Thursday, December 1, 2022

မောင်ရန်ပိုင်


 

❝ မောင်ရန်ပိုင် ❞

( မီး ကို နောက် တစ်ကြိမ် ထပ်တိုးတဲ့ ပလူတစ်ကောင်)

သည် တစ်နှစ် က တော့ မိုးဦးလေဦး စောသော နှစ် ပင် ဖြစ်ပေသည် ။ မေလ ဆန်း ရုံကလေး ရှိသေး ၊ မိုး နှင့် လေ က ရန်ကုန်မြို့တော် ကို သူ့ လက် နှင့် တစ်ချက် လှမ်း တို့ လိုက်လေသည် ။

ရွာပါ ၊ ရွာစမ်းပါ ၊ ရွာချင်သလောက် သာ ရွာ ချ လိုက်စမ်းပါ ။ ဘယ်လောက် ပဲ ရွာရွာ သောကပရိဒေဝမီးများ ဖြင့် ပူစပ် ပူလောင် နိုင်လှဆဲ ရန်ကုန် က ဖြင့် မိုး နှင့် လေ ကို ကျောခိုင်း ထား လိုက်ဟန် တူပါသည် ။

လောင်ဆဲ ၊ မြိုက်ဆဲ ။

ထို ညနေ ကား မိုး ခပ်စပ်စပ် ရွာပြီးခါစ တစ်ညနေ ပင် ဖြစ်ပါသည် ။

ကျွန်တော် သည် ကဗျာဆရာ မိုးကျော်အောင် နှင့် အတူ ၃၃ လမ်း ထဲ ကို ဖြတ်သန်း ဝင်ရောက် မိ ခဲ့သည် ။ ထုံးစံအတိုင်း လေထန်ကုန်း ထဲ မှာတော့ လူစုံ တက်စုံ ။ ရွက် က တော့ စုံ သလား ၊ မစုံ သလား ကျွန်တော် မသိ ။

လေထန်ကုန်း လမ်းကြား သည် အပေါ် တွင် ခပ်နိမ့်နိမ့် မိုးထားသည့် အမိုး ကြောင့် မှောင် လည်းမှောင် ၊ မှိုင်း လည်း မှိုင်း ၍ နေသည် ။ ကျွန်တော် လမ်းကြား ထဲ သို့ လှည့် ကြည့်လိုက်မိတော့ ကျွန်တော့် ကို ခပ်စူးစူး စိုက် ၍ ကြည့် နေ သော မျက်လုံး တစ်စုံ နှင့် အပြုံးမောမောတွေ နှင့် အတူ ဖွေးဆွတ် နေ သည့် သွား များ ကို လှမ်း တွေ့ လိုက်ရသည် ။

ကျွန်တော် က ထို အကြည့်များ အပြုံးများ ရှိရာ ကို ရှေ့သို့ တစ်လှမ်း နှစ်လှမ်း တိုး ၍ သွား ဆဲ မှာ ပင် သူ့ ဆီ က အသံ က ကျွန်တော့် ကို လှမ်း ကြို လိုက်ပါသည် ။

“ ဟေ့ - ချိုကြီး ၊ နေကောင်းလား ”

“ ဟာ ... ကိုရန်ပိုင် ”

ကျွန်တော့် စကား သည် “ ဟာ ” တွင် အတန် ကြာအောင် မျောသွား နေရာ က “ ကိုရန်ပိုင် ” တွင် တုံ့ခနဲ ရပ်တန့် ၍ သွားသည် ။

ရှေ့ ကို ဆက်စရာ စကား လည်း မရှိ ။

အား လည်း မရှိတော့ ။

ဆံပင်ဖြူ ၊ ကျိုးတိုးကျဲတဲ ၊
အသားအရေ ညိုရင့်ရင့် ၊
မျက်လုံးဝိုင်းဝိုင်း စက်စက် ၊
ခပ်မောမောအပြုံး နှင့် ဖွေးဖွေးလှုပ် နေ သည့် သွားများ ။ ချည်လုံချည် ချည်အင်္ကျီ သန့်သန့်နွမ်းနွမ်း နှင့် ။

ကိုရန်ပိုင် ကိုရန်ပိုင် ၊ ကျွန်တော်တို့ နှင့် ပတ်သက် ရင်းနှီးဖူးခဲ့လေသော ကိုရန်ပိုင် ။

လူ့ဘောင် ဟာ ရှုပ်ထွေးလှချည်ရဲ့ ဟု ဆို ကာ ရဟန်းဘောင် သို့ အပြီးတိုင် ဝင်ရောက် သွားတော့ မည် ဟု ဆို ပြီး ၃၃ လမ်း ကို ကျောခိုင်း ထားခဲ့လေသော ကိုရန်ပိုင် ။

ခုတော့ဖြင့် လေထန်ကုန်း ရဲ့ စားပွဲဝိုင်း တစ်ခု မှာ ကျကျနနထိုင် ရင်း က လောက ကို လည်စင်း ပေးထားသလို မျက်လုံးများ နှင့် ။

“ အပြီး ထွက် လာတာလား ကိုရန်ပိုင် ”

“ ချိုကြီး က လည်း ကွာ ၊ ထွက်ပြီ ဆိုမှ တော့ အပြီး ပေါ့ ”

ကျွန်တော် သည် ထိုနေ့ ညနေ အတွက် ကိုရန်ပိုင့် ကို ခေါင်းစဉ်တပ်၍ ထားဟန် တူသော လက်ဖက်ရည်ဝိုင်းကလေး မှာ လေးလံစွာ ဝင် ထိုင် လိုက်ရင်း က အတိတ် ကို ဖျတ်ခနဲ ပြန်ရောက် သွားလေသည် ။

•••••   •••••   •••••

တကယ်တော့ ကျွန်တော် သည် ကိုရန်ပိုင့် ကို မဟုတ်ဘဲ ကိုရန်ပိုင် ၏ အစ်ကို ဆရာ ဦးဌေးညွန့် ကို စ၍ သိကျွမ်းခဲ့ရသူ ဖြစ်ပါသည် ။

မှတ်မှတ်ရရ ၁၉၇၆ ခုနှစ် တွင် ကျွန်တော် သည် ဆယ်တန်းကျောင်းသား ဖြစ် ပါသည် ။ ထိုစဉ်က မြောက်ဥက္ကလာပ မေဓာဝီလမ်းဆုံ ၌ Top ဟူသော ကျူရှင် တစ်ခု ရှိရာ ထို ကျူရှင် ၌ ကျွန်တော် က ဘာသာစုံ တက် သည် ။

တစ်နေ့ တွင် ထို ကျောင်း သို့ ဦးဌေးညွန့် ဟူ သည့် ဆရာ တစ်ယောက် ရောက် လာပါသည် ။

ဆရာ က ရှေးဦးစွာ ကျွန်တော်တို့ ကို အင်္ဂလိပ်စာ သင်ကြားပို့ချပါသည် ။ သို့သော် ကျောင်းသားများ က ဆရာ့ ကို သိပ် လက်မခံကြပါ ။ နောက်တော့ ဆရာ က မြန်မာစာ ပြောင်း သင်ပြန်ပါသည် ။ ဤတွင် လည်း ကျောင်းသားများ က ဆရာ့ ကို သဘောကျဟန် မတူကြပြန်ပါ ။

ဤသို့ဖြင့် ဆရာ သည် ရက်ပိုင်းမျှ သာ ကြာ လိုက်ပြီး နောက် ကျူရှင် မှ ဖျတ်ခနဲ ပျောက် သွားပါတော့သည် ။

သို့ဖြင့် ဆရာ ပျောက်သွားပြီးပါမှ ထို ဆရာဦးဌေးညွန့် သည် စာရေးဆရာ မောင်ရန်ပိုင် ၏ အစ်ကို ဖြစ်ကြောင်း သိ လိုက်ရသော အခါ ကျွန်တော့် ရင် ထဲ တွင် နှမြောသလိုကြီး ဖြစ် သွားလေသည် ။

•••••   •••••   •••••

၁၉၇၈ ခုနှစ် တစ်ဝိုက် သည် ကား ကျွန်တော်တို့ တစ်တွေ အင်းလျား ကန်စပ် ကို ရောက်ဘသွားကြသော နှစ်ကာလများ ပင် ဖြစ်ပေသည် ။ ကျွန်တော်တို့ ဒေသကောလိပ် ၂ ( ယခု ရန်ကုန်တက္ကသိုလ် လှိုင်နယ်မြေ ) တွင် ကျောင်း တက် နေကြ ဆဲ ၌ တက္ကသိုလ် ၏ နံရံများ ပေါ် သို့ စာအုပ်ကြော်ငြာကလေးများ ရောက်လာ ပါတော့သည် ။

မှတ်မှတ်ရရ ကိုအောင်ချိမ့် ၏ ဂန္တဝင်မမ ၊

မောင်ရန်ပိုင်၏ ချစ်သူတွေ ရန်မဖြစ်ကြနဲ့  ၊ တက္ကသိုလ်ရွှေရတုသဘင် မှာ ကန်လန့်ကာ ဆွဲတဲ့ ကောင်လေး စသည် စသည် ...

ထို စာအုပ်များ က စာဖတ်ပျော်စ ကျွန်တော်တို့ ကို ညှို့ယူ လိုက်သည် ။ အကုန် ဝယ် အကုန် ဖတ် နှင့် ကိုအောင်ချိမ့် ကို ကြိုက်သွားပြီး ကိုရန်ပိုင် ကို စိတ်ဝင်စား သွားသည် ။

ကျွန်တော်တို့ နှင့် အတူ မြောက်ဥက္ကလာပ တွင် နေသော ကိုရန်ပိုင် ။

ဆရာ ဦးဌေးညွန့် ၏ညီ ကိုရန်ပိုင် ။

ဤသို့ဖြင့် ကျွန်တော် တွေ့ချင်နေသော စာရေးဆရာ မောင်ရန်ပိုင် နှင့် ကျွန်တော် တို့ သည် မြန်မာစာပေလောက ၏ ခြွင်းချက် ထား ရန် မဖြစ်နိုင်သော နယ်မြေ တစ်ခု ဖြစ်သည့် ရွှေကြည်အေး နှင့် ၅၅ လမ်း တစ်ဝိုက် တို့ တွင် တည့်တည့်ကြီး ဝင် တိုးမိကြပါတော့သည် ။

•••••   •••••   •••••

အနော်ရထာလမ်း နှင့် ၃၃ လမ်း ထောင့် မှ ယခု Excellence ရှိသော နေရာ သည် ယခင် က ရွှေကြည်အေး လက်ဖက်ရည်ဆိုင် နေရာ ပင် ဖြစ်ပါသည် ။ တစ်ခါက ထို နေရာ သည် စာရေးဆရာ ကြီးငယ် ပေါင်းစုံတို့ ထိုင်ခဲ့ကြရာ နေရာ ဖြစ်သည် ။

ထို ဆိုင်မှာ ထိုင် ရင်း စာမူ ပေးကြ တောင်းကြ သည် ။ စာမူခ ပေးကြ ယူကြ သည် ။ စာအကြောင်း ကဗျာအကြောင်း ပြောကြ ဆိုကြ သည် ။

သည် ဆိုင် မှာ ဘယ်သူ ရှိရှိ မရှိရှိ ဘယ်သူ ထိုင်ထိုင် မထိုင်ထိုင် အမြဲတမ်း ရှိ နေ တတ် သူ က တော့ ကိုရန်ပိုင် ပဲ ဖြစ်ပါသည် ။

အသား ညိုညိုရင့်ရင့် ၊ ကိုယ်ခန္ဓာ တောင့်တောင့်တင်းတင်း ၊ ဆံပင် အဖြူ တစ်ဝက် အနက် တစ်ခြမ်း ၊ သွားများ က ဖြူဖြူစင်စင် ၊ လွယ်အိတ်တစ်လုံး ကို အမြဲ လွယ် ထားလျက် ။ နေ့ တစ်ဝက် ကျိုး က နေ ညနေ စောင်း သွား သည်အထိ သည် ဆိုင် မှာ ဖင်မြဲမြဲ ထိုင် တတ်သော ၊ ထိုင် နိုင်သော ကိုရန်ပိုင့် ကို ကျွန်တော် အံ့သြ မိသည် ။

နောက်တော့ လည်း ရွှေကြည်အေး မှာ အတူ ထိုင်ကြရင်း ၊ ၅၅ လမ်း မှာ အတူ ရီဝေကြရင်း ၊ မြောက်ဥက္ကလာ နှင့် ရန်ကုန် ထဲ အတူ သွား အတူ ပြန် ကြရင်း ကိုရန်ပိုင့် ဘဝ နှင့် ကျွန်တော် တို့ နည်းနည်းကလေး ပို၍ နီး သွားသော အခါ သူ့ ဘဝ ကို လည်း နည်းနည်းပို၍ နားလည် သလို ဖြစ် သွားခဲ့ပါသည် ။

ကိုရန်ပိုင် က ပုသိမ် ဘက် မှ ဖြစ်ပါသည် ။ ဒါပေမဲ့ ငယ်ငယ်ကတည်း က ပုသိမ် ကို နောက်ကျော ဘက် မှာ ခါချ ထား ခဲ့ပြီး ရန်ကုန် ကို အပြီးအပိုင် တက် လာခဲ့သည် ။ သို့သော် ရန်ကုန် တွင် သူ့အတွက် အိုး မရှိ အိမ် မရှိ ။ အလုပ်အကိုင် အခိုင်အမာ မရှိ ။ အနှောင်အဖွဲ့ မရှိ ။

သူ့ ရင်ဘတ် ကို သူ ထွန်ယက်စားဖို့ ဆုံးဖြတ်ချက် တစ်ခုတည်း နှင့် တက် လာခဲ့ခြင်း ဖြစ်သည် ။ စာရေး ၊ စာဖတ်သော အလုပ် မှ လွဲ၍ ဘယ်အလုပ် မှ သူ့ အလုပ် မဟုတ် ။

ကိုရန်ပိုင် သံ တစ်ချောင်း ကို မှ ရိုက်ဖူးပါစ ၊ အုတ်ခဲ တစ်ချပ် ကို မှ မ ဖူးပါစ ၊ ရေ တစ်ပုံး ကို မှ ဆွဲ ဖူးပါစ ဟု ကျွန်တော် တွေး ကြည့်မိသည် ။ ကျွန်တော် က ဖြင့် သိပ် မထင်လှပါ ။

ကိုရန်ပိုင် အလုပ် ကို မုန်းတီးပုံ နှင့် ပတ်သက်၍ ကိုအောင်ပွင့်က တော့ မကြာခဏ ဆိုသလို ရင် ဖွင့်ဖူးသည် ။

သည်တုန်းက ကိုရန်ပိုင် ရော ကိုအောင်ပွင့် ပါ ရန်ကုန် ကို တက်လာကြခါစ ဝင်္ကပါရိပ်သာ လမ်း ထဲတွင် အတူ နေထိုင်ဖူးခဲ့ကြရာ ယင်း ကို ပင် ကိုအောင်ပွင့် က မကြာခဏ အမှတ်တရ ပြန် ပြောခြင်း ဖြစ်သည် ။

“ ခင်ဗျား ကိုရန်ပိုင် ဆို တဲ့ လူကတော့ ဗျာ မေဒေးနေ့ မွေးပေလို့ ပေါ့ ၊ ပျင်း လိုက်တာ လွန်ရော ။ သောက်ရေအိုး ထဲ များ တစ်ခါ မှ ရေ မထည့်ဘူး ။ ရေ ကုန်နေတယ် မို့လား ၊ ဟော သူ့ ခွက် သူ ကိုင်ပြီး ဘုံပိုင်ခေါင်း မှာ သွား ခံ သောက်တယ် ။ မေဒေးနေ့ မွေး လို့ ”

ကိုအောင်ပွင့် က ပြောပြောဆိုဆို မပွင့်တပွင့် ရယ် တတ်သည် ။

စာရေးသူ တစ်ယောက် စာ ရေးခြင်း ၊ စာ ဖတ်ခြင်း မှ လွဲ၍ မည်သို့သော လူမှုကိစ္စ ကို မျှ မလုပ်ဘူး ဆိုသည် မှာ မှန်သလား ၊ မှားသလား ၊ ဒါကိုတော့ ကျွန်တော် မသိ ။

ကိုရန်ပိုင့် အလုပ် က မနက်မိုး လင်း သည် နှင့် အိမ် က ထွက်မည် ။ သူ မှီခို နေထိုင်ရာ မြောက်ဥက္ကလာ ရှိ ဆရာဦးဌေးညွန့် အိမ် က လည်း သူ့ မိသားစုနှင့် သူ ဖြစ်ရာ ကိုရန်ပိုင့် အတွက် မလွတ်လပ်လှ ဟု ကျွန်တော် ထင်သည် ။

သည်တော့ နေ့ အလင်းရောင် နှင့် အတူ အိပ်တန်း မှ ထ ပျံရသည့် ငှက်တွေ လို ပဲ လင်းလင်း ချင်း ကိုရန်ပိုင် အိမ် က ထွက်ရဟန် တူ ပါသည် ။ ပြီးတော့ မေဓာဝီလမ်းဆုံ က လက်ဖက်ရည်ဆိုင်ကလေး မှာ ၉ နာရီ ၊ ၁ဝ နာရီ အထိ သူ ထိုင်မည် ။

ပြီးလျှင် မြို့ထဲ ကို ထွက်မည် ။ မြို့ထဲ ရောက်ချိန် မှာ ၁၁ နာရီဝန်းကျင် ဖြစ် ရာ တစ်ဆိုင် ဆိုင် ဝင်ပြီး မနက်စာ စား မည် ။

ကျွန်တော် သိ ရသလောက်ကတော့ ကိုရန်ပိုင် အများဆုံး စားလေ့ စားထ ရှိ တတ်သည် မှာ မြဝတီတိုက် ဘေး အပေါ် ထပ် က ဝန်ထမ်းသက်သာ စားသောက်ဆိုင် ။ ငွေ ၂ဝ လောက် နှင့် မနက်စာ ပြီးသော ဆိုင်ကလေး ။

သို့ဖြင့် မနက်စာ ကိစ္စ ပြီးသော အခါ ၃၃ လမ်း ထိပ် က ရွှေကြည်အေး လက်ဖက်ရည်ဆိုင် မှာ ကိုရန်ပိုင် ထိုင် ပါသည် ။

လက်ဖက်ရည် တစ်ခွက် ကို တည်ကြက် အဖြစ် ချ ထားပြီး ရေနွေးကြမ်း သောက် လိုက် ၊ အပေါ့အပါး ထ သွားလိုက် ၊ လာသမျှ စာသမား ပေသမားတွေ နှင့် စကားစမြည် ပြောလိုက် နှင့် ရွှေကြည်အေးလက်ဖက်ရည်ဆိုင် ၏ ဝင်ဝင်ချင်း ကျောက်စားပွဲဝိုင်းကြီး မှာ ညနေ တိုင်သည် အထိ မိန့်မိန့်ကြီး ထိုင် နေမည် ။

တစ်ခါ တစ်ခါ စာအုပ် တစ်အုပ် ကို ထုတ် ဖတ် နေလိုက် ၊ ဗလာစာအုပ်ကလေး တစ်အုပ် ကို ထုတ်ကာ စာ ရေးချင် ရေးနေ လိုက် ၊ ယပ်တောင်ကလေးကို တဖျပ်ဖျပ် ခတ်ချင် ခတ်နေလိုက် နှင့် ကိုရန်ပိုင့် ကို ဆိုင်ရှင်များ က တော့ သိပ် ကြည်ဖြူကြဟန် မတူပါ ။

သို့သော် ရွှေကြည်အေး သည် စီးပွားရေး လုပ် နေသူများ ဖြစ်၍ အတတ်နိုင်ဆုံး တော့ သည်းခံ နေခဲ့ကြ ဟန် တူပါသည် ။ သို့သော် သည်းမခံနိုင်တော့သည့် နေ့ တစ်နေ့ တွင် ကား ပြဿနာ က အထွတ်အထိပ် ကို တက် ခဲ့ပါတော့သည် ။

ထိုနေ့ က ရွှေကြည်အေး စားပွဲဝိုင်းကြီး တွင် လူ တော်တော် စုံပါသည် ။

ကိုရန်ပိုင် ၊ မြမြင့်မိုရ် ၊ ဇောင်းထက် ၊ ယမုံ ၊ မြင့်ဦးဦးမြင့် နှင့် ကျွန်တော် တို့ ဖြစ်သည် ။

ထိုနေ့ က လက်ဖက်ရည်ဖိုး အားလုံး ကို ကျွန်တော် က ပေးချေပြီးသား ဖြစ် ပါသည် ။ သို့သော် ဆိုင်ရှင် သည် ခေတ်အဆက်ဆက် မထ တမ်း ထိုင် ခဲ့သည့် ကိုရန်ပိုင့် ကို ထိုနေ့ တွင်မှ ပြဿနာ လုပ် လာခဲ့ပါသည် ။

ပထမ မြမြင့်မိုရ် က ကွမ်းယာ ထ ဝယ် သည် ။ ဆိုင် က မြမြင့်မိုရ် ထိုင် သော ခုံ ကို သိမ်း သွားသည် ။ ကျွန်တော် က တောင်းသောအခါ လူ လာ လျှင် ပြန်ပေးမည် ဟု ဆိုသည် ။

မြမြင့်မိုရ် ပြန် လာ သော အခါ ဆိုင် က ခုံ လာ ပြန်ချသည် ။ ထို့နောက် စားပွဲထိုး တစ်ယောက် လျှောက် လာပြန်ပါသည် ။ ထို သူ က ကိုရန်ပိုင် ကျော ကို တစ်ချက် ပုတ် ရင်း ထိုင် ဦး မှာလား ဟု မေးသည် ။ ကိုရန်ပိုင် က ထိုင်ဦးမည် ဖြစ်ကြောင်း ပြော သောအခါ ပြန်မည် ဆိုလျှင် လည်း ပြန်ရန် ၊ ဆက် ထိုင်ဦးမည် ဆို က လည်း ဝင် ဝင်ချင်း စားပွဲ မှာ မထိုင် ဘဲ အတွင်း စားပွဲ မှာ ဝင် ထိုင်ရန် ခပ်စီးစီး ပြော လာပါသည် ။

ကိုရန်ပိုင် သည် မြွေဟောက် တစ်ကောင် နှယ် ဆတ်ခနဲ ခေါင်း ထောင် သွားသည် ။ တစ်လှမ်းချင်း နောက် ဆုတ်သွားသည့် စားပွဲထိုး နောက် ကို တရှူးရှူး နှင့် ထိုး လိုက်သွားသည် ။

“ ဟေ့ကောင် ၊ မင်း ဘာစကား ပြော တာလဲ ၊ ငါ ဒီဆိုင် မှာ ထိုင်တာ ဆယ်နှစ် ပြည့် တော့မယ် ၊ ဟေ့ကောင် လာ စမ်းပါဦး ”

သို့ဖြင့် ဆဲကြ ဆွဲကြ တားကြဆီးကြ နှင့် ဝရုန်းသုန်းကား ဖြစ်သွားသော ရွှေကြည်အေး ဆိုင်ကလေး သည် တစ်ဆိုင်လုံး ကို သိမ်းကျုံး၍ ဆဲလိုက်သော ကျွန်တော် ၏ ပေါက်ကွဲမှု တွင်ပင် ပြဿနာ အဆုံးသတ် သွားပါတော့သည် ။

သည်သို့ သည်နှယ် ပြဿနာတစ်စုံ တစ်ရာ တက်သည် အထိ လက်ဖက်ရည်ဆိုင် ထိုင် တတ်သော ကိုရန်ပိုင် သည် ညနေ တိုင် တော့ သင့်ရာ သင့်ရာ အစုအဝေးကလေးတွေ နှင့် ညနေရီရီ ဆိုင်ကလေးများ ရှိရာ သို့ ပါ သွားတတ်ပြန်ပါသည် ။

အထူးသဖြင့် အိုးအိမ်ဦးစီး နောက် က တောအရက်ဆိုင်ကလေးများ ကို ကိုရန်ပိုင် ပါ သွားတတ်သည် ။ တစ်လုံး တစ်ဆယ် လောက် သာ တန်သည် ဆိုသော တောအရက်များ အကြောင်း ကို ကြားဖူးနေသည့် ကျွန်တော် ဘေး မှ ကြည့် ပြီး လန့် နေမိသည် ။

“ ကိုရန်ပိုင် ပြင်းသလားဗျ ”

"ချိုကြီး က လည်း တစ်ခွက် မော့ ချ လိုက်တာနဲ့ ကျားသစ်တစ်ကောင် မျက်နှာ ကို ဖြတ် ရိုက် လိုက်သလိုပဲ ဖျဉ်းခနဲ ”

သည်လို နှင့် ည မှောင်တော့ ဥက္ကလာ ကို ကိုရန်ပိုင် ပြန် သည် ။ တစ်ခါ တစ်ခါ ကျွန်တော် နှင့် လမ်း ကြုံတတ်သည် ။ လမ်း ကြုံ တိုင်း မေဓာဝီလမ်းဆုံ မှာ ခဏ ဆင်း ကာ နည်းနည်းပါးပါး ရီဝေလေ့ ရှိကြရာ ထိုအခါများ ၌ ကိုရန်ပိုင် ညစာ ဖြေရှင်းပုံ ကို ကျွန်တော် ဘေး မှ ငေးကြည့် နေမိသည် ။

မုန့်ဟင်းခါး ကို ကြွပ်ကြွပ်အိတ် နှင့် ဝယ် ၊ ထို အိတ် ထဲ ကို ထမင်းဖြူ နည်းနည်း ဝယ် ထည့် ၊ အသင့် ပါ လာသည့် ဇွန်း နှင့် နယ်ဖတ် စားပြီး အိတ် ကို လွှင့် ပစ် လိုက်သည် ။ ညစာ ပြီးသည် နှင့် သူ ၏ အစ်ကို အိမ်ရှိရာ ရပ်ကွက်ကလေး ထဲ သို့ ဝင် သွား တတ်မြဲ ။

လမ်းကြားမှောင်မှောင်လေး ထဲမှာ တစ်စစ ပျောက်ကွယ်သွားသည့် ကိုရန်ပိုင့် ကျောပြင် ကားကားကြီး ကို ငေးမောကြည့်မိလေတိုင်း ကျွန်တော် သက်ပြင်းရှည်ကြီးတွေ ချမိသည် ။ သည်လောက် ရင်မောဖွယ် ကြား ထဲက ကိုရန်ပိုင် ဘယ်လိုများ စာ ရေးနေပါလိမ့် ။

“ ကိုယ် က အချိန် ကို ခိုး တတ်တယ် ချိုကြီး ရ ။ သွားရင်း လာရင်း ၊ စကား ပြောရင်း ၊ လက်ဖက်ရည်ဆိုင် ထိုင်ရင်း ရသလောက်ကလေး ကို ချချ ရေး ထားတာပဲ ”

စာရေးစားပွဲ မရှိ ၊ ကိုယ်ပိုင်စာကြည့်ခန်း မရှိ ၊ ပူနွေးသည့် ညစာ မရှိ ။ ဤသို့ ဤနှယ် မရှိခြင်းများ ကြား မှ မြန်မာစာရေးဆရာ တစ်ဦး ၏ ဘဝ ကို ကျွန်တော် ငေး လည်း ငေး မော လည်း မော နေမိသည် ။ ကျွန်တော်တို့ ဆီ မှာ က စာပေရေးသားခြင်း ဖြင့် အသက်မွေးဝမ်းကျောင်း ပြုသည် ဆိုခြင်း မှာ ကျိန်စာသင့် နေသည့် အသက်မွေးဝမ်းကျောင်းများ ဖြစ် နေ လေရော့သလား ။

•••••   •••••   •••••

ကိုရန်ပိုင့် ဘဝ ကို ပုံဖော် ကြည့် သော အခါ စာပေ တစ်ခု တည်း ဖြင့်တော့ မလုံလောက် ဟု ကျွန်တော်ထင်သည် ။

ဂီတ ၊ ပြဇာတ် ၊ ရုပ်ရှင် စသည့် အခြားသော အနုပညာလမ်းကြောင်း တွေ ပေါ် မှာ လည်း ပြော၍ ဖြစ်လောက်အောင် တော့ သူ ရှိခဲ့ဖူးသည် ။

မန္တလေးသိန်းဇော် ဇာတ် ထဲ မှာ အလျားလိုက်ကြီး သူ စုန်ဆန်မျောပါ နေခဲ့ဖူးသည် ။ ပြဇာတ် တချို့ ဝင် ရေး သေးသည် ။ နှစ်ပါးခွင် သီချင်း တချို့ ဖွဲ့စပ်ပေးသည် ။

တစ်ခါ က လည်း စာရေးဆရာ ကိုချစ်ဦးညို ကို မင်းသား တင် ကာ “ ကောင်းလှချည့်လား ဒေါင်းမြကြည် ” အမည် ဖြင့် ဗီဒီယို ရိုက်ကူးရန် ပုဂံ ညောင်ဦး ဘက် ကို သူ ထွက်သွားဖူးသည် ။ သို့သော် ထိုကားပြီးဆုံးအောင် သူ မရိုက်ကူးဖြစ်ခဲ့ ။ ဘာ ပြဿနာ တွေ ရှိကြသလဲတော့ ကျွန်တော် မသိ ။

ကိုရန်ပိုင့် တွင် အနုပညာမာနကလေး က တော့ ခိုင်ခိုင်မာမာ ရှိဟန် တူပါသည် ။

တစ်ခါတွင် အဝကျွန်းကိုချစ်မောင် က ရုပ်ရှင်တေးကဗျာ အတွက် စာမူခ ကြို ပေးကာ ကိုရန်ပိုင့် ထံ မှ စာမူ တောင်းသည် ။ ကိုရန်ပိုင် က လည်း ပေးသည် ။

သို့သော် ထို စာမူ ကို အဝကျွန်းကြီးက မရိုက်ဖြစ်ခဲ့ပါ ။ ငွေပေးချေပြီးသား ဖြစ်၍ ရိုက်ရိုက် မရိုက်ရိုက် အရေးမကြီးကြောင်း လည်း အဝကျွန်း က ဆိုလာပါသည် ။

သို့ဖြင့် ကိုရန်ပိုင် က ငွေ ပြန်ပေးပြီး စာမူ ပြန် တောင်းရန် အထိ တင်းတင်းမာမာ ဖြစ်သွားခဲ့ကြပါသည် ။

ကျွန်တော်တို့ အိပ်မက်ဖူးမဂ္ဂဇင်း လုပ်နေစဉ် ကာလများ က လည်း ကိုရန်ပိုင် က အေးချစ် အမည် ဖြင့် အနုပညာဆောင်းပါးများ လစဉ် ရေးရန် ညှိသည် ။ ကျွန်တော်တို့ က လစဉ် မဖော်ပြသော အခါ တစ်ယောက်နှင့် တစ်ယောက် တင်းခဲခဲကြီး ဖြစ်သွားခဲ့ကြဖူးသည် ။

သည်သို့ သည်သို့ သော ကိုရန်ပိုင် သည် မိုးသက်မုန်တိုင်းများ ကြား တွင် တော့ ကျွန်တော် တို့ နှင့် အတူ ရှိ နေခဲ့ပါသည် ။ သူ ၏ တင်းမာသော မျက်နှာကြီး ဖြင့် လူတွေ ထဲ မှာ တိုးဝှေ့ သွား နေလျက် ။ ကဗျာဆရာများ ၊ မြန်မာနိုင်ငံ မှ ကဗျာဆရာများ ။

ထိုထိုသော ကိုရန်ပိုင် သည် လွန်ခဲ့သည့် သုံးနှစ် လောက် က တော့ သူ သာသနာ့ဘောင် သို့ ဝင်ရောက်တော့မည် ဖြစ်ကြောင်း တရားဝင် ပြောကြား လာခဲ့ပါသည် ။ သူ့ ကို ကျွေးမွေး ပြုစုလိုလျှင် ပြုစု ကျွေးမွေးထားဖို့ ၊ လှူထား တန်း ထားလိုလျှင် လှူဖို့တန်းဖို့ လေထန်ကုန်းမှာ တွေ့တိုင်း ပြော လာပါသည် ။

သာဓု ခေါ် သူ က ခေါ်ကြပြီး ၊ တချို့ က လည်း ရဟန်းဘောင် သို့ ဝင်ရောက် စဉ် သုံးစွဲဖို့ နဝကမ္မ လှူဒါန်းကြပါသည် ။

ကိုအောင်ပွင့် က တော့ စာအိတ်ကလေး ထဲ တွင် ငွေ ၂၀၀ ထည့် ကာ “ ဘဝတစ်ပါး ပြောင်းရွှေ့သွားသူကြီး သို့ ” ဟု ကမ္ပည်း တပ် လျက် လှူဒါန်း လိုက် ပါသည် ။ ကျွန်တော် က တော့ တစ်ပြားတစ်ချပ် မျှ မပေးလှူခဲ့ ။

“ သိဒ္ဓတ္ထမင်းသား တော ထွက်တာ လူ သိ မှာ စိုးလို့ တိတ်တိတ်ကလေး ထွက်သွား ခဲ့တယ် ။ သူ့ နှယ်ဗျာ ၊ ဘယ်နေ့ ဘယ်လမ်း အတိုင်း သွားမယ် ၊ ဘယ်နေရာ က စောင့် လှူနိုင်တယ် နဲ့ ။ လိပ်စာ ပေးပြီး ထွက် ပြေးတာ နဲ့ တူ မနေဘူးလား ကိုပွင့် ရယ် ”

ကျွန်တော် က သည်လို ပြောတော့ ကိုအောင်ပွင့် က ခပ်ယဲ့ယဲ့ ရယ်သည် ။ သည်လို နှင့် ကိုရန်ပိုင် တစ်ယောက် တကယ့်ကို ရဟန်း ဝတ် သွားခဲ့ပါသည် ။

တောင်စွန်းမြို့နယ် ဇုတ်သုတ်ကျေးရွာ ကျိုက်ထီးဆောင်း ဆရာတော် ဘုရားကြီး ထံ သီတင်း သုံး နေကြောင်း ၊ ရဟန်းဘွဲ့ မှာ ဦးဝဏ္ဏလင်္ကာရ ဖြစ်ကြောင်း ကြားသိ ရသည် ။ ကျွန်တော် ရန်ကုန် ကို မကြာမကြာ ရောက်သွားခဲ့သည့် အခါများ တွင် လည်း ကိုရန်ပိုင် ရန်ကုန် ကို ကြွ လာ တတ်ကြောင်း သတင်းများကို

ကြားရသည် ။ တစ်ယောက် က တော့ “ တရား ရ တဲ့ ပုံ မပေါ်ဘူးဗျ ” ဟု ကောက်ချက် ချသည် ။

မဂ္ဂဇင်းအယ်ဒီတာ တစ်ယောက် က တော့ ...

“ မဂ္ဂဇင်းတိုက် ကို ဘယ် ဦးပဉ္ဇင်း ကြွလာ ကြွလာ ကျွန်တော် တို့ က နေရာ ဖယ် ပေး တာပါပဲ ။ ဒါပေမဲ့ ဦးပဉ္စင်း ကိုရန်ပိုင် က တော့ တက် လာ ကတည်း က ငါ ခေါင်းရင်း မှာ ထိုင်မယ် ဆိုတဲ့စိတ်မျိုး ရှိနေတယ် ထင်တယ် ”

ဟု သိမ်သိမ်မွေ့မွေ့ သုံးသပ်သည် ။

သည်လို ဆိုလျှင် ဖြင့် ကိုရန်ပိုင် တစ်ယောက် သူ့ အတ္တကြေးခွံကြီး ကို ချွတ် မှ ချွတ် နိုင်ပါလေစ ။ နောက်တော့ ကိုရန်ပိုင် တစ်ယောက် တောင်စွန်း မှာ နှစ်နှစ် ကျော် သုံးနှစ် ကြာ သွားသည် ။ ထို့နောက် ရန်ကုန် ကို ကြွလာပြီး သာကေတ မြို့နယ် ဇိနမာန်အောင်စေတီ အနီး က ပညာမဉ္စူကျောင်း မှာ သီတင်း သုံး လာ ပြန်သည် ။ ထို့ပြင် မဂ္ဂဇင်း အချို့ ၌ ချစ်သား ဟူသော အမည် ဖြင့် သူ ၏ ဝတ္ထုတွေ ကို တွေ့ လာ ရပြန်ပါ၏ ။

ခုတော့ဖြင့် ။

ထိုထိုသော ကိုရန်ပိုင် က လေထန်ကုန်း လက်ဖက်ရည်ဆိုင် မှာ လူဝတ်ကြောင် ဖြင့် ငုတ်တုတ် ။

•••••   •••••   •••••

“ ကဲ ... ချိုကြီး ၊ ကိုယ် ပြန်လိုက်ဦးမယ် ”

အတိတ် ကို တစ်ခဏ ပြန် ရောက်သွားသော ကျွန်တော့် စိတ်များ သည် ကိုရန်ပိုင် ၏ ပြောပြော ထထ စကား ကြောင့် မျက်မှောက် ကို ပြန် ရောက်လာခဲ့ ပါသည် ။ အားလုံး က ထွက်သွားသော သူ့ ကို ငေးရီလျက် ။

“ ကျွန်တော် က ဘာမှ မဖြစ်ပါဘူး ၊ ဒါပေမဲ့ ကျွန်တော့် အမျိုးသမီး က တော့ ငိုဦးမှာပဲ ။ သူ ရန်ကုန် ရောက် ကတည်း က ပစ္စည်းလေးပါး ဒါယကာ လုပ် လာ ခဲ့တာဗျာ ။ တနင်္လာနေ့ သူ အိမ် ကို ကြွလာတိုင်း တစ်ပတ်စာ ဆွမ်းဟင်း ကို အခြောက် ကြော် လှော်ပြီး ပုလင်းမျိုးစုံ နဲ့ ထည့် ၊ ဝတ်မပျက်ခဲ့ဘူး ။ သူ ရဟန်း ဘဝ က ကျွန်တော် က တစ်ဆင့် ပေးတဲ့ စာမူတွေကို ဘယ် တိုက် ကို မှ ပို့ မပေးဘူး ၊ စာပေလောက သတင်း ဘယ်တော့မှ သူ့ ကို မပေးဘူး ။ ဒီလောက် ဝဋ်ဒုက္ခ ကြီး တဲ့ စာပေလောက သူ မို့ ပြန် လာချင်တယ်ဗျာ ”

ကိုချစ်ဦးညို က ဆွေးဆွေးမြည့်မြည့် စကား ကို ဆိုသည် ။ ပန်းချီလှထွဏ်းအောင် ၊ ကိုဟိန်းလတ် စသည် ဖြင့် ကြားရသူ အပေါင်း က “ ဟာခနဲ ဟင်ခနဲ ” ဖြစ် သွားကြသည် ။

"ကိုချစ်ဦးညို ၊ ကျွန်တော် မသိလို့ မေးပါရစေ ၊ ဗုဒ္ဓဘာသာ မှာ ရဟန်း ဝတ်တယ် ဆိုတာ ဝတ်လိုက် ထွက်လိုက် မရဘူး ဆို ။ ပိုင် မှ နိုင် မှ ဝတ် ၊ ဝတ် ပြီး ရင် မထွက် စတမ်း ၊ ထွက် ပြီး ရင် ပြန် မဝတ် စတမ်း ၊ အဲဒါ ဟုတ်လား ”

“ တကယ်တော့ ဟုတ်တယ်ဗျ ”

ကျွန်တော့် အမေး ကို ကိုချစ်ဦးညို က ပြတ်ပြတ်သားသားပင်  ဖြေသည် ။

လေထန်ကုန်း ညနေ သည် မိုးရိပ်တွေ ဖြင့် မှောင်မှိုင်း လာပြန်၏ ။ ကိုရန်ပိုင် တစ်ယောက် ဘယ်စခန်း ကို ဘယ်လမ်းကများ ပြန် သွားပြန်ပါလိမ့် ။

•••••   •••••   •••••

နောက် တစ်နေ့ လေထန်ကုန်း ကို ရောက်ပြန်တော့ လည်း ကိုရန်ပိုင် နှင့် ကျွန်တော် တွေ့ကြ ပြန်ပါသည် ။ ကိုရန်ပိုင် က လောက ကို လိပ်ပြာ မလုံသည့် အပြုံးများ ဖြင့် စားပွဲ မှာ ဝင် ထိုင်သည် ။

“ ကိုရန်ပိုင် ၊ ကျွန်တော့် ကို တစ်ခု လောက် တော့ ဖြေဗျာ ၊ လူထွက် ချင် လောက် အောင် ကိုရန်ပိုင်ကို စေ့ဆော်တဲ့ အချက် ၊ အဲဒါ ကျွန်တော် အတိုချုံးပြီး သိချင်တယ် ”

“ ချိုကြီး ရာ တစ်ခု ခု ထဲ မှာ ကိုယ် အသေ မနေချင်တဲ့ စိတ် ပါ ပဲ ။ နောင်မှ အသေးစိတ် ကိုယ် ပြောပါ့မယ် ”

နိုင်တယ် ခေါ်သလား ၊ ရှုံးတယ် ခေါ်သလား ၊ ခေါင်း မော့ တာလား ၊ ဒူး ထောက် တာ လား မသိ ။ ကျွန်တော် မသိ ။ ဒါတွေကို ဘာမှ ကျွန်တော် မသိ ။ ကိုရန်ပိုင် က တော့ လေထန်ကုန်း သောကပရိဒေဝ စားပွဲ မှာ လူဝတ်ကြောင် ဖြင့် ပြန် ရောက် နေပြန်ပါလေပြီ ။

◾ မောင်သာချို

📖 ပန်းဝေသီမဂ္ဂဇင်း
အောက်တိုဘာလ ၊ ၁၉၉၆ ။

#ကိုအောင်နိုင်ဦး

.

No comments:

Post a Comment