Tuesday, October 4, 2022

သူရဲဘောကြောင်တဲ့ လူညံ့ ( ၁၈ )



 အခန်း ( ၁၈ )

ဆိုဖီယာလပြည့်ဝန်း ၏ အိမ် သို့ သူ နောက် တစ်ကြိမ် ထပ်ရောက်ဖြစ်သည် ။ ဆိုဖီယာ့ အမေကြီး နှင့် မဆုံပါစေ နှင့် ဟု သူ တဖွဖွ ဆုတောင်းလာခဲ့သော်လည်း သူ့ ဆုတောင်း မပြည့် ။

အဘွားကြီး က အိမ်ပေါက် ဝ မှာ ပင် ခါးကြီး ထောက်ပြီး ရပ်နေသည် ။ အစိမ်းရောင်နုနု ပါတိတ်ဝမ်းဆက် ဝတ်ဆင်ထားသော အဘွားကြီး ကို ကြည့်ရင်း စိုးရှား မပြုံးမရယ်မိအောင် မနည်း မျိုသိပ် ထားရ၏ ။

စိုးရှား က ပါတိတ်ဝမ်းဆက် ဝတ်သော မိန်းမကြီး တွေ မြင်လျှင် တောက်တဲ့ကြီးတွေ နှင့် တူသည် ဟု စိတ် ထဲ မှာ ( ဘာကြောင့်မှန်း မသိ ) ထင်မိ၏ ။

ထို အဘွားကြီး နှင့် မျက်နှာချင်းဆိုင် ရပ်မိသောအခါ မျိုသိပ်ကြိတ်မှိတ်ထားသည့် ကြားကပင် သူ မနေနိုင် တော့ဘဲ လှစ်ခနဲ တစ်ချက် စပ်ဖြီးဖြီး ဖြစ် သွားမိလေသည် ။

ဒေါ်မြထွေး က ပြုံးဖြဲဖြဲ ဖြစ်နေသော စိုးရှား ကို မျက်မှောင် ကုပ် ကာ ကြည့် လိုက်ရင်း ...

“ နေစမ်းပါဦး ... မောင်ရင် က ဘာကိစ္စ ပြုံး ရတာတုန်း ...”

“ ဟုတ်ကဲ့ ...”

“ မင်း ကို ငါ က မေး နေတာကွယ့် ... ဟုတ်ကဲ့ လို့ မပြောစမ်းပါနဲ့ ...”

“ တင်ပါ့ဘုရား ...”

ဒေါ်မြထွေး မျက်နှာ ရှုံ့မဲ့သွား၏ ။ ထိုနောက် ပျာပျာသလဲ ဖြင့် ...

“ ဟဲ့ ... ဘယ့်နှယ် ပြော လိုက်တာတုန်း ၊ တင်ပါ့ဘုရား ... ဆိုတာ ဘုန်းကြီးတွေ ကို မှ ပြောရတာဟဲ့ ...”

“ ဟင် ... မသိဘူးလေ ဒေါ်ဒေါ် ပဲ ' ဟုတ်ကဲ့ ' လို့ မပြောနဲ့ဆို ...”

“ ဪ ... ခက်တော့နေပါပြီ ... ငါ မေးတဲ့ မေးခွန်း ကို မင်း က ဟုတ်ကဲ့ လို့ ပြန် ဖြေတာ ဘာမှ အဓိပ္ပါယ် မရှိလို့ ပြောတာဟဲ့ ... ကဲ ... ဆိုစမ်းပါဦး ၊ မင်း က ဘာကိစ္စ နဲ့ ငါ့ အိမ်ပေါက်ဝ မှာ ရပ်ပြီး ပြုံးချင် သလိုလို ရယ်ချင် သလိုလို ဟို မရောက် ဒီ မရောက် မျက်နှာပေးမျိုး လာလုပ်ပြ နေရတာလဲ ...”

“ ဪ ... ဒီလိုပါ ... ကျွန်တော် က ဒေါ်ဒေါ့် ကို အရိုအသေ ပေးတဲ့ အနေနဲ့ ပြုံးစိစိ လုပ်ပြတာပါ ...”

“ မင်းနှယ်ကွယ် ... ကြံကြံဖန်ဖန် ... မင်း ပြောသလို ဆို ရုပ်ရှင်ရုံ ထဲ မှာ ဟာသကားကြည့်တဲ့ လူတွေ က ရုပ်ရှင် ပိတ်ကား ကို တစ်ချိန်လုံး အရိုအသေ ပေးနေရသလိုကြီး ဖြစ်နေမှာပေါ့ ...”

ကိုယ့် ထက် ပိုပြီး စကား ကို လက်ပေါက် ကပ်အောင် ပြောတတ်သည့် အဘွားကြီး နှင့် တိုးနေရသောကြောင့် စိုးရှား ခေါင်း ကို သာ ကုတ်နေမိတော့သည် ။

“ အဲ ... အဲဒီလိုလည်း မဟုတ်ပါဘူး ... ဒေါ်ဒေါ်  ... ”

“ အေး ... မဟုတ်ရင် ပြီးတာပဲ ... နောက် ကို ငါ့ ရှေ့ မှာ စပ်ဖြဲဖြဲ လာ မလုပ်နဲ့ ငါ မကြိုက်ဘူး ...”

ထို စကား အဆုံး တွင် စိုးရှား က အဘွားကြီး အကြိုက် ဖြစ်အောင် လေသံ ကို တင်းလိုက်ပြီး ...

“ ဒါဆိုလည်း ပြီးရော ဗျာ ...”

ဟု ပြောကာ မျက်နှာ ကို ချက်ချင်း ပြန် တည်လိုက်၏ ။ ဒါကိုပင် အဘွားကြီး က သေသေချာချာ ထပ်ကြည့်ပြီး ...

“ ဟင်း ... ရုပ် ကို က တလောကလုံး မင်း လုပ်စာ ထိုင် စားနေရတဲ့ ပုံမျိုး ... မာရေကြောရေ နဲ့ ...”

ထို စကား ကြောင့် စိုးရှား က သူ့ မျက်နှာ ကို သိပ်လည်း မတည် သိပ်လည်း မပြုံးသည့် အနေအထား ရောက်အောင် ပြန် လျှော့ချ လိုက်သည် ။ အဘွားကြီး က ...

“ ဟော ... ဒီ မျက်ခွက် ကျတော့ လည်း မချိုမချဉ် နဲ့ ... ငါ့ ကိုများ ဆယ့်ခြောက်နှစ်သမီးလေး အောက်မေ့လို့ မြှူ နေတာလား ...”

စိုးရှား က စိတ် ကို ဒုန်းဒုန်းလျှော့ချ လိုက်ရတော့သည် ။ နောက်ဆုံးတွင် သူ က သက်ပြင်း ကို မှုတ်ထုတ် လိုက်ပြီး ...

“ ဒေါ်ဒေါ် က ... ကျွန်တော့် မျက်နှာ ကို ဘယ်လို ဖြစ်စေချင်တာလဲဟင် ...”

“ ဘယ်လိုမှ ဖြစ်စေချင်လို့ မဟုတ်ဘူး ဟေ့ ... ငါ့ သမီး ဆီ လာ လာ နေတာ ကို အမြင်မတော် လို့ တမင် ပြောနေတာ ၊ အမယ်လေး တည့်တည့် ပြော မှ သိမယ့် အစားထဲ က ပဲ ... ' အ ' ပါပေ့ မောင်ရင်ရယ် ...”

အဘွားကြီး ၏ မဲ့မဲ့ရွဲ့ရွဲ့ ပြော စကား ကြောင့် စိုးရှား က အံ့ဩသည့် အမူအရာ ကို တမင်ပင် ပိုပိုသာသာ လုပ် ပြလိုက်ပြီး ...

“ ဗျာ ... ဘာဖြစ်လို့လဲ ဒေါ်ဒေါ်  ... ဒေါ်ဒေါ့် သမီး ကို ကျွန်တော် က ဘာ လုပ်မိလို့လဲ ...”

“ မင်း ငါ့ သမီး ကို ကြိုက်လို့ လာ ပိုး နေတာ မဟုတ်လား ...”

“ ဟာ ... ကြံကြီးစည်ရာ ဒေါ်ဒေါ်ရယ် ... မဟုတ်တာ ...”

စိုးရှား က ရုပ်ရှင် ထဲ မှ လူကြမ်းအိုက်တင် လို မျိုး မျက်နှာ ကို ရေ စိုထားသည့် သားရေဖိနပ်အစုတ် နေလှန်းခံ ထား ရ သလို ရှုံ့ခေါက်တွန့်လိမ်ပစ်လိုက်ရင်း ...

“ ဒေါ်ဒေါ့် သမီး နဲ့ ချစ်သူ ဖြစ်ချင် တဲ့ ယောက်ျားလေးတွေ အများကြီး ရှိကောင်း ရှိပါလိမ့်မယ် ၊ ဒါပေမယ့် အဲဒီ လူစားမျိုး ထဲ မှာ ကျွန်တော် က တော့ လုံးဝ မပါဘူး ...”

“ ဘယ်လို မင်း တကယ် ပြောတာလား ...”

အဘွားကြီး က တအံ့တဩ ပြန် မေးသည် ။ စိုးရှား က တစ်ချက် ပြုံး လိုက်ရင်း ...

“ ကျွန်တော် လာနေတဲ့ အကြောင်း က ဒေါ်ဒေါ့် သမီး မေးခွန်း ထုတ်တတ်တဲ့ ပဟေဠိတွေ ကို စိတ်ဝင်စား လို့ လာ တာပါ ၊ ရှင်းရှင်း ပြောရရင် ဆိုဖီယာ့ ကို ပဟေဠိ ပုစ္ဆာ တစ်ပုဒ် လောက် တောင် ကျွန်တော် စိတ်မဝင်စားဘူး ...”

ထို စကား ကို ပြော လိုက်စဉ်မှာပင် အိမ် တံခါးဝ မှာ ဘွားခနဲ လာ ရပ်သော ဆိုဖီယာလပြည့်ဝန်း ကို သူ တွေ့ လိုက်ရ၏ ။

သူ့ စကား တော်တော် လွန်သွားမှန်း သူ သိလိုက်သည် ။ သူပြော လိုက်သည့် စကား ကို ဆိုဖီယာ ကြား သွား ပြီ မှန်း လည်း သူ သိလိုက်၏ ။

သို့သော် စကား ကျွံ ပြီး မှ ပြန်နှုတ်၍ မရနိုင်တော့ချေ ။

ထိုစဉ် ...

“ အေး ... စိတ် မဝင်စားဘူး ဆိုလည်း ပြီးတာပဲ ၊ ကဲ ... ကဲ ... အိမ် ထဲ ကို ကြွတော်မူ ...”

အဘွားကြီး က ဆောင့်ဆောင့်အောင့်အောင့် ဖြင့် ပြောပြီး ခြံ ထဲ ဆင်း သွားသည် ။ စိုးရှား က အိမ် ထဲ သို့ မဝင်ခင် တံခါးဝ မှာ ရပ် နေသော ဆိုဖီယာလပြည့်ဝန်း ကို လှမ်းကြည့်လိုက်၏ ။

ထူးထူးခြားခြား တည်ငြိမ်အေးစက်လွန်း နေသော ဆိုဖီယာ့ ကို  တွေ့ လိုက်ရသည် ။

စစ်ပွဲလေး တစ်ပွဲ တိုက်ခိုက်ရတော့မည် ဟု သူ နားလည်လိုက်၏ ။

•••••   •••••   •••••   •••••

ဧည့်ခန်း ထဲ တွင် သူ ထိုင် မိလျှင် ထိုင်မိ ချင်း မှာပင် ဆိုဖီယာ က လေသံ အေးအေး ဖြင့် မေးသည် ။

“ ရှင် ... စောစော က မေမေ့ ကို ပြော နေတာတွေက တကယ်ပဲလား ...”

ဗျာ ... ဘာကို ပြောတာလဲ ... ဘာလဲ ... စသဖြင့် အူသလို ကြောင်သလို အိုက်တင်တွေ လုပ်ပြဖို့ စိတ်ကူး လိုက် သေးသည် ။ သို့သော် ချက်ချင်းပင် ထို စိတ်ကူး ကို စွန့်လွှတ်လိုက်၏ ။

ဆိုဖီယာ သည် တော်ရုံတန်ရုံ လောက် မ က ပါးနပ်သော မိန်းကလေး တစ်ယောက် မဟုတ်ပါ ။

ထို့ကြောင့် စိုးရှား က ...

“ ဆိုဖီယာ ရဲ့ မိန်းမ မာန ကို စော်ကား သလို ဖြစ် သွားရင်တော့ ဆောရီး ပဲ ... ဒါပေမယ့် ကိုယ် က အချစ် ဆိုတာ ကို အယုံအကြည် မရှိဘူး ၊ တကယ်တော့ လူတွေ ဟာ တစ်ယောက် နဲ့ တစ်ယောက် ချစ်ကြတာ မဟုတ်ပါဘူး ၊ တစ်ယောက် ကို တစ်ယောက် ခုတုံး လုပ်ပြီး ကိုယ့် အတ္တ ကို ကိုယ် တည်ဆောက် ကြတာပါ ...”

“ ရှင့် စကားတွေ ကို ရှင် ကိုယ်တိုင် သေချာလို့လား ...”

“ လူတွေ ဟာ ' ချစ်တယ် ' ဆိုတဲ့ စကားလုံး ကို သုံးပြီး တစ်ယောက် ကို တစ်ယောက် ချုပ်ချယ် ဖို့ ကြိုးစားနေကြတာပါ ၊ ' ချစ်သူတွေ ဖြစ်တယ် ' ဆိုတဲ့ အခြေအနေ ကို အကြောင်း ပြပြီး အပြန်အလှန်တောင်းဆိုမှုတွေ နဲ့ အကျပ် ကိုင် ကြတာပါ ၊ ကိုယ့် ကို ဂရုစိုက်ဖို့ တောင်းဆိုမယ် ... ကိုယ့် ကို အချိန် ပေးဖို့ တောင်းဆိုမယ် ... လက်ထပ်ဖို့ တောင်းဆိုမယ် ... ' ချစ်တယ် ' ဆိုတာ လူ တစ်ဦးချင်း စီ ရဲ့ လွတ်လပ်စွာ ရှင်သန်နေထိုင် ဆုံးဖြတ်နိုင်မှု ကို ဝေါဟာရ လှလှ သုံးပြီး ဓားပြ တိုက် လုယူလိုက်တာပဲ ”

ဆိုဖီယာ က သူမ ၏ ဦးခေါင်း မှ ဆံနွယ်တွေ ယိမ်းနွဲ့သွားသည် အထိ လှပစွာ ခါရမ်းလိုက်ရင်း ...

“ တကယ်တော့ ရှင် ဟာ အချစ် ကို အယုံအကြည် မရှိတာ မဟုတ်ပါဘူး ... ကြောက်နေတာပါ ...”

“ ကိုယ် ဘာကို မှ မကြောက်တတ်ဘူး ... ဆိုဖီယာ ”

“ ဘာလို့ မကြောက်ရမှာလဲ ၊ တာဝန် ယူ ရမှာ ကို ရှင် ကြောက်နေတာပါ ”

“ ဟင့်အင်း ... ကိုယ် က ကိုယ့် လွတ်လပ်မှု ကို မြတ်နိုးတာပါ ဆိုဖီယာ ...”

စိုးရှား ၏ စကား ကြောင့် ဆိုဖီယာ က ပြုံး လိုက်ရင်း ...

“ ကဲပါလေ ... ရှင် ကြောက်တတ်သလား မကြောက်တတ်သလား ဝန်ခံရအောင် ကျွန်မ မေးမယ့် ပဟေဠိ သုံးခု ကို ဖြေကြည့်မယ် မဟုတ်လား ...”

“ ကိုယ် ကြိုးစား ကြည့်မယ်လေ ဆိုဖီယာ လုပ်စမ်းပါဦး ပထမ ပုစ္ဆာ က ဘာလဲ ...”

ဆိုဖီယာ က စာရွက်အဖြူလွတ် တစ်ရွက် ကို ယူကာ ဘောပင်ဖြင့် ဇယားကွက် တစ်ကွက် ရေးဆွဲလိုက်၏ ။

သူမ က

“ ဟောဒီ ဇယားကွက် ( ၃၃ ) ကွက် ထဲ ကို ' ကကြီး ' က နေ ' အ ' အထိ ဗျည်း သုံးဆယ့်သုံးလုံး နဲ့ ဖြည့်ရမယ် ကိုစိုးရှား ကြိုက်တဲ့ အကွက် တစ်ကွက် က နေ စပြီး ' ကကြီး ' ကို ရေးဖြည့် လိုက် ၊ ' ကကြီး ' ရောက်နေတဲ့ နေရာ က နေ စစ်တုရင် မှာ မြင်း ခုန် တဲ့ အကွက် အတိုင်း ရွှေ့ပြီး ကျရာ အကွက်တွေ ထဲ က တစ်ခု မှာ ' ခကွေး ' ကို ထည့် ရမယ် ဥပမာ ဒီလိုပေါ့ ...”

“ အဲဒီလို နည်း နဲ့ ဖြည့် လိုက်ရင် ဥပမာ ဟောဒီ အကွက် မှာ ကကြီး ကို စ ဖြည့်ထားတယ် ဆိုပါစို့ ... သူ့ နောက် မှာ ခခွေး ကို ဖြည့် ဖို့ ဖြစ်နိုင်ချေ ရှိတဲ့အကွက် က ( ၇ ) ကွက် ရှိတယ် ၊ ဟောဒီမှာ တွေ့လား ... အဲဒီ ( ၇ ) ကွက် ထဲ က မှ ကြိုက်ရာ တစ်ကွက် မှာ ဖြည့် ' ခကွေး ' ဖြည့် ပြီးရင် ' ဂငယ် ' ကို လည်း အဲဒီ နည်း အတိုင်း ဆက် ဖြည့်ရမှာ ...”

“ ကိုယ် စစ်တုရင် ထိုး တတ်ပါတယ် ဆိုဖီယာ ဒီလောက် ထိ ပုံတွေ ဘာတွေ ဆွဲပြနေဖို့ မလိုပါဘူး ၊ မြင်းကွက် ခုန်တဲ့ အတိုင်း လို့ ပြော လိုက်ရုံ နဲ့ နှစ်ကွက် ရွှေ့ပြီး တစ်ကွက် ချိုး ရမယ် ဆိုတာ နားလည်ပါတယ် ”

“ ဆောရီး ... ဆောရီး ... ကျွန်မက ပိုပြီး ရှင်း အောင်လို့ပါ ၊ အဲဒီ ရွှေ့ကွက် အတိုင်းပဲ ... ဂငယ် ပြီးရင် ' ဂငယ် ' ရဲ့နေရာ က နေ မြင်း ခုန်တဲ့ အကွက် အတိုင်း ထပ် ရွှေ့ပြီး တစ်ကွက် ကွက် မှာ ' ဃကြီး ' ကို နေရာချ ' ဃကြီး ' က နေ တစ်ခါ ထပ်ပြီး မြင်းခုန် ' င ' ကို ဖြည့် အဲဒီနည်းနဲ့ပဲ ' ကကြီး ' ကနေ ' အ ' အထိ အားလုံး ကုန်အောင် အစဉ် လိုက် ဖြည့်သွင်း ရမယ် ”

သူမ က စကား ကို အဆုံးသတ်သည် အထိ ဆက် မပြောသေးဘဲ ခဏမျှ ဆိုင်းငံ့ ထား၏ ။ စိုးရှား က သူမ ၏ မျက်နှာ ကို အကဲခတ် ရင်း စိုက်ကြည့်နေသည် ။

ဆိုဖီယာ က မသိမသာ ခိုးခိုးဝှက်ဝှက် ပြုံး ရင်း ...

“ ရှင် ဖြေရှင်းရမယ့် ဉာဏ်စမ်းပုစ္ဆာ က ရိုးရိုးလေး ပါ ၊ ကြိုက်ရာ အကွက် ကနေ ကကြီး ကို စ ထည့်ပါ ... နောက်ဆုံး မှာ ' အ ' ဆိုတဲ့ ဗျည်း ဟာ အလည် တည့်တည့် က အကွက် ထဲ ကို ရောက်ရမယ် ၊ ကဲ ... ဘယ့်နှယ့်လဲ ... ရှင် တတ် နိုင်ပါ့မလား ...”

•••••   •••••   •••••   •••••

သူမ ၏ စကားသံ က သိသိသာသာ သရော်ဟန် ဆန်နေသည် ။ စိုးရှား က မျက်လုံးများ ဖြင့် သာ ရယ် ပြလိုက်၏ ။

ဆိုဖီယာ က ...

“ ဒီ ဉာဏ်စမ်း ကို ဖြေဖို့ ... ရှင် အချိန် ဘယ်လောက် ယူမှာလဲ ၊ တစ်ရက် လား ... တစ်လ လား ... တစ်နှစ် လား
...”

သည် တစ်ခါ မှာ တော့ စိုးရှား အောင့် မနေနိုင်တော့ဘဲ အသံ ထွက် အောင်ပင် ခပ်ရိုင်းရိုင်း  ရယ်မော လိုက်ပြီး ...

“ ခွင့်လွှတ်ပါ ... ကိုယ် က ဒီလိုပဲ နည်းနည်းတော့ ရိုင်း တတ်တယ် ၊ အဟင်း ... အဟင်း ... ကဲ ... ဒီ ဉာဏ်စမ်း ကို ခဏ ထားပါဦး ၊ ဒုတိယ ပုစ္ဆာလေး လည်း ကြား ပါရစေဦး ဆိုဖီယာ ...”

သူ့ အချိုး ကို ဆိုဖီယာ နည်းနည်းတော့ တင်း သွားမှန်း သိလိုက်၏ ။

သို့သော် ဆိုဖီယာ က လုံးဝ မျက်နှာ အမူအရာ မပျက်ဘဲ ...

“ ရှင် အီဂျစ် စာ ဖတ်တတ်သလား ...”

“ ကျူနီဖောင်း လို့ ခေါ်တဲ့ ရှေးဟောင်းအီဂျစ် အရုပ် စာ ရေးနည်း ကို နည်းနည်းပါးပါးတော့ သင်ဖူးပါတယ် ၊ ပိရမစ်တွေ မှာ တွေ့ ရတတ်တဲ့ အီဂျစ် ဂူသင်္ချိုင်းကျောက်စာ တွေ ကို လည်း ဖတ်ဖူးပါတယ် ...”

စိုးရှား က မယုတ်မလွန်ဘဖြစ်အောင် စကား ကို ထိန်း၍ ဖြေရင်း အီဂျစ်အရုပ်စာ တွင် သုံးသော အက္ခရာများ နှင့် အသံထွက်များ ကို ချ ရေးပြလိုက်၏ ။

ဆိုဖီယာ က သူ ရေးပြသမျှ ကို ကြည့်ကာ ခေါင်း တစ်ချက်ညိတ်ရင်း ...

“ အခု ကျွန်မ မေးမယ့် ဉာဏ်စမ်း က အီဂျစ်ဘာသာ နဲ့ ရေး ထားတဲ့ ရှေးဟောင်းပုရပိုဒ် ထဲက စာ တစ်ပုဒ် ကို ဘာသာပြန် ပြ ဖို့ ပဲ ၊ ဒီ ပုရပိုဒ် က ခရစ်တော် လက်ထက်ကတည်း က ယုဒထောမတ်စ် ( Judas Thomas ) ဆိုတဲ့ သာဝက တစ်ယောက် မှတ်တမ်း တင်ခဲ့တဲ့ ထောမတ်စ်ဖတ်စာ ( Gospel of Thomas ) ပေါ့ ... သမ္မာကျမ်းစာသစ် ထဲ မှာ မထည့်ဘဲ တိမ်မြှုပ် ထိန်ချန်ခံထားရတဲ့ ပုရပုဒ် ပဲ ... ဒီအကြောင်း ရှင် ကြားဖူးသလား ...”

“ ကျွန်တော် က ဘာသာရေး နဲ့ ပတ်သက် တာတွေ ကို သိပ် စိတ်မဝင်စားမိခဲ့ဘူး ဆိုဖီယာ ...”

“ အဲဒီ ကျမ်းစာ ကို အီဂျစ်ပြည် အထက်ပိုင်း မှာ ရှိတဲ့ နာ့ဂျ်ဟမ္မဒီအနားကာ တောင်တန်း ရဲ့ လိုဏ်ဂူပေါင်း ၁၅ဝ လောက် ထဲ က ဂူ တစ်ခု ထဲ မှာ ဝှက်ထားရာ က နေ ပြန်ရှာ တွေ့ ခဲ့တာပဲ ၊ ၁၉၄၅ ခုနှစ် ကျ မှ တွေ့ရတာ ၊ ဒါကို ကမ္ဘာ က သိအောင် တရားဝင် ကြေငြာခဲ့တဲ့ သူ က ပရော်ဖက်ဆာ ဂီးလက်ကွစ်ပဲလ် ( Prof; Gilles Quispel ) တဲ့ ... အခု ကျွန်မ ပြမယ့် ကျမ်းစာ ရဲ့ မူရင်း ဟာ အီဂျစ်ပြည် ကိုင်ရိုမြို့ က ကော့ပတစ်ပြတိုက် ထဲ မှာရှိတယ် ...”

သူမ က စာအုပ်စင် တွင် ရှိသော ဖိုင်တွဲ တစ်ခု ကို သွား ယူလာပြီး စိုးရှား ၏ ရှေ့ တွင် ဖွင့်ပြလိုက်၏ ။ အီဂျစ် အရုပ်စာများ ရေးသားထားသော စာမျက်နှာတစ်ခု ကို ဓာတ်ပုံ ရိုက်ထားသည့် မိတ္တူ ဖြစ်မှန်း တွေ့ လိုက်ရသည် ။

ဆိုဖီယာ က ...

“ ဒီ စာပုဒ် ဟာ ခရစ်တော်ကိုယ်တိုင် ပြောခဲ့တဲ့ နှုတ်ထွက်စကား ကို မှတ်တမ်း တင်ထားတာပဲ ... ရှင် ဘာသာ ပြန် နိုင်ပါ့မလား ...”

စိုးရှား က ထို စာပုဒ် ကို အပြန်ပြန် အလှန်လှန် လေးငါးခေါက် မျှ ဖတ်ကြည့် လိုက်၏ ။ ထိုနောက် သူ က ဘောပင် နှင့် စာရွက်ဖြူ အလွတ် တစ်ရွက် တောင်း လိုက်ပြီး ...

“ ဒီ မေးခွန်း ကို တော့ ... ကိုယ် အခု တစ်ထိုင်တည်း ပဲ ဖြေပေးခဲ့ပါ့မယ် ”

ထိုနောက် သူ က အီဂျစ် အရုပ်စာများ ကို အင်္ဂလိပ်ဘာသာ သို့ ပြန်ဆိုလိုက်သည် ။

“ If you bring forth what is within you , what you bring forth will save you . If you do not bring forth what is within you , what you do not bring forth will destroy you . ”

စိုးရှား က ထို စာပုဒ် ကိုပင် မြန်မာဘာသာ ဖြင့် ...

“ သင့် ကိုယ်တွင်း မှာ ရှိသော အရာ ကို မွေးဖွား ဖော်ထုတ်လော့ ... ထို အရာကား သင့်အား ကယ်တင်သမှု ပြုလိမ့်မည် ၊ သင့် ကိုယ်တွင်း မှာ ရှိသော အရာ ကို မွေးဖွား ဖော်ထုတ်ခြင်း မပြုက ထိုအရာ က သင့် အား ဖျက်ဆီး လိမ့်မည် ...”

ဆိုဖီယာလပြည့်ဝန်း က ဘာသာပြန် စာပိုဒ် ကို ကြည့်ပြီး ပြုံး လိုက်သည် ။ ထိုနောက် ...

“ ဘာသာ ပြန်တာ ကတော့ ဟုတ်ပါပြီ ... အဓိပ္ပါယ် ကို ကော နက်နက်ရှိုင်းရှိုင်း နားလည် ရဲ့လား ...”

“ မင်း ပေးတဲ့ ပုစ္ဆာ ရဲ့ ခေါင်းစဉ်က ' ဘာသာ ပြန် နိုင်မလား ' ဆိုတဲ့ အထိပဲ ပါတယ်လေ ၊ နားလည် သလား ... သဘော ပေါက်ရဲ့လား ... လို့ မေးခဲ့တာမှ မဟုတ်တာ ...”

စိုးရှား ၏ စကား ကြောင့် သူမ က မဲ့ပြုံး တစ်ချက် ပြုံး လိုက်သည် ။ ထိုနောက် ...

“ ထားလိုက်ပါတော့ ... မေးခွန်း ထုတ်တဲ့ ကျွန်မ ဘက် က ချွတ်ယွင်းချက် ပဲ ၊ ဒီ ပဟေဠိ မှာ တော့ ကျွန်မ က ပဲ အရှုံး ပေးလိုက်ပါတယ် ...“

“ ဒီ ပဟေဠိ တစ်ပုဒ် ထဲ ရှုံးတယ်လို့ ထင် လို့လား ...”

“ ရှင် ...”

“ ဒီလိုလေ ... ပုစ္ဆာ က သုံးခု မဟုတ်လား ၊ ပထမ ပုစ္ဆာ နဲ့ ဒုတိယ ပုစ္ဆာ ကို ဖြေနိုင်ပြီ ဆိုတာ နဲ့ ကိုယ် နိုင်သွားပြီလေ ... နောက်ဆုံး ပုစ္ဆာ ကို ဖြေစရာ မလိုတော့ဘဲ ပွဲ က ပြီးသွားမှာပေါ့ ...”

“ ကိုယ် က အဲဒီလိုကြီးလည်း အပြတ်အသတ် မရှုမလှ အနိုင် မယူချင်ပါဘူး ၊ ဒါကြောင့် မင်း စောစောက ပြောခဲ့တဲ့ ကကြီး ခကွေး ပုစ္ဆာ ကို မဖြေတော့ပါဘူး ၊ အလျော့ ပေးလိုက်မယ် ... ရှင်းရဲ့လား ... ဒါဆို ကိုယ်တို့ တစ်ယောက် တစ်မှတ် စီ သရေပဲ ...”

ခပ်ရိရိ ခပ်ကြောကြော ပြောလိုက်သော သူ့ စကား ကြောင့် တင်းမာပြီး အရောင် တောက်ပလာသည့် ဆိုဖီယာ ၏ မျက်ဝန်းများ ကို စိုးရှား က အရသာခံကာ ကြည့် နေလိုက်သည် ။ ပြီးတော့ မှ ...

“ ကဲ ... ဆက်ပါဦး ... မင်း ရဲ့ တတိယ ပုစ္ဆာ ကို ...”

“ တတိယမြောက် ပုစ္ဆာ ကတော့ ကျွန်မ ကို နိုင်အောင် လေးပစ်ပြိုင်ဖို့ပဲ ၊ ဘယ့်နှယ်လဲ ... ရှင် ပြိုင်ရဲ ရဲ့လား ...”

•••••   •••••   •••••   •••••

သေချင်းဆိုးမလေး ... ဟု စိုးရှား စိတ် ထဲမှ တိတ်တဆိတ် ဆဲရေး လိုက်၏ ။ ဒါကတော့ သက်သက် ညစ် တာပဲ ဖြစ်သည် ။

သူမ က ငယ်ငယ် ကတည်း က လေးမြား အပစ်အခတ် ကို ကျွမ်းကျွမ်းကျင်ကျင် လေ့ကျင့်လာခဲ့သူ ... ။

ကိုယ် က တစ်ဘဝလုံး မှာ လေးနှင့် မြား ကို အနီးကပ်ပင် သေသေချာချာ ကြည့် ဖူးသူ မဟုတ် ... ။

ဒီ ကိစ္စ က အခု မှ ထပြီး လေ့ကျင့်ရုံ နှင့် လည်း ပစ်မှတ် ကို မလွဲတမ်း မှန်အောင် ပစ်နိုင်မည် မဟုတ် ။

လေ့ကျင့် လျှင် ကော ဘယ်လောက် ထိ အချိန် ယူရဦးမည်နည်း ။

တစ်လ လား ... နှစ်လ လား ... တစ်နှစ် လား ...

မသေချာ ...

ထို့ကြောင့် စိုးရှား က ...

“ ဒါကတော့ မင်း သက်သက် ညစ်တာပဲ ၊ မင်း က မြားပစ် တဲ့ နေရာ မှာ ကျွမ်းကျင်ပြီးသား ကိုယ် က လုံးဝ မပစ် တတ်တဲ့ သူ ခေါင်း နဲ့ ပန်း နှစ်ဖက် စလုံးမှာ ' အရှုံး ' လို့ ရေး ထားတဲ့ ပိုက်ဆံပြား နဲ့ တော့ ခေါင်းပန်း လှန်တမ်း မကစားချင်ဘူး ဆိုဖီယာ ...”

“ ရှင့် ကို အခု ချက်ချင်း ပြိုင်ရမယ် လို့ တောင်းဆို နေတာ မှ မဟုတ်တာ ၊ ရှင် ကျွမ်းကျင်လာတဲ့ အချိန် အထိ လေ့ကျင့် ခွင့် ရှိတယ် ၊ လေ့ကျင့် ဖို့ အချိန်ကာလ ကို လည်း ရှင် ကြိုက်သလောက် ယူပါ ၊ ကျွန်မ စောင့်နိုင်ပါသေးတယ် ၊ ရှင့် ကိုယ် ရှင် သေချာပေါက် နိုင်မယ်လို့ ယုံကြည်တဲ့ နေ့ မှာ လာပြီး စိန်ခေါ်ပါ ၊ အဲဒီ အခါ ကျ မှ အပြီးသတ် အနိုင်အရှုံး ကို ဆုံးဖြတ် ကြတာပေါ့ ...”

မတရားဘူး ... ဟု ပြောရမှာတော့ ခက်နေ၏ ။ ဒါသည် အချစ်လား ... စစ်ပွဲလား ... ခွဲခြား မရသော ကြောင့် ဖြစ်မည် ထင်သည် ။

အင်း ... အချစ် နှင့် စစ် မှာ သာ မတရားတာ မရှိသည် မဟုတ် ။ ယုံကြည်ချက် နှင့် မာနတရား မှာ လည်း မတရားတာ မရှိ ... ဟု ကမ္ပည်း အသစ် ရေးထိုးချင်ပါသည် ။

အိမ် ပြန်ဖို့ ခြေလှမ်းများ ဖြင့် ထိုင် နေရာ မှ စိုးရှား ထ လိုက်သည် ။

•••••   •••••   •••••   •••••

ခြံဝင်း ထဲ သို့ ရောက်တော့ ဟိုအဝေး ခြံစည်းရိုး အုတ်နံရံ မှာ ထောင် ထားသော ( ဆိုဖီယာ မြားပစ် လေ့ကျင့်သည့် ) စက်ဝိုင်းပုံ ပစ်ကွင်း ကို လှမ်းမြင်ရသည် ။

ကျောခိုင်း နှုတ်ဆက်ခါနီး တွင် ဆိုဖီယာလပြည့်ဝန်း က စကားတစ်ခွန်း ဆို၏ ။

“ ပြိုင်ပွဲ တစ်ခု ကို နိုင်ဖို့ ကိစ္စ မှာ အတတ်ပညာ က အမြဲတမ်း အဓိက ကျတာ မဟုတ်ဘူး ကိုစိုးရှား ...”

မင်းခိုက်စိုးစန်

#ကိုအောင်နိုင်ဦး

( ဆိုဖီယာ မေးသော ဉာဏ်စမ်းပုစ္ဆာ ဇယားကွက် ကို comment တွင် တင်ပေးထားပါသည် )

.

ခြောက်လုံးပြူး


 

❝ ခြောက်လုံးပြူး ❞

ည ဘက် သွပ်ပြား မိုးထားတဲ့ အိမ်ခေါင်မိုး ပေါ် မှာ မိုးသံကလေး တဖျောက်ဖျောက် နဲ့ စောင်ကလေး ခြုံပြီး ကွေး ရတဲ့ အရသာ ဟာ တော်တော့် ကို ဇိမ် ရှိပေမယ့် ကျွန်တော် တို့ ဗီဒီယို ပတ်ဝန်းကျင် အတွက် တော့ မိုး ရာသီ ဟာ တော်တော် ဒုက္ခ ပေးတဲ့ ရာသီ ပါ ။ မိုး မရွာတဲ့ နေ့မျိုးတွေ မှာ တောင်မှ တိမ်ထု က ရှိ နေလေတော့ နေ က တိမ်ကွယ် သွားလိုက် ... ပြန် ထွက် လာလိုက် နဲ့ ဆိုတော့ မှန်တွေ မငြိမ် ရင် ရိုက်လို့ မရပါဘူး ။ တစ်ခါတလေ Cut ကလေး တစ် Cut ရ ဖို့ နှစ်နာရီ လောက် စောင့် ခဲ့ရဖူးတာတွေ ရှိ တတ်ပါတယ် ။

ကျွန်တော့် ရဲ့ဝတ္ထု မကြည်ပြာ ရဲ့ ချစ်ခြင်းရဲ့နက္ကတစ်များ ကို ရိုက်တုန်း က ပေပါမွန်း ထုတ်လုပ်ရေး က ကိုညီ ပြောဖူးတယ် ။ မနက် မိုးလင်း မိုး မရွာအောင် ဘုရား ရှိခိုး ရတာ ခါးတွေ လည်း နာ နေပြီတဲ့ ... ။ ကားကြီး ဆိုတော့ ဗီဒီယို ထက် စက်ကြီး ကို ရွှေ့ရ ပြောင်းရ နေရာ ချရတာ ပို ခက် တာမို့ တစ်နေ့ မှ ( ၃ ) ခန်း လောက် ပဲ ပြီး တက်တာကိုး ... ။ မိုး အုံ့နေရင် လုံးဝ ရိုက်ဖို့ မလွယ်ဘူး ။ မိုးများ ရွာ လိုက်ရင် ထိုင် နေပေတော့ ။ နေကလေး ထွက်တော့ စက် ရွှေ့ ၊ စကားတွေ ကျက် ၊ ရီဟာဇယ် လုပ် ၊ ရိုက်မယ် လည်း ဆိုရော နေ က တိမ် ကွယ်သွားပြန်ရော ။ အဲဒီတော့ ကိုညီ က ကောင်းကင် က တိမ်ထုကြီး ကို မော့ ကြည့်ပြီး ပြော ပါတယ် ။

“ BOSS နဲ့ မရေးဘဲ Heart ထိတယ်ဗျာ ” တဲ့ ။

အဲဒီတော့ ဘာ နဲ့ ရေးရေး Heart မထိရအောင် မိုးရာသီ ဆို ကျွန်တော် တို့ ဗီဒီယို ရုပ်ရှင်အဖွဲ့တွေ ဟာ နယ် တက်ကြပါတယ် ။ မြန်မာနိုင်ငံ မှာ မိုးနည်းဒေသတွေ ဖြစ်တဲ့ မန္တလေး ၊ မေမြို့ ၊ တောင်ကြီး ၊ ကလော ၊ ပုဂံ ၊ ကျောက်ပန်းတောင်း ၊ ပုပ္ပါး စတဲ့ ဘက်တွေ ကို ဇာတ်လမ်း စဉ် ပြီး ထွက် ရ တတ်ပါတယ် ။ ကား လည်း စိတ်ချမ်းသာ လက်ချမ်းသာ ရိုက်ရ ၊ ဘုရား ဖူးရင်း နေရာ စုံ လည်း ရောက် ရ ပေါ့လေ ။

နယ် ထွက်ရတာ တော်တော် ပျော်စရာ ကောင်းပါတယ် ။ မိသားစု နဲ့ မဟုတ်ဘဲ အလုပ် ကိစ္စ နဲ့ လွတ်လွတ်လပ်လပ် ၊ အဖွဲ့ က လည်း လူများ ဆို တော့ ကား နဲ့ ပဲ သွားသွား ရထား နဲ့ ပဲ လစ်လစ် ပျော်စရာချည်းပါပဲ ။ ဒီ တစ်ခါ ကျွန်တော် တို့ ပုဂံ ၊ ပုပ္ပါး ၊ ကျောက်ပန်းတောင်း ဘက် သို့ ( ၃ )ကား စီစဉ်ပြီး ထွက် ခဲ့ကြတာပါ ။

ဒုတိယ တစ်ကား စ ရိုက်နေတုန်း နောက် ရုပ်ရှင်အဖွဲ့ နဲ့ သွား ဆုံ ပါတယ် ။ အဲဒီ အဖွဲ့ နယ်ကြိုက် ကားတွေ ရိုက် တဲ့ အဖွဲ့ပါ ။ သူတို့ က ( ၅ ) ကား စလုံး နယ် ထွက် ရိုက်တာ တဲ့ ။ ကျွန်တော် ပြောခဲ့တဲ့ နယ်ကြိုက်ကား ဆိုတာ က ကျွန်တော်တို့ ရိုက်လေ့ ရှိတဲ့ ကားမျိုး မဟုတ်ပါဘူး ။ သူ က ဇာတ်လမ်း ဇာတ်အိမ် ကို ရွာ မှာ ၊ တော မှာပဲ အခြေ တည်ရတာပါ ... ။ ဂျပန်ခေတ် တော်လှန်ရေးကား တို့ အင်္ဂလိပ်ခေတ် တော်လှန်ရေးကား တို့ စသည့် ခေတ် အခြေအနေ ကို လိုက်ပြီး Fighting တွေ အထိုးအကြိတ်တွေ နဲ့ ဇာတ်လမ်း ကို သွားရတာ ။

ကျွန်တော့် မှာ က ရွာ အတွေ့အကြုံ ဖြတ်သန်းမှု လုံးဝ မရှိသလောက် ဆိုတော့ အဲဒီလို ကားမျိုးတွေ ကျွန်တော် မပိုင်ပါဘူး ။ သူတို့ အဖွဲ့ လူစု က ကျွန်တော်တို့ အဖွဲ့ ထက် အယောက် ၂၀ လောက် ပို ပါတယ် ။ လူကြမ်း နဲ့ ယမ်း ဖောက်ခွဲတဲ့ လူတွေ ပို နေတာပါ ။ ကျွန်တော် လည်း နယ်မှာ ဆုံတုန်း ကိုယ် မသိတဲ့ ကိစ္စတွေ သိထားရအောင် ကျွန်တော့် ရိုက်ကွင်း မှာ မနေဘဲ သူတို့ ရိုက်ကွင်း ကို သွား လေ့လာပါတယ် ။ ကျွန်တော်တို့ ရိုက်ရတဲ့ ကားတွေ ထက် ပိုပြီး ပင်ပန်းပါတယ် ။

လူဆိုး အဖြစ် သရုပ်ဆောင် ရတဲ့ ဇာတ်ပို့တွေ ဆို Fighting ခန်းတွေ မှာ ဂျွမ်းထိုး ပြီး ကျ ရတာတို့ ၊ တောင်စောင်း တောင်ကပါးယံ က လှိမ့် ချရတာ တို့ ၊ ပစ်ခတ်တဲ့ အခန်းတွေ မှာ မြှုတ်ထားပြီးသား ယမ်းတွေ မထိအောင် တိုင်ပင်ကိုက် ရှောင်ရ ၊ ဂျွမ်းထိုးရ တာ တို့ နဲ့ အထိအခိုက် လည်း အနည်းအကျဉ်း ရှိတတ်ကြပါတယ် ။

ကျွန်တော့် အတွက် တော့ မြင်နေကျ မြင်ကွင်းတွေ နဲ့ မတူတဲ့ ဗဟုသုတ ရ တာနဲ့ ပဲ သုံးလေးရက် သွား ကြည့် မိပါတယ် ။ ကျွန်တော် ကြည့် ရင်းနဲ့ ပဲ သူတို့ ဇာတ်လမ်း ကို ဇာတ်ညွှန်းသမား ပီပီ ရိပ်မိ သိ လာပါတယ် ။ မသိစရာ လည်း မရှိပါဘူး ။ သူတို့ ဇာတ်လမ်း က ကြားဖူးနေကျ ဇာတ် မျိုးပါ ။

တော်လှန်ရေးကာလ မှာ ညီအစ်ကို နှစ်ယောက် ကွဲ သွားကြပါတယ် ။ တစ်ယောက် က အမေ နဲ့ ၊ တစ်ယောက် က အဖေ နဲ့ ပါ သွားပြီး တစ်ဘက် နဲ့ တစ်ဘက် သေကုန်ပြီ လို့ ထင်ကြတယ် ။ အစ်ကို က ရွာတစ်ရွာ မှာ ရိုးရိုးသားသား နဲ့ ကြီး လာပြီး ... ညီ ကတော့ ဂျပန်တွေ နဲ့ ပေါင်းပြီး တော်တော် ဆိုးတဲ့ ဂျပန်အလိုတော်ရိ ဖြစ် သွားတယ် ။ ညီအစ်ကို နှစ်ယောက် မသိကြဘဲ တော က ကွမ်းတောင်ကိုင်မလေး ကို ချစ် ၊ တစ်ယောက် နဲ့ တစ်ယောက် ရန်သူ ဖြစ်ပြီး အရမ်း မုန်းနေကြတယ် ။

နောက်ဆုံး ညီ က မင်းသမီး ကို ဖမ်းခေါ် သွား ... ၊ အစ်ကို က လိုက် ကယ် ၊ အစ်ကို့ ပါ ဖမ်းမိ ၊ နှိပ်စက်တော့ ဆွဲကြိုးကလေး တွေ့ ၊ ညီအစ်ကို မှန်း သိ ။ ညီ က အစ်ကို့ ကို ကယ်ပြီး ထွက်ပြေး ၊ နောက် က ဂျပန်တွေ က လိုက်ချ ၊ အဲဒီလိုပေါ့ဗျာ ... ။

အဲဒီ ဇာတ်မျိုး ဟာ နယ် က လူတွေ အတွက် သူတို့ ဘဝ သူတို့ ဓလေ့ တွေ ကို အခြေခံ ထားတာ ... ။ သူတို့ ဖြစ်နေတဲ့ ပြဿနာမျိုး ၊ သူတို့ အသက်မွေးဝမ်းကျောင်းမျိုး ၊ သူတို့ ပျော်ရွှင်မှုမျိုး ကို ခံစားထားတာ ဖြစ်တဲ့ အတွက် တော်တော် နှစ်သက်ကြပါတယ် ။

ကျွန်တော် ရောက် သွားတော့ အခန်း တစ်ခန်း ကို ရိုက်ဖို့ ပြင်ဆင် နေကြပါတယ် ။

အခန်း က ဇာတ်ကား ရဲ့ အရှိန် အမြင့်ဆုံး အခန်း ( Tampo ) ပါ ။

နောက် က ဂျပန်တွေ လိုက် ချလို့ ညီ ရော အစ်ကို ရော သူတို့ ချစ်သူ ပါ ပြေး နေရချိန် ... ။ ညီ ရော အစ်ကို ပါ ဒဏ်ရာ က အနည်းအကျဉ်း ရ နေကြပါပြီ ။

ကား မရိုက်ခင် ပြဿနာ တစ်ခု တက် လာပါတယ် ။

တက် တဲ့ ပြဿနာ က ချရင်း ပြေးလွှား လိုက်ရတာ ဆိုတော့ ညီ လုပ်တဲ့ သူ ကိုင် တဲ့ သေနတ် က ပြောင်း လေးလက်မ လောက် ကျိုး သွားတာပါ ။ ရုပ်ရှင် ထဲ မှာ သေနတ် ပစ်တဲ့ အခန်း ပါ ရင် သေနတ်အတုတွေ ကိုင် ရပါတယ် ။ ဘားလမ်းမကြီး ပေါ် က တိုလီမိုလီအဟောင်း ရောင်း တဲ့ ဆိုင်မျိုး မှာ တွေ့ရ တတ်တဲ့ ခြောက်လုံးပြူး မျိုး ပါ ။ ကော် နဲ့ လုပ်ထားတာ ဆိုတော့ ပစ်လို့ မရတာ က လွဲရင် အရွယ်အစား ရော ပုံစံ ပါ တော်တော့် ကို တူ ပါတယ် ။ ကလေးတွေ ကစားဖို့ ဆိုပေမယ့် ကျွန်တော် တို့ ရုပ်ရှင် ထဲ မှာ တော့ လူကြီး တွေ ကစားကြပါတယ် ။

ခက်တာက အဲဒီ သေနတ် ကျိုးသွားတော့ နောက် အစား ထိုးဖို့ ပုံစံတူ သေနတ် တစ်လက် မရှိဘူး ။ အခန်းဆက် ဖြစ် နေတော့ တခြား သေနတ် တစ်လက် လည်း ပြောင်း ကိုင်လို့ မရဘူး ဖြစ်နေတာ ။ သေနတ် ကျိုးသွား တာ က ယမ်းသေတ္တာတွေ ၊ Sun Gun အတွက် ဘက်ထရီတွေ နဲ့ ပိပြီး ကျိုး သွားတာ ။

ဒီ အခန်း မှာ လည်း ဒဏ်ရာ ရနေတဲ့ ညီ က အစ်ကို နဲ့ ချစ်သူ ကို ပြေးခိုင်းပြီး သူ တစ်ယောက် တည်း ဂျပန်တွေ ကို ခံချမယ် ပေါ့ ။ အစ်ကို က လည်း အခုမှ တွေ့ရတဲ့ ညီလေး ကို မထားခဲ့နိုင်ဘူး ။ သူ သာ နေခဲ့မယ် ၊ ညီလေး နဲ့ ချစ်သူ ပြေး ပေါ့ ... ။ အဲဒီမှာတင် ညီ က လက် ထဲ က သေနတ် နဲ့ အစ်ကို့ ကို ထိုးချိန်ပြီး ပြေး ခိုင်းမှာ ။ ဒီ ခြောက်လုံးပြူးသေနတ် က မပါလို့ ကို မပြီးဘူး ... ။ တစ်လက် သွား ဝယ် ရအောင် က လည်း ရောက် နေတာက ကျောက်ပန်းတောင်း နား က ရွာ မှာ ။ ရန်ကုန် မှာ မဟုတ်တော့ ဘယ်လိုမှ မရနိုင်ဘူး ။ သူတို့ ဘယ်လို ဖြေရှင်းကြမလဲ လို့ ကျွန်တော် လည်း စိတ်ဝင်စား ပြီး ကြည့် နေလိုက်တယ် ။

အမျိုးမျိုး ကြံဆ ပြီးတော့ မှ နောက်ဆုံး အားလုံး ရဲ့ ဆုံးဖြတ်ချက် က ဒီ သေနတ် မပါလို့ ကို မရဘူး ။ ဒီတော့ ကျိုးသွားတဲ့ သေနတ်ပြောင်း ကို ဖယောင်းတိုင် မီး ထွန်း ၊ မီး အပူ ပေးပြီး ပြန် ကပ်မယ်ပေါ့... ။

သေနတ် ကျိုးသွားတဲ့ ပုံစံ က နှစ်ပိုင်း ပြတ်ထွက်တာ မဟုတ်ဘဲ နဲ့ ဘယ်ဘက် မှာ တဲတဲကလေး ကျန် နေတာဆိုတော့ ကြိုးစား လို့ တော့ ရဦးမယ် လို့ ထင် ရတယ် ။ မီး အပူ ပေးပြီး ပြန် ဆက်ကြတော့ ဆယ့်ငါးမိနစ် လောက် ကြိုးစားပြီး ရ သွားတယ်... ။ ဒါပေမယ့် မီး အပူ ပေး ထားတဲ့ ညာဘက် က တော်တော် တွန့်ပြီး ပြောင်းက လည်း နည်းနည်း ကောက် သွားတယ် ။ ကော် က ကော်မာ ဆိုတော့ သိပ် တိတိကျကျ ကပ်သွားတာ တော့ မဟုတ်ဘူး ။ ဆက် တယ် ဆိုရုံပဲ ... ။ ဒီထက် ထပ် ဆက် ရင်လည်း ကော် ကို မီး စား တာ နဲ့ လုံးဝ ပစ် လိုက်ရမှာ ဆိုတော့ အဲဒီမှာ တင် ရပ်ထားပြီး ဒါရိုက်တာ က ...

“ ရပြီ ... ဆက် လို့ တွန့် နေတဲ့ ညာ ဘက် က ကင်မရာ ကို မယူဘူး ၊ ဘယ် ဘက် က ပဲ ယူမယ် ။ ပြောင်း ကောက်တာ ကတော့ ကိစ္စ မရှိဘူး.. လက် က လှုပ် နေမှာ ဆိုတော့ မသိသာဘူး ၊ ဆက်လုပ်လို့ လုံးဝ ပစ်ရ သွားရင် ဒုက္ခ များမယ် ၊ ရပြီ ... ”

အလုပ် လုပ်လို့ ရတဲ့ အဆင့် ကို ရောက် သွားတော့ ဒိုင်ယာလော့ ( ခ် ) ကျက် ၊ မျက်ရည် ချူ ၊ Mood သွင်း ။ ဒီ အခန်း ဟာ ကား တစ်ခုလုံး ရဲ့ အဓိက နေရာ ဆိုတော့ သုံးယောက် စလုံး က ကိုယ့် အိုက်တင် သူ့  အိုက်တင် အပြိုင် ကြဲ ကြမှာကိုး... ။ အားလုံး အဆင်သင့် ဖြစ်တော့ ဇာတ်လမ်း စ ပါတယ် ။

“ ညီလေး ညီလေး … ရရဲ့လား ၊ လာ ... အစ်ကို့ ကို တွဲထား ... ။ ရတယ် ... အစ်ကို ညီလေး ကို မှေး ခေါ်မယ် ”

“ ရတယ် အစ်ကို … ညီလေး ပြောတာ သေသေချာချာ နားထောင် ။ ကျွန်တော့် ခြေထောက် က ဒဏ်ရာ နဲ့ ၊ ပြေး နေရင် ဒီ ငပုတွေ လက်ထဲကို ရောက်ပြီး သုံးယောက် စလုံး သေလိမ့်မယ် ။ အဲဒီတော့ အစ်ကို တို့ ပြေး ... ၊ ညီလေး ဒီ က ပဲ ခံပစ်ပေးမယ် ။ အစ်ကို  ကြေးအုံ ကို ခေါ်ပြီး ပြေး ”

“ မဖြစ်ဘူး ညီလေး  ၊ မင်း လိုက် ကို လိုက် ရမယ် ။ ငါ မင်း ကို လုံးဝ မထားခဲ့နိုင်ဘူး ’’

“ အစ်ကို ကျွန်တော် ပြောတဲ့ စကား ကို နားထောင်ပါ ။ မကြာခင် ဒီ ငပုတွေ ဒီ တောင်ကြော ကို ဆင်း လာတော့မှာ ။ အစ်ကို တို့ ပြေးတော့ ”

“ ဟေ့ကောင် ဗေဒါ ၊ ငါ မင်း ကို ဘယ်တော့ မှ မထားခဲ့ဘူး ကွ ၊ မင်း လိုက် ကို လိုက် ရမယ် ”

“ ဟုတ်ပါတယ် ဗေဒါ ရယ် .. ၊ ငါ တို့ အတူ ပြေးကြမယ် လေ .. နော် နင် မနေခဲ့ပါနဲ့ ဟာ ...”

“ ဟား ဟား ဟား ဗေဒါ ဆို တဲ့ ကောင် က ငယ်ငယ် ကတည်း က နေရာတကာ ကို အစုန်အဆန် လွင့် ခဲ့တာ ။ ပြန် ပြောရရင်လည်း သံယောဇဉ် ဆိုတာ ဆံချည်မျှင် လောက် တောင် ရှိခဲ့တာ မဟုတ်ဘူး ။ ပြီးတော့ ... ပညာတတ် လူကောင်း တစ်ယောက် ရဲ့ အသက် နဲ့ ကျွန်တော့် လို ဆိုးပေ နေ တဲ့ လူမိုက် တစ်ယောက် အသက် ဟာ တန်ဖိုး ချင်း မတူဘူး ။ ပြီးတော့ အစ်ကို သိပ် ချစ်ရတဲ့ ချစ်သူ ကြေးအုံ ၊ ပြေးတော့ အစ်ကို ကျွန်တော် နေခဲ့ပါရစေ ”

“ ဒီမှာ ဗေဒါ ..  ၊ ကြေးအုံ  ဟာ ငါ့ ချစ်သူ မဟုတ်ဘူး ။ သူ မင်း ကို ပဲ ချစ်တာ ... ၊ မင်း လိုက်ခဲ့ရမယ် ။ ပြီးရင် မင်း ကြေးအုံ ကို လက်ထပ် ရမယ် ငါ က မင်း အစ်ကို ကွ ၊ ငါ့ စကား ကို မင်း နားထောင်စမ်း... ”

“ ဟုတ်တယ် ဗေဒါ... ၊ နင် နေရင် သေပေ့စေ ... ငါ လည်း နင် နဲ့ အတူ နေမယ် ”

“ တိတ်စမ်း...အချိန် သိပ် မရှိဘူး ၊ ပြေး မလား မပြေးဘူးလား ... ပြော.. ။ ကဲ .. မပြေးရင် ပစ်မှာနော် .. ပစ် မှာ ”

မင်းသား က သေနတ် နဲ့ ထိုးချိန် ၊ မျက်ရည်တွေ ကျ ပြီး အော်ပြော တယ် ။ နောက် မင်းသား က လည်း အင်္ကျီရင်ဘတ် ကို ဆွဲဖွင့်ပြီး ရှေ့ တစ်လှမ်း တိုးတယ် ။

“ ပစ်စမ်း ညီလေး ပစ် ၊ ငါ တစ်သက်လုံး ရှာပြီး အခုမှ တွေ့ရတဲ့ မင်း ကို ငါ မထားခဲ့နိုင်ဘူး ကွ ”

“ ဗေဒါ … နင် မလုပ်နဲ့ နော် ၊ ကိုကို ....”

“ အစ်ကို ရှေ့မတိုးနဲ့ နော် ပြေး ၊ မပြေးရင် ကျွန်တော် တကယ်ပစ် တော့ မှာ ...”

ညီအစ်ကို နှစ်ယောက် တစ်ယောက် နဲ့ တစ်ယောက် မျက်လုံးချင်း ဆုံပြီး ငြိမ်ကြတယ် ။ မျက်လုံး မှာ မျက်ရည်တွေ နဲ့ ပေါ့ ။ မင်းသမီး က လည်း မြေကြီး မှာ မှောက်ပြီး ရှိုက်ရှိုက် ငို နေတယ် ။ အစ်ကို လုပ် သူ က ရင်ဘတ် ကို ဖွင့်ပြီး အပြုံး နဲ့ ရှေ့ လှမ်း အတိုး မှာ ညီ က သေနတ် ကို ရင်ဘတ် ဆီ ထိုး ချိန် လိုက်တဲ့ အချိန် မှာ ...

စကား တွေ ပြောရင်း လက်တွေ ရမ်းကြ ၊ သေနတ် နဲ့ သုံးလေးခါ ထိုးချိန် အရှိန်တွေ များကြတော့ မီး နဲ့ ဆက် ထားတဲ့ သေနတ်ပြောင်းကြီး က ' ဖွတ် ’ ဆို အောက် ကို ငိုက် ကျသွားတယ် ။

အားလုံး လည်း ခဏတော့ ကြောင် နေကြပါတယ် ။

မျက်ရည်တွေ နဲ့ သေနတ် ကို ကြည့် နေတဲ့ အစ်ကို လုပ် တဲ့ မင်းသား လည်း ရုတ်တရက် ဆိုတော့ ... ဇာတ်လမ်း ထဲ Mood ရှိ နေလေတော့ နားမလည် ဖြစ်ပြီး ... တွဲလောင်းကြီး ကျ နေတဲ့ ခြောက်လုံးပြူး ပြောင်း ကို ကြည့်တယ် ။ ထိုး ချိန်တဲ့ ညီ လည်း မျက်ရည်တွေ ကျနေရက် က ကြောင် ပြီး သူ့ သေနတ် သူ ပြန် ကြည့်တယ် ။

ငါးစက္ကန့် လောက် ကြာ ပြီးမှ ရှုတင် တစ်ခု လုံး အုန်းခနဲ ... ရယ်ကြတယ် ။

မင်းသား တွေ လည်း ငို နေတဲ့ မျက်ရည် နဲ့ ထ ရယ်တာ ။ ရယ်လို့ ထွက် တဲ့ မျက်ရည် နဲ့ ငို လို့ ထွက်တဲ့ မျက်ရည် တွေ ရော ကုန်တယ် ။ ဒါရိုက်တာ တစ်ယောက် ပဲ Tampo မိ နေတဲ့ Acting တွေ ပျက် သွားလို့ မကျေမနပ် နဲ့ သူ့ ခြောက်လုံးပြူး ကို ဆဲ တယ် ။

ရယ်သံ ရပ်အောင် တော်တော် စောင့် ပြီး ဖယောင်းတိုင် ပြန် ထွန်း ပြန်ကပ် ပေါ့လေ... ။ နောက်ဆုံးတော့ တော်တော် ကောက်နေပြီ ဖြစ်တဲ့ ခြောက်လုံးပြူး နဲ့ ပဲ ရိုက် လိုက်ရပါတယ် ။ ဒါရိုက်တာ ကတော့ နောက်ဆုံး ရတဲ့ Acting ကို ပထမ လောက် သဘော မကျဘဲ မကျေမနပ် ဖြစ်နေခဲ့တယ် ။

သေနတ်သံ တွေ တဒိုင်းဒိုင်း မီးတွေ ပွင့် ၊ မောင်းတင်သံတွေ ညံနေ တဲ့ American Action ကားတွေ ကြည့် ရတိုင်း အဲဒီ ထဲ က တကယ့် သေနတ်လှလှတွေ ကို မြင်ရတိုင်း ချို့ချို့တဲ့တဲ့ ကော်သေနတ် ၊ သစ်သားသေနတ် တွေ နဲ့ ရိုက် နေကြရတဲ့ ကျွန်တော် တို့ Action ကား တွေ အကြောင်း ကို တွေး မိရင် အဲဒီ ခြောက်လုံးပြူး ကို ကျွန်တော် သတိရ နေတတ်ပါတယ် ။

◾နီကိုရဲ

📖 ကျွန်တော် နှင့် ရိုက်ကွင်း ပေါ် မှ အလွဲများ

#ကိုအောင်နိုင်ဦး

!

Monday, October 3, 2022

သူရဲဘောကြောင်တဲ့ လူညံ့ ( ၁၇ )


 

အခန်း ( ၁၇ )

နောက် တစ်နေ့ မနက် တွင် ...

ကော်ဖီ သောက်ဖို့ သူ ထမင်းစားခန်း ထဲ သို့ ဝင်လာသောအခါ တစ်စုံတစ်ရာ ကို ငိုင်တွေ စဉ်းစားရင်း ထိုင်နေ သည့် သူ့  ဦးလေး ဦးစောဝင်း ကို တွေ့ လိုက်ရသည် ။

စိုးရှား က ကြက်ဥဟပ်ဖရိုက် နှင့် ပေါင်မုန့် ကို ကော်ဖီ နှင့် ဖြည်းဖြည်းချင်း မျှောချနေစဉ် မှာ ပင် ဦးစောဝင်း က စကား တစ်ခွန်း ကို အဆက်အစပ် မရှိ ပြောချလိုက်၏ ။

“ စိုးရှား ငါ ရုပ်ရှင်ကားကြီး တစ်ကား ရိုက်ဖို့ ဆုံးဖြတ်လိုက်ပြီ ...”

“ ဦးလေး ကို ဘယ် ပရိုဂျူဆာ က ပိုက်ဆံ ထုတ် ပေး မှာ မို့လို့လဲ ...”

သူ့ အမေး ကို ဦးစောဝင်း က ခေါင်းခါ ပြသည် ။ ထိုနောက် ...

“ ငါ့ ပိုက်ဆံ နဲ့ ငါ ထုတ်ရိုက်မှာ ၊ ငါ စီးနေတဲ့ ကား နဲ့ ဟောဒီ အိမ် ကို ပေါင်လို့ ရတဲ့ ပိုက်ဆံ နဲ့ ရိုက်မယ် ”

“ ဗျာ ... အိမ် နဲ့ ကား ကို ပေါင်မယ် ဟုတ်လား ... ဦးလေး ...”

ဒီတစ်ခါတော့ စိုးရှား တော်တော် အံ့ဩသွား၏ ။ ဦးစောဝင်း က ဖျော့တော့လေးလံစွာ ပြုံးလိုက်ရင်း ...

“ ဘာလဲ ... ဒီတစ်ခါလည်း ငါ့ ကို အရူးထပြန်ပြီ ... လို့ မင်း ပြောချင်လို့လား စိုးရှား ...”

“ မပြောပါဘူး ဦးလေး ရာ ... ဦးလေး ရိုက်မယ့် ဇာတ်ကား မှာ မင်းသမီး က မြနဒီ ပဲ လား ... လို့ မေးချင်တာ တစ်ခုပါပဲ ...”

ရိသဲ့သဲ့ မေးသော စိုးရှား ၏ စကား ကြောင့် ဦးစောဝင်း ၏ မျက်နှာ က ရုတ်တရက် လေးလေးနက်နက် တည် သွား၏ ။ ခဏကြာအောင် စဉ်းစားချင့်ချိန်နေပြီး မှ ဦးစောဝင်း က ...

“ ဟုတ်တယ် မြနဒီ ပဲ ၊ ဒါပေမယ့် မင်း ထင်သလိုမျိုးတော့ မဟုတ်ပါဘူး ၊ အရင်တုန်း က မြနဒီ ကို ငါ့ ဇာတ်ကား တွေ မှာ ထည့် ရိုက်ခဲ့တာဟာ ကိုယ်ရေး ကိုယ်တာ ခံစားချက်ကြောင့် ဆိုတာ ငါ ဝန်ခံပါတယ် ၊ ဒါပေမယ့် ဒီ တစ်ခါ မှာ တော့ အဲဒီလို မဟုတ်ဘူး စိုးရှား ...”

“ အင်း ... ယုံတော့ ယုံချင်ပါတယ် ဦးလေး ရာ ... ဒါပေမယ့် ... ကျွန်တော် က ဘာကို မှ ယုံကြည်မှု မရှိတဲ့ လူ ... ဆိုတော့ ... ခက်တယ် ...”

ဦးစောဝင်း က စားပွဲ ပေါ် မှ ထကာ ထမင်းစားခန်း အပြင်ဘက် သို့ ခြေလှမ်း ထွက်သည် ။ တံခါးဝ အရောက် တွင် နောက်ပြန် လှည့် ကာ စကားတစ်ခွန်း လှမ်း ပြော၏ ။

“ အေးပေါ့ကွာ ... ယုံကြည်မှု ဆိုတာ ဘဝ ကို ပေးပြီး ရင်း ရတာမျိုးကွ ... မနေ့ က အသုဘ မှာ မင်း ပြောခဲ့ သလိုမျိုး ပေါ့ ... ဘယ်လို အဖြစ်ဆိုးမျိုး နဲ့ ပဲ ကြုံရ ကြုံရ ... ကိုယ့် ရဲ့ယုံကြည်မှုရဲ့ ခေါ်ရာ နောက် ကို ရေဆုံး မြေဆုံး လိုက်ဖို့ ငါ့ မှာ သတ္တိ အပြည့် ရှိတယ် စိုးရှား ...”

ထို စကား ကြောင့် တုန်လှုပ်ချောက်ချား ရ မလို ဝမ်းသာ အံ့ဩ ရ မလိုလို သူ ခံစားရသည် ။

_______________________

မင်းခိုက်စိုးစန်

#ကိုအောင်နိုင်ဦး

သူရဲဘောကြောင်တဲ့ လူညံ့ ( ၁၆ )


 

အခန်း ( ၁၆ )

မိုးစက် တွေ ကျလာတော့မည် ။

ရေဝေးသုဿန် ရှိ အသုဘ ရှုရာ ခန်းမ ( ၂ ) ထဲ တွင် မျက်ရည်စက်တွေ ... လူတွေ ... ပန်းပွင့်တွေ ပြည့်ကျပ် နေ၏ ။

သျှပ်မှူးအိမ် ကို ချစ်သော ပရိသတ်တွေ ... ချောင်းထဲ မှာ ဗေဒါပင်တွေ အရွက်ချင်း ထပ်ကာ ပြည့်ကျပ် နေပုံမျိုး ... ပခုံးချင်း ထပ် ၊ ရင်ဘတ်ချင်း ကျောချင်း ကပ် ကာ ထပ်နေ ပြည့်နေ ကြသည် ။

မျက်စိတစ်ဆုံး ကျယ်ပြန့် ထူထပ် သိပ်သည်းသော ကြေကွဲခြင်း ပင်လယ် တစ်ခုလို ... ။

မတိုးကြပါနဲ့ ... မတိုးကြပါနဲ့ ... နောက်ဆုတ်ပေးကြပါဗျာ ... ဟု စာနယ်ဇင်းသမား တစ်ဦး က အော်ဟစ်ရင်း ပရိသတ် ကို မေတ္တာရပ်ခံနေသည် ။ ခဏကြာတော့ ထို သူ အသံ ဝင်သွားပုံရ၏ ။ လူတွေ က လည်း ခြေ တစ်ဖက် ရွေ့ စရာ နေရာ ပင် မရှိလောက်အောင် ကျပ်ညပ်ပြည့်သိပ် နေသဖြင့် နောက်ဆုတ် ဖို့လည်း မဖြစ်နိုင်တော့ ။

“ ခဏ နေရင် ရင်ခွဲရုံ ထဲ ကနေ အလောင်း ကို ခန်းမ ထဲ သယ်ထုတ်လာတော့မယ် ၊ ခန်းမ ထဲ အဝင် လမ်း ကို နည်းနည်း ရှင်း ပေးထားကြပါ ” ဟု တစ်စုံ တစ်ယောက် က ပြောနေ၏ ။

ဂီတလောက ထဲ မှ မိတ်ဆွေများ က တစ်ယောက် နှင့် တစ်ယောက် လက်ချင်း ချိတ်ဆက်ကာ စီတန်းပြီး ဟိုဘက် ဒီဘက် နေရာ ယူ လိုက်ကြသည် ။ ကြားထဲ တွင် လူ သုံးလေးဦး လျှောက်သာ ရုံ လမ်းကလေး ဖြစ်လာ၏ ။

ဒါလည်း ကြာကြာ မခံ ။ လက်ချင်း ချိတ် ထားသော အနုပညာရှင်များ ၏ နောက်ကျောများ ဆီသို့ ပရိသတ် က ပြို ကျ လာ၏ ။ လက်တွဲ တွေ ပြုတ်ထွက် ကုန်သည် ။ ဖိနပ်တွေ တစ်ဖက် စီ လွင့်ထွက် ကုန်၏ ။ လူသံတွေ က လှိုင်းသံ လို တဝုန်းဝုန်း ထ နေသည် ။ လူတွေ သည် ပင်လယ် ... ကြေကွဲခြင်း သည် မုန်တိုင်း ... ယိုင်လဲသူတွေ ယိုင်လဲ သွားကြသည် ။ ဖယ်ကြပါဦး ... နောက် ဆုတ် ပေးကြပါ ... စည်းကမ်း ရှိပါ ဗျာ ... ဟု တစ်ချို့ က အော်ဟစ် သတိပေး နေကြသည် ။ အလောင်း သယ် လာရမည့် လမ်း က လည်း ကျပ်ညပ်ပိတ်ဆို့ နေလေပြီ ။

သျှပ်မှူးအိမ် ၏ဇနီး ဖြစ်သူ က တော့ အသံ မထွက်ဘဲ နူးညံ့မာကျောစွာ ငိုကြွေး နေ၏ ။

ဟိုး ... ခပ်ဝေးဝေး မှာ တော့ သူမ ၏ချစ်လှစွာသော ခင်ပွန်း အတွက် နောက်ဆုံး နှုတ်ဆက် သည့် အလွမ်းပန်းခြင်းကလေး ထဲ မှာ နှင်းဆီ
ဖြူဖြူတွေ ... ။

ပြီးတော့ ... ကိုသျှပ် ၏ ( ၈ ) နှစ်အရွယ် သမီးငယ်လေး မိကောင်းညံ ... ။ ကိုသျှပ် သိပ်ချစ် ခဲ့သည့် သူ့ ရင်သွေးကလေး ကို သူ ထားရစ်ခဲ့ပါပြီကော ... ။

နေရစ်လေဦးတော့ ... သမီးငယ် ရေ ...

စိုးရှား အံ ကို မသိမသာ ကျိတ်ရင်း ပင့်သက် ကို နွမ်းနယ်စွာ ရှိုက်သွင်း လိုက်သည် ။

ခဏ နေတော့ ကိုသျှပ် ၏ မိခင် ဖြစ်သူ ကို ဦးစောဝင်း က တွဲကာ ခန်းမ ( ၂ ) ထဲ သို့ ဖေးမ ခေါ်လာ၏ ။

ကိုသျှပ် မိခင် ၏ အသွင်သဏ္ဌာန် သည် မော်လမြိုင် မှာ သူ တွေ့ခဲ့ရစဉ် က ထက် ပိုမိုပါးလျား ပိန်ဖျော့ သွားမှန်း စိုးရှား အကဲခတ် မိသည် ။ အမေ့ ရဲ့ ဒုက္ခအိုးကလေးကတော့ ကွဲကြေ သွားခဲ့ပြီပေါ့ အမေ ရယ် ...

အဲသည် အခိုက်အတန့် တဒင်္ဂလေး မှာ ပင် ' အမေ ' ဆိုသော နာမ ၏ နက်ရှိုင်းမှု သည် စိုးရှား ၏ နှလုံးသား ထဲ သို့ ဆွတ်ပျံ့ တိုးဝှေ့ ဝင် လာလေတော့သည် ။ မန္တလေး မှာ ကျန်ရစ်ခဲ့သော အမေ့ ကို စိုးရှား ဖျတ်ခနဲ မြင်မြင်ယောင်ယောင် ဖြစ် လိုက်မိသည် ။

ဆူညံ နေသော လူသံသူသံတွေ အဝေး သို့ လွင့်စင် သွားသလို ခံစား လိုက်ရ၏ ။

အသုဘ အခမ်းအနားများ တွင် ရတတ်လေ့ ရှိသော အမွှေးနံ့ ငြီးစီစီ တစ်မျိုး သာ လေထု ထဲတွင် ဝေ့ကာ ကျန်ရစ်သည် ။

သူ သတိထား မိလိုက်ချိန် တွင် သူတို့ တိုင်ပင်ကာ အစီအစဉ်ပြောင်း လိုက်ကြပြီ ဖြစ်သည် ။

ကိုသျှပ် ၏ မိခင်ကြီး ကို ရင်ခွဲရုံထဲ အထိ ခေါ်သွားပြီး ကိုသျှပ် ၏ ရုပ်အလောင်း ကို အေးအေးဆေးဆေး ကြည့်ခွင့် ရအောင် စီမံကြခြင်း ဖြစ်ပုံ ရ၏ ။

ဟုတ်တော့ လည်း ဟုတ်သည် ။ ရုပ်အလောင်း ကို ခန်းမ ထဲ အထိ သယ်လာမည် ဆိုလျှင် များပြားလွန်းသော ပရိသတ်များ ကြောင့် ကိုသျှပ် ၏ မိသားစု အဖို့ သူ့ နောက်ဆုံး အချိန် ကို စိတ်အေးလက်အေး ကြည့်ခွင့် ရမည် မဟုတ်
ကြေကွဲခွင့် ရမည် မဟုတ် ။

ခဏအကြာ တွင် ဦးစောဝင်း က ကိုသျှပ် ၏ မိခင်ကြီး ကို ပွေ့ချီ ပြီး အလောင်း ထားသည့် ရင်ခွဲရုံ ရှိရာဆီ သို့ ခေါ်ဆောင် သွားလေသည် ။

ကိုသျှပ် အတွက် သုဿန်မြေမှာ ကြေကွဲခြင်းတွေ ကြိတ်ကြိတ်တိုး နေကြသည် ။ အလောင်းချ စရာ နေရာ မရှိတော့ လောက်အောင် ပြည့်ကျပ် နေသည့် လူပင်လယ်ပြင်ကြီး ကို ကြည့်ရင်း စိုးရှား တစ်စစီ ပြိုပျက်ပြန့်ကျဲ လွင့်စင် သွားသလို ခံစား လိုက်ရလေသည် ။

အဲဒါပါပဲကွယ် ...

အနုပညာရှင် ဆိုတာ သေတော့မှပဲ ကိုယ့် ဘဝ ကို ကိုယ် ပိုင်ဆိုင်ခွင့် ရတာမျိုးပါ ... ။

•••••   •••••   •••••   •••••

ဟော ... လာပြီ သယ်လာပြီ ... ဟူသော စကားသံများ နှင့် အတူ ကျပ်ညပ်သိပ်သည်း နေသည့် လူတွေ လှုပ်လှုပ်ရှားရှား တွန်းထိုး ရွေ့လျား သွားကြသည် ။

ကိုသျှပ် ၏ ရုပ်ကလပ် ကို ထည့်သွင်း ထားသော ကျွန်းတလားသေတ္တာကြီး ကို သယ်ဆောင် လာပြီး ခန်းမ ( ၂ ) ထဲ တွင် ခဏ မျှ သာ ချခွင့် ရလိုက်၏ ။ ကိုသျှပ် ၏ ဇနီး ဖြစ်သူ ကြည့်ဖို့ ခေါင်းတလား အဖုံး ကို မိနစ် အနည်းငယ် ကြာ ဖွင့် ပြ နိုင်သည် ဆိုရုံလေး ပင် ဖြစ်သည် ။

ကျွန်းသားခေါင်းတလား ထဲ တွင် ပကတိ ငြိမ်းချမ်းစွာ အိပ်မောကျနေ သူ က ကိုသျှပ် ...

ဆံပင် ကောက်တိကောက်ကွေး ... မျက်နှာ ထူထူ နှာတံစင်းစင်း နှင့် အလျား ရှည်သော နှုတ်ခမ်း တစ်စုံ ။

သူ့ မျက်နှာဘေး ခေါင်းအုံး ပေါ်တွင် တော့ တရားစာအုပ်လေး ...

လက် ထဲ မှာတော့ ပန်းစည်းတစ်စည်း ...

ကြည့်စမ်း ... ပန်းပွင့် ... တရားဓမ္မ နှင့် သေခြင်းတရား ...

ဒါဟာ ကွယ်လွန်သူ တစ်ယောက် ရဲ့ အတ္ထုပ္ပတ္တိ ပါ ပဲ ...

ကဲ ... ခေါင်းအဖုံး ကို ပိတ် လိုက်ကြပေတော့ ...

ဂွတ်ဘိုင် ... ကိုသျှပ် ...

“ သွားကြစို့ ...”

တစ်စုံတစ်ယောက် ၏နှိုးဆော်သံ ကို မသဲမကွဲ ကြားရသည် ။ ကိုသျှပ် ကို ထည့် ထားသောခေါင်းတလား ကို ခန်းမ အပြင်ဘက် သို့ ထမ်းထုတ် ယူသွားပြီး ကား ပေါ် သို့ တင် လိုက်ကြ၏ ။ ပြီးတော့ ဂူသွင်း မြှပ်နှံမည့် နေရာ ဆီ သို့ ဦးတည် လိုက်ကြသည် ။

ကတ္တရာလမ်းကျဉ်းကျဉ်းလေး ပေါ် မှာ
ကားတွေ ...
လူတွေ ...
လွမ်းသူ့ပန်းခွေတွေ ...
မျက်ရည်စတွေ ...
ကြေကွဲနှမြောတသခြင်းတွေ ...
ဖြည်းဖြည်းနှေးနှေး ရွေ့လျား နေကြသည် ။

အဲဒီ အချိန် မှာ ပဲ ...

မိုး က ဖွဲဖွဲကလေး စတင် ရွာသွန်း လာတော့သည် ။

•••••   •••••   •••••   •••••

ကိုသျှပ် ရေ ...

ကျွန်တော်တို့ ရဲ့ခေတ် တစ်ခု ကို ခင်ဗျား ပေးခဲ့တာတွေ အများကြီးပါ ...

အခုတော့ ...

ခင်ဗျား အတွက် ခေတ်ကြီး တစ်ခေတ်လုံး ဝမ်းနည်း လွန်းလို့ တဆတ်ဆတ် တုန်ယင်နေလေရဲ့ ...

•••••   •••••   •••••   •••••

ဂီတသင်္ကေတ တွေ ကြေးပြားထွင်း ကပ် ထားသည့် အုတ်ဂူကျဉ်းကျဉ်းကလေး ထဲ တွင် သူ့ကို ထားရစ်ခဲ့ကြပြီ ...

သူ ချစ်သော သီချင်းတွေ ၏ ခေါ်ဆောင်ရာ နောက် ကို လိုက်ပါရင်း ဒုက္ခ အဖြစ်ဆိုး နှင့် ကြုံတွေ့ရကာ အသက် ကို ပါ ပေးခဲ့ ...

လူ ဖြစ် လာရတာ ဟာ ဒီလို နိဂုံး ချုပ် ဖို့ အတွက်တဲ့ လား ...

စိုးရှား တွေးရင်း တွေးရင်း ဘာကို မကျေနပ်မှန်း သူ့ ကိုယ် သူ မသိဘဲ ဒေါသတွေ ထွက်လာသည် ။

အုတ်ဂူ ရှေ့ မှ လှည့် ထွက် ဖို့ ခြေလှမ်း ပြင် လိုက်တော့ သူ့ ဦးလေး နှင့် မျက်နှာချင်း ဆိုင်မိကြ၏ ။

ဦးစောဝင်း ၏ ပါးပြင် ပေါ် မှာ မျက်ရည်စက် နှင့် မိုးစက်တွေ စိုရွှဲ နေလေသည် ။ မျက်ဝန်းတွေ က တော့ ကိုသျှပ် ငြိမ်သက်လဲလျောင်း ရာ အုတ်ဂူလေး ကို စိုက်ကြည့်လျက် ...

စိုးရှား ၏ ဒေါသ က ( မရည်ရွယ်ထားပါဘဲနှင့် ) သူ့ဦးလေး ပေါ် သို့ ပုံကျသွားပြီး ...

“ ဒီမှာ ဦလေး သူ့ လို အနုပညာခေါ်ရာ နောက် ကို သေမင်း ရှိမှန်း သိသိချည်း နဲ့ လိုက်ရဲလား ... မညာ နဲ့ ... ဦးလေး မညာ နဲ့ ... အနုပညာ ကို တကယ် ချစ်ရင် မညာရဘူးဗျ ... သိရဲ့လား ...”

သူ ၏ ရိသဲ့သဲ့ စကား သံ က ကျယ်လောင်နေမည် လား မသိ ။ သူ့ ကို တွေတွေကြီး ပြန်စိုက်ကြည့်နေသော ဦးစောဝင်း ၏ မျက်ဝန်းအဓိပ္ပါယ် ကို လည်း မသိ ။

ဒီနေရာ မှာ တင် ...

လူ တစ်ယောက် ၏ ဘဝ အပြောင်းအလဲ ဖြစ် သွားစေပြီ ဆိုသည် ကို လည်း သူ မသိခဲ့ပါချေ ။

ဩဂုတ်လ ၏ မိုးရေစက်တွေကြား မှာ ပင် ...

____________________

မင်းခိုက်စိုးစန်

#‌အောင်နိုင်ဦး

.

လှပစွာ ကလဲ့စားချေခြင်း


 

❝ လှပစွာ ကလဲ့စားချေခြင်း ❞

( ၁ )

ခပ်ယိုင်ယိုင် မီးဖိုဆောင်လေးသည် မသုံးတာ ကြာသည့် တိုင်အောင် ကျွန်မ အတွက် အသုံး ဝင် နေခဲ့သည် ။ ခပ်မှိန်မှိန် မီးအလင်းရောင်လေး က ဖတ်ရမည့် စာ တွေ မြင်သာ စေရန် အစွမ်းကုန် လင်း ပေး ရှာ၏ ။ မတ်လ ရောက်သည့် တိုင်အောင် အအေးဓာတ် က အချမ်း ပို လှသည် မို့ ခပ်နွမ်းနွမ်း စောင်ကြမ်းလေး ကို ကျွန်မ လွှမ်းခြုံထားမိသေး၏ ။

အမှောင် ထု သည် ပိတ်ပိတ်မှောင် ကြီးစိုး ချေပြီ ။ ရပြီးသား စာ များ ဖြစ် နေသော်လည်း မနက်ဖြန် ဆို လျှင် အတန်းတင် စာမေးပွဲ ဖြေဆို ရမည် ။

“ စိမ့်ကြီးမြိုင်ကြီး ရိပ်ကြီးတောတောင် ၊ နေရောင်မခံ ပန်းပျံပင်ဆင့် ၊ မြေနှင့်ရန်ဖက် ခက်လက်စိမ်းမြ ၊ မိုးမခဘူး ။
နွေလသန်ပေါက် ယဉ်ချိန်ရောက်မှ ၊ နှင်းသောက်ကယ်ရွှင်ရွှင်ပွင့်ဖူးတွေဆင်ကြတယ်
ရွှေပင်ဆင့်ငွေပင်ဆင့် ပတ္တမြားပင်ဆင့် ဂမုန်းအင့် အဖက် ၊ ဆောင်းစက်ရိပ်ခို ရေတွက်လို့ ဆိုတော့မယ် ”

အသံကျယ်ကျယ် စာ ဖတ်သူ ပီပီ ကျွန်မ အသံ က တိတ်ဆိတ် နေသော ပတ်ဝန်းကျင် တစ်ခွင်တွင် ဟိန်းပျံ့နေ၏ ။ ထိုအချိန်တွင် -

“ ရှင် အတော် လွန် လာပြီနော် ရှေ့တင် တောင် မရှောင်နိုင် လောက်အောင် ရဲတင်း လှချည်လား ပေးစမ်း အဲဒီ ဖုန်း ”

“ ဘုန်း ခွမ်း ”

ဒေါသသံများ ရောထွေး နေလေသော အမေ့ အသံ နှင့် ပစ်ပေါက် ကျကွဲသော အသံများ က ကျွန်မ နား ထဲ ကို တိုးဝင် လာသည် ။ ဘာများ ဖြစ် ပြန်ပြီလဲ ။

“ ဟာ မင်း ဘာ လုပ်တာလဲကွ ငါ့ ဖုန်း ကွဲပြီ ။ တောက် ၊ ဒါ ဘယ်လောက် တန်သလဲ မင်း သိရဲ့လား ၊ တန်ဖိုး နားမလည် တဲ့ မိန်းမ က ငါ့ ဖုန်း ကို ခွဲ ရတယ်လို့ ”

အဖေ က လည်း ဒေါသတကြီး ပြန် ပြော၍ တက် ခေါက် နေပြန်သည် ။

“ ဟူး ရန်ဖြစ်ပြန်ပြီလား ”

ခပ်သဲ့သဲ့ သက်ပြင်း ချ မိ သူ က ကျွန်မ ပါ ။ ထုံးစံအတိုင်း အဖေ နှင့် အမေ ရန် ဖြစ်နေ၏ ။ အထူးသဖြင့် ကျွန်မတို့ ညီအစ်မ တစ်တွေ စာမေးပွဲ ဖြေဆိုချိန် ဆိုလျှင် ပို အဖြစ် များသည် ။ ပြီးလျှင် သူတို့ မဟုတ်သည့် အတိုင်း ပြန်တည့် စမြဲ ။ ကျွန်မ ခေါင်းထဲ မထည့် ထား တတ်တော့ ။ သို့သော် လည်း -

“ ကွဲပါစေ ၊ တမင် ခွဲတာ ၊ ရှင့် မျက်လုံး ထဲ မှာ ကျွန်မ တို့ ကို လူတွေ လို့ မြင် သေးရဲ့လား ဟင် ။ အလုပ် က ပြန်လာ ကတည်း က တတောင်တောင် တတင်တင် နဲ့ လိုင်း ပေါ်  တက် ကြူ နေလိုက်တာ ။ ကျွန်မရှေ့တင် တစ်မျိုး ကျွန်မ ကွယ်ရာ မှာ တစ်မျိုး ဖုန်း ပြော ရတာနဲ့ ။ Video Call ပြော ရတာနဲ့ ။ တဖြည်းဖြည်း ရှင် လူးပါးဝလာပြီ ၊ အဲဒီလောက် ထိ ဖြစ် နေကြရင် လည်း ယူ လိုက်ပါလား ”

“ မေဆင့် မင်း နော် ငါ့ ကို လာ မစွပ်စွဲနဲ့ ၊ ငါ အလုပ် ကိစ္စကြောင့် သုံး နေတာကွ ”

“ ဘာ အလုပ်ကိစ္စ လဲ ကျွန်မ မတုံးပါဘူး ၊ ရှင့် လောက် နားမလည် တောင် ရှင် ဘာ ခြေလှမ်း လှမ်း နေလဲ ဆိုတာ ကျွန်မ ရိပ်မိ ပြီးသား ။ ကျွန်မ မျက်နှာ မကြည့်ချင် တောင် သမီးတွေ မျက်နှာ ကြည့်သင့်ပါတယ် ။ ရှင့် လုပ်ရပ်တွေ ရပ်တန်း က ရပ် ပါတော့လား ဟင် ”

ဝမ်းနည်းသံ ရောထွေး နေသည့် အမေ့ အသံ ကို ကျွန်မ ကြား နေရ ပြန်သည် ။

“ အမေ ငို နေပြန်ပြီလား ”

ထို အသိစိတ် က ကျွန်မ စိတ်တွင်း ဝင်ရောက် လာ ပြန်သည် ။ လင်သား ကို ချစ်လွန်းသော အမေ ၊ သမီးတွေ ကို သွန်သင်ဆုံးမတတ်သော အမေ ၊ အိမ်ထောင်မှု ကို နိုင်နင်းစုဆောင်း တတ်သော အမေ က တစ်ကိုယ်တော် ပျော်ရွှင်ရေး ကို စွန့်လွှတ် ကာ မိသားစု အပေါ် အနွံတာ ခံ ခဲ့၏ ။ အဖေ့ လုပ်ရပ်များ ကို အမေ တင် မ က ကျွန်မ လည်း ရိပ်မိ နေခဲ့ပါသည် ။ ဖေ့စ်ဘွတ် ကို သုံးချိန် က စ ၍ အဖေ ပြောင်းလဲသွားသည် ။

မိန်းခလေး တကာ နှင့် ( Chat ) ချက်သည် ။ တစ်ခါတလေ အဖေ့ ဖုန်း ထဲ က နေ ခပ်ချွဲချွဲ အသံ ဖြင့် ပြော နေသော မိန်းမ တစ်ယောက် ၏ အသံ ကို ကျွန်မ ကြားဖူး၏ ။ အဘယ်ကြောင့် ဆိုသော် ကျွန်မ စာ ကျက်နေသည့် မလှမ်းမကမ်း နေရာ တွင် အဖေ ဖုန်း ခိုး ပြော နေ၍ ဖြစ်သည် ။ ဖေ့စ်ဘွတ် ကို အဖေ မသိအောင် ခိုး ဖျက်ခဲ့ဖူး၏ ။ သို့သော် အဖေ ရိပ်မိ သွားကာ ကျွန်မ ကို အငြိုးတကြီး ရိုက်နှက် ဖူး၏ ။ အဖေ့ အပြုမူ ကို အံ့ဩ ခဲ့ရ ပါသည် ။

“ မင်း စကားတွေ ဒီမှာ တင် ရပ်လိုက်တော့ နော် ၊ ကျက်သရေ တုံး တဲ့ အသံ က နားဝင်ခါးတယ် ကွ ။ အလုပ် က ပြန်လာတာ အေးဆေး မနားရဘူး ။ နားပူ တိုက်လွန်းတယ် ”

“ နားပူ မခံချင်ရင် ရှင် ဆင်ခြင်လေ ။ စီးပွားရေး မသိ ကြီးပွားရေး မရှိ ။ မိသားစု အရေး ဝေလာ ဝေး သေး ။ ကိုမင်းနိုင် ရှင်ဟာလေ တဖြည်းဖြည်း နဲ့ ဧည့်သည် နေ ဧည့်သည် စား ဖြစ် နေပြီ ”

“ မင်း တို့ တစ်မိသားစု လုံး ကို နွား တစ်ကောင် လို ရုန်းပြီး ငါ ရှာ ကျွေး နေတာ တောင် မကျေနပ်နိုင်သေးဘူးလား ။ ငါ က ဘယ် ထိ ခေါင်းခံ ပေး ရဦးမှာလဲ ”

ခပ်တင်းတင်း စကား စ လာသော အဖေ့ စကားများ မှာ ငြိုငြင် စိတ်ပျက်မှု တွေ ပါဝင် နေခဲ့သည်လေ ။ ကျွန်မ တို့ ကို အဖေ ငြိုငြင် လာပြီ လား ။

“ အိမ်ထောင်ဦးစီး ဖြစ်ပြီး ရှင်အခုလို တွေ လျှောက် လုပ်နေတာ။မရှက်ဘူးလား ၊ ရှင့် အစားကျွန်မ က တော့ ရှက်တယ် ”

“ အေး မင်း ရှက်ရင် ငါ့ ကို မပေါင်းနဲ့ လေ ၊ အိမ် ပေါ် က ဆင်း သွား ။ မင်း လို သံသယ များ တဲ့ မိန်းမမျိုး ကို ဆက်ပြီး ဖက်တွယ် နေမှာ မဟုတ်ဘူး ။ ငါးစိမ်းသည် အသံ နဲ့ ကျက်သရေ ကို တုံးတယ် ”

“ ရှင့် လုပ်ရပ်တွေ က အတော်ကျက်သရေ ရှိတယ် .. ထင်နေ သလား ။ မိန်းမ တကာ နဲ့ ရှုပ် နေတဲ့ကောင် က များ ”

“ မင်း ပါးစပ် ကို ပိတ်လိုက်တော့ နော် ၊ ဆက်ပြောရင် ငါ လက် ပါ မိလိမ့်မယ် ”

“ အမယ်လေး လုပ် လိုက်လေ ၊ အမှန်တရား ပြောလို့ သေမယ် ဆိုရင် တောင် သေရဲတယ် ။ အခြား ကောင်မတွေ ကြောင့် မိသားစု ကို နှိပ်စက်သူကြီး ဆို ပြီး ရှင် လည်း နာမည် ကြီး သွားတာပေါ့ ”

“ တောက် ၊ တော်တော်အာကျယ်ချင်နေတဲ့ဟာမ သေစမ်း ကွာ ”

“ ခွပ် ”

“ အား ... ရိုက် ရိုက် သေအောင်ရိုက်စမ်းပါ ”

“ မေမေ ”

မာန်မဲသော အဖေ့ အသံ နှင့် အမေ့ အော်သံ ။ ညီမလေး တို့ ၏ ငိုယို အော် ခေါ်သံများ က ကျွန်မ နား ထဲ ပဲ့တင် ထပ် သွားသည် ။ စိုးရိမ်ခြင်းတွေ ဖြင့် ကျွန်မ ခြေလှမ်းများ လည်း အပြင် သို့ ထွက် လာခဲ့သည် ။

“ မြေး ”

“ အဖေ က အမေ့ ကို ရိုက်နေပြီ ဘဘ ”

ကျွန်မ ရှေ့ မှာ ပိတ် ရပ်လိုက်သော အဖိုး ကို မျက်ရည် ကြား က ကြည့် ကာ ကျွန်မ ပြော နေမိသည် ။ ကျွန်မ တို့ အိမ်လေး က အဖိုး တို့ ခြံဝန်း နား မှာ ဖြစ်၍ အဖိုး လည်း သိနှင့် နေလောက်ပြီ ပေါ့ ။

“ သူတို့ အကြောင်း ကို မြေး သိသား နဲ့ သွား မပတ်သက်နေ နဲ့ ။ မနက်ဖြန် စာမေးပွဲ ဖြေ ရမယ် မဟုတ်လား စာ သွား ကျက်ချေ ”

အဖိုး က ကျွန်မ အတွက် ပြောနေပေမယ့် ကျွန်မ အမေ့ ကို စိတ် မချ နိုင်ပါ ။

“ ပြောလေ ထပ်ပြော ငါ့ လုပ်စာကို အေးဆေး ထိုင် မစားချင်တဲ့ ဟာမ နင်သေမယ် မှတ် ”

“ ထွီ နင် လို ကောင်မျိုး ကို သေတာတောင် ငါ မကြောက်ဘူး ။ လုပ်လိုက် နင့် ရက်စက်မှု တွေ ကို တစ်ရပ်ကွက်လုံး သိစေရမယ် ”

“ သောက်ကောင်မ မာန်မလျော့သေးဘူး ကဲကွာ ”

“ ဖြောင်း ”

“ အမေ ”

နှုတ် ကနေ ကျွန်မ စိုးရိမ်စွာအော် ခေါ်ပြီး အိမ် ပေါ် ပြေးတက် မိသည် ။ လက်ဖဝါးစောင်း ရိုက်ချ လိုက်သည် ဖြစ်၍ အမေ က ပျဉ်ခင်း ပေါ် လဲကျ သွားသည် ။

“ မေမေ ”

အငယ် နှစ်ယောက် က အသည်းအသန် ငို နေသည် ။ ကျွန်မ အမေ့ ကို ထွေးပွေ့ ဖို့ ခြေလှမ်း ပြင် လိုက်သည် ။

“ ကိုယ် နဲ့ မဆိုင်ဘဲ နဲ့ ဝင်မပါနဲ့ မိပြုံး ၊ အာချောင်ချင်တဲ့ ကောင်မ ကို အပိုး ကျိုးအောင် ငါ ချိုးပြမယ် ”

အဖေ့ အသံ ကြောင့် ခြေလှမ်းများ ရပ်တန့် သွားရသည် ။ အဖေ က အလွန် သွေးဆိုး သူ တစ်ယောက် ဖြစ်သည် ။ ဒေါသ ဖြစ်လျှင် ဘာမှ မသိ မမြင် ။ လက်ရုံးအား နှင့် ဖြေရှင်း သည် က များသည် ။ ယခုလည်း သူ့ လည်ပင်း မှာ ဆွဲလေ့ ရှိသည့် လူကြီး လက်မ အရွယ် စတီးဆွဲကြိုး ကို ဆွဲ ဖြုတ်နေသည် ။ ထို ဆွဲကြိုး က အဖေ့ ၏ လူရိုက်လက်နက် ဖြစ်သည် ။ တစ်ကြိမ် ရိုက်ခံ ရလျှင် သေလောက်သည် ထိ နာကျင်ခြင်း ကို ရင်ထဲ စွဲ စေ၏ ။ ထို ဆွဲကြိုး ကိုကျွန်မ အလွန် မုန်း၏ ။ အခုလည်း အမေ့ ကို ရိုက် ဖို့ ကြိုးစား နေသည် ။

“ သမီး တောင်းပန်ပါတယ် အဖေ ရယ် အမေ့ ကို မနှိပ်စက်ပါနဲ့ ”

ကျွန်မ တဖွဖွ ဖြင့် ငိုယို တောင်းဆို နေမိသည် ။ သို့သော် နီရဲသော မျက်ဝန်း အစုံ နှင့် ဘီလူး စီး နေသည့် အလား အဖေ့ဒေါသ က အမေ့ ကို မဲ နေလေ၏ ။

“ မင်းနိုင် မင်း လုပ်ရပ်တွေ ရပ်တန်း က ရပ်လိုက်တော့ ၊ သားသမီးတွေ ကို မျက်ရည် ကျအောင် လုပ်တာ မိဘကောင်း ရဲ့စရိုက်လက္ခဏာ မဟုတ်ဘူး ကွ ”

အဖိုး က အဖေ့ ကို တားဆီး၏ ။

“ အဖေ နဲ့ မဆိုင်ဘဲ ဝင် မပါနဲ့ ကိုယ့် နေရာ ကိုယ် နေလိုက် ”

“ အေး မင်း တို့ နဲ့ ဝေးဝေး နေချင်တာပါ ။ ဒါပေမဲ့ ငါ့ မြေးတွေ စိတ် ဆင်းရဲ နေတာ ငါ မကြည့်ရက်ဘူး ကွ ”

“ ဟာကွာ အလကားဟာတွေ  ”

“ ဘုန်း ခွမ်း ဝုန်း ”

အဖေ့ ဒေါသ က အနီးနား ရှိ အရာများ ဆီ ကို စုပုံ ကျသွားသည် ။

“ နင့် ကို ငါ တိုင်မယ် .. နင်ထောင်ကျ စေရမယ် ၊ လူယုတ်မာ ကောင်ကြီး ”

“ မသေနိုင်သေးဘဲ စကား များလွန်းတဲ့ ကောင်မ သေစမ်းဟာ ”

စတီးကြိုး ကိုင် ထားသည့် အဖေ့ လက် က မြောက် တက်သွားသည် ။

“ အမေ ”

မျက်လုံးများ ပြာဝေ လာ ကာ အမေ့ အပေါ်  ကျွန်မ အုပ်မိုးလိုက်သည် ။ ထို ရိုက်ချက် က ကျွန်မ ကျော ပေါ် ကို နင့်ခနဲ ။

“ အား ... အ ”

နာကျင်စွာ ညီးတွားရင်း ခွေခွေလေး ကျွန်မ လဲကျ သွားသည် ။

“ သမီးကြီး မေမေ့သမီးကြီး ”

“ ဟာ လူစိတ် မရှိတဲ့ ကောင် ငါ့မြေး ကို ဘာ လုပ်လိုက်တာလဲကွ ၊ မင်း ငါ့ ခြံ ထဲ က ထွက် သွားစမ်း ။ ဘယ်တော့မှ ခြေ မချနဲ့ သွား ”

ခံပြင်းစိတ် နှင့် အဖိုး က အဖေ့ ကို နှင်ထုတ် နေသည် ။

“ သွားမှာ သွားမှာ စိတ်ချ ကျက်သရေ မရှိတဲ့ ဒီ အိမ် မှာလည်း ငါ က မနေပါဘူး ငါ မရှိမှ ငါ့တန်ဖိုး သိလိမ့်မယ် ငတ်ပြီး သေလည်း နားအေးတာပဲ ဟင့် ”

ခြေသံ ပြင်းပြင်း နှင့် အဖေ ဆင်းသွားချေပြီ ။

•••••   •••••   •••••   •••••

( ၂ )

အဖေ ထွက်သွားခဲ့သည့် နောက် အမေ က ဦးဆောင် ပြီး မိသားစု အတွက် ရုန်းကန်ခဲ့ရသည် ။ ရွာ တစ်ရွာ တွင် မိန်းမ တစ်ယောက် နှင့် အဖေ့ ကို တွေ့နေရသည် ဟု ရင်းနှီးသော လူတချို့ က ပြောပြသည် ။

“ မိသားစု ကို တန်ဖိုး မထားတတ်တဲ့ သူ့ လို ကောင် ရှေ့ ကို ဘယ်သော အခါ မှ မေဆင့် တို့ က ဒူးမထောက်ဘူး ။ မအေ တစ်ယောက် အနေ နဲ့ ကျွန်မ သမီးတွေ မငတ် အောင် ကျွန်မ ရှာ ကျွေးနိုင်တယ် ”

တစ်နိုင်တပိုင် အသုတ်ဆိုင်လေး ကို အမေ ဖွင့် သည် ။ ဆယ်တန်း ဖြေဆို၍ ပြီး သွားခဲ့သော ကျွန်မ က လည်း ကုန်စုံဆိုင်လေး မှာ အရောင်းစာရေး ဝင် လုပ်ခဲ့သည် ။

ရသမျှ ဝင်ငွေလေး နှင့် လောက်င အောင် အမေ က ချွေတာ သုံးခဲ့သည် ။

အရွယ် မရောက်သေးသည့် ညီမကလေး နှစ်ယောက် ၏ ပညာရေး ရှိနေသေးသည် ။ ငယ်ငယ်ရွယ်ရွယ် နှင့် လောကဓံ ၏ ရိုက်ခတ်မှု ကို အကြီးဆုံး သမီး ပီပီ ကျွန်မ ရင်ဆိုင်ခဲ့ရသည် ။ မရင့်ကျက်သေးသော အသိဉာဏ်လေး နှင့် စိတ်ဓာတ်တွေ လဲပြိုသည့် အခါတိုင်း တစ်ယောက် တည်း ကြိတ် ငိုခဲ့ရသည် ။

မိသားစု အတွက် ဖြည့်ဆည်းပေးချင်သော ဆန္ဒတွေ မပြည့်ဝသည့် အခါတိုင်း မှာ အဖေ့ ကိုနာကျည်း မိသည် ။ အဖေ သာ တစ်ကိုယ်ကောင်း မဆန်ခဲ့လျှင် … ကျွန်မတို့ တစ်တွေ ဒုက္ခ ရောက်မည်မဟုတ် ။

အခြားသော အဖေများ က သူတို့ သားသမီး အပေါ် ယုယုယယ မေတ္တာတရားတွေ အုပ်မိုး နေသည် ကို ကျွန်မ မြင်လျှင် အဖေ့ ကို မုန်းမိသည် ။

•••••   •••••   •••••   •••••

( ၃ )

အချိန်များ တဖြည်းဖြည်း နှင့် ကုန်ဆုံး ချေပြီ ။ မထင်မှတ်ထားသော ဆုလာဘ် တစ်ခု က ကျွန်မ ဘဝ ထဲ ရောက် လာခဲ့၏ ။ ထို နေ့ က ဆယ်တန်း အောင်စာရင်း ထွက်သော နေ့ပါ ။ ကြိုးစားရကြိုး နပ်ခဲ့ချေပြီ ။ သို့သော် ကျွန်မ ကြာကြာ မပြုံးနိုင်ခဲ့ပါဘူး ။ မိသားစု ကို ငဲ့ နေရသော ကျွန်မ ။ မျှော်လင့်ခဲ့သော ပညာတတ် ဆိုသည့် ဘွဲ့ဂုဏ် တစ်ခု က ကောင်းကင် ပေါ် က တိမ်တိုက် ကဲ့ သို့ လေ နှင်ရာ လွင့် နေခဲ့ပြီ ။ ကျွန်မ နားလည်စွာ စွန့်လွှတ်ထားမည် ဟု ဆုံးဖြတ်ထားခဲ့သည် ။ ထိုနေရာလေး မှ လေးလံသော ခြေလှမ်း တစ်စုံ နဲ့ ပြန် ထွက်ခဲ့ပါသည် ။

•••••   •••••   •••••   •••••

( ၄ )

“ သမီး ပြန် လာပြီ ”

စက်ဘီးလေး ကို အသာ ရပ် ကာ ကျွန်မ အသံ ပေးလိုက်သည် ။

ဒီ အချိန် ဆို မေမေ အသုပ်ဆိုင် သိမ်းလု ပြီပေါ့ ။ ကျွန်မ ထင်သည့် အတိုင်း မေမေ က မီးဖိုခန်း မှ ထွက်လာခဲ့သည် ။

“ သမီးအပြုံးချို အမေ့ ဆီ လာပါဦးကွယ် ”

“ ဟုတ် အမေ ”

ကျွန်မ အိမ်ပေါ် ကို အမြန် လှမ်းတက် လိုက်သည် ။ ပြီးနောက် အမေ့ ဘေး နား ထိုင် လိုက်သည် ။

“ ဘယ်လို အခက်ခဲတွေ ပဲ ရှိရှိ မေမေ့ သမီးတွေ ကို ပညာတတ်ကြီးတွေ ဖြစ်စေရမယ် လို့ မေမေ ဆုံးဖြတ်ချက် ချထားတယ် ။ ဒါကြောင့် သမီး ကျောင်း ဆက် တက်ရမယ် ”

“ ဟင် ”

အမှတ်မထင် ပြော လိုက်သော မေမေ့ စကား ကို ကျွန်မ လက် မခံချင် ။ သို့သော် မေမေ က-

“ မိသားစု ကို ငဲ့ နေမှန်း အမေသိတယ် ၊ ဒါပေမဲ့ အကြီးဆုံး ဖြစ်တဲ့ သမီး က ဒီ မိသားစု အတွက် စံနမူနာ ယူစရာ ဖြစ်နေ ရမယ် ။ အမေ တို့ မိသားစု မှာ စွန်းထင် နေ တဲ့ အမဲစက် ကို … အမေ့ သမီးတွေ ရဲ့ ကောင်း သတင်းတွေ နဲ့ ဖုံးလွှမ်း နိုင်ရမယ် လို့ မေမေ တွေး ထားတယ် ”

ဘာမှ ဆက် မပြောဘဲ ကျွန်မနားထောင် နေသည် ။ အမေ က ဆက်ပြီး -

“ သမီး သိလား အရင်ကလေ သမီး အဖေ ကို သတ်ပစ်ချင် လောက်တဲ့ အထိ မေမေ မုန်းတီးခဲ့တယ် ။ အမေ တို့မိသားစု အပေါ် သစ္စာ ဖောက် ရက် တဲ့ အပြင် လူ့ပတ်ဝန်းကျင်မှာ ကဲ့ရဲ့စရာ ဖြစ်အောင် အရောင် ဆိုး ခဲ့လို့ပေါ့ ။ ဒါပေမဲ့ ဒီနေ့ ကြား လိုက်ရတဲ့ သတင်းတစ်ခု ကြောင့် မေမေ သံဝေဂ ရခဲ့တယ် ”

သတင်း ဆိုသော စကား ကြောင့် ကျွန်မ စိတ်ဝင်စားမိခဲ့ပါသည် ။ ဘာ သတင်းများပါလိမ့် ။

“ သမီးတို့ အဖေ အရေးပေါ် ဆေးရုံ တင် ထားရတယ်တဲ့ လေ ”

“ ရှင် ”

အမေ့ စကား အဆုံး မှာ အံ့ဩဆွံ့အ သူ က ကျွန်မ ရယ် ပါ ။ အဖေ့ ကို မည်သို့ပင် စိတ် နာ ခဲ့ပါစေ အဖေ့ အပေါ် ထားရှိခဲ့သည့် မေတ္တာတရား တို့ က စိုးရိမ်စိတ် အဖြစ် ပေါ်လာခဲ့သည်လေ ။ ကျွန်မ တင် မက အမေ ပါ စိတ် ပူနေမည့် ပုံပါ ။

“ သမီး အဖေ ကို ဘယ်လောက် စိတ်နာ မုန်းတီးနေလဲ ဆိုတာ မေမေ သိတယ် ။ ဒါပေမဲ့ မေမေ့ သမီး ရဲ့ စိတ် အတွင်း မှာ မကောင်း တဲ့ စိတ်ရိုင်းတွေ မကိန်း စေချင်ဘူး ။ သမီး အနေ နဲ့  သမီး အဖေ ကို ခွင့်လွှတ် နိုင်အောင် ကြိုးစားပါ လို့ မေမေ မှာ ချင်တယ် ။ ကိုယ့် အပေါ် မကောင်းတဲ့ လူ ကို မေတ္တာ ထား ခွင့်လွှတ်ပေး လိုက်ခြင်း ဟာ အရှုံး မဲ့ စေတဲ့ အောင်နိုင်ခြင်း လို့ မေမေ ထင်တယ် ။ သမီး အဖေ ကို ကလဲ့စား ချေ ချင်တယ် ဆို အမေ ပြော သလို ခွင့်လွှတ် ပေးလိုက်ပါကွယ် ”

ကျွန်မ လုံးဝ မထင်ထားခဲ့သော စကားလုံး အချို့ ကို မေမေ က ပြော လာခဲ့ပြီလေ ။ ဖေဖေ့ ကို ခွင့်လွှတ်လိုက်ပါ ဆိုပဲ ။မေမေ့ စကား တွေ က မြူတွေ ဝေ နေ တဲ့ လမ်းလေး ပေါ် နေရောင်ခြည် နုနု ဖြာ ကျ သကဲ့ သို့ ထင်သာ မြင်သာ ရှိ စေခဲ့၏ ။ လေးစားစရာ ကောင်းလှသော စိတ်ထားလေး နှင့် မေမေ ဟာ ကျွန်မ အတွက် စံနမူနာ ယူထိုက် သူ ရယ် ပါ ။

( ၅ )

ဆေးရုံ ခုတင် ပေါ် မှာ အောက်ဆီဂျင်ပိုက် တန်းလန်း နှင့် ဖေဖေ ။ ယခင် က စိုပြေဝင်းဝါခဲ့သော ဖေဖေ့ အသားအရည် တို့ သည် ယခုအခါ ဖြူဖပ်၍ ပိန်လှီခြောက်ကပ် နေခဲ့သည် ။ အသက်အရွယ် နှင့် မလိုက်အောင် ရုပ် ကျသွားသော ဖေဖေ့ ပုံစံ အရ သောက အပူတွေ ဘယ်လောက် ထိ ဖိစီးခဲ့လဲ မသိ ။ အဖေ့ ဘေး နား မှာ ၃ဝ ကျော် အမျိုးသမီး တစ်ဦး ကို ကျွန်မ တွေ့လိုက်ရသည် ။ ဖေဖေ့ ဇနီး အသစ် ဖြစ် လိမ့်မည် ။ ထို အမျိုးသမီး က ကျွန်မ ကို တွေ့ လိုက်သည် နှင့် ပြုံးပြ လာသည် ။

“ အစ်ကိုကြီး ရဲ့ သမီး အကြီး ဆိုတာ လား ”

ကျွန်မ ခေါင်းညိမ့် ပြ လိုက်သည် ။ ထို့နောက် -

“ သမီး အဖေ က သူ့ သမီးတွေ ကို လွမ်း နေတာ ။ သမီး လာ တာ သူ သိ ရင် ဝမ်းသာ မှာဘဲ အန်တီ နှိုး ပေးရမလား ဟင် ”

“ နေပါစေ အန်တီ ၊ အဖေအနားယူ နေတာ ကို ကျွန်မ မနှောင့်ယှက်တော့ပါဘူး ။ ကျွန်မ ပြောချင် တဲ့ စကားတွေ ကို သာ အဖေ နိုး လာရင် ပြောပြ ပေးပါ ”

“ အေးပါကွယ် ဘာ စကား ပြော ပေးရမလဲ ”

ကျွန်မ က အဖေ့ ရဲ့လက်ချောင်း ပိန်ပိန်လေးတွေ ကို ဆုပ်ကိုင်လိုက်ပြီး -

“ အဖေ သာ ပစ် မထားခဲ့ရင် အပြုံးချို ဆိုတဲ့ ကျွန်မ က သူများ ကို ပဲ အားကိုး နေမိမှာ ။ လောကဓံ ရဲ့ ကောင်းမွေ ဆိုးမွေ ကို ကျွန်မ သင်ယူခွင့် ရမှာ မဟုတ်ဘူး ။ ခံနိုင်ရည် ရှိပြီး သတ္တိ ဆိုတာ ကျွန်မ မှာ ရှိလာမှာ မဟုတ်ဘူး ။ ဒါကြောင့် အဖေ့ ကို ကျေးဇူး တင်ပါတယ် ။ နောက်ပြီး ကိုယ့် ကို ကိုယ် အပြစ် မတင်ပါနဲ့ လို့ လည်း ပြောပေးပါ ။ အမေ နဲ့ ကျွန်မ တို့ ညီမတွေ အပေါ်  လုပ် ခဲ့တဲ့ အပြစ်တွေ ကို ကျေနပ်စွာ ခွင့်လွှတ်ပါတယ် ။ စစ်မှန်တဲ့ ခွင့်လွှတ်ခြင်းတွေ နဲ့ အဖေ့ ကို လှပစွာ ကလဲ့စား ချေလိုက် ပါတယ် လို့ ဆက်ဆက် ပြောပေးပါ အန်တီ ”

ပါးစပ် အဟောင်းသား ဖြင့် ငေး ကြည့်နေသော ထို အမျိုးသမီး က မျက်တောင် ကို ပုတ်ခတ်လိုက်ပြီး -

“ စိတ်ချပါကွယ် အန်တီ ပြော ပေးပါမယ် ”

“ ဟုတ် … ဒါလေး လက်ခံပေးပါ အန်တီ ပမာဏ မများပေမယ့် ကျွန်မ ရိုးရိုးသားသား ရှာဖွေပြီး စုထားတဲ့ ငွေလေးတွေပါ ။ ကျွန်မ ဒီ ငွေ တွေ နဲ့ အဖေ့ ကို ကန်တော့ ခဲ့ပါတယ် ”

ပိုက်ဆံ ထည့်ထားသော စာအိတ်လေး ကို ထို အမျိုးသမီး လက် ထဲ ထည့်ကာ ဖေဖေ့ ကို ထိုင် ကန်တော့ ခဲ့ ပါသည် ။ ထို့နောက် ပေါ့ပါးလန်းဆန်းခြင်း အပြည့် ဖြင့် ကျွန်မ နှုတ်ဆက် ထွက်ခွာခဲ့ပါသည် ။ ခွင့်လွှတ်ခြင်း ဖြင့် အနိုင် ယူလိုက်ရ၍ ကျွန်မတကယ် ကို ပျော် နေမိပါ၏ ။

◾လရောင်သို ( ပဲခူး )

📖 နှလုံးသားဖြင့် စီရင်သည်

#ကိုအောင်နိုင်ဦး

.

Sunday, October 2, 2022

သူရဲဘောကြောင်တဲ့ လူညံ့ ( ၁၅ )


 

အခန်း ( ၁၅ )

၁၃ . ၈ . ၂ဝဝ၄

အဲသည် နေ့ သည် ( ၁၃ ) ရက်နေ့ ကျသည် သာ မက သောကြာနေ့ လည်း ဖြစ်လေသည် ။

•••••   •••••   •••••   •••••

ရတနာပုံဦးစောဝင်း ၏ အင်စတော်လေးရှင်း အနုပညာ ( Installation Art ) ပြပွဲ ကို ၃၂ လမ်း အပေါ် ဘလောက် ရှိ အဇဋာ ပန်းချီပြခန်း တွင် ကျင်းပသည် ။

ကြွရောက်လာသော ပရိသတ် ကတော့ ဦးစောဝင်း ကို သိပ်အမြင် မကတ်သူများ ( လောလောဆယ် အချိန် အထိ အမြင် မကတ်သေး သူ များ ) ၊ ဂျာနယ် အတော်များများ မှ သတင်းထောက်များ ၊ မလွှဲမရှောင်သာ သဖြင့် စိတ် မပါဘဲ လာ ကြသူများ ၊ ထမင်းဆီဆမ်း ဆတ်သားခြောက်မီးဖုတ် ဖြင့် ဧည့်ခံပါမည် ဟု သတင်း ကြားသောကြောင့် စိတ်ပါ လက်ပါ လာ ကြသူများ ၊ Installation Art ( တပ်ဆင်ခြင်းအနုပညာ ) ဆိုသည် ကို ဘာမှန်း မသိသေး သောကြောင့် အထူးအဆန်း တွေ့ရ မြင်ရ မည် ထင်ပြီး လာရောက် စပ်စုကြသူများသာ ဖြစ်၏ ။

ပြခန်း ထဲ သို့ ဝင်ဝင်ချင်း တံခါးပေါက် ဝ တွင် တွေ့ လိုက်ရသည် က တော့ အုန်းလက်ကြီး နှစ်လက် ကို ဟိုဘက် ဒီဘက် ကိုင်းပြီး ဖဲကြိုး ဖြင့်ချည် ထားခြင်း ဖြစ်သည် ။ ထိုလက်ရာ ကို ' ဇနီးမောင်နှံ ' ဟု အမည် ပေးထား၏ ။ လူ တွေ ကတော့ အုန်းလက်ကြီး နှစ်လက် ကို ပေစောင်း ပေစောင်းဖြင့် ကြည့် ကြ၏ ။ ဘာဖြစ်လို့ ဒါကြီး ကို ' ဇနီးမောင်နှံ ' ဟု အမည် ပေး ထားမှန်းလည်း သဘော မပေါက်ကြ ။ ဂျာနယ်အယ်ဒီတာချုပ် ဦးမြတ်ခိုင် ဆိုသူ ကတော့ တစိမ့်စိမ့် ကြည့်ကာ နက်နက်နဲနဲ စဉ်းစားရင်း ခေါင်းတဆတ်ဆတ် ငြိမ့်လိုက်ပြီး ...

“ ဟုတ်ပြီ ... ဟုတ်ပြီ ... ကျုပ်သဘောပေါက်ပြီ ၊ ဒါ ပုဇွန်တောင် မှာ နေတဲ့ ကျုပ်မိတ်ဆွေ ကိုအုန်း နဲ့ မအုန်းရွှေ တို့ လင်မယား ကို သရုပ်ဖော် ထားတာပဲ ၊ ဟုတ်တယ် မဟုတ်လား ကိုစောဝင်း ...”

ဦးမြတ်ခိုင် ၏ အမေး စကားအဆုံး တွင် ရတနာပုံစောဝင်း ၏ မျက်နှာ သည် မိုး မိထားသော သားရေဖိနပ် လို နွမ်းရော်ညှိုးချုံးကျ သွား၏ ။ ဘာမှ ပြန် မဖြေနိုင်ရှာ ။ ဒီနေ့အဖို့ သူ့ ဦးလေး ဦးစောဝင်း တော်တော် ကံ ဆိုးနေသည် ဟု စိုးရှား ပြုံးစိစိ လုပ်ရင်း တွေးနေမိသည် ။

တကယ်တော့ ပွဲ မစခင် ကတည်း က Installation လက်ရာ တစ်ခု က ပျက်စီးသွားလုနီးနီး ဖြစ် ခဲ့ရပြီးပြီ ။

ဦးစောဝင်း ပြသမည့် လက်ရာများ ထဲ တွင် ' ဧရာဝတီ အတွက် ရင်ကွဲနာ ကျသူများ ' ဟူသည့် အမည် ဖြင့် တပ်ဆင်မှု တစ်ခု လည်း ပါသည် ။

ထို လက်ရာ ကား အခြားမဟုတ် ။ သုံးထပ်သားပြား တစ်ချပ် ပေါ် တွင် ငါးရဲ့ခြောက်ပြားများ ကို သံဖြင့် ရိုက်ကာ ချိတ်ဆွဲ ပြသထားခြင်း ဖြစ်သည် ။

မနေ့ ည က ဦးစောဝင်းကိုယ်တိုင် ငါးရဲ့ခြောက် အချပ် ( ၃ဝ ) ကို သံ ဖြင့် အသေအချာ ရိုက် သွားခဲ့သည် ။ ဒီနေ့ ပြပွဲ စ ခါနီး တွင် ကြည့် လိုက်တော့ ငါးရံ့ခြောက် တစ်ကောင် လိုနေ၏ ။ ( ၂၉ ) ခု သာ ရှိတော့သည် ။

အဲသည်မှာ တင် ရတနာပုံစောဝင်း ၏ အနုပညာ မာန ၊ အနုပညာ ဒေါသ တို့ သည် ရွာ မှ ဘုန်းကြီးပျံ လောင်တိုက် သွင်း သလို ဝုန်းခနဲ ဒိုင်းခနဲ ပေါက်ကွဲ လေတော့သည် ။

“ ဒါ ... ဒါ ... ဘယ်ကောင် လုပ်သွားတာလဲ ၊ တောက် ... စော်ကား လိုက်တာကွာ ၊ ဒါ ... ငါ့ အနုပညာ ကို ဖျက်ဆီး တာ ၊ ငါ့ ရဲ့ အင်စတော်လေးရှင်း အနုပညာပြပွဲကြီး အောင်မြင်မှာ ကို မနာလို မရှုစိမ့်တဲ့ ကောင်တွေ က ငါးရံ့ခြောက် တစ်ပြား ကို ခိုး ဖြုတ်ပြီး မီးဖုတ် စားလိုက်တာပဲ ဖြစ် ရမယ် ၊ ထွီ ... ရိုင်း လိုက်ကြတာကွာ ...”

“ ဟုတ်ပါ့မလား ဦးလေး ရယ် ... မနေ့ ည က ကျွန်တော် တို့ ပဲ သေသေချာချာ သော့ ခတ်ပြီး ထွက် လာကြတဲ့ ဥစ္စာ ၊ ဘယ်သူ မှ မဝင်နိုင်ပါဘူး ၊ ကြောင်တွေ ဘာတွေ ဝင်ပြီး စား သွားတာပဲ ဖြစ်မှာပါ ...”

စိုးရှား က ဖျောင်းဖျောင်းဖျဖျ  ပြော သော်လည်း ဦးစောဝင်း က လုံးဝ လက်မခံ ။

“ မဟုတ်ဘူး ... မဟုတ်ဘူး ... ငါ သိတယ် ၊ ဒါ ... ဟိုကောင် တွေ လုပ်တာ ၊ ငါ့ ရဲ့ ဆန်းသစ်တီထွင်တဲ့ အနုပညာ အောင်မြင်မှု ကို မနာလို လို့ တမင် အကျင့်ယုတ်ပြီး Installation လုပ်ထားတဲ့ ငါးခြောက်ဖုတ် ကို အရက် နဲ့ မြည်း ပစ်ကြတယ် ၊ ခွေးမသားတွေ ...”

“ ဟာဗျာ ... ဦးလေး က လည်း ပူညံပူညံ လုပ် မနေပါနဲ့တော့ ၊ ပြပွဲ မစခင် နောက်ထပ် ငါးရံ့ခြောက် တစ်ပြား ပြေး ဝယ်ပြီး ချိတ် ထားလိုက်ပေါ့ ... အဲဒါဆို ပြီးရော မဟုတ်လား ...”

“ မဖြစ်ဘူးကွ ... မဖြစ်ဘူး ... အနုပညာ ဆိုတာ တစ်ခါ ပဲ လုပ်လို့ ရတယ် ... နောက်တစ်ခါ ထပ် လုပ်ရင် မူရင်း အစစ် မဟုတ်တော့ဘူး ၊ ဒါတွေ မင်း နားမလည်ပါဘူး စိုးရှား ရာ ...”

နားမလည်ဘူး ပဲ ပြောပြော ဘာပဲ ပြောပြော လောလောဆယ်မှာ နားညည်း နေသည့် ဒုက္ခ ကိုတော့ စိုးရှား သည်း မခံနိုင်ပါ ။ သည်တော့ သူ့ ဘာသာ သူ ပင် ဈေး သို့ အမြန် ပြေးကာ ငါးရံ့ခြောက် တစ်ချပ် ရှာ ဝယ်လာပြီး လွတ်သွားသည့် နေရာ တွင် သံ ဖြင့် ပြန် ရိုက်ကာ ချိတ်ပေး လိုက်ရ၏ ။ ပြပွဲ စတင်မည့်အချိန် ကို မီရုံ သာ ရှိသည် ။ ဖိတ်စာတွေ အတော်များများ ဝေ ထားသဖြင့် ရောက်လာသည့် ဧည့်သည်များ မှာ တဖွဲဖွဲနှင့် ပြခန်း တစ်ခု လုံး ပြည့် သွား၏ ။

“ ဟာ ... ဒါက ဘာကြီးလဲဟ ...”

အူတူတူ နိုင်ပုံ ရသော ပြပွဲ လာကြည့် သူ တစ်ယောက် က နံရံပေါ်တွင် ချိတ်ဆွဲထားသော ဦးစောဝင်း ၏ လက်ရာ ကို ကြည့်ပြီး လွှတ်ခနဲ တအံ့တဩရေရွတ် လိုက်၏ ။

ထို လက်ရာ မှာ အခြား မဟုတ် ။ စက္ကူစုတ်များ ၊ ဇွန်းခက်ရင်းများ ၊ ဖိနပ်စုတ် တစ်ရံ ၊ နို့ဆီဗူးခွံဟောင်း သုံးလေးလုံး နှင့် ဆေးလိပ် အတိုအစများ ကို ရောမွှေကာ ဟို နား မှာ ကပ် ဒီ နား မှာ ကပ် လုပ် ထားခြင်းသာ ဖြစ်၏ ။

ပြီးတော့ ပန်းချီ ဆွဲ သည့်  Acryllic ဆေးရောင်စုံများ ကို လည်း ဗရပွ ပေကျံ နေအောင် ပက်ထားသည် ။

ဦးစောဝင်း က သူ့ လက်ရာ ကို ငေးမောကာ တအံ့တဩ ဖြစ်နေသော သူ အား ကြည့်ရင်း တစိမ့်စိမ့် အရသာ ခံ ကာ ပီတိ ဖြစ်နေ၏ ။ ထိုနောက် ထိုသူ ၏ ပခုံး ကို ပုတ် လိုက်ပြီး ဦးစောဝင်း က ...

“ ဒီမယ် ကိုယ့်လူ ... ဒါ ဘာကြီးလဲ ဆိုပြီး ရင်သပ်ရှုမော ဖြစ်မနေနဲ့ ... အင်စတော်လေးရှင်း ဆိုတာ ဒါပဲ ... ဒါ ... အနုပညာ ဗျ ... ဟား ... ဟား ... အနုပညာ မမြောက်တဲ့ ပစ္စည်းတွေ ကို ဟို တစ်ခု ဒီ တစ်ခု ပေါင်းစပ်ပြီး အနုပညာ မြောက်အောင် လုပ်တာ အင်စတော်လေးရှင်း ( Installation ) လို့ ခေါ်တယ် ... မှတ်ထား ... ကိုယ့်လူ ...”

ဦးစောဝင်း ၏ ဂုဏ်ယူဝင့်ကြွားသော ပြော စကား ကြောင့် ထိုအူကြောင်ကြောင် လူ မှာ ပါးစပ်အဟောင်းသား ဖြင့် ကြည်ညိုလေးစားစွာ နားထောင် ရင်း ...

“ ဪ ... ဟုတ်ပြီ ... ရှင်းသွားပြီဗျာ ၊ ဟိုတစ်ခု ဒီတစ်ခု ပေါင်းစပ်တာ Installation ဆိုရင် ကျုပ် တို့ အိမ် နား က ကွမ်းယာ ရောင်းတဲ့ ကုလားမာမွတ်ဟာ တကယ့် အင်စတော်လေးရှင်း ... ပညာရှင်ကြီး ပဲ ... တောက် ... သူ့ ကို ကျုပ် မလေးမစား ဆက်ဆံခဲ့မိတာ သိပ်မှားတယ်ဗျာ ၊ ဒီက ပြန်သွား မှ တောင်းပန် ရဦးမယ် ...”

ထို စကား ကြောင့် ဦးစောဝင်းကား သူ့ ခေါင်း ပေါ် မှ ဆံပင်များ ကို သူ့ ဘာသာ သူ ဆွဲဆွဲဆောင့် မိတော့သည် ။

ပြခန်း ၏ အဝင်ပေါက် နှင့် တည့်တည့် ရှိ နံရံ ပေါ် တွင် ကား ပန်းချီကားချပ် လို ကင်းဗတ်ပိတ်စ ကို သစ်သား ဘောင် ကွပ် ထားသော လက်ရာ တစ်ခုရှိသည် ။

ထို ပန်းချီကား ပိတ်စ ပေါ် တွင် ငါးမူးလုံး အရွယ်အစား ခန့် ရှိမည့် ကြိုး တစ်ချောင်း ကို စူပါဂလူးကော် ဖြင့် ကပ် ထား၏ ။ ထို ကြိုး ၏ အလယ်ခေါင် တည့်တည့် ကိုတော့ ဓား ဖြင့် လှီး ထား သလား ၊ လွှ ဖြင့် တိုက် ထား သလား မသိ ၊ ပြတ်လုတည်းတည်း အနေအထား တွင် အစအနများ ဖွာလန်ကျဲ ထားပြီး ကြိုးမျှင်သေးသေးလေး တစ်ချောင်းသာ ချန် ထားသည် ။

ထို ပန်းချီကား ကို ' သံယောဇဉ် ' ဟု အမည် ပေးထား၏ ။ အဲဒီ လက်ရာ ကို မျက်တောင် မခတ် စူးစိုက် ကြည့်ကာ ခံစားနေသည့် ထိပ်ပြောင်ပြောင် လူ တစ်ယောက် က အလွန် နှစ်ခြိုက် သဘောကျဟန် ဖြင့် ...

“ ကျွန်တော် ဒီ ဟာ ကို အရမ်း သဘော ကျ တယ်ဗျာ ၊ ကျွန်တော် ဝယ်ချင်တယ် ... ဘယ်လောက်လဲ ...”

ရတနာပုံဦးစောဝင်း က မာန်တက် နေသည့် အသံ ဖြင့် ခပ်တင်းတင်း ပင် ပြန်ဖြေသည် ။

“ တစ်သိန်း ...”

ခေါ်ဈေး ကြောင့် ထိပ်ပြောင်ပြောင် နှင့် လူကြီး မှာ ကွက်ခနဲ မျက်နှာ ပျက်သွား၏ ။ ထိုနောက် သူ့ သားရေ ပိုက်ဆံအိတ် ကို ယောင်ယမ်းကာ လက် ဖြင့် စမ်း လိုက်ရင်း တောင်းပန်တိုးလျှိုးသော လေသံဖြင့် ...

“ ဒုက္ခပါပဲ ဗျာ ... ကျွန်တော့် မှာပါတဲ့ ပိုက်ဆံ က လည်း ခြောက်သောင်း တောင် ပြည့် ပါ့မလား မသိဘူး ၊ ဈေး လျော့ လို့ ရရင် လျှော့ ပေးပါဗျာ ...”

ထိုစကား ကို ကြား ရသောအခါ ဦးစောဝင်း က နှုတ်ခမ်း တစ်ဖက် ကို မဲ့ရွဲ့ပြီး ခေါင်း ကို သုံးလေးကြိမ် ခါယမ်း ပစ် လိုက်သည် ။ ထိုနောက် ...

“ ဒီမှာ ကိုယ့်လူ ... ဒါ ဟင်းသီးဟင်းရွက် ရောင်းနေတာ မဟုတ်ဘူး ဗျ ... ခင်ဗျား အနုပညာတန်ဖိုး ကို နား မလည်ဘူးလား ၊ ဈေး လာ မဆစ် နဲ့ လုံးဝ မလျှော့နိုင်ဘူး ...”

ဦးစောဝင်း ၏ တင်းမာသောစကားကြောင့် ထိပ်ပြောင်ပြောင် နှင့် လူ မှာ ဝမ်းနည်းပက်လက် ဖြစ်ကာ ငိုင်တွေ သွားသည် ။ ထိုစဉ် သူ့ ဇနီးဖြစ်ဟန် တူသော မိန်းမဝဝကြီးတစ်ယောက် ဗြုန်းခနဲ အနီး သို့ ရောက်လာကာ ထို သူ့ ကျောပြင် ကို “ ဖုန်း ” ခနဲ မြည်အောင် ရိုက်လိုက်ရင်း ...

“ ဒါကို ပိုက်ဆံ ပေး ဝယ်ရအောင် ရှင် ရူးများ ရူးနေသလား ... ကြိုး ကို ဓား နဲ့ လှီးထားတာများ ကျုပ် တောင် လုပ် တတ်သေးတယ် ၊ ရှင် ဒါမျိုး လိုချင်တယ် ဆိုရင် စောစောက ပြော ရောပေါ့ ... လာစမ်းပါ ... အိမ် ကျရင် ကျုပ် လုပ် ပေးမယ် ... လာ သွားရအောင် ...”

ပြောပြောဆိုဆို ဖြင့် ထို မိန်းမကြီး က သူ့ ယောက်ျား ကို တရွတ်တိုက် ဆွဲခေါ်သွားတော့သည် ။ ဦးစောဝင်း က ပျာပျာသလဲ ဖြင့် ...

“ ဟာ ... ဟေ့လူ နေပါဦးဗျ ... ခင်ဗျား လိုချင်တယ် ဆိုရင် ဈေး လျှော့ပေးပါ့မယ် ၊ ငါးသောင်း ... ငါးသောင်း နဲ့ ပဲ ယူဗျာ ...”

အတင်း ဆွဲ ခေါ်သော်လည်း မရတော့ ။ ထိပ်ပြောင်ပြောင် နှင့် လူ က သူ့ မိန်းမ ဆွဲခေါ်ရာ နောက် သို့ ရို့ရို့ ကုပ်ကုပ်ကလေး လိုက်ပါသွားရင်း အသံတိမ်တိမ် ဖြင့် ...

“ နေပါစေတော့ ဗျာ ... ကျုပ် မိန်းမ က သူ လုပ်ပေးမယ်တဲ့ ...”

ဟု ပြန်ဖြေရင်း လှည့် မကြည့်တော့ဘဲ တစ်ချိုးတည်း လစ်သွား လေတော့သည် ။

ဦးစောဝင်း ကတော့ ခေါင်းကုတ်ရင်း သက်ပျင်းရှည်ကြီး ချကာ ကျန်ရစ်ခဲ့တော့၏ ။ ထိုအချိန်တွင် သူ့ GSM ဖုန်း မှ ခေါ်သံ မြည် လာ၏ ။

“ ဟူး ... စိတ်မောရတဲ့ အထဲ ဘယ်သူ ဆက်တဲ့ ဖုန်း ပါလိမ့် ...”

ဟု တွေးရင်း ခါးပတ် တွင် ချိတ်ထားသော အိတ် ထဲ မှ ဖုန်း ကိုထုတ်ပြီး ကြည့် လိုက်သည် ။ ကဗျာဆရာ တေးရေးမြင့်မိုးအောင် ထံ မှ ဖုန်း ဖြစ်နေသည် ။ ဒီတော့မှ ဦးစောဝင်း က ပျာပျာသလဲ ဖုန်း ကို ကိုင်ရင်း ...

“ ဟဲလို ... ကိုမြင့်မိုး လား ... ဆိုပါဦး ... ဘာကိစ္စတုန်း ဗျ ...”

တစ်ဖက်မှ ဘာ လှမ်းပြောလိုက်သည် မသိ ။ ဦးစောဝင်း တစ်ကိုယ်လုံး တောင့်တင်းပြီး ကျောက်ရုပ် လို အသက် ကင်းမဲ့ သွားသည် ။ မျက်လုံးတွေ သေသွား၏ ။ မျက်နှာ က လည်း သွေးဆုတ်ကာ ဖြူဖပ်ဖြူရော် ဖြစ် သွားလေတော့သည် ။ တစ်ဖက်မှ ကိုမြင့်မိုးအောင်  ပြောနေသမျှကို အသက် ရှူ ဖို့ မေ့လျော့စွာ ငြိမ်သက်နားထောင် နေပြီး ခဏကြာမှ ...

“ ဟုတ်ကဲ့ ... ကိုမြင့်မိုး ဟုတ်ကဲ့ ...”

ဟု ပြောကာ ဖုန်း ကို ပြန် ချလိုက်တော့သည် ။

သူ့ ဦးလေး အမူအရာ ကို မလှမ်းမကမ်း မှ အကဲခတ် နေသော စိုးရှား က အနီးသို့ တိုးကပ် သွားပြီး မေးလိုက်၏ ။

“ ဦးလေး ဘာဖြစ်လို့လဲ ...”

ဦးစောဝင်း က မျက်စိပျက် မျက်နှာပျက် ဖြစ်ကာ အသံတွေတုန်ရင်လျက် ...

“ ကိုသျှပ် ... ကိုသျှပ် ... ကျန်းမာရေး အခြေအနေ တော်တော် ဆိုးလာလို့ အခုပဲ ဆေးရုံ တင်လိုက်ရတယ် ... တဲ့ ...”

ထို စကား ကြောင့် စိုးရှား ၏ နှလုံးအိမ် ထဲ တွင် ဝုန်းခနဲမြည်သွား၏ ။

ပြက္ခဒိန် ကို လှမ်း ကြည့်တော့ ( ၁၃ ) ရက် သောကြာနေ့ ... ။

လွန်ခဲ့သည့် နှစ်ပေါင်း ၇ဝဝ ခန့် က ဒီလို နေ့ မျိုးမှာပင် ဝတ်ကျောင်းတော် မြင်းစီးသူရဲကောင်းများ ( Knights Templar ) သည် ဖိလစ်ဘုရင် ၏ အမိန့် ဖြင့် မီးရှို့သတ်ဖြတ်ခံခဲ့ရသည် မဟုတ်ပါလား ။

သောကြာနေ့ ( ၁၃ ) ရက် သည် ကံ ဆိုးစေတတ်သည် ဟု အယူ ရှိ၏ ။

•••••   •••••   •••••   •••••

နောက်တစ်နေ့ နေ့လည် ၁၁ နာရီ ၄ဝ မိနစ် တွင် ...

ကိုသျှပ် ကွယ်လွန်သည် ။

' လင်းလက် တောက်ပဆဲ မှာပဲ ...
ရုတ်တရက် ကွဲကြေသွားပြန်တယ် ...
အို ... ညနေကြယ် '
         ၁၄ . ၈ . ၂ဝဝ၄

နိုင်ငံကျော် အဆိုတော် သျှပ်မှူးအိမ် တစ်ယောက် သူ ချစ်သော သီချင်းသံစဉ်တွေ ကို စွန့်ခွာထားရစ်ခဲ့ပြီ ။

သူ့ ကို ချစ်သော ဂီတပရိသတ်များစွာ ကို စွန့်ခွာ ထားရစ်ခဲ့ပြီ ။ ရာဇဝင်များ ရဲ့ သတို့သမီး ကို သူ ကျောခိုင်းလျက် ဟိုး ... အဝေးဆုံး သို့ ခရီး ထွက်သွားခဲ့လေပြီ ။

ဧရာဝတီ က တငြိမ့်ငြိမ့် စီးဆင်းမြဲ ... ။

သူ ... ဘယ်တော့မှ ပြန်လာတော့မည် မဟုတ်တော့ ... ။

____________________

မင်းခိုက်စိုးစံ

#အောင်နိုင်ဦး

အလှဘုရင်မ ငြိမ်းမြ


 

❝ အလှဘုရင်မ ငြိမ်းမြ ❞

အသွား က မြ နေရုံ မက ဓားဦး က ချွန်ထက် ကော့လန် နေသည် ။ သံ အကောင်းစား ဖြင့် ဖန်တီးထားခြင်း ဖြစ်သည် ။ ထို ဓား ကို ပန်းပဲဖို ဆရာကြီး ဦးဘမောင် သည် အလေးချိန် အနံ အလျား တို့ ကို သတိထားပြီး လုပ်ခဲ့သည် ။ ဓားကလေး  ပုံသဏ္ဌာန် မှာ အလှအပ ဘက်သို့ မလိုက်ဘဲ မကွေးဓား ၊မကွေး ကတ်ကြေး စသည့် အစဉ်အလာ ကောင်း ခိုင်မာပြီ ဖြစ်သော ဂန္ထဝင် ဘက် လိုက် နေသည် ။ ပန်းပဲဖို ဆရာကြီး ဦးဘမောင် သည် ထို လုပ်ငန်း ဖြင့် အသက်မွေးဝမ်း ကျောင်း လာခဲ့သည် မှာ နှစ်ပေါင်း လေးဆယ် ကျော်ပြီ ။ အကြောင်းကြောင်း ကြောင့် ရပ်ဆိုင်း သွားရလျှင် လည်း ခေတ္တမျှသာ ။ သည် နေ့ တော့ လက်ရွေးစင် ဓားပါးလေး တစ်ချောင်း ကို သပ်သပ်ရပ်ရပ် ခိုင်ခိုင်ခံ့ခံ ဖြစ်အောင် တစ်ပေ လောက် ရှိသော သံချောင်း တစ်ချောင်း မီး ထဲ ရဲနေအောင် ဖုတ်ပြီး မှ သူကိုယ်တိုင် ထုရိုက် ပုံဖော်နေသည် ။ ရဲ နေသော သံချောင်း ၏ တစ်ဖက် ထိပ် ကို လက်ကိုင် တွင် အဝတ် ပတ်ထားသော ညှပ် ဖြင့် ကိုင်ပြီး အခြား တစ်ဖက် နှင့် အလယ်သား ကို ပေတုံး ပေါ် တွင် တူ ဖြင့် ဖြည်း ဖြည်းချင်း ထု လျက် ဒီဇိုင်း ဖော်နေသည် ။  

များမကြာမီ ဓားလေး သည် ပီပြင် လာသည် ။ ထို သံချောင်းကလေး ကို အစ ပထမ က ဦးဘမောင် ဘာ လုပ်ရမလဲ ဆိုသော စိတ်ကူး ၏ အဖြေ ကို ရရှိ လိုက်ပါပြီ ။ ဦးဘမောင် သည် ဓား ကို တံဆိပ် ရေး ရာတွင် “ အလှ ဘုရင်မ ” ဆိုပြီး ရေး လိုက်ရုံတင် အား မရသေးဘဲ “ ငြိမ်းမြ ” ဆိုသော အမည်လေး ကို ပါ ထည့် ရေးလိုက်လေသည် ။ သဘောကတော့ ဦးဘမောင် သည် ဓား ကို ကြည့် ရင်း ကြည့်ရင်း ချစ်ခင် စုံမက်သွားကာ ကြည်နူးခြင်း တံခါးများ ဟင်းလင်း ပွင့် သွားပြီး နောက် တစ်ချိန် က တစ်နေရာ မှာ သူ နှင့် ဖြစ် ခဲ့သည့် သူ့ ရည်းစားဟောင်း နာမည် ကို ကောက် ရေး လိုက်ခြင်း ဖြစ်သည် ။ ဦးဘမောင် သည် ဓား ကို အဖျား မှ ပက်လက်လှန် ကိုင်ကာ ဓားပေါက် ကျွမ်းကျင်သူ တစ်ယောက် လို လေ ထဲ မှာ ဆကာ  ဆကာ တညိတ်ညိတ် လှုပ်ရမ်းနေသည် ။

“ ဒီ ဓား ကို တစ်ခြား ဓားတွေထက် ဈေး ပို ရောင်း ရမှာပဲ ”

ထို့နောက် လက်ကိုင် ကို တပ်နေသည် ။ သူ့ တူ လည်း ဖြစ် ၊ တပည့် လည်း ဖြစ်သော ကောင်လေး တစ်ယောက် ကတော့ ဂေါ်ပြား တစ်ခု ကို လုပ်နေသည် ။

မကွေး မြသလွန်ဘုရားပွဲ တွင် ပန်းပဲဆရာကြီး ဦးဘမောင် နှင့် မိသားစု တို့ သည် ပန်းပဲ ဖို ထွက် ပစ္စည်းများ နှင့် အညာစောင် ၊ ဂွမ်းကပ် ၊ ပင်နီဖျင် များ ကို ပါ ဆိုင်ထောင့် တွင် တပ်ထားပြီး သွက်သွက်ကလေး ရောင်းကောင်း ရန် ဆုတောင်း နေကြသည် ။

“ ဟေ တပည့်တို့ ရေ ၊ ဟို “ အလှဘုရင်မ ” ဆို တဲ့ ဓားပါးလေး ကို ရှေ့ဆုံး မှာ မြင်သာ အောင် ထားကြ ။ လာ ဝယ်ရင် ငါးဆယ့်ငါးကျပ် လို့ ပြော ရောင်း ၊ ဓားတွေ ထဲ မှာ ဒီ “ အလှဘုရင်မ ငြိမ်းမြ ” ဆိုတဲ့ ဓား ဟာ အကောင်း ဆုံး ပဲ ကွ ။  တခြား သူ့ အရွယ် ဓားတွေ ကို အစိတ် နဲ့ ရောင်း ကြားလား ”

ဓားပုံ တွေ ထဲ မှာ ငြိမ်းမြ သည် တခြား ဓားတွေ က ဦးထိပ် ဝိုက်ယောင်ယောင် ရှိပြီး သူ က ဦးထိပ် ချွန်ယောင်ယောင် ရှိသည် ။  မကွေးဘုရားပွဲ တွင် ငြိမ်းမြ  ကို မရောင်းရပေ ။  “ နတ်မြင်း ” ၊ “ သတ္တိ ” တံဆိပ် ရေးထားသော ဓားပါးလေး တွေ ကို သာ ရောင်း ရသည် ။

“ ဒီ ဓားလေး ကို ကော မကြိုက်ဘူးလား ” ဆိုပြီး ငြိမ်းမြ သို့မဟုတ် အလှဘုရင်မ ကို ထုတ်ပြသည် ။ ထိုအခါမျိုး တွင် အလှဘုရင်မ ငြိမ်းမြ သည် အချိုဆိမ့်ဆုံး ပြုံးပြ နေတတ်သည် ။ ဈေး ဝယ် သူ ဘုရားဖူးများ ကလည်း အလှဘုရင်မ ငြိမ်းမြ ကို ကိုင် ကြည့်ရုံ ကိုင်ကြည့် လျက် “ အလှဘုရင်မ တဲ့လား ” ဟု ဆိုကာ ဈေး ကို လှမ်း မေးပါသည် ။  “ ငါးဆယ့်ငါးကျပ် ” ၊ “ ငါးဆယ့်ငါးကျပ်တောင် ....... ” ဆိုပြီး ရေရွတ်ကာ ချ သွားကြသည် ။  

အဓိပ္ပာယ်ကတော့ “ ငါးဆယ့်ငါးကျပ် တတ်နိုင်မှတော့ တော်ရေ .... တော့ ဓား ကို ဘယ် ဝယ်တော့မှာလဲ ။ စတီးဓား သွားဝယ်မှာပေါ့ ” ဆိုသော သဘော ။

မကွေးဘုရားပွဲ ပြီး တော့ ဆိုင်ခင်းများ ဖျက်ကြစဉ် ကုလားထိုင် တစ်လုံး ပေါ် တွင် ကွမ်းမြုံ့ နေသော ပန်းပဲဆရာကြီး ဦးဘမောင် ကို မကြာမီ တောင်းထဲ ရောက် သွားတော့မည့် ငြိမ်းမြ က အားနာစွာ လှမ်း ကြည့်နေသလို ထင် ရသည် ။

“ ဓားတွေ မကွေး မှာ သိပ် မရောင်းရလည်း ကိစ္စ မရှိဘူး ။ ရန်ကုန် သွား ရောင်းတော့ ထပ်လုပ်စရာ မလိုတော့ဘူးပေါ့ ”

စင်စစ် ဓားတွေ ရောင်း မကောင်းခြင်း မှာ သံမဏိဓားတွေ ခေတ်စား သော ကြောင့် ဖြစ်လျက် ထို နိုင်ငံခြားဖြစ် ဓားတွေ က ဈေး လည်း သိပ် မများသောကြောင့် ဖြစ် ၏ ။ မြန်မာပန်းပဲဖို မှာ သံကျွတ်ဓားတွေ လုံးဝ တိမ်ကော မသွားခြင်းကတော့ တချို့လူများ သည် မီးဖိုချောင် အတွက် မိရိုးဖလာ သံဓားတွေ ကို သာ စွဲစွဲလမ်းလမ်း သုံးစွဲ နေသောကြောင့် ဖြစ်၏ ။

ဦးဘမောင် ၏ စကား ကို ကြားတော့ အလှဘုရင်မ ငြိမ်းမြ အားတက် သွား သည် ။ ဦးဘမောင် သည် မော့ ကြည့် နေသော အလှဘုရင်မ ငြိမ်းမြ ကို အားပေးနေခြင်း မဟုတ် ။  သူ့ ကိုယ် သူ အားပေး နေခြင်း ဖြစ်သည် ။ သို့သော် သူမ ပါ ရောပြီး အားတက် မိသည် ။

မိုးကောင်း ဘုရားပွဲ ၊ ကမ္ဘာအေး ဘုရားပွဲ ၊ ကျိုက်ဝိုင်း ဘုရားပွဲများ သို့ ဦးဘမောင် တို့ မိသားစု ပန်းပဲဖို ထွက် ပစ္စည်းများ နှင့် အညာထည်များ ရောင်းချရန် လှည့်လည် ရောက်ရှိ လာခဲ့ကြသည် ။

တစ်နေ့တော့ ကျိုက်ဝိုင်းဘုရားပွဲ တော် မှာ ငြိမ်းမြ ၏ ဘဝ အလှည့် အပြောင်း တစ်ခု စတင် ခဲ့သည် ။ 

( ၂ )

“ အိမ် မှာ ဓား တစ်ချောင်း မှ မရှိဘူး ။  လှီးချင် ဖြတ်ချင် ရင် ဟိုဘက်အခန်း က သွား သွား ငှားရတယ် ။  တစ်ခါတလေ သူတို့ကို ကြည့် ရတာ ငှားချင် ပုံ မပေါ် ဘူး ။ တစ်ခါ တစ်ခါ သူတို့ လှီး နေတာနဲ့ ကြုံတော့ စောင့်နေရတယ် ”

စံပယ်ထွန်း က သူ့ ယောက်ျား ကိုကိုညိမ်း ကို ဓားပါးလေး တစ်ချောင်း ဝယ်ပေးရန် ပူဆာခြင်း ဖြစ်သည် ။ သည်လို ပူဆာနေသည် မှာ သုံးလ ကျော်ကျော် ရှိပြီ ။ ဓား ဆို၍ သူတို့ အိမ် မှာ ထင်းခွဲ သည့် ဓား တစ်ချောင်း ပဲ ရှိသည် ။  တစ်ဖက်ခန်း မှ ဓားပါးကလေး အလွယ်တကူ ငှားရမ်း ရရှိနေ၍ တစ်ကြောင်း ၊ ဓားမတိုကြီး ရှိနေ၍ တစ်ကြောင်း ဓားပါးလေးတစ်ချောင်း မဝယ်ဖြစ်ခဲ့ ။  တစ်ခါတလေ အဖိုးတန် ကိတ်မုန့် ကို ပုံဆိုးပန်းဆိုး ဓားမတို တုံးတုံး ဖြင့် လှီးဖြတ်နေသည် မှာ အရုပ် ဆိုးလှသည် ။  ကိတ်မုန့် မှာ လည်း လိမ်ကြေ အက်ကွဲလျက် အတုံး သေးသေးမွတွေ ဖြစ် ကုန်သည် ။ လူတွေ က “ နင် သံမဏိ တစ်ချောင်းလောက် ဝယ်ထားပါလား ” တဲ့ ။

“ ဒါကြောင့်မို့ ပြောတာပေါ့ ။ ဓားပါးလေး တစ်ချောင်း ဝယ်ပေးပါလို့ ”

စံပယ်ထွန်း က ခင်ပွန်း ကိုကိုညိမ်း ကို ကြုံလျှင် ပြောတတ်သည့် စကား ။ 

“ ဒီ ဓားပါး လို ကိစ္စမျိုး က မင်း ဟာ မင်း ဆောင်ရွက်လိုက်တာ ကောင်း ပါတယ် ။  မင်း ကြိုက်တဲ့ ဒီဇိုင်း ကို မင်း ရွေးနိုင်ပါတယ် ”

လူ ဆို တာ တစ်မျိုးပဲ ။  အစား ထိုး လို့ ရလျှင် ခပ်အေးအေး ခပ်ဖြည်း ဖြည်း ။ သို့မဟုတ် အစား မထိုးဘဲ နေလို့ ရလျှင်လည်း အစား မထိုးဘဲ နေကြ မည် ။ ကြာရှည်ခဲ့သော အချိန်ကို မနေ့ တစ်နေ့ က လိုပဲ သဘောထား နိုင်ကြ သည် ။ ရွှေ့လို့ ရလျှင် ရွှေ့ ထားလိုက်ချင်သော အကျင့် ကြောင့် တစ်နှစ်အတွင်း စံပယ်ထွန်း အိမ် မှာ ဓားပါး တစ်ချောင်း မရှိခဲ့ ။ ဟိုတုန်း က တော့ ကိုကိုညိမ်း တို့ စံပယ်ထွန်း တို့ အိမ် မှာ ဓားပါးလေး တစ်ချောင်း ရှိခဲ့ဖူး၏ ။

မင်္ဂလာ ဆောင်ပြီး နောက်နေ့ တွင် လမ်းဘေး ပလက်ဖောင်းမှ သုံး ကျပ် နှင့် ဝယ်လာသော အပေါ့စား ဓားမြှောင် အပေါစားဖြစ်ပြီး ပျော့ လွန်း သည် ။ နောက်တော့ ပျောက်သွားသည် ။

“ ထွန်း ... စတီးဓား မကြိုက်ဘူးလား ။ မြန်မာဆန်ဆန် မြန်မာ တွေ ပဲ ကောင်းပါတယ် ။ မြန်မာ့ဓား ၊ မြန်မာ့ဓား ဆိုပြီး ရေးကြတာ စာအုပ် တွေ ထဲမှာ မဖတ်မိဘူးလား ”

“ အဲဒါ မျိုးချစ်စိတ် နဲ့ သတ္တိ ကို ပြောတာပါ ။ ဓား အမျိုးအစား ကောင်း တာ ကို ပြောတာ မဟုတ်ပါဘူး ”

ထို လင်မယား ၏ ဆွေးနွေး ပြောဆိုနေခြင်းများ မှာ အလှဘုရင်မ ငြိမ်းမြ နှင့် တိုက်ရိုက် ပတ်သက် ဆက်နွယ် နေသည် ။ သမိုင်း ဘက် က ကျိုက်ဝိုင်းဘုရားပွဲတော် ၏ ည တစ်ည တွင် သူတို့ နှစ်ယောက် ဈေးတန်း ထဲ လျှောက် လည်ကြသည် ။ ဦးဘမောင် တို့ ဆိုင်ရှေ့မှာ ရပ် လိုက်ကြသည် ။ “ ဟော တွေ့ပြီ ” ဆိုသည့် မှတ်ချက် ကို ပြိုင်တူ ချ မိခြင်းနှင့် အတူ တစ်ယောက် နှင့် တစ်ယောက် မတိုင်ပင်ဘဲ နှင့် ဆိုင် ရှေ့ သို့ နီးနီးကပ်ကပ် ရောက် လာကြသည် ။ “ ဟော တွေ့ပြီ ” ဆိုသည့် မှတ်ချက် ကို အသံဖြင့် သရုပ်ဖော်ခြင်း မဟုတ် ။ အကြည့် ဖြင့် သရုပ်ဖော် လိုက်ခြင်း ဖြစ်ပြီး ထို အချိန်မျိုး မှာတော့ သူတို့ မျက်နှာများ သည် အချစ်ဆုံး မိတ်ဆွေ နှင့် တွေ့ရတော့မည့် ပုံစံမျိုး ဖြင့် ငြိမ်းမြ ကို တွေ့ လိုက် ကြသည် ။

“ ကိုကိုညိမ်း ..... ထွန်း ကြိုက်တာ ဒီ ဓားမျိုး ပေါ့  ။ ဓားကလေး က လှ လိုက်တာ ။ အရွယ် ကလည်း ထွန်း ကြိုက်တဲ့ အရွယ် ပဲ ”

ဆရာကြီးဦးဘမောင် က မသိချင်ယောင် ဆောင် နေလိုက်၏ ။ မျက်စိ ထောင့် ကပ်ပြီး မျက်မှန် ထဲ မှ ခိုး ကြည့်နေသည် ။  အလှဘုရင်မ ငြိမ်းမြ က တော့ သူ့သခင် ကို စာမေးပွဲ အောင် သော သား တစ်ယောက် က ဖခင် ကို ကြည့် သလို ကြည့် နေသည် ။ သို့သော် သူမ အနေ ဖြင့် ကိုကိုညိမ်း ၊ စံပယ်ထွန်း တို့ အိမ် သို့ အပြီး အပိုင် လိုက် သွားရတော့ မလိုလို ရှိ သော အခါ ဝမ်းနည်းလှိုက်မော လာ သလိုလို ခံစားလာရသည် ။ စံပယ်ထွန်း တို့ က ဈေး ပင် မဆစ်ကြ ။ စံပယ်ထွန်း က ဓားလေး ကို ကိုင်ပြီး ဦးဘမောင် ကို ပြုံးပြီး နှုတ်ဆက်နေသည် ။  သူမ က မပြုံးနိုင်ပေ ။ ဆရာကြီး နှင့် ခွဲခွာ ရတော့မည် မဟုတ်လား ။  ဝမ်းနည်း ဝမ်းသာ ကြည့်လျက် နောက်ဆုံး အနေအထား မှ နေ၍ ဦးဘမောင် ကို နှုတ်ဆက် နေသည် ။ ဦးဘမောင် သည် ငြိမ်းမြ ကို မျက်စိတဆုံး ငေး ကြည့် နေ၏ ။

အလှဘုရင်မ ငြိမ်းမြ သည် ဘုရားပွဲ တကာ စုံ ခဲ့ပြီ ။ ရန်ကုန်မြို့ ကို နှံ့သလောက် ရှိခဲ့၏ ။ ခုတော့ ဘုရားပွဲ တွေ မှာ ကျင်လည်စရာ မလိုတော့ ။  ခုတော့ ငြိမ်းမြ ကမာရွတ် ကို ရောက်ပြီ ။  မကွေးမြို့ ကို ပြန်စရာ မလိုတော့ ။ ကမာရွတ် မှာ ဘယ်ကာလ ထိ နေရဦးမည် မသိ ။ သည်လို မသိခြင်း သည် ပင် ဘဝ ၏ ဖွင့်ဆိုချက် နှင့် ကိုက်ညီသွားပြီ မဟုတ်လား ။

စံပယ်ထွန်း သည် ဓားပါးလေး ကို သိပ် ချစ်သည် ။  သူ့ ယောက်ျား ကို မသွေး ခိုင်းဘဲ သူ ကိုယ်တိုင် သွေးသည် ။  ဟိုဘက် အခန်း ကို လည်း ဓားကလေး အလှ ကို ပြသခဲ့သည် ။ “ အလွန် လှတဲ့ ဓားလေးပဲ ” အိမ်နီးချင်း မိန်းမ က လည်း ချီးကျူးသည် ။  နောက် နာမည်က လည်း မိုက်တယ် တဲ့ ။ ဓားကလေး ရ လာ ကာ မှ လှီးစရာ ဘာမှ မရှိဘူး ဟု ထွန်း က ညည်းညူ နေတတ်ပြီး ဈေး သို့ မကြာခဏ ပြေးလျက် ကန်စွန်းရွက်များ ဝယ် လာ တတ်၏  ။  ကန်စွန်းရွက် လှီးပြီး ကြော် သည် ။ စားချင် လှ လို့ မဟုတ် ။ ဓား ကို စမ်း ကြည့်ချင်၍ ဖြစ်သည် ။ ထွန်း တို့ မှာ သားသမီး တစ်ယောက် မှ မရှိ ။ တူမ တစ်ယောက် သာ ရှိသည် ။ တူမလေး က ဓား ကို ယူဆော့ ကစား တတ်သည် ။ ဓား ကို ယူသည့် နေရာ တွင် ပြန် မထား ။ ထိုအခါ အဒေါ် လုပ် သူ နှင့် တကျက် ကျက် ။ စံပယ်ထွန်း တို့ အိမ် ဝါးထရံ သည် ဟောင်းမြင်း နေပြီ ။ ဟောင်းမြင်း သော ဝါးထရံ ၏ ဘယ်ဘက်ဘောင် နှင့် တစ်ပေသာသာ အကွာအဝေး တွင် ဓား ကို စံပယ်ထွန်း ထား နေကျ ။  ထိုနေရာ တွင် အမြဲတမ်း တွေ့နေရသဖြင့် တခြား သွား ရှာစရာ မလို ။  ဘယ်သူ ဘယ်နေရာ မှာ ထားထား ၊ စံပယ်ထွန်း က နောက်ဆုံး ထို နေရာ မှာ ပဲ ပြောင်း ထားသည် ။  ထရံဟောင်း တွင် ဓားသစ် သည် ထင်း နေသည် ။ အာရုံ စိုက်စရာ မလိုဘဲ မျက်စိ ထဲ အလိုအလျောက် ဝင်သွား သည် ။ တူမလေး နှင့် ဓား ၊ တူမလေး နှင့် စံပယ်ထွန်း ။ ဓားကလေး ကို နေရာ တကျ မထားသဖြင့် တကျက်ကျက် ပါပဲ ။

“ မကွေးဓား ရှားတယ် ။  အလှဘုရင်မ ငြိမ်းမြ တဲ့ ”

တစ်နေ့ တော့ စံပယ်ထွန်း သည် ဓား ကို သေသေချာချာ သွေးရင်း ဓား ၏ ဂုဏ်ပုဒ် ကို အမွှန်းတင်နေသည် ။  သူ့ ဘဝ ၏ ဒုတိယ နောက်ဆုံး နေ့ ။ သူ သည် ဓား ကို ကော့ နေ အောင် သွေးရင်း ဘူးသီး ကို ဓားဦး နှင့် စိုက်ထိုး ပြီး ခွဲကြည့် နေပုံ ကို စိတ် ထဲ မြင်ယောင် လာသည် ။ တကယ့် အဖြစ်မှန် ဖြစ်သော လူသား တစ်ဦး ၏ ဗိုက်သားလေး ထဲ လေးလက်မ လောက် ထိုးသွင်းလျက် အထဲ မှ အသက် ကို ဆွဲထုတ် လိုက်မည် ဖြစ်ကြောင်း သူ မမြင်ယောင်မိခဲ့ ။  ထို ဗိုက် မှာ မိမိ ဗိုက် ဖြစ်ကြောင်း နှင့် သူ ချစ်သော ဓား သည် တစ်ချိန် ချိန် မှာ သူ့ ဇီဝိန် ကို ချုပ်စေပြီး သူ့ရင်ခေါင်း တစ်နေရာ သို့ စိုက်ဝင်လျက် မှောင် အတိ ကျသွားမည် ကို သူ သာ သိ ထားခဲ့လျှင်  ဓားကလေး ကို ချစ် ကော ချစ်နိုင်ဦး မလား မသိ ။

မိုးတွေ သည်းထန်လွန်း သော ညဦးနှောင်း ကာလ တစ်ခု မှာ ပေါ့ ။

သည်ကာလ မှ နောက် နာရီဝက် ကြာ လျှင် မိန်းမချောလေး စံပယ်ထွန်း သည် ကမ္ဘာ ပေါ် သို့ အလည် တစ်ခေါက် ပြန် ရောက်ရှိ လာနိုင်တော့မည် မဟုတ်ပေ ။  ဒါကို သူ မသိသေးသဖြင့် သူ့ ရင် သည် သာယာလှပ ကာ သူ့ အပြုံး သည် ချိုမွှေး နေဆဲပဲ ပေါ့ ။  ဘဝ ၏ ဖွင့်ဆိုချက်များ တွင် သေနေ့ ကို ကြိုတင် မသိနိုင်ခြင်းလည်း ဝမ်းနည်းစွာ ပါဝင် နေသည် မဟုတ်လား ။

မိုးတွေ သည်းမည်းလွန်း နေဆဲ ။ စံပယ်ထွန်း အပြင်ဘက် သို့ မသဲမကွဲ လှမ်း ကြည့်လိုက်၏ ။  အမှောင် ထဲ သို့ စူးစိုက် ကြည့်လိုက်သော ပုံစံမျိုး နှင့် မိုးတွေ ပက် နေသဖြင့် အလျင်စလို ကြည့်သော အကြည့် တို့ ပေါင်းစပ်ကာ ဒုတိယ ပုံစံအကြည့် ။ အမှောင် ထဲ တွင် ဘာမှ မတွေ့မိ ။ အမှောင် တစ်နေရာမှာ သူ့ ကို စောင့် ကြည့်နေသူ တစ်ယောက် ရှိလိမ့်မည် သူ မတွေးမိ ။  သို့သော် လိပ်ပြာ က သိရှိခွင့် ရှိ နေ သလိုလို ခံစားရ သည် ။ ကြက်သီးတွေ ထ လာသည် ။ ထို့နောက် သူ တံခါး ကို ပြေး ပိတ်လိုက်၏ ။ သို့သော် နောက်ကျ သွားခဲ့ပြီ ။ အကြံအစည် ယုတ်မာသော လူတစ်ဦး သည် အိမ် ထဲ တွင် နေရာ ယူ ပြီး နေပြီ ။

ထိုအချိန် တွင် တူမလေး ကို သူ့အမေ က အလည် ခေါ်သွား၏ ။ သူ့ ယောက်ျား က လည်း အပြင် သွား နေခိုက် ။  ဟိုဘက်ခန်း မှ လူများ က လည်း မွေးရပ်မြေ သို့ အလည် သွားခိုက် ။ အားလုံး ဆုံစည်းမှု တစ်ခု သည်  စုစည်းမှု ရှိခဲ့သော ပျော်ရွှင်မှုများ နှင့် သူ့ ကို ထာဝရ ခြားနား ဝေးကွာ သွားစေတော့ မည် ။ သန်မြန်သော ထို ပုဂ္ဂိုလ် လူယုတ်မာ မှာ တခြား လူ မဟုတ် ။ သူ အပျိုဘဝ တုန်း က သူ့ ကို အရူးအမူး ရည်းစားစကား လိုက် ပြော ၊ ကြမ်းကြမ်း တမ်းတမ်း ချဉ်းကပ် ၊ ကားတင်မည် ဟု ခြိမ်းခြောက် လို ခြိမ်းခြောက် လုပ်ခဲ့ သော လူ ။ ထွန်းအောင်သော် ။  မိုးခြိမ်းသံများ ၊လေတိုက်သံများ က ထွန်းအောင်သော် ၏ အကြံအစည်များ အတွက် နိမိတ်ပုံ လို ဖြစ်သွားခဲ့ပြီ ။  သင်္ကေတများ လည်း ဖြစ်ခဲ့ပြီ ။ ငိုကြွေးသံများ ပမာလည်း ဖြစ်ခဲ့ပြီ ။  

ပေါင်ချိန် ၂၀၀ ကျော် ရှိသော ယောက်ျားကြီး တစ်ယောက် ကို ပေါင် ချိန် ၉ဝ သာ ရှိသော  စံပယ်ထွန်း သည် အသောတကြည် ပင် အရှုံး ပေးလိုက် ရ၏ ။ အချိန်ကောင်း အချိန်ကိုက် တွင် ကိုကိုညိမ်း ရောက် လာသည် ။ အထင် လွဲစရာ အကောင်းဆုံး အနေအထား ကို တွေ့ သွားပြီး နောက် ကိုကိုညိမ်း သည် စံပယ်ထွန်း ကို အလှဘုရင်မ ငြိမ်းမြ ဓား ဖြင့် ထိုးမိပေပြီ ။  လက် လွန် သွား ပေပြီ ။ စံပယ်ထွန်း သည် ထာဝရ အိပ်မက် ချောက် ထဲ ရောက်ရှိ သွားပေပြီ ။

“ တစ်နေ့ တစ်နေ့ အထင်လွဲ အမြင်လွဲ လို့ ကမ္ဘာ ပေါ် မှာ လူတွေ ဘယ်လောက် တောင် သေနေကြလဲ မသိဘူး ။  တကယ်တော့ စံပယ်ထွန်း ဟာ စာရိတ္တ အကောင်းဆုံး မိန်းကလေး တစ်ယောက် ပဲ ”

လူတွေ ထဲ က လူတစ်ယောက် ၏ ထင်မြင်ချက် လွင့်ပါး လာသည် ။  ကြေကွဲစရာ အဖြစ်အပျက် မှာ ပျံ့နှံ့သွားသည် ။ မိုး က လည်း စဲ သွားပြီ ။

အဓိပ္ပာယ် မှာ လူသတ်မှု သည် ထင်ရှားပြီး ဆိုလိုသည် မှာ သက်ဆိုင်ရာ အမှုတွဲ တွင် ပါဝင်သော သက်ရှိ သက်မဲ့များ သည် ဥပဒေ ၏ စီမံရာ ကို ခံ ကြရတော့ မည် ။  သံဝေဂ အနေ နှင့် ရှုနိုင်ကြမည် ဆိုလျှင် အားလုံး ခွဲခွာ ရတော့မည့် သဘောတရား မှာ နေရာ ယူထားပြီ ။  အလှဘုရင်မ ငြိမ်းမြ သည် ငိုရလွန်း သောကြောင့် လား မသိ ။ မျက်ရည် ခန်း သွားပြီးနောက် မျက်လုံး ထဲ မှ သွေးစက်တွေ တတောက်တောက် ယိုစီး ကျနေသည် ။ သူ့ ဘဝ သည် မကွေး ကို လည်း ပြန်ရောက်တော့ မည် မဟုတ် ။ သက်သေခံ ပစ္စည်းအဖြစ် ရဲ က သူ့ ကို သိမ်းတော့ အသားညိုညို နှင့် အရပ်သား တစ်ယောက် က “ ဓားလေး လှလိုက် တာ ။ လက်ကိုင် မှာ ဆေးပြာလေး သုတ် လို့ ။ အလှဘုရင်မ ငြိမ်းမြ ဆိုပါလား ။  ရက်စက်တာ တော့ ကမ်းကုန်ရော ” တဲ့ ။ 

တခြား လူတစ် ယောက် က “ ကမ္ဘာပေါ်မှာ မုဒိန်းအကျင့် ခံရပြီး , အသတ် ခံရတဲ့ အဖြစ်အပျက် ဟာ ကြေကွဲစရာ အကောင်းဆုံးပဲ ” တဲ့ ။

ကျောင်းအုပ်ဆရာကြီး တစ်ယောက် က “ ဓား ဟာ သူ့ ဘာသာ သူ နေ တာပါ ။  ဘုရားဆွမ်းတော် တင်ဖို့ ပန်းသီး တစ်လုံး ကို လှီးမယ် ဆိုရင် ဓား ရဲ့ ရည်ရွယ်ချက် ဟာ တစ်မျိုးပေါ့ ။ မီး ကို ချက်ပြုတ် စားသောက်တဲ့ နေရာ မှာ သုံးမလား ။  ရွာ ကို မီးတိုက် မလား ဆိုတဲ့ သဘောပဲပေါ့ ။  အာလူး ခွါဖို့ သတ်မှတ်ထား တဲ့ ဓား ကို လူ ရဲ့ အသည်းနှလုံး ထဲ တည့်တည့် ထိုး သွင်းပြီး စည်းကမ်း ဖောက်ဖျက်တာ ဘယ်သူ လဲ ။ လူ ပဲ မဟုတ် လား ။  လူ ရဲ့ ယုတ်မာတဲ့ စိတ်ထားတွေ ၊ အထင်လွဲမှုတွေ ၊ ဒေါသတွေ နဲ့ မပေါင်း ဖက် မိရင် ဓား မပြော နဲ့ ၊ သေနတ် မပြော နဲ့ ၊ အနုမြူဗုံးတောင် ကြောက်စရာ မလိုဘူး ။ လူတွေ လည်း အတ္တ တဖြည်းဖြည်း ကြီး လာခဲ့ကြပြီ ။ ယနေ့ ယခု အချိန်အခါ မှာ လူတွေ ကို လူတွေ က ပြန်သတ်တာဟာ သဘာဝ ဘေးဒဏ် က သတ်တာ ထက် အဆပေါင်းများစွာ ပို လိမ့်မည်လို့ ထင်တယ် ။  နာဇီ တွေ ဂျူးလူမျိုး ခြောက်သန်း သတ်သလိုမျိုး သဘာဝ ဘေးဒဏ် မှာ အဲဒီလောက် များများစားစား မရှိဖူးဘူး ။ လူသား  ရဲ့ ယုတ်မာမှု ဟာ အနုမြူဗုံး အလုံး တစ်ရာ ထက် ပို ကြောက်စရာ ကောင်း တယ် ။ တကယ်တော့ လက်နက်တို့ ၊ ဗုံးတို့ ၊     တို့မှာ ဘာမှ အပြစ် မရှိဘူး ။ ကြောက်စရာ အကောင်းဆုံး က လူ ပဲ ။  ခွဲခွဲခြားခြား ပြောရရင် ယုတ်မာပြီး အတ္တ ကြီး တဲ့ လူတွေပဲ ”

အလှဘုရင်မ ငြိမ်းမြ သည် လူ နှင့် သူ ၏ ဒေါသ ကို ကြောက်ရွံ့ တုန် လှုပ်စွာဖြင့် အဝတ်ဖြူ တစ်စ အောက် မှာ ကြောက်ရွံ့စွာ ပုန်းအောင်း နေမိပါသည် ။

◾မောင်ညိုပြာ

📖 ပန်းဝေသီ မဂ္ဂဇင်း
      ဖေဖော်ဝါရီ ၊ ၁၉၉၆

#ကိုအောင်နိုင်ဦး

Saturday, October 1, 2022

သူရဲဘောကြောင်တဲ့ လူညံ့ ( ၁၄ )


 

အခန်း ( ၁၄ )

“ ဘယ်လိုလဲ မော်လမြိုင် ကို သွား လည်ရတာ တော်တော် မှ ပျော် ခဲ့ရဲ့လား ...”

ဆိုဖီယာ ၏ အမေး စကားသံ က လေပြေလေညင်း တို့ ၏ ဂီတ နှင့် တူ နေ၏ ။ သူတို့ နှစ်ယောက် ကား အိမ်ဘေး ခြံကွက်လပ် အစွန် တွင် ရှိသော ဒန်းကလေး ဆီ သို့ ခြေလှမ်း ကို ဦးတည် လိုက်ကြသည် ။ စိုးရှား က

“ ကိုယ် ကတော့ ဘယ်လို ခရီးကို ပဲ သွားရ သွားရ ပျော်စရာ ကို ရှာကြံပြီး တွေ့ တတ်ပါတယ် ဆိုဖီယာ ... လမ်း တစ်လျှောက် လုံး အမြီးအမောက် မတည့် တဲ့ လူတွေ ကို ကြည့် ပြီး တစ်ချိန် လုံး ရယ်နေရတာပဲ ...”

“ ဆိုစမ်းပါဦး ဘာတွေ တွေ့ခဲ့လို့လဲ ...”

“ အဝေးပြေး ကားလမ်းမ ဘေး မှာ ကနားဖျင်း တဲ ထိုးပြီး အလှူခံ နေကြတာလေ ၊ အသက် ( ၄ဝ ) လောက် ရှိတဲ့ မိန်းမကြီး တစ်ယောက် က ဖလားကြီး ပိုက် လို့ လမ်းဘေးမှာ ရပ် ပြီးတော့ ကားတွေ ဖြတ်ဖြတ် သွားတိုင်း ဘယ်လို အော် တယ် မှတ်လဲ ...”

“ ဟင် ... သူက ဘယ်လို အော်လို့လဲ ...”

“ ချသွားကြပါ ... ရှင် ... ချသွားကြပါ ... လမ်းပေါ် မှာ တင် ချသွားလဲ ရပါတယ်ရှင် ... တဲ့ ...”

သူ့ စကားကြောင့် ဆိုဖီယာ က အတွေးတစ်မျိုး ပေါက်ကာ ရယ်သည် ။ ပြီးမှ မျက်နှာ ကို ပြန် တည်ပြီး ...

“ သူ က ပိုက်ဆံ ပစ် ချခဲ့ဖို့ ပြောတဲ့ ဥစ္စာ ၊ ရှင် ကို က အတွေး ခေါင် တာပါ ...”

“ ဟုတ်ပါလိမ့်မယ် လေ ...”

“ ပေါက်ကရတွေ တော်စမ်းပါ ... ဒါနဲ့  ရှင့် ပန်းချီကားအကြောင်း ကို ရော မရှင်းပြတော့ဘူးလား ...”

“ ဆိုဖီယာ နားထောင်မယ် ဆိုရင်တော့ ... ကျွန်တော့် ဘက် က ပြော ပြဖို့ အသင့်ပါပဲ ...”

သူတို့ နှစ်ဦးသား ပန်းခြုံတန်းလေး နံဘေး ရှိ ဒန်း ပေါ် တွင် အတူ ထိုင် လိုက်ကြသည် ။

မလှမ်းမကမ်း ရှိ ပိတောက်ပင်ကြီး ၏ ပင်စည် အပေါ်ပိုင်း မကျတကျ တွင် မြား ပစ်သော ပစ်မှတ် စက်ဝိုင်း တစ်ခု ချိတ်ဆွဲထားသည် ကို တွေ့ ရ၏ ။ သည်လို ဆိုလျှင် ဒီ အိမ် တွင် လေးပစ် ဝါသနာ ပါ သူ တစ်ယောက် ယောက် တော့ ရှိ မှာ သေချာသည် ။

အဲသည်လူ က လည်း ဆိုဖီယာက လွဲလို့ တခြား ဘယ်သူမှ မဖြစ်နိုင်မှန်း စိုးရှား တွက်ဆ မိ၏ ။

ပင်လယ်ဓားပြ နှင့် တူသော ကောင်မလေး တစ်ယောက် က လေးညှို့ ကို တင်ကာ မာန်ပါပါ ဖြင့် မြားပစ် နေမည့် ပုံ ကို စိတ်ကူး ထဲ တွင် မြင်ယောင် ကြည့်ရင်း စိုးရှား ရင် ခုန် လာလေသည် ။

ဆိုဖီယာ ကတော့ သူ့ အတွေး ကို ရိပ်မိပုံ မရ ။ သူမ က မျက်မှောင် ကို အနည်းငယ် ကုပ်ရင်း ...

“ ရှင် ခရီးသွား နေတုန်း အဲဒီပန်းချီကား နဲ့ ပတ်သက်တဲ့ စာအုပ်တွေ ကျွန်မ ရှာပြီး ဖတ်ကြည့် ထားသေးတယ် ၊ တစ်ချို့ စာအုပ်တွေ ထဲ မှာ ကျတော့ ယေရှု ရဲ့ဘေး က အမျိုးသမီး ရဲ့ နာမည် က မေရီမက်ဒါလင် တဲ့ ... သူတို့ နှစ်ယောက် ကြား မှာ ဘာ ပတ်သက်မှု ရှိလို့ အဲဒီလို ပြော ကြတာလဲ ”

“ မဟုတ်ပါဘူး ... ကျွန်တော့်အယူအဆ ကို ပြော ရရင်တော့ ဘာ ပတ်သတ်မှု ကို မှ ရည်ညွှန်းတယ် လို့ မထင်ဘူး ... မေရီမက်ဒါလင် ရဲ့ ပုံ လို့ လည်း မယုံကြည်ဘူး ... ဘာသာရေးဆိုင်ရာ စော်ကားမှု တစ်ခုလည်း မဟုတ်ပါဘူး ဆိုဖီယာ ... ဒါဟာ အနုပညာ သင်္ကေတ သဘော သက်သက် ပါ ပဲ ...”

“ ဘာ သင်္ကေတ လဲ ...”

“ ခရစ်တော် မတိုင်ခင် နှစ်ပေါင်း လေးထောင် လောက်တုန်း ကတည်း က ရှိခဲ့တဲ့ စကြဝဠာ ရဲ့ အခြေခံ သဘောတရား ပဲ လေ ၊ လောက ဆိုတာ အဖို အမ ... အလင်း အမှောင် ... အပူ အအေး ဆိုတဲ့ ဆန့်ကျင်ဘက်အစုံ ဒွန်တွဲ နေတယ် ... ဆိုတဲ့ ပင်မ နိယာမ ပေါ့ ...”

သူ့ စကား ကြောင့် ဆိုဖီယာ က တွေတွေကလေး ငေးစိုက် ကြည့်နေ၏ ။ စိုးရှား က ...

“ အဲဒီ ပန်းချီကား ထဲ မှာ ယေရှု ရဲ့ အဝတ်အစား ကို ကြည့်လိုက် ... အင်္ကျီ က အနီရောင် နဲ့ အပေါ် က ဝတ်ရုံ အပြာရောင် ခြုံ ထားတယ် ၊ သူ့ ဘေး က အမျိုးသမီး ကျ တော့ အင်္ကျီ အပြာရောင် ပေါ် မှာ ဝတ်ရုံ အနီ ခြုံ ထားတယ် ၊ အဓိပ္ပါယ် က တော့ ' ယင် - ယန် ' လို့ ခေါ်တဲ့ ဆန့်ကျင်ဘက် ပေါင်းစည်းမှု ပဲ ဆိုဖီယာ ...”

“ ရှင် ပြောပုံ က သေချာ လှချည်လား ...”

စိုးရှား က ပခုံး ကို တွန့် ပြလိုက်ပြီး ...

“ မယုံလည်း မတတ်နိုင်ဘူး ၊ မင်း Iron Cross တီးဝိုင်း က သုံး တဲ့ ကြက်ခြေခတ် Logo ကို တွေ့ဖူးတယ် မဟုတ်လား ၊ ခရစ်ယာန် လက်ဝါးကပ်တိုင် လိုမျိုး အရှည် တစ်ချောင်း အတို တစ်ချောင်း မဟုတ်ဘူးလေ ... ကန့်လန့်ဖြတ် နှစ်ခု စလုံး အရှည် အတို ညီ နေတာ ၊ အဲဒါ ကို Square Cross လို့ ခေါ်တယ် ...”

“ အဓိပ္ပါယ် က ...”

“ ဒေါင်လိုက် မျဉ်းကြောင်း က အဖို ဓာတ် ၊ ရှင်သန်မှု နဲ့ နာမ်တရား ကို ကိုယ်စား ပြုတယ် ၊ ကန့်လန့်ဖြတ် မျဉ်းကြောင်း က အမ ဓာတ် ၊ သေဆုံးခြင်း နဲ့ ရုပ်တရား ကို ကိုယ်စား ပြုထားတာ ၊ အဲဒီ တံဆိပ် က ခရစ်တော် မပေါ်ခင် နှစ်ပေါင်း ၁၅ဝဝ လောက် ကတည်း က သုံးခဲ့တာပေါ့ ...”

ဆိုဖီယာ ၏ မျက်နှာထား က ခပ်တည်တည် ဖြစ်သွားပြီး ...

“ ရှင် က အတွေးအခေါ်တွေအားလုံး ကို ဒီ ဇာစ်မြစ် တစ်ခုတည်း ဆီ ကို ပဲ ဆွဲ ယူ နေတာကိုး ...”

“ မဟုတ်ဘူး ... မင်း ပြောတာ ပြောင်းပြန် ဖြစ်နေပြီ ၊ အားလုံးက အဲဒီ ပင်မ ဇာစ်မြစ် တစ်ခုတည်း က မှ ခေါင်းစဉ် အမျိုးမျိုး ကွဲပြီး ခွဲဖြာ ထွက်လာကြတာပါ ... ဆိုဖီယာ ... ဒီမှာ ကြည့် အဖိုဓာတ် ကို Blade လို့ခေါ်တယ် ။ သူ့ ရဲ့ သင်္ကေတ က အပေါ် ကို ချွန် နေတဲ့ တြိဂံပုံ ...”

စိုးရှား က ပြောပြောဆိုဆို ဖြင့် မြေကြီး ပေါ် တွင် တုတ် တစ်ချောင်း ဖြင့် ရေးခြစ် ကာ တြိဂံတစ်ခု ၏ ပုံ ကို ဆွဲ ပြလိုက်သည် ။

ထိုနောက် သူ က ဆက်ပြီး ....

“ အမဓာတ် ကို တော့ Chalice လို့ ခေါ်တယ် ၊ သူ့ ရဲ့ သင်္ကေတ က တော့ အောက် ကို စိုက်နေတဲ့ တြိဂံ ဇောက်ထိုး ပုံ ပေါ့ ...”

စိုးရှား က ပုံဆွဲ နေရာ မှ သူမ ၏ မျက်နှာ ကို ဖျတ်ခနဲ အကဲခတ်ကြည့် လိုက်ပြီး ...

“ ဒီတော့ ... အဖို နဲ့ အမ ပေါင်းစည်း လိုက်တဲ့အခါ ၊ ရုပ် နဲ့ နာမ် ပေါင်းစည်း လိုက်တဲ့အခါ ဒီ သင်္ကေတ ဖြစ် လာတော့တာပဲ ”

ဆိုဖီယာက မြေပြင် ပေါ် မှ ပုံ ကို စိုက် ကြည့်ရင်း ...

“ ဒါ ... ဂျူးတွေ ရဲ့ ခြောက်မြှောင့်ကြယ် ( David Star ) ပဲ ...”

“ အင်း ... ဒါနဲ့ စကား စပ်မိလို့ ပြော ပြရဦးမယ် ၊ အာရေဗျ က ဆူဖီဂန္ဓာရီ ပညာ မှာ Abjab ဆိုတဲ့ လျှို့ဝှက် သင်္ကေတ ရှိတယ် ၊ သူတို့ က ( ၁ ) ကို အလစ် လို့ ခေါ်တယ် ၊ ( ၂ ) ကို ဂျက် ၊ ( ၃ ) ကို ဂျင် ၊ ( ၄ ) ကို ဒါလ် ... လို့ ခေါ်တယ် ၊ သူတို့ မှာ အပေါ်ထောင် နေ တဲ့ တြိဂံ က ( ၇ ) ၊ အောက် စိုက် နေတဲ့ တြိဂံ က ( ၈ ) ၊ ဒေါင့် အားလုံး က ( ၆ ) ၊ ပေါင်း လိုက်ရင် ၇၈၆ ဖြစ် လာတယ် ၊ ဒါဟာ စကြဝဠာ အတွးအခေါ် ရဲ့ အခြေခံ ဂဏန်း ပဲ ... ဆိုဖီယာ ...”

သူမ က အနည်းငယ် ရယ်သွမ်းသွေးချင်ဟန် အကြည့် ဖြင့် တစ်ချက် အကဲ ခတ် ရင်း ...

“ ရှင် က တော်တော်တော့ လေ့လာထားပုံ ပဲ ၊ ဒါပေမယ့် ရှင့် အသိ က ' စာသိ ' လောက်ပဲ ဖြစ်မယ် ထင်တယ် ၊ ရှင့် ရင် ထဲ က အစစ်အမှန် ထွက် လာတဲ့ ' ငါသိ ' တော့ ရှိပုံ မပေါ်ဘူး ...”

သူမ ၏ စကား ကြောင့် စိုးရှား အောင့်သက်သက် ဖြစ် သွား၏ ။ ဗလာချီ စော်ကား ခံလိုက်ရသည် ဟု လည်း ထင်သည် ။ ထို့ကြောင့် ...

“ ဘာဖြစ်လို့ ပြော တာလဲ ...”

“ ရှင့် မှာ ' ယုံကြည်မှု ' ဆိုတာမှ မရှိပဲ ၊ စိတ် မှာ ' ယုံ ' တယ် ဆိုတဲ့ သဒ္ဓါတရားလေး ရှိ မှ နှလုံးသား က ' ကြည် ' လင်း သွားတာ ၊ သဘော ပေါက်ရဲ့လား ...”

“ ကိုယ် မယုံ တာ က ကျမ်းစာအုပ်တွေ ထဲ က စကားလုံးတွေ ကို ပါ ... ဒီ ကျမ်းစာအုပ် ထဲ မှာကျတော့ ဒီလို လုပ်ရင် ငရဲ ကျမယ် ... တဲ့ ... ဟိုတစ်မျိုး မှာ ကျတော့ ဟိုလို လုပ်ရင် ငရဲ ကျမယ် ... တဲ့ ...”

“ ဒီ တစ်ခု ကို ယုံတဲ့ သူ အဖို့ကျတော့လည်း ဟိုဘက် က အမြင်နဲ့ ကြည့် ရင် ငရဲ ကျ မှာပဲ ၊ ဟိုဘက် က ဟာ ကို ယုံတဲ့ သူ အဖို့ ကျတော့ လည်း ဒီ ဘက် က အမြင် နဲ့ ကြည့် ရင် ငရဲ ကျ မှာပဲ ...”

“ ပြီးတော့ ... ငရဲ က လည်း အမျိုးမျိုး ... တစ်ချို့ က ပြောတော့ မီးလျှံတွေ ပူကျက် နေတယ် ... တဲ့ ... သံအိုးကင်း နဲ့ ကြော် သတဲ့ ... ဒါက အပူ ကို ကြောက် တဲ့ ဒေသ က လူတွေ ရဲ့အစွဲ လေ ...”

“ အအေး ကို ကြောက် တဲ့ ဒေသ က တိဗက်ကျမ်းစာတွေ ထဲ မှာကျတော့ ငရဲ မှာ ထာဝရ အေးခဲ နေသတဲ့ ... ကိုယ် က အပူ ကို ကြောက်တယ် ၊ အအေး တော့ ခံနိုင်သား ... အဲဒါကြောင့် သေခါနီး ရင် တိဗက် ပြောင်း နေရရင် ကောင်း မလားတောင် စဉ်းစား မိသေးတယ် ...”

ဆိုဖီယာ က တခစ်ခစ် ရယ်မောရင်း ...

“ ရှင် က လည်း ကတ်သီးကတ်သတ် ...”

“ ဟုတ်တယ် ... တကယ်ပြောတာ ... ဟို ဘာသာဝင် အတွက် ငရဲ တစ်မျိုး ... ဒီ ဘာသာဝင်အတွက် ငရဲ တစ်မျိုး ... ဆိုပြီး နေရာ အမျိုးမျိုး ခွဲ ထားဖို့ ကျတော့လည်း ... ငရဲပြည် မှာ Immigration ( လူဝင်မှုကြီးကြပ်ရေး ) ထား ရမလို ဖြစ်နေပြီ ၊ တော်ကြာ ဗီဇာ မရလို့ ပြန် ပို့ခံရတာတို့ ... ဘာတို့ နဲ့ ဆိုရင် ရှုပ်ယှက်ခတ် ကုန်လိမ့်မယ် ...”

“ တော်စမ်းပါ ... ပေါက်ကရတွေ ... ဘာလဲ ... ရှင်က ' ကုသိုလ် ' နဲ့  ' အကုသိုလ် ' ဆိုတာ ကို မယုံဘူးလား ...”

စိုးရှား က သူမ ၏ မျက်ဝန်း အတွင်းပိုင်း အထိ နက်နက်ရှိုင်းရှိုင်း ထိုးဖောက် ကြည့်လိုက်သည် ။ ထိုနောက် ...

“ ကိုယ် သတ်မှတ်ထားတဲ့ အကုသိုလ် က ဟိုဟာ မလုပ်ရ ... ဒီဟာ မလုပ်ရတွေ အများကြီး မပါဘူး ... တစ်ခု တည်းပဲ ... အဲဒါက ဘာလဲ ဆိုတော့ ' လူလူချင်း ယုတ်မာတာ ဟာ အကုသိုလ် ဖြစ်တယ် ' ဆိုတာပဲ ...”

“ ကိုယ့်ဘ ဝမှာ တခြား ဘယ်သူ့အပေါ် မှ လည်း မယုတ်မာခဲ့ဖူးဘူး ၊ အဲဒီ အကုသိုလ် ကင်းစင်တာလေး တစ်ချက် တည်း နဲ့ ပဲ ဘယ် ငရဲ ကို မှ မကြောက်ဘဲ ကိုယ် သေရဲတယ် ဆိုဖီယာ ... ခြင် ကိုက် လို့ မှ မရိုက်သတ် ရဲ ၊ အိပ် မပျော် လို့ မှ ဝီစကီ တစ်ခွက် မသောက် ရဲ တဲ့ အကုသိုလ် ရှောင် နည်းမျိုးတော့ မဟုတ်ဘူး ...”

သူ့ စကား ကို နားထောင်ပြီး ဆိုဖီယာ က ဦးခေါင်း ကို ညင်ညင်သာသာ ခါ ရမ်းသည် ။ သူမ ၏ မျက်ဝန်းများ က မီးခိုးရောင် ရီဝေ နေ၏ ။ ဆိုဖီယာ ၏ အကြည့်တွေ က သနားကရုဏာ သက်နေပုံမျိုးနှင့် ခပ်ဆင်ဆင် တူသည် ဟု ခံစားရသည် ။

ဆိုဖီယာ က ...

“ ရှင့် ရဲ့အစွဲ ကို တော့ ကျွန်မ ချွတ် မှ ကျွတ် တော့ မှာပဲ ...”

“ ဘာ ... ဘယ်လို ပြောလိုက်တယ် ...”

စိုးရှား က စိတ်ဆိုးရမည့် အစား သူမ ၏ စကားကြောင့် ရယ်ချင်သွား၏ ။ ဘယ်လိုလဲ ကောင်မလေး ရယ် ... မင်း ကိုယ် မင်း အထင် ကြီး လှချည်လား ... ။

ဘယ်လိုမှ ဖြစ်နိုင်စရာ အကြောင်း မရှိ ...

စိုးရှား က လှောင်ပြုံး ပြုံး လိုက်ရင်း ...

“ ငါ့ အတွေးအခေါ် ကို မင်း က ဘယ်လို လုပ်ပြီးတော့များ ပြောင်း ပစ်နိုင်မှာ မို့လို့လဲ ဆိုဖီယာ ...”

ဆိုဖီယာ က လေးနက်သော လေသံ ဖြင့် ...

“ ကျွန်မ ရှင့် ကို ပုစ္ဆာ သုံးခု မေးမယ် ၊ သုံးခု စလုံး ရှင် မဖြေနိုင်ရင်ပဲ ဖြစ်ဖြစ် ... သုံးပွဲ မှာ ကျွန်မ က နှစ်ပွဲ နိုင်ရင် ပဲ ဖြစ်ဖြစ် ... ရှင့် ရဲ့ အတွေးအခေါ် ကို စွန့်လွှတ် ရမယ် ၊ ဘယ့်နှယ်လဲ ... လောင်းရဲ ပါ့ မလား ...”

“ အိုကေ ... ကိုယ့် ဘက် ကတော့ အဆင်သင့် ပဲ ... တစ်ခု တော့ ကြို ပြောထားမယ် နော် ၊ အဲဒါကတော့ မင်း ကိုယ့် ကို မနိုင်နိုင်ဘူး ဆိုတာပဲ ...”

သူ့ စကား ကြောင့် ဆိုဖီယာ  ပြုံးသည် ။ ထို အပြုံး ကြောင့် သူမ သည် သစ်တော်သီးပင်လေး တစ်ပင် နှင့် တူ သွားလေသည် ။

ဘဝ တစ်ခုလုံး ကို လောင်းကြေး ထပ် ရဲသည် အထိ ညှို့ယူနိုင်သော မိန်းမတစ်ယောက် ကို သူ ဘာကြောင့်များ စိတ်ဝင်စား နေပါလိမ့် ... ။

တကယ်တော့ မိန်းမ ဆိုသည် မှာ ပြင်းထန်လွန်းသော အဆိပ် တစ်မျိုး ပင် ဖြစ်သည် ။

မင်းခိုက်စိုးစံ

#ကိုအောင်နိုင်ဦး

.

ကဗျာဆရာ ရဲ့ ကန္တာရ အိပ်မက် တောအုပ်


 

❝ ကဗျာဆရာ ရဲ့ ကန္တာရ အိပ်မက် တောအုပ် ❞

( ၁ )

အဲဒီ နေ့ က မွန်းလွဲ နှစ်နာရီ လောက် မှာ ကဗျာဆရာ ရောက် လာတယ် ။ အဲဒီ နေ့ က နေ က ကြောက်ခမန်း လိလိ ပူပြင်းတယ် ။ သူ လုံးဝ မမျှော်လင့်ထားဘူး ။ ကဗျာဆရာ အလည် ရောက် လာခြင်း ဟာ သူ့ ရဲ့ ပျင်းရိညည်းငွေ့မှု တင်းမာမှုတွေ ကို ပျော့ပျောင်း နူးညံ့စေတာ တော့ အမှန်ပင် ။ အဲဒီ နေ့က ( အဲဒီလိုနဲ့ပဲ ) ကဗျာဆရာ ကို ဧည့်ခံ ရတယ် ။ သူ့ ရဲ့ တစ်ကိုယ်ရေ တစ်ကာယ ထမင်းကြမ်း အေးအေးတွေ နဲ့ပဲ ... လွန်သွားပြီ ဖြစ်တဲ့ နေ့လယ်စာ ကို ကျွေး ရတော့တယ် ။ အေးဆေးပဲ ဆိုပေမဲ့ နေ က ပူ လွန်းတယ် ။

“ ကဗျာဆရာ ဘယ်လို ဖြစ်လာတာလဲ ” ဆိုတော့ “ ဆာလို့ ။ မြို့ ကလေး က ငါ့ ကို ဖုန်း မဆက် ၊ ဘာ မဆက် နဲ့ ဆာ လို့ လာတာ ၊ နှစ်ရက် သုံးရက် နေမယ် ၊ ဖြစ်တယ် မဟုတ်လားတဲ့ ” ဒါပဲ ။ ခံစားမှု အလိုကျ ရွေ့လာခဲ့ခြင်းလေ ။

နေပေါ့ ။ သူ က တစ်ကိုယ်ရည် တစ်ကာယ ။ ကမ်းပေါ် တင်ထားတဲ့ ရွက်လှေ ။ သူ ငှား နေတဲ့ အခန်းလေး ဟာ စုတ်ပြတ်ပြီး ကျဉ်း ပေမယ့် ကဗျာဆရာ တစ်ယောက် တော့ ထည့် သိပ်လို့ ရသေးတယ် ။ ကဗျာဆရာ ဟာ မိုင် ၂၀၀ ကျော် ဝေးတဲ့ မြို့ ကလေး က လာ ရောက်လည်ပတ်ခြင်းပါ ။ ကဗျာဆရာ မှာ အဝတ်အစား အပို နှစ်စုံ နဲ့ ခပ်စုတ်စုတ် ဦးထုပ် တစ်လုံး ပဲ ပါ လာတယ် ။ အဲ ... ပြီးတော့ အဖွင့် အပိတ် ခလုတ် ပျက်နေရှာတဲ့ ရေဒီယိုကလေး တစ်လုံးလည်း ပါ လာသေးရဲ့ ။ ဓာတ်ခဲ ထည့် ရင် မြည် မယ် ။ ဓာတ်ခဲ ဖြုတ် ထုတ်လိုက်ရင် ငြိမ်ကုပ် သွားမယ် ။ တဂျစ်ဂျစ် နဲ့ လေ ။

မြို့ကလေး က ပစ်ထားခြင်း ခံရတဲ့ ကဗျာဆရာ ဟာ အလွန် ရိုးသား သူ ဖြစ်ပါတယ် ။ ညစောင့် အလုပ် က အနား ယူ ပြီးတဲ့ နောက် မှာ ကဗျာဆရာ ဘာ အလုပ် လုပ်မယ် ဆိုတာ သူ မသိဘူး ။ ကဗျာ တစ်မျိုး တည်း ကို တန်ဖိုး ထားပြီး ကဗျာဆန်ဆန် နေထိုင် တဲ့ ကဗျာဆရာ ကို ဘာ လုပ် နေသလဲ လို့ လည်း သူ မမေးရက် ။ ကဗျာဆရာ က ဘယ်တော့မှ ပြုံးဖို့ ခက်ခဲတဲ့ လူ မဟုတ်ဘူး ။ မြို့ကလေး က ဒီလို ထူးဆန်းတဲ့ ကဗျာဆရာ ကို မွေးဖွားခဲ့ပြီး ကျွေး မထားနိုင်ခဲ့ဘူး ။ စိတ် မကောင်းလိုက်တာ ။ ကဗျာဆရာ က အရက် စွဲ နေသူ မဟုတ်ဘူး ။ ဒါပေမဲ့ မြို့ကလေး ရောက် ရင်တော့ ကဗျာဆရာ ဟာ ဖွဲ့စည်းမှု လွန်ကျူးလေ့ ရှိတယ် ။ ရီဝေမှု အကွက် စိပ်တယ် ။

“ ဘယ်လို ဖြစ်တာလဲ ကိုနီ ”

“ ဟုတ်တယ်.. ကဗျာဆရာ ကျုပ် စာတွေ မဖတ်ဘူး ၊ စာ မရေးဘူး ။ အရက် မသောက်ဘူး ။ အပြင် လုံးဝ မထွက်ဘူးလို့ တစ်လ အတိအကျ အဓိဋ္ဌာန် ထားတယ် ”

“ ကောင်းကွာ ။ ငါ လာ မှ ငါ လာလည် မှ ပင်လယ် ဟာ ရွက် မလွှင့်ဘူး တဲ့ ။ ဟား ဟား ရယ်ရတယ်ဟေ့ ။ ပြီးတာပဲ ကိုယ့် ကတိ နဲ့ ကိုယ် နေသာသလို နေရစ်တော့ ။ ငါ တော့ ဝေးရင့်သီ တို့ ၊ အောင်ကောင်း တို့ ဆီ သွားမယ် ”

ကဗျာဆရာ က သူ့ ကို ပစ်ပယ်ပြီး အပြင် ထွက် ဖို့ ပြင်ဆင် ရှာတယ် ။ သူ ကလည်း အဓိဋ္ဌာန်ဝင် ထားတာ တစ်လ အတိ ပြည့် ဖို့ ( ၅ ) ရက် တိတိ လိုနေသေးတယ် ။ ကိုယ့် ကိုယ် ကို မှ မယုံ မကြည် ဖြစ် ရမယ့် ကိစ္စပဲ ။ နည်းပညာ တွေ ပေါက်ကွဲ နေသလို ခံစားမှု တွေ ပေါက်ကွဲ ။

“ ကဗျာဆရာ ရေ … အောင်ကောင်း က လည်း အရက် ဖြတ် ထားတာ ကြာပြီ ။ ဝေးရင့်သီ က ည ရှစ်နာရီ ကျော် မှ အရက် သောက် လို့ ဖြစ်တဲ့ အလုပ် နဲ့ လူ ။ ခင်ဗျား ဘယ်လိုလုပ် မှာလဲ ”

“ ဟ ညီလေး ၊ စည်သူဆွေ ရှိသေးတယ်လေ ။ စည် သွားတီးမယ် ”

“ ညစာ ထမင်း ချန်ထားမယ် ။ ကျုပ် ကတော့ မူး လာတဲ့ လူ နဲ့ စကား မပြောချင်ဘူး ။ ကျုပ်အိပ်ရာ ထဲ ကိုယ့် ဖာသာ ဝင် အိပ် နော် ။ ကျုပ် က ဆေး သောက်ပြီး စောစော အိပ်ရာ ဝင် ဖြစ်မှာ ”

“ ကောင်းပြီလေ ။ အိမ်ပြန်ရောက်ချိန် ၊ နောက်ဆုံး အချိန်ပြော ”

“၁ဝ နာရီ ၊ ၁၁ နာရီ ဆို တော်ရောပေါ့ ။ ဒီ ရပ်ကွက် က ကျေးလက် ဆန်တယ် ။ စောစော အိပ်ရာ ဝင်တော့ အိပ်မက် များများ။မက် ရတာပေါ့ ။ ကိုယ့် လူ ရယ် ”

ကဗျာဆရာ က ရောက်လာတဲ့အတိုင်း ... ကျောပိုးအိတ်အဟောင်းလေး လွယ် လို့ ဦးထုပ်အစုတ်ကလေး ဆောင်းလို့ ညနေ မရောက်ခင် မှာ မြို့ ထဲ ပြန် ထွက်သွားပါတော့တယ် ။ သွားစမ်း ။ မြို့ကလေး ဟာ ရထား နဲ့ ကား နဲ့ ပတ် ရမယ့် မြို့မှ မဟုတ်ဘဲ ။ သူ ကတော့ အဓိဋ္ဌာန် ရွက်ဆုတ် ပြက္ခဒိန် က တစ်ရွက် ဆွဲ ဖြဲဖို့ ဒေါသ နည်းနည်း ဖြစ်တည် လက်စ ။

အထီးကျန်တယ် ဆိုတာ ကိုယ့် ကိုယ် ကိုယ် အပျော်အပါး အမှန် မခံတာ ၊ ပျော်ရွှင်မှု အငြိအစွန်း မခံတာ မျိုးတော့ မဟုတ်သေးဘူး ။ ဘယ် ဂျုံခင်းပဲ ဖြစ်ဖြစ် ပျင်းရိ နေရင် ပေါင်မုန့်တွေ ဖြစ် မလာနိုင်ဘူး ။ မြို့ ထဲ ထွက် သွားလေသူ ကဗျာဆရာ ကို ရည်စူးပြီး ညစာ ကို ကပျာကယာ ချက်ပြုတ် ရပါဦးမယ် ။ ကဗျာဆရာ အမူး လွန် လာတဲ့ ကြည်တံခွန် ဖြစ် မလာဖို့တော့ ဗာခူး ဆီ ဆုတောင်း ရမှာပဲ ။ ( ဗာခူး = ယမကာစောင့် နတ်မင်း )

( ၂ )

တရှူးရှူး ၊ တရှဲရှဲ လေတိုးသံတွေကြောင့် သူ လန့် နိုးသွားတယ် ။ ကြည့်စမ်း ကဗျာဆရာ ဟာ လောလော နဲ့ အိပ်မောကျ နေတယ် ။ သူ့ ရင်ဘတ် ပေါ် က ရေဒီယို အနက်ကလေး က တရှူးရှူး ၊ တရှဲရှဲ မြည် လို့ပေါ့ ။ ကဗျာဆရာ့ လက် ထဲ က ရေဒီယိုလေး ယူပြီး ဓာတ်ခဲ တစ်လုံး ဆွဲ ဖြုတ်လိုက်ရတယ် ။ ည က ချက်ချင်း ပြန် တိတ်ဆိတ် သွားတယ် ။ ကဗျာဆရာ ရဲ့ နံစော် နေ တဲ့ ဟောက်သံ တွေ ကတော့ အကွက်စိပ်စိပ် ပေါ့ ။ ရေဒီယို မပိတ်ဘဲ အိပ်ပျော်သွားရှာတဲ့ ကဗျာဆရာ အိပ်မက် ထဲ မှာ သတင်းတွေ နဲ့ ... မွန်းကြပ် နေလေမလားပဲ ။ သူ ကတော့ တစ်ခုတင် တည်း နှစ်ယောက် အိပ် ရ မှာ စိတ် ကျဉ်းကျပ် နေမိတယ် ။ အိပ်ပျော်ပါ့မလား ။ သူ့ မှာ ငွေကြေး ပြတ်တောက်နေချိန်ကြီး မှာ မှ ကဗျာဆရာ တစ်ယောက် အလည် ရောက် လာခဲ့ခြင်းမို့ ဘယ်လို ဖြေရှင်းရမလဲ မသိဘူး ။ အိပ် ၊ မတွေး နဲ့ ။ အိပ် ၊ မတွေး နဲ့ ။ အိပ်ဦး

အိပ်မောကျနေတဲ့ ကဗျာဆရာဟာ သူ ကဗျာဆရာ ဖြစ်ခဲ့ရခြင်းအတွက် နောင်တ တွေ တစိုးတစိ မှ ရှိနေပုံ မရပါ ။ မမြဲ ၊ ဆင်းရဲ ၊ အစိုးမရ ။

ကဗျာဆရာ ကတော့ ... ဘာကိုမှ ပူ ပုံ မပေါ် ။ ပျော် နေပုံပါပဲ ။ သူ နဲ့ ကဗျာဆရာ စတင် မိတ်ဆွေ ဖြစ် ကတည်း က ကဗျာဆရာ သုံး ခဲ့သော ကျောပိုးအိတ် အဟောင်းလေး ကို အသစ် လဲ ပေးချင်နေပါတယ် ။ အဲဒီ ကျောပိုးအိတ် ထဲ ထည့်ထည့် သယ် လာတဲ့ ကဗျာတွေ က တော့ တစ်ပုဒ် ပြီး တစ်ပုဒ် ။ ကဗျာဆရာ ဟာ မြို့ကလေး နဲ့ ဘာကြောင့် အတူ မနေနိုင်ရရှာတာလဲ ။ ဘာကြောင့် ရှင်ကွဲ ကွဲနေရတာလဲ ။

“ ငါ အား တာ မဟုတ်ဘူး ၊ မြို့ ကလေး ကို လွမ်း လို့ အဆက်အသွယ် ဖြတ် ထားတဲ့ ကန္တာရမြို့သားတွေ ကို တွေ့ချင် လို့ လာ ခဲ့ရတာ ။ ပြီးတော့ ကိုနီ မင်း ကျန်းမာရေး မကောင်းဘူး ဆို လို့ မိုးထဲ လေထဲ က ရွေ့လျား လာခဲ့ရတာပဲ ”

မနက်ခင်း မျက်နှာသစ်ပြီး စ မို့ ကဗျာဆရာ အသံ က ကြည်လင် နေသေးတယ် ။ တီထွင် ထား တဲ့ အပြုံးတွေ နဲ့ မနက်ခင်း အညွန့် မတုံးစေကြပါနဲ့ ။ ကဗျာဆရာ ရဲ့သားကြီးက လေဖြတ်ထားသူ တစ်ယောက် ဆိုတာ သိ နေပါတယ် ။ ဆေး ဆရာ စုံ နေပြီ ။ ကဗျာဆရာ သား မှာ လမ်းကောင်းကောင်း မလျှောက်နိုင်တော့ပါ ။ နလန် မထူတော့ဘူးလို့ ပြော ရလောက်အောင် လက်လျှော့ ထား ရသူ ဖြစ် ခဲ့ပြီလေ ။ ကဗျာဆရာ က သား လူမမာ ကို အနီးကပ် ပြုစုစောင့်ရှောက် နေရသူ ဖြစ်နေရှာသည် ။

“ ကိုနီ မင်း ရန်ကုန် သွားပြီး မပြဘူးလား ”

ကဗျာဆရာ ကို မနက်စာ ထမင်း ကျွေး ဖို့ ကျွန်တော် ကြံစည် နေတာ မို့ ဘာ စကား မှ မပြော ဖြစ်လိုက်ဘူး ။ ကဗျာဆရာ တော့ သူ တစ်ယောက် တည်း ညည်းတွားသလို ပြော နေလသည် ။

“ ငါ့ သားလေး လည်း လက်လျှော့ လိုက်ရပြီကွာ ၊ ငါ လူမမာတွေ မကြည့်ချင်တော့ဘူး ။ မင်း တစ်ခု ခု ဖြစ် သွား မှာ အရမ်း စိုးရိမ်တယ် ကိုနီ ”

ကျွန်တော် ကဗျာဆရာ ကို တောင်ဆိုင် မှာ လက်ဖက်ရည်သောက်ရန် ငွေ ထုတ်ပေးလိုက်ပြီး... နေ့လယ်စာ အတွက် ဘာ စားချင်သလဲ မေးလိုက်တယ် ။ ကဗျာဆရာအနေအထား က တော့ တစ်စုံတစ်ရာ ကို ခေါင်းမာမာ နဲ့ စဉ်းစား နေပုံပါပဲ ။

“ မင်း ကျန်းမာရေး ကို ခေါင်း ထဲ ထည့်ထားစမ်းပါဦး ကိုနီ ၊ မင်း ရန်ကုန် သွားပြီး အထူးကု နဲ့ ဆေး ကု စေချင်တယ် ”

ကျွန်တော့် ဆီ မှာ စကားလုံး မရှိဘူး ။ ဟုတ်တယ် ... ရန်ကုန်ဆင်း ဖို့ ဆေး ကု ဖို့ ကျွန်တော့် မှာ ငွေ မရှိသေးပါ ။

ကျွန်တော့် ရောဂါ က … စိတ် ရောဂါ လို့ .. ပြောလို့ ရနေပါပြီ ။ အရက် ကို တုံးတိ ဖြတ်ချလိုက်တာ နဲ့ အရက် ကြောင် ကြောင် သွားခြင်း က စ ပါတယ် ။ အရက် ဖြတ် တာ ရှစ်လကျော် ခဲ့ပြီ ဖြစ်ပေမဲ့ ကျွန်တော့် စိတ် မှာ အသံ တွေ ကြား နေရမြဲ ဖြစ်နေတယ် ။

သူ့ ကျန်းမာရေး အတွက် ခေါင်းခဲ နေရှာတဲ့ ကဗျာဆရာ အပြင် ထွက် သွားတာ ကို ငေးကြည့်ရင်း သူ သက်ပြင်းတွေ ချ နေမိတော့တယ် ။ စိတ်မကောင်းလိုက်တာ.. ကဗျာဆရာ ရယ်.. ဟုတ်တယ် ... သူ့ ကျန်းမာရေး ညံ့ဖျင်းတာတွေ မေး သွားတယ် ။ ကဗျာဆရာ ရဲ့ ကံဇာတာ ကို တွေးမိပြီး ကိုယ့် လူ ကဗျာဆရာ အတွက် စိတ်မသက်မသာ ဖြစ် မိသွားတာ အမှန်ပါပဲ ။

ကဗျာဆရာ ဟာ အသက်ခြောက်ဆယ် စွန်းခဲ့ပြီ ။ ညစောင့် အလုပ် က သက်ပြည့်ပင်စင် ယူခဲ့ပြီး သမီး ဖြစ်သူ ကျောင်းဆရာမ နဲ့ နားအေးပါးအေး အတူ နေထိုင်ချိန် ရောက်ပါမှ သား ဖြစ်သူ က ရွှေတော က အပြန် မှာ ရုတ်တရက် လေ ဖြတ် သွားခဲ့ခြင်း ဖြစ်ပါတယ် ။ ကဗျာဆရာ ဟာ ညစောင့် အလုပ် က အနားယူ သွားခဲ့ရပေမဲ့ လူနာစောင့် ဘဝ ကို ရောက် သွားရရှာလေပြီ ။

ဟူး ... သူ မတွေးနိုင်တော့ဘူး ။ ကဗျာဆရာ အလည် လာတုန်း သုံးစွဲဖို့ ငွေကြေး နည်းနည်း ရှာထားဦး မှ ဖြစ်မယ် ။ ကဗျာဆရာ အတွက် မြို့ မှာတော့ ပူစရာ မလိုပါဘူး ။ ဝေးရင့်သီ ၊ ကိုအောင်ကောင်း နဲ့  .. စည်သူဆွေ တို့ ရှိနေတာပဲ ။ ကဗျာဆရာ ပြန် လာရင် ဝေးရင့်သီ က ဟိုဘက် ကူး ဖို့ ... ကားခ ထည့် ပေးလိုက်မှာပဲ ... စည်သူဆွေ က လည်း … အရက် အဝ တိုက်ပြီး ရထားလက်မှတ် ဝယ်ပေးပြီး ရထားပေါ် တင် ပေးလိုက်မှာပဲ ။ သူ နဲ့ နေထိုင်ချိန်လေး သုံးဖို့ ပဲ လိုတာပါ ။ ကဗျာဆရာ က  ထမင်းဟင်းလည်း ချေးများတာ မဟုတ်ဘူး ။ ည ဘက် ပြန်လာရင် … လမ်း ဘေး ထမင်းသုပ် ပါဆယ် တစ်ထုပ် နဲ့ လည်း ဖြစ်သွားတာပဲ မဟုတ်လား ။

သူ့ စာအုပ်စင် ပေါ် က နည်းနည်း ရောင်းတန်း ဝင် တဲ့ စာအုပ် ငါးအုပ် လောက် ရွေးရတယ် ။ ဟုတ်တယ် ။ အော်စကာ စာပေ မှာ စာအုပ် အဟောင်း ရောင်း ရတာ သူ ငွေကြေး လိုအပ်တိုင်းပဲ လေ ။

စာမူခ လည်း ရောက် မလာတာ ကြာပြီ ။ သူ့ ကို ထောက်ပံ့ နေတဲ့ ကြီးမေ ဆီ ကလည်း ငွေရောက် မလာသေးဘူး ။ ပိုးဟပ်တွေ မဟုတ်တော့ ဘဝ မှာ ငွေစက္ကူ နည်းနည်း ဟာ အမြဲတမ်း လိုအပ်လေ့ ရှိတယ် ။

လူနာစောင့် ဖြစ် နေတဲ့ ... ကဗျာဆရာ က တော့ ... သူ့ ကို ဘယ်မှာ လူနာ ဖြစ်စေနိုင်မှာလဲ ။ ... နာတာရှည် အိပ်မက်တွေ နဲ့ ပွန်းပဲ့ စေချင်မှာလဲ ။

သူ့ ရောဂါ က ညည အိပ်မပျော်တဲ့ ရောဂါ ။ အိပ်ပျော်သွားပြန်တော့ လည်း လန့် နိုးပြီး တိတ်ဆိတ်ခြင်း ရဲ့ အသံမျိုးစုံကို ထိတ်လန့် တတ် တဲ့ ရောဂါ ၊ ယုံကြည်ချက် ပြင်းထန်ပြီး ရုတ်တရက် ယုံကြည်ချက် မဲ့သွားတဲ့ ရောဂါ ။

စိတ်ပညာ ဆရာဝန် နဲ့ ပြသရမယ် ဆို တာ သူ သိ ပါတယ် ။ ဒါပေမဲ့ သူ့ မှာ ဆေး ကုဖို့ ငွေ မရှိသေးဘူး ။ စာတွေ မရေးဖြစ်တော့ စာမူခ မရနိုင်ဘူး ။ စားဝတ်နေရေး အတွက် ထောက်ပံ့ငွေလေး ... မျှော် ရုံ ပဲ ရှိတယ် ။ အရေးပေါ် လိုအပ် လာ ရင် စာအုပ်စင် ပေါ် က ရောင်းတန်းဝင် စာအုပ်ကလေး တွေ ဖြောပစ် ရတာပဲပေါ့ ။ မတတ်နိုင်ဘူးလေ ။

သူ က အပြင် မထွက်တဲ့ လူ ။ ကိုယ့် ကတိ နဲ့ ကိုယ် ငြိ တဲ့ လူ ဆိုတော့ အိမ် နား က အောင်ခိုင် ဆိုတဲ့ ချာတိတ်ကလေး ကိုပဲ စာအုပ်ဟောင်းတွေ သွား ရောင်း ခိုင်း လိုက်ရတယ် ။ မုန့်ဖိုး ပေးရတဲ့ ခေတ် ကြီး ထဲမှာ ကြီးပြင်း နေတဲ့ ချာတိတ်လေးပဲ ။ ပြောတတ် ဆိုတတ် တယ် ။ အော်စကာစာပေ က ကိုကျော်နိုင်ကြီး ဆို တာ လည်း သူ့မိတ်ဆွေရင်း ပါ ပဲ ။ ကိုကျော်နိုင် က လည်း စာကောင်း ကြိုက်တဲ့ လူ ပါပဲ ။ စာအုပ် ဈေးကြီး ရင် တော့ အင်တင်တင် နိုင်သေးတယ် ။ အရေးပေါ် ငွေ လိုတဲ့ စာအုပ် ဆို ပြန်တော့ လည်း အရေးပေါ် အထူးလျှော့ဈေး နဲ့ ဝယ် လိုက်ရတာပါပဲ ။ ထား ။

သူ လည်း ထမင်း မချက်ခင် တစ်နာရီ လောက် အာနာပါန ရှုရတယ် ။ သူ့ ခံစားမှုအထားအသို နဲ့ ဘဝ က အံချော်နေလေပြီ ။ တစ်နေ့ တစ်နေ့ သူ ဟာ အာနာပါန ရှုတယ် ။ ထမင်းဟင်း ချက်တယ် ။ အာနာပါန ရှု ၊ ထမင်း စား ၊ ရေချိုး အာနာပါန ၊ အပေါ့အပါး ကိစ္စ ၊ ဝင်လေ သိ ၊ ထွက်လေ သိ ။ သတိ နဲ့ ရိုးရိုးလေး နေ ကြည့် ။

ကဗျာဆရာ ပြန် မလာခင် ထမင်း နဲ့ ဟင်း ကျက်နေဖို့ ပဲ .. လိုတယ် ။ ချာတိတ်လေး ပြန် လာရင် ရလာတဲ့ ငွေ ထဲ က တချို့ တစ်ဝက် ကို မနက်ဖြန် အတွက် ... သိမ်းထုပ် ထားရမယ် ။ ကဗျာဆရာ အတွက် အရက်ဖြူ နည်းနည်း ဝယ် မယ် ၊ ကဗျာဆရာ ကြိုက်တဲ့ လရောင်ခံစားမှု ရှုမျှော်ခင်း က တော့ ... အမြည်း ပေါ့ ။ အမြည်း ပေါ့ ။ .… ဟုတ်တယ် ။ ကဗျာဆရာ နဲ့ စကား ကောင်းကောင်း မပြောရသေးဘူး ။

( ၃ )

ဒီ ည ကဗျာဆရာ ပြန် ရောက်တော့ ည တစ်ဆယ့်တစ်နာရီကျော် နေပြီ ။ ခွေးဟောင်သံတွေ ကြား နေရတယ် ။ သူ က ဆရာဝန် ပေးထားတဲ့ ( cpz ) ဆေး တစ်လုံး သောက်ပြီး အိပ်ရာ ထဲ မှာ တွေဝေ နေမိတယ် ။ ကဗျာဆရာ ရောက်တော့ အေးစက်နေတဲ့ ညစာ ကို တို့ကနန်း ဆိတ်ကနန်း နဲ့ စား နေရှာတယ် ။ အတော်လေး ဖွဲ့စည်းမှု လွန်ကျူးလာပုံ ရတယ် ။

“ ကောင်လေး ကိုနီ မင်း ရန်ကုန်ကို ဆင်းကွာ ၊ အထူးကု နဲ့ သွားကု စမ်းပါ ၊ မင်း လည်း ငါ့ သားကြီး လို နာတာရှည် ဖြစ် သွားမှာ ငါ စိုးရိမ် နေတယ် ၊ မင်း ရန်ကုန်ကို ဆေးကု သွားမယ် မဟုတ်လား ”

“ ဗျာ အဲ အင်း ”

“ ဟေ့ ကောင်လေး ၊ ငါ ပြောနေတာ ကြား ရဲ့လား ။ ဆေး သွားကု မှာလား ၊ မကုဘူးလား ”

“ ကဗျာဆရာ ရယ် … ခင်ဗျားလည်း ဒေါက်တာအင်ဒရူးမေဆန် မဟုတ်ဘူး ။ ကျုပ် လည်း ကျောက်မီးသွေးတွင်း က လူ မဟုတ်ဘူး ”

ကဗျာဆရာ က မကျေမနပ် ရယ်တယ် ။ ရဲတိုက် ဝတ္ထု ထဲ က ဒေါက်တာအင်ဒရူးမေဆန် ကို နှစ်ယောက် စလုံး သိတယ် ။ သူ ဘာ ပြောချင်တယ် ဆိုတာလည်း ကဗျာဆရာ သိပုံ ရပါတယ် ။ ကဗျာဆရာ က မသိချင်ဟန် ဆောင်ပြီး ထမင်းအေးအေး တွေ ကို မကျေမနပ် ကြိတ်ဝါး နေတယ် ။

“ ဟုတ်တယ် ကဗျာဆရာ ၊ ကျုပ် မှာ ဝင်ငွေ မှ မရှိဘဲ ဗျာ ၊ ကျုပ် ဘာ နဲ့ ဆေးသွား ကု ရမှာလဲ… ပြော ..”

“ ဟာ ... စိတ် မပျက်နဲ့ ကိုနီ ၊ ငါ့ မှာ လည်း သားကြီး လို နာတာရှည် အဖြစ် မခံနိုင်တဲ့ စိတ် ပဲ ရှိတာ ၊ ဟုတ်တယ် ”

ကဗျာဆရာ က သူ့ ကို ဝတ္ထုတွေ ရေး ဖို့ မတိုက်တွန်းပါ ။ သူ့ မှာ ဝင်ငွေ ဆို လို့ ဝတ္ထုရှည်တွေ ရေးခြင်း တစ်ခု တည်း သာ ရှိတော့တယ်လေ ။ သူ ဟာ တက္ကသိုလ် က အင်ဂျင်နီယာဌာန က ဝန်ထမ်း တစ်ဦး ပါ ။ အနုပညာ အလုပ် တစ်ခု တည်း နဲ့ ရပ်တည် ဖို့ သူ အလုပ် က ထွက် ဖြစ်ခဲ့တယ် ။ သူ့ ဘဝ အိပ်မက်တွေ ချိုးကွေ့ သွားတယ် ။

ချစ်သူ နဲ့ အတူ အသိုင်းအဝိုင်း တစ်ခုလုံး ရဲ့ စွန့်ပယ်ခြင်း ကို ... ခံ လိုက်ရတယ်လေ ။ အဲဒီနောက်ပိုင်း မှာ တော့ သူ ဟာ အရက်ဆိုင် တွေ လှည့် သွားဖြစ်ခဲ့တော့တယ် ။ အရက်တွေ မူး ပြီး နေထိုင် ပစ်တာ ဘယ်လောက် ကြာ သွားတယ် မသိ ။ အိပ်မက်တွေ ဘယ်လောက် ကွေ့ကောက် သွားပြီလည်း မပြောတတ် ။

ခုတော့ သူ ဟာ အခန်းကျဉ်းလေး တစ်ခု ငှားရမ်းပြီး တစ်ယောက် တည်း နေထိုင် နေပါတယ် ။ စာမူခကလေး အနည်းအကျဉ်း နဲ့ ရပ်တည် နေရတယ် ။ သူ့ ကို ထောက်ပံ့ နေရှာတဲ့ ကြီးမေ တစ်ယောက် ကလည်း ငွေပို့ မမှန်တော့ဘူး ။

ကဗျာဆရာ က ထမင်း စားပြီးတော့ သူ့ ရေဒီယို အစုတ်ကလေး ကို ဓာတ်ခဲ ထည့် ဖွင့်နေသေးတယ် ။ တဂျစ်ဂျစ် နဲ့ ။ ည ဆယ့်နှစ်နာရီ ထိုးတော့မယ်ဆိုတာ ကဗျာဆရာ မသိဘူးလား ။

သူ့ မျက်လုံးတွေ ကတော့ .. ( cpz ) ဆေးလုံး အရှိန် ကြောင့် မှေးစင်း လာနေပြီ ။ ကဗျာဆရာ့ အတွက် ဝယ်ပေး တဲ့ အရက်ဖြူ တစ်ပုလင်း ရှိနေသေးတယ် ။ ကဗျာဆရာ နဲ့ အတူ သောက် ပစ်လိုက်ရင် ကောင်းမလား ။ သူ အရက် ဖြတ်ထားတာ ရှစ်လ ကျော် ခဲ့ပြီပဲ ။ ဝင်လေ သိ ၊ ထွက်လေ သိ ၊ သတိ ။

“ ကဗျာဆရာ ကျုပ် လုံးချင်းတစ်အုပ် ထပ် ရေးပြီးရင်တော့ ကျောပိုးအိတ်ကလေး ရယ် ၊ ဦးထုပ် တစ်လုံး ရယ် ၊ ရေဒီယို တစ်လုံး ရယ် အသစ် ဝယ်ပေးမယ် ”

“ မလိုပါဘူး ကိုနီ ရာ ၊ မင်း ဆေး ကုဖို့ ဆောရီး ဆောရီး ကိုနီ အရက် အရက် ရှိ သေးလား ”

“ ခင်ဗျား ထမင်း စားပြီးပြီပဲ ”

“ အစားပိတ် ပေါ့ ကွာ ၊ ငါ ချလိုက်ချင်တယ် ”

သူ အရက်ဖြူတစ်လုံး ထုတ် ပေးလိုက်တယ် ။ အမြည်း တော့ မရှိဘူးနော် ဆိုတော့ ကဗျာဆရာ က ပြတင်းပေါက်ကို တွန်း ဖွင့်လိုက်တယ် ။

“ ငါ့ အတွက် လရောင် နည်းနည်း လေညှင်း နည်းနည်း ရှိရင် ဖြစ်တယ် ”

ညဉ့် လေ ဟာ အေးမြ နေတယ် ။

( ၄ )

သူ အိပ်ရာ နိုးတော့ ကဗျာဆရာတစ်ယောက် မရှိတော့ဘူး ။ မြို့ထဲ ကို လောဘကြီးကြီး ထွက်သွားလေပြီ ။ ထမင်း တောင် မစားသွားနိုင်ဘူး ။ ခုမှများ ၊ မြို့ကလေး ကို ချစ် နေလိုက်တာ ။ သူ နာရီ ကို ကြည့်တော့ မနက် ကိုးနာရီခွဲ လွန် နေပြီပဲ ။ သူ ထမင်းဟင်း ချက် ရဦးမယ် ။ ည က တော်တော် ညဉ့်နက်သွားတယ် ။ ကဗျာဆရာ ကလည်း ... ဆရာမောင်ထွန်းသူ ဘာသာပြန် ထား တဲ့ ရဲတိုက်ဝတ္ထုကြီး အကြောင်း ပြောဖြစ်ခဲ့ကြတာ မှတ်မိတယ် ။ ဟုတ်တယ် ။ ကဗျာဆရာ က လူနာစောင့် ဖြစ် နေတဲ့ လူ ။ သူ က လူနာ ဖြစ်လက်စ ဆိုတော့ ဒေါက်တာအင်ဒရူးမေဆန် ကို အထူး သတိ ရကြတာပဲ ။

ည တာ အရွေ့ ဖြည်း ခဲ့သလား အောက်မေ့ ရတယ် ။ သူ မျက်နှာ မသစ်သေးဘဲ ကဗျာဆရာ ရဲ့ စာရွက်ကလေးကို ယူ ဖတ်လိုက်တယ် ။ ထမင်းစားပွဲ ဖြစ် နေရှာတဲ့ သူ့ ရဲ့စာရေးစားပွဲ ခုံ ပေါ် မှာ ကဗျာဆရာ က စာ ရေးပြီး ထား ခဲ့တယ်လေ ။ မြို့ နဲ့ ခွဲ နေရတာတောင် မြို့ ကို စွဲ နေတဲ့ လူ ။

ကိုနီ ညနေ ၅ နာရီ ရထား နဲ့ ပြန်မယ် ။ သားတော်မောင် ကိုလည်း ဥပေက္ခာ ပြု ထားလို့ မဖြစ်ဘူး ။ နေ့လယ်စာ မြို့ ထဲ က စားခဲ့မယ် တဲ့ ။

ကဗျာဆရာ ဟာ မြို့ ထဲ သွားပြီး နှုတ်ဆက် အရက် သောက်တော့ မှာ သေချာ နေပါပြီ ။ ဘာပဲ ဖြစ်ဖြစ် လေ ။ ဧည့်သည်တွေ က ဧည့်သည် အလုပ် လုပ်ပြီး အိမ်ရှင်တွေ က အိမ်ရှင်အလုပ် လုပ် နေကြရင် လောကကြီး ဟာ သာယာ နေတာပါပဲ ။ နေဟာ အရှေ့အရပ် က ထွက်ပြီး စံပယ်တွေ ဟာ ဖွေးဖွေး လှုပ်အောင် ပွင့် နေမှာ ပဲ မဟုတ်လား ။ ဘာမှ မမြဲဘူး ။

သူ နေ့စဉ် ဇယား အတိုင်း စိတ်တည်ငြိမ်အောင် ပြုကျင့်ရဦးမယ် ။ ထမင်းဟင်း ချက်ပြုတ်ရဦးမယ် ။ ကဗျာဆရာ ပြန် ရင် လက်ဆောင် ပေးဖို့ အရက်ဖြူ တစ်လုံး လောက် ဝယ်ခိုင်းထားရဦးမယ် ။ လေ ကို ရှူသွင်းတဲ့စိတ် ၊ လေ ကို ရှိုက်ထုတ်တဲ့စိတ် ။ အနိစ္စ

နေ့လယ်စာ ထမင်း စားပြီး သူ တစ်ရေး အိပ်ရန် ပြင် လိုက်တယ် ။ ဒီအချိန် မှ ပြန် မလာရင်တော့ ကဗျာဆရာ ဟာ နေ့လယ်စာ အပြင် မှာ ပဲ စား ဖြစ်သွားတာ သေချာ နေတာပဲ ။ ကဗျာဆရာ လည်း ကောင်းပါတယ် လေ ။ မြို့ ပြန် ရောက်သခိုက် မြို့ နဲ့လိုက်လျောညီထွေ အောင် နေထိုင် နေမှာပေါ့ ။ မြို့ ကလေး ဟာ ငွေကြေးနောက် သဲသဲမဲမဲ လိုက်နေတဲ့ ငွေမုဆိုးတွေ နေ တဲ့ မြို့ မဟုတ်သေးဘူး ။ မြင်းလှည်းသံလေး တွေ နောက်ခံ ထားပြီး ရိုးရိုးသားသား ရှာဖွေ စားသောက် နေတဲ့ မြို့လေး ဖြစ် နေတုန်း ပေါ့ ။ စက်ရုံ က ထွက်တဲ့ မီးခိုးတွေ ရဲ့ နမ်းရှိုက်ခြင်း ၊ ပွေ့ဖက်ခြင်း ရှောင်ရှားပြီး သီးနှံတွေ ရောင်းဝယ် နေတဲ့ မြို့ကလေးသာ ဖြစ် နေပါသေးတယ် ။

သူ ဝင်လေ ထွက်လေ မှတ်ရင်း အိပ်ရာ ထဲ လှဲ နေချိန်မှာ ကဗျာဆရာ တစ်ယောက် အရေးတကြီး ရောက် ချလာပါတယ် ။ သူ့ ရဲ့နေ့လယ်ခင်း အိပ်မက်တွေ အရွက် မထွက်ခင်မှာ အိပ်စက်ခြင်း သစ်ပင် ကို အမြစ် က ဆွဲ နုတ် ခံလိုက်ရသလိုပါပဲ ။

“ ဟေး... ဟေး... . ကိုနီ ကိုနီ … တို့ ကန္တာရမြို့ ကလေး က ဒေါက်တာအင်ဒရူးမေဆန် ခေါ်လာတယ် ... ”

ဟင် ၊ .. မြင်ကွင်း ကို ... ရင်ထိတ်သွားတယ် ။ ကြည့်စမ်း ၊ ကဗျာဆရာ ဟာ မြို့ကလေး ရဲ့ အနောက်ဘက် တောင်ပံ က ဒေါက်တာကြည်ဦး ကို ခေါ်လာခဲ့တယ်လေ ။ ကဗျာဆရာ ဟာ မူးမူးရူးရူး နဲ့ ဘာတွေ လျှောက်လုပ် လာပြန်ပြီလဲ ။ ဒေါက်တာကြည်ဦး ဟာ သူ ကုသ နေ တဲ့ ဆရာဝန် တစ်ယောက် ။ သဘော ကောင်းတယ် ။ သူ အရက် ဖြတ်စ ကာလတွေ တုန်း က ဒေါက်တာကြည်ဦး က ဆေးကု ခဲ့တာပါ ။ ဒေါက်တာကြည်ဦး က သူ့ ကို ( cpz ) သောက်ဆေး စွဲ စားခိုင်းခဲ့ပြီး တရား ထိုင် ခိုင်း ထားသူပါ ။

“ ဟာ ဆရာ အားနာ လိုက်တာဗျာ ”

“ ဘာမှ အားနာ မနေနဲ့ စာရေးဆရာ ရေ ခင်ဗျားမိတ်ဆွေကြီး က ခင်ဗျားအတွက် အရမ်း စိတ်ပူ နေတာဗျ ။ ကျုပ် ခင်ဗျား ကို လိုက် မကြည့်ပေးရင် ခင်ဗျား မိတ်ဆွေကြီး က တစ်သက်လုံး ကြေကွဲသွားမှာ ပဲ ဆိုလို့ လိုက် လာခဲ့တာဗျာ ပြီးတော့ ”

“ ခင်ဗျား မိတ်ဆွေကြီး က ခင်ဗျား ကို ဆေးကု ပေးရင် စာအုပ် တစ်အုပ် လက်ဆောင် ပေးမယ် ဆိုလို့ လိုက် လာတာပဲ ဗျို့ ”

ကဗျာဆရာ ကတော့ ဘာစိတ်ကူး တွေ ဖြန့်ကျက် ခဲ့ပြီလဲ ။ ဒေါက်တာကြည်ဦး က သူ့ ကို အကြောဆေး တစ်လုံး သွင်းပေးပြီး အေးအေးဆေးဆေး ရယ် နေပါတယ် ။

“ ဒီမှာ မိတ်ဆွေကြီး ကျုပ်တို့မြို့ က စာရေးဆရာ ဘာမှ မဖြစ်တော့ပါဘူး ဗျ ။ အရက် သောက် လာတဲ့ ဒဏ်တွေကြောင့် စိုးရိမ်စိတ် တွေ ဝင် နေတာပါ ။ ကျုပ် သောက်ဆေးတွေ ပေးခဲ့မယ် ။ စိတ်အေးအေး ထားပြီး ခင်ဗျား သား လူနာ ဆီ ကို ပြန် ပေတော့... ”

“ အဲ ကျုပ် ကို ပေးမယ် ဆိုတဲ့ စာအုပ် တော့ မမေ့နဲ့ဗျ ”

“ ပေးရမှာပေါ့ ၊ ဒေါက်တာရယ် .. ခင်ဗျား ဟာ ကျုပ်တို့ ကန္တာရမြို့ ကလေး ရဲ့ ဒေါက်တာအင်ဒရူးမေဆန် ပါ ၊ ကျုပ် တို့ စာရေးဆရာလေး ကျန်းမာ လာဖို့ပဲ အရေးကြီးတာ ”

ကြည့် ၊ ကဗျာဆရာ နဲ့ ဆရာဝန်တို့ က အပေးအယူ အလွန်တည့် နေလေပြီ ။ ကဗျာဆရာက သူ့ စာအုပ်စင် ပေါ် ရှိ ရဲတိုက်ဝတ္ထု နှစ်အုပ်တွဲ ကို ဆွဲယူပြီး ဒေါက်တာကြည်ဦး ကို ပေး လိုက်လေတယ် ။ ဒေါက်တာ က စာအုပ်တွေ ယူ ၊ နှုတ်ဆက် ပြီး ပြန်သွား ရှာတယ် ။

“ ကဗျာဆရာ ဘယ်လိုလုပ်လိုက်တာလဲ ၊ ကျုပ် ရဲတိုက်တွေ ”

“ ကိုနီ ရယ် မင်း ကို ဆရာဝန် နဲ့ ဆေး ကုတာ ကြည့်ချင် လွန်းလို့ ငါ ကိုယ်တိုင် ဆရာဝန် ဆီ သွားပြီး အတင်း ပင့် လာခဲ့ရတာပါ ”

“ ကဗျာဆရာ ခင်ဗျား ကျုပ် ဆီ ကို ဒေါက်တာအင်ဒရူးမေဆန် ခေါ် လာတာလား ၊ ကျုပ် ဆီ က ဒေါက်တာအင်ဒရူးမေဆန် ကို ပေး လိုက်တာလား ”

“ ငါ ပြန်တော့မယ် ကိုနီ အရက်ဖြူ နည်းနည်း ရှိရင် ပေး ဦးကွာ ”

“ သတ္တဝါတွေ အားလုံး ကျန်းမာပါစေ .…. ”

ကဗျာဆရာ က ဆုတောင်း ရင်း တွေဝေ နေရှာတယ် ။ သူ နေ့လယ်ခင်း အလွန် ပြတင်းပေါက် ကို တွန်း ဖွင့်ပစ်လိုက်တယ် ။ တိန့်ရှောင်ဖိန်ရဲ့ စကား ကို သတိ ရ မိသွားတယ် ။

“ တံခါးတွေ ဖွင့် ပေးလိုက်တဲ့အတွက် ယင်ကောင် တစ်ကောင်တစ်လေ တော့ ဝင်လာမှာပဲ ။ ဒါပေမဲ့ လေကောင်းလေသန့် ကို တော့ ရှူရှိုက် ကြရတယ် ”

ကဗျာဆရာ က တော့ အရက်ဖြူပုလင်း ကို ဖွင့် နေရင်း ဆုတောင်း နေပြန်တယ် ။

သတ္တဝါတွေ ကျန်းမာကြပါစေ ။

◾နီရင့်ရင့်

📖 နွယ်နီ မဂ္ဂဇင်း
     ၂ဝဝ၉ ၊ ဇန်နဝါရီ

#ကိုအောင်နိုင်ဦး

.