Monday, December 5, 2022

ဗြိတိသျှဝင်းတင် ၊ ကမ္ဘာလှည့်အေးထွန်း


 

❝ ဗြိတိသျှဝင်းတင် ၊ ကမ္ဘာလှည့်အေးထွန်း ❞

ပြဿနာ က ကြီးကြီးမားမား မဟုတ် ။ တစ်ယောက် နှင့် တစ် ယောက် စကားနိုင် လု ရာ က သေရာ ပါ နာကြည်းမှုကြီး ဖြစ် သွားကြသည် ။ နောက်ဆုံး တစ်ယောက် သေ တာ တောင် တစ်ယောက် လိုက် မပို့ကြသည် အထိ ဖြစ်သွားကြသည် ။

သူငယ်ချင်း နှစ်ယောက် က တစ်ရွာ တည်း မှာ အတွဲဆုံး နှစ်ယောက် ။ နှစ်ယောက် စလုံး ရွာ ၌ အလယ်အလတ် ငွေကြေး ချမ်းသာကြသည်  ။

နောက်ပိုင်း ကျ မှ သိ ရသည် မှာ မီးလောင်ရာ လေပင့်လုပ် သူကား အဘိုးသား ဆိုသူပင် ။ ရွာ ထဲ မှာ ပြဿနာ အရှာဆုံး ပြပါ ဆိုလျှင် ထို နှစ်ယောက် ပင် ။  

ဗြိတိသျှဝင်းတင် ဆိုသည့် ဘွဲ့ ကား ကျေးရွာ က သော် လည်းကောင်း ၊ နိုင်ငံတော် က သော် လည်း ကောင်း အပ်နှင်းထားသော ဘွဲ့ မဟုတ် ။ ကိုယ့် နိုင်ငံ ကို ကျွန် ပြုခဲ့သည့် အင်္ဂလိပ် ကို နာကြည်းရမှန်း မသိဘဲ ဘုမသိ ဘမသိ နှင့် ခပ်ထွေထွေလေး နှင့် ကိုယ့် ဘာ ကိုယ် အပ်နှင်းထားသော ဘွဲ့ ။

“ ဗြိတိသျှဝင်းတင်ကွ ... ဗြိတိသျှခေတ် ကတည်း က မွေး လာတဲ့ ကောင် ”  ဟု အမြဲ ဂုဏ်ယူဝင့် ကြွားစွာ ပြောဆို တတ်သူ ။ အရက်ဝိုင်း မှာ မို့ ဘယ်သူ ကရော ငြိမ်ကုပ် နေ မှာ လဲ ။ “ အေးထွန်း ”  ဆိုသည့် လူ က လည်း အားကျ မခံ ။

“ မင်း က ဗြိတိသျှဝင်းတင် ဆို ရင် ငါ က ကမ္ဘာလှည့်အေး ထွန်းကွ ” 

ကမ္ဘာလှည့်အေးထွန်း ဆို လို့ အမေရိကန် ၊ ပြင်သစ် ၊ ဂျပန် နိုင်ငံ များ သို့ လှည့်လည်သွား နေသူ ဟု ထင်ကောင်း ထင်ကြ မည် ။ အမှန်ကား ကိုအေးထွန်း ဆို သူ သည် နွားပြေး ၊ နွားနောက်များ ကို စနစ်တကျ မွေးမြူသူ ။ ရွာစဉ် လျှောက် နွားပြိုင်ပွဲများ ဝင်ရောက် ယှဉ်ပြိုင်တိုင်း သူ့ နွားများ ကို မီ မည့် နွား မပေါ်သေး ။ ရွာစဉ် လျှောက် သွား သူ က လည်း  ကမ္ဘာလှည့်အေးထွန်း ဟု ရွာ ၌ ဘွဲ့ တစ်ဘွဲ့ ရ သွား သည်  ။ လှဆောင် က လည်း တစ်ဝိုင်း တည်း မှာ ဘွဲ့ တွေ ရသွားကြပြီ မို့ သူ လည်း ဘွဲ့ တစ်ခု ထ ယူ လိုက် သည်  ။

“ ငါ လည်း အဘိုးသား ကွ ” 

အဘိုးသား ဆို သည် မှာ လယ် ထဲ ၌ တင်မြှောက်လေ့ ရှိ သော အဘိုး ကို သားလောက် တော် နေ လိုက်ခြင်းပင် ။ ထို သုံးယောက် ၏ ပြဿနာ အစ က ဓားကျိုး လို့ လှံခွေ ၊ စံဖေ ၏ လယ် ထဲ ၌ ဖြစ်သော ပြဿနာ ။ သုံးယောက်သား ထွေ နေကြပြီ ။

ဗြိတိသျှဝင်းတင် မှ ...

“ အေးထွန်း ... တစ်လုံး ထပ်ဆွဲကွာ ”

“  ငါ တော့ တော်ပြီကွာ ... ရုပ်တောင် သိပ် မကွဲချင်တော့ဘူး ”

“ မင်းတို့ အရက် သောက် ရင် မျိုး နဲ့ ရိုး နဲ့ ကို သတ္တိ မရှိတာ ” 

“ ဟေ့ကောင် ဝင်းတင် ... သတ္တိ အကြောင်း ပြောရင် ကမ္ဘာလှည့် အေးထွန်း က ရယ်ချင်တယ် ... မျိုး နဲ့ ရိုး နဲ့ သတ္တိ မရှိတာ မင်း တို့ အမျိုး ... မင်း အဖေ ကိုဟန်ထွန်းကြီး ဂျပန်ခေတ် တုန်း က လေ ချွေးတပ်တွေ ဆွဲ တော့ တစ်ကိုယ်လုံး နနွင်းတွေ လိမ်းပြီး မီးနေသည် ယောင် ဆောင် နေတာ .... ဂျပန် က နှုတ်ခမ်းမွေးကြီး နဲ့ မီးနေသည် ဖြစ်ရမလား ဆိုပြီး ပါးတွေ နားတွေ လှိမ့် အရိုက် ခံရတာလေ ... အဲ ဒါ မျိုး နဲ့ သတ္တိ ရှိတာကလား ” 

ဗြိတိသျှဝင်းတင် ဒေါသ အရှိန် ကြောင့် အမူး တောင် ပြေ ချင်ချင် ဖြစ် လာသည်  ။ ခွန်းတုံ့ပြန် ရန် အားယူ လိုက် သည်  ။

“ ဟေ့ကောင် အေးထွန်း ... မင်း လို ပြောကြေး ဆို ရင် မင်း အဖေ သံမဏိဖိုးထွန်း က ရော လူလိမ် လူညာ ... ဂျပန်ခေတ် တုန်း က တောကြီးတန်း မှာ ငှက်ဖျား မိ ပြီး လမ်း ပျောက်နေ တဲ့ ဂျပန် တစ်ယောက် က မင်း အဖေ ကို နောက် က နေ အမှတ်တမဲ့ ရေ ဆာလွန်းလို့ ကျောကုန်း ကို လက် နဲ့ ကုတ် ပြီး ရေ တောင်းတာ ကို မင်း အဖေ က လန့်ပြီး “ အား ” ဆို ပြီးတော့ ကိုင်းခုတ်ဓားမ နဲ့ ယမ်း လိုက်တာ အစ ကတည်း က ငှက်ဖျား မိပြီး မလှုပ်နိုင်တဲ့ ဂျပန် လည်း သေရော ... မင်း အဖေ က သူရဲကောင်း လုပ် ပြီး ရွာ ကို ဂျပန်မသာကြီး “ မ ”  လာ ပြီး သူ ဟာ ဂျပန် တစ်ယောက် ကို ရင်ဆိုင် သ-တ် လိုက်တယ် ဆိုပြီး သံမဏိဘွဲ့ ကို ကိုယ့် ဘာသာ ကိုယ် ပေးပြီး “ သံမဏိ ဖိုးထွန်း ” လို့ အမည် ခံလိုက် တာ ... ည ဘက် ည ဘက် အိမ်ပေါက်စေ့ လိုက် အိပ်ရ တယ်လေ ... “ ဂျပန်တွေ လာ သ -တ်မယ် ” ဆိုပြီး စိတ် ချောက်ချား နေတာလေ .... အဲ ဒါကရော သတ္တိ လား ”

နှစ်ယောက် စလုံး ငြိမ်သွား ကြသည်  ။

“ မင်းတို့ နှစ်ယောက် ငယ်ကျိုးငယ်နာတွေ ဖော် မနေကြပါနဲ့ ကွာ ... ဟုတ်တာ လည်း မဟုတ် ဘူး ... ခု အရက် ပြတ်သွားပြီ ... ထပ် ဝယ်မလား ... ရပ် မလား ... ”

“ ဟေ့ကောင် လှဆောင် ... ထပ်လည်း မဝယ်ဘူး ... ရပ် လည်း မရပ်ဘူး ... ဝင်းတင် .. မင်း နဲ့ ငါ ဒီ တစ်သက် သေခန်းပြတ် ကွ ... မင်း သေ ရင် မင်း မသာ လိုက် မပို့ဘူး.. . ၊ အေး ... ငါ သေရင် လည်း ငါ့ မသာ လိုက် မပို့နဲ့  ”  

တဲပေါ် မှ ကမ္ဘာလှည့်အေးထွန်း ခြေ ဆောင့်ပြီး ဆင်း သွားသည် ။

နှစ်ပေါင်း ၃၀ ကြာမြင့်ခဲ့သည် ။ တစ်ရွာ တည်း စကား မပြောကြတော့ ။ 

ဗြိတိသျှဝင်းတင် ကား အရင် သေသည် ။ အသက် ၇၃ နှစ် ၊ သူတို့ ရွာ ၏ ဓလေ့ကား ခုနစ် ရက် ထားသည် ။ ငွေကြေး ချမ်းသာသူ မို့ ရက်လည် ဝက်သား ကျွေးသည် ။ အမှတ်တရ ဖြစ်စေခဲ့သော ကွယ်လွန်သူ ဗြိတိသျှဦးဝင်းတင် ရက်လည် ကျွေး သော ဝက်သား များ စား ပြီး တစ်ယောက် ပြီး တစ်ယောက် တွံတေး ဆေးရုံ သို့ ဝမ်းလျှော ပြီး ပို့ လိုက် ကြရသည် ။ ဘာကြောင့် ဖြစ်တာလဲ ဟု ထိုစဉ် က အမည် မဖော်ရဲကြ ။

နောက်ဆုံး ကျန်းမာရေး ဌာနမှ ဆင်းပြီး ဆေးဖျန်း စစ်ဆေး ရ သည် အထိ ကြီးကျယ်သွားခဲ့ သည် ။ ပြောစမှတ် လည်း ဖြစ်ခဲ့ရ သည် ။ ကမ္ဘာလှည့်အေးထွန်း မှာ တွံတေး ဆေးရုံ တွင် အသံ ပျော့ပျော့လေး ဖြင့် ...

“ ဝင်းတင် တို့ များ သေတာ တောင် ရိုးရိုး မသေဘူး ... ပြောစမှတ် ဖြစ်အောင် လုပ် သွားသေး တယ် ... ဘာပဲ ပြောပြော ဒီ ကောင် သတ္တိ ရှိ တာတော့ အမှန်ပဲ ” 

ဦးအေးထွန်း ၏ သား ဖြစ် သူ မှ ... 

“ အဖေ ပဲ မကြာခဏ ပြော နေတာလေ ... ဝင်းတင် သေ ရင် ငါ ဘယ်တော့ မှ မသာ မပို့ ဘူး လို့ ပြောနေတာလေ .. လိုက် မပို့ရင် ၊ ရက်လည် မ သွားရင် ဒီလို ဘယ် ဖြစ်မလဲ .. ကိုယ့် အသက် က ငယ် တော့ တာ မဟုတ်ဘူး  ”

“ ဒီလို ဘယ်ဟုတ်မလဲ သား ရယ် ... ငယ်သူငယ်ချင်းတွေ ကွ .... ဒီ သံယောဇဉ် က ဖြတ် ရ ခက် တယ် သား ”   

ဦးအေးထွန်း ပြော လည်း ပြော ၊ မျက်ရည် လည်း ဝဲ လာ သည်  ။ သား ဖြစ်သူ မှ လက်ကိုင်ပဝါ ဖြင့် အသာအယာ မျက်ရည် သုတ် ပေးလိုက်ရတော့သည်  ။

◾ ဗေလုဝ

📖  ဟဒယမဂ္ဂဇင်း
       စက်တင်ဘာ ၊ ၂၀၀၇

#ကိုအောင်နိုင်ဦး

.

No comments:

Post a Comment