❝ ရွှေဘဝင် ပူမဖြောင့်နိုင်လို့ ❞
“ မလတ် ရေ … မလတ် … ”
အလုပ်မှ ပြန်လာသော ဖေဖေ့ ခေါ်သံ ကြားသဖြင့် ကျွန်မ သည် အိမ်ရှေ့ဆီ သို့ ပြေး ထွက် လာမိသည် ။ ဖေဖေ့ ကို တံခါးသော့ ဖွင့်ပေးပြီး ဖေဖေ့ လက်တွင်း ၌ ပါလာသော သတင်းစာ နှင့် ဖိုင်တွဲများ ကို လှမ်း ယူ လိုက်ရ၏ ။
“ မလတ် ကျောင်း သွားပြီ ဖေဖေ … ”
သတင်းစာ ကို ဖြန့် ရင်း အမှတ်မဲ့ ပြော လိုက်သော ကျွန်မ စကား ကြောင့် ဖေဖေ သည် မျက်ကြောများ တွန့် ပစ် လိုက်သည် ။
“ ဟဲ့ … ကလေးမတို့ ကျောင်း မတက်ရဘူး ထင်တယ် ”
“ ရှင် … ဖေဖေ ”
သတင်းစာ လှန်နေသော လက်ကို ပြန် မရုပ်နိုင် အားလောက်အောင် ကျွန်မ တွင် အံ့အား သင့်သွားမိသည် ။ မလတ် သည် တက္ကသိုလ်ဝင်စာမေးပွဲ တွင် နှစ်ခါ ကျပြီး သဖြင့် အလုပ် လုပ် ရင်း ညကျောင်း တက် နေ သော ညကျောင်းသူလေး ဖြစ်သည် ။ သူ့ ကျောင်း ချိန် က ၆ နာရီခွဲ မှ ၉ နာရီခွဲ ဖြစ်သည် ။
“ မီး ပျက်ပြန်ပြီ ထင်တယ် ဖေဖေ ”
ကျွန်မ သည် ဖေဖေ့ ကို အကဲခတ် လျက် မလတ် အပေါ် သံသယ ကင်းစေရန် ခပ်ညည်းညည်း ပြော လိုက်မိ၏ ။
“ ရုံးခန်းတော့ မီး လင်းနေသားပဲ သမီး ရဲ့ ၊ ကျန်တဲ့ အခန်းတွေ မှောင် နေတယ် ”
ဖေဖေ့ စကား ကို ကြား လိုက်ရသော အခါ ကျွန်မ ရင်တွင်း ၌ စိုးရိမ်ပူပန်စိတ် တို့ တရှိန်ရှိန် တက် လာလေသည် ။ စိုးရိမ်စိတ် ဆိုရာ၌ လည်း သံသယစိတ် နှင့် ရောပြွမ်းသော စိုးရိမ်စိတ် တို့ သာလျှင် ဖြစ်၏ ။
“ ကဲ … သမီးရေ ထမင်းခူး ၊ ဖေဖေ ထမင်း စားပြီးတော့ ကျောင်း လိုက် ကြိုလိုက်မယ် ၊ ဖေဖေ က လည်း ဒီနေ့ အတော် နောက်ကျ သွားတယ်ကွယ် ”
ဖေဖေ သည် ပြောပြောဆိုဆို ရေချိုးရန် ပြင်ဆင်နေသည် ။ မိန်းမသား တစ်ဦး ကဲ့ သို့ သမီး အတွက် ထွေလီမာလီ စဉ်းစားသည်လား ၊ မစဉ်းစားသည်လား ။ ဖေဖေ့ အတွင်းစိတ် ကို ကျွန်မ အကဲ မခတ်နိုင်သော် လည်း သမီးလတ် အတွက် ဖေဖေ့ ရင် တွင် သောက တစ်ခု တော့ ငြိတွယ် နေကြောင်း ခန့်မှန်းမိသည် ။
မလတ် သည် အစစအရာရာ တွင် ရိုးသားပွင့်လင်းသူ ဖြစ်သဖြင့် အချစ်ရေး နှင့် ပတ်သက်၍တော့ ရှုပ်ထွေးလေမည် ဟု ကျွန်မ မထင်ပေ ။ စားစား သွားသွား နေနေ အစစ ဟန် အမူအရာတွေ များစွာ မလုပ်ဆောင်တတ်သော မလတ် ၏ ပွင့်လင်း ဖွာ လောင်သော အကျင့် ကို ကျွန်မ သိ ထားသဖြင့် ဤ ကိစ္စမျိုး ၌ ကျွန်မ မစွပ်စွဲချင် ။
သို့ရာတွင် မလတ် တို့ လို ငယ်ရွယ်သူ မိန်းကလေး ယောက်ျားလေး တို့ ၏ စိတ်သည် တိမ်းညွတ် လွယ်သော သဘာဝ ရှိသည်ကို ကျွန်မ ငြင်းဆန်ဖို့ မရဲလှပေ ။ အချစ် နှင့် စပ်လျဉ်းပြီး အဘယ်သူသည် လျှို့ဝှက်ချက် နှင့် ကင်းနိုင်ပါအံ့နည်း ။ အိမ် နှင့် အခြား လုပ်ဆောင်မှု တို့တွင် ရိုးသားသော မလတ် သည် နှလုံးသား ပြဿနာ တွင် အလုံးစုံ ပွင့်လင်း နိုင် ကောင်းပါမည်လား ။ ဤသည် ကို တွေးမိသော အခါ ကျွန်မ စိတ် ၌ ရတက်မအေးနိုင် ရှိ ရပြန်သည် ။
အကယ်၍သာ မလတ် သည် ကျောင်း မတက်ရဘဲ လူငယ်တို့ ဘာဝ ချစ်သူ နှင့် ချိန်းဆို တွေ့ဆုံ နေမည် ဆိုငြားအံ့ ၊ ကျွန်မ သည် ရှေ့သို့ပင် ဆက်၍ မတွေးရဲတော့ပေ ။ ထိုသို့ တွေးမိပြန်သောအခါ ဖေဖေ လိုက်သွားမည် ဆိုသည် ကို ကျွန်မ မလိုလားချင်ပြန်တော့ ။ ကျွန်မ ထင်သလို မရိုးသားသော အမူအကျင့်များ နှင့် မလတ် ကို တွေ့လိုက်ရလျှင်မူ ဖေဖေ ၏ ဒေါသ ကို ကျွန်မ သိပြီး ဖြစ်ပါသည် ။
အတွေးရ ကျပ်လွန်းသော ကျွန်မ မှာ အိပ်ခန်း တံခါးရွက် တို့ကို တွန်း၍ ဖွင့်ကာ အသက်ဝဝ ရှူ လိုက်မိသည် ။ ဆောင်းလေတို့ သည် ကျွန်မ အား ထိတွေ့ ပက်လောင်း သွားသဖြင့် စိမ့်ခနဲ ခံစား လိုက်ရသည် ။ မေမေ သည် ဘုရားခန်း တွင် သောကကင်းငြိမ်းသော အသွင် နှင့် ကြည်လင်သော အသံ ကို ပြု၍ ဘုရား ဝတ်တက်နေသည် ။
“ မဖြစ်နိုင်ဘူး … မဟုတ်နိုင်ဘူး ”
ကျွန်မ စိတ် ထဲ တွင် ချောက်ချား နေသမျှသော သံသယ အတွေး တို့ ကို တွန်းဖယ် ထုတ်နှင် ပစ်နေမိ၏ ။ သို့သော်လည်း ‘ စစ်မရောက်ခင် မြားကုန် ’ ဆိုသလို ကျွန်မ အတွေး တို့သည် လှည့်စား၍ အားမရနိုင်ပေ ။ နောက်ဆုံး ‘ မလတ် တစ်ယောက် ချစ်သူများ တွေ့နေပြီလား ’ ဟူသော ထင်ကြေးမျိုး နှင့် သာ အဆုံးသတ်နေမိသည် ။ ထိုသို့ အဆုံးသတ်ရတိုင်းလည်း မနေ့က မလတ် ၏ အမူအရာ နှင့် စကားလုံး တို့ ကို ပြန်လည် မြင်ယောင်နေပြန်သည် ။
“ မမကြီးရေ … မလတ် တော့ ပျော်လိုက် ၊ ဝမ်းသာ လိုက်တာကွယ် ၊ မလတ် လေ မမကြီး ကို အထူးပြစရာ တစ်ခု ရှိတယ် ၊ အိပ်ခန်းထဲ ကို လိုက်ခဲ့စမ်းပါ မမကြီး ရာ ”
မလတ် သည် ကျွန်မ အား ဆွဲခေါ်လာသဖြင့် မီးဖိုဆောင် တွင် ဒေါ်လေး နှင့် ကူညီ ချက်ပြုတ်နေသော ကျွန်မ မှာ အိပ်ခန်း ဆီ သို့ ပါလာခဲ့ရ၏ ။
“ မမကြီး … ခဏလေး မျက်စိ မှိတ်ထားဦးနော် … မလတ် က ဖွင့် မမကြီး ရေ … ဆိုမှ ဖွင့်လိုက် သိလား ”
သူ့ စကား အရ ခုတင် ပေါ် တွင် ထိုင်နေသော ကျွန်မ မှာ မျက်စိ ကို အားယူ မှိတ်ထား မိလေသည် ။
“ ဖွင့်တော့ မမကြီး ရေ … ”
မလတ် ၏ အမိန့်သံကြောင့် ကျွန်မ မျက်လုံး ဖွင့်လိုက်ရသည် ။ ထိုအခါ လှပသော ရင်ထိုးကလေး ကို တအံ့တဩ တွေ့ လိုက်ရ၏ ။
“ ဟယ် … လှလိုက်တာ မလတ် ရယ် ၊ ဘယ်က ရလာတာလဲဟင် ”
မလတ် သည် ပြုံးနေရာ မှ ကတ်ပြားလေး တစ်ခု ကို ကျွန်မ လက်ထဲ သို့ ထည့် လိုက်သည် ။ ကတ်ပြားလေး ကို ကြည့် လိုက်သောအခါ
သို့ …
ခင်ခင်လတ် အား ဂုဏ်ပြုလက်ဆောင်
မှ …
ဂျော်နီဘသက်
ကျွန်မ သည် ကတ်ပြားလေး ကို ပြန်ပေးရင်း မလတ် အား စူးစိုက် ကြည့်နေမိသည် ။ ကျွန်မ နှုတ်မှ စကား တစ်လုံး မျှ ထွက် မသွားမိပေ ။
“ အဲဒါ မလတ် အစမ်းစာမေးပွဲ မှာ ပထမ ရလို့ ဂျော်နီ က ဂုဏ်ပြုတာလေ ”
မလတ် ၏ ဂုဏ်ယူ ပြောကြား နေသော လေသံ သည် အိပ်ခန်း တွင်း ဝယ် ဟိန်း၍ နေသည် ထင်မိ၏ ။ ညီမ တစ်ယောက် ၏ ပညာရေး သည် ဂုဏ်ပြုလောက်အောင် အထိ မြင့်မားလာပြီ ဆိုသည် ကို အစ်မ တစ်ယောက် အနေနှင့် ဝမ်းသာလှပါ၏ ။ သို့သော် ဂုဏ်ပြုလိုက်သော လက်ဆောင်ရှင် သည် မလတ် ၏ ပညာရေး ကို အားပေးခြင်း သက်သက်မျှ ဟုတ်ပါလေစ ။
“ ကဲ … မလတ် မမကြီး က ဝမ်းသာအယ်လဲ နဲ့ ထပ်ဆင့် ဂုဏ်ပြုပါတယ်ကွယ် ၊ သွား ရေချိုးတော့ ၊ မမကြီး ထမင်း ပြင်တော့မယ် ”
ကျွန်မ ထမင်း ခူးနေစဉ် အတွင်း ရေချိုးခန်းဆီမှ မလတ် ၏ တေးသံ အေးအေး ကို ကြား နေရသည် ။ ညီမ တစ်ယောက် ထိုသို့ မြူးကြွပျော်ရွှင်နေခြင်း ကို မြင်ရပြန်တော့လည်း ကျွန်မ ရင်တွင် ကြည်နူးရပြန်၏ ။ သူကလေး သည် အမိ အဖ နှင့် တကွ အိမ်ထောင်စု အတွက် တစ်ဖက်တစ်လမ်း မှ ကူညီ ဖြည့်စွမ်းပေးနေရသော အလုပ်သမား လခစားလေး ဘဝပင် မဟုတ်ပါလော ။ သူ့ အသက်အရွယ် တွင် ပညာသင်ရင်း တစ်ဖက် က ငွေဝင်အောင် လုပ်ကိုင် နေရခြင်း အတွက် လည်း ညီမငယ် အား ကျွန်မ ကြင်နာနေမိသည် ။
“ မမကြီး ဆီ ကို ဂျော်နီ လာလည်ဦးမယ် ပြောတယ် ”
သွားပွတ်တံ နှင့် သနပ်ခါး ညှိနေရာမှ ကျွန်မ အား လှည့် မကြည့်ဘဲ မလတ် က ပြောနေသည် ။ ကျွန်မ သည် ထမင်း စား ရန် သူ့ အား စောင့်ခေါ်ရင်း သူ့ အင်္ကျီ ကို ကြယ်သီး တပ် ပေးနေ၏ ။
“ အေးပေါ့ … မမကြီး က လည်း တွေ့ချင်ပါတယ်လို့ ပြော လိုက်ပါကွယ် ”
ပြောပင် ပြောရသော်လည်း မြန်မာ မ က ဗိုလ် မကျ နှင့် ခွတတ ထို လူငယ် ကို ကျွန်မ မျက်စိ ရှုပ်မိသည် ။ ဘောင်းဘီ ဝတ် ပြန်လျှင်လည်း ကျပ်တည့်ကျပ်တည်းနှင့် အင်္ကျီရင်ဘတ် ဟောင်းလောင်း ထားကာ ဆံပင်ရှုပ်ရှုပ်ထွေးထွေး မို့မောက်မောက် ကို ကျွန်မ မနှစ်သက်ပေ ။ ပုဆိုး ဝတ် လျှင်လည်း ရုတ်တရက်ပင် ကျွတ်ကျတော့မည်လားဟု ကျွန်မ ပင်လျှင် ဘေးက ကြည့်၍ ရင်တမမ ဖြစ် နေရသည် ။ သူတို့လေးများ ဝတ်ပုံစားပုံ ကို ကျွန်မ တွေ့တိုင်း ဖေဖေ တို့ ဝတ်စားပုံ နှင့် ယှဉ် ကြည့်နေမိ၏ ။
မည်သို့ဆိုစေ ၊ ကျွန်မ အနေနှင့် ညီမ ၏ မိတ်ဆွေ အပေါင်းအသင်း တစ်ယောက် အား အနီးကပ်ဆုံး လေ့လာသင့်သည် ကို တော့ သတိ ပြုမိသည် ။
“ မမကြီး ဦးလေး က မလတ် သွားကြိုတော့မယ်တဲ့ ”
ဝမ်းကွဲတူမလေး လာ ပြောသဖြင့် ကျွန်မ သည် အတွေးမျှင် ပြတ်သွားတော့၏ ။ ကျွန်မ အပြင် သို့ ထွက် လာသောအခါ ဖေဖေ တံခါးဝ သို့ ရောက်နေလေပြီ ။
“ ဖေဖေ သမီး လည်း အပျင်းပြေ လိုက်ဦးမယ် ”
သားသမီး အလို လိုက် တတ်သော ဖေဖေ သည် ကျွန်မ အား ကလေးငယ် တစ်ယောက် လို ရှေ့ မှ သွားစေ၍ အိမ် မှ ထွက် လာခဲ့ကြသည် ။ မလတ် ကို စိတ် မချ၍ ကျွန်မ လိုက်လာမိခြင်း ကို ဖေဖေ အား မရိပ်မိစေချင် ။
မလတ် သည် မိဘ စိတ် မချရသော မိန်းကလေး တစ်ယောက် အဖြစ် ဖေဖေ မြင်မိမည် ကို ကျွန်မ စိုးရိမ်မိသည် ။ သည်ကဲ့သို့များ ဖြစ်ပါမူ ဖခင် တစ်ယောက် အနေနှင့် မည်မျှ စိတ် ညှိုးငယ်မည်နည်း ။ ဖေဖေ မေမေ တို့ သည် သမီး မိန်းကလေးများချည်း မွေး ထားရသော မိဘများပီပီ အလိုလို တွေးတော ပူပန်ကြရသော မိဘများ ဖြစ်နေသည့် အထဲ မှ သမီးများ မိုက် လျှင် မည်သို့ ရှိခြိမ့် မည်နည်း ။
ကျွန်မသည် ကျောင်းသို့ သွားရာ ကားလမ်းတစ်လျှောက် တွင် ကျွန်မ အတွေး တို့ သည် ကပ်ငြိတွယ်မှီး၍ လိုက် နေပြန်သည် ။ “ မလတ် တစ်ယောက် ဂျော်နီ နဲ့ မဟုတ်ပါစေနဲ့ ” ဟူသော ဆုတောင်းခြင်းမျိုး သည် ကျွန်မ နှလုံးသားတွင် ပဲ့တင်ထပ် နေသည် ။ ဂျော်နီ့ အကြောင်း ကို မတွေးဘဲ မနေနိုင်အောင် ရှိနေ၏ ။ ဂျော်နီ့ လို သူငယ်ချင်းမျိုး ကို မလတ် အနေနှင့် ဘဝခရီးဖော် အဖြစ် မရွေးချယ် မိစေရန် ကျွန်မ အတန်တန် ဆုတောင်းရသည် ။
ဂျော်နီ သည် မလတ် နှင့် တစ်ရုံးတည်း လုပ်၍ တစ်ကျောင်း တည်း တစ်တန်း တည်း တက် နေကြောင်း သိရ၍လည်း ပိုမို စိုးရိမ်မိခြင်း ဖြစ်သည် ။ ဂျော်နီ့ ကို မြင်ဖူးစ က ပင် ကျွန်မ သဘော မကျပေ ။ မလတ် က ကျွန်မ နှင့် ဂျော်နီ ကို မိတ်ဆက်ပေးစဉ်က ဂျော်နီ သည် နေရာမှ ထ၍ သူ့ လက် ကို ဆန့်တန်း လာသည် ။ ထိုစဉ်က ကျွန်မ မသိဟန် ပြု၍ ကော်ဖီ ဖျော်ဦးမည် ဟု စကားဖာ ၍ နေရာမှ ထခဲ့မိ၏ ။
ကျွန်မ ကော်ဖီ ဖျော်နေစဉ်ပင် ဂျော်နီ ၏ ကျယ်လောင်သော စကားသံ ကို နားစွင့် ကြည့် မိသည် ။
“ ဟေ့ … ခင်ခင်လတ် ယူတို့ စာအုပ်စင် က လည်းကွာ အလကားပဲ ၊ အင်္ဂလိပ်ဂျာနယ်လေး ဘာလေးများ ထားဖို့တော့ ကိုယ် အကြံ ပေးချင်တယ်ကွာ ၊ ယူကလည်း ခေတ်ပညာ တတ်ပြီး တယ် ညံ့တာကိုး ”
သူ့ စကား ကို ကြား နေရသော ကျွန်မ သည် မြန်မာပြည် တွင် မွေးသော ဗမာ တစ်ယောက် ပီပီ ဗမာဟန် မပြဘဲ ဗမာ ကို အထင်သေးသော တိုင်းပြည် ၏ ကျေးဇူးကန်း သူငယ် တစ်ယောက် နှင့် မလတ် ကို အပေါင်းအသင်း မလုပ်စေချင် ။ သို့သော် ကလျာဏမိတ္တ ဆိုသော စကားအရ မလတ် ကို ခွင့်လွှတ် လိုက်ရသည် ။ ကျွန်မ ကား ဤမျှသာ ခွင့်လွှတ်နိုင်မည် ဖြစ်၏ ။ တကယ်တမ်း ဤလို သူငယ်မျိုး နှင့် ဘဝခရီးဖော် အထိ လက်တွဲ သွားဖို့ က တော့ ဖြင့် ညီမငယ် အား မရှုစိမ့် နိုင်ပါချေ ။
နှင်းပွင့်လွှာပါးပါး ကို ခြံလွှမ်းထားသော သစ်ပင်ပျိုများ အလယ်တွင် မလတ် တို့ ၏ ကျောင်းကြီး မှာ ထည်ဝါခံညားစွာ ရပ်တည် နေသည် ။ ဆောင်းလေ သည် ညင်သာသာ တိုက်ခတ် တိုးဝှေ့နေ သဖြင့် ကျွန်မ ကိုယ် တွင် စိမ့်စိမ့်မြမြ ခံစားနေရ၏ ။ လရောင် သည် နှင်းမှုန်ဒဏ် ကြောင့် မှုန်ဝါးဝါးသာ တောက်ပပေးစွမ်း နိုင်လေသည် ။ ကျောင်းကြီး ကား မှောင် အတိသာ ။
မိသားစုပေါင်း များစွာ တို့ ကို သိမ်းဆည်း ထိန်းအုပ် ပေးနေရသော ဤ ကျောင်းကြီး ၏ အသွင် မှာ အေးတိအေးစက် ငြိမ်သက်စွာ ရပ်တည် နေနိုင်ပါလျက် မလတ် လို ညီမငယ် တစ်ယောက် ကို အုပ်ထိန်း နေရသော ကျွန်မ လို အစ်မ တစ်ယောက် အနေနှင့် ကား ဣန္ဒြေ မဆောင်နိုင် လောက်အောင်ပင် စိတ် လှုပ်ရှား နေမိသည် ။
“ ဘာကိစ္စများ ရှိလို့ပါလဲ ခင်ဗျာ ”
ရုတ်တရက် မေးခွန်းကြောင့် ကျွန်မတို့ သားအဖ မှာ အံ့အား သင့် သွားမိသည် ။ ကျောင်းအဝင် အမှောင်ရိပ်မှ လူရွယ် နှစ်ယောက် သည် ကျွန်မ တို့ အနီးတွင် ရပ်လာ၏ ။
“ ကျောင်း ပိတ်ထားပါသလား ခင်ဗျာ ”
ဖေဖေ့ အမေး ကြောင့် လူရွယ် နှစ်ယောက် မှာ သဘော ပေါက်သွားဟန် တူပေသည် ။
“ ဪ … ကျောင်း လာကြိုတာ ထင်ပါရဲ့ ၊ ကျောင်း မပိတ်ပါဘူး ခင်ဗျာ ၊ ဆရာဖြစ်သင် ကျောင်းဆောင် မှာ ပြောင်း သင်ပါတယ် ၊ ဒီကျောင်းဆောင် က ကိုးတန်း စာမေးပွဲ အတွက် ခုံတွေ နေရာ ချနေလို့ပါ ၊ ဒါကြောင့် ဟိုမှာ ပြောင်း သင်ပါတယ် ၊ ဒီ လမ်းကြားလေး ထဲက ဝင် သွားပါ ခင်ဗျာ ၊ တွေ့ပါလိမ့်မယ် ”
ကျောင်းသား နှင့် တူသော လူရွယ် ၏ အဖြေ ကို ကြားရမှပင် ကျွန်မ မှာ “ ဟင်း ” ချ နိုင်တော့သည် ။ လမ်းကြားလေး အတိုင်း လျှောက် သွားသောအခါ ကျောင်းဆောင် ကို တွေ့ရပါ၏ ။ ကျောင်းဘေး ပတ်လည် တွင် စကားပင်လေးများ နှင့် မှောင်ရိပ်တို့ ပြောက်တိပြောက်ကျား ရှိ နေကြသည် ။ စကားပွင့် မှ သင်းပျံ့သော ရနံ့ တို့ သည် ကျွန်မ ၏ ဦးနှောက်အား ကို ဖြည့်စွမ်းပေးသည် ထင်ရ၏ ။ ကျောင်းဆောင်များ မှ မီးရောင် ကြောင့် လရောင် သည် ပို၍ ပျော့ သွားသလို ထင်မိသည် ။
ကျွန်မ သည် စာသင်ခန်းတိုင်း လိုက်၍ ကြည့်သွားမိသော်လည်း မလတ် ၏ အရိပ်အယောင် ကို မတွေ့ရသေးပေ ။ သို့ဖြစ်၍ ကျွန်မ စိတ်၌ ထင့်ခနဲ ဖြစ် သွားမိပြန်သည် ။ “ အပေါ် က စာသင်ခန်းတွေ မှာ ထင်ပါရဲ့ ” ဟု စိတ် ကို ပြန်တင်းကာ စောဒက တက် ထားလိုက်ရ၏ ။ သို့သော် တစ်စုံ တစ်ယောက် မျှ တက်ရောက်ကြခြင်း မပြုဘဲ ကျွန်မတို့ သာ ထူးချွန်စွာ တက်ရောက် သွားလျှင် ကျောင်းစည်းကမ်းကိုများ ချိုးဖောက်ရာ ကျလေမည်လား ။ ကျွန်မတို့ လာချိန်သည် စာသင်၍ မပြီးသေးသော အချိန် မို့ လည်း အနှောင့်အယှက် မပြုထိုက် ။ အောက်ထပ် တွင် တော့ လူများ တစ်ယောက်စ နှစ်ယောက်စ သွားလာ နေကြသည် ။
ဖေဖေ သည် ထိုင်ခုံ တစ်ခု ပေါ်တွင် ဝင်၍ ထိုင်ကာ အပန်း ဖြေနေသည် ။ ဖေဖေ ထိုင် မှ ပင် ဖေဖေ့ လောက် ပင် ရှိသော လူကြီး တစ်ယောက် ဝင်ရောက် ထိုင် လိုက်သည် ။ ကျွန်မ သည် ဖေဖေ့ ကို ပြော၍ မလှမ်းမကမ်း ရှိ စကားပင် ရှိရာ သို့ စကားပွင့် ကောက်ရန် ထွက် လာမိ၏ ။
“ အို … ဘုရား … ဘုရား ”
ကျွန်မ မျက်လုံးများ ပြာဝေ၍ သွားတော့သည် ။ နှုတ် မှ လည်း မလတ် မဟုတ်ပါစေနှင့် ဟု တဖွဖွ ဆုတောင်း နေမိသည် ။ ဘောင်းဘီရှည်ဝတ် လုလင်ပျို နှင့် အတူ စကားပင် အောက်တွင် ကျစ်ဆံနှစ်ဖက်ချ လုံမပျိုတို့ စကား ပြော နေကြသည် ။ ကျွန်မ သူတို့ နောက်သို့ ရောက် နေခြင်းကို သတိ ပြုမိဟန် မတူပေ ။ ကျစ်ဆံ နှစ်သွယ် သည် လှုပ်ယမ်းနေသည် ကို တွေ့ရသဖြင့် ကျွန်မ ကား အမှတ်မထင် မေမေ့ စကား တစ်ခုကို ပြေး၍ သတိရ လိုက်မိသည် ။
“ မခင်လတ် ရယ် ၊ ဒီ ကျစ်ဆံမြီးကြီး နှစ်ဖက် ကို ချချ မထားစမ်းပါနဲ့ ၊ ကား စီးတဲ့ အခါလည်း သူများ ကို အနှောင့်အယှက် ဖြစ်သေး ၊ ကိုယ့် အင်္ကျီ ဖြူဖြူစင်စင်လေး လည်း ကျောတစ်ဝိုက်လုံး ဆီချေး တက် သေးတယ် ၊ ညည်း ကျစ်ဆံ က လည်း တိုတို မဟုတ်ဘူး ၊ တော်ကြာ အလုပ်သွား ဘယ်သွား နဲ့ မတော်တဆ ကား ပေါ် အတက် အဆင်း တွေ မှာ တစ်စုံတစ်ခု နဲ့ ငြိပြီး အန္တရာယ် ဖြစ်ပါ့မယ် ”
မေမေ့ စကား ကို ကြားယောင်လာစဉ်၌ ကျွန်မ သည် ဘာ လုပ်ရမည် ကို ဝေခွဲ မရနိုင်တော့ပေ ။ ငါ ဘာ လုပ်ရမလဲ ဟု အထပ်ထပ် တွေးလျက် ရင်ခုန် လာမိသည် ။ လုံမပျို ကို ကျွန်မ သေချာစွာ စူးစိုက် ကြည့်လိုက်မိ၏ ။ ကြည့်လေ ကျွန်မ စိတ်တို့ ဂနာမငြိမ်လေ ဖြစ်လာ၏ ။ မျက်စိ ထဲတွင် ‘ မိလတ် မှ မိလတ် ’ ။ ကျွန်မ ကြာကြာ မကြည့်နိုင်တော့ပေ ။ တစ်ကိုယ်လုံး မှာ ဒေါသကြောင့် တဆတ်ဆတ် တုန်လှုပ်လာသည် ။ ကျွန်မ သည် ရုတ်တရက် စကားပင်ရင်း သို့ ပြေးသွားကာ မိလတ် ကို တအား ဆွဲ လှည့် လိုက်ပါတော့သည် ။
“ အမယ်လေး ” ဟူသော အသံရှင် သည် ကျွန်မ နှင့် မျက်နှာချင်း ဆိုင်မိလျက်သား ဖြစ်နေတော့သည် ။
“ ဟင် … ဟင် … ”
ကျွန်မ သည် ပြစ်မှု တစ်ခု ကို ကျူးလွန်မိသူ ဖြစ်၍ လက်နှစ်ဖက် ကို ကာ ပြီးလျှင် နောက်သို့ ခြေလှမ်းများ ဆုတ် နေမိသည် ။
“ မှားလို့ပါနော် … လူ မှားလို့ပါ ခွင့်လွှတ်ပါကွယ် ”
ကျွန်မ သည် ရှေ့ ဘာလုပ်ရမည် မသိတော့သဖြင့် နှုတ် မှ တတွတ်တွတ် တောင်းပန်၍ သာ နေမိ၏ ။ ကျွန်မ ဆောင့် ဆွဲ လိုက်သူ မှာ မလတ် မဟုတ်ဘဲ အခြား မိန်းကလေး တစ်ဦး ဖြစ်နေပေသည် ။
“ ရှင် … ဘယ်လို မိန်းမစားလဲ ရှင့် ၊ သူများ ကို သက်သက် အနှောင့်အယှက် ပေးတာပဲ ၊ ရှင့် မျက်စိ က ဘာမျက်စိလဲ ၊ လာ ကို သွားစို့ ”
မိန်းကလေး သည် ကျွန်မ အား ရင့်သီးစွာ ပြောဆို၍ သူ့ အမျိုးသား ကို ဆွဲခေါ် သွားလေသည် ။ တော်ပါပေသည် ။ ကျွန်မ အား ပါးနား ချ လိုက်မည် ဆိုက ညီမ စိတ်မွှန်၍ မိန်းကလေး မြင်တိုင်း ကိုယ့် ညီမ ရုပ်ကို သာ မြင် နေသော ကျွန်မ အဖို့ အရိုက်ခံရုံ အပြင် မရှိတော့ပေ ။ မယောင်မလည် ပြန် လှည့် ခဲ့ရသော ကျွန်မ သည် ဝမ်းသာ ဝမ်းနည်းကြီး ဖြစ် နေတော့သည် ။
“ သမီးရေ … မလတ်တို့ ကျောင်း ဆင်းပြီ ဟေ့ ”
ဖေဖေ့ အသံ ကြားမှ စိတ် ပြောင်းကာ မလတ် အလာ ကို သွား ဆုံလိုက်ရသည် ။ မလတ် သည် မိန်းကလေး အဖော် တစ်စု နှင့် လှေကား မှ ဆင်း လာနေသည် ။
“ ဟယ် … မမကြီး လိုက် လာတယ် ဟုတ်လား ၊ အင်္ကျီအနွေး လည်း မဝတ်ဘူး ၊ အေး က အေးသနဲ့ ၊ ရော့ မလတ် ဆွယ်တာ ဝတ် ”
မလတ် သည် ကြင်နာယုယစွာ ကျွန်မ ကိုယ် ပေါ် သို့ သူ့ ဆွယ်တာ ကို လွှမ်းခြုံ လိုက်သည် ။ အပူအပင် ကင်းသော ညီမငယ် ၏ မျက်နှာ သည် ပြုံးရွှင်နုပျိုနေသည် ထင်ရ၏ ။
“ ဂျော်နီ ရော ကျောင်း တက်သေးလား ”
“ မသိပါဘူး … ၊ ဒီ ဘုရားဆုပန် မျောက်လောင်း ဟာ ၊ သူ့ တော့ မေး မနေ နဲ့ မမကြီး ရေ ၊ သူတို့ က ကျောင်း ရော ရုံး ရော တာဝန် ကျေတာတွေ မဟုတ်ဘူး ၊ မလတ် တို့ တော့ သူတို့ ကို သတိ အမြဲ ထား မကြည့် နေနိုင်ပါဘူး ”
“ ဟယ် … မလတ် က လည်း ၊ ဘယ့်နှယ် ဘုရားဆုပန် မျောက်လောင်း ရယ် လို့ ”
“ ဟုတ်တယ်လေ မမ ရဲ့ … ၊ ဒီ့ပြင် ယောက်ျားတွေ ကို ဘုရားဆုပန် ယောက်ျား လို့ ပြောကြတယ် ဟုတ်လား ၊ သူ ကတော့ သူ့ ကိုယ် သူ မျောက်လောင်း ဖြစ်အောင် ဆင် ထားလို့ ဘုရားဆုပန် မျောက်လောင်း လို့ ဝိုင်း သရော် ထားကြတာပေါ့ ”
ကျောင်းသူ ညီမငယ် တစ်ဦး က ဝင်၍ ဖြေရှင်း လိုက်သဖြင့် ကျွန်မ ပါ ရောယောင် ပွဲကျမိတော့သည် ။ ထိုသို့ ကြား ရတော့လည်း ညီမရင်း နှင့်တကွ အားလုံး သူ့ အဖော်တစ်စု ကို ကျွန်မ ကျိတ်၍ ချီးကျူး ရပြန်သည် ။ သူတို့လေးတွေ တွင် ကျွန်မ ထင် သကဲ့သို့ ဂျော်နီ လို ခွကျကျ လူငယ်လေး တစ်ယောက် ၏ ‘ ပုံစံပျက် ’ ကလေးမျိုး ကို အထင် မကြီး ကြပါတကား ။
ကျွန်မ သည် မလတ် ၏ ရိုးသားပွင့်လင်းသော မျက်နှာ ကို လရောင်မှေးမှေး တွင် စူးစိုက် ကြည့်လျက် ကျွန်မ အထင် မှားမိခြင်း ကို ကျိတ်၍ တောင်းပန် လိုက်မိ၏ ။
ထိုသို့ ဖြစ်သောအခါ ကျွန်မ ရှစ်တန်း တုန်း က အိမ် ကို အသိ မပေးဘဲ အဖော်တစ်စု နှင့် ကောက်စိုက်ပြိုင်ပွဲ လိုက် ကြည့်၍ မေမေ ဆူသော စကားလုံးများ ကို ပြန်လည် ကြားယောင် မိတော့သည် ။
“ သမီး မိန်းကလေး မွေး ထားရတာဟဲ့ မိခင်ခင်ကြီး ရဲ့ ၊ ညည်း အချိန်မှန် ပြန် မရောက်ဘူး ဆိုရင် ငါ မအေ မှာ ဘယ်လောက် စိတ် ပူရတယ် ဆိုတာ ညည်း သိသလား ၊ အေး ညည်း အခု မသိပေမယ့် အချိန်တန်တဲ့ တစ်နေ့ မှာ ညည်း ကောင်းကောင်း သိလိမ့်မယ် ၊ သိလာပါလိမ့်မယ် ”
မေမေ ပြောခြင်း မှာ ကျွန်မ အိမ်ထောင်ရှင် ဖြစ်၍ သားသမီး ထွန်းကားလာမည့် အချိန် ကို ရည်ရွယ် ကောင်း ရည်ရွယ် ပြောခြင်း ဖြစ်ပေလိမ့်မည် ။ သို့ရာတွင် ကျွန်မ ၌ သားတို့ သမီးတို့ အတွက် မမျှော်လင့်နိုင်သေးမီ ညီမများ အတွက် လက်ငင်း ပူပန် နေရပေပြီ ။
မှန်ပေသည် ။ အစ်မအကြီး ကနေ အမိ အရာ သို့ တိုင် ယနေ့ အချိန်အခါ မှ စ၍ မေမေ့ ဝဋ်သည် ကျွန်မ အား လည် လာလေပြီ ဟု တစ်နည်း အားဖြင့် တွေးရမည်သာလျှင် … ။
◾ ရွှေကျွန်းရီလေး
📖 ရှုမဝမဂ္ဂဇင်း ၊
၁၉၆၇ ၊ ဖေဖော်ဝါရီ
#ကိုအောင်နိုင်ဦး
.
No comments:
Post a Comment