❝ နှစ်လောက နှင့် နှစ်ဘဝ ❞
( ၁ )
ခုတလော တွင် မောင်စိန်ဝင်း နှင့် မောင်တင်ဝင်း တို့ ညီအစ်ကို တို့ ကို အမှတ်မထင် တမ်းတမ်းတတ သတိ ရ မိသည် ။
သူတို့ ညီအစ်ကို မှာ အသက်အရွယ် အားဖြင့်၂ဝ ကျော်ကျော် ပတ်ဝန်းကျင် လောက် တွင် သာ ရှိကြဦးမည် ။ အသားဖြူဖြူ ရုပ်ရည်သနားကမား နှင့် သားသားနားနား ရှိကြသည် ။ ထို လူငယ်ကလေး နှစ်ဦး ၏ အကြောင်းကို ကျွန်တော် အဘယ့်ကြောင့် တမ်းတမ်းတတ သတိ ရ လာမိသနည်း ဟု ဆင်ခြင်ကြည့် မိပါသည် ။
မောင်စိန်ဝင်း နှင့် မောင်တင်ဝင်း တို့ မှာ တစ်အူတုံဆင်း ညီရင်း အစ်ကို ဖြစ်ရုံမျှ မက ရုပ်ရည် ချင်း က လည်း တူကြသည် ။ သားနားပုံ က လည်း ဆင် ကြသည် ။ ကျွန်တော် တွေ့ခဲ့ သိခဲ့ ရ သော သူတို့ဘဝ ဖြစ်စဉ်တွေ မှာ လည်း ဆင်တူရိုးမှား ဖြစ် ခဲ့သည် ။
တစ်နေ့ က ပျင်းပျင်း ရှိသည် နှင့် ရန်ကုန် အကျဉ်းထောင်ကြီး အတွင်း ပုဒ်မ ( ၅ ) အကျဉ်းသား ဘဝ ဖြင့် နေထိုင်ခဲ့ရစဉ် ရောက်တတ်ရာရာ ရေး မှတ် ထားသော ကျွန်တော့် ကော်ပီ စာအုပ် ဟောင်းနွမ်းနွမ်း တစ်အုပ် ကို လှန်လှော ဖတ်ရှုမိပါသည် ။ ထိုအခါ၌ ယင်းစာအုပ် ကြား မှ စာခေါက်ကလေး တစ် ခု လျှော ကျလာသည် ။
စာခေါက်ကလေး မှာ ကာလရှည်ကြာ လာသည့် အတွက် ညှိုးလျနွမ်းရော် နေပေပြီ ။ အပြာနုရောင် စာရေးစက္ကူ အငယ်စား ပေါ် တွင် ရှုပ်ရှုပ်ထွေးထွေး ယိုင်ယိုင်နဲ့နဲ့ ရေး ထားသော စာလုံးကလေးများကို သွား တွေ့မိသည် ။
“ လတ်စသပ်တော့ မောင်စိန်ဝင်း စာ ကိုး ”
ကျွန်တော် သည် မပီကလာ ပီကလာ ဖြင့် ဖွဲ့နွဲ့ ရေးသာထားသည့် မောင်စိန်ဝင်း ၏ စာ ကို အစ မှ အဆုံး တိုင် ဖတ် မိပါသည် ။ စာရွက် အပြာနုရောင်ပေါ် တွင် ရေး ထားသည့် စာလုံးကလေးတွေ မှာ မညီမညာ ယိုင်ယိုင်နဲ့နဲ့ နိုင်လှသလို သူ တတ်သလောက် ၊ သူ နားလည် သလောက် လည်း ရေး ထား သည်ကို တွေ့ရသည် ။
သို့
မွေးမိခင် ကျေးဇူးရှင်ကြိစိကို သားမောင်စိန်ဝင်း စားအားဖြင့် ကတော်လိုက်သည် သားမောင်စိန်ဝင်းမှ စက်မူလက်မူ ကျောင်းရှေနာတွင် လူရက်မူဖြင့် သား မောင်စိန်ဝင်းအား ထောင်ဒန် ၆ လ ကျနေ့ပါ၍ လာနိုင်ပါက လာစေလိုပါသည် မလာနိုင်ပါက အရေးမကြီပါခင်ဗျာ သားမောင်က စာရေအကြောင့်ကျတာ ဒုက္ခပေဗို မဟုတ်ပါဘူး သားမောင်ဟာ ၁၉၄၉ ခုနှစ်က အိမ်က ထွက်လာတာ အခုစို ၁၉၅၅ ခုနှစ် ရောက်လာပြီ အခုစို ၆ နှစ်ရှိသွားပါပြီ သားမောင်ဟာ ၁၃ နှစ်သားက မွေးမိခင်ကြီးတို့စီက ထွက်လာကထဲက သားမောင်ဟာ ဆိုးတေနေတာဆိုရင်ဖြင့် ငါးနှစ်ရှိသွားပါဘီ ဒါပေမဲ့ သားမောင် ထောင်ကျနေပေမဲ့ သားမောင်ကို အင်္ဂလိပ် စာသင်ပေးနေတဲ့ ပညာရှိမိတ်ဆွေတွေနဲ့ အတူ နေရလို့ သားမောင်ဟာ ကောင်းကောင်းနေရပါတယ် ဒါပေမဲ့ သားမောင်တို့ ထောင်ကျနေတဲ့အထဲမှာ ဆိုရင်ဖြင့် ဘော်လုံးအသင်းတွေ ပြေပွဲတွေဆိုတာ ကတော်များကြီးပါပဲ သားမောင်ဟာ ထောင်ကလွပ်ဖို တန်ဆောင်မှန်လပြည်ကျော်လိုက်ဆိုရင် လွပ်ပါဘီ ကျွန်တော် ထောင်ကျတာကို ပဒူမှ မပြောပါနဲ
တော်တေးဘူ တအိပ်သားလုံး ကျမ်းကျမ်းမာမာရှိပါစေခင်ဗျ ကျွန်တော်လဲ ကျကျမာမာ ရှိပါတယ်ခင်ဗျာ
တတိယသားဆို
စိန်ဝင်း
ကျွန်တော် သည် စာ ကို နောက်တစ်ခေါက် ထပ် ၍ ဖတ်မိပြန်ပါသည် ။ စာ တွင် ပုဒ်ဖြတ် မပါ ။ စာလုံးပေါင်း မမှန် ၊ သူ နားလည် သလို ၊ သိ သလို သူ့ ရင် ထဲ မှ ခံစားရချက်များ ကို သူ့ အမေ အား ပေးရန် ရေးထားခြင်း မျှ သာ ဖြစ် သော်လည်း သူ့ စာ ကို ကျွန်တော် နားလည်၏ ။ ကျွန်တော် ပါ သူ့လို ခံစား နေရ၏ ။
ကျွန်တော် သည် ခေါက်ရိုး ကျိုးနေပြီ ဖြစ်သည့် သူ့ စာကလေးကို အသာအယာ မှတ်စုစာအုပ် အတွင်း သို့ ခေါက်ကာ ပြန် သွင်း လိုက်မိပါသည် ။ မောင်စိန်ဝင်း ၏ ရုပ်ပုံလွှာ သည် ကျွန်တော့် မနောအကြည်ဓာတ် တွင် တဖျပ်ဖျပ် လာရောက် ရိုက်ခတ် လျက် ရှိသည် ။
ကျွန်တော့် အတွေး သည် လွန်ခဲ့သည့် ၈ နှစ် ခန့် ဆီ သို့ တဝေ့ဝေ့ ရစ်သီ ဝဲပျံ သွား လေ၏ ။ လက်ထိပ် သံ ၊ ခြေကျဉ်း သံ ၊ ဝါဒါ တို့ ၏ ဖိနပ် သံ ၊ နာရီသံချောင်း ခေါက် သံ ၊ အကျဉ်းထောင် ၏ အသံဘလံ နှင့် ညိုမှောင်မှောင် အုတ်ရိုးများ စသည့် အကျဉ်းကမ္ဘာ ၏ ပတ်ဝန်းကျင် နှင့် အနံ့အသက်များ မှာ ကျွန်တော့် ကို တွေ့ထိလာ ကြလေ၏ ။
( ၂ )
၁၉၅၅ ခုနှစ် ..
ရန်ကုန်ဗဟို အကျဉ်းထောင် အဆောင် အမှတ် ( ၅ ) ၊ အခန်းအမှတ် ( ၅ ) ။
ထို အခန်းငယ် အတွင်း သို့ ရုပ်ရည် သနားကမား နှင့် အသားဖြူဖြူ လူငယ် တစ်ဦး ဝင် လာသည် ။ အသက်အရွယ် အားဖြင့် ၁၅ နှစ် ၊ ၁၈ နှစ် မျှ သာ ရှိဦးမည် ထင်သည် ။ ဖြူလှသော သူ့ အသားအရည် မှာ နေလောင် ထားသည့် အတွက် လား မသိ နီကျင်ကျင် ဖြစ်နေ၏ ။ ဆံပင်တွေ မှာ ရှည်လျား လျက် ညှဉ်းဆိုးဆိုး ဖြစ်နေသည် ။ သူ သည် ကျွန်တော့် ခုတင်နံဘေး ရှိ ကုလားထိုင် တွင် ကျိုးနွံသော ဟန် ဖြင့် ထိုင်ချ လိုက် လေ၏ ။ သူ ကား လုယက်မှု ဖြင့် ထောင်ဒဏ် ၆ လ အပြစ် ပေးခြင်း ခံရသော မောင်စိန်ဝင်း ပေ တည်း ။
သူ့ ကိုယ် သူ နာမည် ဖော်ပြကာ ကျူးလွန်ခဲ့သော အပြစ် နှင့် ချမှတ်လိုက်သည့် ထောင်ဒဏ် တို့ ကို တတွတ်တွတ် ပြောပြသည် ။ ယခု ထောင်ကျ မို့ ဘီကလပ် ရှိ စားသောက်ရိပ်သာ တစ်ခု ခု တွင် အလုပ် လုပ် ရန် တာဝန် ကျ ရာ ကျွန်တော်တို့ ရိပ်သာ တွင် အလုပ် လုပ် လို ကြောင်းဖြင့် လည်း ပြောသည် ။
သို့နှင့်ပင် မောင်စိန်ဝင်း သည် ကျွန်တော် တို့ ရိပ်သာ တွင် တိုလီမိုလီ အလုပ် လုပ်ရန် ရောက် လာခဲ့သည် ။ လူချင်း လည်း ပို လို့ သာ ရင်းနှီးကျွမ်းဝင် လာသည် ။ သူ့အကြောင်း ကို မေး သောအခါ နတ်မောက်လမ်း စက်မှုလက်မှု ကျောင်း ရှေ့နား တွင် လုယက်မှု တစ်ခု ကို ကျူးလွန်ခဲ့သည် ။ ထို့အတွက် အလုပ်ကြမ်း နှင့် ထောင် ၆ လ ကျသည် ဟု သာ ယေဘုယျအား ဖြင့် ပြောပြသည် ။
“ ကျွန်တော့်အကြောင်းတွေ မသိချင်ပါနဲ့ အစ်ကို ရယ် ။ အလကား အကြောင်းတွေပါ ” ဟု သူ က ရှက်စနိုး ပြော တတ်သည် ။ သို့သော် မေးဖန်များ လာသော အခါ၌ သူ့အကြောင်း ကို သူ ပြောပြလေတော့သည် ။ ကျွန်တော့် မျက်စိရှေ့ တွင် ရှိသော မောင်စိန်ဝင်း မှာ အသက်အရွယ် အား ဖြင့် ၁၈ နှစ် ၁၉ နှစ် ဝန်းကျင် တွင် သာ ရှိဦးမည် ဖြစ်သည် ။ မနေ့တစ်နေ့ က မှ လူ ဖြစ်လာသော လူလား မမြောက်သေးသော ကလေးဘဝ သာ ဖြစ်သည် ။ သို့ရာတွင် သူ ပြောပြသော သူ့ အကြောင်းတွေ မှာ ကား ကြီးကျယ်လှသည့် ဝတ္ထု တစ်ပုဒ် ပမာ စိတ်ဝင်စားစရာကောင်း၏ ။ မယုံနိုင်လောက် သော အခက်အခဲများ ကို လည်းကောင်း ၊ ကြမ်းတမ်း ခက်ထန်လှသော ဘဝ ကို လည်းကောင်း ၊ သူ့ အကြောင်းများ တွင် သွား တွေ့ရသည် မှာ နာကျည်းဖွယ်ရာ ၊ ရင်ထုမနာ ဖြစ်ဖွယ်ရာ ကောင်းလှချေသည်တကား ဟု တွေးရင်း ကျွန်တော့် မှာ ပင့်သက် ဖြာ မိပါသည် ။
မောင်စိန်ဝင်း မှာ ဟံသာဝတီခရိုင် ရှိ မြို့ကလေး တစ်မြို့မှ ဖြစ်သည် ။ သူ လူ မှန်း သိတတ်စ အရွယ် တွင် အဖေ သေသွားသည် ။ ထိုကဲ့သို့ အဖေ သေဆုံး သွားပြီးနောက် အမေ က နောက် အိမ်ထောင် ပြုသည် ။ အဖေ သေပြီး နောက် မကြာမီ နောက် အိမ်ထောင် ပြုရကောင်းလား ဟု အမေ့ အပေါ် ငြိုငြင် လေသည် ။ ပထွေး နှင့် လည်း အစိမ်း သက်သက် ဆက်ဆံ ရသည် ဖြစ်ရာ မောင်စိန်ဝင်း မှာ အိမ် တွင် နေရသည် ထက် ဝေးရာ အရပ် တစ်နေရာရာ သို့ ထွက် သွားရသည်က ကောင်း ပေလိမ့်မည် ဟူသော အတွေး ပေါက် ကာ အိမ် မှ ထွက် လာခဲ့လေ၏ ။ ထိုအချိန် တွင် သူ သည် ၁၃ နှစ် သား ရှိနေပေပြီ ။
ပထမဦးစွာ ရန်ကုန် သို့ ရောက် လာပြီးနောက် အလုပ်အကိုင် နှင့် နေစရာ ထိုင်စရာ မရှိ ၊ ခြေဦး တည့်ရာ သွား နေရသောကာလ တွင် သူ သည် ရန်ကုန်မြို့လယ် တဝိုက် ၌ ဖြန့် ၍ ကျက်စားနေသော ဖောက်ထွင်းဂိုဏ်း ခေါင်းဆောင် က သူ့ အား မုန့်ဖိုး ပဲဖိုး ပေးသည် ။ ထို့နောက် ဖောက်ထွင်းပုံ နည်းနာများ အားလုံး ကို လက်တွေ့ သင်ကြား ခိုင်းစေလေရာ မောင်စိန်ဝင်း ကိုယ်တိုင် ဖောက်ထွင်းမှု အသေးအဖွဲကလေး တွေ ကို နှစ်နှစ်ခြိုက်ခြိုက် လုပ်လာ တော့သည် ။ အဘယ့်ကြောင့် ဆိုသော် ထို အတွက် လုပ်ခ အဖြစ် ငွေကလေး ကြေးကလေး ရရှိခြင်းကြောင့် ပင်တည်း ။
သူ သည် ဖောက်ထွင်းမှု မျိုးစုံကို ကျကျနန ကျူးလွန် လေတော့သည် ။ ဆိုင်ကလေးတွေ ကို မဖောက်တော့ ဘဲ ဆိုင်ကြီးကန္နားကြီးများ ၊ တိုက်တာကြီးများ ကို ပါ ဖောက်၏ ။ လုယက်၏ ။ သူ သည် သော့ဟူသမျှ ကို မိန်းမဆံညှပ် တစ်ချောင်း ၊ သို့မဟုတ် သွပ်နန်းကြိုးကလေး တစ်စ ရ ရုံမျှဖြင့် ဖွင့် တတ်နေ၏ ။ သူ့ ဘဝတွင် အခက်အခဲ နှင့် ဘေးအန္တရာယ်တွေ အကြား မှ ရယ်စရာ အဖြစ်များ မကြာခဏ တွေ့ တတ်ပုံ ကို မြိန်ရေယှက်ရေ ပြန် ပြောသည် ။
တစ်ခါက ရန်ကင်း ဘက် ရှိ အခန်း တစ်ခန်း အတွင်းသို့ နေ့ခင်း ၁၁ နာရီ လောက် တွင် ဖောက်ထွင်း ဝင်ရောက်ခဲ့သည် ။ ဤအခန်း တွင် နေသူတို့ မှာ စစ်ဗိုလ် လင်မယား ဖြစ်ပြီး နှစ်ယောက်စလုံး အခန်း ကို သော့ခတ်လျက် ရုပ်ရှင် ကြည့် ထွက်သွားကြသည် ။ သူ အိမ်ခန်း အတွင်း သို့ ရောက်နေပြီး ချိန် ၌ ထို လင်မယား မှာ တစ်စုံ တစ်ခု မေ့ကျန်ခဲ့သည့် အတွက် ပြန်လာ ရာ အိပ်ခန်းတွင်း သို့ မောင်စိန်ဝင်း ရောက်နေချိန်နှင့် တိုက်ဆိုင် နေလေသည် ။ သူတို့ သည် ခြေရာလက်ရာ ပျက်နေသောအိမ် ကို ချက်ချင်း သတိထား မိကာ အနီးအနား သို့ အော်ဟစ်အကူအညီ တောင်းလေတော့သည် ။
“ ကျွန်တော် က လည်း အခန်းထဲ က နေပြီး မင်းတုံး ချထားတယ် အစ်ကိုရဲ့ ။ အဲဒီ အိမ်ရှင် လူ က အခန်း ထဲ မှာ သူ့ ခြောက်လုံးပြူး ကျန် နေခဲ့တာကို သတိ ရပြီး ကျွန်တော့် ကို မဖွင့်ခိုင်းဘူး ။ ပုလိပ်တွေ ရောက် လာတဲ့ အထိ စောင့် နေတယ်လေ ။ ကျွန်တော် က တော့ သူ့ ခြောက်လုံးပြူး ဘယ် မှာ ရှိတယ် ဆိုတာ မသိပါဘူး ။ ရွှေစ ငွေစလေး ရှာဖို့ လည်း သတိ မရတော့ဘူး ။ ကြောက်ပြီး ချောင်ကုတ် ထိုင်နေတာပဲ ။ အဲဒါ စတင်းဂန်းတွေ ဝိုင်ယာလက်ကားတွေ နဲ့ ပုလိပ်တွေ လိုက်လာပြီး ကျွန်တော့် ကို လက်နက် ချ ခိုင်းတယ် ။ ကျွန်တော် လည်း ဇောချွေးတွေကို ပြန် နေတာပဲ ။ စိတ်ညစ် လိုက်တာလည်း သေချင်ရော ။ ဒါနဲ့ ကျွန်တော် ထွက် လာပြီ ဆိုပြီး တံခါးမင်းတုံး ကို ဖြုတ် လိုက်တော့ လားလား .. စတင်းဂန်းတွေ နဲ့ ပုလိပ်တွေ က တံခါး တည့်တည့် မှာ ချိန်ထားလိုက်ကြတာ ကျွန်တော့် မလည်း ပူပြီး ချွေးတွေ ကို ရွှဲနေ တာပဲ ။ သူတို့ က အခန်း ထဲ ခြောက်လုံးပြူး ရှိနေတာ ကျွန်တော် ရ သွားပြီ ။ ဒါကို ရန် ရှာတော့မှာပဲ ထင်ပြီး အတင်း ဝိုင်း ထားတယ်လေ ။ ကျွန်တော် ဖြင့် ပစ်များ ထဲ့ လိုက် မလားလို့ ကြောက် လိုက်တာ တုန် နေတာပဲ ။ ဟား ... ဟား ”
သူ့ ဘဝ တွင် ခက်ခဲကြမ်းတမ်းသော ရက်စက်သော အဖြစ်အပျက်တွေ အကြား မှ ဤကဲ့သို့ ရယ်စရာ မောစရာကလေးများ အား တွေ့ရတတ်ပုံကို ပြောပြလာသည် ။
ထို့နောက် များမကြာမီ မှာ ပင် သူ နှင့် အလွန် ရုပ်ချင်း တူသော လူငယ် တစ်ဦး ရောက် လာပြန်သည် ။ သူ ကား မောင်စိန်ဝင်း ၏ ညီ အရင်း မောင်တင်ဝင်း ပင် တည်း ။
မောင်တင်ဝင်း မှာ အမေ နှင့် ပထွေး တို့ နှင့် အတူ မနေဘဲ ဘကြီး တော်သူ တစ်ဦး နှင့် တာမွေ ဘက် တွင် လာ နေ သည်မှာ ၃ နှစ် ခန့် ရှိပြီ ဟု ဆိုသည် ။ ဘကြီး က ဘတ်စ်ကား ထောင် ထားသဖြင့် .. ဘတ်စ်ကားစပယ်ယာ အလုပ် လုပ်သည် ။ ထိုမှ တစ်ဆင့် ကား မောင်းတတ်ပြီ ဖြစ်ရာ ဒရိုင်ဘာလိုင်စင် ယူပြီး ဘတ်စ်ကား မောင်းစား နေသည် ။ သို့ကလို နေရင်း တစ်နေ့ တွင် ကားပိုင်ရှင် က တိုင်ယာ ဝယ်ရန် အတွက် ငွေ ၄ဝဝ ပေး လိုက်သည် ။ သူ သည် ဤ အသက်အရွယ် အထိ တစ်ခါဘူး မျှ မကိုင်မိဖူးသေး သော ယင်း ငွေ လေးရာ ကို အပိုင် ရလို စိတ် ပေါ် လာသည် ။ ထို့ကြောင့် ကားပိုင်ရှင် ခိုင်း သလို တိုင်ယာ မဝယ်တော့ဘဲ မန္တလေး သို့ အထက်တန်း မှ သွားရန် ခရီးသွား လက်မှတ် တစ်စောင် ကို ဝယ် လိုက်ပြီးနောက် မန္တလေး သို့ လိုက် သွားလေ၏ ။
မန္တလေးဘူတာကြီး သို့ ရောက်သော အခါ အသိ လည်း မရှိ ၊ တစ်ခေါက် မျှ လည်း မရောက်ဖူး သဖြင့် ဘယ် သွား ၍ ဘယ်လာ ရမှန်း မသိဘဲ ဘူတာကြီးအတွင်း၌ သာ ယောင်လည်လည် လုပ်နေပြီး နောက် ရန်ကုန် အစုံရထား တွင် အလားတူ အထက်တန်း လက်မှတ် တစ်စောင် ယူကာ ပြန်၍ စီးနင်း လိုက်ပါလာခဲ့သည် ။ ရန်ကုန် သို့ ပြန် ရောက်သော အခါ ကားပိုင်ရှင် ဘကြီး အိမ် သို့ မပြန်တော့ ဟု စိတ်နှလုံး ဒုန်းဒုန်း ချ လျက် ဖဆပလ ကွက်သစ် ရှိ အသိ တစ်ဦး အိမ် တွင် ခေတ္တ သွားနေသည် ။ ထို အသိ မှာ ဆိုက်ကား နင်းစား သူ ဖြစ်ရာ ရန်ကုန် - မန္တလေး အသွား အပြန် အထက်တန်း မှ မီးရထား လျှောက် စီးလာသည့် အတွက် ကုန်ကျသော စားရိတ်မှ အပ ကျန်ငွေ အားလုံး ကို ထို အသိ အား ဆိုက်ကား အပိုင် ဝယ်နိုင်ရန် ပေး ပစ် လိုက်လေသည် ။
ဘကြီး လုပ် သူ က ဂတ်တိုင် သည့် အတွက် အမှု ဖြစ်ပြီး ထောင် ၃ လ ကျ လာခြင်း ဖြစ်ရာ နှစ်ပေါင်းများစွာ ကွဲကွာ နေကြသော ညီအစ်ကို နှစ်ယောက် သည် တစ်ယောက် ကို တစ်ယောက် အံ့အားသင့်စွာ ကြည့်နေကြလေ၏ ။ သူတို့ ၏ မျက်နှာ တွင် အံ့သြခြင်း ။ ရှက်ခြင်း စသော လှုပ်ရှားသည့် အမူအရာများ ကို မြင်နေရသည် ။ တစ်ချိန် တည်း မှာ ပင် ညီရင်းအစ်ကို ယခုကဲ့သို့ မမျှော်လင့်ဘဲ ဗြုန်းခနဲ တွေ့ ရသည့် အတွက် လည်း ဝမ်းသာနေကြ ဟန် တူသည် ။
ကျွန်တော် သည် စိတ်ကူးသည် ထက် ဆန်းကြယ်လှသော သူတို့ညီအစ်ကို အဖြစ် ကို စေ့စေ့ တွေးလျက် ရင်တွင်း ၌ အမျိုးအမည် မဖော်ပြနိုင်သော ဝေဒနာ ကို ခံစားရလျက် ရှိပါသည် ။ သူတို့ နှစ်ယောက် စလုံး ကို ထောင်တွင်း ရှိ ကျွန်တော်တို့ က တစ်လှည့်စီ စာ သင် ပေးသည် ။ ဗမာစာ ကို နှစ်ယောက် စလုံး ဖြစ်ရုံမျှ ရေးတတ် ဖတ်တတ် သည် မို့ ပိုပို၍ အလေ့အကျင့် ရစေရန် သင်ကြား ပေးသည် ။ အင်္ဂလိပ်စာ ကို လည်း သင် ပေးသည် ။
ကျွန်တော့် မှာ ပုဒ်မ ( ၅ ) အကျဉ်းသား ဖြစ်သည့် အတိုင်း မောင်စိန်ဝင်း နှင့် မောင်တင်ဝင်း တို့ ညီအစ်ကို ထောင်ကျရက် စေ့၍ လွတ်သွားကြသော်လည်း ကျွန်တော် မလွတ်ပါ ။ ဆက်၍ ကျန်ရစ်ခဲ့ရသည် ။ မောင်စိန်ဝင်း သည် လွတ်ပြီး တစ်လခန့် အကြာ တွင် ကျွန်တော့် အား ထောင်ဝင်စာ လာ တွေ့သည် ။ သူ့ လက် ထဲ တွင် ခေါက်ဆွဲကြော် နှစ်ထုပ် တရုတ်မုန့် တစ်ထုပ် နှင့် စီးကရက် ၁ဝ လိပ်ဘူး တစ်ဘူး ။
“ ဟောဒီ ခေါက်ဆွဲ တစ်ထုပ် က ဦးလေးကိုတင်အောင် ဖို့ ” ဟု ဆိုပါသည် ။ ကျွန်တော် နှင့် အတူ ထောင်ကျ နေသော ဗန်းမော်တင်အောင် ကို ဆိုလိုခြင်း ဖြစ်ပါသည် ။
“ မင်းကွာ … အလကား ယူ လာတယ် ”
“ အစ်ကိုတို့ စားရအောင်လို့ပါ ” ဟု သူ က ပြန်ပြောသည် ။
“ မင်း ပျောက်လှချည်လား ။ ကောင်းကောင်း နေနော် ” ဟု ကျွန်တော် က ပြော သော အခါ၌ သူ သည် ပြုံးဖြီးဖြီး လုပ်နေ၏ ။
“ ကျွန်တော် ကောင်းကောင်း နေပါတယ် အစ်ကို ရ ။ မိန်းမ တောင် ရ နေပြီ ”
“ ဟေ...ဟုတ်လား ။ ဆိုစမ်းပါဦး ဘယ်က မိန်းကလေးလဲ ၊ ဘယ်လောက် ကြာပြီလဲ မိန်းမ ရတာ ”
ကျွန်တော့် အမေး ကို ချက်ချင်းမဖြေသေးဘဲ တမံတလင်း ပေါ်သို့ မျက်လွှာ ချထား၏ ။
“ လွတ် သွားသွားချင်းပဲ ။ သူ က ဆေးလိပ်ခုံ မှာ ဆေးလိပ် လိပ်တယ် ။ ကျွန်တော် တစ်ခါ လောက် ခေါ်လာ ဦးမယ်လေ ” ဟု ပြော ကာ ပြန် သွားပါသည် ။ ကျွန်တော့် စိတ်တွင်း က မူ မေးခွန်း များစွာ ကို မေး နေမိ၏ ။ ဘယ်လို ရတာလဲ ။ ဘယ်က မိန်းမ လဲ ။ အခု ဒီကောင် ဘာများ လုပ်ကိုင်စားသောက်နေသလဲ ။
ကျွန်တော့် မှာ မောင်စိန်ဝင်း အတွက် စိတ် အေးရတော့မည် ဟု တွေးနေဆဲ ကျွန်တော့် အား ထောင်ဝင်စာ လာတွေ့သွားပြီး ၁၅ ရက်ခန့် အကြာတွင် မောင်စိန်ဝင်း တစ်ယောက် ဖောက်ထွင်းမှု နှင့် ဆိုက်ဆိုက်မြိုက်မြိုက် ထောင်ထဲ သို့ ပြန် ရောက်လာပါ တော့သည် ။ ထုံးစံအတိုင်း သူ့အား ကျွန်တော် ဆူပူခြင်း မလုပ်တော့ပါ ။ သူ့ ဘဝ ကို ဘယ်ပုံဘယ်နည်း နှင့် အသက် မွေးရမည်နည်း ဟူ သော ပြဿနာ မှာ ကျွန်တော့် ထက် ပို၍ သူ က သိရှိမည် ဖြစ်ပါသည် ။
“ ကျွန်တော် လွတ် သွားပြီး တာမွေ အိုးစု ဘက် က သူငယ်ချင်း တစ်ယောက် နဲ့ သွား နေတယ် ။ ကျွန်တော် က မနက် ၉ နာရီလောက် ဆို ရင် ဖိုင်တွေ ဘာတွေ ပိုက်ပြီး ခပ်တည်တည် နဲ့ ရုံး တက် သလိုလုပ် တာပဲ ။ ပြီးမှ ဖိုင် ကို တစ်နေရာ ထားပြီး လွယ်လွယ် ရတဲ့ ဆိုင်လေး ၊ အိမ်လေး လိုက် ဖောက်ရတာ အစ်ကို ရ ။ အဲဒါ ဒီကောင် မလေး နဲ့ ဘတ်စ်ကား မှတ်တိုင် မှာ သွား သွား တွေ့တယ် ။ သူ က လည်း ကျွန်တော့် ကို တကယ် ရုံး က စာရေးစာချီ လို့ အောက်မေ့တယ် နဲ့ တူပါတယ် ။ မျက်မှန်းတန်း မိ ပြီး ကြိုက်တာ နဲ့ ယူ လိုက်ကြတာဘဲ ။ အဲဒါ ကျွန်တော် က ပုလိပ်ရုံး မှာ စာရေး လုပ်တယ် လို့ ပြော ထားပြီး မနက် ရုံးတက်ချိန် ဆို ဖိုင် ကိုင်ပြီး ထွက်သွားတာ ။ နေ့ခင်းဘက် တွေ မှာ ကိုယ့် အလုပ် ကိုယ် လုပ် ၊ ရတာကလေး ရောင်းချ ထုခွဲပြီး ညနေ ကျ ဖိုင် ကိုင်ပြီး အိမ် ပြန် လာတာပဲ ။ အခု အမှု က တော့ ကုန်ဈေးတန်းနား က ပိတ်ထားတဲ့ ကုလားတိုက် ဆိုင် တစ်ဆိုင်ဝင်ပြီး အထည်လိပ်တွေ ယူ တာ အစ်ကို ရဲ့ မိသွားတယ် ”
“ နို့ မင်း မိန်းမ သိပလား"
“ သိ သွားပြီပေါ့ ။ ကျွန်တော် က ပုလိပ်ရုံး ကို လိုက်ခဲ့ပါလို့ မှာ လိုက်တယ် ။ သူ လိုက်လာတော့ ကျွန်တော် ဝက်ခြံ ထဲ ရောက်နေပြီလေ ။ ဖောက်ထွင်းမှု ဆိုတာလည်း သိ ရော ငို တော့တာပဲ အစ်ကို ရဲ့ ”
ကျွန်တော့် ရင်တွင်း ၌ နင့်ခနဲ ဖြစ် သွားမိသည် ။ ဆန်းပြားလွန်းသော ၊ ဖြစ်သလို စွန့်စားနေသော မောင်စိန်ဝင်း ၏ ဘဝအတွက် သာ ဖြစ်ပါလိမ့်မည် ။
“ အခုတော့ ကျွန်တော် ရုံးစာရေး မဟုတ်ဖူး ဆိုတာ သူ သိ သွားပြီလေ ။ ဘယ့်နှယ့် လုပ်မလဲ ။ သိ လည်း သိပေါ့"
ထို အမှု အတွက် မောင်စိန်ဝင်း အား အလုပ်ကြမ်း နှင့် ထောင်ဒဏ် ၃ လ ကျခံစေရန် အမိန့် ချမှတ် လိုက်ပါသည် ။ သူ သည် ကျွန်တော် တို့ ရိပ်သာ သို့ ပြန်ရောက် ခဲ့ ရပြန်လေပြီ ။
( ၃ )
ကျွန်တော့် ထက် အရင် သူ လွတ် သွားပြန်သည် ။ ကျွန်တော် လည်း ထောင် မှ လွတ် လာပါပြီ ။ သို့သော် မောင်စိန်ဝင်း ကို မတွေ့ရတော့ပါ ။
မောင်တင်ဝင်း က မူ ကျွန်တော် လွတ် လာသည် ကို သတင်းစာ ထဲ တွင် တွေ့ ရသည့် အတွက် ဟု ဆိုကာ အိမ် သို့ လာသည် ။ ယခု သူ ကုမ္ပဏီ တစ်ခု တွင် ကား မောင်း နေသည် ။ လခ ၁၁ဝ ရ သည် ။ နေစရာ အခန်း ရသည် ။ အေးအေးချမ်းချမ်း ရှိသည် ဟု ဆိုပါသည် ။
“ မင်း အစ်ကို တစ်ယောက် ရော ဘယ် ရောက်ပြီး ဘာများ လုပ်ကိုင် စားသောက်နေသလဲ ”
မောင်တင်ဝင်း ၏ မျက်နှာ မှာ ညှိုးကျ သွားလေသည် ။ သူ့အစ်ကို ၏ မိုက်မဲမှု ကို မကျေနပ်သော ကြောင့် လား ။ သူ့ အစ်ကို ကျူးလွန် နေသည့် အမှုများ အား ရှက်သော ကြောင့် လား ဘာအကြောင်း ကြောင့် ဟူ၍ကား မသိ ။ မျက်နှာ မကောင်း ။
“ ထောင် က နောက် တစ်ခေါက်ပြန် လွတ်လာ ကတည်း က မတွေ့တော့ဘူး အစ်ကို ။ သူ လွတ် လာရင် နေ နိုင်အောင် ဆိုပြီး ကျွန်တော် ရ တဲ့ အခန်းကလေး ကို တောင် ရှင်းလင်း ထားတယ် ။ သူ က ကောင်းကောင်း စား ကောင်းကောင်း ဝတ် တာမို့ ဝယ်ချင်တာ ရှိရင် ဝယ် ရဆောင်ဆိုပြီး ပိုက်ဆံလေး ဘာလေး တောင် စု ထားသေးတယ် ”
မောင်တင်ဝင်း ၏ အသံ မှာ ပိုမို ကြေကွဲ ဝမ်းနည်း လာဟန် တူသည် ။ တဖြည်းဖြည်း တိမ်ကျ သွားလေ၏ ။
“ ဒါပေမဲ့ လွတ်လာတယ် သာ ကြားတယ် မတွေ့သေးဘူး ။ သူ ရှိတတ်တဲ့ နေရာတွေ ကျွန်တော် လိုက်ရှာ သေးတယ် ဘယ်မာ မှ ရှာမရဘူး ” ဟု မောင်တင်ဝင်း က ညှိုးညှိုး ငယ်ငယ် နှင့် ကျွန်တော့် အား ပြောပြပါသည် ။
မောင်တင်ဝင်း ပြော သွားသော စကားတွေ က ယခု အထိ ကျွန်တော့် အတွက် သွေးသား တစ်စုံတစ်ရာ မတော်စပ် စေကာ မူ ကြီးမားလှသည့် သံယောဇဉ် ကြိုး ဖြင့် ချည်နှောင်လျက် ရှိ၏ ။ သင်းကလေးတို့ နေရေး စားရေး ဘယ်လို နေကြ ၊ ဘယ်လို ရှိကြသနည်း ဟု သိချင်၏ ။ သင်းကလေးတို့ နှစ်ယောက် ၏ နှစ်ခုသော လောက နှင့် နှစ်ခုသော ဘဝ ကံကြမ္မာ သည် အေးရိပ်သာယာ ကမ်းသောင်ရိပ်ဆီ သို့ တွန်းပို့ နေလေပြီ လော ၊ လောကဓံလှိုင်း ကံမုန်တိုင်း တို့ ၏ အကြား တွင် အလူးအလိမ့် ရုန်းကန် ကူးခတ် နေရဆဲ လော ။ ကျွန်တော် မသိပါ ။
ယခု ၁၉၆၄ ခုနှစ် အထိ ၉ နှစ် နီးပါး ရှိ လာပေပြီ ။ မောင်စိန်ဝင်း တစ်ယောက် ကို မူ ကျွန်တော် မတွေ့ရတော့ပါ ။
◾မောင်နေဝင်း
📖 မြဝတီ မဂ္ဂဇင်း
ဖေဖော်ဝါရီ ၊ ၁၉၆၄
#ကိုအောင်နိုင်ဦး
.
No comments:
Post a Comment