ်ယောက် စာ ချိုင့်ကလေး နှင့် ထည့်ပေးသည် ။


“ အမေ သား ကို ပဲငါးပိလေး လည်း ပေးလိုက်ပါ ။ သား နက်ဖြန် ထမင်းချိုင့် ထည့် သွားချင်လို့ ”


အမေ မျက်မှောင် ကြုတ် သွားသည် ။ 


“ သား က ဒီအချိန် ထမင်းချိုင့် နဲ့ ဘယ် သွားမှာလဲ ” 


“ မိကျောင်း ရိတ် နေတာ အမေ မနက်ဖြန် ဇီးပင်စု ဟိုဘက် ကိုင်းတော မှာ မိကျောင်းအုပ် တွေ့တယ် ဆိုလို့ သား သွား ရိတ်မလို့ ။ များ လည်း များ ဝေး လည်း ဝေး တော့ ထမင်းချိုင့် နဲ့ သွားမှရ မှာ အမေ ” 


“ ဖြစ်ရတယ် သားရယ် ”


အမေ့ အသံ တိမ် ဝင်သွားသည် ။ ပြီးမှ ဆက် ပြောသည် ။


“ ဇီးပင်စုကိုင်းတော ဆိုတော့ ဖြစ်ပါ့မလား သားရယ် ။ အဲဒီ ဟိုဘက်က နွားစားကျက် ဗြက်ကြီး ပဲ ရှိတော့တာ ။ လူသူ ပြတ်ပါဘိ သားရယ် ”


ဗြက် ဆိုသည် က အင်္ဂလန်ဘုရင်မကြီး လှူ ထားခဲ့သော ရှေးပဝေသဏီ ကတည်း က ကျွဲ ၊ နွား စားကျက်ကြီးပါ ။ တစ်မျှော် တစ်ခေါ် ကျယ်ပြီး အမေ ပြော သလို လူသွား လူလာ လည်း ပြတ် ပါ၏ ။ ကိုင်းပင်တွေ က လည်း ဟိုတစ်စု ၊ သည်တစ်စု နှင့် လူတစ်စု ခိုအောင်း နေလျှင် တောင် မြင်ရဖို့ ခက်သည် ။


“ တို့ငယ်ငယ် က ခေတ်ပျက်ကြီး ဆိုတော့ အဲဒီ မြက်ထဲမှာ မကြာခဏ လူသေလောင်းတွေ တွေ့ရတာ ။ တို့ဖြင့် ကြောက်လွန်း လို့ နေ့ခင်းတောင် ဗြက်စပ် က မသွားရဲဘူး ”


“ အဲဒီတုန်းက တိုင်းပြည် မငြိမ်မသက်အချိန်မို့ပါ အမေ ရာ ။ အခုက ခြေချင်း လိမ် နေပါပြီ ။ ထွန်စက်မောင်းသမားတွေ ရော ၊ နွားကျောင်းသမား တွေ ရော အများကြီးပါ ”


“ အေးလေ ဟုတ်မှာပါ ။ ဒီတုန်းက ကာကွယ်ရေးသမား ဆိုတာ လည်း သေနတ် နဲ့ ၊ အဖြူ ၊ အနီ ဆိုတာတွေကလည်း သေနတ် နဲ့ အခုလို အေးအေးချမ်းချမ်း နဲ့ ခေါင်းကျကျ အိပ် ရဖို့ ဆိုတာ အဝေး ကြီး ။ အခုတော့လည်း ကိုယ့် ထမင်း ကိုယ် စားရတဲ့ အပူ ပဲ ရှိတယ် ”


“ ကျွန်တော် က အဲဒီ အပူတောင် မခံစားချင်ပါဘူး အမေ ရာ ”


“ ဒါကတော့ မင်း ဘာသာ ဖန်တီး ထားတဲ့ အပူပါပဲကွယ် ။  သူများ သားသမီး ယူ ထားပြီးရင် လုပ် ကျွေးရမှာပေါ့ ”


ထိုခဏ အစ်မ အိမ်ပေါ် တက် လာသည် ။ အမေ က တောင်း ကို အဝတ်လေး နှင့် ဖုံး ထား လိုက်သည် ။ 


“ ငတိုး ရေ ၊ မင်း သွားရင် မအေးငွေ တို့ အိမ် က တောင်းလေး ယူ သွားပါကွယ် ။ အမေ မှို့ ထည့်လာတာ ”


အမေ ဉာဏ် ဆင်လိုက်မှန်း တိုးကျော် ရိပ် မိသည် ။ အစ်မ သိ လျှင် ငြိုငြင်မှာ စိုး၍ တိုးကျော် ဘက် က ကာ လိုက်ခြင်းပါ ။ 


“ ရော့ .. ရော့ ၊ ဒီမှာ တောင်း ”


အမေ က တိုးကျော် လက် ထဲ သွက်သွက် ထည့်ပေးသည် ။ တိုးကျော် တောင်းလေး ယူပြီး အောက် ဆင်းလာသည် ။ အိမ်နောက်ဘက် ခရမ်းချဉ်သီးခင်း ဆီ တိုးကျော် ထွက် လာခဲ့သည် ။ မြေကျ နေသော ခရမ်းချဉ်ပင်တွေ မှာ အသီးတွေ ညွှတ်ရဲနေသည် ။ တိုးကျော် တဆတ်ဆတ် ခူးထည့်လိုက်သည် ။


“ အမေ့ သား ဆီ ပါ သွား ပြန်ပြီလား ” 


“ နည်းနည်းပါးပါးပါ အေ ” 


“ ချွေးမ ကတော့ ဇိမ် ပေါ့ ”


အစ်မ မကျေမနပ် ပြောနေသံ ကို ခရမ်းချဉ်ခင်း ထဲ မှ တိုးကျော် ကြားနေရသည် ။


“ ညည်း မောင်လေး မိကျောင်း ရိတ် နေရတယ်တဲ့ အေ့ ။ မနက် တောင် ဇီးပင်စုကွင်းဗြက်စပ် မှာ သွား ရိတ်မလို့တဲ့ ” 


“ ဟောတော် ၊ ကြည့်လည်း လုပ်ပါ အမေရယ် ။ သမီးတို့ ငယ်ငယ် က ဘကြီးကျန် တစ်ယောက် ဗြက်စပ် မှာ သရဲ ကုပ် ချိုး လို့ဆို ”


“ သိပါဘူး အေ ၊ သရဲ ပဲ ကုပ် ချိုးလား ၊ လေသင်တုန်း ပဲ ဖြတ် သလား ။ လျှာကြီး ထွက်ပြီး သေ တာပဲ ” 


“ ဒါနဲ့များတောင် အမေ မတား လိုက်ဘူးလား ”


အစ်မ လည်း ပါးစပ် က သာ တဖျစ်တောက်တောက် ပြော နေ သော် လည်း တိုးကျော် ကို ချစ် ပါသည် ။  


“ အိုအေ ... သူများ သမီး ယူ ထားပြီးရင် လုပ်ကျွေးရမှာပေါ့ အေ ။ အမေ က တော့ ကိုယ့် သားလေး တပင်တပန်း ဘာလုပ် စေချင်မှာလဲ ။ ဖြစ်နိုင်ရင် ကြက်မကြီး လို အတောင်ဖြန့်ပြီး အုပ်ထား ချင်တာပေါ့ ”


ခရမ်းချဉ်သီး ခူး နေသော တိုးကျော် လက် တွေ တွန့်ဆုတ် သွားရသည် ။ အမေ ပေး လိုက်သော တောင်း ကို ခပ်သွက်သွက် ကောက် မ ရင်း တိုးကျော် ထွက် လာခဲ့သည် ။ ရင် ထဲ ဆို့နင့်နင့်ကြီး ဖြစ် နေ၍ ခြေလှမ်းတွေပင် လေးကန် နေသည် ။ အိမ် ဝ အရောက် ချိုနွယ့် အပြုံး ကို တွေ့ လိုက်ရသည် ။ တောင်း ကို လှမ်း ယူပြီး ကူ ချ ပေးသည် ။ 


“ ဟယ် ... အစုံပဲတော့ ။ ယောက္ခမကြီး တော် တယ် ”


ချိုနွယ် က အမေ ထည့် ပေးလိုက်သော ပစ္စည်းတွေ ကို ကြည့်ပြီး ဝမ်းသာအားရ ပြောသည် ။ မြေပဲဆီ ၊ ငရုတ် ၊ ကြက်သွန် ၊ ပဲ ၊ မြေပဲ အပြင် ဘဲဥတောင် အဆစ် ပါ လိုက် သေးသည် ။  


“ ဟင် ... ကိုတိုး ဘာဖြစ်လို့လဲ ၊ နေ မကောင်းဘူးလား ” 


တိုးကျော် မျက်နှာ ကို ချိုနွယ် သတိ ထားမိသွားသည် ။


“ မှန်း ... ကိုယ် လည်း မပူပါလား ” 


ချိုနွယ့် လက် တစ်ဖက် က တိုးကျော် နဖူး ပေါ် ရောက် လာသည် ။ 


“ ဘာမှ မဖြစ်ပါဘူး ဟာ အမေ့ ကို စိတ် မကောင်းလို့ပါ ” 


“ ဘာ ပြောလို့လဲ ဟင် ၊ အမေ က ဘာ ပြောလိုက်လို့လဲ ”


“ ဘာမှတော့ မပြောပါဘူး ။ ပစ္စည်းတွေ ထည့် ပေးလိုက်တာ စိတ် မကောင်းလို့ပါ ”


“ ဪ ... ဒါကတော့ ကိုတိုး ရယ် ၊ မိဘမေတ္တာ ပေါ့ ။ ချိုနွယ် တို့ ၊ ကိုတိုး တို့ သားသမီးတွေ ရ လာ ခဲ့ရင်လည်း ဒီလိုပဲ နေမှာပေါ့ ။ ခု ကတည်း က ပြော ထားမယ်နော် ၊ ချိုနွယ် က သားလေး ရ လာရင် တိုတိုး ထက် ပို ချစ်မှာ ... ”


“ အေးလေ ၊ ဒါလည်း ဟုတ်တာပဲ ။ ကိုယ့် အလှည့် ကျ ရင် သာ မိဘမေတ္တာ နဲ့ မိဘဝတ္တရား ကျေ ပါ့မလား စိုးရိမ်နေရတာ ”


“ ကြိုးစားရမှာပေါ့ ကိုတိုးရယ် ” 


တိုးကျော် ချိုနွယ့် မျက်နှာကို ကြည့် လိုက်သည် ။ သည်လိုတော့ လည်း ဘက်ညီသား ။ တိုးကျော် စိတ်တွေ ပြန်လည် လန်းဆန်း သွားသည် ။ ဟုတ်တယ် ၊ ကြိုးစားရမှာပေါ့ ။


◾ သွဲ့ထားညို ( သက္ကလ )


📖 သောင်ယံကမ်း က လွမ်းလက်ကျန်


#ကိုအောင်နိုင်ဦး


.