❝ နှစ်စုံတွဲ ❞
“ မရင်ရွှေ ၊ ရှင် ဖြင့် လမ်းလွဲလိုက် နေပြီ ထင်တယ် ။ ရှင့် လူ ဟာ ဘယ်နည်း နဲ့ မှ ဟန်ကျမယ့်လူစား မဟုတ်ဘူး ရှင့် ၊ ကျွန်မ ကြား ရသလောက် ရှင် သိ ရရင်တော့ ... ”
“ နမ်းမား က မလှမိုး နဲ့ ဆိုတာ လား မနှင်းမေ ”
“ မလှမိုး နဲ့ တွင် … ဘာကမလဲ ၊ အလံဗိုလ် က တစ်ယောက် တောင် ပါ သေးတယ် ။ အခု သူ့ ခမျာများ မျက်ရည် နဲ့ မျက်ခွက် ကျန်ရစ် ရှာတယ် ။ အောက်သားတွေ ဆိုတာ ဒီလိုပဲ ရှင့် ။ လူ ရုပ် ၊ အဝတ်အစား ။ ဟန်ပန် ဂိုက်ကျပြီး အပြောအဆို လိမ္မာ တော့ ကျွန်မတို့ အညာသူတွေ အဟုတ် ယုံကြည်ကြတာပဲ ။ တော်တော်ကြာ အောက် က မယားကြီး ပေါ် လို ပေါ် ။ မတော်တရော် ပစ် ထား လို ထား နှင့် များခဲ့ပြီကော ရှင် ” ဟု နှင်းမေ သည် ရင်ရွှေ နှင့် သူငယ်ချင်း ဖြစ်သည့် အလျောက် သတိပေး စကား ပြောကြား ၍ နေလေ၏ ။
ရင်ရွှေ မှာ ကား မိုးညှင်းမြို့ ၊ နန်းခမ်းရပ် ၊ ပွဲကတော် ဒေါ်တင် ၏ တစ်ဦး တည်း သော သမီး ဖြစ်၍ ၎င်း ၏ ဖခင် မှာ ငယ်စဉ်က ကွယ်လွန် သွားသဖြင့် ကြီးတော် ဒေါ်ရင် နှင့် မိခင် ဒေါ်တင် တို့ အုပ်ထိန်း ကြီးပြင်းလာသော မိန်းကလေး ဖြစ်လေ၏ ။ မိုးညှင်းမြို့ ဘူတာ အရှေ့ ဘက် ဈေးဟောင်း အနီး တွင် ဦးဘိုးထူး ၏ အိမ် ၌ မောင်ညွန့်တင်ခေါ် အသက် ( ၂၀ ) ခန့် တူ တစ်ယောက် ရောက်ရှိ လာရာ ခြောက်လ ခန့် ကြာ လျှင် ရင်ရွှေ အိမ် သို့ အဝင်အထွက်များ၍ သနားဖွယ် ကောင်းသော ရင်ရွှေ ၏ ရုပ်ရည် နှင့် ဥစ္စာပစ္စည်း ကို သိုက်တူး ရန် ချိန်ရွယ်ခြင်း ခံနေရသောကြောင့် အထက်ပါ အတိုင်း သူငယ်ချင်း နှစ်ယောက် အကျိုးအကြောင်း တိုင်ပင်၍ နေကြခြင်း ဖြစ်လေ၏ ။
ဒေါ်တင် မှာ ကား ဒေါ်ဒေါ်ချင်းထွေး ၍ နေအောင် ပြောတတ်ဆိုတတ် သော ညွန့်တင် ၏ အမူအရာ ဦးဘိုးထူး ၏ အလှိုင်းတကြီး ပြောဆို သော စကား တို့ ကြောင့် များစွာစိတ်ဝင်စား ၍ သမီး ကို နားချနေသူ ဖြစ် လေ၏ ။ ရင်ရွှေ ကား အသက် ( ၁၆ ) နှစ် သာသာ ၊ ( ၁၇ ) နှစ် အရွယ် ရိုးရိုးစိုက်စိုက် မိန်းကလေး ဖြစ်သဖြင့် မိခင် ကိုယ်တိုင် အောင်သွယ် ပေး နေသည် ကို စိတ် ဝေ လျက် ရှိလေ၏ ။ သို့ရာတွင် နှစ်သက် သဘောကျသော အရိပ်အမြွက် ကို တစ်ကွက်မျှ ဖော်ပြခဲ့ခြင်း မရှိခဲ့ချေ ။ လူတို့ သဘော ကား မိန်းမပျိုတစ်ဦး အိမ် သို့ ယောက်ျားပျိုတစ်ဦး အိမ် အဝင်အထွက် များလျှင် အလကား ယိုးစွပ် ပြောဆိုကြ စမြဲ အတိုင်း ညွန့်တင် နှင့် ရင်ရွှေ မှာ အတော် ချစ်ခင်နေကြသည့် အနေမျိုး အထိ ပြောဆိုခြင်း ကို ခံ ရလေ၏ ။
“ ဒေါ်တင် ရဲ့ ၊ ကာလပညာတတ် ပေါ ။ အလုပ်အကိုင် မရှိ ။ အစိုးရရာထူး လည်း အသုံးမကျ ၊ ရလည်း မရနိုင် လို့ ဒီ အကောင် ကို အိုင်အေ ဆိုတဲ့ ( ၁၂ ) တန်းက ထုတ်ပြီး ကုန်သည် အလုပ်ကို သင်စေတာပဲ ” ဟူသော ဦးဘိုးထူး ၏ စကား မှာ တစ်ဖက်သား စိတ် ကို များစွာယိုဖိတ် စေလေ၏ ။ စင်စစ်ကား ညွန့်တင် မှာ အင်္ဂလိပ်ပညာ ( ၇ ) တန်း အထိ မျှ သာ သင် ဖူး၍ မိဘ အိမ် တွင် ပေတေလွန်းသော ကြောင့် နှင် ထုတ် လိုက်သဖြင့် မိုးညှင်းမြို့ ဦးလေး တော်သူ ၏ ထံ လာရောက် ကပ်ရပ် နေထိုင်ခြင်း ဖြစ်လေ၏ ။ အင်္ဂလိပ်စာ တတ် နည်းသော အရပ်ဒေသ ၌ “ ဗီဒရင်းချင်းနီးလယ်ဒူးနယ်ဒံ ” ဟူသော စကားများ ကိုပ င် အင်္ဂလိပ်စကား ထင်မှတ်ကောင်း ထင်မှတ် ပေမည် ။ “ မာ့ရပိုးဒိုးတီ ” ဆိုလျှင် သိပ်ပြီး တတ် တာပဲ ဟု ချီးမွမ်းမည် မလွဲ ။ ဒွတ် - ဒက် - ရွှတ် - ရှက် ၊ ရက်ဆား လေပုတ် ထုတ် မျှ တတ်ကျွမ်းသော ညွန့်တင် အတွက် ( ၁၂ ) တန်းမဟုတ် ၊ ( ၂၄ ) တန်း အောင်ခဲ့သည် ဟု ဆိုစေကာမူ ယုံကြည်ကြမည်ကား မလွဲပေ ။ ယစ်မျိုးအင်စပိတ်တော် မီးရထား လက်မှတ်စစ် တို့နှင့် တရွှတ်ရွှတ် ပြောသည် ကို မြင်ရလျှင် အဟုတ် ထင်မှတ် တတ်ကြသောကြောင့် တည်း ။
“ မရင်ရွှေ … စဉ်းစားပါ ၊ ရှင်လည်း စာပေ အတတ်သားပဲ ။ တစ်သက်လုံး မှောက် မှ ဖြင့် ပြီးရော ”
“ ခက်တယ် မနှင်းမေ ရဲ့ ။ ကျွန်မ စိတ် လည်း ဇဝေဇဝါ ဖြစ် နေတယ် ”
“ ကျွန်မ သဘော ဖြင့် ရှင်စိတ် ဆိုးရင်လည်း ခံ ရတော့မယ် ။ ကိုထွေးမောင် နဲ့ သဘောအတူဆုံးပဲ ။ ဒါဟာ အောင်သွယ် လုပ် တာ မဟုတ်ဘူး ။ ကျွန်မ တို့ ဦးသာဝန်ကျောင်း မှာ နေတုန်း ကတည်း က တစ်ယောက်အကြောင်း တစ်ယောက် သိ လာကြတာ ။ ရိုး လည်း ရိုးတယ် ၊ မိဘ ပစ္စည်း အင်အား လည်း မနည်းဘူး ရှင့် ။ ပစ္စည်း ဆို တာ သင်္ခါရ ထားဦး ။ ရွှံ့ဗွက် ထဲ ဆင်း တောင်သူ လုပ် ကျွေး နိုင်တာ က ကိုထွေးမောင် လို လူမှရှင့် ။ အောက်သားတွေ ဆို တာက ပျားများ လို ပန်းဝတ်ရည် အနံ့ ကုန် လျှင် စွန့်ပစ် ပျံပြေး စမြဲမို့ တလွဲ မဖြစ်စေချင်ဘူး ”
“ ကျွန်မ လည်း စဉ်းစားရက်ပါပဲရှင် ” ဟု ညည်းညည်းညူညူ ပြောဆိုကြပြီး နောက် နှင်းမေသည် ထွက် ၍ သွားလေ၏ ။ ရင်ရွှေ ကား နှင်းမေ ထွက်သွားကတည်း က သက်ပြင်း ချ ၍ အမျိုးမျိုး စဉ်းစားလျက် ဝေခွဲမရအောင် ဖြစ်၍ နေလေ၏ ။ သို့ရာတွင် ညွန့်တင် ကို ကား ရှေးက စကား တစ်ခွန်းစ နှစ်ခွန်းစ ပြန်လှန် ပြောမိသော်လည်း မျက်နှာ အောက်သိုးသိုး ချလျက် အရေး မလုပ်သလို နေလိုက်လေ၏ ။ ညွန့်တင် ကား စိတ် မပျက်ချေ ။ ရှေး က ထက်ပင် ဖော်ရွေလျက် အဝင်အထွက်များ ၍ နေလေ၏ ။
“ ကိုထွေးမောင် ၊ ရှင့် မရင်ရွှေကလေး ကို မချစ်ဘူးလား ” ဟု နှင်းမေ က မေးလိုက်သံ ကို ကြားရသော ထွေးမောင် သည် ငွေစက္ကူ ရာတန် အထပ်လိုက် ကောက် ရသော မျက်နှာ မျိုးဖြင့် “ ငါ ချစ်ပေမယ့် သူ က ချစ်ဦး မှ ကိုး ဟ ” ဟု ပြော လိုက်လေ၏ ။
“ ဟုတ်ကဲ့ ။ သူ က ချစ်ပါတယ်လို့ ရှင့် ကို အလကား စ ပြောပါ့မလား ”
“ ငါ က ပြော တော့လည်း သူ က ဖိနပ် နဲ့ ချ မှာပေါ့ နှင်းမေ ရယ် ၊ ငါ့ လို လူ …. ငါ့ လို ...”
“ ကိုင်း စာ တစ်စောင် ရေး ၊ ကျွန်မ ပေးချည်မယ် ”
“ ဘယ်လို ရေးရမလဲ ”
“ ဪ ခက်ပဲ ခက်ချည်ရဲ့ ။ ရှင် သတ္တမတန်း အောင် အောင် သင်ခဲ့သား နဲ့ မရေးတတ်ဘူးလား ”
“ ကိုင်း ရေးပါ့မယ်ဟာ ” ဟု စာရွက် နှင့် ခဲတံ ကို ယူ၍ ‘ စာအားဖြင့် အစီရင်တော်ခံပါသည် မရင်ရွှေ ။ မနှင်းမေ နှင့် စကား စပ် မိသဖြင့် မရင်ရွှေ အား မေတ္တာ ရှိကြောင်း ပြော ၍ ယခုစာ ကို အရေး ခိုင်းသဖြင့်.….
“ အို ရေး ကတည်း က အနှောင့် မလွတ် အသွား မလွတ် ၊ ဆုတ် ပစ်လိုက်ပါ ”
“ နို့ ဘယ့်နှယ် ရေးရမှာလဲ ”
“ ကိုင်း လေ ....”
မရင်ရွှေ ကို ကျောင်း အတူ နေကတည်း က ချစ်ပါသည် ။ ကြီးတော့ လည်း မေတ္တာ မပျက်ပါ ။ သို့သော်လည်း မရင်ရွှေ စိတ် ဆိုးမည် စိုး၍ စာလည်း မပေးဝံ့ ။ စကား လည်း မပြောဝံ့ ဘဲ နှင့် ယခု အချိန် ထိ ကြာရှိခဲ့ပါသည် ။ မေတ္တာ စိတ် ကား
အိမ်တွင်းပုန်း လုပ်ရ လွန်း၍ ရင့်သည် ထက် ရင့်ကာ မနေနိုင်သည် ၏ အဆုံး၌ ယခု စာ ကို ရေး ရပါသည် ။ မရင်ရွှေသဘော ကို သိ ပါရစေ ။ စာ ဖွဲ့နွဲ့ မရေးတတ်၍ လိုရင်း သိလျှင် တော်ပြီ ဟု ... ဤတွင် အဆုံးသတ်ပါမည် ။
“ ထွေးမောင် ”
“ အဲ့ဒီလောက် ဆို ရင် တော်ရောပေါ့ ရှင် ။ တော်တော်ကြာ ရှင် က တလွဲ မဖြစ်စေနဲ့နော် ၊ ဒါပဲ ။ အကုန် ကျွန်မ ခေါင်း ပေါ် တာဝန် ကျ နေမှာ သိရဲ့လား ”
“ မဖြစ်ပါဘူး ဟာ ။ ငါ့ မဆဲရင် ကျေးဇူး တင်တာပါပဲ ” ဟု ဆိုပြီး နောက် နှင်းမေ သည် ထွေးမောင် ၏ အိမ် မှ ထွက်၍ သွားလေ၏ ။ ထွေးမောင် ကား မိမိ ကိုယ် မိမိ မယုံကြည် သကဲ့ သို့ ဝမ်း အမြောက်ကြီး မြောက် ၍ နေလေ၏ ။
••••• ••••• •••••
နောက်တစ်နေ့ ၌ နှင်းမေ သည် ရင်ရွှေ ၏ အိမ် သို့ ပေါ်ပေါက်၍ လာလေ၏ ။ သူငယ်ချင်း နှစ်ယောက် တို့ မှာ တစ်ယောက် လည်ပင်း တစ်ယောက် ဖက်လျက် ရင်ရွှေ ၏ အိပ်ခန်း ကုတင်ကြီး ပေါ် တွင် အတူ ယှဉ်၍ ထိုင် ကြလေ၏ ။
နှင်းမေ က စတင်၍ “ ဒါထက် မရင်ရွှေ ရယ် ၊ ကိုထွေးမောင် တစ်ယောက် ဖြင့် သိပ်သနားစရာ ကောင်း နေတာပဲ ” ဟု စ လိုက်လျှင် ....
“ အို ဖြစ်မှ ဖြစ်ရပလေ ၊ ဘာပြုလို့တုန်း မနှင်းမေ ၊ သိပ်ပြီး ဖျားနေရှာသလား ”
“ ဟုတ်တယ် ၊ ဖျား တာ က မှ ဆေးကု ရဦးမယ် ။ အခုဟာ က ဆေးကု အတော် ခက်တယ် ” ဟု ပြော မှ မရင်ရွှေ သည် နှင်းမေ ပြောလိုသော အဓိပ္ပာယ် ကို ရိပ်စား မိလေ၏ ။
“ သွယ်ဝိုက် ပြောနေစရာ ကျွန်မ အောင်သွယ် မလုပ်တတ်ဘူး မရင်ရွှေ ။ ကိုထွေးမောင် က ရိုးရိုးစိုက်စိုက် စွဲလမ်း ချစ်ခင် နေတာ အမှန်ပဲ ။ ရှင့်အောက်သား နဲ့ စာရင် သူ က တော် သေးတယ် ။ ရော့ ဒီမယ် စာ ” ဟု ပေး လေ၏ ။
မရင်ရွှေ သည် စာ ကို ဖတ်ပြီးလျှင် ငယ်ငယ် က ထွေးမောင်နှင့် ကျောင်း တောင် ဘက် သစ်ပင်ကြီး အောက် ကစားကြပုံ ၊ ကြိုးတံတား ပေါ် လမ်းလျှောက်ကြစဉ် က ရင်ရွှေက ရှေ့ က ရောက် နေ၍ နောက်က ထွေးမောင်ကြီး က တံတား ပေါ် ခုန်၍ လှုပ် သော အခါ ယိမ်းထိုးသွားသဖြင့် ဆဲခဲ့ပုံ ၊ နန့်ရင်းချောင်း ထဲ ၌ ရေ ကစားကြပုံ တို့ ပါ ပေါ်ပေါက်၍ လာလေ၏ ။ ငယ်ငယ် က ပေါင်းသင်းဆက်ဆံခဲ့ကြခြင်းကား တစ်ယောက် စိတ် ကို တစ်ယောက် သိ ၍ တစ်ယောက် ၏ အခြေအနေ ကို လည်း တစ်ယောက် သိကြ၏ ။ ယုတ်စွအဆုံး ကိုယ် ၌ သမင်ယက် စသော အနာဆိုး တို့ ပါ မပါ ကို ပင် တွေ့မြင်ခဲ့နိုင်ကြ၏ ။ ထိုကဲ့သို့ ရှေးဟောင်းနှောင်းဖြစ် ကို တွေးမိသော အခါ မရင်ရွှေ ၏ စိတ် ၌ ထွေးမောင် ကို သနား ၍ လာ လေ၏ ။ တစ်မြို့သား တို့ က မိမိ စိတ် ကို လှည့်စား ထားခြင်းကို ခံ ရပါကလား ဟု စဉ်းစားမိလျှင် ညွန့်တင် အား စိတ် နာ ၍ လာလေ၏ ။ သင်း အလကားလူ ပဲ ဟု လည်း အောက်မေ့လေ၏ ။
“ ဟုတ်တော့ ဟုတ်တယ် နော် မနှင်းမေ ၊ ကိုထွေးမောင် ဟာ အလွန် စိတ်ကောင်း ရှိတဲ့ လူ ။ ရိုးလည်း ရိုး ရှာတယ် ။ ကျောင်း တုန်း က ဆို ကျွန်မ တို့ ရိုက်ဖက် ပေါ့ ။ နို့ပေမယ့် သတ္တိလည်း မနည်းဘူး ရှင့် ။ ကျွန်မ တော့ လေ ဒါတွေ ကို စဉ်းစားမိ ရင် ....”
“ စဉ်းစားနေဖို့ မလိုဘူး မရင်ရွှေ ။ ကိုထွေးမောင် လို လူ ဟာ ... ကိုင်းလေ အကြောင်း သိကြပြီးပဲ စာ တစ်စောင် သာ ပြန် ရေးပါ ”
“ အို ချက်ချင်း ဆိုတော့ အညှာ လွယ် ရာ မကျဘူးလား မနှင်းမေ ရဲ့ ”
"ဟင် ... မူ နေရမယ့် လူ မှ မဟုတ်ဘဲ ။ သူ က လည်း ဒီလိုတွေးတတ် မှာ မဟုတ်ပါဘူး ”
“ ကျွန်မ စာ မရေးပါရစေနဲ့ ။ ရှင် ပဲ .. ကြည့် ပြောပါတော့ ။ တစ်ခုတော့ သတိပြုပါ ။ ဟိုအကောင် ရိပ် မိရင် မြန်မြန် တောင်းရမ်းဖို့ မယ်တော်ကြီး ကပ် ရပ် နေမှဖြင့် ....”
“ စိတ်ချ စိတ်ချ ” ဟု ပြောကာ လူချင်း ခွဲ ကြပြန်လေ၏ ။
နှင်းမေ ထွက် သွားသောအခါ “ သမီးရေ ” ဟု ဒေါ်တင် က ခေါ်လိုက်သော အသံ ကို ကြားရလေ၏ ။ ရင်ရွှေ သည် ဆံပင် ကို ကပိုကရို ပတ်ကာ ထွက် ခဲ့ ရာ အသား လတ်လတ် ဗိုလ်ကေ ကျကျနန ဖြီး ထားသော လူရွယ် တစ်ယောက် နှင့် မျက်နှာချင်း ဆိုင် မိလေလျှင် ရင် ထဲ မှာ ထိတ်ခနဲ ဖြစ် ၍သွားလေ၏ ။
“ ဟောဒီက … မောင်ညွန့်တင် ပါ … သောက် ရအောင် ကာဖီဖျော်လိုက်ပါ သမီးရယ် ” .. ဟု ပြောပြန်သဖြင့် မငြင်းသာ သော ကြောင့် ကာဖီများ ဖျော်ကာ မိခင် ၏ ဘေး တွင် ယွန်းလင်ပန်း နှင့် ထည့်၍ ချ လာလေ၏ ။
“ ကိုင်း မောင်ညွန့်တင် ကာဖီပူပူလေး သောက် လိုက်ပါဦး ”
“ ဒုက္ခရှာလို့ ဒေါ်ဒေါ် ရယ် ။ ကျွန်တော် ဈေး က မုန့်တွေတောင် စား လာသေးတယ် ”
“ ဒါထက် မောင်ညွန့်တင် တို့ စပါး တော်တော် ဝယ်မိပလား ”
“ ဟုတ်ကဲ့ ( ၃၀၀၀ ) လောက်တော့ ဝယ် မိပြီ ။ အောက်က အဒေါ်ကြီး ဆီ ကလည်း စပါး ( ၄ - ၅ ) သောင်း ရအောင် ဝယ် ။ ဆန် ကြိတ်ပြီး ပို့ လိုက်လို့ မနေ့ က ပဲ စာ ရသေးတယ် ”
“ မောင်တို့ က တော့ အောက်မှာလူခံ ရှိလို့ တော်သေးတယ် ။ စရိတ် ပို မကုန်ဘူး ”
“ တော်တော့ တော်ပါရဲ့ ခင်ဗျာ ။ နို့ပေမယ့် ဘူလင်ဂျာပူ ဆို တဲ့ မျက်နှာဖြူအသင်းကြီး က လက်ဝါးစီး အုပ်နေလို့ အတော်ပဲ အတိုက်အခံ လုပ်ရတယ် ” ဟု ဣန္ဒြေရစွာ ကြွားနိုင်သမျှ ကြွား ပြီးလျှင် “ စကားတော့ ကောင်းပါရဲ့ ဒေါ်ဒေါ် ။ စာ ပြန်စရာ ကိစ္စတွေ က များသေးလို့ ခွင့်ပြုပါဦး ” ဟု မတ်တတ် ရပ်လေ၏ ။
“ ကိစ္စရှိလဲ .. ပြန်ပေဦးတော့လေ ။ သိပ် ဝေးတာမှ မဟုတ်ဘဲ ။ ဒေါ်ဒေါ်တို့ အားနာ စရာ မရှိပါဘူး ” ဟု ပြန်လှန် နှုတ်ဆက်စဉ် ညွန့်တင် သည် လက်ကိုင်ပဝါ ကို နှုတ် ၍ မျက်နှာ ကို သုတ်လေ၏ ။ ထိုသို့ လက်ကိုင်ပဝါ နှုတ် ရာ ၌ ညွန့်တင် ၏ အိတ် ထဲ မှ ဖြူဖြူအရာ တစ်ခု သည် ကျ၍ ကျန်ရစ်သည် ကို မျက်စိ လျင်သော ရင်ရွှေ တစ်ယောက် သာ မြင် လိုက်လေ၏ ။ ရင်ရွှေ သည် လက်ဖက်ရည် ကာဖီများကို သိမ်းပြီးနောက် မယောင်မလည် နှင့် ညွန့်တင် ကျရစ်သော အရာ ကို ကောက်ယူ ၍ ၎င်း ၏ အခန်းတွင်း သွား ကာ ကြည့်ရှုရာ ....
ချစ်နှမ .. မနှင်းမေ ၊ မင်း ကို မောင် သည် ကြောရရုံ သဘောနှင့် ချစ်ခင်ခဲ့သည် မဟုတ်ပါ ။ မောင့် စိတ်ရင်း အတိုင်း ချစ်ခင်ခဲ့ရိုး မှန်ပါသည် ။ ယခု မရင်ရွှေ အိမ် သို့ အလည်အပတ် သွား ရာ၌ မောင် သည် မရင်ရွှေ ကို ဘယ်လိုမှ သဘော မထားပါ ။ မင့် သဘော က သာ မယုံသင်္ကာဖြစ်ပြီး မောင့် ကို မနေ့က စာမျိုး ရေးသည် ဟု ထင်ပါသည် ။ နမား တို့ ၊ အလံဗိုလ် တို့ အကြောင်း ကို မင်း ဘယ်လို လုပ်ကြံ ပြောသော်လည်း … ဒေါ်ဒေါ်တင် တို့က မယုံကြပါ ။ မောင့် စိတ် မှာ မရင်ရွှေကလေး ကို နှမကလေးလို သဘော ထားကြောင်း မရင်ရွှေ သိပါလိမ့်မည် ။ နှမ … မနှင်းမေ က သာ မနေနိုင် မထိုင်နိုင် ဖြစ်ပြီး မရင်ရွှေ က လည်း တစ်မျိုးတစ်မည် ဖြစ်အောင် ကြံဖန်သည့် အတွက် အထူး ဝမ်းနည်းပါသည် ။ ယခုဖြင့် မောင့် စိတ် မှာ မိန်းမတို့ ဓာတ်သဘော ကို မချိန်ဆ တတ်အောင် ဖြစ်ပါသည် ။ သို့ရာတွင် မောင့် စိတ် တွင် မနှင်းမေ အပေါ် ၌ ရှေး က မေတ္တာအတိုင်း မပျက် သော်လည်း ပေါင်းသင်းဆက်ဆံရေးကား အထူး စဉ်းစားရ ကြပ်လျက် ရှိပါသည် ချစ်နှမ ၊
ရင်ရွှေသည် ညွန့်တင် ကျရစ်သော အထက်ပါ စာ ကို ဖတ်ရှုပြီး နောက် မျက်ရည်များ လည်လျက် မနှင်းမေ ...ငယ်ပေါင်းချင်း ကြံရက်ပါပေရဲ့ ။ ရှင့် လူ ကို ကျွန်မ မလုပါဘူး ရှင် ။ ရှင် ဘယ့်နှယ်ကြောင့် ဒီ စိတ် တွေ ထား ရတာလဲ ဟု တွေးတောကာ ဒေါမနဿ စေတသိက်ကလေးများ တဖွားဖွား ထွက်ပေါ်၍ လာ လေ၏ ။ တစ်ဖန် ငယ်စဉ် ကတည်း က ပေါင်းသင်း လာ သော နှင်းမေ မှာ ကွေ့လိမ်ဉာဏ် မရှိကြောင်း တွေးတောမိ သော အခါ များစွာ အစဉ်းစား ရ ကြပ်၍ နေလေ၏ ။ မိန်းမတို့ စိတ်သဘော မည်သည် မှာ မည်မျှပင် နှလုံး ကောင်း စေကာမူ အချစ် နှင့် ပတ်သက် လျှင် ဝန်တိုတတ်စမြဲ ဖြစ် သောကြောင့် ဧကန္တ နှင်းမေ သည် မိမိ နှင့် ညွန့်တင် ချစ်ခင် မည် ကို မနာလို သဖြင့် ထွေးမောင် နှင့် ဆက်သွယ်သည် ဟု စဉ်းစား ပြန်လေ၏ ။ ဟယ် ရှေ့တွင် ပြောင်မေးတာ အရှင်းဆုံးပါပဲ ဟု စာရွက်ကလေး ကို သိမ်း ၍ ထားလိုက်လေ၏ ။
••••• ••••• •••••
နှင်းမေ နှင့် ရင်ရွှေ တို့ အိမ် မှာ ( ၄ - ၅ ) အိမ် မျှ ခြား သဖြင့် ညနေ ထမင်းချက်ချိန် ၌ နှင်းမေ သည် ရင်ရွှေ ရှိရာ မီးဖိုခန်း သို့ ဝင် ခဲ့လေ၏ ။ ရင်ရွှေ သည် ပါးစပ် ကို အနိုင်နိုင်လှုပ်လျက် လာလေ ဟု ခေါ်ပြီးနောက် အိမ်ပေါ် သို့ တက် သွားပြီး စာကလေး ကို ယူ ခဲ့ကာ “ ကောင်းပါလေ့ မနှင်းမေ ၊ ဒီမယ် ကြည့်ပါဦး ” ငိုမဲ့မဲ့ မျက်ရည် လည် လျက် ပြလေ၏ ။ နှင်းမေ သည် စာ ကို ဆုံးအောင် ဖတ်ပြီးနောက် မျက်ရည်ပေါက်များ ဖြင့် စာရွက် ကို ရွဲစေလျက် “ ဒီမအေ ၊ တယ်လေ … ဆဲရ မကောင်းပါဘူး ။ မရင်ရွှေ ကျွန်မ သဘော ရှင် သိသားပါလား ။ ဒါ သူ လုပ်ကြံ ရေးထားတာ ။ ကျွန်မ နဲ့ ဘာမှ မဖြစ်ဘူး ။ ဒါ ... အမှန် ။ ရှင့် ခြေရည်လက်ရည် သောက် ရစေရဲ့ ။ အဝီစိ ကျ ရစေရဲ့ ။ သေချင်းဆိုး .….”
“ အို မကျိန်ပါ နဲ့ မနှင်းမေ ။ အကြောင်း သိရရင် တော်ရောပေါ့ ”
“ အို… မတော်နိုင်ဘူး ။ ဒီ စာ နဲ့ ပြ ပြီး ဖိနပ် နဲ့ ချရမှ ကျေနပ်မယ် ပေး ပေး ... ” ဟု ဆိုစဉ် ရင်ရွှေ သည် စာရွက် ကို မီး ထဲ သို့ ထည့် လိုက်လေ၏ ။ “ မတော်ဘူး မနှင်းမေ ၊ လူ ကြားရင် ရှက်စရာကြီး ၊ ကျွန်မ ယုံရင် ပြီး ရောပေါ့ ။ မယုံရင် ဒီ စာ ကို ပြ နေပါ့မလား ”
"ဒီလိုနဲ့ ကျွန်မ မကျေနပ်သေးဘူး ။ ဒါဟာ ထင်ယောင် ထင်မှား ဖြစ်အောင် လုပ်တာ ။ ဒီတော့ ကျွန်မ နဲ့ သမီး ရည်းစား ဖြစ်ရိုး မှန်ရင် သူ့ ကို ကျွန်မ အရှက်တကွဲ မလုပ်ရက်ပေဘူး နော် ၊ ပြီးတော့ ကျွန်မ ချိန်းဆိုရာ သူ လည်း လာ ရမှာပေါ့ ဟုတ်လား ။ ဒီတော့ ကျွန်မ လက်ရေး နဲ့ နက်ဖြန် ည ( ၆ ) နာရီ ကို ကျွန်မ တို့ အိမ် နောက်ဖေး တွေ့ဆုံ စကား ပြောဖို့ ချိန်းလိုက်မယ် ... သူ ဟာ မူ မမှန်ရင် မလာဝံ့ပေဘူး ။ တကယ်လို့ ငါ ယောက်ျားဟဲ့ ဆို ပြီး လာချင် လာမယ် ။ လာရင် ကျွန်မ ဖိနပ် နဲ့ ချ လွှတ်မယ် ”
“ ရှင့် စာ အရ လာတယ် ဆိုရင် မခက်ပေဘူးလား ။ ဒီတော့ ရှင်က ပဲ ချစ်ကြိုက် နေသလို ဖြစ်မှာပေါ့ ။ ယောက်ျား ဆို တာ ရှက်ရှက် နဲ့ ရမ်းချင် ရမ်း မှာ ... ”
“ ဒါဖြင့်ရင် ( လက်ဝတ် လက်စားတွေ ချွတ်လျက် ) ဟောဒါတွေ ရှင် ယူထား ။ ကျွန်မ လက်ရေး နဲ့ စာ ကို သူ ပြနိုင်ရင် ဒီ လက်ဝတ်လက်စား ရှင် လုပ်ချင် ရာ လုပ် ။ ရှင် မလုပ်ရင် ကျွန်မ နန့်ရင်းချောင်းထဲ သွား ပစ်မယ် ။ အလွန်ယုတ်မာတဲ့ သူ ”
ဟု ငိုယို ပြန်သဖြင့် ရင်ရွှေ ကပင် ဖျောင်းဖျ ချော့မော့ ရလေ၏ ။
“ ကိုင်းပါ မနှင်းမေ ။ ကျွန်မ ယုံတယ်ဆိုရင် ပြီးရောပေါ့ ။ ယူပါ ရှင့် လက်ကောက်တွေ နားကပ်တွေ ”
ထို့နောက် ဒေါ်ရင် ဝင်ရောက် လာသဖြင့် နှင်းမေ ပြန်၍ သွားလေ၏ ။
တစ်လ ခန့် ကြာသောအခါ ရင်ရွှေ သည် ရင်းနှီးသူများ နှင့် အမျိုးမျိုး စုံစမ်း ကြည့်လေရာ နှင်းမေ နှင့် ညွန့်တင် လုံးဝ အဆက်အသွယ် မရှိကြောင်း။ သိရှိရသည့် အပြင် ညွန့်တင် ၏ ဦးလေး က မိခင် ဖြစ်သူအား နူးနပ် ပြောဆိုသဖြင့် အကြပ်ကျလျက် ညွန့်တင် ၏ ရန် နှင့် ဝေးအောင် နှင်းမေ ကိုပင် လူရင်း ပြုလုပ် တိုင်ပင်ရလေ၏ ။ ညွန့်တင် မှာ ကား ရင်ရွှေ အား ရတော့မည် မလွဲ ဟု ပျော်ပွဲ ဆင်ဖို့ရာ အချိန်တွေ ကို သာ မျှော်မှန်း၍ နေလေ၏ ။ မိုးညှင်းမြို့ တစ်မြို့လုံး ၌ လည်း ညွန့်တင် နှင့် ရင်ရွှေ မကြာမီ တောင်းရမ်းလက်ထပ်တော့မည် ဟူသော သတင်းများ ပျံ့နှံ့၍ နေလေ၏ ။
တစ်နေ့သ၌ ကား ညွန့်တင် သည် ဈေး မြောက်ဘက် တရုတ်ခေါက်ဆွဲဆိုင် ၌ ဦးရည်တစ်ပုလင်း နှင့် ခေါက်ဆွဲများ မှာယူ စားသောက်ကာ နေလေ၏ ။ ထိုအတွင်း အရပ်ထောင်ထောင်မောင်းမောင်း လူ တစ်ယောက် ဝင် လာသဖြင့် …
“ ဪ ….. ကိုစိုးရ ပါ လား ။ လာလေ လုပ်ပါဦး ” ဟု ဦးရည် တစ်ခွက် ကို ပေးလေ၏ ။ စိုးရ ဆိုသူ လည်း ဦးရည် တစ်ခွက် ကို သောက်ချရင်း ညွန့်တင် ၏ နား နား သို့ ကပ်၍ တစ်စုံတစ်ရာ ကို ပြော လိုက်ရာ ညွန့်တင် မှာ မျက်လုံး ပြူးလျက်
“ အဟုတ်လား ကိုစိုးရ ရဲ့ ”.
“ အဟုတ်ပါ ကိုညွန့်တင် ၊ ဒီကနေ့ သန်းခေါင်ကျော် နံနက် ( ၄ ) နာရီ အထွက် ပဲ ။ ထွေးမောင် က စောင့်နေပြီး ရင်ရွှေ နောက်ဘေး က လှည့်လာတော့ ဘီလူးမြို့ ပြေး ကြမှာပဲ ”
“ ကိုင်း … ကျေးဇူးတင်တယ် ကိုစိုးရ ”
ဟု ခေါက်ဆွဲ ကုန်အောင် မစားနိုင်ဘဲ ညွန့်တင် ပြန်၍ သွားလေ၏ ။
၎င်း ၏ အကြံ မှာ ထွေးမောင် အစား ဟန်ဆောင်လျက် ရင်ရွှေကို ခိုးယူ ပြေးရန် ဖြစ်လေ၏ ။
ပြာသိုလဆန်း ( ၁ဝ ) ရက် လကလေး ကား သန်းခေါင်ကျော်လျှင် မိုးညှင်းမြို့ အနောက်ဘက် ခပ်လှမ်းလှမ်း ရှိ တောင်များ အပေါ် မှ ပျောက်ကွယ် သွားလေ၏ ။ တစ်နာရီကျော်ကျော် ကြာ လျှင် နန်းခမ်းရပ် အိမ်ကြီး တစ်ဆောင် ဘေး ၌ လူတစ်ယောက် သည် တစ်စုံ တစ်ဦး ကို စောင့်စား၍ နေလေ၏ ။ ထိုသူ ကား ညွန့်တင် ပင် ဖြစ်လေ၏ ။ မကြာမီ ထို အိမ်ကြီး နောက်ဖေး မှ တဘက် ခြုံထားသော လူတစ်ယောက် သည် ပေါင်ဒါ နှင့် ရေမွှေးနံ့ တို့ ဖြင့် ကြိုင်စေလျက် ထွက်ပေါ် လာလေ၏ ။ နှင်းခဲ တို့သ ည် ထိုသူ နှစ်ဦး အား ဖုံးကွယ် ထားသည် တစ်ကြောင်း ။ ညွန့်တင် မှာ ထွေးမောင် ဟန်ဆောင် ထားသည် တစ်ကြောင်းများ ကြောင့် လက်ပြခြေပြ ဖြင့် ဈေး ဆီ သို့ တဘက် ခြုံ ထားသူ က ရှေ့ မှ ညွန့်တင် က နောက် မှ လာ ကြလေ၏ ။ ဈေး မှ ဘူတာ သို့ ရောက်သော အခါ မိုးကောင်း သွား ရန် အသင့် ထိုးထားသော လိုကယ်ရထား ကို ကျော်လွန်ပြီး ဘီးလူးမြို့ သွား သော လမ်းအတိုင်း သွား ကြလေ၏ ။ တစ်နာရီ ခန့် သွားမိသော အခါ ( ၅ ) နာရီ ထိုး ၍ ခရီး နှစ်မိုင်ခန့် ရောက်ရှိ ကြလေ၏ ။ ရင်ရွှေ သည် ကား ခြေလှမ်း သွက်သည် ထက် သွက်ကာ နောက်ဆုံး၌ အတင်း ပြေးရာ ညွန့်တင် လည်း အတင်း ပြေး၍ လိုက်လေ၏ ။ ဝါး တစ်ရိုက်ခန့်အကွာ ၌ ရင်ရွှေ မှာ လုံချည် ကိုမ၍ ပြေးရာ ဘောင်းဘီတိုကလေး ကို မြင် ရလေ၏ ။ ထိုအခါမှ ညွန့်တင် မှာ အလိမ် မိပြီ ဟု ဒေါသ ဖြစ်လျက် အတင်း လိုက်သော်လည်း နှင်း ထူသောကြောင့် မျက်ခြေပြတ် ၍ သွားလေ၏ ။
မိုးညှင်းဘူတာ ၌ ဂျမဒါကုလား သံချောင်း ရိုက်ပြီး ( ၁၅ ) မိနစ်ခန့် ကြာသော အခါ ရထားထွက်စ ပြုစဉ် လူ တစ်ယောက် သည် ဒုတိယတွဲ ပေါ် သို့ အပြေး တက် ၍ ဝင် ခဲ့လေ၏ ။ တွဲ ထဲ ၌ ကား နှင်းမေ စိုးရ က တစ်စုံတွဲ ၊ ရင်ရွှေ က တစ်ယောက် တည်း ထိုင် လျက် နေသည်ကို တွေ့ ရလေရာ နှင်းမေ က “ ကိုင်း ... မောတုန်းပဲလား ကိုထွေးမောင် ၊ ကိုယ့် နေရာ ကြည့် ထိုင်လေ ” ဟု ဆိုသဖြင့် ရင်ရွှေ ၏ အနားသို့ ကပ်၍ ထိုင်လေ၏ ။ “ အို ... သိပ် မကပ်ပါနဲ့ ၊ နှင်းတွေ ရွှဲ လို့ ” ဟု ရင်ရွှေ က ထွေးမောင် ကို တွန်း လိုက်သောညအခါ နှင်းမေ နှင့် စိုးရ တို့ က ရယ်ကြလေ၏ ။
“ ထွေးမောင်ကြီး အရပ် နည်းနည်း ပုတာ ဒီနေရာ ဟန်ကျတာပဲ ။ ငါ့ ယုတ္တိယုတ္တာ နဲ့ ည ကပြော လိုက်ရတာ ” ဟု စိုးရ က ပြောရာ “ ရှင့် ... ဉာဏ်ချည်းပဲ ... မဟုတ်ပါဘူး ။ မနှင်းမေ ရဲ့ ဉာဏ်တွေ အများကြီးပါတာပါ ” ဟု ရင်ရွှေ က ထောက်ခံ လေ၏ ။ ထွေးမောင် မှာ အမော ပြေ လာသဖြင့် “ ခွေးမသား ။ ကျုပ် ဖိအစ်သတ်ခဲ့ဦးမလို့ ။ ဟောဒီ မမီ မှာ စိုးတာနဲ့ ပြေးခဲ့ရတယ် ။ ဒါထက် ကာမိုင်း ကြေးနန်း ရိုက်လိုက်ပလား ။ နမ္မား ကျ ရင် ပုန်းကြဦးနော် ” ဟု ရယ်မောပြောဆိုရင်း ပါ သွားကြလေသတည်း ။
◾မဟာဆွေ
📖 ကြီးပွားရေးမဂ္ဂဇင်း
၁၉၃၄ - ခု ၊ ဖေဖော်ဝါရီလ ။
#ကိုအောင်နိုင်ဦး
.
No comments:
Post a Comment