Showing posts with label မောင်သာချို. Show all posts
Showing posts with label မောင်သာချို. Show all posts

Thursday, March 9, 2023

အော်ပီကျယ်


 ❝ အော်ပီကျယ် ❞


( ရယ်စရာ ဘဝ နှင့် မောစရာ စာမျက်နှာများ )


ကျွန်တော့် အညံ့ဖျင်းဆုံး အချက် ကို ဝန်ခံ ရ လျှင် ပုံ မဆွဲတတ်ခြင်း ပင် ဖြစ်ပါသည် ။ ပန်းချီ ၊ ကာတွန်း ဘာ တစ်ခု မျှ ကျွန်တော် မရေးတတ် ။ သို့သော် ပန်းချီဆရာတွေ ၊ အထူးသဖြင့် ကာတွန်းဆရာတွေ နှင့် ကား အထူးပင် ရင်းနှီးပါသည် ။


ကာတွန်းပြပွဲတွေ ၊ ကာတွန်းဆရာ ကန်တော့ပွဲတွေ ၊ ကာတွန်းဆရာ တို့ ၏ သာမှု နာမှု ကိစ္စတွေ နှင့် ကျွန်တော် ဘယ်တော့မှ မစိမ်းလှ ။


ကျွန်တော်တို့ အစ်ကိုကြီး အရွယ် ဆရာရွှေမင်းသား ၊ ဆရာငွေကြည် ၊ ဆရာမြေဇာ ၊ ဆရာသစ်ထွဏ်း တို့ က စပြီး ဆွေမင်း ( ဓနုဖြူ ) ၊ စိုးသော်တာ ၊ စောမင်းဝေ ၊ စိုးစံဝင်း ၊ ထက်မိုး အဆုံး အားလုံး နှင့် ကျွန်တော် အကျွမ်းတ၀င် ရှိပါသည် ။ သည် အထဲ မှာ တတွဲ တွဲ ရှိမိတတ် သူ က မန္တလေးသား ကာတွန်းဆရာ မောင်ဝင်းအောင် ။


ကာတွန်းမောင်ဝင်းအောင် ... ဆိုကြပါစို့ ၊ ကျွန်တော့် အ‌ခါ် ကိုဝင်းအောင် က အချိန် တော်တော်ကလေး နှောင်း မှ အိမ်ထောင် ကျ သူ ဖြစ်ပါသည် ။ သူ အိမ်ထောင် ပြုဖို့ စိတ်ကူးတော့ ငါးဆယ် ပြူတစ်ပြူတစ် နှစ်ကာလများ ။ သူ့ ဇနီးလောင်း ၏ ဓာတ်ပုံကလေး ကို ဟိုလူ့ တွေ့ ထုတ်ပြ ၊ သည်လူ့ တွေ့ ထုတ်ပြ နှင့် အိမ်ထောင် ပြုဖို့ တိုင်ပင် နေရသည့် နှစ်ကာလများ မဟုတ်လား ။


မန္တလေး နှင့် ဝေးရာ ရန်ကုန် မှာ ဆိုတော့ သူ တိုင်ပင်ရသည် က စာပေ အသိုက်အဝန်း ၊ သည်မှာ ကျွန်တော်တို့ က တော့ သူ့ ဇနီးလောင်း ဓာတ်ပုံကလေး ကို ကြည့်ကာ အသက်အရွယ် အရ အိမ်ထောင် ပြုသင့်ပြီ ဖြစ်ကြောင်း အကြံ ပေးရုံမျှ သာ ဖြစ်ပါသည် ။ ကာတွန်းအော်ပီကျယ် က တော့ သည်သို့ မဟုတ် ။


“ အော်ပီကျယ်ကြီး .. သူငယ်ချင်း ကို ကိုယ် တိုင်ပင်စရာ ရှိလို့ကွ .… ကိုယ် အိမ်ထောင် ပြုဖို့ သင့်ပြီလား ကွာ ”


ကိုအော်ပီကျယ် က ငါးဆယ် ပြူတစ် ပြူတစ် မောင်ဝင်းအောင် ကို ကြည့် ကာ ပြုံး သည် ။ အိမ်ထောင် ပြုသင့် သည့် အသက် ဆိုတာ ကို တိုက်ရိုက် မပြော ။


“ သူများတွေ နင့် အသက် ဆို ရင် မယားငယ် တွေ ဘာ တွေ ရလို့ ၊ ပြဿနာ တောင် တက် နေ လောက်ပြီ ” ဟူ၏ ။ တစ်ဝိုင်းလုံး ဝေါခနဲ ရယ်သံကြီး ၏ နောက် မှာ ကာတွန်းမောင်ဝင်းအောင် သူ့ အသက် ကို သူ တွက် မိပြီး ငြိမ်ကျ သွားသည် ။ ကိုအော်ပီကျယ် က သူ့ ဟာသ ကို မရပ် ။


“ မောင်ဝင်းအောင် ... နင် ကလေး မယူ နဲ့ "


“ ဘာလို့တုံး ဟ ”


“ နင့် ကို မြေး ရနေပြီ ထင်သွားမှာပေါ့ ဟ ”


ဝေါခနဲ ပွဲကျ သွားပြန်ပါသည် ။ အသက်ကြီး ပြီ ဆိုသော အချက်အလက် သို့ ရောက်အောင် စွတ်စိုသော ဟာသ ဖြင့် အမြန် သွား တတ်သော ကိုအော်ပီကျယ်  ၏ လိပ်ပြာ ကို ကျွန်တော် က ချစ်သွား မိသည် ။ 


ဪ .. ကိုအော်ပီကျယ် ကိုအော်ပီကျယ် ။


တကယ်တော့ ကျွန်တော်တို့ သူ့တို့ ဆုံတွေ့ခဲ့ကြတာ နှစ် အရေအတွက် တွေ များ ခဲ့ပြီ ။ သည်တုန်းကတော့ သူ က အော်ပီကျယ် မဟုတ် ။


မန်းဘဲ တဲ့ ။


မန္တလေး က ရောက်လာတဲ့ ငနဲ ပေါ့ ။


မန်းဘဲ ... ကာတွန်း မန်းဘဲ ။


••••  ••••••  •••••  •••••


“ မန်းဘဲ ဆိုတော့ ခင်ဗျား က မန္တလေးသား လား ”


“ မဟုတ်ဘူးဗျ ၊ ပုဂံညောင်ဦး တစ်ဖက်ကမ်း က ရေနံချပ် တဲ့ ၊ ပခုက္ကူခရိုင် ထဲ ပါ မှာ ပေါ့ ၊ ရေနံချောင်း တို့ ရေနံချပ် တို့ ခင်ဗျား သိ ပါတယ် ”


သည်တုန်းက စွယ်တော်ရိပ် က သူ့ အခန်းလေး ထဲ မှာ ကျွန်တော် က မေးမိခဲ့ခြင်း ဖြစ် ပါသည် ။


သူ့ စက်မှုတက္ကသိုလ် ကျောင်းသား ဘ၀ နှစ်ကာလများ ။ ဘယ်နေရာ ကို ကြည့်ကြည့် ကံ့ကော်ပင်တွေ ချည်း ပဲ ရှိနေသည့် ရန်ကုန်တက္ကသိုလ် ကံ့ကော်တော နှင့် စွယ်တော်ပင်တွေ လက်ညှိုး ထိုး မလွဲအောင် ပေါက် နေသည့် ရန်ကုန် စက် မှုတက္ကသိုလ် စွယ်တော်ရိပ် တို့ သည် ညီအစ်ကို မောင်နှမ တက္ကသိုလ်များ ပမာ ကူးလူး ဆက်ဆံခဲ့ကြရာ ကျွန်တော် တို့ တစ်တွေ ကို တံတား ထိုး ပေးခဲ့သည် က စာပေ နှင့် အနုပညာ ပဲ ဖြစ်ပါသည် ။


တစ်ပွဲ နှင့် တစ်ပွဲ ပုတီးစေ့ကလေး တွေ သီ သလို ပွဲချင်း ဆက် နေသည့် စာပေဟောပြောပွဲ ၊ ကဗျာရွတ်ဆိုပွဲတွေ ၊ ပန်းချီပြပွဲတွေ က သည်တက္ကသိုလ် နယ်မြေတွေမှာ ခြိမ့်ခြိမ့်သဲသဲ ကျင်းပလေ့ ရှိရာ သူ့ တက္ကသိုလ် ကိုယ် သွား ၊ ကိုယ့် တက္ကသိုလ် သူ လာ နှင့် ကျွန်တော် တို့ စိတ်ကူး နှင့် ပညာ ကို လူလား မြောက်စေခဲ့ ၊ ကျယ်ပြန့် နက်ရှိုင်း စေခဲ့သည့် ပွဲသဘင်များ ဟု ကျွန်တော် က ခံစားမိပါသည် ။ သည် ပွဲလမ်းသဘင်တွေ ကြား ထဲ မှာ ကိုအော်ပီကျယ် တို့ ကျွန်တော် တို့ ချိတ်ဆက် မိ သွားကြခြင်း ဖြစ်ပါသည် ။ အထူးသဖြင့် ကာတွန်းပြပွဲ ......


သည်တုန်းက ရန်ကုန်တက္ကသိုလ် အပန်းဖြေရိပ်သာ ထဲ တွင် ကျင်းပသည့် ကံ့ကော်ရွာ ကာတွန်းပြပွဲ က ထင်ရှား ပါသည် ။ တကယ်တော့ ကာတွန်းပြပွဲ ဟု သာ ဆိုသော်လည်း ပန်းချီကား တွေ လည်း ပြ ၊ နံရံကပ် ကဗျာ တွေ လည်း ပြ နှင့် တစ်ပတ် ဆယ်ရက် ဆိုသလို လူတွေ ကြိတ်ကြိတ်တိုး နေသည့် ပွဲ ဖြစ်ရာ အလွန် ကြီးကျယ်ခမ်းနားပါသည် ။


ည ညတွေ မှာ အပန်းဖြေ ရိပ်သာ ထဲ ၌ ပြပွဲ ကို စောင့် အိပ်ကြရင်း စွယ်တော်ရိပ် က ရောက် လာသည့် ကာတွန်းမန်းဘဲ နှင့် ကျွန်တော် တို့ ရင်းနှီး သွားကြခြင်း ဖြစ်ပါသည် ။


နောက်တော့ သူ ရှိရာ စက် မှုတက္ကသိုလ် ထဲ အထိ ။


၁၉၇၅ ခုနှစ် အလွန် ၁၉၈၀ ပြည့်နှစ် တစ်ဝိုက် နှစ် ကာလများ ။


••••  ••••••  ••••••  ••••


ကိုအော်ပီကျယ် က ၁၀ တန်း ကို အမှတ် ကောင်းကောင်း နှင့် အောင် လာသူ ဖြစ်၍ စက် မှုတက္ကသိုလ် ရောက် လာ သော်လည်း ကာတွန်း က သူ့ ရိုးတွင်းခြင်ဆီ ထဲ မှာ ကပ်ငြိ ပါ လာခဲ့ပုံ ရပါသည် ။


မန်းဘဲ .. တဲ့ ။ သည်တုန်းက သူ့ အမည် ။ သူ့ခေတ် စက် မှုတက္ကသိုလ် အသိုက်အဝန်း မှာ မန်းဘဲ ကို မသိသူ မရှိ ။ စက်မှုတက္ကသိုလ် ဆိုသည် က လည်း ကာတွန်း နှင့် ခွဲ မရသော နေရာ တစ်ခု မဟုတ်လား ။


ကျွန်တော်တို့ ချာတိတ် ဘဝ က အသည်းစွဲ ခဲ့သော ကြုံဗဟုံး ကာတွန်း ကို ဆွဲခဲ့သည့် ဆရာ ဦးအောင်မြင့် ၊ တိရစ္ဆာန်လောက ကာတွန်းများ ဆွဲခဲ့သည့် ဆရာ ဦးဖုဏ်းကို စသည် စသည် တို့ သည် စက်မှုတက္ကသိုလ် က ။


ကိုအော်ပီကျယ် တို့ ခေတ် ကို ရောက်တော့ စက်မှုတက္ကသိုလ် မှာ Cartoon Box ဆိုတာ ရှိ နေ ခဲ့ပြီ ။


လေးဖက်လေးတန် မှန် အကြည်တွေ နှင့် ကာ ထားသည့် တယ်လီဖုန်းရုံကလေး ကို အသုံးပြု ကာ အတွင်း ဘက် မှ နေ၍ ဝင် ကပ် ထားသည့် အပတ်စဉ် ထုတ် နံရံကပ် ကာတွန်း စာစောင်ကလေး ပင် ဖြစ် ပါသည် ။


ဦးဆောင်သူ က မန်းဘဲ ။ ပါဝင် ရေးဆွဲ သူ ကလည်း မန်းဘဲ ။ ကျောင်းသား ကျောင်းသူတွေ တဝါးဝါး နှင့် ပွဲကျ နေခဲ့ရသည့် ခေတ်ပြိုင် လူမှုရေး သရော်ချက် များ ။


နိုင်ငံကျော် အော်ပီကျယ် မဖြစ်မီ မန်းဘဲ ၏ ခြေစမ်းပွဲ ကန်ချက် အလိမ်အခေါက် အပေးအယူ တွေ ။ အခုတော့ သူ့ ကန်ချက် တွေ သူ့ သွင်းဂိုး တွေ က အရေအတွက်အားဖြင့် မနည်းပြီ ။


••••  •••••  •••••  •••••


ကိုအော်ပီကျယ် က အင်ဂျင်နီယာဘွဲ့ ရ ပြီး ပြီးချင်းမှာ ဝန်ထမ်း ဘဝ ထဲ ရောက်သွား ပါသေးသည် ။ ပြည် တစ်ဖက်ကမ်း သူရဲတန်းရွာ နှင့် မလှမ်းမကမ်း က မော်တော်ကားစက်ရုံ တစ်ခု မှာ ။


နောက် ၁၉၈၈ ခုနှစ် ကို ရောက်တော့ သူ အလုပ် ပြုတ် သွားသည် ။ သို့သော် သူ က အလုပ် ပြုတ် သည် ဆိုသော စကား ကို လက် မခံ ။ အနားယူသည် ဟု သုံးဖို့ ကျွန်တော့် ကို မကြာခဏ ပြော တတ်သည် ။


ထို ပြည် တစ်ဖက်ကမ်း မှာ ဝန်ထမ်း လုပ်ရင်း က သူရဲတန်းရွာသူ ကျောင်းဆရာမကလေး နှင့် သူ မေတ္တာ မျှခဲ့ခြင်း ဖြစ်ပါလိမ့်မည် ။ နောက်တော့ ၁၉၈၈ ခုနှစ် အလွန် မှာ အချိန်ပြည့် ကာတွန်းဆ ရာဘဝ ။ ရန်ကုန် သည် သူ့ နားခိုရာ ။


သူ့ လက်ရာ ကာတွန်းတွေ တစ်ကွက် ပြီး တစ်ကွက် ထွက် လာသည် ။ ရယ်ရရုံ သက်သက်မျှ မဟုတ် ။


ကာတွန်း တစ်ခု ၌ လူ နှစ်ယောက် ပြေး နေပုံ ကို ဆွဲ ထားသည် ။


ရှေ့ တွင် ရောက်နေသော ဇာတ်လိုက်ကျော် က ပြေး နေရင်း သူများ ထက် သာရမယ်ကွ ဟု ကြွေးကြော် နေ ပုံ ကို ဆွဲ ထားသည် ။ ထို့နောက် ပြေးသူ နှစ်ယောက် အတူတူ ဖြစ် သွားသည် ။


ဤတွင် ဇာတ်လိုက်ကျော် က သူများ ထက် မသာ တောင် တန်းတူ လိုက်နိုင်ရမယ်ကွ ဟု ပြောင်း ပြီး ကြွေးကြော်သည် ။


နောက် တစ်ကွက် တွင် ကား ဇာတ်လိုက်ကျော် က နောက် မလှမ်းမကမ်း မှာ ကျန်ရစ်သည် ။ သိပ် မကွာရင် ပြီးတာပဲ ဟု ကြွေးကြော်ရင်း ပြေး နေပုံ ကို ဆွဲထားသည် ။


နောက်ဆုံး အကွက် မှာ ကျတော့ ဇာတ်လိုက်ကျော် တစ်ယောက် တည်း ဟိုး နောက်ဆုံး မှာ ။


ပြော နေသည့် စကား က ကိုယ် ထမင်း ကိုယ် စားနေတာ နောက်ဆုံး ဖြစ်တော့ ဘယ်သူ့ ဂရုစိုက်ရမှာလဲ ကွ ဟူသည့်  စကား ။


သည်လို ကာတွန်း လက်ရာ တွေ က ကိုအော်ပီကျယ့် ဆီ မှာ အများအပြား ပင် ဖြစ်ပါသည် ။


သူက စာမျက်နှာ ပေါ် တွင် မှာ သာ ဟာသ ရှိသူ မဟုတ် ။ စာပေဟောပြောပွဲ စင်မြင့် တွေ ပေါ် မှာ လည်း အရွှင်ဓာတ်ကလေး နှင့် ။


တစ်ခါက ဟင်္သာတ မှာ လား ၊ ကနောင် မှာ လား ၊ ကျောက်ပန်းတောင်း မှာ လား ကျွန်တော် မမှတ်မိတော့ ။ သူ က သူ့ သားတော်မောင် အကြောင်း ကို ရယ်ပွဲ ဖွဲ့ နေခဲ့ပါသည် ။


ကျွန်တော် ၏အကြောင်း စာစီစာကုံး ကို သားတော်မောင် က အလွတ် ကျက်နေပုံ ၊ ထိုသို့ ကျက်ရာ၌ ကျွန်တော် ၏ ဖခင် မှာ ဦးဘ ဖြစ်ပါသည် ဟု ပါဝင်ပုံ ။ သူ က အော်ပီကျယ် ၊ သို့မဟုတ် ဦးဝင်းနိုင် ဟု ပြောင်းပေးပုံ ၊ သား က လက် မခံပုံ ။ သူ့ သူငယ်ချင်းတွေ အားလုံး လည်း ဦးဘ ဟု ပင် ကျက်မှတ် နေကြပုံ ၊ ဤတွင် သူ က ဇနီးသည် အား တို့ ရပ်ကွက် ထဲ မှာ ဦးဘ အတော် မွှေ သွားပုံရတယ် ဟု ငေါ့လိုက် မိပုံ စသည် စသည် ဖြင့် ဟောပြော နေရာ ပရိသတ် က တဝေါဝေါ ပွဲကျ လျက် ။


တစ်ခါတွင် ကား ရန်ကုန်မြို့ ၏ ကျက်သရေဆောင် ထိပ်တန်း ဟိုတယ်ကြီး တစ်ခု ။


အောင်မြင်ကျော်ကြားနေသော ဂျာနယ် တစ်စောင် ၏ ဧည့်ခံပွဲ ။ ဧည့်ပရိသတ်တွေ က ဂုဏ်သရေ ရှိ ဧည့်ပရိသတ် တွေ ။


ဂျာနယ် ၏ တာဝန် အရှိဆုံး ပုဂ္ဂိုလ် က စောင်ရေ များ လာသောအခါ အမြတ်ခွန် ကိစ္စ ပူပန်ရကြောင်း အဖွင့် စကား ၌ ထည့် ပြော သွားပါသည် ။ ကိုအော်ပီကျယ် ကား သူ့ အလှည့် အမှတ်တရ စကား ပြောခွင့် ရသောအခါ ဤ ကိစ္စ ကို ပူရန် မလိုကြောင်း ၊ စောင်ရေ ၁၀၀၀ ဟု ရိုက်နှိပ် ဖော်ပြထားကြောင်း အားပေး လိုက်ရာ ခန်းမကြီး တစ်ခုလုံး ဝေါခနဲ ပွဲကျ သွားပါတော့သည် ။


တစ်ခါတုန်း က တော့ လူငယ် အယ်ဒီတာ နှစ်ယောက် က မွေးနေ့တူများ ဖြစ်ရာ မွေးနေ့ပွဲ ကို ပူးပေါင်း ကျင်းပပါသည် ။ လူ အစိတ် သုံးဆယ် လောက် ရွေး ဖိတ်ထားသော ပွဲ ဖြစ်ရာ မွေးနေ့ရှင် တို့ က တက်ရောက်လာသူ များ ကို အမှတ်တရ စကား ပြောခိုင်းရာ ကိုတာ ပြောပါ ၊ ဒေါက်တာဇော်သန်း ပြောပါ ။ နိုင်ငံကျော် ဟာသမင်းသား ပြောပါ စသည် စသည်ဖြင့် တောင်း ဆိုရာ အနုပညာ နယ်ပယ် မှ မဟုတ်သော ဆရာဝန် သုံးလေးယောက် ကို ကား ချန်ထား ကြပါသည် ။


ဤတွင် ကွမ်းယာ တပျတ်ပျတ် ဝါးရင်း အရပ်မားမားကြီး နှင့် ထ လာသူ က ကိုအော်ပီကျယ် ပဲ ဖြစ် ပါသည် ။


“ ဒီမှာ ဒီမှာ ... ဒီက ဧည့်သည်တွေ လည်း ပြောပါဦးဗျ ၊ သူတို့ မှာ လည်း ပြောချင်တဲ့ စကားတွေ ရှိမှာပေါ့ ၊ ပြောပါ ၊ အမှတ်တရလေးတွေ ပေါ့ ”


သည်တော့မှ ဝိုင်း နှင့် စိမ်း နေသော ဧည့်သည် သုံးလေးယောက် ဆီ ကို တစ်ဝိုင်းလုံး က အာရုံ ရောက်သွားကြပါသည် ။


ငါတို့ က အနုပညာသမားတွေ ၊ ငါတို့ သာ ပြောရေး ဆိုခွင့် ရှိတယ် ။ ငါတို့ ပြောတာ နားထောင် ဟူသော စိတ်မျိုး သူ့ မှာ မရှိတာ ကို တော့ ကျွန်တော် သဘောကျ မိတာ အမှန်ပဲ ဖြစ် ပါသည် ။


••••••  ••••••  •••••  •••


ကိုအော်ပီကျယ် နှင့် ကျွန်တော် က မကြာခဏ ဆိုသလို ခရီး အတူ သွား ဖြစ်ကြသူ များ ဖြစ်ကြရာ ၊ ပလတ်စတစ်အိတ်ကလေး နှင့် ထုပ် ထားသော ကွမ်းယာတွေ က မပါ မဖြစ် သူ့ တပ်မက်မှု များ ။


သူ က အမြဲလိုလို ကွမ်းယာ ကို ငုံထားတတ် ၊ ပြီးတော့ တဖြောက်ဖြောက် ဝါး နေ တတ်သူ ဖြစ်ရာ မြန်မာနိုင်ငံ ၏ ပြင်ပ တွင် သူ ဘယ်လို ဖြေရှင်းမှာပါလိမ့် ဟု ကျွန်တော် က စိတ်ဝင်စား မိသည် ။


အထူးသဖြင့် သူ ကွန်ပျူတာ ကာတွန်းရုပ်ရှင် ပညာ သွား သင်ရာ အင်္ဂလန် မှာ ၊ ပြည်သူ့ရေးရာ စီမံခန့်ခွဲမှုပညာ သွား သင်ရာ ဟားဘတ်တက္ကသိုလ် မှာ သူ ဘယ်လို ကွမ်းယာ စား မှာ ပါလိမ့် ။


“ ဟေ့လူ ကိုသာချို ... ခင်ဗျား အဲဒါကတော့ ရှင်းတယ် ၊ လေယာဉ် ပေါ် မတက်ခင် အထိ ကွမ်းယာ ကို ငုံ ထားတယ် ၊ တက်ပြီ ဆိုတာနဲ့ အကုန် ထွေးထုတ် ပစ်လိုက်တယ် ၊ အပြတ် ဖြတ် ပဲ ”


နောက်ပိုင်း မှာ တော့ ကွန်ပျူတာ နှင့် NGO လုပ်ငန်း တချို့ မှာ သူ့ ဘဝ ကို အသုံးချ လာပါသည် ။ ဥပမာ - ကြက်ငှက်တုပ်ကွေး တိုက်ဖျက်ရေး လှုံ့ဆော် ပိုစတာကြီးတွေ ၊ သဘာဝဘေးအန္တရာယ် နှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေး လက်ကမ်း စာစောင်တွေ ၊ 7Day News ဂျာနယ် တွင် ဖော်ပြနေသည့် Environment Cartoon တွေ က အစ သူ မေတ္တာ နှင့် ဆွဲပေး နေခြင်း ပင် ဖြစ်ပါသည် ။


“ဟေ့လူ ကိုသာချို ... ဆရာကြည်အောင် ပြောဖူးတယ် ဗျ … Campus Artist လို့ ထင်တယ် ။ အဝန်းအဝိုင်း ထဲ က ထွက်လာ တဲ့ အနုပညာ ခေတ်ပြိုင် သမားတွေ ရဲ့ ဘဝ ဟာ သိပ် အရေးကြီးတယ် ဗျ "


သူ နှင့် ကျွန်တော့် မှာ တူသော တစ်ချက် က ကတ်ပြားစနစ် ( Card System ) ထားရှိခြင်း ပင် ဖြစ်ပါသည် ။ ဖတ်သမျှ မှတ်သမျှ တွေ ကို ကတ် ပေါ် တွင် တင်ထားကာ စင်ပေါ် သို့ သူ တက်သွားလေ့ ရှိသည် ။


အရပ် မြင့်မြင့် ၊ ကွမ်းယာ တပျတ်ပျတ် ၊ သဘာဝ အတိုင်း ဖွေး နေသည့် ဆံပင်တွေ ကို တိုတို ညှပ်လို့ ။ တစ်ကတ် ပြီး တစ်ကတ် ဆွဲ ထုတ် လိုက် ၊ သူ့ ဟောပြောချက် ကို ရှေ့ တိုး သွားလိုက် ၊ ပရိသတ် ၏ ဝေါခနဲ ရယ်သံကြီး ကို စောင့် နေလိုက် ၊ ခေါင်းမွေးတွေ ထဲ ကို လက် ထိုး နေလိုက် ၊ ရယ်ကျဲကျဲ နှင့် ကြည့် နေလိုက် ။


ဘဝ မှာ ဘယ်တော့မှ အလွယ်တကူ မျက်ရည် ကျမည့် သူ မဟုတ် ဟု ကျွန်တော် က သူ့ ကို ထင်ထားမိခဲ့တာ အမှန်ပဲ ဖြစ်ပါသည် ။ သို့သော် သူ ချုံးပွဲချ ငိုတာ ကို တွေ့ လိုက်ရစဉ် မှာတော့ ကျွန်တော် ပါ မျက်ရည် မထိန်းနိုင်ပါလေတော့ ။


••••  ••••  ••••••  •••••


သည်တုန်းက ပုဂံညောင်ဦး က အပြန် ဖြစ်ပါသည် ။ ကျောက်ပန်းတောင်း ဟောပြောပွဲ အပြီး နောက် တစ်နေ့ ရန်ကုန် သို့ မပြန်မီ ကျွန်တော်တို့ ကား နှစ်စီး ဖြင့် ပုဂံ သို့ သွားကြပါသည် ။ ရွှေစည်းခုံစေတီတော် ခြေရင်းနား က ပန်းချီဘီညို တို့ ၏ ဆိုင် တွင် ဝိုင်းဖွဲ့ကြခြင်း ဖြစ်ပါသည် ။


ညောင်ဦး မြေစာရင်း က ကိုအောင်ကျော်မြင့် ၊ ကိုဝင်းမော် ၊ ဥပဒေရုံး က ဦးသန်းဦး ၊ The Voice ဂျာနယ် က ကိုတင်လင်း ၊ ဆီစက်ပိုင်ရှင် ကိုဆန်းထွန်းဦး ၊ ပုဂံမြို့သူ ပုန်းရည်ကြီး က ကိုရဲမြင့်အောင် စသည် စသည် တို့ အပြင် ကျောက်ပန်းတောင်းသားများ ။ ပြီးတော့ ကိုတွတ် ။


ကျွန်တော်တို့ ကျောက်ပန်းတောင်း ကို ပြန်ကြတော့ တူရွင်းတောင်တန်း ဘေး တစ်နေရာ မှာ ရှေ့ က ကား က ရပ်သွားပါသည် ။ ပြီးတော့ လူငယ်တွေ အားလုံး ကားလမ်း ဘေး မှာ ဆင်း ရပ် နေကြပါသည် ။ ထနောင်းပင်ကလေး ၏ အရိပ် အောက် မှာ ။


ဟိုးအဝေး မှာ ပုပ္ပားတောင်ကြီး က ပြာမှိုင်း လို့ ။


ဘာများပါလိမ့် ဟူသော အတွေး ဖြင့် ကျွန်တော် တို့ ၏ ဆလွန်းကားကလေး ကို ထိုး ရပ်ကာ ကျွန်တော် နှင့် ကိုအော်ပီကျယ် ဆင်း လိုက်တော့ အားလုံး က ငိုကြီးချက်မ ဖြစ်ကာ လမ်းဘေး မှာ ပင် ထိုင် ကန်တော့ကြပါတော့သည် ။ ကျောက်ပန်းတောင်း ဟောပြောပွဲ ခြိမ့်ခြိမ့်သဲသဲ အောင်မြင်မှု အပေါ် ဝမ်းသာလွန်း ၍ ဟု ဆိုပါသည် ။


သည်မှာပင် ကိုအော်ပီကျယ် ဘယ်လို ဖြစ်သွားသည် မသိ ။ သူ က အရပ်မြင့်သူ ဖြစ်ရာ ကျွန်တော့် ပခုံး ကို သိုင်း ၍ ဖက် ထားပြီး မျက်နှာ ကို ကျွန်တော့် ခေါင်းနား မှာ ကပ်ထား လျက် က ရှိုက်ကြီးတငင် ငို နေ ပါတော့သည် ။


ပထမ ကျွန်တော် က တောင့်ခံ ထားပါသေးသည် ။ နောက်တော့ ကိုအော်ပီကျယ် မငိုနဲ့ ဗျာ ၊ မငိုနဲ့ ဗျာ နှင့် ပြောရင်း ကျွန်တော် လည်း ထိန်း မရတော့ ။ မျက်ရည်တွေ ဘယ်က ဘယ်လို စီးကျလာသည် မသိ ။


ပုပ္ပားတောင်ကြီး က ဝါး၍ ဝါး၍ သွားပါသည် ။


ပုဂံ နှင့် ကျောက်ပန်းတောင်း ကြား မှာ ဖြတ်သွား နေသည့် ကားတွေ က ကျွန်တော်တို့ ကို ဘယ်လိုများ နားလည် သွားကြလေသည် မသိ ။


မြေကြီး ပေါ် က လူတွေ က လည်း ငို လို့ ။


ကျွန်တော်တို့ နှစ်ယောက် က လည်း ဖက် ငို လို့ ။


ကိုအော်ပီကျယ် ၏ မျက်ရည် ကား ဤမျှ နှင့် မရပ် ။


ညနေ ကျောက်ပန်းတောင်း က နေ ကား ထွက် လို့ ကြက်မောက်တောင်ဆည် နား သို့ ရောက်ရုံ ရှိသေး ကျောက်ပန်းတောင်း အကြောင်းတွေ ပြန် ပြောကာ မျက်ရည် ကျ လာ ပြန်ပါသည် ။


“ ကျုပ်တို့ တစ်တွေ မှာ တာဝန်တွေ အများကြီး ဟေ့လူရဲ့”


သူ က သူ ကာတွန်းဆွဲ နေတာ ကို သူ့ တာဝန် သူ ထမ်းရွက်နေတာ ဟု ယူဆ ပါသည် ။ ဘယ်သူ က မှ ပေးထားသည့် တာဝန် မဟုတ် ။ သူ့ ကိုယ် သူ ပြန် ပေးထားသည့် တာဝန် ။ အခုအထိ ကတော့ သူ့ ကာတွန်းတွေ က တာဝန် ကျေပါသည် ။ လူကြိုက် လည်း များပါသည် ။


Social Criticism ခေါ် လူ့အဖွဲ့အစည်း ကို ဝေဖန် သုံးသပ် ကာ ထေ့ငေါ့သည့် ကာတွန်းများ ဖြစ်၍ တန်ဖိုး ရှိသည် ။ အော်ပီကျယ် ဟူသော အသံ နှင့် လိုက်ဖက်စွာ ကျယ်လောင်သော အသံ ကို ကိုယ်စား ပြု နိုင်ပါစေသား ဟု ဆန္ဒ ပြု လိုက်ရပေသည် ။


◾မောင်သာချို


📖 စတိုင်သစ်မဂ္ဂဇင်း

      ဇွန်လ ၊ ၂၀၁၀ ။

      

#ကိုအောင်နိုင်ဦး


.

Saturday, February 25, 2023

ဂျူး


 

❝ ဂျူး ❞

( ဉာဏ်ပညာ အပေါင်း ချစ်ခြင်းမေတ္တာ စွယ်တော်ရွက်လေး တစ်ရွက် )

စာပေဟောပြောပွဲ ကိစ္စ နှင့် ပတ်သက်ပြီး နောက်ထပ် တစ်ကြိမ် ထပ်မံ ဖိတ်ကြား သည့် မြို့ရွာတွေ ကျွန်တော့် မှာ တော်တော်ကလေး ရှိပါသည် ။ တောင်ငူ ၊ ကျောက်ပန်းတောင်း ၊ ရွှေတောင် ၊ ဟင်္သာတ ၊ နိဗ္ဗာန် ၊ ပဲကြီးကျွန်း ၊ မြန်အောင် စသည် ဖြင့် ။

၂ဝဝဝ ပြည့်နှစ် လွန်စ ကျွံစ နှစ်တွေ ထဲ မှာ စံကားဝါမြေ ၊ ဒါမှမဟုတ် ကျောက်ပန်းတောင်း သို့ ပထမဦးဆုံး အကြိမ် ကျွန်တော် ရောက်သွားဖြစ်ခဲ့ရာ ကိုနေဝင်းမြင့် ၊ ကိုဆူးငှက် ၊ အဏ္ဏဝါစိုးမိုး ၊ ကိုနွမ်ဂျာသိုင်းတို့ နှင့် ဖြစ်ပါသည် ။ နောက် တစ်နှစ် ကျောက်ပန်းတောင်း မှာ စာပေဟောပြောပွဲ ဆက်လုပ်တော့ ဆရာဖေမြင့် ၊ ဆရာချစ်ဦးညို ၊ ဆရာမဂျူး တို့နှင့်အတူ ကျွန်တော့် ကို ထပ် ဖိတ် ပြန်ပါသည် ။ သည်မှာတင် စံကားဝါမြေ ပုပ္ပားတောင်ခြေရောက် စာရေးဆရာမ ဂျူး ကို အလယ်ရိုးမ တောင်စွယ်တောင်ညွန့် အကွန့်အလွန့်များ နှင့် အတူ တွဲစပ် ထိတွေ့ ခဲ့ခြင်း ဖြစ်ပါသည် ။

တောင်တွေ အကြောင်း ကို တော်တော် ရူးသွပ်ခဲ့သည့် စာရေးဆရာမ ဂျူး

•••••   •••••   •••••

မိတ္ထီလာ ၊ ကျောက်ပန်းတောင်း ကားလမ်း အတိုင်း ကျောက်ပန်းတောင်းမြို့ အဝင် ကားလမ်း ၏ ဘယ်ဘက် တွင် အမြောက်တပ် တစ်တပ် ရှိပါသည် ။ ထို အမြောက်တပ် ၏ နောက်ကျော ဘက်မှာ တောင်စွယ်တောင်ညွန့်ကလေးတွေ က လွန့်လွန့်လူးလူး ။ အဲဒီ တောင်စွယ်ကလေး တစ်ခု ပေါ် မှာ စေတီကလေး တစ်ဆူ ကို ခက်ခက်ခဲခဲ တည် ထားသည် ။

ကျွန်တော်တို့ ကျောက်ပန်းတောင်း ကို ရောက်တော့ တာဝန်ရှိသူ တွေ ရော မြို့ခံတွေ က ပါ ကျွန်တော်တို့ ကို ထို စေတီကလေး ရှိရာဆီ လိုက် ပို့သည် ။ ဘယ်လောက်ပဲ နိမ့်နိမ့် တောင် ဟု အမည် တပ်ထား မှ တော့ နည်းနည်းတော့ တက်ရပါသည် ။

ကျွန်တော် က ရှေ့ က ၊ မဂျူး က နောက် က ။

ကျွန်တော် နောက် ကို တစ်ချက်လှည့် ကြည့် လိုက်တော့ တောင်တက် လမ်း အကွေ့ကလေး တစ်ခုမှာ မဂျူး တန့် နေသည် ။ တော်တော် နှင့် ဆက် မတက် ။

“ ဆရာမ ရရဲ့လား ”

“ မောတယ် ဆရာရယ် ၊ ရရင်လည်း တက်မယ် ၊ မရရင်လည်း ထိုင် ကျန် နေခဲ့တော့မယ် ”

“ ဆရာမ က လည်း ၊ ဝတ္ထု ထဲ မှာကျတော့ တောင်ပေါ်လမ်းတွေ မှာ စွန့်စားလိုက်တာ ”

“ အဲဒါက ဝတ္ထု ၊ ဒါနဲ့ မဆိုင်ဘူး ”

မဂျူး က သူ့ အဖြစ် ကို သူ သဘောကျ သွားဟန် ဖြင့် လွတ်လွတ်လပ်လပ် ကြီး ကို ရယ်မော နေပြန်ပါသည် ။ သူ့ ရယ်မောဟန် က အပြစ် ကင်းသည့် ကလေး တစ်ယောက် ၏ ရယ်မောဟန်လို ကြည်လင် နေသည် ။ တစ်ပိုင်း တစ်စ အရယ် အမော မဟုတ် ။ အပြည့်အဝ အပြုံး ။

နောက်တော့ စာရေးဆရာမ က ကျွန်တော်တို့ အားလုံး ရောက်သည့် နေရာ အထိ ရောက်အောင် ကို တက်လာ ခဲ့ ပါသည် ။

•••••   •••••   •••••

ဂျူး ၏ ဝတ္ထုရှည်တွေ ထဲ တွင် တောင်နံ့ သင်းသည့် ဝတ္ထုရှည်တွေ လည်း ပါဝင် ပါသည် ။ လျှို့ဝှက်သောနှင်း ဟူ၍ ရုပ်ရှင်ပိတ်ကား ပေါ် ရောက် လာသော ဝတ္ထု က ကြယ်စင်တံတား ကမ်းပါးနှင်းဖြူ ပဲ ဖြစ်ပါသည် ။

ဖုန်ကန်တောင် ၊ ခါကာဘိုရာဇီတောင် စသည့် မြောက်ဖျား ကချင်။တောင်တန်းကြီးများ ကို နောက်ခံ ထား ကာ ဇာတ်အိမ် ဖွဲ့ထားသည့် ဝတ္ထု ၊ နှင်းမုန်တိုင်းတွေ ကြား မှာ ပျောက်ဆုံး သွားခဲ့ရသည့် လိပ်ပြာသုတေသီ ကထိက ဦးပြေသိမ်း ၏ အလောင်း ကို သား ဖြစ်သူ ဥက္ကာ က ပြန် ရှာသော ဇာတ် ။

ဘယ်ညာ ယိမ်းနွဲ့ နေသည့် ကြိုးတံတားတွေ ၊ အသူတစ်ရာ မြင့်သည့် တောင် ပေါ် လမ်းတွေ ၊ ကျောက်ကြိုကျောက်ကြား က တဝေါဝေါ စီးသွန်နေသည့် မြစ်တွေ ချောင်းတွေ နှင့် အတူ ကချင်လမ်းပြကြီး ဦးဖီရမ် ၊ သား ဖုန်ဒီးရမ် တို့ နှင့် အတူ ဥက္ကာ ၏ စွန့်စားခန်းတွေ ကို ဖွဲ့ထား ခဲ့သည် ။

နောက် တစ်ပုဒ် က တိမ်နဲ့ချည်တဲ့ကြိုး ။ ကလေး ၊ ဟားခါး ၊ ဖလမ်း ၊ ချင်းတောင်တန်းများ ပေါ် က ဝတ္ထု ။

တောင်ဇလပ်ပန်းတွေ ၊ နှင်းတွေ ၊ အောက်ချင်းငှက်တွေ နောက်ခံ ထား ကာ တောင်ပေါ်ရောက် ငွေဝန်းသော်တာ တို့ ၊ ပိုင်စိုး တို့ နှင့် တကွ သူတို့ တောင်တန်း ကို ဖွံ့ဖြိုးစေချင်သော ချင်းတိုင်းရင်းသား တို့ ၏ ရင်ခုန်သံ ကို ထင်ဟပ် ထားသည် ။

သို့သော် သည် ဝတ္ထုတွေ က ကျွန်တော့် ရင် ထဲ သို့ သိပ်မရောက်လှ ။ ကျွန်တော် နှင့် စိမ်းသော နာမည်တွေ ၊ အစားအစာတွေ ၊ အရပ်ဒေသတွေ ၊ ဓလေ့ထုံးစံတွေ ကြောင့် ထူးဆန်းအံ့သြမှု ဖြင့် သည် ဝတ္ထု စာမျက်နှာတွေ ကို တစ်ရွက် ပြီး တစ်ရွက် လှန်လှော ဖြစ်ခဲ့ခြင်းများ လား ဟု ကျွန်တော့် ကိုယ် ကျွန်တော် မကြာခဏ မေးခွန်း ထုတ် မိသည် ။ ပွင့်ပွင့်လင်းလင်း ဝန်ခံ ရ လျှင် သူ့ ပထမပိုင်း လက်ရာတွေ ၊ ဝတ္ထု မဟုတ်သော ( Non - fiction) စာပေအရေးအသား တွေ လောက် ကျွန်တော် မစွဲမက်လှ ။

ဒါကို မြင်း လို ကဆုန်စိုင်း တတ်သည့် ကျွန်တော့် မိတ်ဆွေ ကဗျာဆရာ က လည်း သဘော တူပုံ ရပါသည် ။ ဒါကြောင့် လည်း -

“ ဂျူး က နောက်ပိုင်း မှာ Knowledge နဲ့ ဖမ်းစားလာတာဗျ ”

ဟု ဆိုခဲ့ဖူးရာ စာရေးဆရာ ကိုတာ က ဒါကို မကျေနပ် ။

“ ဟေ့လူ ရဲ့ ၊ ဂျူး က သူ ပြောချင်တာ ပြောဖို့ ဇာတ်လမ်း လုပ် နေရတာဗျ ၊ Dramatic ဖြစ်အောင် တော့ လုပ်ရမှာပေါ့ ၊ ပြောနေတာ ကိုပဲ ကျေးဇူးတင်ပါဦး ”

ဘာပဲ ဖြစ်ဖြစ် ဟောပြောပွဲစင်မြင့် တစ်ခု ပေါ် က နေ နာမည်ကျော် စာရေးဆရာမ ဂျူး ကို ကျွန်တော် က ကျီစယ် ရ ပါသည် ။ စာရေးဆရာ တွေ ကို မယုံဖို့ ။ တောင်ပေါ် ဇာတ်လမ်းတွေ ကိုရေးသည့် စာရေးဆရာမ တောင်ပူစာကလေး ပေါ် သို့ ပင် မတက်ဝံ့ကြောင်း စသည် စသည် ။ သည်တော့ လည်း သူ က ကြည်ကြည်လင်လင် ကို ပဲ ရယ်မော နေပြန်ပါသည် ။

•••••   •••••   •••••

အမျိုးသမီး စာရေးဆရာမ တော်တော်များများ နှင့် ကျွန်တော် သိကျွမ်းပါသည် ။ ဒေါ်ခင်ဆွေဦး ၊ မမစမ်း ( သာယာဝတီစမ်းစမ်းနွဲ့ ) ၊ မမမိုး ( မိုးမိုးအင်းလျား ) ၊ ဒေါ်ကလျာ ၊ မသန်းမြင့်အောင် ၊ မိချမ်းဝေ ၊ မနုနုရည် ( အင်းဝ ) ၊ နောက် ခက်မာ ၊ သင်းသင်းသာ ၊ သွန်းနှင်းအိမ် အများကြီးပဲ ဖြစ်ပါသည် ။ အမျိုးသမီး ဆိုမှ တော့ အမျိုးသမီး အငွေ့အသက် ရှိစမြဲ ဖြစ်ပါသည် ။ ဝတ်တာ စားတာ ၊ ပြင်တာ ဆင်တာ ၊ ဖြီးတာ လိမ်းတာ ။ သို့သော် ဂျူး ကတော့ တစ်ဘာသာ ဟု ကျွန်တော် ခံစား ရသည် ။

တစ်ခါတွင် စမ်းချောင်း ဘက် က သူ့ တိုက်ခန်းကလေး ရှိရာဆီ သို့ ကျွန်တော် ရောက် သွားသည် ။ စာပေဟောပြောပွဲ ကိစ္စ ။ အဝေးပြေး ကားဂိတ် သို့ ဆင်းရန် သူ့ ကို ဝင် ကြိုရခြင်း ဖြစ်ပါသည် ။

ကျွန်တော် ရောက် သွားတော့ သူ အဆင်သင့် မဖြစ် ။ အလုပ် တစ်ခုခု လက်စတန်းလန်း ဟု ကျွန်တော် ထင်သည် ။ စာရေး နေ တာလား ၊ ဒါမှမဟုတ် စာဖတ် နေ တာလား ။

“ ဆရာ ၊ ခဏလေးစောင့် ”

သူ က ကျွန်တော့် ကို လှမ်း ခွင့်ပန်ပြီး ခရီး သွား ဖို့ ပြင် ပါသည် ။ ငါးမိနစ် လောက် ပဲ ကြာမလား မသိ ။ ထို ငါးမိနစ် လောက် အချိန်ကလေး မှာ ပဲ သူ့ အခန်း ကို ကျွန်တော် မြင်နေခွင့် ရခဲ့ ပါသည် ။ အားလုံး ဉာဏ်ပညာ နှင့် ပတ်သက်သော ပစ္စည်းတွေ ချည်း ။ ရုပ်မြင်သံကြား နှင့် စီဒီစက် ၊ ကွန်ပျူတာ ၊ စာအုပ်စာတမ်း ၊ စားပွဲရှည်ကြီး တစ်လုံး ဒါပဲ ဖြစ်ပါသည် ။

သီချင်း ၊ သို့မဟုတ် ရုပ်ရှင် သူ ကြည့်ရှု နားထောင် ချင် နားထောင် မည် ။ အင်္ဂလိပ် ၊ ဒါမှမဟုတ် ပြင်သစ် ဘာသာစကား သူ လေ့ကျင့်ချင် လေ့ကျင့်မည် ။ စာရေး ၊ စာဖတ် ၊ ဘာသာပြန်ဆို ။ Key Board တွေ ၊ Mouse တွေ ၊ CD Rom တွေ ၊ Memory Stick တွေ ၊ Printer တွေ ၊ Scanner တွေ ။

ခဏလေး အတွင်း မှာ ပဲ သူ က ပြီးပြီ ဟု ဆိုကာ ထွက်ချ လာပါသည် ။ ကျွန်တော် ဝင်လာခါ စ က အိမ်နေ အဝတ်အစားအတိုင်း ။ ရွှေ ငွေ ဝတ်ဖို့ အသာ ထား ၊ နာရီကလေး ကို သော် မှ သူ မပတ် ။ အိတ်ကလေး တစ်လုံး ကို ဆွဲ လို့ ။ မိတ်ကပ် ၊ နှုတ်ခမ်းနီ သူ့ မျက်နှာ ပေါ် မှာ ကျွန်တော် ရှာလို့ မတွေ့ ။ ခေါင်း ကို ပင် အသေအချာ ဖြီး မနေဘဲ လက် ဖြင့် ဟိုသပ် သည်သပ် လုပ်ကာ သွားလို့ ရပြီ ဟု ဆိုပြီး ထွက်ချ လာသော စာရေးဆရာမ ကို ကျွန်တော် အံ့သြ နေ မိသည် ။

လွတ်လပ် ပေါ့ပါး တာ လား ၊ ယောက်ျား ဆန် တာ လား ၊ သည် ကိစ္စ ကို ကျွန်တော် နာမည် မပေးတတ် ။ သို့သော် ခရီး တစ်ခု အတူတူ သွားကြရာမှ လွတ်လပ် ပွင့်လင်း သွားတာ က တော့ အမှန် ပဲ ဖြစ်ပါလေသည် ။

•••••   •••••   •••••

မဂျူး ဝတ္ထု ထဲ က အမျိုးသမီး တော်တော်များများ က တော်တော့် ကို စမတ် ကျ ပါသည် ။ မရှိမဖြစ်မိုး ထဲ က ခင်မိုးမြင့် တို့ ၊ ကြာတော့သည်လည်း မောင့်စကား ထဲ က တင်တင်ဇော် တို့ စသည် စသည် ။

ကျွန်တော့် စိတ် ထဲ စာရေးဆရာမ ၏ ကိုယ်ပွားတွေများ လား ဟု ထင်မှတ် ထားခဲ့ ဖူးသည် ။ မဟုတ် ၊ စာရေးဆရာမ က သတ်သတ် ၊ သူ့ ဇာတ်ဆောင်တွေ က သတ်သတ် ။

ခရီး တစ်ထောက် ထမင်းဆိုင်ကလေး မှာ မော်တော်ကား ခဏ နားတော့ ရန်ကုန် - မန္တလေး ကားလမ်းမကြီး ပေါ် မှာ အမှောင်ထု က ကြီးစိုး နေခဲ့ပြီ ။

“ ဆရာမ ငါးပိရည် ကြိုက်လား ”

“ သိပ်ကြိုက်ပေါ့ ”

မဂျူး က ပြောပြောဆိုဆို ပင်လျှင် ထမင်း ကို ငါးပိရည် ဆမ်းကာ ဆမ်းကာ အားရ ပါးရ စားနေပါလေသည် ။

သည်တုန်းက ကျောက်ပန်းတောင်း ကား သည် ပြည်လမ်းဘက် က မသွားဘဲ မန္တလေးလမ်း အတိုင်း သွားခဲ့ခြင်း ဖြစ်ရာ မိတ္ထီလာမြို့ အထွက် တွင် ခဏ နား ပြန်ပါသည် ။

မနက် သုံးနာရီ လောက် ကား ခရီး တစ်ထောက် နား တော့ သူ့ ကို နှိုးဖို့ ကြည့် ရာ နှစ်နှစ်ခြိုက်ခြိုက်ကြီး ကို ပဲ အိပ်ပျော် နေပါသည် ။

ကျွန်တော် နှင့် ဆရာဖေမြင့် က နောက် မှာ တစ်ယောက် တစ်ခုံ စီ ။ မဂျူး ကို တော့ မိန်းကလေး မို့ လွတ်လွတ်လပ်လပ် နေနိုင်အောင် ကျွန်တော် တို့ ရှေ့ က နှစ်ခုံတွဲ ကို ပေးထားခဲ့ရာ သူ က ထို နှစ်ခုံတွဲ ပေါ် ကန့်လန့် လှဲချကာ ကွေးကွေးကလေး အိပ်ပျော် နေခဲ့ခြင်း ဖြစ်ပါသည် ။ ဖြစ်သလို အိပ် နေသော သူ့ ကို ကြည့်ကာ ကျွန်တော့် စိတ် ထဲ ကိုယ့် ညီမတစ်ယောက် လို ကရုဏာ သက် သွား မိသည် ။

“ ဆရာမ .. မဂျူး ... ထ ထ ”

သည်တော့လည်း ဆတ်ခနဲ ပင် သူ ထ လာ ပါသည် ။ ကား ရပ်နားရာ ဆိုင်ကလေး အပြင်ဘက် နှင်းတွေ ကြား ထဲ မှာ ပဲပလာတာ စားကြ ဆိုတော့လည်း အားရပါးရ ကို စား နေ ပြန်ပါသည် ။

“ ဆရာမ အပေါ့ သွားလိုက်ဦး ”

“ မသွားတော့ပါဘူး ဆရာ ရယ် ၊ အိမ်သာ က ”

ဖြစ်သလို ဆောက်ထားသည့် ဖရိုဖရဲ အိမ်သာ က စိတ်ပျက်စရာ ကောင်းနေတာ က တော့ အမှန်ပဲ ဖြစ်သည် ။ သို့သော် လည်း ...

“ သွားလိုက် ဆရာမ ရဲ့ ၊ မိတ္ထီလာ - ကျောက်ပန်းတောင်း ကား က နှစ်နာရီ လောက် မောင်းရဦးမှာ ၊ ဖြစ်အောင်သာ သွား ”

သည်တော့လည်း လက်နှိပ်ဓာတ်မီးကလေး တလက်လက် ဖြင့် ဆူးဖြူပင်တွေ ၊ ကန္တာရပင်တွေ ကြား ထဲ က ယိုင်နဲ့နဲ့ အိမ်သာကလေး ရှိရာဆီ သူ ထွက်သွား ပါသည် ။ အမျိုးသမီးစာရေးဆရာမ ဆိုပြီး ဘာမှ ညာမှ လုပ် မနေဘဲ ဘဝ ကို ထုသား ပေသား ကျကျ နေတာ ကို ကျွန်တော် သဘော ကျ သည် ။ ဘဝ ဆိုတာ ဝတ္ထု လား ၊ ဒါမှမဟုတ် ဝတ္ထုဆန် သလား ။ တော်တော့် ကို စိတ်ဝင်စားဖို့ ကောင်းသည့် ကိစ္စ တစ်ရပ် ဖြစ်ပါသည် ။

•••••   •••••   •••••

ဂျူး ၏ ဝတ္ထုများ ကို အကုန်လုံး နီးပါးလောက် ကျွန်တော် ဖတ်ဖူးပါသည် ။ နည်းနည်း ကြိုက်တာ နှင့် များများ ကြိုက်တာ သာ ကွာခြား ပြီး အားလုံး လိုလို က ရင် ထဲ သို့ ရောက်လာတာတွေချည်း ပဲ ဖြစ်ပါသည် ။ မြန်မာအမျိုးသမီး စာရေးဆရာ တို့ မရေးရဲတာ ၊ သို့မဟုတ် ရေးလေ့ မရှိသော အကြောင်းအရာ နယ်ပယ် ထဲ က ဇာတ်ဆောင် နှင့် ဇာတ်တို့ ကို ကိုင်တွယ်လေ့ ရှိသည် ဟု ကျွန်တော် က သဘော ရ မိသည် ။

ဥပမာ အမှတ်တရ ။ အရေး ကြမ်းသည် ဟု ဆိုကာ စာမျက်နှာ တွေ ပေါ် မှာ ဆူညံ ဆူညံတွေ ဖြစ်စေခဲ့သော ဝတ္ထု ဖြစ်ပါသည် ။ မန္တလေး နန်းရှေ့ က သီးသန့် ဘော်ဒါဆောင်ကလေး ရှိရာ မှာ ဆုံလေ့ ရှိကြသည့် လွတ်လပ်ပွင့်လင်းသော ချစ်သူ နှစ်ဦး ၏ ဘဝ ကို ရေးခြစ်ထားခဲ့ခြင်း ဖြစ်ရာ ပြင်းထန်သော ဝေဖန်ရေးဆရာ က ရာဇဝင်ထဲမှာ ဂျူး ကို ထားရစ်ခဲ့ စသည် ဖြင့် ပင် တို့ထိ ထားခဲ့ဖူးသည် ကို ကျွန်တော် အမှတ်ရ နေမိသည် ။

ထို့ပြင် ကြာတော့သည်လည်း မောင့်စကား ။

ချစ်ခြင်း မေတ္တာ ထက် အထင် ကြီးသော စိတ် ကြောင့် ရန်ကုန် ရောက် ကျောင်းနေဖက် သူငယ်ချင်း နန္ဒ ၏ အခန်း သို့ ရန်ကုန် ရောက် တိုင်း သွားကာ အလို လိုက် မိသော တင်တင်ဇော် ၏ ဘဝ ကို ဖွဲ့ ထားသည့်ဝတ္ထု ဖြစ်ရာ တစ်ခါ တစ်ခါ နန္ဒ က သူ့ ဆီ သို့ လာလျှင် လက်သည်း ညှပ် ခဲ့ ဖို့ နှင့် တင်တင်ဇော် ၏ လက်သည်း တို့ က သူ့ ကျော ကို စူးကြောင်း ရေးပုံမျိုးတွေ မှာ တချို့က ပခုံး တွန့် ကြပုံ ရပါသည် ။

မရှိမဖြစ်မိုး ထဲ က ခင်မိုးမြင့် ကိုလည်း ကျွန်တော် က အမှတ်ရ နေ မိသည် ။ မိသားစု ကို တော့ ငြင်းပယ် လို့မရသော အရာတဲ့ ။ အဆိုးအကောင်း မျက်လုံး စုံ မှိတ်ပြီး လက်ခံ ထားရတာ တဲ့ ။

ငွေ မက် ၍ အမေ့ ကို ယူထားပုံ ရသော အဖေ ၏ နောက်ကွယ် က မသိုးမသန့် စိတ် သဘာဝတွေကို စိတ်ပျက် နေသော ခင်မိုးမြင့် က ချစ်သူ ကို တော့ စိတ်ကြိုက် ဘဝ တစ်ခု တည်ဆောက်မှု အတွက် ရွေးချယ် ထားတာပါ ဟု ဆိုထား သည့် အပြင် ချစ်သူ က လက်သည်း ကို အမြဲတမ်း တိတိပပ ညှပ်ထားတတ်ပြီး ရင်ဘတ် နှင့် လက်ကြယ်သီးများ ကို တပ်ထားလေ့ ရှိကြောင်း အဖွဲ့ ကောင်း ထားခဲ့ ပေရာ ကျွန်တော် တို့ ပင် လက်သည်း ကို အချိန် ပေးညှပ် ၍ အင်္ကျီကြယ်သီး တွေ ရှိသမျှ အကုန် တပ်ရ ကောင်းမလား အတွေး ဝင် သွားခဲ့ဖူးသည် ။

နောက်တော့ ကြေမွသွားသောတိမ်တိုက်များအကြောင်း ၊ နောက်တော့ ပင်လယ်နှင့်တူသော မိန်းမများ ၊ နောက်တော့ စောင့်နေမယ်လို့ မပြောလိုက်ဘူး ၊ နောက်တော့ သူ မင်းကို ဘယ်တော့မှ စသည် စသည် ။

တကယ့် တကယ်တမ်း ဂျူး ကို ကျွန်တော် ပို ကြိုက်မိသည် က ဝတ္ထုတို တွေ ဖြစ် ပါသည် ။ ခံစားမှု အလွန် တွင် တွေးစရာတွေ တသီတတန်းကြီး ဖြစ် ဖြစ် သွားရသည် က သူ့ ဝတ္ထုတို တွေ ပဲ ဖြစ်ပါသည် ။ ထို့ကြောင့်လည်း သူ့ ဝတ္ထုတိုတွေ ကို အကြိမ် တော်တော်များများ ကျွန်တော် ( Appreciation ) လုပ်ခဲ့ဖူးပါသည် ။ နောက်တော့ ကျွန်တော့် ဆောင်းပါးတွေ စုပြီး ပိုးပင်လယ်ပေါ် ကတ္တီပါရွက်လွှင့် အမည် ဖြင့် စာအုပ် ထုတ် ဖြစ်ရာ သူ့ ဆီ သို့ ကျွန်တော် ပို့ပေး လိုက်သည် ။

“ ကျွန်မ ရေးတာ ညံ့နေလို့လား ဆရာ ”

မဂျူး ဖုန်း ထဲ ကနေ သည် စကား တစ်ခွန်း ကျွန်တော့် ကို ပြော ပါသည် ။ မဟုတ် ၊ စာဖတ်သူ တစ်ဦး က အခြား စာဖတ်သူ တစ်ဦး ကို လက် တို့ လိုက်ချင်သည့် ဆန္ဒ ပဲ ဖြစ်ပါသည် ။ ဒါကို ကျွန်တော် က ရှင်းပြ လိုက်တော့ သူ လက်ခံသွားပုံ ရပါသည် ။

ကျွန်တော် က ဝတ္ထု ဖတ်ခြင်း ကို လည်း ပညာရေး ၏ အခန်းကဏ္ဍ တစ်ရပ် အဖြစ် လက်ခံ ထားရာ နည်းနည်းပါးပါး သင် ပေးစရာ လိုမလား ဟု စဉ်းစား မိသည် က လည်း အမှန်တကယ် ပင် ဖြစ်ပါသည် ။

•••••   •••••   •••••

တစ်ခါကတော့ ပုပ္ပားတောင်ခြေ က သစ်တောဌာန ဧည့်ရိပ်သာ ထဲ မှာ မဂျူး ကို ကျွန်တော် ဝိုင် တိုက်ဖူးသည် ။ ပထမ တော့ သူ  မသောက် ၊ နောက် ကျွန်တော် ဇွတ် သောက်ခိုင်း တော့ မှ မူး မှာ ကြောက် လို့ ဟု ဆိုသည် ။

နောက်တော့ ကျောက်ပန်းတောင်းမြို့ခံသူ များ ကို စတော်ဘယ်ရီသီး နည်းနည်း ခူးခိုင်းကာ သူ့ ဝိုင်ခွက် ထဲ ကို ညှစ်ထည့် ပြီး သောက် ခိုင်းတော့ သူ အရသာ တွေ့ သွားပုံ ရ ပါသည် ။

သို့ဖြင့် ဝိုင် ၏ အိပ်ရာဝင် တေးမှာ သူ မှေးစက် သွားပုံ ရပါသည် ။ အိပ်ခန်း ထဲ ဝင် သွားကာ ပြန် ထ မလာတော့ ။

သို့ဖြင့် ဆရာဖေမြင့် ၊ ဆရာချစ်ဦးညို တို့ နှင့် အတူ ပုပ္ပား က နေ ကျောက်ပန်းတောင်း ကို ပြန်တော့ မဂျူး ကို ထားခဲ့ကြရသည် ။

ကျွန်တော် တို့ တစ်တွေ က ကျောက်ပန်းတောင်း မှာ ဟော နှင့် ။ နိုး တော့ မှ မဂျူး ကို ခေါ်လာဖို့ အစီအစဉ် ။

သို့သော် သိပ် အချိန် မနှောင်းဘဲ သူ ရောက်လာပါသည် ။ ဆရာဖေမြင့် အပြီး မှာ ဒုတိယ ဟောပြောသူ အဖြစ် စင်ပေါ် တက် ပါသည် ။ စင်ပေါ်က ဆင်းသည် နှင့် ပြန်ဖို့ အဆင် သင့် ။

ညကြီး မိုးချုပ် ကား စီးရသည် မှာ အဆင် မပြေနိုင် သော်လည်း ကျောက်ပန်းတောင်း က နေ ပြည် ကို တစ်ဖြတ် ၊ ထို့နောက် ပြည် က မှ ရန်ကုန် သို့ တစ်ဖြတ် စီးလေ မတဲ့ ။ နိုင်ငံရပ်ခြား အတွေ့အကြုံ တော်တော်များများ ရှိထားလို့ လေလား မသိ ။ သူ ဘာကို မှ ကြောက်ပုံ မရ ။

•••••   •••••   •••••

ဂျူး ကိုင်တွယ်သည့် ဝတ္ထုဇာတ်လမ်း နှင့် ဇာတ်ဆောင်တွေ က ယေဘုယျ ပြော ရလျှင် ဉာဏ်ပညာ နှင့် အချစ် ကြီးသော နေရာ က နေ အထိုင် ချပြီး ရေးထားသည့် ဇာတ်လမ်း နှင့် ဇာတ်ဆောင်တွေ ပဲ ဖြစ်ပါသည် ။

ဆိုကြပါစို့ ၊ ချစ်သူလား စကားတစ်ပွင့် ထားခဲ့တယ် ဝတ္ထု ၊ ကျွန်မ ၏ သစ်ပင် ဝတ္ထု ၊ နံရံ ၏ အခြားတစ်ဖက် ဝတ္ထု ၊ လ ရဲ့အောက်ဘက် မိုင်အဝေး မှာ ဝတ္ထု အများကြီး ။

တစ်ခါက နိုင်ငံခြားဘာသာတက္ကသိုလ် တွင် ပြင်သစ်ဘာသာ တက်ရင်း ပြင်သစ်သံရုံး မှာ ပါ ပြင်သစ်စာ လေ့လာ နေသည့် တပည့်မ တစ်ယောက် ကို မည်သူတွေ လာရောက် ကာ တင်ဆက်သူ ( Presenter ) အဖြစ် ဦးဆောင်တတ် သလဲ ဟု မေး မိသည် ။ တပည့်မ က “ ဆရာမဂျူး ” တဲ့ ။ ရှားရှားပါးပါး ပြင်သစ်စာ ဝါသနာ ထုံသည့် စာရေးဆရာမ ။

ဂျူး စာအုပ် တွေ ထဲ မှာ Non - Fiction ခေါ်  ဝတ္ထု မဟုတ်သော စာအုပ်တွေ က လည်း တော်တော့် ကို များ ပါသည် ။ ရုပ်ရှင်ခံစားမှု ဆောင်းပါးတွေ က ကျွန်တော်တို့ ကို ရုပ်ရှင် ပို ကြည့် တတ်အောင် လုပ်ပေးသည် ဟု ကျွန်တော် ယူဆသည် ။

ကျွန်မ ဖတ်ခဲ့သော စာအုပ်များ လို ဆောင်းပါးတွေ က ကျတော့ စာ နှင့် ပတ်သက်သည့် သူ့ ဝမ်းစာ ကို ကျွန်တော်တို့ တစေ့တစောင်း လှမ်း မြင်ရသည် ။ ကျွန်မ ချစ်သောမြို့ တစ်မြို့ ၊ ကျွန်မ ချစ်သော နိုင်ငံ ၊ ကျွန်မ ချစ်သော ကမ္ဘာ လို စာအုပ် တွေ က ကျတော့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ( Environment ) ကိစ္စတွေ ပေါ် မှာ အခြေစိုက် ထားသည့် သူ့ စိတ် ကို ကျွန်တော်တို့ ခန့်မှန်း နိုင်သည် ။ တစ်ခါတလေ ကျ ပြန်တော့ ဘာမှ မဟုတ်ဘူး ထင် ရသည့် ဆောင်းပါး အတိုကလေး တစ်ပုဒ်တလေ က ပင်လျှင် စိတ် မှာ လာ ငြိနေကာ ဘဝ ကို မှင်တက်မိ နေ တတ် တာမျိုး ရှိတတ်ပါသည် ။

ဥပမာ “ ရှုံးသူ မရှိလျှင် နိုင်ချင်ပါသည် ” လို ဆောင်းပါး မျိုး ။ ထီ ထိုး ရမှာ ကို ရှက် သလိုလို ဖြစ်နေသော စိတ် နှင့် မည်သူ့ မှာ မျှ အထိအခိုက် မရှိဘဲ အောင်မြင်သော အလုပ်မျိုး ကို လုပ်လိုသည့် စိတ်တွေ က ကျွန်တော် တို့ စိတ် နှင့် တိုက်ဆိုင် သလို ဖြစ် နေ ပြန်ပါသည် ။ အခြား ဆောင်းပါးတစ်ပုဒ် မှာ ကျ ပြန် တော့ မဂျူး က VCD တွေ က စိတ်ကူးစိတ်သန်း ကို သတ်ပစ်ကြောင်း ရေးထားရာ ငြင်း မရ နိုင်တော့ ။

မစိမ်းစိမ်း ၏ “ ရွှေမန်းဆီသို့ ” သီချင်း နှင့် အတူ မန္တလေး နန်းတော်ကြီး ကို ရိုက်ပြ ထား လိုက်ပုံမျိုး ကို သူ ခံစား၍ မရနိုင်ကြောင်း ၊ မရောက်ဖူးဘူးသေးသည့် မန္တလေး ကို စိတ်ကူး နှင့် မှန်းဆပြီး ခံစား ကြည့်ရသည် မှာ အရသာ ပျက် ကြောင်း သူ ရေး ဖူးသည် ။ ရှည်လျား ထွေပြား လှစွာသော ဝတ္ထုရှည် တွေ ထက် ပင် သည်လို ဆောင်းပါး တွေ က ကျွန်တော့်ကို လာ ညှို့ ထား တတ်သည်မှာ အမှန်ပင် ဖြစ်ပါသည် ။

လွန်ခဲ့သည့် သုံးလေးနှစ် လောက် က တော့ ဟင်္သာတမြို့ စာပေဟောပြောပွဲ ကို အတူ သွား ဖြစ်သည် ။ ဆရာ မောင်ကြည်သစ် ၊ ကိုအော်ပီကျယ် ၊ မဂျူး နှင့် ကျွန်တော် ။

ထုံးစံအတိုင်း မဂျူး က ပေါ့ပေါ့ပါးပါး ။ အညာဖြစ် ချည်အင်္ကျီ လက်တိုကလေး နှင့် ။ အေးလို့ မွှေးလို့ ပါ ။

“ အဖေ က ကျန်းမာရေး သိပ်မကောင်းချင်ဘူး ”

မဂျူး က မိသားစု တာဝန်ဝတ္တရား ကို သက်ပြင်းငွေ့ငွေ့  နှင့် ပြောတော့ သူ့ ဝန်ထုပ်ဝန်ပိုး ကို ကျွန်တော် ကိုယ်ချင်းစာ မိသည် ။ သည် ကြားထဲ က ပညာရေး နှင့် ကျန်းမာရေး အခြေခံသော ပရဟိတ တစ်ပိုင် တစ်နိုင် လုပ်ငန်းတွေ ထဲ မှာ သူ ပါဝင် ဆောင်ရွက်နေကြောင်း သိ ရတော့ သူ့ ဘဝ ကို ကျေနပ်ဖွယ် ကောင်းသော ဟု ဝိသေသ ပြု မိသည် ။

ဟို ရက်ပိုင်းတွေ တုန်း ကတော့ လူငယ် စာရေးဆရာ တစ်ယောက် ၏ ဝတ္ထု စာအုပ် မိတ်ဆက်ပွဲ လုပ်ရာ City Star ဟိုတယ် မှာ တစ်ခါ ၊ ပန်းအလင်္ကာမဂ္ဂဇင်း နှစ်လည်ပွဲ ကျင်းပရာ Traders' Hotel မှာတစ်ခါ ဖျိုးခနဲ ဖျတ်ခနဲ ဆုံလိုက်မိပါ သေးသည် ။ ပုလဲပုတီးတွေ ဘာတွေ ဆွဲလို့ ။

ဉာဏ်ပညာ နှင့် အချစ် ကို ဘဝ မှာ အချိုး ကျကျ ဖျော်စပ် ထားတတ်သော သူ့ ဘဝ ကို သူ့ စာမျက်နှာ တွေ ပေါ် မှာ သွန်ချနေသော စာရေးဆရာမ ဟု ကျွန်တော် က အသိအမှတ် ပြုလိုက်မိပေသည် ။

◾မောင်သာချို

📖 စတိုင်သစ်မဂ္ဂဇင်း
      မတ်လ ၊ မေလ ၊ ၂၀၀၉ ။

#ကိုအောင်နိုင်ဦး

.

Thursday, February 16, 2023

နေဝင်းမြင့်


 

❝ နေဝင်းမြင့် ❞

( ယာခရိုး က ရွှေချိုးကူသံ )

ပထမဦးဆုံး က ရုပ်မြင်သံကြားစက် များ ၊ နောက်တော့ ဗီဒီယိုပြစက် ၊ ထို့နောက် ဗီစီဒီ ၊ ဒီဗွီဒီ ၊ ကွန်ပျူတာ စသည် ဖြင့် နည်းပညာဖွံ့ဖြိုးမှု နှင့် အတူ လူထု ဆက်သွယ်ရေးပစ္စည်း တို့ အလျှံပယ် ပေါကြွယ်ဝ လှသော ၂၀ ရာစု အကုန် ၂၁ ရာစု အကူး သည်ဘက်ပိုင်း နှစ်ကာလတွေ ထဲ မှာ တစ်ခါက ကျွန်တော်တို့ ၏ ရုပ်ရှင်ရုံများ တိတ်ဆိတ် ခြောက်ကပ် သွားခဲ့သည် က တော့ အမှန်ပဲ ဖြစ်ပါသည် ။

လူတွေ ရုပ်ရှင်ရုံ ရှိ ရာ ကို သိပ် မသွားကြတော့ ။ ကော်ဖီ သောက်ရင်း ၊ မီးပူ တိုက်ရင်း ၊ အာလူး ခွာရင်း ၊ နောက်ဖေး အိမ်ရှေ့ ဖြတ်သွား ဖြတ်လာ လုပ်ရင်း ကိုယ့် အိမ် ထဲ က ရုပ်မြင်သံကြား ဖန်သားပြင် ၊ ဒါမှမဟုတ် ကွန်ပျူတာ မော်နီတာ ဆီ သွားခလုတ် လာခလုတ် လှမ်း ကြည့်ရုံ နှင့် ရသ ခံစား ကြသော ခေတ် ဖြစ်ရာ ကျွန်တော် ကိုယ်တိုင် လည်း ရုပ်ရှင် မကြည့်ဖြစ် သည် မှာ ကြာပါပြီ ။

ရှားပါးသည့် ရှေး ရုပ်ရှင်ကား တချို့တလေ ၊ ဒါမှမဟုတ် ရုပ်ရှင်ရုံကြီး များ မှာ အရသာ တွေ့နိုင်မည် ဟု ယူဆ မိသော ဇာတ်ကားများ ရုံ ဝင် သည့် အခါတွင် မှ သာ ရုပ်ရှင်ရုံ ထဲ သို့ ကျွန်တော် ဝင် ဖြစ် ပါတော့သည် ။

ရှားရှားပါးပါး သည် နှစ် ထဲ မှာ ရုပ်ရှင်ရုံ ထဲ သို့ ကျွန်တော် ရောက် သွားပါသည် ။ ကြိုးတန်း ကို ကြည့် ဖို့ ။ မခင်ခင်ထူး ရေးသည့် ဝတ္ထုတို ကို နေဝင်းမြင့် က ဇာတ်ညွှန်း ခွဲ ထားသည့် ဇာတ်ကား ဖြစ်သဖြင့် ကြည့်ချင် စိတ် ပေါ် လာသောကြောင့် ပင် ဖြစ် ပါသည် ။

တကယ်တော့ သည် ဝတ္ထုတိုကလေး ကို ကျွန်တော် ဖတ်ဖြစ်ခဲ့သည် မှာ ၁၀ နှစ် လောက် ရှိခဲ့ပြီ ။ ဝတ္ထု က ၁၉၉၉ ခုနှစ် တုန်း က ဝတ္ထု ။ အခု ရုပ်ရှင် က ၂၀၀၉ ခုနှစ် အတွက် ဇာတ်ကား ။ ၁ဝ နှစ် ။ သို့သော် ဝတ္ထု တုန်း က လည်း ကြိုးတန်း ၊ ရုပ်ရှင် ကျတော့ လည်း ကြိုးတန်း ၊ ကျွန်တော် က ရုပ်ရှင်ရုံ ထဲ မှာ ထိုင် နေရင်း ကိုနေဝင်းမြင့် ကို ဖျတ်ခနဲ ဖျတ်ခနဲ ဆို သလို သတိရ နေ မိတာ က တော့ အမှန်ပဲ ဖြစ် ပါလေသည် ။

°°°°°°  °°°°°  °°°°°°°

ကြိုးတန်း ကို ရုံ မတင်မီ ၂၀၀၉ ခုနှစ် သင်္ကြန်ရက် များ အကြိုကာလ တွေ ထဲ မှာ ကိုနေဝင်းမြင့် ရန်ကုန် ကို ခပ်စိပ်စိပ် ရောက်လာ ပါသည် ။ City Star ဟိုတယ် ၌ ခဏ ခိုနားကာ သူ့ ပြည်ဝင်ခွင့် ကိစ္စ ( Visa ) များ ဆောင်ရွက်စဉ် ကျွန်တော် နှင့် နှစ်ကြိမ် သုံးကြိမ် ဆိုသလို တွေ့ဖြစ် ပါသည် ။ City Star ဟိုတယ် ဧည့်ခန်းဆောင် ထဲ မှာ ဟို အကြောင်း သည် အကြောင်း တွေ ပြော ကြရင်း ကျွန်တော်တို့ စကားဝိုင်း က ကြိုးတန်း ဘက် ကို ရောက် ရောက် သွားပါသည် ။

“ ခင်ဗျား ရုပ်ရှင် ဖြစ်အောင် တော်တော် ဖွရမယ် ထင်တယ် ကိုနေဝင်းမြင့် ရဲ့”

“ ဖွ ရ တာပေါ့ ကိုချို ရဲ့ ၊ အများကြီး ဖွ ပစ်တာ ၊ ဒါပေမဲ့ ရုပ်ရှင် ရိုက်တော့ ကျွန်တော့် ဇာတ်ညွှန်း ထဲ က တချို့ အခန်းတွေ ဖြုတ် ပစ် တယ်ဗျ ။ ကျွန်တော် လည်း ပြော မနေတော့ပါဘူး ဗျာ ”

တကယ်တော့ မခင်ခင်ထူး ဝတ္ထု က Satire ကလေး ဖြစ် ပါသည် ။ သရော်ပုံ လှပသည့် ဝတ္ထုကလေး ။ ဧရာဝတီ မြစ်ရေ ကျ သွားချိန်များ မှာ ပေါ်လာ တတ်သည့် သောင်ကတုံးကလေး ပေါ် က တံငါ တဲကလေး နှစ်လုံး ၊ မိသားစု နှစ်စု ၏ ဘဝ ပြဿနာ ။

လှေဦး စို တော့ စို ၊ လှေဦး ခြောက် တော့ ခြောက် ရှာ စား ကြရသည့် ဘဝတူ တွေ ဖြစ်ကြပြီး မိသားစု နှစ်ခုလုံး ၏ အိပ်မက် က မြစ် အရှေ့ဘက်ကမ်း ကိုချစ်တီး ဆိုင် က အပေါင်ဆုံး ကက်ဆက်ဟောင်းကလေး ။

နောက်တော့ သည် တဲကလေး နှစ်လုံး ကြား မှာ မစ္ဆရိယ စိတ် တွေ ၊ သံသယ တွေ ဝင် လာသည် ။ တစ် တဲ မှာ ငါးကြီး ငါးကောင်း ရ တော့ တစ် တဲ က မကျေနပ် ။

နောက်တော့ တစ် တဲ မှာက ငါး ပျောက် ၊ တ စ်တဲ မှာ က ပိုက်ကွန်တွေ အဖျက်ဆီး ခံရ ၊ မိန်းမသားချင်း ခွန်းကြီး ခွန်းငယ် တွေ ပြောကြ ။ နောက်ဆုံး မှာ တော့ တဲ နှစ်လုံး ကြား မှာ ကြိုးတန်း တစ်တန်း တန်း ပစ် လိုက်ကြသည် ။ ကြွပ်ကြွပ်အိတ်တွေ ကို ကြိုးတန်း မှာ တန်းစီ ပြီး ချည်နှောင် ထား လိုက်ရာက အခေါ်အပြော အဆက်အဆံ မလုပ်ကြတော့ ။ ယောက်ျား နှစ်ယောက် က လည်း အရက် အတူ မသောက်ဖြစ် ကြတော့ ။

စီးပွား ပြိုင် ကြတာပေါ့ ဟူ၍ မခင်ခင်ထူး က ခပ်ငေါ့ငေါ့ အဆုံးသတ် ထားသော ဝတ္ထုတိုကလေး ဖြစ်ပါသည် ။

သည် ကြိုးတန်း ရုပ်ရှင်ပိတ်ကား ပေါ် ရောက်သွားသည့် အခါ မှာ တော့ ဇာတ် က မြိုင်သွား ဆိုင်သွား သည် ။ တံငါသည် မိသားစု တစ်ခုချင်း ၏ မေတ္တာဇာတ်လမ်း တွေ ပါ လာ သည် ။ လှေ အခိုး ခံရတာတွေ ၊ မယ်ဒလင် ပျောက်တာတွေ ၊ အိပ်မက်ခန်းတွေ ၊ ဆရာတော်ဘုရား က လာရောက် နားချတာတွေ ၊ ယောက်ျား နှစ်ယောက် သတ်ပုတ်ခန်းတွေ ။

“ သောင်ကတုံး ကိုယ်တိုင် က ဘာမှ မမြဲတဲ့ နေရာ ကိုချို ရယ် ၊ ရေ တက် လာတော့ မြုပ် မှာ ၊ အဲဒါကို ကြိုးတန်း တန်း ထား သေးတယ် ၊ ဘယ်အထိ တန်း မှာလဲ ၊ သံသရာ အထိ ဆက် တန်းနေဦး မှာ လား ”

သူ က ဆက်တီ မှာ ဖိုင့်ဖိုင့်အိုင့်အိုင့်ကြီး ထိုင် ရင်း ကွမ်းတမြုံ့မြုံ့ ကြား က တတွတ်တွတ် ပြော နေပါသည် ။ မန္တလေး သို့ ရောက်သွား ပြီး ကတည်း က ကိုနေဝင်းမြင့်  တော်တော် ပြောင်းလဲ သွား ပါသည် ။ ဟိုး  အရင် အင်းစိန် မှာ သူ့အိုး သူ့အိမ် ရှိစဉ် က ပုံရိပ်တွေ ကို ကျွန်တော် အမှတ်ရ နေ မိသည် ။

ရှပ်အင်္ကျီ လက်တိုကလေး ၊ ချည်လုံချည် အနွမ်းကလေး ၊ လွယ်အိတ် က စုတ်စုတ်နုပ်နုပ် ။ ခေတ်ပြိုင် စာမျက်နှာ တွေ ပေါ် မှာ သူ့ စားကျက် ကို သူ ဖွေရှာ နေသည့် နှစ်ကာလများ ။

ကိုစိုးမြင့်လတ် ၊ ကိုတင်ဆင့် ၊ ကိုခိုင်မာ ၊ ကိုဖေမြင့် ၊ နောက်တော့ ဆရာရှမ်း ( မောင်လင်းယုန် / ရှမ်းပြည် ) စသည်ဖြင့် အ - စ - အ - စ ( အင်းစိန်အုပ်စု ) ဟု ချစ်စနိုး အမည် ပေး ထားခဲ့ကြသည် ။

လမ်းဘေး လက်ဖက်ရည်ဆိုင်ကလေးတွေ ၊ ကျဉ်းမြောင်းသည့် မဂ္ဂဇင်းဂျာနယ် ရုံးခန်းကလေးတွေ ၊ ကျပ်ခဲသည့် ဘတ်စ်ကားမှတ်တိုင်တွေ ၊ အပေါစား ထမင်းဆိုင်ကလေးတွေ ။ သည်တုန်း က သူ အခု လောက် မဝ ။ နာရီကလေး သော် မှ ကောင်းကောင်းကန်းကန်း ပတ် မထား ။

အခုတော့ သူ တော်တော့် ကို ဝ သွားပြီ ။ ဝမ်းဗိုက်ကြီး က အိုးစရည်းကြီး နှယ် လုံးလုံးခုံးခုံးကြီး ။ မျက်ခွံကြီး တွေ က လေးလေးတွဲရဲ ။ လက်ကိုင်ဖုန်း ကို နွားခလောက် ဆွဲ သလို လည်ပင်း မှာ ဆွဲ ထားသည် ။ ရွှေဆွဲကြိုး က နက်ပြာသော သူ့ အသား မှာ ဝင်း နေသည် ။ မဇ္ဈိမ ဒေသ က မဟာရာဂျာကြီး တစ်ဦး နှယ် မိန့်မိန့်အိန့်အိန့် ၊ ကွမ်း ကတော့ တစ်ယာ နှင့် တစ်ယာ ကြား မှာ သိပ် မပြတ်လှ ။

ကိုနေဝင်းမြင့် ကွမ်း စား ပုံ က မြိန်ရေ ရှက်ရေ နိုင်လွန်း လှ ပါသည် ။ ကွမ်း စားဖို့ ဘယ်တုန်း က မှ စိတ်ကူး ထည့်၍ မရခဲ့ သော ကျွန်တော် တို့ လို လူမျိုး ကို ပင် သွားရည် ယို လာအောင် စား နေသည့် အစား ဖြစ် ပါသည် ။

သူ က ကွမ်းယာကလေး တစ်ယာ  ကို ဖြေလိုက် ၊ အဆင်သင့် ဖျော်စပ် ထားသည့် ဆေးဘူး ထဲ က ဆေးမွှေးအရည်တွေ ကို နို့စိမ်း ပေါက် သလို ပေါက် လိုက် ၊ သူ့ လက် တုတ်တုတ်ခဲခဲကြီးတွေ ကြား ထဲ မှာ ပျောက်သွားတော့ မတတ် ကွမ်း ကို ပြန် ယာ နေလိုက် ၊ နောက်တော့ တဖြောက်ဖြောက် တထောက်ထောက် ဝါးစား နေလိုက် ။

“ ကွမ်း စားရတဲ့ အရေး က လည်း မလွယ်ဘူး ကိုချို ရဲ့ ၊ မန္တလေး မှာ ဂေါဝိန် ဆိုတာ ရှိတယ် ၊ ကိုချို သိ ပါတယ် ။ အဲသည့် ဂေါဝိန် က ကွမ်း မှ ကိုယ် က လည်း စား ရတာ ၊ ကွမ်း စားဖို့ ဘယ်လောက် ကုန် လဲ တွက် ပြမယ် ။ အိမ် မှာ အလုပ် လုပ်တဲ့ ကောင်မလေး တစ်ယောက် ရှိတယ် ၊ အဲဒါ သူ့ ကို စက်ဘီး နဲ့ တစ်ထောင် ပေးပြီး ဂေါဝိန် ကို လွှတ် ရတယ် ။

ဂေါဝိန် ကို ရောက်ပြီ ၊ အဲတော့ ကွမ်းယာ က နှစ်ထောင့်ငါးရာ ဖိုး ၊ အဲဒါ အိမ် ပြန် ရောက်တော့ ကောင်မလေး ကို ဒီနေ့ စောပြန် ဆိုပြီး မန္တလေး အဝေးပြေးဂိတ် ကို လွှတ် ရော ၊ ကား က ရန်ကုန် ကို ကွမ်းယာထုပ် သယ်ခ နှစ်ထောင့်ငါးရာ ၊ ကိုချို တွက် နော် ၊ ဒါ မပြီးသေးဘူး ၊ မထူး က ရန်ကုန် ကို ဖုန်းဆက် အကြောင်း ကြား ရသေးတာ ၊ ဆရာနေ ဘယ်ကား နဲ့ ကွမ်းယာ ပို့ လိုက်ပြီ ဘယ်ဂိတ် မှာ သွား ယူပါ ။

အဲဒီတော့ အောင်ဆန်းကွင်း က လက်မှတ်အရောင်းဂိတ် ကို ဘာ နဲ့ သွား ယူမလဲ ၊ တက္ကစီခ က တစ်ထောင် ၊ သည်တော့ အသွား အပြန် မှာ မတတ်နိုင်တော့ဘူး ကိုချို ရယ် ၊ တစ်ကြောင်း ပေါ့ ၊ တစ်ထောင် ပဲ သုံး တော့တယ် ။ တစ်ကြောင်း က ခြေကျင် ၊ ကွမ်း တစ်ခါ စားဖို့ တစ်သောင်း လောက် ရှိမှ ဆိုတဲ့ သဘောပေါ့ ”

တကယ်တော့ မခင်ခင်ထူး ကိုယ်တိုင် ကလည်း ကွမ်းသမား ပဲ ဖြစ်ပါသည် ။ မန္တလေး မှာ တစ်ခေါက်စ နှစ်ခေါက်စ ဆိုသလို ကျွန်တော် နှင့် ဆုံဖူးရာ သူ့ နှုတ်ခမ်း မှာ ကွမ်းစ ကွမ်းန တွေ နှင့် ။

“ မထူး က လည်း သူ့ စားပွဲ မှာ သူ ထိုင်ပြီး တဖြောက်ဖြောက် ဝါး နေတာပဲ ကိုချို ရဲ့ ၊ ကျွန်တော် က လည်း ကိုယ့် စားပွဲ နဲ့ ကိုယ် တဖြောက်ဖြောက် ပေါ့ ”

ကိုနေဝင်းမြင့် က ပြောရင်း ဆိုရင်း မှာ ကို ပဲ ကွမ်း ကို တဖြောက်ဖြောက် ဝါး နေ ပါသည် ။ ကျွန်တော် က သူ အမေရိကန်ပြည်ထောင်စု သို့ သွားမည့် ကိစ္စ နှင့် ပတ်သက်ပြီး စကား စ ဖြစ် ပါသည် ။

“ ကျွန်တော့် ကို ဖိတ်တာ က Amitav Ghosh က အဓိက ကိုချို ရဲ့ ၊ သူ့ စာအုပ် ကို ဘာသာပြန် နေတဲ့ လူ ဆိုပြီး စိတ်ဝင်စားပုံ ရတာပါပဲ ဗျာ ”

Amitav Ghosh က  The Glass Palace ကို ရေးသော စာရေးဆရာ ဖြစ်ပါသည် ။

သီပေါမင်း ၏ နန်းကျ နှစ်ကာလများ ကို အခြေခံ ကာ မဟာဆီ မဟာသွေး တို့ ၏ နေ့စဉ် ဘဝများ နှင့် မြန်မာ့နိုင်ငံရေး အခြေအနေ တို့ ကို ယက်ရှယ် အကွက်ဆင် ရေးဖွဲ့ ထားသော ဝတ္ထု ဖြစ်ပါသည် ။ ဒါကို ကိုနေဝင်းမြင့် က ရွှေအမြုတေ မဂ္ဂဇင်း မှာ ရေကန်သာ ကြာတိုင်းအေး ဟု အခန်းဆက် ပြန်ဆိုခဲ့ခြင်း လည်း ဖြစ် ပါသည် ။

သည် စာအုပ် ကို “ ထိပ်တင်သက် ” က လည်း မကြာသေး မီ က ပင် “ သမိုင်းက ပြောတဲ့ မှန်နန်းတော် ” အမည် ဖြင့် ဘာသာပြန် ထုတ်ဝေခဲ့ပြီး ဖြစ်ရာ ကျွန်တော် က The Glass Palace ကို ရေကန်သာ ကြာတိုင်းအေး ဟု လုပ်ထားခြင်း ကို ဝေးလွန်း မနေဘူးလား ဟု စောကြော မိသည် ။

“ ကိုချို ရဲ့ ၊ ပြင်စည်မင်းသားကြီး ရဲ့သီချင်း ခင်ဗျား ကြားဖူးမှာပါ ။ ရွှေပြည်တော် မျှော်တိုင်းဝေး ရေကန်သာ ... ကြာ ဟာ ဟာ ဟာ ကြာတိုင်းအေး ”

ကိုနေဝင်းမြင့် က မဟာဂီတ ရနံ့ ရသည် အထိ သီချင်း ကို ဟဲ နေရာ ဖြတ်သွား ဖြတ်လာ လူတွေ က အညာ ဘက် က ဆင်း လာသည့် နောက်ပိုင်းမင်းသားကြီး ဟု များ ထင်သွား ကြလေသလား မသိ ၊ ကျွန်တော်တို့ ဝိုင်း ကို ပြုံးစိစိ ဖြင့် ကြည့်သွား ကြသည် ။

ပြင်စည်မင်းသားကြီး က ထီးရိပ်နန်းရိပ် နှင့် ဝေး ရာ မှာ တစ်ခဏ နေရစဉ် သည် သီချင်း ကို ရေးခဲ့ခြင်း ဖြစ်ရာ ရွှေပြည်တော် မျှော်တိုင်းဝေး တို့ ဘာတို့ သီချင်း ထဲ ပါနေသည် မှာ မဆန်းပါ ။

ရေကန်သာ ကြာတိုင်းအေး ထဲ က ကြာ ကို ကျွန်တော် က ကြာပန်း ( lotus ) ဟု ထင် နေမိခြင်း ဖြစ် ပါသည် ။

" လောတပ်စ် ( lotus ) မဟုတ်ဘူး ကိုချို ရဲ့ ၊ long time အချိန် ကြာ တာ ကို ပြောတာ ၊ ရေကန် ရဲ့ နံဘေး မှာ ကြာ လေလေ အေး လေလေ အေး လေလေ ။ ရတနာဂီရိ ရောက် နေတဲ့ သီပေါဘုရင် ရဲ့ ဘဝ ဗျာ ၊ ဒါကြောင့် ကျွန်တော် ရေကန်သာ ကြာတိုင်းအေး လုပ်ထားတာ ”

The Glass Palace ထဲ မှာ ဖိုမကိစ္စ ခပ်ကြမ်းကြမ်း ရေး ထားသော အခန်းတွေ ပါသည် ။ နောက်တော့ ဇာတိနတ်မောက် မကွေးခရိုင် သိကြများ ခုတိုင် အစဉ်အဆက် အနံ့ အသက် တွေ ပါသည် ။ ဘယ်လို လုပ်မှာလဲ ဟု မေးတော့ တချို့ ကို တော့ ချန်ပြီး ပြန်ရမှာပဲ ဗျာ ဟု ဆို သည် ။

“ အင်္ဂလိပ်လူနာ လည်း ပြီးသွားပြီ ဗျ "

ကျွန်တော် သူ့ ကို အံ့သြ သွားသည် ။ English Patient က ဆရာမြသန်းတင့် ကွယ်လွန် သွား သဖြင့် နွယ်နီမဂ္ဂဇင်း မှာ ဘာသာပြန် လက်စ တန်းလန်း ကျန်ရစ် ခဲ့သော လက်ရာ ။ ဒါကို ဆက်ပြီး ဘာသာပြန် ဖို့ ဆရာ့ ဆရာ တော်တော်များများ က လက်ရှောင် ကြသည် ။ ဘာကြောင့်လဲ တော့ မသိ ။

အခု ကိုနေဝင်းမြင့် က သည် အင်္ဂလိပ်လူနာ ကို ဆက်လက် သယ်ဆောင် ၍ ပြီးသွားပြီ ဟု ဆိုရာ ဖတ် ကြည့်ချင်စရာ ကောင်းသည် က တော့ အမှန်ပဲ ဖြစ် ပါသည် ။ ဆရာမြသန်းတင့် ၏ အင်္ဂလိပ်လူနာ နှင့် ကိုနေဝင်းမြင့် ၏ အင်္ဂလိပ်လူနာ က တစ်ယောက် တည်း လား ၊ ဒါမှမဟုတ် တစ်ယောက် စီ သတ်သတ်လား ။

°°°°°  °°°°°°°  °°°°°°

ကိုနေဝင်းမြင့် နှင့် ကျွန်တော် ဟောပြောပွဲ စင်မြင့်တွေ ပေါ် မှာ နှစ်ခါ သုံးခါ လောက် တွဲ ဟောဖူးပါသည် ။ အနီးကပ် တွဲ လိုက်တော့မှ သူ့ စွတ်စိုသော ဟာသ ကို ကျွန်တော် ပိုပြီး သတိထား မိ သွားသည် ။

တစ်ခါက စံကားဝါမြေ ခေါ် ပုပ္ပားတောင်ခြေရင်း က ကျောက်ပန်းတောင်း မြို့ကလေး မှာ သူ နှင့် အတူ ဟောရ ပါသည် ။ သူ စင်ပေါ် ကို တက် သွားတော့ ပရိသတ် က တခိခိ ရယ် နေကြပါသည် ။

ကျောက်ပန်းတောင်း ပရိသတ် မှာ ယဉ်ကျေးပျူငှာသည့် မြန်မာ ဆန်သော ပရိသတ် ဖြစ်ရာ ကိုယ့် မြို့ ကို ရောက်လာသည့် စာရေးဆရာကို သရော်လှောင်ပြောင်သည့် အနက် ဖြင့် ရယ် နေခြင်း မဟုတ်ဘဲ ၊ ချစ်ခြင်းမေတ္တာ နှင့် ယှဉ်ကာ တိတ်တခိုး ရယ်ရာ က အုပ်မရ ဆိုင်းမရ သဖြင့် အသံ ထွက်လာသည့် ရယ်သံ ငွေ့ငွေ့ သာ ဖြစ်ပါ သည် ။

ကိုနေဝင်းမြင့် အသားအရောင် က အမှောင်ဘက်ခြမ်း ကို တော်တော်ကလေး လု ပါသည် ။ သည်တုန်းက သူ ဝတ် ထားသည့် အင်္ကျီ က နက်ပြာရောင်ကြီး လား မသိ ။ သည်တော့ စံကားဝါမြေ က လူတွေ တခိခိ ဖြစ်နေကြသည် မှာ ဘာမျှ မဆန်း ။

“ ဘာ ရီ ( ရယ် ) နေကြတာလဲ ”

ဒါက သူ့ ပထမဦးဆုံး နှုတ်ခွန်းဆက် စကား ။ ပရိသတ် က မီး ကို ရေ ဖြင့် သတ်လိုက် သလို ရှဲခနဲ တိတ် သွားသည် ။ ကြွရောက်လာကြတဲ့ စာပေမြတ်နိုးသူများ ခင်ဗျား တို့ ၊ မင်္ဂလာ ရှိတဲ့ ညချမ်း ဖြစ်ပါစေ တို့ လို ကြား နေကျ စကားမျိုး မဟုတ်သည့် အတွက် နည်းနည်းကလေး အံ့သြ သွားပုံ ရသည် ။ သူ့ အသံ နှင့် သူ့ ဌာန် က ကျောင်းအုပ်ဆရာကြီး က တပည့်ကလေးတွေ ကို ငေါက် လိုက်သည့် ဟန် မျိုး ။

“ မည်းမည်းကြီး ဆိုပြီး အထင် သေး မနေနဲ့ ၊ ကျောက်ပန်းတောင်း ထန်းလျက် က မည်း ပေမယ့် ချိုတယ် ဗျ ၊ မှတ်ထား ”

ပရိသတ် ၏ ဝေါခနဲ ပွဲ ကျ သွားသံ နှင့် လက်ခုပ်သံတွေက ခန်းမကြီး တစ်ခု လုံး လျှံထွက် သွားပါသည် ။ ကျောက်ပန်းတောင်း ပရိသတ် ကို ဟာသ နှင့် ငြိ သွားအောင် လှမ်း ချိတ်ထားလိုက်ပြီး နောက် သူ့ အဟောအပြော နှင့် အဟဲတွေ အချွဲတွေ နောက် မှာ လှုပ် မရတော့ အောင် ထိန်းထား လိုက်ပုံ က သူ့ ဝစနာလင်္ကာရ အစွမ်း ပင် ဖြစ် ပါသည် ။ ယာခရိုး ဆီ က ရွှေချိုးကလေး တစ်ကောင် ကူ လိုက်သလို ချိုပြီး လွမ်းစရာ ကောင်းသည့် စာရေးဆရာ ပါ ကလား ။

“ ကိုနေဝင်းမြင့် စကား ပြောပုံ က ဗျာ မှုန် နေတာပဲ ယောက်ျား ချင်း တောင် တွယ်တာ ချင် သလို ဖြစ် လာတယ် ”

ဒါက စာချစ်သူ တစ်ဦး ၏ သူ့ နှုတ်ဖျား မှာ အညှို့ ခံခဲ့ရ ပုံ ။

“ နောက် နှစ် စာရေးဆရာ နေဝင်းမြင့် ထပ် ခေါ်ရင် ငါ တစ်ယောက် တည်း တစ်သိန်း ထည့် မဟေ့ ”

ဒါက ဟင်္သာတ ဟောပြောပွဲ အပြီး မှာ အလှူရှင် အမျိုးသမီးကြီး တစ်ဦး ၏ ကြွေးကြော်သံ ။

မှန်ပါသည် ။ ဆရာ နန္ဒာသိန်းဇံ ၊ ဆရာ ချစ်ဦးညို ၊ ကိုနေဝင်းမြင့် နှင့် ကျွန်တော် တို့ တွဲ ဟောခဲ့ကြသည့် ထို နှစ် ဟင်္သာတ စာပေဟောပြောပွဲ မှာ ဝက်ဝက်ကွဲ အောင်မြင် ခဲ့သည့် ပွဲ ဖြစ်ပြီး အလှူငွေ သိန်း ဆယ်ဂဏန်း လောက် အထိ ဝင်သော ပွဲ ဖြစ်ရုံ မျှ မက စာရေးဆရာ မည်းမည်းကြီး ကို မြို့ က စွဲ သွားခဲ့သည့် ပွဲ လည်း ဖြစ် ပါသည် ။

°°°°°  °°°°°°°  °°°°°°

တကယ်တော့ ကိုနေဝင်းမြင့် က ဟင်္သာတနယ် နှင့် စိမ်းသူကြီး တော့ လည်း မဟုတ်ပါ ။ သူ သည် အရပ် မှာ ခဏတာ မြှုပ်နှံခဲ့ဖူးပါသည် ။

ဟင်္သာတ နှင့် မလှမ်းမကမ်း က ယုန်သလင်း ဆိုသည့် ရွာကလေး ။ သည် ရွာကလေး က မန်းဘခိုင် ရွာ ၊ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း နှင့် အတူ ကျဆုံးခဲ့ ရသည့် အာဇာနည် ခေါင်းဆောင် တစ်ဦး ဖြစ်သူ မန်းဘခိုင် ၏ ဇာတိ ယုန်သလင်း ။ သည် ရွာကလေး မှာ ကိုနေဝင်းမြင့် ခဏ လာ နေပြီး မန်းဘခိုင် အတ္ထုပ္ပတ္တိ ကို ပြုစုပြီး ခဲ့သည် မှာ ဆယ်စုနှစ် တစ်ခု စွန်း ရော့မည် ။ စာအုပ် တော့ ဖြစ် မလာသေး ။

“ အကြောင်း အမျိုးမျိုးတွေ ပေါ့ ကိုချို ရယ် ” သူ က ဟိုး ဝေးဝေး ကို ငေးရီ ၍ နေပြန်ပါသည် ။

ကိုနေဝင်းမြင့် က လူ နှင့် မလိုက်အောင် ခံစားတတ်သူ ဖြစ်ပြီး သူ့ စကားပြေ က လွမ်းစရာ ကောင်းသော စကားပြေ ဟု ကျွန်တော် ယူဆ သည် ။ တစ်ခါက လေလှိုင်း ထဲ က အမေးအဖြေခန်း တစ်ခု မှာ ဆရာမောင်သာနိုး ပြော သွားသော စကား တစ်ခွန်း မှာ တော်တော် အရေးကြီး ပါသည် ။

ဝတ္ထု ရေး သူ တို့သည် ဇာတ်လမ်း အချက်အလက် တွေ ကို သာ လျှောက် ရေး နေကြပြီး ဘာသာစကား ကို ဖွံ့ဖြိုး အောင် မလုပ်ကြ ဟူသော စကား ဖြစ် ပါ သည် ။

ကိုနေဝင်းမြင့် က တော့ ဘာသာစကား ကို ဖွံ့ဖြိုးအောင် ၊ စကားပြေ ကို လှအောင် ရေးသူ ဟု ကျွန်တော် က သဘော ရ ပါသည် ။ ကျွန်တော့် မှာ ကိုနေဝင်းမြင့် ၏ အက်ဆေး စာအုပ် ဖြစ်သော မြို့ပြပိုးမွှားများ အပိုင် ရှိ ပါသည် ။ ကျွန်တော့် မှာ အခုထိ အစ အဆုံး မဖတ် ဖြစ် ။ ရှေ့ဆုံး တစ်ပုဒ် ကို ပြန် ပြန် ဖတ်ရင်း မဝ သဖြင့် ရှေ့ ကို မတက် နိုင် ။ ကျွန်တော့် ကို ဖမ်းစား တာ က သူ့ အကြောင်းအရာ မဟုတ် ။ သူ့ စကားပြေ အဖွဲ့အနွဲ့ ၊ ညက်ပြီး မှုန် နေသော စကားပြေ က ရင် ထဲ ကို လျှောခနဲ လျှောခနဲ ဝင် လာသည် မှာ အမှန်ပဲ ဖြစ် ပါသည် ။

“ စာ ရေးတယ် ဆိုတာ အားထုတ် ရပါတယ် ကိုချို ရယ် ။ စာ တစ်ပုဒ် ကောင်း ၊ မကောင်း သုံးသပ်တဲ့ အခါ တစ်ခုခု ကို ထိုးနှက် လိုက်တာ နဲ့ စာ ကောင်း လို့ သတ်မှတ်တာ မျိုး ကို ကျွန်တော် တော့ သဘော မကျချင်ဘူး ။ အနုပညာ တန်ဖိုးတော့ လည်း ရှိဦး မှ ပေါ့ ကိုချို ရယ် ၊ မဟုတ်ဘူးလား ”

သည် အယူအဆ ကို တော့ ကျွန်တော် က လည်း သဘော မျှ ပါသည် ။ အနုပညာ ဆို ပါ မှတော့ လှဦးမှ ပေါ့ ။

“ နောက် စီစဉ်သူ ဆိုတာ ကို လည်း တချို့ ကျွန်တော် သဘော မကျချင်ဘူး ကိုချို ရဲ့ ၊ လက်လှမ်း မီ တဲ့ အပုဒ် ကောက် ထည့် လိုက်တာမျိုး တော့ မလုပ်သင့်ဘူး ပေါ့ ”

သူ့ အတွေးအမြင် ကို ကျွန်တော် သဘော တူ ပါသည် ။ ဆရာ မင်းသုဝဏ် ကဗျာ ကို ရွေးပြီ ဆိုမှတော့ သူ့မှာတမ်း ၊ ပျဉ်းမငုတ်တို ၊ ဖိုးမောင်လာပြီ ၊ သပြေညို ရွေးပေတော့ပေါ့ ။ ဆရာဇော်ဂျီ ကဗျာ ရွေးပြီ ဆိုလျှင် လည်း ပိတောက်ပန်း ၊ ဗေဒါလမ်း ရွေးပေတော့ပေါ့ ။ ဆရာဒဂုန်တာရာ မှ ဆိုလျှင် လည်း မတ်လတော်လှန်ရေး ၊ တဟီတီ သွားရအောင် ရွေးလေ ပေါ့ ။ သို့မဟုတ်ဘဲ ကိုယ် နဲ့ လက်လှမ်း မီ ရာ လွယ်ရာ ကို လက်ရွေးစင် ဟု ဆိုကာ ကောက်ကောက် ထည့် နေသည့် စီစဉ်သူတွေ ကို သူ တော်တော် စိတ်ပျက် နေ ပုံ ရ ပါသည် ။

°°°°°  °°°°°°  °°°°°°°

ကိုနေဝင်းမြင့် က ရေနံချောင်းသား ဖြစ် ပါသည် ။ သူ့ ကို ကျွန်တော် စ သိတော့ အင်းစိန် အုတ်စက်ရုံ က ဝန်ထမ်း ။ အင်းစိန် သည် ပဲ သူ့အိုး သူ့အိမ် ။ နောက်တော့ အလုပ် မှ ထွက်ကာ စာပေလောက ထဲ ခြေစုံပစ်  ဝင် လိုက်သည် ။ အထူးသဖြင့် ဓန တို့ ၊ မြန်မာ့ဓန တို့ ခေတ် ကောင်းစဉ် ကာလတွေ မှာ သူ က မျက်နှာဖုံးဆောင်းပါး ရေး သူ ။ အောင်မောင်း ဆိုသည် က သူ ၏ ထင်ရှားသော ကလောင် ခွဲ ။ ဝတ္ထုတို လက်ရာတွေ က လည်း အမြောက်အမြား ။

သူ့ ဝတ္ထုတိုတွေ က လေးနက်ရုံ မျှ မက အညာရနံ့ကလေး တွေ ပါ သင်းမွှေး နေတတ် ပါသည် ။ ဥပမာ - နက်စ်ကော်ဖီ ကို ကြည့် ၊ ရေအိမ် ကို ကြည့် ၊ သီပေါခင်ကြိုင် ကို ကြည့် ။

နောက်ပိုင်း ကျတော့ ကိုနေဝင်းမြင့် မန္တလေး မှာ အနေ စိပ် လာသည် ။ ကျွန်တော် မန္တလေး သို့ တက် သွားတိုင်း သူ့ ကို မန္တလေး က လက်ဖက်ရည်ဆိုင် တစ်ဆိုင် ဆိုင် မှာ တွေ့ရ တတ်သည် ။ မိန့်မိန့်ကြီး ထိုင်လို့ ။ လက် ထဲ မှာ ကက်ဆက်ခွေ နှစ်ခွေ လောက် နဲ့ Walkman ကက်ဆက် ပေါက်စကလေး တစ်လုံး နဲ့ ။ စီးကရက် တစ်ဘူး နဲ့ ။

“ ဟေ့ လူတွေ ၊ ကိုချို့ ရှေ့ မှာနော် ၊ တောင်တောင်အီအီတွေ မပြောကြနဲ့ ”

သူ က သည်လို ပြောတော့ မန္တလေးသား စာရေးဆရာတွေ က ပြုံး ကြသည် ။ ကိုသိုက်ထွန်းသက် ၊ ကိုဆူးငှက် ၊ ကိုငြိမ်း စသည် ။ နောက်တော့ သူ မန္တလေး မှာ အပြီးအပိုင် ခြေ ချ လိုက် ပါသည် ။

မကြာသေးသော အချိန်တွေ ထဲ မှာ တော့ သူ့ စာပေဆုရ ဝတ္ထုတိုပေါင်းချုပ် ဖြစ်သော အိမ်ကလေး ၁၆ လုံး ကို ကျွန်တော် ဖတ် ဖြစ်သည် ။ ဝတ္ထု အချို့ က ပရလောက ကို အခြေခံ ကာ ကျော စိမ့် အောင် ရေး ထားသော ဝတ္ထုတိုကလေး တွေ ဖြစ် ပါသည် ။ ကျွန်တော် က သူ နှင့် တွေ့စဉ် ချစ်စနိုး စ မိသည် ။

“ ကိုနေဝင်းမြင့် ၊ ခင်ဗျား သရဲလိုင်း ထဲ ကိုများ ဝင်ဦး မလို့လား ”

“ အယ် ... ကိုချို က လည်း လုပ် တော့မယ် ၊ ဝိညာဉ် လောက ကို ယုံကြည်သူ တွေ ရှိတယ် ကိုချို ရဲ့”

သူ က ကျစ်လျစ် နေအောင် ယာ ထားသည့် ကွမ်းယာကလေး ကို ပါးစပ် ထဲ ထိုး ထည့်ကာ ပုံ့ပုံ့ ကြီး ပြောနေ ပြန်ပါသည် ။

ဪ ... ခုတော့ ကဗျာဆရာ ကိုခိုင်မာ မရှိတော့ ။ ပန်းချီဆရာ ယဉ်မင်းပိုက် နှင့် ကိုစိုးမြင့်လတ် က လည်း တစ်လ နေလို့ တစ်ခါ မတွေ့ ။ တစ်ခါ တစ်ခါ ဆရာမောင်လင်းယုန် ( ရှမ်းပြည် ) နဲ့ ကိုတင်ဆင့် တို့ ကို တော့ တွေ့ရ တတ် သည် ။

သည်အခါတွေ မှာ ကိုနေဝင်းမြင့် နှင့် အတူ အင်းစိန် ကို ကျွန်တော် လွမ်း သွား မိသည် ။ ဪ ...  ရွှေတိဂုံဆံတော်ရှင် ခြေတော်ရင်း ဆီ ကနေ မဟာမုနိမြတ်စွာဘုရား ရှေ့တော် မှောက် သို့ ရောက် သွားသည့် စာရေးဆရာ ကို ကျွန်တော် က လွမ်းတ လိုက် ရ ပေသည် ။

◾ မောင်သာချို

📖 စတိုင်သစ်မဂ္ဂဇင်း
      ဇွန်လ ၊ ဩဂုတ်လ ၊ ၂၀၀၉ ။

#ကိုအောင်နိုင်ဦး

.

Tuesday, February 14, 2023

ကြူးနှစ်


 ❝ ကြူးနှစ် ❞


( ကန္တာရ စာမျက်နှာများ )


၁၉၉၇ ခုနှစ် ဆိုတော့ အခု ၂၀၀၉ ခုနှစ် က နေ ရေတွက် ကြည့်လိုက် သော အခါ ဆယ်စုနှစ် တစ်ခု ပင် စွန်းခဲ့ပြီ ။


တိတိကျကျ ရည်ညွှန်း ရ လျှင် ၁၉၉၇ ခုနှစ် ၊ နိုဝင်ဘာလ ဟေမန္တရက် တွေ ထဲ က တစ်ရက် ပင် ဖြစ်ပါသည် ။


အမေ လူထုဒေါ်အမာ ၏ မွေးနေ့ က နိုဝင်ဘာလ ၂၉ ဆို တော့ ထို နေ့ မတိုင်ခင် ၂၆ ၊ ၂၇ ၊ ၂၈ ရက် တစ်ရက် ရက် ပဲ ဖြစ်ပါ လိမ့်မည် ။ ရန်ကုန် ဘူတာကြီး ရှိ ကြိုတင်လက်မှတ် အရောင်းဌာန ကောင်တာ တစ်ခု ၏ အရှေ့ မှာ ပဲ ဖြစ်ပါသည် ။


“ ညီလေး ရေ ၊ ကိုယ် မန္တလေး လက်မှတ် တစ်စောင် လိုချင်သကွာ ” 


“ ဟုတ်ကဲ့ ၊ မှတ်ပုံတင် ပေးပါ ”


“ ကိုယ် က မှတ်ပုံတင် မရှိဘူးကွ ”


“ ဒါဆို ဘယ်လိုလုပ် ရောင်း မလဲဗျာ ”


“ ကူညီပါကွာ ၊ ကိုယ် က စာရေးဆရာ ပါ ”


“ ဘယ်သူလဲ ”


“ ကြူးနှစ် ”


တာဝန်ကျ လက်မှတ် အရောင်းသမားကလေး စိတ်ညစ်သွားပုံ ရသည် ။ ကြူးနှစ် ဆိုသော နာမည် ကို သူ ကြားဖူးပုံ မရ ။


လူဦးရေ သန်း ၆ဝ ရှိသည့် ကျွန်တော်တို့ နိုင်ငံ တွင် စာအုပ် ၁၀၀၀ ကုန် အောင် မနည်း ရောင်းနေရသည့် တကယ့် စာပေအနု ပညာရှင် တို့ ကို လူတိုင်း က မသိနိုင် သလို ၊ ကြူးနှစ် ဟူသည့် စာရေးဆရာ တစ်ယောက် ကို သည် လက်မှတ် အရောင်းသမားကလေး မသိခြင်း မှာ လည်း ဘာမျှ မဆန်းကြယ်လှပါ ။ သို့သော် သူ က စာရေးဆရာ ဆိုသော အလုပ် ကို တော့ တန်ဖိုး ထားပုံ ရသည် ။


“ အစ်ကို့ မှာ သက်သေခံ ကတ်ပြား တစ်ခုခု မပါဘူးလား ၊ စာရေး ဆရာကတ် ၊ ဝန်ထမ်းကတ် ၊ ကားလိုင်စင် ”


“ ဘာ ကတ် မှ မရှိဘူး ညီလေး ရာ ၊ ကိုယ် စာရေးဆရာ ကြူးနှစ်အစစ်ပါ ၊ ကူညီပါကွာ ”


လက်မှတ်ရောင်း က စာရေးဆရာ ကို ခဏ တွေ ကြည့် နေခဲ့ ကာ စာနာ သွား ပုံ ရသည် ။


“ ကဲ ... ဒီလိုလုပ် အစ်ကို ရယ် ၊ အစ်ကို က စာရေးဆရာကြူးနှစ် ဖြစ်ပါတယ် ဆိုတာ ကိုတော့ သက်သေ တစ်ခု ပြ ၊ ဒါဆို ... ကျွန်တော် ကူညီပြီး ရောင်း ပေးမယ် ”


ကိုကြူးနှစ် က ဖျတ်ခနဲ လင်းပွင့်သွားပုံ ရပါသည် ။ သူ့ ခါး မှာ ထိုး ထားသည့် ရနံ့သစ်မဂ္ဂဇင်း ကို ရုတ်တရက် ဆွဲယူ လိုက်ကာ စာမျက်နှာ တစ်ခု ရောက်အောင် ခပ်သွက်သွက် လှန်ပစ် လိုက်သည် ။ တိုက်တိုက်ဆိုင်ဆိုင် သူ့ ဝတ္ထုတို ကို သူ့ လိုင်စင် ဓာတ်ပုံကလေး နှင့် ယှဉ်တွဲ၍ ဖော်ပြထားသည့် မဂ္ဂဇင်း ။ အထူး အမှတ်တရ လ ။


“ ဟော ... ဒီမှာ ဒီမှာ ၊ ဟောဒါ ကိုယ် ... ဟောဒါ ကိုယ် ၊ ဒါ ... ကိုယ့် ပုံ ၊ ဒါက ကိုယ် ရေးတဲ့ စာ ”


ကိုကြူးနှစ် က မဂ္ဂဇင်း စာမျက်နှာ ပေါ်  က သူ့ ဓာတ်ပုံ ကို လက်ညှိုး ထိုး ပြ လိုက်၊ သူ့ ကိုယ် သူ ထိုး ပြလိုက်၊ ဝတ္ထုတို ကို ဖြန့် ပြ လိုက်နှင့် ရွှင်ပြီး ရင်း ရွှင်၍ နေတော့ ရာ လက်မှတ်ရောင်း က ကြူးနှစ် ဆိုတာ ကို လည်း ယုံကြည်၍ သွား ၊ ကရုဏာ လည်း သက်သွားပုံ ဖြင့် လက်မှတ် တစ်စောင် ရောင်း ပေး လိုက်သည် သာမက လမ်း မှာ ပါ အဆင်ပြေ အောင် ပြောပြ သွား ဖို့ လမ်းညွှန်လိုက်ပါ သေးသည် ။


ဪ ... ကိုကြူးနှစ် ကိုကြူးနှစ် .... ။


ရတနာပုံ မန္တလေးခေတ် က သတင်းစာဆရာကြီး ဦးရွှေကြူး နှင့် မြန်မာ့ အသံ က သတင်း ကြေညာခဲ့သူ ဒေါ်သန်းနှစ် တို့ ကို ကြိုက် သဖြင့် ကြူးနှစ် ဟူ သည့် အမည် ကို ခံယူခဲ့ပါသည် ဆိုသော စာရေးဆရာ ကိုကြူးနှစ် ။ လူ တစ်ယောက် လုံး တေ့တေ့ဆိုင်ဆိုင်ကြီး လာ တွေ့နေတာ မှတ်ပုံတင် စစ် နေရသေး သလား ဆိုသည့် ပန်းချီကျော် ပေါလ်ဂေါ်ဂင် နှင့် ဗင်းဆင့်ဗန်ဂိုး တို့ ကို ပင် သတိ ရ ချင်စရာ ကောင်းနေပါသေးတော့ ။


    •••••   •••••   •••••   •••••


စာရေးဆရာ ကိုကြူးနှစ် နှင့် ကျွန်တော် တို့ သိကျွမ်းခဲ့ကြသည် မှာ ကြာ ပါပြီ ။ သို့သော် ခရီး ဝေးဝေး သို့ တစ်ခါမှ အတူ မသွားဖြစ်ခဲ့ကြ ။ ထို ၁၉၉၇ ခုနှစ် တုန်း ကတော့ မန္တလေး ခရီးစဉ်ကို သွားကြဖို့ အကြောင်း ဖန် လာသည် ။


သူ က မန္တလေးစာဖတ်သူ အကြိုက် ဝတ္ထုတို ဆု ။ ကျွန်တော် က ဖျတ်ခနဲ တွေ့ရသည့် ကျွန်တော်တို့ ရှေ့ က ကြယ်တာရာများ ဆောင်းပါး ဆု ။ ဆု ၏ ဦးဆောင် ဦးရွက် ပုဂ္ဂိုလ် မှာ ထန်းရိပ်ညို ပန်းချီဆရာ ဦးမျိုးခင် ဖြစ်ပြီး အမေလူထု ဒေါ်အမာ ၏ မွေးနေ့ ၌ တောင်သမန် ၌ ပေးခြင်း ဖြစ်ရာ ကျွန်တော်တို့ ပူးကပ် သွား ကြသည် ။


“ အစ်ကို ၊ အစ်ကို ဆု ရတဲ့ ငွေ ကျွန်တော့် ကို ပေးထား ၊ ရန်ကုန် ရောက် မှ ပြန်ယူ ”


ကျွန်တော် က စိတ် ကို အထိန်းအကွပ် မရှိဘဲ နှင် လို ရာ နှင် တတ်သည့် သူ့ သဘာဝ ကို သိထား သဖြင့် အစ်ကို တစ်ယောက် လို စိတ် ပူပန် မိကာ ရန်ကုန် အပြန် ငွေကလေး ထုပ်ထုပ်ပိုက်ပိုက် ပါသွားစေ လိုသော စေတနာ ဖြင့် ပြောမိခဲ့ခြင်း ပင် ဖြစ်ပါသည် ။ သို့သော် သူ က လက်မခံ ။


“ နေပါဦး ၊ ကိုယ့် လူ က ကိုယ့် ဘဝ ကို စောင့်ရှောက် ထိန်းသိမ်း ရ အောင် ကိုယ့် လူ က ဘာလဲ ၊ ဘယ်သူက တာဝန် ပေးထားတာလဲ ၊ ပြောပါဦး မောင်သာချို ရဲ့ ”


စကား လည်း ထွေ ၊ တရား လည်း ထွေ ဖြစ်နေသည့် အစ်ကို့ ကို ကြည့်ကာ ကျွန်တော် စိတ်ညစ် သွား မိသည် ။


ကဲ ... ရှိပါစေတော့ ဟူသော သဘော ဖြင့် တောင်းပန် လိုက် ရသည် ။ ရန်ကုန် ပြန်တော့မည် ဟု လုပ်သောအခါ သူ့ လက် ထဲ မှာ ပိုက်ဆံ မရှိတော့ ။ မန္တလေး မှာ ထန်းရိပ်ညို ဦးမျိုးခင် က အနုပညာသမားတွေ အပေါ် တော်တော် လည်း စေတနာ ကြီး ၊ တော်တော်လည်း သံယောဇဉ် ထားပါသည် ။ ထို့ကြောင့် မန္တလေး ရောက် စာရေးဆရာကြူးနှစ် ကို ညစာ ဖြင့် ဧည့်ခံ လို ကြောင်း ၊ ကြူးနှစ် ၏ ဝတ္ထုတိုများ ကို ထုတ်ဝေရန် အတွက် စာမူခ စကား ပြောကာ ပေးလိုက် လို ကြောင်း တို့ ကို လည်း ပြော လာရာ ကျွန်တော် က ကြား မှ နေ၍ ချိန်းဆို ပေး ရပါသည် ။


ကျုံး တောင်ဘက် ၂၆ လမ်း ပေါ် က ဦးမျိုးခင် ပိုင် Date စားသောက်ဆိုင် ခြံကြီး ထဲ သို့ ညနေ ခြောက်နာရီ မှာ လာခဲ့ ဖို့ ။


ထိုနေ့ က မနက် ခုနစ်နာရီ ရှစ်နာရီ လောက် ပဲ ရှိသေး အစ်ကိုကြူးနှစ် တစ်ယောက် ပေါက်ချ လာ ပါသည် ။ လူ က လည်း တော်တော့် ကို “ စွေ ” လို့ ။


ကျွန်တော် က မနက်ခင်း လက်ဖက်ရည် သောက်ဖို့ ရောက် နေသူ ဖြစ်ရာ ၊ ဦးမျိုးခင် က လည်း အထဲ တွင် အလုပ် လုပ် နေဆဲ ဖြစ်၍ ခြံ ထဲ က သစ်ပင်ရိပ် ကောင်းကောင်း မှာ ထိုင် နေချိန် သူ ရောက်ရှိလာခြင်း ကို အံ့သြ၍ သွား မိ သည် ။


“ ချိန်းထားလို့ လာတာကွ မောင်သာချို ရ ”


“ အစ်ကို၊ ကျွန်တော် တို့ ချိန်းတာ ညနေ ခြောက်နာရီ မဟုတ်လား ” 


“ အေးလေ ကွာ၊ ကိုယ် လာချင်တဲ့ အချိန် လာမှာ ပေါ့ ၊ ဘာလဲ မောင်ရင် တို့ သတ်မှတ်တဲ့ အချိန် လာရမှာ လား၊ ဒီမယ် ... ကိုယ့် လူ ” 


ဤသို့ဖြင့် ကိုကြူးနှစ် က ရက်စက်သော စကားတွေ ကို ဆက် ပြောနေ ပါတော့သည် ။


အဓိက က တော့ ပြည့်စုံကြွယ်ဝသူ တွေ ချိန်းဆို သည့် အချိန် အတိုင်း မလာနိုင်ကြောင်း ၊ မိမိ လာချင်သည့် အချိန် လာမည် သာ ဖြစ်ကြောင်း စသည် ။ အကျိုး ဆက် က တော့ ညနေ စီစဉ် ထား သည့် ပွဲ ပျက်သွား ပါသည် ။ 


ဦးမျိုးခင် က အခု စိတ် ရှိလို့ အခု လာတယ် ဆိုရင် လည်း သူ့ ကို ရမ်တစ်လုံး လက်ဆောင် ပေးလိုက်ပါ ဟု သူ့ ဆိုင် ထဲ က တစ်ယောက် ကို ခိုင်း လိုက်ကာ ညနေ ပွဲ ကို ပါ ဖျက် လိုက်ပါသည် ။ အပြင်ဘက် ကို လည်း ထွက် မလာပါလေတော့ ။


ဪ .. ကိုကြူးနှစ် ။


စိတ် ဆောင်ရာ ကို ကိုယ်ခန္ဓာ က လိုက်ပါဖို့ ဘယ်တော့ မှ နောက် မတွန့်တတ် တဲ့ လူ တစ်ယောက် ။ ကျုံးဘေး က လမ်း ပေါ် မှာ တစ်ယောက် တည်း လွင့် လို့ ။


     •••••   •••••   •••••   •••••


တစ်ခါတုန်းက ရန်ကုန်မြို့ လမ်းဘေး လက်ဖက်ရည်ဆိုင်ကလေး တစ်ဆိုင် မှာ ကျွန်တော် နှင့် ကိုကြူးနှစ် တို့ ဆုံဖြစ် ပါသည် ။ အင်္ကျီတွေ ၊ ပုဆိုးတွေ က ထုံးစံအတိုင်း နွမ်းညစ် လို့ ။ အပေါက်ကလေး တွေ ၊ အပြဲကလေးတွေ နှင့် ။ မီးပူတွေ ဘာတွေ တိုက်ကာ ဆန့်ဆန့်ပြန့်ပြန့် ရှိဖို့ ဆိုတာ က အဝေးကြီး ။


အသား က ဖြူစပ်စပ် ။ မုတ်ဆိတ်မွေး ၊ ပါးမြိုင်းမွေး ၊ နှုတ်ခမ်းမွေး တွေ က အဖြူ တစ်ဝက်၊ အနက် တစ်ဝက် ။ ကျွန်တော် နှင့် ထိတွေ့ ဆက်စပ်သမျှ မှာ ရွှေငွေ ဝတ်ဖို့ နေနေသာသာ နာရီကလေး သော် မှ သူ မပတ် ။ ယမကာနံ့ကလေး က သင်းတပျံ့ပျံ့ ။


“ ကိုယ်တို့ က တော့ Creation ပဲ မောင်သာချို ရဲ့၊ Creation ပဲ ၊ ပြီးတော့ feeling ပေါ့ ၊ ခံစားတဲ့ အတိုင်းပဲ ။

တစ်ခါပေါ့ လ က သာ လို့၊ ကိုယ် သစ်ပင်ရိပ်ကလေး မှာ ထိုင် နေတာ၊ ကိုယ့် အမျိုးသမီးကွာ အစ်ကို ရယ် ... အလုပ် လုပ် ပါ ၊ စာ များများ ရေးပါ တဲ့ ၊ သူ က စာ ရေးတာ ကို ကုန် ပြေး ထမ်းတာမျိုး ထင် နေလား မသိဘူး ၊ စိတ် ထဲ ထောင်းခနဲ ဖြစ် သွားတယ် ၊ အုတ်ခဲ ကောက် ကိုင်ပြီး ဆံပင်ဆွဲ နဖူး ကို ထု ထည့်လိုက်တယ် ၊ မှတ်ကွာ ”


ရီဝေဝေ ကြားက လျှံကျ လာသည့် သူ့ စကား ကို နားထောင်ရင်း သူ့ ခံစား မှု ကို ကျွန်တော် အလန့်တကြား ဖြစ်မိသည် ။


“ အဆင်မပြေခဲ့ဘူး မောင်သာချို ရယ် ၊ မှတ်မိသေးတယ်၊ ဝတ္ထုတို တစ်ပုဒ် စာမူခ သွား ထုတ်တာ ၊ စာမူခငွေ ၂၀၀ ပေါ့ ၊ သည်တုန်းက မပေးချင် ပေးချင်နဲ့ ရော့ဗျာ တဲ့ ငွေ ၂၀၀ ”


သူ က ရုပ်ရှင်မဂ္ဂဇင်း တစ်စောင် နှင့် အယ်ဒီတာ ၏ အမည်ကို ပြောကာ သွေ့သွေ့ခြောက်ခြောက်ကြီး ရယ်ပါသည် ။


“ ဆင်းရဲလိုက်တာ ၊ ဧည့်သည် လာ လို့ ခြင်ထောင် အပို မရှိ ၊ စောင် အပို မရှိ ၊ ဧည့်သည် ကို လည်း ကိုယ်တို့ လင်မယား နဲ့ အတူ အိပ် ပဲ ၊ နောက်တော့ ရုပ်ပြတွေ ရေး ပေါ့၊ အောက်ဈေး နဲ့ပေါ့ကွာ၊ ငွေရှင်တရုတ် က ဗီဒီယိုအခွေ ၂၀ ပေးတယ် ၊ ကြည့် ဖို့ ၊ ဗမာဇာတ်လမ်း ပြန် လုပ်ဖို့၊ ကိုယ် ပြောလိုက်တယ် ။ အခွေ ၆ဝ ကျုပ် ကြည့်ပြီးသား လို့ ။


ဒါနဲ့ နိုင်ငံခြားဇာတ်လမ်းတွေ တောင်စပ် မြောက်စပ် လျှောက် လုပ်ပြီး ရုပ်ပြဇာတ်လမ်းတွေ ရေးတာ အဆင်ပြေတယ် မောင်သာချို ရဲ့၊ Creation တော့ ကျ သွား တာပေါ့ ၊ ဟားဟားဟား ....”


ကန္တာရ ဆန်လွန်းစွာဖြင့် သွေ့ခြောက်စွာ ရယ်မော နေသော ဝတ္ထုတို ဆရာကြူးနှစ် ကို ကြည့်ကာ ကျွန်တော့် စိတ် ထဲ မှာ စူး နေမိသည် ။


သူ့ ဘဝ က ခါးသီးသည့် အခြမ်း ၊ အမှောင်ခြမ်း ပို များ နေလို့ များ သူ့ ဝတ္ထုတွေ က ခက်ထန်ကြမ်းရှ နေလေရော့သလား ဟု စဉ်းစားချင် စရာ ဖြစ်ပါ သည် ။


“ ကိုယ် ရေးသမျှ က အမှောင်ခြမ်း က အနိဋ္ဌာရုံပေါ့ ။ ဟား ဟား ... ” 


ဒါကတော့ တစ်ခါက စားသောက်ဆိုင်ကလေး တစ်ခု ထဲ မှာ နှစ်ယောက် တည်း ဆုံခိုက် သူ့ ဝတ္ထုတိုများ နှင့် ပတ်သက်သည့် ကိုကြူးနှစ် ၏ ဖြောင့်ချက် ပဲ ဖြစ်ပါသည် ။


မှန်ပါသည် ၊ ကိုကြူးနှစ် ၏ ဝတ္ထုတိုတွေ က အနုပညာကောင်း သလောက် ဝတ္ထု ထဲ က ဘဝတွေ က မလှ ။ ဒဏ်ရာဒဏ်ချက်တွေ ၊ အမာရွတ်ကြီး တွေ ၊ အညိုအမည်းတွေ ၊ အရောင်အကိုင်းတွေ နဲ့ ။


     •••••   •••••   •••••   •••••


သည် တစ်ခေါက် က ကိုကြူးနှစ် ကို ကျွန်တော် တွေ့ခဲ့တာ က မဂ္ဂဇင်း တိုက်ကလေး တစ်ခု တွင်း မှာ ဖြစ်ပါသည် ။ သည် မဂ္ဂဇင်းတိုက် က မဂ္ဂဇင်းစာစောင် အပြင် ဂျာနယ် နှစ်စောင် သုံးစောင် ကို ပါ ထုတ်ဝေနေသည့် တိုက် ဖြစ်ပြီး တွေ့နေမြင်နေ ကျ မဂ္ဂဇင်းတိုက်များ နှင့် မတူ အထိုက်အလျောက် ခမ်းနားထည်ဝါ ကာ လွတ်လပ်ကျယ်ပြန့်လှသည့် မဂ္ဂဇင်းတိုက် လည်း ဖြစ်ပါသည် ။


မှန်တံခါး ပွင့်သွားတော့ အနံ့ က ဦးစွာ ဝင် လာသည် ။ အနံ့ နောက် မှာ ကပ်လျက် ပါလာ သူ က ကျွန်တော်တို့ ၏ စာရေးဆရာ ကြူးနှစ် ။


ပုဆိုးညစ်ညစ် က အပေါက်အပြဲတွေ နှင့် ။ အင်္ကျီလက်တို က စုတ်တိ စုတ်ဖွာ ။ နှုတ်ခမ်းမွေး ၊ မုတ်ဆိတ်မွေးတွေ က လည်း ဗရပျစ် ။ အဖြူ တွေ ရော ၊ အနက် တွေ ပါ ။


လက် ထဲ မှာ က ဘာတွေ ထည့် ထားမှန်း မသိသည့် ပီနံအိတ် တစ်လုံး ကို ကိုင်လျက် ။


“ ဟေး ... ကိုရင်သာချို ၊ ကြူးနှစ် ကို ထောက်ပံ့ဦး ဟ ” 


သူ က ပြောပြောဆိုဆို ဆက်တီ မှာ ဝင် ထိုင်သည် ။ မျက်လုံးတွေ က ရီရီဝေဝေ ။ ကျွန်တော် နှင့် အတူ မဂ္ဂဇင်းအယ်ဒီတာ သာ မက ဧည့်သည် ဦးပဉ္စင်း တစ်ပါး က ပါ ကြူးနှစ် အရေးပေါ်ရန်ပုံငွေ ထည့်ဝင် လိုက်ရာ ငွေ လေးငါး ခြောက်ထောင် လောက် ဖြစ် သွားသည် ။


ကျွန်တော် က မတွေ့ရတာ ကြာပြီ ဖြစ်သော ကိုကြူးနှစ် ကို ခပ်ဆာဆာ ဖြစ်လာသည် နှင့် တစ်နေရာ ရာ မှာ ထိုင်ကြဖို့ စကား စ လိုက်ရာ သူ က လည်း အဆင်သင့် ။


“ တစ်ခုတော့ ရှိတယ် အစ်ကို ၊ အတိုင်းအတာတော့ ရှိရမယ်၊ တစ်ခွက် နှစ်ခွက် ပဲ၊ လွန် ရင်တော့ ကျွန်တော် ထ ပြန် မှာ ၊ အစ်ကို စိတ်မဆိုး နဲ့ ” 


သည်တော့ လည်း အေးပါဟ အေးပါဟ နှင့် ဆိုကာ ကျွန်တော့် လက် ကို လှမ်း ဆွဲသည် ။


သူ က ဆိုင် ထဲ သို့ ရောက်သည် နှင့် အစားအသောက် မကျင်လည် သေး သော ကလေးတစ်ယောက် လို ယမကာခွက် ကို မော့ချ နေခဲ့ရာ တော်တော် များများ က လျှံကျ လာပြီး မေးစေ့တွေ အင်္ကျီရင်ဘတ်တွေ အကုန်လုံး ရွှဲစို ကုန် သည် ။ ပြီးတော့ စီးကရက်ငွေ့ တွေ ကို အဆုတ် ထဲ သို့ ရှိုက်ရှိုက် သွင်း နေ ပြန် ပါသည် ။


ကျွန်တော် က သူ့ လက်နှစ်ချောင်း ပေါ် က ရှုပ်ပွနေသော ဆေးမင်ကြောင် စာတန်းတွေ ကို လျှောက်ဖတ် နေမိသည် ။ Nature , earth and me တို့ က တစ်ကြောင်းစီ ။ သဘာဝတရား၊ ကမ္ဘာမြေ နဲ့ ငါ တဲ့ ။


I found နှင့် know theyself က လည်း တစ်ကြောင်း စီ ။ ငါ တွေ့ရှိတယ် နှင့် ကိုယ့် ကိုယ် ကိုယ် သိ ။


I see the men as trees , walking ဆိုသည့် ဝါကျ က တစ်ကြောင်း ။ လူတွေ ကို လမ်းလျှောက်နေသည့် သစ်ပင်တွေနှယ် မြင်သည် ဆိုသော ဝါကျ ။ 


Doom ဟူသည့် စာလုံး က တစ်ကြောင်း ။ ဂြိုဟ်ဆိုး ဟူသည့် စကားလုံး ။


နောက်တစ်တန်းမှာက D & L တဲ့ ။ ကျွန်တော် က ဘာ အဓိပ္ပာယ်လဲ ဟု မေးရသည် ။


သူ က Death & Love တဲ့ ။


နောက်တစ်နေရာ ၌ မူ Love & Life ဟူသော စာလုံးနှစ်လုံး ကြား ၌ အုန်းသီးပုံ လိုလို တွေ့၍ ကျွန်တော် က မေးရာ ...


“ အုန်းသီး မဟုတ်ဘူးကွ ၊ အသည်း အသည်း ၊ ထိုးတဲ့ ကောင် သောက် သုံးမကျလို့ ဖြစ်ရတာ ” ဟုရှင်းပြရင်း ဆဲနေပြန်ပါသည် ။ 


နောက် တစ်ကြောင်း ကို တော့ ကျွန်တော် လုံးဝ နားမလည် ။ Crape Diem တဲ့ ။


“ ပြင်သစ် လို ထိုးထားတာဟ ၊ enjoy today ဆိုတဲ့ အဓိပ္ပာယ်၊ ယနေ့ ပျော်ရွှင် ” ပေါ့ ဟု သူက ရှင်းပြသည် ။


နောက် လက်တစ်ဖက် က လည်း ဒီအတိုင်း အင်္ဂလိပ်စာလုံးတွေ ပေပွ လို့ ။ Save our soul ၏ အတိုကောက် SOS ကို လည်း တွေ့ရသည် ။ ငါ စဉ်းစားတယ်၊ ဒါကြောင့် ငါ ရှိတယ် ဆိုသော ဒေးကား ( Rene Desecartes ) ၏ I thank so I am ဆိုသော စာတန်း ကို လည်း therefore နေရာ တွင် so ထည့် လျက် ထိုးထားသည် ။ နောက် တစ်ကြောင်း က out of universe တဲ့ ။ စကြဝဠာ အပ ပေါ့ ။


Myself , Goutama , Jesus , Mohammed , Ma^x ဆိုသော စကားလုံး တွေ ကိုလည်း တစ်တန်းစီ ထိုး ထားသည် ။ ငါကိုယ်တိုင်၊ ဂေါတမ၊ ခရစ်တော်၊ မိုဟာမက်၊ ကားလ်မာ့က်စ် စကားလုံးများ ။


နောက် စာနှစ်ကြောင်း က မူ Life is short နှင့် Arts is long ၊ ဘဝ က တိုတောင်း ၊ အနုပညာ က ရှည်လျား ဆိုလား ၊ John Harrison ဟူသည့် အမည် ကို လည်း ဘာကြောင့် ထိုးထားသလဲ ကျွန်တော် မသိ ။


“ အင်္ဂလိပ်လက်သမားဆရာ ကွ ၊ နင် ကလည်း နာရီတွေ ကို အချိန် မှန် အောင် လုပ်တဲ့ လူ လေ ကွာ ”


ကျွန်တော် တို့ ၏ စာရေးဆရာ ကား တဟားဟား ရယ်ရင်း မော့ ချ လိုက် ပြန် ရာ ပါးစပ် မှ လျှံထွက် လာသော ယမကာတွေ က မေးစေ့၊ လည်ပင်း၊ ရင်ဘတ် တစ်ခုလုံး ကို စိုရွှဲ၍ သွားပြန်ပါသည် ။


သည်တုန်းက ကိုကြူးနှစ် အပါး တွင် လူငယ်ဒါရိုက်တာ တစ်ယောက် ရှိ နေရာ သူ က မရွံမရှာ စာရေးဆရာ ၏ မေးစေ့ အောက် ၌ ရေစင်ကြီးတွေ က ရေလျှံကျ သလို လျှံကျ လာသော အရက်တွေ ကို လက်ခုပ် နှင့် ခံထား ပေးသည် ။  


“ ဆရာ ရယ်၊ ဆရာ့ စာတွေ ကို ကြိုက်လွန်းလို့ပါ ၊ အသက် ... အသက် ကို ရှည်အောင် မွေးဖို့ တောင်းပန်ပါရစေဗျာ၊ စာ မရေးနိုင်မှာ ကြောက်လို့ပါ ၊ ညီ တစ်ယောက်လို တောင်းပန်နေတာပါ ”


“ ဘာကွ ”


ကိုကြူးနှစ် က လူငယ်ဒါရိုက်တာလေး ကို ခပ်ထန်ထန်ပဲ ဟောက် နေ ပြန် ပါသည် ။


“ မောင်ရင် က ဆရာ လာ လုပ် နေရအောင် ဘာကောင်လဲ ကွ ။ ဟေ့ ... ဗလာစာအုပ် နဲ့ ဘောလ်ပင်တစ်ချောင်း မင်း အခု သွား ဝယ်စမ်း ။ ဒီမယ် ... ကြူးနှစ် စာ တစ်ပုဒ် ချက်ချင်း ရေးပြ လိုက်မယ် ၊ ဟား ... ဟား ... ဟား ... ” 


ယမကာ ကို စွပ်ခနဲ မော့ချ လိုက်ပြန်ပါ၏ ။


ပယင်းရောင် ယစ်ရွှေရည်တွေ က လည်း ရေစင်ပေါ် က ရေတွေ လျှံကျ လာ သလို သူ့ ရင်ဘတ် ပေါ် လျှံကျ လာပြန်ပါ၏ ။ ဒါရိုက်တာကလေး က လည်း သူ့ မေးစေ့ အောက် က နေ လက်ခုပ် နှင့် ခံထား ပြန်ပါ၏ ။


“ စကားပြေ ဆိုတာ ညက်ပြီး လှနေရတယ် ကွ ၊ ဟေ့ - ကိုသာချို၊ မောင်ရင် ဦးသြဘာသ ကို ကြိုက်သလား ”


ကျွန်တော် က ကြိုက်ကြောင်း ဝန်ခံ တော့ သူ က အားရပါးရ ပြုံးသည် ။ 


“ မင်းဘူးဆရာတော် ဦးဩဘာသ ရဲ့ ဝေဿန္တရာစကားပြေ ကို မကြိုက်တဲ့ စာရေးဆရာ ဟာ အလကား ကွ ”


ပွင့်ပွင့်လင်းလင်း ပြောရလျှင် ကိုကြူးနှစ် ကို ကျွန်တော် အထင်ကြီး သွား မိသည် ။ မြန်မာစကားပြေ အလှအပ ကို သူ ဖမ်းမိသားပဲ ဟူ သည့် ကောက်ချက် ကို လည်း ချလိုက် မိသည် ။ ဒါကြောင့်များ သူ့ စကားပြေတွေ က ညက်နေလေ ရော့ သလား ။


     •••••   •••••   •••••   •••••


ကိုကြူးနှစ် တွင် လုံးချင်းစာအုပ် အရေအတွက် ကတော့ တော်တော့် ကို နည်း ပါ သေးသည် ။ ကြူးနှစ်ဝတ္ထုတို အချို့အဝက် ၊ လှေတစ်စင်း မြင်းတစ်ကောင် စသည်တို့ က ဝတ္ထုတိုစုစည်းမှုများ ။ သိုက်စောင့် က တော့ ဝတ္ထုလတ် ။ သူ့ လက်ရာတွေ အကုန်လုံး က အနိဋ္ဌာရုံတွေ ချည်း ။


“ အမှောင် ... အမှောင်... ကိုယ် က လောက ရဲ့ အမှောင်ခြမ်းတွေ ကို ရေးခြစ် နေတာ ကွ ”


ဒါကတော့ သူ့ ကိုယ် သူ ပြန်လည် သုံးသပ်မှု ။


မှန်ပါသည် ။ သူ့ စာရေးကွက် က ဂေါ်ဂီ ဆန်ပါသည် ။ ပြီးတော့ ဗင်းဆင့် ဗန်ဂိုး လည်း ဆန်ပါသည် ။


သနပ်ခါး ဘဲကျား လိမ်း လို့ ရွှေသွားပေါ်အောင်ပြုံးတယ် ဆိုသော ဝတ္ထုတို က ဆင်ခြေဖုံးရပ်ကွက်လေး ထဲ က အရက်ပုန်းဆိုင်ကလေး ကို ဖွဲ့ထားခြင်း ဖြစ်သည် ။ မျက်မမြင် ဆွံ့အ သက်သေများ ဝတ္ထုတို က ဖ - ဆ - ပ - လ ခေတ် ရောင်စုံသူပုန် ကာလ ရန်ကုန် ရောက် စစ်ပြေးတို့ ၏ ဘဝ ကို ဖွဲ့ထားသော ဝတ္ထုတို ။


သိုက်စောင့် က ကျတော့ ကိုယ်ရေပြားရောဂါသည် တစ်ယောက် ၏ ဘဝ ။ စုတ်ပြတ်သတ် နေသည့် ဘဝတွေ ။ ညှီစို့စို့ အနံ့အသက်တွေ ။ အရိအရွဲတွေ ။


ကျွန်တော်တို့ ၏ စာရေးဆရာ ကိုယ်တိုင် ကလည်း တစ်ခါတစ်ခါ က လွဲလျှင် ဘယ်တုန်း က မှ လင်းလင်းဝင်းဝင်း မရှိ ။


တစ်ခါကတော့ သင်္ကန်းဝတ်ကြီး နှင့် ကြည်လင်ဝင်းပစွာ ဖြင့် လေထန်ကုန်း မှာ ထိုင် နေရာ ကျွန်တော် က အအေး ကပ် ရသည် ။ နောက်တစ်ခါ ကျ ပြန် တော့ အင်္ကျီဖြူဆွတ်ဆွတ် ကို ဝတ်ကာ သန့်ပြန့်လို့  ၊ အရက် မသောက် ဘာ မသောက် ။


တစ်ခါတွင် ကား တီရှပ်အသစ် နှင့် ။ တမင် ထောင်ထားသော ဆံပင် နှင့် ။ အချိန် အများစုတွေ မှာ က တော့ ဘဝ ကို မျှော ၍ ထားမြဲ ။


“ ကိုယ် က အခု သားလေး တစ်ယောက် နဲ့ အတူနေတယ် ကွာ ” ဟု ဆိုကာ အခု တစ်လော ပျောက်နေပြန်သော စာရေးဆရာ ကို မိတ်ဖွဲ့လိုသူ အချို့ ရှိကြပါသည် ။


သို့သော် လူရင်းတွေ က သူ့ကို မိတ်မဆက်ပေးရဲကြ ။ စာပဲ ဖတ်ကြ ပါဗျာ ... စာပဲ ဖတ်ကြပါဗျာ နှင့် နှစ်သိမ့်ကြ ရသည် ။ ကိုကြူးနှစ် စိတ် ထဲ ထင်လျှင် ထင်သလို ဆက်ဆံ ပစ် လိုက်မှာ ကို စိုးရိမ်ကြလို့ ဟု ကျွန်တော် ထင်ပါ

သည် ။


သည်လို စိတ် ထဲ ရှိသည့် အတိုင်း နေပစ်လိုက်တာ က ပဲ သူ့ အနုပညာ ကို ပိုမို တောက်ပြောင် နေစေရော့ သလား မပြောတတ်နိုင်ပါလေတော့ ။


◾ မောင်သာချို


📖 စတိုင်သစ်မဂ္ဂဇင်း

      စက်တင်ဘာလ၊      

      အောက်တိုဘာလ၊ ၂၀၀၉ ။


#ကိုအောင်နိုင်ဦး


.

Friday, February 10, 2023

ကိုတာ


 

❝ ကိုတာ❞

( ဆင်စွယ်နန်းတော် တံခါး အဝ က စာရေးဆရာ တစ်ယောက် )

ကဗျာဆရာကြီး ဆရာဇော်ဂျီ က သင် သေသွားသော် ဆိုသော ကဗျာ ကို ဖွဲ့ခဲ့ပါသည် ။ ထို ကဗျာ ကို ၁၉၃၅ ခုနှစ် ၊ ဒီဇင်ဘာလ တွင် ထုတ်ဝေခဲ့သော အိုးဝေမဂ္ဂဇင်း ထဲ တွင် စတင် ဖော်ပြခဲ့ပြီး ကျွန်တော် တို့ အလယ်တန်းကျောင်းသား ဘဝ က ကျောင်းသင်ခန်းစာ တစ်ပုဒ် အဖြစ် ကျက်မှတ်ခဲ့ကြရသည် ။ အခု သည် ကဗျာ ကို တက္ကသိုလ်ဝင်တန်း ကဗျာသင်ရိုး ထဲ မှာ ထည့်သွင်း ပြဋ္ဌာန်းထားခဲ့ ပြန်ပါသည် ။

၂၆ - ၉ - ၉ဝ ၌ ဆရာဇော်ဂျီ ကွယ်လွန်ပြီး ၂၈ - ၉ - ၉၀ ၌ ဈာပနပွဲ ကျင်းပသော အခါ ထို ပွဲ တွင် ကမ်းသော ယပ်တောင် ၌ သင်သေသွားသော် ကဗျာ ကို ရိုက်နှိပ်ထားခဲ့သည် ။

ကဗျာ အပြည့်အစုံ က ဤသို့ ဖြစ်ပါသည် ။

◾  သင်သေသွားသော်

ဪ လူ့ပြည်လောက ၊ လူ့ဘဝကား
အိုရ နာရ ၊ သေရဦးမည်
မှန်ပေသည်တည့် ။
သို့တပြီးကား ၊ သင်သေသွားသော်
သင်ဖွားသောမြေ ၊ သင်တို့မြေသည်
အခြေတိုးမြှင့် ၊ ကျန်ကောင်းသင့်၏ ။
သင်၏မျိုးသား ၊ စာစကားလည်း
ကြီးပွားတက်မြင့် ၊ ကျန်ကောင်းသင့်၏ ။
သင်ဦးချ၍ ၊ အမျှဝေရာ
စေတီသာနှင့် ၊ သစ္စာအရောင်
ဉာဏ်တန်ဆောင်လည်း
ပြောင်လျက်ဝင်းလျက် ကျန်စေသတည်း ။

ထို သင်သေသွားသော် ကဗျာ ထဲ က သင်၏မျိုးသား စာစကားလည်း ၊ ကြီးပွားတက်မြင့် ကျန်ကောင်းသင့်၏ ဆိုသော အဖွဲ့က ကိုယ့် လူမျိုး ထွန်းကား အောင် လုပ်လိုသော ကိစ္စ အတွက် တော်တော့် ကို အရေး ပါ ပါသည် ။ ကျွန်တော် တို့ ၏ စာပေ ၊ ကျွန်တော် တို့ ၏ စကား ဖွံ့ထွားအောင် လုပ်ဆောင်ကြသော လုပ်ငန်း တွင် ကဗျာဆရာ ၊ စာရေးဆရာများ ၊ ဘာသာရပ်စာပေပညာရှင်များ နှင့် အတူ စာအုပ်တိုက်တွေ က လည်း တစ်ခန်း တစ်ကဏ္ဍ က ပါဝင်ခဲ့ကြသည် မှာ ငြင်းမရ သော အချက် ဖြစ်ပါသည် ။

တစ်ချိန်က စာအုပ်တိုက် တချို့ကို ကျွန်တော် အမှတ်ရ နေမိတာ ရှိပါ သည် ။ ပုဂံ ၊ နံ့သာ ၊ သစ္စာ ၊ နှလုံးလှ ၊ ဟံသာဝတီ ၊ သင့် စသည် စသည် ။ သည် စာအုပ်တိုက်ကြီးများ က ထုတ်ဝေသော စာအုပ်ပေါင်း များစွာ ကို ဖတ်ကာ ကျွန်တော်တို့ လူလား မြောက်ခဲ့ကြရသည် ။ ဆူလွယ်နပ်လွယ် စာအုပ်များ ၊ အပေါစား အပျော်ဖတ် စာအုပ်များ ကို ထို စာအုပ်တိုက်ကြီးတွေ က ဘယ်တော့မှ မထုတ်ဝေခဲ့ ။

အခု ထို စာအုပ်တိုက်ကြီးများ ၏ နေရာ ကို စာအုပ်တိုက် အသစ် အသစ် တွေ က ဝင်ရောက် လာခဲ့ကြသည် ။

ရာပြည့် ၊ မုံရွေး ၊ စိတ်ကူးချိုချို ၊ စာအုပ်ဈေး ၊ Unity Quality သီဟ ရတနာ စသည် စသည်များ ။ အင် နှင့် အား နှင့် ထုတ်ဝေ နေသော စာအုပ် တိုက်ကြီးများ ဖြစ်ကြပေရာ ကျွန်တော်တို့ အတွက် ဖတ်စရာ အသစ်တွေ ကို တစ်ပုံတစ်ပင် ပေးလာ ပါသည် ။

သည် အထဲမှာ မုံရွေး စာအုပ်တိုက် ကို ပဲ့ကိုင် ထား သူ က ကိုတာ ။ သူ က ထုတ်ဝေသူ မည်ကာမတ္တ မဟုတ် ။ စာ လည်း ရေးသူ ၊ သို့မဟုတ် စာရေးဆရာ ။ အရိုး အထူးကု ဆရာဝန် ဒေါက်တာ သန့်လွင်မောင် ။ သူ က မုံရွေး မှာ မွေးပြီး မုံရွေး အပေါ် သံယောဇဉ် တော်တော် ကြီးသူ ဖြစ်ရာ သူ့ စာအုပ်တိုက် ကို မုံရွေး ဟု အမည် ပေးလိုက်သည် မှာ သိပ်တော့ မဆန်းကြယ်လှ ။

ထို ကိုတာ နှင့် ကျွန်တော် တို့ ထိတွေ့ဆက်စပ် မိခဲ့ကြသည် မှာ အခု ဆို ဆယ်စုနှစ် တစ်ခု ပင် စွန်း လုပြီ ။

     •••••   •••••   •••••   •••••

ဆရာကိုတာ့ ကို ကျွန်တော် စ တွေ့ဖူးသည်မှာ ၁၉၉၇ ခုနှစ် ၊ ဒါမှမဟုတ် ၁၉၉၈ ခုနှစ် တစ်နှစ် နှစ် ဖြစ်မည် ။ ထို နှစ်များ အတွင်းက သမီးဖတ်ဖို့ ဆောင်းပါး များ ကို ကျွန်တော် အမြောက်အမြား ရေးဖြစ် ခဲ့ရာ ထို ဆောင်းပါးများ ကို ရည်ညွှန်းလျက် ဖြူး မိတ်ဆွေများ စာကြည့်အသင်း က ကျွန်တော့် အား ဆု ပေး ပါသည် ။

ထို ဆုပေးပွဲ ကို ထိုစဉ်က ရန်ကုန်တိရစ္ဆာန်ဥယျာဉ် ဘေး တွင် ဖွင့်ထား သော နေမျိုးဆေး ၏ ကော်ဖီဆိုင်ကလေး ၌ အခမ်းအနား နှင့် တကွ ကျင်းပခြင်း ဖြစ်ရာ ကျွန်တော် တက်ရောက်ခဲ့ ရသည် ။ ပွဲ အပြီး အခန်းအပြင် ကို ထွက် လိုက် တော့ အယ်ဒီတာ ဆရာဝန်ကလေး တစ်ဦး ကို ကြားခံ လျက် ဆရာကိုတာ နှင့် ကျွန်တော် မိတ်ဆွေ ဖြစ် သွား မိသည် ။

သူ က တွေ့တွေ့ချင်း မှာ ပင် လျှင် ကျွန်တော့် ကို ပါးတွေ ဆွဲလိမ် ၊ နှာခေါင်း တွေ ဆွဲလိမ် နှင့် ဆုံကြရအောင် ဟု ချိန်းဆို လာ ရာ နောင်အခါ တွင် ထို ဆုံကြ ရအောင်များ မှာ ဘယ်နှကြိမ် ဘယ်နှခါ ဆိုတာ ရေတွက်၍ မရနိုင်ပါလေ တော့ ။

     •••••   •••••   •••••   •••••

ကိုတာ ဆိုသော လူ တစ်ယောက် ကို စာရေးဆရာ ဟု ခေါ်မလား ။ ဒါမှ မဟုတ် မခေါ်ဘူးလား ဆိုသည့် ကိစ္စ မှာ တော်တော့် ကို အငြင်းပွား ဖွယ်ရာ ကိစ္စ ဖြစ်ပါသည် ။ စာရေးဆရာ ဆိုတာ ဘာလဲ ။ ဟိုတုန်း က တော့ ဆရာ ဒဂုန်တာရာ တို့ က စာရေးဆရာ ကို ( က ) ( ခ ) ခွဲခြား ခဲ့ ဖူးသည် ။

ကဗျာ ၊ ဝတ္ထု ၊ ပြဇာတ် ၊ အက်ဆေး ရေးသည့် အနုပညာ ဖန်တီးသူ ကို စာရေးဆရာ ( က ) ။ အနုပညာ မပါသည့် အမြန် သူဌေးဖြစ်နည်း လို ၊ ကိုယ်ကာယ အလှပြင်နည်း လို ၊ ဟင်းချက်နည်း ၅ဝဝ လို စာအုပ်မျိုး ရေးသူ က စာရေး ဆရာ ( ခ ) ။ အခု သည်လို မဟုတ် ။ ဘာ စာ ရေးရေး စာရေးဆရာ ၊ ဒါဆို ကိုတာ က စာရေးဆရာ လား ။

ကိုတာ ကိုယ်တိုင် က မူ သူ ၏ ရယ်ရွှင်ဖွယ် နှင့် အခြားစာတမ်းများ စာအုပ် တစ်နေရာ တွင် ...

ကျွန်တော် ဟာ အိမ်ဆောက်ပစ္စည်း ရောင်းသူ ၊ ကန်ထရိုက် ၊ ကုန်သည် ၊ မန်နေဂျာ ၊ ပတ်ဘလစ်ရှာ ၊ စာရေးဆရာ ၊ အိမ်ထောင်ရှင် ၊ ဖခင် ဖြစ်ပါသည် ။ ကျန်သော အလုပ်များ ကို ပြော၍ ဘာမျှ မဖြစ်ပါ ။ စာရေးဆရာ ဟု ဝါစာကမာ လေးငါးပုဒ် လောက် ရေးရုံ မျှ နှင့် ပြောရသော အခါ အများ မကျေနပ်ကြလျှင် စာရေးသူ ဟူ၍ ပြောင်းလဲပြီး ပြော ပါမည် ။

စသည်ဖြင့် သူ့ ကိုယ် သူ ပြန် သုံးသပ် ထားသည် ။ စာရေးဆရာ ပဲ ဖြစ်ဖြစ် ၊ စာရေးသူ ပဲ ဖြစ်ဖြစ် ဆရာ ကိုတာ ရေး ခဲ့သော စာအုပ်တွေ မှာ မနည်းလှတော့ ။

ရယ်ရွှင်ဖွယ်နှင့် အခြားစာတမ်းများ ၊ ဖြန့်ထွက်တွေးခြင်း ၊ လှည်းဘီး တစ်စီး ၊ တွေးသူများ ၊ ကျွန်တော်သည် မျောက်က ဆင်းသက်၏ ၊ စိမ်းတဲ့မြေသို့ အပြန် ၊ တောင်ရောက်မြောက်ရောက် ဆရာဝန် ၊ ပြတင်းပေါက်မှ ကြည့်သူ၏ စိတ်ကူးများ ၊ ကိုရင်တာနှစ်ပါးသွားများ ၊ စာရေးဆရာတစ်ယောက်ရဲ့ မှတ်စု ၊ နီရူဒါ၏ ကဗျာများ စသည် စသည် ။ အရေအတွက် အားဖြင့် မနည်းလှတော့ ။

ထို မနည်းလှသော စာအုပ်များ ကို ၁၉၉ဝ ပြည့်နှစ် အလွန် နှစ်ကာလ များ ကို ရောက်တော့ မှ သူ က အင်တိုက်အားတိုက် ရေးချခဲ့ခြင်း ဖြစ်ပါသည် ။ သို့သော် သူ့ စာပေချစ်စိတ် ကတော့ ဟိုး ငယ်ငယ်ကလေး တည်း က ။

     •••••   •••••   •••••   •••••

၁၉၉၈ ခုနှစ် ၊ နိုဝင်ဘာလတုန်း က ၂၉ ရက် အမေမာ့ မွေးနေ့ပွဲ အပြီး ကျွန်တော်တို့ မန္တလေး က ပြန် လာတော့ ရန်ကုန် သို့ တိုက်ရိုက် မပြန်ဘဲ တောင်ငူ ကို ခဏ ဝင် သည် ။ ကျွန်တော် ၊ ရာပြည့်ဦးစိုးညွန့် ။ ဆရာကြီး ဦးလွဏ်းမောင် ၏ အိမ် အပေါ် ထပ် မှာ ဖျာကြီးတွေ ခင်းပြီး ဂျာနယ်အဟောင်း တွေ ကို ဖွကြခြင်း ဖြစ်ပါသည် ။ သတင်းစာ အဟောင်း တွေ ကလည်း အထပ်လိုက် အပုံလိုက် ။

“ ဟေ့ - ဒီမှာ ဒီမှာ ကြည့်လိုက်ကြဦး ”

ရာပြည့်ဦးစိုးညွန့် က ညိုညစ် နေသည့် သတင်းစာ အဟောင်း တစ်နေရာ ကို လက် နှင့် ထောက်ပြသည် ။ လူငယ်ကလေး နှစ်ယောက် ၏ ဓာတ်ပုံ ။ လူရည်ချွန် ဝတ်စုံကလေးတွေ နှင့် ။ မောင်သန့်လွင်မောင် နှင့် မောင်သန့်စင်မောင် တဲ့ ။ လူရည်ချွန် ညီအစ်ကို နှစ်ယောက် ။ ထို မောင်သန့်လွင်မောင် ဆိုသူ က အခု စာရေးဆရာ ကိုတာ ။

“ ကိုတာ က ဆေးကျောင်းသား ဘဝ မှာ ကတည်း က ဆေးတက္ကသိုလ် မဂ္ဂဇင်း စာမျက်နှာ တွေ ပေါ် မှာ လက်စွမ်း ပြခဲ့တာဗျ ”

ကဗျာဆရာ တစ်ဦး ၏ မှတ်ချက် စကား ။

နောင် ရန်ကုန်မြို့ တစ်နေရာ တွင် ဆရာကိုတာ နှင့် ဆုံခိုက် သူ့ ငယ်ဘဝ လူရည်ချွန် ကိစ္စတွေ ကို စကား စ မိသောအခါ သူ က ရှက်ကိုးရှက်ကန်း ကြားမှပင် ကျုပ် က လူရည်ချွန် ကို အထပ်ကွမ်း ရ ခဲ့သေးတာဗျ ဟု ဖွင့်ဟ နေပြန်ပါလေသည် ။

     •••••   •••••   •••••   •••••

စာရေးဆရာ ဆိုတာ တိုက်ပုံကလေး နှင့် ၊ သို့မဟုတ် ပုဆိုးအင်္ကျီနွမ်းနွမ်း ကလေး နှင့် ၊ တစ်ခါတစ်ခါ ဘတ်စ်ကား မှတ်တိုင်မှာ ၊ တစ်ခါတစ်ခါ အပေါစား ယမကာဆိုင်ကလေးတွေ ထဲ မှာ ၊ တစ်ခါတစ်ခါ ဆင်ခြေဖုံး ရပ်ကွက် ထဲ က လမ်းကြို လမ်းကြားကလေးတွေ ထဲ မှာ ဟု သရုပ်ဖော် ရေးခြစ်ကြ စတမ်း ဆိုလျှင် ကိုတာ ဆိုသော စာရေးဆရာ အတွက် က တော့ အကုန် အလွဲချည်းပဲ ဖြစ်ပါသည် ။

သူ ဝတ်လေ့ ရှိသော ဘောင်းဘီအတို က ဒူးလောက် ပဲ ရှိသည် ။ အင်္ကျီ က T-shirt ၊ ရွှေငွေလက်ဝတ်လက်စား နာရီ ဘာညာ သူ ပတ်လေ့ မရှိ ။ ပါဂျရို ( pajero ) ကား ကို စီး ကာ လက်ကိုင်ဖုန်း ကို ကိုင်လျက်က အင်းလျားကန် နှင့် မလှမ်းမကမ်း ကား မရှိသူ နေလို့ မရသော ရပ်ကွက် ထဲ ကနေ သူ ထွက် လာ တတ်သည် ။
ဟမ်ဘာဂါဆိုင်တွေ ၊ အဆင့်မြင့်ကော်ဖီဆိုင်တွေ ၊ ဂျော်နီ လမ်းလျှောက် တွေ ၊ ရေကူးကန်တွေ တစ်ဝိုက် မှာ သူ နှင့် ကျွန်တော် စကား ပြော ရသည် ။ သူ စိတ်ပြေလက်ပျောက် ခရီး ထွက် သွားတတ်သည် က ပြင်သစ် ၊ သို့မဟုတ် အမေရိက ၊ သို့မဟုတ် ဩစတြေးလျ ၊ သို့မဟုတ် စင်ကာပူ ။

“ကျုပ် ကို အီလစ် လို့ ပြောတယ် ဗျ ”

ဘင်္ဂလားပင်လယ်အော်ကြီး ထဲ က တက် လာသည့် လှိုင်းများ တဝုန်းဝုန်း ရိုက်ခတ်နေသည့် ချောင်းသာကမ်းခြေ တစ်နေရာ မှာ ဆရာကိုတာ က ကျွန်တော့် ကို ဤသို့ ရင် ဖွင့်သည် ။ အီလစ် ၊ အင်္ဂလိပ်စကားလုံး Elite ၊ ကျွန်တော် က လူ့မလိုင်ခဲ ဟု ဘာသာ ပြန် လိုက်သည် ။

“ ဆရာတာ က လူ့မလိုင်ခဲ ဆိုရင် ကျွန်တော်တို့ က လူ့မလိုင်ခဲ ဘေး က ပုရွက်ဆိတ်တွေ လို့ များ အပြော ခံရလေမလား ”

သည်တော့ သူ က ထုံးစံအတိုင်း သူ့ မျက်လုံးတွေ ပိတ်သွားသည် အထိ ရယ် သည် ။ တကယ်တော့ ဆရာ ဒဂုန်တာရာ ၊ ဆရာ ပါရဂူ ၊ ဆရာကြီး ဒေါက်တာသန်းထွန်း ၊ ရာပြည့် ဦးစိုးညွန့် ၊ ဒေါက်တာဇော်သန်း ၊
ဂျူး ၊ ဒေါက်တာကလေး ၊ ကျွန်တော် တို့ အားလုံး သူ နှင့် ဆက်စပ်မိကြသည် မှာ စာပေ ချစ်
စိတ် ဖြင့် ဆက်စပ် မိခဲ့ကြခြင်း သာ ဖြစ်ပါသည် ။ နောက်ကွယ် က ဘဝတွေ နှင့် ဘာမျှ မဆိုင် ။ ဘာမျှ မပတ်သက် ။ ဘာမျှ လည်း မတူညီနိုင် ။ သူ့ အိမ် က သူ့ တစ်ကိုယ်တော် စာဖတ်ခန်း က ကျွန်တော့် အိမ် ထက် ကြီး သည် ။ သူ စီးသော ကား က ကျွန်တော့် အိမ် ၁၀ လုံး စာ မက တန် သည် ။ သို့သော် ကျွန်တော် တို့ ကြား မှာ ဒါ အရေး မကြီး ။

ကလော နှင့် အောင်ပန်း ကြား က ကမ္ဘောဇ ခရီး တစ်နေရာ မှာ ဆရာမကြီး ဒေါ်ခင်ဆွေဦး က ...

“ ကိုတာ့ ကို လေ ကျွန်မ က အစ က ကြောက် နေတာ ၊ ခုတော့လည်း သွားလာ ပြောဆို မိတော့ ခင်လာ ပါတယ် ” ဟု ပွင့်ပွင့် ပဲ ဖွင့် ပြောသည် ။ မှန်ပါသည် ။ ကျွန်တော်တို့ တစ်တွေ စာပေ ကြောင့် ချစ်မိကြခြင်း ဖြစ်ပါသည် ။ ဘဝ ချင်း ၊ ခံစား ချက် ချင်း မတူညီ နိုင်ကြ ။

တစ်ညနေခင်း ဆရာကိုတာ့ အိမ်ရှေ့ မြက်ခင်းပြင် မှာ ဆရာဒဂုန်တာရာ ၊ ဆရာပါရဂူ တို့ အပါအဝင် စကား ဝိုင်းဖွဲ့ ဖြစ်ကြရာ ကျွန်တော့် ကို ကဗျာ ရွတ် ခိုင်း သည် ။ ကျွန်တော် က ကဗျာဆရာ အောင်ချိမ့် ၏ လမ်း ကဗျာ ကို ရွတ် ပြပါသည် ။

မိသားစုများ အခန်းကဏ္ဍ
ကမ္ဘာဦးပုံသဏ္ဌာန်
တစ်ဦးပြန်အလာ တစ်ဦးမျှော်ကြ
မီးဖိုကြ ။

ငါတို့ခေတ်မှာ ငါတို့ဟာ
ချစ်မေတ္တာကို ယူလာနိုင်ခဲ့လို့လား
အိမ်ပြန်လာကြတယ် ။

ကားတစ်စင်း သေနေပေါ့
ညောင်ပင်ကြီးရဲ့အောက်မှာ
မိုးက မတိတ်တော့ဘူးလား
ဟောဒီ့ လောကမှာ ။

တစ်ယောက် ပြန်အလာ ကို တစ်ယောက် က မျှော်ကြရသည့် မြို့ပြခေတ် ဆင်ခြေဖုံး မိသားစု တို့ ၏ ဘဝ ကို ဖွဲ့သော ကဗျာ ၊ ကမ္ဘာဦး က အတိုင်း ဘေးဘယာ မရှိ ကိုယ့် အသိုက်အမြုံ ရှိရာ ကိုယ် ပြန်လာဖို့ မျှော်ကြရသော ကဗျာ ။

သည် ကဗျာ ကို ဆရာဒဂုန်တာရာ က မကြိုက် ။ သူ့ ရင် ထဲ ကို သိပ် မရောက် ဟု ဆိုသည် ။ ဒါက အဖွဲ့အနွဲ့ နှင့် ဆိုင်မည် ထင်သည် ။

ဆရာပါရဂူ က လည်း မကြိုက် ။ ဆရာပါ က ကဗျာ နှင့် ဝေး၍ ဖြစ်မည် ။ ဆရာကိုတာ ကလည်း မကြိုက် ။ ဒါကျတော့ ဘဝ နှင့် သွား ဆိုင် သည် ။ ဆိုင်တာ ကို လည်း ဆရာကိုတာ က ဘွင်းဘွင်းပဲ ကျွန်တော့် ကို ပြော သည် ။

“ ကျွန်တော် မခံစားရဘူး ၊ ခံစားရ စရာ အကြောင်းလည်း မရှိဘူး ၊ ခင်ဗျား စဉ်းစားကြည့် ၊ ကျွန်တော့် ကား နဲ့ ကျွန်တော် ပြန်တယ်ဗျာ ၊ ကဲ ... ဘာကို ပူပြီး ဘာကို မျှော်ရမှာလဲ ”

ဒါတော့ ဟုတ်ပါသည် ၊ မြို့ အစွန်အဖျား စက်ရုံအလုပ်ရုံကြီး တွေ ဆီ က နေ ထမင်းချိုင့်ကလေးတွေ ဆွဲ ပြီး ကျောချင်းကပ် ရင်ချင်းအပ် နေသည့် ဘတ်စ်ကား တွေ ကို စီးကာ လောက အစွန်အဖျား ရပ်ကွက်ကလေး များ ဆီ ပြန်ကြ ရသော ဗင်းဆင့်ဗန်ဂိုး ၏ အာလူးစားသူများ ခံစားမှု ကို ဆရာကိုတာ မခံစားနိုင် သည် မှာ အဆန်းတော့ လည်း မဟုတ်ပါ ။

     •••••   •••••   •••••   •••••

လွန်ခဲ့သော ဆယ်နှစ် မရှိတရှိ လောက် ကတော့ ပုဂံ ည တစ်ည မှာ ဆရာကိုတာ နှင့် ကျွန်တော် တို့ အချိန် တော်တော်ကြာကြာကလေး စကား ပြောဖြစ်ကြသည် ။ သည်တုန်းက ကျွန်တော် က ပုဂံ သို့ ကိုယ့် ကိစ္စနှင့် ကိုယ် ရောက်နှင့် နေခဲ့ ခြင်း ဖြစ်ပါသည် ။

ရွှေစည်းခုံဘုရား ခြေရင်း က တပည့် တစ်ယောက် ၏ အိမ် တွင် ကျွန်တော် ရှိ နေတုန်း အိမ် ရှေ့ကို ပေါင်မုန့်ကားကလေး တစ်စီး ထိုးဆိုက် လာသည် ။ နောက်တော့ ကားဆရာ က ကျွန်တော့် နာမည် ကို မေး ရင်း အိမ် ထဲ သို့ ဝင် လာ ပါသည် ။

“ ဆရာချို ရောက်နေတယ် လို့ သတင်း ရလို့ စုံစမ်းပြီး လိုက်လာတာ ဗျ ၊ မြရတနာ မှာ ဆရာတာ တို့ ၊ ဆရာပါ တို့ စောင့်နေ ကြတယ် ”

မြရတနာ ဆိုတာ ဝက်ကြီးအင်း နား က စားသောက်ဆိုင်ကလေး ဖြစ်ပါ သည် ။ ကျွန်တော် လိုက်သွားတော့ ဆရာပါရဂူ ၊ ဆရာကိုတာ ၊ ရာပြည့်ဦးစိုးညွန့် စသည် တို့ Breakfast စားနေကြ ဆဲ ဖြစ်ပါသည် ။

“ ဟေ့လူ လာ ၊ Breakfast စား လိုက် ၊ ညကျမှ ထန်းရိပ်ညို မှာ အေးအေးဆေးဆေး ထပ် ဆုံကြတာပေါ့ ”

ဆရာကိုတာ က ထုံးစံ အတိုင်း မျက်လုံးတွေ မှိတ်ပြီး မျက်နှာကြီး တစ်ခု လုံး အစ်သွား သည် အထိ ရယ်မောလျက် ကြို ပါသည် ။ သူ့ အပြုံး က ဂန္ဓာလရာဇ် ဆန်သည် ။

ဤသို့ဖြင့် ည ရောက်တော့ ပုဂံမြို့သစ် ထန်းရိပ်ညို အနုပညာခြံဝင်းကလေး ထဲ မှာ အစားအသောက် ဝိုင်းကလေး တစ်ခု လုပ်ဖြစ်သည် ။ မန္တလေး က ပန်းချီဆရာ ဦးမျိုးခင် ပိုင်သော ထန်းရိပ်ညို ။ မန္တလေး ထန်းရိပ်ညို လို မျိုး ပုဂံ ထန်းရိပ်ညို ။

ပုဂံ ည က ဆောင်းရက် တွေ ၏ အောက် မှာ အေးခဲလို့ နေသည် ။ ဆိတ်ငြိမ် ရပ်ကွက်ကလေး ထဲ က မြသား အတိ စိမ်းနေသော မြက်ခင်းပြင် ပေါ် မှာ စားပွဲတွေ ချထား သည် ။ ကိုတာ့ ဇနီး မမအေး က လိုအပ်နိုင်စရာ အကုန်လုံး ကို စားပွဲ ပေါ် တွင် ပြင်ဆင် ပေးထားပြီး သည့် နောက် အားလုံး ကို နှုတ်ဆက်ကာ အိပ်ရာ ဝင်သည် ။

ညနက်လေလေ နှင်းတွေ က ကျလာလေလေ ။ မြက်ခင်းပြင် ပေါ် မှာ နှင်း ၊ မြူရွက်တွေ ပေါ် မှာ နှင်း ။ ကျွန်တော် က လွဲ လျှင် ဆရာပါ ၊ ဆရာကိုတာ ၊ ရာပြည့် ဦးစိုးညွန့် အကုန်လုံး ဦးထုပ် ကိုယ်စီ နှင့် ။

“ ကျွန်တော် ဟိုတစ်လော က မုံရွေး ပြန်သွားသေးတယ် ဗျ ၊ အဲဒါ သူငယ်ချင်း တစ်ယောက် နဲ့ သွား ဆုံတာ ၊ မြန်မာစာ ကျူရှင် ပေးနေ သတဲ့ ၊ ကျွန်တော် က ပြောလိုက်ရတယ် ၊ မြန်မာစာ တော် လို့ ဘာမှ မဖြစ်ဘူးလို့ ၊ အင်္ဂလိပ်စာ တော်အောင် လုပ်ရမှာ လို့ ”

ဘယ်သူ က မှ ဆရာကိုတာ့ စကား ကို မငြင်း ကြ ။ သို့သော် ကျွန်တော် က တော့ စိတ် ထဲ မှာ နည်းနည်းကလေး ခုတုတု ဖြစ်သွား မိသည် ။ ကိုယ်တိုင် စာ ရေးနေသူ တစ်ယောက် ၊ ပြီးတော့ စာအုပ်တိုက် တစ်တိုက် ကို ဦးဆောင် နေသူ တစ်ယောက် ၊ ထို့ပြင် မဂ္ဂဇင်း တော်တော်များများ ကို လည်း တည်းဖြတ် ထုတ်ဝေခဲ့သူ တစ်ယောက် ၊ ထိုသို့သော လူ တစ်ယောက် က မြန်မာစာ အရေး မပါ သလို ပြောချလိုက် သော အခါ သူ့ ကို ကျွန်တော် အံ့သြ သွား မိသည် ။

နောက် ဆယ်စုနှစ် တစ်ခု နီးနီး လောက် ကြာသွားပြီး သော အခါ အင်္ဂလိပ် စာတတ် ကဗျာဆရာ တချို့ ၊ မျက်မှောက်ကာလ မဂ္ဂဇင်း စာမျက်နှာများ ပေါ် က ကဗျာဆရာ တချို့နှင့် ဆက်နွှယ်ပြီး ရန်ကုန်မြို့ တစ်နေရာ ၌ စကား ပြော ဖြစ်ကြ သော အခါ ဆရာကိုတာ ပေါက်ကွဲ နေ ပြန်ပါသည် ။

“ သွားစမ်းပါဗျာ ၊ ဒီမှာ ဟေ့လူ ကျုပ် ပြောမယ် ၊ ကိုယ့် မိခင် ဘာသာ စကား ကို မှ ကောင်းကောင်း မတတ် ၊ ကိုယ့် ဘာသာစကား ရဲ့ အလှ ကို မှ ကောင်း ကောင်း မခံစားနိုင်ဘဲ နဲ့ ခင်ဗျား ဘာမှ မဖြစ်ဘူး ။ ဆရာ ၊ ဆရာမတွေ ကိုယ်တိုင် က ခံစားတတ်ဦး မှ ဗျ ။ အဓိပ္ပာယ် သိအောင် ရှင်းပြ နေရုံနဲ့ ၊ သွားစမ်း ပါဗျာ ”

ကိုတာ ကား မိခင်ဘာသာစကား ဘက် မှ အနာကြီး နာ နေ ပြန်ပါသည် ။ ရှမ်းတောင်တန်းများ ပေါ် တွင် ခရီးသွား နေကြတုန်း က ဆရာဒဂုန်တာရာ ၏ နွေနှောင်းရက်ကျန် သီချင်း ကို ဟိုနား က ဖြတ် ညည်းလိုက် ၊ သည်နား က ဖြတ် ညည်းလိုက် နှင့် ။

“ လှလိုက်တာ ဗျာ ၊ ဆရာတာရာ ဘယ်လိုများ သည်လို ရေးဖို့ စိတ်ကူး ထွက် လာတာလဲ မသိဘူး ။ ပုလဲရည်ငွေစက် ဖျန်းပက်စွေရွာ မြူမှုန်လိမ်းကျံတဲ့ ညှိုးပြောင်းရွက်ညှာ ရွှေရောင်ရော်ဝါ ... လှလိုက်တာ ဗျာ ၊ သန္တာ ကို မြညို နှောကာ ကြွေလျောကုန်လု ပုရစ်နုညှာစီ နှောင်းနွေသန်လု စက်ရာဆီမှာ တဲ့ ၊ တကယ့် Buutiful Myanmar ဗျာ ”

သူ က စကားလုံး တစ်လုံးချင်း ကို ခံစား နေပြန်ပါသည် ။ Beautiful Myanmar တဲ့ ။ နောက်တော့ ထို Beautiful Myanmar ကို ဘင်္ဂလားပင်လယ်အော်ကြီး ရဲ့ ကမ်းစပ် ၊ ချောင်းသာ ည လှိုင်းတသောသော လေတဝေါဝေါ ထဲ အထိ သူ ယူလာ ပြန်ပါသည် ။ ကျွန်တော့် ကို ထို Beautiful Myanmar နောက်ခံ ဖြင့် ဆွေးနွေးခိုင်းခြင်း ဖြစ်ပါသည် ။

နားထောင်သူများ က သူ့ SILTA LUMBINI ( လုမ္ဗိနီသူငယ်ဥယျာဉ် ) ကျောင်း က ဆရာ ၊ ဆရာမများ ။ ကျွန်တော် က အသံချိုချို နှင့် ကဗျာကလေး တွေ ရွတ်လိုက် ၊ ဘာသာစကား အလှ ကို ပြော လိုက် ။ ဆရာ ကိုတာ သဘောကျ နေပုံ ရသည် ဟု ကျွန်တော် ထင် မိ သည် ။

“ ဟေ့လူ ဆရာကြီးဂျက် ၊ ကျုပ် ကို ခင်ဗျား တစ်ခု ကူညီဗျာ ၊ လှတဲ့ မြန်မာစာလေးတွေ ရွေးပေး စမ်းပါ ၊ ဆရာမင်းသုဝဏ် ရဲ့ ဝင်္ကပါလို ကဗျာ ဖြစ်ချင် လည်း ဖြစ်မယ် ၊ ဝေဿန္တရာ ဇာတ်ဝတ္ထု ထဲ က ကောက်နုတ်ချက် ဖြစ်ချင်လည်း ဖြစ်မယ် ၊ အဓိက က ဘာသာစကား အလှ ကို ခံစားရင်း မြန်မာစာ ဟာ ဘာလဲ လို့ သိသွား စေချင်တာ ။ ကိုယ့် ဟာ ကိုယ် ဘာမှန်း မသိရင် သွားစမ်း ၊ ဟေ့ကောင် မင်း သွားစမ်း ၊ လုပ်ဗျာ ၊ ကလေးတွေ သင် ဖို့ ”

နွေ ည ၏ ငွေရောင်လမင်း က ပင်လယ်လှိုင်း တွေ ပေါ်မှာ ဖိတ်စဉ် ကွဲကြေ နေသည် ။ ကမ်းခြေ ကို ဂငယ်ကွေ့ကွေ့ထားသည့် အုန်းပင်တွေ က လေ မှာ တရှဲရှဲ ။ ဟိုး ခပ်လှမ်းလှမ်း ပင်လယ်ရေပြင် ထဲ တွင် ရှိနေသည့် သဲဖြူကျွန်း ဆီ က မီးရောင် က လင်းခနဲ လက်ခနဲ ။

“ မြန်မာစာ သင်မယ့်သူ တစ်ယောက် လောက် လိုချင်တယ်ဗျာ ၊ ဆရာမ ဆို ပို ကောင်းမယ် ထင်တယ် ၊ အသက်ကြီး ပင်စင်စား ပါမောက္ခဟောင်း တွေ ဘာတွေ ဆို ပို ကောင်းမယ် ဗျ ။ ကလေးတွေ နဲ့ ရင်းရင်းနှီးနှီး နေဗျာ ၊ နောက် မေတ္တာဓာတ် များများလေး ရှိပေါ့ ၊ တွေ့ရင် ပြောစမ်းပါ ”

သည်လိုကျတော့ လည်း မိခင်ဘာသာစကား ၏ အရေးပါ ပုံကို သူ လက်ခံ ကာ ကလေးတွေ ကို ပျိုးထောင်ဖို့ စိတ်အား ထက်သန်လှပါကလား ဟု ကျွန်တော် သူ့ ကို တစ်ချက် ငေးမိ လိုက် ပြန်ပါသည် ။

SILTA LUMBINI တဲ့ ။

ကျေနပ်ပြီး ပျော်ရွှင်နေသောသူများ ၊ စွမ်းသောသူ ကောင်းသောသူများ မွေးမြူ ဖို့ ဆိုသည့် အသံ ကို ပေးကာ ကလေးတို့ အတွက် ဥယျာဉ်ကျောင်းကလေး တွေ ကို သူ ဖွင့်သည် ။ ကျောင်း နာမည် တွင် လုမ္ဗိနီ ဟူသည့် အမည် ကို ထည့်သွင်း မှည့်ခေါ် ထားလို့ လား မသိ ။

ကွယ်လွန်သူ ဆရာကြီးဒေါက်တာသန်းထွန်း က -

"ဪ မောင်တာ မောင်တာ ၊ ဘုရား တစ်ဆူတည်း ပွင့်တာ မလောက်လို့ အများအပြား ထုတ်မလို့ ထင်တယ်”

ဟု ကလိ ဖူးသည် ။

ကျွန်တော် က တော့ လုပ်သူ ကို ရော ကောက်ချက် ချသူ နှစ်ဦး စလုံး ကိုပါ သဘောကျ သွား မိပါသည် ။

     •••••   •••••   •••••   •••••

“ ဟေ့ လူ ၊ စာရေးဆရာ ဆိုတာ ဘာမှ မဟုတ်ဘူးဗျ ၊ စာ ရေးတတ်တယ် ဆိုတာကလေး တစ်ခု ပဲ ၊ သူများ ထက် စာ ပိုရေးတတ်တယ် ပေါ့ ၊ ဒါပဲဗျာ ၊ သူ မသိတာတွေ အများကြီး ၊ အဲဒါဗျာ ၊ သူ့ ကျ မှ လေးစားရမယ် ဆိုတော့ ဗျာ ၊ ဘယ်လို ပြောရမလဲ ဗျာ ”

“တစ်ခါတစ်ခါ ကဗျာဆရာတွေ ကို စိတ်ညစ်တယ် ဗျာ ၊ ကဗျာ ကို ရှေ့ဆုံး မှာ မထည့်လို့ တဲ့ ၊ ကျုပ် မဂ္ဂဇင်း နဲ့ ကျုပ် ... ကျုပ် ထည့်ချင်တဲ့ နေရာ မှာ ထည့်မှာပေါ့ ဗျ ၊ ကျုပ်ကတော့ ကျုပ် ရပ်ချင်တဲ့ အချိန် ကျုပ် မဂ္ဂဇင်း ရပ် မှာ ပဲ ၊ ဂုဏ်သိက္ခာ အရ ဘာ အရ မရပ်ဘူး ၊ ဘာညာ မရှိဘူး ၊ မလုပ်ချင်တဲ့ အချိန် ရပ်မှာ ပဲ ”

ရန်ကုန်မြို့ ပေါ် က လက်ဖက်ရည်ဆိုင် ပေါင်းစုံ ၊ စားသောက်ဆိုင် ပေါင်းစုံ မှာ ဆရာကိုတာ နှင့် ကျွန်တော်တို့ မကြာမကြာ ထိုင်ဖြစ်တတ်ကြရာ သည် စကားမျိုးတွေ ကို မကြာမကြာ ကြားရမြဲ ဖြစ်သည် ။ တစ်ခါ တစ်ခါတော့ ဆဲသံ ဆိုသံ ကလေးတွေ နှင့် ။ စာပေလောက အပေါ် သူ ဘာတွေများ အလိုမကျ နေရော့ သလဲ ။ ဘာပဲဖြစ်ဖြစ် မြန်မာစာပေလောက ထဲမှာ အမှိုက်တွေ အညစ် အကြေးတွေ ချသူများ ထဲတွင် တော့ ဆရာကိုတာ မပါ ။ မိုး ၊ စတိုင်သစ် ၊ အခု နောက်ဆုံး ချင်းတွင်း ။ သူ လုပ်သမျှ မဂ္ဂဇင်းတွေ က သန့်ရှင်းပါသည် ။ မိန်းမ ရုပ်ပုံတွေ ၊ မင်းသမီးမင်းသားပုံတွေ ဘာမျှ မပါ ။ တောက်တိုမည်ရ သတင်းတွေ ဘာမျှ မထည့် ။ စာချည်း ပဲ အသန့် ။ အခန့် ။

မုံရွေးတိုက် က ထုတ် သမျှ စာအုပ်တွေ ကလည်း စာဖတ်သူ အတွက် အကျိုး ရှိရာ ရှိကြောင်း စာ တွေ ချည်း ။ ဥပမာ ဒေါက်တာသန်းထွန်း ၏ အရင် ဧကရာဇ် အခု လူ ။ ၂၀၀၃ ခုနှစ် ဆောင်းရက်တွေ ထဲ မှာ တော့ ကလော ၊ အောင်ပန်း ၊ ပင်းတယ ဘက် ကို ဆရာကိုတာ နှင့် တွဲပြီး စာပေဟောပြောပွဲ ထွက် ဖြစ်သည် ။ ဒေါ်ခင်ဆွေဦး နှင့် မသန်းမြင့်အောင် တို့ လည်း ပါသည် ။ ရေ ခဲ မတတ် အေးလွန်းသော ကြောင့် နေ့ခင်း ကြောင်တောင် မှာ ဟော ရသော ကမ္ဘောဇ ၏ စာပေစင်မြင့်များ ပေါ် တွင် သူ့ ကို ကျွန်တော် အကဲခတ် ရသည် ။

တော်တော် စကားပြော မကောင်းသော စာရေးဆရာ တစ်ယောက် ။ သူ က စင်ပေါ် က နေ သူ ရေးခဲ့သော စာအုပ်အချို့ ကို ထောင် ထောင် ပြရင်း ဟော ပါသည် ။ ပရိသတ် အများစု က သူ့ စာအုပ်တွေ ကို မသိ ။

“ လူဦးရေ သန်း ၆ဝ ဗျာ ၊ စာအုပ် တစ်ထောင် မနည်း ရောင်းနေရတယ် ”

“ဒါတော့ မပြောနဲ့ ဆရာတာ ၊ ကျွန်တော် က မြန်မာစာ နဲ့ ပတ်သက်တဲ့ ပတ်ဝန်းကျင် မှာ နေတာ ၊ ဆရာမ တစ်ယောက် က နတ်နွယ် ဆိုတာ ဘာတွေ ရေးတာလဲ တဲ့ ။ ကျောင်းသား အများစု က မောင်ထင် ၊ ရွှေဥဒေါင်း ၊ လူထု ဒေါ်အမာ ၊ မကြားဖူးကြဘူး ”

“ အဲဒါ ဘာလို့ ဖြစ်ရတာလဲ ခင်ဗျား သိလား ၊ ခင်ဗျား သိရဲ့လား ။ စာ ဖတ်တာကို ချစ်အောင် မလုပ်တဲ့ ပတ်ဝန်းကျင် မှာ ... ”

ဆရာကိုတာ ကား ဆဲဆို နေပြန်ပါလေသည် ။ ကျွန်တော် က စာပေ ဟောပြောပွဲ ခရီးစဉ်တွေ ကို တစ်ခါ တစ်ခါ ညည်း မိသည် ။ ခရီးလမ်း ကြမ်းတမ်းမှု ၊ လူတွေ ၏ စာပေ တပ်မက်စိတ် ခြောက်ခန်း လာ မှု ။

“ ဟေ့လူ ဆရာကြီးဂျက် ၊ သွားရမယ် ဗျ ။ ကျုပ် က ကြိုက်တယ် ၊ ကိုယ့် စင် ကိုယ် ထိုး တယ် ဗျာ ၊ ကိုယ် ဖိတ်ချင်တဲ့ စာရေးဆရာ ဖိတ်တယ် ဗျာ ၊ ကိုယ် နားထောင်ချင်တာ နားထောင်တယ် ဗျာ ၊ အဲဒါကို ကြိုက်တာ ”

ဆရာကိုတာ က စာ ရေးတာ လွတ်လပ် သလို သွားလာ နေထိုင်မှု ပုံစံ ကလည်း လွတ်လပ်သည် ။ စာပေဟောပြောပွဲ စင်မြင့် ပေါ် တက်ဖို့ သူ ပြင်ဆင် ထားပုံက Walking shoe နှင့် ၊ ဘောင်းဘီရှည် နှင့် ၊ အားကစားအင်္ကျီ နှင့် ။ ကျွန်တော် က ကောင်းပါ့မလား ဟု စကား စ ရုံ ရှိသေး ။ သူ က ပေါက်ကွဲပါပြီ ။

“ ကျုပ် နေတာ ထိုင်တာ သည်ပုံ အတိုင်းပဲ ၊ အဲဒါကို လက်ခံရင် ဖိတ် ၊ လက်မခံရင် မဖိတ် နဲ့ ၊ ကျုပ် ကတော့ သည် အတိုင်းပဲ ”

စာပေဟောပြောပွဲ စီစဉ်သူတို့ သည် ကား ပါးစပ် အဟောင်းသား ဖြစ်ကာ သူ့ ကို ငေးကြည့် နေ လျက် ။

    •••••   •••••   •••••   •••••

ပင်လယ်လှိုင်း တွေ က ဘန်ဂလို အောက် ဘက် သဲသောင်ပြင် ကို တဝေါ ဝေါ ရိုက်ခတ် လျက် ရှိသည် ။ ဘန်ဂလို ရှေ့ လသာဆောင် မှာ စားပွဲ တစ်လုံး နှင့် ဆရာကိုတာ ။ သူ့ ရှေ့ မှာ စာရွက်စာတမ်းတွေ ၊ စာအုပ်တွေ ။

အမေရိကန် ဒုသမ္မတဟောင်း အယ်လ်ဂိုး Al Gore ၏ An inconvenient Truth ။ နောက် James Trefil ၏ A scientist at the seashore ပင်လယ်ကမ်းခြေ က သိပ္ပံပညာရှင် တစ်ယောက် ။ နောက် ကျွန်တော် တို့ ရောက် နေသော ရက်များ အတွင်း ချောင်းသာကမ်းခြေ ဒီရေ အတက်အကျ ဇယား ။

“ ရေတက်ရေကျ ဇယား က ဗြိတိသျှရေတပ် က လုပ်ထားတဲ့ ဇယား ၊ Internet ကနေ Download လုပ် ယူ လာတာ ”

သူ့ အနား မှာ သူ့ ကျောင်း က ဆရာမကလေး တွေ ဝိုင်း နေသည် ။ ပင်လယ်ရေ က ဘာလို့ ငန် တာလဲ ။ ပင်လယ်ကြီး က သက်တမ်း ဘယ်လောက် ရှိပြီလဲ ။ လှိုင်းတွေ က ကမ်းခြေ ကို ဘာကြောင့် ထောင့်မှန် ရိုက်တာလဲ ။ ကမ်းခြေ မှာ ဘာကြောင့် အမြှုပ်တွေ ထ နေတာလဲ ။ သူ က ဦးဆောင်ပြီး ဆွေးနွေး နေသည် ။ သူ က လူတွေ ကို သိပ္ပံစာတတ် တွေ ဖြစ်စေ့ ချင် နေသည် ။

တစ်ခါက တက္ကသိုလ်ဆရာများ ၏ စကားဝိုင်း တစ်ခု မှာ သိပ္ပံဆရာ တစ်ယောက် က မုံရွေး လို စာအုပ်တိုက် ရှိ လာတာ ကျွန်တော်တို့ အတွက် ဖတ် စရာတွေ ပို ရှိလာတယ်ဗျာ ဟု ကျေးဇူးစကား ဆိုသံ ကို ကျွန်တော် ကြားခဲ့ ရသည် ။

တကယ်လည်း မုံရွေး က သိပ္ပံစာအုပ်တွေ ကို အုံနှင့် ကျင်းနှင့် ထုတ်ဝေ ခဲ့ခြင်း ဖြစ်ပါသည် ။ ဒေါက်တာခင်မောင်ဝင်း ၊ ဒေါက်တာတင်လှိုင် ၊ ဦးဧမောင် ၊ ဦးစံသာအောင် ၊ တက္ကသိုလ်ကြယ်ပွင့် ၊ ကျော်ဇေယျာ ( ပုသိမ် ) ၊ စိုးစိုး ( အင်္ဂပူ ) ၊ ဗန်းမော်တင်အောင် ၊ လွဏ်းမောင် ၊ ညွန့်ဝေ ( ဆေးသိပ္ပံ ) စသည့် စာရေးသူ အမည်များ ကို ကြည့်ရုံ နှင့် သိပ္ပံစာပေ အတွက် မုံရွေး က အားထုတ် ပုံ ကို တွေ့နိုင် ပါသည် ။

“ ဟေ့လူ ဆရာကြီးဂျက် ၊ ရော့ - ချောင်းသာ အစီအစဉ် ”

ချောင်းသာ သို့ သွားကြစဉ် က သူ က ကျွန်တော့် ကို စာရွက်စာတမ်းတွေ ဝေသည် ။ Chaung Tha schedule တဲ့ ။ Departure ထွက်ခွာချိန် ၊ Arrival ရောက်ရှိ ချိန် ၊ Lunch နေ့လယ်စာ စားချိန် ၊ off - hours နားချိန် ၊ Dinner ညစာ စားချိန် ၊ Discussion ဆွေးနွေးချိန် စသည် ဖြင့် ခွဲ ထားသည် ။ ပြီးတော့ ဈေးဝယ် ၊ ချက်ပြုတ် ၊ ပန်းကန်ဆေး ၊ အိပ်ရာခင်း စသည် စသည် ဖြင့် အဖွဲ့ တွေ လည်း ခွဲထား လိုက် သေးသည် ။

အချိန်ကလေး နည်းနည်း ရလျှင် ပင်လယ် ထဲ မှာ ရေဆင်း စိမ်မြဲ ။ ဘင်္ဂလားပင်လယ်အော်ကြီး က ဆရာကိုတာ နှင့် ကျွန်တော့် ကို အတူတူ လုပ်ပစ် လိုက်ပုံ ရ ပါသည် ။

    •••••   •••••   •••••   •••••

“ ဟေ့လူ ၊ ဘီယာကလေး ဘာလေး သောက်ရင်း စကား ပြောကြရ အောင် ၊ ရေ အရင် သွား ကူးမယ် ”

ရန်ကုန်မြို့ ပေါ် မှာ လည်း သူ က ရေကူး ဖို့ ပဲ ပြော တတ်သည် ။ သို့သော် ကျွန်တော့် အတွက် က မဖြစ်နိုင် ။ ရန်ကုန် ဆို တာ ချောင်းသာ မဟုတ် ။ ဘင်္ဂလား ပင်လယ်အော်ကြီး လို အလကား မရ ။ သို့သော် ပါဂျရိုကား ၏ ခေါ်ဆောင်ရာ နောက် သို့ ဆရာကိုတာ နှင့် အတူ လိုက်ပါ သွား ရသည် ။ ကန်တော်ကြီး ကို မေးတင် ထားသည့် အဆင့်မြင့် ဟိုတယ်ကြီး ၏ ရေကူးကန် ထဲ မှာ ကူးခပ် နေသော စာရေးဆရာ ကို ရှုငေး စောင့်စား ရသည် ။ ပြီးလျှင် ဆိုင် တစ်ဆိုင် ကို ရောက်သွား တတ် မြဲ ။

“ ဂျူး ရဲ့ ဝတ္ထုတွေ က နောက်ပိုင်း မှာ knowledge နဲ့ ဖမ်းစား လာ သလို ပဲဗျာ ၊ ကြယ်စင်တံတား ကမ်းပါးနှင်းဖြူ ဗျာ ၊ ကချင်ဒေသန္တရ နဲ့ ဖမ်းစားတယ် ၊ တိမ်နဲ့ချည်တဲ့ကြိုး ဗျာ ၊ ချင်းဒေသန္တရ နဲ့ ဖမ်းစားတယ် ။ ခံစားမှု လျော့ လာ သလိုပဲ ”

သူ က မိတ်ဆွေကဗျာဆရာ တစ်ဦး ၏ စကား ကို လက်မခံ ။

“ ဟေ့လူ ၊ ခင်ဗျား အဲဒါ သွား မကြည့်နဲ့လေဗျာ ၊ ဂျူး က သူ ပြောချင် တာ ကို ပြောလို့ ရအောင် လုပ် နေတာ ၊ Dramatic ဖြစ်အောင် တော့ လုပ်ရ မှာ ပေါ့ ၊ ဘာကြောင့် ဖြစ်ဖြစ်ဗျာ ၊ လူတွေ စာ ဖတ်ရင် ကောင်းတယ် ၊ ဟယ်ရီပေါ်တာ ဆိုတာ ဘာမှ မဟုတ်ဘူး ။ ဒါပေမဲ့ ဟယ်ရီပေါ်တာ ကြောင့် ကလေးတွေ စာ ဖတ်ဖြစ် ကြတယ် ဆိုတာ ကောင်းတာ ပဲ ”

ကြိုက်သည် ၊ သို့သော် ပါဘလိုနီရူဒါ ဘာသာပြန် ကို တော့ မကြိုက် ။ ကဗျာ သည် ကိုတာ့ ကိစ္စ မဟုတ် ဟု ထင် မိသည် ။ ဒါကြောင့် ကဗျာ ကို တော့ မလုပ်ပါနှင့် ဟု တား မိသည် ။ မရ ၊ သူ လက်မခံ ။

“ ခင်ဗျား သေသေချာချာ ဖတ်ပါဗျ ၊ အသော့ မနှင်ပါနဲ့ ၊ အသော့ မနှင် လိုက်ပါနဲ့ ။ ခပ်နှေးနှေး အရသာ ခံပြီး ဖတ်စမ်းပါ ”

ကျွန်တော် အသော့ မနှင်ဘဲ သူ့ ပါဘလိုနီရူဒါ ကို ပြန် ဖတ်သည် ။ မရ ။ လွန်ခဲ့သော နှစ်နှစ် လောက် က တော့ ရန်ကုန်မြို့ ပေါ် မှာ နေစရာ အိမ် ၊ သို့မဟုတ် အခန်း တစ်ခု ခု ကို ရှာ နေတုန်း ဆရာကိုတာ နှင့် လမ်း ပေါ် မှာ သွား တွေ့ ရာ က တစ်နေရာ မှာ ထိုင် ဖြစ်သည် ။

“ အိမ် တို့ အခန်း တို့ အပိုင် ဝယ်တယ် ဆိုတာ မလွတ်လပ်တာ ၊ မဖွံ့ဖြိုး တာဗျ ။ အနောက် ကမ္ဘာ မှာ ကိုယ် စိတ်ပါတဲ့ အလုပ် ပြောင်း လုပ် ၊ ကိုယ် နေချင်တဲ့ မြို့ ပြောင်းသွား ၊ လွတ်လွတ်လပ်လပ် ပါ ဗျာ ၊ တစ်နေရာရာ မှာ ဘယ်တော့မှ ချည်နှောင် မထားဘူး ”

ဝင်ဒါမီယာ ထဲ က သူ့ အိမ်ကြီးမဟာ ကို မကြာခဏ ရောက် ရောက်သွား တတ်သော ကျွန်တော် က သူ့ ကို ဘာ ပြန် ပြောရမှန်း မသိ ။ ဟို တစ်လောလေး က တော့ သူ ၊ မိတ်ဆွေ တစ်ဦး နှင့် ကျွန်တော် တို့ တစ်ခါ ဆုံဖြစ်သေးသည် ။ ထုံးစံ အတိုင်း သူ ရေကူးရာ က အပြန် လှည့် ဝင် လာခြင်း ဖြစ်သည် ။

“ အနုပညာသမား က  နှစ်မျိုး ရှိတာဗျ ၊ တချို့က လွှတ် ထားတာ ၊ ဘာမှ သိပ် မထိန်းတာ ။ ဥပမာ ဗျာ ဗန်ဂိုး တို့ လို ၊ မောင်ချောနွယ် တို့ လို ... ဒါလည်း ကောင်းတာပါပဲ ။ တချို့ကတော့ ထိန်းထိန်းကွပ်ကွပ် နေရင်း လုပ် သွားတာ ။ ဆရာဇော်ဂျီ တို့ လို ၊ ဆရာမင်းသုဝဏ် တို့ လို ။ ဒါလည်း အနုပညာ ထွက် လာ တာပါပဲ ”

ဆရာကိုတာ က ကော ဘယ်လို စာရေးဆရာ လဲ ။ ဆရာ ပါရဂူ က တော့ ပါဂျရို နှင့် စာရေးဆရာ ဟု တံဆိပ် ကပ် သည် ။ ထိုနေ့ က လည်း ပါဂျရို နှင့် ရောက်လာ ကာ ပါဂျရို နှင့် ပြန် ထွက်သွားသော ဆရာကိုတာ ကို ၃၅ လမ်း ထိပ် မိုး နှင့် ဝေဝါး နေသော ရန်ကုန်မြို့ ၏ မှောင်စပျိုး မှာ ကျွန်တော် နှင့် မိတ်ဆွေ တစ်ဦး က နှုတ်ဆက် လိုက်ရ ပေသည် ။

◾ မောင်သာချို

📖 မိုးဂျာနယ်
      သြဂုတ်လ ၊ အောက်တိုဘာလ ၊ ၂ဝဝ၇ ။

#ကိုအောင်နိုင်ဦး

.

Monday, February 6, 2023

ဖေမြင့်


 

❝ ဖေမြင့် ❞

( လေထန်ကုန်း မှ ဝေါစထရိ သို့ )

မကြာတတ်လှသေးသော ရက်များ အတွင်း ဆီ က လူငယ် တစ်ယောက် နှင့် အတူ ကျွန်တော် ခရီး ထွက် ဖြစ်သည် ။ သူ့ ကို လူငယ် ဟု ဆို လိုက်၍ ကျွန်တော့် ကိုယ် ကျွန်တော် အကြီး ကြီး ဟု ဆိုလိုက်ခြင်း မဟုတ်ပါ ။

သူ က ကျွန်တော့် တပည့် လည်း ဖြစ် ၊ အနုပညာ လောက တွင် လည်း ခုမှ ခြေလှမ်း လှမ်းပြီး ခါ စ ၊ အသက် က လည်း နှစ်ဆယ် ဝန်းကျင် ၊ လန်းစွင့်၍ အကောင်းဆုံး ဖြစ်နေ၍ လူငယ် ဟု ဆိုလိုက်ရခြင်း ဖြစ်ပါသည် ။

ရှုမျှော် မဆုံးနိုင် စတမ်း သော လယ်ကွင်းပြင် စိမ်းစိမ်းကြီးများ ကို ဝဲ တစ်ဖက် ၊ ယာ တစ်ဖက် ထားရစ်ခဲ့ကာ မြို့တော် ဆီ အရောက် ဒရောသောပါး ပြေးလွှား နေခဲ့သည့် မှန်လုံအမြန်ကားကလေး ပေါ် တွင် အချိန် အတော်အတန် ရသော ကြောင့် လား မပြောတတ် ၊ လူငယ် က သူ့ ဘဝ အကြောင်းတွေ ကို တော်တော်များများ ပြော ပါသည် ။

တက္ကသိုလ် ဆက် မတက်ချင်တော့ တာ ၊ ရန်ကုန် ကို ပဲ ဖြစ်ချင် ရာ ဖြစ် စွန့် ထွက် သွား ချင်တာ ၊ မိသားစု စီးပွားရေး ကျပ်တည်းတာ ၊ မတတ်သာလွန်း လို့ သူ တစ်ပါး ရဲ့လက်အောက် မှာ အလုပ် ဝင် နေရတာ စသည့် ညည်းချင်းများ ။

လူငယ် က သူ့ ဘဝ အဆင် မပြေပုံတွေ ကို ညည်း လိုက်ပြီးတိုင်း ...

“ ဆရာဖေမြင့် က တော့ မိုက်ပါတယ်ဗျာ ၊ သူ့ စာအုပ်တွေ ဖတ်လိုက်ပြီးတိုင်း စိတ်ဓာတ် က ပြန် ပြန် တက်လာတယ် ”

စသည်ဖြင့် လည်း မကြာမကြာ ပြောပါသည် ။

ပြီးတော့ ကျွန်တော့် ကို မေးလိုက်ပါသေး၏ ။

“ စာရေးဆရာဖေမြင့် ကို ဆရာ သိလား ”

ဟူ၍ ဖြစ်ပါသည် ။

သူ့ ကို ကြည့်ရသည် မှာ ဝတ္ထုရေးဆရာဖေမြင့် အဖြစ် ကိုဖေမြင့် ကို သိနေခြင်း မဟုတ်ဘဲ ယခု တစ်လော တက်ကျမ်းများ ကြား တွင် ပလူ ပျံ နေသည့် ဖေမြင့် ကို သာ သိနေ ပုံ ရ ပါသည် ။ ဟုတ်သည် ၊ ကိုဖေမြင့် ၏ တက်ကျမ်းပေါင်း များစွာ ကို ဖတ်ထားပြီး ဟန် တူ သည် ။ ကျွန်တော် လည်း ထို တက်ကျမ်းများ ကို ဖတ် ပါသည် ။

သို့သော် မစွဲ ။ ရင် ထဲ မလှုပ်ခတ် ။ ကျွန်တော် က ကိုဖေမြင့် ၏ အနုပညာ ကို ပဲ စွဲ သူ ဖြစ်သည် ။ ဒါကို ကျွန်တော် က ကိုဖေမြင့် နှင့် တွေ့စဉ် က လည်း ပြောခဲ့ပြီး ဖြစ်ပါသည် ။ မှတ်မှတ်ရရ မနှစ် က ဆောင်းရက် များ ။

ဟုတ်သည် ၊ မနှစ် က ဆောင်းရက်များ တုန်း က ကျွန်တော် နှင့် ကိုဖေမြင့် တို့ ပုဂံညောင်ဦး မှာ တော်တော်ကြာကြာ စကား ပြောဖြစ်ကြသည် ။ စိမ့်အောင် အေးသည့် အညာ ဆောင်း ။ တစ်နေကုန် နှင်း မကွဲချင်သည့် အညာဆောင်း ။

ကျွန်တော့် စိတ် က ရွှေစည်းခုံ ခြေတော်ရင်း ဆီ ကို တစ်ခေါက် ပြန် ရောက် သွား လေသည် ။

••••• ••••• ••••• •••••

တကယ်တော့ ထို ပုဂံညောင်ဦး ၏ ဆောင်းရက်များ အတွင်း က ကျွန်တော် နှင့် ကိုဖေမြင့် တို့ တွေ့ ကြပုံများသည် မထင်မှတ်ဘဲ နှင့် တွေ့ဖြစ် ခဲ့ကြခြင်း ပင် ဖြစ်ပါသည် ။

သည်တုန်းက ကျွန်တော် သည် ပုဂံညောင်ဦး သို့ သွားရန် စော်ဘွားကြီးကုန်း အဝေးပြေးဂိတ် မှ နေ၍ ပုပ္ပား - ဒဂုံ ကား ကို ဖြစ်သလို လိုက်ရန် ရောက် လာခဲ့ခြင်း ဖြစ်ပါသည် ။ ကားပေါ် တွင် ကား ကျွန်တော့် တပည့် တော်တော်များများ ကို တွေ့ ရသည် ။ သရပါတံခါး အနီး Ever queen မှ မောင်မြင့်လွင် ၊ ညောင်ဦးဈေး အနီး ပိုက်ဝှ မှ မို့မို့ ။ သည် ကြားထဲ မှာ စာရေးဆရာ ဖေမြင့် တို့ မိသားစု က ထင်းထင်းကြီး ။ ကိုဖေမြင့် ၊ သူ ၏ ဇနီး မမခိုင် ၊ ပြီးတော့ သား နှင့် သမီး ။

“ အတော်ပဲ ၊ ခင်ဗျား ကို ပုဂံ မှာ Guide လုပ်ခိုင်းရမယ် ”

နောက်တာလား အတည်လား မသိသည့် စကား တစ်ခွန်း ကို ကိုဖေမြင့် က ပြောသည် ။ မကြာမီ က စင်ကာပူ မှ ပြန်လာ သော စာရေးဆရာ က မြန်မာ့ ရှေးမြို့တော်ဟောင်း တစ်ခု ကို လည် ရန် အားငယ် နေပုံ ရသည် ။

သို့ဖြစ်၍ ညောင်ဦး ရွှေစည်းခုံဘုရား ခြေရင်း ၌ ကား ထိုးဆိုက်ပြီး သော အခါ ဂိတ် တွင် အသင့် လာ ကြိုနေကြသော ကျွန်တော့် တပည့်များ က ကိုဖေမြင့် တည်း လိုသည် ဆိုသော အောင်မင်္ဂလာ မှာ ပင် နေရာ ချပေး လိုက်ကြပါသည် ။

“ အောင်မင်္ဂလာ ” က ရွှေစည်းခုံ နှင့် နီးသည် ။ အေးသည် ၊ သန့်သည် ၊ ဆိတ်ငြိမ်သည် ။ ပြီးတော့ ကျွန်တော့် တပည့်မကလေး နှင်းဝေလွင် ရှိသည် ။ ထို့ပြင် ကျွန်တော် တည်းခိုသော Air Mandalay မှ ကိုထွန်းလင်း ၊ မသန်းဌေး တို့ အိမ် နှင့် လည်း နီးလှပေရာ အားလုံး အဆင်ပြေ သွားခဲ့ရပေသည် ။

••••• ••••• ••••• •••••

ကိုဖေမြင့် ကို “ ဒါ စာရေးဆရာဖေမြင့် ပါ ပဲ ” ဟု မိတ်ဆက် ပေးခြင်း မခံရ မီ သူ ၏ စာအုပ် နှစ်အုပ် ကို ကျွန်တော် က ဖတ်ပြီး ဖြစ်ပါသည် ။ သည်တုန်း က တက္ကသိုလ်ကျောင်းသား ဘဝ ။

ကိုဖေမြင့် ၏ ဘာသာပြန် လက်ရာ အဖြစ် ကျွန်တော် ပထမဦးဆုံး ဖတ်မိသည့် စာအုပ် မှာ ရုရှားစာရေးဆရာ “ ချက်ကော့ ” ၏ ward six ကို ဘာသာပြန်ဆိုသည့် လူနာဆောင်အမှတ် ၆ ဖြစ်ပါသည် ။ ကျွန်တော် ကြိုက် သွားသည် ။ ရုရှား လူ့အဖွဲ့အစည်း ကို ထိုးနှက် ထားသည့် စာအုပ် ။ သည်စာအုပ် ကို ဖတ်ပြီး ပြီးချင်း မှာ ပင် ဖေမြင့် ဟူသည့် စာရေးဆရာ ၏ အမည် က ကျွန်တော့် စိတ် တွင် အမှတ်ထင်ထင် ရှိ သွားပါတော့သည် ။

နောက်တော့ ဆေးရုံ ကို ဖတ်ရ ပြန် ပါသည် ။ ဆေးရုံ က လည်း ဘာသာပြန် ပင် ဖြစ်ပါ၏ ။

အာသာဟေလီ ( Arthur Halley ) ၏ “ The final Diagnosis ” ကို ဘာသာပြန်ဆို ထားခြင်း ဖြစ်ပါသည် ။ သို့သော် သည် စာအုပ် ကို တော့ ကျွန်တော် က မစွဲလှပါ ။

ယင်းသည် ကိုဖေမြင့် ၏ ဘာသာပြန် ချို့ယွင်းချက် ကြောင့် ကား မဟုတ်ပါ ။ စာအုပ် က အာသာဟေလီ ၏ ထုံးစံ အတိုင်း လူ ထက် လောက ကို အသား ပေးပြီး ရေးဖွဲ့ ထားသော ဝတ္ထု ဖြစ်ရာ ဇာတ်ကောင်တွေ များပြားနေ ၊ ဝါးနေ ပြီး လူ ကို မငြိ သလို ဖြစ်၍ နေသည် ။ ဆေးရုံလောကကြီး ကတော့ ပေါ်လွင် လှ ပါ၏ ။

နောက်တော့ သည် စာအုပ် နှစ်အုပ် ကို ဖတ်ပြီးသွားသည် နှင့် မည်သူ က မျှ မိတ်ဆက် မပေးရပါဘဲ ၃၃ လမ်း ကို ဖြတ်သန်းရင်း ၊ စာပေလောက ကို ဖြတ်သန်းရင်း ၊ လက်ဖက်ရည်ဆိုင်များ ကို ဖြတ်သန်းရင်း ကျွန်တော် တို့ ကိုဖေမြင့် တို့ ရင်းနှီး သွား ဖြစ်ကြပါတော့သည် ။

သံတွဲသား ကိုဖေမြင့် ၊ ဆရာဝန်ကိုဖေမြင့် ။ အရပ် မြင့်မြင့် ၊ နှာတံ စူးစူး ၊ မေးစေ့ ချွန်ချွန် ။ ဘုန်းတော်ကြီးကျောင်း က ကျက်သရေခန်း သော့ ကို ကိုင် ရသော ကျောင်းသားကြီး ၏ မျက်နှာ မျိုး ဖြင့် မိမိ ကိုယ် မိမိ ယုံကြည်စွာ ။ ထို့နောက် မိမိ ကိုယ် မိမိ ဂုဏ်ယူစွာ ၊ ထို့နောက် ရိုးဖြောင့်စွာ ပြုပြင်တတ်မြဲ ဖြစ်သော စာရေးဆရာ ကိုဖေမြင့် ကို ကျွန်တော် ခင်မင် သွား မိ ခဲ့ပေသည် ။

••••• ••••• ••••• •••••

ပုဂံညောင်ဦး တွင် ရှိနေကြစဉ် ရက်များ အတွင်း ၌ ကျွန်တော် နှင့် ကိုဖေမြင့် တို့ တော်တော်ကြာကြာ စကား ပြောဖြစ်ကြပါသည် ။ အထူးသဖြင့် အောင်မင်္ဂလာဟိုတယ် မှ ဆောင်းညများသည် ကျွန်တော် တို့ အဖို့ စိတ် ကျေနပ် ဖွယ် အတိ ဖြစ်ပါသည် ။

အောင်မင်္ဂလာဟိုတယ် က ပုဂံညောင်ဦး လမ်းဟောင်း ပေါ် မှာ ရှိသည် ။ စားသောက်ခန်း က ဟာလာဟင်းလင်း ဖြစ်ပြီး ကုန်းမြင့် ပေါ် ၌ လုပ် ထားရာ ရွှေစည်းခုံဘုရား ကို ထင်ထင်ရှားရှား ဖူးမြင် နေရသည် ။ ကျွန်တော် တို့ ၏ စကားဝိုင်း တွင် ကိုဖေမြင့် ၊ မမခိုင် ၊ သား နှင့် သမီး တို့ က ပင်တိုင် ဖြစ်ပြီး ကျွန်တော် နှင့် ညောင်ဦးမြို့ခံ စာပေသမားများ က ဧည့်သည်များ ပြန် ဖြစ် နေကြပါသည် ။

“ ကိုဖေမြင့် ၊ ခင်ဗျား ရဲ့ အချစ်ဦး ထွက်လာ မှ စာရေးဆရာ တစ်ဦး ရေးတဲ့ မျိုးမမ ပကာသနီ နဲ့ တူ နေမှန်း သိရတော့တယ်ဗျာ ”

“အင်း - ကျွန်တော် က တော့ သိလို့ လုပ်တာတော့ မဟုတ်ဘူးဗျာ ၊ မျိုးမမပကာသနီ လည်း ဖတ်ဖူးတာ မဟုတ်ဘူး ၊ တိုက်ဆိုင်တာပေါ့ ”

ဟုတ်သည် ၊ ကျွန်တော်တို့ ငယ်ငယ်က စာရေးဆရာ တစ်ဦး ၏ မျိုးမမပကာသနီ ကို ဖတ်ခဲ့ဖူးသည် ။ မှီးသည် ဘာသည် မထင်ခဲ့ ။ ပင်ကိုရေး ဟု ပဲ စွဲနေ ခဲ့ ဖူးသည် ။

ခုတော့ ကိုဖေမြင့် က ရုရှားဝတ္ထုရေး ဆရာ Ivan Turgeniv ၏ The First Love ကို အချစ်ဦး ဟူ၍ ပြန်ဆို လိုက်ရာ မှီးကြောင်း ပေါ်လွင် သွားခဲ့ရသည် ။ ကိုဖေမြင့် ကတော့ သူ့ ဘာသာ သူ ပြန်ချင် စိတ် ရှိ၍ ပြန်ဆို လိုက်ခြင်း မျှသာ ။

တကယ်တော့ ကိုဖေမြင့် မှာ က ပင်ကိုရေး ဝတ္ထုရှည် ဟူ၍ မရှိသလောက် ပင် ဖြစ် ပါသည် ။ “ လူနာဆောင်အမှတ် ၆ ၊ ဆေးရုံ ၊ အချစ်ဦး ” အားလုံး ဘာသာပြန် တွေ ချည်း ။

သို့သော် ဝတ္ထုတိုတွေ ကျတော့ ပင်ကို ရေး တွေ များပြီး ကောင်း လည်း ကောင်း ပါသည် ။ သူ မဂ္ဂဇင်းပေါင်းစုံ တွင် ရေးခဲ့သည့် ဝတ္ထုတိုများ ကို စုစည်းကာ စာအုပ်တွေ လည်း ထွက်ခဲ့ပါ၏ ။ မရဏာနုဿတိ နှင့် အခြားဝတ္ထုတိုများ ၊ ကျွန်း နှင့် အခြားဝတ္ထုတိုများ စသည် တို့ သည် သူ ၏ ဝတ္ထုတိုစုများ ပင် ဖြစ်သည် ။

မရဏာနုဿတိ ထဲ က ကျွန်တော် တကယ်သေပါမည် ဆိုသော ဝတ္ထု ကို ကျွန်တော် တကယ် စွဲ ပါသည် ။ အမေ က အရင် အိမ်ထောင် နှင့် ကလေးတွေ ကို ဦးစားပေးသည် ဟု ထင်ကာ နောက် အိမ်ထောင် မှ မွေးသော သား က ဖခင် ဆုံးပြီး သည် နှင့် အိမ် မှ ထွက်ပြေး သည် ။ အမေ့ ကို စိတ် နာ ကာ အဆက် ဖြတ် လို၍ မိမိ သေပြီ ဟု ဆိုကာ အမေ့ ထံ လိမ်ညာ သံကြိုး ရိုက်သည် ။

အမေ က လိုက် လာ၍ သား တကယ် မသေ မှန်း သိသော အခါ ဆဲဆိုကြိမ်းမောင်း ပြီး ပြန် သွားကာ အတန် ကြာလျှင် သားပြန် လာဖို့ သံကြိုး ရိုက်သည် ။ ထိုအခါ တွင် မှ သား က တကယ် သေချင်စိတ် ပေါက် သွားကြောင်း ဝတ္ထု ။ မိဘမေတ္တာ ကို ဖော်ပြပုံ လှသည် ။

ကျွန်း ထဲ တွင် ပါသည့် ကျွန်း ၊ လူမိုက်ဘတုတ် ၊ ရွှေ စသော ဝတ္ထုများ တွင် တော့ လူ တို့ ၏ လောဘ ၊ ဒေါသ နှင့် မိုက်မဲမှုများ ကို ကြက်သီး တဖြန်းဖြန်း ထ အောင် ဖတ် ရသည် ။ သည် ထဲ က ကျွန်း တို့ ၊ လူမိုက်ဘတုတ် တို့ က တော့ ဗီဒီယိုကားများ ပင် ဖြစ်သွား ခဲ့ပါသေးသည် ။

“ ကိုသာချိုရယ် ၊ ဝတ္ထုတွေ ဗီဒီယို ရိုက်ရတယ် ဆိုပေမယ့် မင်းသား ဆယ်သိန်း ၊ စာရေးဆရာ သုံးထောင် ပါ ”

ကိုဖေမြင့် ၏ ဇနီး မမခိုင် က မျက်မှောက်ခေတ် စာရေးဆရာ တို့ ၏ အနုသုခုမကြေး ကို အညည်း ဖြင့် ဝင် ပြောသည် ။ ကိုဖေမြင့် က တော့ တုံဏှိဘာဝေ မှ ပင် အာလူးကြော် အစို တစ်ဖတ် ကို တူ ဖြင့် ညှပ်ယူနေလျက် ။ ကျွန်တော် က လည်း ကိုဖေမြင့် ရန်ကုန် မှ သယ်ဆောင်လာသော J & B ဝီစကီပုလင်းကြီး ကို တရိုတသေ မ ကာ လွတ် နေသော ခွက်များ ကို ဖြည့်တင်းပေးလျက် ။ လမ်းမ ပေါ် မှာ မြောက်ပြန်လေ တိုးဝှေ့ ဆဲ ။ တမာရွက်ခြောက် တို့ တဖြောက်ဖြောက် ကြွေလွင့် ရှပ်တိုက် ပါသွား ဆဲ ။ ဟိုး ခပ်လှမ်းလှမ်း ရွှေစည်းခုံစေတီ ဆီက ဆည်းလည်းသံ သဲ့သဲ့ ကို ကြားရ ဆဲ ။

လူသုံးကုန်ပစ္စည်း ရောင်းသူများ က တော့ ကိုဖေမြင့် အမျိုးသားစာပေ ဆုရ ဝတ္ထုတို စု ပင် ဖြစ်ပါသည် ။ သည်ထဲ မှာ လည်း ကျောက်ကပ်လှီးရောင်း ၊ သွေးဖောက်ရောင်း ကာ ထမင်းဖိုး ရှာကြသည့် လူတွေ အကြောင်း ကို အသည်း ယားစွာ ကလိ ထားသည် ။ “ မောင်တိုးလေး ကို ဆေးကုပေးမည့်သူ မရှိပါ ” ဝတ္ထု ထဲ မှာ တော့ ပန်ဒါဝက်ဝံလေးတွေ မျိုး မတုံးအောင် ကြိုးစားနေကြသော ကမ္ဘာမြေ ၊ ခွေးတူဝက်တူသတ္တဝါတွေ မျိုး မတုံးအောင် ကြိုးစားနေသော ကမ္ဘာမြေ ၊ ဝေလငါးတွေ မျိုး မတုံးအောင် ကြိုးစားနေကြသော ကမ္ဘာမြေ ပေါ် တွင် တီဘီရောဂါ ဖြစ်ကာ သွေး တပွက်ပွက် အန် နေသော မောင်တိုးလေး ကို တော့ ဆေး ကု ပေးမည့် သူ မရှိကြောင်း ထောက်ပြ ထားသည် ။

သည်သို့ သည်သို့ သော ဝတ္ထုများစွာ ကို ကျွန်တော်တို့ ဖတ်ခဲ့ ၊ ကြိုက်ခဲ့ ၊ တန်ဖိုး ထား ခဲ့ ကြသည်ပဲ ဖြစ်ပါသည် ။ သို့သော် ခု နောက်ပိုင်း ကျ မှာ တော့ ကိုဖေမြင့် တစ်ယောက် မည်သို့ ဖြစ်သွားခဲ့သည် မသိပါ ။ ဝတ္ထုတွေ အားလုံး ရပ်ဆိုင်း သလောက် ဖြစ်သွားပြီး တက်ကျမ်းတွေ က တာရိုး ကို ချိုးလွှတ် လိုက် သလို ဒလဟော လိမ့်ဆင်း ကျ လာသည် ။

စိန်မြေဧကပေါင်းများစွာ ၊ သင့်စိတ် သင့်အတွေးအကြံများ အတိုင်းသာ ၊ ကိုယ့်ထူးကိုယ်ချွန်သမားများ အတွက် လက်စွဲစကားများ ၊ မဟာကရုဏာရှင်များ ၊ အပြောင်မြောက်ဆုံး ဘဝ တစ်ခု တည်ဆောက်ခြင်း ၊ ဘဝ ဒဿနရသစာများ ၊ ဟောနည်းပြောနည်း ကိုယ့်ဘက် ပါအောင် စည်းရုံးနည်းများ ၊ ချုံကြားမှ ဘုံဖျားသို့ ၊ အောင်မြင်မှု ချမ်းသာသုခ နှင့် ဓနဥစ္စာ ၊ မူမှန်စိတ် မူမှန်အတွေး မူမှန်အကျင့် ၊ စိတ် ၏ သတ္တိစွမ်းအားများ ၊ ဦးနှောက်တွင် ရင်းနှီးမြှုပ်နှံပါ ၊ ဘာကြောင့်ခုထိ မချမ်းသာသေးတာလဲ ၊ ဘေဘီလုံ မှာ အချမ်းသာဆုံး ပုဂ္ဂိုလ် စသည် ။

ဤမျှ မြောက်မြားလှစွာသော တက်ကျမ်း များစွာ ကို ကျွန်တော် ဖတ် ကြည့်တော့ ဆိုလိုချက် တစ်ခု ကို ပဲ ရပါသည် ။ အောင်မြင်အောင်  ကြိုးစား ၊ ဒါပဲ ဖြစ်သည် ။ ချမ်းသာအောင် ကြိုးစား ။ ပညာ တတ်အောင် ကြိုးစား ။ ထူးချွန်အောင် ကြိုးစား ။ ခေါင်းဆောင် ဖြစ်အောင် ကြိုးစား ။ မာသာထရီဇာ လို ၊ လင်ကွန်း လို ၊ သောမတ်အက်ဒီဆင် လို ၊ ဟင်နရီဒူးနန့် လို ၊ ဖလောရင့်နိုက်တင်ဂေး လို ၊ ဂျော့ဝါရှင်တန် လို ၊ မိုက်ကယ် အိန်ဂျယ်လို လို ၊ အဲလ်ဘတ်ရွိုက်ဇာ လို ။

ထို တက်ကျမ်း များ သည် မလိုအပ် မဟုတ် ၊ လိုအပ်ပါသည် ။ ဘဝ ကို ခြေလှမ်း ပြင်စ လူငယ်လူရွယ်များ ၊ စိတ်ဓာတ် ပြိုလဲနေသူများ ၊ ဘဝ အခြေခံ ယိမ်းယိုင် နေသူများ အတွက် အမှန် တကယ် ပင် လိုအပ်လှပါသည် ။ သို့သော် ကျွန်တော် က တော့ ကိုဖေမြင့် ထံ မှ နှလုံးသား ကို သာ ဆာလောင် နေသူ ဖြစ်ရာ သူ့ အနုပညာ ကို သာ လိုချင်လှပါသည် ။

“ ကိုဖေမြင့် ၊ ကျွန်တော် တစ်ခု တော့ ပွင့်ပွင့်လင်းလင်း မေးမယ်ဗျာ ၊ ဝတ္ထုတွေ ဘာတွေ ကို ကော ခင်ဗျား ယုံရဲ့လား ”

ကိုဖေမြင့် ခေတ္တ တွေ သွားပါသည် ။ လူသူလေးပါး တိတ်ဆိတ်လျက် ရှိသော ပုဂံညောင်ဦး ၏ ညသည် အသက်ရှူ ကျပ် နေဟန် တူ ပါသည် ။ မမခိုင် ၊ သူ ၏ သား နှင့် သမီး ၊ ကျွန်တော် ၊ ပုဂံညောင်ဦး မှ မိတ်ဆွေများ အားလုံး က ကိုဖေမြင့် ကို ပဲ စိုက် ကြည့် ၍ နေကြပါသည် ။ အပြင် မှာ သန်းခေါင် ကျော် သွားပြီ ။ စားပွဲ ပေါ် မှာ ကတော့ ရေခဲတုံး သည် ဝီစကီ ထဲ မှာ ပေါလော မျော ၍ နေဆဲ ။

“ ပြောရရင် ဗျာ ၊ ကျွန်တော်တို့ စာ ရေးစ က စာရေးဆရာ ဖြစ်ဖို့ ဆိုရင် ဝတ္ထု ရေး မှ ပဲ စာရေးဆရာ ဖြစ် မလို ဖြစ် နေတယ် ။ ဒါနဲ့ ကျွန်တော် လည်း ရေးဦး မှ ဆိုပြီး ဝင် ရေး ဖြစ် ခဲ့တာ ၊ နောက်တော့ ဝတ္ထု မရေး လည်း စာရေးဆရာ ဖြစ်တာပဲ လို့ ထင် လာတာနဲ့ ကျမ်းတွေ ရေး ဖြစ်ခဲ့တာပါပဲ ၊ ကျွန်တော့် မှာ ဖတ်မှတ် စုဆောင်း ထား တာတွေ အများကြီး ဗျ ”

ကိုဖေမြင့် က ဝတ္ထု ရေးမိ သည်ကို ပင် မျက်စိ လည် လမ်း မှားကာ ယောင်ယောင်မှားမှား နှင့် ဝင် ရေးမိခဲ့ သလို ဆို လာ ခဲ့ရာ ကျွန်တော် က မကျေမနပ် ဖြစ်မိသည် ။ ရသ ၊ ရသ ၊ လောက တွင် ရသ မလိုအပ်ဘူးလား ။

“ ဝတ္ထု မရေးတော့တာ ငွေ ကြောင့် တော့ မဟုတ်ဘူး ကိုသာချို ရဲ့ ၊ စာ ရေးချင် လွန်း လို့ အောင်မြင် နေတဲ့ ဆေးခန်း ကို တောင် ဖြုတ်ခဲ့တာပါ နော် ”

မမခိုင် က လည်း သူ့ ချစ်ခင်ပွန်း ဘက် မှ တစ်ချက် နှစ်ချက် ကူ ပစ်ပေးသည် ။ နောက်တော့ စကားဝိုင်း က မော်ဒန်ကဗျာတွေ ဘက် ကို ရွေ့သွား ပြန်သည် ။ ကိုဖေမြင့် က ကျွန်တော့် ကို ကဗျာ ရွတ် ခိုင်းပါသည် ။ စင်စစ် ကျွန်တော့် စိတ် ထင် ကိုဖေမြင့်  ကဗျာ ကို စိတ် မဝင်စားလှ ဟု ထင် မိသည် ။

ဝတ္ထု ကို တောင် မတတ်သာ လို့ ရေးမိ ခဲ့ပြီး အခြားသော ကျမ်းစာမျိုး တွေ က သာ လောက ကို ပို၍ အကျိုး ပြုလိမ့်မည် ဟု ယူဆ ထားဟန် တူသူ က ကဗျာ ရွတ် ခိုင်း သော အခါ ကျွန်တော် အံ့သြ မိသည် ။ သို့သော် ကျွန်တော် က ကိုအောင်ချိမ့် စသူ တို့ ၏ ကဗျာအချို့ကို ရွတ် ပြပြီး ခံစား ပြ လိုက် သော အခါ ကိုဖေမြင့် စိတ် ကို ထိမှန် သွား ဟန် တူသည် ။

“ ခင်ဗျား ရှင်းပြတော့ လည်း အကောင်းသားလား ဗျာ ”

သို့ဖြင့် ည နှစ်နာရီ ကျော် သွားပါသည် ။ အံ့သြစရာ ကောင်းသည် က ကိုဖေမြင့် ၏ ဇနီး မမခိုင် ရော ၊ သား နှင့် သမီး တို့ က ပါ ကျွန်တော် ကဗျာ ရွတ်သည် ကို တစ်ချက်ကလေး ဆို တစ်ချက်ကလေး မှ အာရုံ မတိမ်းစောင်း သွားဘဲ ခံစား နိုင်ကြ ခြင်း ဖြစ် ပါသည် ။ ည နှစ်နာရီ ကျော် တဲ့ အထိ ။ နှင်းတွေ ပိန်းပိတ်အောင် ကျ လာတဲ့ အထိ ။ ရွှေစည်းခုံဘုရားကြီး ကို ဝိုးတဝါး သာ မြင်ရတော့ တဲ့ အထိ ။

••••• ••••• ••••• •••••

ကိုဖေမြင့် တို့ ၊ ကျွန်တော် တို့ ပုဂံညောင်ဦး တွင် နေစဉ် ကာလများ က အာနန္ဒာ ဘုရားပွဲရက် များ ဖြစ်ရာ ကျွန်တော် တို့ ပုဂံ အနှံ့ ခြေဆန့် ဖြစ်သည် ။ ဘုရား တစ်ဆူ တွင် သံဃာတော် တစ်ပါး က ကိုဖေမြင့် ကို ကိုဖေမြင့် မှန်း သိပြီး မိတ်ဆက် သည် ။ ထို သံဃာတော် က လည်း ကိုဖေမြင့် ၏ တက်ကျမ်း ပရိသတ် ။

တစ်ခါ ကျွန်တော့် တပည့် ဆီစက်ပိုင်ရှင် ဆန်းထွန်းဦး က လည်း လိုက် လာ ကာ ကိုဖေမြင့် နှင့် မိတ်ဆက် ခိုင်း ၍ မိတ်ဆက် ပေးရ ပြန်သည် ။ သူ က လည်း ဝတ္ထု ရေး သော စာရေးဆရာ ဖေမြင့် ကို မသိ ။ သူ့ အိမ် တွင် ရှိ နေသော မန္တလေး မှ ဝယ် လာသည့် တက်ကျမ်းစာအုပ် တွေ ကို ရေးသော စာရေးဆရာ ဖေမြင့် အဖြစ် သာ သိနေသည် ။ အချစ်ဦး တွေ ၊ လူနာဆောင်အမှတ် ၆ တွေ ၊ ဆေးရုံ တွေ ကို မသိ ။ ပြောပြတာ လည်း စိတ် မဝင်စား ။

ကိုဖေမြင့် - ရန်ကုန် ကို ပြန်တော့ ညောင်ဦးလေဆိပ် ကို ကျွန်တော် လိုက် မပို့ဖြစ် လိုက်ပါ ။ ကိုဖေမြင့် က ကျွန်တော် ညောင်ဦး တွင် တက္ကသိုလ် တန်းများ ကို စာ လာ သင်ပေး နေသည် ကို ရည်ညွှန်း ပြီး -

“ ခင်ဗျား လည်း ကုသိုလ် ဆိုးတယ်ဗျာ ၊ ပုဂံခေတ် လောက် က သာ ဆို အနော်ရထာ တို့ ၊ ကျန်စစ်သား တို့ သားသမီးတွေ ကို သင်ပေးရမှာ ဗျ ၊ မင်း ဆရာ ပေါ့ ဗျာ ” ဟု သော သွားပါ သေးသည် ။

ဩော် - ကိုဖေမြင့် ၊ ကိုဖေမြင့် ။

စာပေဂျာနယ် အယ်ဒီတာ ။ ဒီလှိုင်းမဂ္ဂဇင်း အယ်ဒီတာ ။ ပရိသတ် နှစ်မျိုး နဲ့ စာရေးဆရာ တစ်ယောက် ။

သူ ဘယ်ဘက် ကို အားသန် သွားလေမည် မသိ ။ အလှဗေဒ ဘက် ကို လား ။ ဓနဗေဒ ဘက် ကို လား ။ ကား ပေါ် ပါ တပည့် မိတ်ဆွေ က တော့ ကိုဖေမြင့် ကြောင့် သူ စိတ်အား တွေ တက်ကြွ ရသည် ဟု ဆိုခဲ့ ပါပြီ ။

◾မောင်သာချို

📖 ရနံ့သစ်မဂ္ဂဇင်း
      ဇူလိုင်လ ၊ ၁၉၉၈ ။

#ကိုအောင်နိုင်ဦး

.